01 September 2010

မြန်မာပြည်တွင်းဂဏန်းခုနစ်လုံးရှိလိုင်းဖုန်းများ အများပြည်သူသို့ စတင်အသုံးပြုခွင့်ပေး

ယခင်ကအသုံးပြုခွင့်ပေးခဲ့သည့် ဂဏန်းခြောက်လုံးရှိ လိုင်းဖုန်းများနေရာတွင် ဂဏန်းခုနစ်လုံးရှိ လိုင်းဖုန်းများကို ရန်ကုန်မြို့ရှိ အချို့မြို့နယ်များတွင် စတင်အသုံးပြုခွင့်ပေးလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ထိုဖုန်းများကို တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနှင့် တောင်ဒဂုံအစရှိသော မြို့နယ်များတွင် စတင်အသုံးပြုခွင့်ပေးလျက်ရှိပြီး ကနဦးတပ် ဆင်ခအဖြစ် ကျပ်ဆယ်သိန်းငါးသောင်းကျသင့်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဖုန်းလိုင်းများကို လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အိတ်စ်ချိန်းရုံးများရှိသော မြို့နယ်များအတွက် အဓိကထား ချထားပေးခြင်းဖြစ်ပြီး သက်ဆိုင်ရာမြို့နယ်အတွင်း နေထိုင်သူများ လျှောက်ထားအသုံးပြုနိုင်မည် ဖြစ်သည်။

လျှောက်ထားလိုသူများအနေဖြင့် မိမိနေထိုင်ရာမြို့နယ်နှင့် နေရပ်လိပ်စာအပြည့်အစုံ၊ မှတ်ပုံတင်နှင့် သန်းခေါင်စာရင်းတို့အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသို့ တင်ပြလျှောက်ထားနိုင်သည်။ အဆိုပါ ဂဏန်းခုနစ်လုံးပါ လိုင်းဖုန်းများသည် ရန်ကုန်မြို့ကုဒ်နံပါတ်ဖြစ်သည့် ၀၁ နောက်တွင် ၈၅ နံ ပါတ်ဖြင့်စသော ဖုန်းများဖြစ်ပြီး ဖုန်းအထွက်ခေါ်ဆိုခမှာ တစ်မိနစ်လျှင် ၁၅ ကျပ်ဖြစ်ကာ အ၀င်ခေါ်ဆိုခ ပေးဆောင်ရန်မလိုကြောင်း သိရသည်။ ယခင်က ချထားပေးခဲ့သည့် လိုင်းဖုန်းနံပါတ်များတွင် ဂဏန်းခြောက်လုံးသာ ပါဝင်ကြောင်းကို ပလက်နက် ဂျာနယ် တွင် ဖော်ပြပါရှိသည်.။