02 September 2010

အနုပညာသမားများ … ပွေ့ဖက်ထား နှင့် ပင်အိုရွက်နုသင်တန်း

အနုပညာသမားများ … ပွေ့ဖက်ထား

၁.၉.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ပင်အိုရွက်နု ပန်းချီသင်တန်း အပြီး ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်လမ်းရှိ အဓိပတိ ပန်းချီပြခန်းတွင် 3 Artist’s Show အမည်ဖြင့် ဒါရိုက်တာ၊ စာရေးဆရာ၊ ပန်းချီ ဦးမိုးသူ၊ ကဗျာဆရာ ပန်းချီ ကိုစောဝေနှင့် ကိုစောဝေ၏ သမီး Ewi တို့ ရေးဆွဲထားသည့် ပန်းချီလက်ရာ ကားချပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်သန်းမြင့်အောင်၊ ဘဏ္ဍာရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက် တို့နှင့်အတူ ပန်းချီဆရာ ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့သည် 3 Artist’s Show ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ သွားရောက်အားပေး လေ့လာ ကြည့်ရှုကြသည်။

ကဗျာဆရာ ပန်းချီ ကိုစောဝေက တယောအဖွဲ့နှင့် တွဲဖက်ကာ “ပွေ့ဖက်ထား” ဟူသော ကဗျာအား ရွတ်ဖတ်ကာ အခမ်းအနားကို ကျင်းပခဲ့သည်။ ယင်း 3 Artist’s Show ပြပွဲတွင် အနုပညာရှင်များစွာ လာရောက်အားပေး ချီးမြှင့်ခဲ့သလို ဦးကျော်သူနှင့် မဆုံတွေ့ရသည်မှာ ကြာပြီဖြစ်သော စာရေးဆရာကြီး ပါရဂူ၊ ဒေါ်ခင်ဆွေဦး၊ ဦးမိုးသူနှင့် ပန်းချီဆရာ မြိတ်-၀င်းထိန် တို့ကိုလည်း နွေးထွေးစွာဖြင့် တွေ့ဆုံခဲ့ရသည်။

ယင်း ပန်းချီပြပွဲ အခမ်းအနားဖွင့်ပွဲတွင် တက်ရောက်လာသော အနုပညာသည်များအား အဓိပတိ ထမင်းဆိုင်မှ ထမင်းဟင်းလျာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးမှုအရသာသည် အဓိပတိ ပန်းချီ ပြခန်းသို့ လာရောက်ကြသော အနုပညာသည် အချင်းချင်း နွေးထွေးစွာ ပွေ့ဖက်ထားသော အရသာ နှင့် ထပ်တူထပ်မျှ ခံစားခဲ့ရပါသည်။








ပင်အိုရွက်နုသင်တန်း

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် မျိုးဆက်သစ် ကလေးငယ်များအား ပန်းချီသင်တန်း ဖွင့်လှစ်သင်ကြားပေးပြီးသည့်နောက် မျိုးဆက်သစ် ကလေးငယ်များ၏ ပန်းချီပညာရပ်များဖြင့် မိဘမဲ့ HIV ကလေးငယ်များအတွက် ရန်ပုံငွေရှာဖွေပေးရန်အတွက် မျိုးဆက်သစ်ကလေးငယ်များအား မိမိတို့ စိတ်ကြိုက် ရေးချယ်လိုသည့် ပုံရိပ်လွှာများအား စိတ်ကြိုက်ရေးချက်တို့ဖြင့် ကုသိုလ်ဖြစ် ရေးဆွဲကြရန် မှာကြားပြီး ဖြစ်ပါသည်။ ယနေ့ ၁.၉.၂၀၁၀ (ဗုဒ္ဓဟူး) နေ့တွင် မျိုးဆက်သစ် ကလေးငယ်များ၏ ရေဆေးပန်းချီ လက်ရာများကို နှစ်သက်ကျေနပ်အားရ အားကျမှုများ ဖြစ်ပေါ်လာသော လူလတ်ပိုင်း၊ လူကြီးပိုင်းတို့၏ တောင်းဆိုချက်ကြောင့် ပန်းချီသင်တန်း ၂/၂၀၁၀ ကို ထပ်မံဖွင့်လှစ်ခဲ့ပါသည်။

ယင်းသင်တန်းတွင် ပန်းချီဆရာကြီး ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်၊ ပန်းချီ ဆရာမ ဒေါ်နုနုတို့မှ မေတ္တာစေတနာဖြင့် လာရောက်သင်ကြားကြမည် ဖြစ်သည်။ ယနေ့ သင်တန်းတွင် ပန်းချီဆရာကြီး ဦးဝင်းကြည်၊ ပန်းချီဆရာ ဦးလှထွန်းအောင်တို့မှ ပန်းချီဆွဲခဲတံ အမျိုးအစားများ အကြောင်း၊ ခဲတံချွန်နည်း ပညာရပ်များအကြောင်း၊ လိုင်းရေးဆွဲနည်းများကို အသေးစိတ် သင်ကြားပြ သ သွားသည်။ ယင်းသင်တန်းအပြီးတွင် ပန်းချီဆရာ ဦးလှထွန်းအောင်တို့ အင်းစိန်အကျင်းထောင် တွင် ပန်းချီပညာရပ်ကို ၀ါသနာပါသော အကျင်းသားတို့အား သင်ကြားပြသနေသော သင်တန်း အတွက် လိုအပ်သော ပန်းချီပစ္စည်းများ ၀ယ်ယူရန် အလှူငွေ ၂၀၀၀၀၀/- ကျပ်ကို ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့မှ လှူဒါန်းပေးအပ်ခဲ့ပါသည်။

ယခု သင်ကြားပို့ချလျှက်ရှိသော ပန်းချီသင်တန်းနှင့် ပတ်သက်၍ ဆရာမ ဒေါ်သန်းမြင့်အောင် (စာရေးဆရာမ)က “မိမိတို့အရွယ်သည် လူကြီးပိုင်းဖြစ်နေပြီ။ မိမိတို့တွင် အနုပညာနှင့် ပတ်သက်၍ နုပျိုဆဲ ဖြစ်နေကြောင်း … ဒါကြောင့် မိမိတို့အား ပင်အိုရွက်နုများ” ဟု ကွယ်လွန်သူ ပန်းချီဆရာ သန်းမြင့်အောင် ပြောကြားခဲ့သော စကားရပ်ကို သတိရမိကြောင်း ပြန်လည်အမှတ်ရ ပြောကြား ခဲ့သည်။

ထို့ကြောင့် ယခု လူကြီးပန်းချီ သင်တန်းအား “ပင်အိုရွက်နု” ပန်းချီသင်တန်းဟု တင်စားလိုက် ရပါသည်။








ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။