07 November 2009

တောင်းရမ်းစားသောက်သူတို့၏ မြို့တော် ရန်ကုန် မြင်းကွင်းဖြစ်ရပ်..။


ဦး … မုန့်ဖိုးပေး

ဆူးလေ ဗဟိုမီးသတ် နဘေးရှိ ခုံငယ်တွင် ၀န်ထမ်းများ၊ လူငယ်များ၊ လက်ဘက်သုပ်စားရင်း စကားပြောနေကြသည်။ ထိုသို့ရန်ကုန်ညနေခင်းကို လက်ဘက်သုပ်စား ရေနွေးကြမ်းသောက်ရင်း စကားပြောနေသူများ နဘေးသို့ ညစ်ပေနေသည့် အကီ်ျ၊ ပိန်လှီလှီ မျက်နှာငယ်ဖြင့် ၅နှစ်အရွယ်ကလေးငယ်က ကပ်လာရင်း `ဦး မုန့်ဖိုးပေး´ `ဦး မုန့်ဖိုးပေး´ ဆိုကာ အနားကပ် လက်ဖြန့်တောင်းနေသည်။ ထိုင်နေသူလူငယ် နှစ်ဦးက ခေါင်းခါပြကာ မပေးလိုကြောင်း အမူအရာ ပြလိုက်သည်။ သို့သော် ကလေးငယ်က မိနစ်ဝက်လောက် ရပ်တန့်နေသေးပြီး ပေကပ်ကပ်ဖြင့် ထိုင်နေသူ၏ သနားခြင်းကို တောင်းဆိုနေသည်။ သို့သော် လူငယ်နှစ်ဦးကလည်း ငွေ ၅၀၊ ၁၀၀၊ ၂၀၀ ကျပ်ကို မပေးသည့် အဆုံးတွင်မှ နောက်တ၀ိုင်းသို့ကူးသွားပြီး တောင်းတော့သည်။


ကလေးငယ်များ၊ ကလေးကို လက်ဆွဲလျက် ကလေးအမေများ၊ရန်ကုန်မြို့၏ လူစည်ကားရာ လမ်းဘေး လက်ဘက်ရည်ဆိုင်များ တ၀ိုက်တွင် လှည့်လည်တောင်းရမ်း လျက်ရှိသည်ကို တနေ့ထက်တနေ့ ပိုမိုမြင်တွေ့လာရသည်။ အချိန် နာရီဝက် တနာရီဝန်းကျင် လမ်းဘေးဆိုင်တွင် ထိုင်ပါက တောင်းရမ်းသူ အနည်းဆုံး လေးငါးဦးထက်မနည်း လာတောင်းသည်ကို ကြုံတွေ့ရမည် ဖြစ်သည်။

ရွှေဂုံတိုင် လမ်းဆုံမီးမီးပွိုင့်နီစဉ် ဘတ်စ်ကား၊ ကိုယ်ပိုင်ကားများ စောင့်ရာနဘေး ပလက်ဖောင်းပေါ်တွင် ၄နှစ်အရွယ် ကလေးငယ်က ဘောင်းဘီမပါ၊ စွပ်ကျယ် အကျီဝတ်ထားပြီး ၀ါးကျည်တောက်နှစ်ခုကို ပလက်ဖေါင်းပေါ် ထုပြီး ကားပေါ်မှ ခရီးသည်များကို မော်ကြည့်ကာ `အိုးလေးလှုပ်ပါဟေ့၊ အိုးလေး လှုပ်ပါဟေ့´ သီချင်းကို မပီတပီဆိုပြသည်၊ နှစ်ပိုဒ်သုံးပိုဒ်ဆိုပြီးသည်နှင့် ပေါင်မုန့်ခြောက် နှစ်ချပ်ထည့်ထားသည့် ပလပ်စတစ်ခွက်ကို မြှောက်ကာ `မုန့်ဖိုးပေး´ ဟုတောင်းခံတော့သည်။ အရွယ်နှင့်မမျှအောင် ၀ါးကျည်တောက်ဖြင့် အင်္ဂတေ ပလက်ဖောင်းကို ထုပြီး သီချင်းဆိုရှာသည့် ကလေးကို ကားပေါ်မှ ခရီးသည်များက ကရုဏာလည်းသက်၊ ခိုင်းထားသည့် မိဘဆိုသူများအပေါ်လည်း ဒေါသဖြစ်လျက်ရှိကြသည်။

ကြပ်တည်းမှု ချောင်ပိတ်မှုများမှ ထွက်ပေါက်

ယခင်ကထက်ပိုပြီး တောင်းရမ်းသူပိုများလာ၊ တောင်းရမ်းသည့် နည်းနာများလည်း ပိုမိုစုံလင်လာသည်ဟု ရန်ကုန်မြို့တွင် နေထိုင်သူများက ပြောဆိုကြသည်။ အချို့သောတောင်းသူများက လမ်းလျှောက်သွားရင်း ဆုံသူများကို ``ဆေးရုံမှ ဆင်းလာလို့ ပြန်ဖို့ခရီးစရိတ်မရှိလို့ ကူညီပါဦး´´ဟု တောင်းသည်လည်း ရှိသည်။

တောင်းရမ်းဖို့ရာ လသားနှစ်သား အရွယ် ကလေးငယ်များကို ငှားရမ်းသည်လည်း ရှိသည်ဟုဆိုကြသည်။ ကလေးငယ်များကို စေလွှတ်တောင်းရမ်းခိုင်းပြီး ခပ်ဝေးဝေးမှ စောင့်ကြည့် သည့်အဖြစ်မျိုးလည်း တွေ့ရလေ့ရှိသည်။ ၁၀နှစ်နဲ့ အထက် ကလေးငယ်များကို မိဘအရင်းကပင် တရက်ကို ကျပ် ၂ထောင် ၃ထောင်ရအောင် တောင်းရမ်းခိုင်းသည့် အဖြစ်မျိုးလည်း ရှိသည်။ ထိုကလေးငယ်တွေမှာ ရန်ကုန်မြို့၏ တောင်၊ မြောက်ဒဂုံမြို့သစ် အစွန်အဖျားတွင်နေထိုင်ကြသည်ကို လည်းတွေ့ရကြားရသည်။ မည်သည့် အရင်းမျှ မစိုက်၊ ကျွမ်းကျင်မှုလည်း မရှိပဲ တရက်ကို ကျပ်သုံးထောင် ရသည့် အလုပ်အကိုင်မျိုး ရရန် မလွယ်ကူသည်မှာလည်း မြန်မာနိုင်ငံ၏ လက်တွေ့ အခြေအနေဖြစ်သည်။

ထိုသို့သော ကျပ်တည်းမှု၊ ချောင်ပိတ်ခံရမှု အကြား တောင်းရမ်းလျင် တနေ့ကို ကျပ်၂ထောင် ၃ထောင် အနိမ့်ဆုံးရနိုင်သည့် အတွက်လည်း ထိုထွက်ပေါက်ကို ထွက်သွားကြသည့် အဖြစ်ပင်။ လူသားတဦး၏ မာန်မာနကိုတော့ ရေမျှောလိုက်ကြရသည်။ ကျပ်တည်း ခက်ခဲလွန်းသည့် ဘ၀ကိုဖြတ်သန်းရန် မည်သည့် အကူအညီမျှ ရရန်မလွယ်ကူသည့် အဆုံး လူသားမာနကို ချရောင်းခဲ့ကြသည် အဖြစ်အပျက်များ အဖြစ် မှတ်ယူကြရသည်။


ကုမ္ပဏီ တခုတွင် ၀န်ထမ်းလုပ်ကိုင်သူ မိန်းကလေး တဦးက`` ကလေးတွေကို နောက်ကွယ်က လူကြီးတွေ ခိုင်းနေတဲ့ အဖြစ်ကို အားမပေးချင်ဘူး။ ကလေးကိုတော့ သနားတယ်။ ဒါပေမယ့် သူတို့ကိုပေးနေရင် အကျင့်ပါသွားမှာစိုးတယ်။ နောက်တခုက တယောက်ကိုပေးပြီး ကျန်တဲ့သူတွေကိုမပေးရင်လည်း မကောင်းဘူး။ အားလုံးကိုလည်း မပေးနိုင်ဘူး။ အကြွေလည်းရှားလာတယ်။ ၅၀၀ကျပ်တန် တော့လည်း မတတ်နိုင်ဘူးလေ´´ ဟုဆိုသည်။


အခြားသော ကုမ္ပဏီ ၀န်ထမ်းအမျိုးသမီးက ``ကလေးတွေတောင်းတာ ကိုအားမပေးဘူး၊ သက်ကြီးရွယ်အို မလုပ်နိုင်မကိုင်နိုင်လို့ တောင်းရမ်းတဲ့သူဆို ပေးလေ့ရှိတယ်။ ကလေးတွေကတော့ တောင်းရမ်းတဲ့ ဘ၀မှာ ကြာရှည် ကျင်လည်မှာစိုးလို့ အားမပေးတာ´´ဟု ပြောသည်။

လမ်းပေါ်ကသူတောင်းစားများအတွက် အစိုးရ၏ နေရာ

ရန်ကုန်မြို့တော်၏ တောင်းရမ်းစားသောက်သူများကို တခါတရံ မြို့တော်စည်ပင် နှင့်ရဲတို့က ဖမ်းပြီး ပြန်လည်လုပ်ကိုင်စားသောက်ရန် နေရာချထားပေးသည့် အဖြစ်မျိုးလည်း ရှိခဲ့သည်။ ဘူးသီးတောင် မောင်တောဘက်ပို့ပြီး ဘင်္ဂလားဒေ့ရှ် မြန်မာနယ်စပ်တွင် နေရာချထားပေးသည့် အဖြစ်လည်း လွန်ခဲ့သည့် နှစ်ပိုင်းကရှိခဲ့သည်။ အချို့လည်း ပြန်ပြေးလာကြသည်။ မပြန်လာနိုင်သူတွေကတော့ ထိုဒေသမှာပဲ နေထိုင်လျက်ရှိသည် ဆိုသည့် သတင်းများလည်း ဖတ်ရှုရသည်။

ကလေးများ တောင်းရမ်းစားသောက်သည့် ပြဿနာနှင့် တိုက်ရိုက်သက်ဆိုင်သည့် ဌါနက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌါန ဖြစ်သည်။ သို့သော် အဆိုပါဝန်ကြီးဌါန အနေဖြင့်လည်း လက်တွေ့တွင် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် မဟာဗျူဟာ၊ နည်းဗျူဟာ အသုံးစရိတ်တို့ လုံလောက်အောင် ရှိဟန်မတူ။

ပွဲဈေးတန်းများ၊ လူစည်ကားရာနေရာများ၊ လမ်းဘေး ပလက်ဖောင်းများတွင်လည်း လသားအရွယ် တနှစ်သား၊ နှစ်နှစ်သား အရွယ် ကလေးများကို ချကာနေပူမိုးရွာ မရှောင်တောင်းရမ်းနေသည့် အဖြစ်သည် ရန်ကုန်မြို့၏ အဂါင်္ရပ် တခု၊ ပုံရိပ်တခုဖြစ်လာနေသည်။

နိုင်ငံတကာတွင်လည်း တောင်းရမ်းစားသောက်သူ ပေါများသည့် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တား မြို့သည် ထင်ရှားသည်ဟု ဖတ်ရှုရသည်။

ရန်ကုန်မြို့သည် တစနှင့်တစ တောင်းရမ်းသူတို့၏ မြို့ဖြစ်လာသည်။ ရန်ကုန်မြို့သည် ယခုလောက် မည်သည့်ကာလကမှ တောင်းရမ်းစားသောက်သူမများခဲ့ဟု မြို့ခံများက တူညီစွာပြောဆိုကြသည်။

ယခုဖေါ်ပြခဲ့သည်မှာ လမ်းပေါ်မှ တောင်းရမ်းသူများ၏ အကြောင်းသာဖြစ်ပါသည်။ ရန်ကုန်မြို့၏ ဟိုတယ်ခန်းထဲမှာ၊ ဖိတ်ဖိတ်တောက်နေသည့် ရုံးခန်းများထဲမှာ၊ စုတ်ပြတ် ဟောင်းနွမ်းနေသည့် အစိုးရ ဌါနဆိုင်ရာရုံးခန်းများထဲမှာ ကြီးပွားရာကြီးပွားကြောင်း အတွက် အာဏာကို အသုံးပြုပြီး တောင်းရမ်းစားသောက်သည့် အဖြစ်အပျက်များကတော့ ယခုအဖြစ်များနှင့် မတူကွဲပြားသည့် အခြားသော တောင်းရမ်းမှု များသာဖြစ်ပါသည်။


ရင်းမြစ်.. (သန်းစိုးလှိုင် ) မိုးမခ..။


အမေရိကန်နိုင်ငံသား ကိုညီညီအောင်အား တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုဖြင့် ထပ်မံစွဲချက်တင်။..။

အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးအကျဉ်းချ ခံထားရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုအား အင်းစိန် အကျဉ်းထောင် တရားရုံးမှာ ယနေ့ထပ်မံ စစ်ဆေးခဲ့ပြီး တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု (၂၄-၁)ဖြင့်ထပ်မံ စွဲဆိုလိုက်ကြောင်း ကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်သည့် ရှေ့နေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ကိုညီညီအောင် ရဲ့အမှုကို အင်းစိန်ထောင်တွင်းရှိ တောင်ပိုင်းခရိုင်တရားရုံးမှာ မနက်(၁၀)နာရီ ကနေ (၁၂)နာရီ အချိန်ထိ ကြားနာစစ်ဆေးပါတယ်။ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ်၊ အမေရိကန်(ဒု)ကောင်စစ်ဝန်ရယ် သွားရောက်ခဲ့ပါတယ်။ ဒီနေ့ကိုညီညီအောင်ကို ဒီနေ့အမှုတစ်ခုနဲ့ ထပ်စွဲချက်တင်ပါတယ်။ ပုဒ်မ(၂၄-၁)နိုင်ငံခြားငွေလက်ဝယ် ကိုင်ဆောင်မှုနဲ့ပါ။ အရင်(၂)မှုဖြစ်တဲ့ လိမ်လည်မှု ပုဒ်မ ၄၂၀၊ မှတ်ပုံတင် ကပ်ခွာလုပ်မှု ပုဒ်မ ၄၆၈ အပါအဝင်(၃)မှုပေါ့။ နိုင်ငံခြားငွေလက်ဝယ် ကိုင်ဆောင်မှုဆိုတာ လေဆိပ်ရောက်ရင် declare လုပ်ရတယ်ပေါ့၊ ဒါပေမယ့် သူ declare လုပ်ဖို့ အချိန်ရမရ မလုပ်ခင်မှာ အဖမ်းခံရတာလား ဆိုတာနောက်မှ မေးမြန်းကြည့်ရမှာပါ။

ကိုညီညီအောင်အမှုကို အပတ်စဉ် သောကြာနေ့တိုင်း ကြားနာစစ်ဆေးမယ် လို့တရားရုံးကပြောပါတယ်။ သူ့အမှုတွဲကို တနလာင်္နေ့မှာ ကြည့်ပြီးရင် လိုအပ်ရင်သူနဲ့တွေ့ဖို့ တောင်းဆိုပါမယ်။ ဒီနေ့ရုံးရှေ့မှာတော့ ကိုညီညီအောင်နဲ့ ခဏစကားပြောခွင့်ရပါတယ်။ ကိုညီညီအောင် ကျန်းမာရေးကောင်းပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတော့ သူ့အဒေါ်တွေနဲ့ တွေ့ခွင့်ရပါတယ်။ တရားလိုသက်သေတွေ အားလုံးစစ်ဆေးပြီးရင် ကိုညီညီအောင်ကို စစ်ဆေးပါလိမ့်မယ် "။ ဟုအကျိုးဆောင်ရှေ့နေလည်းဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုဖြင့် စွဲချက်တင်ထားပြီး ယခုတဖန် တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု (၂၄-၁)ဖြင့်ထပ်မံ စွဲဆိုထားပါတယ်။ အင်းစိန်ထောင်၌ အဖမ်းဆီးခံထားရသော ကိုညီညီအောင်အား ဆွေမျိုးများမှ တွေ့ခွင့်ပြုရန် အကြိမ်ကြိမ် တောင်းဆို ခဲ့သော်လည်း တွေ့ခွင့် မရခဲ့ပဲ အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ရောက်ရှိသည့် ပြီးခဲ့တဲ့ အင်္ဂါနေ့က မှ အဒေါ်ဖြစ်သူများနှင့် တွေ့ခွင့် ပြုခဲ့ပါတယ်။ ....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။....။


..ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည် အယူခံအမှုနဲ့ ပတ်သတ်ပြီး မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ဒီနေ့စာတင်ထားပါတယ်။ နောက်တပါတ်မှာ တွေ့ခွင့်ရပါမယ်။ ဟု ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါတယ်။

သတင်း ပေးပို့ ပေးသူ ... ဒီမိုဝေယံ...။

ယနေ့တွင် ၈၈ ကျောင်းသူ မမီးမီး (ခေါ်)မသင်းသင်းအေး အင်းစိန်ထောင်သို့ပြောင်းရွှေ့ခံရခြင်း..။

မမီးမီး(ခေါ်)မသင်းသင်းအေး

ဧရာဝတီတိုင်း ပုသိမ်ထောင်၌ ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသူ ၈၈ မျိုးဆက်ကျောင်းသူ မမီးမီးသည် အင်းစိန်ထောင်သို့ ယနေ့ ရောက်ရှိလာပြီ ဖြစ်ကြောင်း မျက်မြင်တဦးက ပြောသည်။မမီးမီး (ခ) မသင်းသင်းအေးသည် ယနေ့ မွန်းလွဲပိုင်းတွင် ရောက်ရှိလာခြင်းသည်။

“၁၂ နာရီ ၄၀ မှာ အင်းစိန်ရှေ့ကို ထောင်ကား လာရပ်တယ်။ ကားရပ်ထားတုန်း သူ့အမျိုးသားနဲ့ ခဏလေး စကားပြောလိုက်ရတယ်။ မမီးမီးက သူ့ကို ဘာကြောင့် ခေါ်လာတယ်ဆိုတာ မသိဘူး။ အထုပ်အပိုးတွေလည်း ပါလာတယ်လို့ ပြောတယ်တဲ့” ဟု သူက မဇ္ဈိမကို ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားများသည် ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေးနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်တွင် လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးခံကြရပြီး၊ အောက်တိုဘာလတွင် မမီးမီးလည်း ဖမ်းဆီးခံလိုက်ရသည်။

အင်းစိန်ထောင်၌ တနှစ်ကျော်ကြာ ထိန်းသိမ်းပြီးနောက် ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် တရားမဝင်အဖွဲ့ ဖွဲ့စည်းမှု၊ နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ အီလက်ထရောနစ် ပုဒ်မတို့ အပါအဝင် ပုဒ်မ အနည်းဆုံး ၅ ခုဖြင့် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံခဲ့ရသည်။

၁၉၉၆ ခုနှစ်ကလည်း အာဏာပိုင်များ၏ ဖမ်းဆီးထောင်ချခြင်းကို ခံခဲ့ရပြီး သာယာဝတီထောင်တွင် ၇ နှစ်ခန့် နေခဲ့ရစဉ်မှစ၍ ကုတ်ကျီးပေါင်းနှင့် လေးဘက်နာ ရောဂါများ ခံစားနေရကြောင်း သိရသည်။

ခင်ပွန်းဖြစ်သူ ကိုလှမိုးက “သူတို့ စိတ်တိုင်းကျ အမိန့်ချ၊ ထောင်တွေပြောင်း၊ လုပ်ချင်သလို လုပ်နေတာ ဘာထူးမှာလဲ။ ကျနော်တို့ မိသားစုတွေမှာ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်တယ်ပေါ့ဗျာ။ သူ့အတွက်လည်း ကျန်းမာရေးက စိတ်ပူရတာပေါ့” ဟု မမီးမီးနှင့် မတွေ့ဆုံမီ အချိန်ပိုင်းအလို၌ အဆက်သွယ်ရခဲ့စဉ် မဇ္ဈိမကို ပြောသည်။

၈၈ မျိုးဆက်ကျောင်းသူ မမာမာဦးကိုလည်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်နေ့တွင် သာယာဝတီထောင်မှ အင်းစိန်ထောင်သို့ ခေါ်ယူကာ ထပ်တိုးထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် နှစ် ၇၀ ဖြစ်သွားသည်။ သူ့ကိုလည်း ကချင်ပြည်နယ် ဗန်းမော်ထောင်သို့ ပြောင်းရွှေ့ခဲ့ကြောင်း ရန်ကုန်မြို့ခံ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရကာ မျက်စိတဖက် အရေးပေါ် ခွဲစိတ်ကုသရန် လိုအပ်နေသည့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုလှမျိုးနောင်ကိုလည်း မန္တလေးထောင်သို့ ပြီးခဲ့သည့်လ ၃၀ရက်နေ့တွင် ပြောင်းရွှေ့လိုက်သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် အင်းစိန်ထောင်ရှေ့၌ ယခုနှစ် စက်တင်ဘာတွင် တကိုယ်တော် ဆန္ဒပြခဲ့သဖြင့် ထောင်ဒဏ် ၂ နှစ်ချခံရသူ လေတပ်အငြိမ်းစား ဗိုလ်ကြီး ဦးဇော်ညွန့်လည်း အင်းစိန်ထောင်မှ စစ်ကိုင်းတိုင်း ခန္တီးထောင်သို့ ပြောင်းရွှေ့လိုက်ပြီ ဖြစ်ကြောင်း ခန္တီးထောင်သို့ ထောင်ဝင်စာ သွားတွေ့ခဲ့သူများထံမှ သိရှိရသည်။

ရင်းမြစ်...မဇ္ဈိမ..။

ရွှေခမောက်စာစောင်အမှတ်စဉ်(၁၀၄)...။...။

ရွှေခမောက်စာစောင်...။...။

06 November 2009

အင်းစိန်ထောင်ရှိ ကိုညီညီအောင်(ခ)ကိုကျော်ဇောလွင်ကို သူ၏အဒေါ်(၂)ဦးနှင့် ပထမအကြိမ် တွေ့ခွင့်ပြု....။


ကိုညီညီအောင်(ခ)ကိုကျော်ဇောလွင်

အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်ကို ပြီးခဲ့တဲ့ အင်္ဂါနေ့က သူ့ အဒေါ်တွေနဲ့ တွေ့ခွင့်ပြုလိုက်ပါတယ်။ အင်းစိန်ထောင်မှာရှိတဲ့ ကိုညီညီအောင်ကို ဒေါ်စုစုကြည်နဲ့ ဒေါ်ခင်ခင်ဆွေတို့ ၂ ဦး သွားတွေ့ခဲ့တာလို့ မိသားစုဝင်တဦး က ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ ကတည်းက အဖမ်းခံနေရတဲ့ ကိုညီညီအောင်ကို တွေ့ခွင့်ရဖို့ အာဏာပိုင်တွေဆီ အကြိမ်ကြိမ် စာရေးတောင်းဆိုခဲ့ပေမယ့် တွေ့ခွင့် မရခဲ့ဘဲ အမေရိကန် ထိပ်တန်း သံတမန်အဖွဲ့ ရောက်လာချိန်ကျမှ တွေ့ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို တရားဝင်ဗီဇာနဲ့ ပြန်လာတဲ့ ကိုညီညီအောင် ကို ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး လိမ်လည်မှု ပုဒ်မ ၂ ခုနဲ့ တရားစွဲထားကာ မင်္ဂလာဒုံတရားရုံးမှာ စစ်ဆေးနေရာကနေ တောင်ပိုင်းခရိုင် တရားရုံးကို လွှဲပြောင်းပြီး ဒီလ ၁၆ ရက်နေ့မှာရုံးချိန်းပေးထားတယ်လို့ သူ့ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ကိုညီညီအောင်နဲ့ ဆက်နွယ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ရင်းမြစ် ...DVB..။

ရန်ကုန်အမေရိကန်သံရုံးသတင်းထုတ်ပြန်ချက်....

Press Release 4Nov09
ပေးပို့ ပေးသူ ....ကိုလူချော..။

ယခုတွင် သရက်ထောင်ရှိ နိုင်ငံရေးအကျဉ်းသား မနီမိုလှိုင် ကျန်းမာရေးအလွန်ဆိုးရွား..။



မနီမိုလှိုင်


သရက်ထောင်၌ အကျဉ်းကျနေသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သင်္ကန်းကျွန်းမြို့နယ် လူငယ် တာဝန်ခံဟောင်း မနီမိုလှိုင်သည် ကျန်းမာရေး ဆိုးရွားနေကြောင်း မိသားစုဝင်တဦးက ပြောသည်။

မနီမိုလှိုင်သည် နာဂစ် ဒုက္ခသည်များကို ကူညီခဲ့သူ ဖြစ်သည်။ ထို့အပြင် ၂၀၀၇ သြဂုတ်လ လောင်စာ
ဆီဈေးနှုန်း ကျဆင်းရေး လမ်းလျှောက် ဆန္ဒပြရာတွင်လည်း ပါဝင်ခဲ့သူ မနီမိုလှိုင်၏ ကျန်းမာရေးသည် ပြီးခဲ့သည့်လဆန်းပိုင်းမှစ၍ ဆိုးရွားလာခြင်း ဖြစ်ပြီး ထောင်ဆရာဝန်ကလည်း ရောဂါအမျိုးအစားကို မပြောပြကြောင်း သိရသည်။

သူ့အား ၂၀၀၈ ခုနှစ် ဇွန်လက အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ အအေးဆိုင်တဆိုင်မှ ဖမ်းဆီးသွားပြီး နိုင်ငံတော် တည်ငြိမ်ရေးကို ပျက်ပြားစေမှု၊ တရားမဝင် အဖွဲ့အစည်းကို ဆက်သွယ်မှုတို့ ဖြင့် ထောင်ဒဏ် ၅ နှစ် ကျခံနေရကြောင်း မိသားစုက ပြောသည်။

နိုင်ငံရေး အကျဉ်းသား မနီမိုလှိုင်သည် ယခုတွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်တခုဖြစ်သော
သရက်ထောင်တွင် ( ၆.၁၀.၀၉ )မှ စ၍ နေမကောင်းဖြစ်နေသည် ဟုကြားသိခဲ့ရပါသည်။ (၂၇.၁၀.၀၉)
နေ့ သံကြိုးရလို့ မိသားစု သွား ဝင်များသွားတွေ့ခဲ့သည်။ အစာအိမ်ဟုထင်ပြီး အစာအိမ် နဲ့ ပတ်သတ် ၍ ဆေးတိုက်ရာ မသက်သာသဖြင့် တိုက်ဖိုက် ပိုး တွေ့ သည့်ဟုဆိုကာ တဖြန် တိုက် ဖိုက်ဆေး ၆ လုံး ထိုး ခဲ့ပြန်သည် ။

ထိုသို့ ရောဂါကို သေချာမစစ်ဆေးဘဲ ၊ ရောဂါ မသက်သာ သေး သဖြင့် ဆရာဝန် က စိုးရိမ် ရ သည်
ဟုပြော လာပြန်သဖြင့် နောက်ဆုံးတွင်သွေးစစ် ပြီး အဖြေ ကို မိသားစု အား အသိမပေး ဘဲ ။ ဦးနှောက် အမြှေးရောင် ရောဂါမျိုးရိုးတွင်ရသည် ဟုပြောလာပြန်သည်။ (ဖခင်၊မောင်၊ညီမ) ဦးနှောက်အမြှေး ရောင်
ရောဂါ နဲ့ သေဆုံးခဲ့ဘူးသည်ကို ဆရာဝန် သိရှိထားသဖြင့် ထင်ကြေးနှင့်ပြောလာပြန်သည်။ မိသားစု မှ
အလွန်စိတ်ပူနေကြပါသည်။ယခုထိ ထိရောက်သောဆေးကုသမူ့ဘာမှ လုပ်ပေးမှုမရှိသေးဘဲ ရောဂါကို
ထင်ကြေးများဖြင့်သာ ပြောဆိုနေပါသည် ။ယခုတွင် မနီမိုလှိုင် ၏ကျန်းမာရေးမှာ အလွန် ဆိုးရွားနေ
ကြောင်း ကြားသိရပြီး မိသားစုဝင်များက အလွန်စိတ်ပူပန်နေကြပါသည်။

သတင်း ပေးပို့ လာသူ ...ကိုလူချော..။

Chronology Oct 2009 Eng

Chronology Oct 2009 Eng

05 November 2009

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ တွေ့ဆုံပွဲ ဗီဒီယိုမှတ်တမ်း။...။

အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်တို့ တွေ့ဆုံပွဲဓာတ်ပုံမှတ်တမ်း..။



ပေးပို့လာသူ..ကိုလူချော

ဒေါ်အောင်ဆန်းစုကြည်နှင့်အမေရိကန် အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်တို့ တွေ့ဆုံပွဲဓာတ်ပုံမှတ်တမ်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၀၉ခုနှစ်နိုဝင်ဘာ(၄)ရက်ထုတ် သတင်းထုတ်ပြန်ချက်..။

Photobucket

04 November 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံအဆင့်မြင့် အရာရှိများနှင့်ယနေ့တွေ့ဆုံ..။







အမေရိကန်နိုင်ငံ၏အဆင့်မြင့် အရာရှိများဖြစ်သောနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်
ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ နှင့်အတူ မြန်မာနိုင်ငံ ၏ဝန်ကြီးချုပ်ဖြစ်သောသိန်းစိန်နှင့် ယနေ့မနက်တွင် နေပြည်တော်မှာတွေ့ဆုံ ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ယနေ့ မနက်(၁၁)နာရီတွင် အင်းယားလိပ်ဟိုတယ်တွင် တွေ့ဆုံခဲ့ပါသည်။

၂၀၀၃ခုနှစ်မှစတင်၍နေအိမ်အကျယ်ချုပ်ကျခံစဉ်ကာလတလျှောက်တွင်ပထမဦးဆုံးအကြိမ်သတင်း
ဌာနများနှင့်တွေ့ခွင့်ရခဲ့ခြင်းလဲဖြစ်သည်။

ပန်းခရမ်းရောင်ဝတ်စဉ်ထားသောအသက်၆၄နှစ်အရွယ်ရှိဒေါ်အောင်ဆန်းစုကြည်သည်၊
စောင့်ဆိုင်နေကြသောသတင်းထောက်များနှင့် အစည်းဝေးခန်းမသို့ မဝင်မှီ ပြုံးပြနုတ်ဆက်ခဲ့
ယုံကလွဲပြီး စကားပြောခွင့်မရခဲ့ပါ။

အမေရိကန်နိုင်ငံ၏အဆင့်မြင့် အရာရှိများဖြစ်သောနိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်
ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ ၂ဦးသည်မနက်ပိုင်းတွင် မြန်မာနိုင်ငံ၏ဝန်းကြီးချူပ်ဖြစ်သော
သိန်းစိန်နှင့် မြို့တော်နေပြည်တော်တွင်တွေ့ဆုံခဲ့သည်ဟုသတင်းများကဆိုပါသည်။သို့သော် အမေရိကန်နိုင်ငံ၏အဆင့်မြင့် အရာရှိများအား ဗိုလ်ချူပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့် မရခဲ့ပါ။အမေရိကန်နိုင်ငံ၏အဆင့်မြင့် အရာရှိများရောက်ရှိချိန်တွင် ဗိုလ်ချူပ်မှူးကြီးသန်းရွှေမှာ ဧရာဝတီတိုင်းသို့ ဆိုက်ကလုန်းနာဂစ် အကူအညီပေးသည့်လုပ်ငန်းများသို့ လှည်လည် စစ်ဆေးနေ
ခြင်းကြောင့် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောခွင့်ရ ဦးညဏ်ဝင်းကပြောခဲ့ရာ ယခု ခရီးစဉ်သည် အမေရိကန်နှင့်
မြန်မာအစိုးရအကြား တိုက်ရိုက်ထိတွေ့ ဆက်ဆံမှု ၏အစပထမဖြစ်ကြောင်း သို့သော် ကြီးကြီးမားမား
အပြောင်းအလွှဲဖြစ်မည်ဟု မမျှော်လင့် သေးကြောင်းပြောဆိုခဲ့ပါသည်..။

မြတ်လေးငုံ..။

သပိတ်ခေါ်သံ

သပိတ်ခေါ်သံ

ဗမာ့အရေး
ရင်လေးစိုးထိတ်
ခွေးစိတ် ရူးနှမ်း
လဒသန်း နှင့်
ရွှေမန်း စောက်ရူး
အမူးသမား မောင်အေး
တောခွေးသိန်းစိန်
နလပိန် ကြောင့်
တိုင်းဖြောင့် ပြည်သာ
မရှိပါပြီ
လျော်စွာညီညွတ်
ပြည်သူ ချွတ်လည်း
မဲသဲဂျီးပေ
လူ့ငနွားတွေချည့်၊
ကြေပြီးစုတ်ပြတ်
ပြည်သူငတ်လည်း
ဂျိုးကပ်ပစေ
သူခိုးဇာတ်ဝေမည်
အ၀ီဇိထဲ
မလွဲမကျွတ်၊
ဘုန်းဘုန်း ချွတ်လဲ
အသည်းအသန်
ခွဲလှန်သပိတ်
ရဲသန်စိတ်ပြင်း
အဆင်းမွေ့လျော်
အဖော်ခေါ်ရန်
ဂန်းစတား ပုလိပ်
ဖျာလိပ် ပတ်စာခွာ
၂၀၁၀ မှာနာတော့မည်၊
ကြည်ကြည်စိတ်စွဲ
ဇွဲနပဲသန်သန်
တိုင်းပြည်ရန်ကို
တော်လှန်ဖြိုခွင်း
အပြုတ်ရှင်းမှ
အနာဂတ်လှမည်၊
ဖတ်ကြသူတို့ သိစေချင်သည်။
သိကြသူတို့ မျှဝေသည်ပင်။
အလှတွေ မကြွေ
ဘ၀တွေပီပြင်ကြဖို့
လဒတွေကို အပီအပြင်ချလို့
ဓမ္မတွေ ကြည်လင်စွာ ကြားကြရအောင်
ကဲရွာစားရေ
သပိတ်ခေါ်သံနဲ့ စမ်း။ ။

ပေးပို့ လာသူ...ဝတ်မှုန်ရွှေရည်..။

ယနေ့ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံကအကြောင်းပါ...။

ဒီလိုပါ
ယနေ့ဖြစ်ပျက်နေတဲ့ မြန်မာနိုင်ငံကအကြောင်းပါ..။

မကွေးတိုင်း၊ မကွေးမြို့နယ်၊ မိချောင်းရဲမှ တပ်မ(၈၈) လက်အောက်ခံ ခလရ (၈၃) မှ တပ်ရင်းမှူးသည် မိမိရာထူးတိုးမြင့်ရေး၊ မိမိဝင်ငွေရရှိရေးကို ဦးတည်ကာ တပ်မှာရှိသော ရဲမေစစ်သည်များကို အနားမပေးဘဲ လမ်းကျောက်ခင်းရန်ပြင်ဆင်နေသော ကျောက်များကို မိမိမှ တာဝန်ယူကာ ခေါင်းပုံဖြတ်ပြီး ရဲမေများ ကျောက်လုပ်ကိုင်နေရကြောင်း ၊ မလုပ်လဲမနေရဲ ဖြစ်ကြောင်း လုပ်ပြန်သော်လည်း ရသင့်သလောက်မရကြောင်း
ရဲမေများမှ စိတ်ပျက်ဖွယ်ရာ များကို ပြောကြားခဲ့ပါသည်။

ခလရ(၈၃) မှ တပ်ရင်းမှူး သည် ဗိုလ်အဆင့်ရှိသော ဗိုလ် ဇော်မင်းအောင် နှင့် စစ်သည် ၃ယောက်ကိုလဲ မကွေးမြို့နယ်ထဲမှာရှိသော တည်ပင်ကန်ကျေးရွာ၊ အင်းဦးကျေးရွာ၊ ပေပင်စမ်းကျေးရွာများသို့ သွား
ရောက်ကာ ဥက္ကဌများကို လူသစ်တောင်းခံခဲ့ပါသည်။ ဥက္ကဌ မှလည်း ရပ်ရွာ အချင်း၂မို့ မည်သူ့ကို
ပေးရမည်ကို မသိသောကြောင့် ည ၉ နာရီကျော်အပြင်ထွက်သော ကာလသားလူပျိုများကို ခေါ်သွား
ရန် မှာထားခဲ့ပါသည်။

ကာလသားများမှာလည်း လွတ်လပ်မှုမရှိသောကြောင့် မိမိရပ်ရွာသည် အမှောင်နယ်မြေသို့ ဘယ်လိုရောက်သွားသည်ကို ဘယ်လိုစရမလဲ မသိသောကြောင့် အလွန် စိတ်ညစ်နေရပါသည်။ ဗိုလ် ဇော်မင်းအောင် သည် ပခုံးမှာ အပွင့်တင်တာကို ဗန်းပြကာ အာဏာပြနေပါတယ်။ ရွာတွေမှာ ဆိုရင် စာရင်းငှါးများသည် ဧည့်စာရင်းမတိုင်ကြဘဲ ထုံးတန်းစဉ်လာအရ မိမိ မိဘ မောင်နှမသားချင်းများအပေါ် လုပ်ကိုင်နေတာ မိရိုးဖလာ အတိုင်းကပါပဲဗျာ. ၊ဒါကို အခွင့်ကောင်းယူပြီး ဧည့်စာရင်းမတိုင်တာကို စစ်တပ်ထဲစွဲထည့်ခံရသူတွေများပြားနေပါသည်။

တပ်မတော်နှင့်ပြည်သူတွေ လက်တွဲကြမယ်ဆိုတာ ဒါကိုပြောတာလားဗျာ.. အင်းဦးကျေးရွာမှ
ကလေးများကိုလဲ ထိုးကြိပ် ကလေးတွေက ကြောက်အောင်ချောက်တော့ စစ်တပ်ထဲကို မ၀င်ချင်
ဝင်ချင် ၀င်ခဲ့ရတာတွေ ၅ ယောက်လောက် ရှိသားပါပီဗျာ.. ဘီဘီစီမှ သတင်းထောက်များ ကျနော်ပြောတာမယုံရင် ကိုယ်တိုင် သတင်းသွားယူလို့ရပါတယ်..။

မိဘများကလည်း ကိုယ့်သားကို စစ်တပ်ထဲ မ၀င်စေချင်တော့ ၁ ယောက် ကို ငွေ ၅ သောင်းနဲ့ သွားရွေးရတာတွေလည်းရှိခဲ့ပါတယ်ဗျာ..။ခလရ(၈၃)မှစစ်သည်များသည်လည်းတပ်ရင်းမှူးမှ
မြောက်ပေးထားသလား သိတော့ပါဘူး..။ တပ်အရှေ့ဘက်မှာရှိသော မိချောင်းရဲ သို့ ဈေးဝယ်သွားသော လမ်းမှလည်းဖြတ်မသွားရဲလောက်အောင် မိန်းခလေးတွေ မုဒိန်းကျင့်ခံရတာ ခဏ ခဏပါပဲဗျာ.......။
ကျနော် ကြိမ်ပြောရဲပါတယ် ဒီအဖြစ်ပျက်တွေဟာ အမှန်တွေချည်းပါပဲဗျာ.. ။

ဒါကြောင့် စာကိုချောအောင် ပြန်စီပြီး လေလိုင်း၊ အင်တာနက်မှတစ်ဆင့် အထက်လူကြီးများ အသိပေးပေးပါရ န် မေတ္တာရပ်ခံ ပါတယ်ဗျာ.



ပေးပို့ ပေးသူ ..ဒီမိုဝေယံ.

မလေးရှား UNHCR ၏ လုပ်ထုံးလုပ်နည်းအသစ်များအကြောင်း



မလေးရှား UNHCR ၏ လုပ်ထုံးလုပ်နည်းအသစ်များအကြောင်း

ကျနော်တို့မြန်မာနိုင်ငံဟာ စစ်ဗိုလ်ချုပ်တွေက ချယ်လှယ်အုပ်စိုးပြီး ပြည်သူပြည်သား မြန်မာတိုင်းရင်း သား လူမျိုးစုအားလုံးကို ဖိနှိပ်ညဉ်းပန်းနေတဲ့အတွက် ကျနော်တို့ဟာ နိုင်ငံတကာကို နည်းမျိုးစုံနဲ့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရပါတယ်။ ပြည်ပနိုင်ငံအားလုံးဟာ ကိုယ့်နိုင်ငံထက်စာရင်တော့ တရား မျှတမှုနဲ့ လူ့အခွင့်ရေးတွေရှိနေလိမ့်မယ်လို့ ယုံကြည်ချက်တွေထားပြီး စွန့်စွန့်စားစား ပြေးလာကြသူ တွေပါ။ ထိုင်း၊ မလေးရှား နဲ့ အခြားနိုင်ငံများကို ရောက်လာကြတဲ့ သိန်းပေါင်းများစွာသော မြန်မာပြည် သားတွေဟာ အဲဒီနိုင်ငံတွေမှာ နေထိုင်လုပ်ကိုင်ရင်း သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ဖမ်းဆီးထိမ်းသိမ်း မှု လူ့အခွင့်အရေးထိပါးနှောင့်ယှက်မှုတွေကို ဆက်လက်ကြုံတွေ့လာရတဲ့အခါ ကမ္ဘာပေါ်ကတရားအမျှ တဆုံး အဖွဲ့အစည်း UNITED NATION ရဲ့ UNHCR သည်သာ မြန်မာဒုက္ခသည်တို့ရဲ့တခုတည်းသော ခိုလှုံအားကိုးရာ ကယ်တင်ရှင်အဖြစ်လာခဲ့ရပါတယ်။ ကျနော်တို့မလေးရှားနိုင်ငံရောက် မြန်မာပြည်သား တွေအနေနဲ့ အဲဒီ ကယ်တင်ရှင်ကြီးအကြောင်းဖော်ပြလိုပါတယ်။


(၁) ဖမ်းဆီးထိမ်းသိမ်းခံရတဲ့ မြန်မာပြည်သားတွေကို OPI စာရင်းတင်သွင်းပြီး အကူအညီတောင်းခံခွင့်
(၂) ကျန်းမာရေးဆိုးဝါးသူနဲ့ ကိုယ်ဝန်ဆောင်သည်တွေအတွက် ခိုလှုံခွင့်။
(၃) သတ်မှတ်ထားတဲ့မူ(၅)ချက်နဲ့ ညီညွတ်သူများအတွက် ခိုလှုံခွင့်။
(၄) မြန်မာတိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းအသီးသီးကို ဒုက္ခသည်အဖြစ် အလှည့်ကျခေါ်ယူ လက်ခံ ပေးနေတဲ့ ခိုလှုံခွင့်။

အထက်ပါအချက်(၄) ချက်အတိုင်း ၂၀၀၃ / ၂၀၀၄ /၂၀၀၅ ခုနှစ်တွေဟာ တရားမျှတစွာ လူသားချင်းစာနာဆောင်ရွက်ပေးတဲ့အတွက် UNHCR ဌာနကို ထိစပ်ဆက်သွယ်လာတဲ့ မြန်မာနိုင်ငံ သားတိုင်း လူမျိုးမရွေး ဘာသာမရွေး ဒုက္ခသည်ခိုလှုံခွင့်တွေ ရခဲ့ကြပါတယ်။ဒီလိုဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူတွေဟာ လုံခြုံမှုကင်းမဲ့ခြင်းတွေ အထိုက်အလျောက် လျော့ပါးသွားတဲ့အတွက် စိတ်ဖိစီးမှုဒဏ်တွေကနေ လွတ်မြောက်လို့ မိမိကိုယ်ကိုမိမိ ယုံကြည်စွာ နေထိုင်ခွင့်များ ( ဒုက္ခသည် သိန်းပေါင်းများစွာထဲမှ သောင်းဂဏန်းတချို့) ရရှိခံစားခဲ့ကြရပါတယ်။

၂၀၀၆ ခုနှစ်ကစပြီး UNHCR အသိုင်းအ၀ိုင်းမှာ ‘မင်းတို့ဗမာလူမျိုးတွေကို စစ်တပ်ကမနှိပ်စက် ပါဘူး’ ဆိုတာတွေနဲ့ ‘ နိုင်ငံရေး အတ္ထုပ္ပတ္တိဆိုရင် UN လက်မခံဘူး ‘ ဆိုတဲ့ အသံတွေ စတင်ကြားလာရ ပါတယ်။ တဆက်တည်းသလို ၂၀၀၈ မှာတော့ လူမျိုး / ဘာသာခွဲခြားမှုတွေကို ထင်ထင်ပေါ်ပေါ်ကြီး ကို သူတို့ UN အရာရှိတို့ကို ကိုယ်တိုင်မဟုတ်ရင်တောင် စကားပြန်တွေကတဆင့် လုပ်ဆောင်လာကြ ပါတော့တယ်။ ဖမ်းဆီး ထိမ်းသိမ်းခံထားရတဲ့ မြန်မာလူမျိုးတွေကို ကန့်တွေထဲကလာကယ်ထုတ်တဲ့ အခါ ဗုဒ္ဓဘာသာဝင် မြန်မာတွေကို စစ်ဆေးပြီး ချန်ထားခဲ့ခြင်းနဲ့ တိုင်းရင်းသား ခရစ်ယာန်ဘာသာဝင်နဲ့ ရိုဟင်ဂျာ တချို့ကိုသာ ရွေးထုတ်ခေါ်ယူပါတော့တယ်။ NLD, BRO, ALD,DPNS အစရှိတဲ့ နိုင်ငံရေးနဲ့ မြန်မာဒုက္ခသည်အဖွဲ့အစည်းဝင်တွေကို UNHCR ဌာနမှာ ဘယ်နှစ်ကြိမ်ပဲတင်တင် ဘယ်လိုပဲလျောက် ထားလျောက်ထား ဖုန်လေတဲ့ငပိ ရှိတယ်လို့တောင်မထင်ပါဘူး။

ကျန်းမာရေးနဲ့လျောက်ထားသူတွေဆိုရင်လည်း HIV လိုရောဂါသည်မျိုးကိုတောင် လူမျိုး / ဘာသာခွဲခြားမှုတွေရှိလာပါတယ်။ သူတို့သတ်မှတ်ထားတဲ့ ဒုက္ခသည်မူ(၅)ချက်ဟာ နိုင်ငံရေး၊ စစ်ရေး၊ လူ့အခွင့်အရေး လူမျိုးရေး ဘာသာရေးဆိုတာတွေ ဖြစ်ပါလျက်နဲ့ နိုင်ငံရေးသမားတွေကို REJECT လုပ်တာမျိုးတွေနဲ့ MOBILE လို့ခေါ်တဲ့ အဖွဲ့လိုက်နယ်မြေ ဆင်းပေးနေတဲ့ မှတ်ပုံတင်ခွင့်တွေမှာလည်း မြန်မာအဖွဲ့အစည်းတွေ တခုမှ မပါဝင်သေးပါဘူး။

ကြာလာတော့လည်း အမှားတွေကို အမှန်မထင်မခံနိုင်တဲ့အတွက် UNHCR ( မလေးရှား) ရဲ့လုပ်ထုံးလုပ်နည်းအသစ်များ ကမ္ဘာသိဖို့ လိုအပ်နေပြီထင်ပါတယ် ။ လူသားအားလုံး မျော်လင့် တောင့်တနေတဲ့ ငြိမ်းချမ်း၍တရားမျှသော ကမ္ဘာသစ်ကြီးကိုတည်ဆောင်ရာမှာ ဦးဆောင်နေတဲ့ UNHCR လိုအဖွဲ့အစည်းမျိုးရဲ့ ရိုးသားတဲ့နွေးထွေးမှုများကို ကျနော်တို့မြန်မာဒုက္ခသည်များက တောင့်တ မျှော်လင့်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

အောင်မြင့်နီ (မလေးရှား)

03 November 2009

ငြိမ်းချမ်းရေးသမားကြီး ဘဘဦးထွန်းတင် အမှတ်တရ..။


ဘဘဦးထွန်းတင်



ပုံလေးကိုနှိပ်ပြီးကြည့်လိုက်ပါရှင်..။

ဆရာမောင်စွမ်းရည် ရေးသားခဲ့သော ငြိမ်းချမ်းရေးသမားကြီး ဘဘဦးထွန်းတင် အကြောင်းကို
ပြန်လည်မျှဝေလိုက်ပါတယ်ရှင်..။

ဘဘဦးထွန်းတင် အတွက် ကျမမြတ်လေးငုံ ကဒီနေရာကနေပြီးအမှတ်တရ ပြန်လည်တင်ပြပေးလိုက်
ပါတယ်ရှင်..။

မြတ်လေးငုံ..။

စစ်ခွေးများ၏ရိုက်နှက်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မောင်ကိုကိုဝင်းရဲ့ ၂နှစ်ပြည့် ဆွမ်းကြွေးဖိတ်ကြားစာ..။

စက်တင်ဘာအရေးတော်ပုံအတွင်း စစ်ခွေးများ၏ရိုက်နှက်ခြင်းကြောင့် သေဆုံးခဲ့ရတဲ့ မောင်ကိုကိုဝင်းရဲ့  ၂နှစ်ပြည့် ဆွမ်းကြွေးဖိတ်ကြားစာဖြစ်ပါသည်။


သေချာဖတ်ချင်ပါက ပုံလေးကိုနှိပ်လိုက်ပါရှင်..။
ပေးပို့ လာသူ ကိုလူချော..။

02 November 2009

ကိုကျော်သူ ရဲ့ နှစ်(၅၀)ပြည့် ရွှေရတု မွေးနေ့

Photobucket

Photobucket

ko kyaw thu 2



(2.11.2009) ကိုကျော်သူ ရဲ့ ရွှေရတု မွေးနေ့ မင်္ဂလာမှစပြီး ရည်မှန်းချက် ပန်းတိုင်သို့ အမြန်ဆုံး ရောက်ရပါစေလို့ ဆန္ဒပြုလျှက် ...။

မြတ်လေးငုံ...။

01 November 2009

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (မကဒတ)ကျောင်းသားတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း ၂၁မြောက်..။

Cm Message to Absdf 21st Anni

မိခင်ကောင်း တယောက်ရဲ့ စကား...။

ကြက်ပျံမကျ စည်ကားတဲ့ ပွဲခင်းတစ်ခုမှာ မိခင်တစ်ဦးက ၃နှစ်သား ကလေးငယ်ကိုရောင်စုံ မိုးပျံပူစီဖောင်းတစ်လုံး ဝယ်ပေးခဲ့တယ်။ ကလေးငယ်က ပူစီဖောင်းကကြိုးသေးလေးကို ကိုင်ပြီး ပွဲခင်းထဲမှာ ခုန်ခွ ခုန်ခွနဲ့ ပျော်နေခဲ့တယ်။ပွဲခင်းထဲမှာ ပြေးလွှားကစားရင်း မမျှော်လင့်ဘဲ လက်ထဲက ပူစီဖောင်းလွတ်သွားခဲ့တယ်။

ရုတ်တရက်မို့ ကလေးငယ်က အံ့သြတုန်လှုပ်ပြီး ကောင်းကင်ပေါ် တက်သွားတဲ့ပူစီဖောင်းကိုကြည့်ပြီး နှမြောတသနဲ့ ငိုမဲ့မဲ့ဖြစ်နေခဲ့တယ်။ ဒါကိုထက်မြက်တဲ့ မိခင်ကမြင်တော့ သားရှေ့ထိုင်ချပြီး ဝမ်းသာပျော်ရွှင်တဲ့ အသံနဲ့"သားရေ.. ကြည့်စမ်း ပူဖောင်းရဲ့မေမေက ပူဖောင်းကလေးကို ထမင်းစားပြန်ဖို့ခေါ်သွားပြီ.. သား လက်ပြ နှုတ်ဆိတ်လိုက်လေ" လို့ ပြောလိုက်တယ်။

ထူးခြားဆန်းသစ်တဲ့ မိခင်ရဲ့စကားကြောင့် ဝမ်းနည်းတာတွေကို သားတဒင်္ဂမေ့သွားခဲ့ပြီးအမြင့်ပေါ် ပျံတက်သွားတဲ့ ပူစီဖောင်းကိုလက်ပြနှုတ်ဆက်နေခဲ့တယ်။ ပါးစပ်မှာလည်း "တာ့တာ.. တာ့တာ" နဲ့ ဝဝကစ်ကစ်ကလေးငယ်ရဲ့ မျက်နှာမှာ လင်းလက်တဲ့ အပျော်တွေ သမ်းနေခဲ့တယ်။

ဒီမြင်ကွင်းက ကျွန်တော့် မျက်စိကနေတစ်ဆင့် ရင်ထဲကို စူးစူးနစ်နစ်ထိုးဝင်ခံစားစေခဲ့ပါတယ်။မိခင်က အခက်အခဲကို ကယ်ဆယ်လိုက်ရုံမက ဝမ်းနည်းစိတ်ကို ပျော်ရွှင်စိတ်ဘက်မသိမသာ ပြောင်းရွေ့လိုက်ပြီး ကျန်းမာတဲ့အမြင်ကို သားရင်ထဲအရောက်ပို့ပေးခဲ့တယ်။

တစ်ကယ်တော့ ဘဝမှာဖြစ်ပျက်တဲ့ ပြဿနာ အခက်အခဲကိစ္စတွေလည်းဖြေရှင်းပုံမမှန်ခဲ့ရင် အဆိုးဘက် ပိုရောက်ပြီး ပြဿနာကိုကြီးထွားစေနိုင်ပါတယ်။

အကယ်၍ ပူစီဖောင်း ပျံတက်သွားတဲ့ တခဏမှာ မိခင်က " မငိုနဲ့ သား.. မငိုနဲ့မေမေနောက်တစ်လုံး ဝယ်ပေးမယ်" လို့ ပြောခဲ့ရင် သားရဲ့ စိတ်ထဲမှာ "ကိုယ်အမှားလုပ်ခဲ့မိရင် လူကြီးတွေက တာဝန်ယူလိမ့်မယ်၊ လူကြီးတွေက ဖာထေးပေးမယ်၊အလျှော်ပေးမယ်"ဆိုတဲ့ အတွေးမှားမျိုး ဝင်ရောက်နိုင်ပါတယ်။ဒီလိုအတွေးမှားက အကျင့်တစ်ခုလို သူရင်မှာ ခိုအောင်းနေလိမ့်မယ်။

အကယ်၍ မိခင်က " အာ.. ကြည့်စမ်း.. ဒီလောက်တောင် တုံးရသလား?ပူဖောင်းတစ်လုံးကိုတောင်
မြဲအောင် မကိုင်နိုင်ဘူးလား" လို့ ဆူပူခဲ့ရင်ကလေးငယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှုကင်းမဲ့လာပြီ
ဒါလေးတောင်ငါမလုပ်နိုင်ဘူးဆိုတဲ့ သိမ်ငယ်စိတ်တွေ ဝင်သွားနိုင်ပါတယ်။

အကယ်၍ မိခင်က "ဟင်း.... ပူဖောင်းရောင်းတဲ့လူ သွားလိုက်ပြီ။ သားကို မေမေနောက်တစ်လုံး
ဝယ်ပေးလို့ မရတော့ဘူး" လို့ သက်ပြင်းချ ငြီးငြူခဲ့ရင်နောင်တစ်ချိန်မှာ အခက်အခဲနဲ့
ကြုံလာတဲ့အချိန် ကလေးငယ်မှာလည်းစိတ်ပျက်ငြီးငြူ၊ လက်လျော့မှုတွေ များလာတတ်ပါတယ်။

အပေါ်က မိခင်လို အဓိပ္ပါယ်ရှိတဲ့ ထီထွင်ဆန်းသစ်မှုအသစ်နဲ့ ကလေးငယ်ရဲ့ဝမ်းနည်းနေတဲ့အာရုံကို
အဝေးသို့လွင့်စင်သွားနိုင်အောင်ဆွဲဆောင်နိုင်ခဲ့သလိုကလေးငယ်ရဲ့တွေးတောလိုစိတ်ကိုတံခါးဖွင့်
ပေးလိုက်နိုင်ခဲ့ပါတယ်။

အဲဒီအပြင် ထမင်းစားချိန်မှာ မေမေထမင်းစားခေါ်လို့ သူပြန်သွားတယ်ဆိုတဲ့မိခင်စကားကို
နားထောင်တဲ့ ကလေးတစ်ဦးအဖြင့် ကလေးငယ်ကိုလှပတဲ့အတွေးဝင်စေခဲ့ပါတယ်။

အဆိုးကို အကောင်းပြောင်းတာမှန်ပေမယ့် အဲဒီအပြောင်းအလဲကြားမှာအကျိုးရှိတဲ့
အတွေးလေးတွေ၊ ဆန်းသစ်မှုတွေလည်း လိုအပ်ပါတယ်။အမြဲတမ်း ရှိနေပါတယ်။

ဆောင်းပါးပေးပို့ လာသူ redpeacock..။

မြတ်လေးငုံ..။

မဲဆောက်မြို့ ရဲ့ သွေးသစ်ကျောင်း..။



ကျမရဲ့ ငယ်သူငယ်ချင်း ဖြစ်တဲ့ ဘိုဘို က ကျမနဲ့ မတွေ့တာ(၁၅)နှစ်ကြာပြီး ကျမတို့ ရှိရာ မဲဆောက်မြို့ သို့ (Los Angeles) ကနေပြီး အလည် လာခဲ့ရင်း ခလေးတွေကိုအလှူ တခုလောက်လုပ်ချင်တယ် ဆိုတာနဲ့ မဲဆောက်မြို့ ရဲ့ သွေးသစ်ကျောင်းလေး မှ သွားပြီး အလှူ လုပ်ခဲ့ကြတာပါ။ သွေးသစ်ကျောင်းလေးမှ မိဘမဲ့ခလေးများစွာရှိပြီး မိဘများမှာရှိနေပေမဲ့ ကိုယ်ဝမ်းစာကိုရှာနေကြပြီး ခလေးများကို ကျောင်းအိပ်
ကျောင်းစားနဲ့ သွေးသစ်ကျောင်းလေးမှာ ထားခဲ့ပြီးရုံးကန်နေကြရတဲ့ မြန်မာမိဘများမှ မွေးဖွားပြီးခလေး
များကို သွေးသစ်ကျောင်းလေးတွင် ထားရှိကြပါတယ်..။

သွေးသစ်ကျောင်း တွင်ခလေးများကို ထမင်းတနပ်လျှင် တယောက်ကို ၁၅ဘတ် ကျတယ်လို့သိရ
ပါတယ်..။ကျောင်းသားကျောင်းသူ အယောက် (၂၀ရ)ယောက်ရှိပါတယ်။ စာအုပ် တွေကိုလဲ အလှူခံပါကြောင်းနှင့်ခလေးများကိုလဲ အစားအသောက်နဲ့ အသုံးအဆောင်ပစ္စည်းများကိုလဲ မည်သူမဆိုလှူတန်းနိုင်ကြောင်းအသိပေးအပ်ပါတယ်ရှင်..။

၎င်းကျောင်းရဲ့ စာသင်ခန်း တခန်းကိုလဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာန
ခွဲလူငယ်ရေးရာ မှလဲ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ အမှတ်တရ အနေနဲ့ ကျောင်းဆောင်သစ်ကို
လှူတန်းခဲ့ကြောင်းသိရှိရပါတယ်..။

မြတ်လေးငုံ..။