10 March 2012

ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် စည်းရုံးရေး ခရီးစဉ်

ရန်ကုန်မြို့မှ နံနက် ၈ နာရီခန့်က ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ကျိုက်ထိုမြို့ စိမ်းလဲ့တင် စားသောက်ဆိုင်သို့ ၁၂ နာရီမထိုးမီ ၁၀ မိနစ်ဝန်းကျင် တွင်ဆိုက်ရောက်ကြကာ နေ့လည်စာစားပြီး နာရီဝက်ခန့် ရပ်နားမည်ဟု လိုက်ပါသတင်...းယူသည့် ၀ိုင်ပီအိုင် သတင်းထောက်က သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်အား မွန်ပြည်နယ်ဧရိယာ အစဖြစ်သည့် စစ်တောင်းတံတား အဆင်းတွင် မွန်ပြည်နယ်မှ လာရောက် ကြိုဆိုသူ လူ ၃၊ ၄ ရာဝန်းကျင် တွေ့ရှိရကြောင်း သတင်းပေးပို့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့သည် ယနေ့ညနေပိုင်းတွင် မော်လမြိုင်မြို့သို့ ရောက်ရှိကာ ညအိပ်ရပ်နားပြီး မနက်ဖြန် နံနက် ၉ နာရီတွင် လူထုဟောပြောပွဲကို မော်လမြိုင်မှ ကျိုက်မရောမြို့သို့ သွားသည့်ကားလမ်းပေါ်ရှိ ၆မိုင်ကျေးရွာ ဘောလုံးကွင်းတွင် ပြုလုပ်မည်ဖြစ်သည်။

ယနေ့ညတွင် ဒေါ်အောင်ဆန်းစုကြည် တည်းခိုရာ ကမ်းနားဟိုတယ်တွင် မော်လမြိုင်မြို့ မှ နိုင်ငံရေး ပါတီအချို့၊ မြို့မိမြို့ဖများနှင့် ညစာစားသောက်ရန် စီစဉ်ထားသည်ဟု သိရှိရသည်။

သတင်း..... Yangon Press International

နှစ်နှစ်ဆယ်ကျော်ကြာ တိမ်မြှုပ်နေခဲ့သော မြန်မာ့ရိုးရာ သင်္ကြန်သံချပ်ကားများ

ယခုနှစ်မြန်မာ့ရိုးရာ အတာသင်္ကြန် ပွဲတော်ကို ရန်ကုန်မြို့တွင် ယမန်နှစ်ကထက် စည်းကားသိုက်မြိုက်စွာကျင်းပရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ ညှိနှိုင်းစီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။

သင်္ကြန်မဏ္ဍပ်များ နေရာချထားပေးခြင်းကို မတ်လအတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်တွင် အပြုသဘောဆောင်သည့် သံချပ်ထိုးခြင်းများ ခွင့်ပြုသွားမည်ဖြစ်ပြီး ဆုချီးမြှင့်ခြင်းများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်မဏ္ဍပ်များ လျှောက်ထားခြင်းကို မတ်လလယ်ခန့်တွင် စတင်လက်ခံ ဆောင်ရွက်ပေးရန် စီစဉ်နေပြီး မတ်လ မကုန်မီ နေရာချထားပေးနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အင်းလျားလမ်းတွင်မူ ယခင်နှစ်များနည်းတူ မဏ္ဍပ် နေရာခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။ သံချပ်ထိုးခြင်းအတွက် သံချပ်စာသားများကို မတ်လကုန်ခန့်အထိ နောက်ဆုံးထားလက်ခံကာ စိစစ်ရေးအဖွဲ့ဖြင့် စိစစ်ပြီး ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်သင်္ကြန် ယမန်နှစ်ကထက် ပိုမိုစည်ကားစွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံကျော် အနုပညာရှင်များ ရန်ကုန်တွင် ဖျော်ဖြေနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေပြီး ဂီတ၊ သဘင်၊ ရုပ်ရှင် အဖွဲ့အစည်းများနှင့်လည်း ညှိနှိုင်းဆောင်ရွက်နေကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

လောပိတရေအားလျှပ်စစ် အဆင့်မြှင့်ဖို့ တရုတ်ပူးပေါင်းမည်

ဘီလူးချောင်း (လောပိတ) ရေအားလျှပ်စစ် စီမံကိန်းကို အဆင့်မြှင့်တင်ဖို့ တရုတ်နိုင်ငံ ရေအားလျှပ်စစ် ကုမ္ပဏီနှစ်ခုနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ရှိကြောင်း သိရပါတယ်။ လက်ရှိမှာ ၁၃၀ ကေဗီရှိတဲ့ ဘီလူးချောင်း (လောပိတ) ရေအားလျှပ်စစ်ကို ၅၀၀ ကေဗီဗို့အားစနစ်ကို တိုးမြှင့်ပို့လွှတ်နိုင်ဖို့ အဆင့်မြှင့်မှာ ဖြစ်ပါတယ်။ မြန်မာ့လျှပ်စစ်ဓါတ်အားလုပ်ငန်းနဲ့ China Three Gorges Corporation, Hydro China Kunming Engineering Corporation တို့အကြား မြန်မာနိုင်ငံ ဓါတ်အားစနစ် စီမံချက်ရေးဆွဲခြင်း လုပ်ငန်းတွေအတွက် နားလည်မှုစာချွန်လွှာကို ဖေဖော်ဝါရီလ ၁၄ ရက်မှာ လက်မှတ်ရေးထိုးပါတယ်။ စီမံချက်လုပ်ငန်းတွေကို အပိုင်းသုံးပိုင်း ခွဲထားပါတယ်။ အဲဒါတွေကတော့ ဓါတ်အားလိုအပ်ချက် ခန့်မှန်းမှုနဲ့ အချက်အလက်များ စုဆောင်ခြင်းအပိုင်း၊ လက်ရှိဓါတ်အားစနစ်နဲ့ ပြုပြင်မွမ်းမံမှု အစီအစဉ်များ လေ့လာမှုအပိုင်းနဲ့ မြန်မာနိုင်ငံ ဓါတ်အားစနစ် ကွန်ရက်ပုံစံကို သတ်မှတ်နှစ်များအလိုက် လေ့လာမှုအပိုင်းတွေ ဖြစ်ပါတယ်။ စီမံကိန်းကို တစ်နှစ်အတွင်း အပြီးဆောင်ရွက်မှာ ဖြစ်တယ်။

မျိုးဆက်သစ် လူငယ်အင်ဂျင်နီယာတွေကို နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာစူးစမ်းမှုတွေ လက်တွေ့သင်တန်းတွေ ပေးမယ်လို့ ဆိုပါတယ်။ ဘီလူးချောင်း(လောပိတ) ရေအားလျှပ်စစ်စက်ရုံကို ၁၉၆၀ ခုနှစ်မှာ တည်ဆောက်ပါတယ်။ ဘီလူးချောင်း(လောပိတ) ရေအားလျှပ်စစ်ကနေ လောပိတ-တောင်ငူ-လှော်ကား ဓါတ်အားလိုင်းနဲ့ ရန်ကုန်ကို ဓါတ်အား ပို့တယ်။ နောက်တစ်ခုက လောပိတ-သာစည်-မန္တလေး ဓါတ်အားလိုင်းနဲ့ မန္တလေးကို ဓါတ်အားပို့လွှတ်ခဲ့တယ်။ “လူဦးရေများလာပြီး လူနေမှုအဆင့်အတန်း မြင့်လာလို့ လျှပ်စစ်ဓါတ်အား လိုအပ်ချက်တွေ များလာတယ်၊ ဗို့အားကျတာ၊ ဗို့အားမငြိမ်တာတွေ၊ ဓါတ်အားဆုံးရှုံးတာတွေ လျော့နည်းအောင်တော့ ဆောင်ရွက်ဖို့လိုတယ်၊ လက်ရှိ ဓါတ်အားစနစ်ကို နှစ်အလိုက် အဆင့်မြှင့်တင်ပြီး တကယ်အကျိုးရှိအောင် လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်” ဟု အငြိမ်းစား လျှပ်စစ်အရာရှိကြီးတစ်ဦးက ပြောပြခဲ့ကြောင်း မတ်လ ၉ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။ "

ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်မည့် သူများ ခေါ်ယူသွားမည်


ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးအတွက် လိုအပ်သည့် အဖွဲ့ အစည်းများကို ဆက်လက်ဖွဲ့စည်းသွား မည်ဖြစ်ပြီး ဒေါ်ခင်ကြည်နေရာတွင် သရုပ်ဆောင်ရန် သရုပ်ဆောင်သစ်များ ခေါ်ယူသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ် အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ၏ ဥက္ကဋ္ဌ ဒါရိုက်တာ ဦးမိုးသူက ထိုရုံးခန်း ဖွင့်ပွဲနေ့တွင် ပြောကြားသည်။

"ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့က အချက်အလက်တွေ ရှာဖွေစုဆောင်းတာ၊ အချက်အလက်တွေကို အခြေခံပြီးတော့ ဇာတ်လမ်းဖန်တီးဖို့ တာဝန်များကို ယူထား ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင် ကြည်တို့ရဲ့ နေရာများကိုလည်း ပြည်သူ ပြည်သားတွေ သရုပ်ဆောင်နိုင်ဖို့ လျှောက် လွှာတွေခေါ်ယူသွားမှာပါ။ ဗိုလ်ချုပ်ရုပ် ရှင်မှာ နိုင်ငံတကာနည်းပညာ အထောက် အကူပြုအဖွဲ့များ ဖွဲ့စည်းပြီးပါ ပြီ။ ဒါအပြင် ရုပ်ရှင်ကြီးကြပ်ရေး ကော်မတီနဲ့ အကြံပေးအဖွဲ့ကိုလည်း ဖွဲ့စည်း သွားမှာပါ" ဟု ၄င်းက ဆက်လက်ပြော ကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ် မြောက်ရေးရုံးခန်းကို ဗိုလ်ချုပ်မွေးနေ့ဖြစ် သည့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖွင့် လှစ်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းနေရာတွင် သရုပ်ဆောင်ရန် သရုပ်ဆောင်များ လျှောက် လွှာခေါ်ယူလျက်ရှိကြောင်း၊ ဒေါ်ခင်ကြည် နေရာတွင် သရုပ်ဆောင်ရန်လည်း လျှောက်လွှာများ ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

သတင်း..... ပြည်မြန်မာ ဂျာနယ်

မန္တလေး ကျုံးရေ မြေသားများပေါ် သည်အထိ ရေနည်းလာ


မန္တလေးသင်္ကြန်ပွဲတော် နီးကပ်လာသော်လည်း မတ်လဆန်းအထိ ကျုံး အတွင်း ရေနည်းနေသဖြင့် မန္တလေး သင်္ကြန်ပွဲတော် အတွက် ရေ အခက် အခဲ ဖြစ်မည်ကို မြို့လူထုစိုးရိမ်လျက် ရှိသည်။

မန္တလေးမြို့တွင် နွေဦးရောက်လာ၍ ရေသုံးစွဲမှုများပြားပြီး ကျုံးရေနည်းလာသဖြင့် ကျုံးရေကိုသာ အဓိကထား အသုံးပြုသော ရပ်ကွက်များ ၌ ရေအခက်အခဲ တွေ့နေရကြောင်း နန်းရှေ့ဒေါနဘွားရပ်ကွက်မှ အိမ်ရှင်မ တစ်ဦးက ပြောသည်။ မန္တလေးမြို့တွင် ကျုံးရေနည်း လာပြီး ရေများ ဖြန့် ဝေပေးနိုင်ခြင်း မရှိသောကြောင့် နန်းရှေ့ ဒေါနဘွားရပ်ကွက်၊ အောင်တော်မူရပ်ကွက်၊ မြောက်ပြင် ဥပုသ်တောင်ရပ်ကွက်၊ အနောက်ပြင် ပြည်လုံး ချမ်းသာရပ် ကွက်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်တို့တွင် ရေဝယ် သုံးနေကြရသည်။ တစ်နေ့လျှင် မြို့လူထုသို့ ကျုံးရေဂါလန် နှစ်သန်း ဖြန့်နေသော်လည်း ယခုအခါ ကျုံးရေနည်းပါးမှုကြောင့် တစ်နေ့လျှင် ရေဂါလန် ငါးသောင်းသာ ဖြန့်ဝေပေးနိုင်ကြောင်း သိရသည်။ မတ်လ ၂၀ ရက်အထိ ကျုံးရေ မဖြည့်နိုင်ပါက မဟာသင်္ကြန်ပွဲ တော်ရက်များအတွင်း ရေကစားရန် အခက်အခဲဖြစ်မည်ကို မြို့လူထုက စိုးရိမ်မကင်း ဖြစ်နေခြင်း ဖြစ်သည်။

သတင်း..... 7Day News

ပြည်တွင်းသတင်းသမားနှစ်ဦးကို ရုံးတင်စစ်မယ်


အစိုးရသစ်လက်ထက်မှာ စာနယ်ဇင်းသမားကို ပထမဆုံုးကိမ် တရားစွဲဆိုမှု အဖြစ် မော်ဒန်ဂျာနယ်က သတင်းထောက်တဦးနဲ့ အယ်ဒီတာတဦးတို့ဟာ တရားရင်ဆိုင်ရမှာ ဖြစ်ပြီး ဒီလ ၂၃ ရက် နေ့မှာ စတင် စစ်ဖို့ ရုံးချိန်းထားပါတယ်။

သပိတ်ကျင်းမြို့နယ်က ကားလမ်းပျက်စီး ချွတ်ယွင်းနေတဲ့ သတင်းဆောင်းပါးကို ရေးသားဖော်ပြခဲ့တဲ့ မော်ဒန်ဂျာနယ်က သတင်းထောက် မသက်စုအောင်နဲ့ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံတို့ နှစ်ဦး တရားစွဲခံရတာပါ။
တရားစွဲဆိုသူက ဆောက်လုပ်ရေး ၀န်ကြီးဌာန သပိတ်ကျင်းမြို့နယ် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဒေါ်နွဲ့နွဲ့ရီ ဖြစ်ပြီး အသရေဖျက်မှုနဲ့ စွဲဆိုထားတာ ဖြစ်ပါတယ်။ ဒီလ ၆ ရက်နေ့က မသက်စုအောင်နဲ့ တာဝန်ခံ အယ်ဒီတာတို့ နှစ်ဦး သပိတ်ကျင်းမြို့နယ် တရားရုံးကို သွားရောက်ခဲ့ပြီး အာမခံယူခဲ့တယ်။

“အာမခံလုပ်ပြီးတာနဲ့ ညီမတို့ရဲ့ ရှေ့နေ ကိုယ်စားလှယ် လွှဲတယ်ပေါ့နော်။ ဒါကို လုပ်ပြီးတော့ နောက်လာရမယ့် ရုံးချိန်း တခုကို တရားသြူုကီးက သတ်မှတ်ပေးလိုက် ပါတယ်။ ညှိပြီးတော့ပေါ့။ အဲဒါ ဒီလ ၂၃ ရက်နေ့ မနက် ၁၁ နာရီမှာ ပြန်ချိန်းပါတယ်။ ပုဒ်မ ၅၀၀/၁၀၉ နဲ့ နှစ်ယောက်စလုံးကတော့ ဒီတခုတည်းပဲ အကျုံးဝင်ပါတယ်။”
သူတို့နှစ်ဦးကို အသရေဖျက်မှုနဲ့ သီးခြားစီ စွဲဆိုထားတာပါ။ ဒီဆောင်းပါး အနှစ်ချုပ် ကတော့ တံတား ဖြတ်သန်းရာမှာ ၁၃ တန်ထက်ပိုတဲ့ ယာဉ်တွေ မဖြတ်ရဘဲ လမ်းလွှဲက ဖြတ်ဖို့ ဆိုင်းဘုတ်ရှိပေမယ့် ပျက်စီးချွတ်ယွင်းနေတဲ့ လမ်းလွှဲက မဖြတ်ချင်တဲ့ ကုန်ကားတွေဟာ ၁၃ တန်ထက် ပိုပေမယ့်လည်း ငွေပေးပြီး တံတားပေါ်က ဖြတ်ကြတယ်။

ဒီပိုက်ဆံဟာ မြို့နယ် အင်ဂျင်နီယာက ကောက်ခိုင်းတာလို့ ကားသမားတွေနဲ့ ငွေကောက်သူတွေကို မေးပြီး သတင်း ဆောင်းပါး ရေးထားတာ ဖြစ်ပြီး ဒီလမ်းလွှဲတွေ ပြုပြင်ဖို့ ရေးသားထားပါတယ်။

အမှုနဲ့ပတ်သက်လို့ သူတို့ရှေ့နေတွေကို မေးမြန်းကြည့်တဲ့အခါ လာမယ့် ရုံးချိန်းမှာ တရားလိုပြ သက်သေတွေကို စစ်ဆေးတဲ့အခါ ဥပဒေရဲ့ လိုအပ်ချက်တွေနဲ့ ပြန်လှန် မေးခွန်း မေးမြန်းထောက်ပြဖို့ ရှိတယ်လို့ ဖြေပါတယ်။ တရားရုံး မတက်ခင် အသေးစိတ် မဖြေနိုင်ပါဘူးလို့ ဆိုပါတယ်။

သတင်း...DVB

နေပြည်တော်ရှိ မိုင်တိုင် အမှတ် ၈၆ အား အထူးသတိပြု


မတ်လ ၅ ရက်နေ့ ည ၈နာရီကျော်အချိန်လောက်က နေပြည်တော်ခရီးစဉ်ကနေ ပြန်လာတဲ့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ယဉ်တန်းဟာ ရန်ကုန်-နေပြည်တော်လမ်း မိုင်တိုင်အမှတ် ၈၆ ကို အရောက်မှာ ခဲ့နဲ့ပစ် ပေါက်ခံရပြီး လုံခြုံရေးလိုက်ပါလာသူလူငယ်တချို့ ဒဏ်ရာရခဲ့ပါတယ်။ အဖွဲ့ချုပ်က အဲဒီကိစ္စကို သက်ဆိုင် ရာတာဝန်ရှိသူတွေထံ ချက်ချင်းတိုင်ကြားခဲ့ပါတယ်။ ဒီအတွက် အမှုမှန်ပေါ်ပေါက်ရေး အသေအချာစစ်ဆေး ပေးမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက အဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဟန်သာမြင့်ကိုပြောဆိုကြောင်း 7 Day ဂျာနယ်မှာ ဖော်ပြထားပါတယ်။

HRDP က ရွေးကောက်ပွဲ လွတ်လပ်၊ တရားမျှတမှုရှိမရှိ စောင့်ကြည့်မည်

လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများကွန်ယက် (HRDP)က လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လွတ်လပ်မှုနှင့်တရားမျှတမှုရှိ၊မရှိ စောင့်ကြည့်လေ့လာမှုများပြုလုပ်မည်ဟု ယင်းအဖွဲ့မှ ဦးမောင်မောင်လေးက ပြောသည်။

HRDP က ရွေးကောက်ပွဲပြုလုပ်မည့် ၄၈ နေရာအနက် ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်မှ ၁၈ နေရာကို စောင့်ကြည့်လေ့လာမည်ဖြစ်သည်။ “ကချင်ပြည်နယ်မှာလည်း စောင့်ကြည့်နိုင်ဖို့ကြိုးစားနေပါတယ်” ဟုဦးမောင်မောင်လေးကပြောသည်။

စောင့်ကြည့်လေ့လာမှုတွင် အဆင့်သုံးဆင့်ရှိမည်ဖြစ်ပြီး ပထမအဆင့်အဖြစ် ရွေးကောက်ပွဲအပေါ်ပြည်သူလူထု၏ အမြင်နှင့်သိရှိနားလည်မှုကိုစစ်တမ်း ကောက်ယူမည်ဖြစ်၍ ဒုတိယအဆင့်တွင်မူ နိုင်ငံရေးပါတီများ၏ စည်းရုံးရေးကာလ တွင် လွတ်လပ်မှု မည်မျှရှိမရှိကိုစောင့်ကြည့်မည်ဖြစ်သည်။

“၂၀၁၀ လိုမဟုတ်တာတော့သေချာပါတယ်၊ ဒါပေမဲ့တစ်ချို့ပါတီတွေ စည်းရုံးရေးဆင်းတဲ့အခါ အခက်အခဲတွေတွေ့ရတယ်”ဟု ၎င်းကပြောသည်။

တတိယအဆင့်၌ မဲရုံများကိုလေ့လာခြင်း၊ မဲပေးမှု၊မဲရေတွက်မှုနှင့် မဲရလဒ်ထုတ်ပြန်မှုကို စောင့်ကြည့်ခြင်းများပြုလုပ်မည်ဖြစ်သည်။ ၎င်းအတွက်ရက်တိုသင်တန်းများ ပေးရန်ရှိကာ HRDP မဟုတ်သူများလည်း ပါဝင်ကာအခြားစိတ်ဝင်စားသူ မည်သူမဆို ပူးပေါင်းပါဝင်နိုင်မည်ဟု ဦးမောင်မောင်လေးကပင် ပြောသည်။

ယခုလို သီးခြားအဖွဲ့အစည်းများက ရွေးကောက်ပွဲ လွတ်လပ်မှုနှင့် တရားမျှတမှုကို စောင့်ကြည့်ခြင်းအပေါ် ဒီမိုကရက်ပါတီဥက္ကဋ္ဌ ဦးသုဝေက“သူတို့တွေ (အစိုးရ)ကလည်း တရားမျှတအောင် လုပ်မယ်လို့ပြောထားတယ်၊ စောင့်ကြည့်နိုင်လေ ကောင်းလေပေါ့” ဟုပြောသည်။

သို့ရာတွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် နိုင်ငံရေးပါတီ ၁၇ ပါတီတို့ နေပြည်တော်တွေ့ဆုံပွဲ၌ ပါတီတပါတီက ပြည်တွင်း အန်ဂျီအိုများအား ရွေးကောက်ပွဲတွင် စောင့်ကြည့်ခွင့်ပေး၊ မပေး မေးခွန်းကို ကော်မရှင်ဥက္ကဋ္ဌက အဖြေမပေးခဲ့ကြောင်း ၎င်းကပြောသည်။

ယခုလာမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ နိုင်ငံတကာမှ လေ့လာစောင့်ကြည့်ရေး အဖွဲ့များက ခွင့်ပြုရန် တောင်းဆိုထားသော်လည်း ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၀ ရွေးကောက်ပွဲနည်းတူ မြန်မာနိုင်ငံရှိ သံရုံးများမှ သံအမတ်ကြီးများ၊ ကုလသမဂ္ဂဆိုင်ရာ ဋ္ဌာနေအကြီးအကဲများကိုသာ လေ့လာခွင့်ပြုမည်ဟု ယမန်နေ့က ပြည်ထောင်စုရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင် ဥက္ကဋ္ဌက ပြောကြားခဲ့သည်။

“ပါတီတစ်ခုဆိုရင် ညဘက်ရောက်မှလူငယ်လေးတစ်ယောက် အိမ်ကိုလာပြီး မဲအရေအတွက် ရလဒ်လာတောင်းတာကြုံခဲ့ရတယ်” ဟုသံတွဲမြို့မှ မဲရုံမှူးတာဝန်ယူခဲ့သူ ဦးအောင်နိုင်မြင့် က YPI သို့ပြောသည်။ ။

သတင်း..... Yangon Press International

ဒီချုပ်ဥက္ကဋ္ဌ မဲဆွယ်စည်းရုံးရန် မော်လမြိုင်မြို့နယ်တွင် နေရာအခက်အခဲဖြစ်

မတ်လ ၁၁ရက်နေ့တွင် ပါတီစည်းရုံးရေးအတွက် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မွန်ပြည်နယ် ခရီးစဉ်တွင် ဟောပြောရန်အတွက် နေရာ အဆင်မပြေဖြစ်ခြင်းကြောင့် သက်ဆိုင်ရာကော်မတီမှ ခွင့်ပြုလိုက်သည့် ယင်းမြို့နယ်ရှိ လူဦးရေ တစ်သိန်းခန့် ဆန့်သည့် ဘောလုံးကွင်း တစ်ကွင်းသို့ သွားရောက် ဟောပြောရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

“ပထမဟောပြောမယ့်နေရာက မော်လမြိုင်မြို့မှာရှိတဲ့ သံလွင်ဥယျဉ်မှာ ဟောပြောမယ်ဆိုပြီး သက်ဆိုင်ရာကို တင်ပြထားတယ်။ ဒါပေမယ့် စည်ပင်က ဥယျာဉ်မှာရှိတဲ့ ပန်းပင်တွေပျက်စီးမှာစိုးလို့ဆိုပြီး မြို့နဲ့ ၆မိုင်ကျော်လောက်ဝေးတဲ့ ကျွဲခြံကုန်းကျေးရွာက ဘောလုံးကွင်းကို ပေးခဲ့ပါတယ်။ အဲဒီကွင်းကို သွားရ တာလဲ ခက်ခဲသလို တော်တော်လေးလဲ ဝေးတဲ့နေရာတစ်ခု ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များတွင် လိုက်လံကူညီသည့် NLD အဖွဲ့ဝင် တစ်ဦး၏ ပြောပြချက်အရ သိရသည်။

ပါတီစည်းရုံးရေးအတွက် မော်လမြိုင်မြို့နယ်ရှိ ဘိုကုန်းရပ်ကွက်မှ သံလွင်ဥယျာဉ်တွင် ဟောပြောရန်အတွက် သက်ဆိုင်ရာ ကော်မတီထံသို့ ခွင့်ပြုချက် တောင်း၍ တင်ပြခဲ့သော်လည်း ယင်းဥယျာဉ်အား ခွင့်မပြုခဲ့ဘဲ နောက်ထပ်တင်ပြခဲ့သည့် မော်လမြိုင်မြို့မှ ၆မိုင်အကွာတွင် တည်ရှိသည့် ကျိုက်မရော မြို့နယ်အနီး ကားလမ်းမဘေးမှ ကျွဲခြံကုန်းကျေးရွာတွင်ရှိသည့် ဘောလုံးကွင်း၌သာ ခွင့်ပြုခဲ့ကြောင်း ၎င်း၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မော်လမြိုင်မြို့ရှိ Strand Hotelတွင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့နှင့် ညစာစားပွဲ တစ်ခု ပြုလုပ်မည်ဖြစ်ပြီး ယင်းမြို့နယ်တွင် ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်မဲဆန္ဒနယ်ဖြစ်သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအား NLD ပါတီမှ ဒေါ်ခင်ဌေးကြွယ် အပါအဝင်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် တစညပါတီတို့လည်း ဝင်ရောက်ယှဉ်ပြိုင် မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာစားပွဲ၌တွေ့ဆုံမည့် မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF)သည် ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ပါတီဟောင်းတစ်ခုဖြစ်ကြောင်းလည်း သိရှိရသည်။

သတင်း..... yangonchronicle

ဝန်ကြီးဌာန အချို့ ငွေအလွဲသုံးစားလုပ်မှုပေါ်


09 March 2012

နံရံကြားမှ အနုပညာ ပန်းချီပြပွဲ ဖွင့်ပွဲ အခမ်းအနား(ဓာတ်ပုံသတင်း)











ဓာတ်ပုံ....Yangon Press International

ဥပဒေ ကို လက်တလုံးခြားလုပ်နေသူ ဦးသိန်းအောင်


ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်သည် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွက် မဲဆွယ်မှုများပြုလုပ်ပေးနေသည့်ပြင် မဲဆွယ်အခမ်းအနားများအတွက် စင်မြင့်တည်ဆောက်ရာ တွင် ဒေသခံများကို လုပ်အားပေးစေခိုင်းမှုများကိုပါ လုပ်ဆောင်နေကြောင်း ဒေသခံများကပြောသည်။

မြင်းကကွင်းတိုက်နယ်ဒေသခံတစ်ဦးက “ကျွန်တော်တို့ဆီကို ရှေ့လ ၂၄ ရက်ကလာတာ၊ မလာခင် သုံးရက်လောက်အလိုမှာ မဏ္ဍပ်ဆောက်ဖို့ဆိုပြီး ကျေးရွာအုပ်ချုပ်ရေးမှူးက လူငယ်တွေကို လုပ်အားပေးလာခေါ်တယ်” ဟု ပြောသည်။

ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးသိန်းအောင်သည် ဖေဖေါ်ဝါရီလအတွင်းက ငပုတောမြို့နယ်၊ မြင်းကကွင်း တိုက်နယ်အပါအ၀င် ဒေသငါးခုခန့်သို့သွားရောက်ခဲ့ပြီး ရောက်ရာဒေသတိုင်းတွင် ပြောကြားသော မိန့်ခွန်းများ၌ ကြံ့ခိုင်ရေးပါတီကို မဲထည့်ရန်တိုက်တွန်းမှု များပြုလုပ်နေကြောင်း ဒေသခံများကပြောသည်။

ပုသိမ်မြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးများတွင် ဧရာဝတီတိုင်းသား ၀န်ကြီးချုပ် အဘဦးသိန်းအောင်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်အား မဲပေးကြပါစို့ ဟူသောစာတန်းဖြင့် ဦးသိန်းအောင်ဓါတ်ပုံများကပ်ကာကြော်ငြာထားခြင်း၊ ရပ်ကွက်အတွင်း ကြံ့ခိုင်ရေးပါတီဝင်သူတိုင်းကို ငွေကျပ်သုံးသောင်းကို နေ့သွင်းအနေဖြင့်ထုတ်ချေးပေးခြင်း၊ ၎င်းပါတီတံဆိပ်ပါသော အင်္ကျီများနှင့် ဦးထုပ်များကို အခမဲ့ပေးခြင်းများပြုလုပ်နေကြောင်း ပုသိမ်မြို့ခံတို့ကပြောသည်။

ပုသိမ်ခရိုင်တရားလွှတ်တော်ရှေ့နေတစ်ဦးက“ ဦးသိန်းအောင်ဟာ အလုပ်အရမ်းလုပ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒါပေမယ့် သူ့မှာပါတီစွဲကရှိနေတော့ ဥပဒေနဲ့ငြိစွန်းနေတာစိတ်မကောင်းစရာပဲ” ဟု မှတ်ချက်ပြုသည်။

အစိုးရ၀န်ကြီးများအနေဖြင့် ၎င်းတို့သက်ဆိုင်ရာ ပါတီလုပ်ငန်းများနှင့် ပါတီအတွက် မဲဆွယ်စည်းရုံးခြင်းများမပြုလုပ်ရန် နည်းဥပဒေများထုတ်ပြန်ထားသည်။

သတင်း.....Yangon Press International

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်တွေ့ဆုံ




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီက ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် တွေ့ဆုံခဲ့သည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လာမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်တွင် မတ်လ ၈ ရက်နေ့ နံနက်က တွေ့ဆုံစဉ် “ကိုယ်စားလှယ်လောင်းများ သတိပြုရမှာက မဲဆန္ဒရှင်များစာရင်းတွင် ထောင်နဲ့ သောင်းနဲ့ ချီပြီးတော့ အမှားအယွင်းများ ရှိနေပါကြောင်း၊ အမြန်ဆုံး ပြုစုရမည်ဖြစ်ကြောင်း၊ မဲဆွယ်စည်းရုံးရေးခရီးစဉ်တစ်လျောက်တွင်လည်း တစ်ဖက်က မသမာမှုများ ရှိနေသည်ကိုလည်း မြင်တွေ့ရပါကြောင်း၊ ထိုဖြစ်ရပ်များနှင့်ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်ကို လှမ်းပြီးတော့ သတင်းများ ဖြန့်ချိသွားမည်ဖြစ်ပါကြောင်း၊ အနိုင်ရချင်လို့ ၀င်ရောက်ယှဉ်ပြိုင်တာ ဖြစ်ပါကြောင်း။ နိုင်လည်း နိုင်ရမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်ဟု သိရသည်။

သတင်း......Eleven Media Group.။

မြောက်ပိုင်းလူသတ်မှုကိစ္စကို တစ်နှစ်အတွင်း စုံစမ်းဖော်ထုတ်သွားမည်ဟု ABSDF ပြော

၁၉၉၂ ခုနှစ်က ဖြစ်ပျက်ခဲ့သော သတ်ဖြတ်မှု၊ သွေးထွက်သံယိုဖြစ်မှုအပါအ၀င်၊ ယင်းကိစ္စနှင့် ဆက်နွယ်ပတ်သက်ခဲ့သော ဖြစ်စဉ် များနှင့်ပတ်သတ်၍ အဖြစ်မှန်ကို စုံစမ်းခြင်း၊ အချက်အလက်စုဆောင်းခြင်းနှင့် အစီရင်ခံစာရေးသားခြင်းကို ၂၀၁၃ ခုနှစ် မေလတွင် အပြီးသတ်ဆောင်ရွက်သွား မည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) က ယခုလ ၇ ရက်တွင် ထုတ်ပြန်ကြေငြာလိုက်သည်။

၁၉၉၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့က မကဒတ (မြောက်ပိုင်း) ဒေသတွင် ကိုထွန်းအောင်ကျော်အပါအ၀င် တပ်ဖွဲ့ဝင် ၁၅ ဦးသတ်ဖြတ်မှုဖြစ်ပွားခဲ့ခြင်းကိစ္စကို စုံစမ်းဖော်ထုတ်ရန် ABSDF က အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ၂၀၁၂၊ ဇန်န၀ါရီလတွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် ယခုကဲ့သို့ ထုတ်ပြန်ကြေငြာလိုက်ခြင်းဖြစ်သည်။

“အမှန်တကယ်နစ်နာခဲ့ရသူတွေ ရှိနိုင်ပါတယ်။ တကယ်တမ်းနစ်နာခဲ့ရတဲ့ လူတွေအတွက် ABSDF က တစုံတခုပြန်လုပ်ပေးရမဲ့ တာဝန်ရှိပါတယ်။ သူတို့တွေအတွက် အမှန်တရားကို ဖေါ်ထုတ်ပေးရမယ်။ သူတို့တွေအတွက် တရားမျှတမှုကို ဖေါ်ထုတ်ပေးရပါမယ်” ဟု အမှန်တရားနှင့်တရားမျှတမှုဖော် ထုတ်ရေးအလုပ်အဖွဲ့မှ တာဝန်ခံညှိနှိုင်းရေးမှူး ကိုကျော်ကျော်လင်းက ပြောသည်။

အမှန်တရားနှင့်တရားမျှတမှုဖော်ထုတ်ရေးအလုပ်အဖွဲ့ကို ABSDF အတွင်းရေးမှူး (၁) ကိုမြင့်ဦးက ဦးဆောင်၍ အဖွဲ့ဝင် ၅ ဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အလုပ်အဖွဲ့၏ တာဝန်မှာ အချက်အလက်စုဆောင်းမှုများပြုလုပ်၍ တွေ့ရှိချက်များကိုအခြေခံပြီး သမာသမတ်ကျသည့် အစီရင်ခံစာကိုထုတ်ပြန်သွားရန်ဖြစ်ကာ ဆက်လက်လုပ်ဆောင်သင့်သည့် အကြံပြုချက်များကိုပါထည့်သွင်းဖော်ပြသွားမည်ဟု ကိုကျော်ကျော်လင်းက ပြောသည်။

၎င်းက “ အလုပ်အဖွဲ့မှာ အရေးယူနိုင်တဲ့အခွင့်အာဏာမရှိပါဘူး။ အဲဒီနောက်မှာမှ ဒုတိယပိုင်းအနေနဲ့ သက်ဆိုင်ရာဥပဒေကြောင်းအရ လုပ်ရမှာဖြစ်ပါတယ်” ပြောသည်။

လုပ်ငန်းစဉ်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အတွက် မြန်မာနိုင်ငံ နှင့် နိုင်ငံတကာ တွင် နေထိုင်လျက်ရှိသော မကဒတ ရဲဘော်ဟောင်းများ၊ သက်ဆိုင်သူများနှင့်အမှန်တရား နှင့် တရားမျှတမှု ကို မြတ်နိုးသူအားလုံး အလုပ်အဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်နိုင်ပြီး ကိုယ်တိုင်တွေ့ဆုံရန်လိုအပ်ပါကလည်း အလုပ်အဖွဲ့က ကြိုးစားတွေ့ဆုံသွား မည်ဟု ကိုကျော်ကျော်လင်းက ဆိုသည်။

၁၉၉၂ ခုနှစ်က သတ်ဖြတ်မှုများဖြစ်ပေါ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(မြောက်ပိုင်း) ဥက္ကဌအဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးရော်နယ်အောင်နိုင်က အဖြစ်မှန်များပေါ်ပေါက်လာရေးအတွက် အလုပ်အဖွဲ့နှင့် အတတ်နိုင်ဆုံးပူးပေါင်းဆောင် ရွက်သွားမည်ဟု ပြောသည်။

“ မေးမြန်းဖို့လိုအပ်လို့ခေါ်ရင်သွားမှာပါ။ ကျွန်တော်တို့ ဖုံးကွယ်ခဲ့တာ၊ စည်းမျဉ်း စည်းကမ်း ဥပဒေတွေနဲ့ လွဲချော်ပြီးလုပ်ခဲ့တာ ဘာမှမရှိပါဘူး” ဟု ၄င်းကပြောသည်။

ABSDF သည် ငြိမ်းချမ်းရေးအတွက် အစိုးရနှင့်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး လာမည့် ဧပြီလဆန်းပိုင်းတွင်လည်း ရန်ကုန်မြို့တွင် ထပ်မံတွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်။

လက်ရှိအချိန်တွင် ABSDF မှာ တရားဝင်အသင်းအဖွဲ့တစ်ခုအဖြစ်ရပ်တည်နိုင်ခြင်းမရှိသေးသည့်အတွက် တရားခုံရုံးနှင့် ဥပဒေရေးရာကိစ္စရပ်များတွင် အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း ရှိမရှိကိုမူ ပြောကြားရန်စောသေးကြောင်း ကိုကျော်ကျော်လင်းက ပြောသည်။

“ တရားရုံးတင် အမှုစစ်တဲ့ဟာကလည်း တရားမျှတမှုဆိုတဲ့အထဲမှာပါသလို နစ်နာခဲ့သူတွေရဲ့နစ်နာမှုတွေကို အသိအမှတ်ပြုပေးတာ၊ သူတို့ဘ၀တွေပြန်လည်ပျိုးထောင်ပေးတာ၊ နောက်ဆုံး လူသိရှင်ကြား ၀န်ချတောင်းပန်တာအထိ ပါပါတယ်။ ဒါတွေကလည်း တရားမျှတမှု ပုံစံတခုပါပဲ ” ဟု ၄င်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) သည် ၁၉၈၈ အရေးတော်ပုံနောက်ပိုင်းတွင် ထိုင်း-မြန်မာ နယ်စပ်၌ ဖွဲ့စည်းထူထောင်ခဲ့သော ကျောင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သတင်း.....Messenger News Journal

ပဒိုမန်းငြိမ်းမောင်အမှုအား လာမည့်အပတ်တွင် အမိန့်ချမည်

နိုင်ငံတော်ပုန်ကန်မှု၊ မတရားအသင်းပုဒ်မ စသည်တို့ဖြင့် တရားစွဲဆိုခြင်းခံထားရသော ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်၏ အမှုအား လာမည့်အပတ် အင်္ဂါနေ့တွင် အမိန့်ချမည်ဖြစ်ကြောင်း ၎င်း၏ရှေ့နေဦးကြီးမြင့်ကပြောသည်။

ယနေ့ရုံးချိန်းတွင် တရားခံဘက်မှ ဆင့်ခေါ်ထားသည့် နောက်ဆုံး သက်သေဖြစ်သည့် တောင်ကလေး ဆရာတော်မှာ ကျန်းမာရေးအခြေအနေအရ ကြွရောက်နိုင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

၎င်းက “ နဂိုကတည်းက တရားစွဲလည်းရ။ မစွဲလည်းရတဲ့အချိန်မှာ အပြစ်ပေးချင်လို့ တရားစွဲခဲ့တဲ့အမှုပဲ။ အနည်းနဲ့အများ အပြစ်ပေးတာတော့ ခံရမယ်ထင်တယ်” ဟု ပြောသည်။

ယခုအချိန်တွင် ပဒိုမန်းငြိမ်းမောင်မှာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကောင်းမွန်လျက်ရှိသော်လည်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုရှိနေကြောင်း ဦးကြီးမြင့်ကဆိုသည်။

“ လူကတော့နေကောင်းနေပေမယ့် စိတ်ကတော့ ကျန်းမာပုံမရဘူး။ တစ်စုံတရာ ဖိအားပေးခံနေရတဲ့ပုံပဲ ” ဟု ၎င်းကဆိုသည်။

ယခုအမှုတွင် ပဒိုမန်းငြိမ်းမောင်ဘက်မှ တင်ပြထားသော သက်သေ ၈ ဦးအနက် အင်းစိန်ထောင်မှ ထောင်ပိုင်အရာရှိနှစ်ဦးကိုသာ တရားရုံးမှ ဆင့်ခေါ်ပေးပြီး ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းအပါအ၀င် အခြားသက်သေများကိုမူ ဆင့်ခေါ်ပေးရန် ငြင်းဆိုခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် ဦးဆောင်ပြုလုပ်နေသည့် ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်းသည် ပဒိုမန်းငြိမ်းမောင်အား အင်းစိန်ထောင်တွင်းသို့ လာရောက်တွေဆုံကာ ငြိမ်းချမ်းရေးအတွက် အကြံဥာဏ်များလာရောက်တောင်းခံခဲ့ပြီးနောက် အရေးယူခြင်းမခံရစေရန် ၎င်းအနေဖြင့် အမခံချက်ပေးခဲ့ကြောင်း ဦီးကြီးမြင့်ကဆိုသည်။

သို့သော် ယခင်အပတ်က ပြုလုပ်ခဲ့သော ရုံးချိန်းတွင် လာရောက်အစစ်ခံသည့် သက်သေနှစ်ဦးဖြစ်သော အင်းစိန်ထောင်မှ အရာရှိနှစ်ဦးကမူ ယင်းကိစ္စကို ငြင်းဆိုခဲ့သည်။

ပဒိုမန်းငြိမ်းမောင်သည် လက်ရှိတွင်လည်း လူဝင်မှုကြီးကြပ်ရေးဋ္ဌာန တံဆိပ်တုံးအတုပြုလုပ်မှု ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေ ပုဒ်မ ၁၃/၁ တို့အရ တရားစွဲခံရကာ ထောင်ဒဏ် ခြောက်လစီ တစ်ပေါင်းတည်း ကျခံလျက်ရှိသည်။

ပဒိုမန်းငြိမ်းမောင်သည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၁၁)ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ ကော်မတီဝင် တစ်ဦးဖြစ်သည်။ ။

သတင်း....Yangon Press International

KNPPနှင့် အပတ်အခတ်ရပ်စဲရေး ပဏာမသဘောတူညီမှု လက်မှတ်ရေးထိုး

ဖေဖော်ဝါရီ ၇ရက် မနက် ၉နာရီတွင် ကယားပြည်နယ် လွိုင်ကော်မြို့နယ်ရှိ ပြည်နယ်ဧည့်ရိပ်သာ ကန္တာရဝတီခန်းမ၌ အစိုးရ ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်မင်း ဦးဆောင်၍ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)အဖွဲ့မှအတွင်းရေးမှူး(၁) ဦးခူးဦးရယ် အဖွဲ့နှင့် အပစ်အခတ်ရပ်ရေး ပဏာမ သဘောတူညီမှု လက်မှတ်အား ရေးထိုးခဲ့ကြသည်ဟု သိရသည်။

“အစိုးရဘက်က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်တဲ့အဖွဲ့နဲ့ KNPPတို့ ပဏာမ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မနက် ၉နာရီကနေ နေ့လည် ၂နာရီခွဲအထိ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးကြတဲ့အခါမှာလည်း အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ရေး၊ ထပ်ဆွေးနွေးဖို့အတွက် အဖွဲ့ဖွဲ့ရန် ရက်သတ်မှတ်ရေးစတဲ့ အချက်သုံးချက်တွေကို သဘောတူညီခဲ့ပါတယ်”ဟု KNPPအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ထို့ပြင် KNPPဘက်မှ နောက်ပိုင်းတွင် နိုင်ငံရေးအရ ဆွေးနွေးမှုပြုလုပ်ခဲ့ပါက ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ (UNFC) ပုံစံဖြင့် တိုင်းရင်းသားအားလုံး ပါဝင်မှသာလျှင် ဆွေးနွေးမှုပြုလုပ်မည်ဖြစ်ပြီး ယင်းအဖွဲ့မှ အတွင်းရေးမှူး၏ သဘောထားများကိုလည်း တင်ပြခဲ့သည်ဟု သတင်းရရှိ သည်။

ထို့နောက် KNPPအဖွဲ့နှင့် အစိုးရအဖွဲ့တို့သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရန်အတွက် ကျင်းပပြုလုပ်ရန် နေရာ၊ အချိန်နှင့် နေ့ရက်တို့ အား ညှိနှိုင်းခဲ့ပြီး သဘောတူညီမှုပြုလုပ်ခဲ့ပြီး တပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာရန်နှင့် KNPP အဖွဲ့အား မတရားအသင်းဟု ကြေညာထားခြင်းအား ဖျက်သိမ်းပေးရန်တို့ကို တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ယခုအချိန်မှစ၍ ၆လအတွင်း နိုင်ငံရေးဆွေးနွေးမှုပြုလုပ်ရန် တောင်းဆိုခဲ့သည်ဟု သိရသည်။

“အစိုးရဘက်ကလည်း ကရင်နီပြည်နယ်တွင်း စစ်ဆင်ရေးများရပ်ဆိုင်းရန်၊ အစိုးရတပ်များ ထပ်မံတိုးချဲ့ခြင်းမပြုရန်၊ ပြီးတော့ အပစ်အခတ် ရပ်စဲကြောင်း လက်မှတ်ရေးထိုးပြီး ရက်ပေါင်း ၆၀အတွင်းမှာ အစိုးရတပ်တွေ ပြန်ရုပ်သိမ်းရန်နဲ့ ပြည်နယ်အတွင်း စစ်ရေးလေ့ကျင့်မှုများနဲ့ စစ်သင်တန်းကျောင်းများကို ရပ်တန့်ထားရန်တို့ကိုလည်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို တင်ပြသွားမယ်လို့ ပြောသွားပြီး တချို့အချက်တွေကိုတော့ မူအားဖြင့် သဘောတူပါတယ်လို့ ပြောသွားပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောဆိုချက်အရ သိရသည်။

အဆိုပါ KNPPအဖွဲ့သည် စစ်အစိုးရလက်ထက်နှင့် ၁၉၉၅ ခုနှစ် မတ်လတွင် အပစ်အခတ်ရပ်စဲရေးအား သဘောတူညီမှုရရှိကာ ယင်းနှစ် ဇွန်လအတွင်း ပြန်လည်ပျက်ပြယ်ခဲ့ပြီး အစိုးရအား နှစ်ပေါင်း ၆၀ကျော်ကြာ တော်လှန်တိုက်ခိုက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ကြောင်း အစိုးရငြိမ်းချမ်း ရေးအဖွဲ့မှ ဝန်ကြီးတစ်ဦး၏ ပြောပြချက်အရ သိရသည်။

သတင်း.... yangonchronicle

08 March 2012

မြန်မာ နိုင်ငံစာပေနဲ့စာနယ်ဇင်းအဖွဲ့ ဖျက်သိမ်းတော့မည်



မြန်မာနိုင်ငံ စာပေ၊ စာနယ်ဇင်း နယ်ပယ်နှင့် သက်ဆိုင်သည့် အသင်းအဖွဲ့သုံးဖွဲ့ ဖွဲ့စည်း ပြီးပါက မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ ကိုဖျက်သိမ်းသွားမည်ဖြစ်ကြောင်း ၎င်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို က YPI သို့ပြောသည်။

လာမည့် မတ်လ ၂၄ ရက်နေ့တွင် မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ အရေးပေါ်ညီလာခံ တခုကျင်းပမည်ဖြစ်ပြီး ယင်းညီလာခံတွင် စာပေ၊ စာနယ်ဇင်းနှင့် ပတ်သက်သည့် အသင်းအဖွဲ့သုံဖွဲ့ ဖွဲ့စည်း သွားမည်ဖြစ်သည်။

"ခေတ်တွေကလည်းပြောင်းသွားပြီးလေ စတုတ္ထမဏ္ဍိုင် ပီပီပြင်ပြင်ပေါ်လာဖို့အတွက် လွတ်လပ်တဲ့ အသင်းတွေ ပေါ်လာဖို့လိုတယ် ၊လွတ်လပ်တဲ့အသင်းတွေ ပေါ်လာရင်စာပေနဲ့ စာနယ်ဇင်း အကျိုးအတွက်ပိုပြီး လုပ်ပေးနိုင်တာပေါ့"ဟု ဦးကိုကိုက YPI သို့ပြောသည်။

၂၀၁၂ ခုနှစ် ဇန်န၀ါရီလ နှောင်းပိုင်းက ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်၌ ကျင်းပသည့် မီဒီယာ ဖွံ့ဖြိုးမှု အလုပ်ရုံဆွေးနွေးပွဲ၊ ယင်းဆွေးနွေးပွဲကို မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့က ကြီးမှူး စီစဉ်ကာ ပြည်ပ မြန်မာမီဒီယာအချို့ကိုပါ ဖိတ်ကြားခဲ့သည်။ ( Photo: YPI)

ဖွဲ့စည်းမည့်အသင်းသုံးသင်းမှာ မြန်မာနိုင်ငံသတင်းစာဆရာများအသင်း၊ မြန်မာနိုင်ငံစာရေးဆရာများအသင်းနှင့်
မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေ ဖြန့်ချိသူများ အသင်းတို့ဖြစ်ပြီး ယင်းအသင်းများကို ဖွဲ့စည်းပြီးသည်နှင့်လက်ရှိ စာပေနှင့်စာနယ်ဇင်းအသင်းကိုဖျက်သိမ်း သွားမည်ဟုဆိုသည်။

စာပေနှင့်စာနယ်ဇင်းအဖွဲ့ထဲမှ သတင်းစာဆရာများကို သတင်းစာဆရာများအသင်းထဲသို့လည်းကောင်း စာရေးဆရာများကို စာရေးဆရာ အသင်းထဲသို့လည်းကောင်း စသည်ဖြင့် ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအသင်းအလိုက် အသင်းသားအသစ်များကိုလည်းခေါ်ယူပြီး ၎င်းတို့အထဲမှဗဟိုအလုပ်အမှုဆောင်များ၊ ဥက္ကဋ္ဌ အတွင်းရေးမှူးများ ထပ်မံရွေးချယ်မည်ဖြစ်သည်။

"အခုလက်ရှိအသင်းမှာ တာဝန်ယူထားတဲ့သူတွေက အသစ်ထပ်ဖွဲ့တဲ့အသင်းထဲမှာတာဝန်ယူထားတဲ့ သူတွေအနေနဲ့ ပါချင်မှလည်းပါမယ် ၊မပါချင်လည်းမပါဘူးပေါ့ အသစ်ပါလာမဲ့အသင်းသားအားလုံးထဲက ပြန်ရွေးမှာပါ" ဟုမြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့မှ တွဲဖက် ဘဏ္ဍာရေးမှူး မောင်မျိုး (ကြောင်နှစ်ကောင်) မှ ပြောသည်။

ရွေးချယ်သည့်အခါမှာလည်း မဲဖြင့်ရွေးချယ်တင်မြောက်သည့်စနစ်ဖြင့်သာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ဦးကိုကိုကဆိုသည်။

အဆိုပါအဖွဲ့ အသစ်များ ထပ်မံဖွဲ့စည်းလာခြင်းနှင့်ပတ်သတ်၍ မြန်မာ့ဓနမဂ္ဂဇင်း ၏ အယ်ဒီတာချုပ် ဦးသီဟစောက "စာရေးဆရာတွေ ၊သတင်းစာဆရာ အသင်းတွေဆိုတာ အစိုးရနဲ့သီးခြားဖြစ်ပြီးလွတ်လပ်တဲ့ အသင်းအဖွဲ့ဖြစ်ရမယ် ၊အကယ်လို့လွတ်လပ်တဲ့ အဖွဲ့အစည်း အမှန်တကယ်ဖြစ်လာရင် အရင်ထက်စာရင် စာပေအကျိုးအတွက်ပိုပြီး လွတ်လွတ်လပ်လပ်လုပ်လို့ရတာပေါ့" ဟုပြောသည်။

အသစ်ဖွဲ့မည့် အဖွဲ့များ အနေအထားနှင့် ပတ်သက်ပြီး ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာချုပ် ဆရာဖေမြင့် ကမူ "ဘယ်လိုဖွဲ့မယ်ဆိုတာမသိသေးတော့ ပြောရခက်တယ် ၊အခုစာပေနဲ့စာနယ်ဇင်းအဖွဲ့ဆို ပြန်ကြားရေးကဦးဆောင်ပြီး ပါနေတာရှိတယ်၊ အဖွဲ့ဝင်တွေထဲမှာအစိုးရက တိုက်ရိုက်ခန့်တာတွေရှိတယ်လေ ဘယ်သူတွေ ပြန်ပါလာမလဲဆိုတောမသိဘူး၊ ပုံမှန်အားဖြင့် စာရေးဆရာအဖွဲ့ဆိုတာ ဦးဆောင်ဖွဲ့စည်းတဲ့သူ ကိုယ်တိုင်က စာရေးဆရာဖြစ်သင့်တယ်"ဟု သူ့အမြင်ကို ပြောသည်။

လက်ရှိမြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ဆယ်နှစ်ဝန်းကျင်ရှိပြီဖြစ်ကာ ဥက္ကဌဦးတင်လှိုင် (လယ်တွင်းသားစောချစ်) ဖြစ်ပြီး အတွင်းရေးမှူးမှာ ဦးကိုကို(ကိုကိုစက်မှုတက္ကသိုလ်) တို့ဖြစ်ကြသည်။

အရပ်သား အစိုးရတက်လာပြီးနောက် တစ်နှစ်နီးပါး ကြာမြင့်လာသည့်နောက် အလုပ်သမား သမဂ္ဂများ၊ လယ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းရန် ပြင်ဆင်လျှက်ရှိသကဲ့သို့ နကိုက အစိုးရ အာဏာပိုင်များက ထိန်းချုပ်ထားသည့် ရုပ်ရှင်အစည်းအရုံး၊ စာပေနှင့် စာနယ်ဇင်းအဖွဲ့တို့ကိုလည်း လွတ်လပ်သည့် အသင်းအဖွဲ့များ ဖြစ်စေရန် ပြန်လည်ဖွဲ့စည်းဖို့ကြိုးပမ်းမှုများ ရှိနေသည်ကို တွေ့ရသည်။

သတင်း....Yangon Press International

အစိုးရနှင် ABSDF ဧပြီပထမပတ်တွင် ရန်ကုန်မြို့၌တွေ့ဆုံဆွေးနွေးမည်

ဦးအောင်မင်း ခေါင်းဆောင်သောအစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့်မြန်မာနိုင်ငံလုံး ဆိုင်ရာကျောင်းသား များဒီမိုကရက်တစ်တပ်ဦး(ABSDF) တို့လာမည့် ဧပြီလ ပထမပတ်တွင် ရန်ကုန်မြို့၌ တွေ့ဆုံဆွေးနွေးကြမည်ဖြစ်ကြောင်း ABSDF ဒုတိယဥက္ကဌ ဦးမျိုးဝင်းကပြောသည်။

တွေ့ဆုံဆွေးနွေးပွဲအတွက် အကြိုညှိုနိုင်းမှုများပြုလုပ်ရန် ABSDF မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ ဦးမြင့်ဦး ခေါင်းဆောင်သည့် အဖွဲ့ဝင် ခြောက် ဦးပါကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၈ ရက်နေ့တွင်အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့မှ ဆက်သွယ်ရေးကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်းစော ခင်စိုးနှင့် ဖားအံမြို့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၎င်းကပြောသည်။

“ တိုင်းပြည်မှာရှိနေတဲ့ နိုင်ငံရေးပြသနာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် တိုင်းပြည်အတွက် တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းလိမ့်မယ်လို့ မျှော်လင့်တယ်။ ကျွန်တော်တို့ ရဲ့တွေ့ဆုံမှုကနေ နိုင်ငံရေး အင်အားစုတွေအားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေဖြစ်အောင်ကြိုးပမ်းမှာပါ။ ကျွန်တော်တို့ ဆန္ဒတွေ၊ ကြိုးပမ်းမှုတွေ ဘယ်လောက်ထိ အောင်မြင်မယ်၊ မအောင်မြင်ဘူးဆိုတာ ကတော့ နှစ်ဘက်ဆွေးနွေးမှုရလာဒ်တွေမှာအခြေခံပြီး ဖြစ်လာမှာပေါ့ ” ဟု ဦးမျိုးဝင်းက ပြောသည်။

ဆွေးနွေးပွဲတွင် ABSDF မှတင်ပြဆွေးနွေးမည့်အကြောင်းအရာများ၊ ဦးဆောင်တက်ရောက် သွားမည့်ပုဂ္ဂိုလ်များနှင့်ပတ်သတ်၍မူ ပြောကြားရန်အချိန်စောသေးကြောင်း ၄င်းကပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နှင့် မြန်မာအစိုးရတို့အကြား ငြိမ်းချမ်းရေး ဖေါ်ဆောင်နိုင်ရန် ပထမဆုံးအကြိမ် ပဏာမအကြိုတွေ့ဆုံဆွေးနွေးမှုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဖေဖေါ်ဝါရီ ၉ ရက်နေ့က ပြုလုပ်ခဲ့သည်။


ယင်းကဲ့သို့ နှစ်ဖက်ကိုယ်စားလှယ်များ တွေ့ဆုံပြီးနောက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေ
ရှင်းဆောင်ရွက်သွားနိုင်ရေးအတွက် ငြိမ်းချမ်းရေးစားပွဲတွင် တန်းတူညီတူ တွေ့ဆုံဆွေးနွေးမှုအဆင့်ဆင့်ကို ဆက်လက်ပြုလုပ်သွားကြရန် သဘောတူခဲ့ပြီးဆက်လက် တွေ့ဆုံဆွေးနွေးမည့် အကြောင်းအရာများကိုလည်း ပြည်သူတရပ်လုံးသိရှိစေရန် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြေညာချက်တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) သည် ရှစ်လေးလုံး အရေးတော်ပုံနောက်ပိုင်း တွင် တိုင်းရင်းသားပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ကျောင်းသား လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုဖြစ်သည်။

သတင်း....။ Messenger News Journal

07 March 2012

ဆေးတက္ကသိုလ်(၁)မှ အထုတ်ခံရသည့် ကထိကများ





ကျန်းမာရေးဝန်ကြီးဌာနကို ဖုန်းဆက်မေးနိုင်ပါတယ် ၂၄၅၆၇၁၊ ၂၄၅၆၇၂၊ ၂၄၅၆၇၃ I just know only what was written on these document.

သတင်း....Ma Swe Swe Kyi Face Book မှ ပြန်လည် မျှဝေလိုက်ပါသည်.။

ပြန်ကြားရေး ၀န်ကြီးဌာန၏ ငွေကြေးကွာဟမှုနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင်ဆွေးနွေးမည်

ပြည်ထောင်စုစာရင်းစစ်ချုပ်၏ စစ်ဆေးတွေ့ရှိချက်အရ ပြန်ကြားရေးဝန်ကြီးဌာန၏ ရငွေ သုံးငွေ ငွေကြေးကွာဟနေမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးသွား မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်ကပြောသည်။

“အခု စားရင်းစစ်ချုပ်က တွေ့ရှိထားတဲ့ငွေကြေးကွာဟချက်တွေကို ပြည်သူ့လွှတ် တော် ငွေစာရင်း ကော်မတီကို တင်ပြထားတယ်၊ ကော်မတီကလည်းစိစစ်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေကို အကုန်ဝေထားပြီးပြီး မကြာခင်မှာဒီအကြောင်းတွေကို လွှတ်တော်မှာဆွေးနွေးသွားမယ်” ဟု ၎င်းကဆိုသည်။

စာရင်းစစ်ချုပ်မှတွေ့ရှိထားသည့် ပြန်ကြားရေးဝန်ကြီးဌာဧ။်ငွေကြေးကွာဟချက်မှာ ၂၀၀၈-၂၀၀၉ ဘဏရေးနှစ်မှစ၍ု ၂၀၁၁ ခုနှစ် ၉လပိုင်း ဘဏ္ဍာရေးနှစ် ကျပ်သိန်းထောင်ကျော် ကွာဟလျှက်ရှိသည်ဟု ၎င်းကဆိုသည်။

ယင်းတွေ့ရှိချက်တွင် ပြန်ကြားရေးဝန်ကြီးဌာတွင် ဘက်ဂျက်လေးနှစ်စာတွင် တနိုင်ငံလုံးမှ သတင်းစာရောင်းချ၍ ရသည့် စုစုပေါင်းငွေကျပ် သိန်း ၂၅၈၀ကျော် ဘဏ်သို့ သွင်းငွေရှိ ခဲ့သော်လည်း ဌာနသို့ ပြန်လည် သွင်းယူရောက်ရှိသွားသည့် ငွေမှာကျပ်သိန်း၁၅၀၀ ကျော်သာ ရှိသည်။

“ကြားက တစ်ထောင်ကျော်ကျော် ဌာနကိုပြန်သွင်းဖို့ ကျန်နေတယ် ၊ကွာနေတယ်။ ဘဏ်နဲ့ဌာနကြားမှာ ငွေကပျောက်နေတယ် ဒီလိုဖြစ်တာဟာ ဌာနမှာ ကြီးကြပ်ကွပ်ကဲမှုစနစ်အားနည်းနေလို့ ဌာနမှာတာဝန်ယူထားတဲ့ သူတွေ တာဝန်ရှိတယ်၊သူတို့အပေါ်မှာ အယုံအကြည်နည်းတယ်”ဟု ဦးခိုင်မောင်ရည် ကဆိုသည်။

ထို့အပြင်ဦးခိုင်မောင်ရည် အနေဖြင့်ပြန်ကြားရေး ၀န်ကြီးဌာနနှင့်တာဝန်ရှိသူအပေါ် အယုံအကြည်နည်းနေသည့် အချက်ကို ဖြည့်စွက်တင်ပြရန်အတွက် ၎င်းကိုယ်တိုင် အချက်အလက်အချို့ကို ကွင်းစင်းစစ်ဆေး ရှာဖွေစုဆောင်းနေ သည်ဟုဆိုသည်။

“ပြန်ကြားရေး ၀န်ကြီးဌာနနဲ့ပတ်သတ်ပြီးတိုင်ကြားစာတွေလဲအများကြီးပဲ ၊ဌာနပိုင်းမှာ အလွဲသုံးစားလုပ်ထား တဲ့ငွေကြေးရော ၊ပစ္စည်းရော အားလုံး ကျွန်တော်တို့ အချက်အလက်တွေစုဆောင်းထားပြီးပြီး ဒီအချက်တွေနဲ့ ပတ်သတ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနကို အယုံအကြည်နည်းနေတယ်ဆိုတဲ့ အချက်ကို ထပ်မံဖြည့်စွက်သွားမယ်”ဟု၎င်းကပြောသည်။

ရှာဖွေတွေ့ရှိထားသည့်အချက်အလက်များကိုလည်းသက်ဆိုင်ရာ ကော်မတီသို့ တင်ပြသွား မည်ဖြစ်ပြီး ကော် မတီမှစိ စစ်ပြီး ပါက လွှတ်တော်သို့ချပြသွားမည်ဟုဆိုသည်။

ယခု ပြန်ကြားရေးဝန်ကြီးဌာနနှင့်ပတ်သတ်သည့် ငွေကြေးကွာဟချက်ကို ပြည်သူ့လွှတ်တော်သို့ ဆွေးနွေးပြီး
နောက် ပြည်ထောင်စုလွှတ်တော်သို့ပါ ထပ်မံတင်ပြဆွေးနွေးသွားမည်ဟုဆိုသည်။ ပြန်ကြားရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စု ၀န်ကြီးမှာ ဦးကျော်ဆန်းဖြစ်၍ ယခုလက်ရှိတွင် ယဉ်ကျေးမှု ၀န်ကြီးဋ္ဌာနကိုပါတွဲဖက် တာဝန်ယူထားသူဖြစ်သည်။ အစိုးရအဖွဲ့ထဲတွင် ၎င်းအား သဘောထား တင်းမာသူ၊ ရှေးရိုးစွဲသူ အဖြစ် သိရှိထားကြသည်။

ဝန်ကြီးဌာများ၏ ငွေကြေးကွာဟမှုနှင့် ပတ်သက်၍ ပြည်ထောင်စုစားရင်းစစ်ချုပ် တွေ့ရှိထားချက်အရ ဆိုရလျင် ပြန်ကြားရေးဝန်ကြီးဌာနအပြင်၊ သတ္တုတွင်းဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်း ၀န်ကြီးဌာန ၊အမှတ်(၁) စက်မှုဝန်ကြီးဌာန စသည့် ၀န်ကြီးဌာန ၆ ခု တို့ပါပါဝင်သည်ဟု သိရှိရသည်။

အဆိုပါတွေ့ရှိထားသည့် ၀န်ကြီးဌာနများ၏ ငွေကြေးကွာဟမှု အချက်အလက်များအားလုံးကို လွှတ်တော်တွင်ဆွေးနွေးသွားမည်ဖြစ်သည်။ ။

သတင်း....Yangon Press International

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များတွေ့ (ဓာတ်ပုံ သတင်း).







ဓာတ်ပုံ....Eleven Media Group

မြို့နယ် အုပ်ချုပ်ရေးမှူးက ဂျာနယ်တစ်စောင်ကို တရားစွဲဆို

ပြည်တွင်း အပတ်စဉ်ထုတ် ဂျာနယ်တစ်စောင် ဖြစ်သည့် မော်ဒန်ဂျာနယ်၏ တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံနှင့် မော်ဒန်ဂျာနယ်၏ မန္တလေး သတင်းထောက် သက်စုအောင်တို့အား သပိတ်ကျင်းမြို့နယ် အုပ်ချုပ်ရေးမှူးက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း မန္တလေး သတင်းထောက် အသိုင်းအဝိုင်းထံမှ သိရသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၄ ရက်ထုတ် မော်ဒန်ဂျာနယ်ပါ သပိတ်ကျင်းနှင့် စဥ့်ကူးမြို့နယ်အကြား ကားလမ်းပျက်မှုကို ရေးသားထားသည့် " လမ်းလွှဲလေးတော့ ကောင်းစေချင် " ဆောင်းပါးကြောင့် တရားစွဲဆိုခြင်း ဖြစ်ကြောင်း၊ ယခုအခါ မော်ဒန်ဂျာနယ် တာဝန်ခံ အယ်ဒီတာ ဦးဝေလျှံသည် မန္တလေးမြို့သို့ ရောက်ရှိနေပြီး မနက်ဖြန်တွင် သပိတ်ကျင်းသို့ အာမခံကိစ္စ သွားရောက် ဆောင်ရွက်မည် ဖြစ်ကြောင်း The Voice Weekly မန္တလေး သတင်းထောက်က သတင်းပေးပို့သည်။

" ဒီဖြစ်စဉ်ဟာ သတင်းမီဒီယာ တစ်ရပ်လုံးကို စိန်ခေါ်လိုက်တာပါပဲ။ အစိုးရအဖွဲ့က ပြောင်းချင်ပေမဲ့ ဗျူရိုကရေစီ ယန္တရားက မပြောင်းသေးဘူး " ဟု အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ်တစ်ခုမှ သတင်းအယ်ဒီတာ တစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်ကို ရန်ကုန်နှင့် မန္တလေးမြို့တို့မှ သတင်းမီဒီယာ လောကသားများ အထူး စိတ်ဝင်တစား လေ့လာ စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။

သတင်း... The Voice Weekly

မြစ်ဆုံအနီးမှ တန်ဖရဲရွာသားများကို နေရပ်ပြန်သဖြင့် ဖမ်းဆီး

မြစ်ဆုံစီမံကိန်းအနီးတွင်တည်ရှိသော တန်ဖဲရွာသို့ ပြန်လည်လာရောက်ကာ နေထိုင်နေသော ရွာသား ၂၈ဦးကို ယနေ့ညနေ၄နာရီကမြစ်ကြီးနားသို့ဖမ်းဆီးခေါ်ဆောင်သွားကြောင်းမျက်မြင်တွေ့ရှိလိုက်သောဒေသခံများက
ပြောသည်။

မြစ်ဆုံစီမံကိန်းကြောင့် ရေ၀ပ်မည့်ဧရိယာတွင်ပါရှိသော တန်ဖရဲရွာမှ နေထိုင်သူအားလုံးကို ရွာနှင့် ၁၀မိုင်ကျော်ကွာဝေးသော အောင်မြေသာ ကျေးရွာသစ်သို့ပြောင်းရွေ့နေရာချထားသော်လည်း ၀မ်းရေးအတွက် ဥယျာဉ်ခြံမြေများ စိုက်ပျိုးလုပ်ကိုင်ရန် ရွာသို့ပြန်လာသူများကို ယနေ့ညနေ ၂နာရီက မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူး ၊ ရဲမှူးကြီးနှင့် ရဲတပ်ဖွဲ့ဝင်အချို့ရောက်လာကာ ညနေ၄နာရီခန့်တွင် ခေါ်ဆောင် သွားကြောင်း ဒေသခံများကပြောကြားသည်။

မြစ်ကြီးနားသို့ခေါ်ဆောင်သွားသည်ကိုသာသိရှိရပြီး မည်သည့်နေရာသို့ခေါ်ဆောင် သွားကြောင်းမသိရှိ ရသေးဘဲ ခွင့်ပြုချက် မရှိဘဲ နေထိုင်ခြင်းကြောင့် ထိုသို့ခေါ်ဆောင်ခြင်းဖြစ်ကြောင်း ပြောကြားသွား သည်ဟု ဒေသခံများကပြောကြားသည်။

ခေါ်ဆောင်သွားသော ၂၈ဦးတွင် ကချင်နှစ်ခြင်းအသင်းတော်မှ အသက်၇၀ကျော် သင်းထောက်တစ်ဦး အပါအ၀င် အမျိုးသမီးများနှင့် ကလေးငယ်များလည်းပါဝင်သည်ဟု သိရသည်။

ဒေသခံများကိုခေါ်ဆောင်သွားသော ခရိုင်အုတ်ချုပ်ရေးမှုးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများထံ ဆက်သွယ်လျှက် ရှိသော်လည်း ယခုထိ ဆက်သွယ်မရသေးပေ။

မြစ်ဆုံစီမံကိန်းကို ၂၀၁၀ခုနှစ်တွင်စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းကြောင့်ရေ၀ပ်ဧရိယာတွင်ပါဝင်မည့် ရွာ များကို မြစ်ကြီးနား-ဆွမ်ဘရာဘွမ်ကားလမ်းနံဘေးတွင် အောင်မြေသာ စံပြရွာအသစ်ဟု အမည်ပေးထားသောရွာအသစ်သို့ရွေ့ပြောင်းပေးခဲ့သော်လည်း ထိုနေရာမှာ စားဝတ်နေရေးအတွက် စိုက်ရေးပျိုးရေးအဆင်မပြေကြောင်း ထိုရွာတွင်နေထိုင်သောဒေသခံများကပြောသည်။

သတင်း...7Day News Journal

5.3.2012 တနင်္လာနေ့ထုတ် ဒီလှိုင်း (D.Wave) စာစောင်၊





ကိုညိုကြီး အားကျေးဇူးတင်ရှိပါသည်.။

နေပြည်တော်ရှိ တပ်မတော်သားများအား ပြည်သူများ၏ ချစ်ခင်မှုရရှိစေရန် NLDသို့ မဲပေးကြပါဟု ဒေါ်စုပြောကြား

မတ်လ ၆ရက်နေ့ မနက်ပိုင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ်နှင့် ဥတ္တရသီရိ မြို့နယ်တို့၌ ပါတီစည်းရုံးရေးအတွက် ဟောပြောပွဲ ပြုလုပ်ခဲ့သည်ဟု သတင်းရရှိသည်။

ထိုဟောပြောမှုတွင် ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ နေပြည်တော်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် တပ်မတော်များအား ပြည်သူများ၏ ယုံကြည်မှုနှင့် ချစ်ခင်မှုအား ပြန်လည်ရယူရန်အတွက် NLDပါတီသို့ မဲထည့်ပေးကြရန် ပြောဆိုသွားကြောင်း သတင်းထောက်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

“ဒေါ်စုက သူ့ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းတုန်းက ခေတ်မှာဆိုရင်ပေါ့ တပ်မတော်သားတွေကလည်း ပြည်သူလူထုက သိပ်ချစ်ကြကြောင်းနဲ့ ပြည်သူတွေကလည်း တပ်မတော်သားတွေကို ယုံကြည်ကြတယ်ပေါ့။ အဲဒါကြောင့် အခု တပ်မတော်သားတွေကလည်း ပြည်သူတွေ အားကိုးပြီး ပြည်သူတွေ အပေါ် စိုးမိုးချင်တဲ့ စိတ်မရှိစေဖို့ NLDပါတီကို မဲထည့်ဖို့ ပြောသွားပါတယ်”ဟု နေပြည်တော်မှ ဒေသခံတစ်ဦးက ပြောကြားသည်။

ယင်းပုဗ္ဗသီရိမြို့နယ်တွင် အဆိုတော် ဇေယျာသော်မှ ဝင်ရောက်ယှဉ်ပြိုင်ရန်ကြေငြာပြီး မကြာသေးခင်အချိန်တွင် NLDဆိုင်းဘုတ် ဖျက်ဆီးခံခဲ့ရ ခြင်းနှင့်လည်း ပတ်သက်၍ ဒီချုပ်ဥက္ကဋ္ဌမှ ထိုလုပ်ရပ်မှာ အောက်တန်းကျသည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဝေဖန်ပြောဆိုသွားခဲ့ပြီး ဇဗ္ဗူသီရိမြို့နယ်တွင် လျှပ်စစ်မီးနှင့် ဒီမိုကရေစီ၊ စာသင်ကျောင်း အဆောက်အဦးနှင့် ဒီမိုကရေစီအား လဲလှယ်ခြင်း မပြုလုပ်ကြရန် ပြောကြားသွားခဲ့သည်ဟု သတင်းများအရ သိရသည်။

“ပုဗ္ဗသီရိမြို့နယ်မှာ ဟောပြောပွဲလုပ်တော့ ဇေယျာသော်ကို သီချင်းတစ်ပုဒ်လောက် ဆိုပြဖို့ အောက်က လူထုက တောင်းဆိုကြတယ်ဗျ။ အဲဒါနဲ့ ဇေယျာသော်က ဗမာ့သူရဲကောင်းသီချင်းကို စပြီးဆိုပြတော့ လူထုက အောက်ကနေအားပေးကြတယ်။ လိုက်ဆိုကြတယ်။ ပြီးတော့ သူက လူထုကို ခင်ဗျားတို့ ဘာလိုချင်တာလဲလို့ မေးလိုက်တော့ ဒီမိုကရေစီစနစ် ဆိုပြီး အတိုင်အဖောက်တွေညီနေကြတယ်”ဟု NLDအဖွဲ့ဝင်တစ်ဦးမှ ပြောကြားသည်။

ထို့ပြင် ယင်းနေ့ မနက်စောပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်တို့မှ တိုင်းရင်းသား ကိုယ်စားလှယ် အချို့နှင့်လည်း ၎င်းတည်းခိုသည့် Royal Kumudra Hotel တွင် တွေ့ဆုံခဲ့သေးသည်ဟု သတင်းရရှိသည်။

ထို့နောက် ၎င်းတို့အဖွဲ့သည် နေ့လည်တွင် တောင်ငူမြို့နယ်နှင့် ထန်းထပင်မြို့နယ်များသို့ ဆက်လက်သွား ရောက်ခဲ့ပြီး ပါတီစည်းရုံးရေးအတွက် ဟောပြောပွဲများ ပြုလုပ်သွားမည်ဟုလည်း သတင်းရရှိသည်။

သတင်း.... yangonchronicle

06 March 2012

နယူးဇီလန် နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်


နယူးဇီလန် နိုင်ငံခြားရေးဝန်ကြီး Murray McCully ၏ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံရန်ရှိကြောင်း နယူးဇီလန် သတင်းတရပ်တွင် ရေးသားထားသည်။

Radio New Zealand News အရ Mr McCully သည် တနင်္လာနေ့က မြန်မာနိုင်ငံကို ထွက်ခွါသွားပြီး အင်္ဂါနေ့တွင်နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့နှင့် တွေ့ဆုံပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဖော်ပြပါရှိသည်။

ယခုခရီးစဉ်မှာ Mr McCully ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဉ်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် နယူးဇီလန်မှာ အရှေ့အာရှ ထိပ်သီးညီလာခံကဲ့သို့ ဒေသတွင်း ဆွေးနွေးပွဲမျိုးတွေသာ တွေ့ဆုံလေ့ ရှိခဲ့ကြသည်။

သတင်း.... (မဇ္ဈိမ)

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် စည်းရုံးရေးခရီးစဉ် မြင်ကွင်း ဓာတ်ပုံ


နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်းသို့ ၀င်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ညနေ ၅ နာရီကျော်က တွေ့ရစဉ်။

နေပြည်တော်မရောက်မီ လမ်းပိုင်းတစ်နေရာတွင် ကြိုဆိုနေကြသူများ။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းသည် ယခု လေးနာရီ ငါးမိနစ်တွင် နေပြည်တော်သို့ ၀င်ရောက်လာပြီဖြစ်သည်။ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်သို့ ၀င်ရောက်၍ ခေတ္တနားလျှက်ရှိသည်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်းသို့ ၀င်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည် လူထုအား နှုတ်ဆက်နေစဉ်။

ယနေ့ညနေတွင် ဇဗ္ဗူသီရိမြို့နယ်လယ်ကွင်းပြင် အတွင်း ဟောပြောနေသော ဒေါ်အောင် ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များနှင့်အတူ တွေ့ရစဉ်။

နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ်မှ လယ်ကွင်းပြင်အတွင်း လူထုအား ဟောပြောနေသော ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ရစဉ်။
ဇဗ္ဗူသီရိမြို့နယ်ဟောပြောပွဲတွင် လူပေါင်း လေးသောင်းကျော်တက်ရောက်ခဲ့ကြသည်

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ လမ်းပျဉ်းမနားရွာမကွင်း အတွင်းမှ ပြည်သူလူထုအား တွေ့ရစဉ်။

ဓာတ်ပုံ...... 7Day News Journal

ပွင့်လင်းရိုးသားမှုအား အခြေခံ၍ လုပ်ဆောင်မှသာ ဒီမိုကရစီသို့ ရောက်ရှိနိုင်ဟု ၈၈မျိုးဆက်များမှ ပြောကြား

မတ်လ ၄ရက်နေ့ တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းပေါ်ရှိ သီရိဂုဏ်အိမ်ရာတွင် ပြုလုပ်ကျင်းပခဲ့သည့် ၈၈မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ၌ ၎င်းတို့၏ ခရီးစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနှင့် ပတ်သက်၍ လည်း ပြောကြားသွားခဲ့သည်ဟု သတင်းရရှိသည်။

“ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သွားတဲ့ မြစ်ကြီးနားခရီးစဉ်၊ မန္တလေးခရီးစဉ်တွေရဲ့ အတွေ့အကြုံတွေပေါ့။ အဲဒီအတွေ့အကြုံတွေကို မူတည်ပြီးတော့မှ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ ပေါ်ပေါက်လာဖို့ ဆောင်ရွက်မယ့်ကိစ္စရပ်တွေကို ရှင်းလင်းသွားမှာပါ။ ပြီးတော့ သမ္မတကြီးရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီးလည်း ပြောကြပါတယ်။ နောက်ပြီး ပြည်သူတွေအနေနဲ့ လူ့အဖွဲ့အစည်းအတွင်း ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာကို တင်ပြဖို့လိုတယ်လို့လည်း ပြောသွားပါတယ်” ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်သည့် သတင်းသမားတစ်ဦးမှ ပြောပြချက်အရ သိရသည်။

ထို့နောက် နိုင်ငံတော်သမ္မတမိန့်ခွန်းနှင့် ပတ်သက်၍ ပျော့ပြောင်းသည့် သဘောဆောင်သောကြောင့် ၎င်းတို့အနေဖြင့် ကြိုဆိုကြကြောင်းနှင့် အာဏာပိုင်များ အတိုက်အခံများအကြား ပွင့်လင်းမှုအား အခြေခံလုပ်ဆောင်မှသာ ဒီမိုကရေစီနိုင်ငံသို့ ရောက်ရှိနိုင်မည်ဟုလည်း ပြောသွားကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။

ယင်းသတင်းစာရှင်းလင်းပွဲသို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များဖြစ်သည့် မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေးတို့မှ ဦးဆောင်ပြု လုပ်ခဲ့ပြီး သတင်းဌာနအသီးသီမှ စာနယ်ဇင်းသမားများလည်း တက်ရောက်၍ သိလိုသည်များ ကို မေးမြန်းခဲ့ကြသည်ဟုလည်း သတင်းရရှိသည်။

ထို့ပြင် ယင်းနေ့ ညနေတွင် ၎င်းတို့သည် မကွေးတိုင်းနှင့် ချောက်မြို့များသို့ ဆက်လက်ခရီးထွက်၍ အရပ်ဘက် လူ့အဖွဲ့အစည်းများ ဖြစ်ပေါ် လာရေးအတွက် ဆောင်ရွက်သွားမည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရသည်။

သတင်း... yangonchronicle

05 March 2012

ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန်၌ မိန့်ခွန်းပြောရန်ဖိတ်ကြား


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဥရောပပါလီမန်၌ မိန့်ခွန်းပြောကြားပေးရန် ဖိတ်ကြား ခဲ့ကြောင်း ဥရောပပါလီမန်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

ဥရောပပါလီမန် လွှတ်တော်အမတ် Werner Langen ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပါလီမန် ဥက္ကဋ္ဌ Martin Schulz ၏ ဖိတ်ကြားချက်အား ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဥရောပပါလီမန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ခွန်းပြောဖို့အတွက် ဖိတ်ကြားထားပါတယ်။”ပာု ဂျာမနီ လွှတ်တော်အမတ် Werner Langen ပြောကြားသည်။

မြန်မာနိုင်ငံ၏ အစိုးရသစ်လက်ထက်မှ စတင်၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပြသ ခဲ့သည့်အတွက် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် ဂျာမနီမှ လွှတ်တော်အမတ် Werner Langen ဦးဆောင် သည့် ကိုယ်စားလှယ် ၁၁ ဦးပါအဖွဲ့သည် ဖေဖော်ဝါရီ ၂၈ ရက် နေ့၌ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး ၎င်း ခရီးစဉ်အတွင်း မြန်မာနိုင်ငံရှိ သမ္မတ၊ သက်ဆိုင်ရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အခြား လူမှု အဖွဲ့အစည်းများနှင့် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

၁၉၉၀ ပြည့်နှစ်၌ ဒေါ်အောင်ဆန်းစုကြည်အား ဥရောပ ပါလီမန်မှ Sakharov ဆုအား ချီးမြှင့်ခဲ့ပြီးကြောင်း သိရသည်။

မြန်မာနိုင်ငံအား နှစ်ပေါင်းများစွာ စီးပွားရေး ပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုများပြုလုပ်ထားသည့် ဥရောပသမဂ္ဂ(EU)မှ မြန်မာနိုင်ငံအစိုးရသစ်၏ ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် လာမည့်ဧပြီလတွင် အီးယူ အစည်းအဝေးခေါ်ယူကာ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု ရုတ် သိမ်းရေးကိစ္စရပ်အားဆွေးနွေးမည်ဖြစ်သည်။

“EU နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုသာ ရုတ်သိမ်းလိုက်မယ်ဆိုရင် မြန်မာနိုင်ငံထဲ ကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဒီ့ထက်ပိုဝင်လာတော့ မှာပါ။ ပြီးတော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှုတွေကို အထောက်အကူပြုပေးမယ့် နိုင်ငံခြားနည်းပညာတွေ၊ ငွေကြေးတွေ ပိုမိုရရှိလာနိုင်မှာပါ။ ကြားဖြတ် ရွေးကောက်ပွဲသာ လွတ်လပ်ပြီး တရားမျှတမှုရှိမယ်ဆိုရင်တော့ EU ရဲ့ စီးပွားရေးပိတ်ဆို့မှုတွေပာာ ရုတ်သိမ်းသွားမယ်လို့ထင်ပါတယ်”ပာု မြန်မာ့ နိုင်ငံရေး လေ့လာနေသူ တစ်ဦးက ဆိုသည်။

သတင်း.... yangonchronicle

ခွပ်ဒေါင်းလာပြီ

04 March 2012

ဒေါ်အောင်ဆန်းစုကြည်၏ စစ်ကိုင်းခရီးစဉ် မှတ်တမ်း ဓာတ်ပုံများ



စစ်ကိုင်းမြို့ မှ အပြန်


စစ်ကိုင်းမြို့ မှ အပြန်

စစ်ကိုင်းမြို့ မှ အပြန်

စစ်ကိုင်းမြို့ မှ အပြန်








ဓာတ်ပုံ...... The Voice Weekly ။ ဥက္ကာကိုကို ။