18 February 2011

မွန်ပြည်သစ်ပါတီ၏ (၆၄) ကြိမ်မြောက် မွန်အမျိုးသားနေ့  ထုတ်ပြန်ကြေညာချက်။













Statement by NMSP on Mon National Day

7 Day News ဂျာနယ် 9-47

7 Day News ဂျာနယ် 9-47

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျာမန် TV STATION ARD အင်တာဗျူး(ရုပ်သံ)


ပထမပိုင်း 
ဒုတိယပိုင်း အသံပြတ်သွားတဲ့ ဖိုင်အစား အသစ် ထပ်တင်ထားပါတယ်... Sanction, အီဂျစ်တော်လှန်ရေး အစုံပါဝင်တဲ့ နားထောင်သင့်တဲ့ အင်တာဗျူးပါ...
ပြီးခဲ့တဲ့ အပတ်က ဂျာမန် TV STATION ARD မှ ရန်ကုန်မြို့မှာ သွားရောက်ရိုက်ကူးခဲ့တဲ့ အဖွဲ့ချုပ်ရုံးနှင့် ဒေါ်အောင်ဆန်းစုကြည် အင်တာဗျူး သတင်းမှတ်တမ်း

17 February 2011

စင်္ကာပူရောက် မြန်မာများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သြဝါဒစကားများ..

စင်္ကာပူရောက်မြန်မာများအတွက် ဒေါ်အောင်ဆန်းစုကြည်၏ သြဝါဒစကားများ.. အသံဖိုင်.. နားဆင်ရန်။ 
စင်္ကာပူ - စင်္ကာပူရောက် မြန်မာ့ဒီမိုကရေစီအင်အားစုတွေနဲ့ ခုလို စကားပြောခွင့်ပေးတဲ့ ဒေါ်စုကို ကျေးဇူးတင်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် - ဟုတ်ကဲ့ ရပါတယ်။

စင်္ကာပူ - ကျွန်တော်တို့ ဒီနေ့ စင်္ကာပူမှာ ပြည်ထောင်စုနေ့ အခမ်းအနားတစ်ခုကျင်းပပါတယ်။ ပြည်ထောင်စုနေ့နဲ့ အတူ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အကြိုကိုလည်း ကျင်းပပါတယ်။ စင်္ကာပူရောက်မြန်မာအများစုဟာ Economic Migrate တွေ များပါတယ်။ Professional ရော အလုပ်သမားတွေပါ မြန်မာမိသားစုအားလုံး သိန်းဂဏန်းလောက် နေထိုင်ကြပါတယ်။ ဒီနေ့ဒေါ်စုကို ပြောချင်တဲ့ အချက်သုံးချက်ရှိပြီး ပထမဆုံးအချက်ကတော့ ဒေါ်စုချမှတ်လိုလားတဲ့ လူမှုကွန်ရက်ထဲမှာ ကျွန်တော်တို့ စင်္ကာပူရောက်မြန်မာများကလည်း ပါဝင်ဖို့အတွက် အပြည့်အ၀အင်အားပြုထားပါတယ်။

  ဒေါ်အောင်ဆန်းစုကြည်- ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

စင်္ကာပူ - ပြည်တွင်း Network အပြင် ပြည်ပနိုင်ငံအသီးသီးနဲ့လည်း ဆက်သွယ်ဖို့အတွက်လည်း အဆင်သင့်ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဒေါ်စုအနေနဲ့ အကြံဥာဏ် ညွှန်ကြားချက်လေး ပေးပါခင်ဗျ။

 ဒေါ်အောင်ဆန်းစုကြည် - အဓိက အရေးကြီးတာ ပြည်ပကဆိုရင် ညီညွတ်မှု ရှိဖို့ပေါ့နော်။ နောက်တစ်ခုက ပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားအချင်းချင်း ကူညီရိုင်းပင်းကြတယ် ဆိုတာမျိုးကို ဖြစ်စေချင်ပါတယ်။ ဥပမာဆိုရင် စင်္ကာပူမှာ လာပြီး အလုပ်လုပ်တဲ့သူတွေမှာ ပြဿနာရှိတယ်ဆိုရင် အချင်းချင်းဝိုင်းပြီး အကူအညီပေးတာ၊ Social Group လူမှုရေးအထောက်အပံ့ပြု၊ လူမှုရေးအကူအညီအဖွဲ့လိုမျိုး စင်္ကာပူမှာ စပြီးလုပ်စေချင်တယ်။ အဲဒီကနေတဆင့် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆက်စပ်ပြီးတော့ Network လို သဘောမျိုးပေါ့။ အဲလို အဖွဲ့လေးတွေကို လုပ်စေချင်ပါတယ်။ ဥပမာ ထိုင်းတို့၊ မလေးရှားတို့မှာဆို အကြောင်းကြောင်းကြောင့် အကျဉ်းကျနေတဲ့သူတွေရှိတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့နော်၊ ကျွန်မတို့က ကျွန်မတို့ နိုင်ငံသား အချင်းချင်းကို ကူညီစေချင်တယ်။ ရာဇ၀တ်မှု ဆိုရင်တောင်မှ တရားဥပဒေအရ လိုက်ပေးမယ့် ရှေ့နေငှားပေးတာတို့၊ ထောင်ကျသွားပြီး အကျဉ်းကျသွားပြီဆိုရင်တောင် ထောင်ဝင်စာ သွားမယ့်လူတွေရှိတာတို့၊ နောက်ပြီးတော့ သူတို့ရဲ့ မြန်မာနိုင်ငံမှာ ရှိနေတဲ့ မိသားစုတွေနဲ့ အဆက်အသွယ်လုပ်ပေးတာတို့ ၊ အဲလိုဟာလေးတွေနဲ့ စပြီးပြည်ပရောက် မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ ညီညွတ်မှုကို ထူထောင်စေချင်ပါတယ်။

စင်္ကာပူ - ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့အားလုံး မှတ်ထားပါတယ်။ ကျွန်တော်တို့အဲလို အဖွဲ့ဖွဲ့ပြီးတော့ ဒေါ်စု ခုနက အကြံပေးသလို အကူအညီအထောက်အပံ့တွေ ပေးဖို့ ဆန္ဒရှိပါတယ်။ ဒုတိယအချက်ကတော့ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက NLD ကနေ ထုတ်ပြန်လိုက်တဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် ထုတ်လုပ်လိုက်တဲ့ ကြေငြာချက်ကို စင်္ကာပူရောက်ဒီမိုကရေစီ အင်အားစုတွေအားလုံးက အကြွင်းမဲ့ လက်ခံ သဘောတူပါတယ်ခင်ဗျ။ ဒီသဘောထားကြေငြာချက်ကိုလည်း Print out ထုတ်ပြီး နီးစပ်ရာလိုက် ဝေငှနေပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် - ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ကိုလည်း အကြံဥာဏ်ပေးချင်တယ်ဆို ပေးပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီစီးပွားရေး ပိတ်ဆို့မှုဆိုတာ အမြဲပဲ ဒီပုံစံရှိနေရမယ် မဟုတ်ပါဘူး။ အကယ်၍ ကျွန်မတို့ နိုင်ငံအတွက် အကျိုးဖြစ်မှာ၊ ကျွန်မတို့ နိုင်ငံသူနိုင်ငံသားတွေအတွက် စီးပွားရေးအရလည်း ဘာမှအထိမနာပဲ နိုင်ငံရေးအရ အကျိုးဖြစ်ထွန်းမှာတွေ ရှိတယ်ဆိုရင်လည်း ကျွန်မတို့ကို အကြံပြုစေချင်ပါတယ်။

စင်္ကာပူ - တတိယအချက်ကတော့ ခုနက ဒေါ်စု ကျွန်တော်တို့ကို အကြံပေးသလိုပါပဲ။ ပြည်တွင်းမှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားတစ်ဦးစီကို NLD ကနေ မဲဖောက်စနစ်နဲ့ ကူညီပံ့ပိုးနေတာကို ကြားသိရပါတယ်။ အဲဒီအစီအစဉ်ကို ၀ိုင်းဝန်းပံ့ပိုးကူညီဖို့ ဆန္ဒရှိပါတယ်။ အဲဒါအပြင် ရေရှည်စီမံကိန်းအရ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုထဲက သားသမီးများရဲ့ အသက်မွေးဝမ်းကျောင်းကိစ္စကို ကူညီနိုင်ဖို့အတွက် ကျွန်တော်တို့ ဆွေးနွေးနေကြပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်စုထံမှ အကြံပေးချက်တွေကို လိုအပ်ပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် - အခုလို နိုင်ငံရေးအကျဉ်းသားတချို့ကို မဲနှိုက်ပြီးတော့ တာဝန်ယူမယ်ဆိုတာသိရလို့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လို့ ဒီကိစ္စကို စနစ်တကျလေး လုပ်စေချင်ပါတယ်။ ဘာပဲ ပြောပြော ကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေရော ၊ အဲဒီကမှတဆင့် ပြည်သူပြည်သားတွေကိုရော တာဝန်ရှိစေချင်တယ်။ ကျွန်မတို့ ပြည်သူပြည်သားတွေ ဘယ်သူ့ကိုမှ အလကားပေးတယ် ဆိုတာမျိုး မဖြစ်စေချင်ဘူး။ အကြောင်းကြောင်းကြောင့်သာ ပေးရတာ။ လူတိုင်းလူတိုင်းဟာ သူ့ရဲ့ လုပ်အားနဲ့ ရတယ်ဆိုတာမျိုးကိုပဲ ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေဟာ တကယ့်ကိုပဲ အကူအညီလိုနေပါတယ်။ သူတို့ရဲ့ မိသားစုတွေကို ကူညီတဲ့နေရာမှာဆိုလို့ ရှိရင် ရေတိုအနေနဲ့ မဟုတ်ပဲနဲ့ ရေရှည်အစီအစဉ်တွေနဲ့ လည်းကူညီစေချင်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် ကျွန်မတို့ ပြည်တွင်းက လူမှုအထောက်အကူကတော့ အကျဉ်းသားမိသားစုတွေရဲ့ သားသမီးများ ပညာရေးကို ဦးစားပေးပြီးလုပ်ပါတယ်။ ဒါကတော့ ရေရှည်ပေါ့နော်။ သူတို့ ပညာမတတ်လို့ မဖြစ်ဘူး။ နောင်တစ်ချိန်မှာ ပညာတတ်လာတဲ့အခါ တိုင်းပြည်အတွက် အကျိုးပြုနိုင်မယ်။ တိုင်းပြည်အတွက် ပိုပြီးတန်ဖိုးရှိတဲ့ လူငယ်တွေ ဖြစ်လာနိုင်တယ်ဆိုပြီးတော့ အဲလိုကိစ္စမျိုးကို ဦးတည်ပြီးတော့ လုပ်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ကူညီတဲ့နေရာမှာ အရေးအကြီးဆုံးကတော့ ကျန်းမာရေးပေါ့။ အဲဒီကျန်းမာရေးကို အဓိကထားပြီး ကူညီစေချင်ပါတယ်။ ပြည်ပကနေ ကူညီနိုင်မယ့်လူတွေကတော့ အကျဉ်းသားတွေရဲ့ သားသမီးများ ပညာရေးပေါ့၊ အဲဒါကို အဓိကထားပြီး ကူညီစေချင်ပါတယ်။

စင်္ကာပူ - ဟုတ်ကဲ့ပါ ခင်ဗျ။ အခု ဒေါ်စုပြောသွားတာတွေကို သေသေချာချာမှတ်သားပြီး စင်္ကာပူနဲ့ မလေးရှားမှာ ရှိနေတဲ့ အဖွဲ့တွေ ပူးပေါင်းလို့ အကူအညီပေးနိုင်ဖို့ ကြိုးစားပါမယ်ခင်ဗျ။ ဒေါ်စုအနေနဲ့ တခြား ဘာများ မှာကြားချင်ပါသေးသလဲ ခင်ဗျ။

 ဒေါ်အောင်ဆန်းစုကြည် - နောက်တစ်ခုအရေးအကြီးဆုံးက ပြည်ပနိုင်ငံများကနေပြီးတော့ ကျွန်မတို့ နိုင်ငံရဲ့ အခြေအနေကို သိရှိနားလည်ဖို့အတွက်ကို အမြဲပဲ မျက်လုံးဖွင့် နားစွင့်လို့ နေရအောင်လို့ တတ်နိုင်တဲ့ နည်းနဲ့ လုပ်ပေးစေချင်ပါတယ်။ ဒါမှလည်း ကျွန်မတို့ရဲ့ အခြေအနေ၊ ပြည်သူတွေရဲ့ အခြေအနေ၊ နိုင်ငံရဲ့ အခြေအနေကို ကမ္ဘာက သိလာတဲ့အခါ ကျွန်မတို့ရဲ့ လုပ်ငန်းတွေကို ကမ္ဘာက ပိုပြီး သိလာနိုင်မှာပါ။ အဲဒီအထဲမှာ တိုင်းရင်းသားတွေရဲ့ အရေးကလည်း သိပ်အရေးကြီးပါတယ်။ တိုင်းရင်းသားတွေထဲမှာ မြန်မာတွေလည်း ပါပါတယ်။ မြန်မာတွေကတော့ လူဦးရေ အများဆုံးတိုင်းရင်းသားပေါ့။ အဲဒီတိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွှတ်ကြဖို့ ကျွန်မတို့ အများကြီး ကြိုးစားရပါမယ်။ ဒါဟာ အလိုလိုဖြစ်လာမှာ မဟုတ်ပါဘူး။ မိုးပေါ်ကနေ ကျလာမယ့် အရာလည်း မဟုတ်ပါဘူး။ ကျွန်မတို့ လုပ်ယူမှ ဖြစ်မှာပါ။

စင်္ကာပူ - စီးပွားရေးပိတ်ဆို့မှုဟာ ပြည်သူတွေကို ထိခိုက်မှုမရှိပါဘူးဆိုတဲ့ အချက်ကို ပြည်ပကို ရောက်နေတဲ့ အတတ်ပညာရှင်တွေရော သာမန်ပြည်သူတွေပါ ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် ဒီထက်ပိုပြီး အသေးစိတ် ပြောပြပေးပါခင်ဗျ။

 ဒေါ်အောင်ဆန်းစုကြည်- ကျွန်မတို့ အဲလို အသေးစိတ်လုပ်ဖို့လည်း စီစဉ်ပါ့မယ်။ ဒါပေမယ့်လည်း အခုစင်္ကာပူမှာ ရောက်နေတဲ့ စီးပွားရေး လုပ်နေတဲ့ မြန်မာတွေကလည်း ပြန်ပြီးတော့ ကျွန်မတို့ကို ကူညီနိုင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံမှာ အလုပ်မလုပ်နိုင်ပဲနဲ့ စင်္ကာပူကို ထွက်ပြီးတော့ အလုပ်လုပ်ရတာ ဘာကြောင့်လဲ။ ကိုယ့်ရဲ့ အတွေ့အကြုံတွေကို ကျွန်မတို့ကို အသိပေးမယ်ဆိုရင် ကျွန်မတို့ကလည်း ဒီထက်ပိုပြီးတော့ တိတိကျကျ ပြုစုနိုင်ပါလိမ့်မယ်။ ကြေငြာစာတမ်းမှာလည်း ပါပါတယ်။ ပညာရှင်အဖွဲ့တစ်ဖွဲ့ကသာ လာပြီးတော့ ကူညီပေးနိုင်ရင်ဆိုတဲ့အကြောင်းကို ရေးထားပါတယ်။ အားလုံးကနေပြီးတော့ လူရိုသေရှင်ရိုသေရှိတဲ့ ကမ္ဘာ့ပညာရှင်အဖွဲ့ကနေ လာပြီးတော့ လေ့လာမယ်ဆိုလို့ရှိရင် စီပွားရေးပိတ်ဆို့မှုကို လိုလားတဲ့သူနဲ့ ဖယ်ရှားစေချင်တဲ့လူတွေကြားထဲမှာ သူတို့က ပိုပြီးတော့ သမာသမတ်ကျကျနဲ့ တချို့ကိစ္စတွေကို အများသဘောတူ လုပ်ပေးနိုင်မယ်လို့ ထင်ပါတယ်။

စင်္ကာပူ - ကျေးဇူးတင်ပါတယ် ခင်ဗျ။ တခြားရော ဒေါ်စုအနေနဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကို ဘာများပြောချင်ပါသေးသလဲခင်ဗျ။

 ဒေါ်အောင်ဆန်းစုကြည် - ထူးထူးထွေထွေတော့ မရှိပါဘူး။ အခုလို အဝေးကနေပြီးတော့ အမိနိုင်ငံအတွက် ၀ိုင်းဝန်းလုပ်ပေးကြတဲ့အတွက် ၀မ်းသာပါတယ်၊ ဂုဏ်ယူပါတယ်။ အားလုံးကလည်း ဒီလိုစိတ်ထားတွေကို ပိုပြီးတော့ ခိုင်မာလာအောင်၊ ပိုပြီးတော့ အားကောင်းလာအောင်လို့ လုပ်မယ်ဆိုလို့ ရှိရင် ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို မြန်မြန်ရောက်နိုင်မှာပါ။ များများလုပ်နိုင်ရင် မြန်မြန်ရောက်နိုင်ပါတယ်ဆိုတာကိုလည်း သိပြီးသားပါ။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကနေပြီး စင်္ကာပူမှာ ရောက်နေတဲ့ ပြည်သူပြည်သားအားလုံး ကျန်းမာ ချမ်းသာပါစေလို့လည်း ဆုတောင်း မေတ္တာပို့လိုက်ပါတယ်။
အသံဖိုင် Download လုပ်ချင်ရင်.. http://www.mediafire.com/file/106waebi9xvnsxd/Amay%20Suu%20Speech%20Singapore%20Demo%20Group.mp3
အသံ Edit မလုပ်ခင် ပထမဦးဆုံး ရောက်ရှိလာတဲ့ Raw Fileမှာ ပထမတစ်ခေါက် အမေစုနဲ့ ပထမတစ်ခေါက် ဖုန်းပြောရင်း ဖုန်းအဆက်အသွယ် ပြတ်သွားတဲ့ အချိန်မှာ အချင်းချင်း ပြောဆိုနေကြတဲ့ သမ္မတ ဝန်ကြီးချုပ်နဲ့ စကားပြောနေရတဲ့ အတွက် စိတ်လှုပ်ရှားမှု ဖြစ်ရပါတယ် ဆိုတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် (သမ္မတ၊ဝန်ကြီးချုပ်အနေနဲ့) တင်စားပြော ဆိုတာလေးကိုတော့ အထူး သဘောကျမိပါတယ်..။ ဒါကျွန်တော်တို့ အားလုံး ဖြစ်စေလိုချင်တဲ့ ဆန္ဒမှန်တွေပါ..။

ပေးပို့ပေးတဲ့ ဦးတင်မောင်ဝင်းနဲ့ - စင်ကာပူရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများအား အထူးကျေးဇူးတင်ပါတယ်..။

ဒီမိုဝေယံ

ဗြဟ္မစိုရ်ခရီးသွား၍ ပန်းကောက်သူများ..

 
 
 
 
ဗြဟ္မစိုရ်ခရီးသွား၍ ပန်းကောက်သူများ
စေတနာ ၀ါသနာ အနစ်နာ အကြင်နာ … တို့ကုသိုလ် အနိမ့်ဆုံး အလုပ်နဲ့ မြတ်တဲ့ ခိုင်မာစိတ်ထားများ … ဝေဒနာ မရေရာ ဘ၀တစ်ကွေ့ဆုံလာ … တို့လက်တွေ စုစည်းဖေးမကြမယ် ဖြူစင်သန့်ရှင်းစွာ xxx ခရီးတစ်ခုတည်း တို့များအတူတူ … တစ်မိုးတည်းအောက် သားချင်းတွေ ရိုင်းပင်းမလေ … ဗြဟ္မစိုရ် နှလုံးသားနဲ့လူတွေ (ဗြဟ္မစိုရ်ခရီးကိုသွားစို့လေ) … ကြုံရဆုံရ လူ့ဘ၀ ခဏလေးအတွင်း ညှာတာစိတ်နဲ့ … လူသားချင်း အကြင်နာမျိုးစေ့ xxx ဘယ်အရာ မသေချာ အဖြစ်အပျက်ခန္ဓာ … ရှုမှတ်ပါ လူဖြစ်ရတဲ့အခိုက်မှာ အချိန်တွေဟာမမြဲပါ … ဝေဒနာ မရေရာ ဘ၀တစ်ကွေ့ဆုံလာ … တို့လက်တွေ စုစည်းဖေးမကြမယ် ဖြူစင်သန့်ရှင်းစွာ xxx ဗြဟ္မစိုရ်နှလုံးသားနဲ့လူတွေ (ဗြဟ္မစိုရ်ခရီးကိုသွားစို့လေ)
အထက်ပါ သီချင်းစာသားသည် တေးရေး - ဖိုးဆောင်းသည် နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်ရေးစပ်၍ ထက်ဆောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်းတို့ သီဆိုပေးထားသော “ဗြဟ္မစိုရ်ခရီး” အမည်ရှိ တေးသီချင်းဖြစ်သည်။
ပန်းများလွင့်တော့ လိုက်ကောက်ခဲ့သူ သူဟာအရာရာတိုင်းကို xxx အနစ်နာခံရင်း နှစ်သိမ့်တတ်သူ လူသားတစ်ဦးရယ်ပါ xxx ဗြဟ္မစိုရ်တရားများသာ သူရင်ထဲမှာရှင်သန်ရင်း xxx ပန်းတွေမကြွေဖို့ တောင်းဆုမပြည့်တောင် အမြဲတမ်းရပ်တည်ကာ အကောင်းဆုံးရပ်တည်ကာ . . . ဒီပန်းများမနွမ်းရဖို့ သူအစဉ်ကြိုးစားနေဆဲ xxx ဥယျာဉ်မှူး စွန့်လွှတ်အနစ်နာခံခဲ့ xxx အကြွေပန်းများဖြစ်သွားတော့ လူတွေလှည့်မကြည့်ချင်လည်း xxx ဥယျာဉ်မှူး အကြင်နာထားတက်သူပဲ
အထက်ပါ သီချင်းစာသားသည်လည်း တေးရေး - ဖိုးလမှ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက်ရေးစပ်၍ စောသဉ္ဇာ (အသင်းသူ) သီဆိုပေးထားသော “ပန်းကောက်သူ” အမည်ရှိ တေး သီချင်းဖြစ်သည်။
ယင်းသီချင်းများကို နာရေးကူညီမှုအသင်း(ရန်ကုန်) အတွက် ဗြဟ္မစိုရ်စိတ်ဓါတ်နှင့် နားလည်မှု ပြည့်ဝစွာဖြင့် သီဆိုပေးခဲ့ကြသော ထက်အောင်လှိုင်၊ အိလှိုင်ဦး၊ ဖိုးဆောင်း၊ စောသဉ္ဇာတို့အား နာရေး ကူညီမှုအသင်း(ရန်ကုန်)မှ အလှူရှင်များအား ပြန်လည်၍ မေတ္တာလက်ဆောင်အဖြစ် ပေးအပ်သည့် DVD မှတ်တမ်းခွေအတွက် လူမှုရေးဂီတသမားများအား မှတ်တမ်းသီချင်းကို ၁၆.၂.၂၀၁၁ (ဗုဒ္ဓဟူး) နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ရုံးချုပ်တွင် ရိုက်ကူးခဲ့ပါသည်။
ထိုသီချင်းစာသားများသည် တေးရေးသူ၏ စိတ်ကူးယဉ်ရေးဖွဲ့ထားသော စာသားများ မဟုတ်ပါ။ ဂီတပညာရှင်များ၊ တေးရေး/တေးဆိုများတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အများ ပြည်သူတို့အပေါ် ပေးဆပ်မှု၊ အနစ်နာခံမှု၊ ဖေးမကြင်နာမှုစသည့် ဗြဟ္မစိုရ်တရား၊ အနိစ္စတရားများကို မျက်မြင်ကိုယ်တွေ့ ခံစားမိကာ ရေးဖွဲ့သီဆိုထားသော လူမှုရေးခံစားမှု သီချင်းများပင်ဖြစ်သည်။
ဂီတအနုပညာသမားများသည် ပြည်သူလူထုများထဲကပင် ပေါ်ပေါက်လာကြသော သူများပင် ဖြစ်သည်။ ထိုပြည်သူလူထုများထဲကပင် လူမှုရေးသမားများ မွေးဖွားလာခြင်းဖြစ်သည်။ ထို့ကြောင့် လူသားအချင်းချင်း စာနာထောက်ထားစိတ်ကို မွေးဖွားကြပါစို့ . . . . ။

အကိုကြီး ကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

မင်္ဂလာပါ........။

မင်္ဂလာပါ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သခင်ဖိုးလှကြီးလမ်း၊ အမှတ် (၄၄/၃၃၅)နေ ဦးလှခိုင် + ဒေါ်ဒေါင်နောတို့၏ သား - မောင်ညီထွေးခိုင် REX Marine Engineering Pte Ltd. (Singapore) နှင့် ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ဗျိုင်းရေအိုးစဉ်ရွာမရပ်ကွက်၊ ရတနာလမ်း၊ အမှတ် (၈) နေ ဦးအုန်းကြိုင် + ဒေါ်နုနုဆွေတို့၏ သမီး - မတင်ဇာလင်း Blue Scope Steel Lysaght (Singapore) Pte Ltd. တို့ကို မိဘတို့ဝတ်တရားရှိသည့်အတိုင်း ထိမ်းမြားမင်္ဂလာဆောင်နှင်းပြီး ၁၅.၂.၂၀၁၁ (အင်္ဂါ) နေ့တွင် နတ်မောက်လမ်းရှိ မိုးကုတ်ဝိပဿနာခန်းမတွင် မင်္ဂလာဦးဆွမ်းကျွေးကို ကျင်းပပြီးစီးသည့်နောက် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူငွေကျပ် ၂၀၀၀၀၀/- (နှစ်သိန်း ကျပ်) ကို လာရောက်လှူဒါန်းခဲ့ပါသည်။

နာရေး (သေရေး)ကို လူအများကြောက်ရွံ့ကြသည်။ မင်္ဂလာမရှိဟု သတ်မှတ်ကြသည်။ သို့သော် လူ့လောကကြီးသည် အငိုနဲ့စ၍ အငိုနဲ့အဆုံးသတ်ရမည် ဖြစ်သည်။ သေခြင်းတရားကို မည်သူမှ မလွန်ဆန်နိုင်ပေ။ အငိုနဲ့ဆုံးသွားသော အများပြည်သူတို့အတွက် အဆင်ပြေစွာ ဘ၀ကူး ကောင်းစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ကူညီဖေးမ လှူဒါန်းခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်သည်။ သတို့သား မောင်ညီထွေးခိုင်နှင့် သတို့သမီး မတင်ဇာလင်းတို့၏ မင်္ဂလာရှိသော နေ့ရက်တွင် ယခုကဲ့သို့ မင်္ဂလာရှိသော အလှူဒါနကို ပြုလုပ်ခြင်းသည် သံသရာတစ်လျှောက် လျှောက်လှမ်းရမည့် ခရီးလမ်းအတွက် ရေရာသေချာသော ကောင်းမှုကုသိုလ်ပြုခဲ့ခြင်းပင် ဖြစ်ပါတော့သည်။

ထို့ကြောင့် သူတို့ သူတို့သည် တစ်သက်တစ်ခါ မင်္ဂလာ၊ မင်္ဂလာပေါ်တွင် မင်္ဂလာထပ်သည့် တကယ့်မွန်မြတ်သည့် အလှူပွဲ၊ ကုသိုလ်ပွဲကို ဆင်နွှဲခဲ့ကြသူများ ဖြစ်တော့သည်။

15 February 2011

တာဝန်မဲ့လွန်းသည့် သီရိလင်္ကာ မြန်မာသံရုံး။

















သီရိလင်္ကာနိုင်ငံသည် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံတစ်နိုင်ငံဆိုသည်မှာ ထေရ၀ါဒဗုဒ္ဓဘာသာ ကို လေ့လာထားကြပြီးသူတိုင်း သိပြီးဖြစ်သည်။ သီရိလင်္ကာနိုင်ငံသူ/သားများ၏ သာသနာ့ဝန်ထမ်း ရဟန်းသံဃာတော်များနှင့် ဘာသာရေးအပေါ်မှာ ရိုသေလေးစားမှုများမှာလည်း ဗုဒ္ဓဘာသာဝင်တိုင်း အတုယူစရာတစ်ခုပင်ဖြစ်လို့နေပါသည်။ သီရိလင်္ကာနိုင်ငံတွင်းမှာ နေထိုင်ပြီး စာပေသင်ကြားနေကြသည့် နိုင်ငံပေါင်းစုံမှ သာသနာ့ဝန်ထမ်းများအတွက် နေထိုင်ခွင့် ဗီဇာကို အခမဲ့ ဆောင်ရွက်ပေးနေခြင်းမှာလည်း ထိုနိုင်ငံ၏ ထေရ၀ါဒဗုဒ္ဓဘာသာ သာသာနာ၏ဂုဏ်ရောင်ကို ပိုပြီးတောက်ပြောင်စေသည်။

သီရိလင်္ကာနိုင်ငံအခြေစိုက် ပြည်ပနိုင်ငံကိုယ်စားပြုသည့် အခြားသောနိုင်ငံ သံရုံးများမှ သံရုံးဝန်ထမ်း (မြန်မာသံရုံးဝန်းထမ်းများမပါ) တို့မှာလည်း ဗုဒ္ဓဘာသာဝင် မဟုတ်ကြစေကာမူ ရဟန်းသံဃာတော်များကို ဦးစားပေးအလေးထားကြသည်ကို တွေ့မြင်ကြရသည်။ ယခုကဲ့သို့ ပညာရှိ သူတော်ကောင်းတို့၏ မြေပေါ်နေရာမျိုးမှာ နအဖစစ်အုပ်စုလို လူရိုင်းများ အုပ်ချုပ်သည့် မြန်မာနိုင်ငံမှ လာရောက်ပြီး တာဝန်ထမ်းဆောင်ကြသော သံရုံးမှ ၀န်ထမ်းပုဂ္ဂိုလ်များ၏ ရိုင်းစိုင်းသည့် အမူအရာများကား ကာယကံရှင်များကိုယ်တိုင်က မရှက်တတ်ပေမယ့် ရှက်တတ်သူများအဖို့ တွေးမကြည့်ဝံ့စရာပင်ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် ၂၀၀၉ ခုနစ်ဝန်းကျင်မှ စ၍ ပတ်စ်ပို့ (အခြားနိုင်ငံသားများမြင်လျှင် နှာခေါင်းရှုံ့ခံနေရသော ) အဟောင်းများကို Electronic Scan သို့ ပြောင်းလဲရမည့် အခြေနေသို့ ရောက်ရှိခဲ့သည်မှာလည်း အများသိပင်ဖြစ်ပေသည်။ ဆိုလိုသည်ကား နိုင်ငံတကာရှိ Immigration များကို ဖြတ်သန်းသည့်အခါ အချိန်မကြာရအောင် ဆောင်ရွက်ပေးခြင်း ဖြစ်ပေသည်။

ပြည်ပတွင်နေထိုင်ကြသူများအနေဖြင့် နိုင်ငံကူးလက်မှတ်မှာ မရှိမဖြစ်ဖြစ်သည့်အတွက် သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများအနေဖြင့် ဒေါ်လားစား၍ လုပ်ပေးသည်ဖြစ်စေ အခမဲ့လုပ်ပေးသည်ဖြစ်စေ သံရုံးနှင့်ဆက်သွယ်ပြီး ပတ်စ်ပို့သက်တမ်းတိုင်းခြင်း အသစ်လုပ်ခြင်း စသည်များကို လုပ်ဆောင်ကြရသည်။

ထိုသူများထဲမှာ သီရိလင်္ကာတွင် ပညာသင်ကြားနေကြသည့် စာသင်သားသံဃာတော်များလည်း အပါအ၀င်ဖြစ်သည်။ နှစ်ပေါင်းများစွာကတည်းက ပတ်စ်ပို့ သက်တမ်းတိုးသည့်ကိစ္စများကို အခမဲ့ဆောင်ရွက်ပေးခဲ့သော်လည်း ၂၀၁၀ နှစ်များအတွင်းမှာတော့ ပတ်စ်ပို့သက်တမ်းတိုးသည်နေရတွင် Electronic Scan အဖြစ်သို့ အသစ်ပြောင်းလဲ သတ်မှတ်ပြီး အခကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၀၀ ကောက်ခံခဲ့သည်။ သို့သော်လည်း မြန်မာသံရုံးမှ ဒေါ်လာစားများ ပြုလုပ်ပေးသည့် E ပတ်စ်ပို့တော်တော်များများမှာ နိုင်ငံတကာရှိ immigration များဖြတ်သန်းသည့်အခါတွင် scan ဖတ်မရသည့် ပြဿနာများဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။

ယင်းကဲ့သို့ အခက်ခဲပြဿနာများကို သံရုံးသို့သွား၍ တင်ပြသည့်အခါ ငွေမျက်နှာတစ်ခုကိုသာ ရှုတတ်သူများနည်းတူ တဖက်သူ၏ နောက်ဖြစ်လာသည့် အခက်ခဲများကို ဖြေရှင်းမပေးတော့ပဲ တာဝန်မဲ့သူတို့ ပြောဆိုလေ့ရှိသည့်စကားအတိုင်း ပြန်ပြောလေ့ရှိသည့်စကားမှာ “ဒါတွေက ပြဿနာ မရှိပါဘူး သုံးလို့ရပါတယ်” ဟု ပြန်ပြောပါသည်။ ယင်းလုပ်ရပ်များက မိမိတို့ကိုယ်မိမိ တာဝန်ရှိသူများအဖြစ် ခံယူထားပြီး တာဝန်ယူစိတ်မရှိသူ တာဝန်မဲ့သူများ၏ သရုပ်သကန်ကို မိမိတို့ကိုယ်တိုင် ဖော်ပြနေသည်။

ယင်းဖြစ်စဉ်ကြီးက မြန်မာနိုင်ငံ စစ်အစိုးရသက်တမ်းတစ်လျှောက်တွင် အထူးအဆန်းတော့ မဟုတ်ပါပေ။ စစ်ဘုရင် စစ်အဏာရှင်တို့၏ ကျင့်ဝတ်များစွာထဲက တစ်စိတ်မျှသာဖြစ်လေသည်။ နိုင်ငံတကာမှ လူယဉ်ကျေးတို့၏ စံနှုန်းသတ်မှတ်ချက် လူမှုဆက်ဆံရေးများကို စစ်အာဏာရှင်တို့၏ စနစ်အတွင်း သင်ကြားပြသပေးမှု ကိုယ်ပိုင်အသိစိတ်ဖြင့် ကြိုးစားမှုကင်းဆိတ်နေတာကြောင့် နိုင်ငံတကာလူအသိုင်းအ၀ိုင်းအတွင်းရှိ လူယဉ်ကျေးမှု စံနှုန်းတို့ဖြင့် တိုင်းတာသည့်အခါ အဝေးတစ်နေရာတွင်ပြတ်ကျန်ရစ်ခဲ့သည်ကို တွေ့မြင်ကြရသည်။ ယင်းကဲ့သို့ ပုဂ္ဂိလ်တို့အတွက် ကိုးကွယ်ရာဘာသာတစ်ခုသီးခြားမရှိပေ။ အာဏာရှိသူနဲ့ အာဏာရှင်တို့သည်သာ မိမိတို့၏ ကိုးကွယ်ရာအစ်အဖြစ် မှတ်ယူထားလေ့ရှိကြပေသည်။

နိုင်ငံကူးလက်မှတ်အဟောင်းမှ ခေတ်မှီ နိုင်ငံတကာအဆင့်မှီ နိုင်ငံကူးလက်မှတ်အဖြစ်သို့ ပြောင်းလဲပေးလိုက်သည် ဆိုသော်လည်း ဖော်ပြပါ ချွတ်ယွင်းချက်များကြောင့် ယခင်အဟောင်းနှင့် အသစ် ထူးခြားချက်ဆိုသည်မှာ အမေရိကန်ဒေါ်လာ ၁၀၀ ပေးရခြင်းမျှသာဖြစ်တော့သည်။ နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် တာဝန်ထမ်းဆောင်ကြသူ မြန်မာသံဝန်ထမ်းများအကြား ဖြစ်စဉ်ကြီးတစ်ခုမှာလည်း မိမိတို့နိုင်ငံသား အခက်ခဲတွေ့ရှိပါက အကူအညီပေးဖို့ထက် မြန်မာနိုင်ငံသား၏ သွေးနဲ့ ခြွေးနဲ့ ရင်းပြီးလုပ်ထားရသည့် လုပ်အားခထဲမှ ဘယ်လို ညှစ်ယူရမည်နည်း ဆိုသည်ကလည်း တစ်ခုအပါဝင်ဖြစ်လေသည်။ သီရိလင်္ကာတို့လို နိုင်ငံများတွင် တာဝန်ထမ်းဆောင်ရမည်ဟု အမိန့်ကျလာသည့်နေ့တွင် သံရုံးဝန်ထမ်းအချို့က ငါတော့ သွားပါပြီ ပိုက်ဆံမရနိုင်တဲ့ နေရာကို ရောက်ရပြီပေါ့ဟု ညဉ်းညူမှုတွေ ရှိခဲ့သည်ဟုလည်း ကြားရပါသည်။

အခကြေးငွေသတ်မှတ်လိုက်သည့်အတွက် ၄င်းတို့သတ်မှတ်ချက်များအတိုင်း တန်ရာတန်ကြေး ပေးပြီးပြန်သော်လည်း ကိစ္စတစ်ခုက လွယ်ကူစိတ်ချမ်းသာစွာ ပြီးစီးသွားသည်တော့မဟုတ်ပေ။ သံရုံးသို့ သံဃာများ သွားရောက်သည့်အခါများတွင်လည်း ၄င်းတို့၏ ဆက်ဆံရေးသည်ကား သီရိလင်္ကာနိုင်ငံသားတို့ မြင်ပါက ဤသံရုံးက ၀န်ထမ်းများသည် ဗုဒ္ဓဘာသာပါဟု ပြောပြပါ မည်သူယုံမည်မဟုတ်ပေ၊ အချိန်မကြာသင့်ပဲ အချိန်ကြန့်ကြာအောင်လုပ်ခြင်း အာဏာရှင်တို့ထုံးစံအတိုင်း အာဏာပညာပြခြင်းစသည့် ကိစ္စများကိုလည်း ရင်ဆိုင်ကြရလေ့ရှိတတ်ပါသေးသည်။

နိဂုံးချုပ်အနေဖြင့် စာရေးသူ၏ ဆန္ဒနှင့် ဖြစ်သင့်သည်မှာ ပတ်စ်ပို့များ scan ဖတ်မရသည့် ကိစ္စကို အချိန်မှီ ပြန်လည်ပြင်ဆင်ပေးရေးနှင့် ထေရ၀ါဒဗုဒ္ဓဘာသာ ထွန်းကားသည့်နိုင်ငံတွင် တာဝန်ထမ်းဆောင်နေသည့် ထေရ၀ါဒဗုဒ္ဓဘာသာအမည်ခံများအနေဖြင့် မိမိတို့နိုင်ငံရိုးရာနှင့် ဘာသာယဉ်ကျေးမှုများကို လက်တွေ့ကျင့်သုံးမှုဖြင့် ပြသကြဖို့ တိုက်တွန်းလိုက်ရပါသည်။

သောတုဇနဘိက္ခု။

မနေ့က တောင်ဒဂုံမြို့နယ် (၇၀) ရပ်ကွက်မှာ ကျင်းပပြုလုပ်တဲ့ ဗိုလ်ချုပ်မွေးနေ့ (ကလေးများနေ့) ဓာတ်ပုံမှတ်တမ်း


မနေ့က တောင်ဒဂုံမြို့နယ် (၇၀) ရပ်ကွက်မှာကျင်းပပြုလုပ်တဲ့  မြန်မာနိုင်ငံ ကလေးများနေ့ အခမ်းအနားအား တောင်ဒဂုံမြို့နယ် အမာခံ ဒီမိုကရေစီအင်အားစုများ၊ (NLD)အဖွဲ့ဝင် လူငယ်မောင်မယ်များ၊ သံလျှင်ကျောင်းသားလူငယ်များ၊ မြောက်ဥက္ကလာ ကျောင်းသားလူငယ်များမှ ပူးပေါင်း အားဖြည့် ကျင်းပခဲ့ကြပါတယ်။ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှာ ကျရောက်တဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အား မြန်မာနိုင်ငံ ကလေးများနေ့ အဖြစ် သတ်မှတ်ထားပါတယ်..။

နာရေးကူညီမှုအသင်း (ရန်ကုန်)၏ လူမှုရေး လုပ်ငန်းများ..... ဖေဖော်ဝါရီ ၁၄ရက်နေ့


စုတိကမ္မဇရုပ်ချုပ်ငြိမ်းခြင်း
ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဒေ၀သာဂရသိမ်ကုန်း၊ ဓမ္မိကာရုံပါဋ္ဌိတက္ကသိုလ်ကျောင်းတိုက်၊ ပရိယတ္တိဇောတကကျောင်း၊ နာယက စာချဆရာတော် ဘဒ္ဒန္တကုဏ္ဍလာဘိဝံသ (သာသနဓဇဓမ္မာ စရိယ၊ ၀ိနယပါရဂူ၊ မဟာဂန္ထ၀ါစကပဏ္ဍိတ) ဆရာတော်ကြီး သက်တော် (၆၆)နှစ်၊ သိက္ခာတော် (၄၆)၀ါသည် ၁၂.၂.၂၀၁၁ (စနေ)နေ့တွင် ဘ၀နတ်ထံပျံလွန်တော်မူသွားပါ၍ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ၁၄.၂.၂၀၁၁ (တနင်္လာ)နေ့ မွန်းလွဲ (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှု အသင်း(ရန်ကုန်)မှ အသင်းသားများနှင့် တပည့်သံဃာတော်၊ တပည့် ဒါယကာ၊ ဒါယကာမများတို့ဖြင့် ရေဝေးသုဿန်သို့ သယ်ယူပင့်ဆောင်က အန္တိမအဂ္ဂိ သာဓုကီဋ္ဌနပူဇာဘင် ဆင်ယင်ကျင်းပခဲ့ပါသည်။ ဆရာတော်ကြီးသည် ပရိယတ္တိစာပေပို့ချခြင်းတာဝန်ကို နောက်ဆုံးချိန်အထိ သာသနာ့တာဝန် ကို ကျေပွန်စွာထမ်းရွက် ပေးခဲ့ပြီး မင်းကွန်းဆရာတော်ကြီး၏ အပ္ပမာဒ သံဝေဂလင်္ကာအတိုင်း “အပ္ပမာဒေန ဘိက္ခဝေ သမ္ပာဒေထ” ဟူသော ဘုရားစကား လိုက်နာပွားခဲ့ပြီး တရားလက်မလွတ် ခဲ့သော ဆရာတော်ကြီးတစ်ပါးပင် ဖြစ်သည်။
အပ္ပမာဒ သံဝေဂလင်္ကာ
ရုပ်နာမ်ဓမ္မ သင်္ခါရတို့၊ ကိုယ်ကဤပုံ
ဖြစ်လိုတုံလည်း၊ တဖုံဆင်ကွဲ သူတနဲဖြင့်
ဖေါက်လွဲတက်စွာ ဓမ္မတာကို၊
ပညာစက္ခု၊ မြှော်ထောက်ရှု၍-
ယခုပင်လျှင် မအိုခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မနာခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့၊
ယခုပင်လျှင် မသေခင်က
ကြိုတင်ကောင်းမှု ကြိုးစားပြုလော့။
ရတုချိန်ထောက် ဤခါရောက်မှာ၊ ချုပ်ပျောက်ခန္ဓာ
သေပိမ့်ငါ-ဟု၊ သတ္တ၀ါခပင်း ရှင်သေမင်းနှင့်
မိတ်သင်းဖွဲ့လျှက်၊ ချိန်းအချက်လျှင်
တစ်စက်ကမှ မရှိကြဘူး-
“အပမာဒေန ဘိက္ခဝေ သမ္ပာဒေထ”
ဘုရားစကား လိုက်နာပွားသည်
တရားလက်မလွတ်စေနှင့်။
(မင်းကွန်းဆရာတော်)
ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့
ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်ရှိ ကိုသန့်ဇော်ဦး (ခ) တီတီး (Memo Fashion Tailor) အသက် (၃၆)နှစ်သည် ၁၂.၂.၂၀၁၁ (စနေ) နေ့တွင် ကွယ်လွန်သွားပါ၍ ၁၄.၂.၂၀၁၁ (တနင်္လာနေ့) မွန်းတည့် (၁၂း၀၀) နာရီအချိန်တွင် ရန်ကုန်ပြည်သူ့ဆေးရုံ အအေးခန်းမှ ရေဝေးသုဿန်သို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် သယ်ဆောင်သင်္ဂြိုလ်ပေးခဲ့သည်။

ကွယ်လွန်သူ ကိုသန့်ဇော်ဦးသည် အသက်ပင် ငယ်ရွယ်သော်လည်း ဘုရား၊ ကျောင်း၊ ရဟန်း ဒကာတစ်ဦးဖြစ်ပြီး လူချစ်လူခင်ပေါများသော စိတ်ရင်းကောင်းမွန်သော လူရွယ်တစ်ဦးပင် ဖြစ်သည်။ ထို့ပြင် ပြည်မြို့ ရွှေပေါက်ပင်ဆရာတော်ကြီး၏ တပည့်ရင်းတစ်ဦးလည်း ဖြစ်သည်။ ကိုသန့်ဇော်ဦး၏ ဈာပနအခမ်းအနားသို့ ရွှေပေါက်ပင်ဆရာတော်ကြီးကိုယ်တိုင် ပြည်မြို့မှ ကြွရောက်ကာ ဘ၀ကူး ကောင်းမွန်ရန်အတွက် သရဏဂုံတင်ခြင်း၊ မေတ္တာပို့သခြင်း၊ အမျှပေးဝေခြင်းတို့ကို ပြုလုပ်ဆောင်ရွက် ပေးခဲ့သည်။ ကိုသန့်ဇော်ဦး၏ ဈာပနအခမ်းအနားအား တရုတ်ရိုးရာဖြင့် ကျင်းပဆောင်ရွက်ပေးနေစဉ် “ရေဝေးသွားလမ်းဓမ္မာရုံမှ သံဝေဂ” စာပိုဒ်လေးအား မြင်ယောင်မိတော့သည်။
“ရေဝေးသွားလမ်းဓမ္မာရုံမှ သံဝေဂ”
မည်၍မည်မျှ စားရစားရ တစ်ဝမ်းဝရုံဘဲ၊

မည်၍မည်မျှ ၀တ်ရ၀တ်ရ အရေပြားဖုံးရုံဘဲ၊

မည်၍မည်မျှ အိပ်ရနေရ တစ်ကိုယ်စာလေးဘဲ၊

မည်၍မည်မျှ ပစ္စည်းဥစ္စာရှိရှိ သေလျှင် ထားခဲ့ရတာချည်းဘဲ၊

ကုသိုလ်ပြုလျှင် ကိုယ့်ဖို့၊ ကျန်ခဲ့လျှင် သူများဖို့။

အကိုကြီးကိုကျော်သူအား ကျေးဇူးတင်ပါသည်..။

( ၆၄ ) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား (ကိုရီးယား)



လေးစားစွာဖြင့်
www.flyingpeacock.blogspot.com

14 February 2011

(၁)နှစ်သား “သုခအလင်း” စာကြည့်တိုက်

 


(၁)နှစ်သား “သုခအလင်း” စာကြည့်တိုက်

ယနေ့ ၁၃.၂.၂၀၁၁ ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့) သည် “သုခအလင်း” စာကြည့်တိုက်၏ (၁) နှစ်ပြည့်သော နေ့ရက်ဖြစ်သည်နှင့် အညီ ကြက်သားဆန်ပြုတ်နှင့် အီကြာကွေးတို့အား ၀ဋ်ကြွေးတော်ပြေကျောင်းတိုက်သို့ သွားရောက်၍ အာရုံဆွမ်းဆပ်ကပ် လှူဒါန်းပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ လာရောက်ငွေလှူဒါန်းကြသော အလှူရှင်များ၊ အသင်းသူ/ သားများ၊ ၀န်ထမ်းများ၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ လာရောက်ကုသကြသော လူနာများ၊ လူနာရှင်များအား အာဟာရအဖြစ် ကုသိုလ်ကောင်းမှုပြုခဲ့ပါသည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)မှ မျိုးဆက်သစ်လူငယ်/ရွယ်များအတွက် ရည်ရွယ်ကာ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ ဘာသာရေး၊ ကျန်းမာရေးစသည့် အသိပညာ အထွေထွေ ဗဟုသုတ များ တိုးပွားစေရန် “သုခအလင်း” စာကြည့်တိုက်အား ၂၀၁၀၊ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)တွင် အမှတ်(၁၃/က)၊ ဗိုလ်မှူးဗထူးလမ်း၊ ၄၂-ရပ်ကွက်၊ မြောက်ဒဂုံ မြို့နယ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်) သုခကုသိုလ်ဖြစ်ဆေးခန်း၏ အပေါ်ထပ်တွင် အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပါသည်။

“သုခအလင်း” စာကြည့်တိုက်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ အသင်းပိုင်ငွေဖြင့် မတည်၍ စာအုပ်စာပေများ ၀ယ်ယူခဲ့သည့်အပြင် ပြည်တွင်း/ပြည်ပမှ စေတနာရှင်၊ အလှူရှင်များတို့မှ စာကြည့်တိုက်အတွက် စာအုပ်များအား လာရောက်လှူဒါန်း ခဲ့ကြပါသည်။ ကိုယ်ပိုင် စာကြည့်တိုက်ဖွင့်ရန် ရည်ရွယ်ချက်ရှိခဲ့သော စာရေးဆရာကြီး အီကြာကွေးသည် သူကွယ်လွန် သွားချိန်တွင် သူကိုယ်တိုင် အနှစ်နှစ် အလလ စုဆောင်းထားရှိခဲ့သော စာအုပ်များအား ဆရာကြီး၏ သားတပည့်များမှ “သုခအလင်း” စာကြည့်တိုက်အတွက် လာရောက်လှူဒါန်းခဲ့ပါသည်။ ဆရာကြီး သည် ကိုယ်ပိုင်စာကြည့်တိုက်ဖွင့်ရန် ရည်ရွယ်ချက် ပျက်ခဲ့ရသော်လည်း ဆရာကြီး အီကြာကွေး လက်ဆင့်ကမ်းခဲ့သော စာပေအမွေအနှစ်များကို “သုခအလင်း” စာကြည့်တိုက်မှ ဆက်လက် ထိန်းသိမ်းပေးနိုင်ခဲ့သည်။ (၁၆.၈.၂၀၁၀) နေ့ရက်တွင်လည်း ဗဟိုစည် အထူးကုဆေးရုံမှ ဒေါက်တာ-ဒေါ်ယဉ်ယဉ်ကြူနှင့် ဒေါက်တာ-ဒေါ်ခိုင်ဇင်သင်းတိှု့လည်း “သုခအလင်း” စာကြည့်တိုက်အတွက် စာအုပ်ပေါင်း (၅၈၆)အုပ် လှူဒါန်းခဲ့ပါသည်။ ထို့အပြင် စာပေလောကမှ စာရေးဆရာကြီးများ၊ စာရေးဆရာမကြီးတို့မှလည်း မိမိတို့ထွက်ရှိသော စာအုပ်များကို လာရောက်လှူဒါန်းခြင်း ပြုခဲ့သလို Asia Foundation သည်လည်း လူသားအကျိုးပြု စာအုပ်စာပေများ လှူဒါန်းပေးခဲ့ပါသည်။

“သုခအလင်း” စာကြည့်တိုက်တွင် စာအုပ်များကို သက်ဆိုင်ရာ စာပေအမျိုးအစား ကဏ္ဍ အလိုက် ခွဲခြား၍ စနစ်တကျ ထားရှိပါသည်။ ရှားပါးသော စာအုပ်များအား ကော်ပီပွား၍ ဌားရမ်းဖတ်ရှု နိုင်ရန်အတွက် စီစဉ်ထားရှိပါသည်။ “သုခအလင်း” စာကြည့်တိုက်တွင် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများ ကိုလည်း (၃) လအထိ ထားရှိပြီး။ (၃) လကျော်လွန်ပြီးသော ဂျာနယ်၊ စာစောင်များ၊ မဂ္ဂဇင်းများနှင့် “သုခအလင်း” စာကြည့်တိုက်၌ အမျိုးအစားတူ စာအုပ်များအား နယ်မြို့များတွင်ရှိသော စာကြည့် တိုက်များနှင့် ကိုယ်ထူကိုယ်ထ ကျေးရွာစာကြည့်တိုက်များသို့ ပြန်လည်၍ လှူဒါန်းပေးခဲ့ပါသည်။ 

ထိုကဲ့သို့ အသိပညာတိုးပွားရန် ရည်ရွယ်ပြီးတဆင့် ပြန်လည်လှူဒါန်းခဲ့သော စာကြည့်တိုက် များမှာ - “ပညာရတနာ” စာကြည့်တိုက် သခွတ်ပင်လယ်ကျေးရွာ၊ အရာတော်မြို့နယ်၊ စစ်ကိုင်းတိုင်း။ “မိုးမေတ္တာ” ပရဟိတလူငယ်များအသင်း ခေတ္တရာမြို့သစ်၊ ပြည်မြို့။ “လူငယ်စာကြည့်တိုက်” နမ္မတီးမြို့၊ ကချင်ပြည်နယ်။ “ဓမ္မရောင်ခြည်” စာကြည့်တိုက် တိလောကမာရဇိန်ဘုရားဝင်း၊ ကျိုက်လတ်မြို့၊ ဧရာဝတီတိုင်း။ “ပညာဘုံ” စာကြည့်တိုက် နောင်နန်းတိုက်နယ်၊ မြစ်ကြီးနားမြို့နယ်၊ ကချင်ပြည်နယ်။ “အလိမ္မာ” စာကြည့်တိုက် (၁၂) ရပ်ကွက်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရန်ကုန်တိုင်း။ “ပညာရိပ်မွန်” စာကြည့်တိုက် သပြေကုန်းကျေးရွာ၊ မြန်အောင်မြို့နယ်၊ ဧရာဝတီတိုင်း။ “တက်နေ၀န်း” စာကြည့်တိုက် နတ်မောက်မြို့နယ်၊ မကွေးတိုင်းတို့ ဖြစ်ကြသည်။

၂၀၁၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်နေ့မှ စတင်၍ ဖွင့်လှစ်စဉ်အချိန်၌ စာအုပ်အရေအတွက် (၁၀၆၅)အုပ်သာ ရှိခဲ့ပြီး ၂၀၁၁ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၃) ရက်နေ့အထိ စာအုပ်အရေအတွက် (၅၀၀၀) ခန့်အား ဌားရမ်းဖတ်ရှုနိုင်ခဲ့ပါသည်။ “သုခအလင်း” စာကြည့်တိုက် အသင်းဝင်အဖြစ် (၂၁၁) ယောက် ရှိခဲ့ပြီ ဖြစ်ပါသည်။ “သုခအလင်း” စာကြည့်တိုက်မှ စာအုပ်များအား နာရေးကူညီမှုအသင်း(ရန်ကုန်) လုပ်အားပေး အသင်းသူ/သားများနှင့် ၀န်ထမ်းများသာ ဌားရမ်းဖတ်ရှုခွင့်ကို ပြုခဲ့ရာ ယခုလက်ရှိ တိုးချဲ့ ဆောက်လုပ်လျှက်ရှိသော အဆောက်အဦးပြီးစီးမည့် မတ်လအတွင်း “သုခအလင်း” စာကြည့်တိုက်သို့ အချိန်ပေး၍ စာဖတ်လိုသူများအတွက် စာဖတ်ခန်းဖွင့်လှစ်နိုင်ရန်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ လုပ်အားပေး အသင်းသူ/သားများမှ စီစဉ်ဆောက်ရွက်လျှက် ရှိပါသည်။

“သုခအလင်း” စာကြည့်တိုက်မှ အပါတ်စဉ် စာအုပ်ပေါင်း (၈၀) အုပ်ခန့်အား ငှါးရမ်းဖတ်ရှု လေ့လာမှတ်သားကြသည်။ ငှါးရမ်းဖတ်ရှုသော စာအုပ်များတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် ပါတ်သက် သော အတ္တုပ္ပတိ၊ မိန့်ခွန်း၊ စာပေလက်ရာများကို ဖတ်ရှုသူအများဆုံး ဖြစ်သည်ဟု စာရင်းဇယားများ အရ သိရှိရသည်။

ထို့ကြောင့် “သုခအလင်း” စာကြည့်တိုက်သည် ဗဟုသုတ လိုလားသူများ၊ ပညာရေးတိုးတက် လိုသူများ၊ ဘာသာရေး/နိုင်ငံရေးလေ့လာ လိုက်စားသူများအတွက် အသိပညာ၊ အတတ်ပညာ စာပေ၀ါသနာရှင်များ မွေးဖွားရာ နားခိုရာ စုဝေးရာ နေရာဌာနတစ်ခုအဖြစ် မကြာမီ အချိန်ကာလ အတွင်း ရောက်ရှိတော့မည် ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ကျင်းပပြုလုပ်တဲ့ (၉၆)နှစ်မြောက် ဗိုလ်ချုပ်မွေးနေ့နှင့် မြန်မာနိုင်ငံ ကလေးများနေ့ (ဓာတ်ပုံ)

ဓာတ်ပုံ ဒီမိုဝေယံ

13 February 2011

(၉၆)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့.. အမှတ်တရ..




ငါတို့ဗိုလ်ချုပ်

၂၀၁၁ ခု ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ တွင်ကျရောက်သော 
ဗိုလ်ချုပ်အောင်ဆန်း ၉၆နှစ်ပြည့် မွေးနေ့ အမှတ်တရ ။

“ဖေဖေါ်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ၊

တစ်ထောင်ကိုးရာတစ်ဆယ့်ငါး ရှေ့နေဦးဖာသား ၊

ဇာတိနတ်မောက် မကွေးခရိုင် သိကြများခုတိုင် ၊

ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဖွား၊ မိခင်ဒေါ်စုသား ။

တစ်ထောင့်ကိုးရာ လေးဆယ့်ခွန် ပြောင်းကြွတမလွန် ၊

မျက်ရည်ဖြိုင်လို့

ဘ၀င်ညှိုး ဇူလိုင် တစ်ဆယ့်ကိုး ၊

ပြည်ထောင်စုရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်တို့ဖခင် ၊

ကောင်းစေချင်တဲ့မှာစကား ငါတို့မမေ့အား ။’’

ပြည်ထောင်စုရေး ကြိုးပမ်းဆောင်

ပြည်ချစ်ဒို့ ခေါင်းဆောင် ၊

ဒီမိုကရေစီလမ်းစဉ်များ ဗိုလ်ချုပ်ချမှတ်သွား ။
နိုင်ငံရေးဆိုသည်မှာ ပုထုစဉ်တို့၏ သိပ္ပံပညာရပ် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်း
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOAQNuYSee79O3bki1CxtVTX7o28rDR5Fhr7RZVsS6k69lIpUA0age3YGIEhfl5sS9XU09_-xsVw1vLtMpjfbkdWeEcFbendwCnh_ULrif4xACf_DuWATh31lZNHq6meb7TMtBLeuwRg6j/s1600/Brilhos+-+1iok5-101+-+normal.jpg
နိုင်ငံရေးမည်သည် တရားသည်ဆိုသော သဘောမရှိ။ အောင်နိုင်အောင် စီစဉ်ဆောင်ရွက် ကြရကြောင်း၊ လွတ်လပ်ရေးကို မပေးတာ မတရားဘူး၊ တရားရာကျအောင် လွတ်လပ်ရေး ပေးပါဟု တောင်းခြင်း။ ယူအန်အို (UNO) တို့ ဘာတို့ကို ကြေးနန်းရိုက်၊ စာပို့လူလွှတ် တောင်းနေလို့ ဘယ်တော့မှမရနိုင်။ သတင်းစာတွေထုတ်။ ဟိန်းဟောက်နေရုံနဲ့လည်း မရနိုင်။ အင်အားနဲ့ ကျကျနနရှိမှ လွတ်လပ်ရေးကို ရနိုင်မည်။ အားရှိမှ လူလေးစားသည်။ ဒါကြောင့် အားရှိကြောင်း ပြနိုင်အောင် ကြိုးစားကြရမည်။
(၁၇-၁၁-၄၆ နေ့က သာစည်တွင် ဟောပြောချက်မှ)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSGZTtsRSa5OmAYfITiarxKDKDdb3kbzekB2ypZa_vfebkmJc4noYz706039mlmd3noHXl3f4RzBYhpWsyNDAZ7eT0YLdsENE8OGXFQOk0UxjMTNYPM1Y-dicxkx-0q7z5QL67LEplieks/s1600/Aung+San+History.jpg
အမှန်မှာ နိုင်ငံရေး သည်လောကီရေးပင် ဖြစ်သည်။ နိုင်ငံရေးမှာ နိဗာန်ရောက်ကြောင်း တရားမဟုတ်။သို့သော်လည်း လောကီရှိမှလည်းလောကုတ် ရှိနိုင်၏။ လောကုတ်ရှိမှ လည်း လောကီတည် နိုင်၏။ အူမတောင့်မှ သီလစောင့်နိုင်၏။

(၁၉၄၀ ဖေဖေါ်ဝါရီလ ထုတ် ဒဂုန်မဂ္ဂဇင်း အမှတ် ၂၃၄ တွင် သခင် အောင်ဆန်း ရေးသားချက်မှ)
နိုင်ငံရေးဆိုသည်မှာ ဘာလဲ၊ အမှန်မှာ နိုင်ငံရေးဆိုသည်မှာ အမြင့်တွင်ရှိသည် လည်းမဟုတ်၊ အနိမ့်တွင် ရှိသည်လည်းမဟုတ်၊ မျက်လှည့်လည်းမဟုတ်၊ ဗေဒင်ဟောခြင်းလည်းမဟုတ်၊ အဂိရတ် ပညာလည်းမဟုတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးနေသည့် အမျိုးသားရေးကိစ္စလည်းမဟုတ်၊ နိုင်ငံရေးသည် အစဉ်သဖြင့် တိုးတက်ဖြစ်ပေါ်နေသော ဖြစ်ရပ်များနှင့် ကိုက်ညီရသည်။ အတိုပြောရမည်ဆိုလျှင် နိုင်ငံရေးဆိုသည်မှာ ရဲဘော်ပင်ဖြစ်သည်။ ရှေးပဝေသဏီ ကပင် အရစ္စတိုတယ် ပြောခဲ့သလို ရဲဘော်သည်ပင် နိုင်ငံရေး သတ္တဝါ ဖြစ်သောကြောင့်ပင် ရဲဘော်၏ စားရေး၊ အိပ်ရေး၊ နေရေး၊ အလုပ်လုပ်ရေးသည်ပင် နိုင်ငံရေး ဖြစ်သည်။
ရဲဘော် နိုင်ငံရေးအကြောင်း စဉ်းစားချင်မှ စဉ်းစားမည်။ ရဲဘော် နိုင်ငံရေးကို ရှောင်ပေလိမ့်မည်။ သို့သော် နိုင်ငံရေးက ရဲဘော် အိမ်မှာသော်လည်းကောင်း၊ ရုံးမှာသော်လည်းကောင်း၊ အလုပ်ရုံမှာသော်လည်းကောင်း တွယ်ကပ်နေလိမ့်မည်။ နေ့စဉ်နှင့် အမျှ ရဲဘော်သည် နိုင်ငံရေးကိုလုပ်နေရသည်။ ကိုင်တွယ်နေရသည်။ ရုန်းကန်နေရသည်။

ရဲဘော်၏ ဘဝပြောင်းလဲသလို နိုင်ငံရေးကလည်း ပြောင်းလိုက်သည်။ ရဲဘော်တို့ အသက်ရှင် နေထိုင်ရေး ပိုမိုကောင်းမွန်စွာနေထိုင်ရေး အတွက် လွတ်လပ်ရေး ရရှိရမည်။ နေထိုင်မှုအတွက် လွတ်လပ်ရေး၊ တဦးချင်းအလိုက် တမျိုးသားလုံးအလိုက် ဖန်တီးနိုင်မှု၊ ဖွံ့ဖြိုးအောင်ဆောင်ရွတ်နိုင်မှု အတွက်လွတ်လပ်ရေး၊ အခြားသူများ၏ အခွင့်အရေးကို မထိခိုက်စေဘဲ ရဲဘော်တို့၏ အဆင့်အတန်း တိုးတက်နိုင်မှုအတွက် လွတ်လပ်ရေးရှိရမည်ဟု ကျွန်တော်တို့ ပြောဆိုနေကြခြင်းဖြစ်သည်။ ဤသည်ပင်လျှင် နိုင်ငံရေး ဖြစ်သည်။ သို့သော် နိုင်ငံရေး ဆိုသည်မှာ လူ့ကိစ္စပင်ဖြစ်သည်။
နိုင်ငံရေးဆိုသည်မှာ ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်နေရသည့် သံသရာပင်ဖြစ်ပါသည်။ အဆုံးမရှိဘဲ တဝဲလယ်လယ် လည်ပတ်နေသော အကျိုးနှင့် အကြောင်း၊ အတိတ်၊ ပစ္စပ္ပုန် နှင့် အနာဂါတ်တို့၏ သံသရာကြီးပင်ဖြစ်သည်။
၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက် ဖဆပလ ပထမကွန်ကရက်တွင် ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သော မိန့်ခွန်းမှ
လွတ်လပ်ရေး ရပြီးရင် နိုင်ငံရေးက ထွက်တော့မယ်၊ မထွက်လို့လဲ မဖြစ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် လွတ်လပ်ရေးရပြီးတော့ (Power Politics) "အာဏာနိုင်ငံရေး" လာလိမ့်မယ်။ Power Politics နဲ့ ကျွန်တော်နဲ့ မဖြစ်ဘူး။
ဗိုလ်ချုပ်အောင်ဆန်း ၏ အစ်ကို ဦးအောင်သန်းရေးသော အောင်ဆန်းမိသားစု စာအုပ်မှ

စုဆောင်းထုတ်နုတ်တင်ပြသူ...ဘလော့ခ်ဂါ အလင်းဆက်

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသော (၆၄) နှစ်မြောက် ပြည်ထောင်စုနေ့  မိန့် ခွန်းစကား။

(၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကြေငြာချက် မြန်မာ/ အင်္ဂလိပ်.....

ဗိုလ်ချူပ်အောင်ဆန်းလမ်းစဉ်။



(ပေးပို့ လာသော ကိုမောင်မောင်လှကြိုင်အား ကျေးဇူးတင်ရှိပါသည်)။

ဖေဖော်ဝါရီလ (၁၂)ရက်နေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား... (သတင်း၊ ဓာတ်ပုံ)

ယနေ့ ဖေဖော်ဝါရီလ (၁၂)ရက်နေ့ (၆၄)နှစ်မြောက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ ပြည်ထောင်စုနေ့ အခမ်းအနား... 

ယနေ့ ကျရောက်တဲ့ ၆၄နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား နံနက်(၁၁)နာရီမှာစတင် ကျင်းပပြလုပ်ပါတယ်။ အခမ်းအနားသို့ ဥက္ကဌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးအောင်ရွှေလည်း တက်ရောက်ခဲ့ပါတယ်..။ အဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဦးတင်ဦးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။ အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ပြည်ထောင်စုနေ့ ကျင်းပရခြင်း အကြောင်းအား ရှင်းလင်း ပြောကြားခဲ့ပါတယ်။ အဲ့ဒီနောက် တက်ရောက်လာကြတဲ့ တိုင်းရင်းသားများမှ  အသီးသီး အမှာစကားများ ဆက်လက်ပြောကြားကြပါတယ်။ ဆက်လက်ပြီး တက်ရောက်လာကြတဲ့ ပြည်ထောင်စုဖွား တိုင်းရင်းသားများမှ တိုင်းရင်းသားရိုးရာအကများနှင့် ဖျော်ဖြေဧည့်ခံကြပြီး  အဖွဲ့ချုပ် အဖွဲ့ဝင်လူငယ်များမှ တေးသီချင်းများနဲ့ တင်ဆက် ဂုဏ်ပြု ဖျော်ဖြေသွားခဲ့ကြပါတယ်။
ဓာတ်ပုံများ ဒီမိုဝေယံ