29 August 2010

မြန်မာပြည်တွင်း တယ်လီဖုန်းဖြင့် လိမ်လည် မှုများပိုမိုများပြားလာခြင်း

ကျေးလက်ဒေသများပါ ဆက်သွယ်ရေးစနစ်ကို ပိုမိုကောင်းမွန်လာပြီးနောက် အချို့သော ဖုန်းပိုင်ရှင်များအား တယ်လီဖုန်းဖြင့် ဆက်သွယ်လိမ်ညာမှုများ ရှိလာကြောင်း မုံရွာဒေသခံ တယ်လီဖုန်း ပိုင်ရှင်များက ပြောသည်။ “တယ်လီဖုန်းရပြီး တစ်လခန့်မှာ တစ်နေ့လည်း ဖုန်းသုံးကြိမ်လောက် ၀င်တယ်။ စီဒီအမ်အေ ဟမ်းဆက်တစ်လုံး ကံစမ်းမဲ ပေါက်တယ်လို့ပြောတယ်။ အဓိဋ္ဌာန်ဝင် ဆရာတော်ကြီး ကံစမ်းမဲပေါက်တာ သိပ်ကံထူးတာပဲပေါ့။ နောက်ထပ် ကံထူးရှင်ဖြစ်ဖို့ ဆရာတော်ကြီး ကန်တော့ပွဲမှာ ထီတစ်အုပ်လည်း ထိုးခွင့်ရတယ်။ စီဒီအမ်အေ ဟန်းဆက်နဲ့အတူ ထီအုပ်လည်း ပို့ပေးလိုက်မယ်။ ထီဖိုးငွေ ခုနစ်သိန်းသုံးသောင်းကို ဘဏ်က လွှဲပေးရမယ်လို့ ပြောတယ်။ ထီဖိုးများတဲ့အတွက် မိဘတွေဆီ ငွေတောင်းဖို့ တိုင်ပင်ပါဦးမယ်လည်း ပြောတော့ အနှောင့်အယှက်တွေ ၀င်လိမ့်မယ် ငွေလွှဲဖြစ်အောင် လွှဲပါ။ နေ့လည် ဖုန်းပြန်ဆက်မယ်ဆိုပြီး ဖုန်းချသွားတယ်။

“နောက်တစ်ကြိမ် ဖုန်းလာတော့ မိဘတွေက အဲဒါလိမ်နေတာ သတိထား သမီးရေလို့ ဘေးကနေ ပြောသံကြားရော ဖုန်းချသွားတယ်။ ကျွန်မဆီ ဆက်သွယ်လာတဲ့ ဖုန်းပြန်ဆက်တော့ ရန်ကုန်က P.C.O ဖုန်းပါလို့ ပြန်ဖြေပြီး ဆက်သွယ်သူရဲ့ နာမည်ကို မသိဘူးလို့ပြောတယ်”ဟု မုံရွာမြို့ခံတစ်ဦးက သူ၏ အတွေ့အကြုံကို ပြောသည်။ “မင်းရွာမှ အော်တိုတယ်လီဖုန်း တပ်ဆင်ပြီး တစ်ပတ်အတွင်းမှာ တယ်လီဖုန်း ပိုင်ရှင် သုံးဦးက ငွေလိမ်ဖို့ ကြိုးစားသူတွေရှိတယ်၊ ကံစမ်းမဲပေါက်လို့ ရေခဲသေတ္တာတွေ၊ ရွှေရောင်နာရီတွေ၊ အီးဗီဒီစက်တွေ ပေါက်တယ်ဆိုပြီး ထီထိုးခိုင်းတာ။

မြို့ပေါ်မှာ ဒီနည်းတွေနဲ့ ငွေလိမ်တာတွေ ရှိတယ်ကြားလို့ သူတို့ပေးမယ့် ပစ္စည်းတွေလည်း မမက်ဘူး၊ ထီလည်း မထိုးဘူး။ ပြောလွှတ်လိုက်ကြလို့ တစ်ယောက်မှ အလိမ်မခံရဘူး။ ဆက်သွယ်တဲ့သူက P.C.O ဖုန်းနဲ့ဆက်သွယ်ပြီး ဖုန်းနံပါတ်နဲ့လူအမည် အတိအကျ ဆက်သွယ်တာ။ ဖုန်းကိုင်တဲ့သူက အမျိုးသမီး ဆိုရင် ယုံအောင် ပြောပြီးလိမ်တော့တာပဲ”ဟု မုံရွာမြို့နယ် မင်းရွာကျေးရွာဒေသခံ အော်တိုတယ်လီဖုန်း ပိုင်ရှင်တစ်ဦးက ပြောကြားခဲ့ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။