20 March 2010

မြန်မာနိုင်ငံ၏ ပထမဦးဆုံး ဘီကီနီ ဖက်ရှင်မယ် ပြိုင်ပွဲ ကို ငွေဆောင်၌ကျင်းပမည်...

NS
ဆယ်နှစ်ပြည့်ငွေဆောင် ကမ်းခြေ ပျော်ပွဲ၊ရွှင်ပွဲ လက်ကမ်း ကြော်ငြာ


ငွေဆောင် ကမ်းခြေ ဆယ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ငွေဆောင် ဇုန် ဟိုတယ် လုပ်ငန်း ရှင်များ အသင်းကကြီးမှုးပြီး ငွေဆောင် ကမ်းခြေ ၁၀ နှစ် ပြည့် အထိမ်း အမှတ် အခမ်းအနား ကို မတ် ၂၅ရက်မှ ၂၈ရက်
အထိ ကျင်းပ မည်ဟု ငွေဆောင် ရှိ Myanmar Treasure Resort မှ ၀န်ထမ်းတစ်ဦးကFreedom News Group သို့ ပြောသည်။



ဆယ်နှစ်ပြည့် အခမ်းအနားတွင် သဲသောင်ပြင် ဘောလုံး ပြိုင်ပွဲများ၊ ဓာတ်ပုံ ပြိုင်ပွဲ များ၊ စတိတ်ရှိုး
အစီအစဉ် များအပြင် Miss Ngwe Saung 2010 အမည်ရှိ Bikini Contest ပြိုင် ပွဲ တစ်ခုကိုလည်း
ထည့်သွင်း ကျင်းပမည် ဖြစ်သည်။



Miss Ngwe Saung 2010 ကို မတ်လ ၂၆ ရက်နေ့ တွင်ကျင်းပမည် ဖြစ်ပြီး Beach Music Festival ကို
မတ်လ ၂၇ ရက်နေ့ တွင် ကျင်းပမည် ဖြစ်သည်။ ကမ်းခြေဂီတ ပွဲတော်တွင်စိုင်းစိုင်းခမ်းလှိုင်၊သြရသ ၊ချမ်းချမ်း၊ဂျင်းနီ နှင့် DJ Wine တို့ ကဖျော်ဖြေကြမည် ဖြစ်သည်။



ငွေဆောင်ကမ်းခြေတွင် နှစ်စဉ် ဒီဇင်ဘာ လ နှင့် ဧပြီလများဉ် ဖျော်ဖြေပွဲ နှင့် ဖက်ရှင်ပွဲများ ကျင်းပသော်
လည်းရေကူးဝတ် စုံ နှင့် ပြိုင်ပွဲမှာ ယခု ပထမ ဦးဆုံးအကြိမ်ဖြစ်သည်။ ငွေဆောင်ကမ်းခြေသည့် ၂၀၀၈
ခုနှစ် နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက် ပိုင်းမှ စ၍ ခရီးသွားများ လာရောက်မှုနည်းသွားသဖြင့် စိတ်
ဝင်စားဖွယ်ရာဖျော်ဖြေရေးများ တွဲဖက်၍ ခရီးသွားများကို စွဲဆောင်ကြရသည် ဟု ငွေဆောင် ရှိ ဟိုတယ်
မန်နေဂျာ တစ်ဦး ကသို့ ပြောသည်။



လက်ရှိ ထိုင်းနိုင်ငံ ၏ နိုင်ငံရေး ဂယက်ကြောင့် မြန်မာ နိုင်ငံသို့ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသွား ဧည့်
သည် ၀င်ရောက် နှုန်း နဲပါးသွားသည် ဟု သိရသည်။



ဆက်စပ်သတင်း(ချောင်းသာ နှင့် ငွေဆောင် ကမ်းခြေဟိုတယ် အချို့  လိင်ဖျော်ဖြေရေးများ ဖြင့်


ခရီးသွားများအား စွဲဆောင်)



သတင်းရင်းမြစ် .. Freedom News Group

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရပ်တည်ရေး နည်းလမ်းများ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအတွင်း တင်ပြဆွေးနွေး


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီအတွင်း ပါတီဆက်လက်ရှင်သန်ရပ်တည်ရေး ကိစ္စများကို ပြီးခဲ့သည့် တနင်္လာနေ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် ဆွေးနွေးကြကြောင်း သိရသည်။




အဆိုပါ ဗဟိုအလုပ်အမှုဆောင် ပုံမှန်အစည်းအဝေးတွင် ကျန်းမာရေးအခြေအနေအရ အစည်းအဝေးမတက်ရောက်နိုင်သည်မှာ ကြာပြီဖြစ်သည့် အန်အယ်လ်ဒီ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ရောက်ကြောင်း ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးအုန်းကြိုင်က ပြောသည်။




“ဥက္ကဋ္ဌ ဦးအောင်ရွှေကိုယ်တိုင် အဲဒီနေ့က အစည်းဝေးတက်ပါတယ်။ ဗဟိုအလုပ်အမှုဆောင်ကော်မတီအပြင် ဗဟိုအလုပ်ကော်မတီဆိုတာ ရှိပါတယ်။ အဲဒီနေ့က ဗဟိုအလုပ်အမှုဆောင်အဖွဲ့နဲ့ ဗဟိုအလုပ်ကော်မတီထဲက အဖွဲ့ဝင်တချို့ပါ အစည်းဝေးတက်ပါတယ်” ဟု ၄င်းကပြောသည်။




အဆိုပါအစည်းအဝေးတွင် ပါတီမှတ်ပုံတင်ရေးကိစ္စနှင့်ပတ်သက်၍ ဦးအောင်ရွှေက အကြံပြုတင်ပြခဲ့သည်ဟု သိရသည်။




“ဥက္ကဋ္ဌက အဲဒီနေ့မှာ အစည်းဝေး စစချင်းပဲ ကျနော်တို့က ဒီနေ့ကတော့ ပုံမှန်ကိစ္စတွေအပြင် ပါတီမှတ်ပုံတင်တဲ့ကိစ္စ၊ ပါတီဥပဒေနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးကြရအောင်ပါလို့ ပြောတယ်။ အကြံပြုချက်တခုပြောတယ်။ ဗဟို ဥပဒေအထောက်အကူပြုအဖွဲ့က အခု ဥပဒေနဲ့ပတ်သက်လို့ ကျနော်တို့မှာ နစ်နာချက်တွေဘာတွေရှိရင် အဲဒီနစ်နာချက်တွေကို ကျနော်တို့ ဗဟိုဥပဒေ အထောက်အကူပြုအဖွဲ့ကနေ ဘယ်လိုလုပ်ရင် ကောင်းမလဲလို့ စဉ်းစားပါတဲ့။ လုပ်နိုင်တဲ့ နည်းလမ်းတွေကို အကြံဉာဏ်တွေနဲ့ ကျနော်တို့ဆီ တင်ပြပါလို့ပြောတယ်။ တဆက်တည်းမှာ ပါတီကို မှတ်ပုံတင်ရင် ကောင်းမလားလို့ အကြံပြုပါတယ်။ သူ့အဆိုကပေါ့ဗျာ အမှုကိစ္စတွေ ဘာတွေ ရုံးတင်ဖို့ အမှုရင်ဆိုင်ဖို့ရှိနေတော့ ဒါတွေကို လုပ်ဖို့အတွက် ပါတီဆိုတာရှိနေဖို့ လိုအပ်မနေဘူးလား ဆိုပြီး သူကတင်တာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။




ယင်းသို့ ဦးအောင်ရွှေက ပါတီမှတ်ပုံတင်ရေးကိစ္စ အကြံပြုတင်ပြချက်ကို (CEC)အဖွဲ့ဝင်အချို့က ပြန်လည်ဆွေးနွေးတင်ပြချက် ရှိကြောင်း၊ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ပါတီကထုတ်ပစ်ပြီးမှ ပါတီမှတ်ပုံတင်ခွင့်ရမည့် အခြေအနေဖြစ်နေသည်ကို လက်ခံနိုင်စရာ အကြောင်းမရှိကြောင်း ပြောဆိုကြသည်ဟု သိရသည်။




“ဥပဒေအတိုင်း လိုက်နာရမယ်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်ထုတ်ပစ်ရမယ်၊ ဒါဆိုမလျော်ညီဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ပြီးမှ ကျနော်တို့က သွားပြီး မှတ်ပုံတင်ရမယ့်သဘောဖြစ်နေတယ်။ အဲဒါကိုတော့ ဘယ်လိုမှ လက်ခံလို့မရနိုင်ဘူးလို့ ကျနော်တို့က ဆွေးနွေးကြပါတယ်။ တချို့ကလည်း ပါတီမှတ်ပုံတင်ဖို့ စဉ်းစားသင့်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံရေးမှာ နောင်လာနောက်သားတွေကလည်း ဆက်လက်ပြီး ဒီပါတီကို သယ်ဆောင်ပြီးတော့ လုပ်သွားကြမှာတွေ ရှိတယ်ပေါ့။ အဲလို ပြောကြတာတွေလည်းရှိတယ်” ဟု ဦးအုန်းကြိုင်က ပြောသည်။




ယခုကဲ့သို့ ပါတီတွင်းဆွေးနွေးကြခြင်းမှာ သဘောထားကွဲပြားခြင်း မဟုတ်ကြောင်း၊ ဆုံးဖြတ်ရမည့်ကိစ္စအတွက် နည်းလမ်းများကို ဆွေးနွေးစဉ်းစားကြခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။




“ဘာလုပ်ရမယ်ဆိုတာကို အသေဆုပ်ပြီးပြောကြတာ မဟုတ်ပါဘူး။ တချို့က မှတ်ပုံတင်မလားလို့ စဉ်းစားတဲ့အခါ ကျနော်တို့ကလည်း မှတ်ပုံတင်ရင် ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမှာ။ ကျနော်တို့ပြောတာက ဥပဒေကို ပြောနေတာ။ ဒီဥပဒေကို ပြင်လို့မရတော့ဘူးလား၊ ဒါကိုမပြင်ဘဲနဲ့ ဒီလိုပဲ ထုတ်ပစ်ရတော့မှာလားဆိုတာကို နည်းလမ်းတွေ စဉ်းစားကြတာပါ။ တချို့က သူ့ဘာသာဖျက်ရင် ဖျက်ပစေပေါ့ဗျာ။ ဒေါ်အောင်ဆန်းစုကြည် နာမည်ထည့်တင်လိုက်မယ်ဆိုတဲ့ သူတောင်ရှိသေးတယ်။ ဒီလိုပဲ စဉ်းစားကြတာပါ။ ဒီဥပဒေအပေါ်မှာ အမျိုးမျိုးတုံ့ပြန်ကြတဲ့သဘောပေါ့” ဟု ဦးအုန်းကြိုင်က ရှင်းပြသည်။




လာမည့် မတ်လ (၂၉) ရက် ဗဟိုဦးစီးအဖွဲ့အစည်းအဝေးတွင် ပိုမိုကျယ်ပြန့်သည့် ဆွေးနွေးမှုများနှင့် သဘောထားများရယူကာ ပါတီရပ်တည်ရေးကိစ္စကို ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရသည်။




အန်အယ်လ်ဒီပါတီ မှတ်ပုံတင်ရေးကိစ္စနှင့်ပတ်သက်၍ ဥက္ကဋ္ဌ ဦးအောင်ရွှေ စဉ်းစားသည့် နည်းလမ်းရှိသကဲ့သို့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်ကလည်း ပါတီမှတ်ပုံမတင်ရေးကို အဆိုပြုကြောင်း သိရသည်။




အဆိုပါကိစ္စနှင့်ပတ်သက်၍ ခေတ်ပြိုင်က မေးမြန်းရာတွင် ဦးဝင်းတင်က “ကျနော်ကတော့ မှတ်ပုံမတင်ဖို့ကို အဆိုပြုချင်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ရမှာကို ကျနော်လက်မခံဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ပစ်ဖို့ စစ်အစိုးရလုပ်နေတာ တလျှောက်လုံး ၁၉၉၀ နောက်ပိုင်းကတည်းက လုပ်လာတာ။ အခု ဒီလိုင်းကိုပဲ ပြန်ဖော်ပြန်ပြီ။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်လည်းမဖြစ်သေးဘူး။ ကျနော်တို့ကလည်း ကန့်ကွက်တဲ့ဟာနဲ့ ဒီလိုအတည်မဖြစ်သေးတဲ့ အခြေခံဥပဒေနဲ့ ကျနော်တို့ကိုပြန်ပြီး ခံဝန်ချက်တွေနဲ့ ဒီအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့ မလိုအပ်ဘဲလုပ်တာဟာ ကျနော်တို့ဦးကျိုးအောင် နိုင်ငံရေးသိက္ခာကို ပျက်အောင်လုပ်တာပဲ။ ဒီနှစ်ချက်နဲ့ ကျနော်တို့ လက်မခံနိုင်ဘူး” ဟု ပြောသည်။




ပါတီတည်မြဲရေးကို လိုလားသော်လည်း ယခုပါတီတည်မြဲရေးပုံစံသည် နိုင်ငံရေးမရှိဘဲ စစ်အစိုးရခိုင်းတာလုပ်ရမည့် ပုံစံဖြစ်နေသဖြင့် လက်မခံနိုင်ကြောင်း၊ သို့သော် တတ်နိုင်သမျှ ညီညီညွတ်ညွတ်နှင့် တသဘောတည်းဖြစ်စေရန် ဆုံးဖြတ်ကြမည်ဖြစ်ကြောင်း ဦးဝင်းတင်က ပြောကြားသည်။




“ကျနော်က ပါတီကို မကွဲစေချင်ဘူး။ မှတ်ပုံမတင်လည်း တသံတည်း၊ မှတ်ပုံတင်မယ်ဆိုလည်း တသံတည်းဖြစ်ဖို့ကောင်းတယ်။ အဲလိုမှ မဖြစ်ဘူးဆိုရင်တော့လည်း မဲခွဲတာတွေ ဘာတွေ ရောက်လာမှာပဲ၊ အရေးကြီးဆုံးကတော့ ပါတီမှာ ကျနော်ကတော့ နိုင်ငံရေးရှိစေချင်တယ်။ ပါတီမရှိတောင်မှ နိုင်ငံရေးတော့ ရှိသင့်တယ်” ဟု ၎င်းက ပြောသည်။




နအဖစစ်အစိုးရက မတ်လ (၈) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီထောင်လိုသူများသည် ထောင်ဒဏ်ကျခံနေရသူ မဖြစ်စေရဟု အတိအလင်းဖော်ပြထားပြီး ထောင်ဒဏ်ကျခံနေရသူများသည် ပါတီဝင်ဖြစ်ခွင့်မရှိဟု ဖော်ပြထားသည်။




ထို့အပြင် ထောင်ကျသူကို ပါတီဝင်အဖြစ်မှ ထုတ်ပယ်ခြင်းမပြုပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကို ပယ်ဖျက်၍ ပါတီကို ဖျက်သိမ်းရမည်ဟုလည်း ဖော်ပြထားသည်။




ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာနိုင်ငံတွင် ယခုနှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုထားပြီး အားလုံးပါဝင်သော လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်ရန် နအဖစစ်အစိုးရအား တောင်းဆိုလျက်ရှိသည်။



သတင်းရင်းမြစ်..ခေတ်ပြိုင်

မြန်မာအမျိုးသမီးကို နှိပ်စက်မှုဖြင့် စင်္ကာပူအိမ်ရှင် ထောင်ဒဏ်ကျ (၄)လချမှတ်ခံလိုက်ရ


စင်္ကာပူ အလုပ်ရှင် Peck Choon Khim (ဓာတ်ပုံ - Straits Times)

မြန်မာ အမျိုးသမီး တဦးကို နှိပ်စက်မှုဖြင့် စင်္ကာပူ အလုပ်ရှင် တဦးကို စင်္ကာပူရှိ တရားရုံးတခုက ယနေ့ ထောင်ဒဏ် ၄ လ ချမှတ် လိုက်ကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။
၂၀၀၈ ခုနှစ်က စင်္ကာပူ အလုပ်ရှင် Peck Choon Khim ထံတွင် ကလေးထိန်း အဖြစ် အလုပ်ဝင်ချိန်မှ စတင်ပြီး ၁၅ ကြိမ်တိုင်တိုင် နှိပ်စက် ခဲ့ကြောင်း၊ ၂၀၀၉ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် ရေနွေးအိုးဖြင့် ရိုက်နှက် ခံရကြောင်း မမိုးသန္တာလင်းက တရားရုံးတွင် ထွက်ဆို ခဲ့သည်ဟု သိရသည်။

တရားရုံး၏ ဇန်န၀ါရီလ အပြီးသတ် ကြားနာမှုတွင် အိမ်ရှင်၏ ရှေ့နေက ပြစ်ဒဏ် လျှော့ပေါ့ပေးရန် ရုံးတော်အား လျှောက်ထား ခဲ့သည်။ ထို့အပြင် ရှေ့နေက အသက် ၂၄ နှစ်အရွယ် မမိုးသန္တာလင်းသည် အလုပ်စ၀င်သည့် အချိန်မှစ၍ အသက် ၄၁ နှစ်အရွယ်ရှိ အလုပ်ရှင်ကို အာခံ ပြောဆိုပြီး အရိုအသေ တန်ခဲ့ကြောင်း၊ အိမ်ရှိ ၁၈ လနှင့် ၃နှစ် အရွယ် ကလေးများအား ထိန်းကျောင်းရာတွင် ကူညီခြင်း မရှိခဲ့ကြောင်း လျှောက်ထားခဲ့သည်ဟု ဆိုသည်။

ခရိုင်တရားသူကြီး Ronald Gwee က အလုပ်သမားကို မကြိုက်ပါက အလုပ်မှ ထုတ်ပစ်နိုင်ကြောင်း၊ မည်သည့် အလုပ်ရှင်ကမှ အလုပ်သမားကို ကိုယ်ထိလက်ရောက် ရိုက်နှက်ခွင့် မရှိကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

ဤအမှုမျိုးအား စင်္ကာပူနိုင်ငံ ဥပဒေအရ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်နိုင်သည်ဟု သိရသည်။ စင်္ကာပူ အလုပ်ရှင်အပေါ် စွဲဆိုထားသည့် စွဲချက် ၄ ခု ရှိရာ တခုချင်းစီအတွက် စင်္ကာပူ ဒေါ်လာ ၇၅၀၀ အထိ ဒဏ်ရိုက် နိုင်ကြောင်း Straits Times သတင်းစာတွင် ဖော်ပြထားသည်။


သတင်းရင်းမြစ်..ဧရာဝတီ

ရန်ကုန်မြို့ လုံခြုံရေး တင်းကျပ်မှု မြင်ကွင်း...





ရွေးကောက်ပွဲ ဥပဒေများ ထုတ်ပြန်ပြီးနောက် ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ အလုံးအရင်းဖြင့် ချထားသည်။ (ဓာတ်ပုံများ - AP)



ထိုင်းဘုရင့်သမီး မဟာချက်ကရီသီရိဒုံရဲ့ မွန်ပြည်နယ်ခရီးစဉ်...

ရွေးကောက်ပွဲ မှတ်ပုံတင်ရေး နိုင်ငံရေးအသိုင်းအ၀န်း ရှင်းလင်းမှုမရှိ



ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို အစိုးရက ကြေညာလိုက်ပြီ ဖြစ်ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ပတ်သက်လို့ မရှင်းလင်းတာတွေကြောင့် ရွေးကောက်ပွဲဝင်ဖို့ လိုလားသူတွေ ပါတီမှတ်ပုံတင်ဖို့ အခက်ကြုံနေပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲဥပဒေပါ အကန့်အသတ်တွေကြောင့် အရင်တုန်းက ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်ခဲ့သူတွေအဖို့ ပါတီထောင်ဖို့ တွန့်ဆုတ်နေကြပါတယ်။ အကြောင်းစုံ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းထားပါတယ်။



မြန်မာအစိုးရ သတင်းစာတွေထဲမှာတော့ အချပ်ပို ဆိုပြီးတော့ နိုင်ငံရေးပါတီများဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို စပြီးကြေညာနေပါပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ငန်းတွေ မစနိုင်သေးတာကြောင့်ရော၊ သတင်း အချက်အလက်တွေ ရှုပ်ထွေးနေတာကြောင့်ရော နိုင်ငံရေးပါတီ မှတ်ပုံတင်ဖို့ကိစ္စတွေမှာ နှောင့်နှေးနေရတယ်လို့ ဒီမိုကရက်တစ်ပါတီ ဆိုပြီး နိုင်ငံရေးပါတီတခုထောင်ဖို့ ပြင်နေတဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့သမီး ဒေါ်သန်းသန်းနု က ပြောပါတယ်။



"မှတ်ပုံတင်လို့ရပြီဆိုတာ မနေ့တုန်းက တခါ မြန်မာ့ရုပ်မြင်သံကြားမှာပြောသွားတော့ သူက ဗဟိုကို ဆက်သွယ်နိုင်တယ်တဲ့၊ နေပြည်တော်ကို။ ဒါပေမဲ့ ကျမတို့ စာအုပ်လေးတွေ ထွက်တာကို ဖတ်ကြည့်တော့လည်း သူက ဒီမှာ တိုင်းဒေသအလိုက် ပေါ့လေ။ ရန်ကုန်ဆိုလည်း ရန်ကုန်၊ အဲဒီမှာ ရုံးခွဲလေးတွေ ဖွင့်ပေးမယ်ဆိုတာ တွေ့ရတယ်။ တွေ့တော့ ကျမတို့က လိုက်ပြီး စုံစမ်းနေတယ်။ ဘယ်နားမှာမှန်းလည်း မသိဘူး။"



အဲဒီတော့ အန်တီတို့က နေပြည်တော်အထိ သွားမလား၊ အဲဒါကို စောင့်မလား။ -


"ကျမတို့ကြည့်ဦးမယ် အခုတော့။ ရှေ့အပတ်ထဲမှာတော့ ကျမတို့ ဆုံးဖြတ်ချက် ချရမယ်။ ဘာဖြစ်လို့လဲဆိုတော့ တော်ကြာကျတော့ ပေးထားတဲ့ရက်နဲ့ အကန့်အသတ်ကလည်း ရှိတယ်ဆိုတော့ ကျမတို့က အဲဒီမှာ သွားတင်တာနဲ့လည်း ကျမတို့က ပါတီဖြစ်ဦးမှာမဟုတ်ဘူး။ သွားတင်ပြီးတော့ သူတို့က စိစစ်ဦးမယ်လေ။ စိစစ်မယ်ဆိုတာက ကျမထင်တာက ဒီလူက တကယ်နိုင်ငံသားဖြစ်လား၊ သူတို့ ဥပဒေအတိုင်း ပြီးပြည့်စုံလား အဲဒါတွေ ကြည့်ဦးမယ်။"



တခြား ငွေကြေးနဲ့ပတ်သက်လို့ရော ဥပမာ မှတ်ပုံတင်စရိတ်တို့၊ ကိုယ်စားလှယ်လောင်း ကိစ္စ အဲဒါတွေရော ဘယ်လိုရှိလဲ။ -



"မှတ်ပုံတင်ကြေးက သုံးသိန်းတဲ့။ ပြီးတော့ အမတ်လောင်းကတော့ ငါးသိန်းတဲ့ တယောက်ကို။ အဲဒီတော့ ကျမတို့က ငါးသိန်းဆိုတာကတော့ နည်းနည်းတော့ များတာပေါ့နော်။"



အခု ကျနော်တို့ ကြားနေတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းတို့၊ နောက် တခြား ၀န်ကြီးဌာနက ၀န်ကြီးတွေ။ သူတို့ကလည်း ပါတီတွေဖွဲ့မယ်လို့ သတင်းတွေ ထွက်နေတော့ သူတို့ရဲ့ လှုပ်ရှားမှုရော။ သူတို့ရော နိုင်ငံရေးပါတီဖွဲ့တာတွေ လုပ်နေပြီလား။ -




"သူတို့အတွက်ကတော့ လွယ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အကုန်လုံး ငွေအားဖြင့်သော်လည်းကောင်း၊ လူအားဖြင့်သော်လည်းကောင်း ပေါ့နော်။ အကုန်လုံးက အင်အားကရှိပြီးသားလေ။ တနိုင်ငံလုံး အတိုင်းအတာနဲ့တော့ ကျမတို့က အမတ်လောင်းဝင်ချင်တာပေါ့။ ဒါပေမဲ့ ငွေ ငါးသိန်းဆိုတော့လည်း ကျမတို့ဘက်က ဘယ်လိုဖြစ်မလဲ မပြောတတ်ဘူး။"



တချိန်တည်းမှာပဲ အရင်က ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားထားသူတွေဟာ ရွေးကောက်ပွဲ ဥပဒေကြောင့် နောက်တွန့်သွား ရပါတယ်။ ကိုဖြိုးမင်းသိန်း ဟာ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ ၀င်ကြဖို့အတွက်ဆိုပြီးတော့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ရန်ကုန်မှာ မြန်မာ့အရေး နှီးနှောဖလှယ်ပွဲတရပ်ကို ကျင်းပခဲ့တဲ့သူပါ။ ဒါပေမဲ့ အခုတော့ ရွေးကောက်ပွဲဥပဒေကြောင့်မိုလို့ နိုင်ငံရေးပါတီထောင်ဖို့ ပြန်ပြီးစဉ်းစားနေရပြီလို့ သူက ဆိုပါတယ်။


"၂၉၊ ၃၀ မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဆွေးနွေးမယ့်အခြေအနေကို စောင့်ကြည့်ချင်တယ်။ အဲဒီရဲ့နောက်ပိုင်းကျမှပဲ register လုပ်ရေးကိစ္စကို ဆောင်ရွက်မယ်လို့ ဆုံးဖြတ်ထားတယ်။"


ဘာဖြစ်လို့လဲခင်ဗျ။ -


"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ၂၀၁၀ ဖြတ်သန်းမှုမှာ ပါဝင်စေချင်တယ်။ အဲဒီအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပါဝင်လာနိုင်ဖို့ဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ခေါင်းဆောင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် လက်ရှိအကျပ်အတည်းက ပြေလည်နိုင်လိမ့်မယ်လို့ ကျနော် ထင်လို့။"


ဒေါ်သန်းသန်းနုကိုတော့ မေးကြည့်ပါတယ်။ သူတို့ ပါတီမှတ်ပုံတင်နဲ့ပတ်သက်လို့ သူတို့မှာ ရှင်းရှင်းလင်း မသိသေးဘူးလို့ ပြောပါတယ်။ နေပြည်တော်မှာ သွားလုပ်ရမလား။ ဒီဘက်မှာပဲ ရုံးတွေဖွင့်ပေးမလား ဆိုတာ မှတ်ပုံတင်တဲ့ကိစ္စနဲ့ ပတ်သက်လို့ တကယ်တမ်း ရွေးကောက်ပွဲဝင်မယ့်သူတွေကြားထဲမှာ ရှင်းရှင်းလင်းလင်း ရှိကြပြီလား။ -



"အခုချိန်ထိ ရွေးကောက်ပွဲကော်မရှင်တွေကို ဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို သူတို့ဘက်က တိတိကျကျ ဘာမှ မထွက်သေးဘူး။ အခုဗျာ ဗဟိုကော်မရှင် ရုံးတရုံးကို ပြည်ထောင်စုကော်မတီ ရုံးတရုံးကို နေပြည်တော်မှာ ဖွင့်တယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ အဲဒီရုံးကို အများပြည်သူ ဆက်သွယ်လို့ရပြီလား၊ မရဘူးလားဆိုတဲ့ အဖြေတောင် ကျနော်တို့ မသိရသေးဘူးပေါ့နော်။"


အဲဒီတော့ တခြား နိုင်ငံရေးပါတီဖွဲ့ဖို့အတွက် လှုပ်ရှားမှုတွေ ပြင်ဆင်မှုတွေရော တွေ့ရလား။ -


"နိုင်ငံရေးပါတီတွေ ထူထောင်မယ်ဆိုတဲ့ လက္ခဏာတွေတော့ ရှိနေတယ်။ ဒါပေမဲ့ အားလုံးက အခု ရွေးကောက်ပွဲဥပဒေက နည်းနည်း တင်းကြပ်တဲ့သဘောထားတွေ ရှိနေတော့ အားလုံးက ဒီအပေါ်မှာ စဉ်းစားနေကြတယ်။ တင်းကြပ်တဲ့ သဘောထား ဆိုတာကတော့ဗျာ ဥပမာ - အကျဉ်းကျခံနေရတဲ့သူတွေ မပါရတဲ့ အခြေအနေမျိုး၊ လက်ရှိ အကျဉ်းကျခံနေတဲ့အထဲမှာ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ တော်တော်များများက ဒီအထဲမှာရှိနေကြတယ်။ ဥပမာ - ရှမ်းပြည်နယ်ဆိုလို့ရှိရင် ဦးခွန်ထွန်းဦး က အထဲထဲမှာရောက်နေတယ်။ ဦးခွန်ထွန်းဦး ပါတီက ဆက်လက်ရှင်သန်နိုင်ဖို့အတွက်ဆိုရင် ဦးခွန်ထွန်းဦး ရှိဖို့လိုအပ်တာပေါ့ဗျာ။"


အခုဟာက ရွေးကောက်ပွဲဥပဒေ ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ရွေးကောက်ပွဲဝင်မယ့်သူတွေတောင် ပြန်ပြီးတော့ စဉ်းစားလာရတဲ့သဘော ဖြစ်နေတာလား၊ ဒါဆိုရင်။ -


"ဟုတ်ပါတယ်။ ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သူတွေတောင် အခုလက်ရှိအခြေအနေကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ဘာမှမပေါ်သေးတဲ့အတွက် ဘာဆက်လုပ်ရမလဲဆိုတဲ့ အခြေအနေကို အားလုံးက စောင့်ဆိုင်းပြီး အခြေအနေတခုကို သုံးသပ်နေကြတဲ့သဘောပေါ့နော်။"


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ သူတို့အနေနဲ့ နိုင်ငံရေးပါတီအဖြစ် ဆက်လက် မှတ်ပုံတင်မတင် အခုမတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ တခြား တရားဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ တချို့ကတော့ အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲကို လက်မခံနိုင်တာကြောင့် နိုင်ငံရေးပါတီအဖြစ် ဆက်ပြီး မှတ်ပုံတင်မှာမဟုတ်ဘူးလို့ ပြောထားကြပါတယ်။



သတင်းရင်းမြစ်..VOA


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ် ကရွေးကောက်ပွဲ ဥပဒေကြောင်းအရ စိန်ခေါ်မည်..




စစ်အစိုးရက ထုတ်ပြန်နေတဲ့ ရွေးကောက်ပွဲဥပဒေတွေဟာ တရား မျှတမှု မရှိတဲ့အတွက် တရားရုံးဆီ တိုင်ကြားခြင်းအပါအဝင် ဥပဒေကြောင်းအရ စိန် ခေါ်မှုတွေကို ဆက်လုပ်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြောဆိုလိုက် ပါတယ်။


ဒီနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ပါရှိလာတဲ့ ပါတီများမှတ်ပုံတင် နည်းဥပေဒနဲ့ ပတ်သက်ပြီး မေးမြန်းစဉ် ပြန်ကြားရေးအဖွဲ့ဝင်လည်းဖြစ် ဥပဒေ အ ထောက်အကူပြု အဖွဲ့ဝင်တဦးလည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက အခုလို တုံ့ပြန်ခဲ့တာပါ။ ဒီကိစ္စအတွက် ဦးတင်ဦးခေါင်းဆောင်တဲ့ ဥပဒေအထောက်ကူပြုအဖွဲ့က ဒီ နေ့ အစည်းအဝေးလုပ်ဆုံးဖြတ်ခဲ့ပြီး မကြာခင်မှာ တရားရုံးဆီတင်တော့မှာ ဖြစ် တယ်လို့ အန်အယ်လ်ဒီပါတီ ပြန်ကြားရေး အဖွဲ့ဝင်လည်းဖြစ်၊ ဗဟိုဥပဒေ အ ထောက်အကူပြုအဖွဲ့ဝင်လည်း ဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောကြားခဲ့ပါတယ်။


“ဒီဥပဒေ ထွက်လာတဲ့အခါမှာ ကျနော်တို့ ဘာမှ သီးခြား ထပ်ပြောစရာ မရှိဘူး။ စကတည်းက ပါတီ မှတ်ပုံတင်ခြင်း ဥပဒေက တရားမျှတမှု မရှိဘူး။ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ မကိုက်ညီဘူး။ ပါတီ တခု ပုဂ္ဂိုလ်တဦးအပေါ်မှာ ထိခိုက်အောင် ရည်ရွယ်တယ်လို့ ထင်စရာ ရေးသားချက်တွေ ပါတယ်။ ဒါကြောင့် တိုင်းပြည်ရဲ့ ဂုဏ် သိက္ခာလည်း ထိခိုက်တယ်။ ဥပဒေရဲ့ ဂုဏ်သိက္ခာလည်း ထိခိုက်တယ်။ ဒါ ကျနော်တို့ ပြောပြီးသားပါ။”

သတင်းရင်းမြစ်...DVB

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏နေအိမ်သည် အရေးပေါ်ပြင်ဆင်ရန်လိုအပ်..

နေအိမ်အကျယ်ချုပ်ကျနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပြင်တာကို ရပ်ထားရတဲ့အပြင် ခြံစည်းရိုးလည်း ပြိုကျ ပျက်စီးနေလို့ အရေးပေါ်ပြင်ဆင်ဖို့ လိုနေပါတယ်လို့ သူ့ရဲ့ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြားပါတယ်။ တက္ကသိုလ်ရိပ်သာလမ်းဘက်က ခြံစည်းရိုး ပြိုကျပျက်စီးနေပုံကို ဦးဉာဏ် ဝင်း က ခုလို ပြောပြပါတယ်။


“အဲဒီဝါးကပ်တွေက ကြာတော့ ဆွေးမြည့်နေပြီ၊ ပျက်စီးနေပြီ၊ ခြုံနွယ်ပိတ် ပေါင်းတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါကို ပြန် လည် ပြင်ဆင်လိုတယ်ဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်တွေ၊ လုံခြုံရေး တာဝန် ယူတဲ့ လူတွေကို ပြောပါတယ်။ အဲဒီကိစ္စအတွက် လိုအပ်တဲ့ ရေးသားတင်ပြချက် ကျနော် ဒီညနေပဲလုပ်ပြီးတော့ ပြန်လာပါတယ်။”


ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက နေအိမ် လုံခြုံ ရေး အတွက် ပြင်ဆင်မှုတွေ လုပ်တာကို သူ့အစ်ကို ဦးအောင်ဆန်းဦးက တားမြစ်တဲ့ အတွက် ရပ်ဆိုင်းထားခဲ့ရတာပါ။ အမေရိကန်နိုင်ငံသားတဦး အိမ်ထဲကျူးကျော်ဝင်ရောက်မှုကို အကြောင်းပြု ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရ အာဏာပိုင်တွေက နေအိမ်အ ကျယ်ချုပ် ၁၈ လ ချမှတ်ထားတာပါ။ လက်နက်ကိုင်အစောင့်အကြပ်တွေ ရှိနေတဲ့ကြားက ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်ဝင်းထဲကို ကျူးကျော်ဝင်ရောက်သွားခဲ့တဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယတ် ထောကို စစ်အစိုးရက လွတ်ငြိမ်းခွင့်ပေးပြီး အမေရိကန်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။


သတင်းရင်းမြစ် ..DVB

19 March 2010

သားပျောက်၍ မိဘမှာ သောကရောက် .....။




ရန်ကုန်တိုင်း ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်က ကလေးတဦး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပျောက်ဆုံးသွား ပြီး မိဘတွေက သက်ဆိုင်ရာရဲစခန်းကို တိုင် ကြားခဲ့သလို လိုက်လံ ရှာဖွေပေမယ့် ခုချိန် ထိ မတွေ့သေးတဲ့အတွက် စိတ်သောက ရောက်နေရပါတယ်၊ ပျောက်ဆုံးသွားတဲ့ ကလေးက ဒဂုံ မြို့သစ်အရှေ့ပိုင်း ၁၃၃ ရပ်ကွက်မှာ နေထိုင်တဲ့ ဆဌမတန်း ကျောင်းသား မောင်လွင်မျိုး ဖြစ်ပြီး ကျောင်းသွားရင်း ဖေဖော်ဝါရီလ ၈ ရက်နေ့ က ပျောက်ဆုံး တာလို့ မောင်လွင်မျိုးရဲ့ဖခင် ဦးထွန်းဦးက ပြောပါတယ်၊ မောင်လွင်မျိုးဟာ အသက် ၁၂ ကျော်ပဲ ရှိသေးသလို အတန်းတင် စာမေးပွဲကိုလည်း မဖြေခဲ့ဘူးလို့ ဦးထွန်းဦး က ပြောပါတယ်၊ ပျောက်သွားတဲ့သားကို ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ ကလေးထိန်းသိန်းရေး စခန်းတွေမှာ လိုက်လံရှာဖွေပေမယ့် အဝမှာသာမေးပြီး ပြန်လာခဲ့ရတာကြောင့် ခု ချိန်ထိ သားကို ရှာမတွေ့သေးဘူး လို့ ဦးထွန်းဦးကပြောပါတယ်၊ “ကျနော့်သားက အိမ်ကိုပြန်မလာတော့ ကျနော်တို့လည်း လိုက်ရှာတယ်၊ သူ့ သူငယ်ချင်း အပေါင်းအသင်းတွေကိုလည်း လိုက်စုံစမ်းတယ်ပေါ့၊ စုံစမ်းတော့ လည်း ဘယ်မှ မရောက်ဘူး၊ ဘယ်မှလဲ ရှာမတွေ့ဘူး၊ လူငယ်သင်တန်းကျောင်း တွေလည်း ကျနော် သွားရှာတယ်၊ နောက် စည်ပင်သာယာ ရဲတပ်ဖွဲ့ကိုလည်း ကျ နော်တို့ ဟံသာဝတီအဝိုင်း အဲဒီမှာလည်း ကျနော်သွားရှာတယ်၊ နောက် ချော် တွင်းကုန်း လူငယ် သင်တန်းကျောင်းမှာလည်း ကျနော်သွားရှာတယ်။ နောက်ပြီး တော့ သီရိမင်္ဂလာဈေးတို့လို ကလေး အလေအလွင့်တွေ အိမ်ပြေးလေးတွေ ရှိတတ် တဲ့ နေရာတွေလည်း ကျနော် လိုက်ရှာတယ်၊ “ဘယ်နေရာမှ ကျနော်မတွေ့ဘူး၊ စုံနေပြီပေါ့လေ။


ကျနော့်ထင်မြင်ချက်နဲ့ ပတ်ဝန်းကျင်က လူတွေပြောတဲ့ စကားအရ စစ်တပ်ထဲမှာပဲ ရှိနိုင်တယ်ပေါ့၊ ကလေး က ဘယ်မှလဲ သွားတတ် လာတတ်တဲ့ ကလေးလည်း မဟုတ်ဘူး၊ မိဘနဲ့ အတူပဲ သွားလာ တယောက်တည်းလည်း မသွားဘူးတဲ့ ကလေး ဖြစ်နေတယ်၊” သားပျောက်တဲ့ နေ့ကတည်းက သက်ဆိုင်ရာရဲစခန်းကို လူပျောက် တိုင် ကြားခဲ့ပေမယ့် ထိထိရောက်ရောက် လိုက်လံ ကူညီပေးတာ မရှိတဲ့အတွက် အတော် လေး စိတ်ဒုက္ခရောက်နေရ တယ်လို့ ဦးထွန်းဦးက ပြောပါတယ်၊ “သူ့အမေဆိုလည်း တော်တော် ခံစားရတယ်ပေါ့လေ။ မအေဆိုတာလည်း အရူးတပိုင်း ဖြစ်နေတာပေါ့။ ကျနော်လည်း အခုထိပေါ့လေ အရူးတပိုင်းပါပဲ။


ကျနော် တို့မှာဘာလုပ်လုပ် သားနဲ့ပတ်သက်တဲ့ အိမ်မှာ အသုံးအဆောင်။ သူကိုင်တဲ့ ပစဏည်း လေးတွေ အကုန်လုံးကို ကျနော်တို့ အုပ်ထားရတယ်၊ ကျနော်တို့မကြည့်နိုင်ဘူး၊ နေ့ရှိသှု မအေလုပ်တဲ့သူက တငိုငို။ ကျနော်က ယောက်ျားဖြစ်ပေမယ့် စိတ်တော့ တက်နိုင်သလေက် ထိန်းတာပေါ့လေ၊ “ကျနော် ရဲစခန်းတိုင်ထားတာလည်း ဘာမှ ထူးခြားချက် မရှိဘူး၊ သူတို့ ဘာမှလည်း လုပ်မပေးဘူး၊ အဲဒါ ကျနော့်အနေနဲ့ ကျနော့်သားပျောက်တာကို ဘယ်လို ကူညီနိုင်မလဲဆိုတဲ့ အကူညီမျိုးကို ကူညီပေးနိုင်မယ့် အဖွဲ့အစည်းမျိုးကိုပဲ ကျနော် အားကိုးပြီး လိုက်ပြီး အကူအညီ တောင်းနေတာ၊” မောင်မျိုးလွင်ပျောက်ဆုံးတာနဲ့ ပတ်သက်လို့ တတ်နိုင်သလောက် ကိုယ် တိုင် လိုက်လံ စုံစမ်းမရတဲ့အဆုံး ကလေးစစ်သားအရေး ကူညီဆောင်ရွက် ပေးနေတဲ့ လမ်းပြကြယ်အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကို အကူအညီတောင်းပြီး မနေ့က အိုင် အယ်လ်အို ရန်ကုန်ရုံးခွဲဆီ တိုင်ကြားထားတယ်လို့ဦးထွန်းဦးက ပြောပါတယ်၊


သတင်းရင်းမြစ်..DVB

ရန်ကုန်တိုင်းရဲမှူး အား စစ်ဘက်အရာရှိဖြင့် ပြောင်းရွှေ ခန့်ထားလိုက်ခြင်း....

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ကုန်ခါနီးကမှ ရန်ကုန်တိုင်း ရဲမှူးအဖြစ် ရာထူးတိုးခန့်အပ်ခြင်းခံရသူ ရဲမှူးကြီး အောင်နိုင်သူအား မန္တလေးမြို့သို့ ပြောင်းရွှေ့လိုက်ပြီး ရန်ကုန်တိုင်းရဲမှူးကြီးအဖြစ် ရခိုင်ပြည်နယ်မှ ပြောင်းရွှေ့လာမည့် ရဲမှူးကြီး အောင်ဒိုင်းအား တာဝန်ယူစေမည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိ တဦးက ပြောဆိုသည်။


ယမန်နှစ်စက်တင်ဘာလက ရန်ကုန်တိုင်း ရဲမှူးကြီး ဖြစ်သူ ရဲမှူးကြီးဝင်းနိုင်သည် ဇနီးဖြစ်သူ၏ အလှပြင်ဆိုင်မှ စတင်သည့် ပြဿနာကြောင့် နေပြည်တော်မှ ခေါ်ယူစစ်မေးခြင်း ခံနေခဲ့ရစဉ် ထွက်ပြေးတိမ်းရှောင် သွားခဲ့သည်။ ရဲမှူးကြီး ၀င်းနိုင်၏ ဇနီးဖြစ်သူ၏ အလှပြင်ဆိုင်ဟု ဟန်ပြထားသည့် အနှိပ်ခန်းတွင် မိန်းကလေး ၀န်ထမ်းများအား မဖွယ်မရာပြုသည့် စစ်ဗိုလ်နှစ်ဦးကို ပိုင်ရှင် ရဲမှူးကြီး ဇနီးက ဖမ်းဆီးအရေးယူစေသည့် ကိစ္စနောက်ပိုင်း ရဲမှူးကြီး ဇနီးအား နေပြည်တော်မှ ခေါ်ယူစစ်ဆေးသည့် ကိစ္စဖြစ်ပွားခဲ့သည်။


ထိုသို့ဖြစ်ပွားပြီးနောက် ရဲမှူးကြီး ၀င်းနိုင်ပါ အခြားသော အာဏာ အလွဲသုံးမှုများ၊ လာဘ်စားသည့် ကိစ္စများဖြင့် ခေါ်ယူစစ်မေးနေစဉ် ထွက်ပြေး လွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။ လက်ရှိ ရန်ကုန်တိုင်း ရဲမှူးကြီး အောင်နိုင်သူမှာ လောင်းကစားမှုများ နှင့်အခြားသော ရာဇ၀တ်မှုများ ကိုနှိမ်နှင်းရာတွင် နာမည်ကောင်းရသူ တဦးဖြစ်သော်လည်း ရန်ကုန်မြို့၏ ရဲမှူးရာထူးကို စစ်တပ်မှ ပြောင်းရွှေ့လာသူကိုသာ ခန့်အပ်လိုသည့် အထက်လူကြီးများ၏ ဆန္ဒအရ ရွှေ့ပြောင်းလိုက်ခြင်း ဖြစ်သည်ဟု ရန်ကုန်မြို့မှ ရဲအရာရှိက ပြောဆိုသည်။


ယခုရန်ကုန်တိုင်းရဲမှူးအဖြစ် တာဝန်ယူမည့် ရဲမှူးကြီး အောင်ဒိုင်းမှာ မဆလ အစိုးရ လက်ထက်တွင် စစ်ထောက်လှမ်းရေး တွင်ဗိုလ်ကြီး အဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၈၃ခုနှစ် ဗိုလ်ချုပ်တင်ဦးနှင့် ပြည်ထဲရေးဝန်ကြီး ဦးဘိုနီတို့အား ဖြုတ်ချသည့် အချိန်က ထောက်လှမ်းရေးမှ ခြေလျင်တပ်သို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရပြီး နအဖ အစိုးရလက်ထက်တွင် ပြည်သူ့ရဲ ဘက်သို့ ထပ်မံပြောင်းရွှေ့ခြင်းခံခဲ့ရခြင်း ဖြစ်သည်။


နအဖ အစိုးရ လက်ထက်၂၀၀၀ ခုနှစ်လွန်ကာလတွင် စစ်ထောက်လှမ်းရေးက တိုက်ခိုက်ရေးတပ်ဖွဲ့များထက် အာဏာပိုမိုရှိလာခဲ့ပြီး အာဏာနှင့်အတူ ကိုယ်ကျိုးစီးပွားလည်း ပိုမိုလုပ်ဆောင်လာနိုင်ပြီး နအဖအစိုးရအဖွဲ့ဝင်များ၏ ကိုယ်ပိုင်စီးပွားနှင့် ပတ်သက်သည့် အချက်အလက်များကို စုဆောင်းလာသည့်အတွက် ၂၀၀၄ခုနှစ်တွင် စစ်ထောက်လှမ်းရေးကို ဦးဆောင်သူ ဗိုလ်ချုပ်ကြီး ခင်ညွှန့်အပါအ၀င် နောက်လိုက်နောက်ပါများအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဖြုတ်ထုတ်သတ်နည်းဖြင့် နှိပ်ကွပ်ခဲ့ပြီးနောက်တွင် မြို့ရွာ လုံခြုံရေးနှင့် သတင်းရရှိရေးတွင် ရဲတပ်ဖွဲ့များကိုသာ အဓိကအားကိုးနေခဲ့ရသည်။
ယခုကဲ့သို့ ရဲဘက်မှ ရာထူးတက်လာသူ၏ နေရာတွင် တပ်မှ ပြောင်းရွှေ့လာသူကို လဲလှယ်ခြင်းသည် တပ်မှလာသူကိုသာ ပြည့်ပြည့်၀၀ ယုံကြည်လေ့ရှိသည့် အစွဲကြောင့် ဖြစ်လိမ့်မည်ဟု ပြည်တွင်းမှ အကဲခတ်သူ တဦးက သုံးသပ်ပြောဆိုသည်။

ရာထူးတာဝန်များ လွှဲပြောင်းခြင်းကို လာမည့် တစ်ပတ်တာကာလအတွင်း ပြီးစီးအောင် လုပ်ဆောင်မည်ဟု လည်း ရဲအသိုင်းအ၀ိုင်းမှ ကြားသိရသည်။

သတင်းရင်းမြစ်..မိုးမခ

မောင်သန်းရွှေ ၏ ဖမ်းမယ်ဆိုတဲ့ ဖမ်းနည်းမဟာဗျူဟာများ....










ရင်းမြစ် ..သျှမ်းသံတော်ဆင့်

၂ဝ၁ဝ ရွေးကောက်ပွဲကို ရှုတ်ချသည့် စာစောင်များ ဖြန့်ဝေ ....

၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲအကြောင်း ဝေဖန်ရှုတ်ချထားသည့် လက်ကမ်းစာစောင်များ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိတ်တဆိတ် ဖြန့်ဝေမှုများ ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ လူစည်ကားရာ မှတ်တိုင်များ၊ လမ်းဆုံလမ်းခွများတွင် အဆိုပါ စာရွက်များကို လူအချို့က ရှောင်တခင် လိုက်လံဝေငှခဲ့ခြင်း ဖြစ်သည်။

"ဒီလိုနေရာတွေမှာ ကျူရှင်တို့၊ အလှပြုပြင်ရေးဆိုင်ရာတို့ ကြော်ငြာတွေ ဝေတာ ပုံမှန်ရှိတယ်။ အမှတ်တမဲ့ ယူထားလိုက်ပြီးမှ သုံးခေါက်ချိုး စာရွက်အပေါ်ဆုံးမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ တွေ့တာ။ လူနှစ်ယောက် လိုက်ဝေတယ်။ ဝေပြီးတာနဲ့ ပျောက်သွားတယ်။ တော်တော်များများက ကြောက်လို့ထင်တယ်။ ဖတ်ပြီးတာနဲ့ ဖြဲလိုက်ကြတယ်" ဟု ပန်းဆိုးတန်းမှတ်တိုင်တွင် ကားစောင့်နေစဉ် အဆိုပါစာရွက် လက်ခံရရှိခဲ့သူ တဦးက မဇ္ဈိမကို ပြောသည်။

ယမန်နေ့ နံနက်ပိုင်းကလည်း တာမွေမြို့နယ် မင်္ဂလာဈေး၊ ယုဇနပလာဇာနှင့် ကျောက်မြောင်းဈေး မှတ်တိုင်တွင် ဝေငှမှုများ ရှိခဲ့ကြောင်း သိရသည်။

“အထဲက တက်ကြွတဲ့ လူငယ်တွေက ဖေဖော်ဝါရီကတည်းက လုပ်နေတာ။ စာရွက်ဝေတယ်ဆိုတာ သတင်းစာ၊ ဂျာနယ်ရောင်းသလို လုပ်လို့ရတာ မဟုတ်တော့ တချို့လူမြင်ကွင်းနေရာမှာ ဖြစ်သလို၊ တချို့နေရာတွေမှာ လက်သိပ်ထိုး ဖြန်တာမျိုးလည်း ရှိကြတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ဒီမိုကရက်တစ် အင်အားစု FDB အတွင်းရေးမှူးချုပ် ဒေါက်တာ နိုင်အောင်က ပြောသည်။

ပြည်တွင်းရှိ တက်ကြွလှုပ်ရှားသူ လူငယ်များက ပြီးခဲ့သည့်လမှ စတင်၍ ရန်ကုန်တွင်သာမက ရခိုင်ပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနှင့် ပဲခူးတိုင်းတို့တွင်ပါ ထိုသို့ဖြန့်ဝေမှုများ ရှိခဲ့ကြောင်း သူက ပြောဆိုသည်။

FDB သည် အတိုက်အခံ ကျောင်းသားလူငယ် ပါတီအဖွဲ့အစည်းအချို့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ဖြစ်သည်။

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်ထောင်စုမဟုတ်ဘဲ တပြည်ထောင်စနစ်ကိုသာ မြန်မာနိုင်ငံတွင် ကျင့်သုံးမည့်အကြောင်း အပါအဝင် အန္တရာယ် ၁ဝ ချက်နှင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲလွန် ကာလတွင် ဖြစ်ပေါ်လာမည့် ပြဿနာများတွင် စစ်တပ်က နိုင်ငံတော်အာဏာအား အချိန်မရွေး သိမ်းယူနိုင်သည့်အချက် အပါအဝင် အချက် ၉ ချက်ကို စာရွက်ထဲတွင် ရေးသားထားသည်။

အန္တရာယ် ၁ဝ ချက်တွင် ပြည်ထောင်စုဟု ဆိုသော်လည်း မဆလ အစိုးရလက်ထက် အုပ်ချုပ်သည့် တပြည်ထောင်စနစ် ဖွဲ့စည်းပုံသာဖြစ်ပြီး၊ စီးပွားရေး လုပ်ငန်းများကို ပြည်သူပိုင် မသိမ်းရဟု ဆိုထားပြန်သော်လည်း စစ်အုပ်စုများကသာ လုပ်ငန်းများကို သိမ်းယူထားကြောင်းနှင့် နိုင်ငံပိုင် သယံဇာတ အရင်းအမြစ်များကို စစ်အုပ်စုကသာ ပိုင်ဆိုင်နေပြီး၊ ဗိုလ်ချုပ်မှူးကြီးက အချိန်မရွေး အဏာသိမ်းယူနိုင်ကြောင်း ပါရှိသည်။

၂ဝ၁ဝ အလွန် ဖြစ်ပေါ်မည့် ပြဿနာများအကြောင်းတွင် စစ်အာဏာသိမ်းမှု အချိန်မရွေး ပြန်ဖြစ်နိုင်ကြောင်းနှင့် လွှတ်တော်ထဲတွင် အရေးကြီး ပြဿနာများကို မှန်ကန်စွာ ဆုံးဖြတ်ချက် မချမှတ်နိုင်ကြောင်း ပါရှိသည်။

သတင်းရင်းမြစ်..(မဇ္ဈိမ)

ကရင်ပြည်နယ် မြောက်ပိုင်းဥယျာဉ်ခြံ ဧက (၂၀)ကျော် မီးရှို့ဖျက်ဆီးခံရ

ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ရှိ နအဖ လှုပ်ရှားတပ်ဖွဲ့ဝင်များသည် မတ်လဆန်းပိုင်းမှစ၍ တိပ်ပုကျေးရွာအုပ်စုမှ ဥယျာဉ်ခြံများကို မီးရှို့ဖျက်ဆီးခဲ့ရာ ယခုဆိုလျှင် ဧက (၂၀)ကျော်ရှိပြီဟု ဒေသခံရွာသားတဦးက ကေအိုင်စီကို ယနေ့ ပြောသည်။



ဥယျာဉ်ခြံများ မီးရှို့ဖျက်ဆီးနေရသည့် ကျေးရွာများမှာ တိပ်ပု(ဖလေးဆာလို)၊ ပါတာလားမြောင်(တာဘာခီး)၊ မျောက်ချောင်း (ယယ်လို)၊ ဟန်သို(ကလောဘောဒဲ)၊ ဘီဘဲ(ပေါ်ဖာ့)၊ ကန်ဘဲ့မြောင်(လေးဝန်လို)၊ ရေတံခွန်(ဘလောမီးဒဲ) စသည့် ကျေး ရွာများဖြစ်သည်ဟု သိရသည်။



တိပ်ပုကျေးရွာအုပ်စု၌ လှုပ်ရှားနေသည့် နအဖ စစ်ကွပ်ကဲရေး ဌာနချုပ် (စကခ)(၇)လက်အောက်ခံ ခလရ (၂၆၁) တပ်ရင်း သည် ပြီးခဲ့သည့် မတ်လ ၄ရက်တွင် တိပ်ပုရွာအနီး ခလိုးဒေါခိုလူရွာ လူနေအိမ် ၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသားများ၏ ဥယျာဉ်ခြံများကိုလည်း ထိုနေ့၌ပင် စတင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါရွာသားက ယခုလို ပြောသည်။



“မီးရှို့ဖျက်ဆီးခံရတဲ့ ဥယျာဉ်ခြံတွေကတော့ ကွမ်းပင်၊ ကွမ်းရွက်ခြံ၊ ဖာလာခြံ၊ ဖက်ခြံ၊ ဒူးရင်းခြံ၊ ဓညှင်းခြံနဲ့ အခြားသစ်သီးခြံ စတာတွေပဲ ဖြစ်တယ်။ ဒီခြံတွေ ဖျက်ဆီးတဲ့အခါကျတော့ ရွာသားတွေအတွက် စားစရာနဲ့ အသက်မွေးဝမ်းကျောင်းအတွက် တော်တော်ထိခိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရွာသားတွေဟာ သူတို့ခြံထဲကထွက်တဲ့ အသီးအရွက်တွေကို ရောင်းပြီး ၀င်ငွေရှာကြတယ်လေ။ နောက်ပြီး အိမ်မွေးတိရိစ္ဆာန်တွေကိုလည်း ပစ်ခတ်စားသောက်တယ်”ဟု ၎င်းက ဆိုသည်။



ထို့အပြင် အဆိုပါ နအဖ တပ်ဖွဲ့သည် လဆန်းပိုင်းက အိမ်သုံးပစ္စည်းများနှင့် စားနပ်ရိက္ခာများဖြစ်သည့် ဆန်၊ ဆား၊ ဆီ၊ ငါးပိတို့ကို ယူဆောင်သွားခြင်း၊ အ၀တ်အစားများကို မီးရှို့ခဲ့သည့်အပြင် တွေ့သမျှ ရွာသားများ၏ စပါးကျီများကိုလည်း မီး ရှို့ပစ်ခဲ့ရာ ယခုလို လုပ်ဆောင်မှုကို ၂၀၀၆ခုနှစ်မှစ၍ ယခုအချိန်ထိ ပြုလုပ်လျှက်ရှိသည်။



၎င်းဒေသတွင် နအဖ စကခ (၇)လက်အောက်ခံ ခလရ(၂၆၁)၊ ခမရ(၄၂၁)၊ ခမရ(၄၂၇) တပ်ရင်းများနှင့် ကေအဲန်ယူ တပ် မဟာ (၂)လက်အောက်ခံ ကေအဲန်အယ်လ်အေ တပ်ရင်း (၆)၊ တပ်မဟာ စစ်ဆင်ရေးတပ်ဖွဲ့တို့ ပုံမှန်လှုပ်ရှားလျှက်ရှိသည်။



သတင်းရင်းမြစ်...ကရင်သတင်းစဉ်

18 March 2010

မြန်မာပြည်ဖွားအမေရိကန်နိုင်ငံသားကိုကျော်ဇောလွင်(ခ) ကိုညီညီအောင်အားအာဏာပိုင်များကယနေ့တွင်ပြန်လည် လွတ်ပေးလိုက်ပါကြောင်း...



အင်းစိန်ထောင်မှာ မတရားပုဒ်မတွေနဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရတဲ့ အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ ကိုညီညီအောင်(ခ)ကိုကျော်ဇောလွင်အား အင်းစိန်ထောင်တွင်း တောင်ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ်(၃)နှစ် ချမှတ်ခြင်းခံခဲ့ရသည်။

အင်းစိန်ထောင်တွင်းက တောင်ပိုင်းခရိုင်တရားရုံးမှာ ကိုညီညီအောင် အမှုကို အမိန့်ချပါတယ်။ ပုဒ်မ
၄၆၈ မှတ်ပုံတင်အတုပြုမှု၊ ပုဒ်မ (၂၄)(၁) ငွေလဲလှယ်မှု နဲ့ ပုဒ်မ ၆ (၃) မှတ်ပုံတင် ဥပဒေအမှုတွေနဲ့ချ
တာပါ။ စုစုပေါင်း (၅)နှစ်ပါ .... ဒါပေမယ့် တပေါင်းတည်း ကျခံစေရမယ် ဆိုတဲ့ အမိန့်ကြောင့်(၃)နှစ်
ကျခံဖို့ အမိန့်ချလိုက်ပါတယ်။ "


မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ(၃)ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး စက်တင်ဘာလ(၁၇)ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုခဲ့ပါတယ်။

ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင် အာဏာပိုင် များကယနေ့ နေ့လည်(၁)နာရီခွဲခန့်တွင် အင်းစိန်ထောင် မှပြန်လည် လွတ်ပေးခဲ့သည့်ဟုသတင်းရရှိပါသည်.။ကိုကျော်ဇောလွင်(ခ) ကိုညီညီအောင် အားအမေရိကန်သံရုံးမှတဆင့် အမေရိကန်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးမည်ဟုလည်းသိရပါသည်.။

ရွှေဂုံတိုင် ကြေညာချက် ပြန်သုံးသပ်မည်....


စစ်အစိုးရက ရွေးကောက်ပွဲ ဥပဒေတွေ ထုတ်ပြန်လိုက်ပြီးနောက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်အလိုက် ဝေဖန်သုံးသပ်မှုတွေ ရှိနေတယ်လို့ NLD ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ပါတီ ရှေ့ဆက် ရပ်တည်ရေးနဲ့ ရွေးကောက်ပွဲ ၀င်မ၀င်ကို မတ်လ ၂၉ ရက်နေ့မှာ ဆုံးဖြတ်မယ်လို့ NLD က ကြေညာထားချိန်မှာ အခုလို သုံးသပ်မှုတွေကို လုပ်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ ဒီမိုကရေစီ ကျင့်စဉ်နဲ့အတူ အားလုံးပါဝင်နိုင်တဲ့ အနေအထားမှာ မရှိတဲ့အတွက် ဒီဥပဒေတွေကို ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတရပ် NLD အတွင်းမှာ ရှိနေပြီး ဒီကိစ္စကို ဆက်လက် ညှိနှိုင်းနေတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။ NLD အနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံပါ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေ ပြန်ပြင်ပေးရေး တောင်းဆိုထားတဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက် ကိုင်စွဲထားဆဲပဲလို့ ပြောဆိုတဲ့ တချိန်တည်းမှာပဲ မြို့နယ်အလိုက် ပြန်လည် ဝေဖန် သုံးသပ်တာမျိုးတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။



“ရွှေဂုံတိုင် ကြေညာစာတမ်းကို မြို့နယ်တွေအလိုက် ပြန်လည်ဝေဖန်ဖို့ သဘောထားတွေ ရှိလာပါတယ်။ အဲဒီဟာကတော့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ဆက်လက်ပြီးတော့ ကိုင်စွဲထားပြီး တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အနေအထား တရပ်ကိုလည်း ဆက်ပြီးတော့ ရှိနေမှာကို အန်ကယ်တို့က အတိအလင်းပဲ ရပ်တည်ချက်အဖြစ် လက်ကိုင်ထားဆဲပဲ ရှိပါတယ်။ ရွှေဂုံတိုင် ကြေညာချက် သဘောထားပေါ့လေ။



“အခုလောလောဆယ် ထွက်လာတဲ့ ပါတီဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေ အပေါ်မှာ မကျေလည်တဲ့ဟာတွေကို ပြန်လည် ပြင်ဆင်နိုင်အောင် ရင်ဆိုင်သွားမယ်ဆိုတဲ့ သဘောထားတွေကိုလည်း အန်ကယ်တို့ အပြီးအပြတ် ညှိနှိုင်းလို့တော့ ပြီးသွားပါပြီ။ ဆုံးဖြတ်ဖို့ကတော့ ၂၉ ရက်နေ့ကျမှပဲ ဆုံးဖြတ်သွားမှာပါ။”



NLD ပါတီ ရပ်တည်ရေးနဲ့ ခေါင်းဆောင်မှုကို ရွေးချယ်ရာမှာ ပါတီ ပျက်ပြယ်သွားမှာ စိုးရိမ်သူတချို့ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေတဲ့ တချိန်တည်းမှာပဲ တကယ်လို့ NLD က ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ပါတီအနေနဲ့ ဆက်လက် ရပ်တည်နိုင်တယ်ထား၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို NLD ကိုယ်တိုင် ချေဖျက်ပြီးသား ဖြစ်သွားနိုင်တယ်ဆိုတဲ့ သတိပေးချက်မျိုးတွေလည်း ထွက်ပေါ်နေပါတယ်။



NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲ ဥပဒေက နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်တဲ့ NLD ရဲ့ သဘောထား၊ နိုင်ငံရေးပါတီတွေရဲ့ လုပ်ပိုင်ခွင့် ဆီးကို ကျော်လာတဲ့ ကန့်သတ်ချက်တွေ ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။



“ဘာဖြစ်လို့လဲဆိုတော့ တစ်၊ ကျနော်ပြောချင်တာက ဒါ သူတို့နဲ့ မဆိုင်ဘူး၊ အစိုးရနဲ့ မဆိုင်ဘူး။ ပါတီဝင် တယောက်ကို ပါတီထဲမှာ လက်ခံထားခြင်း၊ မခံထားခြင်းဟာ သူတို့အလုပ် မဟုတ်ဘူး၊ ကျနော်တို့အလုပ်။ ကျနော်တို့ဘာသာ ကျနော်တို့ ပါတီရဲဘော် တယောက် လက်ခံထားမယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့က ခေါင်းဆောင် တင်ထားတယ်၊ အဲဒါ သူတို့ခေါင်းဆောင် မဟုတ်ဘူးလို့ ပြောခွင့်မရှိဘူး။



“ဒါ့ထက်ပိုဆိုးတာက ကျနော်တို့က အဲဒီလို ဥပဒေမျိုး ထုတ်ပြန်ထားတဲ့ အခါကျတော့ ပါတီထဲမှာ ဘယ်လိုမှ ထောင်ကျမယ့်အလုပ်ကို မလုပ်ဝံ့တော့ဘူး။ နိုင်ငံရေးသမားပဲ ထောင်ကျသင့် ကျမှာပဲ၊ မှန်ရာပြော ထောင်ကျမှာပဲ။ နောက်တခုက ပါတီထဲမှာ လှုပ်လှုပ်ရှားရှား၊ တက်တက်ကြွကြွ၊ ထက်ထက်သန်သန် လုပ်တဲ့သူတွေဆိုရင် မင်း ထောင်ကျလိမ့်မယ်၊ မင်း ဒါတွေရပ်ဆိုတဲ့ ပါတီကနေ ၀င်ပြီးတော့ စာပေစိစစ်ရေး လုပ်သလို သူတို့ကို စိစစ်ရေး လုပ်ရမယ်၊ တားမြစ်ရမယ် ဆိုရင်ဖြင့်၊ အဲတော့ ပါတီတွင်း ကိစ္စတွေလည်း ၀င်ရှုပ်တယ်၊ ကျနော်တို့ရဲ့ စိတ်ဓာတ်ကိုလည်း ချိုးနှိမ်၊ ချိုးဖျက်ရာ ရောက်တယ်လို့ မြင်ပါတယ်။ ဒါနှစ်ချက်ပေါ့။”



ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသားတွေဟာ နိုင်ငံရေးတာဝန် လက်ရှိ ထမ်းဆောင်နေသူတွေ ဖြစ်တယ်လို့ NLD အနေနဲ့ ခံယူတဲ့အတွက် သူတို့ကို မကြာခင်တုန်းက ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့ NLD ဗဟိုကော်မတီစာရင်းမှာ ထည့်သွင်းခဲ့တဲ့အကြောင်း ဦးဝင်းတင်က ပြောပါတယ်။ ဒီနိုင်ငံရေး အကျဉ်းသားတွေကို ပါတီက ထုတ်ပယ်ပစ်ဖို့ ကန့်သတ်တာက ပါတီကိုလည်း ခြေချုပ် လက်ချုပ် ချုပ်နှောင်တာ ဖြစ်တယ်လို့ ဦးဝင်းတင်က ပြောပါတယ်။



ဘာပဲဖြစ်ဖြစ် လာမယ့် မတ်လ ၂၉ ရက်နေ့ဆိုရင် စစ်အစိုးရ စီစဉ်တဲ့ နိုင်ငံရေး ဇာတ်ခုံပေါ်မှာ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ နိုင်ငံရေးပါတီ တခုအဖြစ် ဆက်ရှိ မရှိ ဆုံးဖြတ်ချက် ချမယ်လို့ ကြေညာထားတဲ့အတွက် ဒီအဖြေကို စိတ်ဝင်စားမှုတွေနဲ့အတူ ဒီအချိန်ဟာ NLD အတွက် အရေးကြီးတဲ့ အချိုးအကွေ့ဆိုပြီး နိုင်ငံရေး လေ့လာသူတွေက သတ်မှတ်ထားကြပါတယ်။



သတင်းရင်းမြစ်..VOA

နအဖ စစ်တပ်ထံ လွဲပြောင်းမည့် စစ်ကားများ တရုတ်နယ်စပ်ရောက်ရှိ ...



နအဖ ထံလွဲပြောင်းပေးမည့် တရုတ်လုပ် DONGFENG ကား






နအဖ ထံလွဲပြောင်းပေးမည့် တရုတ်လုပ် DONGFENG ကား


တရုတ်နယ်စပ် ကျယ်ဂေါင် - မူစယ်လမ်းကြောင်းမှတဆင့် နအဖစစ်တပ်ထံ လွဲပြောင်းပေးမည့် တရုတ်စစ်ထရပ် ကား အစီး ၅၀ ကျော်ခန့် တရုတ်နယ်စပ် ရွှေလီမြို့သို့ မတ်လ ၁၅ ရက်နေ့မှစတင် ရောက်ရှိလာသည်။


ဗမာလို အရှေ့လေကြမ်းဟု အဓိပ္ပါယ် ရသော DONGFENG (တုန်းဖုန်း) တံဆိပ် ၆ ဘီးပါ သရီးကရောင်း အမျိုးအစား စစ်ထရပ်ကားများဖြစ်ပြီး ၃ ရက်ဆက်တိုက် နယ်စပ်သို့ အဆက်မပြတ်ရောက်ရှိနေကြောင်း မျက်မြင် ဗမာတစ်ဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။


မတ်လ ၁၅ ရက်နေ့က စပြီးရောက်နေတာ ဒီနေ့အထိပေါ့၊ ဒီကရေဆေးခုံတွေမှာ ရေလာဆေးတယ်လေ လော လောဆယ် အခွန်ကောက်တဲ့ရုံးဝင်းထဲမှာ နားနေကြတယ်၊ အစီးရည်အားဖြင့် လောလောဆယ် ၅၀ ကျော် လောက်တော့ရှိပြီ ” ဟု သူက ပြောသည်။


ကားတစ်စီး၏တန်ဘိုးမှာ အမေရိကန်ဒေါ်လာ ၂ သောင်းကျော်နှင့် ညီမျှသော တရုတ်ယွမ်ငွေတစ်သိန်းခွဲ ၀န်းကျင်ရှိကြောင်း အဆိုပါ ယာဉ်မောင်းတစ်ဦးက ပြောသည်။


လွန်ခဲ့သည့်နှစ်များအတွင်း FAW , DONGFENG တံဆိပ်ပါ တရုတ်လုပ်စစ်ထရပ်ကား အမျိုးအစား အစီးရေ ထောင်နှင့်ချီ နအဖ စစ်တပ်ထံ တရုတ်နယ်စပ်လမ်းကြောင်းမှ တဆင့်လွဲပြောင်းပေးပြီးဖြစ်ကြောင်း သိရသည်။


လွဲပြောင်းပေးပြီး ကားအမျိုးအစားများတွင် စစ်သည်တင်ယာဉ်များ၊ အပေါ့စားထရပ်ကားများနှင့် အမြောက်ဆွဲယာဉ်ကြီးများ ပါဝင်ကြောင်း တရုတ်နယ်စပ် စစ်ရေးလေ့လာသူများက ပြောသည်။


တရုတ်ကုမ္ပဏီများထံမှ နအဖ စစ်တပ်အတွက် ကားရောင်းချရာတွင် ငွေလက်ငင်းပေးချေစရာမလိုပဲ အရစ်ကျ ကုန်ပစ္စည်းဖြင့် လဲလှည်သည့်စနစ်ဖြင့် ၀ယ်ယူကြောင်း လေ့လာသူများအဆိုအရ သိရသည်။


သတင်းရင်းမြစ်..သျှမ်းသံတော်ဆင့်

သျှမ်းတပ်နှင့် တိုက်ပွဲတွင် မြန်မာစစ်သည် ၂၀ ဦးသေ ၈ ဦးဒဏ်ရာရ ...




မတ်လ ၁၃ ရက်နေ့ သျှမ်းပြည် (တောင်ပိုင်း) နမ့်ဇန်မြို့နယ် ဟိုက်ဖတ်တိုက်နယ် ၀မ့်ကျောင်းလွိုင်ခန်းရွာအနီး သျှမ်းပြည် တပ်မတော်တပ်ဖွဲ့၏ ချုံခိုတိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်စစ်သည် ၂၀ ဦး သေဆုံး၍ ၈ ဦး ဒဏ်ရာရကြောင်း သျှမ်းပြည်တပ်မတော် ၀က်ဆိုက် Taifreedom.com တွင် ဖေါ်ပြထားသည်။

စစ်ကြောင်းမှူး ဗိုလ်ကြီးတင်အောင်မိုး ဦးဆောင်သည့် ခမရ ၅၂၅ နှင့် ခမရ ၉၉မှ အင်အား ၄၂ ဦးပါ ပူးပေါင်းလှုပ်ရှား စစ်ကြောင်းအား သျှမ်းတပ်က နေ့လည် ၁၁ နာရီခွဲခန့်တွင် ချုံခိုတိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွား ချိန် ၃ နာရီခန့် ကြာမြင့်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း ဗမာစစ်တပ်မှ ချေမှုန်းရေးရိုင်ဖယ်များဖြစ်သော MA1 တစ်လက် ၊ MA2 နှင့် M79 လောင်ချာတွဲ သေနတ် ၂ လက် ၊ MA 2 နှစ်လက် ၊ ဆက်သွယ်ရေး ရေဒီယိုစက်တစ်လုံး နှင့် ခဲယမ်းအမြောက်အမြားကို သျှမ်းတပ်ဖွဲ့ကသိမ်းဆည်း ရမိကြောင်း ဖေါ်ပြထားသည်။

ထို့အပြင် သေဆုံးသူများ၏ ရုပ်အလောင်းများထဲတွင် ဗိုလ်ကြီးတင်အောင်မိုး အပါအ၀င်တပ်ကြပ်ကြီး နှစ်ဦး ဒုတပ်ကြပ် တစ်ဦးပါဝင်ကြောင်းသိရသည်။

သျှမ်းတပ်ဘက်မှ အကျအဆုံးမရှိကြောင်း Taifreedom.com တွင် ဖေါ်ပြထားသည်။

ရင်းမြစ်..သျှမ်းသံတော်ဆင့်

နယူးယောက်ရှိတရားမဝင်မြန်မာကောင်စစ်ဝင်ရုံးရှေ့တွင် (၂၂) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ကျင်းပပြုလုပ်.



(၂၂) နှစ်မြောက် မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ကိုမတ်လ(၁၃)ရက်နေ့၊နေ့လည်(၁)နာရီ မှ(၂)နာရီ ထိတရားမဝင်မြန်မာကောင်စစ်ဝင်ရုံးရှေ့ အမှတ်(၁၀)အရှေ့(၇၇)လမ်းမဟန်တန်၊နယူးယောက်မြို့၊
တွင်
ကျင်းပပြုလုပ်ခဲ့ပါသည်.။

အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ်ပါတီရဲ့ မိတ္ထီလာရုံးခွဲ ပြန်ဖွင့်ခွင့် ကြိုးပမ်းမှု အာဏာပိုင်တွေ ဟန့်တား




မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးဖို့ ဥပဒေတွေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ရုံးတွေကို ပြန်လည်ဖွင့်လှစ်ခွင့် ပေးလိုက်ပေမဲ့ ကန့်သတ်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ အာဏာပိုင်တွေက ရုံးတွေမှာ ဆိုင်းဘုတ်မတင်ရ၊ အစည်းအဝေး မလုပ်ရ၊ လူမစုရ၊ စသဖြင့် တားမြစ်ပိတ်ပင်မှုတွေကို လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲဥပဒေ ထွက်အပြီးမှာတော့ NLD ရုံးတွေ ပြန်ဖွင့်ခွင့်ပေးတယ် ဆိုပေမဲ့လည်း တားမြစ်ပိတ်ပင်မှုတွေ၊ ခြိမ်းခြောက်မှုတွေက ရှိနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ မိတ္ထီလာမြို့နယ်မှာ ဖွင့်ခဲ့တဲ့ ရုံးကတော့ လွန်ခဲ့တဲ့ ၁၁ နှစ်တာ ကာလကစပြီး ဆိုင်းဘုတ်တင်ခွင့် ပယ်ချခံရတဲ့ မြို့နယ် ဖြစ်တာကြောင့် ဆိုင်းဘုတ်တင်တာနဲ့ ဥပဒေအရ အရေးယူမယ်ဆိုပြီး ပြောခဲ့တယ်လို့ ဆိုပါတယ်။ မိတ္ထီလာမြို့နယ်က ဒေါ်မြင့်မြင့်အေး ပြောပြတာကတော့…


“ကျမတို့ ၁၄ ရက်နေ့က မြို့နယ် အစည်းအဝေးခေါ်တယ်၊ ရုံးပြန်လည်ဖွင့်လှစ်ဖို့ ဆုံးဖြတ်တယ်၊ ဆုံးဖြတ်ပြီး မတ်လ ၁၅ ရက်နေ့မှာ ကိုယ့်ပါတီကို တရားဝင် အကြောင်းကြားပြီးတော့ မြို့နယ် ထွေအုပ်ကို မိတ္တူပေးပြီး အသိပေးလိုက်တယ်။ အဲဒီမှာ ၁၅ ရက်နေ့ နေ့စွဲနဲ့ နေ့လယ်မှာပဲ ကျမဆီကို ဥပဒေ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်နဲ့ အညီသာ နိုင်ငံရေးပါတီရုံး ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်း ဆောင်ရွက်ရန်ကိစ္စဆိုပြီး ကျမဆီကို အကြောင်းပြန်တယ်။



“အဲဒီရဲ့ အဓိပ္ပာယ်က စာပိုဒ် ၃ ပိုဒ်နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥပဒေအမှတ် ၂/၂၀၁၀ နဲ့ မတ်လ ၈ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့တဲ့အတိုင်း ဥပဒေပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီ အသစ်တွေနဲ့ ပတ်သက်လို့ ရုံးဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတွေကို ဆောင်ရွက်ခြင်းနဲ့ ပတ်သက်ပြီး သူတို့က ညွှန်ကြားတဲ့အခါမှာ ကျမကို နိုင်ငံရေးပါတီရုံး အသစ်ဖွင့်လှစ်ခြင်း၊ ဆိုင်းဘုတ်တင်ခြင်းတို့ကို ဆောင်ရွက်ခဲ့လို့ရှိရင် ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ် ဆိုတဲ့ဟာကို အကြောင်းကြားတယ်။”



ရုံးကို ဖွင့်ခွင့်ပေးပေမဲ့ ခြိမ်းခြောက်မှုတွေ အများအပြားကို မြို့နယ်တိုင်းမှာ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ကြံ့ဖွံ့တွေက မနက်ခင်း ၇ နာရီကတည်းက လမ်းထိပ်မှာရှိတဲ့ လက်ဖက်ရည်ဆိုင်ကို ရောက်နေတယ်။ အဲဒီဝင်းထဲမှာ အမှတ် ၁ မီးသတ်ဌာနကြီး ရှိတယ်။ အဲဒီ မီးသတ်ဌာနရှေ့မှာ အချုပ်ကား တစီးနဲ့ ဗင်ကား ၂ စီးနဲ့ ဆန်နီ တစီး၊ အဲဒီဝင်းထဲမှာ။ အဲလိုမျိုးကားတွေနဲ့ လာစောင့်တယ်။ ခရိုင်ရဲတယောက်ကလည်း ကျမတူလေးကို လာပြောတယ်၊ ရဲမေတွေလည်း ပါတယ်ဆိုတော့ ကျမတို့ကိုပဲ ဖမ်းတော့မလိုလို၊ ခြိမ်းခြောက်မှုပေါ့။ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်ကလည်း ၅၀ ကျော်လောက် ချထားတယ်။



“တချို့ မပေးတဲ့မြို့တွေ အများကြီးရှိတယ်။ ဆိုင်းဘုတ်အရင် ရှိပြီး၊ ပြုတ်နေပြီးသား မြို့ကို ဆိုင်းဘုတ် ပြန်တင်ခွင့် မပေးဘူး။ အလံလည်း ထောင်ခွင့်မပေးဘူး။ ရုံးကို ချိပ်ကလေးပဲ ခွာရုံခွာတာ။ မလှိုင်က ဦးခင်မောင်ရွှေတို့ဆို ရုံးခန်းရှိတယ်။ အဲဒီနေ့က မယကက ခေါ်ပြီးတော့ လိုက်ပြီးတော့ ရုံးခန်းကို ပြန်ဖွင့်ပေးတယ်၊ ချိပ်ခွာပေးတယ်။ အထဲမှာ သန့်ရှင်းရေးတောင် လုပ်ခွင့်မပေးဘူး။ လုပ်ခွင့်မပေးနိုင်ဘူးတဲ့၊ အဲဒါမပါဘူးတဲ့၊ သန့်ရှင်းရေး မလုပ်ရဘူးတဲ့။ ကျနော်တို့ တနေ့ကို နာရီပိုင်းလောက်ကလေးပဲ နှစ်ယောက် သုံးယောက် ထိုင်ချင်လို့၊ ထိုင်ပါ့မယ်ဆိုတော့ အဲလိုလည်း ထိုင်ခွင့်မပေးဘူး၊ သန့်ရှင်းရေးလည်း မလုပ်ရဘူးဆိုလို့ ဒီအတိုင်းပဲ ပြန်ပိတ်ထားရတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။”



ဒီလို အာဏာပိုင်တွေဘက်က လုပ်တာဟာ မြန်မာစစ်အစိုးရရဲ့ အတွင်းသရုပ်မှန်နဲ့ NLD ရဲ့ အားနည်းချက်တွေကြောင့်လို့လည်း ဆိုပါတယ်။



“နအဖစစ်အစိုးရ အနေနဲ့ မရိုးသားမှုတွေပေါ့။ အစကတည်းကလည်း ကျမတို့က ဒီလိုမျိုး ဖြစ်လာမယ်လို့တော့ မျှော်လင့်ပြီးသားပါ။ အံ့သြတာတော့ မအံ့သြဘူး။ ကျမတို့ဘက်က အားရှိအောင် မလုပ်နိုင်ခဲ့တာလေ။ ကျမတို့ဘက်က အားရှိအောင် လုပ်မှသာလျှင် နိုင်ငံတကာက ဘယ်လိုပဲ ပံ့ပိုး ပံ့ပိုး၊ ကျမတို့ကိုယ်တိုင်က အားရှိမှ။ ပြည်တွင်းမှာ အဓိကကျတာ ကျမတို့။ ကျမတို့ဘာသာ ကျမတို့ ရပ်တည်နိုင်ဖို့ ကြိုးစားရမှာ။



“အဲတော့ ဒီလိုမျိုး လုပ်ခြင်းအားဖြင့် နအဖရဲ့ အသွင်သဏ္ဌာန်ကိုလည်း နိုင်ငံတကာက ပီပီပြင်ပြင် ပေါ်လွင်သွားတယ်။ ဒီနေရာမှာ ကျမတို့ အဖွဲ့ချုပ်ကလည်း တကယ် ဒီနေ့ဖြစ်နေတဲ့ အနေအထားကို ဥပဒေကြောင်းအရ မဟုတ်ဘဲနဲ့ နိုင်ငံရေး လမ်းကြောင်းအရ ရင်ဆိုင်နိုင်ဖို့ အင်မတန် အရေးကြီးပါတယ်။ ခေါင်းဆောင်များအနေနဲ့ ရက်ပိုင်းအတွင်းပဲ ကျန်ခဲ့တဲ့ အချိန်ကာလ အတွင်းမှာ ပါတီကို ဘယ်လို ရပ်တည်နိုင်အောင် လုပ်မလဲဆိုတဲ့ နိုင်ငံရေး လမ်းကြောင်းတွေ ရှိပါတယ်။ အဲဒီအတိုင်းသာ ရင်ဆိုင်မယ်ဆိုရင် ရင်ဆိုင်လို့ ရပါတယ်။”



မြန်မာစစ်အစိုးရက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်ဆိုပြီး ဥပဒေ ထုတ်ပြန်လာတဲ့ တချိန်တည်းမှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဓိက နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ တိုင်းနဲ့ပြည်နယ်ရုံး အတော်များများကိုလည်း ပြန်လည်ဖွင့်ခွင့် ပေးလိုက်ပါတယ်။ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စတဲ့ တိုင်းနဲ့ပြည်နယ်က ရုံးတွေ အပါအ၀င် အရင်က အာဏာပိုင်တွေ ပိတ်ထားခဲ့တဲ့ ရုံးအတော်များများကိုလည်း ဖွင့်လှစ်ခွင့် ပေးခဲ့ပါတယ်။



ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ စည်းရုံးရေး ခရီးစဉ်ကို ၂၀၀၃ ခုနှစ် မေလတုန်းက စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားသူတွေက စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့မှာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီဝင် အတော်များများကို ဖမ်းဆီးခဲ့သလို နိုင်ငံတ၀န်းလုံးက ပါတီရုံးပေါင်း ၃၀၀ ကျော်ကိုလည်း ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

နေအိမ်မှာ အကျယ်ချုပ်နဲ့ ဖမ်းဆီးခံထားရတဲ့ ဦးတင်ဦးကိုတော့ ပြီးခဲ့တဲ့လမှာ ပြန်လည်လွှတ်ပေးခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ နေအိမ်အကျယ်ချုပ် ဖောက်ဖျက်တယ်ဆိုပြီး ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခဲ့ပါတယ်။

အခုလိုမျိုး NLD ရုံးတွေကို ဖွင့်ခွင့်ပေးလိုက်တဲ့အခါ အနှောင့်အယှက် ပေးမှုတွေကို ဆက်လက် လုပ်လာတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ တကယ်တမ်း ဖြစ်လာလိမ့်မယ်လို့ မထင်ကြောင်း အဖွဲ့ချုပ်ဝင်တွေက ပြောဆိုနေကြပါတယ်။



သတင်းရင်းမြစ်.....VOA


17 March 2010

ထိုင်းဝန်ကြီးချုပ် ရုံးရှေ့တွင် အနီဝတ်တို့ ၏ သွေးသွန်းပွဲ (ရုပ်သံ သတင်းမြင်ကွင်း )



ယနေ့ တွင် ထိုင်းဆန္ဒပြသမားများက ၀န်ကြီးချုပ် အဘီဆစ်၏အိမ်ရှေ့ သို့ သွေးများဖြင့်ဖျန်းပက်ခဲ့ကြသည်။














ရန်ကုန်မြို့လယ်ခေါင် ပန်းပဲတန်းမြို့နယ် လမ်း၃၀မှာ ၃ ထပ်တိုက်ပြိုကျ(ရုပ်သံသတင်းမြင်ကွင်း)

စစ်အာဏာရှင်လက်ခုပ်ထဲက၂၀၁၀ရွေးကောက်ပွဲ လုပ်မည့်ဥပဒေစာအုပ်ကို စစ်ခွေးများစတင်ရောင်းရှိ...



ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို စာအုပ်အဖြစ် စတင်ဝယ်ယူ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါဥပဒေများကို မတ်လ ၉ ရက်နေ့မှစ၍ နေ့စဉ်ထုတ်သတင်းစာများတွင် အချပ်ပိုအဖြစ်ထည့်သွင်းဖော်ပြခဲ့ပြီး စာအုပ်များအဖြစ်လည်း ပုံနှိပ်ထုတ်ဝေဖြန့်ချိခြင်းဖြစ်သည်။


''စာအုပ်အဖြစ် ၀ယ်ယူ ရရှိခဲ့တဲ့ စာအုပ်တွေက ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ဥပဒေ စာအုပ်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေစာအုပ်ဖြစ်ပါတယ်''ဟု မတ်လ ၁၂ ရက်နေ့တွင် စာအုပ်များကို ၀ယ်ယူရရှိခဲ့သည့် နိုင်ငံအရေးစိတ်ဝင်စားသူ လူငယ်တစ်ဦးကပြောကြားခဲ့သည်။

စာအုပ်များ၏ ဈေးနှုန်းမှာ ကျပ် ၂၀၀ ဖြစ်ကြောင်း အဆိုပါလူငယ်၏ ပြောကြားချက်အရသိရသည်။

၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များကို ၂၀၁၀ ပြည့်နှစ် မတ်လ ၈ ရက်နေ့ ရက်စွဲဖြင့် နိုင်ငံတော်အေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ထုတ်ပြန်ခဲ့ပြီး ထုတ်ပြန်ခဲ့သောဥပဒေများမှာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ၊ အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲဥပဒေနှင့် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများ ဖြစ်ကြသည်။

မေလ်းထဲက နေပြန်လည်ဖော်ပြပေးလိုက်ပါသည်.။



မြန်မာ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာ စိုးရိမ်မှု အပြောသက်သက် မဖြစ်ဖို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မျှော်လင့်



မြန်မာနိုင်ငံမှာ ဒီနှစ်ထဲ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်အစိုးရရဲ့ ဥပဒေ ထုတ်ပြန် ကန့်သတ်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀န်းဘက်က ထောက်ပြ ဝေဖန်နေတာနဲ့တင် ရပ်တန့်မနေဘဲ လေးလေးနက်နက် အရေးယူ ဆောင်ရွက်လာဖို့ အတိုက်အခံ ပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မျှော်လင့်ထားတဲ့အကြောင်း ပြောဆိုပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

ရွေးကောက်ပွဲ ဥပဒေတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ တင်ပြ ဆွေးနွေးဖို့ ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) က တနင်္လာနေ့က တောင်းဆိုလိုက်သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ကိုယ်တိုင်ကလည်း ဒီရွေးကောက်ပွဲအတွက် ဥပဒေတွေဟာ နိုင်ငံတကာ အသိုင်းအ၀န်းက မျှော်လင့်ထားသလို အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းမျိုး မတွေ့ရဘူးလို့ ဆိုပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ တိုးမာ့စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) က ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ မပါဝင်သ၍ စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံတကာက အယုံအကြည်ရှိမှာ မဟုတ်ဘူးလို့ လူ့အခွင့်အရေး ကောင်စီမှာ တင်ပြခဲ့သလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့အာရှရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် (Mr. Kurt Campbell) ကလည်း ရွေးကောက်ပွဲအတွက် ကန့်သတ်ချုပ်ချယ်တဲ့ ဥပဒေတွေ ထုတ်ပြန်လိုက်တာဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ဖော်ဆောင်ဖို့အတွက် အထောက်အကူ မပြုဘူးလို့ ဝေဖန်လိုက်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ဗုဒ္ဓဟူးနေ့ ကျင်းပမယ့် ဘက်မလိုက် ထိပ်သီးညီလာခံကို တက်ရောက်မယ့် မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အာဆီယံအဖွဲ့ရဲ့ ပူပန်မှုတွေကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုဖို့ ရှိပါတယ်။ ဒီလို နိုင်ငံတကာ အသိုင်းအ၀န်းရဲ့ ပူပန်မှုတွေအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကျေးဇူးတင်ပေမဲ့ ဒီတခါမှာ လေးလေးနက်နက် ဆောင်ရွက်ဖို့တော့ မျှော်လင့်ထားတယ်လို့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“ပြောတာဆိုတာတွေ အားလုံးကတော့၊ ဥပမာ မစ္စတာ ကင်တားနား ပြန်သွားပြီးတော့ ပြောတာတွေရော၊ အဲဒီအရင်က မစ္စတာ ဘန်ကီမွန်းအနေနဲ့ ဒီမှာရှိတဲ့ တပ်မတော် အကြီးအကဲဆီကို စာပို့ထားတဲ့ ကိစ္စတွေ အကြောင်းအရာတွေရော၊ အခု အာဆီယံက ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ဖိလစ်ပိုင်ကိုယ်စား ပြောတာတွေရော လာမယ့် အာဆီယံ အစည်းအဝေးပွဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ ပြောမယ်ဆိုတဲ့ အနေအထားတွေကတော့ သူတို့ပြောတာ ဆိုတာတွေကတော့ ဒီမိုကရေစီ ရှေ့အလားအလာ ကောင်းဖို့အတွက်ကို ပြောတယ်ဆိုတဲ့ အနေအထား ရှိတယ်လို့ပဲ မှတ်ယူပါသေးတယ်။

“အရင်တုန်းကလည်း ပြောကြတာပါပဲ။ ပြောလာပြီးတော့ နောက်ပိုင်းကျတော့လည်း ဒီလိုနဲ့ပဲ ပြီးဆုံးသွားတာတွေက အများကြီး ရှိတာပေါ့လေ။ သို့သော် ဒီတခါတော့လည်း သူတို့ လေးလေးနက်နက် ပြောကြမယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ အဲဒီဟာတွေ အတွက်ကတော့ ကျနော်တို့အတွက် အကောင်းအဖြစ် ပြောရမယ်လို့တော့ ဆိုရမှာပေါ့လေ။ သို့သော်လည်း ဖြစ်လာမယ့်ဟာ ရှေ့အလားအလာ ဘယ်လိုရှိမယ် ဆိုတာကိုလည်း လူစုံတဲ့အခါ ချဆွေးနွေးပြီးတော့ ဒါကို ယတိပြတ် ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဟာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဗဟိုဦးစီး အဖွဲ့ဝင်တွေနဲ့ အောက်ခြေ အဖွဲ့အစည်းတွေရဲ့ သဘောဆန္ဒကိုပါ သိရဖို့ ကြိုးစားနေတယ်လို့လည်း ပြောပါတယ်။

“သူတို့ပြောတဲ့ ထုတ်ပြန်တဲ့ ဥပဒေတွေထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ မြန်မာတနိုင်ငံလုံးရဲ့ ဒီမိုကရေစီခေါင်းဆောင်၊ နိုင်ငံတကာမှာလည်း တကယ့် ဒီမိုကရေစီနဲ့ ပတ်သက်ပြီးတော့ ခေါင်းဆောင် မီးရှူးတန်ဆောင်ဖြစ်တဲ့ အမျိုးသမီး ခေါင်းဆောင်ကြီးကိုမှ ပြစ်ဒဏ်ချထားတယ်ဆိုတာ အကြောင်းပြုပြီး ပါဝင်ပြီး မရွေးရေးတို့၊ ထုတ်ပယ်ပစ်ရေးတို့၊ ဒါတွေကလည်း အကျိတ်အခဲ ကျေကျေလည်လည် ဆွေးနွေးရမယ့် ကိစ္စတွေ ဖြစ်နေတယ်။

“ဒီကြားထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က ရှေ့နေတွေ သွားတုန်းက ပြောလိုက်တဲ့ စကားတွေထဲမှာလည်း ပါလာတာ ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖြစ်ပေါ်လာအောင် လုပ်လိုက်တဲ့ ကိစ္စတွေ အပေါ်မှာ တရားမျှတမှု မရှိဘူး ဆိုတာတွေလည်း အရင်တုန်းက ပြောပြီးသား ဆိုပြီးသား ရှိတဲ့ အပေါ်မှာသော်လည်းကောင်း၊ နောက်တခုက ရွှေဂုံတိုင် ကြေညာစာတမ်း အပေါ်မှာသော်လည်းကောင်း အခုရှိပြီးသား မြို့နယ်တွေနဲ့ ပြည်နယ်တွေမှာ ပြန်လည်ဖွင့်ခွင့်ရထားတဲ့ အဖွဲ့ချုပ်ရဲ့ အဖွဲ့အစည်းတွေကိုလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြဖို့ ဆိုပြီးတော့လည်း ပြောဆိုထားတာရှိတော့ အဲဒီလှုပ်ရှားမှုကလည်း ရှိနေသေးတယ်လေ။

“အဲဒါတွေအပေါ်မှာ ဆောင်ရွက်ပြီးတော့မှ အဖြေရလာရင် ကျကျနနလေး ဒီမိုကရေစီနည်းအရ ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက် ချမှာပဲ။”

NLD အဖွဲ့အတွက် ဆွေးနွေးချိန် သိပ်မရတော့ပေမဲ့ ဆုံးဖြတ်ချက် တခုခုကို ချပြနိုင်မယ်လို့ မျှော်လင့်ထားကြောင်းလည်း ပြောပါတယ်။

“မျှော်လင့်ထားတယ်၊ မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရက်တွေလည်း ကပ်နေပြီ၊ ပြောရတော့မယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ မေလ ၆ ရက်ဆိုရင် ရက်ပေါင်း ၆၀ ပြည့်ပြီ။ ဒီကြားထဲမှာလည်း သင်္ကြန်တို့ ဘာတို့က ၁၀ ရက်လောက် ရှိသေးတယ်။ ကျနော်တို့က အမှန်အတိုင်း ပြောရရင် အချိန်ယူတော့ လုပ်ချင်တာပေါ့ဗျာ။ သို့သော်လည်း အချိန်ယူ လုပ်ဖို့ဆိုတာက အခုဟာ Time is running out ဖြစ်နေတော့ ဒါကို ကျနော်တို့ကတော့ တက်သုတ်ရိုက်ပြီး လုပ်ရမှာပဲလေ။

“ကျေကျေလည်လည်လည်း ဖြစ်အောင်၊ ၀င်ချင်လည်းပဲ ကျနော်တို့က အားလုံး ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကတဆင့် သိရတဲ့ အကြောင်းကတော့ ၀င်ချင်လည်းပဲ အကုန်လုံး တပြိုင်နက်တည်း ၀င်မယ် ဆိုပြီးတော့ ဆုံးဖြတ်ပြီးရင် အားလုံး တက်တက်ကြွကြွ လုပ်ကြမှာပဲ။ မ၀င်ဘူးဆိုရင်လည်း မ၀င်တဲ့အကြောင်း တက်တက်ကြွကြွနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနဲ့ လုပ်ကြရမှာပဲ ဆိုတဲ့ဟာပဲ။

“အဲဒီတော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့အပေါ်မှာ အခု ၀င်မလား၊ မှတ်ပုံတင်မလား၊ မတင်ဘူးလားဆိုတာ၊ မှတ်ပုံတင်မယ် ဆိုပြန်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ ကိစ္စအရပ်ရပ်က အင်မတန်ကို တင်းလွန်း ကျပ်လွန်း၊ အနိုင်ကျင့်လွန်းတယ်လို့ ထင်တယ်ဗျာ။ အဲဒါကြောင့် ဒါတွေက အတော်ကို ကျေကျေလည်လည် စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်နေတဲ့သဘော ဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး ပြောသွားတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ် VOA

စစ်အာဏာရှင်လက်ခုပ်ထဲက၂၀၁၀ရွေးကောက်ပွဲနဲ့ လွှတ်တော်နှင့်(ထောင်စာအုပ်ရေးရခြင်းအားဘဘဦးဝင်းတင်ပြောခဲ့ခြင်း)



မတ်လ ၈ ရက် စစ်အစိုးရက သူ့ရဲ့စိတ်တိုင်းကျ ရေးဆွဲ ချုပ်ချယ်ထားတဲ့ ရွေးကောက်ပွဲဥပဒေ အရပ်ရပ်နဲ့ အချိန်ဇယားကို ထုတ်ပြန်အပြီး မတ်လ ၁၂ ရက်နေ့မှာ ဆရာဦးဝင်းတင်ရဲ့ ထောင်စာအုပ် ထွက်ရှိလာပါတယ်။ စစ်အာဏာရှင်တွေက အမှန်တရားနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို အကျဉ်းစခန်း၊ ငရဲခန်းတွေနဲ့ ဘယ်လိုမျိုး နင်းချေနှိပ်စက် ဖျက်ဆီးနှိမ်နင်းခဲ့တယ်၊ အဲသည် ငရဲခန်းတွေကို ဆရာဦးဝင်းတင်နဲ့တကွ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးအကျဉ်းသားတွေ ဘယ်ကဲ့သို့ ရင်ဆိုင်ဖြတ်သန်း ကျော်လွှားခဲ့ကြရတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း ကွင်းကွင်းကွက်ကွက် အမှန်အတိုင်း ရဲရဲကြီး ဖော်ပြထားတာ ဖြစ်ပါတယ်။

မတ်လ ၈ ရက်နေ့ နောက်ပိုင်း စစ်အစိုးရထုတ်ပြန်တဲ့ ရွေးကောက်ပွဲဥပဒေတွေ၊ စည်းကမ်းနည်းလမ်းတွေကို အချိန်အကုန်ခံ ဖတ်ရှုလေ့လာပြီး အတွေးသံသရာလည်ပြီး မျက်စိသူငယ် နားသူငယ် ဖြစ်နေကြမယ့်သူတွေအတွက် ဆရာဦးဝင်းတင်ရဲ့ ထောင်တွင်းက လူ့ငရဲခန်း အကြောင်းစာအုပ်ဟာ အမြင်မှန် အတွေးမှန်ကို အလင်းထိုးပြလိုက်တဲ့ စာအုပ်ပဲ ဖြစ်တယ်လို့ ဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ပြောပြမိတော့ ဆရာက ပြုံးရယ်လို့သာ နေပါတယ်။
မတ်လ ၁၄ ရက်နေ့မှာ ဆရာနဲ့ ခေတ္တ ခဏ တွေ့ဆုံခိုက် ပြောဆိုမိသမျှကို ကောက်နုတ်ဖော်ပြလိုက်ပါရစေ။

ထောင်စာအုပ် ဘာလို့ ရေးရတာလဲ ဆိုတော့ …

မြန်မာပြည်မှာ ထောင်စာအုပ် မရှိဘူး။ ထောင်အကြောင်း၊ ထောင်ထဲက အတွေ့အကြုံတွေကို အပြင်ကလူတွေ အမှန်အတိုင်းသိအောင် ရေးရတာ ဖြစ်တယ်။ ပြီးတော့ ထောင်ထဲကလူတွေကို အပြင်က မမေ့မလျော့ သတိရ အားပေးနေကြတယ်ဆိုရင် အတွင်းကလူတွေက အားရှိတယ်၊ ၀မ်းသာတယ်။ သူတို့က အထဲမှာလည်း စိတ်တွေ မနာဘဲ ဖြတ်သန်းကြတဲ့အခါ အပြင်ရောက်လာတဲ့အခါမှာလည်း ဆက်လက်ပြီး သတ္တိရှိရှိ ရပ်တည်ဆောင်ရွက်ကြတယ်။

ရွေးကောက်ပွဲ ၀င်မှာလား …

အင်န်အယ်ဒီပါတီက ရွှေဂုံတိုင်ကြေညာချက် ထုတ်ပြန်ထားပြီး ဖြစ်တယ်။ ရွေးကောက်ပွဲ ၀င်မယ်ဆိုရင် ၂၀၀၈ အခြေခံဥပဒေကို ထောက်ခံကြောင်း၊ သဘောတူကြောင်း ခံဝန်ချက် ထိုးရမယ်။ အဲဒါဆိုရင် စစ်အစိုးရရဲ့ အခြေခံဥပဒေကို ပြန်လည်ညှိနှိုင်းဖို့ တောင်းဆိုခွင့် မရှိတော့ဘူး။

ပါတီက မှတ်ပုံပြန်တင်မှာလား

ပါတီ ရှင်သန်ရေးက အဓိကကျတယ်လို့ ပြောကြသလို၊ တချို့ကကျတော့ ပါတီက ဘာမှမလုပ်နိုင်ဘဲနဲ့တော့ ဆက်ရှိနေဖို့ လိုသေးလား စသည်ဖြင့် ပြောကြတယ်။ ပါတီကို မှတ်ပုံတင်မယ် ဆိုရင် အခုချိန်ကစပြီး ရေတွက်မယ် ဆိုရင် ဆွေးနွေးတိုင်ပင် ပြင်ဆင်ဖို့ ရက်ပေါင်း ၂၉ ရက်ပဲ ရှိတယ်။ ဧပြီလမှာ သင်္ကြန်ရက်တွေ၊ ပိတ်ရက်တွေ ရှိနေတယ်။ အခြား ရုံးပိတ်ရက်တွေကိုပါ နှုတ်လိုက်ရင်အခုအချိန်မှာ သည်ရက် အချိန်တိုတိုအကန့်အသတ်အတွင်း လုပ်ရမှာက ပြသနာဖြစ်တယ်။

ပါတီက မှတ်ပုံပြန်တင်မယ်ဆိုရင် ပါတီက နိုင်ငံရေးအကျဉ်းသားတွေ၊ အကျယ်ချုပ်ခံရသူတွေကို ထုတ်ပစ်မှာလား …

ယခင်တုန်းက (အမျိုးသားညီလာခံ) ပါတီက အကျဉ်းကျနေသူတွေ၊ အကျယ်ချုပ်ခံနေရသူတွေကို ပေးအပ်ထားတဲ့ တာဝန်တွေကနေ ဖယ်ရှားခဲ့ရတယ်။ ပြီးတော့ ပြန်လည်လွတ်မြောက်လာချိန်မှာ မူလတာဝန် ၀တ္တရားတွေ ပြန်လည်ပေးအပ်ခဲ့တာပါပဲ။ ကျနော်သည်လည်း သည်လိုပဲ တာဝန်တွေ ပြန်လည်လက်ခံရရှိခဲ့တာ ဖြစ်တယ်။

ဒါပေမယ့် ဒီထက်အရေးကြီးတာက - ယခင်ကနဲ့ မတူတော့တာက - ခုချိန်မှာ ၁၉၉၀ ရွေးကောက်ပွဲနဲ့ လွှတ်တော်ကိုယ်စားလှယ်များကိုပါ ပစ်ပယ်လိုက်ရတော့မှာ ဖြစ်တယ်။ ၂၀၁၀ ရွေးကောက်ပွဲအတွက် ပါတီကို မှတ်ပုံပြန်တင်လိုက်တာနဲ့ အဲသည် ပစ်ပယ်မှုတွေကို ပြန်လည်ရယူလို့ မရတော့ဘူး။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှုကိုပါ ပစ်ပယ်ရာ ရောက်သွားမှာ ဖြစ်ပါတယ်။


၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲ ၂ ခု က ဘာကွာလို့လဲ …

ရွေးကောက်ပွဲချင်းက မတူဘူး။ ၁၉၉၀ တုန်းက ၈၈ အရေးတော်ပုံရဲ့ အရှိန်အ၀ါ ရှိတယ်။ အဲသည်တုန်းက ဒေါ်အောင်ဆန်းစုကြည်တဦးတည်းကိုပဲ ရွေးကောက်ပွဲမှာ ကန့်သတ်ခဲ့တာဖြစ်တယ်။ ပါတီတခုလုံးက ၉၀ ရွေးကောက်ပွဲမှာ တပြည်လုံး အတိုင်းအတာနဲ့ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိတယ်။ အခြားနိုင်ငံရေးပါတီ အများအပြားလည်း ၁၉၉၀ ရွေးကောက်ပွဲမှာ ပါဝင်ခဲ့ကြတယ်။
အခု ၂၀၁၀ မှာ လက်ရှိနိုင်ငံရေးပါတီဆိုလို့ အင်န်အယ်ဒီပါတီ တခုတည်းသာ ရှိတော့တယ်။ အခု ရွေးကောက်ပွဲက ၈၈ အရေးတော်ပုံနဲ့ ဝေးသွားခဲ့ပြီ။ ပါတီအနေနဲ့ကလည်း စစ်အစိုးရရဲ့ အကန့်အသတ် အတားအဆီးတွေ အဆင့်ဆင့်ကြောင့် လူထုနဲ့လည်း ဝေးကွာနေရတဲ့ အခြေအနေမှာ ရှိတယ်။

ဘယ်လိုမျိုးကြောင့် လူထုနဲ့ ဝေးတယ်လို့ ပြောရတာလဲ …

အင်န်အယ်ဒီပါတီက ကျေးလက်တောရွာတွေကို လွတ်လွတ်လပ်လပ် သွားလာခွင့် မရှိဘူး။ ပါတီအနေနဲ့ မဟုတ်ဘဲ အလည်အပတ်မျိုးပဲ သွားနိုင်တယ်။ မြို့တွေကို သွားရောက်လည်ပတ်ဖို့က အခွင့်အရေးနည်းနည်း ပိုရှိသေးတယ်။ သို့သော် စစ်အစိုးရက သူတို့ဖက်က အင်အားတွေ၊ စည်းရုံးရေးတွေနဲ့ ကျေးလက်တောရွာ နယ်တွေမှာ ဖိထား စုထားတယ်။ ကြံ့ခိုင်ရေး၊ အမျိုးသမီး၊ ကြက်ခြေနီ၊ ပြည်သူ့စစ်၊ အရန်မီးသတ် … နည်းမျိုးစုံပဲ။

လူထုရဲ့ ဆန္ဒမဲတွေကို မရနိုင်တော့ဘူးလား …

လွတ်လပ်သန့်ရှင်းစွာ မဲပေးနိုင်ခွင့်က အာမခံချက် ရှိသလား။ ဒီလိုအခြေအန အကြပ်အတည်းတွေ ဖန်တီးထားမှတော့ … ။ ပြီးတော့ ၀န်ထမ်းတွေ၊ ၀န်ထမ်းမိသားစုတွေကို စာရင်းကောက်ယူပြီး ကြိုတင်မဲစာရင်း ကောက်ယူထားတာ၊ ဒီလိုမျိုးနဲ့ အခြားအသိုင်းအ၀ိုင်းတွေဆီက ကြိုတင်မဲတွေကို စုဆောင်းပြီး ထုတ်သုံးတာမျိုးတွေလည်း ရှိနိုင်တယ်။


အဲသည်ကြားထဲက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ် ဆိုရင်ကော …

ရွေးကောက်ပွဲလွန်ကာလမှာ စစ်အစိုးရအခြေခံဥပဒေအရ အနိုင်ရတဲ့ ပါတီက အစိုးရဖွဲ့ခွင့် မရှိဘူး။ ပါတီဝင်တဦးက အစိုးရ၀န်ကြီး (အစိုးရ၀န်ထမ်း) ဖြစ်လာရင်တောင် ပါတီက ထွက်ပြီး တာဝန်ထမ်းဆောင်ရမယ်။ အခြေခံဥပဒေအရ အဲသည်မှာ ကန့်သတ်တားဆီးထားမှုတွေ အများကြီးကို ရင်ဆိုင်နေရမှာ ဖြစ်တယ်။


အင်န်အယ်ဒီပါတီ ရှိနေဖို့ …

ပါတီက ခုချိန်မှာ လုပ်စရာတွေ၊ ရင်ဆိုင်စရာတွေ အများကြီး ရှိပြီးသားဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောလိုက်သလို ပါတီဝင်တွေက တရားဥပဒေတွေနဲ့ အညီ ရင်ဆိုင်ကြမယ်။ ညီညီညွတ်ညွတ် ရင်ဆိုင်ကြမယ်။ စစ်အစိုးရဖက်က ပျက်ကွက်ခဲ့တာ၊ လူ့အခွင့်အရေးဆိုင်ရာ ပြစ်မှုတွေ ကျုးလွန်ခဲ့တာ၊ ၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီးနောက် အနှစ် ၂၀ ကြာတဲ့အထိ ပြည်သူတွေရဲ့ အချိန်တွေနဲ့ ပြည်သူ့ဘဏ္ဍာတွေကို ဖြုံးတီးပစ်ခဲ့တာတွေ ဒါတွေကို စစ်အစိုးရကို ရင်ဆိုင်ပြီး မေးခွန်းထုတ်သင့်တယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြားလိုက်သလို ပါတီရုံးခန်းတွေမှာ အခြေခံဥပဒေတို့၊ ရွေးကောက်ပွဲ ဥပေဒေတို့ကို ၀ိုင်းဝန်းဆွေးနွေးကြပါ၊ တရားမျှတမှု မရှိဘူးဆိုတာ ထင်ရှားသည်ထက် ထင်ရှားလာမှာ ဖြစ်ပါတယ်။


ပါတီရဲ့ အင်အား၊ လူထုရဲ့ အင်အားတွေက ဘယ်လိုလဲ၊ ဘာလဲ …
အချိန်က အခု စကားပြောနေချိန်မှာတောင် ရုံးဖွင့်ရက်အားဖြင့် ၂၉ ရက်ပဲ ရှိတော့တယ်။ အချိန်က လုံးဝ မရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် အင်န်အယ်ဒီဟာ လူထုနဲ့ တသားတည်း ရပ်တည်ရမှာ ဖြစ်တယ်။ အခုအချိန်ဟာ သေရေး ရှင်ရေး ဖြစ်ပါတယ်။ သူသေကိုယ်သေ လို့ ဆိုတာထက်၊ သူသေ ကိုယ်ရှင် ဖြစ်ရမှာပေါ့။ တတ်နိုင်ရင်တော့ သူသေ ကိုယ်သေ မလုပ်ချင်ပါဘူး။ အခုချိန်မှာ အင်န်အယ်ဒီနဲ့ ပြည်သူလူထုဟာ အဖက်ဖက်က ကန့်သတ်ချုပ်ချယ်ခြင်း ခံထားရတဲ့ကြားက၊ အစစအရာရာ ဖိနှိပ်မှုတွေ ကြားထဲကနေပြီး စိတ်ဓာတ်ခွန်အားတခုတည်းနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

အင်န်အယ်ဒီက ဘယ်လိုမျိုး ဆုံးဖြတ်ချက် ချကြမှာလဲ …

ယခင်တုံးကဆိုရင်တော့ CEC က ဆုံးဖြတ်ချက်ချပြီးတော့ အောက်ခြေကို ဦးဆောင်မှု ပေးရုံဖြစ်တယ်။ သို့သော် အခုချိန်မှာ CC အဖွဲ့ကို ဖွဲ့စည်းပြီးပြီ ဖြစ်တဲ့အတွက် ဗဟိုဦးစီးအဖွဲ့ (CC) နဲ့ ဆွေးနွေးရမယ်။ အဲသည်လို အားလုံးပါဝင်တဲ့ ဆွေးနွေးမှု၊ ဆုံးဖြတ်မှုတွေကို လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။ မှတ်ပုံတင်မယ် ဗျာ တို့၊ ဘာတို့ ဇွတ်လုပ်လို့ မရပါဘူး။

အင်န်အယ်ဒီပါတီရဲ့ လက်ရှိအခြေအနေကို သုံးသပ်ရရင် …
လူငယ်တွေရဲ့ အခန်းကဏ္ဍကို အခုထက်ပိုပြီး မြှင့်တင်ဖို့လိုပါတယ်။ အခုအချိန်မှာ သူတို့တွေရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် အစွမ်းကုန်လုပ်နေကြပြီ ဖြစ်ပါတယ်။ သင်တန်းတွေ၊ စာဖတ်ဝိုင်းတွေ၊ ဆွေးနွေးပွဲတွေနဲ့ ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ စွန့်လွှတ်စွန့်စားမှုတွေကိုလည်း ထုတ်ဖော်ပြောဆိုနေရမယ်။ အခုဆိုရင် ထောင်ကျနေတဲ့ အင်န်အယ်ဒီပါတီဝင် လူဦးရေတွေထဲက ထက်ဝက်ကျော်ဟာ လူငယ်တွေ ဖြစ်ပါတယ်။

နောက်တခုကတော့ အင်န်အယ်ဒီကနေပြီးတော့ လူထုလူတန်းစားအသီးသီး၊ အလွှာအသီးသီးအပေါ်မှာ ဘယ်လိုမျိုး သဘောထားတယ်၊ ဘယ်လိုမျိုး ရပ်တည်တယ် ဆိုတာတွေကို အများသိရှိအောင်၊ အင်န်အယ်ဒီပါတီဝင်တွေအချင်းချင်းမှာလည်း သိရှိနားလည်မှုရှိအောင် ပိုမိုပြီး ဆောင်ရွက်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် - အလုပ်သမားလူတန်းစားတွေအပေါ်မှာ ကျောင်းသားလူငယ်တွေ၊ ရဟန်းသံဃာတွေ အပေါ်မှာ စသည်ဖြင့် သဘောထားတွေ၊ ရပ်တည်ချက်တွေ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသထားဖို့ ဆောင်ရွက်ရမယ်။
ပြန်ပြီး ရှင်းပြရရင် - ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၉က အင်းစိန်ထောင်မှာ ချုပ်နှောင်ပြီး တရားစွဲဆိုနေစဉ်ကဆိုရင် အင်န်အယ်ဒီက လူထုနဲ့အတူ အင်းစိန်ထောင်ရှေ့မှာ သွားရောက်ပြီး ဆန္ဒထုတ်ဖော်ဖို့ လုပ်ကိုင်ခဲ့တာ ဖြစ်တယ်။ ဆန္ဒပြဖို့ ဆူပူဖို့ သွားခဲ့တာ မဟုတ်ဘူး။ လူထုနဲ့အတူ၊ လူထုကိုယ်စား ဆန္ဒထုတ်ဖော်ကြမယ်လို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ကြောက်စိတ်ကို ထုတ်ဖော်ပြသခဲ့တာ မဟုတ်ပါဘူး။ ကိုယ့်အချင်းချင်းမှာကိုယ်တိုင် ဒါကို ရှင်းရှင်း သိဖို့လိုပါတယ်။
အခုအချိန်မှာ ပါတီတွင်းပြန်ကြားရေးအတွက်ကိုတောင် ပါတီပြန်ကြားရေးစာစောင် ထုတ်နိုင်ဖို့ အခက်အခဲတွေ အများကြီး ရှိနေတယ်။ အတားအဆီးတွေ ရင်ဆိုင်နေကြရတယ်။ အဲသည်တော့ ကျနော်နဲ့ စကားပြောလာတဲ့၊ မေးမြန်းလာတဲ့ မီဒီယာတွေနဲ့ပဲ စကားပြောဆိုနေရတယ်။ အများသိရှိကြရအောင် သူတို့ကနေတဆင့် ဆွေးနွေးပြန်ကြားနေရတဲ့ အခြေအနေ ဖြစ်နေပါတယ်။


အများပြည်သူကို ဘာပြောချင်တာလဲ …

နံပါတ် ၁ ကတော့ “မကြောက်တရား” ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ်ဟာ မတရားတဲ့စနစ်တခုဖြစ်တယ်။ အဲသည် မတရားမှုတွေကို မကြိုက်ဘူး၊ လက်မခံနိုင်ဘူး ဆိုရင် အဲဒါကို “အကြောက်” နဲ့ မရင်ဆိုင်ဘဲ “မကြောက်တရား” နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောကြားခဲ့သလို လူတွေ မကြောက်ကြပါနဲ့၊ မကြောက်တဲ့ အနေအထားကနေ ရင်ဆိုင်ပါ။ မရဘူး … ကြောက်တာပဲ ဆိုရင်လဲ ကြောက်ကြောက်နဲ့ပဲ လုပ်ကြပါ။ ကျနော်ကိုယ်တိုင်လည်း သူများကို မကြောက်နဲ့ မကြောက်ကြနဲ့လို့ ပြောနေရုံတင် မဟုတ်ဘဲနဲ့ မကြောက်တရားကို ကိုင်စွဲပြီး အခုလိုမျိုး လုပ်ကိုင် ရင်ဆိုင်နေရတာပဲလို့ ပြောချင်ပါတယ်။

နံပါတ် ၂ ကတော့ “သွေးစည်းညီညွတ်ရေး” ဖြစ်ပါတယ်။ ကျနော်တို့ပြည်သူတွေအားလုံးမှာ စားဝတ်နေရေးတွေ အလွန်ကြပ်တည်းလာတယ်။ ဆင်းရဲဒုက္ခနဲ့ ရင်ဆိုင်နေရတယ်။ ရှေ့ကို သည်အတိုင်း ကြပ်တည်းဆင်းရဲတဲ့အတိုင်းသွားကြရင် စစ်အာဏာရှင်စနစ်ကပဲ ဆက်လက်အောင်ပွဲခံသွားမှာ ဖြစ်တယ်။ အခုချိန်မှာ နည်းမျိုးစုံနဲ့ လှည့်ဖျားတာတွေ၊ ချိန်းခြောက်တာတွေ၊ အချိုသတ်တာတွေ၊ ကျောသတ်တာတွေ စတဲ့ သွေးခွဲမှုတွေ၊ ခွဲခြားမှုတွေ လုပ်လာနေပါတယ်။ အဲသည်အတွက် ကျနော်တို့အားလုံးက တသွေးတည်း တသားတည်း တသံတည်းဖြစ်မှသာ အဲသည်လက်နက်နဲ့ ရင်ဆိုင်ကျော်ဖြတ်နိုင်မှာ ဖြစ်ပါတယ်။
နံပါတ် ၃ ကတော့ “စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတဲ့ တခုတည်းသော ပန်းတိုင် ဖြစ်ပါတယ်။ ခုချိန်မှာ ဖြစ်ပျက်နေတဲ့ အရေးအခင်းတွေ၊ အဖြစ်အပျက်တွေကို ကျနော်ကတော့ ၁၉၈၈ အရေးတော်ပုံရဲ့ သမိုင်းမှတ်တမ်းတွေ၊ မှတ်တိုင်တွေ၊ ကြွေးကြော်သံတွေနဲ့ နှိုင်းယှဉ်ပြီး မီးမောင်းထိုးပြပါတယ်။ ဒါဟာ ကျနော်တို့အားလုံးနဲ့ မဝေးသေးတဲ့ နီးစပ်တဲ့ အဖြစ်အပျက်တွေ၊ အကြောင်းအရာတွေ ဖြစ်ပါတယ်။

အာဏာရှင်စနစ်ဆိုတာ ဟိုးအပေါ်ဆုံးကနေပြီးတော့ အောက်ခြေအဆုံးက အလွှာအထိ ဘာမှ အစအန မကျန်ရစ်အောင် ချုပ်ငြိမ်းဖို့ လိုအပ်နေပြီဆိုတာ သဘောပေါက်ရတော့မယ်။ မဆလခေတ်က အာဏာရှင်တွေဆိုတာ အုပ်ချုပ်သူလူတန်းစားအလွှာထဲမှာသာ ရှိခဲ့တာလေ။ အလယ်အလတ်တန်းလွှာမှာ၊ အောက်ခြေလူတန်းစားမှာ အာဏာရှင်တွေ မရှိပါဘူး။ နေ့စဉ် နေ့တဓူဝ သွားလာလှုပ်ရှားနေလို့ ရသေးတယ်။ အာဏာရှင်တွေနဲ့ မပတ်သက်အောင် နေလို့ ရခဲ့သေးတယ်။

အခုကတော့ လူထု လူတန်းစားအလွှာအသီးသီးမှာ အာဏာရှင်စနစ်ရဲ့ စိတ်ဓာတ်တွေ အကျင့်စရိုက်ဆိုးတွေက တိုးပွား အမြစ်တွယ်လာနေပြီ ဖြစ်တယ်။ ဟိုးအောက်ခြေက ထောင်ဝန်ထမ်းကလည်း အာဏာရှင်ပဲ။ ရပ်ကွက်ထဲက သာမန်လူတဦးကလည်း စစ်အစိုးရ သွေးထိုးမှု၊ ဖျက်ဆီးမှုကြောင့် သူလည်းပဲ အာဏာရှင်ပဲ။ အဲသလို အခြေခံနဲ့ မြန်မာပြည်တ၀ှမ်းလုံးမှာ အာဏာရှင်ပေါက်စတွေ တိုးပွားလာနေပြီ။ သူတလူ ငါတမင်းနဲ့ မင်းမဲ့စရိုက်ဖြစ်ပြီး မည်းမည်းမြင်ရာ အနိုင်ကျင့်နေ စော်ကားနေကြပြီ။ အဲဒါကြောင့် ခုချိန်မှာ “အာဏာရှင်စနစ် ချုပ်ငြိမ်းရေး” ဆိုတာ အားလုံးက ၀ိုင်းဝန်းဆောင်ရွက်ကြမှ ဖြစ်တော့မယ်ဆိုတာ သဘောပေါက်ကြရပါမယ်။
အဲဒါကြောင့် ကျနော်တို့ အပါအ၀င် အားလုံးသော ပြည်သူလူထုက မကြောက်တရားလက်နက်ကို ကိုင်စွဲပြီး အားလုံး သွေးစည်းညီညွတ်စွာနဲ့ တစုတစည်း တသံတည်း - အာဏာရှင်စနစ် ချုပ်ငြိမ်းအောင် တခုတည်းသော ပန်းတိုင်အဖြစ် ရင်ဆိုင်ကြဖို့ ချီတက်ကြဖို့ ပြောလိုက်ချင်ပါတယ်။

ရင်းမြစ်..မိုးမခ

နအဖအစိုးရထုတ်ပြန်ထားသည့်ရွေးကောက်ပွဲဥပဒေ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေများနှင့်ပတ်သက်၍ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၏သဘောထားအကြံပြုချက်.

FDB Stm on SPDC Laws for Election