13 August 2011

သတင်းစာရှင်းလင်းပွဲ (၁/၂၀၁၁)မှာ ဗူးသီးလုံး လောက်ရှိသောမျက်ရည်တွေနဲ့ ငိုယိုပြတဲ့ ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်း (ရုပ်/သံ)



ပေးပို့ ပေးသော ကိုဒေါင်းမာန်ဟုန် အားကျေးဇူးတင်ရှိပါသည်.။

ရာဇဝင် မှာစာတင်သွားတဲ့ မောင်ကျော်ဆန်း အဖြေ ကို ပြန်လည် ဖော်ပြပေးတာပါ

အာဏာရှင်အစိုးရသစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲ ဦးကျော်ဆန်း ဗူးသီးလုံးလောက်ရှိသောမျက်ရည်များလွှမ်းမိုး




ဦးသိန်းစိန်အစိုးရလက်ထက် ပထမဆုံးအကြိမ် နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း မေးခွန်း များကို ဖြေကြားရင်း ကျဆင်းခဲ့သော မျက်ရည်ကိစ္စ သတင်းထောက်များအကြား လွှမ်းမိုးမှုအရှိဆုံးဖြစ်ကြောင်း သိရသည်။

နေပြည်တော် တွင် သြဂုတ် ၁၂ ရက်နေ့၌ ကျင်းပခဲ့သော အစိုးရ သတင်းစာရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) နှင့် မြစ်ဆုံကိစ္စကို သတင်းထောက်များ အများဆုံးမေးခွန်းထုတ်ခဲ့ကြသည်။

“မေးခွန်း သုံးပုံ တစ်ပုံလောက်က ဒီကိစ္စ မေးခွန်းတွေ”ဟု တက်ရောက်ခဲ့သူသတင်းထောက်တစ်ဦးက ပြောကြားသည်။

ဧရာဝတီမြစ်ဆုံတွင် တည်ဆောက်တော့မည့် အကြီးစား ရေအားလျှစ်စစ် စီမံကိန်းကို နိုင်ငံတစ်ဝှမ်းရှိ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ လှုပ်ရှားမှုများ၊ နိုင်ငံရေးသမားများ၊ ကချင်တိုင်းရင်းသားများ၊ မီဒီယာများက အပြင်းအထန် ကန့်ကွက်နေချိန်တွင် အစိုးရက သတင်းစာ ဆောင်းပါး နှစ်ပုဒ်ဖြင့် စီမံကိန်းကြောင့် ဧရာဝတီမြစ် မကောနိုင်ကြောင်း တုံပြန်ခဲ့သည်။

ယင်းသို့တုံ့ပြန်ချက်များနှင့် ပက်သက်၍ မီဒီယာများတွင် အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး သတင်းစာ ရှင်းလင်းပွဲတွင်လည်း မေးခွန်းထုတ် ခဲ့ကြခြင်း ဖြစ်သည်။

“ဧရာဝတီမြစ်ဖျားက စီမံကိန်း ဆက်ဆောက်မှာလား။ မဆောက်တော့ဘူးလားဆိုတဲ့ မေးခွန်းကို ဖြေပြီး ဦးကျော်ဆန်း မျက်ရည်ကျတော့တာပဲ”ဟု သတင်းစာရှင်းလင်းပွဲ တက်ရောက်သူ အယ်ဒီတာတစ်ဦးက ပြောကြားသည်။

အထက်ပါမေးခွန်းကို တပ်မတော်အစိုးရ အာဏာရယူခဲ့သော ၁၉၈၈ ခုနှစ်မှ စတင်ဇာတ်ကြောင်းပြန်ဖြေရှင်းကာ မိမိတို့အနေဖြင့် တိုင်းပြည်ကို မည်ရွေ့မည်မျှချစ်ခင်ကြောင်း ပြောဆိုရင်း မျက်ရည်ကျလာကြောင်း ၎င်းတို့ထံမှ သိရသည်။

“မိနစ်ပိုင်းလောက်ကြာတာ။ မျက်ရည်ကျတယ်။ အဲဒီအချိန်ဘာမှ မပြောဘဲ တန့်တယ်။ ဒီမေးခွန်းလည်းပြီးရော သတင်းထောက်တွေ မေးခွန်းမေး လို့ မရတော့ဘူး”ဟု ယင်း အယ်ဒီတာက ဆိုသည်။

သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံခြားနှင့် ပြည်တွင်းသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်းဆောင်ရွက်ရေးများ၊ ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရေး၊ အတင်းအဓ္ဓမ လုပ်အားခိုင်းစေမှု၊ မကြာမီကျင်းပတော့မည့် လွှတ်တော်အစည်းအဝေးများအရေး စသည်တို့ကို အများဆုံး မေးမြန်းခဲ့ကြသည်။

သတင်းစာရှင်းလင်းပွဲတွင် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သော ဦးကျော်ဆန်းသည် ယခင် စစ်အစိုးရ လက်ထက် တွင်လည်း ပြန်ကြားရေးနှင့် အထက်ပါတာဝန်များ ယူခဲ့သူဖြစ်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်တွင် ယဉ်ကျေးမှုဝန်ကြီးဌာနကိုပါ ပူးတွဲတာဝန်ယူလျက် ရှိသည်။

ဦးကျော်ဆန်းသည် သမ္မတသစ်ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကဏ္ဋကောစ လုပ်လေ့ရှိသော ဒုတိယ သမ္မတ ဦးသီဟ သူရတင်အောင်မြင့်ဦး၏ အုပ်စုတွင်ပါဝင်ကြောင်း စစ်တပ်နှင့် နိုင်ငံရေးအသိုင်းအ၀ိုင်းတွင် နာမည်ရသူဖြစ်သည်။

မျက်ရည်ကျပြီး ‘ကျွန်တော် စိတ်လှုပ်ရှားမှု များသွားလို့ပါ’ဟု ဆိုခဲ့သူ၊ သတင်းထောက်များကို ယင်းကိစ္စကို ဖုံးဖုံးဖိဖိလုပ်ရန် နားချခဲ့သူ သက် တော်ရှည် ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းမှာ မီဒီယာကို မီဒီယာနှင့် တိုက်ရမည်ဟု တရားဝင်ထုတ် ထုတ်ဖော်ပြေဆိုခဲ့ဖူးသူဖြစ်ပြီး အစိုးရ သတင်း စာများ၏ နောက်ကျောတွင်လည်း ပြည်ပမီဒီယာများကို တိုက်ခိုက်သော ဆောင်ပုဒ်များ တီထွင်ကာ နေ့စဉ် မပြတ်တမ်း ရိုက်နှိပ်ဖော်ပြလေ့ရှိသည်။

“၀ါဒဖြန့်တယ်ဆိုတာ တတ်မှကောင်းတယ်။ နို့မို့ဆို ရွံ့စရာကောင်းသွားတတ်တယ်”ဟု ရန်ကုန်အခြေစိုက် ဥပဒေပညာရှင်တစ်ဦးက မှတ်ချက် ပြုပေးသည်။

ဦကျော်ဆန်း၏ မျက်ရည်ကိစ္စမှာ အင်တာနက် Facebook စာမျက်နှာများပေါ်တွင် နာရီပိုင်းအတွင်း ပျံနှံ့သွားခဲ့ပြီး လူအများအထူး စိတ်ဝင် တစား ဖတ်ရှုမှတ်ချက်ပေးရာ အကြောင်းအရာတစ်ခု ဖြစ်သည်။

“မျက်ရည်ကျတိုင်းလည်း ပြောရခက်တယ်။ မိချောင်းမျက်ရည်လည်း ဖြစ်နေတတ်တယ်၊ သူ့ပြကွက်ကို အကယ်ဒမီ ပြကွက်ဆိုပြီး ၀ိုင်းပြီး မှတ်ချက် ပေးနေကြတယ်”ဟု Facebook စာမျက်နှာပေါ်တွင် မှတ်ချက်ပေးထားသည်။

သတင်း... မင်းဦး

ယနေ့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည်တို့တွေ့ဆုံဆွေးနွေးမှုအားသတင်းထုတ်ပြန်ချက်

Untitled 1(1)

12 August 2011

ဖွဲ့လည်းဖွဲ့ နိုင်တဲ့ စစ်အာဏာရှင်ကြီးများ..

ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ ဖွဲ့စည်းခြင်း အမိန့်အမှတ် (၇၅/၂၀၁၁)ကို သြဂုတ်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေး၊ သဘာဝဘေးအန္တရာယ် အရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခါအားလျော်စွာ သတင်းများ ထုတ်ပြန်ခြင်း၊ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ခြင်း၊ သတင်းထုတ်ပြန်ချက် ထုတ်ပြန်ပေးခြင်းများ တာဝန်ယူ ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၂၄၊ ပုဒ်မခွဲ (က)အရ “ပြောရေးဆိုခွင့် သတင်းထုတ်ပြန်ရေးအဖွဲ့”ကို ဦးကျော်ဆန်း၊ ပြည်ထောင်စု ၀န်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာနအား အဖွဲ့ခေါင်းဆောင် အဖြစ်လည်းကောင်း၊ အဖွဲ့ဝင်များအဖြစ် ဗိုလ်မှူးချုပ် ကျော်ဇံမြင့်၊ ဒုတိယ၀န်ကြီး (ပြည်ထဲရေးဝန်ကြီးဌာ)၊ ဦးမောင်မြင့် ဒုတိယ၀န်ကြီး (နိုင်ငံခြားရေးဝန်ကြီးဌာန)၊ ဦးစိုးဝင်း ဒုတိယ၀န်ကြီး (ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးမြင့်သိန်း ဒုတိယ၀န်ကြီး (အလုပ်သမားဝန်ကြီးဌာန)၊ ဦးထွန်းထွန်းဦး ဒုတိယရှေ့နေချုပ် (ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ရဲချုပ်ကျော်ကျော် ရဲချုပ် (မြန်မာနိုင်ငံ ရဲတပ်ဖွဲ့)၊ ဗိုလ်မှူးကြီး လူအေး စစ်ဦးစီးဗိုလ်မှူးချုပ် (ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း))၊ ဦးတင်မျိုးကြည် ညွှန်ကြားရေးမှူးချုပ် (ပြည်ထောင်စုအစိုးရအဖွဲ့ရုံး)၊ ဦးရဲမင်း ဒုတိယညွှန်ကြားရေးမှူးချုပ် (သမ္မတဦးစီးရုံး)နှင့် ဦးဇော်မင်းဦး ဦးဆောင်ညွှန်ကြားရေးမှူး (သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း) တို့ဖြင့် ဖွဲ့စည်းလိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။




ပြည်ထောင်စုဝန်ကြီး ပြောင်းလဲတာဝန်ပေးအပ်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ပြောင်းလဲ တာဝန် ပေးအပ်ခြင်း အမိန့်အမှတ် (၄၅/၂၀၁၁)ကို သြဂုတ် ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်စွာခိုင်အား သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ပြောင်းလဲ တာဝန် ပေးအပ်လိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။


ဝန်ကြီးဌာနတာဝန် ပူးတွဲထမ်းဆောင်စေခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံးက ၀န်ကြီးဌာနတာဝန် ပူးတွဲထမ်းဆောင်စေခြင်း အမိန့်အမှတ် (၄၆/၂၀၁၁) ကို သြဂုတ် ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့အရ အမှတ်(၂) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းအား အမှတ်(၁) စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ကိုပါ သြဂုတ်လ ၁၀ ရက်နေ့မှစ၍ ပူးတွဲထမ်းဆောင်စေလိုက်ကြောင်း သြဂုတ် ၁၁ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

ပြည်တွင်းလမ်းဘေးဈေးသည်များ ဈေးရောင်းရာတွင် မှတ်ပုံတင်နှင့် ပုံစံ-၁၀ ယူဆောင်လာရမည်



ပြည်သူလူထုမှ လက်ခံသော နံပါတ်တပ်လမ်းနှင့် လမ်းသွယ်များအတွင်း လမ်းဘေးဈေးသည် များ ဈေးရောင်းချရာတွင် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် ၎င်းတို့ ဈေးရောင်း သည့်မြို့နယ်တွင် နေထိုင်ကြောင်း ပုံစံ-၁၀ မိတ္တူကို အမြဲယူဆောင်လာရန် သက်ဆိုင်ရာမှ ညွှန်ကြား ထားကြောင်း သိရ သည်။

ထို့ပြင် ရန်ကုန်မြို့တွင်း (၆) မြို့နယ်၌ လမ်းဘေး ပလက်ဖောင်းများ၊ လူသွားစင်္ကြန် များပေါ်တွင် ဈေးရောင်းချလျက်ရှိသည့် လမ်းဘေး ဈေးသည်များကိုလည်း သြဂုတ်လ ၁၂ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ပူးပေါင်း၍ အရေးယူ ဆောင်ရွက် သွားတော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခင် သက်ဆိုင်ရာမှ စီမံချက်ဖြင့် လမ်းဘေးဈေးသည်များကို လူသွားလူလာများ သည့် နေရာများတွင် ဈေးရောင်းချမှုအား အရေးယူ ဆောင်ရွက်ခဲ့ သည့်အတွက် လမ်းဘေးဈေးသည်များမှာ ညနေ(၃) နာရီနောက်ပိုင်းမှသာ သက်ဆိုင်ရာမှ ပိတ်ပင်ထားသည့် နေရာ များတွင် ဈေးရောင်းချမှု များ ပြန်လည် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၎င်း ညနေ(၃) နာရီနောက်ပိုင်း လမ်းဘေးဈေးသည်များ ဈေးရောင်းချနေမှုများကိုလည်း သြဂုတ်လ (၁၂) ရက်နေ့မှ စတင်၍ အရေးယူ ဆောင်ရွက် သွားမည်ဖြစ်ပြီး ပြည်သူလူထု စိတ်အနှောင့်အယှက် မဖြစ်နိုင်သည့် နံပါတ်တပ်လမ်းများနှင့် လမ်းသွယ်များတွင် အထောက်အထား အပြည့်အစုံနှင့် လမ်းဘေးဈေးသည်များကို ယာယီရောင်းချခွင့် ပြုထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်၌ ဈေးရောင်းချမည့်လမ်းဘေးဈေးသည်များသည် ၎င်းတို့နေထိုင်ရာ မြို့နယ်၌ပင် ဈေးရောင်းချလိုပါက ဆိုင်ခန်းခ၊ ဈေးကောက်ခ ပေးရန်မလိုဘဲ အခမဲ့နေရာချ ထားပေး၍ ရောင်းချ ခွင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ရောင်းချခွင့်ကို နံနက် (၆) နာရီမှ ည(၈) နာရီထိတိုင် ရောင်းချခွင့်ပြုထားပြီး စားသုံးသူများ ကျန်းမာရေး မထိခိုက်နိုင်စေရန် ရောင်းချမည့် လမ်းဘေးဈေးသည်များ၏ ကျန်းမာရေးစစ်ဆေးမှု များကိုလည်း ပြုလုပ်ပေး သွားမည် ဖြစ်ကြောင်း သိရသည်။

လမ်ဘေးဈေးသည် ဈေးရောင်းချခွင့် ကန့်သတ်ထားသည့် ခြောက်မြို့နယ်မှာ လမ်းမတော်၊ လသာ၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဗိုလ်တထောင်၊ ပုဇွန်တောင်မြို့နယ်တို့ပင် ဖြစ်ကြောင်း သိရသည်။

သတင်...YC

ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)






ဒဂုန်တာရာ၏
ငြိမ်းချမ်းရေးပန်ကြားလွှာ (၂)


၂၀၁၁ နွေရာသီတွင်သို့ ရောက်လာသည်နှင့် တစ်ပြိုင်နက် ပြည်ထောင်စုမြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည်တောက်လောင်ခဲ့ပေသည်။ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့တွင် လက်နက်ကိုင်တိုက်ပွဲများ ပိုမိုများပြား ပိုမိုပြင်းထန် လာခဲ့သည်။ အသက်များစွာ အသက်များ စွာ သေဆုံး ရကြောင်းလည်း သိရသည်။

ဤပြည်တွင်းစစ်မီးသည် ပို၍ပြင်းထန်၊ ပို၍ကျယ်ပြန့်၊ ပို၍အသက်သေကြေ၊ ပို၍ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ် စိုးရိမ်လာကြရသည်။

သေဆုံးကြရသူများမှာ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြစ်ကြသည်။ အိုး - အိမ် - ပစ္စည်း - ဥစ္စာပျက်စီး ဆုံးရှုံးရသည်မှာလည်း ဤနိုင်ငံနှင့် ဤနိုင်ငံသားများ၏ အိုး - အိမ် - ပစ္စည်း - ဥစ္စာ များသာ ဖြစ်သည်။

ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်၊ ဆုံးရှုံးရသမျှ အိုး - အိမ် - ပစ္စည်း - ဥစ္စာတို့သည် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အသွေးအသားများသာဖြစ်သည်။

ထိုဆုံးရှုံးမှုများကို ဆက်၍ မခံကြရစေရန် အချင်းချင်းတိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်စဲကြဖို့ မလုပ်မဖြစ် လိုအပ်နေပြီ။

ထို့ကြောင့် သက်ဆိုင်ရာအားလုံးတို့သည် -

၁။ ချက်ချင်း အပစ်အခတ်ရပ်စဲကြရန်

၂။ တွေ့ဆုံဆွေးနွေး၍ ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန်

အလေးအနက် ပန်ကြားမေတ္တာရပ်ခံပါသည်။

ငြိမ်းချမ်းရေးဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြပါရန် ပြည်သူအပေါင်းတို့အားလည်း လေးစားစွာ ပန်ကြားလိုက်ပါသည်။
(ကျည်ဆံခြုံ၍ မလုံ . . . မေတ္တာခြုံမှ လုံလိမ့်မည်။)

ဒဂုန်တာရာ
၇.၈.၂၀၁၁၊ အောင်ပန်းမြို့၊ ရှမ်းရဋ္ဌ





ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

11 August 2011

ယနေ့လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မှ ဧရာဝတီ အတွက် ပန်ကြားချက်

Irrawaddy Appeal

စစ်တွေမြို့အိမ်ခြံ မြေ အရောင်း အ၀ယ် ပြုလုပ်သည့် ပြည်သူ များထံမှ မညှာမတာ ဓါးပြ တိုက်သလို လာဘ်ငွေများ တောင်းခံ နေ

စစ်တွေမြို့နယ် မြေစာရင်းဦးစီးဌာနနှင့် စစ်တွေမြို့နယ် အခွန်ဦးစီးဌာနတို့၏ ပြည်သူတို့အပေါ် မညှာမတာ ပြုမူ ဆောင်ရွက် ချက်များအား တင်ပြလိုပါတယ်။

စစ်တွေမြို့တွင် အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်မည်ဆိုလျှင် စစ်တွေမြို့နယ် မြေစာရင်း ဦးစီးဌာန (စာချူပ် စာတမ်း မှတ်ပုံတင် ရုံး) သို့ သွားရောက် ဆောင်ရွက်ရာတွင်

(၁) လိုအပ်သည့် ပုံစံ စာရွက် စာတမ်း များအား ငွေကျပ် (၅၀၀၀) ကျပ်ဖြင့် ပုံစံ ရောင်းချသူ စာရေးထံမှ ၀ယ်ယူရခြင်း။

(၂) အရောင်း အ၀ယ် ပြုလုပ်မည့် မြေကွက်အား မြေပုံ ဆွဲရာတွင် သက်ဆိုင်ရာ မြို့ မြေတိုင်း စာရေးအား မြေပုံဆွဲခ (၆၅၀၀၀) ကျပ် ပေးပြီးမှ မြေပုံ ထုတ်ပေးခြင်း။

(၃) စာချုပ် မှတ်ပုံ တင်ရာတွင် ရုံးအဖွဲ့ ဆိုသည့် အဖွဲ့မှ စာရေးမများအား ငွေ (၃၀၀၀၀) မှ (၅၀၀၀၀) ကျပ်ထိ ပေးမှ ဦးစီး အရာရှိထံ စာချုပ်အား လက်မှတ် ရေးထိုးရန် တင်ပေးခြင်း။

(၄) စစ်တွေမြို့နယ် မြေစာရင်း ဦးစီး အရာရှိကလည်း ငွေကျပ် (၂) သိန်းမှ (၃) သိန်းအထိ ပေးမှ စာချုပ်အား လက်ခံ ဆောင်ရွက် ပေးခြင်း စသည်ဖြင့် စစ်တွေမြို့နယ် မြေစာရင်း ဦးစီးရုံးမှ ဦးစီး အရာရှိနှင့် ၀န်ထမ်း များသည် ပြည်သူ များထံမှ လာဘ်ငွေ အမျိုးမျိုး တောင်းခံ လျက်ရှိပါသည်။

ထို့အပြင် စစ်တွေ မြို့နယ် အခွန်ဦးစီး ဌာနမှလည်း အိမ်ခြံမြေ အရောင်း အ၀ယ် ပြုလုပ်ရန် အတွက် စာချုပ် ပြုလုပ်ရန်

(၁) အခွန် တံဆိပ်ခေါင်း ၀ယ်ယူရာတွင် မြို့နယ် အခွန် ဦးစီးမှူးသည် ရောင်းချမည့် သူအားရုံးသို့ ခေါ်လာစေပြီး ရောင်းချ မည့်သူ ရုံးသို့ မလာ ရောက်ပါက တရားဝင် ရုံးခေါ်စာ ထုတ်ခေါ်ယူပြီး ရောင်းချမည့် သူအား ရောင်းခွန် ပေးရမည်ဟု ပြောဆို တောင်းခံ ပါသည် ရောင်းချမည့် အိမ်၊ ခြံ၊ မြေ အလိုက် အနည်းဆုံး ငွေကျပ် (၂) သိန်းမှ ငွေကျပ် (၄၀) (၅၀) (၆၀) ထိ တောင်းခံကာ ထိုပေးသွင်းငွေ အတွက် ပြေစာ၊ ချလံ မိတ္တူ စသည်ဖြင့် ငွေ ပေးသွင်းသူအား အထောက်အထား တစုံတရာ ပြန်မပေးပါ။ ထိုငွေများကိုလည်း နိုင်ငံတော်သို့ ပေးသွင်းခြင်း မရှိပါ။ ဤသို့ ရောင်းခွန် ဆိုသည့် ငွေကို အခွန်ဦးစီးမှူးထံ ပေးပြီးမှ သာလျှင် စာချုပ် ပြုလုပ်ရန် အခွန် တံဆိပ်ခေါင်း ၀ယ်ယူခွင့် ပြုပါသည်။

(၂) အခွန် တံဆိပ်ခေါင်း ၀ယ်ယူ ရာတွင်လည်း တံဆိပ်ခေါင်း အရောင်းတာဝန်ခံ စာရေးမကြီးအား ၀ယ်ယူသည့် တံဆိပ်ခေါင်း တန်ဖိုး၏ (၁၀ ရာခိုင်နှုန်း) တန်ဖိုးနှင့် ညီမျှသည့် ငွေကို ပေးမှ တံဆိပ်ခေါင်း ထုတ်ပေးပါသည်။

(၃) အရောင်း အ၀ယ် စာချုပ်အား စာချုပ် စာတမ်း မှတ်ပုံတင် ရုံးတွင် ရောင်းသူ ၀ယ်သူ လက်မှတ် ရေးထိုးပြီးနောက် အိမ်၊ ခြံ၊ မြေ တန်ဖိုး သတ်မှတ်ရန် မြေစာရင်းရုံးမှ မြို့နယ် အခွန်ရုံးသို့ ဆက်လက် ပေးပို့ရာတွင် မြို့နယ် အခွန် ဦးစီးမှူးသည် ၀ယ်ယူမည့် သူအား အခွန်ရုံးသို့ ခေါ်ယူပြီး အကြောင်း အမျိုးမျိုးပြ ခြိမ်းခြောက်ကာ ၀ယ်သူထံမှ အရောင်းအ၀ယ် ပြုလုပ်သည့် အိမ် ခြံမြေ အလိုက် အနည်းဆုံး (၅ သိန်း) မှ သိန်း (၄၀)၊ သိန်း (၁၀၀) ထိ စသည်ဖြင့် တောင်းခံပါသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ ၀ယ်သူတချို့က မြို့နယ် အခွန် ဦးစီးမှူးတို့ ထိုက်သင့်သည့် အခွန်နှုန်းထားကို သတ်မှတ်ပါ။ နိုင်ငံတော်သို့ ကျွန်တော်တို့ အခွန် ပေးဆောင် ပါမည်။ ဦးစီး တောင်းသည့် ငွေကိုတော့ ကျွန်တော်တို့ မပေးနိုင်ပါဟု ပြောကြသည့် သူများ ရှိပါသည်။ ထိုသူများနှင့် ပတ်သတ်၍ အဆိုပါ စာချုပ်အား ဆက်လက် ဆောင်ရွက်ခြင်း မပြုဘဲ ထားသည်မှာ တချို့ဆိုလျှင် (၆) လ၊ တချို့ ဆိုလျှင် (၁) နှစ်ခန့် ကြာမြင့်ပြီး ဖြစ်သည့်တိုင် စာချုပ် လက်ဝယ် မရရှိကြသေးပါ။ အခွန် ဦးစီးမှူး တောင်းခံသည့် ငွေကို မပေးမချင်း ဆိုင်းငံ့ ထားခြင်း ဖြစ်ပါသည်။ ဤသို့ဖြင် စစ်တွေမြို့နယ်၌ အိမ်ခြံ မြေ အရောင်း အ၀ယ် ပြုလုပ်သည့် ပြည်သူ များထံမှ မညှာမတာ ဓါးပြ တိုက်သလို လာဘ်ငွေများ တောင်းခံ နေသည့် စစ်တွေမြို့နယ် မြေစာရင်း ဦးစီးဌာနနှင့် စစ်တွေမြို့နယ် အခွန် ဦးစီး ဌာနတို့၏ ပြုမူ ချက်များကို သိရှိ နိုင်ပါရန်နှင့် လိုအပ်သလို အရေးယူ ဆောင်ရွက် ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများထံ တင်ပြအပ်ပါသည်။

(ကျွန်တော်တို့၏ တင်ပြချက် များနှင့် ပတ်သတ်၍ မှန် မမှန် စစ်တွေမြို့မှ အိမ်ခြံမြေ ရောင်းဝယ်သူများအား မေးမြန်းစုံစမ်းက သိရှိ နိုင်မည် ဖြစ်ပါကြောင်း)

စစ်တွေမြို့မှ အိမ်ခြံမြေ ရောင်းဝယ်သူများ

စစ်အာဏာရှင်လက်ထက် စစ်ဗိုလ်တွေ ရဲ့ ဘဝ ခံစားချက်


အောင်ဆန်းဂျာမွန်း စာဖတ်ခန်း(သနပ်ပင်)နှင့်အင်္ဂလိပ်စာသင်တန်း(ပညာဒါန)ဖွင့်ပွဲ


ပေးပို့ပေးသော ကိုအောင်မျိုးထွန်း အားကျေးဇူးတင်ပါသည်.။

သြဂုတ်လ ၉ ရက်နေ့ထုတ် အာဏာပိုင် တို့၏ သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’အားသတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်

သြဂုတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါးရှင် ‘လျှပ်စစ် ၀န်ထမ်းတစ်ဦး’ ၏ ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်သည့် ဆောင်းပါးကို Eleven Media Groupနှင့် ၀ါရင့် သတင်းစာဆရာကြီး လူထုဦးစိန်ဝင်းတို့က ဝေဖန်ခဲ့ကြပါသည်။

နိုင်ငံပိုင်သတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦး အမည်ဖြင့် ရေးသားထားသည့် ဆောင်းပါး အမည်မှာ ‘ထာဝရ အမွေအနှစ် မွန်မြတ်သည့် စေတနာ’ ဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်သော အကြောင်းအရာများ၊ အဓိကအားဖြင့် မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ဆိုင်ရာ အကျိုးဖြစ်ထွန်းမှု အချက်အလက်များကို ရေးသားထားခြင်း ဖြစ်ပါသည်။

ထို့အပြင် “နိုင်ငံတော်၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကို ကာလတိုအတွင်း ပြည့်မီစွာ ဖြည့်တင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လျှပ်စစ်စီမံကိန်းများကို အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် တည်ဆောက် ပေးလျက်ရှိရာ ယခုအခါ လျှပ်စစ်ဓာတ်အားများ တစ်နှစ်ထက်တစ်နှစ် ပိုမိုရရှိနေပြီ ဖြစ်သော်လည်း အချို့ပုဂ္ဂိုလ်/အဖွဲ့အစည်းများ အနေဖြင့် ကချင်ပြည်နယ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့် ဧရာဝတီမြစ်ဆုံ မေခ၊ မလိခ၊ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်း ရှိ ပြည်သူလူထု အထင်မှား အမြင်မှား ဖြစ်စေရန် မဟုတ်မမှန် ဖန်တီးလုပ်ကြံ၍ ရေးသား လုပ်ဆောင်လျက် ရှိကြသည်”ဟု နိုင်ငံပိုင် သတင်းစာပါ အဆိုပါ ဆောင်းပါးတွင် ထည့်သွင်း ရေးသားဖော်ပြ ထားပါသည်။

နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြခဲ့သော ဆောင်းပါး၌ပါဝင်ခဲ့သည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် ဆက်စပ်သော ဧရာဝတီ ကိစ္စကို ပြောဆိုနေကြခြင်းသည် လုပ်ကြံဖန်တီး ပြောဆိုရေးသားနေကြခြင်း မဟုတ်ဘဲ မြန်မာလူမျိုး သာမက၊ မြန်မာနိုင်ငံပါ ပျောက်ဆုံးရမည့် အန္တရာယ်ရှိနေခြင်းကြောင့် ပြောဆိုနေရခြင်း ဖြစ်သည် ဟု ၀ါရင့်သတင်းစာ ဆရာကြီး ဦးစိန်ဝင်းကလည်း ပြောဆိုပါသည်။

“ဧရာဝတီအကြောင်း ပြောဆိုရေးသားကြတာတွေဟာ လုပ်ကြံဖန်တီးပြောဆိုနေတယ်လို့ ပြောလာတဲ့သူရှိရင်၊ ဘယ်သူပဲ ပြောပြော၊ အဲဒါကို လုံးဝငြင်းဆိုပါတယ်။ ဧရာဝတီ တိမ်ကောပပျောက်ရမယ့် အန္တရာယ် တွေရှိလာလို့၊ အန္တရာယ်ကို မျက်စိရှေ့ မှာတင် မြင်တွေ့လာရလို့၊ သတင်းတွေ၊ ဆောင်းပါးတွေမှာ ဧရာဝတီအကြောင်းကို မမြင်ရအဆုံးထိအောင်ကို ဖော်ပြလာကြတာပဲ ဖြစ်ပါတယ်။ မျက်မြင်မှာပဲ စစ်ကိုင်း တံတားကြီးဘေးမှာ ထွန်းနေတဲ့ သောင်ကြီးဟာ ဧရာဝတီမြစ် အပြည့်နီးပါး ဖြစ်လာနေပြီ။ ပြည်မှာဆိုရင်လည်း ပြည်ချောင်းသာလို့ ခေါ်ဆိုပြီး လူတွေပျော်ပွဲစား ထွက်လာရတဲ့ အထိအောင် ဧရာဝတီမြစ်ထက်မှာ သောင်ကြီး ဖြစ်နေပါပြီ။ အင်းတော်ကြီးဘက်က စာဖတ်ပရိသတ် တစ်ဦးဆိုလည်း ဖုန်းဆက်ပြီး ပြောတယ်။ ရွှေကျင်နေကြတာတွေကြောင့် ဧရာဝတီမြစ်ဟာ ကောတော့မယ့် အခြေအနေကို ရောက်နေရပြီ။ သတင်းသမားတွေအနေနဲ့ ဒီအတိုင်း ကြည့်နေကြတော့မှာလား ဆိုပြီး မေတ္တာရပ်ခံတယ်။ ဧရာဝတီမြစ်ဟာ မြန်မာတို့ရဲ့ အသက်သွေးကြောပဲ ဖြစ်တယ်။ ဧရာဝတီ တိမ်ကောသွားလို့၊ ဧရာဝတီ ပပျောက်ခဲ့ရပြီဆိုရင် မြန်မာလူမျိုး သာမကပဲ မြန်မာနိုင်ငံပါ ပျောက်သွားနိုင်တဲ့ အန္တရာယ်အထိ ရှိနေတယ်။ ဒီလိုအခြေအနေမျိုး မှာ ဧရာဝတီကို ဖျက်ဆီးလာမယ့် ဘယ်ကိစ္စကို လက်မခံဘူး။ သတင်းသမား တစ်ယောက်အတွက် ကတော့ ဧရာဝတီကို ပျက်စီးမယ့်၊ တိမ်ကောမယ့်၊ ပပျောက်သွားမယ့် ဘယ်ကိစ္စကိုမဆို တားဆီးရမှာပဲ ဖြစ်ပါတယ်”ဟု လူထု ဦးစိန်ဝင်းက ပြောပြပါသည်။

Eleven Media Group၏ Chairman & CEO ဒေါက်တာ သန်းထွဋ်အောင်က သတင်းစာများထဲ ၌ ဖော်ပြခဲ့သော မြစ်ဆုံရေကာတာ ဆောင်းပါးဖော်ပြမှုအတွက် ကြိုဆိုလိုက်ပြီး ဆောင်းပါးနှင့် ပတ်သက်၍ မေးခွန်းများ ထုတ်ခဲ့သည်။ “ဒီလိုသက်ဆိုင်တဲ့ဌာနက မီဒီယာပေါ်မှာ ပထမဆုံး ရှင်းလင်းတာ ကြိုဆိုပါတယ်။ ဒါပေမယ့် အထင်အမြင်လွဲမှားအောင် မဟုတ်မမှန် ဖန်တီးလုပ်ကြံရေးသားတယ် ဆိုပြီး သတင်းစာကို ခုတုံးလုပ်ပြီး ပုတ်ခတ် ရေးသားတာကတော့ မလုပ်သင့်ဘူး။ နိုင်ငံရဲ့အရေး၊ တစ်မျိုးသားလုံးအရေးနဲ့ ပတ်သက်ပြီး စတုတ္ထမဏ္ဍိုင်တစ်ခု အနေနဲ့ ကျွန်တော်တို့ ဝေဖန်ထောက်ပြ ပိုင်ခွင့်ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်လလောက်က တရုတ်အစိုးရကို မြစ်ဆုံစီမံကိန်းရယ်၊ သဘာဝဓာတ်ငွေ့ စီမံကိန်းရယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းတွေကို လာရောက်လေ့လာပြီး အကြံဥာဏ်ပေးမယ့် Think Thaanke Group တစ်ခုနဲ့ Eleven Media Group ရုံးမှာ ကျွန်တော်တို့တွေ့တယ်။ အဲဒီမှာပါတဲ့ လူအများစုက အသက် ၃၀၊ ၄၀ အရွယ် လူငယ်၊ လူလတ်တွေဖြစ်ပြီး စင်ကာပူတက္ကသိုလ်က PhD ဘွဲ့ရသူတွေ ပါပါတယ်။

သူတို့ လေ့လာရသလောက် မြစ်ဆုံရေကာတာ စီမံကိန်းဟာ မြန်မာလူထုကို ထိခိုက်နိုင်တယ်ဆိုတဲ့အချက် ကို ငြင်းပယ်မသွားပါဘူး။ ရရှိတဲ့ အချက်အလက်တွေကိုလည်း Professional ပီသစွာ တရုတ်အစိုးရ ကို တိတိကျကျ အစီရင်ခံသွားမယ်လို့ ဆိုပါတယ်။ ဒီဆည်ကြီး ခုနစ်ခု လုံးဝမဆောက်သင့်ဘူး။ အကယ်၍ မဖြစ်မနေ ဆောက်ရရင်လည်း အသေးနှစ်ခုပဲ ဆောက်သင့်တယ်လို့ သူတို့ပြောသွားပါတယ်။ ဒါကြောင့် အခုသတင်းစာပါ လျှပ်စစ်ဝန်ထမ်းတစ်ဦးဟာ ဘယ်ရာထူး အဆင့်လဲ၊ နာမည်ဘယ်သူလဲ၊ ဘယ်လို Professional မျိုးလဲ၊ ကျွန်တော်တို့ တိတိကျကျ သိချင်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။

ဒေါက်တာသန်းထွဋ်အောင် က ၎င်းဆောင်းပါးရှင် ရေးသားသော ဆောင်းပါးမှာ သတင်းမီဒီယာ ရှုထောင့်မှဖြစ်စေ၊ ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်မှဖြစ်စေ ဝေဖန်ကြရပါက အားနည်းမှုများရှိသည် ဟုလည်း ဆိုပါသည်။ ၎င်းက “အဲဒီဆောင်းပါးမှာ နိုင်ငံအတွက် ဘယ်လိုအကျိုးကျေးဇူး ရှိတယ်ဆိုတာကို သဲသဲကွဲကွဲ ရေးမသွားဘူး။ လူ ၂၆၀၀ လောက် အလုပ်ရတယ်။ အိမ်ထောင်စု ထောင်ဂဏန်းလောက် နေရာချထား ပေးခဲ့တယ်ဆိုတာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုင်တဲ့ ပရောဂျက်တစ်ခုအတွက် ရယ်စရာပါ။ လအလိုက် ရေစီးမှုတစ်ခု တည်းကြည့်ပြီး ဧရာဝတီမြစ်အောက်ပိုင်းမှာ ဘာမှမထိခိုက်ဘူး ဆိုတာကလည်း မပြည့်စုံဘူး။ အခုတောင် ဧရာဝတီမြစ်ဟာ မြစ်လက်တက်တွေမှာ ဆောက်တဲ့ဆည်တွေကြောင့် ကောစပြုနေပြီ။ ရေကြောင်းပြောင်းနေပြီ။ နွေရာသီဆိုရင် မြစ်ဝကျွန်းပေါ် အချို့ဒေသတွေမှာ နွေရာသီ ရေချိုပြဿနာ တွေ့နေရပြီ။ ဒါ ကြောင့် ဒီဆည်မဆောက်ခင်မှာ ဘယ်လိုမြစ်ကြောင်းဆိုင်ရာ ပြုပြင်မှုလုပ်မယ်ဆိုတဲ့ အာမခံချက်လည်း မရှိဘူး။ ဒါ့အပြင် ဆောင်းပါးရှင်က တရုတ်စူးစမ်းလေ့လာရေး အဖွဲ့ ရဲ့ ၅၆၉ မျက်နာပါ အစီရင်ခံစာကို ကိုးကားသွားတယ်။ ဒီအဖွဲ့ရဲ့ သမာသမတ်ရှိမှု၊ ပညာရှင်ပီသမှု၊ မြန်မာနိုင်ငံရဲ့အကျိုးနဲ့ တရုတ်အကျိုး ဘယ်ဟာကို ဦးတည်မလဲဆိုတာကို မဖော်ပြဘူး။ ဒါ့အပြင် ကဏ္ဍ ၁၂ ခုနဲ့ပတ်သက်လို့ အသေးစိတ် မဖော်ပြဘူး။ ပညာရှင်တွေရဲ့ အစီရင်ခံစာတိုင်းမှာ အကျိုးနဲ့အပြစ် နှစ်မျိုးလုံးပါတယ်။ ဆောင်းပါးရှင်က ဒီဆောင်းပါးမှာ အကျိုးကျေးဇူးခြောက်ချက်ကိုပဲ ဖော်ပြထားပြီး အပြစ်ကို ဖော်ပြမထားတာ ဟာ ပညာရှင်မဆန်ဘူး။ နောက်ပြီး ရေ၀ပ်ဧရိယာ ဘယ်လောက်ဆိုတာ ဖော်ပြမထားဘူး”ဟု သုံးသပ်ခဲ့ပါသည်။

ထို့အပြင် ဒေါက်တာသန်းထွဋ်အောင်က Public ၌ ပျံ့နှံ့နေသော စာမျက်နှာ ၉၀၀ ပါ EIA Report နှင့် ပတ်သက်ပြီး ဆောင်းပါးရှင် ရှင်းလင်းမထားခြင်း အပေါ်ကိုလည်း ဝေဖန်ခဲ့သည်။ “ဒီ Report အရ ဆည်တစ်ခုတည်းရဲ့ ရေ၀ပ်ဧရိယာကိုက စတုရန်းမိုင် ၅၀၀ နီးပါးရှိတယ်။ ဒါဟာ ကချင်ပြည်နယ် တစ်ခုလုံး ဧရိယာရဲ့ သုံး၊လေးရာခိုင်နှုန်းလောက် ရှိတယ်။ ကချင်ပြည်နယ်ဟာ ပြည်ထောင်စုအတွင်းမှာ သယံဇာတ အပေါကြွယ်ဝဆုံး နေရာ၊ ဒီရေ၀ပ်ဧရိယာလုပ်ရင် မြေပေါ်သယံဇာတ တွေဖြစ်တဲ့ သစ်တောတွေ၊ Tourist တွေလာနိုင်တဲ့ သမိုင်းဝင်နေရာတွေ၊ လှပတဲ့ ရေမြေတောတောင် တွေ၊ မြေအောက်သယံဇာတဖြစ်တဲ့ ရွှေ၊ ကျောက်စိမ်း၊ ရေနံအခြားသတ္ထုတွေ ဆုံးရှုံးသွားမယ်။ ဒီတန်ဖိုးတွေ တွက်ချက်ပြီးပြီလား။ ဒါ့အပြင် မြစ်ကြောင်းတစ်လျှောက် ဆုံးရှုံးသွားမယ့် အလုပ်အကိုင်တွေ၊Biodiversity ကြောင့် ဆုံးရှုံးမှုတွေကော တွက်ချက်ပြီးပြီလား။ ဒါ့အပြင် EIA Report အရ ဒီစီမံကိန်းအတွက် တရုတ်ရင်းနှီးမြုပ်နှံမှုဟာ ဒေါ်လာ ၃ ဒသမ ၆ ဘီလီ ယံဆိုတာ နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် သိပ်မများပါဘူး။ ဒါပေမယ့် သူတို့က ၇၀ ရာခိုင်နှုန်း အကျိုးအမြတ်ယူမယ်။ ပြည်ထောင်စု အစိုးရ က ၂၀ ရာခိုင်နှုန်း၊ ကြားပွဲစားက ၁၀ ရာခိုင်နှုန်း၊ ကချင်ပြည်နယ် အစိုးရနဲ့ ကချင်ပြည်နယ်လူထု အတွက်ရော ဘယ်လိုစဉ်းစားထား သလဲ။ ဒီစာချုပ်ဟာ မမျှတဘူး။ နောက်ပြီး ကြားပွဲစားဆိုတာ တရားဝင်လား။ များလွန်းတယ်။ လာဘ်ပေး၊ လာဘ်ယူတွေ ရှိနေသလား။ အခုမြန်မာနိုင်ငံရဲ့ လာဘ်ပေးလာဘ်ယူမှာ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု စီမံကိန်း၊ အထူးသဖြင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု စီမံကိန်း အချို့မှာ ကြားပွဲစားက အများဆုံးဖြစ်နေတယ်။ ဒေါ်လာ သန်းပေါင်းများစွာ တိုင်းပြည်ငွေတွေ ဆုံးရှုံးနေတယ်။ ဒီဟာကို မတိုက်ဖျက်ဘဲ ၀န်ထမ်းငယ်တွေကို ချည်း မမဲသင့်ဘူး”ဟု ထောက်ပြခဲ့ပါသည်။

၎င်းက EIA Report နှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနအနေဖြင့် အများပြည်သူအား ရှင်းရှင်းလင်းလင်း ဖြစ်စေသင့်သည် ဟု ဆိုပါသည်။ “ဒီရေကာတာဟာ စစ်ကိုင်းပြတ်ရွေ့ကြောအနီးမှာ ရှိတယ်။ ကျိုးသွားရင် စက္ကန့် ၂၀ အတွင်း မြစ်ကြီးနားမြို့ရေမြုပ်သွားမယ်လို့ ဆိုတယ်။ ဒီနေ့(သြဂုတ်လ ၉ ရက်)မှာပဲ ဒီစီမံကိန်းနဲ့ မိုင် ၂၀၀ မဝေးတဲ့ ယူနန်နယ်စပ်မှာ ငလျင်ငယ်လှုပ်သွားတယ်။ ဒီနယ်စပ်မှာ တစ်နှစ် ငလျင် နှစ်ကြိမ်၊ သုံးကြိမ် လှုပ်တယ်။ မကြာမီ ၁၀ နှစ်၊ အနှစ် ၂၀ အတွင်းမှာ ရစ်ချက်တာ စကေး ၇ အထက် ငလျင်လှုပ်နိုင်တယ် ဆိုတာလည်း ပညာရှင်တွေ ခန့်မှန်းထားတယ်။ ဒါကိုလည်း ရှင်းရှင်းလင်းလင်း ဖြစ်သင့်တယ်”ဟု ဆိုပါသည်။
ဒေါက်တာသန်းထွဋ်အောင် က မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး အစိုးရအပါအ၀င် နိုင်ငံရေးပါတီများ၊ လူထုလူတန်းစား အသီးသီးနှင့် တပ်မတော်သားများ အနေဖြင့် အသိတရားရှိသင့်ပြီး တရုတ် အစိုးရအနေဖြင့်လည်း နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အလေးအနက်ထား စဉ်းစားသင့်သည်ဟု ဆိုပါသည်။

“တရုတ်အစိုးရအနေနှင့်လည်း တရုတ်ကုမ္ပဏီ CPI ရဲ့ အကျိုးစီးပွားတစ်ခုတည်း မကြည့်သင့်သလို မြန်မာဘက်ကလည်း မြန်မာကုမ္ပဏီ တစ်ခုတည်း၊ ၀န်ကြီးဌာနတစ်ခုတည်းရဲ့ အကျိုး စီးပွားကိုချည်းပဲ မကြည့်သင့်ပါဘူး” ဟု ၎င်းက ဆိုပါသည်။

၎င်းက “ကျွန်တော့် အမြင်အရဆိုရင်တော့ ဒီစီမံကိန်းကို လုံးဝရပ်သင့်ပါတယ်။ တကယ်လို့ စဉ်းစားဆင်ခြင်မယ်ဆိုရင် ခေတ္တရပ်ဆိုင်းပြီး တရုတ်ပညာရှင်တွေ၊ မြန်မာပညာရှင်တွ၊ NGO တွေ၊ နိုင်ငံတကာ ပတ်ဝန်းကျင် ပညာရှင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းမီဒီယာတွေ အဖွဲ့ဖွဲ့ပြီး လေ့လာရေး အစီအရင်ခံစာ တင်သွင်းသင့်တယ်”ဟုဆိုပါသည်။

၎င်းက “ဧရာဝတီဟာ ကျွန်တော်တို့ရဲ့ အမျိုးသား သမိုင်းအမွေအနှစ် (National Heritage) ပါ။ သူရဲ့ကျေးဇူးက မသေးပါဘူး။ ကျွန်တော်တို့ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ၀မ်းနည်းကြေကွဲဖွယ်ရာ ဖြစ်ရပ်တွေ၊ ပြဿနာတွေ မပေါ်ပေါက်အောင် အရာရာကို စဉ်းစဉ်း စားစား၊ ချင့်ချင့်ချိန်ချိန်လုပ်ကြဖို့ တိုက်တွန်းပါတယ်”ဟု ဆိုပါသည်။

ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းအပါအ၀င် မေခ၊ မလိခ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများဆိုင်ရာ နားလည်မှု စာချွန်လွှာ (MoU) ကို ၂၀၀၆ခု နှစ် ဒီဇင်ဘာလအတွင်းက အမှတ် (၁) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန နှင့် တရုတ်နိုင်ငံ (China Power Investment Corporation) တို့ ချုပ်ဆိုခဲ့ကြကြောင်း သိရသည်။ စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာဘက်မှ Asia World ကုမ္ပဏီက ပါဝင်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။

မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ လေ့လာသူများ၊ သတင်းသမားများက စီမံကိန်းမှတစ်ဆင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို အချက်အလက် အတိအကျများဖြင့် ရေးသားပြောဆိုလျက် ရှိနေပါသည်။ ပြီးခဲ့သည့် လများ ကလည်း ကချင်ပြည်နယ်အတွင်းရှိ ရေအားလျှပ်စစ်စီမံကိန်းအချို့ အနီးတွင် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး တပ်မတော်နှင့် KIA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားထားသည်။

ဦး​အောင်ဆန်း​ဦး​နှင့်​ ​မော်နီတာဂျာနယ်ကို ​ဒေါ်​အောင်ဆန်း​စုကြည် တရား​စွဲဆို

မြန်မာ့​လွတ်လပ်​ရေး​ဖခင် ဗိုလ်ချုပ်​အောင်ဆန်း​ရဲ့​ သမီး​ဖြစ်သူ ​ဒေါ်​အောင်ဆန်း​စုကြည်က အစ်ကို​တော်စပ်သူ ဦး​အောင်ဆန်း​ဦး​နဲ့​ ​မော်နီတာဂျာနယ်တို့​ကို တရား​စွဲဆိုလိုက်ပါတယ်။

တရား​ရုံး​က မဆုံး​ဖြတ်ရ​သေး​တဲ့​ ၂၀၀၁ ခုနှစ်မှာ ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်​နေထိုင်တဲ့​ ​နေအိမ်နဲ့​ ခြံနဲ့​ပတ်သက်ပြီး​ “အ​မွေဘုံ ပစ္စည်း​ စီမံခန့်​ခွဲ​ပေး​စေလိုမှု” ဆွဲဆိုခဲ့​တဲ့​ နဲ့​ပတ်သက်ပြီး​ ​မော်နီတာဂျာနယ်အင်တာဗျူး​မှာ ဦး​အောင်ဆန်း​ဦး​က တရား​ရုံး​ရဲ့​ဆုံး​ဖြတ်ချက်ကို ​ကျော်လွန်ပြီး​ ​ပြောဆိုခဲ့​တဲ့​အ​ပေါ် ​ဒေါ်​အောင်ဆန်း​စုကြည်က တရား​စွဲဆိုလိုက်တာပါ။

ဒီလိုတရား​စွဲတဲ့​နေရာမှာ ဦး​အောင်ဆန်း​ဦး​နဲ့​အတူ ​ဖော်ပြသူ ​မော်နီတာဂျာနယ် အယ်ဒီတာချုပ် ဦး​မြတ်ခိုင်နဲ့​ ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေတို့​ကို တရား​စွဲဆိုလိုက်ပါတယ်။

ဒီလ ၈ ရက်​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ကိုယ်စား​လှယ်​ရှေ့​နေ​တွေက တရား​ရုံး​ကို မထီမဲ့​မြင်ပြုမှုနဲ့​ တရား​ဆွဲဆိုခဲ့​တာလည်း​ ဖြစ်ပါတယ်။ ဒီလို တရား​စွဲရတဲ့​ အ​ကြောင်း​အရင်း​နဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်ရဲ့​ ​ရှေ့​နေ ဦး​ဉာဏ်ဝင်း​က အခုလို ရှင်း​လင်း​ ​ပြောဆိုပါတယ်။

“ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်အ​ပေါ်မှာ အ​မွေဘုံ စီမံခန့်​ခွဲ​ပေး​စေလိုမှုဆိုပြီး​ စွဲဆိုထား​တယ်။ စွဲဆိုထား​တဲ့​အမှုက လက်ရှိအ​ခြေအ​နေမှာ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က သက်​သေ​တွေကို စစ်​ဆေး​ဖို့​အဆင့်​ရှိ​သေး​တယ်။ အမှုကမပြီး​သေး​ဘူး​၊​ အဆုံး​အဖြတ်​တွေ မချမှတ်ရ​သေး​ဘူး​။ အဲ့​ဒီအချိန်မှာ ​မော်နီတာဂျာနယ်က ပြီး​ခဲ့​တဲ့​ ဇူလိုင်လမှာ ​ဆောင်း​ပါး​တခု​ရေး​ခဲ့​တယ်။ ​ဆောင်း​ပါး​မှာ ဦး​အောင်ဆန်း​ဦး​က အဓိကငြင်း​ချက်​တွေနဲ့​ သူအနိုင်ရပြီး​ပြီလို့​ အင်္ဂလိပ်လို​ပေါ့​ ​ရေး​ထား​တယ်။ ​ဒေါ်​အောင်ဆန်း​စုကြည်ဘက်က ပစ္စည်း​တွေလိုချင်တဲ့​သ​ဘောနဲ့​ ပြုလုပ်​နေတယ်ဆိုပြီး​ ​ပြောတယ်။ ဒီအ​ပေါ်မှာ တရား​ရုံး​က အဆုံး​အဖြတ်မပြုရ​သေး​တဲ့​ ကိစ္စကို ပုဂ္ဂိုလ် တဦး​တ​ယောက်တည်း​ရဲ့​ ​ပြောကြား​ချက်ကို ဂျာနယ်ကထည့်​တယ်၊​ ဒီကိစ္စနဲ့​ပတ်သက်ပြီး​ ​ဒေါ်​အောင်ဆန်း​စုကြည်က ဆရာဦး​ကြည်ဝင်း​နဲ့​ ကျ​နော်တို့​ကို ကိုယ်စား​လှယ်စာ​ပေး​ပါတယ်။ အဲ့​ဒါနဲ့​ ကျ​နော်တို့​ ပြီး​ခဲ့​တဲ့​တနင်္လာ​နေ့​က ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်မှာ တရား​စွဲပါတယ်။”

လက်ရှိ​ခြေအ​နေမှာ​တော့​ ရန်ကုန်တိုင်း​တရား​လွှတ်​တော်က အမှုကို လက်ခံထား​ပြီး​ ထုတ်ပြန်လာမယ့်​ သတိ​ပေး​ကြေညာစာကို ​စောင့်​ဆိုင်း​နေတယ်လို့​လည်း​ ဦး​ဉာဏ်ဝင်း​က ဆိုပါတယ်။

“ကျ​နော်တို့​လျှောက်ထား​တာက ၁၉၂၆ ခုနှစ် တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ဥပ​ဒေ ပုဒ်မ ၂ နဲ့​ ၃ ပါ။ ရန်ကုန်တိုင်း​ဒေသကြီး​ တရား​လွှတ်​တော်က ဒီအမှုကို လက်ခံထား​ပါတယ်။ လာမယ့်​ ရုံး​ချိန်း​တွေမှာ ဘာလုပ်မလဲဆိုတာနဲ့​ပတ်သက်ပြီး​တော့​ တရား​လွှတ်​တော်ရဲ့​ ​သောကြာ​နေ့​တိုင်း​ ထုတ်ပြန်တဲ့​ သတိ​ပေး​ကြေညာစာ​တွေကို ​စောင့်​ကြည့်​ရမှာပါ။ ပြီး​မှ ဘာဆက်လုပ်ရမလဲဆိုတာ စဉ်း​စား​သွား​မှာပါ။”

အခုလို ၁၉၂၆ ခုနှစ်က ပြဋ္ဌာန်း​ခဲ့​တဲ့​ တရား​ရုံး​များ​အား​ မထီမဲ့​မြင်ပြုမှု ပုဒ်မ​တွေဟာ လက်ရှိ အသက်ဝင်​နေပြီဖြစ်တဲ့​ ၂၀၀၈ ဖွဲ့​စည်း​ပုံအ​ခြေခံဥပ​ဒေနဲ့​ တရား​ကျင့်​ထုံး​တွေနဲ့​ ကိုက်ညီမှု ရှိမရှိဆိုတဲ့​အ​ပေါ်ကိုလည်း​ ဦး​ဉာဏ်ဝင်း​က အခုလိုရှင်း​လင်း​ပြောဆိုပါတယ်။

“လုံး​ဝ အကျုံး​ဝင်မှုရှိပါတယ်။ လက်ရှိအစိုး​ရမတက်ခင် ကာလမှာပဲ ကျ​နော်တို့​ ​ရှေ့​နေကြီး​ ဦး​အောင်သိန်း​တုန်း​ကလည်း​ ပြစ်ဒဏ်​ပေး​ခံရတာပါ။ ပြစ်မှု​မြောက်တာ မ​မြောက်တာကို ​ပြောတာမဟုတ်ပါဘူး​ ဒီဥပ​ဒေ အသက်ဝင်​နေ​သေး​တယ် ဆိုတာကို ကျ​နော်​ပြောတာပါ။”

ဒါ့​အပြင် ဒီအမှုမှာ ဦး​အောင်ဆန်း​ဦး​ရဲ့​ အင်တာဗျူး​ကို ​ဖော်ပြခဲ့​တဲ့​ ​မော်နီတာဂျာနယ်က တာဝန်ရှိသူ​တွေကို ထည့်​သွင်း​တရား​စွဲဆိုရတာနဲ့​ ပတ်သက်ပြီး​တော့​လည်း​ ဦး​ဉာဏ်ဝင်း​က အခုလို ​ပြောပါတယ်။

“ဦး​အောင်ဆန်း​ဦး​ အပါအဝင် ​မော်နီတာဂျာနယ် ထုတ်​ဝေသူ ဝဏ်ဏ​ကျော်ထင် ဦး​လှမြင့်​ဆွေ၊​ အယ်ဒီတာချုပ် ဦး​မြတ်ခိုင် သူတို့​ကို ထည့်​ဆွဲတယ်။ သူတို့​ ၂ ​ယောက်ကို ဆွဲရတာကလည်း​ မြန်မာနိုင်ငံမှာ ရှိ​နေတဲ့​ တရား​ရုံး​ မထီမဲ့​မြင် ပြုမှုဥပ​ဒေ​တွေမှာ ဥပ​ဒေလုပ်ထုံး​ လုပ်နည်း​ ​တွေနဲ့​ အညီ တရား​ရုံး​ စီရင်ချက်​တွေမှာ ထုတ်​ဝေသူနဲ့​ အယ်ဒီတာလည်း​ တာဝန်ရှိတယ်ဆိုပြီး​ တသမတ်ထဲ ဆုံး​ဖြတ်ထား​တယ်။ ဒီအ​ပေါ်မှာ အဲဒီသုံး​ဦး​ကို တနင်္လာ​နေ့​က တရား​စွဲပါတယ်။”

တရား​စွဲဆိုခံရတဲ့​ထဲမှာ ပါဝင်တဲ့​ ​မော်နီတာဂျာနယ်ရဲ့​ အယ်ဒီတာချုပ် ဆရာဦး​မြတ်ခိုင်က​တော့​ ဒီအ​ပေါ်ကို အခုလို​ပြောပါတယ်။

“ဒါ ဖြေတဲ့သူ​တွေရဲ့​ အာ​ဘော်ပဲ​လေ။ ကိုယ့်​အာ​ဘော်မှ မဟုတ်ဘဲ။ သတင်း​ရေး​တာ မဟုတ်ဘူး​။ သတင်း​ဆိုရင်​တော့​ သတင်း​ရေး​သူရဲ့​ အာ​ဘော်ပဲ။ ဒါက အင်တာဗျူး​တဲ့​သူက ​မေး​တယ်။ ​အောင်ဆန်း​ဦး​က ​ဖြေတယ်။ တခြား​ဟာ​တွေကို အင်္ဂလိပ်လို တ​ကြောင်း​နှစ်​ကြောင်း​ပြောတယ်။ တချို့​ဟာ​တွေက တရား​ရုံး​ကျမှပဲ ​ပြော​တော့​မယ်။ တချို့​ဟာ​တွေက အစ်မ​ကော၊​ ကို​အောင်ဆန်း​ဦး​ပါ ဗိုလ်ချုပ်​အောင်ဆန်း​ သား​သမီး​တွေဖြစ်လို့​ ဘာမှဖြစ်စရာ အ​ကြောင်း​မရှိဘူး​။ ဥပ​ဒေအထက်မှာ ဘယ်သူမှ မရှိ​စေရလို့​ ဦးရွှေမန်းတို့က မကြာခဏ ​ပြောဖူး​တာပဲ။ ဥပ​ဒေ အဆုံး​အဖြတ်ခံယူရမှာပါ။”

ဦး​အောင်ဆန်း​ဦး​က ​ဒေါ်​အောင်ဆန်း​စုကြည်ကို ၂၀၀၀ ပြည့်​နှစ်မှ စတင်ပြီး​ ​နေအိမ်နဲ့​ ခြံဝင်း​ အ​မွေပိုင်ဆိုင်လိုမှုနဲ့​ စတင်တရား​စွဲဆိုမှု ဖြစ်ပွား​ခဲ့​ပါတယ်။ အဲ့​ဒီအမှုမှာ​တော့​ ဦး​အောင်ဆန်း​ဦး​ကို နိုင်ငံခြား​သား​ တဦး​အ​နေဖြင့်​ ​နေအိမ်ခြံဝင်း​ ပိုင်ဆိုင်ခွင့်​မရှိ​ကြောင်း​ တရား​ရုံး​က ဆုံး​ဖြတ်ခဲ့​တာ​ကြောင့်​ ဦး​အောင်ဆန်း​ဦး​ အမှုရှုံး​နိမ့်​ခဲ့​ရပါတယ်။

အဲ့​ဒီ​နောက် ၂၀၀၁ ခုနှစ်မှာ​တော့​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ​ရှေ့​နေ​တွေက အ​မွေဘုံ ပစ္စည်း​ စီမံခန့်​ခွဲ ​ပေး​စေလိုမှုနဲ့​ ထပ်မံတရား​စွဲဆိုခဲ့​ရာ ၁၀ နှစ်အကြာ ဒီက​နေ့​အချိန်အထိ တရား​ရုံး​က မဆုံး​ဖြတ်​သေး​တာလည်း​ ဖြစ်ပါတယ်။

ဒီကာလအတွင်း​ ​ဒေါ်​အောင်ဆန်း​စုကြည်က ၂၀၀၉ ခုနှစ်မှာ ​နေအိမ်ပြင်မှုပြုလုပ်ခဲ့​စဉ်အချိန်ကလည်း​ ဦး​အောင်ဆန်း​ဦး​ရဲ့​ ကန့်​ကွက်မှု​ကြောင့်​ ပြင်ဆင်မှုကို ​ခေတ္တရပ်ဆိုင်း​ထား​ရပါတယ်။

သတင်း..DVB

10 August 2011

မြန်မာလူနာနှစ်ဦး ထိုင်းဘုရင်မွေးနေ့ ၈ုဏ်ပြုအစီအစဉ်အရ အခမဲ့ဆေးကုသခွင့်ရ

ကမ္ဘာ့နန်းသက် အရှည်ဆုံး ထိုင်းဘုရင်၏ သက်တော် ၈၄ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံမှ နှလုံးရောဂါ ဝေဒနာသည်နှစ်ဦး ထိုင်းနိုင်ငံရှိ ဖရားထိုင်းဆေးရုံကြီး တွင် ဝေဒနာ ပျောက်ကင်းသည်အထိ ဆေးဝါး ကုသခွင့်ရရှိခဲ့ကြောင်း ယင်းဆေးရုံ ကြီး၏မြန်မာပြည် ကိုယ်စားလှယ် ထံမှ သိရသည်။

ယင်းဝေဒနာသည် နှစ်ဦးမှာ မှော်ဘီမြို့နယ်မှ သက်တော် ၅၁ နှစ်အရွယ်ရှိ ရဟန်းတစ်ပါးဖြစ်သူ အရှင်ဦးတေဇနှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှ အသက် ၄၇ နှစ်အရွယ်ရှိ ဒေါ်ကြည်ကြည်စိုး တို့ဖြစ်ကြပြီး နှစ်ဦးစလုံးမှာ နှလုံး အဆို့ရှင်နှစ်ခုစလုံး အစားထိုးလဲ လှယ်ရမည့် လူနာများဖြစ်ကြ ကြောင်း ၄င်းကိုယ်စားလှယ်က ပြောကြားသည်။ အဆိုပါ နှလုံးခွဲစိတ်ကုသမှုကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်ဆိုပါက ခွဲစိတ်ကုသမှုချည်းသက်သက်၏ ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ ၅ သိန်းရှိပြီး မြန်မာငွေနှင့်တွက်ပါက သိန်း ၁၅ဝ နီးပါးရှိကြောင်း သိရ သည်။ ယခုအခမဲ့ကုသခွင့်ရရှိခဲ့သူ နှစ် ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှ စိစစ်ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၆ဝ နှစ်ကြား၊ HIV ပိုးနှင့် ဆီးချိုသွေးချိုရောဂါ ကင်းရှင်းပြီး အမှန်တကယ်နွမ်းပါးသူ များဖြစ်ကြကြောင်း အတည်ပြုနိုင် မှသာလျှင် အခမဲ့ ခွဲစိတ်ကုသခံ ယူခွင့်ပြုခဲ့ခြင်းဖြစ် သည်ဟု ရန် ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ခွဲစိတ်ကုသမှုကို သြဂုတ်လပထမ ပတ်အတွင်း စတင်မည်ဖြစ်ပြီး လူ နာများနှင့်အတူ လူနာရှင်တစ်ဦးကို ပါ စရိတ်ငြိမ်း ပို့ဆောင်ပေးထား ကြောင်း ဖရားထိုင်းဆေးရုံကိုယ် စားလှယ်ကဆိုသည်။

ထိုင်းဘုရင်၏ မွေးနေ့သည် ဒီဇင်ဘာလ ၅ ရက်တွင် ကျရောက် မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှ နှလုံး ရောဂါသီးသန့်ဖြစ်ပွားနေ သည့် ဝေဒနာသည် ၈၄ ဦးကို ထိုင်းနိုင်ငံသို့ ခေါ်ယူ၍ အခမဲ့ ကုသပေးခြင်းဖြစ်ကြောင်း၊ ယင်း လူနာ ၈၄ ဦးတွင် ထိုင်းလူမျိုး ၄၂ ဦးပါဝင်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ဟေတီ၊ ဘင်္ဂလား ဒေ့ရှ်၊ သီရိ လင်္ကာ၊ နီပေါ၊ ဘူတန်၊ အီသီ ယိုးပီးယားနှင့် ယူဂန်ဒါနိုင်ငံတို့မှ လူနာ ၄၂ ဦးပါဝင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ၏သတင်းထုတ်ပြန်ချက်အရသိရ သည့်သတင်းအား popularmyanmar ဂျာနယ်တွင်ဖော်ပြပါရှိပါသည်။

လွှတ်တော် ကိုယ်စားလှယ် ၂၃ဦး ရေးသားတဲ့ အိတ်ဖွင့် ပေးစာ အပေါ် NLD ပါတီကတုန့်ပြန်ပြောဆို..

ငြိမ်းချမ်းရေး လိုလားသူများ အတွက် ဆိုပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ၊ စုစုပေါင်း လွှတ်တော် ကိုယ်စားလှယ် ၂၃ဦး ရေးသားတဲ့ အိတ်ဖွင့် ပေးစာ အပေါ် NLD ပါတီက ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ စကားပြောခြင်းဟာ အရေးကြီးဆုံး ဖြစ်ပါတယ်လို့ ပြောဆို လိုက်ပါတယ်။

အဲသလို တပြိုင်နက်ထဲမှာ KIO အဖွဲ့ကလည်း လက်ရှိ အစိုးရဟာ ငြိမ်းချမ်းရေး အတွက် ပြတ်သားတဲ့ မူဝါဒမရှိဘူးလို့ ဝေဖန် လိုက်ပါတယ်။

လွှတ်တော် အမတ်တွေရဲ့ ဩဂုတ်လ ၈ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အိတ်ဖွင့်ပေးစာကို အစိုးရပိုင် သတင်းစာတွေမှာ ဒီကနေ့ ဖေါ်ပြခဲ့ပြီး အိတ်ဖွင့် ပေးစာဟာ အစိုးရရဲ့ ဆောင်ရွက်ချက်များကို အသားပေး ဖေါ်ပြထားတာ ဖြစ်ပါတယ်။ အိတ်ဖွင့် ပေးစာမှာ အစိုးရနဲ့ ဆန့်ကျင်ဘက် အဖွဲ့တွေဟာ တဘက်စွန်း ရောက်ခြင်း သံသယတွေ ရှိခြင်း ပြင်ပ ဘေးပယောဂတွေ ၀င်ရောက် နှောင့်ယှက် နေတယ်လို့ ရေးထား ပါတယ်။ ဒီစာနဲ့ ပတ်သက်ပြီး NLDဒုတိယ ဥက္ကဌ ဦးတင်ဦးက မိမိတို့ အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ အတွက် အကူအညီ ပေးဖို့သာ ဆန္ဒရှိတယ်လို့ ခုလို ပြောပါတယ်။

“ပြောရအောင် ဆိုရအောင်ဆိုတဲ့ ကိစ္စမှာ မပြောကြ မဆိုနိုင် ကြဘူးလားဗျာ။ သူတို့ လွှတ်တော်လည်း ပြောစရာ ရှိတယ် အဲဒီလို ရအောင်လုပ်ပြီး ပြောကြပေါ့။ ကျနော်တို့ဘက်က ပြောသင့် ပြောထိုက်တာ ကူညီစရာရှိရင် အကူအညီ ပေးမယ်။ အေးချမ်းမှုနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ပြည်သူလူထု အကျိုးပြု လုပ်ငန်းကို လုပ်ပါ့မယ်လို့ ပြောထားတာ ဒါကို အထောက်အပံ့ ဖြစ်မယ်ဆို လုပ်မှာပဲ။ တယောက်ထဲ လုပ်ခွင့်ရလည်း တယောက်ထဲ လုပ်မှာပဲ။ အဖွဲ့နဲ့ လုပ်ခွင့်ရလည်း အဖွဲ့နဲ့ လုပ်မှာပဲ”

အလားတူ KIOအဖွဲ့ကလည်း အခုထုတ်ပြန်တဲ့ စာနဲ့ ပတ်သက်ပြီး ဆိုလိုရင်းကို အတိအကျ မသိရဘူးလို့ ပြောဆိုပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး ဆက်လက် ဆောင်ရွက်ဖို့ အစိုးရမှာ ပြတ်သားတဲ့ လမ်းစဉ် ရှိပုံမရဘူးလို့ ဆိုပါတယ်။ှုဥ ပြောခွင့်ရ ဦးလာနန်းက ခုလိုပြောပါတယ်။

“ဒီအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး ထားပြီးတော့ ဘာတွေ လုပ်ကြမလဲ။ နိုင်ငံရေး ဆွေးနွေးမှု လမ်းစဉ်ဆိုတာ ဘယ်လို လမ်းစဉ် ဖြစ်ရမလဲ ဆိုတာကို မေးမြန်းထားတာ ရှိတယ်။ အဲဒီအပေါ်မှာ သူတို့က ဘာမှ ပြောတာ မရှိဘူး။ ရှင်းရှင်း လင်းလင်း ဖြေတာ မရှိဘူး။ လက်မှတ် ထိုးပြီးမှ ဆွေးနွေးကြတာမျိုး ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေက ပြောတာရှိတယ်။ ဝေေ၀၀ါးဝါး ပြတ်ပြတ် သားသား မရှိတဲ့ အဖြေမျိုးနဲ့တော့ အပစ်အခတ် ရပ်ဆိုင်းရေး မလုပ်နိုင်ဘူး”

ှုKIOအဖွဲ့အနေနဲ့ အပစ်အခတ် ရပ်စဲရေးအတွက် လာရောက် ညှိနှိုင်းတဲ့ အဖွဲ့ကို KIOအဖွဲ့ အပေါ်ထားရှိတဲ့ သဘောထား အပါအ၀င် မေးခွန်း ၈ ခု ပြန်လည် မေးမြန်းထားပေမယ့် အခုချိန်အထိ ပြန်ကြားခြင်း မရှိဘုးလို့ KIO က ပြောဆို ပါတယ်။

သတင်း....RFA

လွှတ်တော်ကိုယ်စားလှယ် ၂၃ ယောက်၏ ပြည်တွင်းငြိမ်းချမ်းရေး လိုလားသူများအတွက် ရည်ရွယ်သော အိတ်ဖွင့်ပေးစာ ကြေညာစာတမ်း



လွှတ်တော်ကိုယ်စားလှယ် ၂၃ ယောက်၏ ပြည်တွင်းငြိမ်းချမ်းရေး လိုလားသူများအတွက် ရည်ရွယ်သော အိတ်ဖွင့်ပေးစာ ကြေညာစာတမ်း တစ်ခုကို သြဂုတ်လ ၈ ရက်နေ့က လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာ လိုက်ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတွင် ပါဝင်သူ ဧရာဝတီတိုင်း ဒေသကြီး၊ ပန်းတနော်မြို့နယ် မဲဆန္ဒနယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမန်းမောင်မောင်ဥာဏ်က ဆိုသည်။

“ကျွန်တော်တို့ နိုင်ငံမှာ ပြည်တွင်းငြိမ်းချမ်းရေးကို အလေးပေးစေချင်တဲ့ ရည်ရွယ်ချက်ကို အလေးဂရုပြုပြီး ဒီထုတ်ပြန်ကြေငြာချက်ကို ထုတ်ပြန် လိုက်တာပါ။ မည်သူတစ်ဦးတစ်ယောက်ရဲ့ ညွှန်ကြားချက်မဟုတ်ပါဘူး။ စစ်ဘေး၊ စစ်ဒဏ်ကို ခံစားနေရတဲ့ ဒေသက တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ တင်ပြချက်တွေ၊ ဆွေးနွေးချက်တွေကြောင့်ပါ”ဟု ပြည်တွင်းသို့ ဖုန်းဆက်မေးမြန်းခြင်း ကို ပြန် လည်ဖြေကြားသည်။

အဆိုပါ ကြေညာစာတမ်းတွင် သြဂုတ်လ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သြဂုတ်လ ၂ ရက်နေ့ ညနေ ၅ နာရီခွဲ အချိန်တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ တာပိန် ရေအားလျှပ်စစ်စက်ရုံမှ ပြန်လာသော မော်တော်ယာဉ်တစ်စီးကို ကေအိုင်အေ လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ဝန်ထမ်းများနှင့် ပြည်သူများသေဆုံးသွားရသည့်ဖြစ်ရပ်သည် ကြောက်မက်ဖွယ်ရာ၊ ဝမ်းနည်းဖွယ်ရာ လုပ်ရပ်များ ဖြစ်ပြီး ငြိမ်းချမ်းရေး ဖြစ်မြောက်ရေးအတွက် ခြောက်လှန့်မှုများဖြစ်လာ၍ စိတ်မကောင်းဖြစ်ရကြောင်း ဖော်ပြထားသည်။

အဆိုပါ လွှတ်တော်ကိုယ်စားလှယ် ၂၃ ဦးတွင် ပါဝင်သူ ရန်ကုန်တိုင်းဒေ သကြီး၊ မြောက်ဥက္က လာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက “ဒီကိစ္စက မဖြစ်မနေလုပ်ရမယ့် ကိစ္စတစ်ခုမို့ ပြည်သူရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်းပြီး ထုတ်ပြန်လိုက် တာပါ”ဟု ဆိုသည်။

ရန်ကုန်မြို့ခံတစ်ဦးက “MRTV-4 မှာ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ကြေငြာချက်ကို ထုတ်လွှင့်ပြတော့ တော်တော်လေး အံ့သြသွားတယ်။ ဘယ်လိုကြောင့်ဖြစ်ပါစေ ဒီလိုလုပ်ပေးတာကိုပဲ ကောင်းသော ပြောင်းလဲခြင်းတစ်ခု ဖြစ်လာတယ်လို့ ယူဆမိပါတယ်”ဟု ယင်း၏ ခံစားချက်အား ပြောပြသည်။

ဆက်လက်၍လည်းငြိမ်းချမ်းရေး လိုလားသူများအတွက် ကြေငြာစာတမ်းတွင် ပြည်သူများအတွက် ငြိမ်းချမ်းရေး ကြိုးပမ်း ဆောင်ရွက်နေမှုများကို ပြည်သူ့ကိုယ်စားလှယ်၊ တိုင်းရင်းသား ကိုယ်စားလှယ်များဖြစ်သော ကျွန်ုပ်တို့မှ ကြိုဆိုထောက်ခံလျက်ရှိပါကြောင်းနှင့် အမှန်တကယ် ငြိမ်းချမ်းရေး ရလိုလျှင် ပြည်ထောင်စု ကြီးတစ်ခုလုံး၏ အကျိုးစီးပွား ကိုသာရှေ့ရှု၍ စေတနာမှန်၊ သဘောထားမှန်၊ ဆွေးနွေးလုပ်ဆောင်မှု အမှန်များဖြင့် ဆောင်ရွက်ကြပါရန်နှင့် စစ်ပွဲများ မရှိတော့သော်လည်း ပြည်ထောင်စုကြီး ပြိုကွဲချည့်နဲ့သွားမည့် အန္တရာယ်မျိုးကို ရှောင်ရှားကြပါရန် အလေးအနက်ထား တိုက်တွန်းတောင်းဆို အပ်သည်ဟု ပါရှိသည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများက “ဒီကိစ္စရဲ့ နောက်ကွယ်မှာ အကြံအစည်တစ်ခုတော့ ရှိပါတယ်”ဟု ဆိုသည်။


သတင်း.....YC(KS)

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သြဂုတ် ၁၄ ပဲခူးသွားမည်




ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏ နိုင်ငံရေးခရီးကို ယခုလ ၁၄ ရက်နေ့တွင် ပဲခူးသို့သွားရောက်ခြင်းဖြင့် စတင်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်း၏ ပြောကြားချက်အရ သတင်းရရှိသည်။

အဆိုပါ ခရီးစဉ်သည် သူမ နေအိမ်အကျယ်ချုပ်မှ လွှတ်လာပြီး နောက်ပိုင်း ပထမဆုံး ပြုလုပ်သော နိုင်ငံရေးခရီးစဉ် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူးမြို့တွင် စာကြည့်တိုက် တစ်ခု၊ သနပ်ပင်မြို့တွင် တစ်ခု ဖွင့်လှစ်ပေးမည် ဖြစ်ကြောင်းနှင့် လူငယ်များနှင့် တွေ့ဆုံ မည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

သြဂုတ်လ ၁၄ ရက်နေ့တွင် သွားရောက်မည့် အဆိုပါ ခရီးစဉ်ကို မနက် ၆ နာရီတွင် ရန်ကုန်မှ စတင် ထွက်ခွာမည်ဖြစ်ကာ ညနေပိုင်းတွင် ပြန်လာ ကြမည် ဖြစ်ပြီး ခရီးစဉ် အသေးစိတ်နှင့် လုံခြုံရေး စီမံမှုများကိုမူ NLD တာဝန်ရှိသူများက ပြောဆိုရန် ငြင်းဆန်ကြသည်။

အောင်ဆန်းဂျာမွန်းဟု အမည်ပေးထားသည့် စာကြည့်တိုက်များသည် ပဲခူးမြို့ပေါ်ရှိ ပန်းလှိုင်၂၃ လမ်းနှင့် သနပ်ပင်မြို့ မင်းလမ်းတို့တွင် တည်ရှိ ကာ စာကြည့်တိုက်တစ်ခုချင်းစီတွင် စာအုပ်ပေါင်း ၄,၀၀၀ ကျော် ထားရှိသည်။ ဂျာမွန်းဆိုသည်မှာ ဂျိန်းဖေါဘာသာစကားဖြစ်ပြီး ရွှေဝတ်မှုန်ဟု အဓိပ္ပါယ်ရ ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပဲခူး ခရီးစဉ်သည် နိုင်ငံရေးခရီးစဉ် ဖြစ်သဖြင့် အစိုးရမှ မည်သို့တုန့်ပြန်မည်ကို အများက စိတ်ဝင်တစား စောင့်ကြည့် နေကြသည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပဲခူး ခရီးစဉ်ပြီးနောက် နောက်ထပ် နယ်ခရီးစဉ်များကို ဆက်လက်ထွက်ရှိဦးမည်ဟု သိရသည်။

သတင်း..... YC

09 August 2011

၈၈ ဒီမိုကရေစီ အရေးတော်ပုံကို လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အောက်မေ့သတိရ


မြန်မာအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လ ၈ ရက်နေ့ကကျင်းပသော ၁၉၈၈ ခုနှစ် (၈၈) ဒီမိုကရေစီ အရေးတော်ပုံ ၂၃ နှစ်မြောက်အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ အဆိုပါ ဒီမိုကရေစီအရေးတော်ပုံမှာ အောင်မြင်မှု မရရှိခဲ့သည့် တိုင် ဒေါ်အောင်ဆန်းစုကြည်အား အမျိုးသားရေး သူရဲကောင်းတစ်ဦး အဖြစ် ပြောင်းလဲစေနိုင် ခဲ့သည်။

ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် မြန်မာကျောင်းသားများဦးဆောင်ပြီး စစ်အစိုးရ ခေါင်းဆောင်များကို ဆန့်ကျင်ဆန္ဒပြခဲ့ကြရာ မြန်မာပြည်သူထောင်ပေါင်းများစွာလည်း ပူးပေါင်းပါဝင်ခဲ့ သည်။ ယင်း ၈၈ အရေးအခင်းတွင် ပါဝင်ဆန္ဒပြသူများအား စစ်တပ်က ဖြိုခွင်းနှိမ်နင်းမှုကြောင့် လူပေါင်း ၃၀၀၀ ကျော်ခန့် သေဆုံးခဲ့ရသည်။

"ဘာတွေဖြစ်ခဲ့ပြီး ဘာတွေမေ့ဖျောက်လို့ မရအောင်ဖြစ်ခဲ့တယ်ဆိုတာနဲ့ပတ်သက်ပြီး ရှင်တို့အားလုံးကို စဉ်းစားစေချင်ပါတယ်" ဟု ၈၈ အရေး အခင်း ၂၃ နှစ်မြောက်အခမ်း အနားကျင်းပသည့် ရန်ကုန်မြို့မှ သာဓု ဘုန်းကြီးကျောင်းမှ ဧည့်မှတ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်ကရေးသားခဲ့သည်။ ယင်းအခမ်းအနားသို့ လူပေါင်း ၄၀၀ ခန့်တက် ရောက်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က ၈၈ အထိမ်းအမှတ်အဖြစ် တစ်မိနစ်ခန့်ငြိမ်သက်၍ နေခဲ့ပြီးနောက် ရဟန်းတော်များကို သင်္ကန်းများလှူဒါန်းသွားခဲ့ကြောင်း ရန်ကုန်အခြေစိုက် AFP သတင်းထောက်ကမျက်မြင်တွေ့ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တွင် နှစ်အတန်ကြာနေထိုင်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ်တွင် ရန်ကုန်၌နေထိုင်သော မိခင်ဖြစ်သူအား ပြုစုစောင့်ရှောက်ရန်ရောက်ရှိခဲ့သည်။ ထို့နောက်မကြာမီအချိန်တွင်းမှာ ပင် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့ရသည်။ မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ၈၈ ဒီမိုကရေစီအရေးတော်ပုံကို ဦးဆောင်ခဲ့သည့် အချိန်မှစ၍ မြန်မာပြည်သူ အမြောက်အမြား ၏ ထောက်ပံ့မှုကိုရရှိခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ တွင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရခေါင်းဆောင်များက အာဏာ လွှဲပြောင်း ပေးခြင်း မပြုခဲ့ပေ။ ထို့နောက် သူမအား နှစ်ပေါင်း ၂၀ တွင်း ၁၅ နှစ်တာမျှနေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

ယခု သြဂုတ်လ ၈ ရက် ၂၃ နှစ်မြောက် ၈၈ အရေးအခင်းနှစ်ပတ် လည်အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ဗိုလ်မှူးဟောင်း ဦးဝင်းထိန်လည်းတက်ရောက်ခဲ့သည်။ ဦးဝင်းထိန်သည်လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။ "၁၉၈၈ ခုနှစ် တစ်နှစ်ထဲမှာသာမကပါဘူး။ ဒီမိုကရေစီရေးအတွက် အသက်ပေး သွားကြတဲ့ ပြည်သူတွေနဲ့ကျောင်း သားတွေအားလုံးကို ကျွန်တော် ဒီနေ့သတိရမိနေပါ တယ်။ ၈၈ အရေးအခင်ကို စတင်ဦးဆောင်ခဲ့တဲ့ကျောင်း သားတွေရော၊ လက်ရှိထောင်ထဲမှာ ဖမ်းဆီးထိန်းသိမ်း ခံထားနေရဆဲဖြစ်တဲ့ ကျောင်းသားတွေ ကိုပါ သတိရအောက်မေ့မိတာပါ" ဟု ၎င်းက AFP သို့ ပြောကြားသည်။

(AFP သတင်းကို ဘာသာပြန်ဆိုသည်)

ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒဂုန်တာရာ ပြည်သူများကို ပန်ကြား



ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေး ဖွဲ့စည်းဆောင်ရွက်မှုများကို နိုးနိုးကြားကြား၊ ကျယ်ကျယ်ပြန့်ပြန့်၊ အနယ်နယ် အရပ်ရပ် လုပ်ကိုင်ကြရန် စာရေးဆရာကြီး ဒဂုန်တာရာက သြဂုတ်လ ၇ ရက်စွဲဖြင့် ပန်ကြားလွှာ လက်ကမ်းစာရွက်များ ဝေငှနေကြောင်း ရန်ကုန်မြို့တွင်း နေထိုင်သူများက ပြောကြားသည်။

၂၀၁၁ နွေရာသီသို့ ရောက်လာသည်နှင့် တပြိုင်နက် ပြည်ထောင်စု မြန်မာနိုင်ငံရှိ ပြည်တွင်းစစ်မီးသည် အရှိန်တိုး၍ ပြန်လည် တောက်လောင်လာခဲ့ကြောင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် လက်နက်ကိုင် တိုက်ပွဲ များ ပိုမိုများပြား ပိုမိုပြင်းထန်လာခဲ့ကြောင်း အသက်များစွာသေဆုံးနေရကြောင်းလည်း ယင်းကြေငြာချက်တွင် ဖော်ပြပါ ရှိသည်။

ဆက်ပြီး ပြည်တွင်းစစ်မီးသည် ပိုမိုပြင်းထန် ပိုမိုကျယ်ပြန့် ပိုမိုအသက်သေကြေ၊ အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာပျက်စီးစေမည့် အန္တရာယ်ကို ပေးတော့မည်ဟု အမှန်တကယ်စိုးရိမ်လာကြရကြောင်း သေဆုံးသူများမှာ ပြည်ထောင်စု မြန်မာနိုင်ငံသား များ ဖြစ်ကြပြီး အိုးအိမ်၊ ပစ္စည်း၊ ဥစ္စာများ ပျက်စီးဆုံးရှုံးရသည်မှာလည်း နိုင်ငံသားများ၏ အိုးအိမ် ပစ္စည်း၊ ဥစ္စာများသာဖြစ်ကြောင်း ထို့ကြောင့် ပြည်တွင်းစစ်မီးတွင် သေကြေရသမျှ အသက်ဆုံးရှုံးရသမျှ အိုးအိမ်ပစ္စည်း ဥစ္စာတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံ၏ အသွေးအသားများဖြစ်ကြောင်း ထပ်ဆင့်ဖော်ပြထားသည်။

ထိုဆုံးရှုံးမှုများကို ဆက်ပြီးမခံ ကြရစေရန် အချင်းချင်း တိုက်ခိုက်မှုများကို အမြန်ဆုံးရပ်စဲပစ်ကြဖို့ မလုပ်မဖြစ်လို အပ်နေပြီး သက်ဆိုင်ရာအားလုံး အချင်းချင်း အပစ်အခတ်ရပ်ရန် တွေ့ဆုံဆွေးနွေးပြီး ခိုင်မြဲသော ငြိမ်းချမ်းရေးကို တည်ဆောက်ကြပါရန် အလေးအနက် မေတ္တာရပ်ခံထားကြောင်း ယင်းပန်ကြားလွှာ တွင်ဖော်ပြထားသည်။

အဆုံးတွင် “ကျည်ဆန်ခြုံ၍ မလုံ- မေတ္တာခြုံမှ လုံလိမ့်မည်” ဒဂုန်တာရာ ၇.၈.၂၀၁၁ အောင်ပန်းမြို့ ရှမ်းရဠ ဟု ပါရှိသည်။

သတင်း... NZ

ကျမတို့ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ “သွေးစည်းညီညွတ်ရေး” သဘောထား (အသံဖိုင်)

Dassk's speech on solidarity(1) by myatlayngon88

စစ်မှန်သော စေတနာမှန်သော သွေးစည်းညီညွတ်ရေးကိုသာ တည်ဆောက်ကြပါစို့...။

08 August 2011

ကြည့်မြင်တိုင် သာဓုပရိယတ္တိစာသင်ကျောင်းမှာ ပြုလုပ်တဲ့၂၃ နှစ်မြောက် ၈ လေးလုံး နှစ်ပတ်လည်နေ့  ၀ါဆိုသင်္ကန်းကပ်ပွဲ








အေးဆေးငြိမ်းချမ်းစွာ ပြီးစီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က အတူတူတွဲလုပ်ခဲ့တဲ့ သူငယ်ချင်း တွေ၊ ၉၄- ၉၅ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေ စတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရေအလျင်ကြောမှာ မနားတမ်း၊ မမောတမ်းကူးခတ်နေကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေကို စုံစုံလင်လင် တွေ့ ရတဲ့အခါ စိတ်ထဲ မှာဝမ်းနည်းဝမ်းသာဖြစ်ရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်မိသလို ခံစားရပါတယ်။

အခမ်းအနားမှူးအဖြစ် မဇ္ဈိမလှိုင်းကိုရဲလွင်နဲ့ အတူ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်က တစ်မိနစ် ငြိမ်သက်ခြင်းအစီအစဉ်ကို ဦးဆောင်ပြုလုပ်ပါတယ်။ ငြိမ်သက်ရခြင်းရဲ့  ပထမပိုင်းကတော့ နိုင်ငံရေး အကျဉ်းသားများလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အတွက် ဦးတည်ပြီး ငြိမ်သက်ခြင်း ဒုတိယပိုင်းဟာဖြင့် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကျဆုံးသွားရတဲ့ တိုက်ပွဲဝင်ရဲဘော်ရဘက်အားလုံးအတွက် ရည်စူးရခြင်းဖြစ်ပါတယ်။

တစ်မိနစ်ငြိမ်သက်နေစဉ်မှာ အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့  စိတ်နှလုံးတွေ ညှိုးချုံးနေ ကြမှာ အသေအချာပါဘဲ။ ဒီအချိန်မှာ အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ ရဲ့  ရဲဘော်တွေထံ စိတ်အစဉ်တွေ ပြေးလွှားရောက်ရှိခဲ့ရပါတယ်။ သူငယ်ချင်းတို့ ရဲ့  စိတ်အစဉ်တွေလည်း ဒီအခမ်းအနားကို ရောက်ချင်ရောက်နေမှာပါဘဲ။
လူချင်း အတူတူမတွေ့ ကြရပေမယ့် တို့ တတွေ စိတ်ချင်းအမြဲ နီးနေကြပါတယ်လို့  ဖြေတွေး တွေးလိုက်ရပါတယ်။

ဆရာတော်ဘုရားကြီးရဲ့ ရေစက်ချ တရားနာမှုကို တက်ရောက်လာတဲ့ပရိသတ်တွေ ရိုကျိုးစွာခံယူကြပါတယ်။

ဆရာတော်ကြီးရဲ့  သြ၀ါဒက “အစားဆန်း၊ အနေဆန်း၊ အ၀တ်ဆန်းတွေ ကို မတပ်မက်ကြပါနဲ့ ။ အတွေး ဆန်းကြပါ၊ အတွေးရဲကြပါ၊ အတွေး ပေါက်ကြပါ။ ဒါဆိုရင် ပေးတိုင်း မယူကြတဲ့စိတ်၊ ကျွေးတိုင်း မစားကြတဲ့စိတ်၊ခြောက်တိုင်း မကြောက်ကြတဲ့စိတ်၊ မြှောက်တိုင်း မမြောက်ကြတဲ့စိတ် တွေ ပေါ်ပေါက်လာပြီး အဲဒီစိတ်ထားတွေက တစ်ဆင့် ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင်ကြပါလိမ့်မယ်” လို့  ဟောကြားသွားပါတယ်။အဖိုးတန် ဆုံးမစကားတွေကို နာယူလိုက်ရပါတယ်။

ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို အမျိုးသား ဒီမိုကရေစီ ပါတီဝင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများမှ ပုဂ္ဂိုလ်များ၊ အနုပညာလောကသားများ၊ တစ်သီးပုဂ္ဂလများ၊မျိုးဆက်သစ်လူငယ်များနဲ့  ၈ လေးလုံးကို ဖြတ်သန်းခဲ့ကြသူများ အင်အား နှစ်ထောင်ကျော်ခန့်  လာရောက်ကြပြီး အကျဉ်းသားမိသားစုဝင်များကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။ ကိုဖြိုးမင်းသိန်းတို့ ကိုမျိုးရန်နောင်သိန်းတို့ အပါအ၀င် အခမ်းအနားစီစဉ်ကျင်းပရေးလူငယ်များရဲ့  ဟာကွက်မရှိအောင် ကြိုးစားပမ်းစား ဖြည့်ဆည်းပေးနေကြတာကိုလည်း တွေ့ ခဲ့ရပါတယ်။

သံဃာတော်များကို ၀ါဆိုသင်္ကန်းကပ်လှူကြပြီး နေ့ ဆွမ်းဆက်ကပ်ကြပါတယ်။ လူပုဂ္ဂိုလ်များကိုတော့စာသင်တိုက်ရဲ့  အပေါ်ထပ်အောက်ထပ်မှာ ထမင်းကျွေးပါတယ်။ စီစဉ်သူတွေရဲ့ စေတနာနဲ့  ရည်မှန်းချက်တွေအလုံးစုံ အောင်မြင်ပြီးမြောက်ခဲ့တဲ့ ကြည်လင်လှပတဲ့ ၈ လေးလုံး (၂၃)နှစ်မြောက် အခမ်းအနားတစ်ခုဖြစ်ခဲ့ပြီးတက်ရောက်လာကြသူတွေရဲ့  ချီးမြှင့်ပံ့ပိုးမှုတွေဟာလည်း လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။

ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများရဲ့  ဆောင်ရွက်ချက်တချို့ ကို တည်ဆဲအစိုးရအနေနဲ့ အခုလို ခွင့်ပြုလိုက်လျောမှုပေးခဲ့တာဟာ အပေါင်းလက္ခဏာဆန်တဲ့ လက်ခံပူးပေါင်းမှုတစ်ခုလို့  ကျွန်တော်တို့ ယူဆပြီးဒီ့ ထက်ပိုတ၊ဲ့ ဒီ့ ထက် ထိထိမိမိရှိတဲ့ မြန်မာပြည်သူပြည်သားအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အရေးကိစ္စတွေကိုလည်း ရှေ့ အနာဂတ်မှာ ဆက်လက်ဆုံးဖြတ်လုပ်ဆောင်ပေးဖို့  လိုအပ်နေပါသေးတယ်။

နောင်နှစ် ၈ လေးလုံးနှစ်ပတ်လည်နေ့ မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့ နဲ့ အတူကျွန်တော်တို့ တတွေ လူစုံတက်စုံ ဆင်နွှဲရလိမ့်မယ်လို့  စူးစူးနစ်နစ်ယုံကြည်လျက်....။

Photo..AP

သတင်း ပေးပို့ ပေးသောကို အောင်မျိုးထွန်း ကျေးဇူးတင်ရှိပါသည်.။

၈- ၈- ၂၀၁၁

၂၃ နှစ်မြောက် ၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့ အား နယူးဇီလန်နိုင်ငံ တွင်ကျင်းပပြုလုပ်..

8888 Programme Burmese Final


ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင်၊ မြန်မာ့ဒီမိုကရေစီခေါင်းဆော​င်ဒေါ်အောင်ဆန်းစုကြည် မှ နယူးဇီလန်နိုင်ငံ အော်ကလန်မြို့ တွင်ပြုလုပ်သော (၂၃)နှစ်မြောက်ရှစ်လေး လုံးနှစ်ပတ်လည်နေ့ အခမ်းအနားသို့ ပေးပို့ သော ဗွီဒီယို မိန့် ခွန်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တွေ့ဆုံရန်ရှိသည်ဟု ဦးဌေးဦးမှ ပြောကြား

သြဂုတ်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပသော မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် ဦးဌေးဦးတို့ တွေ့ဆုံမှု တွင် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဦးဌေးဦးမှ သတင်းထောက်များအား ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် ဦးဌေးဦးတို့တွေ့ဆုံမှုအပြီး သတင်းထောက် များနှင့် တွေ့ဆုံ စဉ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ခိုင်ဖြိုးပါတီမှ တွေ့ဆုံရန်ရှိသည်ဟု ဦးဌေးဦးမှ ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကိုတော့ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တရားဝင် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားသည်။

နေပြည်တော်တွင် ကျင်းပမည့် အမျိုးသားအဆင့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သတင်း... YC

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ရန် နှောင့်နှေးနေ

လုံခြုံရေး အစီအစဉ်များ ပေါက်ကြားမှုကြောင့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပဲခူးသို့ ခရီးထွက်မည့် အစီအစဉ် နှောင့်နှေး နေကြောင်း ဗိုလ်ကြီးဝင်းထိန်က ပြောကြားသည်။

သြဂတ်လဆန်းတွင် ပဲခူးရှိ စာကြည့်တိုက်ဖွင့်ပွဲ အခမ်းအနားတက်ရောက်ရန် အစီအစဉ်သည် မီဒီယာများထံ ပေါက်ကြားသွားသဖြင့် ယခုကဲ့သို့ နှောင့်နှေးနေရခြင်း ဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။

“CEC တစ်ယောက်က မီဒီယာကို ပြောလိုက်လို့ လုပ်ထားတဲ့ အစီအစဉ်တွေ အကုန်ဖျက်လိုက်ရတယ်။ စာကြည့်တိုက် ဖွင့်မယ့်ရက်ကိုလည်း နောက်ဆုတ် ထားလိုက်ရတယ်။ ခရီးကတော့ သွားမှာပါ”ဟု ဗိုလ်ကြီးဝင်းထိန်က ဆိုသည်။

ပဲခူးရှိ၊ လမ်းပြကြယ် စာကြည့်တိုက်ဖွင့်ပွဲအား ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်ဆိုသည့်အတွက် ပဲခူးတိုင်းဒေသကြီးရှိ NLD လူငယ် အဖွဲ့ဝင်များ လုံခြုံရေး အစီအစဉ်များအား လုပ်ဆောင်ထားသည်မှာ ပြီးစီးနေပြီဖြစ်ကြောင်း ပဲခူးတိုင်း NLD လူငယ်တစ်ဦးက ဆိုသည်။

“ဇူလိုင်လ မကုန်ခင်ကတည်းက ရုံးချုပ်က လူတွေနဲ့ လုံခြုံရေးကိစ္စတွေ အသင့်ပြင်ထားတာ၊ ဒေါ်အောင်ဆန်းစုကြည် လာမယ့်ရက်ကိုပဲ အသင့် ပြင်ပြီး စောင့်နေရတယ်။ ဘယ်နေ့လာမလဲတော့ မသိဘူး။ ပြီးတော့ မြန်မာ့အသံမှာ စာကြည့်တိုက်မှာထားတဲ့ ဦးဝင်းတင်ရဲ့ ထောင်စာအုပ်နဲ့ ပတ်သက်လို့ အသံလွှင့်ထားတာ ရှိတော့ စိတ်လည်းပူရတယ်”ဟု ဆိုသည်။

ယခုလဆန်းပိုင်းတွင် အမျိုးသားစီမံကိန်းနှင့် ဖွံဖြိုးတိုးတက်ရေး ဝန်ကြီးဌာနမှ ဒု-ဝန်ကြီး ဒေါက်တာကံဇော် ဦးစီးပြုလုပ်မည့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အား အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သည်။

သတင်း... YC(KS)

07 August 2011

၈.၈.၈၈ အရေးတော်ပုံကြီးအတွင်းမှ ရှားပါး မှတ်တမ်းများ


ကျောင်းသားများ၏ ညီညွတ်မှု



ကြားဖြတ်အစိုးရ ဖွဲ့စည်းရေးညှိုနှိုင်းအစည်းဝေးပွဲ



ဦးနေဝင်းပြေးခဲ့သည့် ၈.၈.၈၈


ကျောင်းသားတို့ တောင်းဆိုချက် ပြည်သူ၏ဆန္ဒနှင့်ကိုက်ညီ


ကိုနိုင်မြန်မာ ရေးခဲ့တဲ့သီချင်း


ရန်ကုန်မြို့ကြီးခြောက်ခြားသွားခြင်း


ဦးနု ၏ကြေညာချက်

လွတ်လပ်ရေးစာစောင်


အောင်၊ စု၊ တင် မှပြည်သူများသို့ ပြန်ကြားချက်

ရေအိုးထဲမှ အဆိပ်ခတ်မည်ဆိုသောအမျိုးသမီး..






၈.၈.၈၈ အရေးတော်ပုံ ကြီးအတွင်း များစွာသော အထောက်အထားများ၊မှတ်တမ်း များ ရှိခဲ့ပါသည်.။ဤ ရှားပါး မှတ်တမ်း အထာက်အထားများ အားပြန်လည် ဖော်ပြခွင့် ပေးသော ကိုစိုးသိမ်း အား ကျေးဇူးအထူး တင်ရှိပါ သည်.။၈.၈.၈၈ အရေးတော်ပုံ ကြီးအတွင်း ကျောင်းသား၊ ပြည်သူများ၏ ညီညွတ်မှုကြောင့် လူ့ဘီလူး စစ်အာဏာရှင်ဦးနေဝင်း နှင့် အပေါင်း အပါ လူတစု ကိုဖြုတ်ချ နိုင်ခဲ့ပါသည် မှာ ဧကန် အမှန် ပါ.။

မြတ်လေးငုံ