31 August 2013

ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအပြောင်းအလဲ ဖြစ်နိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံအပြောင်းအလဲ ဖြစ်နိုင်ကြောင်း ပြည်သူ့ လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၃၀ ရက်နေ့က ပြည်သူ့လွှတ်တော်ရုံးတွင် ပြုလုပ်သည့် သတင်းမီဒီယာများနှင့် တွေ့ဆုံပွဲတွင် လက်ရှိ ဖြစ်ပွားနေသော ဘာသာရေးအသွင်ဆောင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ၂၀၁၅ အထွေအထွေ ရွေးကောက်ပွဲအပေါ် သက်ရောက်မှုရှိ မရှိမေးခွန်းကို သတင်းထောက်အချို့က မေးမြန်းရာ ၎င်းက ယင်းသို့ပြန်လည် ဖြေကြားသွားခြင်း ဖြစ်သည်။

“အခုကတော့ ၂၀၁၃ မကုန်သေးဘူး။ ၂၀၁၅ ရောက်ဖို့ တစ်နှစ်ကျော်ကျော် ကျန်သေးတယ်။ ဒီကြားထဲမှာ နိုင်ငံအပြောင်းအလဲတွေ ဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

သို့သော် မည်သို့သော အပြောင်းအလဲ ဖြစ်နိုင်သည် ဆိုသည်ကိုမူ ပြောကြားခြင်း မရှိပေ။ မြန်မာနိုင်ငံတွင်း ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများကို ဖြေရှင်းရာတွင် ရွေးကောက်ပွဲများ ရှိခြင်း မရှိခြင်းကို မစဉ်းစားဘဲ အမြန်ဆုံးပြန်လည် ဖြေရှင်းသင့်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများသည် နိုင်ငံရေး မတည်ငြိမ်မှုကို ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟူသော စွပ်စွဲပြောဆိုချက်များသည် အထောက်အထား ခိုင်လုံမှု မရှိသဖြင့် မှန်ကန်သည်ဟုဆို၍ မရကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ယခုဖြစ်ပွားနေသော ဘာသာရေး အသွင်ဆောင် ပဋိပက္ခများကို ဘာသာရေး ခေါင်းဆောင်များက နှစ်ဖက်လူ့အဖွဲ့အစည်းများအကြား ယုံကြည်မှု တည်ဆောက်ရန် ကူညီပေးသင့်ကြောင်း ၎င်းက ဆက်လက်အကြံပြုသည်။

ပဋိပက္ခများ ဖြေရှင်းရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်အင်အား၊ အထောက်အကူပြု ပစ္စည်းနှင့် ပဋိပက္ခ ထိန်းချုပ်နိုင်သော စွမ်းရည်များ လိုအပ်နေသေးကြောင်း၊ အစိုးရက အမြန်ဆုံး ဖြည့်ပေးရန် တာဝန်ရှိ ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြ ပြောဆိုသည်။

မြန်မာနိုင်ငံတွင် လူမျိုးရေးနှင့် ဘာသာရေးအသွင်ဆောင် ပဋိပက္ခများ ဆက်တိုက်ဖြစ်ပွားပါက နိုင်ငံအသွင်ကူးပြောင်းမှုကို ထိခိုက်စေနိုင်ကြောင်း အမေရိကန်အစိုးရ၏ ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ အထူးကော်မရှင်က သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
 

28 August 2013

မြန်မာနိုင်ငံသားနှင့် လက်ထပ်ထားသော နိုင်ငံခြားသားများကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့်ပြု


မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း များကို ပြည်တွင်း၌ အချိန် အကန့်အသတ်မရှိ နေထိုင်ခွင့် ပြုထားကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် မွေးဖွားပြီး ပြည်ပ နိုင်ငံသား ခံယူထားသည့် နိုင်ငံခြားသား များနှင့် မြန်မာနိုင်ငံသားနှင့် တရားဝင် လက်ထပ်ထားသူ ပြည်ပ နိုင်ငံသား များသည် လူမှုရေး ပြည်ဝင် ဗီဇာဖြင့် ပြည်တွင်းသို့ ဝင်ရောက်နိုင်ပြီး အချိန် ကြာမြင့်စွာ နေထိုင်လိုပါက လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန တိုင်း ဦးစီးဌာနမှူး ရုံးထံ နေထိုင်ခွင့် သက်တမ်း အကြိမ်ကြိမ် တိုးမြှင့် နေထိုင်နိုင်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

မြန်မာနိုင်ငံသားနှင့် အိမ်ထောင်ပြုထားသည့် နိုင်ငံခြားသား ဇနီး၊ ခင်ပွန်းသည် (လူမှုရေး) ပြည်ဝင်ဗီဇာဖြင့် ဝင်ရောက်လာပြီး မြန်မာနိုင်ငံ တွင် နေခွင့်သက်တမ်း တိုးမြှင့်လိုပါက မည်သည့်ဌာန အကြီးအကဲ၏ သဘော တူညီချက်ကိုမျှ ရယူရန် မလိုဘဲ ဆန္ဒရှိသရွေ့ အကြိမ်ကြိမ် တိုးမြှင့် နေထိုင်ခွင့် ပြုပေးနေကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

“တခြား နိုင်ငံသား ခံထားတဲ့ မြန်မာတွေလည်း အလုပ် အခြေအနေအရ ဆိုတော့ အကြာကြီး မနေနိုင်ပါဘူး။ မြန်မာနိုင်ငံသားနဲ့ ယူထားတဲ့ သူကတော့ ပြည်တွင်းမှာ သူတို့အလုပ်ကိစ္စရှိတဲ့ အခါမျိုးဆို ကြာကြာနေ တာပါ” ဟု စင်ကာပူ နိုင်ငံသား ခံယူထားသူ မြန်မာပြည်ဖွား အိုင်တီ အင်ဂျင်နီယာ တစ်ဦးက ဆိုသည်။

အဆိုပါ ပြည်ပ နိုင်ငံသားများ နေထိုင်ခွင့် သက်တမ်းအတွက် ဗီဇာ ခွင့်ပြုစဉ် က ၂၈ ရက်နှင့် ပထမအကြိမ် နေခွင့် သက်တမ်း သုံးလအတွက် အမေရိကန် ဒေါ်လာ ၃၆ ဒေါ်လာ ကောက်ခံပြီး ဒုတိယအကြိမ် နေခွင့် သက်တမ်း တိုးချိန်မှ စ၍ တစ်ကြိမ်လျှင် နေခွင့် ခြောက်လအတွက် ဒေါ်လာ ၉၀ ဖြင့် အကြိမ်ကြိမ် သက်တမ်းတိုးနိုင်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

26 August 2013

နှစ်ပေါင်း(၂၆)နှစ်ကျော်ကြာ မပုပ်သိုးသော ရုပ်ကလာပ်တော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် (၁.၁၀.၁၉၈၇)ခုနှစ် က ပျံလွန်တော်မှုခဲ့ပြီး ယနေ့တိုင် မပုပ်မသိုး၊ မပျက်ယွင်းဘဲ အကောင်းပကတိအလား သက်တော် (၇၆)နှစ်ရှိ ဆရာတော်ဦးသာဂရ၏ ရုပ်ကလာပ်တော်အား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ နှင့် မဇ္ဈိမလူမှုကူညီရေးအသင်း(တာချီလိတ်) ဥက္ကဌ ဦးတင့်ဆွေ တို့နှင့်အတူ ၂၀၁၃ခုနှစ် ဧပြီလ(၂၁)ရက်နေ့က သွားရောက်ခဲ့စဉ် တာချီလိတ်အွန်လိုင်းမှ ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်