11 February 2012

ဘားကမ့်ပရန်ကုန် တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြော ကြားသည့် မိန့်ခွန်း

"ဘာပညာမဆိုကောင်းတဲ့ ဘက်ရှိသလို ဆိုးတဲ့ဘက်ရှိပါတယ် အခုနည်းပညာလူငယ်ရှင် များဟာ ကောင်းတဲ့ဘက်ကို သုံးသွားကြပါ။ကျွှန်မတို့ရဲ့ ကမ္ဘာကြီးကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ လူသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့နိုင်ငံသားတွေကောင်းမွန်ဖို့ ကျွှန်မတို့ရဲ့ ပြည်သူပြည်သားတွေကောင်းမွန်ဖို့ အတွက် ဘယ်လို နည်းပညာတွေသုံးမလဲဆိုတာစဉ်းစားစေချင်တယ်။အခုကျွှန်မဒီခေါင်းစဉ်ကိုဘာဖြစ်လို့ သဘော ကျလဲဆိုတာ barcamp ရဲ့ အခြေခံသဘောတရားကိုကအများပါဝင်ခြင်း၊အများကနေပြီးတော့ လွတ်လွတ်လပ်လပ်ဆွေး နွေးခြင်း၊ မျှဝေခြင်း၊နောက်ဆုံးမှာဒီမျှဝေခြင်း ဆိုတာ ဆိုစကားရှိတယ်မဟုတ်လားဆရာစားချန်ခြင်းဆိုတာ ဒီစိတ်ဟာ ကောင်းတာမဟုတ်ဘူး ကျွှန်မတို့ အရှေ့တိုင်းရဲ့အဆိုအမိန့်ဆိုတာ တခုရှိတယ် စကားပုံတခုပေါ့ ဖဖောင်းတိုင် တတိုင်ကနေ ဖယောင်းတိုင် အများကြီးကိုညှိလိုက်ရင် မူလဖဖောင်းတိုင်ကလည်းအလင်းရောင် မလျော့သွားဘူး အားလုံးကလည်းအလင်ရောင် ပိုလာတယ် ၊အဲဒီတော့ ပညာနဲ့ပတ်သတ်လို့ မျှဝေခြင်းဟာပညာ တွေလျော့သွားမှာ မဟုတ်ဘူး အများအတွက်ပညာတွေတိုးပွားစေတယ်။ ကျွှန်မတို့လောကကြီးအ တွက် အလင်းရောင်ဆိုတာ ပိုများလာပါတယ် ။ပညာဆိုတာ အလင်းရောင်ပါဒါပေမဲ့ပညာဆိုတာ မမှန်မကန်တဲ့နည်းနဲ့ သုံးလိုက် ရင် အမှောင်ထုလည်းဖြစ်သွားနိုင်တယ် ။ဒီနည်းပညာကို အလင်းရောင်လိုသုံးပြီးတော့ လောက ကိုပိုပြီး အကျိုးပြုပါ"။

ကျွှန်မတို့နိုင်ငံဟာ ပြင်ပကမ္ဘာနဲ့ယှဉ်ရင် နောက်မှာကျန်ရစ်ခဲ့တယ်ဆိုတာ ဘယ်သူမှငြင်းလို့ မရပါဘူး ဒီနောက်မှာကျန်ရစ်ခဲ့တာကနေ ရှေ့တန်းကိုရောက်ဖို့ ဆိုတာ အခုနည်းပညာကျွှမ်းကျင်တဲ့ လူငယ်တွေ အများကြီးလိုတယ်အားလုံးဝိုင်းလုပ်ရမဲ့အထဲမှာ ဒီခေတ်မှီနည်းပညာတွေနဲ့ သာမြန်မြန်ဆန်ဆန်တိုး တက်အောင်လုပ်နိုင်ဖို့ အခွင့်အရေးတွေရှိတယ်။အရင်တုနုးက ဒီနည်းပညာခေတ်မရောက်ခင်က မရှိတဲ့အခွင့်အရေးတွေကို ကျွှန်မတို့ အခုရထားပြီး ကိုယ်ရတဲ့အခွင့်အရေးတွေကိုမှန်မှန်ကန်ကန်သုံးပါ တန်းဖိုးရှိအောင်သုံးပါ အများအတွက်သုံးပါ အဲလိုသုံးလို့ရှိရင် အင်မတန်ကျေနပ် မှုရရှိနိုင်တယ်ဆိုတာ ခေတ်ရှေ့ပြေးနေတဲ့နည်းပညာကိုသင်နေတဲ့လူတွေဟာ အတိတ်ကိုလည်းမေ့လို့မရပါဘူး အတိတ်ကို လည်းသိထားရမယ် သမိုင်းကိုလည်းသိဖို့လိုတယ် သမိုင်းနောက်ခံသိမှ နောင်လာမည့်အနာဂတ်အ တွက်မှန်ကန်တဲ့လုပ်ငန်းတွေကိုလုပ်နိုင်မှာပါ။ ဒါကြောင့်လူငယ်တွေဟာ အတိတ်နဲ့အနာဂတ်ကိုဆက်ပေးတဲ့ တက်ကြွတဲ့ ပစ္စုပ္ပန် တွေ ဖြစ်ပါစေလို့"။

သတင်း... Yangon Press International

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့တဲ့ Barcamp Yangon 2012 ရဲ့ဖွင့်ပွဲအခမ်းအနားပုံများ.







ဓာတ်ပုံ...Mrtv-4

ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင် ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအားဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှပ်နှံမလုပ်စေရန် အစိုးရမှဆုံးဖြတ်

KIO/KIA အဖွဲ့နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ လုပ်ဆောင်နေသည့် တောင်သာမြို့ နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း၏ သားဖြစ်သူ ဦးနေအောင်ပိုင်ဆိုင်သည့် IGE ကုမ္ပဏီအား ဆက်သွယ်ရေးကဏ္ဍတွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှု မလုပ်ကိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ တားမြစ်လိုက်ကြောင်း သိရသည်။

“ကျွန်တော်တို့လဲ မသိဘူးဗျ။ စာထွက်လာမှ ကျွန်တော်တို့လုပ်နေတာကို ရပ်ပစ်လိုက်ရမယ်လို့သိတာ” ဟု IGE ကုမ္ပဏီ၏ ဝန်ထမ်းတစ်ဦးမှ ဆို သည်။

မတ်လတွင် ကျပ်ငွေသုံးသိန်းအောက်တန်ဖိုးရှိ GSM network အမျိုးအစား မိုဘိုင်းဖုန်းများအား အများပြည်သူထံ ရောင်းချပေးမည်ဖြစ်ကာ၊ ယင်း GSM network တည်ဆောက်ခြင်းအား ခရိုနီကုမ္ပဏီများဖြစ်သည့် Elite, Asia Mega Link, IGE, Cyber net အစရှိသည့် ကုမ္ပဏီခြောက်ခုမှ ကန် ထရိုက် ရရှိထားသည်။

“သူ့နေရာကို ဘယ်သူအစားထိုးမယ်မသိဘူး။ ကျွန်တော်တို့တော့ ထပ်ပြီး မမြှပ်နှံနိုင်တော့ဘူး” ဟု Elite ကုမ္ပဏီမှ အဆင့်မြင့် အရာရှိတစ်ဦးက ဆိုသည်။

တပ်မတော်အစိုးရလက်ထက်က အဆင့်မြင့်အရာရှိကြီးများ၏ ကျောထောက်နောက်ခံရှိသည်။ ခရိုနီကုမ္ပဏီ အချို့သည် အစိုးရသစ် လက်ထက် တွင် ဆက်လက်၍ ရင်းနှီးမြှပ်နှံမှုလုပ်ကိုင်ရန် အခက်အခဲများဖြင့် တွေ့ကြုံနေရသည်။

သတင်း.... yangonchronicle

10 February 2012

မဂ္ဂင်ကျောင်းတိုက်ကို ယနေ့ (ဖေဖော်ဝါရီ-၁၀)မွန်းလွှဲ ၁ နာရီတွင်တရားဝင်ပြန်ဖွင့်ပေးခဲ့



ရွှေဝါရာင်တော်လှန်ရေး ( ၂၀၀၇ စက်တင်ဘာ အရေးအခင်း) အပြီးပိတ်ထားခဲ့သော မဂ္ဂင်ကျောင်းတိုက်ကို ယနေ့ (ဖေဖော်ဝါရီ-၁၀)မွန်းလွှဲ ၁ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ လူမှုဖူလုံရေးဝန်ကြီး ဒေါက်တာမြင့်သိန်းနှင့် သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက တရားဝင်ပြန်ဖွင့်ပေးခဲ့သည်။ထိုကျောင်းတိုက် မှ ကျောင်းထိုင်ဆရာတော်ဦးက္ကန္ဒက၊ဦးက္ကုဿရိယတို့နှစ်ပါးမှာထောင်မှ ဇန်န၀ါရီ ၁၃ ရက်တွင် လွတ်မြောက်လာပြီး ခေတ္တ သီတင်းသုံးခဲ့ရာ၊ သက်ဆိုင်ရာက ဖေဖော်ဝါရီ ၄ ရက်တွင် ပြန်ပိတ်ခဲ့ပြီး ယခုတရားဝင်ဖွင့်ခွင့်ပြုခြင်းဖြစ်သည်။ ထိုကျောင်းတိုက်အတွင်း ဆရာတော်သုံးပါး၊ ကိုရင် တစ်ပါး သီတင်းသုံးနေသည်။ ကျောင်းတိုက်ကို ပြန်လည်ဖွင့်လှစ်ပြီးနောက် တွေ့ရစဉ်။

ဓာတ်ပုံ- စောပြည့်စုံ

သတင်း...7Day News Journal's

ဖေဖော်ဝါရီ ၁၃ပြီးတော့ နောက်တစ်ရက်

ဖေဖော်ဝါရီ ၁၃ ရက်...

စာရေးသူတို့တစ်မျိုးသားလုံး အလေးအမြတ်ထားသည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားခဲ့သည့်နေ့။ စာရေးသူတို့ နိုင်ငံအတွက် မည်သို့မျှ အစားထိုးမရနိုင်သည့် သားကောင်းရတနာတစ်ဦး ပေါ်ထွန်းလာခဲ့သည့်နေ့ဖြစ်ပါသည်။ အင်မတန် ကျက်သရေမင်္ဂလာရှိသောနေ့၊ စာရေးသူတို့အားလုံး၏ ရင်ထဲတွင် ထာဝစဉ်စွဲမြဲမှတ်တည်ကာ တန်ဖိုးထားရမည့် နေ့ထူးနေ့မြတ်ပင်ဖြစ်ပါ သည်။ဖေဖော်ဝါရီဆယ့်သုံးမှာ ဗိုလ်ချုပ်မွေးနေ့ပါ ..အစချီ ကဗျာဆရာကြီး(တင်မိုး)၏ ကဗျာလေးဖြင့် မူလတန်း အရွယ် ကလေးများအား ဗိုလ်ချုပ်အောင်ဆန်းဖြင့် စတင်ရင်းနှီးစေခဲ့ကြသည်။

ဗိုလ်ချုပ်အား မြတ်နိုးသည့် စိတ်ပြင်းထန်ပြီး၊ ယုံကြည်မှုအပြည့်ရှိသော နေအိမ်အနည်းငယ် တွင်မူ ခေတ်ကာလအခြေအနေမည်သို့ပင် ရှိခဲ့စေကာမူ ဗိုလ်ချုပ်၏ ဓာတ်ပုံအား အိမ်ဦးခန်းတွင် အမြဲတမ်းချိတ်ဆွဲထားခဲ့ကြပါသည်။ ထိုအိမ်မျိုးတွင် ကြီးပြင်းခဲ့ရသည့် လူငယ်များ၏ ရင်ထဲတွင် ဗိုလ်ချုပ်သည် ကိန်းဝပ်နေမည်ဟု ယုံကြည်ရပါသည်။ ယနေ့လူငယ်အများစု ဗိုလ်ချုပ်အား မေ့လျော့၊ မသိခဲ့ကြခြင်းမှာ လူငယ်များတွင် အပြစ်မရှိဘဲ စာရေးသူတို့ လူကြီးမိဘ၊ ဆရာသမားများတွင်သာ တာဝန်ရှိသည်ကို ၀န်ခံကြရပါမည်။ မိမိတို့၏ အိမ်အသုံးစရိတ်ထဲမှ ငွေကျပ်သုံးထောင်မျှဖြင့် ဗိုလ်ချုပ်

အကြောင်း စာတစ်အုပ်၊ ဓာတ်ပုံတစ်ပုံဝယ်ယူ စုဆောင်းပြီး အိမ်တွင်ထားရှိပေးခြင်းဖြင့် မျိုးဆက်သစ် အားလုံးအတွက် ကောင်းကျိုးတစ်စုံတစ်ရာဖြစ်ထွန်းနိုင်ပါသည်။

လူမျိုးကိုချစ်သည်။ နိုင်ငံကို တိုးတက်စေချင်သည်။ လွတ်လပ်ပျော်ရွှင်၊ အေးချမ်းခေတ်မီပြီး စည်းကမ်းရှိသော၊ ရိုးသားသော နိုင်ငံသူ နိုင်ငံသားများကိုသာ မြင်တွေ့ချင်သည်။ လူငယ်များကို လူ ကောင်းလူတော်များဖြစ်စေချင်သည်ဆိုသော သူတိုင်းသည် ဗိုလ်ချုပ်အား စံနမူနာပြုကြရပါမည်။ ဗိုလ်ချုပ်၏ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ လုပ်ရည်ကိုင်ရည်နှင့် အချိန်တိုအတွင်း ကြီးမားသော

စွမ်းဆောင်ပေးနိုင်ခဲ့မှုများကို လူငယ်များ၏ ရင်ထဲတွင် ငယ်ရွယ်စဉ်မှစ၍ သံမှိုစွဲသကဲ့သို့ သိရှိနား လည်ထားရန်လိုပါသည်။ ဗိုလ်ချုပ်၏ ပြောဆို၊ နေထိုင်၊ ပြုမူ၊ ၀တ်စားပုံများကအစ လူငယ်များအတွက်

ပေါ်လွင်မြင်သာအောင် မိသားစုအလိုက် လူကြီးမိဘများက စီမံပေးကြရပါမည်။ စာရေးသူ၏ သမီးလေးအား နှစ်နှစ်ခွဲအရွယ်မှစ၍ လေ့ကျင့်ပြသထားရာ မြင်းစီးဗိုလ်ချုပ်ကြေးရုပ်နှင့် ဗိုလ်ချုပ် ဓာတ်ပုံများ ကို မည်သည့်နေရာ၊ မည်သည့် စာအုပ်ထဲမှာ တွေ့တွေ့ (ဗိုလ်ချုပ်အောင်ဆန်း)ဟု ပြောပြတတ်ပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကလေးလူငယ်များနှင့် အနီးကပ်နေသူတိုင်းက လေ့ကျင့်ပေးမည်ဆိုလျှင် ဘာမဆိုဖြစ်နိုင်သည်ဟု ယုံကြည်ရပါသည်။

လက်ရှိ အစိုးရသစ်လက် ထက်တွင်ဗိုလ်ချုပ်နှင့်ဆက်စပ်သမျှ ဓာတ်ပုံများ၊ အကြောင်းအရာ များမှာငုပ်လျှိုးပုန်းကွယ်ခဲ့ရသည့် အချိန်ကြာမြင့်ခဲ့မှုကြောင့်လားမသိ ပလူပျံအောင်ပင် ပြန်လည်ပေါ်ထွက် လာခဲ့ပါသည်။ ဗိုလ်ချုပ်ကို အကြောင်းပြု၍ ပုံစံအမျိုးမျိုးဖြင့်နေရာအနှံ့ ရောက်ရှိအောင် ဖြန့်ဝေကြပါသည်။ ဗိုလ်ချုပ်၏ ဓာတ်ပုံများကိုဆိုင်ကြီးဆိုင်ငယ်အသွယ်သွယ် တွင် ခမ်းခမ်းနားနားတင် ၍ ရောင်းချသည်လည်းရှိပါသည်။ အများအားဖြင့် ဘုရားပွဲ၊ ဇာတ်ပွဲ၊ အလှူမင်္ဂလာပွဲများတွင် ဗိုလ်ချုပ်၏ဗီနိုင်းဓာတ်ပုံများ၊ ပလတ်စတစ်လောင်းထားသော ဓာတ်ပုံများကိုမြေကြီးပေါ်တွင် ဖျာနှယ်ခင်း၍တစ်မျိုး၊ သစ်ပင်များကို ကြိုးတန်း

ကာသီချိတ်လျက်တစ်ဖုံရောင်းချ နေကြပါသည်။ တစ်ဖက်ကကြည့်လျှင်ကောင်းသည်ဟုဆိုနိုင်သော် လည်း အခြားတစ်ဖက်ကကြည့် လျှင် တန်ဖိုးကျသည်ဟု အောက် မေ့ရပါသည်။

ဗိုလ်ချုပ်၏ စတစ်ကာ ဓာတ် ပုံများလည်းဖောဖောသီသီထွက် ရှိလာရာ နေရာအနှံ့တွင် ကပ် ထားကြသည်ကို တွေ့ရပါသည်။ ဗိုလ်ချုပ်၏ဓာတ်ပုံများသည် အား လုံး၏ရှေ့မှောက်၊ အားလုံး၏ ၀န်း ကျင်အနီးအနားတွင် ရောက်ရှိနေ ပြီဖြစ်ပါသည်။ ယနေ့ခေတ်လူ ငယ်များအားလုံး ဗိုလ်ချုပ်ကို ကောင်းစွာမြင်ဖူးသွားကြပြီဖြစ် သည်။ ဗိုလ်ချုပ်ပုံ ရိုက်နှိပ်ထား သော အင်္ကျီများကိုလည်း အလွယ် တကူ ၀ယ်ယူဝတ်ဆင်နိုင်ကြပြီဖြစ် သည်။ လူငယ်များသွားလေရာ တွင် ဗိုလ်ချုပ်သည် အသွင် သဏ္ဌာန်တစ်မျိုးမျိုးဖြင့် လိုက်ပါ လျက်ရှိနေပါပြီ။ ထိုလူငယ်များ၏ ခံယူချက်တွင် ဗိုလ်ချုပ်သည်မည် မျှ အတိုင်းအတာအထိ ပါဝင် သက်ရောက်နေသည်ဆိုသည်က မေးခွန်းထုတ်စရာ ဖြစ်လာပါ သည်။

ဗိုလ်ချုပ်ဓာတ်ပုံစတစ်ကာ ကို တက္ကသိုလ်ကျောင်းသားလူ ငယ်အချို့က ဆိုင်ကယ်ရှေ့ပိုင်း နေရာများ၊ ကားရှေ့ပိုင်းနေရာများ တွင် ကပ်ထားကြသည်။ ထိုဆိုင် ကယ်ကို စီးလျက် ထိုတက္ကသိုလ် ကျောင်းသားများသည် ဘီယာ ဆိုင်ရောက်သည်။ အရက်ဆိုင် ရောက်သည်။ မကောင်းသည့်နေ ရာများသို့ရောက်သည်။ တစ်ခါ တစ်ရံ ထိုဆိုင်ကယ်ဖြင့်ပင် တက္က သိုလ်ကျောင်းများအနီး လူစည် ကားရာ နေရာများတွင် ဆိုင်ကယ် ကို စည်းကမ်းမဲ့စီးသည်။ ရှေ့ဘီး ထောင်စီးသည်။ ကားများကို လည်း မြင်သူအလန့်တကြား ငေး ကြည့်ဖြစ်အောင် ပြိုင်ကားသဖွယ် မောင်းနှင်ကြသည်။ ထိုဆိုင်ကယ် ထိုကားအပေါ်မှာ ဗိုလ်ချုပ်၏ ဓာတ်ပုံမှာ ခံ့တည်လျက်ပင်။ ဗိုလ်ချုပ်ဓာတ်ပုံပါ အင်္ကျီဝတ်ထား သော လူငယ်က ကျောင်းမတက် ဘဲ ဘိလိယက်ခုံတွင် အချိန်ဖြုန်း နေသည်။ ဗိုလ်ချုပ်ဓာတ်ပုံပါသော့ ချိတ်ကိုင်ထားသူ လူငယ်က သော့ ချိတ်ကို ပစ်မြှောက်ကစားရင်း လမ်းဘေး၌ ကွမ်းထွေးသည်။ သူ တို့အနီးတွင် ဗိုလ်ချုပ်ရှိနေသော် လည်း သူတို့သည် ဗိုလ်ချုပ်အား အမှန်တကယ်မသိသူများဟုသာ မှတ်ယူရပါမည်။

ဖေဖော်ဝါရီ ၁၄ ရက်။ ချစ် သူများနေ့။ ထိုနေ့သည်ကား စာ ရေးသူတို့နိုင်ငံရှိ လူငယ် များအ တွက် အပျော်ဆုံးနေ့ထူး နေ့မြတ် ဟု ထင်မှတ်ရပါသည်။ ကျောင်း သား၊ ကျောင်းသူနှင့် လူငယ်အား လုံးနီးပါးမှာ ထိုနေ့အတွက် အချိန် တစ်လမျှကြို၍ ပြင်ဆင်တတ်ကြ သည်။ ထိုနေ့အတွက် အသုံးစရိတ် ကိုလည်း ကြိုတင်စုဆောင်းထား တတ်ကြသည်။ မြို့ရွာအသီးသီး ရှိ စတိုးဆိုင်များနှင့် အလှပြင်ဆိုင် များ၊ ဓာတ်ပုံဆိုင်များတွင်လည်း ထိုနေ့အတွက် အထူးတလည် ၀န် ဆောင်မှုပေးကာ အခမ်းအနား များ ကျင်းပပေးကြသည်။ ထိုနေ့ အတွက် အမှတ်တရ ပစ္စည်းများ ကိုလည်း မည်မျှပင် တန်ဖိုးကြီးပါ စေ။ ၀ယ်ယူအသုံးပြုကြသည်။ ထို နေ့တစ်ရက်တည်းအတွက် လူငယ် များ၏ အသုံးစရိတ်များကို စု ပေါင်းလိုက်လျှင် ကျေးရွာတစ်ရွာ အတွက် လိုအပ်သော နှစ်ထပ်စာ သင်ဆောင်ကောင်းကောင်း တစ်ဆောင် ဆောက်လုပ်ပေးနိုင်လောက်ပါသည်။

စာရေးသူ၏ မိတ်ဆွေ တက္က သိုလ် ဆရာ၊ ဆရာမများ၏ ပြော ပြချက်အရ ထိုဖေဖော်ဝါရီ ၁၄ ရက်တွင် ကျောင်းတော်တော် များများ၏ အတန်းအသီးသီးတွင် ကျောင်းလာတက်သည့် ကျောင်း သူ၊ ကျောင်းသားမှာ မူလအရေ အတွက်၏ သုံးပုံတစ်ပုံမျှပင် မရှိ ဟု သိရပါသည်။ ထိုနေ့တွင် ကျူ ရှင်များ၊ ပုဂ္ဂလိကသင်တန်းများ ကို ပိတ်ပေးရသည်ဟု ဆိုပါသည်။ ထိုနေ့တွင် လူငယ်စုံတွဲများမှာ အ ပျော်ကြူးကြသည်။ မိဝေး ဖဝေး တက္ကသိုလ်တက်နေသည့် လူငယ် များမှာ အပြည့်အ၀လွတ်လပ်ကြ သည်။ ထိုနေ့ ထိုရက်တွင် အမှတ် တရအဖြစ် အဖြေပေးကြသည်။ ခန္ဓာကိုယ်ပေးကြသည်။ တည်းခို ခန်းများတွင် အချိန်ဖြုန်းကြသည်။ စားသောက်ဆိုင်များ၊ အပန်းဖြေ နေရာများ၊ ရှုခင်းသာများ၊ ဘုရား ကျောင်းကန်များသို့ သွားရောက် ကာ ထိုနေ့အတွက် အမှတ်တရ များစွာ ပြုလုပ်ကြသည်။ ရက်ရက် ရောရော သုံးစွဲကြသည်။ ထိုရက် ကလေးကုန်ဆုံးသွားမှာကိုပင် နှမြောတသဖြစ်ကြသည်။ ထိုရက် ညအချိန်တွင် အဆောင်လည်း ပြန်မအိပ်၊ တည်းခိုခန်းလည်း မသွားဘဲ လမ်းဘေး ညအမှောင် တွင် အချိန်ကုန်ခံဝံ့သည့် လူငယ် စုံတွဲကျောင်းသား၊ ကျောင်းသူ များအား အံ့ဖွယ်တွေ့ရတတ်ပါ သည်။

စာရေးသူတို့နိုင်ငံနှင့် တစ် မျိုးသားလုံးအတွက် ဖေဖော်ဝါရီ ၁၃ ရက်မှာ အနှိုင်းမဲ့တန်ဖိုးကြီး မားလှသော ရက်များထဲမှ တစ် ရက်ဖြစ်ပါသည်။ ဖေဖော်ဝါရီ ၁၄ ရက်မှာမူ နိုင်ငံတကာကို အတုခိုး ၍ လူငယ်များ အလေးထားသော ရက်တစ်ရက်ဖြစ်ပါသည်။ မြို့ရွာ တော်တော်များများရှိ လူငယ်များ အကြားတွင် ယနေ့လက်ရှိ တွေ့ နေရသည်မှာ ဖေဖော်ဝါရီ ၁၃ ရက်အတွက် အထူးအမြတ် အခမ်းအနားလုပ်ဆောင်မှု မတွေ့ ရသလောက်နည်းပါးပြီး ခြောက် ကပ်ကပ်နိုင်လှပါသည်။ ဖေဖော် ၀ါရီ ၁၄ ရက်တွင်မူ လူငယ်အ ပေါင်း ရွှင်လန်းတက်

ရေးသားသူ-ရွှေဖြိုးမောက်

ကျောင်း​သား​တပ်မ​တော်( ABSDF) နှင့်​အစိုး​ရ ငြိမ်း​ချမ်း​ရေး​ ပဏာမ​ဆွေး​နွေး


အစိုး​ရကို လက်နက်ကိုင် တိုက်ပွဲဝင်​နေတဲ့​ ​ကျောင်း​သား​တပ်မ​တော်နဲ့​အစိုး​ရငြိမ်း​ချမ်း​ရေး​အဖွဲ့​ ဒီက​နေ့​ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။မြန်မာနိုင်ငံလုံး​ဆိုင်ရာ ​ကျောင်း​သား​များ​ဒီမိုကရက်တစ်တပ်ဦး​ (​အေဘီအက်စ်ဒီအက်စ်) က ကိုယ်စား​လှယ်အဖွဲ့​နဲ့​ မြန်မာအစိုး​ရရဲ့​ ပြည်​ထောင်စုအဆင့်​ ငြိမ်း​ချမ်း​ရေး​ဆွေး​နွေး​ရေး​အဖွဲ့​၊​ အဖွဲ့​ဝင် သီရိပျံချီ ဦး​စောခင်စိုး​ ဦး​ဆောင်တဲ့​ ကိုယ်စား​လှယ်အဖွဲ့​တွေ ဒီက​နေ့​မွန်း​လွဲပိုင်း​က ထိုင်း​-မြန်မာ နယ်စပ်မဲ​ဆောက်မြို့​မှာ ​တွေ့​ဆုံ ​ဆွေး​နွေး​ခဲ့​ပါတယ်။

ပဏာမအဆင့်​ ​တွေ့​ဆုံ​ဆွေး​နွေး​ပွဲ ဖြစ်ပြီး​ ပြည်တွင်း​ငြိမ်း​ချမ်း​ရေး​၊​ ဒီမိုက​ရေစီ​ဖော်ဆာင်နိုင်​ရေး​တို့​ကို ဦး​တည် ​ဆွေး​နွေး​ခဲ့​တယ်လို့​ ​ဆွေး​နွေး​ပွဲမှာ ပါဝင်တဲ့​ ​အေဘီအက်စ်ဒီအက်ဖ် ဒု-ဥက္ကဋ္ဌ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“အဓိကအား​ဖြင့်​တော့​ ဒီက​နေ့​ တိုင်း​ပြည်အတွင်း​မှာ တည်ရှိ​နေတဲ့​ ပြဿနာ​တွေကို နိုင်ငံ​ရေး​အရ တန်း​တူရည်တူ ​ဆွေး​နွေး​ဖို့​ လိုအပ်တယ်ဆိုတဲ့​ အ​ခြေခံကို နှစ်ဖက် သ​ဘောထား​ အမြင်တူတယ်။ ဒီသ​ဘောထား​တူညီမှု အ​ပေါ်မှာ အ​ခြေခံပြီး​တော့​မှ ကျ​နော်တို့​ နိုင်ငံ​ရေး​အရ တန်း​တူရည်တူ ​ဆွေး​နွေး​ပွဲ အဆင့်​ကို ​ရောက်​အောင် ဘယ်လို နှစ်ဖက်ညှိနှိုင်း​ပြီး​တော့​ သယ်​ဆောင်သွား​မလဲဆိုတာ အဲဒီအချက်ကို ဦး​တည် ​ဆွေး​နွေး​ဖြစ်တာပါ။ အခုက​တော့​ ကျ​နော်တို့​ ပဏာမအကြို ​ဆွေး​နွေး​မှု အဆင့်​က​နေပြီး​တော့​ ပြည်​ထောင်စုငြိမ်း​ချမ်း​ရေး​ ​ဖော်​ဆောင်​ရေး​အဖွဲ့​နဲ့​ ​တွေ့​ဆုံ​ဆွေး​နွေး​မှု အဆင့်​ကို ကျ​နော်တို့​ ဆက်လက် ပြုလုပ်သွား​ဖို့​ အစီအစဉ် ရှိပါတယ်။”

နိုင်ငံ​ရေး​ပြဿနာ​တွေကို နိုင်ငံ​ရေး​နည်း​လမ်း​နဲ့​ ​ဖြေရှင်း​သွား​နိုင်​ရေး​အတွက် ငြိမ်း​ချမ်း​ရေး​ တန်း​တူညီတူ ​တွေ့​ဆုံ ​ဆွေး​နွေး​မှု​တွေကို အဆင့်​ဆင့်​ ပြုလုပ်သွား​မယ်လို့​လည်း​ ​အေဘီအက်စ်ဒီအက်ဖ်က ​ပြောပါတယ်။

ဆွေး​နွေး​ပွဲမှာ ​အေဘီအက်စ်ဒီအက်ဖ်အဖွဲ့​က အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ရဲ​ဘော်ဆန်နီ၊​ အတွင်း​ရေး​မှူး​ ၁ ရဲ​ဘော်မြင့်​ဟိန်း​နဲ့​ဗဟို​ကော်မတီဝင် ၅ ဦး​ ပါဝင်ပြီး​ ပွင့်​ပွင့်​လင်း​လင်း​ ​ဆွေး​နွေး​ခဲ့​ကြတယ်လို့​လည်း​ ကိုမျိုး​ဝင်း​က ​ပြောပါတယ်။

“ပွင့်​ပွင့်​လင်း​လင်း​ ကျ​နော်တို့​ ​ဆွေး​နွေး​နိုင်ခဲ့​တယ်။ အဲဒီ နှစ်ဖက် ပွင့်​လင်း​မှု၊​ ​ဆွေး​နွေး​မှု အ​ခြေခံ​ပေါ်က​နေပြီး​တော့​မှ ငြိမ်း​ချမ်း​ရေး​စား​ပွဲမှာ တန်း​တူရည်တူ ဆက်လက်ပြီး​တော့​ ​ဆွေး​နွေး​ဖို့​အတွက် ကျ​နော်တို့​ တူညီတဲ့​ သ​ဘောထား​တွေ ကျ​နော်တို့​ ရယူနိုင်ခဲ့​တယ်။ ဒီအ​ခြေခံ​ပေါ် က​နေတဆင့်​ ကျ​နော်တို့​ တိုင်း​ပြည်အတွင်း​မှာ ရှိ​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ပြဿနာ။ ပြည်တွင်း​စစ် ရပ်စဲ​ရေး​ပြဿနာ၊​ နိုင်ငံ​ရေး​ပြဿနာ​တွေကို တန်း​တူရည်တူ ​ဆွေး​နွေး​ပြီး​တော့​ အ​ဖြေရှာခွင့်​ ရလိမ့်​မယ်လို့​ ကျ​နော်တို့​ ​မျှော်လင့်​ပါတယ်။”

နောက်တခါ ​ဆွေး​နွေး​ပွဲ​တွေကို ရန်ကုန်မှာ ကျင်း​ပဖို့​စီစဉ်ထား​ပြီး​ ​နေ့​ရက် မသတ်မှတ်ရ​သေး​ဘူး​လို့​သိရပါတယ်။

ကျောင်း​သား​တပ်မ​တော်ဟာ ရှစ်​လေး​လုံး​လူထုအုံကြွမှုအပြီး​ စစ်တပ်က အာဏာသိမ်း​ပြီး​နောက် အစိုး​ရကို လက်နက်ကိုင် ​တော်လှန်​နေတဲ့​ အဖွဲ့​ဖြစ်ပါတယ်။

သတင်း....DVB

လစာ တိုးပေးသလို လာဘ်ပေး လာဘ်ယူသူများ အရေးယူဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော.


မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က ဝန်ထမ်းတွေကို လစာနဲ့ အခြားအခွင့်အရေးတွေ အလျင်အမြန်တိုးပေးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားခဲ့တာကို ကြိုဆိုလိုက်ပြီး တစ်ပြိုင်တည်းမှာပဲ အကျင့်ပျက် လာဘ်စားပြီး ချမ်းသာကြွယ်ဝ နေသူတွေကို ထိထိရောက်ရောက် အရေးယူဖို့လည်း လိုအပ်ကြောင်း ဝေဖန် ပြောဆိုလိုက်ပါတယ်။

“ဒီလို ပြည်သူတွေရဲ့အသံကို နားထောင်တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။ လုံလုံလောက်လောက် လခပေးရမယ်ဆိုတာ၊ ဒါတော့ လိုအပ်ပါတယ်။ နောက်ပြီးတော့ စည်းမျဉ်း စည်းကမ်းအရ မလုပ်ဘဲနဲ့ လာဘ်ပေးလာဘ်ယူ လုပ်တဲ့ ဝန်ထမ်းတွေကို တိတိကျကျ ဥပဒေအရ အရေးယူရမယ်။ နောက် တတိယ တစ်ခုကတော့ ဒီဟာတွေကို စိတ်ဓာတ်ရေးရာ အရလည်း ပြန်ပြင်ဖို့ လိုတယ်”။

သတင်း.....RFA

09 February 2012

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးမှုကို အာဏာပိုင်များ ထိတ်လန့်တုံ့ပြန်

(Brisbane Times မှ 8 February 2012 ရက်စွဲပါ Suu Kyi’s campaign leaves Burmese leaders on edge ကို yangonchronicle မှဘာသာ ပြန်ဆိုသည်)

အတိုက်အခံ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ရေပန်းစား ကျော်ကြားမှုဖြင့် ဗိုလ်ချုပ်ဟောင်းများ၏ အစိုးရသစ်ကို သိသိသာသာ တုန်လှုပ်စေခြင်းနှင့်အတူ ကြားဖြတ်ရွေးကောက်ပွဲများအတွက် မဲဆွယ်စည်းရုံးရေးခရီးစဉ်ကို စတင်လျက်ရှိသည်။ ယခုတစ်ကြိမ်တွင်လည်း သူမ၏ ပုသိမ်မြို့လူထုစည်းဝေးပွဲမတိုင်မီတွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမည့် ဧရာဝတီတိုင်း နယ်ခံ ကျောင်းသားများအား ထုံးစံမဟုတ်သော အကြို အစမ်းစာမေးပွဲကျင်းပမည်ဟု ဒေသအာဏာပိုင်များက ရုတ်တရက်ကြေညာခဲ့ခြင်းမှာ သူမ ပုသိမ်၌ရှိနေစဉ် ကျောင်းသားမြောက်များစွာ စုဝေးခြင်း မပြုအောင် တမင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။

အလယ်ပိုင်းမြို့တော် မန္တလေးသို့ သွားမည့်ခရီးစဉ်တွင်လည်း လူထုတွေ့ဆုံပွဲအတွက် ဗထူးအားကစားကွင်း အသုံးပြုခွင့်ကို အာဏာပိုင်များက ငြင်းပယ်ခဲ့ကြခြင်းကြောင့် ထိုခရီးစဉ်ကို ယခင်အပတ်က ဆိုင်းငံ့ထားခဲ့ရပြီး ဖြစ်သည်။ လက်ရှိတွင် သူမ၏ NLD ပါတီသည် နေပြည်တော်ရှိ လွှတ်တော် နှစ်ရပ်တွင် လစ်လပ်နေသော အမတ်နေရာ ၄ဝ အတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်လျက်ရှိသည်။ ကျင်းပမည့် မဲဆန္ဒနယ်များမှာ နိုင်ငံအနှံ့ ဖြစ်သော်လည်း အများစုမှာ ဗမာလူမျိုးများ လွှမ်းမိုးထားသော အလယ်ပိုင်း မြေပြန့်ဒေသများ ဖြစ်ကြပြီး ထွက်ပေါ်လာမည့် ရလဒ်သည် ၂ဝ၁၅ ရွေးကောက်ပွဲ၏ ရှေ့ပြေးဖြစ်လာဖွယ် ရှိသည်။

အခြေခံဥပဒေစည်းမျဉ်းများအရ လွှတ်တော် ကိုယ်စားလှယ်နေရာ ၂၅% ကို တပ်မတော်က ယူထားခြင်း၊ လွှတ်တော်တွင်း ၇၅% ထောက်ခံမှသာ အခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း စသော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထား သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တို့ အနိုင်ရကာ အစိုးရဖွဲ့စည်းမည့် အလားအလာသည် တပ်မတော် ခေါင်းဆောင်ဟောင်းကြီးအတွက် ညအိပ်မက်ဆိုးကြီးတစ်ခု ဖြစ်နေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂ဝဝ၈ အခြေခံဥပဒေကို ကန့်ကွက်ခြင်းနှင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့ခြင်းအား ပြောင်းလဲ ပြင်ဆင်ကာ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် NLD ပါတီက ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သော လက်ရှိသမ္မတဦးသိန်းစိန်ကို မိမိကိုယ်မိမိ လူကြိုက်များ နိုင်ငံရေးခေါင်းဆောင် ဖြစ်လာအောင် တည်ဆောက်မည့်သူဟု ရှုမြင်ထားကြောင်း ထင်ဟပ်နေသည်။

သမ္မတဦးသိန်းစိန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် ပွင့်လင်းရင်းနှီးစွာ ဆွေးနွေး၍ နိုင်ငံရေးနယ်ပယ်ထဲသို့ တွဲခေါ်လိုက်သည့်အပြင် နိုင်ငံရေး အကျဉ်းသား ရာဂဏန်းကျော် လွှတ်ပေးခြင်း၊ ပြည်သူတို့ ကန့်ကွက်သော ဧရာဝတီ မြစ်ဆုံတမံကို ရပ်ဆိုင်းခြင်း၊ မြန်မာ့စီးပွားရေးကို တံခါးဖွင့် ပြင်ဆင်ရန် စီစဉ်ခြင်းတို့ကိုလည်း အဆက်မပြတ် လုပ်ဆောင် ပြသလျက်ရှိသည်။

“ဒေါ်စုဟာ မြန်မာနိုင်ငံမှာ ပြည်သူတွေ ယုံကြည်တဲ့ ခေါင်းဆောင်၊ လွတ်လပ်မှုကို ကိုယ်စားပြုတဲ့ပြယုဂ်တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်နေတဲ့ လက်ရှိခေါင်းဆောင်တွေကိုလည်း လေးစားသမှုနဲ့ မျှမျှတတ အမှတ်ပေးရပါလိမ့်မယ်” ဟု ထင်ရှားသော ပြည်တွင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“လက်ရှိအစိုးရသစ်ဟာ ပုလင်းသစ်ထဲကို အရက်ဟောင်းထည့်ပြီး တံဆိပ်ကပ်ထားတာလို့ အရင်က ဝေဖန်ခဲ့ကြသူတွေဟာ အခုချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက် နိုင်ငံရေးရာသီဥတုနဲ့ လုံးဝ ကွဲပြား ခြားနားသွားပြီ ဆိုတာကို သိရှိ နားလည်သွားကြပါပြီ” ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး (တပ်မတော်အရာရှိဟောင်း) ဦးကိုကိုလှိုင်က ပြောကြားသည်။ “အခုကြားဖြတ်ရွေးကောက်ပွဲရဲ့ ရာသီဥတုပြောင်းလဲသွားရတဲ့ အကြောင်းရင်းကတော့ လက်ရှိသမ္မတနဲ့ ဒေါ်စု အကြားက ဆက်ဆံရေးပုံစံဟာ အရင်အကြီးအကဲလက်ထက်နဲ့ အလွန်ကွဲပြားခြားနားသွားလို့ပဲ ဖြစ်ပါတယ်။ အခုအချိန်မှာ အစိုးရသစ်၊ ပတ်ဝန်းကျင်အသစ် ဖြစ်နေပြီဆိုတာကို သတိရကြဖို့ လိုပါတယ်။ ဒါကြောင့် နိုင်ငံရေးအင်အားစုတွေကြားက နိုင်ငံရေး၊ ယဉ်ကျေးမှု၊ အယူအဆ၊ ခံယူချက်၊ သဘောထားတွေဟာ အရင်ခေတ်နဲ့ မတူတော့ပါဘူး” ဟု ဦးကိုကိုလှိုင်က ဆိုသည်။

သမ္မတဦးသိန်းစိန်သည် ပြန်လည်သင့်မြတ်ရေး ခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့ပြီး နိုင်ငံရေးအကျဉ်း
သားများ လွှတ်ပေးခြင်း၊ NLD ပါတီကိုအသိအမှတ်ပြုကာ မှတ်ပုံတင်ခွင့်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့် ယင်းနှင့်တွေ့ဆုံရန် နိုင်ငံခြားအစိုးရခေါင်းဆောင်များ တဖွဲဖွဲရောက်ရှိခဲ့သည်။

“တပ်မတော်သားတိုင်းဟာ အထက်မိန့်ကိုနာခံကြရပါတယ်။ ဒါကြောင့် ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်အောက်မှာ ဝန်ထမ်းကောင်းတစ်ဦး ပီသအောင် နေထိုင်ခဲ့တာပါ။ ဒါပေမဲ့ အစိုးရအာဏာကို လွှဲပြောင်းယူပြီး နိုင်ငံခေါင်းဆောင်တစ်ဦး ဖြစ်သွားချိန်မှာ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေကိုပဲ ချမှတ်ခဲ့ပါတယ်။ သူမှန်တယ်လို့ ယူဆတဲ့ အရာ မှန်သမျှကို သူလုပ်သွားမှာပါ” ဟု ဦးကိုကိုလှိုင်က ရှင်းလင်းပြောဆိုသည်။

“အခု နိုင်ငံရဲ့ အခြေအနေက အရင်နဲ့ မတူတော့ပါဘူး။ ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာ ကစားပွဲအသစ်ရဲ့ စည်းမျဉ်းတွေအရ ပါဝင် လှုပ်ရှားကြရမှာပါ” ဟုလည်း ယင်းက ပြောသည်။

08 February 2012

လွှတ်တော်ထဲမှာ ပြောသွားတဲ့ ဦးရွှေမန်း၏ စကားလုံးများ

‎နှစ်ခါကျွန်ဖြစ်ခံမလားလို့  အသားလွတ် ချဲ သွားတဲ့ကော့မှူးမြို့နယ်မှ ကြံ့ဖွတ်အမတ် Dr-စိုးမင်း၏ (အင်တာဗျူး)


‎(နှစ်ခါကျွန်ဖြစ်ခံမလားလို့  အသားလွတ် ချဲ သွားတဲ့ ကြံ့ဖွံ့ အမတ်လောင်း Dr စိုးမင်း)

မေး။ ။ DASSK ပြိုင်တဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ဘာလို့ ပြိုင်ရတာလဲ။

ဖြေ။ ။ မြောက်ဥက္ကလာပမြို့ နယ်မှာ စည်းရုံးရေးလုပ်ငန်းတွေလုပ်နေတဲ့အချိန်မှာကော့မှူးမြို့ နယ် မှာ ဒေါ်အောင်ဆန်းစုကြည်ပြိုင်တယ်လို့ သတင်းတွေကြားနေရတဲ့အချိန်မှာ ကော့မှူးမှာပြိုင်ဖို့ အတွက် ပါတီကို လူကြီးတွေက လျာထားတယ်။ သူတို့ လျာထားတာ ဒေသခံလည်းဖြစ်ရမယ်၊ ဆရာဝန်လည်းဖြစ်ရမယ်ဆိုတဲ့ အချက်နှစ်ချက်ကို ရွေးထုတ်လိုက်တဲ့အခါ ကျွန်တော့်ကို ကော့မှူးမြို့ နယ်မှာ ပြိုင်ရတဲ့သူဖြစ်လာတယ်။

မေး။ ။ ကော့မှူးမှာ DASSK နဲ့ ယှဉ်ပြိုင်ရမှာဆိုတော့ အနိုင်အရှုံးရလဒ်ကို ဘယ်လိုမျော်လင့်ထားသလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်အောင်ဆန်းဆိုတဲ့ ဖြူစင်တဲ့စိတ်ဓာတ်၊ရိုးသားတဲ့စိတ်ဓာတ်နဲ့ နယ်ချဲ့ ကို ရရာနည်းနဲ့ အခက်အခဲတွေ အတိုက်အခံတွေကြားထဲကရင်ဆိုင်ဖောက်ထွက်ရင်း ပြည်သူတို့ ကို တိုတိုနဲ့ ရှင်းရှင်းပြောပြီး တိုင်းပြည်နဲ့ လူမျိုး
အတွက် အသက်စွန့် ခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်ကြီးရဲ့ သမီးဖြစ်ပါတယ်။ ကျွန်တော်တို့ လူမျိုးတွေဟာ မိဘကိုချစ်တတ်သလို သားသမီးကိုလည်း ချစ်တတ်တဲ့ဓလေ့ထုံးစံရှိတဲ့ပြည်သူတွေပါ။ ဖြူစင်တဲ့ပြည်သူတွေကို စည်းရုံးတဲ့သူတွေဟာလည်း ဖြူစင်စွာဘဲပြည်သူတွေကို မလိမ်ဘဲ ပြောကြား စည်းရုံးကြရမှာ။ နှစ်ခါကျွန်ဖြစ်မခံကြ မယ့် ပြည်သူတွေကို ဘယ်သူ့ မှ မလိမ်ရဲပါဘူး။ အနိုင်အရှုံးကို ပြည်သူက သတ်မှတ်ပေးမှာပါ။

မေး။ ။ DASSK အပေါ် ဒေါက်တာ ဘယ်လိုမြင်သလဲ။

ဖြေ။ ။ နယ်ချဲ့ ကိုတော်လှန်ပြီး တိုင်းပြည်ကို ကျွန်ဘ၀က လွတ်မြောက်အောင်ခေါင်းဆောင်မှုပေး ကြိုးစားခဲ့တဲ့ လေးစားရတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးပါ။ခေါင်းဆောင်ကောင်းလို့ စံပြုထားတဲ့ ပုဂ္ဂိုလ်ရဲ့ သမီးဆိုတော့ ကျွန်တော်တို့ အစ်မပေါ့။

မေး။ ။ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့် (၄၈)နေရာမှာ အများပြည်သူစိတ်ဝင်စားတာက ဒေါက်တာပြိုင်တဲ့ မဲဆန္ဒနယ်ပါ။ ကမ္ဘာကလည်း စိတ်ဝင်စားတယ်။ တကယ်လို့ ဒေါက်တာအနိုင်ရခဲ့ရင် ကတိက၀တ်တွေကို ဘယ်လိုဆောင်ရွက်ပေးမလဲ။

ဖြေ။ ။ စီနီယာအထက်လူကြီးတွေက တာဝန်တွေပေးတယ်။ ထုံးတမ်းအစဉ်အလာအရပေးအပ်တဲ့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ရပါတယ်။ အမိန့် နာခံရမယ်။

မေး။ ။ ဒေါက်တာ့အနေနဲ့ ဒီကြားဖြတ်ရွေးကောက်ပွဲမတိုင်မီ DASSK နဲ့ တွေ့ ဖို့ ရှိသေးလား။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ခြင်း မတွေ့ ခြင်းက ကျွန်တော် ဆုံးဖြတ်ချက်ချလို့ မရပါဘူး။ ပါတီက တာဝန်ပေးရမယ့်ကိစ္စပါ။ ပါဆင်နယ်ကိစ္စ မဟုတ်ပါဘူး။

(Messenger ဂျာနယ်မှ ထုတ်နုတ်ဖော်ပြပါတယ်

07 February 2012

ဒီလောက်လူအများကြီးလာအားပေးပြီးမှ မဲမနိုင်ဘူးဆိုရင် တခုခုတော့ မှားနေပြီတဲ့ ပုသိမ် ခရီးစဉ်မှာပြောသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကား


















ဓာတ်ပုံ....Golden Pathein

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ပုသိမ် ခရီး မိန့်ခွန်းအသံဖိုင် ...

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ပုသိမ် ခရီး ...






ပုသိမ်ထီး ရဲ့ အရိပ်က တကယ်အေးမျှစေတော့မယ်.။

ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူရာကျော်ကို ကန်ကြီးထောင့်မြို့နယ် ဒါးကတွင် ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ်က တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ နည်းပညာတက္ကသိုလ် (ပုသိမ်)မှ ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ လူထုဟောပြောပွဲ ကျင်းပမည့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းဘောလုံးတွင်းကို နံနက် ၉ နာရိ ၃၀ မိနစ်ခန့်တွင်တွေ့ရစဉ်
ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုရန် စောင့်စားနေသူ နည်းပညာတက္ကသိုလ် (ပုသိမ်)မှ ကျောင်းသားကျောင်းသူများအား တွေ့ရစဉ်


ဓာတ်ပုံ.....Eleven Media Group's ၊7Day News Journal's ၊Messenger News Journal

06 February 2012

လာမည့် ၇ ရက်နေ့ ပုသိမ်မြို့ ဒေါ်အောင်ဆန်းစုကြည် ဟောပြောပွဲ အတွက် အန်အယ်လ်ဒီမှ လက်ကမ်းကြေညာ

အိမ်အပြန်လမ်းကိုမျှော်ကြည့်နေသည့် မြန်မာဒုက္ခသည် တစ်သန်း

(The Scotsman မှ 2 Feb 2012 ရက်စွဲပါ Burma's 1 m exiles look homewards ကို yangon chronicle မှ ဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

တောအုပ်တစ်ခုတွင်းမှ အရောင်အဝါမှေးမှိန်နေသော ခရစ်ယာန်ဘုရားရှိခိုကျောင်း တစ်ကျောင်း၌ မြန်မာဒုက္ခသည် ၃၀၀ ကျော် ဝတ်ပြု ဆုတောင်းရန် နံနက်ခင်းတစ်ခုတွင် စုဝေးလျက်ရှိသည်။

ဆုတောင်းသူများရှေ့ဆုံး၌ ရပ်နေသူ သင်းအုပ်ဆရာကယခုလို ပြောပြီးဆုမွန်ကောင်းတောင်းသည်။ "စစ်မက် ဖြစ်ပွားဖို့အတွက် အချိန်ရှိသလို၊ ငြိမ်းချမ်းရေးအတွက်လည်း အချိန်ဆိုတာရှိတယ်။ နှစ်ပေါင်း ၆၃ နှစ်လောက် ပစ်ခတ်သတ်ဖြတ်တာတွေ လုပ်ခဲ့တာ တော်လောက်ပါပြီ။ ကျွန်ုပ်တို့ရဲ့လှပတဲ့ နိုင်ငံမှာ သင်တို့အားလုံးကို မကြာခင် တွေ့ရမယ်လို့မျှော်လင့်မိပါတယ်"

သင်းအုပ်ဆရာ Simon Htoo(ဆိုင်မွန်ထူး) အနေဖြင့် ယခုလိုပြောင်မြောက်လှသည့် စကားလုံးများကို လွန်ခဲ့သည့် လများအတွင်း ထုတ်ဖော်ပြောဆိုရန်မှာ ဖြစ်နိုင်ခြေမရှိသောကိစ္စတစ်ခု ဖြစ်သည်။ မည်သို့ဆိုစေ မြန်မာနိုင်ငံတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ပြုပြင်ပြောင်းလဲမှုများနှင့် အပစ်အခတ်ရပ်စဲရန် ကြိုးပမ်းမှုများက ကမ္ဘာပေါ်တွင်လူဦးရေအများ ဆုံးသောဒုက္ခသည်စာရင်းတွင်ပါရှိ သည့် မြန်မာဒုက္ခသည်များ အမိမြေသို့ ပြန်လည်ခြေချခွင့်ရရှိမည့် အလားအလာများကိုဖြစ်ပေါ်စေသည်။ ခန့်မှန်းချက်များအရ တိုင်းရင်းသားလူနည်းစုများနှင့် အတိုက်အခံများအပေါ် ရက်စက်ကြမ်းတမ်းစွာ ဖိနှိပ်ညှဉ်းပန်းမှု များကြောင့် အိုးအိမ်စွန့်ပစ်ကာ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည့် မြန်မာဒုက္ခသည်ပေါင်း တစ်သန်းခန့်မှာ နိုင်ငံ ၅ နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်လျက် ရှိသည်။

တိုင်းရင်းသားလက်နက်ကိုင်များအနက် ကရင်တိုင်းရင်းသားလက်နက်ကိုင်သူပုန်များမှာ စစ်အစိုးရထံမှ ကရင်ပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးအတွက် နှစ်ပေါင်း ၆၃ နှစ်တာကြာမျှ လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့ကြသည်။ အခြားသော ကချင်တိုင်းရင်းသားလက်နက်ကိုင်တစ်ဖွဲ့မှာလည်း ထိုနည်းလည်းကောင်းပင်တိုက်ပွဲဝင်ခဲ့သည်။

"အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးတယ်ဆိုတာ လွယ်ကူတဲ့အလုပ်တစ်ခုပါပဲ၊ အချိန်အားဖြင့် ငါးမိနစ်အတွင်းလုပ်လို့ရတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ဆောင်ရွက်တယ်ဆိုတာကတော့ မတူညီတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ အဲဒီကိစ္စဟာ သူတို့ရဲ့မျက်နှာပေါ်ကအပြုံးတွေပေါ်မှာ မမူတည်ပါဘူး။ သူတို့ရဲ့နှလုံးသားနဲ့ပဲသက်ဆိုင်ပါတယ်။ ဒါဟာနောက်ထပ်လှည့်ကွက် တစ်ခုဖြစ်ကောင်းဖြစ်နိုင်ပါတယ်" ဟု ကရင်နှစ်ခြင်းခရစ်ယာန် သင်းအုပ်ဆရာ Simon Htoo က ပြောသည်။

အကယ်၍ ဒုက္ခသည်များမြန်မာပြည်သို့ပြန်မည်ဆိုလျှင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ မလေးရှားနှင့် တရုတ် အစရှိသည့် နိုင်ငံများမှ ပြန်လာကြရမည် ဖြစ်သည်။ ယင်းဒုက္ခသည်များ၏ နေထိုင်မှုအခြေအနေမှာ အလွန်အမင်းပင် အမျိုးမျိုးအဖုံဖုံ ကွဲပြားသည်။ ဘင်္ဂလားဒေ့ရှ်တွင်မူ မွတ်စလင်တိုင်းရင်းသား လူနည်းစုများဖြစ်သည့် ရိုဟင်ဂျာလူမျိုး လေးသိန်းခန့် တရားမဝင်နေထိုင်လျက်ရှိသည်။ ထိုင်းနယ်စပ်ဒေသတစ်လျှောက်ရှိ ကုလသမဂ္ဂဒုက္ခသည်စခန်းများတွင် အနာဂတ်မျှော်လင့်ချက် ကင်းမဲ့လျက်ရှိသော မြန်မာဒုက္ခသည်များနေထိုင်လျက်ရှိသည်မှာ မျိုးဆက်သုံးဆက်လောက် ရှိသွားပြီဖြစ်သည်။

"ဒုက္ခသည်စခန်းထဲက ပြည်သူတွေကို ရွေးချယ်ခွင့်မဖြစ်မနေပေးသင့်ပါတယ်။ အမိမြေကိုပြန်မလား၊ ထိုင်းနိုင်ငံထဲမှာပဲ ဆက်နေသွားမလား၊ အခြားနိုင်ငံတစ်ခုခုမှာ သွားရောက်အခြေချနေထိုင် မလားဆိုတဲ့ရွေးချယ်ခွင့်ပါ။ မြန်မာ့နိုင်ငံရေးကို ကျွန်မတို့အယုံအကြည်မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အရာအားလုံးဟာအခုအချိန်အထိ ရှင်းရှင်းလင်းလင်းမဖြစ်သေးလို့ပါပဲ" ဟု မြန်မာနိုင်ငံ၏ မာသာထရီဇာ ဟုတင်စားခေါ်ဆိုခြင်းခံရသော "မယ်တော်" ဆေးခန်းမှ ဒေါက်တာစင်သီယာမောင်က ပြောသည်။ သူမ၏ ဆေးခန်းသည်ဒုက္ခသည်ထောင်ပေါင်းများစွာကို ဆေးဝါးကုသပေးခဲ့သည်။ "အခုအချိန်မှာ ဘယ်ဒုက္ခသည်မှ မပြန်ကြသေးပါဘူး" ။

ဒုက္ခသည်များအား နိုင်ငံရင်းသို့ပြန်ပို့ရေးအတွက် ပဏာမဆွေးနွေးမှုများလုပ်ကိုင်ဆောင်ရွက်လျက်ရှိချိန်တွင် ထိုင်းဒုက္ခသည် စခန်းများသို့ လစဉ်ဝင်ရောက်လာသူ ဒုက္ခသည်ဦးရေမှာ ခန့်မှန်းခြေ ၁၀၀၀ ခန့်ရှိကြောင်း ထိုင်းဒုက္ခသည်စခန်းများအတွက် အစားအသောက်နှင့် အခြားသော အထောက်အပံ့များထောက်ပံ့ပေးလျက်ရှိသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Thai Burma Border Consortium(TBBC) မှအကြီးအကဲ Jack Dunford က ပြောကြားသည်။

ထိုင်းနိုင်ငံအနေဖြင့်မူ အခြေအနေအရပ်ရပ် လုံခြုံစိတ်ချမှုမရှိသေးသရွေ့ ဒုက္ခသည်များကို ဖိအားပေး ပြန်လွှတ်ခြင်းမျိုး လုပ်ဆောင်မည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်ကဆိုသည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်မူ ဒုက္ခသည် တစ်သောင်းခန့်အား မိခင်နိုင်ငံသို့ ပြန်လွှတ်ရန် စီစဉ်ထားပြီးဖြစ်ပြီး ကျန်ရှိသူများပါ လိုက်ပါသွားရေးအတွက် ဆွေးနွေး မှုများပြုလုပ်လျက်ရှိသည်။

"လူ့အခွင့်အရေးအခြေအနေတိုးတက်ကောင်းမွန်လာပြီလို့ ယုံကြည်ရတဲ့အချိန်ကတည်းက ဒုက္ခသည်တွေကို မိခင်နိုင်ငံပြန်ကြဖို့ ကျွန်တော်တို့ လှုံ့ဆော်လျက်ရှိပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေဟာ ယခုအချိန်အထိ စိုးရွံ့ထိတ်လန့်နေကြပြီး အိမ်ပြန်ဖို့တိုက်တွန်းမှုတွေ၊ အားပေးအားမြှောက်ပြုမှုတွေ လိုအပ်နေပါတယ်" ဟု ဘင်္ဂလားဒေ့ရှ်အစိုးရအရာရှိတစ်ဦးဖြစ်ပြီ ဒုက္ခသည်များ မိခင်နိုင်ငံပြန်ပို့ရေးလုပ်ငန်းစဉ်အတွက် တာဝန်ရှိသူ Firoz Salahuddin ကပြောကြားသည်။

ထိုင်းနိုင်ငံ၊ မယ်လ ကဲ့သို့သော ဒုက္ခသည်စခန်းမှ တဲငယ်လေးများတွင်နေထိုင်သူအားလုံးမှာ ယခုအခါ မြန်မာနိုင်ငံတွင်းမှ ဖွံ့ဖြိုးတိုးတက်မှုများကို မျှော်လင့်ခြင်း၊ စိုးရွံ့ခြင်း၊ သံသယဖြစ်ခြင်းအစရှိသည့်စိတ်တို့ဖြင့် စောင့်ကြည့်လျက်ရှိကြသည်။ "ကျွန်မနိုင်ငံဆီကိုကျွန်မပြန်ချင်ပါတယ်။ အပြောင်းအလဲတွေ ဖြစ်တယ်ဆိုတာ မြို့ကြီးတွေမှာပဲဖြစ်ချင်ဖြစ်မှာပါ။ ကျွန်မတို့ကျေးလက်ဒေ သတွေမပါလောက်ပါဘူး" ဟု ဒုက္ခသည်စခန်းတွင် ခိုလှုံလျက်ရှိသူ မမေစိုးကပြောပြသည်။ သူမသည် ဖခင်ဖြစ်သူ မြန်မာစစ်သားများ၏ သတ်ဖြတ်ခံရကာ တစ်ရွာတည်းနေအမျိုးသမီး ၎င်းတို့၏ မုဒိမ်းကျင့်ခြင်း ခံရပြီးနောက် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်။

၈၈ မျိုးဆက်များအတွက် ပြည်သူ့ခေတ်ရဲ့ ဂုဏ်ပြုညစာစားပွဲ (မောင်ဝံသ)

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များကို ပြည်သူ့ခေတ်ဂျာနယ် အယ်ဒီတာအဖွဲ့က ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ညနေမှာ ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ Oriental House စားသောက်ဆိုငိမှာ ဂုဏ်ပြုညစာစားပွဲ တည်ခင်း ဧည့်ခံပါတယ်။

မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ဌေးကြွယ်၊ ဂျင်မီ၊ နီလာသိန်း၊ သူတို့ရဲ့ သမီးလေး၊ ပြုံးချို၊ မာကီးခေါ် ကျော်ကျော်ထွေး၊ အံဘွယ်ကျော်၊ ဇော်သက်ထွေး၊ သူ့ရဲ့ဇနီး မေဇော်၊ အောင်သူ၊ ကိုသက်ဇော်၊ ပဏ္ဍိတ်ထွန်း၊ စိုးထွန်း၊ ထွန်းမြင့်အောင် (ကျန်သွားသူရှိရင်လည်း ခွင့်လွှတ်ပါ) တို့ စုံစုံညီညီတက်ရောက်ကြပါတယ်။ မင်းဇေယျနဲ့ လှမျိုးနောင် လာမယ်ဆိုပြီး ခရီးလွန်နေလို့ မရောက်လာပါ။

ပြည်သူ့ခေတ်ဂျာနယ် ထုတ်ဝေသူ မောင်ဝံသ၊ အယ်ဒီတာချုပ် ဖေမြင့်၊ ဒုအယ်ဒီတာချုပ် မော်လင်း၊ အမှုဆောင်အယ်ဒီတာ ကိုမျိုးညွန့်၊ ကိုရဲမြင့်၊ ဆရာ အာသာ၊ ကိုဝင်းချိုနဲ့ အယ်ဒီတာအဖွဲ့ဝင် သတင်းထောက်များ တက်ရောက်ကြပါတယ်။ ပျော်ပျော်ပါးပါး စားသောက် စကားစမြည် ပြောကြပြီး ည ၉နာရီခန့်မှာ ပျော်ရွှင်စွာ ပွဲသိမ်းကြပါတယ်။ ၈၈မျိုးဆက်တွေ တစ်ယောက်နည်းနည်းစီ စကားပြောကြတယ်။ အားလုံးက ပြည်သူ့ခေတ်ဂျာနယ်ကို စွဲစွဲလမ်းလမ်း ဖတ်ခဲ့ကြတဲ့ အကြောင်း ပြောကြလို့ အားတက်ရပါတယ်။

ကျွန်တော်က ပြည်သူ့ခေတ်ဂျာနယ်မှာ ယခုအပတ် ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါးအကြောင်း ပြန်ပြောပြီး ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ နိုင်ငံရေးသမားများအဖြစ်ကူးပြောင်းဆောင်ရွက်ကြဖို့ ကျွန်တော့်အနေနဲ့ ပြည်သူတစ်ယောက်အနေနဲ့ရော သတင်းစာဆရာတစ်ယောက်အနေနဲ့ပါ တိုက်တွန်းပါတယ်လို့ ပြောလိုက်တော့ ကိုကိုကြီးက ချက်ချင်းတုံ့ပြန်တယ်။ ``ဆရာက နိုင်ငံရေးသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် မခံယူတော့ဘူးလား´´လို့ မေးလိုက်တာပါ။ ကျွန်တော်က ခဏတော့ ငိုင်သွားပြီးမှ ``အန်ကယ်က အခုတော့ သတင်းစာဆရာအနေအထားနဲ့ပဲ ပြောနေတာပါ´´လို့ ပြန်ဖြေလိုက်ရပါတယ်။

မင်းကိုနိုင်က သူသွေးတိုးပြီး ဆေးသောက်နေရတဲ့အကြောငိး ပြောပါတယ်။ သူ့ကြည့်ရတာ မရွှင်လန်းပါဘူး။ မလာတော့ဘူးလို့ နေရာက အားနာလွန်းလို့ လာရတာပါလို့ ပြောပါတယ်။

ကျွန်တော့်အစ်ကိုကြီး တစ်မျိုးထင်မှာ စိုးလို့ လာဖြစ်အောင် လာခဲ့တာ၊ ခနနေပြီးရင် ဆေးခန်းသွားပြဖို့ ပြန်ရမယ် ပြောပါတယ်။

ဘယ်အစ်ကိုကြီးလဲဆိုတော့ ကျွန်တော့်ကို ဟာသလုပ်တာပါ။ ထောင်ထဲမှာတုန်းက ကျွန်တော်က သူ့ထက် ၁၇နှစ် ကြီးလို့ အန်ကယ် ခေါ်တယ်၊ ဆရာခေါ်တယ်၊ အဲဒါကို ကျွန်တော်က အစ်ကိုကြီးလို့ပဲ ခေါ်ကွာလို့ သူ့ကို ချော့ ခေါ်ခိုင်းတဲ့အကြောင်း၊ သူ့ကိုလဲ ညီလေးလို့ ခေါ်ကြောင်း ပြောပြတော့ အားလုံး ရယ်ကြရတာပေါ့။

ကျွန်တော် သူ့ကို နားလည်ပါတယ်။ ခွင့်လွှတ်ပါတယ်။ ကျွန်တော်နဲ့ ကိုမော်လင်းက ကိုပေါ်တော့ ခမဲလိုနေပြီထင်တယ်၊ ပြုစုမယ့်လူတော့ လိုနေပြီ ပြောတော့ ``ဆရာတို့က စကားချည်းပြောနေကြတာကိုး၊ လက်တွေ့ဘာမှ မပါဘဲ ပြောနေတော့ အလကားပဲပေါ့´´လို့ ဟာသပြန်လုပ်ပါတယ်။

ကျွန်တော်က ``ကိုပေါ်ရေ၊ တစ်ခါက ကိုပေါ်နဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်မှာ အန်ကယ် ရေးတုန်းက မိတ်ဆွေတစ်ယောက်က ကွန်မင့် ၀င်ရေးတယ်၊ ကိုပေါ့်ကို စိတ်ဝင်စားတဲ့ ပန်းချီဆရာမတစ်ယောက်ရှိခဲ့ဖူးတယ်ဆို၊ အဲဒီဇာတ်လမ်းက ပြီးသွားပြီလား မေးတော့ ``ဆရာရယ်၊ အဲဒါက ကိတ်မုန့်ကြီးပါ၊ ကျွန်တော်က ကိတိမုန့်နဲ့ မတန်ပါဘူး၊ ထမင်းကြော်လောက်နဲ့ တန်တာပါ´´လို့ အရွှန်းဖောက်ပါတယ်။ ကျွန်တော်က ``ဟုတ်တယ်၊ အဲဒီကွန်မင့် ရေးသူက ကိုပေါ်က ကိတ်မုန့်နဲ့ သူမတန်ပါဘူးဆိုပြီး တစ်ခန်းရပ်လိုက်တဲ့အကြောင်း ရေးသေးတယ်၊ ကိုယ်မှတ်မိပြီ´`လို့ ပြောလိုက်ပါတယ်။

ကိုပေါ် ကျန်းမာရေး နည်းနည်း ဂရုစိုက်ဖို့လိုနေတာတော့ သေချာတယ်။ ဇန်န၀ါရီ ၃၁ ရက်ညကလဲ အင်းယားစောင်း စိမ်းလန်းစိုပြည်မှာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မိတ်ဆုံပွဲအပြီး ကိုပေါ်နဲ့ ကျွန်တော် အဲဒီနားက ဆိုင်တစ်ဆိုင်မှာ ရခိုင်မုန့်တီ သွားစားကြသေးတယ်။ အရုဏ်သစ်စာပေက ကိုဝင်းမောင်နဲ့ မသီတာတို့လဲ ပါတယ်။ မသီတာက မုဒုံသူ၊ ကိုပေါ်ရဲ့ ငယ်သူငယ်ချင်း ညီမလေးလို နေခဲ့သူပါ။ အဲဒီတုန်းကလဲ ကိုပေါ် နေသိပ်မကောင်းဘူး ပြောတယ်။ အရမ်းပင်ပန်းနေတယ်တဲ့။ သို့ပေမယ့် ကျွန်တော်နဲ့ အဖော်ပါလာတဲ့ ဒိန်းမတ်သူ Susanne နဲ့ ကိုပေါ်စကားပြောနေတာ ဖြောင့်လို့။ အင်္ဂလိပ်လို ကိုပေါ် ကောင်းကောင်း ပြောနိုင်တာ တွေ့ရတယ်။

ရခိုင်မုန့်တီဆိုင်မှာ ကျွန်တော်က ကိုပေါ်ကို ``အရင်တုန်းက ၂၀၀၄ မှာ ကိုယ်ပြောဖူးတာ မှတ်မိလား၊ သခင်ကိုယ်တော်မှိုင်း နေရာမျိုးမှာနေပါလို့ ပြောခဲ့တာ မှတ်မိလား´´ မေးပါတယ်။ သူက သိပ်မှတ်မိတာပေါ့၊ အဲဒီတုန်းက ကျွန်တော်က ဘယ်လို role မှာ နေချင်တယ်ဆိုတာ ပြန်ပြောခဲ့တာကိုရော ဆရာ မှတ်မိလားလို့ မေးပါတယ်။ ကျွန်တော်က မမှတ်မိတော့ဘူးကွာလို့ပြောတော့ သူက ကျွန်တော် ရာဘိန္ဒရာနတ် တဂိုးလို နေချင်တယ်လို့ ပြောခဲ့တာလေ ဆိုတော့မှ အေး ဟုတ်သားပဲ၊ မှတ်မိပြီလို့ ပြောလိုက်ရပါတယ်။

ကိုပေါ် ပထမအကြိမ် ထောင်က ပြန်လွတ်ပြီးတော့ ကျွန်တော်နဲ့ တွေ့တဲ့အခါ သူဘယ်လို အနေအထားနဲ့ နေရင်ကောင်းမလဲ မေးတယ်။ ကျွန်တော်က သခင်ကိုယ်တော်မှိုင်းလို နေပေါ့ကွာလို့ ပြောတော့ ဟာ ကြံကြီးစည်ရာ လို့ ပြောပါတယ်။ ကျွန်တော်က ၈၈ မျိုးဆက်ဟာ တိုင်းပြည်မှာ ဒီမိုကရေစီတည်ဆောက်ရေးအတွက် လှုပ်ရှားခဲ့ကြတာ၊ သူတို့တာဝန်မပြီးဆုံးသေးဘူး၊ ၈၈ မျိုးဆက်ဟာ အာဏာနိုင်ငံရေးလုပ်မယ့်လူတွေမဟုတ်ဘူး။ သည်တော့ သခင်ကိုယ်တော်မှိုင်း လုပ်ခဲ့သလို အစိုးရနဲ့ အတိုက်အခံတွေကြား ပြန်လည် သင့်မြတ်ရေးရအောင် ကြားဝင်စေ့စပ်ဖျန်ဖြေပေး သူနေရာမျိုးက နေသင့်တယ်လို့ ကျွန်တော်က ပြောခဲ့တာပါ။

အဲဒီတုန်းက ကိုပေါ်က တဂိုးလိုပဲ နေချင်တယ် ပြောတာ သူ့ရဲ့ ပင်ကို စိတ်ရင်းကို ပြသခဲ့ပဲ ဖြစ်ပါတယ်။ သူဟာ တကယ်ပဲ အနုပညာသမား၊ တဂိုးလို လွတ်လပ်အတွေးနဲ့ နေချင်သူဖြစ်တယ်။ သို့ပေမယ့် လူဆိုတာ ကိုယ်နေချင်သလို နေလို့မရဘူးလေ။ ကိုယရှင်သန်နေထိုင်နေတဲ့ ခေတ်ကတောင်းဆိုသလို၊ ကိုယ်ပါဝင်တဲ့ လူ့အဖွဲ့အစည်းက တောင်းဆိုသလို ဘ၀ဇာတ်ဆရာအလိုကျ ကပြရမှာပဲ မဟုတ်လား။

ဒီနေ့ည ပြည်သူ့ခေတ်က ပေးတဲ့ ဒင်နာမှာတော့ ကိုပေါ့်ကို ကျန်းမာရေး အထူးဂရုစိုက်ဖို့ ကျွန်တော် အလေးအနက် မှာလိုက်ပါတယ်။ သူ့ကို အနီးကပ် စောင့်ရှောက်နေတဲ့ ပဏ္ဍိတ်ထွန်းကိုလဲ သေချာ မှာလိုက်တယ်။ ကိုပေါ်ဟာ သာမန်လူတစ်ယောက် မဟုတ်တော့ဘူး၊ တိုင်းပြည်အတွက်ပါ အရေးကြီးသူ ဖြစ်နေပြီလို့ ပြောလိုက်ပါတယ်။ ကိုပေါ်ကတော့ အဲသလို ဖြစ်နေတာကြီးကို ကျွန်တော်စိတ်ညစ်နေတာ ဆရာရေလို့ ငြီးတွားရင်း နှုတ်ဆက် ထွက်သွားပါတယ်။ ကိုကိုကြီးလဲ ကိုပေါ်နဲ့ မရှေးမနှောင်း ထွက်သွားပါတယ်။ သူတို့ တစ်ခြား အချိန်းအချက်တွေဆီသွားကြရဦးမယ်။ အလုပ်တွေ လုပ်နေကြတာပါ။ သူတို့ဟာ အနှေးနဲ့ အမြန် နိုင်ငံရေးသမားတွေအဖြစ် ဇာတ်ခုံပေါ်ရောက်လာကြဦးမယ်လို့ ကျွန်တော် မျှော်လင့်နေပါကြောင်း။

မောင်ဝံသ

05 February 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ မန္တလေးပြည်သူလူထုထံသို့ အသိပေးပြောကြားချက်


နေ့စွဲ ။ ။ ၄-၂-၂၀၁၂
အချိန်။ ။ နေ့လည် ၁၁ နာရီ ၂၅ မိနစ်

မန္တလေးပြည်သူတွေရဲ့ ထောက်ခံအားပေးမှုကို လေးစားတန်ဖိုးထားသလိုမန္တလေးပြည်သူလူထုရဲ့ ရင့်ကျက်တဲ့ နိုင်ငံရေးအမြင်နဲ့တည်ငြိမ်တဲ့ စိတ်ဓာတ်ကိုလည်း သိနေပါတယ်။

ခရီးစဉ်ကို ရွှေ့ပြောင်းလိုက်ရပေမယ့် အဆင်ပြေအောင်လုပ်တဲ့အခါမှာဒီမိုကရေစီပြည်ထောင်စုမြန်မာနိုင်ငံ ခိုင်ခိုင်မာမာတည်ဆောက်လိုတဲ့ပုဂ္ဂိုလ်အဖွဲ့အစည်းတွေအကြား ပိုမိုနားလည်မှုတွေ ရရှိလာမယ်လို့လည်း ယုံကြည်ပါတယ်။

မန္တလေးကို မူလကမှန်းထားတာထက် ပိုပြီးနောက်ကျမှ ရောက်လာရမှာမို့ကျွန်မတို့နဲ့ ပြည်သူအကြား ပိုမိုမေတ္တာပွားပြီး ပိုမိုနွေးထွေးတဲ့ ပြန်လည်ဆုံဆည်းမှု ဖြစ်မယ်လို့တထစ်ချ ယုံကြည်ပါတယ်။

မန္တလေးကို ရောက်မယ့်အချိန်ကို မျှော်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
၎-၂-၂၀၁၂
၁၁ နာရီ ၁၂ မိနစ်

ကိုညိုကြီး အားကျေးဇူးတင်ရှိပါသည်.။

ဒေါ်စန္ဒာမင်း(ရှီး)နှင့် ဦးဇေယျာသော် တို့ရဲ့ နေပြည်တော်ခရီးစဉ်မြင်ကွင်းဓာတ်ပုံသတင်း

















ဓာတ်ပုံ များအတွက် ကိုကျော်သူရကိုကို အားကျေးဇူးတင်ရှိပါသည်.။