06 August 2011

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သည် သဘောတူညီချက် တစုံတရာမရခဲ့ဘဲ ပျက်ပြားခဲ့ရကြောင်း

သြဂုတ် ၁ ရက် နှင့် ၂ ရက်နေ့များက ပြုလုပ်ခဲ့သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် အစိုးရအကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ သည် သဘောတူညီချက် တစုံတရာမရခဲ့ဘဲ ပျက်ပြားခဲ့ရကြောင်း ကချင်အတိုင်ပင်ခံအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအဖုံက ဆိုသည်။

“သွားဆွေးနွေးတဲ့သူတွေကတရားဝင်ပြောတာမရှိပေမယ့်ဆွေးနွေးပွဲပျက်သွားတယ်လို့ကြားပါတယ်”ဟု၎င်းက ဆိုသည်။

အစိုးရဘက်မှ တိုင်းရင်းသားအားလုံးနှင့် ငြိမ်းချမ်းရေး ရယူရန်ထက် ကချင်လူမျိုးတစ်ခုတည်းနှင့် စံပြ ငြိမ်းချမ်းရေးယူရန် ကမ်းလှမ်းခဲ့ ခြင်းကြောင့် ဖြစ်ပြီး KIO အနေဖြင့် အဆိုပါ ကမ်းလှမ်းချက်အပေါ် သံသယရှိသဖြင့် လက်မခံခဲ့ဘဲ ဆွေးနွေးပွဲ ပျက်ခဲ့ရကြောင်း KIO နှင့် နီးစပ်သူတစ်ဦးက ဆွေးနွေးပွဲ ပျက်ရခြင်း အကြောင်းကို ပြောကြားသည်။

“အပစ်အခတ်ရပ်ပြီး တကယ်ငြိမ်းချမ်းရေးမရရင် ဘယ်လိုလုပ်မလဲ ဆိုတာလဲ KIO က ကိုယ်စားလှယ်တွေ ထည့်စဉ်းစားခဲ့ပါတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဆိုသည်။

အစိုးရစစ်တပ်နှင့် KIO ကြားတွင် ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးသည်မှာ သုံးကြိမ်ရှိပြီဖြစ်ပြီး တစ်ကြိမ်မျှ အောင်မြင်မှု မရခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ကချင်လူမျိုးတစ်ယောက်အနေနဲ့ စစ်မဖြစ်စေချင်ပါဘူး။ အပေါ်ယံအပစ်အခတ်ရပ်စဲရေး ဆွေးနွေးတာထက် ဘာကြောင့် စစ်ဖြစ်ရတာလဲဆိုတဲ့ အဓိက အကြောင်းအရင်းကိုရှာပြီး နှစ်ဦးနှစ်ဖက်ဆွေးနွေးသင့်တယ်။ ဒါမှ တကယ် တည်တံ့ပြီး အနှစ်သာရရှိတဲ့ ငြိမ်းချမ်းရေး ဖြစ်မယ်ထင်ပါတယ်” ဟု ဦးအဖုံက မှတ်ချက်ပြုသည်။

ကချင်အမျိုးသမီး နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာကလည်း ၎င်း၏ ကချင်ပြည်နယ်ခရီးစဉ်တွင် စစ်ဘေးဒုက္ခသည်ပြည်သူများ၏ ဒုက္ခ ဆင်းရဲများကို ကိုယ်တွေ့သိမြင်ခဲ့ရကြောင်း၊ ပြည်သူများအနေဖြင့် အမှန်တကယ် စစ်မှန်ပြီး အေးမြသော အေးချမ်းသော ငြိမ်းချမ်းရေးကို လိုလားလျက်ရှိ ကြောင်း၊ နှစ်ဦးနှစ်ဖက်မျှတစွာနှင့် အမြန်ဆုံးပြေလည်အောင် ဆွေးနွေးညှိနှိုင်းစေလိုကြောင်း ပြောကြားသည်။

လိုင်ဇာမြို့တွင်နေထိုင်သည့် အသက် ၅၀ အရွယ်ရှိ ကချင်လူမျိုးတစ်ဦးဖြစ်သူ ဦးဇော်ဆိုင်းကလည်း “ကျွန်တော့်တစ်သက်လုံး ဟိုပြေး ဒီလွှားနဲ့ပဲ နေခဲ့ရတာ။ ဒီအဖြစ်တွေကို ထပ်မကြုံချင်တော့ပါဘူး။ အမြန်ဆုံး မျှမျှတတရှိပြီး တာရှည်တည်တံ့နိုင်မယ့် သဘောတူညီမှုကို ရစေချင်ပါတယ်” ဟု ပြောကြား သည်။

ကချင်ပြည်နယ်တွင် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို အကြောင်းပြုပြီး အစိုးရစစ်တပ်နှင့် KIO အကြား လက်နက် ကိုင်ပဋိပက္ခများ ဇွန်လလယ် ခန့်မှ စကာ ယခုအထိဖြစ်ပွားလျက်ရှိသည်။

သတင်း....PS

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာ ရန်ပုံငွေဖျော်ဖြေပွဲ ဟစ်ဟော့(စ်) အဆို တော် ဇေယျာသော်ပါဝင်ခွင့်မရ

သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကျင်းပမည့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေရှာဖွေပွဲတွင် အဆိုတော် ဇေယျာသော်ကို ပါဝင် သီဆိုခွင့် မပြုရန် ပွဲစီစဉ်သူများအား အာဏာပိုင်များမှ သြဂုတ်လ ၃ ရက်နေ့တွင် ခေါ်ယူသတိပေးခဲ့ကြောင်း အဆိုပါပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်း အရှေ့ဒဂုံ ၁၂ ရပ်ကွက်တွင် ဖွင့်လှစ်ထားသော ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအတွက် ရန်ပုံငွေရှာဖွေပွဲကို သြဂုတ်လ ၆ ရက်နေ့ စနေနေ့တွင် ကျင်းပရန် ပွဲပါမစ် ရရှိထားကြောင်း သိရသည်။ အဆိုပါ ရန်ပုံငွေရှာဖွေပွဲတွင် မကြာသေးမီက ထောင်မှလွတ်လာသော ဟစ်ဟော့(စ်) အဆို တော် ဇေယျာသော်အား သီချင်းဆိုခြင်း မပြုရန် မင်္ဂလာတောင်ညွှန့်မြို့နယ် ရဲစခန်းမှ ပွဲစီစဉ်သူများကို သြဂုတ်လ ၃ ရက်နေ့တွင် ဝန်ခံကတိ ရေးထိုးခိုင်း ကြောင်း သိရသည်။

ဟစ်ဟော့(စ်) အဆိုတော် ဇေယျာသော်သည် လူငယ်တေးဂီတအဖွဲ့တစ်ခုဖြစ်သည့် အက်စစ်အဖွဲ့ဝင်တစ်ဦးဖြစ် ပြီး မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Waves)အဖွဲ့အား ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည့်အတွက် ၂၀၀၈ ခုနှစ်တွင် ဖမ်းဆီးခံခဲ့ရကာ ပြီးခဲ့သည့်မေလက ထောင်မှ ပြန်လည် လွတ်မြောက်လာသူ ဖြစ်ကြောင်း သိရသည်။

ဆည်းဆာရိပ် ဘိုးဘွားရိပ်သာကို စာရေးဆရာမ သန်းမြင့်အောင် ဦးစီးဖွင့်လှစ်ထားခြင်းဖြစ်ပြီး ဆည်းဆာရိပ်အလှဖန်တီးသူများ ခေါင်းစဉ်ဖြင့် ရန်ပုံ ငွေရှာဖွေပွဲတွင် အနုပညာရှင်များက စေတနာဖြင့် ပါဝင်ကူညီသွားမည်ဖြစ်ကြောင်း အဆိုပါ ပွဲဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးမှ ပြောကြားသည်။

သတင်း... YC

05 August 2011

ဒေါ်အောင်ဆန်းစုကြည်၏ စစ်မှန်သော ငြိမ်းချမ်းရေးအတွက် ပန်ကြားလွှာအား ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီမှ တရားဝင် ပြန်ကြားစာ။

Reply Letter From UNFC to Daw Aung San Suu Kyi

ရှစ်လေးလုံးကို ပြန်ကြည့်ခြင်း



စောင့်ကြရင်း မျှော်ကြရင်းနဲ့ ရှစ်လေးလုံး အရေးတော်ပုံ ပေါ်ပေါက်ခဲ့တာ ၂၃ နှစ် ရှိခဲ့ပါပြီ။ ၈၈ တုန်းက အသက် ၂၀ ကျော် ကျောင်းသားများက ယနေ့ ၄၀ ကျော် ၅၀ အတွင်း ဖြစ်ခဲ့ပါပြီ။ ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးသမားကြီးတွေ၊ သခင် သခင်မကြီးတွေအပါအ၀င် ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်သူ အများအပြားလည်း ကွယ်လွန်ခဲ့ပါပြီ။ အုပ်စိုးသူဆိုရင်လည်း န၀တ၊ နအဖ၊ ကြံ့ဖွံ့ စသဖြင့် အဆက်ဆက် အဆင်းအတက်တွေ လုပ်ခဲ့ပါပြီ။ နိုင်ငံရေးအကျဉ်းသား အရေအတွက်တွေကလည်း နည်းလိုက်များလိုက်၊ နိုင်ငံရေးလှုပ်ရှားသူတွေကလည်း ၀င်လိုက်ထွက်လိုက်နဲ့ တကယ့်ကို သံသရာရထားကြီး ခုတ်မောင်းနေတာပါပဲ။

အဲဒီလို အချိန်ကာလတွေနဲ့လိုက်ပြီး ဖြစ်ပျက်ပြောင်းလဲခြင်းတွေ ရှိခဲ့ပေမယ့် ပကတိ အရှိတရားတွေကတော့ အတိတ်နဲ့ မျက်မှောက်ကာလ သိပ်မကွာလှပါဘူး။ လူထုကလည်း ကျပ်တည်းနေ ဆဲ၊ ပြည်တွင်းစစ်တွေလည်း ဖြစ်နေဆဲ၊ တိုင်းပြည်ကလည်း မွဲနေဆဲ၊ စီးပွားရေးအခြေအနေမကောင်းလို့ တိုင်းတပါးထွက်ပြီး ငွေရှာသူတွေကလည်း အရင်ကထက် များဆဲ၊ စစ်ဘေးကြောင့် ဖိနှိပ်မှုတွေကြောင့် ဒုက္ခသည်အဖြစ် ကိုယ့်တိုင်းပြည်ထက် မွဲတေခဲ့တဲ့နိုင်ငံတွေဆီ သွားရောက်ခိုလှုံနေရသူတွေကလည်း ရှိနေဆဲ၊ ဒါတွေက အတူတူလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကုန်ဈေးနှုန်းနဲ့ဝင်ငွေ အချိုးအဆ၊ ဆင်းရဲချမ်းသာ ကွာဟချက် အချိုးအဆတွေက လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်ကာလနဲ့ ဘယ်လိုမှယှဉ်မရနိုင်အောင် ကြီးမားလှပါတယ်။

ဒီလို ဒုက္ခပေါင်းစုံ ခံစားနေရဆဲဖြစ်လို့ နိုင်ငံရေးလှုပ်ရှားဆောင်ရွက်သူတွေကို “ကိုယ့်ဘာသာ အေးအေးဆေး မနေကြဘူး။ သူတို့ကြောင့် ဒုက္ခရောက်ရတာ” ဆိုတဲ့ စကားမျိုးတွေ နဲ့ ပြောဆိုတာတောင် ကြားခဲ့ဖူးပါတယ်။ ဒီလိုကျပ်တည်းမှ၊ ဒီလို အယူအဆတွေရှိမှ တော်လှန်ပုန်ကန်တာတွေ မရှိမှာ ဆိုတဲ့သဘောနဲ့ ပြည်သူတွေ ကျပ်တည်းအောင်၊ လှုပ်မရအောင် စနစ်တကျစီစဉ်ခဲ့လေ သလားလို့တောင် တွေးစရာပါ။

မြန်မာ့သမိုင်းမှာ အကြီးမားဆုံး လူထုအုံကြွမှုဖြစ်တဲ့ ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ပြောကြတဲ့အခါ အရေးတော်ပုံကို ဘယ်သူတွေက အကွက်ချ စီစဉ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်တွေမျိုးစုံရှိနေတာမို့ ဘယ်ဟာက အမှန်ဆိုတာ အငြင်းပွားကောင်း ပွားနိုင်ပေမယ့် အဲဒီတုန်းက အရေးတော် ပုံကြီး ပေါ်ပေါက်ခဲ့တာ ကတော့ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် လွတ်လပ်ရေးရပြီးကတည်း က ဖြစ်ခဲ့ရတဲ့ ပြည်တွင်းစစ်မီးတွေ၊ ဆဲဗင်းဂျူလိုင်၊ မှိုင်းရာပြည့်၊ ဦးသန့်ဈာပန အရေးအခင်း၊ ကျွန်းဆွယ်ပွဲ စတဲ့ ကျောင်းသားအရေးအခင်းများနဲ့ အလုပ်သမား အရေး အခင်းတွေက တောက်လိုက်ငြိမ်းလိုက် ဖြစ်ခဲ့တဲ့ မီးစ မီးတောက်တွေ ဖြစ်ပါတယ်။ အနီးစပ်ဆုံး ကတော့ ငွေစက္ကူအရေးအခင်း နဲ့ ၈၈ မတ်လ အရေးအခင်းများပဲ ဖြစ်ပါတယ်။

တကယ်တော့ လွတ်လပ်ခွင့်မရှိခြင်း၊ ဆင်းရဲမွဲတေမှု မြင့်မားခြင်း စတဲ့ နိုင်ငံရေးဆိုင်ရာ လိုအပ်ချက်တွေကို ရိုးရိုးဖြောင့်ဖြောင့် မဖြေရှင်းဘဲ ဖိနှိပ်မှုတွေရှိနေသမျှ လူထု အုံကြွမှုတွေ၊ တော်လှန်ရေးတွေက ရှိနေမှာပါ၊ မြန်မာပြည် မှာ ပေါ်ပေါက်ခဲ့ တဲ့ အရေးတော်ပုံများဟာ ဒီသဘောတွေနဲ့ မကင်း ပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံဟာလည်း မကျေနပ်မှုပေါင်းများစွာ၊ အရင်းအနှီးပေါင်းများစွာကို အရင်း တည်ပြီး မှ ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။

မြို့ကြီး မြို့ငယ်တွေအနှံ့ ပေါ်ပေါက်ခဲ့တဲ့ ဆန္ဒပြပွဲတွေအတွင်း သိန်းနဲ့ချီတဲ့လူထု ပါဝင်ဆင်နွှဲခဲ့ပြီး မဆလ အစိုးရ အဆင့်ဆင့် ပြုတ်ကျခဲ့ပါတယ်။ တစ်လကျော်အတွင်း အုပ်ချုပ်ရေးယန္တရားတွေ ရပ်တန့်သွားတဲ့အထိ အရှိန်မြင့်ခဲ့ပါတယ်။ အရေးတော်ပုံကာလ စစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၃၀၀၀ မှ ၅၀၀၀ အထိ သေဆုံးခဲ့ တယ်လို့ ခန့်မှန်းကြပါတယ်။ အာဏာသိမ်းအစိုးရကတော့ တနိုင်ငံလုံးမှာ ၈ ယောက်ပဲ သေဆုံးခဲ့တယ်၊ ဒါတောင်မှ ဂိုဒေါင်တွေဖောက်လို့ ပစ်ခတ်ရင်း သေဆုံးခဲ့တာလို့ ဆိုခဲ့ပါတယ်။ လွတ်လပ်ပွင့်လင်းတဲ့ အခြေအနေမရှိသေးတော့ ထောင်ချီတဲ့ သေဆုံးသူတွေနဲ့ပတ်သက်လို့ ဒီကနေ့အထိ ဘာစာရင်းမှ အတိအကျ မတင်နိုင်သေးပါဘူး။




ဒီလိုအရှိန်အဟုန်ကြီးမားခဲ့တဲ့ အရေးတော်ပုံကြီး ဘာကြောင့် အဆုံးသတ် မအောင်မြင်ခဲ့ပါသလဲ။ ပြန်လည်သုံးသပ်သူတွေက ကိုယ့်အတွေ့အကြုံ၊ ကိုယ့်အယူ အဆတွေနဲ့ ကောက်ချက် ချကြပါတယ်။ အထူးသဖြင့် ခေါင်းဆောင်တွေ မညီညွတ်လို့၊ စစ်တပ်က လက်ဦးမှုရယူသွားလို့ ဆိုတဲ့ကောက်ချက်တွေကို တော်တော်များများ ကြားရပါတယ်။

တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံအတွင်း လူသိထင်ရှားဖြစ်တဲ့ ခေါင်းဆောင်အနည်းငယ်ရဲ့ ဦးဆောင်မှုက လွဲရင် ဒေသအလိုက် ဦးဆောင်ခဲ့သူများဟာ ဒေသခံ နိုင်ငံရေးတက်ကြွသူများ ဖြစ်ပါတယ်။ အားလုံးက ကိုယ့် ဆုံးဖြတ်ချက်နဲ့ကိုယ် နီးစပ်ရာတိုင်ပင်ပြီး ဆောင်ရွက်ကြတာပါ။ အဖွဲ့တွေများ သလို ခေါင်းဆောင်တွေ လည်း အများကြီးပါ။ နေရာစုံက တော်လှန်ရမယ်ဆိုပေမယ့် တစ်ဦးနဲ့တစ်ဦး တစ်ဖွဲ့နဲ့တစ်ဖွဲ့ အဆက်အသွယ်တွေ တိုင်ပင်ညှိနှိုင်းမှုတွေ အားနည်းခဲ့ပါတယ်။ ဒါကြောင့် အင်အားတွေ တစုတစည်းတည်း မဖြစ်ခဲ့ပါဘူး။

ဆက်သွယ်ရေးနည်းစနစ်တွေ မကောင်းခဲ့တာကလည်း အရေးတော်ပုံကို အားနည်းစေတဲ့အချက် ဖြစ်ပါတယ်။ ပြည်တွင်းဆက်သွယ်ရေးမကောင်းလို့ ပြည်ပအသံလွှင့်ဌာနတွေကိုသာ အားကိုးခဲ့ရသလို ပြည်တွင်းမှာဖြစ်ပျက်နေသမျှ ပြည်ပက သေသေချာချာ မသိခဲ့တဲ့အတွက်လည်း နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု၊ ပံ့ပိုးမှုတွေ ကောင်းကောင်းမရခဲ့ပါဘူး။ ကမ္ဘာက ကျယ်ကျယ်ပြန့်ပြန့် မသိလိုက်တဲ့ တော် လှန်ရေးကြီးပါ။

နောက်တစ်ချက်ကတော့ အရေးတော်ပုံရဲ့ ခေါင်းဆောင် အသေအချာ မရှိခဲ့တာပါ။ အထူးသဖြင့် တော်လှန်ရေးခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင် အံဝင်ခွင်ကျ မဖြစ်ခဲ့တာ ကို တွေ့ရပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူလူထု ဆိုတာက တော်လှန်ဖို့၊ ပုန်ကန်ဖို့၊ ဆန္ဒပြဖို့၊ မကြိုက်တဲ့အစိုးရ ကို ဖြုတ်ချဖို့ပဲ ပြင်ဆင်ခဲ့တာပါ။ တော်လှန်ရေးအောင်မြင်ရင်၊ အစိုးရပြုတ်ကျသွားရင် အာဏာကို ဘယ်လိုသိမ်းမယ်၊ အုပ်ချုပ်ရေးယန္တရားကို ဘယ်လိုကိုင်တွယ်မယ် ဆိုတာ မျိုးတွေတော့ ပြင်ဆင် မထားပါဘူး။ အဲဒါတွေ မလုပ်နိုင်ခင် စစ်တပ်က အာဏာသိမ်းခဲ့လို့ လူထုအရေးတော်ပုံကြီး တခန်းရပ်ခဲ့တာဖြစ်ပါတယ်။

အားနည်းချက်တွေ လိုအပ်ချက်တွေချည်း ပြောမိလို့ ရှစ်လေးလုံးအရေးတော်ပုံကြီးက အရှုံးနဲ့ အဆုံးသတ်ခဲ့ရတယ်လို့ မယူဆစေချင်ပါဘူး။ ပြည်သူတရပ်လုံး အားကိုးရတဲ့ ခေါင်းဆောင်ပေါ်ထွန်းခဲ့တာ၊ လူထုကြား နိုင်ငံရေးအသိတွေ ကိန်းအောင်းလာတာ၊ တော်လှန်ရေးမျိုးဆက်မပြတ်ဘဲ ရှိနေတာတွေက ရှစ်လေးလုံးရဲ့ အကျိုးရလဒ်များဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ ရက်စက်မှု၊ ကောက်ကျစ်မှု၊ မဖြောင့်မတ်မှုတွေ က အရေးတော်ပုံရဲ့ အားနည်းချက် အားသာချက်များနဲ့ ဘာမှ မဆိုင်ပါဘူး။ ခေါင်းစဉ် လွဲမှားပြီး ကောက်ချက် ချမိတတ်လို့ပါ။

အင်္ဂလိပ်-မြန်မာ စစ်ပွဲတွေကို သုံးသပ်ထားတဲ့ ကျောင်းသုံးသမိုင်းစာအုပ်တွေမှာ လက်နက်အင်အား၊ လူအင်အား မမျှလို့ အရေးနိမ့်ခဲ့ရတယ်လို့ ဖတ်ခဲ့ရတော့ လက်နက်များရင် ဒါမဟုတ် လူများ ရင် နိုင်မလိုလို တွေးမိဖူးပါတယ်။ အဲဒါတွေများရင်ရော အင်္ဂလိပ်ကို အသေအချာ နိုင်ခဲ့မလားဆိုတာကလည်း မရေရာပါ။

ရှစ်လေးလုံးအရေးတော်ပုံမှာလည်း ဘယ်သူတွေက ဘယ်လိုမလုပ်လို့၊ ဘယ်သူတွေက မညီညွတ် လို့၊ အချိန် ကာလ တိုတောင်းလို့၊ စစ်တပ်က လက်ဦးလို့ စသဖြင့် ကောက်ချက်ချကြပေမယ့် အဲဒါတွေ တကယ်ဖြစ်ခဲ့ရင်ရော အောင်မြင်မှာလား ဆိုတဲ့အချက်ကလည်း မသေချာပါ။ ဒီလိုလုပ်မိခဲ့ရင် ကောင်းသား၊ ဟိုလို မလုပ်လိုက်မိလို့ ဒီလိုဖြစ်တာ စသဖြင့် နောင်တတရားတွေကို ဆုပ်ကိုင်ရင်း လက်ညှိုးထိုးမယ့်အစား လုပ်စရာရှိတာလုပ်ရင်း အရာရာအတွက် အသင့်ပြင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ကံကြမ္မာဆိုတာ ပြည်သူလူထုရဲ့ ကံကြမ္မာနဲ့ ထပ်တူကျနေပါတယ်။ တစ်ဦးချင်းရဲ့ ကံကြမ္မာ ကောင်းဖို့ တစ်ဦးချင်းကပဲ ကြိုးစားရမှာပါ။ အတိတ်ကို အတိတ်မှာ ထားရစ်ခဲ့ပေမယ့် အတိတ်က သင်ခန်းစာတွေ၊ အားနည်းချက် လစ်ဟာချက်တွေကိုတော့ အမှတ်ရဆင်ခြင်ဖို့လိုပါတယ်။ တချိန်က မှားခဲ့ရင် ထပ်မမှားဖို့၊ တချိန်က လိုအပ်ချက်တွေရှိခဲ့ရင် ဖြည့်စွက်ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နောက်ကို ပြန်ငဲ့ကြည့်ဖို့ လိုအပ်ပေမယ့် ရှေ့ကိုတော့ ရောက်အောင်လှမ်းရမှာ ဖြစ်ပါတယ်။

ရှစ်လေးလုံးလို နောက်ထပ် အရေးတော်ပုံကြီးတစ်ခု ဖြစ်ပေါ်ဖို့ဆိုတာ မသေချာပေမယ့် ၁၉၈၈ ခုနှစ်ကတော့ ရှစ်လေးလုံးအရေးတော်ပုံကြီးတစ်ခု အသေအချာကို ပေါ်ပေါက်ခဲ့တာပါ။ ဆိုးသည်ဖြစ်စေ ကောင်း သည်ဖြစ်စေ သမိုင်းဆိုတာ ဘယ်တော့မှ ဖျောက်ဖျက်လို့ မရနိုင်ပါ။ ။

ထိန်လင်း

၂၉၊ ၇၊ ၂၀၁၁

ပထမဆုံး မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက်



ပထမဆုံး မြန်မာနိုင်ငံ သမ္မတကြီး စဝ်ရွှေသိုက်

စဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန္န၀ါရီ ၄ရက် မှ ၁၉၅၂-ခုနှစ် မတ်လ ၁၆-ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။

စဝ်ရွှေသိုက်သည် မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ် (ခရစ် ၁၈၉၆-ခုနှစ်)တွင် ညောင်ရွှေမြို့၌ ညောင်ရွှေစော်ဘွာကြီး အဖ ဆာစပ်မောင်နှင့် အမိ မဟာဒေဝီတို့မှ ဖွားမြင်သော သားဖြစ်သည်။

ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာ စစ်အတွင်း ဘားမာရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေနတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏ သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။

မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သည်။





Burma's Independence Day. The British governor, left , လက်ဝဲဘက်မှ ရပ်နေသူမှာ အင်္ဂလိပ်အစိုးရ ဘက်မှ အုပ်ချုပ်ရေး အရာရှိ and Burma's first president, Sao Shwe Thaik, အလယ်-ခေါင်းပေါင်းနှင့် သူမှာ မြန်မာနိုင်ငံ ပထမဆုံး သမ္မတကြီး စပ်ရွှေသိုက်ဖြစ်ပြီး stand at attention as the new nation's flag is raised on January 4, 1948. အ၈င်္လိပ်ကိုလိုနီ အလံကိုချပြီး မြန်မာ့နိုင်ငံ အလံကို လွှင့်တင်နေပုံ။၁၉၄၈ ဇန်န၀ါရီ ၄ ရက်

ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွာကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။

၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာ စစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှ နယ်ချဲ့ အရင်းရှင် အင်္ဂလိပ် လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ တိုင်ရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။

ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရသောအခါ ယာယီ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး အဖြစ် တင်မြှောက်ခြင်း ခံရသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသော အခါ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။ ၁၉၄၇-၆၀ ပြည့်နှစ်များတွင် လူမျိုးစု လွှတ်တော် အမတ်အဖြစ် ရွေးချယ်ခြင်း ခံရသည်။



၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့် စစ်တပ်က နိုင်ငံတော် အာဏာအရပ်ရပ်ကို သိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက် ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။
ဘ၀နိဂုံး

အမှတ် (၇၄)၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။ သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီ စင်ဟိန်ခမ်းနှင့် ဦးယူဂျင်းသိုက် (ခ) စဝ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။


ကိုးကား

ရွှေဥသြရဲ့ ‘တချိန်က ထင်ရှားခဲ့သော ပုဂ္ဂိုလ်ကြီးများ’ စာအုပ်၊ ၂ဝဝ၂ ခုနှစ်၊ ဒီဇင်ဘာလ(တတိယ အကြိမ်)စပယ်ဦး စာပေ

မြန်မာနိုင်ငံ မှ စစ်အုပ်ချုပ်ရေး


ကမ္ဘာတွင် Burma ဟု လည်း ခေါ်ဝေါ်ကြသော မြန်မာနိုင်ငံမှ ဆင်းရဲနွမ်းပါးသော ပြည်သူများသည် ရက်စက်ကြမ်းကြုပ်သော စစ်အုပ်ချုပ်ရေး စနစ်အောက်တွင် ရာစုနှစ် ဝက်မျှ နေထိုင်ခဲ့ကြရ သည်။ မြန်မာနိုင်ငံသည် ယခုအခါ ကိုးရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ (ခေါ်) မြောက်ကိုးရီးယား ကဲ့သို့ များစွာ ငတ်မွတ်ခေါင်းပါးခြင်း ရှိပုံမရသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ရေး တောင်းဆိုသော တိုင်းရင်းသားအုပ်စုများစွာနှင့် ဖြစ်ပွားနေသော မဆုံးနိုင် သည့် စစ်ပွဲများ ပြင်းထန်နေပြီ ဖြစ်သည်။

မကြာသေးခင်ကအထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်ခဲ့သော တပ်မတော် အစိုး ရခေါ် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီသည် မြို့ရွာအသီးသီးမှ ဒီမိုကရေစီ ထောက်ခံ လှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်း၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်သို့ပေးသည့် လူသားချင်း စာနာ သာ အကူအညီများကို နှောင့်နှေးစေခြင်း၊ အရှေ့ဖက်ကုန်းမြင့်ဒေသ အပါအဝင် တောင်တန်းပြည်နယ်နေ တိုင်းရင်းသား လက်နက်ကိုင်များနှင့် အရပ်သား များကို အင်အားသုံး တိုက်ခိုက်သတ်ဖြတ်ခြင်း တို့ကို ပြုလုပ်ခြင်းဖြင့် သူတို့ တပ်မတော်အစိုးရ၏ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးပုံစံကို အကောင် အထည်ဖေါ် မြှင့်တင်ခဲ့သည်။ သူတို့၏ ဖိနှိပ်အုပ်ချုပ်မှုက မြန်မာပြည်သူများကို ဆင်းရဲတွင်းသို့ တွန်းပို့ခဲ့သည်။

သို့သော်လည်း လူတိုင်း ဆင်းရဲနေကြသည်တော့ မဟုတ်ပေ။ အာဏာရှင်အစိုးရများ၏ ထုံးစံအတိုင်း အစိုးရအဖွဲ့ဝင်များ၊ သူတို့၏ မိသားစုဝင်များ၊ မိတ်ဆွေရောင်းရင်းများမှာမူ နိုင်ငံရေးအာဏာမှတစ်ဆင့် ကြီးမားစွာ အမြတ်ထွက်လျက်ရှိသည်။ အမေရိကန်ပြည်ထောင်စုနှင့် အီးယူ၏ အရေးယူ ပိတ်ဆို့မှု များသည် မြန်မာအစိုးရ၏ ဘဏ္ဍာရေး လုပ်ငန်း နှောင့်နှေးစေရုံမျှသာ တတ်နိုင်ကြသည်။

စိတ်မကောင်းစရာမှာ အထက်ပါ အရေးယူ ပိတ်ဆို့မှုများသည် ဒီမိုကရေစီကို အားပေးမြင့် တင်နိုင်ခြင်း(သို့) မြန်မာပြည်သူများ၏ အခြေအနေကို တိုးတက်စေခြင်း လုံးဝမရှိဘဲ၊ မြန်မာ အုပ်ချုပ်သူအလွှာ ကို နှောက်ယှက်ရုံမျှသာ တတ်နိုင်ကြခြင်း ဖြစ်သည်။ တရုတ်၊ အိန္ဒိယနှင့် အခြား အာရှနိုင်ငံများက မြန်မာဈေးကွက်အတွင်း လှုပ်ရှားလျက် ရှိနေခြင်းကြောင့် ဦးသန်းရွှေနှင့် အသိုင်းအဝိုင်း ( Shwe & Co )အတွက် သူတို့ မတရားရှာဖွေထားသော ဓနဥစ္စာ များဖြင့် သွားလာ သုံးဖြုန်းရန် အခွင့်အလမ်း လျော့ပါးသွားခြင်း မရှိပေ။

သို့သော်လည်း “ရွှေတို့ အစိုးရ” က အနောက်နိုင်ငံများထံမှ အသိအမှတ်ပြုမှုနှင့် ပိုက်ဆံကိုပါ လိုချင်ပြန်သောကြောင့် ပြီးခဲ့သောနှစ်တွင် စစ်အုပ် ချုပ်ရေးကို အဆုံးသတ်မည်ဟု ‘ရွှေ’က ကြေညာခဲ့သည်။ တပ်မတော်မှ ဗိုလ်ချုပ်များစွာကို နှုတ်ထွက်စေခဲ့သည်။ ထို့နောက် ရွေးကောက်ပွဲကို ကျင်းပ ပေးကာ နိုင်ငံခြားမှ လက်ခုတ်သံကို မျှော်လေသည်။ အဆိုပါ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ကို ပြည်တွင်း ဒီမိုကရေစီလှုပ်ရှား သူများက ပြောင်းလဲမှု အတွက် ရှေ့ပြေးလက္ခဏာအဖြစ် မျှော်လင့်ခဲ့ကြသလို နိုင်ငံခြားမှ လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း ပြုပြင် ပြောင်းလဲခြင်း စတင်မှုကို အစပျိုးတော့မည် ဟု မျှော်လင့်ခဲ့ကြသည်။

တကယ်တော့ ဘာမှ ဖြစ်မလာပါ။ လွတ်လပ်သော ရွေးကောက်ပွဲနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပါတီ၏ အောင်ပွဲကို မိုက်မဲစွာ ခွင့်ပြုမိခဲ့သည့် ၁၉၉၀ ခုနှစ် ဖြစ်ရပ်ကို တပ်မတော်အစိုးရက ကေးနဝဋ်ပုဏ္ဏား၏ နဖူးမှအမာရွတ်ကဲ့သို့ သင်ခန်းစာ ယူခဲ့ပြီးဖြစ်သည်။ ထိုစဉ်က ရွေးကောက်ပွဲကို တရား မဝင်ကြောင်း ကြေညာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီး၊ သူမ၏ပါတီကို နှိပ်ကွပ်စသဖြင့် လုပ်ဆောင်ခဲ့ရသောကြောင့် ပြည်တွင်းတွင် သွေးမြေကျကာ နိုင်ငံတကာ၏ ကဲ့ရဲ့ခြင်းကို ခံခဲ့ရသည်။

သို့ဖြစ်၍ ဤတစ်ကြိမ်တွင် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီဆိုသည်ကို သွတ်သွင်းရန် “ ရွှေတို့ အစိုးရ ” က ဆုံးဖြတ်သည်။ “ရွှေတို့ အစိုးရ” က သူတို့ အသာစီးရစေမည့် အခြေခံဥပဒေကို ရေးသားကာ ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်း ပီးနောက်တွင် ရွေးကောက်ပွဲအတု ကျင်းပကာ ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့သည်။ Human Rights Watch က ဦးသိန်းစိန်ကို “ မြန်မာနိုင်ငံ၏ အဂတိလိုက်စားမှု အဆိုးဝါးဆုံး အမှောင် ကာလများတွင် အခွင့်အာဏာရှိသော ရာထူးများကို ထမ်းဆောင်ရာ၌ သန့်ရှင်းသော သမိုင်းကြောင်းရှိသည့် ကြမ်းကြုပ်မှု မရှိသော သစ္စာခံတစ်ဦး ” ဟု ခေါ်ဝေါ်ခံခဲ့ရသည်။ လွန်ခဲ့သော ၄ နှစ်က မြန်မာနိုင်ငံ လမ်းများပေါ်၌ ဆန္ဒပြသူများ အသတ်ခံရချိန်တွင် ဦးသိန်းစိန်သည် ဝန်ကြီးချုပ် တာဝန်ယူထားသူ ဖြစ်သည်။

တပ်မတော်သည် လွှတ်တော်ကိုယ်စားလှယ် နေရာများစွာ ရယူခြင်းဖြင့်လည်း သူ့ဟာသူ သေချာအောင် လုပ်ဆောင်ထားကာ ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အန္တရာယ်အရှိဆုံး အတိုက်အခံများ ရွေးကောက်ပွဲ မဝင်နိုင်အောင် ပိတ်ပင်ခြင်း၊ မဲဆွယ်ရာတွင် အစိုးရကို မဝေဖန်ရန်တားမြစ်ခြင်း၊ မဲရေတွက်ခြင်းကို အစိုးရလက်ထဲတွင်ထားခြင်း စသဖြင့် ဘက်စုံ၊ ထောင့်စုံ၊ မီးကုန်၊ ယမ်းကုန်၊ အာဏာကုန် ကြိုးပမ်းပြီးနောက်တွင် တပ်မတော် အရာရှိ ဟောင်းများဖြင့် ဖြည့်ထားသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီက မနှစ်က နိုဝင်ဘာ ရွေးကောက်ပွဲတွင် အောင်ပွဲခံ သွားလေတော့သည်။

ထိုစဉ်ကပင် မြန်မာအစိုးရက မြို့ပေါ်မှ ဒီမိုကရေစီ လှုပ်ရှားသူများကို ထောင်ချခြင်း၊ ကျေးလက်ဒေသများသို့ မသွားနိုင်အောင်ထိန်းချုပ်ခြင်း၊ ဝေးလံသော အရှေ့ဖက် တောင်တန်းဒေသမှ အရပ်သား များနှင့် တော်လှန်ရေး သမားများကို သတ်ဖြတ်ခြင်းတို့ကို အဆက် မပြတ် ပြုလုပ်ခဲ့ သည်။ မြန်မာ နိုင်ငံသား တစ်သိန်းကျော် ထိုင်းနိုင်ငံထဲသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ကြရပြီး ပြည်တွင်း၌ လူပေါင်း သန်းနှင့်ချီ၍ အိုးမဲ့အိမ်မဲ့ နေစရာ မရှိ ဖြစ်ကြရ သည်။ မြန်မာနိုင်ငံ အရှေ့ဖက် တောင်ကုန်း များတွင် မြေမြှပ်မိုင်းများဖြင့် ပြည့်နေကာ တန်ဖိုးရှိသော လူသားတို့၏ အသက်ဆုံးရှုံးမှုများ၊ ထိခိုက် ဒဏ်ရာရမှု များကို ဖြစ်ပေါ်စေခဲ့သည်။ အာဏာရ မြန်မာတပ်မတော် အစိုးရ၏ ဖိနှိပ်အုပ်ချုပ်မှု မူဝါဒကြောင့် မိဘမဲ့ ဖြစ်ရသော မြန်မာနိုင်ငံမှ ကလေးသူငယ်များ၏ ဇတ်လမ်းများမှာ ရင်နာစရာ ကောင်းလှပေသည်။

ယခုအခါ နိုင်ငံရေး အကျဉ်းသား ၁၁၀ ခန့် လွှတ်လာသော်ငြားလည်း အသစ်ထပ်မံ ဖမ်းဆီးမှုများရှိနေပြီး အကျဉ်းထောင်များထဲ၌ လက်ရှိ ခန့်မှန်း ခြေ နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ခန့် ရှိနေရာ လွန်ခဲ့သော ၄ နှစ်ကထက် ၂ ဆ များလာခြင်း ဖြစ်သည်။ အစိုးရက ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့ပြီး၊ ပြီးခဲ့သော အပတ်က အစိုးရဝန်ကြီးတစ်ဦးနှင့် သူမ တွေ့ဆုံခဲ့သော်ငြားလည်း သူမသည် နိုင်ငံရေးတွင် ပါဝင်ခွင့် မရအောင် တားမြစ်ခံထားရဆဲ ဖြစ်ပြီး သူမ၏ပါတီ ဖျက်သိမ်းခံထားရသလို သူမ၏ အမာခံအင်အားစု များစွာမှာလည်း အကျဉ်းထောင် သံတိုင်များ၏ နောက်တွင် ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့အပြင်ဖက်သို့ သူမ စည်းရုံးရေးခရီး ထွက်ပါက အကြမ်းဖက်မှု အဓိကရုဏ်း များ ဖြစ်လာနိုင်သည်ဟု အစိုးရက မသွယ် မဝိုက် ဗြောင်ကျကျ ခြိမ်းခြောက်ထားပြန်ပါသည်။ ၂၀၀၃ ခုနှစ် မေလက ဒေါ်အောင်ဆန်းစုကြည်၏ ခရီးသွားယာဉ်တန်းကို တပ်မတော် စည်းရုံးလှုပ်ရှား ထားသော လူအုပ် က တိုက်ခိုက်ကာ သူမအား ထောက်ခံသူ ၇၀ ကျော်ကို သတ်ဖြတ်ခဲ့ရာ သူမကိုယ်တိုင် အသက်အန္တရာယ် ထိခိုက်လုနီးပါး ဖြစ်ခဲ့ရသည်။

၂၀၀၇ ခုနှစ်က ရွှေဝါရောင် တော်လှန်ရေးတွင်လည်း သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အစိုးရက ရှက်စရာ ကောင်းလောက်အောင် ရက်စက်ကြမ်းကြုပ်စွာ တုန့်ပြန်ခဲ့သည်။ ထိုစဉ်က ဆန္ဒပြသူများမှာ သေနတ်ဖြင့် ပစ်ခတ်ခြင်းခံရသလို အစိုးရက လှုပ်ရှားသူများကို ဖမ်းဆီးရာ တွင် မြန်မာလူ့အဖွဲ့အစည်းက ကြည်ညို လေးစားသော သံဃာတော်များကိုပင် ရိုက်နှက် ဖမ်းဆီးခဲ့ကြသည်။ ယခုအခါ သံဃာတော်များ၏ သွားလာလှုပ်ရှားမှုကို တားမြစ်ထားပြီး တရားပွဲများကိုလည်း စီစစ်ပိတ်ပင်ထားသည်။

ယခင် SPDC အစိုးရက တိုင်းရင်းသား လက်နက်ကိုင်အုပ်စု အများစုနှင့် အပစ်ရပ်ရန် သဘောတူ ထားခဲ့သော်လည်း နိုဝင်ဘာ ရွေးကောက်ပွဲမျအပြီး အချိန်တို အတွင်းမှာပင် ကရင်ပြည်နယ်တွင် စတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ အရပ်ဖက် အစိုးရသစ်ကလည်း ယခုနှစ် အစောပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်းမှ ရှမ်းလက်နက်ကိုင် တပ်များကို တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ပြေးဒုက္ခသည်များ တရုတ်နိုင်ငံဖက်သို့ ထွက်ပြေးကြရသည်။

ဇန်နဝါရီလတွင်မူ လူ့အခွင့်အရေး ကောင်စီ၏ နှစ်စဉ် သုံးသပ်ချက် အစီရင်ခံစာတွင် မြန်မာနိုင်ငံအကြောင်း ပါဝင်လာခဲ့သည်။ အာဏာရှင် အစိုးရ များစွာ ပါဝင်ဖွဲ့စည်းထားသည့် လူ့အခွင့်အရေးကောင်စီသည် မြင့်မြတ်စွာ ခွင့်လွှတ်တတ်သော အဖွဲ့တစ်ခု ဖြစ်ဟန်တူသည်။ ယင်း၏ အစီရင်ခံစာ သုံးသပ် ချက်တွင် မြန်မာတပ်မတော် အစိုးရသည် အမှတ်ကောင်းကောင်းရထာပြီး လွတ်လပ်သော ရွေးကောက်ပွဲများ ကျင်းပခဲ့ကြောင်း၊ ဆင်ဆာဖြတ်သော မီဒီယာ မရှိကြောင်း၊ နိုင်ငံရေး အကျဉ်းသားများ မရှိကြောင်း၊ တိုင်းရင်းသား အုပ်စုများကိုလည်း မတိုက်ခိုက်ကြောင်း ဖေါ်ပြထားသည်။ Human Rights Watch မှ David Scott Mathieson က ယင်း အစီရင်ခံစာကို “ ဟားတိုက် ရယ်စရာ ကောင်းသည့် အလယ်အတွင်းသားကို လုံးဝ ဖုံးကွယ်ထားသော မဟုတ်တမ်း တရား ကာကွယ်ပြောဆိုမှု ” ဟု ခေါ်ဝေါ် ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ၏ ရှေ့ရေးအတွက် တာဝန်ရှိကြသူများသည် ယူနီဖောင်းချွတ်ကာ အရပ်ဝတ်လဲရုံသာ ပြောင်းလဲခဲ့ပြီး အခြားဘာမှ ပြောင်းလဲသွားခြင်း မရှိပေ။ ဗိုလ်ချုပ်ကြီးတစ်ဖြစ်လဲ သမ္မတဦးသိန်းစိန်၏ အမျိုးသား ပြန် လည် စေ့စပ်ပေါင်းစည်းရေး အစီအစဉ်သစ်သည်လည်း တပ်မတော်သြဇာ စိုးမိုးရေး ပုံစံသစ်တစ်ခုသာ လျှင် ဖြစ်ပေသည်။ မြန်မာအစိုးရ၏ ပြုပြင်ပြောင်းလဲမှု နတ္တိဖြစ်နေခြင်းကို စိတ်ပျက်လက်ပျက် ဖြစ်လာသော ဝါရှင်တန် မြန်မာသံရုံးမှ ဝါရင့် သံအရာရှိ နှစ်ဦးမှာ ယခင်လက နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့ကြသည်။

စိတ်မကောင်းစရာမှာ နိုင်ငံတကာ အသိုင်းအဝိုင်းက လုပ်နိုင်သည့်အရာ အနည်းငယ်သာ ရှိနေခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့က အရေးယူပိတ်ဆို့ ဒဏ်ခတ်ထားသော်လည်း ထိရောက်မှု အနည်းငယ်မျှသာ ရှိသည်။ မြန်မာတပ်မတော် အစိုးရကို အစဉ်အလာအရ ကာကွယ်ပေးနေသည့် နိုင်ငံ အနည်းငယ်သာ ရှိသော်လည်း မြန်မာနိုင်ငံ၏ အိမ်နီးခြင်း တိုင်းပြည်များသည် ကျွန်းသစ်နှင့် အခြား သယံဇာတများမှ အကျိုး ဖြစ်ထွန်းနေကြသည်။ တရုတ်နိုင်ငံက ပထဝီနိုင်ငံရေး ခြေကုတ်ရရန် ကြိုးစားနေသလို အိန္ဒိယကလည်း နောက်ကလိုက်၍ ကြိုးပမ်းနေသည်။ အာဆီယံ နိုင်ငံများကလည်း ရန်ကုန်မြို့တော်၏ အကောင်းဆုံး အချိန်များကို အိမ်မက် မက်နေကြသော်လည်း လက်တွေ့ ဘာမှမလှုပ်ရှားကြပါ။ အမှန်တကယ်၌ မြန်မာနိုင်ငံသည် ၂၀၁၄ တွင် အာဆီယံ၏ ဥက္ကဋ္ဌ လုပ်ရန်ပင် စိတ်ကူးနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲများကို အနောက်ကမ္ဘာနှင့် ပိုမိုထိတွေ့ရန် ဖွင့်လှစ်သည့် အလားအလာတစ်ခုအဖြစ် ရှုမြင်ခဲ့ကြသော်လည်း ယခု အချိန်အထိ မြန်မာအစိုးရက ထိရောက်သော ပြုပြင်ပြောင်းလဲမှု မှန်သမျှကို ငြင်းပယ်လျက် ရှိသည်။ နိုင်ငံတကာကို အကောင်းဆုံး ပြသနိုင်မည့် တစ်ခုထဲ သော လုပ်ရပ်ဖြစ်သည့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် ကိစ္စကိုလည်း မျက်စိစုံမှိတ် ဘူးကွယ်လျက် ရှိသည်။ ဦးသန်းရွှေ မရှိတော့လျင် ပြုပြင် ပြောင်းလဲမှု ပေါ်ထွက်လာနိုင်စရာ ရှိသော်လည်း အနှစ် ၅၀ သက်တမ်းအတွင်း အာဏာရှင် တစ်ဗိုလ်ဆင်း တစ်ဗိုလ်တက် နေသည့် ဖြစ်ရပ် ကိုသာ တွေ့နေ ရသည်။ မြန်မာ “ ဂေါ်ဘာချက်ဗ် ” ယခုတိုင် ပေါ်ထွက် မလာသေးခြင်းသည် ဝမ်းနည်းစရာပင်။

(The American Sepectator မှ 2 Aug 2011 ရက်စွဲပါ Doug Bandow ၏ “Military Rule in Burma ” ကို Transparency Myanmar မှ ဘာသာ ပြန်ဆိုသည်)

04 August 2011

ကိုယ်သင်ထားတဲ့ ပညာနဲ့ပဲ အလုပ်တွေ ဆက်လုပ်သွားချင်ပါတယ်။ ဘ၀ကိုအရှုံးမပေးသူ မစုပုံချစ်နှင့် တွေ့ဆုံခြင်း


ကိုယ်အင်္ဂါ မသန်သော်လည်း စွမ်းဆောင်နိုင်သူ၊ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ပညာရေးကို တစိုက်မတ်မတ် လေ့လာသင်ယူနေဆဲ၊ မွေးရာပါလက်နှစ်ဖက်မှာ မသန်စွမ်းဖြစ်ခဲ့သော်လည်း စိတ်ဓာတ်မကျဘဲ စာပေပညာများ လေ့လာသင်ယူသူ မစုပုံချစ်နှင့် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။

မေး - ညီမလေး အခုကျောင်းပြီးသွား ပြီလား။ တခြားဘာတွေလုပ်ဖြစ်နေလဲ။

ဖြေ - ကျောင်းကတော့ မပြီးသေးပါဘူး။ လက်ရှိမှာတော့ M.E (IT) ဘွဲ့ အတွက် ကျောင်းတက်နေပါတယ်။ ပထမနှစ် second semester တက်နေပါတယ်။ ကျောင်းအပြင် IT နဲ့ ပတ်သက်တဲ့ သင်တန်းတွေ အင်္ဂလိပ် စာသင်တန်းတွေ တက်နေပါတယ်။

မေး - ကျောင်းပြီးသွားရင် ဘာဆက်လုပ်ဖို့ စိတ်ကူးထားလဲ။

ဖြေ - ကိုယ်သင်ထားတဲ့ ပညာနဲ့ပဲ အလုပ်တွေ ဆက်လုပ်သွားချင်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကိုယ့်နိုင်ငံတွင်းမှာပဲ လုပ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့လို လူမျိုးတွေကို အလုပ်ရှင်တွေက အလုပ်ခန့်ပါ့မလား။ မြန်မာနိုင်ငံမှာ မသန်စွမ်းသူတွေနဲ့ ပတ်သက်လို့ အလုပ်အကိုင် အခွင့်အလမ်းက အရမ်းနည်းပါတယ်။ မသန်စွမ်းတစ်ယောက်အနေနဲ့ မသန်စွမ်းမဟုတ်တဲ့ သူတွေနဲ့ တန်းတူလုပ်နိုင်ဖို့ ခဲယဉ်းပေမယ့် လူထဲ ကလူတွေဖြစ်တဲ့အတွက် သူတို့စားဝတ်နေရေးအတွက် အလုပ်အကိုင် ရရှိဖို့ လိုအပ်ပါတယ်။ တခြားနိုင်ငံတွေမှာဆိုရင် မသန်စွမ်းတဲ့သူတွေလည်း အလုပ်လုပ်ခွင့်ရကြတယ်။ ကုမ္ပဏီတစ်ခုမှာ လူတစ်ရာရှိရင် မသန်စွမ်းတဲ့သူက အယောက် ၂၀ လောက်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ သူတို့နိုင်ငံတွေမှာ မသန်စွမ်းသူတွေကို အလုပ်ခန့်တဲ့ ကုမ္ပဏီတွေကို အခွန်သက်သာခွင့်တွေ အပြင် တခြားခံစားခွင့်တွေ ရကြတဲ့အတွက် မသန်စွမ်းသူတွေကို နေရာပေးတယ်။ မသန်စွမ်းသူတွေ အလုပ်အကိုင်ရရှိတဲ့အတွက် သူတို့ရဲ့စားဝတ်နေရေးလည်း မသန်စွမ်းမဟုတ်တဲ့ သူတွေလိုပဲ ပြေလည် ကြတယ်။ မြန်မာနိုင်ငံမှာလည်း ဒီလို မျိုးဖြစ်ဖို့အတွက် မျှော်လင့်ပါတယ်။

မေး - လူမှုရေးလုပ်ငန်းတွေမှာရော ပါဝင်ဖြစ်သေးလား။

ဖြေ - ကျောင်းတစ်ဖက်နဲ့ ဆိုတော့ သိပ်အများကြီးတော့ မလုပ်ဖြစ်ပါ ဘူး။ မြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန် စွမ်းသူများအသင်းမှာ အလုပ်အမှုဆောင်တစ်ဦး အနေနဲ့ပဲ လုပ်ဖြစ်နေပါ တယ်။ နောက်ပြီး အရှင်ဇ၀န(မေတ္တာရှင်)နဲ့အတူ နာဂစ်ကြောင့် မိဘ မဲ့ဖြစ်သွားတဲ့ ကလေးတွေ၊ ဘုန်း တော်ကြီးကျောင်းတွေမှာ နေနေရတဲ့ မိဘမဲ့ကလေးတွေဆီကို သွားပြီး စိတ်ဓာတ်မြှင့်တင်ရေး ဟောပြောပွဲတွေ လုပ်ဖြစ်တယ်။ မိဘမဲ့ဖြစ်နေပေမယ့် စိတ်ဓာတ်မကျဖို့၊ ကြိုးစားကြဖို့ အတွက် အဓိကပြောဖြစ်ပါတယ်။

မေး - အခုနောက်ပိုင်း မသန်စွမ်းသူ တွေကို နေရာပေးလာတာမျိုးတွေ နားလည်ပေးလာတာမျိုးတွေ အရင် ကထက်စာရင် လက်တွဲခေါ်တာမျိုး တွေရှိလာလား။

ဖြေ - အရင်တုန်းက မသန်စွမ်းသူတွေကို မှီခိုတဲ့သူတွေလို့ မြင်ကြတယ်။ အခုနောက်ပိုင်းမှာ မသန်စွမ်းသူတွေကို မြင်တဲ့အမြင် ပြောင်းလာပါပြီ။ မသန် စွမ်းသူတွေက ဘာမှမလုပ်နိုင်တဲ့သူတွေ မဟုတ်ဘူး။ လုပ်နိုင်ကိုင်နိုင်တဲ့ သူတွေလို့ မြင်လာတယ်။

မေး - မြန်မာနိုင်ငံက မသန်စွမ်းသူတွေ လည်း တခြားသူတွေလို အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာဖို့ ဘာတွေ လိုအပ်မယ်လို့ထင်လဲ။

ဖြေ - အဓိက ကတော့ မသန်စွမ်းသူတွေနဲ့ ပတ်သက်တဲ့ ဥပဒေတစ်ရပ် အသက်ဝင်လာအောင် လုပ်သင့်တယ် လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေမှာ မသန်စွမ်း သူတွေနဲ့ပတ်သက်လို့ ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်း လိုက်နာကြရတယ်။ ဥပဒေသာ တကယ် အသက်ဝင်လာမယ်ဆိုရင် မသန်စွမ်းသူတွေအတွက် အကျိုးအများကြီးဖြစ်နိုင်ပါတယ်။

မေး - အကြောင်းအမျိုးမျိုးကြောင့် လမ်းပေါ်ရောက်နေတဲ့ ကလေးတွေ၊ မသန်စွမ်းသူတွေနဲ့ပတ်သက်ပြီး ဘာပြောချင်သေးလဲ။

ဖြေ - သူတို့လည်း အကြောင်းအမျိုး မျိုးကြောင့် လမ်းပေါ်ရောက်နေကြ ရတာပါ။ တချို့က တကယ်လိုအပ်လို့ လုပ်နေရတဲ့သူတွေ ရှိသလို တစ် စုံတစ်ဦးရဲ့စေခိုင်းချက်ကြောင့် မလုပ်ချင်ဘဲ လုပ်နေရတဲ့သူတွေလည်း ရှိပါတယ်။ အားလုံးက သူတို့စား ၀တ်နေရေးအတွက် အလုပ်လုပ် နေကြရတာပါ။ တချို့ကလည်း သာယာသွားကြတယ်။ ဒီလိုတောင်းရမ်းတာမျိုးက ငွေလွယ်လွယ်ရတော့ အလုပ်လုပ်ပြီးရတဲ့ငွေကို တန်ဖိုး မထားချင်ကြတော့ဘူး။ ပြောရမယ်ဆိုရင် အနာဂတ် မရှိကြတော့တာပေါ့။ ဒီလိုလူတွေက အသက်နည်းနည်းကြီးလာလို့ တောင်းလို့မရတော့တဲ့အခါမှာ ခိုးဝှက်မှုတွေလုပ်လာ တတ်ကြတယ်။ ကလေးငယ်တွေ ဒီလိုလမ်းပေါ်ရောက်နေတာ အဲဒီ ကလေးတွေအတွက်ရော နိုင်ငံရဲ့ အနာဂတ်အတွက်ရော မကောင်းပါဘူး။ ဒါကြောင့်သူတို့ လုပ်နိုင်လောက်တဲ့ အလုပ်အကိုင် အခွင့်အလမ်း တွေရှိလာမယ်၊ များများ ဖန်တီးပေးနိုင်မယ်ဆိုရင် အထိုက်အလျောက် လျော့နည်းသွားမယ်လို့ ထင်တယ်။

ကိုယ်ရေးအကျဉ်း
မွေးသက္ကရာဇ် - ၅-၉-၁၉၈၉

မိဘအမည် - ဒေါက်တာအုန်းကျော် (တိမွေးကုဆရာဝန်)၊ ဒေါ်ခင်ဆွေလဲ့

ဆယ်တန်းအောင်သည့်ခုနှစ် - ၂၀၀၅ / သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ

အမှတ်ပေါင်း - ၄၇၉ ၊ အ .ထ .က (၃) လှိုင်သာယာ

ရရှိခဲ့သည့် ဘွဲ့များ - B.Tech (IT), B.E (IT)

ရရှိခဲ့သည့် ဆုများ - စိတ်ဓာတ်ကြံ့ခိုင်ထူးချွန်ဆု (၂၀၀၁ခုနှစ် မြန်မာ အမျိုးသမီးများနေ့ အခမ်းအနား)၊ အထင်ပေါ်ဆုံး ကျောင်းသူဆု (၂၀၀၁ခုနှစ်၊ မြန်မာ့သွင်ပြင်အိုင်တီလူငယ့်အမြင်ပြပွဲ)၊ ဆယ်စုနှစ်ထူးချွန်ဆု ကျောင်းသူ(၂၀၀၄ခုနှစ်)၊ ဌာနဆိုင်ရာ မသန်စွမ်းထူးချွန်ဆု (၂၀၀၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့)၊ ပထမတန်းမှ တက္ကသိုလ်ဝင်တန်း အထိ အတန်းစဉ် ဆုပေါင်း ၅၀ ကျော်

သတင်း..weeklyeleven.

(၂၃) နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးအား အထူးဂုဏ်ပြုသော သီချင်းသစ်။

Song honouring 8888 by Niknayman

(၂၃) နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးအား အထူးဂုဏ်ပြုထားတဲ့ သီချင်းသစ်ကို ကိုယ်ပိုင်သံစဉ်ရေးသားပြီး ကိုယ်တိုင် သီဆိုသူကတော့ ညီမင်းသစ် ဖြစ်ပါတယ်။

(သီချင်းအား ပေးပို့ လာသော ညီမင်းသစ်အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်)။

ဗုဒ္ဓမြတ်စွယ်တော်ပွား နှစ်ဆူ ဖူးမြော်နိုင်ပြီ












မမျှော်လင့်ဘဲနှင့် ရုတ်တရက်ကြွရောက်လာသော တရုတ်ပြည် ပီကင်းမြို့ ဆင်ခြေဖုံး ရှုခင်း ကောင်းလှသည့် အနောက်ဖက်တောင်ကုန်းများပေါ်ရှိ (လိကွမ်း) ဘုန်းတော်ကြီး ကျောင်းတော် အတွင်း တွင် တည်ရှိခဲ့ပြီး ဤမြတ်ဗုဒ္ဓစွယ်တော်သည် တရုတ်ပြည်တွင် ကိန်းဝပ်စံပယ်တော်မူသည်မှာ နှစ်ပေါင်း (၁၅၀၀) ကျော်ခဲ့ပြီဖြစ်သည်။ ၄င်းဗုဒ္ဓမြတ်စွယ်တော်ပွားအား ၂.၈.၂၀၁၁၁ (အင်္ဂါနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသောမာစာရ ဦးစီးပင့်ဆောင်ခဲ့သည်။

ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ မပင့်ဆောင်မီ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ဗိုလ်မှူးဗထူးလမ်းပေါ်ရှိ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ခေတ္တခဏ ကိန်းဝပ်အပူဇော်ခံယူခဲ့ရာ နာရေး ကူညီမှုအသင်း(ရန်ကုန်) ၀န်ထမ်းများ၊ အသင်းသူ/သားများ၊ ရွှေပေါက်ပင်ဆရာတော်ကြီး၏ တပည့် ဒါယကာ၊ ဒါယကာမများနှင့် “အိုကေ” ကုသိုလ်ဖြစ်သာသနာပြု ရှမ်းတီးဝိုင်းအဖွဲ့တို့မှ အနီးကပ် ဖူးမြော် ခဲ့ကြပြီးနောက် နေ့လည် (၃း၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ပင့်ဆောင် ကာ ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်တွင် အပူဇော်ခံထားရှိရန်အတွက် ဆရာတော်ဘဒ္ဒန္တ သောမာစာရ၊ ဥက္ကဌ ဦးကျော်သူနှင့်အတူ အသင်းသားများတို့မှ ကိုယ်တိုင်ကိုယ်ကျ ပြည်မြို့သို့လိုက်ပါပြီး ဗုဒ္ဓမြတ်စွယ်တော်ပွားအား ပင့်ဆောင်ကူညီ ဆောင်ရွက် ခဲ့သည်။

ဗုဒ္ဓစာပေသမိုင်း မှတ်တမ်းများအရ မြတ်စွာဘုရားပရိနိဗ္ဗာန်စံတော်မူ၍ တေဇောဓါတ်လောင်ပြီး သောအခါ လူ့ပြည်၌ စွယ်တော်နှစ်ဆူ ကျန်ရစ်ခဲ့သည်။ တစ်ဆူအား သီဟိုဋ္ဌ်ကျွန်း (သီရိလင်္ကာ)သို့ ပင့်ဆောင်သွားခဲ့ပြီး ကျန်တစ်ဆူအား ရှေးဟောင်း ဥဒျာနပြည်သို့ ပင့်ဆောင်သွားခဲ့ပါသည်။ ခရစ်နှစ် ငါးရာစုနှစ်အတွင်းမှ စတင်၍ မင်းဆက် အဆက်ဆက်ကာလအတွင်း တရုတ်ပြည် အလယ်ပိုင်း၌ တိုင်းပြည် မငြိမ်မသက် ဖြစ်ပွားနေစဉ် စွယ်တော်အား တစ်နေရာမှ တစ်နေရာသို့ ပင့်ဆောင်ယူခဲ့ကြပြီး နောက်ဆုံး၌ တရုတ်ပြည် မြောက်ပိုင်းရှိ လျောင်မင်းဆက် မြို့တော်ဖြစ်သော ယယ့်(န်)ကျင်း (ယခု ပီကင်း) မြို့သို့ ရောက်ရှိလာခဲ့သည်။ (အေဒီ ၁၀၇၁ ခု၊ သြဂုတ်လ ၂၈ ရက်မှ စက်တင်ဘာလ ၂၅ ရက် အတွင်း)၌ ဗုဒ္ဓစွယ်တော်ကို ကျောက်ယှီး-ယ်န်စေတီတော်၌ ဌာပနာခဲ့ကြောင်း ဖော်ပြပါရှိသည်။ ဤ သို့ဖြင့် ဗုဒ္ဓစွယ်တော်သည် ပီကင်းမြို့တော်သို့ ရောက်ရှိလာခြင်းပင်ဖြစ်တော့သည်။

ကျောက်ယှီး-ယ်န်စေတီတော် တည်ရှိရာ လိကွမ်းဘုန်းတော်ကြီးကျောင်းတွင် ခရစ်နှစ် (၈)ရာစုက တည်ထောင်ခဲ့သောကျောင်းဖြစ်သည်။ စွယ်တော်မြတ် ကိန်းဝပ်ရာ အထပ်ဆယ်ထပ် ပါရှိသော ရှစ်မြောင့် ပုံစေတီတော်ကို ကျောင်းဝင်း၏ အရှေ့တောင်ထောင့်တွင် တည်ထားသည်။ စေတီတော် အုပ်ချပ်များတွင် ဗုဒ္ဓရုပ်ပုံတော်များ ခပ်နှိပ်ထားသောကြောင့် ဤဘုရားကို “ဗုဒ္ဓရုပ်ပုံတစ်ထောင်စေတီ” ဟူ၍လည်း လူသိများကြသည်။

လိကွမ်းဘုန်းတော်ကြီးကျောင်းသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းကပင် ဘုရားဖူး သူများအဖို့ ပီကင်းမြို့ရှိ စိတ်ဝင်စားဖွယ် ထင်ရှားသော နေရာတစ်နေရာ ဖြစ်ခဲ့သည်။ ခရစ်နှစ် ၁၉၀၀ ပြည့်နှစ်တွင် နယ်ချဲ့ရှစ်နိုင်ငံမှ တပ်များသည် ပီကင်းမြို့တော်သို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး လုယက် ဖျက်ဆီးမှုကြောင့် ပျက်စီးမှုအမြောက်အများ ကြုံတွေ့ခဲ့ရသည်။

မြို့တော်ဆင်ခြေဖုံးရှိ လိကွမ်းဘုန်းကြီး ကျောင်းနှင့် ကျောက်ယှီး-ယန်း စေတီတော်တို့မှာလည်း အမြောက်လက်နက်များဒဏ်မှ မလွတ်ကင်းခဲ့ ကြချေ။ ပစ်ခတ်တိုက်ခတ်မှုများ ပြီးဆုံးသွားချိန်၌ ကျောင်းရှိဘုန်းတော်ကြီးများသည် ထိုနေရာကို ရှင်းလင်း ကြသောအခါ ဗုဒ္ဓစွယ်တော် ကိန်းဝပ်တော်မူရာ ကျောက်သားကြုတ်ကို တွေ့ရှိခဲ့သည်။ ယနေ့ ရှန်းယှီး ပြည်နယ် မြောက်ပိုင်းတွင် ဟန့်ပြည်ထောင်သည် မင်းဆက် ငါးဆက်ကာလ (အေဒီ ၉၀၇ - ၉၆၀) နောက်ပိုင်းကာလအတွင်း တည်ရှိခဲ့သော ပြည်ထောင်ဖြစ်ပြီး နောင်အခါတွင် ဆုန်းမင်းဆက်၏ သိမ်းပိုက်ခြင်းကို ခံရသည်။ ထို့ကြောင့် ခရစ်နှစ် ၁၀၇၁ ခုနှစ်တွင် ထိုစေတီတော်၌ ဗုဒ္ဓစွယ်တော်ကို ဌာပနခဲ့ရာ ပြန်လည်တွေ့ရှိသည့် ၁၉၀၀ ပြည့်နှစ်အထိဆိုလျှင် မြတ်စွယ်တော် ကိန်းဝပ်တော်မူခဲ့သော ကာလမှာ နှစ်ပေါင်း (၈၃၀) ကြာမြင့်ခဲ့ပေပြီ။

မြတ်ဗုဒ္ဓစွယ်တော်ကို ၁၉၀၀ ပြည့်နှစ်တွင် ပြန်လည်တွေ့ရှိပြီးနောက်ပိုင်း ရာစုနှစ်ဝက်ခန့် အတွင်း ခေတ်ပျက် အခြေအနေဆိုးကြောင့် ဘုန်းတော်ကြီးများအဖို့ မြတ်စွယ်တော်ကို ထိုက်ထိုက် တန်တန် ပူဇော်ခြင်း မပြုနိုင်ခဲ့ချေ။ တရုတ်ပြည် လွတ်မြောက်ပြီးသောအခါမှ ပီကင်းမြို့တော်ရှိ ဗုဒ္ဓ ဘာသာဝင် များ၏ ရှေ့ဆောင် ရှေ့ ရွက်ပြုမှုနှင့် ပြည်သူ့အစိုးရ၏ ပံ့ပိုးကူညီမှုတို့ကြောင့် ၁၉၅၅ ခုနှစ် တွင် မြတ်စွယ်တော်အား ကွမ်ကျိဘုန်းတော်ကြီးကျောင်းသို့ ပင့်ဆောင်ခဲ့သည်။ စွယ်တော်အား ရတနာခုနှစ်ပါး စီခြယ်သော ရွှေ သား စေ တီတော် အတွင်း ကိန်း ၀ပ်စံပယ်တော်မူစေပြီး သရီရအဆောင်တော်တွင် အပူဇော်ခံထားရှိသည်။

မြန်မာနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံတို့မှ ဗုဒ္ဓဘာသာဝင်များ၏ မေတ္တာရပ်ခံချက်အရ မြတ်စွယ်တော်သည် အဆိုပါနိုင်ငံများသို့ တစ်ကြိမ်စီ ဒေသစာရီ ကြွချီခဲ့ရာ ဗုဒ္ဓဘာသာ ၀င်ပြည်သူများက သောင်းသောင်းဖြဖြ လှိုက်လှိုက်လှဲလှဲ ကြည်ညိုဖူးမြော်ခဲ့ကြသည်။

၁၉၅၇ ခုနှစ်တွင် တရုတ်ပြည်ရှိ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓယဉ်ကျေးမှုနှင့်အညီ စေတီတော် သစ်တစ်ဆူတည်ရန် အဆိုပြုခဲ့ကြသည်။ မြတ်စွယ်တော်အား အစဉ်ဖူးမြော်နိုင်မည့် အတည်တကျ နေရာရှိရန်နှင့် ထူးခြားသော သမိုင်းဝင်စေတီတော်ဟောင်းနေရာကို ထိန်းသိမ်းရန်ဖြစ်သည်။ ဤသို့ဖြင့် ၁၉၅၈ ခုနှစ် နွေရာသီမှ ၁၉၆၄ ခုနှစ် နွေဦးပေါက်ရာသီ ကာလအတွင်း ခံ့ညားထည်ဝါလှသော စွယ်တော် စေတီတော်သစ်နှင့် အခြားသာသနာ့အဆောက်အအုံများကို တည်ဆောက်ပြီးစီးခဲ့သည်။

အမြင့် (၅၁) မီတာရှိပြီး ဘုံ (၃၁) ဆင့်ပါရှိသော စေတီတော်သစ်အား မြေပြင်မှ အမြင့် (၇.၇) မီတာနှင့် အကျယ်အ၀န်း (၂၂) စတုရန်းမီတာရှိသော ဖိနပ်တော်ပေါ်တွင် တည်ထားသည်။ စေတီတော် အား ဂန္တ၀င် တရုတ်ဗုဒ္ဓယဉ်ကျေးမှုလက်ရာ မပျက်စေရန် ခေတ်မီဆောက်လုပ်ရေး နည်းစနစ်များဖြင့် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အဦး ခန်းမအလယ်တွင် ကျောက်သားဖြင့် ပြုလုပ်ထားသော ၀ဇီရပလ္လင်တော်ရှိပြီး ပလ္လင်တော်ပေါ်၌ မြတ်စွယ်တော်ကိန်းဝပ်ရာ ရတနာခုနှစ်ပါး စီခြယ်သော ရွှေသား စေတီကို ဖူးမြော်နိုင်သည်။

၁၉၆၄ ခုနှစ်၊ ဇွန်လ (၂၅)ရက်နေ့တွင် တရုတ်ပြည် ဗုဒ္ဓဘာသာဝင်အသင်းသည် စွယ်တော်စေ တီတော် စတင်ဖွင့်လှစ်သည့် ဘုရားပွဲတော် အခမ်းအနားအား ကျင်းပခဲ့သည်။ ကမ္ဘောဒီးယား၊ သီရိ လင်္ကာ၊ အင်ဒိုနီးရှား၊ ဂျပန်၊ လာအို၊ မွန်ဂိုးလီးယား၊ နီပေါလ်၊ ပါကစ္စတန်၊ ဗီယက်နမ်နှင့် တောင်ဗီယက် နမ်တို့မှ စသည့် ဗုဒ္ဓဘာသာဝင် ကိုယ်စားလှယ်များသည် မြတ်စွယ်တော်စေတီ ဖွင့်ပွဲသို့ တက်ရောက်ခဲ့ ကြသည်။

တရုတ်ပြည် ဗုဒ္ဓမြတ်စွယ်တော်ပွားသည် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ ၃.၈.၂၀၁၁ ရက်နေ့ ည (၁၂း၀၀) နာရီအချိန်တွင် ရောက်ရှိကိန်းဝပ်စံပယ်ခဲ့ရာ ယင်းည၌ အဖြူရောင်အဆင်းရှိသော တောက်တဲ့ကြီး တစ်ကောင်လာရောက်ကြိုဆို ဖူးမြော်ခဲ့သလို ၄.၈.၂၀၁၁ ရက်နေ့ နံနက်တွင်လည်း မြန်မာ တို့၏ ကျက်သရေဆောင် အထွတ်အမြတ်ထားရာဖြစ်သော ဥဒေါင်း တစ်ကောင် သည်လည်း ရွှေပေါက် ပင် တောရကျောင်းတိုက်ဝင်းအတွင်းသို့ လာရောက်ဖူးမြော်ခဲ့ ပုံကို လည်း တွေ့မြင်ခဲ့ရသည်။

ထိုမျှလောက် ထူးခြားတန်ခိုးကြီးမားလှသော တရုတ်ပြည်မှ ဗုဒ္ဓမြတ်စွယ်တော်ပွားနှင့် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်မြို့ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ ကြွရောက်လာခဲ့သော သီဟိုဋ္ဌ်ကျွန်း (သီရိ လင်္ကာ)မှ ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူ (လူ့ပြည်ရှိဗုဒ္ဓမြတ်စွယ်တော် ပွားနှစ်ဆူ)တို့ သည် ပြည်မြို့ ရွှေပေါက် ပင်တောရကျောင်းတိုက်အတွင်း၌ သီတင်းသုံး ကိန်းဝပ်စံပယ်တော်မူနေပြီး ဖြစ်ပါ၍ ဗုဒ္ဓအနွယ် ၀င် မြန်မာပြည်သူ/သားအပေါင်း ကြွရောက်၍ အနီးကပ်ဖူးမြော်ကြည်ညိုနိုင်ပြီ ဖြစ်ပါကြောင်း နိဗ္ဗာန် အကျိုးဆော်၍ နှိုးဆော်လိုက်ပါသည်။

ကမ္ဘာ့ပြည်သူ/သားများ မြန်မာပြည်သူ/သားများ သောကကင်းဝေ ငြိမ်းချမ်းသာယာဝပြောကြပါစေ။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

နေအိမ်တွင် မူးယစ်ဆေးဝါးဖမ်းမိသဖြင့် ရှမ်း ပြည်ခိုင်ဖြိုးဝန်ကြီး နှုတ်ထွက်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်တစ်ဦးဖြစ်သည့် ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးသောင်းရွှေအား ထုတ်ပယ်ခဲ့ခြင်းမှာ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ၍ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသည်။

နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၁ ရက်နေ့ရက်စွဲဖြင့် ဦးသောင်းရွှေကို ရာထူးမှနှုတ်ထွက်ခွင့်ပြုကြောင်း အမိန့်ထုတ်ပြန်ခဲ့သော်လည်း အကြောင်း ရင်းကို သတင်းထုတ်ပြန်ခြင်းမရှိပေ။

အဆိုပါ ပြည်နယ်ဝန်ကြီးသည် ဇနီးနှစ်ဦးအား တစ်ပြိုင်နက်ပေါင်းသင်းနေသူဖြစ်ပြီး ဇနီးနှစ်ဦး၏ တိုက်ပွဲကြားတွင် ယခုကဲ့သို့ ရာထူးမှ နှုတ်ထွက်ခဲ့ ရခြင်း ဖြစ်ကြောင်း ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ဆိုသည်။

“သူ့မယားကြီးက မယားငယ်အိမ်ကို ရာမပစ်ပြီး ရဲကိုသတင်းသွားပေးတာ။ ရဲက အိမ်ကိုဝင်စစ်ကြည့်တော့ မူးယစ်ဆေးတွေ့ပြီး အိမ်ပိုင်ရှင်က သူဖြစ်နေတော့ သူပါ အမှုတွဲထဲပါသွားတာ” ဟု အဆိုပါ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

၎င်း၏နေအိမ်တွင် ထိုကဲ့သို့ မူးယစ်ဆေးဝါးတွေ့ရှိခဲ့သော်လည်း ၎င်းမှာမူ ဥပဒေအရ အရေးယူခံရခြင်း မရှိကြောင်း အဆိုပါ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်က ဆိုသည်။

အဆိုပါဖြစ်ရပ်အား သက်ဆိုင်ရာ အာဏာပိုင်များမှ အတတ်နိုင်ဆုံးဖုံးထားခဲ့သော်လည်း နောက်ဆုံးတွင် သတင်းများ ထွက်ပေါ်လာခဲ့ရသည့် အတွက် ၎င်းအား ရာထူးမှနှုတ်ထွက်စေခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ဆက်လက်ပြောကြားသည်။

“သူတို့က ပြည်ခိုင်ဖြိုးနဲ့ပတ်သက်တဲ့မကောင်းသတင်းဆို အရမ်းဖုံးဖိတတ်တာ။ အခု မတတ်နိုင် လွန်းလို့ ဖြုတ် လိုက်တာ” ဟု ၎င်းကဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၀န်ကြီးတစ်ဦးဖြစ်သည့် ဦးစိုင်းအိုက်ပေါင်းထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ၎င်းက ဖြေဆိုခွင့်မရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဦးသောင်းရွှေသည် ရှမ်းပြည်နယ် ကလောမြို့နယ်မဲဆန္ဒနယ်အမှတ် ၁ မှ ၀င်ရောက်အရွေးချယ်ခံခဲ့သူဖြစ်ပြီး ယခု မူးယစ်ဆေးဝါး တွေ့ရှိခဲ့သော ၎င်း၏အိမ်မှာလည်း ကလောမြို့နယ်တွင်တည်ရှိသည်။

သတင်း...TH

03 August 2011

စီးပွားကူသန်းဝန်ကြီး ကိုယ်ကျိုးစီးပွားရှေ့တန်းတင်

အစိုးရသစ်၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်သည် စားသုံးဆီ ကုမ္ပဏီ ဆယ်ခု ခန့်တွင် ရှယ်ရာ ပါဝင်ထားပြီး စားအုန်းဆီများ အကန်အသတ်မရှိ တင်သွင်းခွင့် ပါမစ်များ ချပေးနေကြောင်း ဘုရင်နောင်ကုန်စည်ဒိုင်မှ ဆီလက်ကား ကုန်သည်ကြီးတစ်ဦးက ပြောကြားသည်။

ဇူလိုင်လတစ်လလုံး စားအုန်ဆီပြင်ပဈေးသည် သွင်းဈေးအောက် ရောက်သည်အထိ ကျဆင်းလာသော်လည်း စားအုန်း ဆီဈေးနှုန်း ကျဆင်းမှုကြောင့် ပဲဆီနှင့် နှမ်းဆီများပါ လိုက်ပါ ကျဆင်းလာနေသည်ဟု သိရ သည်။ နှမ်းတတင်းလျှင် ကျပ်၂၀၀၀၀ ခန့်သာပေါက်ဈေးရှိသဖြင့် အညာဒေသမှ နှမ်းစိုက်တောင်သူများ အထိနာနေရကြောင်း ဆီစက်လုပ်ငန်းရှင်တစ်ဥိးက သုံးသပ်ပြောဆိုသည်။

ဦးဝင်းမြင့်သည် စီးပွားကူးသန်း ဝန်ကြီးမဖြစ် ကတည်းကမြန်မာနိင်ငံ ဆန်စပါးကုန်သည် များအသင်း၏ ဥက္ကဌဦးအောင်သန်းဦး ငွေရင်းနှင့် လုပ်ပိုင်းခွင့်များ ပေးအပ်ကာ ပြည်ပဆန်တင်ပို့မှုကို လက်ဝါးကြီး အုပ်ခဲ့ကြောင်း ဦးအောင်သန်းဦးကလည်း ဦးဝင်းမြင့် ကျောထောက်နောက်ခံကြောင့် ဆန်ဈေးများ ကန့်သတ်ရောင်းချစေခြင်း နယ်ကျော်ဆန်ရောင်းချခွင့်ကို ပါမစ်ဖြင့် ထိန်းချုပ်ခြင်း များ ပြုလုပ် ခဲ့ကြောင်း ဘုရင့်နောင် အာသောကလမ်းမှ ဆန်ရောင်းဝယ်ရေး အတွေ့အကြုံ၁၈နှစ်ရှိ အသက်၄၈နှစ်အရွယ် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးကဆိုသည်။

ယခုဆီတင်ခွင့်မှုဝါဒအသစ်ကြောင့် ကုမ္ပဏီ ၁၇ခုခန့် အပြိုင်အဆိုင်တင်သွင်းနေကြပြီး ဦးဝင်းမြင့် ရှယ်ရာ ဝင်ထားသော ဦးအောင်သန်းဦး တာဝန်ယူလုပ်ကိုင်နေသည့် ကုမ္ပဏီ သုံးခုထက်မနည်းရှိကြောင်း ဆီးတင် သွင်းခွင့် ရယူရန် ကုမ္ပဏီအသစ်မထောင်ဘဲ ဦးဝင်းမြင့် ရှယ်ရာပါဝင်သော ကုမ္ပဏီများက အခွင့်အရေးပိုမို ရယူနေသည်ဟု ဆီရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဥိးက ဝေဖန်ပြောကြားသည်။

စားအုန်ဆီကို ကုမ္ပဏီတစ်ခုက သင်္ဘောတစ်စီး တင်သွင်းနေခြင်းနှင့်စာလျှင် ကုမ္ပဏီအများအပြား အပြိုင်အဆိုင်တင်သွင်း သည်ကို မူအရ ထောက်ခံကြောင်း သို့ရာတွင် ပြည်တွင်းဆီစက် ခေတ်မီရေး တနည်းအားဖြင့် စက်မှုလက်မှုလုပ်ငန်းတစ်ရပ် ဖွံဖြိုးရေးလည်းတဖက်က စီမံသင့်ကြောင်း ဆီစက်လုပ်ငန်းရှင် တစ်ဦးက သုံးသပ်ပြောကြားသည်။

ဆီတင်သွင်းရောင်းချမှုသည်အရင်တရင်းဖြင့် ကုန်သွယ်မှုဖြစ်နေသောကြောင့် ဆူလွယ်နပ်လွယ်ရှိပြီးဆီစက်လုပ် ငန်း ဆို လုပ်ကိုင်ပါက ဆီစက်အတွက် မြှုပ်နှံရသည့် အရင်းတစ်ရင်း၊ ကုန်ကြမ်းအရင်း တစ် ရင်းနှင့် ရောင်း ဝယ်ရေး အတွက် ငွေမပေါ်ခင်စိုက်ရသည့်အရင်းဟူ၍ စုစုပေါင်း သုံးရင်းရှိမှသာ လုပ်ကိုင် နိင်ကြောင်း ဆီစက် ဖွံဖြိုးရေးသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးသလို ဆီထွက်သီးနှံ စိုက်ပျိုး သူ တောင်သူများ အတွက် ဝင်ငွေရစေပြီး သီးနှံကို ဆီကျိတ်ခြင်းသည် တန်ဖိုးမြင့် ထုတ်ကုန် ထုတ် လုပ်ခြင်း ဖြစ် သည် ဟု ရွှေပြည်သာမြို့သစ် စက်မှုဇုံမှ ဆီစက် လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သတင်း...Transparency Myanmar

ရှစ်လေးလုံးဖြစ်တဲ့နေ့

ရှစ်လေးလုံးဖြစ်တဲ့နေ့



(၁)

အဲဒီိနေ့တွေ တုန်းကကျွန်တော်စိတ်တွေ အကြီးအကျယ်လှုပ်ရှားနေခဲ့တယ်။သမတ သစ် တက်လာတယ်။သတင်းစာ မှာ သူ့မျက်နှာကို မြင်ရတယ်။

ငယ်ငယ်တုန်းကတည်းက ဒီ နံမည်ကြားဘူးနေခဲ့။ စိတ်ထဲမှာ အနှစ်နှစ်ကိန်းလာတဲ့ မနှစ်မျို့အခံက ဖုံးမနိုင်၊ ဖြေမရ၊ဒို့တိုင်းပြည်မကြာခင်ဒုက္ခလှလှတွေ့တော့မှာ။ဘယ်သူမှဝင်တားနိုင်မှာလည်းမဟုတ်ဘူးလို့ ခံစားရင်း စိတ်ဆင်းရဲနေခဲ့တယ်။ ငါ ဘာလုပ်နိုင်မလဲ၊ ငါဘာတတ်နိုင်မလဲ....ဆိုတဲ့မေးခွန်းလည်း အပြန်ပြန်အထပ်ထပ် ဖြစ်တယ်။

အသက်က၃၅။ကိုယ်တိုင်ကကျောင်းသားလည်းမဟုတ်တော့။ကျောင်းသားအရေး-ဆိုတာတွေက မပတ်သက်သလို အလှမ်းဝေးနေပြီ။ သူငယ်ချင်းတွေတချို့လည်းထောင်ထဲထပ်ဝင်သွား တချို့လည်းတော ထဲဝင် သွားပြီးပြန်မလာကြတာကြာပြီ ။

တချို့ဆို အိမ်ထောင်တွေသားသမီးတွေ ကိုယ်စီနဲ့စီးပွါးရေးနယ်မှာ နစ်နေကြပြီမဟုတ်လား။ ကိုယ်တိုင် လည်း မင်္ဂလာဈေးဆေး ဆိုင်မှာ ခြာရပတ်ရမ်းနေတဲ့အချိန်။ဘုန်းမော်ကိစ္စ မတ်လထဲမှာဖြစ်တယ်။ခြင်္သေ့ဆိုတဲ့ အသံကို ကြားလိုက်တယ်။ ဘာခြင်္သေ့လဲ ကွ။ နောက် တံတားနီအရေး ဆက်ဖြစ်တယ်။ရက်စက်လိုက်တဲ့ လုံထိမ်းတွေ ကွာ။ ကျောင်းသားမဟုတ်တော့ပေ တဲ့ကျွန်တော် တယောက်မင်္ဂလာဈေးမှာ ထိုင်နေရင်းကျောင်း သားစိတ်ပြန်ပေါက်၊ရင်ထဲမှာမီးတောက်နေတယ်။

ဆေးရောင်းနေပေမယ့်စိတ်ကအရောင်းအ၀ယ်ထဲအာရုံမရှိ။မတတ်သာလို့စီးပွါးရေးလုပ်နေရတာ
ကွာ။ဒီကြားထဲတရားမ၀င်ငွေစက္ကူတွေကြေငြာပစ်တာကနှစ်ခါ။ ငွေကိုင်အလုပ်လုပ်နေရတာ
ဆိုတော့ရှောင်မလွတ်၊ကော့နေအောင်ထိတယ်။

ဦးအောင်ကြီးစာတွေက ပလူပျံလာ။ ကိုယ် ဘယ်နေနိုင်မလဲ။ နေ့စဉ်လာသမျှ နယ်ကုန်သည်တွေ လက်ထဲ လက်သိတ်ထိုးထည့်။ အကုန်ကူးအကုန်ဖြန့် ပျော်ပျော်ကြီးလုပ်နေခဲ့တာပေါ့။

အဲဒီတုန်းကဓါတ်ပုံပိုးလည်းထနေတဲ့အချိန်။မြန်မာနိုင်ငံဓါတ်ပုံအသင်းမှာအသင်းဝင်။ အဲဒီကတတ်လာတဲ့ ပညာလေးတွေ လက်တွေ့ အသုံးချ။ ရှာရှာဖွေဖွေ မမျှော်လင့်ပဲရလိုက်တဲ့ အင်္ဂလိပ်ခေတ် ထုတ်-Rangoon ဆိုတဲ့ စာအုပ်ထဲကရှားပါး ကျောင်းသားသမဂ္ဂအဆောက်အဦကို( miniature photography) အသေးစား ဓါတ်ပုံပြန်ရိုက်ပညာနဲ့ ….။ ဖလင်ဆေး၊ပုံပြန်ထုတ် တပါတီအာဏာရှင်စနစ်ကျဆုံးပါစေဆိုတဲ့ စာတမ်း ကိုအောက်ခြေ ကနေ အင်္ဂလိပ်လိုခတ်ကြမ်းကြမ်းထိုး။ သွေးကြွေးတွေဆပ်ကြစို့ဆိုတာတွေလည်း ပါရဲ့။ ကိုယ့်အိမ် လှေကားရင်းအောက်ခြေမှာဖြစ်သလို ဖွဲ့စည်းထားတဲ့ ဓါတ်ပုံအမှောင်ခန်းထဲမှာ အလုပ်ရှုပ်နေ ခဲ့တဲ့ညတွေပေါ့ ။ ပုံရာပေါင်းများစွာကို ကူးထုတ်နေမိပါတယ်။ မင်္ဂလာဈေးမှာ တရုတ်က၀င်တဲ့ ဓါတ်ပုံကူးဆေး။ ဓါတ်ပုံစက္ကူတွေကလည်းလှိုင်နေတော့ ပုံကူးလို့ကောင်း။ ပေါမှပေါ ပြောရမယ့်အချိန်။

မတ်လဘုန်းမော်ကိစ္စဖြစ်ပြီး

၇၄-၇၅-၇၆သပိတ်တွေ တုန်းကကျွန်တော်တို့ကျာင်းသားဟောင်းတွေ တိတ်တိတ်ပြန်စု နိုင်သလောက် စုကြ၊ နိုင်သလိုဝင်ကျရာနေရာက အလုပ် လုပ်ကြမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကျတယ်။

ငွေစက္ကူကိစ္စတုန်းက အာအိုင်တီရှေ့ဖြတ်မောင်းလာတဲ့ ကျေးတိုင်နဲ့မြေစာရင်းဦးစီးလူကြီးစီးတဲ့ မာဇဒါဂျစ်တစီး ကို ကျောင်းသားတွေ မှောက်လှန်ပစ်လိုက်ကြတဲ့ အခြေအနေကိုကျွန်တော် တိတ်တိတ် ဓါတ်ပုံခိုးရိုက် ထားတာရှိတယ်။

အာဏာရှင်ကျဆုံးပါစေ-စာတမ်းထိုးပြီး အာအိုင်တီမှာတိတ်တိတ်ဖြန့်၊ အဲဒီတုန်းကမိတ်ဆွေ ဆရာ မလေးတယောက်ကရန်ကုန် ၀ိဇ္ဇာသိပ္ပံတက္ကသိုလ်အင်္ဂလိပ်စာ ဌါနမှာ ကျူတာပေါက်စ။ သူကသတ္တိကောင်း။ ကိုယ်ကူးပေးသမျှ ကျောင်းသားသမဂ္ဂဓါတ်ပုံတွေကို သူ့ ကျောင်းထဲက တပည့်လေးတွေ ဆီက တဆင့် ဒိုင်ခံဖြန့်။အာဏာရှင်ကျဆုံးပါစေဆိုတဲ့ စာတမ်း။ ဒီမိုကရေစီအတွက်။ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြဆိုတဲ့စာတမ်းတွေ လက်နှိပ်စက်ရိုက်ပေး။ ကိုယ်ကသမဂ္ဂ ဓါတ်ပုံတွေမှာ စာတမ်းထိုး ဓါတ်ပုံပြန်ရိုက်၊ပြန်ကူးဖြန့်၊ဘ၀ကခုမှအဓိပ္ပါယ်ရှိလာပြီး ကျောင်းသားစိတ်နဲ့ စိတ်လှုပ်ရှား ဘို့ကောင်း လာတယ်။

ဇွန်လထဲမှာ မြေနီကုန်း ကိစ္စ ဆက်ဖြစ်တယ်။

မျက်စိရှေ့မှာ ကျောင်းစိမ်းလေးတွေ ဟံသာဝတီအ၀ိုင်းဘက်ကနေ ရန်ကုန်ထဲ ချီတက်သွား။ အဲဒီအခြေခံ ပညာကျောင်းသားအုပ်ထဲလုံထိမ်းစစ်ကားဇွတ်ထိုးဝင်လူစုခွဲပစ် ။ နောက် အဲဒီ မြေနီကုန်းလမ်း ဆုံမှာ ပဲရက် စက်တဲ့ လုံထိန်းတွေ ကို မြေနီကုန်းလူထုက-လေးဘက်လေးတန် ၀ိုင်းမိသွားပြီး အချီအချဖြစ်ကြ။ မျက်စိရှေ့ မှာတင်ကွက်ကွက် ကွင်းကွင်း ပြေးတမ်းလိုက်တမ်း လူသတ်တမ်း။ ၀ိုင်းမိတဲ့လုံထိန်းတချို့ကို လူအုပ်ကြီးက အုတ်ခဲတွေနဲ့ထုသတ်တာတွေ့ရတော့ ကျွန်တော်တော်တော်ခြောက်ခြားသွားတယ် ။သွေးပျက် ဘို့ကောင်း ပါလား။ အင်းယားကန် ဘောင်အရေးတုနုးက ဒေါသတွေ-အညှိုးတွေ ဒီလူအုပ် ထဲရောက်နေ ခဲ့တော့။ ဒီ အကျိုးဆက်တွေ…။

(၂)

အခုသမတသစ်တက်လာပြီ။ မင်းဘာလုပ်မလဲ ။ ဘာလုပ်နိုင်မလဲ။ ကိုယ့်ကိုယ်ကိုမေးမိတယ်။ သူက သူ့ကိုယ်သူခြင်္သေ့တဲ့။ ခြင်္သေ့နံမည်နဲ့ အမိန့်နဲ့ ဘုန်းမော် အရေးကိုကိုင် တွယ်သွားတာ သူပဲ။၆၂ဆဲဗင်းဂျူလိုင်မှာ ကတည်းက ကျောင်းသားတွေ ကိုနှိတ်ကွပ်လာခဲ့တာသူပဲ။ အဲဒီတုန်းက ဗိုလ်မှူး ။ ခုသမတ။မင်းဘာလုပ်မလဲ။

ကျွန်တော်အကြံတခုဖြစ်တယ်။ဒါနဲ့ ကင်မရာဆွဲ တိရိစ္ဆာန်ရုံ ဘက်ထွက်လာလိုက်တယ်။ အဲဒီနေ့က မှတ်မိ သလောက်စနေတနင်္ဂနွေတော့မဟုတ်ဘူးကြားနေ့တနေ့။တိုင်းပြည်က လည်းခြောက် ခြောက် ခြား ခြား ဖြစ်နေ လို့ လား မသိ ဘူး။ တိရိစ္ဆာန်ရုံမှာ လူမရှိဘူး။ ကိုယ်က-အဖေါ်မပါဘာ မပါ-ကင်မရာ နဲ့ ခတ်ကြောင်ကြောင်။ ဒီအရွယ် နဲ့တိရိစ္ဆာန်ရုံ ဘာလာလုပ်တာလဲ ။သေချာ လိုက်ကြည့်ရင် တိရိစ္ဆာန်တွေ လာကြည့်တာ မဟုတ် တာသေချာတယ်။

ကျားတွေခြင်္သေ့တွေထားတဲ့ရုံဘက် တခါတည်း သွား။ ကိုယ်လိုချင်တဲ့ သတ္တ၀ါကိုလိုက်ရှာ။ ခက်တာက လူက လည်းခတ်ပါးပါး ။ နေကလဲ မြင့်နေလို့လားမသိဘူး။ ကိုယ်လိုချင်တဲ့သတ္တ၀ါတွေကတကောင်မှ အပြင်ထွက် လမ်းသလားမနေကြပဲအတွင်းထဲအကုန်ဝင်ခွေနေကြတယ်။ ခြင်္သေ့အစစ်တကောင်စ နှစ်ကောင်စ ကိုတော့ တွေ့တယ်။ ဒါပေမယ့် သူတို့ကို ရိုက်ဘို့လုံးဝ-မရည်ရွယ်ဘူး။ ကိုယ်လိုချင် တာ ခြင်္သေ့မ ဟုတ်။ခြင်္သေ့ဆိုတာခွန်အားကြီး။ သတ္တိရှိ။ ခန့်ခန့်ညားညားသတ္တ၀ါ။ တကောင်ထဲ၊ ဒါပေမယ့်ခြင်္သေ့ဆို တဲ့စကားလို-မာန် ရှိတဲ့အကောင်။

ကိုယ်လိုချင်တာခြင်္သေ့အစစ်မဟုတ်။ခွေးခြင်္သေ့။ခွေးခြင်္သေ့ကခြင်္သေ့အစစ်လိုမခန့်ဘူး။ လည်ဆန်ဖွားဖွား မရှိတော့ခြင်္သေ့ အစစ် နဲ့ ယှဉ်လိုက်ရင် ပြောင်ချော်ချော်အကောင်။ နံမည် ကလည်းမကောင်း ဘူး။နာမ်နှိမ်ပြီး သား။ ခွေးခြင်္သေ့လို့ ကျွန်တော်တို့ လူမျိုးတွေ ဘာလို့ ဒီနံမည်ပေး သလဲ၊ဒါကျွန်တော် မသိ။ခွေးဆိုတာ ကျွန်တော်တို့ဓလေ့မှာတော့နဲနဲနိမ့်တဲ့အသုံး။ နာမ်အရ နှိမ်ထားပြီးသား ။

ခက်တာကနာရီဝက်တနာရီ ကြာအောင် ကျွန်တော်လှည့်ပတ်ချောင်းလည်း ဒီကောင်တွေ တကောင်မှ ဓါတ်ပုံ ထွက်အရိုက်မခံကြဘူး။ ဒါနဲ့ဟိုကြည့်ဒီလျှောက်လုပ်နေရရင်း ခွေးအတွေ-သွားတွေ့တယ်။ ခွေးအဆိုတဲ့ သတ္တ၀ါက တိရိစ္ဆာန်တွေထဲမှာတော်တော် အရုပ်ဆိုးတဲ့ အကောင်။ ကြက်သရေမရှိဘူး။ ဘာလို့ ခွေးအ လို့နံမည်ပေးသလဲ။တကယ်က ဒီကောင်တွေ မအဘူး။ လည်သမှ အလွန်လွှတ် လည်တဲ့ကောင်တွေ။ အုပ်စုဖွဲ့ စိတ်လည်းရှိတယ်။ဘယ်သတ္တ၀ါမှ ချမ်းသာမပေးတဲ့ကောင်မျိုး။ သူတို့တွေပဲ လမ်းသလားနေကြ။ ကျွန်တော် လည်း ငေးရင်းတွေးရင်း မထူးပါဘူး။ ကိုယ့်ရည်ရွယ် ချက်ပြီးမြောက်အောင် ဖြစ်တာ လုပ်မှ ဆိုပြီး ခွေး အ တွေကိုပဲ လှမ်းရိုက်နေမိတော့တယ်။

(၃)

၈.၈.၈၈နေ့မှာကျွန်တော် စိတ်အရမ်းလှုပ်ရှားနေတယ်။ ညကလည်းကောင်းကောင်းမအိပ်ခဲ့ရ ဘူး။ဓါတ်ပုံ အမှောင်ခန်းထဲမှာ ပဲအချိန်ကုန်။ ညလုံးပေါက်တွေများစွာကူးထားတဲ့ဓါတ်ပုံတွေက လည်းတပုံတခေါင်း။ ဒါတွေလူမသိသူမသိ အခြောက်ခံရတဲ့အလုပ်ကလည်းမလွယ်လှ။ အထူးသဖြင့်အမေမသိအောင် မှင်သေသေ လုပ်ရတာ။အမေက သူ့သားကသူ့ဝါသနာသူလုပ်နေတယ်ထင်တာ။အမေမြင်သွားလို့ကတော့သွေးပျက် ပြီး မလုပ်ပါနဲ့သားရယ်လို့တားမှာသေချာတာပေါ့။ကိုယ့်သားသမီးဆိုတာတော့ ကျလာမယ့် အန္တရာယ်ဆိုးအတွက် စိုးရိမ်မှာ မိခင်တိုင်းရဲ့စေတနာမေတ္တာလေ။

ဘယ်သူမှဒီနေ့ ရှစ်လေးလုံးဖြစ်မယ်လို့ အာမမခံထားဘူး။ အားလုံးညီညာဖြဖြ စိတ်ကိုယ်စီ မှာ ဖြစ်နေကြ တာ။အားလုံးက ဖြစ်ဆိုရင် ဖြစ်ကိုဖြစ်တယ်။ မနက် ၁၀နာရီလောက်မှာ လူတွေထိန်းမရတော့ဘူး။ တမြို့လုံးအရင့်အရင်ရက်တွေကတည်းက ကြို ချထားတဲ့ လုံထိန်းတွေ စစ်သားတွေကို ဂရုမစိုက်တော့ ဘူး။ ရုန်းစု ရုန်းစုဖြစ်နေ ကြပြီ။ ၁၂နာရီ လောက်မှာ လူတွေအကုန် လမ်းပေါ်ရောက် ကုန်ပြီ။ ၂နာရီလောက်မှာတော့မိုးတွေပြိုကျလာသလို၊ လှိုင်းတွေအဆင်ဆင့် လိမ့်လာသလို ရန်ကုန်လူထုကြီးက လမ်းတိုင်လမ်းတိုင်းမှာ ချီတက်နေကြပြီ။ ကျွန်တော့်တသက်တခါမှမကြုံဘူးအောင်များတဲ့ လူထု။ ၇၄ဦးသန့်စဖြစ်တဲ့ တုန်းကညနေ တက္ကသိုလ်ရိပ်သာ လမ်းမှာ ဒါမျိုးတချက်ကြုံလိုက် ဖူးသေးတယ်။ တက္ကသိုလ်ရိပ်သာလမ်းတခု လုံး လူပင် လယ်ဖြစ်သွား ခဲ့တာ။အခုဟာကအဆပေါင်းများစွာပိုကြီး ကျယ်သွားပြီ။ ရန်ကုန် တမြို့လုံးကလူတွေ လမ်းပေါ်ထွက်လာတာ။ လူပင်လယ်ကြီး။ လူပင် လယ်ကြီးထဲမှာ လူလှိုင်းတွေ ထနေတာ လို့ပြောလို့ရတယ်။

ကျွန်တော် က မိုး မရွာပဲနဲ့ မိုးရေခံ ဂျက်ကက် အဖြူတထည် ကို စွပ်ကျယ်ပေါ်မှာ ခံဝတ်ထားခဲ့တယ်။ အကြံနဲ့။ အဲဒီ အပေါ်အကျီအတွင်းအိတ်မှာ ပို့စကဒ်ဆိုဒ် ဓါတ်ပုံ ၃၀၀ကျော်ပါတယ်။ လူအုပ်ကြီးနဲ့မျော လိုက်လာတယ်။ မြေနီကုန်း ဗားကရာလမ်းအတိုင်း တော်လှန်ရေးပန်းခြံဘက်ကို ချီတက်နေတဲ့ လူအုပ်နဲ့အတူ ပါလာတယ်။ လူအုပ်ကြီးကဦးဝိစာရလမ်းအတိုင်း ရန်ကုန်ထဲကို ထောင်အတက်မှာ ကျွန်တော်လှုပ်ရှား လိုက်တယ်။ လူအုပ်နဲ့အတူ ဖြေးဖြေး လိုက်ပါလာတဲ့ အလံထောင်ထားတဲ့ဒေါ့ဂျစ်တစီးပေါ်က လူငယ်တချို့ဆီကို ကပ်သွားပြီး သူတို့ကိုဓါတ်ပုံတွေ ထုတ်ပေးလိုက်တယ်။လူငယ်တွေက တချက် ကြည့်လိုက်တာနဲ့ သဘောပေါက်တယ်။ သူတို့ ဘာလုပ်ရမယ်ဆိုတာ။

နောက်တနာရီလောက် ကျွန်တော်လည်း မြို့ထဲရောက်တဲ့အချိန်မှာ လူအုပ်တွေဟာ ဆူးလေဘုရားကိုယှက်ထိုး ပတ်နေကြပြီ်။ မြို့နယ်စုံက ချီလာတဲ့ စစ်ကြောင်းတွေဆုံမိကြပြီး မြို့တော်ခန်းမရှေ့မှာလည်း လူ ပင်လယ်ဖြစ်နေပြီ်။ လူတော်တော်များများလက်ထဲမှာလည်း သမတ ကျဆုံးပါစေဆိုတဲ့ နာမ်နှိမ်ထားတဲ့ ဓါတ်ပုံတွေကိုင်ရင်း အော်ဟစ်ကြွေးကြော်နေကြတာတွေ့တယ်။ ကျွန်တော်လည်း သူငယ်ချင်းတချို့နဲ့ စိတ်တွေတက်ကြွနေ။ ဘာတွေဆက်ဖြစ်မလဲ။ ကျေနပ်တယ်။

နောက် ကျွန်တော်ဆက်လုပ်စရာလေးတွေကို သတိရလာ။ ဇွန်လတုန်းက အကသ ကျောင်းသားလေးတွေ အသံလွှင်ရုံ ပြည်လမ်းရှေ့အတိုင်း ချီတက်လာတော့ ရရာခြံတိုင်တခုကို ဖြုတ်ပြီး ရရာအကျီအနီတစ ချိတ်အလံလုပ်ချီတက်လာတာတွေ့ခဲ့တယ်။ အလံတွေ ကိုကြိုစီစဉ်ထား ဘို့လိုတယ်။လူထုတိုက် ပွဲ ဟာရှေ့ဆက် သွားတော့မှာ။

ကြည့်မြင်တိုင်ဗားကရာ က ပန်းချီဆွဲတဲ့ မိတ်ဆွေဆီမှာလည်း ခွတ်ဒေါင်းတွေအဆင်သင့် ဆွဲခိုင်းပြီးပြီ။ မနက်ဖြန်ကျွန်တော်နဲ့ တွေ့မယ့် လူငယ်တွေလက်ထဲ အလံတွေအဆင်သင့် ပေးဘို့ ရှစ်လေးလုံး- ညမှာ မင်္ဂလာဈေးက ၀ယ်ထားပြီးသား ပိတ်အနီတအုတ်ကို အဆင်သင့်အလံတခုစာစီဖြတ်။

စမ်းချောင်းကြည့်မြင်တိုင်အပိုင်းက လူငယ်တွေနဲ့တွေ့မယ်။သူတို့ကို ကျွန်တော်မမြင်ဘူးဘူး ။ မရင်းနှီးဘူး။ ဒါပေမယ့် ဒီအချိန်မှာ ဒါကအရေးမကြီးတော့ဘူး။ သူတို့မျက်နှာတွေမှာ ပိုင်းဖြတ်ချက်ချထားတာ ကျွန်တော် သိတယ်။ သူတို့တွေတကယ်ဆက်လက်ချီတက်ကြမှာ။

သူတို့ခေတ်။သူတို့အလံကိုင်တက်လာခဲ့ကြပြီ။ လွန်ခဲ့တဲ့၁၄နှစ်က ကိုယ်လည်းသူတို့ အရွယ်သူ တို့လိုကျောင်း သား။ သူတို့လိုစိတ်ဓါတ်ပဲပေါ့။ လူထုရှေ့မှာပေါ့။ ခုတော့ဒါသူတို့အလံ။ သူတို့ကို လက်ဆင့်ကမ်းရမယ့်အချိန်။

ဒါနိယာမပါ။ သူတို့ဘယ်လောက်ဝေးဝေးသယ်သွားကြမလဲ။ကျွန်တော်ကိုယ်တိုင်လည်း ရင်ထဲက မလွတ် တမ်းဆုတ် ထားခဲ့တဲ့ အရေးတော်ပုံအလံကို ဘယ်လောက်ဝေးဝေးသယ်ခဲ့သလဲ။ ဆုတ်ထားဆဲ အရေးတော်ပုံ အလံကို ဘယ်လောက်ဝေးဝေးသယ်မလဲ။ ဒါ သမိုင်းကပဲ ဆုံးဖြတ်မှာပါ။

(တိုင်းပြည်ကိုစစ်အာဏာရှင်လက်အောက်မှလွတ်မြောက်ရေးကြိုးပမ်းဆောင်ရွက်ရင်း ထောင်တွေတောတွေ ထဲမှာကျဆုံးခဲ့တဲ့ ရဲဘော်အပေါင်း။ ခုချိန်ထိ အရေးတော်ပုံအလံကို မလှဲစတမ်းရှစ်လေး လုံးမျိုးဆက်မျိုးဆက် အသစ်အသစ်တွေနဲ့အတူလက်နက်ကိုင်တိုက်ပွဲဝင်နေဆဲဖြစ်တဲ့ ၇၄-၇၅-၇၆ မျိုးဆက် KNUက ဗိုလ်မှူးစောလှငွေ ၊ထောင်ကျခံနေရဆဲကမာရွတ်NLD ဥက္ကဌ-ဘိုးတော်ခင်ဝင်း ။HRDPလူ့အခွင့်အရေး အဖွဲ့ကိုတည်ထောင်လှုပ်ရှားသူကိုမြင့်အေး။ အင်းတော် အမတ်ကိုမြင့်လှိုင် ။သွေးသစ်လူငယ်အဖွဲ့ချုပ် ဥက္ကဌဒေါက်တာသက်လွင် တို့အပြင် ABSDFကိုတိတ်ကြီးနဲ့ ကဗျာဆရာကိုလွမ်းနီ။ အနှစ်၂၀ကျော်အိမ်ပြန် မရောက်ကြသေးတဲ့နယ်စပ်ကကိုဂါမဏိ။ကိုဝင်းတင့်ထွန်း၊ ကိုညိုထွန်း၊ ကိုအောင်တင်သိန်း၊ ကိုဇော်ငြိမ်းလတ်တို့ အပြင်-၈၉ကတည်းကခုထိထောင်သွင်း မတရားအကျဉ်းချခံထားရသော အခန်းဖေါ် သံလျင်NLD လူငယ် ကိုသန်းဇော်၊ ကိုညီညီဦးတို့ကို လွမ်းသောစိတ် သတိရသော စိတ်။ ပြည်တွင်းပြည်ပ နိုင်ငံတကာ မှာ ရောက်ပြီး အရေးတော်ပုံအလံကို ကိုင်ဆွဲ။ တိုက်ပွဲဆက်-အလုပ်လုပ်နေတဲ့ အားလုံးသောရဲဘော်အပေါင်းကိုအမှတ်ရ ဦးညွှတ်ခြင်းဖြင့် )

ခွန်ဆိုင်း (၁.၈.၂၀၁၁)

ရှစ်လေးလုံးအမှတ်တရ

၁၉၈၈ ခုနှစ်၊ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနောက်ဘက်မုဒ်မှာ မြန်မာပြည်သူလူထု(၅)သိန်းကျော်တက်ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်း(ရုပ်သံ)

ပထမဦးဆုံး မြန်မာပြည်သူလူထုကို မိန့် ခွန်း စတင်ပြောကြားပြီး ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ စတင်ပြီး မြန်မာပြည် ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုကြီး ပါဝင်ဦးဆောင်ဖို့ အတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဆုံးဖြတ်ချက်ကို တရားဝင် ပြည်သူလူထုအား အသိပေးခဲ့ပါတယ်။

(ဒေါ်အောင်ဆန်းစုကြည်ပြောကြားခဲ့တဲ့ မိန့် ခွန်းစကားတွေကို သေသေချာချာ နားဆင်ကြည့်နိုင်ရန်အတွက် အသံအနည်းငယ်မြှင့်၍ နားထောင်ကြည့်ပါရန် မေတ္တာရပ်ခံအပ်ပါတယ်)။








(သုံးရောင်ခြယ် ကျောင်းသား များနှင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်)

ဤ ရှားပါးမှတ်တမ်း အားပေးပို့ ပေးသော ကိုနစ်နေမန်း အားအထူးကျေးဇူးတင်ရှိပါသည်.။

8888 Burma Tribute (21st Anniversary) Aung San Suu Kyi Speech in Burmese and English HD gersing

02 August 2011

ဒေါ်အောင်ဆန်းစုကြည် ရဲ့ လွတ်လပ်ရေးနေ့ စဉ် သတင်းစာပါ ပုံရိပ်လွှာ..

၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး မဖြစ်ပွားခင် နှစ်များမှာ အာဏာရှင်တို့ ရဲ့  သတင်း ဆင်ဆာဖြတ်တောက်ခဲ့မှုတွေ ပိတ်ပင်တားဆီးခဲ့မှုတွေကြောင့် သတင်းလွတ်လပ်ခွင့်ဆိုတာ အလျဉ်းမရှိခဲ့ပါဖူး။ အာဏာရှင် နေ၀င်းအစိုးရကို ထိခိုက်စေနိုင် မယ့်သတင်းမှန် သမျှ ရေးသားမှု မှန်သမျှ ငွေမှင်ရောင်နဲ့  အသုတ်ခံခဲ့ရပြီး၊ အမှန်တရားကို ဖေါ်ထုတ်ရေးသားသူတွေ စစ်ဆေးမေးမြန်းခံရ စာပေရေးသားခွင့် ပိတ်ဆို့ ခံရ မတရားအကျဉ်းချခံရနဲ့  သတင်းစာနယ်ဇင်းလောက အမှောင်ဖုံးလွမ်း ခံခဲ့ရပါတယ်။

၁၉၈၈ ခုနှစ်မှာ (ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းမှာ) သတင်းစာစောင်တွေ ဂျာနယ်တွေ လွတ်လပ်မှုအပြည့်အ၀နဲ့  ထုတ်ဝေနိုင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ (၂၆) နှစ်ကျော် မတရားအနိုင်ကျင့်အုပ်ချူပ်ခဲ့တဲ့ တစ်ပါတီ အာဏာရှင် နေ၀င်းအ စိုးရ ခွေးပြေး ၀က်ပြေး ပြေးရပြီး အာဏာရူးရဲ့  အုပ်ချုပ်မှုယန္တရားပြိုကျပျက်သုန်းချိန်၊ ပြည်သူလူထုရဲ့  ဒီမိုကရေစီရရှိရေးနဲ့  လွတ်လပ်ခွင့် လူအခွင့်အရေးအတွက် အရှိန်အဟုန်အပြင်းဆုံးဖြစ်နေ ချိန်ကာလ အတွင်း မှာ နေ၀င်း အာဏာရူးတို့ ရဲ့  မတရားလုပ်ရပ်တွေကို မီးမောင်းထိုးဖေါ်ပြမှုတွေ ပြည်သူလူထုရဲ့ နေ့ စဉ်နဲ့ အမျှ ချီတက် ဆန္ဒပြမှုတွေကို သတင်းပြည့်စုံစွာနဲ့  အပြိုင်အဆိုင်ရေးသားထုတ်ဝေကြတဲ့ သတင်းစာစောင်တွေ ဂျာနယ်တွေ မြို့ အသီးသီး နယ်အသီးသီမှာ ပလူပျံနေအောင် မြင်တွေ့ ခဲ့ကြမှာပါ။

ဒီသတင်းစာစောင်တွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးကာလ အတွင်းမှာဘဲ မြိုင်မြိုင် ဆိုင်ဆိုင် ပေါ်ထွက် လာခဲ့ကြတာ ဖြစ်ပါတယ်။ပြည်သူ လူထုဘက်ကနေ ရပ်တည်ခဲ့ကြတဲ့ ပြည်သူ့ ဘက်တော်သား သတင်းစာနယ်ဇင်း သမားများတွေ နဲ့  ပြည်သူလူထုထဲက စာပေအနုပညာရှင် သမားတွေ က ရေးသား ထုတ်ဝေဖေါ်ပြခဲ့ကြတဲ့ ၁၉၈၈ ခုနှစ်အချိန် ကာလ သတင်းစာစောင် ဂျာနယ်များ ဟာ ပြည်သူလူထု အရေးတော်ပုံကြီး အတွက် များစွာအထောက်အကူပြုပြီး အာဏာရှင် ဖြုတ်ချရေး ပြည်သူလူထု အထွေထွေသပိတ်ကြီး အတွင်း တစ်တပ်တစ်အား ပါဝင်မှုကို သက်သေပြုခဲ့ကြ တာ ဖြစ်ပါတယ်။

ဒီသတင်း ဂျာနယ်တွေထဲက တစ်ခုဖြစ်တဲ့ “လွတ်လပ်ရေး နေ့ စဉ်သတင်းစာ” ရဲ့  ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ ထုတ် သတင်းစာစောင်လေးတစ်ခုကို သမိုင်းမှတ်တမ်း တစ်ခုအနေ နဲ့  ပြန်လည်ထုတ်ဖေါ်လိုက်ရပါတယ်။ (ရေးသားဖေါ်ပြထားမှုအား အသေးစိတ်ကြည့်ရှုနိုင်ရန်အတွက် ပုံအား အကျယ်ချဲ့  ကြည့်ရှုနိုင်ပါတယ်)။




အဆိုပါ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ ထုတ် “လွတ်လပ်ရေး နေ့ စဉ်သတင်းစာ” ထဲမှာ ပြည်သူလူထုခေါင်းဆောင်အဖြစ် မွေးဖွားလာမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့  အကြောင်းနဲ့  ငယ်ပုံရိပ်လွှာ ကို ဖေါ်ပြထားတာ တွေ့ မြင်ရပါတယ်။ မြန်မာပြည်ရဲ့  လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  သမီး၊ အဖေတူ သမီး ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးကာလမှာ တိုင်းပြည်နဲ့  လူမျိုး အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ အတွက် သမိုင်းပေးတာဝန်ကို ဦထိပ်တင်ပြီး ပြည်သူလူထုရှေ့ က မားမားမတ်မတ်ရပ်ပြီး ဦးဆောင်မှုပေးနေတဲ့ အချိန်ကာလလည်း ဖြစ်ပါတယ်။

ပြည်သူလူထုတစ်ရပ်လုံးက တောင်းတနေတဲ့ ခေါင်းဆောင်ကောင်းပီသမှုကို စွမ်းဆောင်နိုင်ခဲ့ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ဒီ “လွတ်လပ်ရေး နေ့ စဉ်သတင်းစာ” ပါ ပုံရိပ်လွှာဟာ ဖခင် ဗိုလ်ချူပ်အောင်ဆန်း နဲ့  အတော့် ကို တူတာကို တွေ့ မြင်ရပါလိမ့်မယ်။ တိုင်းပြည်နဲ့  လူမျိုးအတွက် အနစ်နာခံ ဦးဆောင်နေ တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၁၉၈၈ ခုနှစ်မှ ယနေ့ ထိတိုင် ဆောင်ရွက်ကြိုးပမ်းမှုများအားလည်း မှတ်တမ်းတင်အပ်ပါတယ်။




၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့ ထုတ် “လွတ်လပ်ရေး နေ့ စဉ်သတင်းစာ” ထုတ်ဝေခဲ့သူများ အားလည်း ပြန်လည်မှတ်တမ်းတင်ရင်း၊ သမိုင်းမှန်တွေကို အာဏာရူးတွေ ပျောက်ပျက်အောင် ဖြောက်ဖျက်လို့  မရဖူး ပျောက်ပျက်သွားမှာ မဟုတ်ဖူးဆိုတာ သက်သေထူလိုက်ပါတယ်။

ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး သမိုင်းမှတ်တမ်းတွေကို ဖေါ်ထုတ်သက်သေပြကြဖို့  တိုက်တွန်းရင်း အာဏာရှင်ဆိုတာ ထာဝရ မရှိဖူး ပြည်သူသာလျှင် ထာဝရရှိတယ်ဆိုတာ ခိုင်မြဲစွာ ယုံကြည်ရင်း အာဏာရူးတွေကို ဆက်လက် ဆန့် ကျင်တော်လှန်ကြဖို့  သံဓိဌာန်ပြုကြပါစို့ ။

ပြန်လည်မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ကလေးစစ်သား မလုပ်ချင်ဘဲ လုပ်ခဲ့ရသော ကိုဟိန်းမင်းအောင် အကြောင်း..







စစ်တွေဟိုတယ်ဝန်ထမ်းများ ဦးသိန်းစိန် ရောက်ရှိစဉ် လခ စုပေါင်းတောင်းဆို

ဗိုလ်ချုပ်ကြီးဟောင်း သမ္မတ ဦးသိန်းစိန် ဇူလိုင် ၃၀ ရက်နေ့က စစ်တွေမြို့သို့ရောက်ရှိလာစဉ် ဟိုတယ်ဝန်ထမ်း ၂၅ ဦးထက်မနည်းက လစာအတွက် တစ်နာရီခွဲကြာ စုရုံးတောင်းဆိုခဲ့ ကြကြောင်း ယင်းဟိုတယ် ၀န်ထမ်းများထံမှ သတင်းရရှိသည်။

ပုဂ္ဂလိကမှ ငှားရမ်းလုပ်ကိုင်နေသော ယခင်စစ်တွေဟိုတယ် (ယခု စစ်တွေ ရီဆော့ဟိုတယ်) တွင် အလုပ်လုပ်ကိုင်နေသော ဟိုတယ်ခရီးဝန်ထမ်း ၄၃ ဦး၏ လစာကို ဇူလိုင် ၂၉ ရက် သောကြာနေ့ တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနတွင် သွားရောက်တောင်းယူရာ လစာထုတ်ပေးရန် အထက်မှ ညွန်ကြားထားခြင်း မရှိဟု ထွေအုပ် မှ တာဝန်ရှိသူတစ်ဦးက ပြန်လည်ပြောဆိုခဲ့ကြောင်း၊ ထို့ကြောင့် ဇူလိုင် ၃၀ ရက်နေ့မနက် ၈ နာရီခန့်အချိန် ဟိုတယ်ခရီး ၀န်ထမ်းအချို့က ယင်းဦးစီးဋ္ဌာနသို့သွားရောက်၍ လစာငွေ စုပေါင်း တောင်းခံကြကြောင်း ဟိုတယ်ဝန်ထမ်းအမျိုးသမီး တစ်ဦးက ပြောကြားသည်။

“အထဲမှာက လူကြီး ရောက်နေတယ်။ ဒါကြောင့် လစာမထုတ်ပေးနိုင်ခဲ့ဘူး။ စုပြီးတောင်းဆိုတဲ့ လူအုပ်ကို ဟိုတယ်က တာဝန်ရှိသူက လူကြီးခရီးစဉ်ပြီးရင် ထုတ်ပေးမယ် လို့ ပြောလိုက်တော့ မှာ တောင်းဆိုတဲ့ လူတွေ ပြန်သွားကြတယ်။ ရုံးရှေ့မှာ အဲဒီအချိန် ရဲတွေ၊ ထောက်လှမ်းရေးတွေလည်း ရှိနေတယ်။ ဆန္ဒပြတာမဟုတ်လို့ ဘာမှ အရေးမယူတာပေါ့။ အေးဆေးပါပဲ”ဟု ဟိုတယ်တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဋ္ဌာနပိုင် စစ်တွေနှင့် ပဲခူး ရွှေဝါထွန်းဟိုတယ်များကို အထွေထွေအုပ် ချုပ်ရေးဦးစီးဋ္ဌာန ထိုမှတဆင့် ဇွန် ၁ ရက်နေ့မှစ၍ ပုဂ္ဂလိက လုပ်ငန်းရှင်များဖြစ်သော Royal Beach Motel Ngapali နှင့် Youth Force ကုမ္ပဏီများသို့ အသီးသီး လွှဲပြောင်း လုပ်ကိုင်စေခဲ့သည်။

စစ်တွေနှင့် ရွှေဝါထွန်းဟိုတယ်မှ ဟိုတယ်နှင့် ခရီးသွားဝန်ထမ်း ၁၀၀ ကျော်ကို ပြီးခဲ့သော ဇူလိုင် ၂၂ ရက်မှ စတင်၍ အထွေထွေအုပ်ချုပ်ရေး ဦးစီးဋ္ဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းခဲ့သည်။

“ကျွန်တော့ လုပ်သက် ၁၃ နှစ်ကျော်မှာ ဒါမျိုးတစ်ခါမှ မကြုံဖူးဘူး။ လုပ်ထုံးလုပ်နည်း မှားနေ တယ်”ဟု ရွှေဝါထွန်းဟိုတယ်မှ အမျိုးသားဝန်ထမ်း တစ်ဦးက ပြောကြားသည်။

ပုံမှန် လုပ်ထုံးလုပ်နည်းအရ ၀န်ထမ်းများကို အစိုးရက ပင်စင်လစာပေး ပြီးမှသာ ပုဂ္ဂလိက ၀န်ထမ်း အဖြစ်တရားဝင်ခန့်ထားရမည်ဖြစ်သော်လည်း ယခု လုပ်ထုံးမှာ ၀န်ထမ်းများကိုပါ တိုက်ရိုက် ပုဂ္ဂလိက ပြောင်း လိုက်ခြင်းဖြစ်သည်။

ပုဂ္ဂလိက ၀န်ထမ်းအဖြစ်လုပ်ကိုင်လိုခြင်း မရှိ၍ ၀န်ကြီးဋ္ဌာနတွင် ဆက်လက်လုပ်ကိုင်ခွင့်ပြုပါရန် ၀န်ထမ်းများက ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးထံသို့ အသနားခံစာတင်ထားကြောင်း၊ ၀န်ကြီးဋ္ဌာန ထံမှ ပြန်လည်ခေါ် ယူမည်ဟု နှုတ်ဂတိရရှိထားကြောင်း သိရသည်။

“လုပ်သက်ကလည်း နှစ် ၂၀၊ ၃၀ ရှိနေပြီ ဒီမကြီးမငယ်အသက်ရောက်မှ ပုဂ္ဂလိက ၀န်ထမ်းမလုပ် ချင်တော့ဘူး။ နှစ်ပေါင်းများစွာ ရင်းလာခဲ့တဲ့ အတွက် ပင်စင်တော့ ပြန်လိုချင်တယ်”ဟု ၀ါရင့်ဟိုတယ် ၀န်ထမ်းတစ်ဦးက ပြောကြားသည်။

ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သော ၀န်ထမ်းဦးရေမှာ စစ်တွေဟိုတယ်တွင် ၄၃ ဦး၊ ရွှေဝါထွန်းဟိုတယ်တွင် ၅၉ ဦးရှိပြီး ၎င်းတို့ အသနားခံစာ တင်ထားသော ကိစ္စနှင့် ပတ်သက်၍ ဇုလိုင်လကုန်အထိ မည်သည့် သတင်းစကားမျှ မရရှိသေးကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် ဂွမြို့သို့ ဇူလိုင် ၂၇ တွင် စတင်ရောက်ရှိခဲ့ပြီး သံတွဲ၊ တောင်ဂုတ်၊ အမ်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော် ထိုမှ တဆင့် နောက်ဆုံး စစ်တွေ သို့ ဇူလိုင် ၂၉ ရက်နေ့တွင် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

သတင်း.... (TH)Transparency Myanmar

ပြည်သူတွေအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ

“ ပြည်သူတွေအတွက် ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ”

ပဲခူးမြို့နဲ့ဟင်္သာတမြို့တွေရေကြီးပြန်ပြီတဲ့၊ပဲခူးမြို့ဆိုဘူတာကြီးကသင်္ဘောဆိပ်လား ထင်ရလောက်အောင် ဆိုးဆိုးရွား ရွားဖြစ်နေတာတဲ့၊ မနှစ်ကလည်း မန္တလေးနဲ့ ပဲခူးမြို့ တွေမှာ ဒီလို ရေကြီးတဲ့ဘေးဒုက္ခ ကြုံခဲ့ကြပါသေးတယ်၊ ပြည်သူတွေအဖို့ကတော့ ကံကြမ္မာကိုပုံချတာ ၊ ကပ်ဆိုက်နေ...တာလို့ စဉ်းစား တာတွေ မြင်ကြားနေရပါလေရဲ့ ။

တကယ်တော့ကိုယ်ကျိုးစီးပွားနဲ့ အာဏာတည်မြဲရေးအတွက်ပဲ ဦးစားပေးတဲ့ စစ်ဗိုလ်ချုပ်တွေ ရဲ့အုပ်ချုပ် မှုအောက် မှာ ရရာခိုးပြီးရပ်တည်နေရတဲ့ ၀န်ထမ်းတွေရဲ့ပေါ့လျော့မှု ကြောင့် ၊ ဆည်မြောင်းဦးစီး ဌာန၀န်ထမ်းတွေကြောင့်နဲ့ (အထူးသဖြင့်) နိုင်ငံတော်ကိုတာဝန်ယူအုပ်ချုပ်နေပါတယ်ဆိုတဲ့ အစိုးရ အယောင်ဆောင် စစ် ယူနီဖေါင်းချွတ်တွေ ကြောင့်ပါဆိုတာများ ရေဘေးသင့်ပြည်သူတွေသိကြရင် ဘယ်လို ခံစားကြရပါလေမလဲ ။

ဟာ..! သူ့ဘာသာသဘာဝဘေးရေကြီးတာပဲ ၀န်ထမ်းတွေနဲ့ဘာဆိုင်လဲ ၊ ငါတို့အာဏာပိုင်တွေနဲ့ရော ဘာဆိုင် လို့လဲ၊ နိုင်ငံရေးနဲ့နွယ်ပြောချင်လို့ ဇွတ် ဆက်စပ်နေတာပဲလို့ စစ်ဗိုလ်ချုပ်ကြီးတွေအသိုင်း ၀ိုင်းက ပြောချင်ပါလိမ့် မယ် ၊ ပြီးတော့ပြောချင်းပြော မိုးလေ၀သနှင့်ဇလဗေဒဦးစီးဌာနကိုပဲပြောရမှာ ဆည်မြောင်းဦးစီးဌာနက ဘယ်လိုပါလာရတာ လဲလို့လည်း မေးစရာရှိနိုင်ပါတယ် ၊ ပြောပါ့မယ် ။

ရေကြီးတာက သဘာဝဘေးပါ ၊ ဒါပေမဲ့ ရေကြီးမှာ ကိုကြိုမသိတာ၊ ပြည်သူတွေ ကိုကြို တင်ရွှေ့ပြောင်းမှု မလုပ်နိုင်တာ၊နှစ်တိုင်းလို ဒီမြို့တွေမှာရေကြီး တတ်မှန်းသိလျက်နဲ့ ရေလွှဲမြောင်းတွေ မဖေါက် တာ၊ ရေတားတာတမံတွေမဆောက်တာ ၊ ရေကြီးမှုဖြစ်လာတဲ့အချိန်မှာ လုံလောက်တဲ့ ကယ်ဆယ် ကူညီရေးအစီအစဉ်တွေမရှိတာ ဆိုတာတွေ ကတော့ နိုင်ငံတော်ကိုအုပ်ချုပ်နေပါတယ်ဆိုသူတွေရဲ့ ကိုယ်ကျိုးပဲရှာ လိုမှု ၊ ပြည်သူတွေအပေါ် စေတနာ မမှန်မှုနဲ့ နိုင်ငံ့ဝန်ထမ်းဆိုသူတွေရဲ့ တာဝန်မဲ့မှုတွေကြောင့်ပါ ။

အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေးအာဏာကိုကိုင်ထားတဲ့ စစ်ဗိုလ်ချုပ်ကြီးပိုင်းက စီပွားရေးလုပ် ငန်းရှင်တွေဆီကလာဘ်စား ၊ လုပ်ပိုင်ခွင့်တွေချ ပေး ၊ အကျိုးတူရှယ်ယာ တွေဝင်ထားပြီး မမျှော်မှန်းနိုင်အောင် ချမ်းသာနေကြပေမဲ့ ၀န်ထမ်းလောကမှာတော့ လစာသက်သက်မလောက်ငှမှုကိုဖြေ ရှင်းဘို့ လာဘ်စားတာ ၊ သက်ဆိုင်ရာလုပ်ငန်းသုံး ပစ္စည်းစာရင်းပိုတင်တာ ၊ ဈေးနှုန်းပိုတင်တာ ၊ ခိုးရောင်းစားတာလုပ်ကြရပါတယ် ၊ လုပ်ပိုင်ခွင့်နေရာက ပစ္စည်းခိုးခွင့် ဒါမှမဟုတ် လာဘ်စားဂွင်ဖန်ခွင့် ရှိတဲ့နေရာမဟုတ်ရင် တော့ အချိန်ခိုးကြပါတယ် ၊(ဥပမာ နိုင်ငံ့ဝန်ထမ်းတာဝန်ချိန်အတွင်းမှာ ဈေး လည်ရောင်းတာ၊ချဲထိုး ချဲရောင်း ချဲတွက်လောင်း ကစားလုပ်တာ၊အထက်အရာရှိနဲ့ညှိပြီး တခြား အလုပ်တွဲလုပ်နေတာမျိုးတွေက အချိန်ခိုးတာတွေပါ)။

ဝန်ထမ်းကဘာခိုးခိုး

အဲ့ဒီဒါဏ်ကို ပြည်သူတွေပဲခံကြရပါတယ်၊(၀န်ထမ်းတွေကိုယ်တိုင်လဲပြန်ခံကြရပါတယ်)၊ဆေးရုံမှာလုပ်တဲ့ဝန်ထမ်း က ဆေးတွေ ခိုးထုတ်ရောင်းရင် လူနာ တွေက ဆေးရုံမှာဆေးမရှိတဲ့ဒါဏ်ကိုခံကြရပါတယ်၊အပြင်ဈေးတွေနဲ့ ကိုယ်ဘာ သာဝယ် သုံးကြရပြီး မ၀ယ်နိုင်တဲ့ပြည်သူတွေအဖို့ ရောဂါကနိုင်သွားတာခံလိုက်ကြရပါတယ် ၊ လမ်း/တံတား တည်ဆောက်တဲ့ လုပ်ငန်းတွေမှာလုပ်တဲ့သူတွေကခိုးရင် လမ်းတွေမြန်မြန်ပျက်ပြီး လမ်းပန်းဆက် သွယ်ရေးနှောင့်နှေးမှုတွေဖြစ်လာတာကြောင့် သယ်ယူပို့ ဆောင်ခစရိတ်တွေပိုလာပြီး ကုန်ပစ္စည်းတွေဈေးတက် တဲ့ဒါဏ်ကို ပြည်သူ တရပ်လုံး ခံကြရပါတယ် ။

ခုလိုရေဘေးဒါဏ်ခံရတာကတော့ အချိန်ခိုးတဲ့ဝန်ထမ်းတွေနဲ့လည်း သက်ဆိုင်ပါတယ် ၊ အထက်မှာပြောခဲ့တဲ့ ဆည်မြောင်းဦးစီးဌာန၀န်ထမ်းတွေရဲ့ အချိန်ခိုးမှုကြောင့်ဆိုရင် ပိုမှန်ပါလိမ့်မယ် ။ ဒီလိုပါ…..လူတွေက မိုးဇလ(မိုးလေ၀သနဲ့ဇလဗေဒဌာန)ကိုပဲသိကြပြီး အဲ့ဒီဌာနအတွက်အချက်လက်တွေ ဘယ်ဌာနတွေ ကနေရနေ တယ် ဆိုတာ မသိကြ ပါဘူး ၊ အဲဒီမိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာန (မိုးဇလ) အတွက် မြစ်ချောင်း ဆိုင်ရာအချက်လက်တွေကို ဆည်မြောင်းဦးစီးဌာနကပေးရတာပါ ၊ ဆည်မြောင်း ဦးစီးဌာနအတွက် လိုအပ်တဲ့အချက်လက်တွေကိုလဲ မိုးဇလဆီကနေယူရပါတယ် ၊ ဆည်မြောင်း ဦးစီးဌာနမှာ စီမံရေးရာဌာန ၊ ငွေစာရင်းဌာန ၊ ဖြည့်တင်းရေးဌာန ၊ တည်ဆောက်ရေးဌာန ၊ မြေတိုင်းဌာန ၊ ပုံဆွဲဌာန၊ မော်တော် ယာဉ်နဲ့ယန္တယားဌာန ၊ စက်ပြင်ဌာန၊ စာဝင်စာထွက်ဌာန ၊ ဇလဗေဒလေ့လာရေးဌာနလို့ ဌာနခွဲတွေ ရှိပြီး မြို့တိုင်းမှာ ရုံးခွဲဌာနခွဲတွေ ရှိပါတယ်၊ အခုလိုရေကြီးမှုဖြစ်စဉ်တွေ အတွက် ပြည်သူတွေ ကို ရေကြီးမဲ့အကြောင်းကြိုတင်သတိပေးနိုင်ဘို့ မြစ်ချောင်းတွေမှာရှိနေတဲ့ ရေအမြင့်နဲ့ပမာဏကို နေ့တိုင်း တနေ့ သုံးကြိမ် တိုင်းတာစစ်ဆေးတွက်ထုတ်ပေးနေဘို့နဲ့ နေရာဒေသတွေအလိုက် မိုးရေချိန်တွေတိုင်းတာ စစ်ဆေးနေဖို့က ဆည်မြောင်းဦးစီးဌာန၊ ဇလဗေဒလေ့လာရေး ဌာနခွဲရဲ့ တာဝန်ဖြစ်ပါတယ် ။

(Bago Flood)

ဆည်မြောင်းဦးစီးဌာန၊ ဇလဗေဒလေ့လာရေးဌာနခွဲရဲ့ထူးခြားချက်က တစ်နိုင်ငံလုံးမှာ အထက် ဗမာပြည် ရုံး(မန္တလေး)နဲ့ အောက်ဗမာပြည်ရုံး(ရန်ကုန်) ဆိုပြီး နှစ်ရုံးထဲရှိတာ ဖြစ်ပါတယ် ၊

အထက်ဗမာပြည်ရုံး(မန္တလေး)က တပ်ကုန်းအထက် (ချင်းပြည်နယ် ၊ ကချင်ပြည်နယ် ၊ ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း နဲ့ ကယားပြည်နယ်) မှာ ရှိတဲ့ မြို့တွေ မြစ်ချောင်းတွေ ကိုတာဝန်ယူရပြီး အောက်ဗမာပြည်ရုံး(ရန်ကုန်)ကတော့ တပ်ကုန်းကနေ အောက်ဘက် ( ပဲခူးတိုင်း ၊ မကွေးတိုင်း ၊ ရခိုင်ပြည်နယ် ၊ ကရင်ပြည် နယ် ၊ မွန်ပြည်နယ် ၊ ဧရာဝတီတိုင်း ၊ ရန်ကုန်တိုင်း ၊ တနင်္သာရီတိုင်း)မှာရှိတဲ့ မြို့ တွေ မြစ်ချောင်းတွေကိုတာဝန်ယူရပါတယ် ၊ အဓိက,က မြစ်တွေထဲ ကိုစီးဝင်တဲ့ချောင်းတွေ မှာ ရေမှတ်စခန်းတွေထားရှိပြီး ရေအမြင့်(Level)ကို နေ့စဉ် တနေ့သုံးကြိမ်တိုင်းတာ မှတ်တမ်း တင်တာ ၊ လစဉ် ရေစီးနှုန်း ၊ ချောင်းအကျယ်နဲ့ ရေအနက်ကိုတိုင်းတာစစ်ဆေး တာ ၊ ရေထဲမှာဆားငံဓါတ်နဲ့ သဲနုံး ပါဝင်နှုန်းတိုင်းတာစစ်ဆေးတာတွေလုပ်ရပါတယ် ၊ အဲဒီလို မြစ်တွေထဲ ကိုစီးဝင်တဲ့ချောင်းတွေမှာ ရေမှတ်တိုင်တွေထားရှိပြီး ရှိနေတဲ့ ရေ အမြင့်ကို (တနေ့သုံးကြိမ်) မှတ်တမ်းတင် ဖို့နဲ့ ရေမှတ်တိုင်တွေကောင်းမွန်စွာတည်ရှိနေဖို့ ရေမှတ်ကြည့်လုပ်သားအဖြစ် ဆည်မြောင်းဦးစီးဌာန ၊ ဇလဗေဒလေ့ လာရေးဌာနခွဲ ရဲ့ နေ့စားလရှင်းဝန်ထမ်း ခန့်အပ်ထားရှိရပါတယ် ၊ များသော အားဖြင့် ရေမှတ်တိုင်နဲ့အနီးဆုံးရွာက ရယကဥက္ကဌမိသားစုဝင် တယောက် ယောက် က ရေမှတ်လုပ်သားအဖြစ် တာဝန်ယူဆောင်ရွက်တာဖြစ်ပါတယ် ။

ဆည်မြောင်းဦးစီးဌာန၊ ဇလဇေဒလေ့လာရေးဌာနခွဲရဲ့ ပညာရှင်ဝန်ထမ်း(မြို့ပြအင်ဂျင်နီယာ)တွေဖြစ်တဲ့ ဒုလက်ထောက်ဦးစီးမှုး(AES)၊ လက်ထောက် ဦးစီးမှုး(ES)၊ ဒုဦးစီးမှုး (SAE)တွေက တာဝန်ယူအုပ်ချုပ်ရတဲ့ရေမှတ်စခန်းတွေကို လစဉ်လှည့်လည် စစ်ဆေးပြီး ရေအမြင့် မှတ်တမ်းအချက် အလက်တွေ ရယူရတာဖြစ်ပါတယ် ၊ သက်ဆိုင်ရာဦးစီး အရာရှိ(AE)နဲ့ လက်ထောက် ညွှန်ကြားရေးမှုး(EE)တို့ဆီ ကနေ ခရီးသွားလာခွင့်အမိန့်(MO)ကိုသာထုတ်ယူရ ပြီး ခရီးစရိတ်ကိုတော့ ကိုယ့်ဘာသာရှာဖွေ သွားကြရပါတယ် ၊ ခရီးကာလကုန်ဆုံးပြီးရုံးပြန်ရောက်တဲ့အချိန်ကျမှ သွားခဲ့တဲ့ခရီးစဉ်နဲ့ ရထားခ ၊ ကားခ တွေ ချရေးပြီး ခရီးစရိတ်(TA)အဖြစ်တင်ပြတောင်းခံကြရတာဖြစ်ပါတယ် ၊ အဲဒီလို တောင်းခံတဲ့အခါ စားစရိတ်(DA)ကို နေ့တွက်နဲ့ တနေ့ ၁၅ ကျပ်နှုန်း သာ နိုင်ငံတော်ခွင့်ပြုစရိတ်အဖြစ် သတ်မှတ်ပေးတာဖြစ်ပါတယ် ၊ ခရီးသွားတဲ့အချိန်လမ်းမှာဝယ်စားရင် မနက်/နေ့လည်/ညစာတွေအတွက် ကျပ် ၃၀၀၀နဲ့တောင် မလောက်နိုင်တဲ့ခေတ်မှာ တနေ့လုံးစာစားစရိတ်ကို ၁၅ ကျပ်ပဲသတ်မှတ်ထားတော့ ရက်ရှည်ခရီးသွားလာတဲ့ ဝန်ထမ်းတိုင်း ချေးငှား သွားတဲ့ ငွေပြန်မဆပ်နိုင်ဖြစ်ပြီး ဒုက္ခရောက်ကြရပါတယ် ၊ အဲဒါ ဆည်မြောင်းဦးစီးဌာနဝန်ထမ်းမှမဟုတ်ပါဘူး ၊ နိုင်ငံဝန်ထမ်းတိုင်း ရင်ဆိုင်ကြရတာဖြစ် ပါတယ်။

အဲဒီတော့ ရေမှတ်စခန်းတွေကို ကိုယ်တိုင်ကိုယ်ကျသွားပြီး လှည့်လည်စစ်ဆေးရမဲ့ဝန်ထမ်းတွေဟာ တကယ်ခရီးသွားရင်အိပ်စိုက်ရတဲ့အတွက် ရုံးမှာသာ MOထုတ်ခရီး အထွက်ပြကြပြီး ဘယ်သူမှ တကယ်မသွားကြတော့ပါဘူး ၊ ရေမှတ်စောင့်တွေကို ရေမှတ်စာအုပ်ရဲ့လစဉ်ဇယားကွက်အောက်က စစ်ဆေးသူနေ ရာမှာ လက်မှတ်တုထိုးတတ် အောင်သင်ပေးထားကြပြီး ခရီးစဉ် ၊ လုပ်ငန်းဆောင် ရွက်မှုတင်ပြစာနဲ့ ခရီးစရိတ်တောင်းခံလွှာတွေထဲက အတိုင်းကိုက်ညီအောင် ညှိလုပ်ကြပါတယ် ၊ တကယ်ခရီး မသွား ကြဘူးဆိုတာကို သက်ဆိုင်ရာဦးစီးအရာရှိ(AE)တွေသိပေမဲ့ အလုပ်သမားမငှားရပဲ ငှားရပါတယ်လို့ တင်တဲ့ဘောက်ချာတွေ ၊ မြစ်ထဲမှာတိုင်းတာဖို့ စက်လှေမငှားရပဲ ငှားပါတယ်စာရင်းပြတဲ့ဘောက်ချာတွေ ၊ ရေမှတ်တိုင်ဘာမှ မဖြစ်ပဲ ပျက်ဆီးမှုပြုပြင်ရပါတယ်လို့ သစ်ဖိုး ၊ သင်္ဘောဆေးဖိုးတောင်းခံလွှာတွေ စတာတွေမှာ SAE တွေနဲ့ ES , AES တွေက လက်မှတ်ထိုးပေးကြရတာမို့ အပြန်လှန်ကျေးဇူးပြုကြတဲ့သဘောမျိုး မသိကျိုးကျွံပြုနေကြတာပါပဲ ။

စစ်ဆေးမဲ့သူတွေမလာတော့ နေ့တိုင်း မနက်၆နာရီ ၊ နေ့၁၂နာရီ ၊ ညနေ ၆နာရီတွေ မှာ ရေမှတ်တိုင်ရှိရာသွားကြည့်ရေမှတ်ဖတ်ပြီး စာရင်းရေးသွင်းရ မဲ့ရေမှတ်လုပ်သား တွေကလည်း ဘယ်သူမှပုံမှန် သွားမကြည့်ကြတော့ပါဘူး ၊ သက်ဆိုင်ရာ SAE ကလှမ်းတောင်းမှ ခန့်မှန်းဖြည့်စွက် ထားတဲ့ ရေမှတ် ဇယားစာရွက်ကိုပေးပို့ကြတာဖြစ်ပါတယ် ၊ ဘယ်မြစ်ထဲကိုစီးဝင်တဲ့ ဘယ်ချောင်းရဲ့ ဘယ်လရေတိုင်းတာမှုမှတ်တမ်းဆိုတဲ့စာရွက်ကို သက်ဆိုင်ရာ AE , SAE တွေလက်မှတ်ထိုးပြီး သုတေသနဌာနကိုပို့ရပါတယ် ၊ အဲဒီလို တနိုင်ငံလုံးကမြစ်ချောင်းတွေရဲ့ မှတ်တမ်းစာရွက်မိတ္တူတွေကို မိုးလေဝသနဲ့ ဇလဇေဒဦးစီးဌာန(မိုးဇလ)က ဆည်မြောင်းဦးစီးဌာန(ရုံးချုပ်)ကနေ လစဉ်တောင်းယူပြီး သူတို့တိုင်းတာစစ်ဆေးလို့ရထားတဲ့ နေရာဒေသအလိုက် မိုးရေချိန်တွေနဲ့ ပြန်ညှိ တွက်ချက် အဖြေရှာရ တာဖြစ်ပါတယ် ၊ ချောင်းတွေမှာဖြစ်ပေါ်တဲ့ရေအမြင့်အမှန်ကိုသိမှ အဲဒီ ချောင်းတွေ စီးဝင်တဲ့မြစ်မှာ ဖြစ် လာမဲ့ရေအမြင့် ကိုတွက်ချက်ခန့်မှန်းနိုင်ပြီး မြစ်ကြောင်းတလျှောက်မှာရှိတဲ့မြို့ရွာတွေရဲ့ စိုးရိမ်ရေမှတ် ကိုသိနိုင် မှာဖြစ်တာ ကို အဲဒီလိုလိမ်ညာ ရေးသွင်းထားတဲ့စာရင်းတွေနဲ့ပဲလည်ပတ်နေကြတော့ ဘယ်လိုမှမှန်အောင် မတွက်နိုင်ကြတော့တဲ့အတွက် ဘယ်လောက်ထိရေမြင့်တက်မှုဖြစ်လာမယ် ဆိုတာ ကြိုတင်မသိ ကြတော့ တာဖြစ်ပါတယ် ။

ဒီလိုအခြေအနေတွေကိုကြည့်ရင် ပြည်သူတွေရေဘေးဒဏ်ခံကြရတာဟာ ရရာခိုးပြီးရပ်တည်နေရတဲ့ ၀န်ထမ်းတွေရဲ့ပေါ့လျော့မှုကြောင့် ၊ ဆည် မြောင်းဦးစီးဌာန၀န်ထမ်း တွေကြောင့်နဲ့ (အထူးသဖြင့်)နိုင်ငံတော် ကိုတာဝန်ယူအုပ်ချုပ်နေပါတယ်ဆိုတဲ့ အစိုးရအယောင်ဆောင် စစ်ယူနီဖေါင်းချွတ် တွေကြောင့်ဆိုတာ သိသာထင်ရှားပါလိမ့်မယ် ၊ တိုင်းသူပြည်သားတွေရဲ့ကံကြမ္မာဟာ တိုင်းပြည်အုပ်ချုပ်သူတွေ အပေါ်မှာပဲမူ တည်ပါတယ် ၊ အစိုးရက ဝန်ထမ်းတွေရဲ့ပြည့်စုံလုံလောက်မှုကိုမဖန်တီးပေးနိုင်တော့ ရရာခိုး ရပ်တည်ကြတဲ့ ထွက်ပေါက်ရှာကြမှုကနေ ပြည်သူတွေကို ဘေးဒုက္ခတွေဖြစ်စေခဲ့ တာပါပဲ ။

ဒါ ဝဋ်ကြွေးတွေဆပ်နေကြရတာမဟုတ်ပါဘူး ၊ အတိတ်ဘဝကုသိုလ်ကံနည်းခဲ့လို့မဟုတ်ပါဘူး ၊ ဘုရားသခင် အလိုကျဆိုတာလည်းမဟုတ်ပါဘူး ၊ သဘာဝဘေးအန္တရာယ် သက်သက်လည်းမဟုတ်ပါဘူး၊ ဖွံ့ဖြိုးတိုးတက်နေ ပါပြီလို့ပြောင်လိမ်ပြီး မတရားအနိုင်ကျင့်မှုမျိုးစုံနဲ့အုပ်ချုပ်နေတာရဲ့ ဆိုးကျိုးတွေသာ ဖြစ်ပါတယ် ၊ ၂၀၀၈ မေလက ပြည်သူတွေသိန်းနဲ့ချီသေကြေဆုံးရှုံးရတဲ့ နာဂစ်မုန်တိုင်းဖြစ်နေချိန် မုန်တိုင်းသင့်ပြည်သူတွေကို ထိရောက် တဲ့ကယ်ဆယ်ကူညီရေးတွေမလုပ်ပဲ သူတို့အာဏာစက်ခိုင်မြဲရေး ဖွဲ့စည်းပုံအခြေခံ ဥပဒေဆန္ဒခံယူပွဲ ကို ဇွတ်အဓမ္မလုပ်ခဲ့တာကိုကြည့်ရင် ပြည်သူတွေ အပေါ် ငဲ့ညှာစဉ်းစားမှုမရှိတဲ့ စစ်ဗိုလ်ချုပ်တွေ ရဲ့သဘောထားကို သိမြင်နိုင်ပါတယ် ။

အစိုးရအမည်ခံထားတဲ့ စစ်ဗိုလ်ချုပ်တွေသာ ပြည်တွင်းစစ်မှာနေ့စဉ်သုံးနေတဲ့ အမြှောက်ဆံ၊ ကျည်ဆန်ဗုံး လက်နက်တွေအတွက်ကုန်ကျမဲ့ငွေတွေကို ရေကြီးလေ့ရှိတဲ့မြို့တွေ မှာ ရေလွှဲမြောင်းတွေဖေါက်ဖို့သုံးမယ်ဆိုရင် ၊ ရေတား တာတမံတွေ တည်ဆောက်ဖို့သုံးမယ်ဆိုရင် ၊ ကယ်ဆယ်ရေးလုပ်ငန်း သုံး ပစ္စည်းတွေဆောင် ထားဖို့သုံးမယ် ဆိုရင် ပြည်သူတွေခုလိုအဖြစ်ဆိုးတွေ ကြုံကြရပါ့မလား ။

အရင်းစစ်ရင်မြေမှာအမြစ်ဆိုသလို ပြည်သူတွေဆင်းရဲမွဲတေနေရတာရဲ့အဓိကတရားခံ ၊ ပြည်သူတွေ ရေ ၊ မီး ၊ မုန်တိုင်း ၊ ရောဂါဘယတွေနဲ့ ဘေးအန္တရယ်အမျိုးမျိုး ရင်ဆိုင်ကြုံတွေ့ရတာတွေရဲ့အဓိကတရားခံ ၊ ပညာရေး ကျန်းမာရေး စီးပွားရေး ကဏ္ဍစုံမှာနိုင်ငံတကာနဲ့ရင်ဘောင်တန်းနိုင်တဲ့ အခြေအနေမရှိအောင် တိုင်းပြည်နိမ့် ကျနေရ တာတွေရဲ့ အဓိကတရားခံ ၊ နိုင်ငံသားအချင်း ချင်းပြန် သတ်နေကြရ တဲ့ ပြည်တွင်းစစ်ကိုငြိမ်းအေးအောင် မကြိုးစားပဲ ကြီးထွားသထက်ကြီးထွားအောင်လုပ်နေတဲ့ အဓိက တရားခံ ဟာ အစိုးရအယောင်ဆောင်စစ်ဗိုလ်ချုပ်တွေသာဖြစ်တာမို့ စစ်တပ်ကြီးစိုးချယ် လှယ်နေတဲ့ ကြံ့ဖွတ်လွှတ်တော် ဖျက်သိမ်းရေးကို ပြည်သူတရပ်လုံး ပါဝင်ဆောင်ရွက် ကြသင့်တယ်ဆိုတာ “ ပြည်သူတွေအတွက် ရေဘေး အန္တရာယ်ကြိုတင်ကာကွယ်မှုတွေ မလုပ်ပေးနိုင်တာဘာကြောင့်လဲ ” ဆိုတဲ့အချက်တွေနဲ့ နှိုင်းယှဉ်တင်ပြလိုက်ရ ပါတယ်..။

**မောင်ချင့်ချိန်**

01 August 2011

စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ကာတွန်းတပုံ

ကျွန်တော်သည် ကာတွန်းဆရာဖြစ်လာသည်နှင့် ထူးခြားသောနေ့များ နှစ်သစ်များကို ကာတွန်းဖြင့် သရုပ်ဖေါ်ခဲ့သည်။ ထိုကြောင့် 5.5.55 ငါး လေးလုံး၊ 6.6.66 ခြောက်လေးလုံး၊ 7.7.77 ခုနစ်လေးလုံး နေ့ရက်များကို သတင်းစာများတွင် ကာတွန်းဖြင့် သရုပ်ဖေါ် ရေးဆွဲခဲ့သည်။ သတင်းစာတိုက်များ ပြည်သူပိုင် လုပ်ပြီးသည့် နောက်ပိုင်းတွင် ကျွန်တော်သည် သတင်းစာတွင် ရေးဆွဲခဲ့သော ခေါင်းကြီးကာတွန်း (Editorial Cartoon) များ ရေးဆွဲခြင်းကို တဖြည်းဖြည်း ရပ်ဆိုင်းလိုက်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းစာများတွင် လွတ်လပ်စွာ ရေးသားခွင့်များ မရှိတော့ဘဲ တဖြည်းဖြည်း တင်းကျပ်လာသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သတင်းစာတွင် ကာတွန်းများ မရေးဆွဲတော့ဘဲ မဂ္ဂဇင်းများတွင်သာ ကျွန်တော် ကာတွန်းရေးဆွဲပါတော့သည်။


စာပေစိစစ်ရေးက ဖြုတ်ပယ်ခဲ့သော ကာတွန်းတပုံ

(ကာတွန်း ဦးဖေသိန်း)


(ကာတွန်း ဦးဖေသိန်း၏ ကိုယ်တိုင်ရေး ပုံတူ)



(ကာတွန်း ဦးဖေသိန်း)

စာရေးဆရာ မြတ်ထန်(ဗိုလ်မှူးကြီး တင်မောင်) ထုတ်ဝေသော “ချယ်ရီ” မဂ္ဂဇင်းက နှစ်ပတ်လည် အထူးထုတ် (သြဂုတ်လ)အတွက် ကာတွန်းတောင်းရာ ကျွန်တော်သည် ထူးခြားသည့် နေ့များ၊ နှစ်များကို ရေးဆွဲခဲ့သည့်အတိုင်း စိတ်ကူးရထားပြီးသား ဖြစ်ပါသည်။ သြဂုတ်လသည် ၈ လမြောက် ဖြစ်သောကြောင့် ထိုအင်္ဂလိပ် ဂဏန်း နံပါတ် (8) သည် သံကွင်းနှင့် တူ၍ (8) များဆက်လိုက်လျှင် သံကြိုးနှင့်တူပါသည်။ ကျွန်တော့် စိတ်ကူးမှာ အချုပ်အနှောင်ခံနေရသော လူတစ်ယောက် သံကြိုးကို ရုန်းဖြတ်လိုက်ရာ (8) ရှစ်လေးလုံးများ ပြတ်ထွက်ကုန်ပြီး အနှောင်အဖွဲ့မှ လွတ်မြောက်နေပုံဖြစ်သည်။


အကယ်၍ ထိုလူတစ်ယောက်၏ ပုံကို မြန်မာအမျိုးသားပုံ ရေးဆွဲလိုက်ပါက ထိုကာတွန်းပုံမှာ “ဆင်ဆာ” လုပ်ခြင်းခံရမည်မှာ သေချာနေပါသည်။ ထိုကြောင့် ချယ်ရီ မဂ္ဂဇင်းနှင့်လည်း ဆီလျှော်အောင် ချယ်ရီပန်းများပွင့်ရာ ဂျပန်ပြည်မှ ဟီရိုရှီးမား ငြိမ်းချမ်းရေးရုပ်ထုကြီးက 8.8.88 ရှစ်လေးလုံး သံကြိုးများရုန်းကန် ဖြတ်တောက်နေပုံကို ရေးဆွဲလိုက်ပါသည်။ ထိုပြင် ဟီရိုရှီးမား ရုပ်ထုကို ရေးဆွဲခြင်းအားဖြင့် သြဂုတ်လတွင် ဟီရိုရှီးမား အနုမြူဒဏ် ခံရခြင်းကို ပေါ်လွင်စေပါသည်။ ထိုကာတွန်းကို သြဂုတ်လထုတ် ချယ်ရီမဂ္ဂဇင်းတွင်း အချိန်ကိုက် ပါလာစေရန် ဇွန်လကပင် ကြိုတင်ရေးဆွဲ၍ မဂ္ဂဇင်းတိုက် ပို့ထားရပါသည်။



စာပေစီစစ်ရေး (ကာတွန်း ဦးဖေသိန်း)

ထိုနှစ် ထိုအချိန်က ၁၉၈၈ နှစ်ဆန်း လောက်ကပင် ကျောင်းသား ဆူပူမှုများ “စ” နေလေပြီ။ ကျောင်းသား ဆူပူမှုများ တစ တစ ကြီးထွားလာသည်။ သို့နှင့် ဇူလိုင် လကုန် ရောက်လာရာ သြဂုတ်လထုတ် ချယ်ရီ မဂ္ဂဇင်းလည်း ထွက်နေပြီ။ ကျွန်တော့် (8.8.88) ရှစ်လေးလုံး ကာတွန်းလည်း ပါလာပါသည်။ ကျောင်းသားများလည်း ထူးခြားလှသည့် (8.8.88) နေ့မှာပင် ဆန္ဒပြပွဲကြီးကျင်းပရန် ကျေညာကြပြီး ချယ်ရီမှ ကျွန်တော့် ရှစ်လေးလုံး ကာတွန်းကို မိတ္တူများပွား၍ ဖြန့်ဝေပါတော့သည်။ ကာတွန်းပုံတစ်ခုလုံး၏ အနှစ်သာရမှာ “အနှောင်အဖွဲ့မှ လွတ်မြောက်ခြင်း” ဖြစ်၍ ကျောင်းသားများ နှစ်သက်ကြခြင်း ဖြစ်ပါသည်။ ချက်ခြင်းပင် သက်ဆိုင်ရာ စာပေ စီစစ်ရေးရုံးမှ ဆူပူမှုကို လှုံဆော်သော ကာတွန်း အဖြစ် သတ်မှတ်ပြီး မဂ္ဂဇင်းတိုက်နှင့် ကျွန်တော့်ကို အရေးယူကာ ဖြေရှင်းချက် တောင်းပါတော့သည်။ ကျွန်တော်သည် ယခုမှသာ မဟုတ် (5.5.55) ငါးလေးလုံး၊ (6.6.66) ခြောက်လေးလုံး၊ (7.7.77) ခုနစ်လေးလုံး နှစ်တွေတုန်းကလည်း ကာတွန်းရေးခဲ့ကြောင်း၊ ယခုကိစ္စမှာ တိုက်ဆိုင်မှုသာဖြစ်ကြောင်း ဖြေရှင်းချက်ရေးကာ ရုံးသို့ ချယ်ရီ အယ်ဒီတာ အောင်ပြည့်နှင့်အတူ သွားတင်လိုက်ပါသည်။

မီချေးဂေါ်ဗာချော့ဗ်၏ ခေါင်းမှ အမှတ် .. .. ( ကာတွန်း ဦးဖေသိန်း)

နောက်ထပ် တိုက်ဆိုင်မှုဟုပင် ဆိုရမည်။ ကျွန်တော် ရုံးသို့ သွားတင်သောနေ့မှာလည်း 8.8.88 ရက်နေ့ ၁၀ နာရီ ဖြစ်ပါသည်။ ရုံးမှ အရာရှိကြီးများသည် ကျွန်တော့်ကိစ္စကို စစ်မေးမြန်းခြင်းပင် မပြုဘဲ၊ ကျွန်တော့်ဖြေရှင်းချက် စာရွက်စာတမ်းနှင့် အထောက်အထား ပုံများကိုသာ ယူထားလိုက်သည်။ တစ်ရုံးလုံး ခြောက်ခြားနေကြသည်။ “ယနေ့ပဲ တစ်ခုခု ဖြစ်တော့မလိုလို …” စိုးရိမ်နေကြဟန် တူပါသည်။ ဟုတ်ပါသည်။ “ရှစ်လေးလုံး အရေးအခင်း” သည် (8.8.88) နေ့လည်မှာပင် စတင် ပေါက်ကွဲပါတော့သည်။ ကျွန်တော်၏ ရှစ်လေးလုံး ကာတွန်းသည်လည်း အလွန်ကျော်ကြားသွားပါသည်။

အရေးအခင်းတွင် ဆန္ဒပြ ကျောင်းသူကျောင်းသားများပါမက ပြည်သူများပါ အတော်သေကြေကြပါသည်။ နောက်ရက်များတွင် ဆန္ဒပြပွဲများ ပြင်းထန်လာသည်နှင့်အမျှ အပစ်အခတ်များ အသေအပြောက်များ များပြားလာပါသည်။ ကျွန်တော်၏ ရှစ်လေးလုံး ကာတွန်းကြောင့် ကျွန်တော်လည်း အရေးပါ အရာရောက်သူဖြစ်လာသောကြောင့် ဦးဝင်းတင်(အယ်ဒီတာ)က ကျွန်တော့်ဆီ ဖုန်းဆက်ပါသည်။ “ကိုဖေသိန်း ကျွန်တော်တို့ စာပေသမားတွေ တခုခု လုပ်မှ ဖြစ်တော့မယ်၊ လာခဲ့ဗျာ။” ဟု ဦးဝင်းတင် ချိန်းဆိုရာ စပယ်ဦး ဦးတင်စိုး(ဘားလမ်း) အခန်းတွင် လူစုကြပါသည်။ စာပေနှင့် အနုပညာရှင်များက လက်မှတ်ထိုးပြီး စစ် အစိုးရကို အပစ်အခတ်ရပ်စဲရန် မေတ္တာရပ်ခံ တောင်းဆိုရန် ဖြစ်သည်။

မေ ခမောက်များ ( ကာတွန်း ဦးဖေသိန်း)

ကျွန်တော်တို့ ဝိုင်း၍ လက်မှတ် ထိုးပြီး ကျွန်တော်က ပန်းချီ၊ ကာတွန်း ပညာရှင်များ၏ လက်မှတ်များရရှိရန် တာဝန်ယူပါသည်။ တခြား စာရေးဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင်၊ ဂီတ၊ ဇာတ်သဘင် ပညာရှင်များ၏ လက်မှတ်များ ရရန် ကြိုးစားကြပါသည်။ လက်မှတ်ရေးထိုးရာတွင် ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် အစရှိသောနာမည်ကြီး အနုပညရှင်များ ပါဝင်ကြပါသည်။





အစိုးရအား အပစ်အခက် ရပ်စဲရန် မေတ္တာ ရပ်ခံစာနှင့်အတူ ရသမျှ အနုပညာရှင်များ၏ လက်မှတ်များကို ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရ ဌာနများသို့ ပေးပို့လိုက်ပါသည်။ ထိုမေတ္တာရပ်ခံစာကို မိတ္တူများပွား၍ သံရုံး အသီးသီးသို့ အပြင် ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ စသော ရေဒီယို သတင်းဌာန အသီးသီးသို့လည်း အချိန်မီ ပေးပို့လိုက်ပါသည်။


၁၉၉၀ နိုဗယ်ဆုရှင် (ကာတွန်း ဦးဖေသိန်း)

ထိုနေ့ညနေမှာပင် နိုင်ငံခြား ရေဒီယို သတင်းများတွင် ချက်ခြင်း ပါလာပါသည်။ ထိုအခါ အားကိုးရာမဲ့နေသော ကျောင်းသားများမှာ တတ်ကြွလာပြီး စာပေ အနုပညာရှင်များနှင့် ပူးပေါင်းမိကာ ဒီမိုကရေစီ အင်အားစုကြီး အဖြစ် “သူပစ် ကိုယ်ပစ် နှစ်ဆယ့်တစ်” ကြွေးကြော်နေကြသော သြဂုတ်လ ၂၂ ရက်နေ့တွင် ပထမဦးဆုံး ဒီမိုကရေစီ ဆန္ဒပြပွဲကြီး စတင်ဖြစ်ပေါ်လာပါတော့သည်။



ဆုတွေနဲ့ဝေ ... (ကာတွန်း ဦးဖေသိန်း)

ထိုဆန္ဒပြပွဲကြီးတွင် ပါဝင်သော ထင်ရှားသည့် စာပေနှင့် အနုပညာရှင်များမှာ စာရေးဆရာ မောင်သော်က၊ ရုပ်ရှင် အကယ်ဒမီ ဦးထွန်းဝေ၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးဝင်းခက်၊ ပန်းချီ ဦးဝင်းစိန်၊ စာရေးဆရာ မင်းသိင်္ခ၊ ရုပ်ရှင် ဒါရိုက်တာ ဦးအောင်လွင်၊ စပယ်ဦး ဦးတင်စိုးနှင့် ကျွန်တော် (ကာတွန်းဖေသိန်း) စသည်တို့ဖြစ်သည်။



ကျောင်းသားများ၏ ဆန္ဒပြ စခန်း စုရပ်သည် ရန်ကုန်ဆေးရုံကြီး ဖြစ်ရာ ထိုစခန်း၏ စင်မြင့်ပေါ်မှာပင် စာပေနှင့် အနုပညာရှင်များက ဟောကြ ပြောကြသည်။ ထိုနိုင်ငံရေး တတ်ကြွမှု အရှိန်အဟုန်ကြောင့် ဟောပြောပွဲများ ရန်ကုန်တမြို့လုံးသို့ ကူးစက်ပျံနှံ့သွားပါတော့သည်။ ရန်ကုန်မှ တဆင့် ဒီမိုကရေစီ ဆန္ဒပြပွဲများ တပြည်လုံးသို့ပင် ပျံနှံ့သွားပြန်သည်။



ဆရာကြီး ဦးဖေသိန်း၏ ၈ လေးလုံး ကာလ အတွင်း လက်ရာ (ကာတွန်း ဦးဖေသိန်း )အရေးအခင်းကာလအတွင်းတွင် စာစောင်များ၊ ဂျာနယ်များ၊ သတင်းစာများ လွတ်လပ်စွာ ထွက်လာရာ ကျွန်တော်သည်လည်း ကာတွန်းများ လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ခဲ့ပါသည်။

ဤကား ရှစ်လေးလုံး (8.8.88) အရေးအခင်း (သို့မဟုတ်) ဒီမိုကရေစီ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကျွန်တော်၏ လှုပ်ရှားမှု တပိုင်းတစသာ ဖြစ်ပါသည်။

အစိုးရအား အပစ်အခက် ရပ်စဲရန် မေတ္တာ ရပ်ခံစာနှင့်အတူ ရသမျှ အနုပညာရှင်များ၏ လက်မှတ်များကို ပူးတွဲ၍ သက်ဆိုင်ရာ အစိုးရ ဌာနများသို့ ပေးပို့လိုက်ပါသည်။ ထိုမေတ္တာရပ်ခံစာကို မိတ္တူများပွား၍ သံရုံး အသီးသီးသို့ အပြင် ဘီဘီစီ၊ ဗွီအိုအေ၊ အေအိုင်အာ စသော ရေဒီယို သတင်းဌာန အသီးသီးသို့လည်း အချိန်မီ ပေးပို့လိုက်ပါသည်။ ထိုနေ့ညနေမှာပင် နိုင်ငံခြား ရေဒီယို သတင်းများတွင် ချက်ခြင်း ပါလာပါသည်။ ထိုအခါ အားကိုးရာမဲ့နေသော ကျောင်းသားများမှာ တတ်ကြွလာပြီး စာပေ အနုပညာရှင်များနှင့် ပူးပေါင်းမိကာ ဒီမိုကရေစီ အင်အားစုကြီး အဖြစ် “သူပစ် ကိုယ်ပစ် နှစ်ဆယ့်တစ်” ကြွေးကြော်နေကြသော သြဂုတ်လ ၂၂ ရက်နေ့တွင် ပထမဦးဆုံး ဒီမိုကရေစီ ဆန္ဒပြပွဲကြီး စတင်ဖြစ်ပေါ်လာပါတော့သည်။ ထိုဆန္ဒပြပွဲကြီးတွင် ပါဝင်သော ထင်ရှားသည့် စာပေနှင့် အနုပညာရှင်များမှာ စာရေးဆရာ မောင်သော်က၊ ရုပ်ရှင် အကယ်ဒမီ ဦးထွန်းဝေ၊ အယ်ဒီတာ ဦးဝင်းတင်၊ ဦးဝင်းခက်၊ ပန်းချီ ဦးဝင်းစိန်၊ စာရေးဆရာ မင်းသိင်္ခ၊ ရုပ်ရှင် ဒါရိုက်တာ ဦးအောင်လွင်၊ စပယ်ဦး ဦးတင်စိုးနှင့် ကျွန်တော် (ကာတွန်းဖေသိန်း) စသည်တို့ဖြစ်သည်။

ကျောင်းသားများ၏ ဆန္ဒပြ စခန်း စုရပ်သည် ရန်ကုန်ဆေးရုံကြီး ဖြစ်ရာ ထိုစခန်း၏ စင်မြင့်ပေါ်မှာပင် စာပေနှင့် အနုပညာရှင်များက ဟောကြ ပြောကြသည်။ ထိုနိုင်ငံရေး တတ်ကြွမှု အရှိန်အဟုန်ကြောင့် ဟောပြောပွဲများ ရန်ကုန်တမြို့လုံးသို့ ကူးစက်ပျံနှံ့သွားပါတော့သည်။ ရန်ကုန်မှ တဆင့် ဒီမိုကရေစီ ဆန္ဒပြပွဲများ တပြည်လုံးသို့ပင် ပျံနှံ့သွားပြန်သည်။ အရေးအခင်းကာလအတွင်းတွင် စာစောင်များ၊ ဂျာနယ်များ၊ သတင်းစာများ လွတ်လပ်စွာ ထွက်လာရာ ကျွန်တော်သည်လည်း ကာတွန်းများ လွတ်လွတ်လပ်လပ် ရေးဆွဲနိုင်ခဲ့ပါသည်။ဤကား ရှစ်လေးလုံး (8.8.88) အရေးအခင်း (သို့မဟုတ်) ဒီမိုကရေစီ ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ကျွန်တော်၏ လှုပ်ရှားမှု တပိုင်းတစသာ ဖြစ်ပါသည်။


၁.၂.၉၈

(ကာတွန်း ဖေသိန်း တင်ပြသည်။)

ရင်းမြစ်..မိုးမခ

ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် ပြည်သူ့ အရေးတော်ပုံဟာ တစ်ပါတီအာဏာရှင်စနစ်ကို ဖြုတ်ချခဲ့တဲ့ ပြည်သူ့ အောင်ပွဲ

အာဆီယံပေါင်းစည်းဗီဇာနှင့်ပါတ်သက်၍ မြန်မာ အသံတိတ်

အရှေ့တောင်အာရှ ၁၀ နိုင်ငံကို ဗီဇာတစ်ခုတည်းဖြင့် သွားလာနိုင်မည့် အာဆီယံ ပေါင်းစည်း ဗီဇာနှင့် ပတ်သက် ၍ အခြား အာဆီယံနိုင်ငံများ အကြား ဆွေးနွေးမှုများရှိနေသော်လည်း မြန်မာနိုင်ငံဘက်မှ မည်သည့် တုံပြန်မှု မျှ မရ ရှိသေးကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှုး ဒေါက်တာ ဆူရင် ပစ်ဆူဝမ် က ပြောကြားသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ဇူလိုင် ဒုတိယအပတ်အတွင်း အာဆီယံ ဒေသတွင်း အစည်းအဝေး ကျင်းပနေစဉ်အတွင်း အရှေ့တောင်အာရှ နိုင်ငံအချို့နှင့် တွေ့ဆုံသော သီးသန့်အင်တာဗျူးတစ်ခုတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းဗီဇာနှင့် ပတ်သက်၍ အထက်ပါအစည်းအဝေးတွင် အနည်းငယ်မျှဆွေးနွေး ခဲ့သော်လည်း မြန်မာနိုင်ငံ သည် ပေါင်းစည်း ဗီဇာတွင် ပါဝင်ရန် အဆင်သင့်မဖြစ်နိုင်သေးကြောင်း ခရီးသွားဆိုင် ရာ လေ့လာသုံးသပ် သူများ က ဆိုကြ သည်။

အာဆီယံနိုင်ငံအတွင်းတွင် စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်၊ ဘရူနိုင်း စသည့်နိုင်ငံများ အချင်းချင်းသာ ဗီဇာမလိုဘဲ သွား ရောက်ခွင့်ရှိနေပြီး ကျန်နိုင်ငံများနှင့်မူ ဗီဇာဖြင့်သာ သွားရောက်ရသဖြင့် ဗီဇာမလိုဘဲ သွားလာခွင့်ကို အာဆီယံနိုင်ငံများအချင်းချင်း ဦးစွာစဉ်းစားသင့် ကြောင်း ဆူရင်ကဆိုသည်။

“အခုက ထိုင်းနဲ့ မြန်မာနဲ့တောင် ဗီဇာ မပါဘဲသွားလို့ရလို့လား”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ်က ကမ္ဘာ့လှည့်ခရီးသွားများကို ဆိုက်ရောက်ဗီဇာထုတ်ပေးခဲ့သော်လည်း ၂၀၁၀ နိုဝင် ဘာရွေးကောက် ပွဲ မတိုင်မီ ပြန်လည်ဖျက်သိမ်းသည်။

မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများတွင် ကမ္ဘာလှည့်ခရီးသွား အနည်းဆုံး လာရောက်သော နိုင်ငံများ အနက်တစ်ခုဖြစ်ပြီး ဗီဇာထုတ်ပေးမှု တင်းကျပ်ခြင်း၊ ခရီးသွား လုပ်ငန်းဆိုင် ရာ ကြော်ငြာအား၊ အရောင်းမြှင့် တင်အားနည်းခြင်း၊ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် မလုံခြုံဟု ယူဆခြင်း တို့ကြောင့် ခရီးသွား များ လာရောက်ခြင်း နည်းပါးကြောင်း လေ့လာသုံးသပ်သူ အချို့က ဆိုသည်။

“မြန်မာက ခရီးသွားများများလာဖို့ထက် လုံခြုံရေးဘက်ကို ပေါ်လစီကဇောင်းပေးတဲ့အတွက် ဗီဇာကျပ်တယ်။ ခရီးသွားဝန်ကြီးဌာနက ဘယ် လောက်လုပ်ချင်ချင် ပြည်ထဲရေးက ဗီဇာကျပ်ရင် ဘာမှ လုပ်လို့မရဘူး” ဟု ပြည်တွင်း ခရီးသွား လုပ်ငန်းတစ်ခုမှ ဒါရိုက်တာတစ်ဦးက ဆိုသည်။

မြန်မာ့ခရီးသွားလုပ်ငန်းတိုးတက်ရေး အတွက်ပုဂံတွင် ခရီးသွားလုပ်ငန်းကွန်ဖရင့်တစ်ခု ကို နိုဝင်ဘာလအတွင်း ကျင်းပသွားရန်ရှိကြောင်း ပြီးခဲ့သော ရက်သတ္တပတ်ထုတ် မြန်မာတိုင်းမ် သတင်း အင်္ဂလိပ်ပိုင်း တွင် ရေးသားထားသည်။