24 October 2009

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်သက်တမ်း ၁၄ နှစ်ပြည့် ...။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ အောက်တိုဘာလ ၂၄ ရက်နေ့မှာ နှစ်ပေါင်း ၂၀ အတွင်း နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ထိန်းသိမ်းခံနေရတာ ၁၄ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိဖို့အတွက် ရှေ့ကဦးဆောင်ပြီး အနစ်နာခံကျိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ပြည်ပက မြန်မာ့အရေး လှုပ်ရှားသူတွေက တောင်းဆိုမှုနဲ့အတူ အထိန်းအမှတ်တွေ ကျင်းပကြမှာဖြစ်ပါတယ်။ ဒေါ်ခင်မျိုးသက် က အကြောင်းစုံကို စုစည်းတင်ပြ ထားပါတယ်။

အမေရိကန်နိုင်ငံမှာရှိတဲ့ ပြည်နယ်ပေါင်း ၃၃ ခုမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာနိုင်ငံသားတွေအရေးကို သိလာစေဖို့ USCB ခေါ် မြန်မာ့အရေးလှုပ်ရှားတဲ့အဖွဲ့က လှုပ်ရှားမှုပေါင်း ၁၃၀ ကျော်ကို တပတ်ကြာ ပြုလုပ်ဖို့ရှိတယ်လို့ USCB တာဝန်ခံ ဦးအောင်ဒင် က ပြောပါတယ်။

"၁၄ နှစ်ပြည့်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှု အနစ်နာခံမှုတွေ၊ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားပြုနေတဲ့ အကြမ်းမဖက် ဒီမိုကရေစီရေး မြတ်နိုးသူ မြန်မာနိုင်ငံသူနိုင်ငံသားများကို ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနားတွေကို အမေရိကန်တ၀ှမ်းမှာ အခမ်းအနား စုစုပေါင်း ၁၃၀ ကျော်လုပ်ဖို့ စီစဉ်ထားပါတယ်။ လုပ်ဖို့ကတော့ အောက်တိုဘာ ၂၄ နဲ့ နိုဝင်ဘာ ၁ ရက်နေ့အတွင်းမှာ တပတ်ကြာပေါ့နော်။ ဒီကြားထဲမှာ အဓိကကတော့ ကျနော်တို့က "Crossing Midnight" ဆိုတဲ့ မြန်မာ့အရေး မှတ်တမ်းတင် ရုပ်ရှင်ကားကို ပြမယ်။ အဲဒါက နာရီဝက်လောက်ပဲ ကြာပါတယ်။ မှတ်တမ်းတင်ကား ကတော့ ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်ပြီး မြန်မာနိုင်ငံတွင်းက ပြည်သူတွေကို အထူးသဖြင့် အိုးမဲ့အိမ်မဲ့ စွန့်ခွာထွက်ပြေးနေရတဲ့ ဒုက္ခသည်တွေကို ကူညီစောင့်ရှောက်နေကြတဲ့ ကျန်းမာရေး လုပ်သားတွေရဲ့အကြောင်း၊ ဆရာ ဆရာမတွေရဲ့ အကြောင်း မှတ်တမ်းတင်ရိုက်ကူးထားတာကို ပြမယ်။ ပြီးတော့ မြန်မာ့အရေး ဆွေးနွေးကြမယ်။ ပြီးတဲ့အခါမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး ဆူဇန်ရိုက်စ် ဆီကို လိပ်စာတပ်ထားတဲ့ စာတစောင်ကို လက်မှတ်တွေ ထိုးကြမယ်။ အဓိက က မြန်မာစစ်အစိုးရရဲ့ လူသားမျိုးနွယ် တခုလုံးအပေါ်မှာ ကျူးလွန်နေတဲ့ ရာဇ၀တ်မှုများအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့ အရေးယူမှုတွေ လုပ်ဖို့ တောင်းဆိုတဲ့စာပေါ့။ အဲဒီစာကို ၀ိုင်းဝန်းလက်မှတ်ထိုးကြမယ်။"

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် ဆူဇန်ရိုက်စ် ဆီ တင်သွင်းမယ့်စာအတွက် အခု လက်မှတ်ပေါင်း ၁ သောင်း လောက် ရနေပြီဖြစ်ပါတယ်။ အခုလို အမေရိကန်နိုင်ငံမှာ လှုပ်ရှားမှုတွေလုပ်နေသလို မြန်မာ့အရေးဆောင်ရွက်တဲ့ ဗြိတိန်နိုင်ငံက Burma Campaign အဖွဲ့ကလည်း နိုးဆော်မှုတွေ လုပ်နေတယ်လို့ အဖွဲ့တာဝန်ခံ မာ့က် ဖာမာနာ က ပြောပါတယ်။

"အောက်တိုဘာလ ၂၄ ရက် စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံနေရတာဟာ ၁၉၈၈ ခုနှစ်ကနေဆိုရင် ၁၄ နှစ်ပြည့်ခဲ့ပါပြီ။ မြန်မာစစ်အစိုးရက အခုလိုဆက်ပြီး ဖမ်းဆီးထားတာကို နိုင်ငံတကာအသိုင်းအ၀န်းက လက်ပိုက် ကြည့်မနေကြဖို့ သတင်းထုတ်ပြန်ပြီး နိုးဆော်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား ၂,၀၀၀ ကျော် လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂနဲ့ နိုင်ငံတကာကပါ ဖိအားပေးကြဖို့ပါ။"

အခုလို တိုက်တွန်းနေရတာဟာ ကုလသမဂ္ဂကိုယ်တိုင်က မြန်မာစစ်အစိုးရရဲ့ လူမဆန်တဲ့ ရာဇ၀န်မှု ကျူးလွန်နေတာတွေကို အခုထိ အရေးမယူသေးတာတွေကြောင့် နိုင်ငံတကာကပါ လိုနေလို့ပါ လို့လည်း ပြောပါတယ်။

"မြန်မာစစ်အစိုးရဟာ စစ်ရာဇ၀တ်မှုတွေ လူမဆန်တဲ့ ရာဇ၀တ်မှုတွေကို ထပ်တလဲလဲ ကျုးလွန်နေတယ်ဆိုတာ ကုလသမဂ္ဂက တွေ့ရှိခဲ့ပေမယ့် အခုထိ အရေးမယူသေးတာကို ဟားဗက် ဥပဒေကျောင်းကနေ မကြာခင်က စာတမ်းတစောင် ထုတ်ပြန်ခဲ့ပါတယ်။ ဒီလို အရေးမယူတာမျိုးဟာ ဖြစ်လေ့ဖြစ်ထမရှိပေမယ့် မြန်မာစစ်အစိုးရကတော့ ကင်းလွတ်ခွင့် ရနေပါတယ်။ ကုလသမဂ္ဂအနေနဲ့ အရေးယူစုံစမ်းရေး ကော်မရှင်အဖွဲ့ ဖွဲ့ပြီး စုံစမ်းပေးဖို့ ဗြိတိသျှအစိုးရက ဖိအားပေးအောင် ကျနော်တို့ လုပ်မှာပါ။"

Burma Campaign UK အဖွဲ့ တာဝန်ခံ မာ့က် ဖာမာနာ ပြောခဲ့တာပါ။

နိုင်ငံတကာရဲ့ ၀ိုင်းဝန်းပြောဆိုမှုတွေကို ဂရုမစိုက်ဘဲ သြဂုတ်လထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ်အစိုးရက နေအိမ်အကျယ်ချုပ် တနှစ်ခွဲ ထပ်ပြီး ချခဲ့တာဟာ ရှေ့နှစ်ထဲ ကျင်းပဖို့ပြင်နေတဲ့ စစ်အစိုးရ အာဏာတည်မြဲစေမယ့် ရွေးကောက်ပွဲမှာ မပါဝင်စေချင်တာကြောင့်လို့ USCB အဖွဲ့က ဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အခုထိ မလွတ်မြောက်သေးတာဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေ ပြင်းထန်တဲ့ အရှိန်အဟုန် မရောက်သေးလို့ပါလို့လည်း ဦးအောင်ဒင်က ပြောပါတယ်။

"ကျနော်တို့တွေအနေနဲ့ကတော့ တကမ္ဘာလုံး အတိုင်းအတာနဲ့ အစိုးရတွေကို မြန်မာစစ်အစိုးရ အပေါ်မှာ ဖိအားပေးဖို့ တိုက်တွန်းရင်းနဲ့၊ အဲဒီလို ဖိအားပေးမှုတွေကတဆင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်အောင် ဆောင်ရွက်နေ ကြတာပါပဲ။ ဒါပေမယ့် ခုချိန်ထိတော့ နိုင်ငံတကာ ဖိအားပေးမှုတွေက အင်မတန် ပြင်းထန်တဲ့ အရှိန်အဟုန်တခုကို မရောက်သေးဘူးလို့ ယူဆရပါတယ်။ အဲဒီလို ပြင်းထန်တဲ့ ဖိအားပေးမှုတွေ မရသေးသ၍ တဖက်မှာလည်း မြန်မာစစ်အစိုးရနဲ့ ပျော့ပျော့ပြောင်းပြောင်း ချဉ်းကပ်စည်းရုံးပြီးတော့ စီးပွားရေး အမြတ်ထုတ်ချင်တဲ့ အိမ်နီးချင်းနိုင်ငံ အစိုးရတွေ ရှိနေသမျှ ကာလပတ်လုံး နိုင်ငံတကာ ဖိအားပေးမှုတွေကတော့ အမြင့်ဆုံးကို ရောက်ဖို့ သိပ်ပြီး မလွယ်လှပါဘူး။ ဒါပေမယ့်လည်း မြင့်မားနိုင်သမျှ မြင့်မားအောင် ဖိအားပေးမှုတွေကို ဆက်ပြီးတော့ သယ်ဆောင်ကြမယ်။ ပြည်တွင်းမှာ လည်း တိုင်းရင်းသားလုပ်သားပြည်သူ တရပ်လုံးက သူတို့ရဲ့ ခေါင်းဆောင် လွတ်မြောက်ရေးအတွက်၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နအဖ ကို ၀ိုင်းပြီးတော့ လူထုနည်းနဲ့ ဖိအားပေးကြမယ်ဆိုရင်တော့ တချိန်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး ပြန်လည် လွတ်မြောက်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။"

US Campaign for Burma အဖွဲ့က ဦးအောင်ဒင် ပြောခဲ့တာဖြစ်ပါတယ်။

ရင်းမြစ်..။VOA..။

ကိုညီညီအောင်၏ အမှုလာမည့် (၃၀)ရက်နေ့သို့ ထပ်မံချိန်းဆို။...။



အင်းစိန်ထောင်၌ ဖမ်းဆီးထိန်းသိမ်းခြင်း ခံထားရသော အမေရိကန်နိုင်ငံသား ကိုညီညီအောင်၏ အမှုရုံးချိန်း ကို မနက်(၁၀)နာရီခွဲက မင်္ဂလာဒုံတရားရုံးမှာ ကြားနာစစ်ဆေးခဲ့ကြောင်း ကိုညီညီအောင်ရဲ့ အမှုမှာလိုက်ပါ ဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်တဲ့ ရှေ့နေကြိးဦးဥာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

....အန်ကယ်တို့ ဒီနေ့ မနက်(၁၀)နာရီခွဲက မင်္ဂလာဒုံတရားရုံးမှာ ကိုညီညီအောင်ရဲ့ အမှုကြားနာ စစ်ဆေးပါတယ်။ ..ဒီနေ့တောာ့ သက်သေ(၂)ဦး ကိုစစစ်ပါတယ်။ တရားလိုဘက်က လ.ဝ.က အရာရှိတစ်ဦး၊ ရဲအရာရှိတစ်ဦး တို့ကထွက်ဆိုပါတယ်။ နိုင်ငံသားစိစစ်ရေးကဒ်ပြား အတုပြုလုပ်မှုနဲ့ စွဲချက်တင်တာပါ။.... စုံစမ်း တွေ့ရှိချက်တွေကို တင်ပြသွားတာပါ။ .... ...အမှုက သက်သေတော့ မရှိပါဘူး ထွက်ဆိုချက်တွေက ကွဲလွဲနေပါတယ်။.. ဥပဒေအရ သက်သေမရှိရင် ပြစ်မှုမမြောက်ပါဘူး။... အစိုးရအရာရှိ(၂)ဦးပဲ ထွက်ဆိုသွားတာပါ။ ... အမှုအခြေအနေက ကောင်းပါတယ်။... ကိုညီညီအောင်နဲ့ စကားပြောဖို့ အခွင့်မရခဲ့ပါဘူး။ အမှုကို လာမည့်သောကြာနေ့ (၃၀)ရက်နေ့ကို ပြန်ချိန်းပါတယ်...။

... အဲ့ဒီအတွက်ကြောင့် (၃၀)ရက်နေ့ ရုံးချိန်းမတိုင်ခင် ကိုညီညီအောင်နဲ့တွေ့ခွင့်ရဖို့ မနက်ဖြန်မှာ စာတင်ပါမယ်။ ...ကိုညီညီအောင် ကျန်းမာရေး ကောင်းမွန်ပါတယ်။ ..... ဒီနေ့တရားရုံးကို အမေရိကန်ကောင်စစ်ဝန်ရယ်၊ ဆရာဦးကြည်ဝင်းရယ်၊ အန်ကယ်ရယ် တက်ရောက်ခဲ့ပါတယ်။..... ဟုကိုညီညီအောင်၏ အကျိုးဆောင် ရှေ့နေတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ အင်းစိန်ထောင်အတွင်း ညှင်းပန်းနှိပ်စက်မှုမျိုးစုံ ခံခဲ့ရပြီး ၂၀ရက်နေ့မှာ အမေရိကန်သံရုံးမှ တွေ့ခွင့်ရခဲ့ပါတယ်။ ထောင်တွင်း ညှင်းပန်းနှိပ်စက်ခံရကြောင်း တွေ့ရှိရတဲ့ အတွက် အမေရိကန်သံရုံးနဲ့ လူ့အခွင့်အရေးအဖွဲ့များက ကန့်ကွက်ခဲ့ကြပါတယ်။

စစ်အစိုးရသတင်းစာတွင် ကိုညီညီအောင်အား စွပ်စွဲချက်မျိုးစုံတပ်ပြီး အကြမ်းဖက်သမားတစ်ဦး အဖြစ်စွပ်စွဲခဲ့ပါတယ်။ ယခုနောက်ဆုံး လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှုဖြင့် စွဲချက်တင်ထားပါတယ်။ ..ယနေ့ အစိုးရ သက်သေများ၏ ထွက်ဆိုချက်များတွင် မှတ်ပုံတင် ကပ်ခွာအတု ပြုလုပ်ခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ...ကိုညီညီအောင် ကိုဖမ်းဆီးစဉ်က မှတ်ပုံတင်မှာ သက်သေခံ ပစ္စည်းများတွင် ပါဝင်ခြင်းမရှိခဲ့ပဲ ၊နောက်မှ ရှာဖွေတွေ့ရှိစာရင်းတွင် ကိုညီညီအောင်အား လက်မှတ်ထိုးခိုင်းသဖြင့် ထိုးပေးလိုက်ရကြောင်း ကိုညီညီအောင်မှ ရှေ့နေများအား ပြောဆိုခဲ့ပါတယ် ။ ထိုမှတ်ပုံတင်မှာလည်း ညောင်တုန်းက ဆိုက်ကားပိုင်ရှင် တစ်ဦး၏ နာမည်နှင့်မှတ်ပုံတင် ဖြစ်ကြောင်း လ.ဝ.က အရာရှိမှ ယနေ့ထွက်ဆို ..သွားပါတယ်။

ယခုအချိန်ထိ ကိုညီညီအောင်အား မိသားစုဝင်များနှင့် တွေခွင့် မပေးသေးကြောင်း သိရှိရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးလှုပ်ရှားသူတွေဟာ မကြာခဏ မိမိတို့မပြုလုပ်ရသော စွဲချက်မျိုးစုံဖြင့် တရားစွဲဆို ခံရပြီး နှစ်ရှည်ထောင်ဒဏ်များ မတရားချမှတ်ခံရပါတယ်။ ကိုညီညီအောင်၏ မိခင်ဖြစ်သူနှင့် မိသားစုဝင် ၅ဦးမှာလည်း နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံနေရပါတယ်။....။

သတင်း ပေးပို့ ပေးသူ .....ဒီမိုဝေယံ..။

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွှန့်ပေါင်းအစိုးရ သတင်းလွှာ..။

NCGUB ညွန့်ပေါင်းသတင်းလွှာ။...။

ပေးပို့ ပေးသူ ..... ဒီမိုဝေယံ..။

အခြေခံဥပဒေ....။

Constitution Onscreen 2ndedition Corrected

ပေးပို့လာသူ....အားဘီ။

၈၈ မျိုးဆက် ကျောင်းသူ မမာမာဦးကို ဗန်းမော်ထောင်သို့ ပြောင်းရွှေ ..။



မမာမာဦး..။

၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရတဲ့ မမာမာဦးကို အာဏာပိုင်တွေက လက်ရှိ သာယာဝတီထောင်ကနေ ဗန်းမောင်ထောင်ကို စက်တင်ဘာ ၂၆
ရက်နေ့က ပြောင်းရွှေ့လိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်၊ အောက်တိုဘာ ၁၉
ရက်နေ့မှာ ဖခင်ဖြစ်သူ ဦးဝင်းမောင်က သာယာဝတီထောင်မှာ ထောင်ဝင်စာ သွားတွေ့မှ
မမာမာဦးကို စက်တင်ဘာ ၂၅ ရက်ကတည်းက အင်းစိန်ထောင်ကို ပို့လိုက်ပြီလို့ထောင်အာဏာ
ပိုင်တွေက ပြောတယ်လို့ ဆိုပါတယ်၊ အင်းစိန်ထောင်ကို သွားမေးတော့ စက်တင်ဘာလ ၂၆
ရက်နေ့ ကတည်းက ရန်ကုန်ကနေ မန္တလေးထောင်ကတဆင့် ဗန်းမော်ထောင်ကို ပို့လိုက်ပြီလို့ အာဏာပိုင်တွေက ပြောပါတယ်၊ မမာမာဦးကို အင်းစိန်ထောင်ကိုပို့စဉ် ၂ဝဝ၅မှာ လွှတ်ပေးစဉ်က
ကျန်ခဲ့တဲ့ ပြစ်ဒဏ်ကြွေး၅ နှစ်ကိုပါ တိုးပြီး စုစုပေါင်း ထောင်ဒဏ် နှစ် ၇ဝ နဲ့ ဗန်းမော်ထောင်ကို
ပြောင်းရွေှ့လိုက်တာ ဖြစ်တယ်လို့ထောင်အသိုင်းအဝိုင်းကနေ ကြားသိရပါတယ်၊ ဒါကြောင့်
မမာမာဦးရဲ့ဖခင် ဦးဝင်းမောင်က ဗန်းမောင်ထောင်ကို အမြန်ဆုံး သွားတွေ့နိုင်ဖို့ကြိုးပမ်းနေတယ်
လို့မိသားစုနဲ့ နီးစပ်သူတွေကတဆင့် သိရပါတယ်။


ရင်းမြစ်..။DVB.။

မြတ်လေးငုံ ...။

23 October 2009

မိဘတို့နှင့် ကွဲကွာခြင်း ကင်းကြပါစေ ...။

ekts


မိဘနဲ့ ဝေးရ၊ ခွဲရမှာကို အလွန်ကြောက်ခဲ့တယ်။ ငယ်တုန်းက မိဘတွေကနေ ရွာဦးဘုန်းကြီးကျောင်းမှာ ကိုရင် ဝတ်စေခဲ့ပါတယ်။ မိဘနဲ့ မခွဲနိုင်လို့ ညအိပ်ရင် အိမ်ပြန်အိပ်ရတာပေါ့။ နောက်တော့ … 'ကိုရင်ဆိုတာ အိမ်မှာ မအိပ်ကောင်းဘူး၊ ငရဲကြီးတတ်တယ်' လို့ ရွာဦးဘုန်းကြီး မိန့်ဆိုတာနဲ့ နောက်ရက်တွေမှာ ကျောင်းမှာပဲ အိပ်တော့တယ်။ မနက်ရောက်တော့ အမေတို့ဆီသွားပြီး 'လူထွက်မယ်' ပြောတော့၊ အမေက 'မထွက်ပါနဲ့ ကိုရင်ရယ်။ လူထွက်ရင် ဆင်းရဲလိမ့်မယ်။ အခုလို သင်္ကန်းဝတ်နေတော့ အမေတို့လည်း ကုသိုလ်ရတယ်' တဲ့။ အမေတို့ စိတ်ချမ်းသာအောင် ကိုရင်လူထွက်ရေး အစီအစဉ် ပျက်ခဲ့တယ်။

၁၃ နှစ်သားအရွယ်မှာ မိဘနဲ့ ခွဲပြီး မကွေးစာသင်တိုက်မှာ ပရိယတ္တိစာပေသင်ဖို့ ရွာဦးဘုန်းကြီးကိုယ်တိုင် လိုက်ပို့တယ်။ ဘယ်လိုမှ မပျော်ခဲ့ဘူး။ နေ့ရှိသရွေ့ မိဘကိုပဲ သတိရနေမိတယ်။ နွေရာသီ ကျောင်းပိတ်ရက် အမြန်ရောက်ပါစေဆိုပြီး ရက်တွေလတွေ နေ့တိုင်း ရေတွက်မိတယ်။ တပေါင်းလ ကျင်းပတဲ့ စာမေးပွဲပြီးတာနဲ့ ရွာကို အမြန်ပြန်ခဲ့တယ်။ မိဘကလည်း သား ပြန်လာတာဆိုတော့ ဝမ်းသာအားရ ပီတိဖြာလို့ပေါ့။

အမေက 'ကိုရင် စာသင်ရတာ အဆင်ပြေရဲ့လား။ စားရေးသောက်ရေး အဆင်ပြေလား။ အဆင်မပြေရင် အမေတို့ကို ပြောပါ။ စာမေးပွဲရော ဖြေနိုင်လား။ စာကို ကြိုးစားပါ။ ဘုန်းကြီးဝတ်လည်း စာတတ်မှ။ စာမတတ်ရင် လူတောမတိုးဘူး ကိုရင်။ လူ့ဘဝလည်း ဒီအတိုင်းပဲ။ စာမတတ်ရင် အောက်ကျနောက်ကျ နေရတယ်။ အမေတို့က ဆင်းရဲတယ်။ စာလည်း လည်လည်ဝယ်ဝယ် မတတ်ဘူး။ ကိုရင်ကို အမေတို့လို မဖြစ်အောင်လို့ပါ' တဲ့။

နွေရာသီ ကျောင်းပိတ်ကာလမှာ အမေတို့ဆီသွားလိုက်၊ ကျောင်းပြန်လာလိုက်နဲ့ အလွန်ပျော်ပါတယ်။ ရွာနဲ့ တနှစ်ကျော် ဝေးနေတာဆိုတော့ တရက်နဲ့ တရက် ကုန်ဆုံးမှာတောင် မရေတွက်မိဘူး။ စာသင်တိုက်ပြန်ဖို့ ရက်က တဖြည်းဖြည်း နီးကပ်လာပြီဆိုတော့ စိတ်ထဲမှာ အသိတခု ဝင်လာတယ်။ 'သြော် … ငါ အမေတို့နဲ့ ခွဲရဦးမှာပါလား' ဆိုတဲ့အသိ။ ပြန်မယ့်ရက်ရောက်တော့ အမေကိုယ်တိုင် ကားဂိတ်လိုက်ပို့တယ်။ တလမ်းလုံး အမေက မေတ္တာစကားတွေနဲ့ မှာကြားပါတယ်။ 'လိမ်လိမ်မာမာနဲ့ စာကြိုးစား။ ကျန်းမာရေးလည်း ဂရုစိုက်။ အရေးအကြောင်းရှိရင် အမေတို့ဆီ စာရေးလိုက်' နဲ့ပေါ့။ ကားဂိတ်ရောက်တော့ အမေ့ခမျာ တဘက်လေး ပခုံးတင်ပြီး၊ ကန်တော့တယ်။ မျက်ရည်ကျနေတဲ့ အမေ့မျက်နှာကို အခုထိ မေ့လို့မရဘူး။

ပြန်သာပြန်ခဲ့ရတာ အတော်ဝမ်းနည်းတယ်။ ကျောင်းရောက်တော့ ဆရာတော်က စာမေးပွဲအောင်တဲ့အကြောင်း ပြောပါတယ်။မကွေးစာသင်တိုက်မှာ ၂ နှစ် ဆက်တိုက်အောင်ပြီး ၂ဝဝ၅ ခုနှစ်မှာ ရန်ကုန်ကိုပြောင်းပြီး စာသင်ခဲ့ပါတယ်။ ရန်ကုန်ရောက်တော့ တခြား ဘာမှစိတ်မဝင်စားဘဲ အမေမှာတဲ့ စကားတွေ၊ ကြိုးစားရမယ့် အကြောင်းတွေကို သတိရတယ်။ စာတတ်မှဖြစ်မယ်ဆိုတဲ့ အသိတရားကြောင့် စာကိုပဲ ကြိုးစားပါတယ်။

နောက်အသိတခုက ရွာဦးကျောင်း ဘုန်းကြီးစကားပါ။ 'ကိုရင် … မင်း ရွာမှာနေချင်ရင် စာမေးပွဲအောင်ဖို့ မလိုဘူး။ စာတတ်ဖို့ပဲ လိုတယ်။ ကိုယ်သင်နေတဲ့စာကို တတ်အောင်ကြိုးစားပါ။ ကိုရင်နေတဲ့ အင်းစိန် စာသင်တိုက်ကြီးက သံဃာလည်း အများကြီးပဲ။ ကျောင်းတိုက်ကလည်း အလွန်ခမ်းနားထည်ဝါလှတယ်။ အနယ်နယ် အရပ်ရပ်က သံဃာတွေလာပြီး စာသင်နေကြတာ။ စည်းကမ်းလည်း အလွန်ကြီးတယ်။ စာချဆရာတော်တွေလည်း စာသင်တာ အလွန်ကောင်းပါတယ်။ ဆရာတော် ဦးတိလောကဆိုရင် စာချတဲ့အခါမှာလည်း စာသင်သားတွေ နားလည်အောင် ပို့ချတယ်။ သံဃာတွေအပေါ်မှာလည်း မေတ္တာထားတယ်။ ဆရာတော် အမြဲပြောတာက ညီညီညွတ်နေကြ၊ စာကြိုးစားကြ၊ အားလုံး စာကြိုးကြပါတယ်' တဲ့။

ဒီလိုနဲ့ တနှစ်တကြိမ် ကျင်းပတဲ့ စာမေးပွဲ ရောက်လာပါတယ်။ စာမေးပွဲဖြေပြီး ကိုယ့်ရပ်ကိုယ့်ရွာကို ၂ လခွဲလောက် ပြန်ရပါတယ်။ ရွာရောက်တော့ အမေနဲ့ အဖေ့ကို ကျန်းကျန်းမာမာ တွေ့ရတော့ ဝမ်းသာတယ်။ အမေက … 'ကိုရင် အသက် ၂ဝ ပြည့်ပြီ။ ရဟန်းဘောင် တက်ရအောင်။ အမေတို့ကပဲ ရဟန်း ဒကာ၊ ဒါယိကာမအဖြစ် ခံယူမယ်' လို့ ဆိုခဲ့ပါတယ်။

ဒီလိုနဲ့ ရဟန်းဘဝကို ရောက်ခဲ့ပါတယ်။ ရဟန်းဘဝနဲ့ ရွာမှာ ကျောင်းပိတ်ကာလ ကုန်ဆုံးအောင်နေပြီး၊ ရန်ကုန် ပြန်ခါနီး အမေက 'ဦးဇင်း … စာကြိုးစားနော်။ အမေနဲ့ အဖေက အသက်ကြီးပြီ။ ရွာဦးဘုန်းကြီး ပြောတယ်။ နင့်သားကို စာကြိုးစားခိုင်း၊ ရွာပြန်နေရတော့မယ်လို့ ပြောလိုက်' တဲ့။ အမေတို့ဆီက စကားကြားရတာ၊ အလွန်ပျော်ပါတယ်။ ရန်ကုန်ပြန်ရောက်တော့ စာမေးပွဲအောင်စာရင်းတွေ ထွက်နေပါပြီ။ သံဃာတွေ ဝိုင်းအုံကြည့်နေတဲ့ဆီကို ပြေးပြီး၊ အောင်စာရင်း လိုက်ရှာနေတုန်း ဘေးနားက ဦးဇင်းတပါးက 'ရှာမနေနဲ့ မင်း စာမေးပွဲအောင်တယ်' တဲ့။ ဘေးက ပြောတာကို အားမရသေးဘူး။ ကိုယ်တိုင်ရှာတွေ့မှ အတော် ပျော်သွားတယ်။ 'ငါ .. ရွာပြန်နေရတော့မယ်ဟေ့' လို့။ တချက်အော်လိုက်သေးတယ်။ ဖြစ်ပုံက …။

အောင်စာရင်းတွေ ထွက်ပြီးတာနဲ့ ၂ဝဝ၇ စာသင်နှစ်ကို ရောက်လာပြီး ဆက်သင်ခဲ့ပါတယ်။ အရင်နှစ်တွေထက် ပိုပြီးကြိုးစားရပါတယ်။ သံဃာတွေလည်း ဒီနှစ်မှာ အရင်နှစ်ကထက် ပိုများလာပါတယ်။ အားလုံး တည်ငြိမ်စွာ ပရိယတ္တိစာပေကို သင်နေတဲ့အချိန် သတင်းဆိုးတခု ကြားလိုက်ရတယ်။ ပခုက္ကူသံဃာတွေကို စစ်တပ်က ရိုင်းစိုင်းစွာ စော်ကားတဲ့ သတင်းပါပဲ။ ကျောင်းထဲက သံဃာတွေ လှုပ်လှုပ်ရွရွ ဖြစ်ကုန်တယ်။ နောက်တခုက သံဃာတွေ ဆွမ်းခံကြွတဲ့အခါ ဆွမ်း၊ ဆွမ်းဟင်း မပြည့်စုံတာရယ်၊ နေ့တိုင်း ဒကာ၊ ဒါယိကာမတွေရဲ့ ကုန်ဈေးနှုန်းကြီးလို့ ညည်းညူသံတွေ ကြားနေရတော့ သံဃာတွေခမျာ ဆွမ်းခံသွားဖို့ အခက်အခဲ ဖြစ်လာတော့တယ်။ ရန်ကုန်မြို့ သံဃာနဲ့ လူထုတွေလည်း ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် လမ်းမပေါ်ထွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အာဏာရှင်က လူမဆန်စွာ ရိုက်နှက်စော်ကားကြတယ်။

ဒီသတင်းတွေကြားတော့ ပိုပြီး မခံမရပ်နိုင်ဖြစ်ကြတယ်။ သံဃာတွေဟာ နိုင်ငံရေးအကြောင်းတွေကို နားလည်လို့ မဟုတ်။ ဒကာ၊ ဒါယိကာမတွေ ဒုက္ခရောက်နေတာရယ်၊ ဘာသာ သာသနာကို စော်ကားတာတွေ၊ မျှတမှုမရှိတဲ့ အာဏာရှင်ဆီက ငြိမ်းချမ်းစွာ မျှတမှုကို တောင်းခံတာပါပဲ။ မျှတမှုကို မပေးတဲ့အပြင် ရက်စက်ယုတ်မာ လိုက်ကြတာ။ မြင်ရသူတိုင်း ရင်နင့်စရာ ဖြစ်မိတယ်။ အင်းစိန်ကျောင်းတိုက် သံဃာတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်ပြီး၊ မျှတမှုအတွက် ငြိမ်းချမ်းစွာ လမ်းလျှောက်ဆန္ဒပြနေတာကို သံဃာတွေ အုပ်စုကွဲအောင် ရိုက်နှက်ပစ်ခတ်ကြတယ်။ သံဃာတွေခမျာ မြင်မကောင်း၊ ရှုမကောင်း သွေးအလိမ်းလိမ်းနဲ့ လဲသူ လဲ၊ ကွဲသူ ကွဲ၊ သေသူတွေ အများအပြားပဲ။ တချို့လည်း ပြေးရင်းလွှားရင်း ဘယ်ရောက်မှန်းမသိ ခြေဦးတဲ့ရာ ပြေးကြတာ၊ ကျနော်လည်း အပါအဝင်ပါပဲ။

ပြေးရင်းလွှားရင်း ရောက်လိုက်တဲ့ ဒုက္ခတွေ၊ ရဟန်းဖြစ်ပြီး အစာမစားရတဲ့ ရက်တွေလည်း အများအပြားပါ။ ရေးလို့ပြောလို့ ကုန်မယ်မထင်ဘူး။ ထိုင်းနိုင်ငံ နယ်စပ်တနေရာရောက်မှ ငါ့ဘဝ ကံကောင်းတယ်လို့ မှတ်ယူမိတယ်။ ဒါပေမဲ့ ယူကြုံးမရ ဖြစ်မိတာက မြန်မာမှာ ကျန်ခဲ့တဲ့ မိဘတွေ၊ သားဦးဇင်းပျောက်လို့ ရှာပုံတော် ဖွင့်နေလောက်ပြီ။ ဗေဒင်မေး၊ ယတြာချေ၊ မြို့ကပြန်လာသူတိုင်း သားဦးဇင်းကို မတွေ့ခဲ့ဘူးလားဆိုပြီး အရူးတယောက်လို မေးနေမှာ သေချာပါတယ်။ အသက်အရွယ်ရလာတဲ့ မိခင်ဖခင်တို့ ကျန်းမာစွာနဲ့ ရှိမှ ရှိသေးရဲ့လားလို့ အမြဲပဲ တွေးတောပူပင်ရတယ်။ ဘဝဆက်တိုင်း အမိအဖနဲ့ ဝေးကွာခြင်း ကင်းရပါလိုတယ်။ အနှစ်နှစ်အလလ မနားမနေ ကြိုးစားခဲ့ရတာ။ 'ငါ .. တနေ့ ရွာမှာနေရရင် အသက်အရွယ်ကြီးလာတဲ့ မိဘတွေကို ကြည့်ရှုစောင့်ရှောက်မယ်' လို့ ရည်ရွယ်ခဲ့တာပါ။

အခုတော့ ရည်ရွယ်ချက်တွေ ပျက်တဲ့အပြင် အသက်အရွယ် အိုမင်းလာတဲ့ မိဘတွေ လူ့လောကမှာ ရှိသေးရင် သားအတွက် ပူပင်သောက ရောက်နေမှာ။မိခင်ဖခင်တို့ ကျန်းမာကြပါစေ။ ဘဝဆက်တိုင်း ဘယ်သောအခါမှ မိဘတွေနဲ့ ဝေးကွာခြင်း ကင်းရပါလိုတယ်။ အာဏာရှင်တွေ နှောင့်ယှက်မှုကြောင့် မိဘတွေ၊ သားသမီးတွေ ကွဲကွာနေကြတာ အများကြီးပါ။ အာဏာရှင်တွေ မကျဆုံးသရွေ့ ထပ်ပြီး ဝေးကွာမှုတွေ ရှိနေဦးမှာပါပဲ။ အဲဒီ အာဏာရှင်တွေ အမြန်ဆုံး ကျဆုံးပါစေ။ ကွဲကွာနေတဲ့ သားသမီးတွေနဲ့ မိဘတွေပြန်လည်ပေါင်းစည်းနိုင်ကြ
ပါစေ ….။

ရင်း မြစ်.....။ (မဇ္ဈိမ)။

မြတ်လေးငုံ....။


22 October 2009

ဒေါ်အောင်ဆန်းစုကြည် နေအိမ် အမွေအမှု ထပ်မံ ရုံးချိန်း ..။

နေအိမ်အကျယ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့အကိုဦးအောင်ဆန်းဦးတို့ အကြား ဖြစ်ပွားနေတဲ့ အိမ်အမွေကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်ဆန်းဦးရဲ့ ရှေ့နေတွေက ဒီနေ့ တိုင်းတရားရုံးမှာ တင်ပြချက်တချို့ ပြုလုပ်ခဲ့ပါတယ်။ ဦးခင်မောင်အးက အိမ်ဝင်း မြေအစိတ်အပိုင်းတချို့ အရောင်းအဝယ်လုပ်တဲ့ကိစ္စကို လက်မခံနိုင်ကြောင်း တင်ပြခဲ့တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေဦးဉာဏ်ဝင်း က ပြောပါတယ်။ “ရုံးချိန်းမှာ သူတို့ရဲ့ ရှေ့နေက ဦးခင်မောင်အေးဟာ ဒီထဲက အစိတ်အပိုင်းကို ရောင်းတယ် ပြုတယ် သတင်းစာထဲပါတယ်ပေါ့။


အဲဒီသတင်းစာထဲပါတဲ့ ကိစ္စတွေက ဆောင်ရွက်ခွင့်မရဘူး။ အခုထိ သူ့မှာ အကျုံးဝင်တယ်။ ဒါကြောင့်ရုံးကို သိအောင် တင်ပြတယ်။ မြေယာကိစ္စနဲ့ပတ်သက် ပြီးတော့ သက်ဆိုင်တဲ့ စာချုပ်စာတန်း၊ မှတ်ပုံတင်ရုံး၊ မြို့တော်တော်စည်ပင် အစရှိသည်ကို တရားဝင်ကန့်ကွက်စာတွေ ပေးပို့ပြီးဖြစ်တယ်ဆိုတာကို ဒီနေ့ရုံးမှာတင်ပြတာကိုရုံးးက မှတ်တမ်း တင်တာပေါ့။” ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေဘက်က ဒီနေ့ရုံးချိန်မှာ တရာရုံးထံ တစုံတရာ တင်ပြခဲ့တာမျိုး ရှိပါလားလို့ မေးကြည့်တော့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “မတင်ပြဘူး။ ကျနော်တို့က သူတို့သတင်းစာမှာ ကြော်ငြာတဲ့ ရှေံနှေများထံကို အရောင်းအဝယ် မလုပ်နိုင်ဘူး။ ဒီပစ္စည်းဟာ ကျနော်တို့အမှုသည် လက်ဝယ်မှာ ရှိတယ်လို့ ပြန်ကြားပြီးပြီ။ ကျနော်တို့က သီးခြား ဒီတရာရုံးကို မတင်ပါဘူး။ ဒီတရားရုံးနဲ့ ဒီကိစ္စလည်း မဆိုင်ဘူးလို့ ပြောရင်ရပါတယ်။” နေအိမ်အမွေကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းတွဲဘက် ၂ တိုင်းတရားသူကြီးရုံးးမှာ အမှု ဆက်စစ်နေတာ ဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဘက်က တင်ပြထားတဲ့ သက်သေတွေနဲ့ တွေ့ဆုံနိုင်ခြင်း မရှိသေးတာကြောင့် ရုံးချိန်းကို ဆက်လက် ရွှေ့ဆိုင်းနေရပြီး ဒီဇင်ဘာ ၁၁ ရက်နေ့ကို ရက်ချိန်း ထပ်ပေးလိုက်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ စည်းကမ်းချက် ၈ ချက်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည် ရှင်းပြဖို့အတွက် သတင်းတပ်ဖွဲ့က နှုတ်နဲ့အကြောင်း ပြန်ကြားချက် ပေးထားတယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွန်ကြားချက်အရ ကျနော်တို့က သက်ဆိုင်ရာဝန်ကြီးဌာနကို စည်းကမ်းချက်တွေ ပိုပြီးရှင်းလင်းအောင်၊ ပိုမိုအရဆကသအိးပ္ပာယ်သိအောင် ဒေါ်အောင်ဆန်းစုကြည်ဘက်က အမြင်တွေကို တင်ပြတယ်။


“ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်တင်ပြဖို့ သက်ဆိုင်ရာ သတင်းတပ်ဖွဲ့ က ကျနော့်ကို ခေါ်ပြီး နှုတ်နဲ့ပြန်ကြားချက် ပေးပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြဆွေးနွေးဖို့ ရှိပေမယ့် အခုအထိ မလုပ်နိုင်ဘူး။ “ပြီးခဲ့တဲ့ သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်ကို သွားတွေ့ရတဲ့ အချိန်မှာ သက်ဆိုင်ရာ အာဏာပိုင်က တရားစီရင်ရေးဆိုင်ရာ ပြင်ဆင်မှုအတွက်ပဲ ဆောင်ရွက်ပါ၊ ဒီကိစ္စမပါဘူးလို့ ဆိုလို့ ကျနော်တို့ မဆွေးနွေးခဲ့ရဘူး။ တနာရီပဲအချိန်ပေးတဲ့ အတွက် အချိန် လုံးဝမရှိခဲ့ပါဘူး။” သတင်းတပ်ဖွဲ့က နှုတ်နဲ့ ရှင်းပြထားတဲ့ အချက်တွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ တင်ပြနိုင်ခြင်း မရှိသေးတာကြောင့် ပြောမပြနိုင်သေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ရင်းမြစ်...ဒီမိုကတစ် မြန်မာ့အသံ..။

မြတ်လေးငုံ..။

NLD အဖွဲ့ဝင် (၃)ဦးကိုတရားမ၀င်ထွက်ချက်တွေနဲ့ ရုံးတင်စစ်ဆေး...။

လှိုင်မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်ကိုရွှေဂျိုးခေါ်ကိုကိုမြစိုးအပါအ၀င်(၃)ဦးကို
စစ်အစိုးရအာဏာပိုင်တွေကတရားမ၀င်ဖမ်းဆီးချုပ်နှေင်ခဲ့ပြီး၊တရားမ၀င်သက်သေထွက်ချက်
တွေနဲ့ရုံးတင်စစ်ဆေးနေကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်ကအောက်တိုဘာလ(၂၀)ရက်
နေ့ကထုတ်ပြန်ကြေငြာခဲ့တယ်။


ကိုရွှေဂျိုး၊ဒေါ်မြင့်မြင့်စိုး နဲ့ ကိုစိန်လှိုင်တို့ (၃)ဦးကိုတရားမ၀င်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်တယ်
ဆိုပြီးပြီးခဲ့တဲ့မတ်လကဖမ်းဆီးခဲ့ပါတယ်။အဲနောက်မေလကျမှတရားစွဲဆိုခဲ့ပါတယ်။မတ်လကနေ
မေလအထိဖမ်းဆီးထားတဲ့ကာလဟာတရားမ၀င်ဖမ်းဆီးထားတာဖြစ်ကြောင်းဒီကိစ္စကအာဏာပိုင်
တွေကျူးလွန်ခဲ့တဲ့ရာဇ၀တ်မှုသာဖြစ်ကြောင်း အာရှလူ့အခွင့်ရေးကော်မရှင် ကပြောကြောင်း
ပြောပါတယ်။

ကိုရွှေဂျိုးတို့ ၃ ဦးကို မတ်လ ကနေ မေလ အတွင်းအောင်သပြေ စစ်ကြောရေးစခန်းမှာ ညည်းပန်း
နှိပ်စက်ပြီး စစ်ဆေးခဲ့တာပါတယ်။ ကိုရွှေဂျိုးအပါအ၀င်(၃)ဦးကို နိုင်ငံရေးအကျဉ်းသားတွေရဲ့
မိသားစုတွေကို ထောက်ပံဖို့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် အဖွဲ့အစည်းတွေထံကနေ
ထောက်ပံငွေ ဒေါ်လာ ၁သောင်း ၅ထောင်ရယူတယ်ဆိုပြီး အာဏာပိုင်တွေက စွပ်စွဲထားပါတယ်။

ကိုရွှေဂျိုး အမှု မှာ ရဲက ရိုက်နှိုက်စစ်ဆေး လို့ရရှိတဲ့ အချက်လက်တွေကို အခြေခံပြီး တရားရုံးမှာ
သက်သေအဖြစ်ရဲတွေကတင်သွင်းထားကြောင်း၊ ရဲ စစ်ဆေးချက်တွေကို တရားရုံး သက်သေခံ
အဖြစ်တင်သွင်းခွင့်မရှိကြောင်း၊ ကိုရွှေဂျိုးတို(၃)ဦးကို စွပ်စွဲထားတဲ့ တရားမ၀င်အသင်းအပင်းများနဲ့
ဆက်သွယ်ဆိုတဲ့သက်သေခံအထောက်အထားတရားရုံးမှာတင်သွင်းနိုင်ခြင်းမရှိတာကိုလည်းတွေ့ရ
ကြောင်း၊ဒါကကိုရွှေဂျိုးတို့၃ဦးကိုပြန်လွှတ်ပေးရမှာဖြစ်ကြောင်းအာရှလူ့အခွင့်အရေးကော်မရှင်က
တောင်းဆိုထားပါတယ်။

ရင်းမြစ်..။RFA...။

မြတ်လေးငုံ..။

အာဆီယံထိပ်သီးများကို မြန်မာပြည်အကြောင်း ဒေါ်ခင်ဥမ္မာ ရှင်းလင်းမည် ..။


၂၃ ရက်နေ့ထိုင်းနိုင်ငံတောင်ပိုင်းမှာ စတင်ကျင်းပမယ့် အာဆီယံ ထိပ်သီးဆွေးနွေးပွဲကျရင်
မြန်မာနိုင်ငံဆိုင်ရာလူထုအခြေပြုကိုယ်စားလှယ်ဒေါ်ခင်ဥမ္မာကမြန်မာနိုင်ငံရဲ့အမျိုးသားပြန်
လည်သင့်မြတ်ရေးအတွက်လုပ်ဆောင်သင့်တာတွေကိုရှင်းပြမယ်လို့သိရပါတယ်၊၊

ထိုင်းနိုင်ငံတောင်ပိုင်းချာအမ်းမြို့မှာအာဆီယံ၁ဝနိုင်ငံကခေါင်းဆောင်၁ဝဦးနဲ့သန်ဘက်ခါတွေ့တဲ့
အခါကျရင်မြန်မာနိုင်ငံမှာလူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့၂ဝ၁ဝရွေးကောက်ပွဲဆိုင်ရာကိစ္စ
တွေကိုတင်ပြသွားမယ်လို့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်။လူထုအဖွဲ့အစည်းများကိုယ်စားလှယ်
ဒေါ်ခင်ဥမ္မာကပြောပါတယ်၊အထူးသဖြင့်အာဆီယလုံခြုံရေးနဲ့နိုင်ငံရေးဆိုင်ရာကဏ္ဍအောက်မှာ
မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး၂ဝဝ၈ဖွဲ့စည်းပုံကိုနအဖကသူတဦးတည်းအနေနဲ့ရေးဆွဲပြီးအတည်ပြုထား
တာကိုပြန်ပြင်ဖို့။၂ဝ၁ဝရွေးကောက်ပွဲကိုဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်း
သားတွေအားလုံးလွှတ်ပေးပြီးမှသက်ဆိုင်ရာအားလုံးပါဝင်ဖို့။စတိတ်ဟိုလ်ဒါတွေအားလုံးပါပြီးတော့
မှနိုင်ငံရေး။အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို လုပ်သွားဖို့တွေ တင်ပြမယ်လို့ ဒေါ်ခင်ဥမ္မာက
ပြောပါတယ်၊၊


ပြီးရင်ကလေးစစ်သားစုဆောင်းနေတာတွေရပ်ဖို့။တိုင်းရင်းသူအမျိုးသမီးတွေကိုအဖက်ဖက်က မုဒိမ်းကျင့်နေတာတွေရပ်ဖို့ဆိုတာမျိုးတွေကိုမျက်နှာချင်းဆိုင်တွေ့ပြီးတင်ပြမယ့်အထဲမှာပါပါလိမ့်မယ်၊” ဒီထိပ်သီးအစည်းအဝေးကိုမြန်မာဝန်ကြီးချုပ်ဗိုလ်ချုပ်ကြီးသိန်းစိန်တက်ရောက်မယ်လို့သတင်းထုတ်
ပြန်ထားပါတယ်၊၊

အာဆီယံအဖွဲ့ဟာလူထုအခြေပြုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံတဲ့အစီအစဉ်ကိုအာဆီယံချာတာမှာ
ထည့်သွင်းပြဌာန်းခဲ့ပြီးအခုတွေ့ဆုံမှုဟာဒုတိယအကြိမ်ဖြစ်ပါတယ်၊မနေ့ကပြီးသွားတဲ့အာဆီယံလူထု
အဖွဲ့အစည်းများဆိုင်ရာညီလာခံကနေထိုင်းနိုင်ငံအခြေစိုက်ဒီမိုကရေစီနဲ့ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု
ဥက္ကဌဒေါ်ခင်ဥမ္မာကိုမြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ်ရွေးချယ်ခဲ့တာပါ၊ဒီညီလာခံကိုမြန်မာနိုင်ငံက အစိုးရမဟုတ်တဲ့အဖွဲ့တွေ။ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့။ ပြည်ထောင်စုကြံခိုင်ရေးနဲ့
ဖွံဲ့ဖြိုးရေးအသင်းပုဂ္ဂိုလ်တွေလည်းတက်ရောက်ယှဉ်ပြိုင်ရွေးချယ်ခံပေမယ့်အရွေးမခံရပါဘူး၊နအဖ နိုင်ငံခြားရေးဝန်ကြီးးဌာနကမှတ်ပုံတင်တက်ရောက်ခိုင်းတဲ့ဒီအဖွဲ့တွေကိုညီလာခံကမရွေးဘဲဘာကြောင့် ဒေါ်ခင်ဥမ္မာအရွေးချယ် ခံရတာလဲ ဆိုတာကို ဒေါ်ခင်ဥမ္မာက ရှင်းပြပါတယ်၊၊

“ထိပ်သီးခေါင်းဆောင်တွေနဲ့တွေ့ပြီးတော့ ပြည်သူတွေရဲ့ဘဝဖြစ်ရပ်မှန်။ အခြေအနေအမှန်ကို
တကယ် တင်ပြပေးနိုင်ဖို့အတွက် နအဖ အောက်မှာ သူတို့ ဒါတွေ လုပ်ခွင့်မှ မရှိတာ၊ ဒါတွေကို
တင်ပြမယ့်သူ။ ကိုယ်စားပြု ပြောမယ့်သူက ကျမပဲ ဆိုတဲ့ဥစ္စာမျိုး ပြန်ဖြစ်သွားတာပေါ့၊”
ဒီနှစ် ဖေဖော်ဝါရီ ကလည်း ဒေါ်ခင်ဥမ္မာကို အခုလို ရွေးချယ်ခဲ့ဖူးပေမယ့် မြန်မာအစိုးရက
လက်မခံတာကြောင့် တွေ့ခွင့်မရခဲ့ပါဘူး၊၊

သန်ဘက်ခါ အစည်းအဝေးကျရင်တက်ခွင့်ရနိုင်ပ့ါမလားဆိုတာနဲ့ ပတ်သက်ပြီးတော့ ဒေါ်ခင်ဥမ္မာက ပြောပါတယ်
ကိုယ့်နိုင်ငကြုံတဲ့ပြသာနာတွေဖြေရှင်းဖို့အတွက်ကျမတို့တွေစကားမပြောလို့မရတော့ဘူး၊အတွင်းအပြင် အဆင့်ဆင့် ဒိုင်ယာလော့ခ်လုပ်ရမယ်၊ ကျမတို့ရဲ့ နိုင်ငံရေးဦးဆောင်အဖွဲ့တွေနဲ့နအဖဗိုလ်ချုပ်တွေနဲ့
စကားပြောဖို့ လိုသလိုမျိုး ရောက်တဲ့နေရာမှာ လူထုအခြေပြုအဖွဲ့တွေ။ ဒီမိုကရေစီ ဘက်တော်သားတွေ။
ဒီမိုကရေစီအရေး ကြိုးစားနေသူတွေကလည်း သူတို့နဲ့ ကြုံရင် ကြုံသလို တင်ပြချင်တယ်။ ပြောပြချင်တယ်၊
“အဲဒါကို သူတို့ လမ်းဖွင့်ပေးမယ်ဆိုရင် အကောင်းဆုံးပဲ လမ်းဖွင့်ပေးစေချင်တယ်၊
ဒါပေမယ့် အရင်တခေါက်တုန်းကလည်း သူတို့ လက်မခံထားဘူးဆိုတော့ ဒီတခေါက်လက်မခံလည်း
ကျမအနေနဲ့ အံ့သြစရာတော့ မရှိဘူးထင်ပါတယ်၊”



ရင်းမြစ်..ဒီမိုကရက်တစ် မြန်မာ့အသံ..။

မြတ်လေးငုံ..။

20 October 2009

၂ဝ၁၂ ကမ္ဘာပျက်ကိန်းနှင့် ပတ်သက်၍ လေ့လာနေ (ဆရာ စံဇာဏီဘိုနှင့် မေးမြန်းချက်)။


ကိုစံဇာဏီဘို..။

၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့၌ ကမ္ဘာပေါ်တွင် ဆိုးရွားလှသည့် အဖြစ်အပျက်များ ကြုံတွေ့နိုင်သည်ဟု ဝါရင့် နက္ခတ်ဗေဒနှင့် ဗေဒင်ပညာရှင် ဆရာ စံဇာဏီဘိုက ပြောသည်။

ဆရာ စံဇာဏီဘိုက ၂၀၁၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် ဖြစ်ပေါ်မည့် မြန်မာနိုင်ငံတွင် အကြာမြင့်ဆုံး နေကြတ်မှု (နေအရစ်ကြတ်မှု) သည် ဆိုးကျိုးဖြစ်ထွန်းမည်မဟုတ်ဟု ဆိုသည်။ မြန်မာနိုင်ငံ အလယ်တည့်တည့်မှ ဖြတ်သန်းသွားမည့် နေအရစ်ကြတ်မှု ဖြစ်စဉ်တွင် မုံရွာနှင့် ရွှေဘိုမြို့များပေါ်က ဖြတ်သွားမည်ဖြစ်ပြီး ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေး၊ စစ်ကိုင်း အပါအဝင် မြို့ ၁၇ မြို့မှ ကောင်းစွာ မြင်ရမည်ဖြစ်သည်။

နေကြတ်ခြင်းအပေါ် ဗေဒင်ပညာအမြင်ကို မေးမြန်းရာက ကမ္ဘာပျက်ကိန်းဆိုသည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဖြစ်နိုင်ချေများကို ဆရာစံဇာဏီဘိုက တပါတည်း ပြောထားခြင်းကို ဖော်ပြလိုက်ပါသည်။

နေအရစ်ကြတ်တာကို မြင်ရမယ့် အလယ်ပိုင်းဒေသတွေမှာ ဗေဒင်၊ နက္ခတ်ပညာအမြင်နဲ့ ဘယ်လို အယူအဆမျိုး ရှိပါသလဲ။

အရင်တုန်းကတော့ ဒီလိုနေကြတ်တာမျိုး တွေ့မြင်ရတဲ့ နိုင်ငံ၊ မြို့တွေအနေနဲ့က အထူးသဖြင့် မြန်မာနိုင်ငံလိုက ဆိုးကျိုးလို့ တစိုက်မတ်မတ် ယူလာခဲ့တယ်။ ဆိုးကျိုးဆိုတာက အုပ်ချုပ်တဲ့လူတွေအတွက် မကောင်းသလို၊ လက်အောက်ခံ တိုင်းပြည်သူတွေအတွက်လည်း မကောင်းဘူး။ ဆန်၊ ရေ၊ စပါး၊ ဒီလိုအခက်အခဲ ရှိတတ်တယ်ဆိုတဲ့ ရှေးအယူအဆ ရှိတယ်။ သူတယောက်ထဲ ဆိုးပြီး၊ တယောက်ထဲ ကောင်းဆိုတာမျိုး မဟုတ်ဘဲနဲ့ အားလုံးပေါ့။ လူတွေအားလုံးအတွက် မကောင်းတဲ့၊ ဆိုးတဲ့ ယာယီဖြစ်ပေါ်မှုလို့ နိမိတ်ဖတ်ကြတာပေါ့လေ။

ကြာမြင့်ချိန်က ၁၀ မိနစ်ဆိုတော့ ဒီအပေါ်မှာရော ဘယ်လိုအဓိပ္ပာယ် ကောက်ယူနိုင်ပါသလဲ။

သူက လောင်တီကျူ မျဉ်းကြောင်းတခုကို ဖြတ်သန်းရင် ၄ မိနစ်ကြာတယ်။ ၁၀ မိနစ်ဆိုတော့ မျဉ်းကြောင်း ၂ ခုကို ဖြတ်တယ်ဆိုတော့ ကျနော်တို့ခေါ်တာ ၂ အံစာခေါ်တာပေါ့။ ၂ ဒီဂရီနဲ့ တဝက်ဆိုတော့ နည်းနည်းကြာတာပေါ့။ ကြာမြင့်မှု အတိုင်းအတာများရင် ဆိုးတဲ့ သဘော၊ ပိုအားများတဲ့ သဘော ရှိတာပေါ့။

၂၀၁၀ခုနှစ်ကိုရော ဗေဒင်၊ နက္ခတ်ပညာ သဘောတရားအရ ဘယ်လိုရှုမြင်ပါသလဲ။

၂၀၁၀ ကိုတော့ ကျနော်တို့ရော၊ တကမ္ဘာလုံးက ကောင်းတဲ့နှစ်လို့ ကျနော်တို့ မယူဆထားကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၀ နေကြတ်တာထက်ဆိုးတာက ၂၀၁၀ ကျော်ပြီး ၁၄ ရက်ကျော်ပြီးရင် ကျားနှစ်ရောက်ပြီ။ ကျားနှစ်တွေကတော့ တိုင်းပြည်တွေမှာ အကြီးအကျယ်အုံကြွမှုတွေ၊ နိုင်ငံအစိုးရ ပြောင်းလဲတာတွေ၊ ကမ္ဘာကြီးမှာ ဒုက္ခအန္တရာယ် ဖြစ်တာတွေ ရှိတတ်တယ်။

နေကြတ်တာက ဒီလောက်ထိ အန္တရာယ်မရှိပါဘူး။ ဒီထက်ဆိုးတာက ၂၀၁၂ မှာ ကမ္ဘာကြီးပျက်မယ်ဆိုတာ ပိုပြီး ကြောက်စရာကောင်းပါတယ်။ အားလုံးလည်း သိနေကြတာပဲလေ။ ဒီနေကြတ်တာကို ဘယ်သူမှ ခေါင်းထဲ မထည့်ကြတော့ဘူး။ ၂၀၁၂ ဒီဇင်ဘာ ၂၁ မှာ ကမ္ဘာကြီးတခုလုံး ပျက်မယ်ဆိုတာက ပိုအန္တရာယ်ရှိတာပေါ့။ အားလုံးပျောက်မှာ။ အဲဒါကို ကျနော်တို့ ဗေဒင်ဆရာတွေ အားလုံးက အဲဒါကို လေ့လာနေတာ။

၂၀၁၂ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာကြီးပျက်မယ်ဆိုတာ ဘာသာရေး အယူသည်းမှု ရှုထောင့်က ပြောတာလား။ မဟုတ်ရင် ဗေဒင်၊ နက္ခတ် သဘောတရားအရ ပြောတာလား။

The end of the world. အဲဒါကို ကျနော်တို့ ဗေဒင်ဆရာတွေက စိတ်ဝင်တစားနဲ့ လေ့လာနေကြတာ။ အယူသည်းမှုနဲ့ မဆိုင်ဘူး။ သိပ္ပံပညာရှင်တွေကိုယ်တိုင်က လက်ခံထားတာ။ အဲဒါကို ပိုပြီး စိတ်ဝင်စားပါတယ်။

နေကြတ်တာကို ကျနော်တို့ ခေါင်းထဲမထည့်တော့ဘူး။ ၂၀၁၂ မှာ ကမ္ဘာကြီးတခုလုံး ပျက်မှာ။ အဲဒီနေ့က ပိုပြီးတော့ ကြောက်စရာကောင်းသေးတယ်။ ဒီတခေါက်က အကြီးအကျယ်ဖြစ်မှာ။ လူတွေ အကုန်ဒုက္ခရောက်မယ်။ ရေက အကုန်ကြီး၊ မီးလောင်မယ်၊ အကုန်ပျက်မယ်၊ ကမ္ဘာကြီးတခုလုံးပျက်မယ်။ အဲဒါက ပိုအရေးကြီးတယ်။

ကမ္ဘာတဝှမ်းလုံးက နက္ခဗေဒ ပညာရှင်လေ့လာသူတွေ သိတယ်။ သိပ္ပံပညာရှင်တွေကအစ သိတယ်။ အင်တာနက်မှာလည်း ပြန့်နေတာ။ နေကြတ်တာလောက်ကို လူတွေ သိပ်ဂရုမစိုက်တော့ဘူး။

တကယ်လို့များ ကမ္ဘာပျက်မယ်ဆိုတာမှန်ခဲ့ရင် လူတွေ ဘာလုပ်သင့်တယ် ထင်ပါသလဲ။

ကမ္ဘာကြီးအကုန်ပျက်မယ်ဆိုတာ ရှင်းသွားပြီလေ။ အဲဒီမပျက်ခင်မှာ လူတွေဘာလုပ်ကြမလဲ။ တယောက်နဲ့ တယောက် ချစ်ချစ်ခင်ခင် နေကြမလား၊ စစ်တိုက်ကြမလားဆိုတာ၊ ဒါပဲရှိတော့တာပဲ။ နောက်ဆုံး ကလဲ့စားအပြီးပဲ ချေသွားကြမလား၊ အဲဒါပဲ ရှိတာပဲ။ လူတွေ တယောက်နဲ့ တယောက် မေတ္တာထားပြီး နေထိုင်သွားကြဖို့ပဲ လိုတယ်။

ကမ္ဘာကြီး ငြိမ်းချမ်းအောင်များ ဒီလိုမျိုးနည်းနဲ့ ခြိမ်းခြောက်တာမျိုးများလားရှင့်။

မဟုတ်ဘူး၊ မဟုတ်ဘူး။ ငြိမ်းချမ်းရေးအတွက် ခြိမ်းခြောက်တာ မဟုတ်ဘူး။ ဒါ လူတိုင်းသိနေတယ်။ အင်တာနက်ထဲကြည့်ရင် လူတိုင်း သိနိုင်တာပဲ။

သိပ္ပံပညာထွန်းကားတဲ့ ခေတ်မှာ ဒီလို နေကြတ်တဲ့ကိစ္စတွေက ရှေးမြန်မာ အယူအဆတွေနဲ့က အခုထိ ဆီလျော်မှု ရှိနေသေးတယ်လို့ မြင်ပါသလား။

မဖြစ်တော့ပါဘူး။ ရှေးအယူအဆအရ ဒီနေကြတ်တာက အရေးမကြီးတော့ဘူး။ သိပ္ပံအယူအဆရ ၂၀၁၂၊ ဒီဇင်ဘာ ၂၁ ကမ္ဘာပျက်မယ်ဆိုတာကို ပိုအလေးထားတယ်။ အဲဒါ ကျနော် ပိုလေ့လာနေတယ်။ ပိုပြီးတော့ သေချာပါတယ်။

ရင်းမြစ်။ ။ နယူးဒေလီ (မဇ္ဈိမ)။

မြတ်လေးငုံ...။

19 October 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) မှ ထုတ်ဝေသော ရွှေခမောက်စာစောင်- အောက်တိုဘာ၁၅ရက်။

ရွှေခမောက်စာစောင် အောက်တိုဘာ၁၅ရက်။

ကိုမင်းကိုနိုင် (၄၇) နှစ်မြောက်မွေးနေ့ တွင် သူကိုယ်တိုင်ရေးသားခဲ့ သောပထမဆုံး ဝတ္တု ကိုဖြန့်ချိ..။








မွေးနေ့အခမ်းအနားနဲ့ ပတ်သက်ပြီး ကိုမင်းကိုနိုင်ရဲ့ လုပ်ဖေါ်ကိုင်ဖက် တစ်ဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ရှင်းပြပါတယ်။ “ကိုမင်းကိုနိုင်က သူ့ဘဝကြီးရဲ့ နှစ်ပေါင်း ၂ဝ ကျော်လောက်မှာ သူကိုယ် တိုင် မွေးနေ့ပွဲကို ကျင်းပခဲ့ဘူးတာ ၂ဝဝ၆ ခုနှစ် လောက်က တစ်ကြိမ်ဖြစ်ပါတယ်။ မွေးနေ့ကျင်းပတဲ့ ရည်ရွယ်ချက်က သူ့ရဲ့ စွန့်လွှတ် စွန့်စားမှုတွေကို ဂုဏ်ပြုချင် တယ်။ ကိုမင်းကိုနိုင်အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုဌေး ကြွယ်၊ ကိုမင်းဇေယျာ၊ ကိုလှမျိုးနောင်၊ ကိုကိုကြီးတို့ကိုလည်း ဂုဏ်ပြုချင်တယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မြန်မာ့ နိုင်ငံရေး အခမ်းကဏ္ဍမှာ အရေးပါမှုကို အသိ အမှတ်ပြုတာလည်း ဖြစ်ပါတယ်။” ကိုမင်းကိုနိုင်ရဲ့ မွေးနေ့ ကျင်းပတာနဲ့အတူ ကိုမင်းကိုနိုင်ရဲ့ ပထမဦးဆုံး ဝတ္ထု စာအုပ်ဖြစ်တဲ့ “နောက်ကြည့်မှန်” ဆိုတဲ့ ဝတ္ထုစာအုပ်ကိုလည်း ဒီကနေ့မှာ ဖြန့်ချိခဲ့တာပါ။

နောက်ကြည့်မှန် ဆိုတဲ့ ဝတ္ထုစာအုပ်က ၁၉၈၈ ခုနှစ် အတွင်းက ဖြစ် ပျက်ခဲ့တဲ့ အဖြစ်ပျက်များကို ရေးဖွဲ့ခဲ့တာပါ။ ကိုမင်းကိုနိုင်ရဲ့ နောက်ကြည့်မှန် ဆိုတဲ့ ဝတ္ထုစာအုပ်နဲ့ ပတ်သက်ပြီး ဝတ္ထုစာအုပ်ကို ဖတ်ခဲ့ဖူးတဲ့ နိုင်ငံရေးအကျဉ်းသား ဟောင်း တဦးက ခုလို ခံစားပြောဆိုသွားပါတယ်။ “ဒီဝတ္ထုက အချစ်ဝတ္ထုလို့လည်း ပြောနိုင်တာပေါ့၊ လူငယ် ကောင်မလေး တယောက်နဲ့ ကောင်လေးတယောက်ရဲ့ တွေ့ ကြုံ ဆုံ ကွဲ ဇာတ်လမ်းလေးကို ရေး ထားတာပါ။ ထူးခြားတာက ကောင်လေးနဲ့ ကောင်မလေးတို့နှစ်ယောက် ဖြတ်သန်း ရတဲ့ ခေတ်၊ ဒီဝတ္ထုရဲ့ နောက်ခံဖြစ်တဲ့ ခေတ်က ရှစ်လေးလုံး အရေးတော်ပုံကြီးကို နောက်ခံထားပြီးတော့ အချစ် ဇာတ်လမ်းလေးကို ရေးထားတာပါ။”

နောက်ကြည့်မှန် ဝတ္တုစာအုပ်အားမှာယူချင်ပါက AAPP သို့ဆက်သွယ်မှာယူနိုင်ပါကြောင်း အသိပေး
ပြောကြားလိုက်ပါတယ်...။

မြတ်လေးငုံ....။

18 October 2009

အခြေခံပညာကျောင်းသားများသမဂ္ဂအား ပြည်လည် ဖွဲ့စည်းခြင်း။

အခြေခံပညာကျောင်းသားများသမဂ္ဂ



ပေးပို့ လာသူ ..အားဘီ..။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင်ရေး အသင်းမှ ကိုမင်းကိုနိုင်မွေးနေ့ အခမ်းအနား..

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း မှ ကျင်းပပြုလုပ်သည့် ကိုမင်းကိုနိုင် (၄၇)နှစ်မြောက်မွေးနေ့ပွဲ ဓာတ်ပုံ မှတ်တမ်း...။



မြတ်လေးငုံ.....။

ကိုမင်းကိုနိုင် ရဲ့ အမှတ်တရ စကားများ (၂၀၀၆) ။

ကိုမင်းကိုနိုင်ရဲ့ အမှတ်တရစကားများ (၂၀၀၆) ။..။

ကိုမင်းကိုနိုင် (၄၇) နှစ်ပြည့် မွေးနေ့ အမှတ်တရ စာလွှာ။...

Photobucket
Photobucket

ပေးပို့ ပေးသူ ...ဒီမိုဝေယံ..။