29 August 2010

ဦးသန်းရွှေ အပြောင်းအလဲ နဲ့ နယ်ခြားစောင့်တပ်ဂယက်

ရွေးကောက်ပွဲ နီးကပ်လာတဲ့အချိန် နအဖ ခေါင်းဆောင် ဦးသန်းရွှေရဲ့ အပြောင်း အရွှေတွေ့ ပြုလုပ်တာကို ကြည့်ရင် သူ့ရဲ့ ရည်ရွယ်ချက်နဲ့ ခြေလှမ်းဟာ ဘယ်ကို ဦးတည်နေသလဲဆိုတဲ့ ကိစ္စဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။

အခုတွေ့ရတဲ့ဖြစ်စဉ်တခုလုံးကိုကြည့်ရင် စစ်တပ်က အသက် ၆၀ နဲ့ အထက် အကုန်လုံးကို အပြောင်းအရွှေ့လုပ်လိုက်တာ ပဲလို့ တရုတ်မြန်မာနယ်စပ်က စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

ဦးတင်အောင်မြင်ဦးတို့ဆိုရင် အိပ်ယာပေါ် ဗုံးကနဲ လဲသွားတယ်လို့ ကြားရတဲ့ အကြောင်း သူတို့ကို ပြောင်းရွှေမယ်ဆိုတာ သိကြပေမယ့် ယူနီဖေါင်းဝတ်နဲ့ နှစ်ပေါင်း သုံးလေးဆယ် နေပြီး ရုတ်တရက် ဖြုတ်ချလိုက်တော့ ဒါနဲ့ အသက်ရှင်တဲ့ သူတွေ၊ ထမင်းရှာစားတဲ့ သူတွေဖြစ်တာမို့ ဘယ်လိုမှ ခံနိုင်စွမ်း မရှိအောင် ဖြစ်ရတဲ့ အကြောင်း သူက သုံးသပ် ပါတယ်။

ဦးသန်းရွှေရဲ့လူတွေလို့ ယူဆရတဲ့ ဦးမြင့်ဆွေတို့ ဦးရဲမြင့်တို့လို လူအတော်များများ ပါ ပါကုန်တဲ့အတွက် ဂယက်ကတော့ ရှိတာပေါ့လို့လည်း သူက ဆက် ပြောပါတယ်။

ဦးရဲမြင့်လို ပုဂ္ဂိုလ်ပါ အပြောင်းအရွေ့ထဲ ပါသွားပေမယ့် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးကိစ္စမှာ ဘယ်လိုမှ အပြောင်းအလဲဖြစ်စရာ မရှိကြောင်း၊ ဦးရဲမြင့်ဟာ ဦးသန်းရွှေရဲ့ သဘောထားကို လာပြီးချပြရတဲ့ messenger လို့ခေါ်တဲ့ ဆက်သားသာ ဖြစ်တယ်လို့ ဦးအောင်ကျော်ဇောက ထောက်ပြပါတယ်။

ဦးရဲမြင့်ရဲ့ ပုဂ္ဂိုလ်ရေးဆက်ဆံမှုတွဟော လူမျိုးစုတွေကို တော်တော်လေး နာနာ ကျင်ကျင်ဖြစ်စေခဲ့တာမို့ နောက်ပိုင်းမှာ သူ့ထက်ပိုပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်တဲ့ လူဆိုရင်တော့ တမျိုးတဖုံဖြစ်လာကောင်းရဲ့လို့လည်း သူက ပြောပါတယ်။

နယ်ခြားစောင့်တပ်ပေါ်လစီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအဖို့ ယာယီကိစ္စသာဖြစ်တယ်လို့ သူမြင်တဲ့အကြောင်း၊ တရုတ်မြန်မာနယ်စပ်အဖွဲ့ အစည်းတွေအဖို့ တတိယနိုင်ငံရေးတစ်ခုနဲ့ ပတ်သက်တာမို့ အဲဒီဘက်ကသာ အပြောင်းအလဲ ရှိခဲ့ရင်သာ တမျိုးတမည် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သာမန်အခြေအနေအရ ဆိုရင်တော့ နယ်ခြားစောင့်တပ် ပေါ်လစီဟာ အောင်မြင်ဖို့ရာ တော်တော်ခက်ခဲမှာ ဖြစ်တယ်လို့ ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

သတင်းရင်းမြစ်...BBC