20 August 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ..




ုမြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် စီးပွားရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ရန် ရန်ကုန်မြို့မှ သြဂုတ်လ ၁၉ ရက်နေ့မနက် ၉ နာရီ အချိန်တွင် ထွက်ခွာသွားခဲ့ပြီး နေပြည်တော်သို့ရောက်ရှိစဉ် ပထမဆုံး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မတအိမ်တော်တွင် သွားရောက်တွေ့ဆုံခဲ့သည်။

သြဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ခဲ့ပြီးနောက် ဆွေးနွေး ပွဲ ခေတ္တရပ်နား ချိန်တွင် ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးအောင်မင်း၊ ဦးအောင်ကြည်၊ ဦးစိုးသိန်းနှင့် ဗိုလ်ချုပ်သိန်းဌေးတို့နှင့် သီးခြားတွေ့ ဆုံခဲ့ကြောင်းသတင်းရရှိသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၁၁ နာရီအချိန်တွင် နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာခဲ့ပြီး ရန်ကုန်မြို့သို့ ညနေ ၄ နာရီအချိန်တွင် ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ..ကိုဆန်နီ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့နံနက်ပိုင်း တက်ရောက်ပြီး နေပြည်တော်မှရန်ကုန်သို့ပြန်

















နေပြည်တော် စီးပွားရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ကာ ပညာရှင်နှစ်ဦး၏ စာတမ်းနှစ်စောင်ဖတ်ကြားမှုအပြီး ၁၀ နာရီ မိနစ် ၃၀ တွင် နေပြည်တော်မှ ရန်ကုန်သို့ ပြန်လည်ထွက်ခွာရန် အစည်းအဝေးကျင်းပရာ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာနမှ ထွက်ခွာသွားပြီဖြစ်သည်။

သြဂုတ် ၁၉ ရက်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့မှုအပေါ် သတင်းထောက်များ က ဒေါ်အောင်ဆန်းစုကြည်သဘောထားအား မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က "ဦးသိန်းစိန်နဲ့တွေ့ရတာ ၀မ်းသာပါတယ်။ ကျေနပ်ပါတယ်။ အခု အလုပ်ရုံဆွေးနွေးပွဲကလည်း ဦးမြင့်ဖိတ်လို့ လာခဲ့တာပါ။ ကျေနပ်အားရပါတယ်"ဟု ဖြေကြားခဲ့သည်။

နေပြည်တော် တစ်ညအိပ် နှစ်ရက်ခရီးအပေါ် သူမ၏ အမြင်ကိုမေးမြန်းရာ "မနေ့က ခေါင်းမူးနေ လို့ နေပြည်တော်ကို သေချာမကြည့်လိုက်ရဘူး။ အခု မပြန်ခင်မှ လိုက်ကြည့်ရမယ်"ဟု ဖြေကြားခဲ့သည်။

စီးပွားရေးဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ ဒုတိယနေ့သို့ ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနားစတင်ချိန် နံနက် ၉ နာရီတွင် ရောက်ရှိလာကာ ခမ်းမအတွင်း ရှေ့ဆုံးခုံတန်းတွင် စီးပွားရေးပညာရှင်နှစ် ဦးဖြစ်သော ဒေါက်တာဦးမြင့်နှင့် ပါမောက္ခဒေါ်ရီရီမြင့်တို့ကြားတွင် နေရာယူကာ စာတမ်းနှစ်စောင်ဖတ်ကြားမှုကို နားထောင်ခဲ့သည်။

မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌဦးဝင်းအောင်နှင့် မီးရထားဝန်ကြီး ဌာန အထွေထွေ မန်နေဂျာတို့ဖတ်ကြားသော စာတမ်းနှစ်စောင်အား နားထောင်ခဲ့ပြီး နံနက် ၁၀ နာရီတွင် စာတမ်းဖတ်ကြားမှု ပြီးဆုံးခဲ့သည်။

ထို့နောက် ခေတ္တနားချိန်တွင် ကော်ဖီ၊ မုန့်တို့ဖြင့် တည်ခင်းဧည့်ခံရာ ဒေါ်အောင်ဆန်းစုကြည်ကလည်း ထိပ်ဆုံး အထူးပုဂ္ဂိုလ်ဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးအချို့နှင့်အတူ မိနစ် ၃၀ နီးပါးစကားဝိုင်းဖွဲ့ခဲ့ကြောင်း အစည်းအဝေးရောက်နေသော 7Day News သတင်းထောက်က သတင်းပေးပို့သည်။

"စက်မှု(၁)၊ (၂) ၀န်ကြီး ဦးစိုးသိန်း၊ မီးရထားဝန်ကြီး ဦးအောင်မင်း၊ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်၊ ဦးမြင့်၊ ပါမောက္ခဒေါ်ရီရီမြင့်နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ်သိန်းဌေးတို့တွေနဲ့ တစ်ဝိုင်းတည်းအတူထိုင်ပါတယ်။ ဗိုလ်ချုပ်သိန်းဌေးတစ်ယောက်ပဲ စစ်ဝတ်စုံနဲ့တွေ့ရပါတယ်။ သူတို့အားလုံး ရယ်လိုက်မောလိုက် နဲ့ တော်တော်ရင်းရင်းနှီးနှီးစကားပြောကြတာတွေ့ရတယ်။ စကားပြောပြီးဝိုင်းကထမှ တက်ရောက်လာကြတဲ့ လုပ်ငန်းရှင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဓာတ်ပုံတွဲရိုက်ကြတယ်။ ပညာရှင်အချို့လည်း ပါ ပါတယ်။ ဦးဇော်ဇော်တို့ ဦးဝင်းအောင်တို့ကိုလည်း တွေ့ရတယ်"ဟု ဆွေးနွေးပွဲပထမပိုင်းအပြီး ခေတ္တနားချိန်မြင်ကွင်းကို သတင်းထောက်ကတယ်လီဖုန်းမှတစ်ဆင့် ပေးပို့ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ် ၁၉ ရက် ညနေ ၄ နာရီက နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် သမ္မအိမ်တော်ရှိ နိုင်ငံတော်သမ္မတ၏ရုံးခန်းတွင် တွေ့ဆုံခဲ့ရာ ထိုတွေ့ဆုံမှုမှတ်တမ်းများကို ထိုနေ့ညရုပ်မြင်သံကြား သတင်းတွင် ထုတ်လွှင့်ပြသခဲ့သည်။ ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားကာ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ ချိတ်ဆွဲထားသော သမ္မတရုံးခန်း တွင် နိုင်ငံတော်သမ္မတနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးထားသည်ကိုလည်း ဖော်ပြထားသည်။

သတင်း
7Day News Journal

ဓာတ်ပုံ..AP , 7Day News Journal.

NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူ ဓာတ်ပုံသတင်း











NLD ခေါင်းဆောင် ဦးကြည်မောင် ကွယ်လွန်ခြင်း ၇ နှစ်ပြည့် အလှူကို ရန်ကုန်၊ သင်္ကန်းကျွန်းမြို့နယ် ရတနာပုံရိပ်ငြိမ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ယနေ့ ပြုလုပ်သည်။

(ဓာတ်ပုံများ-NLD facebook)

သြော် ..... ဒီကလေးလောက်တောင် ကိုယ့်တိုင်းပြည်အကြောင်းပြောပြတတ်ပါ့မလား .....

အခုတော့တို့ဗိုလ်ချုပ်ပုံ ချိတ်ထားလို့ ပါလား သမ္မတ ကြီးရယ်..


မြန်မာနိုင်ငံ စီးပွားရေး အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ဦးသိန်စိန်က ထုတ်ဖော်ပြောကြား

(Associated Press မှ 18 August 19, 2011 ရက်စွဲပါ "Myanmar's President says country facing hardship" သတင်းကို Y C မှဘာသာပြန် ဆိုသည်။)

ပြည်တွင်းကျပ်ငွေ ခိုင်မာလာခြင်းက စီးပွားရေးကဏ္ဍကို ထိခိုက်နစ်နာစေပြီး အကယ်၍သာ အမေရိကန်ဒေါ်လာ တန်ဖိုး ဆက်လက် ကျဆင်း လာပါက အထည်ချုပ်စက်ရုံများ လုပ်ငန်းပိတ်သိမ်းမှုနှင့် ရင်ဆိုင်ကြရဖွယ်ရှိသည်ဟု သမ္မတက ပြောကြားလိုက်ပါသည်။

ဗုဒ္ဓဟူးနေ့က နေပြည်တော်တွင် စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် ပြည်တွင်း လူမှုကယ်ဆယ်ရေးအဖွဲ့အစည်းများကို မိန့်ခွန်းပြောကြားရာတွင် သမ္မတဦးသိန်းစိန်က အမေရိကန် တစ်ဒေါ်လာလျှင် ၈၀၀ကျပ် မှ ၇၅၀ကျပ်သို့ ကျဆင်းသွားမှုကြောင့် မြန်မာ ပို့ကုန် လုပ်ငန်းရှင် များကို ထိခိုက်နစ်နာသွားစေသည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

အချို့သော စက်ရုံများအနေဖြင့် အလုပ်သမားထောင်နှင့်ချီ၍ အလုပ်ရပ်ဆိုင်းရဖွယ်ရှိနေပြီး လယ်သမားများနှင့် အထည်ချုပ်စက်ရုံများ လွန်စွာ အထိနာခဲ့သည်ဟု သမ္မတက မိန့်ခွန်းပြောကြားခဲ့ခြင်းကို ကြာသပတေးနေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြခဲ့သည်။

တပ်မတော် ကျောထောက်နောက်ခံ အစိုးရက စီမံအုပ်ချုပ်နေသော နိုင်ငံတွင် စီးပွားရေးအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ယခုကဲ့သို့ ၀န်ခံ ပြောကြားခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ မြန်မာနိုင်ငံတွင် နှစ်ပေါင်းများစွာ စီးပွားရေးကို အစိုးရက ထိန်းချုပ်ထားခြင်းနှင့် နိုင်ငံတကာ အရေးယူ ဒဏ်ခတ်၊ ပိတ်ဆို့မှုများကြောင့် ယခုအခါ ကမ္ဘာတွင် ပျမ်းမျှ တစ်ဦးချင်းဝင်ငွေ အနိမ့်ဆုံးနိုင်ငံတစ်ခု ဖြစ်လာခဲ့သည်။ ပြဿနာများ ပြေလျော့သွားစေရန် အတွက် ဆန်၊ ပဲအမျိုးမျိုး၊ ရာဘာ၊ ငါးနှင့် အခြားရေထွက်ကုန်များ အပါအ၀င် ပို့ကုန်အမည်အချို့ပေါ်တွင် အစိုးရက ပို့ကုန်အခွန်များ ဖယ်ရှား ပေးခဲ့သည်ဟု ဦးသိန်းစိန်က ဆိုပါသည်။

ထို့ပြင် ပြဿနာများ ပြေလည်စေမည့် နည်းလမ်းများ၊ အဖြေများကိုလည်း ကြိုးစားရှာဖွေနေသည်ဟု သမ္မတက ပြောကြားခဲ့သည်။

မြန်မာတပ်မတော် ခေါင်းဆောင်များက နိုင်ငံတော်အာဏာကို ဆက်လက်ထိန်းချုပ်ထားရန် ရည်ရွယ်သော်လည်း လှည့်စားမှုဟု ကမ္ဘာက ဝိုင်းဝန်း ရှုတ်ချခဲ့ကြသည့် မနှစ်က ရွေးကောက်ပွဲများအပြီး ပြီးခဲ့သော မတ်လတွင် တပ်မတော်အစိုးရထံမှ အာဏာလွှဲပြောင်းရယူခဲ့သော အစိုးရ အဖွဲ့သစ်သည် စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ခက်ခက်ခဲခဲ စတင်လျှက်ရှိပြီး အတိုက်အခံများအပေါ် တင်းမာသည့် သဘောထားကိုလည်း အတော်အတန် ဖြေလျှော့ ပေးခဲ့သည်။

ထို့ပြင် အမျိုးသား အကျိုးစီးပွား နယ်ပယ်အတွင်းမှ တူညီသော ရည်မှန်းချက် ပန်းတိုင်များအတွက် အတူတကွ လုပ်ဆောင်ကြရန် အမြင် သဘောထား မတူညီသော ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကိုလည်း မိမိတို့အစိုးရက ဖိတ်ခေါ်ထားသည်ဟု သမ္မတ ဦးသိန်းစိန်က ထုတ်ဖော်ပြောကြား ခဲ့ပါသည်။ အကြောင်းကြောင်းကြောင့် ပြည်ပရောက်နေသော မြန်မာနိုင်ငံသားများ ပြန်လာချင်ပါကလည်း အစိုးရက စဉ်းစားပေးမည်ဟု သမ္မတက ဆိုသည်။

မနှစ်က နိုဝင်ဘာတွင် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သော ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း နေပြည်တော် တွင် သြဂုတ် ၁၉ မှ ၂၁ အထိ ကျင်းပရန်စီစဉ်ထားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲ ဖိုရမ်သို့ တက်ရောက်ရန် အစိုးရက ဖိတ်ခေါ်ထားသည်ဟု သိရှိရသည်။

နောက်ထပ်အလျော့ပေးသည့် လက္ခဏာတစ်ခုမှာ နိုင်ငံခြား မီဒီယာများကို တိုက်ခိုက်ထားသည့် ၀ါဒဖြန့် စာတမ်းများကို နိုင်ငံပိုင်သတင်းစာ ၃ စောင်၏ နောက်ကျောဖုံးများ မှ ယခုသီတင်းပတ်တွင် ဖယ်ရှားလိုက်သည့် လုပ်ရပ်ပင်ဖြစ်သည်။

ဦးအောင်သိန်းလင်း၏ နာရေးကူညီသူလူငယ်များကြောင့် ကျန်ရစ်သူမိသားစု စိတ်အနှောက်အယှက်ဖြစ်


ရန်ကုန်ဒေသကြီး တောင်ဥက္ကလာပမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သိန်းလင်း ဦးဆောင်ဖွဲ့ စည်းထားသော တောင်ဥက္ကလာပ မြို့နယ်အတွင်းရှိ နာရေးကူညီမှု အသင်းမှ စေတနာဝန်ထမ်း လူငယ်များသည် သောက်စားမူးရစ်ပြီး နားရေးကိစ္စများ ဆောင်ပေးမှု နေကြောင့် ကျန်ရစ်သူမိသားစုဝင်များနှင့် ဆွေမျိုးသားချင်းများ စိတ်အနှောက်အယှက် ဖြစ်နေရသည်ဟု မြို့နယ်အတွင်းနေထိုင်သူ တစ်ဦးက ပြောကြား သည်။

တောင်ဥက္ကလာပ မြို့နယ်တွင် ယခင်ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းသည် နားရေးကူညီမှုများ ဆောင်ရွက်ရန်အတွက် ကားနှစ်စီးဖြင့် လုပ်ဆောင်ပေးနေကြောင်း သို့ရာတွင် ဦးအောင်သိန်းလင်း တာဝန်ပေး ထားခိုင်းထားသော လူငယ်များမှာ ရပ်ကွက်အတွင်းမှ ၁၀၉/၁၁၀ သောက်စား မူးရစ်နေသော လူငယ်များ ဖြစ်နေပြီး (ဇ)အက္ခရာ ဂျစ်ကားတစီးနှင့် နာရေးကူညီမှု လုပ်ငန်းအကြောင်းပြပြီး ထင်တိုင်းကြဲနေကြောင်း နန္ဒဝန်ဈေးအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

ဦးအောင်သိန်းလင်းသည် မြို့တော်ဝန်အဖြစ်ရှိစဉ်ကတည်က ရုပ်ရှင်မင်းသား ဦးကျော်သူနှင့်အပြိုင် နာရေးကူညီမှု အသင်းထောင်ခဲ့သူဖြစ်ပြီး နာရေးလုပ်ကူညီမှု လုပ်ငန်းကို အကြောင်းပြုပြီး မဲဆွယ်ရန်ကြိုးစားခဲ့သူ တစ်ဦးဖြစ်သည်ဟု ဦးအောင်သိန်းလင်းနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

နာရေးကူညီမှု လုပ်ကိုင်ရန်အတွက် စေတနာဝန်ထမ်း လူငယ်များသည် အရက်သေစာ သောက်စားခွင့် မရှိသလို ကားပေါ်တွင်လည်း နောက်ပြောင်ရယ်မောခြင်း စကားပြောဆိုခြင်းများပင် မပြုရန် နာရေးရှင်များကို စာနာဂရုနာထားရန် စည်းကမ်းချက်များထုတ်ထားလေ့ရှိသည်။

စစ်အစိုးရလက်ထက် လူအများစီးပွားရေး ကြပ်တည်းပြီး နေရေးလည်း ခက်သလို သေရေးလည်း ခက်ကြသဖြင့် မန္တလေးမြို့တွင် ဗြဟ္မဆို နာရေး ကူညီမှုအသင်း ပေါ်လာပြီးနောက် ရန်ကုန်တွင်း ရုပ်ရှင်မင်းသား ဦးကျော်သူပါဝင်သော နာရေးကူညီမှုအသင်းများ ပေါ်လာကာ မြို့ရွာဒေသ အတော် များများတွင် နာရေးကူညီမှု လုပ်ငန်းများ အားကောင်း လာခဲ့သည်။

သတင်း.... မိဖြူ

ပြည်တွင်းအသံလွှင့်ဌာနများ ဧရာဝတီအကြောင်း မလွှင့်ရ


ပြည်တွင်းတွင်ထုတ်လွှင့်လျက်ရှိသည့် ပုဂ္ဂလိကပိုင် FM ရေဒီယိုများတွင် ဧရာဝတီနှင့် ပတ်သက်သည့် မည်သည့်အကြောင်းအရာများကိုမျှ ထုတ်လွှင့်ခြင်းမျှ မပြုရန် တားမြစ်ထားကြောင်း ပြည်တွင်းရှိ ပုဂ္ဂလိကပိုင် FM ရေဒီယိုတစ်ခုတွင် ၀င်ရောက်လုပ်ကိုင်နေသူ စီမံချက် ဒါရိုက်တာတစ်ဦးက ပြောကြားသည်။

ဦးကျော်ဆန်း၏ အစိုးရသစ်လက်ထက် ပထမဆုံး သတင်းစာရှင်လင်းပွဲ မတိုင်မီ တစ်ရက်အလို သြဂုတ် ၁၂ ရက် နေ့မှ စတင်၍ ထုတ်လွှင့်ခြင်း မပြုရန် မြန်မာ့အသံမှ တာဝန်ရှိသူတစ်ဦးက အကြောင်း ကြားခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

“သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ အကြောင်းတွေ ပုံမှန်လွှင့်နေတာရှိတယ်။ အဲဒီထဲကမှ ဧရာဝတီနဲ့ ပတ်သက်တာတွေ မလွှင့်ဘဲ ရပ်ထားလိုက်ရပြီ” ဟု အစီအစဉ်ရေးဆွဲသူ တစ်ဦးက ဆိုသည်။

စစ်အစိုးရ လက်ထက်ကပင် စီမံကိန်းရေးဆွဲခဲ့သော တရုတ်-မြန်မာပူးတွဲဆောင်ရွက်မည့် မြစ်ဆုံဆည်တည်ဆောက်မည့် အရေးကိစ္စသည် ဒေသခံများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကြားတွင်ပါ စိတ်ဝင်စား၊အငြင်းပွားနေခဲ့သော အကြောင်းအရာ တစ်ရပ် ဖြစ်သည်။

မြစ်ဆုံစီမံကိန်းကြောင့် ဧရာဝတီကို ထိခိုက်မှု မရှိနိုင်ကြောင်း အစိုးရသတင်းစာများတွင် ဆောင်းပါး ၂ ပုဒ်ဖြင့် တုန့်ပြန်ခဲ့သောကြောင့် ပတ်ဝန်းကျင်ရေးရာ လှုပ်ရှားသူများအကြား ပိုမို ပြင်းထန်စွာ တုန့်ပြန်လာခဲ့သည်။

၂၀၁၁ ခုနှစ် သြဂုတ်လ ၁၁ရက်နေ့က ဒေါ်အောင်ဆန်းစု ကြည်မှ ဧရာဝတီအတွက်ပန်ကြားချက်ဟူသည့် ထုတ်ပြန်ချက် ပေါ်ထွက်လာပြီး နောက်တွင်မူ အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ များစွာ ရိုက်ခတ်မှုရှိလာခဲ့သည်။

သြဂုတ် ၁၃ ရက်နေ့က အစိုရသစ်လက်ထက် နေပြည်တော်တွင် ပထမဆုံးအကြိမ်ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ(၁/၂၀၁၁)တွင် ယခုအစိုးရသစ်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းမှာ အဆိုပါ မြစ်ဆုံဆည် နှင့်KIO တို့နှင့်ပတ်သက်သည့် မေးခွန်းများအကြားတွင် မျက်ရည်မိုးများပင်သွန်ကျသွား၍ ဧရာဝတီနှင့် မြန်မာနိုင်ငံကို မည်မျှုချစ်ကြောင်း၊ မြန်မာနိုင်ငံတော်ကြီးကို ဒုက္ခရောက်အောင် လုပ်မည်မဟုတ်ကြောင်း ပြောပြသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးနောက်ပိုင်း နိုင်ငံပိုင်ရေဒီယိုများတွင် အမေသီချင်းများ ထုတ်လွှင့်ခြင်း မပြုရဟူသော ထုတ်ပြန်ချက် လည်း ထွက်ပေါ်ခဲ့ဖူးသည်။

သတင်း....YC

19 August 2011

အောင်ဆန်းဂျာမွန်းသီချင်းလေးပါ။



အောင်ဆန်းဂျာမွန် by myatlayngon88

မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ထိန်းသိမ်းခံရ


မန္တလေးမြိုတော်ဝန်၏ လှုပ်ရှားဆောင်ရွက်မှုများ မန္တလေးစည်ပင်သာယာက နေစဉ်ထုတ်ဝေသော မန္တလေးနေ့စဉ်သတင်းစာတွင် မတွေ့မြင့်ရသည်မှာ သီတင်းပတ်တစ်ပတ်ခန့် ကြာမြင့်ပြီးနောက် မန္တလေးမြို့ခံများကြားတွင် မြို့တော်ဝန်ဖုန်းဇော်ဟန် ထိမ်းသိမ်းခံရသည်ဆိုသော ပြောဆိုမှုများ ကျယ်ကျယ်ပြန့် ထွက်ပေါ်နေခြင်းဖြစ်သည်ဟု မြို့ခံသတင်းသမားများကဆိုသည်။

ဦးဖုန်းဇော်ဟန်၏လှုပ်ရှားမှုဓါတ်ပုံများ မြို့တော်စည်ပင်နေ့စဉ် သတင်းစာတွင် မပါသည့်နေ့မရှိခဲ့ဘူးကြောင်း “တော်တော်တော့ ထူးတယ် သူက ဗိုလ်ချုပ်မောင်အေးရဲ့ သားတပည့်လေ” သတင်းထောက်အတွေ့အကြုံ ငါးနှစ်ခန့်ရှိ လူငယ်သတင်းသမားတစ်ဦးကဆိုသည်။

ကာကွယ်ရေးဝန်ကြီးဌာန အထူးစစ်ဆင်ရေးမှုးအဖွဲ့မှ ဗိုလ်ချုပ်တင်ငွေ၊ ဗိုလ်ချုပ်မြင့်စိုးတို့နှစ်ဦးကို အကျင့်ပျက်ခြစားမှုများဖြင့် ဖမ်းဆီးခြင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှုးဗိုလ်မှုးချုပ် ခင်အောင်ဌေး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှုးချူပ် ထွန်းသန်း တြိဂံတိုင်းစစ်ဌာနချုပ် တိုင်းမှုးဟောင်း လက်ရှိတပ်မတော် စစ်ဆေးရေးနှင့် စာရင်းစစ်ချုပ် ဗိုလ်ချုပ်ကျော်ဖြိုးတို့ကို ဖမ်းဆီးသည့် သတင်းများပေါ်ပေါက်လာပြီးနောက် ယခုနောက်ဆုံး မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန် ထိမ်းသိမ်းခံရသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခြင်းဖြစ်သည်။

တိုင်းမှုးများအပါအဝင် စစ်ဗိုလ်ချုပ်တချို့ အကျင့်ပျက်ခြစားမှု အဏာအလွဲသုံးစားမှုများနှင့် ထိမ်းသိမ်းခံရမှုများ ဆက်တိုက် သတင်းထွက် နေကြောင်း အကျင့်ပျက်ခြစားမှုကြောင့် အရေးယူမည်ဆိုလျှင် တစ်ယောက်မျှ မကင်းကြောင်း ယခုအဖမ်းခံရသူများကို လေ့လာကြည့်လျှင် ဗိုလ်ချုပ်မောင်အေး လူများသာဖြစ်နေကြောင်း၊ ယခု ဖယ်ရှားမှုများသည် ဂိုဏ်းဂဏအစွဲနှင့် ဖယ်ရှားနေမှုများဖြစ်နိင်ပြီး ဒုသမ္မတ တင်အောင်မြင့်ဥိး လက်ချက်ဖြစ်နိင်ကြောင်း မန္တလေးမှ လူတန်းစား အမြင်ရှိသူ ရသစာရေးဆရာတစ်ဦးကဆိုသည်။

တပ်မတော်အစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဦးကျော်ဘ၊ ကုန်သွယ်ရေးဝန်ကြီး ဗိုလ်ချူပ်ထွန်းကြည် တို့ကို ဖယ်ရှားပြီး ၂၀၀၄ ခုနှစ်တွင် အမျိုးသားထောက်လှမ်းရေးညွန်ကြားရေးမှူးချုပ် အတွင်းရေးမှုး-၁ ဗိုလ်ချူပ်ခင်ညွန့်နှင့် ထောက်လှမ်းရေး တဖွဲ့လုံးကို ဖယ်ရှားခြင်းများသည် ထင်ရှားသော ဂိုဏ်းဂဏတိုက်ပွဲ များဖြစ်သည် ဟု မြန်မာအရေး ကို လေ့လာစောင့်ကြည့်သူများကဆိုသည်။

သတင်း... မိဖြူ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အထက်လွှတ်တော်အမတ် John Kerry ၏ လက်ထောက်အရာရှိ သွားရောက်တွေ့ဆုံ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန် သံရုံး ကိုယ်စားလှယ်များနှင့် အမေရိကန် အထက်လွှတ်တော်အမတ် John Kerry ၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လက်ထောက် အရာရှိ Mr.Atman Trivedi သည် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သြဂုတ်လ ၁၇ ရက်နေ့က သွားရောက် တွေ့ဆုံခဲ့ကြောင်း သတင်း ရရှိသည်။

အမေရိကန် အထက်လွှတ်တော်အမတ် John Kerry ၏ လက်ထောက်အရာရှိနှင့် အဖွဲ့သည် သြဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် သွားရောက်တွေ့ဆုံမေးမြန်းခဲ့ရာ ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဆန်းမှ သြဂုတ်လ ၁၂ ရက်နေ့က နေပြည်တော် တွင် ကျင်းပ ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် နိုင်ငံရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်မည် ဆိုပါက တရားဝင် ပါတီအဖြစ် မှတ်ပုံတင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့မှုအပေါ် မည်ကဲ့သို့ လုပ်ဆောင်သွားရန် ရှိသည်ကို မေးမြန်းပြီး ရွေးကောက်ပွဲ ဝင်မည့် အလားအလာ များကို မေးမြန်းခဲ့ကြောင်း သိရသည်။

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ လက်ထောက် အရာရှိ Mr. Atman Trivedi က ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၄ ရက်နေ့တွင် သွားရောက်ခဲ့သော ပဲခူးခရီးစဉ် အောင်မြင်ခဲ့ခြင်းအပေါ် သဘောကျ ကျေနပ်မှု ရှိကြောင်း ပြောကြားခဲ့ သည်။

အမေရိကန် အထက်လွှတ်တော်အမတ်၏ ကိုယ်စားလှယ်နှင့် အမေရိကန်သံရုံး အဖွဲ့ဝင်များသည် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်မတွေ့ဆုံမီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်ခဲ့သော နိုင်ငံရေး ပါတီများမှ ခေါင်းဆောင် ၉ ဦးကိုလည်း သြဂုတ်လ ၁၄ ရက်နေ့မနက်ပိုင်းတွင် သွားရောက်တွေ့ဆုံခဲ့သေးကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအား NLD ရုံးချုပ်တွင် သွားရောက်တွေ့ဆုံစဉ် အမေရိကန် နိုင်ငံခြားရေး မူဝါဒဆိုင်ရာ လက်ထောက်အရာရှိ Mr.Atman Trivedi က ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမှုများနှင့် ပက်သက်ပြီး NLD အနေဖြင့် မည်ကဲ့သို့ မျှော်မှန်းထားသည်ကို မေးမြန်းခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂလူ့အခွင့်ရေးကိုယ်စားလှယ် မစ္စတာ ကင်(န်)တားနား မြန်မာနိုင်ငံသို့ ငါးရက်ကြာလာရောက်မည် ဖြစ်ကြောင်း သိရသည်။ မစ္စတာ ကင်(န်)တားနားသည် မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် အစိုးရ အဖွဲ့ဝန်ကြီးများ၊ နိုင်ငံရေးပါတီခေါင်းဆောင်များနှင့် မြန်မာ့ ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

သတင်း... YC

ထိုင်ဝမ် အတိုက်အခံ ခေါင်းဆောင်များ ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက် လည်ပတ်

(AFP သတင်း မှ 17 Aug 2011 ရက်စွဲပါ “Taiwon’s opposition visits Aung San Suu Kyi” သတင်းကို Y C မှဘာသာ ပြန်ဆိုသည်)

ထိုင်ဝမ် အဓိက အတိုက်အခံပါတီ၏ ထိပ်တန်းတာဝန်ရှိသူများသည် ထိုင်ဝမ်ကျွန်း နိုင်ငံရေးလောကမှ အမျိုးသမီးများ၏ ကဏ္ဍကို ထုတ်ဖေါ် ချီးကျူးပြောဆို သူ မြန်မာဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံ ရှားရှားပါးပါး သွားရောက်တွေ့ဆုံခဲ့ကြသည်ဟု ထိုင်ဝမ် အတိုက်အခံ ပါတီက ဗုဒ္ဓဟူးနေ့တွင် ပြောကြားသည်။

ထိုင်ဝမ်ကျွန်းကို တရုတ်နိုင်ငံထံမှ လွတ်လပ်ရေး ရရှိလိုသော Democratic Progressive Party ( DPP ) က ၎င်းတို့ ပါတီ၏ ထိပ်တန်းတာဝန်ရှိသူ အမျိုးသမီး ကိုယ်စားလှယ်အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်အား အင်္ဂါနေ့ က ရန်ကုန်မြို့တွင် သွားရောက်တွေ့ဆုံခဲ့ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲဝင်မည့် ပါတီဥက္ကဋ္ဌ အမျိုးသမီး ဆိုင်လင်းဝမ်ကို ဒေါ်အောင်ဆန်းစုကြည်က ဆုမွန်ကောင်းများ တောင်းပေး ခဲ့သည်ဟု DPP ပါတီ ကြေညာချက်တွင် ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးလောကတွင် ထိုင်ဝမ်အမျိုးသမီးများ၏ အကောင်းဆုံးစွမ်းဆောင်မှုကို မြင်ရသည့် အတွက် အလွန်ပင် ဝမ်းသာပျော်ရွှင်နေပြီး ဥက္ကဋ္ဌ ဆိုင်လင်းဝမ် နှင့် DPP အမျိုးသမီး နိုင်ငံရေးသမားများကို ဆုတောင်းမေတ္တာပို့ကာ အစွမ်းကုန် တိုက်တွန်း အားပေးခဲ့ သည်ဟု ပါတီ၏ ကြေညာချက်က ဆိုသည်။

DPP ပါတီ ဥက္ကဌ ဆိုင်လင်းဝမ် သည် ၂၀၁၂ ဇန်နဝါရီ ရွေးကောက်ပွဲများတွင် ထိုင်ဝမ်၏ ပထမဆုံးအမျိုးသမီး သမ္မတ ဖြစ်လာရန်အတွက် ပြိုင်ဖက် လက်ရှိသမ္မတ မာရင်ကျိုးကို စိမ်ခေါ်နေခြင်း ဖြစ်သည်။

အခြားသော နိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံသည်လည်း တရုတ်နိုင်ငံကို ထိုင်ဝမ်ထက် ပို၍ တရားဝင် အသိအမှတ်ပြုထားသည်။ မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှုခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် မနှစ်က နိုဝင်ဘာလ အငြင်းပွားဖွယ် ရွေးကောက်ပွဲများ အပြီး ရက်ပိုင်းအကြာတွင် နေအိမ် အကျယ်ချုပ်ကာလ သက်တမ်းစေ့ကာ လွတ်မြောက်လာခဲ့ခြင်း ဖြစ်သည်။


............................................................................................................

မြန်မာသတင်းစာများတွင် ပြည်ပမီဒီယာများကို တိုက်ခိုက်သည့် ၀ါဒဖြန့်စာတမ်းများ ဖယ်ရှား


(Reuter's သတင်းမှ 17 August, 2011 ရက်စွဲပါ "Myanmar papers lift slogans attacking foreign media" သတင်းကို Y C မှဘာသာ ပြန်ဆိုသည်။)

မြန်မာအစိုးရအာဘော် သတင်းစာများက အနောက်နိုင်ငံမီဒီယာများကို တိုက်ခိုက်သည့် သတင်းစာ နောက်ကျောဖုံးတွင် ပါဝင်နေ ကျ ၀ါဒဖြန့် စာတမ်းများကို ဗုဒ္ဓဟူးနေ့တွင် ၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖယ်ရှားလိုက်ပြီ ဖြစ်ရာ အစိုးရအဖွဲ့အသစ်က အတိုက်အခံ အင်အားစုများ အပေါ် သဘောထား ပျော့ပြောင်းလာနိုင်ဖွယ် ရှိသည့် နောက်ဆုံး လက္ခဏာတစ်ရပ်ဟု ဆိုရမည်ဖြစ်သည်။

Voice of America (VOA) ၊ British Broadcasting Corp (BBC) နှင့် အခြား အနောက်မီဒီယာများကို "ရန်စနေသည်၊ သွေးထိုး ပေးနေသည်" စသည်ဖြင့် စွပ်စွဲတိုက်ခိုက်သော စာမျက်နှာ ထက်ဝက်ခန့် စာတမ်းများ နေ့စဉ် ဖော်ပြနေခြင်းကို နိုင်ငံပိုင်သတင်းစာ ၃ စောင် စလုံးတွင် ဖယ်ရှားလိုက်ခြင်းဖြစ်သည်။ အဆိုပါ ကြွေးကြော်သံစာတမ်းများက "လေလှိုင်းသံ အဖျက်သမားများ၏ စကား၊ နားမယောင်နဲ့ သတိထား" ဟူ၍လည်း သတင်းစာဖတ်သူများကို သတိပေး ထားသည်။ ၂၀၀၇ သြဂုတ်လတွင် တပ်မတော်အစိုးရက ဆန္ဒပြသံဃာတော်များ ကို သွေးမြေကျ ဖြိုခွဲခဲ့ပြီး နောက်ပိုင်း ယင်းကြွေးကြော်သံ စာတမ်းများကို နိုင်ငံပိုင်သတင်းစာ နောက်ကျောဖုံးတွင် သံမှိုနှက်ထားကာ တစ်စိုက် မတ်မတ် ဖော်ပြခဲ့ခြင်းဖြစ်သည်။

BBC, VOA နှင့် အခြားနိုင်ငံခြားသတင်းဌာန နှစ်ခုခန့်သည် ကမ္ဘာတွင် Burma ဟုသာ ခေါ်ကြသည့် မြန်မာနိုင်ငံမှ ပြည်သူများ အတွက် စစ်မှန်သော သတင်းထူး၊ သတင်းမှန်များကို လှိုင်းတိုရေဒီယို အစီအစဉ်များနှင့် ဂြိုလ်တု ရုပ်သံတို့မှ တဆင့် မြန်မာဘာသာဖြင့် လွှင့်ထုတ်ဖြန့်ချိ ပေးလျက်ရှိသည်။ ထိုသို့ ပင်လယ်ရပ်ခြား သတင်းဌာနများက ထုတ်လွှင့်ပေးနေသော သတင်းများကို ဖုံးကွယ်ထိန်းချုပ် နိုင်ရန် မြန်မာတပ်မတော် အစိုးရက အစဉ်တစိုက် ရုန်းကန် ကြိုးစားခဲ့သည်။ ယင်းဝါဒဖြန့် ကြွေးကြော်သံများကို ယခုကဲ့သို့ ဖယ်ရှားလိုက်ခြင်း သည် အနှစ် ၅၀ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်ကာ အရပ်သားအစိုးရစနစ်ကို စတင်ပေါ်ပေါက်စေသည့် မနှစ်က ရွေးကောက်ပွဲများ နောက်ပိုင်း ပွင့်လင်းလာမှုကို ပြသသည့် နောက်ဆုံး လက္ခဏာ တစ်ရပ်ဟု ဆိုနိုင်သည်။

ကိုယ်တိုင်စိစစ်တည်းဖြတ်ခွင့်ရသည့် ပုဂ္ဂလိက မီဒီယာအချို့ကလည်း လွှတ်တော်အမတ်များ၏ အစိုးရမူဝါဒ ဝေဖန်မှု အချို့ကို ယခု တလော ခပ်စိပ်စိပ် ဖော်ပြလာကြပြီး မြန်မာနိုင်ငံတွင် နာမည်ဆိုးဖြင့် ကျော်ကြားသော ပြန်ကြားရေး ၀န်ကြီးဌာနကလည်း သတင်းထောက် များကို အထောက် အကူဖြစ်စေရန် ပြောရေးဆိုခွင့်နှင့် သတင်းထုတ်ပြန်ရေးအဖွဲ့ကို ဖွဲ့စည်းကြောင်း ပြီးခဲ့သည့်အပတ်တွင် ထုတ်ဖော် ကြေညာထားသည်။

မနှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲများအပြီး နေအိမ်အကျယ်ချုပ် သက်တမ်းစေ့၍ လွတ်မြောက်လာခဲ့သူ "မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်" ကို မြန်မာအစိုးရ အာဘော်သတင်းစာများက ဝေဖန်ထိုးနှက်ခြင်းများလည်း နည်းပါးသွား သည် ကို တွေ့ရှိရ သည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ရုပ်သံမီဒီယာကို အစိုးရက တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထား ဆဲဖြစ်သလို၊ နိုင်ငံခြား သတင်းထောက် အများစု မှာလည်း မြန်မာနိုင်ငံတွင် တရားဝင်သတင်းယူခွင့် တားမြစ်ခံရဆဲဖြစ်ပြီး နိုင်ငံခြား သတင်းဌာန ၀က်ဘ်ဆိုဒ် အများစုကိုလည်း ပိတ်ပင် ထားဆဲပင် ဖြစ်သည်။

လူတော်တော်များများကမူ နိုင်ငံရေးအကျဉ်းသား ခန့်မှန်းခြေ ၂၁၀၀ ကျော်ကို အစိုးရက လွှတ်ပေးသည်အထိ အနောက်နိုင်ငံမှ အရေးယူ ဒဏ်ခတ်မှု Sanctions များ ဆက်လက်ချမှတ်ထားရန် မျှော်လင့်လျှက်ရှိကြသည်။

18 August 2011

မောင်သိန်းစိန် ပြောကြားခဲ့သော စကားအပြည့်အစုံ...(တို့မယုံဘူး)။


ဒီကနေ့ အခမ်းအနားကို တက်ရောက်လာကြတဲ့ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံး ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သ လိုက်ပါတယ်။

ကျွန်တော့အနေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့အား ပြည်သူများ ရွေးချယ် တာဝန်ပေးအပ်ခဲ့ပြီး တိုတောင်းတဲ့ သက်တမ်းကာလ လေးလကျော် ငါးလ အတွင်း ပြည်သူများ ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရန် ဆောင် ရွက်ခဲ့တဲ့ လုပ်ငန်းများ၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေနဲ့ အစိုးရရဲ့ သဘောထား ရပ်တည်ချက်များကို ကြုံကြိုက်တုန်း ပြော ကြားလိုပါတယ်။

ကျွန်တော်တို့အစိုးရတက်လာစက တိုင်းပြည်ကို ကတိက၀တ်ပြုခဲ့တဲ့ လုပ်ငန်းများအနက် ဦးစားပေးလုပ်ဆောင်နိုင်တဲ့ လုပ်ငန်းများကို ရွေးချယ်ပြီး ရက်ပိုင်း၊ လပိုင်းအတွင်းမှာပဲ စီးပွားရေးနဲ့ ပတ်သက်တဲ့ အဟန့်အတားအချို့ကို ဖယ်ရှားပေးခဲ့ပြီး ဈေးကွက်စီးပွားရေး စနစ်ရဲ့ လွတ်လပ်မှုနဲ့ ယှဉ်ပြိုင်မှုအချို့ကို ပွင့်လင်းမြင်သာအောင် ဆောင်ရွက်ပေး ခဲ့ပါတယ်။

ဆင်းရဲနွမ်းပါးတဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်နေ ပြည်သူများရဲ့ လူမှုစီးပွား ဘ၀ကို မြှင့်တင်ပေးလိုတဲ့ ဆန္ဒနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေးနဲ့ ဆင်းရဲ နွမ်းပါးမှုလျှော့ချရေး အလုပ်ရုံဆွေးနွေး ပွဲတစ်ခုကို စီးပွားရေးပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ ၀န်ကြီး ဌာနအသီးသီးတို့မှ အရာရှိကြီးများ၊ လူထုလူတန်းစား အလွှာအသီးသီးတို့မှ ပုဂ္ဂိုလ်များ အပါအ၀င်ဖြင့် နေပြည်တော်မှာ ကျင်းပပြုလုပ် ပေးခဲ့ပါတယ်။

အဲဒီ အလုပ်ရုံဆွေးနွေးပွဲမှာ ရရှိလာတဲ့ အကြံပေးချက်များအပေါ် လုပ်ငန်းစဉ်(၈)ရပ်ကို ရွေးထုတ်ချမှတ်ပြီး ဗဟိုမှအောက်ခြေ အထိ လုပ်ငန်းကော်မတီအသီးသီးဖွဲ့စည်းကာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့အတွက် ဒီကနေ့ ကျေးလက်နေ တောင်သူ လယ်သမားများ၊ မြို့ပေါ်ရပ်ကွက် အပါ အ၀င် လက်လုပ်လက်စားများနှင့် ခေါင်း ရွက်ဗျပ်ထိုး ဈေးသည်များပါမကျန် ထိုက်သင့်တဲ့ အကျိုးကျေးဇူးများကို လက်တွေ့ခံစားနေကြရပြီဖြစ်ပါတယ်။

တစ်ချိန်က တိုင်းပြည်တာဝန်ကို ထမ်းဆောင်ခဲ့ကြတဲ့ ပင်စင်စားဝန်ထမ်းများအနေနဲ့ မလောက်မငရခဲ့ကြတဲ့ ပင်စင်လစာကလေးနဲ့ သူတို့ရဲ့ဘ၀ကို ချို့ချို့တဲ့တဲ့ ရပ်တည်နေခဲ့ကြရတဲ့ အခြေ အနေမှ ယခုအခါမှာ ပင်စင်လစာများ တိုးမြှင့်ပေးခဲ့တဲ့အတွက် စားနိုင်၊ နေနိုင်၊ လှူတန်းနိုင်တဲ့ သူတို့ရဲ့ဘ၀ကို ကျေနပ် နှစ်သိမ့်ပြီး ပျော်ရွှင်ချမ်းမြေ့နေကြတာကို အားလုံး မြင်တွေ့နေကြရပြီ ဖြစ်ပါတယ်။

ဒီမြင်ကွင်းကို မြင်ကြရသူတိုင်းဟာလဲပဲ ဒီပင်စင်စားကြီးများနဲ့ ထပ်တူထပ်မျှ ပျော်ရွှင်ကြည်နူးမိကြတာ အမှန်ပဲဖြစ်ပါတယ်။ ယခု အခါမှာ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းနဲ့ဒေါ်လာငွေဈေးကျဆင်းနေမှုများဟာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေးကိုပါ ရိုက်ခတ်လျက်ရှိ နေပါတယ်။

လွန်ခဲ့တဲ့လတွေက အမေရိကန် တစ်ဒေါ်လာ ငွေလဲနှုန်းဟာ ပြည်တွင်း ငွေ ၈၀၀ ကျပ်ခန့် အချိန်အတော်ကြာ ရပ်တန့်နေသော်လည်း ယခုအခါမှာ ၇၅၀ ကျပ်ခန့်အထိ ကျဆင်းသွားတဲ့အတွက် ပို့ကုန်လုပ်ငန်းအချို့ ကျဆင်းခဲ့ပါတယ်။

ပို့ကုန်ကျဆင်းတာနဲ့အမျှ ပြည်တွင်းဝယ်လိုအားပါ ကျဆင်းလာပြီး ထုတ်လုပ်သူများကိုပါ ထိခိုက်လာနိုင်တဲ့ အတွက် အထူးသဖြင့် မြန်မာ့စီးပွားရေးမှာ လယ်ယာထုတ်ကုန်များကိုသာ ပြည်ပပို့ကုန်အဖြစ် အားထားနေကြရတဲ့အတွက် တောင်သူလယ်သမားများထိ ခိုက်မှုမရှိစေရအောင် နည်းလမ်းများ ရှာဖွေဆောင်ရွက်လျက်ရှိပါတယ်။

တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို ဒီနှစ်မှာ ရာသီဥတုဖောက်ပြန်မှုကြောင့် တစ်နိုင်ငံလုံး မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် ဧရာဝတီ၊ ပဲခူးတိုင်း ဒေသ ကြီးရှိ မြို့နယ်အချို့နဲ့ ရခိုင်၊ ကရင်၊ မွန် ပြည်နယ်ရှိ မြို့နယ်အချို့တို့မှာ ရေကြီး နစ်မြုပ်မှုအန္တရာယ်ကို ယနေ့တိုင် ကြုံ တွေ့နေရဆဲ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတို့နဲ့အတူ စေတနာရှင်ပြည်သူများ၊ တပ်မတော်သားများရဲ့ ကူညီစောင့်ရှောက် မှုတွေကြောင့် အတန်အသင့် သက်သာရာရခဲ့သော်လည်း လယ်ယာများ ရေလွှမ်းမိုးမှု အကြိမ်ကြိမ် ကြုံတွေ့ရတဲ့ တောင်သူလယ် သမားများဟာ အထိအနာဆုံးဖြစ်ပါတယ်။

ယခုအခါမှာ တောင်သူလယ်သမားများအား မျိုးစပါးများ စီမံပေးခြင်း၊ စိုက်စရိတ်ကို ယခင်တစ်ဧက ကျပ် (၂၀,၀၀၀) ထုတ်ချေးရာမှ ယခုအခါ ကျပ် (၄၀,၀၀၀) အထိ နိုင်ငံတော်မှ တိုး၍ ထုတ်ချေးပေးခဲ့တဲ့အပြင် ပုဂ္ဂလိက ငွေစုငွေချေးအသင်းများမှလည်း ပါဝင် ကူညီပြီး ဆောင်ရွက်ပေးပါတယ်။

စပါးပေါ်ချိန်မှာ တောင်သူလယ်သမားများ အရှုံးမပေါ်စေရအောင် အစိုးရနှင့် ဆန်ကုန်သည်ကြီးများ ဖက်စပ်ငွေကြေး စိုက်ထုတ်ကာ အခြေခံဈေးနှုန်းတစ်ခုဖြင့် သတ်မှတ်ဝယ်ယူပြီး နိုင်ငံတော်ရဲ့ အရန်ဆန်အဖြစ်ထားရှိရန် အစီအစဉ် သစ်တစ်ရပ်ကို ကျွန်တော်တို့ စီမံထား ပြီးဖြစ်ပါတယ်။

ပြည်ပပို့ကုန် ပို့နေတဲ့ ကုန်သည်ကြီးများ ပို့ကုန်ကျဆင်းမသွားစေရန်နှင့် ဒေါ်လာဈေး ကျဆင်းမှုအပေါ် ထိခိုက်နစ်နာမှု သက်သာ စေရန် ယခင်က အခွန်အကောက်အဖြစ် ကုန်သွယ်ခွန် (၈)ရာခိုင်နှုန်းကို (၅)ရာခိုင်နှုန်းသို့ လျှော့ပေးခဲ့ရာမှ ယခုအခါ အားလုံး လျှော့ပေါ့ပေးပြီး ကုန်သွယ်ခွန်ပေးရန်မလိုဘဲ လွတ်လပ်စွာ ကုန်သွယ်နိုင်အောင် နိုင်ငံတော်မှ စီမံပေးခဲ့ပါတယ်။

အခြားပို့ကုန်များနဲ့ အထည်ချုပ် လုပ်ငန်းများကိုလည်း သက်သာမှုရအောင် စီမံပေးသွားမှာ ဖြစ်ကြောင်း အသိပေးပြောကြားလို ပါတယ်။

ယခု ဒေါ်လာငွေကြေး ဂယက်ဟာ မည်သည့်အတိုင်းအတာအထိ ရိုက်ခတ်မည်ကို ကြိုတင်တွက်ဆပြီး မိမိတို့ အစိုးရအပိုင်းကရော ပြည်သူ များအပိုင်းကပါ သတိရှိရှိနဲ့ ကြိုတင် ပြင်ဆင်မှုများ လုပ်ထားကြဖို့ လိုအပ်ပါတယ်။

ပြည်ပကို မပို့ရသည့်တိုင် မိမိတို့ တိုင်းပြည်အနေနဲ့ ပြည်တွင်းမှာ စားနပ်ရိက္ခာ ပြည့်စုံဖူလုံစွာ ရှိနေတဲ့အတွက် ပြည်သူများအတွက် အထူးပူပန်စိုးရိမ်စရာ မရှိပါကြောင်း ပြောကြားလိုပါတယ်။

သို့သော်လည်း ပြည်ပ သွင်းကုန်များကို စိစိစစ်စစ်နဲ့ သွင်းကြရမှာဖြစ်လို့ မလိုအပ်တာတွေကို ခြိုးခြံချွေတာ သုံးစွဲကြဖို့ လိုအပ်ပါတယ်။ တိုင်းပြည်ကနုနု၊ မုန်တိုင်းက ထန်ထန် ဆိုသလိုပါပဲ။

ကျွန်တော်တို့ အစိုးရသစ်တက်လာတဲ့ မကြာခင်မှာပဲ ကချင်ပြည်နယ်ဘက်မှာ ကေအိုင်အို၊ ကေအိုင်အေအဖွဲ့တွေနဲ့ ပြဿနာဖြစ်ခဲ့ ရပါတယ်။ အမှန်တော့ ဒီအဖွဲ့ဟာ ကချင်ပြည်နယ်မှာရှိတဲ့ ပြည်သူလူထုကို ကိုယ်စားပြုတဲ့အဖွဲ့ မဟုတ်ပါဘူး။

ကချင်ပြည်နယ်အတွင်းရှိ နိုင်ငံတော်ရဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေကို ဖျက် လိုဖျက်ဆီးလုပ်ရာမှ ပြဿနာစခဲ့တာ ဖြစ်ပါတယ်။

ယခုအခါ ဗန်းမော်ခရိုင် အတွင်းမှာ လမ်းတွေ၊ တံတားတွေ၊ လျှပ်စစ်တာဝါတိုင်တွေ ဖောက်ခွဲဖျက် ဆီးခံခဲ့ရလို့ တော်တော်များများ ပျက်စီး ကုန်ပါပြီ။ ဘယ်သူတွေ ဒုက္ခရောက်သလဲဆိုရင် ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ တိုင်းရင်းသားတွေပဲ သွားရေး လာရေး ခက်ခဲပြီး ဒုက္ခရောက်ကြရတာ ဖြစ်ပါတယ်။ ယခုအခါမှာ သူတို့ အန္တရာယ်ကိုကြောက်လို့ ရှောင်တိမ်း ထွက်ပြေးနေကြရတဲ့ ပြည်သူ တွေဟာ စိုက်ချိန်ပျိုးချိန်မှာ မစိုက်ရလို့ လာမယ့် နှစ်မှာ အဲဒီပြည်နယ်အတွင်း ဆန်ရေ စပါးရှားပါးမှုနှင့် ကြုံတွေ့ကြရအုံးမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကချင်ပြည်နယ်က တိုင်းရင်းသားပြည်သူတွေနဲ့ ခရစ်ယာန်အသင်း၊ ယဉ်ကျေးမှုစာပေအသင်း စတဲ့ အသင်းအဖွဲ့တွေ အနေနဲ့ စစ်ကို ရပ်စဲပေးဖို့၊ ငြိမ်းချမ်းရေးအမြန်ရယူပေးဖို့ ကျွန်တော့ဆီ စာတွေ ရေးကြပါတယ်။

ဒီစာတွေကိုလည်း သတင်းစာမှာ နေ့စဉ် ဖော်ပြသွားမှာဖြစ်ပါတယ်။

တပ်မတော်အပိုင်းကတော့ တုံ့ပြန် ပစ်ခတ်မှုက လွဲလို့ ပစ်ခတ်တိုက်ခိုက် မှုတွေမလုပ်ပါဘူး။ လူသတ်၊ မိုင်းခွဲ၊ ပြန်ပေးဆွဲ၊ ဆက်ကြေး ကောက် စတဲ့ လုပ်ရပ်တွေဟာ တစ်ကမ္ဘာလုံးက လက်မခံတဲ့ အကြမ်းဖက်လုပ်ရပ်တွေ ဖြစ်ပါတယ်။ ဒီအကြမ်းဖက်လုပ်ရပ် တွေကို အမြန်ရပ်ဆိုင်းပြီး သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေး ကြဖို့ ကျွန်တော်တို့ ဗဟိုအစိုးရက ပြည်နယ်အစိုးရကို ညွှန်ကြားထားပြီး ဖြစ်ပါတယ်။

ကချင်ပြည်နယ် အစိုးရ အဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေး ဆွေးနွေးရန် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပြီး အကြိမ်ကြိမ် ဖိတ်ခေါ်ဆွေးနွေးနေ တယ် လို့ သိရပါတယ်။

ကိုယ့်တိုင်းရင်းသားတွေဖြစ်လို့ ကျွန်တော်တို့ စိတ်ရှည် သည်းခံပြီး ငြိမ်းချမ်းရေးအတွက် မျှော်လင့် စောင့်စားနေပါတယ်။

ဒီကေအိုင်အို၊ ကေအိုင်အေအဖွဲ့ တင်မဟုတ်ပါဘူး။ ရှမ်းပြည်နယ်နဲ့ ကရင် ပြည်နယ်မှာရှိတဲ့ အစိုးရကို ဆန့်ကျင် နေတဲ့ မည်သည့် လက်နက်ကိုင်အဖွဲ့မဆို ငြိမ်းချမ်းရေးရယူလိုတဲ့ဆန္ဒရှိရင် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့နဲ့ အချိန် မရွေး ဆွေးနွေးနိုင်ပါတယ်။ ဒီကိစ္စ ကျွန်တော်တို့ လမ်းဖွင့်ပေးထားပါတယ်။

ကျွန်တော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို အဓိကထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ပြည်တွင်းမှာရှိတဲ့ သဘောထားအမြင်ချင်း မတူကြတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်း တွေကိုလည်း မတူကွဲပြားတာတွေကို ဘေးဖယ်ထားပြီး တိုင်းပြည်အတွက် အမှန်တကယ် အကျိုးရှိစေမယ့် ဘုံ အကျိုးစီးပွားတွေမှာ ပူးပေါင်းဆောင် ရွက်ကြဖို့ ကျွန်တော်တို့ အမြဲဖိတ်ခေါ် ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပကို ရောက်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသားများကိုလည်း ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန် သွားတာမရှိဘူးဆိုရင် အချိန်မရွေးပြန်လာနိုင်ဖို့ ကျွန်တော်တို့ စဉ်းစားပေးမှာဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန်ခဲ့သည့်တိုင် ထိုက်သင့်တဲ့ ပြစ်မှုခံယူဖို့ ပြန်လာမယ်ဆိုရင်တောင် ကျွန်တော်တို့ သဘောထားကြီးစွာနဲ့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။

ရိုးသားတဲ့ စိတ်ရင်းစေတနာရှိသူတိုင်းဟာ ကိုယ့်နိုင်ငံကို ချစ်ကြပါတယ်။ ကိုယ့်နိုင်ငံကို ကောင်းစားစေလိုကြပါတယ်။ ညီညီ ညွတ်ညွတ်၊ ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ နေလိုကြပါတယ်။ ကိုယ့်မြေ၊ ကိုယ့်ပြည်၊ ကိုယ့်ဆွေမျိုး အသိုင်းအ၀ိုင်းကို ခင်တွယ်ကြပါတယ်။

ငြိမ်းချမ်းသာယာဝပြောတဲ့ လူ့ဘောင် အဖွဲ့အစည်းကြီးကို ထူထောင်လိုကြပါ တယ်။ဒါဟာ ကျွန်တော်တို့ရဲ့ တူညီတဲ့ ဆန္ဒဖြစ်ပါတယ်။ ဒီ Common Ground ပေါ် အခြေခံပြီး ငြိမ်းချမ်းသာယာတဲ၊့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ ကမ္ဘာ့အလယ်မှာ ထည်ထည်ဝါ၀ါ နေနိုင် တဲ့ နိုင်ငံဖြစ်အောင် ၀ိုင်းဝန်းတည်ဆောက်ကြဖို့ ကျွန်တော့အနေနဲ့ တိုက်တွန်းလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားရရင်-

ဒီကနေ့ အချိန်အခါဟာ နိုင်ငံတော်ကို ဒီမိုကရေစီစနစ်နဲ့ အသစ်တစ်ဖန် ပြန်တည်နေရတဲ့အချိန်ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေရှိနေသလို အခွင့်အလမ်းကောင်းတွေလည်း ရှိနေပါတယ်။ စိန်ခေါ်မှုတွေကို ကြံ့ကြံ့ခံကျော်လွှားပြီး အခွင့်အလမ်းကောင်းတွေကို အရအမိဆုပ် ကိုင်ထား ဖို့လိုပါတယ်။

ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းစဉ်တစ်လျှောက်မှာ မတည်မငြိမ် မအေးမချမ်းနဲ့ ကုန်လွန်သွားခဲ့ရတဲ့ ကာလတွေကို အလွန်နှမြောဖို့ ကောင်းပါတယ်။

လွတ်လပ်ရေးရပြီးစက ကျွန်တော်တို့ထက် နိမ့်ကျတဲ့နိုင်ငံတွေ၊ တန်းတူရည်တူနိုင်ငံတွေဟာ ကျွန်တော်တို့နိုင်ငံကို များစွာကျော်ဖြတ် သွားကြပြီ ဖြစ်ပါတယ်။

ဒီအချိန်ဟာ ရန်ဖြစ်ငြင်းခုံ နေကြရမယ့်အချိန်၊ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အပြစ်ရှာ၊ အပြစ်ပြော နေကြရမယ့်အချိန်မဟုတ်တော့ ပါဘူး။

စည်းလုံးညီညွတ်ကြရင် ကြီးပွားတိုးတက် နိုင်တဲ့ ရေခံမြေခံကောင်းတွေ ကျွန်တော် တို့တိုင်းပြည်မှာ ရှိပြီးဖြစ်ပါတယ်။ ဒီနိုင်ငံဟာ နိုင်ငံသားအားလုံးပိုင်တဲ့နိုင်ငံဖြစ်ပါတယ်။

ကိုယ့်နိုင်ငံ ပျက်စီးဆုံးရှုံးမသွားရအောင် နိုင်ငံသားတိုင်း အားလုံး ၀ိုင်းဝန်း စောင့်ရှောက်ကာကွယ်သွားကြဖို့ တာဝန်ရှိပါတယ်။

ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်အတွက် ကောင်းတဲ့ အမွေခံပတ်ဝန်းကျင်ကို တည်ဆောက်သွားကြဖို့ လိုအပ်ပါကြောင်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။

နောင်တကင်းရာသို့ ဆရာနန္ဒာသိန်းဇံ





















နောင်တကင်းရာသို့ ဆရာနန္ဒာသိန်းဇံ

အမှန်ကတော့ လူဟာ အချိန်မရွေးသေနိုင်တယ် မဟုတ်လားဗျာ။ ဒီတော့ သာသနာနဲ့ ကြုံနေ တုန်းမှာ လွတ်မြောက်ရေးတရားကို အားထုတ်စေချင်လို့ သံသရာဇာတ်လမ်းကြီးကို အဆုံးသတ်စေချင်လို့ သတိပေးတဲ့စကားပါ။ ဒါပေမယ့် ပုထုဇဉ်တွေဖြစ်တဲ့ ကျွန်တော်တို့က ဒီသတိပေးစကားကို အရေးကြီးတယ်လို့လည်း မထင်နိုင်ဘူး။ နှစ်သက်ဖွယ်စကား အဖြစ်အနေ နဲ့လည်း မယူဆနိုင်ဘူး။ တရားမြန်မြန်ရစေချင်လို့ အားပေးတဲ့စကားဖြစ်တယ်ရယ်လို့လည်း ဘယ်နှယ့်မှ မထင်မြင်နိုင်ကြဘူး။

နန္ဒာသိန်းဇံ
(နောင်တကင်းရာသို့ စာအုပ်မှ)

ဟုတ်ပါသည်။ ယခု ဆရာနန္ဒာသိန်းဇံသည် နောင်တကင်းရာ အရပ်ဒေသသို့ ရောက်ရှိ သွားပြီ ဖြစ်ပါသည်။ ဆရာနန္ဒာသိန်းဇံ နောက်ဆုံးနှုတ်ဆက် ထွက်ခွာသွားသည့်နေ့ရက် ၁၈.၈. ၂၀၁၁ (ကြာသပတေးနေ့) နံနက် (၁၀း၀၀) နာရီအချိန်တွင် ရဟန်းသံဃာတော်များ၊ မိသားစု ၀င်များ၊ စာပေပညာရှင်များ၊ ဆရာကြီး၏ တပည့်သားသမီးများ၊ ဆရာကြီးအား လေးစားကြည်ညို ကြသော ဧည့်ပရိသတ်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများတို့မှ စည်ကား သိုက်မြိုက်စွာ ဖြင့် ရေဝေးသုဿန်တွင် လာရောက်ဂါရ၀ပြုခဲ့ကြသည်။ ထိုသို့ နောက်ဆုံးဂါရ၀ပြုပွဲ ပြုလုပ်နေချိန်တွင် ကောင်းကင်တစ်ခွင်လုံး ငြိမ်သက်ညှို့မှိုင်းနေသော မိုးတိမ်လွှာ အဆုပ်ဆုပ် တို့သည် ရွာမလိုဟန်ဖြင့် စောင့်ဆိုင်းနေကြသည်။ ထိုကဲ့သို့ မိုးတိမ်လွှာထုတို့ တည်ရှိနေခြင်းသည် ဆရာနန္ဒာသိန်းဇံ၏ ဒဿနဟူသည် တိမ်အရုပ်ကိုဖမ်းဆုပ်ခြင်း ဟူသော စာပိုဒ်အား လွမ်းဆွတ် စေခဲ့သည်။

တစ်ချိန်က
ရွက်ဝါတွေ မောမောဟိုက်ဟိုက်ဝဲယိုင်
လွင့်မျောနေတတ်သည့်
ရွက်ကြွေတောမှအပြန် . . .
ချောင်းရေပြင်တွင် စာရေးခဲ့ဖူး၏။

အခု . . .
လူ့ဘ၀ဟူသည် ရွက်ကြွေလိုလွင့်မျောခြင်း
အမှန်တရားဟူသည် ရေစီး၌စာရေးခြင်း
ဒဿနဟူသည် တိမ်အရုပ်ကိုဖမ်းဆုပ်ခြင်းမျှသာ . . . .

(နန္ဒာသိန်းဇံ)

ဆရာ နန္ဒာသိန်းဇံ၏ ရုပ်ကလပ်အား ဂူသွင်းသင်္ဂြိုလ်ပြီးစီးသည်နှင့် တပြိုင်နက် ချုပ်ထိမ်း ထားသော မိုးတိမ်လွှာတို့၏ မျက်ရည်စများသည် ထစ်ချုန်းကာ ရွာသွန်းနေတော့သည်။ ဤသို့ သော အဖြစ်အပျက်သည် တိုက်ဆိုင်မှုတော့ မဖြစ်နိုင်။ ဆရာအား နောက်ဆုံးလာရောက် ဂါရ၀ပြု နှုတ်ဆက်ကြသော လူသားအားလုံး၏ နှလုံးသားထဲ ရင်နင့်စွာခံစားခဲ့ကြရသည်။ ထို့ကြောင့် . . .

ကိုယ့်ရဲ့တကယ့် ခံစားမှုတွေဟာ
သူတစ်ပါးကို ဝေမျှလို့ မရဘူး။
ဒါ့ကြောင့် . . . ဘုရားက
“အတ္တာ ဟိ အတ္တနော နာထော” လို့ ဟောခဲ့တာ။
ဟု ဆရာနန္ဒာသိန်းဇံက ပြောကြားခဲ့ခြင်းပင် ဖြစ်တော့သည်။

ကျော်သူ


ပေးပို့ပေးသော ကိုကျော်သူအားကျေးဇူးတင်ရှိပါသည်.။

ဒေသတွင်းပြဿနာများကြား၌ မြန်မာနိုင်ငံရှိ စွမ်းအင်ကုမ္ပဏီများ တုံဏိဘာဝေ အသံတိတ်နေ

(UPI သတင်းမှ 16 August 2011 ရက်စွဲပါ “Energy companies Silent in Myanmar” ကို Y C မှဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်င့၏ အာရှအိမ်နီးချင်း တိုင်းပြည်များက လာရောက်အကောင်အထည်ဖော်နေသော စွမ်းအင်စီမံကိန်းများသည် မြန်မာနိုင်ငံမှ ဒေသ တွင်း ပဋိပက္ခပြဿနာများ၊ အစုလိုက်အပြုံလိုက် အိုးမဲ့အိမ်မဲ့ ဖြစ်မှုများအတွက် တစ်စိတ်တစ်ပိုင်း အပြစ်ရှိကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေး အုပ်စုများ က အပြစ်တင် ပြောဆိုလိုက်သည်။

တရုတ်စွမ်းအင် ကုမ္ပဏီများသည် မြန်မာနိုင်ငံကို ကန့်လန့်ဖြတ်၍ ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသွယ်ရန် လုပ်ကိုင်လျက်ရှိသည့်အပြင် မြစ်ကြောင်း ပိတ်၍ ရေလှောင်တမံများစွာ တည်ဆောက်ရန် စီစဉ်နေကြရာ ဧရာဝတီမြစ်သည်လည်း အပါအဝင်ဖြစ်နေသည်။

တစ်ချိန်တည်းတွင် မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများ၌ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအကြား တိုက်ပွဲများ ဖြစ်ပွားမှုက ဒေသခံအရပ်သား ပြည်သူများအတွက် ပြဿနာများကို ဖန်တီးလျက် ရှိသည်။

အဆိုပါဒေသတွင်း တိုက်ပွဲကြောင့် ဒေသခံအရပ်သားများစွာ နေရပ်ကို စွန့်ခွာထွက်ပြေးလျက်ရှိရာ ခန့်မှန်းခြေ ရွာသား သုံးသောင်းခန့် ထွက်ပြေးခဲ့ကြသည်ဟု Earth Rights International က တင်ပြထားသည်။

ထိုသို့ ဒေသတွင်း တိုက်ပွဲများ အရှိန်မြင့်လာမှုကြောင့် အစုလိုက် အပြုံလိုက် အိုးမဲ့အိမ်မဲ့ဖြစ်မှု ပြဿနာ ကြီးထွားလာခြင်းကို ယင်းဧရိယာ အတွင်းမှ စွမ်းအင်ကုမ္ပဏီများက မသက်ဆိုင်သကဲ့သို့ အသံတိတ်နေကြဆဲ ဖြစ်သည်ဟု လူ့အခွင့်အရေးအုပ်စုက စောဒကတက် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံမှ တပ်မတော်နှင့် အစိုးရအပေါ်တွင် လွှမ်းမိုးနိုင်သော ဩဇာရှိပါလျက်နှင့် ယခုကဲ့သို့ တုံဏိဘာဝေ မသိချင်ဟန်ဆောင်နေသည့် ကိစ္စကို ခွင့်လွှတ်နိုင်စရာ မရှိဟု Earth Right International က ကြေညာချက် ထုတ်ပြန်သည်။

မြန်မာအစိုးရနှင့် ပူးပေါင်း၍ လုပ်ကိုင်နေသည့် ယင်းစွမ်းအင် ကုမ္ပဏီများသည် ၎င်းတို့၏ စီမံကိန်းများအတွက် အစိုးရက လုံခြုံရေး အကာ အကွယ်ပေးမှုကို တောင်းဆိုထားသည်ဟု လူ့အခွင့်အရေးအုပ်စုက ဆိုသည်။

မန္တလေးဂျာနယ်များ ပြည်ခိုင်ဖြိုးကို ဖြတ်သန်းပြီးမှ သတင်းတင်ခွင့်ရ

မန္တလေးတွင် အခြေစိုက်ထားသော ဂျာနယ်အချို့အား စာမူများကို ဂျာနယ်တိုက်သို့ မပို့မှီ ပြည်ခိုင်ဖြိုးပါတီထံ တင် ပြရသည်ဟု မန္တလေးမှ ရွေးကောက်ပွဲဝင်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦး က ပြောကြားသည်။

“မန္တလေးက ဂျာနယ်လစ်တော်တော်များများနဲ့ ကျွန်တော်တွေ့ဆုံ စကားပြောခြင်းမရှိပါဘူး။ သူတို့ဟာ တိုက်ကို သတင်းမတင်ခင် ပြည်ခိုင်ဖြိုးကို အရင်သံတော်ဦးတင်နေရလို့ပါ။ ဒီကိစ္စကို ကျွန်တော် သက်သေ အထောက်အထားနဲ့ တကွ သိထားပါတယ်။ အခြေအနေပေးတဲ့နေ့ကျရင် ကျွန်တော် ဖော်ထုတ်မှာပါ” ဟု အဆိုပါ အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ်လောင်းက ပြောကြားခဲ့သည်။

“ဒါက အမှန်ပဲလေ။ မန္တလေးမှာထုတ်တဲ့ ဂျာနယ်ခြောက်စောင်လုံး ပြည်ခိုင်ဖြိုး ရုံးထဲမှာ ရိုက်ရတာကိုး၊ မထူးဆန်းပါဘူး” ဟု ဝါရင့် သတင်းထောက် တစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီသို့ သတင်းယူရန်နှင့် အခြားကိစ္စများအတွက် ဝင်ရောက်လာသည့် သတင်းထောက်များ၊ လူ ပုဂ္ဂိုလ်များကို ပြည်ခိုင်ဖြိုးရုံးချုပ်၏ အစောင့်များ က မောက်မာ စွာ မေးမြန်းဆက် ဆံလေ့ရှိ သည်ဟု လည်း ဒေသခံ များက ဆိုသည်။

“မန္တလေးက ဂျာနယ်တွေ ပြည်ခိုင်ဖြိုးကို အရင်စာမူပြရတယ်လို့ ကျွန်တော်တို့ ကြားတာတော့ ကြာပါပြီ ၊ သေချာမသိသေးလို့ ပါ” ဟု ဆေးတက္ကသိုလ် ကျောင်းသားတစ်ဦးက ဆိုသည်။

ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော် နေရာအားလုံး အနိုင်ရရှိပြီး တိုင်းဒေသကြီး လွှတ်တော် တစ်နေရာသာ ဆုံးရှုံးခဲ့ကြောင်း သိရပြီး ထိုစဉ်က ကြိုတင်မဲများမှာ ထောင်နှင့်ချီရိုက်ထားခဲ့ကြောင်း စွပ်စွဲချက်များ ထွက်ပေါ်ခဲ့ဖူးသည်။

သတင်း...YC

မျိုးဆက်ဟောင်းသူရဲကောင်း မောင်စိန်ဝင်း(ပုတီးကုန်း)























မျိုးဆက်ဟောင်း သူရဲကောင်း မောင်စိန်ဝင်း(ပုတီးကုန်း)


၇.၈.၂၀၁၁ (တနင်္ဂနွေနေ့) နေ့လည် (၁၂း၀၀) နာရီအချိန်၌ နာရေးကူညီမှုအသင်း (ရန်ကုန်)တွင် လစဉ်ကျင်းပလျှက်ရှိသော စာပေဟောပြောပွဲတွင် ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)သည် “ယနေ့ ပောာပြောရသည့်ပွဲမျိုးသည် နာရေးကူညီမှုအသင်းရှိ လူငယ်များသည် ကျွန်တော်တို့ မလုပ်ကိုင်နိုင်သည့်ကိစ္စများ၊ ကျွန်တော်တို့ မဆောင်ရွက်နိုင်သည့် အရာတွေအား ဆောင်ရွက် လုပ်ကိုင်နေကြတယ်လို့ ခံယူမိပါကြောင်း၊ ယခုလိုလူငယ်များနှင့် ပတ်သက်ပြီး စကား ပြောခွင့်ရသည့်အချိန်တွင် ကျွန်တော်တို့တွေ မလုပ်နိုင်ပေမယ့် သူတို့လုပ်ကိုင်နေကြတဲ့ လုပ်ငန်း အပေါ်မှာ တစ်စိတ်တစ်ဒေသ ပါဝင်ခွင့်ရသည့်အတွက် စိတ်ထဲတွင် ကျေနပ်ကြည်နူးမှုဖြစ် မိပါ ကြောင်း၊ ပရဟိတကိစ္စ၊ သူများကိစ္စလုပ်ဖို့ အဓိကထား ရည်ရွယ်ချက်ဖြင့် ပြောကြားဖြစ်ကြောင်း၊ မိမိယခင်က လုံးချင်းဝတ္ထုများ ရေးသားသည့်ချိန်၌ မိမိလုံးချင်းဝတ္ထု အသစ်တစ်အုပ် ရေးသားသည့် အချိန်တွင် စာပေစင်မြင့်ပေါ်မှ ၄င်းဝတ္ထုအကြောင်းအရာများ ယနေ့ချိန်ထိ ကြော်ငြာခြင်း မရှိခဲ့ချေ။ ၄င်းကိစ္စသည် မိမိ၏ အလုပ်မဟုတ်သည်ဟု မိမိယုံကြည်မိပါကြောင်း၊ လူငယ်အများစုသည် ကိုယ့်အတွက်မဟုတ်ပဲ သူတစ်ပါးအတွက် ပေးချင်တဲ့စိတ် ဖြစ်ပေါ်မိခဲ့ရင် မနည်းဘူးဆိုတဲ့ စိတ်ဖြင့် သာ မိမိတို့အပြင်၌ ဟောပြောဖြစ်ခဲ့ပါကြောင်း နာရေးကူညီမှုအသင်းရှိ လူငယ်များသည် မိမိအတွက်ဆိုတာထက် အများအကျိုးလုပ်ကိုင်နေကြသော လူငယ်များဖြစ်သည့် အတွက် “ပန်းတိုင်ရှိရာ” ခေါင်းစဉ်အား ဟောပြောခဲ့ပါသည်။”

သူရဲကောင်းတို့သည် ဘယ်သောအခါမှ ဘုန်းဘုန်းလဲကျသွားရိုး မရှိပါဘူး။ မသကာ ယိုင်ယုံပါပဲ။ ခေါင်းဆောင်များ၏ လုပ်ဆောင်မှုတို့သည် မိမိတို့၏ အတွေးအမြင်ကသာ ပျောက် ကွယ်သွားလိမ့်မည် ဒါပေမယ့် ကျွန်တော်တို့၏ ရင်ထဲကနေတော့ ဘယ်တော့မှပျောက်ကွယ်မှာ မဟုတ်ပါဘူး။ မည်သည့်သူရဲကောင်းမဆို မိမိတို့၏ မြင်ကွင်းက ပျောက်ကွယ်တိုင်း လူတွေရဲ့ နှလုံးသားမှာ မပျောက်ကွယ်နိုင်ပါဘူး။

အဆုံးသတ်၌ ဆရာမောင်စိန်ဝင်း (ပုတီးကုန်း)သည် ပန်းတိုင်ဆိုသည့် နေရာရောက်ဖို့ အတွက် အခြေအနေ အချိန်အခါ သုံးသပ်ပြီး မျိုးဆက်ဟောင်းများက စတေးခံပြီး မျိုးဆက်သစ် များအတွက် ပေးဆပ်ရင်းနှင့် မျိုးဆက်ဟောင်းများသည် သူရဲကောင်းများဖြစ်သွားကြတော့သည် ဟူသော အသည်းကွဲတောင်ကြား တွင် နေထိုင်ကျက်စားကြသော တောင်ဆိတ်မျိုးနွယ်စုများ၏ ပုံပြင်တစ်ပုဒ်ကို မျက်ဝါးထင်ထင်မြင်တွေ့လာ ရအောင် ပြောဆိုဟောကြားသွားခဲ့သည်။ ထို့နောက် ပန်းတိုင်ရှိရာနေရာသို့ မရောက်ရောက်အောင် ဇော မာန်တင်း ၍ ပျံသန်းရင်း ပျံရင်းနှင့် အသေခံသွား ရှာကြသော “ငှက်တို့၏တေး” ဟူသော စိတ်ဓါတ်မြှင့်တင်ရေး ကဗျာတစ်ပုဒ်ကို ရွတ်ဆိုရှင်းလင်း ပြကာ ဟောပြောပွဲအား နိဂုံးချုပ်ခဲ့သည်။


ငှက်တို့၏တေး


- မလိုက်ရဲရင်တော့
အသိုက်ထဲမှာပဲကျန်ခဲ့လေ . . . ။
- တစ်နေ့နီးမှာပေါ့
ရှေ့ခရီးမျှော် မာန်တင်းပါကွယ့်
ငှက်ဆိုတာက ပျံရင်းသေ . . . ။
- ခြင်္သေ့ကမြက်မစား
ကျားက ကြွက်မချောင်း
ဖွတ်တွေက မိချောင်းလို့မနေ
အိုးဝေ အိုးဝေ တွန်သံနှောလေတဲ့
စိမ်းမြညို ဟောဟိုတောဆီသို့
အမောခံ ဇောမာန်တင်း
ပျံရင်းသေ ခရီးဆက်မယ်တဲ့
အဲဒါ … ငှက်တို့ရဲ့သမိုင်း။

(မောင်စိန်ဝင်း - ပုတီးကုန်း)

ထိုထိုသော “ငှက်တို့၏တေး” ဟူသောအမည်ရှိ နူးညံလှသော စကားလုံးများနှင့် ဖွဲ့စည်းထားသော ကဗျာသည် မျိုးဆက်သစ်လူငယ်များအတွက်တင်မက မျိုးဆက်ဟောင်း လူကြီးများအတွက်ပါ စိတ်ဓါတ်ခွန်အား၊ မာန်အင်အားများစွာ ပေးစွမ်းမှုကို မွေးဖွားစေခဲ့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်။

မောင်သိန်းစိန် ပြောသွားတဲ့ စကား ယုံရခက်သား ..။

မြန်မာပြည်ကို ပြန်လာနေ ပြန်လာကြဖို့  ခြေတစ်ဘက်လှမ်းနေသူတွေ အာဏာရူး သိန်းစိန်တို့  ခေါ်တော့ တမော့မော့နဲ့  ပြန်လာကြတော့မယ် ..

၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီး ဖြစ်ပွားပြီးနောက်ပိုင်း အာဏာရူး စောမောင်တို့  သန်းရွှေတို့  နိုင်ငံရေးအမြတ်ထုတ်ဖို့ အတွက် မြန်မာပြည်တွင်းကနေ ထွက်ခွာသွားသူတွေ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးဆင်နွဲဖို့ ဆိုပြီး ထိုင်း-မြန်မာနယ်စပ်ဒေသ ကိုရောက်ရှိနေကြ တဲ့ ကျောင်းသား လူငယ်တွေကို မြန်မာပြည်ကို ပြန်လာဖို့ ဆိုပြီး မြန်မာနိုင်ငံ နယ်စပ်ဒေသတစ်လျှောက်မှာ ကြိုဆိုရေးစခန်းတွေ ဖွင့်ပြီး ပြန်လာဖို့  ကြေညာခဲ့သလို အဆွယ်တရားတွေ မက်လုံးတွေ ပေးပြီး ခေါ်ခဲ့ပါတယ်။ အနည်းစုအရေအတွက် ရှိသောသူတွေဟာ ကိုယ့်ရဲ့  ယုံကြည်ချက် ခံယူချက် မခိုင်မာ ပျက်ပြားမှုတွေအပေါ် အခြေခံပြီး အာဏာရူးတွေရဲ့  လှည့်ဖြားသော လက်ကမ်းမှုအပေါ် အားရ၀မ်းသာ နဲ့  မြန်မာပြည်တွင်း ကို ပြန်လာခဲ့ကြပါတယ်။

အာဏာရူးနေ၀င်း လက်ထက်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆိုပြီး တော်လှန်ရေးအင်အားစုတွေကို ဖိတ်ခေါ်ပြီး နောက်ဆုံးမှာ ရိုးသားဖြူစင်မှု မရှိတဲ့ အာဏာရူးတို့  လုပ်ရပ်ကြောင့် တော်လှန်ရေးအင်အားစုတွေ မိမိတို့ နေရာ မိမိတို့  ပြန်သွားခဲ့ကြတယ်။ အာဏာရူးတွေကတော့ အများအမြင်မှာ နိုင်ငံရေးအမြတ်ထုတ် ၀ါဒဖြန့် ချီခဲ့ကြတယ်။

ထို့ အတူ အာဏာရူး စောမောင် သန်းရွှေတို့ ကလည်း ၁၉၈၈ ခုနှစ်မှာ မြန်မာပြည်ကို ပြန်လာဖို့ ဆိုပြီး ဖိတ်ခေါ်ကာ ကြိုဆိုရေးစခန်းတွေဖွင့်၊ အထောက်အပံ့တွေ ပေး၊ သယ်ယူပို့ ဆောင်ရေးတွေ စီစဉ်ပေးနဲ့  နောက်ဆုံးတော့ သတင်းမီဒီယာမှာ နိုင်ငံရေးအမြတ်ထုတ် ၀ါဒဖြန့် ခဲ့ပါတော့တယ်။

အာဏာရူးတို့  ဖိတ်ခေါ်ချက်ကို ယုံကြည်လို့  မြန်မာပြည်တွင်းကို ပြန်ရောက်လာခဲ့သူ အဆိုပါ လူငယ်ကျောင်းသားတွေ ကတော့ ယုံကြည်လို့  ဘ၀ပုံအပ်လိုက်ရတာ နောက်ဆုံး နောက်ဆုံး တန်ဖိုးမဲ့သွား ရခဲ့ပါတယ်။

အောက်ဖေါ်ပြပါပုံတွေကတော့ ၁၉၈၈ ခုနှစ် ဒီဇင်ဘာလမှာ န၀တ စောမောင်တို့  သန်းရွှေတို့ ရဲ့  လှည့်ဖြားဖိတ်ခေါ်မှုကို ယုံလိုက်မိသူတွေကို အာဏာရူးတွေက နိုင်ငံရေးအမြတ်ထုတ်ခဲ့တဲ့ သတင်းဝါဒဖြန့် ချီခဲ့တဲ့ မှတ်တမ်းတွေ ဖြစ်ပါတယ်။ နောက်ဆုံး အာဏာရူးတွေအတွက်သာ အမြတ်ရခဲ့ပါတယ်။





အာဏာရူးတို့  အပြောချို သကာရည်လောင်းတဲ့ လှည့်ဖြားမှု မုသားကို မမြင်ကြတဲ့ (သို့ ) မြင်လျက် နဲ့ ပြန်လာခဲ့ကြသူတွေမှာ အာဏာရူးတွေ အလိုကျ ခိုင်းတာ လုပ်ပေးခဲ့ရတယ်၊ ၀ါဒဖဖြန့် ချီရေးအတွက် အသုံးချခံပေးရတယ်၊ မတရားတာ မမှန်တာမှန်သမျှ မြင်နေ တွေ့ နေ ကြားနေရလျက်နဲ့  မပြောရဲအောင် နှုတ်ပိတ်ခံနေရတယ်၊ ပြန်လာစဉ် တဒင်္ဂလေးဘဲ လွတ်လပ်ခွင့် ရပြီ အောင်းမေ့ခဲ့ပေမယ့် တစ်ဘ၀လုံး အာဏာရူးတွေရဲ့  လက်ခုပ်ထဲက ရေလို ဖြစ်ခဲ့ရတယ်၊ ကိုယ်ရဲ့  သိက္ခာတရား အမှန်တရား ယုံကြည်မှုတွေကို ယုံမှားမိလို့  နောင်တနဲ့ လဲလိုက်ရတယ်။ အများပြည်သူက အာဏာရှင်တွေဘက် ပြောင်းလဲ သူတွေအဖြစ် လူ့ ပတ်ဝန်းကျင်မှာ လေးစားစွာဆက်ဆံခြင်းကို မခံရတော့တဲ့ အနေအထားရောက်ခဲ့ရတယ်။

ယခုလည်း သိန်းစိန်ရဲ့ အရပ်သား အစိုးရလို့  တစ်ဖွဖွ ပြောဆိုနေကြပြန်တယ်။ သိန်းစိန်ဟာ အာဏာရူး သန်းရွှေရဲ့  နအဖ ၀န်ကြီးချူပ်၊ အာဏာရူးတွေထဲက ထိပ်ဆုံးထဲက တစ်ဦးဖြစ်တဲ့ ဗိုလ်ချူပ်ကြီး သိန်းစိန်ဆိုတာ အတိတ်မမေံသေးဘဲနဲ့  မေ့ချင်ယောင်ဆောင်ပြီး ပြောနေကြပါတယ်။ လက်ရှိ သိန်းစိန်တို့ ဟာ အရပ်သားအစိုးရလည်း မဟုတ်သလို အစိုးရအသစ်လည်း မဟုတ်ပါ၊ အာဏာရူးတွေ ယူနီဖောင်းချွတ် အရပ်သားအမည်ခံထားတဲ့ ရဟန်းရှင်လူပြည်သူကို သတ်ခဲ့ကြတဲ့ လူသတ်သမားတွေပါ။အာဏာရူး သိန်းစိန်တို့ ဟာ ခြေလှမ်းတွေကို ညင်သာစွာနဲ့  လှမ်းပြပြီး သူတို့  လှမ်းမယ့် ခြေလှမ်းတွေမှာ သူတို့ လိုချင်တဲ့ ရည်မှန်းချက်မရောက်ခင်၊ ကြားခရီးလမ်းမှာ အားလုံးကို လှည့်ဖြား အသုံးချနေတယ်ဆိုတာ ယုံလွယ်သူတွေ၊ ကိုယ့်ရဲ့  ယုံကြည်ချက် ခံယူချက် မခိုင်မာသူတွေ၊ ဖြစ်ခဲ့သမျှ ဖြစ်စဉ်တွေကို သုံးသပ်မှု မပြုလုပ်ဘဲ လတ်တလော မျက်တောင်တစ်မျွေးလောက်သာ ကြည့်ပြီး မျက်စိတစ်ဆုံး မမြင်တတ်ရင်တော့ ယခင် ပြန်ခဲ့ကြသူတွေရဲ့  အဖြစ်အပျက်အတိုင်း ကြုံရမှာ မလွဲမသွေပါဘဲ။

အာဏာရူးသန်းရွှေတို့  စောမောင်တို့ ဟာ ပြည်ပရောက်နေကြတဲ့ မြန်မာမိသားစုတွေ ကျောင်းသားကျောင်းသူတွေ လူငယ်တွေ ကို မြန်မာပြည်ကြီးကတော့ ဘယ်လောက် တိုးတက်သာ ယာနေပါပြီ၊ နိုင်ငံရေးပြောင်း လဲမှုတွေ ဖြစ်နေပါပြီ၊ ခေတ်မှီမှုတွေ ရှိနေပါပြီ၊ လွတ်လပ်မှုတွေ ရနေပါပြီ၊ စီးပွားရေးလုပ်ဆောင်မှုတွေ လုပ်လို့ ရနေပါပြီဆိုတာတွေကို ၄င်းတို့ နဲ့  နီးစပ်သူတွေကတစ်ဆင့် သွေးဆောင်မှုတွေကို လုပ်နေတာ ကြာပါပြီ။ နိုင်ငံတကာရောက် ပြည်ပရောက် မြန်မာအသိုင်းအ၀န်းကြားထဲ အာဏာရူးတွေရဲ့  အမာခံ နီးစပ်သူတွေက တဖြေးဖြေးနဲ့  ဖြားယေင်းစည်းရုံးရေးတွေ အချိန်နဲ့ အမျှ လုပ်နေတာလည်း ကြာပါပြီ။

အာဏာရူးတို့ ရဲ့  လှည့်ဖြားဖိတ်ခေါ်မှုတွေကို မမြင်တာထက် ကိုယ်ကျိုးတရားအတွက် အမျိုးမျိုး အကြောင်းပြ ဖောက်ပြန်လိုသူတွေအတွက်တော့ မြန်မာပြည်ကို သိန်းစိန်တို့  မခေါ်ခင်က တည်းက ခြေလှမ်း ထားပြီးကြမို့  အာဏာရူးတွေကို ကျေကျေနပ်နပ်နဲ့  ဘ၀ ပုံအပ်တယ်လို့ သာ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကျွန်ယုံ တစ်ဖက်ကန်း၊ သားသမီးယုံ စုံလုံးကန်း၊ အာဏာရူးယုံ တစ်ဘ၀လုံးကန်းလို့ သာ ပြောချင်ပါတယ်။

မျှဝေပေးပို့ သော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

17 August 2011

ပဲခူးရွှေနံ့သာ ဘုန်းကြီးကျောင်းတွင် ပြောကြားခဲ့သော လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ၏ မိန့်ခွန်း


သြဂုတ်လ ၁၄ရက်နေ့ ညနေ ၃နာရီဝန်းကျင်တွင် ရွှေနံ့သာဘုန်းကြီးကျောင်းရှိ ရေဘေးသင့် ပြည်သူများအား လှူဒါန်းပစ္စည်းများကို လှူဒါန်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှ မိန့်ခွန်းပြောကြားခဲ့ပါသည်။ (မြစ်မခ သတင်းထောက်များမှ စာဖြ်ီပြီး ဖော်ပြေပေးပါသည်)

ဒီလိုပြသာနာတွေ တက်လာတယ်ဆိုတာ သိရပါတယ် အဲ့လို ပြသာနာတွေ တက်တဲ့အခါကျတော့ အားလုံးက ၀ိုင်းပြီးတော့ တယောက်နဲ့တယောက် ကူညီမစ ကြတာ အင်မတန်မှ ကောင်းပါတယ် ခိုလှုံမှု ပေးတယ်ဆိုတာ ကျမတို့ရဲ့ အင်မတန်မှ ကောင်းတဲ့ ဥပမာ ဖြစ်ပါတယ် ကျမတို့ အချင်းချင်းကို တယောက်နဲ့ တယောက် ခွဲခြားမှု မရှိဘဲနဲ့ လိုအပ်တဲ့လူကို ကူညီဖို့ဆိုတာ ကျမတို့ နိုင်ငံသူ နိုင်ငံသားတိုင်းမှာ ရှိအပ်တဲ့ တာဝန်တခုဖြစ်ပါတယ် ကမ္ဘာသူ ကမ္ဘာသား အချင်းချင်း ကြားထဲမှာ ရှိအပ်တဲ့ တာဝန်တခုဖြစ်ပါတယ်။ ရှိအပ်တဲ့တာဝန်ပေါ့ ကျမတို့ တက်နိုင်သမျှ အချင်းချင်းကို ပူးပေါင်းဆောင်ရွက်ရမယ်

ပြောတဲ့လူကလည်း ကျယ်ကျယ်ပြောရတယ် နားထောင်တဲ့ လူကလည်း သေသေချာချာ နားထောင်ရမယ် အဲ့တော့ နှစ်ဖက်စလုံးကနေပြီးတော့ ပူးတွဲလုပ်မှ ဘာမဆိုအောင်မြင်နိုင်မယ် ဒါကြောင့်မို့လို့ အခု ကျမတို့ လုပ်နေတဲ့ လုပ်ငန်းတွေမှာ ဒါက တိုင်းပြည်ကို တိုးတက်စေဖို့နဲ့ တိုင်းပြည်ကို အေးချမ်းစေချင်တယ် သာယာစေချင်တယ် ဒီလိုလုပ်တဲ့နေရာမှာ အားလုံးက ပူးပေါင်းပြီးတော့ ဆောင်ရွက် လို့ရှိရင် အောင်မြင်နိုင်ပါတယ် အခုဆိုလို့ရှိရင် ရေဘေးကြောင့်မို့ ဒုက္ခရောက်နေတဲ့သူတွေကို ဆရာတော် ဘုရားကနေပြီးတော့ ခိုလှုံခွင့်ပေးထားတယ် ဆရာတော် ဘုရားရဲ့ အရိပ်အာဝါသ အောက်မှာ လုံခြုံမှု ရကြတယ်.။

အရေးအကြီးဆုံးကတော့ တဦးပေါ်တဦး ရိုးရိုးစင်းစင်းနဲ့ ဖြောင့်ဖြောင့် မတ်မတ် ဆက်ဆံဖို့ပါဘဲ ဒါကြောင့်မို့လို့ ကျမ စောစောကလည်း ပြောခဲ့ပြီးပါပြီ ကျမတွေ့ခဲ့တဲ့ တရားတွေကို ကျမတို့ဟာ ပြည်သူတွေကို ကတိလွယ်လွယ်နဲ့ မပေးချင်ဘူးဆိုတာ ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ လုပ်ကိုင်စေချင်လို့ပါ ကတိပေးတာ အင်မတန်မှ လွယ်ပါတယ် ဒါပေမဲ့ ဒီကတိကိုတည်နိုင်မလား မတည်နိုင်မလားဆို တာ လေးလေးနက်နက်စဉ်းစားရပါမယ်။

အုတ်မြစ်တွေပေါ်မှာ လူတွေက တကယ့်ကို ထည်ဝါတင့်တယ်တဲ့ အဆောက်အဦးကိုဆောက်ရတယ် ဒီအဆောက်အအုံတွေမှာ မျိုးဆက်တစ်ခုထဲ အတွက် မဟုတ်ဘူး နောင်လာမည့် မျိုးဆက်တွေအားလုံး ကိုလုံခြုံနိုင်မယ့် အဆောက်အအုံ ဖြစ်ရမယ် ကျမတို့ တယောက်နဲ့ တယောက် တာဝန်တွေကို ဘာရှိလဲဆိုတာကို ထောက်ပြဖို့ လိုပါတယ် ဒါဟာ အရေးအကြီးဆုံးပါဘဲ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့ဆိုတာ ပြည်သူအားလုံးဟာ ကိုယ့်ရဲ့တာဝန်ကို နားလည်ရမယ်

တာဝန်ကျေဖို့ ဆိုတာ မဖြစ်နိုင်ဘူး တာဝန်သိရက်နဲ့ တာဝန် မကျေရင်လည်း အလကားဘဲ တာဝန်သိရက်နဲ့ တာဝန်မကျေတာက ဘာနဲ့တူသလဲဆိုတော့ အင်မတန်မှ အဲ့တော့ တာဝန်ကို သိပြီးတော့မှ တာဝန်ကိုကျေအောင် မလုပ်နိုင်ဘူးဆိုတော့ ထမင်းတွေ ဟင်းတွေ ပုံထားတဲ့ ပန်းကန်ကိုကြည့်ပြီးတော့ မစားရသလိုဘဲ တကယ်တော့ အနှစ်သာရ မရှိဘူး အပေါ်ယံ အပြောဘဲရှိတယ် ဒီတော့ ကိုယ့်တာဝန်ဘာလဲ ဆိုတာကို သိစေချင်တယ် လူတိုင်းလူတိုင်းမှာ ကိုယ့်တိုင်းပြည်တိုးတက် ဖို့အတွက် အနည်း ဆုံး သေးသေးလေးတော့ လုပ်နိုင် တယ်ဆိုတာ ခေါင်းထဲမှာ ထည့်ထားစေချင်တယ် ကိုယ်ကိုကိုယ်တိုင်ဟာ မနေ့ကထက် ပိုပြီးတော့ ဒီနေ့ တန်ဖိုးရှိတဲ့ လူတယောက်ဖြစ်အောင် လုပ်မယ်ဆိုရင် ဒါကိုယ့်တိုင်းပြည်အပေါ်မှာ တာဝန်ကျေတာဘဲ။

တန်ဖိုးရှိတဲ့ နိုင်ငံသူ နိုင်သားတွေ ရှိမှ တိုင်းပြည်က တန်ဖိုးရှိမှ အဲ့တော့ တိုင်းပြည် တန်ဖိုးရှိအောင် လုပ်ချင်ရင် ပထမဦးဆုံးကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင် လုပ် ကိုယ့်ကိုကိုယ် တန်ဖိုးရှိအောင် လုပ်ဆိုတာ ပိုက်ဆံတွေချည်းဘဲ ရအောင် လုပ်ခိုင်းတာ မဟုတ်ဘူးနော် ဒါပေမဲ့ ပိုက်ဆံဆိုတာ လိုတယ်ဆိုတာလည်း ကျမသိတယ် လူဆိုတာ အစားစားရမယ်လေ ခေါင်မိုး အောက်မှာ နေရမယ်လေ အ၀တ်ဝတ်ရမယ်လေ သားသမီးတွေ ရှိလို့ရှိရင် ကျောင်းထားပေးရမယ် ဒါတွေအတွက် ပိုက်ဆံလိုတယ်ဆိုတာ ကျမတို့ ငြင်းစရာ အကြောင်းမရှိဘူး ဒါပေမဲ့ တကယ့် လူ့တန်ဖိုးဆိုတာဟာ ကိုယ်အတွင်းထဲကဘဲ လာတယ် အပြင်ကလူ ဘယ်သူမှ လုပ်လို့ မရဘူး ကိုယ်ကိုကိုယ်တိုင်တောင် ကိုယ့် တန်ဖိုးကို ကိုဖြတ်တယ်။

ကိုယ်ကတကယ်ကို စိတ်ထားမှန်ကန်မယ် ဆိုရင် အပြင်ကလူတွေက ဘာဘဲပြောပြော ကိုယ့်အနေနဲ့ တန်ဖိုးကျမှာ မဟုတ်ဘူး ကိုယ်က စိတ်ထားမမှန်ကန်ဘူး ဆိုရင် ကိုယ်က တကယ်ကို အတွင်းတန်ဖိုးမရှိဘူး ဆိုရင် အပြင်ကလူက ဘယ်လောက်ဘဲ ၀ိုင်းပြီးမြှောက်မြှောက်ပင့်ပင့် အလကားဘဲ။

ကျမတိုင်းရင်းသားတွေကို ထည့်ပြီးမပြောတာက ကျမကိုယ်တိုင်က ဗမာဆိုတော့ တိုင်းရင်းသား ယဉ်ကျေးမှုတွေကို သေချာနားမလည်လို့ ပြောမိရာရောက်မှာဆိုးလို့ ကျမတို့ ဗမာတွေ နဲ့ပတ်သက်လို့တော့ ခဏခဏ ကိုယ့်ထက်တခြားလူက သာနေလို့ရှိရင် ၀မ်းသာပါ ငါလည်းဒီလို တော်အောင် လုပ်မယ်ဆိုတဲ့ စိတ်က စွဲတဲ့စိတ်မဟုတ်ပါဘူး အဲ့လိုစိတ်မျိုးမွေးလို့ရပါတယ် ငါတို့လည်း ဒီလိုတော်အောင် လုပ်မယ် ဒါပေမဲ့ ငါတို့လည်း တော်အောင်လုပ်မယ်လို့ ပြောမယ့်အစား သူတို့ ဒီလောက် မတော်ပါစေနဲ့လို့ စိတ်ထဲမှတ်ထားရင် မကောင်းဘူးနော် ဒါကြောင့်မို့လို့ ကျမတို့ ပြည်သူပြည်သားတွေဟာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုး ရှိအောင် နေကြ ပါလို့ ကျမကနေပြီးတော့ မေတ္တာရပ်ခံချင်တာပါ။

ပြည်သူ ပြည်သားတွေဆိုလို့ရှိရင် ကိုယ်လိုချင်တဲ့ နိုင်ငံမျိုးကို များမကြာမီ ထူထောင်နိုင်မှာပါ ဒီတော့ ဒီလိုနိုင်ငံမျိုး ဘယ်တော့ ဖြစ်လာနိုင်မလဲ ဆိုရင် ငါတန်ဖိုးရှိလာတဲ့လူ ဘယ်တော့ ဖြစ်လာမလဲဆိုတာ ပထမ မေးလိုက်ပါ တန်ဖိုးရှိလာတဲ့ လူဖြစ်လာရင်တော့ ကိုယ့်နိုင်ငံဟာလည်း တန်ဖိုးရှိလာတော့မှာဘဲ ဆိုတာကို ကိုယ်ကနေပြီးတော့ ယုံယုံကြည်ကြည်နဲ့ လုပ်လို့ရမှာ ဒါကြောင့်အခုလို စုစုစည်းစည်းနဲ့ ဆရာတော်ဘုရားရဲ့ အရိပ်အာဝါသ အောက်မှာ လူမျိုးဘာသာမရွေး အားလုံးအတူတူ ညီညီညွှတ်ညွှတ်နဲ့ နေနိုင်တာကိုက ဒါကျမတို့ ပြည်သူတွေရဲ့ တန်ဖိုးတခုကို ပြသတာ ဖြစ်ပါတယ် အဲ့တော့ ဒီတန်ဖိုးကို ထိန်းသိမ်းထားပါ စာနဲ့ရေးပြီးရင်းနဲ့ မပြီးဘူးနော် တထပ်တည်းဆိုရင် တထပ်တည်းဖြစ်ရမယ် စာရေးထားရုံနဲ့ ပြီးမယ်ထင်လို့လား စာပေါ်မှာ ရေးထားတဲ့အတိုင်း ကျင့်ကြံတော့မယ် ဆိုရင် ကျမတို့ကလည်းဘဲ တိုင်းပြည်အတွက် ပိုပြီးတော့လုပ်နိုင်တဲ့အားတွေ တချိန်လုံးတက်နေမှာပါ။

ဒါကြောင့်မို့လို့ အားလုံးကို ကျေးဇူးတင်ပါတယ် ကျမတို့ကို အားပေးတဲ့လူတွေ ထောက်ခံတဲ့လူတွေ ကျမတို့ကို အင်အားဖြည့်ပေးတဲ့လူတွေ အားလုံး ကျမတို့ ကျေးဇူးတင်ပါတယ် ကျမတို့အနေနဲ့လည်း တက်နိုင်သမျှ ကျမတို့ဘက်ကနေ တုန့်ပြန်ပြီးတော့ ကူညီဖို့ ကြိုးစားပါမယ်လို့ ကျမပြောရင်းနဲ့ဘဲ နိဂုံးချုပ်ပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ်။

စစ်တွေ ထောင်ထဲတွင် စစ်အုပ်စု၏ လက်ချက်ဖြင့် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့ရသော ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်း အောက်မေ့ဖွယ်နေ့


စစ်တွေ ထောင်ထဲတွင် စစ်အုပ်စု၏ လက်ချက်ဖြင့် ကွယ်လွန် အနိစ္စ ရောက်သွားခဲ့ရသော ရခိုင်-မြန်မာ ပဏ္ဍိတ် ဆရာကြီး ဦးသာထွန်း အောက်မေ့ဖွယ်နေ့ အခမ်းအနားကို ဆရာကြီး ကွယ်လွန်ခဲ့သည့် ၂၁ နှစ်မြောက်နေ့တွင် ရခိုင်ပြည်နယ် အနှံ့အပြားတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

စစ်တွေမြို့တွင် ဆရာကြီးနေ့ကျင်းပရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဦးမောင်မောင်စောက " စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်နဲ့ ရန်ကုန်မြို့တို့မှာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ စစ်တွေမှာတော့ ပွင့်ပွင့်လင်းလင်းဘဲ ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို လူပေါင်း ၂၀၀ ခန့် တက်ရောက် ခဲ့ပါတယ်" ဟု ပြောသည်။

စစ်တွေတွင် ဆရာကြီး ဦးသာထွန်းနေ့ အမှတ်တရ အောက်မေ့ အခမ်းအနားကို စစ်တွေမြို့ ဂြိတ်ဘက် ဘုန်းကြီးကျောင်းတွင် နေ့လည် ၁၂ နာရီခွဲကနေ ၁ နာရီခွဲထိ ပြုလုပ်ခဲ့ကြသည်။ ကျင်းပပုံကိုလည်း သူက ယခုလို ပြောသည်။

" အဲဒီနေ့က ဥပုတ်နေ့ဆိုတော့ ဆရာကြီးအတွက် ရည်ရွယ်ပြီး ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းခဲ့ပါတယ်။ ပြီးတော့ ဆရာကြီးနဲ့ ပတ်သက်တဲ့ အမှတ်တရ စာပေအကြောင်း ဆွေးနွေး ကြပါတယ်။ ဆရာကြီးအတွက် ရည်ရွယ်ပြီး စပ်ဆိုထားတဲ့ ဂုဏ်ပြု ကဗျာတွေကိုလည်း ရွက်ခဲ့ ကြပါတယ်။"

၎င်းပြင်သူက ကျင်းပရသည့် ရည်ရွယ်ချက်ကိုလည်း ယခုကဲ့သို့ ဆက်ပြောသည်။

" ဆရာကြီး ဦးသာထွန်းနေ့ကို ကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ ဆရာကြီးဟာ ရခိုင်လူမျိုးတွေထဲမှာ အဋ္ဌာရသ ၁၈ ရပ်ကို ကျွမ်းကျင်စွာ တတ်မြောက်တဲ့ ပုဂ္ဂိုလ် တဦးလို့ ဆရာကြီးကို အများက လက်ခံ သတ်မှတ် ထားကြတယ်။ အဲဒါကြောင်း ဆရာကြီးကို ရိုသေ လေးစားတဲ့ အနေနဲ့ ဆရာကြီး ကွယ်လွန်သွားတဲ့ သြဂတ်စ် ၁၄ ရက်နေ့ကို ဆရာကြီးနေ့အဖြစ် သတ်မှတ်ပြီး အောက်မေ့ဖွယ် အခမ်းအနားကို ကျင်းပရတာ ဖြစ်ပါတယ်" ဟု ပြောသည်။

တခြား အခမ်းအနား တက်ရောက်ခဲ့သူ လူကြီး တစ်ဦးကလည်း ဆရာကြီးနေ့မှာ ရခိုင်အမျိုးသားများအား ယခုလို မှာကြားချင်ကြောင်း ပြောကြားသည်။

" ရခိုင်လူငယ်တွေရော လူကြီးတွေပါ ဆရာကြီးလို အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်တတ်တဲ့ စိတ်ထားမျိုးတွေ ထွန်းတောက်စေချင်ပါတယ်။ ကိန်းအောင်း စေချင်ပါတယ်။ အဲဒါကတော့ ဆရာကြီးနဲ့ ပတ်သက်ပြီး အပြောချင်ဆုံး ဆန္ဒ တခုပါ။ ဆရာကြီးနေ့ ကျင်းပရခြင်း ရည်ရွယ်ချက်ကတော့ ဆရာကြီးဟာ အမျိုး၊ ဘာသာ၊ သာသနာအတွက် စာပေ၊ သမိုင်း၊ ယဉ်ကျေးမှု၊ ဂီတ၊ ဆေးပညာ၊ နက္ခတ်ပညာ စသဖြင့် ပညာရပ်များစွာကို တတ်မြောက်ပြီး တပည့်သားသမီး များစွာကို မွေးထုတ်ပေးခဲ့တယ်။ ကိုယ့်ရပ် ကိုယ့်ဌာနေမှာ လိုအပ်တဲ့နေရာတွေမှာ စေတနာ တရားနဲ့ နိုင်တဲ့ ၀န်ကို သေသည် အထိ ထမ်းရွက်ခဲ့ပါတယ်။ အဲဒါကြောင်း ဆရာကြီးလို အမျိုး ဘာသာ သာသနာကို စောင့်ရှောက်နိုင်တဲ့ ထိမ်းသိန်းနိုင်တဲ့ ပုဂ္ဂိုလ်တွေ များပါစေ။ ရခိုင်ဟူသမျှ အမျိုး၊ ဘာသာ သာသနာကို စောင့်ရှောက်နိုင်ပါစေလို့ဘဲ ပြောချင်ပါတယ်။"

မြောက်ဦးမြို့တွင်လည်း ဆရာကြီး အခမ်းအနားကို ကျင်းပ ပြုလုပ်ခဲ့ကြပြီး ဆရာကြီးနှင့်ပတ်သက်ပြီး သားကြီးဖြစ်သူ ဦးကျော်ထွန်းအောင်က ယခုကဲ့သို့ ပြောသည်။

" ဆရာကြီး ကွယ်လွန်သွားတဲ့အတွက် ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် အများကြီး ဆုံးရှုံးပါတယ်။ အစားထိုးမရ နိုင်တဲ့ ဆုံးရှုံးမူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ လည်း ကျွန်တော်တို့ ၀မ်းသာရမှာ တခုက ဆရာကြီးစပြီး မျိုးစေ့ချပေးခဲ့တဲ့ မျိုးစေ့ဟာ အခုအခါ အကိုင်းအခက် အလက်တွေ စည်ပင်နေတဲ့ အတွက် ဖြစ်ပါတယ်။ ဆရာကြီး ချပေးခဲ့တဲ့ မျိုးစေ့ကြောင့် ရခိုင်သမိုင်းကို ဖော်ထုတ်တဲ့ လူငယ် တွေ၊ နောက်ရခိုင်သမိုင်း ပညာရှင်တွေ တစတစ တိုးတက် များပြား လာပြီး အခုအခါ စည်စည် ပင်ပင်နဲ့ ဝေေ၀ဆာဆာနဲ့ ဖြစ်နေတဲ့ အတွက် ဆရာကြီးရဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ဆရာကြီး မျှော်လင့်ခဲ့တဲ့ အတိုင်း သူစိုက်ခဲ့တဲ့ သစ်ပင်ကြီးဟာ အမြဲ ထာဝရ ရှင်သန် လန်းဆန်းပြီး ကြီးထွား နေမယ် ဆိုတာကို ကျွန်တော် တို့ ယုံကြည်ပါတယ်" ဟု ပြောသည်။

ဆရာကြီး ဦးသာထွန်းမှာ ရခိုင်မြန်မာ ပဏ္ဍိတ် ဘွဲ့ချီးမြှင့်ခံရသူ ဖြစ်ပြီး ရခိုင်တမျိုးသားလုံးက လေးစား ကြည်ညိုသော ပညာရှိ ပုဂ္ဂိုလ်ကြီး တစ်ဦးဖြစ်သည်။ ဆရာကြီးအား ၁၉၉၀ ခုနှစ်မတ်လတွင် မင်းပြားမြို့နယ် ပြားချောင်းကျေးရွာတွင် အမျိုးသားရေး တရားများ ဟောသည်ဟု စွပ်စွဲကာ စစ်အစိုးရမှ ဖမ်းဆီးပြီး ထောင် (၃) နှစ် ချမှတ်ခဲ့သည်။ ဆရာကြီးသည် ဖမ်းဆီးခံရပြီး (၅)လ အကြာ ၁၉၉၀ ခုနှစ် သြဂတ်စ်လ ၁၄ ရက်နေ့တွင် စစ်တွေထောင်ထဲတွင် စစ်အုပ်စု၏ ယုတ်မာ ကောက်ကျစ် သတ်ဖြတ်မူကြောင့် သေဆုံးခဲ့ရသည်။

ရင်းမြစ်..နေရဉ္ဖရာ

မှားတဲ့ဘက်မှာ

လူဆိုတာ မှားတတ်တဲ့ သတ္တ၀ါတဲ့။ ဟုတ်ကဲ့။ တစ်ယောက်တည်းနေပြီး ကိုယ့်ဖာသာ တစ်ယောက်တည်း မှားတာက ပြဿနာ မရှိလှဘူး။ ပြောရင်ရတယ်။ ဒါပေမယ့် တစ်ယောက်တည်းနေတာ မဟုတ်တဲ့အခါမှာ အမှားက အများကိုလည်း ရိုက်ခတ်မှု ရှိဦးမှာ။ မှားတတ်တာလည်းမျိုးစုံ၊ မှားကြတာလည်း ကမ်းကုန်ပါရော။

မြန်မာပြည်ရဲ့ကုန်တိုက်ကြီး တစ်ခု ဖွင့်ပွဲ အခမ်းအနားမှာပါ။ နည်းနည်းတော့ ကြာခဲ့ပြီ။ ဖွင့်ပွဲအခမ်းအနား မစခင်မှာ နာမည်ကြီး မော်ဒယ်လ် အေဂျင်စီ တစ်ခုက မော်ဒယ်လ်မလေးတွေက ဆန်းပြားတဲ့ ကကွက်များနဲ့ လမ်းသလားရင်း ပရိသတ်ရဲ့ အာရုံကို ဖမ်းစားဖို့ ကြိုးစားနေကြတယ်။ နံနက် ၉ နာရီမှာဖွင့်ပွဲ ဆိုပေမယ့် အညာနွေရဲ့နေက ထွက်ကတည်းက ပူသကိုပေကိုးဗျ။

ဖဲကြိုးဖြတ်ဖွင့်ပွဲ နေရာမှာ မြန်မာ့ရိုးရာ ၀တ်စုံတွေနဲ့ အလှချင်းပြိုင်နေကြတဲ့ မိန်းကလေးတွေ။ အခမ်းအနားမှူး သူငယ်လေးက ပြောင်ပြောင်လက်လက် ဥရောပ ၀တ်စုံနဲ့။ ဆံပင်မှာ ဆီရွှဲပြီး အမောက်ကလေးက တထောင်ထောင်နဲ့။

ဟော ဖွင့်လှစ်ပေးမယ့် တိုင်းမှူး ရောက်လာပြီး သကာလမှာ မင်္ဂလာအချိန် ရောက်ပါရော။ ဘိုဆန်ဆန်သူငယ်လေးက ဘိုသံနဲ့ ကြေညာပါတယ်။ ''တိုင်းမှူးဗိုလ်မှူးချုပ် ဆိုပြီး နာမည်နဲ့တကွ ဖိတ်မန္တကပြု စကားစပါတယ်။ အဲဒီမှာတင် ဟိုကောင်မ တုန်းကလည်း ရာထူးချခဲ့ပေးပြီးပြီ။ အခု လာပြန်ပြီတစ်ကောင် ဗိုလ်ချုပ်ကို ဗိုလ်မှူးချုပ်တဲ့။ တိုင်းအဆင့်ဌာန အကြီးအကဲတွေ ၀ုန်းကနဲ ရောက်သွားတယ်။ မော်လ်ဒယ်အေဂျင်စီရဲ့ ဘောစိကလည်း ပါးစပ်လှုပ် မျက်နှာရှုံ့ အံကြိတ်ပြီး အသံတိတ် လှမ်းဆဲတယ်။ သူ့သူငယ်လေးကို။ ကောင်လေးလည်း ဆီးသီးလောက် ချွေးတွေ မျက်နှာပေါ်မှာ။ တိုင်းမှူးဗိုလ်ချုပ်ကတော့ ပြုံးပြုံးရယ်ရယ်ပါပဲ။

''သည်းခံကြပါခင်ဗျာ မှားသွားလို့ပါ''
''သည်းခံကြပါရှင်'' ဆိုတဲ့ စကားကို ရေဒီယိုတို့၊ ရုပ်မြင်သံကြား တို့မှာ ကြားဖူးချင် ကြားဖူးမှာ။ မှားသွားတာ သတိရပြီး ချက်ချင်း ပြင်ပြောကြတာ။ မှားသွားမှန်း ကိုယ့်ဖာသာကိုယ် သတိမထားမိတာလည်း ရှိနိုင်ပါတယ်။ မှားသွားမှန်း သိသိကြီးနဲ့ ပြန်ပြီးမပြင်ဘဲ မှိန်းနေတာမျိုးကတော့ ဆိုးသပေါ့။
'အလုပ်တစ်ခုဟာ ကောင်းလား၊ ဆိုးလားကြည့်။ ရလဒ်ဟာ ကောင်းလားဆိုးလားသိ။ သက်ရောက်မှု အတိုင်းအတာက ကိုယ့်တစ်ယောက်တည်းလား။ ကိုယ်စားပြုရာ မိသားစု၊ ၀န်းကျင် အသိုင်းအ၀ိုင်း၊ ဆွေမျိုးသားချင်း၊ ဒေသ၊ နိုင်ငံ စသဖြင့် ဘယ်လောက် အထိလဲ။ သက်ရောက်မယ့်ကာလ အတိုင်းအတာကရော အချိန်ပိုင်းလေး ခဏပဲလား။ ရက်လား၊ လလား၊ နှစ်လား၊ စဉ်းစား'တဲ့ . . .

ဘိုလိုဆိုရရင် လျှာချော်တာ။ မှားပြောမိတာ။ မှားရေးမိတာ။ မှားရေးကြတာတွေလည်း ရှိနိုင်တာပေါ့။ ဒါကြောင့်လည်း စာအုပ်တွေမှာ အမှားပြင်ဆင်ချက်ဆိုပြီး ထည့်ကြတာ။ အထူးသဖြင့် ခဲစာလုံးစာစီပြီး ပုံနှိပ်ရတဲ့ခေတ်မှာပေါ့ဗျာ။

စာလုံးတွေကို ပြောင်းပြန်စီရတာ လွယ်မှတ်လို့။ ကျုပ်တို့ မြန်မာစာကလည်း ရေးရင် မူလ အက္ခရာချည်းသက်သက် ပြီးတာမှ မဟုတ်တာ။ ပြောစရာ ရှိပါတယ်။ ဒီနေ့ခေတ် ကွန်ပျူတာနဲ့ စာစီကြတဲ့ ခေတ်မှာ မမှားကြတော့ဘူးလားလို့။

မှားပါတယ်ခင်ဗျာ။ မှားကြပါတယ်။ စာတွေကပဲ များလို့လား။ ကွန်ပျူတာစာစီတဲ့ ကိုကို မမ များကပဲ အာရုံဝင်စားမှု နည်းလေသလား။ စာစီဆရာအပြင်၊ စာပြင်ဆရာ ဆိုတာမျိုး မရှိတော့တာလား။ စာမူ အကြမ်းဖတ်တာပဲ
အားနည်းတာလား။ စာရေးတဲ့ ပုဂ္ဂိုလ်များကပဲ လက်ရေး ချူချာလွန်းလှလေသလား။ လားတွေက အများကြီးပါပဲ။ ဘာလားလဲတော့ မသိပါဘူး။

နာမည်ကို ရှေ့နောက်လွဲတာ လောက်တော့ ရိုးပေါ့ ပြောမယ်ထင်တယ်။ မောင်စံပေါတို့မှာ စကားပုံ တစ်ခုရှိပါတယ်။ 'ဆေးသမား မထောင်းတာ လူနာမခံချိ' တဲ့။ ကွန်ပျူတာစာစီ ကိုကို မမ တို့က ရှေ့နောက်လေး လွဲရိုက်လိုက်တာ။ နာမည် အသစ်တစ်ခု ဖြစ်သွားပါရော။

တကယ်ဖြစ်ခဲ့တာတစ်ခု ပြောပါ့မယ်။ စေတနာရှင်တစ်ဦးက ငွေတော်တော်များများ လှူတယ်။ သတင်းပါလာတော့ နာမည်က ပြောင်းပြန် ဖြစ်နေပါရော။ အလှူရှင်လည်း စိတ်ကသိကအောက်နဲ့။ အလှူခံမှာလည်း
အားတောင့်အားနာနဲ့။ အမှားပြင်ဆင်ချက်ကလည်း ပါမလာ။ ထားပါတော့။

စာစီမှားတာ ထားပါတော့။ ရေးကြတဲ့ ဆရာတွေကရော။ စာလုံးပေါင်းအမှား၊ သဒ္ဒါအမှားတွေကိုက မေ့ထားပါစို့ရဲ့။ ပြင်ဖတ်ကြ၊ ဖြည့်ဖတ်ကြတာပေါ့ဗျာ။ အကြောင်းအရာ အချက်အလက်တွေကို သွက်သွက်လည်အောင် မှားတာမျိုးက အလွန်ဆိုးသဗျ။

ဂျာနယ်တစ်ခုမှာ နှစ်တော်တော် ကြာခဲ့ပြီ။ ဆောင်းပါးရေးတဲ့ ကလောင်ရှင်က သူ့ကိုယ်သူ ဖော်ညွှန်းတယ်။ ဒီကလောင်နာမည်တစ်ခုရဖို့ ဆိုတာ လွယ်သဟာမှတ်လို့တဲ့။ အဲဒီထဲမှာ စာချစ်သူ တော်တော်များများ သိကြတဲ့
'အလှကိုယ်စီ' ကဗျာထဲက အပိုဒ်တချို့ကို ထုတ်နုတ် ကိုးကားထားသမျ။ 'ဖိုးလမင်းလည်း သူ့အဆင်းနှင့်အလင်းနှင့် ဘာညာပေါ့ဗျာ' ဆိုးတာက ကဗျာရေးသူကို ဆရာဇော်ဂျီတဲ့။ သေပါရော။

နောက်တစ်ခုကျတော့ဗျာ။ အားကစားအဖွဲ့ တစ်ခုက ဥက္ကဋ္ဌကို ရက်ချိန်းတွေ ဘာညာယူ။ သေသေချာချာ သွားတွေ့၊ မေးမြန်း အသံဖမ်းနဲ့ ဂျာနယ်ထွက်လာတော့ အဲဒီဂျာနယ်တစ်စောင်ထဲမှာ သတင်းက နှစ်နေရာမှာ
နှစ်ခုတောင်ပါသဗျ။ ပြီးတော့မှ ရာထူး ချပစ်လိုက်တာ။ နှစ်နေရာလုံးမှာ အတွင်းရေးမှူးတဲ့။

တချို့တွေကျတော့လည်း အတော့်ကိုစွမ်းတာ။ မကြာခင်က ပြီးသွားတဲ့ ဗြိတိသျှအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲ သတင်းပေါ့။ အင်းမချ၊ ဆေးမမျို ဖိုမထိုးဘဲနဲ့ တန်ခိုးတွေ ရလာပုံများ အံ့စရာ။ သတင်းစာထဲမှာ ယူအက်အိုးပင်း ဘ၀ ပြောင်းရုံတင် မကဘူး ရွိုင်ရယ်စိန်ဂျော့ဂေါက်ကွင်းကိုလည်း အမေရိကန်ကို ရွှေ့ပေးလိုက်သဗျ။ ချန်ပီယံကတော့ ဒါရင်းကလပ် ပါပဲ။ သူ့လက်ထဲက ဖလားကြီးကလည်း ဂေါက်သီးဝါသနာရှင်တိုင်း သိကြတဲ့ ဖလားကြီးဗျာ။ မစွမ်းဘူးလားဗျာ။

မဖြစ်နိုင်ဘူးတော့ မပြောကြပါနဲ့။ ၂၀၁၁ ခုနှစ် ဇူလိုင်လဟာ သောကြာ၊ စနေ၊ တနင်္ဂနွေငါးရက်စီ ပါတာလေ။ ရှားရှားပါးပါး နှစ်များများမှာ တစ်ခါကြုံရတာ။ ထူးထူးဆန်းဆန်း ဖြစ်နိုင်သပေါ့။

ဖြစ်နိုင်လို့ ဖြစ်လာတာ နောက်တစ်ခုလည်း သတိထားမိလိုက်ရဲ့။ ကမ္ဘာ့အားကစားအဖွဲ့ချုပ် တစ်ခုရဲ့ ဥက္ကဋ္ဌကြီးက မောင်စံပေါတို့ရဲ့ သက်ဆိုင်ရာဝန်ကြီးကို လာတွေ့တယ်။ ဒီနှစ် ဇူလိုင်လရဲ့ ဂမ္ဘီရမှာ သူ့ခမြာလည်း ရာထူး
ကျသွားရရှာတယ်။ ကမ္ဘာ့အဆင့် ဥက္ကဋ္ဌကနေ အာဆီယံ ဥက္ကဋ္ဌ ဖြစ်သွားတယ်။ ကမ္ဘာ့ အတွင်းရေးမှူး ဖြစ်သွားတယ်။ လူမျိုးလည်း ပြောင်းသွားတယ်။ နိုင်ငံလည်း ပြောင်းသွားတယ်။ နာမည်လည်း ပြောင်းသွားတယ်။ မပြောင်းတာက ဓာတ်ပုံမှာပါတဲ့ သူ့ရုပ်ရည်။

လျှာခလုတ်တိုက်သွားတာ။ မှားပြောမိတာက သည်းခံပါခင်ဗျာနဲ့ ပြီးလို့ရတယ်။ ဗီဒီယို ရိုက်မထားရင် ဘာမှတ်တမ်းမှ မကျန်ဘူး။ လူကြီးဆိုတာ စိတ်မကောက်တတ်ဘူး။ စိတ်တော့ ကွက်တတ်မလားဘဲ။ စိတ်မဆိုးတတ်ဘူး။ စိတ်ခုတတ်တာမျိုး ရှိချင်ရှိမပေါ့။ ထားလိုက်ပါ။

အဆင့်မှားရေးတာရော၊ ဘာဖြစ်လဲ။ ဘာဖြစ်လဲ ယတြာတောင် ချေပြီးသား ဖြစ်သေး။ ကျေးဇူးတောင် တင်ရဦးမှာ။

နာမည်မှားသွားတာ ဘာမှခံစားမနေပါနဲ့။ စုံစမ်းစစ်ဆေး မေးမြန်းမှုတွေဘေးက ဝေးရဖို့ဖြစ်တယ် အောက်မေ့။ အနည်းဆုံးမီးဖိုချောင် သခင်မဆီက ''ရှင့်ယောက်ဖမို့ လှူရတာလား၊ ဘာမှ အခွင့်အရေး မပေးနိုင်တဲ့လူကိုများ အံ့ အံ့ပါရဲ့''ဆိုတာမျိုး မကြားရတော့ဘူး။

ကဗျာဆရာကြီးတွေ အကြောင်း ရတယ်လေ။ သိကြတဲ့ ပညာရှင်တွေ၊ ၀ါသနာရှင်တွေ၊ ဆရာတွေ၊ ဘာတွေ၊ ညာတွေက ပြန်ရေးကြလိမ့်မယ်။ အမှန် ပြင်ပေးလိမ့်မယ်။ ရေးရင်လည်း ''အဲဒါ 'က' ကြီး မဟုတ်ဘူး 'ယ'
ပက်လက်ကွလောက်နဲ့ မပြီးဘူး။ စိတ်ချ။ စာဖတ်သူတွေ ဗဟုသုတတွေ ပိုရစရာတောင် ဖြစ်ဦးမှာ။

ဂေါက်သီးပြိုင်ပွဲ နာမည် ပြောင်းသွားတာ။ ဂေါက်ကွင်းကြီး သမုဒ္ဒရာကျော်ဖြတ်ပြီး တခြားနိုင်ငံကို ရွှေ့သွားတာ။ ကမ္ဘာ့အားကစားအဖွဲ့ချုပ် တစ်ခုရဲ့ ဥက္ကဋ္ဌကြီး ကိုယ်ရေးရာဇ၀င် အသစ် ပြုစုရတော့မယ့် ကိစ္စ။ ရေးရင်းနဲ့
လက်ညောင်းလာတယ်။ ငါ့စကားနွားရ ဖြေချင်တာဖြေ၊ ပြောချင်ရာပြောဖို့ စကားရှာမရတော့ဘူး။ သြော် လုပ်ချင်တာတွေကတော့ မနည်းမနော လုပ်ပြီးပေါ့။

ဒီနေ့ခေတ် လူတွေကိုလည်း သနားတယ်။ ခမြာများမှာ လုပ်ရတဲ့ အလုပ်တွေက မနည်းမနော။ မကြည့်ချင် မြင်နေရတာတွေ အပုံ။ မကြားချင် နားထဲဝင်လာတာတွေက အများကြီး။ ဒီဟာလေး ခေါင်းထဲရောက်လို့မှ အမှန်အမှား မခွဲခြားနိုင်အားသေးဘူး။ ဟိုဟာက အပေါက်ဝက ၀င်လာပြီ။ ဟိုသင်းတွေ ဟိုဥစ္စာတွေက တန်းစီနေကြတယ်။

ဒီကြားထဲ အရှေ့အလယ်ပိုင်း ပြဿနာကို နေ့တိုင်း ရှင်းနေရတယ်။ အစာအိမ်ကို ပြောတာ။ နောက်ရေးကိုလည်း အေးအောင် ကြိုးစားရတယ်။ ၀မ်းတစ်လုံးကောင်းဖို့ရယ်၊ ကျောခင်းနားဖို့ရယ်၊ အထက်ပိုင်းမှာ မျက်စိနှစ်လုံး၊
နားနှစ်ဖက်နဲ့ ပါးစပ်တစ်ပေါက်က အတော်ဆိုးတာ။ နှာခေါင်းနှစ်ပေါက်လည်း ပါသေး။ အောက်ခြေလည်း ဘာထူးလဲ။ အောက်ခြေခိုင်မှ မြဲမြဲရပ်နိုင်မှာ။

ဒီတော့ကာ မီဒီယာက ဆရာတွေမှာ ပြဿနာတွေက မနည်းတာ မဆန်းဘူး။ ဘုရားတောင်မှ မကြိုက်ကြသူတွေများတာ။ ဖေ့ဘုတ်မှာ လျှောက်လျှောက်ရေးတဲ့ လူတစ်ယောက်ကို သူမှားတာတွေ အမှန်ပြောလိုက်တာ
နာရီမဆိုင်းဘူး။ ငယ်စာရင်းဖျက်ပြီး သူငယ်ချင်း အဖြစ်က ထုတ်ပစ်တယ်။ ကိုယ်တွေ့နော်။ သူ့သားသမီးအရွယ်လေးက ဆရာလုပ်ရမလား ဆိုပြီးတော့ မှန်တာပြောရင် တယ်မကြိုက်ချင်ကြဘူး။

ပြောကြသပေါ့ဗျာ။ နိုင်ငံတော်သစ်မှာ မီဒီယာတစ်ခေတ် ဆန်းပြီ။ ပွင့်ပွင့်လင်းလင်း ပြောကြ၊ ရေးကြ။ စတုတ္ထမဏ္ဍိုင်ကို ခိုင်ခိုင်မြဲမြဲ ထူထောင်ကြ ဘာဘာညာညာ။ ပြောစရာတွေ အများကြီးရှိမှာ။ ပြောမယ့်သူတွေလည်း များမှာပါ။မောင်စံပေါတို့ အဖေ ပြောဖူးတာ တစ်ခု ရှိတယ်။

''အလုပ်တစ်ခုဟာ ကောင်းလား၊ ဆိုးလားကြည့်။ ရလဒ်ဟာ ကောင်းလားဆိုးလား သိ။ သက်ရောက်မှု အတိုင်းအတာက ကိုယ့်တစ်ယောက်တည်းလား။ ကိုယ်စားပြုရာ မိသားစု၊ ၀န်းကျင် အသိုင်းအ၀ိုင်း၊ ဆွေမျိုးသားချင်း၊ ဒေသ၊ နိုင်ငံ စသဖြင့် ဘယ်လောက် အထိလဲ။ သက်ရောက်မယ့် ကာလ အတိုင်းအတာကရော အချိန်ပိုင်းလေး ခဏပဲလား။ ရက်လား၊ လလား၊ နှစ်လား၊ စဉ်းစား'' တဲ့။

လက်နက်ကြီးကြီး ကိုင်ထားရင် များများ သတိထားရတယ်။အဖြေက ချက်ချင်းသိနိုင်တာမျိုးဆိုရင် ချက်ချင်းပြင်နိုင်တယ်။ ပြင်နိုင်သေးရင် ပေါ့ဗျာ။အတွေးအခေါ် အယူအဆတစ်ခုကို ပေးတာ ဆိုရင်တောင်မှ မှန်ခြင်း မှားခြင်းဟာ လက်ခံသူပေါ်မှာ တည်နိုင်သေးတယ်။ အမှန်တရားရဲ့ ဆန့်ကျင်ဘက်မှာ တခြား အမှန်တရားတစ်ခုရှိတယ် ဆိုပဲ။

အကြောင်းအရာ အချက်အလက်က အမှန်သိသူက တွေ့ရင် ချက်ချင်း မြင်နိုင်တယ်။ ရှက်တတ်မယ် ဆိုရင် ရှက်စရာကောင်းသပေါ့ဗျာ။

ငယ်ငယ်တုန်းက 'အလိမ္မာ စာမှာရှိ'ခေါင်းစဉ်နဲ့ စာစီစာကုံး ရေးခဲ့ဖူးတယ်။ မမှန်တာတွေဖတ်ပြီး မှားတာတွေမှတ်ရင် ဒေ၀ဒတ်ကို ဆရာအတင်မှားတဲ့ အဇာတသတ်လို ဖြစ်သွားနိုင်တယ်။

လူဆိုတဲ့အမျိုးကလည်း တစ်ခါတစ်ခါ အတော်ဆိုးပါတယ်။

ကိုယ်မှန်တာ စာမဖွဲ့နိုင်တောင်မှ သူမှားတာ ဇာချဲ့ချင်တယ်။

ကိုယ်ကောင်းတာ ပြစရာ မရှိတောင်မှ သူမကောင်းတာ အများသူငါ သိစေချင်တယ်။

မောင်စံပေါလည်း အသက်ကလေး ရလာလို့လား မသိဘူး။ ပိုပိုပြီး စကားများလာတယ်။ ပစိပစပ် များလာတယ်။ ဂဂျီဂဂျောင် နိုင်လာတယ်။ မျက်နှာတွေကြည့်ရင် မျက်ချေးရှိမလား ရှာတတ်လာတယ်။

တရားတကယ်မသိဘူး ပြောလည်းရတယ်။ တရားတကယ်မရှိဘူး ပြောလည်းရမယ်။

သံသရာတိုမယ့်လမ်းကို မတွေးဘဲ သံသရာရှည်မယ့် လမ်းတွေပဲ ရွေးရွေးနေမိတယ်။

အသက်ကြီးလာပေမယ့် အနေမတတ်၊ အထိုင်မတတ်နဲ့ ဟိုရေး ဒီရေး လျှောက်လျှောက်ရေး မိနေတဲ့ မောင်စံပေါလည်း မှားတဲ့ဘက်မှာ ပါပဲ။

ရေးသားသူ..မောင်စံပေါ

ပဲခူးတွင် လူဦးရေ တစ်သောင်းကျော် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်နေရ

နှစ် ၅၀ အတွင်း စံချိန်တင် ရေကြီးမှုကြောင့် ပဲခူးမြို့တွင် လူဦးရေ ၁၄,၀၀၀ ကျော် ကယ်ဆယ်ရေးစခန်း၌ နေထိုင်နေရကြောင်း ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ သတင်းရရှိသည်။ ပဲခူးမြို့ရှိ ရပ်ကွက်ကြီးများ ဖြစ်သော ကလျာဏီ၊ ဇိုင်ဂနိုင်း တောင်၊ မြောက်၊ ကျောက်ကြီးစု၊ နန်းတော်ရာသစ်၊ ကျွန်းသာယာ စသည့် ရပ်ကွက်များတွင် နေအိမ်များ ရေမြုပ်နေကြသည်။

ယင်းရပ်ကွက်များမှ အိမ်ထောင်စုပေါင်း ၄၀၀၀ ကျော်သည် ရေဘေးကယ်ဆယ်ရေး စခန်းများတွင် ခေတ္တခိုလှုံနေရသည်။ “ကျွန်တော်တို့ ဒီကိုရောက်နေတာ သုံးရက်ရှိပြီ။ ဒီသာသနာ့ဗိမာန်မှာ နေရတာ အားလုံးအဆင်ပြေပါတယ်။ စားဖို့၊ သောက်ဖို့ကအစ ကျန်းမာရေး စောင့်ရှောက် မှုတွေ ရပါတယ်” ဟု ကျောက်ကြီးစု ရပ်ကွက်နေထိုင်သူ တစ်ဦးက ဆိုသည်။ ပဲခူးမြို့ပေါ်ရှိ ရေလွတ်ရာ နေရာများတွင် လက်ရှိအချိန်ထိ ရေဘေးကယ်ဆယ်ရေးစခန်း ၂၂ ခု ဖွင့်လှစ်ထားကြောင်းလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပဲခူးမြို့သည် နှစ်စဉ် ရေကြီးမှုများနှင့် ကြုံတွေ့နေရသည့် မြို့ဖြစ်ပြီး ယခုနှစ် ရေကြီးမှုမှာ နှစ် ၅၀ အတွင်း အမြင့်ဆုံးဖြစ်ကြောင်း ပဲခူးမြစ်၏ ရေပမာဏသည် စိုးရိမ်ရေမှတ်ထက် ၅၀ စင်တီမီတာ ကျော်လွန်ပြီး ၉၅၉ စင်တီမီတာထိ ရောက်ရှိခဲ့ကြောင်း တိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

ဒီတခါ သူ့လည်းမျက်ရည်တွေလှိုင်မယ်ထင်ပါတယ်...

သမ္မတ ဦးသိန်းစိန်သည် စီးပွားရေး၊လူမှုရေး အသင်းအဖွဲ့ ၅၀ ကျော်ကို သြဂုတ်လ ၁၇ ရက်နေ့တွင် နေပြည်တော်ရှိ Myanmar Convention Centre တွင်နိုင်ငံတော်၏ မူဝါဒအပေါ် အခြေခံသည့် မိန့်ခွန်းတစ်ရပ် ပြောကြားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ သိရှိရသည်။

အဆိုပါမိန့်ခွန်းအား နေ့လယ် ၂ နာရီတွင် စတင်ပြောကြားမည်ဖြစ်ပြီး၊နေ့လယ် ၁နာရီခွဲအရောက် MCC ခန်းမတွင် နေရာယူပေးပါရန် အကြောင်းကြားထားကြောင်း မြန်မာနိုင်ငံ ကုန်သည်/စက်မှု အသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

"ကျွန်တော်တို့ကို ၁၀ ဦးတက်ရောက်ဖို့ ဖိတ်ကြားတာပါ။ အခြား အသင်းအဖွဲ့တွေကိုလည်း ဖိတ်ကြားတယ်လို့ သိရပါတယ်"ဟုဆိုသည်။

ယင်းဆွေးနွေးပွဲအား သတင်းမီဒီယာများ တက်ရောက်ခွင့်ရမည်ကို မသိရှိရသေးသော်လည်း၊ ယင်းကိစ္စရပ်ကို နိုင်ငံတော်သမ္မတရုံးမှ တိုက်ရိုက် စီစဉ်ခြင်းဖြစ်ကြောင်း ယင်းတို့နှင့်နီးစပ်သူ တစ်ဦးကဆိုသည်။

သြဂုတ် ၁၆ ရက်နေ့က ပြုလုပ်သော စက်မှု(၂)ဝန်ကြီးနှင့်သတင်းမီဒီယာ များ တွေ့ဆုံပွဲတွင် လည်း နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် သတင်း မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း စက်မှု(၂)ဝန်ကြီးက ပြောကြားခဲ့ကြောင်း ယင်းနေ့က အစည်းအဝေးကို တက်ရောက်ခဲ့သူတစ်ဦးကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုလွှတ်တော်တွင် တစ်ကြိမ်၊နိုင်ငံတော် သမ္မတရုံးတွင် တစ်ကြိမ်၊ဆင်းရဲမွဲတေမှု လျော့ချရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် တစ်ကြိမ်၊ မိန့်ခွန်းများပြောခဲ့ပြီး၊ ယင်းမိန့်ခွန်းများထဲမှ ပြည်သူလူထုအား ဂတိပေးထားချက်အချို့ကိုလည်း အကောင် အထည် ဖော်ဆောင်နိုင်ခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအင်အား စုပါတီမှ ခေါင်းဆောင် တစ်ဦးကဆိုသည်။

သတင်း.. YC(KS)

16 August 2011

မိုးကြိုးပစ်ခတ်မှုကြောင့် မိဘနှစ်ဦးအပါအ၀င် ၁၅ နှစ်သမီးပါ သေဆုံး


မန္တလေးတိုင်း ဒေသကြီး ပုသိမ်ကြီးမြို့နယ်တွင် မိုးကြိုးပစ်မှုကြောင့် မိဘနှစ်ဦးနှင့်အတူ မိန်းကလေးတစ်ဦး သေဆုံးခဲ့ ပြီး ကျန်မိသားစုဝင် ကလေးလေးဦးမှာအသက်ဘေးမှ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

ယခုလ ၁ ရက်နေ့ ညနေပိုင်းတွင် ပုသိမ်ကြီးမြို့နယ် သံမှိုကျွန်းရွာအရှေ့ ဘက်ရှိ ဧရာဝတီမြစ်ကမ်း သဲသောင်ပြင် ပေါ်တွင် တဲထိုးနေထိုင်သော မိသားစု တစ်စုကို မိုးကြိုးထိမှန်ခဲ့ရာ ဦးမောင်စိန် (၄၈ နှစ်) နှင့် ဇနီး ဒေါ်ရှုပ်တေး (၄၇ နှစ်)၊ အသက် ၁၅ နှစ်ရှိ သမီးဖြစ်သူ မအိအိဖြူ တို့မှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

"အဲဒီအချိန်က မိုးကြိုးပစ်သံကို သုံးချက်လောက်ကြားလိုက်ရတာပဲ။ ပထမ တစ်ချက်နဲ့တင်သူတို့ပါသွားတာပဲ။ တဲထဲမှာ သေသွားတဲ့ သုံးဦးနဲ့ အတူ ခုနစ် လသားအရွယ် ကလေးတစ်ယောက်နဲ့ တခြား ကလေးသုံး ယောက်လည်းရှိ နေခဲ့ ကြတယ်။ သေသွားတဲ့ အဖေဖြစ်သူမှာ ဒဏ်ရာ မတွေ့ရဘူး၊ အမေဖြစ်သူက ဒူးနားမှာ လုံချည်အကွင်းလိုက် ပေါက်သွားတာတွေ့ရတယ်။ သမီးဖြစ် သူက တစ်နေ့ပိုက်ဆံ တစ်ထောင် နဲ့ပဲ အငှားလိုက်နုတ်တာလေ။ အဲဒီနေ့က မိုးတွေတက်လာလို့ တဲဘက်ပြန်ပြေးလာ တာ။ သူကတော့ သေဆုံးချိန်မှာ ပေါင် မှာအညိုအမည်းစွဲသွားတာ တွေ့ရပါ တယ်"ဟု အခင်းဖြစ်တဲအနီးတွင် နေထိုင် သော အသက် ၃၈ နှစ်ရှိ ဦးပေါကြီးက ပြောသည်။ အဆိုပါ သောင်ပြင်ပေါ်တွင် ၎င်း နေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိ ပြီဖြစ်ကြောင်းနှင့် ယခုကဲ့သို့ အဖြစ်မျိုး မကြုံခဲ့ဖူးသေးကြောင်း ပြောသည်။

"အမေတို့က ထမင်းစားဖို့ လက်ဖက်သုပ်နေရင်းနဲ့ လဲကျသွားတာပဲ။ သမီးကတော့ ဘာသံမှ မကြားလိုက်ဘူး"ဟု အသက်ရှစ်နှစ်ရှိ အသက်ရှင်ကျန်ရစ်သူ မဇင်ဇင်မွှေးက တစ်နှစ်သားအရွယ် ၎င်း၏ ညီမငယ်ကိုချီထားရင်း ပြောသည်။ ကျန်ရစ်ခဲ့သော ကလေးများကို သေဆုံးသူအမေ၏ ညီမဖြစ်သူက ၎င်း နေထိုင်ရာ မြင်းခြံမြို့နယ် ဆီမီးခုံရွာသို့ ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောသည်။

သဲသောင်ပြင်ပေါ်မှ မိုးကြိုးပစ်ခံ ရသော တဲအိမ်အနီးတွင် အခြားတဲငယ် ရှစ်လုံးခန့်ရှိနေပြီး အချင်းဖြစ်ပွားပြီး နောက် ကပ်လျက်တဲ သုံးတဲခန့်မှာ အချိန် မဆိုင်းဘဲ အခြားသို့ ရွှေ့ ပြောင်းသွား ခဲ့ကာ ကျန်တဲများအားလုံးလည်း အဆိုပါ သဲသောင်ပြင်မှ ပြောင်းရွှေ့သွား တော့ မည်ဖြစ်ကြောင်း သိရသည်။

"ကျွန်မတို့လည်း ဒီမှာ မနေချင်တော့ ဘူးလေ။ သေသွားသူတွေနဲ့က တဲနီးချင်း တွေဆိုတော့ နေ့လည်းနေ့မို့၊ ညလည်း ညမို့ ဝင်ထွက် သွားလာနေကြတာ။ သူတို့ တွေရဲ့အဖြစ်ကို မျက်စိထဲ မြင်နေမိကြ တော့ ဒီမှာ မနေချင်ကြတော့ပါဘူး"ဟု တဲနီးချင်းအမျိုးသမီးကြီး များ က ဖြည့် စွက်ပြောသည်။

အဆိုပါ ဩဂုတ်လ ၁ ရက်နေ့ညနေ က ၎င်းတဲသို့ မိုးကြိုးပစ်ချိန်ထက် အနည်း ငယ်စောပြီး ပုသိမ်ကြီးမြို့နယ် ရေတံခွန် တောင်သို့ သွားသော လမ်းပေါ်ရှိ ရေကြည်ရွာတွင်လည်း မိုးကြိုးထိမှန်မှု ကြောင့် ခိုင်းနွားနှစ်ကောင် သေဆုံးသွား ကြောင်း၊ ယခုကာလတွင် မြန်မာနိုင်ငံ နေရာအနှံ့၌ မိုးကြိုးထိမှန်မှုများ မကြာခဏဖြစ်ပွားနေရာ မိုးရွာချိန်တွင် လွင်တီး ခေါင်ပြင်၊ လယ်ကွင်းနှင့် သဲသောင်များ သို့ သွားလာခြင်းမပြုသင့်ကြောင်း သိရသည့်သတင်းအား မြန်မာတိုင်း(မ်)ဂျာနယ်တွင်ဖော်ပြပါရှိသည်.။