ကျွန်တော်တို့အစ်မမှာ သားနှစ်ယောက် ရှိပါတယ်။
သားအကြီးက မောင်မြင့်ဆန်းအောင်(ခ) ALEXANDER နဲ့ သား အငယ်က မောင်ထိန်လင်း(ခ) KIM တို့ ဖြစ်ပါတယ်။
မောင်မြင့်ဆန်းအောင် ကို ၁၂-၄-၁၉၇၃ ခုနှစ်၊ ကြာသပတေးနေ့မှာ မွေးဖွားပါတယ်။
မောင်ထိန်လင်းကိုတော့ ၂၄-၉-၁၉၇၇ ခုနစ်၊ စနေနေ့မှာ မွေးဖွား ပါတယ်။
လွန်ခဲ့သော ၂၃ နှစ် အထိကတော့ သားနှစ်ယောက်ကို ရင်အုပ်မကွာ ထားရှိခဲ့ပါတယ်။
အခု အချိန်မှာ သားတွေနဲ့ အနေဝေးကွာနေ ခဲ့ပါတယ်။
တစ်ခါတလေတော့လည်း သားတွေနဲ့ အနေနီးခဲ့ပါတယ်။
ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ ရင်သွေးတွေအပေါ် ထားရှိခဲ့တဲ့ စိတ်ဓာတ်ကတော့ အပြည့်ရှိခဲ့ပါတယ်။
ဗုဒ္ဓဘာသာဝင်တို့ရဲ့ ထုံးစံအတိုင်း ရှင်ပြုချိန်တန်တဲ့အချိန်မှာ ရှင်ပြုပေးခဲ့ပါတယ်။
သားတွေနဲ့ အနေ ဝေးနေသော်လည်း သားတွေရဲ့မွေးနေ့မှာ ကောင်းမှုကုသိုလ်တွေ ပြုလုပ်ပေးလေ့ရှိပါတယ်။
ကိုယ်တိုင် မပြုလုပ်နိုင်သည့်တိုင်အောင် တစ်စုံတစ်ယောက်ကိုတော့ ကိုယ်စားပြုလုပ်ခိုင်းလေ့ရှိပါတယ်။
ဘာမဆို သားနှစ်ယောက်ကို အညီအမျှ ဖြစ်စေပါတယ်။ တစ်ယောက်ယောက်အပေါ် ဘက်လိုက်ရင်လည်း မကြိုက်ပါ။
ကျွန်တော်ကတော့ ခဏခဏ အပြောခံရပါတယ်။ အဆူခံရပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပါပဲ၊ ပုဂ္ဂိုလ်စွဲ တအားထားတာကိုး။ ဒါမှဒါ သူမှသူဆိုတဲ့အကျင့် ရှိခဲ့ပါတယ်။
ပြောပြရဦးမယ်၊ တစ်ခါတုန်းကပေါ့ဗျာ။ အစ်မရဲ့မိတ်ဆွေတစ်ယောက် လာပါတယ်။ ခင်ဗျားတို့လည်း သိမှာပါ။ သူ ဆိုင်းထိုးရင် (လက်မှတ်ထိုးရင်) 'မြန်မာပြည်' ဆိုတာလေး ထည့်ထည့်ပြီး လက်မှတ်ထိုးလေ့ရှိတဲ့ လော့ဒ်မောင့်ဘက်တန် (မြန်မာပြည်)ဆိုတဲ့ ပုဂ္ဂိုလ်ကြီးရဲ့ အမြွှာမြေးနှစ်ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ တင်မ်လို့ ခေါ်တဲ့ အစ်မမိတ်ဆွေပါ။
ကျွန်တော်တောင် သိပ်မမှတ်မိတော့ပါ။ ၁၅ နှစ်လောက်တော့ ရှိပါပြီ။ အဲဒီ အစ်မရဲ့မိတ်ဆွေက ကျွန်တော့ကို တီရှပ်လေးနှစ်ထည် လက်ဆောင်ပေးချင်တော့ အစ်မကို ပြောပါတယ်။ အစ်မက ကျွန်တော့ကို ခေါ်ပါတယ်။
"ကေအမ်အက်စ်၊ သူက လော့ဒ်မောင့်ဘက်တန်ရဲ့ အမြွှာမြေး နှစ်ယောက်ထဲက တစ်ယောက်ပါ။ တင်မ်လို့ ခေါ်တယ်။ သူ့မျက်လုံး တစ်ဖက်က မကောင်းဘူး။ လော့ဒ်မောင့်ဘက်တန်ကို ဗုံးနဲ့ခွဲပြီး လုပ်ကြံခံရတုန်းက သူလည်း ပါတယ်။ အဲဒီမှာ သူ့မျက်လုံးတစ်ဖက် ပျက်စီးသွားတယ်။ အစ်မရဲ့ မိတ်ဆွေပဲ။ သူကပြောတယ်၊ သူ ဒီကိုလာတုန်းမှာ ကေအမ်အက်စ်က အမြဲတမ်း အစ်မပုံပါတဲ့ တီရှပ် ၀တ်တာ သူတွေ့တွေ့နေတယ်။ ဒါကြောင့် ကေအမ်အက်စ်ကို တီရှပ်ပေးချင်တယ်။ ဒါပေမယ့် အစ်မပုံတော့ မပါဘူး။ ရိုးရိုးတီရှပ် ဖြစ်နေတယ်။ လက်ခံမခံ အစ်မက မေးကြည့်ပေးမယ် ဆိုလို့ အခု ကေအမ်အက်စ်ကို အစ်မ မေးတာပဲ" လို့ ပြောပါတယ်။
"အစ်မပုံမပါရင် ကျွန်တော် မယူချင်ဘူး" ပြောတော့ အစ်မက "အဲလိုမလုပ်ရဘူး။ လက်ခံလိုက်ပါ" လို့ အစ်မက ပြောတာနဲ့ ကျွန်တော် လက်ခံလိုက်ပါတယ်။ ကျေးဇူးတင်ကြောင်းလည်း ပြန်ပြောလိုက်ပါတယ်။
အစ်မမိတ်ဆွေလည်း ပြန်သွားရော ကျွန်တော်က "အစ်မ၊ ဒီတီရှပ်နှစ်ထည်ကို ကင်မ်ကို ပေးပေးပါ"လို့ ပြောတဲ့အခါမှာ အစ်မက မျက်နှာထားနဲ့ "ကေအမ်အက်စ်က သိပ်ဘက်လိုက်တာပဲ။ အစ်မမှာ သား နှစ်ယောက် မွေးထားတာ။ တစ်ယောက် တစ်ထည် ပေးရမှာ ပေါ့။ ကင်မ်ကိုပဲ ပေးရမယ်ဆိုတော့ ကေအမ်အက်စ် မတရားဘူး"လို့ ပြောတော့ ကျွန်တော် စကားပြန်ပြင်ပြီး ပြောလိုက်ရတယ်။
ကဲ ခင်ဗျားတို့သိပြီနော်။ ဘာမဆို၊ အစ်မက မျှမျှတတ စိတ်ထားမျိုးထားစေချင်တယ်ဆိုတာလေ။ ကျွန်တော်ကလည်း ကျွန်တော်ပဲ၊ မောင်ထိန်လင်းကို ပိုချစ်တယ်။ မောင်ထိန်လင်းက အငယ်ဆုံးလည်း ဖြစ်တာရယ်၊ အစ်မနဲ့က မျက်နှာကျရယ်၊ စိတ်ဓာတ်ရယ်က သိပ်တူပါတယ်။
လာလည်တာကလည်း စိပ်တော့ သူ့ကို အားလုံးက ရင်းနှီးကြပါတယ်။မောင်မြင့်ဆန်းအောင်က အနေဝေးတော့ စိမ်းနေသလို ဖြစ်တာပါ။
နှစ်ယောက်စလုံး အတူတူချစ်ပါတယ်။
အဲ ပူပူနွေးနွေး ဘက်လိုက်တာတစ်ခု ကျွန်တော်လုပ်မိပြန်ပြီ။ အစ်မမျက်နှာထားနဲ့ ပြောမှာ ကျိန်းသေတယ်။ မကြာသေးခင်က မောင်ထိန်လင်းရဲ့ မွေးနေ့ဆုတောင်းလေး ကျွန်တော် မြန်မာတိုင်း(မ်)မှာ ထည့်လိုက်ပါတယ်။ (အစ်မကို ပြန်မပြောကြပါနဲ့နော်)။
အစ်မသိရင် ကျွန်တော့ကို ပြောဦးမှာ။ "ကေအမ်အက်စ်က သိပ်ဘက်လိုက် တာပဲ။ မောင်မြင့်ဆန်းအောင် မွေးနေ့တုန်းက ကျတော့ ဘာလို့မလုပ်တာတုံး"ဆိုပြီး ပြောမှာကျိန်းသေပါပဲ။
ကျွန်တော်ကလည်း ကျွန်တော်ပါပဲ။ မျှမျှတတ လုပ်ပေးပါတယ်။
အစ်မက "ကေအမ်အက်စ် မနက်ဖြန် မြင့်ဆန်းအောင် မွေးနေ့" လို့ ပြောလိုက်တာနဲ့ "စိတ်ချပါအစ်မ"ဆိုပြီး မွေးနေ့ကျရင် ကြာသပတေး ထောင့်မှာ ပန်းသက်စေ့ (တစ်ပွင့်ပို)၊ ရေသက်စေ့ (တစ်ခွက်ပို)၊ ဂေါပကအဖွဲ့မှာ ရွှေသင်္ကန်းအလှူတော် (ဖြတ်ပိုင်းလေး သိမ်းထားပါတယ်) လုပ် ပေးပါတယ်။
(လီလီပန်းပွင့်ရင်တောင် အစ်မက လီလီပန်းပေးပါတယ်။ မပေးရင်တော့ ကျွန်တော် နှင်းဆီပန်းအနီ၊ အ၀ါ ၀ယ်ပါတယ်။ အစ်မက "ကေအမ်အက်စ် မနက်ဖြန် ထိန်လင်းမွေးနေ့" လို့ ပြောလိုက်တာနဲ့ "စိတ်ချပါအစ်မ" ဆိုပြီး မွေးနေ့ကျရင် စနေထောင့်မှာ ပန်းသက်စေ့ (တစ်ပွင့်ပို)၊ ရေသက်စေ့ (တစ်ခွက်ပို)၊ ဂေါပကအဖွဲ့မှာ ရွှေသင်္ကန်း အလှူတော် (ဖြတ်ပိုင်းလေး သိမ်းထားပါ တယ်) လုပ်ပေးပါတယ်။
မျှမျှတတပါ အစ်မ။
သားသမီးအပေါ်မှာ ထားတဲ့ မိခင်တိုင်းရဲ့ စိတ်ဓာတ်မျိုး အစ်မမှာလည်း ရှိပါတယ်။ အနေဝေးနေလို့သာ ဖြစ်မှာပါ။
အဲ ဒါပေမယ့် တိုင်းပြည်နဲ့ လူမျိုးအတွက် မိသားစုကို စွန့်လွှတ်သင့်ရင် စွန့်လွှတ်မှာပဲဆိုတဲ့ စိတ်ဓာတ်မျိုးကတော့ အစ်မတစ်ယောက် တည်းပဲ ရှိပါတယ်။ သာဓကအဖြစ်လည်း တည်ရှိနေပါတယ်။ မိခင်တစ်ယောက်ရဲ့ဝတ္တရား မကျေပွန်ခဲ့ရင်တောင်မှ နားလည်မှုပေး တတ်တဲ့၊ သိတတ်တဲ့သားတွေ အစ်မမှာ ရှိပါတယ်။
ပြန်လည်ဆုံတွေ့ကြတဲ့အခါမှာ ခွဲခွာ ရခြင်းရဲ့ အတိုးကို ပေးဆပ်လေ့ရှိကြပါ တယ်။ ဒီတစ်ခါက အရင်အခါတွေနဲ့ မတူတော့လို့ လွတ်လွတ်လပ်လပ်နဲ့ အတိုးဆပ်ခဲ့ရပါတယ်။ 'ပုဂံဘုရားဖူး'တဲ့။
သားအမိနှစ်ယောက်နဲ့ 'သက်တော်စောင့်' တောင်ပါသေး။ 'တပ်ချီဒို' လေ။ သူ့အမေလုံခြုံမှုကို စိုးရိမ်ရှာတယ်နဲ့ တူပါတယ်။
'မေမေ့အတွက် ဘော်ဒီဂတ်' တဲ့။ ခွေးကလေးတစ်ကောင် ၀ယ်ပေးခဲ့ တယ်။ မိခင်အပေါ်မှာထားတဲ့ သားရဲ့ မေတ္တာ။ သူ့အမေကလည်း 'တပ်ချီဒိုမှ တပ်ချီဒို'၊ အစာကျွေးရင် ကိုယ်တိုင်ကျွေးရမှ။ စည်းကမ်းနဲ့။
ဒီတစ်ခေါက် သားအမိနှစ်ယောက်ပုံက အရင်အခါတွေတုန်းကလို မဟုတ်ဘဲ လူသိပိုများ သွားပါတယ်။ ပြောသံဆိုသံ လေးတွေ ကြားရပါတယ်။
"မျက်နှာအကျက အမေနဲ့ သိပ်တူတာပဲ" ဆိုတော့ ကျွန်တော်က ကဗျာလေး စပ်လိုက်ပါတယ်။
မျက်နှာအကျက
အမေနဲ့ သိပ်တူ လိုက်တာ၊
ဟုတ်ပါတယ်
အဖေတူ သမီးကမွေးတဲ့
အမေတူ သားပါ၊
မေမေ့အတွက်
Body Guard တဲ့
'တပ်ချီဒို' အဖော်ထား
အာဂ အမေ့သား..။
အစ်မက သားနှစ်ယောက်စလုံးကို ရှင်ပြုပေးပြီးပါပြီ။
ရဟန်းခံ ပဉ္စင်းတက်ဖို့ပဲ ကျန်ပါတော့တယ်။ ညီအစ်ကို နှစ်ယောက်ဆုံရင် ပဉ္စင်းတက်ပြီး ရဟန်း အမ ရဟန်း မယ်တော် လို့ အစ်မကို ခေါ်ချင်ပါတယ်။
အဲဒီအချိန်က အစ်ကို့ကို သတိရမိကြမှာ အမှန်ပါ။
မိုးလင်း...(မြန်မာတိုင်း(မ်))