25 February 2012

မန္တလေး မြို့တော်ဝန် အကူအညီဖြင့် ဒေါ်အောင်ဆန်းစုကြည် ဟောပြောရန် နေရာရ

မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန်၏ ကူညီမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးတိုင်း စည်းရုံးရေး ခရီးစဉ်အတွင်း လူထုသို့ ဟောပြောရန် နေရာရရှိသွားပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြောသည်။

ဦးဖုန်းဇော်ဟန်၏ လမ်းညွှန်မှုဖြင့် မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီပိုင် ချမ်းမြသာစည်မြို့နယ်
အောင်ပင်လယ် ရပ်ကွက် ၅၁ လမ်းနှင့် အောင်ဇေယျ လမ်းထောင့်ရှိ ပလပ်မြေအတွင်း သောကြာနေ့က ရရှိသွားခြင်းဖြစ်သည်။

“မနေ့က (ကြာသပတေး) မြို့တော်ဝန်ကနေ ခေါ်ပြီးတော့ ကွင်းစီစဉ်ပေးတယ်ပေါ့။ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်လိုက် တဲ့ သဘောပါ။ ကျနော်တို့လည်း ကျေးဇူးတင်ပါတယ်” ဟု NLD ပြောခွင့်ရ ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဗိုလ်မှူးချုပ်ဟောင်း ဦးဖုန်းဇော်ဟန်သည် ၂ဝ၁ဝ ရွေးကောက်ပွဲအတွင်း မန္တလေးတိုင်း လွှတ်တော်အတွက်

အောင်မြေသာဇံ မြို့နယ် မဲဆန္ဒနယ် ၂ တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်ပြီး မြို့တော်ဝန်နှင့် မန္တလေးတိုင်း စည်ပင်သာယာရေးဝန်ကြီး ဖြစ်လာသူ ဖြစ်သည်။

သူသည် ၂ဝ၁၁ ခုနှစ် သြဂုတ်လအတွင်းက အာဏာအလွဲသုံးကာ မြေကွက်များ အလွဲသုံးစားပြုမှုဖြင့် မန္တလေးတိုင်း ဝန်ကြီးချုပ်ဦးရဲမြင့်မှ ခေါ်ယူစစ်ဆေးခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ဦးဖုန်းဇော်ဟန် ခွင့်ပြုသည့်နေရာသည် လူထုပရိသတ် လေးသိန်းခန့် ဝင့်ဆံ့မည်ဟုလည်း ဦအုန်းကြိုင်က ခန့်မှန်းပြီးဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့တွင် မန္တလေးသို့ လေယာဉ်ဖြင့် သွားရောက်မည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း မန္တလေးလူထုမှလည်း ကြိုဆိုရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု မန္တလေးတိုင်း လူငယ်တာဝန်ခံ ကိုမျိုးနိုင်က မဇ္ဈိမကို ပြောသည်။

“ အောင်နိုင်ရေး အလှပြကားပေါ့ ကျနော်တို့ ဆင်ထားတယ်။ ကားပေါ်မှာ ရွှေရောင် ခွပ်ဒေါင်းကြီးနဲ့ ကြယ်ဖြူကြီးကို ကျနော်တို့ လုပ်ထားတယ်။ မန္တလေး သင်္ကြန် အလှပြကားတွေလိုပေါ့ဗျာ” ဟု ပြောသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် ဟောပြောစဉ်အတွင်း လူထု ပရိသတ်များမြင်နိုင်၊ ကြားနိုင်ရန် LCD ရုပ်မြင်သံကြား စက်များ ကွင်းအတွင်း တပ်ဆင်နိုင်ရန် ယုဇန လျှပ်စစ်ပစ္စည်း ကုမ္ပဏီမှလည်း ကူညီသွားမည်ဟု ကိုမျိုးနိုင်ကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖေါ်ဝါရီလ ၄ ရက်နေ့နှင့် ၅ ရက်နေ့များတွင် မန္တလေးမြို့သို့ သွားရောက်ပြီး ဗထူး အားကစားကွင်းအတွင်း လူထုကို ဟောပြောရန် စီစဉ်ခဲ့သော်လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ထိုအားကစားကွင်း ကို မငှားခြင်းကြောင့် ခရီးစဉ်ကို ခေတ္တရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

ယခုအစီအစဉ်အရ မန္တလေးခရီးစဉ်ကို မတ်လ ၃ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ၄ ရက်နေ့တွင် စစ်ကိုင်း၊ ၅ ရက်နေ့ တွင် တံတားဦး၊ နွားထိုးကြီး၊ မိတ္ထီလာ၊ နေပြည်တော် တို့သို့ ပါတီစည်းရုံးရေး လှည့်လည်ဟောပြောမည် ဖြစ်သည်။

မတ်လ ၆ ရက်နေ့တွင်လည်း ပဲခူးလူထုသို့ ပါတီစည်းရုံးရေး ဟောပြောမည် ဖြစ်သည်။

သတင်း...... (မဇ္ဈိမ)

ကဲ ကောင်းရော ပြည်သူလွတ်တော်ဥက္ကဋ္ဌ မိန့်ခွန်း ပြန်ကြားရေး ဆင်ဆာဖြတ်

မြန်မာနိုင်ငံ ပြန်ကြားဝန်ကြီးဌာနအနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၏မိန့်ခွန်းကိုပင် ဆင်ဆာဖြတ်ကာ မူရင်းအတိုင်း ပြည်သူများကို တင်ပြခွင့်မရကြောင်း ဦးရွှေမန်း၏ ပြောဆိုချက်ကို ကိုးကားပြီး ပြည်တွင်းရှိ သတင်းအယ်ဒီတာတစ်ဦးက ပြောကြားသည်။

ဖေဖောဝါရီလ ၂၂ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုသမ္မတနိုင်ငံ ပြည်သူ့လွှတ်တော် ဥပဒေရေးရာ နှင့် အထူးကိစ္စရပ်များဆိုင်ရာ လေ့လာဆန်းစစ်ရေးကော်မရှင်နှင့် အရပ်ဖက်လူများ တွေ့ဆုံပွဲတွင် သူရဦးရွှေမန်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်များနှင့် တွေ့ဆုံရာတွင် “ပြည်သူများအတွက် ရဲရဲဝံ၀ံ သတ္တိရှိရှိ လုပ်ကြရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း ပြောကြား ခဲ့မှုကို ရဲရဲဝံဝံလုပ်ကြရန်သာ သတင်းစာနှင့် ရုပ်မြင်သံကြားတို့တွင် ဖော်ပြခဲ့ပြီး သတ္တိရှိရှိကို ချန်ထားခြင်းခံရကြောင်း ဦးရွှေမန်းက သတင်းထောက်များကို ဥပမာပေး ရှင်းပြကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

“သတ္တိမရှိခြင်းမှာ အဂတိတရား လိုက်စားခြင်းဖြစ်တယ်”ဟု သူရဦးရွှေမန်းက ဆိုသည်။

ပြည်သူခေတ်၏ အယ်ဒီတာ ဦးဖေမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမိန့်ခွန်းကို ယခုကဲ့သို့ အစိုးရဌာနတစ်ခုက ဆင်ဆာ ဖြတ်ခြင်းမှာ ဖြစ်သင့်မဖြစ် သင့် မေးခွန်းပြန်ထုတ်ခဲ့သည်ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ တစ်ဦးထံမှ သိရှိရသည်။

ယခင်ကလည်း ပြည်သူလွတ်တော်ကိုယ်စားလှယ်များ၏ လွတ်တော်တွင်းဆွေးနွေးမှုများကို တိုက်ရိုက်ထုတ်လုပ်လွှင့်ခြင်းမရှိဘဲ သတင်း ကြေငြာသူမှတဆင့် ပြန်ပြောင်းပြောဆိုခြင်းနှင့်ပတ်သက်ပြီး လွတ်တော်ကိုယ်စားလှယ်များ ဝေဖန်ခဲ့ဘူးသည်။

သတင်း....yangonchronicle

တိုင်းရင်းသားအရေး ညီညွတ်ရန် ပင်လုံစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်း ဒေါ်စု ပြောကြား




NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလ ၂၄ရက်နေ့ မနက်၈နာရီတွင် မြစ်ကြီးနားမြို့နယ် စီတာပူရပ်ကွက်ရှိ မနောကွင်းတွင် မနက် ၉နာရီမှ ၁၀နာရီအထိ တစ်နာရီကြာ ဟောပြောပွဲပြုလုပ်ခဲ့ပြီး ပရိသတ်ပေါင်း သောင်းဂဏန်းခန့် တက်ရောက်ခဲ့သည်ဟု သိရသည်။

“ဒေါ်စုက ကချင်ရိုးရာဝတ်စုံဝတ်ပြီး ဟောပြောတာဖြစ်ပါတယ်။ သူမလာခင်တစ်ရက်အလိုကတည်းက ကချင်ရိုးရာ မနောကွင်းမှာ ဟောပြောပွဲ လုပ်ရန်အတွက် စင်မြင့်အား နမ္မတီးမှာရှိတဲ့ NLDလူငယ်တွေ ပြင်ဆင်ပြီး လုံခြုံရေးအတွက်လည်း စီစဉ်ကြတယ်။ ပြီးတော့ ဒီဟောပြောပွဲကို တက်ရောက် တဲ့ပရိသတ်က မနှစ်က မနောပွဲကို တက်ရောက်တဲ့လူထက် ပိုများတယ်”ဟု ဒေသခံတစ်ဦးမှ ပြောကြားသည်။

ယင်းဟောပြောပွဲတွင် ၎င်းမှ ပြည်တွင်းငြိမ်းချမ်းရေး၊ ပင်လုံစိတ်ဓါတ်နှင့် ပြည်ထောင်စုစိတ်ဓါတ်တို့အား အဓိကထား ပြောကြားသွားခဲ့ပြီး အလုပ် အကိုင်အခွင့်အလမ်းအား လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုရှိရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် ပတ်သက်၍လည်း ကချင်လူမျိုးများမှာ သူမထက် ပိုသိရှိမည်ဖြစ်ပြီး ငြိမ်ချမ်းမှုနှင့် လုံခြုံမှုရှိမှသာ ဒီမိုကရေစီ တည်ဆောက်ရာ၌ လွယ်ကူမည်ဖြစ်သည်ဟုလည်း ပြောကြားသွားခဲ့သည်ဟု သတင်းများအရ သိရသည်။

ထို့နောက် ပင်လုံစိတ်ဓါတ်နှင့်ပတ်သက်၍လည်း ဒုတိယအကြိမ် ပင်လုံညီလာခံခေါ်ဖို့ပြောခြင်းမဟုတ်ဘဲ တိုင်းရင်းသားအရေး ညီညွတ်ရန်ကိစ္စ ရပ်သည် ပင်လုံမှ စရင်လည်းရကြောင်းတို့ကိုလည်း ပြောကြားသွားခဲ့သည်ဟု သတင်းရရှိသည်။

ထို့ပြင် ၎င်းသည် မြစ်ကြီးနားမြို့မှ ဝန်းသိုကျောင်းတိုက်ဆရာတော်နှင့် တွေ့ဆုံခဲ့သည်ဟုလည်း NLDအဖွဲ့ဝင်များ၏ ပြောပြချက်အရ သိရသည်။ ထို့နောက် ၎င်းသည် တစ်နာရီကြာ မနောပွဲကျင်းပသည့်ကွင်းတွင် ဟောပြောပွဲ ပြုလုပ်ပြီး နောက် ဆက်လက်၍ ဗန်းမော်မြို့သို့ လေယာဉ်ဖြင့် ခရီးဆက်ခဲ့ သည်ဟု သိရသည်။

၎င်းသည် မြစ်ကြီးနားမြို့နယ်တွင် ကချင်တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံ၍ ညစာစားပွဲများကျင်းပခဲ့ပြီး သောကြာနေ့မနက် ၁၀နာရီ တွင် ကျင်းပပြုလုပ်သည့် “မြစ်ဆုံ၏ ကျေးဇူး ပဲ့တင်သံ”ဟု အမည်ပေးထားသော ဘာသာပေါင်းစုံ ဆုတောင်းပွဲအား သွားရောက်ခဲ့သည်ဟုလည်း သိရသည်။

သတင်း..... yangonchronicle

ဓာတ်ပုံ...AP

24 February 2012

ဒေါ်အောင်ဆန်းစုကြည်ဟာ ကချင်ပြည်နယ်ခရီးစဉ်အတွင်း ၂၄.၀၂.၂၀၁၂ မြစ်ကြီးနားမြို့ မနောကွင်းဟောပြောသည့်အသံဖိုင်


ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် ပင်လုံစိတ်ဓာတ်နဲ့ လုပ်ကြရမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကချင်ပြည်နယ် ဗန်းမော်မြို့က မနောကွင်းမှာ ဒီနေ့မွန်းလွဲတနာရီက စတင်တဲ့ လူထုဟောပြောပွဲမှာ ပြောဆိုပါတယ်၊ ဘောလုံကွင်းနှစ်ကွင်းစာခန့်အပြည့် လူထုပရိသတ် တက်ရောက်အားပေး ခဲ့ကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ အခုရတဲ့ အသံဖိုင်မှာ အသံမကြည်လင် တဲ့အတွက် တောင်းပန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ်ကို ဒီကနေ့ မနက် သွားရောက်ရာမှာ မြစ်ကြီးနားမြို့ လူထုက ကြိုဆိုကြပုံမြင်ကွင်းရုပ်သံ

ပြည်သူချစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ၏ မြစ်ကြီးနားစည်းရုံးရေး ခရီးစဉ် ကိုလည်း သတင်းသမားများအားရသလောက် ညစ်လိုက်သေးတဲ့ လူတွေ



ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ည (ဖေဖော်ဝါရီလ ၂၃ ရက်နေ့) တွင် မနောကွင်း၌ ပြုလုပ်သည့် ညစာစားပွဲသို့ တိုင်းရင်းသား ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

မြစ်ကြီးနားမြို့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် မတိုင်မီ နှစ်ရက်ခန့်ကပင် အင်တာနက်လိုင်းများ ကျဆင်းလျက် ရှိပြီး ယခု ခရီးစဉ်အတွင်း လိုက်ပါ သတင်းရယူသော ပြည်တွင်းပြည်ပ သတင်းထောက်များမှာ သက်ဆိုင်ရာ သတင်းဌာနများသို့ သတင်း ပြန်လည်ပေးပို့ရာ၌ များစွာ အခက်အခဲ တွေ့နေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ပြည်နယ် ဝန်ကြီးချုပ်ရုံး အပါအဝင် မြစ်ကြီးနားမြို့ရှိ အင်တာနက်ဆိုင်များ အားလုံးတွင် အင်တာနက် အဆက်အသွယ် ပြတ်တောက် နေကြောင်း၊ သတင်းထောက် အများစု အသုံးပြုကြသည့် MacWill ဖုန်း (ကြိုးမဲ့အင်တာနက်ဖုန်း) များမှာလည်း အသုံးပြု၍ မရကြောင်း သိရသည်။

သတင်း...The Voice Weekly.။

ဓာတ်ပုံ.. AFP

23 February 2012

ဒေါ်အောင်ဆန်းစုကြည် မိုးကောင်းမြို့နယ် ဟောပြောချက် အသံဖိုင်ပါ

An-daw su moe kaung township speech 23feb by dvbradio

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးရွာ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ဘောလုံးကွင်းမှာ မဲဆွယ်ဟောပြောပွဲ အသံဖိုင်

ပြည်သူ ချစ်သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ကချင်လူထု လေဆိပ်မှ စောင့်ကြို



ဒေါ်အောင်ဆန်းစုကြည်အား ကချင်ပြည်နယ် မြစ်ကြီးနားနှင့်ဖားကန့်မြို့နယ်များမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NlD အဖွဲ့ဝင်များ၊ နည်းပညာ တက္ကသိုလ် GTC နှင့် ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းသားများနှင့် ပြည်သူလူထု စုစုပေါင်း ၃၀၀ ခန့်က ကြာသပတေးနေ့ နံနက်ပိုင်းကနေ မြစ်ကြီးနားလေဆိပ်၌ လာရောက်ကြိုဆိုကြသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

ဂျီတီစီကျောင်းသားများက တိုင်းရင်းသားမျိုးနွယ်စု၏ ရိုးရာဝတ်စုံများ ဝတ်ဆင်ကာ လာရောက် ကြိုဆိုနေကြသည်ဟု ဆိုသည်။

“မရောက်သေးဘူး အပြင်မှာဘဲ ရောက်နေတယ်၊ ရောက်တော့မယ်ထင်တယ်။ လူက NLD လူတွေရော၊
ကျောင်းသားတွေရော ပါတယ်။ ၃၀၀ လောက် ရှိမယ်ထင်တယ်။ တိုင်းရင်းသား ဝတ်စုံတွေနဲ့ ကချင်မျိုးနွယ်စု
အားလုံး ဝတ်စုံနဲ့ စောင့်နေတယ်”ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

မနက်ပိုင်းက ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုကြသည့် ပြည်သူအချို့မှာ လေယာဉ်နောက်ကျမည်ဟု ဆိုသည့်
ပြန်သွားခဲ့သော်လည်း ယခု ပြန်လည် ရောက်ရှိလာကြပြီ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသည့် လေယာဉ်မှာ နှင်းများ ထူနေသဖြင့် မွန်းလွဲပိုင်း ၁၂ နာရီဝန်းကျင်တွင် ဆိုက်ရောက်နိုင်သည်ဟု သိရသည်။

“ပထမ မနက်က စောစောရောက်မယ်လို့ ထင်ကြတယ်။ အခုတော့ ၁၂ နာရီမှာ ရောက်မယ်ဆိုတော့ ပြန်ကြတာ။ ခုတော့ ပြန်ရောက်လာကြပါတယ်။ နှင်းထူလို့ နောက်ကျတယ်လို့ ပြောတာဘဲ”ဟု အဆိုပါ မြစ်ကြီးနားမြို့ခံက
ပြောပြသည်။

မြစ်ကြီးနားမြို့ လေဆိပ်သည် ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သွားရာ ကားလမ်းပေါ်တွင် ရှိပြီး ထိုကားလမ်းတလျှောက်ရှိ အစိုးရ လုံခြုံရေး တပ်များကိုလည်း နံနက်ပိုင်းက ရုပ်သိမ်းထားသည်ဟု အခြား
မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

“ဓါတ်ပုံမှာ ပါလာမှာ ကြောက်လို့လားမသိဘူး။ လုံခြုံရေးတွေ ရုတ်ထားတယ်။ ညနေပိုင်းတော့ ပြန်ချမယ် ထင်တယ်” ဟု သူက မဇ္ဈိမကို ပြောသည်။

သတင်း..မဇ္ဈိမ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့လူထုစည်းဝေးပွဲအတွက်မန်းတောင်ခြေအားကစားကွင်းမှာစုဝေးခွင့်မပြု

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မန္တလေးမြို့လူထုစည်းဝေးပွဲအတွက် မန်းတောင်ခြေ အားကစားကွင်းမှာ ကျင်းပခွင့်ပေးဖို့ မန္တလေး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လျှောက်ထားခဲ့တာကို ပြည်ထောင်စုကော်မရှင် ဥက္ကဋ္ဌက တားမြစ် ပိတ်ပင်လိုက်ကြောင်း သိရပါတယ်။

အခုလို ပိတ်ပင်လိုက်တဲ့အကြောင်း မန္တလေးမြို့ကို ရောက်ရှိနေတဲ့ အန်အယ်လ်ဒီ ပြန်ကြားရေးအဖွဲ့ဝင် ဦးအုံးကြိုင်ကို မန္တလေးတိုင်းအားကစားနဲ့ ကာယပညာ ဒုညွှန်ကြားရေးမှူးက ဒီကနေ့ ပြောကြားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၄ ရက်ကလည်း မန္တလေးမြို့မှာ ဒေါ်အောင်ဆန်းစုကြည်​ စည်းရုံးဟောပြောဖို့ ဗထူး အားကစားကွင်းနှင့် မန္တလေးတောင်ခြေ အားကစားကွင်းကို ငှားရမ်းခဲ့ပေမယ့် တိုင်းဒေသကြီး အာဏာပိုင်များက ခွင့်မပြုခဲ့ပါဘူး။

အလားတူ ပြီးခဲ့တဲ့ သီတင်းပတ်ကလည်း ဖျာပုံမြို့က လူထုဟောပြောပွဲအတွက် မြို့နယ် ပြည်သူ့အားကစားကွင်းကို အသုံးပြုခွင့်ပေးဖို့ လျှောက်ထားခဲ့ပေမယ့် ခွင့်ပြုချက် မရတဲ့အတွက် မြို့ပြင်သဲကွင်းမှာ ဟောပြောခဲ့ရပါတယ်။ ရန်ကုန်တိုင်း လှည်းကူးမြို့ ခရီးစဉ်မှာလည်း အားကစားကွင်းကို ငှားရမ်းခွင့်မပြုဖို့ အားကစားဝန်ကြီး ဦးတင့်ဆန်းက တားမြစ်ခဲ့ပေမယ့် မြို့နယ် ရွေးကောက်ပွဲကော်မရှင်က သုံးစွဲခွင့် ပေးခဲ့ပါတယ်။

သတင်း.... RFA

အစိုးရနဲ့ရယူထားတဲ့ ငြိမ်းချမ်းရေး DKBA ဘက်ကဖျက်သိမ်း

မြန်မာအစိုးရနဲ့ အသစ်တဖန် အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ် DKBA က လက်နက်တွေကို နယ်ခြားစောင့်တပ်က သိမ်းယူပြီးနောက် လက်နက်တွေ ပြန်မပေးနိုင်ဘူးလို့ နယ်ခြားစောင့်တပ်တွေရဲ့ အကြီးအကဲ ဗိုလ်ချုပ်မောင်မောင်အုန်းက

ဖားအံမြို့မှာ ဒီကနေ့ ပြောကြားလိုက်တဲ့အတွက် DKBA က မကြာသေးခင် ၃ လကျော်က ရယူခဲ့တဲ့ ငြိမ်းချမ်းရေး ပျက်ပြားသွားပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြိုင်ကြီးငူဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ တိုးတက်သောကရင် ဗုဒ္ဓဘာသာတပ်တွေနဲ့ နယ်ခြားစောင့်တပ်တွေ လက်နက်သိမ်းတဲ့ ကိစ္စနဲ့ပတ်သက်လို့ ပစ်ခတ်မှုတွေဖြစ်ပြီးတဲ့နောက်

DKBA ခေါင်းဆောင်ဗိုလ်မောင်လေးနဲ့ နယ်ခြားစောင့်တပ်က ဗိုလ်ဖားနွီး၊ မြန်မာအစိုးရက ဖွဲစည်းပေးထားတဲ့ နယ်ခြားစောင့်တွေရဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းတို့ ဖားအံမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။

တွေ့ဆုံမှုအတွင်းမှာ နှစ်ဘက်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့ ကရင်တပ်ဖွဲ့တွေ အချင်းချင်းကြားမှာတော့ ပြေလည်မှုရခဲ့ပေမဲ့ လက်နက်ပြန်ပေးဖို့ကိစ္စမှာ ဗိုလ်ချုပ်မောင်မောင်အုန်းက လက်မခံခဲ့ဘူးလို့ ဆိုပါတယ်။ DKBA တပ်မှူး ဗိုလ်မှူးစောဆန်းအောင် ပြောပြတာက-

“ဒီနေ့ ဗိုလ်ချုပ်မောင်မောင်အုန်းနဲ့ အရှေ့တောင်တိုင်း၊ တိုင်းမှူးနဲ့ တွေ့ခွင့်ရတယ်။ ဗိုလ်ချုပ်ဖားနွီးနဲ့လည်း ဆုံတယ်။ ဆုံတဲ့အချိန်မှာ ငါတို့ ကရင်အချင်းချင်းက နောက်နောင် ဒီလို တယောက်နဲ့တယောက် မဖြစ်စေရဘူး။ တယောက်နဲ့ယောက် ပစ်ခတ်မှု မဖြစ်စေရတော့ဘူး၊ အရင်ဆုံးနဲ့ နောက်ဆုံးပေါ့။ ဒီလို ကရင်အချင်းချင်း သေတာကတော့ တော်သင့်တယ်။ မင်းတို့ သေနတ် ပြန်ပေးမယ်ဆိုပြီးတော့ ဗိုလ်ချုပ်ဖားနွီးက အဲလို ထွက်ဆိုခဲ့တယ်။

ဒါပေမယ့် ဗိုလ်ချုပ်မောင်မောင်အုန်းက မပေးဘူး။ ဗိုလ်မှူးမောင်အေးကို ပြဿနာပေါ်မယ်။ ဒီသေနတ်မပေးဘူးဆိုပြီးတော့ လက်နက်တွေကို ကျနော်တို့လက်ထဲမှာ မရောက်သေးဘူး၊ မပေးလိုက်သေးဘူး။ နိုင်ငံတော်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်မောင်မောင်အုန်းအနေနဲ့ ကျနော်တို့ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်နေတယ်လို့ ကျနော်တို့မြင်တယ်။ ကျနော်တို့ငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်တယ်။”

ငြိမ်းချမ်းရေးလုပ်ထားတာ ၃ လကျော် ကြာတဲ့အချိန်မှာပဲ ဖျက်သိမ်းရတာကတော့ ဆက်ပြီးအနိုင်ကျင့်တာတွေကို လက်မခံနိုင်တာကြောင့်လို့ ဆိုပါတယ်။

“ကျနော်တို့ဖျက်သိမ်းလိုက်ပါတယ်။ အခုပဲ -ကျနော်တို့က လူသိရှင်သိပြောတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ပြောတဲ့ ငြိမ်းချမ်းရေးက ကျနော်တို့တိုင်းရင်းသားတွေ အပေါ် စေတနာမမှန်ဘူး။ သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးနဲ့ လုပ်တယ်။ အဲဒါကြောင့် ဒီငြိမ်းချမ်းရေးကို ကျနော်တို့ ဖျက်သိမ်းလိုက်ပြီ။ ငြိမ်းချမ်းရေးအစစ်အမှန်မဟုတ်တဲ့အတွက် ကျနော်တို့က ပြန်စစ်တိုက်မယ်။

ကျနော်တို့ ဒီသေနတ်တွေကို ကျနော်တို့က ပြန် တောင်းလို့ မရဘူးဆိုရင်- ဒီသေနတ်တွေကို နိုင်ငံတော်ငွေကြေးနဲ့ ဝယ်ယူပေးထားတာဆိုရင်လက်ခံတယ်။ သက်သက်ပြန်ယူဆိုပြီးတော့ ကျနော်တို့လက်ခံတယ်။ ဒီလက်နက်တွေဟာ DKBA တည်ဆောက်တုန်းက စုထားတဲ့ လက်နက်တွေပဲ။ တောင်းလို့ မရတဲ့အတွက်ကြောင့်၊ မပေးတဲ့အတွက်ကြောင့် ငြိမ်းချမ်းရေးအတွက် နောက်နောင်ဆိုရင် အနိုင်ကျင့်ခံရမယ်၊ နောက်နောင်ဆိုလို့ရှိရင် ကျနော်တို့ကို ဖိနှိပ်မယ်၊ တိုင်းရင်းသားတွေကို လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့ပုံစံနဲ့လုပ်တယ်လို့ ကျနော်တို့က အဲဒီလို ခံစားရတယ်။

ဒါကြောင့် ငြိမ်းချမ်းရေးကိုလည်း ကျနော်တို့က ပြန်ပြီး ရုပ်သိမ်းတယ်။ ကျနော် တဦးတယောက်ရဲ့ သဘောထားမဟုတ်ဘူး၊ ကျနော်တို့ တပ်ဗိုလ်၊ တပ်မှူးတွေရဲ့ သဘောထား အဲလိုပဲ ရှိတယ်။ ငြိမ်းချမ်းရေးက အစစ်အမှန်ပြန်ရဖို့ဆိုရင် ပြန်စစ်ထိုးမယ်။ ပြန်တိုက်မယ်။ ”

DKBA ဟာ KNU ကနေ ခွဲထွက်ပြီး မြန်မာအစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးကို ၁၆ နှစ် ကြာ ရယူခဲ့ပါတယ်။

၂ဝ၁ဝ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲစည်းရေး လုပ်ရမယ်ဆိုပြီး မြန်မာအစိုးရက ဖိအားပေးလာတဲ့ အတွက် တနှစ်နီးပါး ပြန်လည်တိုက်ခိုက်မူတွေ ဖြစ်ခဲ့ပြီး ဒုက္ခသည်သောင်းနဲ့ချီပြီး ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့အထိ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီ့နောက် ၂ဝ၁၁ နိုဝင်ဘာလထဲမှာ အပစ်အခတ်ရပ်စဲရေး ပဏာမ သဘောတူညီချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ပြည်ထောင်စုအဆင့် ဆွေးနွေးဖို့တွေကို သဘောတူခဲ့ပါတယ်။ အခုအခါမှာတော့ တင်းမာမှုတွေဖြစ်ပြီး သူတို့ငြိမ်းချမ်းရေးဟာ ပျက်ပြားသွားပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။

သတင်း......VOA

နှလုံးသားတွေလှူတဲ့နေ့















နှလုံးသားတွေလှူတဲ့နေ့

၁၇.၂.၂၀၁၂ (သောကြာနေ့) ည (၇း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့၊ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့သော ဆောင်းဦးလှိုင်(တစ်ကိုယ်တော်) ဖျော်ဖြေမှု “နှလုံးသားတွေလှူမယ့်ည” တေးဂီတ ဖျော်ဖြေ ပွဲတွင် ရရှိသမျှ ဝင်ငွေအားလုံး (၁၂၆) သိန်းတိတိအား သုံးပုံခွဲ၍ နာရေးကူညီမှုအသင်း(ရန်ကုန်)၊ ၈၈ ကျောင်းသားများအဖွဲ့တို့အား လှူဒါန်းပြုလုပ်မည် ဖြစ်သော်ငြားလည်း ယင်းည ဖျော်ဖြေပွဲ၌ စင်မြင့်ပေါ်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌနှင့် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်တို့အား တက်ခွင့် မပြုခြင်း၊ အသင်း၏ ယူနီဖောင်းဖြစ်သော အဖြူအနက် ဝတ်စုံတို့အား လဲလှယ်ခိုင်းခြင်း၊ နာရေးကူညီမှု အသင်း(ရန်ကုန်) မော်တော်ယာဉ်များအား အမျိုးသားကဇာတ်ရုံ ဝင်းအတွင်းသို့ ဝင်ရောက်ခွင့် မပြုခြင်း စသည့် အခက်အခဲ အပိတ်အပင်များကြောင့် စင်မြင့်ထက်ပေါ်တွင် အလှူရှင် ပွဲကြည့်ပရိသတ်များ ရှေ့မှောက်၌ အလှူငွေပေးအပ်မှုကို မပြုလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် အလှူရှင် ပွဲကြည့်ပရိသတ်များ အနေဖြင့်လည်း မုဒိတာပွား၍ သာဓု မခေါ်ဆိုနိုင်ခဲ့ချေ။ သို့သော် နှလုံးသားတွေလှူမယ့်ညသည် မထင်မှတ်ဘဲ အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။
“နှလုံးသားတွေလှူမယ့်ည” အလှူပွဲအား ညအချိန်တွင် လှူဒါန်းမှုမပြုလုပ်နိုင်ခဲ့သော်လည်း ယနေ့ ၂၂.၂.၂၀၁၂ (ဗုဒ္ဓဟူးနေ့) နေ့လည် (၂း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)ရုံးချုပ်ရှိရာ မြောက်ဒဂုံမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအလှူပွဲအား နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်း သူ/သားများ၊ ကိုဆောင်းဦးလှိုင်၏ ဂီတသမားများ၊ အမာခံပရိသတ်များ၊ အလှူရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ၈၈ ကျောင်းသားများဖြင့် စုံညီစွာကျင်းပခဲ့သည်။ အခမ်းအနားတွင် ဒုဥက္ကဋ္ဌ ဒေါ်သန်း မြင့်အောင်မှ အဖွင့်အမှာစကားပြောကြားရာတွင် “ယနေ့ပွဲသည် ငြိမ်းချမ်းရေး အစစ်အမှန် မရရှိသေးသော မိမိတို့နိုင်ငံတွင် မိမိတို့ သက်ဆိုင်ရာနယ်ပယ်များမှ နည်းမျိုးစုံဖြင့် ဖော်ဆောင်နေသူများစုံစည်း ရာပွဲ ငြိမ်းချမ်းရေးလူသားများတွေ့ဆုံသည့်ပွဲ” ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရခြင်း ရည်ရွယ်ချက်များနှင့် ဂီတဖျော်ဖြေပွဲ၏ အခက်အခဲများကို တင်ပြသွားခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသား အဖွဲ့ကိုယ်စား ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အား အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့် နှစ်သိန်း) ကျပ်တိတိကို ပေးအပ်လှူဒါန်းခဲ့ပြီး ကိုမင်းကိုနိုင်မှ ကျေးဇူးတင်စကားအား ကြေကွဲစွာဖြင့် ပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူထံသို့ ကိုဆောင်းဦးလှိုင်မှ အလှူငွေ ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ် တိတိအား လှူဒါန်းခဲ့သည်။ ဥက္ကဋ္ဌ ဦးကျော်သူမှ ကျေးဇူးတင်စကား ပြောကြား ရာတွင် “ကျွန်တော်တို့သည် ရေကန်ထဲမှ ငါးများဖြစ်ခဲ့ပါက …. အချို့သည် ပိုက်ကွန်ဖြင့် အုပ်ခံကာ ဖမ်းဆီးခံရသည်။ အချို့သည် ယမ်းပျော့ဖြစ် ဖောက်ခွဲ၍ သေကြေခဲ့ရသည်။ အချို့သည် ငါးမျှားချိတ်တွင် ငါးစာချိတ်၍ ဖြားယောင်းကာ အဖမ်းခံခဲ့ရသည်။ ထိုအထဲတွင် ကျွန်တော်တို့သည် အရှင်လတ်လတ် ကုန်းမြေပေါ်သို့ ပစ်တင်ခံခဲ့ရသည်” ဟု တင်စားပြောကြားခဲ့သည်။

ယင်းနောက် ကိုဆောင်းဦးလှိုင်မှ လှူဒါန်းရန် ကျန်ရှိသော ၄၂၀၀၀၀၀ိ/- (လေးဆယ့်နှစ်သိန်း)ကျပ်တိတိအား အများဆန္ဒဖြင့် မျိုးဆက်သစ်ဂီတဖျော်ဖြေပွဲတစ်ပွဲ ထပ်မံ၍ အလှူဒါန မတည်ငွေအဖြစ် အသုံးပြုရန် ဆုံးဖြတ်မှုကို ပြုလုပ်ခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကိုဆောင်းဦးလှိုင်၏ “နှလုံးသားတွေလှူမယ့်ည” ဂီတဖျော်ဖြေပွဲ ကျင်းပနေချိန်တွင် အပိတ်အပင် အတားအဆီးများကြောင့် လူကိုယ်တိုင် ဂီတဖျော်ဖြေပွဲသို့ မတက်ရောက်နိုင်ဘဲ မိမိ၏ နေအိမ်တွင် သူ၏နှလုံးသားဖြင့် ကြေကွဲစွာရေးဆွဲခဲ့သော ကိုဆောင်းဦးလှိုင်၏ ပုံတူပန်းချီကားအား အမှတ်တရအဖြစ် လက်ဆောင် ပေးအပ်ခဲ့သည်။ စာနယ်ဇင်းများကိုယ်စား နာရေးကူညီမှုအသင်း(ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၌ လုပ်အားပေးဆရာဝန်အဖြစ် တာဝန်ယူနေသော စာရေးဆရာမ ဒေါက်တာ မသီတာ(စမ်းချောင်း)မှ ကျေးဇူးတင်စကားပြောကြားရာတွင် အစဉ်အလာဟောင်းများကို ဆွဲကိုင်ရင်း အစဉ်အလာသစ်သို့ ဖောက်ထွက်ခဲ့သော နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ၈၈ ကျောင်းသားအဖွဲ့ နှစ်ခုတို့၏ ထူးခြားသော ဝိသေသများကို ဂုဏ်ပြုပြောကြားခဲ့ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်မှ နှလုံးသားတွေ လှူသည့်ပွဲ အခမ်းအနား မပြီးဆုံးခင် အပိတ်စကား ကျေးဇူးတင်စကားပြောကြားရာတွင် “ကျွန်မသည် မနေ့ညတွင် အင်တာနက်ကြည့်မိရာမှ ၂၃.၂.၂၀၁၂ ရက်နေ့တွင် ၈၈ ကျောင်းသားခေါင်းဆောင်များအဖွဲ့သည် ကချင်ပြည်နယ်ရှိ စစ်ဘေး ဒုက္ခသည်များထံ သွားရောက်၍ အားပေးစကားနှင့် အင်အားများ တိုးပွားစေရန် သွားရောက်တွေ့ဆုံကြမည် ကို သိရှိရပါ၍ ယနေ့နံနက် အသင်းသို့ရောက်လျှင်ရောက်ခြင်း စစ်ဘေးဒဏ်ခံနေရသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် ယခင်ကလည်း မိမိတို့ကိုယ်တိုင် မြစ်ကြီးနားနှင့် ဗန်းမော်မြို့တို့တွင် အလှူငွေ လေးရာသုံးဆယ်ကျပ်နှင့် အဝတ်အထည်များ စုစုပေါင်း တန်ဖိုးကျပ် သိန်းငါးရာကျော် လှူဒါန်းခဲ့ပြီး သော်လည်း ယခုထပ်မံ၍ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် အလှူငွေများ လိုအပ် နေသည်ကို သိရှိရပါ၍ ၈၈ ကျောင်းသားခေါင်းဆောင်အဖွဲ့နှင့် တစ်ဆင့်လှူဒါန်းမှုကို ပြုလုပ်ချင် ကြောင်း ဆွေးနွေးတိုင်ပင်ခဲ့ကာ အလှူငွေကျပ် သိန်းတစ်ရာတိတိအား ဒီအခမ်းအနားတွင် တစ်လက်စ တည်း ၈၈ ကျောင်းသား ခေါင်းဆောင်အဖွဲ့အား လှူဒါန်းမည်ဖြစ်ကြောင်း” ပြောကြားခဲ့ကာ တိုင်းရင်းသား ညီအစ်ကို မောင်နှမများအတွက် တတိယအကြိမ်အဖြစ် အလှူငွေကျပ် သိန်းတစ်ရာတိတိအား ၈၈ ကျောင်းသား ခေါင်းဆောင်များထံ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းကဲ့သို့ နှလုံးသားများလှူတဲ့နေ့တွင် လှူဒါန်းမှုများ အသီးသီးပြုလုပ်နိုင်ခဲ့ခြင်းသည် ကိုဆောင်း ဦးလှိုင်အား လာရောက်အားပေးကြသော အများပြည်သူများနှင့် လူမှုရေးလုပ်ငန်းများအား နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်ရှာဖွေရေးနှင့် သဘာဝဘေးဒဏ်များအပြင် စစ်ဘေးဒုက္ခသည်များ အတွက် ကူညီဖေးမ ထောက်ပံ့မှုများကို တတ်စွမ်းသရွေ့ ပေးဆပ်နေသော နာရေးကူညီမှုအသင်း (ရန်ကုန်)အား လာရောက်လှူဒါန်းမှုများကို ပြုလုပ်ကြသော အများပြည်သူ အလှူရှင်များ၏ ကောင်းမှု တို့ပင်ဖြစ်ပါသည်။ ထို့ကြောင့် ယနေ့ ၂၂.၂.၂၀၁၂ ရက်နေ့တွင် ကျင်းပခဲ့သော နှလုံးသားတွေလှူသောနေ့ အလှူပွဲကြီးအား အများပြည်သူ နတ်လူသာဓု ခေါ်ဆိုနိုင်ရန်အတွက် တင်ပြလိုက်ရပါသည်။

22 February 2012

ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံးနိုင်ငံခြားခရီးအဖြစ် နော်ဝေနိုင်ငံသို့ သွားရောက်လို


ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် နော်ဝေနိုင်ငံသို့ သွားရောက်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်များသို့ ပြောသည်။

''ကျွန်မပထမဆုံး လည်ပတ်ချင်တဲ့ နိုင်ငံက နော်ဝေဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်မတို့အားလုံးရဲ့ အခက်ခဲဆုံးအချိန်မှာ ကျွန်မတို့ကို မမေ့ခဲ့လိုပါ"ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ယနေ့နံနက်ပိုင်းက သူမနေအိမ်တွင် အာဆီယံအတွင်းရေးမှူးချုပ်နှင့် တွေ့ဆုံ အပြီး နိုင်ငံခြားသတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို အထက်ပါအတိုင်း ဖြေကြားသွားခြင်းဖြစ်သည်။

သတင်း...7Day News Journal

ဖုန်းပိုင်ရှင်များ အလိမ်မကျစေရန်နှင့် လိမ်လည်နေသူ ငလိမ်ကောင်အား ဖမ်းဆီးဖော်ထုတ်ပေးပါရန်

ကျွန်တော်သည် ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် မြောက်ပိုင်း ကျေးရွာတစ်ရွာမှ ရွာသား တစ်ယောက်ဖြစ်ပါသည်။ ၁၅- ၁၀ - ၂၀၁၁ နေ့တွင် ကျွန်တော် ဖုန်းအား ဗိုလ်မှူး ဦးတင်မြင့်ဟု ဆိုသူက သူ့ ကို သူ ပထမဆုံး မိတ်ဆက်ပြီး ဝမ်းသာစရာ သတင်းကောင်းတစ်ခုပြောမည်ဟု အစချီကာ ယခုကဲ့သို့ ပြောဆိုလာပါသည်။

"ခင်ဗျားဟာ တော်တော်ကံကောင်းတဲ့သူပဲ ဘာဖြစ်လို့လဲဆိုတော့ အခု ၂၀၁၁ ခု ၁၀ လပိုင်း အတွင်းမှာ ခင်ဗျား တို့လို CDMA ဖုန်းပိုင်ရှင် ( ၅၀၀ ) ဦးကို သိန်း(၁၀၀၀)ဆုကနေ အနည်းဆုံး (၁၀)သိန်းဆုထိ ဗလာမပါ ကံစမ်းမဲနှိုက်မယ်။ အဲဒါကြောင့် ခင်ဗျား နာမည်အရင်း၊ မှတ်ပုံတင်အမှတ်၊ နေရပ် လိပ်စာတို့ကို တစ်ဆိပ်လောက်ပေးလို့ရမလား။ ခင်ဗျားဟာ တကယ့် ကံထူးရှင်တစ်ယောက်ပဲ ဖုန်းပိုင်ရှင်တိုင်း ကံစမ်းခွင့်မရဘူး။ အခုလိုကံထူးရှင် ၅၀၀ ကိုရွေးချယ်တဲ့အခါ ခင်ဗျား ကံထူးတာ ဖြစ်တယ်။ ဟုတ်ပြီ….ရှင်းတယ်နော်။ နာမည်တွေနဲ့အတူ မှတ်ပုံတင်နံပါတ်တွေကို တစ်ဆိတ်လောက် ပြောပါအုံး… ကံထူးရှင်ကြီးရယ် " ဟု ဒီအတိုင်းပဲ ပြောပါသည်။

ကျွန်တော်လည်း အနားမှာရှိသော ကျွန်တော်ဇနီးနှင့် တိုင်ပင်ပြီး ကျနော်နာမည် မှတ်ပုံတင် နံပါတ်များနှင့် အတူ နေရပ် လိပ်စာအပြည့်စုံပေးလိုက်ပါသည်။ နောက်ပြီး သူဘာပြောလဲဆိုတော့ "ခင်ဗျား စိတ်ဝင်စားတယ်ဆိုရင် အဲဒီလို ကံစမ်းတဲ့ပွဲမှာ တရားဝင် ယှဉ်ပြိုင် ပါဝင်နိုင်ရေး အတွက် မှတ်ပုံတင်ပြီး လျှောက်ထားရမှာ ဖြစ်တဲ့အတွက် ငွေ တစ်သိန်း(၁၀၀၀၀၀) ကျနော့်ဆီကို လွှဲပေးရမှာ ဖြစ်တယ်။ ကျနော်ကနေ ခင်ဗျားအတွက် အစစအရာရာ ကူညီဆောင်ရွက်သွားမှာဖြစ်တယ်။ လျှောက်လွှာ တရားဝင်သွားတဲ့အခါ ဘယ်နေ့ကံထူးရှင်ရွေးမယ်ဆိုတာ ခင်ဗျားကို အကြောင်း ကြားမယ်။ ဟုတ်ပီလား။ ကြာတယ်နော်။ ကျနော်လည်း သိပ်အချိန်မရဘူး။ ခင်ဗျားလိုပဲ နောက် ကံထူးရှင်တွေကိုလည်းပြောရအုံးမယ်။ ငွေလွှဲပေးလိုက်မယ်မဟုတ်လား။ မဟုတ်ရင် ခင်ဗျားကို ချန်ထားလိုက်လိမ့်မယ်။ ဘယ်လိုလဲ” ဟု လုံးဝ အတည်ပေါက်ဖြင့် ပြောလာပါသည်။

ကျွန်တော်လည်း အခုလို တစ်ခါမှ အတွေ့ အကြုံ မရှိတဲ့ အတွက် " ဟုတ်ပြီ ကျွန်တော်ဘယ်နေ့ နောက်ဆုံးထားပြီး ငွေလွှဲ ပေးလိုက်ရမှာလဲ” ဟု မေးပါသည်။ သူက “ ဒါဆို မနက်ဖြန် နောက်ဆုံး ထားပြီးလွှဲပေးလိုက်။ မြန်လေကောင်းလေပဲ။ ဒီကိစ္စကကို တစ်ခြား ဘယ်သူကိုမှ အသိမပေးနဲ့နော်” ဟု ထပ်ပြီး ပြောလာပါသည်။

" ဟုတ်ပါပြီ ကျွန်တော်ကို လွှဲပေးမယ့်သူနဲ့ လိပ်စာကို ပြောပါအုံး။ ကျနော်လည်း လွှဲပေးသင့် မပေးသင့် တိုင်ပင်စရာ ရှိတာတွေကို တိုင်ပင်ပြီး လွှဲပေးလိုက်ပါမယ်" ဟုဆိုပါသည်။ ထိုအခါ သူက " တကယ်လို့ ခင်ဗျား မရှင်း မလင်းလို့ အသေးစိတ် သိလိုရင် ဒီဖုန်းကို ခေါ်လိုက်ပါ" ဟုပြောပြီး ဖုန်းချသွားခဲ့ပါသည်။

ဒီသတင်းကို ကျွန်တော် စုံစမ်းကြည့်တော့ တစ်ခြား သူတွေလဲပဲ အခုလို ကံစမ်းမဲ ဖေါက်မယ့် သတင်း ပေးခံရတဲ့ သူတွေ ရှိသလို အမှန်တကယ် ငွေလွှဲပေးလိုက်တဲ့ သူတွေလည်း ရှိနေကြတယ်လို့ ကျွန်တော် သိလာခဲ့ရပါသည်။ ငွေလွှဲပေးလိုက်ပြီးတဲ့ နောက်ပိုင်းတွင် သူတို့ဆီကို ဖုန်းဆက် ကြည့်တော့ စက်ပိတ်ထားကြောင်း ယခုလို ကျွန်တော် သိလာရပါသည်။

ကျွန်တော်လည်း အမှန်အတိုင်း ဝန်ခံရင် ဒီသတင်းကိုကြား ကြားချင်တော့ အမှန်တကယ် ဝမ်းသာ သွားခဲ့ပါသည်။ အမှန် ငွေလွှဲပေးလိုက်ဖို့ အစီစဉ်ရှိခဲ့ပါသည်။ သို့သော် သူပြောတဲ့ ထဲမှာ “ ဒီကိစ္စကို ဘယ်သူ့ကိုမှ အသိမပေးပါနဲ့” ဆိုသော စကားကို သံသယဝင်မိရာ ပတ်ဝန်းကျင်ကို စုံစမ်းရာမှ ထိုသို့ သိလာရခြင်း ဖြစ်ပါသည်။ သို့မဟုတ်ပါက ကျွန်တော်လည်း သူပစ်မှတ်ထားသည့် သားကောင်ဖြစ်သွားမှာ ကျိန်သေပါသည်။

ထိုကဲ့သို့ သံသယလည်းဝင်သော်လည်း အနည်းငယ်ခန့် ဆက်ယုံကြည်နေသဖြင့် သူ့ဆီသို့ ကျွန်တော် သူပေးထားသော ဖုန်းနံပတ်ဖြင့် နောက်တစ်နေ့ ဆက်ကြည့်ပါသည်။ ဗိုလ်မှူး ဦးတင်မြင့် ဆိုသည့် လူကိုပဲ တစ်ခါတည်းတန်းတွေ့ပါသည်။ ဒီတစ်ခါလည်း အယင်တစ်ခါ ကထက်တောင် သေချာအောင်ပြောလိုက်သေးသည်။ ခံလိုက်ရတဲ့ လူတွေက သတိပေးမှ ကျနော် ဖုန်းမဆက်ဘဲ နှစ်ရက်လောက်ကြာသွားပါသည်။ သူ့ဆီက ဖုန်းပြန်လာပါသည်။ ဒီတစ်ခါ သူပြောသည်များကို မယုံတော့သည့် အပြင် သူကို ကျွန်တော်က ငလိမ်ကောင်ဆိုပြီး ဒေါသထွက် လာကာ နောက်ထပ် “ ဘယ်တော့မှ ခင်ဗျား မဆက်သွယ်လာနဲ့။ ခင်ဗျားဟာ ငလိမ်ကောင် ခင်ဗျား ဒီလို ဘယ် နှစ်ယောက် လောက်ကို လိမ်ဖူးပီးပီလဲ“ ဟု ကျွန်တော် ဒေါသသံနဲ့ ဟောက်လိုက်မှ သူဖုန်းချသွားပါသည်။ နောက်ထပ် တစ်ခါမှလည်း ကျွန်တော်ဆီကို ဖုန်းမဆက်လာတော့ပါ။

ကျွန်တော် အသိပေးလိုသည်မှာ တချို့လည်း ကျွန်တော်လို ကြုံဖူးက ကြုံနိုင်ပါသည်။ ခံလိုက်ရ သူများလည်း ရှိနိုင်သလို မကြုံဖူးသေးသူများလည်း ရှိနိုင်ပါသည်။ သို့အတွက် ကျွန်တော် ပြောချင်သည်မှာ ယခုလို ဖြစ်ခဲ့ရင် လုံးဝမယုံမိစေဖို့ အထူးအတိပေးချင်ပါသည်။ ငလိမ်ဆိုသူများမှာ လူယုံ ကြည်အောင် လိမ်ဖို့ အထူး တတ်ကျွမ်းပါသည်။ ၎င်းမှာ သူတို့၏ ပညာရပ် ဖြစ်ပါသည်။ သူတို့ တစ်ဘက်ကမ်းခတ် တတ်ကျွမ်းအောင် လေ့လာဆည်းပူး သုတေသနပြုထားသော ငလိမ်များ ဖြစ်သောကြောင့် ယခုကဲ့သို့ ငလိမ်များကို လုံးဝ (လုံးဝ) မယုံကြည် ကြပါရန် (စေတနာကောင်းဖြင့်) သက်ဆိုင်ရာ ဖုံးကိုင်ဆောင်ထား သူများကို နိရဉ္စရာ သတင်းဌာနတိုက်မှ တိုက်တွန်းလိုပါသည်။ အဲဒီလူ ငလိမ် ကို ဖော်ထုတ် ဖမ်းဆီးပြီး အခြေ အနေမှန်ကို လူတွေ သိအောင် အခုလိုပဲ လုပ်စေချင်ပါသည်။ သူဖုန်းနံပါတ်မှာ 0973115247 ဖြစ်ပါသည်။ ဒါဟာ ငလိမ်ကောင်းရဲ့ဖုန်းနံပါတ်ပါ။

ပေါက်တောသား
ရခိုင်ပြည်နယ်

မူရင်း..နိရဉ္စရာ

၂၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည် ကော့မှူးစည်းရုံးရေး ခရီးစဉ် မှတ်တမ်းဓါတ်ပုံများ

















ဓာတ်ပုံများ ပို့ပေးသော မောင်လေး လင်းဇော်အား ကျေးဇူးတင်ရှိပါသည်.။

21 February 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်၏ ခဲအို ပြည်ပ အဖွဲ့စည်းများ နှင့်တွေ့ဆုံ

ပါတီစည်းရုံးရေးခရီးစဉ် တားမြစ်ချက်တွေ ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲ ကော်မရှင် ကြေညာ




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီစည်းရုံးရေး ခရီးစဉ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင် တားမြစ်ချက်တွေကို ရုပ်သိမ်းကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်တယ်လို့ အခုညနေပိုင်း နောက်ဆုံးရရှိတဲ့ သတင်းအရ သိရပါတယ်။

အဲဒီ ကြေညာချက်အကြောင်း ပါတီရဲ့ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ မန်နေဂျာရှေ့နေ ဦးဉာဏ်ဝင်းက အခုလို ပြောပါတယ်။

“မြန်မာစံတော်ချိန် သုံးနာရီခွဲလောက်မှာ ပြည်နယ်ကော်မရှင်က ကျွန်တော်တို့ အီးစီတွေကို ခေါ်တွေ့တယ်။ ခေါ်တွေ့ပြီးတော့ အဲဒီ ကန့်သတ်ချက်တွေအားလုံး ဖျက်လိုက်ပါပြီ၊ ခွင့်တောင်းထားတဲ့ဟာတွေ အကုန်လုံး ခွင့်ပြုတယ်။ အဲဒီလို ပြောပါတယ်။ ဒီနေ့တော့ မပြောဘူး။ ကျွန်တော်တို့ အရင် နမ္မတီးမှာ လုံခြုံရေးအရ ခွင့်မပြုဘူးဆိုတာ ဖျက်လိုက်တယ်။ နောက်ပြီးတော့ မြစ်ကြီးနား ဟာကိုလည်း ခွင့်ပြုတယ်။ ဗန်းမော်ကိုလည်း ခွင့်ပြုတယ်”

လာမယ့် ကြားဖြတ် ရွေးကောက်ပွဲအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အာဏာပိုင် တွေက ကန့်သတ် ပိတ်ပင်တားမြစ် နေတာတွေဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်ရေးကို အဟန့်အတား ဖြစ်တယ်လို့ NLD ပါတီက ဒီကနေ့ မွန်းလွဲပိုင်းက ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဉာဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ အခုလိုသာ ဆက်လက်ပြီး ဟန့်တားနေမယ်ဆိုရင် လာမယ့်ရွေးကောက်ပွဲဟာ တရားမျှတမှု ရှိနိုင်ပါ့မလားဆိုတာ စိုးရိမ်ကြောင်းလည်း ဦးဥာဏ်ဝင်းက ပြောခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေး လုပ်ငန်းစဉ်တွေကို အကြောင်းအမျိုးမျိုးပြ တားမြစ် ပိတ်ပင်နေတာတွေကို အချက်အလက်တွေ စုစည်းပြီး ပြည်ထောင်စု ကော်မရှင်ကို တင်ပြထားကြောင်းနဲ့ ပြည်ထောင်စု ကော်မရှင်အနေနဲ့လည်း တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြိုးစားဆောင်ရွက်ဖို့ ယုံကြည် မျှော်လင့်တယ်လို့ ဦးဥာဏ်ဝင်းကပြောသွားခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်အယ်လ်ဒီ ပါတီက သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး နာရီပိုင်းအတွင်း ကော်မရှင်က အခုလို အလျင်အမြန် တုံ့ပြန် ဆောင်ရွက်တာမျိုးကို မြန်မာပြည်မှာ တွေ့ရခဲတယ်လို့လည်း ရန်ကုန်ကလာတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

သတင်း..... RFA

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်လှုပ်ရှားမှုကို ပြန်ခွင့်ပြု



ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုရန် ကချင်ပြည်နယ် အဖွဲ့ချုပ်ဝင်များ ပြင်ဆင်နေကြစဉ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ တရားမျှတရေးနဲ့ ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲအပြီး နာရီပိုင်းအကြာမှာ ကချင်ပြည်နယ်ဘက်က စည်းရုံးရေးခရီးစဉ် ကန့်သတ်ချက်တွေ ပြန်လည်ခွင့်ပြုချက် ရရှိခဲ့ပါတယ်။

အဖွဲ့ချုပ် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းက “ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲက တနာရီမှပြီးပါတယ်။ သုံးနာရီကျော်ကျော်မှာ ကချင်ပြည်နယ် မြစ်ကြီးနား​ ​ရွေးကောက်ပွဲ ကော်မရှင်က ကျနော်တို့အဖွဲ့ ပြည်နယ်အဆင့် ရှိတဲ့လူတွေကို ခေါ်တွေ့ပြီးတော့ ကန့်သတ် ထားတာတွေ အားလုံးကို ရုပ်သိမ်းလိုက်ပါပြီ။ အောက်က မှားယွင်းပြီးတော့ လုပ်တာပါတဲ့။ နောင် ဒါမျိုး မရှိပါဘူးလို့ အဲဒီလို ဖြေလျော့သွားပြီဗျာ” လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ၂၃ နဲ့ ၂၄ ရက်နေ့မှာ ကချင်ပြည်နယ်ကို မဲဆွယ် ခရီးသွားဖို့ စီစဉ်ထားတဲ့အနက် နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က တားမြစ်မိန့် ထုတ်ပြန်ခဲ့ပါတယ်။ ဒီနေ့တော့ အဲဒီကိစ္စ ပြန်လည် ပြေလည်သွားတာ ဖြစ်ပါတယ်။

အဖွဲ့ချုပ်ဌာနချုပ်မှာ ဒီနေ့ မွန်းလွဲတနာရီ မထိုးမီ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဖွဲ့ချုပ်စည်းရုံးရေး လုပ်တဲ့အခါ အခက်အခဲတွေ ကြုံနေရတာဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ထိခိုက်စေတယ်လို့ ရှင်းပြသွားပါတယ်။ ဒါကို ဦးဉာဏ်ဝင်းက ခုလို ပြောပါတယ်။

“အနှစ်ချုပ်ကတော့ ကျနော်တို့ အဖွဲ့ချုပ် စည်းရုံးဟောပြောတဲ့နေရာ စည်းရုံးဟောပြောဖို့ ခွင့်တောင်းတဲ့ နေရာတွေမှာ အခက်အခဲတွေ ဖြစ်စေတယ်။ ဒါဟာ ပြည်ထောင်စု ၀န်ကြီးက ၀င်ရောက် ပြောဆိုတာမျိုးတွေပေါ့ဗျာ။

အဲဒါမျိုးတွေကို တခုချင်းအလိုက်လည်း ကျနော်ပြောပါတယ်။ အဲဒီအပေါ်မှာ ကျနော်တို့က ဒီလိုသာ ဆက်ပြီးတော့ အခက်အခဲဖြစ်နေရင် တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဟာ ထိခိုက်စေတာပေါ့နော်။ ကျနော်တို့ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ ကျနော်တို့အဖွဲ့ပေါ်မှာ တဖက်က ပြောဆိုတာတွေလည်း ရှိတယ်။ ကျနော်တို့ စိတ်မဆိုးဘူး။ ကျနော်တို့က ဖြေရှင်းစရာရှိရင် ဖြေရှင်းတယ်”လို့ ပြောပါတယ်။

သတင်း.... DVB

၂၁ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကော့မှူး ခရီးစဉ်အား ကြိုတင်ပြင်ဆင်မှုများ









ဓာတ်ပုံများ ပေးပို့ ပေးသော မောင်လေး လင်းဇော် အားကျေးဇူးတင်ရှိပါသည်.။

20 February 2012

NLD မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် အားကစားဝန်ကြီး၏ကန့်ကွက်မှု့များကြောင့် အနှောင့်အယှက်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းပြောကြား

ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များအတွင်း တွင် နေရာရရှိရေးအတွက် အားကစားကွင်းများအသုံးပြုရာတွင် အားကစားပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းအနေနှင့်ကန့်ကွက်မှု့များရှိပြီး ဖျာပုံတွင် ဖြစ်ခဲ့သော ကိစ္စတွင် ၀န်ကြီးတစ်ဦးအနေနှင့် ဟန့်တားနေခြင်းသည် လုံးဝမသင့်တော်ကြောင်း ရွေးကောက်ပွဲအောင်နိုင်ရေးမန်နေဂျာအဖြစ်ခန့်အပ်ခြင်းခံထားရသော ဦးဥာဏ်ဝင်းက ရှင်းလင်းပွဲတွင်ပြောကြားသွားသည်။

ဖေဖော်ဝါရီ ၁၄ရက်နေ့တွင် လှည်းကူမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရာတွင် ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပြီးဖြစ်သော်လည်း ၀န်ကြီးအနေနှင့် ကန့်ကွက်ခဲ့သည့်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကိုတိုက်ရိုက်ခွင့်ပြုချက်တောင်းခံခဲ့ရခြင်းကို ကြုံတွေ့ခဲ့ရသလို ဖေဖော်ဝါရီ ၁၅ရက်နေ့စွဲဖြင့်ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် အနေနှင့် မြန်မာတစ်ပြည်လုံးအားကစားကွင်းများကို မဲဆွယ်စည်းရုံးရေးများတွင် အသုံးမပြုရ ဆိုသည့်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ကြောင်း ဦးဥာဏ်ဝင်းကပြောသည်။

“ယင်းသို့ကန့်သတ်မှု့များသည် မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို ထိခိုက်သည်ဟုယူဆကြောင်း ဦးဥာဏ်ဝင်းကပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် ကြုံတွေ့နေရသော အခက်အခဲများ၊ ကန့်သတ်ချက်များနှင့်ပတ်သက်နေရသည်များကိုအဓိကထားပြောကြားခဲ့သည့်သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကို အဖွဲ့ချုပ်ရုံးချုပ်တွင် ယနေ့မွန်းလွဲ၁၂နာရီက ပြုလုပ်ခဲ့သည်။



ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေးခရီးများ ဆက်တိုက်သွားရောက်မည်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌဒေါ်အောင်ဆန်းစုကြည်သည် မဲဆွယ်စည်းရုံးရေးခရီးများအဖြစ် ကချင်ပြည်နယ်၊မန္တလေး၊နေပြည်တော်နှင့် မွန်ပြည်နယ်များသို့ ဖေဖော်ဝါရီလကုန်ပိုင်းနှင့် မတ်လတို့တွင် ဆက်တိုက်သွားရောက်ရန်ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ်သို့ ဖေဖော်ဝါရီလ ၂၃ ၊၂၄ ရက်များတွင်သွားရောက်မည်ဖြစ်ပြီး မူလက နေရာအခက်အခဲကြောင့် ပျက်သွားခဲ့သော မန္တလေးခရီးကို မတ်လ ၃ နှင့် ၄ရက်တွင် သွားရောက်မည်ဖြစ်ပြီး တစ်ဆက်တည်းမှာပင် နေပြည်တော်သို့ မတ်လ ၅နှင့် ၆ရက်တွင် သွားရောက်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်မှသတင်းထုတ်ပြန်သည် ။ မွန်ပြည်နယ်သို့ မတ်လ ၁၁ရက်တွင် သွားရောက်မည်ဖြစ်သည်။

သတင်း....7Day News Journal

ဒေါ်အောင်ဆန်းစုကြည် နမ္မတီးမှာ စည်းရုံးဟောပြောခွင့် အပိတ်ခံရ



ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာ နမ္မတီးဒေသတွင်း စည်းရုံး ဟောပြောခွင့်ကို မိုးကောင်းမြို့ ရွေးကောက်ပွဲကော်မရှင်က တားမြစ်လိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုလ ၂၃ နဲ့ ၂၄ ရက်နေ့မှာ မဲဆွယ် စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်ကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။ ခရီးစဉ်အတွင်း နမ္မတီး ကျေးရွာအုပ်စုမှာ စည်းရုံးဟောပြောခွင့်ကို လုံခြုံရေးအရ တားမြစ်တယ်လို့ မိုးကောင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်က အမိန့်ကြေညာစာ ထုတ်ပြန်ပါတယ်။ ဒီစာကို ဒီကနေ့ လက်ခံရရှိတာ ဖြစ်တယ်လို့ နမ္မတီး NLDတာဝန်ခံ ဦးဝင်းဗိုလ်က ပြောပါတယ်။

လူ တစ်သိန်းလောက် ဆန့်တဲ့ နမ္မတီး ဘောလုံးကွင်းမှာ ဒေါ်အောင်ဆန်းစုကြည် လူထု စည်းရုံးရေး ဟောပြောခွင့်ရဖို့ ရွေးကောက်ပွဲ စည်းမျဉ်းစည်းကမ်းအတိုင်း နမ္မတီး NLD အနေနဲ့ သက်ဆိုင်ရာကို ၁ဝ ရက် ကြိုတင် လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။

ကချင်ပြည်နယ် ခရီးစဉ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးကောင်းနဲ့ ဗန်းမော် မြို့နယ်တွေကို ဒေါ်အောင်ဆန်းစုကြည် အဓိက သွားရောက်ပြီး စည်းရုံးဟောပြောမှာ ဖြစ်ပါတယ်။ မြစ်ကြီးနားမြို့ကိုတော့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ သွားရောက်မှာဖြစ်ပါတယ်။

သတင်း.... RFA

ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေးခရီးစဉ်အဖြစ် လားရှိုးသို့ မတ်လတွင် သွားရောက်မည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လတွင် လားရှိုးမြို့နယ်များသို့ ပါတီစည်းရုံးရေးခရီးစဉ် အဖြစ် သွာရောက်ရန်ရှိပြီး ထိုမှတစ်ဆင့် ကျန်မြို့နယ်များသို့ ဆက်လက်သွားမည်ဟု သိရသည်။

လားရှိုးမြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် မည့်သူမှာ NLDပါတီမှ ရှေ့နေတစ်ဦးဖြစ်သူ ဦးစိုင်းမြင့်မောင်ဖြစ်ပြီး ၎င်းအနေဖြင့် စည်းရုံးရေးဆင်းမည့်ရက်အား တစ်ပတ်ကြို၍ ဖေဖော်ဝါရီ ၂၀ရက်နေ့တွင် သက်ဆိုင်ရာသို့ စာတင်ထားကြောင်းနှင့် ၂၇ရက်နေ့တွင် စည်းရုံးရေး စဆင်းရန်ရှိသည်ဟုလည်း သိရသည်။

“ကျေးလက်မှာတော့ နိုင်ဖို့မလွယ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ မိုင်းရယ်က ဒေသခံတွေ ပြောတာကတော့ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့က ကျေးလက်က ဒေသခံတွေကို ပြည်ခိုင်ဖြိုးကို မဲပေးဖို့နဲ့ မဲမပေးရင် ရွာကမောင်းထုတ်မယ်ဆိုပြီး ခြိမ်းမြောက်တာတွေ ရှိနေတယ်လို့ သိရတယ်ဗျ။ ဒါပေမယ့် အထောက်အထား သက်သေတော့ မရှိဘူး။ တိုင်လို့လည်း မဖြစ်ဘူး။ ဒါကြောင့် ဒီရွေးကောက်ပွဲမှာ တရားမျှတမယ် မမျှတဘူးဆိုတာကိုတော့ ဆက်ပြီး စောင့်ကြည့်ရမယ်”ဟု ဦးစိုင်းမြင့်မောင်မှ သျှမ်းတော်ဆင့် သတင်းဌာနသို့ ပြောပြချက်မှ ကောက်နုတ်ထားခြင်းဖြစ်သည်။

၎င်းသည် ယခင်က SSDP(Shan State Democratic Party)တွင် ပါဝင်ဆောင်ရွက်ဖူးကြောင်းနှင့် ၈၈အရေးအခင်း နောက်ပိုင်းတွင် NLDအဖွဲ့ချုပ်၌ ဝင်ရောက်ခဲ့သည်ဟုလည်း သိရပြီး ၎င်း၏အလုပ်အကိုင်သည် ရှေ့နေလုပ်ငန်းအား လုပ်ကိုင်သူတစ်ယောက်ဖြစ်သည်ဟုလည်း သိရသည်။

ယင်းရှမ်းပြည်မြောက်ပိုင်းတွင် အမျိုးသားလွှတ်တော်နေရာ၌ NLDပါတီ၊ SNDPပါတီ၊ USDPနှင့် ကိုးကန့်ပါတီတို့လည်း ဝင်ရောက် ယှဉ်ပြိုင် ကြမည်ဟု သိရသည်။

သတင်း..... yangonchronicle

19 February 2012

၂၁ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်အတွက် အစည်းအဝေးပြုလုပ်နေကြပုံများ







၂၁ ရက်နေ့တွင် ကော့မှူးမြို့နယ်သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေး ခရီးစဉ်အဖြစ် လာရောက်မည်။ အဖျောက်ကျေးရွာဘောလုံးကွင်းတွင် လူထုအား စည်းရုံးရေးမိန့်ခွန်းပြောကြားပြီး ဝါးဘလောက်သောက်တိုက်နယ် သို့စည်းရုံးရေးခရီး ဆက်လက်ထွက်ခွာမည်ဖြစ်ပါသည်။

ဓာတ်ပုံများ ပေးပို့ ပေးသော မောင်လေး လင်းဇော် အားကျေးဇူးတင်ရှိပါသည်.။