11 June 2011

ရောင်းစားလည်း အပြစ် .တောင်းစားလည်း အပြစ် . ခိုးစားလည်း အပြစ် ..ဆင်းရဲမွဲတေမှုအတွက် ပြစ်ဒဏ်တွေ .



တစ်လအတွင်း အခြေအနေမဲ့ တောင်းရမ်းစားသောက်သူ ၁၁၇ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြေအနေမဲ့ တောင်းရမ်း စားသောက်သူများကို မြို့နယ်များအလိုက် လမ်းဆုံလမ်းခွများ၊ ခရီးသည်တင် ယာဉ်လိုင်းများ၊ လူစည်ကားရာ လမ်းမကြီး...များနှင့် ဈေးများတွင် ပပျောက်ရေး စီမံချက်တစ်ခုအနေဖြင့် စိစစ်ဖမ်းဆီးခဲ့ရာ မေလ ၅ရက်မှ ဇွန်လ ၅ရက်အထိ အရှေ့ပိုင်းခရိုင်တွင် ၃၇ဦး၊ အနောက်ပိုင်းခရိုင်တွင် ၇၁ဦး၊ တောင်ပိုင်းခရိုင်တွင် ၂ဦးနှင့် မြောက်ပိုင်းခရိုင်တွင် ၇ဦးအား သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ “ဖမ်းမိတဲ့အထဲမှာ ယောကျာ်းကြီး ၁၅ယောက်နှင့် အမျိုးသမီးကြီး ၁၀ယောက် ပါတယ်။ ကျန်တာတွေက ကလေးတွေချည်းပဲ။ အခုဖမ်းတဲ့လူတွေကို အကုန်စိစစ်လိုက်ပြီး စည်ပင်ရဲကို ၉၂ဦး အပ်လိုက်တယ်။ ၂၅ဦးကို ပြစ်မှုနဲ့ အရေးယူလိုက်တယ်” ဟု သက်ဆိုင်ရာမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အခြေအနေမဲ့ တောင်းရမ်းစားသောက်သူများ ပပျောက်ရေးစီမံချက်တွင် ဖမ်းဆီးရမိသည့် လူများအား ပြစ်မှုဖြင့် အရေးယူခြင်း၊ လူမှုဝန်ထမ်းသို့ပို့ခြင်း၊ မိဘသို့အပ်နှံခြင်း၊ စည်ပင်သို့အပ်ခြင်းနှင့် စိစစ်၍ လွှတ်ခြင်းပြုလုပ်ခဲ့ရာ ယခုဖမ်းဆီးသည့် လူများတွင် စိစစ်၍ လွှတ်ပေးသည့် လူမရှိကြောင်း Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

လမ်းဘေးဆိုင်များ၏ အမှိုက်ရမှဗိုက်ဝနေရတဲ့ မြန်မာပြည်ကသန့်ရှင်းရေး ဝန်ထမ်းများ၏ဘဝ



ရန်ကုန်မြို့ရှိ သန့်ရှင်းရေးဝန် ထမ်းများသည် ၄င်းတို့၏စားဝတ် နေရေးအတွက် လမ်းဘေးဈေးဆိုင် များ၏ စွန့်ပစ်အမှိုက်များအပေါ်သာ မှီခိုနေရကြောင်း အဆိုပါ ဝန်ထမ်းများ က ဆိုသည်။”စည်ပင်ကပေးတဲ့ တစ်နေ့ လုပ်ခ ၁၅ဝဝ ရတယ်။ အဲဒါကို ၅ ရက်တစ်ခါရှင်းပေးပါတယ်။

ကျွန်မက ထန်းတပင်က လာတာ ဆိုတော့ ဆိုက်ကားခ ၂ဝဝ၊ ကားခ ၄ဝဝနဲ့ဆို စုစုပေါင်းအသွားအပြန်စရိတ် တစ်နေ့ ၆ဝဝ ကုန်ပါတယ်။ ကျန်တဲ့ ၉ဝဝ က လက်ဖက်ရည်သောက်တာ နဲ့ နေ့လယ် ထမင်း ဝယ်စားတာနဲ့ဆို ရင်ပဲ ကုန်ပါပြီ။ လုပ်ခနဲ့ ပဲဆိုရင်တော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဈေးဆိုင်တွေကို အမှိုက်သိမ်းပေးရလို့ မုန့်ဖိုးတစ်ဆိုင် ကနေ ၂ဝဝ ရရင် ၁ဝ ဆိုင်ဆို တစ်နေ့၂ဝဝဝ ရတယ်။

ဒါကြောင့်ပဲ ဒီအလုပ်က မထွက်နိုင် ဖြစ်နေရတာပါ” ဟု လုပ်သက် ၁၂ နှစ်ခန့်ရှိပြီဖြစ်သည့် သန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက ပြောသည်။ ယခုလမှစ၍ ရန်ကုန် စည်ပင် နယ်နိမိတ်မြို့တွင်း ၆ မြို့နယ်၌ ပလက်ဖောင်းများပေါ်တွင် ဈေးရောင်း ချခြင်းကန့်သတ်တော့မည် ဆိုပါက ၄င်းတို့အတွက် ရရှိမည့် အပိုဝင်ငွေမှာ ထိခိုက်မှုများ ကြုံလာ နိုင်ကြောင်း သန့်ရှင်းရေး ဝန်ထမ်း များက ဆိုသည်။”အခုလို လမ်းတိုင်းမှာ ဈေးသည်ရှိနေတဲ့ အချိန်တောင် ဈေးသည်ရှားတဲ့ နေရာမှာကျတဲ့ ဝန်ထမ်း တွေက အဆင်မပြေတာ။ လမ်းဘေး ဈေးသည်တွေကို ကန့်သတ်တော့ မယ်ဆိုရင်တော့ ကျွန်မတို့အတွက်ပါ ထိခိုက် မှုတွေရှိလာမှာပါ။

ဈေးသည် တွေဆီက မဟုတ်တဲ့ပုလင်းခွံ၊ ဘူးခွံ နဲ့ ဖိနပ်စုတ်တွေ တွေ့လို့ရောင်းရတဲ့ အပိုငွေတော့ရှိပါတယ်။ ဒါပေမဲ့ အဲဒါက ပုံမှန်အပို ဝင်ငွေ မဟုတ်ပါ ဘူး။ ပြီးတော့ ဈေးသည်တွေဆီက လောက်လည်းမရပါဘူး”ဟု လသာ မြို့နယ်မှ သန့်ရှင်းရေးဝန်ထမ်းတစ် ဦးက ဆိုသည်။အဆိုပါ သန့်ရှင်းရေးဝန်ထမ်း မျးအား ၆ လတစ်ကြိမ် သို့မဟုတ် တစ်နှစ် တစ်ကြိမ် စသဖြင့် ဝန်ထမ်း လခတိုးပေးမှုမရှိသည့်အပြင် ဝင်ဝင် ချင်းလုပ်သားများနှင့် လုပ်သက်ရင့် လုပ်သားများ၏ လခမှာလည်း ကွာ ဟချက်မရှိသည့်အတွက် ၄င်းတို့မှာ ပြင်ပမှအပိုငွေကိုသာ အားကိုးနေရ သည်ဟု ဝန်ထမ်းများက ဆိုသည်။”အခု စစဝင်တဲ့အလုပ်သမား လည်း ဒီလုပ်ခပဲ။ ၉ နှစ် ၁ဝနှစ်ကြာ တဲ့ဝန်ထမ်းလည်း ဒီလုပ်ခပါပဲ။

ရုံးက ပေးတဲ့လုပ်ခကတော့ ဘာမှ ကွာဟ ချက်မရှိပါဘူး။ ဒီအလုပ်ကိုလုပ်လာ တာ ၁၄ နှစ် ၁၅ နှစ်ရှိပြီ။ တစ်နေ့ ၂၅ဝ ပေးတဲ့ခေတ်ကတည်းက လုပ် လာတာ။ ဒါပေမဲ့ လုပ်သက်ရင့်တဲ့ အတွက် အပိုထပ်ဆောင်းပေးမှု ဘာမှမရရှိပါဘူး”ဟု ပန်းဘဲတန်းမြို့ နယ်မှသန့်ရှင်းရေး ဝန်ထမ်းတစ်ဦးက ဆိုသည်။ လုပ်သက် ၁၅ နှစ်အထက် ဝန်ထမ်းများသည် လခစားသဘော ဖြင့် တစ်လလျှင် ၄ သောင်း ၉ ထောင်ရရှိ၍ စဝင်ခါစမှ ၁၅ နှစ် အထိ ဝန်ထမ်းများမှာ ငါးရက်ရှင်း တစ်ခါ ၇၅ဝဝ ကျပ် ရရှိသည့်အ တွက် အဆိုပါအုပ်စု ၂ စုအတွက် လုပ်ခကွာဟမှုမှာ တစ်လလျှင် ကျပ် ၄ဝဝဝ မျှသာရှိပြီး ၃၁ ရက်နှင့် ဆုံးသောလများတွင် ယင်းထက် နည်းသော ပမာဏ သာ ကွာဟ ကြောင်း သိရသည်။ သို့သော်လည်း အဆိုပါသန့် ရှင်းရေးအလုပ်မှာ အလုပ်ပြတ် တောက်သည့်အချိန် မရှိသည့်အ ပြင် အသက်အရွယ်အားဖြင့်လည်း ကန့်သတ်ချက်ကြီးမားစွာ မရှိသည့် အတွက် ပညာအရည်အချင်း နည်း ပါးသူများမှာ ယင်းအလုပ်အား ရွေးချယ်မှု များပြားကြောင်း သိရသည်။

”ဥပမာ ပန်းရန်အလုပ် ဆိုရင် မိုးတွင်းနားရတယ်။ အလုပ်မရှိတဲ့ အခါ ဒီလိုမျိုးတွေရှိပါတယ်။ ပြီးတော့ ဒီအလုပ်ထက်လည်း ပို ပင်ပန်းတယ်။ အခု အလုပ်က နေ့ တိုင်းဆင်းလို့ရတယ်။ ပိတ်ရက်မရှိ တော့ နေ့စဉ်ဝင်ငွေရပါတယ်”ဟု ဝန်ထမ်းတစ်ဦးက ယင်းအလုပ်အပေါ် ရွေးချယ်ဖြစ်မှု အကြောင်းကို ပြောပါ သည်။ ယင်း ဝန်ထမ်းများ၏ အလုပ် ချိန်မှာ မနက်ပိုင်းတာဝန် ကျသူ များအနေဖြင့် မနက် ၆ နာရီမှ ညနေ ၅ နာရီအထိဖြစ်ပြီး ညပိုင်း တာဝန်ကျသူများမှာ ညနေ ၆ နာရီ မှ မနက် ၈ နာရီအထိဖြစ်သည်။

ဝေမာထွန်း

မြန်မာပြည်မှရုပ်ရှင်သရုပ်ဆောင်မမများ၊အဆိုတော်မမများ၊ မော်ဒန်မမများ၏အဖော်အချွတ်ပုံတွေကတော့ ဂျာနယ်များနှင့်မဂ္ဂဇင်းများတွင် ထင်ရှားစွာတွေ့မြင်ရပါတော့မည်

ပြောင်းလဲကျင့်သုံးလိုက်သည့် စာပေစိစစ်ရေး မူဝါဒများအရ လာမည့် ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ စာပေအမျိုးအစား ငါးမျိုးမှ ဂျာနယ်၊ မဂ္ဂဇင်း ၁၇၈ စောင်နှင့် အထွေထွေ စာပေအချို့ကို စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနသို့ စာမူကြမ်းများ ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့် ရရှိတော့မည် ဖြစ်သည်။

အဆိုပါ မူဝါဒ ပြောင်းလဲကျင့်သုံးမှုကို ဇွန်လ ၈ ရက်နေ့က ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း ရုံချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ညှိနှိုင်းအစည်းအဝေးတွင် ဦးဆောင်ညွှန်ကြားရေးမှူး ဦးရဲတင့်က ပြောခဲ့ပြီး မူဝါဒ အပြောင်းအလဲကြောင့် လက်ရှိ ထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းများအနက် ထက်ဝက်ခန့်က လွတ်လပ်စွာ ပုံနှိပ် ထုတ်ဝေနိုင်မည်ဟု ဆိုသည်။ “ဂျာနယ်၊ မဂ္ဂဇင်းတွေကို အုပ်စု နှစ်ခု ခွဲထားပါတယ်။

အုပ်စု (၁)မှာ ပါဝင်တဲ့ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေက လာမယ့် သောကြာနေ့ကစပြီး စာပေစိစစ်ရေး ကြိုတင်စရာမလိုဘဲ ထုတ်ဝေခွင့်ရပါပြီ။ အုပ်စု (၂) အတွက်တော့ အရင်က ကျင့်သုံးနေတဲ့ စိစစ်ရေးတင်ပြီးမှ ထုတ်ဝေတဲ့စနစ်ကိုပဲ ကျင့်သုံးသွားမှာပါ” ဟု ဦးရဲတင့်က ပြောသည်။

အုပ်စု (၁)တွင် အနုပညာ သုတရသ၊ ကျန်းမာရေး၊ ကလေး၊ နည်းပညာနှင့် အားကစားတို့နှင့် ဆိုင်သည့် ဂျာနယ်၊ မဂ္ဂဇင်းနှင့် အထွေထွေစာမူများ၊ ပုံပြင်၊ ရုပ်ပြစာမူနှင့် ထီပေါက်စဉ်များ ပါဝင်ပြီး အုပ်စု (၂)တွင် သတင်းဂျာနယ်များ၊ နိုင်ငံရေး၊ ဘာသာရေး (ဂမ္ဘီရ အပါအဝင်) စီးပွားရေး၊ ပညာရေးနှင့် မှုခင်းဆိုင်ရာ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာပေများ၊ ဝတ္ထုစာမူများ ပါဝင်သည်။

နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ခုနှစ်) နှင့်အညီ စာပေစိစစ်ရေး မူဝါဒများကို အဆင့်ဆင့် ပြောင်းလဲနေခြင်းဖြစ်ပြီး အုပ်စု (၂)မှ စာပေအမျိုးအစားများ လွတ်လပ်စွာ ထုတ်ဝေခွင့် ရရှိရေးသည် ယခု ပထမအဆင့်အနေဖြင့် ခွင့်ပြုလိုက်သည့် အုပ်စု (၁)မှ ဂျာနယ်၊ မဂ္ဂဇင်းနှင့် စာမူများ ပုံနှိပ်ခွင့် ပြောင်းလဲလိုက်သည့် ရလဒ်အပေါ် မူတည်သည်ဟုလည်း ၄င်းကဆိုသည်။

အဆိုပါ မူဝါဒ ပြောင်းလဲမှုအရ အုပ်စု(၁)မှ ပုံနှိပ် ထုတ်ဝေသူများ၊ အယ်ဒီတာများ အနေဖြင့် မိမိတို့ ပုံနှိပ်ထုတ်ဝေမှုကြောင့် ဖြစ်လာသည့် ပြဿနာအားလုံးကို တာဝန်ယူရမည်ဖြစ်ပြီး စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနသို့ တိုင်တန်းမှုများ ရှိလာပါက အရေးယူ ဆောင်ရွက်သွားမည်ဟု စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက ဆိုသည်။

အဆိုပါ အုပ်စု နှစ်စုစလုံးကို စိစစ်သွားရန် အဖွဲ့နှစ်ခု ဖွဲ့စည်းထားပြီး ၄င်းအဖွဲ့များမှ တင်ပြလိုက်သည့် ပြဿနာများကို စိစစ်သုံးသပ်တင်ပြရေးအဖွဲ့ ရှိနေမည်ဟုလည်း ၄င်းကဆိုသည်။ မြန်မာနိုင်ငံတွင် လက်ရှိထုတ်ဝေနေသည့် ဂျာနယ်၊ မဂ္ဂဇင်းပေါင်း ၃၅၈ စောင်ရှိပြီး အဆိုပါ မူဝါဒ အပြောင်းအလဲကြောင့် ဂျာနယ် ၈၂ စောင်၊ မဂ္ဂဇင်း ၉၆ စောင်နှင့် အထွေထွေ စာမူများမှာ လွတ်လပ်စွာ ထုတ်ဝေနိုင်ပြီဖြစ်ပြီး ၄င်းထုတ်ဝေခွင့်တွင် ပုံပြင်၊ ရုပ်ပြစာမူများနှင့် ထီပေါက်စဉ်တို့လည်း ပါဝင်ကြောင်း မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

ပီတိကိုရိုက်ချိုးခြင်း



ပီတိကိုရိုက်ချိုးခြင်း

နာရေးကူညီမှုအသင်း(ရန်ကုန်)ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း၏ နောင်တော် သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)ကို ၈.၆.၂၀၁၁ မှစ၍ စမ်းသပ်ဖွင့်လှစ်ကာ ရဟန်းရှင်လူအပေါင်းတို့၏ ကျန်းမာရေး ကိစ္စအ၀၀ကို အခမဲ့ကုသပေးလျှက်ရှိရာ ၉.၆.၂၀၁၁ ရက်နေ့အထိ လူနာပေါင်း (၈၉) ဦးတို့ကို ကုသပေးပြီးဖြစ်သည်။ ဆရာဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့်အတူ ဆရာဝန် (၄)ဦးတို့မှ ကုသိုလ်ဖြစ် ပရဟိတစိတ်ဓါတ်ပြည့်ဝစွာ လာရောက်ကုသပေးမှုကြောင့် ပြည်မြို့ ရေနံချောင်း၊ ပုတီးကုန်း၊ သဲကုန်း၊ ပေါက်ခေါင်း၊ နှောကုန်း အစရှိသည့် မြို့ရွာများရှိ ကျန်းမာရေးချို့တဲ့သော ရဟန်း သံဃာ အများပြည်သူတို့မှာ များစွာဝမ်းသာပီတဖြစ်ခဲ့ရသည်။ ထိုနည်းတူ ကုသပေးသော ဆရာဝန်ကြီး များ၏ပီတိ၊ ဦးဆောင်ဦးရွက်ပြုလုပ်ခဲ့သော ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ် သွေးလှူအဖွဲ့တို့၏ ပီတိ၊ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ပီတိတို့ကား အတိုင်းအဆမရှိဖြစ်ခဲ့ရသည်။

သို့သော် ထိုပီတိတို့ကို ရိုက်ချိုးခြင်း ခံခဲ့ရပြီဖြစ်သည်။ မိုးမေတ္တာပရဟိတအဖွဲ့၏ စေတနာ မေတ္တာ၊ ဂရုဏာ၊ အကြင်နာတို့အပြင် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဗြဟ္မစိုရ်တရား (၄) ပါးကိုပါ ပိတ်ဆို့ခြင်းခံခဲ့ရသလို ဖြစ်စေခဲ့သည်။

အကြောင်းမှာ ဇွန်လ (၁၀) ရက်နေ့ နေ့စွဲပါ ပြည်မြို့နယ် အုပ်ချုပ်ရေးမှူး အောင်ဇော်ထက်၏ စာကြောင့်ပင်ဖြစ်တော့သည်။ “အသင်းအဖွဲ့ ဖွဲ့စည်းခွင့် လျှောက်ထားမှုတင်ပြခြင်းကိစ္စ” ဟူသော အကြောင်းအရာပါစာအရ … ရည်ညွှန်းချက် (၁)ပါ အချက်အလက်များသည် လုပ်ရိုးလုပ်စဉ် အချက်များဖြစ်သည်။ သို့သော် ကျွန်တော်တို့သည် စီးပွားရေးလုပ်ငန်းလုပ်ခွင့် လျှောက်ထားခြင်း မဟုတ်။ နိုင်ငံတော်မှငွေချေးခြင်းကိစ္စ မဟုတ်။ အများပြည်သူအကျိုးကို (အခမဲ့) ထမ်းဆောင်ပေးမည့် နိုင်ငံတော်အား တဖက်တလမ်း အကျိုးပြုမည့်အဖွဲ့ဖြစ်သည်။ ရည်ညွှန်းချက် (၁/ခ) အရ - နိုင်ငံရေး ကင်းရှင်းကြောင်း ထောက်ခံချက်မှာ ယခုလက်ရှိ ဒီမိုကရေစီနိုင်ငံတော်သစ်ဆီ လျှောက်လှမ်းရာတွင် မလိုအပ်တော့ဟု၎င်း၊ လက်ရှိစီးပွားရေးကုမ္ပဏီကြီးများ လက်ရှိကြံခိုင်ဖွံ့ဖြိုးရေးအသင်းများသည်၎င်း၊ နိုင်ငံရေး/ပါတီနိုင်ငံရေး ကင်းရှင်းပါ၏လားဟု စဉ်းစားမိသည်။

ထို့အပြင် ရည်ညွန်းချက် (၂)အရ ပြည်ထဲရေးဝန်ကြီးဋ္ဌာန အသင်းအဖွဲ့ဖွဲ့စည်းခွင့်ပြုရေးနှင့် ကြည့်ကြပ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရရှိမှီကာလအတွင်း ယင်းအသင်းအဖွဲ့၏ လုပ်ငန်းများ လှုပ်ရှား ဆောင်ရွက်ခြင်း မပြုကြောင်းဟု ရေးသားထားပြန်သည်။ ယခု မြန်မာပြည်တွင်းရှိ လူမှုရေးအသင်း အဖွဲ့များ၊ NGO အဖွဲ့များ၊ ဖောင်ဒေးရှင်းများတို့သည် တရားဝင်မှတ်ပုံတင် ချပေးခြင်းမရှိသေးပဲ ဆောင်ရွက်နေခြင်းဖြစ်သည့်အပြင် အချို့သော အသင်းအဖွဲ့များ၏ ဆောင်ရွက်မှုများ၊ အလှူခံကိစ္စများ ကို တရားဝင် နိုင်ငံတော်သတင်းစာများ၊ စာစောင်/ဂျာနယ်များအတွင်း ဖော်ပြနေခြင်းကိုတော့ မသိ ကျိုးနွှံပြုနေသလားဟု တွေးတောမိသည်။

ကျွန်တော်တို့ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် လူမှုရေးသက်သက်သာ လုပ်ဆောင်နေ သော ပရဟိတလူငယ်စစ်စစ်များနှင့် ဖွဲ့စည်းထူထောင်ထားသော မှတ်ပုံတင်အမှတ် (၁၈၉၇)နှင့် လုပ်ဆောင်ပေးနေသော လူမှုရေးအဖွဲ့ဖြစ်သည်။ နိုင်ငံရေးပါတီဖွဲ့စည်းထားသော အဖွဲ့မဟုတ်။ ဆင်းရဲ ချမ်းသာ လူမျိုးဘာသာမရွေးတို့၏ နာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စများကို မိမိတို့ နိုင်သလောက် အင်အားနှင့် ကူညီဖေးမပေးနေသော နိုင်ငံတော်အား တဖက်တလမ်းအကျိုးပြုပေးနေသော အဖွဲ့ဖြစ်သည်။

ထိုနည်းတူစွာ ပြည်မြို့ မိုးမေတ္တာပရဟိတလူငယ် သွေးလှူအဖွဲ့သည်လည်း လူသားချင်း စာနာစိတ်ဖြင့် “သွေးဖြင့် အသက်ကယ်” လုပ်ငန်းကို လုပ်ဆောင်ပေးဆပ်ခဲ့ရာ သွေးပုလင်းပေါင်း တစ်ထောင်ကျော်ခဲ့ပြီဖြစ်သည်။ တနည်းအားဖြင့် လူပေါင်းတစ်ထောင်ကျော်၏ အသက်ကို ကယ်ဆယ် နိုင်ခဲ့သော မြတ်ဗုဒ္ဓ၏ ဆိုဆုံးမကို လိုက်နာကျင့်သုံးသော ပရဟိလူငယ်များပင်ဖြစ်သည်။ ထို့အပြင် မိုးမေတ္တာပရဟိတလူငယ် သွေးလှူရှင်များအသင်းသည် လူငယ်ပြုပြင်ရေးအတွက် စာပေဟောပြောပွဲ များ ကျင်းပခဲ့ရာ လိမ္မာယဉ်ကျေးသော လူငယ်/ရွယ်များ၊ ဗြဟ္မစိုရ်တရား (၄)ပါးကို လက်ခံကျင့်သုံး သော ပရဟိတလူငယ်များ ပေါ်ပေါက်လာခဲ့သည်။ ထို့အပြင် ဘာသာတရားကိုင်းရှိုင်းရန်၊ လူယဉ်ကျေး များပေါ်ပေါက်ရန်၊ ပရဟိတစိတ်ဓါတ်များ မွေးဖွားလာရန်၊ အယူသည်းမှုကို တိုက်ဖျက်နိုင်ရန် ရည်ရွယ် ၍လည်း ဆရာတော်ဘုရားကြီးများအား ပင့်ဖိတ်၍ တရားပွဲများ ကျင်းပပေးခဲ့သော လူငယ်အဖွဲ့ ဖြစ်သည်။

သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်) ဟူ၍ ဖွင့်လှစ်ရာ၌ ဆေးခန်းတည်နေရာသည် သာသနာပိုင် နယ်မြေဖြစ်သည့်အတွက် သက်ဆိုင်ရာ သာသနာရေးဦးစီးအဖွဲ့ အဖွဲ့ဝင်ဆရာတော်ကြီးများနှင့် ဆေးခန်းတည်ရှိရာ မာန်အောင်ကျောင်းဆရာတော်ကြီးမှလည်း ၀မ်းမြောက်ဝမ်းသာ ခွင့်ပြုကြိုဆို ခဲ့သည်။ “ဆေးခန်း” ဟူရာ၌ သက်ဆိုင်ရာကျန်းမာရေးဦးစီးအဖွဲ့မှလည်း ဆေးဝါး (အခမဲ့) ကုသိုလ်ဖြစ် ကုသပေးမည့် ဆရာဝန်ကြီးများနှင့်လည်း တွေ့ဆုံခဲ့ပြီးဖြစ်သည်။ ယခုမူ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့မှ တားမြစ်မှုသည် အဘယ်ကြောင့် တားမြစ်ရပါသနည်းဟု အဖြေရှာမရတော့ချေ။ အများပြည်သူတို့ လိုအပ်နေသော ကျန်းမာရေးကို လှစ်လျူရှုချင်ပါ၍လားဟု စဉ်းစားမိသည်။ ရဟန်းရှင်လူ အများပြည် သူတို့၏ မျက်နှာများ၊ အလှူရှင်တို့၏ မျက်နှာများကို တစ်ချက်လေးတော့ ငဲ့ကြည့်သင့်သည်။

ပရဟိတ၏ ဆန့်ကျင်ဘက် - အတ္တဟိတ
သုခ၏ ဆန့်ကျင်ဘက် - ဒုက္ခများ ဖြစ်စေချင်ပြီလားဟူ၍ တွေးမိပြန်သည်။

အချုပ်ဆိုရသော . . .

ကျွန်တော်တို့သည် ပါတီနိုင်ငံရေး လှုပ်ရှားသူများမဟုတ်။
ကျွန်တော်တို့သည် နိုင်ငံတော်အာဏာ လုမည့်သူများမဟုတ်။
ကျွန်တော်တို့သည် ပြည်သူလူထုအကျိုးကို တတ်စွမ်းသလောက် ထမ်းဆောင် ပေးဆပ်နေသူများဖြစ်သည်။
ကျွန်တော်တို့သည် ပရဟိတသမားစစ်စစ်များဖြစ်သည်။
ကျွန်တော်တို့သည် မြတ်ဗုဒ္ဓ၏စကားကို လိုက်နာကြသည့်သူများဖြစ်သည်။
ကျွန်တော်တို့သည် မြန်မာ(ဗမာ)ပြည်သားစစ်စစ်များဖြစ်၏။
မြန်မာ(ဗမာ့)သွေးသည် ရဲသည်။

ထို့ကြောင့် စစ်ကိုင်းရွှေဟင်္သာဆရာတော်ဘုရားကြီး၏ ဆုံးမစကားဖြစ်သော -

“အများအကျိုး၊ ရွက်သယ်ပိုးက … အနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း … မရွဲ့မစောင်း၊ ကိုယ့်လမ်းကြောင်းကို … စိတ်ကောင်းနှင့်ယှဉ်၊ ရှေးရှုနှင်လော့” ဟူသော သြ၀ါဒအတိုင်း ကျင့်သုံးရန်သာရှိတော့သည်။

ကိုယ်ပြုသောကံ ပဲ့တင်သံ … ကိုယ့်ထံပြန်လာမည်
(ကျော်သူ)


ပေးပို့ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

လေယာဉ်အဟောင်းတွေဝယ် ပြည်သူတွေက ၀န်ဆောင်ခတွေ သယ်ယူစရိတ်တွေ အသစ်သုံးနေရတဲ့ နိုင်ငံတွေထက် ၂ဆ ထက်ပိုပြီးပေးရမှ ဒါတို့ တိုင်းတို့ ပြည်ကွ ။

ရန်ကုန်မှ စစ်တွေသို့ ခရီးသည်များ တင်ဆောင်ကာ ရောက်ရှိလာသော လေယာဉ်တစ်စင်းသည် တာယာ လေလျော့သွားသဖြင့် စစ်တွေမြို့တွင် တစ်ညတာ ညအိပ်ခဲ့ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၂၉ ရက်နေ့က XY-AIB လေယာဉ်သည် ရန်ကုန်မှ စစ်တွေသို့ ရာက်ပြီးနောက် ထိုသို့ လေလျော့နေသည်ကို စစ်ဆေး တွေ့ရှိရသဖြင့် ညအိပ် ရပ်နားခဲ့ခြင်း ဖြစ်ကြောင်းနှင့် နောက်နေ့တွင် လေယာဉ်မှတာဝန်ရှိသူများက အခြားသော ခရီးသည်တင် လေယာဉ်တစ်စင်းဖြင့် ရန်ကုန်မှ လိုက်ပါလာပြီး ဘီးများကို လဲလှယ် တပ်ဆင်ခဲ့ကြောင်း သိရှိရသည်။ ယင်းနောက် အဆိုပါ လေယာဉ်သ ည်မေလ ၃၀ နေ့တွင် စစ်တွေမှ ရန်ကုန်မြို့သို့ ထွက်ခွာခဲ့ကြောင်းလည်း သိရှိရပါသည်။

စစ်တွေလေဆိပ်သည် မကြာသေးသော နှစ်အတွင်းက ပြေးလမ်း တိုးချဲ့ခြင်းများနှင့် ထပ်ပိုးလွှာ ခင်းခြင်းများကို ပြုလုပ်ထားခဲ့ပြီး ဖြစ်ကြောင်းလည်း သိရှိရပါသည်။ ထိုသို့ တာယာလေလျော့ခြင်း ဖြစ်ပေါ် ခဲ့သည့်တိုင် အခြားသော အားနည်းချက်များ မရှိခဲ့သဖြင့် ထိုလေယာဉ်မှာ ပြန်လည် ပြေးဆွဲနေပြီ ဖြစ်ကြောင်းလည်း သိရှိရပါသည်ဟု weeklyeleven ဂျာနယ်တွင်ဖော်ပြပါရှိသည်.။

မြန်မာပြည်က ပြည်သူများအတွက် ပြည်သူ့ ရဲ များဘယ်မှာ အိပ်နေကြပါသလဲ?

မန္တလေးမြို့ ကားဝယ်ရောင်းလောကတွင် ကားပြင်အလုပ်ရုံ (Work shop) ၌ အပ်ထားသော နံပါတ်မဲ့ ကားများနှင့် နေအိမ်များ၊ ဝင်းခြံများထဲတွင်ရှိသော နံပါတ်မဲ့(Without) ကားများကိုသာ ရွေး၍ ခိုးယူသော လူ ၈ဦးခန့် ပါဝင်သည့် ကားခိုးဂိုဏ်းတစ်ခု ရှိနေကြောင်း မန္တလေးမြို့ ကားပွဲစားလောကမှ သိရသည်။

၎င်းနံပါတ်မဲ့ ကားခိုးဂိုဏ်းသည် နံပါတ်မဲ့ ဘက်စုံသုံးကား(M.P.V) များ၊ မတ်တူး၊ ကာရီနာ၊ ပါဂျဲရိုးကားများကို ခိုးယူ၍ သင့်တော်သော အောက်ဈေးဖြင့် ရောင်းချကြောင်း ပိုင်ရှင်များကလည်း နံပါတ်မဲ့ကား ဖြစ်သဖြင့် ရဲစခန်းသို့ အမှုမဖွင့်ကြကြောင်း ခိုးယူသိရှိပါကလည်း ကားပွဲစားဖြင့် ကျပ်သိန်း ၅၀၊ ကျပ်သိန်း ၇၀ခန့် ပြန်လည် ရွေးယူနေကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

မောင်သော်က (ခ) ဗိုလ်မှူးဘသော် ကျဆုံးခြင်း အနှစ်နှစ်ဆယ်ပြည့် လွမ်းဆွတ်ခြင်း


မောင်သော်က (ခ) ဗိုလ်မှူးဘသော်



ရေတပ်ဗိုလ်မှူးဟောင်း တဦးလည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်တဦးလည်းဖြစ်၊ သရော်စာအရေးကောင်းသူ စာရေးဆရာတဦးလည်းဖြစ်တဲ့ မောင်သော်က (အမည်ရင်း ဦးဘသော်)

၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးခဲ့ပြီး ကန်တော်ကလေးစွန်နီ မွတ်စလင်မ် သုသာန်တွင် မြှုပ်နှံသဂြိုလ်ခဲ့သည်။

Burma Action Singapore (BAS) က အခမဲ့ ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ ယုံကြည်ချက်နဲ့ ခရီးရှေ့ဆက် … ဝတ်မှုန် ကူးတဲ့လက် အမှတ် (၂)၊ နိုဝင်ဘာလ၊ ၂ဝဝ၆ မှ ဦးဘသော် (ခေါ်) စာရေး ဆရာ မောင်သော်က အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

ဦးဘသော် (ခေါ်) မောင်သော်က

ရွှေဘိုမြို့  စစ်ကိုင်းတိုင်း ဇာတိ ဖြစ်သည်။

၁၉၈၉ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့ တွင် ဖမ်းဆီးခြင်း ခံရသည်။

၁၉၉၁ ခုနှစ်၊ ဇွန်လတွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၅ နှစ်ရှိပြီ ဖြစ်သည်။

နိုင်ငံရေး နောက်ခံ

မြန်မာ့ တပ်မတော် (ရေ) တွင် ဗိုလ်မှူး အဆင့်ထိ တာဝန် ထမ်းဆောင် ခဲ့သည်။ ထို့ကြောင့် ဗိုလ်မှူး ဘသော်ဟု လူသိ များသည်။ မေယုတိုက် သင်္ဘောကို အင်္ဂလိပ် အစိုးရ ထံမှ ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် လွှဲယူ ခဲ့စဉ်က ဦးဘသော်သည် သင်္ဘော ပေါ်တွင် အလံတင်သည့် ဂုဏ်ပြု တပ်ဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်သည်။

မောင်သော်က အမည်ဖြင့် စာပေနယ်သို့ ဝင်ရောက် ခဲ့သည်။ အထူးသဖြင့် သရော်စာ ရေးရာတွင် နာမည်ကြီးသူ တဦး ဖြစ်သည်။ မဆလခေတ် တလျှောက် ခေတ်စနစ်နှင့် လူထု ဘဝကို ထင်ဟပ်၍ ထိထိမိမိ ဖွင့်ချ ရေးသားခဲ့သူ ဖြစ်သည်။ နိုင်ငံတကာ စာပေ တချို့ကို ဘာသာ ပြန်ခဲ့သည်။ ၁၉၈၈ ခုနှစ် မတိုင်မီက ရေးသားခဲ့သည့် “တိုက်ရေယာဉ် ၁ဝ၃” အမည်ရှိ ဝတ္ထုဟန် ကိုယ်တွေ့  မှတ်တမ်းမှာ လူကြိုက်များ ထင်ရှားသည်။

၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံတွင် ရှေ့တန်း မှ ပါဝင် ခဲ့သည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့တွင် စာပေ အနုပညာရှင် များက မြန်မာ့ တပ်မတော်ကို လူထုအား ရက်ရက်စက်စက် ပစ်ခတ် နေမှု များအား ရပ်ဆိုင်းရန် ကန့်ကွက် တောင်းဆိုသည့် အခါက ပါဝင် လက်မှတ် ရေးထိုး ခဲ့သည်။ ထို့နောက် စာနယ်ဇင်း သမဂ္ဂတွင် ဥက္ကဌ အဖြစ် ရွေးချယ် ခံရသည်။ စစ်တပ် အာဏာ သိမ်းပြီး နိုင်ငံရေး ပါတီများ ဖွဲ့စည်းချိန်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၌ ဆက်လက် ပါဝင်သည်။ ဗဟို ဦးစီး အဖွဲ့ဝင်နှင့် စစ်ကိုင်းတိုင်း စည်းရုံးရေး တာဝန်ခံ အဖြစ် ဆောင်ရွက် ခဲ့သည်။

၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ ကာလတွင် တပ်မတော် (ရေ) ကို ပြည်သူ့ဘက်က ရပ်တည်ရန် ရေတပ် အရာရှိ များထံ အရာရှိဟောင်း တဦး အနေဖြင့် စာများ ရေးသား ပို့ပေး ခဲ့သည်။ ထို့အတွက် ၁၉၈၉ ခုနှစ် တွင် ဖမ်းဆီး ခံရသော အခါ တပ်မတော် ဖြိုခွဲမှုဖြင့် စွဲချက် တင်ခံရသည်။ ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (က)၊ ၅ (ခ) တို့ ဖြင့် ထောင်ဒဏ် အနှစ် ၂ဝ ချမှတ် ခံရသည်။

ဦးဘသော်၏ လှောင်ပြောင် သရော်သော မိန့်ခွန်းများ ကဗျာ များနှင့် ဆောင်းပါး များမှာ မြန်မာ နိုင်ငံတွင် နာမည်ကြီး လူကြိုက် များလှသည်။ “သူ့ စာပေက ပြည်သူ တွေကို ရယ်စေတယ်။ တချိန်တည်းမှာ ဒေါသနဲ့ နာကြည်းမှုတွေ ကိုလည်း လှုံ့ဆော် ပေးတယ်” ဟု သူ့ မိတ်ဆွေ တဦးက ပြောပြသည်။ သူသည် ကမ္ဘာ့ စာပေ ထဲမှ အမြောက်အများကို မြန်မာ ဘာသာသို့ ပြန်ဆို ပေးခဲ့သည်။ နဝတက သူ့အား ဖမ်းဆီး ထောင်ချ ထားစဉ် ကာလမှာ ပင်လျှင် သူသည် ကဗျာများကို လျှို့ဝှက် ရေးခဲ့ သေးသည်။

သေဆုံးပုံ

အဖမ်း မခံရခင် ကတည်းက ဆရာ မောင်သော်ကတွင် ကုသ၍ မရသော အကြောသေ ရောဂါ ရှိသည်။ ၁၉၉ဝ ပြည့်နှစ်၊ စက်တင်ဘာ ၂၅ ရက်နေ့ အင်းစိန် ထောင်တွင်း အစာငတ်ခံ ဆန္ဒပြစဉ် ရိုက်နှက် ခံရပြီးနောက် သမံတလင်း ပေါ်တွင် မည်သည့် အခင်းမှ မပါဘဲ အိပ်ခဲ့ရ သဖြင့် လေဖြတ် သွားသည်။ ထောင်ဆရာဝန်၏ သာမန် ကုသမှုကို အနည်းငယ် ရရှိခဲ့သည်။ အထူးကု ဆရာဝန် များဖြင့် ကုသရန် တင်ပြ သော်လည်း အာဏာပိုင် များက ခွင့်မပြုခဲ့ပါ။ ၁၉၉၁ ခုနှစ် ဇွန်လ ၈ ရက်နေ့  တွင် နှလုံး ရောဂါ ဖောက်လာ သဖြင့် အာဏာပိုင် များက ဦးဘသော်အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ခဲ့သည်။ သုံးရက် အကြာ၊ ဇွန်လ ၁၁ ရက်နေ့တွင် ရန်ကုန် ဆေးရုံကြီး အချုပ်ခန်း အတွင်း၌ သေဆုံး ခဲ့သည်။



“မောင်သော်က သို့မဟုတ် …”-(၈-၆-၀၇)




ဇွန်လ (၁၁) ရက်နေ့ဆိုရင် ဦးဘသော် (စာရေးဆရာမောင်သော်က) တယောက် စစ်အာဏာရှင်တွေရဲ့ အကျဉ်းထောင်ထဲမှာ သေဆုံးသွားခဲ့ရတာ (၁၆) နှစ်တင်းတင်းရှိသွားခဲ့ပါပြီ။ ဆရာ မောင်သော်ကရဲ့ ယုံကြည်ချက်၊ ခံစားချက်နဲ့ ဘ၀ကောက်ကြောင်း တစေ့တစောင်းကို လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမရဲ့ “Death in Custody” (2) နဲ့ (3) မှာ တလေးတစား ထည့်သွင်းရေးသားဖော်ပြခဲ့ပါတယ်။ အဲဒီစာစုကလေးကို စာဖတ်သူများအတွက် “ဆရာ မောင်သော်က” အမှတ်တရအဖြစ် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


န၀တ နိုင်ငံရေးအကျဉ်းသားတွေထဲက NLD

အဖွဲ့ဝင်ဖြစ်သူ နောက်ထပ်သားကောင်တယောက် ကတော့ စာရေးဆရာမောင်သော်ကလို့ နာမည်ကျော်ကြား လူသိများတဲ့ ဦးဘသော်ပါပဲ။ သူ့ရဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင်ဘက်တွေ၊ လေးစားတဲ့သူတွေက ချစ်ခင်စွာခေါ်သလို ဆရာ မောင်သော်ကဟာ မေ့လို့မရနိုင်တဲ့ ပုဂ္ဂိုလ် တယောက်ဖြစ်ပါတယ်။

သူဟာ မြန်မာ့ရေတပ်မတော်အတွင်းမှာ နှစ်ပေါင်း များစွာ အမှုထမ်းခဲ့သူဖြစ်ပါတယ်။ ၁၉၅၆ ခုနှစ်မှာမန်မာနိုင်ငံရဲ့ အရှေ့တောင်ဘက် ပင်လယ်ကမ်းရိုးတန်းတလျှောက် ကင်းလှည့်နေတဲ့ ကင်းစောင့် စစ်ရေယာဉ်တစီးမှာ ကပ္ပတိန်အဖြစ် တာဝန်ထမ်းဆောင်နေစဉ် သင်္ဘောမှောက်မှုနဲ့ ကြုံတွေ့ခဲ့ရ ပါတယ်။

သူ့ရဲ့သင်္ဘောနစ်တဲ့အချိန်မှာ ဗိုလ်ဘသော်နဲ့ တခြားရေတပ်သား (၂၆) ဦးတို့ဟာ အသက်ကယ်ရာဘာလှေနှစ်စင်းနဲ့ သင်္ဘောကို စွန့်ခွာခဲ့ကြပါတယ်။ လူ (၉) ဦးပါတဲ့ အသက်ကယ်လှေတစင်းဟာ လုံးဝပျောက်ဆုံးသွားပြီး ဒုတိယအသက်ကယ်လှေတစင်းကတော့ ပင်လယ်ထဲမှာ (၁၂) ရက်ကြာ မျောနေပြီးမှ ဂျပန်သင်္ဘောတစင်းက တွေ့ရှိကာ ကယ်တင်ခဲ့ပါတယ်။


အဲ့ဒီအချိန်မှာအသက်ကယ်လှေပေါ်မှာပါတဲ့(၁၈)ယောက်ထဲက(၇)ယောက်ဟာသေဆုံးခဲ့ပါပြီ။နောက်တ ယောက်ကယ်တင်တဲ့သင်္ဘောပေါ်မှာသေဆုံးခဲ့ပါတယ်။မောင်သော်ကဟာလူ(၁၀)ယောက်အတွက် (၃)ရက်စာ အစာနဲ့ရေလုံလောက်ရုံပဲပါတဲ့ အသက်ကယ်လှေကလေးပေါ်ကသူ့နဲ့ သူ့ရဲဘော်တွေ လောင်ကျွမ်း လုမတတ် ပူပြင်းလှတဲ့ နေရောင်အောက်မှာ တုန်လှုပ်ချောက်ချားကာ စိတ်ဓာတ် အကြီးအကျယ် ကျဆင်း ခဲ့ရပုံ အကြောင်း တွေ ကိုအလွန်စိတ်ဝင်စားဖွယ်ရာ စာအုပ် ငယ်လေးတအုပ် ရေးသားခဲ့ပါတယ်။

ဆရာမောင်သော်ကရဲ့ တားလို့ဆီးလို့မရနိုင်တဲ့ ဟာသဥာဏ်ဟာ သူရေးသားတဲ့စာတွေမှာ ပေါ်လွင် နေပါတယ်။ သူတပါးကို ထိခိုက်နစ်နာစေလိုတဲ့ဆန္ဒမပါတဲ့ သရော်စာလို့ ခေါ်နိုင်တာမျိုးပါ။ သူ့ရဲ့ ဟာသတခုဟာ မြန်မာပြည်ကို ဆိုရှယ်လစ်တွေအုပ်ချုပ်စဉ်တုန်းက လူတိုင်းကြိုက်နှစ်သက် ရေပန်း စားခဲ့ပါတယ်။ သူ့ရဲ့စာရေးဖော်ရေးဘက်တဦးဟာ တစ္ဆေသူရဲကို ယုံကြည်သူတဦးဖြစ်တဲ့အကြောင်း ကြားရတဲ့အခါမှာ ဆရာမောင်သော်ကဟာ ချက်ချင်းဆိုသလိုပဲ “သူကတော့ ဘာမဆိုယုံတာပဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကိုတောင် ယုံတာပဲ” လို့ ပြောခဲ့ပါတယ်။

ဆရာမောင်သော်ကဟာ ကဗျာဆရာတယောက်လည်း ဖြစ်ပါတယ်။ ကိုယ်ပိုင်ကဗျာတွေလည်း ရေးသလို အင်္ဂလိပ်ကဗျာများစွာကိုလည်း မြန်မာဘာသာသို့ ပြန်ဆိုခဲ့ပါတယ်။ တချို့ကဗျာတွေဟာ အံ့သြစရာကောင်းတဲ့ အချစ်ကဗျာတွေ ဖြစ်နေပါတယ်။

Shakespeare, Robert Herrick, John Donne နဲ့ Shelley တို့ရဲ့ အချစ်ကဗျာတွေကို ဘာသာပြန် ဆိုခဲ့ပါတယ်။ ဒါ့အပြင် William Cowper ရဲ့ “The Solitude of Alexander Selkirk” ကိုလည်း ဘာသာပြန်ဆိုခဲ့ပါတယ်။ ဆရာမောင်သော်ကက ဒါဟာ သူ့ကိုယ်သူရည်ရွယ်တာလို့ ပြောခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့နောက်ဆုံးစိတ်ဝင်စားခဲ့တဲ့ ကဗျာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။


သို့ပေလည်း

ပင်လယ်ငှက်က အိပ်တန်းဘက်ဆီပြန်သွားပြီ

သားရဲက သူ့သားရဲတွင်းထဲချင်းနင်းလှဲအိပ်

ချွေးသိပ်ရမဲ့ရာသီ ပီပီပင်ရောက်သော်လည်း

ငါ့တဲအိမ် ငါပြင်ဖို့သွားရဦး။

နေရာအနှံ့ ဂရုဏာတရားပျံ့ဝေ

ဂရုဏာတရားအားတက်ဖွယ်အတွေးပ

နွေးထွေးမှုလေး ပေးသပ၊ ခံစားရဒဏ်ရာတွေကို

ရင်ကြားလည်းစေ့ပေးခဲ့ လူသားနဲ့ သူ့ကြမ္မာကို။

ဒါပေမဲ့လည်း ဆရာမောင်သော်ကအတွက် အင်းစိန်ထောင်မှာ အကြင်နာတရားဆိုတာ မရှိခဲ့ပါဘူး။

ဆရာမောင်သော်ကဟာ ၁၉၈၉ ခုနှစ်မှာ အဖမ်းခံရပြီး အဲဒီနှစ် အောက်တိုဘာမှာ စစ်ခုံရုံးက ထောင်ဒဏ်အနှစ် (၂၀) ချမှတ်ခံခဲ့ရပါတယ်။ န၀တက သူ့ကို တပ်မတော်အတွင်း ပုန်ကန်မှုဖြစ် အောင်လုပ်တယ်ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

အင်းစိန်ထောင်ထဲဝင်သွားချိန်မှာ ဆရာမောင်သော်ကဟာ ကြွက်သားတွေ ယိုယွင်းပျက်စီးတဲ့ နာတာရှည်ရောဂါ ခံစားနေရပါတယ်။ သူ့မှာ ကိုယ်လက်အင်္ဂါလှုပ်ရှားရတာ တင်းတင်းတောင့်

တောင့်နဲ့ ဆတ်တောက်ဆတ်တောက် ဖြစ်နေပြီး ရေချိုးတာ၊ အ၀တ်အစားလဲတာ၊ စားသောက်တာ စတဲ့ နေ့တဓူဝကိစ္စတွေမှာ အကူအညီပေးမဲ့သူမပါဘဲ ပြီးမြောက်အောင်ဆောင်ရွက်ဖို့ဆိုတာ အခက် အခဲတွေ အများကြီးတွေ့ရပါတယ်။

ကျန်းမာရေးအခက်အခဲတွေနဲ့ တွေ့ကြုံနေရတဲ့ သူ့လိုလူတယောက်အဖို့ အကျဉ်းခန်းမှာ တဦးတည်း နေရတဲ့ ဘ၀ဟာ အစဉ်သဖြင့် ၀ဋ်ဒုက္ခကြီးဖြစ်ပါတယ်။ ဆရာမောင်သော်ကဟာ ၀ဋ်ဒုက္ခကို ကြံ့ကြံ့ခံ ခဲ့ပါတယ်။ ဒါပေမဲ့လည်း အင်မတန်မှ ယိုယွင်းချိနဲ့နေပြီဖြစ်တဲ့ သူရဲ့ခန္ဓာကိုယ်ဟာ ကြမ်းတမ်းဆိုးရွား လှတဲ့ အင်းစိန်ထောင်ရဲ့ဒဏ်ကို ခံနိုင်ရည်မရှိတော့ပါဘူး။

ရေတပ်အရာရှိဟောင်းလည်းဖြစ်၊ သရော်စာရေးတဲ့ဆရာ၊ ကဗျာဆရာလည်းဖြစ်၊ နိုင်ငံရေးလှုပ်ရှား သူလည်းဖြစ်တဲ့ အသက် (၆၅) နှစ်အရွယ် ဆရာမောင်သော်ကဟာ ၁၉၉၁ ခုနှစ် ဇွန်လမှာ အကျဉ်း ထောင်အတွင်းမှာပဲ သေဆုံးခဲ့ရပါတယ်။

သူ့ဘ၀အမှောင်ကျခဲ့ရတဲ့ အကျဉ်းထောင်တွင်းက ကာလတွေမှာတောင် ဆရာမောင်သော်ကရဲ့ ကဗျာဥာဏ်ဟာ ပျောက်ကွယ်မသွားခဲ့ပါဘူး။ သူဟာ စစ်အာဏာရှင်စနစ်အောက်မှာ ကျူးလွန်နေတဲ့ ကြီးမားတဲ့ မတရားမှုကြီးတွေအကြောင်းကို လျှို့ဝှက်စွာ ကဗျာရေးဖွဲ့ခဲ့ပါတယ်။ ရှေးခေတ် အင်္ဂလိပ်ကဗျာတွေကို သူဘာသာပြန်ဆိုခဲ့ပုံ အနုအရွ လက်ရာမျိုးနဲ့ လုံးဝခြားနားတဲ့၊ ဒေါသအငွေ့ တထောင်းထောင်းထွက်နေတဲ့ ကဗျာမျိုးပါ။

“အနှစ် (၂၀) ဆိုပါလားဟေ့၊ အကောင်းအဆိုးအပေါ်မှာ ရှက်ဖွယ်လိလိ ဥပေက္ခာပြုနိုင်သူများက ယုတ်ညံ့သိမ်ဖျင်းမှုနဲ့ မသန့်စင်သောအရာမှန်သမျှရဲ့ မုသားပုဒ်မနဲ့လေ” ဆိုပြီး သူ့အဖို့ သေဒဏ်ဖြစ်သွားတဲ့ စီရင်ချက်ကို စက်ဆုပ်စွာရေးဖွဲ့ခဲ့ပါတယ်။ ။

(“Death in Custody” (2) နှင့် (3) ကို ဒေါ်အောင်ဆန်းစုကြည်ရေးသားခဲ့ပြီး ကျော်ကျော်စိုး ဘာသာပြန်ဆိုခဲ့သည့် “မြန်မာပြည်ကလာတဲ့စာ” စာအုပ်မှ ကူးယူဖော်ပြသည်။)


မီးချစ်တဆံ (ဗိုလ်မူးသော်က -တပ်မတော်ရေ )



Jun 12, '09 4:26 AM


အနှစ်၂၀ ဆိုပါလားဟေ့

အမြင်ကပ်လောက်အောင်

ကိုယ့်ကိုယ်ကိုယ် တပ်မက်စိတ်ရှိသူများက

ကြောင်သူတော်သောကနဲ့ လေ…။

အနှစ်၂၀ ဆိုပါလားဟေ့

ကောက်ကျစ်သော အမြင်တိုသော

ကိုယ်ကျိုးငဲ့ ရန်လိုစိတ်နဲ့ 

လူလားမြောက်လာတဲ့ အာဏာပါးကွက်သားတို့ က

ကိုယ့်ကိုယ်ကိုယ် လေးစားခြင်းငှာ မတတ်စွမ်းနိုင်တဲ့

ကောက်ရိုးမျှင် ဥပဒေနဲ့ လေ…။

အနှစ်၂၀ ဆိုပါလားဟေ့

အကောင်းအဆိုးအပေါ်မှာ

ရှက်ဖွယ်လိလိ ဥပက္ခာပြု နိုင်သူများက

ယုတ်ညံ့သိမ်ဖျင်းမှုနဲ့ 

မသန့် စင်သောအရာ မှန်သမျှ မုသားပုဒ်မနဲ့ လေ…။

အနှစ်၂၀ ဆိုပါလားဟေ့

ရုပ်မှာအာဏာ နဲ့ ကျည်ဆန်

နာမ်မှာ ဖက်ဆစ်

မအောင်မြင်တဲ့ သူရဲကောင်းများရဲ့ 

အာဃာတထက် အဆိပ်အတောက်ပြင်းတဲ့ ခုံရုံး အမိန့် နဲ့ လေ…။

“မီးပွားကလေးကနေပြီး မီးတောက်ကြီး ဖြစ်လာတဲ့ အခါမှာ

ကမ္ဘာမြေပေါ် မှာရှိတဲ့ အညစ်အကြေး ဟူသမျှနဲ့ 

လူလေလူလွင့် ဂျပိုးတေလေ တွေကို လောင်စားသွားလိမ့်မယ်…“ (ဂေါ်ကီ)

မောင်သော်က ရဲ့ “မီးခြစ်တစ်ဆံ“ ဟာ

နောင်အနှစ် ၂၀ ကြာတဲ့အခါမှာ

လောင်စာများရဲ့ ပြာ နဲ့ ထုဆစ်

သမိုင်းဝင်ကျောက်တိုင် ဖြစ်လာလိမ့်မယ် ။ ။

မောင်သော်က (ခ) ဗိုလ်မှုးဘသော်

(အင်းစိန်အကျဉ်းထောင် အတွင်းတွင် ရေးစပ်သည်)

၁၉၈၉ အောက်တိုဘာတွင် တပ်မတော်အတွင်း ပုန်ကန်မှုဖြစ်အောင် ပြုလုပ်သည်ဟူသောစွပ်စွဲချက် ဖြင့် စစ်ခုံရုံး မှ ထောင်ဒဏ်အနှစ် ၂၀ ချမှတ်ခံရပြီး ၁၉၉၁ ဇွန်လ ၁၁ ရက်နေ့ တွင် ရန်ကုန်ဆေးရုံကြီး အချုပ်ခန်းအတွင်း၌ ကျဆုံးသည်။



Ye Yint Thet Zwe facebook မှ ပြန်လည် မျှဝေလိုက်ပါသည်.။

10 June 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဓာတ်ပုံ အသုံးပြုရန် အသိပေးအကြောင်းကြားချက်...

3.4Mb  Resolution ရှိတဲ့ ဆိုဒ်ကြီးဓာတ်ပုံ ဒေါင်းလုပ်လုပ်ချင်ရင်..

အထက်ပါ ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံအား (၆၆)နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ (မြန်မာနိုင်ငံအမျိုးသမီးများနေ့) အခမ်းအနားများ ကျင်းပရာတွင် ကမ္ဘာတစ်ဝှမ်းလုံးရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများ တညီတညွတ်တည်း သုံးစွဲနိုင်ရန် ဖြန့်ဝေပေးခြင်းဖြစ်ပါသည်။ တညီတညွတ်တည်း သုံးစွဲကြရန် မေတ္တာရပ်ခံပါသည်။
ပြန်ကြားရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

07 June 2011

ဧပြီလကတည်းကထုတ်ခဲ့သည့် မော်နီတာ ဂျာနယ်အထူးထုတ် ဘာအတွက်ကြောင့် အရောင်းသွက်နေဆဲလဲ ?.


စောင်ရေ ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧပြီလကထုတ်ဝေခဲ့သော မော်နီတာဂျာနယ် ဗိုလ်ချုပ်အောင်ဆန်း အထူးထုတ်မှာနှစ်လနီးပါးခန့် ကြာမြင့်လာ ပြီဖြစ်သော်လည်း ရောင်းကောင်းနေဆဲဖြစ်ကြောင်း ဂျာနယ် ရောင်းသူများက ပြောသည်။

အနီရောင်တောက်တောက်မျက်နှာဖုံးဖြင့် ထုတ်ဝေထားသော ၎င်း စာစောင်မှာ မော်နီတာဂျာနယ် အမှတ်စဉ်(၁)မှ (၅၀)အတွင်း ပါရှိပြီး ဖြစ်သော ဗိုလ်ချုပ်နှင့်ပတ်သက်သော ဆောင်းပါးများကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။

ဗိုလ်ချုပ်လမ်းပေါ်မှ ဂျာနယ်ရောင်းသူတစ်ဦးဖြစ်သော ဦးသိန်းဌေးက စထွက်သည့်နေ့မှ ယခုအချိန်အထိ တစ်ပတ်လျှင် စောင်ရေ ၅၀ ခန့် ရောင်းချ နေရဆဲဖြစ်ကြောင်း ပြောသည်။

"၀ယ်တဲ့သူတွေက အသက်အရွယ်စုံ လူစုံပဲ။ တော်တော်များများက သူတို့ မိသားစုတွေပြဖို့ ၀ယ်တာများတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေက ပျောက်နေတာကြာပြီလေ။ ကျွန်တော်တို့မမီလိုက်တဲ့ အကြောင်းအရာတွေ အများကြီးပါတယ်။ "ကျွန်တော့ ကလေးတွေကိုလည်း ပြတယ်။ တချို့ဆို ဗိုလ်ချုပ်ကိုကြားရုံပဲ ကြားဖူးတယ်၊ မမြင်ဖူးကြဘူး။ ခုဆိုရင် လေးကြိမ်မြောက် ရိုက်တာ ထင်တယ်" ဟု အသက် ၅၄ နှစ်အရွယ် ဦးသိန်းဌေး က ပြောသည်။

၎င်းက ဖြန့်ချိရေးမှ တစ်စောင်လျင် ၅၅၀ ဖြင့်ဝယ်ကာ ၁,၀၀၀ ဖြင့် ပြန်လည်ရောင်းချကာ အမြတ်အစွန်းများစွာရကြောင်း ပြောသည်။

ကုန်သည်ကြီးများဟိုတယ် အနီး ဘတ်စ်ကားမှတ်တိုင်တွင် ဂျာနယ်ရောင်း ချနေသော ဦးဌေးလွင်က "ဗိုလ်ချုပ်အကြောင်း တော်တော် လေးကို စုံစုံပါတယ်။ တခြားနေရာတွေမှာ ဒါမျိုးတွေ့ရဖို့ ခက်တယ်။ လူကြီးပိုင်းတွေအ၀ယ်များတယ်။ လူငယ်ပိုင်းတွေရှိပေမယ့် နည်း တယ်။ တစ်ခုရှိတာက ဒါက သတင်းပုံစံ မဟုတ်တော့ အချိန်မရွေးဖတ်လို့ရတယ်။ ဟောင်းမသွားဘူး"ဟုဆိုသည်။

"ကျွန်တော်ကိုယ်တိုင်လည်း အရမ်း ကြိုက်တယ်။ဗိုလ်ချုပ်ဆိုတာ ကျွန်တော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ပဲလေ"ဟု အသက်၂၁ နှစ်အရွယ် ဦးသိန်းဌေး၏ သားဖြစ်သူက ပြောသည်။

ပန်းဘဲတန်းမြို့နယ်ရှိ မြသော်တာ စာပေဖြန့်ချိရေး၏ပိုင်ရှင် ဦးမောင်မောင်စန်းကလည်း ဂျာနယ်မထွက်မီ နမူနာပုံစံ မြင်သည့် အချိန်ကတည်းက စောင်ရေ တိုးမြှင့်မှာယူခဲ့ကြောင်း ပြောသည်။ ပုံမှန် တစ်ပတ်လျှင် မော်နီတာစောင် ရေ ၂၀၀ သာရောင်းချရ သော်လည်း အထူးထုတ်အတွက် ယခုချိန်ထိ ၁,၅၀၀ ခန့် ရောင်းချပြီးဖြစ်ကာ အများစုမှာ နယ်ပို့ဖြစ်ကြောင်း ပြောသည်။

"မြ၀တီနှင့် မူဆယ်ကို ၂၀၀၊ ပုသိမ်ကို ၃၀၀ ပို့ပေးရတယ်။ မြိတ်ရောပဲ။ ပုံမှန် အတိုင်းဆိုရင် တစ်ပတ်ကို ၂၅ စောင် လောက်ပဲ ယူကြတာ"ဟု ပြောသည်။

လက်ပွေ့သမားများထံမှ ၀ယ်လိုအားများ တိုးမြင့်လာသော်လည်း ဈေးနှုန်းကို ပုံမှန် ၅၅၀ နှုန်းဖြင့်သာ ရောင်းချပေးကြောင်း ၎င်းက ပြောသည်။

မော်နီတာအထူးထုတ်ကိုသာ သီးသန့် လက်ပွေ့အနေဖြင့် ရောင်းချနေသော ကိုစိုးပိုင်က လွန်ခဲ့သည့်ရက်သတ္တပတ်က စောင်ရေများ ပြတ်တောက်သွားရာ မေလ ၂၆ ရက်နေ့မှ ပြန်လည်ရရှိကြောင်း ပြောသည်။

"တစ်စောင်ကို ကျပ် ၁,၀၀၀ ကနေ ၁,၅၀၀ အထိ လူပေါ်မူတည်ပြီး ရောင်းတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အလယ်က ဗိုလ်ချုပ်ရဲ့ မျက်နှာပြည့်ပုံကို ပလတ်စတစ်လောင်းထားပြီး နံရံမှာချိတ်ထားတယ်။ တခြားပုံတွေကိုလည်း စာအုပ်မျက်နှာဖုံးအနေနဲ့ ချုပ်ထား တယ်"ဟု အသက် ၂၄ နှစ်အရွယ် ကိုစိုးပိုင် က ပြောသည်။

သို့ရာတွင် စထွက်ချင်းတွင် တစ်ရက်လျှင် စောင်ရေ ၃၀ ခန့်ရောင်းချရရာမှ ယခု ၁၅ စောင်ခန့်သာ ရောင်းချရတော့ကြောင်း ၎င်းက ပြောသည်။

မန္တလေးမြို့ရှိ ထွန်းဦးစာပေ ဖြန့်ချိရေး ပိုင်ရှင် ဦးလေးထွန်းဦးကမူ မော်နီတာ အထူးထုတ်မှာ မကြုံဖူးလောက်အောင် အရောင်း အ၀ယ်သွက်ခဲ့သော်လည်း မေ လ ၂၄ ရက်နေ့၌အရောင်းရပ်တန့်လိုက်ပြီဖြစ်ကြောင်း ပြောသည်။

"လူတွေက ဗိုလ်ချုပ်ကို ချစ်ကြခင်ကြတော့ ဗိုလ်ချုပ်ရဲ့ရှားပါးဓာတ်ပုံတွေကို သိမ်းထားချင်ကြတယ်။ အဲဒီမှာလည်း အကုန်လုံး တစ်စုတစ်စည်းတည်းပါတယ်"ဟု ဦးထွန်းဦးက ပြောသည်။ ထိုသတင်းအားမြန်မာတိုင်းဂျာနယ်တွင်ဖော်ပြထားပါသည်.။

ရန်ကုန်မြို့ အင်တာနက်ကဖေး ဆိုင်ရှင်များစည်းကမ်းချက် (၁၂)ချက်ကြောင့် စိတ်ပျက်

ရန်ကုန်မြို့တော် အခြေစိုက် အင်တာနက်ကဖေးအချို့ ပိတ်သိမ်းရန် စဉ်းစားလာရကြောင်း ရန်ကုန်မြို့လယ်ရှိ အင်တာနက်ကဖေးလုပ်ငန်း အချို့မှ စုံစမ်းသိရှိရသည်။ “ဂိမ်းဆိုင်သက်သက် ပြောင်းဖွင့်မယ်” ဟု ကျောက်တံတား မြို့နယ်အတွင်း အင်တာနက်နှင့် ကွန်ပျူတာ ဂိမ်းဆိုင် တွဲဖက်ဖွင့်လှစ်ထားသည့် အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ စည်းကမ်းချက်များကို မေလ ၂၃ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယခင်ထုတ်ပြန်ခဲ့ဖူးသော အချက်များကို စုပေါင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန(ဆညန) နှင့် အင်တာနက်ဆိုင်များထံမှ စုံစမ်းသိရှိရသည်။

အင်တာနက်ဆိုင်များသို့ လာရောက်သုံးစွဲသူများ၏ အမည်၊ မှတ်ပုံတင်နံပါတ်၊ နိုင်ငံခြားသားဖြစ်လျှင် နိုင်ငံကူးလက်မှတ်၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ လိပ်စာများ ရယူထားရန် အချက် အပါအဝင် အင်တာနက်ကဖေး(PAC)များ လိုက်နာရန် စည်းကမ်းချက် ၁၂ချက် ထပ်မံထုတ်ပြန်ခဲ့ပြီး လိုက်နာခြင်း မရှိပါက လိုင်စင်ပိတ်သိမ်း အရေးယူသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက PAC များကို အသိပေးကြေညာသွားသည်။

အဆိုပါ စည်းကမ်းချက်များအား PAC လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသူများကို မြန်မာအင်ဖိုတက်ခ်(MIT) တွင် လျှောက်ထားရာမှ ယခုနှစ် သင်္ကြန်အပြီးတွင် ဆညနသို့ လွှဲပြောင်းလိုက်ပြီးနောက် ထုတ်ပြန်လာခြင်းဖြစ်သည်ဟု ရန်ကုန်မြို့တော် အခြေစိုက် ဆညနရုံးထံမှ စုံစမ်းသိရှိရကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

သူ့ အရိုးဟာ ကိုယ့်အရိုးမဟုတ်ဘူး



ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မပြီးပြတ်သေးတဲ့ ၂၀၁၀ ရွေးကောက်ပွဲ တိုင်တန်းမှုတွေကိုအခုတလောမှာ မြန်မြန်ထက်ထက်ဆုံးဖြတ်ချက်ပေးနေတဲ့အထဲ NDF နှစ်ခြမ်းကွဲအမှုလည်း ပါဝင် ပါတယ်။ သင်္ကန်းကျွန်းဦးသိန်းညွန့် ရှုံးပြီး ဦးခင်မောင်ဆွေတို့ အသာရသွားကြတယ်လို့ ရှုမြင်နေကြပါ တယ်။ ခေါင်းပေါ်က ခမောက်ပြုတ်ပြီး တစ်သီးပုဂ္ဂလအမတ်ဦးသိန်းညွန့် အဖြစ် ကော်မရှင်က အတည် ပြုပေးလိုက်ပါတယ်။

ဒီဇာတ်လမ်းအစက ရွေးကောက်ပွဲမတိုင်မီကတည်းက ပျိုးခဲ့ကြတာပါ။ NDF ရဲ့ ဘဏ္ဍာရေးအ၀င်အထွက်ကိစ္စတွေကို ဦးသိန်းညွန့် က မီဒီယာအပေါ် ဖွ လို့ ဆိုပြီး မကြည်မလင်ဖြစ်ကြရာက “ဆွေငြိမ်း”ခေါင်းဆောင်တွေက ပါတီစည်းကမ်းဖောက်ဖျက်မှုနဲ့ ကော့ကရိတ်ဦးသိန်းညွန့် ကို ပါတီက ထုတ်ပစ်လိုက်တာပါ။ အဲဒီတုန်းက ပြည်ပမီဒီယာတစ်ခုနဲ့ ဒေါက်တာသန်းငြိမ်း အင်တာဗျူးတစ်ခုမှာ ၂၀၁၀ရွေးကောက်ပွဲမှာ လွှတ်တော်အမတ်အဖြစ် ကြံ့ဖွံ့ ပါတီက၀င်ပြိုင်မယ့် ဇေကမ္ဘာဦးခင်ရွှေဆီက ငွေကြေးထောက်ပံ့မှုကို NDF ပါတီအနေနဲ့ ရယူခဲ့ပါသလားဆိုတဲ့အမေးခွန်းကို ဥက္ကဌဦးသန်းငြိမ်း ဖြေရှင်းသွားတာနားထောင်လိုက်ရပါတယ်။

“ဆွေငြိမ်းတို့ နဲ့ နိုင်ငံရေး တွဲမလုပ်နိုင်ဘူး” လို့ လည်း ဦးသိန်းညွန့် က နောက်ပိုင်းမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး ရန်ကုန်တိုင်းကော်မရှင်ရုံးကလည်း ပက်သက်ဆက်စပ်သူတွေကို ခုံရုံးဖွဲ့ ခေါ်ယူစစ် ဆေးခဲ့ ပါတယ်။ပြည်ထောင်စုကော်မရှင်က မဆုံးဖြတ်ခင်ကတည်းက ဦးသိန်းညွန့် ကို တစ်သီး ပုဂ္ဂလိအမတ်အဖြစ်အတည်ပြုပေးလိမ့်မယ်လို့  အားလုံးကသဘောပေါက်ပြီးသားပါ။ မီဒီယာတွေကလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)က ခွဲထွက်သွားတဲ့ ပါတီဆိုပြီး NDF ကို ၀ိုင်းဝန်းဝေဖန်ခဲ့ပြီး ငွေရေးကြေးရေးကိစ္စကို တူးဆွထိုးနှက်ကြပါတယ်။ မှန်တယ် မှားတယ်ဆိုတာထက် ဒီလိုသတင်းတွေကို ဖော်ထုတ်ကြ၊ဖတ်ကြရတာ အင်မတန်ကောင်းပါတယ်။

အခုလည်း ဒီနှစ်မကုန်ခင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်လို့ ပါတီတွေက ပြောဆိုနေတုန်း ပါတီခေါင်းဆောင်တစ်ယောက်ဆီက သတင်းတစ်ခု ကြားရပါတယ်။ လာမယ့် ရွေးကောက်ပွဲတွေမှာကျားဖြူပါတီ (ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ)က သူတို့ ရှမ်းပြည်မှာတင်မကဘဲ မြေပြန့် တွေမှာပါ အမတ်နေရာတော်တော်များများ ၀င်ပြိုင်တော့မယ်လို့ ဆိုပါတယ်။ ဒါကိုလည်း ကျားဖြူပါတီက တာဝန်ရှိသူတစ်ဦးက ပြင်ပမီဒီယာတစ်ခုကို ပြောဆိုသွားတာ နားထောင်လိုက်ရပါတယ်။ လွှတ်တော်နိုင်ငံရေးလောကမှာ သိုးသိုးသန့် သန့် ထွက်လာတဲ့ ကျားဖြူပါတီနဲ့ ပက်သက်ပြီး လျှံကျလာတဲ့သတင်းတွေက အတိုက်အခံနိုင်ငံရေးအုပ်စုအတွက် စိတ်ပျက်စရာပါ။ အထူးသဖြင့် ပြည်တွင်းမှာ အုပ်စုအတောင့်တင်းဆုံးလို့ ခေါ်ရမယ့် (၁၁)ပါတီစုစည်းထားတဲ့ “ဒီမိုကရေစီမိတ်ဆွေများအဖွဲ့ ”အပေါ် လူထုအနေနဲ့ ရှုမြင်သုံးသပ်မှုတွေအတွက် စိုးရိမ်စရာပါဘဲ။

နိုင်ငံတော်သမ္မတက အစိုးရ၊ အတိုက်အခံသဘောထားမျိုး မထားကြဖို့ ဘယ်လောက်ဘဲ ပြောပြောလွှတ်တော်ထဲမှာ အမတ်နေရာ မဆိုစလောက်သာ ရထားကြတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ မိမိကိုယ်ကိုယ်ဒီမိုကရက်တစ်အတိုက်အခံတွေအဖြစ် သဲသဲကွဲကွဲခံယူထားဖို့ လိုပါတယ်။ အုပ်ချုပ်နေတဲ့ အစိုးရဟာအရင်စစ်တပ်အစိုးရအမွေကို ခံယူထားတဲ့ ကြံ့ဖွံ့ ပါတီအစိုးရလို့ ဘဲ မြင်ပြီး အတိုက်အခံအလုပ်တွေကိုပီပီသသလုပ်ပြဖို့ လိုပါတယ်။ အာဏာရပါတီကတော့ စကားလုံးလှလှပြောမှာဘဲ။ သူ့ နေရာ ၀င် လုမခံရအောင် တခြားပါတီ၊ တခြားအုပ်စုတွေကို နည်းလမ်းအမျိုးမျိုးနဲ့ သွေးဆောင်ဖြားယောင်းမှာပါဘဲ။

သူတို့ပြောသလို ဒီမိုကရေစီအပင်ပေါက်ဘ၀မှာ လွှတ်တော်ထဲက ဒီမိုကရက်တစ် အင်အားစုတွေ သင်းသတ်ခံမထားရဖို့ လိုပါတယ်။အာဏာရပါတီနဲ့အုတ်ရောရောကျောက်ရောရော ဟီးဟီးဟားဟား လုပ်နေရင် မဲဆန္ဒရှင်တွေရဲ့ ဒဏ်ခတ်ခြင်း ခံရပါလိမ့်မယ်။ ရာဇ၀င်ရဲ့ တရားခံဖြစ်သွားလိမ့်မယ်။ မြိုင်မြိုင်ဆိုင်ဆိုင်ရှိလှတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ပြည်သူလူထုကြီးက တမ်းတမြင်ချင်နေတာပါ။

စီးပွားရေးသမား စီးပွားရှာတာ ပုံစံမျိုးစုံသုံးခွင့်ရှိပါတယ်။ ငွေရဖို့  သူက ဘာပေးရပေးရ ပေးမှာဘဲ။နိုင်ငံရေးသမား စီးပွားရှာတဲ့အခါ သူ့ မှာ ပေးစရာဆိုလို့ နိုင်ငံရေးတစ်ခုဘဲရှိပါတယ်။ နုနယ်လွန်းတဲ့ဲ့မြန်မာ့ဒီမိုကရေစီအခင်းအကျင်းမှာ အတော်လေးသတိထားမှ ဖြစ်ပါလိမ့်မယ်။ နိုင်ငံရေးသမားတွေအ၀ယ်မခံရဖို့ လိုပါတယ်။ ကိုယ့်ပါတီကို ကိုယ် မရောင်းစားကြပါနဲ့ ။ ဒီခေတ်က သတင်းတွေ မြန်မြန်ဆန်ဆန် စီးဆင်းနေတဲ့ခေတ်၊ ငါလုပ်တာ ဘယ်သူမှ မသိဘူး မှတ်နေရင် ကွဲ သွားလိမ့်မယ်။

အခုလည်း ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ယခင်ပြည်ထဲရေးဝန်ကြီးဌာနနေရာကို လေလံအောင်ထားပါတယ်။ ငွေကျပ် ၂၁ဘီလီယံနဲ့ ဝယ်ယူခွင့်ရခဲ့ပါတယ်။ ဒီနှစ်အစိုးရက လေလံပစ်တဲ့မြေအဆောက်အဦတွေထဲမှာ ဒုတိယတန်ဘိုးအများဆုံးဖြစ်ပြီး ခရိုနီစီးပွားရေးသမားကြီးတွေဖြစ်တဲ့ဦးတေဇ၊ ဦးဇော်ဇော်တို့ တောင် လက်ရှောင်နေခဲ့ရပါတယ်။ အဲဒီလေလံအောင်တဲ့နေရာကို အမြတ်ငွေဘယ်ရွေ့ ဘယ်မျှပေးရင် လက်လွှဲရောင်းချမယ်လို့ လည်း သတင်းတွေကြားရပါတယ်။

ကျားဖြူဥက္ကဌမှာ စီးပွားရေးလုပ်ငန်းတွေ အစကတည်းက ရှိထားတယ်လို့ သိရပေမယ့် နိုင်ငံရေးသမားကြီးတစ်ယောက်အနေနဲ့ အစိုးရရဲ့ လေလံမှာ ဒီလောက်များပြားတဲ့ငွေတန်ဘိုးနဲ့ မရ ရအောင်ဝင်ဆွဲသွားတာကတော့ ပါတီဓနအင်အားတောင့်တင်းရေးအတွက် လုပ်ရပါတယ် ဆိုတဲ့ဆင်ခြေ ပေးနိုင်ပေမယ့် ပြည်သူတွေ လက်သင့်ခံဖို့ မလွယ်လှပါဘူး။ လူထုရဲနိုင်ငံရေး ယုံကြည်ကိုးစားမှု ဟာနိုင်ငံရေးသမားတစ်ယောက်အတွက် အသက်သွေးကြောပါ။ သတင်းမီဒီယာသမားတွေအနေနဲ့ လည်းကိုယ့်လူ၊ သူ့ လူ သဘောမထားဘဲ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးသမားတွေရဲ့ ဘဏ္ဍာရေးရံပုံငွေနဲ့ ရပ်တည်မှုဝင်ငွေတွေကို အခွင့်ရရင် ရသလို ဖော်ထုတ်ပြီး ပြည်သူလူထုကို အသိပေးရပါမယ်။

နိုင်ငံရေးသမားတွေအနေနဲ့ လည်း ငွေရေးကြေးရေးနဲ့ ပက်သက်ရင် ထိန်ဝှက်မထားဘဲ လိုအပ်တယ်လို့ ယူဆတဲ့အချိန်မှာ မဲဆန္ဒရှင်ပြည်သူတွေကို ထုတ်ဖော်အသိပေးသင့်ပါတယ်။ ငွေတစ်ပဲခြောက်ပြားနဲ့ နိုင်ငံရေးပါတီထူထောင်ပြီး အာဏာနိုင်ငံရေးလုပ်လို့ လည်း မရပါဘူး။ ဒါပေမယ့် ဘာကဘယ်လို၊ ဒါကဘာ့ကြောင့်ဆိုတဲ့ ပွင့်လင်းမြင်သာမှုကို ပြည်သူလူထုက အသည်းခိုက်အောင် ကြိုက်ပါတယ်။

အဲဒီလိုမျိုးတွေကို မဲဆန္ဒရှင်တွေက တွေ့ ချင်ကြတယ်၊ ကြားချင်ကြတယ်၊ မြင်ချင်ကြတယ်။

အောင်မျိုးထွန်း

၆- ၆- ၂၀၁၁

(ပူးတွဲပါဇယားမှာ VOL 7 NO 2O THE FLOWER NEWS တွင် ဖော်ပြထားသော ပုဂ္ဂလိကပိုင်

ပြုလုပ်ရေးကော်မရှင်မှ ထုတ်ပြန်သည့်စာရင်း ဖြစ်ပါသည် )


ဦးနေဝင်း လက်ထက်မှ ယနေ့အချိန်ထိ မြန်မာပြည်တွင် အာဏာရှိသူများ၏လုပ်နေကြထုံးစံကတော့ မပြောင်းလွှဲသည်းမှာ အမှန်

လွန်ခဲ့သော မေလကုန်ခန့် က Coffee Cycle နှင့် Savyo Hotel ကြားတွင်ရှိသော အိမ်ကြီးအိမ်ကောင်း (Mansion) တစ်လုံး (ဒုတိယသမ္မတနေရာရထားတဲ့ စိုင်းမောက်ခမ်းရဲ့  အိမ်) သို့ ၀င်ရောက်ရာလမ်းဝတွင် ဒုတိယဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦး မောင်းနှင့်လာတော့ ပါရမီ အငှားကား တစ်စီးသည် ထိုအိမ်ရှေ့အ၀တွင် ခေတ္တ မှေးရပ်ပြီး ဖုန်းပြောနေစဉ်တွင် တစ်ဖက်မှ ကွေ့ဝင်လာမည့် ကားတစ်စီးမှ မီးထိုးခြင်း ဟွန်းတီးခြင်းများ ပြုလုပ်ပြီး လမ်းတောင်းပါသည်။

ထို့ကြောင့် ထို အငြိမ်းစား ဒုတိယဗိုလ်မှူကြီးသည် လက်ပြပြီး ကားကို ရွှေ့ပေးလိုက်ပါသည်။ ထိုမီးထိုးပြီး လမ်းတောင်းသောကားမှာ ထို ဒုတိယ သမ္မတကြီး၏ သားဖြစ်သူ မောင်းနှင်လာသော ကားဖြစ်ပြီး ထိုသူငယ်သည် အိမ်ထဲသို့ရောက်သည်နှင့် လုံခြုံရေးများအား ရှေ့တွင် ရပ်နေသော ကားကို ဖျက်ဆီးခိုင်းပြီး မောင်းနှင်လာသူအားလည်း အသေသတ်လိုက်ဟု ပြောကြားလိုက်ပါသည်။

ထိုအိမ်ရှိ လုံခြုံရေးများသည် ခြံဝ သို့ထွက်လာပြီး ထိုကားကို အုတ်နီခဲ ဖြင့် မှန်များကို ပစ်ခွဲပြီး ကားမောင်းသူကို ထိုးကြိတ်ခဲ့ပါသည်။ ထိုအချိန်တွင် ကားမောင်းသူမှ သူသည် ဒုတိယ ဗိုလ်မှူကြီး (ငြိမ်း) ဖြစ်ကြောင်းပြောသောအခါမှ ရပ်တန့်လိုက်ကြပါသည်။

ထို ဒုတိယ ဗိုလ်မှူးကြီးမှာ ယခုလက်ရှိ ရန်ကုန်တိုင်းဒေသကြီး ရဲမှူး ဖြစ်သူနှင့် ခင်မင်ရင်းနှီးသူဖြစ်သဖြင့် ရဲမှူးထံ ဖုန်းဖြင့်ဆက်သွယ်ပြီး အမှုဖွင့်ခြင်း ကိစ္စများကို ဆောင်ရွက်ခဲ့ပါသည်။

ထိုဖြစ်စဉ်ကို အထူးလျှို့ဝှက်ထားခဲပြီး များမကြာမီက ထိုဒုတိယ သမ္မတကြီး ရန်ကုန်မြို့ရှိ ကျောင်းများ၊ ဆေးရုံများကို လာရောက်စစ်ဆေးသည့်အချိန်တွင် သက်ဆိုင်သူများနှင့် ဆွေးနွေး ကြေအေးခဲ့ပါသတဲ့။ (MMCP မှ icoe ဖေါ်ပြချက်အား လက်ဆင့်ကမ်းဖေါ်ပြခြင်း ဖြစ်ပါတယ်)။

သန့် ရှင်းသောအစိုးရဖြစ်ဖို့ ဆိုပြီး လူကြားကောင်းအောင် ပြောနေသော သိန်းစိန်အနေနဲ့  အခု စိုင်းမောက်ခမ်းတို့ မိသားစုရဲ့  လုပ်ရပ်ကို ဘာပြောမှာလည်း ဒီလို မင်းမဲ့စရိုက်ဆန်စွာနဲ့  လုပ်ရပ်ကို ဘယ်လို တရားဥပဒေအရ အရေးယူမှာလည်းဆိုတာ သိချင်ပါတယ်။

ရန်ကုန်တိုင်း သန်လျင်မြို့ နယ် ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သန်းဦးစစ်ဆေးခံနေရ.

ရန်ကုန်တိုင်း သန်လျင်မြို့နယ် ပြည်ခိုင်ဖြိုး (ကြံ့ ဖွတ်) ပါတီမှ လွှတ်တော်ကိုယ်စားလှယ် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးအား မြေယာအလွဲသုံးစားလုပ်မှုဖြင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ အရေးယူ ဆောင်ရွက်ပေးပါရန် တိုင်ကြားမှု ပေါ်ပေါက်ခဲ့ကြောင်း သတင်းရရှိပါသည်။

အထက်ဖေါ်ပြပါ အကြောင်းအရာနှင့် ပတ်သက်၍ ပြည်တောင်စုကြံ့ခိုင်ဖွင့်ဖြိုးရေး (ကြံ့ ဖွတ်) ပါတီမှ သန်လျင်မြို့ နယ် မဲဆန္နနယ်အမှတ် (၁) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးသည် သန်လျင်မြို့ နယ် ဘုရားကုန်းကျေးရွာအုပ်စု၊ သီလ၀ါ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့  သွားရာ လမ်းမကြီးဘေးရှိ မြေလွတ်မြေရိုင်းများကို ခရက ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် ပေါင်းကာ ရယူခဲ့ကြောင်း၊ ၄င်းမြေတစ်ဧကအတွက် ခရကဥက္ကဋ္ဌ ဦးဇော်ဝင်းအား ငွေကျပ် (၁၅) သိန်းပေးခဲ့ပြီး၊ နောက်ထပ်ငွေ ကျပ်သိန်း (၅၀၀) ကိုလည်း ထပ်မံပေးခဲ့ကြောင်း သတင်ရရှိပါသည်။

ဦးအောင်သန်းဦး ရယူခဲ့သော မြေလွတ်မြေရိုင်းများမှာ ယခင်က မြန်မာအသံဌာနပိုင်မြေ နေရာ မကျုးကျော်ရဟု ဆိုင်းပုဒ်ကပ်ထားကြောင်းလဲ သိရှိရသည်။ ၄င်းမြေနေရာသည် ဧကပေါင်း (၅၀) ကျော်ခန့် ကျယ်ဝန်းကြောင်း သိရသည်။

၎င်းမြေနေရာအား ဦးအောင်သန်းဦးမှ မြေညှိခြင်း အကွက်ရိုက်ခြင်း ကွန်ကရစ်လမ်းများခင်းခြင်း ဓါတ်မီးတိုင်များ ဆိုက်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ.ပြီး၊ သန်လျင်မြို့ မှ အစိုးရအသိုင်းအ၀ိုင်းနှင့် နီးစပ်သော လုပ်ငန်းရှင် ဦးစိန်လွင်ဆိုသူအား သိန်းပေါင်း (၂) သောင်းဖြင့် ရောင်းချခဲ့ကြောင်း သတင်းရရှိသည်။ ဦးစိန်လွင်ဆိုသူမှ ၄င်မြေနေရာကို ထပ်မံ၍ တရုတ်လူမျိုးများအား ရောင်းချခဲ့ကြောင်း သိရှိရသည်။

အဆိုပါကိစ္စနှင့် ပါတ်သက်ပြီး ကြံ့ ဖွတ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးအား အရေးယူဆောင်ရွက်ပေးပါရန် သန်လျင်မြို့ နေ ရဲဝန်တမ်းဟောင်း ဦးမြင့်ဝင်းမှ ရန်ကုန်တိုင်းအစိုးရအဖွဲ.သို့  စာရွက်စာတမ်း အထောက်ထားများဖြင့် တိုင်ကြားခဲ့ကြောင်း သတင်းရရှိပါသည်။

၎င်းတိုင်ကြားချက်ကြောင့် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းဦးနျင့် ပါဝင်ပတ်သက်သူအချို့ အား ရန်ကုန်တိုင်းလွှတ်တော်တွင် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

ဦးအောင်သန်းဦးသည် သန်လျင်မြို့ နယ် သူဌေးကွင်းကျေးရွာဇာတိဖြစ်ပြီး လက်ရှိ အမှတ် (၁၈) ၊ ဖို.မြေလမ်း၊ မြို့ မတောင်ရပ်ကွက်တွင် နေထိုင်ပြီး မိဘများမှာ ဦးသန်းအေး၊ ဒေါ်ဝင်းကြည်တို့ ဖြစ်ကြောင်း သိရှိရပါသည်။

သိန်းစိန်တို့ အနေဖြင့် မတရားမှုများကို တရားဝင်တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသဖြင့်၊ အောက်ခြေ အများပြည်သူများနှင့် သက်ဆိုင်သောကိစ္စရပ်များအား အာဏာအလွဲသုံးစားပြုကာ မတရားဆောင်ရွက်ချက်များအား ပြည်သူများအနေဖြင့် တရားဝင် တိုင်ကြားမှုများ မကြာခဏ ပေါ်ပေါက်လျက်ရှိပြီး အကျင့်ပျက် ခြစား ကိုယ်ကျိုးရှာနေသော ၀န်ထမ်းများ၊ ကြံ့ ဖွတ်ပါတီဝင်များအား မည်မျှထိထိရောက်ရောက် အရေးယူဆောင်ရွက်မည်ကိုတော့ စောင့်ကြည့်ရအုံးမည်ဟု ဒေသခံများက ပြောကြားလျှက်ရှိကြောင်း သတင်းရရှိပါသည်။

ဤသတင်းအား မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်းအားကျေးဇူးတင်ရှိပါသည်.။