02 September 2010

မြန်မာအမျိုးသမီးငယ်များအနေဖြင့်ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ်စားခြင်းများသည်ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ်အလွယ်တကူထားရာသားကောင်သဖွယ်ဖြစ်ကြောင်း


ရန်ကုန်မြို့ရှိ ဈေးဝယ်စင်တာ၊ အင်တာနက်ဆိုင်နှင့် အများပြည်သူ စိတ်လက်အပန်းဖြေရာ နေရာအချို့တွင် လုံခြုံရေးအရ တပ်ဆင်အသုံးပြုထားသော စီစီတီဗီ ကင်မရာများကို အလွဲသုံးကာ ပုဂ္ဂိုလ်ရေးထိပါးမှုများ ပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံ လူငယ်ထုနှင့် ကိုယ်တွေ့ကြုံတွေ့ ခဲ့သူများ၏ ပြန်လည် ပြောကြားချက်များအရ သိရှိရပါသည်။

ရန်ကုန်မြို့နေ လူထုအများစု၏ စိတ်လက်အပန်းဖြေရာ ပန်းခြံ၊ ဆိုက်ဘာကဖေးများနှင့် ရှော့ပင်းစင်တာများရှိ ဈေးဝယ်ထွက်သူများ၏ အ၀တ်လဲခန်းများတွင်ပါ အများပြည်သူမြင်သာမှုမရှိသည့် စီစီတီဗီများကို တပ်ဆင်ကာ ပုဂ္ဂိုလ်ရေး ထိပါးနှောင့်ယှက်ခြင်းများ ပြုလုပ်လာခဲ့သည် ကို တွေ့မြင်နေရကြောင်း မြို့ခံလူငယ်တစ်ဦးက ပြောပြခဲ့သည်။
ယင်းဖြစ်ရပ်များကို အင်တာနက်အား ပုံမှန်သုံးစွဲမှုပြုနေသော လူငယ်များကြားတွင်လည်း တွေ့မြင်နေရတတ်ပြီး ယခုအခါ ဆိုက်ဘာကဖေးများတွင်ပါ လုံခြုံရေးကင်မရာ တပ်ဆင်ထားကာ ပုဂ္ဂိုလ်ရေးထိခိုက်စေသည့် ကျူးလွန်ခြင်းများရှိလာကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် တက်ရောက်နေသော ကျောင်းသားတစ်ဦးက ၎င်းတွေ့ကြုံခဲ့ရသည်ကို ပြန် လည် ပြောပြခဲ့သည်။

အမျိုးသမီးငယ်များ အနေဖြင့် ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ် စားဆင်ယင်ခြင်းများသည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ် အလွယ်တကူထားရာ သားကောင်သဖွယ် ဖြစ်သွားနိုင်ကြောင်း . "ကျွန်တော်တို့ လူငယ်အသိုင်း အ၀ိုင်းမှာ ဒီဖြစ်စဉ်အသစ်တွေကို ကြားသိနေရတာ အမြဲပဲ။ အရင်က ရှော့ပင်းစင်တာ အ၀တ်လဲခန်းတွေမှာ လုံခြုံရေးကင်မရာခိုးတပ်ပြီး ၀က်ဘ်ဆိုက်ပေါ်တင်လို့ ပြဿနာတွေရှိခဲ့ကြသလို အခုဆိုက်ဘာကဖေးတွေ မှာလည်း ဒီပြဿနာတွေ ဖြစ်လာတာ အွန်လိုင်းပေါ်တောင် ရောက်နေ ပြီ"ဟု ၎င်းက ပြောပြခဲ့သည်။

ဆိုက်ဘာကဖေးများ၌ ကင်မရာများ တပ်ဆင်ကာပုဂ္ဂိုလ်ရေးထိပါး နှောင့်ယှက်မှု ပြုလုပ်ကြသည်ဟုဆိုရာ တွင် မိမိတို့ဆိုင်သို့ လာရောက်ကြသော အသုံးပြုသူများအား သတ်မှတ် ထိုင်ခုံတွင် ထိုင်စေပြီး ခုံ၏အောက်ခြေ၌ ကင်မရာတပ်ဆင်ဖမ်းယူထားသည့် ဗီဒီယိုမှတ်တမ်းများ ၀က်ဘ်ဆိုက်ပေါ်၌ တွေ့မြင်လာရကြောင်း အင်တာနက်ပုံမှန် အသုံးပြုသူလူငယ်တစ်ဦးက ပြောပြခဲ့ပါသည်။
"အွန်လိုင်းအပေါ်မှာ အခုလက်ရှိဖြစ်နေတာက အင်တာနက်ဆိုင် တချို့မှာ စကတ်တိုဝတ်ထားတဲ့ အမျိုးသမီးတွေလာရင် ကင်မရာခိုးတပ်ထားတဲ့သီးသန့်ခုံမှာ ထိုင်ခိုင်းတယ်။ သူတို့ ထသွားရင် ဗီဒီယိုဖိုင်ကူးပြီး ဆိုင်က လူတွေကြည့်ရုံသာမက ၀က်ဘ်ဆိုက်ပေါ်ထိ တင်ကြတယ်။ ဒါက ပုဂ္ဂိုလ်ရေးလုံးဝ ထိပါးတယ်လို့ထင်ပါတယ်" ဟု ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ဥပဒေကျောင်းသားတစ်ဦးက ပြော ပြခဲ့သည်။

လူငယ်အများစုအနေဖြင့်လည်း အများပြည်သူများ မြင်သာရာနေရာများသို့ သွားလာရာ၌ ခေတ်နှင့်လျော်ညီစေရုံသာ ၀တ်စားဆင်ယင်သင့်ပြီး ခေတ်မလွန်စေရန် သတိပြုဆင်ခြင်သင့်ကြောင်း ပစ္ဆိမာရုံပညာ ဒါနသင်တန်းမှ ကျောင်းဆရာတစ်ဦးက ပြောပြခဲ့သည်။ ရှော့ပင်းစင်တာများရှိ အ၀တ်လဲခန်းအချို့တွင်လည်း လုံခြုံရေး ကင်မရာများ အလွဲသုံးစွဲခဲ့သည့် ဖြစ်ရပ်အချို့ကြောင့် အမျိုးသမီးများ အနေဖြင့် များစွာသတိပြု ဆင်ခြင်လာရကြောင်း သိရှိရပါသည်။

"အခုဆိုရင် ရှော့ပင်းစင်တာတွေမှာ အ၀တ်အစားဝယ်ဖို့ စမ်းဝတ်ကြည့်ရင်တောင် အ၀တ်လဲခန်း ၀င်ရမှာကြောက်တယ်။ ၀င်ရင်လည်း ကင်မရာ ရှိ၊ မရှိ သတိထားပြီး ကြည့်လာရတယ်"ဟု ရှော့ပင်းစင်တာတစ် ခုတွင် ပုံမှန်ဈေးဝယ်လေ့ရှိသူ လူငယ် မိန်းကလေးတစ်ဦးက ပြောပြခဲ့သည်။ အမျိုးသမီးငယ်များ အနေဖြင့် ခေတ်လွန်ကဲသည့် သရုပ်ပျက်ဝတ် စားဆင်ယင်ခြင်းများသည် ဆိုက်ဘာပြစ်မှုကျူးလွန်သူများအတွက် ပစ်မှတ် အလွယ်တကူထားရာ သားကောင်သဖွယ် ဖြစ်သွားနိုင်ကြောင်း အင်တာနက် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက သုံးသပ်ခဲ့ပါသည်။ "၀က်ဆိုက်ပေါ် ရောက်နေတဲ့ cyber abuses တွေကို ကြည့်ရင် လုံးဝမမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေချည်းပဲ။

လူငယ်တွေအနေနဲ့ ဒါကို သတိပြုဆင်ခြင်သင့်သလို ကိုယ့်ရဲ့ဝန်းကျင်မှာလည်း ဒါမျိုးမဖြစ်အောင် နေထိုင်သင့်တယ်"ဟု လူငယ်ရေးရာ ကျွမ်းကျင်သူတစ်ဦးက အကြံပြုပြောကြားခဲ့ကြောင်းeleven ဂျာနယ်တွင်ဖော်ပြထားပါသည်။