04 September 2010

ဝန်ကြီးဌာန အဆောက်အအုံများကို ပုဂ္ဂလိက စီးပွားရေး အဖွဲ့အစည်းများက အများဆုံး ဝယ်ယူထား

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပုဂ္ဂလိကနှင့် စီးပွားရေး အဖွဲ့အစည်းများသို့ အပြီးအပြတ် လွှဲပြောင်းရောင်းချပေးသည့် အဆောက်အအုံများတွင် အစိုးရ၀န်ကြီးဌာနရုံး အဆောက်အအုံများ အများဆုံးပါဝင်နေကြောင်း သိရှိရသည်။ ၂၀၀၅ ခုနှစ် မေလမှစတင်၍ ရန်ကုန်မြို့ရှိ ၀န်ကြီးဌာနရုံးများ နေပြည်တော်သို့ ပြောင်းရွှေ့သွားသဖြင့် ကျန်နေခဲ့သည့် အစိုးရ၀န်ကြီးဌာန အဆောက်အအုံများကို ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ခေတ္တလွှဲပြောင်းရယူထားပြီး ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်က ပုဂ္ဂလိကများနှင့် စီးပွားရေးအဖွဲ့အစည်းများသို့ လွှဲပြောင်းရောင်းချပေးခဲ့ကြောင်း သိရသည်။

နိုင်ငံပိုင် အဆောက်အဦများကို အပြီးအပြတ်ဝယ်ယူခဲ့မှုများတွင် ပုဂ္ဂလိကနှင့် ကုမ္ပဏီကြီးများထက် စီးပွားရေးအဖွဲ့အစည်းများ အများဆုံး ဖြစ်နေကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ တရားဝင် ထုတ်ပြန်ချက်များအရ ၂၀၀၉ ခုနှစ် ၀န်းကျင်ခန့်မှ စတင်၍ ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရန်ကုန်မြို့ပေါ်ရှိ ကမ်းနားလမ်း ခြောက်ထပ်ရုံး အဆောက်အဦ၊ တာမွေမြို့နယ်ရှိ အမျိုးသားစာကြည့်တိုက် အဆောက်အဦ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ ပြည်သူ့ကုန်တိုက် အဆောက်အဦများကို မြန်မာစီးပွားရေးဦးပိုင် လီမိတက်မှ အပြီးအပြတ် ၀ယ်ယူထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် လက်ရှိ၌ အကြီးဆုံးဖြစ်သည့် တန် ၃၅၀ ကျ ဆန်စက်၊ အထည်ချုပ်စက်ရုံကိုလည်း ၀ယ်ယူထားကြောင်း သိရသည်။ ယင်းအပြင် ကုမ္ပဏီများအနေဖြင့် ထူးဒရေးဒင်း၊ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ၊ လွယ်ဟိန်းကုမ္ပဏီတို့က ကန်သာယာဆေးရုံ၊ အချိုရည်စက်ရုံ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား အဆောက်အဦအနီးရှိ MRTV 3 complex တို့ကို အပြီးအပြတ် ၀ယ်ယူထားသည်ဟုလည်း သိရသည်။ ပုဂ္ဂလိကသို့ လွှဲပြောင်း ရောင်းချပေးနေသည့် အဆောက်အဦများတွင် အင်းလျားလမ်း၊ သံလွင်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ အလုံလမ်းပေါ်ရှိ လုံးချင်း အဆောက်အအုံများလည်း ပါရှိကြောင်း ၂၀၁၀ ခုနှစ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။