08 June 2013

မန္တလေး-နေပြည်တော် တစ်ကျော့ပြန်ငလျင် အန္တရာယ် သတိပြုသင့်

ငလျင်ကြီးများ လှုပ်ခတ်ခဲ့ဖူးသည့် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ မန္တလေးမြို့မှ နေပြည်တော်အထိ လမ်းအပိုင်းသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၀ အတွင်း ငလျင်များ လှုပ်ခတ်ထားခြင်း မရှိသောကြောင့် တစ်ကျော့ပြန် လှုပ်ခတ်လာနိုင်မည့် ငလျင်အန္တရာယ်ကို သတိပြုရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောကြားသည်။ ငလျင်ကြီးများ စစ်ကိုင်းပြတ်ရွေ့ကြော ပေါ်တွင် မြေပြင်ရွေ့များအရ ဒေသ အပိုင်းအခြားအလိုက် လှုပ်ခတ်ခြင်းသာ ဖြစ်သည့်အတွက် စစ်ကိုင်းပြတ်ရွေ့ကြော မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းမြို့မှ တကောင်းမြို့အထိ နှစ်ပေါင်း ၂၀ အတွင်း အင်အား ရစ်ခ်ျစတာ စကေး ၇ အဆင့်ရှိ အင်အားပြင် ငလျင်လှုပ်ခတ်မှု များပြားနေသည်ကို တွေ့ရှိရပြီး ကျန်ပြတ်ရွေ့ အပိုင်းအချို့သည် လှုပ်ခတ်ထားခြင်း မရှိသေးသောကြောင့် အဆိုပါ မြို့နယ်များသည် အထူးသတိထားရန် လိုအပ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ငလျင်လှုပ်ခတ်ရာတွင် နောက်ဆက်တွဲ အခြေအနေအဖြစ် မြေပြိုမှု စသည့် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံနိုင်ခြင်းကြောင့် သစ်တောများ ထိန်းသိမ်းပြီး တောင်ယာ တိုးချဲ့မှုများကို တားမြစ်သင့်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ၏ တာလေငလျင် ကွင်းဆင်းအစီရင်ခံစာတွင် ဖော်ပြရေးသား ထားသည်။ စစ်ကိုင်းပြတ်ရွေ့ကြောပေါ်ရှိ သပိတ်ကျင်းမြို့နယ်တွင် ၂၀၁၂ ခုနှစ်က အင်အား ရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုနှင့် လူအသေအပျောက်များ ဖြစ်ပေါ်ခဲ့သည်။ စစ်ကိုင်းပြတ်ရွေ့ကြော အပေါ်တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်များမှာ ၁၉၅၆ ခုနှစ်တွင် စစ်ကိုင်းမြို့အနီးတွင် အင်အား ရစ်ခ်ျစတာစကေး ၇ ဒသမ ၁၊ ၁၉၉၁ ခုနှစ်တွင် တကောင်းမြို့ အနီး၌ ၇ ဒသမ ၀၊ ၂၀၀၃ ခုနှစ်တွင် တောင်တွင်းကြီး၌ ၆ ဒသမ ၇ နှင့် ၂၀၁၂ ခုနှစ်တွင် သပိတ်ကျင်းမြို့ အနီး၌ ၆ ဒသမ ၈ တို့ဖြင့် လှုပ်ခတ်ခဲ့ကြောင်း အဆိုပါအသင်း မှတ်တမ်းများအရ သိရှိရသည်ဟု The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

06 June 2013

“ KL ကိုတာယာယာဝန်းကျင် မြန်မာဆိုင် အားလုံးကို မလေးရဲများ Operation ၀င်နေကြစဉ် ”(ရုပ်သံမြင်ကွင်း)

“ KL ကိုတာယာယာ ဝန်းကျင် မြန်မာဆိုင် အားလုံးကို အော်ပရာစီ ဝင်နေပါသည်။ပါမစ်ရှိသူ မရှိသူအားလုံးဖမ်းဆီးသဖြင့် ဂရုစိုက်သွား လာကြပါ။ ”

မြန်မာများ အကြမ်းဖက်ခံရမှု သတိပေးအပြီး မလေးရှားတွင် စတင်အရေးယူ

 
 
 မလေးရှားရောက် မြန်မာအချို့ အကြမ်းဖက် ခံရမှုများကို အရေးယူပေးရန် မြန်မာအစိုးရက မလေးရှား အစိုးရထံ သတိပေးပြီး တစ်ရက်အကြာ ဇွန်လ ၅ ရက် နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော်တွင် စစ်ဆင်ရေး တစ်ရပ်အနေနှင့် မြန်မာ အပါအဝင် နိုင်ငံခြားသားများကို စတင် ဖမ်းဆီးနေပြီ ဖြစ်ကြောင်း ကပုန်း နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောကြားသည်။

ယင်းစစ်ဆင်ရေး (အော်ပရာစီ) တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ဖမ်းဆီး ခံခဲ့ရပြီး ယင်းသည် လွန်ခဲ့သော ရက်ပိုင်းက ဆာလာယန်းနှင့် အန်းပန်းရွာသစ် တို့တွင် မြန်မာနိုင်ငံသားများ အကြမ်းဖက်သတ် ဖြတ်ခံခဲ့ရ မှုများနှင့် ဆက်စပ်နေကြောင်း ၎င်းက ဆိုသည်။

မလေးရှားနိုင်ငံ The Star သတင်း ဌာနတွင် ဖော်ပြထားချက် အရမူ မြန်မာ နိုင်ငံသား ၁၀၀၀ ကျော် ကို ဖမ်းဆီးထား ကြောင်း သိရသည်။

ကွာလာလမ်ပူ မြို့တော်ရှိ မြန်မာ စားသောက်ဆိုင်များ အများအပြား တည်ရှိသည့် Kota Raya အဆောက်အအုံ တွင် ဇွန်လ ၅ ရက်နေ့ နံနက် ၁၁ နာရီခန့် တွင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ပြီး အကြမ်းဖက်မှုများ ဖြစ်ပွား ခဲ့သည့် ဆာလာယန်းနှင့် မြန်မာ အများစု နေထိုင်သည့် နေရာများ တွင်လည်း ဖမ်းဆီးမှုများ ရှိခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမား များကို မေးမြန်းချက်များ အရ သိရှိရသည်။

မလေးရှားနိုင်ငံတွင် တရားမဝင် အလုပ်သမားများကို တရားဝင် ပြုလုပ် ပြီးနောက် တစ်နှစ်ကျော် အကြာတွင် ပထမ ဆုံး တရားမဝင် နိုင်ငံခြားသား များကို ပြန်လည် ဖမ်းဆီးသည့် စစ်ဆင်ရေး ဖြစ်ကြောင်း ၎င်းတို့ ထံမှ သိရှိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်ယော်က ဇွန်လ ၄ ရက် နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ မလေးရှားနိုင်ငံ သံအမတ်ကို နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ခေါ်ယူကာ အကြမ်းဖက် မှုများကို ချက်ချင်း စုံစမ်း စစ်ဆေးပြီး အရေးယူပေးရန်၊ အကြမ်းဖက်မှုများ ထပ် မဖြစ်ပွားရေး လုပ်ဆောင် ပေးရန် သတိထောက်လွှာ ပေးအပ်ခဲ့သည်။

မလေးရှားနိုင်ငံ ဆာလာယန်းနှင့် အန်းပန်းရွာသစ် တို့တွင် လွန်ခဲ့သော ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် အုပ်စုလိုက် ဝင်ရောက် အကြမ်းဖက်မှု များကြောင့် မြန်မာနိုင်ငံသား သုံးဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိခဲ့ ထားသူများ အနက် လေးဦးမှာ အရေးပေါ် ကုသမှု ခံယူနေရသည်။

မလေးရှားနိုင်ငံတွင် တရားဝင် မြန်မာအလုပ်သမား သုံးသိန်းကျော်ရှိပြီး တရားမဝင် လေးသောင်းကျော် ရှိကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး၏ အဆိုအရ သိရကြောင်း
The Voice Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်.။

တက္ကသိုလ်ဝင် စာမေးပွဲ မေးခွန်းတစ်စုံတည်း ဖြေရမည်

 ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်မှစ၍ တက္ကသိုလ်ဝင် စာမေးပွဲကို တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးအတွက် မေးခွန်းတစ်စုံနှင့် နိုင်ငံခြား စာစစ်ဌာနအတွက် မေးခွန်းတစ်စုံပြုစုစစ်ဆေးရန် စီစဉ်ထားကြောင်း သတင်းရရှိသည်။

 လက်ရှိတွင် တိုင်းဒေသကြီး၊ပြည်နယ်များနှင့် နိုင်ငံခြားစာစစ်ဌာနတို့အတွက် တက္ကသိုလ် ၁၀ ခုက မေးခွန်း ၁၀ စုံ ထုတ်ဝေစစ်ဆေးလျက် ရှိနေပြီး ၂၀၁၅-၂၀၁၆ ခုနှစ် ပညာသင်နှစ်တွင် မေးခွန်း ထုတ်ဝေမည့်ပုံစံပြောင်းလဲရန် ရည်ရွယ်ထားကြောင်း ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကြူကပြောသည်။ “ကျောင်းသား၊ ကျောင်းသူတွေရဲ့ သင်ယူတတ်မြောက်မှုကို စစ်ဆေးတဲ့စနစ်ကိုပြောင်းလဲဖို့ အချိန်ကောင်း အခါကောင်း ဖြစ်ပါတယ်။ အဲဒီလို စဉ်းစားတဲ့အခါ ၂၀၁၅-၂၀၁၆ ခုနှစ်ကစပြီး တက္ကသိုလ် စာမေးပွဲကို တိုင်းဒေသကြီး၊ပြည်နယ် အားလုံးအတွက် မေးခွန်းတစ်စုံ၊ နိုင်ငံခြားစာစစ်ဌာနအတွက် မေးခွန်းတစ်စုံပြုစုစစ်ဆေးရန် ရည်ရွယ်ထားပါတယ်” ဟု ဒုတိယဝန်ကြီးက ဆိုသည်။

ထို့ပြင် အခြေခံပညာ မူလတန်းအဆင့်မှ အလယ်တန်းအဆင့်သို့ ကူးပြောင်းရန်၊ ကျောင်းမိသားစုအလိုက်၊ အခြေခံပညာ အလယ်တန်းအဆင့်မှ အထက်တန်းအဆင့်သို့ ကူးပြောင်းရန် မြို့နယ်/ခရိုင်အလိုက် နှစ်ဆုံးစာမေးပွဲများ ကျင်းပပြီး ကျောင်းသားများ တတ်မြောက်မှုကို စိစစ်အကဲဖြတ်သွားမည် ဖြစ်သည်ဟု ဆိုသည်။မြန်မာနိုင်ငံ၏ ပညာရေးစနစ်တွင် တက္ကသိုလ်ဝင်ခွင့်ရရှိရန် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲရလဒ်အပေါ် အခြေခံနေခြင်းကိုပြောင်းလဲပြီး သက်ဆိုင်ရာ တက္ကသိုလ်အလိုက် ကျောင်းသားများ၏ ဝါသနာနှင့် စိတ်ဝင်စားမှုအပေါ် မူတည်၍ ဝင်ခွင့်များ စစ်ဆေးနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့်ပြင်ပပညာရှင်များက ဆွေးနွေးတိုင်ပင်နေကြကြောင်း သတင်းရရှိသည်ဟု  7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

04 June 2013

ဒေါ်လာအစား ကျပ်ငွေဖြင့်သာ အခွန်ဆောင်ရတော့မည်

 အစိုးရ ၀န်ကြီးဌာန/ အဖွဲ့အစည်းများသို့ အခွန်အခများအား နိုင်ငံခြားငွေဖြင့် ပေးချေရန် မလိုတော့ဘဲ မြန်မာကျပ်ငွေဖြင့်သာ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း သိရသည်။ 

 နိုင်ငံတော်အတွင်း နိုင်ငံခြားငွေ သို့မဟုတ် အမေရိကန်ဒေါ်လာဖြင့် အခွန်အခ များ ကောက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံခြင်း၊ လွှဲပြောင်းခြင်းများ သည်ပြည်တွင်းဈေးကွက် တွင် ဒေါ်လာလိုအပ်ချက် ပမာဏမြင့်မားစေသည့်အပြင်ပြည်တွင်းသုံး ကျပ်ငွေ၏ အသုံးဝင်မှု အခန်းကဏ္ဍကိုလည်း လျော့ကျစေကြောင်း နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်၏ မေ ၃၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။ “အခုလို မြန်မာကျပ်ငွေနဲ့ ပေးရတော့မယ်ဆိုရင် အရမ်းကောင်းတာပေါ့။ လုပ်ရကိုင်ရတာ တော်တော် အဆင်ပြေသွားမယ်” ဟု ဆိုသည်။ ယင်းသို့ အခွန်ပေးဆောင်ခြင်းဆိုင်ရာ စနစ်တစ်ခုပြောင်းလဲလိုက်ခြင်းကပြည်တွင်းလုပ်ငန်းရှင်များ နိုင်ငံခြားငွေကို တစ်ဆင့်ပြန်ဝယ်ပြီး အခွန်ဆောင်းခြင်း အခက် အခဲတစ်ခုကို ပြေလည်စေသည့်အပြင် အခွန်ဆောင်ရန်အတွက် နိုင်ငံခြားငွေ ကို တရားဝင် ငွေလဲကောင်တာ များအပြင်ပြင်ပဈေးကွက်မှ လုပ်ငန်းရှင်များက ၀ယ်ယူနေ ရသဖြင့် နိုင်ငံခြားငွေ ၀ယ်လို အား မြင့်လာသဖြင့် နိုင်ငံခြားငွေ တန်ဖိုး တက် လာပြီး ပြည်တွင်းငွေတန်ဖိုး ကျဆင်း သွားခြင်း ပြဿနာ ကို ဖြေရှင်းရာ ရောက်သည်။ နိုင်ငံခြားငွေ ကိုင်ဆောင်ထားသော လုပ်ငန်းရှင်များအနေဖြင့်မြန်မာငွေနှင့်ပြည်လဲ ရသည့်အတွက် အခက်အခဲများရှိနိုင်ကြောင်း စီးပွားရေး လေ့လာသူ တချို့က သုံးသပ်သည်။ ယင်းသို့ ပြည်သူ့ရေးရာ ၀န်ဆောင်မှု လုပ်ငန်း များ ဆောင်ရွက်ရာတွင်မြန်မာငွေဖြင့်သာ ကောက်ခံရန် နိုင်ငံတော် သမ္မတကပြည်ထောင်စု ၀န်ကြီးဌာနများ အားလုံးနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ အဖွဲ့အားလုံးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း သာသာနာရေး ၀န်ကြီးဌာန မပါဝင်ကြောင်း  Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။

Facebook မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်မည်

 မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီး၌ လူသိများပြား ကျော်ကြားလှသော လူမှုရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်သည့် Facebook မှ တာဝန်ရှိသူများ မြန်မာနိုင်ငံသို့ လာရောက်ကြရန် အစီအစဉ်ရှိသည်ဟု သိရသည်။ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အနေဖြင့် Facebook မှ တာဝန်ရှိသူများနှင့် ဆွေးနွေးပြောဆိုမှုများ ရှိခဲ့ကြောင်း၊ ၄င်းတို့အနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်သော်လည်း အချိန်ကာလကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ “သူတို့လာရင် အကျိုးရှိအောင် တစ်ခုခုတော့ လုပ်ရမှာပဲ။ လူမှု့အဖွဲ့အစည်းတွေနဲ့လည်း တွေ့မှာပဲ။ အကျိုးရှိအောင် ဘယ်လိုအသုံးပြုရမယ် ဆိုတာမျိုးတွေလည်း ပညာပေးမယ်။ ဒီအချိန်က မြန်မာနိုင်ငံကို လူတိုင်းလာချင်နေကြတဲ့ အချိန်ပါ” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။ Facebook သည် လူဦးရေ ၁.၁၁ ဘီလီယံခန့် အသုံးပြုနေသည့် လူမှုရေးဝက်ဘ်ဆိုက်တစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံ၏ အင်တာနက် အသုံးပြုသူများအနေဖြင့် နေ့စဉ် အသုံးပြုနေသည့် လူမှုရေးဝက်ဘ်ဆိုက်လည်း ဖြစ်သည်ဟု  Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

Facebook တွင် Like တစ်ကြိမ်ပြုလုပ်ရုံဖြင့် ငွေသုံးရာကျပ် လှူဒါန်းခြင်းနှင့် ညီမျှနိုင်မည့် အစီအစဉ်တစ်ရပ်ကို ပြုလုပ်

 Facebook စာမျက်နှာတစ်ခုအား Like တစ်ကြိမ်ပြုလုပ်ရုံဖြင့် ငွေသုံးရာကျပ် လှူဒါန်းခြင်းနှင့် ညီမျှနိုင်မည့် အစီအစဉ် တစ်ရပ်ကို ပြုလုပ်လိုက်ကြောင်း သိရသည်။ ရန်ကုန်အခြေစိုက် Web Development၊ Hosting နှင့် Design များ ဖန်တီးရေးဆွဲသော Mspiral Creative Media မှ အဆိုပါအစီအစဉ်ကို ဆောင်ရွက်ခြင်း ဖြစ်ကြောင်း CEO ဖြစ်သူ ကိုကျော်ကျော်ထွန်းက ပြောသည်။ Mspiral Facebook Page အား Like ပြုလုပ်သူတိုင်းအတွက် Like တစ်ခုလျှင် သုံးရာကျပ်နှုန်းဖြင့် Mspiral Creative Media မှ လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။ “Like အစီအစဉ်ကို မေလ ၁၂ ရက်နေ့ကနေပြီး နှစ်လတာ ကြာမြင့်တဲ့ အချိန်ထိ သတ်မှတ်ထားပါတယ်” ဟု ကိုကျော်ကျော်ထွန်းက ပြောသည်။ ဂေဟဟိတ (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး လူငယ်များအသင်း) သို့ လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။ ရန်ပုံငွေ မြှင့်တင်ရေးအတွက် Facebook Application တစ်ခု ဖန်တီးပြုလုပ်ခဲ့ပြီး Green Like Drive ဟု အမည်ပေးထားကြောင်း၊ Like ပြုလုပ်၍ လှူဒါန်းနိုင်မည့် ငွေများအား မြန်မာနိုင်ငံတွင် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် ဂေဟဟိတသို့ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။ ၄င်း Green Like Drive Application ကို ဇူလိုင်လ ၁၂ ရက်နေ့အထိ www.facebook.com/mspiral တွင် ထားရှိသွားမည် ဖြစ်ကြောင်း သိရသည်။ နှစ်လအတွင်း Like စုစုပေါင်း သုံးထောင်အထိ သတ်မှတ်ထားကြောင်း သိရသည်။ Mspiral ကုမ္ပဏီ၏ ဦးတည်ချက်မှာ အကျိုးအမြတ် ရရှိရန်အတွက်သာ မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်နှင့် အများပြည်သူအတွက် အကျိုးပြုသည့် ကုမ္ပဏီအနေဖြင့် ရပ်တည်မည်ဟု ဆိုသည်။ Like ပြုလုပ်၍ လှူဒါန်းနိုင်မည့် ဂေဟဟိတမှာ Spectrum, Green Way, Simplicity Circle, Lovers of Myanmar Environment နှင့် အလင်းအိမ် စသည့် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အသင်းအဖွဲ့တို့ဖြင့် ဖွဲ့စည်းထားသော မြန်မာနိုင်ငံအတွင်းရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကွန်ရက်တစ်ခုဖြစ်ကြောင်း   Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။