08 October 2011

ဦးတင်အောင်မြင့်ဦး တရုတ်ပြည်သွားမည်



မကြာခင်ရက်ပိုင်းတွင်း တရုတ် နိုင်ငံကို မြန်မာဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့ အဖွဲ့သွားပြီး မြစ်ဆုံဆည် စီမံကိန်း ပိတ်လိုက်တဲ့အတွက် ဖြစ်ပေါ်လာတဲ့ ကိစ္စတွေကို ဆွေးနွေးညှိနှိုင်းမှာ ဖြစ်ပါတယ်။ နန်ကျင်းမှာ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို သွားတက်ရောက်မှာ ဖြစ်ပေမဲ့ အဓိကဆွေးနွေးမယ့် ကိစ္စကတော့ မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်နေပါတယ်။ ဒီသတင်းအပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ဒုတိယ သမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အတူ လျှပ်စစ်နဲ့ စွမ်းအင်ရေးရာဝန်ကြီး ဦးဇော်မင်း အပါအ၀င် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့် အောက်တိုဘာ ၁၇ နဲ့ ၁၈ ရက်တွေမှာ တရုတ်နိုင်ငံကို သွားမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံ နန်ကျင်းမှာ ပြုလုပ်မယ့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တက်ရောက်ဖို့ သွားမှာဖြစ်ပေမဲ့ တရုတ်နဲ့အကျိုးတူ လုပ်ဆောင်ထားတဲ့ မြစ်ဆုံဆည် စီမံကိန်း ရပ်လိုက်တဲ့ကိစ္စကို အဓိကပြောဆိုဖို့ ဖြစ်ပါတယ်။

အမေရိကန်ဒေါ်လာ ၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ မြစ်ဆုံစီမံကိန်းကို သမ္မတ ဦးသိန်းစိန်က သူ့အစိုးရ လက်ထက်မှာ ရပ်ဆိုင်းထားမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် ဒီကိစ္စကို သူတို့နဲ့ဆွေးနွေးဖို့ကိုလည်း တရုတ် နိုင်ငံခြားရေးဌာနက တောင်းဆိုထားပါတယ်။ ဒါ့ကြောင့် မကြာခင်မှာ မြန်မာ အစိုးရအဖွဲ့ဟာ တရုတ်နိုင်ငံကို သွားဖို့ ခရီးစဉ်ရှိလာတော့မှာ ဖြစ်တယ်လို့ အများက တွက်နေကြတာပါ။ သမ္မတ အကြံပေးအဖွဲ့က အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးနေဇင်လတ်ကတော့ အခု ဒုတိယသမ္မတနဲ့အဖွဲ့ မကြာခင် တရုတ်နိုင်ငံကိုသွားမယ့် ခရီးစဉ်နဲ့ပတ်သက်လို့ အတိအကျမသိပေမဲ့ မြစ်ဆုံစီမံကိန်း ရပ်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံ အစိုးရချင်း ဆက်ပြီး ညှိနှိုင်းစရာတွေ ရှိမှာတော့ဖြစ်တယ်လို့ ပြောပါတယ်။

“ဒါကတော့ ကွန်ထရက်တခု ပျက်ပြယ်တယ် ဆိုလို့ရှိရင် ညှိနှိုင်းရတဲ့ သဘာဝတွေ ရှိပါတယ်။ နောက်ဆက်တွဲမှာတော့ ကျနော် ထင်ပါတယ်။ သင့်လျော်တဲ့ အဆင့်တခုကနေပြီး တရုတ်ကုမ္ပဏီတွေနဲ့ အစိုးရပိုင်းတွေ နားလည်အောင် ပြောပြပြီးတော့မှ ညှိနှိုင်းပြီးတော့ ပြီးဆုံးသွားတဲ့အထိ ဆောင်ရွက်သွားမယ်လို့ ကျနော် ယူဆပါတယ်။”

နှစ်ပေါင်း အတော်ကြာကတည်းက မဟာဗျူဟာမြောက် ဆက်ဆံရေးတွေ နှစ်နိုင်ငံကြား ရှိထားတာဖြစ်ပြီး မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းမယ် ဆိုတဲ့အတွက် နှစ်နိုင်ငံအကြား ဆက်ဆံရေး ထိခိုက်စရာ ဖြစ်လာနိုင်တယ် လို့လည်း ခန့်မှန်ပြောဆိုနေကြတာပါ။ ဦးနေဇင်လတ်ကတော့ တရုတ်နဲ့ မြန်မာဟာ နှစ်နိုင်ငံ ပူးပေါင်းပြီး အကျိုးတူ လုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အများကြီးထဲက တခုသာ ရပ်လိုက်တာမို့ တရုတ်နဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စရာ မမြင်ဘူးလို့ ဆိုပါတယ်။

“ဘာကြောင့်လဲလို့ ပြောလို့ရှိရင် တရုတ်နဲ့ မြန်မာနဲ့ ဆက်ဆံရေးမှာ အထူးသဖြင့် စီးပွားရေး ဆက်ဆံမှု ကိစ္စရပ်တွေက တော်တော်လေး ကြီးကြီးမားမား ရှိတယ်လေ။ အဲဒီအထဲက ဒါက တစ်ခုသာဖြစ်တယ်။ ဆိုတော့ ဖြစ်ခါစမှာတော့ နည်နည်းလေးတော့ ပူပူနွေးနွေးလေး ဖြစ်တဲ့အတွက်ကြောင့်မိုလို့ တဘက်ကတော့ ကျေနပ်စရာတော့ အားနည်းရင် နည်းမှာပေါ့လေ။ သို့သော်လည်း ပထ၀ီနိုင်ငံရေးအရ ပြောရင်ကော၊ နိုင်ငံတကာ နိုင်ငံရေးအရ ပြောမယ်ဆိုလို့ရှိရင်လည်း အဲဒါတွေက ပိုပြီးတော့ ဦးစားပေးစရာ ဖြစ်တဲ့အတွက်ကြောင့်မိုလို့ နိုင်ငံအဆင့်ထိလောက်တော့ ကျနော်တို့အတွင်းမှာ မူ မမြင်ရပါဘူးခင်ဗျာ။”

မြစ်ဆုံစီမံကိန်းကို အဓိကလုပ်နေတဲ့ တရုတ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ CPI ကတော့ ဒီလုပ်ငန်းရပ်လိုက်တာကနေ ဥပေဒကြောင်းအရ ရှင်းစရာတွေ ဖြစ်လာနိုင်တယ်လို့ ပြောပါတယ်။ တကယ်တော့ နိုင်ငံတိုင်းဟာ မိမိအကျိုးစီးပွားကိုသာ ရှေ့တန်းတင် စဉ်းစားကြတာ ဖြစ်တာမို့ အခုလည်း ပြည်သူလူထုအကျိုးအတွက် သမ္မတ ဦးသိန်းစိန်က စဉ်းစား ဆုံးဖြတ်လိုက်တာ ဖြစ်တယ်လို့ သဘာဝပတ်ဝင်းကျင် ထိန်းသိမ်းရေးအဖွဲ့ FREDA အဖွဲ့က ဦးအုန်းကပြောပါတယ်။

“ကျနော်တို့ကတော့ committed ဖြစ်တာထက်ကို ပေးတဲ့အတွက် တရားစွဲတာတို့ ဘာတို့ လုပ်နိုင်တာပေါ့။ ဒါက သူတို့အလုပ်ကိစ္စပေါ့။ ဒါကတော့ သူတို့ စာချုပ်စာတမ်းအရ မကိုက်ညီရင် တရားစွဲနိုင်တာပေါ့။ ဒါပေမဲ့ သူတို့ မပါဘဲနဲ့ ဆုံးဖြတ်တယ်ဆိုပြီးတော့ ပြောတာက ဒါကတော့ ကျနော်တို့ကို သက်သက် စော်ကားတာ။ ကျနော်တို့နိုင်ငံ တနိုင်ငံလုံးက မလုပ်ပါနဲ့။ အစိုးရကလည်း သဘောတူတယ်။ အဲဒါ ဆုံးဖြတ်တာက ဘာမှမမှားဘူး။ ဒီကိစ္စထဲမှာ သူတို့ ၀င်ရှုပ်စရာ ဘာမှမလိုဘူး။ သူတို့ တရားစွဲချင်ရင် စွဲပေါ။ လျော်ကြေးတောင်းချင်ရင် တောင်းပေါ့။ ဒါတွေက သူတို့ လုပ်သင့်တယ်။”

မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းလိုက်တဲ့ကိစ္စအတွက် ဒုတိယသမ္မတ ဦးတင်အောင်မြင့်ဦးနဲ့အဖွဲ့ တရုတ်ပြည် မသွားခင် ရှေ့ရက်ပိုင်းတွေအတွင်းမှာလည်း သမ္မတ ဦးသိန်းစိန်ဟာ အိန္ဒိယနိုင်ငံကို သွားဖို့ရှိပြီး အိန္ဒိယ-မြန်မာ နှစ်နိုင်ငံရဲ့ စီးပွားရေးနဲ့ ကုန်သွယ်ရေးရာအပြင် စစ်ဘက်ဆက်ဆံရေး ကိစ္စတွေကိုပါ သူ့ခရီးစဉ်အတွင်း ဆွေးနွေးဖို့လည်းရှိပါတယ်။

သတင်း..VOA..

အမရပူရမြို့နယ်၊တောင်မြို့တွင် လူ ၅၀၀ ၀န်းကျင်အစာအဆိပ်သင့်ပြီး ၀မ်းပျက်ဝမ်းလျှောဖြစ်ပွားလျက်ရှိ



မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်(တောင်မြို့)ရှိ ကြံတန်း ရပ်ကွက် အမရပူရပွဲတော် ကျောင်းတိုက်တွင် ရဟန်းခံရှင်ပြုပွဲ ကျင်းပနေစဉ် အစားအသောက်နှင့် သောက်သုံးရေပြသာနာကြောင့် လူ၅၀၀နီးပါး ၀မ်းပျက်ဝမ်းလျှောခြင်းများ ဖြစ်ပေါ်နေပြီး သောက်သုံးရေအလှူရှင်များလည်း လိုအပ်နေကြောင်း သိရသည်။

ရှင်ပြုရဟန်းခံသို့ လာရောက်ကြသော အလှူရှင်များ အစာအဆိပ်သင့်ခြင်း နှင့် သောက်သုံးရေများ မသန့်ရှင်းခြင်းများကြောင့် ၀မ်းပျက်ဝမ်းလျှောခြင်း သည် ရွှေတစ်ချောင်းမှ ရေပုဒ်ရေဆိုးများကို အမရပူရမြို့သို့ စွန့်ထုတ်ခြင်းကြောင့် ရပ်ကွက်ရှိ သောက်သုံးရေတွင်းများထဲသို့ ၀င်ရောက်ခြင်း ဖြစ်ကြောင်း အမရကုသိုလ်ဖြစ်ဆေးခန်းမှ ဆရာဝန်များထံမှ သုံးသပ်ပြောဆိုသည်။

“အဓိကက အစားအစာကြောင့်ရယ် သောက်သုံးရေကြောင့်ပေါ့ ရွှေတစ်ချောင်ကစွန့်ပစ်တဲ့ ရေပုပ်တွေက အမရပူရမှာ တင်နေတော့ အဲ့ရေပုပ်တွေက ရပ်ကွက်မှာရှိတဲ့ ရေတွင်းတွေ ထဲကို ရောက် ကုန်တော့ သောက်မိတာတွေလည်းရှိတယ် အခုက အလှူကိုလာတဲ့လူတော်တော်များများဖြစ်တယ် “ဟု အမရသုခကုသိုလ်ဖြစ်ဆေးခန်းမှ ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။

မန္တလေးမြို့တစ်မြို့လုံး၏ ရေပုပ်ရေဆိုးများကို အမရပူရမြို့သို့ ပို့လွှတ်ပြီး အဆိုပါ ရေများကို ဖယ်ထုတ်ခြင်းမရှိဘဲ့  လေလံတင်၍ ငါးမွေးခြင်းများပြုလုပ်နေသောကြောင့်လည်း အခုလို ၀မ်းပျက် ၀မ်းလျှောခြင်း ဖြစ်ရပြီး ရေပုပ်ရေးဆိုးများကို သက်ဆိုင်ရာ ဓာတ်ခွဲခန်းများမှ စစ်ဆေးဖော်ထုတ်သင့်ကြောင်း အဆိုပါ ဆရာဝန်ကဆိုသည်။

“ ရေပုပ်တွေက ဒီရပ်ကွက်မှာ ၄လလောက်ရှိပြီ မိုးကမရွာတာ ၂ရက်လောက်ဘဲရှိတယ် ဒါပေမဲ့ ရေပုပ်တွေကို တိတိကျကျဖြစ်အောင် သက်ဆိုင်ရာ ဓာတ်ခွဲခန်းတွေက ဒါကိုစစ်ဆေးသင့်တယ် ၀မ်းပျက်ဝမ်းလျှောဖြစ်ရတာ ဘယ်လိုပိုးကြောင့်လဲဆိုတာကိုပေါ့ အန်နယ်လိုက် လုပ်ပေးဖို့လိုတယ်”ဟု အမရပူရသုခကုသိုလ်ဖြစ် ဆေးခန်း မှ ဒေါက်တာ ဇော်မြင့်မောင်က ပြောဆိုသည်။

ရပ်ကွက်အတွင်းတွင်လည်း ရေပုပ်ရေဆိုးများ ဆက်လက်ရှိနေသောကြောင့် ၀မ်းပျက်ဝမ်းလျှောသူ အားလုံး ၄၀၀ကျော် ၅၀၀ နီးပါးဖြစ်လာပြီး မန္တလေးမြို့ ဆေးရုံကြီး ၊ ကမ်းနားဆေးရုံ နှင့် အမရပူရ ဆေးရုံများသို့ ခေါ်ဆောင်သွားရကြောင်း အမရပူရသုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ခံထံမှသိရသည်။

“လူနာတွေက ကျွန်တော်တို့ ကုနေတုန်းက ၃၀၀ ကျော်လောက်အခု ၅၀၀ နီးပါးဖြစ်လာပြီ အမရပူရဆေးရုံမှာဆိုရင် လူနာမဆံ့တော့ဘူး အဲ့ဒါကြောင့် မန္တလေးမြို့က ဆေးရုံ တို့ ကမ်းနားကဆေးရုံ တွေကို ပို့လိုက်ရတယ်” ဟု အမရပူရသုခကုသိုလ်ဖြစ်ဆေးခန်းမှ တာဝန်ခံ အောင်ဆန်းဝင်းက ပြောသည်။

ဆေးရုံများတွင်လည်း အဆိုပါ ၀မ်းပျက်ဝမ်းလျှောဖြစ်နေသောလူနာများအတွက် ဆန်ပြုတ် ၊ ဓာတ်ဆားထုတ်များ နှင့် ရေသန့်များ အဆက်မပြတ် ပေးပို့နေရကြောင်း ဆရာဝန်များထံမှ သိရသည်။

သတင်းများအား ပြန်လည်မျှဝေ ပေးသော မြစ်မခမီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

ကလေးအခွင့်အရေး တွေ အချိုးဖောက်ခံရရင်ဘယ်လိုတိုင်ရမည်နည်းဟုမေးပါရစေလားရှင်..။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးတို့ကို ဆောင်ရွက်နိုင်ရန်အလို့ငှာ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်း၍ ၄င်းကော်မရှင်ရုံးကို ရန်ကုန်မြို့၊ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်တွင် ဖွင့်လှစ်ထားရှိပြီး ဖြစ်ပါသည်။ နိုင်ငံသားတစ်ဦးသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးကို ဖောက်ဖျက်ခံရပါက အောက်ဖော်ပြပါ အချက်အလက်များ ပြည့်စုံစွာ ဖော်ပြလျက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သို့ တိုင်တန်းနိုင်ပါသည်။ တိုင်တန်းသူ၏အမည်၊ နေရပ်လိပ်စာနှင့် ဆက်သွယ်ရန်လိပ်စာ အပြည့်အစုံ (ဖုန်း၊ ဖက်စ်နှင့် e-mail တို့ရှိပါလျှင် ထည့်သွင်းဖော်ပြပါရန်)၊ တိုင်းတန်းသူသည် မည်ကဲ့သို့ မူလအခွင့်အရေး ဖောက်ဖျက်ခံရသည်ကို အချက်အလက်များ ပြည့်စုံစွာ ဖော်ပြရန်၊ တိုင်းတန်းဖော်ပြချက်သည် မှန်ကန်စွာ ရေးသားဖော်ပြခြင်းဖြစ်ကြောင်း ၀န်ခံချက်ပြု၍ လက်မှတ်ရေးထိုးရန် ဖြစ်သည်။

တိုင်းတန်းချက်ကို တိုင်းတန်းသူ၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ ပူးတွဲလျက် အတွင်းရေးမှူး၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ အမှတ်(၂၇)၊ ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လိပ်မူ၍ မှတ်ပုံတင်စာဖြင့်ဖြစ်စေ၊ ကော်မရှင်ရုံးသို့ လာရောက်၍ ဖြစ်စေ ပေးပို့နိုင်ပါသည်။ တရားရုံးတစ်ရပ်ရပ်သို့ အမှုဖွင့်တိုင်တန်းထားပြီး အမှုများ၊ တရားရုံးတစ်ရပ်ရပ်က စစ်ဆေးဆဲအမှုများနှင့် တရားရုံးတစ်ရပ်ရပ်က ဆုံးဖြတ်ချက်ချမှတ်ထားပြီးသား အမှုများနှင့်စပ်လျဉ်းသည့် ကိစ္စရပ်များ အကျုံးဝင်ခြင်းမရှိပါ။ မြန်မာနိုင်ငံသား လူ့အခွင့်အရေးကော်မရှင်သည် လက်ခံရရှိသော တိုင်တန်းချက်များကို စိစစ်ရာတွင် လိုအပ်ပါက တိုင်တန်းသူအား ခေါ်ယူတွေ့ဆုံမေးမြန်းမည် ဖြစ်ပါသည်။

နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေး ဖောက်ဖျက်ခံရသည်မှာ မှန်ကန်ကြောင်း စိစစ်တွေ့ရှိပါက ကော်မရှင်အနေဖြင့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ မြှင့်တင်ရေးနှင့် ကာကွယ်ရေးအတွက် ကော်မရှင်၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ၂၀၁၁ ခုနှစ် အောက်တိုဘာ ၇ ရက်နေ့ထုတ် မြ၀တီ သတင်းစာတွင် ဖော်ပြထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လစ်လျူရှုလိုက်ခြင်းသည် ထိုင်းဝန်ကြီးချုပ်၏အမှားဟုဆို






(The Nation မှ 6 Oct 2011 ရက်စွဲပါ “Thai PM might have made blunder by ignoring Suu Kyi” ကို yangon chronicle မှဘာသာ ပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ်ယင်းလပ်ရှင်နာဝပ်ထရာသည် ဗုဒ္ဓဟူးနေ့က မြန်မာနိုင်ငံသို့ ပထမဆုံးခရီးစဉ် သွားရောက်ရာတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံရန် ပျက်ကွက်ခဲ့ခြင်းဖြင့် မြန်မာနိုင်ငံ ၏ ပြုပြင်ပြောင်းလဲမှုများ နှင့်အတူ လိုက်ပါနိုင်မည့် ရွှေရောင်အခွင့်အလမ်းကို ဆုံးရှုံးသွားကာ ပြောင်း လဲနေသော ဒေသတွင်း ပထဝီနိုင်ငံရေးထဲသို့ ထိုင်းနိုင်ငံကို ထည့်သွင်းလိုက်ပြီ ဖြစ်သည်။

နေပြည်တော်လေဆိပ်သို့ မွန်းလွဲပိုင်းတွင် ဆင်းသက်ခဲ့သော ယင်းလပ်ရှင်နာဝပ်ထရာသည် မြန်မာ့မြေပေါ်တွင် ၁ဝ နာရီမျှသာ အချိန်ဖြုန်းကာ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား အပြန်အလှန် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။

မြန်မာနိုင်ငံ၏ ရာသီဥတု စောင့်ကြည့်လေ့လာရေး ကဏ္ဍ တိုးတက်ရေးကို ကူညီရန်အတွက် မိုးလေဝသနှင့် ဇလဗေဒ တိုင်းတာရေးကိရိယာများကို ယင်းလပ်က လွှဲပြောင်းပေးအပ်ခဲ့သည့်အပြင် ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတား ပြင်ဆင်ဖြင့် နှင့် လမ်းဖောက်လုပ်ခြင်း ဆိုင်ရာ လက်မှတ် ရေးထိုးပွဲ အခမ်းအနားကိုလည်း တက်ရောက် ကြည့်ရှုခဲ့သည်။ နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်ကိုလည်း ထိုင်းဝန်ကြီးချုပ်က သွားရောက် ဖူးမျှော် ခဲ့သည်။

ဝန်ကြီးချုပ်၏ တရားဝင်ခရီးစဉ်သည် ညပိုင်းတွင် ပြီးဆုံးကာ နေပြည်တော်မှ ပြန်လည်မထွက်ခွာမှီ မြန်မာသမ္မတ ဦးသိန်းစိန်က ထိုင်း ဝန်ကြီးချုပ် နှင့် ကိုယ်စားလှယ်အဖွဲ့ကို ညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များစွာ ဝယ်ယူတင်သွင်းနေ ရခြင်းကြောင့် မြန်မာခေါင်းဆောင် ပိုင်းနှင့် ဆွေးနွေးရာတွင် စွမ်းအင်ကိစ္စအပါအဝင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို အဓိက ဦးတည် ဆွေးနွေးလိမ့်မည်ဟု ယခုခရီးစဉ်မတိုင်မီတွင် အစိုးရ သတင်း ရပ်ကွက် က ပြောကြားသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော် အီတာလျံ-ထိုင်း ဆောက်လုပ်ရေးကုမ္ပဏီကလည်း ထိုင်းနှင့် မြန်မာအကြား စီးပွားရေး ကူးလူးယှက်သွယ်ရန် ထားဝယ် ဒေသတွင် ရေနက်ဆိပ်ကမ်း၊ အဝေးပြေးလမ်းနှင့် အထူးစီးပွားရေးဇုန် တို့ ပါဝင်သော အကြီးစား အဆင့်လွန်မီဂါ စီမံကိန်းကြီးကို အကောင် အထည် ဖော်လျက် ရှိသည်။

နှစ်နိုင်ငံအကြား အစဉ်အလာ မပျက် ဆက်ဆံလျက် ရှိကြောင်း ကြေညာချက် ထုတ်ပြန်ရသည့် ယခုကဲ့သို့ ခရီးစဉ်မျိုးတွင် မှားယွင်းစရာ အကြောင်း မရှိပေ။ သို့သော် မြန်မာနိုင်ငံသည် ထိုင်းတို့က နှစ်နိုင်ငံ အကျိုးစီးပွား မပျက်အောင် ဆက်ဆံရေး ခိုင်မာရုံမျှသာ အလွယ်တကူ သဘောထား ၍ ရသော ပုံမှန်အိမ်နီးချင်းနိုင်ငံမှာမျိုး မဟုတ်ပါ။

မြန်မာနိုင်ငံသည် အာရှအင်အားကြီး အိန္ဒိယနှင့် တရုတ်နိုင်ငံတို့အကြား အသားညှပ်ဆင်းဒဝစ်ပေါင်မုန့် သဖွယ် မဟာဗျူဟာမြောက် ကြားညှပ် တည်ရှိကာ နယ်စပ်များ ထိစပ်နေ သည့် နိုင်ငံဖြစ် သည်။ မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေးပဋိပက္ခများ၊ အထူးသဖြင့် အစိုးရနှင့် တိုင်းရင်းသားအုပ်စုများကြားမှ ပြဿနာသည် ထိုင်းနိုင်ငံကို ဒုက္ခများစွာ ပေးလျက်ရှိသည်။

ထို့အပြင် ယခုအခါ မြန်မာနိုင်ငံသည် ဒီမိုကရေစီရေး၊ ပြန်လည်သင့်မြတ်ရေးကို ဦးတည်ကာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို စတင်လျက် ရှိ သည်။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာနိုင်ငံတွင်းမှ အပြောင်းအလဲ များကို ဂရုတစိုက် လေ့လာစောင့်ကြည့်နေကြသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အဆိုပါ ပြုပြင် ပြောင်းလဲမှုများ၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကိစ္စများ၏ အဓိက အကျဆုံး အစိတ်အပိုင်း တစ်ခုဖြစ်သည်။ သူမသည် ယခုအခါ လွတ်လပ်စွာ ရှိနေပြီဖြစ်၍ နိုင်ငံခြားသားများနှင့် တွေ့ဆုံခွင့်ရကာ မြန်မာနိုင်ငံတွင်းမှ ပြောင်းလဲမှုများနှင့် ပတ်သက် ၍ အမြင်ချင်းဖလှယ်မှုများပင် ပြုလုပ်နေပေပြီ။ ကုလသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပသမဂ္ဂတို့မှ ထိပ်ပိုင်း တာဝန်ရှိသူများကလည်း မြန်မာ နိုင်ငံ ၏ အနာဂတ် နှင့် ပတ်သက်၍ သူမ၏ သဘောထားကို တီးခေါက်ရန် လာရောက်တွေ့ဆုံ ဆွေးနွေးလျက် ရှိသည်။

အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီး မာတီနာတာလီဂါဝါ သည်လည်း မကြာမီအတွင်း မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ် ရာ ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌနေရာကို မြန်မာနိုင်ငံတာဝန်ယူရန် သင့်/မသင့် ကိစ္စနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ သဘောထားကို စူးစမ်းရန် အတွက် လာရောက်တွေ့ဆုံဦးမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယင်းလပ်နှင့် ပုဂ္ဂိုလ်ရေးအရ မသိကျွမ်းသော်လည်း ဇူလိုင်လ ရွေးကောက်ပွဲတွင် သူမ အနိုင်ရရှိကာ ထိုင်းနိုင်ငံ၏ ပထမဆုံးအမျိုးသမီး ဝန်ကြီးချုပ်ဖြစ်လာပြီးနောက် ချက်ချင်းပင် ယင်းလပ်ကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ပေသည်။ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံ၏ ရွေးကောက်ခံ အစိုးရသစ်သည် စိတ်အား တက်ကြွစရာ ဖြစ်၍ ဝန်ကြီးချုပ်သစ်သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီထွန်းကားရေး၊ အမျိုးသား ပြန်လည် သင့်မြတ်မှု ရရှိရေးတို့ကို အကူအညီပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ခြင်းဖြစ်သည်။

ယင်းလပ်ကမူ ယခုအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အားပေး ထောက်ခံကြောင်း စကား တစ်ခွန်းပင် မပြောခဲ့သေးပေ။

07 October 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှတ်ပုံတင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဆက်လျက်ဆွေးနွေးပြီးမှ ဆုံးဖြတ်မည်ဟု သိရ

ယနေ့၊အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ပါတီမှတ်ပုံတင်ကိစ္စအတွက် ဗဟိုအလုပ် အမှုဆောင် အဖွဲများမှ ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ရန်အတွက် အစည်းဝေးပြုလုပ်မည် ဖြစ်ကြောင်း အန်အယ်ဒီအဖွဲ့ချုပ်မှ စုံစမ်းသိရှိရသည်။

နေ့လည် ၁နာရီမှ ညနေ ၃နာရီအထိ ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး ၌ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် CRPP အစည်းအဝေးတွင် NLD ပါတီအနေဖြင့် မှတ်ပုံတင်ခြင်းကိစ္စ၊ တိုင်းရင်းသားတိုက်ပွဲများ ဖြစ်နေသောကိစ္စနှင့် မြစ်ဆုံကိစ္စတို့ကို ဆွေးနွေးခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးမှ စုံစမ်းသိရှိရသည်။

`မှတ်ပုံတင်ဖို့ကတော့ လူကြီးတွေကလည်း လက်ခံတဲ့ အနေအထားရှိတယ်၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဆုံးဖြတ်ပြီးမှပဲ အတည်ပြုလို့ရမယ်၊ ဒီနေ့တော့ အချက်၃ ချက်ကိုပဲ အဓိကထား ဆွေးနွေးဖြစ်ကြတယ်၊ နောက်အစည်းဝေးဆိုရင်တော့ ဆုံးဖြတ်ချက် ချနိုင်မှာပါ`ဟု အန်အယ်ဒီအဖွဲ့မှ အဖွဲ့ဝင် ဦးအောင်ကြီးမှ ပြောသည်။

အဆိုပါ အစည်းအဝေးတွင် အန်အယ်ဒီပါတီအနေဖြင့် မှတ်ပုံတင်ပြီး ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် အစီအစဉ်ရှိကြောင်း သို့သော် ဗဟိုလုပ်မှုဆောင်ကော်မတီပါတီအစည်းအဝေးတွင်မှ မှတ်ပုံတင်မည်ဟု တစ်ထစ်ချ ဆုံးဖြတ်ချက်ချနိုင်မည်ဖြစ်ကြောင်း အမျိုးသားဒီိမိုကရေစီအဖွဲ့ချုပ်ရုံးအတွင်းမှ စုံစမ်းသိရှိရသည်။

အန်အယ်ဒီအဖွဲ့ချုပ်ရုံးမှ ပါတီဝင်များအနေဖြင့်လည်း အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မှတ်ပုံတင်ခြင်းနှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းကို သဘောတူလက်ခံသော်လည်း အဖွဲ့ဝင်များအချို့မှ လက်မခံနိုင်သေးကြောင်း သိရှိရသည်။

`လူကြီးတွေကတော့ဘယ်လို ဆုံးဖြတ်မလဲမသိသေးဘူး၊ လူငယ်တယောက်အနေနဲ့ ပြောရရင်တော့ အန်တီ့ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒီပုံအတိုင်းဆိုရင်တော့ ၀င်ဖြစ်ဖို့ များတယ်`ဟု အန်အယ်ဒီလူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

သတင်းများအား ပြန်လည်မျှဝေပေးသော မြစ်မခ မီဒီယာ အားအထူးကျေးဇူးတင်ရှိပါသည်.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှတ်ပုံတင် ကိစ္စ (အထူးသတင်း)

ယနေ့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနှင့် ပါတီမှတ်ပုံတင်ကိစ္စအတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့များမှ ဆွေးနွေးခဲ့ကြပြီး ဆုံးဖြတ်ရန်အတွက် အစည်းဝေးပြုလုပ်မည် ဖြစ်ကြောင်း အန်အယ်ဒီအဖွဲ့ချုပ်မှ စုံစမ်းသိရှိရသည်။

`လူကြီးတွေကတော့ ဘယ်လို ဆုံးဖြတ်မလဲ မသိသေးဘူး၊ လူငယ်တယောက်အနေနဲ့ ပြောရရင်တော့ အန်တီ့ဆုံးဖြတ်ချက်အတိုင်းပါပဲ။ ဒီပုံအတိုင်းဆိုရင်တော့ ၀င်ဖြစ်ဖို့ များတယ်`ဟု အန်အယ်ဒီလူငယ်အဖွဲ့ဝင်တဦး က ပြောသည်။

(သတင်းအပြည့်အစုံကို အစည်းဝေးဆုံးဖြတ်ချက်နှင့်အတူ ဖော်ပြပေးပါမည်)။

သတင်းများအားပြန်လည် မျှဝေ ပေးသော မြစ်မခ မီဒီယာ အားအထူးကျေးဇူးတင်ရှိပါသည်.။

သြစတြေးလျမှ မြန်မာ ကျောင်းသား ဗီဇာနှင့် ပတ်သက်၍ လိုအပ်ချက် အချို့ ပယ်ဖျက်

သြစတြေးလျ နိုင်ငံမှ မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံတကာမှ လာရောက်ကြမည့် ကျောင်းသား ဗီဇာများနှင့် ပတ်သက်၍ လိုအပ်ချက် အချို့ကို ပယ်ဖျက် သွားမည် ဖြစ်ပြီး၂၀၁၂ ခုနှစ် ဒုတိယ စာသင် နှစ်ဝက်မှ စတင်ကာ အကျုံးဝင် သွားမည်ဖြစ် ကြောင်း သိရှိ ရပါသည်။

ယခင်က သြစတြေးလျသို့ ကျောင်းလျှောက် ထားသူများ အနေဖြင့် ဗီဇာ အတွက် လိုအပ်သည့် ဘဏ် စာရင်းပြသရမှုတွင် ပမာဏများရာမှ ပမာဏအနည်းငယ်သို့ လျှော့ချ လိုက် ခြင်း၊ ဗီဇာ စစ်ဆေး သည့် အချိန်ကို ပိုမိုမြန်ဆန် လာစေရန် ပြုလုပ်ခြင်းနှင့် အင်္ဂလိပ်စာ လိုအပ်ချက်များကို လျှော့ချခဲ့ခြင်း တို့ပါဝင်ခဲ့ရာ တက္ကသိုလ် ကျောင်း လျှောက်ထား သူများ ကိုသာ ထိုအချက်ထဲတွင် ပါဝင်အကျုံးဝင်မည်ဖြစ်ပြီး TAFE ကဲ့သို့သော ကောလိပ်၊ အသက်မွေးဝမ်း ကျောင်းများ မပါဝင်သေးကြောင်း သြစတြေးလျ သတင်း များတွင် ဖော်ပြထားချက် များအရ သိရှိရပါသည်။

“အဓိက အချက်လေးတွေ အနေနဲ့ သြစတြေးလျ ကျောင်းသားဗီဇာ လိုအပ်ချက်အရ အင်္ဂလိပ်စာ အရည်အသွေး အနည်းဆုံး ကျွမ်းကျင်မှုလေးတွေကို မပြည့်မီသော်လည်း ခွင့်ပြုထား ပေးတယ်။ အရင်က Pre Visa Assessment စနစ်တွေကို ဖျက်သိမ်းလိုက်ပြီး မိမိတို့ရဲ့ စာသင်နှစ်မစတင်မီ လေးလ အလိုမှသာ ဗီဇာလျှောက်ထားခွင့်ပေး ခဲ့တဲ့အတွက် အချိန် တိုသွား တယ်”ဟု Crown Education ပညာရေး ၀န်ဆောင်မှုလုပ်ငန်းမှ သြစတြေးလျ ကျောင်းပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းက ရှင်းပြခဲ့သည်။

ပယ်ဖျက်ခဲ့ သည့် အချက်များ စွာထဲမှ ကျောင်းသားများ၏ အလုပ်လုပ် ကိုင်ခွင့်နှင့် ပတ်သက်၍ ယခင် က ချမှတ်ထားသော ဘွဲ့တစ်ခုချင်းစီ အလိုက် အလုပ်လုပ် ကိုင်ရန် ပြဋ္ဌာန်း ထားသော Skill Assessment စနစ် ကိုပယ်ဖျက်ခဲ့ခြင်း၊ ဘွဲ့ရကျောင်းသားတစ်ဦး၏ ကျောင်းပြီးပါက အလုပ်လုပ်ကိုင်ခွင့် Post Study Work visa ကို ယခင် ၁၈ လမှ ၂၄ လထိ တိုးမြှင့်မှုများ ပါဝင်ခဲ့ကြ သည်။

“သြစတြေးလျ ဗီဇာက သတ်မှတ်ချက် အရမ်းမြင့်ခဲ့သလို တက္ကသိုလ် တက်မယ့် ကျောင်းသားတစ်ဦးအနေ နဲ့ သူ့လိုအပ်ချက်ပြည့်မီပြီး စာရွက် စာတမ်းမှန်ကန်ရင်တော့ ဗီဇာရနိုင်ပါတယ်။ အခု ဗီဇာ ကန့်သတ် ချက်တွေ ပြောင်းလဲ လိုက်တဲ့ အတွက် သြစတြေးလျ ဗီဇာရရှိဖို့လည်း လွယ်ကူသွား စေနိုင်မယ်လို့ ထင်ပါတယ်”ဟု သြစတြေးလျ ပညာရေးကျွမ်းကျင်သူ တစ်ဦး က ရှင်းပြခဲ့ သည်။

သတင်း... Eleven Media Group

တရုတ်ကို ပထမဆုံးအကြိမ် ငြင်းဆန်ကြောင်း မြန်မာ မောင်းခတ်ကြေညာ

( Yale Global မှ 3 Oct 2011 ရက်စွဲပါ Bertil Lintner ၏ “ Burma delivers its first rebuff to China” သတင်းကို yangonchronicle မှဘာသာပြန်သည်)

( မြစ်ဆုံတမံ ရပ်ဆိုင်းမှုနှင့် ပတ်သက်၍ လူသိများ ဘာတစ်လ်လင်တနာ၏ မူကွဲ သုံးသပ်ချက်ဆောင်းပါး တစ်ပုဒ်ဖြစ်သည်)

တရုတ်နိုင်ငံ၏ ဗိုလ်ကျစိုးမိုးမှု ကြီးထွားလာခြင်းနှင့် ပတ်သက်၍ အာရှနိုင်ငံများက ပိုမိုစိတ်ပူစိုးရိမ်နေချိန်မျိုးတွင် တရုတ်တို့၏ ကြီးမားသော ရေအားလျှပ်စစ်တမံ စီမံကိန်းကို မြန်မာနိုင်ငံက ဖယ်ချလိုက်ခြင်းကြောင့် မေးခွန်းသစ်များ ပေါ်ထွက်လာသည်။ အဖိနှိပ်ခံနိုင်ငံမှ အရပ်ဖက်အသိုင်းအဝိုင်း၏ ရှားရှားပါးပါး အောင်ပွဲတစ်ခုအလား (သို့မဟုတ်) တရုတ်နိုင်ငံအပေါ်မှီခိုနေရခြင်းနှင့် ပတ်သက်၍ ပြည်တွင်းအငြင်းပွားမှုကို ရည်ညွှန်းသလား ဆိုသည့် မေးခွန်းများ၏ အဖြေများနှင့် သက်ဆိုင်ခြင်း မရှိပဲ အိမ်နီးချင်း မဟာမိတ်နိုင်ငံကြီး၏ စီမံကိန်းအပေါ် ပြည်သူတို့၏ အမြင်ကွဲလွဲမှုက မြန်မာ- တရုတ် ဆက်ဆံရေးတွင် ကဏ္ဍသစ်တစ်ခု ရေးထိုးလိုက်ပြီဖြစ်သည်။

စက်တင်ဘာ ၃၀ ရက်တွင် မြန်မာသမ္မတသစ် ဦးသိန်းစိန်က လွှတ်တော်သို့ စာတစ်စောင်ပေးပို့ကာ နိုင်ငံမြောက်ပိုင်း၌ အကြီးစားရေလှောင်တမံ တည်ဆောက်ရန် တရုတ်နိုင်ငံနှင့် ဖက်စပ်ဆောင်ရွက်နေသော စီမံကိန်းသည် ပြည်သူတို့၏ဆန္ဒနှင့် ဆန့်ကျင်နေသောကြောင့် ရပ်ဆိုင်းထားလိုက်ကြောင်း ကြေညာလိုက်သည့် အမေရိကန်ဒေါ်လာ ၃. ၆ ဘီလျံ ကုန်ကျမည့် မြစ်ဆုံရေလှောင်တမံကြီးသည် ကမ္ဘာ့ ၁၅ ခုမြောက် အမြင့်ဆုံးတမံကြီးဖြစ်၍ စင်ကာပူနိုင်ငံ ဧရိယာခန့်ရှိသော ၇၆၆ စတုရန်း ကီလိုမီတာ မြေပြင်ကို ရေမြှပ်သွားစေမည်ဖြစ်သည်။

ယင်းဆုံးဖြတ်ချက်ကို မကြေညာမီ တရုတ်အာဏာပိုင်များကို တိုင်ပင်ခဲ့သလားဆိုသည့် အချက်မှာ မသဲကွဲသေးပါ။ ၁၉၈၈ ဒီမိုကရေစီ ဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နှင်းခဲ့ပြီးနောက်ပိုင်း မြန်မာအစိုးရကို အနောက်နိုင်ငံများက ဝိုင်းပယ်ထားခဲ့ချိန်မှစ၍ မြန်မာနိုင်ငံသည် ကုန်သွယ်ရေး၊ နိုင်ငံရေးအရ အားပေးထောက်ခံမှုနှင့် စစ်လက်နက်ပစ္စည်းများ ရရှိရေးအတွက် မြောက်ဖက်အိမ်နီးချင်း အင်အားကြီးနိုင်ငံကို မှီခိုနေခဲ့ရသည်။

ယခုကိစ္စတွင် ပြည်သူလူထု၏ သဘောထားကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါလိမ့်မည်။ ၂၀၀၆ ခုနှစ်က သဘောတူစာချုပ်အရ မြစ်ဆုံမှ ထုတ်လုပ်သော ဓါတ်အား ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ ပို့လွှတ်မည်ဖြစ်သည့်အပြင် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုအပေါ် ဒေါသထွက်မှုဖြင့် တုန်လှုပ်နေသော ပြည်သူများက နှစ်ပေါင်းများစွာအတွင်း မမြင်ခဲ့ဘူးသောပုံစံဖြင့် အစိုးရကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။ ၎င်းရေလှောင်တမံသည် ကချင်လူမျိုးတို့၏ နှလုံးသားကို ဓားမြှောင်စိုက်လိုက်ခြင်းဖြစ်၍ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း ရေလှောင်တမံဆန့်ကျင်ရေး လှုပ်ရှားမှုကို ထောက်ခံရပ်တည်ခဲ့သည်။ အစိုးရဆန့်ကျင်ရေးလှုပ်ရှားသူများ၏ ကိရိယာသစ်တစ်ခုဖြစ်သည့် Facebook ပေါ်တွင်လည်း ပြည်သူတို့၏ အသံများလျှံထွက်နေသည်။

မြန်မာနိုင်ငံအတွင်း၌ ပြည်သူတို့ ပွင့်လင်းစွာ ဆန္ဒပြနိုင်ခြင်းမရှိသော်လည်း ‘ ဧရာဝတီ ကယ်တင်ရေး’ အစည်းအဝေးများကိုမူ ရန်ကုန်မြို့ပေါ်တွင် ကျင်းပခဲ့သည်။ ပြည်ပရောက် မြန်မာများ ကလည်း နိုင်ငံရပ်ခြားရှိ မြန်မာသံရုံးများ၏ အပြင်ဖက်တွင် တရုတ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်လျက်ရှိသည်။ မြန်မာနိုင်ငံအတွင်း တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ်များ ကြီးထွားလျက်ရှိရာ၊ အထူးသဖြင့် တရုတ်လွှမ်းမိုးမှုကြီးမားသော မြောက်ပိုင်းဒေသတွင် ပိုမိုပြင်းထန်လာသည်။ ကချင်ပြည်နယ်မှ ရရှိသော သတင်းများအရ ကေအိုင်အေနှင့် အစိုးရတပ်များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်ပိုင်း ပြည်နယ်အတွင်း အလုပ်လုပ်နေသော တရုတ်လူမျိုး အလုပ်သမားများနှင့် ကုန်သည်များ တရုတ်နိုင်ငံသို့ ပြန်ထွက်ပြေးသွားကြသည်ဟု သိရှိရသည်။

သို့သော် ပြည်သူတို့၏ သဘောထားသည် မြန်မာအစိုးရအပေါ် လွှမ်းမိုးနိုင်လောက်အောင် အားကောင်းခဲ့ခြင်း မရှိပါ။ အစိုးရကလည်း ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့ ဆန္ဒပြပွဲများ ထပ်မံဖြစ်ပွားကာ အနောက်နိုင်ငံများ၏ ပြစ်တင်မှု၊ အရေးယူပိတ်ဆို့မှုများကို ထပ်မံဖိတ်ခေါ်ရာ ရောက်မည့်အဖြစ်ကို လိုလားမည် မဟုတ်ပါ။

မြန်မာနိုင်ငံတွင် တရုတ်သြဇာလွှမ်းလာခြင်းကို လက်နက်ကိုင်တပ်ဖွဲ့(တပ်မတော်) အတွင်း မကျေနပ်မှုက ရေလှောင်တမံစီမံကိန်း ရပ်ဆိုင်းသည့် ကိစ္စ၏ အကြောင်းရင်းဖြစ်ဖို့ အလားအလာပိုများနေသည်။

သမိုင်းကြောင်းအရ မြန်မာနိုင်ငံသည် ၎င်း၏ မြောက်ဖက် အိမ်နီးချင်းနိုင်ငံကို ခပ်စိမ်းစိမ်း ဆက်ဆံခဲ့သည်ကို တွေ့ရသည်။ ကွန်မြူနစ် တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်သည့် ၁၉၄၉ မှ ၁၉၆၂ ခုနှစ်အထိ ဝန်ကြီးချုပ်ဦးနု၏ ဘက်မလိုက် ဒီမိုကရေစီအစိုးရနှင့် ဆက်ဆံရေးကောင်းအောင် ဘီဂျင်းက ကြိုးစားခဲ့သည်။ မြန်မာနိုင်ငံသည် ဘီဂျင်းကွန်မြူနစ်အစိုးရကို အသိအမှတ်ပြုသော ပထမဆုံး (ကွန်မြူနစ်အုပ်စုပြင်ပ) နိုင်ငံတစ်ခုဖြစ်ခဲ့သည်။ ၁၉၆၂ တွင် တပ်မတော်က အာဏာသိမ်းခဲ့ပြီးနောက်တွင်မူ ရည်မှန်းချက်ကြီး၍ မှန်းဆရန်ခက်သော ဗိုလ်ချုပ်ကြီးနေဝင်းကို တရုတ်တို့က စိုးရွံ့ပူပန်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီ သူပုန်များကို အလုံးစုံထောက်ပံ့ကူညီရန် ပြင်ဆင်လာကြတော့သည်။

၁၉၆၇တွင် စီးပွားရေးယိုယွင်းလာမှုကြောင့် ဒေါသထွက်နေသော ပြည်သူလူထုကို အာရုံပြောင်းရန် တပ်မတော် ခေါင်းဆောင်များက စနစ်တကျ လျှို့ဝှက်စီစဉ်သော တရုတ်-မြန်မာ အဓိကရုဏ်း ရန်ကုန်မြို့တွင် ဖြစ်ပွားသောအခါ မြန်မာပြည်တွင်းရေးကို ကြားဝင်စွက်ဖက်ရန် တရုတ်တို့အကြောင်းပြချက် ရသွားခဲ့လေသည်။ ၁၉၆၈ နှစ်သစ်ကူးနေ့တွင်မူ တရုတ်ပြည် ယူနန်ပြည်နယ်မှ ဗမာပြည်ကွန်မြူနစ်ပါတီ လက်နက်ကိုင်တပ်များ မြန်မာပြည်မြောက်ပိုင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ နောက်ထပ်ဆယ်စုနှစ် တစ်စုလုံးလုံး အင်ဒိုချိုင်းနား ကျွန်းဆွယ်အပြင်ဖက် ကွန်မြူနစ်လှုပ်ရှားမှုများထက် ဗမာပြည်ကွန်မြူနစ်ပါတီကိုသာ တရုတ်နိုင်ငံက အကူအညီများ ပိုမိုပုံအောလောင်းထည့်ခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီ၏ "ပြည်သူ့အသံ" ဝါဒဖြန့် ရေဒီယိုအသံလွှင့်မှု အစီအစဉ်ကိုလည်း ၁၉၇၁ တွင် ယူနန်ပြည်နယ်ဖက်အခြမ်းမှနေ၍ စတင်ထုတ်လွှင့်ပေးခဲ့ပြန်သည်။ ထို့အပြင် ထောင်ပေါင်းများစွာသော တရုတ်လူမျိုးများ (ဝလူမျိုးများ အပါအဝင်) နယ်စပ်ကို ဖြတ်ကျော်စီးဝင်လာကာ ဗမာပြည်ကွန်မြူနစ်ပါတီကို အလုံးစုံ ကူညီဖြည့်ဆည်းပေးခဲ့သည်။

၁၉၇၆ခုနှစ် မော်စီတုန်း ကွယ်လွန်ပြီးနောက် မရှေးမနှောင်းတွင် လက်တွေ့ဝါဒီ တိန့်ရှောက်ဖိန် အာဏာရရှိသွားသည့် အချိန်တွင်မူ ဗမာပြည်ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့ ပုံအော ကူညီမှုဇတ်သိမ်းခန်းအစ ဖြစ်လာခဲ့သည်။ ဒေသတွင်း ကွန်မြူနစ်တော်လှန်ရေး လှုပ်ရှားမှုများကို ဆက်လက်အားပေးရန် ဘီဂျင်းက စိတ်ဝင်စားခြင်းမရှိတော့ပါ။ ထိုအချိန်ကစ၍ မြန်မာတို့၏ ကြွယ်ဝသော သစ်တောများ၊ သတ္တုသယံဇာတများ၊ သဘာဝဓါတ်ငွေ့နှင့် ရေအားလျှပ်စစ် အလားအလာတို့ကို ဘီဂျင်းက အာသာငမ်းငမ်း မက်မောတောင့်တ လာခဲ့ခြင်းဖြစ်သည်။

ဗမာပြည် ကွန်မြူနစ်ပါတီအပေါ် တရုတ်တို့၏ ပံ့ပိုးမှု အဆုံးသတ်လိုက်ခြင်းသည် တရုတ် မြန်မာဆက်ဆံရေး ပိုမိုကောင်းမွန်လာသော ခေတ်သစ်တစ်ခုကို အစပျိုးလိုက်ခြင်းဖြစ်ပြီး ၁၉၈၈ သွေးစွန်းသော ဒီမိုကရေစီ အရေးတော်ပုံအပြီးတွင်မူ တစ်ဆင့်ပြီးတစ်ဆင့် ခုန်ပျံကျော်လွှား ကြီးထွားလာခဲ့တော့သည်။ ၁၉၉၁ မှစ၍ မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း မြောက်များစွာကို ထောက်ပံ့ကူညီခဲ့သည့်အပြင် အခြေခံအဆောက်အဦး စီမံကိန်းများစွာတွင်လည်း တရုတ်ပညာရှင်များ လာရောက်ကူညီခဲ့ကြသည်။

၁၉၅၀ ခုနှစ်များနောက်ပိုင်း မြန်မာနိုင်ငံ၌ ပထမဆုံး နိုင်ငံခြားစစ်ဖက်အရာရှိများ အခြေချမှုအဖြစ် တရုတ် စစ်ဖက်အကြံပေးများလည်း တစ်သုတ်ပြီးတစ်သုတ် လာရောက်ခဲ့ကြသည်။ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးသည်လည်း တစ်ဟုန်ထိုးဖွံ့ထွားလာတော့သည်။

မကြာသေးမီကပင် တရုတ်နိုင်ငံက အတိုးနည်းချေးငွေများ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီခဲ့သည်။ အနောက်ပိတ်ဆို့မှုဒဏ်ခံ မြန်မာစီးပွားရေးတွင် တရုတ် ရင်းနှီးမြှုပ်နှံမှုများသည် အလွန်အရေးပါပြီး အထူးသဖြင့် စွမ်းအင်ကဏ္ဍတွင် ပုံအောစီးဝင်လာသည်။ ဘင်္ဂလားပင်လယ်အော်မှ သဘာဝဓါတ်ငွေ့ကို တရုတ်သို့ပို့မည်။ ပိုက်လိုင်းစီမံကိန်းတွင် အရှေ့အလယ်ပိုင်းရေနံများကို ယာဉ်ကြောပိတ် မလက္ကာ ရေလက်ကြားကို ရှောင်ရှား သယ်ယူမည့် ရေနံစိမ်း ပိုက်လိုင်းတစ်ခု ယှဉ်တွဲ တိုးချဲ့ခံခြင်းသည် ထင်ရှားသော သာဓက တစ်ခုပင် ဖြစ်သည်။

ထိုသို့ တရုတ်နိုင်ငံအပေါ် ကြီးမားစွာ မှီခိုနေရခြင်းသည် မြန်မာ စစ်ဖက် ခေါင်းဆောင်များစွာအကြား စိုးရိမ် ကြောင့်ကြမှုကို ဖြစ်ပေါ်စေခဲ့သည်။ အဆိုပါ ခေါင်းဆောင်များသည် သူတို့ တစ်ချိန်က တရုတ်နောက်ခံ ဗကပ တပ်များနှင့် တိုက်ခဲ့ရသော စစ်ပွဲကို မမေ့နိုင်သလို ဗကပ အသွင်ဆောင် တရုတ်နှင့် ဝတပ်ဖွဲ့များ၏ လက်ချက်ဖြင့် သူတို့၏ ရဲဘော် ရဲဘက်များ ကျဆုံးခဲ့ရခြင်းကိုလည်း မမေ့ကြပါ။ အဆိုပါ မမေ့နိုင်စရာ အတိတ်ကို ၂၀၀၅ ခုနှစ်က ဝါရှင်တန်တွင် နိုင်ငံရေးခိုလှုံခဲ့သော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်က ပြည်ပရောက် မြန်မာများ၏ သတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ပြန်လည် တူးဆွထားသည်။

သမ္မတ ဦးသိန်းစိန်၏ တမံရပ်ဆိုင်းမှု ကြေညာချက် အပြီးတွင် တရုတ်တို့က ညှိနှိုင်း ဆွေးနွေးပွဲများ ပြုလုပ်ရန် တောင်းဆိုထားကြသော်လည်း မြစ်ဆုံစီမံကိန်း အကောင်အထည် ဖော်သူ CNPC ကုမ္ပဏီက ၂၀၀၉ ခုနှစ်တွင် ထုတ်ပြန်သော ပြည်တွင်း အစီရင်ခံစာတွင် တမံ အရွယ်အစားသည် လိုသည်ထက် ပို၍ ကြီးမားလွန်းကြောင်း တင်ပြကာ စီမံကိန်းကို စွန့်လွှတ်ရန် တောင်းဆိုခဲ့ခြင်းကို အကဲခတ် စောင့်ကြည့်သူများက ထောက်ပြထားသည်။ တရုတ်နိုင်ငံသည် ဧရာဝတီ၏ အခြား မြစ်လက်တက်များ ပေါ်တွင်လည်း အကြီးစားတမံ ၆ ခု တည်ဆောက်ရန် ကန်ထရိုက်စာချုပ် လက်မှတ် ရေးထိုးထားသည်။

ယခုကဲ့သို့ သမ္မတ ဦးသိန်းစိန်က ရဲရဲဝင့်ဝင့် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းသည် တရုတ် - မြန်မာ ဆက်ဆံရေး ယိုယွင်းလာခြင်းနှင့် မြန်မာနိုင်ငံက နိုင်ငံတကာ ဆက်ဆံရေး ဟန်ချက် ညီအောင် ကြိုးစားနေခြင်းကို ထုတ်ဖော် ပြသနေသည်။ ယခင်က ကျင့်သုံးခဲ့ဘူးသော ဘက်မလိုက် မူဝါဒကို ပြန်လည် ချဉ်းကပ်ခြင်းလည်း ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

အချို့ အကဲခတ် စောင့်ကြည့်သူ ပညာရှင်များကမူ မြန်မာ အစိုးရအပေါ် ဘီဂျင်း၏ လွှမ်းမိုးမှုသည် ပုံကြီးချဲ့ထားခြင်းသာ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုကြသည်။ အစီရင်ခံစာများတွင် မကြာခဏ ဖော်ပြ နေကြသည့် "မြန်မာနိုင်ငံ၏ ယုံကြည် စိတ်ချ အားကိုးမှု" ဆိုသည်ကို ဘီဂျင်းက အမှန်တကယ် ရခဲ့ခြင်း မဟုတ်ပါဟု မဟာဗျူဟာ လေ့လာရေး သုတေသန ပညာရှင် စာရေးဆရာ Andrew Selth က တင်ပြခဲ့သည်။ မြန်မာနိုင်ငံအပေါ် လက်နက် ရောင်းချပေးနေသူများက ပြသနေသော အထောက်အထား တစ်ခုမှာ တရုတ်နိုင်ငံသည် ၁၉၈၉ မှ စ၍ မြန်မာနိုင်ငံအား ဒေါ်လာ ၁.၆ ဘီလျံ တန်ဖိုးရှိ စစ်လက်နက် ပစ္စည်းများ ရောင်းချ ကူညီပေးခဲ့သော်လည်း လတ်တလောတွင် မြန်မာအစိုးရက ရုရှား၊ ယူကရိန်းနှင့် မြောက်ကိုးရီးယား နိုင်ငံများထံ ပြောင်းလဲ ဝယ်ယူကာ ယင်း၏ လက်နက် ဖူလုံရေး အစီအစဉ်ကို ခွဲဝေ ဖြန့်ကျက်ခဲ့သော အချက်ပင် ဖြစ်သည်။

မြန်မာအစိုးရသည် အနောက်နိုင်ငံများ၏ ထောက်ခံမှုကို ရရှိရန် ကြိုးစားရာတွင် ဒီမိုကရေစီကို ပြည့်ဝစွာ အကောင်အထည် ဖော်ခြင်း အစား 'တရုတ်ဝှက်ဖဲ' ကို ထုတ်သုံးရန် ရွေးချယ်ခဲ့ခြင်း ဖြစ်ပုံရသည်။

မြန်မာအစိုးရ တာဝန်ရှိသူ တစ်ဦး ရေးသားကာ နေပြည်တော် ထိပ်ပိုင်း အဆင့်က ခွင့်ပြုခဲ့သည်ဟု ကြားသိရသော ဘန်ကောက်ပို့စ် သတင်းစာပါ 'ရေးသူအမည်မပါ' ဆောင်းပါးတစ်ပုဒ်တွင် "ကျွန်တော်တို့ နိုင်ငံကို တရုတ် သြဇာခံ ပြည်နယ်တစ်ခု မဖြစ်စေလိုပါ။ သို့သော် ကျွန်တော်တို့ နိုင်ငံကို ရွေးချယ်စရာ မရှိသော ထောင့်ကျဉ်း၌ ပိတ်မိအောင်၊ တရုတ်နိုင်ငံကို ပို၍ မှီခိုရအောင် အနောက်နိုင်ငံများက အတင်းအကြပ် မပြုလုပ်သင့်ပါ" ဟု ဖော်ပြထားသည်။

ဤစကားစုတွင် အတင်းအကြပ် ဆိုသည်မှာ စစ်မှန်သော ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှုများ ပြုလုပ်ရန် တောင်းဆိုခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ အစိုးရဖက်က အမြင်ကို ကြည့်ပါက တရုတ် ခြိမ်းခြောက်မှု ဝှက်ဖဲကို ထုတ်ကစားခြင်းဖြင့် အနောက်နိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေးကို အလွယ်တကူ ရရှိနိုင်မည် ဖြစ်ကာ အနောက်နိုင်ငံများ၏ ပြစ် တင် ဝေဖန်မှု လျော့ပါး သွားရန် မျှော်လင့်ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် နိုင်ငံကို ဘယ်လို အုပ်ချုပ်သလဲ ဆိုသည်မှာ ပြည်တွင်းရေး ကိစ္စသာ ဖြစ်ကြောင်း၊ မြန်မာ အစိုးရက မကြာခဏ ထုတ်ဖော် ပြောဆိုလျက် ရှိပေသည်။ မြန်မာ အစိုးရ၏ တီးလုံးအတိုင်း လိုက်၍ ကမလား ဆိုသည်ကို အနောက်နိုင်ငံများက ဆုံးဖြတ်ရလိမ့်မည်။

06 October 2011

နေပြည်တော်မြို့တော်ဝန် ဦးသိန်းညွန့် အမိန့် ဖြင့် ဖမ်းဆီးမှုပြုလုပ်သည်ဆိုတဲ့သတင်း..


၂၀၁၁ စက်တင်ဘာလ (၂၃) ရက်၊ နေပြည်တော် ဇဗ္မူသီရိမြို့နယ်၊ ခရေအရာရှိကြီးများ၏ ၀န်ထမ်းအိမ်ယာများသို့  ညသန်းခေါင် (၁၂) နာရီအချိန်မှာ ဧည့်စာရင်းစစ်ဆေးရန်ဟု ဆိုကာ နေပြည်တော် အမှတ် (၅) ရဲစခန်းမှရဲများနှင့် နေပြည်တော်ကောင်စီ အဖွဲ့ဝင်များက ၀ုန်းဒိုင်းကြဲ အထိတ်တလန့် ၀င်ရောက်စီးနင်း ရှာဖွေခဲ့ပါသည်။


ယင်းသို့ ၀င်ရောက်စီးနင်းရာတွင် နေပြည်တော် Junction Centre ရှိ အရာရှိကြီးတဦး ပိုင်ဆိုင်သည့် ဖိနပ်အရောင်းဆိုင်မှ အရောင်းဝန်ထမ်း မိန်းကလေး (၆) ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး၊ လက်ထိပ်မရှိသောကြောင့် ထိုမိန်းကလေးများကို သံကြိုးဖြင့် ချည်နှောင်ပြီး နေပြည်တော်အမှတ် (၅) ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

နောက်တနေ့ နံနက်တွင် နေပြည်တော်အမှတ် (၅) ရဲစခန်းမှ ပျဉ်းမနားမြို့နယ်တရားရုံးသို့ ရုံးထုတ်ခဲ့ပြီး ၊နေပြည်တော်ကောင်စီ၏ အမိန့်ဖြင့် ထိုအရောင်းဝန်ထမ်းမိန်းကလေးငယ်များကို ရက်ရက်စက်စက် ထောင်ဒဏ် (၁၅) ရက် အပြစ်ပေးလိုက်ပါသည်။

အဆိုပါ အရောင်းဝန်ထမ်းအမျိုးသမီးလေးများမှာ ဘွဲ့ရပညာတတ်၊ မိကောင်းဖခင် အမျိုးကောင်း သမီးလေးများဖြစ်ပြီး၊ တနယ်တကျေးမှ လာရောက်၍ မိဘများကို သမ္မာအာဇီဝဖြင့် ရိုးသားစွာ ရှာဖွေကျွေးမွေးနေသူလေးများ ဖြစ်သည်။

ထိုကဲ့သို့ ရက်ရက်စက်စက် သားသမီးချင်း ကိုယ်ချင်းစာနာစိတ်မရှိဘဲ ထောင်ချရန် အမိန့်ပေးခဲ့သူမှာ ယခင် (နယ်စပ်စည်ပင်ဝန်ကြီး) ယခု နေပြည်တော်ကောင်စီဥက္ကဌ၊ သမ္မတရုံးဝန်ကြီး၊ နေပြည်တော်မြို့တော်ဝန် သိန်းညွန့် ဖြစ်ပါသည်။


ယခုကဲ့သို့ တရားဥပဒေကို ကျော်လွန်ပြီး အပြစ်မဲ့ လုပ်သား ပြည်သူများကို ထောင်ချဖမ်းဆီးနေခြင်းသည်

ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် လွန်စွာမှ ဆိုးဝါးလှသော အဖျက်အမှောင့် လုပ်ရပ်ကြီး တခုဖြစ်ပြီး၊ လူ့အခွင့်အရေးကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းပင် ဖြစ်သည်။

ဘွဲ့ရပညာတတ် အမျိုးကောင်းသား အမျိုးကောင်းသမီးများကိုတော့ ထောင်သွင်းအကျဉ်းချပြီး၊ နေပြည်တော်နှင့် ရန်ကုန်မြို့ရှိ အနှိပ်ခန်းမှ မိန်းမပျက်များ၊ ဘားလမ်းကားမှတ်တိုင်၊ ပန်းဆိုးတန်းကားမှတ်တိုင်၊ စံပြဈေးကားမှတ်တိုင် တွင် ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်နေကြသော အကျင့်ပျက်ပြည့်တန်ဆာ မလေးများနှင့် ဥပဒေဘက်တော် သားဟု ပြောပြောနေကြသော မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ SB၊ စအဖ အစရှိသည့် ထောက်လှမ်းရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ပျော်ပါးမြူးတူး ကူးလူးဆက်ဆံနေကြ သည်များကို မြင်တွေ့မိသောအခါဝယ် ရင်ထဲတွင် နေအစင်းတစ်ရာမက ပူလောင်ပြင်းထန် စိတ်နှလုံးနာပြီး ယူကျုံးမရ ဖြစ်ရပါတော့သည်။

(နေပြည်တော်ရှိ သတင်းထောက်တဦး၏ ရင်ဖွင့်စကားသံကို အောက်တွင် ဆက်လက်ဖတ်ရှုနိုင်ပါသည်။)

Abuse Order by Thein Nyunt


သတင်းပြန်လည်မျှဝေ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခြင်း




ပထမဆုံးက ငါနဲ့သဘောမတူရင် ငါ့ရန်သူဆိုတဲ့ စိတ်ထား မထားနဲ့

ရုံးခန်းတွင်း ဝင်လိုက်သည်နှင့် ခရမ်းရောင် ဖျော့ဖျော့ ရင်ဖုံးအင်္ကျီ၊ နက်ပြာရောင်ထမီ ဝတ်ဆင်ထားပြီး ဆံထုံးပေါ်တွင် ခရမ်းဖျော့ရောင် သစ်ခွပန်းများ သီကုံး ပန်ဆင်ကာ ဖော်ရွှေသော အပြုံး၊ ကြည်လင်သော မျက်နှာနှင့် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုက်ရသည်။ ရုံးခန်းတွင်း ဝင်လာသူတိုင်းကို သူနှင့် နှစ်ပေါင်းများစွာ ဝေးကွာခဲ့ရသော မိတ်ဆွေရင်းချာများ ပြန်လည် ဆုံတွေ့ရသကဲ့သို့ ချိုသာတည်ငြိမ် အေးဆေးသော စကားသံဖြင့် နှုတ်ခွန်းဆက်သည်။ အသက် ၆၅ နှစ် ရှိနေပြီ ဖြစ်သော်လည်း အရွယ်နှင့် မလိုက်အောင် တက်ကြွလန်းဆန်းလွန်း နေသည်။ သူသည်ကား ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်ပြီး The Voice Weekly က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းရန် လာရောက်ခြင်း ဖြစ်သော်လည်း အမှန်တကယ် မေးခွန်းစတင် မေးမြန်းသူက ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် The Voice Weekly တို့၏ တွေ့ဆုံမေးမြန်းခန်းသည် အမေးနှင့် အဖြေဆိုသော ပုံမှန်တွေ့ဆုံမေးမြန်းခန်း သဘောမျိုးထက် သူ့အမြင်၊ ကိုယ့်အမြင် ဖလှယ်သော ဆွေးနွေးပွဲ စကားဝိုင်း ပုံစံမျိုးဖြင့် အပေးအယူ မျှတစွာ အဆုံးသတ်ခဲ့သည်။

DASSK : ဇူလိုင် ၁၉ ရက်နေ့ အာဇာနည်နေ့နဲ့ ပတ်သက်လို့ ဖေဖေနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ မီဒီယာတွေမှာ ပါလာတော့ ထုတ်လို့ ရလာပြီပဲလို့။ အရင်တုန်းက ထုတ်လို့မရဘူး မို့လား။

VOICE : မရဘူးခင်ဗျ။ အရင်တုန်းက စာပေစိစစ်ရေးက ထောက်လှမ်းရေးက တိုက်ရိုက်ကိုင်တာ။ ထောက်လှမ်းရေး ကိုင်တဲ့ အချိန်တုန်းက လွတ်လပ်ခွင့် ဒီလောက်ကြီး မဟုတ်ဘူး။ ထောက်လှမ်းရေး ပြီးသွားတော့ ၂၀၀၄ နောက်ပိုင်းမှာ စာပေစိစစ်ရေးက ပြန်ကြားရေးအောက် ရောက်သွားတယ်။ ပြန်ကြားရေးအောက် ရောက်သွားတဲ့ အခါကျတော့ စာပေဗိမာန်က၊ အရင်က စာရေးခဲ့ဖူးတဲ့ သူတွေ၊ တကယ့် စာပေနားလည်တဲ့သူတွေ ရောက်လာတော့ စာပေစိစစ်ရေးက နည်းနည်းတော့ Relex ဖြစ်ပါတယ်။ နိုင်ငံရေးနဲ့ ပတ်သက်ရင်တော့ ဒီအတိုင်းပါပဲ။ တဖြည်းဖြည်းတော့ ရေးရတာ နည်းနည်းတော့ သိသာပါတယ်။

DASSK : တော်တော် သိသာပါတယ်။ အခုက အန်တီထွက်လာတဲ့ အချိန်မှာ ဆိုလို့ရှိရင် ဆောင်းပါးတွေ၊ ဘာတွေ တော်တော်များများက နိုင်ငံရေး အကြောင်းတွေ ပါလာတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး မဟုတ်ရင် တောင်မှ တခြားနိုင်ငံရဲ့ နိုင်ငံရေးလည်း နိုင်ငံရေးပဲ။ ဘာပဲပြောပြော နိုင်ငံရေး အသိအမြင် ပိုပြီးတော့ ကျယ်ပြန့် စေတာပေါ့။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက် ပြီးတော့လည်း တော်တော်များများ ပါလာတာပဲ။ အရင်တုန်းက လွတ်လပ်ရေး ခေတ်တုန်းက ဖြစ်စဉ်တွေ ဘာတွေ ဆိုရင်လေ။ ဒါက တိုးတက်မှုပဲ။

VOICE : နောက်တစ်ခုက စာပေစိစစ်ရေး ဆိုတာကလည်း လက်ရှိအစိုးရရဲ့ မူဝါဒကို ထင်ဟပ်ပြီး စိစစ် တည်းဖြတ်ရတာ ဖြစ်တဲ့အတွက် မီဒီယာတွေကလည်း ပါးပါးနပ်နပ် ရပ်တည်ပြီး ရေးဖို့ လိုပါတယ်။ စကားလုံး အသုံးအနှုန်းက အစပေါ့နော်။ ကျွန်တော်တို့ ပြောချင်တဲ့ Message ရောက်အောင် သိုင်းဝိုင်းပြီး ပြောရတာတွေ ရှိပါတယ်။ ကျွန်တော်တို့က ဘာပြောလေ့ ရှိလဲ ဆိုတော့ စာပေစိစစ်ရေးနဲ့ မီဒီယာတွေက ပြိုင်ပွဲလိုပဲ။ သူတို့ကလည်း အစိုးရမူဝါဒကို ထိပါးတဲ့ဟာကို တည်းဖြတ်ဖို့ ကြိုးစားတယ်။ ကျွန်တော်တို့ကလည်း တတ်နိုင်သလောက် ကျွန်တော်တို့ ပေးချင်တဲ့ Message ရောက်အောင် ရေးရတယ် ဆိုတော့ ကြားထဲမှာ ဉာဏ်ရည်ပြိုင်တဲ့ သဘောမျိုးလို့တောင် ပြောလို့ရတယ်။ ကျွန်တော်တို့က အကောင်းမြင် ရတာပေါ့။ သူတို့က ကျွန်တော်တို့ကို ရေးသားတဲ့ စွမ်းရည်၊ အရည်အသွေး တက်အောင် တစ်နည်းတစ်ဖုံ ပံ့ပိုးနေသလို အဲလို ဖြေသိမ့်ရတယ်။ ဒီမှာက အကောင်းမမြင်တတ်ရင် ရပ်တည်ဖို့ တော်တော် ခက်ပါတယ်။ နည်းနည်းလောက် ရှာပြီး ရပ်တည်မှ မီဒီယာဆိုတာ အဲလိုလုပ်လို့ ရတာကိုး။

DASSK : အစိုးရမူဝါဒ မထိခိုက်လို့ရှိရင် ဆိုတဲ့နေရာမှာ စာပေစိစစ်ရေးကို နားလည်အောင် ပြောသင့်တာပေါ့။ တစ်ခါတလေ အစိုးရမူဝါဒကို ထိခိုက်ပေမယ့် အစိုးရကို မထိခိုက်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အစိုးရမူဝါဒကို ထိခိုက်လို့ ဆိုပြီး မလုပ်တာက အစိုးရကို ထိခိုက်စေတယ် ဆိုတာကို သူတို့ နားလည်အောင် ပြောလို့ရှိရင် ကောင်းမယ် ထင်တယ်။

VOICE : ဟုတ်ကဲ့။ အခုတော့ အခြေအနေက မဆိုးပါဘူး။ အခု စာပေစိစစ်ရေးက လူတွေက အရင်က လူတွေထက်စာရင် အများကြီး တော်လာပါပြီ။ Dialouge ရှိတယ်။ ပြောတာကို ဆုံးအောင် နားထောင်တယ်။

DASSK : အဲဒါ အရေးကြီးဆုံးပဲ။ နားမထောင်တာက ပြဿနာ။ ခုနစ်နှစ်လုံးလုံး အန်တီ ရေဒီယို နားထောင်တော့ နားမထောင်တတ်တဲ့ လူတွေ တော်တော်များတာ တွေ့ရတယ်။ ရေဒီယိုမှာ မေးတဲ့လူက တစ်မျိုး၊ ဖြေတဲ့လူက တစ်မျိုး။ နားမထောင်တတ်တာပဲ။ နားမထောင်တတ်တာက များတယ်။ တမင်သက်သက် ထော်လော်ကန့်လန့် လုပ်တာ မဟုတ်ဘူး။ တချို့တွေက မေးခွန်းကို နားမလည်တာလည်း ပါတယ်။ အဲဒါလည်း နားမထောင် တတ်တာပဲ။ မေးခွန်းတွေက ရှင်းပါတယ်။ ဒီလောက်ကြီးလည်း မခက်ဘူး။ ဒါပေမဲ့ တစ်ခါတလေတော့လည်း နည်းနည်း ခက်ခက်ခဲခဲ ရှိတာပေါ့။ အများစုကတော့ ခပ်ရှင်းရှင်းပါပဲ။ နားထောင်ရင် နားမလည်စရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ သေချာ နားမထောင်တဲ့ အခါကျတော့ ကောင်းကောင်း နားမလည်ဘူး။ အဲဒီတော့ မေးတာတခြား၊ ဖြေတာ တခြား ဖြစ်နေတာ။ နောက်ပြီးတော့ နားထောင်ချင်တာထက် ပြောချင်တဲ့သူက များတယ်။ တစ်ခါတလေ သတိထားမိတယ်။ ရေဒီယိုမှာ ကြေညာတဲ့သူက စကားဖြတ်ချင်တယ်၊ ဖြတ်လို့ မရဘူး။

VOICE : နားမထောင်တာနဲ့ ပတ်သက်ပြီး ဗွေဆော်ဦး မေးခွန်း မေးချင်ပါတယ်။ အဲဒါက ဘာကြောင့်လို့ ယူဆလဲ။ ပညာရေးစနစ် ကြောင့်လား။ ငယ်ငယ်တုန်းက သင်ခဲ့တာတွေမှာ များများ နားထောင်ဖို့ ဆိုတဲ့ဟာကို မသင်ခဲ့ရလို့လား။

DASSK : နားထောင်ပုံ၊ နားထောင်နည်းကို သေချာ မသင်လို့ပဲလို့ အန်တီ ထင်တယ်။ ကျောင်းတွေမှာဆိုရင် နားထောင်တယ် ဆိုတာကို စကားလုံး တစ်လုံးချင်း၊ တစ်လုံးချင်းကို အလွတ်ကျက်တာပဲ။ ပြောတဲ့အတိုင်း နားထောင်ပြီးတော့ ပြန်ပြီး ဖြေရတာပဲ။ တကယ့်မေးခွန်းနဲ့မှ မဟုတ်ဘဲ။ မေးခွန်း မေးလိုက်လို့ရှိရင် အဖြေက တစ်ခါတည်း ပါလာ ပြီးပြီ။ အဲဒီအဖြေတိုင်းပဲ ဖြေတော့ ဆိုတော့ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ဖြေတဲ့အလေ့အထ မရှိဘူး။ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ဖြေစရာ အကြောင်းမရှိဘူး ဆိုရင် မေးခွန်းကိုလည်း သေချာ နားထောင်စရာ အကြောင်း မရှိတော့ဘူး။ Question and Answer အားလုံး ပေးထားပြီးပြီ။ အလွတ်သာ ကျက်လိုက်ပေတော့။ အဲဒီလို စနစ်နဲ့လည်း ဆိုင်တယ် ထင်တယ်။ နောက်ပြီးတော့လည်း ယဉ်ကျေးမှုကိုက စောဒကတက်တာတွေ၊ ဘာတွေကို ရိုင်းတယ်လို့ ထင်တယ်။ တကယ်တော့ စောဒကတက်တိုင်း ရိုင်းတာ မဟုတ်ဘူး။ ပြန်ပြီးတော့ မေးပိုင်ခွင့် ရှိရမယ်။ ပြန်ပြီး မေးတာကိုလည်း မကြိုက်ကြဘူး။ ပြန်ပြီး မေးတာကို မကြိုက်တဲ့ နိုင်ငံမှာဆိုရင်၊ လူမှုအသိုင်းအဝိုင်းမှာ ဆိုရင် မေးခွန်းတွေကို ရှောင်ချင်ကြတယ်။ မေးခွန်းဆိုတာက အန္တရာယ် မဟုတ်ဘူး ဆိုတဲ့ အမြင်မရှိလို့ပဲလို့ ထင်ပါတယ်။ တချို့တွေက မေးခွန်းမေးရင်ကို သူ့ကို ရန်သူလို မြင်တာလား၊ ဆန့်ကျင်နေတာလား၊ တစ်ခုခု ဝေဖန်နေတာလား။ အဲလို မြင်တယ်။ ဒါနဲ့ မဆိုင်ဘူးဆိုတာ သိပ်မသိကြဘူး။

VOICE : အဲဒီ့ဟာနဲ့ ဆက်စပ်လို့ မေးခွန်းမေးတာရော၊ နားထောင်တာရော၊ မေးတာမြန်းတာ ကအစ ငါ့ကို ပုဂ္ဂိုလ်ရေး ပြောတာလားပေါ့။ အဲဒီတော့ ပုဂ္ဂိုလ်ရေး ဆိုတဲ့စကားက ဒီမှာ ဝင်လာတာပေါ့။ ဝင်လာတဲ့အခါ မှာ မြန်မာ့နိုင်ငံရေးမှာ တချို့ပြောကြ၊ ဆိုကြတာ ရှိပါတယ်။ ဒီဘက်ခေတ် အချိန်အထိ။ လူပုဂ္ဂိုလ် တစ်ယောက်ရဲ့ အတွေးအခေါ်၊ နိုင်ငံရေး အမြင်၊ ခံယူချက် အပေါ်ကို ဝေဖန်စောဒကတက်ခြင်းထက် ပုဂ္ဂိုလ်ရေးကို ဝေဖန်တိုက်ခိုက်ခြင်း ဆိုတာမျိုးတွေ ရှိခဲ့တဲ့ အခါကျတော့ မြန်မာ့နိုင်ငံရေးမှာ ခုနပြောတဲ့ အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးတို့က ပုဂ္ဂိုလ်ရေးကြောင့် အဟန့်အတား ဖြစ်ခဲ့တယ်လို့ ယူဆတဲ့သူတွေ၊ ဝေဖန်တဲ့သူတွေလည်း ရှိပါတယ်။ အန်တီ အနေနဲ့ကော အဲဒါကို ဘယ်လိုများ ယူဆပါသလဲ။ သုံးသပ်ပါသလဲ။

DASSK : အဲဒါ အတွေးအခေါ် ရင့်ကျက်မှု မရှိတာလို့ ထင်တယ်။ အန်တီတို့ဆိုရင် တတ်နိုင်သမျှ ပုဂ္ဂိုလ်ရေးကို ရှောင်တယ်။ အစိုးရရဲ့ လုပ်တာကိုင်တာတွေကို အန်တီတို့ မကြိုက်လို့ ဝေဖန်တယ်။ ဝေဖန်လို့ရှိရင် ဒါကို အစိုးရကို ဝေဖန်ပါတယ် ဆိုပြီး မြင်တယ်။ အစိုးရကို ဝေဖန်တာနဲ့ အစိုးရရဲ့ လုပ်ပုံလုပ်နည်း၊ လုပ်တဲ့ကိစ္စတွေကို ဝေဖန်တာနဲ့ မတူဘူးနော်။ အဲဒါကို နားလည်ရမယ်။ ပုဂ္ဂိုလ်ရေး ဆိုတာလည်း ဒီလိုပဲ။ လူတစ်ယောက်ကို ဘယ်လောက်ပဲခင်ခင်။ ဥပမာဆိုရင် ကိုယ့် သားသမီး တောင်မှ ကိုယ်မဝေဖန်လို့ ရှိရင်၊ ကိုယ် မပြုပြင်လို့ ရှိရင်၊ ကိုယ် မဆုံးမလို့ရှိရင် ဘယ်သူက ဝေဖန်ပြုပြင် ဆုံးမမလဲ။ ဒါပေမဲ့ ကိုယ့်ကလေးဆိုတော့ ကိုယ်ချစ်တာပေါ့။ ကိုယ့်ကလေးဆိုတော့ ကိုယ်က ဘာမှ အဆိုးလည်း မြင်ချင်တာ မဟုတ်ဘူး။ ရန်သူလို မြင်တာလည်း မဟုတ်ဘူး။ သို့သော်ငြားလည်း သူလုပ်တာကိုင်တာ မဟုတ်ရင် မဟုတ်မှန်း မြင်ရမယ်။ ဒါမှလည်း ကိုယ်က ကူညီနိုင်မှာ။ တချို့ မိဘတွေက ကိုယ့်သား၊ ကိုယ့်သမီးဆိုရင် ဘယ်တော့မှ အဆိုးမမြင်ဘူး။ အန်တီ ငယ်ငယ်တုန်းက သင်ရတဲ့ ပုံပြင်လေး သွား သတိရတယ်။ သားတို့ခေတ် သင်ရသေးလား မသိဘူး။ သူခိုးက သူ့ကို ကားစင် တင်တော့မှ သူ့အမေကို အနားကပ်ခိုင်းပြီး နားကို ကိုက်ဖြတ်လိုက်တာလေ။ သူ့ကို ငယ်ငယ်တုန်းက မဆုံးမလို့လေ။ ဒီလို မိဘမျိုးက ကိုယ့်သားသမီး ဘာလုပ်လုပ် လက်ခံမယ်။ ကောင်းတယ်ပဲ ပြောမယ်ဆိုတာက ကောင်းတဲ့မိဘ မဟုတ်ဘူး။ သားသမီးရဲ့ တကယ့်မိတ်ဆွေစစ် မဟုတ်ဘူး။ ဝေဖန်တာ ဆိုတာကလည်း အပြုအမူကို ဝေဖန်တာကို ပြောတာနော်။ လူကိုတော့ နာမည်နဲ့တပ်ပြီး ဝေဖန်တာမျိုး အမြဲရှောင်တယ်။ ဒီကိစ္စ မကြိုက်ဘူး။ ဒီလိုလုပ်တာ မဟုတ်ဘူး။ မလုပ်သင့်ဘူး ဆိုတာ ပြောတယ်။ ဒီလူက ဒီလိုဒီလိုဆိုပြီး ဝေဖန်တာမျိုးက နည်းနည်း သိက္ခာမဲ့တယ်လို့ ထင်တယ်။ ပုဂ္ဂိုလ်ရေးအရ လူတွေကို ဝေဖန်တာကလေ။ အဲဒါက မရင့်ကျက်တဲ့ အတွေးအခေါ်ကြောင့်မို့လို့ ကိုယ့်ကို ထိတယ်လို့ထင်ရင် မခံနိုင်ဘူး။ အန်တီတို့ အမြင်က ဝေဖန်တယ် ဆိုရင်တောင်မှ စဉ်းစားရမှာက ဒီဝေဖန်မှုက အကြောင်းအကျိုး ဆီလျော်လား။ အကြောင်းအကျိုး ဆီလျော်ရင်တော့ ကိုယ် ဆင်ခြင်ရမယ်။ အကြောင်းအကျိုး မဆီလျော်ဘူး ဆိုရင်တော့ ခေါင်းထဲ မထားနေနဲ့တော့။ အဲဒါ ဘာဖြစ်သလဲ။ သူပြောချင်လို့ လျှောက်ပြောနေတာ။ အဲဒီလိုပဲ စိတ်ထဲမှာ ထားရမယ်။

VOICE : မြန်မာ့နိုင်ငံရေးမှာ အခု အချိန်အထိ ပုဂ္ဂိုလ်ရေးနဲ့ တကယ့် အနှစ်သာရ အတွေးအခေါ် အယူအဆပိုင်း ရှိတဲ့နေရာမှာ အတွေးအခေါ် အယူအဆပိုင်း နားလည်မှု မပေးနိုင်ဘဲနဲ့ ပုဂ္ဂိုလ်ရေးဘက်ကို အလေးကဲပြီးတော့ စည်းလုံးညီညွတ်ရေး အားလျော့နေသလား ခံစားရပါတယ်။ အဲတော့ ရှေ့ဆက်သွားတဲ့ နေရာမှာ အဲဒါကို ဘယ်လို ပြုပြင်သင့်ပါသလဲ။ အဲဒီအပေါ်မှာ ဘယ်လို မြင်ပါသလဲ။

DASSK : ဒီပုဂ္ဂိုလ်ရေးနဲ့ ပတ်သက်လို့ အထိမခံတာ၊ အရမ်း Sensitive ဖြစ်တာက အန်တီ့ အမြင်မှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလို့ ဖြစ်တာလို့ အန်တီ ထင်တယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းတာ။ ဒီကိစ္စကလည်း အန်တီခဏ၊ ခဏ စဉ်းစားဖူးတယ်။ ဗမာတွေက တစ်ယောက်ကို တစ်ယောက် အရမ်းမနာလို ဖြစ်တယ်။ ဒါတော့ အားလုံး လက်ခံပါတယ်နော်။ ဒါ ကိုယ့်အချင်းချင်းမို့လို့ ပြောလို့ရတယ်။ အန်တီ ဟောပြောပွဲတွေမှာလည်း ပွင့်ပွင့်လင်းလင်း ပြောဖူးပါတယ်။ ဗမာတွေက တော်တော်ကို တစ်ယောက်နဲ့ တစ်ယောက် မနာလိုစိတ် ရှိတယ်။ ဗမာတွေပဲလား၊ တခြား နိုင်ငံသားတွေကရော မနာလိုစိတ် မရှိဘူးလား။ တခြားနိုင်ငံသားတွေလည်း မနာလိုစိတ် ရှိတာပဲ။ ဒါပေမဲ့ ဗမာတွေက နည်းနည်း ပိုတယ်လို့ ပြောရမယ်။ အဲဒါလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းလို့။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းတဲ့ အခါကျတော့ ဘယ်သူက ကိုယ့်ထက် သာသွားမလဲ ဆို တာ အမြဲ ကြည့်နေတယ်။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်တဲ့စိတ် ရှိတယ်။ အန်တီတို့ လူမျိုးက ဘာဖြစ်လို့ ဒီလောက်တောင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းနေသလဲ ဆိုတာ အန်တီလည်း အထပ်ထပ် အခါခါ စဉ်းစားတယ်။ စဉ်းစားတဲ့ အခါမှာ ကလေးတွေကို ပြုစုပျိုးထောင်မှုနဲ့ အများကြီး ဆိုင်တယ်လို့ ထင်တယ်။ ကလေးတွေကို မိဘတွေက စိတ်ပိုင်းဆိုင်ရာအရ လုံခြုံမှု မပေးနိုင်ဘူး။ ဘာဖြစ်လို့ မပေးနိုင်လဲ ဆိုတော့ တစ်ခါတလေ မြန်မာမိဘတွေက ကလေးတွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာ တစ်ယောက်နဲ့ တစ်ယောက် ယှဉ်ပြီးများ ပြောသလားလို့။ ဒါမှမဟုတ် နောက်တစ်ခုက ပညာရှင်တွေ သုံးသပ်တာက အကြွင်းမဲ့မေတ္တာ ပေးမယ်ဆိုတဲ့ အသိအမြင်ကို ကလေးတွေကို မပေးနိုင်တော့တာ။ အန်တီ ပြောဖူးပါတယ်။ မြန်မာမိဘတွေ ဆုံးမတဲ့ပုံ အန်တီ သိပ် မကြိုက်တာက " မလိမ္မာရင် မချစ်တော့ဘူးနော် " ဆိုတာ။ လိမ္မာတယ် ဆိုတဲ့ အဓိပ္ပာယ်က ဘာလဲ ဆိုတော့ လူကြီးမိဘ အကြိုက်လုပ်တာ။ မိဘက သူ့ အကြိုက်ကို မလုပ်ရင် ကလေးအတွက် မေတ္တာကို ရုပ်သိမ်းလိုက်မယ်ဆိုတဲ့ အနေအထားမှာ ရှိတော့ ဒီကလေးက ဘယ်လိုလုပ် စိတ်လုံခြုံမှု ရှိမလဲ။ လူကြီးမိဘ အကြိုက်လုပ်မှ ငါ့မှာ လုံခြုံမှု ရှိမယ်ဆိုတဲ့ အတွေးများ ဝင်သွားသလားလို့။ ဒါ အန်တီက ဒီအဖြေ မှန်တယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒီလို အန်တီ စဉ်းစားမိတယ်။ အဲဒါကို တခြားလူတွေလည်း စဉ်းစားစေချင်တယ်။ မြန်မာတွေ ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိလဲ။ ဒါကြောင့် မနာလိုဖြစ်တာ တစ်ယောက်နဲ့ တစ်ယောက် အဲလို မနာလိုဖြစ်တဲ့ စိတ်ပေါ်မှာ အခြေခံပြီးတော့ ဆတ်ဆတ်အထိ မခံဖြစ်တာ။ အထိကို မခံနိုင်ဘူး။ ငါ့ပြောလို့ရှိရင် ငါ့မုန်းလို့ပဲ။ တစ်ခါတည်း ဘယ်လိုကို ဖြစ်သွားမှန်း မသိဘူး။ ရန်သူကြီး ဖြစ်သွားတာပဲ။ နိုင်ငံခြားမှာလည်း အဲလိုလူတွေ မရှိဘူးလား ဆိုတော့။ ရှိပါတယ်။ ဒါပေမဲ့ အန်တီတို့ မြန်မာတွေမှာ နည်းနည်း ပိုများတယ်။ အဲဒါကတော့ အန်တီ တစ်ယောက်တည်းလည်း အဖြေရှာလို့ ရတာ မဟုတ်ဘူး။ အန်တီက ပြန်မေးရမှာ။ ဘယ်လိုထင်လဲ။ ဘာဖြစ်လို့ စိတ်လုံခြုံမှု မရှိလဲပေါ့။ ကိုယ်ငယ်စဉ်ကနေ ကြီးပြင်းလာတုန်းက ဘယ်လိုအခြေအနေ ရှိလဲ။ အန်တီတို့ကျတော့ စိတ်လုံခြုံမှု ရှိတယ်လို့ ပြောရမှာပဲ။ ဘာဖြစ်လို့ ရှိသလဲပေါ့။ အဲလို ပြန်ပြီးတော့ မေးမှာပဲ။

VOICE : မြန်မာတွေရဲ့ အလေ့အထကို ပြောရင်းနဲ့ ဆက်စပ်ပြီး ပြောရမှာက အခုဖြစ်နေတဲ့ လူထုအကြားမှာ အပြစ်တင်စရာ ဖြစ်နေတဲ့ ကွဲကြ၊ ပြဲကြတဲ့ ကိစ္စပေါ့။ ဗမာတွေက နှစ်ယောက်ရှိရင် သုံးဖွဲ့ ကွဲချင်တာမျိုးလို့တောင် တင်စား ပြောကြရတယ်။ ဒီအပေါ်မှာ အန်တီကကော ဘယ်လို သုံးသပ်မိပါသလဲ။

DASSK : အဲဒါကလည်း ကိုယ်က နည်းနည်းပေးလိုက်ရင် အားလုံး ပါသွားပြီလို့ ထင်တာ။ မဟုတ်ဘူး။ ဒါက Win – Win ဆိုတဲ့ဟာကို နားမလည်တာ။ ဗမာ့ယဉ်ကျေးမှုအရ Win - Win ဆိုတာ သိပ်မရှိဘူး။ ဥပမာ - တလောက နိုင်ငံခြားသားတွေနဲ့ မြန်မာ့လက်ဝှေ့ အကြောင်း ပြောဖြစ်တယ်။ တစ်ယောက်က မြန်မာ့လက်ဝှေ့ကို သူ မကြည့်ရဲဘူးပေါ့။ ကြမ်းလို့ပေါ့နော်။ ကာထားတာမျိုး မရှိတော့ အန္တရာယ် သိပ်များတယ်ပေါ့။ အန်တီလည်း အရင်က မကြိုက်တာ ဘာလဲဆိုတော့ အောင်တဲ့သူက သူရဲ့ အောင်ပွဲခံပုံက သိပ်ကျောသလိုပဲ။ သိပ်ရိုင်းတယ်လို့ ထင်တယ်။ အခု နောက်ပိုင်း တော်လာပါတယ်။ ဒီလောက် မဆိုးတော့ဘူး။ အရင်တုန်းကဆို ပုံဟန်မျက်နှာထား ကြည့်ပုံက ဘေးက ကြည့်ရတဲ့သူက မျက်နှာတောင် ပူတယ်။ သူဘာလို့ ဒီလို လုပ်ရက်တာလဲပေါ့။ ကိုယ်ကလည်း နိုင်ပြီး နိုင်တဲ့သူက စိတ်နှိမ့်ချရမယ်။ သိက္ခာရှိရှိနဲ့ ရှုံးတဲ့သူအပေါ် လေးစားရမယ် ဆိုတာ သိပ် မရှိဘူး။ ရှုံးတဲ့သူအပေါ် တက်နင်းလိုက်မဟဲ့ ဆိုသလို ဖြစ်နေတယ်။ အဲဒါကြောင့်ပဲ Compromise မရှိတာလို့ ထင်တယ်။ ရှုံးသွားရင် တက်နင်းခံရမှာပဲ၊ တက်နင်းတော့မှာပဲလို့ စဉ်းစားတယ်။ အဲဒါကြောင့်မို့ ကွဲတာပြဲတာလည်း အဲဒါပဲ။ ဒီတစ်ခါ တော့ တို့လိုက်လျောလိုက်ရင် နောက်တစ်ခါမှာ တို့ကို လိုက်လျောသင့်တဲ့ အချိန်မှာ ပြန်လိုက်လျောမှာပဲဆိုတဲ့ အမြင်ကို မထားနိုင်ကြဘူးပေါ့။ ဒါဆို ဒါပဲပေါ့။ ဒီမိုကရေစီမှာ အမြဲကိုယ်ဖြစ်ချင်သလို မဖြစ်ရဘူး။ အားလုံးကနေပြီး ဆုံးဖြတ်လိုက်တယ်။ အများရဲ့ ဆုံးဖြတ်ချက်ကို လူနည်းစုက နေပြီးတော့ လက်ခံရမယ်။ ဒါ အပေးအယူသဘောပဲ။ ကိုယ့်အလှည့် သူ့အလှည့် ရှိမယ်။ အဲဒါကို လက်မခံနိုင်ဘူး။ အမြဲပဲ ကိုယ့်အလှည့် ဖြစ်ချင်တယ်။ သူ့အလှည့် မပေးချင်ဘူး။ အဲဒါတော့ မဖြစ်နိုင်ဘူး။

VOICE : ကျွန်တော် နားလည်ထားတာ Agree to Disagree သဘောထား မတူတာကို လက်ခံ နားလည်ပေးဖို့ ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံပဲပေါ့။ ဒီမိုကရေစီ အတွက်လို့ ဒီမိုကရေစီ အရေးလို့ နာမည်ခံထားတဲ့ အဖွဲ့ အစည်းတွေမှာ ဒီ Agree to Disagree မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့်ပဲ အကွဲအပြဲတွေ ဖြစ်နေလားလို့။ အဓိက ပြောချင်တာက နယ်ပယ် အသီးသီးမှာ ရှိတဲ့ အထင်ကရ ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့သူတွေက Agree to Disagree ကို ဘယ်လိုများ လက်တွေ့ ကျင့်သုံးသင့် သလဲလို့ တစ်ဆိတ်လောက် ပြောပြပေးပါ ခင်ဗျ။

DASSK : ပထမဆုံးက ငါနဲ့သဘော မတူရင် ငါ့ရန်သူဆိုတဲ့ စိတ်ထား မထားနဲ့။ ဘာလို့လဲဆိုရင် ဒီအချက်မှာ သဘော မတူရင် နောင်အချက်မှာ သဘောတူ နိုင်တယ် ဆိုတာ။ အဲဒီလို အမြင်ကျယ်ကျယ် ရှိရင် အများကြီး တိုးတက်မှု ရှိလာမယ်။ တစ်ချိန်တစ်ခါမှာ သဘောမတူပေမယ့် နောက်တစ်ကြိမ်မှာ သဘောတူမှာပဲဆိုတဲ့ စိတ်မျိုး အမြဲထားသင့်တယ်လို့ ထင်တယ်။ ဒီလိုမဟုတ်ဘဲ ဒီတစ်ခုမှာ မတည့်ရင် သွားပြီ ဘယ်တော့မှ မတည့်တော့ဘူး၊ လှည့်မကြည့်တော့ဘူးလို့ ဖြစ်သွားတာပဲ။ Agree to Disagree ဆိုတာ ဒါပဲ။ ဒီအချက်မှာတော့ တို့သဘော မတူဘူး။ ကိုယ့်အမြင်ချင်းက မတူဘူး ဆိုတာကို လက်ခံတယ်။ မိတ်ပျက်စရာလည်း မလိုဘူး။ မိတ်ဖက်အဆင့်က ရပ်စဲ သွားစရာလည်း မလိုဘူး။ နောင်တစ်ချက်မှာ ပြန်ပြီး တွဲနိုင်မယ်။ ဒါကြောင့် သူတို့ကို အမြဲပြောတယ်။ နိုင်ငံရေးမှာ ထာဝရမိတ်ဆွေလည်း မရှိဘူး။ ထာဝရ ရန်သူလည်း မရှိဘူး ဆိုတာ။ ဒါလည်း အခြေခံ တစ်ခုပဲ။ တချို့ကိစ္စတွေမှာ ကိုယ်က မဟာမိတ် ဖြစ်မယ်။ တချို့ ကိစ္စတွေမှာ ကိုယ်က အတိုက်အခံ ဖြစ်သွားမယ်ပေါ့။ ဒါပေမဲ့ အဲဒါကြောင့်မို့လို့ ထာဝရရန်သူ ဖြစ်သွားတာ မဟုတ်ဘူး။ ကိုယ်လုပ်နေတဲ့ ကိစ္စနဲ့ ပုဂ္ဂိုလ်ရေး ခံစားချက်ကို ခွဲခြားနိုင်ရမယ်။ လုံးဝ ဒီလို သဘောထားနိုင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမဲ့ ဒီလိုထားနိုင်ဖို့ကတော့ မလွယ်ဘူးပေါ့။ အတိုင်းအတာ တစ်ရပ်အထိတော့ ကွာခြားမှု ထားနိုင်ရမယ်။ အဲဒါ မထားနိုင်ရင်တော့ Agree to Disagree မဖြစ်နိုင်ဘူး။ ငါနဲ့ သဘောမတူတာက ငါ့ကို မုန်းလို့ပဲ၊ ငါ့ကို တိုက်ခိုက်တာပဲ ဆိုတဲ့ အမြင်ကို ဖျောက်ရမယ်။

VOICE : နေအိမ်မှာ အကျယ်ချုပ်နဲ့ နေခဲ့တဲ့ ကာလက ၁၅ နှစ်ကျော် ရှိနေတဲ့အတွက် ဒီအတောအတွင်း မြန်မာ့နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီး အန်တီ့အနေနဲ့ အကန့်အသတ်နဲ့ပဲ သတင်းအချက်အလက် ရမယ်လို့ ထင်ပါတယ်။ အဲတော့ မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေကို မှန်မှန်ကန်ကန် သုံးဖို့ဆိုရင် Stakeholder တွေ အားလုံးနဲ့ တွေ့ဖို့၊ အားလုံး စကားကို စုံညီအောင် နားထောင်ဖို့ လိုတယ်လို့ တချို့က ပြောနေကြပါတယ်။ အန်တီ့အနေနဲ့ရော ဘယ်သူတွေနဲ့ ဘယ်လောက်များများ တွေ့ပြီးပြီလဲ။ တွေ့ဖို့လိုတယ်လို့ ထင်ပါသလား။

DASSK : နားထောင်နိုင်သလောက် အားလုံးကို နားထောင်ဖို့ ရှိပါတယ်။ ကျွန်မတို့ အဖွဲ့ထဲကတော့ လာလာပြောနေတော့ ကုန်သလောက် ရှိနေပြီ။ ရွေးကောက်ပွဲဝင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေနဲ့ လည်း တွေ့ခဲ့ပြီးပါပြီ။ သူတို့နဲ့ဆိုရင် အမြင်မတူတာပေါ့။ အမြင်မတူတာလည်း နားထောင်ပြီးပါပြီ။ တူညီတဲ့ ကိစ္စတွေအပေါ်မှာ ပူးပေါင်းဖို့ အန်တီတို့ ကြိုးစားတယ်။ တစ်သီးပုဂ္ဂလ ၂၀ လောက်နဲ့ တွေ့ပြီးပြီ။ NGO တွေနဲ့လည်း တွေ့ပြီးပြီ။ တစ်လအတွင်းမှာ တွေ့နိုင်တဲ့သူ မှန်သမျှ တွေ့ပြီးပါပြီ။ စာတွေဘာတွေနဲ့ လာတာလည်း အများကြီးပဲ။ အသံလွှင့် မီဒီယာတွေကနေ မေးတာတွေလည်း ရှိပါတယ်။ အဲတော့ နောက်ဆုံးကျတော့ ပထမမေးခွန်းကို ပြန်ရောက်တာပေါ့။ နားထောင် တတ်ရမယ်။ နားထောင်တတ်ဖို့ဆိုတာ အလေ့အကျင့် လိုတာပေါ့။ အလေ့အကျင့်လုပ်မှ ဒီဟာမှာ ကျွမ်းကျင်လာမှာ။ နားထောင်ရင်းနဲ့ နားထောင်တတ်လာတာ။ အန်တီတို့ အနေနဲ့ အမြဲပဲ ဖိတ်ခေါ်တယ်။ အန်တီကတော့ သဘောမတူရင် မတူဘူး ပြောတာပဲ။ ယဉ်ကျေးသမှုအားဖြင့် သဘောမတူဘဲ တူတယ်လို့ မပြောဘူး။ ဘာဖြစ်လို့ မတူဘူး ဆိုတာတော့ အန်တီ အမြဲ ရှင်းပြတယ်။ တခြားသူတွေကိုလည်း အဲလိုပဲ လုပ်စေချင်တယ်။ မတူရင် မတူတဲ့အကြောင်းကို ရှင်းပြ၊ အဲဒီ ရှင်းပြတာကနေ လက်ခံနိုင်စရာ ပေါ်လာရင် ပေါ်လာမယ်။

VOICE : ဒီလောက် ကာလကြာကြာ ဖိအားတွေ၊ အခက်အခဲတွေ ကြားထဲမှာ အခုလို ကြံ့ကြံ့ခံနေခဲ့တာ၊ နေနိုင်တာ ဘယ်လို စိတ်ဓာတ်မျိုးက ဦးဆောင်ပြီး ဘယ်လို တွန်းအားမျိုးကြောင့်ပါလဲ ခင်ဗျ။

DASSK : တရားထိုင်တာကလည်း အထောက်အပံ့ ပေးပါတယ်။ နောက် တစ်ဖက်ကပြောရင် ပထမဆုံး မေးခွန်းကို ပြန်ရောက်သွားမယ်။ နားထောင်တာပေါ့။ နားထောင်တာ စိတ်ဝင်စားတယ်။ သူများပြောတာ စိတ်ဝင်စားရင် ပွင့်သွားတယ်။ သိချင်တဲ့စိတ်လို့ပဲ ပြောရမှာပဲ။ ဒီ ၁၅ နှစ်မှာလည်း သိချင်တဲ့စိတ်တွေ ရှိတယ်။ ရေဒီယို နားထောင်တယ်။ စာဖတ်တယ်။ သင်ယူချင်တဲ့ စိတ်၊ ကိုယ့်မှာလည်း သင်စရာတွေက မဆုံးနိုင်တဲ့စိတ်က အများကြီး အထောက်အကူပြုတယ်လို့ ထင်ပါတယ်။

VOICE : ရှေ့လျှောက် လူငယ်တွေက အဖွဲ့အစည်း အသီးသီးမှာ နေရာယူလာကြရမှာ ဆိုတော့ လူငယ်တွေအတွက် တစ်ခုခု ပြောပေးပါဦး။ အခု နေရာတိုင်းမှာ လူငယ်တွေ ရှိလာ၊ တာဝန်ယူလာကြတော့ လူကြီးတွေ အတွက် လူငယ်တွေအတွက် ပြောပေးပါဦး။

DASSK : အဲဒါအတွက် အချက်ကလေး တစ်ခုပေါ်မှာပဲ မူတည်ပြီးတော့ ပြောပါရစေ။ တချို့ငယ်ငယ်လေးနဲ့ သိပ်ထူးချွန်တယ်။ ဒါပေမဲ့ သူတို့ကို ကြည့်ရင် ဘယ်နေရာတွေ၊ ဘယ်ဘာသာရပ်တွေမှာ ထူးချွန်တာလဲဆိုတာ ကြည့်ရင် သိပ္ပံပညာ၊ ဂီတ၊ သင်္ချာ စတဲ့ ဘာသာရပ်တွေမှာ ပြောင်မြောက်နိုင်တယ်။ ဒါပေမဲ့ သမိုင်းတို့၊ စာပေတို့မှာ မပြောင်မြောက်နိုင်ဘူး။ ဘာလို့လဲဆိုတော့ သမိုင်းတို့၊ စာပေတို့က အတွေ့အကြုံ လိုတယ်။ ရင့်ကျက်မှု လိုတယ်။ ဟိုဟာတွေက ပါရမီပေါ် တည်တယ်။ မွေးရာပါ ပါလာတဲ့ကိစ္စတွေက ငယ်ငယ်လေးနဲ့ ပွင့်လင်းနိုင်တယ်။ လူငယ်တွေရဲ့ ထွင်အားက ၂၅ နှစ်မှာ အားအကောင်းဆုံးပဲတဲ့။ လူငယ်တွေက ဒီအချိန်မှာ ကမ္ဘာကြီးကို မျက်လုံးအသစ်နဲ့ မြင်တယ်။ ဒီတော့ မျက်လုံးအဟောင်းတွေ မမြင်တာကို သူတို့ မြင်တာပေါ့။ အဲတော့ အဲဒီဘက်မှာ လူငယ်တွေ သာတယ်။ ဒါပေမဲ့ စဉ်းစား ဆင်ခြင်ပြီး သုံးသပ်ရမှာ ကျတော့ လူကြီးတွေက အားသာသွားတယ်။ ဒီဟာမှာပဲ ကြည့်ရင် လူကြီးရော လူငယ်ရော တစ်ယောက်နဲ့ တစ်ယောက် ပေးစရာတွေ အများကြီး ရှိတယ်။ အပြန်အလှန် သင်ယူစရာတွေ ရှိတယ် ဆိုတာတော့ ရှင်းပါတယ်။ လူငယ်တွေ အနေနဲ့ စိတ်အားလည်း တက်ကြွရမယ်။ ဒါပေမဲ့ မာန်လည်း မလွန်ရဘူး။ လူကြီးတွေ အနေနဲ့ကလည်း မာန်မကြီးရဘူး။ တစ်ဖက်ကလည်း ငါတို့က ကျလူတွေ ဆိုပြီး အားမငယ်ရဘူး။ အားလုံး ကျေးဇူးတင်ပါတယ်။




The Voice Weekly အဖွဲ့သားများက ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တွေ့ဆုံမေးမြန်း ထားခဲ့ခြင်း ဖြစ်ပါသည်။

လိုင်သာယာမြို့နယ်၏ တတိယမြောက်ဆန္ဒပြတောင်းဆိုသည့် အထည်ချုပ်စက်ရုံ..


အောက်တိုဘာ ၊ ၅ရက်နေ့တွင်လိုင်သာယာမြို့နယ် အောင်ဇေယျတံတားထိပ် ကချင်ဆရာတော်ကြီးကျောင်း အနီးရှိ အမှတ် ၁၊၁၀ THE MYTH APPREL MYANMARအထည်ချူပ်စက်ရုံတွင် ယခုလက်ရှိ ၀န်ထမ်းအလုပ်သမားများ ဆန္ဒပြနေကြောင်း ယင်းနေရာတွင်ရောက်ရှိနေသော 88 နိုင်ငံရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။

ယင်းစက်ရုံတွင် လုပ်သားပေါင်း ၇၀၀ကျော်ရှိပြီး၊ပြီးခဲ့သည့်လတွင် ရက်ပေါင်း ၂၀ အတွက် အချိန်ပိုလုပ်ခ ၄၂၀၀၀ကျပ်ပေးခဲ့သော်လည်း ယနေ့လစာထုတ်ရက်တွင် အချိန်ပိုတစ်လခ အတွက် ၄၀၀၀၀ကျပ်သာ ပေးသည့်အတွက် အလုပ်သမားများ စက်ရုံဝင်း အတွင်း ဆန္ဒပြတောင်းဆိုနေခြင်း ဖြစ်သည်ဟု အဆိုပါနေရာသို့ ရောက်ရှိနေသော The Voice Weekly သတင်းထောက်တစ်ဦးက တယ်လီဖုန်းဖြင့် အကြောင်းကြားသည်။

THE MYTH APPREL MYANMAR စက်ရုံဆန္ဒပြတောင်းဆိုမှုသည်ညနေ ၄ နာရီ ၁၅မိ နစ် မှ စတင်ကာ ည၁၁ နာရီကျော် အချိန် ထိကြာမြင့် ခဲ့သည် ၊လိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုး၊ ဒု-ဦးစီးမှူးဝင်းလှိုင်တင့်၊ လိုင်သာယာမြို့နယ် အလုပ်သမားရေးရာ ညွှန်ချုပ်၊စစစ မှ ဗိုလ်ကြီးအောင်စိုးလင်း၊SB ရဲအုပ်မြင့်ဦးနှင့် တာဝန်ရှိသူများ ညှိနိုင်းဆွေးနွေးဆောင်ရွက်ခဲ့သည့်အတွက် ယခင်ရရှိသောလုပ်ခ လစာ A အဆင့် ၅၁၇၀၀ ကျပ်၊ B အဆင့်၄၅၀၀၀ ကျပ်၊C အဆင့်၄၀၀၀၀ကျပ်၊အလုပ်သင် အဆင့် ၃၅၀၀၀ ကျပ်တို့ကို ၇.၁၀.၂၀၁၁ ရက်နေ့ ညနေ ၄ နာရီတွင်တစ်ဦးလျှင် ၂၀၀၀၀ကျပ်တိုးမြှင့်ပေးမည်ဖြစ်ကြောင်း The Voice Weekly အဖွဲ့သားမှ ယင်းနေရာမှ တယ်လီဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

နိုင်ငံရေးပါတီများမှ အလုပ်သမားဘက်မှ ၀င်ရောက်ညှိနိုင်ဆောင်ရွက်ခဲ့သော်လည်း စက်ရုံဝင်းထဲသို့ ၀င်ရောက်ခွင့်တားမြစ်ခြင်း ခံခဲ့ရသည်ကို တွေ့ရှိရသည်။ယခုဆန္ဒပြတောင်းဆိုမှုဖြစ်ပွားသည့် စက်ရုံသည် ပြီးခဲ့သည့် လပိုင်းအတွင်းက ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လိုင်သာယာမြို့နယ်၏ တတိယမြောက်ဆန္ဒပြတောင်းဆိုသည့် အထည်ချုပ်စက်ရုံဖြစ်သည်။

သတင်း..The Voice Weekly

သမီးအရင်းနှင့်သားမက်တို့က မိခင်ဖြစ်သူ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းတစ်ခု၌ လာရောက်စွန့်ပစ်သွားခဲ့


သမီးအရင်းဖြစ်သူနှင့် သားမက်တို့က မိခင်ဖြစ်သူအသက် ၈၀ ၀န်းကျင်အရွယ်ရှိ အဘွားအိုတစ်ဦးအား ဘုရားတန်ဆောင်းအတွင်း လာရောက်စွန့်ပစ်သည့်ဖြစ်စဉ် ကြည့်မြင်တိုင်မြို့နယ်၌ စက်တင်ဘာလ ၂၉ ရက်နေ့ ညနေ ၅ နာရီအချိန်ဝန်းကျင် အချိန်ကဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၈၀ ကျော်အဘွားအိုကို သားမက်နှင့်သမီးဖြစ်သူတို့က အငှားကားနှင့်ခေါ်ဆောင်လာပြီး ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးတိုက်ရှိ မဟာသကျမုနိ ရုပ်ပွားတော်မြတ်ကြီး ဂန္ဓကုဋိတန်ဆောင်းကြီး အတွင်း၌ ထားသွားခဲ့ကြောင်း သိရှိရသည်။

စွန့်ပစ်ခံခဲ့ရသော အဘွားအိုမှ ''အိမ်မှာကတည်းက အဘွားရဲ့ သားမက်က အိမ်ပေါ်က ဆင်းသွားဖို့၊ မဆင်းရင် မြစ်ထဲပစ်ချမယ်လို့ပြောလို့ အဘွားက ငါက ရေကြောက်ပါတယ်။ မလုပ်ပါနဲ့လို့ တောင်းပန်ပါတယ်။ ပြီးတော့ သိပ်မကြာခင်မှာ သားမက်နဲ့သမီးက အပြင်သွားမယ်ဆိုပြီးတော့ ကားတစ်စီးပေါ် ခေါ်တင်သွားခဲ့ပါတယ်။ ဘုရားဝင်းတစ်ခုထဲလည်းရောက်ရော သမီးဖြစ်သူက အဘွားကိုဒီမှာ ဘုရားရှိခိုးပြီး ဥပုသ်စောင့်ဆိုပြီးတော့ ထားသွားခဲ့တာပါ။ အခုအဘွားမှာ သား သမီးလည်း မရှိတော့ဘူး။ နေဖို့လည်း မရှိတော့ဘူး'' ဟု စွန့်ပစ်ခံခဲ့ရသည့် အဘွားအိုက ပြောကြားခဲ့သည်။

အဆိုပါအဘွားအိုမှာ ထန်းတပင်မြို့နယ်တွင် နေထိုင်ကြောင်းသိရှိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထန်းတပင်မြို့နယ်မှ တာဝန်ရှိသူများနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး အဆင်ပြေခဲ့မှုမရှိပါက နောက်ဆုံးအဆင့် အနေဖြင့် ဘိုးဘွားရိပ်သာသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းကို ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်မှ တာဝန်ရှိသူ ဦးဝေလင်းက ပြောကြားခဲ့သည်။

''အဘွားကလည်း သားသမီးတွေဆီ ပြန်မသွားရဲတော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ကတော့ သာသနာပြုအဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးတော့ ဘိုးဘွားရိပ်သာကို ပို့ပေးဖို့စီစဉ်ထားပါတယ်'' ဟု ဦးဝေလင်းက ပြောကြားခဲ့သည်။

ယခုအချိန်အထိ အဘွားအိုအား ကျောင်းကြီးတိုက်အတွင်းရှိ ဘုံပျံကျောင်း စားဖိုဆောင်တွင် အမျိုးသမီး အဖော်တစ်ဦးနှင့် ခေတ္တစောင့်ရှောက်ထားကြောင်း သိရှိရသည်။

ရင်းမြစ်။EMG

05 October 2011

ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်


အန်တီ့အနေနဲ့ နိုင်ငံရေးခရီး ကြမ်းကိုလည်း ဖြတ်သန်းခဲ့ရတယ်။ တိုက်ပွဲဝင်ရတဲ့ နေ့ရက်တွေလည်း အများကြီး။ တစ်ကိုယ်တည်းလည်း နေခဲ့ရတယ်။ ဘယ်လိုစိတ်ဓာတ်၊ ဘယ်လိုသမာဓိမျိုး ခံယူပြီးတော့ ဒီအခက်အခဲတွေ ကို ဖြတ်ကျော်ရင်ဆိုင်ပါသလဲ။

တစ်ခုပြီးတစ်ခု ကိုယ်တွေ့တဲ့ အခက်အခဲတွေကို တစ်ခုပြီးတစ်ခု ကျော်လွှားပါတယ်။ မဖြစ်သေးတဲ့ ဟာတွေကိုတော့ လုံးဝမစဉ်းစားဘူးတော့ မဟုတ်ဘူးပေါ့နော်။ အတိုင်းအတာ တစ်ခုထိတော့ ဒါတော့ စဉ်းစားတာပေါ့။ ဖြစ်နိုင်ခြေရှိတာတွေ၊ အဲဒါထက်ပိုပြီးတော့ လက်တွေ့ကျကျ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို တစ်ခုစီတစ်ခုစီ ကျော်လွှားသွားတာ အကောင်းဆုံးပဲလို့ကျွန်မထင်တယ်။

ကိုယ်ကိုယ်တိုင်ကလည်း စာရေးတယ်။ စာအုပ်တွေလည်း အများကြီး ဖတ်ခဲ့တယ်ဆိုတော့ ကိုယ်ရေး အတ္ထုပ္ပတ္တိရေးဖို့ အစီအစဉ် ရှိပါသလား။

အဲဒါ တစ်ခုလုံးတော့ မဟုတ်ဘူးပေါ့နော်။ အချို့အတွေ့အကြုံ တွေနဲ့ ပတ်သက်ပြီးတော့ ရေးချင်တဲ့စိတ် ရှိပါတယ်။ ဒါပေမဲ့ ကိုယ်ရေး အတ္ထုပ္ပတ္တိအနေနဲ့တော့ သိပ်ပြီးတော့ ရေးချင်တဲ့ဆန္ဒမရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မထင်တယ်လေ။ ကိုယ့်အကြောင်းကိုယ်ရေး တာဟာ စုံစုံလင်လင် ရေးဖို့ဆိုတာလည်း ခက်ပါတယ်။ နောက်ပြီးတော့လည်း အဲဒါအပြင်မှာလည်း ကိုယ့်ကိုယ်ကိုယ်မြင်ပုံက ဘယ်လိုပဲပြောပြော တစ်ဖက်သတ်တော့မြင်မှာပဲ။ (ရယ်လျက်)

နိုင်ငံတကာ ခေါင်းဆောင်တွေလည်း ရေးတာပဲ။ စာရေးကောင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက် အနေနဲ့ တချို့မရေးတတ်တဲ့သူတောင် ရေးကြသေးတယ်။ ကိုယ်က အင်္ဂလိပ် လိုရော မြန်မာလို ရောတတ်တာပဲ။

အဲဒါကတော့ ဟုတ်တာပေါ့။ နောက်ပြီးတော့လည်း ဘယ်လိုပြောရမလဲ။ ကျွန်မတို့လိုနိုင်ငံရေး လုပ်နေတဲ့သူ အတွက် ကိုယ့်ရဲ့ကိုယ်ပိုင် သီးသန့်ဘဝဆိုတာ မရှိသလောက်ပဲ။ အဲဒီတော့ ဘာပဲပြောပြော အဲဒီလို သီးသန့်ဘဝမျိုးတော့ တတ်နိုင်သလောက် ထိန်းသိမ်းထားချင်စိတ်လည်း ပါတာပေါ့နော်။ အဲဒါကြောင့် လည်း ဒီလိုကိုယ်ရေး အတ္ထုပ္ပတ္တိတွေ ဘာတွေ မရေးချင်တာ။ အမေဒေါ်အမာလည်း မေးဖူးပါတယ်။ နောက်ဆုံးအကြိမ် ကျွန်မ မန္တလေးမှာတွေ့ တုန်းက အဲဒီလိုပဲ မေးဖူးတယ်။ ကိုယ်ရေးအတ္ထုပ္ပတ္တိရေးဖို့ မစဉ်းစားဘူးလားတဲ့။ ကျွန်မဒီလိုပဲဖြေခဲ့တယ်။ ကိုယ်ပိုင်သီးသန့် ဘဝအပိုင်းအစ တစ်ခုတော့ ရှိသင့်တယ်။ အဲဒါကြောင့် မရေးချင်ဘူးလို့။ အမေကနားလည်ပါတယ်။

သူများတွေ ရေးရင်ကော။

သူများတွေက ရေးတာတော့ ကျွန်မခွင့်ပြုတာ၊ မပြုတာနဲ့ မဆိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ရေးပိုင်ခွင့် ရှိပါတယ်။ ကျွန်မ မရေးနဲ့လို့လည်း မပြောဘူး။ ရေးလို့လည်း မပြောဘူး။

သူများတွေ အန်တီနဲ့ အင်တာဗျူးလုပ်ပြီးရေးရင်ရော။

အဲဒါတော့ ကျွန်မ မလုပ်ဘူး။ ကျွန်မ အတ္ထုပ္ပတ္တိရေးဖို့ အင်တာဗျူးလုပ်ဖို့ တောင်းရင်တော့ ကျွန်မ မပေးဘူး။ ဒါတော့ ကျွန်မလက်မခံဘူး။ ရေးသမျှကို ကိုယ်ကပဲသဘော တူသလိုလိုနဲ့။ အဲဒီလိုဟာမျိုး ဖြစ်သွားမှာစိုးတယ်။ အဲဒါမျိုးကျတော့ ကျွန်မတာဝန်ယူရမှာ။ အဲဒီတော့ တကယ်တော့လည်း စာရေးဆရာက သူရေးချင်တာရေးမှာပဲ။ အဲဒါကြောင့်မို့ နောက်ပြီးတော့လည်း ဒီလိုရေးဖို့ တောင်းဆိုတဲ့ သူတွေများတဲ့ အခါကျတော့ တစ်ယောက်တော့ပေးပြီး တစ်ယောက်တော့ မပေးဘူးဆိုပြီး အဲဒီလိုမျိုး ကျွန်မမခွဲခြားချင်ဘူး။

နိုင်ငံခြား စာရေးဆရာတွေ ဆိုရင်ရော။

လာပြီးတော့ တွေ့ဖူးပါတယ်။ ကျွန်မကပြောတယ်။ သူတို့ဟာ သူတို့ ရေးချင်ရေး။ ဒါကတော့ ကျွန်မလည်းမတားနိုင်ဘူး။ ဒါပေမဲ့လည်း ဒီဟာရေးဖို့အတွက် အင်တာဗျူး ဆိုတာတော့ ကျွန်မ မလုပ်ပါဘူး။

The Lady ဇာတ်ကားကို ကော ကြည့်ပြီးသွားပြီလား။

မကြည့်ရသေးဘူး။ ကြည့်ဖို့ လည်း ရည်ရွယ်ချက်သိပ်မရှိပါဘူး။

အဲဒီဇာတ်ကားကို ဝေဖန်နေတာတွေ ကိုရော အန်တီကြားလား မသိဘူး။

အမျိုးမျိုးပြောနေကြတာပေါ့ နော်။ ကြိုက်တဲ့လူလည်းရှိတယ်။ မကြိုက်တဲ့လူလည်း ရှိတယ်။ ဒါဟာ ဇာတ်ကားတိုင်းက ဒီလိုပါပဲ။ အဲဒီတော့ ဒါကျွန်မလည်း မသိဘူး လေ။ ရိုက်နေတဲ့အခါမှာလည်း ကျွန်မဘာမှမပတ်သက်ခဲ့ဘူး။ ကျွန်မ အနေနဲ့ မီရှဲယိုနဲ့တွေ့ဖူးပါတယ်။ သူက အင်မတန် ခင်မင်ဖို့ကောင်းတယ်။ ဒါပေမဲ့ ဒါဟာဒါပဲ။ တွေ့တဲ့အချိန်တုန်းက ဇာတ်ကားက ရိုက်လို့ပြီးနေပြီ။

အန်တီ့အနေနဲ့ ဘဝမှာ စံနမူနာအဖြစ် သတ်မှတ်ထားတဲ့ လူက ဗိုလ်ချုပ်ပဲလား။ တခြား ပုဂ္ဂိုလ်များ ရှိသေးလား။

အဖေကတော့ ထူးခြားတာပေါ့။ ကိုယ့်ရဲ့အဖေလည်းဖြစ်တယ်။ နောက်ပြီးတော့ ကျွန်မအနေနဲ့ ဖေဖေ့ကို ကိုယ့်ရဲ့ခေါင်းဆောင်အဖြစ် လက်ခံတယ်။ နောက်ပြီးတော့ ဖေဖေနဲ့ပတ်သက်လို့ရှိရင် ငယ်ငယ် ကတည်းက သိနေတယ်။ အဲဒီတော့ စံနမူနာ အဖြစ်နဲ့ပြောရအောင် သိပ်နီးကပ်နေတဲ့ အခါကျတော့ ကိုယ်နဲ့တောင် ခွဲခြားလို့ မရ သလို ဖြစ်နေတယ်။ စံနမူနာအဖြစ်နဲ့ ထားတာတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ ဥပမာဆိုရင် ကျွန်မ ဂန္ဒီကြီးကိုလည်း လေးစားတာပဲ။ ဂျဝါဟလာနေရူး လည်း လေးစားပါ တယ်။ ပုံစံချင်းကမတူဘူး။ ပုံစံချင်း က မတူပေမယ့်လည်း နှစ်ဦးစလုံး က တစ်မျိုးစီလေးစားစရာ ကောင်း တာပဲ။ အခုခေတ်မှာဆိုရင် နယ်လ် ဆင်မစ်ဒဲလားနဲ့ ဒက်စမွန်တူးတူးနဲ့ မတူသလိုပေါ့။ တစ်ယောက်နဲ့တစ် ယောက် တူတာမဟုတ်ဘူး။ ဒါပေမဲ့ နှစ်ဦးစလုံးက လေးစားစရာပဲ။ နောက်နိုင်ငံရေးနဲ့ မသက်ဆိုင်ပေမယ့် အမျိုးသမီးတွေ ထဲမှာတော့ ကျွန်မအလေးစားဆုံးက မာရီကျူနီပဲ။ နိုဘယ်ဆုရှင်မို့လို့ မဟုတ်ပါဘူး။ သူ့ရဲ့ဥာဏ်ရောဇွဲရော၊ အပင်ပန်းခံပြီး သူယုံကြည်တဲ့အလုပ်ကို သူလုပ်တာရော။ အမျိုးမျိုးပေါ့။

အန်တီ့အနေနဲ့ နိုဘယ်ဆု ချီးမြှင့်ခံရကြောင်း သိလိုက်ရတဲ့ အခါမှာ ဘယ်လိုခံစားရပါသလဲ။

အဲဒါကတော့ နိုဘယ်ဆုက မချီးမြှင့်ခင်တစ်ပတ်နှစ်ပတ်လောက် တုန်းက ဒါရနိုင်တယ်ဆိုတာ BBC တို့၊ VOA တို့ကနေ ကြားနေရတာ ပေါ့။ လုံးဝအံ့အားသင့် တယ်လို့ မပြောနိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရနိုင်ခြေများတယ် ဆိုတာတော့ နည်းနည်းကြိုတင်ပြီးတော့ ကြားနေရတာကိုး။

အန်တီ ဒီလောက်အလုပ် များနေတဲ့ကြားထဲက စာပေတွေကို ဘယ်အချိန်မှာဖတ်ပြီး ဘယ်လိုလေ့လာပါသလဲ။ တချို့က အလုပ်များတယ် များတယ် စာဖတ်ချိန်တောင် မရှိဘူးလို့ ပြောကြတယ်။

အဲဒါကတော့လေ မဖတ်ချင်လို့ပဲ။ တကယ်ဖတ်ချင် လို့ရှိရင် နည်းနည်းလေး မဖတ်လိုက်ရရင် တစ်ခုခု လိုနေသလိုပေါ့နော်။ စာဖတ်တယ် ဆိုတာက ထမင်းစား ရေသောက် သလိုပေါ့။ အချိန်ရှိသရွေ့ဒီလိုပဲ။ ဥပမာဆိုလို့ရှိရင် စားပွဲမှာ အဲဒီအလုပ်နဲ့ ပတ်သက်တဲ့ စာတွေဘာတွေ လုပ်နေရင်းနဲ့ ဘေးမှာတော့ စာအုပ်ကလေး ၂ အုပ် ၃ အုပ်ထားတာပေါ့။ အချိန်ရှိခိုက် စာဆွဲဖတ်လိုက်တာပေါ့။ တစ်ခါတလေကျ လို့ရှိရင်လည်း တစ်နေ့လုံး သတ်သတ် မှတ်မှတ်စာဖတ်မယ်ဆိုပြီးတော့ ဖတ်တာလည်း ရှိတာပေါ့။

အန်တီစကားပြောတဲ့အခါ အင်္ဂလိပ်စကားလုံးတွေ ပါနိုင်ရဲ့သားနဲ့ ထည့်မသုံးဘူး။ တချို့တွေတော်တော်များများက အင်္ဂလိပ် စကားလုံးတွေ ညှပ်ညှပ်ပြီး ပြောကြတယ်။ အဲဒါ အန်တီက တမင်တကာ သတိထားပြီးတော့လား။ ဒါမှမဟုတ် မြန်မာစကားကို မြန်မာလိုပဲ သေချာ ပြောဖြစ်တာလား။

အဲဒါတော့ အလေ့အကျင့်ပဲ။ အဲဒါ မေမေ့ရဲ့ကျေးဇူးကြောင့်။ မေမေက ငယ်ငယ်ကတည်းက သင်ထားတယ်။ ဗမာစကားပြောရင် ဗမာစကားပြော၊ အင်္ဂလိပ်စကား ပြောရင် အင်္ဂလိပ်စကားပဲပြော။ ရောပြီးတော့မပြောနဲ့။ တစ်ခါတလေ ကျွန်မလည်း ဗမာစကားက သိပ်ပြီးတော့ ရှာရခက်တယ်။ တိတိကျကျ မရှိရင်တော့ အင်္ဂလိပ်စကား ညှပ် ပြောရတယ်။ ဒါပေမဲ့ ပြန်နိုင်လို့ရှိရင် တတ်နိုင်သမျှ ဗမာလိုပြန်ပြီး ပြောင်ရင်တော့ ဗမာလိုပဲပြောတယ်။

အန်တီက အမှားတစ်ခုလုပ် ပြီးရင် ကြာကြာမထားတတ် ဘူး။ ချက်ချင်းပြောလိုက်ရမှလို့ ပြောဖူးတယ်နော်။

ကျွန်မက တောင်းပန်စရာရှိရင် ချက်ချင်းတောင်းပန်တယ်။ ဒါကို ဆွဲပြီးမနေဘူး။ ဆွဲပြီးနေလို့လည်း အဲဒါက ပျောက်သွားမှာလည်း မဟုတ်ဘူး။ ဖြစ်တာဖြစ် ခဲ့ပြီးပြီပဲ။ မြတ်စွာဘုရားတောင်မှ ဖြစ်ပြီးတဲ့ ကိစ္စကို မဖြစ်ရဘူးဆိုပြီးတော့ ဖန်တီးလို့ရတာမှ မဟုတ်တာ။ ဖြစ်ပြီးတဲ့ကိစ္စက ဖြစ်ပြီးသွားပြီ။ အဲဒီ ဖြစ်ပြီးတဲ့ကိစ္စအတွက် တောင်းပန် ဖို့လိုတယ်ဆိုရင် မြန်မြန် တောင်းပန်လိုက်တယ်။

ဗုဒ္ဓဘာသာကောင်းတစ် ယောက်အနေနဲ့ ဘယ်လိုကျင့်ကြံ ပါသလဲ။

တရားမှတ်တာတော့ မှန်မှန် မှတ်ပါတယ်။ တစ်နေ့တစ်နာရီပေါ့။ ဒါကတော့ ပုံမှန်လုပ်တဲ့အလုပ်ပေါ့။ အမှန်ပြောရရင် အဲဒါထက်ပိုပြီးတော့ လုပ်ဖို့အချိန်သိပ်မရှိဘူး။

ကိုထိန်လင်းကလာတယ်။ အလက်ဇန်းဒါးက ဘယ်တော့ လာမလဲ။ လူတွေကသိချင်ကြ တယ်။

အဲဒါကတော့ သူကိုယ်တိုင်ကလည်း အစီအစဉ်ကတော့ မလုပ်ရသေးဘူး။ စကားပြောတာကတော့ တစ်ပတ်တစ်ခါ တယ်လီဖုန်းနဲ့ မှန်မှန်ပြောတယ်။ သူ့အတွက် အဆင် ပြေတဲ့အချိန်မှပဲ လာဖို့အကောင်းဆုံးပဲလို့ အန်တီကလည်း သဘောတူထားပါတယ်။

တချို့တွေက သိချင်လို့ လာ မေးကြတယ်။ ကိုထိန်လင်း ဘာလုပ်သလဲဆိုတာ။

သူက လက်သမားအလုပ်ကို သင်တန်းတက်ပြီးတော့ သင်ထားတယ်။ သူက အဲဒီအလုပ်ကိုပဲ ဝါသနာပါပြီး အဲဒီအလုပ်ပဲ လုပ်ပါတယ်။


Popular News

မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများ အတွက် ဒေါ်အောင်ဆန်းစုကြည် က သတိကြီးစွာထား



( 3 October 2011 ရက်စွဲပါ BBC News မှ Rachel Harvey ရေးသားသော Aung San Suu Kyi Cautious on Burma reform ကို Y C မှ ဘာသာ ပြန်ဆိုပါသည်။)

မြန်မာဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းအား သူမ၏တိုင်းပြည်တွင် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဖြစ်နိုင်ချေလက္ခဏာများမှာ အစစ်အမှန်ဟုတ်မဟုတ် အနီးကပ်စောင့်ကြည့်ရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

သူမ၏မှတ်ချက်များမှာ BBC မြန်မာပိုင်းအစီအစဉ် သတင်းထောက်နှင့် တွေ့ဆုံမေးမြန်း စဉ် ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ သတင်း ထောက်မှာ မြန်မာနိုင်ငံသို့ ရှားရှားပါးပါး တရားဝင်လာရောက်ခွင့်ရခြင်း ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က ပြောကြားရာတွင် သမ္မတဦးသိန်းစိန်သည် ပြုပြင်ပြောင်းလဲရေးကို လိုလားသည်ဟု သူမယုံကြည်ကြောင်း ပြောကြားခဲ့ ပါသည်။

သို့သော် ၎င်းအနေဖြင့် မည်မျှအထိ လုပ်ဆောင်မည်ဆိုသည်ကို သူမအနေဖြင့် အသေအချာမသိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် စစ်တပ်နောက်ခံပြု အရပ်သားအစိုးရသည် ၎င်း၏ရပ်တည်ချက် ပျော့ပြောင်းရန် ကြိုးစားလျက်ရှိကြောင်း လက္ခဏာများ ပြသလျက်ရှိပြီး၊ ပြည်တွင်းရော ပြည်ပတွင်ပါ နာမည်ကောင်းရရန် ကြိုးပမ်းလျက်ရှိပါသည်။

ပြီးခဲ့သည့် အပတ်က သမ္မတကြီးသည် ပြည်သူများဆန့်ကျင်မှု တိုးပွားလာသော တရုတ်နိုင်ငံက လုပ်ဆောင်လျက်ရှိသည့် ရေအားလျှပ်စစ် စီမံကိန်းကို ရပ်ဆိုင်းခဲ့ပါသည်။

ယခင်က ပိတ်ထားခဲ့သော ဝက်ဆိုက်ဒ်အချို့အား ဖွင့်ပေးခြင်းများရှိခဲ့ပါသည်။ အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် ကြားတွင်လည်း တွေ့ဆုံမှုများ ရှိလာပါသည်။

မြန်မာနိုင်ငံပြင်ပတွင် အခြေစိုက်သော သတင်းထောက်အချို့မှာလည်း မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ဗီဇာများ ရရှိခဲ့ရာ BBC မြန်မာပိုင်း အစီအစဉ်မှ သတင်းထောက်လည်း ပါဝင် သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခွင့် ရရှိခဲ့ပါသည်။

မကြာသေးမီက လုပ်ဆောင်မှုများသည် မည်မျှအထိ ခရီးရောက်သနည်းဟု BBC သတင်းထောက်က သူမအား မေးမြန်းခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မကို ပြောင်းလဲမှုရဲ့ အစကို အခုမှ စတွေ့ရတာပါ”ဟု ဖြေကြားခဲ့ပါသည်။

“ဒါနဲ့ပတ်သက်လို့ ကျွန်မပြောလိုတာက သမ္မတကြီးဟာ ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ဒီပြုပြင်ပြောင်းလဲရေးဟာ ဘယ်လောက်အထိ သွားနိုင်မလဲ။ ဘယ်လောက်ထိရောက်မှုရှိမလဲ ဆိုတာကိုတော့ ဆက်ပြီးစောင့်ကြည့်ဖို့ လိုအပ်ပါတယ်”ဟု သူမက ဆက်လက် ပြောကြားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာအသိုင်းအဝိုင်းအား အတူလက်တွဲလုပ်ဆောင်ရန်နှင့် အမှန်တကယ် ထိရောက်သော တိုးတက်မှုများရှိမရှိ စောင့်ကြည့်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

“ကျွန်မအမြဲတမ်းပြောခဲ့ပါသည်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပိုမိုပူးပေါင်းဆောင်ရွက်မှု ရှိတာနဲ့အမျှ မြန်မာနိုင်ငံ ဟာ ဒီမိုကရေစီအတွက် အလားအလာ ပိုကောင်းပါတယ်လို့။ တိုင်းပြည်တွေက တစ်ယောက်တစ်ပေါက်လုပ်နေရင်၊ သူတို့ရဲ့ လုပ်ဆောင်မှုတွေ ထိရောက်လိမ့်မယ်မဟုတ်ပါဘူး”ဟု သူမက ပြောကြားခဲ့ပါသည်။

၎င်းက မြန်မာနိုင်ငံတွင် ဒီမိုကရေစီဘီး လည်ပတ်နေပြီဟု ထင်သလားဟုမေးမြန်းရာ၊ ဒေါ်အောင် ဆန်းစုကြည်က သတိထား၍ ဖြေကြားရာတွင် “ကျွန်မထင်ပါတယ်။ ဒီမိုကရေစီ ဘီးကြီးလည်နေပါပြီလို့ မပြောခင်၊ ဒီထက်ပိုပြီး လည်နေတာ တွေ့ချင်ပါသေးတယ်”ဟု ဆိုခဲ့ပါသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်း အတည်ပြု

နေပြည်တော်တွင် စက်တင်ဘာလ(၂၆) ရက်နေ့က ကျင်းပခဲ့သော ပထမအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၂၅) ရက် မြောက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို တင်သွင်းသော ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းကို အောက်တိုဘာလ ၃ ရက် ပထမ အကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ၃၀ ရက် မြောက်နေ့တွင် ယင်းဥပဒေကြမ်းအား လွှတ်တော်မှအတည် ပြုခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်ဟု ပြဋ္ဌာန်းထားရာ နိုင်ငံသားများက ထို အခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင်ရွက်နိုင်ရန် ဤဥပဒေကြမ်းကို ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဤဥပဒေကြမ်းနှင့်ပတ်သက်၍ လွှတ်တော်တွင် ပြင်ဆင်ချက်များတင်သွင်းခြင်း၊ အပြန်အလှန် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၅၉ နည်းဥပဒေခွဲ(ဃ) အရ အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ အတည်ပြုလိုက်သော ဥပဒေကြမ်းတွင် အခန်း (၈)ခန်းနှင့် အပိုဒ်ပေါင်း (၂၂) ခု ပါဝင်ကြောင်း သိရသည်။

သတင်း... Y C (yangonchronicle)

နာရေးကူညီမှုအသင်း (ရန်ကုန်) နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အဓိဋ္ဌာန်ဝင်မည်

နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူဦးဆောင်သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသား ၅၀ ကျော်ခန့်သည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် သီတင်းကျွတ်လပြည့်နေအထိ ပုတီးစိပ် အဓိဋ္ဌာန်ပြု ဆုတောင်းမည်ဖြစ်ကြောင်း နာရေးကူညီမှုအသင်းမှ တာဝန်ရှိသူ တစ်ဦးက မီဒီယာများကို ပြောကြားသည်။

ဗုဒ္ဒမြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါးကို ပုတီးစိတ် အဓိဋ္ဌာန်ပြုကြမည်ဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် လာရောက် ကူညီလုပ်ကိုင် ပေးနေသော နိုင်ငံခြားသားတစ်ချို့လည်း ပါဝင်အဓိဋ္ဌာန်ဝင်မည်ဟု အဆိုပါအသင်းမှ သိရှိရသည်။

ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူသည် ဧရာဝတီမြစ်ဆုံရေကာတာ စီမံကိန်း တည်ဆောက်မည့်အစီအစဉ် ရပ်ဆိုင်းပြီးနောက် နှစ်ရှည်လများ ရိတ်သိမ်းရှင်းလင်းခြင်း မရှိသည့် နှုတ်ခမ်းမွေး မုတ်ဆိပ်မွေးများကို ရိတ်သိမ်းရှင်းထားကြောင်း ဦးကျော်သူနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

မြန်မာနိင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေသူ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ခန့်ရှိပြီး ၎င်းတို့ထဲတွင် ဦးကျော်သူနှင့် အရင်းအနှီး ဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ လူရွှင်တော် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးသူရ (ခေါ်) ဇာကနာ တစ်ယောက်လည်း အပါအ၀င် ဖြစ်သည်။

မြန်မာနိင်ငံတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ လွတ်မြောက်ရေးသည် ဦးသိန်းစိန်အစိုးရအတွက် နိုင်ငံတကာ မိသားစု အ၀န်းအ၀ိုင်းသို့ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အဓိက စိန်ခေါ်နေမှုတရပ်လည်း ဖြစ်သည်။

ကိုင်တွယ်မြေရှင်းရန် ခက်ခဲမည်ဟု အများကယူဆထားသည့် ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို သမ္မတ ဦးသိန်းစိန် သိမ်မွေ့စွာ ကိုင်တွယ်ဖြေရှင်းနိုင်ခဲ့သဖြင့် နိင်ငံရေးအကျဉ်အသားများ ပြဿနာကို မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ရွေးကောက်ပွဲဝင် ပါတီတစ်ချို့မှ အကောင်း မြင် သုံးသပ်ထားကြသည်။

“နိုင်ငံရေး အကျဉ်သားအရေးက ဦးသိန်းစိန်အစိုးရရဲ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေအတွက် မှတ်ကျောက်တင်မယ့် ကိစ္စလိုဖြစ်နေတာ မကြာခင်လွတ်ပေးမှာပါ”ဟု အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက သုံးသပ် ပြောကြားသည်။

သတင်း..မိဖြူ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ တစ်ဦး အသတ်ခံရ






ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်၊ (၉)ရပ်ကွက်၊ ဗိုလ်သန်းထူးလမ်းတွင်နေထိုင်သူအဘဦးချစ်ဦး+အမိဒေါ်သန်းဦးတို့
၏သားဖြစ်သူ ယခုသုံးခွမြို့နယ် NLD လူငယ်တာဝန်ခံ(၂) ကိုနိုင်ဝင်းသည် ယနေ့ မနက်(၃)နာရီခန့်တွင် နောက်စေ့ခေါင်းကွဲဒဏ်ရာဖြင့် ၄င်း၏နေအိမ်အနီးတွင် သေဆုံးနေသည်ကို သိရှိရပါသည်။

ကိုမောင်မောင်(သေဆုံးသူယောက်ဖ)မှသုံးခွမြို့နယ်လူငယ်တာဝန်ခံ(၁)ကိုဝင်ဇော်(ခ)ကိုတွတ်ပီထံကိုနိုင်ဝင်း
သေပြီ ဟုလာရောက် ပြောပါသည်။ ခေါင်းမှာလည်းဒဏ်ရာဒဏ်ချက်တွေနဲ့သေဆုံးနေတယ်လို့ပြောပါတယ် လူငယ်တာဝန်ခံမှ လိုက်ကြည်သည့်အခါ ကိုနိုင်ဝင်အားမှောက်ရပ် အနေအထားဖြင့် မနက်(၅)နာရီခွဲလောက်တွင်သေဆုံးနေသည်ကို တွေ့ရပါသည်။

မျက်နှာမှာ ရွံ့ဗွက်ထဲတွင်မှောက်ရက်ဖြစ်နေပြီးနောက်စေ့ တွင်တုတ်နှင့် ရိုက်ထားသည့် ဒဏ်ရာရှိပါသည်။ မျက်နှာကိုလှန်ကြည့်သည့်အခါမျက်နှာဖူးရောင်ကိုင်းနေပါသည်။နှာခေါင်းရိုးကျိုးပြီးသွေးတွေလည်းထွက်နေပါ
သည်။

ကိုဝင်းဇော်မှ သူငယ်ချင်းဖြစ်သူ၏ အဖြစ်ကို မယုံကြည်နိုင်လောက်အောင်ယူကြုံးမရဖြစ်ခဲ့ရပါသည်။ မနေ့က ၃ ရက်နေ့ တွင်အမျိုးသားဒီမိုကရေစီအဖွဲ့ရုံးချုပ်တွင် ကျင်းပသည့် ရန်ကုန်တိုင်း အတွင်းမြို့နယ် လူငယ်များစုံညီအစည်းအဝေးကို သေဆုံးသူနှင့်ကိုဝင်းဇော်တို့တက်ခဲ့ပါသေးသည်။ ညဘက်မှ လမ်းခွဲခဲ့ခြင်းဖြစ်ပါသည်။


ကိုနိုင်ဝင်းအားသတ် သွားသည့် တရားခံမှာ (၉) ရပ်ကွက် တွင်နေထိုင်သူ အမှတ်(၈)မှော်ဘီရဲ တပ်ရင်းတွင် တာ
ဝန်ထမ်းဆောင်နေသူ ရဲတပ်သားဇင်မင်းထွန်း(ခ)ပြဿဒါး ဖြစ်သည်ဟု နောက်သိရှိရပါသည်။ တရားခံဖြစ်သူ
ဇင်မင်းထွန်းနှင့် ကိုနိုင်ဝင်းတို့မှာ နဂိုက ခင်မင်ရင်းနှီးကြပါသည်။ရဲတပ်ရင်းဝင်ပြီးနောက်ပိုင်းမှာ ခွင့်နှင့်ပြန်လာပြီးနောက်ပိုင်းတွေ့ရှိကြခြင်းဖြစ်ပါသည်။ ရဲတပ်သားဇင်မင်းထွန်းမှာ အရက် အလွန် အကျွံသောက်ထားသည်ဟုသိရှိရပါသည်။ နောက်ပိုင်းတွင် အဆိုပါ ရဲတပ်သား ဇင်မင်းထွန်းမှ သုံးခွမြို့နယ် ရဲစခန်းတွင် လာရောက် အဖမ်းခံသည်ဟုလည်းသိရပါသည်။ ညပိုင်း အဖြစ်အပျက်များ ကို အဆိုပါ ရဲတပ်သားမှ
ခံဝန်ချက်ပေးနေဆဲဖြစ်ပြီး အသေးစိတ်မည်သို့သေဆုံးသည်ကိုမသိရှိရသေးပါ။

သတင်းပေးပို့ ပေးသော အားဘီ အားကျေးဇူးတင်ရှိပါသည်.။

နိုင်ငံခြား စီမံကိန်းတခု အတွက် ကျောက်ဖြူမှ နေအိမ်တချို့ ကို အတင်း ရွှေ့ခိုင်းနေ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် နိုင်ငံခြားမှ တည်ဆောက်မည့် စီမံကိန်း တစ်ခု အတွက် လူနေ အိမ်များကို လျှော်ကြေးငွေ အနည်းငယ်ပေးပြီး အတင်း ပြောင်းရွှေ့ခိုင်းနေသည်ဟု သတင်း ရရှိသည်။


ကျောက်ဖြူမြို့မှ လုပ်ငန်းခွင် တစ်ခု ( ဓါတ်ပုံ နိရဉ္စရာ)

" အိမ်တစ်ဆောင်ကို ကျပ်တစ်သိန်းစီ လျှော်ကြေးပေးမယ်ဆိုပြီး အတင်း ပြောင်းရွှေ့ခိုင်းနေပါတယ်။ အခုလို ရွှေ့ခိုင်းတာကို မကျေနပ်တဲ့ ကျွန်တော်တို့ရွာသားတွေက ပြည်နယ် ၀န်ကြီးချုပ်ကိုရော၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကိုရော၊ နိုင်ငံရေး ပါတီတွေကိုရော တိုင်ကြားထားပါတယ်" ဟု အိမ်များ ပြောင်းရွှေ့ခံရမည့် စဉ်ခုန်မော် ကျေးရွာသား တစ်ဦးက ပြောသည်။

အာဏာပိုင်များ အတင်းပြောင်းရွေ့ရန် ဖိအားပေးခံနေရသည့်ကျေးရွာမှာ စဉ်ခုံမော်ရွာ ဖြစ်ပြီး ကျောက်ဖြူမြို့ အရှေ့ ဘက် မြို့နှင့်တမိုင်ခွဲခန့် အကွာတွင် တည်ရှိသည်။ အဆိုပါ ကျေးရွာမှ လူနေအိမ် ၂၅ ဆောင်ကို အာဏာပိုင်များမှ အတင်းပြောင်းရွှေ့ စီစဉ်နေကြောင်း သိရသည်။

" မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှစ်ယောက်လုံး လွန်ခဲ့တဲ့ အပတ်ကလာပြီး ဒီနေရာကမြေတွေကို အိန္ဒိယကုမ္ပဏီ တခုက ၀ယ်ထားတယ်။ ဒါကြောင့် ဒီနေရာကဖယ်ပေးရမယ်။ တအိမ်ကို ငွေတသိန်း ပေးမယ်လို့ ပြောပါတယ်" ဟု သူက ပြောသည်။

ကျောက်ဖြူ မြို့နယ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက စဉ်ခုန်မော် ကျေးရွာမှ အိမ် ၂၅ ဆောင်ကို ပြောင်းရွှေ့ရန် စီစဉ်နေခြင်းမှာ ဟုတ်မှန်ကြောင်းနှင့် ရွာသားများမှ မကျေနပ်သဖြင့် ကျောက်ဖြူရုံးသို့ထိ လာရောက် တိုင်ကြားခဲ့ကြောင်း ပြောကြားသည်။

" ရွာက မိန်းမတွေရော၊ ကလေးတွေ ပါအ၀င် လူတွေက ဆိုက်ကားတွေနဲ့ ရတပ ရုံးကို လာရောက် တိုင်ကြားထားပါတယ်။ အခု ကျွန်တော်တို့ကလည်း ဒီကိစ္စကို ပြည်နယ် ၀န်ကြီးချုပ်ထိ စာရေးပြီး အကြောင်းကြားထားပါတယ်။ အကြောင်း ပြန်ကြားတာတော့ တစုံတရာ မရှိသေးပါဘူး" ဟု ပြောသည်။

ကျေးရွာသားများ လာရောက်တိုင်တန်းကြားပြီးနောက်ပိုင်း ကျောက်ဖြူ မြို့နယ် ပြည်နယ် လွတ်တော် ကိုယ်စား လှယ် ဦးတင်ဖေကလည်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို ဖုန်းဆက် အကြောင်းကြား တင်ပြ ထားသော်လည်း ယနေ့တိုင် တစုံတရာ အကြောင်း ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။

" ပြောင်းရွေ့ပေးရမယ့် နေအိမ် တစ်လုံး အတွက် ငွေတသိန်းဆိုတာက မုန့်ဖိုးလောက်လဲ ရှိပါတယ်။ ဒီဒေသမှာ ဓနိ၊ ၀ါးနဲ့ သစ်တွေ အရမ်းဈေးကြီးတော့ ပိုက်ဆံ တစ်သိန်းနဲ့ ဘယ်လိုမှ အိမ်ဆောက်လို့ မရနိုင်ပါဘူး။ ဆင်းရဲ မိသားစုတွေဆိုတော့ သူတို့က ပိုက်ဆံ တစ်သိန်းပေးပြီး ထင်သလို လုပ်တဲ့ သဘောပါ" ဟု သူက ဆက်ပြောသည်။

ယခု ကျောက်ဖြူတွင် နိုင်ငံခြား စီမံကိန်းများကြောင့် အိမ်ရာ ဈေးများ မြင့်တက်နေသဖြင့် အနည်းဆုံး အိမ်တစ်လုံးကို သိန်း ၁၀၀ ခန့် ပေးသင့်သည်ဟု သူက ပြောသည်။ ယခု အိမ်များကို ပြောင်းရွှေ့ခိုင်းနေသည်မှာ အဆိုပါ နေရာတွင် အိန္ဒိယ ကုမ္ပဏီ တစ်ခုမှ စီမံကိန်းရှိ နေ၍ ဖြစ်ကြောင်း သိရသည်။


သတင်းရင်းမြစ်...နိရဉ္စရာ

04 October 2011

ပုဂ္ဂလိကဘဏ်တချို့တွင် ဝန်ထမ်းတချို့ မရိုးမသားပြုလုပ်နေ


မန္တလေးမြို့ရှိ ပုဂ္ဂလိကဘဏ် တစ်ခုမှ ငွေကျပ် ၁၂၅ သိန်းကို ဩဂုတ်လ တတိယပတ်အတွင်းက ထုတ်ယူခဲ့ရာ ကျပ်တစ်ထောင်တန် တစ်သိန်းအုပ် ၂ အုပ်တွင် အပေါ်နဲ့ အောက် တစ်ရွက်စီမှအပ ကျပ် ၂၀ဝ တန်များ ညှပ်ထားတာကိုရော နှော ထုတ်ယူမိပါတယ်။ ထုတ်ယူခဲ့ သူက ကျွန်တော် အိမ်ရောင်းထား တဲ့ငွေကို ပုဂ္ဂလိကဘဏ်မှာ ခဏ အပ်ထားတာပါ။ ပြန်ဝယ်မယ့်အိမ် ကို စိတ်တိုင်းကျရှာလို့ရမှ ဘဏ်က နေ ငွေထုတ်တော့ အခုလို ကြုံရတာ ပါ။

၂၀ဝ တန်တွေ ညှပ်ထားတာကို လည်း ချက်ချင်းမသိပါဘူး။ အိမ်ဖိုး ငွေ အကျေချေတော့မယ်ဆိုမှ စစ် ရင်းအခုမှသိတာပါ။ သိသိချင်းငွေ ထုတ်ခဲ့တဲ့ ပုဂ္ဂလိကဘဏ်ရဲ့ မန်နေ ဂျာနဲ့တွေ့ပြီး ကျွန်တော် ကြုံရတာကို ပြောပြပါတယ်။ ကျွန်တော်လာတာ က ကွာဟတဲ့ငွေ ၁၆၀ဝ၀ဝ ကျပ် နီးပါးကို အလျော်ပေးဖို့ လာပြော တာ မဟုတ်ပါဘူး။ လူကြီးမင်းတို့ ဘဏ်မှာ မရိုးသားတဲ့ဝန်ထမ်းတချို့ ရှိနေ တယ်ဆိုတာကို သတိထားနိုင် ဖို့ အသိပေးတာပါ။ ကျွန်တော့်ဘက် က ဘယ်လောက်ပဲ ရိုးသားသည် ဖြစ်စေ၊ မှန်ကန်မှုရှိသည်ဖြစ်စေ ဘဏ်အတွင်းမှာ ရေတွက်စစ်ဆေးမှု မပြုခဲ့တာကိုက အဓိကအမှားဆိုတာ ဝန်ခံပါတယ်။...... ဘဏ်အပေါ် မှာ ယုံကြည်ခဲ့တာလည်းပါတယ်။ ဘဏ်နဲ့ ဆက်ဆံနေကြသူအားလုံးကို သင်ခန်းစာရစေချင်လို့ပါ။

မန်နေဂျာ က ကျွန်တော့်ဆီက တစ်သိန်းအုပ် ၂ အုပ်ကို ယူကြည့်ပြီး ငွေရေတွက် သူရဲ့ လက်မှတ်မပါဘူးလို့ ပြော တယ်။ မရိုးမသားလုပ်မယ့်သူက သူပါလို့ ဘယ်မှာ လက်မှတ်ထိုးပါ့ မလဲ စသည်ဖြင့် ပြောပြခဲ့ပါတယ်။ ယခုဖြစ်စဉ်တွင်....ဘဏ်တွင် ကျင့်သုံးသော စနစ်အရ ကျပ်တစ် သိန်း ၁၀ အုပ်လျှင် တစ်စည်းပလပ် စတစ် ကြိုးဖြင့်စည်းထားခြင်း၊ ကျပ် တစ်ထောင်တန်နဲ့ နှစ်ရာတန် အသေးတို့မှာ အရွယ်အစားထပ်တူ ဖြစ်ခြင်း၊ (မတူရင်လည်း တူအောင် လို့ မသမာသူကညှိတယ်) ပုဂ္ဂလိက ဘဏ်သို့အသွားအလာနည်းပြီး မျက် နှာစိမ်းဖြစ်ခြင်း၊ ရေတွက်စစ်ဆေးမှု မပြုဘဲ ပေါ့ဆခြင်း၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းတစ်ဦးတလေရဲ့ မရိုး သားမှုကို တာဝန်ရှိသူ မန်နေဂျာမှ မသိရှိခြင်းတို့ကိုလည်း တွေ့ရတယ်။

ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပုဂ္ဂလိက ဘဏ်မှမဟုတ်ဘူး၊ ငွေနည်းလို့ များ လို့လည်းမဟုတ်ဘူး၊ ကျွန်တော်တို့ ငွေလက်ခံရင်လည်း ကိုယ်လက်ခံ မယ့် ငွေထက်တန်ဖိုးနည်းတဲ့ငွေတွေ ညှပ်ထားတာကို ပုဂ္ဂလိကဘဏ်မှာ ရော၊ ပွဲရုံမှာပါ ကြုံဖူးပါတယ်။ သတိဆိုတာပိုတယ်လို့မရှိပါဘူး။ ကိုယ့်ဘဏ်ကသာ ငွေလက်ခံတဲ့ အခါ အစိမ်းအကျက်မရွေးဘဲ စိတ် ရှည်ရှည်ထားပြီး အလုပ်သဘော အရ ရေတွက်စစဆေးဖို့လိုပါ တယ် လို့ ပြောပြခဲ့ပါတယ်။

သတင်း...မန္တလေး အလင်း

နေရူး မျိုးဆက် နဲ့ အောင်ဆန်း မျိုးဆက်

ကျွန်တော် စာပေကိုစိတ်ဝင်စားတဲ့ အချိန်၊ ၁၉၆၄-၆၅ ခုနှစ်ခန့်မှာ စာအုပ် တွေ ဖတ်ရှုတဲ့အခါ အတ္ထုပ္ပတ္တိစာပေကို အလွန်စိတ်ဝင် စားပြီး ဖတ်ရှုခဲ့ပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ မဟတ္တမဂန္ဒီ၊ နေရူး၊ အင်ဒီရာဂန္ဒီ၊ ကနေဒီ၊ ချေ-ဂွေ ဗားရား စာအုပ်တွေနဲ့ ရင်းနှီးခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်း၊ နေရူး၊ အင်ဒီရာဂန္ဒီ စာအုပ်တွေဟာ အမြဲတမ်းဖတ်ရှုနေရ မယ့်စာအုပ်တွေ ဖြစ်ခဲ့သမို့ ထိုမိသားစုတွေနဲ့ ရင်းနှီး နေသလိုတောင် ဖြစ်ခဲ့ရပါတယ်။ ခံစားခဲ့ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း+ဒေါ်ခင်ကြည်၊ သား အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ သမီး အောင်ဆန်းစုကြည် ဆိုတဲ့ နာမည် တွေဟာ ရင်းနှီးနေသလိုမျိုး ခံစားခဲ့ရပါတယ်။ ဒီလိုပဲ မိုတီလာနေရူး၊ ဂျဝါဟာလာ ပန်ဒစ် နေရူး၊ အင်ဒီရာဂန္ဒီ၊ ခင်ပွန်း ဖားရို့စ်ဂန္ဒီ၊ သား ရာဂျစ်ဂန္ဒီ၊ ချွေးမ ဆိုနီယာဂန္ဒီ၊ သားငယ် ဆန်ဂျေးဂန္ဒီ၊ ချွေးမ မန်နက်ကာဂန္ဒီ၊ မြေးတွေဖြစ်တဲ့ ရာဟူးလ် ဂန္ဒီ၊ ပရီယန်ကာဂန္ဒီတို့ဟာလည်း ကျွန်တော့ဘ၀မှာ မှတ်မိနေတဲ့၊ သံယော ဇဉ်ဖြစ်မိနေတဲ့ နာမည်တွေ ဖြစ်ခဲ့ပါတယ်။ ကနေဒီမျိုးဆက်တွေကိုလည်း အဲဒီအချိန်ကတည်းက စာအုပ်တွေထဲမှာ ဖတ်ရှုခဲ့ရပါတယ်။ ဖစ်ဂျရယ်ကနေဒီ၊ ရို့စ်ကနေဒီ၊ ဂျွန်အက်ဖ် ကနေဒီ၊ ရောဘတ် ကနေဒီ၊ တက်ကနေဒီတို့ ကာလကလည်း ကနေဒီညီအစ်ကိုသုံးယောက် နာမည်ကြီးနေချိန် ဖြစ်ပါတယ်။

သမ္မတ ဂျွန်အက်ဖ်ကနေဒီဆုံးပြီး ဇနီး ဂျက်ကလင်းကနေဒီ၊ သားငယ်ဂျွန်(အငယ်)ကနေဒီ၊ သမီး ကာရိုလိုင်းကနေဒီ နာမည်တွေဟာ ကမ္ဘာ့မီဒီယာလောကမှာ ထို အချိန်က ထင်ပေါ်ကျော်ကြားခဲ့ပါတယ်။

အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း စာအုပ်နဲ့ ပတ်သက်တဲ့ စာအုပ်၊ စာတမ်းတွေ ဖတ်ရင်းနဲ့ မေမေကြီး (ဒေါ်ခင်ကြည်)၊ ကိုကိုဦး (ဦးအောင်ဆန်းဦး)၊ ကိုကိုလင်း (ဦးအောင်ဆန်းလင်း၊ ကွယ်လွန်)၊ မမစု (အစ်မ ဒေါ်အောင်ဆန်းစုကြည်)ဆိုတဲ့ နာမည်တွေဟာ ကျွန်တော်နဲ့ ရင်းနှီးနေသလိုမျိုး ခံစားခဲ့ရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ဖတ်ရင်းနဲ့ အစ်မဖေဖေဟာ နေရူးနဲ့ အလွန် ရင်းနှီးကြောင်း၊ အစ်မဖေဖေ အင်္ဂလန် သွားတဲ့အခါ အိန္ဒိယနိုင်ငံမှာ ခရီး တစ်ထောက်နားရပါတယ်။ နေရူးနဲ့ သမီး အင်ဒီရာဂန္ဒီတို့က ကြိုဆိုဧည့်ခံကြကြောင်း၊ အင်္ဂလန်နိုင်ငံ ရာသီဥတုမှာ နေထိုင်ခဲ့ဖူးတဲ့ နေရူးက အစ်မဖေဖေကို သက္ကလတ်လောင်းကုတ် အင်္ကျီရှည် တစ်ထည် လက်ဆောင်ပေးခဲ့တာကို ဖတ်ရတော့ နေရူး မိသားစုတွေကိုလည်း ချစ်ခင်မိတဲ့စိတ်ဓာတ်မျိုး ဖြစ်ပေါ်ခဲ့ပါတယ်။

နောက်တစ်ခါ အစ်မမေမေဟာ အိန္ဒိယနိုင်ငံကို သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေချိန်မှာလည်း နေရူးနဲ့ အင်ဒီရာဂန္ဒီတို့ဟာ အစ်မမေမေကို ဗိုလ်ချုပ်အောင်ဆန်းကတော် တစ်ယောက်အနေနဲ့ ခင်မင်ရင်းနှီးစွာ ဆက်ဆံခဲ့တာကို ဖတ်ရတော့ အရမ်းကို ခင်မင် လေးစားမိပါတယ်။

ဂန္ဒီစာအုပ်၊ နေရူးစာအုပ်တွေ ဖတ်ရင်းနဲ့ အိန္ဒိယနိုင်ငံရေးအကြောင်းတွေကို လေ့လာခွင့်ရခဲ့ပါတယ်။ ဂန္ဒီရဲ့ နိုင်ငံရေး လှုပ်ရှားမှု၊ နေရူး မျိုးဆက်တွေရဲ့ နိုင်ငံရေး လှုပ်ရှားမှု၊ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးမှာ အဓိကပါဝင်ခဲ့တဲ့ ကွန်ဂရက်ပါတီရဲ့ အခန်းကဏ္ဍတွေကို လေ့လာ သိရှိခဲ့ပါတယ်။

အင်ဒီရာဂန္ဒီ စာအုပ်ဖတ်ရင်းနဲ့ အိန္ဒိယနိုင်ငံရေးကို ထဲထဲဝင်ဝင် သိခဲ့ရပါတယ်။ အထူးသဖြင့် နေရူးမျိုးဆက်နဲ့ ကွန်ဂရက်ပါတီဟာ ဘယ်လိုမှ ခွဲခြားလို့ မရနိုင်တဲ့အရာဆိုတာ ယနေ့ခေတ်အချိန်အထိ သိနေခဲ့ရပါတယ်။ ကွန်ဂရက်ပါတီဟာ ၁၉ ရာစု အစပိုင်း ကာလ နယ်ချဲ့အင်္ဂလိပ်ခေတ်ကတည်းက တည်ရှိခဲ့တဲ့ (တည်ထောင်တဲ့ခုနှစ်ကို ယခင်က မှတ်သားမိသော်လည်း ယခုမမှတ်မိတော့ပါ) အိန္ဒိယနိုင်ငံရဲ့ သမိုင်းဝင် အဓိကနိုင်ငံရေးပါတီကြီး တစ်ခုပါ။

နေရူးအဖေ မိုတီလာနေရူး လက်ထက်ကတည်းက ယနေ့ နေရူးရဲ့ မြစ်တွေဖြစ်တဲ့ ရာဟူးလ်ဂန္ဒီနဲ့ ပရီယန်ကာ ဂန္ဒီတို့ခေတ် (နေရူးရဲ့ မြေးချွေးမ ဆိုနီယာဂန္ဒီ အပါအ၀င်)အထိ တည်ရှိ နေပါတယ်။ နေရူးရဲ့ဘ၀မှာ သမီး အင်ဒီရာဂန္ဒီဟာ အဓိကပုဂ္ဂိုလ်တစ်ယောက် ဖြစ်ခဲ့ပါတယ်။

'ချစ်သမီးသို့ ပေးစာများ' စာအုပ် ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။ နေရူးစာအုပ် ဖတ်ရင်းနဲ့ အင်ဒီရာဂန္ဒီကိုပါ အားလုံးက သိခဲ့ရပါတယ်။ (နေရူးရဲ့ဇနီး ကမ္မလာ နေရူးဟာ အမြဲတမ်းကျန်းမာရေး မကောင်းတဲ့အတွက် သူ့ရဲ့အခန်းကဏ္ဍဟာ နည်းခဲ့ပါတယ်။)

နေရူးမျိုးဆက်ရဲ့ အဓိကဟာ တစ်ဦးတည်းသောသမီး အင်ဒီရာဂန္ဒီပါပဲ။ နေရူးမိသားစု မောင်နှမတွေဟာ ထင်ပေါ်ခဲ့ပေမယ့် အင်ဒီရာ ဂန္ဒီလောက် မကျော်ကြားခဲ့ပါ။

အင်ဒီရာဂန္ဒီဟာ နေရူးမျိုးဆက် ယနေ့တိုင် ရှင်သန်နေအောင် ပြုစုပျိုးထောင်ခဲ့တဲ့ အဓိကပုဂ္ဂိုလ်ပါ။

ကျွန်တော်ဟာ နေရူးအတ္ထုပ္ပတ္တိဖတ်ရင်းနဲ့ အင်ဒီရာ ဂန္ဒီရဲ့ ကလေးဘ၀၊ အဘိုးရယ်၊ အဘွားရယ်၊ အဖေရယ်ဟာ မဟတ္တမဂန္ဒီကြီးရဲ့ ဆန္ဒပြပွဲတွေကို သွားရောက်ကူညီနေချိန်မှာ အိမ်ဖော်တွေနဲ့ အိမ်မှာကျန်ခဲ့ပြီး အရုပ်တွေနဲ့ကစားနေရတဲ့ ဘ၀၊ သူ့ ကစားနည်း ကလည်း နယ်ချဲ့အင်္ဂလိပ် စစ်သားရုပ်တွေနဲ့ ဆန္ဒပြနေတဲ့ ပြည်သူ လူထုအရုပ်တွေကို ကစားနေခဲ့ပါတယ်။

အဘိုး၊ အဘွား၊ အဖေဟာ အပြင်မှာ သူ့ ကစားနည်းအတိုင်းပါပဲ။ အင်ဒီရာဂန္ဒီ ဟာ အရွယ်ရောက်လာပေမယ့် ကျန်းမာ ရေးမကောင်း တဲ့မိခင်ကို ဆွစ်ဇာလန် နိုင်ငံ၊ အင်္ဂလန်နိုင်ငံတွေအထိ ပညာရေး ကိုပစ်ပြီး လိုက်လံပြုစုရင်းနဲ့ အချိန်ကုန် ခဲ့ရပါတယ်။

အဖေရဲ့ ထောင်ဝင်စာကိုလည်း အမြဲသွားတွေ့နေခဲ့ရပါတယ်။

မဟတ္တမဂန္ဒီကြီးရဲ့ ထောင်ဝင်စာကိုလည်း တွေ့ခဲ့တယ်လို့ ဖတ်ရပါတယ်။

မဟတ္တမဂန္ဒီကြီးရဲ့ ဆုံးမဩ၀ါဒတွေကိုလည်း နေရူးသမီးတစ်ယောက်အနေနဲ့ ရရှိခဲ့ဖူးပါတယ်။

မဟတ္တမဂန္ဒီနဲ့ နေရူးတို့ရဲ့ နိုင်ငံရေးအမွေကို အင်ဒီရာဂန္ဒီဟာ ရရှိခံစားရတယ်လို့ ပြောရင် မမှားပါဘူး။

ဖခင်ရဲ့ နိုင်ငံရေးအမွေကို ဖခင်နီးပါး ရရှိခဲ့တဲ့ သမီးကောင်းတစ်ယောက်ပါ။



ဆက်လက်ဖော်ပြပါမည်။

ကိုမိုးလင်း ရေးသားထားတဲ့ အထူးဆောင်းပါး အတွဲ ၂၇ ၊ အမှတ် ၅၃၇ ( ၃၀-၉ ၊ ၆-၁၀ ၊ ၂၀၁၁)(မြန်မာတိုင်းမ်) မှပြန်လည်မျှဝေပေးလိုက်ပါသည်.။

အမျိုးသားဒိမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ပါတီမှတ်ပုံတင်ကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးလျက်ရှိ

ယနေ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် (စီအီးစီ) ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့်
ဒေါ်အောင်ဆန်းစုကြည်တို့မြစ်ဆုံကိစ္စနှင့်အန်အယ်ဒီပါတီ၏ မှတ်ပုံတင်ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

`မြစ်ဆုံကိစ္စကိုတော့ အန်အယ်ဒီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေအားလုံးက ၀မ်းမြောက် ၀မ်းသာစွာနဲ့ ကြိုဆိုကြပါတယ်၊ မှတ်ပုံတင်ကိစ္စကိုတော့ ဆွေးနွေးနေဆဲပါ၊ တစုံတရာ ဆုံးဖြတ်တာမျိုး မရှိသေးပါဘူး၊ မကြာခင်တော့ ဆုံးဖြတ်ချက်ကြတော့မှာပါ`ဟု ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ကျွန်မတို့ ဘယ်လောက်အတိုင်းအတာအထိ လုပ်နေသလဲဆိုတာတော့ ကျွန်မတို့ က ဒီဟာတွေမှာပြည်သူတွေ အတွက် အကျိုးဖြစ်နိုင်မယ့် အတိုင်းအတာအခုအထိ လုပ်သွားမှာပါ တက်နိုင်သမျှ ကျိုးစားပြီးတော့ တိုင်းပြည်အတွက် အကျိုးဖြစ်မယ့် ကိစ္စတွေမှာ ကျွန်မတို့ အင်တိုက်အား တိုက်ပါဝင် သွားမည်”ဟု ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၁ခုနှစ် စက်တင်ဘာ

၃၀ရက်နေ့တွင် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာ၌ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်နှင့်တွေ့ဆုံပွဲအပြီးတွင် ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တွေ့ဆုံဆွေးနွေးရာတွင် နိုင်ငံရေးအကျဉ်းသားလွတ်ပေးရန် စဉ်းစားဆောင်ရွက်နေသည့် ကိစ္စ၊ဧရာဝတီမြစ်ကြောင်းထိန်းသိမ်းရေးအတွက် နှစ်ဘက်ပူးပေါင်းနိုင်ရေး နည်းလမ်းများ၊ ဥပဒေပြင်ပတွင်

လက်နက်ကိုင်၍ ဆန့်ကျင်နေသေားဥပဒေဘောင်အတွင်း နိုင်ငံတော်အစိုးရကဆောင်ရွက်နေသည့်

ကိစ္စများ နှင့်ပြည်တွင်းတည်ငြိမ်း ငြိမ်းချမ်းရေးနှင့်တရားဥပေဒေစိုးမိုးရေးတို့အတွက် ပူပေါင်းဆောင်ရွက်ကိစ္စတို့ ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်အား အန်အယ်ဒီနှင့်ပတ်သက်သော သဘော ထားကို ပြည်တွင်းသတင်းထောက်တစ်ဦးက မေးမြန်းရာ ပြန်လည်ဖြေကြားပေးခဲ့သည်။

`အန်အယ်ဒီသာ ဥပဒေနဲ့အညီ မှတ်ပုံတင်ပြီးသွားတဲ့အချိန်မှာ ကျနော်တို့ အန်အယ်လ်ဒီနဲ့အတူ လက်တွဲပြီးဆောင်ရွက်သွားဖို့ အမြဲတမ်းတိုင်ပင်လျက်ရှိပါတယ် ``ဟု ဦးအောင်ကြည်က ထုတ်ပြန်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကလည်း အန်အယ်ဒီမှတ်ပုံတင်ခြင်းနှင့်ပတ်သက်ပြီး အန်အယ်ဒီအဖွဲ့ချုပ်မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောဆန္ဒအတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောဆိုသည်။

“ကျမက အန်အယ်လ်ဒီအတွက် အားလုံးကို ပြောပေးလို့မရပါဘူး ကျမတို့ စီအီးစီကို တင်ပြပြီးမှ ကျမတို့ ဘယ်လို ဖြေမလဲဆိုတာ ကျမတို့ ပြောရမှာပါ ” ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ကပြောဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့နိုင်ငံတော် သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံရန်အစီစဉ်ရှိမရှိဟုသေချာ မသိရှိ ရသေးသော်လည်း တွေ့ဆုံလိမ့်မည်ဟု ခန့်မှန်းပြောဆိုချက်များ ထွက်ပေါ်လျက်ရှိသည်။

သတင်းများပြန်လည် ဝေမျှပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

03 October 2011

လှည်းတန်းပြည်မြန်မာကိစ္စ ဆန္ဒပြခဲ့သော အမျိုးသမီး ၂ဦးအား ခံဝန်ထိုးခိုင်းပြီး လွှတ်ပေးလိုက်ကြောင်း သိရှိရ..

လှည်းတန်းလမ်းဆုံ၊ ပြည်မြန်မာကုန်တိုက်အနီးတွင် ပြည်ပြန်မာကုန်တိုက်အတွင်း ဆိုင်ခန်းများ ဖယ်ရှားခိုင်းရာမှ စာနာထောက်ထားပြီး ညှိုနှိုင်းပေးစေရန် ဆန္ဒပြခဲ့သောကြောင့် ဖမ်းဆီးခံခဲ့ရသော အမျိုးသမီး ၂ဦးအား ယမန်နေ့ ညနေ ၆နာရီတွင် ခံဝန်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက်ကြောင်း သိရှိရသည်။

နောက်နောင် ဆန္ဒပြမည် ဆိုပါက ဖမ်းဆီးအရေးယူခံရမည်ဖြစ်ကြောင်း၊ ဆန္ဒပြလိုသူများအနေဖြင့် သက်ဆိုင်ရာသို့ စာတင်ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရှိရသည်။

............................................................................................................
ရန်ကုန်မြို့၊ လှည်းတန်းပြည်မြန်မာကုန်တိုက်အတွင်း ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်သော စာနာထောက်ထားစွာဖြင့် ဆောင်ရွက်ပေးရန် ဆန္ဒပြသူများအနေဖြင့်

၎င်းတို့တောင်းဆိုသောအရာမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ပြည်မြန်မာ ကုန်တိုက် ဆိုင်ခန်းရှင် များထံမှသိရသည်။

̏ ကျွန်တော်တို့အနေတောင်ဆိုထားတာတွေမရမခြင်း ဆက်ပြီးတော့ကြိုးစားသွားမှာပါ။ အခုလဲ ဆိုင်ခန်းပိုင်ရှင်အားလုံးကို အကြောင်းကြားထာပြီးပါပြီ ̋ ဟု ပြည်မြန်မာကုန်တိုက်အတွင်း နာရီပြင်ဆိုင်ဖွင့်ခဲ့သူ တစ်ဦးကပြောသည်။

၎င်းတို့အနေဖြင့် ဆိုင်ခန်းများဖယ်ရှားပေးခဲ့ရခြင်းကြောင့် နစ်နာမှုအနေဖြင့် တစ်စုံတစ်ရာပြန်လည် စီစဉ်ပေးရန် တောင်းဆိုလိုသောကြောင့် ယခုလိုဆန္ဒပြရခြင်းဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ ၂ ရက်နေ့၊ နေ့လည် ၁၂နာရီခွဲအချိန်တွင် ရန်ကုန်မြို့၊ ပြည်မြန်မာကုန်တိုက်အနီးတွင် လေလံအောင်ထားသော ပြည်မြန်မာကုန်တိုက်အတွင်းမှ ဆိုင်ခန်းများ ဖယ်ရှားခိုင်းခြင်းနှင့်ပတ်သက်ပြီး စာနာထောက်ထားစွာဖြင့် ဆောင်ရွက်ပေးရန် လူ ၂၀ ၀န်းကျင်ခန့် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။

အဆိုပါဆန္ဒပြသူများမှ မခင်မျိုးလွင်နှင့်မသီတာအမည်ရှိ အမျိုးသမီး ၂ ဦးအား နေ့လည် ၁နာရီ အချိန်တွင် ဖမ်းဆီးသွားခဲ့ရာ ထိုနေ့ညနေ ၆ နာရီခွဲတွင် ခံဝန်ဂတိထိုးခိုင်းပြီး ပြန်လည်လွှတ်ပေးလိုက်ကြောင်းသိရသည်။

` ဟုတ်တယ် ကျွန်မတို့ကို မနေ့ကညနေ ၆ နာရီခွဲလောက်ကပြန်လွှတ်ပေးလိုက်တာ။ ခံဝန်ဂတိကိုလဲ အတင်းထိုးခိုင်းတယ်။ မထိုးရင် နိုင်ငံရေးပုဒ်မနဲ့ တရားစွဲမယ်လို့ပြောတယ် ̋ ဟု မခင်မျိုးလွင်က ပြောသည်။

ဖမ်းဆီးထိန်သိမ်းခြင်းခံထားရသူများအား နောက်တစ်ကြိမ် ဆန္ဒပြလိုပါက ခရိုင်နှင့် တိုင်းများသို့ တင်ပြပြီးမှ ဆန္ဒပြရန်ခွင့်ပြုမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်တင်က ပြောလိုက်ကြောင်း မသီတာကပြောသည်။

ဆန္ဒပြသူများအနေဖြင့် ၎င်းတို့တောင်းဆိုသောအရာမရမခြင်း နောက်ဆုတ်မည်မဟုတ်ပဲ ဆက်လက်ကြိုးစားသွားမည်ဖြစ်ကြောင်း ပြည်မြန်မာ ကုန်တိုက်ဆိုင်ခန်းရှင် များထံမှသိရသည်။

ပြည်မြန်မာကုန်တိုက်သည် နိုင်ငံတော်၏လေလံစာရင်းထဲတွင်ပါပြီးနောက် ၂၀၁၁ ခုနှစ် ဇွန်လ (၁) ရက်နေ့ တွင်ဆိုင်ခန်းများအပြီးပြောင်းရွှေ့ပေးခဲ့ရပြီး ငါးလကျော်ကြာသည်အထိ တစ်စုံတစ်ရာ ပြန်လည် စီစဉ်ပေးခြင်းမရှိသာကြောင့် ယခုကဲ့သို့ ပထမဆုံးအကြိမ်ဆန္ဒပြ ရခြင်းဖြစ်ကြောင်းသိရသည်။

ပြည်မြန်မာကုန်တိုက်သည် ဆိုင်ခန်းပေါင်း (၉၈) ခန်းရှိပြီး အလုပ်သမား ပေါင်း(၃၀၀) ဝန်းကျင် စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်ရာနေရာဖြစ်သည်။

သတင်းများပြန်လည်ဝေနမျှပေးသော.မြစ်မခမီဒီယာ အားကျေးဇူးတင်ရှိပါသည်.။