15 June 2012

မြန်မာပြည် ရဲ့ ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကြောင့် Berne မြို့ သတင်းစာရှင်းလင်းပွဲရပ်နား

ဆွစ်ဇာလန်နိုင်ငံကို ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညပိုင်းက ဆွစ်ဇာလန် သမ္မတ အယ်ဗလင်း ၀စ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) နဲ့ Berne မြို့မှာ တွေ့ဆုံ ခဲ့ပါတယ်။ မနေ့က ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီး ဒီဒီအေ ဘုဂ်ဟယ်လ် တာ (Didier Burkhalter) နဲ့ တွေ့ဆုံခဲ့ပြီး တဲ့နောက် ပြုလုပ်ခဲ့တဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲအတွင်း ရုတ်တရက် နာမကျန်းဖြစ်လို့ သတင်းစာ ရှင်းလင်းပွဲ ကို ရပ်ဆိုင်းလိုက်ရပါတယ်။

 တနေကုန် ပင်ပန်းမှုနဲ့ လေယာဉ်ခရီးတွေကြောင့် သတင်းစာရှင်းလင်းပွဲအစ မိနစ်ပိုင်းအတွင်းမှာပဲ မူးဝေပြီး နေထိုင်မကောင်း ဖြစ်ခဲ့တာပါ။ ခုလို နေထိုင်မကောင်း ဖြစ်တာကြောင့် ဆွစ်ဇာလန် သမ္မတ အယ်ဖလင်းဝစ်ဒ်မာ ရှူသ်စ် (Eveline Widmier-Schumpf) ဖိတ်ကြားထားတဲ့ နိုင်ငံတော် ညစာစားပွဲ ကိုလည်း ဖျက်လိုက်ရပါတယ်။ ဆွစ်ဇာလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆက်လက် အားပေးကူညီသွားလိုတဲ့ အကြောင်းနဲ့ ဒီအတွက် ဒီနှစ် နိုဝင်ဘာလလောက်အတွင်း မြန်မာနိုင်ငံမှာ ဆွစ်ဇာလန်သံရုံး ဖွင့်လှစ်သွားမယ့် အကြောင်း၊ နောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ အရေးယူမှုတချို့ကို ပြီးခဲ့တဲ့ မေလက ပြန်ပြီး ရုပ်သိမ်းပေးခဲ့တယ်ဆိုတာနဲ့ တကယ်လို့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေ တိုးတက် မလာဘဲ သိသိသာသာ ဆုတ်ယုတ်မှုတွေ ရှိလာရင်တော့ အရေးယူမှုတွေ ပြန်လည် ချမှတ်သွားမှာဖြစ်ပြီး လက် ရှိ ပြုပြင်ပြောင်းလဲမှုတွေကို ကူညီထောက်ပံ့တဲ့အနေနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အကူအညီတွေ တိုးမြှင့်ပေးသွားမယ့် အကြောင်းတွေကို ဆွစ်ဇာလန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။ 

 ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့က မနက်ပိုင်းက ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်ကြီးရဲ့ (၁၀၁) ကြိမ်မြောက် ညီလာခံမှာ မိန့်ခွန်းပြောဆိုခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာ Berne မြို့ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ အစီအစဉ်တိုင်းဆိုရင် ဆွစ်ဇာလန် လွှတ်တော်မှာ လွှတ်တော်ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် မှာ နော်ဝေနိုင်ငံ၊ အော်စလိုမြို့ကိုလည်း ခရီးဆက်ဖို့ ရှိနေသလို အဲဒီကနေ ဗြိတိန်၊ အိုင်ယာလန် နဲ့ ပြင်သစ်နိုင်ငံတွေကိုလည်း ခရီးဆက်ဖို့ ရှိပါတယ်။ ဗြိတိန် ပါလီမန်မှာ မိန့်ခွန်းပြောကြားဖို့ရှိသလို လူ့အခွင့်အရေးအဖွဲ့ Amnesty International က ပေးအပ်တဲ့ လူ့အခွင့်အရေးဆု ကိုတော့ Dublin မြို့မှာ ကမ္ဘာကျော်တေးဂီတအဖွဲ့ U2 က အဆိုတော် ဘိုနိုက ပေးအပ်မှာ ဖြစ်ပါတယ်။

 သူ့ရဲ့ ခရီးစဉ်အစ ILO ညီလာခံမိန့်ခွန်းမှာတော့ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ပိုပြီးခိုင်မာအောင် အထောက်အကူပြုနိုင်မယ့် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကိုင်ကြဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာ အသိုင်းအ၀ိုင်းကို မေတ္တာရပ်ခံလိုက်ပါ တယ်။ ပြုပြင် ပြောင်းလဲမှုတွေ လုပ်နေတဲ့ မြန်မာအစိုးရအနေနဲ့ နှစ်ပေါင်းများစွာ အထီးကျန် ဖြစ်ခဲ့ရ တဲ့ မြန်မာနိုင်ငံထဲက အလုပ်သမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ် ပေးနိုင်တဲ့ ပြောင်းလဲမှုတွေကိုပါ ဆက်လုပ်စေချင်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။ 

သတင်း... ဗွီအိုအေ

 ဓာတ်ပုံ.... AP

14 June 2012

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ILO ညီလာခံမှာမြန်မာပြည် ရဲ့ ပြည်သူလူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏မိန့်ခွန်း

အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ ခန်းမထဲတွင်တွေ့ရသော မြန်မာပြည် ရဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်



ဓာတ်ပုံ...AP.. ၊ Reuters

မြန်မာပြည် ရဲ့ ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ILO မိန့်ခွန်း တိုက်ရိုက်ကြည့်ရှုရန်

မြန်မာပြည်  ရဲ့ ပြည်သူလူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ကြာသာပတေးနေ့) နေ့လည် မြန်မာစံတော်ချိန် ၂ နာရီ ၄၅ မိနစ်တွင် ILO (Geneva) မှာ မိန့်ခွန်းပြောကြားပါမည်။

တိုက်ရိုက်ထုတ်လွှင့် ပြသမည့် လင့်ပါ.။

13 June 2012

အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ၏ ဥရောပခရီးစဉ်စတင်

အမျိုးသာ ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်နေ့ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းလေကြောင်းလိုင်း (TG) ဖြင့် ထိုင်းနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံမှ တစ်ဆင့် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့သို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့အလုပ်သမား အဖွဲ့ချုပ် (ILO)ညီလာခံတွင် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ 

ထို့နောက် ဇွန်လ ၁၅ ရက်နေ့တွင် နော်ဝေနိုင်ငံ အော်စလိုမြို့သို့ သွားရောက်ကာ ငြိမ်းချမ်းရေး နိုဘယ်ဆုကို ကိုယ်တိုင်လက်ခံ ရယူမည် ဖြစ်သည်။ ဇွန်လ ၁၈ ရက်နေ့တွင် အိုင်ယာလန်နိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ယူတူး (U2) တေးဂီတအဖွဲ့ ဖျော်ဖြေပွဲသို့ တက်ရောက်မည် ဖြစ်သည်။ ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က ချီးမြင့်သော Ambassador of Conscience ဆုကို လက်ခံရယူမည်ဖြစ်သည်။ 

ထို့နောက် ဇွန်လ ၁၈ ရက်နေ့ညတွင် ဗြိတိန်နိုင်ငံသို့ သွားရောက်မည် ဖြစ်ပြီး ဇွန်လ ၂၆ ရက်နေ့အထိ နေထိုင်မည် ဖြစ်ကာ ဗြိတိန်နိုင်ငံ အထက်လွှတ်တော်တွင် မိန့်ခွန်း ပြောကြားမည် ဖြစ်သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၄င်း၏ အသက် ၆၇ ပြည့် မွေးနေ့ကိုလည်း ဗြိတိန်နိုင်ငံတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

 ဇွန်လ ၂၆ ရက်နေ့ နေ့လည်ပိုင်းတွင် ပြင်သစ်နိုင်ငံသို့ ဆက်လက် ထွက်ခွာမည် ဖြစ်ပြီး ဇွန်လ ၂၉ ရက်နေ့တွင် ပြင်သစ်နိုင်ငံမှ ပြန်လည် ထွက်ခွာလာမည် ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။

 အဆိုပါ ခရီးစဉ်မှာ ၄င်းနိုင်ငံများ၏ အစိုရများမှ ဖိတ်ကြားချက်အရ သွားရောက် လည်ပတ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဦဇေယျာသော်၊ ဦးခွန်သာမြင့်၊ ဒေါ်တင်မာမြင့်နှင့် ဦးနေခြည်ဝင်း တို့ လိုက်ပါသွားကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဝန်ကြီးချုပ် ရခိုင်သတင်းဖော်ပြမှုများနှင့် ပတ်သက်၍ မီဒီယာများအား ခေါ်ယူသတိပေး

ဇွန်လ ၁၀ ရက်နေ့ ည ၇နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိဖြစ်ပေါ်နေသည့် ရခိုင်အရေးအခင်းနှင့် ပတ်သက်၍ မီဒီယာများ၏ ရေးသားဖော်ပြချက်များသည် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခဖြစ်ပွားရန် လှုံ့ဆော်သည့် အရေးအ သားမျိုး မဖြစ်စေရန်လိုအပ်ကြောင်းနှင့် အကယ်၍ ထိုသို့သော ရေးသားမှုများ တွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူနိုင်ကြောင်း ပြောကြားခဲ့ သည်ဟု မီဒီယာအသိုင်းအဝိုင်း၏ ပြောကြားချက်အရ သိရသည်။ 

 အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ်ဦးမြင့်ဆွေမှ ယခုလက်ရှိဖြစ်ပွားနေသည့် ရခိုင်အရေးကိစ္စအပေါ် သတင်းမီဒီယာများ၏ သတင်း ရေးသားမှုများသည် မီးလောင်ရာလေပင့်သလိုအရေးအသားများ ပေါ်နေသည့်အတွက် သတိထားရေးသားသင့်ကြောင်းနှင့် အကယ်၍ ယင်းသို့ လှုံ့ဆော်သည့်ရေးသားဖော်ပြမှုများပါရှိပါက ဥပဒေပုဒ်မ ၅ (ည) နှင့် ပုဒ်မ ၅၀၅ (ခ)အရ နှစ်ခုပေါင်း ထောင်ဒဏ် ၉နှစ်အထိ ချမှတ်ပြီး အရေးယူဆောင် ရွက်နိုင်သည်ကို ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။ "ဝန်ကြီးချုပ် ဦးမြင့်ဆွေပြောသွားတဲ့ ပုဒ်မ ၅ (ည)ဆိုတာက ပြည်ထောင်စု၏ လုံခြုံရေးကိုလည်းကောင်း၊ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေရန် နည်လမ်းနဲ့ ပြည်သူတွေရဲ့ ကိုယ်ကျင့်တရားကိုဖြစ်စေ၊ အပြုအမူကိုဖြစ်စေ ဖောက်လွဲ ဖောက်ပြန်ဖြစ်အောင် ရည်ရွယ်ပြီးလုပ်ရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံခြင်းသော်လည်းကောင်း၊ ငွေဒဏ်ကိုသော်လည်းကောင်း ဒါမှမဟုတ်ရင် နှစ်ခုလုံးသော်လည်းကောင်း ထိုက်သင့်ခံရမယ်ဆိုတာကို ပြောသွားတာပါ" ဟု အဆိုပါပွဲသို့ တက်ရောက်ခဲ့သည့် ပြည်တွင်းသတင်းမီဒီယာတစ်ဦးက ပြောကြားသည်။

 ထို့နောက် ပုဒ်မ ၅၀၅ (ခ)နှင့် ပတ်သက်၍လည်း ပြည်တွင်းဆူပူမှုများဖြစ်စေသည့် အရေးအသားများ တွေ့ရှိပါက ထောင်ဒဏ် ၂ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ချမှတ်ခံရမည်ဖြစ်ကြောင်း ထည့်သွင်းရှင်းလင်းသွား ကြောင်း ၎င်းက ဆက်လက်ဆိုသည်။ 

 အဆိုပါ သတင်းစာရှင်းလင်းပွဲအား ရခိုင်အရေးကိစ္စနှင့် ပတ်သက်၍ ပြောကြားမည်ဟုဆိုကာ သတင်းမီဒီယာများအား ဖိတ်ကြားခဲ့သော်လည်း ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့်အကြောင်းအရာ တစုံတရာပြောဆိုသွားခြင်းမရှိပဲ နာရီဝက်ကြာ သတင်းမီဒီယာများအား ခေါ်ယူ၍ သတိပေး ပြောကြားသွားကြောင်းနှင့် တက်ရောက်သည့် သတင်းမီဒီယာများမှလည်း ပြန်လည် မေးခွန်းမေးမြန်းခြင်းများလည်း မပြုလုပ်ခဲ့ရကြောင်း သိရသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီး ဒု-ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေမှလည်း သတင်းအရေးအသားများအား စာပေစိစစ်ရေး၏ လက်အောက် တွင်သာ ဖော်ပြရမည်ဖြစ်ကြောင်းနှင့် အကယ်၍ မလိုက်နာပါက ၁၉၆၂ စီစစ်ရေးဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်းတို့ကိုလည်း ပြောကြားသွား ကြောင်း၊ ယင်းသို့ ခေါ်ယူကြိမ်းမောင်းခြင်းသည် လျှပ်တစ်ပြက်ဂျာနယ်၏ ရခိုင်အရေးကိစ္စနှင့် ပတ်သက်သည့် သတင်းနှင့် ဓါတ်ပုံများသည် အကြမ်းဖက်မှု များအား ဖြစ်စေရန် လှုံ့ဆော်သည့် အရေးအသားဖော်ပြမှုများကြောင့် ယခုကဲ့သို့ ခေါ်ယူသတိပေးခံရခြင်းဖြစ်ကြောင်းနှင့် အဆိုပါဂျာနယ်အား ခေါ်ယူ သတိပေး၍ ထုတ်ဝေဖြန့်ချိခွင့်အား အချိန်အကန့်အသတ်မရှိ ပိတ်ပင်ထားကြောင်း သတင်းများအရ သိရ သည်။

သတင်း....... yangonchronicle

12 June 2012

မြန်မာနိုင်ငံအား ဖွဲ့စည်းပုံအခြေခံဥပဒေပါအတိုင်း မြန်မာ (Myanmar) ပာု သုံးစွဲရန်နှင့် Burma ပာု သုံးစွဲခွင့်မရှိကြောင်း ဆိုပါလားဗျို့

၂၀၁၂ မေလ ၃၁ ရက်နေ့က ထိုင်းနိုင်ငံတွင် ပြုလုပ်ကျင်းပခဲ့သည့် (၂၁)ကြိမ်မြောက် ကမ္ဘာ့စီးပွားရေးဖိုရမ် တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံအား Burma ပာု သုံးစွဲခဲ့သည့်အတွက် ယင်းသို့ သုံးစွဲခြင်းမပြုရန် ပြည်ထောင် စုရွေးကောက် ပွဲ ကော်မရှင် မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

“ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံမှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ ဒေါ်အောင်ဆန်းစုကြည် က မြန်မာနိုင်ငံကို Burma လို့ သုံးစွဲသွားပါတယ်။ ဒါကြောင့် ကော်မရှင်က အကြောင်းကြားတာပါ။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထောက်သောအားဖြင့် မြန်မာနိုင်ငံလို့ပဲ သုံးစွဲသင့်ပါ တယ်”ပာု ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် နိုင်ငံရေးပါတီနှင့် ပါတီဝင်များအနေဖြင့် နိုင်ငံတော်၏အမည်ကို ရေးသားရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပါရှိသည့်အတိုင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ (Myanmar) ပာု သုံးနှုန်းကြ ရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပေးပို့သည့် အ ကြောင်းကြားစာ တွင် ဖော်ပြပါရှိသည်။

နိုင်ငံရေးပါတီများနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ၄၀၅(ခ)တွင် နိုင်ငံရေးပါတီတစ်ရပ်သည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲ ဥပဒေများ လေးစားလိုက်နာရမည်ပာု ပြဋ္ဌာန်းထားပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ် (NLD) ပါတီအနေဖြင့်လည်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၆(ဂ) ပါ ပြဋ္ဌာန်းချက် များကို လိုက်နာမည်ပာု ပါတီတည်ထောင်ခွင့် လျှောက်ထားစဉ်ကပင် ဝန်ခံ ထားပြီးဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြပါ ရှိသည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် မြန်မာနိုင်ငံအား ဖွဲ့စည်းပုံအခြေခံဥပဒေ ပါအတိုင်း မြန်မာ (Myanmar) ပာု သုံးစွဲရန်နှင့် Burma ပာု သုံးစွဲခွင့်မရှိကြောင်း သိရသည်။

သတင်း... မြန်မာပိုစ့်

မသင်္ကာသူ နိုင်ငံတကာ အန်ဂျီအိုဝန်ထမ်းအိမ်မှ လက်နက်များသိမ်းဆည်းရမိ

အယ်ကေးဒါး အဖွဲ့နှင့် ဆက်သွယ်မှုရှိသည်ဟု မသင်္ကာသူ AZG (နယ်သာလန် အခြေစိုက် နိုင်ငံတကာ အန်ဂျီအို) အဖွဲ့မှ ၀န်ထမ်းတဦး၏ အိမ်တွင် လက်နက်သေတ္တာ ၂ လုံး ယနေ့နံနက်ပိုင်းက ရှာဖွေတွေ့ရှိသည်ဟု စစ်တွေမြို့ လုံခြုံရေးအသိုင်းအ၀ိုင်းမှ သတင်းရရှိသည်။ ရှာဖွေတွေ့ရှိသည့် အိမ်မှာ AZG ၀န်ထမ်း တဦးဖြစ်သူ ဦးကျော်လှအောင် ၏ နေအိမ်ဖြစ်၍ ယင်းနေအိမ်မှာ စစ်တွေမြို့ ရဲနွယ်စု ရပ်ကွက် ဗလီအနီးတွင် တည်ရှိသည်ဟု စစ်တွေမှ လာသည့် သတင်းများ အရသိရသည်။

ဦးကျော်လှအောင်၏ လုပ်ဖေါ်ကိုင်ဖက် ၀န်ထမ်းနှစ်ဦးမှာလည်း တိမ်းရှောင်လျှက်ရှိပြီး ၎င်းတို့အမည်မှာ ကိုဇော်လင်းထွန်းနှင့် ကိုလှရွှေ တို့ဖြစ်သည်ဟု သိရှိရသည်။

ယင်းလက်နက် သေတ္တာ ၂ လုံးတွင် သေနတ်များ၊ ခဲယမ်းမီးကျောက်များ ပါဝင်ကာ အခြားသော စာရွက်စာတမ်းများပါ ပါဝင်သည်ဟု သိရှိရသည်။

စစ်တွေမြို့တွင် ယနေ့ဖြစ်ပျက်သည့် အဖြစ်အပျက်များတွင် အာရ်ပီဂျီ ပခုံးထမ်းလောင်ချာ လက်နက်များလည်း ဘင်္ဂါလီ အကြမ်းဖက်သူများထံမှ တွေ့ရှိရသည်ဟုလည်း မျက်မြင်သက်သေများက ဆိုသည်။

သတင်း....YPI

အယ်လ်ကိုင်ဒါနှင့် ဆက်သွယ်သော ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာ ဖမ်းဆီး

ရခိုင်ပြည်နယ်တွင် ဆူပူအကြမ်းဖက်မှုများဖြစ်ပွားစေရန် လှုံ့ဆော်ဦးဆောင်ကြသူများတွင် ပါဝင်သည်ဟု ယူဆရသူ ရိုဟင်ဂျာခေါင်းဆောင်နှစ်ဦးကို သက်ဆိုင်ရာက ယနေ့တွင် ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်များထံမှ စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်တွင် ဒေါက်တာထွန်းအောင်ကို မောင်တောမြို့နယ် သုံးမိုင်တွင် သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာမည့် Air Kanbawza လေယာဉ်၊ ထိုင်ခုံနံပါတ်-၆ တွင် လိုက်ပါစီးနင်းမည်ဟု လက်မှတ်ဝယ်ယူထားသော ၄င်း၏သမီးဖြစ်သူကိုမူ အယ်လ်ကိုင်ဒါနှင့်ဆက်သွယ်သော စာရွက်စာတမ်းများနှင့်အတူ သက်သေအထောက်အထားခိုင်လုံစွာဖြင့် ယနေ့ နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း သက်ဆိုင်ရာထံမှ သိရှိရသည်။
 
သတင်း....  The Voice Weekly

လျှပ်တပြက်ဂျာနယ် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းခံရ

ယခုသီတင်းပတ်ထုတ် လျှပ်တပြက်ဂျာနယ်တွင် ကျောက်နီမော် အဖြစ်အပျက်ကို ရောင်စုံ သတင်းဓါတ်ပုံနှင့် တကွဖေါ်ပြခဲ့ခြင်းကြောင့် စာပေစိစစ်နှင့် မှတ်ပုံတင်ဋ္ဌာနမှ ဂျာနယ် ထုတ်ဝေခွင့်ကို ယာယီရပ်ဆိုင်းလိုက်ကြောင်း ယနေ့ညနေ စာပေစိစစ်ရေး၏ ထုတ်ပြန်ချက် အရသိရှိရသည်။ ယင်းသတင်းဖေါ်ပြချက်ကို လက်ရှိ တည်နေဆဲဖြစ်သည့် စာပေစိစစ်ရေး လုပ်ထုံးလုပ်နည်းများအတိုင်း ကြိုတင်တင်ပြခြင်း မရှိခဲ့ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။ 

 ယခုလို ဂျာနယ် ထုတ်ဝေခွင့်ရပ်ဆိုင်းခံရခြင်းသည် ဦးသိန်းစိန် ဦးဆောင်သည့် အရပ်သား အစိုးရ တက်လာပြီး ၁ နှစ်ကျော်ကာလအတွင်း ပထမဆုံး ဂျာနယ်တစောင်အား ထုတ်ဝေခွင့် ရပ်ဆိုင်းခြင်း ဖြစ်သည်။ စာပေစိစစ်ရေး လုပ်ငန်းစဉ်ကို လာမည့်လကုန်တွင် ရုပ်သိမ်းတော့မည်ဟု သတင်းထွက်ပေါ်နေစဉ်၊ မီဒီယာ ဥပဒေသစ်ကို လွှတ်တော်တွင် တင်သွင်းအတည်ပြုရန် ပြင်ဆင်နေစဉ်တွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်တရပ်ကို ထပ်မံဖေါ်ပြသည့် အတွက် အပတ်စဉ်ထုတ်ဂျာနယ်တစောင်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းရန် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။ 

သတင်း.... YPI

10 June 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ‎ဒေါ်အောင်ဆန်းစုကြည်၏ ဥရောပ ခရီးစဉ်နှင့်ပတ်သက်၍ NLD မှ သတင်းထုတ်ပြန်ချက်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇွန်လ ၁၃ ရက်မှ ၂၉ ရက်အထိ
ဥရောပခရီးစဉ် ထွက်ခွာမည်ဖြစ်သည်။ 

ဥက္ကဋ္ဌသည် ဆွစ်ဇာလန်နိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် ရန်ကုန် မင်္ဂလာဒုံ  လေဆိပ် မှ တီဂျီလေယာဉ်ဖြင့် ၈ျနီဗာမြို့သို့ သွားရောက်မည်။ ဥက္ကဋ္ဌသည် ဇွန်လ ၁၄ ရက်နေ့တွင် ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(အိုင်အယ်လ်အို)ညီလာခံတွင် မိန့်ခွန်းပြောကြားမည်။ 

ဆွစ်ဇာလန်နိုင်ငံ အစိုးရ၏အစီအစဉ်ဖြင့် ဘန်းမြို့သို့ သွားရောက်မည်။ထို့နောက်တွင် ဥက္ကဋ္ဌသည် ဇွန် ၁၅ ရက်၌ နော်ဝေနိုင်ငံ အစိုးရ၏ ဖိတ်ကြားချက်အရ နော်ဝေနိုင်ငံအော်စလိုမြို့သို့သွားရောက်မည်။

 နော်ဝေနိုင်ငံတွင် ငြိမ်းချမ်းရေး နိုဗယ်ဆုကိုကိုယ်တိုင်လက်ခံရယူခြင်းအပါအဝင် အစီအစဉ် အချို့ ကို နော်ဝေ အစိုးရ ၏ စီစဉ် ထားချက်အတိုင်းလက်ခံဆောင်ရွက်ပြီးနောက် ဇွန်လ ၁၈ ရက်နေ့ နေ့လည်တွင် အိုင်ယာလန် နိုင်ငံ ဒဗ္ဗလင်မြို့သို့ထွက်ခွာမည်။

ထိုနေ့တွင်ပင် U2 တေးဂီတအဖွဲ့၏ ဖျော်ဖြေပွဲသို့ တက်ရောက်မည်။ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာ ခွင့် အဖွဲ့ (AI)ကချီးမြှင့်ထားသောဆု(Ambassador of Conscience)ကို လက်ခံရယူမည်။ ဥက္ကဋ္ဌသည် ထိုညတွင်ပင် ဗြိတိန်နိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ ဗြိတိန်နိုင်ငံသို့သွားရောက်လည်ပတ်မည်။ 

ဗြိတိန်နိုင်ငံတွင် ဇွန်လ ၂၆ ရက်အထိ နေထိုင်ကာ ဗြိတိန်လွှတ်တော်တွင်မိန့်ခွန်းပြောခြင်းအပါအဝင် ဗြိတိန် အစိုးရ၏ အစီအစဉ်များအတိုင်း လက်ခံဆောင်ရွက်သွားမည်။ဥက္ကဋ္ဌသည် ဇွန်လ ၂၆ ရက်နေ့ လည် တွင် ပြင်သစ်အစိုးရ၏ ဖိတ်ကြားချက်အရ ပဲရစ်မြို့သို့ ဆက်လက် ထွက်ခွာ မည်။

 ပြင်သစ်အစိုးရ၏ အစီအစဉ်များအတိုင်း ဇွန်လ ၂၉ ရက်အထိပြင်သစ်နိုင်ငံ တွင် နေ ထိုင်ပြီးနောက် ထိုနေ့တွင်ပင် ပြင်သစ်နိုင်ငံမှ ပြန်လည်ထွက်ခွာမည်။

ဥက္ကဋ္ဌသည် ဇွန်လ ၃ဝရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်။


(NLD ပြန်ကြားရေး)

မူဆယ်မြို့ တွင်ဗုံးငါးလုံး ဆက်တိုက်ပေါက်ကွဲ

တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သောမူဆယ်မြို့ တွင်ဇွန်လ ၉ ရက်နေ့ ညသန်းခေါင်ယံအချိန်တွင် ဗုံး ငါး လုံး ဆက် တိုက်ပေါက်ကွဲခဲ့ကြောင်းဒေသခံမျက်မြင်သက်သေများကပြောသည်။

 “ ည ၁၁ နာရီလောက် ကနေ ၁၂ နာရီလောက်ထိတစ်လုံးပြီးတစ်လုံးဆက်တိုက်ကွဲတာ မူဆယ်ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာရှိတဲ့လမ်းလယ်ကျွန်းတွေနဲ့ အမှိုက်ပုံတွေမှာကွဲတာ နောက်ဆုံး
ကွဲတဲ့အလုံးက ဒုသမ တဒေါက်တာဆိုင်းမောင်ခမ်းခြံဝင်းမှာရှိတဲ့အမှိုက်ပုံမှာ” ဟုမူဆယ်ဒေသခံကုန်သည် တစ် ဦးကပြောသည် ဗုံးကွဲချိန်တွင်လူသွားလူလာနဲသောအချိန်ဖြစ်သဖြင့် ထိခိုက် ဒဏ်ရာရသူမရှိသော်လည်းဗုံးကွဲသံမှာ ကျယ်လွန်း သဖြင့်ဒေသခံ များထိတ်လန့် ခဲ့ရကြောင်းသတင်းရရှိသည်။

ပြီးခဲ့သည် မေလ ကုန်ပိုင်းတွင်မူဆယ်လားရှိုးလမ်းမပေါ်တွင်ကုန်ကား သုံးစီးကားလက်နက်ကိုင်တစ်စုက ဗုံးခွဲ ခဲ့သဖြင့် ကုန်ကားများမှာ ယခုချိန်ထိ ည မထွက်ရဲဖြစ်နေခဲ့ရသည်။ ထိုအပြင် ဧပြီလဆန်းပိုင်းကလဲ မူဆယ်ဒေသရှိစစ်ဆေးရေးဂိတ်တစ်ခုတွင် ဗုံးတစ်လုံးကွဲခဲ့သဖြင့် လ၀က အရာ ရှိတစ်ဦးသေဆုံးခဲ့သည်။ 

 သတင်း... 7Day News Journal