06 March 2010
ရွှေခမောက် စာစောင် အမှတ်စဉ် (၁၁၁)...
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကြားနာစစ်ဆေး...(ဗွီဒီယိုသတင်း)
ထိုင်းနိုင်ငံ တွင်အမျိုးသမီးများနေ့ အခမ်းအနားကျင်းပ
ဒီအခမ်းအနားကို တာ့ခ်ခရိုင်င် လူမှုဖူလုံရေးနဲ့ အ လုပ်သမားဦးစီးဌာန တာဝန်ခံအရာရှိ ကိုယ်တိုင် တက်ရောက်ပြီး ခုလို ပြောကြား ပါတယ်။ “ဒီထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာအလုပ်သမတွေလည်း နိုင်ငံတကာ အမျိုးသမီး တွေနဲ့အတူ တန်းတူ အခွင့်အရေး ရှိတယ်ဆိုတာကို အသိအမှတ်ပြုတဲ့ အနေနဲ့ အခုလို ကျင်းပပေးတာပါ။” အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြန်မာအလုပ်သမားတွေအတွက် သူတို့ ရသင့်တဲ့ အလုပ်သမား အခွင့်အရေး အပြင် အမျိုးသမီးအနေနဲ့ ရသင့်ရထိုက်တဲ့ အ ခွင့်အရေးတွေကို သိရှိအောင် ပညာပေး ဟောပြောတဲ့ အစီအစဉ်လည်း ပါဝင်ပါ တယ်။ ဒီအခမ်းအနားကို တက်ရောက်ခွင့် ရတဲ့ ဒေါ်စန်းစန်းက သူ့အမြင်ကို ခုလို ပြောပြပါတယ်၊ “ကမ္ဘာ့အမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေက ဒီမှာလာပြီး အလုပ် လုပ်ကြတယ်၊ သူတို့ရဲ့ လုပ်အားကလည်း တနည်းတဖုံတော့ ဒီထိုင်းနိုင်ငံရဲ့ စီးပွား ရေးမှာ အထောက်အကူပြုတယ်၊ အဲဒါကြောင့်မို့လို့ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဝန် ကြီးဌာန ကနေ ကြီးမှူးပြီးတော့ ဒီနေ့မှာ အလုပ်သမား အမျိုးသမီးတွေကို အလုပ် သမားဌာနတွေကနေပြီးတော့ သူတို့ရဲ့ ပြဿနာတွေ ရှိရင်လည်း သူတို့နဲ့ တိုင်ပင် ဆွေးနွေးပါဆိုပြီး ခေါ်ပြောတဲ့နေ့၊ အလုပ်သမားရေးရာမှာ အနှစ်သာရနဲ့ ကြီးမှူး ကျင်းပလိုက်တယ်လို့ ပြောချင်ပါတယ်။” နိုင်ငံတကာအမျိုးသမီးများနေ့ ကို တက်ရောက်လာတဲ့ မြန်မာအလုပ်သမ တဦးကတော့ “ဒီလိုနိုင်ငံတကာ အမျိုးသမီးနေ့ ရှိတယ်ဆိုတာကို ခုလို အသက် ၂ဝ ကျော် လောက်မှ သိရတဲ့အတွက် စိတ်မကောင်း ဖြစ်ရတယ်ပေါ့၊ ကိုယ့်ဘာသာ ကိုယ်၊ ကိုယ့်မြန်မာပြည်မှာလည်း လူငယ်တွေ၊ အမျိုးသမီးတွေ အနေနဲ့လည်း ဒီလို နိုင်ငံတကာ အမျိုးသမီးနေ့ ရှိတယ်ဆိုတာကို သိစေချင်တယ်။” အခုလို ထိုင်းနိုင်ငံ အလုပ်သမားဦးစီးဌာနအနေနဲ့ နယ်စပ်ဒေသက မြန်မာ ရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးများနဲ့အတူ ၁၉၉ဝ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် တဦးဖြစ်တဲ့ ဒေါ်စန်းစန်းကို ပူးပေါင်း ပါဝင်ဖို့ ဖိတ်ကြား ကျင်းပတာ ဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
ရင်းမြစ်.. DVB
05 March 2010
ယနေ့ မတ်လ(၅)ရက်နေ့လေးကို ပိုင်ဆိုင်ထားတဲ့ မြတ်လေးငုံ ရဲ့ မိန်းမတယောက် ရဲ့ ရင်ဖွင့်သံ .....။
ကျမအိမ်ထောင်ဘက်ကတော့ ကျမတို့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါဘဲ။ သူနဲ့အိမ်ထောင်ကျပြီး သိပ်မကြာလိုက်ပါဘူး။ ကျမအမျိုးသား ထောင်ကိုနောက်ထပ်တခါ ကျခဲ့ရပါတယ်။ (ပထမ)သူထောင်ကျတော့လဲ ကျမစိတ်ထဲမှာ သိပ်ခံစားမှုမရှိခဲ့ပါဘူး။ နောက်တော့ သူကိုအမိန့်ချတဲ့ နေ့မှာတော့ ကျမ တော်တော်ဝမ်းနည်းခဲ့ရပါတယ်။ အမျိုးသားကိုအမိန့်ချတဲ့ သတင်းနားထောင်ပြီး ကျမနဲ့ ကျမသူငယ်ချင်း နီလာသိန်းတို့ အင်းစိန်ထောင်ကြီးကနေ လမ်းကို ဖြေးဖြေးခြင်းလျှောက်ပြီး ပြန်လာလိုက်တာ ကားဂိတ်ကို ဘယ်လိုရောက်မှန်းမသိဘဲ ရောက်ခဲ့ပါတယ်။ သူ မလွတ်တော့ဘူးဆိုတာကို သိတော့ အိမ်ကိုသာပြန်လာတယ်။ လမ်းတလျှောက် ကျမဘဝကိုဖြတ်သန်းဘို့တွေ၊ ဘယ်လို ထောင်ဝင်စာကိုတွေ့ဘို့တွေ၊ ကျောင်းကလဲ ဆက်တက်ချင်သေးတယ်။ ကိုယ်လုပ်ရမဲ့အလုပ်ကို တန်းစီနေတာဘဲလေ။ ဘာကိုလုပ်သင့်တယ် ဘာကိုမလုပ်သင့်ဘူးဆိုတဲ့ အတွေးတွေနဲ့အိမ်ပြန်ရောက်တယ်။
အိမ်ရောက်တော့ ဘယ်သူနဲ့မှ စကားမပြောတော့ဘဲ ကျမတို့ နှစ်ယောက်နေတဲ့ အခန်းလေးထဲကနေပြီး တယောက်ထဲ တွေးနေမိတယ်။ မနက်ရောက်တဲ့အထိ တရေးမှမအိပ်ဖြစ်ခဲ့ပါဘူး။ နောက်ဆုံးတော့ ကိုယ်လုပ်သင့်ဆုံး အလုပ်ကို လုပ်ဘို့ ဆုံးဖြတ်ခဲ့တယ်။ ခုချိန်မှာ အရေးအကြီးဆုံးက ထောင်ဝင်စာဆိုတာကိုဘဲလို့ဆိုပြီး ကျမဘဝအတွက် ဘာတက်လမ်းကိုမှ မလုပ်တော့ဘဲ ကိုယ်ရဲ့အမျိုးသားထောင်ဝင်စာပို့ဘို့ ငါအလုပ်လုပ်ရမယ်ဆိုတာကိုဘဲ ဆုံးဖြတ်လိုက်မိပါတယ်။
အလုပ်ဆိုတာ တခါမှမလုပ်ဘူးတော့ ဘာကိုစလုပ်ရမလဲလို့ တွေးရတာပေါ့။ ငါ့အတွက်ကိုခဏထားပြီး ယောင်္ကျားအတွက်ကို အရင်စဉ်းစားခဲ့ပါတယ်။ ဘဝဆိုတာကို (၂၂)နှစ်မှာစခဲ့ရပါတယ်။ ငယ်လဲငယ်သေးတယ်၊ စိတ်တွေကလဲ တက်ကြွနေတာပေါ့။ ဘာမဆို လုပ်နိုင်တယ်ဆိုတဲ့အချိန်မှာ သူငယ်ချင်းတယောက်က သူတို့ကုမ္မဏီမှာ အလုပ်လျှောက်ဘို့ပြောလို့ ပထမဦးဆုံး အလုပ်အင်တာဗျူးကို စဝင်ခဲ့ရပါတယ်။
လက်တွေတုန် ခြေတွေတုန်ပေါ့လေ။ ကုမ္မဏီလူကြီးကလဲမေး ကျမကလဲဖြေပေါ့။ သူက ကျမအရည်အချင်းကို သဘောကျတယ်။ သူ စဉ်းစားပါမယ်ပေါ့။ နောက် ဘိုင်အိုကိုသူ ဖတ်အပြီးမှာ သူ့မျက်နှာ သိပ်မကောင်းတော့ဘူး။ ကျမလဲ သူ့ကို အကဲခတ်နေတာပါ။ သူကလဲ ရင်ထဲမှာတောင်မထားဘူး၊ တန်းပြီး အိမ်ထောင်သည်ဆိုရင် ဒီကုမ္မဏီက လက်မခံပါဘူးဆိုပြီး ကျမကိုပြောလိုက်တယ်။
ကျမ အရမ်းအံ့သြသွားတယ်။ အလုပ်နဲ့ အိမ်ထောင်းရေးနဲ့ ဘာဆိုင်လဲ။ ကိုယ် သူတို့အလုပ်ကို သေချာလုပ်နိုင်ရင် ပြီးတာဘဲလေလို့ ကျမထင်ပါတယ်။ တကယ်တော့ မြန်မာပြည်ကအလုပ်တွေက အိမ်ထောင်သည်ဆိုရင် အပျိုတွေလို အခွင့်အရေးမရတာကို သိခဲ့ရတယ်။ အဲဒီ အင်တာဗျူးတခုနဲ့တင်ပါဘဲ။
ကျမသူငယ်ချင်းကလဲ ကျမအလုပ်ရမယ်ထင်ထားတာလေ။ ပြန်ထွက်လာတော့ သူက “အိုကေလား” တဲ့။ ကျမက “မအိုကေပါ သူငယ်ချင်းရေ။ အိမ်ထောင်သည်ဆိုလို့ မခန့်နိုင်ဘူးတဲ့။” လို့ဖြေလိုက်တယ်။
သူငယ်ချင်းက “ဟယ်..ငါ သတိပေးဘို့မေ့သွားတယ်။ နင့်ကို အိမ်ထောင်သည်လို့ မပြောဘို့..အပျိုဘဲလို့ ပြောဘို့” လို့ သူကပြောတော့ ကျမ အဲဒီစကားကို မခံစားနိုင်ဘူး။ အဲဒါကြောင့် “တော်ပါပြီ..ငါ မလုပ်ချင်တော့ဘူး။ ကျေးဇူး သူငယ်ချင်း” ဆိုပြီး နှုတ်ဆက်ပြီး ပြန်လာခဲ့တယ်။
အိမ်ရောက်တော့ ပါပါ နဲ့ မေမေ့ကိုပြောပြတာပေါ့။ “သမီး အပြင်အလုပ် မလုပ်တော့ဘူးမေမေရယ်..ကိုယ်ပိုင်အလုပ်ဘဲ လုပ်မယ်နော်..” လို့မေမေကို ပြောခဲ့ပါတယ်။ ပါပါနဲ့ မေမေကလဲ “ကောင်းတယ်..လုပ်” ဆိုပြီးအားပေးခဲ့ပါတယ်။ ကျမတို့မေမေက ကျောက်ဆည်သူဆိုတော့ စဥ့်ကိုင်ဘက်မှာ ရှောက်သီးအလုံးလိုက်ကို ယိုထိုးပြီး ပြန်ရောင်းတာတွေ ကြည့်ပြီး ကျမ သိပ်ကိုစိတ်ဝင်စားခဲ့ပါတယ်.။ မေမေနဲ့ ကျောက်ဆည်ကပြန်လာတော့ ရန်ကုန်ရောက်တယ် ဆိုတာနဲ့ သွားရောက်လေ့လာခဲ့တဲ့ ရှောက်သီးလုံးယိုကို စပြီးစမ်းသပ်ကြည့်လိုက်တာပေါ့။ ပြီးတာနဲ့ ပြန်လုပ်ကြည့်ပေါ့။
နောက်တော့ အဆင်ပြေသွားတယ်။ ကျမတို့နဲ့ ငယ်ငယ်ကထဲက အကိုတွေလိုနေလာခဲ့တဲ့ (ယုဇနလက်ဘက် ပိုင်ရှင်) (ကိုကို)ကို ပြောပြတယ်။ “ညီမ..ဆက်လုပ်”...တဲ့။ ရှောက်သီးလုံး ယိုထိုးပြီးသားတွေကို “ဆိုင်မှာတင်ပေးပါ” လို့ ပြောပြတော့ “အိုကေ လုပ်..တင်ပေးမယ်။” လို့ပြောပါတယ်။ (ယုဇနလက်ဘက်ဆိုင် )နဲ့ ကျမတို့အိမ်နဲ့က နီးနီးလေးနေတာပါ။ အဲဒါနဲ့ မိုးမခ ရှောက်တလုံးယို ဆိုတဲ့နံမည်လေးနဲ့ စလုပ်ခဲ့တယ်။ တဖြေးဖြေးနဲ့ နာမည်ရလာခဲ့ပါတယ်။
နှစ်နှစ်လောက်လုပ်ပြီးချိန်မှာ ကျမလို ရှောက်တလုံးယိုကို ကျန်တဲ့သူတွေလဲ လိုက်လုပ်လာကြတော့တာပါဘဲ။ ကျမက လူခွဲမရှိဘူး။ ကျမတယောက်တည်း ကိုယ်တိုင်လုပ်ရတာပါ။ အလုပ်သမားလဲကျမ၊ အလုပ်ရှင်လဲကျမ၊ ပစ္စည်းပို့လဲကျမ ငွေသိမ်းလဲကျမ၊ ကုန်ကြမ်းဝယ်လဲကျမလုပ်ခဲ့ရတာ တော်တော်ပင်ပန်းခဲ့ရတယ်။
ဒီလိုနဲ့ ကျမစီပွားရေးလဲလုပ် ကျမတို့(NLD)ပါတီမှာလဲ လုပ်သေးတာကိုး။ အဲဒီတော့ အာဏာပိုင်တွေက ပါတီမှာလုပ်တော့ “မေးစရာရှိလို့ လိုက်ခဲ့ပါဦး”တွေကလဲ ခဏခဏပါဘဲ။ သူတို့ခေါ်ရင်တပါတ်၊ တလ၊ တခါခါလဲ၂ရက်၊ ၃ရက်ဆိုတော့ စီပွားရေးအလုပ်ကလဲ ပျက်ခဲ့ရတာပေါ့။ နိုင်ငံရေးနဲ့စီးပွားရေး အတူတူလုပ်လို့မရဘူးဆိုတာ တော်တော်လေးကို သိလာခဲ့တယ်။ နောက်တော့ စီးပွားရေးကို သေချာမလုပ်နိုင်တော့ပါဘူး။ အဲဒီလို နေလိုက်တာ ဆယ်လလောက် ကြာသွား ခဲ့တယ်။ နောက်ဆုံးတော့ သူများအလုပ်ကို ကျမ အပျိုပါဆိုပြီး အလုပ်ကိုပြန်လျှောက်ခဲ့ရပါတယ်။ အပျိုဆိုတာနဲ့ အလုပ်ရှင် ကလဲ တန်းခန့်တော့တာပါဘဲ။ ကျမစိတ်ထဲမှာ အပျိုဆိုတဲ့ မိန်းမတယောက်ရဲ့ဂုဏ်က ဘာနဲ့မှလဲလို့ မရပါဘူးလို့တောင် စိတ်ထဲမှာ ခံယူထားလိုက်တယ်။
ကျမအနေနဲ့ပြောရမှာက ယောင်္ကျားကထောင်ထဲမှာဆိုတော့ ဘာအမှုနဲ့လဲ လို့မေးရင် ဖြေရအုံးမယ်။ နောက်အလုပ်လဲ ပေးတော့မှာ မဟုတ်ဘူး။ သိတယ်လေ ထောင်ကျတာလို့မေးမှာကလဲ ကြောက်သေးတယ်။ သူတို့ကိုပြောလိုက်ရင် နိုင်ငံရေးသမားပါဆို ကြောက်အုံးမယ်၊ဒီလိုနဲ့ကျမရဲ့ အဖေ(ပါပါ)လဲဆုံးတဲ့အချိန် ကျမလဲ စိတ်တွေကို မနည်းစုစည်းနေရ တာပေါ့။ အဖေကလဲဆုံး ယောင်္ကျားကလဲထောင်ထဲမှာဆိုတော့။
နောက်တော့ ကုမဏီတွေမှာဘဲ အလုပ်ပြန်လုပ်ဘို့ကို ဆုံးဖြတ်ရပါတယ်။ အပျိုဆိုတာဘဲ ကောင်းမယ်ထင်ပါတယ်လို့၊ ယောင်္ကျားတွေနဲ့ အလုပ်လုပ်နေရတော့ အိမ်ထောင်သည်ဖြစ်ပြီး ယောင်္ကျားမရှိရင်မလုံခြုံဘူးလေ။ အပျိုဆိုတာကတော့ ကျမတို့မိန်းမတွေအတွက်အလုံခြုံဆုံးပါဘဲ။ အရှိန်လဲရှိတယ်။ ထောင်ဝင်စာကို ကျမရိုးသားစွာနဲ့ပို့ပေးနိုင်ခဲ့ပါတယ်။
ထောင်ဝင်စာပို့ဘို့ စနေနေ့ကိုရောက်လို့ အင်းစိန်ကိုရောက်တဲ့အခါ ကျမအမျိုးသားကိုတွေ့ချင်တဲ့ သူငယ်ချင်းကလဲ လိုက်လာလို့ ကျမအမရဲ့မှတ်ပုံတင်နဲ့ ဧည့်တွေ့လုပ်ပေးလိုက်တယ်။ ခဏနေတော့ ကျမ ပစ္စည်းတွေစစ်နေတုန်း အန်တီရဲ့ စနေ၊ တနင်္ဂနွေ ခြံရှေ့က ဟောပြောပွဲအခွေကိုတွေ့ပြီး ကျမနဲ့ကျမသူငယ်ချင်းကို အင်းစိန်ထောင်ထဲက မိန်းမအချုပ်ထဲကို တန်းပြီးထည့်လိုက်တော့တာပါဘဲ။ ကျမကတော့ ထင်လိုက်ပြီ။ ငါတော့ အမှု နှစ်ခုဘဲ။ ဧည့်တွေ့မှာ အမမှတ်ပုံတင်ကို သုံးတာကတမှု၊ အခွေကတမှုပေါ့။
မကြာပါဘူး ထောင်ဝါဒါမ တယောက်လာပြီး ကျမတို့နာမည်ကိုခေါ်တယ် လိုက်ခဲ့ပေါ့။ သူ့အင်္ကျီမှာ သူ့နာမည်ကို ကြည့်လိုက်တော့ “မသက်မွန်”တဲ့။ ဘုရားကို တလိုက်မိတယ်။ဘာဖြစ်လို့လဲဆိုတော အဲဒီအမျိုးသမီးက တော်တော် ဆိုးတဲ့ ထောင်ဝါဒါမဆိုတာကို သိထားတဲ့ ကျမကတော့ အခြအနေမကောင်းဘူးဆိုတာကို သိနေလို့ပါ။
နောက် ကျမကိုစစ်တော့တာဘဲ။ အမှန်တော့ ကျမဒီအခွေကို ကိုယ်တိုင်ဖြန့်နေတဲ့သူပါ။ ဒါကို သူတို့ကလဲသိနေမယ် ထင်ပါတယ်။ ကျမလဲ လိမ်နည်းမျိုးစုံနဲ့လိမ်ပြီးပြော၊ ကျမလိမ်တယ်ဆိုတာကို သူတို့လဲသိပါတယ်။ အချိန်ကြည့်လိုက်တော့ ၃နာရီရှိနေပြီ။ ထောင်ဝင်စာပိတ်ပြီပေါ့။ ၂ နာရီဆို ထောင်ဝင်စာက ပိတ်တာ။ ကျမမေးချင်တယ် မေးလို့ရမလားဆိုပြီး ကျမကို စစ်နေတဲ့လူကိုပြောတော့ သူက“မေး..”တဲ့။
“ကျမအမျိုးသားကို ထောင်ဝင်စာတွေ့လို့ရသေးလား..”လို့မေးတော့ သူတို့က လုပ်ပေးပါမယ်ဆိုပြီးပြောတော့ တော်တော် ပျော်သွားတယ်။ ဗိုက်ကလဲဆာနေတော့ ကျမဗိုက်ဆာတဲ့အကြောင်းထပ်ပြောလိုက်တော့ ကျမကိုမုန့်ကျွေးပါတယ်။ ကျမကို သူတို့က “မလိမ်ပါနဲ့ ..မှန်မှန်ပြော”ပေါ့။ ကျမလဲ ထပ်လိမ်တာဘဲ။
အဲဒီအချိန်မှာ ကျမတို့ခေါင်းဆောင်ဆီကို ကျမ အင်းစိန်ထောင်မှာ အဖမ်းခံထားရတယ်ဆိုတဲ့သတင်းက ရောက်နေခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ထောင်ဝင်စာအတူတူလာတွေ့ကြတဲ့ တခြားနိုင်ငံရေးအကျဉ်းသားမိသားစုတွေက ထောင်ဝင်စာ တွေ့ပြီးအပြန် အန်တီခြံထဲကိုသွားပြီး ကျမအခြေအနေကို သတင်းပေးလိုက်ကြလို့ ဖြစ်ပါတယ်။
ညနေ၅နာရီခွဲလောက်မှာ ကျမကို သူတို့က ထောင်ဝင်စာတွေ့ခွင့်ပေးခဲ့ပါတယ်။ သီးသန့်ထောင်ကိုအသွားလမ်းမှာ ကျမအမျိုးသားကို ဘာမှမပြောဘို့ ကျမအခြေအနေတွေကို သေချာမှာတယ်။ ကျမက ပြန်ပြောလိုက်တယ်။ “သူသိနေပြီ.. ဘာဖြစ်လို့လဲဆိုတော့ ကျမကိုဖမ်းထားတာကို ထောင်ဝင်စာမိသားစုအားလုံးသိတယ်။ သူမေးရင်တော့ ဖြေမယ်။ မမေးရင်တော့ ကျမမဖြေဘူး” ဆိုပြီးပြောလိုက်တယ်။
ထောင်ဝင်စာတွေ့ရတဲ့အခါကျတော့ ထောက်လှန်းရေးတွေက သူ့နောက်မှာကော ကျမနောက်မှာကော စောင့်နေကြတယ်။ ခဏနေတော့ ပြန်ရတော့မယ်ဆိုပြီး ကျမကိုကားပေါ်တင်တယ်။ ကျမအမျိုးသားကတော့ “အတွင်းထောင်ဝင်စာ” တွေ့ရပြီ ပေါ့လို့ ပြောပါတယ်။ ကျမလဲ အတူတူပါဘဲ၊ သူထင်ထားသလို ထင်ထားလိုက်ပါတယ်။ ဒါပေမဲ့ မဟုတ်ဘူး။ သူတို့က ကျမကို အိမ်ပြန်ပို့ပေးခဲ့ပါတယ်။ အချိန်ကြည့်တော့ ခုနှစ်နာရီထိုးတော့မယ်။ ကျမ ကံကောင်းလို့ ထောင်မကျခဲ့ရပါဘူး၊ ထောင်ကျရမယ် ဆိုတဲ့ကံ မပါလာခဲ့ဘူးပေါ့..။
ကျမအိမ်အထိ သူတို့လိုက်ပို့ပေးပါတယ်။ သူတို့ပြန်တာနဲ့ အိမ်ကနေ ကားငှားပြီးကျမတို့ခေါင်းဆောင်ဆီကို ပြေးရတာ။ အန်တ်ီခြံရှေ့မှာ စောင့်နေတဲ့ ထောက်လှန်းရေးတွေနဲ့ အရင်တွေ့ပြီးအန်တီဆီကိုရောက်ခဲ့တယ်။ အန်တီနဲ့တွေ့ပြီး ပြန်ရောက်ပါပြီ ဆိုပြီးသတင်းပို့ခဲ့ပါတယ်။
အန်တီပြန်ပြောလာတဲ့စကားလေးကို ခုထိမှတ်မိနေဆဲပါဘဲ။ “သမီး သတိရှိပါ သေချာပြင်ဆင်ပြီးတော့လုပ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို လွယ်လွယ်နဲ့ မလုပ်ပါနဲ့။ လွယ်လွယ်နဲ့လုပ်ရင် ကိုယ်ဘဲနစ်နာရမယ်။ ကျမကိုဘာတွေမေးလဲ”ဆိုပြီး သူ ပြန်မေးခဲ့ပါတယ်။ စကားနည်းနည်းပြောပြီး ကျမကိုပြန်နားခိုင်းပါတယ်။ ကျမလဲ သေချာပြန်ပြောပြပြီး အန်တီကို နှုတ်ဆက်ပြီးပြန်လာခဲ့ပါတယ်။
ကျမလိုဘဲ တချို့က ယောင်္ကျားသားတွေထောင်ထဲမှာ။ တချို့ဆိုရင် အိမ်ထောင်တောင်မပြုရသေးဘဲနဲ့တောင် ခံယူချက်နဲ့ လုပ်ရပ်ကို လေးစားတန်းဘိုးထားပြီး ထောင်ဝင်စာကို ပို့ပေးခဲ့တဲ့ အမျိုးသမီးတွေ အများကြီးပါဘဲ။
ယောင်္ကျားက ထောင်ထဲမှာနေနေရချိန်မှာ ကျမကိုအာရုံစူးစိုက်နေတဲ့ ပါတ်ဝန်းကျင်ကတမျိုး။ ကျမတယောက်တည်း ဖြတ်သန်းခဲ့ရတဲ့အချိန်မှာ ကျမအမျိုးသားနေကောင်းလား..?။ ကျမဘယ်လိုနေထိုင်နေသလဲ..?ဆိုပြီး ကျမကို မေးဖော်မရတဲ့အပြင် ကျမကိုကြည့်ပြီး “ရယ်ချင်ရယ်ပြန်ပြီ ငိုရင်ငိုပြန်ပြီ”ဆိုတဲ့ ပါတ်ဝန်းကျင်ကတမျိုး…။
လူတွေကအကောင်းပြောဘို့ဆိုတာ သိပ်ကိုဝန်လေးတတ်ကြတာဆိုတာတော့ သိပါတယ်။ မကောင်းတာကို ပြောဘို့ဆိုရင်တော့ လွယ်ကူစွာ ပြောမယ်ဆိုတာဘဲနော်.။ ကျမ အမျိုးသားကို ကျမ ယနေ့ထိ ကျေးဇူးတင်တာ တစ်ခုရှိပါ တယ်။ အဲဒါကတော့ ကျမရဲ့ ကိုယ်ကျင့်တရားကို သူသိနေလို့ပါဘဲ.။ သူ ထောင်ကျနေတဲ့အချိန်မှာ ကျမကို ခုနက ပြောခဲ့သလိုပေါ့။ ကျမက ဘာဖြစ်နေပြီ...ကျမက ဘယ်လိုနေနေတာ ဆိုတာတွေကို ကျမ အမျိုသားထံကို အကြောင်းကြားတဲ့ လူတွေကလဲ ရှိပါသေးတယ်။ ကျမသိပ်ကို အံ့သြမိတယ်။ တကယ်ပါ.။ ကျမ အမျိုးသားနဲ့ ထောင်ဝင်စာတွေ့တော့ ပြောဖြစ်ခဲ့ကြတယ်.။ သူလဲရယ် ကျမလဲရယ်ကြတာ။ အမျိုးသားကပြောပါတယ်။ “ဘာမှ ပြန်မတုန့်ပြန်ပါနဲ့။ တို့ နှစ်ယောက် တယောက်ကိုတယောက်နားလည်ရင် ယုံကြည်မှုရှိရင် ပြီးတာဘဲ” ဆိုတဲ့ သူရဲ့အားပေးတဲ့စကားကတော့ ကျမအတွက် အဲဒီအချိန်မှာ အားတစ်ခုပါဘဲ.....။
လူ့လောကကြီးရဲ့ ဘဝဇာတ်ခုံကို(၇)နှစ်ကျော်ကျော်ဖြတ်သန်းခဲ့ပြီး အဲဒီလိုဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံကတော့ လူတွေရဲ့ စိတ်ဓာတ်တွေကိုလဲ ကောင်းကောင်းနားလည်အောင် ဖတ်တတ်ခဲ့တာ ကျမအတွက် အမြတ်တခုပေါ့လေ….။
၁၅ မိနစ်လောက် ထောင်ဝင်စာတွေ့ဘို့ကို ကြိုတင်ပြင်ဆင်ရတာ မလွယ်ပါဘူး။ ဟိုဟာလေးတွေွ့လဲ သူ့အတွက်၊ ဒီဟာ လေးတွေ့လဲသူ့အတွက်၊ ကိုယ့်အတွက်ဆိုတာ မရှိခဲ့ပါဘူး။ ကြော်လှော်ချက်ပြုတ်၊ အိပ်နဲ့ထုပ်၊ ပြီးရင် ခြင်းထဲထည့်၊ ထောင်ကိုပြေး တခါခါလဲ မမှီမှာစိုးပြီး နေ့လည်စာထမင်းကို မစားဖြစ်တာများပါတယ်။
သူနဲ့တွေ့တော့ အဆင်ပြေလားလို့မေးလာတော့လဲ ပြေပါတယ်ပေါ့လေ။ မပြေဘူးပြောလို့ သူ ဘာတတ်နိုင်မှာလဲ၊ သူ့စိတ် ထဲမှာမကောင်းရုံဘဲရှိမယ်။ ၁၅မိနစ်လောက်လဲတွေ့ပြီးရော “အချိန်ပြည့်ပြီ”နဲ့တိုးတော့ ပြန်ခဲ့ရပြန်တာဘဲ၊ ထောင်က အပြန်လမ်းမှာ ဟိုတွေးဒီတွေးလုပ်ဖြစ်ပြန်တယ်။ ဒီလိုနဲ့ တရက်၊ တလ၊ တနှစ်ကုန်လွန်ခဲ့ရတာပါ။
ပင်ပန်းလွန်းတော့ ညဆိုဘာမှမစဉ်းစားနိုင်ပါဘူး။ မနက်ရောက်တဲ့အထိ တရေးဘဲ။ နိုးတာနဲ့ စက်ရုပ်တရုပ်လိုပေါ့။ အလုပ်သွား၊ အလုပ်ပြန်၊ မြန်မာနိုင်ငံကလိုင်းကားတွေကို တိုးပြီးစီးရတာလဲ အကျင့်ဖြစ်နေပါပြီ။ ဒီကြားထဲ ကားပေါ်မှာ မိန်းခလေးငယ်ငယ်ဆိုရင် အနောက်ကနေ စော်ကားချင်တဲ့ ယောင်္ကျားတွေကရှိသေးတယ်။ ကားစီးလို့ ဆောင်ရတဲ့ သံချွန်ကလဲ မပါမနေပေါ့။ ကိုယ့်လုံခြုံရေးအတွက် ပြင်ဆင်ရသေးတယ်။
အလုပ်ရောက်ရင်လဲ မျက်နှာကိုအမြဲချိုအောင်ထားရသေးတဲ့ဒုက္ခ.. ။ မိန်းမဆိုရင် အကဲစမ်းမဲ့ လူတွေကျတော့ ပညာ သုံးရပြန်တယ်လေ..။ အဲလိုတွေလုပ်နေပြီး ကိုယ့်ဘဝကို အကောင်းဆုံးဖြစ်အောင် ဖြတ်သန်းခဲ့ရပါတယ်။
နောက်ဆုံး ကျမအမတွေကလဲ ကျမကိုဝိုင်းကူညီ၊ ကျမကလဲ မခံချင်စိတ်နဲ့ကြိုးစားဖြစ်လာတယ်။ နောက်တော့
ကျမစီပွားရေးကို ကိုယ်ပိုင်ပြန်လုပ်၊ ကျမအမျိုးသား ထောင်ထဲကပြန်လွတ်လာတဲ့အချိန်မှာ ကျမသူ့အတွက် ဘာမှ မျက်နှာမငယ်ရအောင် ပြင်ဆင်ပေးခဲ့ပါတယ်။ နေစရာအိမ်၊ သူလုပ်မယ်ဆို သူလုပ်ချင်တဲ့အလုပ်အကိုင်၊ သူ့ကိုမသိတဲ့ လူတွေကနိုင်ငံခြားက ပြန်လာတယ်တောင်ထင်ခဲ့ပါသေးတယ်။
တကယ်ပါ ကျမ ကြွားမပြောပါဘူး။
ယောင်္ကျားပြန်လွတ်လာတော့ သူက စီးပွားရေးကိုနားမလည်ဘူး။ တနှစ်နဲ့တနှစ်က မတူကြဘူးမဟုတ်လား။
သူဆိုရင် ထောင်ထဲမှာ ရ နှစ်နေပြီး ပြန်ထွက်လာတော့ ဘယ်လိုလုပ်ပြီး နားလည်မလဲနော်.။ ကျမလုပ်တာတွေကို သူ ဘေးကဝိုင်းကူညီပေးပါတယ်။ သူနဲ့စီပွားရေးက အဆက်ပြတ်တာကြာတော့ သူမလုပ်တတ်ခဲ့ပါဘူး။ ကျမသွားလေရာကို သူလိုက်တယ်၊
သူလွတ်လာတော့ ခေတ်စနစ်တွေက ပြောင်းလဲလာပြီလေ။ သူဘေးကနေဘဲ လိုက်နေရတယ်။ တကယ်တော့ ကျမလုပ်တာတွေကို သူစိတ်မဝင်စားဘူး။ သူကနိုင်ငံရေးသမားပီပီ သူလုပ်ချင်တာက နိုင်ငံရေးလေ…။
ကျမလဲ လောဘကရှိတော့ အလုပ်လုပ်ချင်သေးတယ်။ ကိုယ်လုပ်သလောက် လုပ်လို့ရနေတော့ ကိုယ်သိနေတာပေါ့။ မိန်းမတွေ အလုပ်ကိုလောဘကြီးတာကို ကျမကတော့ လက်တွေ့ပါဘဲ။ ဒါပေမဲ့ ကိုယ်ပိုင်စီးပွားရေးတွေ ဘယ်လောက် ရှာဖွေနိုင်ပေမဲ့ ကိုယ်အရည်အချင်းတွေ ဘယ်လောက်များများရှိပေမဲ့…။
တခါတခါတော့လဲ မိန်းမတယောက်ရဲ့ ရင်ဖွင့်သံ ဆိုတာတော့ ရှိတာပါဘဲ…………။
တခါတခါလဲ ကိုယ်ကမိန်းမတယောက်လေ၊ ဘယ်လောက်ဘဲခံနိုင်ပါစေ……….။
တခါတခါတော့ ကျမမောပန်းမိတာကို ပြောပြချင်တာပါဘဲ…….…။
မိန်းမဆိုတဲ့စိတ်နဲ့ ဘယ်လိုဖြတ်သန်းလုပ်ကိုင်ရပါစေ...........။
ဘာဘဲဖြစ်ဖြစ် ကိုယ့်ရဲ့မခံချင်စိတ်ကိုဘဲ ကျမ အမြဲတမ်းနှလုံးသွင်းထားလို့ အရာအားလုံးကိုဖြတ်သန်းနိုင်ပါတယ်…….။
ဒါပေမဲ့ စိတ်အားငယ်တယ်ဆိုတာ လုံးဝမရှိတာကတော့ အသေချာဆုံး အဖြေပါဘဲ။
ကျမဘဝမှာခုတော့……မိန်းမတယောက်ရဲ့ရင်ဖွင်သံပေါ့ ……။
ဒီလိုမျိုးတွေ ဖြတ်သန်းလာတဲ့မိန်းမတယောက်ရဲ့ ရင်ဖွင်သံဆိုတာ ဒါပါလားလို့တွေးရင်းနဲ့………။
ကျမ ရဲ့ (၃၈)နှစ်မြောက် မွေးနေ့မှာ ကျမ ဖြတ်သန်း ခဲ့ရသော ဘဝပုံရိပ် တချို့ကို အမှတ်တရ
ရေးသားလိုက်ပါတယ်..။
မြတ်လေးငုံ
“ပြည်ထောင်စုအမျိုးသားကောင်စီ - မြန်မာနိုင်ငံ” မှပေးပို့ လာသော ဂုဏ်ပြုမှတ်တမ်း။
Certificate of Honor
တင်ပေးသော“ပြည်ထောင်စု အမျိုးသားကောင်စီ - မြန်မာနိုင်ငံ” (http://www.ncum.info/) အား
ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြောကြားအပ် ပါသည်.။
04 March 2010
ချစ်သမီး အတွက် မေမေ ရဲ့ လွမ်းချင်း...။
သမီးလေး ...သမီးလေး...
နွေးထွေးစွာနဲ့ ချော့သိပ်ချင်ပါတယ်.
ဒါပေမယ်.. မေမေက ဟိုးအဝေးတနေရာမှာလေ...။
သမီးလေး သမီးလေး...
ပျော်ရွှင်စွာနဲ့ ဆော့ကစားချင်ပါတယ်...
ဒါပေမယ့် ..မေမေ ရဲ့ အတွေးတွေပါလေ..။
သမီးလေး ..သမီးလေး..
တယုတယနဲ့သမီးလက်လေးကိုအတူတွဲပြီး ကျောင်းကိုလိုက်ပို့ချင်ပါတယ်..
ဒါပေမယ့် ...မေမေ က(၁၀)ပေပါတ်လည် အခန်းကျဉ်း လေးထဲမှာလေ..။
သမီးလေး..သမီးလေး..
ရယ်သံ လေးတွေ ငိုသံ လေးတွေ နဲ့အတူ သမီးကို မြင်ချင်မိပါတယ်...
ဒါပေမယ့်... မေမေ ဘေးမှာ ဘာမှမရှိဘဲ မေမေ တယောက်တည်းပါလေ..။
သမီးလေး ..သမီးလေး..
သိပ်နှစ်သက်မဲ့ အရုပ်လှလှ လေးတွေ ကို သမီးအတွက် မေမေ ဝယ်ပေးချင်ပါတယ်...
ဒါပေမယ့် ... မေမေ ကိုသိပ်ရက်စက်တဲ့ စစ်ဘီးလူး တွေက ချုပ်နှောင်ထားခဲ့တယ်လေ..။
သမီးလေး..သမီးလေး...
မေမေ ကိုယ်တိုင် နွေးထွေးယုယ စွာနဲ့ ပြုစု ချင်မိတယ်သမီးလေးရယ်...
ဒါပေမယ့် ... အခုတော့ မေမေ လုပ်ပေးချင်တာတွေကို အိပ်မက် လေးထဲကနေပြီးလုပ်ပေးနေလိုက်ပါတယ်..။
သမီးလေး သမီးလေး....
ဧပရယ် ရဲ့ နေ့လေးတနေ့ မှာ မေမေ တို့ မိသားစု လေးအပြုံးကိုယ်စီ နဲ့ ပြန်တွေ့ကြမယ်နော်...
ဒါပေမယ့် ...အဲဒီနေ့လေးကတော့ သမီးလေး ရဲ့ မွေးနေ့ လေးပေါ့ သမီးလေးရယ်..။
သူငယ်ချင်း နီလာသိန်း အတွက် မှတ်မှတ်ရရ
သူငယ်ချင်းရေ ...ဆယ်ကျော်သက်အချိန်လေးတွေကို ပြန်လည် သတိရ လွမ်းဆွေး မိပါတယ်ဟာ...
ကြယ်စင် သို့ မှာတမ်း..(သို့) မခင်ငြိမ်းသစ် မှ နီလာသိန်း ..။
ချစ်သမီးရေ……
ပြည်သူတွေရဲ့ အလျံငြီးငြီး လောင်နေတဲ့ မီးက…….သောက၊
မလောက်ငှတဲ့ ၀င်ငွေနဲ့ နေ့စဉ် အသုံးစရိတ်ကြား
ကျောင်းနေရွယ် ကလေးငယ်တွေ….. စာသင်ကျောင်း ကို ကျောခိုင်းပြီး
လုပ်ငန်းခွင်မှာ မနိုင်ဝန် တွေ ထမ်းနေကြရတယ်။
စစ်တပ်ထဲမှာ အသက်မပြည့် သူတွေကို မိုင်းနင်းခိုင်းဖို့ ၊ ရင်နဲ့ ရင်းပြီး အသေခံ ခိုင်းဖို့၊
သူတို့ရဲ့ အာဏာ တည်မြဲဖို့ ဆန္ဒ မပါဘဲ အတင်းဆွဲ ခေါ်နေတယ်။
အမျိုးသမီး မှန်ရင် စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား တာ ကို အချိန်မရွေး
ခံရ နှိုင်တယ်။
မှားတာ ကို မှားတယ် လို့ ထောက်ပြသူ၊ ပြင်ဖို့ လိုတာကို ပြင်သင့်တယ်လို့
ဆိုသူတွေဟာ သူတို့ရဲ့ ရန်သူ၊ ပြင်းပြင်းထန်ထန် နိုပ်ကွက် ပစ်လိုက်တတ်
တယ်။
သမီးရေ……ပြည်သူတွေ ဘ၀ လုံခြုံ ဖို့ အရမ်းလိုအပ်တယ်၊
ဒါကြောင့်… မေမေတို့ ရှေ့တန်းက တိုက်နေတယ်၊
သမီးရေ….နီလာနဲ့ဂျင်မီ ရဲ့ သမီးအဖြစ် ပြည်သူ့ အချစ်ကို ခံယူနော်။
သမီးရေ…….မျိုးဆက်သစ် ပီသ ပါစေ၊
သမီးရေ…….မေမေတို့ ခေတ်မှာ မညံခဲ့ဘူး၊ သမီးတို့ ခေတ်ရောက်ရင်
တော်အောင် ကျိုးစားနော်၊ ဒါမှ မျိုးဆက်သစ်။
သမီးရေ…..သမီးလိုဘဲ မိဘ ရဲ့ ရင်ငွေ့ မှာ ခိုလှုံ ခွင့် မရ တဲ့ ကလေးတွေ
သန်းနဲ့ချီပြီး ရှိတယ်၊ သမီးကမှ အရိပ် အမိုး ရှိသေးတယ်၊ တချို့ ဆိုရင် အရိပ် အမိုး မဲ့ နေကြတယ်၊ ဒီလို ကလေးတွေကို သူတို့ တွေကဘဲ ပြည်ပ
နှိုင်ငံတွေ ကို ရောင်းစား လိုက်ကြတယ်၊ သန်းနဲ့ချီတဲ့ ကလေးတွေ အတွက်
အရိပ် အမိုး မဖြစ်ရင်တောင်မှ အမိုး မိုးဖို့ ဒေါက်တိုင် ဖြစ်ရင် မေမေ့ တို့ အတွက် သမီးဂုဏ်ယူနော်။
နီလာသိန်းနဲ့ ၂၀၀၇ ဇူလှိုင်လက စကားပြောဖြစ်တော့ သူပြောခဲ့တဲ့ သဘောထား ပေါ်မှာ ရေးဖြစ်ခဲ့တာပါ။
ညီမ နီလာ မွေးနေ့ (၁၀၀) ကျင်းပ နှိုင်ပါစေ။
မကြာခဏ… သာယာဝတီ ထောင်ထဲကို သတိရ ရင်း...
03 March 2010
ကလေးကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်၍ ဦးအောင်မျိုးမင်းနှင့် အင်တာဗျူး
လူ့အခွင့်အရေးလှုပ်ရှားသူတွေ ကတော့ ထိရောက်တဲ့ပညာပေးမှုတွေကို အာဏာပိုင်တွေဘက်က သေသေချာချာ လုပ်ဘို့လိုတယ်လို့ ထောက် ပြကြပါတယ်။ ဒီအကြောင်းကို စုံစမ်းမေးမြန်းထားတဲ့ ကိုကျော်အောင်နိုင်က ရှင်းပြပေးပါအုံးရှင်။
“လူကုန်ကူးမှုကိစ္စတွေ မြန်မာပြည်မှာရှိနေတာ ဆယ်စုနှစ်နဲ့ချီပြီးတော့ ကြာလာခဲ့ပေမယ့်လည်း ဒီပြဿ နာတွေကို ဖော်ထုတ်တားဆီးဘို့ မြန်မာအာဏာပိုင်တွေဘက်က ထင်ထင်ရှားရှား လုပ်ဆောင်လာတာက ၂၀၀၈ ခုနှစ်လောက်ကမှပါ။ တားဆီးမှုတွေ ရှိနေတယ် ဆိုပေမယ့်လည်း ပြဿနာတွေက လျော့မသွားဘူးလို့ ထိုင်း အခြေစိုက် HREIB လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ဆိုတဲ့ အဖွဲ့ရဲ့ ညွှန်ကြားရေးမှုး ကိုအောင်မျိုးမင်း က ပြောပါတယ်။”
“ကျနော်တို့ သုတေသနလုပ်ချက်အရ ဆိုလို့ရှိရင်တော့ ဒီမြန်မာပြည်ကလူတွေ အထူးသဖြင့် ကလေး ငယ်တွေ အပါအဝင် လူကုန်ကူးမှုကိစ္စတွေက ပိုမိုများပြားလာတယ်။ ထိုင်းနိုင်ငံဘက်မှာ ကျနော်တို့ အရင်တုန်း ကဆိုလို့ရှိရင်တော့ ဒီအမျိုးသမီးနဲ့ ကလေးတွေကိုဘဲ့ ကူးသန်းရောင်းဝယ်မှုရှိတဲ့ နေရာကနေ အခုဆိုရင် အရွယ် ရောက်တဲ့ အမျိုးသားတွေကို ကူးသန်းရောင်းဝယ်မှုပုံသဏ္ဍာန် ကျနော်တို့ အများကြီး ပိုပြီးများလာတာကို တွေ့ ရပါတယ်။ နောက်တခု တရုတ်နိုင်ငံဘက်မှာ ဆိုလိုရှိရင်တော့ အမျိုးသမီးနဲ့ကလေးတွေက အရင်ကထက် ပိုပိုပြီး ကူးသန်းရောင်းဝယ်ခံရတဲ့အချက်တွေက ရှိနေပါတယ်။ ဒါကြောင့်မို့လို့ အစိုးရက ဘာဘဲ့ပြောပြော ဒီလူကုန်ကူး မှုကိစ္စတွေက လျော့သွားတာမျိုး မရှိဘဲနဲ့ ထပ်ပြီးတိုးပွားလာတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။”
ဒီကနေထုတ် မြန်မာ့အလင်းသတင်းစာမှာတော့ ဖမ်းမိထားတဲ့ လူပွဲစားတွေရဲ့ အဆက်အနွယ်တွေကို လည်း ဆက်ပြီးတော့ ဖမ်းဘို့ စီစဉ်နေတယ်။ လူထုအတွင်းမှာ အသိပညာပေးမှုတွေကိုလည်း လုပ်နေတယ် ဆို ပေမယ့် ထိရောက်အောင် သေသေချာချာ မလုပ်လို့ အခုလို ပြဿနာတွေဖြစ်နေတာလို့ တရုတ်-မြန်မာနယ်စပ် မှာ အမျိုးသမီးအခွင့်အရေးတွေကို ဆောင်ရွက်နေတဲ့ BWU မြန်မာအမျိုးသမီးများသမဂ္ဂရဲ့ ဗဟိုအလုပ်အမှု ဆောင် ကော်မတီဝင် မအေးအေးမြင့်က ပြောပါတယ်။ “တကယ်တမ်း ဒီဆက်စပ်မှုတွေ ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင် တကယ်ရောင်းစားခံရမယ့် အခြေ အနေတွေရှိတဲ့ အမျိုးသမီး ထုကြားထဲမှာပေါ့နော်။
ဒီပညာပေးမှုလုပ်ငန်းတွေက အများကြီးလိုအပ်သေးတာပေါ့။ ဒီပညာပေးလုပ်ငန်းတွေကို ထိရောက်အောင် မလုပ်နိုင်သေးသရွေ့ကတော့ ဒီလူကုန်ကူးမှုက ဖြစ်နေမယ်လို့ မြင်တယ်ရှင်။ ထိရောက်မှုရှိအောင် လုပ်ရေးဆိုတဲ့နေရာမှာ ကျမတို့ မြန်မာပြည်တွင်းထဲမှာဘဲ့၊ မြို့ပေါ်မှာတွေ ချည်းဘဲ့ လုပ်နေလို့တော့ မရဘူးပေါ့နော်။ တကယ်အရောင်းစားခံရမယ့် အခြေအနေတွေ ရှိတဲ့ အမျိုးသမီးတွေ ဆိုတဲ့ဥစ္စာက နယ်စပ်ဒေသတွေမှာ၊ နောက်ကျေးလက်ဒေသတွေမှာပေါ့နော်။ အဲလိုနေရာမျိုးမှာဆိုလို့ရှိရင် ပိုမို ပြီးတော့မှ လုပ်ဘို့လိုမယ်လို့ ကျမအနေနဲ့ကတော့ မြင်တယ်ရှင့်။”ကိုအောင်မျိုးမင်းကတော့ မြန်မာပြည်မှာ ထုတ်ပြန်ထားတဲ့ လူကုန်ကူးမှုတားဆီးရေး ဥပဒေဆိုတာက ဒေသတွင်းနိုင်ငံတွေထဲမှာ တော်တော်ကောင်းတဲ့ဥပဒေလို့ ပြောပါတယ်။“မြန်မာနိုင်ငံမှာရှိတဲ့ လူကုန် ကူးသန်းရောင်းဝယ်မှု တားဆီးရေးဥပဒေက အရှေ့တောင်အာရှတခုလုံး မှာ အရမ်းကောင်းတဲ့ ဥပဒေတခုပါ။
ဒါပေမယ့် ဒီဥပဒေကောင်းတဲ့အချက်က စာရွက်ပေါ်မှာရှိပြီးတော့ အမှန်တကယ် ကျင့်သုံးတဲ့နေရာမှာ အားနည်း ချက်တွေ ရှိနေတယ်။ အဲဒီဥပဒေအကြောင်းကို လူတွေ ဘယ်သူမှ မသြိကဘူး။ ပညာပေးတဲ့နေရာမှာ တကယ်တမ်းအဖြစ်များတဲ့ ဒေသတွေအတွင်းမှာ ပညာပေးမှုမရှိဘူး။ အထူးသဖြင့် ကျနော်တို့ ဒီလိုအဖြစ်များတာက တိုင်းရင်းသားဒေသတွေမှာ ရှိတယ်။ အဲတော့ ဒီလိုမျိုးပညာပေးမှုကို တိုင်းရင်း သား ဘာသာစကားနဲ့ မလုပ်တာတွေ၊ NGOတွေကို လုပ်ခွင့်ပေးတယ်လို့ ဆိုပေမယ့် အဲဒီ NGOတွေက စီမံကိန်း သတ်မှတ်ချက် နေရာမျိုးတွေမှာဘဲ့ လုပ်ရတယ်။ အထူးသဖြင့် ဒီအကြောင်းကို ပြောမယ်ဆိုလို့ရှိရင် သူတို့ဝန် ထမ်းတွေအပေါ်မှာ ကန့်သတ်မှုတွေ၊ ဆွေးနွေးမယ့်အကြောင်းအရာကို သူတို့က စိစစ်မှုတွေ လုပ်တယ်။ နောက် တခါ တကယ်အဖြစ်အပျက်များတဲ့ ဒေသအတွင်းမှာ စီမံကိန်းလုပ်ခွင့် သူတို့မပေးဘူး။”
အစိုးရဝန်ထမ်းတွေရဲ့ အကျင့်ပျက်လာဘ်စားမှုတွေကို မထိန်းချုပ်နိုင်ရင် လူကုန်ကူးမှုကို ထိန်းချုပ်ဘို့ က လွယ်မှာမဟုတ်ဘူးလို့လည်း ကိုအောင်မျိုးမင်းက ဆိုပါတယ်။ “လူကုန်ကူးမှုမှာ ပြဿနာတခုတက်နေတာကတော့ အစိုးရတွေရဲ့ လာဘ်စားမှုပါ။ အခုကျနော်တို့ ဂိတ် တွေရှိတယ်။ အဲဒီဂိတ်တွေက တကယ်တမ်းသာ ကျနော်တို့ လူကုန်ကူးမှုကို တားဆီးမယ်ဆိုလို့ရှိရင် ဒီဂိတ်တွေ ကနေဘဲ့ ကျနော်တို့ လူကုန်ကူးတဲ့သူတွေကို သူတို့ သိနေတာဘဲ့။ ဒါကို ဥပဒေအရ အရေးယူမှုမရှိဘဲနဲ့ သိသိ ကြီးနဲ့ ခွင့်ပြုထားတာတွေ၊ အစိုးရဝန်ထမ်းတွေ ကိုယ်တိုင်ကိုက ဒါကို ပါဝင်ပတ်သက်မှုရှိနေတဲ့အတွက် တကယ့် အရေးယူဆောင်ရွက်မှု မရှိခြင်းကလည်း လူကုန်ကူးမှုကို တားဆီးဘို့အတွက် တကယ့်ကို အဟန့်အတားဖြစ် တယ်။”လူကုန်ကူးမှုပြဿနာဟာ ဒီကနေ့ ကမ္ဘာ့နိုင်ငံတွေ တော်တော်များများမှာ တက်နေတဲ့ ပြဿနာပါ။ အစိုးရတွေ ကိုယ်တိုင်ကိုက ထိထိရောက်ရောက် ဝင်ပြီးတော့ ဖြေရှင်းပေးတာမျိုး မရှိသေးသရွေ့၊ အစိုးရမဟုတ် တဲ့ NGO အဖွဲ့အစည်းတွေရဲ့ ကူညီဖြေရှင်းမှုကို သေသေချာချာ ဝိုင်းဝန်းပူးပေါင်းကူညီတာမျိုး မရှိသေးသရွေ့၊ တိုင်းပြည်ဆင်းရဲနေသရွေ့ ပြေလည်မယ့် ပြဿနာမဟုတ်ဘူး လို့လည်း လူ့အခွင့်အရေး ဆောင်ရွက်နေကြတဲ့ သူတွေက သုံးသပ်ကြပါတယ်ခင်ဗျား။
ရင်းမြစ် VOA
Project Help Burma သည် မြန်မာပြည်တွင်းရှိ လူသားချင်းစာနာသော လုပ်ငန်းစီမံချက်များအတွက် လျှောက်လွှာ တင်ခြင်းများကို ခေါ်ယူနေပါသည်
လုပ်ငန်းစီမံချက်များအတွက် လျှောက်လွှာ တင်ခြင်းများကို ခေါ်ယူနေပါသည်
မိတ်ဆွေများခင်ဗျာ...
အမေရိကန်ပြည်ထောင်စု၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ အဖွဲ့အစည်းအချို့နှင့်
လူမှုရေးလုပ်ကိုင်နေကျသောလူပုဂ္ဂိုလ်များ စုပေါင်းဖွဲ့စည်းလုပ်ကိုင်နေ
ဆောင်ရွက်နေသော အဖွဲ့အစည်းများကို ကူညီပံ့ပိုးခြင်းများဆောက်ရွက်လုပ်
ကိုင်ပေးနေပါသည်။ Project Help Burma သည် မြန်မာပြည်တွင်းရှိ
လူသားချင်းစာနာသော လုပ်ငန်းစီမံချက်များအတွက် လျှောက်လွှာ တင်ခြင်းများကို
ခေါ်ယူနေပါသည်။ လျှောက်လွှာများကို ၂၀၁၀ခုနှစ် ဧပြီလ
(၃၀)ရက်ထက်နောက်မကျဘဲစာတိုက်မှ ပေးပို့ရပါ မည်
လျှောက်လွှာများကိုDownload here
http://www.projecthelpburma.
အထောက်အထားအပြည့်အစုံတို့ကို အောက်ဖော်ပြပါလိပ်စာအတိုင်း
Project Help Burma Grant Committee သို့
စာနှင့်ဖြစ်စေ၊အီးမေးလ်နှင့်ဖြစ်စေ ပေးပို့ရပါမည်။
P.O. Box 177
San Francisco, CA 94015, USA.
Email: projecthelpburma@yahoogroups.
လေးစားစွာဖြင့်
မိုးကျော်
ကော်မတီအဖွဲ့ဝင်
Project Help Burma.
San Francisco Bay Area, CA, USA.
VOA မတ်လ ပထမပတ် တီဗွီမဂ္ဂဇင်းအစီအစဉ်....
မသေဆေးစားကြသူများ....
ကျွန်ုပ်တို့လောကတွင် ကျွန်ုပ်သည် အသိမ်ငယ်ဆုံး . . . အသေးမွှားဆုံး . . . အင်အားအသေးဆုံးဖြစ်တော့သည်။
ကျွန်ုပ်ကို ချစ်စနိုး “ကီးကီး” လို့ခေါ်ကြသည်။
ကျွန်ုပ်၏ဖခင်နှင့် ဘကြီးများ၊ ဦးလေးများ၊ အစ်ကိုကြီးများ၏ နာမည်များကတော့ ဖခင်ကြီး၊ ဦးဇူး၊ အစ်ကိုကြီး ကိုတာ၊ ဦးလေး ဦးကရောင်း၊ ဘကြီးကွန်း တို့ ဖြစ်ကြသည်။ သူတို့ . . . သူတို့သည် အလုပ်အင်မတန် လုပ်ကြသည်။ မနားမနေ၊ မမောမပန်း တာဝန်ကျေကြသည်။
ကျွန်ုပ်၏ဆရာသည်လည်း ကျွနုပ်နှင့်ထပ်တူထပ်မျှ ရေစက်ခေါ်မည်လား၊ ပဋ္ဌာန်းဆက်ခေါ်မည်လားပဲ။ ဆရာသည်လည်း ဆရာ၏လောက ပတ်ဝန်းကျင်တွင် ကျွန်ုပ်ကဲ့သို့ ခံစားခဲ့ရဖူးသည်။ ဆရာ၏မိတ်ဆွေများက ကြီးကျယ်စွာလှူကြ၊ တန်းကြသောအခါ ဆရာသည် ချောင်တစ်ချောင်၊ ထောင့်တစ်ထောင့်တွင် သိမ်ငယ်စွာ၊ အားငယ်စွာ၊ အားကျစွာ ခံစားရစမြဲပင်။
သို့သော် ဆရာသည် စိတ်မပျက်စွာ စိတ်ဓာတ်မကျဘဲ မိမိ၏ ခန္ဓာကိုယ်အားရင်းပြီး ကုသိုလ်ယူစမြဲ။ ကျွန်ုပ်သည်လည်း ဆရာ့ကို အားကျသည်။ သို့ပေမဲ့ ကျွန်ုပ်၏ သေးငယ်လှသော ခန္ဓာနှင့် ဝန်ဆောင်မှုကို ပေးရမည့်တာဝန်သည် မမျှ။ ကျွန်ုပ်ထမ်းဆောင်ရန် မဖြစ်နိုင်။
ဘာကြောင့်များ ကျွန်ုပ်၏ဆရာသည် ကျွန်ုပ်အား သည်လောက၊ သည်ပတ်ဝန်းကျင်၊ သည်အသိုင်းအဝိုင်း၊ သည်အဖွဲ့အစည်းသို့ ဇွတ်သွင်းယူခဲ့သနည်း။
ကျွန်ုပ် အဖြေရှာမရ . . .
ကျွန်ုပ် အားငယ်ရ . . .
ကျွန်ုပ် စိတ်ပျက်ရ . . .
ကျွန်ုပ် စိတ်ဓာတ်ကျရ . . .
ရှိစေတော့ . . .
ကျွန်ုပ် စောင့်ကြည့်မည်။
ကျွန်ုပ်သည် ဤလောက၊ ဤအသိုင်းအဝိုင်း၊ ဤပတ်ဝန်းကျင်သို့ ရောက်လာပြီး ဤလောက အသိုင်းအဝိုင်း ပတ်ဝန်းကျင်၏ ကျေးဇူးကို မဆပ်နိုင်ခဲ့လျှင် ကျွန်ုပ်အဝေးတစ်နေရာသို့ ထွက်သွားမည်ဟု သန္နိဋ္ဌာန် ချလိုက်တော့သည်။ ကျွန်ုပ်တို့ မျိုးရိုးစဉ်ဆက် ရိုးသားသည်၊ ကြိုးစားသည်၊ ဖြောင့်မတ်သည်၊ ကုန်ကုန်ပြောရရင် လိပ်ပြာသန့်ကြသည်။
ဖခင်ကြီး၊ ဘကြီး၊ ဦးလေး၊ အစ်ကိုကြီးတို့သည် သူတို့တာဝန် သူတို့ကျေကြသည်။ မည်သူ့ကိုမျှ ဂုဏ်သိက္ခာ မညိုးနွမ်းစေရ။ မည်သူ့ကိုမျှ မစော်ကား၊ မမောက်မာကြ။ ကိုယ့်တာဝန် ကိုယ်ထမ်းဆောင်ကြသည်။ သို့သော် ကိုယ်က ရိုးသားကြိုးစားစွာ တာဝန်ထမ်းဆောင်စဉ် တစ်ဖက်မှ ပြဿနာရှာခြင်းများ ကြုံတွေ့ရတတ်သည်။ တစ်ဖက်မှ ရမ်းကားမှု၊ စော်ကားမှုများကို ကြုံတွေ့ရတတ်သည်။ သို့သော် သည်းခံခြင်းသည် အောင်မြင်မှုမဟုတ်ပါလား။
ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု ကြုံရသော်
ရဲရဲသည်းခံ . . .
ရဲရဲရိုးသား . . .
ရဲရဲဖြောင့်မတ်မှုကို ချိုးဖျက်၍ မည်သို့မျှ မတုန့်ပြန်ကြ၍ နှလုံးသားအမာရွတ်နှင့် လူတစ်စုဟု ခေါ်နိုင်ပါသည်။ ဒဏ်ရာအနာတရာ ရလာသော် . . . ကျွန်ုပ်ဆရာ၏ အသိုင်းအဝိုင်းက ကုသပေးသည်။ ဘကြီးကွန်း ဟိုတစ်လောက လူကြီးရောဂါဖြစ်သည်။ ဇရာထောင်းလာ၍ ဝေဒနာခံစားလာရသည်။ ထိုအခါ ကျွန်ုပ်၏ဆရာအဖွဲ့က အင်နှင့်အားနှင့် ကုသပေးသည်။ နိုင်ငံခြားမှ ဆေးဝါးများမှာ၍ ကုသပေးသည်။ ဘကြီးကျန်းမာသန်စွမ်းလာသည်။
ကျွန်ုပ်၏ဖခင် ဦးဇူးသည်လည်း ထိုနည်းတူ ရိုးသားကြိုးစားစွာ လုပ်ငန်းခွင်ဝင်နေစဉ် တစ်ဖက်မှ ရမ်းကားမူးရစ်ကာ ထိုးကြိတ်မှုကို ခံခဲ့ရ၍ ဒဏ်ရာရခဲ့သည်။ သို့သော် ကျွန်ုပ်၏ ဆရာအဖွဲ့သားများက ကုသပေးခြင်းကြောင့် ရောဂါဒဏ်များ ပျောက်ကင်းပြီး လုပ်ငန်းခွင်ဆင်းနိုင်ပြီဖြ
ကျွန်ုပ်သည် ကျွန်ုပ်ဆရာ၏ လောကကြီးထဲ စုန်းစုန်းဝင်ရောက်လာရပြီး မကြာခင် ကျွန်ုပ်အတွက် ကျွန်ုပ်ဆရာသည် ဝတ်စုံတစ်စုံ ဆင်ယင်ပေးသည်။ ဘာဝတ်စုံကြီးပါလိမ့်ဟု ကျွန်ုပ်တွေးမိသည်။ ဟုတ်တယ်လေ . . . အဖေတို့၊ ဦးလေးတို့၊ အစ်ကိုတို့ကျတော့ ဝတ်စုံက တည်တည်တံ့တံ့ ကျက်သရေရှိလိုက်သည့်ဖြစ်ခြင
အဲဒီ့နေ့က မြန်မာနှစ်ဆန်းတစ်ရက်နေ့။ မင်္ဂလာရှိတဲ့နေ့၊ အဓိပ္ပာယ်ရှိတဲ့နေ့၊ တာဝန်ကျေတဲ့နေ့၊ ပီတိအဖြစ်ဆုံးနေ့၊ ပီတိစားရတဲ့နေ့ . . . ။
အဲဒီ့နေ့ . . . တစ်သက်မေ့မရတဲ့နေ့မှာ ကျွန်ုပ်ဝတ်စားဆင်ယင်မှုနဲ့အ
“မသေဆေးစားသူများ ဂုဏ်ထူးဆောင်လက်မှတ်”
အမည် - ဆူဇူကီး (SUZUKI)
မှတ်ပုံတင်အမှတ် - ၁ဂ/၉၄၆၇
တာဝန် - အပြစ်မဲ့၍ အကုသိုလ်ကင်းရှင်းစွာဖြင့် ဘဝတစ်ပါးသို့ ပြောင်းသွားရသော ကလေးသူငယ်များ၏ ရုပ်ကလာပ်ကို အခမဲ့ကုသိုလ်ဖြစ် သယ်ဆောင်ပို့ပေးရန်။
ရာထူး - ကလေးနိဗ္ဗာန်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။
ဆက်သွယ်ရန်ဖုန်း - ၅၈၀၁၃၃၊ ၅၈၁၃၆၃၊ ၇၀၄၇၈၄၊ ၇၀၉၂၇၇၊ ၇၂၈၀၈၉
ကျွန်ုပ်၏ ဖခင်ကြီး ဦးဇူး (ခ) အစ်စ်ဇူးဇူး (ISUZU)၊ ဘကြီး ဦးကွန်း (ခ) လင်ကွန်း (LINCON)၊ ဦးလေး ဦးကရောင်း (ခ) တိုယိုတာကရောင်း (TOYOTA CROWN)၊ အစ်ကိုကြီး ကိုတာ (ခ) တိုယိုတာဟိုင်းလတ် (TOYOTA HILUX) တို့၏ ခြေရာကို ထပ်ကြပ်မကွာလိုက်ရင်း ပန်းတိုင်အထိရောက်အောင်၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ စိတ်ဓာတ်ခိုင်ခံ့စွာဖြင့် လိပ်ပြာသန့်စွာ အရှိန်အဟုန်ပြင်းစွာဖြင့် ဆက်လက်၍ ကျေးဇူးဆပ်မည့် ကျွန်ုပ်တို့၏ ဘဝသည်ကား “မသေဆေးစားကြသူများ” ပင်ဖြစ်တော့သည်။
ကီးကီး (ခ) ဆူဇူကီး (SUZUKI)
ကျော်သူ
စာကြွင်း ။ ။ ဤဆောင်းပါး ပြီးသွားချိန်... ကျွန်ုပ်ကီးကီးသည် လူသားအကြိုးပြု လုပ်ငန်းများလုပ်ဆောင်နေဆဲ ... မမျှော်လင့်တဲ့အချိန်၊ မမျှော်လင့်တဲ့နေ့ရက်တစ်ရက်
ဖိုးဖိုး ချက်သည် ဒုတိယကမ္ဘာစစ်အတွင်းမှ အသက်မသေပဲ မိသားစုနှင့်ကွဲကွာခဲ့ရာမှ ယခုလို ပြန်လည်ဆုံတွေ့ ခွင့်ရခဲ့ခြင်းပင်ဖြစ်သည်။ ဖိုးဖိုးချက်သည် စစ်၏အနိဌာရုံများကို ကြုံတွေ့ခဲ့ရသူပီပီ နွမ်းလျလျက်ရှိနေသည်။ သို့သော် အသက်အရွယ် ကြီးမြင့်ပြီ ဖြစ်သော်လည်း ယခုကျွန်ုပ်တို့နှင့်အတူ လက်တွဲမဖြုတ် လူသားအကျိုးပြု လုပ်ငန်းများလုပ်ရန် ကျွန်ုပ်ထံ ရောက်ရှိလာခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ အဖိုးထံမှ အတွေ့အကြုံများ၊ ဗဟုသုတများ၊ ရာဇဝင် သမိုင်းကြောင်းများ ဂဃနဏ သိရတော့မည် ဖြစ်သည်။
ကျွန်ုပ်အဖိုး၏အမည်ရင်း - ချက်ပလက်
မှတ်ပုံတင်အမှတ် - စ/၃၃၀၀
တာဝန် - နာရေးလမ်းကြောင်းပို့ရာတွင်
ရာထူး - အသုဘပို့ဆောင်ယာဉ်။
လိပ်စာ - နာရေးကူညီမှုအသင်း (ရန်ကုန်)။ အမှတ် (၁၃-က)၊ ဗိုလ်မှူး ဗထူးလမ်း၊ (၄၂)ရပ်ကွက်၊မြောက်ဒဂုံမြို
ဖိုးဖိုး ချက်ကို ကျွန်ုပ်ထံလာရောက် ပို့ဆောင်ကြသော ဦးဟုန်းတန်+ဒေါ်ခင်မြင့်ရီမ
ကျော်သူ
02 March 2010
မြန်မာသတင်းသမဂ္ဂက ဘလော့ဂ် ၁ဝ ခုကို ဆုချီးမြှင့်
ရခိုင်ကျောင်းသားများကို ဖမ်းဆီးခြင်းမှာ သက်သေမခိုင်လုံဟု အာရှလူ့အခွင့်အရေး ကော်မရှင်က ထောက်ပြ...
ခိုင်ကျော်မိုးအပါအ၀င် (၁၁) ဦးကို ရဲစခန်းမှာ အမှုဖွင့်ခြင်းမရှိပဲ (၂၀၀၉) ခုနှစ် စက်တင်ဘာလမှာ ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလအထိ တရားရုံးတင် မစစ်ဆေးပဲ နှိပ်စက်စစ်ဆေးတာတွေ ပြုလုပ်ခဲ့ကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ဖော်ပြထားပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အာရှလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက အခုလိုပြောပါတယ်။
“စတင်ဖမ်းဆီးခံတဲ့တာကတော့ (၂၀၀၉) ခုနှစ် စက်တင်ဘာ (၄) ရက်နေ့နဲ့ (၅) ရက်နေ့မှာ စတင် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ ရန်ကုန်မှာ ဖမ်းဆီးခံရတဲ့သူတွေကို အောင်သပြေ စစ်ကြောရေး စခန်းမှ ဖမ်းဆီးထားတယ်။ စစ်ကြောမေးမြန်းတယ်။ နောက်တခါ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းက နှစ်ယောက်ကို သူတို့ စက်တင်ဘာ (၁၄) ရက်နေ့မှာ စပြီးတော့ ဖမ်းတယ်။ စစ်တွေမှာ သူတို့ စစ်ကြောရေးစခန်းမှာ စစ်ဆေးမေးမြန်းတယ်။ (၁၇) ရက်နေ့ကျတော့မှ ရန်ကုန်ကို လေယဉ်ပျံနဲ့ ခေါ်လာပြီးတော့ ဒီလှိုင်မြို့နယ် တရားရုံးမှာ ဖြောင့်ချက်ပေးခိုင်းတယ်။ ဖြောင့်ချက်ပေးပြီးတဲ့အခါကျတော့မှ ဒီအမှုကို ဗဟိုတရားရုံးကို စွဲချက်တင်တယ်ဆိုတာကို တွေ့ရတယ်။အဲဒီတော့ ဒီအဖြစ်အပျက်တခုလုံးက ဥပဒေပြဌန်းချက်တွေ မညီပဲနဲ့ လုပ်တဲ့ လုပ်ဆောင်ချက်တွေဖြစ်တယ်။”
ဖောက်ခွဲမှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ စွဲဆိုထားတဲ့ အမှုမှာ အဓိကတရားခံအဖြစ် သံသယရှိသူ ကိုစိုးဝင်းနိုင်ကို လက်ရ ဖမ်းဆီးနိုင်ခြင်းမရှိပဲ ကိုစိုးဝင်းနိုင်နဲ့ ခင်မင်ပတ်သက်တဲ့ ခိုင်ကျော်မိုးနဲ့ (၁၁) ဦးကို ဖမ်းဆီးတာသာ ဖြစ်ကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဖော်ပြထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဦးမင်းလွင်ဦးက အခုလိုဆက်လက်ပြောဆိုပါတယ်။
“အဲဒီလို တရားစွဲဆိုထားတဲ့အခါကျတော့ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်လို့လည်း သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံ တင်ပြနိုင်ခြင်းမရှိဘူး။ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့် လူငယ်များအစည်းအရုံး (AASYC) က ဥက္ကဌ ဖြစ်သူ မင်းဇံဝေနဲ့ ဆက်သွယ် ဆောင်ရွက်တယ်ဆိုတဲ့ ကိစ္စမှာလည်း အဓိက ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ တရားလို ကိုယ်တိုင်က တင်ပြနိုင်ခြင်းမရှိဘူး။ ဆိုတော့ အဲဒီလို သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ မရှိပဲနဲ့ တရားရုံးကနေပြီးတော့ ဒီအမှုကို လက်ခံ စစ်ဆေးနေတယ် ဆိုတာကလည်း ဥပဒေပြဌန်းချက်နဲ့ မညီပဲနဲ့ ဆောင်ရွက်ရာ ရောက်တယ်။”
ခိုင်ကျော်မိုးနဲ့ (၁၁) ဦးကို ဖမ်းဆီးခဲ့ပြီး ရုံးတင်စစ်ဆေးတာ မလုပ်ခင် စက်တင်ဘာလ (၂၄) ရက်နေ့ စစ်အစိုးရထုတ် သတင်းစာတွေမှာ ဖောက်ခွဲရေးနဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးနိုင်ခဲ့ကြောင်း C-4 ယမ်းတောင့်တွေ၊ ကွန်ပျူတာတွေ၊ ဂြိုလ်တုဆက်သွယ်ရေး ဖုန်းတွေ နဲ့တကွ ဖော်ပြထားတာဟာလည်း တရားစီရင်မှုအပေါ် သြဇာသက် ရောက်အောင် လုပ်ဆောင်ချက်မှုသာဖြစ်ကြောင်း အာရှလူ့အခွင့်အရေးကော်မရှင်က ဖော်ပြထားပါတယ်။
ဒါ့အပြင် အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင်(ခ) ကိုညီညီအောင်နဲ့ ပတ်သက်တယ်ဆိုပြီး စွပ်စွဲဖော်ပြတာတွေလည်း ပြုလုပ်ခဲ့ကြောင်း၊ ဒါပေမယ့်လည်း အထောက်အထား မခိုင်လုံတဲ့ အတွက် နောက်ပိုင်းမှာ ကိုကျော်ဇောလွင်(ခ) ကိုညီညီအောင်ကို သီးခြားအမှုတွေနဲ့ စွပ်စွဲ ထောင်ချခဲ့တာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
မတ်လ (၁) ရက်နေ့ RFA နံနက်ပိုင်း ရေဒီယိုအစီအစဉ် မှပြန်လည်ဖော်ပြပေးထားခြင်းဖြစ်ပါသည်.။
01 March 2010
အမူအကျင့် မပြောင်းလဲကြသူများ..
အလှူငွေ မရလေ လုပ်ရတာ ခက်ခဲလေပေါ့။ မိတ်ဆွေတချို့ဆီက အကူအညီတချို့တော့ ရပါတယ်။ ခုဆို ကျမ ဒဂုံမြို့သစ်ဘက်က စည်ပင်မြေ ငှားပြီး လူနာ ပြန်လည် ဖွံ့ဖြိုးရေး လုပ်ပေးထားတယ်။ အသိမိတ်ဆွေတွေ လုပ်ကိုင်နေတဲ့ နတ်ဆက် ပစ္စည်းလုပ်တဲ့ ဘော်ကြယ်ထိုး၊ စက်ချုပ် အစရှိတာတွေလည်း လုပ်ပေးပါတယ်။ ဒီရက်ပိုင်းလေးမှာပဲ လူနာ ၄ ဦး အတွက် အလှူရှင် ၁ ယောက်ဆီက အလှူခံပြီးတော့ ပလာတာ ကြော်တဲ့ဆိုင်လေး ဖွင့်ထားပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် လူနာတွေ အများကြီးအတွက် ကျမ မလုပ်ပေးနိုင်သေးတာကလည်း အခက်အခဲတခုပါ။ ဒီအခါမှာကျတော့ အခက်ခဲဆုံးလို့ ခေါ်နိုင်တဲ့ ကိုယ်ကျင့်တရား၊ အမူအကျင့်တွေ မပြောင်းနိုင်တဲ့သူတချို့ကို တွေ့လာတော့တာပါပဲ။ တခြား လူငယ်လေးတွေ ဆိုးပေတေပြီး နဂိုမူလ အကျင့်တိုင်း ပြန်လည် သောက်စားလာတာတွေလည်း တွေ့ရပါ တယ်။ ဒါပေမယ့်လည်း ဒါဟာ ခံသာသေးတယ် ဆိုရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က သောက်စား ပြီးတော့ သူတို့ဘာသာ ဒုက္ခရောက်တာပါ။
နောက်ဆက်တွဲအနေနဲ့ကတော့ အဲ့ဒီလို ဖြစ်သလို နေလိုက်ကြတဲ့ လူနာတွေကို ပြန်ကုတော့ ငွေကုန်ကြေးကျ ပိုများ၊ လူပင်ပန်း စိတ်ပင်ပန်းတော့ ပိုဖြစ်ရတာပေါ့။ ဒါပေမယ့် ဒီ အခြေ အနေကိုတောင် ခံသာတယ်လို့ ပြောနေတယ်ဆိုတော့ ဒီအခြေနေထက် ဆိုးတာတွေရှိနေလို့ ပြောတာပါ။ ကျမလူနာ အများစုဟာ များသောအားဖြင့် နယ်ဘက် တောသူတောင်သား ယာဉ်မောင်းသူတွေ၊ ကားနောက် လိုက် စပယ်ယာတွေအပြင် အခြား မသိ နားမလည်သူတွေ များပါတယ်။ လူနာတွေထဲမှာ ပြည့်တန်ဆာ မိန်းကလေး ၅ ယောက် ပါလာပါတယ်။ သူတို့ ၅ ယောက်ဟာ မတူညီတဲ့ အခြေနေက လာတယ်ဆိုပေမယ့် ကိုယ်ခန္ဓာ ရင်းနှီး လုပ်ကိုင်စားကြတာချင်းတော့ တူပါတယ်။
သူတို့ထဲက တယောက်ကတော့ ကျမ အမြင် ပြောရရင် သူက ယောကျာ်း မရှိရင် မနေနိုင်တဲ့သူပါ။ သူက ငွေရှာဖွေ ပြီးတော့ သူနှစ်သက်တဲ့ ယောက်ကျားတွေနဲ့ ပြန်ပြီး ပျော်ပါးတာပါ။ သူငွေရှာတာလည်း လူနဲ့ရင်းပြီး ရှာတယ်၊ ပြန်လည် ပျော်ပါးတာလည်း လူနဲ့ရင်းပြီး ပျော်ပါး ဆိုတော့ ကူးစက်မှုဟာ ဘယ်လောက်တောင် များနေပြီလဲ ဆိုတာ ကြောက်စရာကောင်းလို့ မတွေးချင်လောက်အောင် ဖြစ်ရပါတယ်။ ကျမလည်း ကြုံတိုင်း ဆုံးမ၊ ကျမအိမ်မှာပါ ခေါ်ထားပြီး ပြုပြင်ပေမယ့် အမြဲပဲ ထွက်ပြေး၊ အရင်လိုပဲ လမ်းပေါ်နေ၊ လမ်းပေါ်စား အကျင့် မပျောက်ပါဘူး။ ဒီကလေးမ အကြောင်းကိုတော့ နောင်မှပဲ ဆောင်းပါးတစောင် ရေးပါဦးမယ်။
နောက်တယောက်ကျတော့ စားသောက်ဆိုင်မှာ သီချင်း ဆိုတာပါ။ သူကျတော့ တမျိုး ဖြစ်ပြန်ရော။ ကျမကို အမြဲ ပြောနေတာတော့ သီချင်းပဲ ဆိုတာပါတဲ့။ ဒါပေမယ့်လည်း မထင်မှတ်တဲ့ တနေ့မှာ ကျမကလည်း အိမ်မှာ မရှိချိန် သူရောက်လာပါတယ်။ သူ စစ်တွေကို သွားတော့မယ် ဆိုတဲ့အကြောင်း ရန်ကုန်မှာ လုပ်ကိုင်စားရတာ မချောင် လည်တော့ကြောင်း၊ အရင်က သူ့ကို ထောက်ပံ့ပေးနေတဲ့လူက မထောက်ပံ့တော့လို့ ရောဂါ ကူးအောင် ဒီတိုင်း လိင်ဆက်ဆံလိုက်တယ် ဆိုတဲ့ အကြောင်း ကျမအိမ်ကို လာတက်ပြောတာပါ။
ကျမမိသားစုဆို အရမ်းပဲ စိတ်ဆိုး ကြပါတယ်။ ကျမမိသားစုနဲ့ လူနာတွေက တကယ့် မိသားစု အရင်းချာလို ဖြစ်နေတာပါ။ လူနာတိုင်း အိမ်မှာ ထမင်း မစားဘူး တဲ့ လူ မရှိသလောက် နည်းပါတယ်။ ဒါကြောင့် မိသားစုကို ခင်မင်လို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလိုက်တာ ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေကြောင့်ပဲ ဖြစ်ပါစေ ရောဂါ ကူးအောင် ရည်ရွယ်ချက်ရှိရှိ လုပ်တယ် ဆိုတာ ကတော့ လူသားတယောက် အနေနဲ့ မလုပ်သင့်၊ မလုပ်ထိုက်တဲ့ ကိစ္စပါပဲ။ နောက်တယောက်ကတော့ အနှိပ်ခန်းမှာ လုပ်တာပါ။ အရမ်းကို ချောမော လှပပါတယ်။
အသားအရည်ကလည်း တအားလှ၊ လူကလည်း ချောမောပြီး ခုခံကျရောဂါ ရှိနေတယ်လို့ ထင်ရက်စရာ မရှိဘူး ဖြစ်နေတာပါ။ သူကတော့ တမင် ကြံရွယ်တယ် မဆိုနိုင်ပေမယ့် အနှိပ်ခန်း လာတဲ့ သူဌေးတယောက်ကို သူ့ဘ၀ ရှေ့ရေးအတွက် ချဉ်းကပ်ရ တယ် လို့ ပြောပါတယ်။ ဒီသူဌေးကလည်း သူ့ကို မပြောမဆိုနဲ့ ကာရာအိုကေခန်း ခေါ်သွားပြီး အကာအကွယ်မပါ လိင်ဆက်ဆံကြတယ် ဆိုပါတယ်။ သူက တမင် မကြံရွှယ်ပေမယ့်လည်း သူ့အနေနဲ့ တားဆီး ကာကွယ်သင့်ပါ တယ်။ သူထုတ်ပြောပြတာ ဒီတယောက်တည်းမို့သာ ဒီတယောက်အကြောင်းကို သိရတာပါ။
အခြားလည်း ဘယ်လောက် များမလဲ ဆိုတဲ့ အတွေးတွေ ၀င်လာလိုက်တိုင်း ကျမ အိပ်မပျော် ဖြစ်နေတာပါ။ တခါခါ လန့်နိုး တာတွေတောင် ဖြစ်ပါတယ်။ ကျမ တကယ့်ကို စိတ်မကောင်းခြင်း များစွာဖြစ်ရပါတယ်။ ဒီလို လူနာတချို့ရဲ့ အမူအကျင့်ဆိုးကို ပြုပြင်ဖို့၊ သူတို့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ပြုပြင်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ကျမမှာ စိတ်သောကလည်း ဖြစ်နေရ ပါ တယ်။
ဖြူဖြူသင်း
ရင်းမြစ်(ဧရာဝတီ)
အရည်ပျော်ပီတိ ..
အနားသို့ရောက်လာပြီး လက်ပြတားလိုက်သူက စည်ပင်ဝတ်စုံ အပြာရောင်ဝတ်ထားသူ လူငယ်တဦး။
“အကို .. ခုနက ဈေးထဲမှာ ဓာတ်ပုံရိုက်လိုက်တာ ကျနော်တို့ တွေ့လိုက်ပါတယ်။ ခဏလောက် လိုက်ခဲ့ပါဦး”
“ကျနော် ဘယ်မှာ ရိုက်လို့လဲ။ ကျနော့် လက်ထဲမှာ ကိုင်ထားတာ MP3 Player ပါ”
“အဲလို ကင်မရာအသေးလေးတွေ ကျနော်တို့စာစောင်တွေထဲမှာ တွေ့ဖူးပါတယ်။ အဲမှာ တီဗီပုံလေးနဲ့။ ကဲ .. ဒါတွေ နောက်မှရှင်းပါ။ လောလောဆယ် ဈေးရုံးခန်း လိုက်ခဲ့ပါဦး”
MP3 ပေါ်က menu ခလုတ်လေးကို သူက တီဗီအမှတ်အသားဟု ယူဆနေသဖြင့် ရယ်လည်း ရယ်ချင်နေမိသည်။ သို့ရာတွင် ကျနော် ဘယ်လိုမှ ရှင်းလို့ရမည်မဟုတ်မှန်း သိလိုက်ပြီ။ မတတ်နိုင်တော့။ လိုက်သွားရုံသာ ရှိတော့သည်။ ဓာတ်ပုံရိုက်ခဲ့တာတော့ အမှန်ပင် ဖြစ်သည်။
ကျနော်ရိုက်ရသည့်အကြောင်းက ကြက်ငှက်တုပ်ကွေး ဖြစ်ပွားနေချိန်တွင် ဈေးထဲ၌ ဘယ်လောက်ထိ အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားလဲ သိရဖို့ ဖြစ်သည်။ ကြက်သတ်သည့်သူတွေက ဘာမှမသိကြ၊ လက်ဗလာနှင့်၊ ကျနော်လိုချင်သော ပုံလေးတွေတော့ရပြီ။ ဒါပေမဲ့ အခုလို ဖြစ်လာတော့ ကင်မရာကို ကျနော် အင်္ကျီအောက်တွင် ထည့်ထားသည်။ ရုံးခန်းသို့အသွား ကင်မရာကို ဘယ်လိုဖွက်ရမလဲ အပြေးအလွှား ခေါင်းထဲမှာ စဉ်းစားနေမိသည်။ ကံကောင်းချင်တော့ ကျနော့်ကို ရုံးခန်းခေါ်ရာတွင် သူတို့က နောက်ကပဲ လိုက်လာသည့်အတွက် ပုဆိုးပြင်ဝတ်သလိုနှင့် ကင်မရာကို အတွင်းခံဘောင်းဘီထဲ တဖြည်းဖြည်း ထိုးသွင်းလာခဲ့သည်။
ဈေးရုံးခန်းထဲရောက်တော့ တာဝန်ရှိသူက ကျနော့်ကို ဘယ်ဂျာနယ်ကလဲမေးတော့ ကျနော်က ဂျာနယ်က မဟုတ်၊ ကြက်သားဝယ်ဖို့ ဖြစ်ကြောင်းနှင့် မိမိ MP3 နှင့် သီချင်းနားထောင်နေစဉ် တာဝန်ရှိသူက ကင်မရာနှင့် ရိုက်သည်ဟု ထင်မြင်ယူဆခြင်းသာဖြစ်ကြောင်း ပြောပြလိုက်သည်။ ထိုပုဂ္ဂိုလ်က MP3 ကို စစ်ဆေးပြီးနောက် ကျနော့်အိတ်နှင့် ခန္ဓာကိုယ်အား ရှာဖွေရန် ကျနော့်ကို ခွင့်တောင်းသည်။ ဘယ်လိုလုပ်ရမလဲ။ အမှန်အတိုင်း ဖွင့်ပြောရရင် ကောင်းမလား။ အို .. ရှုပ်တယ်။ ဘူးခံတာပဲ ကောင်းတယ်။ တွေ့တော့လည်း ကြည့်ရှင်းရတာပေါ့ဟု တွေးနေမိသည်။ တွေ့သွားရင်ကော .. ဘယ်သူက လိုက်ရှင်းပေးမည်လဲ… အမှန်တော့ ကျနော်တို့သည် ဂျာနယ်မှ သတင်းထောက် မဟုတ်သဖြင့် မည်သူကမှ လိုက်ရှင်းပေးမည်မဟုတ်။ မိမိ မိခင်ဌာနက တိုင်းတပါးမှာ။ သူတို့လည်း ဘာမှတတ်နိုင်မည်မဟုတ်။ ကိုယ့်အန္တရာယ်ကို ကြည့်ရှောင်၊ ကိုယ်ဖြစ် ကိုယ်ခံပင်။
တာဝန်ရှိသူက ကျနော့်ကို ရှာဖွေပြီး ဘာမှမတွေ့သဖြင့် အသာတကြည် သွားခွင့်ပြုတော့မှ သက်ပြင်းချနိုင်တော့သည်။
ဒါက မြန်မာနိုင်ငံက သတင်းထောက်တွေ သတင်းဓာတ်ပုံ ယူရသည့် အခြေအနေပင်။ ဒါတောင် ပညာပေး သတင်းယူသည့် ကိစ္စပဲ ရှိသေးသည်။ ဆန္ဒပြသတင်းတို့၊ ဘာတို့ဆိုလျှင် မည်မျှခက်ခဲမည်ကို စဉ်းစားကြည့်ယုံဖြင့် သိနိုင်ပေသည်။ သတင်းတွေကတော့ ရှိနေပါသည်။ သို့ရာတွင် ဓာတ်ပုံ၊ ဗီဒီယို သတင်းထောက်တဦးအဖို့ ထိုသတင်းဓာတ်ပုံရိုက်ယူရေးကမူ အင်မတန် သတိထားရသည်။ နိုင်ငံခြားမှာလို မိမိဘယ်သတင်းဌာနကပါလို့ သွားပြော၍မဖြစ်။ သတင်းထောက်ဆိုသည်နှင့် အမေးခံရမည့် သာမန်လူတဦးဆိုလျှင် တွန့်သွားသည်။ မေးခံရမည့်သူက သတင်းပေး ဖြစ်နေလို့ကတော့ ..။
အခက်အခဲကြားမှ သတင်းဓာတ်ပုံ ဗီဒီယိုရိုက်ယူနိုင်ခဲ့ပြီဆိုလျှင် ပျော်မဆုံးတော့။ သို့သော် အပြီးအပြတ် ပျော်လို့မရသေး။ ထိုသတင်းကို မိမိသတင်းဌာနသို့ ရောက်အောင် ပို့ရဦးမည်။
မိမိတို့မှာ ကိုယ်ပိုင်အင်တာနက် မရှိ။ ဒီ့အတွက် အင်တာနက် ကဖေးဆိုင်ကို ပြေးရသည်။ ဆိုင်ရောက်သည်နှင့် အရင်ဆုံး ဆိုင်ထဲကို မျက်စိတချက် ဝေ့ကြည့်လိုက်ရသည်။ လူစိမ်းလား၊ အမြဲသုံးနေကျ တွေ့နေကျတွေလား ဆိုတာ ဖျတ်ကနဲ ကြည့်ရုံဖြင့် အကျင့်ရနေပြီးသား။ ပို့ချင်ဇောနှင့် ဘေးဘီမကြည့်လို့ကတော့ မိမိဘေးခုံက သူသည် ထောက်လှမ်းရေးလည်း ဖြစ်နိုင်သည်။ သတင်းပေးသမားလည်း ဖြစ်နေနိုင်သည်။ ဘယ်အချိန်များ ”ဒီက ညီအကို ခဏ” လို့ လာခေါ်မလည်း ထိတ်နေရသည်။ အဲဒီခဏကလည်း ဒီခေတ်အင်တာနက် ဥပဒေဆိုတာကြီးနှင့်ဆိုလျှင် ဒီ့ပြင်ပုဒ်မတွေမပါသေးဘဲ ၁၅ နှစ် ဖြစ်နေသည်။ အိုကေပြီ၊ ဘေးဘီရှင်းပြီ၊ စိတ်ချရပြီဆိုလျှင် memory card ထုတ်၊ လုပ်ငန်း စရပြီ။
မိမိတို့မှာ ဖြတ်တောက်ရမည်၊ ဖိုင်ဆိုဒ်ချုံ့ရဦးမည်။ ဒါတွေအတွက် လိုချင်သည့် ဆော့ဝဲတွေက ဆိုင်တိုင်းမှာ မရှိ။ ဒီတော့ ကိုယ်ပိုင် thumbright ထဲမှာ download လုပ်ပြီး အကုန်သိုမှီးထားရသည်။ ပြီးမှ ဖန်သားပြင်ပေါ်တင်ပြီး လိုရာပြောင်းရသည်။
အင်တာနက်ဆိုင်တွေမှာက ပြင်ပဝဘ်ဆိုဒ်တွေ၊ သတင်းတွေ ဖွင့်ကြည့်ခွင့် မရှိ။ ဒီအတွက် proxy နံပါတ်တွေခံပြီး ကျော်ကြည့်ရသည်။ ကြည့်တာကလည်း အေးဆေးကြည့်၍မရ။ ညောင်သီးလည်း စား၊ လေးညှို့သံလည်း နားစွင့်နေရသည်။ မဟုတ်လို့ကတော့ ၁၅ နှစ် ဖြစ်သွားမည်။ မြန်မာပြည်မှာက အိမ်မှာ ဓာတ်ခဲလေး နှစ်လုံး၊ မီတာတိုင်းသည့် ကိရိယာလေးရှိရုံမျှနှင့် အမြင်မကြည်လျှင် ဖောက်ခွဲရေးသမားဆိုပြီး တံဆိပ်ကပ်ခံရနိုင်သည်။
ကဲ .. ပြောင်းလည်း ပြောင်းပြီးပြီ၊ upload လုပ်သည့် ဆိုဒ်တွေနဲ့ ပို့တော့မည်ဆိုမှ အင်တာနက် ကွန်နက်ရှင်က ကျသွားပြန်သည့် အဖြစ်တွေကလည်း မကြာခဏ။ နာရီဝက်နှင့် ပြီးရမည့်ဟာက ၁ နာရီလည်း ဖြစ်သွားနိုင်သည်၊ ၂ နာရီလည်း ဖြစ်သွားနိုင်သည်။ ကြာမှသာ ကြာစေတော့။ သတင်းကို အချိန်မီ တင်နိုင်ဖို့ အရေးကြီးသည်။ အားလုံး အဆင်ပြေပြီ၊ ပို့ချင်ရာလည်း ပို့ပြီးပြီဆိုမှ ကွန်ပြူတာ ဖန်သားပြင်တွင် အကုန်ရှင်းခဲ့ရသည်။ မေ့မကျန်ရင် အကောင်းဆုံးသာ။
နောက်တနေ့ ကိုယ့်ဌာနရဲ့ ဝဘ်ဆိုဒ်မှာ ကိုယ့်သတင်း ပါလာပြီဆိုလျှင် ကြည်နူးနေရသည်။ ဗီဒီယို သတင်းထောက်ဆိုလျှင်တော့ တမိနစ်ခန့် သတင်းတိုလေးကို ပီတိအပြည့်ဖြင့် ခံစားရန်ရင်ခုန်စွာ စောင့်ဆိုင်းနေရသည်။ မိမိရိုက်ကူးသည့် သတင်းသည် အယ်ဂျာဇီးယားတို့၊ စီအန်အန်တို့မှာပါ ပါလာလျှင် လူမသိသူမသိ ကျိတ်ဝမ်းသာရသည်။
ဒီနေ့တော့ အခက်အခဲကြားထဲက ရိုက်လာသည့် ကြက်ငှက်တုပ်ကွေး သတင်းလေးကို ကြည့်ရန် တီဗီရှေ့ စောင့်နေမိသည်။ လာတော့မည်။
ဖျတ်ကနဲအလင်းဓာတ်များ ကွယ်ပျောက်သွားသည့်နှင့်အတူ ''ဟာ'' ဟု ညီးညူမိလိုက်သည်။ သွားပြီ။ မီးပျက်သွားချေပြီ။ နောက်နေ့မှ သူများတွေ ပြောသံကြားလျှင် တကိုယ်တည်း ကျိတ်၍ ပီတိဖြစ်ရပေတော့မည်။
ကြည်စင်သော်တာ
ရင်းမြစ် မဇ္ဈိမ
မြန်မာနိုင်ငံသူ နိုင်ငံသားများသို့......
ပြည်တွင်း၊ပြည်ပနိုင်ငံအသီးသီးတွင် သီးတင်းသုံးလျက်ရှိကျသော ဆရာတော်များအား တပည့်တော်တို့ ရိုသေစွာ ဦးတိုက်လျှောက်ထားအပ်ပါသည်။ တပည့်တော်တို့ မွေးဖွားရှင်သန်ခဲ့သော အမိမြန်မာနိုင်ငံ၏ နိုင်ငံရေး အနေအထားသည် ကြီးမားသောအလှည့်အပြောင်းကို ရောက်ရှိနေပါသည်၊ စစ်အစိုးရသည် (2008) ခုနှစ်အတွင်း နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီး (2010) ၌ ရွေးကောက်ပွဲအသစ် ကျင်းပမည်ဖြစ်ကြောင်း ကြေညာထားပါသည် ရွေးကောက်ပွဲမတိုင်ခင်၌ လက်နက်ကိုင် အပစ်ရပ် လူမျိုးစုများ၏ တပ်ကို တပ်မတော်လက်အောက် အတင်းပြောင်းထားရှိရန် ဆွေးနွေးစီစဉ်လျက်ရှိပါသည်။ ဤလုပ်ရပ်သည် အမျိုးသားအခွင့်အရေးပြဿနာကို ပြီိးပြတ်ပြေလည်အောင် မဖြေရှင်းခင် စပ်ကြား လုပ်ဆောင်ခြင်း ဖြစ်သောကြောင့် အပစ်ရပ်အဖွဲ့အများစုမှာ လက်သင့်မခံနိုင် ဖြစ်လာခဲ့ကြသည်။ ဤအစီစဉ်အတိုင်း မဖြစ်မနေ အကောင်အထည် ဖေါ်မည်ဆိုပါက ယနေ့ရရှိထားသော ပြည်တွင်း ငြိမ်းချမ်းရေးသည် များစွာစိုးရိမ်သောက ရောက်စရာ အနေအထားသို့ ရောက်သွားမည် ဖြစ်ပါသည်။
အကောင်းဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်ခွန်ထွန်းဦးတို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး အမျိုးသားပြန်လည်သင့် မြတ်ရေးအတွက် နိုင်ငံရေးပြဿနာကို တွေ့စုံဆွေးနွေး အဖြေရှာခြင်းပင်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးအပစ်ရပ်အဖွဲ့ တွေလဲ လက်နက်ကိုလက်နက်နဲ့ တုံ့ပြန်ဖို့ တာစူနေကြပါသည်ဘုရား။ ပြည်တွင်းစစ်ဖြစ်ရင် ပြည်သူတွေပိုဒုက္ခရောက်မှာပါ။ လူမှူဘ၀ဖူလုံမှုမရှိခြင်း၊ လူ့ အခွင့်အရေး ချိုးဖောက်ခံရကာ ၄င်းတို၏လုပ်ခလစာများကို ထိုက်သင့်အားလျော်စွာ မရရှိခြင်းကြောင့် အလုပ်သမားများ လည်းဆန္ဒပြလျက်ရှိပါသည်။ အချိန်မနှောင်းခင် ရွေးကောက်ပွဲအတွက် နိုင်ငံရေးသမားများ လွတ်မြောက်ရန် နှင့်စေ့စပ်ညှိုနှိုင်းရန် ပြည်သူအားလုံး ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုဖို့လို ပါတယ်ဘုရား။ တိုင်းသူပြည်သား (တပ်မတော်သား၊ ကျောင်သား၊ အရပ်သား၊ ဘုရားသားတော်များ ၊မြန်မာနိုင်ငံသား) အားလုံးပါဝင်လာကြရန်မှာ ၄င်းတို့သီးသီး၌ အခြေခံနိုင်ငံရေး အသိအမြင်များရှိကြရန်၊ စစ်အစိုးရခေါင်းဆောင်များ ၏လက်တစ်လုံးခြား လိမ်ညာခဲ့မှုများကိုဆက်စပ်စဉ်းစားနားလည်သဘောပေါက်ကျရန် လိုပါတယ်ဘုရား။ သို့မှသာတပည့်တော်တို့ မျှော်လင့်ထားသော လွတ်လပ်ငြိမ်းချမ်းပြီး တရားမျှတသည့် ဒီမိုကရေစီနိုင်ငံ ပေါ်ပေါက်လာမှာဖြစ်ပါသည်။ တပည့်တော်တို့ အနေဖြင့်လည်းကောင်း၊ နိုင်ငံရေးအဖွဲအစည်း ခေါင်းဆောင်များ အနေဖြင့်လည်းကောင်း၊ မျိုးချစ်နိုင်ငံရေးသမားများ အနေဖြင့်လည်းကောင်း နိုင်ငံရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲများကို အရှိန်အဟုန်မြင့်ပြုလုပ်ု့ ကြဖို့လိုပါတယ်ဘုရား။
တေဇကကဒ်ဖုန်း တွေထုတ်တယ်။ ဦးပိုင်ကကားတွေသွင်းတယ်။ မတည်ငြိမ်တဲ့စီးပွားရေး လှည့်ကွက်ကြားမှာ ငါတို့တွေ ဆုံးရှုံးခဲ့ကြတာ အများကြီးဘဲ။ ဘာတတ်နိုင်မှာလဲ။ လူငယ်တွေဘွဲ့ရကြတယ်။ ဘွဲ့ရဖို့ငါတို့ သက်တမ်း သုံးပုံတစ်ပုံလောက် ပေးဆပ်ခဲ့တယ်။ ထိုက်သင့်တဲ့လစာ အကျိုးအမြတ်တွေငါတို့ရကြရဲ့လား? ပိုက်ဆံရှိရင် နိုင်ငံခြားသွားပြီး ကျောင်းတတ်မယ်……။ မရှိရင်တော့ နိုင်ငံခြားသွားပြီး ကျွန်ခံရပြီပေါ့။ လူငယ်တွေ ….ပိုက်ဆံရှိတဲ့သူရဲ့ သမီးကိုယူမှ နိုင်ငံခြားသွားမှ ကိုယ့်ဘ၀အတွက် ဘ၀အာမခံချက်ရမှာလား ?
ဘ၀တက်လမ်းအတွက် လူငယ်တွေ အကုန်လုံးစစ်ထဲဝင်ကြဖို့လား၊ ရဲတပ်ဖွဲ့နဲ့တပ်မတော်ဟာ ပြည်သူတွေအတွက်၊ နိုင်ငံတော်အတွက် မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်နဲ့ ၊ ခံယူချက်တွေ မမှားကျဖို့ ပြင်ဆင်ကျဖို့ လိုပါတယ်။
ကျွန်ုပ်တို့ ဆက်လက်ပြီး လစ်လျူရှူပြီး မနေသင့်တော့ပါဘူး။ မိမိလူမျိုး၊ နိုင်ငံ၊ ဘာသာ၊ သာသနာ ယဉ်ကျေးမှ၊ု သဘာဝပတ်ဝန်းကျင၊် သယံဇာတ တို့  ကိုကိုယ့်ဘာသာမထိန်းသိမ်းလျင် ဘယ်သူထိန်းသိမ်းမှာလဲ? လူ့ အခွင့်အရေးဟာလူသားတွေအားလုံးနဲ့  ပတ်သတ်သက်ဆိုင်နားလည်သင့်ပါတယ်။ ကျွန်ုပ်တို့ အားလုံစည်းလုံးညီညွတ်စွာဖြင့် မသမာသူသိသမလောဘစီးပွားရေးသမားများနှင့် စစ်ခေါင်းဆောင်များကို ဖယ်ရှားပြီးလွတ်လပ်ပြီးတရားမျှတသည့်ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာရန်ကျွန်ုပ်တို့  အားလုံးမှာတာဝန်ရှိပါသည်။
ပေးပို့လာသူရွှေကျောင်းသား...