17 March 2012

ပြည်ခိုင်ဖြိုးပါတီဝင်က NLD ပါတီတွင် လှုပ်ရှားနေသူတစ်ဦးအား ခြိမ်းခြောက်မှုဖြင့် တိုင်ချက်ဖွင့်

ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးဝင်းလှိုင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတွင် တက်ကြွ လှုပ်ရှားနေသူ ဌေးဝင်းလှိုင်၏မိခင် ဒေါ်သန်းသန်းဌေးအား ခြိမ်းခြောက်ပြောဆိုမှုဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းတွင် မတ်လ ၁၂ ၇က်နေ့က တိုင်ချက်ဖွင့်ခဲ့ကြောင်း အဆိုပါအမှုကို လိုက်ပါဆောင်ရွက်ပေးနေသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် ဦးလှမင်းဦးက Yangon Chronical သတင်းဌာနသို့ ပြောကြားသည်။

မင်္ဂလာတောင်ညွန့်မြို့နယ် တောင်ညွန့်ရထားရပ်ကွက် လိုင်းအမှတ် (၁၃)၊ အခန်း(H) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဒေါ်သန်းသန်းဌေးမှ မတ်လ ၇ ရက်နေ့ နေ့လည် ၃ နာရီခွဲအချိန်တွင် ရပ်ကွက်ဓမ္မာရုံသို့ ချေးငွေသွားရောက် ထုတ် ယူစဉ် ချေးငွေလာရောက်ထုတ်ယူသူများရှေ့မှောက်တွင် လိုင်း အမှတ်(၁၅)၊ အခန်း(D) ဝန်ထမ်းအိမ်ယာတွင် နေထိုင်သူ ဦးဝင်းလှိုင် (ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်)က “ ဒေါ်သန်းသန်းဌေး ခင်ဗျား သားက NLD ပါတီမှာ အရမ်း တက်ကြွနေပါလားဗျ၊ အဲ့ပုံတွေကျုပ်တို့ ဓာတ်ပုံရိုက်ထားတာ စီဒီတစ်ခွေစာ အပြည့်ရှိတယ် ထောင်ကျသွားချင်သလား ” ဟုခြိမ်းခြောက်ပြောဆိုခဲ့သောကြောင့် ရဲစခန်းသို့တိုင်ကြားရခြင်းဖြစ်ကြောင်း ကိုလှမင်းမှ ဆိုသည်။

တရားလို ဒေါ်သန်းသန်းဌေးက “ ကျွန်မသားအကြီးကောင် ဇင်မျိုးလှိုင်က R.B.E အကြီးတန်းစက်ရုံဒီဇယ်ဌာနမှာ တာဝန်ထမ်းဆောင်နေတယ် ဦးဝင်းလှိုင်၏ ခြိမ်းခြောက်စကားထဲမှာက သားအငယ်ကောင် ဌေးဝင်းလှိုင် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာ တက်ကြွလှုပ်ရှားသူအဖြစ် ဆက်လက် လုပ်ဆောင်နေမယ်ဆိုရင် အကြီးကောင်ကို အလုပ်ဖြုတ်ပစ်မယ်ဟု ထည့်ပြောသွားတယ် ” ဟု ဆိုသည်။

ဦးဝင်းလှိုင်အား တိုင်ကြားမှုနှင့် ပတ်သက်ပြီး မတ်လ ၂၈ ရက်နေ့တွင် စတင်ကြားနာမည်ဖြစ်ပြီး တရားလိုပြရှေ့နေအဖြစ် ပန်ဘဲတန်းမြို့နယ်မှ ဦးမောင်မောင်အေးမှ လိုက်ပါဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ပါက ဥပဒေအရ အရေးယူ သွားမည် ဖြစ် ကြောင်း ပြောကြားထားသည်။

သတင်း..... Yangon Chronical

16 March 2012

တံတားနီ နှစ်ပါတ်လည် အထိမ်းအမှတ် အမှတ်တရ အခမ်းအနား.ဓာတ်ပုံသတင်း
















ဓာတ်ပုံ..... Yangon Press International

NLD အားထောက်ခံသည့် အနုပညာရှင်များ လေးရက်အတွင်း မြို့လေးမြို့သို့ စည်းရုံးရေး ခရီးထွက်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ လုပ်ရပ်များအပေါ် အားပေးထောက်ခံသည့် ဂီတအနုပညာရှင်များသည် မတ်လ ၂၇ ရက်မှ စတင်ကာ မြန်မာပြည် အလယ်ပိုင်းရှိ မြို့လေးမြို့သို့ စည်းရုံးရေး ခရီးထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ရုပ်ရှင်၊ဂီတ အနုပညာနယ်ပယ်မှ အနုပညာရှင် ၂၀ ကျော်ပါဝင်သည့် အဖွဲ့သည် မတ်လ ၂၇ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌လည်းကောင်း၊ ၂၈ရက် နေ့တွင် စစ်ကိုင်းမြို့၌ လည်းကောင်း၊ ၂၉ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့၌ လည်းကောင်း၊၃၀ရက်နေ့တွင် ပခုက္ကူမြို့၌ လည်းကောင်း၊ တေး ဂီတနှင့် ပြဇာတ်ဖျော်ဖြေမှုများကို ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းကိစ္စရပ်နှင့် ပတ်သက်၍ စီစဉ်နေသူ Metal Zone မှ ဦးဇော်ဝင်းက ဆိုသည်။

“ဘာအကျိုးအမြတ်လိုချင်လို့မှ လုပ်တာ မဟုတ်ပါဘူး။ လုပ်သင့်တယ်ထင်လို့ လုပ်လိုက်တာပါ။ အန်တီနဲ့တွေ့တုန်းက သူမသွားနိုင်တဲ့ ဒေသတွေကို အနုပညာရှင်တွေ သွားပေးဖို့ စီစဉ်ပေးပါလို့ ဆိုတဲ့အတွက် ဒီကိစ္စက အကောင်အထည် ပေါ်လာတာပါ”ဟု ဦးဇော်ဝင်းက ပြောကြားသည်။

အဆိုပါ ဂီတဖျော်ဖြေမှု ခရီးစဉ်တွင် လင်းလင်း၊ ချစ်သုဝေ၊ ဂျေမောင်မောင်၊ လူမင်း၊ ထွန်းအိန္ဒြာဗိုလ်နှင့် အခြား သော အနုပညာရှင်များ ပါဝင်မည် ဖြစ်သည်။

ယင်းစီစဉ်တင်ဆက်မှု၏ ကုန်ကျစားရိတ်အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကျခံခြင်းဖြစ်ကြောင်း NLD မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချူပ်သည် ရွေးကောက်ပွဲအောင်နိုင်ရေးနှင့် ပတ်သက်သည့် သီချင်း ၁၆ ပုဒ် ပါဝင်သည့် စီးရီးတစ်ခွေကို မကြာမီ ရက်ပိုင်းအတွင်း မြန်မာပြည်တစ်ပြည်လုံးသို့ ဖြန့်ချိရန်ရှိကြောင်း သိရသည်။

သတင်း... yangonchronicle

"ကမ္ဘာနှင့်နေ တစ်တန်းတည်း ကျရောက်ခြင်းကြောင့် ဂြိုဟ်တုမှဖမ်းယူ ထုတ်လွှင့်သော ရုပ်သံလိုင်းများ ၆ ရက်တာ ကမောက်ကမ ဖြစ်မည်"

ကမ္ဘာဂြိုဟ်နှင့် နေတို့ တစ်တန်းတည်း ရှိနေခြင်းကြောင့် ဂြိုဟ်တုမှ တစ်ဆင့် ဖမ်းယူ ထုတ်လွှင့် နေသည့် ရုပ်သံလိုင်းများ လိုင်းပြတ်တောက်ခြင်းနှင့် ထစ်ခြင်း များ ဖြစ်ပေါ်နေကြောင်း ရွှေသံလွင် ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ယင်းသို့ ရုပ်သံလိုင်း များ ပြတ်တောက်ခြင်းနှင့် ထစ်ခြင်းများမှာ မတ်လ ၁ဝ ရက်နေ့မှ ၁၅ ရက်နေ့အထိသာ ဖြစ်ပွားမည်ဖြစ် ပြီး၊ ၄င်းရက်များ ကုန်လွန်ပါက မူလ အတိုင်း ကောင်းမွန် စွာ ပြန်လည် ကြည့်ရှု နိုင်မည်ဖြစ်ကြောင်း Sky Net ရုပ်သံလိုင်း၏ ကြေညာချက် အရ သိရသည်။

''ဂြိုဟ်တုကနေ တစ်ဆင့် ထုတ်လွှင့်တဲ့ ရုပ်သံလိုင်း အားလုံး ဖြစ်မှာပါ။ ကျွန်တော်တို့ Sky Net ရုပ်သံလိုင်းကတော့ ထိုင်းဂြိုဟ်တုကနေ တစ်ဆင့် ပြန်လည် ထုတ်လွှင့်နေ တဲ့အတွက် ထိုင်းနိုင်ငံမှာ ဖြစ်တဲ့အတိုင်း နေ့ဘက်တွေမှာ ရုပ်သံထစ်တာတွေ၊ လိုင်းပြတ်တောက် တာတွေ ဖြစ်မှာပါ။ ဒါကလည်း ကမ္ဘာဂြိုဟ်နဲ့နေတို့ တစ်တန်းတည်း ရှိနေ တဲ့အတွက် ကမ္ဘာနဲ့နေ ကြားမှာ ရှိတဲ့ လွှင့်တင်ထားတဲ့ ဂြိုဟ်တုတွေ နေရဲ့အပူရှိန်ကြောင့် အခုလိုမျိုး ဖြစ်နေတာပါ''ဟု Sky Net မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုသို့ ကမ္ဘာဂြိုဟ်နှင့် နေတို့ တစ်တန်းတည်း ကျရောက်မှုများမှာ တစ်နှစ် လျှင် နှစ်ကြိမ်ခန့် ဖြစ်ပေါ် လျက်ရှိပြီး အများ ဖြစ်ပွားသည့်လမှာ မတ်လ ဖြစ်ကြောင်း ၄င်း အပြင် နောင်နှစ်များတွင် ဖြစ်ပွားမည့် ကမ္ဘာဂြိုဟ်နှင့်နေတို့ တစ်တန်းတည်း ကျရောက်မည့် လများနှင့်ရက်များကို တွက်ချက်နိုင်မည်ဖြစ် ကြောင်း www. satellite circulation.com တွင် ဖော်ပြထားသည်။

''နေနဲ့ အရမ်းနီးကပ်တဲ့ ဂြိုဟ်တုဆိုရင်တော့ နေ့ဘက်တောင် မကဘူး။ ညဘက်တွေပါ လိုင်းပြတ်တောက်နိုင်တယ်။ တချို့ နိုင်ငံတွေမှာဆိုရင် ထုတ်လွှင့်မှုရက် ပိုင်း တော်တော် ကြာကြာ ပိတ်ထားရတဲ့ ထိ ဖြစ်တာရှိပါတယ်''ဟု ၄င်းက ဆက်လက်ပြောသည်။

ပြည်တွင်း၌ ဂြိုဟ်တုမှ တစ်ဆင့် ဖမ်းယူကြည့်ရှုနေသည့် ရုပ်သံလိုင်း များမှာ နှစ်ပေစလောင်း၊ သုံးပေစလောင်းနှင့် Sky Net တို့ဖြစ်ပြီး ယင်းတို့မှာ ထိုင်းနိုင်ငံ မှတစ်ဆင့် ပြန်လည် ထုတ်လွှင့်ပေးသည့် ရုပ်သံလိုင်းများ ဖြစ်သည်။

သတင်း..... Popular Myanmar News Journal

"တံတားနီပွဲ ကျင်းပမည့် နေရာပြောင်းရွှေ့"




တံတားနီ ကျောင်းသား လှုပ်ရှားမှု၂၄ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား ကျင်းပပြုလုပ် မည့်နေရာအား ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။ အခမ်းအနားကို ယခင် I B C ခန်းမ မှ ရွှေဂုံတိုင်ရှိ ဒို့ရိုးရာ စားသောက်ဆိုင် သို့ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး အချိန်နှင့်နေ့ရက် သည် ယခင် သတ်မှတ်ထားသည့် မတ်လ ၁၆ ရက် နံနက် ၉နာရီ ဖြစ်ကြောင်း သိရသည်။

သတင်း.... Popular Myanmar News Journal

မြန်မာ့နိုင်ငံရေး နောက်ပြန်လှည့်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည် သတိပေး

မြန်မာ့နိုင်ငံရေး လမ်းကြောင်းသည် ရုတ်တရက် နောက်ပြန်လှည့် သွားနိုင်ကြောင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ်မစ် ချယ်နှင့် မတ်လ ၁၄ရက်နေ့ တွှေ့ဆုံအပြီးတွင် ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်မစ္စတာ ဒဲရစ်မစ်ချယ်တို့သည် တက္ကသိုလ်ရိပ်သာလမ်း ရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ် တွင် အချိန် တစ်နာရီခွဲကြာ တွေ့ဆုံခဲ့သည်။

“အန်တီက အခုထိ ပြည်သူတွေက ခမောက်နဲ့ NLD ကိုခွဲမမြင်သေးတာတွေရှိတယ်၊ဒါကြောင့် မီဒီယာတွေ အနေနဲ့ ဒီကိစ္စကို ပြေလည်အောင် ဖြေရှင်းဖို့ ကူညီပေးကြပါလို့ ပြောသွားတယ်”ဟု ပြည်တွင်း ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောကြားသည်။

လက်ရှိ ပြည်တွင်း သတင်းဂျာနယ်အချို့ ကြုံတွေ့နေရသည့် အစိုးရဌာနတို့၏ တရားစွဲဆိုမှုများကိုလည်း မီဒီယာများ ဘက်မှ ရပ်တည်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း သိရသည်။

မစ္စတာ ဒဲရစ်မစ်ချယ်၏ မြန်မာနိုင်ငံသို့ လာရောက်သည့်ခရီးစဉ်မှာ ခြောက်ကြိမ်မြောက်ဖြစ်ပြီး မတ်လ ၁၁ရက်နေ့၌် ရောက်ရှိခဲ့ကြောင်း သိရသည်။

သတင်း..... yangonchronicle

15 March 2012

ပိုက်လိုင်း စီမံကိန်းမှ တရုတ်နိုင်ငံသား အချို့ လူနေအိမ် များသို့ ကျူးကျော် ဝင်ရောက်

တရုတ်-မြန်မာ ပိုက်လိုင်း စီမံ ကိန်းမှ တရုတ်နိုင်ငံသား အချို့က နွားထိုးကြီး မြို့ပေါ်ရှိ အမှတ် ၃ ရပ် ကွက် လူနေအိမ် ၃ ခုကို အိမ်ကျော် နင်းမှု များ ပြုလုပ်နေ၍ အချိန်မီ တားဆီးပေးရန် လိုအပ်နေ သည်ဟု ဒေသခံ များကVenus News Weekly သို့ ပြောသည်။

ဖေဖော်ဝါရီ ၆ ရက်နေ့ ည ၁ နာရီခွဲခန့်က အမည်မသိ တရုတ် လူမျိုး နှစ်ယောက်သည် အမှတ် ၃ ရပ်ကွက်နေ ဦးအောင်ကျော်ငွေ+ ဒေါ်မြင့်မြင့်သိန်းနေအိမ်သို့ ည အချိန်မတော် ကျူးကျော်ဝင်ရောက် ခဲ့ရာ လူနိုး၍ ဖိနပ်အချို့ကျန်ရစ်ခဲ့ သည်ဟု အိမ်ရှင် များက ဆိုသည်။ နွားထိုးကြီး ရဲစခန်းသို့ သက် သေခံဖိနပ်နှင့် ရဲတိုင်အမှုဖွင့်သော် လည်းရဲစခန်းက အမှုမဖွင့်ပေးဘဲ တားမြစ်ထားပြီး နွားထိုးကြီး ရဲ စခန်းမှ စခန်းမှူး ဦးဇော်ဝင်းထွန်း က ဖြစ်စဉ်ကိုလာကြည့်သွားသည် ဟု အိမ်ရှင်များထံမှသိရသည်။ နွားထိုးကြီးမြို့နယ် အမှတ် ၃ ရပ်ကွက်ရှိအခြားလူနေအိမ် ၂ ခု တွင်လည်း ယခုကဲ့သို့ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

တရုတ်မြန်မာပိုက်လိုင်း စီမံ ကိန်းအတွက် နွားထိုးကြီးမြို့နယ် တွင် တရုတ်လူမျိုး ၇၀ ကျော် ရောက်ရှိနေပြီး ပိုက်လိုင်းလုပ်ငန်း ကွင်းဆင်းလုပ်ကိုင်နေရာမှ ယခုကဲ့ သို့ဖြစ်စဉ် မျိုး ဖြစ်ပွားနေခြင်းဖြစ် ကြောင်း ဒေသခံ များကပြောသည်။ ယခုဖြစ်စဉ်များကို ရေနံရုံးချုပ် သို့တင်ပြထားကြောင်း နွားထိုးကြီး မြို့နယ် အုပ်ချုပ်ရေးမှူး ကဆိုသည်။ နွားထိုးကြီးမြို့နယ် ရဲတပ်ဖွဲ့ ကလည်း တရုတ်နိုင်ငံသားများ ညဘက် အပြင်မထွက်နိုင်ရန် စီမံ ကိန်းမှ တာဝန်ရှိ တရုတ်အုပ်ချုပ် သူများနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိသည်။

သတင်း..... Venus News Journal

မီဒီယာလွတ်လပ်ခွင့် ကန့်သတ်ခြင်းသည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

နိုင်ငံ၏ အဓိကမဏ္ဍိုင်ကြီး သုံးရပ်ကို စောင့်ကြည့်၍ ထောက်ပြဝေဖန်မှုများ ပြုလုပ်ရမည့် သတင်းမီဒီယာများကို မီဒီယာ လွတ်လပ်ခွင့် ကန့်သတ်ခြင်း သည် နိုင်ငံတိုးတက်မှုကို ကန့်သတ်ခြင်း ဖြစ်သည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောကြားသည်။

မတ်လ ၁၄ ရက်နေ့ ညနေပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူး ကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ်မစ်ချယ်နှင့် ၎င်း၏ နေအိမ်တွင် တွေ့ဆုံအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြည်တွင်း သတင်းစာစောင်များ ဖြစ်သော မော်ဒန်ဂျာနယ်ကို ဆောက်လုပ်ရေး အင်ဂျင်နီယာက တရားစွဲဆိုမှု နှင့် The Voice Weekly ကို သတ္တုတွင်း ဝန်ကြီးဌာနက တရားစွဲဆိုမည်ဟု မတ်လ ၁၄ ရက်နေ့ထုတ် နိုင်ငံပိုင် မီဒီယာများတွင် ဖော်ပြမှုများနှင့် ပတ်သက်၍ ပြည်တွင်း သတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

“ အမှန်ကို အမှန်အတိုင်း ပြောတာကို ပါးစပ်ပိတ်တယ် ဆိုတာဟာ မီဒီယာ လွတ်လပ်ခွင့်ကို ကန့်သတ်တာပဲ။ ဒီနိုင်ငံရဲ့ တိုးတက်မှုကို ကန့်သတ်တာပဲလို့ ယုံကြည်တယ် ” ဟု အဆိုပါ တရားစွဲဆိုမှုများ အပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန် ပြောဆိုသည်။

၎င်းအနေနှင့် မီဒီယာများဘက်က မှန်ကန်ပါက အမြဲ ရပ်တည်ပေးမည် ဖြစ်ပြီး မီဒီယာလွတ်လပ်ခွင့် ရှိမှ ဥပဒေစိုးမိုးရေးကို ဖေးမပေးနိုင်မည် ဖြစ်ကြောင်း ဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံတွင် ပုံနှိပ်မီဒီယာ လွတ်လပ်ရေးခွင့်အတွက် ရေးဆွဲနေသည် ဆိုသော ပုံနှိပ်စက်နှင့် ထုတ်ဝေစာများ ဥပဒေ (Printing Presses and Publication law) ကို ရှေ့နေချုပ်ရုံးက အတည်ပြုပြီး ဖြစ်သော်လည်း ထပ်မံ သုံးသပ် ပြင်ဆင်နေဆဲ ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မတ်လ ၃ ရက်နေ့တွင် ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ The Voice Weekly သို့ ပြောကြားသည်။

သတင်း.......
The Voice Weekly

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေး

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် ရေပိုင်နက် အငြင်းပွားမှု ကြားနာပွဲတွင် ဘင်္ဂလားဒေ့ရှ်ကို အနိုင်ပေးလိုက်ပြီ ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံတကာ သတင်းမီဒီယာများတွင် ဖော်ပြထားသည်။

“ မိမိတို့ လိုချင်တာ အားလုံး ရခဲ့ပြီ ” ဟု ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာခုံရုံး ရှိရာ ဂျာမနီနိုင်ငံ ဟမ်းဘတ်မြို့သို့ ရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Dr Dipu Moni က ဘင်္ဂလားဒေ့ရှ် bdnews24 သို့ တယ်လီဖုန်းဖြင့် ပြောကြားသည်။

ကာလကြာရှည်စွာ မြန်မာနှင့် ပင်လယ်ရေပိုင်နက် အငြင်းပွားလျက်ရှိသော ကိစ္စတွင် ဘင်္ဂလားဒေ့ရှ်ဘက်က ၎င်းတို့ တောင်းဆိုထားသည့် ဧရိယာထက် ပိုမို၍ အနိုင်ရရှိခဲ့သည်ဟု ၎င်းက ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဘင်္ဂလားပင်လယ်အော်တွင် အဆိုပြုထားသော ဧရိယာမှာ ၁၀၇,၀၀၀ စတုရန်း ကီလိုမီတာသာ ရှိသော်လည်း ယခု တရားရုံးက ဘင်္ဂလားဒေ့ရှ် ပိုင်နက်ဧရိယာအဖြစ် ဆုံးဖြတ်ခဲ့သော ဧရိယာမှာ ၁၁၁,၀၀၀ စတုရန်း ကီလိုမီတာ ရှိသည်။

ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံး၏ ဆုံးဖြတ်ချက်အရ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ၎င်း၏ ကမ်းဦး ရေတိမ်ပိုင်း မိုင် ၂၀၀ နှင့် မိုင်၂၀၀ အလွန် ပတ်ဝန်းကျင် ရေပြင်ပိုင်နက်တွင် စီးပွားရေးများ လုပ်ကိုင်နိုင်တော့မည် ဖြစ်သည်။

ရေနံနှင့် သဘာဝဓာတ်ငွေ့ အများအပြားရှိသော အဆိုပါဧရိယာ ပိုင်ဆိုင်မှုနှင့် ပတ်သက်၍ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သည် ၂၀၀၉ ခုနှစ်မှစ၍ ပင်လယ် ရေပိုင်နက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ခုံရုံးတွင် အမှုဖွင့်၍ တရားဥပဒေ ကြောင်းအရ ဖြေရှင်းရန် ကြိုးပမ်းခဲ့သော အမှုကိစ္စ ဖြစ်သည်။

သတင်း..... The Voice Weekly

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရုပ်သံဟောပြောချက် မိန့်ခွန်းတစ်ချို့ဖြုတ်ပယ်ခဲ့ဟုဆို

ယနေ့ညတွင်ထုတ်လွှင့်မည့်် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီမူဝါဒဟောပြောချက် မိန့်ခွန်းတွင် အချို့စာပိုဒ်များအား ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အချိန်အခက်အခဲကြောင့်ဖြုတ်ပယ် ခဲ့ရကြောင်းဟု ယနေ့ ပြုလုပ်သော မြန်မာနိုင်ငံဆိုင်ရာမူဝါဒညှိနှိုင်းရေးမှုး ဒဲရစ်မစ်ချယ်လ်နှင့် တွေ့ဆုံပြီးတွင် သတင်းထောက်များအား ပြောကြားသည်။

“ကျွန်မရဲ့မိန့်ခွန်းက နည်းနည်းရှည်နေတယ်။ ရှည်နေတဲ့အခါကျတော့ ကျွန်မကလည်း လေ့ကျင့်ဖို့အချိန်မရှိဘူးဆိုတော့ အချိန်ကသိပ်မကိုက်ဘူးပေါ့နော် ဟိုကျတော့ပိုနေတာပေါ့ ၁၅မိနစ် လုပ်ရမှာ ၁၈မိနစ်ဖြစ်နေတဲ့အခါကျတော့ ဒုတိယအကြိမ်ပြန်ပြီးတော့ခပ်မြန်မြန်လေးပြောကြည့်တဲ့ အခါလည်းမရဘူး ၁၆ မိနစ် ။ကဲမဖြစ်တော့ဘူးဆိုပြီးတော့ တစ်ချို့ဟာတွေဖြုတ်ပြစ်လိုက်တယ်။ ကျွန်မဖြုတ်တာပါ။” ဟု ဒေါ်အောင်ဆန်းစုကြည် က နိုင်ငံခြားသတင်းထောက် တစ်ဦး၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရင်း ပြောဆိုသည်။

မိန့်ခွန်းအား ပြင်ဆင်ရာတွင် အချက် နှစ်ချက်ရှိကြောင်း ပထမအချက် အနေဖြင့် စာပုဒ်တစ်ပုဒ်ကို စည်းမျဉ်းနှင့်မကိုက်ညီ ဟူ၍ ဆင်ဆာလုပ် ဖြုတ်ခံခဲ့ရကြောင်း ဒုတိယအချက်အနေဖြင့် အချိန်အခက်အခဲကြောင့် ဖြုတ်လိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်ပါတီများ ၏မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်ဆိုင်ရာ ဟောပြောချက် မိန့်ခွန်းများကို ယခုလ ၇ ရက်နေ့မှ စတင်ပြီး နိုင်ငံပိုင် ရုပ်သံများတွင် တစ်ရက်လျှင် နှစ်ပါတီကျ ထုတ်လွှင့်ပေးလျှက်ရှိသည်။

သတင်း... Yangon Press International

မီဒီယာလွတ်လပ်မှုကန့်သတ်ခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ကန့်သတ်ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မီဒီယာလွတ်လပ်မှု ကန့်သတ်ခြင်းသည် တိုင်းပြည်တိုးတက်ရေးကို ကန့်သတ်ခြင်းဖြစ် သည်ဟု ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရမူဝါဒ ညှိနှိုင်းရေးမှုး ဒဲရစ်မီချယ်နှင့် တွေ့ဆုံပြီး ပြည်တွင်းသတင်းထောက်တစ်ဦး၏ မေးမြန်းချက်ကိုဖြေကြားစဉ် ပြောဆိုလိုက်သည်။

“တရားစွဲတယ်ဆိုတာ မဟုတ်မမှန် စွပ်စွဲရင်တော့ တရားစွဲနိုင်တယ်ပေါ့ အမှန်ကိုအမှန်အတိုင်းပြောတာကို ပါးစပ်ပိတ်တယ်ဆိုတာ၊ မီဒီယာလွတ်လပ်မှုမျိုးကို ကန့်သတ်တယ်ဆိုတာ ဟာ နိုင်ငံရဲ့တိုး တက်ရေကို ကန့်သတ်တာနဲ့ အတူတူဘဲလို့ အန်တီတော့ ဒီလိုဘဲ ယုံကြည်တယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ပြည်တွင်းသတင်းထောက် တဦးက ယနေ့ဖြစ်ပေါ်နေသော လမ်းမကောင်းသည့် အဖြစ်ကိုရေးသားခဲ့သော မော်ဒန်ဂျာနယ်တရားစွဲဆိုခံရမှု နှင့် သတ္တုတွင်းဝန်ကြီး ဋ္ဌာနနှင့် ၀န်ကြီးဋ္ဌာနအချို့၏ အလွဲသုံးစားလုပ်သည့် ကိစ္စများ သတင်းကိုရေးသားခဲ့သော The voice ဂျာနယ်တို့ တရားဆွဲဆိုခံရသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။

“လမ်းတွေမကောင်းတာမှာ တရားဆွဲလို့ ရှိရင်လည်း တရားရုံးမှာရင်ဆိုင်လိုက် ဓါတ်ပုံရိုက်ပြီးတော့ ပြပြီးတော့ ဒီလမ်းတွေမကောင်းလို့ မကောင်းတာပြောတာကို ဒါဘာတရားစွဲစရာလိုလို့လဲ။ ကောင်းတဲ့ လမ်းကြီးကို နေပြည်တော်လမ်းကိုပြောနေတာမှမဟုတ်ဘဲ သားတို့ပြောနေတဲ့လမ်းဟာ မကောင်းတဲ့လမ်းဘဲဟာ”ဟုဒေါ်အောင်ဆန်းစုကြည်က မော်ဒန်ဂျာနယ် တရားစွဲဆိုခံရမှုအပေါ် သုံးသပ်ပြောကြားသည်။

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က တရားဥပဒေစိုးမိုးရေးနှင့်ပါတ်သက် ၍ မီဒီယာ လွတ်လပ်ခွင့်လည်းလိုအပ်ကြောင်း ၊မီဒီယာလွတ်လပ်ခွင့်ရှိမှ တရားဥပဒေစိုးမိုးရေး ကို ဖေးမပေးနိုင်မည်ဖြစ်ကြောင်း ၊မီဒီယာဘက်မှ ၎င်းရပ်တည်ပါကြောင်းပြောကြားခဲ့သည်။

သတင်း...... Yangon Press International

14 March 2012

နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် နိုင့်ငံဝန်ထမ်းများအား အပိုထောက်ပံ့ကြေး ခံစားခွင့်ပြုခြင်း

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာ၊ ပြည်ထောင်စုဝန်ကြီးရုံး၏ ၁၃၇၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက်၊ (၂၀၁၂ ခုနှစ်) မတ်လ ၁၄ ရက်စွဲပါ အမိန့်ကြေငြာစာအမှတမ် ၁၀၀/ ၂၀၁၂ ဖြင့် နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် ၀န်ထမ်းများ (ကြည်း၊ ရေ၊ လေ) ၀န်ထမ်းများအား စားဝတ်နေရေး သက်သာချောင်လည်မှု ရှိစေရန်အတွက် လက်ရှိလစာအပြင် အပိုထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် (ကျပ်သုံးသောင်းတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း၊ အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သများများ၏ လုပ်ခကို အလုပ်ချိန် တစ်နေ့ (၈) နာရီအတွက် လက်ရှိသက်မှတ်ထားသော လုပ်ခ (ကျပ်တစ်ထောင့်တစ်ရာတိတိ) အပေါ်တွင် ထောက်ပံကြေး (ကျပ်တစ်ထောင်တိတိ) ကို ထပ်မံခံစားခွင့် ပြုမည်ဖြစ်သဖြင့် နေ့စားအလုပ်သမားများအား နေ့စဉ်လုပ်ခ (ကျပ်နှစ်ထောင့်တစ်ရာတိတိ) ခံစားခွင့်ပြုရန်ကိုလည်းကောင်း ၂၀၁၂ ခုနှစ် ဧပြီလ (၁) ရက်နေ့မှ စ၍ ခံစားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

သတင်း.... MRTV4

ဒေါ်အောင်ဆန်းစုကြည်က ကချင် စစ်ဘေးဒုက္ခသည်တွေကို ထပ်လှူ



အန်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ကချင်ဒေသက စစ်ဘေးဒဏ်သင့် ဒုက္ခသည်တွေအတွက် နောက်ထပ်ငွေ ကျပ်သိန်း ၂၀၀ လှူဒါန်းလိုက်ကြောင်း သိရပါတယ်။အဲဒီ အလှူငွေတွေကို ကချင်ဒုက္ခသည်တွေထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက် လှူဒါန်းဖို့ မန္တလေးတိုင်း အန်အယ်လ်ဒီ စည်းအဖွဲ့ဝင် ဒေါ်ဝင်းမြမြကို တာဝန်ပေးလိုက်ကြောင်း၊ လာမယ့် ၁၅ ရက် ကြာသပတေးနေ့မှာ မြစ်ကြီးနားကို သွားရောက်မှာဖြစ်ကြောင်း ဒေါ်ဝင်းမြမြက အာအက်ဖ်အေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် မှာကြားထားတဲ့အတိုင်း အခက်အခဲဆုံးနေရာတွေအထိ အလှူငွေရောက်အောင် ဆောင်ရွက်မယ်လို့ ဆိုပါတယ်။

ကချင်ဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခုလှူဒါန်းမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မနှစ်တုန်းက သိန်း ၃၀၀ တစ်ကြိမ်၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီက သိန်း ၁၀၀ တစ်ကြိမ်နဲ့ အခု သိန်း ၂၀၀၊ စုစုပေါင်း သိန်း ၆၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ ကချင်ဒေသက စစ်ဘေးဒုက္ခသည်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့အခုလှူဒါန်းမှုဟာ တတိယအကြိမ်မြောက်ဖြစ်ပြီး မနှစ်တုန်းက သိန်း ၃၀၀ တစ်ကြိမ်၊ ပြီးခဲ့တဲ့ဖေဖော်ဝါရီက သိန်း ၁၀၀ တစ်ကြိမ်နဲ့ အခု သိန်း ၂၀၀၊ စုစုပေါင်း သိန်း ၆၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

သတင်း.... RFA

ဖဒိုမန်းငြိမ်းမောင်ကိုထောင်ဒဏ်တစ်သက်တစ်ကျွန်းချ



ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို အင်းစိန်အကျဉ်းထောင်အတွင်းရှိမြောက်ပိုင်းခရိုင်တရားရုံးကထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံစေရန် ယနေ့အမိန့်ချမှတ်လိုက်သည်။

အသက် ၇၀ ရှိပဒိုမန်းငြိမ်းမောင်ကိုမတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) အရထောင်ဒဏ် ၃ နှစ် နှင့် နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ၁၂၂(၁) အရထောင်ဒဏ် တစ်သက်တစ်ကျွန်းကို တစ်ပေါင်းတည်းကျခံစေရန်ချမှတ်လိုက်ခြင်းဖြစ်ကြောင်း၎င်း၏ ရှေ့နေဦးကြီးမြင့် က ပြောသည်။

“ အသက်ကြီးတာရယ်၊ ငြိမ်းချမ်းရေးလိုလားတဲ့ အထောက်အထားတွေရှိတဲ့ အတွက်ကြောင့်မို့ လျှော့ပေါ့ တယ်ပေါ့ဗျာ။ သေဒဏ်အစားတစ်သက်တစ်ကျွန်းချတယ်ပေါ့ဗျာ။ အဲလိုပါတယ်” ဟု တရားသူကြီး ၏ အမိန့်ကို ၄င်းက ပြန်ပြောပြသည်။

ဆက်လက်၍ ၎င်းက တရားခွင်သို့ မည်သူမျှတက်ရောက်နားထောင်ခွင့်မပြုခဲ့ဘဲ နှစ်ဘက်ရှေ့နေများရှေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

ပဒိုမန်းငြိမ်းမောင်အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့ကလေကြောင်းလိုင်းဖြင့် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိလာစဉ် နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတုရိုက်နှိပ် ထားသည်ဟုဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ကနဦးတွင် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၆၈ နှင့် လူဝင်မှု ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ၁၃/၁ တို့အရ ထောင်ဒဏ် ၆ လစီ တပေါင်းတည်း ကျခံစေရန် ရန်ကုန်တိုင်း မင်္ဂလာဒုံတရားရုံးမှ အမိန့်ချမှတ်ခဲ့ပြီးနောက် ပြစ်ဒဏ် လွတ်မြောက်ကာနီးတွင် မတရားအသင်း ပုဒ်မ ၁၇(၁)၊နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) တို့ဖြင့် ထပ်မံ တရားစွဲဆိုခဲ့သည်။

ရှေ့နေဦးကြီးမြင့်က ယခုအမှုမှာတရားစွဲဆိုပုံမှားယွင်းခြင်း၊ တရားစွဲဆိုခွင့်အမိန့် မပြည့်စုံခြင်း၊ ပြုလုပ်မှု တစ်ခုတည်းကိုအမှုနှစ်မှုစွဲဆိုထားခြင်းစသည့် ဥပဒေကြောင်းဆိုင်ရာလွဲမှားမှု များကြောင့် ပြန် လွှတ်ပေးသင့်သည့်အမှုဖြစ်သည်ဟုဆိုသည်။

“ ကျွန်တော်တို့ဘက်ကမကျေနပ်ရင် အယူခံယူလို့ရတာပေါ့။ အဲဒါနဲ့ပတ်သတ်လို့တော့ အမှုသည်ကအခုထိဘာမှမညွှန်ကြားတော့ နောက်ထပ်တိုင်ပင်ကြည့်ရဦးမှာပေါ့” ဟုဦးကြီးမြင့်က ပြောသည်။
အယူခံဝင်မည်ဆိုပါက ရက် ၆၀ အတွင်းတိုင်းတရားလွှတ်တော်သို့ အယူခံဝင်ရမည်ဖြစ်သည်။

ပဒိုမန်းငြိမ်းမောင်၏ ဇနီးဖြစ်သူ နော်ဝါးက တရားခွင်သို့သွားရောက်လိုသော်လည်းသွားရောက်ခွင့်မရခြင်းနှင့် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းတို့အပေါ်စိတ်ထိခိုက်မိကြောင်းပြောသည်။

၎င်းက“ ကျွန်မအနေနဲ့တော့ဘာမှမတက်နိုင်ဘူး။ သက်သာတဲ့နည်းနဲ့တော့ ဖြစ်စေချင်တာပေါ့”ဟုပြောသည်။
KNU မှခေါင်းဆောင် တစ်ဦးဖြစ်သည့် ပဒိုဒေးဗစ်ထော ကဥပဒေကြောင်းအရနည်း လမ်းရှာဖွေကာပဒိုမန်းငြိမ်းမောင်လွတ်မြောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဟုပြောသည်။

ယခုနှစ်ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် KNU တို့ ပဏာမ တွေ့ဆုံ၍ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့စဉ် ပဒိုမန်းငြိမ်းမောင်ကို လွှတ်ပေးရန် KNU ဘက်မှ တောင်းဆိုခဲ့ သည်။

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းက လည်းအမှုပြီးပြတ်အောင် စစ်ဆေးပြီးပါက သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်ဖြင့် ပြန်လည်လွတ်ပေးမည်ဟု ကတိပေးပြောကြားထားခဲ့သည်။

ပဒိုမန်းငြိမ်းမောင်သည် ၁၉၆၇ခုနှစ်တွင် တွင် ကရင် အစိုးရ၏ဖမ်းဆီးမှုကို ခံရပြီး ကိုကိုးကျွန်း အကျဉ်းစခန်းသို့အပို့ခံခဲ့ရဖူးသည်။ပဒိုမန်းငြိမ်းမောင်တွင် ဇနီးနှင့် သားသမီးငါးဦးရှိသည်။

သတင်း.....Messenger News Journal

13 March 2012

ကိုဖုန်းမော် အောက်မေ့ဖွယ် အခမ်းအနား ဓာတ်ပုံသတင်း


















မတ်လ ၁၃ ရက်နေ့တွင် ကျရောက်သော ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် တို့ ကျဆုံးခြင်း ၂၄ နှစ်မြောက် အောက်မေ့ဖွယ် အခမ်းအနားကို ရန်ကုန်မြို့တော် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ ခန်းမတွင် ကျင်းပခဲ့သည်။

မြန်မာ နိုင်ငံသားများသည် ကမ္ဘာ့လူသား အားလုံး ရရှိနေသော အခွင့်အရေးများ ရသင့် ရထိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အဆိုပါ အခမ်းအနားတွင် ပြောကြားသည်။ ၁၉၈၈ အရေးအခင်း ဖြစ်ပွားစေခဲ့သော မီးပွားတစ်ရပ် ဖြစ်ခဲ့သည့် ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့ စက်မှုတက္ကသိုလ် ဝင်းအတွင်း ကျဆုံးခဲ့သော ယင်းနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် ကျောင်းသား ခေါင်းဆောင်များက သတ်မှတ်ထားသည်။

ဓာတ်ပုံ ....The Voice Weekly ။National League for Democracy

အမျိုးသားသတင်းဆု မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ချီးမြှင့်

အကောင်းဆုံးသတင်းဆုရ `နိုင်ငံအနာဂတ်သစ်အတွက် အစပျိုးခြင်း

မြန်မာနိုင်ငံမှာ ထူးချွန်တဲ့ သတင်းသမားတွေကို ပထမဆုံးအကြိမ် အဖြစ် ပေးအပ် ချီးမြှင့်တဲ့ အမျိုးသားသတင်းဆုရှင်တွေ စာရင်းကို ဆုချီးမြှင့်ရေး ကော်မတီက ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

အကောင်းဆုံးသတင်းဆုရ `နိုင်ငံအနာဂတ်သစ်အတွက် အစပျိုးခြင်း´

အမျိုးသားသတင်းဆုမှာ အမျိုးအစား ၅မျိုးပါရှိပြီး အကောင်းဆုံးသတင်းဆု၊ အကောင်းဆုံး သတင်းဆောင်းပါးဆု၊ အကောင်းဆုံး သတင်းဓာတ်ပုံဆုနဲ့ အကောင်းဆုံး သတင်း ကာတွန်းဆုတို့ ဖြစ်ပါတယ်။

အကောင်းဆုံးသတင်းဆုအတွက် ၂၀၁၁ ဒီဇင်ဘာလ ၆ ရက်နေ့ထုတ် ကုမုဒြာဂျာနယ်ပါ နိုင်ငံအနာဂတ်သစ် အတွက် အစပျိုးခြင်း သတင်းရေးတဲ့ နန်းလွင်၊ နှင်းရတနာဇော်၊ အေးသီရီဝင်း၊ ၀င့်ဝဒီနဲ့ ကုမုဒြာဆက်စပ် သတင်းအဖွဲ့တွေက ရရှိသွားတယ်လို့ ဆုချီးမြှင့်ရေး ကော်မတီ အတွင်း ရေးမှူး ဦးဝင်းငြိမ်းက ပြောပါတယ်။

အကောင်းဆုံး သတင်းဆောင်းပါးဆုကိုတော့ ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်တဲ့ ဆဲဗင်းလ်ဒေး နယူးစ်ဂျာနယ်မှာပါတဲ့ လက်နက်ကိုင်စကားဝိုင်းပေါ်ရောက်ပြီလား ဆောင်းပါးရေးတဲ့ ငြိမ်းငြိမ်းနိုင်က ရရှိပြီး၊ အကောင်းဆုံး သတင်းဓာတ်ပုံ ဆုကိုတော့ ၂၀၁၁ ခုနှစ်ဇူလိုင်လ ၇ ရက်နေ့ ထုတ်တဲ့ ပေါ်ပြူလာနယူးစ် ဂျာနယ်ပါ အငြိမ်းစားများ သတင်း ဓာတ်ပုံရိုက်ကူးခဲ့တဲ့ အောင်နိုင်စိုးက ရရှိသွားပါတယ်။ အကောင်းဆုံး သတင်းကာတွန်း ဆု ကိုတော့ ၂၀၁၁ ဇူလိုင်လ ၂၆ ရက်နေ့ ထရူးနယူးစ် ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ ပုံပြင်ထဲကလိုတော့ သတင်းကာတွန်း ရေးဆွဲတဲ့ သီဟ(စခန်းသစ်) က ရရှိသွားပါတယ်။

မူလက အကောင်းဆုံး ၅ ဆုရွေးချယ်မယ်လို့ ကြေညာထားပေမယ့် အကောင်းဆုံး အာဘော် ဆောင်းပါးဆုကိုတော့ ဆုရွေးချယ်ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီ သတင်းအာဘော် ဆောင်းပါး ဆုအတွက် ဆန်ခါတင် အမည်စာရင်းထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရာမယန ဆောင်းပါးလည်း ပါဝင်နေတယ်လို့ ဦးဝင်းငြိမ်းက ပြောပါတယ်။

“အထူးခြားဆုံးကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်းပါးလို့ ပြောတဲ့ ဒေါ်အောင်ဆန်းစုကြည်ပြောသော ရာမယနဆိုတာကို News Watch ဂျာနယ်က ပါလာတယ်။ ဒါပေမယ့် အဲဒီဟာက ဘာဖြစ်နေလည်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ၁၉၉၄ ခုနှစ်လောက်က သူမ နေအိမ်မှာ ပြောခဲ့တဲ့ စကားဖြစ်နေတယ်။ ဒါ့အပြင်ကို နောက်ပိုင်း ၂နှစ်၊ ၃နှစ်လောက် ခြားပြီးတော့ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ်နဲ့ စာအုပ်ထုတ်ခဲ့တဲ့ ဆောင်းပါးဖြစ်နေတယ်။ ကျနော်တို့ ပြောထားတာ ၂၀၁၁ ခုနှစ် အတွင်းမှာ ရေးထားတဲ့ ဆောင်းပါးပဲ ဖြစ်ရမယ်ဆိုတော့ အကျုံးမ၀င် ဖြစ်သွားတယ်။”

အကောင်းဆုံး ၄ ဆုအပြင် ၂၀၁၁ ခုနှစ်အတွက် ဖြည့်စွက်ဆု ၁ ဆု ဖြစ်တဲ့ ၁ နှစ်အတွင်း ထူးခြားတဲ့ အမျိုးသား သတင်းဓာတ်ပုံ ဆုကို ၂၀၁၁ ခုနှစ် သြဂုတ် ၂၀ရက်နေ့က နိုင်ငံပိုင် သတင်းစာတွေမှာ မျက်နှာဖုံး သတင်းဓာတ်ပုံ အဖြစ် ဖေါ်ပြခဲ့တဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံအောက်မှာ နိုင်ငံတော် သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲပြီးရိုက်ထားတဲ့ သတင်းဓာတ်ပုံ ရိုက်ကူးသူ မြန်မာ့သတင်းစဉ်က မောင်မောင်သန်း (ကော့မှုး) ကို ရွေးချယ်ခဲ့ပါတယ်။

နိုင်ငံအနာဂတ်သစ်အတွက် အစပျိုးခြင်း သတင်း ရေးသားခဲ့သူ တဦးဖြစ်တဲ့ သတင်းထောက် နန်းလွင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်တို့ တွေ့ဆုံမှုဟာ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့်လှစ်လိုက်တာ ဖြစ်တဲ့အတွက် ဒီသတင်းကို ရေးခဲ့ရတာပါလို့ ပြောပါတယ်။

“အဓိကတော့ ဒေါ်စုနဲ့ ကလင်တန် တွေ့တဲ့အကြောင်းကို ရေးထားတာ၊ ဘယ်လို အသေးစိတ် ဆွေးနွေးခဲ့တယ်၊ သူတို့ရဲ့ပုံစံတွေကို ထည့်ရေးထားတာ။ သူတို့ဘယ်လို တွေ့တယ်၊ ဆွေးနွေးချိန် ဘယ်လောက်ကြာတယ်၊ သူတို့ နှစ်ယောက်တွေ့တာက ကျမတို့ နိုင်ငံအတွက် ကဏ္ဍသစ် ဖွင့်လှစ်လိုက်တယ်။ နိုင်ငံအသစ် တခုအတွက်ကို အစပျိုးလိုက်တယ် ဆိုပြီး ခေါင်းစဉ်တင်ပြီး ရေးထားတာပါ။”

ဒီဆုဟာ ၂၀၁၁ ခုနှစ် ၁ နှစ်တာအတွင်း ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းနဲ့ ဆောင်းပါးတွေကို စိစစ် ရွေးချယ်တာ ဖြစ်ပြီး ဆု ၁ ဆုအတွက် ကျပ်ငွေ ၁၀ သိန်း ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဆုပေးပွဲကို မတ် ၁၈ ရက်နေ့ကျရင် ရန်ကုန်မြို့မှာ ဂုဏ်ပြု အခမ်းအနားနဲ့ ဆုချီးမြှင့်မယ်လို့ ဆုရွေးချယ်ရေး ကော်မတီကနေ စုံစမ်းသိရပါတယ်။

သတင်း...DVB

ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေးအကျဉ်းသားများအား ထောက်ပံ့


ဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေး နိုင်ငံရေးအကျဉ်းသားဟောင်း များနှင့် လက်ရှိနိုင်ငံရေး အကျဉ်းသားများ မိသားစုများကို စုစုပေါင်း ငွေကျပ် သုံးဆယ့်ငါးသိန်း ယနေ့ထောက်ပံ့ပေးအပ်သည်။

လက်ရှိ အကျဉ်းထောင်အသီးသီးတွင် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများဖြစ်သည့် ကိုမျိုးအောင်၊ကိုဌေးမင်းလှိုင် ၊ကိုနေ၀င်း တို့၏ မိသားစုဝင်များနှင့် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ဝေး၊ မမာမာဦး(၈၈မျိုးဆက်)တို့ကို ကျပ်ငွေငါးသိန်းစီ ကိုကံမြင့်၊ကိုခင်လှိုင်၊မသန္တာ တို့ကို ကျပ်သုံးသိန်းစီ ထောက်ပံ့ခဲ့သည်။

ထောက်ပံ့ပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ယနေ့ မွန်းလွဲ ၂ နာရီက ကျင်းပခဲ့သည်။

“နိုင်ငံရေးအကျဉ်းသားတွေထောင်ထဲမှာ ရှိနေမျှကာလပါတ်လုံးတော့ ကျွန်တော်ကတော့ ကူညီသွားမှာဘဲ၊ စောင့်ရှောက့်သွားမှာဘဲ ပံ့ပိုးသွားမှာဘဲ အဲဒါနဲ့ အတူဘဲ ရှိသမျှနိုင်ငံရေးအကျဉ်းသားတွေအကုန်လုံးကို လွှတ်ပေးရေးဆိုတာ ဆက်လက်ကိုင်ဆွဲပြီး ကျွန်တော်တို့ တောင်းဆိုသွားမှာဘဲ” ” ဟု အန်အယ်လ်ဒီ နာယက အဖွဲ့ဝင် ဟံသာဝတီ ဦးဝင်းတင်ကပြောသည်။

မကြာသေးမီ လပိုင်းက ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို ထူထောင်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၄င်းတို့၏မိသားစုဝင်များနှင့်အတူ ဘ၀တူစာနယ်ဇင်းသမားများအား ရေရှည်ထောက်ပံပေးသွား ရန်ရည်ရွယ်ထားကြောင်း ထုတ်ပြန်ကြေငြာချက်အရသိရသည်။

ထိုသို့ထောက်ပံရာတွင် အလိုအပ်ဆုံးပုဂ္ဂိုလ် များကို အေ အဆင့် သတ်မှတ်ပြီး ကျပ်ငွေငါးသိန်း ထောက်ပံကြောင်း၊ ဒုတိယအနေဖြင့်နောက်ထပ်လိုအပ် နေသူများကို ဘီအဆင့်သတ်မှတ်၍ ကျပ်သုံးသိန်း ထောက်ပံ့ကြောင်း ထို့အပြင် ထပ်မံလိုအပ်သူများကိုလည်း အဆင့်များသတ်မှတ်ကာ သတ်မှတ် ပေးသွားမည်ဖြစ်ကြောင်း ၊လိုအပ်သူများအနေဖြင့် ဖောင်ဒေးရှင်းသို့ အဆိုပြုလွှာ တင်သွင်း နိုင်ကြောင်း အလုပ်မှုဆောင် အဖွဲ့ဝင်ဦးကျော်အောင်(ရွှေပြည်တန်) မှ သိရသည်။ ။

သတင်း....Yangon Press International

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့်တွေ့ ဆုံနေသောမြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက် လေ့လာနေသော ဒေါ်အောင်ဆန်းစုကြည်ကြားဖြတ် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေး ရုပ်သံရိုက်ကူးရန် နေပြည်တော်သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၈ နာရီ ၄၅မိနစ်တွင် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် နှင့်လည်းကောင်း၊ ကိုးနာရီခွဲတွင် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် လည်းကောင်း အသီးသီး တွေ့ ဆုံခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။ လွှတ်တော် ဥက္ကဋ္ဌများနှင့် သီးသန့်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယ ပုံမှန် အစည်းအဝေး ၁၂ ရက်မြောက်နေ့ အစည်းအဝေး ကျင်းပပုံကို မိနစ် ၃၀ နီးပါးကြာ တက်ရောက် လေ့လာခဲ့ပြီး ၁၀ နာရီ ၅၅ မိနစ်အချိန်တွင် နေပြည်တော် လွှတ်တော်ခန်းမ အဆောက်အအုံ အတွင်းမှ ပြန်လည် ထွက်ခွာ သွားခဲ့ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။




ဓာတ်ပုံ .... The Voice Weekly

မြန်မာ့ရုပ်မြင်သံကြားမှာထုတ်လွှင့်မဲ့ဒေါ်အောင်ဆန်းစုကြည် မဲဆွယ်စည်းရုံးရေး မိန့်ခွန်း(အသံဖိုင်)






မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် မိန့်ခွန်းထဲက တချို့အကြောင်း အရာတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေကနေ ဖြတ်တောက်ခဲ့ပါတယ်။ဒီကနေ့၁၂ ရက်နေ့ နေပြည်တော် တပ်ကုန်းမှာ ကြိုပြီး ရိုက်ကူးမယ့် ၁၅ မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားမယ့် အထဲက ဥပဒေစိုးမိုးရေးနဲ့ဆိုင်တဲ့ အပိုဒ်တပိုဒ်ကို ပြင်ဆင်ခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မွန်ပြည်နယ် မော်လမြိုင်ခရီးစဉ်မှာလည်းစစ်အာဏာရှင်စနစ် အောက်မှာ နှစ်ပေါင်းများစွာရှိလာခဲ့ပြီး မနှစ်ကမှ အရပ်သားအစိုးရ တရပ် ဖြစ်ပေါ်လာခဲ့တဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ဆိုတာ မရှိသေးဘဲ အာဏာရှင်စနစ် ပြန်ဖြစ်လာမယ် မလာဘူး ဆိုတာကလည်း မရေရာသေးကြောင်း၊ ဒါကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီစနစ်ကို မှန်မှန်ဦးတည်ပြီး သွားနိုင်ဖို့ လူထုရဲ့ ထောက်ခံမှုလိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့ပါတယ်။

“ကျမတို့ ဒီမိုကရေစီစနစ် ဆိုတာ ဒီနိုင်ငံမှာ တကယ်တော့ မရှိသေးပါဘူး။ နောက်ပြီးတော့ အာဏာရှင် အစိုးရတွေ တက်ရေး မတက်ရေး ဆိုတာကလည်း၊ ပြန်ပြီးတော့ ပေါ်လာရေး မပေါ်လာရေး ဆိုတာကလည်း မရေရာတဲ့ကိစ္စတစ်ခုပဲ အခုထိ ဖြစ်နေသေးပါတယ်။”

ဒါ့အပြင် မြန်မာပြည်သူ လူထုတွေဟာလည်း လူ့အခွင့်အရေးကို အပြည့်အ၀ မခံစားရသေးကြောင်း၊ ဒီမိုကရေစီစနစ် ပေါ်ထွန်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ပြည်သူတွေအနေနဲ့ မိမိတိုရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အဆင်ပြေနိုင်မယ့်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ပြည်သူတွေအတွက် မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်ဆင်ပြီး ပြည်သူလူထုအကျိုးကို ဆောင်ရွက်နိုင်ဖို့အတွက် လွှတ်တော် အမတ်နေရာ အတော်များများ အနိုင်ရဖို့လိုတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောသွားပါတယ်။

“လွှတ်တော်ထဲမှာ နေရာများနိုင်သလောက် များအောင်လုပ်ဖို့ လိုတယ်။ အဲဒီတော့မှ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေ စည်းမျဉ်းတွေကို ကျမတို့ ဖယ်ရှားဖို့ ကြိုးစားရမယ်။ ပြည်သူတွေကို တိုးတက်အောင် ကူညီမယ့် ဥပဒေတွေကို ပြဌာန်းဖို့ ကြိုးစားရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးစားရမယ်။ အရေးကြီးဆုံးကတော့ ပြည်သူ့အသံကို တကမ္ဘာလုံးက ကြားနိုင်အောင်လုပ်ဖို့ ကျမတို့ ကြိုးစားသွားရမယ်။”

ဒါ့အပြင် ပြည်သူလူထုတွေအနေနဲ့ မိမိတို့ရဲ့ နိုင်ငံသားတာဝန်တွေကို အပြည့်အ၀ထမ်းဆောင်ပြီး တိုင်းပြည်စည်းလုံးညီညွှတ်ရေး တည်ဆောက်ကြဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မှာကြား သွားခဲ့ပါတယ်။

“နိုင်ငံ တနိုင်ငံရဲ့ သွေးစည်းညီညွတ်မှု ဆိုတာ အထက်က ဥပဒေနဲ့ လုပ်ယူလို့ မရပါဘူး။ အောက်က ပြည်သူလူထုရဲ့ ၀ိုင်းဝန်းပါဝင်မှုနဲ့ပဲ လုပ်ယူလို့ရတယ်။ အဲဒါကြောင့်မိုလို့ အချင်းချင်း ဒီလို သွေးစည်းညီညွတ်မှု ဆောက်တည်နိုင်တဲ့ ပြည်နယ်မှာ ကိုယ့်ရဲ့ နိုင်ငံသား တာဝန်တစ်ခုအနေနဲ့ လုပ်ပြီးတော့ ကြိုးစားကြပါ။ သွေးစည်း ညီညွတ်ရေးအတွက် ကြိုးစားကြပါလို့ ကျမက မေတ္တာရပ်ခံချင်ပါတယ်။”

သတင်းရင်းမြစ်..VOA

12 March 2012

ဘဘဦးဝင်းတင် ၏ ၈၂ နှစ်ပြည့် မွေးနေ့ စကား သဝဏ်လွှာ

ကိုဖုန်းမော် ကျဆုံးခြင်း ၂၄ နှစ်ပြည့် အခမ်းအနား ဖိတ်စာ


ဒေါ်အောင်ဆန်းစုကြည်ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံပိုင် အသံလွှင့်ဌာနများမှတဆင့် မဲဆွယ်စည်းရုံးခွင့် ပြောဆိုသော အဓိကမိန့်ခွန်း ဆင်ဆာဖြတ်ခံရ


လာမည့် ဧပြီလ ၁ ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံပိုင် အသံလွှင့်ဌာနများမှတဆင့် မဲဆွယ်စည်းရုံးခွင့် ပြုထားရာတွင် ပြောဆိုသော အဓိကမိန့်ခွန်းများကို မြန်မာအစိုးရအာဏာပိုင်များက ဆင်ဆာတည်းဖြတ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့မဲဆွယ်ရာ၌ ယခင်စစ်အစိုးရအပေါ် ဝေဖန်ပြောဆိုချက်များကို အာဏာပိုင်များက ဆင်ဆာတည်းဖြတ်ခြင်း ဖြစ်သည်ဟု ဒေါ်အောင်ဆန်း စုကြည်က RFA နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့်မိန့်ခွန်းပါ အကြောင်းအရာတချို့ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လက်မခံခဲ့ခြင်းဖြစ်ပြီး မတ်လ ၁၂ ရက်နေ့ နေပြည်တော်၊ တပ်ကုန်းတွင် ကြိုတင်ရိုက်ကူးမည့် ၁၅မိနစ်စာ မဲဆွယ်စည်းရုံးရေး မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည့်အထဲက ဥပဒေစိုးမိုးရေးနှင့် ဆိုင်သည့် အပိုဒ်တပိုဒ်အား ပြင်ဆင်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“အစီအစဉ်မလုပ်မီ ကျွန်မပြောဆိုမယ့် စာသားတွေကို သူတို့ကိုတင်ပြရတယ်။ စာပိုဒ်တစ်ခု အဖြတ်ခံရတယ်” ဟု ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“ကျွန်တော်တို့ မဲဆွယ်စည်းရုံးဟောပြောပွဲ တယ်လီဗေးရှင်းဟောပြောပွဲ အတွက် ဟောပြောမယ့် ဟာကို ပြည်ထောင်စုကော်မရှင်ကို တင်ရပါ တယ်။ ပြီးခဲ့တဲ့တပတ်ကပဲ ကျွန်တော်တို့တင်ခဲ့ပါတယ်။ စာပိုဒ်တချို့ကို ဖြုတ်ခိုင်းတယ်။ အဲ့ဒီ ဖြုတ်ခိုင်းတဲ့အပိုဒ်ကို ကျွန်တော်တို့ အစားထိုး ထပ်တင် တယ်။ အချိန်ကနည်းတော့ ကျွန်တော်တို့ဘက်ကလည်း Faxနဲ့ ပို့တယ်။ သူတို့ဘက်ကလည်း Fax နဲ့ ပြန်လာတယ်။ အဲ့ဒါ အခု အဆင်ပြေသွားပါပြီ။ Pass ဖြစ်သွားပါပြီ”ဟု NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ခေါင်းဆောင် ဦးဉာဏ်ဝင်းက ဆိုသည်။

"အဖြတ်ခံရတာတွေကတော့ တရားဥပဒေစိုးမိုးမှု မရှိခဲ့တဲ့ကိစ္စရယ်၊ ယခင်စစ်အစိုးရက ပြည်သူတွေအပေါ် ဖိနှိပ်တဲ့ ဥပဒေကို ထပ်ခါတလဲလဲ ကျင့်သုံးခဲ့တဲ့ ကိစ္စတွေပဲ ဖြစ်ပါတယ်” ဟု ၎င်း၏ ဆက်လက်ပြောဆိုသည်။

ထို့အပြင် ဒီိမိုကရက်တစ် ပါတီ(မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေ၏ ရုပ်သံနှင့် ရေဒီယိုများ တွင် ပြောကြားရန် ရေးသားထားသည့် မူကြမ်းထဲက ပါတီမူဝါဒ ဆိုင်ရာ ဆောင်းပါးနှစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးစနစ်များကို အိမ်နီးချင်း ထိုင်းနိုင်ငံနှင့်ယှဉ်ပြီး သုံးသပ်ပြထား ခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောခွင့်မပြုခဲ့ခြင်းကြာင့် ယင်းအချက်များချန်လှပ်ပြီး ပြောခဲ့ရကြောင်းလည်း သတင်းရရှိသည်။

သတင်း.... yangonchronicle

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် ခရီးစဉ် ရုပ်သံ

11 March 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲဆန္ဒရှင်စာရင်းများ ပျောက်ဆုံးလျှက် ရှိနေကြောင်းနှင့် နိုင်ငံနဲ့အဝှမ်း မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုများ ရှိနေကြောင်း ရှေ့နေကြီးဦးဥာဏ်ဝင်းပြောဆို..

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကော့မှူးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ်မဲဆန္ဒရှင် စာရင်းများ ပျောက်ဆုံးလျှက် ရှိနေကြောင်းနှင့် နိုင်ငံနဲ့အဝှမ်း မဲဆန္ဒရှင် စာရင်းများ မှားယွင်းမှုများ ရှိနေကြောင်း သိရှိရ..

မဲဆန္ဒရှင် စာရင်းများ မှားယွင်း ပျောက်ဆုံးမှုများ နိုင်ငံအနှံဖြစ်ပေါ်နေကြောင်း အဖွဲ့ချုပ် ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်းအား ယနေ့ဆက်သွယ် မေးမြန်းရာမှာ ပြောဆိုသွားပါတယ်...။ ယခုလက်ရှိအနေနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မည့် ကော့မှုးမဲဆန္ဒနယ်မှာ ရွာလုံးကျွတ် မဲစာရင်း ပျောက်ဆုံးမှုများ ရှိနေပြီး တချို့မဲဆန္ဒနယ်များမှာလည်း အသက်(၁၃)နှစ်အောက် ကလေးများ အများအပြား ပါဝင်နေကြောင်း ပြောဆိုပါတယ်..။ ယခုရရှိတဲ့ ယနေ့စစ်ဆေးလျှက် ရှိတဲ့ စာရင်းဟာလည်း ကော့မှူးမြို့နယ် မဲဆန္ဒရှင်စာရင်းရဲ့ တဝက်ခန့်သာ ရှိသေးပြီး နောက်ထပ် ထပ်မံ စစ်ဆေးလျှက်ရှိကြောင်း သိရှိရပါသည်...။ မဲဆန္ဒနယ်အသီးသီးမှာ မှားယွင်းမှုများ ဖြစ်ပေါ်လျှက်ရှိပြီး နည်းတာနဲ့ များတာပဲ ကွာတယ်လို့လည်း ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်။

ထို့အပြင် ပြီးခဲ့တဲ့ အပတ်က ရွေးကောက်ပွဲ မာန်နေဂျာ ရှေ့နေကြီးဦးဥာဏ်ဝင်း ကိုယ်တိုင် သွားရောက် စစ်ဆေးခဲ့တဲ့ ဖားကန့်မြို့နယ်မှာလည်း တနိုင်ငံလုံးပုံမှန် မဲစာရင်းထုတ်ပြန်မှုထက် ၅ရက်ခန့် နောက်ကျနေပြီး ကလေးသူငယ်များ၊ သေဆုံးသူများ မဲဆန္ဒရှင် စာရင်းမှာ ပါဝင်နေသည့်အပြင် ရွာလုံးကျွတ် မဲဆန္ဒရှင်များ ပျောက်ဆုံးမှုများလည်း ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရပါသည်...။ သန်းခေါင်စာရင်း၌ ပါဝင်ပြီး မဲစာရင်း၌ မပါဝင်မှုများ၊ သေဆုံးသူစာရင်းများ အသက်မပြည့်သေးသည့် ကလေးစာရင်းများ၊  နေအိမ်မရှိပဲ လူစာရင်းများ ပါဝင်နေမှုများ လူတဦးမှ နေရာအနှံအပြား မဲပေးနိုင်ခွင့် စာရင်းမှာ ပါဝင်နေမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရှိရသည်။ မဲစာရင်းများ မှားယွင်းဖော်ပြမှုများ မသမာမှုများနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရပ်ကျေး ကော်မရှင်များအား ညှိနှိုင်း ဆောင်ရွက်နိုင်ကြောင်း သိရှိရပါသည်...။

အဖွဲ့ချုပ်မှ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပဲ သပိတ်မှောက်ခဲ့သည့် ယခင် ၂၀၁၀ရွေးကောက်ပွဲမှာလည်း မဲသမာမှုများ ကြိုတင်မဲများဖြင့် အနိုင်ရယူမှုများ နေရာအနှံအပြားမှာ ဖြစ်ပေါ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်...။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ကလည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ကနေဒါနိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အဆိုပါမဲစာရင်း မှားယွင်းနေမှုများအား ထောက်ပြ ပြောဆိုသွားပြီး သေဆုံးသွားသူများလည်း မဲစာရင်းများမှာ ပါဝင်နေကြောင်း ထောက်ပြပြောဆို သွားပါတယ်...။

ယခုလာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာလည်း အဖွဲ့ချုပ် ကိုယ်စားလှယ် ၂ဦးစီ မဲရုံတိုင်းမှာ စောင့်ကြည့် အကဲခတ်ခွင့် ရရှိမှာဖြစ်ပါတယ်။ ပြည်သူလူထုမှလည်း မဲရုံဝန်းကျင်များမှာ စောင့်ကြည့်အကဲခတ်နိုင်ပြီး မသမာမှုများအား တွေ့ရှိပါက ချက်ခြင်းတိုင်ကြားနိုင်ကြောင်း သိရှိရပါတယ်...။ လာမယ့် ဧပြီလ (၁)ရက်နေ့ ကြားဖြတ် ရွေးကောက်ပွဲအား တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မဖြစ်အား မြန်မာပြည်သူများနဲ့ ကမ္ဘာနိုင်ငံအသီးသီးမှ အလေးထား စောင့်ကြည့်လျှက်ရှိပြီး  ဒီမိုကရေစီ လမ်းကြောင်းပေါ် လျှောက်လှမ်းနေပါတယ် ဆိုတဲ့ လက်ရှိ အာဏာရ အစိုးရရဲ့အား စမ်းသပ်ခံ မှတ်ကျောက်တင်မည့် အရေးပါသည့် ရွေးကောက်ပွဲလည်း ဖြစ်ပါတယ်..။

သတင်း။.... ။ ဒီမိုဝေယံ

ကိုသိန်းစိန် လက်အောက်က အိုးအိမ်ဦးစီးဌာန ကတော့ သိမ်းမယ် ပိုက်မယ် ဆိုတာပါပဲ..။



အသက်အရွယ်ကြီးရင့်သူ အငြိမ်းစား ပြည်သူ့ ဝန်ထမ်းတွေအပေါ် ပေးထားတဲ့ မြေကွက်တွေကို မတန်မရာဈေးနဲ့  ပေးပြီး ပြန်သိမ်းဖို့  လုပ်နေတာ မသင့်တော်ပါဖူး။

ကာလပေါက်ဈေး (၂၅) သိန်းလောက်တန်တဲ့ (၄၀ပေ×၆၀ပေ) မြေကွက်တစ်သောင်းကျော်ကို မြန်မာငွေ (၁၂၀၀၀ိ/-) နဲ့ အမ်းပြီး ပြန်သိမ်းယူမယ်တဲ့။

ဒီမြေကွက်တွေဟာ ပညာရေးဝန်ထမ်းတွေ၊ နိုင်ငံခြားရေးက ၀န်ထမ်းတွေ၊ အစိုးရ၀န်ထမ်းတွေကို ချထားပေးခဲ့တဲ့ မြေကွက်တွေပေါ့။

အိုးအိမ်ရုံးမှာ သွားစုံစမ်းကြည့်တော့လည်း ပါမစ်စာရွက်လးတွေကိုင်ပြီး မျက်နှာငယ်လေးတွေနဲ့ တကယ့် အိုကြီးအိုမတွေ။ အငြိမ်းစားဆရာမကြီးအရွယ်တွေ။ “သားတွေ၊ သမီးတွေက ဒီမြေကွက်လေးရှိနေလို့ မျက်နှာသာ ပေးနေကြတာပါ။ အမေကလည်း သိန်း (၃၀) လောက်ရရင်တော့ ရောင်းမယ်ပေါ့ ဆိုပြီးမျှော်လင့်နေတာ။ အခုတော့ ပြန်သိမ်းမယ် (၁၂၀၀၀/-) ပဲ ပြန်ရမယ်ဆိုတော့ အမေ့မှာ သေသာသေလိုက်ချင်တော့တယ်” တဲ့။

အဘိုးအရွယ် လူကြီးတစ်ယောက်ကလည်း “ကာလပေါက်ဈေးနဲ့တော့ ပြန်အမ်းပေါ့ကွာ၊ အခုဟာက (၁၀) နှစ် (၁၅) နှစ်လောက်ကြာအောင် စောင့်လာရပြီးမှ မူလသွင်းဈေးပဲ ပြန်အမ်းမယ့်ဆိုတော့ မဖြစ်သင့်တာပဲ” တဲ့။

တော်တော်စိတ်မကောင်းစရာတွေ တွေ့ခဲ့မြင်ခဲ့ရပါတယ်။ သတင်းစာထဲမှာ ကြေငြာတာက ယခုလ (၇) ရက်နေ့။ နောက်ဆုံးပြန်အပ်ရမယ့်နေ့က (၃၁) ရက်နေ့ဆိုတော့ ဒီကြားထဲ ခရီးဝေးရောက်နေလို့ မသိလိုက်ရတဲ့သူတွေအတွက် (၁၂၀၀၀ိ/)တောင် ပြန်မရတော့မယ့်အဖြစ်။ ခရီးဝေးကနေ အရေးတကြီး ပြန်လာရအောင်ကလည်း ရရမယ့်ပိုက်ဆံက (၁၂၀၀၀ိ/) ဆိုတော့ ကိုယ့်မြေကွက်ပဲ အဆုံးခံရတော့မယ့် အနေအထား။

အိုးအိမ်ရုံးက လုပ်လိုက်တဲ့ ရက်စွဲကလည်း (၃၁-၃-၂၀၁၂) ရက်နေ့  နောက်ဆုံး ပြန်အပ်ဖို့ ၊ နောက်ရက် (၁-၄-၂၀၁၂) နေ့ ဆိုရင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမဲ့နေ့ ။ တော်တော်ကို မရိုးသားတဲ့ ပုံစံပဲ။

ဒီကြားထဲ တော်တော် မျက်စိလည်စရာ ကောင်းတာကလည်း ရှိသေးတယ်။ အိုးအိမ်ရုံးက (၁၂၀၀၀ိ/-) နဲ့ ပြန်အမ်းမယ်ဆိုလို့ မျက်နှာငယ်နေရတဲ့ အဘိုးကြီး၊ အဘွားကြီးတွေကို ပွဲစားတွေက အမေကြီး ပြန်ရောင်းမလား။ ကျွန်တော်တို့ (၃) သိန်းပေးမယ်တဲ့။ ကဲ ဘယ်လိုလုပ်ကြမတုန်း။ ဘယ်သူ့ကို ယုံရမလဲကို မသိတော့ဘူး။

ဦးသိန်းစိန်အစိုးရ လက်အောက်က ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိုးအိမ်ဦးစီဌာနကလည်း မတရားလုပ်တယ်၊ လက်ရှိပေါက်ဈေးကို မပေးဘဲ မြေကွက်ချပေးခဲ့တဲ့ အချိန်ကာလတုန်းက ဈေးနှုန်းဘဲ ပေးပြီး ပြန်အမ်းမယ်ဆိုတာ သက်သက် ပြည်သူ့ ဝန်ထမ်းတွေအပေါ် မတရားလုပ်တာဘဲ။ ဒီကြားထဲ အိုးအိမ်ဦးစီးဌာနနဲ့  ပွဲစားတွေ လက်ဝါးချင်းရိုက်ပြီး မြေကွက်ပြန်အပ်ရလေအောင် (၃) သိန်းလောက်နဲ့  ဈေးခေါ်တာ ၀န်ထမ်းတွေရဲ့  မြေကွက်တွေကို ဒီလိုအခြေအနေဖန်တီးပြီး အချောင်ဝင်နှိုက်သူတွေပါဘဲ။

အသက်အရွယ်ကြီးရင့်သူ အငြိမ်းစား ပြည်သူ့ ဝန်ထမ်းတွေအပေါ် ဒီလိုတော့ မညှာမတာ မတရား မလုပ်ကြပါနဲ့ ဗျာ ….

ပြန်လည် ဝေမျှ ပေးသော ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်.။

ဒေါ်အောင်ဆန်းစုကြည် မွန်ပြည်နယ် ခရီးစဉ် သတင်းဓာတ်ပုံ မှတ်တမ်း

ကျိုက်ထိုမြို့မြင်ကွင်း
စစ်တောင်းတံတား အဆင်းတွင်လာရောက်ကြိုဆိုသူများကိနုတ်ဆက်စဉ်


ဒေါ်အောင်ဆန်းစုကြည် ဝေါမြို့တွင် နုတ်ဆက်စဉ်


ဘီးလင်းမြို့မှ တာဝန်ရှိသူများလမ်းရှင်းပေးနေစဉ်


ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါတယ်။ ကျွန်မကတော့လောလောဆယ် တော့မော်လမြိုင်ကိုရွေ့ရအုန်းမယ်





သထုံမြို့လယ် ရွှေစာရံ ဘုရားအနီး ကြိုဆိုသည့် လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်




ကရင်တိုင်းရင်းသားများမှ ကရင်ဒုံးယိမ်းဖြင့်ကြိုဆိုနေကြပုံ


ပအိုဝ့် တိုင်းရင်းသားများမှ တိုင်းရင်းသားရိုးရာအကများဖြင့် ကြိုဆိုနေကြပုံ

ညစာစားပွဲမှပြန်လည်ထွက်ခွာလာသည့်မြင်ကွင်း.

ပြိုင်တူ တွန်းလျင် ရွေ့နိုင်ပါတယ် (ဘီးလင်းတွင် ခဏတာပြောခဲ့တဲ့ မိန့်ခွန်း)

ပြည်သူတွေရဲ့ကြိုဆိုမှု ပြည်သူတွေရဲ့ထောက်ခံအားပေးမှုကြောင့် ကျွန်မတို့ အားတွေက ဘယ်တော့မှ မလျော့သွားပါဘူး အခုရှေ့မှာ ရေးထားသလိုမျိုးပေါ့ ပြိုင်တူတွန်းလို့ရှိရင် ရွေ့နိုင်ပါတယ်လို့... ကျွန်မတို့နိုင် ငံကို ရွှေ့ကြစို့ လို့ ကျွန်မပြောချင်ပါတယ် ကျွန်မတို့ နိုင်ငံကို ရွှေ့ဖို့ ဟာ ဆက်ပြီးတော့လုပ်သွားရမဲ့ လုပ်ငန်းပေါ့နော် အခု အခုချက်ခြင်းလက်ငင်းလုပ်ရမှာကတော့ ကျွန်မတို့မော်လမြိုင် ဘက်ရွှေ့ရပါမယ်လို့ ပြောချင်ပါတယ် ဘီးလင်းမြို့သူမြို့ သားအားလုံး ကျန်းမာချမ်းသာကြပါစေ

သတင်း.. ၊ဓာတ်ပုံ ....Yangon Press International