01 September 2010

မောင်တစ်ထမ်း + မယ်တစ်ရွက် = ၂၉နှစ်ပြည့်မြောက်





မောင်တစ်ထမ်း + မယ်တစ်ရွက် = ၂၉နှစ်ပြည့်မြောက်

၃၁.၈.၂၀၁၀ (အင်္ဂါ) နေ့ရက်သည် မြတ်ဗုဒ္ဓအလိုကျ ဗြဟ္မစိုရ်နှလုံးသားနှင့် လူမှုခရီး သွားနေကြသော နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူနှင့် ဇနီး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ဒေါ်ရွှေဇီးကွက်တို့၏ မင်္ဂလာခရီး (၂၉) နှစ်မြောက် အချိန်ကာလဖြစ်သည်။ ယင်းနေ့တွင် နာရေး ကူညီမှုအသင်း(ရန်ကုန်)ရှိ သုခအဟာရ စားသောက်ဆိုင်တွင် ၀န်ထမ်းများ၊ လုပ်အားပေး အသင်းသူ/ သားများ၊ ဖိတ်ကြားထားသော အနုပညာသမားများ၊ ဧည့်သည်တော်များ၊ အလှူရှင်များကို သီးစုံ ထောပတ်ထမင်း၊ ကြက်သားဟင်း၊ ရေခဲမုန့်၊ အချိုရည်တို့ဖြင့် ဧည့်ခံကျွေးမွေး ဒါနပြုလုပ်ခဲ့သည်။ အသင်းသူ/သားများမှလည်း တက်ညီလက်ညီဖြင့် ၀ိုင်းဝန်း ဧည့်ခံကြိုဆိုခြင်း၊ အစားအသောက်များကို တည်ခင်း ဧည့်ခံပေးခြင်း၊ ပန်းကန် ခွက်ယောက်များကို ဆေးကြောသန့်စင်ပေးခြင်း တို့ကို လူမှုရေး စိတ်ဓါတ် အပြည့်အ၀ဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသည်။ ထိုအခမ်းအနားတွင် ဦးကျော်သူ၏ မိခင်ဖြစ်သူ ဒေါ်မြသန်းမှလည်း ဆုတောင်းမေတ္တာပို့ စကားပြောကြားကာ အလုပ်အမှုဆောင်အဖွဲ့၊ အသင်းသူ/သားများ၊ ပန်းချီဆရာများ၊ ဧည့်သည်တော် များထဲမှ တစ်ဦးချင်း မင်္ဂလာဆုတောင်း စကားများကိုပြောကြားပြီး အမှတ်တရ လက်ဆောင်ပစ္စည်း များကို ဦးကျော်သူနှင့် ဒေါ်ရွှေဇီးကွက်တို့အား ပေးအပ်ကြသည်။ ထို့ပြင် အလုပ်မအားလပ်၍ မလာနိုင်သော ကဗျာဆရာ ကိုစောဝေမှ ပန်းချီကားချပ်နှင့် “မောင်တစ်ထမ်း + မယ်တစ်ရွက် = ၂၉” ကဗျာအား အမှတ်တရ ရေးသားပေးပို့လိုက်ကာ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်မှ ရွတ်ဆိုပေးခဲ့ ပါသည်။ ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့မှလည်း ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ရာတွင် ဦးကျော်သူမှ “ယခုကဲ့သို့ မိမိတို့၏ မင်္ဂလာ (၂၉) နှစ်မြောက်ကို ကြွရာက်အားပေး ချီးမြှင့်ခြင်းကို ကျေးဇူးအထူး တင်ရှိပါကြောင်း၊ မိမိတို့သည် ဤလူမှုရေးလုပ်ငန်းကို အများပြည်သူတို့ လှူဒါန်းငွေတို့ ဖြင့် ဒုက္ခရောက်နေသော အများပြည်သူတို့အား ပံ့ပိုးကူညီ ဖေးမပေးဆပ်ခြင်း ဖြစ်ပါကြောင်း။ မိမိမှာ ကိုယ်ပိုင်လုပ်ငန်း မလုပ်ရသည်မှာ (၃) နှစ်ရှိပြီ ဖြစ်ပါ၍ မိမိကိုယ်ပိုင်ဝင်ငွေ မရှိပါကြောင်း သို့သော် မိမိတို့ အလှူပွဲများ၊ ဧည့်ခံပွဲများ ယနေ့တိုင်ပြုလုပ် လှူဒါန်းနိုင်သည်မှာ ကျွန်တော်တို့၏ မိဘများ အားကိုးနှင့်သာ လှူဒါန်းနိုင်ခြင်းသာ ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ (၂၉) နှစ်မြောက် အခမ်းအနားကိုလည်း ကျွန်တော်၏ မိဘနှစ်ပါးဖြစ်သော ဦးစိန်တင် + ဒေါ်မြသန်း တို့မှ မင်္ဂလာပွဲ လက်ဆောင်အဖြစ် ဂုဏ်ပြုချီးမြှင့်ငွေဖြင့် ကျင်းပပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း” ပြောကြားသွားသည်။ နေ့လည် (၂း၀၀) နာရီ အချိန်တွင် ကွယ်လွန်သူ ဦးလှမြင့် အသက် (၈၁) နှစ်၏ နာရေး လမ်းကြောင်းကို ရန်ကုန်ဆေးရုံကြီး အအေးခန်းမှ ရေဝေးသုဿန်သို့ (၂၉) နှစ်မြောက် မင်္ဂလာ အထိမ်းအမှတ်အဖြစ် ဦးကျော်သူ + ဒေါ်ရွှေဇီးကွက်တို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ နှင့်အတူ လိုက်လံပို့ဆောင် သင်္ဂြိုလ်ပေးခဲ့ပါသည်။

ပေးပို့ ပေးသော အကို ကိုကျော်သူ နှင့် အမ မရွှေဇီးကွက် အားကျေးဇူး တင်ရှိပါသည်.။


အကို ကိုကျော်သူ နှင့် အမ မရွှေဇီးကွက် တို့ဇနီးမောင်နှံ မြန်မာပြည်သူများရဲ့ လူမှုရေး ကိစ္စ အဝဝ ကို ပိုမိုဆောင်ရွက်နိုင်ပါစေလို့ ညီမ မြတ်လေးငုံ မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင်..။

မြတ်လေးငုံ