30 July 2011

၈၈၈၈ အရေးတော်ပုံ မြင်ကွင်းပုံရိပ် ..





ရှစ်ဆယ့်ရှစ် ရဲ့ အတိတ်......ရှစ်ဆယ်ရှစ် ရဲ့ သပိတ်......


ဘာတီးလစ်တနာ ရေးသားတဲ့ ဒေါမာန်ဟုန် စာအုပ်မှ ရှစ်လေးလုံး (၈၈၈၈) အရေးတော်ပုံနဲ့ ပတ်သက်တဲ့ မှတ်တမ်း ဓာတ်ပုံ များကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။

နိုင်ငံတော် ငြိမ်/ပိ


စက်တင်ဘာလ ၁၈ ရက် တနင်္ဂနွေ နေ့တွင် ရန်ကုန်မြို့၌ ယခင် နေ့များ ကဲ့သို့ ဆန္ဒ ပြပွဲများ ရှိနေ သေးသည်။ လူထု ၃ သိန်းခန့်မှာ လမ်းများ ပေါ်၌ ချီတက်ကာ အစိုးရ ဆန့်ကျင်ရေး ကျွေးကြော်သံများ အော်ဟစ် နေကြသည်။ မြို့တော် ခန်းမ အပြင်ဘက်၊ ရန်ကုန် ဆေးရုံကြီးနှင့် အခြား နေရာ များတွင် အစာငတ်ခံ ဆန္ဒ ပြသူများက သပိတ် တိုက်ပွဲ ဆက်လက် ဆင်နွှဲလျက် ရှိသည်။ ဒေါက်တာ မောင်မောင် အစိုးရက ကြားဖြတ် အစိုးရ ဖွဲ့ပေးရန် တောင်းဆိုမှုကို ခေါင်းမာစွာဖြင့် ငြင်းဆန်လျက် ရှိရာ ဆန္ဒပြသူ အများအပြားမှာ စိတ်မရှည် နိုင်ဘဲ ဖြစ်လာ ကြပြီး တချို့ နေရာများတွင် ငြိမ်းချမ်းစွာ ဆန္ဒပြ နေရာမှာ တိုက်လိုက် လိုသည့် အသွင်မျိုးသို့ ကူးပြောင်း လာခဲ့သည်။


မြန်မာ စံတော်ချိန် ညနေ ၄ နာရီတွင် မြန်မာ့ အသံမှ အသံလွင့် နေကျ သီချင်း ပဒေသာ အစီအစဉ် ရုတ်တရက် ရပ်သွားပြီး အမျိုးသား တဦး၏ လေးနက်စွာ ကြေညာသံ ထွက်ပေါ် လာခဲ့သည်။

"နိုင်ငံ၏ အဘက်ဘက်က ယိုယွင်း နေသော အခြေအနေ များကို အချိန်မီ တားဆီး နိုင်ရန် အများ ပြည်သူ အကျိုး အတွက် တပ်မတော်က နိုင်ငံတော် အာဏာ အဝဝကို ယနေ့မှ စ၍ လွှဲပြောင်း ယူလိုက် ပါသည်"

ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ ကျင်းပ နိုင်ရေး အတွက် ပြင်ဆင်သည့် အနေဖြင့် ငြိမ်ဝပ် ပိပြားမှု ရှိစေရန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင် ခေါင်းဆောင်သော နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (ငြိမ်/ပိ) ကို ဖွဲ့စည်း လိုက်သည်။ အတိုချုံး ကြေညာချက် အပြီးတွင် တက့်ကသော စစ်ချီ တေးသံများ ထွက်ပေါ် လာခဲ့သည်။

နှစ်နာရီ အကြာ၌ ငြိမ်/ပိ အဖွဲ့ဝင် ၁၉ ဦး၏ အမည်များကို ရေဒီယိုမှ ကြေညာသည်။ ထိုအထဲတွင် စစ်တိုင်းကြီး ၉ တိုင်းမှ တိုင်းမှူးများ အားလုံး အပြင် ကြည်း၊ ရေ၊ လေမှ အချို့ စစ်ဘက် အရာရှိကြီးများ ပါဝင် ကြသည်။ ရာထူးမှ ဖယ်ရှားခြင်း ခံလိုက် ရသည်ဟု ကောလာဟလ ဖြစ်ပေါ် နေသည့် ပုဂ္ဂိုလ်များပင် ပါရှိသည်။ ငြိမ်/ပိ ဒု ဥက္ကဋ္ဌမှာ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် သန်းရွှေ ဖြစ်ပြီး အတွင်းရေးမှူးမှာ တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးချုပ် ခင်ညွှန့် ဖြစ်သည်။ သူသည် မကြာသေး မီကမှ ဗိုလ်မှူးချုပ် ဖြစ်လာ ခဲ့သူ တဦး ဖြစ်သည်။

နိုင်ငံတော် ငြိမ်/ပိ အဖွဲ့က ည ၈ နာရီမှ နံနက် ၄ နာရီ အတွင်း အပြင် မထွက်ရ အမိန့်ကို ရန်ကုန် မြို့တွင် ထုတ်ပြန် လိုက်ပြီး လမ်းများ ပေါ်၌ စုရုံးခြင်း၊ လမ်းလျှောက်ခြင်း၊ စီတန်း လှည့်လည် ကေ့းကြော်ခြင်း၊ တရားဟောခြင်း၊ လှုံ့ဆော်ခြင်း၊ ဆူပူအောင် ဖန်တီးခြင်း တို့ကို မပြု လုပ်ရဟု ချက်ချင်း ပိတ်ပင် လိုက်သည်။ ပြည်သူတို့ အနေနှင့် ဆူပူ ဖန်တီးရန် သို့မဟုတ် ပြစ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်စေ၊ ယင်းသို့ ပြုလုပ်ရန် ရည်ရွယ်ချက် မရှိသည် ဖြစ်စေ၊ လမ်းများ ပေါ်တွင် လူ ၅ ဦးထက် ပို၍ မစုရုံးရန် ထပ်မံ ကြေညာ လိုက်ပြန်သည်။ ထို့နောက် စစ်သီချင်းများ ရေဒီယိုမှ စူးစူးဝါးဝါး ထွက်ပေါ် လာသည်။


"ဘားလမ်းမှာ နေတဲ့ ကျွန်တော့် သူငယ်ချင်း တွေဆီ သွားလည် နေတုံး မှာပဲ ရေဒီယိုက ကြေညာချက်ကို ကျွန်တော် ကြားရတာ" ဟု ကြည့်မြင်တိုင်မှ အထက်တန်း ကျောင်းသား ကျော်သူက ပြောပြသည်။ ကျော်သူနှင့် သူ့ ညီမငယ် တို့မှာ သြဂုတ်လ အစောပိုင်း ဆန္ဒ ပြပွဲများတွင် ပါဝင် ခဲ့ကြသည်။ သူက ဆက်ပြီး "အာဏာသိမ်းမှု အပေါ် ကျွန်တော် တို့ရဲ့ ပထမဆုံး တုံ့ပြန်ချက်က စိတ်ဆိုးခြင်းနဲ့ စိတ်ပျက်ခြင်းတို့ ပါပဲ။ ကျွန်တော်တို့ အစိုးရ သစ်ကို တိုက်ချင် တာနဲ့ ချက်ခြင်းပဲ မြောက်ဥက္ကလာပ၊ တောင်ဥက္ကဘာပနဲ့ သင်္ဃန်းကျွန်းက ဆန္ဒပြ သူတွေကို သွားဆက်သွယ် ခဲ့တယ်။ ကျွန်တော်တို့ ထဲက တချို့ ဆိုရင် တုတ်၊ ဓားမြှောင်၊ ဓားရှည်၊ ဒူးလေး စတဲ့ လက်နက် တွေကို ကိုင်ဆောင် ထားခဲ့ ကြတယ်"

ရေဒီယိုမှာ အာဏာ သိမ်းလိုက်ကြောင်း ကြေညာပြီး ခဏ အကြာ၌ မိုးဖွဲဖွဲ့ ရွာလာသည်။ ကောင်းကင် ပေါ်၌ မှောင်မည်း နေသော မိုးတိမ်များ ထူထပ်စွာ ဖုံးပိတ် နေသည်။ မြို့တော်၏ နေရာ အနှံ့အပြားတွင် ပြည်သူ တို့သည် ပြီးခဲ့သည့် သြဂုတ်လမှာ ကဲ့သို့ပင် သစ်ပင် များကို ခုတ်လှဲကာ လမ်းများ ပေါ်၌ ကန့်လန့် ဖြတ်၍ ပိတ်ဆို့ ကြသည်။ လမ်းဘေး ဈေး စားပွဲ ခုံများကို လမ်းပေါ်တွင် မှောက်၍လည်း ကာဆီး ထားကြသည်။ သူတို့၏ မျက်နှာထားမှာ ညှိုးနွမ်းလျက် ရှိကြပြီး သူတို့၏ ပတ်ဝန်းကျင် အခြေအနေမှာ တင်းမာလျက် ရှိသည်။

လူအများ နေထိုင်ရာ လမ်းငယ်၊ လမ်းသွယ် များတွင် သာမက လမ်းကျယ်ကြီး များတွင်လည်း အတားအဆီး များကို တိုးချဲ့ ပိတ်ဆို့ လာကြသည်။ ပိတ်ဆို့မှု များမှာ မြို့တော် မြောက်ဘက်ရှိ တပ်မတော် စစ်စခန်း များသို့ သွားသော ပြည်လမ်းမ အထိ ပျံ့နှံ့လာခဲ့သည်။ လျှပ်စစ် ဓာတ်ကြိုး များကို ဖြတ်တောက် ပစ်ကြပြီး လမ်းမီးတိုင် များကိုလည်း ဖျက်ဆီး ပစ်ကြသည်။ အချိန် မရွေး ဝင်ရောက် လာနိုင်သည့် စစ်သား များကို ဟန့်တား နိုင်ရန် ထိုသို့ ပြုလုပ် ကြခြင်းပင် ဖြစ်သည်။ တချို့က စိတ်ပျက် အားငယ် နေကြ သော်လည်း ဆန့်ကျင်သည့် သဘောဖြင့် မိမိတို့ နေအိမ် အတွင်းမှ နေ၍ အိုးခွက် များကို တီးခတ် ကြတော့သည်။ တချို့က ဒူးလေး၊ ဓားရှည်နှင့် ဂျင်ဂလိ များကို ကိုင်ဆောင်ကာ လမ်းများ ပေါ်သို့ ထွက်လာ ကြသည်။ သူတို့သည် စစ်သား များနှင့် ရင်ဆိုင် တိုက်ခိုက်ရန် အသင့် ဖြစ်နေပုံ ရ၏။

ယခု အာဏာ သိမ်းမှုမှာ အခြား စစ်တပ်မှ အာဏာ သိမ်းမှုများ ကဲ့သို့ တင့်ကားနှင့် တပ်ဖွဲ့ များက မြို့တော်၏ အချက်အချာ နေရာ များကို သိမ်းယူခြင်း၊ နိုင်ငံ့ ခေါင်းဆောင် များကို ဖမ်းဆီးခြင်း၊ ခေါင်းဆောင်သစ် တက်ခြင်း စသည် တို့ကို မတွေ့ရချေ။ ရေဒီယိုမှ ကြေညာပြီး နာရီ အနည်းငယ် အတွင်း ရန်ကုန်မြို့ရှိ လမ်းများ ပေါ်တွင် ဒေါသ ထွက်နေ ကြသည့် ထောင်ပေါင်း များစွာသော ဆန္ဒ ပြသူများနှင့် ပြည့်လျှံသွားသည် ကိုသာ နေဝင် ဆည်းဆာချိန် ရှုခင်း အဖြစ် တွေ့ခဲ့ ရလေသည်။ နဖူးစီး စာတမ်းများ၊ အလံများ၊ အိမ်တွင်းလုပ် လက်နက်များကို ဝှေ့ယမ်းကာ ခံပြင်းစွာဖြင့် အသံ ကုန်အော်ဟစ် လျက်ရှိ ကြသည်။

"ခွေးအစိုးရ ----- ကျဆုံးပါစေ"

"ခွေးအစိုးရ ----- ကျဆုံးပါစေ"

သို့တိုင်အောင် ကိုယ့်ကိုကိုယ် ခေါင်းဆောင် တင်ထား ကြသော နိုင်ငံ့ ခေါင်းဆောင် ကြီးများ မှာလည်း မည်သို့မျှ တုံ့ပြန်မှု မပြု သေးချေ။ စစ်တပ် သည်ပင် ထိုနေ့ည အချိန်လင့်မှ ထွက်ပေါ် လာခဲ့သည်။ စစ်ကား များနှင့် ဘရင်း ကယ်ရီယာများ မြို့ထဲသို့ လိမ့်ဝင် လာသည်။ မြင်ကွင်းမှာ သြဂုတ်လ တုံးက မြင်ကွင်းမျိုး မဟုတ် တော့ပေ။ စစ်ကားများ ပေါ်၌ တပ်ဆင် ထားသော အသံချဲ့စက် များမှ တဆင့် ပြည်သူ တို့အား တားဆီး ပိတ်ဆို့မှု များကို ဖယ်ရှား ပစ်ရန် အမိန့် ပေးလာသည်။ အမိန့်ကို မနာခံပါက အနီးရှိ နေအိမ် များကို စက်သေနတ်ဖြင့် ပစ်ခတ်သည်။ ထိုသို့ ပထမ ဦးဆုံး ပစ်ခတ် ပြသည့်တိုင် အမိန့် မနာခံ သေးပါက ကရိန်းကားများ ခေါ်ယူပြီး လမ်းပေါ်မှ တားဆီး ပိတ်ဆို့မှု များကို အလွယ် တကူ ဖျက်ဆီး ခဲ့ကြသည်။

စစ်ကား များနှင့် ဘရင်း ကယ်ရီယာများ လမ်းပေါ်တွင် စံနစ်တကျ မောင်းနှင် လာကာ မြင်မြင်သမျှ လူများကို ပစ်ချင်တိုင်း ပစ်ခတ် တော့သည်။ ဒဏ်ရာ ရသူ များကို ပြည်သူ များက ရန်ကုန် ဆေးရုံကြီးနှင့် ရန်ကုန် မြို့ရှိ ယာယီ ဆေးခန်း များသို့ ဝိုင်းဝန်း ကူညီ ပို့ဆောင် ပေးခဲ့ ကြသည်။ ပစ်ခတ်မှု ရပ်စဲ သွားသည့်နောက် စစ်တပ်က လမ်းမပေါ်မှ လူသေ အလောင်း များကို ဒရွတ်တိုက် ဆွဲကာ ကားပေါ်သို့ ပစ်တင်၍ မောင်းထွက် သွားကြ တော့သည်။ ထိုနေ့ ည၌ ရန်ကုန်မြို့တွင် ဟိုမှသည် ထွက်ပေါ် လာသော သေနတ်သံ များကို တညလုံး ကြားနေ ရသည်။

အတင်းမာဆုံး တနေရာမှာ ရန်ကုန် တက္ကသိုလ် ဘွဲ့နှင်း သဘင် ခန်းမတွင် ဖြစ်သည်။ ထိုခန်းမ ထဲ၌ ရာပေါင်း များစွာသော ကျောင်းသား များက အစည်းအဝေး ထိုင်လျက် ရှိနေ ကြသည်။ ညနေ ၆ နာရီတွင် စစ်တပ်က တက္ကသိုလ် နယ်မြေ ထဲသို့ ဝင်ရောက် လာကြပြီး ဘွဲ့နှင်း သဘင် အဆောက်အဦကို ဝိုင်းကာ ကျောင်းသား များအား အပြင်သို့ ထွက်လာ ကြရန် အမိန့် ပေးတော့သည်။ သို့သော် မည်သူမျှ ထွက်မလာ ခဲ့ကြပေ။ ခန်းမ တွင်းရှိ ကျောင်းသား အားလုံးမှာ အသေခံ ကြရန် ပြင်ဆင် ထားကြပြီး ဖြစ်၍ ဘုရားကို အာရုံပြု ရှိခိုးလျက် ရှိသည်။ နွေရာသီ ကျောင်း မပိတ်ခင် နောက်ဆုံး တရက်၌ အဖွဲ့ အလိုက် အတန်း အလိုက် အမှတ်တရ ဓာတ်ပုံများ ရိုက်သကဲ့သို့ သူတို့၏ နောက်ဆုံး ဓာတ်ပုံ များကို ရိုက်ပေး နေကြ သည်မှာလည်း သူတို့၏ စည်းလုံး ညီညွတ်မှုကို ဖော်ညွှန်းသည့် လက္ခဏာပင် ဖြစ်ပေ တော့သည်။

နိမ့်ချီ မြင့်ချီ ရှိခိုး ဆုတောင်း နေသံများကို နာရီပေါင်း များစွာ ကြားနေ ရသည်။ ည ၁၀ နာရီ ၄၅ မိနစ်တွင် ဘုန်းကြီး တချို့ ဘွဲ့နှင်း သဘင် ခန်းမ ထဲသို့ ဝင်ရောက် လာကြကာ ကျောင်းသား များကို အဆောက်အဦ၏ နောက်ဖေး တံခါး ပေါက်မှ ခေါ်ထုတ် သွားကြသည်။ ထူးဆန်း သည်မှာ အပြင်ဘက်မှ စစ်သားများက ပစ်ခတ်ခြင်း မပြု သဖြင့် မည်သူ တဦး တယောက်မှ ထိခိုက်ခြင်း မရှိ ခဲ့ချေ။


* * * * * * * *

နောက်တနေ့ နံနက်တွင် ဆန္ဒပြပွဲ များတွင် ဆက်လက် ဖြစ်ပွား ခဲ့သည်။ ချီတက် ဆန္ဒပြ နေသော လူအုပ်ကြီးသည် မြို့တော် ခန်းမနှင့် မဟာ ဗန္ဓုလ ပန်းခြံကို ဖြတ်ကျော် ချီတက် သွားကြသည်။ သို့သော် သူတို့အား ပတ်ပတ်လည် အဆောက်အဦ ခေါင်မိုးများ ပေါ်မှ စက်သေနတ် များဖြင့် ချိန်ရွယ် ထားသည်ကို မည်သူမျှ မတွေ့လိုက် ကြပေ။ ကုန်သည် လမ်းရှိ အမေရိကန် သံရုံးနှင့် ကပ်လျက် ရှိသော ပြည်ထောင်စုဘဏ်၊ မြို့တော် ခန်းမနှင့် ခြောက်ထပ်ရုံးတို့ အပေါ်တွင် စစ်သားများ နေရာ ယူထား ကြသည်။ ဆန္ဒပြသူ များက ဆူးလေ ဘုရား၏ မျက်နှာချင်း ဆိုင်ရှိ ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်း ကော်ပိုရေးရှင်း ဘက်သို့ ချိုးကွေ့ လိုက်သော အခါ သုံးဘက် သုံးတန် ပစ်ကွင်း ထဲ၌ ချောင်ပိတ် မိလျက်သား ဖြစ်သွား လေသည်။ ခေါင်မိုး ပေါ်မှ စစ်သား များက လူအုပ်ကြီး ထဲသို့ သေနတ် များဖြင့် ပြိုင်တူ ပစ်ခတ် လိုက်ကြသည်။ ကြိုတင်၍ သတိပေးခြင်း မရှိ သောကြောင့် ဆန္ဒပြသူ အမြောက်အမြား သွေးမြေ ကျခဲ့ ရသည်။

လမ်းများ ပေါ်သို့ စစ်သားများ အဖက်ဖက်မှ ထွက်လာ ကြပြီး စံနစ်တကျ တန်းစီ၍ လျှောက်လာ ကြသည်။ သူတို့၏ နောက်တွင် ဘရင်း ကယ်ရီယာ များက ထပ်ချပ် မကွာ လိုက်ပါ လာခဲ့သည်။ ကျယ်လောင်သည့် အမိန့် ပေးသံ တချက် ထွက်ပေါ် လာပြီးနောက် စစ်သားများက ဒူးထောက်ကာ အသင့်အနေ အထားဖြင့် သေနတ်ပြောင်း များကို ဆန္ဒ ပြသူများ ဘက်သို့ ချိန်ရွယ် ထားလိုက် ကြသည်။ သူတို့ ပုံစံမှာ လက်နက်မျိုးစုံ ကိုင်ဆောင် ထားသော ရန်သူ များနှင့် ရင်ဆိုင် နေရသည့် နှယ်ပင်။ သူတို့ အမှန်တကယ် ရင်ဆိုင် နေကြရ သူများမှာ လက်နက်မဲ့ ဆန္ဒပြ သူများသာ ဖြစ်သည်။

အမေရိကန် သံရုံး အပြင် ဘက်ရှိ လူအုပ်ကြီးကို စစ်သား များက သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။ စစ်သား များ၏ ပစ်ခတ် သတ်ဖြတ်မှုကို ဗွီဒီယို ကင်မရာဖြင့် ရိုက်ကူးလျက် ရှိသော မြန်မာ ကင်မရာမင်း နှစ်ယောက် ဘက်သို့ စစ်သားများ လှမ်းကြည့် လိုက်သော အခါ တဦးကို အခြား တဦးက သူ့ ကိုယ်လုံးဖြင့် ကွယ်ထား လိုက်သည်။

နောက်ပိုင်းတွင် ပြည်ပသို့ ခိုးထုတ် နိုင်ခဲ့သည့် ထိုတိတ်ခွေ ထဲ၌ ဗမာလို ပြောနေသော အသံကို ပီပြင်စွာ ကြားရသည်။

"ဒို့ ဘယ်လို လုပ်ကြ မလဲ"

"ဘယ်လို လုပ်ရင် ကောင်းမလဲ"

တခြား အသံ တသံက တည်ငြိမ်စွာ အဖြေ ပေးလိုက်သည်။

"ဒို့ဘက်ကို မပစ် မချင်း ဆက်ရိုက် နေပါ"

ထိုနေ့က အစိုးရ၏ အမိန့်မှာ ကင်မရာနှင့် အတူ တွေ့သမျှ လူများကို ပစ်သတ်ရန် အမိန့် ပေးထားသည်။ မြန်မာပြည်မှ အာဏာ သိမ်းမှုနှင့် ပတ်သက်သော သတင်းများ၊ ဓာတ်ပုံ များကို နိုင်ငံ တကာက မဖော် ပြနိုင်ရန် ရည်ရွယ်ပြီး ပေးခဲ့သည့် အမိန့်ပင် ဖြစ်သည်။ ဂျပန် ရုပ်မြင် သံကြား ကုမ္ပဏီ တခု အတွက် သတင်း ရယူလျက် ရှိသော မြန်မာ ဓာတ်ပုံ ဆရာ တဦးမှာ သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခြင်း ခံရပြီး သေဆုံး သွားသည်။ သူ၏ ဝဲဘက် မျက်လုံးကို ကျည်ဆံ ဖောက်ဝင် သွားခြင်း ဖြစ်သည်။ သို့သော် အသက် မထွက်မီ ကင်မရာကို သူ့ ရဲဘော် တယောက် လက်သို့ လွှဲပြောင်း ပေးနိုင် ခဲ့သည်။

အနော်ရထာ လမ်းနှင့် မဟာ ဗန္ဓုလလမ်း အကြားတွင် ရှိနေသော ဝန်ကြီးများရုံး (ယခင် အတွင်းဝန်ရုံး) ဆီသို့ ချီတက် သွားကြသည့် ကန့်ကွက် ဆန္ဒပြ သူများနှင့် အတူ မောင်ကျော်သူလည်း လိုက်ပါ သွားခဲ့သည်။

သူသည် အထက်တန်း ကျောင်းသား တစုက ဖွဲ့စည်း ထားသည့် အဖွဲ့မှ ဖြစ်ပြီး ထိုအဖွဲ့တွင် သြဂုတ်လနှင့် စက်တင်ဘာလ အရေးအခင်းကို အခြေခံ၍ ပေါက်ဖွား လာသော အတွေးအခေါ်များ ထင်ဟပ် ပေါ်လွင် နေသည်။ သူတို့ အဖွဲ့ကို ယောနသံ အမည်ရှိ ဇင်ယော်ငှက် တကောင်၏ အကြောင်းကို ရေးသား ထားသော ဝတ္ထု နာမည်ကို ယူ၍ ယောနသံ လွတ်မြောက်ရေး အဖွဲ့ဟု အမည် ပေးထားသည်။

"စစ်တပ်က လူအုပ် ထဲကို ပစ်လိုက်တဲ့ သေနတ် သံတွေ ကြားတော့ ကျွန်တော်တို့ နောက်ကြောင်း ပြန်လှည့် ခဲ့ရတယ်။ စစ်သား တွေက ခွပ်ဒေါင်း အလံနဲ့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ ကိုင်ထား သူတွေ၊ ခေါင်းစီး အနီ ပတ်ထား သူတွေကို အဓိက ထားပြီး ပစ်ကြတယ်။ ဆန္ဒ ပြသူ တွေက ထွက်ပြေးဖို့ ကြိုးစား ကြတယ်။ ထွက်ပြေး ကြတဲ့ သူတွေ နောက်က စစ်သားတွေ ထပ်ချပ် မကွာ ပြေးလိုက်ပြီး နောက်ကျောကို လှံစွပ်နဲ့ ထိုးသတ် ပစ်တယ်။ စစ်သား တွေဟာ တော်တော် ငယ်တာပဲ။ ကျွန်တော့် အထင် ဆယ်ကျော်သက် အရွယ်လေးတွေ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ သူတို့ အသွင် သဏ္ဍန်ဟာ ကြမ်းတမ်း ခက်ထန် နေတယ်"

ကြမ္မာဆိုး ဝင်သော တနင်္လာ နေ့တွင် ရန်ကုန်ရှိ ဝါရင့် သတင်းစာ ဆရာ ဦးစိန်ဝင်းက ဘန်ကောက် မြို့ရှိ သူ၏ အေပီ သတင်း ဌာနသို့ အောက်ပါ အတိုင်း သတင်း ပို့ခဲ့သည်။

"စစ်သားများက လူထု စုဝေးမှုကို တားဆီးရန် အမိန့် ပေးထားသည့် အတိုင်း ရန်ကုန် မြို့လယ်ခေါင်၌ ကျောင်းသားများ၊ ဗုဒ္ဓ ဘာသာဝင် ဘုန်းကြီးများနှင့် လက်နက်မဲ့ ဆန္ဒပြသူ များစွာ ပါဝင်သော လူအုပ်ကြီး ထဲသို့ သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။ ထိခိုက် ဒဏ်ရာ ရသူ အတော် များကြောင်း မျက်မြင် သက်သေ များက ပြောဆို ကြသည်။ သတင်းထောက် တယောက်က ကျောင်းသားတွေ ပစ်သတ် ခံနေရပြီ။ ဘာမှ မလုပ်နိုင် ကြတော့ ဘူးလားဟု အခင်း ဖြစ်ပွားရာ နေရာမှ အေပီ သတင်းထောက်ထံ တယ်လီဖုန်းနှင့် သတင်း ပို့ရင်း ငိုကေ့း နေသံကို ကြားရသည်"

တက္ကသိုလ် ကျောင်းသား တဦး ဖြစ်သော အောင်ကျော်က ကျောင်းသားကြီး များမှာ အန္တရာယ်ကို သဘောပေါက် သဖြင့် အိမ်ထဲမှ အိမ်ပြင်သို့ မထွက်ကြောင်း ပြောပြသည်။

"အထက်တန်း ကျောင်းသားလေး တွေကို ထိန်းဖို့ မလွယ်ဘူး။ သူတို့ အနေနဲ့ ဒေါသ ထွက်နေ ကြပြီး တိုက်ခိုက်လို စိတ်တွေ ပြင်းထန် နေတယ်။ ပြီးတော့ စစ်တပ် နဲ့လည်း ရင်ဆိုင် ချင်ကြတယ်။ ကျွန်တော်တို့ သူတို့ကို တားလို့ မရဘူး။ ကျောင်းသား အတော် များများ မောင်းပြန် သေနတ် ဒဏ်ရာ၊ လှံစွပ် ဒဏ်ရာ တွေနဲ့ သေဆုံး ခဲ့ကြ ရတယ်"

ကျော်သူသည် နံနက် ၁၀ နာရီ အချိန်၌ အသက် ၁၈ နှစ် အရွယ်ရှိ ညီမ ဖြစ်သူ ဝင်းမော်ဦး သေနတ် ဒဏ်ရာ အပြင်းအထန် ရသွားကြောင်း ကြားသိ လိုက်ရသည်။ သူမ၏ သူငယ်ချင်းများ ဖြစ်သော အထက်တန်း ကျောင်းသား နှစ်ဦး မှာလည်း ပစ်ခတ် ခံရပြီး ထိုနေရာ ၌ပင် ပွဲချင်းပြီး သေဆုံး ခဲ့ရသည်။ ဝင်းမော်ဦးကို ဆေးရုံသို့ ပို့ရန် ကားဆီသို့ ချီမ သွားစဉ် နိုင်ငံခြားသား တဦးက ဓာတ်ပုံ ရိုက်ခဲ့သည်။ ထိုပုံသည် အောက်တိုဘာလ ၃ ရက် နေ့ထုတ် နယူးစ်ဝစ် (Newsweek) မဂ္ဂဇင်း၌ ပါရှိ ခဲ့သည် သို့သော် ဓာတ်ပုံမှာ နောက်နာရီ အနည်းငယ်တွင် ဘာဆက်၍ ဖြစ်သည်ကို မပြောပြ နိုင်ခဲ့ချေ။

"ကျွန်တော်နဲ့ ကျွန်တော့် အဖေ ရန်ကုန် ဆေးရုံကြီးကို မနက် ၁၁ နာရီမှာ ရောက်လာ ခဲ့တယ်။ ကျွန်တော့် ညီမဟာ သွေး အတော် ထွက်နေ တာကို တွေ့ရတယ်။ သူက ဗိုလ်ချုပ် အောင်ဆန်းပုံကို တောင်းနေလို့ ကျွန်တော်တို့ သူ့ အိပ်ယာပေါ် တင်ပေး ခဲ့တယ်။ နေ့လယ် ၁ နာရီ လောက်မှာ ဓာတ်ပုံကို သူ့လက်နဲ့ ဆုပ်ကိုင်ရင်း အသက်ထွက် သွားရှာတယ်"

နောက်တနေ့တွင် ဝင်းမော်ဦအား မီးသင်္ဂြိုဟ်ရန် မိသားစုနှင့် ဆွေမျိုးများ ကြံတော သုဿန်သို့ သွားခဲ့ ကြသည်။ မီးသင်္ဂြိုဟ် စက်၏ အပြင်ဘက်တွင် အလောင်းများ စုပုံ ထားသည်ကို တွေ့ရသည်။ ကျန်ရစ် သူများက သူတို့နှင့် ပတ်သက်သည့် အလောင်း များကို ရှာဖွေ နေကြသည်။ အလောင်း များစွာ၏ မျက်နှာ များအား မည်သူ မည်ဝါ ဖြစ်မှန်း ခွဲခြား၍ မရ နိုင်အောင် ထုနှက် ဖျက်ဆီး ထားသည်ကို တွေ့မြင် ခဲ့ရကြောင်း ကျော်သူက ပြန်ပြော ပြသည်။ သေဆုံး သွားခဲ့သူ အချို့၌ ကျောင်းစိမ်း ပုဆိုးများ ဝတ်ဆင် ထားသည်ကို တွေ့ရသည်။ ကျော်သူနှင့် သူ့ မိသားစု ဝင်းမော်ဦးကို သင်္ဂြိုဟ်ပြီး နှစ်ရက် အကြာတွင် ကြံတော ပတ်ပတ်လည်၌ စစ်သားများ စောင့်ကြပ် နေကြပြီး ဘရင်း ကယ်ရီယာ တစီးလည်း သင်္ချိုင်း အပြင် ဘက်တွင် အသင့် အနေအထားဖြင့် နေရာ ယူထားသည်။ မည်သူမျှ ကြံတော သုဿန် ထဲသို့ ဝင်ခွင့် မပြု တော့ပေ။

အောက်တိုဘာလ ၃ ရက်နေ့ထုတ် နယူးစ်ဝ်ခ် မဂ္ဂဇင်း၌ မီလင်ဒါ လီယူ (Melinda Liu) က သူမ၏ မျက်နှာဖုံး သတင်းတွင် အောက်ပါ အတိုင်း ရေးသား ခဲ့သည်။

"ကြံတောသို့ ရောက်လာသည့် အလောင်း များတွင် မသေသေး သူများလည်း ပါသည်။ ထို သူများကို စစ်သားများက ပစ်သတ်ကာ အခြား အလောင်း များဖြင့် ရောနှော သင်္ဂြိုဟ် ခဲ့ကြသည်။ ပစ်သတ် ခံရသူ များ၏ အော်ဟစ် ငြီးငြူသံ များကို အတိုင်းသား ကြားနေ ရကြောင်း ကြံတော သင်္ချိုင်းမှ သက်သေ တချို့က ပြောပြသည်။"

ရန်ကုန် ဆေးရုံကြီးတွင် သေနတ် ဒဏ်ရာကြောင့် ခြေထောက်နှင့် လက် ကျိုးပြတ် နေသူများ၊ ရင်အုံတွင် ကျည်ဆံ ထိမှန် ထားသူ များကို သူမ ကိုယ်တိုင် တွေ့မြင် ခဲ့ရ သည်ဟု ဆိုသည်။ အရေးပေါ် ဌာနတွင် သေနတ် ဒဏ်ရာ ရရှိ ထားသော လူနာ များမှာ ကုတင် ပေါ်၌ လူးလှိမ့် နေကြပြီး သွေးများ ကြမ်းပြင်ပေါ်သို့ အိုင်ထွန်း ကျလျက် ရှိသည်။ လွန်ခဲ့သည့် အချိန်က သွေးလှူရှင်များ လှူဒါန်းမှုကြောင့် သွေးများ အလျှံပယ် ရှိခဲ့ သော်လည်း ယခုချိန်တွင် သွေးများ ပြတ်လု နီးပါး ဖြစ်နေသည်။ ရင်ခွဲရုံ တွင်လည်း နေရာ မဆန့် တော့ပေ။ "ရေခဲတိုက် ထဲမှာ ဖရိုဖရဲ စုပုံ ထားတဲ့ အလောင်း သုံးဆယ်ကို ကျွန်မ ကိုယ်တိုင် တွေ့ခဲ့ ရတယ်။ အလောင်း တလောင်း ဆိုရင် ခေါင်း မရှိ တော့ဘူး။ ၁၀ နှစ် အရွယ် ကလေး တယောက်ရဲ့ နှာဖူး အလယ် တည့်တည့်မှာ ကျည်ဆံပေါက် တပေါက် ကိုလည်း တွေ့ရတယ်" ဟု မီလင်ဒါ လင်ယူက ပြန်ပြော ပြသည်။

တနင်္လာ နေ့တွင် ကြည့်မြင်တိုင်၌ အသက် ၁၃ နှစ်၊ ၁၄ နှစ် ဝန်းကျင်ရှိ ဆန္ဒပြ ကျောင်းသူ တစုကို စစ်သားများက ပစ်ခတ် ခဲ့ကြကြောင်း အနောက်တိုင်း သံတမန် တဦးက ပြောကြား ခဲ့သည်။

"ဖြစ်ပျက် နေတဲ့ ကိစ္စ တွေဟာ အတော်ကို ရှက်စရာ ကောင်းပါတယ်။ ဒီအတွက် စကား လုံးတောင် ရှာ မတွေ့ နိုင်အောင် ပါပဲ။ လူတစုဟာ သူတို့ အာဏာ တည်မြဲရေး အတွက် ကျောင်းသား ကျောင်းသူ လေးတွေနဲ့ လက်နက်မဲ့ ဆန္ဒပြ သူတွေကို သတ်ဖြတ်ဖို့ ဝန်မလေး ခဲ့ကြဘူး။ ဒါဟာ အာဏာ သိမ်းတာ မဟုတ်ဘူး။ သူတို့က အာဏာကို ဆုပ်ကိုင် ထားပြီး တိုင်းပြည်ကို အုပ်ချုပ် နေမှတော့ အာဏာ သိမ်းတယ် ဆိုတာ ဖြစ်နိုင် ပါအုံး မလား" ဟူ၍ ထို သံတမန်က ဆက်၍ ပြောပြသည်။

ဖိနှိပ်မှုမှာ တပြည်လုံး၌ တပုံစံထဲ ဖြစ်သည်။ အာဏာ မသိမ်းမီ ရက်သတ္တပတ်က တပ်လှန့် ထားပြီး ဖြစ်သည့် တပ်များမှာ ၁၉ ရက်နေ့ စောစောပိုင်းတွင် တနိုင်ငံလုံးရှိ သပိတ် စခန်း များကို တပြိုင်နက် ဝင်ရောက် တိုက်ခိုက် ခဲ့ကြသည်။

မန္တလေး၌ ဆန္ဒ ပြသူများက စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင် ခဲ့ကြရာ ကျွဲများကို ရှေ့မှ မောင်းသွင်းပြီး အကာအကွယ် ယူခဲ့ ကြသည်။ သို့သော် စစ်သေနတ်နှင့် မောင်းပြန် သေနတ် အန္တရာယ်မှ မကာကွယ် နိုင်ခဲ့ကြပေ။ စစ်တင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့ အသံမှ "မသမာသူ တစုက တိရစ္ဆာန် များကို အကာအကွယ် ယူကာ လုံခြုံရေး တပ်များကို လေးဂွ၊ ဂျင်ဂလိ များဖြင့် ပစ်ခတ် ခဲ့ကြောင်း၊ ထို့ကြောင့် လုံခြုံရေး တပ်သား များက ပြန်လည် ပစ်ခတ် ခဲ့သဖြင့် ကျွဲ ၅ ကောင် ထိမှန် သေဆုံး ခဲ့ရကြောင်း" ကြေညာ ခဲ့သည်။

မန္တလေး မြို့ခံများ ပေးပို့သည့် သတင်း အရ မန္တလေးမှ သပိတ် စခန်း တခုကို စစ်တပ်က ဖြိုခွင်း ပစ်ခတ် ခဲ့ရာ လူဦးရေ ၁၅၀ ခန့် သေဆုံး ခဲ့ရကြောင်း သိရှိ ရသည်။ ထိုစခန်းမှာ တနိုင်ငံလုံးတွင် အရေးပါဆုံး သပိတ် စခန်း တခု ဖြစ်သည်။ ဧရာဝတီ မြစ်ကမ်း ပေါ်မှ ရေနံမြို့ တမြို့ ဖြစ်သော ချောက်မြို့တွင် အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒ ပြခဲ့ ကြသော ပြည်သူ များအား ဒေသခံ စစ်တပ်က ပစ်ခတ် ခဲ့သဖြင့် လူနှစ်ဆယ် သေဆုံး ခဲ့သည်။ ရှမ်းပြည်နယ် တောင်ကြီး မြို့တွင် ၁၈ ရက်နေ့က ဖြစ်ပွား ခဲ့သော ပစ်ခတ်မှု၌ အမျိုးသမီးငယ် တဦး သေဆုံး ခဲ့သည်။ နောက်တနေ့တွင် သူမ၏ ဈာပနာကို ပြင်ဆင်ရန် မြို့လယ်ခေါင် လမ်းပေါ်ရှိ တရုတ် ဘုရားကျောင်း အပြင် ဘက်တွင် လူများ စုဝေး ခဲ့ကြသည်။ ထိုအခိုက် စစ်ကား တစီး ရောက်လာပြီး လူအုပ်ထဲသို့ မောင်းပြန် သေနတ် များဖြင့် ပစ်ခတ် လေတော့သည်။ ဒေသခံ လူများ၏ ခန့်မှန်းချက် အရ စုစုပေါင်းလူ ၄၀ ခန့် သေဆုံး ခဲ့ရသည်ဟု ဆိုသည်။

အစိုးရ သတင်း ကမူ အဖျက် သမား ၁၀၀ ခန့်သည် ဂျင်ဂလိ၊ လေးဂွ တို့ဖြင့် လုံခြုံရေး တပ်သား များကို တိုက်ခိုက် သဖြင့် စစ်တပ်က ပြန်လည် ပစ်ခတ်ရာ တဦး သေဆုံးပြီး တဦး ဒဏ်ရာ ရရှိ ခဲ့သည်ဟု ကြေညာ ခဲ့သည်။

၁၉ ရက်နေ့ နံနက်ခင်း၌ ထားဝယ် မြို့ရှိ သပိတ် စခန်း အပြင် ဘက်တွင် ပြည်သူများ စုဝေး ခဲ့ကြသည်။ တံခွန်နှင့် ဒေါင်းအလံများ လေထဲတွင် တလူလူ လွှင့်နေသည်။ ဒေသခံ သပိတ် ခေါင်းဆောင်များ ဖြစ်ကြသည့် အသက် ၅၁ နှစ် အရွယ်ရှိ အထက်တန်း ကျောင်းဆရာ ဦးချမ်းလှနှင့် ကျောင်းအုပ် ဆရာကြီး ဦးပန်ကျော်တို့ တရား ဟောနေရာသို့ စစ်တပ် ရောက်လာပြီး လူစုခွဲရန် ပြောသည်။ လူအုပ်ကြီးက အမိန့် မနာခံ သဖြင့် အဖွဲ့ ခေါင်းဆောင် ဒုဗိုလ်မှူးကြီး မြင့်သိန်း ဆိုသူက ပစ္စတိုဖြင့် ကျောင်းအုပ် ဆရာကြီးအား ပစ်သတ် လိုက်သည်။

ထို့နောက် ဦးချမ်းလှနှင့် တခြား ဆန္ဒ ပြသူများ ကိုလည်း စစ်သား များက ချက်ချင်း သေနတ်ဖြင့် ပစ်ခတ် ခဲ့သည်။

ထိုင်းနိုင်ငံ မဲဆိုင်နှင့် မျက်နှာချင်း ဆိုင်ရှိ မြန်မာ နယ်စပ် မြို့လေး တမြို့ ဖြစ်သည့် တာချီလိတ်တွင် ၁၉ ရက်နေ့ အာရုဏ်ဦး၌ ကျောင်းသား ၁၂ ဦး ဖမ်းဆီးခြင်း ခံရသည်။ ၄ ရက် အကြာ၌ စစ်သားနှင့် အရပ်သားများ တင်ဆောင် လာသည့် စစ်ကားများ အမှောင်ထဲ၌ မြို့၏ တောင်ကုန်း ပေါ်မှ စစ်တပ် ရှိရာသို့ ဦးတည် မောင်းနှင် သွားကြောင်း မျက်မြင် သက်သေ တဦးက ပြောဆို ခဲ့သည်။ များမကြာမီ စစ်တပ်မှ စက်သေနတ် သံများကို ကြားခဲ့သည်။ စစ်ကားများ စစ်တပ်မှ ပြန်လာသည့် အခါ ကားပေါ်၌ အရပ်သားများ မပါလာ တော့ချေ။

ငြိမ်/ပိ အာဏာ သိမ်းပြီးနောက် ရန်ကုန် မြို့ရှိ မြို့နယ် အသီးသီးတွင် အလားတူ ရက်စက်မှု သတင်းများ ထွက်ပေါ် လာခဲ့သည်။ တောင်ဥက္ကလာပ မြို့နယ်တွင် မိဘများ ရှေ့မှောက်၌ လူငယ် နှစ်ဦး ပစ်သတ် ခံခဲ့ရသည်ဟု ဒေသခံ လူများက ပြောကြသည်။ နေအိမ် များသို့ စစ်သားများ ဝင်ရောက်ပြီး ဆန္ဒပြပွဲ၌ တက့်ကစွာ ပါဝင် ခဲ့သော ကျောင်းသားများ၊ ဒီမိုကရေစီနှင့် ပတ်သက်သည့် လက်ကမ်း စာစောင် များကို ရှာဖွေ ခဲ့ကြသည်။ ရန်ကုန် မြို့ခံ တဦး၏ ပြောပြချက် အရ ယူပီအိုင် သတင်း ဌာနက စက်တင်ဘာလ ၂၄ ရက်နေ့ သတင်း ဖော်ပြချက်တွင် စစ်သားများက တအိမ်တက် တအိမ်ဆင်း လက်နက် များကို ဝင်ရောက် ရှာဖွေ ပြီးနောက် အဖိုးတန် ပစ္စည်းများ ကိုလည်း ယူဆောင် သွားခဲ့ ကြသည်။ ပြည်သူ များမှာ မည်သို့မျှ ပြန်မပြော နိုင်ခဲ့ဟု ပါရှိသည်။

စက်တင်ဘာလ ၂၀ ရက်နေ့ ထုတ်ပြန် ကြေညာချက်၌ တိမ်းရှောင် နေသော မင်းကိုနိုင်က နောက်ဆုံး အနေနှင့် တနိုင်ငံလုံးက အစိုးရကို ခုခံ တိုက်ခိုက် သွားရန် ပြင်ဆင်လျက် ရှိကြောင်း၊ အမိနိုင်ငံ လွတ်လပ်ရေး အတွက် စတေး လိုသည့် ဆန္ဒထက် ဂုဏ်ယူစရာ မည်သည့် အရာမှ မရှိကြောင်း၊ သူတို့ အနေနှင့် ရပ်ဆိုင်း တော့မည် ဖြစ်ပြီး အစိုးရအား နောက်ဆုံး ထမင်း စားထားရန် သတိ ပေးလိုက် သည်ဟု ပါရှိ လေသည်။

အမာခံ အဖွဲ့ငယ် များက စစ်တပ်ကို တိုက်ခိုက်ရန် ကြိုးစား ခဲ့သော်လည်း အချဉ်းနှီး ဖြစ်သွား ရသည်။ ထွန်းထွန်းဦး ခေါင်းဆောင်သော အမျိုးသား လွတ်မြောက်ရေး ဒီမိုကရက်တစ် တပ်ဦးက မှောင်ခို ဈေးမှ ဝယ်ယူ ခဲ့သော ဒုံးကျည် များဖြင့် စက်တင်ဘာလ ၁၉ ရက်နေ့က မြို့တော် ခမ်းမကို ပစ်ခတ် ခဲ့သော်လည်း အနည်းငယ်သာ ပျက်ဆီး ခဲ့သည်။ များမကြာမီ ထွန်းထွန်းဦးမှာ ထိုင်း နယ်စပ်သို့ ထွက်သွား ခဲ့သည်။ မြေအောက် လှုပ်ရှားမှု အတွက် သူ့နေရာတွင် ကျော်သန်းက ဝင်ရောက် နေရာ ယူခဲ့သည်။ စင်စစ် ထိုအစီအစဉ်မှာ ထောက်လှမ်းရေး၏ ခြေလှမ်း ဖြစ်လေသည်။ နောက်ပိုင်း၌ ကျော်သန်း ဦးဆောင်မှု အောက်ရှိ အဖွဲ့ဝင် အတော် များများမှာ လျှို့ဝှက် ထောက်လှမ်းရေး အဖွဲ့၏ ဖမ်းဆီးခြင်းကို ခံရ လေတော့သည်။ တနင်္လာနှင့် အင်္ဂါနေ့တွင် ရဲစခန်း အမြောက်အမြား မီးရှို့ ဖျက်ဆီးခြင်း ခံရလေသည်။ မီးရှို့ သူများက ရဲစခန်းမှ လက်နက် များကို သိမ်းယူ သွားခဲ့သည်။ တစုံတဦးက ရန်ကုန်ရှိ မိုက်ကရိုဝေ့ဖ် (Mivrowave Antenna) မျှော်စဉ်ကို ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက် ခဲ့ရာ နိုင်ငံ၏ ကြေးနန်း ဆက်သွယ်မှုများ ခေတ္တ ရပ်ဆိုင်း သွားခဲ့သည်။

တိုက်ခိုက်မှု များ၏ စွမ်းအားမှာ သေးငယ် လှသည်။ စစ်တပ်ကို သရော် ခဲ့သည့် လုပ်ရပ် တခုမှာ မည်သူမှန်း မသိသော မြန်မာ တဦးက မြန်မာ့ အသံမှ သတင်း ထုတ်လွှင့်မှု တခုကို နှောင်ယှက် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဗိုလ်ချုပ်ကြီး စောမောင်၏ ဖမ်းယူ ထားသော မိန့်ခွန်း များကို မြန်မာ့ အသံမှ ထုတ်လွှင့်တိုင်း အဆိုပါ ပုဂ္ဂိုလ်၏ အသံ ကလည်း ပါဝင်လျက် ရှိသည်။ ဗိုလ်ချုပ် စောမောင်က မိန့်ခွန်း ပြောရင်း "မသမာသော အဖွဲ့အစည်းများ" ဟူသော နေရာ ရောက်သည့် အခါ အသံ တသံက "ခင်ဗျား တို့သာ မသမာ သူတွေ" ဟု၍ လည်းကောင်း၊ "ကျွန်တော်တို့ လူနည်းစုနဲ့ အစိုးရ ဖွဲ့လိုက်ရတဲ့ အကြောင်းက ကျွန်တော် တို့ဟာ တိုင်းပြည် အာဏာကို အကြာကြီး ဆုပ်ကိုင် ထားလိုတဲ့ ဆန္ဒ မရှိဘူး ဆိုတာ ပေါ်လွင် နေပါတယ်" ဟု ဆိုသော အခါ တဖက်မှ တကိုယ်တော် ဆန့်ကျင်ရေး သမားက "ဆန္ဒ မရှိရင် ဘာလို့ အာဏာ သိမ်းလဲ" ဟူ၍ လည်းကောင်း၊ ဗိုလ်ချုပ် စောမောင်က ခေတ္တမျှ ရပ်တန့်ကာ "ကျွန်တော် စကား အနည်းငယ် ပြောချင် ပါသေးတယ်" ဟူသော အသံ နောက်မှ "ဘာမှ မပြောပါနဲ့" ဟူ၍ လည်းကောင်း ထွက်ပေါ် လာခဲ့သည်။ ဗိုလ်ချုပ် စောမောင် မိန့်ခွန်းကို အနှောင့်အယှက် ပေးနေသည့် ထိုအသံမှာ တိုးလွန်း လှသည်ကို ထောက်ရှုခြင်း အားဖြင့် သူ့ ကိုယ်ပိုင် ရေဒီိယို အသံလွှင့် စက်ကို အသုံး ပြုခဲ့ကြောင်း ညွှန်ပြလျက် ရှိသည်။ ဘီဘီအက်စ် အသံလွှင့် ခန်းမမှ လာသည့် အသံတော့ မဖြစ်နိုင်ပေ။ လျှို့ဝှက် ဆန်းကျယ်သည့် ထိုအသံရှင် မည်သူ ဖြစ်သည်ကို မည်သူမျှ မသိနိုင် ခဲ့ပေ။ ရက် အနည်းငယ် ကြာသည့် အခါ ထိုအသံ သည်လည်း ငြိမ်သက် ပျောက်ကွယ် သွားခဲ့ တော့သည်။


* * * * * * * *

ဗုဒ္ဓဟူးနေ့ ရောက်သည့် အခါ ရန်ကုန် မြို့သည် ငြိမ်သက်လျက် ရှိသည်။ လူသတ်ပွဲများ ပြီးဆုံး သွားပြီး ဖြစ်ပြီး ရန်ကုန် မြို့မှာ ပုံမှန် အခြေအနေသို့ ထူးထူးဆန်းဆန်း ပြန်ရောက် လာခဲ့သည်။ ဆရာဝန် များနှင့် သံတမန် များက သေဆုံးသည့် လူဦးရေမှာ ၅၀၀ နှင့် ၁၀၀၀ အကြား ရှိမည်ဟု ခန့်မှန်း ကြသည်။ ၎င်းတို့ ထဲတွင် အများဆုံးမှာ ကျောင်းသားလေး များနှင့် အခြား လက်နက်မဲ့ ဆန္ဒ ပြသူများ ဖြစ်ကြသည်။ ထိုစဉ်က သံတမန် အကဲခတ် ပုဂ္ဂိုလ်များက ရန်ကုန် မြို့သည် နိုင်ငံရပ်ခြား တိုင်းတပါးက သိမ်းယူ၍ အန္တရာယ် ပြုတော့မည့် ပုံစံနှင့် တူနေ သည်ဟု ဆိုသည်။ နေရာတိုင်း၌ လက်နက်ကိုင် စစ်သားများ ပြည့်နှက်လျက် ရှိပြီး ဆင်ခြေဖုံးမှ မြို့လယ်ထိ အဓိက ကျသော လမ်းတိုင်း၌ အတားအဆီး များစွာ ချထားသည်။ သို့သော် စစ်တပ်နှင့် ပြည်သူ တို့၏ ဆက်ဆံရေး ကိုမူ မမြင်တွေ့ ရပေ။ စစ်သားတို့ အပေါ် အညှိုး ထားသည့် အကြည့်မျိုးသာ ပြည်သူတို့ မျက်နှာတွင် ပေါ်လွင် နေသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့၌ ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးချုပ် ခင်ညွန့် နိုင်ငံခြား စစ်သံမှူး များနှင့် တွေ့ဆုံရာတွင် အာဏာ သိမ်းစဉ် ကာလ၌ လူပေါင်း ၂၆၃ ဦးသာ သေးဆုံး ခဲ့ပြီး ယင်းတို့ အနက် ၂၃၈ ဦးမှာ အရပ်သားများ ဖြစ်ကြ၍ ကျန်ပုဂ္ဂိုလ် များမှာ စစ်တပ်နှင့် ရဲဘက်မှ ဖြစ်ကြောင်း၊ သေဆုံးခဲ့သူ အများအပြားမှာ လုယက်သူနှင့် မသမာ သူများ ဖြစ်ကြကြောင်း ပြောကြား ခဲ့သည်။ သူက ဆက်လက်၍ တပ်မတော် အနေနှင့် တိုင်းပြည် ငြိမ်ဝပ် ပိပြား စေရေး အတွက် ဝင်ရောက် လာခဲ့ရ ခြင်းသာ ဖြစ်ပြီး ဆူပူ သူများမှာ တပ်မတော်၏ စေတနာကို အခွင့်ကောင်း ယူပြီး မင်းမဲ့ စရိုက် အခြေအနေ ရောက်အောင် ဖန်တီး ခဲ့ကြခြင်း ဖြစ်သည်ဟု ဆိုသည်။

စစ်တပ်မှ အာဏာ သိမ်းယူရခြင်း အကြောင်းကို ဗိုလ်မှူးချုပ် ခင်ညွန့်က ရှင်းလင်း ပြောကြားရာတွင် ၁၇ ရက်နေ့ ဖြစ်ပွား ခဲ့သည့် ကုန်သွယ်ရေး ဝန်ကြီး ဌာန အပြင် ဘက်မှ ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့မှုကို လက်ညှိုး ထိုးပြ ခဲ့သည်။

မြန်မာပြည်မှ ခိုးထုတ်ကာ ကမ္ဘာ အဝှမ်း ပြသ ခဲ့သည့် အရေးအခင်း ဗွီဒီယို တိတ်ခွေ များကို ရည်ညွန်း၍ ဗိုလ်မှူးချုပ် ခင်ညွန့်က "တပ်မတော်ရဲ့ အရှက်တကွဲ ဖြစ်မှုကို တကမ္ဘာလုံးက မြင်တွေ့ ခဲ့ကြ ရတယ်" ဟူ၍ ပြောကြား ခဲ့သည်။ သို့သော် လက်နက်မဲ့ ကလေး သူငယ် များအား အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ခြင်းဖြင့် ကမ္ဘာ အလယ်တွင် တပ်မတော်၏ ထိခိုက် သွားသည့် ဂုဏ် သိက္ခာကို ပြန်လည် အဖတ်ဆယ် နိုင်ပြီဟု မည်သည့် အတွက်ကြောင့် တွေးထင် ခဲ့သည်ကို ရှင်းပြ မသွား ခဲ့ပေ။

ဗိုလ်မှူးချုပ် ခင်ညွန့်၏ ရှင်းလင်းချက် များ၌ အဓိက အချက်အလက်များ မပါ ရှိခဲ့ချေ။ ကုန်သွယ်ရေး ဝန်ကြီး ဌာန အရေးအခင်းသည် ချက်ခြင်း အာဏာ သိမ်းယူရန် အကြောင်း အမှန် တကယ်ပင် ဖြစ်ပါက စစ်တပ်မှ မြို့တော် အတွင်းသို့ လက်နက် ခဲယမ်း မီးကျောက် များကို အာဏာ သိမ်းရန် ရက်သတ္တပတ် အလို၌ ကြိုတင် သွင်းယူ ခဲ့ပြီး အဓိက မြို့ကြီးများ သို့လည်း စစ်သားများ စေလွှတ် ခဲ့သည်မှာ အဘယ်ကြောင့် ပါနည်း။

စစ်တပ် နောက်လိုက် အဖွဲ့က မည်သည့် အတွက် စက်တင်ဘာလ ၁၆ ရက်နေ့၌ (ကုန်သွယ်ရေး ဝန်ကြီး ဌာန အရေးအခင်း မဖြစ် ပေါ်မီ) တပ်မတော် သားများ အနေနှင့် မဆလ ပါတီမှ နှုတ်ထွက် ကြရမည်ဟု ကြေညာ ခဲ့သည်ကို ယခု အချိန်၌ ရန်ကုန် မြို့နေ လူအများ သဘောပေါက် လာကြပြီ ဖြစ်သည်။

ခွဲခြား မရ နိုင်သည့် တပ်မတော်နှင့် ပါတီကို တသီးတခြား ခွဲထုတ် ပစ်လိုက်ခြင်း အားဖြင့် စစ်တပ် အနေနှင့် ပါတီ အကျိုးထက် အမျိုးသား အကျိုးကို ကာကွယ်ရန် ဝင်ရောက်ရခြင်း ဖြစ်သည်ဟု လွတ်လပ် စွာ ပြောဆို နိုင်မည် ဖြစ်သည်။

ထိုအဆိုကို အားဖြည့်ရန် ငြိမ်/ပိ သည် ၁၉ ရက်နေ့၌ ၁၉၆၄ ခုနှစ် အမျိုးသား ညီညွတ်ရေးအား ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်း ခဲ့သည်။ ထို ဥပဒေမှာ မဆလ ပါတီမှ လွဲ၍ တခြား ပါတီ အားလုံးကို ပိတ်ပင် တားမြစ်သည့် ဥပဒေ ဖြစ်သည်။ အာဏာရ ပါတီနှင့် အဖွဲ့အစည်း များကို အကာအကွယ် ပေးသည့် ၁၉၇၄ ခုနှစ် ဥပဒေ ကိုလည်း ရုပ်သိမ်း ခဲ့သည်။

ငြိမ်/ပိ ဖွဲ့စည်းပြီး နောက်ပိုင်း ဖြစ်ရပ် များမှာ ကုန်သွယ်ရေး အရေးအခင်းက လတ်တလော ဆုံးဖြတ်ချက် ချရန် ဆွပေး လိုက်ခြင်း မဟုတ်ကြောင်းကို ယုံကြည် စေခဲ့သည်။

ငြိမ်/ပိ တို့၏ လတ်တလော ဆုံးဖြတ်ချက် မဟုတ်။ စနစ်တကျ ပြင်ဆင်၍ ကျွမ်းကျင်စွာ ညွှန်ကြား ခဲ့သည့် အစီအစဉ် တခုသာ ဖြစ်သည်။ ထို အစီအစဉ်ကို ချက်ချင်း အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ခြင်းပင် ဖြစ်သည်။


* * * * * * * *
၁၈ ရက်နေ့ နံနက် စောစော၌ ဦးနေဝင်းသည် သူ၏ အေဒီလမ်းရှိ နေအိမ်သို့ ဗိုလ်ချုပ်ကြီး စောမောင်အား ခေါ်ယူ တွေ့ဆုံ ခဲ့သည်။ ပိုမို ဆိုးဝါး လာသော တရား ဥပဒေ အခြေအနေက အာဏာ သိမ်းရန် ခိုင်လုံသော အကြောင်း ပြချက် တခု ဖြစ်ကြောင်းကို တွေ့ရှိ နိုင်သည်။ အေဒီ လမ်းသို့ ရောက်လာသော နောက်ဧည့်သည် တယောက်မှာ ဒေါက်တာ မောင်မောင် ဖြစ်သည်။ ညနေ ၃ နာရီတွင် ဒေါက်တာ မောင်မောင်အား ရာထူးမှ နှုတ်ပယ် မည်ဟု ဦးနေဝင်းက ပြောကြား ခဲ့သည်။ ထိုနေ့ မွန်းလွဲပိုင်း၌ နိုင်ငံတော် ငြိမ်/ပိ အစိုးရသည် ပြည်သူ့ လွှတ်တော်၊ နိုင်ငံတော် ကောင်စီ၊ ဝန်ကြီးများ အဖွဲ့နှင့် အခြား အာဏာပိုင် အဖွဲ့အစည်းများ အားလုံးကို ဖျက်သိမ်း ပစ်လိုက်သည်။ မဖျက်သိမ်းဘဲ ထားသည့် တခု တည်းသော အဖွဲ့အစည်းမှာ ရွေးကောက်ပွဲ ကော်မရှင်ပင် ဖြစ်သည်။

၂၀ ရက်နေ့တွင် ငြိမ်/ပိသည် ဝန်ကြီး ၉ ဦး ပါသော အစိုးရကို သူတို့ ဘာသာ ဖွဲ့စည်း လိုက်သည်။ တဦးလျှင် ဝန်ကြီး ဌာန နှစ်ခုမှ သုံးခု အထိ ကိုင်ထား ကြသည်။ ကျန်းမာရေးနှင့် ပညာရေး ဝန်ကြီး ဌာန ဝန်ကြီး အဖြစ် ခန့်ထားသော ဒေါက်တာ ဖေသိန်း တဦးမှ လွဲ၍ ကျန် အားလုံးမှာ စစ်ဘက်မှ အရာရှိ များသာ ဖြစ်ကြသည်။ အထွေထွေ သပိတ် တိုက်ပွဲတွင် ပါဝင် ခဲ့ကြသည့် ဝန်ထမ်းများ (တနိုင်ငံလုံး နီးပါး) အား စက်တင်ဘာလ ၁၆ ရက်နေ့ နောက်ဆုံး ထားပြီး အလုပ်ခွင်သို့ ပြန်လည် ဝင်ရောက်ရန် အမိန့် ထုတ်ပြန် ခဲ့သည်။ ထိုရက်မှ ကျော်လျှင် အလုပ်မှ ထုတ်ပစ် မည်ဟု ကြေညာ ခဲ့သည်။

အေးချမ်း တည်ငြိမ်မှု ပြန်လည် ရှိလာ စေရန် အတွက် နိုင်ငံ အဝှမ်းရှိ သပိတ် စခန်း များကို ဖြိုခွဲ ခဲ့ကြောင်းနှင့် ဖြိုခွဲ ခဲ့သော သပိတ် စခန်း စာရင်း ရှည်ကြီးတွင် နေရာ အတိအကျကို ထည့်သွင်း၍ အစိုးရ အသံလွှင့် ဌာနမှ ကြေညာ ခဲ့သည်။ ပြည်သူနှင့် နိုင်ငံတကာ အဖွဲ့အစည်း များ၏ အထင်အမြင် တမျိုး ပြောင်းလာ စေရန် အများ သိအောင် ကြေညာ ခဲ့ဟန် တူသည်။ သို့သော် တချိန်တည်း ၌ပင် ငြိမ်/ပိ အစိုးရက တော်လှန်မှု အတိုင်းအတာ မည်မျှ ကျယ်ပြန့် ခဲ့သည်ကို မရည်ရွယ်ဘဲ ဝန်ခံ မိလျက် သား ဖြစ်နေ တော့ သည်။ နိုင်ငံခြားမှ လေ့လာသူ များမှာ မြို့ကလေး များနှင့် မြိုကြီးများ ၌သာ အရေးအခင်း အဓိက ဖြစ်ပွား ခဲ့သည်ဟု ယူဆ ခဲ့ကြသည်။ သို့သော် ယခု မြန်မာ့ အသံမှ မြို့ငယ်နှင့် ရွာကြီး များရှိ သပိတ် စခန်းများ ကိုလည်း ဖြိုခွင်း ခဲ့ကြောင်း ဝင့်ကားစွာ ကြေညာ ခဲ့လေပြီ။ ၎င်းတို့မှာ ကယား ပြည်နယ်တွင် မောချီး၊ ဘော်လခဲ နှင့် ဖာဆောင်၊ ဧရာဝတီ မြစ်ဝ ကျွန်းပေါ် ဒေသတွင် ငပုတော၊ သာပေါင်း၊ ရခိုင် ပြည်နယ်တွင် ကျောက်ဖြူ၊ သံတွဲ၊ ရှမ်း ပြည်နယ်တွင် မိုင်းယောင်း၊ မိုင်းဖြတ်၊ မန္တလေး တိုင်းတွင် ကျောက်ပတောင်း၊ လယ်ဝေးနှင့် တပ်ကုန်း စသည့် မြို့ရွာ တို့မှ သပိတ် စခန်းများ ဖြစ်သည်။ အံ့သြဖွယ် ကောင်းသည်မှာ ယခင် ကတည်းက နိုင်ငံတော် အပေါ် သစ္စာ အရှိဆုံး ပြည်နယ် အဖြစ် သတ်မှတ်ခြင်း ခံရပြီး ကာလ ရှည်ကြာစွာ အေးဆေး ငြိမ်သက် နေခဲ့သော ချင်းပြည်နယ်တွင် တီးတိန်၊ ဖလမ်းနှင့် ဟားခါး မြို့များရှိ သပိတ် စခန်း တို့မှ အဖျက်သမားများ ကိုလည်း အစိုးရက လိုက်လံ ဖမ်းဆီး နေသည်ဟု ကြေညာ ခဲ့ခြင်းပင် ဖြစ်သည်။

ထိုသို့ လိုက်လံ ဖမ်းဆီးမှု များကို စနစ်တကျ လုပ်ဆောင် ခဲ့ခြင်းသည် "စစ်တပ်မှ အာဏာ လွှဲပေးရန် လုံးဝ အကြံအစည် မရှိ" ဟူသော ယူဆချက်ကို ပိုမို ခိုင်မာ စေခဲ့သည်။ နောက်ကွယ်မှ နေ၍ အခြေအနေ ရှုပ်ထွေးအောင် မင်းမဲ့ စရိုက် ဆန်လာအောင် ဆွပေး ခဲ့ခြင်းမှာ သူတို့ အတွက် အာဏာ သိမ်းရန် အကောင်းဆုံး အကြောင်း ပြချက်ကို ရရှိ စေခဲ့သည်။ ထိုမျှ မက သေးဘဲ အရေးကြီးသည့် အကြောင်း တရပ်မှာ စစ်တပ်က တလခန့် လျှိုနေ ခဲ့ပြီး ပြည်သူ များအား အပြောင်းအလဲ ဖြစ်တော့ မလိုလို အယုံ သွင်းခဲ့ခြင်း ဖြစ်သည်။ သို့နှင့် မြေအောက် အတိုက်အခံ များကို မြေပေါ်သို့ ထွက်ပေါ် လာစေသည်။

ရန်ကုန် မြို့နှင့် နေရာ အနှံ့အပြား၌ စစ်တပ်က ဖမ်းဆီးမှုများ ပြုလုပ် ကြသည့် အခါ စစ်အရာရှိများ လက်ထဲ၌ သပိတ် ခေါင်းဆောင် များ၏ အမည် စာရင်းနှင့် ဓာတ်ပုံများ ကိုပင် ကိုင်ဆောင် ထားကြောင်း တွေ့ရသည်။ ထိုအခါ သြဂုတ် လလယ်တွင် ထင်ထင်ပေါ်ပေါ် ဆန္ဒ ပြခဲ့ကြ သူများက သူတို့၏ အမှားများ အပေါ် နောင်တ ရကြသည်။

အာဏာ သိမ်းပြီးနောက် မကြာခင် မှာပင် တောင်ကြီးမြို့ ဆေးရုံမှ ဆရာဝန် ၃ ဦး ဖြစ်ကြသော ဒေါက်တာ စောရန်နိုင်၊ ဒေါက်တာ တင်ဝင်းနှင့် ဒေါက်တာ နေလင်း တို့မှာ သပိတ် ခေါင်းဆောင်များ အဖြစ် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ မြစ်ဝ ကျွန်းပေါ်ရှိ ပုသိမ်မြို့မှ သပိတ် ခေါင်းဆောင် ကျန်းမာရေး ဌာန ညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်ရှိန် သည်လည်း အဖမ်း ခံခဲ့ရသည်။

အောက်တိုဘာလ ၂ ရက်နေ့တွင် လုံခြုံရေး တပ်ဖွဲ့ များက ရန်ကုန်မြို့ ဘားလမ်းရှိ စပယ်ဦး စာပေ တိုက်သို့ ဝင်ရောက်ကာ သြဂုတ်လနှင့် စက်တင်ဘာလ ဆန္ဒ ပြပွဲများ၌ တက့်ကစွာ ပါဝင် ခဲ့၍ အစိုးရအား သရော်သော ပြက်လုံး များဖြင့် ထင်ရှားသူ ရုပ်ရှင် သရုပ်ဆောင် ဇာဂနာကို ဖမ်းဆီး ခဲ့သည်။ သူနှင့် အတူ စပယ်ဦး စာပေ တိုက်မှ ထုတ်ဝေသူ ဦးတင်စိုး၊ ရုပ်ရှင် သရုပ်ဆောင် မင်းသားများ ဖြစ်ကြသည့် ဇင်ဝိုင်း၊ မိုးဝင်းနှင့် ညီဝင်းစိန် တို့လည်း ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၎င်းအပြင် သာမန် ဆန္ဒပြသူ အမြောက်အမြား အဖမ်း ခံခဲ့ကြ ရပြီး သူတို့၏ သတင်း အစအန မှာလည်း ပျောက်ကွယ် သွားခဲ့ လေသည်။ တကယ်တမ်း၌ စစ်တပ် အနေနှင့် သပိတ် ထိပ်ပိုင်း ခေါင်းဆောင် များကို ချန်လှပ်ကာ ဒေသခံ စည်းရုံးရေးမှူးများ၊ ရန်ကုန်မှ အချို့ ခေါင်းဆောင် များနှင့် အခြေခံ အဖွဲ့အစည်း များ၏ ကျောရိုး တို့ကို ပို၍ အာရုံ စိုက်ခဲ့ ကြသည်။

အထူးသဖြင့် ရဲ၊ ကြည်းတပ်နှင့် လေတပ် တို့မှ ပြည်သူ ဘက်သို့ ပူးပေါင်း လာသူ များသည် အကြပ်အတည်းနှင့် ရင်ဆိုင် ကြရ တော့သည်။ သူတို့ ပုန်းအောင်း နေကြရာ ဘုန်းကြီး ကျောင်းများကို စစ်တပ်က ဝင်ရောက် ရှာဖွေသော အခါ အများအပြား အဖမ်း ခံရပြီး အချို့မှာ လွတ်မြောက် သွားခဲ့သည်။ တနင်္ဂနွေနေ့ ညနေပိုင်းတွင် သင်္ကန်း စီးခဲ့ကြသူ အတော် များလေသည်။ သို့နှင့် ရန်ကုန်မြို့ရှိ ရဟန်း ဦးရေမှာ နေ့ခြင်း ညခြင်းပင် ရာချီ၍ တိုးလာ ခဲ့သည်။

အရေးအခင်း၌ စစ်သား များသည် လက်နက်မဲ့ ဆန္ဒ ပြသူများကို ပစ်ခတ်ရန် လက်နှေးသည် ဟူသော သတင်းများ မကြား ခဲ့ရပေ။ ထို့ကြောင့် နိုင်ငံခြားမှ လေ့လာ သူများတွက် အံ့အား သင့်စရာ ဖြစ်ခဲ့ ရသည်။ ထိုသတင်းများ အစား စက်တင်ဘာလ စောစောပိုင်းက အက်သံ ထွက်နေသော စစ်တပ် အတွင်းတွင် သူတို့ အချင်းချင်း စနစ်တကျ ပြန်လည် စုစည်း နိုင်ခဲ့သည့် သတင်းသာ ကြားသိ ရသည်။ စစ်အစိုးရ ပြုတ်ကျ ခဲ့လျှင် သူတို့၏ အကျိုး စီးပွားများ ထိခိုက် နစ်နာ သွားမည် ဟူ၍ စစ်ဘက် အရာရှိ အတော် များများက နားလည် သဘောပေါက် ထားကြသည်။ ထို့အပြင် မြန်မာ လူ့အဖွဲ့ အစည်း၌ သူတို့၏ အခွင့်ထူးခံ ဘဝကို ချိန်းခြောက် လာနိုင် သောကြောင့် အရေးကြီးချိန်တွင် သူတို့ အားလုံး အမိန့်ကို နာခံ ကြလေ တော့သည်။

တပ်၏ အစဉ်အလာ ဖြစ်သော တပ်သားများ ပညာ နည်းပါးခြင်း၊ စည်းကမ်း တိကျခြင်း၊ မျက်ကန်း သစ္စာရှိခြင်း၊ မိမိ အထက် အရာရှိကို ကြောက်ရွံ့ခြင်း တို့၏ အကျိုး သက်ရောက်မှု အဖြစ် သာမန် စစ်သား များမှာ ကလေး သူငယ် များနှင့် လူအုပ်များ ထဲသို့ သေနတ်ဖြင့် ပစ်ခတ်ရန် စိုးရိမ် ကြောင့်ကြမှု မရှိ ခဲ့ကြပေ။ နယ်မှ ရန်ကုန်သို့ အားဖြည့် ခဲ့သည့် စစ်သား များအား အထက် အရာရှိများက ရန်ကုန်မြို့ကို ကွန်မြူနစ် သူပုန်များက သိမ်းယူ ထားကြောင်း၊ ရန်ကုန်မြို့ လွတ်မြောက်ရန် အတွက် လုပ်ဆောင် ကြရမည် ဖြစ်ကြောင်းနှင့် ကွန်မြူနစ် များသည် ခေါင်းစီး အနီ ပတ်ထား သူများ ဖြစ်ကြောင်း စသည်ဖြင့် သွေးထိုး လှုံ့ဆော် ပေးခဲ့ သည်ဟု အများက ပြောဆိုလျက် ရှိသည်။ စစ်သားများက သူတို့ ရင်ဆိုင် ခဲ့ကြရသည့် ကွန်မြူနစ် သူပုန် များသည် မည်သည့် အတွက်ကြောင့် ငယ်ရွယ် လွန်းလှပြီး လက်နက်မဲ့များ ဖြစ်ကြကာ မြို့ပေါ် အဝတ်အစားများ ဝတ်ဆင် ထားကြ သနည်းဟု တွေးမိပါက ထို မေးခွန်းကို ထို စစ်သားများ ကသာ ဖြေဆိုနိုင် ပေလိမ့်မည်။

ငြိမ်ဝပ် ပိပြားရေးကို ထိန်းသိမ်း ထားနိုင်ရန် လက်နက် ခဲယမ်း မီးကျောက် များမှာ အရေး ပါလှသည်။ အထူးသဖြင့် နိုင်ငံတော် ဘဏ္ဍာမှ နိုင်ငံခြား ငွေများ ကုန်ဆုံးလု နီးပါး ဖြစ်လာ သည်တွင် လက်ရှိ လက်နက် ခဲယမ်း မီးကျောက်များ မည်မျှ ကြာအောင် ခံမည်ကို နိုင်ငံခြားသားတို့ သုံးသပ်စ ပြုလာသည်။ အောက်တိုဘာလ ၆ ရက်နေ့ ညတွင် ရန်ကုန်မြို့ ပြည်လမ်း တလျှောက်၌ ထူးခြားစွာ အမှောင်ချ ထားသည်ကို တွေ့ရသည်။ ထိုအချိန်တွင် ကုန်ပစ္စည်းများ လေးလံစွာ တင်ဆောင် ထားသည့် စစ်ကားကြီးများ ဖြတ်မောင်း သွားကြသည်။ ထိုကားများမှာ မြို့တော်၏ ဆိပ်ကမ်းမှ လေဆိပ် မြောက်ဘက်ရှိ မင်္ဂလာဒုံ စစ်နယ်မြေ ဆီသို့ ဦးတည်လျက် ရှိသည်။ ပြည်လမ်းတွင်နေထိုင် သူများ၏ ပြောပြချက် အရ စစ်ကား ၇၅ စီးသည် စုစုပေါင်း ၃ ခေါက် ဖြတ်သန်း သွားသည်ဟု သိရသည်။ ဆိပ်ကမ်း အလုပ်သမား များက "မဟာမိတ် စစ်ပစ္စည်းများ စင်္ကာပူ" ဟု ရေးမှတ် ထားသော သေတ္တာ များအား သင်္ဘော တစင်း ပေါ်မှ ချနေ သည်ကို တွေ့မြင် ခဲ့ကြ ရသည်။

သင်္ဘောဖြင့် တင်ပို့ လိုက်သော ပစ္စည်း များတွင် မော်တာများ၊ လက်နက် ခဲယမ်းများ၊ ရိုင်ဖယ် ကျည်ဆံ ပြုလုပ်ရန် ကုန်ကြမ်း အပြင် ၈၄ မမ Carl Gustaf ဒုံးကျည်များ ပါဝင်သည်။ ထိုဒုံးကျည် များကို ဆွီဒင်နိုင်ငံ FFV ကုမ္ပဏီ၏ ခွင့်ပြုချက် အရ စင်္ကာပူ နိုင်ငံမှ Chartered Industries ကုမ္ပဏီက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံသို့ တင်ပို့မှုမှာ FFV နှင့် စင်္ကာပူမှ ကုမ္ပဏီတို့ ချုပ်ဆို ထားသည့် စာချုပ်ကို ချိုးဖောက်ရာ ရောက်ခဲ့သည်။ အဘယ်ကြောင့် ဆိုသော် စာချုပ် အရ ဆွီဒင် အစိုးရ၏ သဘော တူညီမှု မပါရှိဘဲ စင်္ကာပူ ကုမ္ပဏီ အနေနှင့် တတိယ နိုင်ငံသို့ တင်ပို့ခွင့် မရှိ သောကြောင့် ဖြစ်သည်။ စင်္ကာပူရှိ ထို ဒုံးကျည်ထုတ် စက်ရုံ မှာလည်း တခြား နိုင်ငံသို့ တင်ပို့ရန် ဆွီဒင် အစိုးရ၏ ခွင့်ပြုချက်ကို မည်သည့် အခါမှ လျောက်ထားခြင်း မရှိခဲ့ပေ။

စင်္ကာပူနှင့် ရန်ကုန် အစိုးရ တို့၏ အထူး ဆက်ဆံရေးမှာ ၁၉၈၆ ခုနှစ် ဇန်နဝါရီလ၌ စင်္ကာပူ ဝန်ကြီးချုပ် လီကွမ်ယု မြန်မာ နိုင်ငံသို့ သွားရောက် လည်ပတ် ခဲ့စဉ်မှ စခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီလ ၁၆ ရက်နေ့၌ ဝန်ကြီးချုပ် မောင်မောင်ခ တည်ခင်း ခဲ့သည့် ဂုဏ်ပြု ညစာ စားပွဲတွင် လီကွမ်ယုက မိမိ အနေနှင့် ရန်ကုန်သို့ ပထမဦးဆုံး လာရောက် ခဲ့သည့် ခရီးမှာ ၁၉၆၂ ခုနှစ် ဧပြီလတွင် ဖြစ်ပြီး ဗိုလ်ချုပ် နေဝင်းနှင့် သိခွင့် ရခဲ့ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး မှာလည်း ၂၅ နှစ် အတွင်း တိုးတက် ခဲ့ကြောင်း၊ မြန်မာ - စင်္ကာပူ ဆက်ဆံရေးမှာ ချစ်ကြည် ရင်းနှီးမှု ရှိခဲ့ကြောင်း၊ ထိုကာလ အတွင်း နှစ်နိုင်ငံ ဆက်ဆံရေး ပျက်ပြား သွားစေမည့် ပြဿနာ မရှိခဲ့ကြောင်း ပြောကြား သွားခဲ့သည်။

အောက်တိုဘာလ ၆ ရက်နေ့က တင်ပို့ ခဲ့သည့် စစ်ပစ္စည်းများ အတွက် နိုင်ငံခြားငွေ ချို့တဲ့ နေသော မြန်မာ နိုင်ငံနှင့် စင်္ကာပူတို့ ကုန်ချင်း ဖလှယ်မှု ဖြစ်ကောင်း ဖြစ်မည်။ သို့သော် စင်္ကာပူက မြန်မာ နိုင်ငံမှ မည်သည့် ပစ္စည်းများ ရရှိ ခဲ့သည်ကို သေချာစွာ မသိရှိ ရသေးပေ။ မည်သို့ပင် ဖြစ်စေ ရန်ကုန်မြို့နှင့် အထူးသဖြင့် နယ်ခြား ဒေသများရှိ ရှေ့တန်းမှ စစ်တပ်၏ လက်နက် စွမ်းအား တိုးပွား လာခြင်းသည် သူတို့၏ အာဏာကို ပြန်လည် ဆုတ်ကိုင် နိုင်ရေး အတွက် အထောက်အပံ့ ဖြစ်စေ ခဲ့လေသည်။


* * * * * * * *
စက်တင်ဘာလနှင့် အောက်တိုဘာလ အတွင်း စစ်တပ်က ရန်ကုန်မြို့ရှိ အတိုက်အခံ ဌာန များသို့ ဝင်ရောက် ဖမ်းဆီးမှု များကို ပြုလုပ် ခဲ့သည်။ ဆန္ဒပြပွဲ များတွင် ပါဝင် ခဲ့သည့် ရာပေါင်း များစွာသော အစိုးရ ဝန်ထမ်း များမှာ အလုပ်မှ ထုတ်ပယ်ခြင်း ခံရသည်။ အချို့မှာ ဖမ်းဆီးခြင်း ခံရပြီး အချို့မှာ အလုပ်လည်း ပြုတ်၊ အဖမ်းလည်း ခံကြရသည်။ ထို အထဲတွင် မြန်မာ့ လေကြောင်း သယ်ယူ ပို့ဆောင်ရေး ကော်ပိုရေးရှင်းမှ ထိပ်တန်း လေယာဉ်မောင်း တဦး ပါဝင်ကာ အခြား သူများမှာ မြန်မာ့ အသံမှ အမှုထမ်း ၁၈ ဦး ဖြစ်သည်။ လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက် ခဲ့ကြသော ဝန်ထမ်းများ မှာလည်း စစ်ဆေး မေးမြန်းချက် ပုံစံကို ဖြည့်စွက် ကြရသည်။ မေးခွန်းများမှာ စီတန်း လှည့်လည် ဆန္ဒပြရာတွင် ပါဝင်ခဲ့ခြင်း ရှိ မရှိ၊ တရား ဟောခဲ့ခြင်း ရှိ မရှိ၊ ပိုစတာ ရေးသား ဖြန့်ဝေခဲ့ခြင်း၊ ကပ်ခဲ့ခြင်း ရှိ မရှိ စသည်တို့ ဖြစ်သည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ငြိမ်/ပိက တရားမဝင် လက်နက်များ ဖြစ်သည့် ဂျင်ဂလိ၊ လေးဂွနှင့် ဒူးလေးများ လက်ဝယ် ထားရှိခြင်းကို တားမြစ်သည့် အမိန့် တရပ် ထုတ်ပြန် ခဲ့သည်။ ငြိမ်/ပိ က အိမ်နှင့် ဘုန်းကြီး ကျောင်းများသို့ ဝင်ရောက် ရှာဖွေ ဖမ်းဆီး ခဲ့ရာ ရဲဌာနမှ အသိမ်း ခံခဲ့ရသော သေနတ် အများအပြားကို ပြန်လည် ရရှိ သွားသည်။ မြန်မာ့ အသံက စက်တင်ဘာလ ၂၂ ရက်နေ့တွင် မြောက်ဥက္ကလာပ၌ စကား ပြောစက် ၁၁ လုံး သိမ်းဆည်း ရမိကြောင်း ကြေညာ ခဲ့သည်။ ဆက်လက် ရှာဖွေရာ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ရန်ကုန် မြို့လယ်ရှိ သရက်တော ဘုန်းကြီး ကျောင်းမှ လက်နက် ခဲယမ်းမီးကျောက် အမြောက်အမြားကို သိမ်းဆည်း ရမိသည်ဟု အစိုးရ သတင်း ဌာနက သတင်း ထုတ်ပြန် ခဲ့သည်။ မသမာသူ အချို့က စက်တင်ဘာလ ၇ ရက်နေ့၌ ကုန်သွယ်ရေး ဝန်ကြီး ဌာန အပေါ်ဆုံး ထပ်တွင် တပ်စွဲ ထားသော လုံခြုံရေး တပ်ဖွဲ့များ ထံမှ လက်နက် ၂၃ လက်ကို လုယူ သွားကြောင်း၊ မသမာ သူတို့ လုယူ သွားသည့် လက်နက် ၁၂ လက်ကို ပြန်လည် ရရှိခဲ့ပြီး ၁၁ လက်မှာ ပျောက်ဆုံး နေကြောင်း ကိုလည်း ပြောကြား ခဲ့သည်။ သရက်တော ကျောင်းတိုက် ရေတိုင်ကီ ထဲ၌ ဝှက်ထားသည့် ၇ ဒဿမ ၆၂ ကျည်ဆံ အတောင့် ၁၄၀၀ အပြင် ၂ လက်မ မော်တာဆံ စုစုပေါင်း ၃၅ တောင့်နှင့် အခြား ဖောက်ခွဲ ပစ္စည်းမျာကို ပြန်လည် ရရှိခဲ့သည်။

အံ့သြ စရာမှာ ငြိမ်/ပိ အစိုးရက လူသတ်မှုနှင့် စပ်လျဉ်း၍ သူတို့ မသင်္ကာ သူများကို ဖမ်းဆီး လိုက်ခြင်း ဖြစ်သည်။ ထိုသူတို့မှာ သြဂုတ်လနှင့် စက်တင်ဘာလ အတွင်း ရဲများနှင့် စစ်ထောက်လှမ်းရေး သူလျှိုများအား သတ်ဖြတ်ရာတွင် ပါဝင် ခဲ့သူများပင် ဖြစ်သည်။ ဆက်စပ်မှု ရှိသူ ၃၈ ဦး ကိုလည်း ဖမ်းဆည်း ရမိခဲ့ကြောင်း အောက်တိုဘာလ ၂၅ ရက်နေ့တွင် အစိုးရ သတင်း ဌာနမှ ကြေညာ ခဲ့သည်။ နောက်ပိုင်း၌ လူများစွာ တို့ကို ထပ်မံ ဖမ်းဆီး ခဲ့ကာ သူတို့၏ ဓာတ်ပုံများ ကိုလည်း သတင်းစာ ထဲ၌ ထည့်သွင်း ဖော်ပြ ခဲ့သည်။

ဖမ်းဆီးမှု များသည် လပေါင်း အတော် ကြာသည် အထိ ဖြစ်ပွား ခဲ့သည်။ သြဂုတ်နှင့် စက်တင်ဘာ ဆန္ဒပြပွဲ ကာလတွင် DDSI သည် ထောက်လှမ်းရေး ယန္တရား ပျက်စီးယောင် ဆောင်၍ ဆူပူမှု အမျိုးမျိုးနှင့် ဆက်နွယ် နေသူ များအား မဖမ်းဆီးဘဲ အဝေးမှ လေ့လာပြီး မှတ်တမ်း ပြုခဲ့သည်မှာ ထင်ရှား လှသည်။ ဖမ်းဆီးရန် မဆိုထားနှင့်၊ သူတို့၏ လက်ပါးစေ သူလျှိုများ ကိုပင် ကယ်တင်ရန် မကြိုးစား ခဲ့ပေ။

သို့သော် ဖမ်းဆီး သုတ်သင်မှုများ အားလုံးမှာ နိုင်ငံရေးနှင့် ပတ်သက်သည် မဟုတ်။ အောက်တိုဘာလ ၁၄ ရက်နေ့ အာရုဏ် မတက်မီ အချိန်၌ မြောက်ဥက္ကလာပ သုနန္ဒာ လမ်းမှ ပြည်သူ တို့သည် သေနတ်သံ နှစ်ချက်ကြောင့် လန့်နိုး လာခဲ့ ရသည်။ ထိုနောက် နားယဉ် နေပြီ ဖြစ်သော စစ်ကား တစီး မောင်းသွား သံကို ကြားလိုက် ရသည်။ ရပ်ကွက်ရှိ လူများ အရဲစွန့်ပြီး အပြင်ထွက် ကြည့်ကြသည့် အခါ လမ်းပေါ်၌ လူငယ် နှစ်ဦး ငြိမ်သက်စွာ လဲနေသည်။ သေနတ်ဖြင့် တချက်စီ အနီးကပ် ပစ်သတ် သွားသည်ကို တွေ့ခဲ့ ကြရသည်။ ထို အသတ်ခံ လိုက်ရသည့် လူငယ် နှစ်ဦးမှာ ရက်အနည်းငယ်က စစ်တပ်မှ တပ်ကြပ်ကြီး တဦးနှင့် စကား များကြပြီး စစ်တပ်မှ လိုက်လံ ဖမ်းဆီးမှု ပြုလုပ် ချိန်တွင် လူငယ် နှစ်ဦးမှာ ပုန်းအောင်း နေခဲ့ ကြသည်။ သို့သော် မကြာမီပင် စစ်သား များက သူတို့ကို တွေ့ရှိ သွားပြီး အဆုံး စီရင်ခဲ့ခြင်း ဖြစ်သည်။ အစိုးရ သတင်း ဌာန များက အသတ်ခံ ခဲ့ရသော လုယက်သူများ စာရင်းတွင် နောက်ထပ် နှစ်ဦး ထည့်သွင်း လိုက်တော့သည်။

အလား တူပင် ကိုမြန်ဟန်နှင့် မအုံးကြည်တို့ ဇနီး မောင်နှံ မှာလည်း ဆက်မလိုက် ဆိပ်ကမ်း၌ ပစ်သတ်ခြင်း ခံလိုက် ရသည်။ ပစ်သတ် သူမှာ စစ်တပ်မှ ဗိုလ်မှူး မောင်မောင်အောင် ဖြစ်သည်။ ထိုဗိုလ်မှူးမှာ ကိုမြတ်ဟန်တို့ ဇနီးမောင်နှံပိုင် အိမ်တွင် ငှားရမ်း နေထိုင်သူ ဖြစ်ပြီး အိမ်ပေါ်မှ ဆင်းပေးရန် ပြောသဖြင့် အခြင်းအခုံ ဖြစ်ခဲ့ဖူးသည်။ စစ်တပ် ကြီးစိုးချိန်တွင် ဆင်မလိုက် သင်္ဘောကျင်း အလုပ်သမားများ ရှေ့၌ လူလတ်ပိုင်း ဇနီးမောင်နှံ နှစ်ဦး စလုံးကို ပစ်သတ်ကာ မြစ်ထဲသို့ ပစ်ချ လိုက်သည်။

အားလုံး ပြန်သုံးသပ်သော် သြဂုတ်လ ၂၃ ရက်နေ့က ဦးနေဝင်း အိမ်တော်၌ အစည်းအဝေး တခု ပြုလုပ် ခဲ့သည်ဟု သံသယ ဖြစ်နေသည့် အစည်းအဝေး အမှန်တကယ်ပင် ပြုလုပ် ခဲ့ကြသည်။ အကယ်၍ အစည်းအဝေး မှတ်တမ်း များကို ဖြန့်ဝေ ခဲ့လျှင် အစည်းအဝေး ပြီးသည့်နောက် ဖြစ်ပေါ် ခဲ့သော အရာ အားလုံးသည် ချမှတ် ခဲ့သည့် အစီအစဉ် အတိုင်း မိနစ် စက္ကန့် မလွဲဘဲ တိကျ မှန်ကန် ခဲ့ပေလိမ့်မည်။ အရှင်းအလင်းဆုံး ညွှန်းပြ နိုင်သော အကြောင်းတရပ်မှ အာဏာ သိမ်းမှုကို ကြိုတင် စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့မှာ ၁၈ရက် (၁ + ၈ = ၉) ဖြစ်ပြီး၊ လမှာလည်း ၉ လပိုင်း (စက်တင်ဘာလ) ဖြစ်သည်။ ၁၇ ရက်နေ့တွင် ကုန်သွယ်ရေးရုံး အပြင်ဘက်၌ အရေးအခင်း မဖြစ် ပေါ်ခဲ့လျှင် DDSI တပ်မတော် ထောက်လှမ်းရေးက အာဏာ သိမ်းရန် အကြောင်း ပြချက် တခုကို မုချ လုပ်ကြံ ဖန်တီး ခဲ့မည်သာ ဖြစ်သည်။


* * * * * * * *
ဝန်ထမ်းများ လုပ်ငန်းခွင် ပြန်ဝင်ရန် သတ်မှတ်ရက်ကို အောက်တိုဘာလ ၃ ရက်နေ့ အထိ တိုးမြှင့် ပေးခဲ့သည်။ အောက်တိုဘာလ ၂ ရက် (တနင်္ဂနွေ) နေ့တွင် ငြိမ်/ပိက မြန်မာ့ အသံမှ ဝန်ထမ်း များအား လုပ်ငန်းခွင်သို့ ဝင်ရောက်ရန် တားဆီးခြင်း၊ အနှောက်အယှက် ပြုခြင်း၊ စွတ်ဖက်ခြင်းတို့ ပြုလုပ် လာသူ များကို ပြင်းပြင်းထန်ထန် အရေး ယူမည်ဟု သတိ ပေးခဲ့သည်။ နောက်တနေ့တွင် ရက်သတ္တပတ် ၈ ပတ်မျှ ကြာမြင့် ခဲ့သည့် အထွေထွေ သပိတ်ကြီးမှာ ပြိုကွဲ သွားခဲ့သည်။ ဝန်ထမ်းနှင့် အလုပ်သမား များမှာ အလုပ်မှ ထုတ်ပစ်မည် ဟူသော ခြိမ်းခြောက်မှုနှင့် ငွေပြတ် သွားမှု တို့ကြောင့် စက်ရုံ အလုပ်ရုံ များသို့ ပြန်လည် ဝင်ရောက် ခဲ့ကြ ရသည်။

"ကျွန်တော်တို့ လုပ်ငန်းခွင်ကို ပြန်မဝင်လို့ မဖြစ်ဘူး။ ကျွန်တော် တို့မှာ ငွေလို နေတယ်။ ပြီးတော့ ရုံးက သီးသန့် ဖြန့်ဝေ ပေးတဲ့ ဆန်နဲ့ ဆီ ကလည်း မရှိ မဖြစ်တဲ့ လိုအပ်ချက် တခု ပါဘဲ" ဟု လုပ်ငန်းခွင်ကို ပြန်လည် ဝင်ရောက် လာကြသော ရုံးတရုံးမှ စာရေး တဦးက အထက်ပါ အတိုင်း ပြောကြား ခဲ့သည်ကို အေပီ သတင်း တရပ်တွင် ကိုးကား ဖော်ပြ ထားသည်။

အစပိုင်း၌ ဝန်ထမ်း အများစုသည် နံနက် ၁၀ နာရီမှ ရုံးသို့ ရောက်လာ ကြသည်။ ပြီးလျှင် လက်ဘက်ရည် ထွက်သောက် ကြကာ ညနေ ၃ နာရီ သို့မဟုတ် ၄ နာရီ၌ အိမ်သို့ ပြန်ကြ လေသည်။ အလုပ် အနည်း ငယ်သာ ပြီးစီး နိုင်ခဲ့သည်။ အကြောင်းမှာ ငြိမ်/ပိ အစိုးရ အာဏာပိုင် တို့နှင့် ပူးပေါင်း ဆောင်ရွက်ရန် စိတ်မဝင်စား သောကြောင့် ဖြစ်သည်။ သူတို့ အနေနှင့် လစာ ရရှိရေးကြောင့် ရုံးတက် ရုံးဆင်း မှတ်တမ်း၌ လက်မှတ် ရေးထိုးရန် အတွက်သာ စိတ်ဝင် စားကြ လေသည်။ သို့သော် ဆန္ဒပြပွဲများ အပြီးတွင် ရုံး၊ အလုပ်ရုံ၊ စက်ရုံများမှာ မြင်မကောင်း၊ ရှုမကောင်းအောင် ဖျက်ဆီးထားခြင်း ခံရပြီး ဖြစ်သည်။ အာဏာသိမ်း အပြီး သမဝါယမ ဝန်ကြီး အဖြစ် လည်းကောင်း၊ ရေလုပ်ငန်းနှင့် မွေးမြူရေး ဆိုင်ရာ ဝန်ကြီး အဖြစ် လည်းကောင်း အသစ် ခန့်အပ်ခြင်း ခံရသော ဗိုလ်ချုပ် ချစ်ဆွေက သူ၏ ရုံးများကို လှည့်လည် စစ်ဆေးသည့် အခါ အလုပ် လုပ်နေကြသူ ဆို၍ အစိုးရ ကော်ပိုရေးရှင်းမှ အကြီးအကဲ ၃ ဦး ကိုသာ တွေ့ရပြီး အဆောက်အဦများ မှာလည်း ရက်ပေါင်းများစွာ ပစ်ထား သဖြင့် အမှိုက်များ ရေမြောင်းနံ့ များဖြင့် နံစော်လျက် ရှိသည်။

အရေးအခင်း မတိုင်မီ ကတည်းက မြန်မာပြည်ရှိ စက်ရုံ တထောင်ကျော်မှာ အားလုံးလိုလို ကုန်ကြမ်း များနှင့် အပို စက်ပစ္စည်းများ ပြတ်လပ်လျက် ရှိသည်။ အထွေထွေ သပိတ် ကာလ အတွင်း လုယက် သူများက စက်ရုံ အတော် များများကို ဖျက်ဆီး ပစ်ခဲ့ကြသည်။ စက်ပစ္စည်းများ၊ မီးသတ် ဗူးများပါ မကျန် လက်လှမ်း မီသမျှကို ဖြုတ်ယူ သွားကြပြီး ကျန်သော စက်ကရိယာ များကို ဖျက်ဆီး ပစ်ခဲ့ ကြသည်။ သွပ်ပြားများ ကိုလည်း ခွာယူ သွားကြသည်။

အာဏာ သိမ်းပြီးနောက် ငြိမ်/ပိ အစိုးရ၏ ပထမ ခြေလှမ်းမှာ စာနယ်ဇင်း များကို ပြန်လည် ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။ လွတ်လပ်သော သတင်းစာ များမှာ ချက်ချင်း ပျောက်သွား ကြပြီး အစိုးရ သတင်း များလည်း ထွက်မလာ တော့ချေ။ လုပ်သား ပြည်သူ့ နေ့စဉ်သာ နိုင်ငံ၏ တခု တည်းသော သတင်းစာ အဖြစ် ကျန်ရှိ ခဲ့ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ရိုက်နှိပ် ဖြန့်ချီလျက် ရှိသည်။ သတင်းစာ လွတ်လပ်ခွင့် ရရှိခဲ့သည့် တိုတောင်း လှသော ကာလမှာ ကုန်ဆုံး သွားခဲ့ လေပြီ။ လုပ်သား ပြည်သူ့ နေ့စဉ်၏ အစိုးရ အာဘော်သည် ငြီးငွေ့စရာ ကောင်းလှပြီး ယခင် ကလောက် သတင်းများ ပြည့်ပြည့်စုံစုံ မပါ ရှိတော့ပေ။ စစ်တပ်ကို ချီးမွမ်းခန်း ဖွင့်ခြင်းနှင့် စစ်တပ်သို့ပေးလှူသည့် အလှူရှင် တို့၏ အမည် စာရင်း ရှည်ကြီး များမှာ အဓိက ဖြစ်ပြီး ကျန် ကော်လံများ၌ လုပ်ငန်းခွင် အသီးသီးသို့ ပြန်လည် ဝင်ရောက် လာကြသည့် ဝန်ထမ်းများ သတင်း၊ စက်ရုံများ၏ ကုန်ထုတ်လုပ်မှု ပြန်လည်ပတ်မှု သတင်း၊ မီးရထားနှင့် လေကြောင်း ပို့ဆောင်ရေး လုပ်ငန်းများ ပြန်လည် ပြေးဆွဲမှု သတင်း စသည် တို့ဖြင့် ပြည့်နှက် နေတော့သည်။ ထို့ပြင် ရန်ကုန်ရှိ ဆင်းရဲသား ရပ်ကွက် များသို့ စစ်တပ်က ဆန်များ ဝေငှသည့် သတင်းလည်း ပါရှိသည်။

ပထမတွင် လူထုက ဝေငှသော ဆန်များကို လက်ခံရန် တုံ့ဆိုင်း နေကြသည်။ စစ်သားများ အနားသို့ ကပ်သွားလျှင် ပစ်သတ် ခံရမည်။ တချို့က ဆန်များတွင် အဆိပ်ခပ် ထားလိမ့်မည် ဟူ၍လည်း ယုံကြည် နေကြသည်။ စစ်တပ်က ပေးမည့် မည်သည့် ပစ္စည်းမျိုးကို မဆို လက်ခံရန် ပြည်သူများက ငြင်းပယ် ခဲ့ကြသည်။ မြောက်ဥက္ကလာပတွင် သြဂုတ်လက ကျဆုံး သွားသူ များကို ဂုဏ်ပြု တည်ဆောက် ထားသော အထိမ်းအမှတ် ကျောက်တိုင်ကို အာဏာ သိမ်းပြီး မကြာမီ စစ်တပ်က ဖျက်ဆီး လိုက်သည်။ သေဆုံး သွားကြ သူများမှာ ပြစ်မှု ကျူးလွန် သူများနှင့် အဖျက်သမားများ ဖြစ်ကြပြီး ၎င်းတို့အား သတိရ နေစေရန် မလို ဟူ၍ စစ်တပ်က ပြောဆို ခဲ့သည်။ ဤသို့သော ဆင်ခြေဖုံး ရပ်ကွက် များတွင် စစ်သား များကို အလွန် ရွံ့ရှာ မုန်းတီး နေကြသည်။ သို့သော် စစ်တပ်၏ လက်ဆောင် များကို တဖြေးဖြေး လက်ခံ လာကြသည်။ ငတ်မွတ် နေသော ပြည်သူ တို့မှာ ခေါင်းမမာ နိုင်တော့ချေ။ အစိုးရ၏ ပေါ်လစီမှာ မပြောင်းလဲဘဲ ပြည်သူ များအား တုတ်နှင့် ရိုက်ပြီးနောက် မုန့်ကျွေးခြင်းသာ ဖြစ်သည်။

မကြာမီ စစ်တပ်က မြို့တော်ရှိ ညစ်ပေ နေသည့် လမ်းများကို သန့်ရှင်းမှုများ ပြုလုပ် ခဲ့ကြပြီး အဆောက်အဦ များကိုလည်း ဆေးသစ် သုတ်ခဲ့ ကြသည်။ ပုဂ္ဂလိကပိုင် အဆောက်အဦ များကို နှစ်မကုန်မီ ဆေးသုတ် ကြရန် ရာဇသံ ပေးကာ နောက်ဆုံးရက်ကို သတ်မှတ် ပေးခဲ့သည်။ ထိုအမိန့်ကို မလိုက်နာလျှင် ရေနှင့် မီး ဖြတ်မည်ဟု ခြိမ်းခြောက် ခဲ့သည်။ ပြည်သူ လူထုက သူတို့ တတ်နိုင် သမျှ ဆေးများဖြင့် ချယ်မှုန်း ခဲ့ရာ ဖြူ၊ နီ၊ စိမ်း၊ ပြာ၊ ပန်းရောင် တို့ဖြင့် ရန်ကုန် မြို့ကြီးမှာ အစ အမျိုးမျိုးဖြင့် စပ်၍ ချုပ်ထားသည့် စပ်စောင်ကြီး သဖွယ် ဖြစ်နေ လေတော့သည်။ ရန်ကုန်မြို့တွင် ပြန့်နေသည့် ပြက်လုံး တခုမှာ ဘက်စ်ကားဂိတ် တခု၌ ခေါက်တုံ့ ခေါက်ပြန် လမ်းလျှောက် နေသော လူတယောက်ကို အခြား တယောက်က မည်သည့် အတွက်ကြောင့် ဤသို့ ပြုလုပ် နေရ သနည်းဟု မေးခဲ့ရာ ထိုလူက "ကျုပ်တို့ မတ်တတ် ရပ်နေရင် တယောက်ယောက်က ဆေးနဲ့ လုသုတ် သွားမှာ စိုးလို့ဗျို့" ဟူ၍ ဖြစ်သည်။

မြန်မာ နိုင်ငံသည် အရေးအခင်း မဖြစ်မီက အခြေအနေ မျိုးသို့ တဖြေးဖြေး ပြန်လည် ရောက်ရှိခဲ့ပုံ ရသည်။ ဤသည်မှာ ငြိမ်/ပိ အတွက် ဥပဒေနှင့် အမိန့် အာဏာကို ပြန်လည် ထိန်းသိမ်းရန် ကြိုးစားမှု အောင်မြင်သည့် အမှတ်အသား ဖြစ်ပြီး ပြည်သူတို့ အတွက် အခဲမကျေ နိုင်သော အုပ်စိုး သူများနှင့် ပြန်လည် ရင်ဆိုင်ရမည့် ဝမ်းနည်း ဖွယ်ရာ သတိ ပေးမှုပင် ဖြစ်သည်။ ကောက်ကျစ်မှု၊ လှည့်စားမှုနှင့် ခြိမ်းခြောက်မှုနှင့် မယုံကြည် နိုင်ဖွယ်ရာ ရက်စက်မှုများ လုပ်ဆောင် ခဲ့ပြီး အပြုံးရယ် မျက်နှာဖြင့် ဆင်းရဲသား များကို အစားအစာ ဝေငှ နေသည့် စစ်တပ်သည် အာဏာကို လုံးဝ ဆုပ်ကိုင် ထားရန် အပြီးအပိုင် ဆုံးဖြတ် ခဲ့ပြီးဟန် တူသည်။

နိုင်ငံတော်၏ တရားဝင် အမည် ဖြစ်သော ပြန်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံကို ဆိုရှယ်လစ်နှင့် သမ္မတ ဖြုတ်၍ ခေါ်ဆိုရန်လည်း ဆုံးဖြတ် ခဲ့သည်။ အထူး တလည် မကြေညာ တော့ဘဲ တိုင်းပြည် အမည်မှာ ပြည်ထောင်စု မြန်မာနိုင်ငံသို့ ရုတ်တရက် ကူးပြောင်း သွားခဲ့သည်။ နှစ်ပေါင်း နှစ်ဆယ် ကျော်ကြာမျှ ကြာခဲ့ ရသော ဆိုရှယ်လစ် စနစ်၊ ဆိုရှယ်လစ် ဝါဒ၊ မာ့စ်ဝါဒကို လေ့လာ အသုံး ပြုတတ်သော ပညာ စသည့် အစိုးရ၏ လက်သုံး စကား များလည်း ချုပ်ငြိမ်း သွားခဲ့သည်။ စက်တင်ဘာလ ၂၄ ရက်နေ့တွင် မဆလ ပါတီကို တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ(တစည) အဖြစ် ပြောင်းလဲ ပစ်လိုက် တော့သည်။ ပြည်သူတို့၏ စိတ်ထဲ၌ မဆလနှင့် တစညမှာ အတူတူပင် ဖြစ်သည် ဟူ၍ နားလည် ထားကြသည်။

ဒေါက်တာ မောင်မောင်၊ ဦးစိန်လွင်၊ ဦးအေးကို၊ ဦးကျော်ထင်နှင့် ဦးထွန်းတင် စသည့် မဆလ ပါတီ ခေါင်းဆောင်ဟောင်း များပင် အစိုးရ ကြေညာချက်မှ ပျောက်ကွယ် သွားကြသည်။ သို့သော် တစည ပါတီသစ် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးသာကျော် အပါအဝင် အားလုံး လိုလိုမှာ မဆလ၏ ဒုတိယတန်း ခေါင်းဆောင်များ ဖြစ်ကြပြီး စစ်တပ်နှင့် နီးစပ်မှု ရှိကြသည်။

ပိုမိုအံ့ကြစရာ ကောင်းသည်မှာ နိုင်ငံတော် ငြိမ်/ပိ သည် လွတ်လပ်၍ တရား မျှတသော ပါတီစုံ ရွေးကောက်ပွဲများ ကျင်းပ ပေးမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။ သို့သော် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ထုတ်ပြန် ခဲ့သည့် ကြေညာချက် တရပ်တွင် ဗိုလ်ချုပ်ကြီး စောမောင်က တရား ဥပဒေ ထိမ်းသိမ်းရေး၊ လူနေမှု အဆင့်အတန်း တိုးမြှင့်ရေး၊ လမ်းပမ်း ဆက်သွယ်မှု အဆင်ပြေ ချောမွေ့ စေရေး စသည့် အချက် ၃ ချက်ကို ပထမဆုံး လုပ်ဆောင် ရမည်ဟု ပြောဆို ခဲ့သည်။ စစ်အစိုးရက ထိုလုပ်ဆောင်ချက် များကို လိုအပ် သည်ဟု ယူဆလျှင် ငြိမ်/ပိ အုပ်ချုပ်မှုကို ကာလ အတိုင်းအတာ မရှိ ခွင့်ပြုနိုင်ရန် မတိကျသော ရည်မှန်းချက် ၃ ရပ်ကို ချမှတ် ခဲ့ခြင်းသာ ဖြစ်သည်။


* * * * * * * *

မြန်မာ့ အတိုက်အခံ နိုင်ငံရေး သမား များသည် ထိုဖြစ်ရပ် များကြောင့် အများနည်းတူ အံ့အား သင့်သွား ခဲ့ကြသည်။ သို့သော်လည်း သူတို့ အားလုံးက သတ်ဖြတ်မှု များကို တိုင်းသိ ပြည်သိ ရှုတ်ချ ခဲ့ကြပြီး ဒီမိုကရေစီ အတွက် ဆက်လက် လှုပ်ရှားရန် အဓိဋ္ဌာန် ပြုခဲ့ ကြသည်။ ဦးနုက သူ၏ ကြားဖြတ် အစိုးရကို ထပ်ခါ တလဲလဲ ကြေညာခဲ့ပြီး သူ သာလျင် ပြည်ထောင်စု မြန်မာ နိုင်ငံ၏ တရားဝင် ဝန်ကြီးချုပ် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ အတိုက်အခံ များနှင့် ဆွေးနွေးပွဲများ ပြုလုပ်ရေး အတွက် ငြိမ်/ပိကို ဖိအား ပေးရန် ဒေါ်အောင်ဆန်းစုကြည်က ကုလ သမဂ္ဂကို တိုက်တွန်း ခဲ့သည်။ သူမက စက်တင်ဘာလ ၂၁ ရက်နေ့တွင် "ကမ္ဘာ နိုင်ငံ တိုင်းက ဗမာ ပြည်သူတွေ အဓိပ္ပါယ်မဲ့ ပစ်သတ် ခံခဲ့ရတယ် ဆိုတဲ့ အချက်ကို အသိအမှတ် ပြုစေ ချင်ပါတယ်" ဟူ၍ ပွင့်ပွင့်လင်းလင်း မေတ္တာ ရပ်ခံ ခဲ့သည်။

စက်တင်ဘာလ ၂၄ ရက်နေ့တွင် အဓိက အတိုက်အခံ ခေါင်းဆောင် ၃ ဦး ပူးပေါင်း၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD; National League for Democracy) ဟူသော အမည်ဖြင့် နိုင်ငံရေး ပါတီ တခု ဖွဲ့စည်း တည်ထောင် ခဲ့သည်။ ဥက္ကဋ္ဌ အဖြစ် ဦးအောင်ကြီး၊ ဒုဥက္ကဋ္ဌ အဖြစ် ဦးတင်ဦးနှင့် အထွေထွေ အတွင်းရေးမှူး အဖြစ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ရွေးချယ် တင်မြှောက် ခဲ့ကြသည်။ အောင်၊ စု၊ တင် ဟု လူသိ များလာသော သူတို့ ၃ ဦး ပါဝင်သည့် ပါတီ၏ အခြေခံရည် ရွယ်ချက်မှာ စစ်မှန်သော ဒီမိုကရက်တစ် အစိုးရ ပေါ်ထွက် လာရေး ဖြစ်သည်ဟု ဆိုခဲ့ ကြသည်။ ငြိမ်/ပိက ကတိ ပြုခဲ့သော အထွေထွေ ရွေးကောက်ပွဲတွင် ပါဝင်ရန် ချီတုံချတုံ ဖြစ်နေ ခဲ့ပြီးနောက် ဆန္ဒ ရှိကြောင်း ကိုလည်း ထုတ်ပြန် ကြေညာ ခဲ့သည်။ သို့သော် ထူးခြားသော အခြေအနေတွင် အတွေ့အကြုံ မရှိသေးသည့် ထိုအဖွဲ့အစည်းမှာ မကြာသေး မီက ကျောင်းသား ငယ်များကို လမ်းများ ပေါ်တွင် ပစ်သတ် ခဲ့ပြီး ယခု ပါတီစုံ ဒီမိုကရေစီနှင့် လွတ်လပ်သော စီးပွားရေး ဈေးကွက်များ အကြောင်း ပြောနေသည့် နိုင်ငံတော် ငြိမ်/ပိ အစိုးရအား မည်သို့ ဆက်ဆံ ရမည်ကို မရေရာ သေးပေ။


* * * * * * * *
စစ်တပ်မှ အာဏာ သိမ်းမှု အပေါ် ကမ္ဘာ့ ပြည်သူ တို့၏ တုံ့ပြန်မှုမှာ အာဏာ သိမ်းယူမှု၏ သားကောင် ဖြစ်သော မြန်မာ ပြည်သူများ အပေါ် စာနာခြင်းနှင့် စစ်တပ်က ဗိုလ်ကျမှု အပေါ် အမျက် ဒေါသ ထွက်ခြင်း တို့ဖြင့် ရော့ပန်း နေခဲ့သည်။ ကမ္ဘာ့ ကုလ သမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ (UNICEF) က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက် ဒဏ်ရာ ရခဲ့သူများ အတွက် အရေးပေါ် ထောက်ပံ့ ပေးခဲ့သည့် ဆေးဝါးများကို ရန်ကုန်သို့ လေယာဉ်ဖြင့် စတင် ပို့ဆောင်လျက် ရှိသည်။ ရန်ကုန် ဆေးရုံကြီးမှ ဆရာဝန် များက စစ်တပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာ ရရှိ ထားသူ ၅၀၀ ခန့်ကို ဆေးကုသရန် ရှိကြောင်း၊ ရင်ဘတ်နှင့် နောက်ကြောတွင် ဒါဏ်ရာ ရသူ အများဆုံး ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ နိုင်ငံ တကာ ကြက်ခြေနီ အဖွဲ့ ကလည်း မြန်မာပြည် အထက်ပိုင်း ဆေးရုံ များသို့ ဆေးဝါး ပစ္စည်း များကို မော်တော်ကား များဖြင့် စတင် ပို့ဆောင်လျက် ရှိ၏။ သို့နှင့် ဆိုးဝါး လှသော ဆေးဝါး ပြတ်လပ်မှု ဘေးမှ ရှောင်လွှဲ နိုင်ခဲ့သည်။

ဂျပန်ပြီးလျှင် မြန်မာပြည်သို့ ကူညီ ထောက်ပံ့မှု အများဆုံး ပေးခဲ့သော အနောက် ဂျာမဏီ အစိုးရက သတ်ဖြတ်မှု များကို မနှစ်မြို့ကြောင်း ပြသရန် တနှစ်လျင် ဂျာမန် မတ်ငွေ ၆၈ သန်း ထောက်ပံ့ ပေးနေကျ အစီအစဉ်ကို သြဂုတ်လ ကတည်းက ရပ်ဆိုင်း ခဲ့သည်။ အမေရိကန် နိုင်ငံသည် စစ်တပ် အာဏာ သိမ်းပြီးနောက် မြန်မာပြည်သို့ ကူညီ ထောက်ပံ့မှု အစီအစဉ် များကို ပထမဆုံး တရားဝင် ရပ်ဆိုင်း ခဲ့သည့် နိုင်ငံ ဖြစ်လေသည်။ ယခင်က အမေရိကန် နိုင်ငံသည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ် အတွက် အမေရိကန်ဒေါ်လာ ၇ သန်း၊ ရွှေတြိဂံ နယ်မြေမှ မူးယစ် ဆေးဝါး နှိမ်နှင်းရေး အစီအစဉ် အတွက် ဒေါ်လာ ၅ သန်းနှင့် စစ်ရေး လေ့ကျင့်မှု အတွက် ဒေါ်လာ ၂၆ သိန်းမျှ ကူညီ ခဲ့သည်။

စက်တင်ဘာလ ၂၆ ရက်နေ့ ကုလ သမဂ္ဂ အထွေထွေ ညီလာခံ၌ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျက်ဖရီ ဟောင်း (Sir Geoffery Howe) က သူ၏ မိန့်ခွန်း တရပ်တွင် မြန်မာ စစ်အစိုးရ၏ လူသတ်ပွဲများ အပေါ် အောက်ပါ အတိုင်း ပြတ်ပြတ်သားသား ပြစ်တင် ဝေဖန် ခဲ့သည်။

"ဗမာပြည်မှာ လက်နက်မဲ့ ဆန္ဒပြ သူတွေ၊ အမျိုးသမီးနဲ့ ကလေး သူငယ်တွေ သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ အတွက် ကျွန်တော်တို့ ထိန့်လန့် တုန်လှုပ် မိပါတယ်။ ပြည်တွင်းရေး ပြဿနာ များကို ဖြေရှင်းရန် တခုတည်းသော နည်းလမ်းနဲ့ ကြာရှည်စွာ တည်တန့် ခိုင်မြဲမဲ့ ဖြေရှင်းချက်ဟာ လွတ်လပ်မှုနဲ့ ပါတီစုံ ဒီမိုကရေစီ လိုလား နေကြတဲ့ ပြည်သူ တွေရဲ့ဆန္ဒ ဖြည့်ဆည်း ပေးရန်သာ ဖြစ်တယ် ဆိုတာကို မြန်မာ အာဏာပိုင်တို့ အနေနဲ့ လုံးဝ လက်ခံ ရလိမ့်မယ်"


မြန်မာ နိုင်ငံအား အကူအညီ အများဆုံး ပေးခဲ့သည့် ဂျပန် နိုင်ငံ ကမူ သတိထား ဝေဖန် ခဲ့သည်။ စက်တင်ဘာလ ၂၇ ရက်နေ့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံ အမတ်ကြီး ဟီရိုရှီအိုတာကာသည် နိုင်ငံခြားရေး ဝန်ကြီး ဌာန၏ နိုင်ငံရေး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးအုံးကျော်နှင့် တွေ့ဆုံ ခဲ့ပြီး သွေးကြောင်းစီးမှုကို အဆုံး သတ်ရန်နှင့် ဗမာပြည်သူ တို့၏ ဆန္ဒကို ထင်ဟပ် စေသည့် ဒီမိုကရေစီ နည်းလမ်း ကျသော နိုင်ငံရေး ဖြေရှင်းမှုများ ပြုလုပ်ရန် လိုလားကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် ဂျပန်သံ အမတ်ကြီးက ဤနိုင်ငံရေး ဖြေရှင်းမှု များနှင့် အရေးအခင်း အတွင်းက တရား ဝင်ဖြတ် တောက်ခြင်း မပြုလုပ် ခဲ့သော တိုကျိုမှ အကူအညီများ ပြန်လည် ရရှိ စေရန် ဆက်စပ် ပေးခဲ့သည်။

တခြား နိုင်ငံ များ၏ ပြည်တွင်းရေး ကိစ္စ များနှင့် ပတ်သက်၍ ကြေညာချက် ထုတ်ခဲ့သော ဂျပန်နိုင်ငံ ပင်လျှင် မြန်မာပြည် ဒီမိုကရေစီ ရရှိရေး အတွက် ပြည်သူဘက်မှ ရပ်တည် လာခဲ့ သည်မှာ အရေး ပါသော ကိစ္စ တခု ဖြစ်သည်။ အရေးအကြီးဆုံး အချက်မှာ ငြိမ်/ပိ ဖွဲ့စည်းခြင်းနှင့် မြန်မာပြည် ဒီမိုကရေစီ ဆန္ဒပြပွဲ များတွင် အစုလိုက် အပြုံလိုက် သတ်ဖြတ် ခဲ့ခြင်း တို့ကို နိုင်ငံတကာ အနေနှင့် မြန်မာ ပြည်တွင်းရေး တခု အဖြစ် မစဉ်းစား တော့ဘဲ ကမ္ဘာ အရေး တခု အဖြစ် အာရုံစိုက် လာခြင်း ဖြစ်သည်။ စစ်အစိုးရသာ အကျိုး ခံစား နိုင်သော သူတို့ ကိုယ်တိုင် ချမှတ် ထားသည့် သီးခြား ရပ်တည်ရေး လမ်းစဉ် ဟောင်းကို ပြန်လည် အသက်သွင်းရန် မဖြစ်နိုင် တော့ပေ။


********
Outrage - Burma's Struggle for Democracy by Bertil Lintner စာအုပ်ကို စံဝင်းမောင်နှင့် မင်းမျိုးနိုင် တို့က မြန်မာပြန်ကာ 1st Burmese edition published in the UK in 1990 by Peacock Press, က ထုတ်ဝေခဲ့တဲ့ ဘာတီလင်တနာရဲ့ 'ဒေါမာန်ဟုန် - ဗမာပြည် ဒီမိုကရေစီ တိုက်ပွဲ'၊ အခန်း (၆)၊ "နိုင်ငံတော် ငြိမ်/ပိ" ကို ပြန်လည် ကူးယူ ဖော်ပြ လိုက်တာ ဖြစ်ပါတယ်။

အင်းလျားရေပြင်ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းလေးတွေကြား ရင်ခုန်ကြည်နူးရမယ့်အရွယ်မှာ-ထောင်ဒဏ် ၅၉နှစ်

၁၉၉၅ မှာ နှစ်ရှည်ထောင်ဒဏ် ၅၉ နှစ် အများဆုံးကျခံခဲ့ရ တဲ့ ကျောင်းသားလူငယ် ကိုအေးအောင်ကို စစ်ထောက် လှမ်းရေးတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး လွတ်ရင်ဘာလုပ်မလဲလို့မေးပါတယ်။ ဒီလိုမေးတဲ့အခါ ကိုအေးအောင်က သူ့ယုံကြည်ချက်ကို ပြတ်ပြတ်သားသား ပြောခဲ့ပါတယ်။ ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိမြင်သူမို့ ဓမ္မကိုချစ်မိတဲ့ဒဏ် သူရဲရဲ ၀ံ့ဝံ့ခံမယ်တဲ့။

ကိုအေးအောင်



လေးစားရတဲ့သောတရှင်များရှင်

တကယ်ဆို တက္ကသိုလ်ကျောင်းသားလူငယ်လူရွယ်တွေဟာ ကံကော်ရနဲ့၊ စွယ်တော်ရနံ့နဲ့ အင်းလျား ကန်ဘောင်ပေါ်လျှောက်ပြီး အင်းလျားရေပြင် ကို ဖြတ်သန်းတိုက်ခတ်လာတဲ့ လေညှင်းလေးတွေကြားမှာ ရင်ခုန် ကြည်နူးရမယ့် အရွယ်ပါ။ ဒါပေမယ့် စစ်အာဏာရှင်စနစ်ကြောင့် ကျောင်းသားလူုငယ်တွေ စာသင်ခန်း နဲ့ပျော်ရွင်မှူအားလုံးကို ကျောခိုင်းပြီး အကျဉ်းထောင် အုတ်နံရံတွေကြားရောက်နေရပါတယ်။ စာသင်ခန်းထဲ ကနေ၊ မိဘရင်ခွင်ထဲ ကနေ ဆွဲထုတ်ပြီး နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဝေးလံခေါင်သီတဲ့ အကျဉ်းစခန်းတွေစီကို အပို့ခံရပါ တယ်။ လွတ်လပ်စွာ ပညာသင်ကြားခွင့်လိုချင်ပေမယ့် နှစ်ရှည်ထောင်တွေကိုပဲ ရနေကြပါတယ်။ တက္ကသိုလ်ကျောင်း စာသင်ခန်းထဲကနေ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ ကျောင်းသားတွေရဲ့ အခွင့်အရေးကို စစ်အာဏာရှင်စီ တောင်းဆို တိုက်ပွဲဝင်ခဲ့တဲ့ ဒဂုံသက္ကသိုလ်ကျောင်းသား ကိုအေးအောင် ကလေးမြို့အကျဉ်းထောင် ထဲမှာ နှစ် ရှည်ထောင်ဒဏ်နဲ့ အကျဉ်းကျနေတာ ဆယ်နှစ်ကျော်သွားပါပြီ။

၁၉၉၉ မှာ နိုင်ငံရေးအကျဉ်းသားများကို နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခဲ့တာ ထောင်သက်နဲ့ လူသက်များ ရတဲ့အထိပါ။ အဲ့ဒီအချိန်တုန်းက ကိုအေးအောင် အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။ ကိုအေးအောင် တို့ကျောင်းသားလူငယ်တွေက ၁၉၉၈ လှည်းတန်းမီးပွိုင့်ဆန္ဒပြပွဲမှာ ပြည်သူ့လွှတ်တော်ခေါ်ယူရေး ပြည်သူ့သို့ ပန်ကြားချက်၊ တက္ကသိုလ်အဝေးသင် စာမေးပွဲတွေကို တက္ကသိုလ်ကျောင်းတွေမှာ ဖြေခွင့်မရှိဘဲ အထကကျောင်းတွေ မှာ ဖြေခိုင်းတဲ့အတွက် ကျောင်းသားအခွင့်အရေး တောင်းဆိုချက်များနဲ့ ဆန္ဒပြခဲ့ပါတယ်။ ကိုအေးအောင် တို့ကျောင်းသားလူငယ်တေါကို ကားတွေလမ်းတွေပိတ်ပြီး လူဆိုးလူရမ်းကား အမည်တပ်ပြီး လိုက်ဖမ်းပါ တယ်။ ကိုအေးအောင်၊ ကိုမျိုးမင်းဇော်တို့က ကျနော်တို့ ကျောင်းသားတွေပါလို့ပြောတော့ ရပ်ကြည့်နေတဲ့ ပြည်သူလူထုက ဖမ်းမပေးပါဘူး။

အာဏာပိုင်တွေက ရိုင်းရိုင်းစိုင်းစိုင်းဖမ်းပြီး စစ်ကြောရေးမှာ ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်တာကို ခံခဲ့ရပါတယ်။ ဘယ်လောက်ထိုညှင်းပမ်းခံရလဲဆိုရင် စစ်ကြောရေးမှာ ထောက်လှမ်းရေးတွေ ရိုက်တာ၊ ညှင်းပမ်း တာ အားမရလို့ ထောင်ထဲမှာရှိတဲ့ လူဆိုး၊လူရမ်းကားတွေကိုခေါ်ပြီး ရိုက်ခိုင်းတဲ့ အထိ ပါ။ သွေးတွေ၊ ချွေးတွေ ဆိုတာရောထွေးနေတာလို့ သူနဲ့ အတူနေခဲ့ရတဲ့ သူတွေကပြောပြခဲ့ပါတယ်။ ဒဏ်ရာတွေဆိုတာတော်တော်နဲ့ မပြောက်ဘူး၊ ထောင်ထဲရောက်လာတဲ့အခါမှာတော့ ကိုအေးအောင် တယောက်သံမဏိရိုင်း တတုံးဖြစ်လာခဲ့ တယ်တဲ့။ ၅၉ နှစ်ထောင်ဒဏ်နဲ့ အင်းစိန်ထောင်ကနေ ကလေး အကျဉ်းထောင်ကို မိသားစုကို အသိမပေးဘဲ တိတ်တဆိတ်ပြောင်းခဲ့ပါတယ်။ သံခြေကျင်းတွေနဲ့ ရန်ကုန်ဘူတာကြီးကနေ ရထားစီးရမယ့်အချိန်မှာ ကျနော် တို့ကျောင်းသားတွေပါ၊ ကျနော်တို့ကို ကလေးအကျဉ်းထောင် ပို့မှာ အိမ်ကမသိဘူး။ ဒီဖုန်းနံပါတ်နဲ့ အိမ်ကို အကြောင်းကြား ပေး ပါလို့ အော်ဟစ်ပြောဆိုခဲ့တော့ ရပ်ကြည့်နေတဲ့ ပြည်သူလူထုက ကျောင်းသားတွေရဲ့ အိမ်ကိုဖုန်းဆက် အကြောင်းကြားပေးပါတယ်။

ဒါကြောင့် ဘယ်သူဘယ်ထောင်ရောက်တယ် ဆိုတဲ့အကြောင်း သိရတာ ပါ။ ကျောင်းတွေကို ရက်အကန်း အသတ်မရှိပိတ်ပြီး အကျဉ်းထောင်တွေကို စက္ကန့်မလပ်ဖွင့်ထားတဲ့ စစ်အာဏာ ရှင် ကို ပြည်သူ လူထုက ဆန့်ကျင်လိုက်တာပါ။ ကျောင်းစာသင်ခန်းထဲမှာ ပညာသင်ကြားနေ ရပေမယ့် ကျောင်းသား လူငယ်တွေ ကို သံခြေကျင်းနဲ့ ထောင်ဝတ်စုံဝတ်ထားတာမြင်ရတော့ ပြည်သူလူထု ရင်ထု မနာဖြစ် ကုန်ကြ ပါတယ်။

အပြေးအလွှားရေသန့်ဗူးတွေ၊ မုန့်တွေဝယ်၊ ကျောင်းသားတွေ လက်ထဲထည့်ပြီး ထောက်ခံ အားပေးကြောင်းပြကြတော့ တယ်။

အင်းစိန်ထောင်၊မန္တလေးထောင်၊မုံရွာထောင်ကနေကလေးအကျဉ်းထောင်ကိုမဟာမြိုင်တောဖြတ် ပြီးကား နဲ့ ကလေးဝဆိပ်ကမ်းကို သွားရပါတယ်။ ကလေးဝဆိပ်ကမ်းကို ဇက်နဲ့ကူး လာရပါ တယ်။ ကလေးအကျဉ်းထောင် ၀န်ထမ်းများက အချုပ်ကားနဲ့ ကလေးဝဆိပ် ကမ်းကစောင့်ပြီး နိုင်ငံရေး အကျဉ်းသား များကို လက်ဆင့်ကမ်းလွှဲပြောင်းယူ ရပါတယ်။ ဒီတော့ ထောင်ဒဏ် ၅၉ နှစ်၊ ၅၇ နှစ်၊ ၄၂ နှစ်ကို အသက်ထင်ပြီး ရိုးရိုးရာဇ၀တ်အကျဉ်းသားတွေ နဲ့ မှားကုန်တယ်လို့ ၀န်ထမ်းတွေက ပြောပါတယ်။ ကိုအေးအောင်တို့ ကလေးအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး ၂၆ယောက်ရှိပါတယ်။ ၂၀၀၅ ခုနှစ်မတိုင်ခင် မှာ ထောင်ပြောင်းခံရတဲ့သူ၊ လွတ်တဲ့သူတွေကြောင့် ကိုအေးအောင်အပါအ၀င် ၈ယောက် ကျန်ခဲ့ပါတယ်။

၂၀၀၅ ခုနှစ် ဇူလိုင် ၆ ရက်နေ့မှ မထင်မှတ်ဘဲ ကျန်တဲ့သူတွေ လွတ်မြောက်ပြီး ကိုအေးအောင်နဲ့ ကိုစောဝင်း နှစ်ယောက်သာကျန်ခဲ့ပါတယ်။ အရင်က ညဘက်တွေမှာ ဟိုအခန်း၊ ဒီအခန်း အသံတွေနဲ့ အဖော်ပြုခဲ့သူနှစ်ယောက် တိတ်ဆိတ်တဲ့ အမှောင်မှာ ဘယ်သူ့ဘယ်သူမှ စကားမပြောနိုင်တော့ဘူးလို့ သူနဲ့အတူကျန်ခဲ့တဲ့ ကိုစောဝင်း လွတ်လာချိန်မှာ ပြန်ပြောပြပါတယ်။

ကိုအေးအောင်နဲ့ အတူနေခဲ့ရတဲ့ ကိုနေဦးကတော့ သူတို့လွတ်မြောက်လာပေမယ့် လွတ်လွတ်ကျွတ်ကျွတ် မပျော်နိုင်ပါဘူး။ အများလွတ်ပြီး အနည်းကျန်ခဲ့တဲ့ ရဲဘော်နှစ်ဦးကို နှူတ်ဆက်စကားတောင် မဆိုနိုင်ခဲ့ပါဘူးတဲ့။ ကိုအေးအောင်ကို စစ်ထောက်လှမ်းရေးတွေက အကြိမ်ကြိမ်ဆွေးနွေးပြီး လွတ်လာရင် ဘာလုပ်မလဲ လို့မေးပါတယ်။ ဒီလိုမေးတဲ့အခါမှာ ကိုအေးအောင် က သူ့ယုံကြည်ချက် ကို ပြတ်ပြတ်သားသားပြောခဲ့ပါတယ်။ ဓမ္မ နဲ့ အဓမ္မကို ခွဲခြားသိမြင်သူမို့ ဓမ္မ ချစ်မိတဲ့ဒဏ် သူရဲရဲဝံ့ဝံ့ခံမယ်တဲ့။

နောက်တနှစ်ကြာတဲ့အခါမှာ ကိုစောဝင်းလွတ်တော့ ကိုအေးအောင်တယောက်တည်း ကျန်ခဲ့ပါတယ်။ တိုင်းပြည် အတွက် လူငယ်ဘ၀ကိုပေးဆပ်ခဲ့တဲ့ ကိုအေးအောင်အတွက် အရွယ်နဲ့ အမျှတဲ့ဒဏ်ရာတွေ နဲ့ ထောင်တွင်း ဖိနှိပ်မှူတွေကို ခံနေရပါတယ်။ ကိုအေးအောင်ဖခင် ဦးသောင်းစိန်က ကျနော့သားက သူနဲ့ရွယ် တူကျောင်းသားတွေလို ကျောင်းတက်ချင်မှာပဲ။ လူငယ်သဘာဝ အတိုင်းပြုမူနေထိုင် ချင်မှာပဲ လို့ပြောပါ တယ်။ သားကို ရုပ်အာဟာရ၊ စိတ်အာဟာရပေးဖို့ မိဘရဲ့ မေတ္တာအပြည့် ထည့်ထား တဲ့ ထောင်ဝင်စာခြင်းကိုဆွဲပြီး တလတကြိမ်သား ကို ထောင်ဝင် စာတွေ့နေရပါတယ်။ ၀က်သား တပိသာ ခုနှစ်ရာဈေးကတည်းက ဒီနေ့ ၀က်သားတပိသာ ခုနှစ်ထောင်ဈေးအထိ တွေ့နေရတုန်းပါပဲ။ အိမ်ပြန်ရောက်တဲ့နေ့ လွတ်လာတဲ့ နေ့လို့ပဲ ဦးသောင်းစိန် စိတ်ဒုန်းဒုန်း ချထားပါတယ်။

ကျမခင်ပွန်းသည် မလွတ်ခင် ထောင်ဝင်စာတွေ့ချိန်မှာ ကိုအေးအောင်ဖခင်နဲ့ ဆုံရင်အတူတွေ့ခွင့် ရပါတယ်။ ထောင်ဝင်စာ မှာ တက်ကြွလန်းဆန်းနေတဲ့ ကိုအေးအောင် ကိုမြင်ရတော့ ကျမမှာ ၀မ်းနည်းဝမ်း သာဖြစ်ရ ပါတယ်။ ၀မ်းနည်းရတာက သူ့လူငယ်ဘ၀ကို၊ ၀မ်းသာရတာက တက်ကြွလမ်းဆန်းနေတဲ့ သူ့ရဲ့ဟန်ပန် ကို။ တခါတော့ ဖေဖေသား ကို အတွေးအခေါ်ပါတဲ့ မှတ်သားစရာပါတဲ့စာအုပ်သာ ယူခဲ့ပါဖေဖေ၊ ပညာရေး ဗဟုသုတတွေ လေ့လာဖို့ သား သိပ်နောက်ကျနေပြီတဲ့။ အဲဒီနေ့ ထောင်ဝင်စာအပြန်မှာ သူ့ဖခင် မျက်ရည်ကျပါတော့တယ်။

သောတရှင်များရှင်

ထောင်ကနေ ထောင်ဝင်စာတွေ့ပြီးပြန်လာရင် ထောင်ဝင်စာမှာ ပြောခဲ့တဲ့ စကားတွေကိုကားပေါ်မှာပြန်စဥ်းစား ရင် ကြေကွဲဆို့နင့်ကြရပါတယ်။ ထောင်ဝင်စာဆိုတာ လူ့စိတ်နှလုံး ညှိုးနွမ်းရတဲ့ လူ့ဂုဏ်သိက္ခာညိုးနွမ်းရတဲ့ လူ့အခွင့်အရေးတွေ ထပ်မံဆုံးရှူံးရတဲ့ နေရာတခုပါ။ ထောင်ဝင်စာမှာ ပစ္စည်းတွေပေးနိုင်ဖို့ ကျမတို့ နောက် ထပ်ကြိုးစား ရမယ်ဆိုတဲ့ ခွန်အားတွေလဲ ပါခဲ့ပါတယ်။

ကလေးအကျဉ်းထောင်ကို ရန်ကုန်ကနေ ထောင်ဝင်စာလာတွေ့ဖို့ ငွေကြေးတခုပြည့်စုံရုံ နဲ့ မရပဲ ခွန်အားလည်းပြည့်စုံဖို့လိုပါတယ်။ ကျမတို့ ထောင်ဝင်စာ ၁၀ နှစ်ကျော်ဖြတ်ခဲ့ရတဲ့ ခရီးကြမ်းက မဟာမြိုင်၊ ယာကြီးလမ်း၊ ချင်းတွင်းမြစ်၊ ပုံတောင်ပုံညာ၊ ဂန့်ဂေါလမ်း၊ လမ်းအစုံသွားခဲ့ရပါတယ်။ မြစ်သာမြစ်ကူး ကလေးဝတံတားအထိ ဆောက်ပြီးယာကြီးလမ်းက တခြားလမ်းတွေထက် မိုင် ၉၀ သက်သာပေမယ့် မိုးတပေါက်နှစ်ပေါက်ကျရုံနဲ့ လမ်းပျောက်တတ်ပါတယ်။ ယာကြီးလမ်းကို နွေခဏပဲ အားထားရတာပါ။ ဒါတောင်မှ ၂၀၀၇ မေလဆန်းမှာ ထောင်ဝင်စာတွေ့ပြီး အပြန်ယာကြီးလမ်းမိုးရွာလို့ ပျက်ခဲ့ရပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး၊ ပင်ပန်းမှူမျိုး ဘယ်တုန်းကမှ မကြုံခဲ့ရဖူးပါဘူး။ ဘယ်လောက် ထိလဲ ဆိုတော့ တောထဲတောင် ထဲ မှာ ဆယ်ရက်ကြာခဲ့ပါတယ်။

ရှေ့ခရီးလည်းဆက်မရ၊ နောက်လည်းပြန်မရနဲ့ ကျမတို့ကားတစီးတည်း မဟုတ်ပါဘူး။ အတက်အဆင်းကား အစီပေါင်း ခြောက်ဆယ်လောက် ပိတ်မိကုန်ကြတာပါ။ ကျမတို့ ကားပိတ်မိနေတဲ့ နေရာက ရွာနဲ့ မနီးတဲ့နေရာ။ လမ်းပြင်တဲ့စခန်းတဲလေးမှာ ကလေးကနေ မန္တလေးကိုဆင်းတဲ့ အဆင်းကားငါးစီး ရှေ့ဆက်မသွားနိုင်တော့ ကားပေါ်ပါလာတဲ့ခရီးသည်တွေ စားစရာသောက်စရာမရှိ။ အညစ်အကြေးစွန့်စရာ နေရာမရှိနဲ့ အခက်တွေ့ကြပါတော့တယ်။ ကားတစီးမှာ လူငါးဆယ်ပါတယ်။

မိုးကလည်း စွေလိုက်တာမပြောပါနဲ့တော့။ မိုးခြိမ်းသံတွေ လျှပ်စီးတွေက တောတောင်အလယ်မှာ ကျမတို့ကို ကြောက်လန့်အားငယ်အောင် ပံ့ပိုးနေပါတယ်။ ဟိုးအဝေးရွာတွေက ထမင်းလာရောင်းကြတယ်။ ထမင်းလက်နှစ်ဆုပ်စာနဲ့ သရက်ချဉ်နည်းနည်း။ မြေပဲဆံစေ့ လေးငါးစေ့ကို ငွေတစ်ထောင်ပေးပြီး စားရပါတယ်။ ဒါလည်း အလုအယက်ဝယ်ရတာပါ။ လမ်းကောင်းနိုးနိုး၊ မိုးပြတ် ရင်ဆိုတဲ့ အတွေးတွေနဲ့ ခရီးသည်တွေ စောင့်နေရာက၊ ဒီအတိုင်း လည်စင်းမခံနေတော့ဘူး။ ရွာရှိမယ့်နေရာ၊ မုံရွာ မန္တလေး ရန်ကုန်ကို သွားနိုင်ဖို့ ခရီးသည်တချို့ စဉ်းစားကြတယ်။ လပို့ရွာကိုရောက်ဖို့ ရှစ်နာရီလျောက်ရပါမယ်။ ဒီတော့ လူငယ်လူရွယ်တွေ အများဆုံးလျှောက်ကြတယ်။ ပစ္စည်းတွေတော့ မသယ်နိုင်ကြဘူး။ မန္တလေးရောက်မှ ပစ္စည်းလာရွေးမယ်လို့ ကားသမားကို မှာ ကြတယ်။

ဦးသောင်းစိန် လို အသက်ကြီးသူတွေနဲ့ ကျမတို့ မိန်းမအရွယ်တွေသာကျန်ခဲ့တော့တယ်။ ကျောပိုးတွေ လူလွတ် ကြီး ပဲလျှောက်လာတဲ့ အတက်ခရီးသည်တွေ ကျမတို့တဲစခန်းလေးနားရောက်ရင် အားလုံးမိုးရွာထဲမှာ တုံးလုံး ပက်လက်ဖြစ်ကုန်ကြတယ်။ တဲစခန်းလေးမှာ တထောက်နား။ နောက်နေ့မိုးလင်း လမ်းလျှောက် သွားတဲ့သူ တို့ကို ကြည့်ရတာ စစ်ပြေးဒုက္ခသည်တွေလိုပါပဲ။ ဦးသောင်းစိန်က ဒူးအရွတ်တွေပြတ်လို့ တုန်ကောက်နဲ့ သွားနေရ သူပါ။ ရွှံ့ပေါင်လည်၊ ခြေသလုံးလောက်ရှိတာကို ရုန်းပြီး တောင်တက်တောင် ဆင်းသွားရမယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပါ။ ဒါကြောင့် ရန်ကုန်ကမိသားစုတွေ စိတ်ပူနေမယ်၊ အဘကိုထားပြီး သမီးလမ်းလျှောက်နိုင် ရင်သွားပါ။

အဘကတော့လမ်းပွင့်မှပဲ သွားနိုင်တော့မယ်လို့ဆိုပါတယ်။ တစတစ နည်းသွားတဲ့ ခရီးသည်တွေကြားမှာ ကျမတို့ အားငယ်လိုက်တာမပြောပါနဲ့တော့။ ကျမရှေ့ခရီးကို အပင်ပန်းခံလမ်းလျှောက်ပြီး ရန်ကုန်က မိသားစုတွေ စိတ်မပူဖို့ ဆက်သွယ်နိုင်တဲ့နေရာအထိရောက်ဖို့အားတင်းရပါတယ်။ အဘဦးသောင်းစိန် ကိုလည်း စိတ်မချ။ မိုးအအေးကြောင့်လေဖြတ်သွားရင်ဘယ်လိုလုပ်မလဲ။ စားစရာ၊ ရေသောက်စရာကလည်း အခက်အခဲမဟုတ်လား။ နောက်ဆုံးခရီးသည်အချို့နဲ့ လိုက်သွားရပါတယ်။ ကျမတသက် အပင်ပန်းဆုံး ခရီးလို့ဆိုချင်ပါတယ်။ ခြေဗလာနဲ့ ရွှံ့ဗွက်ရုန်းပြီး မိုးရွာထဲ တောင်တက်တောင် ဆင်းလမ်းလျှောက် ရတာ။ တောထဲတောင် ထဲမှာ မိန်းမတယောက်ရဲ့ လုံခြုံမှူကို ကြောက်ရတဲ့ ခရီးအတွက် မနားနိုင်ဘူး။ ရှေ့ကလူ ကိုမှီအောင် ဆိုတဲ့စိတ်နဲ့ ရှစ်နာရီကြာအောင်လမ်းလျှောက်ခဲ့ရတယ်။ လပို့ရွာမှာ ခရီးသည်တွေဆိုတာ အပြည့်ပဲ။

ရှေ့ခရီးဘယ်လိုဆက်မလဲဆိုတာ စောင့်နေကြတယ်။ ကျမကတော့ ထမင်းဆိုင်မှာ ၀ိုင်းကူလုပ်ရင်း ရန်ကုန်က လူတွေကို စိတ်မပူဖို့အကြောင်းကြားရပါတယ်။ ဆယ်ရက်မြောက်နေ့မှာ ဟိုင်မွန်ဂျစ် လို့ခေါ်တဲ့ ချင်းတောင်ပေါ်ပြေး ဂျစ်ကား ကို ချင်းလူမျိုးမိသားတစုက ဖုန်းနဲ့လှမ်းခေါ်လို့ရောက်လာတယ်။ ကျမလည်း ၀မ်းသာ အားရနဲ့ ကလေးဝ အထိလိုက်ပါရစေလို့ တောင်းပန်ရတယ်။

ထောင်ဝင်စာလာတွေ့တဲ့သူလို့ပြောမှာ ဂရုဏာ သက်ပြီးခေါ်ပါတယ်။ ကျမလမ်းလျှောက်ခဲ့တဲ့နေရာကို ဂျစ်ကားနဲ့နောက်ကြောင်းပြန်ရတာပါ။ ကျမကိုမြင်တော့ ဦးသောင်းစိန် အရမ်းဝမ်းသာသွားပြီး ငါ့တူမရယ်၊ အဘလေ အမေက ကလေးကို ထားသွားလို့ပြန်တွေ့တဲ့အတိုင်း ၀မ်းသာလိုက်တာလို့ပြောရှာတယ်။

ဟိုင်မွန်ဂျစ်ပေါ်ကို ကျမတို့ ၀မ်းလျားမှောက်တက်ရတယ်။ လမ်းဆိုးလို့ လမ်းဆင်းလျှောက်ဖို့လိုရင် ကျမတို့ ကားပေါ် က ခုန်ဆင်းကြရတယ်။ ငရဲကြီးတယ်ဆိုတာ ဒုက္ခဆင်းရဲရောက်တာကို တင်စားတာဆိုရင်တော့ ကျမတို့ငရဲကျ ခဲ့တာပါပဲ… နောက်ကြောင်းပြန်ခရီးက တောင်ကျရေဒလဟောနဲ့ ကားလမ်းပေါ်ရေကျော် တာကိုဖြတ်။ ရွှံ့စေးတွေနဲ့ ကားကချောက်ဖက်ဆွဲသွားတဲ့ အခါ ငါသေပြီလို့အောက်မေ့မိတယ်။ ကျမတို့ ကလေးဝ တံတားရောက်တော့ ညကိုးနာရီထိုးပါပြီ။ မနက်စာ၊ ညစာထမင်းမစားရသလို မိုးရေတွေ တကိုယ်လုံးရွှဲဆိုပြီး ပြန်ခဲ့ရပါတယ်။ နောင်မှာ ရာကြီးလမ်းအကြောင်း သိရတာက တလကြာပိတ်မိနေ တယ်လို့ပြောကြပါတယ်။ ဦးသောင်းစိန်ကတော့ အိမ်ရောက်တာနဲ့ မနားနိုင်ရှာ ဘူး။ နောက်တခါထောင် ၀င်စာအတွက် ရုန်းကန်ရတော့တာပါပဲ။

သောတရှင်များရှင်

အကျဉ်းကျမိသားစုတွေရဲ့ ဒုက္ခကို ဖောင်ဖွဲ့လို့ရရင် နောက်ထပ် အဖိထပ်ထုတ်ရမယ့် အထိပါပဲလို့ပြောရင် ပိုတယ်မထင်ကြပါနဲ့။

မျှဝေခံစားနိုင်ကြပါစေ။

"အမှောင်လှိုင်းထဲက သူရဲကောင်းတို့တိုင်းပြည်" RFA အသံလွှင့် ဆောင်းပါးများစာအုပ်ထဲမှ Sophia Sofia Chan ကကူးယူဖြန့်ဝေသည်။

ကိုဇာဂနာ အကြောင်း မှတ်တမ်းရုပ်ရှင် နယူးဇီလန်မှာ အောင်မြင်


နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (Amnesty International) က မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသား ကိုဇာဂနာ အကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို နယူးဇီလန်နိုင်ငံက မြို့ ကြီးတွေမှာ လိုက်လံ ပြသနေရာမှာ စိတ်ဝင်စားသူ များပြားပြီး အောင်မြင်မှု ရနေတယ်လို့  နယူးဇီလန်ရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အနုပညာရှင် ဟာသ သရုပ်ဆောင် ကိုဇာဂနာရဲ့ အကြောင်း ရိုက်ကူးထားတဲ့"This Prison Where I live" ကျနော်နေတဲ့ ဒီအကျဉ်းထောင်ဓ ရုပ်ရှင်ကို နယူးဇီလန်က မြို့ကြီးတွေမှာ တစ်လကို တစ်မြို့ လိုက်လံ ပြသနေတာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ Wellington မြို့ ကWellingtonတက္ကသိုလ်မှာ ပြသခဲ့ပါတယ်။ ရုပ်ရှင်ပြပွဲနဲ့အတူ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး လက်မှတ် တွေလည်း စုဆောင်းခဲ့ပါတယ်။

အဲဒီ မှတ်တမ်း ရုပ်ရှင်ပွဲကို နယူးဇီလန်နိုင်ငံသား ၄၅၀ ကျော် တက်ရောက် ခဲ့ပြီး ၊ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ လက်မှတ်တွေ စုဆောင်း ကောက်ယူ ခဲ့ရာမှာ လက်မှတ် စုစုပေါင်း ၂၀၀ ကျော်ရရှိခဲ့တယ်လို မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့  နယူးဇီလန် ရဲ့ ပြောခွင့်ရသူ ဦးနိုင်ကိုကို က ပြောပါတယ်။

နယူးဇီလန် အစိုးရ ရုပ်မြင်သံကြား သတင်းဌာနကလည်း အဲဒီပွဲအကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်လွှင့် ပြသခဲ့ပါတယ်။ နောက်လမှာတော့ နယူးဇီလန်က နောက်ထပ် မြို့ကြီးတစ်မြို့ ဖြစ်တဲ့ အိုတားဂိုးမြို့ မှာ ပြသမယ်လို့ သိရပါတယ်။

သတင်း...RFA

29 July 2011

ဇော်ဇော် တယောက် နောက်ဆုံးတော့ ပြည်သူတွေကို ဒီလိုလုပ်ရတာပါဘဲ..







ဦးဇော်ဇော်တယောက် မနေ့က ပွဲမှာ ဆူတယ်လို့ သူတို့ ယူဆထားတဲ့ လူတွေကို ခုဖမ်းဆီး ထားပြန်ပြီး..။ နဝတ လက်ထက် လည်း ဒီ အဆင်အလာဘဲ.၊နအဖ လက်ထက်လည်း ဒီအဆင် အလာဘဲ.၊ ယူနီဖောင်း ချွတ်ပြန်တော့လည်း ဒီ အဆင်အလာဘဲ.။ လူတွေသာ တယောက်ပြီး တယာက်ပြောင်းလွှဲ သွားတယ်၊ လုပ်ရိုး လုပ်စဉ်တွေ ကတော့ အတူတူပါဘဲ.။

ပွဲဆူအောင်လုပ်တဲ့ လူတွေကိုဖမ်းမယ်၊ရိုက်မယ် ၊ဘောလုံးပွဲကြည့်တယ်ဆိုတာ လူတွေရဲ့ ပေါက်ကွဲမှုတခု မဟုတ်လား၊ဘောလုံးကွင်းမှာ အော်မယ်၊ ဆဲမယ် ၊ ဒါတွေက အဆင်အလာ.၊ တားလို့ မှ မရတာ ဓမ္မတာ တခု. ၊ပြသနာဖြစ်နေ တုန်းတော့ ပြည်သူတွေ ကို လက်အုပ်ချီ ရှစ်ခိုးပြီး၊ ခုတော့ဖမ်းဆီး ထားပြန် တယ်၊ တော်တော်လေး ကို ပြည်သူတွေ ကို စာနာမှု ရှိတဲ့ အုပ်ချုပ်သူတွေ အမှန်တကယ် ဦးဇော်ဇော်ကိုလည်း ဖမ်းဆီး သင့်တယ်၊ပြည်သူ တွေကို ကောင်းကောင်း မွန်မွန် မဆက် ဆံ ခဲ့ဘဲ ၊ဦးဇော်ဇော် ပြောချင်တာပြောပြီး ၊ မနိုင်မှ လက်အုပ်ချီပြတာ ဘာသဘောလည်း ..မသိ.။

ခုချိန်ထိ မတရားတာတွေ လုပ်နေသေးတယ်ဆိုတာ ပေါ့ ၊အနိုင် ရှိရင် အရှုံးရှိရမယ်.၊ ဘယ်ယှဉ်ပြိုင်မှု မဆို ပါ၊ခုတော့ အာဏာ ရှင်တွေ ကျင့်သုံးသလို ဘယ်တော့မှ အရှုံးမပေးဘူး ဆိုတာ မျိုး ၊မြန်မာနိုင် ငံဘောလုံးအဖွဲ့ ချူပ် ဥက္ကဌ ဆိုသူ ရဲ့ မောက်မာစွာ ပြည်သူတွေကိုဆက်ဆံ တာကိုက မတရားတာပါ၊ပြသနာကို ပြသနာလိုဖြေရှင်း ချင်တာက အာဏာရှင်တွေလုပ်နေကြလုပ်ရပ်တခု.၊ အာဏာရှင် တွေအရေးပေးခြင်းခံနေရတဲ့ မြန်မာနိုင် ငံဘောလုံး အဖွဲ့ ချူပ် ဥက္ကဌ ဦးဇော်ဇော် တယောက် ပြည်သူတွေရဲ့ တုံပြန်မှုကို မထင်ထားဘဲ ကြုံတွေ့ခဲ့တဲ့မနေ့ က ဖြစ်ခဲ့တဲ့ မြန်မာဘောလုံးအသင်းနဲ့  အိုမန်ဘောလုံးအသင်းတို့ ရဲ့  ယှဉ်ပြိုင်ပွဲ ကတော့ တော်တော်လေးကို သွေးလေ ခြောက်ခြားသွားခဲ့မှာ အမှန်ပါ.။




ပြည်သူတွေကို မောက်မာစွာ ပြောဆိုနေစဉ်


နောက်ဆုံးတော့ ရင်ထဲက မပါတဲ့ လက်အုပ်ချီလိုက်ရခြင်း..



မြတ်လေးငုံ

နိုင်ငံရေးသိပ္ပံသင်တန်း အမျိုးသားဒီမိုကရေစီဖွဲ့ချုပ် ဒုက္ကဌ ဦးတင်ဦး ပြောကြားခဲ့သော ရုပ်သံ

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အရေးယူမှုများ ရင်ဆိုင်ရဖွယ် ရှိကြောင်းပြောသော ပွဲအခြေအနေ မှတ်တမ်းဓာတ်ပုံ..




















ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် ဒုတိယအကျော့ပွဲစဉ် အဖြစ် အိမ်ရှင် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ယနေ့ညနေ ၃ နာရီခွဲခန့်က စတင်ယှဉ်ပြိုင်ကစားနေခဲ့သော ဘောလုံးပွဲစဉ်တွင် ပရိသတ်များ ဆူပူနေမှုကြောင့် ပွဲကို ခေတ္တရပ်နားထားရပြီး ယခု သတင်းရေးသားနေသော အချိန်တွင် မိနစ် ၂၀ ကာလကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။ မူလစီစဉ်ထားသည့် ပွဲချိန်အစီအစဉ်အရ ပထမပိုင်းပွဲချိန် ကျော်လွန်သွားပြီဖြစ်ပြီး လက်ရှိတွင် အိမ်ရှင်မြန်မာအသင်းက အိုမန်အသင်းကို ပင်နယ်တီတစ်ဂိုး အပါအဝင် နှစ်ဂိုး - ဂိုးမရှိဖြင့် ရှုံးနိမ့်နေသည်။

ထပ်မံရရှိသော သတင်းများအရ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် နှစ်ဘက်ဘောလုံးအသင်းတို့မှ ညှိနှိုင်းဆောင်ရွက် ခဲ့သော်လည်း အောင်မြင်မှု မရှိဘဲ အပြီးရပ်ဆိုင်းလိုက်ကြောင်း တက်လမ်း အားကစားဂျာနယ် အယ်ဒီတာချုပ် ဦးချစ်ဝင်းမောင်က ပြောကြားသည်။

"ပြစ်ချက် တော်တော်ကြီးပါတယ်။ စုန်းပြူး ပရိသတ်အချို့ကြောင့် AFC က အိမ်ကွင်း ကစားခွင့် ပိတ်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ MNL အတွက်လည်း နစ်နာနိုင်တယ်" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

"အိုမန်ကို ရှုံးတာ မနစ်နာပါဘူး၊ ကိုယ့်အသင်းထက် အဘက်ဘက်က သာတဲ့အသင်းကို ရှုံးတာပါ၊ အခြားနိုင်ငံက အခုလို နိုင်ငံတကာပွဲတွေမှာ ကစားသမားတွေကို မကျေနပ်ရင်တောင် ဆဲဆိုတဲ့အဆင့်မျိုး မလုပ်တော့ဘူး၊ ဝူးဝူး ဝါးဝါး အော်ဟစ်ရုံလောက်ပါပဲ၊ ၂၀၁၃ မှာ မြန်မာက အိမ်ရှင်လုပ်မယ့် SEA Game အတွက်တော့ အကျိုးသက်ရောက်မှု မရှိလောက်ဘူးလို့ ထင်ပါတယ်" ဟု ဝါရင့်အားကစား ကလောင်ရှင် ဦးဖေဒီက ပြောကြားသည်။

ရန်ကုန် ဇူလိုင် ၂၈

ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အိမ်ရှင် မြန်မာအသင်းနှင့် အိုမန်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏ လူငယ်အားကစားကွင်း၌ ယနေ့ညနေ ၃ နာရီခွဲခန့်က စတင်ယှဉ်ပြိုင်ခဲ့ရာ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း နှစ်ဂိုး ရှုံးနိမ့်ပြီးနောက် ပရိသတ်များက အိုမန် ဘောလုံးအားကစားသမားများကို ကွန်ပါချွန်၊ ကျောက်ခဲ၊ အရက်ပုလင်းများနှင့် ပစ်ပေါက်ခဲ့၍ ဘောလုံးပွဲ ရပ်ဆိုင်းထားရမှုကြောင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ အရေးယူမှုများ ရင်ဆိုင်ရဖွယ် ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ပြောကြားသည်။

"မြန်မာကွ၊ မြန်မာလို့ အော်ပြီးတော့ ကျောက်ခဲတို့၊ ကွန်ကရစ်ခဲတို့နဲ့ပစ်နေကြတာ၊ ထီးလည်းပါတယ်၊ အရက်ပုလင်းခွံ၊ ရေသန့်ဘူး၊ ကွန်ပါချွန်၊ ဖိနပ်တွေနဲ့ ပစ်နေတာ၊ လက်ရှိကွင်းက ပြင်နေတာဆိုတော့ အဲဒီက ကွန်ကရစ်ခဲတွေနဲ့ ထုနေကြတာ" ဟု အဆိုပါပွဲစဉ်သို့ သွားရောက်သတင်းရယူနေသူ The Voice Weekly သတင်းထောက်က တယ်လီဖုန်းဖြင့် ဆက်သွယ်သတင်းပေးပို့သည်။

ပွဲချိန်ပထမပိုင်းတွင် မြန်မာအသင်းဘက်သို့ ပင်နယ်တီပြစ်ဒဏ်ဘော ပေးလိုက်ရချိန် နောက်ပိုင်းတွင် ပရိသတ်မှာ ပိုမိုကြမ်းတမ်းစွာ ဆူပူညံပေါက်ကွဲ လာခဲ့ပြီး ယင်းသို့ ကွင်းအတွင်းသို့ ရရာပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့ရာ အိုမန်ဘောလုံးအသင်း၏ နည်းပြဖြစ်သူမှာ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒိုင်လူကြီးနှင့် နှစ်ဘက်အသင်း အားကစားသမားများအပါအဝင် လူနှစ်ဆယ်ခန့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ၄င်းက ဆက်လက်သတင်းပေးပို့သည်။

"ရေသန့်ဘူးနဲ့ ပစ်ပေါက်ရုံလောက်ဆိုရင်တော့ ပွဲပြန်စလို့ ရနိုင်ပေမဲ့ ဒိုင်လူကြီးတွေ၊ နည်းပြတွေကိုပါ ထိခိုက်လာတာကြောင့် ပွဲပြန်စဖို့အတွက် ခက်ခဲနေပါတယ်" ဟု ဦးဇော်ဇော်က ယနေ့ညနေ ၅ နာရီ ၃၀ မိနစ်ခန့်က ပြောကြားသည်။

နောက်ဆုံးရရှိသော သတင်းများအရ ပရိသတ်အချို့မှာ ကွင်းအတွင်းမှ ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း ပွဲပြန်စရန်အတွက်မူ အခက်အခဲများ ရှိနေသေးကြောင်း သိရှိရသည်။

သတင်း... The Voice Weekly

ဒီမိုကရက်တစ်မြန်မာ့အသံ ရဲ့ ၂၈ရက် မြန်မာ့သတင်း ရေဒီယို အသံဖိုင်

28 July 2011 Morning by dvbradio

လွတ်လပ်​ခွင့် ဒေါ်​အောင်ဆန်းစု​ကြည်ဟောပြော​ချက် (၁)


လွတ်လပ်​ခွင့် ဒေါ်​အောင်ဆန်းစု​ကြည်ဟောပြော​ချက် (၁)

ဘီဘီစီကတဆင့် အခုလို မိတ်ဆွေတို့ကို စကားပြောရတာ ကျွန်မအဖို့မှာ အင်မတန်မှ ထူးခြားတဲ့ အဓိပ္ပါယ် ဆောင်ပါတယ်။ အဓိပ္ပါယ်က ဘာလဲ ဆိုတော့ ကျွန်မဟာ တရားဝင် အားဖြင့် လွတ်လပ်မှု ရှိသော လူပုဂ္ဂိုလ် တယောက် တဖန် ပြန်လို့ ဖြစ်ပြီ ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ကျွန်မဟာ တရားဝင်အားဖြင့် လွတ်လပ်မှုမရှိသော လူတယောက် ဖြစ်နေခဲ့တုန်းက... ဆိုလိုတာက နေအိမ် အကျယ်ချုပ်နဲ့ နေခဲ့ရစဉ်တုန်းက ကျွန်မကို စကားပြောခဲ့သူဟာ ဘီဘီစီ ဖြစ်ပါတယ်။ ကျွန်မက နားထောင်ခဲ့ ရသူပါ။ ဒါပေမဲ့ အဲဒီလို နားထောင်ရတဲ့အတွက် လွတ်လပ်မှု တမျိုး ကိုလည်း ကျွန်မ ရခဲ့ပါတယ်။

အခြားသော လူပုဂ္ဂိုလ်တို့ရဲ့ အတွေးအမြင်ကို စူးစမ်းနိုင်ခြင်းဆိုတဲ့ လွတ်လပ်မှု ဖြစ်ပါတယ်။ လူပုဂ္ဂိုလ်ချင်း အတွေးအမြင် ဖလှယ်ရတာမျိုးနဲ့တော့ တထပ်တည်း တူညီ တယ်လို့မခေါ်နိုင်ဘူးပေါ့။ ဒါပေမယ့် လူသားချင်းဆက်သွယ် မှု ပုံစံတမျိုး ဖြစ်တယ်လို့ ခေါ်နိုင်ပါတယ်။

ဘီဘီစီမှတဆင့် ကမ္ဘာတဝှမ်းကိုပို့ချနေတဲ့

ဒေါ်အောင်ဆန်းစုကြည်

ကိုယ့်ရဲ့ အတွေးအခေါ်၊ ကိုယ့်ရဲ့ မြော်လင့်ချက်၊ ကိုယ့်ရဲ့ အရယ်အမောဆိုတာတွေကို မျှဝေချင်လို့ နောက်ပြီး တခါ တလေမှာ ကိုယ့်ရဲ့ဒေါသ၊ ကိုယ့်ရဲ့ဒေါမနဿကိုပင်လျှင် မျှဝေချင်လို့ သူတပါး လူသားတွေနဲ့ လွတ်လပ်စွာ ဆက် သွယ်ခွင့်ဆိုတာဟာ ဘယ်သောအခါမှ ချိုးဖောက်တာ ခံရဖို့ မသင့်တဲ့ အခွင့်အရေးတခု ဖြစ်ပါတယ်။

ဒီနေ့ ကျွန်မဟာ မိတ်ဆွေတို့နဲ့ လူကိုယ်တိုင် မတွေ့မဆုံနိုင်သော်လည်းဘဲ ကျွန်မအဖို့ရော နောက်ပြီး လွတ်လပ်မှုကင်းမဲ့ခြင်းလို့ ကျွန်မခေါ်ချင်တဲ့ ဝမ်းနည်းဘွယ်ရာကောင်းလှတဲ့ အခြေအနေကြီး မှာ နေ ထိုင် နေ ရာဖြစ် တဲ့ ကမ္ဘာတဝှမ်း လုံးက တခြားသူတွေအဖို့ရော လွတ်လပ်ခွင့်ဆိုတာ ဘယ်လိုအဓိပ္ပါယ် အနှစ်သာရ ပြည့်ဝသလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်မရဲ့အတွေးအမြင်တွေကို မိတ်ဆွေတို့ဆီရောက်အောင် မျှဝေပေး လိုက်ခြင်းအားဖြင့် လူသားချင်းဆက်သွယ်နိုင်ခွင့်ဆိုတဲ့ ကျွန်မရဲ့အခွင့်အရေးကို အခုလို သုံးစွဲခွင့် ရရှိခြင်း အတွက် ကျွန်မ အင်မတန်မှ ကျေးဇူးတင်လှပါတယ်။

ပထမဦးဆုံးအကြိမ် ကျွန်မဖတ်ဖူးခဲ့တဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပ တ္တိစာအုပ်ဟာ အနေတော်ဖြစ်တာလို့ ခေါ်ရမလား၊ အတိတ် နိမိတ်ဖြစ်တယ်လို့ ခေါ်ရမလား နှစ်ခုစလုံးပဲလို့ ပြောကောင်း ပြောနိုင်မလား( Seven Years Solitary ) ( ထောင်ထဲမှာ တ ယောက်ထဲ ခုနစ်နှစ် ) ဆိုတဲ့စာအုပ် ဖြစ်ပါတယ်။

ပြည်သူတွေရဲ့ချစ်ခင်လေးစားမှုကို ရရှိထားသူ

မြန်မာ့ဒီမိုကရေစီနဲ့လူ့အခွင့်အရေးလှုပ်ရှားသူ

Hungarian အမျိုးသမီးတယောက် ရေးခဲ့တာပါ။ ၁၉၅ဝ ပြည့် လွန်နှစ်တွေရဲ့အစောပိုင်းကာလတုန်းက သူတို့ဆီမှာ (Com- munist Party ) အတွင်း ဖြုတ်ထုတ် ပွဲကြီးတွေ ဖြစ်ပေါ်နေစဉ် အတွင်းတုန်းက အာဏာရှိသူတွေနဲ့ ဆန့်ကျင်ဖက်ဂိုဏ်းမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတယောက် ရေးခဲ့တာပါ။

တယောက်တည်းနေရတဲ့ အမျိုးသမီးတယောက်ဟာ လူသားချင်းဆက်သွယ်မှုဆိုလို့ နေ့စဉ်နဲ့အမျှ သူ့ရဲ့ မာန်ကို ချိုးနိုင်သလောက်ချိုးဖို့စဉ်းစားနေတဲ့ ယောက်ျားကြီး တွေနဲ့ဆက်သွယ်မှုသာလျှင်ရှိတဲ့ အထဲက နှစ်နဲ့ချီပြီး ကြာ အောင် ဦးနှောက်ကလည်း ထက်မြက်မြဲ ၊ စိတ်ဓါတ်ကလည်း မကျဘဲ နေနိုင်ခဲ့တာဟာ ဘယ်လို ဆုံးဖြတ်ချက်ကြောင့်ပါ လိမ့် ၊ ဘယ်လို ကြံရည်ဖန်ရည်ကြောင့်ပါလိမ့်ဆိုပြီး အဲဒီတုန်း က ၁၃နှစ် အရွယ် ကျွန်မဟာ စိတ်ဝင်တစား ဖြစ်ခဲ့မိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်ရိုက်မေးမြန်းမဲ့သူတွေ တက်ရောက်မေးခဲ့

အစိုးရဝါဒကို သဘောမတူတဲ့လုပ်ငန်းထဲဝင်ရောက်ဖို့၊ နောက် ပြီး အဲဒီလုပ်ငန်းမှာ ဇွဲနဘဲနဲ့ နေဖို့ ဆုံးဖြတ်ထားသူတွေရဲ့အဖို့ ရာမှာ ဒီလိုအပ်ချက်ဟာ ဆုံးရှုံးမှုကိုကြိုတွက်ပြီး ပြင်ဆင်ထား ရတဲ့ အခြေခံ အကျဆုံး လိုအပ်ချက်တခု ဖြစ်ပါတယ်။

အမှန်မှာ အခွင့်အရေး ဆုံးရှုံးခြင်းဟာ အစိုးရဝါဒ ဝေဖန်သူတွေရဲ့ ဘဝအစိတ်အပိုင်း အကြီးကြီးတခု ဖြစ် ပါတယ်။ ဘယ်လိုပုဂ္ဂိုလ်မျိုးတွေဟာ အခွင့်အရေးဆုံးရှုံးမှုလမ်းကြောင်းကိုလျှောက်ဖို့ တမင်္ဂလာ ရွေးချယ် တတ်ကြပါသလဲ။

Max Weber ကတော့ နိုင်ငံရေးသမားတွေအဖို့ အဆုံးအ ဖြတ်ဖြစ်စေနိုင်လောက်အောင် အရေးကြီးတဲ့ အရည်အချင်း ၃ ခုဟာ စိတ်ဓါတ်ပြင်းထန်ခြင်း၊ တာဝန်သိခြင်းရယ်၊ အရေးကြီး တာနဲ့ အရေးမကြီးတာကို ခွဲခြားနိုင်ခြင်းရယ်ဖြစ်တယ်လို့ ပြော ပါတယ်။

နိုင်ငံရေးသမားဟာ စိတ်ဓာတ်ပြင်းရမယ်၊

တာဝန်သိရမယ်၊ အရေးကြီးမကြီး သိရမယ်

ပထမအချက်ဖြစ်တဲ့ စိတ်ဓါတ် ပြင်းပြင်းထန်ထန်နဲ့ ခွန်အား စိုက်ထုတ်လုပ်ကိုင်ခြင်းဖြစ်တယ်လို့ အဓိပ္ပါယ် ဖွင့်ဆိုပါတယ်။ အဲဒီလို စိတ်ဓါတ်ပြင်းထန်မှုမျိုးဟာ ဘေးအန္တရာယ်အများဆုံး နိုင်ငံရေးမျိုးဖြစ်တဲ့၊ အစိုးရဝါဒကို သဘောမတူတဲ့နိုင်ငံရေးမှာ ပါဝင်ပြီးလုပ်ကိုင်သူတွေအဖို့ အလွန့်အလွန် အရေးကြီးပါတယ်။

ကျန်တဲ့ နိုင်ငံသားများနဲ့ တသီးတခြားလောကမှာနေထိုင်ဖို့၊

အစိုးရဝါဒ ဝေဖန်မှုလောကမှာနေထိုင်ဖို့၊ ကြေညာပြီးတော့ဖြစ်စေ၊ မကြေညာဘဲနဲ့ဖြစ်စေ၊ ဆုံးဖြတ်ချက်ချမှတ်သူ လူတိုင်းလူတိုင်းရဲ့ အတွင်း သဏ္ဌာန်မှာ အဲဒီလို စိတ်ဓါတ်ပြင်းထန်မှုမျိုး ရှိနေရပါတယ်။

ဒီလောကမှာ နေထိုင်သူ လူထူးလူဆန်းတွေကို အမှတ်အသားပြုနိုင်ဖို့ရာ၊ အပြင်ပန်း လက္ခဏာရယ်လို့ တော့ မရှိပါဘူး။ အဲန်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဌာနချုပ်ကို ရုံးဖွင့်တဲ့ရက် ဘယ်ရက်မဆို လာကြည့်ပါ၊ ရေစိမ်ခံ အကြမ်းခံ အဖွဲ့ဝင်တွေအတွက် စီစဉ်ထားတဲ့ ခနောနီ ခနော်နဲ့ ပုံမလှ ပန်းမလှ ခပ်ရိုးရိုး အဆောက်အဦကလေးတခုပါ။ ဒီအဆောက်အဦကို “အဲန်အယ်လ်ဒီ တင်းကုပ်”ဆိုပြီး အခေါ်ခံ ရတာဟာဖြင့် တကြိမ် မကတော့ပါဘူး။

ဒီလို ခေါ်ကြတဲ့ သူတွဟော စာနာတဲ့စိတ်နဲ့ရော ၊ မကြာခဏဆိုသလို ချီးကျူးတဲ့စိတ်နဲ့ရော ပြုံးပြီး ခေါ်ကြလေ့ရှိတာဖြစ်တဲ့အတွက် ကျွန်မတို့ကလည်း စိတ်မဆိုးပါဘူး။ တကယ်တော့ ကမ္ဘာမှာ သြဇာ သက်ရောက်မှု အကြီးမားဆုံး လှုပ်ရှားမှု တခုဟာ တင်းကုပ် တခုထဲမှာ အစပြုခဲ့တာ မဟုတ်ပါလား။

ကျွန်မတို့ရဲ့ လူနေစရာ ကျပ်ကျပ်တည်းတည်းနဲ့ ခပ်စုပ်စုပ် ရုံးခန်းမှာ သူလိုကိုယ်လို ပုံပန်းသဏ္ဌာန် အများကြီးပေါက်တဲ့လူတွေကို မိတ်ဆွေတို့ တွေ့ ရပါလိမ့် မယ်။ ကဗျာဆန်ဆန် ပုံမကျပန်းမကျ ဆံပင်ပုံစံကြီးနဲ့ အဲဒီ သက်ကြီး ရွယ်အိုကြီးက ၊ သတင်းစာဆရာ လက်ဟောင်းကြီး တယောက်ပါ၊ သူက အစိုးရဝါဒ ဝေဖန်သူ ထိပ်တန်း ပုဂ္ဂိုလ် ကြီး တယောက်လည်း ဖြစ်ပါတယ်။

ဒေါ်စုပြောတဲ့ ကဗျာဆန်ဆန် ပုံမကျပန်းမကျ

သက်ကြီးရွယ်အို သတင်းစာဆရာကြီး


ထောင်ထဲမှာ နှစ်ပေါင်း ၂ဝ ကြာပြီး လွတ်လာတဲ့အချိန်မှာ သူ့ရဲ့ စိတ်မချမ်းမြေ့ဘွယ်ရာ အတွေ့ အကြုံတွေ အကြောင်း စာအုပ်တအုပ်ကို ချက်ခြင်း ကောက်ပြီးရေးပါတယ်။ စာအုပ် နာမည်က (Is This A Human Hell) (ဘာလဲဟဲ့ လူ့ငရဲ ) တဲ့။ ဗမာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူတွေ ထောင်နဲ့ချီအောင် ရှိနေဆဲဆိုတာကို အမှတ်ရနေစေဖို့အတွက်ဆိုပြီး သူကထောင်အင်္ကျီ အပြာရောင်ကို အမြဲ ဝတ်ပါတယ်။

မျက်နှာမှာ သောကအရိပ်အရောင် ကင်းရှင်းတဲ့ ဟောဒီ သပ်သပ်ရပ်ရပ်နဲ့ မျက်မှန်နဲ့ အမျိုးသမီး ကတော့ ထောင်ထဲ မှာ ၉ နှစ်နေခဲ့ရသူ ဆရာဝန် တယောက်ပါ။ လွန်ခဲ့တဲ့ ၃ နှစ်မှာ သူလွတ်လပ်လာတဲ့အချိန်က စလို့ သူဟာ ကျွန်မတို့ ပါတီရဲ့ လူမှုရေးနဲ့လူသားဒုက္ခ ကယ်ဆယ်စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ ဝင်ရောက်ပြီး အားလပ်ရက်ရယ်လို့ မရှိအောင် လုပ်ကိုင်နေခဲ့ပါတယ်။

အသက် ဂဝ ကျော် အရွယ်ပိုင်းရောက်နေတဲ့ ခင်ဖို့ကောင်းတဲ့ အဖွားအိုကြီးတချို့လည်း ရှိပါတယ်။ သူတို့ဟာ ၁၉၉၇ ခုနှစ်က စပြီး ကျွန်မတို့ရဲ့ ရုံးခန်းကို မှန်မှန် ရောက်လာလေ့ ရှိသူတွပေါ့။

အဲဒီနှစ်ဟာ ကျွန်မတို့အဖို့ ဆူနာမီ ဒီရေလှိုင်းလုံးကြီး ရိုက်ခတ် ခဲ့တဲ့နှစ်တနှစ်ပါဘဲ။ အဲဒီနှစ်မှာ ဖိနှိပ်ချုပ်ခြယ်မှု လှိုင်းလုံး အကြီး ကြီးရဲ့ ဒဏ်ကြောင့် ကျွန်မတို့ရဲ့ ဒီမိုကရေစီအရေးလှုပ်ရှားနေသူ အမြောက်အမြားဟာ ထောင်ထဲ ရောက်ကုန်ခဲ့ပါတယ်။

ခင်မင်စရာကောင်းတဲ့ အဖွားကြီးတွေလည်း

လာကြတယ်လို့ ဒေါ်စုက ရိုးရိုးလေးပြောပါတယ်


ကျွန်မတို့ပါတီရဲ့ အစည်းအဝေးတခုမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ သူတွေရဲ့ ဇနီး သားမယားတွေကို ရော သားငယ် သမီးငယ်တွေ ကိုရော မိအိုဖအိုတွေကိုရော ကျွန်မက ပြောပါတယ်။ ကျွန်မတို့ ဆောင်ရွက်နေတဲ့အရေးကို ညီညီညွတ်ညွတ်နဲ့ ထောက်ခံကြပါ။

ကျွန်မတို့ဟာ လက်မြှောက်အရှုံးပေးမှာမဟုတ်ကြောင်း၊ ထောင် ထဲမရောက်ဘဲကျန်ခဲ့တဲ့ ကျွန်မတို့ တတွေဟာ ထောင်ထဲရောက် လို့ လွတ်လပ်ခွင့် ချုပ်ခြယ်ခံရသူတွေရဲ့ အလံတော်ကို ကောက်ကိုင်ခဲ့ကြတဲ့ သတ္တိခဲတွေအထဲမှာ အခုန ပြောတဲ့ ခင်ဖို့ ကောင်းတဲ့ အဖွားအိုကြီးတွေလည်း ပါဝင်ပါတယ်။

သူတို့ဟာ ခိုင်မြဲတဲ့စိတ်ဓါတ်အင်အား ကြီးကြီးမားမားနဲ့ အလံတော်ကို ကိုင်စွဲမြဲ ကိုင်စွဲနေကြပါတယ်။...

28 July 2011

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ဘသုံးလုံး

ဆရာကြီး သခင်ကိုယ်တောမှိုင်းကို ပြည်သူ့စာဆိုကြီး၊ မျိုးချစ်စာဆိုကြီး၊ ငြိမ်းချမ်းရေး ဖခင်ကြီး စသည်ဖြင့် သူ့ခေတ်သူ့အခါ ပြည်သူအများက အသိအမှတ် ပြုခဲ့ကြသည်။ ဆရာကြီးကို မြန်မာသက္ကရာဇ် ၁၂၃၇ ခုနှစ်တွင် ဖွားမြင်ရာ သီပေါဘုရင် ကိုယ့်ထီး ကိုယ့်နန်းနှင့် ရှိစဉ်က ဖြစ်သည်။ ဆရာကြီး ၁၀ နှစ်သား အရွယ်၌ သီပေါဘုရင် ပါတော်မူသွားရာ ဆရာကြီးနှင့် မြန်မာပြည်သူအပေါင်း နယ်ချဲ့သမား လက်အောက် ရောက်ခဲ့ရသည်။

ထိုအချိန်ကစ၍ ဆရာကြီးသည် နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် ကိန်းအောင်းခဲ့သည်။ သခင် လူငယ်များနှင့် အတူ တိုင်းပြည် လွတ်လပ်ရေးရရန် ကြိုးပမ်းခဲ့သည်။ တိုင်းပြည်လွတ်လပ်ရေး ရပြီးသော အခါတွင်ကား ပါတီ အဖွဲ့အစည်းများ အကွဲကွဲဖြစ်ကာ နေရာအနှံ့ စစ်မီး တောက်လောင်ခဲ့သည်။

ဤတွင် ဆရာကြီးသည် ပြည်တွင်း ငြိမ်းချမ်းရေး ရရာရကြောင်း ဆောင်ရွက်ခဲ့သည်။ ဆရာကြီးသည် အသက် ၉၀ အရွယ်၌ လူကြီးရောဂါဖြင့် ကွယ်လွန် သွားရှာသည်။ တိုင်းပြည် ငြိမ်းချမ်းရေးကို မြင်တွေ့မသွားရ။ ဆရာကြီးသည် ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် အနိစ္စရောက်ခြင်း ဖြစ်ရာ ဆရာကြီး ကွယ်လွန်ခဲ့သည်မှာ နှစ် ၅၀ ကျော် ရှိလေပြီ။

၁၉၆၃ ခုနှစ် ကျွန်တော်သည် သတင်းထောက်ကြီးများနောက်လိုက်ရင်း ဆရာကြီး သခင်ကိုယ်တော်မှိုင်း အား နှစ်ကြိမ်မျှ တွေ့ရှိရပြီး ဂါရ၀ပြု ကန်တော့ဖူး ပါ၏။ တော်လှန်ရေး ကောင်စီ က တောတွင်း အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးခေါ်ရာ ဗမာပြည် ကွန်မြူနစ်ပါတီမှ ရဲဘော်ဌေးနှင့် အဖွဲ့ ရောက်ရှိလာပြီး ဆရာကြီးကို လာရောက် ဂါရ၀ပြုကြစဉ်က တစ်ကြိမ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြီးနောက် စာရေးဆရာ အသင်းမှ စာရေးဆရာ အချို့နှင့်အတူ သွားရောက် ကန်တော့စဉ်က တစ်ကြိမ် အနီးကပ် ဂါရ၀ပြုခဲ့ရပါသည်။

ယခုအခါမှာတော့ ကျွန်တော်တို့သည် ဆရာကြီး၏ ခံယူချက်၊ လုပ်ဆောင်ချက်၊ မိန့်မှာချက်၊ သြ၀ါဒ စကားများကို ပြန်လည် လေ့လာကြည့်ရာ မကုန်ခမ်းနိုင်သော အဖိုးတန် ရေကြည်ရေတွင်းကြီးကို ခပ်ယူ သုံးစွဲရသကဲ့သို့ ရှိပါတော့သည်။

ဖဆပလ အစိုးရခေတ်က စာရေးဆရာအသင်း အစည်းအဝေးတစ်ခုသို့ နာယကအဖြစ် ဆရာကြီး သခင် ကိုယ်တော်မှိုင်း တက်ရောက်လာသည်။ စာရေးဆရာများကို ဆရာကြီးက ရင်းနှီးစွာ သြ၀ါဒစကား ပြောကြားပုံ အချို့ကို တင်ပြလိုပါသည်။

ဆရာကြီးက ''မင်းတို့ခေတ်က အများကြီး တော်သေးတယ်။ ဆရာတို့ခေတ်က စာတစ်ပုဒ် ကို ငွေတစ်ဆယ်လောက် ရတယ်။ ဒါတောင် ငါးကျပ်နဲ့လျော့ပြီး ၀င်ရေးကြသူတွေ ရှိတော့ တစ်ပုဒ် ငါးကျပ်ဈေး ဖြစ်သွားတယ်။ ဒါလောက်ရှိလှ မရေးတော့ဘူးဆိုပြီး ပေခံနေလိုက်တယ်။ ကျန်တဲ့သူတွေက ငါးကျပ်နဲ့ ရေးနေရာက စာတော်ပြန် ၀န်ထောက်မင်းရုံးမှာ အလုပ်ရသွားကြတယ် ကြားတယ်။

အကြောင်းမသိခင်က အထင်ကြီးမိတယ်။ နောက်မှသိရတာက စာတော်ပြန် ၀န်ထောက်မင်း ဆိုတာ အင်္ဂလိပ်မျက်နှာဖြူ ၀န်ထောက်၊ သူက ခေါင်းလောင်းလေးတီး ခေါ်ရင် စောစောကပြောတဲ့ ဆရာတွေက ရုံးခန်းဝမှာ ဖိနပ်ချွတ်ပြီး ၀င်ရတယ်။ ၀န်ထောက်က သူသိချင်တာမေးပြီး သွားတော့ဆိုမှ ပြန်ထွက်လာရတယ်။ ၀န်ထောက်ကို အရိုအသေပေး ၀င်ရထွက်ရတာ။ သြော် ဒီလောက်အောက်ကျတဲ့ အလုပ်တော့ မလုပ်ဖူး၊ ငတ်သေပါရစေ ဆိုပြီး ဆရာ စိတ်ဆုံးဖြတ်လိုက်တယ်။''

ဆရာကြီးက သူငယ်စဉ်က အတွေ့အကြုံများကို ပြောကြားပြီးနောက် ယနေ့ စာရေးဆရာများကိုလည်း မည်သို့ ကျင့်ကြံရမည်ကို မှာကြားခြင်း ပြုပါလေတော့သည်။

မင်းတို့ စာရေးဆရာတွေဟာ 'ဘ'သုံးလုံး ကျေဖို့လိုတယ်။ 'ဘ'သုံးလုံး အက္ခရာ ဘယ်လို ကျေရမလဲ ဆိုတော့၊ ၁ က ဘိုင်ကျရဲရမယ်။ ၂ က ဘုပြောရဲရမယ်။ ၃ က ဘာမဆို မှန်တဲ့အတိုင်း ရေးရဲရမယ်'ဟူ၍ ဖြစ်၏။

စာရေးဆရာများသည် ဆရာကြီး သြ၀ါဒကို သဘောကျကြသည်။ ဆရာကြီးက ဆက်လက်၍ သူကိုယ်တိုင် လစာမှန်မှန် ရသော သူရိယ သတင်းစာတိုက်က ထွက်ပြီး လခမမှန်သော ဗဟန်း ကောလိပ်ခေါ် အမျိုးသားကောလိပ်သို့ သွား၍ ရာဇ၀င်နှင့် မြန်မာစာ ပါမောက္ခ လုပ်ခဲ့ပုံ ပြောပြသည်။ ဘုန်းကြီးကျောင်းက ဆွမ်းကျန်၊ ဟင်းကျန် စားခဲ့ရသည်။

ဘုပြောရဲသည့် နေရာတွင် ဘုရင်ခံ ဆာဂျေအေမောင်ကြီးကိုပင် ဆရာကြီး ဘုတောဘုပြောခဲ့ဖူးသည်ဟု ဆိုသည်။ ဘာမဆို အမှန်အတိုင်း ရေးရဲရမည် ဆိုသည့်အတိုင်း ဆရာကြီးသည် ထိုခေတ်က ငါးထောင်စား၊ ခြောက်ထောင်စား ရာထူးကြီးများ ရရန် အင်္ဂလိပ်အစိုးရကို ကပ်ပါးရပ်ပါး လုပ်သူများအား 'မသာဈာပနဘွဲ့' လေးချိုးကြီးဖြင့် အုပ်ထည့်ခဲ့လေသည်။

ဆရာကြီးသည် ငွေကြေးကိုမမက်။ သူက မှန်ကန်သည်ဟု မထင်လျှင် ငွေများစွာရသော်လည်း မရေးခဲ့။ ဝေလမင်းသား မြန်မာပြည်လာစဉ်က ဘုန်းတော်ဘွဲ့တစ်ပုဒ် ရေးပေးပါ။ ငွေကျပ်တစ်ထောင် ဉာဏ်ပူဇော်ခ ပေးပါမည်ဟု တောင်းပန်သော်လည်း ဆရာကြီးက မရေးခဲ့ပေ။ အခြား ပုဂ္ဂိုလ်များက မျက်နှာလိုမျက်နှာရလုပ်ပြီး ရေးပေးကြသည်။

ဆရာကြီး သခင်ကိုယ်တောမှိုင်းက ထိုစာရေးဆရာများ အစည်းအဝေး၌ သူပြောသလို လုပ်ခဲ့ပုံများကို ဘသုံးလုံးဖြင့် ပွဲကျအောင် ဟောပြောသွားလေသည်။ ထိုစဉ်က ဆရာကြီးအသက် ၈၀ ကျော်ခန့် ရှိပြီ။

ရေးသားသူ..မြတ်ဆွေ

ရည်ညွှန်း - ၂၈-၈-၁၉၆၄ ကြေးမုံ သတင်းစာ

မြန်မာပြည်က အထည်ချုပ်အလုပ်သမားများ ခေါင်းပုံဖြတ်ခံရ..

အလွန်နည်းပါးသောနစ်နာကြေးပေးကာ အလုပ်အဖြုတ်ခံရမည့်ဘေးနှင့် ရင်ဆိုင်နေရသောသင်္ဃန်းကျွန်းမြို့နယ် လင်းထက် သိုးမွှေးအထည်ချုပ် စက်ရုံမှ အလုပ်သမားများကိစ္စအား ရန်ကုန်တိုင်းဒေသကြီး အလုပ်သမား ၀န်ကြီးဌာန၀န်ကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့ တိုင်ကြားမည် ဖြစ်ကြောင်း ၄င်းအလုပ်သမားများ ဘက်မှ လိုက်ပါဆောင်ရွက်လျက်ရှိသည် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။

စက်ရုံတွင် အလုပ်သမား ၄၀၀ ၀န်းကျင်ရှိပြီး ထိုအလုပ်သမားများအား မန်နေဂျာဖြစ်သူ တရုတ်အမျိုးသမီး ဆုဝေရှင်း က ဇူလိုင်လ ၂၂ ရက်နေ့တွင် အလုပ်သမားခေါင်းဆောင်များမှတဆင့် စက်ရုံကို ရက်အကန့် အသတ် မရှိ ပိတ်ရန်ကြေညာခဲ့ ပြီး အလုပ်သမားများ၏ နစ်နာကြေးအဖြစ် လုပ်သက် ၁လ မှ ၁နှစ် အထိ အလုပ်သမား များအား ၇၀၀၀ ကျပ် အဖြစ်လည်းကောင်း၊ လုပ်သက် ၂နှစ်မှ ၃နှစ်အထိ အလုပ်သမားများအား ၁၄၀၀၀ ကျပ် အဖြစ် လည်းကောင်း၊ လုပ်သက် ၃နှစ် နှင့်အထက်အလုပ်သမားများအတွက် ကျပ် ၃၅၀၀၀ အား လည်းကောင်း ပေးအပ်မည်ဟုလည်းကြေညာ ခဲ့ကြောင်း သို့သော် ထိုလျော်ကြေးငွေပမာဏမှာ အလုပ်သမား များ အတွက် အလွန်နည်းပါးသဖြင့် သက်ဆိုင်ရာသို့ တိုင်ကြားရန် ဦးသိန်းညွန့်ထံတွင် အကူ အညီတောင်း ခဲ့ခြင်းဖြစ်ကြောင်း လင်းထက်သိုးမွေးအထည်ချုပ်စက်ရုံမှ အလုပ်သမား တစ်ဦးဖြစ်သူ ဒေါ်အေးအေးသွယ်က လည်း ပြောကြားခဲ့သည်။

“အရင်ဆုံး အစိုးရအဖွဲ့အစည်းတွေနဲ့ပဲ ပြေလည်အောင်ဖြေရှင်းမယ်။ ဒါပေမယ့် သူတို့ဘက်က အရေးယူဆောင် ရွက်မှုမရှိရင်၊ ကြာနေရင် အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ကို တိုင်ဖို့စဉ်းစားထားပါတယ်” ဟု ဦးသိန်းညွန့်ကဆိုသည်။

ယခုဖြစ်ရပ်သည် အလုပ်သမားများ၏ အခွင့်အရေးနှင့်ပတ်သက်ပြီး လူ့အခွင့်အရေး ပင်ဖြစ်ကြောင်း၊ ယခု အထည်ချုပ်စက်ရုံ အလုပ်သမား အများစုမှာ အမျိုးသမီးများဖြစ်ကြပြီး ၄င်းတို့၏ အလုပ်အကိုင်အခွင့်အလမ်းများ အတွက် စဉ်းစားပေးရန် အထူးလိုအပ်ကြောင်း ၄င်းက ထပ်မံ၍ ပြောကြားသည်။

“သူတို့ပေးတဲ့လျော်ကြေးပမာဏက နည်းလွန်းတယ်၊ကျွန်မတို့ မကျေနပ်နိုင်ဘူး။ အဲဒါကြောင့်ဒီကို အကူအညီလာတောင်းတာပါ” ဒေါ်အေးအေးသွယ်က ဆိုသည်။အဆိုပါ အထည်ချုပ်၏ ကုန်ကြမ်းဌာန မှ ဒေါ်မော်မော်အောင်ကလည်း စက်ရုံပိတ်မည့်အကြောင်းကို ယခုကဲ့သို့ ရက်ကပ်ပြီးမှ ပြောကြားသောကြောင့် ၄င်းတို့အလုပ်သမားများအနေဖြင့် အလုပ်အကိုင်သစ်ရှာဖွေရန် အလွန်ခက်ခဲရကြောင်း၊ ထို့ပြင် နစ်နာကြေးမှာ လည်း အလွန်နည်းပါးနေပြီး ထိုနစ်နာကြေးလက်ခံသူများအား မိမိဆန္ဒအလျောက် စက်ရုံမှ နှုတ် ထွက်ခြင်းဖြစ် သည် ဟု လက်မှတ်ရေးထိုးစေကြောင်း၊ နစ်နာကြေးကို လက်ခံရန်လည်း စက်ရုံတွင်း ဖိအားပေးမှုများ ရှိကြောင်း ပြောကြားသည်။

”အခုဆိုရင် အလုပ်သမား လေးပုံသုံးပုံလောက် ထွက်ကုန်ပြီ။ ဖိအားပေးတဲ့ဒဏ်ကိုမခံနိုင်ကြလို့ပါ” ဟု ၄င်းကဆိုသည်။သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ယခုဖြစ်ရပ်အား မိမိအနေဖြင့် မီဒီယာများတွင် ဖော်ပြလိုသဖြင့် ပြည်တွင်းဂျာနယ်များအား သတင်းပေးခဲ့ကြောင်း သို့သော် ရေးသားဖော်ပြ သည် ပြည်တွင်းဂျာနယ်များ၏ သတင်းများအားလည်း မြန်မာနိုင်ငံ စာပေစိစစ်ရေးအဖွဲ့ မှ ဖော်ပြခွင့်မပြုဟု မိမိကြားသိရကြောင်းဆိုသည်။

“ကျွန်တော်လွှတ်တော်အစည်းအဝေးလုပ်ရင် ဒီဖြစ်ရပ်ကို ပြန်တင်ပြမှာပါ။ စာပေစိစစ်ရေးအဖွဲ့ ဆင်းရဲတဲ့ တိုင်းရင်းသား မြန်မာ အလုပ်သမားတွေဘက်က မရပ်တည်ဘဲ ထိုင်ဝမ်တရုတ်သူဌေးဘက်က ရပ်တည်ပြီး ဘာလို့ သတင်းကို အမှောင်ချ တာလဲဆိုတာ ကျွန်တော်စဥ်းစားလို့ တောင်မရဘူး” ဟု ၄င်းကဆိုသည်။

လင်းထက် သိုးမွှေးအထည်ချုပ်စက်ရုံကို ထိုင်ဝမ်တရုတ်သူဌေးတစ်ဦးမှပိုင်ဆိုင်ပြီး ယခင် မီးရထားပို့ ဆောင်ရေးဝန်ကြီးဌာန၀န်ကြီး ဟောင်း ဦးဝင်းရွှေ၏သားက နာမည်ခံပေးထားခြင်းဖြစ်ကြောင်း၊ မန်နေဂျာမှာ လည်း တရုတ်အမျိုးသမီး ဆုဝေရှင်းဖြစ်ပြီး မြန်မာအမျိုးသမီး ဒေါ်ရီရီကျော်က နာမည်ခံ ပေးထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

သတင်းး... ပီအက်စ် Transparency Myanmar

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် မှ ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ..

Untitled 1


Untitled 2



တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျာ။

အမျိုးသားခေါင်းဆောင်ကြီး နှင့် လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း ရဲ့ သမီး လူထု ခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည် က တိုင်းရင်းသားညီ အကိုများမှီတင်းနေ ထိုင်ရာ ပြည်နယ် တချို့မှာ လတ် တလော တောက်လောင်နေတဲ့ စစ်မီးတောက်များ ငြိမ်းအေးသွားစေရေးအတွက် ကိုယ်စွမ်းရှိ သမျှ ပါဝင်ဆောင် ရွက်ပေးလိုတဲ့စေတနာနဲ့ သက်ဆိုင်သူများထံ အိတ်ဖွင့်ပေးစာတစ်စောင် ဒီကနေ့ ပေးပို့၊ ထုတ်ပြန်လိုက်ပါတယ်။

လက်နက်ကိုင်ပဋိပက္ခတွေ အမြန်ဆုံးရပ်ဆိုင်းဖို့ ၊ ပြသနာ တွေကိုတွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ အနုးအညွတ်တိုက်တွန်းပန်ကြားထားပါတယ်။ ဒီကနေ့ရက်စွဲနဲ့ထုတ်ပြန်လိုက်တဲ့ ဒီအိတ်ဖွင့်ပေးစာ ကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ တရားဝင်လမ်းကြောင်းက ပေးပို့ပြီးဖြစ်ပါတယ်။ ကျန်ပုဂ္ဂိုလ်များကတော့ ဆက်သွယ်ရန် လမ်းကြောင်းမရှိတဲ့အတွက် အဖွဲ့ချုပ်ပြန်ကြားရေးကပဲ ထုတ်ပြန်ထားပါတယ်။ ရယူလေ့လာဆောင် ရွက်ကြ ဖို့ မေတ္တာ ရပ်ခံပါတယ်။

ဦးအုန်းကြိုင်

သတင်းနှင့်ပြန်ကြားရေးဌာန

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်