09 February 2013

မန္တလေး ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် အဖွဲ့များ နိုင်ငံတော် ဘဏ္ဍာငွေများကို နှစ်စဉ်သိန်းထောင်ချီ၍ အလွဲသုံးစားမှု ပြုလုပ်နေကြောင်း

 မန္တလေး ဆေးတက္ကသိုလ်တွင် ပါမောက္ခချုပ်နှင့် အဖွဲ့များ နိုင်ငံတော် ဘဏ္ဍာငွေများကို နှစ်စဉ်သိန်းထောင်ချီ၍ အလွဲသုံးစားမှု ပြုလုပ်နေကြောင်း အဆိုပါ တက္ကသိုလ်ရှိ ဘဏ်ငွေစာရင်းဌာနမှ လုပ်သက် ၂၀ ရှိ စာရင်းစစ် (၂) ဒေါ်စန်းလှ ဆိုသူက ဖေဖော်ဝါရီ ၆ ရက် ရန်ကုန်မြို့ မြန်မာဂျာနယ်လစ် နက်ဝပ်တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ယင်းကဲ့သို့ ငွေကျပ်သိန်းထောင်ချီ အလွဲသုံးစား ပြုလုပ်နေခြင်း အား ပြောကြားရာတွင် “ကျွန်မတို့ ပါမောက္ခရယ်။ ငွေစာရင်းမှူးတွေ ရယ်၊ မော်ကွန်းထိန်းတွေရယ် ဟာဆိုရင် ကျောင်းသားတွေ ဆီက ဆေးတက္ကသိုလ်(မန်း) ခေါင်းစည်း မပါဘဲ ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ဘဏ္ဍာရေး၊ အခွန်ဝန်ထမ်းဦးစီးဌာန စာတမ်းတွေ မပါဘဲနဲ့ မှောင်ခိုဘောက်ချာတွေနဲ့ တရားမဝင် ပိုက်ဆံကောက်ပါတယ်။ ကောက်တာမှ သာမန်ရငွေဆိုရင် တစ်နှစ်ကို ကျပ်သိန်း ၂၃၀၀ ကျော်ပါတယ်။ ငွေလုံးငွေရင်း ဆိုရင် ကျပ်သန်း ထောင်ချီပါတယ်။ ကျွန်မက ဘတ်ဂျက်ကမို့ အတိအကျ ပြောနိုင်တာပါ” ဟု ယင်းက ပြောသည်။ ဆေးတက္ကသိုလ်များ၏ ဘတ်ဂျက်သည် ဝန်ကြီးဌာနများတွင် အမြင့်ဆုံးဖြစ်ပြီး ဆေးဘက်ဆိုင်ရာ သင်တန်းပစ္စည်း၊ လျှပ်စစ်သုံးပစ္စည်း၊ ကျောင်းသားများအတွက် လိုအပ်သော ပစ္စည်းများ ဝယ်ယူရန်အတွက် Capatal သို့ ဘဏ္ဍာရေး အဆိုပြု တောင်းခံထားသော်လည်း အဆိုပါငွေများ ယင်းတို့ အိတ်ထောင်ထဲသို့သာ ရောက်သွားကြောင်း ယင်းကပြောသည်။ နိုင်ငံတော် ဘဏ္ဍာငွေတွေကို ပေါင်းပြီး အလွဲသုံးစား လုပ်နေတာ ကျွန်မစာရင်း အတိအကျ ဆွဲထားပါတယ်။ သာမန်ရငွေ၊ ငွေလုံးငွေရင်းရငွေ အားလုံး အတိအကျ ဆွဲထားပါတယ်” ဟု ဆက်လက် ပြောသည်။ အလွဲသုံးစားပြုငွေများတွင် နိုင်ငံတော်နှင့် ပြည်သူပိုင် မန်းဆေး၏ MD-6 တွင် မပေးသွင်းသော ရ-သ-စမှ ညွှန်ကြားပြီး နိုင်ငံတော် သာမန်ရငွေ ငွေစာရင်းများတွင် ပစ္စည်းများ ရောင်းချရငွေများနှင့် ဆောင်ရွက်ပေးမှုအတွက် ရငွေများ၊ အဆောင်ငှားရမ်းခ ရငွေများ၊ ကျောင်းသားကတ် ဒဏ်ငွေများနှင့် အခြားရငွေများနှင့် ဘဏ္ဍာငွေအဖြစ် သိမ်းယူခြင်းများ၊ သာမန်ရငွေ၊ အလွဲသုံးစားပြုငွေ တစ်နှစ်လျှင် စုစုပေါင်း ကျပ်သိန်း ၂၃၀၀ ခန့်ဖြစ်ကြောင်း ယင်းက ဆိုသည်။ အဆိုပါ ပါမောက္ခချုပ်သည် ၂၀၀၇ ခုနှစ်က စတင်ရောက်ရှိခဲ့ပြီး ယင်းကဲ့သို့ ဘဏ္ဍာငွေ အလွဲသုံးစားမှုများကို သိရှိသဖြင့် မလိုအပ်ဘဲ ၂၀၁၁ ခုနှစ် နိုဝင်ဘာမှစ၍ အတင်းအဓမ္မ ပင်စင်ပေးခဲ့သဖြင့် မူလအတိုင်း တာဝန်များ ပြန်လည်ထမ်းဆောင်ခွင့်ရရန်နှင့် စိစစ်ဖြေရှင်းပေးရန် နိုင်ငံတော်သမ္မတနှင့်တကွ သက်ဆိုင်ရာ ဝန်ကြီးဌာန အဆင့်ဆင့်သို့ စာတင်ထားကြောင်း လည်း ယင်းက ပြောပြခဲ့သည်။

သတင်း.... News Watch Weekly ဂျာနယ်

မြန်မာပြည်သူတို့ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေး ကမ္ဘာ့ဘဏ်"ကူညီမည်

မြန်မာနိုင်ငံ ပြည်သူလူထု လိုအပ်နေသော လျှပ်စစ်ဓာတ်အား ပိုမိုရရှိစေရန် အတွက် ကမ္ဘာ့ဘဏ် လုပ်ငန်းစုက ကူညီ ပံ့ပိုးသွားမည်ဖြစ်ကြောင်း သိရသည်။ ၅-၂-၂၀၁၃ ရက် မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ ချယ်ထရီယမ် ဟိုတယ်တွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဘဏ်လုပ်ငန်းစု သတင်းစာ ရှင်းလင်းပွဲတွင် ကမ္ဘာ့ဘဏ် လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌနှင့် CEO ဖြစ်သူ JIN-YOUNG CAI က အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။ “ပြည်သူတွေနဲ့ စီးပွားရေး လုပ်ငန်းတွေကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ် လူမှုစီးပွား ဖော်ဆောင်ရေး ကဏ္ဍအတွက် အလွန်အရေးကြီးပါတယ်။ လျှပ်စစ်ဓာတ်အားကို ပြည်သူ အားလုံးအတွက် ဖြန့်ဖြူးပေးနိုင်ဖို့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး၊ အကြီးစား စီမံကိန်းတွေ အကောင်အထည် ဖော်တဲ့ နေရာမှာ လိုအပ်တဲ့ မတည်ငွေတွေ အတွက် IFC  ကအစိုးရနဲ့ လက်တွဲ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ယင်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် လုံလောက်မှုမရှိသော လျှပ်စစ်ဓာတ်အားကို ပိုမိုတိုးမြှင့် ဆောင်ရွက်ရေးသည် ပြည်သူပိုင်ကဏ္ဍနှင့် ပုဂ္ဂလိက စီးပွားရေးကဏ္ဍ နှစ်ရပ်လုံးမှ အကြီးစား ထောက်ပံ့မှုများ လိုအပ်ကြောင်း ယင်းကဆိုသည်။ အဆိုပါ လျှပ်စစ်ဓာတ်အား ပိုမို သုံးစွဲနိုင်ရေးအတွက် ကူညီမည့် သဘောတူညီချက်ကို ကမ္ဘာ့ဘဏ် လုပ်ငန်းစု၏ IFC အလုပ်အမှုဆောင် ဒုတိယဥက္ကဋ္ဌ နှင့် CEO JIN-YOUNG CAI ၊ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ AXEL VAN TROTSENBERG, IFC ၏ အာရှပစိဖိတ် ဒုတိယဥက္ကဋ္ဌ KARIN FINKELSTON တို့နှင့်အတူ MIGA ၏ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ MICHEL WORMSER တို့၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ချမှတ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ ယင်းခရီးစဉ်အတွင်း နိုင်ငံတော် သမ္မတဦးသိန်းစိန်၊ အစိုးရဝန်ကြီးများအဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော်အဖွဲ့ဝင်များ၊ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍ၊ မြို့ပြလူမှုအဖွဲ့အစည်း၊ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ကြကာ ဆင်းရဲချို့တဲ့သော လူတန်းစားဘဝများကို မြှင့်တင်၍ ပြုပြင်ပြောင်းလဲရေးများအား ပံ့ပိုးကူညီပေးမည့် အကြောင်းကို အဓိက ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။ ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံတွင် စာသင်ကျောင်းများ၊ ကျန်းမာရေး ဆေးပေးခန်းများနှင့် လမ်းများ အပါအဝင် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၈၀ ကို ချပေးခဲ့ပြီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး လုပ်ငန်းများ အောင်မြင်စေရေး အတွက် မြန်မာငြိမ်းချမ်းရေး စင်တာကို လည်း ကူညီပေးမည့်အပြင် မြန်မာနိုင်ငံ၏ ဦးစားပေးလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရန် အတိုးနှုန်း လုံးဝမပါသော မတည်ငွေ အမေရိကန် ဒေါ်လာ ၁၆၅ သန်းကို ပံ့ပိုးကူညီမည်။

သတင်း... News Watch Weekly ဂျာနယ်

07 February 2013

မော်ဒယ် ဆရာမကြီး ပြောနေသော မြန်မာ မိန်းကလေးတွေရဲ့ဝတ်စား ဆင်ယင်မှု..

တင်မိုးလွင် -- လမ်းပေါ်မှာ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ ကြီးကြပ်တဲ့သူတွေ မရှိသရွေ့တော့ ကန့်သတ်လို့မရပါဘူး
 

 ဆင်ဆာတွေလွတ်လပ်လာတဲ့ အပေါ်မှာ ၀တ်စားဆင်ယင်လာတဲ့ မြန်မာမိန်ကလေးတစ်ယောက်အနေ နဲ့ အန္တရာယ်ကိုဖိတ်ခေါ်နေတယ်လို့ မမိုး မြင်မိတယ်။ မြန်မာပြည်မှာ အဲ ဒီလောက်ကြီး မဖြစ်သင့်ဘူးလို့ထင် တယ်။ အမေရိကားလိုနေရာမျိုး မှာတောင် လုပ်ငန်းခွင်နဲ့ပတ်သက် လာတာတို့၊ မသင့်တော်တဲ့နေရာမျိုး မှာဆို အတိုတွေဝတ်လာရင် ချက် ချင်း ပြန်လွှတ်တာမျိုးရှိတယ်။ အဲဒီ တော့ သူပိုင်ဆိုင်ရာ နယ်မြေအသီး သီးကိုဝင်မယ်။ ဌာနအသီးသီးကို သွားမယ်ဆို သူ့ကန့်သတ်ချက်နဲ့သူ ရှိပါတယ်။ ဘုရားကိုသွားရင်ဘာ ၀တ်ရမယ်၊ ဌာနကိုသွားရင်ဘာဝတ် ရမယ်၊ တက္ကသိုလ်ကျောင်းကိုသွား ရင် ဘာဝတ်ရမယ်ဆိုပြီးကန့်သတ် ချက်ရှိပါတယ်။ အဲဒီကန့်သတ်တဲ့ နေရာမဟုတ်ဘဲ လမ်းမပေါ်သွားနေ တဲ့နေရာမျိုးကတော့ လမ်းပေါ်မှာ ရှိတဲ့ ယဉ်ကျေးမှု ထိန်းသိမ်းတဲ့ရဲ၊ ယဉ်ကျေးမှုထိန်းသိမ်းတဲ့ ကြီးကြပ် တဲ့သူတွေမရှိသရွေ့တော့ ကန့်သတ် လို့မရပါဘူး။ ၀တ်နေမှာပါပဲ။ ကိုယ့် အသိစိတ်နဲ့ ကိုယ်ဝတ်ဖို့ပါပဲ။ ကိုယ့် အသိစိတ်နဲ့ ကိုယ်ဝတ်ဖို့ကတော့ မီ ဒီယာတွေကလည်း အဓိကပါပဲ။ မီ ဒီယာ Channel တွေက ပြနေတဲ့ ပုံတွေ၊ မဂ္ဂဇင်း၊ သတင်းဂျာနယ်တွေ က အဓိကပါပဲ။ အဲဒီစာမျက်နှာတွေ ကို လှန်လိုက်လို့တွေ့ရတဲ့ ပုံစံတွေ မျိုး အပြင်ကလိုက်ဝတ်ကြတာလေ။ စာပေ၊ စာနယ်ဇင်းကလည်း တာဝန် တွေ အသိစိတ်တွေနဲ့ ကိုယ့်ရဲ့စာ ပေသတင်းအချက်အလက်နဲ့ ယဉ် ကျေးမှုကိုပြန်လည်ပြီး လမ်းမှန်ထိန်း သိမ်းပေးနိုင်ရင်ပိုကောင်းပါတယ်။ မ မိုးဆို အရင်ကဂျာနယ်တစ်စောင်ကို ပုံမှန်အားပေးတယ်။ ၀ယ်ဖတ်တယ်။ နောက်ပိုင်းတော့ မဖြစ်မနေဖတ်ရ တဲ့အဆင့်မျိုးမထားတော့ပါဘူး။ အဲ ဒီဂျာနယ်မှာဆို မတင်သင့်တဲ့ပုံတွေ ကို တင်တဲ့အတွက် လူတွေတော် တော်လေးရှုတ်ချတယ်။စောင့်ကြည့် အကဲဖြတ်တဲ့ ပညာရှင်အသိုင်း အ၀ိုင်းတွေပေါ့။ မမိုးက Education နဲ့ Entertainment ကိုတွဲပြီးလုပ်နေ တဲ့အတွက် Entertainment စစ်စစ် ကိုမသွားဘဲ ပညာပေးနဲ့သွားတဲ့ အတွက် မမိုးရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ပညာရှင်တွေ မိတ်ဆွေအပေါင်း အသင်းတွေက လူငယ်တွေကို သင် ကြားပေးတဲ့ သူတစ်ယောက် အနေ နဲ့ ဘာတွေကို ထည့်သင့်တယ်၊ ဘာ ကိုတားသင့် တယ်ဆိုတာကို အကြံ ညဏ်ပေးတဲ့ အတွက် အလျဉ်း သင့်လို့ပြောဖြစ်တာပါ။

ရင်းမြစ်.... 8 DAYS A WEEK ENTERTAINMENT

ကော်မရှင်နှင့် သမ္မတရုံးလမ်းညွှန်ချက် ဝမ်ပေါင်က လိုက်နာမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ကုမ္ပဏီအနေဖြင့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွန်ချက်အပေါ် အထူးအလေးထား လိုက်နာမည်ဖြစ်ကြောင်း မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မန်နေဂျာ မစ္စတာ ဒေါင်ယွန်ဖီ (Mr.Dong Yunfei) က ပြောသည်။ အငြင်းပွားဖွယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ တာဝန်ပေးထားသော ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာသည် ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကြားဖြတ်အစီရင်ခံစာ ပေးပို့နိုင်ခဲ့သော်လည်း အပြီးသတ် အစီရင်ခံစာကိုမူ ယနေ့တိုင် ထုတ်ပြန်ပေးခြင်း မရှိသေးသည့်အပေါ် ပြည်သူအားလုံးနှင့် မီဒီယာများက ၎င်းတို့နှင့်အတူ စိတ်ရှည်စွာ သည်းခံ စောင့်ဆိုင်းကြရန်လည်း မစ္စတာ ဒေါင်ယွန်ဖီက ပြောသည်။ “ကျွန်တော်တို့ အခုကြေးနီစီမံကိန်းကို ရပ်တန့်ထားတဲ့အတွက် တွက်ချက်မှုအရဆိုရင် တစ်လကို အမေရိကန်ဒေါ်လာ နှစ်သန်းလောက် ဆုံးရှုံးတဲ့ အတွက် ကျွန်တော်တို့လည်း ဆုံးဖြတ်ချက်ကို မြန်မြန်သိချင်တာပေါ့။ ဘာဖြစ်မလဲ ဆိုတာကို ခန့်မှန်းတာမျိုးတော့ မလုပ်ထားပါဘူး။ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို လေးစားမှာပါ” ဟု မစ္စတာဒေါင်ယွန်ဖီက ပြောသည်။ ထို့ပြင် ကုမ္ပဏီသည် ကော်မရှင်၏ ဝင်ရောက်စစ်ဆေးသည့် ကာလအတွင်း အတတ်နိုင်ဆုံး ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ ပြဋ္ဌာန်းထားသော တရားဥပဒေနှင့်အညီ စီမံကိန်းအား စဉ်းစားချင့်ချိန်စွာ အကောင်အထည် ဖော်လျက်ရှိသဖြင့် အငြင်းပွားမှုများကို ရင်းနှီးချစ်ကြည်စွာဖြင့် ပြေလည်အောင် ညှိနှိုင်းဆွေးနွေး၍ ဆက်လက်အကောင်အထည် ဖော်သွားကြမည် ဖြစ်ကြောင်း၊ မြန်မာအစိုးရ အနေဖြင့်လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ၏ တရားဝင် အကျိုးစီးပွားကို ဥပဒေ ကြောင်းအရ ကာကွယ်နိုင်မည်ဟု ယုံကြည်ကြောင်း မစ္စတာဒေါင်ယွန်ဖီက ပြောသည်။ လက်ပံတောင်း ဒေသခံ များနှင့် စီမံကိန်း ဆန့်ကျင်သူများကမူ နှစ်လကြာသည့်တိုင် ကော်မရှင်မှ တိကျသော အဖြေတစ်စုံတစ်ရာမှ မရရှိသေးကြောင်း၊ ကော်မရှင်၏ အစီရင်ခံစာ နှောင့်နှေးမှုအပေါ် အားမရကြောင်း ပြောသည်။ “ကျွန်တော်တို့က ကော်မရှင်အဖြေ ဘယ်လိုပဲထွက်ထွက် ရပ်တန့်ရေးအတွက် တိုက်နေမှာပါ။ ကော်မရှင်က ကျွန်တော်တို့ အတွက် သိပ်စဉ်းစားမယ်လို့တော့ မထင်ဘူး။ နောက် သပိတ်စခန်း ဖြိုခွဲမှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အခုထိ ဘာမှ သေချာမသိရသေးဘူး” ဟု တုံရွာကျေးရွာမှ ဦးအောင်မျိုးဦးက ပြောသည်။ သို့သော် နိုဝင်ဘာလ ၂၇ ရက်နေ့ လက်ပံတောင်းတောင် စီမံကိန်း ဆန္ဒပြသူများအား အကြမ်းဖက် ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့မှ အဖြူရောင် ဖော့စ်ဖောရပ်စ် (White Phosphorous) ပါဝင်သော ဗုံးများကို အသုံးပြုခဲ့ကြောင်း အထောက်အထားများကို ရှေ့နေများကွန်ရက် (အထက်မြန်မာပြည်)မှ အထောက်အထားများဖြင့် စစ်ဆေးချက် ရရှိထားကြောင်း၊ အဆိုပါ တွေ့ရှိချက်များကိုလည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ထံ ထပ်မံပေးပို့မည်ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ ရလာတဲ့ တွေ့ရှိချက်တွေကို ကော်မရှင် ကြားဖြတ်အစီရင်ခံစာ မတင်မီ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အင်န်အယ်လ်ဒီ အီးမေးလ်ကတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ဆီ ပို့ခဲ့တာပါ။ အီးမေးလ်ကဆိုတော့ လက်ခံ၊ မခံ မသိဘူးပေါ့။ အခု ကျွန်တော်တို့ မြန်မာလို ဘာသာပြန်နေပါတယ်။ ပြီးရင် ကော်မရှင်ကို တိုက်ရိုက် ပို့ဖို့ စီစဉ်နေပါတယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် (အထက်မြန်မာပြည်) မှ ဥပဒေကော်မတီ ခေါင်းဆောင် ဦးသိန်းသန်းဦးက ပြောသည်။ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်သည် အဆိုပါ အကြမ်းဖက် ဖြိုခွဲမှုတွင် အသုံးပြုခဲ့သော ဗုံးခွံအား အမေရိကန်နိုင်ငံမှ လူ့အခွင့်အရေး လှုပ်ရှားသူ ရှေ့နေရော်ဂျာနော်မန်၏ အကူအညီဖြင့် ထိုင်းနိုင်ငံရှိ သြစတြေးလျကုမ္ပဏီပိုင် ASL Global တွင် စစ်ဆေးခဲ့ရာ အဖြူရောင် ဖော့စ်ဖောရပ်စ်ကို အသုံးပြုခဲ့ကြောင်း အဖြေထွက်ပေါ်လာခဲ့သည်။ “တွေ့ရှိချက် အဖြေကို ဇန်နဝါရီလထဲမှာပဲ ကျွန်တော်တို့ ရတယ်။ အဖြူရောင် ဖော့စ်ဖောရပ်စ် တွေ့တယ်ဆိုတာကို ဓာတ်ခွဲခန်းအဖြေနဲ့အတူ သက်သေ အဖြစ် အထောက်အထား လက်မှတ်တွေလည်း ပါတယ်။ ကျွန်တော်တို့ကတော့ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးမှာ အထောက်အကူဖြစ်အောင် အခုလို စစ်ခိုင်းတာပါ” ဟု ဦးအောင်သန်းဦးက ပြောသည်။ “အဖြူရောင် ဖော့စ်ဖောရပ်စ်ကို စစ်ပွဲတွေမှာ သုံးတယ်ဆိုပေမယ့် အချက်ပြအနေနဲ့ သုံးတာပါ။ လူတွေချေမှုန်းဖို့ သုံးတာကိုတော့ ခွင့်မပြုထားပါဘူး။ လူတွေကို ထိခိုက်နိုင်တဲ့အတွက် ၁၉၉၃ ဂျနီဗာကွန်ဗင်းရှင်း အရလည်း တားမြစ်ထားပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်...။

သတင်း..... မြန်မာတိုင်း(မ်) ဂျာနယ်

06 February 2013

နှစ်ပေါင်း ၂၀ ကျော် ၀င်ငွေခွန် ကင်းလွတ်ခဲ့သော ဦးပိုင်လီမိတက် လာမည့်ဘတ်ဂျက်တွင် အခွန်ဆောင်ရတော့မည်

၂၃ နှစ်နီးပါး ၀င်ငွေခွန် ကင်းလွတ်ခွင့် ရရှိထားသော ဦးပိုင်လီမိတက်သည်လည်း အခွန် ပေးဆောင်ရတော့မည်ဟု သိရသည်။ ၁၉၉၀ ခုနှစ် ဧပြီလ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ဦးပိုင်လီမိတက်မှာ ကုန်သွယ်လုပ်ငန်းခွန်ကို ၂၀၁၂ ခုနှစ် ဧပြီ ၁ ရက်နေ့တွင်မှ စတင်ပေးဆောင်ခဲ့ရာ ကျန်ရှိနေသေးသော ၀င်ငွေခွန်ကိုပါ ပေးဆောင်ရတော့မည်ဟု ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၏ ပြောကြားချက်အရ သိရသည်။ “ဘယ်သူမဆို နိုင်ငံသားတိုင်း ပေးဆောင်ရမယ့် အခွန်တွေကို ပေးဆောင်ရဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် ဦးပိုင် ကိစ္စကလည်း ပါသွားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ကုန်သည်/စက်မှုမှ စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးက “မည်သူမဆို ရရှိတဲ့ အမြတ်ဝင်ငွေခွန်ထဲက ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ရတယ်။ ဒါက ဘယ်သူ့အတွက်လည်း သန်း ၆၀ ကျော်သော ပြည်သူ့အတွက် သုံးတာလေ။ ဒါဆို ပေးသင့်လား၊ မပေးသင့်ဘူးလား ဆိုတာ ရှင်းနေတာပဲ” ဟု ပြောသည်။ စီးပွားရေး ဦးပိုင်လီမိတက်ကို လက်ရှိ တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ အငြိမ်းစား တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ထည့်ဝင်ငွေများဖြင့် လုပ်ကိုင်နေကြောင်း လွှတ်တော်အစည်းအဝေး တစ်ခုတွင် တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်တစ်ဦးက ပြောကြားခဲ့သည်။ ဦးပိုင်လီမိတက်သည် သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ သတ္တုတူးဖော်ရေး လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၊ ၀န်ဆောင်မှု လုပ်ငန်းများ၊ အချိုရည်နှင့် ယမကာ လုပ်ငန်းများ အပါအ၀င် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်း အများစုကို လုပ်ကိုင်လျက်ရှိပြီး တပ်မတော်အစိုးရ လက်ထက်ကာလတွင် နိုင်ငံ၏ အရပ်ရပ် စီးပွားရေး လုပ်ငန်းများကို ဦးဆောင် လုပ်ကိုင်ခဲ့သည်။ လက်ရှိတွင် ဦးပိုင်လီမိတက် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ခင်ဇော်ဦး (စစ်ရေးချုပ်) က တာဝန်ယူထားပြီး ၎င်းသည် ၂၀၁၀ ခုနှစ်က ဥက္ကဋ္ဌရာထူးကို လက်ခံခဲ့သည်ဟု Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

ထူးကုမ္ပဏီလက်အောက်ရှိ လုပ်ငန်းအားလုံး ယခုနှစ်အတွင်း အများပိုင်ပြောင်းမည်

 ထူးကုမ္ပဏီလက်အောက်ရှိ အမြတ်အစွန်း ရရှိနေသော လုပ်ငန်းများ အားလုံးကို ၂၀၁၃ ခုနှစ်အတွင်း အများပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲသွားမည်ဖြစ်ကြောင်း ထူးထရေးဒင်းကုမ္ပဏီမှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ဦးရဲမင်းဦးက ပြောသည်။ မကြာသေးမီ ရက်ပိုင်းအတွင်းက ထူးကုမ္ပဏီအုပ်စုပိုင် အာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ် (AGD Bank) ကို အများပိုင်ဘဏ်အဖြစ် ပြောင်းလဲမည်ဟု ကြေညာပြီးနောက် အခြား အမြတ်အစွန်း ရရှိနေသည့် လုပ်ငန်းများကိုပါ အများပိုင်အဖြစ် ပြုလုပ်မည်ဟု ဦးရဲမင်းဦးက ပြောကြားခြင်း ဖြစ်သည်။ “AGD ဘဏ်အပြင် ထူးကုမ္ပဏီ အုပ်စုအောက်မှာရှိတဲ့ အကျိုးအမြတ် ရရှိနေတဲ့ လုပ်ငန်းတွေ အားလုံးကို အများပိုင်အဖြစ် ဒီနှစ်ထဲမှာ တော်တော်များများ ပြောင်းဖို့ ရှိပါတယ်။ ဘယ်လုပ်ငန်းတွေဆိုတာကိုတော့ လုပ်ငန်းပိုင်း သဘောသဘာဝအရ မပြောနိုင်သေးပါဘူး” ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံတွင် အချမ်းသာဆုံး စာရင်းဝင် ဦးတေဇပိုင်ဆိုင်သော ထူးကုမ္ပဏီ အုပ်စုအောက်၌ ကျောက်စိမ်း ကျောက်မျက်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ ကျွန်းသစ်လုပ်ငန်း၊ လောင်စာဆီလုပ်ငန်းတို့ကို လုပ်ကိုင်လျက် ရှိသည်။ ယင်းသို့ နာမည်ကျော် ကုမ္ပဏီ အုပ်စုကြီးတစ်ခုမှ ၎င်းပိုင် လုပ်ငန်းများကို တစ်ဦးတည်းပိုင်မှ အများပိုင်အဖြစ်သို့ ပြောင်းလဲပေးခြင်းအပေါ် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်မှ ဒုဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။ “ပွင့်လင်းလာတဲ့ ဈေးကွက်စီးပွားရေးမှာ တိုးချဲ့တယ်လို့ပဲ ပြောရမှာပေါ့။ ငွေစာရင်း သဘောအရဆိုလျှင် ငွေခေါ်တဲ့ သဘောပါပဲ။ ဒါပေမယ့် အများပိုင် ကုမ္ပဏီကို ဘယ်လို အချိုးအစားနဲ့ လုပ်မလဲဆိုတာ ပွင့်လင်းမြင်သာမှုရှိဖို့ အရေးကြီးတယ်။ Public Offering လို့ခေါ်တဲ့ ရှယ်ယာဝင်မယ့် သူတွေအပေါ် ထင်သာမြင်သာမှုရှိအောင် လုပ်ဖို့ လိုတယ်။ မစ်ဆူဘီရှီတို့လို ကမ္ဘာ့အဆင့်မီ ကုမ္ပဏီကြီးတွေ ဖြစ်ဖို့ဆိုရင်တော့ ဒီလိုပဲ ရှယ်ယာတွေ ခေါ်ပြီး အများပိုင် လုပ်ရမှာပဲ” ဟု ၎င်းက ပြောကြားကြောင်း  7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

05 February 2013

နိုင်ငံခြားသားများအား တည်းခိုခွင့် မပြုရန် မြောက်ဦး ဟိုတည်များကို အာဏာပိုင်များ ညွှန်ကြား

ရခိုင်ပြည်နယ် ရှေးဟောင်းမြို့တော် မြောက်ဦးသို့ နိုင်ငံခြားသားများ လာရောက် လည်ပတ်ခြင်းကို အာဏာပိုင်များက ပိတ်ပင် ထားသည်သာမက အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိလာပါကလည်း ဟိုတည်များတွင် တည်းခိုခွင့် မပြုရန်  ညွှန်ကြားထားသည်ဟု သတင်း ရရှိသည်။

hotel in mrauk u
ထိုသို့ ညွှန်ကြားထားခြင်းကို ဟိုတည်နှင့် ခရီးသွား လုပ်ငန်း တာဝန်ရှိသူများက ဖုံးဖြင့် ပြုလုပ် ထားသည်ဟု အမည် မဖေါ်လိုသူ ဒေသခံ လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
“ အစိုးရကနေ တရားဝင်ထုတ်ပြန်ထားတာတော့ မရှိပါဘူး။ ခရီးသွားလုပ်ငန်းကုမ္ပဏီတွေ အပါအ၀င် မြောက်ဦးက ဟိုတည်တွေကို ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကနေ တယ်လီဖုန်းနဲ့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ မြောက်ဦးသို့ နိုင်ငံခြား ခရီးသည်တွေကို မပို့ဆောင်ဖို့နဲ့ အကြောင်းအမျိုးအမျိုးကြောင့် မြောက်ဦးကို ရောက်ရှိလာတဲ့ ခရီးသည်တွေကိုလည်း လက်မခံဖို့  မြောက်ဦးမှာ ရှိတဲ့ဟိုတယ်တွေကို ညွှန်ကြား ထားပါတယ်” ဟု ဆိုသည်။
လွန်ခဲ့သောနှစ် ဇွန်လတွင်  ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် သြဂတ်စ်လ  ၃၀ ရက်နေ့ ရက်စွဲဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာနမှ ညွှန်ကြားချက်ထုတ်ပြီး စစ်တွေ၊ မြောက်ဦး၊ ဝေသာလီ၊ ကျောက်တော်မြို့ မဟာမုနိသို့ နိုင်ငံခြားခရီးသွားများ သွားလာ လည်ပတ်မူကို ပိတ်ပင်ခဲ့သည်။
အခြေအနေ ပြန်လည် တည်ငြိမ်လာသဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အစိုးရမှ တရားဝင် ပြန်လည်ခွင့်ပြုခဲ့သော်လည်း အောက်တိုဘာလတွင် ဆက်လက် ဆူပူ အကြမ်းဖက်မူများ ပေါ်ပေါက်လာသဖြင့် နိုင်ငံခြားသားများ မြောက်ဦးသို့ သွားလာ လည်ပတ်မူကို ပြန်လည် ပိတ်ပင်ခဲ့သည်။
မြောက်ဦးမြို့ကို နိုင်ငံခြား ခရီးသည်များ လာရောက်လည်ပတ်မှုကို ပိတ်ထားသည့်အတွက် ဒေသအတွင်းမှ လုပ်ငန်းရှင်များ အပါအ၀င် ခရီးသွား လုပ်ငန်း တစ်ခုလုံးကို အထူးထိခိုက် နစ်နာ နေကြရသည်ဟု မြောက်ဦးမြို့မှ ဟိုတည် ပိုင်ရှင် တစ်ဦးက ပြောသည်။
“ ဒီလုပ်ငန်းကို မှီခိုစားသောက်နေကြတဲ့ ခရီးသွား လုပ်ငန်းတွေ၊ လက်လုပ်လက်စားတွေ၊ ရှိစု မဲ့စု စုဆောင်းပြီး လုပ်ငန်းလေး တွေ ထူထောင်ထားတဲ့  သူတွေကတော့  လုပ်ငန်းတွေ ပျက်စီး သွားပါ တယ်။ ဟိုတယ်တွေ၊ နိုင်ငံခြား ခရီးသည်တွေကိုပို့ပေးနေတဲ့ စက်လှေသမားတွေကလည်း တနှစ်လုံး ဘာမှဝင်ငွေမှ မရှိတဲ့ အတွက် စက်လှေတွေကို ကုန်းပေါ်တင်ထားကြရပီး တချို့မှာလည်း စက်လှေတွေ ပျက်ကုန်ပါပြီ” ဟု ဆိုသည်။
ယခုကဲ့သို့ ပိတ်ပင်ထားခြင်းမှာ အောက်တိုဘာလ အတွင်းက မြောက်ဦးမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူ အကြမ်းဖက်မှုများနှင့် ဆက်စပ်နိုင်သည်ဟု သူက ပြောသည်။
“ဘာကြောင့် မြောက်ဦးကို နိုင်ငံခြားသား ခရီးသွားတွေ လာရောက်လည်ပတ်မူကို ပိတ်ထားတယ် ဆိုတာ ကိုတော့ အစိုးရဘက် က တိတိကျကျ အကြောင်းပြချက်တော့ မပေးဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ထင်တာ ကတော့ မြောက်ဦး ဆူပူ အကြမ်းမှုတွေနဲ့ ဆက်စပ်ပြီး ဒီလိုပိတ်ထားတယ်လို့ဘဲ ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။
အောက်တိုဘာလ အတွင်းက မြောက်ဦးနှင့် ၆ မိုင် ခန့်ဝေးသည့် ယဉ်သည်ရွာတွင် ဖြစ်ပေါ်ခဲ့သော အကြမ်းဖက်မူတွင် လူအများအပြား သေဆုံးခဲ့သည်။
ဟိုတယ်ပိုင်ရှင်များ အနေဖြင့်  နိုင်ငံခြားခရီသွား ဧည့်သည်များ လာရောက် တည်းခိုမှု မရှိသည့်အတွက် အ ခက်အခဲများ ဖြစ်ပေါ်နေသဖြင့်  ဟိုတယ် ၀န်ထမ်း တချို့ကို အလုပ်မှ ဖြုတ်ပစ်လိုက်ရပြီး တချို့ကိုလည်း အ လုပ်မှ ယာယီ အနားပေးထားရကြောင်း အဆိုပါ ဟိုတယ် ပိုင်ရှင်မှ ပြောသည်။
ရခိုင်ပြည်နယ် ခရီးသွား လုပ်ငန်း၏ အဓိက အချက်အချာကျသော မြောက်ဦးမြို့ကို နိုင်ငံခြားသားများ သွားလာ လည်ပတ်မူကို ပိတ်ပင်ထားသဖြင့် ရခိုင်ပြည်နယ် ခရီးသွား လုပ်ငန်းကို အထူး ထိခိုက်နေသည်ဟု သိရသည်။

သတင်းရင်းမြစ်......  Narinjara News

တစ်နိုင်ငံလုံး အခမဲ့ ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်း ထုတ်လွှင့်မည်

 မြန်မာတစ်နိုင်ငံလုံး အများပြည်သူများ အခမဲ့ကြည့်ရှုနိုင်သည့် ရုပ်သံလိုင်းသစ် Latest Channel ထုတ်လွှင့် ပြသနိုင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း လေဆာဝေါလ်ကုမ္ပဏီမှ တာဝန်ရှိသူ ဒါရိုက်တာ အောင်ကျော်သူရက ၁-၂-၂၀၁၃ ရက်တွင် ပြောကြားသည်။ “ကျွန်တော်တို့ဘက်ကတော့ အဆင်သင့်ဖြစ်နေပါပြီ။ ရုပ်သံထုတ်လွှင့် ပြသသွားမှာပါ။ 

အစီအစဉ်တွေ အားလုံး ရေးဆွဲပြီးပါပြီ။ ဇာတ်လမ်းတွဲတွေ ထုတ်လွှင့်ပေးနိုင်ဖို့ ကုမ္ပဏီက ကိုယ်ပိုင်ရိုက်ကူးထားတဲ့ ဇာတ်ကား ၂၀ ကျော်လောက် ရှိပါပြီ။ ခုနစ်ကားတော့ ဆင်ဆာကျပြီးသား ပါ။ ဇာတ်ကားတွေကို အဆင့်မီအောင် ကြိုးစားရိုက်ကူးထားပြီး ဇာတ်ကားရဲ့ အသံစနစ်တွေ ကောင်းမွန်အောင် ဆောင်ရွက်ထားပါတယ်” ဟု ကိုအောင်ကျော်သူရက ပြောကြားသည်။ 

ထို့ပြင် “ကုမ္ပဏီအနေနဲ့ ရုပ်သံထုတ်လွှင့်မှု တချို့ကို ကိုရီးယားနည်းပညာ အသုံးပြုသွားမှာ ဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံက ရုပ်သံလိုင်းတစ်ခုနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်မှု ထားပြီးပါပြီ။ ကျွန်တော်တို့ Latest Channel အနေနဲ့ နောင်မှာ ကမ္ဘာကို မထုတ်လွှင့်နိုင်ဘူးလို့ မပြောနိုင်သလို အခုစတင်ကတည်းက အဆင့်အတန်းမီအောင် ကြိုးစားလုပ်ဆောင်နေပါတယ်။

 ပြည်ပမှ ထုတ်လွှင့်တဲ့ Channel V, MTV လို ကျွန်တော်တို့အနေနဲ့ အဆိုတော်တွေကို ငှားရမ်းပြီး အသစ်သစ်တွေ ဖန်တီးရိုက်ကူးကာ ပရိသတ်ကို ထုတ်လွှင့် ပြသသွားမှာပါ။ ကျွန်တော်တို့ Latest Channel အနေနဲ့ ပြည်ပက ထုတ်လွှင့်ပြသတဲ့ ရုပ်သံလိုင်းတွေကို ဝယ်ယူထုတ်လွှင့် ပြသသွားမှာ မဟုတ်ဘဲ မိမိကိုယ်ပိုင်စိတ်ကူး၊ တီထွင်ဆန်းသစ်မှုတွေ ကိုသာ အဓိကပြုလုပ် ထုတ်လွှင့်သွားမယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။ Latest Channel ရုပ်သံလိုင်းအား အင်တာနက်တွင် ကြည့်ရှုနိုင်အောင် စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရုပ်သံထုတ်လွှင့်မှုကို ဒီဂျစ်တယ်စနစ်ဖြင့် ထုတ်လွှင့်သွားမည်ဟု သိရကြောင်း   ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ ""

အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ်များကို" ပြင်ဆင်ရုပ်သိမ်းမည်

 ယခင် စစ်အစိုးရလက်ထက်မှ ပြဋ္ဌာန်းထားခဲ့သော အီလက်ထရွန်နစ် ဆက်သွယ်ရေးဥပဒေမှ ပြစ်မှုနှင့် ပြစ်ဒဏ် အချက်များကို ပြင်ဆင် ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က နေပြည်တော်တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ထိုသို့ ပြောကြားခြင်းမှာ ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေ ရုပ်သိမ်းသည့် ဥပဒေကျမ်းကို တင်သွင်းခဲ့စဉ် ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင် ပြောကြားရာတွင် ယခင်စစ်အစိုးရ လက်ထက်က ထုတ်ပြန်ထားသော အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေတွင် အခန်း ၁၃ ခန်း၊ ပုဒ်မ ၅၂ တို့ ပါဝင်ပြီး အဓိကရည်ရွယ်ချက်များ အနေဖြင့် အီလက်ထရွန်နစ် ဆက်သွယ်ရေးနည်းဖြင့် အင်တာနက်ကို အသုံးပြု၍ ကုန်သွယ်မှုပြုခြင်း၊ e-commerce, e-government, Online Banking စနစ်များ ဆောင်ရွက်ရာတွင် တစ်ဦးနှင့် တစ်ဦး၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ လူချင်းမြင်တွေ့ ဆက်ဆံခြင်း မဟုတ်ဘဲ ယုံကြည်စိတ်ချရမှုအတွက် ဖြည့်ဆည်းပေးရန် ဖြစ်ကြောင်း၊ နည်းပညာ ပြဋ္ဌာန်းချက်များ ဖြစ်သည့် အီလက်ထရွန်နစ် နည်းပညာဖြင့် ဆက်သွယ် ဆောင်ရွက်ရာတွင် သက်သေခံလက်မှတ် ထုတ်ပေး သည့် ပြဋ္ဌာန်းချက်နှင့် အီလက်ထရွန်နစ် နည်းပညာ အသုံးပြု ကျူးလွန် သည့် ပြစ်မှုများအတွက် ပြဋ္ဌာန်းချက်များ ပါဝင်ကြောင်း ဦးသောင်းတင်က ပြောသည်။ “အီလက်ထရွန်နစ် ဆက်သွယ်ရေး နည်းပညာကို အသုံးပြုပြီး ကျူးလွန်တဲ့ ပြစ်မှုနဲ့ ပြစ်ဒဏ် ပြဋ္ဌာန်းချက်များမှာ ၂ ပိုင်းပါဝင် ရေးဆွဲထားပါတယ်။ 

ဥပဒေရဲ့ ဒုတိယပိုင်းမှာပါရှိတဲ့ ဖော်ပြပါ ပြစ်မှုပြစ်ဒဏ်များ အခန်း ၁၂ တွင် ပါဝင်တဲ့ ပြဋ္ဌာန်းချက်တွေမှာ နိုင်ငံတော် လုံခြုံရေး သတင်းအချက်အလက် နည်းပညာကို အသုံးပြုပြီး ကျူးလွန်တဲ့ ပြစ်မှုတွေက ကာကွယ်တားဆီးနိုင်ရေးအတွက် အဓိကရေးဆွဲထားတာ ဖြစ်တာကြောင့် ယနေ့ သတင်းအချက်အလက်ကို ပိုမိုပွင့်လင်းစွာ စီးဆင်းစေခြင်း၊ လွတ်လပ်စွာ ပြောဆိုခွင့်တို့ရဲ့ ရှုထောင့်တွေက ကြည့်မယ်ဆိုရင် ပြင်ဆင်ပယ်ဖျက်ရန် လိုအပ်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေပါတယ်” ဟု ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့သည်။ စစ်အစိုးရလက်ထက်က ပြဋ္ဌာန်းထားသော အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေကို ၂၀၀၄ ခုနှစ် ဧပြီ ၃၀ ရက်တွင် ကြေညာချက်အမှတ် ၅/၂၀၀၄ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယင်းဥပဒေကို ယခုအခါ ခေတ်နှင့် လျော်ညီသော အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေတစ်ရပ်အဖြစ် ပြန်လည် ရေးဆွဲသွားမည်ဖြစ်ပြီး ဥပဒေသစ် ထွက်ရှိလာပါက ဥပဒေဟောင်းကို ပယ်ဖျက်သွားမည် ဖြစ်သည်။

 “အီလက်ထရွန်နစ် ဆက်သွယ်ရေး ဥပဒေရုပ်သိမ်းပေးရန် အချက်နှင့် စပ်လျဉ်းပြီး ခေတ်စနစ် နဲ့ လျော်ညီပြီး နိုင်ငံတကာနဲ့ ရင်ပေါင်တန်း ဆောင်ရွက်နိုင်တဲ့ e-commerce ဖွံ့ဖြိုးတိုးတက်မှုကို ထူးချွန်ထက်မြက်သော မြန်မာအိုင်တီလူငယ်များ၏ တီထွင်မှုစွမ်းအား ကို ဖော်ထုတ်နိုင်ရန် အားပေးသည့် ဥပဒေတစ်ရပ်ကို လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းရင်းသား လုပ်ငန်းရှင်များ၊ အိုင်တီပညာရှင်များ၊ ဆွေးနွေးတိုင်ပင်၍ နိုင်ငံတကာမှ ဥပဒေနှင့်ပညာရှင်များ၏ အကူအညီဖြင့် အသစ်ရေးဆွဲ သင့်ပါတယ်။ ဥပဒေရုပ်သိမ်းတဲ့ အခါမှာလည်း ဥပဒေသစ် အတည်ပြု ပြဋ္ဌာန်းပြီးမှသာ ယခုဥပဒေ တစ်ခုလုံးကို ရုပ်သိမ်းခြင်း ပြုသင့်ပါတယ်” ဟု ဦးသောင်းတင်က အကြံပြု ပြောကြားခဲ့ကြောင်း   ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

လုပ်စားသွားကြသူများကြောင့် အတိဒုက္ခရောက်နေရမှုမှ ကယ်တင်ပေးနိုင်ပါရန် ( အုတ်စက်ရုံဝန်ထမ်းတစ်ဦးရဲ့ တိုင်ကြားစာ)



နိုင်ငံတော် အစိုးရအနေနဲ့ အဂတိလိုက်စားမှုနဲ့ ပတ်သက်လို့ကော်မရှင်ဖွဲ့ပြီး လုပ်နေတာတွေ့ရ သလို ဒီမိုကရေစီခေတ်မှာ Good Governance နဲ့ Clean Governmentဖြစ်အောင် လုပ်နေချိန် လည်းဖြစ်ပါတယ်.... ယခုအချိန်မှာ ဆက်သွယ်ရေး ၀န်ကြီးဌာနက အဆင့်မြင့်အရာရှိတွေကိုလဲ စုံစမ်း စစ်ဆေးနေတာတွေ လုပ်နေပြီလို့ ကြားသိရပါတယ်.... ဒါပေမယ့်လည်း မိမိကိုယ် မိမိတော်ပါတယ်... ကောင်းပါတယ်ဆိုပြီး အသံကောင်း ဟစ်ပြီးတော့နောက်ကွယ်ကခြစားနေတဲ့ ကိစ္စရပ်တစ်ချို့လဲ ရှိနေ တဲ့အတွက် ဒီလိုကိစ္စမျိုးကို ကျွန်တော်ပြောပါရစေ၊ ကျွန်တော်ခံစားခဲ့ရတဲ့ ကိစ္စဟာဆိုရင် နိုင်ငံတော် နဲ့ပြည်သူတွေသာမက တစ်နေ့လုပ်မှတစ်နေ့စားရတဲ့ ကျနော်တို့လိုနေ့စားဝန်ထမ်းတွေပါ အတိဒုက္ခ ရောက်ခဲ့ရပါတယ်....
ကျနော်ကတော့ စက်မှုဝန်ကြီးဌာန(ယခင် စက်မှု-၁)လက်အောက် အင်းစိန်၊ ဒညင်းကုန်း အုတ်စက်ရုံနေ့စား အလုပ်သမား ၀န်ထမ်းတစ်ဦးဖြစ်ပါတယ်။ ကျနော်တို့ အုတ်စက်ရုံကို ၂၀၁၂သြဂုတ်လ တုန်းက Mother Trading Co. ကိုရောင်းချခဲ့ပါတယ်....။ 
စရောင်းတဲ့ အချိန်တုံးကတော့ သမ္မတ အကြံပေးဝန်ကြီးဦးစိုးသိန်းက DVB Interview မှာ “ဒီစက်ရုံကရောင်းလိုက်တာတော့ ဟုတ်တယ်.... ဒါပေမယ့် ဒီအလုပ်သမားတွေ အလုပ်မပြုတ်ပါဘူး....သူတို့က ဆက်လက်နေပိုင်ခွင့်ရှိတယ်... အလုပ် လဲဆက်ပြီး လုပ်ပိုင်ခွင့်ရှိတယ်” ဆိုပြီးပြောခဲ့သလို အခြားတစ်ဖက်ကလည်း“ အဲဒီ အလုပ်သမားတွေဟာပေါက်တူးတစ်လက်နဲ့ ကျူးကျော်ပြီးတော့ ၀င်ရောက် နေထိုင်နေတဲ့ သူတွေဖြစ်တယ်.... ဒီတော့ ဒီအလုပ်သမားတွေကိုဖယ်ရှားရမယ် ” လို့ ပြောလာ ပြန်တယ်.....
အခုအခြေအနေမှာ စက်ရုံက Permanent ၀န်ထမ်းတွေကိုတော့ ဆက်လက်ခန့်တာတို့ ပင်စင် ပေးတာတို့တော့ရှိပေမယ့်၊ စက်ရုံဝန်ထမ်းထဲက အလုပ်သမားတန်းလျားမှာနေပြီး အလုပ်လုပ် နေရတဲ့ ကျွန်တော်တို့လို နေ့စားအလုပ်သမားတွေအဖို့ အလုပ်လက်မဲ့ဘ၀ကို ကြုံတွေ့ရပါတော့မယ်.... ဒီကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနကို တင်ပြတော့လည်း ဘာမှအရေးယူမှု၊ ဆောင်ရွက် ပေးမှုမရှိပါဘူး..... ကျွန်တော်တို့ဘ၀က အစိုးရရယ်၊ စက်ရုံကိုရောင်းချခဲ့တဲ့ သမ္မတအကြံပေး ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနဲ့ Monther Trading  ကုမ္ပဏီရယ်ကြားထဲမှာ စားစရာမရှိ/ နေစရာမရှိ ဘ၀မျိုးရောက် ရပါတော့မယ်။
.... တစ်ကယ်တန်း ထိုက်ထိုက်တန်တန် အကျိုးရှိသွား တာကတော့ Mother Trading ကုမ္ပဏီနဲ့ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းတို့ပါပဲ.... ဒါကြောင့် ကျွန်တော်တို့ စက်ရုံအပြင်ဖော့ကန်ဆိပ်ကမ်း နယ်မြေမှာရှိတဲ့ ဆိပ်ကမ်းအနီးက လယ်မြေတွေ ကိုလည်း အုတ်စက်ရုံ တည်ထောင်ဘို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လယ်သမားတွေဆီက သိမ်းယူခဲ့ပြီး Mother Trading Co. ကို အင်မတန် သက်သာတဲ့ဈေးနှုန်းနဲ့ ရောင်းချခဲ့ပါသေးတယ်.... ခုချိန်ထိ တော့ ဘာလုပ်ငန်းမှ မလုပ်သေးဘဲ တစ်ချို့လယ်မြေတွေကို သီးစားချထားနေတယ်လို့ သိရ ပါတယ်.... ဦးစိုးသိန်းဟာမြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် (Myanmar Investment Commission) အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ရာမှာ သူ့ကိုငွေနဲ့ လာဘ်ထိုးမှသာ လုပ်ငန်းအဆင်ပြေတယ် လို့ ကြားသိရပါသေးတယ်....။
ကျွန်တော်တို့မှာတော့ ထမင်းနပ်မှန်အောင်စားနိုင်ဘို့ အင်မတန်ကြိုးစားရုန်းကန် စားသောက် နေရတဲ့အချိန်မှာ နိုင်ငံတော်ပိုင်စက်ရုံနဲ့ မြေတွေကို မတန်တဆညှိနှိုင်းဈေးတွေနဲ့ လုပ်ဆောင်ခဲ့တာကို အားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါတယ်.... ၀န်ကြီးနဲ့ကုမ္ပဏီက အဆမတန်ကြီးပွားချမ်းသာလာတာ ကို မလိုလားလို့ပြောတာမဟုတ်ပါဘူး.... ကျွန်တော်တို့ရဲ့ စားဝတ်နေရေးကို နိုင်ငံတော်အစိုးရမှ ပြန်လည်ကြည့်ရှုပေးစေလိုတဲ့ ဆန္ဒနဲ့တင်ပြရခြင်းဖြစ်ပါတယ်....ယခင်စက်မှုဝန်ကြီးဌာနနဲ့ ပတ်သက်ပြီး ကုမ္ပဏီတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ခဲ့တာတွေကို ပြန်ပြောရမယ်ဆိုရင်တော့ ပြောလို့မဆုံးပါဘူး… ကျွန်တော့်အနေနဲ့ကတော့ သမ္မတအနီးအနားမှာ လုပ်ပိုင်ခွင့်အရှိဆုံး ထမ်းဆောင်နေတဲ့ လူကြီး တစ်ယောက်အနေနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လုပ်ရပ်တွေဆက်လက် မလုပ် ဆောင်စေဘို့နဲ့ ကျွန်တော်တို့ရဲ့ဘ၀ကို လျစ်လျူရှုမထားဘဲ ပြန်လည် ကြည့်ရှုစောင့်ရှောက် ပေး ပါရန် နိုင်ငံတော်သမ္မတကြီးထံ တင်ပြလိုက်ပါရစေခင်ဗျာ....။
 အုတ်စက်ရုံဝန်ထမ်းတစ်ဦး

03 February 2013

အကောက်ခွန်ဦးစီးဌာနကို အာဆီယံနိုင်ငံပုံစံ ဖွဲ့စည်းပုံအဖြစ်" ပြောင်းလဲဆောင်ရွက်မည်

 ၂၀၁၅ ခုနှစ်တွင် အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးဇုန် (AFTA) အဖြစ် ပြုလုပ်ပါက ပိုမိုလွယ်ကူစွာ လုပ်ငန်း လုပ်ဆောင်နိုင်ရန်အတွက် အကောက်ခွန်ဦးစီးဌာနကို အာဆီယံနိုင်ငံ ပုံစံ ဖွဲ့စည်းပုံအဖြစ် ပြုလုပ်မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန၊ စီမံရေးရာဌာန ဌာနခွဲ ညွှန်ကြားရေးမှူး ဦးဇော်လင်းက ပြောသည်။ ၂၆.၁.၂၀၁၃ ရက် ညနေပိုင်းက အဆိုပါရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၄င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။ “အာဆီယံပုံစံအတိုင်း ပြုလုပ်မယ့် ဖွဲ့စည်းပုံအသစ်အတွက် ဝန်ကြီးဌာနကို တင်ပြထားပြီး ဖြစ်ပါတယ်။ ခွင့်ပြုချက်ရရင် ဖွဲ့စည်းပုံကို လွှတ်တော်ကို တင်ပြပြီး အတည်ပြုသွားမှာပါ။ ဖွဲ့စည်းပုံအသစ်အတွက် ဘတ်ဂျက်၊ ဝန်ထမ်းတွေကို ဘယ်လိုနေရာတွေမှာ တာဝန်ထားရမယ် ဆိုတာတွေကို လုပ်ရဦးမှာပါ။ အဲ့ဒါပြီးရင်တော့ အာဆီယံနိုင်ငံတွေနည်းတူ ဝန်ဆောင်မှုကို ၂၄ နာရီ ပေးနိုင်မှာပါ” ဟု ယင်းကဆိုသည်။ အာဆီယံနိုင်ငံများ နည်းတူ လုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်းပုံ ပြောင်းလဲရေးတွင် ဆောင်ရွက်နိုင်ရန် ဆိပ်ကမ်းများ၌ ကုန်ပစ္စည်းစစ်ဆေးသော X-Ray များ တိုးချဲ့ရန် လိုအပ်သည့်အတွက် တပ်ဆင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။ အကောက်ခွန်ဦးစီးဌာနသည် ၁၉၉၄ ခုနှစ် မတ် ၂၅ ရက်တွင် World Customs Organization (WCO) ကို ဝင်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အဝန်း (Asean Economic Community) ကို သဘောတူလက်မှတ် ရေးထိုးခဲ့ပြီး ဖြစ်သည်။ အကောက်ခွန်ဦးစီးဌာနသည် လက်ရှိ ဖွဲ့စည်းထားသည့်ပုံစံမှာ ညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တစ်ဦး၊ ညွှန်ကြားရေးမှူး ခုနှစ်ဦးနှင့် ဝန်ထမ်း ၁၆၅၀ ဦးဖြင့် လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိသည်ဟု   News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

လက်ပံတောင်းတောင် အစီရင်ခံစာ ဖေဖော်ဝါရီလကုန် ထုတ်ပြန်မည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဖေဖော်ဝါရီလကုန်တွင် ထုတ်ပြန်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။ လက်ပံတောင်းတောင် စီမံကိန်း ဆန့်ကျင် ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွင်းခဲ့မှုတွင် စစ်မြေပြင်၌ အသုံးပြုသော ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပါဝင်သော လက်ပစ်ဗုံးများ အသုံးပြုထားသည်ဟု ယင်းကိစ္စရပ်ကို စုံစမ်းစစ်ဆေးနေ သည့် မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က ပြောဆို ခဲ့ကြောင်း ဖော်ပြထား သည်။ မြန်မာ့ရှေ့ နေကွန်ရက်နှင့် အမေရိကန် လူ့အခွင့် အရေး စောင့်ကြည့် မှု ရှေ့နေများက အကြမ်းဖက် ဖြိုခွင်းခံရသော နယ်မြေအတွင်းရှိ ပစ္စည်းအချို့ကို စုဆောင်း၍ ဘန်ကောက်မြို့ရှိ ပုဂ္ဂလိကဓာတ်ခွဲခန်းသို့ ယူဆောင်စစ်ဆေးရာ အဆိုပါပစ္စည်း အပိုင်းအစများတွင် ဖော့စ်ဖရပ်အဖြူ (မီးစုန်းဖြူ) ပမာဏ များပြားနေသည်ကို တွေ့ရခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ကိုးကား ဖော်ပြထားသည်။ တရုတ်ကုမ္ပဏီ ဝမ်ပေါင်နှင့် မြန်မာအစိုးရ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်တို့၏ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက် ဆန္ဒဖော်ထုတ် သော မုံရွာ၊ ပခုက္ကူ၊ မန္တလေးတို့မှ သံဃာအပါး ၅၀၀ နှင့် လူပုဂ္ဂိုလ် ၂၀၀ ကျော်တို့ကို ပြီးခဲ့သည့် တန်ဆောင်မုန်းလပြည့် နံနက်စောစော ၂ နာရီခန့်တွင် အင်အားသုံး ဖြိုခွင်းခဲ့ရာ သံဃာအပါး ၁၀၀ ကျော်နှင့် လူပုဂ္ဂိုလ် ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ မီးစုန်းဖြူ လက်နက်များကို ၁၉၁၆ ခုနှစ်တွင် ဗြိတိန်တပ်မတော်က စတင်ထုတ်လုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြသည်။ အဆိုပါ လက်နက်ကို အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်အရ တားမြစ်ထားခဲ့သော်လည်း အမေရိကန် ပြည်ထောင်စုသည် အီရတ် သောင်းကျန်းသူများကို နှိမ်နင်းရန် ၂၀၀၅ ခုနှစ် နိုဝင်ဘာလအထိ အသုံးပြုခဲ့ကြောင်း ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။ မီးစုန်းဖြူ လက်နက်၏ သဘာဝမှာ မီးခိုး အမြောက်အမြားထွက်၍ လေထဲတွင် ပို၍ ပေါက်ကွဲ လောင်ကျွမ်းစေတတ်ပြီး ယင်းဓာတ်ငွေ့ ထိခံရသူ လူ သို့မဟုတ် အရာဝတ္ထု တစ်ခုခုပေါ်သို့ လေထိလျှင် ထိသလို ဓာတ်ငွေ့မကုန်မချင်း လောင်ကျွမ်းတတ်သော သဘာဝရှိကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်ဟု   The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

“၈၈ ကျောင်းသူ မ၀င်းမော်ဦးအကြောင်း ဒါရိုက်တာအဏ်ထော်ဏီ ရုပ်ရှင်ရိုက်ကူးမည်”

 
 

၈၈ အရေးအခင်းမှာ အသက်ပေးဆပ် ပြီး လှုပ်ရှားခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ မ၀င်းမော်ဦး
အကြောင်းကို ရုပ်ရှင်ဇာတ် ကားအဖြစ် အသက်သွင်းဖို့ စီစဉ်နေ တယ်လို့ ဒါရိုက်တာ
အဏ်ထော်ဏီက ဆိုပါတယ်။

စစ်တပ်မှ အာဏာသိမ်းယူလိုက်တဲ့ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်နေ့ ကုန်အပြီး နောက်
တစ်နေ့ဖြစ်တဲ့ ၁၉ ရက်နေ့မှာ အလက(၄) ကြည့်မြင်တိုင်မှ ကျောင်းသူများဟာ ဗိုလ်ချုပ်ဓာတ်ပုံ
ကိုင်ဆောင်ပြီး ထိပ်ဆုံးကနေ ချီတက် လာခဲ့စဉ် ပစ်ခတ်ခံရတာကြောင့် ရှစ်တန်းကျောင်းသူ
မ၀င်းမော်ဦးဟာ ကျဆုံး သွားခဲ့ရတာ ဖြစ်ပါတယ်။ မောင်နှမ ခြောက်ဦးမှာ အကြီးဆုံးသမီးဖြစ်
ပြီး ကွယ်လွန်ချိန်မှာ အသက် ၁၆ နှစ်ပဲ ရှိပါသေးတယ်။

အရင်က ဒီဗီဘီရုပ်သံကနေ ထုတ်လွှင့် တဲ့သတင်းနဲ့ မ၀င်းမော်ဦး နှစ်ပတ်လည် မတိုင်ခင်
ဂျာနယ်တွေမှာ ဖော်ပြတဲ့ သတင်းတွေကြောင့် သူ့အကြောင်းကို ပိုသိလာပြီး ရုပ်ရှင်ကား
ဖန်တီးဖို့ စိတ်ကူးရခဲ့တာဖြစ်တယ်လို့ ဒါရိုက်တာ အဏ်ထော်ဏီက ဆိုပါတယ်။

"ရုပ်ရှင်အတွက် ကျွန်တော် မ၀င်းမော်ဦးရဲ့မိသားစုနဲ့ လေးကြိမ်တွေ့ဆုံခဲ့ပါတယ်။ သူ့ဖခင်ဆီ
ကနေ မ၀င်းမော်ဦးနဲ့ မိသားစုမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန် အစစ်တွေကို ကျွန်တော် ကြားချင်
တယ် လို့ ပြောခဲ့ပါတယ်။ ဖြစ်ရပ်မှန်ဇာတ် အစစ်လေးကိုပဲ ကျွန်တော့်ကို ပြောပြဖို့ တောင်း
ဆိုခဲ့ပါတယ်။ အဲဒီအပေါ်မှာပဲ ဇာတ်အိမ်ဖွဲ့ပြီး ကျွန်တော်ဇာတ်လမ်း ရေးခဲ့ပါတယ်"လို့ မြန်မာ
တိုင်း(မ်)ကို ပြောပါတယ်။

ဇာတ်ကားအတွက် ၀တ္ထု၊ ဇာတ်ညွှန်း၊ ဒါရိုက်တာအဖြစ် သူကိုယ်တိုင်ပဲ တာဝန်ယူဖန်တီး
သွားမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။ မတ်လမှာ သရုပ် ဆောင်တွေကို ရွေးချယ်သွားမှာ
ဖြစ်ပြီး ဧပြီလမှာ ကျရောက်မယ့် မြန်မာ့နှစ်ဆန်း တစ်ရက်နေ့မှာ ရုပ်ရှင်စတင်ရိုက်ကူး
သွားမယ်လို့ ဆိုပါတယ်။

သုံးလခန့် အချိန်ယူ ရိုက်ကူးမှာဖြစ်ပြီး လာမယ့်စက်တင်ဘာ ၁၉ ရက်နေ့မှာ ကျရောက်မယ့်
မ၀င်းမော်ဦး ကျဆုံးခြင်း (၂၅)နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားအမီ ရုံရက်ချိတ်နိုင်အောင်
ကြိုးစားသွားမှာဖြစ်သလို ပြည်တွင်း ရုပ်သံလွှင့်ဌာနတစ်ခုခုနဲ့ ချိတ်ဆက်ပြီး လည်း ပရိသတ်
အားလုံးကြည့်နိုင်အောင် ကြိုးစားသွားမယ်လို့လည်း သူက ပြော ပါတယ်။

"၁၆ နှစ် ရှစ်တန်းကျောင်းသူအရွယ်၊ သူ့လိုမျိုး စိတ်ဓာတ်ပြင်းပြတဲ့သူ၊ နောက်က ပံ့ပိုးပေးနိုင်
မယ့် ကျောင်းသား၊ ကျောင်းသူနဲ့ သူ့ရဲ့မိသားစုနေရာမှာ လိုက်ဖက်မယ့်သူတွေကို ရွေးချယ်သွား
မှာပါ။ မ၀င်းမော်ဦးနဲ့အတူ သူငယ်ချင်း ယောက်ျားလေးနှစ်ဦးလည်း ကျဆုံးခဲ့ ပါတယ်။ သူတို့
တစ်တွေကို ကူခဲ့တဲ့ ဒေါက်တာဝင်းဇော်နဲ့ ဒေါက်တာစောလွင်တို့ နှစ်ဦးနဲ့ တတ်နိုင်သလောက်
တူ တဲ့ သရုပ်ဆောင်တွေကိုလည်း ရှာဖွေ ရွေးထည့်သွားပါမယ်"လို့ ဒါရိုက်တာ အဏ်ထော်ဏီ
က ပြောပါတယ်။

"သူ့ဖခင်ပြောပြချက်အရ ဒေါက်တာ ၀င်းဇော်ကတော့ ရှိသေးတယ်လို့ သိရ ပါတယ်။ ဆရာဝန်
အသင်းတိုက်ကနေ တစ်ဆင့် ကျွန်တော်သူ့ကို ကြိုးစားရှာ ဖွေနေပါတယ်။ သူတို့ဆီကနေ
မ၀င်းမော်ဦး နောက်ဆုံးပြောခဲ့တဲ့ စကားတွေ ကို နည်းနည်းပါးပါး ရချင်ရမှာပါ။ အဲဒီ အခိုက်
အတန့်က လျှပ်တစ်ပြက်မြင်ကွင်း တွေကိုလည်း ကြားရနိုင်ပါတယ်" လို့ သူက ပြောပါတယ်။

မကွယ်လွန်ခင် ဆေးရုံမှာ ဖခင်ဖြစ်သူကို ဒီမိုကရေစီအစစ်ရမှ သူ့အတွက် အမျှဝေဖို့ ကတိ
တောင်းခံခဲ့ပြီး လာမယ့် ၂၅ နှစ်ပြည့်နှစ်ပတ်လည်မှာ ဖခင်ဖြစ်သူက အမျှပေးဝေမှာဖြစ်ပြီး
ဇာတ်သိမ်းကို လည်း အမျှဝေတဲ့မြင်ကွင်းနဲ့ပဲ အဆုံး သတ်မှာဖြစ်တယ်လို့ ဒါရိုက်တာက
ပြောပါတယ်။