10 November 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတဘားရက်အိုဘားမား ကို နိုဝင်ဘာ ၁၉ရက်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ၊အမှတ် ၅၄ နေအိမ် ၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း


ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်သမ္မတဘားရက်အိုဘားမား ကို နိုဝင်ဘာ ၁၉ရက်တွင် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း ၊အမှတ် ၅၄ နေအိမ် ၌ လက်ခံတွေ့ဆုံသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မူလစီစဉ်ထားသည့်အတိုင်း အိန္ဒိယနိုင်ငံ သို့ နိုဝင်ဘာ ၁၂ရက်နေ့ ညနေပိုင်းတွင် ထိုင်းလေကြောင်း လိုင်း ဖြင့်ထွက်ခွာမည်ဖြစ်ပြီး နိုဝင်ဘာ ၁၈ရက် နံနက်ပိုင်းတွင် ထိုင်းလေကြောင်းလိုင်းဖြင့်ပင် ရန်ကုန်မြို့သို့ ပြန် လည်ရောက် ရှိမည်ဖြစ်သည်။

မှတ်ချက်
............
အိုဘားမားရဲ့တောင်းဆိုချက်အရ ခြံအမှတ် ၅၄ မှာ တွေ့ရခြင်းပါ။နှစ်အတော်ကြာ နေအိမ် အကျယ်ချုပ်ခံခဲ့ ရစဉ် ဖြတ်သန်း ခဲ့တဲ့ နေရာကို အမှတ်တရအနေနဲ့၊ သမိုင်းဝင်အနေနဲ့ အိုဘားမားက တွေ့ချင်မြင်ချင်တာပါ။

7Day News Journal Ref;CNN

အမေ ဒေါ်နုနုအေး ရဲ့ ( ၄ ) နှစ်ပြည့် အမှတ်တရ....။

အမေ ဒေါ်နုနုအေး ရဲ့ (၄)နှစ်ပြည့် အမှတ်တရ....။


"အမေ ဒေါ်နုနုအေး၏ ကိုယ်ရေးရာဇ၀င် အကျဉ်း"

ဒေါ်နုနုအေးကို ပအို့ ဝ် တိုင်းရင်းသား မိဘနှစ်ပါးဖြစ်သော အဖဦးစံရွှေ၊ အမိဒေါ်ငြိမ်းသွယ် တို့  မှ ၁၉၃၈ ခုနှစ်တွင် သထုံခရိုင် နောင်ကုလားကျေးရွာတွင် မွေးဖွားခဲ့သည်။

သထုံမြို့ အစိုးရ အထက်တန်းကျောင်းတွင် အထက်တန်း ပညာအောင်မြင်ပြီး ကာကွယ်ရေးဝန်ကြီးချူပ်ရုံး (လေ)တွင် ကိုယ်ပိုင်အမှတ် (လေ/ ၁၁၁၄၃)ဖြင့် ၂၆နှစ် ကြာအောင် တပ်ကြပ်ကြီး အဆင့်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။ တပ်မတော် အရာရှိတစ်ဦးနှင့် အိမ်ထောင်ကျခဲ့ပြီး သမီးလေးဦး ထွန်းကားခဲ့သည်။

၁၉၈၈ခုနှစ် မတ်လမှ သြဂုတ်လအတွင်း လူထုအရေးတော်ပုံကြီးမှာ စစ်တပ်မှ မတရား ရက်စက်
သတ်ဖြတ်မှု များကို မျက်ဝါးထင်ထင်တွေ့မြင်ရကာ ရှစ်လေးလုံး အရေးတော်ပုံ အတွင်း တပ်မတော်
လေတပ်မှ ရဲဘော်အချို့ နဲ့အတူ ပြည်သူ့ ဘက်သို့ ကူးပြောင်း၍ ပူးပေါင်းခဲ့တဲ့ မျိုးချစ် စိတ်ဓါတ် ပြင်းထန်သူ
တစ်ဦး ဖြစ်ပါသည်။၁၉၈၈ ကာလ တပ်မှူးကြီးဟောင်းများ ညီလာခံတွင် ဆက်စပ်ဆောင် ရွက်ခဲ့ သူဖြစ်သည်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ရာ ဒေါ်နုနုအေးသည် တက်ကြွသော ကျောင်းသားများ၊ တပ်မတော်သားများအား ဦးဆောင်ကာ ထိုင်း-မြန်မာနယ်စပ် ကရင့်တော်လှန်ရေးနယ်မြေသို့ ရောက်ရှိလာခဲ့သည်။

သံလွင်စခန်းရှိ စခန်း (၁)(၂)(၃) တို့ ၏ ကိုယ်စားလှယ် သုံးဦးအနက်မှ တစ်ဦးဖြစ်ပြီး သေဘောဘိုး စခန်း ၊ကော့မူးရာ စခန်းတို့ ၌ ကျင်းပသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦးကို စတင်ဖွဲ့စည်း ရာတွင်လည်း ပါဝင်ခဲ့သည်။ သံလွင်စခန်းရှိ ကျောင်းသားနှင့် ပြည်သူ ၁၄၀၀ ရောက်ရှိ သည့်အနက် စခန်းကော်မတီဝင် သုံးဦးရွေးချယ်ကြရာ ဒေါ်နုနုအေးသည် တစ်ဦး အပါအ၀င်ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိပြီး အမေရိကန် နိုင်ငံသားအဖြစ် ခံယူခဲ့သော်လည်း သူမဘ၀၏ အချိန်တော်တော်များများကို တော်လှန်ရေးတာဝန်များတွင် အသုံးပြုခဲ့ပါသည်။

၂၀၀၁ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် ဘုရားသုံးဆူ ဒေသသို့ သူမ ရောက်ရှိလာပြီး ရဲဘော် ဟောင်း များနှင့် တွေ့ဆုံကာ တော်လှန်ရေးလမ်းကြောင်းကို ဖောက်ခဲ့ပါသည်။

၂၀၀၃ ခုနှစ်တွင် ထိုင်း - မြန်မာနယ်စပ် မယ့်စရီယန်း ဒေသသို့ သူမ ရောက်ရှိလာပြီး ရဲဘော် ဟောင်း များနှင့် ပြန်လည် ဆက်သွယ်ခဲ့ပါသည်။ ၂၀၀၄ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ တနေရာ၌ ယာယီရုံးဖွင့် လှစ်ကာ မြန်မာနိုင်ငံ မျိုးချစ် စစ်သည် ဟောင်းများ အဖွဲ့ (PWVB) ကိုဖွဲ့ စည်းလှုပ်ရှားခဲ့ပါသည်။

၂၀၀၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၌ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးအတွက် ခရီးရှည် ချီတက်ပွဲနှင့် အခြားလှုပ်ရှားမှုများတွင်လည်း တက်ကြွစွာပါဝင်ခဲ့သည်။

၂၀၀၇ ခုနှစ်မေလတွင် ကျောင်းသားတပ်မတော် တပ်ရင်း(၃)၌ တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်ထမ်း ဆောင်ရန် လာခဲ့ပြီး ကျန်းမာရေး အခြေအနေအရ မဲဆောက်သို့ တက်ရောက်အနားယူကာ ဒီမိုကရက်တစ် ရဲဘော်ဟောင်း များ အဖွဲ့ တွင် နာယကအဖြစ် ထမ်းဆောင်ခဲ့ပါသည်။

ဒေါ်နုနုအေးသည် ဒီမိုကရေစီတော်လှန်ရေးဘက်သို့ ကူးပြောင်းလာသော ရဲဘော်များ၊ ကလေးစစ်သားများ ကို အတတ်နိုင်ဆုံးပြုစုစောင့်ရှောက်ကာ ပြန်လည်ပြုစုပျိုးထောင်ရေး စခန်းကို ကြီးကြပ်စောင့်ရှောက် ခဲ့သည်။ ထို့ နောက် (ဘုရားသား၊ ကျောင်းသား၊ တပ်မတော်သား) တည်းဟူသော သားသုံးသား ပူးပေါင်းလှုပ်ရှားမှု ကော်မတီကို ဖွဲ့စည်းကာ ဥက္ကဌအဖြစ် တက်ကြွစွာ ဆောင်ရွက်ခဲ့သည်။ ထို့ အပြင်၂၀၀၈ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် သားသုံးသားနှင့်ပြည်သူညီ၊ အာဏာရှင်တွေ ဘာလဲ ဘယ်လဲ အမည်ရှိ စစ်အစိုးရကို ထိုးနှက် တိုက်ခိုက်သည့် သံချပ်ခွေကို ဦးဆောင်တင်ဆက်ခဲ့သူလည်း ဖြစ်သည်။

ဒေါ်နုနုအေးဟာ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၉ ရက် (ညနေ ၅ နာရီ ၅၀ မိနစ်)တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင် ကွယ်လွန် အနိစ္စရောက်သွားပါတယ်။



09 November 2012

အမေရိကန်သမတ အိုဘားမား မြန်မာနိုင်ငံခရီးစဉ်နှင့် ရခိုင်ပြည်အရေးကို ဒေါ်အောင်ဆန်းစုကြည်နှင့် မေးမြန်းခြင်း... သတင်းတင်ပြချက်....

နယူးဇီလန်ဝန်ကြီးချုပ် အရှေ့အာရှထိပ်သီးညီလာခံ အပြီးတွင် မြန်မာသို့သွားမည်

(Scoop news မှ 8 Nov 2012 ရက်စွဲပါ “PM to attend EAS and visit Myanmar” သတင်းကို yangonchronicle ဘာသာပြန်သည်။)
နယူးဇီလန်ဝန်ကြီးချုပ်ဂျွန်ကီးသည် ပထမဆုံးမြန်မာခရီးစဉ် မတိုင်မှီ အရှေ့အာရှထိပ်သီးညီလာခံ တက်ရောက်ရန်အတွက် ကမ္ဘောဒီးယားသို့ ယခုလကုန်ပိုင်းတွင် အရင်သွားမည်ဟု သိရှိရသည်။
မစ္စတာဂျွန်ကီးသည် အာဆီယံ ၁၀ နိုင်ငံ အပါအဝင် သြစတြေးလျား၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား နိုင်ငံများ အဖွဲ့ဝင်သစ် ရုရှားနှင့် အမေရိကန်ပြည်ထောင်စုတို့မှ နိုင်ငံခေါင်းဆောင်များနှင့် အတူ နိုဝင်ဘာ ၂၀ တွင် ဖနွမ်းပင်မြို့၌ အရှေ့အာရှ ထိပ်သီးညီလာခံ EAS သို့တက်ရောက် မည်ဖြစ်သည်။
“ဒီအစည်းအဝေးဟာ နယူးဇီလန်အတွက် အရေးပါတဲ့ နိုင်ငံတွေစုဝေးကြတဲ့ပွဲပါ။ ဒေသတွင်း နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးကိစ္စရပ်တွေကို ဆွေးနွေးကြမှာပါ။ အာဆီယံ ၁၀ နိုင်ငံနဲ့ သူတို့ရဲ့ ကုန်သွယ်ရေး လွတ်လပ်ဇုံ စီးပွားဖက် ၆ နိုင်ငံပါဝင်တဲ့ ဒေသတွင်းကျယ်ကျယ်ပြန့်ပြန့်စီးပွားရေး လက်တွဲ ပူးပေါင်းမှု အစီအစဉ် အတွက် စေ့စပ်ဆွေးနွေးတွေမှာ ကျွန်တော်လည်း ပါဝင်ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။” ဟု ဂျွန်ကီးက ပြောကြားသည်။
နယူးဇီလန်ဝန်ကြီးချုပ်သည် အရှေ့အာရှထိပ်သီးညီလာခံအပြီးတွင် မြန်မာသမ္မတဦးသိန်းစိန် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့နှင့် တွေ့ဆုံရန် မြန်မာနိုင်ငံသို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။
“မြန်မာနိုင်ငံသည် ပြီးခဲ့တဲ့တစ်နှစ်လုံး သမိုင်းဝင် နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီလိုတိုးတက်ပြောင်းလဲမှုတွှေကို ကျွန်တော်အနေနဲ့  ဦးဦးဖျားဖျားတွေ့မြင်ချင်ပါတယ်။ ပြီးတော့ ကမ္ဘာကြီးနဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ပြန်လည်ပေါင်းထုတ်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံကို အားပေးထောက်ခံဖို့ နယူးဇီလန်က ဘယ်လိုပါဝင်နိုင်မလဲ ဆိုတာကို လေ့လာသွားမှာပါ။” ဂျွန်ကီးကပြော ကြားသည်။
ဂျွန်ကီးက ဆက်လက်၍ “ကျွန်တော့်ရဲ့ခရီးစဉ်ဟာ နှစ်နိုင်ငံအကြားဆက်ဆံရေးတည်ဆောက်ဖို့ နယူးဇီလန်ကကတိပြုထားတာကို ထင်ဟပ် ပါလိမ့်မယ်။ မြန်မာနိုင်ငံမှာလာမယ့် နှစ်အနည်းငယ်အတွင်း နယူးဇီလန်ကုမ္ပဏီအတွက် စစ်မှန်တဲ့ အခွင့်အလမ်းတွေရှိလာလိမ့်မည်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသွားသည်။

08 November 2012

ယခုလအတွင်း မြန်မာနိုင်ငံသို့ အိုဘားမားလာရောက်မည်ဟု သတင်းထွက်

ဒုတိယသမ္မတသက်တမ်း လေးနှစ်ဆက်လက်တာဝန်ထမ်းဆောင်ရန် အမေရိကန်ရွေးကောက် ပွဲတွင် ရွေးကောက်တင်မြှောက်ခံလိုက်ရသော လက်ရှိသမ္မတ ဘားရက်အိုဘားမားသည် ယခု နိုဝင်ဘာလ ကုန်ပိုင်းအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်အဖြစ် လာရောက်လည်ပတ်ရန်ရှိကြောင်း အစိုးရအရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို AFP သတင်းဌာနက ကိုးကားရေးသားဖော်ပြသည်။

"လာမယ့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ သမ္မတအိုဘားမား မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။ အိုဘားမားက ခရီးစဉ်အတွင်း သမ္မတကြီးဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံမှာဖြစ်ပါတယ်" ဟု အဆိုပါ အရာရှိကြီးက ပြောကြားသည်။ သို့သော် လုံခြုံရေးကိစ္စရပ်များကြောင့် အိုဘားမား၏ ခရီးစဉ်အသေးစိတ်ကို ၎င်းကထုတ်ဖော်ပြောဆိုမှုမပြုပေ။ သမ္မတအိုဘားမားသည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အိမ်နီးချင်း ထိုင်းနိုင်ငံသို့သွားရောက်ပြီး ဝန်ကြီးချုပ်ရင်းလတ်ရှင်နာဝပ်နှင့်တွေ့ဆုံရန် စီစဉ်ထားကြောင်း The Nation သတင်းစာကရေးသားဖော်ပြသည်။ ထို့ပြင် ယင်းခရီးစဉ်သည် အိုဘားမားအတွက် အာရှခရီးစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၎င်းအနေဖြင့် ကမ္ဘောဒီးယားနိုင်ငံတွင် ယခုလတွင်းကျင်းပပြုလုပ်မည့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲနှင့် အဆင့်မြင့်ဆွေးနွေးပွဲများသို့ လည်းတက်ရောက်မည်ဖြစ်သည်။ သို့သော် သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်၍ အိမ်ဖြူတော်က အတည်ပြုချက်တစ်စုံတရာ မပြုလုပ်သေးပေ။

မြန်မာ-အမေရိကန် နှစ်နိုင်ငံဆက်ဆံရေးမှာ ယခင်တပ်မတော်အစိုးရလက်ထက် က အေးတိအေး စက်ဖြစ်ခဲ့သော်လည်း ယမန်နှစ် မတ်လ သမ္မတဦးသိန်းစိန်အစိုးရ အဖွဲ့စတင်ဖွဲ့စည်းပြီး ပြုပြင်ပြောင်း လဲရေးများပြုလုပ်လာသည့်အချိန်မှစ၍ တဖြည်းဖြည်းချင်း တိုးတက်ကောင်းမွန်လာသည်။
 

လစ်လပ်နေသော ပြည်ထောင်စု ဒုဝန်ကြီး သုံးနေရာ ယခုလွှတ်တော် အစည်းအဝေးများတွင် ခန့်အပ်ရန်ရှိ

လစ်လပ်လျက်ရှိသော အစိုးရအဖွဲ့ဝင် ဒုဝန်ကြီးနေရာ သုံးနေရာအတွက် ယခုကျင်းပနေသော လွှတ်တော် အစည်းအဝေး မပြီးဆုံးခင် ခန့်အပ်ရန် အစီအစဉ်ရှိကြောင်း သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောသည်။ “သုံးနေရာ ရှိတယ်။ ဝန်ကြီး တစ်ဦးတည်းရှိတော့ ဝန်ကြီး နိုင်ငံခြားသွားတဲ့အခါ လွှတ်တော်မှာ အမေးအဖြေလုပ်ဖို့ ထပ်ခန့်ဖို့ရှိတယ်” ဟု ဝန်ကြီးဦးအောင်မင်းက ပြောသည်။ 

 မကြာသေးမီက ပြောင်းလဲဖွဲ့စည်းခဲ့သော အစိုးရအဖွဲ့ ဝန်ကြီးဌာနများအနက် ဒုဝန်ကြီးနေရာ လစ် လပ်နေသည့် ဝန်ကြီး ဌာန သုံးခုမှာ သတ္တုတွင်းဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနနှင့် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့ဖြစ်သည်။ လစ်လပ်လျက်ရှိသော ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဒုဝန်ကြီး နေရာအတွက် ဒေါက်တာအောင်မြတ်ကျော်နှင့် ဦးခင်ဇော် (Tour Mandalay) တို့မှာ ထင်ကြေးပေး ခံနေရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောဆိုနေကြသည်ဟု 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။

06 November 2012

အုတ်ခဲကျိုးဇော်ကြီး (သို့) သတ္တ၀ါ တကောင်အကြောင်း ( ဧရာဝတီ သတင်းဌာန ဖြစ်ပေါ်လာခြင်းအစ)




၁၉၈၈ စက်တင်ဘာလမှာ စစ်တပ်ကအာဏာသိမ်းအပြီး မြန်မာနိုင်ငံ အရပ်ရပ်မှာ ရှိတဲ့ ကျောင်းသား လူငယ်တော်တော်များများဟာ လက်နက်ကိုင်တော်လှန်ရေး တရပ် ဆင်နွှဲဖို့အတွက် နယ်စပ်ဒေသတွေဆီ ထွက်လာကြတယ်။ တော်လှန်ရေး နယ်မြေထဲမှာ အစားအသောက်ဆင်းရဲဒါဏ်၊ ငှက်ဖျားဒါဏ်တွေခံစား ရတာကြောင့် တချို့လဲပြည်တော်ပြန်ကြပြီ၊ တချို့လဲဘန်ကောက်မြို့ပေါ်တက်ပြီး UNHCR မှာဒုက္ခသယ် အဖြစ် ခံယူပြီး၊ မြို့ပေါ်နိုင်ငံရေးဆက်လုပ်ကြတယ်။ ကျနော့်ညီမလေးတယောက်လဲ အရေးအခင်းပြီး သူ့သူငယ်ချင်းတွေနဲ ထွက်သွားတာလိုက်တာ လိုက်ရှာရင်း ညီမလေးကို ဘန်ကောက်မြို့ Victory monument အနီး စနမ်းပေါဝ်ရပ်ကွက် ဆွိုင်ရ် လူးခြား မှာရှိတဲ့  JRS Jesuit Refugee Service  မှာပြန်တွေ့ခဲ့ရပါတယ်။  Jesuit ဆိုတာ ကောင်းကျိုးအတွက်ဆို လိမ်ညာသင့်ရင် လိမ်ညာရမယ်လို့ အယူအဆရှိတဲ့ ခရစ်ယန်ဘုန်းတော်ကြီးအုပ်စုဖြစ်ပြ်ီး ဒီအယူအဆနဲ့ဘဲ ဒုက္ခသယ်တော်တော် များများကို အကာအကွယ်ပေးနှိုင်ခဲ့ပါတယ်။

 JRS ကဘန်ကောက်ရောက် မြန်မာကျောင်းသားလေးတွေအချို့ကိုကာကွယ်စောင့်ရှောက်ထားပြီ အဲဒိကျောင်းသားလေးတွေကလဲ အချင်းချင်းပြန်လည်အကူအညီပေးဖို BSCSA Burmese Student Committee for Social Affairs ဆိုတဲ့အဖွဲ့လေးဖွဲ့ထားကြပါတယ်။ ၁၉၉၀လောက်က ကျနော် သူတို့လေးတွေကိုသဘောကျပြီး ၀င်ရောက်ကူညီခဲ့ပါတယ်။ နောက်တော့ ကျနော့် အတွက် JRS ကအလုပ်အကိုင်အသစ်ကလေးဖန်တီးပေးပြီး Burmese Border Liaison Person အဖြစ်နဲ့တာဝန်ယူရပါတယ်။ ကျနော်အလုပ်က အချုပ်ခန်းတွေနဲ့၊ အကျဉ်းထောင်တွေဆီက အမောင်တွေကို လိုက်တွေ့ပြီ အကူအညီပေးရ တယ်၊ ပြင်ပမှာရှိနေ တဲ့ရဲဘော်တွေနဲ့အဆက် အသွယ်လုပ်ပေးရတယ်။ ၂ပါတ်တကြိမ်လောက် နယ်စပ်ဆင်းပြီး Camp တွေကိုဆန် နဲ့ဆေးဝါး ဝေပေးတဲ့အလုပ်နဲ့ လူ့အခွင့်အရေးချိုးဖေါက်ခံရတဲ သတင်းတွေစုစည်းပေးရပါတယ်။ 

အဲဒီအချိန်က IDC မှာ ဘဂုံးကုလားတွေကို တော်တော်အောက်ကျခံပြီး ပေါင်းခဲ့ရတယ်။ ဘဂုံးကုလားတွေ ဟာကျောင်းသားတွေထက် ဆယ်စုနှစ်တခုလောက် စောပြီး တောင်ကျော်လာခဲ့ကြတာဖြစ်တယ်။ သူတို့အလုပ်က ထိုင်းပုလိပ် ကိုဆရာမွေးပြီး တွန်းလှည်းနဲ့ပလာတာ လိုက်ရောင်း တယ်၊ ပြီးရင် ကျောင်းသားတွေ ဘယ်မှာနေတယ်ဆိုတာ သတင်းပေးတယ်။ အခန့်မသင့်လို့အဖမ်းခံ ရရင်လဲ ထိုင်းပုလိတ် က ဘဂုံးကလားကို တန်းစီးပြန်ခန့်ပြီး ဆက်ကြေးတောင်းခိုင်းတယ်။ IDC (Immigration detention Centre) ဆိုတာနိုင်ငံတကာက အချုပ်သားတွေထားတဲ့နေရာမှို့ အမောင်တွေဟာ တတ်နိုင်သမျှစုစည်းပြီးနေတာတောင် အခြားလူမျိုးတွေကရန်စတာခံရတယ်၊ ထိုင်းပုလိတ် ရဲ့ရိုက်နှက်ချင်းကိုခံရတယ်။ ရဲနည်လေးဆိုရင် နှခေါင်းရိုး နဲ့နံကြားတွေ မှာ တော်တော် ထိခံထားရတယ်။ သြဇီက၀င်းအောင်တို့၊ နော်ဝေကအရှည်ကြီးအောင်ထွန်း၊ နယ်သာလန်ကရန်နိုင်၊ ကိုဘီစီ၊ ကနေဒါကကိုဝင်းသိန်း၊ မင်းသူရ၀င်းတို့ဆိုအသိဆုံးဘဲနေမှာပါ။ JRS မှာကျောင်း သားလေး၂ယောက်နဲ့ ဆုံခဲ့ဘူးပါတယ်၊ တယောက်က English major ကလို့မိတ်ဆက်ပြီး၊ တယောက်ကတော့ ဘန်ကောက် ရောက်မလာခင် ရနောင်းမြို့မှာ သူဘယ်လို ကြက်ခြင်းတွေထမ်းပြီး ရပ်တည်ခဲ့ရတယ်ဆိုတာ သနားစဖွယ် ပြောပြရှာတယ်၊ နာမည်ကတော့ ကြည်ဇော်မိုး တဲ့။  ဒီတုံးကတော့ သိပ်သနားစရာကောင်းတဲ့ ကျောင်းသားလေးတယောက်ပါဘဲ၊ နောက်တော့လဲ အုတ် ခဲကြိုးလောက်အောင် ခေါင်း မာ တဲ့ ရွံစရာ သတ္တ၀ါတကောင် ဖြစ်သွားတယ်။ သူ့ရဲ့ပထမဦးဆုံး စရွှေ့လိုက်တဲ့ အကွက်ကဘယ်သူမှမသိလိုက်ပါဘူး။ ဘာလဲဆိုတော့သူနဲ့တွဲနေတဲ့ သူငယ်ချင်းကို သံရုံးကနေတဆင့် မြန်မာပြည်ပြန်ဖို့လှော်ပေးလိုက်တာပါ။ အဖမ်းအဆီးအရမ်းများလို့ စိတ်ဓါတ်အရမ်း ကျနေတဲ့အချိန် ပြည်တွင်းထဲကနေလဲပြည်ပနဲ့ဆက်သွယ်ပြီ လုပ်လို့ရတယ်ဆိုပြီး လိုင်းချပေးလိုက်တယ်။ ဒါနဲ့ဘဲ English major က သူ့ရဲ့ဘော်ဒါ (နာမည်အတိုကောက်က YL)နဲ့ တခြားတယောက်(KM) တို့သံရုံးကနေတဆင့်မြန်မာပြည်ပြန်ကြတယ်၊ သူ့အတွက်ကတော ပြည်တွင်းမှာ အချိန်ကျရင် သုံးဖို့ဒေါက်တိုင် တချောင်း ထောင်ထားနိုင်ခဲ့တယ်။

ABSDF ဟာလက်နက်ကိုင်တော်လှန်ရေးစဉ်နွှဲနေသလို။ လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကိုစွန့်ခဲ့တဲ့ကျောင်းသားတွေဟာ (Overseas National Students’ Organization of Burma) ဆိုပြီးဒီမိုကရေစီအရေး လှုပ်ရှားခဲ့ကြတယ်။ ONSOB ဟာ (Ramkamhaeng) ရမ်ကမ်ဟဲင် တက္ကသိုလ်ကျောင်းသားအဖွဲ့အစည်းနဲ့ ပေါင်းပြီမြန်မာသံရုံးရှေ့မှာ မြန်မာ့ဒီမိုကရေစီအရေးအတွက် အကြိမ်ကြိမ်ဆန္ဒပြနိုင်ခဲ့သလို၊ ထိုင်းအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကိုလဲ ခေါင်းငုံ့မခံဘဲ အပြည်ပြည်ဆိုင်ရာကသိအောင် မီးမောင်းထိုးပြနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကောင်းတခုရှိခဲ့တယ်။ 

ဘန်ကောက်မြို့ပေါ်ရောက်ကျောင်းသားတွေရဲ့ဘ၀ကလဲ သက်တောင့်သက်သာတော့မဟုတ်ပါဘူ။ ၁၉၉၁ လောက်မှာအဖမ်းအဆီးအရမ်းကြမ်းပါတယ်။ ရွှေတွေလဲ ရှမ်းယောင်ဆောင်ပြီး နေကြတာပါဘဲ။ ဒါပေမဲ့လဲ ရိုးရာမပျက်၊ ဆေးပေါ့လိပ်သောက်တာ၊ မန္တလေးဖိနပ်စီးတာ၊ ဆံပင်မညှပ်တာ၊ သုံးယောက်လောက်စုမိရင် ဂီတာတီးတာတွေကြောင့်လဲဖမ်းခံရတယ်။ အဖမ်းခံရလို့ လွှတ်ရင် နယ်စပ်ပြန်ပို့ပါတယ်၊ မြန်မာဘက်ခြမ်းအနီးမှာ လူတွေကိုအမှိုက်လို သွားသွန်တာပါ။ လူကို သွန်လို့ရတယ်ဆိုတာ အဲဒိတော့မှသိရတယ်။ မြန်မာဘက်ခြမ်းရောက်သွားလို့ ကံဆိုးပြီးကျောင်းသား မှန်းသိသွားရင် အန္ဒရာယ်အရမ်းကြီးသလို၊ ဘန်ကောက်ပြန်တက်ဖို့ကလဲ စရိတ်စကကြီးပါတယ်။ တချို့ကျောင်းသားတွေဆိုအိမ်မှာ ညမအိပ်ရဲဘဲ ညလုံးပေါက်ပြေးတဲ့ ဘစ်ကားတွေပေါ်မှာဂိတ်စ ဂိတ်ဆုံးစီးပြီး အိပ်ခဲ့ကြရပါတယ်။ ထိုင်းပုလိပ်ရဲ့ Walki-Talki ကရှဲရှဲမြည်သံကြားရင်နေမထိ ထိုင်မသာဖြစ်ရပါတယ်။

ဒီလိုနဲ့တနေ့ ညနေပိုင်း JRS ဧည့်ခန်းထဲမှာ ကျောင်းသားတော်တော်များများရောက်နေကြတယ်။ သူတို့ရဲ့မျက်နှာတွေဟာသာမန်နေ့တွေနဲ့မတူဘဲ ခက်ထန်နေတယ်၊ သူတို့ဟာအရေးကြီး တဲ့ဆုံးဖြတ်ချက်တခုကိုအများသဘောတူဆုံးဖြတ်ကြဖို့ ပြင်ဆင်နေကြတယ်။ မှတ်မှတ် ရရ မြန်မာသံရုံးကို ၀င်ဆီး၊ န၀တ အလံကိုဖြုတ်ချပြီး ခွတ်ဒေါင်းအလံကို တင်ခဲ့တဲ့ ဂျော်နီလဲပါဝင်ခဲ့ပါတယ်။ အဲဒိအချိန်မှာ ကြောက်စိတ်တွေကြောင့် ခြေမကိုင်မိ လက်မကိုင်မိဖြစ်ပြီ တုန်တုန်ရီရီနဲ့ ( ဟေး ပျော်တယ်ဟေ့ ငါတို့တော့ မနက်ဖန်သွား အဖမ်ခံတော့မယ်)ဆိုပြီး အကြောက်ပြေ လာပြောတာကတော့ ကြက်ခြင်းထမ်းခဲ့တဲ့ အကြံသမားကျောင်းသားငယ်လေးဖြစ်ပါတယ်။

သူတို့ဟာ UNHCR ကအသိအမှတ်ပြုခံထားရတဲ့ဒုက္ခသယ်တွေဖြစ်ပေမဲ့ ထိုင်းအစိုးရကဖမ်းဆီးပြီးပြန်ပို့နေတာတွေကို အပြည်ပြည်ဆိုင်ရာက အလေးထားလာဖို့အတွက် မနက်ဖန်မှာ သတင်းဌာနတွေကိုအသိပေးပြီ လ၀က ရှေ့မှာဆန္ဒပြကြမှာဖြစ်ပါတယ်။ သတင်းတွေ ထုတ်ပြန်ဖို့က BSCSA ရဲ့ Information group ကနေတာဝန်ယူရမှာပါ။ တာဝန်ပေးခံရ တာတော့ ဇော်ဇော်ပါ။ ဒါပေမဲ့တာဝန်တွေအားလုံးခွဲဝေပြီးတဲ့အခါမှာတော့ အကြံသမားကျောင်းသား ငယ်လေး ဟာ ဇော်ဇော်တယောက်ထဲတာဝန်တွေကို မနိုင်မှာအကြောင်းပြပြီး နောက်ချန်နေခဲ့လိုက်တယ်။ အကြောင်းပြချက်ကလဲ ကောင်းပါတယ် ဇော်ဇော်ဟာ အမေရိကားကို scholar နဲ့သွားဖို့အတွက် visa ရပြီဖြစ်နေလို့ပါဘဲ။

နောက်တနေ့မှာတော့ သူတို့ရဲ့ဆုံးဖြတ်ချက်အတိုင်းဘဲ ဘန်ကောက် လ၀က ရုံးရှေ့မှာ အင်္ကျီအဖြူရောင်လက်ရှည်၊ ဘောင်းဘီအနက်ရောင်ဝတ်ပြ်ီး ဆန္ဒပြအဖမ်းခံကြပါတယ်။ သူတို့ဟာစနစ် တကျ တန်းစီထိုင်ပြီး ကျောင်းသားတွေကိုဖမ်းတာမရပ်ရင် ငါတို့ကိုဖမ်းပါဆိုပြီး ဆန္ဒပြကြတော့ နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဒီအတွေ့အကြုံမျိုးမရှိခဲ့တဲ့ ထိုင်းအာဏာပိုင်တွေ အခက်တွေ့ခဲ့ရပါတယ်။ ထိုင်းအာဏာပိုင်တွေက နိုင်ငံတကာရဲ့မီဒီယာရှေ့မှာ ဖမ်းဆီးဖို ခက်နေတဲ့ အတွက် ကျောင်းသားတွေ ကိုမဖမ်းဘဲပြန်လွှတ်ပါတယ်၊ ဒါပေမဲ့ ဘာဂတိစကားမှမရတဲ့ အတွက် ကျောင်းသားတွေကလဲ ဆက်လက်ဆန္ဒပြကြတယ်။ နောက်ဆုံးမှာတော့ ကျောင်းသား အား လုံး ယောင်္ကျားလေး ၃၅ယောက်၊ စိုးလွင်၊ ညီညီ၊ နီထွန်း၊ စိုးစိုး၊ ပြည်ကြီး၊ကျော်နီ၊ငွေစိုး စသည်တို့ပါပြီ၊ မိန်းခလေး ၃ ယောက်ကတော့ ညီမငယ် မြင့်မြင့်စန်း၊ ဖိုးသက်နဲ့ ဖွားဖွားတို့ အဖမ်းခံခဲ့ကြတယ်။ သူ့ကောင်မလေး ပါသွားလို့ရင်ကွဲနာကျပြီးကျန်ခဲ့ရတာကတော့ ကိုယဉ်ထွေးပါဘဲ။ သူ့ခမျာတော်တော်ခံစားလိုက်ရပါတယ်။

ကျောင်းသားတွေကိုထိမ်းသိမ်လိုက်ပြီးတဲ့နောက် ဘာသတင်းမှမရတော့ပါဘူး၊ ဘယ်နေရာ မှာထားတယ်ဆိုတာတောင်မသိရတော့ပါဘူး။ တော်တော်စိတ်ပူစရာကောင်းတဲ့ အခြေအနေပါဘဲ။ JRS မှာလဲတော်တော်အပြောင်းအလဲတွေဖြစ်သွားတယ်။ ဇော်ဇော်က အမေရိကားထွက်သွားပြီး၊ အုပ်ချုပ်ရေးပိုင်းကFather Tom က အမေရိကား ပြန်သွားတယ်။ သူနေရာမှာ Alan နဲ့ Dennis ဆိုတဲ့ (Aussie)မိသားစု ရောက်လာကြတယ်။ Alan က Baptist တရားဟောဆရာပါ။ သူကစာရေးတာဝါသနာပါပြီး ရောက်ရောက်ခြင်းဘဲ news journal လေးထုတ်ဖြစ်အောင်ကြိုးစားခဲ့တယ်။ အင်္ဂလိပ်စာအရေးအသားအတွက်လဲ အကူအညီပေးခဲ့တယ်။ JRS ခြံဝင်းထဲ ရုံးခန်းရဲ့ မျက်စောင်းထိုးမှာ Bertil Lintner က အိမ်ခန်းလေးတခန်းငှားနေပါတယ်၊ ၀င်ဝင်ခြင်းဘယ်ဖက်မှာပါ။ သူ့ကို အကူအညီပေးနေတဲ့ အေးချမ်းနိုင်တို့၊ မသီတာတို့ကလဲ DVB မှာတာဝန်ထမ်းဆောင် ဖို့နော်ဝေးကို သွားကြပြီ။ ကြက်ခြင်းထမ်းခဲ့တဲ့လူငယ်လေးကတော့ တပည့်လိုနေတဲ့ Bertil Lintner နဲ့ စာသင်ပေးလိုတဲ့ Alan အကူအညီနဲ့ journalist ပညာသင်ဖို့အခွင့်သာသွားတယ်။ (ဒါကတော့ လူငယ်တိုင်းကြိုးစားရမဲ့ တာဝန်မှို့ ကောင်းတဲ့အလုပ်လို့ဘဲမြင်ပါတယ်)သူက ညနေစောင်း ရင် မြန်မာလွယ်အိတ် ကလေး လွယ်ပြီး Foreign correspondent club ကိုသွားတတ်နေပြီ၊ ဘန်ကောက်ကျောင်းသားတွေ ထဲမှာလုပ်ရည်ကိုင်ရည်ရှိတဲ့သူတွေတော်တော်များများကလဲ ထောင်ထဲရောက် နေကြတာ မှို့ ကျောင်းသားတွေ ရဲ့ သတင်း တွေအတွက် သူဟာအရေးပါတဲ့နေရာကိုရောက်သွားတယ်။ ဒါပေမဲ့ဘယ်တုံးကမှ JRS အပြင် ထွက်ပြီးကျောင်းသားထုရဲ့အသံကို နားမထောင်ခဲ့ဘဲ လုံခြုံတဲ့နေရာမှာနေထိုင်ပြီး ကိုယ့်စိတ်ကြိုက် အာဘော်တွေကိုသွားဖလှယ်နေတာသာဖြစ်တယ်။ သူတယောက်ထဲ မျက်နှာရနေတဲ့အပေါ်မှာလဲ တော်တော်ကျေနပ်နေပုံရပါတယ်။ သတ္တ၀ါတကောင် အဖြစ်ကိုပြောင်းသွားတဲ့လုပ်ရပ်ကတော့ BSCSA ရဲ့သတင်းဌာနကို သူ့ရဲ့သတင်းဌာနအမည်ပြောင်းခဲ့ တာပါဘဲ။ ပြောင်းလိုက်တဲ့သတင်းဌာနအမည်ကတော့ BIG (Burma Information Group) ပေါ့။ နာမည်ကိုကြည့်ရင် သူ့ရဲ့ပင်ကိုယ်စိတ်ထား ကြီးကျယ်တာကိုတွေ့ရမှာပါ။ နေ၀င်းလိုကောင်မျိုးကို အာဏာအပ်မိသွားပြီ။

တကြိမ်မှာဆို တော်တော်လေး စိတ်အနှောက်အယှက်လဲဖြစ် ဒေါသလဲဖြစ်ခဲ့ရတယ်။ ONSOB ဥက္ကဌ ကိုသီဟရဲ့ သတင်းပါဘဲ။ ကျနော်က IDC သွားနေတော့ ဘယ်သူတွေဘယ်နေ့လွတ်မယ်၊ ဘယ်သူတွေဆီက လွတ်လာတဲ့သူအတွက် ဘယ်လိုအကူအညီပေးရမယ်ဆိုပြီ အသိပေးပါတယ်။ IDC ကလွတ်တဲ့နေ့မှာ ရနောင်းကိုပို့ရင်ပြန်တက်လာရတာခက်တယ်။ ရနောင်း ကနေ ကော့သောင် ဖက်ကမ်းကိုလှေနဲ့ပို့ရင်လဲ ထောက်လှမ်းရေးနဲ့တိုးမှာမှို့ထိုင်းပုလိပ်နဲ့ငွေပေးပြီး စံခလဘူလီ ဘက်ကိုထွက်ကြ တယ်။ စံခလဘူလီ ဘက်ကတော့ နေ့ခြင်းပြန်တက်လာလို့ရတယ်။ ကျနော် ကိုသီဟနဲ့မတွေ့ခဲ့ ရဘူး၊ ဒါပေမဲ့သူထွက်မှာကတော့သေခြာနေပြီ၊ မတော်တဆ သူကိုထောက် လှမ်ရေးကနေ ဖမ်းသွားခဲ့ရင် မီဒီယာကနေအော်ပေးဖို့နဲ့ သူစိတ်ချရတဲ့နေုရာရောက်မှ ဒီသတင်းကိုထုတ်ဖို့ပါဘဲ။ ကျနော်ဒီသတင်းကိုယူလာပြီ JRS မှာပေးပါတယ်။ သေသေခြာခြာ လဲမှာခဲ့ပါတယ် ကိုသီဟ လုံခြုံတဲ့နေရာရောက်မှ ဒီသတင်းကိုထုတ်ပါလို့။ နောက်နေ့ ကျနော်လဲ JRS ရောက်ရော သတင်းစာကိုင်ပြီး သူပို့လိုက်တဲ့သတင်းပါလာတယ် ဆိုပြီးရှောက်ကြွားနေတဲ့ သတ္တ၀ါကိုတွေ့လိုက်ရတယ်။ အေးဗျာ ကိုယဉ်ထွေးတို့ချက်ချင်းစုံစမ်းပေးမှ ကိုသီဟပြန်ရောက်နေတာ သိရပြီးစိတ်အေးရတော့တယ်။ အပေါ်ယံရှပ်ကြည့်ရင်တော့ သတင်းဦးလေးပို့ယုံဘဲထင်ရတာ တကယ်တော့သူ့နေရာမှာ တခြားသူတွေမရှိရအောင်ရှင်းလိုက်တာပါ။ ကျနော်ကိုသီဟကို ဒီနေ့ထိ မတောင်းပန်ရသေးဘူး၊ လိုင်းပေါ်ကနေ ဒီစာနဲ့ဘဲ တောင်းပန်လိုက်ပါတယ်။ 

JRS ခြံဝင်းရဲ့ ၀င်ဝင်ခြင်းညာဖက်အဆောက်အဦးဟာ ဧည့်ခန်းဖြစ်ပြီး၊ ရုံးဝန်ထမ်းတွေ ထမင် စား ကော်ဖီသောက်ကြပါတယ်။ အပေါ်ထပ်ကိုတော့ မြန်မာကျောင်းသားတွေ ရုံးခန်းလုပ်ထားပါ တယ်။ ပြင်ပကဧည့်သယ်တွေလာရင်အောက်ထပ်နေရာလေးမှာဘဲဧည့်ခံကြပါတယ်။ ABSDF ကကျောင်း သူ မရီရီထွန်း ငှက်ဖျားပိုး ဦဏှောက်ထဲဝင်ပြီး ဆေးရုံမှာမဆုံးမီအထိ အပေါ်ထပ်အခန်းလေးထဲမှာနေသွားပါတယ်။ 

ကျနော်မှာဦးဝင်းတင်ဆိုတဲ့ မိတ်ဆွေ တဦးရှိပါတယ်။ ဦးဝင်းတင်က ရနောင်းက မြန်မာတွေကို အရမ်းအကူအညီပေးတဲ သူဌေးချိုချိုင်းရဲ့လူယုံဖြစ်ပါတယ်။ IDC ကနေလွှတ်လိုက်တဲ့ ကျောင်းသားတချို့ ဦးဝင်းတင် အကူအညီနဲ့ သူဌေးချိုချိုင်းရဲ့ ငါးခြောက်ဂိုဒေါင်မှာ ခိုလှုံခဲ့ရဘူးပါတယ်။ တနေ့ မိတ်ဆွေကြီးဦးဝင်းတင်က ပြောလာတယ်၊ သူစိတ်တိုနေပုံလဲရပါတယ်။ ( ကျနော် ဒီကောင်ကို ရိုက်မိတော့မယ်တဲ့) ဒါနဲ့အကြိုးအကြောင်းမေးကြည့်တော့၊ နယ်စပ်ကတက် လာတဲ့ ကျောင်းသားလေး တယောက် ရေတောင်းသောက်တယ်တဲ့ ရေသောက်ပြီးတော့ ခလေးကခွက်ကိုမဆေးဘဲချထားလိုက် အဲဒါကိုခွက်ကိုယူပြီးအဲဒီ ကျောင်းသားလေး  ရှေ့မှာ ရေဆေးပြနေ တာမပြီးတော့ဘူးဗျာတဲ့၊ ကြေကြေ ကွဲကွဲပြေရှာတယ်။ တကယ်တော့ နယ်စပ်ကတက် လာတဲ့ ခလေးတွေကတော်တော်သနား စရာကောင်းပါတယ်။ အဟာရကလဲချို့တဲ့၊ ငှက်ဖျားကလဲပါလာ၊ အ၀တ်အစားကလဲမတော်တရော်၊ တချို့က တောလမ်းက အသက်စွန့်ပြီးတက်လာ၊ အသားအရေကလဲညစ်ပေပေ နဲ့ဆိုတော့၊ တော်တော်လေး နှိမ့်ချခံကြရတယ်။ မတူမတန်သလိုအမူအရာလုပ်ပြတာ၊ ဖိုင်တွဲကြီးပိုက်ပြီး အလုပ်များနေတဲ့ပုံစံနဲ့ရုံးခန်းတွေကူးချည်သန်းချည်လုပ်ပြတာလဲခံကြရတယ်။

ကျနော်ကတော့ပုံမှန်ပါဘဲ။ နယ်စပ်သွားတယ်၊ အချုပ်ခန်းတွေလဲပုံမှန်သွားကြည့်ဖြစ်ပါတယ်။ ဒီအတောအတွင်းမှာစိတ်အနှောက်အယှက်နဲ့ကြုံလာရပြန်တယ်။ IDC ကပြန်ရောက်ရင် IDC ထဲကနေ UNHCR ရုံးလေးမှာရှိတဲ့သူငယ်ချင်းတွေဆီပေးလိုက်တဲ့စာတွေ နဲ့IDC ထဲကထူးတဲ့သတင်းတွေJRS မှာဝင်ပေးပါတယ်၊အဲဒိစာတွေကို ကိုယဉ်ထွေးက ရုံးလေးပို့ပေးပါတယ်၊ ပြီးတော့ သူပြန်ပေးတဲ့ ရဲဖမ်းခံထားခံရတဲ့သူတွေရဲ့နာမည်စာရင်းနဲ IDCထဲမှာ လိုက်ရှာပေးရတယ်။  ဒါပေမဲ့ ၂ရက် ၃ရက်လောက်ရှိနေပြီ JRS ရုံးခန်းတခါးပိတ်ပိတ်ထားတော့ အမောဆို့ဆို့သွားတယ်။ ရုံးခန်းထဲမှာ လူရှိနေတာ ကျနော်သိနေတယ်။ ကိုယဉ်ထွေးကိုတော့ မှာခဲ့ပါ တယ် နေ့ခင်းရုံးခန်းပိတ်မထားဖို့၊ ဒါပေမဲ့လဲမထူးပါဘူး။ ဘာဖြစ်လို့ပိတ်ထားတာလဲပြောရရင်တော့။ JRS ကိုဝင်ထွက်နေတဲ့ Canadian မတယောက်ရှိတယ်၊ သူ့နာမည်က Monique ပါ။ သူက အမောင်တွေကို လာပြီး အီစီကလီ လုပ်နေတာ။ JRS မှာရွေးစရာတွေကများနေတော့ သူလဲ အိုက်စကလင် လုပ်နေရတာပေါ့။ ဒါပေမဲ့ သူ့ကိုသတ်သတ်မှတ်မှတ်ထားပြီ အသိအမှတ်ပြုပေးထားခံရတဲ့ သူတယောက်လဲရှိတယ်။ အဲဒိကျောင်းသားလေးကတော့ IDC မှာသွားအဖမ်းခံတဲ့အထဲပါသွားပြီး ဘယ်ရောက်နေမှန်း မသိရသေးဘူး။ ခုတော Canadian မလဲ ရွေးစရာလူမရှိတော့ဘဲ ရုံးခန်းတံခါးပိတ်ပြီး စာသင်တဲ့အဆင့်ရောက်သွားတော့တာပါဘဲ။ SDC ထဲ ကကိုယ့်ရဲဘော်တယောက်ဘယ်လို ခံစားရမလဲ။

ဒီလိုနေရင်းနဲ့ဘဲ ကျောင်းသားတွေကို SDC (Special Detention Centre) ပို့လိုက်တယ်လို့ကြားရပါတယ်။ IDC ထဲကကျောင်းသားအချို့ ကိုလဲ SDC ပို့လိုက်လို့  SDC ထဲမှာကျောင်းသား၅၀လောက်ဖြစ်သွားတယ်။ သူတို့ထက်အရင် လေယာဉ်ပြန်ပေးဆွဲမှု့နဲ့ နှစ်ရှည်ထောင်ချ ခံထားရတဲ့ ရဲရင့်နဲ့ရဲသီဟဆိုတဲ့ ကျောင်းသား၂ယောက်လဲရှိသေးတယ်။ သတင်းတွေ ကတော့ မြန်မာပြည်ပြန်ပို့မယ်၊ ကျောင်းသား camp အသစ်ဖွင့်ပြီးအရင်ဆုံး အသုတ်အနေနဲ့ထည့် မယ်၊ တွေ့ခွင့်ပေးမယ်၊ စသည်ဖြင့်ပေါ့။ နောက်တော့တွေ့ခွင့်ရပြီဆိုတဲ့ သတင်းကြားရလို့အရမ်းဝမ်းသာ တယ်။ ခြေမကိုင်မိ လက်မကိုင်မိနဲ့ စိုးရိမ်ကြောက်လန့်နေတာကတော့ ဟိုသတ္တ၀ါလေးဘဲ၊ အခွင့်ကောင်းကိုအမိအရဖမ်းပြီး တကိုယ်ရည် journalist တယောက်ဖြစ်ဖို့ကြိုးစားနေတာ ကလွဲလို့ ဘာမှမယ်မယ်ရရ မလုပ်ထား ခဲ့တော့ SDC ကိုထောင်ဝင်စာတွေ့လို့ရတဲ့ အချိန် ဘာသတင်း စကားမှမပါးနှိုင်ခဲ့ဘူး။ အထဲက သူတွေ စိတ်ဓါတ်မကျအောင် အပြင်မှာလဲ အရမ်းကြိုးစားနေပါတယ်ကွာ ဆိုပြီး ချွေးသိပ်ခဲ့ ရတယ်။ တကယ်ပါလုပ်ရည်ကိုင်ရည် ရှိပြီးအပြင်မှာ ကျန်နေတဲ့ ဘယ်ကျောင်းသားမှ JRS မှာလာပြီးဆွေးနွေးတာလဲမတွေ့ရသလို ကိုယ်တိုင်လဲသွားပြီးဆွေးနွေးတိုင်ပင်လာတာမကြားမိဘူး။ SDC အထဲမှာလဲရက်တွေကြာလာတော ဦးဆောင်ခဲ့သူတွေလဲ အကွိုင်ခံနေရပြီ။ သတ္တ၀ါလေးကြည့်ရတာ ရဲဘော်ရဲဘက်တွေ လွတ်လာမှာ အရမ်းစိုးရိမ်နေပုံရတယ်။ သူဟာအခုရနေတဲ့အခင်းအကျဉ်းမျိုးမှာ သာယာနေပြီး ထိမ်းသိမ်းခံထားရသူတွေ လွတ်လာရင် သူ့ကိုလွှဲခဲ့တဲ့ လုပ်ပိုင်ခွင့်တွေ ကို ပြန်မအပ်နိုင်တော့ဘူး (အာဏာရူးဖြစ်သွားတာပေါ့)။  SDC ကကျောင်း သားတွေလွတ် လာတော့မယ်ကြားရလို့ ကျနော်တို့တတွေအားလုံး ၀မ်းသာနေတဲ့အချိန် သူတော်တော်ခြောက်ခြားနေပြီဖြစ် တယ်။

 ဒါ နဲ့ ဘဲ ၉လနီးပါးမှာ SDC ကကျောင်းသားတွေလွတ်လာတယ်၊ ကျနော်အမှန် အတိုင်းဘဲရှင်းပြလိုက်တယ်။ သူတို့လဲတော်တော်ကြေကွဲနေပုံရပါတယ်။ အရာရာ ဟာ ပြောင်း လဲနေပြီး နွေးထွေးစွာကြိုဆိုမှုကို မရတဲ့အပြင်၊ လက်တွဲခေါ်ယူ ဖို့ကိုကန့်ထား သလိုဖြစ်နေတယ်၊ ရဲဘော်ရဲဘက်တွေဟာ သူနဲ့တစိမ်းတွေလိုရှိန်နေကြတယ်။ တနေ့မှာတော့ သူတို့အစည်းအဝေး တရပ်ခေါ်ပြီး ခေါင်းဆောင်လုပ်မဲ့သူအသစ်ပြန်ရွေးတဲအခါ၊ အဲဒိသတ္တ၀ါရှုံးသွားပါတယ်၊ ဒါပေမဲ့နေရာ ဖယ်ပေး ဖို့ဝေ့လည်ကြောင်ပတ်လုပ်နေပါတော့တယ်။ ထိုင်းအာဏာပိုင်တွေကို သတ္တိပြခဲ့တဲ့သူတွေ ဟာ လေးစား အသိအမှတ်ပြုခြင်း မခံရဘဲ လူသစ်ကလေးတွေလိုပြန်ဖြစ်နေတော့ မကျေနပ်မှု့တွေဟာ ထိမ်းချုပ်မရဘဲ သူတို့ထဲက စကားနဲပြီး အအေးဆုံးကျောင်းသားလေးတယောက်က အုတ်ခဲနဲ့သတ္တ၀ါကို ထုလိုက်ပါတော့တယ်။ အုတ်ခဲလဲကျိုး သတ္တ၀ါလဲဆေးရုံပို့လိုက်ရတယ်။ 

ဆေးရုံကတော့ ဘန်ကောက်မြို့၊ ဗဟိုယိုထင် လမ်းမကြီးပေါ်မှာရှိတဲ့ ဖရထိုင်း ၂ ဆေးရုံပါ။ ခေါင်းမှာလေးငါးချက်လောက်ချုပ်လိုက်ရပြီး၊ နှစ်ညလောက် ဆေးရုံတက်လိုက်ရပါတယ်။ အကြမ်းဖက်ခြင်းဟာ မှားယွင်းတဲ့လုပ်ရပ်ဆိုတာ နားလည်ပါတယ်၊ အဲဒိကျောင်းသားငယ်မှားသွားတယ်၊ ဒါပေမဲ့ အပြစ်ရှိပြီး တာဝန်ရှိတာ ကျနော်ဖြစ်ပါတယ်။ ကျနော်ရဲ့ခံစားချက်ကိုဦးစားပေးတဲ့ စကားတွေကြောင့် ဒေါသပေါက်ကွဲရတာသာဖြစ်တယ်။ ကျနော်ဆေးရုံကိုမသွားခဲ့ဘူး၊ ဆေးရုံ သွားကြည့်တဲ့သူတွေကတော ပြောပြ တယ်၊ အဖြူတွေရှေ့မှာ ပဲတွေအရမ်းများပြတယ်တဲ့။ ဆေးရုံ ကုတင်ပေါ် မှာတောင် သနား သွားအောင် lobby လုပ်လိုက်သေးတယ်။ Alan ရဲ့ ဇနီး Dennies ကတော အရမ်းဝမ်းနည်းပြီး စိတ်မကောင်းတော်တော်ဖြစ်ရှာတယ်၊ Dennies ကစိတ်ထားသိပ်ပြီးနူးညံ့တယ်၊ ဘာအကူအညီသွားတောင်းတောင်း မရရအောင်ကြိုးစားပြီးချက်ချင်းတုံ့ပြန်တယ်၊ သူ့ကို စိတ်မကောင်း စရာသတင်းသွားပြောမိရင် သူကပိုပြီးထိခိုက်လွယ်တယ်။ Dennies မသိလိုက်တာကတော သူ့နောက်ကွယ်မှာ သတ္တ၀ါက ( ဒီကောင်မလေး အရမ်းကို နန့်တယ်) လို့ပြောခဲ့တာပါဘဲ။ Dennies က သူ့အမေအရွယ်လောက်ရှိပါတယ်။ ဒါနဲ့ ကျနော်လဲမှာမပျော်တော့တာနဲ့ JRSက အလုပ်ထွက်လိုက်ပါတယ်။

နောက်တော့ BIG ကနေ ဧရာဝတီသတင်းဌာန ဆိုပြီး ပြောင်းသွားတယ် ကြားတယ်၊ ကျနော် ဧရာဝတီသတင်းကိုမဖတ်ပါဘူး။ ပုဂ္ဂိုလ်ရေးအရ ရွံလွန်းလို့ပါ၊ ဒါပေမဲ့ links တွေ ကနေ ရောက်သွားတော့လည်း ကျနော့်ညီငယ်လေးတွေ(ရဲနည်၊ ကိုသက်) ဧရာဝတီမှာ လုပ်နေတာဘဲလေဆိုပြီးဖြေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆော်ကားပြီး အင်တာနက်ဟက်လုပ်ခံရတယ် ပြောတာလဲကြားပါတယ်။ ကိုကျော်သန်းတယောက် နပိုလီယံ ဆိုပြီးရေးလိုက်တာတွေ့တယ်။နပိုလီယံ နဲ့နှိုင်းရင်တော့ နောက်ကွယ်မှာဟားတိုက်တာခံရတာမြင်မိတယ်။ သူ့ဗီဇက သူဆွလိုက်လို့ သူများဒေါသထွက်သွားရင် ဟားတိုက်တတ်တဲ့ မညှိုးလုံးဗျ။

မန္တလေး မှာ ကိုထွန်းအောင်ကျော်ရဲ့ ညီမ မသင်းသင်းနဲ. မချောအိဖြူတို့ကို ချိုးလိုက်တဲ့ အချိုးမျိုးတွေ JRS မှာ နယ်စပ်ကလာတဲ့ကျောင်းသားတွေအပေါ်ဆက်ဆံခဲ့တာ ပြန်မြင်မိတယ်။ မြောက်ပိုင်းကိစ္စ သူကအစောဆုံး ၁၉၉၆ ကစခဲ့တာပါတဲ့၊ ဟုတ်ပါတယ်။ အဲဒိအချိန်က အတိုက်အခံတွေ ဘက်မှာဒီသတင်းကိုမပျံ့စေခြင်သေးဘူး၊ အတိုက်အခံ အင်အားရော့သွားမှာစိုးတယ်၊ တချို့လည်းမြောက်ပိုင်း မှာ တကယ် ဘဲ သူလျှိုဝင်ခဲ့တယ်ထင်ကြသလို၊ လွတ်မြောက်လာသူတွေ ကိုယ်တိုင်က သူတို့လေးစားဂုဏ်ယူခဲ့တဲ့ ABSDF ရဲ့ဂုဏ်သိက္ခာကိုငဲ့ညှာပြီး ခုလို ဖွင်ဟမပြောကြသေးဘဲ ကာလတခုကိုစောင့်ဆိုင်းနေတဲ့အချိန်မှာ သတင်းဦးအနေနဲ့သတင်းဌာန နာမည်ရဖို့အတွက် အတိုက်အခံ အချင်းချင်းနှိပ်ကွတ် လိုက်တာပါ။ မြောက်ပိုင်းကလွတ်မြောက်လာတဲ့ကျောင်သားတွေရဲ့ သဘော ထားကြီးမှုနဲ့ သီးခံ စိတ်ရှည်မှုကလဲအံသြစရာပါဘဲ။ နောက်တကြောင်းက NGO လောကထဲက Donor ငွေတွေရှယ်ပြီးယူနေ ရတဲ့သူတယောက်(ကိုနိုင်အောင်) ကိုရှင်းလိုက်ရင် သူ့ဆီငွေတွေ ပိုပြီးစီးဆင်းလာဖို့အတွက်ပါ။ မြောက်ပိုင်းကကျောင်သားတွေကို ဂရုဏာသက်လို့တော့ဖြစ်ဟန်မတူပါဘူး မရိုးနိုင်တဲ့ ဟင်္သာကိုးသောင်းဇတ် ခင်းလိုက်တာပါဘဲ။ လက်ရှိအချေအနေမှာတော့ တခြားသတင်းထောက်တွေလဲရေးနေကြတာမှို့သတင်းဦးမဟုတ်တော့တဲ့အတွက် မြောက်ပိုင်းကိစ္စကသေး
သေးလေးဖြစ်သွားတာပေါ့။

၈၈အရေးအခင်း ကထွက်လာခဲ့တဲ့ကျောင်းသားတွေဟာ အနာဂါတ်တွေ ပျောက် မှာစိုးရိမ်လို့တတိယ နိုင်ငံတွေထွက်ပြီး ပညာလဲသင် နိုင်ငံရေးလဲလုပ်ဖို့ကြိုးစားကြတယ်။ တကယ်တန်းမှာတော့ ကျောင်းသား အချို့လောက်သာအဆင့်မြင့်တက္ကသိုလ်တွေမှာ အစိုးရချေးငွေ နဲ့ပညာသင်ကြားနိုင်ခဲ့ကြ တယ်။ တော်တော် များများက လုပ်ငန်းခွင်ထဲ ၀င်၊ အိမ်ထောင်တွေကျဖြစ်ကုန်ပြီး၊ နေ့ကြီးရက်ကြီးတွေမှာ ဆန္ဒပြတာထက် သိပ်ပိုပြီးတိုးမပေါက်ခဲ့ပါဘူး။ ဘာသာစကားအခက်အခဲကလဲ အကြီးမားဆုံးပြဿနာ တရပ်ပါဘဲ။ လုပ်ငန်းခွင်ထဲမှာ စကားပြောသင်နေလို့ရတာမှမဟုတ်တာဘဲ၊ ကိုယ်အသိုင်း အ၀ိုင်းမှာကြတော့လဲ ဗမာလိုဘဲပြောကြဆိုကြနဲ့မှို့ အင်္ဂလိပ်စကားကို အလုပ်ဖြစ်လောက်အောင် ဘဲ ပြောတတ်ကြတယ်ဆိုတော့ မြန်မာ့အရေးလုပ်တော့မယ်ဆိုရင် နိုင်ငံခြားသားတွေဆီမှာ အကူ အညီသွားပြီးတောင်းကြရတယ်။ ချင်းမိုင် ဂွင်ကျတော့ ပြောင်းပြန်ပါ၊ မြန်မာ့အရေးစိတ်ဝင်စားတဲ့ နိုင်ငံခြားသားတွေ၊ နိုင်ငံတကာက ကျောင်းသားတွေ ဟာ စာတမ်းပြုစုတာဘဲဖြစ်ဖြစ် သူတို့နိုင်ငံမှာပြန်တင်ပြဖို့ဘဲဖြစ်ဖြစ် မြန်မာတွေဆီမှာ သိချင်တာလေးတွေ လာမေးရ တယ်။ ကျောင်းဆင်းလေးတွေ၊ ဂျာနယ်လစ်အသစ်လေးတွေ၊ လူ့အခွင့်အရေးလှုပ်ရှား သူတွေဟာ၊ တလေးတစားနဲလာပြီး သူတိုသိချင်တာလေးတွေ မြန်မာတွေဆီ တလေးတစားလာ မေးရတဲ့အဆင့်ပါ။ စာအရေးအသားလက်သွေးပြီး ကူညီချင်သူတွေရှိသလို အင်္ဂလိပ်စကားပြောကြ တဲ့အကြောင်းအရာတွေ ကလဲ လူအခွင့်အရေး၊ မြန်မာ့ဒီမိုကရေစီအရေး နှဲ့ပတ်သက်တဲ့ အကြောင်းအရာတွေမှို့ စကားပြောရာမှာလဲတိုးတက်ပါတယ်။ Donor တွေဆီက project တင်လို့ ရထားတဲ့ငွေတွေ အသုံးပြုပေးဖို့လာတဲ့ NGO တွေက လုပ်ပေးကိုင်ပေးမဲ့သူ လာရှာရတာမှို့ ကိုယ်ကအလိုက်သင့်လေး ဆွဲစားယုံပါဘဲ။ NGO တွေဆီမှာ project တင်နည်းတောင် သင်တန်းပေးပါသေးတယ်။

မြန်မာပြည်သူပြည်သားတွေဟာ အမှန်တရားတွေကမ္ဘာက သိရှိဖို့အတွက်၊ အလုပ်အပြုတ်ခံ၊ နှစ်ရှည်ထောင်ကျခံပြီး သတင်းဌာနတွေဆီ သတင်းတွေပေးပို့ကြတယ်။ ပြည်ပက မီဒီယာသမားတွေကတော့ အဲဒီချွေး၊ သွေးတွေနဲ ပေးဆပ်ထားတဲ့ သတင်းတွေကို ရင်းပြီး နိုင်ငံတကာက အလှူရှင်တွေဆီက အလှူငွေတွေနဲ့ နှစ်၂၀လောက် လေအေးစက်ပါတဲ့ရုံးခန်း၊ ကိုယ်ပိုင်ကား၊ အသုံးအဆောင်အပြည့်နဲ့ အီစိမ့်နေအောင်နေခဲ့ကြတယ်။ မြန်မာပြည်ထဲမှာ မီဒီယာနဲ့ဆက်သွယ်လို့ အဖမ်းခံသွားရပြန်တော့ သူ့လူပါဆိုပြီး အလှူရှင်တွေဆီအသုံးစရိတ်ပြလို့ကောင်းသွားပြန်ရော။ ခုတော့ အလှူရှင်တွေက ပြည်ပမှာထက် ပြည်တွင်းကိုစိတ်ဝင်စားလာတယ်၊ သတင်းဌာနတွေထက် လူမှု့ရေး၊ ပညာရေးနဲ့၊ လူငယ်တွေပြုစုပျိုးထောင်ရေးတွေမှာ စိတ်ဝင်စားလာတော့၊ သတင်းဌာနတွေလဲ ၀မ်းရေးအတွက် သူများ ထက်ဦးအောင် မြန်မာပြည် ထဲပြေးဝင်ကြရတော့ တယ်။ မြန်မာပြည်ကိုချစ်လို့ပြန်လာတာမဟုတ်ပါဘူး ဂွင်ပျောက်ကုန်လို့ပါ။ ဒီသတ္တ၀ါတကောင်က အခု NLD လဲဝင်ထွက်နေတာမှို့ ကောက်ကျစ်တဲ ကောင်ကိုသတိထားဖို့ ဒီစာကိုရေးလိုက်တာပါ။ ဒီကောင့်မှာ သူ့သတင်းဦးဖို့ကလွဲရင် ဘာ stance မှမရှိပါဘူး။ ခြေလှမ်းတိုင်းဟာ အကွက်ချထားပြီး သူ့ရဲ့စားခွက်ကို လုမဲ့သူကိုအခွင့်သာရင် နှိပ်ကွတ်ဖို့ အမြဲတန်း အကောက်ကြံနေတတ်တယ်။ ဂျာနယ်လစ် အသစ်လေးတွေကိုလဲမှာပါရစေ၊ တန်ရာတန်ကြေးရမှအလုပ်လုပ်ပါ။ တန်ရာတန်ကြေးဆိုတာ ငွေကြေး ထက်၊ လေးစား၊ အသိအမှတ်ပြုခြင်းခံရမှုကိုဆိုလိုတာပါ၊Press conference တွေမှာ ထပ်တွေ့ရင်မေးကြည့် ပါ၊ ဘန်ကောက်က ကျောင်းသား ၃၈ယောက် အရေးမှာ ဘယ်အခန်းကဏ္ဍက ပါဝင်ခဲ့ပါသလဲ၊ ဘယ်မျှလောက် တာဝန်ကျေခဲ့ပါသလဲ။ အဲဒိသတ္တ၀ါ မျက်နှာမှာ မရှိတဲ့သွေးတောင်ပြောက်သွားအုံးမယ်။

အားလုံးကိုခင်မင်လေးစားလျက်

ကိုဖိုးထောင်

05 November 2012

သြဇာပြနေကြသော ရန်ကုန်တိုင်းအရှေ့ ပိုင်း ဆေးရုံကြီးပေါ်က ဆေးရုံဝန်ထမ်းများ

ရန်ကုန် အရှေ့ပိုင်း ဆေးရုံကြီး၌ ဆေးရုံဝန်ထမ်းများသည် ဆေးရုံတက်  ရောက်သူလူနာများ၊ လူနာစောင့်များနှင့် ဧည့်သည်များ အပေါ်တွင် ဩဇာပြ ၍မချေမငံဆက်ဆံနေကြကြောင်းသိရသည်။ "ကျွန်မက နှလုံးသွေးကြောကျဉ်း လို့ ဆေးရုံလာတက် တာပါ ဆေးရုံကို ရောက်လာတော့ လမ်းလျှောက် နိုင်ပါ သေးတယ်။ အဲဒါကို ဆေးရုံဝန်ထမ်း တွေက တွန်းလှည်းနဲ့ အတင်းခေါ်ပြီး ကျွန်မတက်ရမယ့် အဆောင်ကိုလိုက်ပို့ ပေးတယ်။ မစီးချင်ဘူးဆိုရင်လည်း အော် ငေါက်သေးတယ်။ X-ray ရိုက်မယ့် ဓာတ်ခွဲခန်းကို သွားတော့ လည်းလမ်းလျှောက် သွားနိုင်ရဲ့သားနဲ့ တွန်းလှည်းကြီးနဲ့ အတင်းလာခေါ် တယ်။ ပြီးတော့တွန်းလှည်းခတောင်း တယ်။ ကိုယ်ကလည်း အကြွေမရှိဘူး။ တစ်ထောင်တန်လည်း မပေးချင်ဘူး လေ။

 ဒါကြောင့်ပြန်အမ်းပေးဖို့ ပြော တော့ တစ်ထောင်တန်ပေးပါ ပြန်အမ်း ပေးမယ်ဆိုပြီးတောင်းတယ်။ ကျွန်မက မပေးဘူးအကြွေရရင်လာ ယူဆိုတော့မှ အကြွေယူလာပြီး ပိုက်ဆံလာတောင်း တယ်" ဟု ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီး ပေါ်တွင် နှလုံးသွေးကြောကျဉ်းရောဂါ နှင့်တက်ရောက် နေသူလူနာတစ်ဦးထံမှ သိရသည်။ အဆိုပါဆေးရုံတွင် မနက်တိုင်း ပိုးသတ်ဆေးဖျန်း၍ သန့်ရှင်းရေး ပြုလုပ်လျက်ရှိရာ ပိုးသတ်ဆေးနံ့မခံ နိုင်သော လူနာများကစင်္ကြံများသို့ ထွက်၍ အနံ့ရှောင်သောအခါတွင် လည်းအော်ဟစ်ငေါက်ငမ်း၍ လူနာများ အား ခုတင်ပေါ်တွင်သာနေရန် ဆူပူ လျက်ရှိကြောင်း သိရသည်။ "အဖွားက အသက် (၈၀) ရှိ ပါပြီ နှလုံးကြီးလို့ ဆေးရုံလာတက်တာ ပါ။ ပိုးသတ်ဆေးတွေဖျန်းတော့ အနံ့ တွေကမခံနိုင်လို့စင်္ကြံန်မှာသွားနေတာ။ အဲဒါကို ခေါင်းလောင်းလိုက် တီး နေ တဲ့ ဆေးရုံဝန်ထမ်းတစ်ယောက်က အထဲ ကိုဝင်အပြင်မှာမနေနဲ့၊ လူနာစောင့်တွေ ကဟိုးအောက် မှာသွားနေ၊ လူနာတွေ ကအခန်းထဲကိုဝင် ဆရာဝန်ကြီးတွေ လာရင်ဆူလိမ့် မယ်ဆိုပြီးခါးကြီးထောက် ပြီး အော်ဟစ်နေလို့ အဖွားတို့လည်း အနံ့မခံနိုင်တဲ့ကြားထဲက အထဲကို အမြန်ဝင်ပြေးရတယ်"ဟု အသက် ၈၀ အရွယ် နှလုံးကြီးရောဂါဖြင့်ဆေးရုံတက် ရောက်ဆေးကုသခံနေသူ အဖွားအိုထံမှ သိရသည်။ "ဟုတ်တယ် ကျွန်မလည်း နှလုံး သမားပါပဲ။ အနံ့အသက်တွေရှူမိရင် မခံနိုင်အောင် အရမ်းမောလာပါတယ်။ အဲဒါကြောင့် ကျွန်မလည်း အပြင် စင်္ကြံန်မှာ အနံ့ထွက်ရှောင်တာ အဲဒါ ခေါင်းလောင်းတီးပြီးလိုက်အော်နေတဲ့ ဆေးရုံဝန်ထမ်းအဖိုးကြီးက ညည်း လည်း လူနာပဲမဟုတ်လား။ အထဲဝင် နေ။ ဆရာဝန်ကြီးဆူမယ်ဘာညာလာ ပြောတာနဲ့ ကျွန်မလည်း အနံ့မခံနိုင် လို့အပြင်ထွက်တာပြီးရင်ဝင်မှာဘာညာ ပြောပြီး စကားများတယ်။ အရမ်းလူပါး ဝတယ် ဆရာဝန်တွေ ဆရာမတွေက အော်တာငေါက်တာထားပါတော့ သူတို့ က ဘာမှလည်းမဟုတ်ဘဲနဲ့လာပြီး ရင့် ရင့်သီးသီးတွေပြောကြတယ်။ မလိုအပ် ပဲ အကူအညီတွေလိုက်ပေး ပိုက်ဆံ တောင်း၊ မရရင်အော်ငေါက်နေကြ တာ။ တကယ်စိတ်ပျက်ဖို့ကောင်းပါ တယ်။

 ဝန်ထမ်းတွေ ဒီလိုဖြစ်နေတာကို အပေါ်ကလူကြီးပိုင်းဆရာဝန်တွေသိစေ ချင်ပါတယ်။ ထိထိရောက်ရောက်လည်း အပြစ်ပေးစေချင်ပါတယ်။ ကျန်းမာရေး မကောင်းလို့ စိတ်ညစ်ရတာတစ်မျိုး ဘာမဟုတ်တဲ့ သူတွေအော်တာ ငေါက် တာခံရတာတစ်မျိုးနဲ့ ဆေးရုံ တက်ရ တာ စိတ်မချမ်းသာပါဘူး"ဟု အသက် ၂၅ နှစ်အရွယ် လူနာတစ်ဦးကပြော သည်။ သူမ၏ ခင်ပွန်းဖြစ်သူက လည်း ဆေးရုံဝန်ထမ်း များငွေကြေးတောင်း ခံပုံမှာ အကြွေးရှင်က အကြွေးတောင်း သလိုတစာစာတောင်းကြောင်း ဆေးရုံ မှာလစာယူ ထားသောကြောင့် ဆေးရုံ အလုပ်များကိုလုပ်ကိုင် နေကြသော် လည်း ဆေးကု သခံယူသူများထံမှလက် ဘက်ရည်ဖိုး တောင်းခံမှုများရှိကြောင်း လူနာများကိုမ ချေမငံဆက်ဆံကြောင်း လူထုပုံရိပ် သို့ဖြည့်စွက်ပြောကြားသွားသည်။ 

သတင်း.... လူထုပုံရိပ်

၁၉၈၈ အရေးအခင်းနဲ့  ပတ်သတ်တဲ့ ရုပ်ရှင်ရိုက်မယ့် ဒါရိုက်တာ သျှိုကြီး

၁၉၉၀ ခုနှစ် အကျော်ပတ် ဝန်းကျင်တုန်းကရခဲ့တဲ့ စိတ်ကူးလေး ပါ။ အခုခေတ်မှာ ပွင့်လင်းလာတဲ့ အချိန်အခါလည်းဖြစ်လာပြီဆိုတော့ ၁၉၈၈ အရေးအခင်းနဲ့ပတ်သက်ပြီး အရုပ်နဲ့သမိုင်းတင်တာပေါ့။ အဲဒီ ချိန်မှာ ၁၉၈၈ အရေးအခင်းက အရမ်းကြီးကျယ်မြင့်မြတ်လွန်းတဲ့ အတွက် အရုပ်နဲ့ သရုပ်ဖော်တဲ့အခါ မှာ အမှားအယွင်းတွေ၊ လိုအပ်ချက် တွေဖြစ်ကောင်းဖြစ်နိုင်တဲ့အတွက်၊ အဲဒီရုပ်ရှင်ကြီးရိုက်ကူးဖို့အတွက် ကော်မတီ(၉)ဖွဲ့ဖွဲ့ထားတယ်။ အနု ပညာအကြံပေးအဖွဲ့၊ ဇာတ်ညွှန်း အကြံပေး၊ ဆက်တင်အကြံပေး၊ ရိုက်ကွင်းအကြံပေး၊ တည်းဖြတ် အကြံပေး၊ ဘာသာပြန်အကြံပေး အဖွဲ့စသည်ဖြင့် (၉)ဖွဲ့ ဖွဲ့ထားတယ်။ အနုပညာနဲ့ ဇာတ်ညွှန်းအကြံပေး ဆိုရင် ထုတ်လုပ်သူ ဦးအောင်လွင် တို့ပါဝင်တဲ့အပြင် (၈၈) ဖြတ်သန်း သူတွေပါဝင်မယ်။ 

အနုပညာအကြံ ပေးထဲမှာဆိုရင် (၈၈) ဖြတ်သန်းခဲ့ ကြသူများလို့နာမည်တပ်ထားတယ်။ ဇာတ်ညွှန်းကိုတော့ ဗရေဂျမ်း၊ ကိုရွှေမိုးသက်၊ မျိုးကိုမျိုး၊ ဇာတ် လမ်းကတော့ ဗရေဂျမ်းရဲ့ ဇာတ် လမ်းတစ်ပုဒ်ပါ။ ဇာတ်လမ်းနာမည် က "ချွန်စေမြစေစော'၊ ကောင်းကျိုး အထွေထွေ၊ ဒေါင်းအိုးတဝေဝေနဲ့ ချွန်ဝေမြစေသော်(ဝ်)ဆိုတဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့၊ ကဗျာစာချိုးထဲက ယူထားတာပါ။ အဲဒီအတွက်လည်း ဆရာကြီး အမျိုးအနွယ်တွေကို ခွင့်ပြုချက်ယူ ထားပါတယ်။ အဲဒီဇာတ်ကားကြီးကို ရှေ့နှစ်(၅)လပိုင်း ဝန်းကျင်လောက် ရိုက်ပါ့မယ်။ ပရိသတ်မငြီးငွေ့ အောင် ဒရာမာလေးတစ်ခြမ်းထည့် ထားတယ်။ ဇာတ်လမ်းကတော့ စက်တင်ဘာလမှာ ငွေစက္ကူအရေး ကိစ္စကနေစပြီး ရှစ်လေးလုံးအရေး တော်ပုံကာလပြီးတဲ့အထိ ရည်ရွယ် ထားတယ်။ အဲဒီမှာ အဓိကဇာတ် ကောင်(၄)ယောက်ရှိမယ်။ အဲဒီ (၄)ယောက်ကိုတော့ အပြင် လူတွေကိုခေါ်ဖြစ်မယ်။ ဘယ်သူ တွေဖြစ်ဦးမယ်တော့ မသိသေးဘူး။ ကျန်တဲ့သူတွေကတော့ (၈၈) မျိုးဆက်တွေ တစ်ခန်းစနှစ်ခန်း စပါဝင်သရုပ်ဆောင်ကြမှာပါ။

 ထုတ်လုပ်ရေးကတော့ အသစ် ဖြစ်တဲ့အတွက် မပြောသေးပါဘူး။ ဆင်ဆာအဖွဲ့ကို တင်ပြီးလို့ ရိုက်ကူး ခွင့်ကျပြီဆိုရင်တော့ စာနယ်ဇင်းကို မိတ်ဆက်ပေးမှာပါ။ ဒီဇာတ်လေး က နိုင်ငံရေးနဲ့မကင်းဘူး။ ဒါကြောင့် ဒီဇာတ်လမ်းမှာ အဓိကထားတာက ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး။ အဓိကဖော်ကျူး ထားတာက မိဘမေတ္တာ၊ သားသမီး မေတ္တာကိုဖော်ကျူးထားတာပါ။ တပ်မတော်ကိုလက်ညှိုးထိုးနေမယ့် အစား၊ တစ်ပါတီ စနစ်ကြောင့် ဖြစ်ပေါ်လာတဲ့အရေးအခင်းကြောင့် တပ်မတော်က ပြန်လည်ထိန်းသိမ်း ခဲ့တာကို ဖော်ကျူးထားတာပါ။ အဲဒီ ရုပ်ရှင်ဇာတ်ကားကြီးပြီးရင်တော့ အနည်းဆုံးအာရှမောင်ထိ လှည့် လည်ပြသဖို့ရှိပါတယ်။

သတင်း...... 8 Days

04 November 2012

ကလောမြို့ ကျောက်တန်းရွာမှ ၁၁ နှစ်သားလေး မြက်ရှင်းရာမှ ဓာတ်လိုက်သေဆုံး

ရှမ်းပြည်နယ် ကလောမြို့နယ် လွယ်အံ ကျေးရွာအုပ်စု ကျောက်တန်း ရွာတွင် အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ခွဲက ကလေး တစ်ဦး ဓာတ်လိုက် သေဆုံး သွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကျော်ဇင်ထက် (ခ)အာပြဲ ၁၁နှစ် (ဘ) ဦးချစ်စမ်းကို ကလော မြို့နယ် လွယ်အံ ကျေးရွာ အုပ်စု ကျောက် တန်းရွာ နေသူသည် အောက်တိုဘာ ၂၇ ရက် မွန်းလွဲ ၂ နာရီ ခွဲက မိဘများ မရှိစဉ် နေအိမ် ခြံဝင်းအ တွင်း ပေါက်ပြားဖြင့် မြက်ပေါက် ရှင်းလင်းရာ သွယ်တန်း ထားသော လျှပ်စစ် ဝါယာကြိုးအား ပေါက်ပြားဖြင့် ချိတ်မိ ပြီး ပေါက်ပြား ပြုတ်ကျ၍ ကောက်ယူ စဉ် ဓာတ်လိုက် သေဆုံး သွားသဖြင့် ကလော ရဲစခန်းမှ သေမှု သေခင်း အမှတ်စဉ် ၁၉/၂ဝ၁၂ ဖြင့် ရေးဖွင့်၍ ဓမ္မတာ အတိုင်း သေဆုံး ခြင်းဟုတ်၊ မဟုတ် စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။

သတင်း..မြဝတီ

ဆူးလေဆိပ်ကမ်း အဆင့်မြှင့်တင်ဒါ စိစစ်ရွေးချယ်သွားမည်

ရန်ကုန်မြို့၏ အချက်အချာဖြစ်သော ဆူးလေဆိပ်ကမ်း အဆင့်မြှင့်တင် တည်ဆောက်ရန်အတွက် ပုဂ္ဂလိက ကုမ္ပဏီများ၊ လုပ်ငန်းရှင်များမှ တင်သွင်းခဲ့သော တင်ဒါများအား တင်ဒါစိစစ် ရွေးချယ်ရေးအဖွဲ့မှ ပဏာမ စိစစ်ရွေးချယ်ကာ ဒုတိယအဆင့်အနေဖြင့် အချက်သုံးချက် ထပ်မံရွေးချယ်သွား မည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ 

ထိုကဲ့သို့ ကုမ္ပဏီများမှ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် တင်သွင်းလာသော တင်ဒါများအား ပထမအဆင့်အနေဖြင့် တင်ဒါစည်းကမ်းတွင် အချက်ရှစ်ချက်ဖြင့် စိစစ်၍ ပဏာမ ရွေးချယ်သွားမည်ဟု သိရသည်။ တင်သွင်းလာသော တင်ဒါများအား သက်ဆိုင်ရာ အဖွဲ့များမှ ခိုင်မာသောငွေကြေး ပိုင်ဆိုင်မှု အထောက်အထားများ သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လေ့လာအကဲဖြတ်ချက် (Enviromental Impact Assessment) နှင့် လူမှုပတ်ဝန်းကျင် ထိခိုက်မှု လေ့လာအကဲဖြတ်ချက် (Social Impact Assessment) စသည်တို့နှင့် ပတ်သက်သော အချက်များအား စိစစ်ရွေးချယ်ရေး အဖွဲ့များမှ ပဏာမ စိစစ်ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။ 

ထိုကဲ့သို့ ဆောင်ရွက်ရာ၌ သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီမှု မရှိသော တင်ဒါများအား ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း အထက်ပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ သိရသည်။ ပဏာမအဆင့် စိစစ်ရွေးချယ်ခြင်း၌ အောင်မြင်သော တင်ဒါများအား ဒုတိယအဆင့်အနေဖြင့် စိစစ်ရွေးချယ်မှုများ ပြုလုပ်ရာ၌ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်သို့ ပေးမည့် ရင်းနှီးမြှုပ်နှံမှု အချိုးရာခိုင်နှုန်း (Equity Ratio)၊ ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့ကို အခြေခံ၍ ဒုတိယအဆင့် အနေဖြင့် စိစစ်ရွေးချယ်သွားမည်ဟု သိရသည်။ အချက်သုံးချက်ဖြင့် စိစစ်ရွေးချယ်ရာ၌ အမှတ်အများဆုံး ရရှိသူ သုံးဦးတို့အား  ဆက်လက်ရွေးချယ်သွားမည်ဟု သိရပါသည်။ တင်ဒါအောင်မြင်သူ သုံးဦး၏ အသေးစိတ် အချက်အလက်များဖြစ်သော ငွေကြေးခိုင်မာမှု အထောက်အထား၊ ရင်းနှီးမြှုပ်နှံမည့် ပမာဏ၊ ပုံစံဒီဇိုင်းနှင့် စံချိန်စံညွှန်းများ စသည်တို့ကို သက်ဆိုင်ရာ တင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့များမှ ထပ်မံစိစစ် ရွေးချယ်ကာ ဆောင်ရွက်မှုများ ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်ဟု  News Watch Weekly ဂျာနယ် တွင် ဖော်ပြ ထားပါသည်။ 

ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံခြားဧည့်ပါမောက္ခများ ပြန်လည်သင်ကြားမည်

Open Society Foundation ၏ ကူညီဆောင်ရွက်ပေးမှုဖြင့် နိုင်ငံတကာမှ ဧည့်ပညာရှင်/ပါမောက္ခ ၁၂ ဦးက လာမည့် ၂၀၁၃-၂၀၁၄ တက္ကသိုလ် ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်ရှိ ရှေးဟောင်းသုတေသန ပညာဌာန အပါအဝင် ဘာသာရပ်ဌာန သုံးခုသို့ လာရောက်သင်ကြားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းက ပြောကြားသည်။ 

အဆိုပါ ဧည့်ပါမောက္ခများသည် ရှေးဟောင်း သုတေသန ပညာဌာန၊ ဥပဒေပညာဌာ နနှင့် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနတို့တွင် သီတင်းပတ် နှစ်ပတ်စီ လာရောက် သင်ကြားမည်ဖြစ်ပြီး မဟာဘွဲ၊ ပါရဂူ ဘွဲ့ကျမ်းများနှင့် ဌာနတွင်း သုတေသနများအပေါ် အကြံပြု ဆွေးနွေးခြင်းများ ကူညီဆောင်ရွက် မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

 “အရင်တုန်းကတော့ နိုင်ငံတကာက ဧည့်ပါမောက္ခတွေ လာသင်ကြတာတွေ ရှိတယ်။ အခုတစ်ခါ က နောက် ထပ် ပြန်စတာပါ” ဟု ပါမောက္ခချုပ်က ပြောကြားသည်။ ယခုလက်ရှိတွင် ရန်ကုန်တက္ကသိုလ် ပထဝီဝင်ဌာနတွင် ဂျာမနီနိုင်ငံ Cologne University မှ ဒေါက်တာ Frauke Kraas သည် ဧည့် ပါမောက္ခ အဖြစ် တစ်နှစ်ခွဲကြာ တာဝန်ထမ်းဆောင်မည် ဖြစ်ကြောင်း ဒေါက်တာ တင်ထွန်းက ပြောဆိုသည်။ 

Cambridge University နှင့် University of Sidney တို့မှ ပါမောက္ခ နှစ်ဦးတို့သည် ရှေးဟောင်းသုတေသန ပညာဌာနတွင် သင်ကြားရန် လာမည့် ဒီဇင်ဘာလနှင့် ဖေဖော်ဝါရီလ တို့တွင် မြန်မာနိုင်ငံ သို့ ရောက်ရှိ မည်ဖြစ်ကြောင်း၊ အလားတူ ဥပဒေပညာဌာနသို့ UNDP(Asia Pacific Regional Centre) နှင့် Australian National University မှ ပါမောက္ခနှစ်ဦးနှင့် နိုင်ငံတကာဆက်ဆံရေး ပညာဌာနသို့ University of Vienna နှင့် Nagoya University  မှ ဧည့်ပါမောက္ခနှစ်ဦးတို့ ၂၀၁၃ ခုနှစ် ဇန်နဝါရီလတွင် လာရောက် မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ဒုတိယပါမောက္ခ ချုပ် ဒေါက်တာဝင်းနိုင် က ပြောကြားသည်။ ထပ်မံ၍ မနုဿဗေဒ ဌာနအနေဖြင့် Korea International Cooperation Agency (KOICA) ၏ အကူအညီဖြင့် ကိုရီး ယားနိုင်ငံ Hanyang University၊ Cultural Anthropology ဌာနနှင့် ပညာရေးဆိုင်ရာပူးပေါင်းဆောင် ရွက်မှုများ ဆောင်ရွက်ရန်ရှိကြောင်း၊ ထို့အပြင် ဥပဒေပညာ ဌာနသည်လည်း ဂျပန်နိုင်ငံ Nagoya University Graduate School of Law နှင့် ပူးပေါင်း၍ သုတေသနများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ပြောကြားခဲ့သည်ဟု  The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။