01 September 2010

ရွေးကောက်ပွဲဝင်ခွင့်မှတ်ပုံတင်ကြေးမပေးသွင်းနိုင်၍ နိုင်ငံရေးပါတီများ၏တင်သွင်းနိုင်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက်မျှော်မှန်းသည်ထက်နည်းပါးခဲ့ရ

ရွေးကောက်ပွဲဝင်ခွင့် မှတ်ပုံတင်ကြေး မပေးသွင်းနိုင်၍ နိုင်ငံရေးပါတီ များ၏ တင်သွင်းနိုင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်း အရေ အတွက် မျှော်မှန်းသည်ထက် နည်းပါးခဲ့ရ PDF Print E-mail
စနေနှင့် တနင်္ဂနွေ ရုံးပိတ်ရက်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အမည်စာရင်း တင်သွင်းခြင်းကို ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သြဂုတ်လ ၂၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။


ယင်းကဲ့သို့ စနေနှင့် တနင်္ဂနွေနေ့များတွင် အမည်စာရင်းတင်သွင်းခြင်းကို ဆောင်ရွက်နိုင်ခဲ့သည့်အပေါ် နိုင်ငံရေးပါတီများက ကြိုဆိုခဲ့ကြသော်လည်း မှတ်ပုံတင်ကြေးကျပ်ငါးသိန်း မပေးသွင်းနိုင်၍ နိုင်ငံရေးပါတီများ ၏တင်သွင်းနိုင်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း အရေအတွက် မျှော်မှန်းသည်ထက် နည်းပါးခဲ့ရကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။


"အခုလို စနေ၊ တနင်္ဂနွေ နှစ်ရက်တိုးရတဲ့အတွက် လုပ်သာကိုင်သာ ရှိသွားပေမယ့်လည်း မလုံလောက်ပါဘူး။ အမည်စာရင်း တင်သွင်းနိုင်မယ့်ရက်ကို ရက်ပေါင်း ၆၀ လောက် ပေးသင့်ပါတယ်။ ဒါဆိုရင် လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်း တင်သွင်းနိုင်ဖို့အတွက် မကျပ်တော့ပါဘူး" ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးလွင် က သြဂုတ်လ ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်။


"ရန်ကုန်တိုင်းမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်း ၄၅ ယောက် မျှော်မှန်းထားပေမယ့် အယောက် ၂၀ လောက်ပဲ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ဖြစ်လာပါတယ်။ ပေးသွင်းရမယ့် ငွေကြေး မပြည့်လို့ အခုလိုလျော့သွားရတာပါ"ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။


ထို့ပြင် ဒီမိုကရက်တစ်ပါတီ(မြန်မာ) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက "အခုလိုရက်တိုးသွားတဲ့အတွက် နည်းနည်းတော့ အချိန်ရတာပေါ့။ ဒါပေမယ့် ငွေမရှိတာက မရှိတာပဲလေ။ ငွေကြေးအခက် အခဲကြောင့် တစ်နိုင်ငံလုံးမှာ ၀င်ရောက် ယှဉ်ပြိုင်မယ့် လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းဖို့ လျာထားတဲ့ ၁၀၀ ၀န်းကျင်ကနေ ၇၀ ၀န်းကျင်လောက်ပဲ လတ်တလော ကျန်တော့တယ်"ဟု သြဂုတ်လ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။


မျှော်မှန်းထားသည့် လွှတ်တော် ကိုယ်စားလှယ်လောင်းဦးရေအတိုင်း အမည်စာရင်း တင်သွင်းနိုင်ခဲ့သည့် နိုင်ငံရေးပါတီအချို့လည်းရှိခဲ့ကြောင်း စုံစမ်းသိရသည်။"ပြည်နယ်နဲ့ တိုင်းဒေသကြီး ငါးခုမှာ လွှတ်တော်ကိုယ်စားလှယ် လောင်း ၄၀ ကျော် ၀င်ရောက်ယှဉ် ပြိုင်ဖို့ မျှော်မှန်းထားပါတယ်။ မျှော်မှန်းထားတဲ့အတိုင်း အမည်စာရင်း တင်သွင်းနိုင်ခဲ့ပါတယ်"ဟု ကရင်ပြည်သူ့ ပါတီ၏ ဒုဥက္ကဋ္ဌ ဦးစောအေးကိုက ပြောကြားခဲ့သည်။


သို့ရာတွင် လာမည့်ရွေးကောက် ပွဲများ၌ ၀င်ရောက်ယှဉ်ပြိုင်ရမည့် လွှတ်တော်မဲဆန္ဒနယ်မှာ ၁၀၀၀ ကျော်ရှိရာ မဲဆန္ဒနယ်အားလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီမှာ အနည်းငယ်သာရှိပြီး ငါးပါတီပင်မပြည့်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူများက ဆိုပါသည်။ ထို့ပြင် မဲဆန္ဒနယ်တစ်နယ်တွင် ရွေးကောက်တင်မြှောက်ခံမည့် လွှတ်တော်ကိုယ် စားလှယ်လောင်း တစ်ဦးတည်းသာ ရှိပါက ယင်းပုဂ္ဂိုလ်သာ လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာမည်ဖြစ်၍ မဲဆန္ဒနယ်အားလုံးကို ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် အလားအလာကောင်းမည် ဖြစ်ကြောင်းလည်း ၎င်းတို့က ဆက်လက်ဆိုပါသည်။


နိုင်ငံရေးပါတီ တစ်ပါတီသည် အနည်းဆုံး မဲဆန္ဒနယ်သုံးနယ်တွင် မိမိပါတီကို ကိုယ်စားပြု၍ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်လျှင် ယင်းပါတီအား မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းကို ပယ်ဖျက်ရမည်ဖြစ်ရာ ယခုကျင်းပသွားမည့် ရွေးကောက်ပွဲများတွင် အနည်းဆုံးမဲဆန္ဒနယ် သုံးနယ်ဝင်ရောက် မယှဉ်ပြိုင်နိုင်သည့် နိုင်ငံရေးပါတီလည်းရှိကြောင်း စုံစမ်းသိရှိရသည်။


လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် အမည်စာရင်း တင်သွင်းရန်အတွက် သက်ဆိုင်ရာရပ်ကွက် ကော်မရှင်အဖွဲ့၏ မဲစာရင်း ထောက်ခံချက်ကိုရယူခြင်း၊ မြို့နယ်တရားသူကြီး အဆင့်ထက် မနိမ့်သည့် တရားသူကြီးတစ်ဦး ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခြင်း၊ လွှတ်တော် ကိုယ်စားလှယ်လောင်း ၀င်ခွင့်မှတ်ပုံတင်ကြေးကို မြန်မာ့စီးပွားရေးဘဏ်တွင် ပေးသွင်းခြင်း၊ ခရိုင်ကော်မရှင် အဖွဲ့သို့ အမည်စာရင်းတင်သွင်းခြင်း တို့ကို ပြုလုပ်ရကြောင်း သိရသည်။


လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းမှု နောက်ဆုံး နေ့ရက်မှာ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်သည်။ ထို့ပြင် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းလွှာများ စိစစ်မှုကို စက်တင်ဘာလ ၆ ရက်မှ ၁၀ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်မှာ စက်တင်ဘာလ ၃ရက်နေ့ဖြစ်သည်။


လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ ၄၇ ပါတီရှိသွားပြီဖြစ်ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသည့်ပါတီ ၄၂ ပါတီရှိကြောင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။


ထို့ပြင် နိုင်ငံရေးပါတီများ သည် ၎င်းတို့၏ ပါတီဝင်အင်အား စာရင်းကို ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်သို့ တင်ပြလျက်ရှိရာ လက်ရှိ၌ နိုင်ငံရေးပါတီ ၃၂ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် လွှတ်တော် အသီးသီး အတွက်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် က သတင်းထုတ်ပြန်ထားသည်။


နိုင်ငံရေးပါတီအချို့၏ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းတင်သွင်းနိုင်မှု


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ်_ မျှော်မှန်း (၁၁၆၃ )ရလဒ် ၁၁၀၀ကျော်

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ _ မျှော်မှန်း (၁၀၀၀)ကျော် ရလဒ် ( ၉၇၅)

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ _ မျှော်မှန်း ( ၂၅၀) ရလဒ် (၁၆၀ခန့်)

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ _ မျှော်မှန်း (၁၈၀) ရလဒ် (၁၅၇)

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ ပြည်ထောင်စုမြန်မာနိုင်ငံ)နှင့်
ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် _ မျှော်မှန်း(၁၅၀) ရလဒ်( ၉၀) ခန

ဒီမိုကရက်တစ်ပါတီ(မြန်မာ) မျှော်မှန်း( ၁၀၀) ခန့် ရလဒ်( ၆၀ )ခန့်

ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ မျှော်မှန်း(_ ) ရလဒ်( ၄၀)ကျော်

ချင်းတိုးတက်ရေးပါတီ_ မျှော်မှန်း(၄၅ )ခန့် ရလဒ်(၄၀ )ခန့်

ကရင်ပြည်သူ့ပါတီ _မျှော်မှန်း(၄၄) ရလဒ်( ၄၄)

ပြည်ထောင်စုဒီမိုကရေစီပါတီ_ မျှော်မှန်း(၃ ) ရလဒ်( ၃)

မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ _ မျှော်မှန်း (၃ ) ရလဒ်(၇)

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ _မျှော်မှန်း( ၉) ရလဒ်( ၈)

ဝံသာနု NLD (ပြည်ထောင်စုမြန်မာနိုင်ငံ) _မျှော်မှန်း(၂၅) ရလဒ်( ၅)


မှတ်ချက် ။ ။ သြဂုတ်လ ၃၁ ရက်နေ့အထိ ရရှိခဲ့သောအရေအတွက်ဖြစ်ပြီး အကြောင်းကြောင်းကြောင့် အရေအတွက် အနည်းငယ် အပြောင်းအလဲ ရှိနိုင်ပါဆိုသောသတင်းအား eleven. ဂျာနယ် တွင်ဖော်ပြထားပါသည်.။