16 July 2011

အစ်မက လိမ်ပြောတာကိုး ဆိုတဲ့ ဗိုလ်ချုပ်အောင်ဆန်း


၁၉၄၂-ခုနှစ်က ဗမာနိုင်ငံမှ ဗြိတိသျှတပ်များ ဆုတ်ခွာသွားကြပြီးနောက် ၁၉၄၃-ခုနှစ်ကုန်နှင့် ၁၉၄၄-နှစ်ဆန်းမှ စ၍ အိန္ဒိယနယ်စပ် မှတစ်ဆင့် ဗမာနိုင်ငံအား ပြန်လည်သိမ်းယူရန် တန်ပြန်ထိုးစစ်ဆင်ရာတွင် အဓိကတာဝန် ယူရသော ဗြိတိသျှအမှတ်(၁၄)တပ်မတော်၏ သေနာပတိ ဗိုလ်ချုပ်ကြီး (နောက်ပိုင်း'' ဖီးလ်မာရှယ်'' ခေါ်ဗိုလ်ချုပ်မှူးဖြစ်လာသူ) ဆာဝီလျံဆလင်း (Sir Willliam Slim )သည် ဗိုလ်ချုပ်အောင်ဆန်း အား လုံးဝအထင်မကြီးရုံမက ဗိုလ်ချုပ်၏ ဗမာ့တပ်မတော်တစ်ခုလုံးကို အထင်သေးခဲ့ သူ ဖြစ်ပါသည်။

လှိျု့ဝှက်သတင်းပို့ အစီရင်ခံ ရာတွင်-''အောင်ဆန်း၏ တပ်မှ လူအများစုသည် ပညာအရည်အချင်းမရှိသူများ၊ အလုပ်လက်မဲ့ လူပေလူတေများ၊အဆင့်အတန်းမရှိသူများသာ ဖြစ်သည်။ အရာရှိဆိုသူများ ကိုယ်တိုင်ကပညာတတ်များ မဟုတ်၊ တပ်ပုံစံကလည်းစည်းကမ်းစနစ် မရှိသဖြင့် စိတ်မချရ''စသည်ဖြင့် မဟုတ်မမှန် ဖြစ်က တတ်ဆန်း သတင်းများသာ ပို့ခဲ့လေရာ ဗိုလ်ချုပ်ကြီး ''ဆလင်း''အနေဖြင့် ဗမာ့တပ်မတော်နှင့်တကွ ဗိုလ်ချုပ်အောင်ဆန်းကို အထင်မကြီးခဲ့ခြင်းဖြစ်သည်။ သူသည် စစ်မဖြစ်မီက ဗမာနိုင်ငံရေးအခြေအနေနှင့် ၁၉၃၆-ခုနှစ် တက္ကသိုလ်သပိတ်မှတစ်ဆင့် မွေးဖွားပေါ်ပေါက်လာသူ ''အောင်ဆန်း'' အမည်ရှိ လူငယ်ခေါင်းဆောင် ၏ထူးချွန်ထက်မြက်မှု အကြောင်းများကို လေ့လာခဲ့သူလည်း မဟုတ်ကြောင်း ''တပ်ဖွဲ့ ၁၃၆''၏မဟုတ်မမှန် ထောက်လှမ်းရေးသတင်းများကိုသာ အခြေပြုလျက် ဗိုလ်ချုပ်အောင်ဆန်းအား အထင်သေးခဲ့ခြင်းဖြစ်လေသည်။

ထို့ပြင် ဗမာ့တပ်မတော် သေနာပတိ ဗိုလ်ချုပ်အောင်ဆန်းနှင့် အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစုသေနာ ပတိချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ''မောင့်ဘက်တင်''၏ ဌာနချုပ်တို့ လှျို့ဝှက်အဆက် အသွယ်ရရှိကြောင်းကို လည်း စောစောပိုင်းက ဗိုလ်ချုပ်ကြီး ''ဆလင်း'' သည် မသိခဲ့ချေ။

သို့ရာတွင် သူ့အထက်မှ အကြီးအကဲတပ်ပေါင်းစု သေနာပတိချုပ်ကြီးက ၁၉၄၅ ခုနှစ်တွင်-ဗမာပြည်တွင်း မှ အောင်ဆန်းနှင့် တွေ့ဆုံဆွေးနွေးပါ။ အောင်ဆန်းနှင့် သူ၏တပ်များ ကူညီပူးပေါင်းမှုရမှသာလျှင် ဂျပန်တပ်များကို ထိရောက်စွာတိုက်နိုင်မည်'' ဟု ညွှန်ကြားလိုက်သဖြင့် ဗိုလ်ချုပ်ကြီး ''ဆလင်း''သည်စိတ်မပါ့ တပါဖြင့် ၁၉၄၅-ခုနှစ် မေလဆန်းတွင် သူ၏ ဗြိတိသျှ အမှတ် (၁၄) တပ်မတော်ဌာနချုပ်ရှိရာ မိတ္ထီလာမြို့ ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
........................................................................

ယင်းသို့ လူချင်းတွေ့ဆုံ စကားပြောပြီးချိန်မှစ၍ ဗြိတိသျှဗိုလ်ချုပ်ကြီး ''ဆလင်း''၏ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ထင်မြင် ချက်သဘောတရား အကြီးအကျယ် ပြောင်းသွားခဲ့ပါသည်။

ဗိုလ်ချုပ်သည် ဗမာ့တပ်မတော်၏ မေဂျာဂျင်နရယ်လ်(ဗိုလ်ချုပ်) ယူနီဖောင်းဝတ်စုံအပြည့်အစုံ ၀တ်ဆင်သွားရာ ဂျပန် ဘုရင့်တပ်မတော်မှ ဗိုလ်ချုပ်တစ်ဦးနှင့် တူနေသဖြင့် ရှေးခေတ် ''ဆရာမူရိုင်း'' ခေါ် ဂျပန် သူရဲကောင်းတို့၏ ဆောင်ဓားတစ်လက်ကိုပါ ခါးတွင်ချိတ်ဆွဲလျက် တည်ငြိမ်သော ဣနြေ္ဒနှင့် ဗြိတိသျှ စစ်ဌာနချုပ်အတွင်းသို့လျှောက်ဝင်သွားပုံကိုမြင်လျှင် အချို့အင်္ဂလိပ်အရာရှိများက ရုတ်တရက် အံ့အားသင့် သွားကြတော့သည်။ သို့သော်ချက်ချင်းပင် ဗိုလ်ချုပ်က ဗိုလ်ချုပ်ကြီး ''ဆလင်း''အား အင်္ဂလိပ်ဘာသာ ကျွမ်းကျင်ရည်မွန်စွာဖြင့် နှုတ်ဆက်စကား ပြော၍ ဗြိတိသျှ ဗိုလ်ချုပ်ကြီးက လည်း ပြုံးရွှင်စွာ ပြန်လည် စကားပြောကြတော့မှ အားလုံးနေသာထိုင်သာ ရှိသွားကြပါတော့သည်။

ဗြိတိသျှအမှတ် (၁၄) တပ်မတော်သေနာပတိ ဗိုလ်ချုပ်ကြီး ''ဆလင်း''သည် ''အောင်ဆန်း'' ဆိုသူအားမြင်မြင် ချင်းပင် တပ်မှူးကောင်းတစ်ဦးဟု အကဲခတ်မိသည့်အပြင် အင်္ဂလိပ်စကားကို အထူးကျွမ်း ကျင်စွာပြောနိုင်ပုံ၊ နိုင်ငံတကာရေးရာ၊ ကမ္ဘာ့စစ်မက်ရေးရာ အခြေအနေစသည်တို့ကို နိုင်ငံရေးသိပ္ပံပညာဆိုင်ရာ ဝေါဟာရ ကြွယ်ဝစွာဖြင့် ဆွေးနွေးပြော ဆိုနိုင်ကြောင့် စောစောက သူ့ထံရောက်လာသည့် ''ထောက်လှမ်းရေး တပ်ဖွဲ့၁၃၆''၏သတင်းပို့ အစီရင်ခံချက်များ လုံးဝ မဟုတ်မမှန်ကြောင်း ချက်ချင်းသဘောပေါက် သွားမိလေသည်။ထို့ကြောင့် စစ်ပြီးခေတ် ဗိုလ်ချုပ်ကြီး''ဆလင်း'' ကိုယ်တိုင်ရေး သားခဲ့သော ''အရှုံးမှအနိုင်သို့ FROM DEFEAT TO VICTORY ခေါ် စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်း အကြောင်း အတိအလင်း ချီးကျူးရေးသား ခဲ့ပါသည်။

ယင်းစာအုပ်တွင် သူရေးခဲ့သော ဗိုလ်ချုပ်အောင်ဆန်းအကြောင်းများမှာ အတော်ပင်စုံလင်ပါသည်။ သို့သော် ဤဆောင်းပါးတွင် ကျွန်တော်တင်ပြလိုသည့် ဗိုလ်ချုပ်အောင်ဆန်းအကြောင်းနှင့် တိုက်ရိုက် သက်ဆိုင် သည့်ကောက်နှုတ်ချက်အချို့ကိုသာ ရွေးချယ်တင်ပြရန် ရည်ရွယ်ပါသည်။

ကျွန်တော်တင်ပြလိုသည့် အဓိကအချက်မှာ မကွေးတိုင်း၊ နတ်မောက်မြို့မှ ရှေ့နေ ဦးဖာ၊ ဒေါ်စုတို့၏ သား(စနေသားဖြစ်၍ ငယ်မည် မောင်ထိန်လင်းဖြစ်သော်လည်း) သူ၏အစ်ကိုလတ် ကိုအောင်သန်း အမည်နှင့်ကာရံညီစေရန် ''အောင်ဆန်း'' ဟု နာမည်ပြောင်းခဲ့သူ (နောက်ပိုင်း ဗမာ့လွတ်လပ်ရေး ဗိသုကာ ဗမာ့တပ်မတော်၏ဖခင် လူထုခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာသူ)၏ စိတ်နေစိတ်ထားဗီဇနှင့် ပင်ကိုယ်သဘာဝ စရိုက်အကြောင်း ဖြစ်ပါသည်။

ယင်းအကြောင်း ပေါ်လွင်စေရန် ဗြိတိသျှဗိုလ်ချုပ်ကြီး ''ဆာဝီလျှံဆလင်း'' ၏ ရေးသားချက်ကို ကျွန်တော်က အထောက် အထားအဖြစ်ကိုးကားလိုပါသည်။

''အောင်ဆန်းနှင့်ပတ်သက်၍ ကျွန်ုပ်အနေဖြင့် သူ့အားအထူးလေးစား အထင်ကြီးမိသော အရည်အချင်းကားသူ၏ ရိုးသားတည်ကြည်ဖြောင့်မတ်မှုပင် ဖြစ်သည်။ သူသည် စကားကို ပေါ့ပေါ့ဆဆ မပြော၊ အလွယ်တကူကတိပေးတတ်သူလည်း မဟုတ်။ သို့သော်တစ်စုံတစ်ခု လုပ်ပါမည်ဟု ကတိပေးပြီးလျှင်မူ မည်သို့ပင်ဖြစ်စေကတိတည်စွာ တကယ်လုပ်မည့်လူစားမျိုးဖြစ်ကြောင်း၊ ကျွန်ုပ် ယုံကြည်မိသည်။

ထို့ကြောင့် ကျွန်ုပ်စိတ်ထဲ၌ အောင်ဆန်းနှင့် အလုပ်လုပ်လျှင် ဧကန်မုချ အလုပ်ဖြစ်မည်ဟု ဆုံးဖြတ်လိုက်မိတော့ သည်။

ဤသို့လျှင် ဗြိတိသျှ ဗိုလ်ချုပ်ကြီး ''ဆာဝီလျှံဆလင်း'' သည်သူ၏စာအုပ်တွင် ဗိုလ်ချုပ်အောင်ဆန်းအကြောင်း တိကျ ပွင့်လင်းစွာ ရေးသားခဲ့ပါသည်။အထက်ပါ ကောက်နှုတ်ချက်မှ ဗိုလ်ချုပ်အောင်ဆန်း၏ ''ရိုးသား တည် ကြည် ဖြောင့်မတ်မှု'' ဆိုသည်မှာအင်္ဂလိပ် ဝေါဟာရ HONESTYကို ကျွန်တော်က အနီးကပ်ဆုံး ဘာ သာပြန် ဖော်ပြ လိုက်ခြင်း ဖြစ် ပါသည်။

ကျွန်တော်တို့လေ့လာအကဲခတ်၍ သိရှိထားသော ဗိုလ်ချုပ်၏ ပင်ကိုယ်သဘာဝစရိုက်နှင့်လည်း ကိုက်ညီဟပ်မိနေသဖြင့် ယင်းသို့ ဘာသာပြန်လိုက်ခြင်းဖြစ်ပါသည်။

အောက်တွင် ဆက်လက်ဖော်ပြလတ္တံသောဖြစ်ရပ်ဆိုလျှင် ၁၉၄၅ ခုနှစ်ကဗြိတိသျှဗိုလ်ချုပ်ကြီး ''ဆလင်း''၏ ဗိုလ်ချုပ် အောင်ဆန်း အပေါ်အကဲဖြတ်သုံးသပ်ချက်နှင့် ထပ်တူကဲ့သို့ဖြစ်နေခြင်းမှာ အံ့သြဖွယ်ရာ ပင်ကောင်းနေပါ တော့သည်။
..........................................................................................

''လူမှာ အရေးကြီးဆုံး ကိုယ်ကျင်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှုရယ် ဒါပဲဖြစ်တယ်''ဤသို့လျှင် ဗိုလ်ချုပ်အောင်ဆန်းသည် တဖွဖွ ပြောလေ့ရှိသည်။ သူ၏ မိသားစုနှင့်တကွ တပည့်ရဲဘော်များအား ထပ်တ လဲလဲ မမောတမ်း၊ မပမ်းတမ်းပြောလေ့ရှိပါသည်။

စစ်ကြိုခေတ် တက္ကသိုလ်သမဂ္ဂတွင် တက်ကြွစွာ Character and love of Truth ပါဝင်လှုပ်ရှားခဲ့သော ကျွန်တော်တို့လို ကျောင်းသားဟောင်းတွေကိုတော့ သူ၏၀ါသနာအတိုင်း ဟု အင်္ဂလိပ်ဘာသာဖြင့်ပြောလေ့ ရှိသည်။ ဤသည်မှာ သူသည် အင်္ဂလိပ်ဘာသာကို အထူးကျွမ်းကျင်အောင် ကြိုးစားလေ့လာ ထားသူဖြစ်၍အခွင့်ရတိုင်း အင်္ဂလိပ်စကားလုံးဝေါဟာရများ သုံးတတ်ခြင်းပင်ဖြစ်သည်။အထူးသဖြင့် သူအလွန် တန်ဖိုးထားသော ''အမှန်တရား မြတ်နိုးမှု'' (Love of Truth )ကို ထပ်ဆင့်ရှင်းပြသည့်အနေဖြင့် အမှန်တရားကို အချိန်မရွေးပြောဝံ့ရန်၊ ပြောဝံ့တဲ့သတ္တိရှိရမယ်။

သတ္တိရှိအောင်လဲ ကြိုးစားလေ့ကျင့်ရမယ်''ဟု ကျွန်တော့်အား တစ်ခါက ဖြေခဲ့ဖူးပါသည်။သူကိုယ်တိုင်က လည်း သူသွန်သင်ဆုံးမသည့်အတိုင်း လက်တွေ့ကျင့်သုံးခဲ့ပါသည်။ ''မုသားမပါ လင်္ကာမချော'' ဟူသော ဗမာစကားရှိရာ အခြေအနေအရ လိုအပ်လျှင် ချွင်းချက်သဘော မုသားစကားပြောသင့်ပြောရမည်ဟု အဓိပ္ပာယ်ရှိသော်လည်း ဗိုလ်ချုပ်အောင်ဆန်းကတော့ ထိုစကားကို လက်ခံယုံကြည်ဟန် မရှိပါ။ သူသည်လိမ်ညာပြောခြင်းကို မကြိုက်သလို သူကိုယ်တိုင်လည်း လိမ်ပြောလေ့မရှိ အမှန်ကိုသာ ဘွင်းဘွင်းပြောတတ်သည်။

ဤအချက်ကို သူနှင့် တွေ့ဆုံသိကျွမ်းခဲ့သူ နိုင်ငံခြားသားများပင် သတိပြုမိကြပါသည်။ဤကား သူ၏ မွေးရာပါဗီဇ သို့မဟုတ် ပင်ကိုယ် သဘာဝစရိုက်ဟုဆိုရပါမည်။ ယင်းအချက်၏ အထောက်အထားအဖြစ် အောက်ပါဖြစ်ရပ်ကို ဇာတ်ကြောင်းပြန် တင်ပြလိုပါသည်။

..........................................................................

ဗိုလ်ချုပ်အောင်ဆန်းဖြစ်လာမည့် စနေသား ငယ်မည် ''မောင်ထိန်လင်း'' လေးနှစ်သားအရွယ်က ဖြစ်ပါသည်။ မိခင်ဒေါ်စု (အမေစု) သည် စီးပွားရေးလုပ်ငန်း ကျွမ်းကျင်ပြီး အရောင်း အ၀ယ် ကောင်းစွာ လုပ်ကိုင်တတ်သူဖြစ်သည်။ ဆန်စပါး ရောင်းဝယ်ခြင်းလည်း လုပ်သည်။ စပါးပေး နည်းဖြင့် ငွေလည်းချေး သည်။ အိမ်တွင်စပါးများဝယ်လှောင်ထားပြီး ကျေးလက်တောရွာများမှ လူများ အားတဆင့်ရောင်းသည့် အလုပ်လည်းလုပ်သည်။ တစ်နေ့ သ၌ တောမှ စပါးဝယ် သူများ ရောက်လာပြီး ဈေးစ ကားပြော နေ ကြစဉ် လေးနှစ်သား အရွယ်မောင်ထိန်လင်းခေါ် ''အောင်ဆန်း'' ကလေးသည် လှေကား အဆင်း အတက်နေရာ တွင် ဆော့က စားနေ သည်။

စပါးဝယ်သူများက ဈေးဆစ်ကြရာ မိခင်ကြီးဒေါ်စုက-''ကိုင်း-မင်းတို့ ဒါလောက်လိုချင်နေမှ ငါကပဲ လျှော့ပေး လိုက်မယ်။ ဒီစပါးကို ငါဝယ်တုန်းက ခြောက်ဆယ်ဈေးနဲ့ ၀ယ်ထားရတယ်။ ဒါပေမယ့် မင်းတို့ကိုငါးဆယ်ဈေးနဲ့ပေးလိုက်ပါမယ့်'' ဟုပြောလေရာ ထိုစကားကိုကြားလိုက်သူ အောင်ဆန်း(ထိန်လင်း) ကလေးက-''ဟာ အစ်မကလဲ မဟုတ်တာပြောရော့မယ်။ ဒီစပါးကို အစ်မက ငါးဆယ်ဈေးနဲ့ဝယ်ထားတာ ကျွန်တော်သိတယ်။ ဟုတ်တာပြောမှ ဥစ္စာပေါမယ်၊ လိမ်ပြောတာ မကောင်းဘူး''ဟု ခပ်တည်တည် ၀င်ပြောလိုက်သဖြင့် အားလုံးက ၀ိုင်းရယ်မောကြလေသည်။

ဧည့်သည်များ ပြန်သွားသောအခါ မိခင်ကြီးက သားငယ်ကိုအနီးသို့ခေါ်ယူ၍ ပေါင်တွင်းကြော ဆွဲလိမ်ရင်း''ဧည့်သည် တွေနဲ့ စကားပြောနေတုန်း လူကြီးတွေပြောတဲ့ စကားကြားမှာ မင်းက ဘာဖြစ်လို့ ၀င်ပြောရတာလဲ။ နောင် ကို ဒီလိုဝင်မပြောနဲ့'' ဟုဆုံးမရာ ထိန်လင်း ခေါ် အောင်ဆန်းကလေးသည် အလွန်နာကျင်သော်လည်းမငိုဘဲ-'အစ်မက လိမ်ပြောတာကိုး'' ဟု ကလေးအရွယ်နှင့် မလိုက်အောင် သူ၏ ယုံကြည်ချက်အတိုင်း ပြန်ပြောခဲ့ပါသည်။

(မှတ်ချက်။ ။ ဗမာနိုင်ငံ ကျေးလက်ဒေသအချို့ တွင် မိခင်ကို ''အမေ'' ဟု မခေါ်ဘဲ ''အစ်မ'' (အမေ)ဟုခေါ်လေ့ ရှိရာ ဗိုလ်ချုပ်အောင်ဆန်းတို့ မိသားစုတွင်လည်း မိခင်ကြီးဒေါ်စုအား သားသမီးများက ''အစ်မ'' ဟုခေါ် ခဲ့ကြ ပါသည်။ စာရေးသူ)

အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း မိခင်ကြီးအား ''အစ်မက လိမ်ပြောတာ ကိုး''ဟု ပြောခဲ့ သူ လေးနှစ် သားမောင်ထိန်လင်းခေါ် အောင်ဆန်းကလေးသည်အရွယ်ရောက်ကြီးပြင်းလာ ၍နိုင်ငံ ခေါင်းဆောင်ကြီး ဖြစ်လာ သည့်တိုင်အောင် ကလေးဘ၀က အတွေး အခေါ်နှင့် ယုံကြည်ချက် ပြောင်းလဲမ သွားကြောင်း ကို သူကျောင်းသားခေါင်းဆောင်ဖြစ်လာ မှ တွေ့ဆုံသိ ကျွမ်းခဲ့ရသူ ကျွန်တော်တို့ အဖို့ အံ့သြမိကြပါသည်။

တစ်ဆက်တည်းမှာပင် သူတစ်ဖွဖွ ပြောလေ့ရှိသော ''လူမှာအရေးကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရား ကို မြတ်နိုးမှု ပဲ ဖြစ်တယ်'' ဟူသောစကားသည် ဗိုလ်ချုပ်ကလေးဘ၀မှစ၍ရှိသည့် အတွေး အခေါ်နှင့် ယုံကြည်ချက် တို့က ခိုင်မာပြင်းထန်စွာ ပဲ့တင်ရိုက်ခတ်ချက်ပင် ဖြစ်သည်ဟုလည်း သုံးသပ်ကောက် ချက်ချမိ ပါသတည်း။

စတိုင်သစ်မဂ္ဂဇင်း
ရေးသားသူ တက္ကသိုလ် နေဝင်း

နိုင်ငံရေးသမား ကိုအောင်ဆန်း


နိုင်ငံရေးသမား ကိုအောင်ဆန်း

[၁]

လွန်ခဲ့သော ခုနှစ် နှစ်ခန့် ဗိုလ်ချုပ် အသက် ရှိစဉ်က တာရာ မဂ္ဂဇင်း လူကို လေ့လာခြင်း ကဏ္ဍ၌ "အောင်ဆန်း သို့မဟုတ် အရိုင်း" ဟူ၍ ရေးသား ခဲ့သည်။ ထိုအခါ ကပင် ဗိုလ်ချုပ် အောင်ဆန်းက "တာရာ ကတော့ ငါ့ကို အရိုင်း တဲ့ကွာ။ ငါဟာ စင်စစ်တော့ ရိုင်းသလောက် ရိုင်းပါတယ်။ ဒါပေမယ့် မရိုင်းတဲ့ အချက်ကလေး တွေလည်း ရှိပါ သေးတယ်ကွာ' ဟု ပြောခဲ့သည်။

ထိုအခါက ဗိုလ်ချုပ် အောင်ဆန်းကို လူထု တရပ်လုံးက "ရွှေပေါ် မြတင်" ကြည်ညို ချစ်ခင်နေခိုက် ကျွန်တော်က "အရိုင်း" ဟု ဆိုလိုက်သော အခါ တချို့က မကျေနပ်ကြ ….။

အမှန်အားဖြင့် "အရိုင်း" ဟု တင်စား လိုက်ခြင်းမှာ ဗိုလ်ချုပ်အား နာစေလို၍ နှိမ့်ချ ရေးသားခြင်း မဟုတ်ဘဲ သူ၏ လူ့သဘာဝ ပုံဟန်ကို ထင်ရှား ပေါ်လွင် လေအောင် ဥပမာဖြင့် ဖော်ပြ လိုက်ခြင်းပင် ဖြစ်ပေသည်။သည် လူ့သဘာဝ စိတ်နေ စိတ်ထား ရုပ်ပုံလွှာကို မူတည်ကာ "နိုင်ငံရေးသမား ကိုအောင်ဆန်း" အဖြစ်ကို လေ့လာ ရပေမည်။

[၂]
သည်လောက် ငယ်ရွယ်သော အသက်နှင့်၊ သည်လောက် ကြီးကျယ် ထင်ရှားသော အမျိုးသား ခေါင်းဆောင် အဖြစ် နိုင်ငံရေး မော်ကွန်း တင်ထွန်း တည်ရှိ ရခြင်းမှာ သူ့၌ ထူးခြားခြင်း တရပ် ရှိရပေမည်။

သည်ထူးခြားခြင်းကား အခြား မဟုတ်။ "တခု တည်းသော ရည်ရွယ်ချက်တွင် စိုက်စိုက်မတ်မတ် ထားရှိသော စိတ်ဓာတ်" ဟု ထင်မြင် မိသည်။ တခု တည်းသော အာရုံ ရှိသော ဧကမူ စိတ်ဟု ဆိုရ ပေမည်။သည် ဧကမူ စိတ်မှာ အပြင်ပ သဏ္ဌာန် ၌ပင် ဖော်ပြ ထင်လင်းလျက် ရှိသည်။

တက္ကသိုလ် ရောက်စက သမဂ္ဂမှ လူများစွာနှင့် ရင်းနှီး ခင်မင် ခဲ့သည်။ ကျွန်တော်မှာ စာပေ လောကမှာ နေသော်လည်း စင်စစ်အားဖြင့် နိုင်ငံရေး သမားများနှင့် ပိုမိုရင်းနှီး သိကျွမ်း ခဲ့သည်သာ များသည်။သိသော လူများ အနက် ကိုအောင်ဆန်းမှာ ထူးခြားသော ဟန်ဖြင့် ပေါ်လွင်နေ၏ ။ထူးခြားခြင်းကား ချစ်စဖွယ် ပြုံးမသော သခင် ဗဟိန်း ကဲ့သို့ ခင်မင်စရာ လူတယောက် ကဲ့သို့ မဟုတ်။

ကိုကြီးနုလို့ မှုန်ငေး ရီဝေသော အကြည့်ဖြင့် လူတဖက်သားကို ညှို့ယူသော စိတ်ညှို့ အိပ်ငွေ့ ချသမား ဆန်ဆန် လူမျိုးလည်း မဟုတ်။ချစ်ခင် စွဲငြိဖွယ်ရာ မျိုးကား လုံးဝ မဟုတ်။ မှုန်ကုတ်ကုတ်။ ကြောင်စင်းစင်းနှင့် ….။မှုန်ကုတ်ကုတ်မှာ တစုံတရာကို အာရုံ စိုက်၍ တွေးတော ကြံဆ နေသဖြင့် အတွင်းမှ လေးနက် ထက်သန်စွာ တွေးတောခြင်းမှာ အပြင် မျက်နှာ အမူအရာ၌ မျက်မှောင် ကုတ်ဟန်ဖြင့် ထင်ရှား ဖော်ပြလျက် ရှိနေသည်။ လူတို့သည် တစုံတရာကို လေးနက်စွာ တွေးတော ကြံဆသည့် အခါ မျက်မှောင်ကုတ် လာတတ်သည်။

ယင်းတို့ မျက်မှောင် ကုတ်ကာ တွေးတော ကြံဆ နေသည့် အချိန် များလာသော အခါ မှုန်ကုတ်ကုတ် ဟန်မှာ သူ၏ သဘာဝ ဖြစ်လာ တော့သည်။ သူ့ကို ဘယ်အခါ ကြည့်ကြည့်၊ မှုန်ကုတ်ကုတ် ဟန်မူနှင့်သာ တွေ့ရသည်။ ကြာတော့ ကြောင်စင်းစင်း ဖြစ်လာ ပေသည်။

ရှေ့တည့်တည့် ကြည့်နေ သော်လည်း ကြည့်ရာသို့ မျက်လုံးက မမြင်။ သူ၏ အာရုံမှာ အတွေး ၌သာ ဝင်လျက် ရှိနေ၏။ထို့ကြောင့်လည်း သူ့ကို နှုတ်ဆက်တာ သိချင်မှ သိသည်။ သူက ပြန်၍ နှုတ်မဆက်။ လမ်းတွင် တွေ့က ခေါ်ချင်မှပင် ခေါ်သည်။ ခပ်ကြောင်ကြောင် ဖြစ်နေ၏။

တခါက စိတ်ပညာ ဘက်၌ လေ့လာ နားလည်သော ဒဂုန် နတ်ရှင်နှင့် မန္တလေးသို့ အတူ သွားဖူးရာ ကျွန်တော့်အား ဝေဖန် ဖူးသည်။

"ဒဂုန် တာရာ အခန်းထဲ ဝင်လာတာကို အကဲခတ် ကြည့်နေ မိတယ်။ ကိုယ်မရောက်ဖူးတဲ့ နေရာ၊ ဘယ်သူမှ အသိမရှိတဲ့ နေရာ ဝင်လာ သလိုပဲ။ စိတ်ပညာ အရတော့ အတွင်း ဝင်နေတဲ့ စိတ်လို့ ခေါ်တယ်။ အပြင်ကို မေ့နေတာ" ဟု ပြောဖူးသည်။

ကျွန်တော့်မှာ စိတ်ပညာကို နားမလည်၊ အယုံအကြည်လည်း ရှိသည် မဟုတ်။ သို့သော် ဒဂုန် နတ်ရှင် ပြောပြချက်နှင့် မေ့တတ်သည့် အကျင့်ကို သုံးသပ် မိရင်း ကျောင်းတုန်းက ကိုအောင်ဆန်း၏ မှုန်ကုတ်ကုတ် ကြောင်စင်းစင်း ဟန်ကို ပို၍ နားလည် သိမြင် လာမိသည်။

သူသည် တခုတည်း ကိုသာ လေးနက်စွာ တွေးတော ကြံဆ နေသည်။ တခုတည်းသော ရည်ရွယ်ချက် ကိုသာ စိုက်မတ် နေသည်။ထို့ကြောင့်ပင် လူများက သူ့ကို နှုတ်ဆက်တာ မမြင်လိုက်။ ခေါ်တာ မသိလိုက်။ ကြောင်နေခြင်း ဖြစ်သည်။သူတွေးတော ကြံဆ နေသော တခုတည်းကား အဘယ်နည်း။ သူစိုက်မတ် နေသော အာရုံ တခု တည်းကား အဘယ်နည်း။ သည်အချက်ပင် သူ့အား နိုင်ငံရေး သမား အဖြစ် ကြီးကျယ် စေခြင်း ဖြစ်သည်။သည် အချက်ကား အမျိုးသား တော်လှန်ရေး (ဝါ) နယ်ချဲ့လက်မှ ရုန်းထွက်သော လွတ်လပ်ရေး ပင်တည်း။

[၃]

သူသည် နိုင်ငံရေး တခုတည်း ကိုသာ အာရုံ ထားသည်။ အခြား ဘာကိုမျှ ဂရု မစိုက်။သူနှင့် စကား ပြောတိုင်း သူသည် နိုင်ငံရေး စကား ကိုသာ ပြောလျက် ရှိသည်။ ရှေ့ကို မျက်လုံးကြီး စိုက်ကာ "ဗမာပြည်ကြီး လွတ်လပ်ရေး ရအောင်" ဟု ဒလဟော စီးကျသော စမ်းရေ အဟုန်ဖြင့် သွန်ချလျက် ရှိတတ်သည်။

ထိုအခါ များတွင် ဘယ်သူမှ ကြားဖြတ် ဝင်ပြော၍ မရ။ "နေဦး၊ ကျုပ်ပြောဦးမယ်" ဟူ၍ပင် လက်ဖြင့် ကာလျက် စိတ်ပါလက်ပါ ပြောလျက် ရှိနေ၏။ ကျွန်တော်တို့မှာ ပြုံး၍သာ နေကြရသည်။ ဤမျှ နိုင်ငံရေးစိတ် ပြင်းထန်သည်။
ပြောသလောက် မက ပြောသည်ထက် လုပ်သည်။ စိုက်စိုက် စွပ်စွပ် ရွပ်ရွပ် လုပ်သည်။

ဂျပန်သို့ နိုင်ငံခြား လက်နက် အကူအညီ ရယူရန် သွားခြင်းကား အမှောင် ထဲတွင် မိုက်မိုက်ကန်းကန်း စွန့်ရမ်း သွားခြင်း ဖြစ်သည်။ ဘယ်သူမျှ မသွားချင်သော ကိစ္စ ဖြစ်၏။ အဆက်အသွယ် ကောင်းကောင်း မရှိ။ မရေမရာနှင့်၊ သူပင် ဒရွပ်ထိုး သွားခဲ့၏။

အမျိုးသား တော်လှန်ရေး စိတ် (ဝါ) နိုင်ငံရေး စိတ်နှင့် သူ သွားနိုင်ခြင်း ဖြစ်ပေ၏။ သူနှင့် အတူ ဗိုလ်န်အောင်သာ ပါသွား ခဲ့၏။ ထို့ကြောင့်လည်း …. အမွိုင်တွင် ငတ်ပြတ်ကာ သောင်တင် နေခဲ့ကြခြင်း ဖြစ်သည်။နိုင်ငံရေး ကိစ္စက လွဲ၍ အခြား ဘာမျှ ဂရုမစိုက်။ ၁၉၄၅ ခုက "အရှေ့နှင့် အနောက် အသင်း" ၌ သူပြောခဲ့သော စကားရပ်ကို ကိုးကား ပြလိုသည်။ သူ နိုင်ငံခြား သွား၍ နိုင်ငံရေး ဆက်သွယ်ပုံ အဖြစ်အပျက်။ တိုကျို ရောက်၍ ကာနယ် စူဇကီးနှင့် တွေ့ခန်း၌ ….

"တိုကျို လေဆိပ်မှာ မိနာမီလို့ ခေါ်တဲ့ ကာနယ် စူဇကီးက လာကြိုပြီး ဟော်တယ် တခု ခေါ်သွားတယ်။ သူက မိန်းမ ယူမလားလို့ မေးတယ်။ (ကျွန်တော်ဟာ အဲဒီတုန်းက ရာခိုင်နှုန်း တရာပြည့် လူပျိုစစ်ပေါ့။) ကျွန်တော်တို့က ကြားရတာတောင် ရှက်ပြီး ငြင်းလိုက်တယ်။ စူဇကီးက ပြန်ပြောတာ၊ သူ့စကားနဲ့ ပြောရမယ် ဆိုရင် 'ရှက်စရာ မလိုဘူး၊ ရေချိုး သလို ပါပဲ' တဲ့…." ဟု ဖော်ပြ ခဲ့သည်။

အခြား ရဲဘော် သုံးကျိပ်ဝင်များ အနက် ခင်မင် သူများက ကျွန်တော့်အား စီကာ ပတ်ကုံး ပြောပြ ဖူးကြသည်။ အခြား သူများကား မရှောင်နိုင် ခဲ့ကြ။သူ့တွင် နိုင်ငံရေး ဟူသော တခုတည်းသော အလုပ် ရည်ရွယ်ချက်က လွဲ၍ အခြား ဘာမှ မရှိ၊ မကပ်ငြိ။ သည်နေရာ၌ "ဓနရှင် နိုင်ငံရေး သမား" မျိုးနှင့် ကွာလှ ဘိ၏။

ဝတ်ကောင်း စားလှ ဝတ်ကာ၊ စကားလုံး အလှ များကို ရွေးချယ် ဟောပြောကာ၊ လူအကြိုက်လိုက်၊ လူများနှင့် သင့်မြတ်အောင် လုပ်ကာ မီးစင် ကြည့်ကသော ကျပန်း နိုင်ငံရေး သမား မျိုးနှင့် ကွာသည်။သူ့တွင် နိုင်ငံရေး ရည်ရွယ်ချက်က လွဲ၍ အခြား ကိုယ်ရေး ကြီးပွားမှု၊ ကိုယ်ရေး အာသာ ဆန္ဒ၊ ကိလေသာ ရမ္မက် ဖြည့်မှု တို့နှင့် ရောထွေး ကပ်ငြိခြင်း မရှိ။

နိုင်ငံရေး သမား အဖြစ် ပြည့်ဝ ကုံလုံခြင်း ရှိသည်။ စာပေနှင့် မကင်းကွာ။ စာပေကို အမြဲတမ်း လေ့လာ ဖတ်ရှုခြင်း ရှိသည်။ တခါက တက္ကသိုလ် သမဂ္ဂ၌ တနေ့လုံး ကျွန်တော်နှင့် စာပေ အကြောင်း ပြောခဲ့ကြ ဖူးသည်။

ပင်းယ မဂ္ဂဇင်း၌ ပါရှိသော "ကမ္ဘာ စာပေနှင့် ဗမာ ဂန္ဒဝင်" ဟူသော ဆောင်းပါးကို ရှေ့တွင်ပင် ဖတ်ကာ စေ့စေ့စပ်စပ် ကိုးကား၍ ဝေဖန်သည်။ ကျွန်တော်၏ ရတု ကဗျာနှင့် ဝတ္ထုများ ကိုပင် သိနေသည်။

"ဒီဆောင်းပါး ကတော့ ဂန္ဒလောကတို့၊ ဘာတို့မှာ ထည့်ဖို့ ကောင်းတယ်။ ဒီမယ် ခင်ဗျား ကဗျာတို့၊ ဝတ္ထုတို့ချည်း ရေးမနေ ပါနဲ့ဗျာ။ နိုင်ငံရေး လှုံ့ဆော်မှု လုပ်ပေး ပါဦး။ စာရေး ကောင်းကောင်းနဲ့ တော်လှန်ရေး လုပ်မယ် ဆိုရင်…." ဟု ဆိုကာ ဂေါ်ကီ၏ ဝတ္ထု အကြောင်း ရောက်သွား တော့၏။

နိုင်ငံရေး သမားများတွင် စာပေနှင့် မကင်းကွာဖို့ လိုပေသည်။ လီနင် ဆိုလျှင် စာပေ သဘောတရားများ ရေးနိုင်ခဲ့၏။ ဂေါ်ကီ၏ ဝတ္ထုကို ကောင်းကောင်း ဖတ်ကာ ဝေဖန် ခဲ့၏။ ပလက်ကင်နော့မှာ အနုပညာ သဘောများ ရေးခဲ့၏။ မော်စီတုံးမှာ ခက်ခဲသော ကာရန်ဖြင့် ကဗျာများပင် စီကုံး ခဲ့သည်။

သခင်နု၊ သခင်သန်းထွန်း တို့သည်လည်း စာရေး ကောင်းသူများပင် ဖြစ်ကြသည်။သခင် အောင်ဆန်းသည် စာရေး ကောင်းတဦး ဖြစ်သည်။ ဂျပန်ခေတ်က ကော်ပီ စာအုပ်များဖြင့် ရေးထားသော သူကိုယ်တိုင် ရေးသည့် အတ္ထုပ္ပတ္တိ လက်ရေးမူကို သူ၏ မော်တော်ကား ရှေ့အံ၌ ထိုးထားသည်ကို မတော်မဆ ဖတ်ခဲ့ရ ဖူးသည်။

"ဥဿဟ" ဟု ပါဠိဖြင့် အမည် ပေးထားသည်။ အမှာတွင် စစ်အတွင်း၌ စစ်သေနာပတိ ဖြစ်နေခြင်းမှာ ကာလနှင့် လုပ်ခွင့် တိုက်ဆိုင် နေပုံကို ရေးထားသည်။ ငယ်စဉ်က အဖြစ်အပျက် များသာ ရှိသေးသည်။ ရေးဟန် ရှိ၍ ဖတ်ရသည်မှာ သွက်လက်သည်။ ပါဠိကို အတော် သုံးနှုန်းသည်။

[၄]

နိုင်ငံရေး သမား အောင်ဆန်းသည် သည်ထူးခြားသော ဧကမူ စိတ်ဓာတ်ဖြင့် လုပ်ခဲ့ရာ နိုင်ငံရေး၌ အောင်မြင် ပါသလောဟု ဝေဖန် စောကြော အပ်သည်။အမျိုးသား တော်လှန်ရေး၌ ဦးဆောင် နိုင်ခဲ့သည်မှာ ရာဇဝင် သက်သေ ဖြစ်သည်။ အမျိုးသား တော်လှန်ရေး ဒီရေ တက်ကြွချိန်၌ တမျိုးသားလုံးက သူ့အား ကြည်ညို လေးစား ယုံမှတ် ခဲ့ကြသည်။

ယနေ့ တော်လှန်ရေး၌ ကဏ္ဍ နှစ်ဆင့် ရှိသည်။ အမျိုးသား တော်လှန်ရေး။ အမျိုးသား လွတ်မြောက်ရေး။ အမျိုးသား တော်လှန်ရေးမှာ နယ်ချဲ့ကို ခြားနားသော အရေးတော်ပုံ ဖြစ်သည်။ အမျိုးသား လွတ်မြောက်ရေး သည်ကား နယ်ချဲ့ သြဇာခံ ဖောက်ပြန်သော တော်လှန်ရေး ဆန့်ကျင်ဘက် အင်အားစု၏ ဖိနှိပ်မှုမှ လွတ်မြောက်ရေး ဖြစ်သည်။

ဗိုလ်ချုပ် အောင်ဆန်းသည် အမျိုးသား တော်လှန်ရေး ကဏ္ဍ၌ ခေါင်းဆောင် ဖြစ်ပေသည်။ဗိုလ်ချုပ်ကြောင့် အမျိုးသား တော်လှန်ရေး အောင်ခဲ့ ပါသလော။ ပုဂ္ဂိုလ် အားဖြင့် အောင်သည်ကား မဟုတ်ပေ။ လူထု၏ လှုပ်ရှား ထကြွမှု ကြောင့်သာလျှင် ဖြစ်သည်။ သို့သော် သည်လွတ်လပ်ရေး တိုက်ပွဲ၌ ရှေ့တန်းက ပါဝင် ခဲ့ပေသည်။

လွတ်လပ်ရေး တိုက်ပွဲတွင် အောင်ဆန်း - အက်တလီ စာချုပ် ဖြင့် အဆုံးသတ် ခဲ့သည် မဟုတ်ပေ။ နု - အက်တလီ စာချုပ် ဖြင့်သာ အဆုံး သတ်ခဲ့သည်။ တိုင်းပြု ပြည်ပြု လွှတ်တော်မှ အခြေခံ ဖွဲ့စည်းပုံ စည်းမျဉ်း ဥပဒေကို ဆွေးနွေး ညှိနှိုင်း ရေးဆွဲလျက် ရှိစဉ် ဗိုလ်ချုပ် အောင်ဆန်းမှာ ကျဆုံး ခဲ့ရ ရှာပေသည်။

သခင် အောင်ဆန်း၏ နိုင်ငံရေးတွင် အမှားများ ရှိသလောဟု ဝေဖန်မှုဖြင့် မေးဖွယ် ရှိသည်။သခင် အောင်ဆန်း၏ နိုင်ငံရေးများကို အစဉ်တစိုက် လေ့လာ အကဲခတ် လာခဲ့သည်။ "ဗိုလ်ချုပ် လုပ်တာ အကုန် မှန်တယ်" ဟု ယုံစား သူတွေလည်း ရှိကြသည်။ "ဘာ ဗိုလ်ချုပ်လဲ၊ နယ်ချဲ့နဲ့ စေ့စပ်တာပဲ" ဟု အထင်သေးသည့် အယူအဆ ရှိသူတွေလည်း ရှိကြသည်။

ကျွန်တော်လည်း ဗိုလ်ချုပ်ကို နိုင်ငံရေး သမား အဖြစ် လေးစား စိတ်ဝင်စားသူ ဖြစ်သည်။ ဖဆပလ လှုပ်ရှားမှုကို အကဲခတ် နေသူ ဖြစ်သည်။သို့သော် ဗိုလ်ချုပ် လုပ်ခဲ့သည်များ အနက် သဘော မတူနိုင်သည့် အချက် များလည်း ရှိခဲ့သည်။

ကွန်မြူနစ် ပါတီကို ဖဆပလမှ ထုတ်ပယ် သည်က တကြိမ် စိတ်ပျက် မိသည်။ ကွန်မြူနစ် ပါတီသည် လွတ်လပ်ရေး တိုက်ပွဲ (ဝါ) အမျိုးသား တော်လှန်ရေး၌ ရှေ့တန်းက ပါခဲ့သည်။ ဖဆပလ ဟူသော ညီညွတ်ရေး တပ်ပေါင်းစု၌ အင်အား တအား ဖြစ်သည်။ စစ်အပြီး၌ ဖဆပလကို ဗိုလ်ချုပ်က ဥက္ကဋ္ဌ၊ သခင် သန်းထွန်းက အတွင်းရေးမှူးအဖြစ် ဦးဆောင် ခဲ့ကြသည်။

ကျွန်တော့် သဘောက ဗိုလ်ချုပ် အောင်ဆန်းနှင့် သခင် သန်းထွန်းတို့ တွဲဖက် ဆောင်ရွက် သည်ကို မြင်လို၏။ တို့ဗမာ အစည်းအရုံး ခေတ်က တတွဲတွဲ နိုင်ငံရေး အစီအစဉ်များ ရေးဆွဲ သတ်မှတ် ကြသည်ကို သတိ ရမိ၏။ညီညွတ်ရေး တပ်ပေါင်းစု ကွဲပြိုမည်ကို နည်းနည်းမှ မလိုလားခဲ့။ တပ်ပေါင်းစု ကွဲပြိုမည်ကို နယ်ချဲ့က အလို ရှိ၏။ ထိုအခါက နှစ်ဖက် စလုံးကို အပြစ် တင်ခဲ့၏။

ကျွန်တော်တို့က ညီညွတ်ရေး တပ်ပေါင်းစု ဖြင့်သာလျှင် ငြိမ်းချမ်းစွာ တည်ဆောက် နိုင်မည်ဟု ယုံကြည် ထား၏။
တိုင်းပြု ပြည်ပြု လွှတ်တော် အတွက် ရွေးကောက်ပွဲ လုပ်ရာ ဗိုလ်ချုပ်၏ "ပညာ တတ်တွေ မလိုဘူး၊ လက်ညှိုး ထောင်တတ်ရင် တော်ပြီ" ဟု အမတ် ရွေးကောက်ပွဲ မိန့်ခွန်းကို ဖတ်ရသော အခါ စိတ်ပျက် မိပြန်သည်။

ဤအချက် များသည် အမှားလော၊ အမှန် လောဟု ဝေဖန် စိစစ် ကြရန် လိုသည်။ယနေ့ ဖြစ်နေသော မငြိမ်သက်မှုများ၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ပြဿနာ များက အဖြေများ ဖြစ်ကြ ပေသည်။ မညီညွတ်ခြင်း၏ အကျိုး အပြစ်များ၊ တင်မိလျှင် ချ၍ မရတတ်သော နိုင်ငံရေး အာဏာ အကျိုး အပြစ် သဘောများကို လူထုသည် ခံစား သိမြင် ကြပေပြီ။

[၅]

ဗိုလ်ချုပ်သည် အချီးမြှောက် အယုံကြည်ခြင်း အခံရ ဆုံးသော နိုင်ငံရေး ခေါင်းဆောင် ဖြစ်ခဲ့သည်။ သူ၏ အရှိန်အဝါသည် ကြီးမား လှပေ၏။ဗိုလ်ချုပ်၏ လမ်းစဉ်ကို လိုက်ခဲ့ ကြပါ သလောဟု ဝေဖန် ကြရန် လို၏။
အကြမ်းဖျင်းက စ၍ ကြည့်ကြ စေလိုသည်။

ယာယီ အာဇာနည် ဗိမာန် တောင်ကုန်းသို့ တက်၍ အလေး ပြုကြသော သူတို့၏ ခြေရာများသည် မွမွ များလှ ပေပြီ။ဗိုလ်ချုပ် လမ်းစဉ်ကို သန္နိဋ္ဌာန် ချကြ ကုန်သော ပန်းခွေ များသည် ပန်းတောကြီး တတော အဖြစ် မို့မောက် လောက်ပေပြီ။

သို့သော် အာဇာနည် ဗိမာန်သည် စက္ကူ ၌ ခဲသားမျဉ်း အဖြစ်ပင် တည်ရှိ နေသေးသည်။ ဗိုလ်ချုပ် ကျောက်ရုပ်မှာ "မပြီးတတ်သေး၊ ဝိုးဝါးထွေး" ၍သာ နေခဲ့ရ ရှာသည်။

၆ နှစ်ပင် ကြာခဲ့ ပေပြီ ….။

အတိုးကြီးစားနှင် ငွေတိုး ပေးနေသော ဘာဘူ တယောက် အိမ်၌ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ ချိတ်ထားသည်ကို တွေ့ခဲ့ ရ၏။ အမှန်အားဖြင့် ဗိုလ်ချုပ်သည် အတိုးကြီး စနစ်ကို ဆန့်ကျင်သူ ဖြစ်သည်။

ဗိုလ်ချုပ်ပြပြီး မတော်မတရား လုပ်ခြင်းမျိုး ကိုကား မလိုလားအပ်။ပန်းချီ ဆရာ ကိုအုန်းလွင် နေသော ၃၉ လမ်း ကြိမ်းထိုး ဆိုင်ရှေ့၌ စစ်အကျီင်္ရှည်ကြီး ဝတ်ပေး ထားသော ဗိုလ်ချုပ် ရုပ်ကို တွေ့ရ၏။ စစ်ဦးထုပ်၌ ပန်းများပင် ဝေနေတတ် သေး၏။ ပွဲနေ့ ဆိုလျှင် လမ်းထိပ် ရာဇမတ်ကွက် မဏ္ဍပ်တွင်း၌ ရောက်နေ တတ်ပေသည်။

ဗိုလ်ချုပ်ရုပ် ကျကျနန မရှိ၍ သူတို့ လုပ်တတ် သလောက်နှင့် လုပ်ခြင်းသာ ဖြစ်ကြ ပေသည်။ဗိုလ်ချုပ်သည် နိုင်ငံရေး သမား အဖြစ် ဤမျှ အရှိန်အဝါ ပဲ့တင်သံ ကြီးမား ကျယ်ဝန်း ခဲ့သည်။ သို့သော် အုပ်ချုပ်ရေး သမား အဖြစ်ကား မဟုတ် ခဲ့ပေ။

လီနင်သည် နိုင်ငံရေး သမား အဖြစ် ဇာဘုရင် စနစ်ကို တိုက်ချ ခဲ့သည်။ တော်လှန်ရေး သမား အဖြစ်နှင့် ဦးဆောင် ခဲ့သည်။ ဆိုရှယ်လစ် အစိုးရ အဖွဲ့၏ ခေါင်းဆောင် အဖြစ်လည်း နိုင်ငံတော်ကို အုပ်ချုပ် ခဲ့ပေသည်။ သို့ဖြစ်၍ ထူးချွန်သော နိုင်ငံရေး သမား လည်းဖြစ်၊ အုပ်ချုပ်ရေး သမားလည်း ဖြစ်ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်းကား အစိုးရ အဖွဲ့ကို ကျကျနန မလုပ်ရ သေးခင် ကွယ်လွန် သွားခဲ့ ပေသည်။ဂရိတ် အတ္ထုပ္ပတ္တိရေး ဆရာကြီး ပလူတာက "သေးငယ်သော အဖြစ် တရပ်၊ စကား တလုံး၊ ပြက်လုံး တကွက်က ပင်လျှင် စစ်ပွဲများ၊ လှုပ်ရှားမှု များစွာထက် လူ၏ သဘောထားကို ဖော်ပြ တတ်သည်" ဟု ရေးဖူးသည်။

ဗိုလ်ချုပ် မကွယ်လွန်ခင် မေလ လောက်က "လွတ်လပ်ရေး ရတဲ့ အချိန် အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရ ဦးမှာပဲ၊ လွတ်လပ်ရေး ရပြီးလို့ ပါတီ တိုက်ပွဲတွေ ဖြစ်တဲ့ အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ် နေမယ်၊ သူများတွေ လုပ်တာ ထိုင်ကြည့်ပြီး စာအုပ် ရေးမယ်" ဟု ပြောခဲ့တာ ရှိ၏။

သူ၏ နိုင်ငံရေး အမြင် သဘောမှ လှစ်ခနဲ အန်ကျ လာသော အစက် တစက် ဖြစ်သည်။တော်လှန်ရေးကား မပြီး မြောက်သေးပေ။ တဆင့်ပြီး တဆင့် သွားရသည်။ တောက်လျှောက် တက်နိုင်မှ တက်သည်။ စတာလင်က တကွေ့ပြီး တကွေ့ ခွေရစ် တက်ရ တာလည်း ရှိသည်ဟု ရေးဖူး၏။

ဗိုလ်ချုပ် အောင်ဆန်းကား အမျိုးသား တော်လှန်ရေး ကဏ္ဍ အထိ အောင်မြင် ထူးခြားသော နိုင်ငံရေး သမားကြီး ဖြစ်ပေသည်။


မေလ်းထဲ မှ ပြန်လည် မျှဝေလိုက်ပါသည်.။

ပထမ ရက်ပေါင်း (၁၀၀)

တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ပြောကြားခဲ့သော တပ်မတော်ဆိုသည်မှာ။





စစ်ဝန်ကြီးရုံးတော်
နေ့ စွဲ။ ၂၉-၁၂-၁၉၄၄။
အချိန်။ ၃၊ ၃၀ နာရီ။

ကျွန်ုပ်တို့ တပ်မတော်သည် မည်ကဲ့သို့ တပ်မတော်ဖြစ်သည်ဆိုသည်ကို တိုင်းသူပြည်သားအများအား သေချာစွာ သိရှိနားလည်စေရန် အောက်ပါအချက်များကို ကျွန်ုပ်တို့ ထုတ်ပြန်လိုက်ရပေကြောင်း။

ကျွန်ုပ်တို့ တပ်မတော်အား ကျွန်ုပ်တို့ သည် အောက်ပါ ညွန်ကြားချက်အမိန့်များကို ရှင်းလင်းပြတ်သားစွာ အစကနဦးကပင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကို ညွန်ကြားချက်ထဲမှ ကျွန်ုပ်တို့ သည် အောက်ပါအချက်များကို အများပြည်သူတို့  သိရှိရန် ဖေါ်ပြလိုက်ပေကြောင်း။

ငါတို့ တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ ကြောင့် ငါတို့  တပ်မတော်သည် ပြည်သူ့ တပ်မတော် ဖြစ်သည်။ ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏အကျိုးကို ကာကွယ်ရင်း မရှိသော တပ်မတော်မျိုးမဟုတ်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူများတွင် အခြေခံ၍ ပြည်သူများနှင့် အဆက်ဖြတ်ကာ ကွဲပြားခြားနားခြင်း မရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူများနှင့် တသားတည်းရှိသည်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး ပြည်သူများ၏ ဓါးသွား ဖြစ်စေရမည်။ ထို လက်ရုံး၊လက်သီး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန် ဖြစ်သည်။ ထိုလက်ရုံး၊ လက်သီး၊ ဓါးသွားသည် ပြည်သူများ၏အကျိုးကို ကာကွယ်ရန် ဖြစ်သည်။

ထို့ ကြောင့် ပြည်သူ့ တပ်မတော်သားများဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့ တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည်။

(၁)။ ပြည်သူပြည်သားအပေါင်းတို့ အား အရာရှိ၊ အရာမဲ့ ၊ လူကြီး လူငယ်၊ ယောင်္ကျား မိန်းမ လူမျိုးဘာသာမရွေး ဆက်ဆံတတ်ပါစေ၊ ဖေါ်ရွေကြပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့်အမှား မရှိပါစေနှင့်၊ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။

(၂)။ ကိုယ်နှင့်မဆိုင်တဲ့  အခြားသူ၏ အလုပ်ကို အနှောင့်အယှက် မပြုပါနှင့်၊ သို့ သော် ကိုယ့်ဝတ္တရားအချိန်တွင် မည်သူမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။

(၃)။ ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့ တပ်တွင်၎င်း၊ ပြင်ပသော်၎င်း၊ ဆွေမျိုးရင်းချာကဲ့ သို့  သဘောထားပါ၊ ၄င်းတို့ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ ကို မကဲ့ ရဲ့ ပါနှင့်၊ မနောက်ပြောင်ပါနှင့်၊ မနှောင့်ယှက်ပါနှင့်၊ ၄င်းတို့ မခံချင်မည့် အပြောအဆို အသုံးအနှုံးကို ရှောင်ကျဉ်ပါ၊ ၄င်းတို့ ကို ကူညီနိုင်လျင် ကူညီပါ။

(က) အရက်မူး မရမ်းကားရ၊

(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်း မပြုရ။

(ဂ) လုယက် မခိုးဝှက်ရ။

(ဃ) တည်းခိုသောအိမ်ယာများတွင် ခွင့်တောင်းပြီးမှ ၀င်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ပဲ သန့် သန့် ရှင်းရှင်း နေထိုင်ရမည်။ အိမ်မှ ထွက်ခွာသောအခါတွင်လည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်လျင် အစားထိုးပေးခြင်း၊ လျော်ကြေးပေးခြင်း ပြုရမည်။

(င) တန်ရာတန်ဘိုးမပေးပဲ မ၀ယ်ပါနှင့်။

(စ) ချေးငှားထားသောအရာကို ဆက်ဆက်ပြန်ပေးပါရန် မမေ့ပါနှင့်။

(ဆ) အထက်အမိန့် မရပဲ ပစ္စည်းအတင်းမသိမ်းပါနှင့်၊ အထက်အမိန့် အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေးမပြုပါနှင့်၊ အများမခံနိုင်အောင် မလုပ်ပါနှင့်။

(ဇ) လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သည့် ဘာသာရေးနှင့် ပါတ်သက်၍၄င်း၊ သွေးကွဲသည့် အလုပ်၊ မုန်းတီးစေမည့်အလုပ်ကို မလုပ်ပါနှင့်။

အထက်ပါအတိုင်း ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ တပ်မတော်အား စည်းကမ်းများ ပြုလုပ်ပညပ်ထားပြီဖြစ်ကြောင်း၊ သို့ သော်လည်း တချို့ တချို့ သော တပ်မတော်သားများသည်၎င်း၊ တပ်မတော်သားများ အယောင်ဆောင်ကြသော အရပ်သားများသည်၎င်း၊ ကျွန်ုပ်တို့ ရည်ရွယ်ချက်ဝါဒ စည်းမျဉ်းနှင့် ဆန့် ကျင်၍ ပြုလုပ်နေကြပုံကို ကျွန်ုပ်တို့  ရံဖန်ရံခါ ကြားသိရပေကြောင်း။ ထိုကဲ့ သို့ အမှူကိစ္စမျိုးကို ကြားသိရသော ပြည်သူအပေါင်းတို့ သည် ကျွန်ုပ်တို့ အား သိရှိသည်နှင့် တပြိုင်နက် လာရောက်အကြောင်းကြား တိုင်ကြားစေလိုကြောင်း။

ကျွန်ုပ်တို့ တပ်မတော်သည် အဓမ္မနှိပ်စက်ခြင်း၊ သွေးစုပ်ခြင်းအတွက် မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိ၊ ထိုကဲ့သို့ ကျွန်ုပ်တို့ ရည်ရွယ်ချက်နှင့် ဆန့် ကျင်သော မည်သူကိုမဆို ကျွန်ုပ်တို့ အား လာရောက်တိုင်ကြားက ကျွန်ုပ်တို့  အရေးယူနိုင်သူမှန်သမျှကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း။

ကျွန်ုပ်တို့ အတိအလင်း ကြေညာလိုသည်မှာ ကျွန်ုပ်တို့ တပ်မတော်သည် တိုင်းပြည်လွတ်လပ်ရေးနှင့် ထိုတိုင်းပြည်လွတ်လပ်ရေးကို ခိုင်ခိုင်မာမာ ဒင်ပြည့် တည်တံ့စေအောင် ဆောင်ရွက်ရန်ဖြစ်သော မျိုးချစ်တပ်မတော် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးကို ရွှေဒင်္ဂါး အစရှိသော ကိုယ်ရေးသက်သာမှူကလေးများအတွက် မည်သည့်အခါမဆို မည်သည့်နည်းနှင့်မျှ လဲယူမည် မဟုတ်ကြောင်း။

ကျွန်ုပ်တို့ သည် ဤနိုင်ငံ၊ ဤလူမျိုးများ လုံးဝလွတ်လပ်ရေးအတွက် အဆုံးထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း။ တိုင်းသူပြည်သားများအား တိတိလင်းလင်း ကြေညာလိုက်ပေကြောင်း။

အောင်ဆန်း
စစ်ဝန်ကြီးနှင့်စစ်သေနာပတိ
ဗမာ့လက်နက်ကိုင်စစ်တပ်များ
ဗမာနိုင်ငံတော်
ရန်ကုန်နေပြည်တော်။

(တပ်မတော်ရဲ့  ဂုဏ်သိက္ခာအစဉ်အလာကို ညှိုးမှိန်စေရုံသာမက ပြည်သူကို ပြန်သတ်သော သတ်မတော်အဖြစ်သို့ ရောက်ရှိစေခဲ့သော၊ ပြည်သူနှင့် တပ်မတော်ကို သွေးခွဲဖြိုဖျက်ခဲ့သော၊ တပ်မတော်ကို လက်ကိုင်ဒုတ်တပ်အဖြစ် ကျင့်သုံးလျက်ရှိနေသော အာဏာရူး သန်းရွှေ သိန်းစိန်တို့ ၏ မတရားသော အမိန့် များကို ဦးထိပ်ပန်ဆင်နေကြသည့် တပ်မတော်သားများအား မြန်မာ့တပ်မတော်ကြီးကို စတင်တည်ထောင်ဖွဲ့ စည်းခဲ့သူ စစ်သေနာပတိ ဗိုလ်ချူပ်အောင်ဆန်း ပြောခဲ့တဲ့ တပ်မတော်ဆိုတာ မည်သို့ သော တပ်မတော်ဖြစ်သင့်သည် မည်သို့ သော တပ်မတော်သား ဖြစ်သင့်သည်ကို သိရှိကြစေရန်အတွက် အထူးရည်ရွယ်ဖေါ်ပြအပ်ပါသည်)။


The Lady ရုပ်ရှင်ဇာတ်ကားမှ ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင်ထားသော Michelle Yeoh ၏ ရုပ်ရှင်ဓါတ်ပုံမှတ်တမ်းများ။





15 July 2011

ယူကြဦးမလား...ဟောဒီက အလွတ် ၂ ကျပ်တိုး..

မေး။ ။ ရန်ကုန်တိုင်းဒေသကြီးမှာ ပြည်ခိုင်ဖြိုးပါတီရဲ စည်းရုံးရေးအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ နှစ်ကျပ်တိုးနှုန်းနဲ့ တစ်ဦးကို ၂ သောင်းကျပ် ချေးတယ်။ ဆပ်တာမှန်ရင် ၃ သောင်းကျပ်ချေးတယ်။ လက်ရှိ မြို့ ပေါ်မှာ ပိုက်ဆံချေးပေးနေတာ ၇ဘီလီယံ ရှိပါတယ်။ ပါတီဝင်အင်အားတွေတိုးလျက်ရှိပါတယ်။

မေး။ ။ ပါတီဝင်အင်အားစာရင်း ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ အခုလောလောဆယ် ရန်ကုန်တိုင်းဒေသကြီးမှာ ပါတီဝင် ၁.၈ သန်း ရှိပါတယ်။

မေး။ ။ ကြံ့ခိုင်ရေးပါတီ EC တွေကို လစာပေးမယ်လို့ ကြားပါတယ်။

ဖြေ။ ။ လစာရယ်မဟုတ်ပါဘူး။ ထောက်ပံ့ကြေးပါ။ ဗဟိုဌာနချုပ်က ပေးတာဖြစ်ပါတယ်။

မေး။ ။ ဘယ်လောက်သတ်မှတ်ထားပါသလဲ။

ဖြေ။ ။ တိုင်း EC ၈ သောင်း၊ ခရိုင်အတွင်းရေးမှုး ၈ သောင်း၊ ခရိုင်EC ၇ သောင်း၊ မြို့ နယ် EC ၆ သောင်းကျပ်။ ဒီလက စ ပေးတော့မှာပါ။

မေး။ ။တိုင်းဒေသကြီးတာဝန်ခံ ဗဟိုကော်မတီဝင်ကြီးအနေနဲ့ လတ်တလောကာလ ပြင်ပမှာ သတင်းတွေ ဖြစ်ပေါ်နေ ပါတယ်။ ဒီသတင်းတွေနဲ့ ပက်သက်ပြီး ရှင်းပြပေးစေလိုပါတယ်။

ဖြေ။ ။ ဒီခေတ်ထဲမှာ အမျိုးမျိုးသော ကောလာဟလတွေ ရှိနေတာပေါ့ဗျာ။

မေး။ ။ ဒါဆိုရင် တာဝန်ခံကြီးအနေနှင့်ဗဟိုဦးစီးစနစ်ကျင့်သုံးတာမဟုတ် ဘဲ ပါတီတွင်းဒီမိုကရေစီစနစ်ကို ကျင့်သုံးတာလို့ ဆိုနိုင်ပါသလား။

ဖြေ။ ။ မှန်ပါတယ်။ အများဆန္ဒနဲ့ သာ ကိစ္စတစ်ရပ်ကို ကျွန်တော်တို့ဆုံးဖြတ်တယ်။ အခု အပေါင်ပစ္စည်း မယူဘဲ ၂ ကျပ်တိုးနှင့် ၅ယောက်ဝိုင်းကြီးချုပ်စနစ်နှင့် ချေးပေးတယ်။ ဒီလိုဘဲနိုင်ငံရေးပါတီအချို့ ကိုလည်း သူတို့ အတွက်ငွေချေးပေးတယ်။ လူမျိုးမရွေး ပါတီမရွေးအခက်အခဲရှိရင် ကူညီပေးတယ်။

မေး။ ။ ဘယ်ပါတီတွေကို ချေးငွေထုတ်ပေးထားပါသလဲ။

ဖြေ။ ။ အဲဒါတော့ ထုတ်ပြောဖို့ မသင့်တော်ပါဘူး။

( HOT NEWS ဂျာနယ် Vol 1. No 47, 48 တွင် ပါရှိသောဗိုလ်မှူးချုပ်အောင်သိန်းလင်း (ငြိမ်း)နှင့်ေ တွ့ ဆုံခြင်း မှ ဖြတ်တောက်ထုတ်နှုတ်ဖော်ပြပါသည်)

ပြန်လည်ဖော်ပြပေးသူ..ကိုအောင်မျိုးထွန်း..



ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ 



Khu Daun Facebook မှ ပြန်လည်မျှဝေလိုက်ပါသည်.။

ကျောက် စရစ်ခဲတွေ အန်ထုတ် နေတဲ့ မကွေးမြို့က ကျောင်းသူလေး တစ်ဦးဖြစ်ရပ် (ယုံရခက် .. မယုံရခက် )


မကွေးမြို့ရှိ ဘော်ဒါတစ်ခုမှာ တစ်သက်နဲ့ တစ်ကိုယ် မကြားဖူး၊ မကြုံဖူးတဲ့ ဆယ်တန်း ကျောင်းသူ လေးတစ်ဦးရဲ့ အဖြစ် အပျက် တစ်ခုဖြစ် ခဲ့ပါတယ်။ စာကျက်ရင်း ထရံကို လက်နဲ့ပုတ် ပုတ်နေတတ်တဲ့ သူမရဲ့ ထူးခြားတဲ့ လုပ်ရပ်ကြောင့် ဘော်ဒါအုပ် ကိုသတင်းပေး တာနဲ့ ဘော်ဒါ အုပ်လည်း အကျိုး အကြောင်း မေးစမ်းပြီး ဆရာတော် တစ်ပါးဆီ ခေါ်ဆောင်ကာ စမ်းသပ် စစ်ဆေးခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒီနောက် ရိုးရာ ဆိုင်ရာ တွေနဲ့ပြသပြီး သူတို့နည်း သူတို့ဟန်နဲ့ ကုသကြပါတယ်။ ပထမဆုံး ဘောလ်ပင် တစ်ချောင်းဆံချည် တစ်ထွေးနဲ့ ကျောက်ခဲ တစ်လုံးစပြီးတော့ အန်ထွက်လာ ပါတယ်။ အဲဒီနောက် ကျောက်စရစ်လုံးတွေ ဆက်တိုက် အန်လိုက် ဝမ်းသွားလိုက်နဲ့ ဇူလိုင် ၇ရက်နေ့ အထိ ကျောက်စရစ်ခဲ အလုံးအရေ အတွက် ၃၅၀ လောက်ပြင်ပကို ထွက်ရှိခဲ့ ကြောင်းသိရ ပါတယ်။ အရွယ်စုံ ကျောက်စရစ်ခဲတွေမှာ ၂လက်မ အရွယ်အစား ထိပါနေတာ ကိုတွေ့ရတယ်။ သက်ဆိုင်ရာ တွေက လည်း ထူးခြား ဖြစ်စဉ်မို့ လာကြည့်ပေး ကြောင်း သိရပါတယ်။ သူမကို အာထရာဆောင်း ရိုက်ကြည့်ပေမယ့် မပေါ်ဘူးဟု ဆိုပါတယ်။ အဲဒီ ကျောင်းသူလေးဟာ ချင်းတိုင်းရင်း သူလေးဖြစ်ပြီး တချို့ လည်း မိမိထင်ရာ ထင်ကြေး ပေး ပြောဆို နေကြပြီး ဇူလိုင် ၇ရက်နေ့မှာ သက်ဆိုင်ရာရဲ့ အစီအမံနဲ့ မကွေးတိုင်း ဒေသကြီး ဆေးရုံကြီးကို ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေပြီ လို့သိရ တယ်။

မကွေးသတင်းထောက် ( SHADE Journal )

14 July 2011

ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ (အသံဖိုင်)

ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်း
~ ရှားပါးပျောက်ကွယ်လုနီးပါးဖြစ်နေသည့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများ ~ by KoMyoe ဒီဇိုင်း ကိုမျိုး

ကိုမျိုး အား ကျေးဇူး တင်ရှိပါသည်..။

ဦးသန်းရွှေ ၊ဦးသိန်းစိန်တို့ အတွက် မူလတန်းစာအုပ်ပါ ဗိုလ်ချူပ်အောင်ဆန်းအကြောင်းအား ပြန်လည်ဖတ်ရှူ သင်ကြားသင့်ကြောင်း

About General Aung San on Education Text Book


(မှတ်ချက် -လွတ်လပ်ရေးဖခင်ကြီး၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချူပ်အောင်ဆန်း၏ အကြောင်းနှင့် ပတ်သက်၍ ကျေးဇူးကန်းနေကြသော အာဏာရူးသန်းရွှေ၊ သိန်းစိန်တို့အတွက် မူလတန်းစာအုပ်ပါ ဗိုလ်ချူပ်အောင်ဆန်းအကြောင်းအား ပြန်လည် ဖတ်ရှူ သင်ကြားကြ ရန်နှင့် မေးခွန်းများအားဖြေဆိုကြ စေရန် အထူး ရည်ရွယ် စွာဖြင့် ဖေါ်ပြအပ်ပါသည်)။


ကိုနစ်နေမန်း အားကျေးဇူးတင်ရှိပါသည်။

အာဇာနည်နေ့ မှ ပေးသော သင်ခန်းစာများ



မြန်မာ တစ် နိုင်ငံလုံး နှင့် မြန်မာ တိုင်းရင်းသား တစ်ရပ်လုံး ၏ ဘ၀ မှတ်တိုင် တွင် ထာဝစဉ် အဓိကရ နေရာယူ နေမည့် “အာဇာနည်နေ့”နှင့် ပတ်သက်၍ အကျဉ်းချုပ် သုံးသပ် လေ့လာချက် တစ်ရပ် ပြုကြမည် ဆိုလျှင်

(၁) အာဇာနည်နေ့ မတိုင်မီ တိုင်းပြည်၏ အထွေထွေ အခြေအနေ
(၂) လုပ်ကြံမှု၏ ရည်ရွယ်ချက်၊
(၃)ပြည်သူလူထု၏ တုံ့ပြန်မှု၊
(၄)အာဇာနည်နေ့မှ ပေးသော သင်ခန်းစာများ ဟူ၍ အပိုင်း လေးပိုင်း ခွဲခြား လေ့လာခြင်း ပြုသင့်ပါသည်။

(၁)အာဇာနည်နေ့ မတိုင်မီ တိုင်းပြည်၏ အထွေထွေ အခြေအနေ

ဒုတိယ ကမ္ဘာ စစ်ပြီး ကာလ ဖြစ်သည့် (၁၉၄၅) ခုနှစ်မှ စ၍ (၁၉၄၇) ခုနှစ် အထိ (၃) နှစ် ကာလကို လေ့လာ သုံးသပ်ရန် လိုအပ် ပေမည်။ (၁၉၄၅) ခု၊ မတ်လ (၂၇) ရက်နေ့ မှစ၍ မြန်မာ တိုင်းရင်းသား အားလုံး တို့သည် ဖက်ဆစ် တိုက်ဖျက်ရေး ပြည်သူ့ လွတ်လပ်ရေး (ဖတပလ) အဖွဲ့ဝင်များ၊ ဗမာ့ ကာကွယ်ရေး တပ်မတော် နှင့် မျိုးချစ် ဗမာ့ တပ်မတော်သား များအဖြစ် တစ်စု တစည်းတည်း တိုက်ပွဲ ၀င်၍ ဖက်ဆစ် ဂျပန် များအား တော်လှန် တိုက်ခိုက်၍ မြန်မာနိုင်ငံ၏ မြေပြင်မှ မောင်းနှင် ထုတ်ခဲ့ကြ လေသည်။

(၁၉၄၅) ခုနှစ်တွင် ဗြိတိသျှ တို့သည် စစ်တပ်ကြီး များနှင့် မြန်မာနိုင်ငံ အတွင်းသို့ ပြန်လည် ၀င်ရောက် လာကြသည်။ သို့သော် တိုင်းရင်းသား အားလုံး အပါအ၀င် တပြည်လုံးက ဗြိတိသျှ တို့၏ စစ်အုပ်ချုပ်ရေး ကို အမြန်ဆုံး ရပ်စဲ ရုပ်သိမ်းရန် တောင်းဆို ကြသည်။ ထို့ကြောင့် (၁၉၄၅) ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့ တွင် ဗြိတိသျှ အပေါင်းပါ များ၏ စစ်အုပ်ချုပ်ရေး မှာ လုံးဝ ရပ်စဲ ခဲ့ရသည်။ သို့သော် ဗြိတိသျှတို့သည် မိမိ တို့နှင့် အတူ ပါလာသော ဆင်းမလား စီမံကိန်းခေါ် စက္ကူဖြူ စာတမ်းအရ မြန်မာနိုင်ငံ အား ဆက်လက် စိုးမိုးရန် ကြိုးစား ကြပြန်သည်။

ယင်းတို့၏ စက္ကူဖြူ အုပ်ချုပ်ရေးကို (၁၉၄၆) ခု၊ ဇွန်လ (၂၆) ရက် နေ့တွင် တိုင်းရင်းသား
လူမျိုး ပေါင်းစုံ ပါဝင်သည့် လူပေါင်း တစ်သိန်းကျော် တက်သော လူထု အစည်းအဝေးကြီး မှ ကန့်ကွက် ကြသည်။ ယင်း လှုပ်ရှားမှုနှင့် တဆက်တည်း (၁၉၄၆) ခု၊ စက်တင်ဘာလ အတွင်း တွင် ရဲ အဖွဲ့ဝင်များ အပါအ၀င် အမှုထမ်း ပေါင်းစုံ တို့သည် ပြည်လုံးကျွတ် အထွေထွေ သပိတ်ကြီး မှောက်၍ ပြင်းထန်စွာ လှုပ်ရှား၍ လာကြသည်။



ထို့ကြောင့် ဗြိတိသျှ အစိုးရ သည် ဘုရင်ခံ ဆာရယ်ဂျီနယ် ဒေါ်မန်စမစ် အား ပြန်ခေါ်၍ ထိုနေရာတွင် တာဝန် ထမ်းဆောင်ရန် မေဂျာ ဂျင်နရယ် ဟူးဘတ်ရန့်စ် အား လွှတ်ရသည်။ ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီ၏ ဖိတ်ခေါ်ချက် အရ (၁၉၄၇) ခုနှစ်၊ ဇန်န၀ါရီလ (၇) ရက်နေ့ တွင် ဗိုလ်ချုပ် အောင်ဆန်းသည် သခင်မြ၊ ဦးတင်ထွဋ် စသည် တို့နှင့် အတူ ဘိလပ်သို့ သွားသည်။

လကျာ် နိုင်ငံရေး လက်ဟောင်းကြီး များကိုလည်း ဖိတ်ကြား ခဲ့လေရာ သခင် ဗစိန်သည် ဗိုလ်ချုပ် အောင်ဆန်း တို့နှင့် အတူ လိုက်သွား သော်လည်း ဦးစောမှာ နောက်မှ လိုက်သွားသည်။ ဗြိတိသျှ တို့သည် ပြည်သူလူထု ၏ တခဲနက် တိုက်ပွဲဝင်မှု ကြောင့် မလွှဲသာပဲ လွတ်လပ်ရေး ပေးရတော့မည့် အချိန်၌ပင် တောင်တန်း ဒေသများကို လက်မလွှတ် လိုကြပေ။ ဆက်လက်၍ သိမ်းပိုက် ထားနိုင်ရန် ကြိုးစား ကြသေးသည်။

သို့သော် ဗိုလ်ချုပ် အောင်ဆန်း ကိုယ်တိုင် တိုင်းရင်းသား လူမျိုး ပေါင်းစုံ တို့၏ သွေးစည်း ညီညွတ်မှု ကို တည်ဆောက်၍ (၁၉၄၇) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက် နေ့တွင် ကျင်းပသော ပင်လုံညီလာခံ အစည်းအဝေးကြီးမှ မြန်မာနိုင်ငံ ရှိ တိုင်းရင်းသား လူမျိုးများ သွေးစည်း ညီညွတ်ရေး စာချုပ်ကြီး တစ်ရပ်ကို ချုပ်ဆို လိုက်သည်။

(၁၉၄၇) ခုနှစ်၊ ဇန်န၀ါရီလ (၂၇) ရက် နေ့တွင် ဗိုလ်ချုပ် အောင်ဆန်းနှင့် ဗြိတိသျှ ၀န်ကြီးချုပ် အက်တလီ တို့သည် မြန်မာပြည်အား လွတ်လပ်ရေး ပန်းတိုင်သို့ လမ်းခင်း ပေးသည့် စာချုပ်ကို လက်မှတ် ရေးထိုးကြသည်။ ဦးစောနှင့် သခင်ဗစိန် တို့က အောင်ဆန်း အက်တလီ စာချုပ် အရ မြန်မာပြည် လွတ်လပ်ရေး မရနိုင် ဟု ဆိုကာ လက်မှတ် မထိုးကြပေ။

(၁၉၄၇) ခုနှစ်၊ ဧပြီလ (၉) ရက် နေ့တွင် တိုင်းပြည်ပြု လွှတ်တော် ရွေးကောက်ပွဲ ကျင်းပရာ ပြည်မ ရွေးကောက်ပွဲ များတွင် ကွန်မြူနစ် အတ် (၇) နေရာမှ အပ ကျန် နယ်အားလုံး တွင် ဗိုလ်ချုပ် အောင်ဆန်း ရှေ့ဆောင်သည့် ဖဆပလ အမတ်များ က အပြတ်အသတ် နိုင်ကြလေသည်။ (၁၉၄၇) ခုနှစ်၊ ဇွန်လ (၁၆) ရက်နေ့တွင် ကျင်းပသော တိုင်းပြည်ပြု လွှတ်တော် အစည်းအဝေး တွင် ဗိုလ်ချုပ် အောင်ဆန်း သည် လွတ်လပ်သည့် အချုပ်အခြာ အာဏာပိုင် မြန်မာနိုင်ငံတော် အတွက် ရေးဆွဲရမည့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန် ပြဋ္ဌာန်းချက် (၇) ချက် ပါရှိသည့် အဆိုကို တင်သွင်းရာ ယင်းအဆိုကို ဖဆပလ အမတ်များ အပြင် ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်း၊ ရခိုင် အမတ် များနှင့် ကွန်မြူနစ် အမတ် တစ်ဦး တို့ကပါ ထောက်ခံကြပြီး ကန့်ကွက်သူ မရှိ အတည်ပြု ခဲ့ကြလေသည်။

(၁၉၄၇) ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့မှာ သမိုင်းမှတ်တိုင် တစ်ခု ဖြစ်သည်။ ထိုနေ့တွင် ဗိုလ်ချုပ် အောင်ဆန်း သည် ရန်ကုန် မြို့တော် ခန်းမ လသာဆောင်မှ နေ၍ ပြည်သူလူထုအား နောက်ဆုံး မိန့်ခွန်း မြွက်ကြားခဲ့ခြင်း ဖြစ်သည်။ ယင်းမိန့်ခွန်းတွင် ဗိုလ်ချုပ် အောင်ဆန်းက-“ဖဆပလ အဖွဲ့ချုပ်က စေတနာကောင်းနဲ့ လွတ်လပ်ရေး ရုပ်လုံး ဖော်လာပြီ။ အဲဒီလို ရုပ်လုံးဖော်လာရာမှာ အကောင်းဆုံး နဲ့ အအေးဆုံး နည်းနဲ့ လုပ်နေတယ်။ နောက်ဆုံး နည်းအေးအေးနဲ့ မရရင် ရတဲ့နည်းနဲ့ လုပ်ရမှာပဲ ဆိုတာ ပြောခဲ့ပြီ။ ဗမာပြည်မှာ လူမျိုး အချင်းချင်း မကွဲဖို့၊ လူငယ်ပိုင်း ဖြစ်သော လက်ဝဲသမား အချင်းချင်း မကွဲဖို့ သတိပေး လိုပါတယ်” ဟု မိန့်ကြား သွားခဲ့သည်။

အထက်တွင် ဖော်ပြခဲ့သော တိုင်းပြည်၏ အခြေအနေ များကို ချုပ်လိုက်ပါမူ

(က) နယ်ချဲ့သမားတို့ လုံးဝ လက်လွှတ် ပေးရတော့မည့် အခြေအနေ၊ နယ်ချဲ့ လက်ပါးစေ ဖောက်ပြန်သော ပုဆိန်ရိုးများသည် လူထု၏ ထောက်ခံမှု လုံးဝ မရရှိဘဲ ပြည်သူလူထုကြီးနှင့် လုံးဝ ကင်းကွာ နေကြသည့် အခြေအနေနှင့် …
(ခ) အခြား တစ်ဖက်တွင်မူ တိုင်းရင်းသား လူမျိုး အားလုံး အပါအ၀င် မြန်မာ တစ်မျိုးသားလုံး သည် ဗိုလ်ချုပ် အောင်ဆန်း ၏ ခေါင်းဆောင်မှု အောက်တွင် မကြုံဖူး လောက်အောင် စည်းလုံး ညီညွတ်သော အင်အားဖြင့် လုံးဝ လွတ်လပ်ရေး အတွက် တက်တက် ကြွကြွ အုံကြွ တိုက်ပွဲဝင် နေကြသည့် အချိန် ဖြစ်လေသည်။



(၂) လုပ်ကြံမှု၏ ရည်ရွယ်ချက်

ဗြိတိသျှ နယ်ချဲ့သမား များသည် မြန်မာနိုင်ငံအား လွတ်လပ်ရေး မပေးလျှင် မဖြစ်တော့သော အခြေအနေကို ရင်ဆိုင် နေချိန်ဝယ် အဓိက အားဖြင့် ခြေလှမ်း နှစ်ခုကို တစ်ပြိုင်တည်း လုပ်ကိုင်လာ ခဲ့ကြလေသည်။ တစ်ခုမှာ လွတ်လပ်ရေး ပေးရန် သဘောတူကြောင်း၊ အေးအေးချမ်းချမ်း အာဏာ လွှဲပေးရန် လိုလားကြောင်း စသည်ဖြင့် စာချုပ်ချုပ်ခြင်း၊ ပြောဆိုခြင်း ပြုရာ အခြားတစ်ခုမှာ မိမိ အာဏာ လွှဲပေးရမည့် လွတ်လပ်ကာစ မြန်မာ အစိုးရသည် နယ်ချဲ့ အလိုကျ နယ်ချဲ့ သြဇာခံမည့် ပုဆိန်ရိုး အစိုးရမျိုး ဖြစ်လာစေရန် နည်းအမျိုးမျိုး နှင့် ကြိုးစားခြင်း ဖြစ်လေသည်။

ဒုတိယ လုပ်ငန်း အတွက် ကြိုးပမ်း လုပ်ကိုင် ရာ၌ နယ်ချဲ့သမားသည် တိုင်းရင်းသား လူမျိုးများနှင့် မြန်မာများ အတွင်း လူမျိုးရေး၊ နိုင်ငံရေး အရ ကွဲပြားအောင် နည်း အမျိုးမျိုးဖြင့် ပြုလုပ်ကြသည်။ နယ်ချဲ့၏ သွေးခွဲမှု ကို ပင်လုံ ညီလာခံမှ ချေမှုန်း ပစ်လိုက် ခဲ့ပေသည်။ တိုင်းရင်းသား လူမျိုးများ နှင့် သွေးကွဲ အောင်လည်း လုပ်၍မရ။ ထိုအချိန်က စည်းရုံးမှု အင်အား အကြီးဆုံး ဖြစ်သော ဖဆပလ အဖွဲ့ သာမကဘဲ လက်ဝဲ နိုင်ငံရေး ထဲမှ ကွန်မြူနစ် အဖွဲ့၏ ထောက်ခံမှု ကိုပါ ရရှိနေသော ဗိုလ်ချုပ် အောင်ဆန်း ၏ ခေါင်းဆောင်မှု ကို ဖယ်ရှားရန် အတွက် နယ်ချဲ့သမား သည် လက်ျာ နိုင်ငံရေး လက်ဟောင်းကြီးများ နှင့် ပူးပေါင်း ကြံစည်မှုများ ပြုလုပ်ခဲ့လေသည်။

(၁၉၄၇) ခုနှစ်၊ ဇူလိုင် လဆန်းရက် ထဲတွင် ဗြိတိသျှ စစ်ဗိုလ်များ အုပ်ချုပ်နေသော စစ်ပစ္စည်း ထောက်ပံ့ရေး တပ်မှ ဘရင်းဂန်း (၂၀၀) နှင့် ကျည်ဆန်များ ပျောက်ဆုံးသွားသည်။ အခြားနည်းနှင့် ဖယ်ရှား၍ မရတော့သော ဗိုလ်ချုပ် အောင်ဆန်း အား နိုင်ငံရေး ရန်သူများက လုပ်ကြံ ကြလိမ့်မည် စသည့် သတင်း ပေါ်ထွက် လာလေသည်။

သို့သော် ပြည်သူလူထု အား အကြွင်းမဲ့ ယုံကြည်သော ဗိုလ်ချုပ်အောင်ဆန်း သည် အထက်ပါ သတင်းများကို ဂရုမစိုက် ခဲ့ပေ။ အခြား ဖဆပလ ခေါင်းဆောင်များ သည်လည်း လုံလောက်သည့် ကာကွယ် စီမံမှုများကို မပြုလုပ် ခဲ့ကြပေ။ ဗိုလ်ချုပ် အောင်ဆန်းသည် မိမိကိုယ် မိမိ ယုံကြည်မှု ရှိသူတို့၏ ဓမ္မတာ အတိုင်း ရန်သူ၏ ခြေလှမ်းကို အထင်သေး လျှော့တွက်ခြင်း ဖြစ်ခဲ့ရပေသည်။

ဇူလိုင်လ (၁၉) ရက်နေ့တွင် ဗိုလ်ချုပ် တို့အား နယ်ချဲ့ လက်ပါးစေတို့က လုပ်ကြံ သတ်ဖြတ် ပစ်လိုက်ကြ၏။ ရန်ကုန်မြို့တွင် ဗိုလ်ချုပ် အောင်ဆန်း အမှူးပြုသော အစိုးရ အဖွဲ့ဝင် များကို လုပ်ကြံ ပြီးနောက် မိမိတို့ ဖြန့်ထားသော လက်နက် များဖြင့် နယ် အချို့တွင် လှုပ်ရှား ဆူပူကာ ဖဆပလ အဖွဲ့ကြီးက တိုင်းပြည်၏ အခြေအနေကို ငြိမ်ဝပ်အောင် မထိန်းသိမ်း နိုင်၍ ယင်းတို့၏ လက်ဝယ်သို့ အာဏာ လွှဲပြောင်း ပေးရသည် ဆိုသည့် အခြေအနေရောက်အောင် ပြုလုပ်ရန် ဖြစ်သည်။

နယ်ချဲ့ လုပ်ကြံမှု၏ အဓိက ရည်ရွယ်ချက် မှာ နည်းအမျိုးမျိုးနှင့် ဖြိုခွဲ၍ မရခဲ့သော မြန်မာနိုင်ငံမှ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံး၏ လွတ်လပ်ရေး အုံကြွမှုကြီး ကို ချိုးနှိမ်ရန် ဖြစ်လေသည်။



(၃) ပြည်သူလူထု၏ တုံ့ပြန်မှု

နယ်ချဲ့တို့၏ အကြံအစည် သည် မအောင်မြင်ခဲ့ပေ။ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သည့် လွတ်လပ်ရေး လှုပ်ရှားမှုသည် ခေါင်းဆောင်ကြီးများ လုပ်ကြံ ခံရသော်လည်း အရှိန်သေ၍ မသွားခဲ့ပေ။ ဆထက် ထမ်းပိုး ပို၍သာ ပြင်းထန် လာခဲ့ပေသည်။ လူသတ်ဝါဒ ရှုတ်ချ ပွဲကြီးများကို တစ်ပြည်လုံး တွင် အနှံ့အပြား ပြုလုပ်ကြပြီး နယ်ချဲ့နှင့် နယ်ချဲ့ လက်ပါးစေများကို ဖွင့်ချကြသည်။

ဗိုလ်ချုပ် အောင်ဆန်း လမ်းကြောင်း ပေးထားသော လုံးဝလွတ်လပ်ရေး တိုက်ပွဲလမ်း အတိုင်း လိုက်ခဲ့ကြ လေသည်။ ဗိုလ်ချုပ် အောင်ဆန်း နှင့်အတူ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသည့် အထဲတွင် ရှမ်း အမျိုးသား ခေါင်းဆောင် မိုင်းပွန် စော်ဘွားကြီး နှင့် ကရင် အမျိုးသား ခေါင်းဆောင် မန်းဘခိုင် တို့ ပါဝင် ကြလေရာ လုပ်ကြံမှု နောက်ပိုင်းမှ လွတ်လပ်ရေး ကြေညာသည့် (၁၉၄၈) ခုနှစ်၊ နှစ်ဦးပိုင်း အတွင်း၌ တိုင်းရင်းသား လူမျိုး အားလုံး သည် တသွေး တသားတည်း ဆက်လက် ရပ်တည် တိုက်ပွဲဝင် ခဲ့ကြလေသည်။

(၁၉၄၆ – ၁၉၄၇) ခုနှစ် အတွင်း မြန်မာ တစ်မျိုးသားလုံး ဗိုလ်ချုပ် အောင်ဆန်း၏ ခေါင်းဆောင်မှု အောက်တွင် မကြုံစဖူး စည်းလုံး ညီညွတ်ခဲ့သော အရှိန်သည် လုပ်ကြံမှု နောက်ပိုင်းတွင် ပြိုမကျခဲ့ပဲ ပိုမို ပြင်းထန် လာ၍သာ (၁၉၄၈)ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့တွင် လွတ်လပ်ရေး ကြေညာ နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

အာဇာနည် ဗိုလ်ချုပ် အောင်ဆန်း၏ ရှေ့ဆောင်မှု၊ အသက်စွန့် ကြိုးပမ်းမှု ကြောင့် ကိုလိုနီ ဘ၀မှ လွတ်မြောက်ရေး၊ အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ ဟူသည့် မြန်မာနိုင်ငံ၏ တော်လှန်ရေး ပထမအဆင့် ကို တိုင်းရင်းသား ပြည်သူ လူထုသည် အောင်မြင်စွာ ကျော်ဖြတ် လာနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

(၄) အာဇာနည်နေ့ မှ ပေးသော သင်ခန်းစာများ

(၁၉၄၈) ခုနှစ်မှ သည် (၁၉၆၂) ခုနှစ်အတွင်း မြန်မာနိုင်ငံ ၏ တော်လှန်ရေးသည် ပထမအဆင့် ဖြစ်သော အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ အဆင့်မှ ဒုတိယ အဆင့် ဖြစ်သော ဆိုရှယ်လစ် လူမှုတော်လှန်ရေး အဆင့်သို့ မတက်လှမ်း နိုင်ခဲ့ပဲ ရှိခဲ့ရလေသည်။ သို့ကြောင့် ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်သော တော်လှန်ရေး ကောင်စီသည် ယင်း ဓနရှင် လမ်းကြောင်းအား တားဆီး ရပ်ဆိုင်းကာ ဗိုလ်ချုပ် အောင်ဆန်း၏ လမ်းညွှန်မှု ဖြစ်သော ဆိုရှယ်လစ် လောက တည်ဆောက်ရေး လမ်းကြောင်းကို ယခုအခါ မဖြစ်မနေ ကြိုးပမ်းနေခြင်း ဖြစ်ပေသည်။

အာဇာနည်နေ့မှ ပေးအပ်သော အကြီးဆုံး သင်ခန်းစာ (၂) ရပ်မှာ

(က)နယ်ချဲ့သမား များကို လည်းကောင်း၊ ဖောက်ပြန်ရေး သမားများ ပုဆိန်ရိုး များကို လည်းကောင်း မည်သည့်အခါမှ အထင် မသေးနှင့်၊ လျှော့မတွက်နှင့်၊ တော်လှန်ရေး သတိရှိမှုကို အစဉ်သဖြင့် ရှိစေရန်

(ခ)တဆင့်ပြီး တဆင့် မှန်ကန်စွာ ချီတက်ရမည့် တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး လမ်းကြောင်းကို မပြောင်းလွဲစေနှင့်၊ ဆိုရှယ်လစ်စနစ် တည်ဆောက်ရေး လမ်းကြောင်းကို အစဉ်ထိန်းသိမ်းကြ ဟူ၍ဖြစ်ပေသည်။

ကိုဆောင်း

















ကလောင် အမည် “ကိုဆောင်း” ရေးသားခဲ့တာက ပြီးခဲ့တဲ့ မ-ဆ-လ ခေတ်အခါက ဖြစ်ပါလိမ့်မယ်။ ခေတ်၊ စနစ် ( အမည်အားဖြင့် ) မတူတော့ပါဘူး။ အတွင်း စာသားကို ( မူရင်း စာရေးဆရာကို လေးစားသောအားဖြင့် ) ဘာမှ မပြုမပြင် ထားပါ။ ပါရှိသည့် အတိုင်း တင်ပါတယ်။ ဓာတ်ပုံများ ကိုတော့ မော်နီတာ (ဗိုလ်ချုပ်အောင်ဆန်း အထူးထုတ် ) ထဲက အတိုင်း ဖြည့်ယူ ပါတယ်။

ဇေယျ (ZAYYA)
.......................................................................................

ကိုဇေယျ အား ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ မှတ်တမ်းများနှင့် သူ၏ သမိုင်းမှတ်တမ်းများအား ပြန်လည် ပြီး မျှဝေဖော်ပြထားသဖြင့် ကျေးဇူးအထူးတင်ရှိပါသည်.။

ဗိုလ်ချုပ်အောင်ဆန်း ၏ စာပေလက်ရာ


လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာပဲ။ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာရေးမယ်``

ဦးအောင်ဆန်း

၁၉၄၇ ခုနှစ် မေလ ၃ဝ ရက်

ဖဆပလဌာနချုပ်တွင် ပြုလုပ်သော သတင်းစာဆရာများ အစည်းအဝေးတွင် ပြောကြားသည့် မိန်းခွန့်မှ…..

(က)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်။

အတွင်းဝန်ရုံး။

အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော် အဆောက်အဦရှေ့ ဝရန်တာတွင် မတ်တပ်ရပ်ရင်း သူတို့တတွေ စကားပြောနေကြ၏။ သူတို့တတွေ ဟူသည်ကား …. ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာဇော်ဂျီ၊ ဆရာမောင်ထင်၊ ဆရာမင်းသုဝဏ်နှင့် ဦးခင်ဇော်တို့ ဖြစ်၏။

ဗိုလ်ချုပ်အောင်ဆန်းက ဘန်ကောက်လုံချည် နံ့သာရောင်၊ ပိုးအင်္ကျီရင်စေ့နှင့် သပ်သပ်ရပ်ရပ်၊ သားသားနားနား….။ သူတို့ စကားဝိုင်းက စာပေ၊ အနုပညာနှင့် ယဉ်ကျေးမှုအကြောင်းများ ဖြစ်သည်။

``….လွတ်လပ်ရေးရရင် နိုင်ငံရေးကထွက်ပြီး ပညာရေးနဲ့ ယဉ်ကျေးမှုတွေ လေ့လာမယ်။ အာရှအရှေ့တောင်ပိုင်းမှာ လှည့်ပြီး ယဉ်ကျေးမှုတွေကို လေ့လာချင်တယ်….​``

ဒီးဒုတ်ဦးဘချိုက ဗိုလ်ချုပ်အောင်ဆန်းကို ပြော၏။ ဗိုလ်ချုပ်အောင်ဆန်းက စိတ်အားထက်သန်စွာနှင့် စကားပြောလျှင် … သူ၏ နှုတ်ခမ်းသည် အနည်းငယ် `ထော်`၍ သွားတတ်၏။

``ကျနော်လည်း နိုင်ငံရေးက ထွက်မှာပါပဲဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျနော်တို့ဆီမှာ ဘာသာပြန်တွေ အများကြီးလိုတယ်။ ဘိုင်အိုဂရပ်ဖီ (အတ္ထုပတ္တိစာပေ)တွေလည်း လိုတယ်။ ဘာ့ကြောင့် မရေးကြသလဲ မသိဘူး။ ပြီးတော့ … ဗမာအက၊ ဗမာ့ဂီတတွေဟာ ဟိုဘက်က လှည့်လာတာတွေ ရှိတယ်။ ဒါတွေကို စုံစမ်းရမယ်။ အာရှတိုက်သားတွေ တဦးနဲ့ တဦး ဘယ်လိုဆက်စပ်မှု ရှိတယ်ဆိုတာ လေ့လာရမယ်။ ကျနော်လည်း အနုပညာသမားပါပဲဆရာ….``

ဒီးဒုတ်ဦးဘချိုနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့က သူတို့ လုပ်ဆောင်လိုကြသည့် စာပေယဉ်ကျေးမှု အနုပညာ ရည်မှန်းချက်များ ဆွေးနွေးနေကြ၏။ ထိုစဉ်က …. သူတို့သည် နောင် ၅ ရက်အကြာ၌ ဤအဆောက်အဦကြီး အတွင်း၌ပင် အကြမ်းဖက်သမားတစု၏ လုပ်ကြံသတ်ဖြတ်ခြင်း ခံရမည်ကို မသိကြ။ တွေးထင်၍ပင် မထား….။

(ခ)

စာအုပ်အမည် ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာ

ရေးသားပြုစုသူ မြဟန်

ထုတ်ဝေသူအမည် ဒေါ်မြင့်မြင့် (မြဲ ၃၇၅၆)

ဒု-လက်ထောက်ညွှန်ကြားရေးမှူး

တက္ကသိုလ်များသမိုင်းသုတေသနဌာန။

စာမူခွင့်ပြုအမှတ် ၆၅၂/၉၇ (၁ဝ)

ထုတ်ဝေသည့်ခုနှစ် ၁၉၉၈ ခုနှစ်၊ ဇန်နဝါရီလ (ပထမအကြိမ်)

အုပ်ရေ ၃ဝဝဝ။

ဖြန့်ချိ အင်းဝစာပေတိုက်။

တန်ဖိုး ၂၂၅ကျပ်။

ဆရာမြဟန် ရေးသားပြုစုသည့် ``ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ`` စာအုပ်ကို ၁၉၉၈ ခုနှစ်တွင် ပထမအကြိမ်အဖြစ် ထုတ်ဝေ၏။ လွတ်လပ်ရေး နှစ် ၅ဝ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည်ဟု ဆို၏။ တက္ကသိုလ်များ သမိုင်းသုတေသနဌာနမှ ထုတ်ဝေခြင်းဖြစ်သည်။ တက္ကသိုလ်များ သမိုင်း သုတေသနဌာန၏ ညွှန်ကြားရေးမှူးချုပ်က ဒေါ်နီနီမြင့် ဖြစ်သည်။ ဤအတွက်ပင် … အဓိပ္ပာယ်က တမျိုးထူးခြား၍ နေပြန်သည်ဟု စိတ်၌ တွေးထင်မိ၏။ ထားတော့….။ ဗိုလ်ချုပ်အောင်ဆန်း၏ စာပေလက်ရာများ စာအုပ်တွင် ဆောင်းပါး ၁၁ ပုဒ်၊ အမှာစာ ၅ ပုဒ်နှင့် ကိုယ်တိုင်ရေး အတ္ထုပတ္တိ ၁ ပုဒ်တို့ ပါ၏။ ဆောင်းပါး ၃ ပုဒ်က အင်္ဂလိပ်ဘာသာနှင့် ဖြစ်ပြီး ၈ ပုဒ်ကိုမူ မြန်မာဘာသာနှင့်ပင် ရေးခဲ့၏။ ပဲခူးကဝေ၊ အညာသားလေး၊ မောင်အောင်ဆန်း၊ သခင်အောင်ဆန်း၊ ဗိုလ်ချုပ်အောင်ဆန်း စသည့် ကလောင်အမည်များနှင့် ဂန္ထလောက မဂ္ဂဇင်း၊ သူရိယ မဂ္ဂဇင်း၊ မျိုးညွှန့် မဂ္ဂဇင်း၊ ဒဂုံ မဂ္ဂဇင်း၊ နဂါးနီ စာစောင်၊ ဗမာ့ခေတ် သတင်းစာ၊ အိုးဝေ မဂ္ဂဇင်း၊ ဇဝန ဂျာနယ်၊ ဒီးဒုတ် ဂျာနယ်တို့တွင် ရေးခဲ့သည့် စာများ ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်း၏ ကိုယ်တိုင်ရေးအတ္ထုပတ္တိ၊ ဗမာ့လွတ်လပ်ရေး အရေးတော်ပုံနှင့် Life Sketch of the Author တို့ကို ဗိုလ်ချုပ်၏ ဘဝရုပ်ပုံလွှာများ ဖြစ်သည်။ ၁၉၁၅ မှ ၁၉၄၆ အောက်တိုဘာလအထိ ဗိုလ်ချုပ်၏ ဘဝရုပ်ပုံလွှာ မှန်ကူကွက်များဟု ဆိုရမည်။

(ဂ)

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေခရီး အစက …. ရေနံချောင်း အမျိုးသား ကျောင်းသားဘဝက စခဲ့သည်ဟု ဆိုရမည်။ ရေနံချောင်း အမျိုးသားကျောင်း၌ ကျောင်းစာစောင်တစောင် ထုတ်ဝေရာ ကျောင်းသား မောင်အောင်ဆန်းသည် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့ရသည်။ ပထမဦးစွာ ဖော်ပြခြင်းခံရသည့် ဗိုလ်ချုပ်အောင်ဆန်း၏ ဆောင်းပါးမှာမူ ဘာသာပြန်ဆောင်းပါး ဖြစ်သည်။ ၁၉၃၃ ခုနှစ် နိုဝင်ဘာလထုတ် ဂန္ထလောက မဂ္ဂဇင်းတွင် ပါရှိခဲ့ခြင်း ဖြစ်သည်။ `ပဲခူးကဝေ` ကလောင်အမည်နှင့် ရေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က … တက္ကသိုလ်ကျောင်သား ကိုအောင်ဆန်းသည် ပဲခူးဆောင်တွင် နေသည့်အတွက် `ပဲခူးကဝေ` ဟူ၍ ကလောင်အမည် ယူခဲ့ခြင်းလား …. မပြောတတ်။

ဗိုလ်ချုပ်အောင်ဆန်း၏ စာပေခရီးတွင် `အယ်ဒီတာ`အဖြစ်က ပိုမို၍ ကျော်ကြားထင်ရှားခဲ့သည်ဟု ဆိုရမည်။ ၁၉၃၆ တွင် `အိုးဝေ`မဂ္ဂဇင်း၌ တက္ကသိုလ်ကျောင်းသား ကိုအောင်ဆန်းသည် အယ်ဒီတာ့တာဝန် ယူရ၏။ ကိုအောင်ဆန်း အယ်ဒီတာအဖြစ် တာဝန်ယူထုတ်ဝေသည့် `အိုးဝေ`မဂ္ဂဇင်းတွင် `ဆရာညိုမြ`၏ ``ငရဲခွေးကြီး လွတ်နေပြီ``အမည်ရှိ ဆောင်းပါးတပုဒ် ပါလာ၏။ တက္ကသိုလ် အာဏာပိုင်များက ဆောင်းပါးရှင်ကို အရေးယူရန် ဆောင်းပါးရှင်၏ အမည်ရင်းကို အယ်ဒီတာကိုအောင်ဆန်းထံ မေး၏။ `အယ်ဒီတာ့` ကျင့်ဝတ်အရ ဆောင်းပါးရှင်အမည် ထုတ်ဖော်၍ မပြောနိုင်ကြောင်း ကိုအောင်ဆန်းက ငြင်းပယ်လိုက်၏။ ကျောင်းအာဏာပိုင် မျက်နှာဖြူကြီးများက မကျေနပ်ကြ….။ ဤတွင် …. အယ်ဒီတာ ကိုအောင်ဆန်းကို အရေးယူရန် လုံ့လပြုလာကြ၏။ ကိုအောင်ဆန်းအား ကျောင်းမှ ထုတ်ရန်အထိပင် ကြိုးပမ်းလာကြ၏။ ဤမှ … ရန်ကုန်တက္ကသိုလ် ဒုတိယ ကျောင်းသားသပိတ်ကြီးအထိ…။ ကိုလိုနီစနစ် ဆန့်ကျင်ရေး အမျိုးသားလှုပ်ရှားမှုကြီးက ကြီးမားမြင့်တက်ခဲ့၏။ ထိုနှစ်တွင် ထုတ်ဝေသည့် `အိုးဝေ`မဂ္ဂဇင်းအတွဲ - ၆၊ အမှတ် ၁ တွင် အယ်ဒီတာ ကိုအောင်ဆန်းသည် ဤသို့ ခေါင်းကြီးကို ရေး၏။

``ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင် ဤမှောင်မိုက်တွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော ငါ၏ စိတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါ ကျေးဇူးဆိုပါ၏။

လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုတ်တွင်းသို့ ကျရောက်နေရသော်လည်း ငါကား မတုန်လှုပ်၊ မငိုကြွေး၊ ကံတရား၏ ရိုက်ပုတ်ခြင်းဒဏ်ချက်တို့ကြောင့် ငါ့ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏။ ညွှတ်ကား မညွှတ်။

ဤဒေါသလောဘတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား သေခြင်းတရားသည် ကြောက်မက်ဖွယ်ရာ ငံ့လင့်လျက် ရှိ၏။ သို့သော် ငါကား မတုန်လှုပ်သည်ကိုသာ တွေ့ရအံ့။ နောင်ကိုလည်း ဘယ်တော့မျှ မကြောက်သည်ကိုသာ တွေ့ရအံ့။

သုဂတိသို့သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ၊ ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု၊ ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်လေသည်``

(ဃ)

ဂျပန်ခေတ် စစ်ဝန်ကြီးတာဝန် ထမ်းဆောင်နေရင်း …. ဗိုလ်ချုပ်အောင်ဆန်းသည် သူ၏ အတ္ထုပတ္တိ ရေးခဲ့၏။ စစ်ရေး၊ နိုင်ငံရေးတာဝန်များ ပိနေသည့် အကြားမှ `လု`၍ ရေးခဲ့သည့် အတ္ထုပတ္တိစာ ဖြစ်သည်ဟု ဆိုရမည်။ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲရင်း …. အမျိုးသား လွတ်လပ်ရေးအား အရယူရင်းနှင့် …ဗိုလ်ချုပ်၏အတ္ထုပတ္တိက အဆုံးမသတ်နိုင်ခဲ့။ အခန်း ၂ ခန်းနှင့်ပင် ပြီးသွား၏။ အခန်း ၁ တွင် `ဇာတိ`ဟူ၍ ခေါင်းစဉ်ငယ်ပေးထားပြီး အခန်း ၂ ကိုမူ `ကျောင်းသားဘဝ`ဟု ခေါင်းစဉ်ငယ် တပ်ထား၏။

ဒို့ဗမာအစည်းအရုံးဝင် သခင်အောင်ဆန်း၊ BIA. BDA သေနာပတိ ဗိုလ်ချုပ်အောင်ဆန်း၏ ဘဝများကိုမူ ….​`ဗမာ့ခေတ်သတင်းစာ`တွင် ရေးခဲ့သည့် သူ၏ `ဗမာ့လွတ်လပ်ရေး အရေးတော်ပုံ` ဆောင်းပါးတွင် ဖျတ်ကနဲ …. ဖျတ်ကနဲ တွေ့ရမည်။

ဗိုလ်ချုပ်သည် သူ၏ အတ္ထုပတ္တိအဖွင့် ရေးသားရာတွင် `မြေလတ်`၏ ပထဝီဝင်ကို မိတ်ဆက်ပြ၏။ ပြီးလျှင် …. နတ်မောက်၏ အနီးအဝေး ဝန်းကျင်ကိုလည်း ဖွဲ့ပြန်သည်။ …. မီးရထားဘူတာရုံအနီးတွင် မီးရထားဘက်မှ ဆောက်ထားသော အိမ်တန်းလျားများ ရှိသည်။ ဘူတာ၏ ဝဲယာပတ်လည်တွင် မြေပဲခင်း၊ နှမ်းခင်းတို့ ရှိလေသည်။ ထိုယာခင်းတို့မှ လွန်လျှင် ….. လောကဓာတ် မြန်မာအထက်တန်းသင် ဘုန်းကြီးကျောင်းတကျောင်း ရှိလေသည်။ ထိုမှ ယာတခင်း အလွန်တွင် ၅ ရက် တဈေး ဖွင့်ရာ ဈေးပိုင်း ရှိလေသည်။ ထိုမှလွန်လျှင် ပုလိပ်ဂတ်တန်းလျားများ ရှိလေသည်။ ထိုအနီးတွင် စာတိုက် ရှိလေသည်။ စာတိုက်၏ အနောက်မြောက် မလှမ်းမကမ်းတွင်မူ အိမ်ခြေ ၁၅ဝ ခန့်ရှိ ရွာတရွာ ရှိသည်။ ထိုရွာကို `နတ်မောက်` ဟု လည်းကောင်း၊ `တောင်ရွာ`ဟုလည်းကောင်း ခေါ်ကြလေသည်။

၁၉၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဗိုလ်ချုပ် မွေးဖွားခဲ့၏။ မြန်မာသက္ကရာဇ်အရမူ … ၁၂၇၆ ခုနှစ် တပေါင်းလဆန်း ၁ ရက် (စနေနေ့) ဖြစ်သည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့နှင့်ပတ်သက်၍ ဗိုလ်ချုပ်က သူ့အတ္ထုပတ္တိတွင် ….

``ဖေဖော်ဝါရီ ၁၃ ကား နာမည်ကျော် နက္ခတ်ဗေဒင်ဆရာကြီး ကိုင်ရို၏ ဟောပြောချက်အရဆိုလျှင် တိုင်းပြည်တပြည်၏ အစိုးရနန်းတို့ကို ဖြိုဖျက်နိုင်စွမ်းသောသူများ မွေးတတ်သောနေ့ဟု ဟောထားလေသည်။ ထိုနေ့တွင်မွေးသော ကျနော်မှာ သူပုန်လောင်းကလေး ဖြစ်သည်ကို ထိုအခါက မည်သူမျှ ထူးထူးခြားခြား မထင်ခဲ့ကြချေ``

၁၉၄၆ ခုနှစ် တာရာမဂ္ဂဇင်းတွင် ဆရာဒဂုန်တာရာက အောင်ဆန်း (သို့မဟုတ်) အရိုင်း ဟူ၍ ဗိုလ်ချုပ်၏ ရုပ်ပုံလွှာကို ဖွဲ့သည်။ သူ့ကို `အရိုင်း`ဟူ၍ ဝိဂြိုဟ်ပြုသည်ကို ဗိုလ်ချုပ်က သဘောကျဟန် တူ၏။ သူ၏ အတ္ထုပတ္တိတွင်လည်း `အရိုင်း`နှင့် ပတ်သက်၍ ….

``ကျနော် ငယ်ငယ်တုန်းက တော်တော်နှင့် စကားမပြောတတ်။ အနာအဖျား ထူသည်။ အစားကြူးသည်။ အမဲသားငါးကို အလွန်ကြိုက်သည်။ ကျနော်၏ မိခင် ဈေးဝယ်သွားရာ ရံဖန်ရံခါ ကျနော့်ကို ချီ၍ သွားလေသည်။ တခါသော် အမဲသားစိမ်းကို အတင်းလု၍ စားမည်ပြုသည်ဟု ကျနော် ကြားသိရပေသည်။ လူရိုင်းဘဝက ကျနော် လာသလားမသိ။ ယနေ့ထိ လူရိုင်းသဘောမျိုး နေချင်သည့် စိတ်ထားများ ရှိသည်။ လူရိုင်းကား ကြမ်း၏။ ခက်ထန်၏။ သို့သော် ဖြူ၏။ ဖြောင့်၏။ တည်ကြည်၏။ လွတ်လပ်၏။ ကျန်းမာ၏။ သန်စွမ်း၏။ ကျနော် ကြိုက်၏။ ကျနော့်စိတ်တွင် အင်မတန် စိုပြေလတ်ဆတ်သော ဘဝဟု ယူဆသည်။ ကျနော် ငယ်ငယ်ကလေးက ယနေ့တိုင် လူရောစိတ်ရော ပျော့ပြောင်းသည်ဆိုသည့် အချက်ကို နားမလည်ခဲ့၊ နားလည်ရန်လည်း မကြိုးစားခဲ့၊ ကြိုးလည်း မကြိုးစားချင်၊ ကျနော်ကား စကားအပြောအဆို မဖွယ်မယဉ်ကျေး၊ အသက် ၈ နှစ်ထဲ ရောက်၍ ကျောင်းစနေသည့် အခါ၌ပင် ဘုန်းကြီးကို ဘုန်းကြီးစကားဖြင့် မလျှောက်တတ်၊ အမူအယာလည်း ကြမ်း၏။ အလိုက်လည်း မသိ၊ ညစ်လည်း ညစ်ပတ်သည်။ ကိုယ့်စည်းကမ်းဟူ၍လည်း တခုမျှမရှိ``

(င)

ဗိုလ်ချုပ်သည် သူ၏ အတ္ထုပတ္တိကို ရေးသားရင်း …. သူ့မိသားစုဝင် အချို့၏ အကြောင်းကိုလည်း တို့၊ ထိ ဆွဲခေါ်၍ ပြသွားသေးသည်။

``ကျနော်၏အထက် အကို ကိုအောင်သန်းနှင့် ကျနော်မှာ အသက် ၃ နှစ်ခွဲ၊ ၄ နှစ်မျှ ကွာ၏။ သူနှင့် ကျနော်ကား ငယ်ငယ်က ရန်ဖြစ်ဘက် ဖြစ်၏။ သူကား လက်မြန်၏။ ကျနော်ကား အားကြီး၏။ မချိန်မဆ လက်လွှတ်စပယ် လုပ်တတ်၏။ သူကား နု၏။ မင်းသား ကျချင်၏။ ကျနော်ကား ကြမ်း၏။ သူသည် အစားအသောက် အနေအထိုင်မှစ၍ သပ်ရပ်သည်။ အစားဆိုလည်း အစာတိုင်း မစား၊ စားသောက်နေသည့်အခါ အစာမြေကြီးပေါ်သို့ ကျသွားလျှင် သူသည် မစားတော့။ ကျနော်ကား ဖုတ်ဘက်ခါ၍ စားနိုင်လျှင် စား၏။ သူကား အဝတ်များကို သပ်သပ်ရပ်ရပ် ဝတ်တတ်၏။ ကျနော်ကား မဝတ်တတ်။ မြန်မြန်ညစ်အောင် ဝတ်တတ်၏။ သူသည် မြေကြီးကြမ်းများပေါ်တွင် မည်သည့်အခါမှ တုံးလုံးမလှဲ၊ ကျနော်ကား ကြိမ်ဖန်များစွာ လှဲဖူး၏။ သူကား ပါး၏။ လျင်၏။ ကျနော်ကား ထူ၏။ အေး၏။ ကျနော်ကား မြှောက်လို့ မြှောက်မှန်းမသိ၊ ချော်လို့ ချော်မှန်းမသိ။ ထုံပေပေ အလွန်နိုင်၏။ တခါသော် ၁ဝ မိုင်ခန့်အကွာ ရွာတရွာသို့ ကျနော်၏ မိဘများနှင့် လိုက်သွား၍ သူကြီးအိမ်တွင် တည်းခိုနေစဉ် ထိုရွာမှ ရွယ်တူလောက် ကလေးတယောက်က ကျနော့်အား မြှောက်၍ ဗိုလ်ကြီး-ဗိုလ်ကြီးဟု ခေါ်ရာကျနော်မှာ များစွာသဘောကျကာ ထညက်ဖြူဆုတ်တွေ ခေါ်တိုင်း ပေးခဲ့ဖူးသည်``

သူ့ဖခင် ဦးဖာ ကွယ်လွန်သည့်အချိန်၌ ဗိုလ်ချုပ်သည် ရေနံချောင်း အမျိုးသားကျောင်း၌ ပညာသင်စဉ်ပင် ရှိသေး၏။ ၁၃-၁၄ အရွယ် ဖြစ်မည်။ ဖခင် ကွယ်လွန်ပြီး ၁၅ နှစ်ကျော်ကြာသည့်အချိန်၌ ဤအတ္ထုပတ္တိအား သူ ရေးခြင်းဖြစ်သည်။ သူ၏ အတ္ထုပတ္တိတွင် သူ့ဖခင်နှင့်ပတ်သက်၍ …..

``ကျနော်၏ ဖခင်သည် ကျနော်နှင့် အမူအရာမှာ အတော်ဆင်သည်။ တနေ့နေ၍ စကားတခွန်း မပြော၊ မျက်နှာထား ဆိုး၏။ ဆိုးသည့်အထဲ ကျောက်ပေါက်မာများလည်း ရှိ၏။ လောကွတ်မရှိ၊ ဟန်မရှိ၊ ဘာသိဘာသာ နေတတ်၏။ အကိုင်အတွယ်၊ အသွားအလာ၊ အမူအရာ ကြမ်း၏။ ငြင်းမိလျှင် အလျှော့မပေးတတ်၊ သို့သော် စိတ်နှလုံးကား အထူးဖြောင့်စင်း၏။ စကားတည်၏။ အပိုမပြော။ ထိုကြောင့် ရှေ့နေစာမေးပွဲ ဝင်ထားသော်လည်း ရှေ့နေလိုက်၍ စားသည်ကို ကျနော်တို့ မမှတ်မိ။ ကျနော်တို့အား အခြားသူတဦးဦးက ခေါင်းရိတ်ပေးလျှင် အင်မတန် ညင်သာ၏။ ကျနော်တို့ ဖေဖေကား ဓားမထက် တထက်ကို ကောင်းကောင်း မသွေးဘဲ အတင်းတွန်းချ၍ ရိတ်၏။ အထူးပင် ခေါင်းရည်နာ၏။ ကျနော်တို့သည် ၎င်း ခေါင်းရိတ်မည့်အခါကို ရွံ့၏။ တွန့်၏။ သို့သော် ခေါင်းရိတ်သည့်အခါတိုင်း ကျနော့်အကိုကား အမြဲငို၏။ ငိုတိုင်း ခေါင်းပုတ်ခံရ၏။ ကျနော်ကား မငို။ ကြိတ်ခံ၏။ ထို့ကြောင့် ခေါင်းပုတ် လွတ်၏။``

ဗိုလ်ချုပ်က သူ၏ ငယ်ဘဝကို ဤသို့ မှတ်ချက်ပြု၏။

``… ကျနော်သည် ငယ်စဉ်က ချောင်တချောင်ကပ်၍ မှိုင်တွေကာ စဉ်းစား၍ နေသော်လည်း နေတတ်သည်။ ကလေးနှင့် မလိုက်၊ အများအားဖြင့် အိနြေ္ဒကြီးသည်။ ကစားခုံစားများစွာ မလေ့ကျင့်၊ သို့သော် ကစားသည့်အခါ ကြမ်းတမ်းသည်။ ကြမ်းတမ်းသော ကစားမျိုးကိုမှ နှစ်သက်သည်။ တွက်ထိုးခြင်း၊ ကျည်းသားရိုက်ခြင်း စသည်တို့ကို ဝါသနာပါသည်။ ခြင်းလုံးခတ်ခြင်းကို မကြိုက်။ ရွရွလုပ်ရသော အလုပ်ဆိုလျှင် ကျနော်နှင့် မဖြစ်။ အချုပ်ဆိုလျှင် ကျနော်၏ ကလေးဘဝမှာ ချီးမွမ်းစရာ အလွန်နည်း၏။ ညစ်ပတ်ပေရေ ရှိုမြောင်ချောင်းစောင်းကဲ့သို့ အဖုအထစ်၊ အပြစ်အနာအဆာများသည် စိမ်းလန်းစိုပြေညီညာသော မြက်ခင်းသဖွယ် ရှုချင်သဖွယ် မဟုတ်ပေ…``

မေလ်းထဲသို့ ပေးပို့ လာသောကြောင့် ပြန်လည်မျှဝေလိုက်ပါသည်.။

ဗိုလ်ချုပ် အောင်ဆန်းကို တွေ့ချင်လွန်းလို့


(၁၉၄၇) ခုနှစ် သည် မြန်မာပြည် လွတ်လပ်ရေး အတွက် အရှိန်အဟုန် ပြင်းနေတဲ့ တိုက်ပွဲ ကာလ၊ လွတ်လပ်ရေး ရရှိရန် (၁) နှစ် တောင် မလိုတော့သည့် ကာလ ဖြစ်သည်။ ထိုကာလတွင် ဗိုလ်ချုပ် အောင်ဆန်း သည် သူ ပေးထားသည့် ကတိ အတိုင်း တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိရေး အတွက် အပြင်းအထန် ကြိုးစား နေသော ကာလ ဖြစ်သည်။ ထို့ကြောင့် ထိုကာလ အတွင်း ဗိုလ်ချုပ်သည် မြန်မာပြည် တစ်နံ တစ်လျား လေယာဉ်၊ မော်တော်ကား၊ သင်္ဘော တို့ဖြင့် ခရီးစဉ်များ ရေးဆွဲကာ စည်းရုံးရေး ဆင်း နေရသော ကာလ ဖြစ်သည်။

ထိုအချိန်က ဗိုလ်ချုပ် သည် ကုန်းလမ်း ခရီး မော်တော်ကားဖြင့် ရန်ကုန်မှ မြန်မာပြည် အထက်ပိုင်းသို့ ခရီး ထွက်ခွာ လာရာ ထိုနေ့ (၄၊ ၄၊ ၄၇) ရက်တွင် ရန်ကုန်မှ တောင်ငူ သို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။ ဗိုလ်ချုပ်၏ မော်တော်ယာဉ်တန်း သည် တောင်ငူမှာ နေ့လယ်စာ စားပြီး ဆက်လက် ထွက်ခွာ ခဲ့ရာ လယ်ဝေးသို့ မွန်းလွဲပိုင်း (၂) နာရီ ခန့်တွင် ရောက်ရှိ ခဲ့သည်။ လယ်ဝေး၌ ခေတ္တနားပြီး သနက (၄) ဒု တပ်ရင်းမှူး ဗိုလ်နေ၀င်း နှင့် တွေ့ဆုံ ခဲ့သည်။ ပျဉ်းမနားတွင် ယနေ့ ညနေ (၅) နာရီ ခန့်တွင် တရားဟောရန် အစီအစဉ် ရှိသောကြောင့် ဆက်လက် ထွက်ခွာ ခဲ့သည်။

ထိုအချိန်က ပျဉ်းမနားမြို့သည် ဗမာပြည် ကွန်မြူနစ် ပါတီ၏ ဌာနချုပ် အခြေစိုက် ဒေသ ဖြစ်သည်။ ဗကပ များသည် ဖဆပလမှ ခွဲထွက် ခဲ့ပြီး နောက် ဗိုလ်ချုပ် အောင်ဆန်း ၏ လွတ်လပ်ရေး ကြိုးပမ်းမှုကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် တိုက်ခိုက် နေကြသည်။ ရဲဘော် သုံးကျိပ်ဝင် ဗိုလ်တာရာ သည် ဗမာပြည် ကွန်မြူနစ် ပါတီ တောမခိုခင် ကပင် ပျဉ်းမနား မြို့နယ် တ၀ိုက်၌ ကြိုတင် လှုပ်ရှား နေသည်။ သူက ဗကပ ၏ တပ်နီ ဗိုလ်ချုပ် တာဝန် ယူထားသူ တစ်ဦး ဖြစ်သည်။ ထိုအချိန်က ဗမာ့ သေနတ်ကိုင် တပ်ရင်း (၄) ၏ ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး နေ၀င်း သည် ဗိုလ်ချုပ်၏ ခရီးစဉ် ကို လုံခြုံရေး တာဝန်ယူ ထားရသည်။

ထိုအချိန် ကာလက ကျွန်တော်သည် အသက် (၁၁) နှစ် ခန့်သာ ရှိပါသေး သည်။ စစ်ပြီးစ ကာလ CAS-B အစိုးရ စစ်အုပ်ချုပ်ရေး ခေတ်က ဖွင့်လှစ်ခဲ့သော ပျဉ်းမနားမြို့ ရွှေချီရပ်၌ ရှိသော ဗဟိုကျောင်း (စစ်ကြို ခေတ်က မြူနီစပယ် ကျောင်း) နောင်တွင် မြို့မကျောင်းဟု အမည် ပြောင်း လိုက်သည့် ကျောင်း၌ ပဉ္စမတန်းတွင် ပညာ သင်နေဆဲ ကာလ ဖြစ်သည်။ ထိုစဉ်က ကျွန်တော်နှင့် အတန်းတူ သူငယ်ချင်း ကိုညွန့်မောင် (ခ) ပိုလို ကျွန်တော်တို့ အိမ်ကို ရောက်လာပြီး ယနေ့ ဧပြီလ (၄) ရက်နေ့ ညနေတွင် ဗိုလ်ချုပ် အောင်ဆန်း ရောက်လာ ပါလိမ့်မည်။ ဦးဝိသုဒ္ဓ ကျောင်းဝင်း ထဲမှာ တရား ဟောလိမ့်မည် ဟု သိရကြောင်း၊ တို့ သွားကြရအောင် ဆိုပြီး လာခေါ် ပါသည်။

ကျွန်တော်တို့ ကလည်း ဗိုလ်ချုပ် အောင်ဆန်းကို သတင်းစာ များတွင်သာ တွေ့ဖူး မြင်ဖူးပြီး အိမ်မှာ ရေဒီယို မရှိသဖြင့် ဗိုလ်ချုပ် ပြောကြား သော မိန့်ခွန်း များပင် မကြားဖူး ကြပါ။ ယခု ဗိုလ်ချုပ်က လူကိုယ်တိုင် ရောက်လာပြီ ဖြစ်လို့ တစ်မြို့လုံး ဗိုလ်ချုပ် တရားပွဲ နားထောင်ရန် အုပ်အုပ်ကျွတ်ကျွတ် ဖြစ်နေကြသည်။

ညွန့်မောင် (နောင်တွင် အားကစားမှူး နှင့် ပန်းချီဆရာ ယခု ကွယ်လွန်) နှင့် ကျွန်တော် တစ်ရပ်ကွက်ထဲ နေကြပြီး အိမ်ချင်း လည်း မဝေး လှပါ။ သူနှင့် ကျွန်တော် အတန်းလည်း အတူတူ ဖြစ်ပါသည်။ ဗိုလ်ချုပ် တရားဟောမည့် ဦးဝိသုဒ္ဓ ကျောင်းကို (ခေမာသီဝန် ကျောင်းတိုက်) လို့ ခေါ်ပါသည်။ ကျွန်တော်တို့ နေတဲ့ ဂျင်းကင်းလမ်း (ယခု စုလမ်း) မှ အရှေ့ဘက် မန္တလေး အခေါ် (၂) ပြကျော် မှာ ရှိပါသည်။ ဆရာတော် ဦးဝိသုဒ္ဓ ကို အစွဲပြုပြီး ဆရာတော်၏ ဘွဲ့အမည် တွင်နေ ပါသည်။ ခေမာသီဝန် ကျောင်းတိုက်မှာ အလွန် ကျယ်ပြန့်ပြီး အရိပ် အာဝါသ လည်း အလွန် ကောင်းပါသည်။

ပျဉ်းမနား မြို့တွင် ဘောလုံးကွင်း (၂) ကွင်း ရှိပါသည်။ ကိုးခန်းကြီး ဘုရား အနီးတွင် မြူနီစပယ် ကွင်းတစ်ကွင်း နှင့် ရွာကောက် တံတားထိပ် တွင် သစ်တော ကျောင်း ဘောလုံးကွင်း ရှိပါသည်။ ပေါင်းလောင်း အားကစားကွင်း မရှိသေးပါ။ ကျွန်တော် ဉာဏ်မီ သလောက် သုံးသပ် တင်ပြ ရပါက ထိုစဉ်က ပျဉ်းမနား မြို့၏ ပထ၀ီ အနေအထား နှင့် နိုင်ငံရေး အခြေအနေ ကို ကြည့်လိုက်လျင် ရန်ကုန်-မန္တလေး မီးရထား လမ်းကြီးမှာ ပျဉ်းမနားမြို့ကို တောင်မှ ရထားလမ်း၏ အရှေ့ဘက်သည် မြေပြင်များ ပြန့်ပြူး၍ သစ်ပင် အရိပ်အာဝါသ အလွန် ကောင်းသည်။ တဖန် မီးရထား လမ်း၏ အနောက်ဘက် ခြမ်းသည် တောင်ကုန်း တောင်ပူစာ များ ပေါများကာ မြေမျက်နှာပြင် မညီညာပါ။ သို့ရာတွင် မြို့နှင့် နီးသော တစ်ခု တည်းသော ဘောလုံးကွင်း မှာ မြို့ရဲ့ အနောက်ဘက်ခြမ်း ကိုးခန်း ဘုရားကြီး အနီးတွင် တစ်ကွင်း ရှိပါသည်။ များသော အားဖြင့် အားကစား ပြိုင်ပွဲများ လူထု လှုပ်ရှားမှု များမှာ ထိုကွင်း၌ ပြုလုပ်လေ့ ရှိသည်။ သံလမ်း အရှေ့ဘက်ခြမ်း တွင်မူ ကျယ်ပြန့် သော ကွင်း အနေဖြင့် ABM ကျောင်းဝင်းအတွင်းနှင့် ခေမာသီဝန် ကျောင်းတိုက် အတွင်း ၌သာ ရှိပါသည်။ အဓိက အချက်မှာ လုံခြုံရေး အတွက် ဖြစ်နိုင် ပါသည်။

သံလမ်း အနောက်ဘက်ခြမ်း သည် ဗမာပြည် ကွန်မြူနစ် ပါတီ ဌာနချုပ် ရှိပြီး ရန်အောင် (၁) ရန်အောင် (၂) နှင့် မကျည်းတော ရပ်ကွက် များမှာ ဗကပ စိုးမိုး ထားသော ရပ်ကွက်များ ဖြစ်ကြသည်။ အရှေ့ဘက်ခြမ်း တွင်မူ ထိုစဉ်က ရဲဘော် သုံးကျိပ်ဝင် သ္ခင် စံမြ (ဗိုလ်တောက်ထိန်) သည် မြို့နယ် ဖဆပလ ဥက္ကဋ္ဌ ဖြစ်သည်။ တစ်နည်း ဆိုသော် ဖဆပလ နှင့် ဆိုရှယ်လစ် ပါတီ တို့က သံလမ်း အရှေ့ ဘက်ခြမ်း ဒေသ ကို စိုးမိုး ထားသည်။ ထို့ကြောင့် အနောက်ဘက်ခြမ်း သည် “နီ”၍ အရှေ့ဘက်ခြမ်း သည် “ဖြူ”နေသော ကြောင့်ပင် ဖြစ်ပါသည်။

ထိုစဉ်က ဗကပ ဌာနချုပ် တွင် တာဝန်ယူ ခဲ့ကြသော သခင် တင်ထွန်း၊ သခင် ခင်မောင်ဦး (ဗိုလ်တာရာ၊ သခင်ဖေတင် တို့သည် အနောက်ဘက် ခြမ်း တွင် နေထိုင်ကြသည်။ အရှေ့ဘက်ခြမ်းတွင် ဗိုလ်တောက်ထိန် (ရဲဘော်သုံးကျိပ်) သခင်ပါကြီး၊ သခင်ဘနီ စတဲ့ သူများ မှာ နေကြသည်။ ဗိုလ်ချုပ် အောင်ဆန်း ၏ လူထု တရားပွဲကို ညနေ (၄) နာရီတွင် ကျင်းပ ရန်စီစဉ်ထားသည်။ပျဉ်းမနားမြို့ရှိ မြို့သူမြို့သားများ၊ လူထု လူတန်းစား အသင်းအဖွဲ့များမှာ နေ့လယ် (၁၂) နာရီ ခန့်ကပင် စတင် လှုပ်ရှား နေကြပါပြီ။

ကျွန်တော်နှင့် ကိုညွန့်မောင်တို့ နှစ်ယောက်သား အပြေးအလွှား ခေမာသီဝန် ကျောင်းတိုက် သို့ ချီတက် ခဲ့ကြသည်။ ကျွန်တော်တို့ ရောက်တော့ မွန်းလွဲ (၁) နာရီ ခန့် ရှိနေပြီ၊ အရိပ် အာဝါသ ကောင်းသည့် သစ်ပင် အောက်တွင် နေခိုရင်း စောင့်နေကြသည်။ လုံခြုံရေး အတွက် ပုလိပ်များ (ရဲတပ်ဖွဲ့ဝင်များ) P.V.F ပြည်သူ့ ရဲဘော် တပ်ဖွဲ့များ ဖြန့်ခွဲ ချထားသည်။ အများအားဖြင့် ယူနီဖောင်း ၀တ်ထား သော်လည်း လက်နက် ကိုယ်စီ မပါ ကြပါ။

ဗိုလ်ချုပ် စကားပြောမည့် နေရာတွင် စားပွဲခုံ တစ်လုံးနှင့် နောက်မှီ ပါသော ငုတ်တုတ်ထိုင် (၆) လုံး ခန့် ချထားသည်။ စားပွဲခင်း အဖြူကလေး တော့ ခင်းထားသည်။ ပန်းအိုး- ပန်းစီး မရှိ ကော်ဇောနီလည်း မခင်းထားပါ။ ဆက်တီ ကုလားထိုင်ကြီး များလည်း မချထားပါ။ စားပွဲပေါ်တွင် သောက်ရန် အတွက် ဖန်ချိုင့် တစ်လုံး နှင့် ဖန်ခွက် တစ်လုံးသာ တွေ့ရသည်။ ရိုးရိုး ရှင်းရှင်း ကလေး ပြင်ဆင်ထား သည်ကို တွေ့ရသည်။ အသံချဲ့စက် နှင့် mic မိုက်ခွက် တတ်ဆင် ထားသည့် တိုင်တစ်ခု စားပွဲ အနီးတွင် တွေ့ရသည်။

ဖဆပလ အဖွဲ့ဝင် လူကြီး အချို့ တွေ့ရပြီး သူတို့ အားလုံး ဗိုလ်ချုပ် အလာကို စောင့်ကြိုရင်း အလုပ်များ နေကြသည်။ ညနေ (၄) နာရီ ခန့်တွင် ဗိုလ်ချုပ် စီးသော ယာဉ်တန်း ၀င်လာပါသည်။ ရှေ့ဆုံးက ဗိုလ်တောက်ထိန် ၏ ဂျစ်ကားနှင့် အတူ လက်နက်ကိုင် အစောင့်များ ပါလာသည်။ ဗိုလ်ချုပ်ကား ၏ ရှေ့က ဂျစ်ကား တွင် ဖဆပလ အဖွဲ့မှ သခင် ပါကြီး၊ သခင် ဘနီနှင့် အခြား ခေါင်းဆောင်များ ပါလာ ကြသည်။

ဗိုလ်ချုပ်က အစိုးရက ပေးထားသော စတေရှင် ၀က်ဂွန် ကား ကာကီရောင် နှင့် ပါလာသည်။ ကားပေါ်က ဆင်းပြီးနောက် ဗိုလ်တောက်ထိန် က ဦးဆောင်၍ စကားပြော ရမည့် နေရာကို ခေါ်ဆောင် လာပြီးနောက် သတ်မှတ်ထားသော ကုလားထိုင် တွင် နေရာယူ ကြသည်။

ကျွန်တော်နှင့် ညွန့်မောင် နေရာယူ ထားသော နေရာမှာ ကောင်းကောင်း မြင်ကွင်း မကောင်း သဖြင့် အနီးရှိ မရမ်းပင်ပေါ် တက်ပြီး ကြည့်ကြသည်။ ဗိုလ်ချုပ်က ယူနီဖောင်း ကာကီရောင် ခတ်နွမ်းနွမ်းကို ၀တ်ထား သည်။ ကတ်ဦးထုပ် (Peak Cap) ကို မဆောင်းပါ၊ စားပွဲ ပေါ်တွင် တင်ထားသည်။ မကြာခင် အခန်းအနားမှူးက အစီအစဉ် ကြေညာပါသည်။ လူထုကလည်း ကြွက်စိကြွက်စိ နှင့် ဆူညံနေသည်။ ဗိုလ်ချုပ်က ထိုင်နေရာက ထပြီး စားပွဲကို လက်ထောက်လျက် လူထုကို သူစူးစမ်း သည့် အနေဖြင့် ဘယ်မှ ညာ – ညာမှ ဘယ် အကဲခတ် ဝှေ့ကြည့် လိုက်သည်။ လူထု အသံဗလံများ ငြိမ်သွားသည်။ ဗိုလ်ချုပ်က ချောင်းတစ်ချက် ဟန့် လိုက်ပြီး သူ့မိန့်ခွန်း စပါပြီ။

ဗိုလ်ချုပ်က တစ်နှစ် အတွင်း လွတ်လပ်ရေး ရရှိအောင် သူ ကြိုးစား နေကြောင်း၊ ပြည်သူ လူထု ကလည်း စည်းလုံး ညီညွတ်ဖို့ အရေးကြီးကြောင်း၊ ပင်လုံ ညီလာခံ ပြီးလျှင် ဘီးလပ် (အင်္ဂလန်) ကို သွားမည် ဖြစ်ကြောင်း၊ ပျဉ်းမနားမှာ လွတ်လပ်ရေးကို လိုချင်သူ တွေ မြတ်နိုးသူတွေ ရှိသလို ကန့်လန့်တိုက် နေသည့် အဖျက်သမားများ၊ မင်းသားကြီး မလုပ်ရ သဖြင့် ပတ်မကြီး ထိုးဖောက် ချင်တဲ့သူတွေ ရှိနေကြောင်း။ တောင်ငူက ထွက်လာတော့ ကျုပ် ရဲဘော်အချို့က ဗိုလ်တာရာ ပျဉ်းမနား နယ်မှ ခြေရှုပ် သောင်းကျန်း နေသဖြင့် သတိ ထားရန် ပြောကြကြောင်း၊ ဗိုလ်တာရာ ဘာကောင်လဲ ဆိုတာ ကျုပ် ကောင်းကောင်း သိကြောင်း၊ ဒီကောင် သတ္တိ ရှိတဲ့ကောင် မဟုတ်ကြောင်း စသည်ဖြင့် ဟောပြော သွားရာ ပြည်သူ လူထုကြီး မှာ သြဘာ လက်ခုပ်များ တီး၍ ဆူညံသွားပါသည်။

တရားပွဲ ပြီးသောအခါ ဖဆပလ ရုံးတွင် ဗိုလ်ချုပ် အတွက် တည်ခင်းသော လက်ဖက်ရည် ပွဲကို တက်ရောက်ရန် အတွက် အစီအစဉ်အတိုင်း ယာဉ်တန်းဖြင့် ပြန်လည် ထွက်ခွာ ခဲ့ရာ နောက်မှ လူအုပ်ကြီးမှာ အုတ်အုတ် ကျက်ကျက် ဗိုလ်ချုပ် သွားရာသို့ လိုက်ပါလာကြသည်။ ဖဆပလ ပါတီ ဌာနချုပ်ရုံး အပြင်မှ နေပြီး (ဗိုလ်ချုပ်ကို ကြည့်ပါရစေ) ဟုအော်ဟစ် နေကြသည်။ ဗိုလ်ချုပ်မှာ ခရီးပန်း လာသဖြင့် နားချိန် မရ။ ဗိုလ်ချုပ် အပေါ့အပါး သွားရန် အိမ်သာ တက်သည် ကိုပင် လိုက်ကြည့် ကြသည်။ (သိပ်ဂွကျတာပဲကွာ) ဟုပင် ဗိုလ်ချုပ် ညည်းညူ ရသေး၏။ တောင်းပန် ၍လည်း မရသဖြင့် ဗိုလ်ချုပ်သည် တိုက် အပြင်ဘက်ကို ထွက်ပြီး ရပ်ပြရသည်။ သုံးမိနစ်ခန့် ရပ်ပြီးနောက်“ ကိုင်း တော်ရောပေါ့”ဟု ဆိုလိုက်ရာ လူထုကြီးက “ဗိုလ်ချုပ် အောင်ဆန်း ကျန်းမာပါစေ၊ လွတ်လပ်ရေး အောင်ရမည်” စသည်ဖြင့် ကြွေးကျော် ကာ သြဘာ ပေးကြသည်။ ဗိုလ်ချုပ်သည် ထိုညက ဖဆပလ ဥက္ကဋ္ဌ ဗိုလ်တောက်ထိန် ၏ အိမ်တွင် ခေတ္တ တည်းခို ညအိပ်ပြီး နောက်တစ်နေ့ မနက် စောစောတွင် သူ၏ မူလ ခရီးစဉ် အတိုင်း တပ်ကုန်း၊ ရမည်းသင်း၊ ပျော်ဘွယ်မှ တစ်ဆင့် မိတ္ထီလာသို့ ထွက်ခွာသွားခဲ့သည်။

ကိုကိုအေး(မြို့မ)

ဗိုလ်ချုပ်အောင်ဆန်း၏ စီးပွားရေး လျပ်တပြက် ရုပ်ပုံလွှာ


ဗိုလ်ချုပ် အောင်ဆန်း နှင့် ပတ်သက်၍ ရေး၍ မကုန် မခမ်း နိုင်အောင် ရေးနေကြသည့် အကြောင်း အချင်းရာ များ ထဲတွင် ဗိုလ်ချုပ် အောင်ဆန်း၏ စီးပွားရေး သဘောတရား များနှင့် ပတ်သက်၍ ဖော်ထုတ် ရေးသားသူ နည်းပါးသည် ကို လေ့လာ တွေ့ရှိ ရသည်။

ဗိုလ်ချုပ် အောင်ဆန်း သည် (၁၉၄၇) ခုနှစ် ဇွန်လ (၂၀) ရက် တွင် ဆိုရှယ်လစ် ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး ကို ခေါ်ယူ တွေ့ဆုံ ရာတွင် “ခင်ဗျားတို့ ပါတီက နယ်ချဲ့ ပိုင် လုပ်ငန်း များ ကို ပြည်သူပိုင် လုပ်လိုသည် ဟု ဆိုသည်၊ ကျွန်တော် မေးချင် တာက ပြည်သူပိုင် လုပ်တယ် ဆိုတာက အာဏာ ရှိရင် လွယ်ပါတယ်။ ဒါပေမဲ့ ပြည်သူပိုင် လုပ်ပြီးတဲ့ အခါမှာ Efficiently Run ( အဆင်ပြေပြေ အကောင်အထည် ဖော် ) လုပ် နိုင်ပါ့မလား” ဟု မေးမြန်း ခဲ့သည်။

သည့် အတွက် ဦးကိုကိုကြီးမှ သစ်ထုတ် လုပ်ငန်း ၌ သစ်ပင်လှဲခြင်း လုပ်ငန်းတွင် ရောင်ကြီးဗွေ မြန်မာများ ပင် လုပ်ပါသည်။ မှန်ပါသည်။ အင်္ဂလိပ် ကပြားများ မြန်မာများ ကြီးကြပ်၍ သစ်ခုတ် လှဲ့ပါသည်။ သစ်ဖောင် မျှောသည့် လုပ်ငန်း တွင်လည်း မြန်မာ များပင် ဆောင်ရွက် နိုင်ကြပါသည်။ သစ်စက်တွင် အင်္ဂလိပ် ကပြား နှင့် ဘို အစစ်များ ကြီးကြပ် သည်မှာ မှန်ပါသည်။ အင်္ဂလိပ် အစစ် ကတော့ အလုပ် ဆက်လုပ် တော့မည် မဟုတ်၊ အင်္ဂလိပ် ကပြား Assistant ( လက်ထောက် ) များ ကတော့ လခ ကောင်းကောင်း ပေးလျှင် ဆက်လုပ်မည် ဟု သိရပါသည်။ ကပြား များသည် အင်္ဂလိပ် အစစ်၏ နေရာ များကို ယူနိုင်ပါသည်။ ဒါကြောင့် ကုန် ထုတ်လုပ် ရာတွင် အခက်အခဲ ရှိနိုင်မည် မဟုတ်ပါ။ သစ်စက် တွင် သစ်ခွဲ လုပ်ငန်း ကလည်း Technically sophisticated ( နည်းပညာ အရှုပ်အထွေး ) မဖြစ် လှပါ။ သစ် ရောင်းဝယ်ရေး ကိစ္စ နှင့် ပတ်သက်၍ ကတော့ ကမ္ဘာ့ ဈေးကွက်တွင် ယိုးဒယား သစ် စသည်နှင့် ပြိုင်ရောင်း ရမှာမို့ လောလောဆယ် အားဖြင့် ( Wallace Brothers ) တို့လို ကုမ္ပဏီ ကိုပင် ကိုယ်စားလှယ် ခန့်၍ ရောင်းရန် လိုပါမည်” ဟု ဖြေကြား ခဲ့သည်။

ထိုအခါ ဗိုလ်ချုပ် အောင်ဆန်း က“ပြည်သူပိုင် သိမ်းကြ လျှင် လျော်ကြေး ပေးမလား ထပ်မံ မေးမြန်း ခဲ့ပြီး ပိုက်ဆံ မရှိဘဲ လျော်ကြေး ဘယ်လို ပေးမလဲ”ဟုလည်း မေးခွန်း ထုတ်ခဲ့သည်။ သည့် အတွက် ဦးကိုကိုကြီးမှ“Bonds နဲ့ ပေးပါမယ်။ အင်္ဂလိပ် လေဘာ အစိုးရလည်း သူတို့ လျော်ကြေးကို Bonds ဖြင့်ပဲ ပေးပါသည်။ ဧရာဝတီ သင်္ဘော ကုမ္ပဏီ ကို သိမ်းရင်လည်း ဘို အစစ် ဖြစ်သော အင်ဂျင်နီယာ များ အုပ်ချုပ်ရေး ပိုင်း ဘိုများ ကတော့ ဆက်မလုပ်၊ သူတို့ လက်အောက် ရှိ အင်္ဂလိပ် ကပြား ဗမာများ နှင့်ပင် ဆက်လုပ် နိုင်ပါသည်။ သစ်စက်များ ကဲ့သို့ပင် သင်္ဘောစက် လုပ်ငန်း၊ သင်္ဘော လုပ်ငန်း များတွင် လည်း ကပြားများ၊ မြန်မာများ ကျင့်သားရ နေပြီ ဖြစ်၍ ဆက်လက် ဆောင်ရွက် ရာတွင် အခက်အခဲ မရှိနိုင်ပါ။ လျော်ကြေး ပေးမည့်မူ ကတော့ Bonds ပင် ဖြစ်ပါသည်” ဟုလည်း ဖြေကြား ခဲ့သည်။

ဗိုလ်ချုပ် အောင်ဆန်း သည် ဦးကိုကိုကြီး တို့အား ဘိလပ် သွား၍ ကိစ္စ ပြီးလျှင် ဥရောပ ရှိ ကွန်မြူနစ် နိုင်ငံများ သို့ သွား၍ လေ့လာ မှတ်သား ခဲ့ရန်၊ ဘုံဘေ ဘားမား စသည့် ကုမ္ပဏီ များရှိ စာရင်းကိုင်ချုပ် ကို မိမိထံ လွှတ်ပေးရန် ပြောကြား ခဲ့သည်။ ဤသည်ကို လေ့လာ ကြည့်လျှင် ဗိုလ်ချုပ် အောင်ဆန်း သည် တိုင်းပြည်၏ စီးပွားရေး ပြန်လည် နလံထူ လာစေရန် ဆွေးနွေး နိုင်ခဲ့ပုံ ဆိုရှယ်လစ် အဘိဓမ္မာ ရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး သာမက စီးပွားရေး ကိုလည်း ကျွမ်းကျင် ခဲ့ကြောင်း သုံးသပ် ရလေသည်။

ကိုးကား
ကျော်ဇောဝင်း (မဟာဝိဇ္ဇာ) စာတမ်း မှ အတွဲ (၁)၊ အမှတ်(၄၃)
……………………
Credit: မှတ်ချက်။
အထက်ပါ စာပိုဒ်ငယ်ကို ရေးသားသူမှာ ကျော်ဇောလင်း ( မဟာဝိဇ္ဇာ ) ဟု အမည် တပ် ထားပါသည်။ ဤစာပိုဒ်ငယ်မှာ ၎င်း ပုဂ္ဂိုလ်ရေးသားသော တနေရာရာ မှ ထုတ်နုတ် ပြီး မော်နီတာ တွင် တင်ရှိထားခြင်း ဖြစ်ပါလိမ့်မည်။ ( ထင်ပါသည် ) အတို ၊ အကျဉ်း နှင့် ပင် ဖြစ်၍ ပါဝင်သော ဖြစ်ရပ်မှာ ဦးကိုကိုကြီး နှင့် ဗိုလ်ချုပ် အောင်ဆန်း တို့ အမေးအဖြေ နှစ်ပိုဒ် မျှသာ ဖြစ်သည်။

ဗိုလ်ချုပ် နှင့် စီးပွားရေး သဘောတရားများ – ဆိုသည့် အတွက်ကိုမူ သီးခြား စုဆောင်း စရာများ ကျန်ရှိနေပါဦးမည်။

ဇေယျ

13 July 2011

The Global And Mail က ဇူလိုင်လ (၁၂) ရက်နေ့ က ထုတ်ပြန်တဲ့ ကမ္ဘာတစ်လွှားမှ အကောင်းဆုံး ဓါတ်ပုံ (၁၀) ခုထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  သား ဖြစ်သူ ကိုထိန်လင်း

The Global And Mail က ဇူလိုင်လ (၁၂) ရက်နေ့ က ထုတ်ပြန်တဲ့ ကမ္ဘာတစ်လွှားမှ အကောင်းဆုံး ဓါတ်ပုံ (၁၀) ခုထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  သား ဖြစ်သူ ကိုထိန်လင်းတို့  အာဇာနည်ဗိမာန်သို့  သွားရောက်ဂါဝရပြုခဲ့စဉ်ပုံ ပါဝင်ပါတယ်။

ဦးအောင်ဆန်း ဓာတ်ပုံ ဘယ်သူ ပိုင်သလဲ ?



ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံ အပါအ၀င် သမိုင်းဝင် ဓာတ်ပုံ များကို ဖန်တီး ခဲ့သည့် ဓာတ်ပုံ ပညာရှင် အများအပြား သည် ယခုအချိန် တွင် သက်ရှိ ထင်ရှားလျက် ရှိနေသေးသူ အရေအတွက် များ မရှိ သလောက် နည်းပါး သွားခဲ့ပြီ ဖြစ်သည်။ သို့သော် သမိုင်းဝင် ဓာတ်ပုံ များသည် သမိုင်း အဆက်ဆက် တန်ဖိုး ကြီးမားစွာ ရှင်သန် နေကြဆဲ။ နောင်သမိုင်း အဆက်ဆက် အထိလည်း ရှင်သန် နေရရှာဦးမည့် သမိုင်းဝင် ဓာတ်ပုံများ ဖြစ်သည်။

သမိုင်းဝင် ဓာတ်ပုံ များကို ဖန်တီး ခဲ့သူများသည် လည်းကောင်း၊ ကျန်ရစ်သူ မိသားစု များသည် လည်းကောင်း ကာလ ရွေ့လျား လာသည်နှင့် အမျှ အကြောင်း အမျိုးမျိုး ကြောင့် မိမိတို့ ဖန်တီးခဲ့သည့် ဓာတ်ပုံများ နှင့် ပတ်သက်၍ အကျိုး ခံစားခွင့် ရရှိဖို့ မဆိုထားနှင့် မိမိတို့ ဖန်တီးခဲ့သည့် ဓာတ်ပုံ အနုပညာ လက်ရာ ဖြစ်ကြောင်း ကိုပင် ကမ္ပည်း ရေးထိုးခွင့် ပေးမည့်သူ မရှိရှာ။ ခွင့်ပြုချက် လာရောက် တောင်းခံဖို့ ဆိုသည်မှာ ဝေလာဝေး ဖြစ်သည်။

ထိုသို့ ၀မ်းနည်း ကြေကွဲဖွယ် ဖြစ်ရပ်ကို ခံစား နေရသူများ ထဲတွင် မြိ့မ ဆရာ ဦးမောင်မောင်ကြီး ၏ မိသားစုများ လည်း ပါဝင် နေသည်။ မြို့မဆရာ ဦးမောင်မောင်ကြီး ၏ သားတစ်ဦး ဖြစ်သူ ဓာတ်ပုံ ခင်မောင်လေး (Picture Man) မှ -

“ဟိုတုန်းက အဖေရှိတုန်းက ဓာတ်ပုံ သုံးမယ် ဆိုရင် အဖေ့ဆီက ခွင့်ပြုချက် လာတောင်း ကြတယ်။ အဖေ့ကိုလည်း ဉာဏ်ပူဇော်ခ ကန်တော့လေ့ ရှိကြတယ်။ အဖေကလည်း ဘာမဆို ကူညီခဲ့တယ်။ အဖေက ဓာတ်ပုံ ပညာကို ခက်ခက်ခဲခဲ ကြိုးပမ်းပြိး မြို့မကို ထူထောင် ခဲ့ရရှာတယ်။ အဖေ ရိုက်ခဲ့တဲ့ သမိုင်းဝင် ဓာတ်ပုံတွေဟာ အဖိုးမဖြတ်နိုင်ဘူး။ အဖေက ဓာတ်ပုံတွေမှာ ရက်စွဲ လေးတွေ ထိုးထားလေ့ ရှိတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဈာပနရက်စွဲ၊ ဗိုလ်ချုပ်အောင်ဆန်း လောင်းကုတ်နှင့် ပုံ၊ ဗိုလ်ချုပ်အောင်ဆန်း မိသားစု၊ ဗိုလ်ချုပ် တောင်းဟောလ်တွင် မိန့်ခွန်းပြောနေပုံ စသည်ဖြင့် အဖေ့ လက်ရေးနဲ့ ရေးထားလေ့ ရှိတယ်။ အဖေ့ လက်ရာတွေကို ခုချိန်အထိ မြင်နေရပေမယ့် အဖေ ရိုက်ခဲ့တာပါလား ဆိုပြီး တလေးတစား လာပြီး ခွင့်တောင်း တဲ့သူ လည်း မရှိဘူး။ ကျွန်တော်တို့ မိသားစု တွေမှာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဘာ ခံစားခွင့် မှလည်း မရှိဘူး။ အဖေ့နာမည် ထိုးပေးမယ့် သူလည်း မရှိဘူးဆိုတော့ အဖေ့အတွက် ၀မ်းနည်းမိတယ်။ ဒါကြောင့် အဖေ့ရဲ့ နာမည်အတွက် အဖေ့နာမည် သမိုင်းမှာ ကျန်ခဲ့ဖို့ ကျွန်တော်တို့ ကြိုးစား သွားမှာပါ ” ဟုဆိုသည်။

သည့်အတွက် သမိုင်းဝင် ဓာတ်ပုံများကို မည်သူ ပိုင်ဆိုင် သင့်သနည်း။ အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံ ဘယ်သူပိုင်သလဲ၊ ဗိုလ်ချုပ်အောင်ဆန်း မိသားစုလား၊ ပြည်သူလူထု လား၊ ဘယ်သူလဲ ဟု ကျွန်ုပ်တို့ မော်နီတာ သတင်း ဂျာနယ်မှ မေးခွန်းထုတ်လိုက်ရပေသည်။








သမိုင်းဝင် ဓာတ်ပုံများ ဖန်တီးခဲ့သူ ဓာတ်ပုံဆရာ ကြီး မြို့မ ဦး ခင်မောင်ကြီး


မြို့မ ဦးခင်မောင်ကြီး၏ သား ဖြစ်သူ ဓာတ်ပုံ ဦး ခင်မောင်လေး ( PICTURE MAN )

မော်နီတာ၊ ဗိုလ်ချုပ်အောင်ဆန်း အထူးထုတ် ဂျာနယ် ၊ စာမျက်နှာ ( ၅ ) တွင် ပါရှိသော စာ ဖြစ်ပါသည်။

ကိုဇေယျ (ZAYYA ) မှ ပြန်လည်မျှဝေလိုက်ပါသည်.။

ဦးနု ပြောတဲ့ ဦးအောင်ဆန်း


(၁၉၃၄-၃၅) ပညာသင်နှစ်ထဲ ရန်ကုန် တက္ကသိုလ်မှာ ကိုအောင်ဆန်း ကို ကျွန်တော် ပထမဆုံး တွေ့ဖူးတာ။ သူက အင်တာ မီဒီယိတ် ကျောင်းသား။ ကျွန်တော် ကတော့ တက္ကသိုလ်ကို တတိယ အကြိမ် ပြန်ရောက် လာပြီး ဥပဒေတန်း တက်နေတယ်။ ခုလန်ဒန်မှာ AFPEL ကိုယ်စားလှယ် လုပ်နေတဲ့ ကိုအုန်းက ကျောင်းသား သုံးယောက်နဲ့ တွေ့ဖို့ ကျွန်တော့်ကို တိုက်တွန်းတယ်။ ဒီသုံးယောက်က မြန်မာ့သမိုင်းမှာ ဧရာမ ပြယုဂ်ကြီးတွေ ဖြစ်လာမယ် လို့ သူက တွေ့ရှိ ထားတယ်။ အဲဒီ သုံးယောက်ထဲမှာ ကိုအောင်ဆန်းက တစ်ယောက် အပါအ၀င်။ ကျန်တဲ့ နှစ်ယောက်ကတော့ ပြည်ထဲရေး ၀န်ကြီး ကိုကျော်ငြိမ်းနဲ့ တက်ဘုန်းကြီး စာအုပ်ရေးလို့ တက်ဘုန်းကြီး လို့ နာမည် ကျော်လာတဲ့ ကိုသိန်းဖေ။ ကိုအောင်ဆန်း ရဲ့ ကိုယ်ရည် ကိုယ်သွေး ကတော့ ပြိုင်ဘက် ကင်းပါပဲ။

သူက စကား နည်းတယ်။ ကျွန်တော်နဲ့ စတွေ့တွေ့ ချင်းတောင် လှိုက်လှိုက်လှဲလှဲ ပျူပျူငှာငှာ ပြောဆိုတာမျိုး မရှိဘူး။ သူ့ကို ကျွန်တော်က လူ့ခွစာ လို့ပဲ ထင်လိုက်တယ်။ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုအုန်းနဲ့ ကျွန်တော်တို့ ကတော့ ရင်းနှီး ကျွမ်းဝင်တဲ့ မိတ်ဆွေတွေ ဖြစ်လာ ကြတယ်။ လမ်းတွေ့ရင် သဲလှိုက်၊ အူလှိုက် နှုတ်ဆက်ကြတယ်။ ကိုအောင်ဆန်း ကတော့ အဲသလိုမျိုး မဟုတ်ဘူး။ လမ်းတွေ့လည်း နှုတ်ဆက်ချင် မှ နှုတ်ဆက်တာ။ တစ်ခါတလေ ကျွန်တော်တို့ဆီ ရောက်လာ တတ်ပြီး သူ့ကို ပြောစရာရှိရင် ပြောဖို့ ဖိတ်တယ်။

သူနဲ့ တော်တော် ရင်းနှီး လာတော့မှ သူ့အကြောင်းကို နားလည် သဘောပေါက်လာတယ်။ သူက အလဟဿ အလာပသလ္လာပတေ ပြောတာမျိုးတွေ၊ လူမှုရေးအရ အပေါ်ယံ နှုတ်ဆက် ပြောတာမျိုးတွေနဲ့ အချိန်ဖြုန်း နေတာတွေကို မယုံကြည်ဘူး။ တကယ့်ကို ရင်ဘတ်နဲ့ ပေါင်းသင်း ဆက်ဆံတာမှ လိုအပ်တာကို ကူညီ လုပ်ကိုင်ပေးနိုင်တယ် လို့ ယုံကြည်ထားတာ။ မိတ်ဆွေဆိုတာအချင်းချင်း ရင်ဘတ်ချင်းအပ်ပြီး လိုအပ်တာကို ပွင့်ပွင့်လင်းလင်းရှင်းပြနိုင်ရမယ်လို့ ယုံကြည်ထားတယ်။ သူက အပေါင်းအသင်း လုပ်လို့ မရတဲ့ လူမျိုး မဟုတ်ဘူး။ ကဖျက်ကယက် လုပ်တဲ့လူမျိုး မဟုတ်ဘူး။ သူက တိကျတယ်။ ပြတ်သားတယ်။ မှန်တယ်။

အဖွဲ့ အနေနဲ့ ကတော့ (၁၉၃၅-၃၆) ပညာသင်နှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အမှုဆောင် ရွေးကောက်ပွဲ အတွက် ကျွန်တော်တို့တွေ တစ်ဦးနဲ့ တစ်ဦး ဆက်သွယ် ကြရတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ တို့က အကြံပေးလို့ ကျွန်တော်က ဥက္ကဋ္ဌ နေရာ ကနေ အရွေးခံတယ်။ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနဲ့ မစ္စတာ ရာရှစ် တို့ကတော့ အဖွဲ့ဝင်တွေပေါ့။ ကျွန်တော်တို့ အနိုင်ရတယ်။ ကျွန်တော်တို့ တွေ သမဂ္ဂမှာ စလုပ်တာနဲ့ သမဂ္ဂ အလုပ် တွေကို တက်တက်ကြွကြွ သူ့ထက် အရင် အောင်အောင်မြင်မြင် ဆောင်ရွက် ကြတယ်။ အဲဒီနှစ်မှာပဲ ကျောင်းသား သပိတ်ကြီး ပေါ်ပေါက် လာတယ်။ အဲဒီတုန်းက ယေဘုယျ အားနဲ့ ကျွန်တော် ယုံကြည်ထားတာ ကတော့ ကျွန်တော့်ကို ကျောင်းထုတ်လို့ သပိတ်ကြီး ဖြစ်ပေါ်လာတယ် ဆိုတာပါပဲ။


ဦးနု


ဒါနဲ့ ပတ်သက်ပြီး အမြင်ချင်း ကတော့ မတူကြဘူး။ ကျွန်တော့်ကို ကျောင်းထုတ်လိုက်တဲ့ အကြောင်း တက္ကသိုလ် အာဏာပိုင် အဖွဲ့ဆီက အသိပေးစာ ကျွန်တော် လက်ခံရရှိတော့ စာမေးပွဲနီးနေပြီမို့ ခပ်မဆိတ် နေမယ် လို့ ကျွန်တော် ကတော့ ဆုံးဖြတ်ထားတယ်။ ကျွန်တော့် အတွက် နဲ့ ကျောင်းသားတွေ စိတ် အနှောင့်အယှက် မဖြစ်စေချင်ဘူး။ ဒါပေမယ့် လို့ သတင်းက ပျံ့သွားပြီ။ သမဂ္ဂ အဖွဲ့ဝင် ကျွန်တော့် သူငယ်ချင်းတွေ ကျွန်တော့်ဆီေ ရာက်လာကြပြီး တစ်ခုခုတော့ လုပ်မှ ဖြစ်မယ်လို့ ပြောကြတယ်။ ကျွန်တော့် ကိုယ်ပိုင်ကိစ္စ ဖြစ်လို့ ကျွန်တော်ကတော့ ဘာမှ ပြောစရာ မလိုဘူး။ ကော်မတီက ပြောမယ်။ ကျောင်း ထုတ်တယ် ဆိုတာ နာမည်လောက် ပါပဲ။ ပညာသင်နှစ် ပြီးသွားပြီ။ ငါ့ကို ဥပဒေ စာမေးပွဲ မဖြေနိုင်အောင်လည်း မတားနိုင်ပါဘူး လို့ ပြောပြီး ကျွန်တော့် သူငယ်ချင်းတွေကို နှစ်သိမ့်ဖို့ ကြိုးစား ပါသေးတယ်။

ကျွန်တော်တို့ အစည်းအဝေး လုပ်နေတုန်း မှာပဲ ကိုအောင်ဆန်း လည်း ကျောင်း ထုတ်ခံလိုက်ရပြီ ဆိုတဲ့ သတင်းကို ကျောင်းသား တစ်ယောက်က သယ်လာတယ်။ ဒီသတင်းမှန်လား ဆိုတာ စုံစမ်းဖို့ တက္ကသိုလ် ကော်မတီ ၀င်လူကြီး ဦးဘလွင် ဆီ သူငယ်ချင်း တစ်ယောက် ကို လွှတ်လိုက်တယ်။ မှန်တယ် တဲ့။ ကျွန်တော်တို့ သခင်လူငယ် နိုင်ငံရေး သမားတွေ အနေနဲ့ ချောက်ချီးချောက်ချက် လောက်ပဲ ဖြစ်နေကြတာ။ ဒါပေမယ့်လို့ တကယ်တမ်း ကြတော့ ကျွန်တော်တို့က တကယ်ကို ပင်ပင်ပန်းပန်း လုပ်နေကြရတာ။ ကျွန်တော်တို့တွေ သိပ်ဆင်းရဲတယ်။ သိပ်ပင်ပန်းတယ်။ တချို့နေ့တွေ မှာဆို ထမင်းစားစရာ မရှိလို့ လက်ဖက်ရည် တစ်ခွက်၊ နှစ်ခွက် သောက်သောက်ပြီး အသက်ဆက် ကြရတယ်။ ပါတီ အစည်းအရုံး ကိစ္စကို ကျွန်တော် စိတ်မ၀င်စားဘူး။ သခင် အောင်ဆန်းနဲ့ သခင် သန်းထွန်းတို့က နယ်လှည့် ဟောပြောနေတုန်း ကျွန်တော်က ရန်ပုံငွေရှာ ထွက်ရတာကို ပျော်တယ်။ လုပ်ဖော်ကိုင်ဖက်တွေ ကျွန်တော့်ဆီ ခဏခဏ ရောက်လာကြတယ်။ ကျွန်တော်က ဘဏ္ဍာငွေ ရှာသူ ဆိုတော့ ဒီငွေနဲ့ ထမင်းစားကြရမှာ မဟုတ်လား။ အဲကိုအောင်ဆန်း ကတော့ ထမင်းဆာ နေတာတောင် ငွေလာတောင်းတာ၊ ထမင်း ၀ယ်ကျွေးခိုင်းတာမျိုး မလုပ်ဘူး။ သူက တစ်ထောင့်ထောင့်မှာ ထိုင်ပြီး စာအုပ်ထဲ အာရုံ နစ်ဝင်နေတာ။ ဘာမှ မငြီးငြူဘဲ ရဲရဲဝံ့ဝံ့ ရင်ဆိုင်တယ်။ သူက ပုံစံ တစ်မျိုးနဲ့ လေ့ကျင့် ထားပြီး သူ့စွမ်းရည်ကို တည်ဆောက်တယ်။ ပါတီ ဌာနချုပ်မှာ ရှိတဲ့ သခင်အောင်ဆန်း အခန်းက ရှုပ်ပွ နေတာ ကတော့ နာမည်ကြီးပဲ။ ဘာမှ မပြုပြင် ထားတဲ့ အိပ်ယာ ပေါ်မှာပဲ ဖြစ်သလို အိပ်တာ။ သူ့အခန်းထဲ ရောက်လာသူ တွေကို ဂျပိုး တွေက တိုက်ထုတ်လို့ ထွက်ပြေး ကြရတယ်။ သခင်အောင်ဆန်း တစ်ယောက်ပဲ အဲဒီ ဂျပိုးတွေ နဲ့ နေနိုင်၊ အိပ်နိုင်တာ။ တစ်ခါတော့ နယ်က ရောက်နေတဲ့ သခင်တွေ၊ သခင်မတွေ ရှိနေတယ်။ ဌာနချုပ်က ကောင်လေးတွေက အဲဒီ နယ်ကိုယ်စားလှယ် တွေကို သခင်အောင်ဆန်း အခန်းမှာ နေရာပေးကြတယ်။ ဘာလို့လဲ ဆိုတော့ သူတို့က စင်္ကြန်လမ်းမှာ မအိပ်ချင်ကြဘူး။ အဲဒီတုန်းက သခင်အောင်ဆန်း က အထွေထွေအတွင်းရေးမှူး ဖြစ်နေတာ။ ဧည့်သည်တွေက အထွေထွေ အတွင်းရေးမှူး အခန်းထဲ အိပ်ရလို့ ပျော်နေကြတယ်။ ဂျပိုးတွေ စစ်ပွဲ မခင်းခင်တော့ နေနိုင်သေးတာပေါ့။ သန်းခေါင်လည်း ရောက်ရော ဂျပိုးတွေရဲ့ ထိုးစစ်ကို ခံစစ် မလုပ်နိုင်ကြတော့ဘူး။ ဘာပြော ကောင်းမလဲ။ ကျွန်တော်တို့ ဧည့်သည်တော်ကြီး တွေဟာ အိပ်ရာခင်းတွေ၊ စောင်တွေကို ကမန်းကတန်း သယ်ပြီး စင်္ကြန်လေးမှာပဲ အိပ်ကြရရှာတယ်။ နိုင်ငံရေး ဆိုတာ သခင်အောင်ဆန်းရဲ့ ဘ၀ပဲလေ။ ထမင်းဆာ တာတို့၊ ဆင်းရဲတာတို့ ဆိုတာ သူ့အတွက် ဘာမှ အရေးမကြီးဘူး။ အသေးအမွှား ကိစ္စပဲ။ အခု ဗိုလ်လက်ျာ ဖြစ်လာတဲ့ သခင်လှဖေက တခါတလေ ထမင်းဟင်း ကောင်းကောင်းတွေ တမ်းတတယ်။ သီချင်း ကောင်းကောင်းလေး တွေကို နားဆာတယ်။ သခင်အောင်ဆန်း ကတော့ အဲဒါတွေကို လုံးဝ မတမ်းတဘူး။. သူက လူပျော့ မဟုတ်ဘူး။ သံမဏိလို မာကျောသူ၊ သူ့စွမ်းရည်နဲ့ သူတော်လှန် ရေး လုပ်နေတာ။

သာယာဝတီ ညီလာခံမှာ သခင်အောင်ဆန်းက ကျွန်တော်တို့ ပန်းတိုင် ဖြစ်တဲ့ လွတ်လပ်ရေး ကို ကြေညာတဲ့ ဆုံးဖြတ်ချက် တစ်ခုကို အောင်အောင်မြင်မြင် ချမှတ်လိုက်တယ်၊၊ ကျွန်တော်တို့ ခေါင်းဆောင် တွေဟာ တစ်နိုင်ငံလုံး သွားကြပြီး ပြည်သူတွေရဲ့ အဆုံးအဖြတ် ခံယူကြတယ်။ ဒီလှုပ်ရှားမှု ကြောင့်မို့လို့ ကိုလိုနီ နယ်ချဲ့ အစိုးရ ရဲ့ ဒေါသတကြီး တုံ့ပြန်မှု ကို ခံကြရတယ်။ သခင် အောင်ဆန်းက ဇလွန်မှာ နိုင်ငံရေး တရားဟောတယ်။ ဟင်္သာတ ရဲမှူးကြီး က နိုင်ငံတော်ကို အကြည်အညို ပျက်အောင် လုပ်တဲ့ ဥပဒေနဲ့ သခင် အောင်ဆန်းကို ချက်ချင်း ဖမ်းဝရမ်း ထုတ်လိုက်တယ်။ ကျွန်တော် ကိုလည်း မကြာခင်မှာ အဲသည်လိုမျိုး ဖမ်းဝရမ်း ထုတ်မယ့် သဘော ရှိတယ်။ ကျွန်တော်တို့တွေ ကိုကျော်ငြိမ်း အိမ်မှာ ဆွေးနွေး ကြပြီးတော့ တစ်ခုခုတော့ လုပ်မှ ဖြစ်တော့မယ် ဆိုတာကို ဆုံးဖြတ် လိုက်ကြတယ်။ သခင် အောင်ဆန်း က အညံ့ခံတာ မျိုးကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တယ်။ ထောင်ကျ သွားရင်တော့ အချိန်ဖြုန်း နေသလို ဖြစ်သွားမှာပဲ ဆိုတဲ့ အမြင် ရှိတယ်။ ကျွန်တော်တို့ တွေက စည်းစည်းလုံးလုံး စုစုစည်းစည်း ရှိကြပြီး တိုက်ပွဲ အရောက် ချီတက်သင့်တယ်။

သူက နိုင်ငံတွင်းက ထွက်ပြီး မြေအောက် သွားချင်တယ်။ ကျွန်တော်တို့ အလုပ်ကို အကူအညီ ပေးဖို့ နိုင်ငံခြားမှာ မိတ်ဆွေ ရှာချင်တယ်။ ကျွန်တော်ကတော့ အဲဒီလောက်ကြီး ရှည်ရှည်ဝေးဝေး မမြင်တတ်ဘူး။ ကျွန်တော် ဥပဒေကို ချိုးဖောက်ရင် ထောင်ကျမှာပဲ ဆိုတဲ့ အတွေးပဲ ရှိတာ။ အဲဒီ နေ့တုန်းက ကျွန်တော်တို့တွေ အကြာကြီး ဆွေးနွေးကြတယ်။ ကျွန်တော့် အမြင်ကို သခင်အောင်ဆန်း လက်ခံလာအောင် ကျွန်တော် မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့်မို့ သူ မြေအောက် သွားတာကို ကူညီဖို့ ကျွန်တော် သဘောတူ လိုက်တယ်။ သူနဲ့ ကျွန်တော် ရဲစခန်း ရှေ့က ပြည်လမ်း ပေါ်မှာ ရပ်နေတာကို သတိရ နေပါသေးတယ်။ သူ့ကို ဖမ်းမှာနဲ့ ပတ်သက်တဲ့ အကြောင်းကို ပြောဆို နေခဲ့ကြတာ လို့ ထင်တယ်။ အဲဒီနောက်တော့ ကျွန်တော်တို့ ခွဲခွာ လိုက်ကြတယ်။ ကျွန်တော်က အိမ်ပြန် ၊ မောင်ဆန်းကြယ် အဖမ်းခံပြီး နောက်နေ့မှာပဲ ထောင်ထဲ အသွင်းခံ လိုက်ရတယ်။ ထောင်ကျတဲ့ နှစ်နှစ် ကတော့ အချိန်တွေ ဖြုန်းပစ် လိုက်တာပါပဲ။ ထောင်ကျစ လတွေ ကတော့ သိပ် မဆိုးလှသေးဘူး။ ငါ ထောင်ကျရဲတဲ့ သတ္တိရှိတဲ့ ကောင်ပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့် နိုင်ခဲ့တယ်။ ဒါပေမယ့်လို့ အချိန်တွေ ကြာလာတာ နဲ့အမျှ ခံပြင်းစရာတွေ ပေါ်လာတယ်။ စိတ်ပျက်စရာ တွေ ဖြစ်လာတယ်။ ကိုအောင်ဆန်းရဲ့ ပညာဉာဏ်၊ ရင့်ကျက်မှုနဲ့ အမြော်အမြင် ကြီးမှု တွေကို ကျွန်တော် သဘောပေါက် လာပါတယ်။ နှစ်ခြိုက်လာတယ်။ အောင်နိုင်ရေး အတွက် သူ အပါအ၀င် ကျွန်တော်တို့ သူငယ်ချင်းတွေ နဲ့အတူ လက်တွဲပြီး အလုပ်လုပ် ဖို့ပဲ တမ်းတ နေရတယ်။

မော်နီတာ – မှာ ဆရာ မောင်ဆန်းကြယ် ဘာသာပြန် ထားတာ ဖြစ်ပါတယ်။
ဘာသာပြန်သူ - မောင်ဆန်းကြယ်
မူရင်း – Aung San’s Stering Qualities by U Nu

နောက်ဆုံး ပြောသွားသည့် ဗိုလ်ချုပ် မိန့်ခွန်း


ယခုကောက် နုတ်ဖော်ပြမည့် စကားများမှာ ဗိုလ်ချုပ် လုပ်ကြံမခံရမီ တစ်ပတ်ခန့်အလိုက ရန်ကုန် မြို့ မြို့တော်ခန်း မှ လူထု ပရိသတ်ကြီးကို နောက်ဆုံး ဟောပြော သွားသော ဗိုလ်ချုပ် ၏မိန့်ခွန်း စကားများဖြစ်၏။ ထိုနေ့ကား ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နံနက် အချိန်တွင်ဖြစ်သည်။

(မြန်မာပြည်သူလူထု အားလုံးကို သတိပေးလမ်း ညွှန် ဟောကြားသွားသော နောက်ဆုံး မိန့်ခွန်းဖြစ်သည့် အတွက် အချို့ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။)

“ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရ ဖြစ်အောင်အတင်းအဓမ္မ လုပ်လာလို့ အစိုးရ ဖြစ်လာတာမဟုတ်ဘူး၊ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့အစိုးရဖြစ်နေ တာပဲ။ တိုင်းပြည်လူထုက ယုံကြည်မှုမရှိ ဘူး၊ မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး၊ ထွက်မှာပါပဲ၊ သို့သော် လည်း တစ်နှစ်လောက် ကျုပ်တို့ကိုစောင့် ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာဘယ်လို လူစားတွေလဲ၊ ရာဇ၀င်ထဲအရေးခံရမယ့် လူတွေလား၊ ရာဇ၀င်မှာ အဆဲခံရမယ့် လူစားတွေလားဆိုတာ ခင်ဗျားတို့ကိုယ် တိုင်သိလာပါလိမ့်မယ်”

“ဒီတော့ကာ လွတ်လပ်ရေး ဆိုလို့ ခင်ဗျားတို့ကိုပြောရအုံးမယ်။ လွတ်လပ်ရေး ဆိုတိုင်း ပဒေသာပင် မြေကမပေါက်နိုင်ဘူး ဆိုတာ ခင်ဗျားတို့ကို ရှင်းပြခဲ့ချင်တယ်။ ခင်ဗျားတို့ စိတ်ထဲမှာ လွတ်လပ်ရေးရတော့ မယ်ဆိုရင် စိတ်ကူး က ဘယ့်နှယ့် စိတ်ကူးကြ သလဲ။ ပဒေသာပင် နေ့ချင်းညချင်း ပေါက် တော့မလို ခင်ဗျား တို့က ထင်ကြလိမ့်မယ်။ တချို့ကလည်း ဂျပန်ခေတ်တုန်းက လွတ် လပ်ရေးရပြီဆိုပြီး ဘာလုပ်ကြ သလဲဆိုရင် ဟင်္သာတနယ် ဘက်မှာ တွေ့ခဲ့တယ်။ လွတ် လပ်ရေး ရတယ်ဆိုပြီး လူတကာသွားတဲ့ လမ်းပေါ်မှာ ဆေးလှန်း တယ်။ အဲဒါလွတ် လပ်ရေး မဟုတ်ဘူး၊ အဲဒီဟာ ကလမ်းသွား လမ်းလာ လုပ်တဲ့ သူတွေကို နှောင့်ယှက်ရာ ရောက်တယ်။ လွတ်လပ်ရေး ဆိုတဲ့အဓိပ္ပာယ် က ကိုယ်တစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ လူတစ်မျိုးလုံး ကောင်းစားဖို့ဖြစ်စေ၊ အခြား သူတွေရဲ့ အကျိုးကိုမထိခိုက်ဘဲနဲ့ လွတ်လွတ် လပ်လပ် ကိုယ့်ကျိုး အတွက်လုပ်နိုင်တာလွတ် လပ်ရေးပဲ။ ကိုယ့်စီးပွားရေး လုပ်တဲ့နေရာမှာ အခြား လူတွေရဲ့ အနှောင့်အယှက် မရှိစေရ ဘူး။ တခြား လူတွေရဲ့ အကျိုးကိုလည်း မထိ ခိုက်ဘူး၊ တိုင်းပြည်ကို လည်း မထိခိုက်ဘူးဆို ရင် လွတ်လွတ် လပ်လပ်လုပ်နိုင်တဲ့ အခြေ အနေမျိုးရှိရမယ်။ အဲဒီတော့ တခြားလူတွေ ကိုနှောင့်ယှက်တဲ့ လွတ်လပ်ရေးဟာ လွတ် လပ်ရေး မဟုတ်ဘူး။ အဲဒါကို (liconse) ရမ်းကားမှုလို့ခေါ်တယ်။ အဲဒီတော့ လွတ်လပ် ရေးဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုးမ ဟုတ်ဘူး။ စည်းနဲ့ ကမ်းနဲ့ သဘောဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့အခါ တိုင်းပြည်မှာပိုပြီး စည်းကမ်းရှိဖို့လိုတယ်။ စည်းနဲ့ကမ်းနဲ့လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်”

“ကျွန်တော်တို့ မြန်မာတွေမှာ ချို့ယွင်း ချက် တစ်ခုရှိတယ်။ ဘာလဲဆိုရင် ဒါကလည်း ပဲ ကျွန်တော်တို့ ကျွန်ဖြစ်ခဲ့ ရတဲ့အတွက် ဖြစ် ချင်မှဖြစ်မယ်။ ဘာဖြစ်လို့ လဲဆိုရင် ကျွန် တော် ဂျပန်ခေတ် တုန်းကပုသိမ် ဘက်ကိုသွား တဲ့အခါမှာ လှေ ပြိုင်ပွဲတစ်ခု ကြည့်ခဲ့ ရတယ်။ လှေပြိုင်ပွဲ လုပ်တဲ့အခါမှာ ပန်းတိုင်ကို မရောက် သေးဘူး၊ ရှေ့ကိုနည်းနည်း နိုင်လာ ပြီဆိုရင် နိုင်တဲ့လှေက တက်ကိုထောင်တယ်။ ရှုံးတဲ့ လှေကလည်း ပန်းတိုင် မရောက်သေး ဘူး။ ကြိုးစားမယ် ဆိုရင် ကြိုးစား နိုင်သေး တယ်။ မကြိုးစားချင် တော့ဘူး။ ရှုံးမှာပါပဲ ကွာဆိုပြီးတော့ခြေပစ် လက်ပစ်နဲ့ တက်မ ခတ်ချင် တော့ဘူး။ အဲဒါဟာ တိုင်းပြည်ထူ ထောင်တဲ့ နေရာမှာ အဲဒါက လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့ စိတ်ဓာတ်မဟုတ်ဘူး။ ဒါက ကျွန်ဖြစ်မယ့် စိတ်ဓာတ်မျိုးပဲ။ ဒီစိတ် ဓာတ်မျိုးရှိနေသမျှ ကာလပတ်လုံး ကျုပ်တို့ မြန်မာတွေ ကျွန်ဖြစ်နေမှာပဲ။ လွတ်လပ် ရေး ရသည့်တိုင် အောင် မြန်မြန်ပြန်ပြီးတော့ ကျွန်ဖြစ်မှာပဲ။ ကျွန်မဖြစ်သည့် တိုင်အောင် ညံ့ဖျင်းတဲ့ လွတ်လပ်ရေး ဖြစ်မှာပဲ။ အဲဒီ လှေပြိုင်ပွဲ တုန်းက လှေတစ်လှေ ဟာ တက် ထောင်မိတာနဲ့ပွဲတစ်ပွဲမှာ ရှုံးသွားတယ်။

ဘောလုံးကန်ကြတဲ့အခါမှာလည်း ကိုယ်ကစပြီးတော့ ဂိုးသွင်းရရင် အတော်ပဲ အားတက်လာတယ်။ နောက်တစ်ခါတော် တော်လေးဂိုးများလာတယ်ဆိုရင် လျှော့ လျှော့ပေါ့ပေါ့ကန်ချင်လာတယ်။ တစ် ဖက်ကလည်း နောက်ဆုံးအပြီးသတ်ကြ တော့မှ ကပ်ပြီးဂိုးသွင်းသွားလို့ ရှုံးတာတွေ၊ သရေဖြစ်တာတွေ ဘောလုံးပွဲရာဇ၀င်မှာ ပြန်စဉ်းစားကြည့်ရင်တွေ့ရမှာပဲ။ ဒါတင် မကသေးဘူး။ သူတို့လှေတွေက ပထမ နာရီဝက်မှာ ရှုံးသွားရင်တော်သေးတယ်။ ဒုတိယနာရီဝက်မှာ ၁၀ မိနစ်လောက်ကြာ တော့ တော်တော်လေးကန်မိလို့ ဂိုးပြန် မသွင်းနိုင်သေးဘူးဆိုရင်လူကို ပြန်ချတာ ပဲ။ ကျွန်တော်တို့ မြန်မာပြည်မှာ အဲဒါ (sporting spirit) မရှိဘူး။ ဒါဘာလဲ ဆိုရင် ကျွန်တော်တို့လည်း မြန်မာတွေ ရဲ့ စိတ်ဓာတ် ထက်မြက် တယ်ဆိုတာ တလွဲမှာ ဆံပင်ကောင်း နေတာပဲ။ တကယ့် နေရာကျတော့ အသုံး မကျဘူး။ မြန်မာပြည် လွတ်လပ် ရေးလုပ်တဲ့နေရာမှာ အသုံးမကျ ဘူး။ မြန်မာမြန်မာ ချဖို့ လုပ်ချင် တယ်။ ပြန်လည် ထူထောင်ရေးလုပ် တဲ့နေရာမှာ အသုံးမချချင် ဘူး။ ဒါတွေလုပ်ချင်ရင် ဘယ်တော့မှ အကျိုး ခံစားခွင့်ရှိမှာ မဟုတ်ဘူး။ ဒီတိုင်းပြည် ပြန်လည်မထူ ထောင်နိုင်ဘူး။ နာလန် မထူ နိုင်ဘူး။ လွတ်လပ်ရေး လည်း ကျကျနန လုပ်လို့မဖြစ်ဘူး။ အဲဒီ လိုစိတ်ဓာတ်မျိုးကို လုံးဝဖျောက် ဖျက်ပစ်ဖို့ လိုတယ်။ ကျွန်တော်ဘာ လုပ်လုပ် နောက်ဆုံး တစ်နေ့ပြီးတဲ့ အထိရှုံးမယ်ထင်သည်ဖြစ်စေ၊ နိုင်မယ် ထင်သည်ဖြစ်စေ၊ မလျှော့တမ်း ဇွဲနဲ့လုပ် သွားမယ်”

“ခင်ဗျားတို့ ဟာ လွတ်လပ်ရေး ကိုလို ချင်ရင်ရနိုင်တဲ့စည်းကမ်းရှိကြပါ။ လွတ်လပ် ရေးကိုလိုချင်ရင် လွတ်လပ်ရေး ကိုရနိုင်တဲ့ ညီညွတ်မှုကိုထိန်းသိမ်းထားပါ။ လွတ်လပ် ရေးကိုလိုချင်ရင်ရနိုင်လောက်တဲ့ထူ ထောင် မှုကို လုပ်ကြပါ။ အဲဒီလိုလုပ်ပြီးတဲ့ နောက် လည်းပဲ ရှေ့ကိုလွတ်လပ်ရေးအရသာကို ခံစားချင်တယ်၊ ခံစားချင်တယ်ဆိုရင် အလုပ် လုပ်ဖို့ စည်းကမ်းရှိကြဖို့ ခင်ဗျား တို့အခုက တည်းက ခင်ဗျား တို့ရဲ့ အကျင့်ဆိုးတွေ၊ အကျင့်ဟောင်း တွေကို ပြင်ကြဖို့လိုပြီ၊ ဖျောက်သင့်ပြီ ဆိုတာ ကျွန်တော်ဒီနေ့ပြော ခဲ့ချင် ပါတယ်။

(လက်ခုပ်သံများ)

စာကိုး

၁။ မေ့ပျောက်၍မရသောအောင်ဆန်း (ကလောင်စုံ)

၂၊ ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့လဲ (သတင်းစာဆရာ ဦးပုကလေး)

ဟိန်းဇေ