15 September 2012

"နိုင်ငံလုံးဆိုင်ရာ ရွှေဝါရောင်တော်လှန်ရေးနေ့ နှစ်ပတ်လည် ( ၅ )နှစ်မြောက် အခမ်းအနား"


၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်National Endownment for Democracy –NED က ယခုနှစ် အတွက် ဒီမိုကရေစီ ဆု လက်ခံဖို့ အမေရိကန် ပြည်ထောင်စုကို မသွားဖြစ်တော့

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ဟာမြန်မာ့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး တို့အတွက် ၀ါရှင်တန်အခြေစိုက် National Endownment for Democracy –NED ကယခုနှစ် အတွက် ဒီမိုကရေစီ ဆု လက်ခံဖို့ အမေရိကန်ပြည်ထောင်စုကို မသွားဖြစ်တော့ပါဘူး။

အခုလို မသွားဖြစ်တော့တာလည်း ပါ့စ်ပို့ ကိစ္စ အခက်အခဲဖြစ်နေရလို့ပါ။ အစိုးရက ပါ့စ်ပို့ ထုတ်ပေးမည် လို့ ပြောခဲ့သော်လည်း ၈၈ ကျောင်းသားများအတွင်း ခွဲခြား ထုတ်ပေးမှုကို မလိုလား၍ တန်းတူညီမျှစွာနဲ့ အနည်းဆုံး နိုင်ငံရေး အကျဉ်းသားဟောင်း၂၀ကို ဦးစွာ ပထမ ထုတ်ပေးသင့်ကြောင်း တင်ပြပြောဆို ထားခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် သမ္မတနဲ့ အစိုးရအဖွဲ့၊ လွှတ်တော် ၂ ရပ်တို့ရဲ့ အထက်မှာရှိနေတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး ဆိုင် ရာ( ကာ/လုံ ) ဆိုတဲ့အဖွဲ့ကြီးကတင်ပြတောင်းဆိုထားတဲ့နိုင်ငံရေးအကျဉ်းသားဟောင်း ၂၀ ကို နိုင်ငံကူး လက်မှတ်ထုတ်ပေးရေး လက်မှတ်မထိုးပေးဘဲ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို.ကိုသာPassport ရကြောင်း အကြောင်းကြား လာတဲ့အတွက်လျှောက်ထားသူ အားလုံးမရဘဲနှင့် ခွဲခြားမထုတ်ယူနိုင်ကြောင်းရဲဘော်ရဲဖက်စိတ်ဓါတ်၊ ခေါင်းဆောင်စိတ်ဓါတ်ဖြင့် မထုတ်ယူပဲဆုယူရေး ခရီးစဉ်ကိုလည်း မသွားရောက်တော့ပါဘူး။

အခုနောက်ဆုံးမှာတော့ ကိုမင်းကိုနိုင်နဲ့ ၈၈ မျိုး ဆက်ကျောင်းသားများ ကချင်ပြည်နယ်ကို ယနေ့ မနက်ကဘဲ ထွက်ခွာသွားပါတယ်။

သတင်း... Kyaw Swar Myint

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အမေရိကန်ခရီးစဉ် တနင်္ဂနွေနေ့ စတင်မည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့ အမေရိကန်ပြည်ထောင်စု ခရီးအတွက် လာမယ့် တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စု ကိုထွက်ခွာမှာဖြစ်ပါတယ်။

အမေရိကန် အစိုးရအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုရဲ့အထူးဧည့်သည်တော် နိုင်ငံခေါင်းဆောင် တစ်ဦးအနေနဲ့ ကော်ဇောနီခင်းပြီး ကြိုဆိုဖို့ ပြင်ဆင်ထားပါတယ်။

တဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်မှာ အရင် ဥရောပ ခရီးစဉ်ထက်စာရင် ရခိုင်ပြည်နယ်က အခြေအနေတွေနဲ့ ပတ်သက်လို့ ဖိအားပေးခံရဖွယ်ရှိတယ်လို့ တွက်ဆနေသူတွေ လည်းရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း အဆင်သင့်ပြင်ဆင်ထားကြောင်း NLD ပါတီရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကပြောပါတယ်။

"ဒေါ်စုကလည်း မျှော်လင့်ပါတယ်။ ဒီဟာက မေးခွန်းတစ်ခု ဖြစ်နေမှာပေါ့။ issue တစ်ခုအနေနဲ့ သူ့ကိုမေးကြ မြန်းကြမယ်လို့ ယူဆတယ်။ အဲတော့ သူကလည်း ကျွန်တော်တို့ကို ပြောတယ်။ သူ့ရပ်တည်ချက်ကတော့ ဥပဒေစိုးမိုးရေးပဲ။ ဥပဒေစိုးမိုးရေးသာ သေသေချာချာရှိနေရင် ဒီလိုပြဿနာ မဖြစ်နိုင်ဘူးပေါ့။ ဒီအခြေခံနဲ့ပဲ ဆွေးနွေးမယ်လို့ သူပြောပါတယ်။ အခု သွားတဲ့ခရီးစဉ်မှာ congressional award တွေလည်း ရှိတယ်လေ။ အဲတော့ အမေရိကန်က ခေါင်းဆောင်တွေနဲ့ ကျွန်တော်တို့ရဲ့ လက်ရှိ အခြေအနေတွေပေါ်မှာ ဆွေးနွေးတာမျိုးတွေလည်း ရှိလာနိုင်တယ်လေ။ ဒီအပေါ်မှာ ကျွန်တော်တို့က အကျိုးအမြတ်တွေ ရလာနိုင်တာပေါ့။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကိုလည်း ဒေါ်စုမှာ ရှင်းပြဖို့ အခွင့်အရေးရတာပေါ့။ အဲဒီလိုတော့ မျှော်လင့်ထားပါတယ်"

ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကို နိုင်ငံ့ခေါင်းဆောင်တစ်ဦးအဖြစ် ကြိုဆိုမယ်ဆိုရင် လာမယ့် စက်တင်ဘာလ (၂၄) ရက်နေ့ နယူးယောက်မြို့မှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မယ့် သမ္မတ ဦးသိန်းစိန်ရဲ့ အမေရိကန်ပြည်ထောင်စု ခရီးစဉ်မှာလည်း အမေရိကန်အစိုးရရဲ့ ဆက်ဆံရေး အရေးကြီးတယ်လို့မြန်မာ့အရေး လေ့လာနေသူတွေက ထောက်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စက်တင်ဘာ (၁၆) ရက်နေ့ ကနေအောက်တိုဘာလ (၃) ရက်နေ့ထိ အမေရိကန် ပြည်ထောင်စု ခရီးစဉ် အသေးစိတ်ကို NLD က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သတင်း...  RFA Burmese

ထပ်ပြောရဦးမယ်…. အဘစိန်ရေ

ထပ်ပြောရဦးမယ်…. အဘစိန်ရေ ၇.၉.၂ဝ၁၂ ရက်နေ့ ရန်ကုန်မြို့ စံတော်ချိန် ၁၆း၃ဝ နာရီ၊ အမေရိကန်နိုင်ငံ နယူးယောက်မြို့ စံတော်ချိန် (၆းဝဝ) နာရီအချိန် ကျွန်တော့်ထံသို့ရောက်ရှိလာသော အီးမေးလ်စာတစ်စောင်ကြောင့် ကျွန်တော်အထူး တုန်လှုပ်သွားခဲ့သည်။ 

အကြောင်းမှာ ယင်းနေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)တွင် နာရေးကူညီမှု ဈာပနလမ်းကြောင်းမှာ စံချိန်သစ် တင်သွားခဲ့ကြောင်းပင်ဖြစ်သည်။ ယခုလို မိုးရာသီ အေးမြသော အချိန်ကာလများတွင် ယခင့်ယခင် နှစ်များစွာက ဘဝတစ်ပါးသို့ ပြောင်းသွားသူ ဦးရေသည် တစ်နေ့လျှင် ပျှမ်းမျှအားဖြင့် (၄ဝ) ဦးရေမှ (၄၅) ဦးရေ ခန့်သာရှိခဲ့သည်။ ပူပြင်းလှသော နွေရာသီ အချိန် ကာလများတွင် သေဆုံးသူ ဦးရေအားဖြင့် တစ်နေ့လျှင် (၅ဝ) ဦးကျော်ခန့်သာ ရှိခဲ့သည်။ သို့ရာတွင် ၇.၉.၂ဝ၁၂ ရက်နေ့တွင် ညနေ ၄း၃ဝ နာရီအချိန်လောက်မှာပင် နာရေးကူညီမှုပေါင်း (၅၇) ဦး ရှိနေသောကြောင့် ကျွန်တော် တုန်လှုပ်ခဲ့ခြင်းပင် ဖြစ်တော့သည်။ 

ထိုကဲ့သို့ လူ့လောကကြီးမှ ထွက်ခွာမှု များပြားနေခြင်းကို ကျွန်တော်တွေးတော စဉ်းစား မိတော့သည်။ လူရယ်လို့ လူ့ဘဝကြီးတွင် လျှောက်လှမ်းနေစဉ် ကာလအတွင်းတွင် ရင်ဆိုင်ကြုံတွေ့ နေရသော အာဏာအတွက် တိုက်နေတဲ့စစ်ပွဲ၊ လွတ်လပ်မှုအတွက် တိုက်နေတဲ့စစ်ပွဲ၊ အာဏာတအတွက် တိုက်နေတဲ့စစ်ပွဲ၊ စီးပွားရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ လူမှုရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ပညာရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ ကျန်းမာရေးအတွက် တိုက်နေတဲ့ စစ်ပွဲ၊ အိမ်ထောင်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ၊ အချစ်ရေးအတွက် တိုက်နေတဲ့စစ်ပွဲ စသည့် …. ဝိရောဓိ စစ်ပွဲများကြောင့် လူသားတို့ သေကြေဆုံးရှုံးခဲ့ရမှုများကို တွေ့မြင်ရတော့သည်။ ထိုကဲ့သို့ ဘဝစစ်ပွဲများအား ရင်ဆိုင် တိုက်ပွဲဝင်မှုများတွင် အိမ်ထောင်ရေးစစ်ပွဲ၊ အချစ်ရေးစစ်ပွဲ ဟူသော စစ်ပွဲတွင် ကျဆုံးမှုများမှာ မပြောစ လောက် ရှိသော်ငြားလည်း ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အာဏာ၊ လွတ်လပ်မှု၊ အာဃာတ ... စသည့် တိုက်ပွဲများတွင် ကျဆုံးမှုများသည် ရာခိုင်နှုန်းအားဖြင့် များပြားမှုကို သိမြင်ခဲ့ရ သည်။ ထို့ကြောင့် ထိုကဲ့သို့သော ဝိရောဓိစစ်ပွဲများ ရပ်စဲသွားကာ ငြိမ်းချမ်းသော ကမ္ဘာအပြင်၊ ငြိမ်းချမ်း သော မြန်မာ့မြေပြင်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားကြရမည် ဖြစ်တော့သည်။ ငြိမ်းချမ်းမှုများ မရမီစပ်ကြား ကျွန်တော်တို့ လူမှုရေးသမားများအနေဖြင့် အများပြည်သူတို့အပေါ် တတ်နိုင်သည့်ဘက်မှ ကိုယ်ကျိုးစွန့်၍အတ္တများကိုဖြုတ်ကာ ပေးဆပ်သွားရင်းဖြင့် ပြည်သူပြည်သားတို့၏ စောင့်ထိန်းရမည်ဖြစ်သော လူ့ကျင့်ဝတ်၊ ကိုယ်ကျင့်တရားများကိုလည်း တတ်နိုင်သ၍ မှန်ကန်သော တရားမျှတသော လမ်းကြောင်းပေါ်သို့ တင်ပေးရမည်ဖြစ်သည်။ 

ထို့အပြင် လူ့အခွင့်ရေး အပြည့်အဝရရှိရေး လူမျိုးဘာသာ ဆင်းရဲချမ်းသာမရွေးတို့အား လူသားခြင်းစာနာစိတ် မွေးဖွားနိုင်ဖို့အတွက်လည်း ကြိုးပမ်း ပေးရမည်ဖြစ်သည်။ ဤနေရာတွင် လူ့အခွင့်အရေးပြည့်ဝမှုနှင့် ပတ်သတ်၍ ကျွန်တော် လက်တွေ့ ခံစားရမှု တခုအား တင်ပြလိုတော့သည်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွင်း လူမျိုးဘာသာမရွေးတို့၏ လူ့အခွင့် အရေးများ ဆုံးရှုံးမှုများစွာ ရှိနေသည်ကို သိမြင်ကြမည်ဖြစ်သည်။ လူရယ်လို့ လူ့လောကကြီးထဲ ရောက်ရှိခဲ့ ပြီးနောက် လူ့ဘဝကို လျှောက်လှမ်းပြီးသောအချိန် လူ့လောကကြီးမှ ထွက်ခွာသွားရသည့်အချိန်တွင် တသက်တာ လဲလျောင်းနေရမည့် သုသာန်မြေအကြောင်းကို ကျွန်တော် တင်ပြသွားမည်ဖြစ်သည်။ သုသာန်မြေအကြောင်းဟု ဆိုလိုက်သည်နှင့် စာဖတ်သူအပေါင်းတို့အတွက် မင်္ဂလာမရှိခြင်း၊ ဆက်၍ မဖတ် ရှုလိုခြင်းတို့ကို စိတ်ထဲတွင် မပေါ်ပေါက်သင့်ချေ။ အဘယ်ကြောင့်ဆိုသော် သင်္ချိုင်းမြေဟူသည်ကား လူသားအားလုံးနှင့် ဆက်နွယ်၍ ပတ်သက်မှုရှိနေခြင်းဟူ၍ သာဓကရှိခဲ့ပြီးဖြစ်သည်။ 

ဗုဒ္ဓ မြတ်စွာဘုရားရှင် လက်ထက်က ဥပသာလက အမည်ရှိတဲ့ ပုဏ္ဏားကြီးဟာ ရာဇဂြိုလ်မြို့ကို ရံပတ်ထားတဲ့ တောင်ငါးလုံး ထဲက ဂုဇ္ဈကုဋ်တောင်ပေါ်ကို တက်သွားပြီး တောင်ထိပ်က မြေပြန့်လေးမှာ သူ့ကိုမြုပ်ဖို့ သားဖြစ်သူကို ပြတယ်။ ပြီးတာနဲ့ တောင်အောက်ကို ပြန်ဆင်းလာတဲ့အခါ ဘုရားရှင်နဲ့တွေ့တယ်၊ အကျိုးအကြောင်း မေးပြီးတာနဲ့ ဘုရားရှင်ဟာ လူသေ မမြုပ်ဖူးသေးဘူးလို့ ပုဏ္ဏားကြီးယူဆထားတဲ့နေရာကို လိုက်ကြည့်ပြီး ဒီဂါထာကို ဟောကြားပါတယ်။ ဒီဂါထာ အဆုံးမှာ ပုဏ္ဏားကြီးဟာ သောတာပန်တည်ပါတယ်။ ဒီဂါထာဟာ သတ္တဝါတစ်ယောက်ရဲ့ ဘဝတွေဟာ ဘယ်လောက်ထိအောင် များပြားတယ်ဆိုတာ ကို ပြပါတယ်။ ဥပသာလက နာမာနိ၊ သဟဿနိ စတုဒ္ဒသ။ အသ္မိံပဒေသေ ဒဂနိ နတ္တိလောကေ အနာမတံ။ ပုဏ္ဏားကြီး သင်ယခုညွှန်ပြသောနေရာ၌ ဥပသာလကဟူသော အမည်ဖြင့် သင်၏အလောင်း ကောင်ပေါင်း တစ်သောင်းလေးထောင်တိတိ မီးသင်္ဂြိုလ် လောင်ကျွမ်းမြုပ်နှံခဲ့ဖူးလေပြီ။ လောကမြေ အပြင်၌ လူသေ ကောင်ပုတ် မမြုပ်ဖူးသောနေရာဟူ၍ မရှိပေ။" 

ထို့ကြောင့် ယခု ပြည်ပနိုင်ငံဖြစ်သော အမေရိကန်နိုင်ငံရှိ မြို့အသီးအသီးတို့တွင် သုသာန်များအား လိုက်လံကြည့်ရှု လေ့လာသောအချိန်တွင် ကျွန်တော်များစွာ ကြေကွဲမှုကို စိတ်တွင်ဖြစ်ပေါ် ခဲ့ရတော့သည်။ အမေရိကန်နိုင်ငံတွင်မက အခြားသော ပြည်ပနိုင်ငံများတွင် လူသားတို့၏ နောက်ဆုံးခရီးအားပို့ဆောင် သင်္ဂြိုလ်ပေးမှုလုပ်ငန်းများသည် များစွာလူ့အခွင့်အရေး အပြည့်အဝကို ရရှိစေခဲ့ကြောင်း သိရှိခဲ့ရသည်။ ထိုကဲ့သို့သော ပြည်ပနိုင်ငံကြီးများတွင် လူတစ်ယောက် သေဆုံးသွားပါက မြေမြုပ်ခြင်း၊ မီးသင်္ဂြိုလ်ခြင်း စသည့် အသုဘအခမ်းအနားများအတွက် ကုန်ကျငွေများသော်ငြားလည်း အသုဘပို့သူ၊ အသုဘရှုသူ အပေါင်းတို့အပြင် ဘဝတစ်ပါးသို့ ပြောင်းသွားရှာသောသူများအတွက်လည်း ငြိမ်းအေးမှု၊ စိတ်ချမ်းသာ မှု အေးချမ်းငြိမ်သက် မှုတို့ကို တွေ့ကြုံခံစား ရမည်ဖြစ်သည်။

 ယင်းကဲ့သို့သော အေးငြိမ်းခံစားမှု ရသများကို ပြည်ပနိုင်ငံများတွင် ခရစ်ယာန်လူမျိုး တစ်မျိုးထဲတွင်မက ဂျူးလူမျိုး၊ ဟိန္ဒူ၊ အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင် များပါမကျန် ခံစားခဲ့ရကြောင်း သိရှိခဲ့ရသည်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအနေဖြင့် မိမိမွေးရပ်မြေ မြန်မာပြည်အတွင်းတွင်သာ နောက်ဆုံးခေါင်းချချင်သော ဆန္ဒရှိခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ခေါင်းချခဲ့ ရသော မြန်မာလူမျိုးများစွာရှိခဲ့သည်။ 

ထိုထဲတွင် ဗုဒ္ဓဘာသာဝင် များ ဖြစ်ကြသော အထင်ကရ ဆရာတော်များ၊ အနုပညာရှင်များလည်း ပါဝင်ခဲ့ရသည်။ ယခုကဲ့သို့ ပြည်ပနိုင်ငံများတွင် ဘဝခရီးအား အေးချမ်းမှုဖြင့် အဆုံးသတ်ခဲ့ရပုံများကို တွေ့မြင်ခဲ့ရကာ လူ့အခွင့်အရေး အပြည့်အဝကို ရရှိခဲ့သော လူပီသစွာ ရပ်တည်ခဲ့သော ပုဂ္ဂိုလ်များအဖြစ် ဂုဏ်ယူမိသော်ငြားလည်း ကျွန်တော်တို့မြန်မာနိုင်ငံတွင် လူ့ဘဝခရီးအား အဆုံးသတ်ရမည့် မြေနေရာ (သုသာန်မြေ) များအားလည်း သန့်ရှင်းသပ်ရပ် ငြိမ်းချမ်းမှုရှိသော အထင်ကရ ပန်းခြံကြီးများကဲ့သို့ ဖြစ်ပေါ်စေလိုသော ဆန္ဒများ ပြင်းပြ ခဲ့ရသည်။ 

ယခုမူ မြန်မာပြည်တွင်းရှိ သုသာန်များသည် မြို့ပြင်၊ ရွာပြင်များတွင် အခိုင်အမာ တည်မြဲမှု မရှိခြင်း၊ ပြည်ပနိုင်ငံများတွင် မြို့ပြင်၊ ရွာပြင်များတွင်သာမက မြို့လယ်ခေါင်၊ ရွာလည်ခေါင်များတွင် ခံ့ညား ထည်ဝါစွာဖြင့် အပန်းဖြေစရာ ဥယျာဉ်ခြံကြီးများအဖြစ် သမိုင်းမှတ်တိုင်များ ထူထောင်ထားခြင်းကို တွေ့မြင် ရသည်။ ထို့အပြင် သုသာန်မြေအနီးရှိ အိမ်၊ ခြံ၊ မြေဈေးကွက်များသည်လည်း တိတ်ဆိတ်ငြိမ်သက် လုံခြုံမှုရှိခြင်းကြောင့် အခြားသော ရပ်ကွက်များထက် ဈေးနှုန်းမြင့်မားမှုများကို တွေ့ရှိရသည်။  

 မြန်မာ ပြည်တွင်းတွင် သုသာန်မြေနှင့် နီးလျှင် မနေလိုခြင်း၊ သုသာန်မြေနှင့် နီးသောကြောင့် ဈေးနှုန်းများ ကျဆင်းခြင်း စသည့် အယူသီးမှုများ လွှမ်းခြုံနေဆဲဖြစ်သည်။ ပြည်ပနိုင်ငံရှိ လူ့ဘဝ၏ နောက်ဆုံးမှတ် တိုင်မြေနေရာ (လူသင်္ချိုင်း)ကို မဆိုထားနှင့် ... ပြည်ပနိုင်ငံ ရှိ အိမ်မွေးတိရစ္ဆာန်များဖြစ်ကြသော ကြောင်၊ ခွေး၊ ယုန်၊ ငှက် စသည့် တိရစ္ဆာန်များ၏ နောက်ဆုံးခရီး မှတ်တိုင်ဖြစ်သော တိရစ္ဆာန်သင်္ချိုင်းများကပင် ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းရှိ လူသင်္ချိုင်းများထက် အဆပေါင်းမြောက်များစွာ သာယာမှု၊ အေးချမ်းမှု၊ သန့်ရှင်းမှုများဖြင့် ပြည့်စုံနေတော့သည်။

 ယခုမူ မြန်မာ ပြည်တွင်းရှိ သုသာန်မြေများသည် ရှုပ်ထွေးလှသောချုံပုတ်များ၊ ညစ်ပတ်လှသော ရွံနွံများ၊ ပျက်စီး ယိုယွင်း နေသောအုတ်ဂူများဖြင့် ခြောက်ခြားဖွယ်ရာ ရှိနေသကဲ့သို့ အချို့သောဒေသမြို့နယ်များတွင် သုသာန် မြေများအား တူးဖော်ခံရခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ သိမ်းဆည်းခံရခြင်းတို့ကို ကြုံတွေ့နေရဆဲ ဖြစ်နေရသည်။ ထို့ကြောင့် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်ပေးနေသူ ကျွန်တော့်အဖို့ "သေသောသူသည် သုသာန်သို့သာ သက်သက်သာသာ သွားသင့်သည်" ဟူသော ခံယူချက်အတိုင်း လူသားခြင်းစာနာ ထောက်ထားသောစိတ်ဖြင့် "ပြောရဦးမယ်... အဘစိန်ရေ" ဟူ ၍ ဆောင်းပါးတစ်ပုဒ်၊ တိုက်တွန်းမှုတချက်၊ ဟစ်တိုင်တစ်ခုအဖြစ် တင်ပြခဲ့ပြီးဖြစ်သည်။

 ယခုထပ်မံ၍ " ထပ်ပြောရဦးမယ်... အဘစိန်ရေ" ဟူ၍သာ ထပ်မံ ကြွေးကြော်လိုက်ရပါသည်။ အဘယ်ကြောင့်ဆိုသော် "သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန် ဇယား (သက်တမ်း ၇၅ နှစ်)" ဟူသော တွက်ချက်မှုဇယားအရ - 

သင့်ဘဝ လက်ရှိအချိန်နှင့် လက်ကျန်အချိန်ဇယား (သက်တမ်း ၇၅ နှစ်) 

 သင့်အသက်                                        သုံးပြီးသောအသက်                             လက်ကျန်ရက် 
၁ဝ နှစ်                                                   ၃၆၅ဝ (ရက်)                              ၂၃၇၂၅ (ရက်) 
၁၅ နှစ်                                                  ၅၄၇၅ (ရက်)                               ၂၁၉ဝဝ (ရက်) 
၂ဝ နှစ်                                                  ၇၃ဝဝ (ရက်)                              ၂ဝဝ၇၅ (ရက်) 
၂၅ နှစ်                                                  ၉၁၂၅ (ရက်)                              ၁၈၂၅ဝ (ရက်) 
၃ဝ နှစ်                                                 ၁ဝ၉၅ဝ (ရက်)                             ၁၆၄၂၅ (ရက်) 
၃၅ နှစ်                                                 ၁၂၇၇၅ (ရက်)                             ၁၄၆ဝဝ (ရက်) 
၎ဝ နှစ်                                                 ၁၄၆ဝဝ (ရက်)                             ၁၂၇၇၅ (ရက်) 
၄၅ နှစ်                                                 ၁၆၄၂၅ (ရက်)                             ၁ဝ၉၅ဝ (ရက်) 
၅ဝ နှစ်                                                 ၁၈၂၅ဝ (ရက်)                              ၉၁၂၅ (ရက်) 
၅၅ နှစ်                                                 ၂ဝဝ၇၅ (ရက်)                              ၇၃ဝဝ (ရက်)
၆ဝ နှစ်                                                 ၂၁၉ဝဝ (ရက်)                              ၅၄၇၅(ရက်) 
၆၅ နှစ်                                                 ၂၃၇၂၅ (ရက်)                              ၃၆၅ဝ (ရက်) 
၇ဝနှစ်                                                 ၂၅၅၅ဝ (ရက်)                               ၁၈၂၅(ရက်) 
၇၅ နှစ်                                                ၂၇၃၇၅ (ရက်) . . . . . . . . . 

ယင်း သင့်ဘဝ လက်ကျန်အချိန်ဇယားသည် ပျှမ်းမျှတွက်ချက်ထားသော ဇယားကွက်ဖြစ်သည်။ ထိုအချိန်ထက် စောလျင်စွာ ဘဝကူးပြောင်းရမည့်သူများလည်း ရှိမည်ဖြစ်သကဲ့သို့ ထိုအချိန်ထက် ကြာမြင့် စွာ လူ့ဘဝတွင် နေထိုင်ခွင့်ရမည့် သူများလည်းရှိပေမည်။ 

မည်သို့ပင်ဖြစ်စေ မိမိအတွက်လူ့ဘဝထဲ တွင် နေထိုင်ရန် ကျန်ရှိသော လက်ကျန်နေ့ရက်များတွင် အများကောင်းကျိုးအတွက် အတ္တများကိုဖြုတ်၍ ပရဟိတ စိတ်ဓာတ်တို့ဖြင့် ကုသိုလ်ကောင်းမှုတို့ကို စဉ်ဆက်မပြတ် လုပ်ကိုင်ပေးဆပ်သွားပါက ငြိမ်းအေး သာယာ ချမ်းမြေ့သော ကမ္ဘာသစ်တစ်ခုကို တည်ဆောက်သွားနိုင်တော့မည် ဖြစ်ပါသည်။ ကျွန်တော်သည် လူမှုရေးသမားဖြစ်သည်နှင့်အညီ နာရေး၊ ကျန်းမာရေး၊ ပညာရေး၊ သဘာဝဘေး၊ စစ်ဘေးဒဏ်ခံ အများပြည်သူတို့အား ကူညီဖေးမပေးနေသော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လက်တွေ့ခံစား ကြုံတွေ့မှုများကို အများပြည်သူနှင့် ထပ်တူထပ်မျှ ခံစားတင်ပြ ရေးသားရခြင်း ဖြစ်ပေ သည်။ 

အတိတ်က "ပြောရဦးမယ်... အဘစိန်ရေ" ယခုပစ္စုပ္ပန်မှာ "ထပ်ပြောရဦးမယ်... အဘစိန်ရေ" နောက်အနာဂတ်မှာ "ပြောစရာကို မရှိတော့ဘူး... အဘစိန်ရေ" ဟူသော ဆောင်းပါးတစ်ပုဒ်အား ရေးသားလိုသည့် စိတ်ဆန္ဒ ပြင်းထန်လျှက် ရှိနေပါတော့သည်။ 

 ကျော်သူ
                                
                   

မုံရွာမြို့မှ ဖမ်းဆီးခံထားရသူများ ယနေ့ညနေတွင် ပြန်လည်လွတ်မြောက်

မုံရွာ၊ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း ပဋိပက္ခ ကိစ္စအတွက် ကူညီဖြေရှင်းရန်ရောက်ရှိနေကြသော ၈၈မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ဂျင်မီဦးဆောင်သော ၄ ဦးအဖွဲ့ သည် ယနေညနေ(၄း၃၀) နာရီက စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပြန်လည်လွှတ်ပေးလိုက်သည့် မသွဲ့သွဲ့အေး၊ မဖြူဖြူဝင်း၊ မအေးနက်တို့(၃)ဦးအား မုံရွာအကျဉ်းထောင်မှကြိုဆို၍ ၀က်မှေးကျေးရွာသို့ပြန်လည် ပို့ဆောင်နေကြောင်း သိရှိရသည်။

 အလားတူ မသွဲ့သွဲ့အေးတို့ကဲ့သို့ဖမ်းဆီးထိန်းသိမ်းခံထားရသော ကိုဝေဠုကိုလည်း ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုဇော်ဇော်မင်းကချောင်းဦးမှ သွားရောက်ကြိုဆိုနေပြီဟုလည်း သိရှိရသည်။



 




စိတ်ပန်းလူပန်းဖြစ်နေသည့် မဖြူဖြူဝင်း

 
မျက်ရည်ကျရလောက်အောင်ထိ ကို ဖြစ်နေကြသည့် လာရောက်ကြိုဆိုနေကြသူများ



မသွဲ့သွဲ့ဝင်း လာကြိုဆိုနေသူများကို လက်ပြနှုတ်ဆက်

လမ်းတစ်လျှောက် လာကြိုကြသည့် ကျေးရွာသူကျေးရွာသားများအား နှုတ်ဆက်နေသည့် မအေးနက်


သတင်း...... 88 Generation Students

 ဓာတ်ပုံ...Aung Nay Myo

14 September 2012

ယနေ့ မုံရွာအကျဉ်ထောင်ရှေ့တွင် မသွဲ့သွဲ့ ဝင်းတို့ လွတ်မြောက်လာမည်သတင်းကြောင့်ကြိုဆိုနေကြသည့် လူထု"

မုံရွာအကျဉ်ထောင်ရှေ့တွင် မသွဲ့သွဲ့ ဝင်းတို့ လွတ်မြောက်လာမည်သတင်းကြောင့်ကြိုဆိုနေကြသည့် လူထု"

 14-9-2012 ရက်နေ့ အဖမ်းထားရသည့် မသွဲ့သွဲ့ဝင်း မဖြူဖြူဝင်း မအေးနက်တို့ ဆွေးမျိုးများနှင့် ပြန်လည် လွတ်မြောက်လာသည့် (၉)ဦးအား ပုလဲလွတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်မှ လာရောက်အားပေးပြီ ဒီနေ့တော့ သတင်းကောင်း ကြားရမှာပါဟု ပြောကြားသွားကြောင်း သိရ

၁၄-၉-၂၀၁၂ ၇က်နေ့ 88 မျိုးဆက် ကိုဂျင်မီနှင့် အဖွဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ် ဦးသာအေးနှင့် သွားရောက်တွေ့ဆုံပြီ မသွဲ့သွဲ့ဝင်း မဖြူဖြူဝင်း မအေးနက်တို့၏ ဆွေးမျိုးများနှင့် တွေ့ဆုံကာ မကြာမီ ပြန်လွတ်ပေးမည်ဖြစ်ကြောင်း ၀န်ကြီးချုပ်ပြောကြားကြောင်း ပြန်လည်ပြောပြနေပုံ"

လက်ပံတောင်းတောင်အရေးလှုပ်ရှားသူ တောင်သူမသွဲ့သွဲ့ဝင်း၊ မအေးနက်၊မဖြူဖြူဝင်းနှင့် ကိုဝေဠုတို့ကို စက်တင်ဘာလ ၁၀ရက်နေ့က စပြီး ဖမ်းဆီးထားသည်မှာ ယနေ့ ၄ရက်မြောက်နေ့ဖြစ်သည်။

 ရင်းမြစ်...http://www.facebook.com/aungnay.myo.5

အရှုပ်ထဲမှာ ရှင်းအောင်နေ ဦးဝင်းတင် နဲ့ မေးခွန်းများ

အင်န်အယ်ဒီပါတီနဲ့ ခေါင်းဆောင်တွေ၊ နောက်လိုက်တွေရဲ့ စည်းရုံးရေး အတော်ခရီးရောက်နေပြီလား။ ညီလာခံလုပ်မယ်ဆိုကာမှ အချင်းချင်းတွေကြား ဆန္ဒပြတာတွေ၊ ကန့်ကွက်တာတွေ ကြားနေရတယ်။

၁၉၈၈ နောက်ပိုင်း၊ ပါတီကို ထူထောင်ပြီးနောက်မှာ ပါတီညီလာခံတွေ လုပ်ဖို့ ကျိုးစားခဲ့တယ်။ အဲဒီလုပ်ငန်းတွေကို စစ်အစိုးရက ဖြိုခွဲတားဆီးခဲ့တယ်။ ပါတီညီလာခံလိုင်းတွေ မအောင်မြင်ခဲ့တော့ ရှိတဲ့ ခေါင်းဆောင်တွေနဲ့ပဲ ဆက်ပြီး ဦးဆောင်မှုပေးပြီးလုပ်ခဲ့ရတယ်။ အဲသည်နောက်က ပါတီဝင်တွေက ရှိပြီးသား စုဖွဲ့မှုနဲ့ပဲ နောက်ကလိုက်ကြရတယ်။ ဒီလိုပဲ ရုန်းရုန်း၊ ရူန်းရုနူ်းနဲ့ ဖြတ်သန်းလာခဲ့ကြတယ်။ အပေါ်ပိုင်းက ခေါင်းဆောင်တွေက ပြောင်းလဲမှုမရှိပေမယ့်၊ အောက်ခြေအဆင့်ဆင့်မှာတော့ သူ့ဖာသာသူ အပြောင်းအလဲတွေတော့ ရှိခဲ့တယ်။

အဲသည်လိုနဲ့ ပါတီကို ၂၀၁၀ စက်တင်ဘာ ရွေးကောက်ပွဲမတိုင်မီမှာ တဖက်သတ် ဖျက်သိမ်းခံရတာမျိုး ရင်ဆိုင်ရတယ်။ ၂၀၁၂ နှစ်ဆန်းမှာ အသစ်ပြန်လည် မှတ်ပုံတင်ပြီး ဖွဲ့စည်းတယ်။ အဲသည်တုံးမှာကျတော့ အပေါ်ပိုင်းအဆင့် ခေါင်းဆောင်တွေ ပြောင်းလဲမှုတွေ လုပ်လာခဲ့တယ်လို့ ပြောရင် ရမလားဆရာ။

ဟုတ်တယ်။ အဲသည်မှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကို ၀င်ရောက်ခဲ့တယ်။ ဒီလိုပဲ တရုန်းရုန်းနဲ့ အဖွဲ့ချုပ်က ရင်ဆိုင်ဖြတ်သန်းတဲ့အခါမှာ ဘာတွေ့ရသလဲဆိုတော့ ၀င်ပြိုင်တဲ့ အမတ်တွေအားလုံးထဲမှာ တဦးကလွဲရင် အားလုံး ပြည်သူလူထုရဲ့ ရွေးချယ်တင်မြောက်ခြင်းကို ခံကြရတယ်။ ဘာတွေပဲ ပြောနေ ပြောနေ၊ ဖြစ်နေ ဖြစ်နေ ပါတီဟာ ဟိုးယခင် စတင်ဖွဲ့စည်းကတည်းက ဒီလိုမျိုး တရုန်းရုန်းနဲ့ကော၊ ဖမ်းဆီးထောင်ချ နှိမ်နှင်းတာတွေကိုပါ ရင်ဆိုင်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံက ခုမှမဟုတ်ဘူး ဆိုတာ သိစေချင်တယ်။ အဲသည်ကြားထဲက ဦးဆောင်မှုကို ထူထောင်နိုင်ခဲ့ တယ်လို့ ပြောချင်တယ်။

.ဒါက ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်မှုတွေ ပြည်သူလူထုရဲ့ ၀န်းရံ ထောက်ခံ မှုတွေကလည်း ပါတာပေါ့။

ဟုတ်တာပေါ့။ ပါတီဟာ ဖရိုဖရဲနဲ့ လို့ ဘယ်လိုပဲ ပြောပြော၊ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရဲ့ ဦးဆောင်မှု အခမ်းကဏ္ဍကလည်း ပိုမိုမြင့်မားလာ တယ်။ ပြည်သူလူထု ကိုယ်တိုင်ရဲ့ နိုင်ငံရေး နိုးကြားမှုတင် သာမက အကြောက်တရားကနေ ဖယ်ရှား ရုန်းထမှုတွေကလည်း တိုးမြှင့်လာတာကြောင့် ကြားဖြတ်ရွေးကောက်ပွဲကို အနိုင်ရတယ်။ အဲသည်လို အချိန်မျိုးမှာ ကျနော်တို့ကနေပြီးတော့ ပါတီထူထောင်စကတည်းက ချထားတဲ့ မူအတိုင်း ပါတီကို အောက်ခြေအစု အဖွဲ့တွေ ကနေပြီး ပြန်လည်ဖွဲ့စည်းကြဖို့ ပါတီညီလာခံတွေ လုပ်ဖို့ အခုအချိန်မှာ ပြင်ဆင်နေကြတာပဲ။

ညီလာခံလုပ်မယ်ဆိုတော့လည်း အခုက ဘယ်လိုတွေ ဖြစ်နေတာလဲ။

ပါတီကို ဒီနှစ် ၂၀၁၂ အတွင်း အကုန်မတိုင်မီ ပြန်လည်ထူထောင် ဖွဲစည်းဖို့ ဆုံးဖြတ်ချက်ချပြီး အကောင်အထည်ဖော်တဲ့နေရာမှာ ပါတီထဲမှာ အခက်အခဲလေးတွေ ရှိတယ်။ ညီလာခံတွေမှာ အင်အားစု ၂ စုနဲ့ သွားတွေ့ကြရတယ်။ တစုကတော့ “လူဟောင်း”တွေ။ သူတို့တွေက ခေါင်းဆောင်ဟောင်းတွေ၊ ပါတီကို မစွန့်လွှတ်တဲ့သူတွေ၊ ထွက်မပြေးတဲ့သူတွေ၊ နောက်တစုကတော့ “လူသစ်”တွေ။ ဒေါ်စုရွေးကောက်ပွဲနိုင် လိုက်တဲ့နောက်ပိုင်းမှာ နိုင်ငံရေး နိုးကြားတက်ကြွမှုတွေထဲမှာ ပိုမို အားကောင်းလာတဲ့ မျိုးဆက်သစ်တွေ၊ လူသစ်တွေပေါ့။ အဲသည် လူဟောင်း လူသစ် အားပြိုင်မှုတွေက အတော်ကို အားကြီးတယ်။ လူဟောင်းတွေကိုလည်း လူသစ်တွေက အားမရဘူး။ လူသစ်တွေကိုလည်း လူဟောင်းတွေက အပြစ်မြင်တာတွေ ရှိတယ်။ ဥပမာ အခုလို အခြေအနေကောင်းတွေမှာ ၀င်ပြီး နေရာယူလာတဲ့ အခွင့်အရေးသမားတွေ၊ ဘာတွေပေါ့ကွာ။ ဒါကြောင့်လည်း အဲသည်ပြသနာလေးတွေကြောင့် သပိတ်မှောက်တယ်လို့ ဆန္ဒပြတယ်တို့တွေ ဖြစ်လာတယ်။ သွေးထိုးလှုံဆော်မှုတွေလည်း ရှိလာတယ်။

ညီလာခံကနေ ဒီပြသနာတွေကို ဖြေရှင်းပေးနိုင်ပါ့မလား။

ညီလာခံဆိုတာက ဟိုတုန်းကတည်းက လုပ်ဖို့ ရေးဆွဲထားပြီးသားဖြစ်တယ်။ အများဆန္ဒတွေ၊ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်မှုတွေနဲ့ အဆင့်ဆင့် ခေါင်းဆောင်မှုတွေကို တင်မြှောက်ဖို့ ဖြစ်တယ်။ ဒီမိုကရေစီအတွက် ညီလာခံလုပ်တာပဲ။ ညီလာခံတွေ ရွေးကောက်ပွဲတွေ လုပ်သော်ငြားလည်း ပါတီထဲမှာ အုပ်စုတွေ အချင်းချင်း အားပြိုင်မှုတွေ အရမ်းကြီးမားလာရင်တော့ ပါတီဟာ ဖရိုဖရဲဖြစ်သွားနိုင်တယ်။ အဲသည်မှာ တခုပြောနိုင်တာကတော့ အောက်ခြေကနေ အထက်အထိ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲတွေလုပ်မယ်။ ဒါကို စည်းကမ်းတကျ လိုက်နာမှု ရှိရမယ်။ အပြင်ကနေ ကြံ့ဖွံ့တွေလိုမျိုး ၀င်ရောက် သွေးထိုးတာတွေလည်း ကျော်လွှားနိုင်ရမယ်။

အဲသည်ကျရင် ရှေးကအစဉ်အလာရှိတဲ့အတိုင်း ပါတီအင်အားစုဟာ ဖြတ်ကျော်နိုင်မယ်လို့ ထင်ပါသလား။

ကျနော် ဒီနေရာမှာ ပြောရတယ်။ ကျနော်တို့ရဲ့ ကြီး၃ ကြီး လို့ ပြောမလား။ အား ၃ အားလို့ ပြောမလား။ ဒါကို ပြန်ပြောပြချင်တယ်။ နံပါတ် ၁က ကျနော်တို့မှာ ခေါင်းဆောင်ကြီးမားမှု ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အားကောင်းတဲ့ ဦးဆောင်မှု ရှိတယ်။ နံပါတ် ၂ ကတော့ ကျနော်တို့ပါတီဟာ လက်ရှိမှာ အင်အားကြီးတဲ့ ပါတီဖြစ်တယ်။ မြန်မာပြည်မှာ မြို့နယ်ပေါင်း ၃၃၀ ကျော် ရှိတယ်လို့ ဆိုကြတဲ့နေရာမှာ ကျနော်တို့ ပါတီတွေ ရှိတဲ့မြို့နယ်ပေါင်း ၃၀၀ နီးပါး ရှိတယ်။ စုဖွဲ့မှုတွေ ရှိပြီးသားဖြစ်တယ်။ နံပါတ် ၃ ကတော့ လူထုထောက်ခံမှု အား ရှိတယ်။ လက်ရှိ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပုံစံကို ကြည့်နိုင်တယ်။

ဒါဆိုရင် အခုလို ကြီး ၃ ကြီး၊ အား ၃ အားနဲ့ ဘာတွေကို ဖော်ဆောင်မယ်လို့ ထင်မြင်ယူဆထားသလဲ။

အခုလို ကြီးမားတဲ့ အင်အား ၃ ခုကို ကိုင်စွဲထားမယ်သာ ဆိုရင် ဆင်သွားရာ လမ်းဖြစ်ဆိုသလိုပဲ အင်အားကြီးမားတဲ့ ဆင်ကြီး လျောက်သွားတဲ့လမ်းဟာ သူ့ကြောင့် လမ်းအဖြစ် ပေါ်လာသလိုမျိုး ကျနော်တို့ ပါတီဟာ ဒီမိုကရေစီလမ်းကြောင်းကို ကိုယ့်အင်အားနဲ့ ကိုယ် ဖော်ဆောင်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ပါတီကို ပြိုကွဲအောင် အတွင်းကနေကော အပြင်ကနေ ဆန္ဒပြတာတွေ၊ သပိတ်မှောက်တာတွေကိုလည်း ကျနော်တို့ ရင်ဆိုင်သွားရမှာပါပဲ။ ပါတီညီလာခံကိုသာ အောင်မြင်အောင် ဖော်ဆောင်နိုင်ခဲ့မယ်သာဆိုရင် ကျနော်တို့ဆီမှာ ပထမဦးဆုံးသော ဒီမိုကရေစီနည်းကျ ဆောင်ရွက်ပြီး ခေါင်းဆောင်အဆင့်ဆင့် ရွေးချယ်တင်မြှောက်နိုင်တဲ့ နိုင်ငံရေးပါတီအဖြစ်နဲ့ 
 မော်ကွန်းတင်ကျန်ရစ်မှာပဲ။

ဟုတ်ပါပြီ။ အခု လွှတ်တော်ထဲဝင်သွားတဲ့ ပါတီကကိုယ်စားလှယ်တွေကကော ဘယ်လိုမျိုး ရင်ဆိုင်နေရတယ် ထင်သလဲ။ သူတို့တွေလည်း ပြည်ထောင်စုအဆင့် အငြင်းပွားမှုတွေကို ရင်ဆိုင်နေရတယ် မဟုတ်လား။

အစိုးရနဲ့ လွှတ်တော်ကြားမှာ ပြည်ထောင်စုအဆင့် ဟုတ်မဟုတ် ကိစ္စတွေ ပေါ်နေတယ်။ ပြောချင်တာကတော့ အစိုးရမှာ ၀န်ကြီးတွေနဲ့ လုပ်ပိုင်ခွင့်၊ ခံစားခွင့်တွေ ရှိတယ်။ လွှတ်တော်မှာလည်း အဖွဲ့တွေ၊ ကော်မီတီတွေ အများကြီးရှိတယ်။ သူတို့ကို ပြည်ထောင်စုအဆင့်သတ်မှတ်လိုက်ရင် လွှတ်တော်က များစွာသော အဖွဲ့တွေ၊ လူတွေက ပြည်ထောင်စုအဆင့်လို အစိုးရက ၀န်ကြီးတွေလို ဖြစ်လာမှာလား၊ ခံစားခွင့်တွေ ဘာတွေ ရှိလာမှာလား ဒါတွေ အငြင်းပွားနေကြတယ်လို့လည်း ပြောကြတယ်။ အစိုးရကလည်း ဒါကို တုန့်ပြန်တယ်။ လွှတ်တော်ကလည်း ဒါကို လက်မခံဘူး။ အခုဟာက အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေးမဏ္ဍိုင် အငြင်းပွားနေကြတဲ့ သဘောပဲ။

အဲသည်လိုဖြစ်နေတာကို အစိုးရဖက်က အုပ်ချုပ်ရေးမဏ္ဍိုင်ဖက်က ဘာပြောသလဲဆိုတော့ ပြင်ချင်ရင် အခြေခံဥပဒေကနေ ပြင်လို့ ပြောလိုက်တာကလည်း လွှတ်တော်ကို ပိုပြီးတော့ တင်းမာတဲ့ တုန့်ပြန်မှု ဖြစ်စေသလားလို့ တွေးမိတယ်။

ဟုတ်တယ်။ နိုင်ငံတော်သမ္မတက ပေးတဲ့သ၀ဏ်လွှာမှာ ပြည်ထောင်စုအဆင့်တွေ အငြင်းပွားနေရင် ပြင်ဆင်တာတွေကို အခြေခံဥပဒေထဲကနေ စပြင်ကြမှ ဖြစ်မယ်လို့ အချက်ပေးလိုက်တယ်။ ထုတ်ပြန်လိုက်တယ်။ အဲသည်မှာ အစိုးရနဲ့ လွှတ်တော် ဘယ်လိုပဲ အငြင်းတွေ ပွားပွား လွှတ်တော်ထဲမှာ ထိုင်နေတဲ့ တပ်မတော်ကိုယ်စားလှယ် တမတ်သားက ဘယ်ဆန္ဒမှ မပေးဘဲနဲ့ သည်အတိုင်းချည်း သီးခြားကြီး ရပ်တည်နေတာကိုလည်း သတိပြုမိကြဖို့ လိုတယ်။

ဆိုတော့ အခြေခံဥပဒေပြင်ဆင်ဖို့ဆိုတာမှာ ပြင်နိုင်တဲ့ အနေအထားလည်း မရှိဘူးပေါ့။

စစ်တပ်က အမတ်တွေကလည်း ဘာဆန္ဒမှ ထုတ်ဖော်ပြောဆိုခြင်း မတွေ့ရဘူး။ အခြေခံဥပဒေပြင်ဆင်ရေးကို ပြောလာတော့လည်း အင်န်အယ်ဒီပါတီက အမတ်တွေကလည်း ဒါကို လက်ခံတယ်ဆိုတဲ့ သဘောထားရှိပါတယ်။ သို့သော် အစိုးရကော၊ လွှတ်တော်ကော၊ စစ်တပ်ကိုယ်စားလှယ်တွေက ဒီကိစ္စကို ဘယ်လိုနည်းနဲ့မှ အလျော့မပေးကြတာကြောင့် အကြပ်အတည်းကြီး ပြန်ဖြစ်နေတယ်။ Dead Lock ဖြစ်နေတယ်လို့ ပြောချင်တယ်။ အဲသည်မှာ ခုံရုံးလိုမျိုး တရားစီရင်ရေးမဏ္ဍိုင်ကိုယ်တိုင်ကလည်း လွှတ်တော်ပြောတာက အခြေခံဥပဒေနဲ့ မညီပါဘူးဆိုပြီး ငြင်းဆန်တဲ့ အနေအထားတွေပါ ဖြစ်လာတော့ ပိုပြီး ရှုပ်ထွေးလာတယ်။

ဒါတွေက ဘယ်အထိဖြစ်သွားနိုင်သလဲ။

ဒါတွေက သူတို့ရဲ့ လူတွေချည်းနဲ့ ထူထောင်ထားတဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး နဲ့ တရားစီရင်ရေး မဏ္ဍိုင် ၃ ခုလုံးမှာ အကြပ်အတည်း အရှုပ်အထွေးဖြစ်လာတယ်။ အခြေခံဥပဒေကို ပြုပြင် ပြင်ဆင်နိုင်တဲ့အထိလည်း မလုပ်ကိုင်နိုင်ကြရင် လက်ရှိ စစ်တပ်လက်ထဲကို အာဏာတွေ ပြန်ရောက်သွားနိုင်တဲ့အထိကို အန္တရာယ်ရှိတယ်လို့ ပြောချင်ပါတယ်။

ဘာပဲဖြစ်ဖြစ် လက်ရှိမှာ သိန်းစိန်အစိုးရက ၀န်ကြီးအပြောင်းအလဲတွေ လုပ်နေတာတွေလည်း ရှိတယ်လေ။ ဒါတွေကိုကော အကောင်းမြင်လို့ မရဘူးလား။

အင်း … အစိုးရအဖွဲ့အတွင်းမှာ hardlinerတွေကို ရွှေ့ပြောင်းတာ၊ ဖြုတ်ပစ်တာတွေ လုပ်လိုက်တယ်။ ဥပမာ ကျော်ဆန်းကို ၀န်ကြီးဌာနတခုတည်းကို ပြောင်းလိုက်တာ။ ဇော်မင်းကို ရာထူးကနေ အနားပေးလိုက်တာတွေ တွေ့ရတယ်။ ဒ့ါအပြင် သမ္မတနဲ့ ရင်းနှီးတဲ့သူတွေကိုလည်း ၀န်ကြီးဌာနတွေကနေပြီး သမ္မတရုံးကို ဆွဲခေါ်လိုက်တယ်။ consolidate လုပ်တယ်ပေါ့။ စုစည်းလိုက်တယ်။ ဒါမျိုးတွေ တွေ့နေရတယ်။ ဒုဝန်ကြီးတွေကိုကျတော့ ပညာတတ်တွေ တက်ခရိုကရက်တွေ ခန့်လိုက်တယ်လို့ ပြောတယ်။ ဒါတွေကို ဘယ်လိုမြင်သလဲဆိုရင် သမ္မတကြီးသိန်းစိန်က ဒါတွေကို အစောကြီးကတည်းက လုပ်ရမှာ နောက်တောင် ကျနေတယ်လို့ ပြောချင်တယ်။ ဥပမာ ဧပြီလလောက်ကတည်းက အင်န်အယ်ဒီပါတီ လွှတ်တော်ထဲကို မရောက်ခင်မှာ သူ့ဖက်က အမာသမားတွေကို ဖယ်ရှားပစ်မယ်လို့ ပြောတယ်လို့ အပြင်သတင်းတွေ ကြားခဲ့ရပေမယ့် အခုမှ စက်တင်ဘာလောက်မှ သူ့ဖက်ကလုပ်ဖြစ်တယ်ဆိုတာဟာ အတော် နောက်ကျနေပြီလို့ ပြောရမယ်။ စောစောကတည်း လုပ်ရမှာဖြစ်တယ်။

စောစောပဲလုပ်လုပ် နောက်ကျကျပဲ လုပ်လုပ်၊ ဒါတွေက ကောင်းတယ်လို့ ပြောမှာလား။

ဝန်ကြီးဌာနတွေမှာကော၊ အစိုးရလူကြီးတွေ အသီးသီးမှာပါ hardlinerတွေပဲ ရောက်ရောက်၊ soft liner တွေပဲ ခန့်ခန့်၊ အရိုးစွဲနေတဲ့ အကျင့်ဟောင်းတွေ၊ လုပ်ရပ်အမှားတွေကို ပြုပြင်ခြင်းမရှိရင် ပြည်သူတွေအတွက်ကော၊ တိုင်းပြည်အတွက်ကတော့ ဘာမှ ထူးမှာမဟုတ်ဘူးလို့ ပြောချင်တယ်။ သူ့ဖာသာသူ တက်ခရိုကရက်ပဲ ခန့်ခန့်၊ သူတို့တွေရဲ့ လုပ်နည်းကိုင်နည်း လုပ်ပုံကိုင်ပုံ အတွေးအခေါ် အယူအဆတွေ မပြင်သေးသ၍ကတော့ ထူးခြားမှာ မဟုတ်ဘူးလို့ ပြောချင်တယ်။ ၀န်ကြီးဌာနတွေက ဥပဒေတွေ မပြင်ဘဲ မပြောင်းဘဲနဲ့ ဒီအတိုင်းလုပ်နေကြတာမျိုးနဲ့တော့ ကောင်းသွားမှာ မဟုတ်ဘူးပေါ့။

ကဲ ဟုတ်ပါပြီ။ လက်ရှိမှာ အဲသည်လို လှုပ်လှုပ်ရှားရှားတွေဖြစ်နေချိန် တဆက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပ၊ အမေရိကန်ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့လည်း ပြည်ပက မြန်မာပြည်သူလူထုကိုယ်တိုင်က စိတ်တွေ လှုပ်ရှားနေကြတယ်။ ကြိုဆိုဖို့၊ တွေ့ဆုံဖို့၊ မေးမြန်းချင်တာတွေ မေးဖို့ စသည်ဖြင့် တက်ကြွနေကြတယ်။ ကျနော်တို့ ဆန်ဖရန်စစ္စကိုမှာလည်း ပြင်ဆင်နေကြပြီ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်ပခရီးစဉ်တွေက ဘာတွေ ထူးခြားလို့လဲ ဆရာ။

အင်း … အခုတလောပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အလုပ်တွေများ၊ ခရီးတွေ သွားနေရတော့ ကျနော်ကိုယ်တိုင်လည်း သူ့ခရီးစဉ်အသေးစိတ်ကို မသိဘူး။ ဒါပေမယ့် လက်ရှိသူသွားတဲ့ ခရီးစဉ်တွေကို အဆင့်ဆင့် သုံးသပ်ရရင်တော့ အိမ်နီးချင်းခရီးစဉ်က ထိုင်းနိုင်ငံ၊ ပြီးတော့ ဥရောပ၊ အင်္ဂလန် ခရီးစဉ်နဲ့ လာမယ့် အမေရိကန်ခရီးစဉ်ဆိုပြီး ကြည့်ရမယ်။

ထိုင်းကို သွားတဲ့ခရီးမှာ ဒေါ်စုဟာ ပြည်ပမှာ အလွန်သြဇာကြီးတယ်ဆိုတာ လက္ခဏာတွေ စတင်တွေ့ကြရတယ်။ သူရဲ့ မိန့်ခွန်းတွေဟာ ပြည်ပမှာလည်း အလွန် ထိရောက်တယ်။ လေးနက်တယ်ဆိုတာ စတင်တွေ့ကြရတယ်။ ပြည်ပက အစိုးရတွေ ပြည်သူတွေကိုယ်တိုင်က အလွန် အလေးအနက်ထားကြတယ်ဆိုတာကို တွေ့ကြရတယ်။ ဒါကြောင့် အဲသည်တုန်းက သမ္မတသိန်းစိန်ကိုယ်တိုင် ပြည်ပခရီးထွက်မယ့် အစီအစဉ်ကိုတောင် နောက်ဆုတ်လိုက်ရတာကိုပါ တွေ့လိုက်ရတယ်။ အဲသည်မှာ လက်ရှိအစိုးရကိုယ်တိုင်က မလိုတမာဖြစ်တဲ့ တုန့်ပြန်မှုမျိုးကို တွေ့ရတယ်လို့ ပြောချင်တယ်။

အဲ နောက်ခရီးစဉ်တခုကတော့ ဥရောပနဲ့ ဗြိတိန်ခရီးစဉ်ဖြစ်တယ်။ မြန်မာပြည်ကနေ အလွန်ဝေးကွာတဲ့ နိုင်ငံတွေအများအပြားဆီကို သွားရတာ ဖြစ်တယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲသည်ပြည်ပနိုင်ငံတွေရဲ့ ပြည်တွင်းရေးတွေကို ဆွေးနွေးနိုင်တယ်။ မြန်မာကွန်မြူနီတီတွေကိုလည်း ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးတာတွေ ဆောင်ရွက်ခဲ့တယ်။ အဲသည်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုနဲ့ ဂုဏ်ရည်တွေက ပိုပြီး ထင်ရှားသွားတယ်။ အဲသည် ခရီးစဉ်မှာ အစိုးရရဲ့ တုန့်ပြန်မှုဟာ ပြောင်းလဲသွားတယ်။ သူတို့အစိုးရရဲ့ ကိုယ်စားလှယ်တွေ၊ ၀န်ကြီးတွေကိုယ်တိုင် သူတို့ရဲ့ပြည်ပခရီးစဉ်တွေမှာ ဒေါ်စုအတွက် မြန်မာပြည်အတွက် ဂုဏ်ယူတဲ့ ၀မ်းမြောက်တဲ့ အမူအရာတွေကိုပါ ဖော်ပြလာရတာကို တွေ့ရတယ်။

အခုကျတော့ အမေရိကန်ခရီးစဉ်ပေါ့။ နှစ်ပေါင်း ၄၀ လောက် မရောက်ဖြစ်ခဲ့တဲ့ ဒေါ်စုရဲ့ ခရီးစဉ်ဖြစ်တယ်။ အမေရိကန်ပြည်ကိုယ်တိုင်ကလည်း အရေးကြီးတဲ့ နိုင်ငံတခုဖြစ်နေတယ်။ သွားရောက်မယ့်အချိန်ကာလကလည်း အမေရိကန်နိုင်ငံရေးလှုပ်ရှားမှုတွေ အားကောင်းနေတဲ့ သူတို့ရဲ့ သမ္မတရွေးကောက်ပွဲကာလနားနီးတဲ့အချိန်လည်း ဖြစ်တယ်။ အမေရိကန်ပြည်မှာ ရောက်ရှိနေထိုင်ကြတဲ့ အင်အားကောင်းတဲ့ အလွန်များပြားတဲ့ မြန်မာပြည်သူလူထုတွေနဲ့လည်း မင်းပြောသလို မြို့နယ် အသီးသီးမှာ တွေ့ဆုံပွဲတွေ လုပ်ကိုင်ကြဖို့ ရှိနေတယ်။ အဲလိုဆိုရင် အခုလာမယ့် ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်အတွက် အစစ အရာရာမှာ ပိုပြီး ဂုဏ်သိက္ခာတွေ၊ သြဇာတွေ ပိုမို ကျယ်ပြန့်မယ့် အားတက်စေမယ့် ခရီးစဉ်တခုဖြစ်တယ်ဆိုတာ သေချာတယ်။ မြန်မာပြည်ကြီးရဲ့ ဒီမိုကရေစီအရေးကို ပိုမိုအားတက်စေမယ့် အလားအလာတွေကို ဖော်ဆောင်ပေးနိုင်မယ့် ခရီးစဉ်လို့လည်း မြင်ယောင်ကြည့်နိုင်တယ်။

အဲသည်တော့ လက်ရှိမြန်မာအစိုးရကိုယ်တိုင်ကကော ဒါကိုဘယ်လိုမျိုး လက်သင့်ခံပြီး ရင်ဆိုင်ဖြတ်ကျော်မလဲဆိုတာက တချက်ဖြစ်လာတယ်။ ဦးသိန်းစိန်ကိုယ်တိုင်ကလည်း အဲသည် စက်တင်ဘာအချိန်မှာ အမေရိကန်ခရီးစဉ်ကို လာဖို့ အချိန်စာရင်းဆွဲပြီးသားလို့ ဆိုတယ်။ လက်ရှိအစိုးရအပေါ်မှာ ပိတ်ဆို့မှုတွေ၊ အရေးယူမှုတွေ၊ ကန့်သတ်မှုတွေကို အမေရိကန်အစိုးရဖက်ကနေ လျော့ချပေးဖို့၊ ဖယ်ရှားပေးဖို့ သူတို့ဖက်ကလ လိုချင်တယ်ဆိုရင် ခုချိန်မှာ မြန်မာအစိုးရဖက်ကလည်း သက်သေပြဖို့ အချိန်အခါ အခြေအနေလည်း ဖြစ်တယ်လို့ ပြောချင်တယ်။

ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန်ခရီးစဉ်ကို ကျနော်တို့က ဘယ်လိုမျိုး သဘောထားကြမှာလဲ ဆရာ။

အမေရိကန်ပြည်ထောင်စုမှာ မြန်မာမိသားစုတွေက ဒေါ်အောင်ဆန်းစုကြည်ကို ၀ိုင်းဝန်းကြိုဆိုကြတဲ့နေရာမှာ သာမန် အဆိုတော်တွေ၊ ရုပ်ရှင်မင်းသားတွေ လာသလို ကြိုဆိုကြတာမျိုးတွေထက်၊ ပျော်ပွဲရွှင်ပွဲတွေလုပ်တာမျိုးတွေထက်၊ ပန်းပေးတာတွေ၊ ဓာတ်ပုံတွဲရိုက်ကြတာတွေမျိုးထက် မြန်မာပြည်ကပြည်သူတွေရဲ့ မျှော်လင့်ချက်တွေမြင့်မားစေဖို့ စုစည်း ညီညွတ် တဲ့ ပုံသဏ္ဍာန် ကို ဖော်ပြစေချင်တယ်။ နိုင်ငံရေးအနှစ်သာရအားဖြင့်လည်း တိုင်းပြည်ရဲ့ အနာဂတ်အတွက် အကျိုးရှိမယ့် ဒီမိုကရေစီလမ်းကို အင်နဲ့ အားနဲ့ ခင်းပေးနိုင်တာမျိုးကို ဦးတည်သွားစေချင်ပါတယ်။

ကျေးဇူးတင်ပါတယ်ဆရာ။ ။ 

ရင်းမြစ်...  (မိုးမခ)

လက်ပန်းတောင်းတောင်ကိစ္စ ဒေါ်အောင်ဆန်းစုကြည် မေးမြန်း

ဆန္ဒပြပွဲတွေဖြစ်ပွားပြီး ဖမ်းဆီးတရားစွဲဆိုမှုတွေရှိနေတဲ့ လက်ပန်းတောင်းတောင် ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် က ဖုန်းဆက်မေးမြန်းလာတယ်လို့ ဒီကိစ္စကို ကြားဝင်ဆောင်ရွက်နေတဲ့ ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

ဒီနေ့ ဒေါ်ခင်စန်းလှိုင်ဟာ ဖမ်းဆီးတရားစွဲဆိုခံရသူတွေ ပြန်လည်လွတ်မြောက်ရေးကိစ္စနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနဲ့ ၁ နာရီကျော်ကြာ ဆွေးနွေးအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဆီက တယ်လီဖုန်း ဆက်လာတာလို့ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။

“ဒေါ်စုက ပြောပါတယ်။ ဒီကိစ္စဘယ်လိုလဲတဲ့။ အဆင်ပြေရဲ့လားလို့ မေးတဲ့အတွက်ကြောင့်မို့ ဒီကိစ္စရပ်ပေါ်မှာ ဒေါ်စုသည် အင်မတန် စိတ်ဝင်စားတယ်။ နောက်တခုက ဒီကိစ္စရပ်ပေါ်မှာ ဒေါ်စုလည်း စိုးရိမ်ပူပန်မှုရှိနေတယ် ဆိုတာတော့ သိသာပါတယ်။”

ဒေါ်ခင်စန်းလှိုင်က တိုင်းဝန်ကြီးချုပ်နဲ့ တွေ့စဉ်မှာ ဖမ်းဆီးခံထားရတဲ့ မသွဲ့သွဲ့ဝင်း၊ မဖြူဖြူဝင်း၊ မအေးနက်တို့နဲ့ ပတ်သက်တဲ့ သတင်းကောင်းကြားရပါစေမယ်လို့ ၀န်ကြီးချုပ်က ပြောလိုက်တယ်လို့ ပြောပြပါတယ်။

“ကျမက ၁၀ နာရီ ၁၅ က ၀န်ကြီးချုပ်နဲ့တွေ့ပါတယ်။ တွေ့တဲ့အခါကျတော့ ကျမက ဒီကလေးတွေ ပြန်လွှတ်ပေးမယ့်ကိစ္စနဲ့ ပတ်သက်လို့ ကျမအဓိကထားပြီးေ မးပါတယ်။ မေးတဲ့အခါကျတော့ သူက ကျမကို ပြောလိုက်တာကတော့ ဒီနေ့ပဲတဲ့။ အမြန်ဆုံးနဲ့ အကောင်းဆုံးသတင်းကို ကျမကို ပေးပါမယ်လို့ ပြောတော့ ကျမ အခု ၀န်ကြီးချုပ်ဆီက ပြန်လာမယ့်သတင်းကို စောင့်နေပါတယ်” လို့ မြန်မာစံတော်ချိန် ၂ နာရီ မိနစ် ၄၀ မှာ ဒီဗွီဘီကို ပြောပါတယ်။

ဒေါ်ခင်စန်းလှိုင်ဟာ တိုင်းဝန်ကြီးချုပ်နဲ့ ဒုတိယအကြိမ်မြောက် တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့က ပြောင်းရွှေ့ခိုင်းတဲ့ရွာတွေနဲ့ အသစ်တည်တဲ့ရွာတွေကို သွားရောက်လေ့ လာခဲ့ပြီး တွေ့ရှိ ချက်တွေ ကို ဒီနေ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးသာအေးနဲ့ တွေ့စဉ်မှာ တင်ပြခဲ့တယ် လို့ ဒေါ်ခင်စန်းလှိုင် က ပြောပါတယ်။

“မနေ့ကလည်း ၀န်ကြီးချုပ်ခွင့်ပြုချက်နဲ့ ပြောင်းရွှေ့ရတဲ့ရွာ ၄ ရွာနဲ့ ဦးပိုင်နဲ့ ကုမ္ပဏီက ဆောက်ပေးထားတဲ့ အိမ်သစ်တွေရှိတဲ့ရွာကိုလည်း ကျမတို့ ရောက်ခဲ့တယ်။ နောက်ပြီး မပြောင်းမရွှေ့ဘဲနဲ့ ရွာဟောင်းမှာကျန်ရစ်တဲ့ ပြည်သူလူထုတွေနဲ့လည်း မနေ့က တွေ့ခဲ့ရတယ်။”
“အဲတော့ ရွာသစ်မှာရှိတဲ့သူတွေရဲ့ လိုအပ်ချက်တွေ၊ အဆင်မပြေမှုတွေ၊ သူတို့တွေရဲ့ တောင်းဆိုမှုတွေလည်း ကျမတို့ ကြားခဲ့ရတယ်။ ရွာဟောင်းမှာကျန်ရစ်သူတွေရဲ့ လိုအပ်ချက်တွေ တောင်းဆိုချက်တွေလည်းပဲ ကြားခဲ့ရတယ်။ ဒီကိစ္စတွေအကုန်လုံးကို ၀န်ကြီးကို တင်ပြပေးလိုက်ပါတယ်။”

လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကို ဦးပိုင်ကုမ္ပဏီနဲ့ တရုတ် ၀မ်ပေါင်ကုမ္ပဏီတို့ တူးဖော်နေတာဖြစ်ပြီး ဒီစီမံကိန်းကို ရပ်တန့်ပေးဖို့ ရွာသားတွေက တောင်းဆိုနေသလို ရွာတွေအတင်းဖယ်ခိုင်းနေတာကိုလည်း လက်မခံဘဲ အန်တုဆန္ဒပြနေကြတာဖြစ်ပြီး ဖမ်းဆီးထားသူ အမျိုးသမီး ၁၂ ဦးအနက် ၃ ဦးကို တရားစွဲပြီး ကျန်သူတွေကို ပြန်လွှတ်ခဲ့ပါတယ်။
သတင်း...  DVB TV News

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်အပတ်စဉ်(၁)သင်တန်းဆင်းပွဲ










အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လူငယ်ဖွံ့ဖြိုးရေးအစီအစဉ်အရအပတ်စဉ်(၁)သင်တန်းဆင်းပွဲကိုယနေ့ မွန်းလွဲ (၂) နာရီကရန်ကုန်မြို့၊အနောက်ရွှေဂုံတိုင်လမ်းရှိအဖွဲ့ချုပ်ဌာနချုပ်သင်တန်းခမ်းမတွင်ကျင်းပခဲ့သည်။ 

ထိုသင်တန်းကာလအတွင်းဖွဲ့စည်းပုံအခြေခံဥပဒေ၊ စာရင်းအင်းနှင့် ဘဏ္ဍာရေး၊ လူထုစည်းရုံးရေး ၊ဝေဖန် ပိုင်းခြား စဉ်းစားဆုံးဖြတ်ခြင်းနှင့် မီဒီယာနည်းပညာ၊လူ့အခွင့်အရေး အစရှိသည့်ဘာသာရပ်များ သင်ကြားပို့ချပေးခဲ့သည်။

သင်တန်းဆရာများမှာ ဦးကိုနီ၊  ဒေါက်တာသိန်းလွင်၊ ဦးအောင်သိန်း၊ ဦးဌေးဦး၊ ဦးမိုးဇော်ဦး၊ ဦးထွန်းမြင့်၊ ဦးမျိုးမြင့်၊ ဦးလှထွန်း တို့မှာသင်ကြားပို့ချပေးခဲ့ပြီးပြည်နယ်နှင့်တိုင်း(၁၃)ခုမှ သင်တန်းသား(၅၄)ဦးကိုသင်တန်း ကာလ(၁၅)ရက်ကြာသင်ကြားပို့ချပေးခဲ့သည်။

သင်တန်းဆင်းပွဲသို့ အဖွဲ့ချုပ်နာယကကြီးဦးတင်ဦးနှင့် ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးအဖွဲဝင်ဦးဟံသာမြင့်(ပညာရေးတာဝန်ခံ)တို့မှ အမှာစကားပြောကြားပြီး သင်တန်းဆရာ၊ဆရာမများကိုယ်စား ဦးကိုနီ မှနှုတ်ခွန်းဆက်စကားပြောကြားသည်။

ထို့နောက်သင်တန်းမှထူးချွန်သောသင်တန်းသားများကိုအဖွဲချုပ်နာယကကြီးဦးတင်ဦးနှင့် ဦးဟံသာမြင့်တို့မှဂုဏ်ပြုဆု များချီးမြှင့်ပေးအပ်ခဲ့သည်။သင်တန်းသားများ ကိုယ်စားသင်တန်းသားနှစ်ဦးကကျေးဇူး တင်စကားပြန်လည်ပြောကြားပြီး သင်တန်းသူ၊ သင်တန်းသားများက အဖွဲ့ချုပ်နာယကကြီးနှင့် သင်တန်းဆရာများကို ဂါရ၀ပြုကန်တော့ခဲ့ကြသည်။

အခမ်းအနားကို(၃)နာရီခွဲတွင် ရုတ်သိမ်းလိုက်သည်။ ထိုသင်တန်းများကိုအပတ်စဉ်အလိုက်ဆက်လက်ပို့ချ သွားမည်ဟု သင်တန်းတာဝန်ရှိသူများကပြောကြားခဲ့သည်။ အခမ်းအနားပြီးဆုံးချိန်တွင် ကိုရဲလွင် ဦးဆောင်သော ပန်းရဲ့လမ်းအဖွဲ့မှ အဖွဲ့ချုပ်အား မိတ္တူကူးစက်တစ်လုံးလှူဒါန်းကာ တာဝန်ရှိသူများ ကလက်ခံခဲ့သည်။

သတင်း.၊ဓာတ်ပုံ.. National League for Democracy

မြောက်ပိုင်းအရှုပ်တော်ပုံနှင့်တရားစွဲဆိုမှုအပေါ် မိုးသီးဇွန်လည်း တရားရင်ဆိုင်သင့်

ABSDF(မြောက်ပိုင်း) ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သော တပ်တွင်း ရှုပ်ထွေးမှုများနှင့် ပက်သက်၍ သတ်ဖြတ်ခံရသော မြောက်ပိုင်းရဲဘော်တို့၏ မိသားစုဝင်များနှင့် လွတ်မြောက်လာသူအချို့၏ တရားစွဲဆိုမှု အပေါ် ABSDF ဥက္ကဋ္ဌဟောင်း မိုးသီးဇွန်ရင်ဆိုင်သင့်သည်ဟု မြောက်ပိုင်းမှ လွတ်မြောက် လာသော ABSDF အဖွဲ့ဝင်ဟောင်းဦးညီညီကျော်က ပြောကြားသည်။
ABSDF အဖွဲ့တွင်း ဖြစ်ပွားခဲ့ခြင်းကြောင့် တာဝန်ရှိသော ဒေါက်တာနိုင်အောင်နှင့် မိုးသီးဇွန်တို့သည် တရားစွဲဆိုခြင်းကို ရင်ဆိုင်မှသာလျှင် ဖုံးကွယ်ခြင်းခံရသော အဖြစ်မှန် ပေါ်ထွက် လာမည်ဖြစ်ကြောင်းနှင့် မြောက်ပိုင်းပြဿနာနှင့် ပက်သက်၍ အထူးစုံစမ်းစစ်ဆေးရေး အဖွဲ့အပြင် ပြန့်ကျဲ နေသော ရဲဘော်များနှင့်မိသားစုဝင်များ ပြန်လည်စုစည်းနိုင်ရန်အတွက် အထူးခုံရုံးတစ်ရပ်လည်း ဖွဲ့စည်းထားကြောင်း သိရသည်။
“ကိုမိုးသီးကို တရားစွဲတာနဲ့ ပက်သက်ပြီး ရင်ဆိုင်စေချင်တယ်၊ အမှန်တရားကို ဖော်ထုတ်စေချင်တယ်။ တာဝန်ယူမှုကိုအ များပြည်သူ ထင်သာ မြင်သာ ရှိလာအောင် လုပ်စေချင်တယ်၊ အဓိက စွပ်စွဲချင်တာတော့ ဒေါက်တာနိုင်အောင်ကိုပါ၊ ဒီတော့ ကိုမိုးသီး ကလည်း နှစ်ခုထဲမှာ ကွဲကွဲပြားပြား ဖြစ်စေ ဖို့ အမှန်တရား ဖော်ထုတ်တဲ့အခါ ပါဝင်စေချင်တယ်”ဟု ဦးညီညီကျော်က ဆိုသည်။
ပါဂျောင်စခန်းသတ်ဖြတ်မှုတွင် အဓိကအားဖြင့် ဥက္ကဋ္ဌဟောင်း ဖြစ်သူ ဒေါက်တာနိုင်အောင် ပါဝင်နေပြီး ၎င်းကိုယ်တိုင် လုပ်ဆောင်မှုများ ရှိခဲ့သလို ၎င်း၏အမိန့်ပေးခိုင်းစေမှုများလည်း ရှိခဲ့ ကြောင်းဦးညီညီကျော်က စွပ်စွဲထားသည်။
အဆိုပါကိစ္စများနှင့် စပ်လျဉ်း၍ တောင်ပိုင်းဥက္ကဌမိုးသီးဇွန်က မြောက်ပိုင်းမှ ပြန်လည်လွတ်မြောက်လာသော ရဲဘော်များ ကျဆုံးသွားသော ရဲဘော်များ၏ မိသားစုဝင်များနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် စက်တင်ဘာလ ၁၅ ရက်နှောင်းပိုင်းအတွင်းလာ ရောက်မည်ဖြစ်ပြီးABSDF အဖွဲ့၏ ဥက္ကဋ္ဌ ဟောင်း ဦးထွန်းအောင်ကျော်သည် စက်တင်ဘာလ ၁၄ ရက်နေ့လည်(၂)နာရီတွင် မန္တလေးမြို့၊ မြ၀တီမင်းကြီးကျောင်းတိုက်၌ အထက်ပါ တွေ့ဆုံဆွေး နွေးမည့် အကြောင်းများနှင့် စပ်လျဉ်း ၍ ပမာနအဆင့်အနေဖြင့် လာရောက်ညှိနှိုင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။
ပါဂျောင်စခန်းတွင် ဖြစ်ပွားခဲ့သောကိစ္စများနှင့် ပက်သက်၍ တရားရင်ဆိုင်မည့် ကိစ္စအား မိုးသီးဇွန်၏အဖွဲ့ဝင် တစ်ဦးကို အတည်ပြု မေးမြန်းခဲ့ရာ “ကိုမိုးသီးကလည်း တရားစွဲဆိုမှုကို လိုက်လျောမယ့် အနေအထားရှိပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။
မင်းခဏ် (   yangonchronicle )       

13 September 2012

Western Union မြန်မာပြည်တွင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်မည်

ကမ္ဘာ့ထိပ်တန်း နိုင်ငံတကာ ငွေလွှဲကုမ္ပဏီကြီးတခုဖြစ်တဲ့ Western Union ဟာ မြန်မာနိုင်ငံနဲ့ ငွေလွှဲလုပ်ငန်းစတင်ဖို့ မြန်မာ့အရှေ့တိုင်းဘဏ် (အမ်အိုဘီ) နဲ့ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ကမ္ဘာတလွှားမှာ ရောက်နေတဲ့ မြန်မာတွေ စိတ်ချ လျင်မြန် စွာ ငွေလွှဲနိုင်ကြတော့ မယ်လို့ တာဝန်ရှိသူတွေက ပြောကြားလိုက်ပါတယ်။

 မကြာသေးခင် သီတင်းပတ်အတွင်းက ရန်ကုန်မှာ သဘောတူလက်မှတ် ရေးထိုး လိုက်တာဖြစ်ပြီး ငွေလွှဲလုပ်ငန်းကတော့ ဒီနှစ်မကုန်ခင် စတင်နိုင်တော့မယ်လို့ Western Union ရဲ့ အာရှပစိဖိတ်ဒေသဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ မစ္စ ပီရာ ဒီလီမာက ဒီဗွီဘီကို ပြောပါတယ်။ “မြန်မာနိုင်ငံ သားတွေ အတွက် အကျိုးရမှာကတော့ မြန်မာပြည်တွင်းက ပြည်သူတွေအနေနဲ့ ကမ္ဘာ့နေရာ အတော် များများ ကနေ ငွေပို့ချင်တဲ့ မြန်မာတွေဆီ ကနေ ငွေလက်ခံ ရယူနိုင်တော့မှာပါ။ 

Western Union ကုမ္ပဏီရဲ့ ငွေလွှဲလုပ်ငန်းဟာ ပိုက်ဆံတွေကို မိနစ်ပိုင်းအတွင်း လွှဲပြောင်းတာတွေ လုပ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေစတာနဲ့ တပြိုင်နက်တည်း ကမ္ဘာတ၀န်းကနေ မြန်မာပြည် ကို ငွေလွှဲချင်သူတွေ Western Union ကနေ ငွေလွှဲနိုင်မှာဖြစ်ပြီး မိနစ်ပိုင်းအတွင်း ပိုက်ဆံ ရောက်သွားမှာပါ။” Western Union ရဲ့ မြန်မာပြည်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့် ရထားတဲ့ မြန်မာ့အရှေ့တိုင်း ဘဏ် (အမ်အိုဘီ)ဟာ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းလုပ်ကိုင်နေတာ ၁၉ နှစ်လောက် ရှိနေပြီဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်နဲ့ မုံရွာ စတဲ့ မြို့ကြီးတွေမှာ ဘဏ်ခွဲပေါင်း ၂၀ နီးပါး ဖွင့်လှစ်ထားတာပါ။ ငွေလွှဲလုပ်ငန်းအတွက် ၀န်ထမ်းတွေကို သင်တန်းပေးထားပြီဖြစ်ပြီး အမြန်ဆုံး လုပ်ငန်း စတင်နိုင်ဖို့ ကြိုးစားနေတယ်လို့ မြန်မာအရှေ့တိုင်းဘဏ်ရဲ့ နိုင်ငံခြား ဘဏ် လုပ်ငန်းဆိုင်ရာ အကြီးတန်း အထွေထွေမန်နေဂျာ ဦးသန်းဝင်းက ပြောပါ တယ်။ “သူက ကမ္ဘာအရပ်ရပ်မှာရှိတဲ့အတွက် မြန်ပါတယ်။ မိနစ်ပိုင်းအတွင်း လွှဲလို့ရမယ်။ အဓိက ဒီဘက်က ဆက်သွယ်ရေးလိုင်းကောင်းရင် စရိတ်အနည်းဆုံး၊ အမြန်ဆုံးနဲ့ အမှန်ကန်ဆုံးရောက်အောင် ၀န်ဆောင်မှုပေးတာ။ ကျနော်တို့ရှိတဲ့ ဘဏ်ခွဲ ၁၉ ခု ရှိတဲ့နေရာတိုင်းမှာ ထုတ်လို့ရပါမယ်။” မြန်မာ့အရှေ့တိုင်း ဘဏ်ခွဲရှိတဲ့ မြို့တိုင်းမှာ ငွေထုတ်နိုင်မှာဖြစ်ပေ မယ့် မြန်မာ နိုင်ငံကနေတော့ Western Union ကနေတဆင့် တခြားနိုင်ငံတွေကို ပြန်ပြီး ငွေပြန်လွှဲနိုင် မှာ မဟုတ်သေးဘူးလို့  ဦးသန်းဝင်းက ပြောပါတယ်။ လုပ်ငန်းစတင်ရင်တော့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ ဥရောပနဲ့ ဩစတြေးလျက သန်းနဲ့ချီတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေသာမက နိုင်ငံခြားသားတွေပါ မြန်မာနိုင်ငံကို အလွယ်တကူ အမြန် ငွေလွှဲနိုင်တော့မှာပါ။

 မြန်မာနိုင်ငံအပေါ် အမေရိကန်၊ အီးယူနဲ့ အနောက်နိုင်ငံတွေက စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ဆိုင်းငံ့ထားလိုက်ပြီးနောက်မှာ နိုင်ငံခြားဘဏ်တွေနဲ့ ငွေကြေး ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ဘဏ္ဍာရေးနဲ့ ငွေကြေးလုပ်ငန်းတွေ ၀င်ရောက်လုပ်ကိုင် လာတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် လပိုင်းကလည်း အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (မြန်မာ) နဲ့ Kasikorn Bank (ထိုင်း)၊ ကမ္ဘောဇဘဏ် (မြန်မာ) နဲ့ Siam Commercial Bank (ထိုင်း) တို့အကြား မြန်မာနိုင်ငံ ကို ငွေလွှဲတဲ့ လုပ်ငန်းတွေ စတင် လုပ်ကိုင်နေပါတယ်။

 Western Union ကုမ္ပဏီနဲ့ ဆက်စပ်ငွေလွှဲလုပ်ငန်းတွေဟာ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ လောက်မှာ ကိုယ်စားလှယ်ပေါင်း ၅သိန်းကျော်နဲ့ ငွေလွှဲလုပ်ငန်းတွေ လုပ်ဆောင်နေတာဖြစ်ပြီး တဦးချင်း ငွေလွှဲမှုပမဏက ပြီးခဲ့တဲ့နှစ်က အမေရိကန်ဒေါ်လာ ၂၂၆ သန်းရှိခဲ့ပါတယ်။ 

 သတင်း.... ဒီဗွီဘီ

မနန်းဝိုးဖန်အမှု လာမည့် လွှတ်တော်တွင် တင်မည်

စသုံးလုံးမှာ စစ်ဆေးနေတုန်း ၅ ထပ်ပြတင်းပေါက်ကနေ ပြုတ်ကျသေဆုံးသွားတဲ့ ရှမ်းတိုင်းရင်းသူ မနန်းဝိုးဖန် အမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ဖြေကြားတာကို မကျေနပ်တဲ့အတွက် လာမယ့် လွှတ်တော်အစည်းအဝေးကျရင် ဆက်ပြီး မေးမြန်းသွားဦးမှာ ဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် (ကျားဖြူ) ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးစောသန်းမြင့် က ပြောပါတယ်။ 

 ဒါ့အပြင် ဒီဖြစ်စဉ်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန ဖြေကြားချက်တွေကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီကိုလည်း ပေးပို့ထားပြီလို့ သိရပါတယ်။ 

မနန်းဝိုးဖန်ဟာ သူ့ခင်ပွန်း ဂျပန်အမျိုးသားရဲ့ အိမ်ခြံမြေ ရောင်းဝယ်မှုကို စသုံးလုံးက ခေါ်ယူ စစ်ဆေးရာမှာ သေဆုံးသွားတာ ဖြစ်တဲ့အတွက် စသုံးလုံးမှာ အပြည့်အ၀ တာဝန်ရှိကြောင်း၊ အမှုမှန်ပေါ်ပေါက်ပြီး အပြစ်ရှိတဲ့သူ အားလုံးကို တရားစွဲဖို့ လိုတယ်လို့ ဦးစောသန်းမြင့် က ပြောပါတယ်။ ကျင်းပပြီးသွားတဲ့ လွှတ်တော်အစည်းမှာတုန်းကတော့ ဖွဲ့စည်းပုံဆိုင်ရာ ခုံရုံးပြဿနာ တင်ပြဖို့ အခွင့်မသာခဲ့ဖူးလို့ သူက ရှင်းပြပါတယ်။ 

 သတင်း.... ဒီဗွီဘီ

ပြည်တော်ပြန်များ အမြဲတမ်းနေထိုင်ခွင့် ငါးနှစ်ပေးရန် အစိုးရစီစဉ်

12 September 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိအဖွဲ့ဝင် ဦးဝင်းတင် နဲ့ မေးမြန်းချက်

အမည်မည်းစာရင်း ပယ်ဖျက်ခြင်း နဲ့ ပြည်တော်ပြန်အရေး

ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းမှာ မြန်မာအစိုးရ ပယ်ဖျက်လိုက်တဲ့ အမည်မည်းစာရင်း နဲ့ ပြည်ပနိုင်ငံရေးသမားတချို့  ပြည်တော်ပြန်ကြတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့ အခြေစိုက် အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံညွှန့်ပေါင်းအစိုးရ ဝန်ကြီးချုပ်ဦးစိန်ဝင်း ကို ဗွီအိုအေမြန်မာသတင်းဌာန ဌာနမှူး ဦးသန်းလွင်ထွန်း က တွေ့ဆုံမေးမြန်းထားပါတယ်။

 ဦးစိန်ဝင်း ။ ။ ကျနော်တို့ အယူအဆက နအဖအစိုးရလက်ထက်။ နအဖအာဏာပိုင်တွေ လက်ထက်က ဒီအမည်မည်းစာရင်းကို ပြုစုခဲ့တာ။ အဲဒါကိုဖျက်တယ်။ National Reconciliation အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဒါလုပ်ပေးတယ်ဆိုရင်တော့ ကောင်းတဲ့လုပ်ရပ် ကြိုဆိုကြရမှာပေါ့။ ဒါပေမဲ့ အခု ကျနော်တို့ တွေ့ရတာကတော့ ၂၀၀၀ ပဲရှိသေးတယ်။ ကျန်တဲ့ ၄၀၀၀ က ကျန်သေးတယ်။ ဒီ ၄၀၀၀ ကိုလည်း မြန်မြန်ဖျက်ပြစ်ပေးဖို့။

 ဦးသန်းလွင်ထွန်း ။ ။ ပထမဆုံးအနေနဲ့ ဒီစာရင်းမှာ ပယ်ဖျက်ပေးတဲ့ထဲမှာ ဦးစိန်ဝင်းရဲ့  နံမည်ပါ ပါလာပြီဆိုတော့ ဆရာအနေနဲ့ ပြန်ဖို့အစီအစဉ်ရှိ ပါသလား။

 ဦးစိန်ဝင်း ။ ။ အခုတော့ အစီအစဉ်မရှိသေးဘူးပေါ့။ 

ဦးသန်းလွင်ထွန်း ။ ။ ဘယ်လိုအကြောင်းတွေကြောင့် အခုလက်တွေ့ အစီအစဉ်မရှိသေးတာလဲ။ အထူးသဖြင့် ဆရာတို့အနေနဲ့က အခုလောလောဆယ် ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့  ဝန်ကြီးချုပ်အနေနဲ့ မြန်မာပြည်ကို ပြန်လို့ရပါ့မလား။

 ဦးစိန်ဝင်း ။ ။ အဲဒါကတော့ အစောကြီးကတည်းက ပြောပါတယ်။ ဟိုအရင်ကတည်းက တော်တော်ကြာကတည်းက ဒီအဖွဲ့ကိုဖျက်မယ်ဆိုတာကို ပြောထားတယ်။ ဖျက်ဖို့အတွက်ကလည်း ၁၉၉၀ ရွေးကောက်ပွဲ ကနေ အနိုင်ရခဲ့တဲ့ ပြည်သူ့လွှတ်တော် အဖွဲ့နဲ့ စေ့စပ်နေ တယ်။ စကားပြောနေတယ်။ ဒါက ဖျက် မှာပဲ။ ဖျက်ဖို့ကတော့ သေချာသလောက် ဖြစ်ပါ တယ်။ အဲဒီတော့ ဒါကြီးကိုကိုင်ပြီး ပြန်ဖို့ဆိုတာကိုတော့ ကျနော်လည်း မမြင်ပါဘူး။

 ဦးသန်းလွင်ထွန်း ။ ။ အခု ပြန်သွားတဲ့ အခုအသုံးစကားနဲ့ပြောရင်တော့ ပြည်တော်ပြန်တွေ။ အပြင်ဖက်မှာ နိုင်ငံရေးတွေ ထင်ထင်ရှားရှား လုပ်ခဲ့တဲ့သူရှိသလို တခြားလှုပ်ရှားမှုအသီးသီး မှာ နေရာယူပြီးလုပ်ကိုင်ခဲ့ သူတွေ ပြန်သွားကြတာ ရှိပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ကြားနေ ရတဲ့ တချို့ သတင်းပုံသဏ္ဍာန်တွေ အရဆိုရင် ပြီးခဲ့တဲ့ ၂၄ နှစ်တာကာလ အတွင်း ဆုံးရှုံးခဲ့ရ တာတွေ၊ ရှည်ကြာခဲ့ရတာတွေ ဟာ ပြည်ပမှာ နိုင်ငံရေး လုပ်ဆောင်ခဲ့တဲ့ သူတွေရဲ့  ချို့ ယွင်းမှုကြောင့် သဘောမျိုး ပြစ်တင် တဲ့ပုံစံမျိုးတွေ ကြားနေရပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဆရာတို့ ဘယ်လိုတုံ့ပြန်ချင် သလဲ။ 

 ဦးစိန်ဝင်း ။ ။ အဲဒါကိုတော့ ကျနော်အနေနဲ့ လုံးဝမှန်တယ်လို့တော့ ပြောလို့မရပါဘူး။ ပြည်တွင်းမှာ ပြည်တွင်းပြဿနာတွေ ရှိပါတယ်။ ဖိနှိပ်မှုတွေ ဘာတွေ။ ပြည်ပထက် အများကြီးဆိုး ပါတယ်။ ဒါကို ကျနော်တို့ လက်ခံပါတယ်။ ဒါပေမဲ့ ပြည်ပမှာလည်း ပြည်ပပြဿနာတွေ အများကြီးရှိ ပါတယ်။ တချို့ ဟာတွေက ပြင်လို့ရတယ်။ တချို့ ဟာတွေက ပြင်လို့မရတဲ့ ပြဿနာတွေ အများကြီးနဲ့ ကြုံရပါတယ်။ ဒီဖက်က အခက်အခဲတွေရှိ တယ်။ ပြည်တွင်း က expectation မျှော်လင့်ချက်နဲ့ မကိုက်တာတွေလည်း ရှိချင်ရှိမှာပေါ့။ ဒါပေမဲ့ လုံးဝမဟုတ်ဘူးဆိုတာတော့ မဟုတ်ပါဘူး။ ပြင်ပကလုပ်တဲ့ ဟာနဲ့ ပြည်တွင်းလုပ်တာနဲ့ ဆက် စပ်ပြီး သွားပေးကြရတာပေါ့။

 ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း ပြည်ပလှုပ်ရှားမှုရဲ့  အဓိကအခန်းကဏ္ဍက ဘာလို့ဆိုချင်သလဲ။ 

 ဦးစိန်ဝင်း ။ ။ အဓိကအခန်းကဏ္ဍကတော့ ပြည်တွင်းနဲ့ပေါင်းပြီးတော့ - ပေါင်းတယ်ဆိုတာက ပြည်တွင်းကိုကြည့်ပြီးတော့ ပြည်တွင်းအသံတွေကို ပြည်ပမှာဖြန့်ချီပေးကြတယ်။
 နိုင်ငံတကာမှာ ဗမာပြည်အကြောင်းကို ပို၍ပို၍သိအောင် အခုတော့ အကုန်လုံးသိပြီပေါ့။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရကတည်းက ပြန့်သွားပါပြီ။ သို့သော်လည်း ပိုပြီးတော့ တိတိကျကျသိအောင် ဖြန့်ပေးတယ်။ နောက်တခုကတော့ sanction – sanction ဖြစ်ပေါ်လာတယ်။ ပြည်ပရဲ့  တွန်းအားပေးမှုတွေလည်း အများကြီးပါပါတယ်။

 ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းမှာ မတရားအဖမ်းဆီးချခံထားရတဲ့ လွတ်မြောက်ရေးနဲ့ ပြည်သူတွေရဲ့  ဂုဏ်သိက္ခာတက်ရေးအပါအဝင် ပြည်ပက အော်ပေးခဲ့တာတွေရှိတာပေါ့။

 ဦးစိန်ဝင်း ။ ။ အများကြီး ရှိပါတယ်။

 ဦးသန်းလွင်ထွန်း ။ ။ ဒါပေမဲ့ ဒီနေရာမှာ ကျနော်တို့ သတိထားမိတဲ့အချက်လေးတခုကဘာလဲဆိုတော့ ပြည်တွင်းကိုပြန်သွားတဲ့ ပြည်ပက နိုင်ငံရေးပုဂ္ဂိုလ်တချို့ ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုရေး၊ မကြိုဆိုရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲတဲ့ အနေအထားမျိုးလေးတွေ မြင်ရပါတယ်။ ဒါက ပြည်တွင်းမှာရှိနေ တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ အနေနဲ့ ပြင်ပမှာရှိနေတဲ့ လူတွေကို နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ၊ ရည်မှန်းချက် အတူတူ တခုခုကို ဆောင်ရွက်ခဲ့သူတွေအနေနဲ့ အသိအမှတ်မပြုဘူး ဆိုတဲ့ သဘောလား။ 

 ဦးစိန်ဝင်း ။ ။ အဲဒီလိုတော့ … ဒါကတော့ သူတို့ကို မေးမှပဲ သိမှာပေါ့။ တကယ်တမ်းကြတော့။ ကျနော်တို့အနေနဲ့ ဘာခေါ်မလဲ speculation ခန့်မှန်းရတာပေါ့။ ခန့်မှန်းရတာတော့ အဆက်အစပ်နည်းနေလို့ပဲ ဖြစ်မယ်။ ဒါက ကျနော်တို့ ခန့်မှန်းတာ။ တကယ်တော့ သူတို့ မေးကြည့်မှပဲ သိမှာပဲ။ ဒီ ပြည်တွင်းမှာရှိတဲ့ အဖွဲ့နဲ့ ပြည်ပမှာရှိတဲ့အဖွဲ့ ဆက်စပ်မှု၊ နားလည်းမှု၊ တည်ဆောက်မှု အားနည်းလို့ပဲ ဖြစ်မှာပေါ့။ 

 ဦးသန်းလွင်ထွန်း ။ ။ ထူးခြားတဲ့အချက်ကလေးတခုလည်း ကျနော် သတိထားမိတာ ရှိပါတယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလို့ရှိရင် မကြာသေးခင်က ပြည်ပက ဝင်ရောက်သွားခဲ့တဲ့ ပြန်ဝင်ခွင့်ရတဲ့ အတိုက်အခံတွေထဲက အဖွဲ့အစည်းလူပုဂ္ဂိုလ်တွေနဲ့ ကျနော် သိသလောက်တော့ ထင်ထင်ရှားရှား တွေ့ဆုံခဲ့တယ်ဆိုတာ မမြင်ရဘူး။ အပြင်မှာတော့ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့  လမ်းစဉ်။ အန်အယ်လ်ဒီရဲ့  လမ်းညွှန့်မှုကို ခံတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ အနှစ် ၂၀ လုံးလုံး ကျနော်တို့ ကြားနေခဲ့ရပါတယ်။ ကြားခဲ့ရပြီး အခုနောက်ပိုင်း ပြန်ဝင်သွားတဲ့အခါကြတော့ ဒီလို တွေ့ဆုံမှု၊ ကြိုဆိုမှု၊ ညှိနှိုင်းမှုဆိုတာ မကြားရဘူးဆိုတော့ ဘာတွေများ ချို့ ယွင်းနေလို့လဲ။

 ဦးစိန်ဝင်း ။ ။ အဲဒါလည်း တိုက်ရိုက်မေးဖို့ ပိုလိုတာပေါ့။ ကျနော်ကတော့ ဘေးကနေ ထိုင်ပြီးတော့ ကြည့်တဲ့လူအနေနဲ့ အမှားလည်းရှိရင်ရှိမှာပေါ့။ ကျနော့်ရဲ့  opinion ပြောရုံပဲရှိတာပေါ့။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် က ထိပ်ဆုံးကနေ သူလုပ်နေတယ်။ လုပ်နေတဲ့အခါမှာ တိုင်းပြည်ရဲ့  မျက်နှာ၊ တိုင်းပြည်ကောင်းဖို့၊ ရေရှည်ရေတို သူက လုပ်နေတယ်။ ဒီအချိန်မှာ အမှားအယွင်းဆိုတာ အတော်ကြောက်စရာကောင်းတယ်။ ဒါကြောင့် သူအမှားအယွင်းကို နည်းနည်းရှောင်တဲ့အဆင့်လည်း ရှိမှာပေါ့။ တခါတလေကြတော့လည်း သူနဲ့တွေ့တဲ့လူတွေက တချိန်က ရှင်းရှင်းပြောရရင်တော့ ပါးစပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်လို့ ပြောတာပဲ။ လူတိုင်းပြောတာပဲ။ ဒါပေမဲ့လို့ အန်အယ်လ်ဒီ၊ ဒေါ်အောင်ဆန်းစုကြည် က ချမှတ်ခဲ့တဲ့ လမ်းစဉ်ကို ပြောင်းပြန်သွားကြတယ့်လူတွေ။ မှားတယ်လို့ မပြောဘူး။ ပြောင်းပြန်သွားတဲ့လူတွေ။ ကျနော်တို့က မင်းကလည်း ဒီပေါ်လစီပဲ၊ ငါက ဒီပေါ်လစီ။ တယောက်နဲ့တယောက်တော့ မတူဘူး။ အဲဒီတော့ မင်းလည်း မင်းပေါ်လစီနဲ့ပြော၊ ငါလည်းငါ့ပေါ်လစီနဲ့ ပြောမယ်ဆိုရင် ရှင်းတယ်။ မဟုတ်ဘဲ နှစ်ယောက်အတူ တွဲထွက်တယ် … ဘယ်လိုဖြစ်ကုန်ကြသလဲဆိုတဲ့ မေးခွန်းတွေက လာအုံးမယ်။ အဲဒီတော့ ရှင်းရှင်းလင်းလင်း ဖြစ်စေချင် တယ်အကြောင်းလည်း ရှိမယ်။ ကျန်တဲ့အကြောင်းကတော့ တခါတလေမှာ သူက အကုန်လုံးနဲ့ တွေ့ဖို့မလွယ်တဲ့ကိစ္စတွေလည်း ရှိမယ် အမျိုးမျိုးပေါ့။ အဲဒီတော့ လူတွေက သူတို့အဖွဲ့ထဲက လူတယောက်၊ ပုဂ္ဂိုလ်တယောက်နဲ့ တွေ့တော့လည်း ပြီးတာပေါ့။ ဒေါ်စုနဲ့ တွေ့မှ မဟုတ်ပါဘူး။ 

 ဦးသန်းလွင်ထွန်း ။ ။ ဒါက ပြည်တွင်းဖြစ်တဲ့အချက်ပေါ့။ ပြည်ပကို ခရီးထွက်တဲ့အချိန်မှာဆိုရင်လည်း အထူးသဖြင့် ကျနော်တို့ တွေ့ရတာက အော်စလို၊ အင်္ဂလန် ခရီးစဉ်တွေမှာဆိုလို့ရှိရင်လည်း ဦးစိန်ဝင်း ကိုယ်တိုင်လည်း အဲဒီကို ရောက်တာကို ကျနော်တို့ ကြားသိရပါတယ်။ ဒါပေမဲ့ ဦးစိန်ဝင်းနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တို့ လူသိရှင်ကြားသိတယ်ဆိုတဲ့ သတင်းတော့ မတွေ့ရဘူး ပါဘူး။ ဒါကရော ဘာအတွက်ကြောင့်ပါလဲ။ အထူးသဖြင့် ပြည်ပမှာရှိတဲ့ အမျိုးသားညွှန့်ပေါင်းအစိုးရ အဖွဲ့ - အဲဒီအဖွဲ့နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေ နဲ့ ထောက်ခံတယ်၊ မထောက်ခံဘူးဆို တာ ကို သေချာမပြောခဲ့ပေမယ့် ပြည်ပရောက် အမျိုးသားညွှန့်ပေါင်းအစိုးရ က ပြည်တွင်းက အန်အယ်လ်ဒီရဲ့  လမ်းစဉ်ကို ထောက်ခံပြီး လုပ်ဆောင်ခဲ့တဲ့ အဖွဲ့အစည်းဆိုတာကို အားလုံးသိပါတယ်။ ဒါပေမဲ့ ဒီလိုအဖွဲ့အစည်း ပြည်ပရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့မှာ ရှိနေတဲ့ ပါဝင်နေတဲ့အဖွဲ့အစည်းအနေနဲ့ ဘာကြောင့်မို့ လူသိရှင်ကြား တွေ့ဆုံမှု မရှိခဲ့တာလဲ။ 

 ဦးစိန်ဝင်း ။ ။ အဲဒါက ကျနော်တို့လည်း လူသိရှင်ကြား မတွေ့ချင်ဘူးဗျ။ ပွင့်ပွင့်လင်းလင်း ပြောရင်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က ဒေါ်စုရဲ့  အခက်အခဲတွေကို သိပါတယ်။ သူက တော်တော်ခက်တဲ့ အလုပ်ကို လုပ်နေရပါတယ်။ ဆိုတော့ ဥပမာဆိုရင် အမျိုးသားညွှန့်ပေါင်းအစိုးရဟာ ဦးသိန်းစိန်က နောက်ဆက်တွဲ နအဖနဲ့က ထိပ်တိုက်ပါ။ ကျနော်တို့ တခါကြားဘူးတယ် အန်အယ်လ်ဒီနဲ့တော့ ပြောချင်ပြော မယ်။ အမျိုးသားညွှန့်ပေါင်းအစိုးရနဲ့ ဘယ်တော့မှ မပြောဘူးဆိုတဲ့ဟာမျိုး။ ဆိုတော့ ကျနော်တို့က နံပတ်တစ် ရန်သူလို မြင်လာတယ်။ သစ္စာဖောက်လို မြင်လာ တယ်။ Treason ပေါ့။ အမျိုးမျိုးပေါ့။ ဒီဟာကို ဒီအရိပ်ကို ဒေါ်စုပေါ်မှာ မကျစေချင်ဘူး။ ကျနော်တို့ လုပ်တဲ့အလုပ်က ဒါတလုပ်ပေါ့။ ဒါလည်းပါပါတယ်။ ဒေါ်စုဖက် က တွေ့ခဲ့လို့ရှိရင်လည်း တဖက်ကတော့ အခုမှ နိုင်ငံခြားထွက်တာ။ နောက်ပြီးတော့ ဦးသိန်းစိန်တို့လို့ embassy တို့ဘာတို့တောင် ရှိတာမဟုတ်ဘူး။ အမှားတွေတော့ ရှိမှာပေါ့။ နောက်တခုက ဘာလဲဆိုတော့ သူက တယောက်နဲ့တွေ့ရင် နောက်တယောက်နဲ့ ဘာလို့မတွေ့သလဲဆိုတဲ့ မေးခွန်းတွေကလဲ အများကြီးရှိမှာ။ အဲဒါတွေ ဖြေဖို့အချိန်လည်း ရှိမှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ အပြင်ဖက်မှာရောက်နေတဲ့ အတွင်းက ဒေါ်စုနဲ့ ရင်းနှီးတဲ့လူတွေကလည်း အများကြီး။ အဲဒီတော့ တခါတလေတော့လဲ လူမသိဘဲ တွေ့တာပိုကောင်းသလိုပေါ့။ ရှင်းရှင်းလင်းလင်းပြောရင်။ 

 ဦးသန်းလွင်ထွန်း ။ ။ နောက်တချက်ကတော့ အခု မကြာသေးခင်က ပြည်တွင်းကို ဝင်သွားတဲ့ တချိန်က အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့ အဖွဲ့ဝင် ဒေါက်တာသောင်းထွန်းဆိုရင် ဆရာတို့ လက်ခံထားတဲ့ ဆုတံဆိပ်တချို့ ကို ဒေါ်စုစုနွေး၊ ကိုမင်းကိုနိုင်တို့ဆီ လွှဲပြောင်းပေးအပ်ခဲ့တာ ကြားပါတယ်။ အလားတူပဲ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား ယူပေးထားတဲ့ ဆုတံဆိပ်တွေလည်း ရှိနေပါသေးတယ်။ အဲဒီ ဆုတံဆိပ်တွေကို ဆရာတို့အနေနဲ့ သွားရောက်ပြီး လွှပြောင်းပေးအပ်ဖို့ အစီအစဉ်တွေ၊ ဘာတွေ ရှိပါသလား။ 

 ဦးစိန်ဝင်း ။ ။ ပေးနိုင်ရင်တော့ အကောင်းဆုံးပဲ။ ကျနော်တို့လည်း သေချာအကြာကြီး မထိန်းသိမ်းချင်ဘူး။ ဒေါက်တာသောင်းထွန်း ပေးတာကတော့ ကျနော်တို့က ဝမ်းသာပါတယ်။ သို့သော်လည်းပဲ ဒေါက်တာသောင်းထွန်းက ကျနော်တို့ကို ပြောသင့်တယ်။ ကျနော် ဒါယူသွားမယ်၊ ကျနော် ဒါတွေပေးမယ်။ ဘာကြောင့်လဲဆိုတော့ ဒီပစ္စည်းတွေက သူ့ကိုယ်ပိုင်ပစ္စည်းမဟုတ်ဘူး။ အဖွဲ့အစည်းနဲ့ သွားယူတာ။ အဖွဲ့အစည်းကို ပြောဖို့။ သူက အဖွဲ့အစည်းအပြင် ရောက်သွားပေမယ့်လည်း အဲဒီအချိန်တုန်းက လုပ်တဲ့အလုပ်က အဖွဲ့အစည်းနဲ့ သွားလုပ်တဲ့အလုပ်။

 ဦးသန်းလွင်ထွန်း ။ ။ ဒါက အဖွဲ့အစည်းက လွှဲလိုက်တာ မဟုတ်ဘူးလား။

 ဦးစိန်ဝင်း ။ ။ မဟုတ်ပါဘူး။ လုံးဝ မဟုတ်ပါဘူး။ သိတောင် မသိဘူးပေါ့ဗျာ။ နောက်ဆုံးတော့ အဲဒီသတင်းကို ကြားတော့မှ သိတာပါ။

 ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ နောက် ကျန်ရှိနေသေးတဲ့ ဆုတံဆိပ်တွေကိစ္စ။

 ဦးစိန်ဝင်း ။ ။ အဲဒါတော့ တချို့ တွေ သူ့လက်ထဲမှာ ရှိမရှိတော့ ကျနော် မသိဘူး။ ကျနော်လက်ထဲမှာ ရှိတဲ့ဟာကတော့ ရှိတာပေါ့။ ကျနော်ကိုယ်တိုင် သွားယူတယ်။ တချို့ ဟာတွေတော့ ရှိပါတယ်။ 

ဦးသန်းလွင်ထွန်း ။ ။ ဆရာအနေနဲ့ မကြာခင် အနာဂတ်မှာ တကယ်လို့များ မြန်မာပြည် ပြန်ခဲ့တဲ့ဆိုရှိရင် လူထုရဲ့  တုံ့ပြန့်မှုက ဘယ်လိုရှိမယ်လို့ ထင်ပါသလဲ။ 

 ဦးစိန်ဝင်း ။ ။ ကျနော်ကတော့ အခုအနေအထားကနေ ပြောဖို့တော့ မလွယ်ဘူးပေါ့။ ဒါပေမဲ့ ကျနော်ကတော့ ကျနော့် လိပ်ပြာ ကျနော်သန့်တယ်။ ကောင်းတဲ့ဟာ ကျနော်လုပ်တာ။ မှန်တဲ့ဟာ လုပ်တယ်။ မှန်တယ်ထင်တဲ့ဟာ လုပ်တယ်။ လူထုအတွက် ကျနော်တို့ လုပ်တယ်။ တိုင်းရင်းသား အကုန်လုံးအတွက် ကျနော်တို့ တတ်နိုင်သမျှလုပ်တယ်။ အဲဒီအတွက် ကျနော်ကတော့ လိပ်ပြာသန့်ပါတယ်။ နောက်ဆက်လုပ်သွားမယ်ဆိုရင်လည်း အဲဒီလိုပဲ တိုင်တိုင်ပင်ပင်နဲ့ လုပ်သွားနိုင်တဲ့ဟာ လုပ်သွားရင်တော့ ကောင်းတာပေါ့ဗျာ။

 ဦးသန်းလွင်ထွန်း ။ ။ ဝါရှင်တန်ဒီစီမြို့ တော်မှာ ရှိနေတဲ့ အဝေးရောက်ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရ ဝန်ကြီးချုပ် ဦးစိန်ဝင်း ကို တွေ့ဆုံမေးမြန်းခဲ့တာပါ။

ယနေ့ မုံရွာမြို့မြင်ကွင်း














 ယနေ့ ညနေပိုင်း ၆နာရီအချိန်အထိ ကျန်ရှိနေသေးသော ၀က်မှေးရွာသူ ၃ဦး အား ပြန်လည်လွှတ်ပေးခြင်း မရှိသေးသဖြင့် ဗကသကျောင်းသားများ ၀က်မှေးရွာခံများနှင့် မုံရွာမြို့ခံများလူဦးရေ၅၀၀၀နီးပါးခန့်မုံရွာမြို့အတွင်းလှည့်လည်တောင်းဆိုလျက်ရှိသည်။ယခုသတင်းပေးပို့
 နေချိန်တွင်ကျောက္ကာလမ်းမသို့သွားနေပြီဖြစ်ကြောင်း မုံရွာမြို့ခံများက ပြောကြားသည်။

 ဓာတ်ပုံ-ကိုသက်(မုံရွာ)The Voice

11 September 2012

အလွန်အကျွံ ခိုင်းစေမှုကြောင့် အလုပ်သမား ၆၀၀ ကျော်ဆန္ဒပြ

ရန်ကုန်တိုင်း၊ တောင်ဒဂုံစက်မှုဇုန်မှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် ဒဂုံဆိပ်ကမ်း အထည်ချုပ်စက်ရုံက အလုပ်သမား ၆၀၀ ကျော်ဟာ အလုပ်ရှင်ရဲ့ အလွန်အကျွံ ခိုင်းစေမှုတွေကို မကျေနပ်တဲ့အတွက် တောင်းဆိုချက် ၁၀ ချက်နဲ့ စက်ရုံအတွင်းရော အပြင်မှာပါ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြ
ပါတယ်။

အစိုးရက အလုပ်ချိန် တစ်နေ့ (၈) နာရီ သတ်မှတ်လိုက်တဲ့နောက် အလုပ်ရှင်က တစ်နာရီ
အတွင်း ပြီးစီးရမယ့် ချုပ်ထည် သတ်မှတ်ချက်ကို မလျှော့ချဘဲ အဆမတန် ခိုင်းစေ နေတာကြောင့် အလုပ်သမားတွေဘက်က မခံမရပ်နိုင်ဖြစ်ပြီး အခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တစ်ဦးက RFA ကို အခုလို ပြောပြပါတယ်။

"မနက် ၇ နာရီခွဲကနေ စတာလေ။ ၉၅ ယောက်။ အထဲထဲမှာလည်း လူတွေရှိသေးတယ်။ သူတို့က အပြင်ကို ထွက်ချင်တယ်။ ထွက်လို့မရဘူး။ ၄၅ မိနစ်ကို အထည် ၄၀-၄၅ ချုပ်ရတယ်။ အရင်တုန်းက မိနစ် ၆၀ ကိုမှ ၅၀-၄၅ ချုပ်ရတယ်။ ဒီအချက် တွေက အလုပ်သမားတွေအတွက် အရမ်းနစ်နာနေလို့ တောင်းဆိုတာ။ အလုပ်ရှင်က လိုက်လျောတယ်လို့ ဘာတစ်ခုမှ မပြောသေးဘူး။ အလုပ်သမားတွေကလည်း သူတို့တောင်းဆိုချက်တွေ မရသေးလို့ မဝင်နိုင်ဘူးတဲ့။ ဒီတောင်းဆိုချက် ၁၀ ချက်လုံး ရမှ အထဲထဲကို အလုပ်ပြန်ဆင်းနိုင်မယ်။ မရရင် မဆင်းဘူး"

ဒီကနေ့ ဆန္ဒပြပွဲမှာ အလုပ်ရှင်၊ အလုပ်သမား သဘောတူ စာချုပ်ချုပ်ပေးဖို့၊ ရာထူးကြီးတဲ့ အလုပ်သမားတွေက ရာထူးငယ်တဲ့ အလုပ်သမားတွေအပေါ် ကြမ်းတမ်းမောက်မာစွာ မဆက်ဆံဖို့၊ အလုပ်သမား အချင်းချင်းကြား ခွဲခြားဆက်ဆံမှု မပြုလုပ်ဖို့၊ စက်ရုံတွင်းမှာ ဖိနပ်စီးခွင့်ပေးဖို့ စတဲ့
တောင်းဆိုချက်(၁၀) ကို အလုပ်သမားတွေဘက်က တောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီ (၁၀) ချက်ထဲက အလုပ်ရှင်၊ အလုပ်သမားကြား နှစ်ဦးနှစ်ဖက် ညှိနှိုင်းပြီး လုပ်ခလစာ တိုးမြှင့်ပေးဖို့ အချက်ကလွဲပြီး ကျန်တောင်းဆိုချက် အားလုံးကို လိုက်လျောပေးဖို့ အလုပ်ရှင်ဘက်က ညနေပိုင်းမှာ သဘောတူညီလိုက်တယ်လို့ သိရပါတယ်။
 
သတင်း...RFA


10 September 2012

ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတဦးသိန်းစိန် ပြောကြားသည့် မိန့်ခွန်း


 

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ-

အခုဆိုရင် ပြည်ထောင်စုဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီး အသစ်တွေ ကတိသစ္စာ ပြုခဲ့ကြ ပါပြီ။ ပြည်ထောင်စု ဝန်ကြီးအသစ်တွေ၊ ဒုတိယဝန်ကြီးတွေ ယခုလို အသစ်ခန့်အပ်ခြင်း ခံရတဲ့
အတွက် ဝမ်းသာ ဂုဏ်ယူမိကြောင်း၊ ကျွန်တော်တို့ အစိုးရအဖွဲ့က လှိုက်လှဲစွာ ကြိုဆိုကြောင်း ရှေးဦး စွာ ပြောကြားလိုပါတယ်။

ကျွန်တော်တို့ အစိုးရအဖွဲ့အတွင်းမှာ လုပ်ဖော်ကိုင်ဖက်တွေ ယခုလို တိုးပွားလာတဲ့ အတွက် တိုင်းပြည်ရဲ့ လုပ်ငန်းတာဝန်တွေကို ပိုမိုပြီး ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်မယ် လို့လည်း အခိုင်အမာယုံကြည် ထားပါတယ်။ ဒီလို ယုံကြည်ထားလို့လည်း စနစ်တကျ ရွေးချယ်ပြီး ဥပဒေနဲ့အညီ ခန့်အပ် တာဝန်ပေး ခဲ့တာ ဖြစ်ပါတယ်။

ယခုလို ရာထူးတွေ တိုးမြှင့်ခန့်အပ်တာဝန်ပေးမှု ခံရခြင်းဟာ မိမိတို့ရဲ့ကြိုးစားမှု၊ ရိုးသားမှု ကြောင့် သာ ဖြစ်ပြီး ကြီးလေးတဲ့ရာထူးတွေ တိုးမြှင့်ရရှိလာတာနဲ့အမျှ မိမိတို့ ထမ်းဆောင်ကြရမယ့် တာဝန်တွေ ဟာလည်း ပိုမိုပြီး ကြီးမား များပြားလာမှာ ဖြစ်တဲ့အတွက် ဒီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင် ဖို့ကြအတွက် အရည် အချင်းတွေ၊ အရည်အသွေးတွေ ပြည့်ဝနေအောင် အမြဲ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

တာဝန်ဆိုတဲ့နေရာမှာ နိုင်ငံတော်ရဲ့တာဝန်၊ မိမိတို့ ဝန်ကြီးဌာနရဲ့ တာဝန်တွေအပြင် တစ်ဦး ချင်း စောင့် ထိန်း ရမယ့် တာဝန်တွေ ရှိပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံတော်ရဲ့ တာဝန်ကို ကျေပွန်ဖို့ အရေးကြီးပါတယ်။ အဓိကကျတဲ့ နိုင်ငံတော်ရဲ့ တာဝန်ဟာပြည်ထောင်စုကြီး မပြိုကွဲ မပျက်စီးအောင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲ မပျက်စီးအောင်၊ မိမိတို့ရဲ့အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲအောင် ထိန်းသိမ်း စောင့်ရှောက်ကာကွယ်ရေးပဲ ဖြစ်ပါတယ်။

မိမိတို့ဝန်ကြီးဌာနရဲ့ တာဝန်ဆိုတာကတော့ ပြည်ထောင်စုအစိုးရရဲ့ တာဝန်တွေ အောင်မြင်ဖို့ အတွက် ဝန်ကြီးဌာနအလိုက် ခွဲဝေ ထမ်းဆောင် နေကြတဲ့ တာဝန်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်တွေက ဘာတွေလဲ၊ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ တာဝန်တွေ၊  ဆောင်ရွက် ချက်တွေက ဘာတွေလဲ။ ဒါတွေကို တစ်ဦးချင်း နားလည်သိရှိ ထားကြဖို့ လိုပါတယ်။

တိုင်းပြည်ရဲ့တာဝန်၊ အစိုးရရဲ့တာဝန်တွေကို မိမိတို့ကိုယ်တိုင် ပါဝင်လုပ်ဆောင် အကောင် အထည်ဖော် ကြရ မှာ ဖြစ်တဲ့အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် ကြရာမှာ အစွန်းတစ်ဖက် သို့ ရောက် မသွားစေဖို့ အထူး သတိပြုပြီး မူဝါဒများကို ယုံယုံကြည်ကြည် ခံယူထားကြဖို့ လိုပါ တယ်။ အသိမှန်မှ အလုပ်မှန်မှာ ဖြစ်ပါတယ်။

ဒီကနေ့ ကျွန်တော်တို့ အစိုးရဟာ သန်း(၆၀)သော ပြည်သူတွေရဲ့ တူညီတဲ့ အဓိက ရည်မှန်းချက်(၂)ရပ် ကို အကောင်အထည်ဖော် ဆောင်ရွက်ရင်း နိစ္စဓူဝ ပြည်သူတွေရဲ့ လိုအပ်ချက်တွေ အတတ်နိုင်ဆုံး အဆင်ပြေချောမွေ့အောင် ကြိုးပမ်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ တူညီတဲ့ အဓိက ဆန္ဒဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးတို့ပဲ ဖြစ်ပြီး ပြည်သူတွေရဲ့ နိစ္စဓူဝ လိုအပ်ချက်တွေ ကတော့ အလုပ်အကိုင် ရရှိရေး၊ ထိုက်သင့်တဲ့ ဝင်ငွေရရှိရေး၊ စားဝတ်နေမှု အဆင်ပြေရေး၊ ပညာရေး၊ ကျန်းမာရေး တို့အပြင် ရေ၊ မီးနဲ့ သွားလာရေး အဆင်ပြေ ကောင်း မွန်ရေးတို့ ဖြစ်ပါတယ်။

ကျွန်တော်တို့ အစိုးရဟာ ပြည်သူတွေရဲ့ ဆန္ဒတွေကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်ဖို့ ကြိုးပမ်းဆောင် ရွက်နေရတာ ဖြစ်တဲ့အတွက် ဒီဆန္ဒတွေကို အလေးအနက် ထားရပါမယ်။ အစိုးရရဲ့ ဆောင်ရွက်ချက် မှန်သမျှ ဟာ ပြည်သူတွေရဲ့ အဆင်ပြေ ချောမွေ့မှု၊ စိတ်ချလုံခြုံမှု၊ စိတ်ကျေနပ် စိတ်ချမ်း သာမှုတွေ ကို ဖော်ဆောင်ပေးနိုင်ဖို့ လိုပါတယ်။ ပြည်သူတွေရဲ့ ဆန္ဒတွေကို အခြေပြုပြီး ဖော်ထုတ်ထားတဲ့ မူဝါဒတွေ၊ ရည်မှန်းချက်တွေ ဖြစ်တဲ့အတွက် လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရာ မှာ လည်း ပြည် သူတွေ ကို ဗဟိုပြုပြီး ဆောင်ရွက်ကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ခေတ်ပြောင်း စနစ်ပြောင်းမှာ အပြောင်းအလဲတွေ သိသာထင်ရှားစွာ ထွက်ပေါ်လာဖို့ အတွက် ကျွန်တော် တို့ အစိုးရအဖွဲ့ကို အပြောင်းအလဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ လက်တွေ့မှာ ပြည်သူ့ရေးရာဝန်ဆောင်မှုတွေ ကို ဖြည့်ဆည်းဆောင်ရွက်ပေးကြတဲ့ နေရာမှာ အမှန်တစ်ကယ် ပြောင်းလဲလာဖို့၊ ပြည်သူတွေကို အလေးအမြတ်ထားတဲ့ ကောင်းမွန်တဲ့အပြောင်းအလဲတွေ ဖြစ်ထွန်းပေါ်ပေါက်လာဖို့ ပြည်သူတွေအကြားမှာ ဘယ်လို အခက်အခဲတွေ ကြုံတွေ့နေရတယ်၊ ဘာတွေ လိုလားတောင့်တ နေကြတယ်၊ ဒါတွေကို သိရှိနားလည်အောင် လုပ်ကြဖို့ လိုပါတယ်။

 ပြည်သူတွေ အကြားမှာ နေထိုင်ရှင်သန်နေကြ ရတဲ့ ပြည်သူ့ဝန် ထမ်းတွေ ဖြစ်တာနဲ့အညီ ဂုဏ် သိက္ခာ မြင့်မား တဲ့ အစိုးရယန္တရား တစ်ရပ် ပီပီပြင်ပြင် ဖြစ်ပေါ်လာအောင်၊ အထက်က ညွှန်ကြား မှ ဆောင် ရွက်တာ၊ မီဒီယာတွေမှာ ထောက်ပြလာမှ ဆောင်ရွက်တာ စတဲ့ အမှုမဲ့ အမှတ်မဲ့ လုပ်ရပ်တွေ ကိုလည်း ရှောင်ရှားကြဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ ကို  ယုံကြည်စွာနဲ့ တာဝန်တွေ အပ်နှင်းပေးလိုက်ပါပြီ။ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေ အနေနဲ့လည်း လက်အောက်မှာရှိနေတဲ့ အစိုးရဝန်ထမ်း အရာရှိ အဆင့်ဆင့်ကို ယုံကြည်စွာနဲ့ တာဝန်တွေ ခွဲဝေအပ်နှင်းပေးကြဖို့ လိုပါတယ်။ ရှင်းလင်း လွယ်ကူပြီး တိကျပြတ်သားတဲ့ လုပ်ငန်းစဉ်တွေ ချမှတ် ပေးကြဖို့ လိုပါတယ်။

ကျွန်တော်တို့အစိုးရရဲ့ ပြုပြင် ပြောင်းလဲမှုတွေဟာလည်း ပြည်သူတွေနဲ့ အမှန်တစ်ကယ် ထိတွေ့ ဆက် ဆံနေကြရတဲ့ အောက်ခြေဝန်ထမ်း အဆင့်ဆင့်အထိ ရောက်ရှိဖို့ လိုပါတယ်။ ဒါမှသာလျှင် အစိုးရ အုပ်ချုပ်ရေးယန္တရားအတွက် ခေတ်အဆက်ဆက် မလိုလားအပ်တဲ့ အနှောင့်အယှက် အတား အဆီး တွေ ဖြစ်ခဲ့တဲ့ ကြိုးနီစနစ်တွေ လျော့နည်း ပပျောက် သွားစေမှာ ဖြစ်ပါတယ်။

ဒီတာဝန်တွေဟာ အလွန်မှ ကြီးမားကျယ်ပြန့် များပြားပြီး တစ်ရက်တည်း၊ တစ်လတည်း၊ တစ်ဦး တစ်ယောက် တည်းနဲ့ လုပ်လို့ လည်း မရနိုင်တဲ့ တာဝန်တွေ ဖြစ်ပါတယ်။

ဒီတာဝန်တွေ အောင်မြင်ဖို့ အတွက် အစိုးရတစ်ဖွဲ့တည်း အားနဲ့တင် မရဘဲ မိဘပြည်သူတွေပါ ပါဝင်ပြီး တက်ညီ လက်ညီ ဦးထမ်းပဲ့ထမ်းနဲ့ လုပ်ကြရမှာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့အားကို ရယူနိုင် ဖို့အ တွက် ပြည်သူတွေ လေးစား ယုံကြည်တဲ့ အစိုးရအဖွဲ့ ဖြစ်ဖို့ လိုအပ်ပါတယ်။

ဒီကနေ့ ပြည်သူတွေဟာ ကျွန်တော်တို့ အစိုးရအပေါ်မှာ မြင့်မြင့်မားမား မျှော်လင့်ချက် ထားနေကြတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ လိုလားချက်ဆန္ဒတွေ၊ ထားရှိတဲ့ မျှော်လင့်ချက်တွေကို အတတ်နိုင်ဆုံး ပြည့်ဝအောင်မြင်လာအောင် ကျွန်တော်တို့ အစိုးရအဖွဲ့ တစ်ရပ်လုံးက အားသွန် ခွန်စိုက် ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့ အနေနဲ့ ကောင်းမွန်တဲ့ အစိုးရ၊ သန့်ရှင်းတဲ့အစိုးရ ဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက် ကြရပါမယ်။ ကောင်းမွန်တဲ့အစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ ဖြစ်စေ ဖို့အ တွက် ကျွန်တော်တို့ တစ်ဦးချင်းမှာ တာဝန်ရှိပါတယ်။ ကိုယ်တစ်ဦး ချင်း ကောင်း ရုံနဲ့လည်း မရပါ ဘူး။ အဖွဲ့အစည်းတစ်ခုကို တာဝန်ခံ၊ တာဝန်ယူ ထားကြရသူများ ဖြစ်ကြတဲ့အတွက် ကိုယ်ကောင်း သလို ကိုယ့်အဖွဲ့အစည်း ကောင်းအောင်လည်း လုပ်ကြရပါမယ်။ ကိုယ့်အဖွဲ့အစည်း ကောင်းအောင် တည်ဆောက်ရာမှာ ခေါင်ကလုံမှ တံစက်မြိတ်လည်း လုံမှာ ဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို ကောင်းအောင် အရင်ဆုံး တည်ဆောက်ကြဖို့ ပြောကြားလိုပါတယ်။ အလားတူပဲ မိမိတို့ဝန်ကြီးဌာန၊မိမိတို့အဖွဲ့အစည်း      တွေနဲ့ ပတ်သက်တဲ့ ပြည်သူတွေရဲ့ ရှုမြင်ချက်၊ သတ်မှတ်ချက်တွေ အတွက်လည်း မိမိတို့မှာ အဓိက တာဝန်ရှိကြောင်း သတိပြုကြစေ လိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လေးစားလိုက်နာပါ၊ ဒို့တာဝန်အရေး(၃) ပါးကို ဦးထိပ်ထားပြီး အလုပ်လုပ်တဲ့အခါ အမှားမှား အယွင်းယွင်း မဖြစ်စေဖို့  ဝန်ကြီးဌာနအလိုက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံး လုပ်နည်းတွေ နဲ့အညီ ကြိုးစား အကောင်အထည် ဖော်ကြပါ။ နိုင်ငံတော်ရဲ့ မူဝါဒ၊ အစိုးရအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ ကိုယ့်ဝန်ကြီးဌာနရဲ့ လုပ်ငန်း တာဝန်တွေကို သိရှိ နားလည်ပြီး အလုပ်ကို ရိုးရိုးသား သားနဲ့ စေတနာ ထား ကြိုးစားလုပ်ဆောင်ကြပါ။ စေတနာ အလျောက် လုပ်မှားကိုင်မှား ဖြစ်တာကို ကျွန်တော့်အနေနဲ့ တာဝန်ယူ ပြုပြင် ပေးသွားမှာ ဖြစ်ပါတယ်။ သို့သော်လည်း ကိုယ်ကျင့်တရား၊ စာရိတ္တမဏ္ဍိုင်နဲ့ ပတ်သက်ပြီး တစ်ဦးချင်း ပုဂ္ဂိုလ်ရေး မမှားကြဖို့ ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်။

မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်း


မုံရွာ ရဲစခန်းရှေ့တွင် ဖမ်းဆီးထားသည့်မ သွဲ့သွဲ့ဝင်းတို့အား ပြန်လွတ်ပေးရန် တောင်းဆိုနေ
Photo: မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားရာတွင် အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားရာ ပြန်လည် လွတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒ္ထထုတ်ဖော်ခြင်းကို မြို့နယ်မှူးသည် ကိုင်ဆောင်ထားသည့် စာရွက်များအား ၀င်ရောက်လုယူစုတ်ဖြဲဖြစ်ခြင်း အခြေအနေမှာ အပြန်အလှန် ယခုအချိန်ထိ ညှိနှိုင်းဆဲ။ ပထမသတင်းဖြင့် နောက်ဆက်တွဲ သတင်း (10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။)
မုံရွာ ရဲစခန်းရှေ့တွင် ဖမ်းဆီးထားသည့်မ သွဲ့သွဲ့ဝင်းတို့အား ပြန်လွတ်ပေးရန် တောင်းဆိုနေ
Photo: မုံရွာ ရဲစခန်းရှေ့တွင် ဖအ်းဆီးထားသည့်မ သွဲ့သွဲ့ဝင်းတို့အား ပြန်လွတ်ပေးရန် တောင်းတိုနေ
မုံရွာ ရဲစခန်းရှေ့တွင် ဖမ်းဆီးထားသည့်မ သွဲ့သွဲ့ဝင်းတို့အား ပြန်လွတ်ပေးရန် တောင်းဆိုနေ
Photo: မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားရာတွင် အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားရာ ပြန်လည် လွတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒ္ထထုတ်ဖော်ခြင်းကို မြို့နယ်မှူးသည် ကိုင်ဆောင်ထားသည့် စာရွက်များအား ၀င်ရောက်လုယူစုတ်ဖြဲဖြစ်ခြင်း အခြေအနေမှာ အပြန်အလှန် ယခုအချိန်ထိ ညှိနှိုင်းဆဲ။ ပထမသတင်းဖြင့် နောက်ဆက်တွဲ သတင်း (10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။)
မုံရွာ ရဲစခန်းရှေ့တွင် ဖမ်းဆီးထားသည့်မ သွဲ့သွဲ့ဝင်းတို့အား ပြန်လွတ်ပေးရန် တောင်းဆိုနေ
Photo: မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားရာတွင် အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားရာ ပြန်လည် လွတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒ္ထထုတ်ဖော်ခြင်းကို မြို့နယ်မှူးသည် ကိုင်ဆောင်ထားသည့် စာရွက်များအား ၀င်ရောက်လုယူစုတ်ဖြဲဖြစ်ခြင်း အခြေအနေမှာ အပြန်အလှန် ယခုအချိန်ထိ ညှိနှိုင်းဆဲ။ ပထမသတင်းဖြင့် နောက်ဆက်တွဲ သတင်း (10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။)
မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ပိတ်လှောင်ခံထားရသည့် မသွဲ့သွဲ့ဝင်းအား ၁၂ နာရီ ခန့်တွင် နန်ချွန်ဆိပ်ကမ်းတွင် ဖမ်းဆီးသွားရာတွင် အမှတ်(၁)ရဲစခန်းတွင် ချုပ်နှောင်ထားရာ ပြန်လည် လွတ်ပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခြင်းကို မြို့နယ်မှူးသည် ကိုင်ဆောင်ထား သည့် စာရွက်များအား ၀င်ရောက်လုယူစုတ်ဖြဲဖြစ်ခြင်း အခြေအနေမှာ အပြန်အလှန် ယခုအချိန်ထိ ညှိနှိုင်းနေဆဲပါ.။


 ပထမသတင်းဖြင့် နောက်ဆက်တွဲ သတင်း (10-9-2012 ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်တွင် ဆားလင်းကြီးမြို့နယ် ၀က်မှေးကျေးရွာ လက်ပံတောင်းတောင် ကျေးရွာနှင့် လယ်ယာမြေသိမ်းခံရသော ဒေသခံတောင်သူ (၁၀)ဦးခန့် ဘုရားဝတ်ပြုဆုတောင်းနေသည်ကို ဒေသဆိုင်ရာ အာဏာပိုင်များက ဟန့်တားသည့်အနေဖြင့် မုံရွာမြို့ ဆုတောင်းပြည့်ဘုရားကြီး ရင်ပြင်တော်ဝင်ပေါက်အားလုံးအား ထိုဒေသခံများအား ထွက်ပေါက်မရှိစေရန် ယခုအချိန်ထိ ပိတ်လှောင်ထားသဖြင့် ဆုတောင်းပြည့်ဘုရားကြီးသို့ လာရောက်ဘုရားဖူးမြှော်ကြသူများ အခက်ကြုံတွေရသည်။)

သတင်း ..http://www.facebook.com/aungnay.myo.5