24 September 2014

အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေးပါရန် စာဖြင့်တောင်းဆိုခဲ့ပါသည်။

 

စက်တင်ဘာလ ၂၃ ရက်နေ့စွဲဖြင့် Reuters သတင်းဌာနမှ Mr. Paul Mooney ရေးသားသော သတင်း (With Suu Kyi Blocked, Myanmar's NLD Eyes Former General for President ) တွင်
အဓိပ္ပါယ်လွဲမှားဖေါ်ပြချက်များနှင့် ပတ်သက်၍အ ဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်က ရိုက်တာသတင်းဌာနသို့ ပြန်လည်ဖြေရှင်းပေးပါရန် စာဖြင့်တောင်းဆိုခဲ့ပါသည်။ ယင်းစာကိုဖေါ်ပြအပ်ပါသည်။

ရင်းမြစ်..NLD

NLD အနေဖြင့် ဦးရွှေမန်းအား သမ္မတအဖြစ် ထောက်ခံမည်ဆိုသော Reuters သတင်းဖော်ပြချက်ကို NLD ငြင်းချက်ထုတ်

Reuters သတင်းဖော်ပြချက်ကို NLDမှ တာဝန်ရှိသူများက ငြင်းချက်ထုတ်ခဲ့သည်။

 
ေ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံရပါက NLDအနေဖြင့် ဦးရွှေမန်းအား သမ္မတအဖြစ် ထောက်ခံမည်ဆိုသော Reuters သတင်းဖော်ပြချက်ကို NLDမှ တာဝန်ရှိသူများက ငြင်းချက်ထုတ်ခဲ့သည်။
အဆိုပါသတင်းတွင် “NLD တာဝန်ရှိသူများ၏ ပြောကြားချက်များအရ NLD ပါတီအနေဖြင့် နောက်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် သမ္မတရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဘဲ လွှတ်တော်အမတ် နေရာများသာ ယှဉ်ပြိုင်ပြီး အာဏာရပါတီမှ ဗိုလ်ချုပ်ဟောင်းတစ်ဦးအား ထောက်ခံနိုင်ဖွယ်ရှိကြောင်း သိရသည်” ဟူ၍ အစချီဖော်ပြထားပြီး NLD ပါတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဟံသာမြင့်နှင့် ဦးဥာဏ်ဝင်းတို့၏ ပြောကြားချက်များဖြင့် သတင်းဖော်ပြထားခြင်းဖြစ်သည်။
“ကျွန်တော်ပြောခဲ့တာက ဦးရွှေမန်းလည်းမပါဘူး။ ဘာမှမပါဘူး။ အဲဒါ ထမင်းစားရင်း ပြောတဲ့စကား။ ကျွန်တော်တို့ NLD မှာဒေါ်အောင်ဆန်းစုကြည်ကို ၅၉ (စ) မပြင်ပေးရင် သူ့အစား ဘယ်သူ့ကိုထည့်မလဲ။ ဒုတိယလူ ဘယ်သူရှိသလဲဆိုတော့ ဒုတိယလူ ဘယ်သူဆိုပြီး ကျွန်တော်တို့ NLD မှာ မထားဘူး။ ရှိလည်းမရှိဘူး။ အဲလိုဆိုရင် NLDက ဘယ်သူ့ကို တင်မှာလဲဆိုတော့ ကျွန်တော်ပြောတဲ့စကားကNLD ကတင်မဟုတ်ဘူး။ ကျန်တဲ့ဘယ်ကမဆို တင်လို့ရတယ်။ အမတ်လည်း ဖြစ်စရာမလိုဘူး။ သမ္မတရွေးမယ့်သူက အမတ်လည်း ဖြစ်နိုင်တယ်။ ပါတီထဲကလည်း ဖြစ်ဖို့မလိုဘူး။ ဒါဘယ်ကမဆို တင်လို့ရတယ် ဒါပဲပြောတာ” ဟု NLDမှ ဦးဟံသာမြင့်က Eleven Media Groupကို ပြောကြားပါသည်။
ထို့အပြင် NLD ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက Reuters ၏သတင်းဖော်ပြချက်နှင့် ပတ်သက်သော ရှင်းလင်းချက်ကို မကြာမီ ထုတ်ပြန်သွားရန်ရှိကြောင်းနှင့် ထိုသတင်းတွင် ပါဝင်သည့် “ဦးရွှေမန်းသည် NLD ပါတီအနေဖြင့် ထောက်ပံ့ပေးရန် အသင့်လျော်ဆုံး သမ္မတလောင်းလည်းဖြစ်ကြောင်း” ဖြည့်စွက်ပြောကြားသည် ဆိုသောစကားမှာ ၎င်းပြောဆိုခဲ့ခြင်း မဟုတ်ကြောင်း စက်တင်ဘာ ၂၄ ရက် မွန်းလွဲပိုင်းတွင် The Daily Eleven သို့ ဖြေကြားခဲ့သည်။
ထို့အတူ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဆိုပါသတင်းတွင် ဖော်ပြထားချက်များနှင့် ပတ်သက်၍ ကာယကံရှင်များကိုသာ မေးမြန်းသင့်ကြောင်း၊ ထိုသို့ပြောလိမ့်ဟုလည်း မထင်ကြောင်း စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်း လွှတ်တော်အစည်းအဝေး မစတင်မီ ပြောကြားခဲ့သည်။
“ဒါဟာ CECဆုံးဖြတ်ချက်လည်း မဟုတ်ဘူး။ သူတို့ပြောလိမ့်မယ်လို့လည်း မထင်ဘူး။ သူတို့ကို မေးကြည့်လိုက်ပါ။ ကာယကံရှင်ကို မေးမှပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါသည်။
Reuters သတင်းဌာနက စက်တင်ဘာ ၂၃ ရက်၊ နေ့စွဲဖြင့် “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားမြစ်ခံရပါက ဗိုလ်ချုပ်ဟောင်းတစ်ဦးအား သမ္မတအဖြစ် ထောက်ခံရန် NLD ပြင်ဆင်” ဟု သတင်းဖော်ပြခဲ့သည်။
ထိုသတင်းတွင် NLD ပါတီ အကြီးတန်းအဖွဲ့ဝင်တစ်ဦးက ပါတီအနေဖြင့် ဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံရန် အလားအလာရှိကြောင်း ဖော်ပြခဲ့သည်။ သတင်း၌ပင် ဦးဥာဏ်ဝင်းက ပြောကြားသည် ဟုဆိုကာ “ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အထင်ရှားဆုံးပါပဲ။ သူ့အနေနဲ့လည်း ဦးရွှေမန်းကို သမ္မတအဖြစ် သဘောကျပါတယ်” ဟု ဖော်ပြခဲ့သည်။ ထို့အပြင် ဦးဟံသာမြင့်ကလည်း ပါတီအနေဖြင့် ကိုယ်တိုင်သမ္မတလောင်းတစ်ဦး ရွေးချယ်ခြင်းမရှိဘဲ ပါတီနှင့် အမြင်တူသော အခြားသူတစ်ဦးကို အထောက်အပံ့ပေးမည်ဟု ပြောကြားခဲ့သည်ဟုဆိုကာ “သမ္မတလောင်းဟာ NLD ပါတီဝင်ဖြစ်ဖို့ မလိုပါဘူး။ ကျွန်တော်တို့နဲ့ အမြင်ချင်း တူညီရပါမယ်။
အရေးကြီးတာကတော့ သမ္မတအဖြစ် ကျွန်တော်တို့ လက်ခံနိုင်မည့်သူ ရှိဖို့ပါပဲ။ ကျွန်တော်တို့ အတွက်တော့ ဒါဟာလုံလောက်ပါတယ်” ဟု ဆက်လက်ဖော်ပြခဲ့သည်။
ထို့ပြင် ဦးဥာဏ်ဝင်းက ပြောကြားခဲ့သည်ဟု ဆိုကာ “ဦးရွှေမန်းကို သမ္မတအဖြစ် ကျွန်တော်တို့က ထောက်ခံပြီး ရွေးချယ်လိုက်ရင် ပါတီတွင်းမှာ ပြဿနာတွေအများကြီး ပေါ်ထွက်လာနိုင်ပါတယ်။ ကျွန်တော်တို့ပါတီဝင် အများအပြားနဲ့ ပြည်သူတွေဟာ တပ်မတော်နဲ့ သက်ဆိုင်သူတွေ နိုင်ငံကို အုပ်ချုပ်နေတာ မကြိုက်ကြပါဘူး” ဟု ဖော်ပြခဲ့သည်။
သို့သော် ဦးရွှေမန်းသည် NLDပါတီအနေဖြင့် ထောက်ပံ့ပေးရန် အသင့်တော်ဆုံး သမ္မတလောင်းလည်း ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ဖြည့်စွက်ပြောကြား ခဲ့သည်ဟုလည်း Reuters သတင်းတွင် ဖော်ပြထားသည်။

သူရဦးရွှေမန်း သမ္မတဖြစ်ဖို့ ဘာ့ကြောင့် NLD ထောက်ခံမှာလဲ

 


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတမဖြစ်အောင် ဖွဲ့စည်းပုံ ဥပဒေအရ ဆက်လက်ပိတ်ဆို့ထားမယ်ဆိုရင် NLD ပါတီအနေနဲ့ နောက်ထပ် သမ္မတလောင်းကို ရွေးချယ်မှာမဟုတ်ဘဲ လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းကို သမ္မတအဖြစ် ထောက်ခံသွားမယ်လို့ NLD ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစား အခြားသော သမ္မတလောင်းအဖြစ် ပါတီတွင်းမှာ ရွေးချယ်သွားမှာ မဟုတ်ဘဲ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ လက်ရှိဥက္ကဌ သူရဦးရွှေမန်း သမ္မတဖြစ်စေဖို့ အားပေးသွားမယ်လို့ ပါတီခေါင်းဆောင်တစ်ယောက်ရဲ့ ပြောဆိုချက်ကို ဖော်ပြထားပါတယ်။

အရပ်သားနိုင်ငံရေးသမားမဟုတ်ဘဲ စစ်မှုထမ်းဟောင်းတစ်ယောက်ကို သမ္မတဖြစ်လာဖို့ ထောက်ခံတဲ့ကိစ္စ NLD ပါတီတွင်းမှာ အငြင်းပွားစရာတွေ၊ ပြဿနာတွေ တက်လာနိုင်ဖို့ရှိပေမယ့် NLD ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားသောနောက်ထပ်ခေါင်းဆောင်ကို ရွေးချယ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

“ကျနော်တို့ပါတီမှာ နံပါတ် ၂နေရာဆိုတာ မရှိပါဘူး”လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ဝင် ဦးဟံသာမြင့်က ပြောဆိုခဲ့ပါတယ်။ "ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ဒုတိယ ခေါင်းဆောင် မရှိပါဘူး”

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဦးရွှေမန်းတို့ဟာ လွှတ်တော်အတွင်းမှာ ပူးပေါင်းဆောင်ရွက်ရှိပြီး ဆက်ဆံရေးကောင်းတစ်ခုရှိနေသလို ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာစေဖို့ ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး လုပ်ရမယ်လို့ သူရဦးရွှေမန်းက အကြိမ်ကြိမ်ပြောဆိုခဲ့ပါတယ်

“ပါတီထဲမှာ ဒေါ်အောင်ဆန်းစုကြည်က လူကြိုက်အများဆုံးပဲ။ ဒေါ်စုက [သူရဦးရွှေမန်း]ကို Favor ပေးတယ်” လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဦးဟံသာမြင့်ကတော့ သူရဦးရွှေမန်းကို NLD ပါတီက သမ္မတဖြစ်လာဖို့ ထောက်ခံပေမယ့် သူရဦးရွှေမန်းဟာ NLD ပါတီဝင်တစ်ယောက် ဖြစ်ဖို့မလိုဘဲ သူတို့လို စဉ်းစားဖို့ပဲ လိုပါတယ်လို့ ဆိုပါတယ်။ "အရေးကြီးတဲ့အချက်က သမ္မတအဖြစ် ကျနော်တို့လက်ခံနိုင်မယ့်သူ တစ်ယောက်ယောက် ရှိဖို့ပဲ။ ကျနော်တို့အတွက်တော့ ဒါက လုံလောက်ပါတယ်”လို့ ဦးဟံသာမြင့်က ပြောပါတယ်။

“ကျနော်တို့ ဦးရွှေမန်းကို သမ္မတအဖြစ် ရွေးရင် ပါတီတွင်းမှာ ပြဿနာတွေ အများကြီးပေါ်လာနိုင်ပါတယ်။ ကျနော်တို့ ပါတီဝင်တွေရော၊ နိုင်ငံသားတွေကရော စစ်သားတစ်ယောက် တိုင်းပြည်ကိုအုပ်ချုပ်တဲ့အခြေအနေကို မကြိုက်ကြပါဘူး”လို့ ဦးဉာဏ်ဝင်းက ဆိုပါတယ်။ ဒါပေမယ့် သူရဦးရွှေမန်းသည်သာ NLD က ထောက်ခံပေးနိုင်မယ့် တစ်ယောက်တည်းသောသူသာ ဖြစ်နိုင်ချေရှိတယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်..Kamayut Media

04 September 2014

ဒီဓာတ်ပုံ ၂ ပုံကိုယှဉ်ကြည့်လိုက်ပါ..

 
ပြည်သူလူထု ခေါင်းဆောင် တဦး က လက်ညှိုးထိုးပြီးမေးမြန်းနိုင်တယ်
 မြန်မာပြည် ရဲ့ အနာဂတ် ကို ကမ္ဘာ မှာ မော်ပြနိုင်ဘို့ ၂၀၁၅ မှာ မည်သူသာ မြန်မာနိုင်ငံရဲ့
သမ္မတ ဖြစ်သင့် ပါသနည်း...။
        

အာဏာရှင် ခေါင်းဆောင်ကြီး ကျတော့ သူများက လက်ညှိုးထိုးပြီး မေးမြန်းနိုင်တယ်..

02 September 2014

အမြင့်ပျံသူများရဲ့ ဘ၀တစိတ်တဒေသ ပုံရိပ်များ



 


အမြင့်ပျံနိုင်ဘို့ ရိုးရိုးကျင့်ကြံခဲ့ကြသော အဖွဲ့ချုပ်လူငယ်တာဝန်ခံများ

တချိန်ကလုပ်ဖေါ်ကိုင်ဖက်တွေအနေနဲ့ ကျွန်တော့ကိုဆက်သွယ်ဘို့မလွယ်လှတဲ့ အဝေးတနေရာရောက်နေလို့ မကြာခင်ရက်ပိုင်းကမှ ပြုလုပ်သွားတဲ့ လူငယ်ဟောင်း/သစ်တွေ့ဆုံပွဲကို မတက်ရောက်နိုင်ခဲ့သလို အမှာစကားလေးလဲ အချိန်မှီမပို့နိုင် တတ်နိုင်တဲ့ဘက်ကလဲ မကူညီခဲ့လိုက်နိုင်ပါဘူး။
ဒါပေမယ့် အဖွဲ့ချုပ်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်တွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ၊ မျိုးဆက်သစ်လူငယ်တွေအားလုံးအပေါ် သစ္စာရှိစွာဖြင့် တိုးတက်ရာတိုးတက်ကြောင်း အကြံဥာဏ်နဲ့အတူ အတွေ့အကြုံများမျှဝေပေးဘို့ ကူညီဘို့အဆင်သင့်ပါ။ အဲဒီအတွက် ဘယ်အချိန်ဖြစ်ဖြစ် ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် ပံ့ပိုးပေးနိုင်တာဖြစ်လို့ မျှဝေသင့်တာလေးတခုကို ပြန်လည်မျှဝေချင်ပါတယ်။

ကျွန်တော်မျှဝေချင်တာက အဖွဲ့ချုပ်လူငယ်တွေထဲမှာ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတွေမှာကတည်းက ပါဝင်ခဲ့ကြတဲ့ကျောင်းသားလူငယ်တွေအများကြီး ရှိခဲ့ပါတယ်။ အဲဒီကမှ စစ်တပ်ကအာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပြန့်ကျဲသွားတဲ့ဒီမိုကရေစီအင်အားစုများကို ပြန်လည်စုစည်းကာ မပြီးပြတ်သေးတဲ့ ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကိုအာမခံတဲ့ ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် ရည်ရွယ်ပြီး စုစည်းခဲ့ကြတဲ့ ဘဘဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံတော်အောက်မှာ ၀င်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့အနာဂါတ်အတွက် ရဲရင့်ထက်မြက်တဲ့ လူငယ်တွေကို အလေးထားထားတဲ့ အဖွဲ့ချုပ်မှာ စွန့်လွှတ်ပေးဆပ်ကာ ရှေ့တန်းက ထမ်းဆောင်ခဲ့ကြတဲ့လူငယ်တွေရဲ့ သမိုင်းဟာ ယခုအချိန်အထိလက်ဆင့်ကမ်း သယ်ပိုးနိုင်ခဲ့ကြပါတယ်။ ကျရာတာဝန်ကို ကျရာနေရာကနေ သဘောထားပြည့်ပြည့်၀၀နဲ့ နေရာကိုပထာနမထားဘဲ လုပ်ဆောင်ခဲ့ကြတဲ့လူငယ်တွေ အများအပြားပေါ်ထွန်းခဲ့ပါတယ်။ အဲဒီထဲကမှ ကျွန်တော်ပြန်လည်ပြောပြချင်တဲ့ လူငယ်တာဝန်ခံများအကြောင်းကို မျှဝေချင်ပါတယ်။

၁၉၈၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) ဗဟိုလူငယ်(ယာယီ)ကို အဖွဲ့ဝင် ၁၉ဦးနဲ့ ဖွဲ့စည်းခဲ့ပြီး တိုင်းနဲ့ပြည်နယ်တွေကို ခရီးထွက်ကာ လူငယ်ဖွဲ့စည်းမှုတွေလုပ်ခဲ့ကြပါတယ်။ စတင်စဉ်ကာလက ရည်ရွယ်တုန်းထားတာကတော့ ဗဟိုလူငယ်မှ တိုင်းနဲ့ပြည်နယ်လူငယ်အဖွဲ့ကိုဖွဲ့၊ နောက် မြို့နယ် ရပ်ကျေးဖွဲ့၊ ပြီးမှ ရပ်ကျေး၊ မြို့နယ်၊ တိုင်းနဲ့ပြည်နယ် အဆင့်ဆင့်ညီလာခံတွေကျင်းပပြီး ဗဟိုလူငယ်ကို ညီလာခံကတက်လာတဲ့ကိုယ်စားလှယ်တွေနဲ့ ပြန်ဖွဲ့ဘို့ပါ။ သို့သော်လည်း စစ်အစိုးရရဲ့ ပိတ်ပင်တားဆီးမှုတွေကြောင့် မျှော်မှန်းထားသလို အဆင့်ဆင့်ညီလာခံတွေမကျင်းပနိုင်တဲ့အခါ ၁၉၈၉ ဇွန်လမှာ တိုင်းနဲ့ပြည်နယ်လူငယ်များတွေ့ဆုံပွဲအမည်နဲ့သာ ဗဟိုလူငယ်ကို ပြန်လည်ဖွဲ့စည်းဘို့ဖြစ်လာပါတယ်။

အဲဒီတွေ့ဆုံပွဲတွေ မတိုင်ခင်မှာ လက်ရှိဗဟိုလူငယ် ၁၉ ဦးထဲမှ အများစုဟာ တပ်ဦးလှုပ်ရှားမှုများ ဆက်လက်ပြုလုပ်လိုတာကြောင့် တာဝန်မှနှုတ်ထွက်ခဲ့ကြလို့ ၆ ဦးသာကျန်ပါတယ်။ ကျန်ရှိတဲ့ ဗဟိုလူငယ် ၆ ဦးဟာ လူငယ်တာဝန်ခံဖြစ်တဲ့ အံတီနဲ့ တပတ်ကို ၂ရက် တွေ့ဆုံကာ လူငယ်တွေ့ဆုံပွဲအတွက် တိုင်ပင်ဆွေးနွေးကြပါတယ်။

ဖွဲ့စည်းပုံအသစ်မှာ ဗဟိုလူငယ်ကို ၇ ဦးနဲ့ထားပြီး တိုင်းနဲ့ပြည်နယ်တာဝန်ခံများကို အတည်ပြုဘို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိ ၆ ဦးတည်းသာဖြစ်နေတဲ့ ဗဟိုလူငယ်မှာ ရန်ကုန်တိုင်းကတယောက်ကို အစားထိုးဘို့နဲ့ အဲဒီအတွက် ရန်ကုန်တိုင်းတာဝန်ခံ ၁ ကိုရွေးချယ်ခဲ့ပါတယ်။ အဲဒီအချိန်က ဗဟိုလူငယ် ၁၉ဦးမှ ရန်ကုန်တိုင်းတာဝန်ခံက ကိုဝင်းလှိုင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဟာ လူဦးရေအရကော လှုပ်ရှားမှုအရကော အားအကောင်းဆုံးဖြစ်ပြီး စနစ်တကျနဲ့ ညီလာခံတွေကျင်းပထားနိုင်ခဲ့ပြီး တိုင်းတာဝန်ခံ ၁၊ ၂၊ ၃ တို့ကို ရွေးချယ်ပြီးသားဖြစ်ပါတယ်။

(ဒီနေရာမှာအလျင်းသင့်လို့ တင်ပြချင်တာက ရန်ကုန်တိုင်းရဲ့စုဖွဲ့မှုပုံစံလေးဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်တွေကို နယ်မြေအလိုက် မြို့နယ်စု ၈ ခုခွဲထားပါတယ်။ မြို့နယ်တခုချင်းစီက တာဝန်ခံ ၁၊ ၂၊ ၃ကို အဖွဲ့ဝင်များက ရွေးချယ်ပြီး တာဝန်ခံ ၃ ဦးစီဟာ သက်ဆိုင်ရာမြို့နယ်စုညီလာခံ ကိုယ်စားလှယ်များဖြစ်ပြီး မြို့နယ်တခုချင်းစီက တာဝန်ခံ ၁ များကို ကိုယ်စားလှယ်များက ရွေးချယ်ခြင်းဖြင့် မြို့နယ်စုတာဝန်ခံ ၁၊ ၂၊ ၃ များဖြစ်လာတာကြောင့် ရန်ကုန်တိုင်း မြို့နယ်စု ၈ စုမှာ တာဝန်ခံ ၂၄ ဦးရှိပါတယ်။

ရန်ကုန်တိုင်းတခုလုံး ညီလာခံမှာ အဲဒီမြို့နယ်စုတာဝန်ခံ ၂၄ ဦးက ညီလာခံကိုယ်စားလှယ်ဖြစ်ပြီး မြို့နယ်စုများမှ တာဝန်ခံ ၁ ရှစ်ဦးကို ရွေးချယ်ရပါတယ်။ နောက်ဆုံးမှာ ရန်ကုန်တိုင်းတာဝန်ခံ ၁၊ ၂၊ ၃ ဆိုပြီး အဆင့်ဆင့် စနစ်တကျရွေးချယ်နိုင်ခဲ့ကြပါတယ်။)

ဒီလိုနဲ့နောက်ထပ် တွေ့ဆုံပွဲအတွက်ပြင်ဆင်ရေး အစည်းအဝေးမှာ ကိုဝင်းလှိုင်ကအကြံပြုချက်တခုကို တင်ပြခဲ့ပါတယ်။ အစားထိုးမယ့် ဗဟိုလူငယ်နေရာအတွက် လက်ရှိတာဝန်ခံ ၁ အစား လမ်းမတော်မြို့နယ်က ကိုမြင့်စိုးကို အစားထိုးလိုကြောင်း၊ တာဝန်ခံ ၁ နှင့်လည်း ဆွေးနွေးထားပြီး သူကလည်းသဘောတူကြောင်းတင်ပြခဲ့ပါတယ်။
အံတီက ကိုဝင်းလှိုင်တင်ပြချက်ကို မေးမြန်းတဲ့အခါ လက်ရှိရန်ကုန်တိုင်းဟာ တိုင်းပြည်အတွက်အရေးအကြီးဆုံးဖြစ်နေကာ တာဝန်ခံ ၃ ဦးရဲ့ချိတ်ဆက်ဆောင်ရွက်မှုများ အားကောင်းနေပြီးအသားကျနေကြောင်း၊ အဲဒါကိုမဖျက်ချင်ကြောင်း၊ တာဝန်ခံသုံးဦးစလုံးကလည်း သဘောတူထားကြောင်းပြောတဲ့အခါ အံတီအနေနဲ့လက်ခံပါတယ်။ ဒါပေမယ့် တာဝန်ခံ ၁ ရဲ့ဆန္ဒက အရေးအကြီးဆုံးဖြစ်လို့ အမှတ်တကယ် သူကျေနပ်ဘို့လိုကြောင်း၊ အဲဒီအတွက် သူ့ကိုနောက်လုပ်မယ့် အစည်းအဝေးမှာဖိတ်ကြားပြီး ဆွေးနွေး အတည်ပြုစေလိုကြောင်းပြောပါတယ်။

နောက်လုပ်တဲ့အစည်းအဝေးမှာ အဲဒီလူငယ်တာဝန်ခံ ၁ တက်ရောက်ခဲ့ပါတယ်။ သူ့အနေနဲ့ ကိုဝင်းလှိုင်နဲ့ဆွေးနွေးခဲ့ပြီး အလုပ်ဖြစ်ရေးအတွက် ကျေကျေနပ်နပ်သဘောတူကြောင်း တရားဝင်ပြောခဲ့တာကြောင့် ဗဟိုလူငယ် ၇ ဦးကို အစည်းအဝေးက အတည်ပြုနိုင်ခဲ့ပါတယ်။

အဲဒီဗဟိုလူငယ် ၇ ဦးနဲ့ လူငယ်တာဝန်ခံ အံတီတို့ဟာ တွေ့ဆုံပွဲအတွက် အစည်းအဝေးတွေကျင်းပနေစဉ်မှာဘဲ ယခင် ၆ ဦးထဲက တဦးဟာ ကိစ္စတခုနဲ့ထပ်နှုတ်ထွက်သွားတာမို့ နောက်တယောက်ထပ်စဉ်းစားရပါတယ်။ အဲဒီအခါကျတော့ အံတီက ဌာနချုပ်မှာလုပ်နေတဲ့လူငယ်ထဲက ရွေးချယ်ဘို့အကြံပြုတဲ့အတွက် ကိုမိုးဇော်ဦးကို ရွေးချယ်အစားထိုးခဲ့ပါတယ်။

ဒါကတော့ ၁၉၈၉ခုနှစ် ဇွန်လမှာ ကျင်းပခဲ့တဲ့ ပထမဦးဆုံးအကြိမ် တိုင်းနဲ့ပြည်နယ်လူငယ်များတွေ့ဆုံပွဲနဲ့ ပေါ်ပေါက်လာတဲ့ ဗဟိုလူငယ် ၇ ဦးမှတ်တမ်းပါ။

လက်ရှိမျိုးဆက်သစ်တွေကိုဘဲဖြစ်ဖြစ်၊ လုပ်ဖေါ်ကိုင်ဖက်တွေကိုဘဲဖြစ်ဖြစ်၊ အားလုံးကို ကျွန်တော်မျှဝေချင်တဲ့အချက်က ကျွန်တော်တို့ အဖွဲ့ချုပ်လူငယ်မှာ မျှမျှတတနဲ့ တရားနည်းလမ်းတကျ လမ်းပြသွန်သင်တတ်တဲ့ အံတီလိုခေါင်းဆောင်မျိုးရှိသလို အဖွဲ့ချုပ်အကျိုး တိုင်းပြည်အကျိုးအတွက်ဆိုရင် ရာထူးနေရာကို ပထာနမထားဘဲ အကျိုးစွန့်ဆောင်ရွက်တတ်တဲ့ လူငယ်တွေအများကြီးရှိပါတယ်။

ဒီလိုလေးစားစရာကောင်းတဲ့စိတ်ဓါတ် လေးစားစရာကောင်းတဲ့ လုပ်ဆောင်ချက်မျိုးတွေကို မျိုးဆက်သစ်တွေလက်ထက်မှာလဲ ထပ်ကာထပ်ကာပေါ်ထွက်လာမယ်လို့ ယုံကြည်တဲ့အတွက် ဒီအကြောင်းလေးကို မျှဝေလိုက်ရပါတယ်။

အဲဒီတုန်းက ညီလာခံအဆင့်ဆင့်ကနေ ဒီမိုကရေစီနည်းကျရွေးချယ်ခြင်းခံခဲ့ရတဲ့ ရန်ကုန်တိုင်းလူငယ်တာဝန်ခံများကတော့

တာဝန်ခံ ၁ ကိုမောင်မောင်ဦး(ယခု အဖွဲ့ချုပ်လူငယ်ကော်မရှင် ဥက္ကဌ)(အင်းစိန်မြို့နယ်နှင့် မြို့နယ်စုတာဝန်ခံ ၁)

တာဝန်ခံ ၂ ကိုသက်ခိုင်(လမ်းမတော်မြို့နယ်နှင့် မြို့နယ်စုတာဝန်ခံ ၁)

တာဝန်ခံ ၃ ကိုရန်အောင်(မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် မြို့နယ်စုတာဝန်ခံ ၁) တို့ဖြစ်ပါကြောင်း။

လေးစားစွာဖြင့်
မိုးမြတ်သူ

23 April 2014

သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ရဲ့ နောက်ဆုံး နေထိုင်သွားတဲ့ အိမ်





သမိုင်းတွေ ချန်ခဲ့တဲ့ အဘ ဦးဝင်းတင်ရဲ့ အခန်းလေး ..



အဘကြည့်တဲ့ တီဗီလေးပေါ့




အဘ ဦးဝင်းတင် လမ်းလျှောက်တိုင်း ထောက်ပံ့ပေးခဲ့တဲ့ တုတ်ကောက်လေးတွေ ...





ဘဘ ရဲ့ စာအုပ်စင်


ရိုးရှင်းလှတဲ့ ထမင်းစားပွဲ

ပြင်သစ်အဆိုတော် ဖဘဲလ်( Fabell) ရဲ့ "အဘိုး ဝင်းတင်"

ဘဘဦးဝင်းတင်၏မိသားစုထံသို့ ဘဘဦးတင်ဦးနှင့် ဦးအုန်းကြိုင် လာရောက်အားပေး

ဒေါ်အောင်ဆန်းစုကြည် မှ ဘဘဦးဝင်းတင် ၏ ကျန်ရစ်သူမိသားစုအား သွားရောက်အားပေးစဉ်။

















21 April 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းတင် ကွယ်လွန် ခြင်း အတွက် အမျိုးသားဒီမိုကရေစီ အဖွဲပချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းနည်းခြင်း မှတ်တမ်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သဘာပတိ ဦးဝင်းတင်၏ ဈာပန အစီအစဉ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နယကအဖွဲ့ဝင် သတင်းစာဆရာကြီးဦးဝင်းတင် ကွယ်လွန်ခြင်း အတွက်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နယကအဖွဲ့ဝင်ဦးတင်ဦး ရဲ့ဝမ်းနည်းမှတ်တမ်း

ဒီအိမ်လေးကလည်း ဒီမိုကရေစီ သမိုင်း အတွက် ပြတိုက်တခု ..ဘဘ ဦးဝင်းတင် နောက်ဆုံး နေခဲ့တဲ့ သူ၏ အိမ်လေးပါ ။





ဘဘ ဦးဝင်းတင် ၏ နောက်ဆုံး ပုံရိပ်

သူ...သူ...သူ.. ရှင်သန်ခြင်းရက်မြတ်မှာ အပြီးသတ် ပျံထွက်သွားခဲ့ပါပြီ...။


 
 
 
သူ....သူ....သူ....

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ကတည်းက အမြဲတန်းတွေ့နေမြင်နေ ဆက်ဆံခဲ့ရတဲ့ ခေါင်းဆောင်

ေေေေေေေ ဒေါ်ါ်အောင်ဆန်းစုကြည်နည်းတူ လူငယ်များအပေါ်ယုံကြည်အားထားကာ တာဝန်ခံအားပေးသူ…

နိုင်ငံရေးသမားအဖြစ် နှုတ်ကမဖွင့်ပြောသော်လည်း မြန်မာ့နိုင်ငံရေး နိုင်ငံတကာနိုင်ငံရေးများ ပြောဆိုဆွေးနွေး
မှုများတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လေးစားအားထားရသူ…

ကျွန်တော်တို့ထက် လပိုင်းစောပြီး အင်းစိန်အကျဉ်းထောင်ကို ရောက်ရှိနေခဲ့သူ…
နိုင်ငံရေးအကျဉ်းသားအချင်းချင်းရဲ့ ယုံကြည်လေးစားခံရမှုကို ပိုမိုရရှိသူ….

စစ်အစိုးရအလိုကျ မတရားသဖြင့် နှိပ်စက်အုပ်ချုပ်တဲ့ ထောင်အာဏာပိုင်တွေကို “နိုင်ငံရေးအကျဉ်းသားများ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ”ကို အကျဉ်းထောင်ထဲတွင် ဦးဆောင်ဖွဲ့စည်းသူ…

ပြည်သူလူထုကို အသိပညာအလင်းပွင့်လင်းစေဘို့ရည်ရွယ်ချက်နဲ့ တသက်လုံးသတင်းစာဆရာဘ၀နဲ့နေလာသူပီပီ အကျဉ်းထောင်ထဲမှာ မတရားဖမ်းဆီးခံရပြီး အပြင်လောကနဲ့အဆက်ဖြတ်ခံထားရတဲ့ ဘ၀တူနိုင်ငံရေးအကျဉ်းသားတွေကို မျက်မှောက်သတင်းတွေရရှိအောင် စီစဉ်ကြိုးစားခဲ့သူ…

ခဲဆံတချောင်း၊ စာရွက်အပိုင်းတစလောက် လက်ဝယ်တွေ့ရှိရုံမျှဖြင့် ထောင်ဒဏ်အပြစ်ထပ်မံအပြစ်ပေးနေသော အကျဉ်းထောင်တွင်း နိုင်ငံရေးသတင်းဂျာနယ်များ၊ ရန်ကုန်တက္ကသိုလ် စိန်ရတုအခမ်းအနားအမှတ်တရဂျာနယ်တို့ကို အားလုံးနှင့်ပူးပေါင်းကာ အရဲစွန့်ဦးဆောင်တည်းဖြတ် ထုတ်ဝေခဲ့သူ….

စစ်အစိုးရနဲ့ ထောင်အာဏာပိုင်တွေရဲ့ ပြည်သူလူထုနဲ့နိုင်ငံရေးအကျဉ်းသားတွေ အပေါ်မှာ အခုလိုမတရားနှိပ်စက်မှုတွေကို ကမ္ဘာကသိအောင် ကုလသမဂ္ဂအထွေထွေညီလာခံကို တိုင်ကြားနိုင်ဘို့အတွက် အကျဉ်းထောင်တွင်းမှာနေထိုင်လျှက် အချက်အလက်များစုဆောင်းကာ ရေးသားပြုစု ဘာသာပြန်ကာ အောင်မြင်စွာဦးဆောင်ပြင်ဆင်နိုင်သူ….

(မရှိသလောက်ကို)ဆိုးဝါးလှတဲ့ ထောင်တွင်းကျန်းမာရေးကုသမှုတွေကို အာဏာပိုင်တွေမသိအောင် နည်းလမ်းမျိုးစုံနဲ့ ဆေးဝါးများစုဆောင်းကာ နိုင်ငံရေးအကျဉ်းသားအချင်းချင်းစောင့်ရှောက်မှုပေးနိုင်ဘို့
 အောင်မြင်စွာဦးဆောင်စီစဉ်နိုင်သူ....

ဒီဆောင်ရွက်မှုအားလုံးကို ထောင်အာဏာပိုင်များသိရှိသွားခဲ့တဲ့အခါ တခြားသောနိုင်ငံရေးအကျဉ်းသားများနဲ့အတူ နှစ်ရှည်ထောင်ဒဏ် ထပ်မံချမှတ်ခံရသူ....

ဘ၀တလျှောက်လုံး အာဏာရှင်အုပ်စိုးသူအဆက်ဆက်ရဲ့ အငြိုးအတေးအထားခံရသူဖြစ်သည့်အလျောက် ထောင်တွင်းနေထိုင်စဉ်ကာလအတွင်း ဆေးဝါးကု
သမှုများ ကောင်းမွန်စွာမခံယူရသူ…. ရောဂါဘယများ တိုးပွားလာသော်လည်း ဒူးထောက်ကာ ကုသခံခွင့်မတောင်းဆိုခဲ့သူ…

ထောင်လွတ်ရက်စေ့သောလည်း ပုဒ်မ၁၀(က)နှင့် ဆက်လက်ထိန်းသိမ်းခံရသော်လည်း မိမိအားလွှတ်ပေးဘို့ အသနားခံရန် မည်သည့်အခါမျှ မတွေးခဲ့သူ…

၁၉၈၈မှ ယခုအပြီးပျံသန်းချိန်အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အဖွဲ့ဝင်အားလုံးအပေါ်သစ္စာရှိသွားသူ….

မိမိကိုယ်တိုင်နှင့် အမိမြန်မာပြည်ကြီး “လွတ်မြောက်ပြီ”ဟု…အပြီးပျံချိန်အထိ ပြောမသွားသည့်သူ….။

.............သူ…
..............သူ….
.............သူ….
..............သူ….
.............သူ….
..............သူ….
.............သူ….
..............သူ….
.............သူ….
..............သူ….
.............သူ….
..............သူ….
.............သူ….

ကွန်ပျူတာ အင်တာနက် စက္ကူစာမျက်နှာများအပြင် လောကစာမျက်နှာများမှာပင် မဆံ့မည့်သူ…….။

သူ...သူ...သူ..
ရှင်သန်ခြင်းရက်မြတ်မှာ
အပြီးသတ် ပျံထွက်သွားခဲ့ပါပြီ...။

မိုးမြတ်သူ
ဧပရယ် ၂၁၊ ၂၀၁၄ (၁၅၁၀)နာရီ

28 March 2014

စစ်တွေမြို့တွင် အကြမ်းဖက်မှုများဖြစ်ပွား.. ဒေါသထွက်နေသော ဒေသခံများက ကုလနှင့် အိုင်အင်န်ဂျီအိုဝန်ထမ်းများ၏ ရုံးနှင့်နေအိမ် ၃၀ ခန့်ကို ဖျက်ဆီး

အိုင်အင်န်ဂျီအိုတစ်ခုမှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက သာသနာ့အလံကို မဖွယ်မရာ ပြုလုပ်သည်ဟု သတင်းများထွက်ပေါ်ရာမှတစ်ဆင့် စစ်တွေမြို့ တွင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အကြိမ်ကြိမ် မိုးပေါ်ထောင်၍ ပစ်ဖောက်ထိန်းသိမ်းခဲ့ရကြောင်း သတင်းရရှိသည်။
မတ်လ ၂၆ ရက် ညပိုင်းမှ စတင်ခဲ့သော ရုန်းရင်းဆန်ခတ်မှုများကြောင့် ကုလနှင့် အိုင်အင်န်ဂျီအိုအဖွဲ့အစည်းများ၏ နေအိမ်၊ ရုံးအဆောက်အအုံ ၃၀ ခန့် ပျက်စီးခဲ့ပြီး နိုင်ငံခြားသားများအပါအဝင် ဝန်ထမ်း ၇၄ ဦးကို လုံခြုံရေးအစောင့်အရှောက်ဖြင့် ထားရကာ အချို့ကို ရန်ကုန်မြို့သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ပဋိပက္ခဖြစ်စဉ်တွင် စတင်ပါဝင်ပတ်သက်ခဲ့သော  အိုင်အင်န်ဂျီအိုဝန်ထမ်း နိုင်ငံခြားသူနှင့် ၎င်း၏ခင်ပွန်းတို့ကို ရန်ကုန်သို့  ပို့လိုက်ပြီဟု အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပြီး ရဲတပ်ဖွဲ့ကမူ စစ်တွေမြို့တွင် ကာကွယ်စောင့်ရှောက်ထားကြောင်း ပြောသည်။
ရုန်းရင်းဆန်ခတ်မှုများကြောင့် မတ်လ ၂၆ ရက် ညပိုင်းမှစတင်၍ မတ်လ ၂၇ ရက် ညနေအထိ လေးကြိမ်၊ လေးနေရာခန့် သေနတ်မိုးပေါ်ထောင်၍ ပစ်ခတ်လူစုခွဲခဲ့ရပြီး ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နံနက် ၆ နာရီမှ ည ၆ နာရီအထိ အချိန်တိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးက ပြောသည်။
ယခင်က စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ကို ည ၁၂ မှ နံနက် ၆ နာရီထိ သတ်မှတ်ထားခြင်းဖြစ်သည်။
မတ်လ ၂၆ ရက် ည ၆ နာရီကျော်တွင် စစ်တွေမြို့ရှိ Malteser International မှ နိုင်ငံခြားသူ ဝန်ထမ်းတစ်ဦးက ၎င်းတို့ ငှားရမ်းနေထိုင်ရာ နေအိမ်တွင် လွှင့်ထူထားသော သာသနာ့အလံကို ဖြုတ်ချ၍ ဘောင်းဘီခါးကြားထဲတွင် ထိုးထည့်ကာ ထဘီကဲ့သို့ ပတ်သွားသည်ဟု သတင်းများ ထွက်ပေါ်လာရာမှ လူစုလူဝေး စတင်ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယင်းသာသနာ့အလံသည် သန်းခေါင်စာရင်းကို သပိတ်မှောက်သည့်အနေဖြင့် လွှင့်ထူထားခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံခြားသူက ထဘီကဲ့သို့ ဝတ်ဆင်၍ လမ်းပေါ်လျှောက်သွားနေသည်ကို ဒေသခံအချို့က မြင်တွေ့ရာမှ သတင်းပျံ့နှံ့ပြီး ည ၈နာရီခန့်တွင် Malteser အဖွဲ့နေအိမ်ရှေ့တွင် လူရာဂဏန်းခန့် စုဝေးလာပြီး ခဲများဖြင့် စတင်ပစ်ခဲ့ခြင်းဖြစ်ကြောင်း  ဒေသခံများက ပြောသည်။
သို့သော် Malteser International  ၏ ပြောရေးဆိုခွင့်ရှိသူ Johannes Kaltenbach ကမူ အိမ်ဝန်ထမ်းတစ်ဦးလွှင့်ထူထားသော သာသနာ့အလံကို ၎င်းတို့ Pro-gramme  Coordinator က အဖွဲ့အစည်း၏ ဘာသာရေး၊ နိုင်ငံရေးနှင့် အကူအညီပေးရေးလုပ်ငန်းများကို မရောထွေးစေသည့် မူဝါဒအရ ဖယ်ရှားခဲ့ခြင်းသာဖြစ်ပြီး မဖွယ်မရာ ပြုလုပ်ခဲ့ခြင်းမဟုတ်ကြောင်း DVB သတင်းဌာနသို့ ပြောကြားထားသည်။
ရဲတပ်ဖွဲ့ဝင်များက  လာရောက်ထိန်းသိမ်းခဲ့သော်လည်း လူထုအင်အားထောင်ဂဏန်းထိ ရောက်ရှိလာပြီး အခြားအင်န်ဂျီအိုရုံးများကိုပါ ခဲဖြင့်ပစ်ပေါက်မှုများ ရှိလာသည့်အတွက် ည ၁၁ နာရီ ကျော် ၁၂ နာရီခန့်တွင် သေနတ်အချက် ၃၀ ခန့် ပစ်ပေါက်လူစုခွဲခဲ့ရကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘အိမ်ထဲမှာ ပိတ်မိနေတဲ့ နိုင်ငံခြားသား၊ မြန်မာနိုင်ငံသား  ၁၁ ဦးကို ခေါ်ထုတ်ပြီးပါပြီ။ မိုးပေါ်ပစ်လူစုခွဲခဲ့ရတယ်။ ထိခိုက် ဒဏ်ရာရတာမရှိပါဘူး’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦး က မတ်လ ၂၆ ရက် ညဥ့်သန်းခေါင်ကျော်တွင် ပြောကြားခဲ့သည်။
စစ်တွေဒေသခံပြည်သူများက ယင်းနိုင်ငံခြားသူသည် သာသနာ့အလံကို မဖွယ်မရာလုပ် စော်ကားသည့်အတွက် ဥပဒေနှင့် အညီ အရေးယူပေးရန် လိုလား၍ စတင်တောင်းဆိုခဲ့ခြင်းသာဖြစ်ပြီး ယခင်ကပင် အိုင်အင်န်ဂျီအိုများအပေါ် မယုံကြည့်သည့်အတွက် ၎င်း၏လုပ်ရပ်မှာ ပဋိပက္ခများကို လှုံ့ဆော်သလိုဖြစ်နေကြောင်း ပြောသည်။
မတ်လ ၂၇ ရက် နံနက်ပိုင်းတွင်လည်း သာသနာ့အလံကို မဖွယ်မရာပြုလုပ်ခဲ့ခြင်းကြောင့် မကျေမနပ်ဖြစ်နေသည့် ဒေသခံများ ပြန်လည်စုဝေးလာပြီး ကုလ လက်အောက်ခံအဖွဲ့အစည်းများ အပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့ နေအိမ်များ၊ ရုံးများကို ခဲများဖြင့် ပစ်ပေါက်ဖျက်ဆီးခဲ့ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
‘‘ဒီနေရာမှာစုလိုက်၊ လုံခြုံရေးတွေသွားလိုက်၊ နောက်တစ်နေရာမှာဖြစ်လိုက်ဆိုတော့ နည်းနည်း အခက်အခဲရှိပါတယ်’’ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ အရာရှိတစ်ဦးကပြောသည်။
မတ်လ ၂၆ ရက် ညပိုင်းမှ စတင်၍ မတ်လ ၂၇ ရက် ညနေပိုင်းအထိ နေအိမ် ၃၀ ခန့် ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။ ထို့အပြင် လုံခြုံရေးအခြေအနေအရ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကိုလည်း အချိန်တိုးမြှင့်ခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
‘‘ဒီနေ့အခြေအနေကတော့  အသေးစိတ်မသိရသေးဘူး။ အိုင်အင်န်ဂျီအိုတချို့လည်း ရန်ကုန်ပြန်ပါ ပြီ။ ပုဒ်မ ၁၄၄ ကို မနက် ၆နာရီ ည ၆နာရီတိုးလိုက်တယ်’’ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်းမြိုင်က မတ်လ ၂၇ ရက် ညနေပိုင်းက ပြောသည်။
ယူအင်န်နှင့် အိုင်အင်န်ဂျီအိုများမှ ၀န်ထမ်းများအား ၎င်းတို့ဆန္ဒအရ စစ်တွေဟိုတယ်တွင် ၂၅ ဦး၊ ရဲတပ်ရင်း ရိပ်သာတွင် ၄၀ ဦးကို လုံခြုံရေးဖြင့် စောင့်ရှောက်ထားပြီး ၉ ဦးမှာ ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ပို့ဆောင်လိုက်ကြောင်း ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့အရာရှိတစ်ဦးက မတ်လ ၂၇ ရက် ည ၈ နာရီကျော်တွင် ပြောသည်။
‘‘ဒီနေ့ သုံးကြိမ် သုံးနေရာလောက် မိုးပေါ်ထောင်ပစ် လူခွဲခဲ့ရပါတယ်’’ဟု အထက်ပါအရာရှိကဆိုသည်။
အဆိုပါ သာသနာ့အလံကို ဖြုတ်ချခဲ့သည်ဟု ဆိုသော Malteser ၀န်ထမ်းမှာ မည်သည့် နိုင်ငံသားဖြစ်သည်ကို ပြည်နယ် အစိုးရအဖွဲ့သို့ ဆက်သွယ်မေး မြန်းသော်လည်း အတည်ပြု ချက်မရသေးပေ။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးမှလည်း နိုင်ငံတကာအဖွဲ့အစည်းများကို ပစ်မှတ်ထားသည့် လူအုပ်စုဖွဲ့အကြမ်းဖက်မှုများကြောင့် အနည်းဆုံး အမေရိကန်နိုင်ငံသား သုံးဦး ပါသော အိုင်အင်န်ဂျီအိုဝန်ထမ်းများကို ဘေးကင်းလုံခြုံရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည့် ယမန်နေ့က စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်များအပေါ် လေးလေးနက်နက်စိုးရိမ်ကြောင်း မတ်လ ၂၇ရက်က သတင်းထုတ်ပြန်သည်။ 
တည်ငြိမ်သည့်ငြိမ်းချမ်းရေးနှ့င် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီး ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို ရေရှည်ခိုင်မာသည့်ဖြေရှင်းနည်းဖြင့် ဆောင်ရွက်သွားရန်လည်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ ဆက်လက်တိုက်တွန်းသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ကမ္ဘာကုလသမဂ္ဂအဖွဲ့နှင့် ဗြိတိသျှသံရုံးတို့ကလည်း စစ်တွေမြို့တွင် ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သက်၍ လေးလေးနက်နက်စိုးရိမ်ပူပန်ကြောင်း ကြေညာချက်အသီးသီး ထုတ်ပြန်ခဲ့သည်။
လူသားချင်းစာနာထောက်ထားမှုများဆိုင်ရာ ၀န်ထမ်းများအနေဖြင့် လုပ်ငန်းများကို အဟန့်အတားမရှိ  လုံခြုံစိတ်ချစွာဖြင့် ဆောင်ရွက်နိုင်ရန်မှာ အဓိကအကြောင်းအရာဖြစ်ပြီး ဗြိတိန်အနေဖြင့် အခြေအနေကို နီးကပ်စွာစောင့်ကြည့်နေမည်ဖြစ်ကြောင်း ဗြိတိန်သံရုံးက မတ်လ ၂၇ရက်တွင် သတင်းထုတ်ပြန်သည်။
ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး သုံးဆယ်ခန့် ဖျက်ဆီးခံခဲ့ရပြီး ပုဒ်မ ၁၄၄ အချိန်တိုးမြှင့်လိုက်မှုကြောင့် အခြေအနေ ငြိမ်သက်သွားပြီဖြစ်ကြောင်း စစ်တွေမြို့မိမြို့ဖ ဦးသန်းထွန်းက မတ်လ ၂၇ ရက် ညပိုင်းကပြောသည်။
ထို့ပြင် လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ခြောက်နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ရဲတပ်ဖွဲ့နှင့် ပြည်နယ်အစိုးရက အတည်ပြုချက်မပေးပေ။
ရခိုင်ပြည်နယ်တွင် ကုလအပါအ၀င် အိုင်အင်န်ဂျီအိုအဖွဲ့အစည်း ခြောက်ဆယ်ကျော်ရှိပြီး အစိုးရနှင့် နားလည်မှုစာချွန်လွှာထိုး လုပ်ကိုင်နေသော အဖွဲ့အစည်း (၁၅)ဖွဲ့ ပါဝင်ကြောင်း ပြည်ထောင်စုအစိုးရက တရားဝင်ပြောကြားထားသည်။

  • စစ်တွေမြို့တွင် ဖြစ်ပွားသောအကြမ်းဖက်မှုများအတွက် အမေရိကန်နှင့် ဗြိတိန်သံရုံး၊ ကုလသမဂ္ဂအဖွဲ့တို့က အခြေအနေကို အထူးစိုးရိမ်ကြောင်း မတ်လ ၂၇ ရက်တွင် ကြေညာချက် အသီးသီး ထုတ်ပြန်သည်။

  • အကြမ်းဖက်မှုများကြောင့် ကုလနှင့် အိုင်အင်န်ဂျီအို အဖွဲ့အစည်းများ၏ နေအိမ်နှင့် ရုံး ၃၀ခန့်ပျက်စီးပြီး နိုင်ငံခြားသားများအပါအ၀င် ၀န်ထမ်း ၇၄ ဦး လုံခြုံရေးအတွက် အစိုးရက ကာကွယ်စောင့်ရှောက်ထားရသည်။

  • မတ်လ ၂၇ ရက်မှစတင်၍ စစ်တွေမြို့တွင် ည ၆ နာရီမှ နံနက်၆ နာရီထိ ညမထွက်ရအမိန့် အရှိန်တိုးမြင့်လိုက်သည်။

  • အကြမ်းဖက်မှုများဖြစ်ပွားစဉ် လေးနေရာခန့်တွင် သေနတ်ဖြင့်မိုးပေါ်ထောင်၍ ပစ်ကာ လူစုခွဲခဲ့သည်။


သတင်း....

26 March 2014

ပခုက္ကူဆန္ဒပြပွဲပါဝင်သူကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ

ပခုက္ကူမြို့ဆန္ဒပြပွဲ အောင်မြင်စွာ ပြီးဆုံး
=====================
ပခုက္ကူမြို့အတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်ကြသူများသည် နံနက် ၁၀း ၁၅ နာရီတွင် ပခုက္ကူမြို့၊ ၁၂ ရပ်ကွက်ရှိ အမှတ် ၂ အခွန်လွတ်ဈေးအရောက် စီတန်းလှည့်လည်ခြင်းကို အဆုံးသတ်ခဲ့ကြပြီး အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ ဟောပြောပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီးနှင့် မနီလာသိန်းတို့က ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုင်ရာများကို ဟောပြောခဲ့ကြပြီး နံနက် ၁၀း ၄၅ နာရီတွင် ဆန္ဒဖော်ထုတ်ပွဲကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြကြောင်း သတင်းရရှိသည်။


ပခုက္ကူဆန္ဒပြပွဲပါဝင်သူ   ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲတပ်ဖွဲ့ခေါ်ယူ
=============================
ယနေ့ မတ်လ ၂၆ ရက် နံနက် ပခုက္ကူမြို့တွင် ခွင့်ပြုချက်မရဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး စီတန်းလှည့်လည်၊ ဟောပြောပြီး ဆန္ဒဖော်ထုတ်ကြသူများအနက် ပခုက္ကူဒေသခံများဖြစ်ကြသော ကိုသန်းနိုင်၊ ကိုသက်ကြူနှင့် ၈၈ မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုပြုံးချို၊ မမီးမီး၊ မနီလာသိန်း တို့ ၅ဦးကို ပခုက္ကူရဲစခန်းမှ စခန်းမှူးက လာခေါ်ကြောင်း နှင့် ၈၈ မျိုးဆက်တို့က ထမင်းစားပြီးမှ လာခဲ့မည်ဟု အကြောင်းပြန်ထားကြောင်း ယခု ၁၂း၀၀ နာရီတွင် ပခုက္ကူမှ သတင်းရသည်။


 

သတင်း - Ant Bwe Kyaw

12 February 2014

တပ်မတော်ရဲ့  ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်း ပြောကြားခဲ့သော တပ်မတော်ဆိုသည်မှာ

စစ်ဝန်ကြီးရုံးတော်

နေ့ စွဲ။ ၂၉-၁၂-၁၉၄၄။

အချိန်။ ၃၊ ၃၀ နာရီ။



ကျွန်ုပ်တို့ တပ်မတော်သည် မည်ကဲ့သို့ တပ်မတော်ဖြစ်သည်ဆိုသည်ကို တိုင်းသူပြည်သားအများအား သေချာစွာ သိရှိနားလည်စေရန် အောက်ပါအချက်များကို ကျွန်ုပ်တို့ ထုတ်ပြန်လိုက်ရပေကြောင်း။



ကျွန်ုပ်တို့ တပ်မတော်အား ကျွန်ုပ်တို့ သည် အောက်ပါ ညွန်ကြားချက်အမိန့်များကို ရှင်းလင်းပြတ်သားစွာ အစကနဦးကပင် ထုတ်ပြန်ထားပြီးဖြစ်ကြောင်းကို ညွန်ကြားချက်ထဲမှ ကျွန်ုပ်တို့ သည် အောက်ပါအချက်များကို အများပြည်သူတို့  သိရှိရန် ဖေါ်ပြလိုက်ပေကြောင်း။



ငါတို့ တပ်မတော်သည် ပြည်သူများမှ ဖြစ်ပေါ်လာ၍ ပြည်သူများ၏ လွတ်လပ်ရေးနှင့် ပြည်သူများ၏ အကျိုးစီးပွားကို စောင့်ရှောက်ကာကွယ်ရန် ဖြစ်သည်။ ထို့ ကြောင့် ငါတို့  တပ်မတော်သည် ပြည်သူ့ တပ်မတော် ဖြစ်သည်။ ပြည်သူများနှင့် ကွဲပြားနေ၍ ပြည်သူများ၏အကျိုးကို ကာကွယ်ရင်း မရှိသော တပ်မတော်မျိုးမဟုတ်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူများတွင် အခြေခံ၍ ပြည်သူများနှင့် အဆက်ဖြတ်ကာ ကွဲပြားခြားနားခြင်း မရှိ၊ အမြဲဆက်စပ်နေ၍ ပြည်သူများနှင့် တသားတည်းရှိသည်၊ ပြည်သူ့ တပ်မတော်သည် ပြည်သူတို့ ၏ လက်ရုံးလက်သီး ပြည်သူများ၏ ဓါးသွား ဖြစ်စေရမည်။ ထို လက်ရုံး၊လက်သီး၊ ဓါးသွားသည် ပြည်သူများ၏ ရန်သူကို တွန်းလှန်ရန် ဖြစ်သည်။ ထိုလက်ရုံး၊ လက်သီး၊ ဓါးသွားသည် ပြည်သူများ၏အကျိုးကို ကာကွယ်ရန် ဖြစ်သည်။



ထို့ ကြောင့် ပြည်သူ့ တပ်မတော်သားများဖြစ်ကြသော ရဲဘော်တို့ ပြည်သူ့ တပ်မတော်သားပီပီ အောက်ပါအချက်များကို ကျင့်ကြံရမည်။



(၁)။ ပြည်သူပြည်သားအပေါင်းတို့ အား အရာရှိ၊ အရာမဲ့ ၊ လူကြီး လူငယ်၊ ယောင်္ကျား မိန်းမ လူမျိုးဘာသာမရွေး ဆက်ဆံတတ်ပါစေ၊ ဖေါ်ရွေကြပါ၊ ယဉ်ကျေးကြပါ၊ ကိုယ့်အမှား မရှိပါစေနှင့်၊ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။



(၂)။ ကိုယ်နှင့်မဆိုင်တဲ့  အခြားသူ၏ အလုပ်ကို အနှောင့်အယှက် မပြုပါနှင့်၊ သို့ သော် ကိုယ့်ဝတ္တရားအချိန်တွင် မည်သူမဆို ကူညီနိုင်သမျှ ကူညီပါ၊ ကူညီရာတွင် တရားနည်းလမ်းကျပါစေ။



(၃)။ ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့ တပ်တွင်၎င်း၊ ပြင်ပသော်၎င်း၊ ဆွေမျိုးရင်းချာကဲ့ သို့  သဘောထားပါ၊ ၄င်းတို့ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း၊ ပြောဆိုခြင်း၊ ၀တ်စားနေထိုင်ခြင်း အစရှိသည်တို့ ကို မကဲ့ ရဲ့ ပါနှင့်၊ မနောက်ပြောင်ပါနှင့်၊ မနှောင့်ယှက်ပါနှင့်၊ ၄င်းတို့ မခံချင်မည့် အပြောအဆို အသုံးအနှုံးကို ရှောင်ကျဉ်ပါ၊ ၄င်းတို့ ကို ကူညီနိုင်လျင် ကူညီပါ။



(က) အရက်မူး မရမ်းကားရ၊



(ခ) မိန်းမများကို ကျူးလွန်စော်ကားခြင်း မပြုရ။



(ဂ) လုယက် မခိုးဝှက်ရ။



(ဃ) တည်းခိုသောအိမ်ယာများတွင် ခွင့်တောင်းပြီးမှ ၀င်ရမည်။ နေထိုင်စဉ်အခါ ညစ်ညစ်ညမ်းညမ်း မနေထိုင်ပဲ သန့် သန့် ရှင်းရှင်း နေထိုင်ရမည်။ အိမ်မှ ထွက်ခွာသောအခါတွင်လည်း အပျက်အစီးများရှိက မိမိကြောင့်ဖြစ်လျင် အစားထိုးပေးခြင်း၊ လျော်ကြေးပေးခြင်း ပြုရမည်။



(င) တန်ရာတန်ဘိုးမပေးပဲ မ၀ယ်ပါနှင့်။



(စ) ချေးငှားထားသောအရာကို ဆက်ဆက်ပြန်ပေးပါရန် မမေ့ပါနှင့်။



(ဆ) အထက်အမိန့် မရပဲ ပစ္စည်းအတင်းမသိမ်းပါနှင့်၊ အထက်အမိန့် အရ သိမ်းရစေကာမူ မဖွယ်မရာ မယဉ်မကျေးမပြုပါနှင့်၊ အများမခံနိုင်အောင် မလုပ်ပါနှင့်။



(ဇ) လူမျိုးအချင်းချင်း၎င်း၊ ကိုးကွယ်သည့် ဘာသာရေးနှင့် ပါတ်သက်၍၄င်း၊ သွေးကွဲသည့် အလုပ်၊ မုန်းတီးစေမည့်အလုပ်ကို မလုပ်ပါနှင့်။



အထက်ပါအတိုင်း ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ တပ်မတော်အား စည်းကမ်းများ ပြုလုပ်ပညပ်ထားပြီဖြစ်ကြောင်း၊ သို့ သော်လည်း တချို့ တချို့ သော တပ်မတော်သားများသည်၎င်း၊ တပ်မတော်သားများ အယောင်ဆောင်ကြသော အရပ်သားများသည်၎င်း၊ ကျွန်ုပ်တို့ ရည်ရွယ်ချက်ဝါဒ စည်းမျဉ်းနှင့် ဆန့် ကျင်၍ ပြုလုပ်နေကြပုံကို ကျွန်ုပ်တို့  ရံဖန်ရံခါ ကြားသိရပေကြောင်း။ ထိုကဲ့ သို့ အမှူကိစ္စမျိုးကို ကြားသိရသော ပြည်သူအပေါင်းတို့ သည် ကျွန်ုပ်တို့ အား သိရှိသည်နှင့် တပြိုင်နက် လာရောက်အကြောင်းကြား တိုင်ကြားစေလိုကြောင်း။



ကျွန်ုပ်တို့ တပ်မတော်သည် အဓမ္မနှိပ်စက်ခြင်း၊ သွေးစုပ်ခြင်းအတွက် မည်သည့်အခါမျှ ရည်ရွယ်ခြင်းမရှိ၊ ထိုကဲ့သို့ ကျွန်ုပ်တို့ ရည်ရွယ်ချက်နှင့် ဆန့် ကျင်သော မည်သူကိုမဆို ကျွန်ုပ်တို့ အား လာရောက်တိုင်ကြားက ကျွန်ုပ်တို့  အရေးယူနိုင်သူမှန်သမျှကို ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း။



ကျွန်ုပ်တို့ အတိအလင်း ကြေညာလိုသည်မှာ ကျွန်ုပ်တို့ တပ်မတော်သည် တိုင်းပြည်လွတ်လပ်ရေးနှင့် ထိုတိုင်းပြည်လွတ်လပ်ရေးကို ခိုင်ခိုင်မာမာ ဒင်ပြည့် တည်တံ့စေအောင် ဆောင်ရွက်ရန်ဖြစ်သော မျိုးချစ်တပ်မတော် ဖြစ်သည်။ ကျွန်ုပ်တို့ သည် ကျွန်ုပ်တို့ တိုင်းပြည်နှင့် လူမျိုး လွတ်လပ်ရေးကို ရွှေဒင်္ဂါး အစရှိသော ကိုယ်ရေးသက်သာမှူကလေးများအတွက် မည်သည့်အခါမဆို မည်သည့်နည်းနှင့်မျှ လဲယူမည် မဟုတ်ကြောင်း။



ကျွန်ုပ်တို့ သည် ဤနိုင်ငံ၊ ဤလူမျိုးများ လုံးဝလွတ်လပ်ရေးအတွက် အဆုံးထိ တိုက်ခိုက်သွားမည်ဖြစ်ကြောင်း။ တိုင်းသူပြည်သားများအား တိတိလင်းလင်း ကြေညာလိုက်ပေကြောင်း။



အောင်ဆန်း

စစ်ဝန်ကြီးနှင့်စစ်သေနာပတိ

ဗမာ့လက်နက်ကိုင်စစ်တပ်များ

ဗမာနိုင်ငံတော်




09 February 2014

အဓမ္မဖျက်ဆီးဖယ်ရှားခြင်းခံလိုက်ရသော လှည်းကူးမြို့နယ် သမီးလေးရွာသူရွာသား များ အခြေအနေမှန်ပါ

06 February 2014

ကားနှင့်အကျိုးပေးသောစစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး

  ကားနှင့် အကျိုးပေးသော စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူး.. (စစ်ကိုင်းမြို့ စီးပွားရေး လုပ်ငန်းရှင် တဦးပေးစာ) နိုင်ငံတော်မှ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့များအတွက် တိုယိုတာ၊ ကယ်ဒီနား ကားများ ချထားပေးခဲ့ရာ ၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင် စသည့်မြို့များမှ ရရှိခဲ့ပါသည်။ 

စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးအတွက်ရရှိသော ယာဉ်မောင်း ဦးမင်းအောင် မောင်းနှင်သည့် အထက်အပါ ကားအမျိုးအစား ခဲရောင်သည် ၂၀၁၄၊ ဇန်န၀ါရီလအတွင်းက၊ မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာ အနီးအရောက်တွင် လမ်းဘေးမှ သစ်ပင်ကြီးကို ၀င်ရောက်တိုက်မိပြီး ကားပျက်စီးသွားခဲ့ပါသည်။

သည့်အတွက် စစ်ကိုင်းမြို့နယ်ရှိ ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူး တစ်ဦးလျှင် ကျပ် (၂) သောင်း ကျစီ ကောက်ခံခဲ့ပါသည်။ ၎င်းဆနာက် အုတ်ခဲလုပ်ငန်းရှင်များထံမှ ငွေကျပ် သိန်း(၁၃၀)ခန့်ကိုလည်း ထပ်မံကောက်ခံခဲ့ပါသည်။

 ထို့အပြင် စက်သုံးဆီလုပ်ငန်းရှင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များထံမှလည်း ထပ်ဆင့် ကောက်ခံခဲ့ရာ ကောက်ခံရရှိငွေ စုစုပေါင်း ကျပ်သိန်း(၃၀၀)ကျော် ရရှိခဲ့ပါသည်။ ကားအစား ရရန်အတွက် မြ၀တီမှ လိုင်စင်မဲ့ ၊ ချက်စီ ပြင်ရိုက်ပြီး ကားကို စစ်ကိုင်းအရောက် ( ၃၅ )သိန်း ဖြင့် ၀ယ်ယူခဲ့ပြီး ထိခိုက်ပျက်စီးသည့် မူရင်းကားကို ကျပ်(၁၃)သိန်းဖြင့် ရောင်းချခဲ့ပါသည်။ စာရင်းချုပ်လျှင် ကားအသစ်အစားထိုးသည့် ကိစ္စသည် ကျပ်(၂၂)သိန်း သာကုန်ကျခဲ့ပါသည်။

 သိန်း(၃၀၀)နီးပါး အမြတ်အစွန်းရရှိသော ယခုလို ယဉ်တိုက်ခိုက်မှု အကျိုးအမြတ်ကို ကြွက်သေတခု အရင်းပြုဆိုသလို တိုက်ကား တစီးကို အရင်းပြုပြီး..။

လက်ဆုပ်လက်ကိုင် အမြတ် ရယူနိုင်ခဲ့သည့် စစ်ကိုင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းအောင်အတွက်၊ ဤဖြစ်စဉ်သည် အကျိုးပေးသည့် စီးပွားရေး အမြင်သစ်တရပ်အဖြစ်ရှိနေမှာ အသေအချာပင် ဖြစ်ပါတော့သည်။ 


  စီးပွားရေး အမြင်ဖြင့်ကြည့်သူ

စစ်ကိုင်းသား..

01 February 2014

Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွား

Unity journal တွင်ဖေါ်ပြ ခဲ့သောလျှိုဝှတ် ဓါတုလက်နက်စက်ရုံသတင်းဆောင်းပါးနှင့်စပ်လျှင်း၍ အရေးယူဆောင်ရွက်မှု ဟုယူဆရသော စစ်ဆေးမှုများကို အာဏာပိုင်များ ကဆောင်ရွက်လျှက်ရှိပြီးယနေ့ ည တွင် ပေါက်မြို့ နေ Unity journal သတင်းထောက် ကိုလူမော်နိုင် အား သက်ဆိုင်ရာ လာရောက် ခေါ်ဆောင် သွားကြောင်းနှင့် ၊ အခြား ရန်ကုန်နေ သတင်းထောက် ၃ ဦး ၏နေအိမ်များသို့ ယနေ့ ညတွင် ဝင်ရောက်စစ်ဆေးမှု များရှိကြောင်း ၄င်း Unity Journal အယ်ဒီတာ ဖြစ်သူ ကိုတင်ဆန်း မှပြောကြားပါသည်။


 နောက်ဆက်တွဲ သတင်း
 
 Unity Journal အယ်ဒီတာချုပ် အား သတင်းတပ်ဖွဲ့ မှ ပြီးခဲ့ သည့် မိနစ် ပိုင်းက လာရောက်ခေါ်ဆောင်သွားပြီဟု သိရှိရသည်။

သတင်း...Thiha Thwe

30 January 2014

အာဏာရှင်တွေလည်း တယ်ကြောက်စရာကောင်းသကိုး ကြိမ်းလိုက်ဝါးလိုက်တာ အရမ်းပဲရှင်..



ဘုန်းကြီးဆိုတာ ရန်ဖြစ်ရတဲ့ အမျိုးမဟုတ်ဘူး၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အကာအကွယ် ပေးရမယ်၊


မင်းတို့ မကြာမီ ရွေးကောက်ပွဲတွေ ဘာတွေ လုပ်လိမ့်မယ်၊
အဲဒီတော့ ရွေးကောက်ပွဲလုပ်တာ သူတို့ဟာ သူတို့ လုပ်တာ၊ မင်းတို့နဲ့ ဘာမှ မဆိုင်ဘူး၊

ဘယ်ပါတီ မဲထည့်ပါ၊ ဟိုပါတီ မဲထည့်ပါ၊ အဲသလို စသည်ဖြင့် ဘယ်တော့မှ မပြောနဲ့၊ နိုင်ငံရေး မလုပ်ရဘူးလို့ မဆိုဘူး၊

နိုင်ငံရေးက လုပ်ကို လုပ်ရမယ်၊ ဒါပေမဲ့ နိုင်ငံရေးလုပ်တယ်ဆိုတာ တစ်ဖက်သတ် လုပ်လို့မရဘူး၊ ဒါကြောင့်မို့လို့ တစ်ဖက်သတ်အနေနဲ့ ဘယ်ပါတီ မဲထည့်ပါ စသည်ဖြင့် မင်းတို့ တောရွာတွေမှာလည်း ဘယ်တော့မှ မပြောနဲ့။

ပြီးတော့ များသောအားဖြင့် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတို့ ဘာတို့မှာ ဒို့ဗမာပြည်က ရန်ဖြစ်တတ်တယ်၊ လူသတ်မှုတွေ ဘာတွေ ဖြစ်တတ်တယ်၊ မင်းတို့ အရင်လဲ ပြောပြီးပြီ၊

မင်းလှ လေးလောင်းပြိုင်တူ၊ အဲဒါတွေ ရှိတယ်၊ ဒီတော့ ဒါမျိုးတွေ မဖြစ်အောင် ကိုယ့်ရွာကို တားပါ။ ကိုယ့်ရွာက ဒကာဒကာမတွေကို ရန်မဖြစ်ကြနဲ့၊ မဲရွေးပွဲနဲ့ ပတ်သတ်ပြီး ရန်မဖြစ်နဲ့၊ ညီညီညွတ်ညွတ် ကိုယ်ကြိုက်တဲ့ ပါတီ ကိုယ့်ဟာကို မဲပေးကြ စသည်ဖြင့် အဲသလို အသိညာဏ်ပေးပါ။ ရန်ဖြစ်တဲ့အထဲ ကိုယ်မပါပါနဲ့။

ဘုန်းကြီးဆိုတာ ရန်ဖြစ်ရတဲ့ အမျိုးမဟုတ်ဘူး၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို အကာအကွယ် ပေးရမယ်၊ ရန်ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ငြိမ်းချမ်းသွားအောင် လုပ်ရတဲ့ လူတန်းစားထဲ ရောက်သွားပြီ၊ အဲဒါ ကိုယ့်အဆင့်အတန်းကို အမြဲတမ်း မှတ်ထား။

ဒို့က ကိုယ်တိုင် ရန်ပွဲထဲ ပါဘို့ မဟုတ်ဘူး၊ ရန်ပွဲတွေကို ငြိမ်းအောင် လုပ်ပေးရမယ့် တာဝန်သာ ရှိတယ်၊ အဲဒီ ကိုယ့်တာဝန်ကိုလည်းပဲ အမြဲတမ်း မှတ်ပြီးတော့ထားပါ။

---------------------------------------------
မစိုးရိမ်တိုက်သစ်ကြီးများ၏
ပဓာနမဟာနာယကချုပ်ဆရာတော်ဘုရားကြီး
ကျေးဇူးတော်ရှင် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ
(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓ)
မစိုးရိမ်တိုက်သစ်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
 

28 January 2014

“ သပိတ် အကြောင်း... ”


“ သပိတ် အကြောင်း... ”
•••••••••••••••••••••
အမေး။ ။ ဘုန်းဘုန်းဘုရား။ သံဃာတော်တွေအတွက် သပိတ် ကို အမဲရောင်အဖြစ် ဘယ်သူ သတ်မှတ်တာလဲ ဘုရား။ သတ်မှတ်တဲ့အချိန်ကာလနှင့် ရည်ရွယ်ချက်ကို တပည့်တော် သိလိုပါတယ် ဘုရား။ နောက်ပိုင်းမှာမြသပိတ် လို အစိမ်းရောင်တွေ ပေါ်လာတာလေးလည်း တပည့်တော်သိလိုပါတယ်ဘုရား။

(မောင်ပြည့်စုံအောင်)

အဖြေ။ ။ သပိတ်အကြောင်းနဲ့စပ်ပြီး အကျယ်တ၀င့် ပြောချင်တယ်။ဘုရားအလောင်းတော် တောထွက်တော် မူတော့ ဃဋိကာရဗြဟ္မာကြီးက ပရိက္ခရာလှူဒါန်းပါတယ်။ ဒီပရိက္ခရာထဲမှာ သပိတ်လည်း ပါပါတယ်။
ဗြဟ္မာလှူတဲ့သပိတ်ဟာ ဘာနဲ့လုပ်ထားတယ်ဆိုတာ တိတိကျကျ မဖေါ်ပေမဲ့ သုဇာတာ သဌေး သမီး နို့ဃနာဆွမ်းလှူဒါန်းတဲ့ကာလမှာ (ဃဋိကာရမဟာဗြဟ္မုနော ဒိန္ဒော မတ္တိကာပတ္တော)
ဗြဟ္မာကြီးလှူဒါန်းတာဟာ မြေဖြင့်ပြီးတဲ့ သပိတ်(မြေသပိတ်)လို့ ဆိုပါတယ်။
ဘုရားလောင်းတော်ဟာ ဒုက္ကရစရိယာအကျင့် ကျင့်နေတဲ့ကာလအတွင်း ဗြဟ္မာလှူတဲ့ မြေသပိတ်နဲ့ မကင်းခဲ့ပါ။ သို့သော်လည်း သုဇာတာသူဌေးသမီး နို့ဃနာဆွမ်းလှူဒါန်းဖို့ လာတဲ့ အခါကျမှ မြေသပိတ်ဟာ အလိုလို ကွယ်ပျောက်သွားခဲ့တယ်။ ဘုရားလောင်းတော်ဟာ မဟာသက္ကရာဇ် (၁၀၃)ခုနှစ် ကဆုန်လပြည့်နေ့မှာ ဘုရားအဖြစ်သို့ ရောက်တော်မူပါတယ်။

အဲဒီကနေ သတ္တာသတ္တဟစံတော်မူကာ နောက်ဆုံး  ရာဇာယတနသတ္တာဟ စံနေတော်မူတဲ့အချိန်မှာ
နတ်မင်းကြီးလေးပါးက (ဣန္ဒနီလမဏိမယေ ပတ္တေ)မြဖြင့်ပြီးတဲ့ သိပတ်(မြသပိတ်)ကို ကပ်လှူကြပါတယ်။
ဘုရားရှင်က ထိုမြသပိတ်ကို လက်မခံဘူး။ တစ်ဖန် ပဲနောက်အဆင်းရှိတဲ့ ကျောက်နဲ့လုပ်ထားတဲ့
သပိတ်လေးလုံးကို ဆက်ကပ်တော့မှ လက်ခံတော်မူပါတယ်။
ဘုရားရှင်က ထိုပဲနောက်အဆင်းရှိတဲ့ သပိတ်လေးလုံးကို ဆင့်ထားပြီး အဓိဋ္ဌာန်တော်မူရာ သပိတ်လေးလုံးကနေ အနားရစ်လေးရစ်ပါတဲ့သပိတ်တစ်လုံးတည်း မြင်တွေ့ရပါတယ်။
ဒါကြောင့် ဘုရားရဲ့သပိတ်တော်အရောင်ဟာ ပဲနောက်အဆင်းရှိတဲ့ (အမဲ)ရောင်ပဲ ဖြစ်ပါတယ်။

တစ်ဖန် ပါတိမောက်ဘာသာဋီကာမှာ သပိတ်နဲ့စပ်ပြီးမြေသပိတ် သံပိတ် နှစ်မျိုးသာ အပ်ပါတယ်လို့ဆိုပါတယ်။ ဒီနှစ်မျိုးမှာ မြေသပိတ်ကို (၂)ကြိမ်မီးဖုတ်ပြီး သံသပိတ် ကို (၅)ကြိမ် မီးဖုတ်ရမယ်လို့ အဋ္ဌကထာက ဆိုထားပါတယ်။

ဒီလို မီးဖုတ်ရတာက ဖြူကြောင်ကြောင် အဆင်းမရှိစေဘဲ ညိုမှောင်မှောင် အဆင်းရှိစေလိုရင်းဖြစ်တယ်။
သပိတ်အမဲရောင်ဖြစ်အောင် ပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ (သမဏသာရုပ္ပေန- ရဟန်းတို့ အား လျောက်ပတ်သော အားဖြင့်၊ ပက္ကံ-ကျက်ပြီးသော)ဟုဆိုထားတဲ့အတွက် သမဏ သာရုပ္ပဖြစ်အောင် (ရဟန်းများ ကြည်ညိုဖွယ် ဖြစ်အောင်) ဖြစ်ပါတယ်။

သတ်မှတ်တဲ့ကာလ ဘုရားအလောင်းတော် ဘုရားအဖြစ်သို့ ရောက်တော်မူတာက မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊  ကဆုန်လပြည့်နေ့ဖြစ်ပြီး၊ သတ္တာသတ္တာဟ (၄၉)ရက်အကြာ ၀ါဆိုလဆန်း(၄)ရက်နေ့ခန့်မှာ နတ်မင်းကြီးလေးဦး၏ ပဲနောက် အဆင်းရှိ သပိတ်ကို အလှူခံယူတော်မူတဲ့အတွက် သပိတ်သတ်မှာရာကာလကို မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလဆန်းပိုင်းက စတင်ခဲ့တယ်လို့ ယူဆရပါတယ်။
မြသပိတ်လို အစိမ်းရောင်တွေ ပေါ်လာတာကိုပြောရမယ်ဆိုရင် ဘုရားဖြစ်တော်မူပြီး (၄၉)ရက်ခန့်အကြာမှာ နတ်မင်းကြီးလေးပါးက ဘုရားအား ပထမအကြိမ် မြသပိတ်လှူဒါန်းတာကို အကြောင်းပြုပြီး နောက်ပိုင်းမှာ လူတွေက ဘုရားရုပ်ပွားတော်မြတ်အား မြသပိတ်လို အစိမ်းရောင် သပိတ်များ လှူလာကြတာ ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ယနေ့ခေတ် လှူဒါန်းနေတဲ့ သပိတ်တွေက မြသပိတ်လို့ခေါ်ကြတဲ့ ဖန်သပိတ်တွေပါ။
အဲဒီသပိတ်တွေလည်း ဘုရားအား လှူဒါန်းဖို့ရာ မသင့်တော်ဘူးလို့ ထင်ပါတယ်။

- [ ဦးကောဝိဒ(မြိတ်)]

27 January 2014

မြန်မာနိုင်ငံ က ဆေးတက္ကသိုလ် မှာ တက်ရောက်နေတဲ့ ဆေးကျောင်းသူကို မုဒိမ်းကျင့်ခံရတဲ့အမှု့ တရားခံ အစစ်အမှန် အမြန် ပေါ်ပေါက်ပါစေ







 
"မြန်မာ့တရားရေးကို စိန်ခေါ်လာတဲ့ နော်မေသူသူဇော် သေဆုံးမှု" 2013 ဧပြီလ လောက်က ဆေးဖက်ကျောင်းသူလေး တစ်ယောက်ဟာ ဘုရင့်နောင်တံတားပေါ်က ခုန်ချပြီး သတ်သေသွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ အဲ့ဒီကျောင်းသူလေးနာမည်က နော်မေသူသူဇော်ဖြစ်ပြီး အသက် ၁၉ နှစ်သာ ရှိပါသေးတယ်။ နော်မေသူသူဇော် ရဲ့ ရည်းစားဖြစ်သူက ရဲမင်းဦးလို့ ခေါ်တဲ့ ဆေးကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။ ကောင်မလေးသေတဲ့နေ့က သူဟာ သူ့ချစ်သူ ရဲမင်းဦးနဲ့ လျှောက်လည်ရာက ပြန်လာပြီး စော်ဘွားကြီးကုန်းကနေ မှော်ဘီကို ည ၇ နာရီ ၄၅ မိနစ်မှာ ပြန်သွားတယ်လို့ ရဲမင်းဦး က စစ်ချက်ပေးပါတယ်။ မေသူဇော်ရဲ့ လွယ်အိတ်ကို ဘုရင့်နောင် တံတားပေါ်မှာ လေညှင်းခံ ထွက်လာတဲ့ ရွာမရပ်ကွက်က မိန်းခလေးသုံးယောက်မှ ည ၈ နာရီအချိန်မှာ တွေ့ခဲ့တာလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဇော်ဘွားကြီးကုန်းကနေ မှော်ဘီကို သူ့ရည်းစားရှေ့မှာ ပြန်သွားတဲ့ မိန်းခလေးဟာ ဘုရင့်နောင်တံတားပေါ်မှာ ည ၈ နာရီမှာ ဘယ်လို ကိုယ့်ဟာကိုယ် သတ်သေမလဲ ??? ဇော်ဘွားကြီးကုန်းနဲ့ ဘုရင့်နောင်ဆိုတာ ဆန့်ကျင့်ဘက်ပါ။ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ မိန်းခလေးဟာ ဇော်ဘွားကြီးကုန်းကလာပြီး ခရေပင်လမ်းခွဲမှာ ဆင်း၊ တက္ကစီဌားပြီး ဘုရင့်နောင်တံတားကိုလာပြီးမှ လွယ်အိတ်ကို တံတားမှာ ချပြီး မြစ်ထဲကို ခုန်ဆင်းသတ်သေတယ်လို့ ယူဆပါသတဲ့။ စော်ဘွားကြီးကုန်းကနေ ခရေပင်လမ်းခွဲကို ဟိုင်းလတ်စီးရင် အနည်းဆုံး ငါးမိနစ်နဲ့ ဆယ်မိနစ်ကြာပါတယ်။ ခရေပင်လမ်းခွဲက ဘုရင်နောင်တံတား - ပေါက်တောဝကို တက္ကစီ ဌားရင်လည်း အနည်းဆုံး ၁၅ မိနစ်က နာရီဝက်လောက်ကြာနိုင်ပါတယ်။ အင်းစိန်ပန်းခြံကစပြီး ဂုံးတံတား၊ အင်းစိန်ဈေး၊ ပေါက်တောဝ မီးပွိုင့်အထိ လမ်းတောက်လျှောက် ပွင့်နေတာတောင် ငါးမိနစ်က ဆယ်မိနစ်လောက်ထိကြာပါတယ်။ ဒီလိုဆိုရင် ည ၇ နာရီ ၄၅ မှာ ရည်းစားနဲ့ လမ်းခွဲလာတဲ့ မိန်းခလေး ည ၈ နာရီမှာ ကိုယ့်ကိုကိုယ် ဘုရင့်နောင်တံတားမှာ သတ်သေတယ်ဆိုတဲ့ ရဲတပ်ဖွဲ့ရဲ့ ရှင်းလင်းချက်ကို လက်ခံနိုင်ဖွယ်ရှိပါသလား ??? အဲ့ဒီနောက်မှာတော့ ကောင်မလေးရဲ့ အလောင်းပေါ်လာတယ်။ ရဲက နှစ်ရက်ထားပြီးတော့ ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်တယ်လို့ဆိုပါတယ်။ ဆေးရုံက သုံးရက်ထားမယ့်ဟာကို ရဲက အမိန့်စာထုတ်ပြီး သဂြိုလ်ပါသတဲ့။ ပြီးတော့မှ ရဲမင်းဦးအိမ်က အရင်သိပြီး ကောင်မလေးအိမ်ကို အကြောင်းကြားတယ်လို့ ဆိုပါတယ်။ ကောင်မလေး တံတားမှာ ချန်ခဲ့တဲ့ အိတ်နဲ့ဖိနပ်။ အိတ်မှာ ကောင်မလေးရဲ့ ကျောင်းသားကတ်ဒ် ရှိပါတယ်။ ကျောင်းသားကတ်ဒ်ထဲမှာ နေရပ်လိပ်စာလည်း ပါတယ်။ ဒါပေမယ့် ကောင်မလေးကို ပိုင်ရှင်မဲ့ဆိုပြီး သဂြိုလ်လိုက်ပါတယ်။ ဆေးစာကို ရေးတာက အင်းစိန်က မူ့ခင်းဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းဖြစ်ပါတယ်။ ဆေးစာမှာတော့ ကောင်မလေးမှာ ပြင်ပဒဏ်ရာ မတွေ့ရပဲ အဆုတ်ထဲရေ၀င်ပြီး သေဆုံးတယ်လို့ ဆိုပါတယ်။ ပြီးတော့ ကောင်မလေးဟာ အပျိုစစ်စစ်လို့ ဆိုပါတယ်။ ကောင်မလေးရဲ့ အပျိုမှေးတောင် မပျက်စီးတဲ့ သဘောပေါ့။ ဒါပေမယ့် ရဲတပ်ဖွဲ့ကပေးတဲ့ ပုံ မဟုတ်ပဲ မိသားစုက စုံစမ်းပြီးရထားတဲ့ အလောင်းဘေးတိုက်ပုံ ကောင်မလေးရဲ့ နောက်ကျောမှာ သွေးစွန်းနေတယ်လို့ ယူဆနိုင်တဲ့ အနီကွက်ကို တွေ့ရသလို၊ ရဲ ကပေးတဲ့ ပုံမှာလည်း လက်ဝဲဘက် လက်ကျိုးနေတယ်လို့ ယူဆနိုင်ပါတယ်။ မူ့ခင်းဆရာဝန်ကြီးက အပျိုစစ်စစ်လို့ ထွက်ချက်ပေးပေမယ့် သေဆုံးသူရဲ့ ဖုန်းထဲမှာ သူ့ရည်းစား ရဲမင်းဦးနဲ့ ပို့ထားတဲ့ မက်ဆေခ်ျ့တွေမှာတော့ ကောင်မလေးဟာ သူ့ရည်းစားနဲ့ လွန်ကျုးထားတယ်လို့ တွေ့ရှိရပြီး ကောင်မလေးဟာ တားဆေးစားနေရပါသတဲ့။ တားဆေးစားနေရတဲ့ မိန်းခလေးဟာ အပျိုစစ်စစ်ဖြစ်ပါ့မလား ??? အမှုရှုပ်ထွေးလာပါပြီ။ ဒါဆိုဘာလို့ ရဲတပ်ဖွဲ့နဲ့ မှုခင်းဆရာဝန်ကြီး၊ တရားသူကြီးတွေက ဒီလိုသံသယ၀င်စရာတွေကို သတိမပြုခဲ့ပါသလဲ ??? ဆေးကျောင်းသား ရဲမင်းဦးရဲ့ ဖခင်ဟာ GE(အင်ဂျင်နီယာ) တပ်က အရာခံဗိုလ်ကြီးတစ်ဦးဖြစ်ပါတယ်။ GE တပ်က ဆာဂျင်တွေ အင်ဂျင်နီယာတွေ ဘယ်လောက် ပိုက်ဆံရတယ်၊ ချမ်းသာတယ်ဆိုတာ နီးစပ်သူတွေ သိကြမှာပါ။ ဒါတင်မကပဲ ရဲမင်းဦးနဲ့ သေဆုံးသူကောင်မလေးတို့ဟာ အဲ့ဒီနေ့က ရွှေတိဂုံဘုရားနဲ့ Junction Square တို့ကို လည်ပတ်ခဲ့ကြပါသတဲ့။ တိတိကျကျဆို ရဲမင်းဦ သူ့ အစ်ကိုတစ်ဦးနှင့် သေဆုံးသူကောင်မလေးတို့ဖြစ်ပါတယ်။ ဒါပေမယ့် ရဲမင်းဦးရဲ့ သူငယ်ချင်းတွေဟာ အဲ့နေ့က သေဆုံးသူကောင်မလေး ၀တ်တဲ့ ဂါဝန်နဲ့ အရောင်ကိုပါ သိကြပါသတဲ့။ ဒီအကြောင်းကို သေဆုံးသူကောင်မလေးအိမ်က ရဲမင်းဦးနဲ့ သူ့အပေါင်းအသင်းများက ကောင်မလေးကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ကာ ကိုယ့်ကိုကိုယ် သတ်သေသလို ဇတ်လမ်းဆင်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ဆုံး သံသယဖြစ်စရာ အကောင်းဆုံးကတော့ ကောင်မလေး အလောင်းပေါ်တဲ့ လှိုင်မြစ်ကမ်းနဲ့ နှစ်လမ်းအကွာမှာ ရှိတာကတော့ လူသတ်သမားလို့ စွပ်စွဲခံရတဲ့ ကောင်မလေးရဲ့ချစ်သူ ရဲမင်းဦး ရဲ့ အိမ်ပဲ ဖြစ်ပါတော့တယ်။ ဒီလို သံသယတွေ၊ ထောက်ပြစရာတွေ လျို့ဝှက်ချက်နေတဲ့ ပြည့်လျှမ်းနေတဲ့ အမှုကို လူသေမှုဆိုပြီး အမှုပိတ်လိုက်တာဟာ ရဲတပ်ဖွဲရဲ့ စွမ်းရည်ကို ဝေဖန်စရာဖြစ်နေပြီး၊ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့ဘုတ်နဲ့ ၀က်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာကြပါတယ်။ လူအများစုကတော့ မြန်မာ့တရားစီရင်ရေးကို ကိုင်လှုပ်လာမလား ဆိုတာ စောင့်ကြည့်နေကြရင်း။ တရားဥပဒေ စိုးမိုးနိုင်ပါစေ။ 

မာဃ Credit to: Aye Chan Mon

26 January 2014

ကျေနပ်ပါတော့အမေ


၂၄.၁.၂ဝ၁၄ ရက်နေ့ ည (၉းဝဝ) နာရီအချိန်ခန့်က ကျွန်တော့်ထံသို့ အမေဒေါ်ခင်ယုမေ ဆုံးသွား ပြီ ဟူ၍ အမေ့အိမ်မှ အကြောင်းကြားခဲ့သည်။ အမေက သူဆုံး-ဆုံးခြင်း ချက်ခြင်းသင်္ဂြိုဟ်ပေးရန်နှင့် မောင် ကျော်သူတို့အား ချက်ခြင်းအကြောင်းကြားရန် မှာကြားခဲ့သည့်အတွက် ကျွန်တော့်ထံသို့ အမေ့၏ ဆွေမျိုး တစ်ဦးမှ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၅.၁.၂ဝ၁၄ ရက်နေ့ နံနက် (၉းဝဝ) နာရီအချိန်တွင် အမေဒေါ်ခင်ယုမေ၏ ကျန်ရစ်သောရုပ်ခန္ဓာအား လာရောက်သယ်ဆောင်မည့် အစီအစဉ်အား ချက်ခြင်းဆွဲ ခဲ့သည်။ သို့သော် နံနက်အချိန်တွင် သံဃာတော်များအား ဆွမ်းကပ်တရားနာပြီးမှ သယ်ဆောင်လိုကြောင်း အကြောင်းကြားခဲ့သည့်အတွက် နံနက် (၁၁း၃ဝ) နာရီအချိန်တွင် အမေ၏ နေအိမ်ရှိရာ အမှတ် (၂၉)၊ သီရိ မင်္ဂလာရိပ်သာ၊ ကမ္ဘာအေးဘုရားလမ်းသို့ သွားရောက်ကာ အမေဒေါ်ခင်ယုမေ၏ ရုပ်ခန္ဓာအား မှန်ခေါင်းထဲ သို့ ထည့်သွင်းပြင်ဆင်ပြီး နိဗ္ဗာန်ယာဉ်ပေါ်သို့ တင်ဆောင်ကာ ရေဝေးသုဿန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ သည်။ အမေဒေါ်ခင်ယုမေအားရည်စူး၍ ကျန်ရစ်သူမိသားစုတို့မှ နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ အလှူ ငွေ (၅) သိန်းကျပ်တိတိအား လှူဒါန်းခဲ့သည်။ အမေဖြစ်စေချင်သော ချက်ခြင်းသင်္ဂြိုဟ်ပေးခြင်း အမေ့ဆန္ဒ ပြည့်ဝခဲ့ပြီ ဖြစ်ပါသည်။ သို့သော် ကျွန်တော်ပြန်လည်၍ တွေးမိကာ လူတွေဟာ သေခြင်းတရားကို မေ့ပျောက်နေကြသ လား။ သေခြင်းတရားကို အမေ့ခံနေကြတာလား။ သေခြင်းတရားကို မသိကျိုးနွံ ပြုလုပ်နေကြတာလား … ဟူ၍ဖြစ်သည်။ အဘယ့်ကြောင့်ဆို အမေဒေါ်ခင်ယုမေသည် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် မော်ဒယ်(လ်)လောက၏ ဘုရင်မတစ်ဦးဖြစ်ခဲ့သည်။ ထို့ပြင် ဂီတလောကတွင်လည်း အောင်မြင်ကျော်ကြား ခဲ့သော အဆိုတော်တစ်ဦးလည်း ဖြစ်ခဲ့သည်။ ရုပ်ရှင်လောကတွင်လည်း အကယ်ဒမီနှစ်ထပ်ကွမ်း ရုပ်ရှင် မင်းသမီးကြီးတစ်ဦး ဖြစ်ခဲ့သည်။ အဘယ့်ကြောင့် ထိုကဲ့သို့ အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သည့် အနုပညာရှင်တစ်ဦး၏ နောက်ဆုံးခရီးသည် ငြိမ်သက်ခြောက်သွေ့စွာဖြင့် ပြီးဆုံးသွားရသနည်း။ တကယ်ဆို ရုပ်ရှင်၊ ဂီတ၊ ဖက်ရှင်၊ မော်ဒယ်(လ်) လောကမှ ပညာရှင်များ လက်တွဲညီညီ စည်စည်ကားကား ကျင်းပ သင့်သော ဂုဏ်ယူသင့်သည့် မှတ်ကျောက်တင်ရမည့် ဈာပနအခမ်းအနားတစ်ခု ဖြစ်သင့်တော့သည်။ “မည်သည့်အချိန် … မည်သည့်နေရာ … မည်သည့်ပုံစံဖြင့် သေဆုံးကြရမည်ကို သင်တို့အားလုံး မသိနိုင်။ ဒါကြောင့် အချိန်တိုင်း နာရီတိုင်း မိနစ်တိုင်း စက္ကန့်တိုင်းတွင် မရဏာနုဿတိ ပွားများနေထိုင်ကြဖို့ အရေးကြီးလှသည်။”'