09 June 2012

Volume Original ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး NLD နာယက ဦးတင်ဦးအမြင်

မောင်တောမြို့ဖြစ်စဉ်များနှင့် ပတ်သက်၍ သမ္မတရုံးမှ သတင်းထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွား အခြေအနေအားလုံးကို အချိန်မီထိန်းသိမ်းပြီး ဒေသရပ်ရွာတည်ငြိမ်အေးချမ်းမှု ရရှိစေရေး အတွက် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိ 

 နေပြည်တော် ဇွန် ၈ ရက်

 နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို ပုံဖော်တည်ဆောက်လျက်ရှိရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုလည်း အလေးထားထိန်းသိမ်းဆောင်ရွက်လျက်ရှိပါသည်။ 

လတ်တလော ကာလအတွင်း ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေအနေများ ဖြစ်ပေါ်လျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းမှ စတင်၍ အကြမ်းဖက်သူများက လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်းခိုခန်း စသည်တို့ကို မီးရှို့ဖျက်ဆီးခြင်း၊ လူအချို့ကို ရန်ပြုသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေသည့်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

 ယနေ့ နေ့လည် (၁)နာရီခန့်တွင် အကြမ်းဖက်သူ အင်အား (၁၀၀၀) ကျော်ခန့်သည် ကမ္ဘောဇဘဏ် အဆောက်အအုံ၌ အဖီချထားသည့် အမိုးအားဆွဲချဖျက်ဆီးခြင်း၊ ယူနိုက်တက် တည်းခိုခန်းနှင့် နေအိမ် တစ်လုံးတို့အား ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ ကြကြောင်း။

 နေ့လယ်(၂)နာရီခန့်တွင် သီရိမင်္ဂလာခန်းမရှေ့ သဇင်တည်းခိုခန်း၊ စားသောက်ဆိုင် ဈေးတန်းအား မီးရှို့ခဲ့ရာ ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ နာရီစင် နှင့် ဆေးရုံကြားရှိ ရပ်ကွက် (၄) သို့ မီးကူးစက်လောင်ကျွမ်းပြီး စုစုပေါင်းနေအိမ် (၁၅)လုံးခန့် မီးလောင်ကျွမ်းခဲ့ကြောင်း၊ မြို့ဦးရပ်ကွက်၌လည်း နေအိမ်(၂)လုံးအား မီးရှို့ဖျက်ဆီး ခဲ့ကြောင်း၊ ဆက်လက်၍ မောင်တော-အလယ်သံကျော် ကားလမ်းပေါ်ရှိ ဒူးချီးယားတန်း ကျေရွာအုပ်စု ခရေမြိုင်ကျေးရွာအား မီးရှို့ခဲ့ကြကြောင်း။ 

 ညနေပိုင်းတွင် ဆူပူသူ (၂၀) ဦးခန့်သည် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွင်းသို့ ဝင်ရောက် နှောက်ယှက်ခဲ့သည့်အတွက် ကျန်းမာရေးဝန်ထမ်းများ ပုန်းရှောင်နေခဲ့ရကြောင်း၊ ဆေးရုံအရှေ့ရှိ မြို့မအရှေ့ရပ်ကွက်မှ နေအိမ် (၂) လုံးအား ထပ်မံမီးရှို့ခဲ့သည့်အတွက် ရပ်ကွက် အတွင်းရှိ ပြည်သူများ ပြောင်းရွှေ့ ရှောင်တိမ်းခဲ့ရကြောင်း။ 

ထို့ပြင် ဆူပူသူများ၏ ရန်ပြုမှုများကြောင့် ဒေါက်တာခင်မောင်လတ် (၆၃) နှစ်၌ ဝမ်းဗိုက်ဓားထိုးခံ ဒဏ်ရာ၊ ဒေါ်သန်းရီ (၅၇) နှစ်၌ ဦးခေါင်းတွင် ဓားခုတ်ခံရဒဏ်ရာ၊ ဦးကျော်လှ (၇၈) နှစ်၌ ဦးခေါင်းတွင် ဓားခုတ်ခံရ ဒဏ်ရာ၊ ဦးသိန်းဇော် (၃၆) နှစ်၌ ခြေ၊ လက်တို့တွင် ဓားခုတ်ခံရဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဦးလှမောင် (၆၅) နှစ် မှာ ဦးခေါင်းဓားခုတ်ခံရဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

 မောင်တောမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ နယ်မြေခံရဲတပ်ရင်း၊ ရဲတပ်ဖွဲ့တို့မှ ဆူပူမှုများအား သေနတ်ပစ်ဖောက် ခြောက်လှန့်ဖြိုခွဲ၍ အခြေအနေကို ထိန်းသိမ်းခြင်း၊ မီးငြိမ်း သတ်ခြင်း၊ ဒေသခံ ပြည်သူတို့၏ အသက်အန္တရာယ်လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသ လူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှူး ကိုယ်တိုင် အနီးကပ်ကြီးကြပ်ကွပ်ကဲ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။ 

လက်ရှိရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများသည် နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့်အတွက် အခြေအနေ အားလုံးကို အချိန်မီ ထိန်းသိမ်းပြီး ဒေသရပ်ရွာ တည်ငြိမ်အေးချမ်းမှု ရရှိစေရေးအတွက် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။ 

 (သတင်းစဉ်)

မောင်တော သတင်း နောက်ဆက်တွဲ အခြေအနေ

မောင်တောမြို့နယ် ခရေမြိင် စံပြကျေးရွာရှိ ရဲစခန်းအား ည ၉ နာရီ ခွဲခန့်က ဘင်္ဂါလီ ရိုဟင်ဂျာ အယောက် ၂၀၀ ခန့် ၀ိုင်းထားခဲ့သည့်အတွက် ရဲစခန်းမှ သေနတ်ပြစ်ခတ်ပြီး ဟန့်တားခဲ့ရာ ပြန်လည် နောက်ဆုတ်သွားခဲ့ကြောင်း သိရသည်။

 မောင်တောမြို့နယ် စံပြားရပ်ကွက်ကို မီးရှို့မှု ဖြစ်ပွားနေကြောင်း ဒေသခံ တစ်ဦးက ည ၉ နာရီ ၄၅ မိနစ်အချိန်တွင် ပြောပါသည်။ သေနတ် ပစ်ခတ်သံ တစ်ချက် နှစ်ချက် ကြားပြီးနောက် ပြန်လည် ငြိမ်သက်သွားကြောင်းနှင့် မီးတောက်များကို မြင်တွေ့နေရ ဆဲ ဖြစ်ကြောင်း ဒေသခံက ဆက်လက် ပြောကြားခဲ့ပါသည်။ 

 စစ်တွေမြို့ တက္ကသိုလ်အနီး မင်းဂံရွာကို မျက်နှာချင်းဆိုင်ရှိ ဘုမယ်ရွာမှ ဘင်္ဂါလီများက ည ၉ နာရီ ၄၅ မိနစ်ခန့်က ၀င်ရောက် တိုက်ခိုက်ခဲ့သဖြင့် မင်းဂံရွာသားလေးဦး ဒဏ်ရာ ရှိကာ တစ်ဦးမှာ စစ်တွေ ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။ ယခုအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီ ဖြစ်သောကြောင့် အခြေအနေ ပြန်လည် တည်ငြိမ်သွားပြီ ဖြစ်ကြောင်း သိရသည်။ 

 မောင်တောမြို့ပြင်ရှိ ကျေးရွာများကို မီးရှို့ခဲ့သော ဘင်္ဂါလီများက မောင်တော မြို့အတွင်း ၀င်ရောက်ရန် ကြိုးစားနေသဖြင့် ၀င်ရောက်လာမည် ဆိုပါက ပစ်ခတ်တော့မည် ဖြစ်ကြောင်း လုံထိန်းတပ်ဖွဲ့ဝင်များက သတိပေး နေသံများကို ကြားနေရကြောင်း ဒေသခံတစ်ဦးက ည ၁၀နာရီခန့်တွင် ပြောကြားခဲ့ပါသည်။

 မောင်တောမြို့အတွင်းသို့ တပ်မတော်မှ ၀င်ရောက် နေရာယူလျက် ရှိကြောင်း မောင်တောဒေသခံ တစ်ဦးက ည ၁၀နာရီ ၁၅ မိနစ်အချိန်တွင် ပြောပါသည်။ မောင်တော မြို့ပေါ် ဒေသခံများမှာ စိုးထိတ်မှုများဖြင့် ပုန်းအောင်းနေရကြောင်း သိရှိရပါသည်။ 

သတင်း... EMG

မောင်တောမြို့တွင်း စစ်တပ်များရောက်လာပြီး ပိတ်မိနေသူများကိုရှာဖွေ ကယ်ထုတ်နေ

 ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မောင်တောမြို့တွင်းသို့ ဘူးသီးတောင်နှင့် မောင်တောအကြား အခြေစိုက်သည့် တပ်ရင်းများမှ စစ်တပ်များ လွန်ခဲ့သည့် မိနစ်ပိုင်းအတွင်း ၀င်ရောက်လာပြီး မောင်တောမြို့တွင်းရှိ မြို့တွင်း နေအိမ်များ ရပ်ကွက်များအတွင်း ပိတ်မိနေသည့် ရခိုင်လူမျိုးများအား ရှာဖွေကယ်ထုတ်နေသည်ဟု မောင်တောမြို့ခံတဦးက ဆက်သွယ် ပြောဆိုသည်။ ယင်းတပ်များ ၀င်လာနေစဉ်မှာပင် ဗိုလ်မှူးရွာဘက်မှ ဘင်္ဂါလီလူမျိုး လူအုပ်စုလည်း မကွဲသေးပဲ တက်လာနေသည်ဟု ယင်းမြို့ခံက ပြောသည်။ 

 သေနတ်သံများ လေးဘက်လေးတန်မှ ကြားနေရကာ ၎င်းတို့အနေဖြင့် မအိပ်နိုင်ပဲ အခြေအနေကို နားစွင့်နေကြရသည်ဟုလည်း ပြောသည်။ စစ်တပ်အသိုင်းအ၀ိုင်းမှ ရရှိသည့် ခိုင်လုံသည့် အခြား သတင်းတရပ်အရ ရခိုင်ပြည်နယ်ရှိ စစ်တပ်အင်အား အများစုမှာ ဘူးသီးတောင်၊ မောင်တော မြို့နယ်များသို့ လက်နက်ပြည့် ကျည်ပြည့်ဖြင့် ရောက်ရှိနေကြပြီဟု ဆိုသည်။ ယနေ့နေ့လည်ပိုင်းက အဖြစ်အပျက်နှင့် ယခုလတ်တလော ပစ်ခတ်မှုများတွင် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့ RSO Rohingya Solidarity Organization အဖွဲ့မှ ပါဝင်ပတ်သက်နိုင်သည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျှက်ရှိသည်။ ယင်း RSO အဖွဲ့မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ခြမ်းတွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့ဖြစ်သည်။ ရိုဟင်ဂျာ စခန်းတွင် တာလီဘန်များ စစ်သင်တန်းပေးဖူးကြောင်း စီအန်အန် သတင်းတရပ်တွင် ဖေါ်ပြခဲ့ဖူးသည်။

သတင်း.... YPI

ဘူသီးတောင်မြို့နယ်တို့တွင် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်

ရခိုင်ပြည်နယ် မောင်တောတွင် ညမထွက်ရ အမိန့် (ပုဒ်မ ၁၄၄) ထုတ်ပြန်


08 June 2012

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်း

မောင်တော မြို့တော်ခန်းမ အနီးရှိအိမ်များကို ဘင်္ဂါလီများက လူအုပ်စုဖြင့် မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများ ထွက်ပြေးနေရကြောင်းနှင့် လက်ရှိ ဆိုးရွားနေသော အခြေအနေကို အလျင်အမြန်ထိန်းသိမ်းနိုင်ရန် လိုအပ်နေကြောင်း ဒေသခံများထံမှ သတင်းရရှိပါသည်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် လူထောင်ချီရှိသော ဘင်္ဂါလီ ရိုဟင်ဂျာများမှ မြို့တော်ခန်းမအနီရှိ အိမ်များကို ယနေ့ မွန်းလွဲပိုင်းမှ စ၍ မီးရှို့ဖျက်ဆီးနေပြီး ဒေသခံ အများစုက မိမိအိမ်နှင့် ဝေးရာသို့ ထွက်ပြေး နေရကြောင်း သိရသည်။ အဆိုပါ မီးရှို့ဖျက်ဆီးခံရသော အိမ်များအနက် မောင်တောမြို့ ရွာသစ်ရပ်ကွက်ရှိ Weekly Eleven News Journal သတင်းထောက်၏ နေအိမ်လည်း ပါဝင်ကြောင်း သိရှိရသည်။ မောင်တောမြို့ လုံခြုံရေးကို ရဲတပ်ဖွဲ့မှ တာဝန်ယူပြီး အင်အား ၂၀၀ ၀န်ကျင်ခန့်သာရှိကြောင်း သိရသည်။ လက်ရှိအခြေအနေမှာ ထိန်သိမ်းရန် ခက်ခဲသော အခြေအနေ ရှိနေကြောင်း ဒေသခံတစ်ဦးမှ ပြောကြားပါသည်။

ယနေ့ညနေ ၃ နာရီ ၅၀ မိနစ်အချိန်အထိ သိရှိရသော သတင်းများအရ မောင်တောမြို့နယ် ဘိုမင်းရွာကို ဘင်္ဂါလီ ရိုဟင်ဂျာများက မီးရှို့နေကြောင်း ၊ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ရှိကြောင်း၊ ပစ်ခတ်မှုမရှိသေးကြောင်း၊ ဒေသခံများထံမှ သိရှိရသည်။

မောင်းတောမှာ ဘင်္ဂါလီတွေ လိုက်ပြီး ဖျက်ဆီးနေတာနဲ့ ပတ်သက်လို့ နောက်ဆုံးအခြေအနေကို သိရှိလိုပါတယ် ဟု Eleven Media Group မှ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှုးရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းလက်ခံ ဖြေဆိုသူတစ်ဦးက "ဘာမှ မသိရသေးပါဘူး။ ဆက်သွယ်လို့မရသေးပါဘူး။" ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။ ထို့နောက် ယင်းဖြစ်စဉ် ဆက်ဖြစ်နေတုန်းပဲလားဟု ထပ်မံမေးမြန်းရာ "ဟုတ်ပါတယ်" ဟု ပြန်လည်ဖြေကြားခဲ့ပြီး ဖုန်းကျသွားခဲ့ရာ ထပ်မံ ခေါ်ဆို၍ မရရှိတော့ပါ။

လက်ရှိအခြေအနေတွင် မောင်တောမြို့သို့ ဖုန်းဖြင့် ဆက်သွယ်ရာတွင် ဖုန်းအများစု ဆက်သွယ်၍ မရရှိတော့ပါ။ 


 နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်ဖော်ပြသွားပါမည်။
သတင်း... Eleven Media Group.

ထုတ်လိုက်ပြန်ပေါ့ တစ်သောင်းကျပ်တန်ငွေစက္ကူ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန်ငွေစက္ကူအမျိုးအစားသစ်ကို ၂၀၁၂ခုနှစ် ဇွန်လ၁၅ရက်တွင် စတင်ထုတ်ဝေမည်ဖြစ်ကြောင်း ယနေ့ညနေ (ဇွန်၇ရက်) ၆နာရီသတင်းတွင် တရားဝင်ကြေညာခဲ့သည်။ 

အဆိုပါငွေစက္ကူအမျိုးအစားသစ်ကို အများပြည်သူအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာန၊ ဘဏ်များနှင့်အစိုးရငွေတိုက်များတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခုလက်ရှိတရားဝင် လှည့်လည်သုံးစွဲလျက်ရှိသည့် ငွေစက္ကူများနှင့် ငွေအကြွေများသည် တရားဝင်သုံးစွဲငွေများအဖြစ် ဆက်လက်တည်ရှိသွားမည်ဖြစ်ကြောင်းလည်း အဆိုပါသတင်းထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ 

တစ်သောင်းကျပ်တန်ငွေစက္ကူသစ်၏အရွယ်အစားမှာ 15x7 စင်တီမီတာရှိပြီး လက်ရှိသုံးစွဲနေသော ကျပ်၁၀၀၀တန်(အသေး)နှင့်ကျပ်ငါးထောင်တန်တို့နှင့်အရွယ်အစားတူညီသည်။ ပေါ်လွင်ထင်ရှားသောအရောင်
မှာ အပြာရောင်ဖြစ်ပြီး၊ မျက်နှာစာတွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်မြေပုံ၊ သပြေခက်နှစ်ခက်နှင့်ဆင်ဖြူနှစ်စီးနှင့်ကြာဖြူတစ်ပွင့်တို့ဖြင့်ဖွဲ့စည်းရိုက်နှိပ်ထားသည်။

ဥပဒေအမှတ် ၆/၈၈နှင့် ပတ်သက်၍ ဗကသအဖွဲ့အား ရန်ကုန်တိုင်း ထွေ/အုပ်ရုံးမှ ခေါ်ယူသတိပေး

ဇွန်လ ၆ရက်နေ့ နေ့လည်တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ ဗဟိုစည်းရုံးရေး ကော်မတီအဖွဲ့ဝင် ၉ဦးအား ရန်ကုန်တိုင်း အထွေ ထွေအုပ်ချုပ်ရေးမှူးမှ ခေါ်ယူတွေ့ဆုံ၍ ၁၉၈၈ခုနှစ် စက်တင်ဘာလ၌ ထုတ်ပြန်ခဲ့သည့် အသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအမှတ် ၆/၈၈ နှင့် ပတ်သက်၍ သတိပေးရှင်းလင်းပြောကြားခဲ့ကြောင်း ဗကသအဖွဲ့ချုပ်မှ ဗဟိုစည်းရုံးရေး ကော်မတီဝင်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

 "ဒီလိုမျိုး ခေါ်တွေ့တာက သတိပေးတဲ့သဘောပါ။ အဲဒီဥပဒေက တရားဝင်ဖျက်သိမ်းခြင်း မပြုရသေးတဲ့အတွက် လက်ရှိမှာ အဲဒီဥပဒေဟာ တည်ရှိနေတယ်ဆိုတာရယ်၊ ပြီးတော့ ဒီဗကသအဖွဲ့ကလည်း တရားဝင်မဟုတ်တဲ့အတွက် ခေါ်ပြီး သတိပေးတာပါ။ တရားဝင်အဖွဲ့အစည်းဖြစ်ဖို့အတွက် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကို တင်ပြပြီးတော့မှ တရားဝင်ခွင့်ပြုချက်ယူရမယ်ဆိုတာကို ပြော တာပါ။ နောက်ပြီး ရန်ကုန်တိုင်း အုပ်ချုပ်ရေးမှူး ဦးသန်းအောင်နဲ့ ဒု-ညွှန်မှူး ဦးမျိုးအောင်သိန်းတို့နဲ့ တွေ့ဆုံခဲ့ပြီး ကျောင်းသားသမဂ္ဂဆိုတာက လွတ်လပ် မှုရှိသလို မှတ်ပုံတင်ခြင်းဆိုတဲ့ အစဉ်အလာမရှိပဲ ကျောင်းတွင်းအဖွဲ့အစည်းအဖြစ် တရားဝင်မှုရှိတယ်ဆိုတာကို ဗကသအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြန်ဆွေးနွေးခဲ့ပါတယ်"ဟု ၎င်းက ဆိုသည်။ 

 ယင်းသို့ ခေါ်ယူတွေ့ဆုံမှုအား ၄၅မိနစ်ကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီး ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးမှ ယခုအချိန်၌ တက္ကသိုလ် ကောင်စီ ဥပဒေတရပ်အား ရေးဆွဲလျက်ရှိကြောင်းနှင့် အဆိုပါဥပဒေ မထွက်မီတွင် အသင်းဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ် ရေးမှူးထံ အကြောင်းကြား၍ ခွင့်ပြုချက်ယူရမည်ဖြစ်ကြောင်း ပြောကြားသွားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

သတင်း....  yangonchronicle

 ထို့နောက် သမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခြင်းနှင့် ပတ်သက်သည့် ဥပဒေအား ပြဋ္ဌာန်းပေးရန် လွှတ်တော်အမတ်များအား တိုက်တွန်းသွားရန် ရှိပြီး ယခင် ၁၉၃၆ ခုနှစ် မေလ ၈ရက်နေ့မှ စတင်၍ ယင်းဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်အား ဖွဲ့စည်းခဲ့ပြီး ယခု ၂၀၁၂ခုနှစ် ဇန်နဝါရီ လ ၁၈ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း သတင်းများအရ သိရသည်။

ထိုင်းနိုင်ငံသွားရောက်ခဲ့တဲ့ ကိုယ်တွေ့ အကြောင်း နဲ့ ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပေါ်ခဲ့တဲ့အခြေအနေအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် RFA မေးမြန်းချက် (အသံဖိုင်)

06 June 2012

DVB သတင်းထောက် ကိုခွန်ခေါင် နဲ့  ဒေါ်အောင်ဆန်းစုကြည် တွေ့ ဆုံ မေးမြန်းချက်ကို စာသားတွေ တင်ပေးလိုက်ပါတယ်..


ဒီလိုပြသနာတွေ ဖြစ်လို့ရှိရင် ကျမရဲ့ အတွေးက ကိစ္စနှစ်ခုဆီကိုရောက်သွားတယ်...
နံပါတ်တစ်က တရားဥပဒေစိုးမိုးရေးပေါ့၊ နံပါတ်နှစ်က လှုံဆော်တဲ့သူများရှိလားဆိုတဲ့ စိုးရိမ်ပူပင်မှုပါပဲ...

ဥပဒေစိုးမိုးရေးလို့ ကျမဘာလို့ပြောရလဲဆိုတော့ ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေးရှိတယ်ဆိုရင် ပထမဦးဆုံး ပြသနာတစ်ခုဖြစ်ပြီ၊ အရေးတခုခုဖြစ်ပြီ၊ ရာဇ၀တ်မှုတစ်ခုဖြစ်ပြီဆိုထဲက ပီပီပြင်ပြင် မြန်မြန်ဆန်ဆန်အရေးယူလိုက်မယ်ဆိုရင် ဒီပြသနာတွေက ပေါ်လာစရာအကြောင်းမရှိဘူး...

ပြသနာတစ်ခု မရှင်းလိုက်တာနဲ့ နောက်ထပ်ပြသနာတစ်ခု ထပ်ပြီးပေါ်လာတယ်... ဒါဟာ ဥပဒေပိုင်းဆိုင်ရာတွေက ရှင်းလင်းရမယ့် ပြသနာ... ဥပမာ- ရာဇ၀တ်မှုဖြစ်လာရင် ရာဇ၀တ်မှုကျူးလွန်ခဲ့သူတွေကို ဖမ်းရမှာ အရေးယူရမှာ၊ အမြန်ဆုံးပေါ့နော် အရေးယူရမှာက ရဲအဖွဲ့နဲ့ဆိုင်တယ် တရားရုံးတွေနဲ့ ဆိုင်တယ်ပေါ့နော်... အဲ့ဒါကို မြန်မြန်ဆန်ဆန် လုပ်လိုက်လို့ရှိရင် ပြသနာတွေကို ထိန်းထားလို့ရတယ်... မြန်မြန်ဆန်ဆန် မလုပ်နိုင်ဘူးဆိုရင် ပြသနာတွေက တဆင့်နဲ့ တဆင့် ကြီးထွားနိုင်တယ်...

နောက်တခု ကျမက ပွင့်ပွင့်လင်းလင်းပြောရမယ်... ဒါဟာလဲ ကျမတို့ ပြည်သူပြည်သားတွေက ဒီစိုးရိမ်ပူပင်မှု ရှိတယ်လို့ ထင်ပါတယ်... လှုံဆော်နေတဲ့ သူတွေများ ရှိသလား... အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်နေတဲ့ သူတွေများ ရှိသလား...

တချို့ကျတော့ အခြေအနေကို မတည်ငြိမ်အောင် လှုံဆော်တာမဟုတ်ဘဲ စင်မြင့်ရှိရင် ထပြီး တက်ပြီးတော့ အော်ချင်တဲ့ သူတော့ရှိတယ်... အဲ့လိုအော်ခြင်းအားဖြင့် ကျမတို့အတွက်၊ ကျမတို့နိုင်ငံအတွက်၊ ကျမတို့ လူမှု အသိုင်းအ၀ိုင်းအတွက် အကျိုးရှိလား မရှိဘူးလား၊ ဆိုတာကို မဆင်ခြင်ဘဲနဲ့ ထပြီးတော့ အော်မယ်ဆိုလို့ရှိရင် အဲ့ဒါကလဲ မလိုလားအပ်ဘဲ ပြသနာတွေကို ကြီးထွားနိုင်စေတယ်...

အဲ့တော့ ကျမတို့ နိုင်ငံမှာ ဘယ်သူမဆို လုံလုံခြုံခြုံ ရှိတယ်ဆိုတာမျိုး ဖြစ်စေချင်တယ်... နိုင်ငံတစ်နိုင်ငံရဲ့ သိက္ခာဟာ ဒီနိုင်ငံက ပြည်သူတွေရဲ့ လုံခြုံမှုနဲ့ စိတ်ချမ်းသာမှု အပေါ်မှာ မူတည်တယ်... စိတ်ချမ်းသာမှုဆိုတာ လူနေမှုက စရမှာပဲ... မလုံခြုံတဲ့ သူတွေက ဘယ်တော့မှ စိတ်ချမ်းသာမှာ မဟုတ်ဘူး...

ဒီနိုင်ငံမှာ ကျမတို့ရဲ့ ပြည်သူပြည်သားတွေ အားလုံး၊ လူမျိုးမရွေး၊ ဘာသာမရွေး။ တိုင်းသူပြည်သား မဟုတ်တဲ့ ဒီနိုင်ငံမှာရောက်နေတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊ လုံခြုံမှုရှိတဲ့ နိုင်ငံမျိုး ဖြစ်စေချင်တယ်... ဥပမာ- ကျမခုနက ပြောတဲ့ ထိုင်းမှာ ကျမသွားတဲ့အခါမှာ အင်မတန်မှ စိတ်လုံခြုံတယ်... ကျမက ထိုင်ငံသားမဟုတ်ဘူး၊ ဧည့်သည်ပဲ၊ ဒါပေမယ့် ဒီဧည့်သည်တစ်ယောက်ကို စိတ်ချမ်းသာအောင်လို့ စိတ်လုံခြုံအောင်လို့ လုပ်ပေးနိုင်တယ်ဆိုတာ အဲ့နိုင်ငံရဲ့ သိက္ခာ ဘယ်လောက်မြင့်လဲ... ကျမတို့နိုင်ငံမှာ ဧည့်သည်တွေရော၊ ဒီမှာနေတဲ့ နိုင်ငံသူ နိုင်ငံသားတွေ ရော၊ အားလုံးဟာ လုံခြုံမှုရှိဖို့ ကျမတို့ ဦးတည်ရမယ်...

ဒါကြောင့် ကျမတို့ အတန်တန် လူတွေ နားညည်းလောက်အောင် ဥပဒေ စိုးမိုးရေး၊ ဥပဒေစိုးမိုးရေး လို့ ပြောနေတာပါ... ပထမဆုံးဖြစ်တဲ့ ရာဇ၀တ်မှုတစ်ခုကို ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်နိုင်မယ် ဆိုရင် မီးစကနေပြီးတော့ မီးတောက်ကြီး ဖြစ်မသွားဘူး...

အခု ဥပဒေစိုးမိုးရေး အမြင်နဲ့ ဒီပြသနာတွေကို ထိန်းသိမ်းစေချင်တယ်... ကျမတို့ ပြည်သူလူထု အားလုံးကလဲ ကိုယ့်အသိုင်းအ၀ိုင်းရဲ့အေးချမ်းမှု၊ ကိုယ့်နိုင်ငံရဲ့ သိက္ခာရှိမှုကို ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်စေချင်တယ်...

ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့...ကျမတို့ဟာ ပုတုဇဉ်လူသားတွေချည်းပါပဲ၊ ဘယ်နိုင်ငံကဖြစ်ဖြစ် ဘယ်ဘာသာပဲ ကိုးကွယ်ကိုးကွယ် လူတိုင်းလူတိုင်းဟာ အေးအေးချမ်းချမ်းနေချင်တယ်၊ လုံလုံခြုံခြုံနေချင်တယ်...

နောက်တစ်ခုက ကျမအမြဲတမ်းပြောတယ် လူများစုဆိုတာ လူနည်းစုကို ဂရုဏာထားရမယ်... အဲ့ဒါတော့ ကျမသတိပေးပါရစေ... ကျမ ဒီလိုပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်... ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ကျမပြောရမယ်... လူများစုဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား၊ ကိုယ့်ရဲ့ အများစု အင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထားကြီးနိုင်ရမယ်၊ ပိုပြီးတော့ ဂရုဏာတရားထားနိုင်ရမယ်...

ကျမတို့ နိုင်ငံမှာရှိတဲ့ ဘာသာမရွေး ၊ လူမျိုးမရွေး၊ ချစ်ချစ်ခင်ခင် နဲ့ အေးအေးချမ်းချမ်းနေတာကို ကျမက မြင်ချင်တယ်... ဒီလိုဖြစ် ဖို့ အတွက် ကျမတို့အနေနဲ့ ကူညီနိုင်တယ်ဆိုရင် ကျမတို့ ကူညီမယ်...လုပ်ပေးနိုင်တာကို လုပ်ပေးမယ်... ဒါပေမယ့် ဖြစ်ပွားနေတဲ့ကိစ္စတွေ ပိုကြီးထွား မလာအောင်လို့တော့ ကျမတို့ သတိပြုပြီး ရှောင်ရပါမယ်...
(ဒေါ်အောင်ဆန်းစုကြည် ၆ ဇွန် ၂၀၁၂)

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်ပြီး အမှန်ကန်ဆုံးစကားကို လူထု ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် ပြောကြား


ဒီလို ပြဿနာတွေ ဖြစ်ရင် ကျွန်မရဲ့ အတွေး နှစ်ခုကို ရောက်သွားတယ်။ နံပါတ်တစ်က ဥပဒေစိုးမိုးရေး၊ နံပါတ်နှစ် လှုံ့ဆော်တဲ့သူများ ရှိသလားဆိုတဲ့ စိုးရိမ်စိတ် အချက် နှစ်ခုပါ။

ဥပဒေစိုးမိုးရေးလို့ ဘာလို့ ပြောရတာလဲဆိုရင် ဒီနိုင်ငံမှာ ဥပဒေစိုးမိုးရေး ရှိတယ်ဆိုရင် ပထမဦးဆုံး ပြဿနာ တစ်ခုဖြစ်ရင် အရေးအခင်း တစ်ခု ဖြစ်ပြီ၊ မှုခင်းတစ်ခု ဖြစ်ပြီဆိုရင် ပီပီပြင်ပြင် မြန်မြန်ဆန်ဆန် အရေးယူလိုက်ပြီ ဆိုရင် ဒီပြဿနာတွေ ကြီးထွားသွားမှာ မဟုတ်ဘူး။ ပြဿနာ တစ်ခုကို မဖြေရှင်းလိုက်တာနဲ့ နောက်ပြဿနာ အကြီးကြီး တစ်ခု ထပ်ဖြစ်လာမယ်။

… … …

အဲဒီဟာတွေ မြန်မြန်ဆန်ဆန် လုပ်နိုင်လို့ရှိရင် ပြဿနာတွေကို ထိန်းထားလို့ ရတယ်။ မြန်မြန် မလုပ်နိုင်ရင် ပြဿနာတွေ ကြီးလာမယ်။

နောက်တစ်ခုက ကျွန်မကတော့ ဥပဒေနဲ့ ပြောရမှာဘဲ။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ရှိမလား ဆိုတဲအချက်၊ လှုံဆော်တဲ့သူတွေများ ရှိသလား။ တချို့ကျတော့ အခြေအနေ မတည်ငြိမ်အောင် လှုံ့ဆော်တာတော့ မဟုတ်ဘူး၊ ထပြီး အော်ချင်တဲ့သူတွေ ရှိတယ်။ အဲဒီလို အော်တဲ့အခါ ကျွန်မတို့ နိုင်ငံအတွက်၊ လူထုအတွက် အကျိုးရှိမလား၊ မရှိဘူးလား ဆိုတာ မဆင်ခြင်ပဲ ထပြီးတော့ အော်မယ်ဆိုရင် အဲဒါလည်း မလိုလားအပ်ဘဲနဲ့ ပြဿနာတွေကို ကြီးထွားလာနိုင် စေပါတယ်။ ဒါကြောင့်နားငြီးလောက်အောင် ဥပဒေစိုးမိုးရေး၊ ဥပဒေစိုးမိုးရေး ဆိုပြီး ပြောနေရတာ။

… … …

ပထမဦးဆုံး ဖြစ်တဲ့ ရာဇဝတ်မှု ဖြစ်တဲ့သူတွေကို ထိထိမိမိနဲ့ မြန်မြန်ဆန်ဆန် ကိုင်တွယ်လိုက်နိုင်မယ် ဆိုရင် ဒီမီးတောက် ဖြစ်လာစရာ မရှိဘူး။ အခု ဥပဒေစိုးမိုးရေး အနေနဲ့ ဒီပြဿနာတွေကို ထိန်းသိမ်းစေ ချင်တယ်။ ဒေါသကို အခြေခံပြီးတော့ မလုပ်ပါနဲ့။ ကျွန်မတို့ဟာ မိသားစုဝင် တွေပါပဲ။ လူတိုင်း အေးအေးချမ်းချမ်း နေချင် ကြတာပါပဲ။

နောက်တစ်ခုကတော့ ပြောကို ပြောရမယ်။ ကျွန်မ အမြဲ ပြောတယ်။ လူများစု ဆိုတာဟာ လူနည်းစု အပေါ်မှာ ဂရုဏာ ထားရမယ်။ အဲဒါကို ကျွန်မ သတိထားဖို့ ပြောတာပါ။ ကျွန်မ ပြောတာကို တချို့က ကြိုက်ချင်မှ ကြိုက်မယ်။ ကြိုက်တာ မကြိုက်တာထက် ပြောသင့်တာကိုတော့ ပြောရမှာဘဲ။

လူများစု ဆိုတာ ကိုယ့်ရဲ့ အင်အားက ရှိပြီးသား။ အများစုအင်အားက ရှိပြီးသားမို့ ပိုပြီးတော့ သဘောထား ကြီးတတ်ရမယ်။ ဂရုဏာ ဝင်အောင် ထားနိုင်ရမယ်။ ကျွန်မတို့ နိုင်ငံမှာ ရှိတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး ပြည်သူပြည်သား အားလုံး တစ်ဦးနဲ့တစ်ဦး ချစ်ချစ်ခင်ခင်နဲ့ အေးအေးချမ်ချမ်း နေစေချင်တယ်။

ဒီလိုဖြစ်ပေမဲ့ ကျွန်မတို့ အနေနဲ့ ကူညီနိုင်တာ ဆိုရင် ကူညီမယ်။ လုပ်ပေးနိုင်တာ လုပ်ပေးမယ်။ ဒါပေမဲ့ ဖြစ်ပွားနေတဲ့ ကိစ္စတွေ ပိုကြီးသွားအောင် လုပ်နေတာမျိုးကို ရှောင်စေချင်တယ်။

(ဗဟန်းမြိုကနယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ယနေ့နံနက် ၁၁ နာရီ ၃၀ မိနစ်က ပြုလုပ်သော သတင်းမီဒီယာများနှင့် တွေ့ ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ၏ ပြောကြားချက်များမှ ကောက်နုတ်ချက်)

သတင်း....  The Voice Weekly

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်ရပ်နှင့် ပတ်သက်ပြီးသတင်းမီဒီယာများက သတိကြီးစွာ ထားပြီး ဖော်ပြ သင့်ဟု ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး ပြောကြား

''ကျွန်တော်တို့ ၈၈မျိုးဆက် ကျောင်းသားများအနေနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းကို ဦးတည်ပြီးတော့ သွားနေတဲ့အချိန်မှာ အရေးကြီး ဆုံးက မတူညီတဲ့ ယဉ်ကျေးမှုတွေ၊ မတူညီတဲ့ ဘာသာရေးအယူအဆ၊ မတူညီတဲ့ နိုင်ငံရေးအတွေးအခေါ်တွေကို သည်းခံတဲ့ အလေ့ အကျင့်တွေ ကို ပြုစု ပျိုးထောင်ဖို့၊ ကျွန်တော်တို့ လူ့အဖွဲ့ အစည်းထဲမှာ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့ အစည်းကို တည်ဆောက် ဖို့က အရေးကြီး ဆုံးပါ။

အဲဒီတော့ ကျွန်တော်တို့ လူပုဂိုလ်တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့နဲ့ ဖြစ်စေ၊ ရာဇဝတ်မှု၊ ပြစ်မှုကျူးလွန်တဲ့ အခါမှာ မျိုးမှာလည်း ဒါကို တရားဥပဒေကြောင်းအရ အရေးယူဖို့ ဖြေရှင်းဖို့ ကျွန်တော်တို့ ကြိုးစား ကြတာက တစ်ပိုင်းပေါ့လေ၊ အဲဒီလိုပုံစံမျိုးနဲ့ ပြသနာတွေကို လူမျိုးရေး အဓိကရုဏ်းပုံစံ၊ နိုင်ငံရေး အဓိကရုဏ်း ပုံစံမျိုးတွေ မဖြစ်အောင် ကျွန်တော်တို့ သက်ဆိုင်ရာ ဘာသာရေး ခေါင်းဆောင်တွေ၊ ရဟန်း သံဃာတော်တွေ၊ ဆရာတော် သမတော်ကြီး တွေအပါအဝင် ကျွန်တော်တို့ နိုင်ငံရေး အဖွဲ့အစည်း၊ ပါတီအဖွဲ့ အစည်းက ပုဂိုလ်တွေ၊ နောက်တစ်ခါ အစိုးရ ဌာနဆိုင်ရာ တာဝန်ရှိတဲ့သူတွေအားလုံးပေါ့လေ ၊ ဒီနေရာမှာ သတင်းမီဒီယာတွေ အားလုံးကလည်း ဒီလိုကိစ္စမျိုးကို ဖော်ပြတဲ့နေရာမှာ အင်မတန် သတိကြီးစွာ ထားပြီး ဖော်ပြသင့်တယ်။ ပြီးတော့ ပြသနာကို ကြီးတာ ကို သေးအောင်၊ သေးတာကို ပပျောက် အောင်ဆိုတဲ့ နာယကဂုဏ်နဲ့ နိုင်ငံကြီးသားပီပီ အားလုံး ဝိုင်းပြီးတော့ ဖြေရှင်းကြမှပဲ မလိုလား အပ်တဲ့ အကျိုးဆက်တွေကို တားဆီးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မြင်ပါ တယ်'' ဟု ပြောကြား ခဲ့သည်။

သတင်း.....  Yangon Media Group

05 June 2012

သိပ်ကို လေးစားဘို့ ကောင်းတဲ့ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ၏ ပြောစကား...

တောင်သူလယ်သမားအရေးဆွေးနွေးပွဲကို မှတ်တမ်း ဗွီဒီယို ရိုက်ကူးတဲ့ ဒါရိုက်တာဝိုင်းရဲ့ ကင်မရာရိုက်ကူးရေး အဖွဲ့ကိုဒေသခံရဲ တွေက လာခေါ်ပြီးစစ်ဆေးခြင်း အသံဖိုင်

ဇွန်လ (၁) ရက်နေ့က မန္တလေးတိုင်း ပြင်ဦးလွင်မြို့ ရေကျန်ကျေးရွာ မှာ ပြုလုပ်တဲ့ တောင်သူလယ်သမားအရေးဆွေးနွေးပွဲကို မှတ်တမ်း ဗွီဒီယို ရိုက်ကူးတဲ့ ဒါရိုက်တာဝိုင်းရဲ့ ကင်မရာရိုက်ကူးရေး အဖွဲ့ကို ဒေသခံရဲ တွေက လာခေါ်ပြီး (၄) နာရီလောက် စစ်ဆေးခဲ့ပါတယ်။ စစ်ဆေး အပြီးမှာတော့ ရိုက်ထားတဲ့ မှတ်တမ်း ဗွီဒီယိုတွေကို ဖျက်ဆီး လိုက်ပါတယ်။ လူတွေကိုတော့ နောက်နောင် ဒါမျိုး မရိုက်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိ လက်မှတ် ထိုးခိုင်းပြီးပြန်လွှတ်ပေး လိုက်တယ်လို့ သိရပါတယ် ။ အကြောင်းစုံသိရအောင် ဒါရိုက်တာဝိုင်းကို RFA ကိုဥာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

04 June 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ (၂၄) နှစ်တာအတွင်း ပထမဦး ဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးနဲ့ပတ်သက်ပြီး ဇွန်လ (၆)ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ် မယ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ရဲ့ (၂၄) နှစ်တာအတွင်း ပထမဦး ဆုံး နိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးနဲ့ပတ်သက်ပြီး ဇွန်လ (၆)ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ် မယ်လို့ NLD ရဲ့ ဗဟိုဦးစီးအဖွဲ့ဝင် ဦးဟန်သာမြင့်က ပြောပါတယ်။ ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ခဲ့သလို ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ၊ နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းခရိးစဉ်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမလုပ်ခင် ဇွန်လ (၅) ရက်နေ့မှာ နိုင်ငံရေးပါတီများရဲ့ အရည်အချင်းမြှင့်တင်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက် မယ်လို့ သိရပါတယ်။
 
သတင်း.... DVB

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်(၅) ဦးဆွီဒင်သွားမည်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များသည် ဇွန်လ(၅) ရက်နေ့တွင် ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့သို့ ထွက်ခွာမည် ဖြစ်ကြောင်း သိရသည်။

ဆွီဒင်နိုင်ငံ SIDA မှဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ အမျိုးသမီး လွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် ဒေါ်စန္ဒာမင်း ၊ဒေါက်တာဒေါ်မေ၀င်းမြင့် ၊ ကလောလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သန်းငွေ၊ မော်လမြိုင်မှ ပြည့်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ် တို့လိုက်ပါမည် ဖြစ်ကြောင်း သိရသည်။ 

"ကျွန်မတို့ ဆွီဒင် ပါလီမန်ကိုလေ့လာရေး ခရီးသွားမှာ ဖြစ်ပါတယ် ဇွန် ၁၆ ရက်လောက်ကို ပြန်ရောက်မှာ ဖြစ်ပါတယ် " ဟု ယင်းအဖွဲ့တွင် ဦးဆောင်သူ ဒေါ်စန္ဒာမင်းက ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံမှ အပြန် လေယာဉ်ပေါ်တွင် ရန်ကုန်မီဒီယာဂရုပ်၏ မေးမြန်းချက်ကို အထက်ပါအတိုင်းပြန် လည်ဖြေကြား ခဲ့ခြင်းဖြစ်သည်။

 သတင်း....  Yangon Media Group

ထိုင်းနိုင်ငံ ခရီးစဉ် အပေါ် ဒေါ်အောင်ဆန်းစုကြည် ကျေနပ်မှုရှိ

(၂၄) နှစ်တာ ကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမဦးဆုံးနိုင်ငံခြားခရီးစဉ်ဖြစ်တဲ့ ထိုင်းနိုင်ငံခရီးစဉ် ပြီးဆုံးသွားပြီးဒီကနေ့ မနက်မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကိုပြန်လည် ရောက်ရှိ လာပါတယ်။

ထိုင်းနိုင်ငံမှာ (၆) ရက်ကြာ နေထိုင်စဉ် ကာလအတွင်းထိုင်းအာဏာပိုင်တွေရဲ့အစီအစဉ်နဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ၊နယ်စပ် ဒုက္ခသည်တွေကို သွားရောက်တွေ့ဆုံ နိုင်ခဲ့ပါတယ်။

ထိုင်းခရီးစဉ် တခုလုံးပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ကျေနပ်မှု ရခဲ့တယ်လို့ သူနဲ့အတူ ထိုင်းနိုင်ငံကို လိုက်ပါသွားတဲ့ NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက RFA ကို ပြောပါတယ်။

 
"ကျွန်မတို့ ရာသီဥတုမကောင်းလို့ နဲနဲ နောက်ကျပါတယ်။ ၁၀ နာရီလောက်ရောက်ပါတယ်။ ခရီးစဉ်အပေါ်မှာ ကျွန်မတို့ အားရ ကျေနပ်မှုရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အထူးပဲ ကျေနပ်ပါတယ်။ ဒီထိုင်းအစိုးရ စီစဉ်ပေးတဲ့ ခရီးစဉ်အတိုင်းပဲ ဒီ မယ်လ၊ မဲဆောက် ကို သွားတာပါ။ သူတို့ စီစဉ်ပေးတဲ့အတိုင်းပဲ ဒုက္ခသည်စခန်းကို ၀င်ခဲ့ရတယ်။ သူတို့စီစဉ်ပေးတဲ့သူတွေနဲ့ပဲ တွေ့ခဲ့ရတယ်။ ဒါပေမယ့် ဒီအပေါ်မှာ
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အားရ ကျေနပ်မှုရှိပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ ပထမဦးဆုံး နိုင်ငံခြားခရီးစဉ်ဟာနော်ဝေနိုင်ငံ ဖြစ်ရမယ် လို့ ပြောကြားခဲ့ဖူးပေမယ့် အခုတော့ ထိုင်းနိုင်ငံ ခရီးစဉ် ပေါ်ပေါက်ခဲ့ရပါတယ်။

ဒီလအတွင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဥရောပဖက်ကို ခရီးဆက် ဖို့ရှိပြီး နော်ဝေ၊ ဗြိတိန်နဲ့ အိုင်ယာလန်နိုင်ငံတွေကို သွားရောက်မှာ
ဖြစ်ပါတယ်။

သတင်း..  RFA 

ဓာတ်ပုံ...AP

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေး အရာရှိ ဦးခွန်သာမြင့်ကို ခရီးစဉ်အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီက ဇွန် ၃ မှာ ဆက်သွယ် မေးမြန်းထားပါတယ်

03 June 2012

အနှစ် ၂၀ ကျော် အတွင်း ပထမဦးဆုံး ပြည်ပ ခရီးစဉ် မှ ပြန်လာသော ပြည်သူ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ဓာတ်ပုံ မှတ်တမ်း

ဓာတ်ပုံ.... AP

၂၀၁၃မှစပြီး ထိုင်းရောက် မြန်မာ လုပ်သား တွေ ထိုင်းနိုင်ငံသား နည်းတူ လစာရမည်

တရားဝင် မှတ်ပုံတင် ထားသည့် မြန်မာ အလုပ်သမားများ၏ တစ်နေ့ လုပ်အားခ ကို ထိုင်းနိုင်ငံသားများ နည်းတူနှင့် ဘတ် ၃၀ ဖြင့် ဆေးကုသခွင့် အခွင့်အရေး များပေးအပ် သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယ ၀န်ကြီးချုပ် ချလုံယူဘမ် ပရုန်း က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် နှင့်မေလ ၃၁ ရက်ကတွေ့ ဆုံစဉ် ပြောကြား ခဲ့သည်။ 

 ထိုင်းနိုင်ငံတွင်း အလုပ် လုပ်ကိုင်လျှက်ရှိသည့် မြန်မာရွေ့ပြောင်းအလုပ်သမားများ အတွက် ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ မှစတင်၍ ထိုင်နိုင်ငံသား များနည်းတူ လုပ်ခလစာ တစ်နေ့လျှင် ဘတ်၃၀၀ ရရှိရန်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ၄င်းကပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင် ထားသည့် မြန်မာရွေ့ပြောင်းလုပ်သား ၈သိန်းကျော်ရှိပြီး မှတ်ပုံ မတင်ရသေး သည့် လုပ်သား ၁ သန်းကျော်ရှိကြောင်း အများစု၏ အခြေခံလုပ်ခလစာမှာ တစ်နေ့ ဘတ် ၆၀ မှ ၁၅၀ ကြားဖြစ်ကြောင်း သိရသည်။

သတင်း...  Popular News

ဆန္ဒပြအလုပ်သမားများအား ကူညီသည့်အဖွဲ့အစည်းအချို့ အမြတ်ထုတ်မှုများ ဖြစ်ပေါ်

ရန်ကုန်မြို့နယ် လှိုင်သာယာစက်ရုံများ၌ စက်ရုံအလုပ်သမားများ ဆန္ဒပြတောင်းဆိုမှုများဖြစ်ပွားခဲ့သည့်အချိန်တွင် ယင်းသို့ ဆန္ဒပြတောင်းဆို သည့် အလုပ်သမားများထက် လာရောက်ကူညီအမြတ်ထုတ်ကြသည့် အဖွဲ့အစည်းမှလူပုဂ္ဂိုလ်များသည် ပို၍များပြားလျက်ရှိကြောင်း ဆန္ဒပြတောင်းဆိုသူ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောပြချက်အရ သိရသည်။ "ကျွန်မတို့ ဆန္ဒပြတောင်းဆိုတဲ့အချိန်မှာ လာပြီး ကူညီကြတဲ့ NLDပါတီက လူတွေလည်း ရှိပါတယ်။ ပြီးတော့ တစ်ခြားအဖွဲ့အစည်းတွေလည်း ရှိတယ်။ 

သူတို့က ထမင်းထုတ်တို့ဘာတို့ ဝေတယ်ပေါ့။ ဒါပေမယ့် တကယ်တမ်း ရဲတွေလာတဲ့အချိန်လည်းကျရော သူတို့တွေက မရှိတော့ဘူး။ နောက်ဆုံး တကယ်ဆန္ဒပြတဲ့ ကျွန်မတို့ပဲကျန်တယ်။ အဲဒီတော့ သူတို့က ကျွန်မတို့ကို ဘာလာလုပ်ပေးတာလဲဆိုတာ ရေရေရာရာမသိဘူး။ ပြီးတော့ သူတို့တွေက အပြင်အဖွဲ့အစည်းတစ်ခုကနေ ပိုက်ဆံယူပြီး ဒီမှာလုပ်ပေးနေတယ်လို့လဲ သိရပါတယ်။ အဲဒီအတွက်လည်း တော်တော်ဝမ်းနည်းမိပါတယ်"ဟု ၎င်းက ဆို သည်။

 လှိုင်သာယာမြို့နယ်မှ စက်ရုံများတွင် တောင်းဆိုဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိပြီး ယင်းသို့ ဆန္ဒပြတောင်းဆိုသည့်လူများအား နိုင်ငံရေးပါတီများ နှင့် အဖွဲ့အစည်းအချို့မှ လာရောက် ကူညီထောက်ပံ့ပေးမှုများရှိသော်လည်း ၎င်းတို့သည် ဆူပူအုံကြွမှုအား ပိုမိုဖြစ်ပေါ်စေချင်သည့်သဘော သက်ရောက် နေကြောင်းနှင့် သက်ဆိုင်ရာရဲများမှ ရောက်ရှိလာကြသောအချိန်၌ ယင်းအဖွဲ့အစည်းများမရှိတော့ဘဲ ဆန္ဒပြတောင်းဆိုသည့် အလုပ်သမားများသာ ကျန်ရှိ ကြောင်း သိရသည်။ "ဘာမှမဖြစ်ခင်ကတော့ လာပြီး ကူညီကြတယ်။ 

ရဲတွေလည်း ရောက်လာရော ဒီအတိုင်းပြန်ထွက်သွားပြီး ဆန္ဒပြတဲ့အလုပ်သမားတွေပဲ ကျန်ခဲ့ တယ်။ သူတို့တွေက ထွက်သွားတော့ ဆန္ဒပြတဲ့အလုပ်သမားတွေ ထမင်းစားဖို့တောင် အဆင်မပြေတော့တဲ့အနေအထားဖြစ်နေတယ်။ ကူညီမယ့်သူတွေ လည်း မလာကြတော့ဘူး။ ကျွန်တော် စုံစမ်းသိရှိသလောက်ဆိုရင် တစ်ချို့အဖွဲ့အစည်းတွေက သူတို့အတွက် ပိုက်ဆံရလို့ လာပြီး လုပ်နေတာလို့လည်း သိရတယ်။ ပြောရမယ်ဆိုရင် ပရောဂျက်လိုပုံစံမျိုးပေါ့"ဟု ယင်းဆန္ဒပြမှုများနှင့် ပတ်သက်၍ သတင်းယူနေသည့် ပြည်တွင်းသတင်းထောက်တစ်ဦးက ဆိုသည်။

 ဇွန်လ ၁ ရက်နေ့မှစတင်၍ တောင်းဆိုဆန္ဒပြနေသည့် စက်ရုံတစ်ချို့အား အာဏာပိုင်အဖွဲ့အစည်းများမှ လာရောက်စောင့်ကြည့်မှုများ ပြုလုပ် လျက်ရှိပြီး နောက်ပိုင်းတွင် ပို၍များပြားလာသည့်အတွက် လာရောက်ကူညီကြသည့် နိုင်ငံရေးပါတီနှင့် အဖွဲ့အစည်းများသည် ဆန္ဒပြမှုအား ပါဝင်လုပ် ဆောင်ကူညီနေရာမှ ရှောင်ထွက်သွားကြသည့်အတွက် စက်ရုံအလုပ်သမားများသည် ကျန်ရှိပြီး ကူညီမယ့်အဖွဲ့အစည်းများမရှိတော့သည့်အတွက် အလုပ်သမားများအတွက် စားနပ်ရိက္ခာအတွက် အခက်အခဲဖြစ်နေကြကြောင်း လှိုင်သာယာမြို့နယ် စက်မှုဇုံ (၁)မှ တော်ဝင်မြန်မာအထည်ချုပ်စက်ရုံမှ စက်ရုံဝန်ထမ်းတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

 သတင်း... အလင်းရောင်

ဦးသိန်စိန် ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း

သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ် ထပ်မံဖျက်သိမ်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ဇွန်လ ၄ရက်နေ့၌ ထိုင်းနိုင်သို့ သွားရောက်မည်ဟု စီစဉ်ထားသော်လည်း ယင်းသို့သွားရောက်မည့် အစီအစဉ် အား ပယ်ဖျက်လိုက်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ 

 "ဒီလိုမျိုး သွားမည်ဆိုပြီး မသွားဖြစ်တာနဲ့ ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံးက တိကျတဲ့သတင်း ထုတ်ပြန်တာမျိုးတွေ အကြောင်းပြန်တာမျိုးတွေ မရှိဘူး။ ပြီးခဲ့တဲ့ လကလည်း ကမ္ဘာ့စီးပွားရေးညီလာခံကို ကိုယ်တိုင်သွားမယ်ဆိုပြီး အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ဘူးလို့ ပြန်ပြီး သတင်း ထုတ်ပြန်ခဲ့ပါတယ်"ဟု ပြည်ပသတင်းမီဒီယာတစ်ဦး၏ ပြောပြချက်အရ သိရသည်။ ထို့ပြင် ၎င်းသည် ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့စီးပွားရေးညီလာခံ (World Economic Forum) သို့ ကိုယ်တိုင်တက်ရောက်မည် ဟု ယခင်က သတင်းထုတ်ပြန်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် မသွားဖြစ်တော့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ၎င်းကိုယ်စား စွမ်းအင် ဝန်ကြီး ဦးသန်းဌေးအား စေလွှတ်ခဲ့ကြောင်း သိရှိရသည်။ 

သတင်း... yangonchronicle