17 September 2011

ရွှေဝါရောင်တော်လှန်ရေးနှင့် အကျဉ်းကျ သာသနာ့ အာဇာနည်များ


ရွှေဝါရောင်တော်လှန်ရေး (၄)နှစ်ပြည့်ပြီလို့ ပြောလိုက်တာနဲ့ ဘာကို ပြေးမြင်လိုက်လဲဆိုရင် အော်ငါနဲ့အတူတူသွား အတူတူစား အတူတူအစည်းအဝေးပွဲထိုင် အတူတူ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွေ ဆင်နွဲခဲ့ကြတဲ့ သူငယ်ချင်း ရဟန်းသံဃာတွေ ကြံ့ဖွတ်စစ် အစိုးရရဲ့ အကျဉ်းထောင်တွေထဲမှာ အနှိပ်စက်ခံ အကျဉ်းကျခံနေရတာ (၄) နှစ်ကြီးများတောင် ရှိသွားပါပြီလားလို့ ပြေးမြင်မိပါတယ်။ မြတ်စွာဘုရားရှင်၏ မေတ္တာသုတ် ပရိတ်တရားတော်များကို မေတ္တာပို့ရွတ်ဆိုကာ ငြိမ်းချမ်းစွာလမ်းလျှောက် ရုံဖြင့် ၀ါးရင်းတုတ်နှင့် အရိုက်ခံကြရ၊ သေနတ်နှင့် အပစ်ခံကြရ၊ ကျောင်းတိုက်များကို ညစဉ် သူပုန်စခန်းစီးသလို ၀င်ရောက်ရိုက်နှက် သတ်ဖြတ်ကာ ဖမ်းဆီး ခေါ်ဆောင်သွားပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချပစ်ကြတယ်။ အလုပ်ကြမ်းနှင့် ရဲဘက်စခန်းတွေကို ပို့ပစ်ကြတယ်။ ကျောင်းတိုက်ပေါင်း (၆၀) ကျော်ကို ချိတ်ပိတ်ပစ်ကြတယ်။

အရှင်ဣဿရိယနှင့် သူငယ်ချင်းများ ရဟန်းသံဃာအဖြစ်နဲ့ ငယ်စဉ်ကလေး ဘ၀ကတည်းက နေလာခဲ့ကြတာ အလုပ်ကြမ်းလည်း မလုပ်ဖူးဘူး၊ မြတ်စွာဘုရားရှင်ရဲ့ တရားဒေသနာတော်တွေကို သင်ယူပို့ချ ဟောပြောဆုံးမပြီး နေခဲ့ကြတာ၊ အခုသူတို့ ဘ၀တွေအလုပ်ကြမ်းနဲ့ ထောင်ဒဏ်တွေကျ တစ်ချို့ထောင်ထဲမှာ ပျံလွန်တော်မူကြရတယ်။သူငယ်ချင်းဖြစ်သူ ဦးဂမ္ဘီရ ဆိုရင် ထောင်ဒဏ် (၆၃)နှစ်နှင့် သူငယ်ချင်းဖြစ်သူ ဦးခေမိန္ဒ(ဦးကေသရ)ဆိုရင် ထောင်ဒဏ်(၃၅)နှစ် ကျခံနေရတယ်။

ဦးခေမိန္ဒ (ထောင်ဒဏ် ၃၅ နှစ်) ဦးခေမိန္ဒ ဟာစာရေး သူတို့ထက် ၀ါကြီးပါတယ်။ မန္တလေးမြို့ ၁၉၉၀ ပြည့် ဆွမ်းလောင်းပွဲကြီးမှာ အေးဆေးစွာ ဆွမ်းခံကြွနေတဲ့သံဃာတော်တွေကို စစ်အစိုးရက သေနတ်နှင့်ပစ် စစ်ဖိနပ်နဲ့ ကန်ကျောက် ထောင်ထဲပို့ခဲ့တာမို့ ဒီလောက်ကြမ်းကြုတ် စော်ကားတဲ့ စစ်အစိုးရကို မြတ်စွာဘုရားရှင် ဓမ္မစက်နဲ့ ဆုံးမမှသာလျှင်ရမယ်ဆိုပြီး ဆရာတော်ကြီးများကိုယ်တိုင် ဦးဆောင်၍ ပတ္တနိက္ကုဇ္ဖန ကမ္မ၀ါရွတ်ဆိုကာ စစ်အစိုးရကို မည်သည့်သံဃာမှ အပေါင်းဖေါ်မပြုရ ပစ္စည်းလေးပါး အလှူမခံရ စသည်ဖြင့် အမိန့်ထုတ်ကာ ရဲရဲရင့်ရင့် သပိတ်မှောက်ခဲ့ကြပါတယ်။ ဒီလို သပိတ်မှောက်ထားတဲ့အတွက် စစ်အစိုးရ အုပ်စုတွေဘက်က ဆွမ်းစား သာရေး နာရေးပင့်တဲ့အခါ မည်သည့် သံဃာမှမလိုက်ကြပါ။ အလှူမခံကြပါ။ ဒီပြင်းထန်မှုဟာ တနိုင်ငံလုံးထိ ပျံ့နှံလာပါတယ်။ ဒါကို အင်မတန်ကြောက်သွားတဲ့ စစ်အုပ်စုဟာ သူတို့ရဲ့ မ ဟ န ဆရာတော်ကြီးများကို သေနတ်နဲ့ထောက် အမိန့်ထုတ်ခိုင်းကာ သံဃာဖမ်းပွဲ စတင်ကျင်းပပါတော့တယ်။

သံဃာဖမ်းပွဲမှာ တနိုင်ငံလုံးက လေးစားရသော သံဃာအပါး တစ်ထောင်ကျော်ကို စာချပေးနေတဲ့ နာယက ဆရာတော်ကြီးတွေ၊ တိပိဋ္ဋကဓရ ဆရာတော်ကြီးတွေ၊သကျသီဟ ဓမ္မာစရိယဘွဲ့ရ ဘိဝံသ ဆရာတော်ကြီးတွေ မြောက်များစွာ ထောင်ကျ ခံနှိပ်စက်ခံခဲ့ကြရပါတယ်။ တချို့ဆရာတော်ကြီးတွေ ထောင်ထဲမှာ ပျံလွန်တော်မူကြပါတယ်။ တချို့ ဆရာတော်ကြီးများ ထောင်ကလွတ်ပြီး မကြာမီမှာ ထောင်ထဲက ဒဏ်တွေကြောင့်ပျံလွန်တော်မူခဲ့ကြရပါတယ်။ ၁၉၉၀ ပြည့် သပိတ်မှာ ရှေ့တန်းကနေ မားမားမတ်မတ် ပါဝင်ခဲ့လို့ ထောင်ကျသွားတဲ့အထဲမှာ အခု ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ထပ်မံထောင်ဒဏ် (၃၅)နှစ်အကျခံရတဲ့ သူငယ်ချင်းဖြစ်သူ ဦးခေမိန္ဒ(ဦးကေသရ)ဟာ တစ်ပါး အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဦးခေမိန္ဒဟာ အင်မတန် သတ္တိပြောင်မြောက်သူ တစ်ပါးဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာသမ္မဂ္ဂီအဖွဲ့ (မန္တလေး)အရှင်ဣဿရိယ၊ အရှင်သြဘာသ၊ အရှင်ခေမိန္ဒ၊ အရှင်ပညာသီရီ စာရေးသူတို့ မန္တလေးမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာသမဂ္ဂီ ကိုပြန်လည် ဖွဲ့စည်းတော့ ရှေ့တန်းကနေ မားမားမတ်မတ် ဦးဆောင် ပါဝင်ခဲ့ပါတယ်။ သံဃာသမဂ္ဂီအသင်းဖွဲ့စဉ်မှာ သူပြောသွားတဲ့ စကားလေးကို ယနေ့ထက်ထိ ကြားယောင်နေမိပါတယ်။’’ ဒို့တတွေသတ္တိရှိရမယ်.. ဒို့နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် ဒို့ဘ၀ကို စတေးရမယ် အရင်ကလည်း စတေးခဲ့တယ်။ အခုလည်းပဲ စတေးအုံးမယ်တဲ့’’ သူပြောတဲ့အတိုင်း ပြတ်ပြတ်သားသား လုပ်ခဲ့ပါတယ်။

၂၀၀၇ စက်တင်ဘာ ၂ ရက်နေ့မှာ ဦးဂမ္ဘီရ မန္တလေးကိုရောက်လာတော့ ဦးခေမိန္ဒ၊ ဦးပညာသီရိ၊ ဦးလင်း အပါအ၀င် သံဃာတော် ၁၀ ပါးနှင့် စာရေးသူတို့ ထပ်မံအစည်းအဝေး လုပ်ကြပါတယ်။ ဦးဂမ္ဘီရ ရန်ကုန်မှပါလာသော သံဃာတော်များ ပန်ကြားလွှာနှင့် စာရေးသူတို့ ထုတ်ဝေထားသော သံဃာတော်များသို့ ပန်ကြားလွှာများကို ဆက်လက်ဖြန့်ဝေရေးများကို ညှိနိုင်းတိုင်ပင်ကြပါတယ်။ ၂၀၀၇ စက်တင်ဘာ ၅ ရက်နေ့မှာ ပခုက္ကူမြို့တွင် သံဃာတော် အပါး ၅၀၀ ကျော် ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်စဉ် စစ်အုပ်စုမှ သံဃာတော်များကို တိရိစ္ဆာန်များဖမ်းသလို ကြိုးကွင်းနဲ့ပစ်ဖမ်း ဓါတ်တိုင်မှာ ကြိုးနဲ့တုတ် သေနတ်ဒင်နဲ့ထု စစ်ဖိနပ်နဲ့ ကန်ကျောက် လုပ်ခဲ့တဲ့အတွက် သံဃာနဲ့ န အ ဖ ကြားပြင်းထန်မှု ဖြစ် ခဲ့ပါတယ်။ ဒီသတင်းကြားကြားချင်း နောက်တစ်နေ့မှာ စာရေးသူ၊ ဦးဂမ္ဘီရ၊ ဦးခေမိန္ဒ၊ ဦးလင်း နဲ့အခြားသူငယ်ချင်းများ ပခုက္ကူအရေးအခင်းနှင့် ပက်သတ်ပြီး အစည်းအဝေး ထိုင်ခဲ့ကြပါတယ်။

အစည်းအဝေး သဘောတူညီချက်အရ ငြိမ်းချမ်းစွာ မေတ္တာပို့ လမ်းလျှောက်ကြသော သံဃာတော်များကို စစ်အုပ်စုမှ ယခုလို အကြမ်းဖက် စော်ကားသည့်အတွက် သံဃာတော်များကို ပြန်လည်တောင်းပန်ရန် တောင်းပန်ခြင်းမပြုပါက မန္တလေး သံဃာသမ္မဂ္ဂီအသင်းကြီးမှ ဦးဆောင်ကာ သပိတ်မှောက်ပါမည်ဆိုတဲ့ စတိတ်မင့်တစ်စောင်ကို စာရေးသူကိုယ်တိုင် ရေးသားခဲ့ပါတယ်။ ဒီစတိတ်မင့်ကီု ဦးခေမိန္ဒမှ ဘီဘီစီ သတင်းဌာနသို့ အင်တာဗျူးကာ အသံလွှင့် ဖတ်ကြားခဲ့ပါတယ်။ စာရေးသူနဲ့ ဦးဂမ္ဘီရက အီးမေးလ်များမှတဆင့် သူငယ်ချင်းများဆီသို့ ဖြန့်ဝေပေးပါတယ်။ ထိုစတိတ်မင့်များကို ကော်ပီစွဲကာ စာရေးသူရဲ့ တပည့်များနှင့် သူငယ်ချင်းများမှ ကျောင်းတိုက်များသို့ လိုက်လံဖြန့်ဝေပေးခြင်း၊ နံရံများတွင် လိုက်လံကပ်ခြင်းများကို ပြုခဲ့ကြပါတယ်။ မန္တလေးမှာ စတိတ်မင့် စာရွက်ပျံ့နှံလာမှု ကြောင့် တချို့အင်ဖေါ်မာများ က စာရေးသူကို သံသယဖြစ်ကာ နောက်ယောင်ခံ လိုက်လာကြပါတယ်။ စာရေးသူကမန်းမှာ စာကြည့်တိုက်နှင့် ဘာသာဗေဒ သင်တန်း၊ ကွန်ပျူတာသင်တန်းများ ဖွင့်ထားသည့်အတွက် စာရေးသူကို သံသယရှိကြပါတယ်။ စာရေးသူမှ သူငယ်ချင်းများကို ရှင်းပြကာ ရန်ကုန်ကိုသွားမည် ရန်ကုန်မှာလည်း အရေးကြီးသည်။ ဒီစတိတ်မင့်စာရွက်များကို ရန်ကုန်မှာသွား ဖြန့်ဝေပေးပါမည်။ အကြောင်းရှိက ဖုန်း၊ အင်တာနက်၊ မက်ဆင်ချာများဖြင့် ဆက်သွယ်ပါမည်။ အကယ်၍ အဆက်အသွယ်မရပဲ ဆုံးဖြတ်စရာများရှိပါက မန္တလေးအဖွဲ့က လုပ်တာကို ရန်ကုန်က သဘောတူပါသည်။ ရန်ကုန်ကလုပ်တာကို မန္တလေးကလည်း သဘောတူပါဟု ပြောဆိုညှိနှိုင်းကြကာ စာရေးသူ ရန်ကုန်ကို ဆင်းသွားပြီး စတိတ်မင့် စာရွက်များ မိတ္တူကူးကာ သူငယ်ချင်းများနှင့် တိုင်ပင်လျက် ကျောင်းတိုက်များ အသီးသီးသို့ လိုက်လံဖြန့်ဝေ ပေးခဲ့ကြပါသည်။

မန္တလေးမှ ဦးပညာသီရီ ရန်ကုန်သို့ လိုက်လာပါသည်။ ရန်ကုန်မှာ စတိတ်မင့် စာရွက်များကို သူ၏မိတ်ဆွေများနှင့် တိုင်ပင်ကာ ၀ိုင်းဝန်းဖြန့်ဝေ ပေးခဲ့ပါသည်။ မန္တလေးမှ ဦးဂမ္ဘီရက ဖုန်းဆက်ခေါ်သဖြင့် ဦးပညာသီရီ မန္တလေးသို့ ပြန်ကြွသွားရသည်။ ပထမ စတိတ်မင့်မှာ စက်တင်ဘာ ၁၁ ရက်နေ့ထိအချိန်ပေးခဲ့သည်မှာ အချိန်နည်းနေသေးသဖြင့် နောက်စတိတ်မင့်တွင် ၁၇ရက်နေ့ထိ နောက်ဆုံးထား တောင်းပန်ရန် ရက်ရွေ့ပေးခဲ့ပါသည်။ သို့ပါသော်လည်း စစ်အစိုးရမှ လုံးဝမတောင်းပန်သဖြင့် ဦးဂမ္ဘီရမှ စာရေးသူထံ ပတ္တနိက္ကူဇ္ဖနကမ္မ၀ါစာကို အီးမေးလ်ဖြင့် ပို့ပေးခဲ့ပါသည်။ စာရေးသူသည် အီးမေလ်းမှ စတစ်ဖြင့်ကူးလာကာ ပရင့်ထုတ်၍ ဦးသြဘာသကိုလည်း ၀ိုင်းဖြန့် ဝေပေးပါရန် ပြောခဲ့ပါသည်။ စာရေးသူတို့လည်း ကျောင်းတိုက်များသို့ ကမ္မ၀ါစာ ရွတ်ဖတ်နိုင်ရန် လိုက်လံ ဝေပေးခဲ့ကြပါသည်။

၁၈ရက် စက်တင်ဘာ ၂၀၀၇ နံနက်၉ နာရီအချိန်တွင် သံဃာတော် ၁၅ ပါး ရွှေတိဂုံဘုရားအနီးရှိ သူငယ်ချင်းရဲ့ ဆရာတော်ကြီးကျောင်းတွင် ကမ္မ၀ါ စုပေါင်း ရွတ်ဖတ်ကြပါသည်။ ထိုအသံ ဖမ်းထားသောဖိုင်ကို သူငယ်ချင်းဖြစ်သူ ဦးသောပါက (ဂျာမဏီ)ထံသို့ မီဒီယာများမှ တဆင့်ဖြန့်ဝေပေးပါရန် အီးမေးလ်မှတဆင့် ပို့ပေးခဲ့ပါသည်။ အခြားကျောင်းတိုက် တော်တော် များများတွင်လည်း ကမ္မ၀ါစာများ ရွတ်ဖတ်ကြပါသည်။ ထိုနေ့မှစတင်ကာ သံဃာတော်များ မေတ္တာပို့ရင်း လမ်းလျှောက်ပွဲများ ဆင်နွဲခဲ့ကြပါသည်။ သံဃာတော်များ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲသည် တနေ့ထက်တနေ့ သံဃာတော်များ၊ သီလရှင်ဆရာလေးများ၊ ကျောင်းသားပြည်သူများ ပူးပေါင်း ပါဝင်လာမှုမှာ များသည်ထက် များလာပါသည်။ သံဃာထုနှင့် လူထုအားမှာ သိန်းချီများပြား လာပါသည်။ မြို့နယ်တိုင်းမှာ သံဃာတော်များ ပြည်သူလူထုများ လမ်းလျှောက် ဆန္ဒပြလာကြပါသည်။ ဒါကိုကြောက်တဲ့ နအဖ စစ်အုပ်စုဟာ သူ့အာဏာ မစွန့်ရရေးအတွက်တနိုင်ငံလုံး၊ ကိုးကွယ်ဆည်းကပ်နေသော သံဃာတော်များကိုပင် ၂၆ ရက်စက်တင်ဘာမှ စတင်ကာ ၀ါးရင်းတုတ်နှင့်ရိုက် သေနတ်နှင့်ပစ်သတ် ဖမ်းဆီး ထောင်ချခြင်းများကို စတင်ပြုလုပ်လာပါတော့ သည်။ ညစဉ်ကျောင်းတိုက်များသို့ သူပုန်စခန်းစီး သလိုဝင်စီးကာ သေနတ်နှင့်ပစ်သတ် ကားပေါ်ပစ်တင့် ထောင်ထဲပို့ပါတော့သည်။

သံဃာတော်ကြီးများကိုလည်း မိမိကျောင်းတိုက်မှ သံဃာတော်များကို ရွာပြန်ပို့ရန် အမိန့်ထုတ်ခဲ့ပါသည်။ ပြန်မပို့သော ကျောင်းတိုက်များကို ညစဉ်သူပုန်စခန်း စီးသလိုဝင်စီးကာ ဖမ်းဆီး ခေါ်ဆောင်သွားကာ ထောင်ထဲကို ပို့ခဲ့ကြပါသည်။ ထောင်ထဲမှာ အနှိပ်စက်ခံ အညှင်းပန်းခံ နေကြရပါသည်။ ဦးဣဿရိယ၊ ဦးသြဘာသ၊ ဦးပညာသီရိ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ သဃာ့သမ္မဂ္ဂီအသင်း(မန္တလေး) ဒါကို စာရေးသူရဲ့ သူငယ်ချင်း ထောင်ထဲမှ ထွက်ပြေး လွတ်မြောက်လာသူ ဦးပညာသီရီ ပြောပြလို့ သိခဲ့ရပါသည်။ စာရေးသူက သူငယ်ချင်းကိုမေးပါတယ်။ …သူငယ်ချင်း မင်းထောင်က ထွက်ပြေးလွတ်မြောက်ပြီး နယူးဒေလီမြို့ အိန္ဒိယနိုင်ငံကို ရောက်တော့ နေ့တိုင်း တပည့်တော်ဆီကို အီးမေးလ်ပို့တယ်…။ သူငယ်ချင်းအထဲမှာ မနေနဲ့တော့ အပြင်ကိုထွက်တော့နဲ့ ဘာဖြစ်လို့ အဲဒီလိုပို့တာလဲ မေးတော့ အရှင်ဘုရား ထောင်အကြောင်း မသိဘူးတဲ့…။ ထောင်ထဲမှာ နေတိုင်း တပည့်တော်ကို နည်းမျိုးစုံ နှိပ်စက်ပြီးမေးတယ်။ ဦးဂမ္ဘီရဘယ်မှာလဲ... အရှင်ဘုရား(မင်းသုည) ဘယ်မှာလဲ..။ ဦးလင်းဘယ်မှာလဲနဲ့ အမြဲတမ်းရိုက်ပြီး မေးတယ်ဘုရား။ စစ်ဖိနပ်နဲ့ ရင်ဘက်ကို စောင့်ကန်တယ်။ နားရင်းရိုက်တယ်။ ပါးရိုက်တယ်။ နည်းမျိုးစုံ နှိပ်စက်တယ်ဘုရား နောက်ဆုံး မခံနိုင်တော့လို့ သေတာက ကောင်းသေးတယ်ဆိုပြီး တပည့်တော် အုတ်နံရံကို ခေါင်းနဲ့ ပြေးစောင့်တာ ရဲတစ်ယောက်က လှမ်းဖမ်းဆွဲတာ မြန်လိုက်လို့ဘုရား.. ဒါမှမဟုတ်ရင် တပည့်တော်သေပြီဘုရား။ တပည့်တော် အနှိပ်စက် ခံရတာတွေများတော့ စိတ်တွေလည်း ပုံမှန်မဖြစ်ဘူးဘုရား။ တပည်တော်အပြင်ရောက်လို့ ကြည့်လိုက်တော့ အရှင်ဘုရားကို အင်တာနက်မှာ တွေ့လိုက် တာ့ အရှင်ဘုရားက ရန်ကုန်မှာ နိုင်ငံရေး ဆက်လုပ်နေတုန်း ဆိုတာကို သိရတော့ တပည့်တော် အရမ်းစိုးရိမ်သွားတာနဲ့ အမြဲအီးမေးလ် ပို့ပေးတာပါလို့ ဖြေခဲ့ပါတယ်။

တချို့သံဃာတွေလည်း အလုပ်ကြမ်းဒဏ်ကို မခံနိုင်လို့ ထောင်ထဲမှာ ပျံလွန်တော်မူ သွားတာတွေရှိတယ်လို့ ပြောပြခဲ့ပါတယ်။ ဒါကြောင့် ယနေ့ရွှေဝါရောင် တော်လှန်ရေးဟာ (၄)နှစ်ပြည့်ခဲ့သလို ရွှေဝါရောင် တော်လှန်ရေးမှာ အသက်စွန့်ကာ ပါဝင်ဦးဆောင်ခဲ့ကြတဲ့ သံဃာတော်တွေ ထောင်ကျခံ အနှိပ်စက် ခံနေရတာလည်း (၄)ပြည့်ပါပြီ။ မိမိတို့နိုင်ငံသူ၊ နိုင်ငံသားအားလုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင် အကျဉ်းကျခံ အနှိပ်စက်ခံနေကြတဲ့ သာသနာ့အာဇာနည်များလွတ်မြောက်ရေးအတွက် ပြည်တွင်းပြည်ပ မှာရှိကြတဲ့ မြန်မာပြည်သားတိုင်းမှာ တာဝန်ရှိပါတယ်။ သံဃာတော်များနှင့် သီလရှင် ဆရာလေးများ လွတ်မြောက်ရေးသည် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လမ်းပေါ်ထွက် ဆန္ဒပြကာ တောင်းဆိုမှသာလျှင် လွတ်မြောက်နိုင်ပေမည်။ ဒီတာဝန်ကို အားလုံး တက်ညီလက်ညီ တာဝန်သိသိ သစ္စာရှိရှိဖြင့် ထမ်းဆောင်ပေးကြပါဟု တိုက်တွန်း နှိုးဆော်လိုက်ပါသည်။………..

ဆောင်းပါးရှင် မင်းသုည(ဗုဒ္ဓတက္ကသိုလ်)

ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖောက်တဲ့ ၈ နိုင်ငံထဲမှာ မြန်မာပါဝင်

ရခိုင်ပြည်နယ်မှာ အများဆုံးနေထိုင်တဲ့ ရိုဟင်ဂျာ အပါအ၀င် မူစလင်တွေ အပြင် ခရစ်ယန်ရော၊ ဗုဒ္ဓဘာသာ သံဃာတွေကိုပါ ဖိနှိပ် ချုပ်ချယ်နေတဲ့ မြန်မာအစိုးရအနေနဲ့ အမေရိကန် အစိုးရရဲ့ အခု အစီရင်ခံစာဟာ ဒီမိုကရေစီလမ်းကို လျှောက်လှမ်းနေတယ်ဆိုတဲ့ ပြောကြားချက်တွေကို စိန်ခေါ်နေတယ်လို့ မြန်မာ မူစလင်အစည်းအရုံး အထွေထွေ အတွင်းရေးမှူး ဦးအောင်တင်ကပြောပါတယ်။

“မြန်မာနိုင်ငံမှာ ကြည့်မယ်ဆိုရင် အခုထိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေ ထောင် အကျခံနေရတာ တွေ့ရသလို မြန်မာနိုင်ငံက မူစလင် ရိုဟင်ဂျာတွေကိုလည်း အခုထိ အသိမှတ်ပြုတာမျိုး မတွေ့ရသေးပါဘူး။”

မစ္စတာ ပေါ့စ်နာပြောသွားတာပါ။ မြန်မာအစိုးရအနေနဲ့ ဗုဒ္ဓဘာသာကို အထူးဦးစားပေးပြီး အလေးအမြတ်ထားကြောင်း ပြသနေပေမယ့် ၂၀၀၇ခုနှစ် သံဃာ အများအပြားကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ပြီး နယ်ဝေးအကျဉ်းထောင်တွေ ပို့တာရှိသလို အစီရင်ခံစာရေးသားတဲ့ ၂၀၁၀ ဇူလိုင်လ ၁ ရက်ကနေ ဒီဇင်ဘာလကုန် အတွင်း သံဃာအပါး ၂၅၆ ပါး အကျဉ်းထောင်ထဲမှာ ကျန်နေသေးတယ်လို့ ဆိုပါတယ်။ သံဃာ့ဥသျှောင်မြန်မာ ရဟန်းတော်များအဖွဲ့ အတွင်းရေးမှုး အရှင်ဂုဏိဿရကတော့ လွတ်လပ်စွာကိုးကွယ်မှုကို သင်ပေးတဲ့ ဗုဒ္ဓဘာသာ ရဟန်းတော်တွေကို အကျဉ်းချထားတာ မသင့်လျှော်ဘူးလို့ မိန့်ပါတယ်။

“မြန်မာစစ်အစိုးရဖမ်းထားတာကတော့မြန်မာနိုင်ငံကို CPC လို့ခေါ်တဲ့ ဘာသာရေး လွတ်လပ်ခွင့် အပြင်းအထန်ချိုးဖေါက်နေတဲ့ နိုင်ငံထဲမှာ ဆက်လက်ထည့်သွင်းထားပြီး ဒီနှစ်အတွက် မြန်မာနိုင်ငံအပါအ၀င် စီပီစီ ရှစ်နိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖေါက်နေမှု အပြည့်အစုံကို အင်္ဂါနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားဆိုင်ရာ လက်ထောက်နိုင်ငံခြားရေး ၀န်ကြီး မိုက်ကယ် ပေါ့စ်စနာ(Michael Posner) ကပြောပါတယ်။

ဒီနှစ်အတွက် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘာသာရေးလွတ်လပ်ခွင့် အဆိုးဝါးဆုံးချိုးဖေါက်တဲ့ နိုင်ငံစာရင်းမှာ မနှစ်ကလိုပဲ ပါဝင်နေပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၀၇ခုနှစ် သံဃာ့ အရေးအခင်းနောက်ပိုင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေကို ပိုမိုဖိနှိပ်လာပြီး ရာနဲ့ချီတဲ့ သံဃာတွေ အကျဉ်းကျခံနေရဆဲ ဖြစ်သလို မူစလင်တွေဖြစ်တဲ့ ရိုဟင်ဂျာတွေကိုလည်း အခုထိ အသိမှတ်မပြုသေးပဲ ခရစ်ယန်ဘာသာဝင် တိုင်းရင်းသားတွေ အတွက်ဆိုလည်း အခွင့်အရေး ရပိုင်ခွင့် တွေ ဆုံးရှုံးမှု ရှိနေတယ်လို့ အစီရင်ခံစာထဲမှာ ဖေါ်ပြထားပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

“နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က အထူးစိတ်ပူဖို့ကောင်းတဲ့ နိုင်ငံအဖြစ် ၈ နိုင်ငံကို သတ်မှတ်ခဲ့ပါတယ်။ ဒီနိုင်ငံတွေကတော့ မြန်မာ၊ တရုတ်၊ အီရစ်ထရီးယား၊ အီရန်၊ မြောက်ကိုရီးယား၊ ဆူဒန်နဲ့ အူဇဘက်ကစ်စတန် နိုင်ငံတွေပါ။ ဒီနိုင်ငံတွေအားလုံးမှာ ဘာသာရေး လွတ်လပ်ခွင့် မရှိတာ နှစ်ကာလ ကြာမြင့်နေပြီဖြစ်သလို ဆိုးဆိုးဝါးဝါးလည်း ချိုးဖေါက်နေတာ တွေ့ရပါတယ်။ ဒီချိုးဖေါက်မှုတွေကို အစီရင်ခံစာမှာ အပြည့်အစုံဖေါ်ပြထားပါတယ်။”

အစီရင်ခံစာမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အပိုင်းလေးပိုင်းခွဲ တင်ပြထားပါတယ်။ နိုင်ငံတွင်း ဒေသအလိုက် ဘာသာရေး ကိုးကွယ်မှုကို ဆန်းစစ်ထားသလို ဗုဒ္ဓဘာသာဝင် ၉၀ ရာခိုင်နှုံးရှိပြီး ခရစ်ယန်နဲ့ မူစလင် ၄ ရာခိုင်နှုန်း စီလောက်ရှိတဲ့ မြန်မာနိုင်ငံမှာ အစိုးရရဲ့ ဘာသာရေးဆိုင်ရာ လေးစားလိုက်နာမှုနဲ့ လူ့အဖွဲ့အစည်းအတွင်း ဘာသာရေးဆိုင်ရာ လေးစား လိုက်နာမှု အခြေနေတွေကိုပါခွဲခြားဖေါ်ပြထားပါတယ်။

ရာဂဏန်းရှိတယ်ပေါ့ ဘယ်သူ့မှ အဆက်အသွယ်မမှီတဲ့ အတွက် စာရင်းမပြုနိုင် တာတွေလည်း အများကြီးရှိတယ်။ တချို့ဖမ်းထားရင်းနဲ့ ပျံလွန်တော်မူသွားတာတွေလည်း ရှိပါတယ်။ ၂၀၀၇ခုနှစ်က သံဃာတော်တွေက ဦးဆောင်ပြီး မေတ္တာပို့တယ်၊ လမ်းလျှောက်တယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး သံဃာတော်တွေနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို ပိတ်တာ၊ ၀ါတွင်း ကာလတောင် ကိုယ့်ကျောင်းကိုယ် မပြန်နိုင်ဘူး။ တောက သံဃာ မြို့မတက်နိုင်အောင် မြို့ကသံဃာ တောမပြန်နိုင်အောင် အမျိုးမျိုးဒုက္ခပေးတာရှိတယ်။

ဘာမှ အပစ်မရှိတဲ့ ဆရာတော်တွေ ဦးဂမ္ဘီယအပါအ၀င် တခြားဆရာတော်သံဃာတွေကို ဖမ်းထားတာဟာ ဘာသာရေးကို အမျိုးမျိုး ပိတ်ပင် တားဆီးနေတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့ ဘာသာ သာသနာထွန်းကားတဲ့ တိုင်းပြည်မှာ ဒီလို ဖြစ်တယ်ဆိုတာ ရှက်ဖို့လည်းကောင်းပါတယ်။ ဒါတွေကိုရပ်တန်းကရပ်ဖို့ တိုက်တွန်းပါတယ်။”

“မြန်မာပြည်မှာက မူစလင်ဖြစ်ခြင်းကိုက အစ္စလာမ်ဘာသာ ကိုးကွယ်တယ်ဆိုတာနဲ့ ဒီလူဟာ တိုင်းရင်းသားမဟုတ်တော့ဘူး။ နိုင်ငံသား မဟုတ်တော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်။ အထူးသဖြင့် ဒီ ရိုဟင်ဂျာ လူမျိုးတွေဆိုရင် နိုင်ငံသားဟုတ်တယ် မဟုတ်ဘူး ဆိုတဲ့ အဆင့်ထက်တောင် မကတော့ဘဲနဲ့ ဒီလူသားရဲ့ ဖြစ်တည်ခွင့်တွေမှာပါ အဖိနှိပ်ခံရတယ်။ ဥပမာ အရွယ်ရောက်လို့ အိမ်ထောင်ပြုချင်ရင် တောင်မှ အိမ်ထောင်ပြုလို့ မရတာ၊ သိန်းနဲ့ ချီတဲ့ ရိုဟင်ဂျာတွေဟာ ကျန်းမာရေးအတွက် ဆေးကုမယ်ဆိုရင် ဆေးကုလို့မရ တနေရာက တနေရာသွား လို့မရ၊ ပညာသင်လို့ မရ၊ အလုပ်အကိုင် ရှာဖွေလို့မရ၊ သူတို့ကို ဆယ်စုနှစ်ပေါင်းများစွာ စီစစ်လို့ မပြီးနိုင်သေးဘူးလား။ ဒီကနေ့ ယူနိုက်တက် စတိတ်ကထုတ်ပြန်တဲ့ ဒီ ဘာသာရေးဆိုင်ရာ အဖိနှိပ်ဆုံးနိုင်ငံမှာ မြန်မာ နိုင်ငံဆက်လက်ပါရှိနေခြင်း သည်ပင်လျှင် ဒီကနေ့ ဒီမိုကရေစီနိုင်ငံတည်ဆောက်နေပါတယ် ဆိုတဲ့ သမ္မတကြီး ဦးသိန်းစိန် အစိုးရကို မေးခွန်းထုတ်လိုက်တယ် လို့တောင် ထင်မိပါတယ်။”

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်ရှိပြီး လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး တိုးတက်လာစေဖို့ အမေရိကန် အစိုးရ ကိုယ်စားလှယ်တွေဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေ။ NGO အဖွဲ့အစည်းတွေနဲ့ အခါသင့်တိုင်း တွေ့ဆုံဆွေးနွေးနေသလို ၂၀၀၈ခုနှစ် ကစပြီး အမေရိကန်လွှတ်တော်အမတ် တွန်လန်းတို့စ် (Tom Lantos Block Burmese Junta Anti- Democratic Efforts Act) ရဲ့ JADE အက်ဥပဒေနဲ့ ချမှတ် အရေးယူ ဆောင်ရွက်နေတယ်လို့လည်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။



အင်္ဂါ, 13 စက်တင်ဘာ 2011 RFA

ပြုပြင်ပြောင်းလဲရေး လိုလားသော သမ္မတက မြန်မာနိုင်ငံကို စတင်ပြောင်းလဲ

(Asia Times မှ 16 Sept 2011 ရက်စွဲပါ “ Pro- reform president shakes up Myanmar ” သတင်းဆောင်ပါးကို yC မှဘာသာ ပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် ယခင်က စစ်ဖက်အုပ်ချုပ်သူများ ရာစုနှစ်ဝက်မျှ ထိန်းသိမ်းလာခဲ့ကြသည့် “အကြွင်းမဲ့ အာဏာ ချုပ်ကိုင်မှု” ကို ယခု အရပ်သား တစ်ပိုင်းအစိုးရက ဖြေလျှော့ပေးနေခြင်းကြောင့် အပြောင်းအလဲက ဘယ်လောက် စစ်မှန်သလဲ ဟူသော စိတ်ဝင်စားစရာ မေးခွန်းကြီး ပေါ်ထွက်လာ သည်။

အရှေ့တောင်အာရှ အာဏာရှင်နိုင်ငံမှ အထင်ရှားဆုံး နိုင်ငံရေး အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အပြောင်းအလဲကို ယုံကြည် လက်ခံကြောင်း ပြသသည်။ “အတိတ်က ဖြစ်ခဲ့တာဟာ ပြီးခဲ့ပြီ၊ လက်ရှိ အနေအထားက လက်ရှိပဲပေါ့။ အပြောင်းအလဲတစ်ချို့ကတော့ ရှိနေပါပြီ” ဟု အသက် ၆၆ နှစ်အရွယ် ဒီမိုကရေစီ ခေါင်းဆောင်က တနင်္လာနေ့တွင် သတင်းထောက်များကို ပြောကြားလိုက်သည်။

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရက်မစ်ချယ် (Derek Mitchell) နှင့် တနင်္လာနေ့က တွေ့ဆုံမှု အပြီးတွင် နိုဘယ်ဆုရှင်က “လက်ရှိအနေအထားကြောင့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ကလည်း စိတ်ဝင်တစား ရှိနေပြီဆိုတော့ ကျွန်မတို့ အမြင်ချင်း ဖလှယ်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။

မနှစ်က နိုဝင်ဘာရွေးကောက်ပွဲများအပြီး၌ နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် အလားတူ ထပ်တူ ထပ်မျှ အရေးကြီးသော တွေ့ဆုံမှုတစ်ခုကို တနင်္ဂနွေနေ့က လက်ခံခဲ့ရာ နိုင်ငံ၏ လူသိများ နိုင်ငံရေးအကျဉ်းသား မင်းကိုနိုင်၏ မိသား စုနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

“ဒါဟာ မင်းကိုနိုင်နဲ့ သူ့ရဲ့မိသားစုကို စိတ်ဓါတ်ရေးရာ အားပေးတဲ့ တွေ့ဆုံမှုပါ” ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ၏ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က Inter Press Service IPS နှင့် တယ်လီဖုန်း အင်တာဗျူးတွင် ပြောကြားသည်။

ထောင်ဒဏ် ၆၅ နှစ် အပြစ်ပေးခြင်း ခံရသော အသက် ၄၈ နှစ် အရွယ် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၏ ဖြစ်ရပ်သည် မြန်မာနိုင်ငံတွင် အစိုးရကို အတိုက်အခံ ဆန့်ကျင်မှုအတွက် တန်ဖိုးကြီးကြီး ပေးဆပ်နေရသော နိုင်ငံရေး အကျဉ်းသားများ၏ ဘဝကို ထင်ဟပ်ပြနေသည်။ လက်ရှိ မြန်မာနိုင်ငံတွင် အကျဉ်းထောင်နှင့် အကျဉ်းစခန်း ၄၄ ခု၌ ထိန်းသိမ်းခံ နိုင်ငံရေးအကျဉ်းသား ၁၉၉၆ ဦးခန့် ရှိနေသည်ဟု AAPP ၏ အဆိုအရ သိရသည်။

၁၉၆၂ တပ်မတော် အာဏာသိမ်းပွဲ နောက်ပိုင်းမှစ၍ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မကြာခဏ ပြစ်တင် ရှုတ်ချခံနေရသည့် မြန်မာ နိုင်ငံတွင် နိုင်ငံတကာကြက်ခြေနီကော်မတီ ICRC အား အကျဉ်းထောင် ၃ ခု ကို လေ့လာ စစ်ဆေးရန် ဦးသိန်းစိန်အစိုးရက ဇူလိုင်လအတွင်း ခွင့်ပြုခဲ့ သည်မှာ နည်းပါးသော်လည်း သိသာထင်ရှားသည့် နိုင်ငံရေး အလျှော့ပေးမှုများ စတင်ထွက်ပေါ်လာသည်။

အကျဉ်းထောင်အတွင်း ရေနှင့် သန့်ရှင်းရေး အခြေအနေများ တိုးတက်မှုကို ကြည့်ရှုသည့် ICRC ၏ ခရီးစဉ်သည် နိုင်ငံရေး အကျဉ်းသား များအား တွေ့ဆုံအကဲခတ်ခွင့်ကို ၆ နှစ်ကြာ ပိတ်ပင်ထားခဲ့ပြီး ယခုမှ ပေါ်ထွက်လာခြင်း ဖြစ်သည်။

သြဂုတ်လအတွင်း၌မူ ဒေါ်အောင်ဆန်းစုကြည်သည် သူမဦးဆောင်သော စစ်အုပ်ချုပ်ရေးဆန့်ကျင်ရေးအုပ်စုနှင့် မနှစ်က ယူနီဖောင်းချွတ် အရပ်ဝတ် ကပျာကယာ လဲကာ အာဏာရလာသော ယခုအစိုးရအဖွဲ့ အကြား ဆက်ဆံရေး တိုးတက်နွေးထွေးမှုကို တည်ဆောက်ခဲ့လေသည်။

သြဂုတ်လ ၁၉ ရက်တွင် မြန်မာနိုင်ငံအလယ်ပိုင်းမှ မြို့တော် နေပြည်တော်တွင် သူမနှင့် သမ္မတ ဦးသိန်းစိန်တို့ ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြသည်။ နောက်နေ့တွင် ပြုလုပ်သော ဆင်းရဲမှု တိုက်ဖျက်ရေး ဆွေးနွေးပွဲ ဖိုရမ်သို့ သူမ ဆက်လက်တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲဖိုရမ်မှာ တွေ့ရတဲ့ ပွင့်လင်းမှု အဆင့်ကြောင့် လုံးဝကို အားတက်သွားတဲ့ ဒေါ်အောင်ဆန်းစုကြည်က ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး ကြိုးပမ်းမှုတွေကို အကူအညီပေးဖို့ ဆန္ဒရှိနေပါတယ်ဟု ဆွေးနွေးပွဲ တက်ရောက်သူတစ်ဦး ဖြစ်သည့် စီးပွားရေးပညာရှင် ဦးဇော်ဦးက IPS သို့ ပြောကြား သည်။ “ဒီကိစ္စဟာ သူမနဲ့ အစိုးရအကြား အယူအဆရေး၊ နိုင်ငံရေး သဘောကွဲလွဲမှုတွေ သိပ်မရှိပဲနဲ့ အကျိုးတူနယ်ပယ်ရှာတွေ့နိုင်မယ့် ကဏ္ဍတစ်ခု ဖြစ်ပါတယ်” ဟု ဦးဇော်ဦးက ဆိုသည်။

ထို့အပြင် ၂၀၀၀ ခုနှစ်မှ ၂၀၀၈ အတွင်း ထိုင်းနိုင်ငံသို့ ဒေါ်လာ ၈ ဘီလျံဖိုး ရောင်းချနိုင်ခဲ့သည့် သဘာဝဓါတ်ငွေ့ အပါအဝင် သယံဇာတများ ကြွယ်ဝသော နိုင်ငံတွင် ဆင်းရဲမွဲတေမှုက ဒုက္ခပေးနေကြောင်း မီးမောင်းထိုးပြခဲ့သည့်အတွက် သမ္မတ ဦးသိန်းစိန်အတွက် အမှတ် တက်သွားခဲ့သည်။

တိုင်းပြည်လူဦးရေ၏ ၃၃% (သို့) လူဦးရေ ၁၉ သန်းခန့် ဆင်းရဲမွဲတေမှု သတ်မှတ်မျဉ်း၏ အောက်တွင် ရောက်ရှိနေသော မြန်မာနိုင်ငံတွင် ယခင်က အုပ်ချုပ်သူ အာဏာရှင်ခေါင်းဆောင်များစွာ အမြတ်ထွက်ကြွယ်ဝသွားခဲ့သည် ဟုလည်း ကြားသိရသည်။ လက်ရှိ မြန်မာနိုင်ငံသည် ကုလ သမဂ္ဂ၏ ဖွံ့ဖြိုးတိုးတက်မှု ညွှန်းကိန်းပြ ဇယားတွင် နိုင်ငံပေါင်း ၁၈၂ နိုင်ငံ အနက် အဆင့် ၁၃၈ သတ်မှတ်ခြင်းခံရသည်။

“အခုလို ဆင်းရဲမှုတိုက်ဖျက်ရေးနဲ့ စီးပွားရေးဖွံ့ဖြိုးရေးကို ထိပ်တန်းဦး စားပေး ဆောင်ရွက် လာတာဟာ မျှော်လင့်မထားကြတဲ့ ဖြစ်ရပ်ပါပဲ” ဟု ဦးဇော်ဦးက ဆိုသည်။ “အစိုးရက သူတို့ရင်ဆိုင်နေရတဲ့ စိမ်ခေါ်မှုတွေနဲ့ ပြဿနာတွေကို ဝန်ခံပြောဆိုပြီး ပွင့်လင်းတဲ့ ဆွေးနွေးပွဲတွေကို ကျင်းပပေးတဲ့ အပြင် ဝန်ကြီးတွေတောင်မှ ပရိသတ်ရဲ့ မေးမြန်း စိမ်ခေါ်မှုကို ကြုံတွေ့နေရပါပြီ” ဟု ဦးဇော်ဦးက ဆက်လက်ပြောကြားသည်။ တပ်မတော်၏ ဗြောင်ကျကျ ကြားဝင် စွက်ဖက်မှုအပါအဝင် အငြင်းပွားစရာ အလွန်များပြားခဲ့သော မနှစ်က ရွေးကောက်ပွဲများအပြီး ခေါ်ယူသည့် လွှတ်တော်က ရွေးချယ် တင်မြှောက်ခဲ့သော သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး စတင်မှုသည် နိုင်ငံတကာ၏ လက်ခုပ်သံများကိုပင် ရယူနိုင်ခဲ့လေသည်။

ယခင် အာဏာရှင်အစိုးရကို နှစ်ပေါင်းများစွာ ပြစ်တင်ရှုတ်ချကာ အရေးယူဒဏ်ခတ်ထားခဲ့သော ဥရောပသမဂ္ဂ EU သည်ပင် အကောင်းဖက်မှ ရှုမြင်၍ တုန့်ပြန်လျက်ရှိပေသည်။ “မြန်မာနိုင်ငံမှာ ပိုမို ပွင့်လင်းလာမယ့် အခွင့်အလမ်းကို ကျွန်မ တွေ့မြင်နေပါတယ်” ဟု အီးယူ၏ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး၊ လူသားခြင်း ကယ်ဆယ်စောင့်ရှောက်ရေး ကော်မရှင်နာ မင်းကြီး Kristalina Georgieva က ပြောကြားလိုက်သည်။

မြန်မာ သမ္မတသစ်က အာဏာလွှဲပြောင်းရယူအပြီး ပြုပြင်ပြောင်းလဲရေးမိန့်ခွန်းကို ပြောကြားပြီးနောက် စေ့စပ် ညှိနှိုင်းဆွေးနွေးမည့် အစီအစဉ် များကို ထုတ်ပြန်ကြေညာခဲ့သည်တွင် အီးယူက သံလွင်ခက် ကမ်းလိုက်ခြင်းဖြစ်သည်။ အီးယူက မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တာဝန်ရှိသူအချို့၏ ပြည်ဝင်ခွင့် ပိတ်ထားခြင်းကို ဖယ်ရှားပေးခဲ့သလို ဥရောပ ဝန်ကြီးများလည်း မြန်မာနိုင်ငံသို့ လာခွင့်ရနေကြပြီ ဖြစ်သည်။

“မြန်မာနိုင်ငံမှာ လူသားခြင်းစာနာတဲ့ အကူအညီပေးခွင့်ရမယ့် နေရာတွေ တိုးချဲ့ဖို့ အာဏာပိုင်တွေက ဆန္ဒရှိနေတာကြောင့် ကျွန်မ အားတက် သွားပါတယ်။ ဒီ နိုင်ငံထဲက အငွေ့အသက်က အရင်နဲ့မတူပဲ ကွဲပြားနေပြီ။ အပြောင်းအလဲကို ကိုယ်စားပြုသူတွေ ရှိနေပြီလို့ ကျွန်မတို့ ယူဆတယ် ” ဟု ကော်မရှင်နာမင်းကြီး Kristalina Georgieva က နှစ်ရက်ကြာ လူသားခြင်းစာနာမှု လေ့လာရေးမစ်ရှင် အပြီးတွင် ဘန်ကောက်၌ သတင်းထောက်များကို ပြောကြားခဲ့သည်။

သို့သော်လည်း ၁၀ နှစ်ကျော် နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ကျခဲ့ရသော ကိုဘိုကြည်သို့ တပ်မတော်ဖိနှိပ်မှု ဒဏ်ခံ သားကောင်များ အတွက်မူ ရင်ကို ထိမှန်မှု သိပ်မရှိဟု ဆိုရမည်။ “အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီးတော့ နိုင်ငံတစ်ဝှမ်းက လူ့အခွင့်အရေး ညှင်းပန်းမှုတွေကို အဆုံးသတ်ဖို့ လိုပါတယ်။ ဒီအပြောင်းအလဲကသာ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို လျှော့ပါးစေပြီး အစိုးရရဲ့ ပုံရိပ်ကို တိုးတက်စေမှာပါ” ဟု ကိုဘိုကြည်က ပြောကြားခဲ့သည်။

16 September 2011

ကျန်းမာရေးအလွန်ဆိုးရွားနေသော နိုင်ငံရေးအကျဉ်းသားတဦးအား အမြန်ဆုံးလွှတ်ပေးရန် အေအေပီပီမှ တိုက်တွန်းပြောဆို

သတင်းထုတ်ပြန်ချက်
၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်

ကျန်းမာရေးအလွန်ဆိုးဝါးပြင်းထန်စွာ ခံစားနေရသော အကျဉ်းသားတဦးအား အမြန်ဆုံး လွှတ်ပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ မြန်မာအစိုးရအား အလေးအနက် တိုက်တွန်းလိုက်ပါသည်။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဦးဆောင်အဖွဲ့ဝင် တဦးဖြစ်သူ ကိုဇော်လင်းထွန်းသည် ယခုလက်ရှိအချိန်၌ အဆုတ်နာရောဂါ၊ အသည်းရောင် အသားဝါ ဘီ၊ ကျောက်ကပ် ကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါ နှင့် နှလုံးရောဂါစသည့် ဆိုးဝါးပြင်းထန်လွန်းသော ကျန်းမာရေးအခြေအနေများ ရင်ဆိုင်ခံစားနေရပါသည်။ ကိုဇော်လင်းထွန်းသည် ထောင်ဒဏ် ၂၀ ချမှတ်ခံထားရ ပြီး၊ ထောင်ထဲ၌ ၈နှစ် ကြာမျှနေထိုင်ခဲ့ပြီးဖြစ်သည်။

ကိုဇော်လင်းထွန်းသည် ယခုနှစ်ဇူလိုင်လမှစတင်ကာ ကျန်းမာရေး အလွန်ဆိုးဝါးပြင်းထန်လာသော် လည်း စက်တင်ဘာလ ၁ ရက်နေ့အထိ ပြင်ပဆေးရုံသို့ တက်ရောက်ကုသခွင့်မရခဲ့ပေ။ အင်းစိန်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စမ်းသပ်သည့်အချိန်တွင်မှ ကိုဇော်လင်းထွန်းသည် အစာအိမ်ကင်ဆာ နှင့် အသည်းကင်ဆာရောဂါများပါ ခံစားနေရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါသည်။ ၄င်းအနေဖြင့် အစာကောင်းစွာ မစားနိုင်ခြင်း၊ ကောင်းစွာမရပ်နိုင်ခြင်း နှင့် ကောင်းစွာလမ်းမလျှောက်နိုင်ဖြစ်နေသည်မှာ ၂ လ ကျော်နေပြီဖြစ် သည်။

ကိုဇော်လင်းထွန်း၏ မိတ်ဆွေဖြစ်သူ ဦးဌေးမှ စက်တင်ဘာလ ၉ ရက်နေ့တွင် သမ္မတဦးသိန်းစိန်ထံသို့ ကိုဇော်လင်းထွန်းအား ကျန်းမာရေးအခြေအနေအရ စောစီးစွာလွှတ်ပေးရန် အသနားခံစာတင်ထားပြီးဖြစ်ပြီး၊ ကိုဇော်လင်းထွန်း၏ မိခင်ဖြစ်သူမှ လက်မှတ်ထိုးပြီး ဒုတိယအကြိမ် အသနားခံစာ ထပ်မံတင်ပြနိုင်ရန် စီစဉ် နေပါသည်။ အကျဉ်းဦးစီးဌာန လုပ်ထုံးလုပ်နည်းများအရ အသက်ဆုံးရှုံးနိုင်သည်အထိ ရောဂါဝေဒနာ ခံစားနေရကြောင်း ခိုင်လုံစွာတင်ပြနိုင်သည့် မည်သည့်အကျဉ်းသားကိုမဆို အကျဉ်းကျခံနေရသော်လည်း ပြစ်ဒဏ်လျှော့ပေါ့၍ စောစီးစွာလွှတ်ပေးနိုင်သည်ဆိုသည့် အချက်နှင့်အညီ အသနားခံစာများကို တင်ပြထား သော်လည်း အသနားခံစာများအပေါ် မည်သည့်အကြောင်းပြန်ကြားချက်ကိုမျှ မရရှိသေးပေ။

“ကိုဇော်လင်းထွန်းကို နောက်ဆုံးအချိန်ရောက်တော့မှ ပြင်ပဆေးရုံထုတ်ကုခွင့်ပြုခဲ့ပေမယ့် အချိန်က နှောင်းနေပြီ။ ကိုဇော်လင်းဦး ဝေဒနာခံစားနေရတာကို လိုအပ်တဲ့ ဆေးဝါးကုသခွင့်မပြုပဲ အချိန်ဆွဲနေတာက ညှဉ်းပမ်းနှိပ်စက်နေတာနဲ့ တူနေပါတယ်။ သူ့ကိုဆက်ပြီး အကျဉ်းချထားတာကို ကြည့်ခြင်းအားဖြင့် အစိုးရကပြောနေတဲ့ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ်ဆိုတာဟာ အပြောသက်သက်လိုဖြစ်နေပါတယ်။ အကျဉ်းထောင်အခြေအနေတွေကလည်း နိုင်ငံတကာစံနဲ့ကြည့်ရင် ခုထိနိမ့်ကျနေတုန်းပါပဲ။ အစိုးရရဲ့ ပြောဆိုမှုတွေက တကယ်လက်တွေ့အမှန်တရားနဲ့ကိုက်ညီနေဖို့ အရေးကြီးပါတယ်။ အထူးသဖြင့် တကယ့်ကို အရေးတကြီးဆေးဝါးကုသမှုတွေလိုအပ်နေတဲ့ နိင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်လာရင်ပေါ့။ သူတို့တွေရဲ့ ကျန်းမာရေးအခြေအနေတွေကို ပုံမှန်စစ်ဆေးပေးနေရမယ်၊ လိုအပ်ရင် အချိန်မီ ပြင်ပဆေးရုံကိုထုတ်ပြီး ကုသခွင့်ပေးရပါမယ်” ဟု အေအေပီပီ တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်မှ ပြောပါသည်။

ကိုဇော်လင်းထွန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းမှုနှင့် ၂၀၀၃ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပြီး၊ အရေးပေါ်စီမံချက်ဥပဒေ၊ မတရား အသင်းဥပဒေ၊ လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် အသင်းအပင်းဖွဲ့စည်းခြင်းဆိုင်ရာဥပဒေများဖြင့် တရားဆွဲဆို ခံခဲ့ရပါသည်။ ၎င်းသည် ယခုအချိန်တွင် အင်းစိန်ဗဟိုအကျဉ်းထောင်၌ ပြစ်ဒဏ်ကျခံနေရပါသည်။ အကျဉ်းသားဦးရေများပြားခြင်းနှင့် ဆရာဝန်လုံလောက်စွာ မထားရှိနိုင်ခြင်းကြောင့် အင်းစိန် အကျဉ်းထောင်တွင် ဆေးဝါးကုသမှုကောင်းစွာဆောင်ရွက်ပေးနိုင်ခြင်းမရှိပေ။ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသား ၁၀၀၀၀ အတွက် ဆရာဝန် ၃ ဦးသာထားရှိနိုင်သည်။ ၂၀၁၀ ခုနှစ်မှစ၍ ကျန်းမာရေးအခြေအနေဆိုးဝါးနေသော နိုင်ငံရေး အကျဉ်းသားဦးရေမှာ ၁၃၇ ယောက် မှ၊ ၂၀၁၁ စက်တင်ဘာလ ၁ ရက်နေ့တွင် ၁၆၄ ယောက်အထိ တဖြည်းဖြည်း တိုးလာနေပါသည်။ အေအေပီပီအနေဖြင့် ညှဉ်းပမ်းနှိပ်စက်မှုများ၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်းများနှင့် ဆိုးဝါးလှသည့် အကျဉ်းထောင်အခြေအနေများကြောင့် ဖြစ်ပွားခဲ့သည့် အကျဉ်းထောင် အတွင်း နိုင်ငံရေး အကျဉ်းသားသေဆုံးမှု အနည်းဆုံး ၁၄၆ မှုအား မှတ်တမ်းပြုစုထားပြီးဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ပြင်ပဆေးရုံတွင်ကုသခွင့်ရရန် တင်ပြတောင်းခံနေရသည့် အခက်အခဲများနှင့် ခွင့်ပြုမိန့်ရရန် ကာလကြာရှည်စွာ စောင့်ဆိုင်းနေရခြင်းမျိုး မရှိခဲ့ဘူးဆိုလျင် သေဆုံးမှု တော်တော်မျာများအား တားဆီးကာကွယ်နိုင်ခဲ့မည်ဖြစ်သည်။ အကျဉ်းထောင်အရာရှိများအနေဖြင့် သာမန် ရာဇ၀တ် အကျဉ်းသားများအား ပြင်ပဆေးရုံထွက်ကုသနိုင်စေရန် ခွင့်ပြုချက်ပေးနိုင်သော်လည်း၊ နိုင်ငံရေး အကျဉ်းသားများပြင်ပဆေးရုံသို့ထွက်၍ ဆေးဝါးကုသခွင့်နှင့် ပတ်သက်လာလျှင် အထက်အဆင့်ဆင့်သို့ ခွင့်ပြုချက်တောင်းခံရန်လိုအပ်သည်။ အသက်အန္တရယ်ဖြစ်နိုင်သည့် ရောဂါများနှင့် နာတာရှည် ရောဂါများအား ဆေးဝါးကုသခွင့်အတွက် ခွင့်ပြုချက်ရရန် ရက်သတ္တပတ်များစွာ သို့မဟုတ် လပေါင်း အတော်ကြာသည်အထိ စောင့်ဆိုင်းရတတ်ပါသည်။

“ကျနော်တို့အနေနဲ့ သက်ဆိုင်ရာအာဏာပိုင်တွေကို လူသားခြင်းစာနာထောက်ထားတဲ့အနေနဲ့ရော ကျန်းမာရေးအခြေအနေအရပါ ကိုဇော်လင်းထွန်းကို အမြန်ဆုံးလွှတ်ပေးပြီး အခုလိုအသက်အန္တရာယ် ရင်ဆိုင်နေရတဲ့အချိန်မှာ သူ့မိသားစုတွေနဲ့အတူ နေထိုင်နိုင်ခွင့်ပေးဖို့ အလေးအနက်မေတ္တာရပ်ခံချင်ပါတယ်” ဟု ကိုဘိုကြည်မှ ပြောပါသည်။

နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)

ဆက်သွယ်ရန်

ကိုတိတ်နိုင် (အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၂၈၇ ၈၇၅၁
ကိုဘိုကြည် (တွဲဖက်အတွင်းရေးမှူး) +၆၆ (၀) ၈၁ ၉၆၂ ၈၇၁၃

“ ဥပဒေအထက် ဘယ်သူမှ မရှိစေရ “ လို့ ပြောခဲ့ တဲ့ ဦးရွှေမန်း က ဒီမိုကရေစီ ဘက်တော်သားပါဟု ပြောဆို

တပ်မတော်တွင် နှစ်ပေါင်း ၄ဝ ကျော်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်ကြီးရာထူးမှ အနားယူသွားသူ အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မိမိကိုယ်ကို ဒီမိုကရေစီ ဘက်တော်သား တယောက်ဖြစ်ကြောင်း နေပြည်တော်တွင် ပြုလုပ်သည့် ဒီမိုကရေစီနေ့တွင် ပြောသွားသည်ဟု လွှတ်တော်အမတ်များ အပြောအရ သိရသည်။

"သူက စ,စ ချင်းပဲ၊ ကျန်းမာ ချမ်းသာကြပါစေ နှုတ်ဆက်ပြီးတော့ ကျနော် ဒီမိုကရေစီ ဘက်တော်သား တယောက် အနေနဲ့ ဆိုပြီးတော့ ပထမဆုံးအပိုဒ်မှာ စပြောသွားတယ်။ နောက်အပိုဒ်တွေက စပြီးတော့ ဒီမိုကရေစီ ဘက်တော်သားများ ခင်ဗျာဆိုပြီး အဲဒါမျိုး သုံးသွားတယ်။" ဟု အမတ်တဦးက ပြောသည်။

၁၉၆၉ ခုနှစ်တွင် စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်းက ကြာသပတေးနေ့ ပြည်ထောင်စုလွှတ်တော်နှင့် ကပ်လျက်ရှိသော သဘင်အဆောက်အအုံ သဘင်ခန်းမတွင် နံနက် ၁ဝနာရီမှ မွန်းလွဲသုံးနာရီထိပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားတွင် ပြောသွားခြင်းဖြစ်သည်။


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းနားသို့ လာတက်ရောက် လာကြသူများကိုလည်း ဒီမိုကရေစီ ဘက်တော်သားများဟု သုံးနှုန်းသွားခဲ့သော စစ်တက္ကသိုလ် (Defence Services Academy) အမှတ်စဉ် ၁၁ ကျောင်းဆင်း သူရဦးရွှေမန်း (သို့မဟုတ်) အောက်လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း (ဓါတ်ပုံ မဇ္ဈိမ)

"ဒီမိုကရေစီ ဘက်တော်သားဆိုရင် အစိုးရကို ဆန့်ကျင်တဲ့သူတွေလို့ အဓိပ္ပါယ်ရသွားတယ်၊ ဒီမိုကရေစီဆိုတဲ့ အသုံးအနှုန်း သုံးမိရင် နိုင်ငံရေးသမား ဒီမိုကရေစီအကြောင်းကိုပြောရင် ဒီနိုင်ငံမှာ ပြောလို့မရဘူး၊ နောက်ပြီးတော့ ဒီမိုကရေစီပြောရင် နိုင်ငံရေးသမားဆိုတော့ ဝန်ထမ်းတွေ၊ ကျောင်းသားတွေက ပါတီနိုင်ငံရေး ကင်းရှင်းရမယ် ဆိုတဲ့အခါမှာ ဝန်ထမ်းတွေ ကျောင်းသားတွေက ဒီမိုကရေစီဆိုတဲ့ စကားကို မသုံးရဲဘူး" အမတ်တဦးက ပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ အောက်လွှတ်တော် အမတ်ဖြစ်သူ ဦးခိုင်မောင်ရည်က မိမိတို့သုံးနှုန်းသည့် ဒီမိုရေစီဘက်တော်သားဆိုသည့် ဝေါဟာရသည်၊ ထောင်တွင်းရောက် နိုင်ငံရေးလှုပ်ရှားသူများ၊ တောခိုပြီး စစ်အစိုးရကို ဆန့်ကျင်နေသူများနှင့် ပြည်တွင်း၊ပြည်ပ ဒီမိုကရေစီအရေး လှုပ်ရှားနေသူများကို ရည်ညွှန်းသည်ဟု ဆိုသည်။

သို့သော် လွှတ်တော် ဥက္ကဋ္ဌ တဦးအနေဖြင့် ယခုလိုပြောခြင်းကို မိမိအနေဖြင့် ကြိုဆိုပြီး၊ ဦးရွှေမန်း၏ ဒီမိုကရေစီအရေး လုပ်ရှားမှုများကို စောင့်ကြည့်ရဦးမည်ဟုလည်း ဦးခိုင်မောင်ရည်က ဆိုသည်။

"လွှတ်တော် ဥက္ကဋ္ဌတယောက် နိုင်ငံ့ Player တယောက်က အဲဒီလိုပြောရဲတာ ဘယ်သူမှ ဒီစကားလုံးတခါမှ မသုံးဘူးဖူး၊ သူက ဒီစကားလုံးကို ဒိုင်းကနဲ့ သုံးချလိုက်တယ်။ အဲဒီတော့ ဒါဟာ ရိုးသားမှုလား သို့မဟုတ် တခုခုကို အလျော့ပေးခြင်းလား ဆိုတာတော့ မသိသေးပေမယ့် ဦးရွှေမန်းသည် ဒီမိုကရေစီ ဘက်တော်သားဆိုတာ စကားလုံး အရတော့ ဖြစ်သွားပြီ" ဟု ဦးခိုင်မောင်ရည်က မဇ္ဈိမကိုပြောသည်။

လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်တွင်း ဆွေးနွေးမှုများကို ဒီမိုကရေစီနည်းလမ်းတကျ လုပ်ဆောင်နေပြီး အစိုးရဌာနများနှင့်အစိုးရမှလည်း ဒီမိုကရေစီစနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း သူ၏မိန့်ခွန်းတွင် ထည့်ပြော သွားသည်။

နေပြည်တော် ပြည်ထောင်စုလွှတ်တော်အနီး သဘင်ဆောင်တွင် ပထမဆုံး ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့တွင် လွှတ်တော်ရောက် နိုင်ငံရေးပါတီများမှ ဒီမိုကရေစီစနစ်အပေါ် ယူဆပုံ အသီးသီးကို စာတမ်းအဖြစ် ပြုစုကာ ဖတ်ကြားကြသည်။

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင်လည်း ကျင်းပရာ၊ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်နိုင်ခြေရှိသည့် အနေအနေကို ရောက်ရှိနေပြီဖြစ်ကြောင်း သူ၏ ၁ဝ မိနစ်ကြာ မိန့်ခွန်းတွင် ထည့်သွင်းပြောသွားသည်။

အသက် ၆၄ နှစ်ရှိ သူရဦးရွှေမန်းသည် တပ်မတော်တွင် ၁၉၆၉ ခုနှစ်က စတင်တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် ဗိုလ်ချုပ်ရာထူး၊ ၂ဝဝ၃ ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီး၊ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ တွင် တပ်မှအနားယူကာ ကြံ့ဖွံ့ပါတီဝင်အဖြစ် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ အောက်လွှတ်တော် အမတ်အဖြစ် ဝင်ရောက်အရွေးခံခဲ့သည်။

ဦးရွှေမန်းသည် ၂ဝ၁ဝ ဖေဖေါ်ဝါရီလ နေပြည်တော်တွင် ကျင်းပသည့် ပထမအကြိမ် အောက်လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရပြီး အမျိုးသားလုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီ အဖွဲ့ဝင်လည်းဖြစ်သည်။

သတင်း၊ဓာတ်ပုံ...။(မဇ္ဈိမ)

မြန်မာအတွက် ပြုပြင်ပြောင်းလဲမှုက အပြောလား။ အလုပ်လား။

(13 September 2011 ရက်စွဲပါ The Huffington Post မှ Simon Roughneer ရေးသားသော “Burma and Reform: All talk and no work?” ကို Y C မှဘာသာပြန်ဆိုသည်)

မြန်မာ စစ်တပ်အုပ်ချုပ်သူများ လက်အောက်တွင် သတင်းစာဆရာ တစ်ဦးအဖြစ် လုပ်ကိုင်ရသည်မှာ မလွယ်လှပေ။ စစ်တပ်က မြန်မာနိုင်ငံကို ၁၉၆၂ ကတည်းက အုပ်ချုပ်ခဲ့ပြီး၊ ၂၀၁၀ နိုဝင်ဘာလတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး စစ်တပ်ပါတီ အလွယ်တကူ အနိုင်ရခဲ့ကာ ယခင် ဝန်ကြီးချုပ်ဟောင်း ဦးသိန်းစိန်က အစိုးရသစ် အကြီးအကဲအဖြစ် တာဝန်ယူခဲ့သည်။

ထို အခြေအနေတွင် ခေါင်းဆောင်သစ်သည် ပြုပြင်ပြောင်းလဲရေးများ လုပ်ရန် ကြိုးပမ်းလာသည်။ ယင်းသည် မကြာသေးမီက ဒေါ်အောင်ဆန်း စုကြည် နှင့် တွေ့ဆုံခဲ့ပြီး၊ သူမကလည်း ဦးသိန်းစိန်အား ပြန်လည် ချီးကျူး ပြောဆိုခဲ့သည်။ အချို့က သမ္မတသစ်သည် သတိကြီးစွာထားသော ပြုပြင် ပြောင်းလဲရေး ဝါဒီဟု ဆိုကြပြီး မြန်မာ အစိုးရ အတွင်းရှိ သဘောထား တင်းမာသူများနှင့် စစ်ခင်းနေရကြောင်း သတင်းများက ဆိုသည်။ အချို့ကလည်း ယခု ယှဉ်ပြိုင်မှုမှာ ကပြနေခြင်းသာ ဖြစ်ပြီး စစ် အာဏာရှင် သန်းရွှေက နောက်ကွယ်မှ ကြိုးကိုင်နေသည်ဟု ဆိုကြသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၁၉၉၂ ကတည်းက အာဏာ ရယူခဲ့ရာ အမေရိကန် သံတမန် ကေဘယ်များအရ မြန်မာနိုင်ငံ၏ အာဏာ တည်ဆောက်ပုံမှာ ရှင်းရှင်းလင်းလင်း မရှိပဲ အားလုံးသည် သန်းရွှေ အပေါ်တွင်သာ မူတည်သည်ဟု ဆိုသည်။

ပြုပြင်ပြောင်းလဲရေး အတွက် ပြောကြားမှုများကို အသာထား မြန်မာအစိုးရသည် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ခန့်ကို ထိန်းသိမ်းထားဆဲ ဖြစ်ပြီး၊ အစိုးရကမူ ရာဇဝတ်သားများအဖြစ်သာ ပြောဆိုနေသည်။ အဆိုပါ အကျဉ်းသားများတွင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ရာပေါင်းများစွာ ပါဝင်ပြီး၊ သတင်းစာ ဆရာ ၂၀ ကျော် ပါဝင်သည်။ ပြီးခဲ့သည့် ဧပြီလ ဦးသိန်းစိန် မိန့်ခွန်း မပြောမီကပင် DVB သတင်းထောက် တစ်ဦး ထောင်ဒဏ် ၁၃ နှစ် အပြစ် ပေးခံခဲ့ရပြီး ထိန်းသိမ်းခံရသော ၁၇ ဦးမြောက် DVB သတင်းထောက် ဖြစ်လာသည်။

မြန်မာနိုင်ငံတွင် ပုဂ္ဂလိက မီဒီယာကဏ္ဍ တိုးတက်လျက် ရှိသော်လည်း အစိုးရ ဆင်ဆာ ပြုသမျှ ခံကြရသည်။ အစိုးရ အာဏာပိုင်များသည် သတင်းများ၊ နိုင်ငံရေးများ မပါသော မီဒီယာအား ဆင်ဆာ ကင်းလွတ်ခွင့်ပြုခဲ့သည်။

Committee to Project Journalists (CPJ) မှ အာရှကိုယ်စားလှယ် Shawn Crispin ၏ အဆိုအရ အထက်ပါ ဖြေလျော့ပေးမှုသည် အဓိပ္ပာယ် မရှိကြောင်း ဆိုသည်။ "တကယ်လို့ အစိုးရသစ်ဟာ သတင်းစာ လွတ်လပ်ခွင့်ကို အလေးပေးတယ်ဆိုရင် စာပေ စိစစ်ရေး ဌာနကို ဖျက်ပစ် ရပါမယ်။ ပုဂ္ဂလိက မီဒီယာတွေကို စောင့်ကြည့်တဲ့ ကဏ္ဍ (watchdog role) ကနေ လှုပ်ရှားခွင့် ပြုပြီး တကယ့် ဒီမိုကရေစီမှာလို ကျင့်သုံးရပါမယ်" ဟု ယင်းက ပြောသည်။

Crispin က ပြောဆိုရာတွင် "ဦးသိန်းစိန် ရဲ့ စစ်တပ် အုပ်ချုပ်သူတွေဟာ တကယ် လုပ်ရဲ ကိုင်ရဲ ရှိပါ့မလားဆိုတာ သံသယရှိနေပါတယ်" ဟု ဆိုသည်။

15 September 2011

စိမ်းရောင်စိုပန်ကြားလွှာ







အသေးစိတ်ဖတ်လိုပါက ကလှစ် နှိပ်ဖတ်ပါရန်..။
65049323 Request to All People of Burma for Irrawaddy River by Green Activities in Mandalay
မန္တလေး စိမ်းရောင်စို၏ စီစဉ်မှုဖြင့် မန္တလေး-ရှိန်းမကား ဧရာဝတီ ခရီးစဉ်သို့ ရန်ကုန်၊ မြစ်ကြီးနား၊ ပြင်ဦးလွင်၊ စသော မြို့နယ် အသီးသီးမှ အဖွဲ့ပေါင်း (၂၆) ဖွဲ့ လိုက်ပါခဲ့ပါသည်။ ထိုခရီးစဉ်၏ နောက်ဆက်တွဲ အဖြစ် ဤ ပန်ကြားလွှာ အား စိမ်းရောင်စို မှ ထုတ်ပြန်ခဲ့ပါသည်။

ပြန်လည်မျှဝေပေးသော ကိုဝိုင်ဝိုင်ကေ(Yeyint Kyaw)အားကျေးဇူးတင်ရှိပါသည်.။

ယနေ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးတွင် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားဓာတ်ပုံ သတင်း








ဒီမိုကရေစီနိုင်ငံထူထောင်ရာတွင် အစိုးရအပြောင်းအလဲလုပ်သည့်အခါတိုင်း တိုင်းပြည်နှင့် လူမျိုး မနစ်နာနိုင်ဖို့အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီနေ့ မိန့်ခွန်းအဖြစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ကျင်းပခဲ့သော ဒီမိုကရေစီနေ့အခမ်းအနားတွင် ပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားကို နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပထဦးဆုံးအကြိမ် ကျင်းပခဲ့ခြင်းဖြစ်သည်။

̏ တကယ်တော့ ဒီမိုကရေစီနေ့ ဆိုတာမလိုပါဘူး။ နေ့တိုင်းနေ့တိုင်းမှာ ဒီမိုကရေစီနေ့လို့ သတ်မှတ်ထားဖို့ပဲလိုတယ်။ ဒီမိုကရေစီတော်လှန်ရေးဟာ စိတ်ဓာတ်တော်လှန်ရေး ပါပဲ။ စိတ်ကလုပ်နိုင်မှ ဒီမိုကရေစီရတာ။ ဒီမိုကရေစီမှာ မေတ္တာထည့်နိုင်ရင် တစ်ခြားနိုင်င့တွေထက်သာလိမ့်မယ် ̋ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

NLD ပါတီအနေဖြင့် ဒီမိုကရေစီအတွက် အလုပ်လုပ်နေသည်မှာ နှစ် ၂၀ ကျော်ပြီဖြစ်ကြောင်း ဘယ်သူဘာပြောပြော လက်ခံဖို့မလိုအပ်ပဲ ကိုယ့်တာဝန်ကိုယ်ကျေအောင်လုပ်နိုင်ဖို့ပဲ အဓိကဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ကပြောသည်။

NLD ဟာ အနှစ် ၂၀ ကျော်ထိ ဒီမိုကရေစီအတွက် လုပ်နေတာပါ။ အများပြောတိုင်းလဲ လက်ခံဖို့မလိုဘူး။ ကျမပြောတိုင်းလဲလက်ခံဖို့မလိုပါဘူး။ အဓိကကတော့ ကိုယ့်တာဝန်ကို ကျေအောင် လုပ်နိုင်ဖို့ပါပဲ ̋̋ ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

လွတ်လပ်ချင်သည်ဆိုသောနိုင်ငံတစ်ခုတွင် ဒီမိုကရေစီကျင့်စဉ်၏အနှစ်သာရကိုကျင့်သုံးနိုင်မှ လွတ်လပ်ခြင်း၊ တရားမျှတခြင်း များကိုခံစားရမည်ဖြစ်ကြောင်း၊ ထို့ပြင် ယောင်ယောင်မှားမှားဖြစ်နေသော စနစ်ဆိုးများကိုလည်း ဒီမိုကရေစီကို အကောင်အထည်ဖော်ခြင်းများနှင့် ပြန်လည် တွန်းလှန်နိုင်ကြောင်း ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန် လာနိုင်အောင်လုပ်နိုင်ဖို့ အားလုံးမှာ တာဝန်ရှိကြောင်း အခမ်းအနားတွင် သဘာပတိအဖြစ်ဆောင်ရွက်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌ ဦးတင်ဦးက ပြောသည်။

̏ ဒီနေ့ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့အခမ်းအနားဖြစ်ပါတယ်။ အရင်တုန်းက ကမ္ဘာ့ဒီမိုကရေစီနေ့ဆိုပြီးတော့ ကျင်းပခဲ့တာမရှိပါဘူး။ ဒါဟာ ပထမဦးဆုံးအကြိမ်လို့ပဲပြောရမှာ ဖြစ်ပါတယ် ̋ ဟု အမျိုးသားဒီမိုအရေစီအဖွဲ့ချုပ်မှ ဒုတိယဥက္ကဌ ဦးတင်ဦးကပြောသည်။

အဆိုပါ အခမ်းအနားသို့ အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပြီး နံနက် ၈နာရီ ခွဲအချိန်ခန့်တွင်အခ်အးနားပြီးဆုံးခဲ့သည်။

`ဒီမိုကရေစီနေ့ ကျင်းပခွင့်ရတဲ့အတွက် ၀မ်းသာမိတယ်၊ ဒါကတော့ ဒီမိုကရေစီခရီးရဲ့အစပိုင်းလို့လည်း ပြောလို့ရနိုင်မယ်ထင်ပါတယ်`ဟု အဖွဲ့ချုပ်ရုံးအခမ်းအနားသို့ လာရောက်တက်ရောက်ခဲ့သော လှိုင်သာယာမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

သတင်း....ကျော်ဇင်မန်း.မြစ်မခမီဒီယာ။
ဓါတ်ပုံ NLD

မေးပါရစေတော့...။



မြစ်ကြီး ဧရာဝတီ နှင့် ပတ်သက်လို့ ပြောသွားတဲ့ အထဲမှာ- (( ဘာဖြစ်လို့လဲ ဆိုတော့ ရေက စီးချင်တဲ့နေရာ လျှောက်စီး နေလို့။ ဒါကို နိုင်ငံမှာ ဓန အင်အားကြောင့်ရော ၊ စိတ်ဝင်စားမှု ကြောင့်ရော ၊ ဘယ်သူမှ မထိန်းသိမ်းခဲ့ဘူး။ မထိန်းသိမ်းခဲ့ တဲ့ အတွက် ကိုက် ၁၀၀ စီးရမယ့် ရေက ကိုက်၅၀၀ စီးနေတဲ့အခါ ရေအနက် ပေ၁၀၀ ရှိရမယ့်နေရာမှာ ပေ၅၀ ပဲ ရှိမှာပေါ့။ ရေအနက် ၅ပေ ရှိရမယ့်နေရာမှာ ရေက ၁ပေ ပဲ ရှိမှာပေါ့။ ဒါဟာ ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ ဖြစ်ပါတယ်။ သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ် မဟုတ်ဘူး။ ဒီမြစ်ကြီး ဘယ်လို ထိန်းသိမ်းမလဲ ဆိုတဲ့ issue ကို သွားရမှာ။ )) ဟူ၍ ထည့်သွင်းပြောကြားသွားပါတယ်။

ဧရာဝတီမြစ်ကြီး ကို ထိန်းသိမ်းဖို့ ပြည်သူတွေဟာ မန္တလေးကျူံးကြီး ကို ပြုပြင်ခဲ့ သလို၊ ပေါက်တူး၊ပေါက်ပြား၊ဂေါ်တွေနဲ့ ဆောင်ရွက်လို့ ရကောင်းတဲ့ အရာ ဟုတ်ပါသလား။ နိုင်ငံတော် ဘဏ္ဍာကို အသုံးပြု လစာပေး၊တာဝန်ပေးထားတဲ့ ရေအရင်း အမြစ် နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးရေးဦးစီးဌာန ရဲ့ လုပ်ငန်းတွေက (ဒီမြစ်ကြီးတစ်လျှောက်လုံး ဘယ်သူမှ မထိန်းသိမ်း ခဲ့လို့ ဖြစ်ပါတယ်) လို့ ဝန်ခံတာလား တွေးမိပါတယ်။ ဒါဖြင့် ဘာကြောင့် ဒီဌာနကြီး ငွေအကုန်ခံ ဖွင့်ထားတာ လည်း သိချင် ပြန်ပါတယ်။

သောင်တူးစက်တွေ ဆိုတာ ကားတွေလို ပိုက်ဆံရှိတိုင်း သူသူ ငါငါ ဝယ်ရတဲ့ အရာ မဟုတ်ဘူး။ ဝယ်ပြီးသား နိုင်ငံတော်ဘဏ္ဍာပိုင် စက်တွေကလည်း ခေတ်နောက်ကျနေပြီ (ပြန်လည် မဖြည့်စည်းပဲ ရှိတာ လေးနဲ့ ) အရာမရောက် အဖြစ်သာသာလေး လုပ်နေတဲ့ အပေါ် ဘယ်ညွှန်ကြားမှုက ထိထိရောက်ရောက် ရှိခဲ့ပါသလဲ။ ဘဏ္ဍာတွေ လိုငွေ ဘီလျံချီ ရှိခဲ့ပေမယ့် မြစ်မင်းဧရာကို ဘဏ္ဍာငွေ မည်မျှ အသုံးပြုခွင့်ပေးခဲ့ပါသလဲ။ ပေးခဲ့ပါတယ် ဆိုယင် ဘာမှ မထိန်းသိမ်းခဲ့ဘူး လို့ ရှေ့စကားအရ ဆိုရင် ပေးခဲ့တဲ့ ဘဏ္ဍာငွေတွေ ဘယ်ရောက်ကုန်ပါသလဲ သိချင်ပါတယ်။ (ရေထိန်းနံရံ တွေ တည်ဆောက်ဖို့ ချပေးတဲ့ ဘဏ္ဍာ တွေ အပါအဝင်ပေါ့)။ ဒါတောင် ဒီမြစ်ကြီးက မြန်မာပြည်ထဲမှာ သီးသန့် ရှိနေလို့ နော်။

သံလွင်မြစ် လို နယ်စပ်နဲ့ ဆက်နွယ်နေရင် ဒုက္ခ၊ သံလွင်ကို ထိုင်းက ငွေ အကုန်ခံပြီး ရေထိန်းနံရံတွေ တည်ဆောက် ခဲ့လို့ ရေတိုက်စားမှု ဖြစ်ပေါ်တိုင်း မြန်မာ မြေ ဧရိယာကို ဖဲ့ဖဲ့ပေးရသလို ပါနေတာ အားလုံးအသိပါ။ မလုပ်ဘူးလား ဆိုတော့ လုပ်ပါတယ်။ တိုက်စားမှု ဘေးအန္တရာယ်ပေါ်တဲ့ အချိန်ပေါ့။ ကြိုတင်ပြင်ဆင်တွေးထားဖြင်း ဆိုတဲ့ အမြော်အမြင်ဟာ သာမန်ပြည်သူတွေ ထက်သာလို့ နိုင်ငံမှာ ဦးဆောင်နေကြရင် ၊ ပြည်သူကို လက်ညှိုး ထိုးသင့် မထိုးသင့် စဉ်းစားသင့် ပါတယ်။ (ဘယ်သူမှ မထိန်းသိမ်းခဲ့လို့)ဆိုတဲ့ စကားကိုပေါ့။ ဟော .. ယခု ပြည်သူက သဘာဝ အလျောက် ပျက်စီးတာ ထက် အဆပေါင်းများစွာ ရှိပြီး အခြား ဆက်နွယ်ရာ သဘာဝ ပတ်ဝန်းကျင်နှင့် တောနေ သတ္တဝါ ကိုပါ ထိခိုက် နိုင်ပါတယ် လို့ ပြောတဲ့အခါ ( ထိန်းသိမ်းလိုနဲ့ ဆန္ဒ တွေလည်း ဖေါ်ထုတ်ပြ ပြန်တော့ ပြည်သူနဲ့ တစ်သားထဲ နေပြီး ဦးဆောင် စီမံ ပေးဖို့ စိတ်မကူးပဲ) ဧရာဝတီ ရောဂါ လို့ ပြောသွားပါတယ်။ မြန်မာပြည်ကို ချစ်တဲ့သူတိုင်း ဧရာဝတီကို ချစ်မှာပဲ ဒါဟာ ရောဂါ ဆိုရင် လူတိုင်းရှိတဲ့ အမျိုးသားရေးရောဂါ ပါပဲ။ အမျိုးမစစ်၊ အမျိုးမချစ်တဲ့သူတွေ အတွက်တော့ ဒီလိုချစ်တဲ့ ရောဂါကို မျက်မုန်းကျိုးမှာပေါ့နော်။

( သွားရမယ့် issue က ဘယ်ကို သွားရမယ့် issue လဲဆိုတော့ ဒီမြစ်ကြီး သေသွားမယ် မဟုတ်ဘူး။ ဒီမြစ်ကြီး ဘယ်လို ထိန်းသိမ်းမလဲ ဆိုတဲ့ issue ကို သွားရမှာ။ ) လို့ ပြောထားတဲ့ အတွက် ထိန်းသိမ်းကြမယ်လေ။ ဘာလို့ မထိန်းသိမ်းတဲ့ အပြင် သဘာဝလွန်ကိစ္စတွေ လူတွေ ဖန်တီးတဲ့ အလုပ်တွေကို လက်ခံ လုပ်ဆောင်နေပါသလဲ။ ရပ်လိုက်တော့လေ…။ ဒါကျတော့ မည်သည့် ကန့်ကွက်မှုများရှိသည် ဖြစ်စေ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည် ဖြစ်ကြောင်း၊ ဘယ်တော့ မှ နောက်ဆုတ်မည် မဟုတ်ကြောင်း ပြောပြန်ပါရော။ ဘယ်သူမှ မထိန်းသိမ်းခဲ့လို့ ဆိုတုန်းက ပြည်သူတွေ အပြစ်လိုလိုနဲ့ ထိန်းသိမ်းပါ့မယ် ရပ်ပေးပါဆိုတော့ ပြည်သူက အပြစ်လိုလိုပဲ ဖြစ်ပြန်ရောလား။

မည်သည့် ကန့်ကွက်မှုများရှိသည် ဖြစ်စေ ဧရာဝတီမြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည် ဖြစ်ကြောင်း၊ ဘယ်တော့ မှ နောက်ဆုတ်မည် မဟုတ်ကြောင်း - ဆိုသည့်စကားရပ်ကို တော်တော်လေး စိတ်ထိခိုက်သလို၊ တော်တော်လည်း စိတ်ဝင်းစားမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီစကားရပ်ဟာ ပြည်ထောင်စု ဝန်ကြီးရဲ့ စကား (သူ့သဘော)လား။ နိုင်ငံတော် သမ္မတရဲ့ စကား(ညွှန်ကြားမှု)လား။ ပြည်သူ့လွတ်တော်ရဲ့ သဘောထား(ဆုံးဖြတ်ချက်)လား….။ လား….။ တိတိ ကျကျ သိလိုတာကြောင့် စိတ်ဝင်စားတာပါ။ ပြည်သူထံက တရားသဖြင့် ရွေးချယ် တင်မြောက်ခြင်း ခံထားရသော ကိုယ်စား လှယ်များရဲ့ အစိုးရ မှန်ကန်ခဲ့ရင် (မှန်ကန်ခဲ့ရင်) ပြည်သူ ဆန္ဒကို အလေးထားရပါ့မယ်။ ဖန်တီးရယူခဲ့တဲ့ သဘောရှိ ခဲ့ရင် တော့ အာဏာရပြီ ငါတို့ သဘော ဆိုတဲ့ အသွင်ဆောင် လုပ်ရပ်တွေ၊ ယခုလို ပြည်သူကို ဂရုမစိုက်ဘူး လုပ်မှာပဲ ဆိုတဲ့ အပြောတွေ ဟာ လက်ရှိ အစိုးရ အတွက် ဂုဏ်သိက္ခာ ကျဆင်းစေပါတယ်။ (ပြည်သူက အသရေ မဖျက်ဘူးနော်)။ အဲ … ပြည်သူ တစ်ဦးဦးက နိုင်ငံတော်ရဲ့ ( အစိုးရရဲ့) ဂုဏ်သိက္ခာ အသရေ ကို ထိခိုက်အောင် လုပ်ရင် ပုဒ်မတပ်ပြီး ထောင်ဒါဏ် နှစ်ရှည်ချခံရတာ မြင်ခဲ့၊တွေ့ခဲ့ ရတော့ အခုလို ဘယ်သူတွေ ကို ကိုယ်စားပြုပြောသလဲ မသိရပဲ၊ ကိုယ့်မင်း ကိုယ့်ချင်း ပြောပြီး နိုင်ငံတော်(အစိုးရ) သဘောဆောင် သလို ပြောကြားချက်က အပြစ် ရှိ/မရှိ သိလိုပြန်ပါတယ်။

နောက်ဆုံးပိတ် ပြောရရင် ကဲ ထိန်းသိမ်းမယ် ဆိုတဲ့ issue အတိုင်း ထိန်းသိမ်းကြမယ်။ ဧရာဝတီ ကို သဘာဝ အတိုင်း ရှိပါစေ ။ ပြည်သူကလည်း သဘာဝ မဖျက်၊ မပျက်စီးအောင် လက်တွဲမယ် ။ ဘယ်သူမှလည်း သဘာဝ ကို လာမဖျက်နဲ့။

ဧရာဝတီ ဟာ အမျိုးသားထု တစ်ရပ်လုံးနဲ့ ပိုင်တယ် ( တစ်သီးပုဂ္ဂလ ပိုင် မဟုတ်ဘူး)။

ဧရာဝတီ ဟာ အမျိုးသားထု တစ်ရပ်လုံးနဲ့ ဆိုင်တယ် ( တစ်သင်းတစ်ဖွဲ့ ဆိုင် မဟုတ်ဘူး)။

ဧရာဝတီ ဟာ အမျိုးသားရေး လက္ခဏာ ဖြစ်တယ် (ရောင်းကုန် ပစ္စည်း မဟုတ်ဘူး )။

ကိုဝိုင်ဝိုင်ကေ ( ၁၄-၉-၁၁ ) ။



ဈေးကွက်။



သူတစ်ပါး လင်းဖို့

သမိုင်းတွေ

လောင်ကျွမ်း ပေးရအောင်

ဧရာဝတီဟာ

ဖယောင်းတိုင် မဟုတ်ဘူး။

( ဧရာဝတီဟာ ရောင်းစားရမယ့် အရာ မဟုတ်ဘူး။)



ကိုဝိုင်ဝိုင်ကေ (၁၁-၉-၁၁) မန္တလေး-ရှိန်းမကား(ဧရာဝတီ ခရီးစဉ် အမှတ်တရ )မှ။

လက်နက်ကိုင်များအား ထောက်ပံ့သူများကို ထိုင်း နှိမ်နှင်းမည်

(13 September 2011 ရက်စွဲပါ Irrawaddy မှ Thiland to crack down on support for armed groups ကို Y C မှဘာသာ ပြန်ဆိုသည်)

ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနယ်စပ်ကို အခြေပြုနေသော တိုင်းရင်းသားလက်နက် ကိုင်များအား ထောက်ပံ့ကူညီနေသူများကိုပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့မှ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက တနင်္လာနေ့က သတိပေး ပြောကြားလိုက်သည်။

“ ကျွန်တော်တို့ အစိုးရဟာ မြန်မာနယ်စပ်ဖက်က တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေကို လက်နက်တွေ ပံပိုးဖို့ မူဝါဒမရှိပါဘူး။ ဒီအုပ်စုတွေကို လက်နက်ထောက်ပံ့ခြင်း ရောင်းဝယ်ခြင်းလုပ်နေ သူတွေကို ကျွန်တော်တို့ပြင်းပြင်းထန်ထန် အရေးယူပါမယ်”ဟု ထိုင်းနိုင်ငံလက်ထောက်ရဲချုပ် Lt-Gen Rapipat Palawong က ထိုင်းနယ်စပ်မြို့မဲဆောက်တွင် သတင်းထောက်များအား ပြောကြားခဲ့ပါ သည်။

မဲဆောက်သည် မြန်မာနိုင်ငံရေးဆန့်ကျင်သူများ၊ ထွက်ပြေးလာသူများ၊ ဒုက္ခသည်များနှင့် KNU ကဲ့သို့သော တိုင်းရင်းသား လက်နက်ကိုင်များ အတွက် ခိုလှုံရာနေရာဖြစ်ခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။

မဲဆောက်မှလာသော သတင်းအရ Rapipat ၏ သတင်းပေးမှုမှာ KNU နှင့် အခြားလက်နက်ကိုင်များကို တုန်လှုပ်သွားစေကြောင်းဆိုပါသည်။ ၎င်းတို့သည် ထိုင်းနိုင်ငံမှ အစား အသောက်နှင့် လက်နက်ကို မှီခိုနေရပါသည်။

“လက်နက်တင်မကပါဘူး။ မဲဆောက်ကနေ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ KNU တပ်တွေကို ပို့တဲ့ အစားအသောက်တွေကိုတောင် သတိထားပြီး ပို့နေပါတယ်” ဟု ကရင်သူပုန်များနှင့် နီးစပ်သူဒေသခံ တစ်ဦးက ပြောပါသည်။

မဲဆောက်ရှိထိုင်းသတင်းစာဆရာတစ်ဦးက ပြောကြားရာတွင် ရဲတပ်ဖွဲ့၏ သတိပေးမှုသည် မဲဆောက်တွင် လက်နက်ရောင်းဝယ်မှုများ တိုးပွားလာခြင်းကြောင့် ဖြစ်ကြောင်းဆိုပါသည်။ သောကြာ နေ့က ထိုင်းအာဏာပိုင်များသည် KNU သို့ လက်နက်နှင့် ခဲယမ်းများရောင်းဝယ်ကြောင်း သံသယရှိ သဖြင့် မဲဆောက်တွင် လူနှစ်ဦးအား ဖမ်းဆီးခဲ့ပါသည်။

Rapipat က မဲဆောက်ဒေသခံရဲများအား မြန်မာနိုင်ငံသို့ မော်တော်ယာဉ်မှောင်ခိုရောင်းဝဝ်မှု နှင့် နယ်စပ်တွင် မူးယစ်ဆေးဝါး ကိစ္စများအား နှိမ်နင်း-ရန်ညွှန်ကြားထားပါသည်။

14 September 2011

ယနေ့ ညနေပိုင်းတွင် သုဝဏ္ဏ အားကစား ကွင်း၌ ယူ-၁၉ ပြိုင်ပွဲ၊ မြန်မာနှင့် လာအို ပွဲစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လာရောက် ကြည့်ရှု



ဒေါ်အောင်ဆန်း စုကြည်သည် အဆိုပါ ယူ-၁၉ ပွဲစဉ်များကို လာရောက် ကြည့်ရှုဖွယ် ရှိသည်ဟု ပြိုင်ပွဲမတိုင်မီ ကတည်းက ကြိုတင်ပြောကြား ခဲ့ဖူးသည်။ သို့သော် မြန်မာ အသင်း၏ ပထမ ပွဲစဉ် ၂ ပွဲတွင် လာရောက် နိုင်ခဲ့ခြင်း မရှိဘဲ တတိယမြောက် ပွဲစဉ်အဖြစ် လာအို အသင်းနှင့် ပွဲတွင်မှသာ ရောက်ရှိလာခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်သည် ပွဲမစမီ (၃း၂၀) နာရီခန့် ကတည်းက ကွင်းတွင်း ရောက်ရှိနေခြင်း ဖြစ်ကာ VIP ပွဲကြည့်စင်မှ ကြည့်ရှု အားပေးနေကြောင်း သိရသည်။


လတ်တလော ပထမပိုင်း မပြီးမီ ရရှိသော သတင်းများ အရ မြန်မာ အသင်းသည် ပွဲချိန် ၂၃ မိနစ်တွင် သီဟဇော် သွင်းယူသော ဂိုးဖြင့် လာအို အသင်းကို ဦးဆောင် နေကြောင်း သိရသည်။ မြန်မာ အသင်းသည် လာအို အသင်းကို အနိုင်ရရှိပါက ဆီမီးဖိုင်နယ် အဆင့် တက်ရောက်နိုင်ရန် အခွင့်အလမ်း ကောင်းသွားမည် ဖြစ်သည်။

သတင်း၊ဓာတ်ပုံ.....Soccer Myanmar

မြန်မာ့နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်တိုင်းမ် မီဒီယာဂရု(ပ်) တွေ့ဆုံခြင်း



ရန်ကုန်တိုင်းမ် - အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိစ္စကအရင်က ထက်စာရင် တိုးတက်လာတယ်လို့တစ်ချို့ ကသုံးသပ်နေကြပါတယ်။ အန်တီနဲ့ ပြည်ထောင်စု ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့ပြီးတဲ့နောက် နိုင်ငံတော်သမ္မတ ကြီးနဲ့တွေ့တာလည်းကျွန်တော် တို့ တွေ့ရတဲ့အတွက် လက်ရှိအစိုးရနဲ့ သွားနေတဲ့Dialogue အခြေအနေ အပေါ်ကို အန်တီဘယ်လိုသုံးသပ်ပါလဲ။

ဒေါ်အောင်ဆန်းစုကြည် - အန်တီအားရပါတယ်။ပြည်သူတွေကလည်းမျှော်လင့်သလို အန်တီတို့လည်းမျှော်လင့်ပါတယ်။ ဒါပေမယ့် အန်တီအမြဲပြော သလို မျှော်လင့်ရုံနဲ့မကဘူး။ အလုပ်လုပ်ရမယ်၊ကြိုးစားရမယ်၊ဆက်ပြီးကြိုးစားရပါမယ်၊ဒါအစပဲ ရှိသေးတယ် အစကောင်းမှအနှောင်းသေချာ ဆို သလိုအစ ကတော့ကောင်းနေပြီ၊အနှောင်းသေချာအောင် လုပ်ဖို့ပဲ လိုပါတယ်။


ရန်ကုန်တိုင်းမ် - အန်တီလဲအရင်ကတပ်မတော်အစိုးရနဲ့ဆွေးနွေးမှု တွေလုပ်ခဲ့ပါတယ်။ အခုအစိုးရကျတော့ တပ်မတော် အစိုးရက လူတွေပါပေမယ့်ဒီမိုကရေစီပုံစံနဲ့သွားမယ်ပြောထားတဲ့အတွက် အရင်လုပ် ထားတဲ့ဆွေးနွေးမှုတွေနဲ့အခုအန်တီ တို့လုပ်တဲ့ ဆွေးနွေးမှုတွေဘာများကွာခြားမှု ရှိပါသလဲ။ ကျွန်တော်တို့ သတင်းသမားတွေအမြင်ကတော့ အခုလုပ်တဲ့ ဆွေးနွေးမှုတွေက တိုးတက်မှုပိုမြန်တယ်လို့ ယူဆပါတယ်။ အန်တီကောဘယ်လိုယူဆပါသလဲ။


ဒေါ်အောင်ဆန်းစုကြည် -အန်တီကတော့ ပိုပြီးမြန်တယ်လို့မြင်ပါတယ်။ ပိုပြီးတော့ အရေးကြီးတာက တွေ့ဆုံမှုထဲမှာ မယ်မယ်ရရကိစ္စတွေက ဆွေးနွေးမှုဖြစ်တယ်ဆိုတယ်ဆိုတာ ကွာခြားပါတယ်။ အရင်တုန်းကတွေ့ဆုံမှုတွေမှာ မယ်မယ် ရရတွေ့ဆုံဆွေးနွေးမှုတွေ မလုပ်ဖြစ်ခဲ့ပါဘူး။


ရန်ကုန်တိုင်းမ် -အန်တီနဲ့နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ခဲ့ပါတယ် ။သမ္မတကြီးမိသားစုကလည်း အန်တီ့ကို ရင်းရင်းနှီးနှီး တွေ့ဆုံတယ်လို့ကြားပါတယ်။ အဲဒီတော့ သမ္မတကြီးပေါ်မှာ အန်တီရဲ့ပုဂ္ဂိုလ်ရေး ထင်မြင်ယူဆချက် ဘယ်လိုရှိပါသလဲ။


ဒေါ်အောင်ဆန်းစုကြည် -သမ္မတကြီးအနေနဲ့ တကယ်ပဲ တိုးတက်ပြောင်းလဲရေးကို လိုလားတယ်လို့ မြင်ပါတယ်။ ဒါကသမ္မတကြီး တစ်ယောက်တည်းအနေနဲ့ပေါ့လေ။ အစိုးရတစ်ဖွဲ့လုံးနဲ့မတွေ့သေးတော့ ပြောဖို့ခက်ပါတယ်။ သမ္မတကြီးကိုယ်တိုင်ကတော့အပြုသဘောဆောင်တဲ့အပြောင်းအလဲတွေကို လိုလားနေတယ် လို့ အန်တီ ယုံကြည် ပါတယ်။


ရန်ကုန်တိုင်းမ် - အန်တီ သမ္မတကြီးနဲ့တွေ့ပြီးတဲ့ အချိန်မှာ ပြည်ထောင်စု ၀န်ကြီးလေးငါးယောက်နဲ့ တွေ့ပါတယ်။ဒီပြည်ထောင်စုဝန်ကြီးတွေနဲ့ အန်တီပေါ့ပေါ့ပါးပါးစကားပြောတော့ သူတို့ကရင်းရင်းနှီးနှီး ခင်ခင်မင်မင်တွေ့တာလား။ဒါမှမ ဟုတ်အလုပ် သဘောအရ ဆက်ဆံတယ်လို့ ထင်ပါသလား။ အန်တီဘယ်လိုမြင်ပါသလဲ။


ဒေါ်အောင်ဆန်းစုကြည် - အန်တီအနေနဲ့ကတော့ပြောရဆိုရတာကို ကျေနပ်ပါတယ်။ အန်တီအနေနဲ့ဟန်ဆောင်ပြီး လုပ်တဲ့ အလေ့အကျင့်မရှိဘူး။ ဘယ်လိုပဲပြောပြော တာဝန်အရလုပ်ရတယ်ဆိုရင်လည်း တာဝန်အရလုပ်ရတဲ့ပုံနဲ့ပဲ ပြောမှာပဲ။ ဒါပေမယ့်ဗိုလ်ချုပ်သိန်းဌေးနဲ့ တခြားဝန်ကြီးသုံးဦးနဲ့တွေ့ရတာ အန်တီကျေနပ်ပါတယ်။ အားလုံးက တကယ်ပဲစိတ်ပါလက်ပါနဲ့ ခင်ခင်မင်မင်ရှိတယ်လို့ အန်တီယုံပါတယ်။


ရန်ကုန်တိုင်းမ် - ရထားပို့ဆောင်ရေးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အဘဦးအောင်ဆန်းရဲ့မွေးရပ်နတ်မောက်မှာ ရထားလမ်းဖောက် ထားပါတယ်။အဲဒီဖွင့်ပွဲ ကျရင်အန်တီ ကိုဖိတ်ချင်ပါတယ်။အန်တီလည်းလာခဲ့ပါလို့ပြောခဲ့တယ်ဆိုတာဟုတ်ပါသလား။


ဒေါ်အောင်ဆန်းစုကြည် - ဟုတ်ပါတယ်။အန်တီကလည်း ဖိတ်ရင်တော့ လာပါမယ်လို့ပြောထားပါတယ်။


ရန်ကုန်တိုင်းမ် - လက်ရှိနိုင်ငံရေးမှာအဓိကပြသနာမှာနံပါတစ်ဖြစ်တဲ့ တွေ့ဆုံဆွေးနွေးမှုက ချောမွေ့နေပါတယ်။ ဒါပေမယ့်အတားအဆီးတစ်ခုက နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးလို့ ပြောနေပါတယ်။ အဲဒီကိစ္စကိုလွှတ်တော်မှာတင်ပြဆွေးနွေးနေတာလည်း တွေ့ရပါတယ်။ အန်တီနဲ့ ယခုအစိုးရဆွေးနွေးတဲ့အခါမှာ အရင်အစိုးရနဲ့မတူဘဲ အထူးပြုကိစ္စရပ် တွေကိုဆွေးနွေးနိုင်တယ်လို့ အန်တီ အရင်မေးခွန်းတွေမှာဖြေထားပါတယ်။ဒါကြောင့် အန်တီတို့ဆွေးနွေးတဲ့အချိန်မှာ အစိုးရဘက်က နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို အာမခံခဲ့တာများ ရှိပါသလား။ ဒါမှမဟုတ်သမ္မတကြီးကိုယ်တိုင်က နှုတ်အားဖြင့်အန်တီကိုပြောခဲ့တာများ ရှိပါသလား။



ဒေါ်အောင်ဆန်းစုကြည် - အန်တီအနေနဲ့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ အခုထိမပြောသေးဘူးလေ။ အခုလဲပြောမှာမဟုတ်ဘူး။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးဆိုတာ တခြားနိုင်ငံရေး ကိစ္စတွေနဲ့ခွဲခြားမြင်လို့မရဘူး။အားလုံးက တစ်ခုကို တစ်ခုဖေးမသွား မယ်လို့မြင် တယ်။ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ခြင်းဆိုတာ ပူးပေါင်း ဆောင်ရွက် မှုကိုအထောက်အကူပြုသလို ပူးပေါင်းဆောင်ရွက်မှုကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို အထာက်အကူဖြစ်မယ်လို့ အန်တီမြင်တယ်။ ဒါတွေကခွဲခြားမြင်လို့မရဘူး။ အားလုံး ဆက်နွယ်နေတယ်။ အန်တီတို့ ဦးတည်တာက အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ တကယ့်စစ်မှန်တဲ့ ဒီမိုကရေစီအဆောက်အအုံတွေကို အမြစ်တွယ်အောင်လုပ်ရေးလေ။ အဲဒါနဲ့ပက်သက်ရင် လိုတာတွေကအများကြီးပဲ။ အားလုံးက ဆက်နွယ်နေတယ်။ ဒီတစ်ခု၊ဒီတစ်ခုဆိုပြီးတော့ တစ်ခုနဲ့ တစ်ခုကို မတူသလိုကိုင်တွယ်လို့မရပါဘူး။



ရန်ကုန်တိုင်းမ် - အန်တီရဲ့ကိုယ်ပိုင်ယူဆချက်ပေါ့။မကြာမီ အချိန်တွင်းမှာအများပြည်သူတွေကလိုလားနေတဲ့
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်လာရေးဟာ မဝေးတော့တဲ့အနာဂတ်မှာ လွတ်မြောက်လာမယ့်အလားအလာကောင်းတွေရှိ တယ်လို့ အန်တီမြင်ပါသလား။ လွတ်မြောက်လာမယ်လို့ကော အန်တီထင်ပါသလား။


ဒေါ်အောင်ဆန်းစုကြည် - နိုင်ငံရေးအကျဉ်းသားတွေက တစ်ချိန်တစ်ခါမှာ လွတ်မြောက်ရမှာပါ။ အရေးကြီးတာက အမြန်ဆုံး လွတ်မြောက်ဖိုပေါ့။ အဲဒီကိစ္စနဲ့ပက်သက်ရင် အားလုံးကဖြစ်မြောက်ဖို့ ကြိုးစားရမယ်။ ကြိုးစားရသလောက်“ကံ ကံ၏အကျိုး” ကိုဖြစ်လာမှာပါ။ ဘယ်တော့ လွတ်မယ် ၊ဘယ်တော့ မလွတ်ဘူး ဆိုတာကို အန်တီကဗေဒင်တွက်သလိုမျိုးတွေ အန်တီမလုပ်ချင်ဘူး။ ဒါက ခန့်မှန်းချေပဲ။ ခန့်မှန်းတယ်ဆိုတာထက် ဖြစ်မြောက်အောင်လို့ ကိုယ်က၀ီရိယစိုက်ဖို့လိုပါတယ်။


ရန်ကုန်တိုင်းမ် - ငြိမ်းချမ်းရေးကိစ္စကိုတော်တော်များများ ပြောနေကြပါတယ်။ လွှတ်တော်မှာဆွေးနွေးနေကြတာရှိသလို၊ိုငြိမ်းချမ်းရေးကော်မတီဖွဲ့ဖို့လည်း စီစဉ်နေပါတယ်။ လက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားရေးရာကိစ္စနဲ့ တိုင်းရင်းသားများအားလုံး တကယ်ကိုငြိမ်းချမ်းဖို့ကိစ္စမှာ အန်တီအနေနဲ့ ဘယ်လိုထင်မြင်ယူဆချက်များရှိပါသလဲ။


ဒေါ်အောင်ဆန်းစုကြည် - အန်တီတို့နိုင်ငံလွတ်လပ်ကတည်းက တိုင်းရင်းသားတွေအကြားမှာ စစ်မှန်တဲ့ညီညွတ်မှုဆိုတာမတည်ဆောက်နိုင်ခဲ့ဘူး။ ဒီကိစ္စက အန်တီတို့တည်ဆောက်ရမယ့်ကိစ္စပဲ။ လွယ်လွယ်နဲ့တော့ဖြစ်မှာမဟုတ်ဘူး။ အဓိကအရေးကြီးတာကယုံကြည်မှုပဲ။ တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်မှုပဲ။ ယုံကြည်မှုတည်ဆောက်တဲ့နေရာမှာ ပထမ လိုအပ်တာက ရိုးစင်းမှုပဲ။ တစ်ယောက်နဲ့ တစ်ယောက်ဆက်ဆံတဲ့နေရာမှာ ရိုးရိုးစင်းစင်း ဆက်ဆံရမယ်။ လုပ်ပေးနိုင်ရင် လုပ်ပေးနိုင်မယ်။ မလုပ်ပေးနိုင်ရင် မလုပ်ပေးနိုင်ဘူးဆိုပြီး အမြင်ချင်းဖလှယ်ရမယ်။ ဒီလိုမလုပ်ပေးနိုင်ရင် ဟိုလိုကော လုပ်ပေးနိုင်မလား ဆိုတာဖြစ်လာမယ်။ တွေ့ဆုံဆွေးနွေးတယ်ဆိုတဲ့နေရာ မှာလည်း နှစ်ဖက်တည်းဖြစ်ဖြစ်၊ သုံးလေးဖွဲ့ဆိုလည်း သုံးလေးဖွဲ့ဖြစ်ဖြစ် ကိုယ်လိုချင်တာကိုပဲ အရမ်းဆုပ်ကိုင်ပြီး မလျော့တမ်းဆိုတာ ဖြစ်လို့မရဘူး။

သို့ပေမယ့် တရားမျှတမှုတွေကို အခြေခံတဲ့တောင်းဆိုချက်တွေကို ဖြစ်မြောက်အောင်လုပ်ပေးဖို့က အားလုံးမှာတာဝန်ရှိတယ်။ ဒီလိုတရားမျှတတဲ့ တကယ်လိုအပ်တဲ့ အချက်တွေကို ဖြည့်ဆည်းပေးဖို့ အားလုံးကစိတ်စေတနာ ရှိတယ်ဆိုရင်တော့ အဲဒီအပေါ်မှာအခြေခံပြီး တိုးတက်မှာပဲ။ လူမျိုးစုတွေ၊ တိုင်းရင်းသားတွေ၊ လူအစုအဖွဲ့တွေမပြောနဲ့ လူတစ်ယောက်ချင်း နှစ်ယောက်ချင်းကြားမှာတောင် တကယ့်တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုရဖို့ ခင်မင်မှုရဖို့အချိန်လိုတယ်။ အချိန်လည်း ကြာတယ်။ နောက်တစ်ခုက မပြောဖြစ်လို့ ပြောရမယ်။ အန်တီတို့နိုင်ငံကအချိန်သိပ်ဆွဲလို့မရဘူး။ ဘာဖြစ်လို့လည်းဆိုတော့ အချိန်ဆွဲလို့ရှိရင်အန်တီတို့နိုင်ငံရဲ့ ဒဏ်ရာတွေက ပိုကြီးလာမယ်။


ရန်ကုန်တိုင်းမ် - အန်တီကိုယ်တိုင် နိုင်ငံတော်သမ္မတကြီးအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေကို အိတ်ဖွင့်ပေးစာပေးတာကိုကျွန်တော်တို့ဖတ်ရပါတယ်။ အန်တီကိုယ်တိုင်က ဒီကိစ္စမှာ ကိုယ်တိုင်ပါဝင်ဆောင်ရွက်မယ်လို့ပြောထားပါတယ်။ အန်တီကိုယ်တိုင် က ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုအခန်းကဏ္ဍကနေပါဝင်မယ်လို့ ထင်ပါသလဲ။ အဲဒီလိုပါဝင်ဆောင် ရွက်ဖို့ကို ပြည်ထောင်စု ၀န်ကြီးဦးအောင်ကြည်နဲ့ တွေ့ဆုံဆွေးနွေးတဲ့အခါမှာရော နိုင်ငံတော် သမ္မတကြီးနဲ့ တွေ့ဆုံဆွေးနွေးတဲ့ အခါမှာရော အဲဒီကိစ္စကပြောဆိုဆွေးနွေးတဲ့အချက်တွေထဲမှာ ပါပါသလား။


ဒေါ်အောင်ဆန်းစုကြည် - ဘာတွေပြောဆိုဆွေးနွေးတယ်ဆိုတာ လုံးဝပြောလို့မရပါဘူး။ ဒါပေမယ့် အန်တီပြောနိုင်တာက ဘယ်လိုအခန်းကဏ္ဍတွေကနေပါဝင်နိုင်တယ်။ ဘယ်လိုပါဝင်စေချင်တယ်ဆိုတာက ကာယကံရှင်ဖြစ်တဲ့တိုင်းရင်းသားအဖွဲ့အစည်းတွေကရော နိုင်ငံတော်အစိုးရကဆုံးဖြတ်ရမှာပါ။ အန်တီကနေပြီး ဒီလိုလုပ်မယ် ဟိုလိုလုပ်မယ်ဆိုပြီးသွားပြောလို့မရဘူးလေ။ ကူညီနိုင်မယ်ဆိုရင်ကူညီပါမယ်။ ဘယ်လိုအခန်းကဏ္ဍကနေ ကူညီနိုင်စေချင်လဲဆိုတာ အန်တီကမ်းလှမ်းထားပြီးပါပြီ။ ဒီကိစ္စကိုကာယကံရှင်တွေက ဆုံးဖြတ်ရမှာပါ။


ရန်ကုန်တိုင်းမ် - ကျွန်တော်တို့ပြည်သူတွေအားလုံး စိတ်ဝင်စားနေတဲ့ကိစ္စ တစ်ခုက နိုင်ငံပိုင်သတင်း စာတွေက ဖော်ပြ ချက်တစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့မေးခွန်းတွေပြန်လည်ဖြေကြားတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်နှင့်သူမ၏ တရားဝင်ပါတီတို့သည် အနာဂတ်မြန်မာနိုင်ငံရေးမှာပူးပေါင်းဆောင်ရွက်မည်ဆိုတာပါပါတယ်။ တစ်ဖက်မှာ လည်း အစိုးရက အန်အယ်ဒီဟာရွေးကောက်ပွဲစည်းမျဉ်းစည်းကမ်းအရ ပယ်ဖျက်ပြီးဖြစ်တယ်လို့ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏တရားဝင်ပါတီဆိုတာကိုသုံးနှုန်းထားတာ တဲ့အတွက် အဲဒါကိုကျွန်တော်တို့သတင်းသမားတွေက အန်တီတို့တွေ့ဆုံဆွေးနွေးမှုရဲ့ရလဒ်တစ်ခုလို့မြင်ပါ တယ်။ ဒါဟာအဓိပါယ်ရှိရှိသုံးနှုန်းထားတဲ့ အသုံးအနှုန်းပါလား။ အဲဒီနောက်ကွက်က အဓိပါယ်တွေကိုအန်တီ့အနေနဲ့ ကျွန်တော်တို့ကိုဘယ်လောက်များ ပြောကြားနိုင်ပါမလဲ။


ဒေါ်အောင်ဆန်းစုကြည် - အန်တီတို့က ဒီမိုကရက်တစ်အင်အားစုဆိုတော့ ဒီမိုကရေစီရဲ့လုပ်ထုံးလုပ်နည်းအရတစ်ဖက်ရဲ့ သဘောထားကိုလေးစားရပါမယ်။ ကိုယ်လိုချင်တဲ့ ထင်မြင်ချက်နဲ့ သူကတော့ဒီလိုဆိုလိုတယ်။ ဟိုလိုဆိုလိုတယ်ဆိုတာကို ပြောပိုင်ခွင့်မရှိဘူး။ ကောင်းတာကတော့  ဦးအောင်ကြည်ကို သွားမေးတာအကောင်းဆုံးပါ။


ရန်ကုန်တိုင်းမ် - မကြာခင်က မြန်မာနိုင်ငံကိုလာသွားတဲ့ ဥရောပသမဂ္ဂရဲ့သံတမန်ရော အမေရိကန်ရဲ့အထူးကိုယ်စားလှယ် ကော မြန်မာအစိုးရကငြိမ်းချမ်းရေးနဲ့ပက်သက်ပြီး တကယ်ကိုလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေ တွေ့တယ်လို့ပြောပါတယ်။ ဒီကိစ္စတွေကို အရင်အစိုးရ ကကိုင်တွယ် ခဲ့ပေမယ့် အောင်မြင်ခဲ့တာမတွေ့ရဘူး။ အခုဖြစ်တဲ့“၀”ကိစ္စတွေဆိုရင်အရင်တောင်းဆိုထားတဲ့ နယ်ခြားစောင့်တပ်ကိစ္စကိုလျော့ပြီးဆောင်ရွက်နေတာတွေ့ရတဲ့အတွက် လက်ရှိအစိုးရရဲ့ပြည် တွင်းငြိမ်း ချမ်းရေး အတွက် လုပ်ဆောင်နေ တာဟာ ပြောင်းလဲလာ တယ်လို့အန်တီမြင်ပါ သလား။ အောင်မြင်လာမယ်လို့ အန်တီမျှော်လင့်ပါသလား။


ဒေါ်အောင်ဆန်းစုကြည် - အန်တီအနေနဲ့ကတော့ပြောင်းလဲရမယ်လို့မြင်ပါတယ်။ အရင်တုန်းက လုပ်ပုံလုပ်နည်းဟာ အောင်မြင်ခဲ့မယ်ဆိုရင် ဒီအခြေအနေမှာဆက်လုပ်နေဖို့မလိုဘူး။ အရင်တုန်းကလုပ်ပုံ လုပ်နည်း မအောင်မြင်ခဲ့လို့ အခုဆက်လုပ်နေရတာပေါ့။ အရင်တုန်းက လုပ်ပုံလုပ်နည်းကမအောင်မြင်ဘူးဆိုရင် နည်းလမ်းပြောင်းတာ သဘာဝကျပါတယ်။ နည်းလမ်းပြောင်းသုံးတဲ့အခါအောင်မြင်လား မအောင်မြင်လားဆိုတာ အဖြေကချက်ချင်းပေါ်မှာ မဟုတ်ဘူး။

စောင့်ကြည့်ရမှာပေါ့။ အန်တီအမြင်ကတော့ ဒီတစ်နည်းနဲ့မအောင်မြင်ရင် နောက်တစ်နည်းပြောင်းသုံးရမှာပေါ့။ အဘက်ဘက်ကတော့ အပေးအယူစိတ်ဓာတ်ရှိရမှာပေါ့။ အပေးအယူစိတ်ဓာတ်ဆိုတာ ကိုယ်လိုချင်တာ ၁၀၀ ရာခိုင်နှုန်း ဆိုတာရမှဆိုတဲ့စိတ်နဲ့မရဘူး။ အဘက်ဘက်က ညှိယူရမယ်။ တစ်ခါတစ်လေ ကျတော့ တစ်ဖက်ကအ၀ါလိုချင်တယ်။ တစ်ဖက်ကအပြာလိုချင်တယ်။ နောက်ဆုံးကျတော့ နှစ်ဖက်စလုံးက ခရမ်းရောင်ပဲကြိုက်ပါတယ် ဆိုတာလည်း ဖြစ်သွားနိုင်ပါတယ်။ ဒါမျိုးဆိုတာညှိနှိုင်းယူမှဖြစ်မှာ။ ညှိနှိုင်းတယ်ဆိုတဲ့နေရာမှာ အရေးကြီးဆုံးကယုံကြည်မှုပဲ။

တစ်ဖက်ကို တစ်ဖက်မယုံကြည်ဘူးဆိုရင် ညှိနှိုင်းတယ်ဆိုတာ အင်မတန်ခက်ခဲပါတယ်။ နှစ်ဖက်စလုံးက ယုံကြည်နိုင်တဲ့ပုံစံနဲ့ ဆွေးနွေးညှိနှိုင်းတယ်ဆိုရင်အောင်မြင်နိုင်မယ်လို့ ထင်ပါတယ်။

ရန်ကုန်တိုင်းမ် - ဒီမေးခွန်းကလည်း အားလုံးသိချင်တဲ့မေးခွန်းပါပဲ။ မကြာခင်မှာကြားဖြတ်ရွေးကောက်ပွဲလည်းရှိပါတယ်။နောက်ငါးနှစ်မှာ လည်းရွေးကောက်ပွဲရှိတဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ မှတ်ပုံတင်မယ် မတင်ဘူးဆိုတာထက် တရားဝင်ပါတီအဖြစ်နဲ့ အနာဂတ်မှာရပ်တည်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့စီစဉ်ထားတာ စဉ်းစားထားတာရှိလား သိချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် - အန်တီတို့ပါတီကို စပြီးထူထောင်ကတည်းက တရားဝင်နိုင်ငံရေးပါတီတစ်ခုအနေနဲ့ လှုပ်ရှားချင်လို့ ထူထောင်ထားတာပါ။ ဒါကဒီမိုကရေစီရဲ့လိုအပ်ချက်တစ်ခုပါ။ အခုခေတ်ဒီမို ကရေစီမှာ နိုင်ငံရေးပါတီမရှိလို့ မဖြစ်ဘူး။ တချို့ကပါတီနိုင်ငံရေးကိုရှုံ့ချတာတွေရှိတယ်။ အခုခေတ်မှာပါတီနိုင်ငံရေးပဲရှိတယ်။ ခေါမခေတ်ကလိုအားလုံးတစ်နေရာမှာစုဆိုပြီး ဒီမိုကရေစီ အစိုးရပုံစံနဲ့လုပ်လို့ရတာ မဟုတ်ဘူး။ အခုခေတ်ဒီမိုကရေစီဆိုတာ ပါတီ ပေါ်မှာအခြေခံတယ်။ ဒါကြောင့်အန်တီတို့ပါတီကို တရားဝင်ပါတီထူထောင်ခဲ့တယ်။ အန်တီတို့လည်း ၁၉၉၀ခုနှစ်တုန်းက ရွေးကောက်ပွဲဝင်ခဲ့တယ်။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲရှိတိုင်းလည်း ဒီမိုကရေစီမဟုတ်ဘူး။

ရွေးကောက်ပွဲရှိမှ ဒီမိုကရေစီမဟုတ်ဘူး။ သို့သော်ငြားလည်း ဒီမိုကရေစီရဲ့လိုအပ်ချက်တစ်ခုက ဒီမိုကရေစီဆန်တဲ့ရွေးကောက်ပွဲ တစ်ခုကို ဦးတည်တယ်။ အန်တီတို့အနေနဲ့ တရားဝင်နိုင်ငံရေးအဖွဲ့အစည်းအဖြစ်နဲ့ရပ်တည်ရေးဆိုတာ လည်း အယုံအကြည်ရှိတယ်။ ဒီလို တရားဝင်နိုင်ငံရေး အဖွဲ့အစည်းတစ်ခုအနေနဲ့ ရွေးကောက်ပွဲမှာပါဝင်ရေးဆိုတာလည်း အယုံအကြည်ရှိတယ်။ ဒါပေမယ့် လည်းအခြေအနေတွေအရ စည်းမျဉ်းစည်းကမ်းတွေအရ ဘယ်အချိန်မှာ လုပ်သင့် မလုပ်သင့်ဆိုတာ ချင့်ချိန်ရပါမယ်။ ဒါကြောင့် ၂၀၁၀တုန်းကပါတီကို အန်တီတို့မှတ်ပုံမတင်ခဲ့တာပါ။


ရန်ကုန်တိုင်းမ် - အန်တီအဖြေနဲ့ဆက်စပ်ပြီး ကျွန်တော် မေးချင်တာက အဲဒီအတွက်အလားအလာကောင်းတွေ ရှိပါသလား။


ဒေါ်အောင်ဆန်းစုကြည် - အလားအလာကောင်းတွေဖြစ်အောင် လုပ်ယူရပါမယ်။ ရှိတယ်မရှိဘူးဆိုတာပြောဖို့အချိန်စောပါသေးတယ်။ အစကတည်း က ဒီလိုရည်ရွယ်ချက်ရှိတဲ့အတွက် အဖွဲ့ချုပ်ကိုမပျက်မစီးမပြိုကွဲအောင်ထိန်းသိမ်းခဲ့ တာပါ။ ပြည်သူလူထုထောက်ခံတဲ့အဖွဲ့အစည်းတစ်ခုဟာ တစ်ချိန်တစ်ချိန်မဟုတ် တရားဝင်အဖွဲ့အစည်းဖြစ်ကို ဖြစ်သင့်တယ်လို့ အန်တီတို့ ယုံကြည်ပါတယ်။


ရန်ကုန်တိုင်းမ် - အန်တီတို့အခုသွားနေတဲ့တွေ့ဆုံဆွေးနွေးမှုသည် တိုင်မ်းဖရိန် တစ်ခုနဲ့သွားနေတယ်လို့ကြားရပါတယ်။ဒါကြောင့်အန်တီတို့သွားနေတဲ့လုပ်ငန်းစဉ်သည်အချိန်သတ်မှတ်ချက်
တစ်ခုဆိုတာမျိုးနဲ့သွားနေတာဟုတ်ပါသလား။ အချိန်သတ်မှတ်ထားတာများရှိလားဆိုတာသိချင်ပါတယ်။ အနည်းဆုံးတော့ လူကြီးလူကောင်း သဘောတူညီချက်များရှိထားပါသလား။

ဒေါ်အောင်ဆန်းစုကြည် - ဒီကိစ္စတွေဟာရေရှည် အချိန်ဆွဲလို့ရတဲ့ကိစ္စမဟုတ်ဘူး ဆိုတာ နှစ်ဖက် စလုံးကနားလည်ပါတယ်။(အခု)ဆိုတဲ့အဖြေကို ကျေနပ်ပါတော့လို့ပြောချင်ပါတယ်။

ရန်ကုန်တိုင်းမ် - ယနေ့လူငယ်တွေကစံပြမိုဒယ်လ်ပျောက်နေပါတယ်။ ဒါပေမယ့် အန်တီအပေါ်မှာလေးစားကြည်ညိုတဲ့စိတ် ရှိတယ်ဆိုတာတွေ့ရပါတယ်။ မကြာမီကျင်းပမယ့် ဒီမိုကရေစီနေ့ရဲ့အနှစ်သာရတစ်ခုက လူငယ်တွေကို နိုင်ငံရေးမှာ စိတ်ဝင်စားဖို့ ပါဝင်ဆောင်ရွက်ဖို့ဆိုတာ ကျွန်တော်သိရပါတယ်။ ယနေ့လူငယ်တွေအပေါ်မှာ နိုင်ငံရေးနဲ့ပက်သက်ပြီး အန်တီ ရဲ့ခံယူချက်၊ အမြင်၊တိုက်တွန်းပြောချင်တာလေးကို ပြောပေးစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် - လူငယ်တွေဟာနိုင်ငံရေးဟာ သူတို့အနာဂတ်နဲ့ဆိုင်တယ်ဆိုတာကို ပထမဆုံးမြင်ဖို့လိုတယ်။ နိုင်ငံရေးဆိုတာစတိုင်မဟုတ်ဘူး။ နိုင်ငံရေးလုပ်တာ ခေတ်အောက်တယ်လို့မြင်နေ
တယ်။

ဒါတွေဟာ အင်မတန်မှမှားတယ်။ ဒီနိုင်ငံရေးဟာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ လူတိုင်း၊လူတိုင်းရဲ့အနာဂတ်နဲ့ဆိုင်တယ်။ အနာဂတ် အရှည်ကြီးရှိတာ လူငယ်တွေ၊ လူကြီးတွေက သိပ်ကြာကြာနေရမှာမဟုတ်တော့ဘူး။ ရှေ့အနာဂတ်ဟာ သိပ်မများတော့ဘူး။ လူငယ်တွေဟာ သူတို့ရဲ့အနာဂတ်ကို ကိုယ်လိုချင်တဲ့ပုံစံနဲ့ကိုယ့်ဘ၀ကို မတည်ဆောက် ချင်ဘူးလား။ အန်တီကတော့လူငယ်တွေ နိုင်ငံရေးကို စိတ်မပါဘူးဆိုရင် ဒီလိုပဲမေးချင်တယ်။

ကိုယ့်အနာဂတ်ကို မဆုံးဖြတ်ချင်ဘူးလား။ ကိုယ့်ဘ၀ကဘယ်လိုပုံစံဖြစ်မယ်ဆိုတာကို ကိုယ့်ဘာသာကိုယ်မလုပ်ယူချင်ဘူးလား။ အဲဒါတွေလုပ်ယူချင်တယ်ဆိုရင် နိုင်ငံရေးမှာ စိတ်ပါရမယ်။ အထူးသဖြင့် ဒီလိုအချိန်မှာ စိတ်ပါရမယ်။ အန်တီတို့ မိတ်ဆွေတစ်ယောက်ပြောသလိုပေါ့။ မိသားစုတစ်စုက ဆင်းရဲနေရင်အားလုံး ရုံးကန်ရမယ်။ အလုပ်လုပ်ရမယ်။ ချမ်းသာတဲ့မိသားစုဆိုရင် အဖေ အမေက လုံလုံလောက်လောက်ဖြစ်အောင် ပိုက်ဆံရှာပေးထားတော့ သားတွေသမီးတွေ ကကျောင်း သွားမယ်။ အေးအေးဆေးဆေး သူတို့လုပ်ချင်တာလုပ်မယ်။ ချို့တဲ့သူမိသားစု ဆိုရင် ကျောင်းကပြန် လာတာနဲ့ကပျာကယာ ဟိုဟာလေး ဒီဟာလေးလုပ်ရမယ် ပိုက်ဆံရမယ့်အလုပ်လေးတွေဝိုင်းလုပ်ရမယ်။ အဲလိုပဲအန်တီတို့နိုင်ငံက ဆင်းရဲတဲ့မိသားစုတစ်ခုရဲ့ အခြေအနေမှာရှိတယ်။

ဒီအခြေအနေမှာ အားလုံးဝိုင်းလုပ်မှ ချမ်းသာတဲ့အခြေအနေရောက်သွားရင် လူငယ်တွေလည်း နည်းနည်းပိုပြီး အေးအေးဆေးဆေးနေနိုင်မယ်။ အားကစားတို့၊ အနုပညာတို့ လိုက်စားနိုင်မယ်။ ဒါပေမယ့် အဲလိုအခြေအနေရောက်ရင်လည်း နိုင်ငံရေးကိုစိတ်ဝင်စားတဲ့စိတ်ရှိရမယ်။ အသိစိတ်လည်း ရှိရမယ်။ ပြည်သူတွေနိုင်ငံရေးအသိစိတ်ရှိသလောက်ပဲ တိုင်းပြည်တစ်ပြည်ဟာတိုးတက်မယ်။

ရန်ကုန်တိုင်းမ် - ဆင်းရဲတဲ့နိုင်ငံကနေ ချမ်းသာတဲ့နိုင်ငံအဖြစ်ပြောင်းမယ်ဆိုရင် ပညာကအရေးကြီးတာ၊ အခြေခံကျတာတွေ့ရပါတယ်။ လူငယ်အချို့ဟာ ပညာရေးအပေါ် အမြင်ပျောက်နေတဲ့အပြင် စမ်းတ၀ါးဝါးနဲ့သွား နေတာလေးရှိပါတယ်။ အဲဒီအတွက် လူငယ်တွေ ပညာအပေါ်ထားသင့်တဲ့ အန်တီရဲ့သဘောထားအမြင်ကို ပြောပေးပါ။

ဒေါ်အောင်ဆန်းစုကြည် - အန်တီအမြင်အရ ပညာဆိုတာတရားအရဆိုရင် ယောနိသောမနသိကာရပေါ့။ အခြေအနေ တစ်ခုခုကိုမှန်မှန်ကန်ကန်သုံးသပ်ခြင်း လောကီစကား၊ခေတ်စကားအရပြောရမယ်ဆိုရင် ပညာအရာဟာ ဘ၀ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် အရည်အချင်းတွေကို ပြုစုပျိုးထောင်ပေးတာ။ ဒါတကယ့်ပညာ။ အဲဒီအထဲမှာကျောင်းပညာပါတယ်။ ကျောင်းပညာကိုဖယ်ထားလို့ မရဘူး။ အရေးကြီးတယ်။ ကျောင်းပညာတွေက ဘ၀မှာ ပေါ်လာမယ့် အခက်အခဲတွေ စိန်ခေါ်မှုတွေကို ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူပြုတယ်။ ဒါဘယ်လိုမှငြင်းလို့မရဘူး။

ဒါပေမယ့် ကျောင်းပြင် ပညာဆိုတာရှိတယ်။ ပညာဆိုတာနှစ်မျိုးရှာသွားရမှာ။ ကျောင်းကသင်ပေးလိုက်တဲ့ ပညာနဲ့ ကိုယ့်ဘာသာကိုယ်ဆည်းပူးရှာဖွေလိုက်တဲ့ဗဟုသုတ။ အန်တီတို့နိုင်ငံ မှာ ကျောင်းကပေး တဲ့ပညာကနိမ့်တယ်။ ဒါကအမှန်အတိုင်းရိုးရိုးပြောတာ။ မလုံလောက်ဘူး။ ဒါကြောင့် လူငယ်တွေက စောစောကပြောတဲ့ ဆင်းရဲတဲ့မိသားစုအတိုင်း ကိုယ့်ကိုကိုယ်ဖြည့်ဆည်းဖို့ ပိုရုန်းကန်ရမယ်။ အခုခေတ်လူငယ်တွေက အန်တီတို့ပညာရေးစနစ်ကို ပိုပြီးတော့ခိုင်မာအောင် မလုပ်ပေးနိုင်သေးသမျှ လူငယ်တွေက ကျောင်းပြင်ပ မှာပညာရှာရမယ်။ နည်းအမျိုးမျိုးနဲ့ ကိုယ့်ကိုကိုယ်အရည် အချင်း ပြည့်အောင် လုပ်ရမယ်။ ဒီအရည်အချင်းက ဘာလဲဆိုတော့ ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ဖို့။

ရန်ကုန်တိုင်းမ် - ဒီအခြေအနေက အရေးကြီးတဲ့အချိန်လို့ အန်တီပြောတဲ့အတွက် အန်တီကိုချစ်တဲ့ပြည်သူတွေကို ဘယ်လို နေရမလဲ။ ဘာလုပ်ရမလဲဆိုတာကို စကားလက်ဆောင်လေးပါးပေးစေချင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်- ဘာမဆိုစဉ်းစဉ်းစားစားချင့်ချင့်ချိန်ချိန်နဲ့ချဉ်းကပ်ပါ။ နိုင်ငံရေးဖြစ်ပေါ်မှုတွေကို ခပ်ပေါ့ပေါ့မမြင်ပါနဲ့။ အပေါ်ယံကိုပဲမကြည့်ပါနဲ့။ သေသေချာချာစဉ်းစားပါ။ ဆန္ဒစွဲတွေ ပုဂ္ဂိုလ်စွဲတွေ ၀ါဒစွဲတွေ မထားပါနဲ့။ နောက်တစ်ခုက မြန်မာတွေကလေ ညီကိုမညီညွတ်ချင်ဘူး။ တစ်ပြောင်းတစ်လွဲတော့ ညီညီညွတ်ညွတ်နဲ့ အားလုံးက စုစုဝေးဝေးနဲ့ ငါတို့နိုင်ငံ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့စိတ်၊ သဘောထားကြီးတဲ့စိတ်ကို ထားစေချင်ပါတယ်။ သဘောထားကြီးကြီး၊ ချင့်ချင့်ချိန်ချိန်နဲ့လုပ်သွားမယ်ဆိုရင် မုချအောင်မြင်မှာပါ။

အန်တီကတော့ အစကတည်းက အောင်မြင်ရမယ်လို့ ယုံကြည်မှုရှိတယ်။ အန်တီတို့လုပ်နေတဲ့ကိစ္စမှာ တိုင်းပြည်တစ်ခုလုံး ကောင်းဖို့အတွက်ဆိုတော့ အောင်မြင်မှုရကိုရမယ်။ အားလုံးက၀ိုင်းပြီး တက်ညီလက်ညီလုပ်မယ်ဆိုရင်တော့ ပိုပြီးတော့မြန်မှာပေါ့။ တက်ညီလက်ညီ ဆိုတဲ့အတိုင်း လှေထဲမှာ အားလုံးလှော်နေရင် မြန်မြန်ရောက်တာပေါ့။ နှစ်ယောက်၊သုံးယောက်လောက်ပဲလှော်ပြီး ကျန်တဲ့သူတွေကရေသာခိုနေရင်တော့ ပင်ပန်းတာပေါ့။ တော်တော်နဲ့လည်းရောက်မှာမဟုတ်ဘူး။ အခန့်မသင့်ရင်တော့ လှေမှောက်ပြီး ၊ပြဿနာဖြစ်မှာပေါ့။

ရန်ကုန်တိုင်းမ် - တနင်္ဂနွေနေ့က သီးလေးသီးအဖွဲ့ပြန်လာတော့ သူတို့ဆီက ထိုင်းနိုင်ငံမှာရော မဲဆောက်ဘက်မှာရော ပြန်လာမယ့်မြန်မာတွေ ပြင်နေကြပါတယ်လို့ ကြားရပါ တယ်။ နိုင်ငံတော်သမ္မတကြီးကလည်း ဖိတ်ခေါ်ထားတယ်ဆိုတော့ အဲဒီအပေါ်မှာ အန်တီဘယ်လိုမြင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် - ဒါကတော့ သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ပါ။ ဆုံးဖြတ်ပိုင်ခွင့်လည်းရှိပါတယ်။ ကမ်းလှမ်းချက်ကို ယုံကြည်လို့လက်ခံတယ်ဆိုရင် သူတို့အနေနဲ့ပြန်လာလို့ရပါတယ်။ အန်တီအနေနဲ့ ဘယ်သူ့ကိုပြန်လာရမယ်။ ဘယ်သူ့ကို ပြန်လာရမယ်လို့မပြောပါဘူး။

လူတိုင်း လူတိုင်းမှာ ကိုယ့်ဆုံးဖြတ်ချက်အတွက် တာဝန် ယူချင်စိတ်ရှိရပါမယ်။ ကိုယ့်ဘ၀အတွက်တာဝန်ယူစိတ်ရှိရပါမယ်။ တာဝန်သိစိတ်လည်းရှိရပါမယ်။ ဟိုလူက ပြောလို့ပါ။ ဒီလူက ပြောလို့ပါဆိုရင် ဒါ အန်တီလက်မခံဘူး။ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်လုပ်တယ်ဆိုရင် ရလာတဲ့အကျိုးဆက်ကို ကိုယ်ပဲရင်ဆိုင်ရမယ်။ ခံရမယ်။ တာဝန်ယူရမယ်။

ရန်ကုန်တိုင်းမ် - အခုလိုဖြေကြားပေးတဲ့အန်တီစုကို ရန်ကုန်မီဒီယာဂရု(ပ်)က ကျေးဇူးတင်ပါတယ်။

မြန်မာ့စွမ်းအင်များ တရုတ်လုယူ

(Asia Sentinel မှ 9 Sept 2011 ရက်စွဲပါ Nava Thakuria ရေးသားသော “China’s Energy grab in Burma” ကို Y C မှ ဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံတွင် အရပ်သားအစိုးရက အုပ်ချုပ်လျက်ရှိပြီး ပြောင်းလဲမှု၏ လက္ခဏာတချို့ ထွက်ပေါ်လာသော်လည်း အရပ်သားအစိုးရ ထိပ်တန်း ပုဂ္ဂိုလ်များနှင့် သဘောထားတင်းမာသော စစ်တပ်တို့အကြား မူဝါဒအရ အက်ကြောင်းများ သိသာစွာ ထွက်ပေါ်လာပြီး သာမန်ပြည်သူများ၏ ဘဝများ ပိုမို ကောင်းလာမည့် လက္ခဏာ အနည်းသာ ရှိနေသည်။

လွန်ခဲ့သော နှစ်ပေါင်း လေးဆယ်ကျော်ကတည်းက စစ်အစိုးရများ ချမှတ်ခဲ့သော မူဝါဒအများစုသည် ယနေ့ နေပြည်တော်ရှိ အစိုးရ အစီ အစဉ်များ အပေါ် လွှမ်းမိုးနေဆဲဖြစ်သည်။ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတို့မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများသည် အစိုးရ၏ လုပ်ဆောင်မှုများနှင့် စစ်တပ် အင်အား ပိုကောင်းရေးအတွက်သာ ရည်ရွယ်ပြီး ပြည်သူတို့ဘဝများ တိုးတက်ရေးအတွက် ဘာမျှ လုပ်မပေးနိုင်ပေ။

ဩဂုတ်လအတွင်းက အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။ နှစ်ဆယ့်သုံးနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံး ဆောင်းပါး ပြည်တွင်းတွင် ပုံနှိပ်ဖော်ပြခွင့် ရခဲ့သည်။ ထိုသို့ ဖော်ပြခွင့် ရရန် အစိုးရထံ (၁ဝ)လခန့် တင်ပြခဲ့ရပြီး ဖော်ပြအပြီး၌လည်း အစိုးရ၏ ဝေဖန်မှုကို ခံခဲ့ရသည်။

သို့သော် လူ့အခွင့်အရေးကော်မရှင်အပေါ် ပြုပြင်ပြောင်းလဲရေးအတွက် အမှန်တကယ် အခွင့်အလမ်းရရှိနိုင် ပါ့မလား ဟု သံသယများ ကြီးစွာ ရှိနေဆဲဖြစ်သည်။

“နိုင်ငံတကာအသိုင်းအဝိုင်းကတော့ ပြီးခဲ့တဲ့နှစ်က ရွေးကောက်ပွဲကို ဒီမိုကရေစီအစိုးရအတွက် လမ်းခင်းပေးတာလို့ မြင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ ရယ်စရာလုပ်ဇာတ်ကြီးပါ။ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ပါတီဖြစ်တဲ့ NLD ကို မပါနိုင်အောင် လုပ်ထားတယ်။ စစ်အစိုးရရေးတဲ့ ၂ဝဝ၈ အခြေခံဥပဒေဟာ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ လုပ်ပေးနိုင်မှာ မဟုတ်ပါဘူး။” ဟု နယူးဒေလီတွင် နေထိုင်သော ဒေါက်တာတင့်ဆွေက ပြော သည်။

ဒေါက်တာတင့်ဆွေက Asia Sentinel သို့ နယူးဒေလီမှ စကားပြောရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် သက်ဆိုင်သော မူဝါဒများသည် ယခင် စစ်အစိုးရ ချမှတ်ထားခဲ့သည်များနှင့် အတူတူဖြစ်ကြောင်း ပြောသည်။ “လက်ရှိ အစိုးရဟာ ဆင်းရဲမွဲတေမှုတွေ လျှော့ချရေးဆိုင်ရာ မူဝါဒတွေ ရေးဆွဲ ရခြင်း မရှိသေးပါဘူး၊ ယင်းတို့ရဲ့ မူဝါဒဟာ တရုတ်ရဲ့ ဘီလျံချီတန်သော ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကဲ့သို့သော စီမံကိန်းမျိုးကိုသာ ဦးတည်နေ ကြောင်း” ဒေါက်တာတင့်ဆွေက ပြောသည်။

အဆိုပါပရောဂျက်သည် ၂ဝ၁၃ ပြီးစီးမည်ဟု ခန့်မှန်းထားပြီး ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်းနှစ်ခုသည် ကီလိုမီတာ (၁ဝဝဝ)ခန့် ရှည်ပြီး ကီလို မီတာ (၈ဝဝ)ခန့်မှာ မြန်မာနိုင်ငံအတွင်းတွင် တည်ရှိသည်။ သဘာဝဓာတ်ငွေ့မှာ ရခိုင်ပြည်နယ်ရှိ ရွှေကမ်းလွန်ဓာတ်ငွေ့လုပ်ကွက်မှ သဘာဝ ဓာတ်ငွေ့ များကို ပို့လွှတ်မည်ဖြစ်ပြီး ရေနံများမှာ အရှေ့အလယ်ပိုင်းနှင့် အာဖရိကမှ ရေနံတင်သင်္ဘောများ ရခိုင်တွင် ဆိုက်ကပ်၍ ပိုက်လိုင်းသို့ ပို့လွှတ်မည်ဖြစ် သည်။ ယင်းတို့ကို ယူနန်ပြည်နယ် ကူမင်းရှိ ရေနံချက်စက်ရုံသို့ ပို့ဆောင်မည်ဖြစ်သည်။

ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်သည် အိမ်နီးချင်းနိုင်ငံများမှ ရေနံကုမ္ပဏီများကို များစွာ ဆွဲဆောင်နေသည်။ နိုင်ငံတကာအရေးယူမှုများကြောင့် အနောက်နိုင်ငံများမှ ကုမ္ပဏီများ မလာရောက်နိုင်ခြင်းကို အခွင့်ကောင်းယူ၍ အာရှတိုက်မှ ဒေဝူးအင်တာနေရှင်နယ် (တောင်ကိုရီးယား)၊ Oil and Natural Gas Corporation; Videsh (India)၊ Gas Authority of India Limited (အိန္ဒိယ) တို့သည် ရွှေလုပ်ကွက်တွင် အသီးသီးပါဝင်ထားကြသည်။

အဆိုပါ စီမံကိန်းအရ တစ်နှစ်လျှင် ရေနံစိမ်းတန်သန်းပေါင်း (၁၂)သန်းနှင့် သဘာဝဓာတ်ငွေ့ ကုဗမီတာ (၁၂) သန်းကို တရုတ်သို့ ပို့လွှတ်နိုင် မည်ဖြစ်သည်။ လူ့အခွင့်အရေးနှင့် မြန်မာအုပ်စုများက ကန့်ကွက်နေသည့်ကြားမှ အဆိုပါ စီမံကိန်းကို ၂ဝဝ၉ ခုနှစ်ကတည်းက အိန္ဒိယသမုဒ္ဒရာရှိ မြန်မာ နိုင်ငံ၏ မဒေးကျွန်းတွင် လုပ်ငန်းများ စတင်ခဲ့သည်။

အဆိုပါစီမံကိန်းသည်ဒေါ်လာ (၁.၅) ဘီလျံတန်ဖိုးရှိပြီး တရုတ်နိုင်ငံပိုင် China National Patroleum Corporation နှင့် မြန်မာအစိုးရ၏ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့ဖက်စပ် ဆောင်ရွက်ခြင်းဖြစ်ပြီး မြန်မာအစိုးရက နှစ်စဉ်ဒေါ်လာ တစ်ဘီလျံခန့် နောင်နှစ် သုံးဆယ် ရရှိမည်ဖြစ်သည်။

“ဒါပေမဲ့ ပိုက်လိုင်းသွားရာ လမ်းကြောင်းတစ်လျှောက် ထောင်ပေါင်းများစွာသော မိသားစုများ ရွှေ့ပြောင်းပေးရပါလိမ့်မယ်။ အစိုးရက ရခိုင်၊ ရှမ်း၊ မကွေး၊ မန္တလေးတို့မှာ လယ်ယာမြေပေါင်းများစွာ သိမ်းပြီးသွားပြီ။ မြန်မာနိုင်ငံတွင်းက ရတဲ့ သတင်းတွေအရ မိသားစု နှစ်သောင်းလောက် နေရာ ရွှေ့ပြောင်းပြီးသွားပြီလို့ သိရပါတယ်” ဟု ချင်းမိုင်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူ ဝင်းအောင် (မူရင်းဆောင်းပါးတွင် Wong Aung ဟု ဖော်ပြထားပါသည်-အယ်ဒီတာ) က ပြောသည်။

“အစားထိုး ပြန်ပေးတဲ့ လုပ်ငန်းစဉ်တွေမှာလည်း ခေါင်းပုံဖြတ်ခံရတာတွေ ရှိပါတယ်။ အလုပ်သမားတွေ လုပ်ခနည်းနည်းပဲ ရတယ်။ အမျိုးသမီး တွေ လုပ်ခကလည်း မညီမျှတာတွေ ရှိပါတယ်။ စီမံကိန်းဒေသဝန်းကျင်မှာ လိင်ပိုင်းဆိုင်ရာ လုပ်ငန်းတွေ ကြီးထွားလာနေပါတယ်” ဟု ဝင်းအောင်က ပြောသည်။

ဝင်းအောင်သည် ရွှေသဘာဝဓာတ်ငွေ့ လှုပ်ရှားမှုခေါင်းဆောင်လည်း ဖြစ်ပြီး အစိုးရသည် ရေနံနှင့် သဘာဝဓာတ်ငွေ့မှ ရသော ဝင်ငွေများကို အစိုးရ စက်ပစ္စည်းများအတွက် သုံးခြင်း၊ ကာကွယ်ရေးကဏ္ဍတွင် အသုံးပြုခြင်းများသာ ရှိကြောင်း ပြောသည်။ ကာကွယ်ရေးဘတ်ဂျက်သည် အစိုးရ ဘတ်ဂျက်၏ ၄ဝ% ကျော်အသုံးပြု ထားသည်။ အံ့ဩဖွယ်ကောင်းသော အချက်မှာ ဆင်းရဲလှသော မြန်မာ့လူဦးရေ သန်း (၅ဝ) အတွက် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်မှာ ၂% သာ ရှိခြင်းဖြစ်သည်။ ၇၉% သော လူဦးရေမှာ လျှပ်စစ်မီးမရဘဲ နေထိုင်ကြရခြင်း ဖြစ်ပါသည်ဟု ဝင်းအောင်၏ အဆို အရ သိရသည်။

အစိုးရသည် ပိုက်လိုင်းလုံခြုံမှုအတွက် တာဝန်ရှိသည်ဖြစ်ရာ စင်္ကြန်တစ်လျှောက်နှင့် ကမ်းလွန်ဆောက်လုပ် ရေး လုပ်ငန်းတွင် တပ်ရင်း (၃၃) ခုတွင် စစ်သားအင်အား ခြောက်ထောင်ကျော် ချထားခဲ့သည်။ စစ်တပ်သည် ကချင်နှင့် ရှမ်းပြည်နယ်တွင် အေးချမ်းရေးအတွက် စစ်ပွဲများ တိုက်ခိုက်ခဲ့ သည်။

ဝင်းအောင်က ပိုက်လိုင်းလမ်းကြောင်းတစ်လျှောက် မြေသိမ်းယူမှုများကြောင့် လယ်သမားများ အလုပ်လက်မဲ့ ဖြစ်ကုန်ခြင်း၊ ငါးဖမ်းဒေသများ ကန့်သတ်ခံရခြင်းများကြောင့် ရွှေ့ပြောင်းမှုများ တိုးပွားလာမည်ဟု ဆိုခဲ့ရာ အဆိုပါ အရေးကိစ္စများကို လူ့အခွင့် အရေးကော်မရှင်က ဘာမျှ လုပ်ပေးနိုင် လိမ့်မည် မဟုတ်ပေ။

“ဒေသခံတွေဟာ လုပ်ခနည်းနည်းပဲ ရပါတယ်။ စီမံကိန်းက ယာယီ၊ လုံခြုံမှုမရှိတဲ့ အလုပ်တွေပဲ ရှိပါတယ်။ ဘာမှလည်း အတွန့်တက်လို့ မရ ဘူး။” ဟု ယင်းက ပြောသည်။ စက်တင်ဘာ (၆) ရက်နေ့က ထုတ်ပြန်သော ရွှေဓာတ်ငွေ့ လှုပ်ရှားမှုအစီရင်ခံစာဖြစ်သော Launch of China Pipeline Project Unleashes Abuse Across Burma တွင် ပိုက်လိုင်းစီမံကိန်းတွင် အလုပ်လုပ်နေသော အမျိုးသားများအား လိင်ပိုင်းဆိုင်ရာ အတင်းအဓမ္မ စေခိုင်း မှုများ ရှိလာကြောင်း ဖော်ပြထားသည်။

အစီရင်ခံစာ၌ အကယ်၍ ဓာတ်ငွေ့ကို ပြည်တွင်းတွင် အသုံးပြုပါက တိုင်းပြည်တွင်း လိုအပ်သော စွမ်းအင် လျော့နည်းမှုကို ဖြည့်ဆည်းပေးရာ ရောက်ပြီး ကျဆုံးနေသော စီးပွားရေးကို ပြုပြင်နိုင်မည်ဟု ဖော်ပြထားသေးသည်။

13 September 2011

မော်လမြိုင်အကျဉ်းထောင်တွင်းရှိ ခြစား၊ ပိုးကိုက်မှုများ

Maw Lam In

ပေးပို့ ပေးသော အားဘီ အားကျေးဇူး တင်ရှိပါသည်.။

ဧရာဝတီ တော်လှန်ရေး...။

The Irrawaddy Revolution, Sep 12, 2011

12 September 2011

ယနေ့တွေ့ဆုံပွဲအပြီး သတင်းထောက်များ၏ မေးခွန်းအချို့နှင့် ဒေါ်အောင်ဆန်းစုကြည်၏ အဖြေအချို့


သမ္မတဦးသန်းစိန်နဲ.နောက်တစ်ခေါက်ဘယ်တော့ပြန်တွေ.ဖို.မှန်းထားပါသလဲ။

အဲဒါတော့မသိသေးပါဘူး။


သမ္မတဦးသန်းစိန်နဲ.မမနဲ.ဆွေးနွေးတဲ့အခါမှာလေ....

နေပါဦး၊ နေပါဦး ၊အခု မစ္စတာ ဒဲရစ်မစ်ရှဲနဲ့တွေ့တာကို မေးမှာလား.


အဲဒါ လည်းမေးချင်ပါတယ်။ဘာတွေများပြောကြပါသလဲ။ပြောလို.ရနိုင်ပါသလဲ။

ခါတိုင်းပြောတဲ့ဟာတွေပဲ။


အဲဒီတော့ မမအရင်ကသူ.အရှေ.မှာဂျွှန်မတ်ကိန်းတို.ဘာတို.တွေ.ခဲ့ပါတယ်။အဲဒီmeeting နှစ်ခုကြားမမရဲ.

Opition visionဘယ်ဟာကပိုပြီး...။



ပိုပြီးတော့အားရှိပါတယ်ပြောရဆိုရတာ။အားရှိတယ်ဆိုတာကိုယ်ပြောတဲ့စကားပေါ်မူတည်တာပေါ့နော်။ စကားပြော ကတော့ပြောစရာ ရှိတာ ကတော့အမြဲပဲရှိတာပဲ၊ဒါပေမယ့်အခုပြောစကားတွေကတော့ကွာ တာပေါ့နော်၊အခြေအနေကကွာတဲ့အခါတော့အပြောင်းအလဲတွေအခြေအနေတွေအပေါ်မှာဟိုဘက်က


အိုဘားမား အစိုးရဆီကထူးထူးခြားခြားများmessage ယူထားတာများရှိပါသလား။

မရှိပါဘူး။ဒါကတော့အများလည်းသိပြီးသားဖြစ်ပါလိမ့်မယ်။


ပြည်ပရောက် ဗမာတွေကိုဘာများပြောချင်ပါသလဲ? ။

ပြည်ပရောက်ဗမာတွေလဲ ဗမာတွေပါပဲ။ အာလုံးဒီတိုင်းပြည်တွေထဲ ကလူတွေချည်းပါပဲ။ ပြည်ပက

တစ်မျိုးလုပ် ပြည်တွင်းကတစ်မျိုးလုပ်လို့ဘယ်ရပါ့မလဲ။ အားလုံးတူတူပါပဲ။



မြစ်ဆုံကိုအစိုးရကဆက်ဆောက်မယ်လို့ပြောပါတယ်။ အန်တီ့အနေနဲ့ပန်ကြားလွှာလဲထုတ်ထားပြီးသားဆိုတော့

အဲဒီ့အပေါ်မှာဘယ်လိုမြင်လဲမသိဘူး?။



ပန်ကြားလွှာထဲမှာထည့်ထားပေမယ့် အန်တီပြောချင်တာကတော့ ဘယ်လိုပဲပြောပြော အကောင်းစုံ

အဖြေတစ်ခုကို ရှာကြပါလို့ပဲပြောချင်ပါတယ်။



တကယ်လို့များဦးသိန်းစိန်နေနဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကိုလွှတ်မယ်ဆိုရင် အန်တီ့အနေနဲ့ NLD ကို

register လုပ်ပါ့မလားဗျာ?။



အဲဒီ့ဟာကတော့ ဖြစ်တဲ့အခါကြမှပြောရမှာပေါ့နော်။ ဘယ်လိုပုံစံနဲ့ဘယ်တော့ဖြစ်မလဲဆိုတာ မပြောတတ်သေး တဲ့အခါကြတော့။



အမေရိကန်ပြည်ထောင်စုမူဝါဒရေးနရာမှူးနဲ့တွေ့တဲ့အခါမှာရော မြန်မာနိုင်ငံအတွက် ထူးခြားတဲ့စွမ်းဆောင် မှုတွေနဲ့ ပတ်သက်ပြီး ဘာတွေများဆောင်ရွက်ပေးပါ့မယ်လို့ပြောတာမျိုးရှိပါသလား။


အမေရိကန်ပြည်ထောင်စုကတော့ အစတည်းကမြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ခိုင်ခိုင်မာမာနဲ့ လျောက်သွားတဲ့အခါ အမျိုးမျိုးကူညီချင်တဲ့စိတ်ဓာတ်တွေရှိတယ်ဆိုတာတော့ သူတို့ လဲဖော်ပြပြီးသားဖြစ်ပါတယ်။


အမေရိကန်ကပိတ်ဆို့မှုတွေနဲ့ ပတ်သတ်ပြီးတော့ရော ပြောသွားတာရှိပါသလား?။


ကြီးကြီးကျယ်ကျယ်ဆွေးနွေးတာဘာမှမရှိပါဘူး။



အန်တီအနေနဲ့ မနေ့က ဒဲရစ်မစ်ရှဲက လူမှုရေးအသင်းနဲ့ ကျမ်းမာရေးဂေဟာ တို့သွားခဲ့တဲ့

အပေါ်မှာရောဘာများပြောချင်ပါသေးလဲ?။


ဖြူဖြူသင်းတို့ HIV ဂေဟာကိုသွားတဲ့အခါကြတော့ အင်မတန်မှစိတ်လှုပ်ရှားတာပေါ့နော်။ လူနာတွေ

ရဲ့လိုအပ်ချက်တွေကိုတွေ့သွားတဲ့အခါမှာ စိတ်လှုပ်ရှားသွားတယ်လို့ သူပြောပါတယ်။


သမ္မတကြီးနဲ့တွေ့စဉ်တုန်းက နိုင်ငံရေးအကျဉ်းသားများကိုလွှတ်တဲ့အခါမှာ……


သမ္မတကြီးနဲ့တွေ့စဉ်တုန်းက ဘာတွေ ဘာတွေပြောတယ်ဆိုတာကို အခုထိတရားဝင်မထုတ်ပြန်သေး တဲ့အခါကြတော့ ပြောစရာမရှိသေးပါဘူး။


အဲဒီ့မှာသတင်းထွက်လာတာက နိုင်ငံရေးအကျဥ်းသားများကိုလွှတ်ရင် မမအနေနဲ့တာဝန်ယူပါမယ်ဆိုပြီး

သတင်းထွက်လာတဲ့သူကိုသွားမေးမှထင်တယ်။ သတင်းထုတ် တဲ့သူကို သွားမေးမှရမှာပေါ့။


ကျေးဇူးတင်ပါတယ် အန်တီ။



အနီရောင် ဖြင့်ဖော်ပြပေးထားသော အဖြေများမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အဖြေများဖြစ်ပါသည်.။

ယနေ့ နံနက် ၁၁ နာရီနောက်ပိုင်းအချိန်တွင် အမေရိကန်မူဝါဒရေးရာမှူး ဒဲရစမ် မစ်ချယ်နှင့် တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်မှ သတင်းထောက်များ ၏ မေးခွန်းများအား ဖြေကြားပေး ခဲ့သည်။

(အဆိုပါ မေးခွန်းများအား ပြည်တွင်းပြည်ပ သတင်းထောက်များက မေးမြန်းခဲ့ကြပြီး စုပြုံတိုးလျက်ရှိသောကြောင့် မည်သည့်မေးခွန်းကို မည်သည့် သတင်းဌာနက မေးကြောင်း မှတ်တမ်းမတင်နိုင်ခဲ့ပါ).။

သတင်း...မြစ်မခ

ရှေ့နေ ကိုဖိုးဖြူ ဖမ်းဆီးခံရ

Ko_Poe_Phyu[1]

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အား အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားအား ဖိတ်ကြားခြင်းမရှိ

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကျင်းပမည့် ဒီမိုကရေစီနေ့ အခမ်းအနားအား ဖိတ်ကြားထားခြင်း မရှိကြောင်း သိရသည်။

“အခုထိတော့ ဖိတ်ကြားထားတာ မရှိသေးဘူး။ ဖိတ်ရင်လည်း အန်တီအနေနဲ့ တက်ဖို့ စဉ်းစားရအုံးမှာပါ”ဟု စက်တင်ဘာ ၁၀ ရက်နေ့က ယင်း၏ နေအိမ်တွင် ဆိုသည်။

စက်တင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ကို မြန်မာနိုင်ငံက ပထမဆုံးအကြိမ် ကျင်းပရန် ပြင်ဆင်ထား ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်က လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ မစ္စတာ ကွင်တားနားအား သြဂုတ်လက ပြောကြားခဲ့သည်။

ယင်းအခမ်းအနားကို လွှတ်တော်အဆောက်အဦးတွင် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်ပေါင်း ကျင်းပမည်ဖြစ်ပြီး၊ ရွေးကောက်ပွဲအနိုင်ရပါတီများ အနေဖြင့် ပါတီတစ်ခုလျှင် ဒီမိုကရေစီနှင့်ပတ်သက်သည့် စာတမ်းများအား ဖတ်ကြားရမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ၏ စမ်းချောင်းမြို့နယ်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ဆိုသည်။

“စာတမ်းကတော့ A4 နှစ်မျက်နှာစာပါ။ ရေးလို့လည်း ပြီးပါပြီ။ ဒီလိုနေ့တွေလုပ်ပေးတာကို ကြိုဆိုပါတယ်။ လွှတ်တော်ထဲမှာသာမက အပြင်မှာလည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေ ဦးစီးပြီးလုပ်ပေးရင် ကောင်းပါတယ်”ဟု ယင်းကဆိုသည်။

ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများတွင် ဒီမိုကရေစီစနစ် ထွန်းကားစေရန် ရည်ရွယ်၍ စက်တင်ဘာ ၁၅ ရက်နေ့ကို ဒီမိုကရေစီနေ့အဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂမှ ၂၀၀၇ ခုနှစ်တွင် ဆုံးဖြတ်ခဲ့သည်။

သတင်း...... YC(KS)

ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၏ နေအိမ်သို့ လူထုခေါင်းဆောင်သွားရောက်ကာ မိသားစုဝင်များနှင့် တွေ့ဆုံ၊ နှုတ်ဆက်၊ အားပေးစကားများ ပြောကြား



လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅ နှစ် နှင့် ၆ လ အကျဉ်းချထားခြင်းခံနေရသော ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၏မိခင် ၊ဖခင်တို့နှင့်အတူ








ဓာတ်ပုံ..ကိုကျော်စိုးနိုင်(ကိုဘော်ကြီး)

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ မူဝါဒရေးရာမှူး ဒဲရတ်မစ်ချယ် ရန်ကုန်မြို့ရှိ လူမှုရေးအသင်းများသို့ လိုက်လံကြည့်ရှု့


၂၀၁၁ခုနှစ် စက်တင်ဘာလ ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံလုံးဆိုင်ရာ မူဝါဒရေးရာမှူး ဒဲရတ်မစ်ချယ်သည် အစိုးရအသစ်တက်လာပြီးနောက်ပိုင်း လူမှုရေးလုပ်ငန်းများ၏ ဖြိုးတိုးတက် လာမှုအခြေအနေများကို ရန်ကုန်မြို့ရှိ လူမှုရေးလုပ်ငန်းများထံသို့ သွားရောက်ပြီး မေးမြန်းခဲ့ကြောင်း သိရသည်။

“ဒဲရတ်မစ်ချယ်ကတော့ အစိုးရအပြောင်းအလဲမှာ ဒီအသင်းအဖွဲ့လေး ဘယ်လောက်ထိတိုးတတ်လာပြီလဲ တိုးတက်လာပြီလားလို့မေးတယ် ဒါပေမဲ့ အန်တီတို့ အသင်းဖွဲ့စည်းပုံကို အသစ်တင်ရမှာဆိုတော့ နောက် ၆လလောက် စောင့်ကြည့်ရအုံးမယ်”ဟု နာရေးကူညီမှုအသင်းမှ မသန်းမြင့်အောင်က ပြောသည်။

ထို့နောက် တောင်ဒဂုံမြို့နယ်ရှိ လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသော မဖြူဖြူသင်းတို့ထံသွားရောက်ခဲ့ပြီး ဒဲရတ်မစ်ချယ်သည် မဖြူဖြူသင်း၏ HIV / AIDS ဝေဒနာသည်များ၏ တစ်နှစ်ထက် တစ်နှစ်လူနာ အခြေအနေနှင့် အပြောင်းအလဲကို မေးမြန်းခဲ့သည်။

“HIV ပြည်သူတော်တော်များများက HIV awareness ကို မသိကျသေးဘူး အဲ့အကျိုးဆက်တွေကနောက်လာမဲ့နှစ်တွေ အထိ မြန်မာပြည်အတွက် တကယ့်အဆိုးဆုံး အခြေအနေကို ရောက်စေမှာပါ” ဟု HIV/AIDS ဝေဒနာသည်များကို စောင့်ရှောက်နေသူ မဖြူဖြူသင်းက ပြောသည်။

HIV/AIDS ဝေဒနာသည်များကို စောင့်ရှောက်နေသူ မဖြူဖြူသင်း အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ်တက်လာပြီးနောက် ပြုပြင်ပြောင်းလဲစ လုပ်လာသော်လည်း လူမှုရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိသေးသောကြောင့် မြန်မာနိုင်ငံသို့ လာရောက်သော သံအမတ်များ ၊ ကိုယ်စားလှယ်များအပေါ်တွင် မျှော်လင့်ချက်များရှိကြောင်း ပြောပြသည်။

“အမတို့ဘက်ကလည်း သူတို့ မြန်မာပြည်လာတာက လူမှုရေးကိစ္စတစ်ခုထဲ မဟုတ်ဘူး နိုင်ငံရေးကိစ္စတွေရော သူတို့ မြန်မာပြည် လာတဲ့အတွက် ကျမတို့ဘက်က အများကြီးမျှော်လင့်တယ်” ဟု မဖြူဖြူသင်းက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အထူးကိုယ်စားလှယ် ဒဲရတ်မစ်ချယ်သည် စက်တင်ဘာလ ၉ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံပိုင် အစိုးရနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၏ လူမှုရေးပိုင်းကို ပြင်ရန် လိုအပ်ကြောင်း ၊ စစ်မှန်တဲ့ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲခြင်းမျိုးဖြစ်ရန် ၊ တိုင်းရင်းသား လူငယ်များနှင့် ဆွေးနွေးမှုများပြုလုပ်ရန် မီဒီယာ လွတ်လပ်ခွင့်ပြုရန်နှင့် လူမှုအခြေပြုအဖွဲ့အစည်းများကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း မဖြူဖြူသင်း၏ HIV ဝေဒနာသည်များကို စောင့်ရှောက်ရာဂေဟာတွင် ပြောခဲ့သည်။

ဒဲရတ်မစ်ချယ်သည် ၂၀၁၁ခုနှစ် ဇွန်လအတွင်းတွင် အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားမှ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒရေးရာအတွက် ညှိုနှိုင်းမှူးအဖြစ် ပထမဆုံးခန့်အပ်လိုက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အထူးကိုယ်စားလှယ် ဖြစ်သည်။

သတင်း..၀င့်သင်ဇာကျော်(မြစ်မခ)