10 December 2011

ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိတာ နှစ် ၂၀ ပြည့်ဓာတ်ပုံမှတ်တမ်း









မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆုရရှိတာ နှစ် ၂၀ ပြည့်တဲ့ အထိမ်းအမှတ်အဖြစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းမှာရှိတဲ့ သာဓုပရိယတ္တိစာသင်တိုက် ရွှေညဝါပညာ့ဗိမာန်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ဒီအခမ်းအနားကို 10/D နိုဗယ်လ်ကျောင်းသားတွေနဲ့ မြန်မာ့ဒီမိုကရေစီအင်အားစုတွေက ပူးပေါင်းကျင်းပတာဖြစ်ပါတယ်။

နံနက် ၈း၃၀ ကနေ စတင်ခဲ့တဲ့ ဒီအခမ်းအနား ကို မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။ ဝါရင့်နိုင်ငံရေး သမားတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ နဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တွေ တက်ရောက်လာခဲ့ကြပါတယ်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ဟာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိတာ နှစ် ၂၀ ပြည့်ဖြစ်တဲ့အပြင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ..AP

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးဆောင်ကျင်းပမယ့်ပညာရေး ရန်ပုံငွေရှာပွဲကို ကျင်းပခွင့်မပေးနိုင်ဘူးလို့ အာဏာပိုင်များပြော


လာမယ့် ဒီဇင်ဘာလ ၁၅ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်က ဦးဆောင်ကျင်းပမယ့် ပြည်ထောင်စု တိုင်းရင်းသားများ ဒေသတွေ အတွက် ပညာရေး ရန်ပုံငွေရှာပွဲကို ကျင်းပခွင့်မပေးနိုင်ဘူးလို့ အာဏာပိုင်တွေက အကြောင်းကြားလာပါတယ်။ ဒီပညာရေး ရန်ပုံငွေရှာဖို့ပွဲကို ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ရန်ကုန် သုဝဏ္ဏအားကစာကွင်းမှာ ကျင်းပဖို့ သဘောတူညီချက်ရပြီးမှ ၁၆ ရက်နေ့မှာ အမျိုးသမီး အားကစားပွဲတစ်ခု ရှိနေတဲ့အတွက် ဒီရက်ကို လုပ်ခွင့်မပေးနိုင်တော့ဘူးလို့ ပြောဆိုလာတာပါ။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။

ပြည်ထောင်စုတိုင်းရင်းသားများ ဒေသတွေက ကလေးတွေအတွက် ပညာရေး ရန်ပုံငွေရှာပွဲကို NLD ပါတီရဲ့ ပညာရေးကွန်ယက်က ဦးစီးဦးဆောင် စီစဉ်နေတာ ဖြစ်ပြီး တေးဂီတအဖွဲ့တွေရော အနုပညာရှင်များစွာ ပါဝင်ကူညီဖို့ စီစဉ်ထားတာပါ။

လာမယ့် ဒီဇင်ဘာ ၁၅ ရက် ကြာသပတေးနေ့မှာ ရန်ကုန် သုဝဏ္ဏအားကစာကွင်းတွင်း ဈေးရောင်းပွဲနဲ့အတူ ဂီတဖျော်ဖြေပွဲတွေနဲ့ပါ ပြုလုပ်ဖို့ စီစဉ်ထားပြီးမှ ဒီဇင်ဘာ ၉ ရက်နေ့လည်ပိုင်းမှာ ပွဲကျင်းပခွင့် မပေးတော့ဘူးလို့ သုဝဏ္ဏအားကစာကွင်းရဲ့ တာဝန်ရှိသူက အကြောင်းကြားလာတာဖြစ်တယ်လို့ ဒီရန်ပုံငွေပွဲကို ဦးဆောင်စီစဉ်နေသူထဲက တစ်ဦးဖြစ်တဲ့ Metal Zone စတူဒီယိုပိုင်ရှင် ဦးဇော်ဝင်း က ပြောပါတယ်။ နှစ်ဦးနှစ်ဘက် သဘောတူညီချက်နဲ့ ကွင်းရက်ကို ရထားပြီးကာမှ အခုလို ရက်နီးမှ ပွဲအဖျက်ခံရတဲ့အတွက် အတော်လေးအခက်အခဲနဲ့ အဆင်မပြေတာမျိုးတွေ ကြုံနေရတယ်လို့ ဦးဇော်ဝင်းက အခြေအနေကို ရှင်းပြပါတယ်။

“၁၈ ရက်နေ့တောင်းတာ။ အဲဒါကို ၁၈ ရက်နေ့ သူတို့မအားပါဘူးတဲ့။ ၁၅ ရက်နေ့ကို လွတ်လွတ်ကင်းကင်းနဲ့ လုပ်ပါတဲ့ဆိုတော့ အန်ကယ်တို့က ၁၅ ရက်နေ့ဆိုရင် ကောင်းပြီ။ ၁၅ ရက်နေ့ လုပ်မယ်ဆိုပြီး ၁၅ ရက်နေ့ကို အန်ကယ်တို့က လုပ်တာ။ ၀န်ကြီးချုပ်နဲ့ လူကြီးတွေနဲ့ သူတို့ပြောတဲ့အခါ လူကြီးကလည်း အပေါ်ဆုံးက လူကြီးက ၀န်ကြီးချုပ်ကိုယ်တိုင်ကနေပြီးတော့ သူ့နံမည်ကိုသုံးပြီးတော့ အောက်ကနေ ပတ်ပြီးတင်ပါဆိုတော့ အန်ကယ်တို့က အောက်ကနေပတ်ပြီးတော့ တင်တယ်။ ကွင်းက ရ မရ အရင်တောင်းပါဆိုလို့ အဲဒီကို သွားတောင်းတယ်။ သွားတောင်းတော့ ၁၅ ရက်နေ့ ရပါတယ်ဆိုပြီး သူတို့ကိုယ်တိုင် ပြောလိုက်တာ။ ဒီမှာလည်း သီချင်းတွေလည်း တိုက်ပြီးပြီ။ သီချင်းတွေလည်း အကုန်လုံးရွေးပြီးတော့ လူတွေလည်း ခွဲပြီးတော့ စာနယ်ဇင်းရှင်းတမ်း ပွဲတွေလည်း အကုန်လုပ်ပြီးပြီ။ ဒါက အဓိပ္ပါယ်မရှိဘူးလေ။ တကယ်ပြောရင်တော့ အနှောက်အယှက်ပေးတာပဲ။ လူတွေကို ခြောက်တာပဲ။ အမြဲ လုပ်နေကျအလုပ်ကို လုပ်တာပဲ။”

Metal Zone တေးဂီတအဖွဲ့နဲ့ Metal Zone စတူဒီယိုပိုင်ရှင် ဦးဇော်ဝင်း ဖြစ်ပါတယ်။ ဒီပွဲကိုကျင်းပဖို့အတွက် အာဏာပိုင်တွေနဲ့ ကြိုတင်ညှိနှိုင်းထားပေမဲ့ အခုပွဲခွင့်ပြုချက် ပါမစ်မှာလည်း ကြန့်ကြာတာမျိုးတွေ ကြုံနေရတယ်လို့ ပညာရေးကွန်ယက်အဖွဲ့က ကိုဖြိးမင်းသိန်းက ပြောပါတယ်။

“ပွဲ ပါမစ်ရဖို့အတွက် ရန်ကုန်တိုင်း ၀န်ကြီးချုပ်ရုံးကို ကျနော်တို့ တင်ပြရပါတယ်။ အဲဒီလို တင်ပြနိုင်ဖို့ အတွက်လည်း ရပ်ကွက်၊ မြို့နယ် ခရိုင်အဆင့်ဆင့်ကနေ ခွင့်ပြုမိန့်တွေ ယူရတယ်။ ကျနော်တို့ ဒီတဘက်ကလည်း အခွန်ဦးစီးဌာနမှာ အခွန်ထမ်းဆောင်ထားရပါတယ်။ အဲဒီပါမစ်အချက်အလက်တွေနဲ့ ပါမစ်ကိုတင်ပြသော်ငြားလည်း ပါမစ်ကလည်း ဒီနေ့အထိပေါ့နော် မနေ့ကဘုတ်ရဲ့ဆုံးဖြတ်ချက် ဘာလဲဆိုတာကို ကျနော်တို့ကို အကြောင်းပြန်ကြားချက် ခုထိ မသိရသေးပါဘူး။ ဒါကြောင့်မို့ ပွဲဆောင်ရွက်ဖို့ပါ ကျနော်တို့မှာ အခက်အခဲ တစုံတရာဖြစ်နေပါတယ်။”

ဒါပေမဲ့ သုဝဏ္ဏအားကစားကွင်းက ၀န်ထမ်းတစ်ဦးကတော့ နေပြည်တော်က စာရောက်လာပြီးတဲ့နောက် ဒီပွဲကို ဖျက်ဖို့ အကြောင်းကြားတာ ဖြစ်တယ်လို့ ပြောပါတယ်။

“ကျနော်တို့ကြားခဲ့တာကတော့ အဲဒါကလည်း အပေါ်ကနေ နေပြည်တော်ကနေ စာလာလို့။ ဖျက်ခိုင်းတဲ့စာ ဖြစ်နိုင်လောက်တယ်။”

အခုနောက်ပိုင်း အနုပညာရှင်တွေဟာ လူမှုရေးနဲ့ နိုင်ငံရေးတွေမှာ ပိုပြီးတက်ကြွမှု ရှိလာခဲ့ပြီး ဒီလို ပွဲဖျက်ရမယ်ဆိုတဲ့ အခြေအနေမျိုးတွေကြောင့် အနုပညာရှင်တွေရဲ့ တက်ကြွမှုတွေကို ခြောက်လှန့်တာမျိုး ဖြစ်တယ်လို့ အဆိုတော် ဆောင်းဦးလှိုင်က ပြောပါတယ်။

“ကျနော်တို့ဆီမှာက အစဉ်အလာလေး ရှိခဲ့တာကိုးဗျ။ ပွဲတစ်ခု ဒီလိုဖြစ်ပြီဆိုရင် တချို့ကလည်း အရင်က ကြောက်စိတ်တွေက ရှိခဲ့တယ်လေဗျာ။ အကြောက်တရားတွေက ရှိခဲ့တာကိုး။ ဆိုတော့ လာကြည့်ဖို့ ပရိသတ်ကလည်း အကြောက်တရားတွေ ဖြစ်ပေါ်လာနိုင်သလို ၀င်ဆိုပေမဲ့ ကျနော်တို့ ဂီတမိတ်ဆွေများ ကလည်း တချို့ပေါ့နော် ကြောက်တတ်တဲ့သူကတော့ အကြောက်တရား ဖြစ်ပေါ်လာနိုင်တဲ့ အနေအထားတွေ ရှိတယ်ဗျ။ ကျနော်တို့ အနုပညာသမားတွေ အားလုံးက ယုံကြည်စိတ်ချစွာ၊ ပျော်ရွှင်စွာနဲ့ တက်ကြွစွာနဲ့ ပါဝင်တာ။ ဆိုတော့ ဒီ လူမှုရေးလုပ်ငန်းလေး လုပ်ဖို့ အခက်အခဲ ဖြစ်ပေါ်လာပြီဆိုရင် တခြားဗျာ နိုင်ငံရေးတွေ ဘာတွေဆိုတာ ပိုပြီးတော့ တချို့တွေ ကြောက်ရွံ့တုန်လှုပ်တဲ့ အနေအထားမျိုးတွေ ဖြစ်ကုန်ပြီ။”

တိုင်းရင်းသားဒေသတွေက ကလေးငယ်တွေရဲ့ ပညာရေးကို ကူဖို့အတွက် ရန်ပုံငွေရှာတဲ့အဖွဲ့ထဲက ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်ကတော့ -

“ပျက်ကို မပျက်သင့်ပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စလည်း မဟုတ်ဘူး။ စစ်ပြေးဒုက္ခသည်တို့ဘာတို့ ကိစ္စမျိုးနဲ့တောင် မပြောချင်ဘူး။ ကျနော် ပြောချင်တာက တိုင်းရင်းသားဒေသတွေမှာ တကယ်ကို အခက်အခဲတွေ ကြုံနေရတယ်။ ဒါဟာ ကျောင်းသားလူငယ်တွေ အတွက် လုပ်မယ့်ကိစ္စဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးမှာတော့ ဘာမှတစုံတရာ အဟန့်အတား ဖြစ်လိမ့်မယ်လို့ ကျနော်တို့ မယူဆဘူး။ အဲ့လိုဖြစ်တယ်ဆိုရင်တော့လည်း အလွန်ကို စိတ်မကောင်းစရာ ကောင်းတဲ့လုပ်ရပ်ပဲလို့ အဲဒီလိုပဲ ပြောချင်ပါတယ်။”

မြန်မာနိုင်ငံမှာ အခုလို စင်တင်ဖျော်ဖြေပွဲတွေနဲ့ လူမှုရေးနဲ့ပညားရေးဆိုင်ရာ ရန်ပုံငွေတွေရှာဖို့ အနုပညာရှင်တွေ စုပေါင်း ကူညီနေကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးလှုပ်ရှားမှုတွေမှာရော လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အထ္ထုပတ္တိရုပ်ရှင် ရိုက်ကူးဖို့ တွေမှာပါ ရုပ်ရှင်နဲ့ ဂီတအနုပညာရှင် အများအပြား ကူညီဖို့ စီစဉ်ထားကြတာ ဖြစ်ပါတယ်။

သတင်း.... VOA

၁၉၈၈ ခုနှစ်က စာမူအား လက်ဝယ် ထားရှိသူ ဆက်သွယ် နိုင်ကြောင်း ကြေညာ

၁၉၈၈ ခုနှစ်၊ ဩဂုတ်လနှင့် စက်တင်ဘာလ အတွင်းက ဖြန့်ဝေခဲ့သော လက်ကမ်းစာစောင် တစ်စောင်အား မှတ်တမ်းအဖြစ် ထားရှိနိုင်ရန် အခကြေးငွေ ချီးမြှင့်၍ ဝယ်ယူမည်ဖြစ်ကြောင်း ပြည်ထောင်စု ရာထူးဝန် အဖွဲ့ရုံး၏ ကြော်ငြာချက်အမှတ် ၁/ ၂၀၁၁ တွင် ဖော်ပြထားသည်။

အဆိုပါ လက်ကမ်းစာစောင်မှာ ဆရာဝန်တစ်ဦး ကလောင် အမည်ဖြင့်ရေးသားသည့် မီးဟုန်းဟုန်းတောက်တော့မည့် မြန်မာ ပြည်စာမူ ဖြစ်ပြီး ၁၉၈၈ ခုနှစ်၊ အရေးအခင်းကာလတွင် ဖြန့်ဝေခဲ့ ကြောင်း၊ ယင်းစာစောင်ကို မှတ်တမ်းအဖြစ် ထိန်းသိမ်းထားရှိ နိုင်ရန် လက်ကမ်း စာစောင်မိတ္တူ လက်ဝယ်ရှိသူများ အနေဖြင့် ပြည်ထောင်စု ရာထူးဝန်အဖွဲ့ရုံးသို့ ဆက်သွယ်ပေးပို့ပါက ထိုက် တန်သော စာမူခ ချီးမြှင့်မည်ဖြစ်ကြောင်းသိရသည်။

ဆက်သွယ်ရန် လိပ်စာမှာ ဦးဝင်းမြင့်၊ ညွှန်ကြားရေးမှူး ဖုန်း-ဝ၆၇-၄၀၉၀၅၉၊ ဝ၆၇-၄၂၁၂၇၃၊ ဖက်စ် ဝ၆၇-၄၀၉၁၇၅ ဖြစ်ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။

ဗီးနပ်စ်သတင်းဂျာနယ်

ယုံကြည်ချက်ကြောင့်အကျဉ်းကျခံနေရသူများအား လွှတ်ငြိမ်းချမ်းသာခွင့်ပေးရန် ပိုမိုနီးကပ်လာပြီဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

ယုံကြည်ချက်ကြောင့် အကျဉ်း ကျခံနေရသူများအား လွတ်ငြိမ်းချမ်း သာခွင့်ပေးရန် နီးကပ်လာပြီဟုပြော နိုင်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောသည်။

''ဘယ်ရက်ဆိုတဲ့အခါမှာ ဟို ရက်တွေက လွှတ်တော်မှာတွေ့တဲ့ ရက်ထက်စာရင် နီးလာပါပြီ။ ရက် တွေ နီးလာပြီပဲပြောပါရစေ။ ကျန် တာတွေကတော့ တခြားကန့်သတ် ချက်တွေကြောင့် ဒီလောက်ဆိုရင် ကျေနပ်မယ်ထင်ပါတယ်''ဟု ဒီဇင် ဘာလ (၉)ရက်နေ့က ရန်ကုန်မြို့၊ ပြည်သူ့လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ရုံးခွဲ ဖွင့်လှစ် ပွဲ၌ သတင်းထောက်များနှင့် တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။

အုပ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်း များနှင့် သတင်းမီဒီယာများအကြား ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများဟူသည့် စကားလုံးနှင့် ပတ်သက်၍ အခြေအတင်ပြောဆိုမှု များရှိခဲ့သော်လည်း ဤစကားရပ် ပေါ်တွင် မိမိအနေဖြင့် အငြင်းပွားရန် မရှိကြောင်း၊ အကျဉ်းသားများအား လုံးပါဝင်နိုင်ရန်အတွက် နိုင်ငံရေးနှင့် ပတ်သက်၍ စိတ်ပါဝင်စားလုပ်ကိုင် သည့်ပုဂ္ဂိုလ်မျိုးကို အထူးဦးစားပေး ဆောင်ရွက်ပါမည်ဟု ပြောကြားခဲ့ ကြောင်း သူရဦးရွှေမန်းက ပြော သည်။

''ယုံကြည်ချက်ကြောင့်၊ နိုင်ငံ ရေးအကျဉ်းသား စသဖြင့်ပေါ့လေ။ ဟိုဘက်နဲ့ ဒီဘက် အခြေအတင် ပြောနေတဲ့အချိန်မှာ သက်ဆိုင်ရာအ ဖွဲ့အစည်းများကို ရှုပ်ထွေးနိုင်တယ်။ ဘယ်သူ့ကို လွှတ်ပေးစေချင်တာလဲ။ ဘာကြောင့်လွှတ်ပေးစေချင်တာလဲ ဆိုတဲ့အကြောင်းအရာ ဖော်ပြပြီးပြော ပါလို့ ပြောခဲ့တာရှိပါတယ်။ ဒါ ကြောင့် ယုံကြည်ချက်ကြောင့်၊ နိုင်ငံ ရေးကြောင့် အကျဉ်းကျခံရတယ်ဆို တဲ့အစား မိမိတို့က တိတိကျကျနဲ့ ဘယ်သူကို လွှတ်ပေးစေချင်တာလဲ၊ ဘာကြောင့်လဲဆိုတာ ပြောပါလို့ ပြောထားပါတယ်။ အဓိပ္ပာယ်တွေ သတ်မှတ်နေတာတော့ အမျိုးမျိုးပဲ။ ဘယ်သူ့ကို လွှတ်ပေးချင်တာလဲ၊ ဘာကြောင့်လွှတ်ပေးချင်တာလဲ။ အဲဒါတွေ တောင်းခိုင်းထားပါတယ်။ မိမိဘက်ကနေပြီးတော့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို''ဟု ၄င်းက ပြောကြားခဲ့သည်။

သတင်း...မက်စင်ဂျာ ဂျာနယ်

အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်း အနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားဖိတ်ကြားလွှာ



အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဗယ်လ်ဆု ရရှိခြင်းအနှစ် ၂၀ ပြည့် ဂုဏ်ပြုပွဲအခမ်းအနားနှင့် ရန်ကုန်ဗုဒ္ဓတက္ကသိုလ် ပိဋကတ်စာကြည့်တိုက်ဖွင့်ပွဲကို၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက် ၈း၃၀ နာရီမှ နံနက် ၁၁း၀၀ နာရီအထိသာဓုပရိယတ္တိစာသင်တိုက်၊ ရွှေညဝါပညာ့ဗိမာန်၊ နတ်စင်လမ်း၊ ကြည့်မြင့်တိုင်မြို့နယ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါသည်။

(၁၉၉၁ ခုနှစ်၊ 10-D/ နိုဗယ်လ်ကျောင်းသားများနှင့် မြန်မာ့ဒီမိုကရေစီအင်အားစုများ)

ရန်ကုန်တွင် ပြုပြင်ပြောင်းလဲမှုအသံ ကျယ်လောင်လာသည်နှင့်အမျှ ကချင်ပြည်နယ်တွင် ပဋိပက္ခ ဆက်လက်ကြီးထွား

(VOA News မှ 8 Dec 2011 ရက်စွဲပါ “AS Reform lauded in Rangoon, Conflict in Kachin State” သတင်းဆောင်းပါးကို Transparency Myanmar မှ ဘာသာပြန်ဆိုသည်)

ပြီးခဲ့သော ဇွန်လက တာပိန်မြစ်ပေါ်ရှိ တရုတ်-မြန်မာ ဖက်စပ်ရေလှောင်တမံ အနီးမှ ဖြစ်ရပ်ကြောင့် ကချင်ပြည်နယ်တွင် ၁၇ နှစ်ကြာ အပစ်အခတ် ရပ်စဲမှု အဆုံးသတ်သွားခဲ့လေသည်။ တိုက်ပွဲကာလ ၆ လနှင့် စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ ထွက်ပေါ်လာပြီးနောက်တွင် မြန်မာအစိုးရသစ် က ပြုပြင်ပြောင်းလဲမှုများကို ဦးတည်၍ တိုးတက်မှုများရရှိနေသော်လည်း ကချင်ပြည်နယ်ကို နောက်တွင်ချန်ထားခဲ့သည်။

ယခုလ အစောပိုင်း မြန်မာနိုင်ငံခရီးစဉ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန်က “သမ္မတ ဦးသိန်းစိန် ဦးဆောင်သော တစ်နှစ် သား အရပ်ဖက်အစိုးရသည် ပြုပြင်ပြောင်းလဲမှုများကိုဦးတည်၍ သိသာထင်ရှားသော တိုးတက်မှုများရရှိအောင် အမှန်တကယ် ပြုလုပ်နိုင်ခဲ့သော်လည်း ယခု ထက် ပို၍ လုပ်ဆောင်စရာများစွာ ကျန်နေသေးသည်ပာု ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်က နယ်စပ်ဒေသ တိုင်းရင်းသားများအား နှိပ်ကွပ်သော စီမံချက်ကို ဆက်လက်လုပ်ဆောင်နေသော မြန်မာနိုင်ငံအနောက်ပိုင်းမှ စစ်အင်အားသုံး စနစ်တကျအနိုင်ကျင့်မှုများမှာမူ အဆိုးဝါးဆုံးကိစ္စများထဲမှ တစ်ခုဖြစ်ပေသည်။ ရှမ်းပြည်တပ်မတော်-တောင်ပိုင်း(SSA-S)က မြန်မာအစိုးရ နှင့် အပစ်ရပ်သဘောတူညီချက် လက်မှတ်ထိုးလိုက်ပြီဖြစ်သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှာမူ ကံမကောင်းသေးပေ။ ပြဿနာကို နိုင်ငံရေးအဖြေရှာရန် မြန်မာတာဝန်ရှိသူများက ကမ်းလှမ်းခြင်းမရှိကြောင်း KIA ဗိုလ်ချုပ် ဂွမ်မော်၏ အကြံပေးဒူခေါင်က ပြောကြားသည်။

“သူတို့က (အစိုးရက) မြန်မာနိုင်ငံ ပြောင်းလဲနေပါပြီလို့ နိုင်ငံတကာကြေညာပါတယ်။ ပာုတ်ပါတယ် မြန်မာနိုင်ငံပာာ ပြောင်းလဲနေပါတယ်။ ဒီတိုက်ပွဲပာာလည်း အသေးအမွှားပါ။ ရက်အနည်းငယ်အတွင်း ပြီးသွားမှာပါ။ ဒါပေမယ့် နိုင်ငံရေးအရပြောရမယ်ဆိုရင် သူတို့က(အစိုးရက) နိုင်ငံရေးလှုပ်ရှား ဆန့်ကျင်တဲ့အုပ်စုအားလုံးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖယ်ရှားပစ်ချင်ကြတာပါ။ အစိုးရက ဒီတိုက်ပွဲကို ပြင်းပြင်းထန်ထန် အရှိန်မြှင့်လိမ့်မယ်လို့ ကျွန်တော်တို့ ယူဆထားပါတယ်။ အခုကိုပဲ ကျွန်တော်တို့ ဒေသမှာ တကယ်ဖြစ်ပွားနေပါပြီ” ပာု ဒူခေါင်က ဆိုသည်။

ယခုနောက်ဆုံးအစိုးရတပ်ဖွဲ့များ၏ ဖိအားပေးမှုမှာ နယ်စပ်မြို့ မဂျရန်ကို ခြိမ်းခြောက်နေခြင်းဖြစ်ပြီး အကြောင်းရင်းမှာ ရေအားလျှပ်စစ် စီမံကိန်း များနှင့် နီးကပ်ပြီး နယ်စပ်ကုန်သွယ်ရေးအချက်အချာဖြစ်နေ၍ မပာာဗျူပာာမြောက် အရေးပါသောကြောင့်ဖြစ်သည်ပာု ဒူခေါင်က ပြောကြားသည်။ အစိုးရ က လာမည့်ရွေးကောက်ပွဲများတွင် KIA ကို ပါဝင်ယှဉ်ပြိုင်ခွင့်မပေးလိုခြင်းကြောင့် ပြဿနာပဋိပက္ခ အတွက် နိုင်ငံရေးအဖြေရှာရန် မျှော်လင့်ချက် ဆက်လက် မှေးမှိန်နေသည်ပာု ယင်းက ပြောကြားသည်။

ကယ်ဆယ်ရေးအဖွဲ့အစည်းများအား တိုက်ပွဲဒဏ်ခံနယ်မြေများသို့ သွားရောက်ခွင့် ပေးထားသည်ပာု ဆိုသော်လည်း လတ်တလော ကုလသမဂ္ဂ အကဲဖြတ်မှုများအရ ဒုက္ခသည်လူထုထံသွားရောက် ကူညီနိုင်ရေးမှာ ပြဿနာတစ်ရပ်ဖြစ်နေကြောင်း၊ အိုးမဲ့အိမ်မဲ့ ဖြစ်နေသော ဒုက္ခသည်အရေအတွက် ကိုပင် အတိအကျ မသိနိုင်သည်အထိ ပြဿနာရှိနေကြောင်း သိရှိရသည်။ ကုလသမဂ္ဂ အကဲဖြတ် အစီရင်ခံစာက အဓိက စိုးရိမ်စရာမှာ စားနပ်ရိက္ခာနှင့် ရေမလုံလောက်မှုဖြစ်ပြီး ထိုပြဿနာကို ကချင်ပြည်နယ်အချို့ဒေသများတွင် အရေးပေါ်ဖြေရှင်းရန် လိုအပ်နေသည်ပာု တင်ပြထားသည်။ နိုင်ငံတကာ ဖွံ့ဖြိုး ရေးအစီအစဉ်များနှင့် ဒုက္ခသည်များအကြား ဆက်သွယ်မှုလမ်းကြောင်းကို ကြီးကြပ်ထိန်းသိမ်းပေးနေသော ကချင်အဖွဲ့အစည်းတာဝန်ရှိသူ ဒါရိုက်တာ လာရစ်က ကုလအကဲဖြတ် အစီရင်ခံစာပါ အချက်များကို အတည်ပြုပြောဆိုသည်။

“ဒုက္ခသည် အရေအတွက် အတိအကျ သိရှိနိုင်ဖို့ အရမ်းကိုခက်ခဲနေပါတယ်။ လောလောဆယ်တော့ ၃ သောင်းကျော်နေပါပြီ။ နိုင်ငံတကာ ဖွံ့ဖြိုး ရေး အစီအစဉ်တွေ၊ ကယ်ဆယ်ရေးအုပ်စုတွေအတွက် လက်ရှိ ကြီးမားတဲ့ ပြဿနာအခက်အခဲကတော့ စားနပ်ရိက္ခာ ပြတ်တောက်မှုပါပဲ” ပာု ယင်းက ပြောကြားသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင် ဆယ်စုနှစ်များချီ၍ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့ခြင်းကြောင့် အရပ်သားများကို ပစ်မှတ်ထားခြင်း၊ ကလေး သူငယ်စစ်သားများ အဓမ္မစုဆောင်းခြင်း၊ အကျဉ်းသားများကို ပေါ်တာအဖြစ်ခိုင်းစေခြင်း၊ လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ်သုံးစွဲခြင်း၊ စသည်တို့ အပါအဝင် အစိုးရတပ်ဖွဲ့များ ကျုးလွန်သော စစ်ရာဇဝတ်မှုများ ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျဖြစ်ပွားနေကြောင်း အထောက်အထားဖြင့် စွပ်စွဲမှုများ တသီ တတန်း ထွက်ပေါ်လာခဲ့သည်။

ကချင်ပြည်နယ်မှ စစ်ရာဇဝတ်မှုများအကြောင်း ဖော်ထုတ်ထားသော အစီရင်ခံစာကို မကြာသေးမီက ထုတ်ပြန်ခဲ့သည့် Bryan Erykson က ယခု လပိုင်းများအတွင်း ကချင်ပြည်နယ်မှ တိုက်ပွဲကြောင့် အိမ်ပစ်ယာပစ် ထွက်ပြေးနေရသော ဒုက္ခသည်အရေအတွက် ၃၀၀၀၀ အသာလေးကျော်နေပြီ ပာု ပြောကြားသည်။ “တောထဲမှာ နေ့တိုင်းဖြစ်ပွားနေတဲ့ ပစ်ခတ်မှုတွေကို ကျွန်တော်တို့ စောင့်ကြည့်နေတာပါ။ ပစ်ခတ်မှုအများစုက မှတ်တမ်းမှတ်ရာ မရှိပဲ ဖြစ် ပွားနေတာပါ။ ဒါကြောင့် ပြဿနာရဲ့ပမာဏကို အချိန်နဲ့ တစ်ပြေးညီ သိအောင်ကြိုးစားဖို့ ခက်ခဲပါတယ်။ ဒီတော့ နေရာတကာ မြို့တိုင်း၊ ရွာတိုင်းက အရေ အတွက် ၂၀၀ မှ ၂၀၀၀ ကြားလူတွေပာာ နေအိမ်တွေကနေ ဖယ်ပေးကြဖို့ အဓမ္မ မောင်းထုတ်ခံရတယ်ဆိုတာလောက်ပဲ ကျွန်တော်တို့ပြောနိုင်မယ် ထင်ပါ တယ်။ ကချင်ထိန်းချုပ်ထားတဲ့ နယ်မြေထဲမှာ နေရာကအခိုင်အမာ၊ အချက်အချာ ကျတယ်ဆိုရင် မြန်မာစစ်တပ်က ဝေးဝေးကို ဖယ်ခိုင်းတော့တာပါပဲ။ ဒီနည်းနဲ့ပဲ အရပ်သားတွေ နေစရာမရှိဖြစ်နေရတာကို ကျွန်တော်တို့မြင်တွေ့နေရပါတယ်”ပာု Erykson က ဆိုသည်။

Erykson က ဆက်လက်၍ “မြန်မာအစိုးရတပ်များ ကချင်ထိန်းချုပ်နယ်မြေထဲသို့ တိုးဝင်လာသည်နှင့်အမျှ ပိုမိုထင်ရှားသော လူ့အခွင့်အရေး ချိုးဖောက်မှု အထောက်အထားများ တွေ့ရှိရသည်။ ၎င်းအထောက်အထားများတွင် ခြိမ်းခြောက်နှိပ်စက်မှုများ၊ ဥပဒေပြင်ပ ခြိမ်းခြောက်သတ်ဖြတ်မှုများ၊ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းများ ပါဝင်သည်” ပာု ပြောကြားသည်။

မြန်မာအရပ်ဖက်အစိုးရသစ်သည် နိုင်ငံရေးအကျဉ်းသားများ ထိန်းသိမ်းထားကြောင်း ဝန်ခံခြင်းဖြင့် တိုးတက်ပြောင်းလဲမှုကို ပြသခဲ့သော်လည်း နယ်စပ် ဒေသများတွင် စစ်ရာဇဝတ်မှု ကျုးလွန်နေခြင်းကိုမူ ယခုတိုင်ဝန်ခံခြင်း မရှိသေးပေ။

နာရေးကူညီမှုအသင်း(၁၁)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် လူငယ်များ၊စာရေးဆရာများနှင့် ပူးပေါင်းကာ ပထမဆုံးအကြိမ် အမှတ်တရအခမ်းအနားတစ်ခုအဖြစ်ပြ


၂၀၁၂ခုနှစ် ဇန်န၀ါရီလ ၁ရက်နေ့တွင် ကျရောက်သော နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၁နှစ်ပြည့် အထိမ်း အမှတ်အနေဖြင့် မျိုးဆက်သစ်ဂျာနယ် ၊ စာရေးဆရာ ၊ ဆရာမများနှင့် လူငယ်များနှင့် လက်တွဲပူးပေါင်းကာ ပထမဆုံးအကြိမ် အမှတ်တရအခမ်းအနားတစ်ခုအဖြစ် ပြုလုပ်ရန် အစီအစဉ်ရှိကြောင်း နာရေးကူညီမှု အသင်း (ရန်ကုန်)မှ စုံစမ်း သိရှိရသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၁၁နှစ်မြောက်နေ့တွင် အခမ်းအနားကို မနက်ကိုးနာရီမှစတင်ကာ နာရေးဆယ့် တစ်ကြိမ်မြောက်အချိန်တွင် နာရေးဖြစ်ပွားသည့် အဆိုပါအိမ်သို့ လူငယ်များနှင့် စာရေးဆရာ၊ ဆရာမများနှင့် စုပေါင်းကာအလောင်း သယ်ဆောင်ပေးပြီး မီးသဂြိုလ်ပေးရန်အစီအစဉ်ရှိကြောင်း သိရသည်။

“နာရေးကူညီမှုအသင်း(ရန်ကုန်)၁၁နှစ်မြောက်နေ့မှာ သံဃာတွေ သြ၀ါဒဆုရ ဆရာတော်ကြီးတွေကို အာရုဏ် ဆွမ်းကပ်မယ်၊ နောက်မျိုးဆက်သစ်ဂျာနယ် ၊ စာရေးဆရာ၊ ဆရာမတွေ လူတွေငယ်နဲ့ ပူးပေါင်းပြီးတော့ နာရေး ကူညီမှုအသင်း(ရန်ကုန်)ကနေပြီးတော့ ကုသိုလ်ကောင်းမှုတစ်ခု လုပ်ပေးမယ်”ဟု နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူက ပြောသည်။

မျိုးဆက်သစ်လူငယ်များ ၊ စာရေးဆရာ ၊ဆရာမများနှင့်အတူ လက်တွဲကာ အခမ်းအနားကျင်းပခြင်းမှာ ပထမ ဆုံးအကြိမ်ဖြစ်ပြီး လူငယ်များတွင်လည်း ပရဟိတ္တလုပ်ငန်းများကို လုပ်ကိုင်လိုသောလူငယ်များရှိနေခြင်းကြောင့် ပူးပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်းသိရသည်။

“အခမ်းအနားမှာ performance လည်းပါမယ်၊ အမှတ်တရအနေနဲ့ ကျွန်တော်တို့ နာရေးလုပ်ငန်းတွေကို အယူသီးတဲ့လူတွေ ယဉ်ပါးလာအောင် နည်းစပ်မှုရှိလာအောင် performance ပညာနဲ့ကျွန်တော်တို့ အနိစ္စရဲ့ သဘောကို ဖော်ကျူးပြမယ်၊ နောက်လူငယ်တွေဆိုတာလည်း ပရဟိတ္တစိတ်ဓာတ်လည်း ရှိပါတယ်၊ လက်တွဲ ပြီးတော့ ကျွန်တော်တို့ ဒီပရဟိတ္တလုပ်ငန်းကို လက်တွဲပြီးအတူ ပျံသန်းဖို့ မဂ္ဂင်ယာဉ်ကြီး အမြန်စီးရအောင် ဆိုတဲ့ ဆန္ဒနဲ့အဲ့လိုလုပ်မှာ”ဟု ဦးကျော်သူက ဆက်လက်ပြောဆိုသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်) ၁၁နှစ်မြောက်အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၂ခုနှစ် ဇန်န၀ါရီလ တစ်ရက် နေ့ မနက် ၉နာရီတွင် စတင်ပြီး နေ့လည် ၃နာရီအချိန်ခန့်တွင် performance ပညာရှင်များ၏ ဖျော်ဖြေပွဲများ ကို ကျင်းပမည်ဖြစ်သောကြောင့် လူငယ်များနှင့် စာရေးဆရာ ၊ ဆရာမများမှလည်း ပူးပေါင်းပါဝင်ရန် မျှော်လင့် ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဥက္ကဌ ဦးကျော်သူထံမှ သိရှိရသည်။

သတင်းများအတွက် မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်။

နိုင်ငံရေးအကျဉ်းသားများအားလုံးလွှတ်ပေးခြင်းသည် ကြားဖြတ်ရွေးကောက်ပွဲရလဒ်အပေါ် မူတည်ဟုဆို

နိုင်ငံရေးအကျဉ်းသား အယောက် ၂၀၀ကျော် လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီးနောက် ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်းသားများကို ဆက်လက်လွှတ်ပေးရန်မှာ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ပေါ်တွင် မူတည်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ ဗဟို အလုပ်အမှုဆောင် ဦးဝင်းထိန်က ပြောကြားသည်။

“အခုလို အားလုံးကို မလွှတ်ပေးသေးတာက ပြန်ပေးဆွဲထားတဲ့သဘောပဲ။ ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီးမှ လွှတ်၊မလွှတ် ဆုံးဖြတ်ကြ လိမ့်မယ်လို့ အန်ကယ်ထင်တယ်” ဟု ၎င်းကဆိုသည်။

နိုင်ငံရေးအင်အားစုတချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေးအကျဉ်သားများအားလုံး မလွှတ်ပေးသေးခင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည့်အတွက် အကျဉ်းထောင်ထဲရှိနိုင်ငံရေး အကျဉ်းသားများကို သစ္စာဖောက်သည်ဟု သုံးသပ်ပြောဆိုကြသည်။

အမေရိကန်နိုင်ငံအပြင် ဒီမိုကရေစီနိုင်ငံများမှ လာရောက်ခဲ့သည့် အထူးကိုယ်စားလှယ်များ ကလည်း နိုင်ငံရေးအကျဉ်သားများကို ဆက်လက် လွှတ်ပေးရေးအား အဓိကထား တိုက်တွန်းပြောဆိုကြကြောင်း သိရသည်။

ယင်းကဲ့သို့ မြန်မာ့နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံတကာက တွန်းအားပေးပြောကြားနေသော်လည်း ဘာလီမြို့တွင် ပြုလုပ်သည့် သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲတွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများဟု မယူဆကြောင်း ဦးသိန်းစိန်က ပြောဆို လိုက်သည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးသမိုင်းတလျှောက်တွင်လည်း အစိုးရသစ်တစ်ရပ်ပြောင်း လဲတိုင်း နိုင်ငံရေးအကျဉ်းသား များ အားလုံးကို လွတ်ငြိမ်း ချမ်းသာခွင့်များ ပေးလေ့ရှိသော် လည်း မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်သားများအားလုံးကို မလွှတ်ပေးသေးသည့်တိုင် နာမည်ကြီး နိုင်ငံရေးအကျဉ်းသားများကိုမှု အကျဉ်ထောင် ပြောင်းလဲ ပေးမှု များ ပြုလုပ်ပေးခဲ့သည်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည်ဟူသော စကားရပ်နှင့်ပတ်သက်၍ အစိုးရအဖွဲ့အတွင်းတွင် အငြင်းပွားမှုများ ရှိနေသော်လည်း ဒီဇင်ဘာလအစောပိုင်းကာလတွင် တတိယအကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးရန်ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။

ယင်းအကြောင်းများကြောင့် လာမည့်ကြားဖြတ်ရွေးကောက်ပွဲပြီးမှသာ နိုင်ငံရေးအကျဉ်းသားမျာကို လွှတ်ပေးမည်ဆိုပါက လာမည့်နှစ် မေလ နောက်ပိုင်းမှသာ လွှတ်မြောက်လာဖွယ်ရှိကြောင်း နိုင်ငံရေး အင်အားစုများက ခန့်မှန်းပြောဆိုကြသည်။

သတင်း.....Transparency Myanmar

ဝိုင်းမော်မြို့ရှိ စစ်ဘေးဒုက္ခသည်စခန်းများတွင် ဆေးဝါးအကူအညီလိုအပ်လျက်ရှိ

ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့အစည်းများ၏ တိုက်ပွဲ များကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြသော ရွာသားအချို့မှာ အစားအသောက်အခက်အခဲရှိနေရုံ သာမ က ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရှိရသည်။

ဝိုင်းမော်မြို့မှ စစ်ဘေးဒုက္ခသည်များမှာ ၆၀၀ ဦးရေခန့်ရှိလျှင် ၃၀၀ ခန့်မှာ ၀မ်းလျှော ၊နှာစေး ၊ ချောင်းဆိုခြင်း နှင့် ယားနာကဲ့သို့သော ရောဂါကို ခံစားနေကြရကြောင်း သိရှိရသည်။

တိုက်ပွဲကြောင့် ထွက်ပြေးခဲ့ကြရသော ဒုက္ခသည်အများစုမှာ ၀ိုင်းမော်မြို့တွင် နေထိုင်ကြပြီး စားဝတ်နေရေးမှာ အဆင်မပြေဘဲ ၀မ်းလျှောခြင်း၊ နှာစေးခြင်း ၊ချောင်းဆိုးခြင်းနှင့် ယားနာများ ဖြစ်ပေါ်လျက်ရှိနေသောကြောင့် အဆိုပါ လူနာများအတွက် ဆေးဝါးလိုအပ်နေကြောင်း သိရှိရသည်။

မြန်မာ့စစ်တပ်နှင့် ကချင်လက်နက်ကိုင်တို့၏ တိုက်ပွဲကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးလာခဲ့သူဦးရေမှာတစ်သောင်းကျော်ရှိပြီး မြစ်ကြီးနားမြို့တွင် ကယ်ဆယ်ရေး စခန်း (၁၈)ခု ၊ ၀ိုင်းမော်တွင် ကယ်ဆယ်ရေးစခန်း (၁၂)ခု ထားရှိထားကြောင်း သိရှိရသည်။

“လူနာတွေ အများစုကတော့ နှာစေး ၊ ချောင်းဆိုး ၊ ယားနာဖြစ်ကြတယ် နောက်ဝမ်းလျှောတာပေါ့ အဲ့လိုတွေ ဖြစ်ရတာကလည်း အစားအသောက်ကြောင့်ပါ ဆေးကတော့တော်တော်ကို လိုအပ်နေတယ်“ ဟုဝိုင်းမော်သို့ သွားရောက်ကုသပေးနေသူ မန္တလေးမြို့မှ အထွေထွေအထူးကု ဆရာဝန် ဒေါ်နီလာဝင်းကပြောသည်။

မြစ်ကြီးနားမြို့မှ ဆရာဝန် ၂ယောက်နှင့် မန္တလေးမြို့မှ ဆရာဝန် တစ်ဦးသာ ၀ိုင်းမော်မြို့ရှိ လူနာများကို စောင့် ရှောက်ကုသပေးနေသောကြောင့် ဆေးကုသမှုအပိုင်းတွင် အားနည်းနေသေးကြောင်းကိုလည်း သိရှိရသည်။

“ဆရာဝန်က အားလုံးပေါင်းမှ ၂ယောက်ဘဲရှိတယ် အကူအညီပေးရေးအဖွဲ့တွေကလည်း သိပ်မရှိဘူး အဲ့တော့ ဒီမှာ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေတဲ့လူ တော်တော်များတယ်ဗျ ဆေးကုသမှုပိုင်းကလည်း အားနည်း တယ် အားနည်းတယ်ဆိုတာ ဥပမာ အနာတစ်ခုဖြစ်ရင် လျင်လျင်မြန်မြန် ကုသပေးဖို့ လိုအပ်တယ်ပေါ့နော် အဲ့အပိုင်းလေးတွေ အားနည်းနေတာပါ” ဟုဝိုင်းမော်သို့ သွားရောက် အကူအညီပေးနေသူ ကိုကျော်ဇေယျက ပြောသည်။


သတင်းများအားပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။

အိန္ဒိယလွှတ်တော်သို့ ဦးရွှေမန်းဦးဆောင်သည့်အဖွဲ့ သွားရောက်လေ့လာမည်

အိန္ဒိယနိုင်ငံသို့ သွားရောက်မည့် ချစ်ကြည်ရေးခရီးစဉ်တွင် အိန္ဒိယနိုင်ငံရှိလွှတ်တော်ကိုသာ အဓိကထား လေ့လာသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက ယနေ့ နေ့လည်က ယုဇနတာဝါတွင် ပြုလုပ်ခဲ့သည့် ခရီးစဉ်လိုက်ပါမည့်သူများနှင့် ညှိနှိုင်းအစည်းဝေးပွဲတွင် ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လွှတ်တော်တွေက အမှန်တိုင်းပြောရမယ်ဆိုရင် Capacity အပိုင်းမှာ နည်းနည်းနိမ့်နေသေးတယ်ဆိုတော့ အိန္ဒိယကိုသွားတဲ့ အခါမှာ အိန္ဒိယလွှတ်တော်ကို ဘယ်လိုဖွဲ့စည်းထားသလဲ၊ လွှတ်တော်ရဲ့ Capacity မြှင့်ဖို့ ဘာတွေလုပ်ထားလဲ၊ အဲဒါတွေကို အဓိကထား လေ့လာ သွားမယ်”ဟု ဦးရွှေမန်းက ပြောကြားသည်။ယင်းခရီးစဉ်တွင် လိုက်ပါမည့်သူများမှာ လွှတ်တော်၌ ဖွဲ့စည်းထားသော ကော်မတီများ၏ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက လိုက်ပါပြီး လေ့လာ ခွင့်ရမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

၎င်းအပြင် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုအသင်းချုပ် (UMFCCI) မှလည်း တာဝန်ရှိသူများ လိုက်ပါသွားမည်ဖြစ်ပြီး အစိုးရဝန်ထမ်းများ ကိုမူ အစိုးရစရိတ်ဖြင့် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။ယင်းချစ်ကြည်ရေးခရီးစဉ်တွင် အိန္ဒိယ သမ္မတ မစ္စပရာဘာပတေး ၊ ဒုသမ္မတ ဟာမစ်အန်ဆာရီ၊ ၀န်ကြီးချုပ် မန်မိုဟန်ဆင်း၊ ညွှန့်ပေါင်းအဖွဲ့ ဥက္ကဋ္ဌ မစ္စက် ဆိုနီယာဂန္ဓီ၊အောက်လွှတ်တော်မှ Sushma Swaraj နှင့် အထက်လွှတ်တော်မှ Arun Jaitley စသည့် ပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်သည် ပါဝါကြီးသုံးနိုင်ငံဖြစ်သော အမေရိကန်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့နှင့် ချစ်ကြည်ရင်းနှီးစွာ ပေါင်းသင်းနေထိုင်သွားပြီး ယင်း နိုင်ငံများက ပေးမည့်အကူ အညီများကို လည်း နိုင်ငံ့အကျိုးရှိပါက လက်ခံသွားမည် ဖြစ်ကြောင်း ဦးရွှေမန်းက ပြောကြားသည်။မြန်မာနိုင်ငံသည် ဗြိတိန်နိုင်ငံ၊ အိန္ဒိယစသည့်နိုင်ငံမှ ထောက်ပံ့ငွေများ စတင်ရရှိနေပြီဖြစ်ပြီး တရုတ်နိုင်ငံမှလည်း လွှတ်တော်များအတွက် ကွန်ပျူတာများ ထပ်မံလှူဒါန်းပေးနေကြောင်း သိရသည်။အဆိုပါခရီးစဉ်သည် ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း၊ အိန္ဒိယအစိုးရကလည်း အထူးဖိတ်ကြားထားသည့် ခရီးစဉ်ဖြစ်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံသည် အနောက်နိုင်ငံများကဲ့သို့ မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရန် အစဉ်တွန်းအားပေးနေသော အိမ်နီးချင်းနိုင်ငံကောင်း တစ်နိုင်ငံဖြစ်သည်။

သတင်း.....Transparency Myanmar

09 December 2011

ကော့မှူး၌ ရွေးကောက်ပွဲဝင်ရန် ဒေါ်အောင်ဆန်းစုကြည် မသေချာဟုဆိုပြန်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် ကြားဖြတ်ရွေးကောက် ပွဲ၌ ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့် သတင်းမှာ သေချာမှုမရှိသေးကြောင်း NLD ပါတီ ဗပိာုကော်မတီဝင် ဦးအုန်းကြိုင်မှ ပြောကြားခဲ့သည်။

ဒ်ါအောင်ဆန်းစုကြည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ကိစ္စရပ်နှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ဆုံးဖြတ်ရခြင်း မရှိ သေးသည့်အတွက် အတိအကျမပြောနိုင်သေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

မကြာသေးမီရက်ပိုင်းအတွင်းက NLD ပါတီ၏ အထွေအထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ကြားဖြတ်ရွေးကောက်ပွဲ၌ ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ပာု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သော်လည်း ၎င်းသတင်းမှာ သေချာမှု မရှိသေးကြောင်း ဦးအုန်းကြိုင်မှ ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေး ကိစ္စရပ်နှင့် ပတ်သက်၍ ဦးအုန်းကြိုင်မှပင် ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက ရန်ကုန်တိုင်းဒေသကြီးရှိ လစ်လပ်မဲဆန္ဒနယ်တွင်ပင် ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည်ကို အတပ်မပြောနိုင်သေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။

NLD ပါတီသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့၌ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဖွဲ့စည်းလိုက်ပြီး၎င်းဗပိာု အောင်နိုင်ရေး တာဝန်ခံအဖြစ် ဦးတင်ဦးက ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့၌ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင်ရှိသော NLD ပါတီ ဗပိာု အလုပ်အမှုဆောင်များကို ခေါ်ယူ၍ အစည်းအဝေးကျင်းပခဲ့ပြီး ပါတီမှတ်ပုံတင်ရန်နှင့် ကြားဖြတ်ရွေးကောက်ပွဲဝင်ရန် ဗပာိုအလုပ်အမှုဆောင်များမှ တညီ တညွှတ်တည်း ဆုံးဖြတ်ချက်ချခဲ့သည်။

သတင်း...Transparency Myanmar

ဓာတ်ပုံ.......Bagan Minmin Oo (Ko Oo)

အလုပ်လက်မဲ့လူငယ်များအတွက် နာရေးကူညီမှုအသင်းမှ အင်္ဂလိပ်စာနှင့်ဟိုတယ် သင်တန်းများ အခမဲ့သင်ကြားပေးမည်

နာရေးကူညီမှုအသင်းမှ အလုပ်လက်မဲ့ဖြစ်နေသော လူငယ်များအတွက် ရည်ရွယ်၍ အင်္ဂလိပ်စာ သင်တန်းနှင့် ဟိုတယ်သင်တန်းများကို အခမဲ့သင်ကြားပေးမည်ဖြစ်ကြောင်း နာရေးကူညီမှု အသင်းမှ သိရှိရသည်။

နာရေးကူညီမှုအသင်းမှ ဖွင့်လှစ်ပေးမည့် သင်တန်းများသို့ တက်ရောက်လိုသူ လူငယ်များ အနေဖြင့် လျှောက်လွှာပုံစံဖြင့် လျှောက်ထားနိုင်ကြောင်းကိုလည်း သိရှိရသည်။

''အခုခေတ်လူငယ်တွေက အလုပ်အကိုင်အခွင့်အလမ်းမရဘူး။ ဟိုတယ်နဲ့ပတ်သတ်တဲ့ သင်တန်းတွေ ဖွင့်ရတာက အလုပ်လက်မဲ့ဖြစ်နေတဲ့ လူငယ်တွေ လက္ဘက်ရည်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေမှာ အချိန်ကုန် နေမယ့်အစား လုပ်ငန်းခွင်ဝင်ပြီး သူတို့ရဲ့ ဘ၀တွေ တည်တည်ငြိမ်ငြိမ် နဲ့တိုးတက်စေ ချင်လို့ပါ'' ဟု နာရေးကူညီမှုအသင်းမှ အုပ်ချုပ်ရေးမှူး ဒေါ်ဧရာမောင်မောင် ကပြောသည်။

လူငယ်များအနေဖြင့် အခြေခံအင်္ဂလိပ်စာကို မဖြစ်မနေ သိသင့်သောကြောင့် သင်တန်းများ ဖွင့်လှစ် ရခြင်းဖြစ်ပြီး ဟိုတယ်သင်တန်းဖွင့်ရခြင်းမှာ လူငယ်၏အလုပ်အကိုင်အခွှုင့်အလမ်း အတွက်ဖြစ်ကြောင်း သိရှိရသည်။

အင်္ဂလိပ်စာ 4Skills သင်တန်းတွင် အတန်းနှစ်တန်းရှိ၍ တစ်တန်းလျှင် သင်တန်းသား အယောက် (၃၀)ဖြင့် သင်တန်းသားဦးရေ (၆၀)လက်ခံသင်ကြားပေးမည်ဖြစ်ပြီး၊ ဟိုတယ်နှင့် ပတ်သက်သည့် သင်တန်းများတွင် လျှောက်ထားသူ ၁၀၀(တစ်ရာ)လက်ခံ၍ သင်တန်းသား (၂၅)ဦးကိုသာ လက်ခံ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်သင်တန်းတက်လိုသူများအနေဖြင့် ဒီဇင်ဘာလ ၁၅၊ ၁၆၊ ၁၇ ရက်များတွင် သင်တန်း လျှောက်လွှာများကို လျှောက်ထားနိုင်ကြောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရေးဖြေစာမေးပွဲ ဖြေဆို၍ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် နှုတ်ဖြေစာမေးပွဲ ဖြေဆိုရမည်ဖြစ်ကြောင်း၊ သင်တန်း ကာလမှာ ဇန်န၀ါရီလ ၇ရက်မှ မတ်လ ၂၇ ၇က်နေ့ထိဖြစ်ပြီး အနိမ့်ဆုံး ပညာအရည်အချင်းမှာ တက္ကသိုလ် ၀န်ထမ်း အောင်မြင်ရမည်ဖြစ်ကြောင်း သိရသည်။

ဟိုတယ်သင်တန်းတက်ရောက်ရန် လျှောက်ထားသော လျှောက်လွှာရှင်များကို ရေးဖြေနှင့် နှုတ်ဖြေ စာမေးပွဲများ အောင်မြင်မှသာ စဉ်းစားမည်ဖြစ်ကြောင်းသိရသည်။

''လောလောဆယ် အလုပ်မရှိသေးလို့ နာရေးကူညီမှုအသင်းမှာ ကုသိုလ်ရမည့်အလုပ်ကို ၀င်လုပ်ပေး ရင်း ပညာပါရမယ်ဆိုတော့ ကျွန်တော်တို့အတွက် အဆင်ပြေပါတယ်။'' နာရေး ကူညီမှု အသင်းမှ စေတနာ့ ၀န်ထမ်းတစ်ဦးက ပြောသည်။

ယခုကဲ့သို့သင်တန်းများဖွင့်ရခြင်းမှာ နာရေးကူညီမှုအသင်းအနေဖြင့် အသိပညာဖြန်ဖြူးရေး အတွက်ပံ့ပိုးပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ ယခုအကြိမ်တွင် အင်္ဂလိပ်စာ 4Skills သင်တန်း မှာ (၃)ကြိမ်မြောက်ဖြစ်ပြီး၊ ဟိုတယ်သင်တန်းမှာ (၂)ကြိမ်ရှိပြီ ဖြစ်ကြောင်းသိရသည်။

သတင်းများ ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။

ဦးလွင်( အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်၊ အတွင်းရေးမှူး) (အသက် ၈၈ နှစ်)၏ ဈာပန


ဦးလွင်( အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ်၊ အတွင်းရေးမှူး) (အသက် ၈၈ နှစ်)၏ ဈာပန အခမ်းအနားသို့ တက်ရောက်လာကြသော နိုင်ငံရေးပါတီအသီးသီးမှ အဖွဲ့ဝင်များနှင့် ပရိတ်သတ်များ။

ဦးလွင်၏ ရုပ်ကလပ်အား ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးကျော်သူနှင့် မိသားစုဝင်များမှ လိုက်လံပို့ဆောင်စဉ်။
ဦးလွင်၏ရုပ်ကလပ်အား နောက်ဆုံးအနေနှုတ်ဆက်နေသော မိသားစုဝင်များ။
ဦးလွင်၏ ဈာပနအခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်။

ဦးလွင်၏ ရုပ်ကလပ်အား ကိုယ်တိုင်လိုက်လံပို့ဆောင်ပေးသော နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ဦးကျော်သူ

ဦးလွင်၏ မိသားစုဝင်များအား နှစ်သိမ့်အားပေးနေသော ဒေါ်အောင်ဆန်းစုကြည်။

ဓာတ်ပုံ..မြစ်မခမီဒီယာ

စိန်မေရီကက်သီဒြယ်ကျောင်းတော် နှစ်တရာပြည့် အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်







ဓာတ်ပုံ...AP

08 December 2011

ဒဂုံမြို့သစ်တောင်ပိုင်းကျီစုအနောက်ကျေးရွာ ဆေးခန်းဖွင့်ပွဲ ဖိတ်ကြားလွှာ


ကြားဖြတ်ရွေးကောက်ပွဲ၌ NLD မှ လူငယ်နှင့် တိုင်းရင်းသားများသာ အဓိကယှဉ်ပြိုင်မည်


လွှတ်တော်တွင်း လစ်လပ်နေရာ ပြန်လည်ဖြည့်တင်းမည့် လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ လူငယ်နှင့် တိုင်းရင်းသားကိုယ်စားလှယ်လောင်းများသာ အဓိကထား ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒများအတိုင်း လွှတ်တော်နိုင်ငံရေးကဏ္ဍတွင် အကောင်းဆုံး ကြိုးစားသွားမည်ဖြစ်ပြီး ကြားဖြတ် ရွေးကောက်ပွဲ၌ လူငယ်နှင့် တိုင်းရင်းသားများကိုသာ အဓိကထား ဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း NLD ပါတီမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဗပိာုအစည်းအဝေးခေါ်ယူကာ ပါတီမှတ်ပုံတင်ရေးနှင့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရေးအတွက် ဆုံးဖြတ်ချက် ချမှတ်ခဲ့ပြီး ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီတည်ထောင်ခွင့် မှတ်ပုံတင် လျှောက်ထားခဲ့ကြောင်း သိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီသည် လာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်တွင်း လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာလုံး၌ ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး လာမည့် ကြားဖြတ်ရွေးကောက်ပွဲ၌ NLD ပါတီ၏ အထွေအထွေအတွင်းရေးမှူး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ကော့မှူးမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ် ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နှစ်ပေါင်း ၂၀ ကျော်အသုံးပြုလာသည့် ခမောက်တံဆိပ်အစား ခွပ်ဒေါင်း တံဆိပ်ကို ပြောင်းလဲ အသုံးပြုသွားမည် ဖြစ်ကြောင်း သိရသည်။

သတင်း....Y C

နိုင်ငံရေးအကျဉ်းသားစာရင်းအား အများပြည်သူထံ ဖြန့်ဝေမည်

မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အကျဉ်းထောင် အသီးသီး၌ အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၇၀၀ ကျော်စာရင်းအား ပြုစုကာ အများပြည်သူထံ ဖြန့်ဝေမည်ဖြစ်ကြောင်း အဆိုပါစာရင်းအား ပြုစုနေသူ ၈၈ မျိုးဆက် ကျောင်းသားဟောင်း ဦးတိုးကျော်လှိုင်က ပြောကြားသည်။

အဆိုပါစာရင်းအား နိုင်ငံတော်သမ္မတနှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ထံသို့လည်း တင်ပြမည်ဖြစ်ကာ အများပြည်သူ သိရှိစေနိုင်ရန်အတွက် လူသွား၊လူလာများသည့် နေရာများတွင် ကပ်ပေးမည် ဖြစ်ကြောင်း သိရသည်။

“အာဏာပိုင်တွေ မကပ်နဲ့ဆိုတဲ့ နေရာမှာ မကပ်ပါဘူး။ နိုင်ငံရေးအကျဉ်းသားမိသားစုတွေ သွားလာတတ်တဲ့ နေရာတွေ၊ အမေရိကန် စင်တာတွေမှာ ကပ်ထားမှာပါ”ဟု ဦးတိုးကျော်လှိုင်က ဆိုသည်။

၎င်းတို့ပြုစုသည့် နိုင်ငံရေးအကျဉ်းသားစာရင်းသည် အခြားသော အဖွဲ့အစည်းများက ပြုစုနေသည့် စာရင်းနှင့် တူညီမှုမရှိသော်လည်း အနီးစပ်ဆုံး၊ အမှန်ကန်ဆုံး ဖြစ်စေရန် ရည်ရွယ်ထားပါကြောင်း ဦးတိုးကျော်လှိုင်က ထုတ်ဖော် ပြော ကြားသည်။

အန်အယ်ဒီမှ ထုတ်ပြန်သည့် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံ နေရသူများ စာရင်းတွင် နိုင်ငံရေးအကျဉ်းသား ၅၉၁ ယောက်သည် အကျဉ်းထောင်များတွင် ဆက်လက်ကျန်ရှိနေကြောင်း ဖော်ပြထားသည်။

“အစိုးရက နိုင်ငံရေးအကျဉ်းသား ဘယ်နှယောက် လွှတ်ပေးတယ်ဆိုတာ သိရဖို့ တိကျတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းရှိဖို့ လိုပါတယ်”ဟု နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တစ်ဦးက ပြောသည်။

“တစ်နိုင်ငံလုံးမှာ နိုင်ငံရေးအကျဉ်းသား ၅၀၀ ကျော်ရှိမယ် ဆိုတာ သေချာပါတယ်”ဟု အမျိုးသားလူ့အခွင့် အရေး ကော် မရှင် အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ပြည်ပရောက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း က မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

သတင်း...YC(KS)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေမှူး ဦးလွင်ကိုယ်ရေးအကျဉ်း



ဓာတ်ပုံ...AFP

U Lwin Bio

07 December 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူး ဦးလွင် အသက် (၈၈)နှစ်







အဘဦးလွင် - ၈၈

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အတွင်းရေးမှူးဖြစ်သူ ဘဘ ဦးလွင် အသက် (၈၈)နှစ်သည် ၆.၁၂.၂၀၁၁ ရက်နေ့ ည (၈း၄၀) နာရီအချိန်တွင် ကွယ်လွန်သွားကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်) မှ သိရှိရသည့်အတွက် ယင်းည (၉း၀၀) နာရီအချိန်တွင် ဘဘ ဦးလွင် နေထိုင်ရာ ရန်ကုန်မြို့၊ အမှတ် (၁၅/က)၊ ကမေ`္ဘာဇရိပ်သာ၊ ဗဟန်းမြို့နယ်နေအိမ်သို့ အသင်းသားများသွားရောက်၍ ကူညီမှုကို ပြုလုပ် ပေးခဲ့သည်။ ဘဘ ဦးလွင်၏ ကျန်ရစ်သော ရုပ်အလောင်းအား နေအိမ်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်)ရှိ အအေးစနစ်သုံး Cool Box ပေါ်သို့ ၀ိုင်းဝန်းချီပိုးကာ ထားရှိခဲ့သည်။ ထို့ကြောင့် နာရေးကိစ္စ များအား လာရောက်နှစ်သိမ့် မေးမြန်းသူတို့အတွက် အသုဘရှုရန်၊ အနိစ္စတရားတို့ကို ရှုနိုင်ရန်အတွက် အဆင်ပြေခဲ့သည်။ ၈.၁၂.၂၀၁၁ (ကြာသပတေးနေ့) နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်၌ နာရေးကူညီမှုအသင်း(ရန်ကုန်) အစီအစဉ်ဖြင့် မီးသင်္ဂြိုလ်ခြင်း အခမ်းအနားအား ကျင်းပပြုလုပ်မည် ဖြစ်ပါသည်။

ငါဟုသမုတ်၊ နာမ်ရုပ်နှစ်ထွေ၊ အိုနာသေဘေး၊ ရောထွေးကာနေ၊ အနိစ္စဘဲ၊ မမြဲပုံသေ၊ တစ်နေ့ကျ၊ မရဏသေမင်းပြည်၊ မှန်မလွဲ သေမြဲဧကန်ပေ။


သတင်း၊ဓာတ်ပုံ ပေးပို့ ပေးသော နာရေးကူညီမှုအသင်းအားကျေးဇူးတင်ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေမှူး ဦးလွင်နာရေးသတင်း

ဓာတ်ပုံ ..AFP


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေမှူး ဦးလွင်ဟာ ဂျပန်ခေတ်စစ်တက္ကသိုလ် ဗိုလ်လောင်း အမှတ်စဉ်(၁)ကို တက်ရောက်ခဲပြီး၊ ဗိုလ်ချုပ်ကြီးနေ၀င်းရဲ့ မဆလ ခေတ်မှာ ဒုတိယ၀န်ကြီးချုပ် အဆင့်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

အောက်တိုဘာလ တုန်းက ဦးလွင် ကျန်းမာရေး အခြေအနေ ယိုယွင်းခဲ့တဲ့ အတွက် ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ သျှင်ပါဂူ ဆေးခန်းမှာ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရပါတယ်။ အသက် ၈၇ နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဦးလွင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးနေခဲ့ပါတယ်။

၁၅ (A) ကမ္ဘောဇရိပ်သာနေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူးဟောင်း ဦးလွင် ၆.၁၂.၂၀၁၁ ည ဂ နာရီ ၄၀ မှာ လူကြီးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။ ၈.၁၂.၂၀၁၁ မွန်းလွဲ ၁း၃၀ နာရီမှာ အထက်ပါ နေအိမ်ကနေ ရေဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုလ်မယ်လို့ သတင်းရရှိပါတယ်။

ထာဝရနှင်းဆီအငြိမ့်အဖွဲ့မှ ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရုပ်ရှင်ရိုက်ကူးရေးတွင် လှူဒါန်းရန် ရန်ပုံငွေအငြိမ့်ပွဲကို ရန်ကုန်တွင် ကပြမည်


ထာဝရနှင်းဆီအငြိမ့်အဖွဲ့မှ နှင်းဆီအဖွဲ့သားများက ဗိုလ်ချုပ်အောင်ဆန်း အတ္တုပတ္တိရုပ်ရှင်ရိုက်ကူးရေးတွင် လှူဒါန်းရန် ရန်ပုံငွေအငြိမ့်ပွဲကို ရန်ကုန်တွင် ကပြမည်ဖြစ်ကြောင်း ကျော်ကျော်ဗိုက ၃-၁၂-၂၀၁၁ ရက်တွင် ပြောကြားသည်။ "ဗိုလ်ချုပ်ရဲ့ အတ္တုပ္ပတ္တိကို အန်တီစုက ရိုက်စေချင်တယ်။ အဲဒီအတွက် အကုန်လုံးနဲ့ ကော်မတီလေးတွေ ဖွဲ့ပြီး ရိုက်ဖို့ရှိတယ်။ အဲတော့ ကျွန်တော်တို့ ငွေရေးကြေးရေး အပိုင်းကရော၊ အနုပညာအပိုင်းကရော ပံ့ပိုးဖို့အကုန်လုံး ဆုံးဖြတ်လိုက်တဲ့အတွက်ကြောင့် ဦးဖျားဖျားကျွန်တော်တို့ လာမယ့်နှစ် မတ်လလောက်မှာ နှင်းဆီအဖွဲ့ကမယ်။ ကလို့ရတဲ့ပွဲရဲ့ ဝင်ငွေအားလုံးကို ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိဖြစ်မြောက်ရေး ရန်ပုံငွေအတွက် စတင်ပြီး လှူဒါန်းမယ်ဆိုတာကို အန်တီစုနဲ့ ပြောရင်းနဲ့ပဲ ဝင်ငွေအားလုံးကို ဗိုလ်ချုပ်အောင်န်းအတ္ထုပ္ပတ္တိဖြစ်မြောက်ရေး ရန်ပုံငွေအတွက်စတင်ပြီး လှူဒါန်းမယ်ဆိုတာကို အန်တီစုနဲ့ပြောရင်းနဲ့ပဲ ကျွန်တော်တို့တစ်ဖွဲ့လုံး တစ်ထိုင်တည်း ဆုံးဖြတ်ချက်ချခဲ့တယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အရမ်းပီတိဖြစ်တယ်။ တခြားအဖွဲ့တွေလည်း သူ့ကဏ္ဍနဲ့သူ ဝိုင်းလုပ်ကြမှာပါ။ ကျွန်တော်တို့နှင်းဆီအဖွဲ့ကတော့ ကလို့ရတဲ့ ငွေအားလုံးလှူမယ်ပေါ့။ ခေါင်းစဉ်ကိုက ဗိုလ်ချုပ်အောင်န်း အတ္ထုပ္ပတ္တိဇာတ်ကားရန်ပုံငွေအဖြစ် အငြိမ့်ပွဲ၊ ပြဇာတ်ပွဲကပြီးလှူမယ်။ သုဝဏ္ဏကွင်းမှာပဲ ကမှာပါ" ဟု ယင်းကပြောကြားသည်။ ထာဝရနှင်းဆီအဖွဲ့တွင် ဒါရိုက်တာ ဦးမျိုးမင်း (ရင်တွင်းဖြစ်)၊ လူရွှင်တော်များ နေတိုး၊ ကျော်ကျော်ဗို၊ မိုးမိုး၊ ရဲလေး၊ ထွန်းထွန်း၊ မင်းသမီးများအဖြစ် မေကဗျာ၊ ဖူးစုံ၊ မိုးယုစံတို့ ပါဝင်ကြောင်း သိရသည်။

ပြည်မြန်မာသတင်းဂျာနယ်

ဗာတီကန် ကိုယ်စားလှယ်နှင့် ဒေါ်အောင်ဆန်းစုကြည် ယခုသီတင်းပတ်အတွင်း တွေ့ဆုံမည်

(AFP သတင်းမှ 5 Dec 2011 ရက်စွဲပါ Vertican envoy to meet Suu Kyi in Myanmar this week သတင်းကို yangonchronicle မှ ဘာသာ ပြန်ဆိုသည်)

ပုပ်ရဟန်းမင်းကြီး၏ ဗာတီကန်မြို့တော်က ယခုသီတင်းပတ်တွင် မြန်မာနိုင်ငံသို့ ဘာသာရေးအခမ်းအနား တက်ရောက်ရန် ကိုယ်စားလှယ် စေလွှတ်လိုက်ပြီဖြစ်ရာ အတိုက်အခံခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည်ဖြစ်ကြောင်း ဘာသာရေးသတင်းဌာန I.Media က တနင်္လာနေ့တွင် သတင်းထုတ်ပြန်သည်။

ဘုန်တော်ကြီး Cardinal Renato Raffaele Martion တက်ရောက်မည့် ရန်ကုန်မြို့ Cathedral ဘုရားကျောင်း နှစ် ၁၀၀ ပြည့်ပွဲတော် အခမ်း အနားသို့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ဧည့်သည်တော် အဖြစ် တက်ရောက်မည်ဟုဆိုသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၁ ရာခိုင်နှုန်းမျှသာ ကက်သလစ်ဘာသာကို ကိုးကွယ်ကြသော မြန်မာနိုင်ငံမှ ဘာသာ အားလုံး၏ ကိုယ်စားလှယ်များကို ဖိတ်ကြားထားသော လာမည့်ကြာသပတေးနေ့အခမ်းအနားတွင် ဘုန်းတော်ကြီး Martino က ပုပ်ရဟန်းမင်းကြီး Benedicf XVI ထံမှ သဝဏ်လွှာကို ဖတ်ကြားမည်ဖြစ်သည်။ ထို့နောက်တွင် ဗာတီကန် ကိုယ်စားလှယ်တော်သည် နယ်ခံ ခရစ်ယာန်ဘုန်းတော်ကြီးများ၊ အထူးဧည့်သည်တော် များနှင့် နေ့လယ်စာ သုံးဆောင်မည်ဟု သိရသည်။

တပ်မတော်အားပြု အစိုးရခေါင်းဆောင်များက လက်ရှိ လပိုင်းများအတွင်း ကြီးကြီးမားမားပွင့်လင်းမှု လက္ခဏာများ ပြသလျက်ရှိသော မြန်မာ နိုင်ငံမှ နိုင်ငံရေးနှင့် ဘာသာရေးဆိုင်ရာ အာဏာပိုင်များထံသို့ ဆုမွန်ကောင်း တောင်းသည့် သဝဏ်လွှာကို ပို့ဆောင်ပေးရန် ဘုန်းတော်ကြီး Martino ကို ပုပ်ရဟန်းမင်းကြီးက တောင်းဆိုခဲ့သည် ဟုလည်း သိရှိရသည်။ ပြီးခဲ့သော သောကြာနေ့ကလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် တိုင်းရင်းသားများအတွက် ပညာရေးရံပုံငွေဂီတဖျော်ဖြေရေးနှင့် ဈေးရောင်း ပွဲတော် ကျင်းပမည်

၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့တွင် သုဝဏ္ဍမိုးလုံလေလုံအားကစားရုံ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်ချက်ဖြင့် တိုင်းရင်းသားများအတွက် ပညာရေးရံပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်တွင် အဆိုရှင်ပေါင်း တစ်ရာခန့် ပါဝင်သီဆိုမည်ဖြစ်ကြောင်း သိရှိ ရသည်။

ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော် ကျင်းပရခြင်းမှာ တိုင်းရင်းသားပြည်သူများတွင် ပညာတတ်လူငယ်များ နည်းပါးလျက်ရှိပြီး အခက်အခဲအကြပ် အတည်းများနှင့်ကြုံတွေ့နေရသော တိုင်းရင်းသားပြည်သူများ ရှိနေသောကြောင့် အဆိုပါ တိုင်းရင်းသားပြည်သူများအား ကူညီ ထောက်ပံ့နိုင်ရန်အတွက် ရံပုံငွေပွဲကျင်းပရခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူသားအကျိုးပြုလုပ်ငန်းတွေထဲမှာ ဒီမိုကရေစီကွန်ယက်ဆိုပြီးဖွဲ့ခဲ့တယ် အဲ့မှာ ပညာရေးကွန်ယက်လည်းပါတာပေါ့နော် အဲ့ဒါကြောင့် ကျွန်တော်တို့ လက်လှမ်းမီသလောက် ကွန်ယက်တွေကို တည်ဆောက်နေတဲ့ အချိန်အတွင်းမှာ တိုင်းရင်းသားဒေသတွေမှာ ဒုက္ခရောက်မှုတွေ ပိုများတယ် ပညာတတ် နည်းတယ် တိုင်းရင်းသားဒေသတွေမှာ ပညာရေးအရ အထောက်အကူဖြစ်စေနိုင်မယ့် အကူအညီမျိုး တွေ အတွက် ပညာရေးရံပုံငွေ ရှာဖွေတာ”ဟု ပညာရေးရံပုံငွေပွဲ ဖြစ်မြောက်ရေးတွင် ပါဝင်ဆောင်ရွက်နေသူ ကိုဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ပညာရေးရံပုံငွေပွဲမှ ရရှိလာသော အကျိုးအမြတ်များကို အကူအညီလိုအပ်နေသော တိုင်းရင်းသား ပြည်သူများအတွက် အသုံးချသွားမည်ဖြစ်ပြီး မည်သည့်ဒေသများသို့ သွားရောက် လှူဒါန်းမည်ဖြစ်ကြောင်းကို ဒီမိုကရေစီကွန်ယက်မှ သွားရောက်လေ့လာနေကြကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ အခက်အခဲအဖြစ်ဆုံး တိုင်းရင်းသားနယ်မြေတွေကို သွားပြီးတော့ လှူမှာပါ အဲ့ဒီအတွက် တိုင်းရင်းသားနယ်မြေတွေအတွက် ကျွန်တော်တို့ ဒီမိုကရေစီကွန်ယက်တွေအတွင်းက ဆင်းနေတဲ့နေရာတွေနဲ့ အခက်အခဲတွေကို ကျွန်တော်တို့ လေ့လာနေတယ် လေ့လာပြီး ဘယ်နေရာမှာတော့ ဘယ်လောက်အခက်အခဲဖြစ်နေတယ် အဲ့နေရာမျိုးတွေကို သွားပြီး ကူနိုင်အောင် ကျွန်တော်တို့ ကြိုးစားပါ့မယ်” ဟု ကိုဖြိုးမင်းသိန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှကျင်းပမည့် ပြည်ထောင်စုတိုင်းရင်းသားများ ပညာရေးရံပုံငွေ ဂီတ ဖျော်ဖြေရေးနှင့် ဈေးရောင်းပွဲတော်တွင် The Trees (R ဇာနည် ၊ ဟဲလေး ၊ ဖိုးကာ၊ အစိုင်း ၊ ဥာဏ်လင်းအောင် ၊ ထွန်းအိန္ဒြာဗို ၊ ၀ိုင်းစုခိုင်သိန်း) အဖွဲ့ ၊ Emperor (ဇော်ဝင်းထွဋ် ၊ အဲလက်(စ်) ၊ ဘိုဖြူ ၊ ဖြိုးကြီး ၊ သျှီ ၊ အိမ့်ချစ် ) ၊ Hip Hop (ACID ၊ ကြက်ဖ ၊ cyclone၊ ရသ ၊ ယုန်လေး ၊ snare ၊ ငယ်ငယ် ၊ စန္ဒီမြင့်လွင် ၊ jenny ၊ Blue Berry )၊ Specturm (ထူးအယ်လင်း ၊ လင်းနစ် ၊ နွဲ့ယဉ်ဝင်း ၊ ကဗျာဘွဲ့မှူး ၊ မီးမီးခဲ ၊ သံသာဝင်း ) ၊ Lazy Club (ဇော်ပိုင် ၊ L လွန်းဝါ ၊ ထက်နေကြည် ၊ ဖြူဖြူကျော်သိန်း ၊ ချမ်းချမ်း ၊ ယုဇန ၊ အေသင်ချိုဆွေ) တို့ ပါဝင်ပြီး အခြားသော အဆိုရှင်များလည်း ပါဝင်သီဆိုပေးမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဝေါလ်စထရိဂျာနယ်က တွေ့ဆုံမေးမြန်းခြင်း(၂)

ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ မဟုတ်ဘူးဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။ ဟုတ်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ဒါတော့ မဟုတ်ပါဘူး၊ မြန်မာနိုင်ငံမှာပဲ နေတယ်ဆိုတာ ၉၉ ရာခိုင်နှုန်းထိ ကျွန်မ ပြောရဲပါတယ်။



ဝေါလ်စထရိ ။ ။ သမ္မတနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကို ခုထိ ပြည့်ပြည့်စုံစုံ ထုတ်မပြောသေးဘူးနော်။ ဘာလို့ ပြည့်ပြည့်စုံစုံ ထုတ်မပြောသေးတာလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အသေးစိတ် ဆွေးနွေးခဲ့တာတွေကို အစ အဆုံး ထုတ်ပြောပြဖို့ မလိုအပ်သေးတဲ့အတွက် မပြောသေးတာပါ။



ဝေါလ်စထရိ ။ ။ ဘာလို့ အသေးစိတ် ထုတ်ပြောဖို့ မလိုအပ်သေးတာလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အချိန်မတန်သေးလို့ပါ။



ဝေါလ်စထရိ ။ ။ ထင်သာမြင်သာရှိပြီး လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီလမ်းစဉ်ကို ဖော်ဆောင်နေတဲ့ သူတစ်ဦးအနေနဲ့ အနည်းဆုံးတော့ ကိုယ့်ကို ထောက်ခံအားပေးနေတဲ့လူတွေ သိအောင် ထုတ်ပြောပြသင့်တယ် မဟုတ်ဘူးလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သိထားသင့် သိထားထိုက်တာမှန်သမျှ အားလုံး ပြောပြထားပါတယ်။ သမ္မတနဲ့ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာ အားလုံးနီးပါးကို အသေးစိတ် ထုတ်မပြောပြသေးတာပဲ ရှိပါတယ်။ ယေဘုယျသဘောတော့ အားလုံး ပြောပြပြီးသားပါ။ လောလောဆယ်အခြေအနေအတွက် အဲ့လောက် ပြောပြထားရင် လုံလောက်ပြီလို့ ယူဆပါတယ်။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတွေကို လိုက်ကြည့်မယ်ဆိုရင်လည်း ပြီမြောက်အောင် အကောင်အထည် မဖော်ရသေးတဲ့ ဆွေးနွေးမှုတွေအတွက် အသေးစိတ်ကအစ အားလုံးသိအောင် ထုတ်ပြောနေတာမျိုး မရှိပါဘူး။



ဝေါလ်စထရိ ။ ။ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူထားမှုတွေကို ဘယ်လိုမြင်ပါသလဲ၊ မြန်မာနိုင်ငံ အခုရောက်နေတဲ့ ပြုပြင်ပြောင်းလဲရေးပမာဏလောက်ဆို အမေရိကန်ဟာ ပိတ်ဆို့အရေးယူထားမှုတွေကို ရပ်သင့်ပြီ ထင်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အမေရိကန်ဟာ ဘာကြောင့် ပိတ်ဆို့ အရေးယူမှု လုပ်ထားရတယ်ဆိုတာ တိတိကျကျ ပြောထားတာတွေ ရှိပါတယ်။ အဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးကိစ္စကလည်း တစ်ခုအပါအဝင်ပါ။ နိုင်ငံရေးအကျဉ်းသားတွေအကုန် ပြန်လွှတ်ပေးတာဟာ သူတို့ ဖြစ်ချင်တာနဲ့ ညီတယ်ဆိုရင်တော့လည်း ပိတ်ဆို့အရေးယူထားတာတွေ ပြန်ရုပ်သိမ်းမယ် ထင်ပါတယ်။



ဝေါလ်စထရိ ။ ။ ဒါဆို လောလောဆယ်မှာ နိုင်ငံရေးအကျဉ်းသားတွေ အထဲမှာ ကျန်နေသေးတဲ့အတွက် ပိတ်ဆို့အရေးယူထားတာကို ပြန်ရုပ်သိမ်းသင့်တဲ့အချိန် မဟုတ်သေးဘူးလို့ ဆိုလိုတာလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ နိုင်ငံရေး အကျဉ်းသားတွေ အကုန်ပြန်လွှတ်ပေးမှ ပိတ်ဆို့အရေးယူထားတာတွေ ပြန်ဖွင့်ပေးမယ်လို့ အမေရိကန်က ကြေညာထားပါတယ်။ ခုက အကုန် ပြန်မလွှတ်ရသေးတဲ့အတွက် ပိတ်ဆို့အရေးယူထားတာတွေ ပြန်ဖွင့်ပေးဦးမှာ မဟုတ်ပါဘူး။



ဝေါလ်စထရိ ။ ။ အမေရိကန်က ပိတ်ဆို့အရေးယူထားတာနဲ့ ပက်သက်ပြီး တောင်းဆိုချက်တွေထဲမှာ အဓိက သုံးချက်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တစ်ခြား နိုင်ငံရေးသမားတွေကိုပါ လွှတ်ပေးဖို့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီနဲ့ အခြား တိုင်းရင်းသားပါတီတွေ တွေ့ဆုံဆွေးနွေးခွင့်ပေးဖို့ရယ်၊ လက်နက်ကိုင် တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေကို နိုင်ငံတကာက လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို သွားခွင့်ပေးဖို့ရယ်ဆိုပြီး သုံးချက် ပါပါတယ်။ ဒီ သုံးချက် ဘယ်လောက်ထိ အကောင်အထည်ပေါ်နေပြီလို့ ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ကဲ့၊ အခုအတိုင်းအတာထိတော့ ကျွန်မလွတ်လာတယ်ပေါ့နော်၊ ပါတီအနေနဲ့လည်း တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခွင့်လည်း ရပါတယ်၊ တိုင်းရင်းသာ လူနည်းစု ပါတီတွေနဲ့တော့ မတွေ့ဆုံဖြစ်သေးပါဘူး။ လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ တိုင်းရင်းသားဒေသတွေကို လူသားချင်းစာနာမှု ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို သွားခွင့် ပေးတယ်ရယ်လို့တော့ မတွေ့မိသေးပါဘူး။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အားရတဲ့အကြောင်းနဲ့ အသိအမှတ်ပြုတဲ့အနေနဲ့ တုံ့ပြန်မှုတစ်ခုခု လုပ်ပေးမယ်လို့ အမေရိကန်ကတော့ ပြောနေပါတယ်၊ ဘယ်လို တုံ့ပြန်မှုမျိုးကို အမေရိကန်က လုပ်ပေးမယ် ထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူတွေဆီ တိုက်ရိုက်ရောက်မယ့် အကူအညီမျိုးတွေ တိုးပြီး ပေးလာမယ် ထင်ပါတယ်။ လူသားချင်းစာနာမှု အကူအညီမျိုး၊ ဖွံ့ဖြိုးရေး အကူအညီမျိုးတွေဖြစ်နိုင်ပါတယ်။ အစိုးရနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ပေးရမယ့် ဖွံ့ဖြိုးရေး အကူအညီတွေအတွက်ကတော့ အစိုးရချင်း ညှိနှိုင်းကြရဦးမယ့်ကိစ္စမို့ လောလောဆယ်မှာ ဖြစ်နိုင်ဦးမှာ မဟုတ်ပါဘူး။



ဝေါလ်စထရိ ။ ။ မြန်မာအစိုးရဟာ အာဆီယံ ဥက္ကဋ္ဌရာထူး လက်ခံရရှိဖို့ တော်တော်ကြိုးပမ်းခဲ့တာ တွေ့ရပါတယ်။ အာဆီယံဥက္ကဋ္ဌရာထူးနေရာကို ရတာဟာ အိမ်နီးချင်း နိုင်ငံတွေရဲ့ ထောက်ခံမှုကို ရတာပဲလို့ ဆိုနိုင်ပါသလား။ မြန်မာရဲ့ ပြုပြင်ပြောင်းလဲရေးတွေကို အိမ်နီးချင်းနိုင်ငံတွေက ထောက်ခံတာလို့ ပြောနိုင်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျွန်မအမြင်ကို ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ အာဆီယံဥက္ကဋ္ဌရာထူးကို ရခြင်း မရခြင်းဟာ သိပ်အရေးကြီးတဲ့ကိစ္စလို့ မထင်ပါဘူး။ အဓိကလုပ်သင့်တာက ဒီက ပြည်သူတွေရဲ့ ဘဝတွေကို အကောင်းဘက် တစ်ဆစ်ချိုး ပြောင်းသွားစေမယ့် ပြုပြင်ပြောင်းလဲရေးကောင်းတွေကို ဖော်ဆောင်ပေးဖို့လို့ ကျွန်မ ခံယူပါတယ်။ အာဆီယံဥက္ကဋ္ဌရာထူးရရုံနဲ့တော့ မြန်မာပြည်သူတွေရဲ့ဘဝ ပိုကောင်းလာလိမ့်မယ်လို့ မျှော်လင့်လို့ မရသေးပါဘူး။

အစိုးရတစ်ရပ်အနေနဲ့ ရနိုင်သမျှ ဆုလာဘ်တွေထဲမှာ အမြင့်ဆုံးဆုလာဘ်ကို ပြောပါဆို ကျွန်မကတော့ ပြည်သူတွေရဲ့ ထောက်ခံအားပေးမှုလို့ ပြောချင်ပါတယ်။ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်ပေးချက်တွေကြောင့် ပြည်သူတွေ ပျော်ရွှင်တယ်၊ ပြည်သူတွေ ငြိမ်းချမ်းတယ်ဆိုရင်ပဲ အစိုးရတစ်ရပ်အနေနဲ့ အမြင့်ဆုံးဆုလာဘ်ကို ရပြီလို့ ပြောနိုင်ပါတယ်။



ဝေါလ်စထရိ ။ ။ မြန်မာအစိုးရအနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ထောက်ခံမှုကိုရဖို့ ကြိုးပမ်းတဲ့ကိစ္စကိုရော ဘယ်လိုမြင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူတွေရဲ့ ထောက်ခံမှုကိုရဖို့ဟာ အစိုးရတစ်ရပ်အတွက် အရေးအကြီးဆုံးလို့ ပြောချင်ပါတယ်။ ပြည်သူတွေက အစိုးရကို ထောက်ခံတယ်ဆို၊ အိမ်နီးချင်းနိုင်ငံတွေကရော ဘာကိစ္စ မထောက်ခံဘဲ နေမှာလဲ။



ဝေါလ်စထရိ ။ ။ ဒါဆို မြန်မာပြည်သူတွေ ထောက်ခံတယ်လို့ ပြောလို့ ရပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြည်သူတွေ စောင့်ကြည့်နေကြပါတယ်။ တကယ် စစ်မှန်တဲ့ အပြောင်းအလဲတစ်ခုကို ပြည်သူတွေ မြင်ချင်၊ ခံစားချင်နေကြပါတယ်။



ဝေါလ်စထရိ ။ ။ ဘယ်လိုဟာမျိုးနဲ့ ကြုံရမှ စစ်မှန်တဲ့ အပြောင်းအလဲလို့ ဒေါ်အောင်ဆန်းစုကြည် သတ်မှတ်မလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ နိုင်ငံတစ်နိုင်ငံမှာ ပြည်သူအားလုံး ယုံကြည်ကိုးစားနိုင်မယ့် တရားဥပဒေ စိုးမိုးဖို့လိုပါမယ်။ အဲ့ဒါမျိုးကို အလိုရှိပါတယ်။



ဝေါလ်စထရိ ။ ။ တရားဥပဒေ စိုးမိုးတဲ့အချိန် ရောက်ပြီလား၊ မရောက်သေးဘူးလားကို ဘာနဲ့ ဆုံးဖြတ်မလဲ၊ ဒါက စားပွဲပေါ် တင်ပြနိုင်လောက်အောင် အကောင်ဒြပ် တိုင်းပြလို့ရတဲ့ကိစ္စ မဟုတ်ဘူးလေ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သိနိုင်တဲ့နည်းတွေ ရှိပါတယ်။ ဥပဒေမျက်နှာကလွဲရင် ဘယ်သူ့ကိုမှ ကြည့်စရာမလိုတဲ့ လွတ်လပ်တဲ့ တရားစီရင်ရေး ရှိ မရှိနဲ့ တိုင်းတာနိုင်ပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေရသူတွေ တရားရုံးမှာ အမိန့်ချခံရတာကို ကြည့်ရင် သိနိုင်ပါတယ်။ အမိန့်ချမယ့် တရားသူကြီးဟာ အထက်ကလာမယ့် အမိန့်ကို စောင့်နေရပါတယ်။ တစ်ချို့ကိစ္စတွေမှာကျတော့လည်း တရားသူကြီး အနေနဲ့ ဘာအမိန့်ကို ချပေးရမယ်ဆိုတာက တရားသူကြီးလက်ထဲကို အရင် ရောက်နေပြီးသားဖြစ်နေတာလည်း တွေ့ရပါတယ်။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးဟာ အပြည့်အဝ မလွတ်လပ်သေးဘူးလို့ ပြောချင်ပါတယ်။ ဒါကို လူတိုင်းလည်း သိနေပါတယ်။ မြန်မာအစိုးရသစ်အနေနဲ့ အဲ့အပိုင်းတွေမှာ ပြုပြင်ပြောင်းလဲရေးကောင်းတွေ ဖော်ဆောင်ပေးနိုင်မယ်ဆို အဲ့ကိစ္စကို ကျွန်မတို့ ချက်ချင်း ခံစားသိရှိနိုင်ပါတယ်။



ဝေါလ်စထရိ ။ ။ အခုနှစ် မေလမှာ ၁၉၉၀ ရွေးကောက်ပွဲ ၂၁ နှစ်ပြည့်ခဲ့တယ်နော်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ပါတယ်၊ ၉၀ ရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံရဲ့ ဒီမိုကရေစီနည်းကျကျ ပြုလုပ်တဲ့ ပထမဆုံး ရွေးကောက်ပွဲပါ။ အဲ့ရွေးကောက်ပွဲဟာ မဲထည့်မယ့် ပြည်သူတွေအတွက် လွတ်လပ်တယ်၊ မျှတတယ်လို့လည်း အားလုံးက သဘောတူခဲ့ကြပါတယ်။ ၉၀ ရွေးကောက်ပွဲဟာ အားလုံး အမှတ်ရနေကြမယ့် ရွေးကောက်ပွဲတစ်ခု ဖြစ်သလို ဂုဏ်ယူစရာ ရွေးကောက်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ NLD နိုင်ခဲ့လို့ ဂုဏ်ယူစရာလို့ ပြောတာ မဟုတ်ပါဘူး။ ပြည်သူတွေ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရခဲ့တဲ့ ရွေးကောက်ပွဲတစ်ခုအနေနဲ့ ဂုဏ်ယူတာကို ပြောတာပါ။ ပြည်သူတွေဟာ ကိုယ်သဘောကျတဲ့လူကို မဲပေးခွင့် အပြည့်အဝ ရခဲ့ကြပါတယ်။



ဝေါလ်စထရိ ။ ။ Guardian သတင်းစာနဲ့ အင်တာဗျူးမှာ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားတစ်ယောက်လို့ ပြောခဲ့သလို၊ နိုင်ငံရေးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အလုပ်အကိုင်ပဲလို့လည်း ပြောခဲ့တယ်နော်။ နိုင်ငံရေးသမား အများစုကြီးရဲ့ ရည်မှန်းချက်ဟာ အစိုးရတစ်ရပ် ဖွဲ့စည်းပြီး ပြည်သူအတွက် အလုပ်လုပ်ပေးဖို့ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီအနေနဲ့ရော လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ အစီအစဉ်ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျွန်မတို့လည်း အဲ့ကိစ္စကို အလေးအနက် စဉ်းစားနေပါတယ်။ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ဆိုတာ ရပ်တည်ချက်၊ ခံယူချက်၊ ဥိးတည်ချက် ရှိရပါမယ်။ ပြည်သူအတွက် လုပ်ပေးချင်တာတွေ နိုင်ငံရေးပါတီတိုင်းမှာ ရှိကြပါတယ်။ အဲ့လို လုပ်ပေးချင်တာတွေကို လုပ်ပေးနိုင်ဖို့ဆိုတာ တစ်ချိန်မဟုတ် တစ်ချိန်မှာတော့ ရွေးကောက်ပွဲဝင်မှ ဖြစ်မှာပါ။



ဝေါလ်စထရိ ။ ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်အတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး လုပ်ပေးနိုင်ဖို့ဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အစိုးရတစ်ရပ်ကို ကိုယ်တိုင်ဦးဆောင်ပြီး လုပ်နိုင်ဖို့ လိုမယ်ထင်ပါတယ်။ အဲ့လို အခြေအနေမျိုးရောက်ဖို့ မျှော်လင့်ပါသလား၊ အဲ့လို ဖြစ်လာအောင် ကြိုးပမ်းဖို့ကော ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ကိစ္စတွေက ပြည်သူတွေ ဆုံးဖြတ်ပါလိမ့်မယ်။ ကျွန်မတစ်ယောက်တည်း ဖြစ်ချင်နေရုံ၊ မျှော်လင့်နေရုံနဲ့ မပြီးပါဘူး။ မြန်မာပြည်သူတွေ ကိုယ် မဲပေးချင်တဲ့သူကို လွတ်လွတ်လပ်လပ် မဲပေးခွင့်ရမယ့် အခြေအနေတစ်ခု ဖြစ်လာဖို့တော့ ကျွန်မ မျှော်လင့်ပါတယ်။



ဝေါလ်စထရိ ။ ။ ဒါဆို ပြည်သူတွေ ရွေးချယ်မယ့်အချိန်မှာရော ရွေးချယ်ခံမယ့်လူတွေထဲမှာ တစ်ယောက်အပါအဝင်အနေနဲ့ ရှိနေမလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခြေအနေ အချိန်အခါပေါ် မူတည်ပါတယ်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ရှေ့ရေးအတွက် စိုးရိမ်စရာတွေထဲမှာ တရုတ်နိုင်ငံက ထုကြီးထည်ကြီးနဲ့ လာပြီး ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေဟာလည်း ရှေ့ဆုံးက ပါတယ်လို့ ပြောနေကြပါတယ်။ အဲ့ကိစ္စ ဘယ်လို သဘောရပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ကိစ္စကို အဲ့လိုအမြင်မျိုးနဲ့တော့ ကျွန်မ မကြည့်ချင်ပါဘူး။ တရုတ်နဲ့ မြန်မာဆိုတာ ကမ္ဘာမြေပြင်ပေါ်မှာ ကပ်လျက်နိုင်ငံနှစ်နိုင်ငံပါ။ ကျွန်မတို့ ကြိုက်ကြိုက် မကြိုက်ကြိုက် ကမ္ဘာတည်သရွေ့ တရုတ်နဲ့ ကပ်လျက် နေနေရမှာပါ။ အမြဲတမ်း အိမ်နီးချင်း ဖြစ်နေကြမှာပါ။ တရုတ်နဲ့ မြန်မာရဲ့ ဆက်ဆံရေးကလည်း ကောင်းမွန်ပါတယ်။ ဆက်ပြိးတော့လည်း ဆက်ဆံရေးကောင်းတွေ ရှိနေအောင် ထိန်းသိမ်းသွားမှာပါ။

မြန်မာနိုင်ငံမှာ တရုတ်ဘက်က လာရင်းနှီးမြှုပ်နှံနေတဲ့ကိစ္စတွေထဲမှာ ပြဿနာဖြစ်စရာတွေ ပါကောင်းပါနိုင်ပါတယ်။ လောလောဆယ်မှာလည်း ပြဿနာဖြစ်နေတာတွေ ရှိနေပါပြီ။ ပြဿနာရဲ့ လက်သည်ကတော့ ထင်သာမြင်သာ မရှိခဲ့မှုပါ။ ပြီးခဲ့တဲ့ နှစ် ၂၀ လုံးလုံး မြန်မာနိုင်ငံဟာ ထင်သာမြင်သာ မရှိခဲ့ပါဘူး။ အပေါ်ပိုင်းက တာဝန်ရှိသူတွေကသာ အားလုံးလုပ်ကိုင် ဆောင်ရွက်ခဲ့ပြီး အောက်က ပြည်သူတွေအနေနဲ့ ဘာမှ သိခွင့်မရခဲ့ပါဘူး။ အစိုးရက ဘယ်လို သဘောတူစာချုပ်တွေ ချုပ်ထားတယ်၊ ဘယ်လို နားလည်မှုတွေနဲ့ လုပ်ထားတယ်၊ ဘယ်လို နယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံခွင့်တွေ ပြုထားတယ်ဆိုတာ ပြည်သူတွေ သိခွင့်မရခဲ့ပါဘူး။ အဲ့ဒါက အဓိက ပြဿနာပါ။

ဝေါလ်စထရိ ။ ။ တရုတ်ကလာပြီး ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတာကို မြန်မာအနေနဲ့ လက်ခံသင့်လား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တရုတ် နိုင်ငံမှ မဟုတ်ပါဘူး။ ဘယ်နိုင်ငံပဲဖြစ်ဖြစ် လာရင်းနှီးမြှုပ်နှံမယ်ဆို ဘယ်လို ရင်းနှီးမြှုပ်နှံမှုလဲဆိုတာကို ကြည့်ရပါမယ်။ ဘယ်နိုင်ငံဆိုတာက အရေးမကြီးပါဘူး။ ဘယ်လို ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်မယ်၊ ဘယ်လို သဘောတူညီချက်တွေနဲ့လုပ်မယ်ဆိုတာသာ အဓိကပါ။ ဘယ်သူပဲဖြစ်ဖြစ် ဒီမှာ လာရင်းနှီးမြှုပ်နှံတယ်ဆိုတာ အကျိုးအမြတ်လိုချင်လို့ လာတယ်ဆိုတာ ကျွန်မတို့ လက်ခံပါတယ်။ ဒါဟာလည်း နည်းလမ်းကျပါတယ်။ အကျိုးအမြတ်ကို တရားမျှတတဲ့နည်းနဲ့ ယူဖို့ပဲလိုပါတယ်။ အဲ့လိုဆိုရင် အားလုံး အဆင်ပြေပါတယ်။ ရင်းနှီးမြှုပ်နှံမှုလာလုပ်တာကို လက်ခံမယ့် ကျွန်မတို့နိုင်ငံအတွက်လည်း အကျိုးအမြတ်ကျန်အောင် စီမံရပါမယ်။ ကျွန်မ အမြင်ကိုပြောရရင် အိမ်ရှင်နိုင်ငံအတွက် နည်းနည်းလောက်ပိုပြီး အကျိုးအမြတ်ရှိအောင် စီမံထားနိုင်ရင် ပိုကောင်းပါမယ်။



ဝေါလ်စထရိ ။ ။ ဘယ်လို စီးပွားရေးစနစ်မျိုးက မြန်မာနိုင်ငံအတွက် အကျိုးရှိမလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဟာ အကောင်းဆုံးပါ။ အခုအခြေအနေက ဘက်မညီသေးပါဘူး။ ဘက်ညီအောင် လုပ်ရပါဦးမယ်။ အားလုံး တန်းတူ ဝင်ပြိုင်နိုင်တဲ့ စီးပွားရေးစနစ် ပေါ်ထွန်းလာအောင် လုပ်ရပါမယ်။ မြန်မာပြည် စီးပွားရေးစနစ်ကြီးတစ်ခုလုံး တိုးတက်ဖို့အတွက် လောလောဆယ်ကြုံတွေ့နေရတဲ့ အကြီးမားဆုံး အတားအဆီးဟာ အခွင့်ထူးခံ လူတန်းစာတွေ စီးပွားရေးနယ်မှာ ကြီးစိုးနေတာပါ။ အရေးပါ အရာရောက်တဲ့ လုပ်ငန်းတွေအားလုံးက အခွင့်ထူးခံတွေ လက်ထဲကို ရောက်နေပါတယ်။ တစ်ခြားလူတွေ ဝင်စရာ လမ်းပေါက်မရှိဖြစ်နေပါတယ်။ အဲ့ပုံစံနဲ့တော့ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ်ဆိုတာ ပေါ်လာဖို့ ဝေးနေဦးမှာပါ။



ဝေါလ်စထရိ ။ ။ ပြီးခဲ့တဲ့ နှစ်ပိုင်း၊ လပိုင်းတွေအတွင်းကမှ ဖြစ်ပွားခဲ့တဲ့ အာရပ် ကမ္ဘာနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေက တော်လှန်ရေးတွေဟာ မြန်မာခေါင်းဆောင်တွေရဲ့ စိတ်ကို ရိုက်ခတ်မှုရှိတယ်လို့ ထင်ပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရှိကောင်းရှိနိုင်ပါတယ်။ အစိုးရထဲက သက်ဆိုင်သူတွေကတော့ ကျွန်မကို အဲ့ကိစ္စ ထုတ်ပြောတာ မရှိသေးပါဘူး။ လူတွေကတော့ အမျိုးမျိုး ပြောနေကြတာပေါ့လေ။ ၈၈ တုန်းက မြန်မာပြည်မှာ အဲ့ဒါမျိုး ဘာလို့ မအောင်မြင်ခဲ့တာလဲလို့လည်း မေးနေတဲ့လူတွေ ရှိနေပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ အီဂျစ်မှာ အောင်မြင်တယ်၊ တူနီးရှားမှာ အောင်မြင်တယ်ဆိုတာ ပြည်သူတွေကို စစ်တပ်က မပစ်လို့ပါ။ ဒါကြောင့် ပြည်သူတွေရဲ့ လှုပ်ရှားမှုအောင်မြင်ခဲ့တာပါ။ လစ်ဗျားမှာကျတော့ အဲ့လိုမဟုတ်ဘူး။ စစ်တပ်က ပြည်သူတွေကို ပစ်ခတ်ခဲ့တယ်။ အကျိုးဆက်အနေနဲ့ ဘာတွေဖြစ်လာလဲကတော့ အားလုံးမြင်တဲ့အတိုင်းပါပဲ။ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံကို လစ်ဗျားပုံစံမျိုးတော့ မဖြစ်စေချင်ပါဘူး။

မြန်မာပြည်သူတွေမှာလည်း အတွင်းမှာ ကျိတ်ပြီး မကျေလည်တာတွေ ရှိကောင်း ရှိနေမှာပါ။ ဒါပေမယ့် မြန်မာပြည်ဟာ အာရပ်နိုင်ငံတွေနဲ့ အခြေအနေချင်း မတူပါဘူး။ အာရပ်နိုင်ငံတွေမှာ ဖြစ်သလိုမျိုး မြန်မာနိုင်ငံမှာ ဖြစ်စရာအကြောင်း မရှိပါဘူး။ အဲ့လိုမျိုးလည်း မဖြစ်စေချင်ပါဘူး။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ အခု လုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေဟာ အထက်ကနေ အောက်ကို ပြုပြင်ပြောင်းလဲမှုသာဖြစ်တယ်၊ အောက်ဆုံးက ပြည်သူတွေကို အခြေခံပြီး အပေါ်ကို ပြန်တက်တဲ့ ပြုပြင်ပြောင်းလဲရေးမျိုး မဟုတ်သေးဘူးလို့ ဝေဖန်သူတွေက ဝေဖန်နေပါတယ်။ အဲ့ကိစ္စ ဘယ်လိုထင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ တစ်ကယ် စစ်မှန်တဲ့ ပြုပြင်ပြောင်းလဲရေးဖြစ်ဖို့သာလိုပါတယ်။ အထက်က အောက်၊ အောက်က အထက်ဆိုတာတွေက အရေးမကြီးပါဘူး။ မြန်မာပြည်တွင်းမှာရှိတဲ့ တစ်ခြား အတိုက်အခံ နိုင်ငံရေးအဖွဲ့တွေရဲ့ အင်အား၊ စွမ်းဆောင်နိုင်ရည်နဲ့ ပြည်သူတွေရဲ့ အင်အားကို အထင်မသေးဖို့ လိုပါတယ်။ တစ်ခြားနိုင်ငံတွေမှာလို မြန်မာပြည်သူတွေ လမ်းပေါ်ထွက်ပြီး ကိုယ်ဖြစ်ချင်တာတွေ ထွက်မအော်တာတစ်ခုတည်းကိုကြည့်ပြီး မြန်မာပြည်သူတွေရဲ့ အင်အားကို အထင်သေးလို့ မဖြစ်ပါဘူး။ မြန်မာပြည်သူတွေမှာ လုံလောက်တဲ့ အင်အားရှိပါတယ်။



ဝေါလ်စထရိ ။ ။ ဂန္ဓီတို့၊ မာတင် လူသာကင်းတို့၊ မင်ဒဲလားတို့ခေတ်တုန်းက လှုပ်ရှားမှုတွေနဲ့ အခု ဒေါ်အောင်ဆန်းစုကြည်တို့ခေတ် လှုပ်ရှားမှုတွေ ယှဉ်ကြည့်မယ်ဆို တူတာတွေ ဘယ်လောက် တွေ့ရပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ပြီးခဲ့တဲ့နှစ်က ကျွန်မလွတ်လာတာကို မင်ဒဲလာတုန်းက အခြေအနေနဲ့ တူတယ်လို့ လူတွေ ပြောကြတယ်။ ကျွန်မတို့ နိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ၁၉၉၀ တုန်းက တောင်အာဖရိကနိုင်ငံရဲ့ အခြေအနေနဲ့ တော်တော်များများ တူပါတယ်။ အဲ့အချိန်မှာ တောင်အာဖရိကမှာလည်း ခုလိုပဲ အစပျိုးစ၊ စေ့စပ်ဆွေးနွေးရေးတွေ လုပ်ခါစ အချိန်ပါ။ အဲ့အချိန်မှာ သူတို့မှာလည်း ရှင်းရမယ့် ပြဿနာတွေ အများကြီးပါ။ ရှေ့ဆက်သွားစရာ လမ်းကလည်း မဖြောင့်သေးပါဘူး။ မရှင်းသေးပါဘူး။ လုပ်ရင်းနဲ့ အလုပ်မဖြစ်ဘဲ နောက်ပြန်ဆုတ်ရတာတွေလည်း ရှိပါတယ်။ ဘာတွေပဲဖြစ်ဖြစ် တောင်အာဖရိကသားတွေဟာ နောက်ဆုံးတော့ ရှေ့ကို တိုးတက်အောင် လုပ်သွားနိုင်တာတွေ့ရပါတယ်။ မြန်မာပြည်မှာလည်း အဲ့လိုမျိုး ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးတွေကနေ အကျိုးရလဒ်တွေ ထွက်လာဖို့ ဘယ်လောက်လောက် အချိန်ယူရဦးမယ်ထင်လဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ သိပ်မြန်မြန်ဆန်ဆန်ကြီးဖြစ်လာမယ်လို့တော့ မျှော်လင့်ထားလို့ မရသေးပါဘူး။ ကျွန်မတို့ နှစ် ၂၀ ကျော် ရုန်းကန်ခဲ့ပြီးပါပြီ။ လက်ရှိ အစိုးရသစ်ရဲ့ သက်တမ်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲရေးတွေဟာ အရှိန်ကောင်းကောင်းနဲ့ ဖြစ်ထွန်းလာတယ်လို့ ပြောလို့ ရနိုင်ပါတယ်။



ဝေါလ်စထရိ ။ ။ ပြည်ပခရီးသွားဖို့ကော အစီအစဉ်ရှိလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ လောလောဆယ်တော့ မရှိသေးပါဘူး။



ဝေါလ်စထရိ ။ ။ သွားချင်တဲ့ နိုင်ငံကော ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ဒါတော့ ရှိပါတယ်။ အများကြီးပဲ။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ကျွန်မတို့ကို အားပေးခဲ့ ထောက်ခံခဲ့တဲ့ လူတွေရှိတဲ့ နိုင်ငံတော်တော်များများကိုသွားပြီး ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ အသွားချင်ဆုံးက နော်ဝေပါ။ နော်ဝေလူမျိုးတွေဟာ ကျွန်မတို့ကို အများကြီး ကူညီ ထောက်ပံ့ခဲ့ကြတဲ့ လူမျိုးတွေပါ။ ကျွန်မ နိုဘယ်လ်ဆုမရခင် ၁၉၉၁ ခုနှစ်မှာ နော်ဝေက ကျွန်မကို Rafto ဆုကို ပေးခဲ့ပါတယ်။ အဲ့အချိန်မှာ ကျွန်မတို့ ဒီမှာ ကျပ်ကျပ်တည်းတည်းနဲ့ လှုပ်ရှားနေကြရတဲ့အချိန်ပါ။ အဲ့လို ကျပ်တည်းနေတဲ့ အချိန်မျိုးမှာ နော်ဝေက ကျွန်မတို့ဘက်က မားမားရပ်ပြီး ကျွန်မတို့ကို ကမ္ဘာက မေ့မထားဖို့ ဦးဆောင်ဦးရွက်နဲ့ လုပ်ပေးခဲ့တဲ့နိုင်ငံပါ။



ဝေါလ်စထရိ ။ ။ ဒေါ်အောင်ဆန်းစုကြည်အကြောင်းရိုက်ထားတဲ့ The Lady ရုပ်ရှင်ကြည့်ပြီးပါပြီလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲ့ကိစ္စ ကျွန်မ သိပ် စိတ်မဝင်စားပါဘူး။



ဝေါလ်စထရိ ။ ။ ကိုယ့်အကြောင်း ရုပ်ရှင်ရိုက်ထားတယ်ဆိုတာ သိရတော့ စိတ်ထဲ ဘယ်လိုနေလဲ။ အဲ့ ရုပ်ရှင်နဲ့ပက်သက်ပြီး ထင်မြင်ချက် ဘယ်လိုရှိလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ စိတ်ထဲ ဘယ်လိုမှ မဖြစ်ပါဘူး။ ရုပ်ရှင်ကိုရိုက်တဲ့ ဒါရိုက်တာကိုလည်း ပုဂ္ဂိုလ်ပိုင်းအရ ကျွန်မ သဘောမကျစရာ ဘာအကြောင်းမှ မရှိပါဘူး။ ရုပ်ရှင်ရိုက်ပြီး မထွက်သေးခင်မှာ ကျွန်မနဲ့ ဒါရိုက်တာ လင်မယား တစ်ခေါက် တွေ့ဖြစ်ပါသေးတယ်။ လူပုဂ္ဂိုလ်ပိုင်းအရ ခင်ဖို့ကောင်းတဲ့ လူကောင်းတစ်ယောက်ပါ။ ရုပ်ရှင်ဟာ ဒါရိုက်တာရဲ့ စိတ်ကူးနဲ့ ပြန်ဖန်တီးထားတဲ့ အနုပညာတစ်ခုလို့ပဲမြင်ပါတယ်။ ကျွန်မရဲ့ ကိုယ်ပိုင်ဖန်တီးချက် မဟုတ်သလို၊ တစ်ချို့ဟာတွေကလည်း ကျွန်မရဲ့ အဖြစ်မှန်တွေနဲ့ နည်းနည်းလွဲနေတာတွေ ရှိပါတယ်။ ဒါပေမယ့် ကျွန်မ နားလည်ပါတယ်။ ရုပ်ရှင်ကို အနုပညာတစ်ခုအနေနဲ့ ဒါရိုက်တာမှာ အတိုင်းအတာတစ်ခုအထိ ဖန်တီးခွင့်ရှိတယ်ဆိုတာ ကျွန်မ သဘောပေါက်ပါတယ်။



ဝေါလ်စထရိ ။ ။ နိုင်ငံရေးဘက်ကို တစ်ချက် ပြန်မေးခွင့်ပြုပါ။ အစိုးရနဲ့ ဘာတွေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့လူတွေကရော အသေးစိတ် ပြန်ပြောပြဖို့ တောင်းဆိုတာမျိုး မရှိဘူးလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရှိပါတယ်။ လူတွေ သိသင့် သိထိုက်တဲ့အတိုင်းအတာတစ်ခု၊ ကျွန်မဘက်ကလည်း ပြောသင့်ပြောထိုက်တဲ့ အတိုင်းအတာတစ်ခုထိ ပြောပြထားပြီးပါပြီ။ ပါတီရဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကိုလည်း ပြန်တင်ပြထားပါတယ်။ အသေးစိတ်ကိုကတော့ အဖြေထွက်လာမှ ထုတ်ပြပါ့မယ်။ အဖြေထွက်လာမှ ကျွန်မတို့တွေ ဘာတွေ အသေးစိတ်ဆွေးနွေးခဲ့တယ်၊ ဆွေးနွေးမှုတွေကြောင့် ဒါတွေ ဒါတွေတော့ အကျိုးရလဒ် ထွက်လာပါတယ်ဆိုပြီး အချိန်တန်ရင် အားလုံး ထုတ်ပြောပြမှာပါ။



ဝေါလ်စထရိ ။ ။ အပြည့်အစုံ မသိရတဲ့အတွက် မကျေမနပ်ဖြစ်နေတဲ့လူတွေ ရှိနေပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ကြ၊ ထောက်ခံကြ၊ အောင်မြင်စေချင်ကြတာတောင် ဒေါ်အောင်ဆန်းစုကြည်က အသေးစိတ်ကို ထုတ်မပြောဘူးလို့ ပြောနေကြတဲ့လူတွေ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဒါ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါပဲ။ လူတွေ တစ်ခု နားလည်ကြဖို့က အခုအခြေအနေဟာ အစရဲ့ အစ အခြေအနေပဲ ရှိပါသေးတယ်။ မှားသွားလို့၊ လွန်သွားလို့ မဖြစ်ပါဘူး။ အဲ့လိုဖြစ်သွားရင် အားလုံး သဲထဲရေသွန်ဖြစ်ကုန်ပါလိမ့်မယ်။ အထင်အမြင် လွဲမှားသွားနိုင်တဲ့ အလုပ်မျိုးကို ကျွန်မတို့ မလုပ်မိအောင် စောင့်ထိန်းပါတယ်။ ပြည်သူတွေ စောင့်ရကျိုးနပ်မယ့် အဖြေတစ်ခုကို ကျွန်မတို့ ပေးနိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။



ဝေါလ်စထရိ ။ ။ အစိုးရနဲ့ လုပ်နေတဲ့ စေ့စပ်ဆွေးနွေးမှုတွေဟာ အစစ်အမှန်ဖြစ်လိမ့်မယ်လို့ ယုံကြည်နိုင်လောက်တဲ့ အကြောင်းလေးတွေ ပြောပြပေးပါ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ခုထိ လုပ်ပြီးသမျှ စေ့စပ်ဆွေးနွေးမှုတွေနဲ့ပက်သက်ပြီး ကျွန်မ စိတ်ပျက်ရတာမျိုး မရှိသေးပါဘူး။ အစိုးရဘက်က လုပ်ပေးတာတွေနဲ့ ပက်သက်ပြီးလည်း စိတ်ပျက်ရတာမျိုး မရှိသေးပါဘူး။ ကျွန်မတို့ သဘောတူထား၊ ညှိနှိုင်းထားတဲ့အချက်တွေနဲ့ပက်သက်ပြီး အစိုးရဘက်ကလည်း သဘောတူထားချက်တွေအတိုင်း လိုက်လိုက်လျောလျော ရှိပါတယ်။



ဝေါလ်စထရိ ။ ။ သမ္မတကို ဘယ်လိုမြင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ရိုးသားတဲ့ လူတစ်ယောက်ပါ။ ပွင့်ပွင့်လင်းလင်းလည်း ရှိပါတယ်။



ဝေါလ်စထရိ ။ ။ ပြည်ပလူတွေအနေနဲ့ ပြည်တွင်းမှာ ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်းသိနိုင်ဖို့ အခက်အခဲရှိပါတယ်။ ပြည်ပကလူတွေအတွက် ဘာပြောချင်ပါသလဲ။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကျွန်မတို့တွေ တစ်ကယ်စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံပေါ်ပေါက်လာအောင် အားလုံးကြိုးပမ်း တည်ဆောက်နေပါတယ်လို့ ပြောချင်ပါတယ်။ သမ္မတဟာလည်း ရိုးသားတဲ့လူတစ်ယောက်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ သမ္မတအနေနဲ့ ပြုပြင်ပြောင်းလဲရေးကောင်းတွေကို ဖော်ဆောင်နိုင်လောက်အောင်လည်း အစိုးရတွင်းမှာ သူ့ကို ထောက်ခံမှုကောင်းကောင်း ရှိမယ်လို့ ယုံကြည်ပါတယ်။ စစ်တပ်ဘက်ကရော သမ္မတကို ဘယ်လောက်အတိုင်းအတာထိ ထောက်ခံမှုရှိလဲဆိုတာတော့ ကျွန်မ မသိပါဘူး။ ဒါပေမယ့် လုံလောက်တဲ့ အတိုင်းအတာတစ်ခုထိ ထောက်ခံမှုကို ရထားလိမ့်မယ်လို့တော့ ကျွန်မ ထင်ပါတယ်။



ဝေါလ်စထရိ ။ ။ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေ နောက်ပြန်ဆုတ်သွားစရာ ရှိပါသလား။

ဒေါ်အောင်ဆန်းစုကြည် ။ ။ နောက်ပြန်ဆုတ်သွားမယ့် အန္တရာယ်ကိုတော့ စောင့်ကြည့်နေကြရမှာပါပဲ။ ကြီးကြီးမားမား အန္တရာယ်ကိုတော့ မမြင်မိသေးပါဘူး။ ဒါပေမယ့် နိုင်ငံရေးဆိုတာကလည်း အပြောင်းအလဲတွေ အရမ်းမြန်တယ်ဆိုတာ မေ့ထားလို့ မဖြစ်ပါဘူး။

The Messenger