01 October 2011

အမျိုးသားရေးလှုပ်ရှားမှုကြီး စနေပြီ


အမိနိုင်ငံမှာ အပြောင်းအလဲများဖြစ်နိုင်တဲ့ အခြေအနေရှိနေပြီလို့ လက်ခံထားသူတဦးအနေနဲ့ နယ်ပယ်စုံက ဖြစ်ထွန်းမှု များ (Developments) ရဲ့လားရာ (Direction) အမြန်နှုန်း (Speed) နဲ့ သဏ္ဌာန်မျိုးစုံနဲ့ ပေါ်ပေါက်နေတဲ့ ပွတ်တိုက်အား (Frictions) များအပေါ် မျက်ခြေမပြတ်ရအောင် တတ်နိုင်သ၍ မျက်လုံးဒေါက်ထောက် ကြည့်နေမိပါတယ်။

စက်တင်ဘာ၂၇ ရက်နေ့က ကျင်းပခဲ့တဲ့ NLD ရဲ့ (၂၃) နှစ်မြောက် အခမ်းအနားမှာ ထုတ်ပြန်တဲ့ကြေညာချက် ၁၆/ ၁၉/ ၁၁ မှာရော သဘာပတိမိန့်ခွန်းမှာပါ NLD အဖွဲ့ဝင်အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုခံယူဖို့ အဓိက ထား ဖော်ပြထားတာတွေ့ရ ပါတယ်။ ဒါ့အပြင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ရဲ့ မိန့်ခွန်းမှာတော့ ဒေါ်အောင် ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုခံယူဖို့ ၅ ကြိမ်တိတိ တိုက်တွန်းပြောကြားသွားတာ တွေ့ရတော့ အဖွဲ့ချုပ် ခေါင်းဆောင်များ ရဲ့ အမျှော်အမြင်ကြီးမှု၊ အနစ်နာခံမှု၊ လိုအပ်လာရင် ပါတီအကျိုးထက် တိုင်းပြည်အကျိုးကို ပိုအလေးထားမှုတွေကို ရင်နဲ့ အမျှ တနင့်တပိုး နားလည်ခံစားမိတာမို့ နိုင်ငံရေးသာဓု အကြိမ်ကြိမ်ခေါ်မိကြောင်းပါ။

ယနေ့အချိန်ဟာ အင်မတန် သိမ်မွေ့ညင်သာတဲ့၊ အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။ NLD ပါတီဝင်များ ကတဆင့် ပြည်သူလူထုအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီရဲ့ မူလလုပ်ငန်းစဉ်များဖြစ်တဲ့ အာဃာတ ကင်း စင်ရေး၊ သင်ပုန်းချေရေး၊ အထွေထွေသဟဇာတဖြစ်ရေး၊ ရန်သူကိုမိတ်ဆွေဖြစ်ရေး အတွေးအခေါ်များကို စိမ့်ဝင်ပျံ့နှံ့စေ ပြီး တမျိုးသားလုံးပါဝင်တဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးများမှတဆင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပန်းတိုင်ဆီကိုအ ရောက် ခရီးဆက်ရမှာ ဖြစ်ပါတယ်။ ဒေါ်စုနဲ့ NLD အဖွဲ့ဝင်များသက်သက်သာ သည်လှုပ်ရှားမှုမှာ ပါဝင်မယ်ဆိုရင် ဘယ် နည်းနဲ့မှ လိုရာပန်းတိုင် ကို ရောက်မှာ မဟုတ် တာတော့ ဗေဒင်မေးစရာမလိုပါ။

ဒါကြောင့် ပြည်သူလူထုကို သည်လှုပ်ရှားမှုထဲမှာ ပါဝင်လာအောင် အခြေအနေများ ဖန်တီးရမှာ ဖြစ်ပါတယ်။ တကယ် တော့ ပြည်သူလူထုက ဘယ်သူ့ကိုမှစောင့်မနေပါ။ သူတို့ပါဝင်နိုင်တဲ့ လှုပ်ရှားမှုများမှတဆင့် သူတို့ပါဝင်လှုပ်ရှားနေကြ တာ အထင်အရှား တွေ့နေရပါပြီ။ တချို့က လူထုလှုပ်ရှားမှုမပါဘဲနဲ့ ဒီမိုကရေစီဖြစ်ထွန်းမှု မဖြစ်နိုင်ဘူးလို့ ဆိုကြပါတယ်။ လူထုလှုပ်ရှားမှုဆိုတာကို ဘယ်လိုအဓိပ္ပာယ်ဖွင့်ရမှာလည်းဆိုတာက ဒီနေရာမှာ မေးခွန်းဖြစ်ပါတယ်။ သူတို့ပြောတဲ့ လူထု လှုပ်ရှားမှုမျိုးမဟုတ်ပေမယ့် လူထုကြီးကတော့ လှုပ်ရှားနိုးကြားနေတာ နေရာအနှံ့မှာ တွေ့နေရပါတယ်။

သာဓကအနေနဲ့ တချို့အချက်အလက်တွေကို ပြောဖို့လိုမယ်ထင်လို့ ပြောရရင် ထွန်းဖောင်ဒေးရှင်း၊ ဂျူးဖောင်ဒေးရှင်း၊ Eco Dev နဲ့ မုံရွေး စာအုပ်တိုက်တို့က ဦးဆောင်ကျင်းပတဲ့ “သဘာဝပတ်ဝန်းကျင်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ” ခေါင်းစဉ်နဲ့ ဟောပြောပွဲကို ရန်ကုန် Park Royal ဟော်တယ်မှာ ကျင်းပတာ မှတ်မိကြမယ်ထင်ပါတယ်။ သည်ဟောပြောပွဲကို တက်ရောက်လာသူ တွေကို သိရသလောက် စာရင်းတို့ကြည့်ရင် ချစ်သုဝေ (အဆိုတော်၊ သရုပ်ဆောင်၊ ဆရာဝန်) ဦးပေါဟိန် (နာယကစက် မှုကုန်ထုတ်လုပ်မှုများအသင်း)၊ ဦးအေးလွင် (အတွင်းရေးမှူး – မြန်မာနိုင်ငံ ဘူမိသိပ္ပံ အ သင်း)၊ ဒေါ်နေရီဗဆွေ (နိုင်ငံရေး ပါတီ)၊ ဒေါက်တာဖုန်းဝင်း၊ ဆရာမောင်ဝံသ (ဝါရင့်သတင်းစာဆရာ)၊ ဦးသာဘန်း (ဝါရင့်နိုင်ငံရေးသမား)၊ ဦးအေးလွင်(ဗ ဟိုတရားရုံးရှေ့နေ)၊ ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်) တို့ပါတယ်လို့ ဆိုပါတယ်။ သတင်းအရင်းအမြစ်ကို လက် လှမ်းမမီတာမို့ ကျနော်သိသလောက်ပဲ ရေးနိုင်တာဖြစ်ပါတယ်။

နောက် စက်တင်ဘာ ၂၄ ရက်နေ့က ရန်ကုန်နာရေးကူညီမှုအသင်းမှာ ကျင်းပတဲ့ လူငယ်များနဲ့ ဧရာဝတီလှုံ့ဆော်ပွဲမှာ ဇေယျာသော်၊ လူမော်သက်၊ အနဂ္ဂ၊ ရန်ရန်ချမ်း၊ ရဲတိုက်၊ နေဆက်ပိုင်၊ ဆောင်းဦးလှိုင်၊ ကိုကီးကျန်၊ သားထွေး စတဲ့ ရုပ် ရှင်သရုပ်ဆောင်၊ အဆိုတော် အနုပညာရှင်များသာမက ကျော်သူ၊ ရွှေဇီးကွက်၊ ဦးအုန်း၊ ဦးသောဘိတ၊ ဒေါ်ဒေဝီသန့် စင်၊ ကိုရဲလွင်စတဲ့ စာရေးဆရာတွေ၊ ပညာရှင်တွေ၊ ရဟန်းသံဃာတွေ ပါလာတာ တွေ့ရပါလိမ့်မယ်။

သည်လှုပ်ရှားမှုတွေဟာ လမ်းပေါ်သပိတ်မှောက်ဆန္ဒပြမှုတွေထက်မနဲတဲ့ အဓိပ္ပာယ်သက်ရောက် မှုတွေရှိတယ်ဆိုရင် ဘယ်သူမှ အငြင်းပွားမယ် မဟုတ်ပါ။ (ဒီလိုပြောလို့ ခေတ်အဆက်ဆက် အာဏာရှင်စနစ်ကို အကြမ်းမဖက် လက်နက် မဲ့တိုက်ပွဲဝင်လာသူတွေရဲ့ စွန့်လွှတ်အနစ်နာခံမှု၊ ပေးဆပ်မှုတွေကို မလေးမစား ပြောတာမဟုတ်ပါ။) ပါဝင်ကြသူတွေကို ကြည့်လိုက်ရင် လူထု၊ လူတန်းစားအားလုံးကို ကိုယ်စားပြုနေသူတွေ ပါဝင်နေကြတာ သတိမူမိမှာပါ။

အနယ်နယ် အနှံ့နှံ့ မှာ စရိတ်စက အကုန်ခံပြီး ကျင်းပနေတဲ့ စာပေဟောပြောပွဲတွေမှာ ပြောကြ၊ ဟောကြတဲ့ စာရေးဆရာတွေရဲ့ ဟောပြော ချက်တွေကလည်း ပြည်သူတွေရဲ့ ရင်တွင်းခံစားချက်တွေကို ရာနှုန်းပြည့်ကိုယ်စားပြုနိုင်တာမို့ တိတ်ခွေတွေလည်း ရောင်း မလောက်ပါ။ သတင်းလွတ်လပ်ခွင့်မရှိသေးပေမယ့် ဒီနေ့ထုတ်ဂျာနယ်တိုင်းလိုလိုမှာ ဒေါ်အောင်ဆန်းစု ကြည်ဓာတ်ပုံနဲ့ သတင်းကို အလုအယက်ဖော်ပြနေတာ သတိပြုမိကြပါလိမ့်မယ်။ ရှစ်လေးလုံးအပြီး ဒီမိုကရေစီ လှုပ်ရှားမှုစိတ်ဓာတ် ပြည် သူတွင်းမှာ အထွဋ်အထိပ်ရောက်နေတဲ့ကာလမှာတောင် ဒါမျိုးမတွေ့ရဘူးပါ။

လူတိုင်းရဲ့ ပါးစပ်ဖျားမှာ ဒီမိုကရေစီဆိုတဲ့ စကားလုံးကို ရေရွတ်နေတဲ့အထိ လူထုကြားမှာ ကြောက်စိတ်တွေ တစထက် တစ လျော့လာ တာ၊ မြစ်ဆုံရေကာတာ စီမံ ကိန်းကို ပညာရှင်တွေ၊ စာပေနဲ့ အနုပညာရှင်တွေပါ ပါဝင်ကန့် ကွက်နေကြတာ၊ နောက်ဆုံးမှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌနဲ့ စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း (အမှတ် (၁) နှင့် အမှတ် (၂) စက်မှုဝန် ကြီးဌာနဝန်ကြီး) ကိုယ်၌ကို က “မြစ်ဆုံရေကာတာစီမံကိန်းကို ပြည်သူ့ဆန္ဒအတိုင်း အလေးပေးဆောင်ရွက်သွားမှာဖြစ် ကြောင်း” အလုပ်ရုံဆွေးနွေးပွဲမှာ ပြောကြားလာရတာတွေဟာ လူထုလှုပ် ရှားမှုကြီး ဖြစ်ပေါ် လာပြီဆိုတဲ့လက္ခဏာ (Symptom) တွေဖြစ်တယ်ဆိုရင် လွန်ရာကျမှာလား။

လူထုလှုပ်ရှားမှုကြီးဖြစ်နေပြီဆိုတာကို ထောက်ပြနိုင်တဲ့ အချက်အလက်များစွာရှိနေပေမဲ့ စာလေးမှာစိုးလို့ ဒါလောက်ပဲ သာဓကပြပါရစေတော့။ သည်မှာ အလေးအနက်ဆွေးနွေးချင်တာက သည်လူထုလှုပ်ရှားမှုကြီးဟာ အရင်နားလည်ထား တဲ့ လူထုလှုပ်ရှားမှုဆိုတဲ့ နယ်နိမိတ်ထက် အသွင်သဏ္ဌာန်ရော အနှစ်သာရပါ ကြီးမားကျယ်ပြန့်တယ်။ အမျိုးသားလက္ခ ဏာ ဆောင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။

ဥပမာ နိုင်ငံတော်သမတကြီးဟာလည်း သည်လှုပ်ရှားမှုထဲမှာ ဘဝအရပါနေတယ်လို့သုံးသပ်ရင် မင်းရူးနေသလားလို့ အ ပြစ်တင်ခံရဖွယ်ရှိပါတယ်။ နိုင်ငံတော်သမတကြီးဦးသိန်းစိန်ဟာ ၂၀၀၈ အခြေခံဥပဒေအရ “ကာလုံ” က ထိန်းချုပ် ထား တဲ့ အချုပ်ချယ်ခံ သမတ ဖြစ်နေပါတယ်။ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၁၉၉ (က) အရ “နိုင်ငံတော် အုပ်ချုပ်ရေး အကြီး အကဲသည် နိုင်ငံတော်သမတ ဖြစ်သည်” လို့ ညွှန်းဆိုထားပေမယ့် ကာလုံရဲ့ သဘောတူညီမှုနဲ့ ထောက်ခံချက်ယူ နေရ တာကို ပုဒ်မ ၂၀၄ (ခ) မှာ အထင်အရှားတွေ့ရပါတယ်။ သမတအခွင့်အရေး အပြည့်အဝမရတာ ဒီအချက်က သက်သေပြ နေပါတယ်။ သူတင်မက လွှတ်တော်အသီးသီးမှာ ရှိနေကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များကကော… သူတို့အခွင့်အ ရေးတွေ ဆုံးရှုံးနေကြသူတွေပါ။ ဒါ့အပြင် ဝန်ကြီးမင်းများကရော… သူတို့က ငဝက်ကျွန်ခံဇတ်ခင်းနေ ကြသူတွေပါ။

ခရိုနီလို့ခေါ်တဲ့ မောင်တေဇတို့၊ မောင်ဇော်ဇော်တို့ခင်ဗျာလဲ မြန်မာပြည်ဟာ စီးပွားရေး စနစ်ကို ပြုပြင် ပြောင်းလဲမှုမလုပ် ရင် Fail State ဖြစ်သွားနိုင်တာကြောင့် သူတို့ အခုရရှိနေတဲ့ အကျိုးစီးပွားများဟာ ရေပွက်ပမာ ဖြစ်သွားနိုင်တာကို ကောင်းကောင်းသိတာမို့ အိပ်ကောင်းခြင်း မအိပ်ရသူတွေ ဖြစ်ပါတယ်။ သနားစရာအကောင်းဆုံး အခွင့်အရေးဆုံးရှုံးတဲ့ အဖွဲ့ အစည်း ကတော့ ပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပါ။ အာဏာရပါတီ၊ ပါလီမန်မှာ အမတ်ဦး ရေအများဆုံးပါတီဆို ပေမဲ့ အစိုးရသတင်းစာတွေကလွဲလို့ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဘယ်သူကမှ သူတို့အကြောင်း စာတစောင်ပေတဖွဲ့မဖော်ပြ တာ (ကျနော့်လေ့လာမှု နည်းလို့လားတော့မသိ) မတွေ့ဖူးပါ။ ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်း ရေးမှူး ဦးဌေးဦးဆိုရင် NLD ပါတီကို တရားဝင်ပါတီအဖြစ်ရပ်တည်နိုင်အောင် အခြေအနေတွေကို ဖန်တီးနေပါတယ်ဆိုတာမျိုး အင်တာဗျူးတခုမှာ ပြောလာတာကို သတိမူမိပါတယ်။ ဘာကြောင့်ပဲ ဒီလိုပြောပြော အပြုသဘောဆောင် တာမို့ ကြိုဆိုရမှာပါ။ ဆိုလိုချင်တဲ့ သဘောကတော့ မြန်မာနိုင်ငံသူနိုင်ငံသားများဟာ သမတကြီးကအစ ထောင်ထဲက နိုင်ငံရေး အကျဉ်းသားများအထိ ရ သင့်တဲ့အခွင့်အရေးများ ဆုံးရှုံးနေတယ်ဆိုတာကို ထောက်ပြချင်တာဖြစ်ပါတယ်။

ဒါ့ကြောင့် Right Based Campaign များကိုအခြေအနေနဲ့အညီ အမျိုးသားရင်ကြားစေ့ရေးကို မထိခိုက်စေဖို့ဆိုတဲ့ အခြေ အနေအောက်မှာ အကောင်အထည်ဖော်ကြဖို့ရာ သမတကြီးအပါအဝင် နစ်နာနေသူအားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။သည် အခြေအနေအောက်မှာ မနစ်နာသူဆိုလို့ တဦးမှ မရှိပါ။ ကာကွယ်ရေးဦးစီးချုပ်ကအစ သာမန်တပ်သားလေးအဆုံး အား လုံးနစ်နာနေကြတာဖြစ်ပါတယ်။ သည်အခြေအနေက ဘယ်သူ့အတွက်မှ အကျိုးမရှိတာကို သိတဲ့လူတွေ တစတစနဲ့ များ စပြုလာပါပြီ။ ပိုပိုပြီး များသထက်များအောင် ကြိုးပမ်းရမှာက ပိုပြီးသိတဲ့သူတွေရဲ့ တာဝန်ပါ။

အစပျိုးနေတဲ့လူထုလှုပ်ရှား မှုကြီး (သည်နေရာကစပြီး လူထုလှုပ်ရှားမှုဆိုတာထက် အမျိုးသားလှုပ်ရှားမှု လို့သုံးပါမယ်) မှာ Activist တွေသာမက နယ်ပယ်အသီးသီးက၊ အလွှာအသီးသီးက အင်အားစုများအားလုံး ပါဝင်နိုင်တဲ့အခြေအနေကို ဖန်တီးရပါလိမ့်မယ်။ ဒေါ်စု လုပ်နေတာ ဒါဖြစ်တယ်လို့ ကျတော် ယုံကြည်တယ်။ သည် အမျိုးသားလှုပ်ရှားမှုကြီးမှာ NLD အဖွဲ့တွေ၊ နိုင်ငံရေးပါတီ တွေ၊ တိုင်းရင်းသားအဖွဲ့တွေဆိုတဲ့ ဒီမိုကရေစီဘက်တော်သားတွေအပြင် သာမန်ပြည်သူ လူထုတွေဖြစ်တဲ့ ပညာရှင်တွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ (ပါလည်းပါနေပါပြီ) သာမက အစိုးရအရာရှိကြီးတွေ၊ လွှတ်တော်ကိုယ်စား လှယ်တွေ၊ ပြည်ထောင်စု၊ ပြည်နယ်၊ တိုင်းဒေသကြီးတွေက ဝန်ကြီး၊ ဝန်လေးတွေက ပါနိုင်ဖို့ အခြေအနေကို တစထက်တစတိုးလို့ ဖန်တီးရပါမယ်။ သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ဦးစီးပဲ့ကိုင်ဟာ ဘယ်သူလဲဆိုတာတော့ မေးခွန်းထုတ်စရာမလိုပါ။ ဒေါ် အောင်ဆန်းစုကြည်ကလွဲလို့ တခြားမရှိပါ။ သမတကြီး ဦးသိန်းစိန်တို့လို ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် လိုလား သူများကိုလည်း တက်တက်ကြွကြွှနဲ့ ရှေ့တန်းက ပါဝင်နိုင်တဲ့အခြေအနေများကိုလည်း ဖန်တီးရမှာ ဖြစ်ပါတယ်။

ဒါဖြင့် သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ရည်ရွယ်ချက်ကဘာလဲလို့မေးစရာရှိပါတယ်။ ရှင်းပါ တယ်။ ဒေါ်စုပြောတာ ပြန် ပြောရရင် Regime Change မဟုတ်ပါ။ Value Change ဖြစ်ပါတယ်။ ပြည်သူလူထု အတွက် ပြည်သူလူထုကိုယ်တိုင် ကိုယ့်ရဲ့တန်ဖိုးတွေကိုနားလည်ရုံသာမက ကာကွယ်စောင့်ရှောက်နိုင်မယ့် စွမ်းပကားများအပြင် ကိုယ့်ရဲ့ တန်ဖိုးများကို နိုင်ငံတကာက ခေတ်ပြိုင်ပြည်သူတွေရဲ့ တန်ဖိုးများနဲ့ တန်းတူရည်တူ အခြေအနေကို ရောက်ရှိအောင် မြှင့်တင်ဖို့ပဲဖြစ် ပါတယ်။

ဘာကြောင့် ဒီလိုပြောပါသလဲ။ ပြည်သူက ဒီကနေ့အဓိကလိုအပ်နေတာဟာ အမျိုးသားဂုဏ်သိက္ခာ National Dignity ဖြစ်နေပါတယ်လို့ ကျတော် နားလည်နေမိလို့ပါ။ Regime Change တာ မချိန်းတာက သူတို့အတွက် ဒီလောက် အရေး မကြီးပါ။ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိတဲ့လူမျိုးအဖြစ် ရပ်တည်လိုတဲ့ အရှိန်ညီးညီးတောက်လောင်နေတဲ့ ပြင်းပြ တဲ့ဆန္ဒဟာ သည်ကနေ့ ဖြစ်ပေါ်နေတဲ့ အမျိုးသားရေးလှုပ်ရှားမှုကြီးကို မောင်းနှင်နေတဲ့ အဓိကမောင်းနှင်အား ဖြစ်ပါ တယ်။ ကျတော်တို့ လူမျိုးများဟာ နိုင်ငံတကာအလယ် ဘယ်လောက်ဂုဏ်သိက္ခာညှိုးနွမ်းနေရသလဲဆိုတာ အထူးပြော စရာမလိုပါ။ မြစ်ဆုံကိစ္စကို ဘာကြောင့် အင်တိုက်အားတိုက် ဆန့်ကျင်နေကြတာလဲ။ တိုင်းချစ်ပြည်ချစ်စိတ်က လှုံ့ဆော် လိုက်တာ ဖြစ်ပါတယ်။ သည်ကနေ့ ဗမာပြည်သူလူထု တောင်းဆိုနေတာက တိုင်းချစ်ပြည်ချစ်စိတ်က စေ့ဆော်လိုက်တဲ့ အမျိုးသားဂုဏ်သိက္ခာ (National Diginity) ပဲ ဖြစ်ပါတယ်။ ၁၉၀၅-၀၆ ကနေ ၁၉၂၀ လောက်မှာ ကြုံခဲ့ဖူးတဲ့ အမျိုးသား ရေးနိုးကြားမှုမျိုးပေါ်နေပြီလို့ ကျနော် ရဲရဲကြီးဆိုဝံ့ပါတယ်။ မြန်မာတွေ ဘယ်တုန်းကမှ မညံ့ခဲ့ကြပါ။ အရေးကြုံရင် သက် လုံကောင်းတဲ့လူမျိုးဖြစ်တယ်ဆိုတာ သမိုင်းအဆက်ဆက် သက်သေတည်ခဲ့ကြတာပါ။

သည်အမျိုးသားလှုပ်ရှားမှုကြီးဟာ အခုမှ အစပဲရှိသေးတယ်ဆိုတာ သတိမူမိစေချင်ပါတယ်။ သည်လှုပ်ရှားမှုဟာ နိုင်ငံ တကာဖြစ်စဉ် (Global Order) နဲ့ ဟန်ချက်ညီညီ ဖြစ်ပေါ်တိုးတက်ဖို့လည်း လိုပါတယ်။ အရေးကြီးဆုံးအချက်ကတော့ သည်အမျိုးသားလှုပ်ရှားမှုကြီးရဲ့ ဖြစ်စဉ်တလျှောက်မှာ အခြေအနေ အချိန်အခါနဲ့အညီ လတ်တလော ရည်မှန်းချက်များ (Immediate Objective) ကို သတ်မှတ်ရာမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ရဲ့ ပကတိလိုအပ်မှုကို ရှေ့ရှုတဲ့ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စံချိန်၊ စံညွှန်းများကို လုံးဝမထိခိုက်စေဖို့ သတိထားရမှာပါ။ ဒါ့အပြင် အ မျိုးသားအကျိုးစီးပွားဆိုတဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ပဲ့ကိုင်ကောင်းလိုပါတယ်။ သည်အမျိုးသား လှုပ်ရှားမှုကြီးရဲ့ ဦးစီးပဲ့ကိုင်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဒီနိုင်ငံကရယူပိုင်ဆိုင်ထားတာဟာ တိုင်းပြည်အတွက် အင်မတန် ကု သိုလ်ထူးတဲ့ ဒုလ္လဘတပါး ဖြစ်ပါတယ်။ သူမရဲ့ သီလ၊ သမာဓိ၊ ပညာခွန်အားများကို နိုင်ငံနဲ့ ပြည်သူအတွက် သာမက လူ သားထုတရပ်လုံးအတွက်ပါ အကျိုးပြုနိုင်မယ်ဆိုတာ သံသယမရှိပါ။

ကျနော့် တင်ပြချက်များဟာ အကောင်းမြင်ဆန်လွန်းတယ်။ စိတ်ကူးယဉ် ဒဏ္ဍာရီတပုဒ်၊ ဆောင်းတွင်းအိမ်မက်တခုလို့ မြင်ကောင်းမြင်နိုင်ပါတယ်။ ပျက်ရယ်ပြု ရယ်သွမ်းသွေးကောင်းသွေးနိုင်ပါတယ်။ မှန်ပါတယ်။ အခက်အခဲတွေ၊ ပြဿနာ တွေ တပုံတပင်ကြီးကို ရှေ့မှာ မနားတမ်း ဖြေရှင်းကြရဦးမှာပါ။ ရှေ့တလှမ်းတိုးပေမဲ့ နောက်နှစ်လမ်းဆုတ်တာမျိုးလဲ ကြုံ တွေ့ရမှာကို မျှော်လင့်ထားရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သည်လိုတွေ ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိနေလို့ သည်လို ပြောရတာဖြစ်ပါတယ်။ သည်လိုဖြစ်လာဖို့ဆိုတာက ဒေါ်စုနဲ့ NLD များလုပ်ရုံသက်သက်နဲ့ ဖြစ်လာနိုင်မှာ မဟုတ်ပါ။ သ ဘောတူသူကော၊ မတူသူကော စိတ်ခံစားမှုတွေ၊ နာကြည်းမှုတွေ၊ အတိတ်ရဲ့ ခါးသီးတဲ့ပုံရိပ်တွေ ကို ဘေးချိတ်ထားပြီး “ပြည်သူလူထုကို အလုပ်အကျွေးပြုရေး” ဆိုတဲ့စိတ်ဓာတ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတုမဲ့တဲ့ ခေါင်းဆောင်မှုအောက် မှာ (အရင် ရန်သူတွေကော၊ မိတ်ဆွေဟောင်းတွေပါ) ပါဝင်ဆင်နွှဲကြမယ်ဆိုရင် ပြည်သူလူထုလိုချင်တဲ့ အမျိုးသားရေး ဂုဏ်သိက္ခာဟာ နိုင်ငံတကာ အဆင့်အတန်းနဲ့အညီ မဝေးတော့မဲ့ကာလမှာ ဖွံ့ဖြိုးပေါ်ထွန်းလာရုံတင်မက ကျနော်တို့ နိုင်ငံ ကို စိန်ခေါ်နေတဲ့ လတ်တလောပြဿနာတွေကို အမျိုးသားသွေးစည်း ညီညွတ်ရေးခွန်အားနဲ့ ဖြေရှင်းနိုင် မှာဖြစ်တဲ့အပြင် နှစ်ဆယ့် တစ်ရာစုနှစ်ရဲ့ လူသားအားလုံးအပေါ် စိန်ခေါ်မှုတွေကိုပါ ကျွန်တော်တို့လူမျိုးများက ဂုဏ်သိက္ခာမြင့်မားစွာ ရှေ့ ဆုံးက ပါဝင်ဖြေရှင်းနိုင်လိမ့်မယ်လို့ ယုံကြည်လို့ သည်စာကို ရေးရပါတယ်။

ရေးသားသူ....မြင်းရည်တက်ဦးသာ

ကျောင်းထုတ်ခံရသည့် စတုတ္ထတန်းကျောင်းသူ ငါးရက်အကြာတွင် ကျောင်းပြောင်းတက်ခွင့်ရ

ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အလယ်တန်းကျောင်းတွင် ၂၀၁၁ - ၁၂ ပညာသင်နှစ် အတွင်း စတုတ္တတန်း တက်ရောက်နေသော ကျောင်းသူ မစိုးမြတ်သူသည် ဩဂုတ်လ ၂၃ ရက် နေ့၌ အဆိုပါကျောင်းမှ ကျောင်းထုတ် ခံခဲ့ရပြီးနောက် ယခုလ ၂၉ ရက်နေ့တွင် မရမ်းကုန်း အမှတ် (၁၀) အခြေခံပညာ မူလတန်းကျောင်း၌ ပြန်တက်ခွင့် ရခဲ့ကြောင်း ကျောင်းပြန်တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးသည့် မရမ်းကုန်း မြို့နယ် အမှတ် (၈) ရပ်ကွက်နေသူများနှင့် လူမှုရေးအဖွဲ့အစည်းဝင် အချို့၏ ပြောကြားချက်အရ သိရသည်။


" ကျောင်းအုပ်က ကလေးကို စာမေးပွဲမှာ သုညရအောင် ဖြေလို့ ထုတ်လိုက်တာ " ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးနေသူ အမှတ် (၈) ရပ်ကွက်နေ အသက် ၄၀ ကျော် အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

ကျောင်းသူ မစိုးမြတ်သူ၏မိခင် ဒေါ်ခင်ခင်သိန်းက ပြောကြားရာတွင် ၎င်း၏သမီး ကျောင်းထွက်လက်မှတ် ရရှိသည့်နေ့၌ မြို့နယ်ပညာရေးမှူးထံ သွားရောက် တိုင်တန်းခဲ့ကြောင်း၊ ဒေါသ အလျောက် ကျောင်းထုတ်ခဲ့ခြင်း ဖြစ်သောကြောင့် ပြန်နေပါက လက်ခံရန် ရှိကြောင်း အမှတ် (၁) ကျောင်းအုပ် ဆရာမကြီး၏ ပြောဆိုချက်ကို မြို့နယ်ပညာရေးမှူးက ပြန်လည် ပြောကြားကြောင်း ယခုလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းတွင် The Voice Weekly သို့ ပြောကြားသည်။

" ကျွန်မကို ဘယ်သူ့မှ ပြန်မပြောဖို့နဲ့ ကလေး ကျောင်းနေမယ်ဆို ပြန်လက်ခံဖို့ ပြောတယ်။ နောက်ပြီး စာရွက်အလွတ် တစ်ခုမှာ (မြို့နယ်ပညာရေးမှူး) က လက်မှတ်ထိုးခိုင်းတယ် " ဟု အဆိုပါ ကျောင်း၌ လွန်ခဲ့သော ၂ နှစ်ခန့်က ရေခဲထုပ် ရောင်းခဲ့သည့် မိခင် ဒေါ်ခင်ခင်သိန်းက ပြောပြသည်။

အဆိုပါ ကျောင်း၌ ကျောင်းအုပ်ဆရာမကြီး အပါအဝင် ဆရာ၊ ဆရာမပေါင်း ၃၀ နီးပါးခန့် ရှိကြောင်း၊ ယင်း ကျောင်းအုပ်ဆရာမကြီးသည် အလယ်တန်းကျောင်းအုပ်အဖြစ် သုံးခွမြို့၌ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင်းက လက်ရှိ တာဝန်ထမ်းဆောင်ရာ ကျောင်းသို့ အကြောင်းတစ်ခုဖြင့် ပြောင်းရွှေ့ခဲ့ရသည်ဟု သိရှိရကြောင်း ယင်းကျောင်း၌ ကျောင်းအကျိုးတော်ဆောင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ ဦးဝင်းနိုင်က ပြောဆိုသည်။

" အရမ်းဆိုးတယ်။ အပြောအဆို ကြမ်းတော့ ကျွန်တော့်တူတွေကို သွားမကြိုတော့ဘူး" ဟု အဆိုပါ ကျောင်း၌ တက်ရောက်နေသော ကျောင်းသား နှစ်ဦး၏ ဦးလေးဖြစ်သူ ဦးမိုးသူက ဆိုသည်။

ယခင်နှစ်က အဋ္ဌမတန်း တက်ရောက်ခဲ့သည့် မိမိ၏ သားဖြစ်သူသည်လည်း စာမေးပွဲကျခြင်းကြောင့် ယခုကဲ့သို့ပင် ကျောင်းထုတ်ခဲ့ရကြောင်း မစိုးမြတ်သူ၏ မိခင်ဒေါ် ခင်ခင်သိန်းက သားသမီးများ၏ အဖြစ်ကို ဝမ်းနည်းစွာ ပြောဆိုသည်။

ထိုကိစ္စနှင့် ပတ်သက်၍ မြို့နယ်ပညာရေးမှူးထံ တရားဝင် တိုင်စာဖြင့် တိုင်းကြားရာ ယခုလ ၂၆ ရက်နေ့က အဆိုပါ ပညာရေးမှူးထံက ပြန်ကြားစာ လက်ခံရရှိခဲ့ကြောင်း၊ ပြန်ကြားစာတွင် အမှတ် (၃) အခြေခံပညာ ဦးစီးဌာနက ယခုလ ၂၆ ရက်နေ့တွင် လာရောက် စစ်ဆေးမည်ဟု အကြောင်းကြားခဲ့ကြောင်း ဒေါ်ခင်ခင်သိန်းက ရှင်းပြသည်။

" အခု ၂၆ နဲ့ ၂၇ ရက်မှာ လာစစ်တယ်။ ကလေးကို အ.မ.က (၁၀) မှာ ပြန်အပ်ပေးတယ် " ဟု ဆိုသည်။

The Voice Weekly အနေဖြင့် မြို့နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်ရန် ကြိုးစားသော်လည်း ယခုလ ၂၉ ရက်နေ့အထိ တာဝန်ရှိသူနှင့် အဆက်အသွယ် မရဘဲ ရှိသည်။

" မေးချင်တာကို စာနဲ့တင်ပြီး မေးပါ" ဟု ရန်ကုန်တိုင်း ဒေသကြီး အမှတ် (၃) အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး အခန်းရှိ ဝန်ထမ်းတစ်ဦးက ယခုလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ပြောကြားသည်။

" ကျောင်းစည်းကမ်း မလိုက်နာလို့ ကျောင်းထုတ်တာ မဟုတ်ဘူး၊ စာမလိုက်နိုင်လို့ ကျောင်းထုတ်တာ။ ဒါဟာ ဥပဒေမှာ မရှိဘူး" ဟု ၎င်းတို့ မိသားစု၏ အရေးအား ဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည့် အသက် ၅၀ ကျော် အရွယ် ရှေ့နေအမျိုးသားက ဆိုသည်။

မစိုးမြတ်သူသည် ထိုကျောင်း၌ သူငယ်တန်းကို ၂၀၀၇ ခုနှစ်မှ စတင်တက်ရောက် သင်ကြားခဲ့ပြီး ၂၀၁၁ ခုနှစ် တွင် စတုတ္ထတန်း၌ ပညာသင်ကြား လျက်ရှိသည့် ၂၀၁၁ - ၁၂ ပညာသင်နှစ် ဩဂုတ်လတွင် ကျောင်းခေါ်ချိန်၊ ကျောင်းစည်းကမ်း၊ သန့်ရှင်းစွာ နေထိုင်ခြင်း၊ စစ်ဆေးမှု မှန်ကန်ခြင်း၊ အားကစားနှင့် ကာယလှုပ်ရှားမှု စသော အကဲဖြတ်မှတ်တမ်းများ၌ 'A' အဆင့် ရရှိသော် လည်း ကျောင်းမှ ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းသို့ ကျောင်းထုတ်ပယ်ခြင်း ဆောင်ရွက်ခဲ့သူ ကျောင်းအုပ်ဆရာမကြီးက " ကျွန်မ ပညာရေးဌာနနဲ့ ရှင်းပြီးသွားပြီရှင့် " ဟု အဆိုပါကိစ္စနှင့် ပတ်သက်၍ ယခုလ ၂၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ် အချိန်ခန့်က တံခါးပိတ်ထားသော ကျောင်းတံခါး၏ အတွင်းဘက်၊ ကျောင်းဝင်း၏ ဘယ်ဘက်နှစ်ထပ် စာသင်ဆောင်၏ အောက်ထပ်စင်္ကြံ လမ်းတစ်ဝက်မှ The Voice Weekly သို့ အော်၍ ဖြေရှင်းသည်။

" သမီးက အဲဒီကျောင်းမှာ သူငယ်ချင်း မရှိဘူး။ သူငယ်ချင်းတွေ ဟိုမှာ ကျန်ခဲ့တယ် " ဟု ကျောင်းထုတ်ခံရကာ ချက်ချင်း ကျောင်းပြောင်းခဲ့ရသည့် မစိုးမြတ်သူက ငေးငိုင်သော အမူအရာဖြင့် ပြောဆိုသည်။

ရန်ကုန် တက္ကသိုလ်မှ လက်ထောက် ကထိကဖြစ်သူ အသက် ၄၀ အရွယ်ရှိ ဆရာမတစ်ဦးကို ယင်းကိစ္စနှင့် ပတ်သက်၍ ပြောကြားရာတွင် ကျောင်းထုတ်ခဲ့သော ကျောင်းမှ ကျောင်းအုပ်ဆရာမကို ထောင်တန်းကျသည်
အထိ မလုပ်စေချင်ကြောင်း၊ ၎င်း၏အဖြစ်ကို ကိုယ်တိုင်သိပြီး ယခုကဲ့သို့ မလုပ်ပါဟူသော ဝန်ခံကတိရပြီး မိဘများကို ပြန်တောင်းပန်သည့် အခြေအနေမျိုး ဖြစ်စေချင်ကြောင်း၊ ၎င်းဆရာမကြီး အနေဖြင့် ပင်စင်ယူတော့မည့်သူ တစ်ဦး ဖြစ်သည့်အပြင် ၎င်း၌ ယခုကဲ့သို့ ဒေါသဖြစ်လောက်စရာ စိတ်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုများ၊ အခြား စိတ်ခံစားမှုများလည်း ရှိနေနိုင်သောကြောင့် ၎င်းအပေါ် ယင်းကိစ္စများကိုလည်း ထည့်သွင်း စဉ်းစားသင့်ကြောင်း The Voice Weekly သို့ ယခုလ ၂၈ ရက်နေ့ ည ၈ နာရီခန့်က သုံးသပ် ပြောကြားသည်။

အမှတ် (၁) အလယ်တန်းကျောင်းမှ ထွက်ခဲ့ရသော မစိုးမြတ်သူသည် ကျောင်းထုတ်ခံရသည့် ၂၃ - ၈ - ၂၀၁၁ ရက်နေ့အထိ ကျောင်းခေါ်ချိန်ပေါင်း ၁၁၆ ချိန်အနက် ၁၁၀ ရရှိပြီး ထွက်ကြောင်းနှင့် ကောင်းသောအကျင့် စာရိတ္တနှင့်ထွက်ကြောင်း ယင်းကျောင်း၏ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းမြင့်၏ လက်မှတ်ပါ ဩဂုတ်လ ၂၃ ရက်နေ့စွဲတပ် ကျောင်းထွက်လက်မှတ်အရ သိရသည်။

ပညာရေး ဝန်ကြီးဌာန၏ အဓိကကျသော ပညာရေး ရည်မှန်းချက်ဖြစ်သည့် ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားရေးနှင့် မူလတန်း ပညာကို မသင်မနေရ အခမဲ့ ပညာသင်ကြားရေး စနစ်ကို နိုင်ငံတစ်ဝန်း အကောင်အထည် ဖော်နေသော အခါသမယဖြစ်ရာ ယင်းကိစ္စသည် ထိုဝန်ကြီးဌာန၏ ပညာရေး မျှော်မှန်းချက်များကို ဆန့်ကျင် စိန်ခေါ်နေသည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ် မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း အလုပ်အမှုဆောင် အမျိုးသားတစ်ဦးက သုံးသပ် ပြောကြားသည်။

ယင်း ကျောင်းအုပ်ဆရာမကြီးသည် ကျေင်းသားများအား ဖိနပ်ဖြင့် ရိုက်ခြင်း၊ မိမိအင်္ဂါကို ပုတ်ပြခြင်း၊ ကျောင်းသားငယ်များကို နေပူလှန်းခြင်း၊ ကျောင်းဆင်းချိန်၌ ပြန်မလွှတ်ခြင်းများ ပြုလုပ်သည့်အပြင် နိုင်ငံတော်အစိုးရက အခမဲ့ ကျောင်းအပ်နိုင်ရေး စီမံဆောင်ရွက် ခဲ့သော်လည်း ၎င်းအနေဖြင့် စာအုပ်ဖိုး ကောက်ယူခြင်းများလည်း လုပ်ဆောင်ခဲ့ကြောင်း ကျောင်းသားမိဘများ၏ ပြောကြားချက်နှင့် ယင်းကိစ္စအား လိုက်ပါ ဆောင်ရွက်နေသည့် ရှေ့နေနှင့် နီးစပ်သော အသိုင်းအဝိုင်းထံမှ စုံစမ်း မေးမြန်းထားချက်အရ သိရသည်။

သတင်း... TheVoicemyanmar

ဒုတိယနိုင်ငံရေး ခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့ ခရီးထွက်ခွာမည်..




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ် နိုင်ငံရေးခရီးစဉ်အဖြစ် မန္တလေးမြို့သို့ ထွက်ခွာရန် ရွေးချယ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့အား မိုးအကုန် ပွင့်လင်းရာသီအစတွင် ထွက်ခွာရန် ရှိကြောင်း ယင်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

"အခုကတော့ ခရီးထွက်ဖို့ လုံခြုံရေး အစီအစဉ်တွေပြင်ဆင် နေတုန်းပဲရှိပါသေးတယ်"ယင်းက ဆိုသည်။

နိုင်ငံရေးခရီးစဉ်အဖြစ် ထွက်ခွာရန်အတွက် လိုအပ်သည့် လုံခြုံရေးအစီအစဉ်များကို အာဏာပိုင်များနှင့်လည်း ညှိနှိုင်းတိုင်ပင်နေရကြောင်း သိရသည်။

မန္တလေးမြို့သည် သမိုင်းအစဉ်အလာကြီးမားသည့်အပြင် မြို့ခံလူထုသည်လည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အစဉ်အဆက် အားပေးခဲ့သည့်မြို့ ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် မန္တလေးမြို့သို့သွားရန် ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လကလည်း နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်အပြီး ပထမဆုံး နိုင်ငံရေးခရီးစဉ် အဖြစ်ပဲခူးမြို့နှင့် သနပ်ပင်မြို့သို့ သွားရောက်ခဲ့ပြီး ပြည်သူလူထုသည် NLD ပါတီနှင့်အဆက်အသွယ် မပျက်ကြစေရန်နှင့်အစဉ်အဆက် ထောက်ခံကြပါရန် မိန့်ခွန်းပြောကြား ခဲ့သည်။

NLD ပါတီ ပြန်လည်မှတ်ပုံတင်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ဒေါ်အောင်ဆန်းစုကြည် ခရီးထွက်ခွာခြင်းသည် အစိုးရနှင့် သိသာထင်ရှားသော ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်ထားခြင်း၏ အကျိုးဆက်ဟု ခန့်မှန်းနိုင်ကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူ အသိုင်းအဝိုင်းက သုံးသပ်ကြသည်။

သတင်း.... YC

ထိုင်းဝန်ကြီးချုပ် မြန်မာခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိ

(The Nation မှ 30 Sept 2011 ရက်စွဲပါ “PM has no plan to meet Suu Kyi on Burmese Trip” သတင်းကို Y C မှ ဘာသာ ပြန်ဆိုသည်)

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်ထရာသည် မြန်မာနိုင်ငံသို့ လာမည့် ဗုဒ္ဓဟူးနေ့တွင် သွားရောက်မည် ဖြစ်ကြောင်း အစိုးရ သတင်း ရပ်ကွက် က မနေ့က ပြောကြားလိုက်သည်။

ဝန်ကြီးချုပ် နေပြည်တော်သို့ သွားရောက်မည့် ခရီးစဉ်အတွက် ဘန်ကောက်မှ မွန်းလွဲပိုင်းတွင် ထွက်ခွာမည်ဟု ဆိုသည်။ ဝန်ကြီးချုပ် ယင်းလပ် သည် မြန်မာသမ္မတဦးသိန်းစိန်နှင့် ဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ပြီး ဖျက်သိမ်းထားသော နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေထံသို့လည်း သွားရောက် တွေ့ဆုံ နှုတ်ဆက်မည်ဟု သိရှိရသည်။

ယင်းလပ်သည် ဥပ္ပါတသန္တိ စေတီတော်ကိုလည်း သွားရောက်ဖူးမျှော် မည် ဖြစ်သော် လည်း မြန်မာအတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံရန် အစီအစဉ်မရှိသေးဟု အဆိုပါ သတင်းရပ်ကွက်က ဆိုသည်။

ယခုခရီးစဉ်သည် သူမ အာဏာရလာပြီးနောက် အိမ်နီးချင်း ၂ နိုင်ငံ ဆက်ဆံရေး ခိုင်မာအောင် ပုံမှန်သွားရောက် လည်ပတ်ခြင်း ဖြစ်သည်ဟု အစိုးရ တာဝန်ရှိသူက ဆိုသည်။

အာဆီယံခေါင်းဆောင်သစ်တို့၏ ထုံးစံအတိုင်း ယင်းလပ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင်များထံ နေ့ချင်းပြန် ခရီးစဉ်များ သွားရောက်ပြီး နှုတ်ဆက်လျက် ရှိရာ အောက်တိုဘာ ၁၁ တွင် မလေးရှား၊ အောက်တိုဘာ ၁၂ တွင် စင်ကာပူနှင့် အောက်တိုဘာ ၁၉ မှ ၂၁ ထိ တရုတ်နိုင်ငံ (အာဆီယံ အဖွဲ့ဝင် မဟုတ်) တို့သို့ သွားရောက်ရန် ရှိသည်ဟု တာဝန်ရှိသူက ပြောကြားသည်။

ယင်းလပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အလမ်းကို ကြိုးစားဖွယ်ရှိသည်ဟု မီဒီယာများက မှန်းဆနေကြ သော်လည်း ယင်းသတင်းကို အတည်ပြုမည့်သူ မရှိပါ။

ဇူလိုင် ၃ ရက် ရွေးကောက်ပွဲကို ယင်းလပ် အနိုင်ရရှိချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုစကား ပြောကြားခဲ့ပြီး ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် အနေဖြင့် မြန်မာ့ဒီမိုကရေစီ ကြိုးပမ်းမှုကို ထောက်ခံ အားပေးလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော်သမ္မတကြီး တွေ့ဆုံရန်မရှိသေး

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးသည် လတ်တလော တွေ့ဆုံရန် မရှိသေးကြောင်း သိရသည်။

“လောလောဆယ်တော့ သမ္မတကြီးနဲ့ ချိန်းထားတာ မရှိသေးပါဘူး”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

စက်တင်ဘာ ၃၀ရက်က ရန်ကုန်မြို့ရှိ နိုင်ငံတော်ပိုင် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည် တို့နှစ်ဦး တွေ့ဆုံဆွေးနွေးပြီးနောက် ပြည်တွင်းသတင်းထောက် တစ်ဦး၏ နိုင်ငံတော်သမ္မတကြီးနဲ့ တွေ့ဆုံရန် ရှိ၊မရှိဟူ သည့် မေးမြန်းချက် ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြား လိုက်ခြင်း ဖြစ်သည်။

နေပြည်တော်တွင် ပြုလုပ်ခဲ့သော အမျိုးသားအဆင့် စီးပွားရေးအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနေချိန်တွင် သမ္မတ ကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ နိုင်ငံတော် သမ္မတရုံးခန်းတွင် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့သည်။

ယခု ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် ပြည်သူအများက ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်
ငံတော် သမ္မတကြီး ပြန်လည် တွေ့ဆုံမည်ကို မျှော်လင့်နေကြောင်း မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုသည်။

“အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ဖို့ကလည်း လိုအပ်နေတဲ့ အချိန်ဆိုတော့ ဒေါ်အောင်ဆန်းစုကြည် ရယ် သမ္မတကြီးရယ် တွေ့ဆုံပြီး ထွက်လာမယ့် သတင်းကောင်းကို ကြားခြင်နေတဲ့သူ များပါတယ်”ဟု လွှတ်တော်တွင်းရောက် နိုင်ငံရေးပါတီတစ်ခု၏ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကဆိုသည်။

သတင်း...YC(KS)

မြန်မာနိုင်ငံတွင်အမျိုးသမီး အခန်းကဏ္ဍ အရေးကြီးလာ ကြောင်း ဒေါ်အောင်ဆန်းစုကြည်ဆို


မြန်မာနိုင်ငံတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာ အရေးကြီး လာကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ နိုင်ငံရေးကို မိန်းကလေးတွေ မလုပ်သင့်ဘူး ဆိုတဲ့ အမြင်မျိုး ရှိခဲ့တယ်။ ဒါဟာ အခုတော့ အများကြီး ပြောင်းလာပြီ။ တချို့နေရာတွေမှာ မိန်းကလေးတွေက ပိုတော်တယ်။ ပိုထူးခြားတယ်ဟု ဒေါ်အောင်ဆန်း စုကြည်က သူမ၏ မှတ်ပုံ မတင်ရသေးသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံး၌ ပြောဆိုခဲ့သည်။

သူမ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ဖွဲ့စည်း စဉ်က ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီတွင် ဒေါ်အောင်ဆန်းစုကြည် တစ်ဦး တည်းသာ အမျိုးသမီး တစ်ဦး အဖြစ် ပါဝင်ခဲ့ကာ ထိုအချိန် နိုင်ငံရေးတွင် ပါဝင်ပတ်သက်လိုသူ အမျိုးသမီး နည်းပါး ခဲ့သော်လည်း ယခုအခါ နိုင်ငံရေး တွင် ပါဝင် ပတ်သက်သူ အမျိုးသမီး များပြား လာခဲ့ကြောင်း သူမကဆိုသည်။

နာရေးကူညီမှု အသင်း (ရန်ကုန်)တွင် ဦးဆောင်သူ တစ်ဦးအဖြစ် ပါဝင် လှုပ်ရှားနေသူ ဒေါ်ရွှေဇီးကွက် ကလည်း အမျိုးသမီးတွေက အလှအပမှာ တင် ဂရုစိုက်တာ မဟုတ်ဘဲနဲ့ အများအတွက် ဂရုစိုက်တာမျိုး ဖြစ်စေချင် တယ်။ မေတ္တာပဲလိုချင်တာမျိုး မဟုတ်ဘဲနဲ့ အဲ့ဒီအဆင့်ထက် ကျော်ပြီး ကိုယ်ကပေးနိုင်တဲ့ အဆင့်မျိုးကို ရောက်အောင်ကြိုးစားရမယ်ဟုဆိုသည်။

မြန်မာနိုင်ငံတွင်လက်ရှိ အခြေအနေအရ အမျိုးသမီးများ အလုပ်မလုပ် ပါက အိမ်ထောင်တစ်ခုတွင် စားဝတ်နေရေးအဆင်မပြေနိုင်တော့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသည်။ဒါပေမယ့် အမျိုးသမီးကလည်း အလုပ်လုပ်တယ်။ အမျိုးသားက လည်း အလုပ်လုပ်တယ်။ အိမ်ပြန်လာတော့ ထမင်းချက်စားတော့ အမျိုး သမီးကပဲချက်ရတယ်။

အမျိုးသမီးကိုယ်တိုင်ကလည်း ဒီဟာကို ပြောင်းလဲ အောင်လုပ်ရမယ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။ အချို့ ဒီမိုကရေစီနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် အမျိုးသမီး များကို အမျိုးသားများထက် ဦးစားမပေးဘဲ ခွဲခြားဆက်ဆံမှုများရှိနေသေး သည်ကို နိုင်ငံတကာ ရုပ်သံသတင်းများနှင့် သတင်းစာများတွင် ဖော်ပြ လျက် ရှိသည်။

သတင်း..... Venus News Journal.။

30 September 2011

ယနေ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည်တို့တွေ့ဆုံဆွေးနွေးပွဲ(အသံဖိုင်)

Lady meet U Aung Kyi-30-9-11 by myatlayngon88

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြားဖြတ် ရွေးကောက်ပွဲဝင်၊မ၀င် ပါတီအမှုဆောင်အဖွဲ့နှင့် တိုင်ပင်ရဦးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား..


တွေ့ဆုံမှုအပြီး မီဒီယာများနှင့်တွေ့ဆုံနေသည့်ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်


လာမည့်ကြားဖြတ်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ဝင်ရောက်ရန် ပါတီအမှုဆောင်အဖွဲ့နှင့် တိုင်ပင်ရဦးမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ကပြောကြားသည်။

ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၀င်ရောက်နိုင်ရန်အစိုးရဘက်မှမူဝါဒရေးရာပြင်ဆင်ပေးခဲ့ပါက ၀င်ရောက်ရန် ရှိ မရှိ သတင်းထောက်တစ်ဦး၏မေးမြန်း ချက်ကို ဒေါ်အောင်ဆန်းစုကြည်ကအထက် ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

ဦးအောင်ကြည်ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဥပဒေနှင့်အညီမှတ်ပုံတင်ပြီးပါက ပါတီနှင့်လက်တွဲဆောင်ရွက်သွားရန်ရှိကြောင်းဖြေကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကိုယ်စားလှယ်ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်တို့ ၁နာရီကျော်ကြာတွေ့ဆုံခဲ့ပြီး မီဒီယာများ၏မေးမြန်းချက်ကို အထက်ပါအတိုင်းဖြေကြားခဲ့ကြခြင်းဖြစ်သည်။

တွေ့ဆုံမှုတွင်ဧရာဝတီမြစ်ကြောင်း ထိန်းသိမ်းရေး အတွက်နှစ်ဖက်ပူးပါင်းဆောင်ရွက်နိုင်ရေးကိစ္စ ၊နိုင်ငံတော်
သမ္မတကလွတ်ငြိမ်ချမ်းသာခွင့်ပေးရန်စဉ်း စားဆောင်ရွက်နေသည့်ကိစ္စနှင့် လက်နှက်ကိုင် ကိစ္စ နှင့်ပြည်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စ တို့ကိုဆွေးနွေးခဲ့ကြောင်း ဦးအောင်ကြည်ကကြေငြာချက်တွင်ထည့်သွင်းဖတ်ကြားသည်။

ယနေ့နံနက်ပိုင်းကပင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြစ်ဆုံးစီမံကိန်းကို ၄င်းအစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း နေပြည်တော်တွင်ကျင်းပနေသောလွှတ်တော်နှစ်ရပ်သို့ သ၀ဏ်လွှာပေးပို့အသိပေး အကြောင်းကြားခဲ့သည်။

ယခုတွေ့ဆုံမှုသစ်အစိုးရသစ်လက်ထက် ဦးအောင်ကြည်နှင့် တတိယမြောက်တွေ့ဆုံမှုဖြစ်ပြီး နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့်ဒေါ်အောင်ဆန်းစုကြည် တို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုအပြီး တွေ့ဆုံဆွေးနွေးမှု များငြိမ်သက်သွားခဲ့ရမှာ ယခုဦးအောင်ကြည်နှင့် စိမ်းလဲ့ကန်သာဧည့်ဂေဟာတွင် နေ့လည် ၁နာ၇ီမှ ၂ နာရီ ၁၇ မိနစ်အထိတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

သတင်း..7Day News Journal

ဦးသိန်းစိန် ယနေ့ပေးပို့သော သ၀ဏ်လွှာ အသံဖိုင်

Thein Sein lies for Irrawaddy by myatlayngon88

၁၂ နှစ်သမီးဘဝ ဒေါ်အောင်ဆန်းစုကြည် ၏ အမှတ်တရ တခု။


A girl without eyes can hear;
A girl who is deaf can see what is near
A girl without clothes will feel quite cool
A girl without ambition is just like a fool.


ကို ဒီမိုဖက်တီး facebook ပြန်လည်ဝေမျှလိုက်ပါသည်.။

တိုင်းပြည်အကျိုးဆောင်ရွက်ရာ၌ နစ်နာသည်ဟု စိတ်ထဲတွင် မထားစေချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အဖွဲ့ဝင်များသည် ပြည်သူ့အကျိုး၊ တိုင်းပြည်အကျိုး၊ ယုံကြည်ချက်အတွက် လုပ်ဆောင်ရာတွင် အနစ်နာခံရသည် ဟူသော အတွေးကိုစိတ်ထဲတွင် မထားစေချင်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

“ဘာဖြစ်လို့လဲဆိုတော့ လက်စားချေခြင်တဲ့စိတ်တွေ မကျေနပ်တဲ့စိတ်တွေတစ်ခါတည်းပေါ်လာမှာ မို့လို့ပါ။” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

စက်တင်ဘာ ၂၇ရက်နေ့တွင် ရွေဂုံတိုင်ရှိ NLD ရုံးချုပ်တွင်ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃နှစ် ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

၎င်းအပြင် ၂၃နှစ်တာကာလအတွင်း အဖွဲ့ချုပ်သည် အာဏာပိုင်များ၏ နည်းမျိုးစုံ ဒုက္ခပေးမှုကို ကောင်းကောင်း ခံခဲ့ကြရကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

“ကျွန်မတို့ဟာ တလျှောက်လုံးသတ္တိကို လိုအပ်ခဲ့သူတွေပါ အင်မတန်မှခံခဲ့ရတဲ့ အဖွဲ့ချုပ်ပါ အမျိုးမျိုးဒုက္ခတွေကို ခံခဲ့ရပါတယ် ဒါပေမဲ့ဒီလိုခံခဲ့ရပေမဲ့ ကျွန်မကတော့ အကြံတစ်ခုပေးချင်တယ် ကျွန်မကိုယ်တိုင်ကလည်း ဒီလိုခံခဲ့တာကို အနစ်နာခံတယ်လို့ မခံယူပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

NLD သည်စတင်တည်ထောင်စဉ်ကတည်းက ညီညွတ်ရေး၊ စည်းကမ်းရှိရေးနှင့် သတ္တိရှိရေးတို့ကို ရှေးရှုကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ညီညွှတ်မှုကို စည်းကမ်းနဲ့ ထိန်းကြရမည်၊ စည်းကမ်းဘောင်အတွင်း၌ လုပ်ဆောင်နိုင် သူများသာ ညီညွတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မိမိရွေးချယ်ခဲ့သော လမ်းကြောင်းကိုကြေနပ်ကြောင်း၊ ခံခဲ့ရသည်များသည် မိမိရွေးချယ်မှုကြောင့် ခံခဲ့ရသည်ဖြစ်သည့် အတွက် နစ်နာခံရသည်ဟု မခံယူခဲ့ကြောင်းပြောကြားသွားခဲ့သည်။

သတင်း... Peace Press

လူရွှင်တော် ဇာဂနာ အကျဉ်းထောင်မှလွတ်ပြီဟု သတင်းထွက်ပေါ်

မြစ်ကြီးနားအကျဉ်းထောင်တွင် ထောင်ဒဏ် ၃၅ နှစ်ကျခံနေရသော လူရွှင်တော်ဇာဂနာ (ခ) ကိုသူရသည် အကျဉ်းထောင်မှ လွတ်မြောက်လာပြီ ဖြစ်ကြောင်း ယင်း၏အကို ဦးတေဇအောင်က ရန်ကုန်ခရော်နီကယ်သတင်းလွှာသို့ စက်တင်ဘာ ၂၉ ရက်နေ့လယ်တွင် ပြောကြားသည်။

“သူရက မနေ့က ထောင်ကလွတ်ပြီး၊ မန္တလေးကို ရထားနဲ့ဆင်းလာတာ။။အခုမန္တလေးမှာ ရောက်နေတယ်။ မန္တလေးကနေ ရန်ကုန်ကို မနက်ဖြန်လောက် ရောက်မယ်”ဟုယင်းကဆိုသည်။

သို့သော် လူရွှင်တော်ဇာဂနာသည် မန္တလေးမှ ရန်ကုန်သို့ မည်သည့်လမ်းကြောင်းဖြင့် ပြန်လာမည်ကို သိရှိထားခြင်း မရှိကြောင်း ဦးတေဇအောင်က ဆက်လက်ပြောသည်။

သို့သော် ဇာဂနာ၏ခယ်မ ဖြစ်သူ မငြိမ်း(ခ) ဒေါ်စန္ဒာမှ ကိုဇာဂနာသည် စက်တင်ဘာ ၂၉ ရက်နေ့လယ်အထိ မြစ်ကြီးနားထောင်တွင် ရှိနေသည်ကို ထောင်ဆရာဝန်မှ တွေ့ခဲ့ရကြောင်း ပြောသည်။

“ကိုသူရလွတ်ပြီကြားလို့ မြစ်ကြီးနားက အသိတစ်ယောက်ကို ထောင်ကိုသွားကြည့်ခိုင်းတော့ ထောင်ဆရာဝန်က မလွတ်သေးဘူး။ အထဲမှာ ရှိတယ်လို့ ပြောတယ်”ဟု ဆက်လက်ပြောကြားသည်။

ပြည်ပအခြေစိုက် သတင်းဌာနတစ်ခုဖြစ်သည့် လွတ်လပ်သည့်အာရှ အသံကလည်း လူရွှင်တော်ဇာဂနာသည် မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်မြောက်လာပြီး၊ စက်တင်ဘာ ၂၀ တွင် ရန်ကုန်ရှိ၎င်း၏ နေအိမ်သို့ ထောက်လှမ်းရေးအဖွဲ့ဝင်များမှ သွားရောက်အပ်နှံမည် ဖြစ်ကြောင်း နေပြည်တော် အသိုင်းအဝန်း၏ ပြောဆိုချက်ကို ကိုးကား၍ဖော်ပြထားသည်။

“ထောက်လှမ်းရေးတွေ ကိုယ်တိုင်၊ ကိုယ်ကျ လာအပ်မယ်ဆိုရင်လည်း အခုချိန်ဆိုရင်တော့ ကျွန်မတို့ကို အကြောင်းကြားသင့်ပါပြီ။”ဟု မငြိမ်းကဆိုသည်။

လူရွှင်တော်ဇာဂနာ အကျဉ်းထောင်မှ လွတ်မြောက်လာသည့် သတင်းမှန်ကန်ပါက ကုလသမဂ္ဂ၏ ၆၆ ကြိမ်မြောက် ညီလာခံတွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဍမာင်လွင် ပြောကြားသွားသည့် အကျဉ်းသားများ ဆက်လက် လွတ်ပေးရန်ရှိသည် ဆိုသည်ကို ယုံကြည်ရမည် ဖြစ်ကြောင်း ပြည်ပရောက် မြန်မာ့အရေး လှုပ်ရှားသူတစ်ဦးက သုံးသပ်ပြောကြားသည်။

“အစိုးရက ခြေလှမ်းတစ်လှမ်းစဖို့သာ လိုနေတာပါ” ဟု ယင်းကသုံးသပ်ပြောကြားသည်။

လူရွှင်တော် ဇာဂနာ အကျဉ်းကျခံရမည့် နှစ်များကို တွက်ကြည့်ပါက အကျဉ်းဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများအရ မလွတ်မြောက်နိုင် သေးသည်ကို တွေ့ရှိရကြောင်း အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လူရွှင်တော်ဇာဂနာအား နိုင်ငံတော်လုံခြုံရေး ထိခိုက်စေရန် စေ့ဆော်မှု၊ ဗီဒီယိုအက်ဥပဒေ၊ အီလက်ထရွန်းနစ် အက်ဥပဒေတို့ဖြင့် ထောင်ဒဏ် ၅၉ နှစ် ချမှတ်ခဲ့ပြီး၊ ၂ဝဝ၉ ဖေဖော်ဝါရီတွင် ပြစ်ဒဏ် ၂၄ နှစ် လျှော့ပေးသဖြင့် ထောင်ဒဏ် ၃၅ နှစ် ကျခံရမည်ဖြစ်သည်။

သတင်း...YC(KS)

29 September 2011

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည် ရည်ညွန်းနေသည့် အပြောင်းအလဲ



လက်ရှိအစိုးရနှင့် ဆွေးနွေးမှုရလဒ်များအရ မြန်မာ့နိုင်ငံရေးတွင် အပြောင်းအလဲကို လိုလားနေသည်၊ အပြောင်းအလဲကို ရှေးရှုနေသည်ဟူ၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်မှ ရည်ညွှန်းပြောဆိုလျက်ရှိရာ ထိုမှတ်ချက်များ အပေါ် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ အမြင်များကို ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ (၂)၊ အမှတ် ၆၂ တွင် ဖော်ပြထားပါသည်။ ဤစာစုတွင် နိုင်ငံရေးနှင့် စာနယ်ဇင်း ပုဂ္ဂိုလ်အချို့၏ ဖြေကြားချက်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ အင်တာဗျူးတို့မှ ကောက်နုတ်၍ မျက်ရှုမှ ပြန်လည် ဖော်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။

ဦးအုန်းကြိုင် (မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသော NLD ပြောရေးဆိုခွင့် ရှိသူ)

ကောင်းပါတယ်။ အဲဒါ အမှန်ပဲ။ အခု လျှပ်တစ်ပြက် ကာလအတွင်း အခု အစိုးရသစ် လက်ထက်မှာ ဦးအောင်ကြည်နဲ့ ဆွေးနွေးတာကနေပြီးတော့ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနိုင်ပြီ ဖြစ်တယ်။ ကျွန်တော်တို့ တောင်းဆိုနေတာကလည်း ဒါပဲ။ တိုင်းပြည်ရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးနိုင်တဲ့ ဒေါ်စုဆိုတာ လူထု အသံပေါ့။ ဒေါ်စု ရင်ထဲက စကားက လူထုစကားပဲပေါ့။ လူထုအသံကို ဦးသိန်းစိန်က နားထောင်တယ် ဆိုတာကိုက အများကြီး တိုးတက်တယ်လို့ ကျွန်တော်မြင်တယ်။ တကယ် တိုးတက်တာပါ။ အပြောင်းအလဲ ဖြစ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ အရေးကြီးတာက လုပ်ပိုင်ခွင့်ရှိတဲ့ လူက ပြည်သူလူထု ရင်ထဲကအတိုင်း တလေးတစား နားထောင်ပြီးတော့ လူထု စိတ်ချမ်းသာမှုရှိအောင်၊ လူထုအတွက် အကျိုးရှိအောင် လုပ်ပေးတယ်ဆိုရင် ဘယ်သူပဲ လုပ်ပေး လုပ်ပေး ကျွန်တော်တို့က လက်ခံပါတယ်။ ကောင်းပါတယ်။

ဟံသာဝတီဦးဝင်းတင် (သတင်းစာဆရာကြီးနှင့် မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသော NLD ခေါင်းဆောင်)

ဒါကတော့ တို့လည်း သိပ်မသိဘူး။ သူက သူသိတဲ့ အမြင်နဲ့ သူပြောတာပဲ။ ပြောင်းနေတယ်ဆိုတာ သူပဲ သိတယ်။ ဘာလို့လဲဆိုတော့ သူနဲ့ ဦးသိန်းစိန်တို့နဲ့ တွေ့ကြ ဆုံကြတာကိုး။ တို့တော့ သိပ်မသိလှဘူး။ သို့သော် မသိပေမယ့်လို့ တို့ကတော့ ဒေါ်စုနဲ့ နှစ်ပေါင်း ၂၀ ကျော် လုပ်လာတဲ့အတွက် ဒေါ်စုရဲ့အမြင်၊ ဒေါ်စုရဲ့ နိုင်ငံရေး အယူအဆ အဲဒါတွေ အကုန်လုံးမှာ ဒေါ်စုဘက်က ရပ်တာပဲ။ ဒေါ်စုဘက်က ရပ်ပြီးတော့ လုပ်မယ်။ ဒေါ်စုနဲ့အတူ တွဲလုပ်မယ်။ အဲဒါတွေ တကယ် အပြောင်းအလဲ ဖြစ်လာခြင်း၊ မဖြစ်လာခြင်းက ဒေါ်စုရဲ့ ဦးဆောင်မှု ကဏ္ဍအပေါ်မှာ မူတည်လိမ့်မယ်လို့ ယူဆတယ်။

ဦးသန်းစိုးနိုင် (ဘာသာပြန် စာရေးဆရာ)


ကျွန်တော်တို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်လေးစားမှု ရှိပါတယ်။ ပြီးတော့ မျှော်လင့်ချက်လည်း ထားတယ်။ ဒါကြောင့်မို့လို့ တစ်လျှောက်လုံး အားပေးခဲ့တာပါ။ ဒီနေရာမှာ သူ ပြီးခဲ့တဲ့ အနှစ် ၂၀ မအောင်မြင်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း သူက ပြည်သူလူထုကို ပြန်တောင်းပန်ထားတာတွေလည်း ရှိတယ်။ ဒါကြောင့် သူက အရင်တုန်းက သွားတဲ့ လမ်းကြောင်းနဲ့ မတူတဲ့ လမ်းကြောင်းတစ်ခုကို ဆက်ပြီး လျှောက်ဖို့ ကြိုးစားတာကို တွေ့ရတယ်။ အဲ့တော့ အဲဒီလို မတူတဲ့ လမ်းကြောင်းကို လျှောက်ဖို့ ကြိုးစားတဲ့အတွက် လူထုကြားထဲမှာလည်း မျှော်လင့်ချက် အသစ်တွေတော့ ရှင်သန်လာတာဟာ ကောင်းမွန်တဲ့ လက္ခဏာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ အတွေ့အကြုံအရကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ “သင်တုန်းဓားပေါ်က ပျားရည်စက်ကို လျက်ရတာမျိုး မဖြစ်ဖို့ သတိထားစေချင်တယ်” လို့ ကျွန်တော် ပြောချင်တာပါပဲ။ အဲဒါလေး တစ်လုံးပါပဲ။ ဆိုလိုတာကတော့ ကျွန်တော်တို့ အခု Alternative တစ်ခုကို ရွေးတယ်။ အလှည့်အပြောင်း တစ်ခုကို သူလုပ်ဖို့ ကြိုးစားတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေကလည်း အရင်ကထက်တောင် ပိုပြီး ရှင်သန်လာပါတယ်။ သို့သော် ကျွန်တော် ခုနက ပြောသလိုပေါ့ဗျာ။ သတိထားစေချင်တယ်လို့။ အဲဒါလေးပါပဲ။

ဦးလှရွှေ (ကျောင်းသား ခေါင်းဆောင်ဟောင်း၊ 7th July ကျောင်းသား ညီညွတ်ရေး တပ်ဦး အတွင်းရေးမှူး)

ကျွန်တော့်အမြင်ကတော့ အပြောင်းအလဲဖြစ်မယ့် အခြေအနေ ရှိတယ်ဆိုရင်တော့ မကြိုဆိုစရာ မရှိပါဘူး။ သို့သော်လက်ရှိ အစိုးရ အပါအ၀င် ၆၂ ခုနှစ်ကစပြီး ကြားထဲမှာ အစိုးရ ၃ ဆက်လောက်နဲ့ ကျွန်တော်တို့ တွေ့ရတယ်။ စုစုပေါင်း ဒါ နှစ် ၅၀ ကျော် ရှိနေပြီပေါ့။ အဲ့ဒီ အတွေ့အကြုံက အနာဂတ်ကာလမှာ ဘာဖြစ်မလဲ ဆိုတာနဲ့ ပတ်သက်လို့ အရေးကြီးတဲ့ အထောက်အထား ဖြစ်လိမ့်မယ်လို့ ထင်တယ်။ နောက်တစ်ခုက တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စပေါ့။ လွန်ခဲ့တဲ့ အနှစ် ၂၀ က သူတို့ အပစ်အခတ် ရပ်စဲတာ လုပ်ထားတယ်။ သူတို့ စိတ်ကြိုက် နိုင်ငံရေး အခြေအနေကို ဖန်တီးပြီး ထားတာ။ အဲဒီလို ဖန်တီးထားတဲ့အတွက် တကယ်လို့ လုပ်ချင်တဲ့ အရင်းခံ စေတနာရှိမယ်ဆိုရင် တိုင်းရင်းသား မျိုးနွယ်စုတွေနဲ့ ဆိုင်တဲ့ ပြဿနာကို ယေဘုယျအားဖြင့် ဖြေရှင်းနိုင်တဲ့ အချိန်တစ်ခုပါပဲ။ အနှစ် ၂၀ ဆိုတာ လူတစ်ယောက် ကြီးပြင်းလာနိုင်တဲ့ အချိန်ပဲ။ အနှစ် ၅၀ ဆိုတာ လူတစ်ယောက်ရဲ့ ဘ၀မှာ အရေးကြီးတဲ့ အချိန် ရောက်နေပြီပဲ။ အဲ့ဒီတော့ ၆၂ ခုကနေ ဒီဘက်ထိ ပြောမယ်ဆိုရင် လက်တွေ့ အဖြစ်အပျက်တွေနဲ့ လွတ်လပ်ပြီးတဲ့ ၆၃ နှစ်ကို ဖြတ်သန်းရတဲ့ အခြေအနေနဲ့ကတော့ ဟိုဘက်က အတွေ့အကြုံကို မျက်စိမှိတ်ထားပြီးတော့ ဒီဘက် အတွေ့အကြုံချည်းပဲတော့ မရဘူး။ လက်တွေ့ကတော့ ကြည့်ရမှာပေါ့။ သို့သော် တစ်ခုတော့ ရှိတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချို့ပြောဆိုတာတွေနဲ့ ပတ်သက်လို့ကတော့ ဘာမှ ဝေဖန်စရာအကြောင်း ထူးထူးခြားခြား မရှိပါဘူး။ သို့သော် ကျွန်တော်တို့ အနေနဲ့ကတော့ ၆၂ ကနေ ဒီနေ့အထိ ရှိတဲ့ အဖြစ်အပျက်ကတော့ ကျွန်တော်တို့အတွက် အခိုင်အမာဆုံး သက်သေပဲ။ နောက်ထပ် လက်တွေ့မကျတဲ့ သက်သေတွေကို မျှော်မှန်းပြီးတော့ တစ်ခုခုကို မျှော်လင့်ဖို့ဆိုတာ ကျွန်တော်တို့ လူ့သက်တမ်းနဲ့ အတွေ့အကြုံ ဖြတ်သန်းမှုအရ ပြောမယ်ဆိုရင် စိတ်ထဲမှာ ပေါ့ပေါ့ပါးပါး မရှိဘူး။


ပြည်သူ့ခေတ်အယ်ဒီတာအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမေးမြန်းခြင်း

(စက်တင်ဘာ ၂၀၊ ၂၀၁၁ ခုနှစ်)

မေး။ အစိုးရပိုင်း ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးတဲ့ အကြောင်းအရာတွေကို လောလောဆယ် မပြောနိုင်သေးတဲ့ အကြောင်း အစ်မ ဖြေလေ့ရှိတာ တွေ့ရပါတယ်။ အဲဒါတွေနဲ့ ပတ်သက်လို့ ဘယ်အချိန်လောက်ရင် အများပြည်သူကို အသိပေးနိုင်မှာလဲ ခင်ဗျား။



ဖြေ။ တိတိကျကျတော့ မပြောနိုင်ဘူး။ သိပ်ပြီးတော့ အချိန်ဆွဲရင်တော့ မကောင်းဘူးဆိုတာ ကျွန်မတို့ နားလည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို ကိစ္စတွေက သိပ်ပြီးတော့ အချိန်ဆွဲတာနဲ့အမျှ ပြည်သူလူထုကလည်း ယုံကြည်မှုတွေ နည်းသွားတတ်တယ်။ အဲဒါကြောင့်မို့လို့ ဒီလို ကိစ္စတွေဖြစ်ဖို့ ဆိုတာက အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ လုပ်ဖို့ လိုတယ်လို့တော့ ကျွန်မတို့ ထင်တယ်။ ကျွန်မတို့ အနေနဲ့လည်း အမြန်ဆုံး ဖြစ်အောင်လို့တော့ ကြိုးစားမှာပါ။ ပြည်သူကနေပြီးတော့ လက်ဆုပ်လက်ကိုင် သြော်.. ဒါကတော့ တိုးတက်မှု တစ်ခုပဲ ဆိုပြီးတော့ မြင်နိုင်တဲ့ အခြေအနေဟာ အမြန်ဆုံး ရောက်ဖို့ လိုတယ်ဆိုတာ ကျွန်မ လက်ခံပါတယ်။

မေး။ အစိုးရနဲ့ မတူတာတွေ ဘေးဖယ်ထားပြီး တူတာတွေမှာ တွဲလုပ်မယ်လို့ ပြောတာ ကြားရပါတယ်။ တူတယ်ဆိုတာ ဘယ်ကိစ္စတွေပါလဲ။ တချို့ကျတော့ တူတာကော ရှိရဲ့လားလို့ ဝေဖန် ပြောဆိုကြတာတွေလည်း ရှိပါတယ်။


ဖြေ။ တူတယ်ဆိုတာကတော့ တိုင်းပြည်အကျိုးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေပေါ့။ အစိုးရကလည်း ဘာပဲပြောပြော ငြိမ်းချမ်းရေး လိုချင်တယ်ဆိုတာ ကျွန်မတို့ သိတယ်။ နောက် စီးပွားရေး တိုးတက်စေချင်တယ်။ ပြည်သူတွေရဲ့ အခြေအနေ ပိုပြီးတော့ ကောင်းစေချင်တယ်။ ကျန်းမာရေး၊ ပညာရေး အခြေအနေတွေပေါ့နော်။ အဲဒါတွေကတော့ တူညီတဲ့ ကိစ္စတွေပဲ။ အဲဒီဟာတွေနဲ့ ပတ်သက်လို့လည်း ကျွန်မ ပြောပြီးပါပြီ။ တချို့က တူညီတာတွေများ ရှိလို့လားဆိုတာ။ တူညီတာတွေ မရှိရင် ပိုပြီးတော့ စကားပြောဖို့ လိုတယ်။ တူညီတာတွေ မရှိရင် ပိုပြီးတော့ ဆွေးနွေးဖို့ လိုမယ်။ အဲသလို နည်းနဲ့ပဲ တူညီတဲ့ဟာတွေ ရှိအောင် ဆောက်တည်ရမှာပေါ့။ ဒီတိုင်းပြည်မှာ နေတဲ့သူတွေ အားလုံးဟာ လုံးဝ တူညီတာ မဟုတ်ဘူးဆိုတာတော့ မဖြစ်နိုင်ဘူး။ ဘာပဲပြောပြော လျှပ်စစ်မီး မလုံလောက်ဘူး ဆိုတာလောက်တော့ အားလုံး သိကြတာပဲ။ ဥပမာအားဖြင့် ပြောတာပါ။ ဒီတိုင်းပြည်မှာ နေတဲ့ လူတွေကြားထဲမှာ တူညီမှု လုံးဝ မရှိဘူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ နိုင်ငံခြားသားတွေတောင်မှ ဒီတိုင်းပြည်မှာ ခဏ လာနေတဲ့ အချိန်မှာ ပြည်သူနဲ့ အတူတူ ခံစားရတဲ့ဟာတွေ ရှိတာပဲ။ ဥပမာ လမ်းမကောင်းဘူးဆိုရင် သူတို့ ကားတွေလည်း ခုန်တာပဲ။ ဗမာတွေရဲ့ ကားတွေမှ ခုန်တာမှ မဟုတ်တာ။

ရင်းမြစ်.... http://www.myatshu.com/

ဒီမိုကရေစီ သို့မဟုတ် ဆိတ်ငြိမ်သောအပြာ


အိမ်ရှေ့လမ်း၏တစ်ဖက် ကားဝပ်ရှော့ဆီမှ ထုသံနှက်သံ၊ အဆက်မပြတ် သွားလာနေသော ကားသံလူသံတွေက အခန်းကျဉ်းလေးထဲ အဆီးအတားမရှိ ဝင်ထွက်နေ သည်။

ပါးလျားသော်လည်း အတန်ငယ် ရှည်နေပြီဖြစ်သော ဆံပင်တွေ ကအဖြူ၊ ကျွဲကော်ကိုင်းမျက်မှန် အောက်က သတင်းသမားတစ်ဦး ၏ အကြည့်တွေကိုတော့ ဇရာက အားပျော့အောင်မလုပ်နိုင်ပေ။

နေ့စဉ်အပြောင်းအလဲမရှိ ဝတ်ဆင်မြဲဖြစ်သည့် အပြာရောင်ချည် ကြမ်းအင်္ကျီက အခုတော့ ဆရာ ဦးဝင်းတင်၏ ထင်ရှားသော အမှတ်လက္ခဏာ ဖြစ်နေခဲ့ပြီ။ အပြာ သို့ မဟုတ် ယုံကြည်ချက်။

”ဆံပင်လည်း မညှပ်ဘူး။ ကျွေးတာစားတယ်။ လက်ဖက်ရည် တစ်ခွက်တောင် ဝယ်မသောက်ဘူး။ ထောင်ထဲက ကျွန်တော့်မိတ်ဆွေတွေ ဒီလူတွေကို မမေ့နိုင်ဘူး။ ဒီလိုပဲ ကျွန်တော် ခြိုးခြံပြီးနေပါတယ်”ဟု ဆရာကဆိုသည်။

အခန်းဝကိုကျောပေးထား သောခုံပေါ် ပုဆိုးအကွက်ကြဲ၊ အနည်းငယ်အန်းနေသော ခြေအစုံတွင် မိုးတွင်းစီး အညံ့စားခြေညှပ်ဖိနပ် နှင့် ခပ်ကိုင်းကိုင်း ထိုင်နေသော ဆရာ့ အသွင်မှာ ရိုးရှင်းလွန်းလှသည်။

သို့သော် သမိုင်းဟူသည် ပင်လယ်သေ မဟုတ်။ အရှိန်အဟုန် ပြင်းပြင်း စီးဆင်းနေသော မြစ်တစ်စင်း။

ဆရာ့နောက်ကျော အခန်းနံရံ ပေါ်က ဒေါ်အောင်ဆန်းစုကြည် ပုံတူ ဆီဆေးပန်းချီကားအောက်မှ စကားသံများက အသက် ၈၂ နှစ် အရွယ် သတင်းစာဆရာ၊ နိုင်ငံ ရေးသမား (သို့မဟုတ်) NLD ပါတီ ၏ အဓိက ခေါင်းဆောင်တစ်ဦးဖြစ် သည့် အဘဦးဝင်းတင်၏ ကောက် ကြောင်းကို ခပ်ဖွဖွဆေးရောင်တို့ ထိနေသကဲ့သို့ပင်။

”ကျွန်တော်က သတင်းစာ ဆရာပဲဖြစ်ချင်တာ။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တဲ့ နိုင်ငံရေးသမား ဖြစ်တယ်လို့ မယူဆဘူး။ အဲဒီလို ခံယူမထားပါဘူး”ဟု ဆရာက သူ့ ရပ်တည်မှု တစ်ခုကို လှစ်ပြသည်။ ဆရာ တက္ကသိုလ်ရောက်သည့် ၁၉၄၈ သည် မြန်မာ့နိုင်ငံရေး၏ အပြောင်းအလဲ စာမျက်နှာ၊ နိုးကြား တက်ကြွသော နိုင်ငံရေး အဖွဲ့အစည်းများ၊ ဖဆပလ၏ လှုပ်ရှားမှု ဒီရေလှိုင်း၊ နိုင်ငံရေး၏ ထင်ရှားသော လူပုဂ္ဂိုလ်များနှင့် ပတ်ဝန်းကျင်သည် ဆရာ့ အပေါ် လွှမ်းမိုးခဲ့သော ဂယက်ဟု ဆရာက ဆိုသည်။ နောက် စာအုပ်တွေ၊ ဂျာနယ်ကျော်မမလေး၏ ‘သူလိုလူ’ သြဇာနှင့် အုတ်ဖိုသား ဂျာနယ်ကျော် ဦးချစ်မောင် အပေါ် အားကျစိတ်မှာ နယ်ချင်းဆက်နေသည့် ကြို့ပင်ကောက်ဇာတိ ဆရာ ၏ ဒေသစိတ်နှင့်လည်း သက်ဆိုင်သည်ဟု ဆရာကပြောသည်။ ယင်းသည်ပင် သတင်းစာလောကသို့ တိုးဝင်ခဲ့သော ဆရာ့ဘဝ ခြေလှမ်း များ … ။

”နိုင်ငံရေးက လိုအပ်ချက်အရ လုပ်ခဲ့တာ။ နိုင်ငံရေးနဲ့ပတ်သက်ပြီး ဝန်ကြီးလုပ်ဖို့ အခွင့်အရေးယူဖို့ ဆိုတာမျိုးမရှိဘူး။ ဒါ ကျွန်တော်လက်သင့်ခံပြီး ဆွေးနွေးတဲ့ကိစ္စ မဟုတ်ပါဘူး။ ပံ့ပိုးပေးနိုင်တာ လုပ်မယ်။ ထောက်ခံမှုလုပ်မယ်။ ရှင်းလင်းဖို့ လိုအပ်တာကို ရှင်းလင်းပေးမယ်။ စည်းရုံးနိုင်တာ စည်းရုံးပေးမယ်။ အဲဒီအတွက် ကျွန်တော်က အောင်မြင်တဲ့ နိုင်ငံရေးသမား ဖြစ်တယ်လို့ မယူဆတာပါ”ဟု ယုံကြည်ရပ်တည်မှုအပေါ် ဆရာက ထပ်ဆင့် အဓိပ္ပာယ်ဖွင့်သည်။

စက်အကူဖြင့် လှုပ်ရှားနေရသော ဆရာ့နှလုံးကြောင့် အရာရာသည် စိတ်နောက်ကိုယ်ပါမဖြစ်တော့သော်လည်း ဘာကိုမှ အရှုံးမပေးသေးဆိုတာကတော့ မနားတမ်းဆို နေသည့်စကားတွေထဲမှာ ထင်ထင်ရှားရှား မြင်နေရ ဆဲ။ ကျောက်ကုန်း မှ မိတ်ဆွေအိမ်နှင့် တာမွေမှဦးလေးအိမ်တို့တွင် နှစ်ပတ်စီ နေထိုင်ရသည့် လက်ရှိဘဝ အရွှေ့အပြောင်း ကတော့ ဆရာ၏ အခက်အခဲ သို့မဟုတ် ကံတရား၏ ပြဋ္ဌာန်းမှုဟု ဆိုရမည်။

အသက်အရွယ်ကြောင့် ဘာမှမလုပ်နိုင်တော့ဟု ဆိုသော်လည်း ဆရာဒီအတိုင်း ထိုင်နေခြင်းတော့ မဟုတ်။ စာအုပ် ထုတ်ဝေရေးကိစ္စတွေ၊ ပါတီကိစ္စတွေ၊ နိုင်ငံရေး ဧည့်သည်တွေ၊ တွေ့ဆုံမှု၊မေးမြန်းမှုများက လူကိုယ်တိုင်သာမက တယ်လီဖုန်းများ ဖြင့်လည်း အဆက်မပြတ်။

”ကျွန်တော်က သတင်းစာသမားစိတ်နဲ့ လွတ်လွတ်လပ်လပ် ပြောတယ်။ ရှင်းတယ်။ ဝေဖန်တယ်။ တစ်ခါတစ်ခါကျတော့ ဒါက တစ်မျိုးဖြစ်နေတာပေါ့။ ကျွန်တော့် စိတ်အရတော့ နိုင်ငံရေးကို မရှင်းလင်းရဘဲနဲ့ မလုပ်ချင်ဘူး။ ထောက်ခံရမယ်ဆိုတာကို အာဏာရှင်ဆန်ဆန် မလုပ်ချင်ဘူး။ သံသယတွေရှင်းပြီး ကြိတ်ချေပြီးတော့ လုပ်ချင်တယ်”ဟု ဆရာကပြောပြသည်။

သစ်ပင်များနှင့် အုံ့အုံ့ဆိုင်းဆိုင်း ရှိနေသော ခြံအရိပ်ကြောင့်ထင့်။ မပြတ်ထွန်းထားသော မီးချောင်း အလင်းအောက်မှာပင် အခန်းကျဉ်းလေးထဲ ခြင်တွေက နေရာအနှံ့။ ဆရာ့ခြေထောက်တွေအနား တရစ်ဝဲဝဲလုပ်နေသော ခြင်ကြီးတွေကို ယမ်းခါခြောက်ရင်း နံရံလေးဖက်ကြား နှစ် ၂ဝ အတွေ့အကြုံမှ အပိုင်းအစ တစ်ခုကလည်း ခုချိန်မှာ တော့ သမိုင်းဖြစ်နေခဲ့ပြီ။

ညို့တက်လာသော မိုးသားရိပ်နှင့် မီးချောင်းအလင်းအောက်မှာ ဆရာ့အင်္ကျီအပြာက တောက်နေသည်။

”မသေခင်လေးတော့ ဒီမိုကရေစီနိုင်ငံ၊ ဒီမိုကရေစီ ထွန်းကားတဲ့ လူ့အဖွဲ့အစည်း၊ လူထုဆန္ဒ သဘောထားနဲ့ တင်မြှောက်တဲ့ အစိုးရအဖွဲ့ ကိုမြင်သွားချင် သေးတယ်”ဟုဆရာ က လေးလေးနက်နက် ဆိုပါသည်။

အပြင်မှာ အမှောင်ကအား ကောင်းလာပြီ။ ဒီအချိန်ဆို ဆရာ ရေဒီယိုဖွင့်ပြီး သတင်းတွေ နားထောင်ချိန်၊ လက်ရှိ လှုပ်လှုပ်ခတ်ခတ် ပြောဆိုနေကြသော အကျဉ်း သားများ အရေးနှင့် သူတို့လွတ်မြောက်လာခဲ့ရင်ဟု ကျွန်တော် အဆုံးသတ်မေးတော့ ဆရာက အပြာရောင် ချည်ကြမ်းအင်္ကျီကို ကိုင်ကာ ”ကျွန်တော် ပြောင်းရမှာပေါ့”ဟု ချက်ချင်းပြန်ဖြေပါသည်။အပြင်ဘက်မှာ မှောင်နေပြီ။

ရေးသားသူ ....အောင်ခွန်းဆက်(Popular News)

အာဆီယံစီးပွားရေး အသိုက်အဝန်းသို့ဝင်ရောက်ရန် မြန်မာ အဆင်သင့် မဖြစ်သေး

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်း AEC သို့ ဝင်ရောက်ရန် လတ်တလော လေ့လာဆန်းစစ် မှုများအရ အဆင်သင့်ဖြစ်မှု အနေအထားမှာ နည်းပါးနေသေးသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် စီမံခန့်ခွဲမှုပညာဌာနမှ ပါမောက္ခ ဌာနမှူး ဒေါက်တာ ဒေါ်စန္ဒာဦးက ဝန်ကြီးဌာနများနှင့် ကုန်သည်စက်မှုအသင်းချုပ်တို့ တွေ့ဆုံပွဲ၌ ထုတ်ဖော်ပြော ဆိုလိုက်သည်။

“ စီမံ/ စီးပွားက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး ဒီဆန်းစစ်ချက်ကို လုပ်ဆောင်နေတာပါ။ အဲဒီမှာတွေ့ရတာက အဆင်သင့်ဖြစ်မှု ရှိမနေတာပဲ။ ဒါကြောင့် ပညာရှင်ပိုင်းက ပြောရလျှင် ပိုမိုပူးပေါင်းဖို့ လိုနေပါပြီ ” ဟု ဒေါက်တာ ဒေါ်စန္ဒာ ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်တစ်နိုင်ငံ ဖြစ်သည့်အလျောက် ၂၀၁၅ ခုနှစ်တွင် အဆီယံစီးပွားရေး အသိုက် အဝန်းအတွက် မဖြစ်မနေ လက်ခံကျင့်သုံးရတော့မည်ဖြစ်ရာ လွတ်လပ်စွာဖြင့် နိုင်ငံအချင်းချင်း ကုန်စည်များစီးဝင်လာပါက ပြည်တွင်းတွင်ရှိသည့် အသေးစား၊ အလတ်စား လုပ်ငန်းများ ရပ်တည်နိုင်မှုအခြေအနေမှာ စိုးရိမ်ဖွယ်အခြေအနေရှိကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။

ကုန်သွယ်မှုနှင့်တစ်ဆက်တည်း ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာမည်ဖြစ်သည့်အတွက် ပြည်တွင်းလုပ် ငန်းရှင်များ တောင့်မခံနိုင်ပါက နေ့ချင်း၊ ညချင်း အလုပ်ရှင်ဘဝမှ အလုပ်သမားဘဝသို့ ရောက်ရှိသွားနိုင်ကြောင်းကို စီးပွားရေး လုပ်ငန်းရှင်အချို့မှ သုံးသပ်ပြောဆိုနေကြသည်ကို သိရသည်။

အထူးသဖြင့် ၂၀၁၅ခုနှစ်တွင် အကောက်ခွန် သုညဖြစ်သွားပါက နိုင်ငံတကာမှ ဈေးပေါပေါဖြင့် ဝင်ရောက်လာ မည့် ပစ္စည်းများကြောင့် ပြည်တွင်းရှိ လုပ်ငန်းအချို့ ရပ်တည်ရန်ခက်ခဲလာပြီး၊ မပြိုလဲရန်အတွက် အစွမ်းကုန် တည့်မတ် နေကြရတော့မည့် အခြေအနေရှိလာနိုင်သည်ကို ထည့်သွင်းစိုးရိမ်နေရကြောင်း လုပ်ငန်းရှင်အချို့ထံမှ သိရှိရသည်။

မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးအသိုက်အဝန်းကို အကောင်အထည်ဖော်မှုအနေဖြင့် ၂၀၁၀- ၂၀၁၁ ခုနှစ်တွင် လုပ်ငန်းစဉ် ၁၇၈ ခု ရှိသည့်အနက် ဇွန်လကုန်ထိ ၈၄ ခု ဆောင်ရွက်ပြီး ဖြစ်ကြောင်း စာရင်းဇယားများအရ သိရသည်။

သတင်း.... YC.။

28 September 2011

တိုင်းပြည် အတွက် အသုံးချတယ် ဆိုလည်း အသုံးချပေါ့၊ ရပါတယ် ‘ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခြင်း



အမေး.. ။ပစ္စက္ခ နိုင်ငံရေး အခြေအနေဟာ အကောင်းဘက်ကို သွားဖို့အတွက် ခြေလှမ်းပြင်နေတယ်လို့ ပြောလို့ရမလား။


အဖြေ....။ ဒီလိုပဲ မြင်ပါတယ်။ ဒါပေမဲ့လည်း မျှော်လင့်တယ်ပေါ့နော်။ ကျွန်မအမြဲပဲ ပြောသလိုပဲ။ မျှော်လင့်လို့ရှိရင် အလုပ်လုပ်ရမယ်။ အကောင်းဘက်တော့ ရောက်မှာပဲ ဆိုပြီး မျှော်လင့်ပြီးတော့ ခံယူလို့ မရဘူး။ အကောင်းဘက်ကို ရောက်စေချင်ရင် အကောင်းဘက်ကိုလည်း ရောက်နိုင်တဲ့ အခွင့်အရေးတွေ ရှိနေပြီလို့ဆိုရင် ပိုပြီး ကြိုးစားရမယ်။ ပိုပြီးတော့ ကိုယ်က အလုပ်လုပ်ရမယ်။ အကောင်းဘက်ကို မြန်မြန် ရောက်သွားအောင်လို့။ ဘာဖြစ်လို့လဲဆိုတော့ လူတွေ ပြောကြတာပေါ့နော်။ အစကောင်းမှ အနှောင်း သေချာလို့။ ကြားကာလ တွေလည်း အများကြီး ရှိသေးတယ်လေ။ အစလေး ကောင်းရုံနဲ့ အလိုလိုကို သူ့ဟာသူဒီအတိုင်း ဆက်ဆက် ဆက်ဆက်ပြီးတော့ အနှောင်း သေချာတဲ့ဆီ ရောက်သွားမှာ မဟုတ်ဘူး။ အစ စပြီးကတည်းက ဆက်ဆက်ပြီး လုပ်နေရမှာပဲ။ ဘဝ ဟာဒီလိုပါပဲ။ နေ့တိုင်းနေ့တိုင်း ကြိုးစားရမှာပဲ။

အမေး.......။အစိုးရနဲ့ အလုပ် သဘောပါတဲ့ ဆွေးနွေးမှုတွေ ဘယ်တော့လောက် စဖြစ်မယ်ထင်လဲ။

အဖြေ....။ ဒါကတော့ ဖြစ်တဲ့အခါ သိရမှာပေါ့။ ကျွန်မက အဲဒီလို ခန့်မှန်းပြီး ပြောတာ သိပ်မလုပ်ချင်ဘူး။ ခန့်မှန်းပြီး ပြောတာ ခန့်မှန်းချက်ဟာ ခန့်မှန်းချက်ပဲ။ လွဲသွားတဲ့အခါကျ ရင်လည်း မကောင်းဘူး။ လွဲသွားတဲ့ အခါကျရင် မကောင်းဘူးဆိုတာ ဒီလိုပါ။ တမင်သက်သက် နားလည်မှု လွဲအောင် လုပ်နေသလို ဖြစ်မှာစိုးလို့ပါ။

အမေး.......။ တွေ့ဆုံ ဆွေးနွေးမှုဟာ အရင်အစိုးရ လက်ထက် ကထက်စာရင်မြန်တယ် ဆိုပေမယ့် အကျပ်အတည်း တွေ့နေတဲ့ တိုင်းပြည်တစ်ခု အတွက် တွေ့ဆုံ ဆွေးနွေးမှုဟာ အရမ်းနှေးကွေးနေတယ်လို့ မမြင်ဘူးလား။

အဖြေ......။ဒါကတော့ အများကလည်း မြင်တယ်။ ကျွန်မလည်း အမှန် ပြောရလို့ရှိရင် ပိုပြီးတော့ သွက်သွက် လက်လက် သွားလို့ရှိရင် တိုင်းပြည်အတွက်လည်း ကောင်းမယ်။ ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ကောင်းမယ်လို့မြင်တယ်။

အမေး.......။ အစိုးရရဲ့ အခုလက်ရှိ တွေ့ဆုံ ဆွေးနွေးမှုဟာ တိုင်းပြည်အတွက် တကယ်စေတနာ ထားတဲ့ တွေ့ဆုံ ဆွေးနွေးမှုလား။ ဒါမှမဟုတ် တချို့တွေကျတော့ အရင်က အတွေ့အကြုံတွေ ကို အခြေခံပြီးတော့ အစိုးရက နိုင်ငံတကာ ထောက်ခံမှုကို လိုချင်တဲ့အတွက် ဒေါ်စုနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ပုံစံနဲ့ မျှားနေတယ်လို့ သံသယဝင်ကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။

အဖြေ....။ ကျွန်မက အစိုးရ အဖွဲ့အစည်း တစ်ဖွဲ့လုံးနဲ့ မတွေ့ဖူးဘူး။ ကျွန်မ သေသေချာချာ စကားပြောဖူးတာက ဝန်ကြီးဦးအောင်ကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်။ ဝန်ကြီး ဦးအောင်ကြည် ကလည်း သမ္မတကြီး ဦးသိန်းစိန်ရဲ့ ညွှန်ကြားချက်အရ ပြောတာဆိုတော့ ကျွန်မအနေနဲ့ ပြောနိုင်တာက သမ္မတကြီး ဦးသိန်းစိန်ကတော့ အကောင်း ဘက်ကို သွားချင်တဲ့ဆန္ဒရှိတယ်လို့ ကျွန်မယုံကြည်တယ်။ တချို့က ပြောတာပေါ့။ အသုံးချ ခံနေရတယ်ဆိုတာ။ အဲဒီဟာကလေ ဘာအတွက် အသုံးချလဲပေါ်မှာ တည်တာပါ။ တိုင်းပြည်အတွက် အသုံးချတယ်ဆိုလည်း အသုံးချပေါ့။ ရပါတယ်။ ဘာအတွက် အသုံးချတာလဲ။ ဒီလိုပေါ့နော်။ ရေတို အာဆီယံ ဥက္ကဋ္ဌတို့ ဘာတို့အတွက် အသုံးချတာလား ဆိုပြီး တချို့ကမေးတာမျိုး။ ဒါဟာ ဒီလိုသံသယနဲ့ပဲ ကြည့်နေမယ်ဆိုရင် ကျွန်မတို့ အလုပ်က ဆက်လို့ရမှာ မဟုတ်ဘူး။ သတိနဲ့ သံသယဆိုတာ မတူဘူး။ ကျွန်မ အမြင်မှာတော့ ဘာပဲလုပ်လုပ် သတိဆိုတာတော့ ရှိရမယ်။ သတိဆိုတာ ကတော့ လွန်ကဲတယ်လို့ မထင်ဘူး။ မဖြစ်မြောက်သေးခင်မှာ ဖြစ်နိုင်တဲ့ အထစ်အငေါ့တွေနဲ့ ပတ်သက်ပြီး သတိက အမြဲရှိရမယ်။ သံသယ ဆိုတာနဲ့မတူဘူး။ သံသယဆိုတာ အင်မတန်မှ အဖျက်အဆီးသဘော ဖြစ်နိုင်တယ်။ သတိဆိုတာတော့ အဖျက်အဆီးသဘော မဟုတ်ပါဘူး။

အမေး......။ကျွန်တော်တို့ သတင်း ဖတ်လိုက်ရတယ်။ ၂ဝ၁၄ အာဆီယံဥက္ကဋ္ဌ နေရာအတွက်ကို အန်တီ့ရဲ့သဘောထားကိုပါ သူတို့မေးချင်တယ်ဆိုတာ။

အဖြေ........။ပြောသင့်တာ ရှိရင်တော့ ပြောရမှာပေါ့။ နိုင်ငံရေးသမားအလုပ်က မေးရင် ဖြေရမှာပေါ့။

အမေး......။အန်တီ့အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး လှုပ်ရှားမှုထဲမှာ ပါဝင်ဆောင်ရွက်မယ်လို့ ပြောထားတယ်။ လွှတ်တော်မှာ ငြိမ်းချမ်းရေး ကော်မတီဖွဲ့တော့ အန်တီ့ကို မထည့်ထား ဘူး။ အန်တီ့ အနေနဲ့ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့အတွက် သီးခြား လှုပ်ရှားမှုမျိုး လုပ်ဖို့ရှိလား။

အဖြေ........။ငြိမ်းချမ်းရေး အတွက်လုပ်တယ်ဆိုတာ တစ်ဦးတစ်ယောက်တည်း လုပ်လို့လည်း မရပါဘူး။ အဲဒီတော့ ကျွန်မအနေနဲ့ကတော့ ဘယ်သူပဲ ငြိမ်းချမ်းရေးရအောင် လုပ်နိုင်လုပ်နိုင် တကယ်လုပ်နိုင်ရင် ကျွန်မ ကျေနပ်ပါတယ်။ ကျွန်မ လုပ်ရမယ်လို့လည်း အဲဒီစိတ်မျိုး မရှိပါဘူး။ တကယ် ကျွန်မပါဝင်လုပ်လို့ ပိုအထောက်အကူ ဖြစ်မယ်ဆိုရင် လုပ်ဖို့အဆင်သင့်ပဲလေ။ ဒါပေမဲ့ ဒါကို လုပြီး လုပ်ဖို့မဟုတ်ပါဘူး။ ကိုယ်ကနေပြီး ဖြည့်ဆည်းပေးချင်တဲ့ သဘောပါ။

အမေး......။တိုင်းပြည် တစ်ပြည်ရဲ့ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးမှာ လူလတ်တန်းစားတွေ များလာမှဖြစ်မယ် လို့ တချို့ကပြောကြတယ်။ အဲဒီအပေါ်ဘယ်လိုများ မြင်မိပါသလဲ။

အဖြေ......။ဒါကတော့ မှန်ပါတယ်။ လူလတ်တန်းစား ဆိုတာက ပြည့်ပြည့်စုံစုံ အရမ်းကျိကျိတက် ချမ်းသာတာမျိုး မဟုတ်ဘူးပေါ့နော်။ ပြည့်ပြည့်စုံစုံ သိက္ခာရှိရှိ နေနိုင်မယ့် အဆင့်ရှိတဲ့သူတွေ အများစုဆိုတာ ကောင်းတာပေါ့။ ဒါပေမဲ့လည်း တကယ် အကောင်းဆုံး ဆိုလို့ရှိရင် ဒီ လူလတ်တန်းစားလို့ ပြောလိုက်တဲ့ အခါကျတော့ ဒီလူလတ် တန်းစား အောက်မှာလည်း ရှိသေးတယ်လို့ သဘော မရောက်သွားဘူးလား။ အဲဒီလို မရှိတာတော့ အကောင်းဆုံးပေါ့။ လူလတ်တန်းစား ရှိတယ်ဆိုတာ ကောင်းပေမယ့် လူလတ်တန်းစားလို့ သုံးကတည်းက သူ့အောက်မှာ နိမ့်တဲ့လူတွေ ရှိသေးတယ်ဆိုတဲ့ သဘောပေါ့။ တတ်နိုင်သမျှ ဒီဟာကို ပြုပြင်ယူရမယ်။

အမေး.....။အာရပ်ကမ္ဘာရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဆီကနေ ဘာတွေ သင်ယူသင့်ပါသလဲ။

အဖြေ....။တချို့ကပေါ့နော်။ အာရပ်ကမ္ဘာ မှာ မြန်မြန်ဆန်ဆန် ပြောင်းလဲသွားပြီ ဆိုတာကို အားကျတာပေါ့နော်။ ကျွန်မကလည်း အားကျတာပေါ့။ မြန်မြန်ဆန်ဆန် ပြောင်းလဲ တယ် ဆိုတော့ အားကျတာပေါ့။ ဒါပေမဲ့ အာရပ်ကမ္ဘာမှာ လစ်ဗျားလည်း ပါတယ်။ လစ်ဗျားကျတော့ ဘယ်လောက် ပြည်သူတွေ နာလဲ။ ဘယ်လောက် တိုင်းပြည်နာလဲ။ ဒီဒဏ်ရာဒဏ်ချက် တွေကိုပျောက်ဖို့ ဘယ်လောက် ကြာဦးမှာလဲ။ အဲဒါတွေက အများကြီးထည့် စဉ်းစားရမယ်။ တခြားနိုင်ငံတွေမှာ ဆိုလို့ရှိရင် ခု အစကနေ စသွားပြီ။ နောက်ဘယ်လိုဆက်ပြီး ခရီးဆက်ဦးမလဲ ဆိုတာလည်း ကြည့်ရဦးမယ်။ ကိုယ့်နိုင်ငံ သူ့နိုင်ငံ တစ်ပုံစံတည်းတော့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ချင်း က တစ်ပုံစံတည်းမှ မဟုတ်တာ။

အမေး....။ကျွန်တော်တို့ နိုင်ငံမှာ ဒီမိုကရေစီ ယဉ်ကျေးမှု ထွန်းကားဖို့အတွက် ပြည်သူတစ်ဦးချင်းစီရဲ့ တာဝန်က ဘာလဲ။ အစိုးရကရော ဘာတွေလုပ်ပေးရမလဲ။

အဖြေ.......။အစိုးရကတော့ ဒီမိုကရေစီ ထွန်းကားစေချင်ရင် နံပါတ်တစ် အရေးကြီးတာက ဥပဒေ စိုးမိုးရေးပဲ။ ဥပဒေစိုးမိုးရေး ရှိမှသာလျှင် ပြည်သူလူထုကလည်း လုပ်ရဲကိုင်ရဲ ပိုပြီး ဖြစ်လာမယ်။ လုပ်နိုင်ကိုင်နိုင် ဖြစ်လာမယ်။ ဥပဒေစိုးမိုးရေး ရှိရမယ်။ အဲဒီ ဒီမိုကရေစီ အဆောက်အအုံကို ခိုင်မြဲအောင် တည်ဆောက်တယ် ဆိုတာ ဥပဒေ စိုးမိုးရေးက အရေးကြီးတယ်။ ဒါကြောင့် NLD ဟာ ဆိုလို့ရှိရင် လူတွေငြီးငွေ့လောက်အောင် ဥပဒေစိုးမိုးရေး ကိစ္စကို ထပ်တလဲလဲ ပြောနေတာ။ ဒါဟာ သိပ်အခြေခံ ကျလွန်းလို့ပါ။

အမေး.....။နိုင်ငံရေးကို တကယ် စနစ်တကျ လေ့လာချင်တဲ့ လူငယ်တွေအပေါ် ဘယ်လိုများ လမ်းညွှန်ချက် ပေးချင်ပါသလဲ။

အဖြေ........။အဲဒါကတော့ တစိုက်မတ်မတ် လုပ်ရမယ်။ ကျွန်မတို့ကလေ။ ကံကောင်းတယ်ပဲ ပြောရမလားပေါ့နော်။ နိုင်ငံရေးနဲ့ ပတ်သက်လို့ ဒီနိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ ကြီးလာတယ်။ နိုင်ငံရေး အသိုင်းအဝိုင်းထဲမှာ ကြီးလာတဲ့အခါကျတော့ နိုင်ငံရေးဗီဇပါရင်၊ နိုင်ငံရေးကို စိတ်ဝင်စားလို့ရှိရင် လေ့လာနိုင်တဲ့ အခွင့်အရေးတွေ အများကြီး ရခဲ့တယ်။ စိတ်မဝင်စားလို့ ရှိရင်တော့ ဘယ်လိုပဲ အသိုင်းအဝိုင်းက ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်၊ ဒါတွေက လေ့လာတဲ့ အခြေအနေရောက်မှာ မဟုတ်တော့ဘူး။ ငယ်ငယ် ကတည်းက နိုင်ငံရေး စကားတွေ ကြားနေရတယ်။ နောက်ပြီးတော့ ကျွန်မတို့ ကြီးလာတဲ့ ကလေးဘဝတုန်းက ဘာကံကောင်းသေးလဲ ဆိုတော့ သတင်း လွတ်လပ်ခွင့် တွေရှိတာ။ ကောင်းကောင်း မှတ်မိတာက အိမ်မှာဆိုလို့ရှိရင် သတင်းစာ သုံးလေးစောင် ယူတယ်။ သုံးလေးစောင် ယူပြီးတော့ လူကြီးတွေ ပြောနေတာ ကြားတာပေါ့နော်။ ဒီသတင်းစာကဖြင့် အစိုးရကို ထောက်ခံတယ်။ ဒီသတင်းစာကဖြင့် အတိုက်အခံကို ထောက်ခံတယ်။ စသည်ဖြင့် ပေါ့နော်။ ဒီသတင်းစာကဖြင့် အတင်းအဖျင်းဘက်ကို ပိုပြီးတော့ အားသန်တယ်။ အဲဒီဟာတွေကို ငယ်ငယ်ကတည်းက သိနေတယ်။ လူကြီးတွေက သတင်းစာထဲက ဆောင်းပါးတွေကို ကျယ်ကျယ် ဖတ်တဲ့အလေ့ရှိတယ်။ ကလေးတွေကလည်း ကြားတာပေါ့နော်။ တချို့ဟာတွေ နားမလည်ဘူး။ တချို့ဟာတွေတော့ နားလည်တယ်။ တဖြည်းတဖြည်း နားလည်တာပေါ့နော်။ အဲဒီတော့ ငယ်ငယ်ကတည်းကနေ ပြီးတော့ နိုင်ငံရေးနဲ့ ပတ်သက်လို့ သိတတ်မှုပေါ့။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စိတ်ဝင်စားမှုဟာ လေ့ကျင့်ယူမှ ဖြစ်တာ။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေ ဖတ်လို့ရယ်လို့လည်း မဟုတ်ပါဘူး။ သတင်းတွေ နားထောင်ခြင်းအားဖြင့် သတင်းစာထဲက ဆောင်းပါးတွေ လေ့လာခြင်းအားဖြင့်၊ အဲဒီအတွက်ကျတော့ သတင်း လွတ်လပ်ခွင့်က အများကြီး အရေးကြီးတယ်။

အမေး.....။သတင်း လွတ်လပ်ခွင့် အပြင်ကို၊ လူကြီးတွေကရော ကျယ်ကျယ်ဖတ်တဲ့ အလေ့အထရယ်၊နောက် ပြီးတော့ မှန်တာရေးတာတွေရယ်၊ အဲဒါတွေက ကလေးတွေ မျိုးဆက် အတွက် ပိုအကျိုးပြုတဲ့ သဘောပေါ့။

အဖြေ.....။လူကြီးတွေကလည်း အဲဒီတုန်းက ကျယ်ကျယ်ဖတ်တယ်ဆိုတာ မကြောက်လို့ပေါ့နော် (ရယ်လျက်) အဲဒါအရေးကြီးတယ်လေ။ ဘာမှ ကြောက်စရာ မလိုဘူးဆိုတော့ ကျယ်ကျယ် ဖတ်ကြတာပေါ့။ ဖတ်ပြီးတော့ ကောက်နုတ်ချက်တွေ လည်းချတာပေါ့။ ကျွန်မတို့ ငယ်ငယ်တုန်းကဆိုရင် အစိုးရကို ဝေဖန်တာတွေ အများကြီးပဲ။ ဝန်ကြီး ချုပ်တွေ၊ ဝန်ကြီးတွေကို ဝေဖန်တာတွေ၊ လူကြီးတွေကလည်း အဲဒီဟာတွေကို မြိန်ရေယှက်ရေ ဆွေးနွေးကြတာပဲ။ ဆွေးနွေးတော့ ကျွန်မ တို့နားထဲမှာ အစိုးရဆိုတာ ဝေဖန်ခံရတယ်။ ဝန်ကြီးချုပ်ဆိုပေမယ့် ဝန်ကြီးချုပ်ဟာ ဝန်ကြီးချုပ်ပဲ။ ဝန်ကြီးချုပ်ကို မကြိုက်လည်း ပြောမှာပဲ။ ဝန်ကြီးချုပ်ဆိုတာ ကြောက်စရာလည်း မဟုတ်ဘူးပေါ့နော်။ ထူးထူးခြားခြား လေးစားသင့်မှ လေးစားရမယ်။ ဝန်ကြီးချုပ်ဆိုတာ လေးစားစေချင်ရင် လေးစားအောင် နေရမယ်။ အဲဒါတွေကတော့ အလေ့အကျင့် လို ဖြစ်သွားတယ်။

အမေး........။အန်တီနဲ့ သမ္မတကြီးတွေ့ကြတော့ ဆင်းရဲမွန်းကျပ်နေတဲ့ ပြည်သူတွေ ဆီကနေ ဘာပြန်ကြားရသလဲ ဆိုတော့ တိုင်းပြည်က အဆင်ပြေတော့မယ်။ ငါတို့ဘဝတွေ လည်း အဆင်ပြေတော့မယ်လို့ ကြားရတယ်။ အဲဒီလို မျှော်လင့်နေတဲ့ ပြည်သူတွေကို အန်တီ့အနေနဲ့ ဘာများပြောချင်ပါသလဲ။

အဖြေ........။ဒီလိုမျှော်လင့်နေတာ သဘာဝ ကျပါတယ်။ ဘာလို့လဲဆိုတော့ ဒီလောက်တောင်မှ နှစ်ပေါင်းများစွာ ရုန်းကန်နေရတဲ့ ဘဝတွေဟာ အဆင်ပြေချင်ကြတာပေါ့။ ဒါပေမဲ့ ကျွန်မ ပြောချင်တာက ဥစ္စာရင်လို ဥစ္စာရင်ခဲ။ ကိုယ်ကလည်း တတ်နိုင်သမျှတော့ လုပ်ရမယ်။ ဘာပဲပြောပြော ဖြစ်သင့် တဲ့ကိစ္စကိုး။ ဖြစ်သင့် ပါတယ်။ ဖြစ်စေချင်ပါတယ် ဆိုတာလောက်တော့ ပြည်သူ့အသံကို ထွက်လာအောင် တတ်နိုင်သလောက် ကြိုးစားသွားရမယ်။ ကျွန်မတို့ ပြည်သူတွေက အရမ်းကြောက်နေတယ်။ အခုထိက ကြောက်စိတ်က မကုန်သေးဘူး။ လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း မပြောရဲကြသေးဘူး။ ဒါပေမဲ့ နည်းနည်းကတော့ စပြီးတော့ နည်းနည်းနဲ့ စွန့်စားတာ စရမှာပဲ။ နောက်ပြီးတော့ ပိုပြီး စွန့်စားရမယ်။ မီဒီယာလိုပေါ့နော်။ ကျွန်မ အမြဲပြောတယ်။ မီဒီယာက တွန်းမှ ရပါမယ်။ ဆောင်းပါးတွေ တော်တော်များများဟာ တင်ကြည့်ကြ တာပဲ။ ပယ်တယ်ဆိုရင်လည်း ပယ်တယ်ပေါ့နော်။ ဒါပေမဲ့ မတင်ကြည့်ဘူးဆိုရင် ရမလား၊ မရလား ဘယ်သိမလဲ။ အဲဒီတော့ ပြည်သူလူထု အနေနဲ့ ဒီလိုပဲ။ နည်းနည်းလုပ် ကြည့်ပါ။ လုပ်ကြည့်မှ လုပ်လို့ရမလား၊ မရသလားဆိုတာ သိမှာပေါ့။ ပြည်သူပါမှ၊ နောက်ဆုံးကျတော့ ပြည်သူပါမှ၊ ဘယ်လို လုပ်ငန်းမျိုး မဆို နိုင်ငံ တစ်နိုင်ငံ အတိုင်းအတာ နဲ့ အောင်မြင်ဖို့ဆို ပြည်သူမပါလို့ကို မဖြစ်ဘူး။


Popular News Group

ရန်ကုန်မြို့တွင်း စက်မှုဇုန်အချို့တွင် ရေကြီး ရေလျှံမှု ဖြစ်ပွားကာ စက်ရုံအချို့ ပိတ်ထားရ




ရန်ကုန်မြို့တွင်း နံနက် ၆နာရီဝန်းကျင်ခန့်ကတည်းက မိုး ရွာသွန်းလျက် ရှိသောကြောင့် ရေကြီးရေ လျှံခြင်းများ ဖြစ်ပွား လျက်ရှိကာ အရှေ့ဒဂုံစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုံရှိ စက်ရုံအချို့ ပိတ်နားထားရကြောင်းသိရှိရသည်။

`အိမ်တွေလည်း ရေမြှုပ်ကုန်တယ်၊ စက်ရုံဝင်းထဲကို လည်း ရေတွေ ၀င်ပြီး မော်တာတွေ ဘာတွေ မြှုပ်ကုန်တော့ရှော့ဖြစ်မှာစိုးလို့ မီးတွေ ဖြတ်လိုက်ပြီး အလုပ်တွေနားထား ရတယ်။မြောက်ဒဂုံထဲမှာ တော်တော်ဆိုးတော့ မြောက်ဒဂုံအိမ်တွေထဲ ရေ၀င်ကုန်ပြီး စက်ရုံက ကလေးတွေတောင် ပြန်လွှတ်ပေးလိုက်ရတယ်။ အရှေ့ဒဂုံစက်မှုဇုန်ကတချို့စက်ရုံတွေလည်း ခဏ ပိတ်နားထားရတယ်`ဟု အရှေ့ဒဂုံစက်မှုဇုန်ရှိ၊ အစာစပ် စက်ရုံလုပ်ငန်းတစ်ခုမှ တာဝန်ခံက ပြောသည်။

လက်ရှိအခြေအနေတွင် က်မှုဇုန်များရှိ စက်ရုံများတွင်းသို့သာမက စက်မှုဇုန်အနီး လမ်းမများပေါ်တွင်လည်း လူတယောက်၏ ပေါင်လယ်လောက်အထိ ရေများ တက်လျက်ရှိသောကြောင့် ကားကြီးများပင် သွားလာမှုကို ရပ်တန့်ထားရကြောင်းသိရှိရသည်။

အရှေ့ဒဂုံစက်မှုဇုန်နှင့် လှိုင်သာယာစက်မှုဇုန်အချို့မှ စက်ရုံများမှာ ၀န်ထမ်းများ ၏ နေအိမ် များ ရေ၀င်းခြင်းကြောင့် ၀န်ထမ်းများအား အလုပ်ဆင်းပေးလိုက်ရကြောင်း သိရှိရသည်။

မြို့တော်စည်ပင်သာယာမှ ရေမြောင်းအချို့အား ရှင်းလင်းထားပြီး ဖြစ်သော်လည်း လမ်းများနှင့် နေအိမ်များ အတွင်းသို့ ရေ၀င်နေဆဲဖြစ်ကြောင်း သိရှိရသည်။

`ရန်ကုန်မှာ မိုးရွာတာနဲ့ ခုလို ရေတွေ လမ်းပေါ်ရောက် အိမ်တွေထဲ ရောက်တဲ့ ပြသနာကို စည်ပင်သာယာက ဖြေရှင်းမှ ဖြစ်ပါတော့မယ်၊ ရန်ကုန်မြို့ရဲ့ တည်ဆောက်ပုံကိုသေချာ ပြန်ကြည့်ပြီး မိုးရွာရင်နေအိမ်တွေ ရေ၀င်နေတဲ့ ပြသနာကို အမြန်ဆုံးဖြေရှင်းပေးဖို့ တောင်းဆို ချင်ပါတယ်`ဟု မြို့တော်စည်ပင်သာယာမှ ပင်စင်စား အငြိမ်းစားအရာရှိတစ်ဦးက ပြောသည်။

ရန်ကုန်မြို့အား စတင်တည်ထောင်စဉ်က လမ်းများအောက်ရှိ ရေ၀င်ရေထွက်မြောင်းများကြီးများဖြင့် စနစ်တကျ တည်ဆောက်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုရေထုတ်မြောင်းများမှာ အလွန်ကောင်းမွန်ပြီး စနစ်တကျ တည်ဆောက်ထားသော်သော်လည်း ၂၀၀၀ပြည့်နှစ် နောက်ပိုင်းအဆောက်အအုံများ တိုးမြှင့်ဆောက် လုပ်ချိန်တွင် ကန်ထရိုက်တိုက် များမှာ ထို ရေထုတ်မြောင်းများပေါ် တွင် ဆောက်လုပ်ခဲ့ကြပြီး မြောင်းများအား ပိတ်လိုက်သလို တည်ဆောက်ခဲ့ကြသောကြောင့် မိုးရွာသည့်အခါ လမ်းများ၊ နေအိမ်များ သို့ ရေ၀င်ရေ တက်ခြင်း ပြသနာဖြစ်လာခဲ့ခြင်းဖြစ်ကြောင်း သူက ပြောသည်။

`အဲဒီအချိန်တုန်းက စည်ပင်သာယာက ခွင့်မပြုတဲ့ နေရာတွေကို ငွေနဲ့အာဏာနဲ့ သုံးပြီး ဆောက်ခဲ့တဲ့ အဆောက်အအုံတွေ ရှိတယ်၊ အဲဒါကို ပြန်ချိန်ပြီး ဒီကိစ္စကို ဖြေရှင်းမှ ရေထုတ်မြောင်းတွေ ပြန်ဖော်နိုင်မယ်၊ ရန်ကုန်မြို့ထဲ ရေ၀င်တဲ့ပြသနာကို ဖြေရှင်းနိုင်ပါမယ်`ဟု အဆိုပါ စည်ပင်သာယာမှ အငြိမ်းစားအရာရှိတဦးက ပြောသည်။

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်။ တောင်ဥက္ကာလာပမြို့နယ်၊ မြောက်ဥက္ကလာပ မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ လှိုင်မြို့နယ်၊ မရမ်းကုန်းမြို့နယ် စတဲ့ မြို့နယ် များ အနိမ့်ပိုင်း ကျနေသောရပ်ကွက်များရှိလူနေအိမ်များအတွင်း ရေများဝင်ရောက်လျက်ရှိကြောင်း၊အချို့မြို့နယ်များအား
ရေအများအပြားဝင်ရောက်နေသောကြောင့် လျှပ်စစ်မီးများ ဖြတ်တောက်ထားကြောင်း၊သိရှိရသည်။

သတင်းများ မျှဝေပေးသော မြစ်မခ မီဒီယာ အားကျေးဇူးတင်ရှိပါသည်.။

မြန်မာစစ်ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရေး အမေရိကန်အား တိုက်တွန်းစာတင်

(27 September 2011 ရက်စွဲပါ AFP ၏ “Petition urges US to press Myanmar war probe” ကို Y C မှဘာသာ ပြန်ဆိုသည်)

တနင်္လာနေ့က ထောင်ပေါင်းများစွာသော အမေရိကန်လူမျိုးများ လက်မှတ်ရေးထိုး၍ မြန်မာနိုင်ငံရှိ စွပ်စွဲထားသော လူသားချင်းမစာနာသည့် ရာဇဝတ်မှုများ စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂစုံစမ်းရေး အဖွဲ့အတွက် ဖိအား ပေးရန် အမေရိကန်ပြည်ထောင်စုအား တိုက်တွန်းခဲ့သည်။ အမေရိကန် အနေဖြင့် ရှေ့ဆက်တာဝန်ယူ လုပ်ဆောင်ရမည်ဟု ဆိုသည်။

US Campaign for Burma က ပြောကြားရာတွင် အဆိုပါ တိုက်တွန်းတောင်းဆိုစာတွင် အမေရိကန်လူမျိုး (13000) ခန့် လက်မှတ်ရေးထိုးရာ အများစုမှာ U2 ဖျော်ဖြေပွဲတွင် ဖြစ်သည်။ U2 အဖွဲ့မှ Bono သည် အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကာလရှည်ကြာကပင် ထောက်ခံခဲ့သူဖြစ်သည်။

US Campaign for Burma မှ အမှုဆောင်ဒါရိုက်တာ အောင်ဒင်က အဆိုပါတောင်းဆိုစာအား အမေရိကန် နိုင်ငံခြားရေးဌာနမှ စစ်ရာဇဝတ်မှု များအတွက် အထူးတာဝန်ယူထားသော သံအမတ်ကြီး စတီဖင်ရက်ပ် (Stephen Rapp) ထံသို့ ပေးအပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် သွေးထွက်သံယို နှိမ်နင်းခံရသော ဘုန်းတော်ကြီး အရေးအခင်း လေးနှစ်မြောက်နေ့တွင် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးအုပ်စုများက ပြောကြားရာတွင် မြန်မာစစ်တပ်သည် ရွာများကို ဖျက်ဆီးခြင်း၊ ရွာသားများအား အလုပ်သမားများအဖြစ် အတင်းစေခိုင်းခြင်းနှင့် တိုင်းရင်းသားသူပုန်များနှင့် တိုက်ခိုက်ရာတွင် အမျိုးသမီးများအား အဓမ္မပြုကျင့်ခြင်းအား စစ်လက်နက် သဖွယ် ကျင့်သုံးခဲ့သည်ဟု ဆိုသည်။

“မည်သည့်နိုင်ငံတွင်မဆို အမျိုးသားပြန်လည်ပေါင်းစည်းရေးအတွက် တရားမျှတရေးသည် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ တိုက်ပွဲများ မရပ်မချင်း တရားဥပဒေစိုးမိုးမှုမရှိမချင်း မြန်မာနိုင်ငံ အနေဖြင့် ရှေ့ဆက်နိုင်မည် မဟုတ်ပေ။” ဟု အောင်ဒင်က အဆိုပါစာတွင် Burma ဟု သုံးနှုန်း၍ ရေးသား ထားသည်။

“လွန်ခဲ့သော လေးနှစ်က ဘုန်းတော်ကြီးများ အသတ်ခံခဲ့ရသည်။ အဆိုပါ ပြစ်မှုကျူးလွန်သူများမှာ ယနေ့ထိ အရေးယူမခံရသေးပေ။ အိုဘားမား အစိုးရအနေဖြင့် တရားမျှတရေးကို ကူညီရန် အရေးယူဆောင်ရွက်ရေးအား မည်မျှ ကြာကြာ စောင့်နေမည်နည်း” ဟု ယင်းက ပြောသည်။ အမေရိကန်ပြည်ထောင်စုအနေဖြင့် ကုလသမဂ္ဂစုံစမ်းရေး ကော်မရှင်အတွက် လူသိရှင်ကြား ထောက်ခံခဲ့ပြီး ဖြစ်သော်လည်း အမှန်တကယ် ပေါ်ပေါက်လာရေးအတွက် အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့သည်။ တာဝန်ရှိသူများက အာရှနိုင်ငံများ အနေဖြင့် ကန့်ကွက်မည်ဟု ယုံကြည်နေသည်။

သမ္မတအိုဘားမား၏ အစိုးရအဖွဲ့သည် မြန်မာအစိုးရအား အထီးကျန်ပြုထားရေးဝါဒသည် မအောင်မြင်ကြောင်း သုံးသပ်၍ ၂ဝဝ၉ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးမှုများ စတင်ခဲ့သည်။ အမေရိကန် တာဝန်ရှိသူများက ယင်းတို့မြင်ရသော ကောင်းမွန်သည့် လက္ခဏာများကို ပြောခဲ့ကြ ပြီး ပိုမို လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ဆိုသည်။

ပြီးခဲ့သည့်မေလက စစ်အစိုးရသည် အမည်ခံအရပ်သားအစိုးရသို့ အာဏာလွှဲပေးခဲ့သည်။ သို့သော် အဆိုပါ ပြောင်းလဲမှုသည် အပေါ်ယံသာ ဖြစ်ပြီး စစ်တပ်ကသာ ခိုင်မြဲစွာ အုပ်ချုပ်နေဆဲဖြစ်ကြောင်း အတိုက်အခံက ပြောသည်။

မကြာသေးမီက AFP နှင့် အင်တာဗျူးတွင် ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂစုံစမ်းစစ်ဆေးမှုသည် လက်စားချေမှုနှင့် မသက်ဆိုင်ဘဲ အနာဂတ်တွင် ငြိမ်းချမ်းရေးနှင့် ခွင့်လွှတ်နိုင်ရေးအတွက် အထောက်အကူပြုမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့သော် International Crisis Group ၏ မကြာသေးမီက အစီရင်ခံစာတွင် အဆိုပါ ကော်မရှင်ကြောင့် မြန်မာ အစိုးရသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များမှ နောက်ဆုတ်သွားစေနိုင်ကြောင်း သတိပေးခဲ့သည်။

မြန်မာနိုင်ငံ အမှောင်ညမှ လွတ်မြောက်ခဲ့ပြီလော

(The Strait Times မှ 23 Sept 2011 ရက်စွဲပါ “Myanmar sees the light?” ကို Y C မှ ဘာသာပြန်ဆိုသည်)

အကယ်၍ အမှတ်သင်္ကေတများသည် တစ်စုံတစ်ရာကို အဓိပ္ပာယ်ဖော်ဆောင်သည်ဆိုပါကပြီးခဲ့သည့် သြဂုတ်လသည် မြန်မာ့နိုင်ငံရေး အခင်းအကျင်း အတွက် ကောင်းမွန်မှုများ ဆောင်ကြဉ်းပေးနိုင်မည့် အပြောင်းအလဲ တစ်ခုကို ကိုယ်စားပြုသော အမှတ်သင်္ကေတတစ်ခုဟုပင်ဆိုရမည်။ အဆိုပါ သြဂုတ်လတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးသိန်းစိန်တို့ ပထမဆုံးအကြိမ်အဖြစ် တံခါးပိတ်တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခင် စစ်အစိုးရဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးလည်း ဖြစ်သူ ဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်နိုင်ခဲ့ခြင်း၊ ထို့နောက် မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့မှောက်တွင် ၎င်းတို့နှစ်ဦး ရိုက်ကူးခဲ့ သော ဓာတ်ပုံကို နိုင်ငံပိုင်မီဒီယာ မျက်နှာဖုံးတွင်ဖော်ပြခဲ့ခြင်း အစရှိသည်တို့သည် မျှော်လင့်ချက်များစွာ ဖန်တီးပေးသော အရိပ်လက္ခဏာများပင် ဖြစ်သည်။

ထိုမျှမကသေးပေ။ တစ်ချိန်က ပိတ်ပင်ထားခဲ့သော Reuters၊ The Bangkok Post၊ The Nation နှင့် The Straits Times အပါအဝင် ပြည်ပြေးမီဒီယာဝက်ဘ်ဆိုက်များစွာကို အစိုးရက ဖွင့်ပေးခဲ့သည်။ ယခုလ အစောပိုင်းကလည်း အလုပ်သမားများအနေဖြင့် အစည်းအရုံးနှင့် သမဂ္ဂများ ဖွဲ့စည်း ထူထောင်ခွင့်ရှိမည့် ဥပဒေတစ်ရပ်ကို ပြည်သူ့လွှတ်တော်က အတည်ပြုပေးခဲ့သည်။ အဆိုပါဖြစ်ရပ်များအားလုံးကို အပြုသဘော ဆောင်သည့် ဖွံ့ဖြိုးမှုများ အဖြစ် ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ပြောဆိုပြီး ခရီးရှည်ကြီးနှင်ရဦးမည်ဟုသုံးသပ်သည်။

ယခုကဲ့သို့သော အပြောင်းအလဲများက စစ်မှန်သော ပြောင်းလဲမှုများဖြစ်ရန် အချိန်ကာလကြာမြင့်စွာ ပင်ပန်းတကြီး စောင့်ဆိုင်းခဲ့ကြရသော မြန်မာ့အရေး စောင့်ကြည့် လေ့လာခဲ့သူများအား ဝေခွဲ၍ မရနိုင်လောက်အောင် ဖြစ်စေလိမ့်မည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲကို မြန်မာ့အရေး စောင့်ကြည့်လေ့လာသူများက စစ်တပ်ကျောထောက်နောက်ခံ ပုဂ္ဂိုလ်များကို အပြသဘောဖြင့် အာဏာလွှဲပြောင်းရန် စီစဉ်မှု တစ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

လက်ရှိအနေအထားတွင် လေ့လာစောင့်ကြည့်နေသူများအကြား အငြင်းအခုန်ဖြစ်နေသည့် ကိစ္စမှာ အရပ်သားအစိုးရထံသို့ အကန့်အသတ်ဖြင့် အာဏာလွှဲပြောင်းပေးမှုက စစ်မှန်သော အပြောင်းအလဲ၏ ရှေ့ပြေး နိမိတ်ဖြစ်၊ မဖြစ် ဟူသောကိစ္စပင် ဖြစ်သည်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည်ပင် မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့် ဆက်ဆံနေသည့်ကိစ္စများနှင့်ပတ်သက်၍ ဝေဖန် ပြောဆိုမှုများ ခံနေရသည်။ အချို့က သူမသည် စစ်တပ်နှင့် ဆက်ဆံရာတွင် သဘောထားပျော့ပြောင်းမှုရှိသည်ဟု ဆိုကြပြီး အချို့ကမူ ပျော့ပြောင်းမှု မရှိဟု ဝေဖန်ကြသည်။ မည်သို့ဆိုစေကာ မူ ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ ရေရှည် အကျိုးစီးပွားအတွက် အရေးပါသူ တစ်ဦး ဖြစ်သည်ဟူသောအချက်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ သံသယ မရှိကြပေ။

AFP သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုပြုလုပ်ရာ၌ ဒေါ်အောင်ဆန်းစုကြည်က သူမသည် အာရပ်ကမ္ဘာတွင် ဖြစ်ပေါ်နေသော အာဏာရှင် ဖြုတ်ချမှု တော်လှန်ရေးမျိုးမြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာအောင် လှုံ့ဆော် စည်းရုံးနေခြင်း မရှိကြောင်း၊ အာရပ်ကမ္ဘာပုံစံ တော်လှန်ရေးမျိုးဖြင့် တိုင်းပြည်၏ ပြဿနာ များကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အာရပ်ကမ္ဘာတော်လှန်ရေးမျိုး မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာပါက သဘောထား တင်းမာသော စစ်ဗိုလ်ချုပ်ကြီးများ ထံမှ ဆိုးရွားသည့်တုံ့ပြန်မှုမျိုးထွက်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် သူမ၏ အနေအထား ပိုမိုအားကောင်းလာစေရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ ထိုမှတစ်ဆင့်မဟာဗျူဟာ ရလဒ်မျိုးထွက်ပေါ်ရန် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း အချို့သော လေ့လာစောင့်ကြည့်သူ များက ဝေဖန်ကြသည်။ အချို့ လည်း လတ်တလော မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများမှာ မည်ကာမတ်တ သဘောမျှသာဖြစ်ပြီး ခိုင်မာမှုရှိမည် မဟုတ်ကြောင်း ပြောဆိုကြသည်။

ထိုသို့ ပြောဆိုဝေဖန်ရန်လည်း သင့်သင့်လျောက်ပတ်သော သက်သေအထောက်များက အပြည့်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပင် နှစ်ပေါင်း ၂၁ နှစ်တာကာလအတွင်း ၁၅ နှစ်ခန့်မျှ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည် မဟုတ်ပါလော။ မကြာသေးခင် ကာလကပင် မြန်မာအစိုးရက ပြည်ပမီဒီယာတစ်ခုဖြစ်သော ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) မှ ဂျာနယ်လစ်တစ်ဦးအား ထောင်ဒဏ် ၁၀ နှစ် ထပ်မံ တိုးမြှင့်ချမှတ်လိုက်သည်။

၎င်းသည် မူလက ထောင်ဒဏ်ရှစ်နှစ်ဖြင့် ဖမ်းဆီးအကျဉ်းချခံခဲ့ရာမှ ထောင်ဒဏ် ၁၀ နှစ် ထပ်မံ တိုးမြှင့်ခံလိုက်ရခြင်း ဖြစ် သည်။ ဝေဖန်သုံးသပ်သူများကမူ လတ်တလောဖြစ်ပေါ်နေသော အပြောင်းအလဲများသည် အများပြည်သူလူထု အပါအဝင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်ရန်အလို့ငှာ အပေါ်ယံသဘော ကြိုးပမ်းမှုများပင်ဖြစ်သည်ဟု ဆိုသည်။ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၄ ခုနှစ်တွင် အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ ရာထူးရယူရမည်ဖြစ်ရာ အစိုးရသစ်က နိုင်ငံတကာဆက်ဆံရေး၊ အထူးသဖြင့် အာဆီယံအဖွဲ့ဝင်များနှင့် ဆက်ဆံရေး ပြေပြစ်ကောင်းမွန်အောင် ကြိုးပမ်း လျက် ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် မှတ်ချက်ပေးသည့်အတိုင်းဆိုပါက မြန်မာနိုင်ငံသည် ပြောင်းလဲမှုများဖြစ်ပေါ်မည့် အချိန်ကာလသို့ ရောက်ရှိနေပြီ ဖြစ်သည်ဟုပင် ဆိုရမည်။ သို့သော်သတိပြုရမည့်အချက်မှာ ယင်းသို့ပြောင်းလဲ မည့် အချိန်ကာလသို့ ရောက်ရှိနေခြင်းသည် အပြောင်းအလဲဖြစ်သွားပြီဟု ဆိုလိုခြင်း မဟုတ်ပေ။ မျှော်လင့်ချက်ရောင်နီတော့ သန်းစပြုပြီ၊ သို့သော် စိတ်ရှည်လက်ရှည်နှင့် စောင့်ရန် လိုသည်ဟုပင်ဆိုရမည် ဖြစ်သည်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၃ နှစ်မြောက်အခမ်းအနားတွင် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

ပြောင်းလဲနေတဲ့လောကကြီးမှာ မပြောင်းလဲဘဲ သွားဖို့မဖြစ်နိုင်ပါဘူး၊ဒီမိုကရေစီရရှိရေးအတွက် ကျွန်မတို့ဆက်လုပ်သွားမှာပါ။


အင်္ကျီခရမ်းရောင်နုနု၊၊ ချိတ်ထမီခရမ်းရောင်ဝတ်ထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မျက်ဝန်းတို့သည် တောက်ပလျက်ရှိနေပြီး အသံမှာလည်း ကြည်လင်ပြတ်သားစွာဖြင့် ယုံကြည်ချက်အကြောင်း ပြောဆိုလိုက်သည်။

`လွယ်လွယ်နဲ့ ရတဲ့အရာတွေဟာ တန်ဖိုးရှိတာ မဟုတ်ဘူး။ တကယ်တန်ဖိုးရှိတဲ့အရာအတွက် အင်မတန်ရုန်းကန်ပေးဆပ်ရပါတယ်။ ပေးဆပ်ခြင်းဆိုတာဟာ ပူဇော်ခြင်းလို့ပဲ စိတ်ထဲမှာ မှတ်ပါတယ်။ ယုံကြည်ချက်အရ ပူဇော်တာပါ၊ ဘယ်သူကမှ ပေးဆပ်မယ်လို့ ပြောလို့ပေးဆပ်တာ မဟုတ်ပါဘူး`ဟု ဒေါ်အောင်ဆန်းစုကြည်က အန်အယ်ဒီ ၂၃ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားတွင် မိန့်ခွန်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းအား နားထောင်နေကြသူများမှာ အန်အယ်ဒီအဖွဲ့ချုပ်ရုံးခန်းအောက်ထပ် ခမ်းမတစ်ခုလုံးနှင့် အပြည့်ဖြစ်နေသည်။အန်အယ်ဒီအဖွဲ့ဝင်များ၊ နိုင်ငံခြားသံရုံးများမှ သံတမန်များ၊ နိုင်ငံရေးပါတီအချို့မှ ခေါင်းဆောင်များ၊ စီအာပီပီအဖွဲ့ဝင်များ၊ သတင်းသမားများနှင့် ပြည်သူလူထုများလည်း ပါဝင်တက်ရောက်လာကြကာ တက်ရောက်သူပေါင်း ၁၅၀၀ တထောင်ငါးရာခန့် ရှိကြောင်း တွေ့မြင်ရသည်။

၂၀၁၁ခုနှစ်စက်တင်ဘာ လ (၂၇_ ရက်နေ့တွင်ကျရောက်ခဲ့သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ (၂၃)နှစ်မြောက်နှစ်ပတ်လည်အခမ်းအနားတွင် အဖွဲ့ချုပ်၏အထွေထွေအတွင်းရေးမှုးဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ တာဝန်နှင့်အုပ်ချုပ်ပုံတို့နှင့် စပ်လျဉ်း၍ တစ်ဦးတစ်ယောက်တည်းက လုပ်ဆောင် ၍ရခြင်းသည်ဒီမိုကရေစီနှင့် လုံးဝ ပတ်သတ်ယှက်နွယ်ခြင်းမရှိကြောင်း ဆက်လျက်ပြောကြားခဲ့သည်။

“တကယ်တော့ တာဝန်ဆိုတာ ဖယ်ရှား၍မရသလို လိုချင်တိုင်းလည်းမရပါဘူး။ ဘယ်လောက်ပဲ ပင်ပန်းပင်ပန်းဆက်လုပ်ရမှာပါ ။ကျွန်မအတွက် ဒီတာဝန်တွေကျေပွန်ဖို့ဆိုတာ အားလုံးရဲ့ဝိုင်းဝန်းကူညီပေးဖို့ လိုအပ်ပါတယ်။ တစ်ယောက်တည်းလုပ်လိုရတယ် ဆိုတာဒိမိုကရေစီနဲ့ ဘာမှာမဆိုင်တော့ဘူး။

အဲဒါတော့ ခေါင်းထဲထည့်ထားစေချုင်တယ်”ဟုအဆိုပါအခန်းအနားတွင် ဒေါ်အောင်ဆန်းစုကြည့်ပြောသည်။

ထိုပြင်ပြည်သူလူထုတောင်းတနေသော လူအဆောက်အအုံ အဖြစ်အမြန်ဆုံးထူထောင်နိုင်ရန် NLD အဖွဲ့အနေနဲ့ ဖြင့် ကြိုးစားမည်ဖြစ်ပြီး ထို့ကဲ့သို့ ကြိုးစားရာတွင်လည်း၎င်းတို့အဖွဲ့အပြင် အခြားဒီမိုကရေစီ လိုလားသောအစုအဖွဲ့ဖြင့် ညီညွတ်သောရဲဘော်ရဲဘက်စိတ်အပြည်ထား၍ လက်တွဲ၍ပြုလုပ်သွားကြရန် လိုအပ်ကြောင်းပြောသည်။

“ပြောင်းလဲနေတဲ့လောကကြီးမှာ မပြောင်းလဲဘဲ သွားဖို့မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီရရှိရေးအတွက် ကျွန်မတို့ဆက်လုပ်သွားမှာပါ“ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
ထိုအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ခံရဲတဲ့ သတ၊္တိလုပ်ရဲတဲ့သတ္တိ ၊အသစ်အဆန်း ကိုရင်ဆိုင်ရဲ့တဲ့ သတ္တိအသစ်အဆန်းအတွေးအခေါ်ကိုသုံးသပ်လက်ခံရဲ့တဲ့သတ္တိးစသည့်ဖြင့် (၂၄) နှစ်တိုင် အသုံးပြုခဲ့ရပြီး သတ္တိတွေကိုလည်း အမှန်တကယ်လိုအပ်ကြောင်းသူမက ပြောသည်။

“ကျွန်မ တို့အဖွဲ့ဝင်တွေဟာ တိုင်းပြည်အတွက် ပြည်သူအတွက်ကျွန်မတို့ယုံကြည်ချက်တွေအတွက် အနစ်နာခံတယ်စိတ်ထားတွေမထားစေချင်ဘူး။ ကျွန်မလည်းအနစ်နာခံတယ်လိုသဘောမထားဘူး။ ကျွန်မရွေးတဲ့လမ်းကိုကျွန်မလျှောက်ရလို့ကျေနပ်တယ်။ “ဟု အန်အယ်ဒီအဖွဲ့ချုပ်၏ အတွင်းရေးမှူးအနေဖြင့် သူမက ပြောကြားခဲ့သည်။.

အဆိုပါ အခမ်းအနားအား နံနက် ၉နာရီ ခွဲအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဒုတိယဥက္ကဌ ကာကွယ်ရေးဦးစီးချုပ်ဟောင်း သူရ(ဦး)တင်ဦးမှ အဖွင့်မိန့်ခွန်းပြောကြား ခဲ့ပြီးနောက်ဒေါ်အောင်ဆန်းစုကြည် မှ ပြောကြားခဲ့ခြင်းဖြစ်သည်။

အခမ်းအနားကို နေ့လည် ၁၂နာရီခွဲတွင် ပြီးစီးခဲ့ကြောင်း သိရှိရသည်။

သတင်းများအား ပြန်လည်မျှဝေပေးသော မြစ်မခ မီဒီယာ အားအထူးကျေးဇူးတင်ရှိပါသည်.။

27 September 2011

ဆူးလေဘုရားတွင် ငြိမ်းချမ်းစွာဖြင့်ဆုတောင်းခဲ့သောဒေါ်နော်အုန်းလှဖမ်းဆီးခံရခြင်း မရှိဟု နီးစပ်သူတဦးက ပြောဆို















စက်တင်ဘာလ ၂၆ ရက်နေ့(ယမန်နေ့)က ဆူးလေဘုရားတွင် ၀တ်ပြုဆုတောင်းခဲ့သော ဒေါ်နော်အုန်းလှအား ဖမ်းဆီးထိန်းသိမ်းခံရခြင်း မရှိကြောင်း သူမနှင့် နီးစပ်သူ တဦးက ပြောသည်။

`မနော်နဲ့ မနက်ကတင် ဖုန်းပြောဖြစ်ပါတယ်။ ညက လာဖမ်းတယ်ဆိုပြီး သတင်းထွက်လို့ပါ၊ မဟုတ်ပါဘူး၊ကိုဟန်ဝင်းအောင်လည်း အဖမ်းမခံရပါဘူး ဒါပေမဲ့ ကိုဟန်ဝင်းအောင်ကို အိမ်ကိုတော့ စောင့်ကြည့်နေကြတယ်`ဟု ဒေါ်နော်အုန်းလှနှင့် နီးစပ်သူ တဦးက မြစ်မခမီဒီယာသို့ ပြောသည်။

ထို့အတူ ဆူးလေဘုရားတွင် ဆုတောင်းခဲ့သော ကိုဟန်ဝင်းအောင်ကိုလည်း သက်ဆိုင်ရာမှ လိုက်လံ စောင့်ကြည့်လျက်ရှိကြောင်း၊ ယခုအချိန်ထိ ဖမ်းဆီးထားသူ မရှိသေးကြောင်း မြစ်မမီဒီယာမှ စုံစမ်းသိရှိရသည်။

ဆူးလေ ဆုတောင်းပွဲတွင်ပါဝင်ခဲ့သူအချို့အား သက်ဆိုင်ရာမှ စောင့်ကြည့်လျက်ရှိသော်လည်း ဖမ်းဆီးခြင်း၊ ထိန်းသိမ်းအရေးယူခြင်း မရှိကြောင်း စုံစမ်းသိရှိရသည်။

`ဒီမိုကရေစီအစိုးရလို့ ပြောတယ် မဟုတ်လား၊ ဒါဆိုရင်တော့ မနေ့က ဆုတောင်းတဲ့ သူတွေကို ဖမ်းတာတွေ ဘယ်လုပ်လို့ဖြစ်မလဲ၊ လုပ်လိုက်ရင် ဒီမိုကရေစိအစိုးရမဟုတ်ဘူးဆိုတာ ပြလိုက်တာပဲ၊ ကျွန်တော်တို့တော့ အဲလို ပဲ မြင်မိတယ်` ဗဟိုတရားရုံး ရှေ့နေဦးခင်မောင်ဦးက ပြောသည်။

သတင်းအားပြန်လည်မျှဝေပေးသောငြိမ်းဆက်လင်း(မြစ်မခ)နှင့် ဓာတ်ပုံ များပေးပို့ပေးသော ကိုသောင်းတန်ချို အားကျေးဇူး တင်ရှိပါသည်.။

လူငယ်များရဲ့ ဧရာဝတီ ဟောပြောပွဲမှာ ဟောပြောသွားတဲ့ ဆရာအောင်ကြည်ညွန့်ရဲ့ (အသံဖိုင်)


ဆရာ အောင်ကြည်ညွန့် by Demo Waiyen ဆရာအောင်ကြည်ညွန့် အသံဖိုင်

ဆရာ အောင်ကြည်ညွန့် by Demo Waiyen

ပေးပို့ ပေးသော ဒီမိုဝေယံ အားကျေးဇူးတင်ရှိပါသည်.။

ရွှေဝါရောင်(၄)နှစ်ပြည့် ငြိမ်းချမ်းစွာဆုတောင်းလမ်းလျှောက်ပွဲ ဗွီဒီယိုမှတ်တမ်း

မြန်မာနိုင်ငံကိုမျက်ခြည်မပြတ်စောင့်ကြည်ရန် နိုင်ငံတကာအသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

(21 Sept 2011 ရက်စွဲပါ AFP သတင်းမှ “Suu Kyi urges world to keep eye on Myanmar” ကို yangonchronicle မှ ဘာသာပြန်ဆိုသည်)

နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် မြန်မာနိုင်ငံကို အရေးစိုက်စောင့်ကြည့်လေ့လာမှုမပြုဘဲ မနေသင့်ကြောင်း ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုလိုက်ကြောင်း AFP သတင်းဌာန အဆိုအရ သိရသည်။ မြန်မာနိုင်ငံသည် ယခုအခါ လွတ်လပ်မှုဆီသို့ ဦးတည်မည့် ပဏာမအခြေအနေထဲသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က သတ်မှတ်ပြောဆိုသည်။ အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့တွင် ကျင်းပပြုလုပ်သော နိုင်ငံတကာကွန်ဖရင့်သို့ ဗီဒီယိုလင့်ခ်ဖြင့် မိန့်ခွန်းပြောဆိုရာ၌ သူမကအထက်ပါအတိုင်း တိုက်တွန်းခြင်း လည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးအခြေအနေများ နူးညံ့ပျော့ပြောင်း
လာမှုကို ပြင်ပကမ္ဘာက အနီးကပ်စောင့် ကြည့် စစ်ဆေးသင့် ကြောင်း ၎င်းကပြောသည်။ "ကျွန်မတို့တတွေ လိုအပ်နေတဲ့အချက်က ကျွန်မတို့မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ် ဆိုတာကို သိရှိထားဖို့ပါပဲ။ တကယ် လို့ နိုင်ငံတကာအသိုင်းအဝိုင်းကသာ မြန်မာနိုင်ငံကို အကူအညီ ပေးချင်တယ်ဆိုရင် မြန်မာနိုင်ငံမှာ ဘာဖြစ်နေတယ်ဆိုတာကို သိရှိထားဖို့လိုအပ်ပါ တယ်။ ဒီမှာဘာဖြစ်နေတယ်ဆိုတာကို ရှင်တို့အနေနဲ့ အဆက်မပြတ် စောင့်ကြည့်နေရပါမယ်" ဟု Clinton Global Initiative တွင်ပြုလုပ်သော ကွန်ဖရင့် သို့ တက်ရောက်လာကြသည့် နိုင်ငံရေးနှင့် စီးပွားရေးခေါင်းဆောင်များအား ၎င်းက တိုက်တွန်းပြောဆိုသည်။

မြန်မာနိုင်ငံတွင် ယခင်ကရှိခဲ့သော ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေမှာ ပြောင်းလဲနေပြီဖြစ်သည်ဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့သူ ဒေါ်အောင်ဆန်းစုကြည်ကဆိုသည်။ သို့သော် ၎င်းက "ကောင်းတဲ့ကိစ္စတစ်ခုဖြစ်ဖို့ အပြောင်းအလဲဆိုတာ အမြဲတမ်းတော့ဖြစ်မနေပါဘူး။ စဉ်ဆက်မပြတ် ပြောင်းလဲနေတယ် ဆိုတာလည်းမရှိပါဘူး။ မြန်မာနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို ကမ္ဘာကြီး အနေနဲ့ မျက်ခြည်မပြတ် စောင့်ကြည့်နေသင့်တယ်လို့ ကျွန်မပြောချင်ပါတယ်" ဟု သတိပေးပြောဆိုသည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်သည် အာရှ ဒေသတွင်း ပါဝါကြီးထွားလာသော တရုတ်နှင့် အိန္ဒိယနိုင်ငံသို့ သဝဏ်လွှာပေးပို့ပြီး ၎င်းတို့အနေဖြင့် မြန်မာအစိုးရအပါအဝင် မြန်မာပြည်သူများနှင့် ဆက်ဆံရေးကို အာရုံထား လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ပြောဆိုသည်။

"ကျွန်ုပ်တို့သည် အိမ်နီးချင်းနိုင်ငံကောင်းများ ဖြစ်ခဲ့ကြသည်။ သို့သော်အချိန် ကာလများ ပြောင်းလဲ သွားပြီဖြစ်သလို အခြေအနေ အရပ်ရပ်မှာ လည်း ပြောင်းလဲခဲ့ပြီဖြစ်သည်။ အိမ်နီးချင်းကောင်းများ အဖြစ် ဆက်လက်တည်ရှိနိုင်ရေးအတွက် မူဝါဒများလည်း ပြောင်းလဲသွားရမည်ဖြစ်သည်" ဟု ၎င်း က ဆိုသည်။ အဆိုပါ နယူးယောက်ဖိုရမ်သို့ ဗီဒီယိုလင့်ခ်ဖြင့် မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှာ ရယ်ပြုံးလျက်ရှိသော်လည်း ပင်ပန်း နွမ်းနယ်နေပုံ ပေါက်နေသည်။ အသက် ၆၆ နှစ်အရွယ် ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည် အင်္ဂလိပ်ဘာသာစကားကို ကောင်းမွန်ချောမွေ့စွာ ပြောဆိုပြီး အသံမှာလည်း လေးနက်တည်ကြည်လှသည်။ သူမ၏ နိုင်ငံတွင်ဖြစ်ပေါ်နေသော အပြောင်းအလဲမှာ ကာလ ကြာရှည်စွာ ခရီးနှင်ရဦးမည်ဖြစ် သည်ဟု ဆိုသည်။

"ခရီးဆိုတာ တစ်ဆင့်ပြီး တစ်ဆင့်သွားကြရတာပါ။ အရိုးသားဆုံးပြောရမယ်ဆိုရင် ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ ပထမဆုံးစတင်ပါဝင်ခဲ့ချိန်တုန်း က ကျွန်မဘဝတစ်ခုလုံး မြှုပ်နှံရလိမ့်မယ်လို့ ကျွန်မ မထင်မိခဲ့ပါဘူး" ဟု ၎င်းက ပြောသည်။ ယခုကဲ့သို့ နယူးယောက်ဖိုရမ်တွင် ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပါဝင် တက်ရောက်ခွင့်ရရှိခြင်း၊ နိုင်ငံခြားသတင်းစာဆရာများနှင့် တွေ့ဆုံနိုင်ခြင်း၊ မြန်မာအစိုးရနှင့် တွေ့ ဆုံဆွေးနွေး
နိုင်ခြင်း အစရှိသည်တို့သည် တိုးတက်ဖြစ်ထွန်းမှုတစ်ရပ်ပင် ဖြစ်သည်ဟု ၎င်းကမှတ်ချက်ပေးသည်။ "အခုလိုကိစ္စမျိုးတွေကို ကျွန်မအနေနဲ့ ယခင်ကမလုပ်နိုင်ခဲ့ပါဘူး။ ဆိုတော့ ပြောရ ရင် ကျွန်မတို့တတွေ တိုးတက်ဖြစ်ထွန်းမှုတွေရှိနေတယ်လို့ဆိုရမှာပါ။ ဒါပေမဲ့ နောက်ထပ်တိုးတက်ဖြစ်ထွန်းမှုတွေ ပိုရှိလာဖို့ လိုအပ်ပါတယ်" ဟု ဆို သည်။

သို့သော် အာဖရိကမြောက်ပိုင်း၊ အရှေ့အလယ်ပိုင်းဒေသတို့တွင် လူငယ်များဦးဆောင်သည့် လူမှုကွန်ယက် ဝက်ဘ်ဆိုက်များမှတစ်ဆင့် အာဏာရှင်အစိုးရဟောင်းများဖြုတ်ချရေး လှုပ်ရှားမှုများနှင့် ဒီမိုကရေစီတိုက်ပွဲများ အကြောင်းကို ဒေါ်အောင်ဆန်းစုကြည်က လွန်စွာအရေးပေး ပြောဆို မှုမပြုပေ။ "အာရပ်ကမ္ဘာနိုင်ငံတွေကလို လူမှုကွန်ယက် မီဒီယာတွေ ကျွန်မတို့ဆီမှာ အားမကောင်းပါဘူး" ဟု ဆိုကာ မြန်မာနိုင်ငံတွင်း အင်တာနက်အသုံး ပြုမှုများအပေါ် လွန်စွာ တင်းကြပ်စွာထိန်းချုပ်ထားပုံကို ပြောဆိုသည်။ "ကျွန်မတို့နိုင်ငံမှာ ဆက်သွယ်ရေးစနစ်ကောင်းတွေ၊ ကွန်ယက်တွေ မဖွံ့ဖြိုးသေး ပါဘူး" ဟု ဆိုသည်။

မြန်မာ့အရေးတွင် အခက်ခဲဆုံးနှင့် အတင်းမာဆုံးဖြစ်လာမည့်ကိစ္စမှာ မလိုမုန်းထားဖြစ်မှုနှင့် ရန်ပြုလိုမှုများပင်ဖြစ်ကြောင်း သူမက ဆိုသည်။ "အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ဆောင်ချက်ဟာ အားလုံးအတွက်အခက်ခဲဆုံးသော အလုပ်တစ်ခု ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့ လဲဆို တော့ နှစ်ဖက် စလုံးက စေ့စပ်ညှိနှိုင်းမှု လုပ်ဖို့နဲ့ အပေး၊ အယူလုပ်ဖို့ ပြင်ဆင်ထား ရမှာဖြစ်တဲ့ အတွက်ကြောင့်ပါ" ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် သြဂုတ်လအတွင်း သမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံဆွေးနွေးပြီးနောက် "သတိကြီးစွာဖြင့် မျှော်လင့်ထားကြောင်း၊ သို့သော် ရလဒ်များကို စောင့်ကြည့်နေမည် ဖြစ်ကြောင်း" ပြောဆိုထားသည်။ "မကြာခင်ကာလတွေ မှာဖြစ်ပေါ်လာတော့မယ့် စစ်မှန်တဲ့အပြောင်းအလဲလက္ခဏာတွေကို တွေ့မြင်ရမယ်လို့ ကျွန်မတို့ မျှော်လင့် ထားပါတယ်။ အပြောင်းအလဲဖြစ်မယ်လို့ ပြောဆိုထားတာတွေကတော့အများကြီးပါပဲ၊ ဒါပေမဲ့ ပြည်သူတွေ ခိုင်မာမှုရှိတဲ့အပြောင်းအလဲတွေကို တွေ့မြင်နေချင်ကြပါ တယ်။ အပြောင်းအလဲ အစပိုင်းကို စတင်တွေ့မြင်ရတော့မယ်လို့ ကျွန်မထင်ပါတယ်" ဟု ၎င်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီပါတီ(NLD) သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အနိုင် ရရှိခဲ့သော်လည်း စစ်အစိုးရက အာဏာလွှဲပြောင်းပေးခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် အတွင်း ကျင်းပသော နှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်ရွေးကောက်ပွဲကိုလည်း NLD က သပိတ်မှောက်ခဲ့ရာ အကျိုးဆက်အားဖြင့် စစ်အစိုးရ၏ ပယ်ဖျက်ခြင်း ခံလိုက်ရသည်။ မည်သို့ပင်ဆိုစေ လတ်တလောကာလများအတွင်း စစ်တပ် ကျောထောက်နောက်ခံ အစိုးရသစ်က အတိုက်အခံ အင်အားစုများနှင့်ပတ်သက်၍ သဘောထားပျော့ပြောင်းမှုများစတင်ပြသလာရုံသာမက သတင်း မီဒီယာများ အပေါ် တင်းကြပ်စွာထိန်းချုပ်ထားမှုကိုလည်း ဖြေလျှော့ပေးလာခဲ့သည်ကိုတွေ့ရသည်။ BBC၊ VOA ကဲ့သို့သော ယခင်က ပိတ်ပင်ထား သည့် သတင်းဝက်ဘ်ဆိုက်များကိုလည်း ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

အရှေ့ဒဂုံမြောက်ပိုင်းနှင့်မြောက်ဥက္ကလာပမှ ဆုတောင်းသူများအား ကမ္ဘာအေး ဘုရားအနီးတွင် သက်ဆိုင်ရာမှ လူစုခွဲခိုင်းခဲ့

၂၀၁၁ ခုနှစ် စက်တင်ဘာလ ၂၆ရက်နေ့ နေ့လည် ၁၂ နာရီခန့်တွင် ကမ္ဘာအေး ဘုရားလမ်းပေါ်ရှိ မိုးလေဝသနှင့် ဇလဗေဒ ရုံးရှေ့ပလက်ဖောင်းပေါ်၌ ဆုတောင်းခြင်း၊ ဝတ်ပြုခြင်းများပြုလုပ်ခဲ့ရာ သက်ဆိုင်ရာ အာဏာပိုင်များမှ တားဆီးခဲ့ခြင်းကြောင့် လူစုပြန်ခွဲခဲ့ရကြောင်းသိရသည်။

ဆုတောင်းပွဲသို့ လာရောက်သူများမှာ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်တို့မှ အများဆုံးလာရောက်ခြင်းဖြစ်ပြီး အခြားမြို့နယ်များမှ ပါဝင်သူများလည်းရှိကြောင်းသိရသည်။

ပထမ အစီအစဉ်က ဆူးလေကို နေ့လည်တစ်ရာရီ အရောက်။ ဆူးလေဘုရားမှာဆုတောင်းမယ်ဆိုပြီး။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဟာ ရွှေဝါရောင်တော်လှန်ရေး (၄) နှစ်ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ကော၊ အကျဉ်းသားလွတ်မြောက်ရေးအတွက် ဆုတောင်းပွဲလေးလုပ်ချင်တာ။ သူတို့တွေကတားတော့ ဒီမှာပဲဆုတောင်း ဝတ်ပြုလိုက်တယ် ̋ ဟု ဆုတောင်းပွဲတွင် ပါဝင်ခဲ့သူ တစ်ဦးက ကမ္ဘာအေးဘုရားအနီးတွင် ပြောသည်။

အဆိုပါ ဆုတောင်းဝတ်ပြုပွဲကို လုံခြုံရေးရဲကား (၁၀) စီးဝန်းကျင်၊ ရဲတပ်ဖွဲ့ဝင် အင်အား (၂၀၀) နီးပါးဖြင့် တားဆီးခဲ့ပြီး လက်ရှိတည်ဆဲဥပဒေအရ လူငါးဦးထက်ပို၍စုပါက အရေးယူရလိမ့်မည်ဖြစ်ကြောင်း သတိပေးပြောဆိုကာ လူစုခွဲခိုင်းခဲ့ခြင်းဖြစ်ကြောင်း ဆုတောင်းပွဲတွင်ပါဝင်ခဲ့သူမျာထံမှ သိရသည်။

̏ သူတို့ဘက်က ၂ ပွင့်နဲ့ အရာရှိတစ်ဦးကပြောတယ်။ လက်ရှိဥပဒေအရ လူငါးဦးထက်ပိုစုလို့မရတဲ့ ဥပဒေကရှိနေတုန်းပဲတဲ့။ လွှတ်တော်ထဲမှာလဲ ဒီဥပဒေနဲ့ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်တုန်းပဲရှိသေးတဲ့အတွက် လက်ရှိအချိန်ထိ ဒီဥပဒေဟာ အသက်ဝင်နေတုန်းပဲဆိုပြီး ပြောတယ်။ ငါးဦးထက်ပိုစုမယ်ဆိုရင်တော့ အရေးယူရလိမ့်မယ်လို့ပြောတယ် ̋ ဟု ဒဂုံအရှေ့ပိုင်းမှ ဝတ်ပြုဆုတောင်းပွဲသို့လာရောက်သူ အမျိုးသားတစ်ဦးက ပြောသည်။

ထိုဝတ်ပြုဆုတောင်းပွဲတွင် လူဦးရေ ၁၁၄ ဦးတိတိ ပါဝင်ခဲ့ပြီး နေလည်(၁)နာရီတွင် ဆုတောင်းပွဲကိုစတင်ခဲ့ရာ သက်ဆိုင်ရာအာဏာပိုင်များ၏တားဆီးမှုကြောင့် နေ့လည် (၂)နာရီ ဝန်းကျင်တွင် လူစုခွဲခဲ့ကြကြောင်းသိရသည်။

`အားလုံးပဲ အေးအေးဆေးဆေးနဲ့လမ်းခွဲကြပါတယ်။ ဆန္ဒုပြတာတွေလည်း မရှိပါဘူး၊ စိတ်တော့ မကောင်းဘူးပေါ့ဗျာ၊ ဆုတောင်းဖို့တောင် ခွင့်မပြုဘူးဆိုတော့`ဟု မြောက်ဥက္ကလာပမှ ဆုတောင်းပွဲလာရောက်ခဲ့သူ အမျိုးသားတဦးက ပြောသည်။

သတင်း..ကျော်ဇင်မန်း(မြစ်မခ) ။

26 September 2011

ယနေ့ ရွှေဝါရောင်(၄)နှစ်ပြည့် ဆုတောင်းလမ်းလျှောက်ပွဲ ဓာတ်ပုံ မှတ်တမ်းများ











ဓာတ်ပုံ များအားပြန်လည်စုဆောင်းပြီး မျှဝေထားတာဖြစ်လို့ ဓာတ်ပုံပိုင်ရှင်များ၏ နံမည်များကို မဖော်ပြဖြစ်တာတောင်းပန်အပ်ပါတယ်။

မြတ်လေးငုံ