03 September 2010

မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌအပါအ၀င် ဗဟိုအမှုဆောင် လေးဦး နိုဝင်ဘာရွေးကောက်ပွဲတွင် အမတ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန်

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ဥက္ကဋ္ဌ အပါအ၀င် ဗဟိုအမှုဆောင် လေးဦးတို့သည် နိုဝင်ဘာ ရွေးကောက်ပွဲကာလအတွင်း အမတ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်သဖြင့် မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ သြဂုတ် ၂၇ ရက်မှ စတင် နုတ်ထွက်ခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ နုတ်ထွက်ခွင့်ပြုသူများမှာ ဥက္ကဋ္ဌ ဦးတင်ခ၊ ဒု-ဥက္ကဋ္ဌ(၁) ဒေါက်တာတင်ထွန်းဦး၊ ဗဟိုအမှုဆောင်များ ဖြစ်ကြသည့် ဦးအောင်ငြိမ်း၊ ဦးလှထွန်းတို့ လေးဦးဖြစ်ကြောင်း သိရသည်။ “မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းမှာ အဖွဲ့ဝင်တွေက ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ပါထားပါတယ်။

မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့က ပါတီနိုင်ငံရေးကင်းရှင်းတဲ့ လူမှုရေးအဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင်လေးဦးအနေနဲ့ စာပေနှင့်စာနယ်ဇင်းအဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်းကို လေးစားလို့ သူတို့ဆန္ဒနဲ့ နုတ်ထွက်ခြင်းဖြစ်ပါတယ်။ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကလဲ သူတို့ရဲ့ဆန္ဒကို လက်ခံတဲ့အတွက် နုတ်ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။

အဖွဲ့အနေနဲ့က နိုင်ငံရေးကင်းရှင်းသော လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ် ဆက်လက်ရပ်တည်သွားမှာ ဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအတွင်းရေးမှူး ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်)က ပြောသည်။ ယင်းအဖွဲ့မှ နုတ်ထွက်ခွင့်ပြုထားသည့် ဦးတင်ခသည် အမျိုးသားလွှတ်တော် အမတ်လောင်းအတွက် မြောက်ဥက္ကလာပမြို့နယ်မှလည်းကောင်း၊ ဒေါက်တာတင်ထွန်းဦးသည် ပြည်သူ့လွှတ်တော် အမတ်လောင်းအဖြစ် မင်္ဂလာတောင်ညွန့်မြို့နယ်မှ လည်းကောင်း၊ ဦးအောင်ငြိမ်းသည် အမျိုးသားလွှတ်တော် အမတ်လောင်းအတွက် မကွေးတိုင်း ရေနံချောင်းမြို့မှလည်းကောင်း၊ ဦးလှထွန်းသည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် ပန်းဘဲတန်းမြို့နယ်မှလည်းကောင်း အမတ်လောင်းအဖြစ် အသီးသီးဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။