10 May 2013

အစိုးရနည်းပညာ အထက်တန်းကျောင်း ဇွန် ၆ ရက်ဖွင့်မည် ရှစ်တန်းအောင်ကျောင်းသားများ တက်ရောက်ခွင့် လျှောက်ထားနိုင်

 အစိုးရနည်းပညာ အထက်တန်းကျောင်းများကို ယခုနှစ် ပညာသင်နှစ်တွင် ဆက်လက်ဖွင့်လှစ် သင်ကြားပေးသွားမည် ဖြစ်ကာ အခြေခံပညာ အဋ္ဌမတန်း ရှစ်တန်းအောင်မြင်ပြီးသူများ တက်ရောက်ခွင့် လျှောက်ထားနိုင်ကြောင်း သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ နည်းပညာအထက်တန်း ကျောင်း ဖွင့်လှစ်ခြင်းမှာ အခြေခံပညာ ကျောင်းသားများအတွက် အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်စေပြီး လက်တွေ့ကျသော သင်ကြားမှုများ ပိုမိုပြုလုပ်သင့်သည်ဟုလည်း ပညာရှင်အချို့နှင့် ကျောင်းသားဟောင်းများ က အကြံပြုသည်။ အဆိုပါ သင်တန်းသို့ ၂၀၁၃ ခုနှစ်တွင် ရှစ်တန်း အောင်မြင်ထားသော အသက် ၁၇ နှစ်အောက် ကျောင်းသားကျောင်းသူများ တက်ရောက်ခွင့် လျှောက်ထားနိုင်ပြီး ၂ နှစ်သင်တန်း ထူးချွန် အောင်မြင်ပါက AGTI ပထမနှစ်သို့ တိုက်ရိုက် တက်ရောက်ခွင့်ရရှိမည် ဖြစ်သည်။ ထို့ပြင် ၂ နှစ်သင်တန်းအား ရိုးရိုးအဆင့်မြင့် အောင်မြင်ပါက လုပ်ငန်းခွင် လက်တွေ့သင်တန်း လေးလ တက်ရောက်ရမည်ဖြစ်ပြီး သင်တန်း အောင်မြင်ကြောင်း လက်မှတ် Certificate ရရှိပြီးပါက အစိုးရဌာနများနှင့် ပုဂ္ဂလိက လုပ်ငန်းများသို့ စက်မှုကျွမ်းကျင် ဝန်ထမ်းအဖြစ် အလုပ်လျှောက်ထားနိုင်ကြောင်း၊ ပညာသင်ဆက်လက် ဆည်းပူးလိုပါကလည်း ပထမနှစ်သင်တန်း အောင်မြင်ပြီး ဒုတိယနှစ်သင်တန်း အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ပြင်ပဖြေအနေဖြင့် ဝင်ရောက်ဖြေဆိုခွင့် ရရှိမည်ဟု သိရသည်။ နိုင်ငံတော်က ဒီလိုသင်တန်းတွေ ဆက်ဖွင့်ပေးနေတာ ကောင်းတယ်။ ဒါမျိုးကျောင်းတွေ များများဖွင့်ပြီး နိုင်ငံတော်က ဒီထက်ပိုအားပေးရင် ပိုကောင်းတာပေါ့။ ဒီလိုကျောင်းတွေ ဖွင့်လှစ်ပေးခြင်းအားဖြင့် အလယ်တန်းအဆင့် ကျောင်းသားတွေအတွက် အခွင့်အလမ်း ဖြစ်စေသလို အဲဒီကနေ ပညာရှင်တွေ မွေးထုတ်ပေးနိုင်တယ်လေ” ဟု နည်းပညာတက္ကသိုလ် ကျောင်းသားဟောင်း တစ်ဦးဖြစ်သည့် ကာတွန်းဆရာ အော်ပီကျယ်က မှတ်ချက်ပြု ပြောကြားသည်။ အဆိုပါ သင်တန်းတွင် အဆောက်အအုံ နည်းပညာသင်တန်း၊ အီလက်ထရွန်နစ် နည်းပညာ သင်တန်း၊ လျှပ်စစ်နည်းပညာ သင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်း၊ စက်ပစ္စည်း အပိုင်းအစများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ လေအေးပေးစက်နှင့် အအေးပေးစနစ် ပြုပြင်မွမ်းမံမှု နည်းပညာသင်တန်း၊ သတ္တုပစ္စည်း ထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် သုတနည်းပညာ သင်တန်းများကို သင်ကြားပေးသွားမည် ဖြစ်ပြီး သင်ကြားမည့် ဘာသာရပ်၌ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချာင်္၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ ဘာသာများ အပါအဝင် သင်တန်း၏ အထူးပြုဘာသာရပ်နှင့် ပုံဆွဲဘာသာရပ်များ ပေါင်းစပ်သင်ကြားသွားမည် ဟု သိရသည်။ အစိုးရနည်းပညာ အထက်တန်းကျောင်း ၂၀၁၃-၁၄ ပညာသင်နှစ်အတွက် ဇွန် ၁၀ ရက်တွင် နောက်ဆုံးထား လျှောက်ထား အပ်နှံရမည်ဖြစ်ကာ ဇွန် ၆ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု အသိပေး ကြေညာထားကြောင်း   News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

08 May 2013

အကြီးတန်း အရာရှိကြီးအချို့ ထပ်မံအနားပေး


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တွင် ဦးဆောင်ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် လက်ရှိ ပညာရေးဝန်ကြီးဌာန၊ အမှတ် (၁) အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဣဒ္ဓိလှကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး အခြား ဝန်ကြီးဌာနများမှ အဆင့်မြင့် အရာရှိရှစ်ဦးကို အငြိမ်းစားပေး လိုက်ကြောင်း မေလ ၃ ရက်နေ့ထုတ် နိုင်ငံတော်ပြန်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနီလာသိန်း အပါအဝင် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ် စွမ်းအားဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ ဦးဆောင်ညွှန်ကြားရေးမှူး လေးဦးနှင့် ညွှန်ကြားရေးမှူးချုပ် သုံးဦးတို့ကို အငြိမ်းစားပေးလိုက်ကြောင်း နိုင်ငံတော် ပြန်တမ်းတွင် ဖော်ပြပါရှိသည်။

 
ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံ့ဝန်ထမ်းဥပဒေတို့ပါ ပြဋ္ဌာန်း ချက်များအရ ဦးဣဒ္ဓိလှကို ရာထူး မှ ထုတ်ပယ်ကာ အခြားအဆင့်မြင့် အရာရှိခြောက်ဦးကို အငြိမ်းစား ပေးလိုက်ကြောင်းကို မတ်လ ၂၈ ရက် ရက်စွဲဖြင့်လည်းကောင်း၊ ကျန်အရာရှိ နှစ်ဦး အငြိမ်းစားပေးခြင်းကို ဧပြီလ ၅ရက်နေ့ ရက်စွဲဖြင့် လည်းကောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က လက်မှတ်ရေးထိုး ထုတ်ပြန်ခြင်း ဖြစ်သည်။

ဦးဣဒ္ဓိလှသည် ဇန်နဝါရီလ အတွင်းက ရာထူးမှ နုတ်ထွက်ခဲ့သည့် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း လက်ထက်တွင် မြန်မာ့
ဆက်သွယ်ရေး လုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပြီး ဝန်ကြီး ဦးသိန်းထွန်း မနုတ်ထွက်မီ လပိုင်းအလို၌ အမှတ်(၁) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် အဖြစ် ပြောင်းလဲ တာဝန်ပေးခြင်း ခံခဲ့ရသည်။

ထို့အပြင် ဝန်ကြီးဦးသိန်းထွန်း နုတ်ထွက်အပြီး ရက်ပိုင်းအကြာ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထိပ်တန်းအရာရှိ ကြီးများကို ပြည်ထဲရေးဝန်ကြီးဌာနက ခေါ်ယူစစ်ဆေးရာတွင် ဦးဣဒ္ဓိလှ ကိုလည်း ခေါ်ယူစစ်ဆေး ခဲ့ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် နီးစပ်သူများ ထံက စုံစမ်းသိရှိရသည်။

သတင်း..... The Voice Weekly

07 May 2013

ဆက်သွယ်ရေးအရာရှိ များကို အရေးယူထားပြီးဟုဆို


ဆက်သွယ်ရေး၊ သတင်းအချက် အလက်နှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း ရာထူးမှ နုတ်ထွက်ခဲ့ပြီး ရက်ပိုင်းအကြာ ပြည်ထဲရေး ဝန်ကြီးဌာန က ခေါ်ယူစစ်ဆေးခဲ့သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ အကြီးတန်း အရာရှိကြီးများကို ဌာနဆိုင်ရာ စည်းမျဉ်းများအရ အရေးယူထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က The Voice သို့ ပြောကြားသည်။

အင်ဂျင်နီယာချုပ် နှစ်ဦးအပါအဝင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ထိပ်တန်း အရာရှိများကို ဧပြီလဆန်းပိုင်းတွင် ဌာနပြောင်းရွှေ့ ခြင်း၊ တာဝန်မှ အနားပေးခြင်းတို့ ပြုလုပ်ခဲ့သည် ဆိုသည့် သတင်းများနှင့် စပ်လျဉ်း၍ The Voice ၏ မေးမြန်းမှုကို ၄င်းက အထက်ပါအတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဆက်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ နှင့်ပတ်သက်ပြီး အုပ်ချုပ်မှုနည်းလမ်း အရ အရေးယူရန် လိုအပ်သူများကို ဌာနဆိုင်ရာ စည်းမျဉ်းများအရ အရေးယူပြီး ဖြစ်သော်လည်း မည်သို့အရေးယူသည် ဆိုသည်ကို လတ်တလော မထုတ်ပြန်နိုင်သေးကြောင်း ဦးရဲထွဋ်က ထပ်လောင်းပြောကြားသည်။

ဆက်သွယ်ရေးဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်အပြီး ဌာနဆိုင်ရာ ဝန်ထမ်းများကို သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခဲ့ရာတွင် ယင်းစစ်ဆေးမေးမြန်းမှုများ ပြီးဆုံးပါက သတင်းထုတ်ပြန်ပေးမည်ဟု ပြောကြား ထားသော်လည်း ယခုအချိန်အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

"ဆက်သွယ်ရေး လုပ်ငန်းက ဆက်လက် ဆောင်ရွက်ရန်များ ရှိနေသေးတဲ့အတွက် ထုတ်ပြန်ခြင်း မပြုသေးပါဘူး" ဟု ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး တစ်ဦးလည်း ဖြစ်သူ ဦးရဲထွဋ်က ရှင်းပြသည်။

ဧပြီလဆန်းပိုင်းက မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းလ် အင်ဂျင်နီယာချုပ်နှစ်ဦး နှင့် ဒုတိယအထွေထွေ မန်နေဂျာ အဆင့်ရှိ အရာထမ်းများ အပါအဝင် ဝန်ထမ်း အများအပြားကို တာဝန်မှ အနားပေးခြင်း၊ ဌာန ပြောင်းရွှေ့ခြင်းများ ပြုလုပ်ခဲ့ကြောင်း ဆက်သွယ်ရေးနှင့် နီးစပ်သော အသိုင်း အဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ဇန်နဝါရီလအတွင်း မိုဘိုင်းလ်ဖုန်း ဈေးနှုန်းများ ပြင်ဆင်သတ်မှတ်ရေးတွင် သမ္မတရုံးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာနတို့အကြား သဘောထား ကွဲလွဲမှု များရှိခဲ့ပြီး ဌာနဆိုင်ရာ စည်းကမ်းများ ချိုးဖောက် လုပ်ဆောင်မှုများ ရှိသည်ဆိုသော သတင်းများ ဆက်တိုက်ထွက်ပေါ် ခဲ့ကာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်း နုတ်ထွက်ခဲ့သလို ဌာနဆိုင်ရာ ဝန်ထမ်း အများအပြားကို ခေါ်ယူစစ်ဆေးခဲ့သည် ဆိုသော သတင်းများ ထွက်ပေါ်ခဲ့သည်။

သတင်း.... The Voice Weekly

06 May 2013

တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ NLD ဗဟိုအလုပ်အမှုဆောင်များ တရုတ်သို့သွားမည်


NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင်များအပါအဝင် ပါတီဝင် ၁၂ ဦးသည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ ၁၀ ရက်ကြာ လေ့လာရေးခရီးသွားရောက်မည်ဖြစ်ကြောင်း သိရှိရ သည်။
ခရီးစဉ်မှာ မေလ ၈ ရက်မှ ၁၈ ရက်အထိဖြစ်ပြီး ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ဦးညီပု နှင့် ဒေါ်နန်းခင်ထွေးမြင့်တို့မှ ဦးဆောင်ကာ သွားရောက်မည်ပြီး တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှု တွင် အသက် ၆၀ အောက် များကို ဖိတ်ကြားခြင်းဖြစ်ကာ လူကြီးနှင့် လူငယ် အဖွဲ့နှစ်ဖွဲခွဲ၍ သွားရောက် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီ ၂၀ ရက်ကလည်း တရုတ်ကွန်ြ့မူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ နှင့် တိုင်းရင်းသားစည်းလုံး ညီညွှတ် ရေးပါတီတို့ ရှစ်ရက်ကြာလေ့လာရေးခရီး သွားရောက်ခဲ့သေး သည်။
ထို့အပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်သည် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သမ္မတရုံးဝန်ကြီးဦးစိုးသိန်း တို့အပြင် အခြားသော ထိပ်တန်းခေါင်ဆောင်များလိုက်ပါပြီး အမေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်သို့ မေလ ၂ဝ ရက်နေ့ဝန်းကျင်တွင် သွားရောက်ဖွယ် ရှိကြောင်း AFP သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။
သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့်နှစ်နိုဝင်ဘာလတွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့သို့ သွားရောက်ခဲ့ ခြင်းမှာ ကုလသမဂ္ဂညီလာခံ တက်ရောက်ရန်အတွက်သာ ဖြစ်သောကြောင့် ယခုခရီးစဉ် သည် ၁၉၆၆ ခုနှစ်နောက်ပိုင်း မြန်မာ နိုင်ငံ၏ ခေါင်းဆောင်တစ်ဦး ဝါရှင်တန်ဒီစီမြို့တော်သို့ ပထမဆုံး အကြိမ် လာရောက်လည်ပတ်သော ခရီးစဉ်တစ်ခုဖြစ်လာမည် ဖြစ်ကြောင်း သိရှိရသည်။

သတင်း......  transparencymyanmar

အင်္ဂလိပ်စာဘာသာရပ်အား အခြေခံပညာတတိယတန်းမှပင် စတင်သင်ကြားပေးတော့မည်ဖြစ် ကြောင်း

အင်္ဂလိပ်စာဘာသာရပ်အား အခြေခံပညာတတိယတန်းမှပင် စတင်သင်ကြားပေးတော့မည်ဖြစ် ကြောင်း သိရသည်။

ယင်းသို့သင်ကြားနိုင်ရန်အတွက် စီစဉ်ဆောင်ရွက်လျက်ရှိနေပြီဖြစ်သော်လည်း မည်သည့်ပညာသင်နှစ် တွင်စတင်သင်ကြားမည်ကို မပြောနိုင်သေးကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

"အေ၊ ဘီ၊ စီကစပြီး အင်္ဂလိပ်စာဘာသာရပ်ကို တတိယတန်းကပဲ စာသင်ရတော့မှာ ဖြစ်ပါတယ်။ မူကြိုတန်း၊ ပထမ၊ ဒုတိယတန်းတို့မှာတော့ သက်ဆိုင်ရာတိုင်းရင်းသားဘာသာစာပေ ဥပမာ-မြန်မာ ဆိုရင် မြန်မာစာ၊ ရှမ်းဆိုရင် ရှမ်းစာ၊ ရခိုင်ဆိုရင် ရခိုင်စာဆိုပြီး ကိုယ့်ဘာသာစာပေကို သင်ကြရမှာ ဖြစ်ပါတယ်" ဟု အဆိုပါတာဝန်ရှိသူက ထပ်မံပြောသည်။

အင်္ဂလိပ်စာကို တတိယတန်းတွင်မှ စတင်သင်ကြားစေခြင်းသည် ပညာရေးပြုပြင်ပြောင်းလဲမှုများမှ တစ်ခုဖြစ်ပြီး အခြေခံပညာမူလတန်းအောက်အဆင့်တွင် မိခင်ဘာသာစာပေကို တစ်ပြိုင်နက်သင်ကြား နေခြင်းသည် ကလေးများအတွက် အခက်အခဲဖြစ်စေနိုင်သောကြောင့် ယခုကဲ့သို့ပြောင်းလဲ သင်ကြား စေခြင်းဖြစ်နိုင်သည်ဟု အမှတ် (၃) အခြေခံပညာဦးစီဌာနမှ တာဝန်ရှိသူတစ်ဦးက ယင်း၏ယူဆချက် ကို ပြောသည်။

ယင်းနှင့်ပတ်သက်၍ အမျိုးသားပညာရေးဖောင်ဒေးရှင်းမှ ဒုတိယဥက္ကဋ္ဌ ဒေါ်မြမြစန်းက "အင်္ဂလိပ်စာ ကို အခြေခံပညာ မူလတန်း (သူငယ်တန်း) ကတည်းက စသင်သင့်တယ်။ အင်္ဂလိပ်စာကို အထင်ကြီး လို့တော့မဟုတ်ဘူး။ လူရာဝင်အောင်လို့၊ နိုင်ငံတကာသုံးအင်္ဂလိပ်စာကို ငယ်ငယ်ကတည်းကသင်မှ ကျွန်မတို့ရဲ့ ကလေးတွေ သူများထက် နောက်မကျမှာ" ဟုပြောသည်။

ယခုလက်ရှိတွင် အင်္ဂလိပ်စာဘာသာရပ်၏ သင်ရိုးများကိုပြောင်းလဲရေးဆွဲနေပြီဖြစ်ကြောင်း၊ အင်္ဂလိပ် စာကို တတိယတန်းမှစ၍ သင်ကြားရသော်လည်း ယင်းအတန်းရှိကလေးများ၏ သင်ယူနိုင်မှုစွမ်းရည် ပေါ်မူတည်၍လည်းကောင်း၊ ဆက်လက်သင်ကြားသွားမည့် အတန်းများအတွက်ပါ ကိုက်ညီသော သင်ရိုးများကို ပြောင်းလဲရေးဆွဲသွားမည်ဖြစ်သည်။

The Yangon Time Daily

အိမ်ဖော်မလေးကို ညှင်းဆဲပြီး မျက်နှာကိုကျဉ်ပွေ့ နဲ့ ထုတဲ့ အိမ်ရှင်အမျိုးသမီးကိစ္စ စံနမူနာဖြစ်ရေးအတွက် ထိရောက်ပြင်းထန်စွာ အရေးယူရန်လို




အိမ်၌ ခိုင်းစေရန် လခတစ် လကျပ် (၃၀၀၀၀)ဖြင့် ခေါ်ယူ ထားခြင်းခံရသော နွမ်းပါးအိမ် ဖော်မိန်းကလေးတစ်ဦးအား တာမွေမြို့နယ်၊ ကျားကွက်သစ် ရပ်ကွက် အိမ်အမှတ်(၄၉)၊ ၄ လွှာနေ အိမ်ရှင်အမျိုးသမီးဖြစ်သူ တင်တင်ရီမှ နေ့စဉ်ဆိုသလို ညှင်းဆဲမှုများပြုလုပ်ခဲ့ပြီး အလုပ် ကို အကြောင်းပြ၍ အိမ်ဖော်ဖြစ် သူ မတင်တင်ထွေး အသင်(၁၈) နှစ်အား အိမ်ရှင်ဒေါ်တင်တင်ရီ မှ ရိုက်ပုတ်နှိပ်စက်ခဲ့ရာ အိမ်ဖော် ဖြစ်သူမတင်တင်ထွေးမှာ နှုတ် ခမ်းကွဲ၊ ဘယ်ညာမျက်လုံးညိုမဲစွဲ၊  ညာမျက်လုံးဖူးရောင်၊ ဘယ်မျက် လုံးသွေးခြေဥသည့်အပြင် အခြား သော ဒဏ်ရာများပြင်းထန်စွာ ရရှိခဲ့သည့်အတွက် ယင်းအိမ်ရှင် အမျိုးသမီးအား စံနမူနာအဖြစ် ပြင်းထန်ထိရောက်စွာ အရေးယူ ရန်လိုကြောင်း တာမွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ် လဲ့လဲ့ဝင်းဆွေကဆိုသည်။
““ကျွန်မနေပြည်တော်မှာ ရောက်နေတုန်း ဒီအိမ်ဖော်မလေး ကို အိမ်ရှင်အမျိုးသမီးက မတရား ရိုက်ပုတ်ညှင်းဆဲတာကိုသိရပြီး သက်ဆိုင်ရာတွေနဲ့ အမြန်ဆက် သွယ်ပြီး အဲဒီအိမ်ဖော်မလေးကို ကယ်တင်ဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်မသိရသလောက် ဒီအိမ်ဖော် မလေးကို အိမ်ရှင်အမျိုးသမီးက ငွေတစ်ထောင်ခိုးတယ်၊ ရေမချိုး ဘူး၊ ပန်းကန်မဆေးဘူး၊ တံမျက် စဉ်းမလှဲဘူးစတဲ့ အကြောင်းပြ ချက်တွေနဲ့ ရိုက်နှက်ခဲ့တာ သိရ သလောက် ဒီကလေးစရောက်တဲ့ နေ့ကစပြီး နှိပ်စက်တာ၊ ကလေး ကို ကယ်ဖို့တာမွေစခန်းကတာဝန် ရှိသူတွေသွားတော့လည်း အိမ် ရှင်အမျိုးသမီးက တံခါးလုံးဝမဖွင့် ပေးဘဲ တံခါးဖွင့်တဲ့အခါ နှိပ်စက် ခံထားရတဲ့ အိမ်ဖော်မလေးက တာဝန်ရှိသူတွေဆီပြေးပြီး အကူ အညီတောင်းတာကိုတောင် အိမ် ရှင်အမျိုးသမီးက လက်နဲ့ကာ ထားသေးတယ်။ ဒီကိစ္စကို တာဝန် ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုပါတယ်။ ဒီအမျိုး သမီးကို ထိထိရောက်ရောက် အရေးယူတာက စံနမူနာ တစ်ခု ဖြစ်သွားရင် ဒီလို အဓမ္မညှင်းဆဲ မှုတွေ လျာ့သွားနိုင်ပါတယ်””ဟု လွှတ်တော်တရားဥပဒေစိုးမိုးရေး ကော်မတီဝင် ဒေါ်လဲ့လဲ့ဝင်းဆွေ ကဆိုသည်။
အဆိုပါ အိမ်ဖော်မလေး အား အိမ်ရှင်အမျိုးသမီးမှ မ တရားညှင်းဆဲမှုနှင့်ပတ်သက်၍အရေး ယူဆောင်ရွက်ထားရှိမှု အခြေအနေအား တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးမြင့်၊ စခန်းမှူး ရဲအုပ်ကျော် ကျော်ခိုင်တို့အား Hot News  မှ တွေ့ဆုံမေးမြန်းခဲ့ရာတွင်လည်း ယင်းအမျိုးသမီးအား အချုပ် တွင်း ထိန်းသိမ်းထားကြောင်း၊ စခန်းမှ ပုဒ်မ-၂၉၄၊ ၃၂၆၊ ၃၂၅၊ ၄၃၂ (ပ)၁၈၅/၁၃ ဖြင့် အရေး ယူဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ နှိပ်စက်ခံရ သော အိမ်ဖော်အမျိုးသမီးလေး ၏ ပြောပြမှုအရ အိမ်ရှင်ဖြစ်သူ မှာ အလုပ်မလုပ်သည်ကို အကြောင်းပြ၍ ငရုတ်ကျည်ပွေ့ ဖြင့် မျက်နှာသို့ထုကြောင်း၊ ဓားဦး ချွန်ဖြင့် ထိုးဆွမှုပြုကြောင်း၊ မိန်းမအင်္ဂါစပ်အားလည်း ဆေး လိပ်မီးနှင့်ထိုးထားကြောင်း၊ ရင် ဘက်နှင့် ကျောအားလည်း ကျည်ပွေ့ဖြင့်ထုကြောင်း သိရှိခဲ့ သည်။


သတင်း....  Hot News