03 September 2010

ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှစီးပွားရေးလုပ်ငန်းရှင်များအား ဝင်ငွေခွန်ပေးဆောင်သည့်နှုန်းထား သုံးဆနီးပါးမြင့်တက်ကောက်ခံ

စီးပွားရေးလုပ်ငန်းရှင်များအား ကောက်ခံနေသော ဝင်ငွေခွန်နှုန်းထားများအပေါ်တွင် အခွန်စည်းကြပ်ပုံစံ ပြောင်းလဲလိုက်သောကြောင့် ဝင်ငွေခွန်ပေးဆောင်သည့် နှုန်းထားများမှာ သုံးဆနီးပါးမြင့်တက်လာခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ယခုကဲ့သို့ ဝင်ငွေခွန်စည်းကြပ်သည့်နှုန်းများ မြင့်တက်လာရခြင်းမှာ အခွန်စည်းကြပ်သူများက ယခင်ကထက် သေချာစွာမေးမြန်း၍ စည်းကြပ်လာခဲ့ခြင်းများကြောင့် ဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။ “အရင်က လုပ်ငန်းရှင်တွေကို သေချာမေးတာမရှိဘူး။ အခုသေချာမေးပြီး စည်းကြပ်တဲ့အခါ အခြေအနေ ကွာသွားတာကြောင့် အရင်ကထက် ဝင်ငွေသုံးဆလောက် ပိုပြရတော့ သုံးဆတိုးကောက်တယ်ထင်တဲ့ သဘောပဲ ” ဟု ယင်းကပြောသည်။ လက်ရှိလုပ်ဆောင်လျက်ရှိသော ပုံစံမှာဝင်ငွေများကို သေချာစွာ စိစစ်၍ ဖော်ထုတ်နိုင်သည့် သဘောဖြစ်ကြောင်းသိရသည်။ ယခင်က အခွန်နှုန်းထား နည်းရခြင်းမှာ စည်းကြပ်သည့် နေရာတွင် ပေါ့ဆခဲ့ခြင်းကြောင့် အခွန်နှုန်းများ များစွာလျော့ကျခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် အခွန်ကိုစိစစ်မှု အားနည်းခြင်း မရှိတော့၍ တိုးမြှင့်လာခြင်းသာ ဖြစ်ကြောင်း အထက်ပါပုဂ္ဂိုလ်က ပြောကြားသည်။ အဆိုပါ အခွန်နှုန်းထားများကို ဇူလိုင်လမှ စတင်၍ စည်းကြပ်သည့်ပုံစံ ပြောင်းလဲရန် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။