26 February 2010

ကွယ်လွန်သူ မခိုင်ရွှန်းလဲ့ရည် အားရည်စူး၍ဓာတ်မှန်ခန်း ပန္နက်ရိုက် အခမ်းအနားရေစက်ချပွဲ ဓာတ်ပုံမှတ်တမ်း.










Align Center


Align Center





Align Center





Align Center


Align Center


Align Center


Align Center


Align Center

ပေးပို့ ပေးသော မောင်လေးစိုင်းငယ်အားကျေးဇူးတင်ပါသည်.။

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် အယူခံအမှု တရားရုံးချုပ်မှ ပယ်ချ....

ယနေ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကို တရားရုံးချုပ်မှ ပယ်ချလိုက်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့ မနက် ၁၀နာရီက တရားရုံးချုပ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမတို့ရဲ့ အယူခံအမှုကို တိုင်းတရားရုံးက ပယ်ချလိုက်ပါတယ်။ ဘာကြောင့် ပယ်တယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ အန်ကယ်တို့ မသိရသေးပါဘူး..... ။ စီရင်ချက်ရဲ့ အောက်ဆုံးအပိုဒ်က အမိန့်စာကိုပဲ ဖတ်ပြသွားတာပါ။ အန်ကယ်တို့ ကော်ပီကူးပြီးမှ ဘာကြောင့် ပယ်တယ်ဆိုတာ သိရပါမယ်။ အဲ့ဒီကော်ပီကူးပြီးရင်တော့ ဘာကြောင့်ဆိုတာ ပြောပြနိုင်ပါမယ်...။ နောက်ဆုံးတစ်ဆင့် အနေနဲ့ အထူးအယူခံပဲ ကျန်ပါတယ်။ အန်ကယ်တို့ကတော့ လုပ်စရာရှိတာ ဆက်လုပ်မယ်။ ဥပဒေအရ ရပိုင်ခွင့်ရှိတာ တွေကိုဆုံးခန်းတိုင်တဲ့အထိ ဆက်လုပ်သွားမယ်။" ဟု ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်နိုင်ငံသား ဂျွန်ယက်တော နေအိမ်အတွင်း တိတ်တဆိတ် ဝင်ရောက်မှုနှင့်ပတ်သက်ပြီး ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့က ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး နအဖဥက္ကဋ္ဌ၏ အမိန့်ဖြင့် ဆိုင်းငံ့ပြစ်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် ၁၈ လ ကျခံခဲ့ရပါတယ်။ အဓိက တရားခံဖြစ်တဲ့ ထောင်ဒဏ်(၇)နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ယက်တောကိုမူ အမေရိကန်လွှတ်တော်အမတ် လာရောက်စဉ်မှာ ပြန်လည် လွတ်ပေးခဲ့ပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားက ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အရေးယူထားသော ဥပဒေသည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှလည်း ဒီအမှုဖြစ်စဉ်ကို ကြည့်ပြီး မြန်မာနိုင်ငံမှာတရားဥပဒေ စိုးမိုးမှုရှိမရှိကို သိရှိရမှာဖြစ်ကြောင်းနဲ့ ဥပဒေအရှဆုံးခန်းတိုင်အောင် ဆောင်ရွက်သွားမည်ဟု ပြောဆိုခဲ့ပါတယ်။


သတင်း... ဒီမိုဝေယံ

ကွယ်လွန်သူ စာရေးဆရာကြီး အီကြာကွေးရဲ့ သုခအလင်းစာကြည့်တိုက်သို့အလှူ...



ko kt
KKT2
ဓါတ်ပုံများ အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါသည်။






မနက်ဖြန် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဗဟိုတရားရုံး အယူခံအမှုစီရင်ချက်ချမည်။


နေအိမ်အကျယ်ချုပ်ချထားခံရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်ချမှတ်မှုအတွက် ဗဟိုတရားရုံး အယူခံအမှုကို မနက်ဖြန်မနက် ၁၀နာရီမှာ အမိန့်ချမှတ်မှာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ အဖွဲ့ချုပ်ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဗဟိုတရားရုံး အယူခံအမှုကို မနက်ဖြန်မနက် ၁၀နာရီမှာ အမိန့်ချမှတ် မှာဖြစ်ပါတယ်။ ဒီနေ့ဗဟိုတရားရုံး Notice Board မှာကပ်ထားပါတယ်။ " ဟုအကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်မေလက အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သတ်ပြီး မတရားအမှုစီရင်ချက် ချမှတ်ခြင်းခံခဲ့ရပါတယ်။ အမှုနှင့်ပတ်သတ်ပြီး ဒေါ်အောင်ဆန်းစုကြည်မှ ဥပဒေအရ ဆုံးခန်းတိုင်အောင် ဆောင်ရွက် မည်ဟုပြောဆိုထားပါတယ်။ ပြီးခဲတဲ့ အပတ်က မြန်မာနိုင်ငံသို့ လာရောက်ခဲတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားက ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် အရေးယူထားသော ဥပဒေသည် အပြည်ပြည်ဆိုင်ရာ အဆင့်အတန်းနှင့် ကိုက်ညီမှုမရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများနှင့်တွေ့ဆုံစဉ် ပြောဆိုခဲ့ပါတယ်။

" ဒီနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြည်နယ်နဲ့တိုင်းအလိုက် CC ရွေးချယ်မှုဒီနေ့ ပြီးဆုံးပါတယ်။ မကြာခင်မှာ လူကြီးတွေ ညှိနှိုင်းဆုံးဖြတ်ပြီး အမည်စာရင်းထုတ်ပြန်ပါမယ်။ တပြည်လုံးအတိုင်းအတာနဲ့ CC အားလုံး ၁၀၀ ရှိပါတယ်ဟု" ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသွားပါတယ်။

ပြင်းပြင်းထန်ထန် အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး ကြေလည်မှုရရှိခဲ့တဲ့ ပြည်နယ်နှင့်တိုင်းအလိုက် CC ရွေးချယ်မှုအတွက် ဒေါ်အောင်ဆန်းစုကြည်မှ ဝမ်းမြောက်ကြောင်း မနေ့က အကျိုးဆောင်ရှေ့နေနှစ်ဦးနဲ့ တွေ့ဆုံစဉ်ပြောဆိုခဲ့ပါတယ်။


သတင်း... ဒီမိုဝေယံ

25 February 2010

သိသင့်သော ဗုဒ္ဓ အမေးအဖြေများ(ဦးကောဝိဒ (မြိတ်) ဖြေဆိုပါသည်)


အွန်လိုင်းမှာ ချစ်သူဖြစ်ကြတာ ကာမေသုထိုက်ပါသလား
အမေး။ ။အရှင်ဘုရား…အွန်လိုင်းပေါ်မှာ လူတစ်ယောက်နဲ့တွေ့ပါတယ်၊ မမျှော်လင့်ဘဲ သူနဲ့ အွန်လိုင်းပေါ်မှာ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ နောက်တော့ လူလွတ်တစ်ယောက်မဟုတ်ဘဲ အိမ်ထောင်နဲ့လို့သိရပါတယ်။ တပည့်တော်မှာလဲ သမီးလေး တစ် ယောက်နဲ့ပါ။ တပည့်တော်သိချင် တာက အွန်လိုင်းပေါ်မှာပဲ တွေ့ကြပြီး အွန်လိုင်းပေါ်မှာပဲ ချစ်ကြိုက်ကြတာ “ကာမေသု” ထိုက်ပါသ လား သိချင်ပါတယ်ဘုရား။
မငယ်ငယ်
မော်လမြိုင်


အဖြေ။ ။မငယ်ငယ်ရေ….အွန်လိုင်းပေါ်ပဲ တွေ့ပြီး ပြောကြဆိုကြ ချစ်သူတွေဖြစ်ကြတာ အရေးမကြီးဘူး။ အပြင်မှာ လူချင်းတွေ့ပြီး ကျုးလွန်ခဲ့ကြတယ်ဆိုမှ ကာမေသု ထိုက်တာပါ။ ကာမေသု ထိုက် မထိုက်ဆိုတာကို အချက်လေးချက်နဲ့ တိုက်ဆိုင်ကြည့်ပါ ၊ အချက်လေးချက်ထဲ က တစ်ခုခု ချွတ်ယွင်းနေတယ်ဆိုရင်တော့ မထိုက်ပါဘူး၊ လေးခုစလုံးနဲ့ ညီညွတ်နေတယ်ဆိုရင်တော့ ကာမေသုထိုက်ပါတယ်။ တစ်ခုတော့ ရှိပါတယ်။ နှစ်ဘက်စလုံးက အိမ်ထောင်ရှိရက်နဲ့ အွန်လိုင်းပေါ်ချစ်သူဖြစ်ကြတာဟာ ကာမေသု မထိုက်သော်လဲ ကိုယ့်ရဲ့ယောင်္ကျား ၊မိန်းမမှ တစ်ပါး တစ်ခြားယောင်္ကျား၊မိန်းမအပေါ်မှာ စိတ်နဲ့ ပြစ်မှားမိခဲ့တာတော့ သေချာနေတယ်။ ဒါဟာ ကာမေသုထိုက်ဖို့ရာ နီးစပ်လာတဲ့သဘောပဲ။ ဘုရားရှင်လက်ထက်က တစ်နေ့မှာ အသက်ကြီးတဲ့ နကုလပိတာနဲ့ဇနီးမောင်နှံတို့ ဘုရားထံလျှောက်ကြပါတယ်။ သူတို့ဟာ လက်ထပ်ထိမ်းမြားတဲ့အချိန်မှ အခုအချိန်အထိ သူရဲ့ဇနီးမှတစ်ပါး တစ်ခြားမိန်းမတွေအပေါ်မှာ စိတ်နဲ့တောင် မပြစ်မှားခဲ့ဘူး လို့ လျှောက်တယ်။ ဇနီးဖြစ်သူ နကုလမာတာကလဲ သူလဲပဲ လက်ထပ်တဲ့အချိန်ကစ အခုအချိန်ထိ ကိုယ့်လင်ယောင်္ကျားမှတစ်ပါးတစ်ခြား ယောင်္ကျားတွေအပေါ်မှာ စိတ်နဲ့တောင်မှ မပြစ်မှားခဲ့ပါဘူး လို့ ဘုရားရှင်အားလျှောက်ထားကြပါတယ်။ ဒါဟာ ဇနီးမောင်နှံတိုင်းအတွက် စံနမူနာယူကြရမဲ့အချက်ဆိုတာကို သတိထားစေချင်ပါတယ်။
ကာမေသုထိုက်တဲ့ အင်္ဂါလေးချက်
(၁)မသွားမလာ မဆက်ဆံကောင်းသူဖြစ်ခြင်း။
(၂)မှီဝဲလိုစိတ်ရှိခြင်း။
(၃)လုံ့လပြုခြင်း။
(၄)ပြုကျင့်မှုမှာသာယာခြင်း။ (အဋ္ဌသာလိနီ၊ ဋ္ဌ ၊ ၁၄၁)



ဘုရားဥပဒေများကို ခေတ်ကာလအရ ပြောင်းလဲလို့ရပါသလား
အမေး။ ။အခြေခံဥပေဒတွေဟာ ခေတ်ကာလနဲ့ မညီရင် ပြုပြင်လို့ရပါတယ်ဘုရား၊ ဘုရားဥပေဒတော်များကိုလဲ ခေတ်ကာလအရ ပြောင်းလဲသင့် ရင် ပြောင်းလဲလို့ရပါသလားဘုရား။ သင်္ဂါယနာတင်တာနဲ့ အခု The world Buddhist summit နဲ့ အတူတူပါလားဆိုတာ သိချင်ပါတယ်ဘုရား။
မောင်ဇော်မျိုး(Activator)
ရန်ကုန်


အဖြေ။ ။မေးခွန်းမေးထားတာက (က) ခေတ်ကာလအရ ဘုရာဥပဒေကို ပြောင်းလဲသင့်ပါသလား။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံ အတူတူ လား ဆိုတဲ့မေးခွန် နှစ်ခုဖြစ်ပါတယ်။ ဒါကို အစဉ်အတိုင်းပဲ ပြောပါမယ်။
(က) အခြေခံဥပဒေတွေက ခေတ်ကလာအလိုက် အဆင်မပြေရင် ပြောင်းလဲလို့ ရတယ်ဆိုပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကို ပြောင်းလဲလို့လဲ မရပါဘူး၊ ပြောင်းလဲပိုင်ခွင့်လဲ ဘယ်သူ့မှာမှ မရှိပါဘူး။ ဘုရာရှင်ပရိနိဗ္ဗာန်စံခါနီးမှာ ဘုရားရှင်က အရှင်အာနန္ဒာအား “ချစ်သားအာနန္ဒာ…ငါဘုရာကွယ်လွန်တဲ့အခါ အသေးအနုပ်သိက္ခာပုဒ်များကို ပယ်နှုတ်လိုခဲ့သော် ပယ်နှုတ်လေလော့” လို့ မိန့်တော်မူခဲ့တယ်။ (မဟာဗုဒ္ဓ၀င်၊ပဉ္စမတွဲ၊နှာ-၄၇၇)
ဒီလိုမိန့်တော်မူခဲ့ပေမဲ့ အရှင်မဟာကဿပစတဲ့ မဟာသ၀ကကြီးများအစထားလို့ သံဃာအားလုံးက ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်း မပြုခဲ့ပါ။ ယနေ့အထိတိုင်အောင်လဲ ပယ်နှုတ်ခြင်း၊ ပြင်ဆင်ခြင်းများကို မပြုလုပ်ခဲ့ပါ။ ပထမသင်္ဂါယနာမှ ဆဋ္ဌမသင်္ဂါယနာတိုင်အောင် သံဃာထေရ်ကြီးများ အဆက်ဆက် အသက်စွန့်ကာ ထိန်းသိမ်းလာခဲ့ကြတာပါ။
“၀ိနည်းသည် သာသနာအသက်” ဆိုတဲ့အတိုင်း ဘုရားဥပဒေတော်ဆိုတဲ့ ၀ိနည်းတည်ရှိနေသမျှကာလပတ်လုံး သာသနာတော်ကြီး တည်မြဲနေမှာပါ။ ဒါကြောင့် ခေတ်ကာလများ ဘယ်လောက်ပဲ ပြောင်းလဲပေမဲ့ ဘုရားရှင်ချမှတ်ခဲ့တဲ့ ဥပဒေတော်ကြီးကတော့ ပြောင်းလဲသင့်တဲ့အချိန်ဆိုတာ ရှိလာမှာမဟုတ်သလို ဘယ်တော့မှလဲ ပြောင်းလဲမှာ မဟုတ်ပါဘူး။
(ခ) သင်္ဂါယနာနဲ့ ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ တူပါသလားဆိုတော့ မတူပါဘူးလို့ပဲ ပြောပါရစေ… မတူကြောင်းကို ရှင်းပါအုံးမယ်။
သင်္ဂါယနာဆိုတာ= အညီအညွတ်ရွတ်ဆိုခြင်း လို့ အဓိပ္ပါယ်ရပါတယ်။ နားလည်အောင် ပထမသင်္ဂါယနတင်တဲ့အနေအထားလေးကို ပြောပါ့မယ်။ သင်္ဂါယနာတင်ရာမှာ ဦးစီးတော်မူတဲ့ ရှင်မဟာကဿပမထေရ်က ၀ိနည်းသိက္ခာပုဒ်များဖြစ်ပေါ်လာပုံ သိက္ခာပုဒ်ပညတ်ရာ တိုင်းပြည်၊မြို့ ၊ အပြစ်ကျုးလွန်တဲ့ပုဂ္ဂိုလ်၊ အာပတ်သင့်မှု မသင့်မှု အသေးစိတ် မေးစိစစ်တော်မူပါတယ်။ မေးတိုင်းပြဿနာများကို ၀ိနည်းဧတဒဂ်ရ အရှင်ဥပါလိ မထေရ်က ရှင်းလင်းပြတ်သားစွာ ဖြေကြားတော်မူပါတယ်။ ဒီလိုအမေးအဖြေပြုပြီး သံဃာအားလုံးက သဘောတူညီတဲ့အခါ ရဟန္တာ မထေရ် ငါးရာတို့က သံပြိုင်ရွတ်ဆိုကာ အတည်ပြုလက်ခံတော်မူကြပါတယ်။ ဒီလိုပါပဲ ကျန်တဲ့သိက္ခာ ပုဒ်များ၊ သုတ္တန်၊အဘိဓမ္မာပိုင်းဆိုင်ရာ မှာဆိုရင်လဲ အရှင်အာနန္ဒာက ဖြေကြားတော်မူပါတယ်။ သံဃာအား လုံးကသဘော တူညီတဲ့အခါ ရဟန္တာမထေရ် ငါးရာတို့က စုပေါင်းသံပြိုင်ရွတ်ဆို တော်မူကြပါတယ်။ ဒါကိုပဲ “သင်္ဂါယနာတင်တယ်” လို့ခေါ်ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံကတော့ သင်္ဂါယနာမှာလို သံဃာတော်အများက သုတ်၊၀ိနည်း၊ အဘိဓမ္မာများကို စုပေါင်းရွတ်ဆိုတာမရှိ ပါဘူး။ အချို့က ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံဟာ သင်္ဂါယနာတင်တာလို့ မသိဘဲပြောဆိုနေကြပါတယ်။ မဟုတ်ပါဘူးလို့ ပြောပါရစေ။ ဒါပေမဲ့ ညီလာခံရဲ့ရည်ရွယ်ချက်ကတော့ အလွန်ကောင်းပါတယ်။ ဒီညီလာခံအကြောင်းသိရအောင် (intention of Buddhist summit) ညီလာခံရဲ့ ရည်ရွယ်ချက်ကို အများသိဖို့ ဖေါ်ပြပေးလိုက် ပါတယ်။
ကမ္ဘာ့ဗုဒ္ဓဘာသာညီလာခံရဲ့ ရည်ရွယ်ချက်(၅)ခုရှိပါတယ်။
(၁) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်သော နိုင်ငံအချင်းချင်း ချစ်ခင်ရင်းနှီးမှု၊ အပြန်အလှန်နားလည်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ထွန်းကား လာစေရန်။
(၂) ဗုဒ္ဓဘာသာယုံကြည်ကိုးကွယ်မှုနဲ့ လိုက်နာကျင့်သုံးမှုတို့ကို ဗုဒ္ဓဘာသာအချင်းချင်း ထိန်းသိမ်းစောင့်ရှောက်ရန်။
(၃) ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပရိယတ္တိကို အခြေခံတဲ့ ဗုဒ္ဓဘာသာပညာရေး ထွန်းကားပြန့်ပွားစေရန်။
(၄) ကမ္ဘာ့လူသားထုတစ်ရပ်လုံးအတွက် ငြိမ်းချမ်းသာယာတဲ့ ကမ္ဘာကြီးဖြစ်ထွန်း အကျိုးပြုစေရန်အတွက် ဗုဒ္ဓဘာသာရှုထောင့်က ၀ိုင်းဝန်းကူညီ ဆောင်ရွက်ရန်။
(၅) ဗုဒ္ဓရဲ့တရားဓမ္မများ မူရင်းမပျက် နိုင်ငံတကာသို့ ထွန်းကားပျံ့ပွားစေရန် တို့ဖြစ်ပါတယ်။


ကာလာမသုတ်ဖြစ်ပေါ်လာပုံသမိုင်း
အမေး။ ။အရှင်ဘုရား…ဘာသာခြားများအား ဗုဒ္ဓဘာသာဝင်ဖြစ်စေတဲ့ ဗုဒ္ဓဘာသာရဲ့လွတ်လပ်မှုကိုပြတဲ့ ကာလာမသုတ်ကိုဟောဖြစ်ပုံ သမိုင်း ကြောင်းသိချင်ပါတယ်။ ပါဠိ၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာနဲ့ အပြည့်အစုံသိချင်ပါတယ်ဘုရား။
ရိုသေစွာဖြင့်
မင်းမောင်
ဖြူး


အဖြေ။ ။ အမေးတာက နဲနဲလေးပေမဲ့ ဖြေရမှာက သုံးဘာသာတောင်ဆိုတော့ များတယ်၊ ဒါပေမဲ့ အများအကျိုးအတွက်ငဲ့ပြီး ဖြေပါ့မယ်။
မြန်မာဘာသာ
ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်ထံ ချည်းကပ်ကြတယ် အချို့က တစ်နေရာမှာ ထိုင်နေကြ တယ်။ အချို့က ဘုရားရှင်နဲ့ ၀မ်းမြောက်ဝမ်းသာ ပြောဆိုနေကြတယ်။ အချို့က အမှတ်ရဖွယ်ပြောဆိုရင်း တစ်နေရာမှာ ထိုင် နေကြတယ်။ အချို့က ဘုရားရှင်ကို လက်အုပ်ချီပြီး တစ်နေရာမှာ ထိုင်နေကြတယ်။ အချို့က အမည်၊ အနွယ်တွေကိုပြောပြီး ထိုင်နေကြတယ်။ အချို့က ဘာမှမပြောဘဲ တိတ်ဆိပ်စွာထိုင်နေကြတယ်။
ကေသမုတ္တိနိဂုံးသားများဖြစ်ကြတဲ့ ကာလာမမင်းများဟာ ဘုရားရှင်အားအောက်ပါအတိုင်း လျှောက်ထားကြတယ်။ “အရှင်ဘုရား… အချို့ရဟန်းပုဏ္ဏားများဟာ ကေသမုတ္တိနိဂုံးကို ရောက်ရှိလာကြပါတယ်။ သူတို့ရဲ့ဘာသာအယူဝါဒသာ မှန်တယ်လို့ ပြောဆိုပြီး သူတစ်ပါးအယူ ၀ါဒကိုကျတော့ မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုကြပါတယ်။ အခြားအခြားရဟန်း ပုဏ္ဏားတွေလဲ ကေသမုတ္တိနိဂုံးကိုရောက်လာကြတယ်။ သူတို့လဲပဲ ကိုယ့်အယူဝါဒကိုသာ မှန်တယ်လို့ပြောဆိုကြပြီး သူတစ်ပါး အယူဝါဒကိုကျတော့ မရိုမသေ ထိပါးပုတ်ခတ်ပြောဆိုနေကြပါတယ်။ အရှင်ဘုရား…ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒက မှန်ပြီး ဘယ်ရဟန်းပုဏ္ဏားရဲ့ဝါဒက မှားပါသလဲဘုရား၊ တပည့်တော် ယုံမှားသံသယ ဖြစ်မိပါတယ် ဘုရား”
ထိုအခါ ဘုရားရှင်က “ကာလာမတို့…..သင်တို့ဟာ ယုံမှားသင့်တဲ့အတွက် ယုံမှားတာပဲ၊ သံသယဖြစ်သင့်တဲ့အတွက် သံသယဖြစ်ကြ တာပဲ” လို့ မိန့်တော်မူကာ ကာလာမသုတ်ကို ဟောတော်မူခဲ့ပါတယ်။

ပါဠိဘာသာ
အထေ ခေါ ကေသမုတ္တိယာ ကာလာမာ ယေန ဘဂ၀ါ တေနုပသင်္ကမိံသု၊ ဥပသင်္ကမိတွာ အပ္ပေကစ္စေ ဘဂ၀န္တံ အဘိဝါဒေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ဘဂ၀တာ သဒ္ဓိံ သမ္မောဒိံသု၊ သမ္မောဒနီယံ ကထံ သာရဏီယံ ၀ီတိသာရေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ ယေန ဘဂ၀ါ တေနအဉ္ဇလိံ ပဏာမေတွာ ဧကမန္တံ နိသီဒိံသု၊ အပေကစ္စေ နာမဂေါတ္ထံ သာဝေတွာ ဧကမန္တံ နိသီဒိံသု၊ အပ္ပေကစ္စေ တုဏှီဘူတာ ဧကမန္တံ နိသီဒိံသု၊ ဧကမန္တံ နိသိန္နော ခေါ တေ ကေသမုတ္တိယာ ကာလာမာ ဘဂ၀န္တံ ဧတဒဝေါစုံ-
သန္တိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ အပရေပိ ဘန္တေ ဧကေ သမဏဗြဟ္မဏာ ကေသမုတ္တံ အာဂစ္ဆန္တိ၊ တေ သကံယေ၀ ၀ါဒံ ဒီပေန္တိ ဇောတေန္တိ၊ ပရပ္ပ၀ါဒံ ပန ခုံသေန္တိ ၀မ္ဘေန္တိ ပရိဘ၀န္တိ၊ သြမက္ခိံ ကရောန္တိ၊ တေသံ နော ဘန္တေ အမှာကံ ဟောတေ၀ ကင်္ခါ၊ ဟောတိ ၀ိစိကိစ္ဆာ “ကော သု နာမ ဣမေသံ ဘ၀တံ သမဏဗြဟ္မဏာနံ သစ္စံ အာဟ၊ ကော မုသာ” တိ။ အလံ ဟိ ဝေါ ကာလာမာ ကင်္ခိတုံ အလံ ၀ိစိကိစ္ဆိတုံ၊ ကင်္ခနီယေ၀ ပန ဝေါ ဌာနေ ၀ိစိကိစ္ဆာ ဥပ္ပန္နာ။ (အင်္ဂုတ္ထရနိကာယ်၊ တိကနိပါတ၊ ကေသမုတ္တိသုတ်၊နှာ-၁၈၉)

အင်္ဂလိပ်
The history of the Kalarma Thote .KayThaMoutTiNiGone kings has approached to the Lord Buddha .Some were having a conversation with Lord Buddha ,while others engaged themselves in their own topics, or were just stayed silently .
The conversations that they have had with Lord Buddha was as below,“Lord , some of the monks came to KayThaMoutTiNiGone and stated that their beliefs, teachings and ideologies of their own religion were the universal truth and been giving offensive critiques over those of other religions with impolite manners.”
“There were monks who also come from different places to us and they have conducted the same manner towards the other religion.”
“Lord, whose beliefs are the truth and whose are wrong. We are becoming so sceptical on these matters”
Lord Buddha replied “Dear my kings, you all are being sceptical because you should be, you are being doubtful because you should be” and has delivered the Kalama Thote.


ဘာသာတူမှ လက်ထပ်ရမှာလား
အမေး။ ။တပည့်တော်တစ်ခုမေးချင်ပါတယ်ဘုရား…ခရစ်ယာန်၊ အစ္စလာမ်တို့မှာ ဘာသာမတူရင် ယူလို့မရ၊ အပြစ်ဖြစ်တယ်လို့ သိရပါတယ် ဘုရား။ ဗုဒ္ဓဘာသာမှာကော ဘာသာမတူရင် မယူရဘူး မချစ်ကြိုက်ရဘူးလို့ ပါပါသလား၊ ရှိပါသလားဘုရား။
ဆွိ
နေရပ်မရှိ


အဖြေ။ ။ ဘာသာခြားများရဲ့ အယူအဆနဲ့ပတ်သက်ပြီး မပြောလိုပါဘူး၊ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး တွေ့ရှိချက်တွေကိုတော့ ပြောပါ့မယ်။ ဘုရားရှင်က ဘာသာမတူရင် မပေါင်းရဘူး၊ မယူရဘူးလို့ မဟောပါဘူး။ ဒါနဲ့ပတ်သက်ပြီး…

တစ်ချိန်က သူငယ်ချင်းနှစ်ယောက်ဟာ ငယ်စဉ်က တက္ကသိုလ်ပြည်မှာ အတတ်ပညာများ အတူသင်ယူခဲ့ကြပါတယ်။ ပညာသင်ယူစဉ်က အလွန်ချစ်ခင်ကြတဲ့သူငယ်ချင်းများဖြစ်ပြီး အရွယ်ရောက်လို့ သားသမီးများ ရှိလာရင် “သားရှင်က သမီးတောင်းလာရင် သမီးရှင်က သားရှင်အား ပေးကြစတမ်း” ဆိုပြီး ကတိက၀တ်ထားခဲ့ကြတယ်။
အရွယ်ရောက်လာတဲ့အခါ အိမ်ထောင်ရက်သားကျလို့ တစ်ယောက်က သာဝတ္ထိမြို့မှာ အနာထပိဏ်သူဌေး ဖြစ်လာပြီး၊ တစ်ယောက်က ဥဂ္ဂမြို့မှာ ဥဂ္ဂသူဌေးရယ်လို့ ထင်ရှားဖြစ်လာကြပါတယ်။ တစ်နေ့တော့ ဥဂ္ဂသူဌေးက လှည်းငါးရာနဲ့အတူ အနာထပိဏ်သူဌေးအိမ် ရောက်လာပါ တယ်။ ဥဂ္ဂသူဌေးနဲ့ ပါလာတဲ့သူများကို အနာထပိဏ်သူဌေးရဲ့သမီး စူဠသုဘဒ္ဒါက စီမံပြုစုလုပ်ကျွေးပါတယ်။ ဥဂ္ဂသူဌေးဟာ လိမ်မာရေးခြားရှိလှတဲ့ သူငယ်ချင်းရဲ့သမီးကို မြင်ရတော့ သူ့ရဲ့သားနဲ့ပေးစားချင်လာတယ်။ ဒါနဲ့ငယ်စဉ်က သူတို့အချင်းချင်း ကတိက၀တ်ထားတဲ့အကြောင်းကို ပြန်လည်ပြောပြပါတယ်။
အနာထပိဏ်သူဌေးဟာ သူငယ်ချင်းနဲ့ ကတိက၀တ်ထားခဲ့တဲ့အတွက် သမီးကိုမပေးလို့ကလဲမကောင်း၊ ပေးလိုက်ပြန်ရင်လဲ သူ့သူငယ်ချင်းမိသားစု က ဘာသာခြားအယူဝါဒရှိသူဖြစ်နေတော့ စဉ်းစားရပါတယ်။
ဒါနဲ့ အနာထပိဏ်သူဌေးဟာ ဘာမှမပြောသေးဘဲ ဘုရားရှင်ဆီသွားပြီး အကျိုးအကြောင်း လျှောက်ထားပါတယ်။ ဘုရားရှင်ကလဲ ဥဂ္ဂသူဌေးရဲ့ နောင်မှာ သောတာပတ္တိမဂ်ဖိုလ်ရနိုင်တဲ့ အနေအထားကို သိမြင်တော်မူတဲ့အတွက် ဘာသာခြားဖြစ်တဲ့သူရဲ့သားနဲ့ စူဠသုဘဒ္ဒါတို့ရဲ့ ကိစ္စကို ခွင့်ပြုတော်မူခဲ့ပါတယ် (မဟာဗုဒ္ဓ၀င်၊ စတုတ္ထတွဲ၊ ၄၇၇-၄၇၉)
ဒီဝတ္ထုအရ ဘုရားရှင်ဟာ ဘာသာခြားနဲ့ မယူရဘူးလို့ မိန့်တော်မမူခဲ့ပါဘူး။ ဒါပေမဲ့တစ်ခုတော့ သတိထားစရာရှိတယ်။
ယခုလက်ရှိဘ၀မှာ အိမ်ထောင်ရေး မပြိုကွဲဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ထက်ဆုံးပေါင်းသင်းနိုင်ပြီး နောင်တမလွန်ဘ၀မှာလဲ ဇနီး မောင်နှံ နှစ်ဦးစလုံး လူ နတ် စတဲ့သုဂတိသို့ လားရောက်နိုင်ကြောင်း ဟောထားတာ ရှိပါတယ်။
တစ်နေ့ဘုရားရှင်ထံတော်ကို နကုလပိတာနဲ့နကုလမာတာ ဇနီးမောင်နှံတို့ ရောက်ရှိလာကာ “အရှင်ဘုရား..တပည့်တော်တို့ဟာ အိမ်ထောင်ပြုခဲ့စဉ်ကနေ ယခုအချိန်အထိ သူတစ်ပါးသားမယားကို စိတ်နဲ့တောင်မှ မပြစ်မှားခဲ့ပါဘူး လို့ နှစ်ယောက်စလုံးလျှောက်ထားကြပါတယ်။ ဒါကို အကြောင်းပြုပြီး ဘုရားရှင်က မိန့်တော်မူပါတယ်။
လောကမှာ ဇနီးမောင်နှံများ အိမ်ထောင်ပြိုကွဲမှုမရှိဘဲ ချမ်းသာပျော်ရွှင်စွာနေကြရပြီး နောင်တမလွန်ဘ၀မှာလဲ နတ်ရွာသုဂတိမှာ ဖြစ်ချင် ကြတယ်ဆိုရင် အိမ်ထောင်ပြု လက်တွဲကြမဲ့ သူများ သိထားသင့်တဲ့ အကြောင်းအရာ (၄)မျိုး ရှိပါတယ်။ အဲဒါက..
(၁) သမသဒ္ဓါ = ယုံကြည်မှုခြင်း တူကြရပါမယ်။ ဓမ္မရှုထောင့်ကနေကြည့်ရင် ရတနာသုံးပါးယုံကြည်မှုခြင်း တူမျှရပါမယ်။ (ဘာသာတူရင် ပိုပြီးကောင်းတယ်)။
လောကရှုထောင့်ကနေ ကြည့်ရင် တစ်ဦးပေါ်တစ်ဦး ယုံကြည်မှုအပြည့်ရှိရမယ်။ ယုံကြည်မှုရှိအောင်လဲ နှစ်ဦးစလုံးက နေတတ်ရပါမယ်။
(၂) သမသီလာ = နှစ်ဦးစလုံးကိုယ်ကျင့်တရား ကောင်းမွန်ရပါမယ်။
(၃) သမစာဂါ = စွန့်ကြဲပေးကမ်းလှူဒါန်းတဲ့အခါ နှစ်ဦးသဘောတူ တိုင်ပင်ပီး စွန့်ကြဲလှူဒါန်းရပါမယ်။ မိဘများအား ပေးကမ်းတဲ့အခါမှာလဲ တိုင်ပင် အသိပေးပြီး ပေးကမ်းရပါမယ်။
(၄) သမပညာ = နှစ်ဦးစလုံးတွေးခေါ်မြော်မြင်မှုနဲ့ ပြည်စုံရပါမယ်။
ဒီတရား(၄)မျိုးနဲ့ ပြည့်စုံအောင် ကျင့်သုံးကြတဲ့ ဇနီးမောင်နှံများဟာ ယခုဘ၀မှာ ပျော်ရွှင်စွာ ပေါင်းဖေါ်ကြရပြီး၊ နောင်ဘ၀မှာလဲ နတ်ရွသုဂတိသို့ ရောက်ရတယ်ဆိုတဲ့အကြောင်းကို ဘုရားရှင်ဟောကြားတော်မူပါတယ်။
အချူပ်ဆိုရရင် ဗုဒ္ဓ၀ါဒက ဘာသာခြားနဲ့ မပေါင်းရဘူးလို့ မပြောထားပေမဲ့ လက်ထပ်ယူတဲ့အခါ အကြောင်းအရာလေးမျိုးနဲ့ပြည့်စုံရင် ပိုကောင်းပါတယ် လို့ မိန့်တော်မူထားခြင်းဖြစ်ပါတယ်။



ကိုးန၀င်းနဲ့ ၀ိပဿနာ ဘာကွာလဲ
အမေး။ ။အရှင်ဘုရား….အခု ကိုးန၀င်းအဓိဌာန် ၀င်တာ နှစ်ခေါက် မြှောက် ပီ ဘုရား။ဒီလိုအဓိဋ္ဌာန်ဝင်တာဟာ ကိုယ်ကျိုးမျှော်ပြီး လုပ်တာဖြစ်တဲ့ အတွက် နားသင့်တယ်လို့ ၀ိပဿနာပဲအားထုတ်ပါ လို့ ဓမ္မမိတ်ဆွေတစ်ဦးက အကြံပေးလာပါတယ်။ တပည့်တော် သိချင် တာက အဓိဋ္ဌာန်ဝင်တာနဲ့ ၀ိပဿနာအားထုတ်တာတို့ ကွာခြားပုံကို သိလိုပါတယ်ဘုရား။
မမြသွေး
အင်းလေး

အဖြေ။ ။’အဓိဋ္ဌာန်’ ဆိုတဲ့စကားဟာ ဗုဒ္ဓဘာသာဝင်များအဖို့ ရင်းနှီးတဲ့စကားတစ်ခုပါ။ ဘုရားအလောင်းတော်ပါရမီဖြည့်တော်မူခဲ့တဲ့ ပါရမီ(၁၀)ပါး ထဲမှာ အဓိဋ္ဌာနပါရမီ ဆိုတာရှိပါတယ်။ အဓိဋ္ဌာန်ဆိုတာက အလုပ်တစ်ခုကို လုပ်မယ်လို့ စိတ်နဲ့ဆုံးဖြတ်ပြီး အလုပ်ပြီးဆုံးတဲ့အထိ ပြုလုပ်သွားတာ ကို ခေါ်တာပါ။ အခုလဲ မမြသွေးရဲ့ ကိုးန၀င်းဖြစ်အောင် ပုတီးစိတ်မယ်လို့ စိတ်က ဆုံးဖြတ်ထားတဲ့အတိုင်း ရက်ပြီးဆုံးအောင် ပုတီးစိတ်လိုက်တာ အဓိဋ္ဌာန် လို့တော့ခေါ်ပါတယ်။ ဒါပေမဲ့ ကိုးန၀င်းပုတီးစိပ်တာဟာ အဓိဋ္ဌာန်ပါရမီနဲ့တော့ လုံးဝမဆိုင်ပါဘူး။
ကိုးန၀င်းပုတီးစိတ်တယ်ဆိုတာ ကိုယ့်အကျိုးအတွက် လုပ်တယ်ဆိုတာ မေးခွန်းထဲပါနေတယ်။ လူတစ်ယောက်အတွက် ဘ၀မှာလိုအပ်ချက်များစွာ ရှိကြပါတယ်။ ဒီလိုအပ်ချက်တွေကို ကိုးန၀င်းပုတီးစိပ်ပြီး ဖြေရှင်းမယ်ဆိုရင် ခုတ်ရာတစ်ခြား ရှရာတစ်ခြားဖြစ်နေပါ တယ်။ အမှန်က ဘ၀လိုအပ်ချက်တွေ ပြီးပြည့်စုံဖို့အတွက် ဒါန၊သီလ၊ဘာဝနာတို့ကိုပဲ ပြုလုပ်ရမှာပါ။ ဘ၀မှာ စိတ်က တောင့်တလိုက်တိုင်းပြီးပြည့် စုံချင်ပါတယ်ဆိုရင် ကိုယ်ကျင့်တရားလို့ခေါ်တဲ့ သီလ တရားကို စောင့်ထိန်းကြရမယ်။ သီလမြဲနေတဲ့ပုဂ္ဂိုလ်ဟာ စိတ်ကတောင့်တတိုင်း အကုန်ပြည့်စုံတယ်လို့ ဘုရားရှင်ဟောတော်မူထားတာရှိပါတယ်။ ဒါကြောင့်သီလအခြေခံပြီး ကျန်တဲ့ ဒါနကုသိုလ်ဘာဝနာကုသိုလ်များကို ပြုလုပ် အားထုတ်ဖို့ပဲလိုတာပါ။
ကိုးန၀င်းပုတီးစိပ်တာနဲ့ ၀ိပဿနာပွားတာ ဘာကွာသလဲဆိုရင် ကိုးန၀င်းပုတီးစိပ်တာဟာ လောကီမျှော်လင့်ချက်တွေနဲ့ ပြည့်နှက်နေ ပါတယ်။ ၀ိပဿနာပွားတာက လောကီအကျီုးမျှော်လင့်ချက်လုံးဝမပါရှိတဲ့ပြင် ကိလေသာမရှိ(ကိလေသာများဆိတ်သုဉ်း)တဲ့ဆီသို့ ဦးတည်ပြီး အားထုတ်တာပါ။ ဒီနှစ်ခုယှဉ်လိုက်ရင် အရှေ့နဲ့အနောက် တောင်နဲ့မြောက်ဆိုသလို မဆုံနိုင်တဲ့ ဆန့်ကျင်ဘက် ဆုံမှတ်များဖြစ်တယ်လို့ပြောပါရစေ။


ဘာသာခြားများ ၀ိပဿနာအားထုတ်ရပါသလား
အမေး။ ။အရှင်ဘုရား…ဘာသာခြားတစ်ဦးက တပည့်တော်ကိုမေးလာပါတယ်။ သူဟာ ၀ိပဿနာကို စိတ်ပါလက်ပါ အားထုတ် ချင်ပါတယ်။ ၀ိပဿနာတရားအား ထုတ်လို့ရပါသလားဘုရား။ ရတနာသုံးပါးကို မကြည်ညိုသေးတဲ့အတွက် တရားအားထုတ်တဲ့နေရာမှာ အနှောက်အယှက် များဖြစ်နိုင်ပါသလားဘုရား။ ဒီလိုမေးရတာကလဲ သရဏဂုဏ်မတည်ပဲ တရားမရနိုင်ဘူးဆိုလို့ သိထားလို့ပါဘုရား။ မေတ္တာရှေ့ထား ဖြေကြားပေးပါဘုရား။
ပြည့်စုံအောင်
ရုရှား

အဖြေ။ ။ဗုဒ္ဓမြတ်စွာရဲ့ တရားတော်ဟာ ဗုဒ္ဓဘာသာဝင်များမှ ကျင့်သုံးရမယ်၊ အခြားဘာသာဝင်များနဲ့ဘာသာမဲ့များ မကျင့်သုံးရဘူး ဆိုတဲ့ ကန့်သန့်ချက် မရှိပါဘူး။ လူမျိုးမရွေး ဘာသာမရွေး ကျင့်သုံးနိုင်ပါတယ်။ အားလုံးနဲ့သင့်ဆိုင်တဲ့(universal)တရားတော်ဖြစ်ပါတယ်။ ဒါကြောင့် ၀ိပဿနာတရားကို ဗုဒ္ဓဘာသာဝင်များအပြင် အခြားဘာသာဝင်များအားလုံး လွပ်လပ်စွာကျင့်သုံးနိုင်ခွင့်ရှိတယ်၊ ကျင့်သုံးလို့ရပါတယ်။ ရတနာသုံးပါးကိုးကွယ်မှုမရှိသေးသော်လဲ တရားအားထုတ်တဲ့နေရာမှာ ဘာအနှောက်အယှက်မှမရှိနိုင်ပါ။ လွပ်လပ်စွာ စိတ်ချလက်ချ အားထုတ် နိုင်ပါတယ်။ တစ်ခုတော့ရှိတယ်။ တချို့ဘာသာခြားများက အခုလိုပဲ တရားအားထုတ်ချင်ပါတယ်ဆိုပြီး အားထုတ်တယ်၊နောက်ပိုင်း တရားရိပ်သာ ကပြန်ထွက်လာပြီး ပြည်ပနိုင်ငံတစ်ခုမှာ သူဟာ စတုတ္ထဈာန်ရတယ်ဆိုပြီး လူတွေကို အခကြေးငွေယူကာ တရားပြနေတယ်လို့ ကြားရတယ်။ သတိထားစရာတစ်ခုပါ။
ဘုရားရှင်လက်ထက်တော်က ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက် ပဉ္စ၀ဂ္ဂီငါးဦးအား ဓမ္မစကြာတရားဦးကို ဟောတော်မူခဲ့တယ်။ ပဉ္စ၀ဂ္ဂီငါးဦးဟာ တရားကို စတင်နာယူတဲ့အချိန်မှာ ရတနာသုံးပါးကို ယုံကြည်မှုမရှိသေးဘူး(သရဏဂုံမတည်သေးဘူး)လို့ ဆိုရပါမယ်။ ဓမ္မစကြာ တရားနာယူပြီး၊ တရားထူးသိမြင်တဲ့အခါမှသာ ဘုရားရှင်နဲ့တကွ တရားတော်ကိုပါ ယုံကြည်မှုရှိသွားတာပါ။
ယနေ့ခေတ်မှာလဲ အခြားဘာသာဝင်အချို့ဟာ သရဂုံတည်တာပဲဖြစ်စေ၊မတည်တာပဲဖြစ်စေ၊ ၀ိပဿနာတရားကို လွပ်လပ်စွာ နည်းခံကျင့်သုံး နေကြတယ်ဆိုတာ သတိပြုမိကြမှာပါ။
ဥပမာ…….လူတစ်ယောက်ဟာ ဟင်းချက်ကောင်းတာကို လူတွေက မယုံကြည်ပါဘူး။ ဒါပေမဲ့ ဒီလူချက်တဲ့ဟင်းကို စားသုံးလိုက်ကြရတဲ့ အခါ အရသာအထူးကောင်းမွန်နေတာကို ခံစားကြရပါတယ်။ အဲဒီအခါမှာ “ဒီဟင်းဟာ အရသာကောင်းလှတယ်။ ဒီဟင်းကိုချက်တဲ့သူဟာလဲ ဟင်းချက်ကောင်းတဲ့လူတစ်ယောက်ပဲဖြစ်တယ်” ဆိုတာကို စားသုံးသူများက တထစ်ချလက်ခံပေးနိုင် လာ ကြပါတယ်။ ဒီလိုပါပဲ….ဘုရားရှင်က ဓမ္မံ အပဿန္တော မံ နပဿတိ၊ ဓမ္မံ ပဿန္တော မံ ပဿတိ၊ လို့ဟောတော်မူထားပါတယ်။ အဓိပ္ပါယ်က တရားမမြင်ရင် ဘုရားမမြင်ဘူး၊ တရားမြင်မှ ဘုရားမြင်မယ် လို့ ဟောတော်မူထားပါတယ်။ ဒါကြောင့် ပထမမှာ တရားမြင်သိဖို့ အရေးကြီးပါတယ်၊ တရားသိရင် ဘုရားစစ်ဘုရားမှန်ကို ဘယ်သူမှတိုက်တွန်းစရာမလို အလိုအလျောက်လက်ခံလာမှာပါ။
အချုပ်ပြောရရင် ဘုရားရှင်ရဲ့တရားတော်ဟာ လူမျိုးမရွေးဘာသမရွေးကျင့်လို့ရတဲ့ (universal)တရားတော်ဖြစ်တယ်ဆိုတာပါပဲ။


မလွန်ဆန်နိုင်လို့လုပ်ရတာ အပြစ်ဖြစ်ပါသလား
အမေး။ ။အရှင်ဘုရား…ဗုဒ္ဓဘာသာဝင်တစ်ယောက်က အခြေအနေတစ်ခုကို မလွန်ဆန်နိုင်လို့ တစ်ခြားဘာသာဝင်အဖြစ် လက်ခံလိုက်ရပါတယ် ဘုရား။ သူဟာတစ်ခြားဘာသာကို ယုံကြည်မှုမရှိပေမဲ့ သူတို့ရဲ့ထုံးတမ်းစဉ်လာကို တစ်သက်လုံးလုပ်ခဲ့ရပါတယ်။ ထိုအလုပ်အတွက် အပြစ်ဖြစ် နိုင်ပါသလားဘုရား။ ဒီလိုလုပ်လိုက်လို့ သရဏဂုဏ်ပျက်သွားနိုင်ပါသလား၊ တကယ်လို့ ပျက်သွားတယ်ဆိုရင် အပြစ်ဖြစ်နိုင်ပါသလား။
ပြည့်စုံအောင်
ရုရှား


အဖြေ။ ။ဗုဒ္ဓဘာသာဝင်တစ်ဦးဟာ စိတ်မပါဘဲ မတတ်သာလို့ အခြားဘာသာဝင်အဖြစ်ကို လက်ခံတယ်ဆိုတော့ အဖြေကပါပြီးသားပါ။ စိတ်မပါဘူးဆိုရင် ဘယ်လောက်ပဲ အပြင်ဘက်က အခြားဘာသာဝင်ဖြစ်နေပါစေ၊ သူဟာ စိတ်ထဲမှာ ရတနာသုံးပါး ယုံကြည်မှုရှိနေ သေးတဲ့အတွက် သရဏဂုဏ်မပျက်နိုင်ပါဘူး။
အခြားဘာသာဝင်ရဲ့ ထုံးတမ်းစဉ်လာကို လုပ်နေရတယ်ဆိုတာက ဘယ်လိုအလုပ်ပါလဲ…..?
တကယ်လို့ အကုသိုလ်ဖြစ်စေတဲ့အလုပ်ဆိုရင်တော့ မကောင်းဘူး။ အပြစ်ဖြစ်တာပေါ့။ ကုသိုလ်ဖြစ်စေတဲ့အလုပ်မျိုးဆိုရင်တော့ အပြစ်မဖြစ်နိုင်ပါဘူး။
သရဏဂုဏ်ပျက်တယ်ဆိုတာ ရတနာသုံးပါးမှတစ်ပါး အခြားဘာသာဝင်အဖြစ်ကို ယုံကြည်စွာ ခံယူလိုက်တဲ့အချိန်ကစလို့ သရဏဂုဏ်ပျက် တယ်လို့ ခေါ်ရပါတယ်။
သရဏဂုဏ်ညိုးနွမ်းတယ်ဆိုတာ ရှိပါသေးတယ်။ ရတနာသုံးပါးမှတစ်ပါး ဘိုးဘိုးကြီး ဘိုးဘိုးမင်းခေါင်၊ ဘိုးဘိုးအောင် မနဲလေး၊ (၃၇)မင်းနတ်များစတာတွေကို အားကိုးအားထားရာ ပြုနေကြတဲ့ ဗုဒ္ဓဘာသာဝင်များအချို့ဟာ သရဏဂုဏ် ညိုးနွမ်းတယ်လို့ ခေါ်ပါတယ်။ ဗုဒ္ဓဘာသာအမည်ခံ ဗုဒ္ဓဖာသိဖာသာတွေလို့ ပြောလဲရပါတယ်။
လူတစ်ယောက်ကိုကုသိုလ်ဖြစ်စေနိုင်အောင် အများဆုံး စွမ်းဆောင်ထောက်ပံ့ပေးနိုင်တာက ရတနာသုံးပါးဖြစ်ပါတယ်။ ဒါ့ပြင် ရတနာသုံးပါးဟာ လူနတ်နိဗ္ဗာန်သုံးတန်ချမ်းသာကို ရောက်နိုင်၊ရနိုင်တဲ့ အထောက်အပံ့ကောင်းတွေပါ။ ဘိုးဘိုးကြီး စတာတွေကို အမှီပြုရတယ် ဆိုတာက မိမိရဲ့တစ်ဘ၀တာလိုအပ်ချက်များကို ဦးစားပေးထားတဲ့အတွက် လောဘဦးစီးနေပါတယ်။ ဒီအတွက် ဘယ်နည်းနဲ့မှ ကုသိုလ်မရနိုင်ပါဘူး။ ဒါ့အပြင်သရဏဂုဏ်လဲ ညိုးနွမ်းပါတယ်။
သရဏဂုဏ်ပျက်လောက်အောင် အခြားဘာသာဝင်အဖြစ်ခံယူတယ်ဆိုတာ ဗုဒ္ဓအယူဝါဒနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင် သွားတယ်လို့ ဆိုရပါမယ်။ ဗုဒ္ဓ၀ါဒက သူ့အသက်သတ်တာရှောင်ကြဉ်တယ်ဆိုရင် သူတို့က သူတစ်ပါးအသက်သတ်ရတယ်၊ သတ်ပြီး ယဇ်တောင်ပူဇော်ရပါတယ်။ ဒါဟာ မကောင်းတဲ့အကုသိုလ်ပါ ဒါကြောင့် သရဏဂုဏ်ပျက်သွားတဲ့ပုဂ္ဂိုလ်မှာ အပြစ်ဖြစ်ဖို့ပဲများပါတယ်။ ဒီအတွက် မကောင်းကျိုးလဲပေးနိုင် ပါတယ်။


ဘုရားများပွင့်တော်မူရာကာလအပိုင်းအခြား
အမေး။ ။အရှင်ဘုရား……ဘုရားရှင်ငါးဆူဟာ ဘဒ္ဒကမ္ဘာမှာပွင့်တော်မူတယ်လို့ သိရပါတယ်ဘုရား။ တပည့်တော်သိချင်တာက နှစ်ကျိတ်ရှစ်ဆူ သောဘုရားရှင်များ ပွင့်တော်မူတဲ့ ကာလအပိုင်းအခြားနဲ့ (၅၁၂၀၂၈)ဆူသောဘုရားရှင်များဟာ ဘယ်ကာလ အပိုင်း အခြားမှာ ပွင့်တော်မူ ခဲ့ပါသလဲ ဘုရား။ နောက်တစ်ခုက ဓါရဏပရိတ်တော်မှာ ခုနှစ်ဆယ်ခုနှစ်ကုဋေသော ဘုရားများ၊ ကိုးဆယ့် ကိုးကုဋေသောဘုရားများဆိုပြီး ဘုရားရှင်က ဘာကြောင့် ခွဲခြား ဟောထားတော်မူခဲ့ပါသလဲဘုရား။
ကိုဝင်းဇော်ဦး
တောင်ငူမြို့

အဖြေ။ ။နှစ်ကျိတ်ရှစ်ဆူသော မြတ်စွာဘုရားများဟာ ဂေါတမမြတ်စွာဘုရားအလောင်းတော် နိယတဗျာဒိတ်ရတော်မူတဲ့ လေးအသင်္ချေနဲ့ ကမ္ဘာတစ်သိန်း အတွင်းမှာ ပွင့်တော်မူခဲ့ကြပါတယ်။ (၅၁၂၀၂၈)ဆူသောဘုရားရှင်များရဲ့ပွင့်ရာကာလအပိုင်းခြားနဲ့ပတ်သက်ပြီး…
ဖြစ်ခဲ့တဲ့လွန်ခဲ့တဲ့အတိတ်သံသရာဟာ အချိန်အားဖြင့် အသင်္ချေယျ မရေမတွက်နိုင်တော့ပါဘူး၊ ထိုမရေမတွက်နိုင် တဲ့ကာလ အပိုင်းအခြားမှာ မရေမတွက်နိုင်တဲ့ ဘုရားရှင်များ ပွင့်တော်မူပြီးခဲ့ကြပါပြီ။ ဒါကြောင့်လဲ “ဂင်္ဂါဝါဠု သဲစုမက” ဆိုတဲ့အတိုင်း ပွင့်တော်မူ ခဲ့ပြီးတဲ့ဘုရားရှင်များဟာလဲ ဂင်္ဂါမြစ်ထဲက သဲပွင့်နဲ့အမျှ မရေမတွက်နိုင်တော့ပါဘူး။ ဒါကြောင့် မရေမတွက်နိုင်တဲ့ ဘုရားရှင် များဟာ မရေမတွက်နိုင်တဲ့ကာလအပိုင်းအခြားမှာ ပွင့်တော်မူခဲ့ကြပြီးဖြစ်ပါတယ်။
နောက်တစ်ခုက ဓါရဏပရိတ်တော်ဟာ ဘုရားရှင်ဟောတော်မူခဲ့တဲ့ ပရိတ်တော်ထဲ မပါပါဘူး။ ဒါပေမဲ့ ရှေးဆရာတော်များက ဘုရားရှင်ရဲ့ဂုဏ်တော်များကို ထည့်သွင်းပြီး ပရိတ်တော်အဖြင့် ပြုလုပ်ပေးထားပါတယ်။ ဓါရဏဆိုတာ ပါဠိစကားလုံးပါ၊ “ဆောင်ခြင်း”လို့အဓိပ္ပါယ် ရပါတယ်။ ဆောင်ထားသင့်တဲ့ဂုဏ်တော်များကို ဆောင်းထားတဲ့အခါ အကျိုးအကျေးဇူး အလွန်ကြီးပြီး အန္တရာယ်များကို ကာကွယ်တားဆီးလို့ “ဓါရဏပရိတ်” လို့ နာမည်တတ်ပြီး ရှေးဆရာတော်ကြီးများက စီစဉ်ထားတာဖြစ်ပါတယ်။
ဓါရဏပရိတ်တော်အစ……….ဘုရားမှာ ဘယ်သူမှ အန္တရာယ်မပြုနိုင်တဲ့ ဂုဏ် လေးခိုင်ကိုထည့်ထားပါတယ်။ အလယ်မှာကျတော့ ဘုရားရှင်များမှာသာရှိတဲ့ အာဝေဏိကဂုဏ်တော်(၁၈)ပါးထည့်ထားပါတယ်။ အဆုံးမှာတော့ ဘုရား(၇)ဆူတို့ကို ရှိခိုးဆုတောင်းကာ သစ္စာ အဓိဋ္ဌာန်ပြုပြီး အဆုံးသတ်ထားတာကို တွေ့ရပါတယ်။ မေးခွန်းရှင်မေးတဲ့ ဘုရားအဆူများစွာဟာ ရှေးဆရာတော်ကြီးများ နှစ်သက်သလို ထည့်တော်မူကြတာ ဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။


စော်ကားမှုအပေါ် ဘယ်လိုမြင်ပါသလဲ
အမေး။ ။အရှင်ဘုရား MessengerforBuddhist ဆိုက်နဲ့ပတ်သက်ပြီး ဗုဒ္ဓဘာသာကိုရစရာမရှိအောင်ပြောထားတာ စိတ်မကောင်း စရာ ပါဘုရား၊ ဒီအတွက် အရှင်ဘုရားအနေနဲ့ ဘယ်လိုမြင်ပါသလဲဘုရား။
Dr.ဦးတင့်
မန်းစဖီးလ်၊အင်္ဂလန်

အဖြေ။ ။ ဒီဝက်ဘ်ဆိုက်ကတော့ ယခုတလော ပေါ်ပြူလာဖြစ်နေတဲ့ ၀က်ဘ်ဆိုက်ပါပဲ၊ မကောင်းတဲ့ဖက်က ပေါ်ပြူလာဖြစ်တာ ကိုဆိုလိုတာပါ။ အမြင်ပြောရရင်…၀က်ဘ်ဆိုက်ပိုင်ရှင်ဟာ ဗုဒ္ဓအကြောင်းတွေကို အပြစ်ပြောဖို့အတွက် ဗုဒ္ဓဘာသာအကြောင်းကို အတော်လေ့လာထားပုံရပါတယ်။ သူ ဒီလိုပြောတာဟာ အကြောင်းမဲ့မဟုတ်ဘူးလို့ထင်ပါတယ်။ နာကျည်းချက်တစ်ခုခုများရှိနေမလား လို့ တွေးမိပါတယ်။ မကြာခင်ကမှ စာရေးသူ ထံ ၀င်လာတဲ့မေးလ်တစ်စောင်မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။
(http://myanmartruthers.blogspot.com/
http://anti786.blogspot.com/
http://islamsucks.wordpress.com/feed/
http://www.badbuddhistblog.com/
အထက်ပါ ဘလော့ဂ် ၄ခုကို ဖျက်ပေးပါက .. http://messengerforbuddhist.blogspot.com/ ဒီဘလော့ဂ်ကို ဖျက်ပေးပါမည်လို့ ဘလော့ဂ်ပိုင်ရှင်က ပြောပါတယ်။ ဆရာတော်ကြီးများကို ကြည်ညိုလေးစားသောအားဖြင့် ကိုယ်တတ်နိုင်သည့်ဘက်မှ ယဉ်ကျေးစွာဖြင့် ၀င်ရောက် ကူညီပေးကြပါရန်မေတ္တာရပ်ခံအပ်ပါတယ်။) …….
ဒီ အီးမေးလ်အရ မှန်တယ်ဆိုရင်တော့…
ဘာဖြစ်လို့ သူဟာ ဗုဒ္ဓဘာသာအပေါ် အပြစ်ပြောရတာလဲ၊ သူ့ရဲ့နာကျည်းချက်၊ မကျေနပ်ချက်ကြောင့် ဖြစ်တယ်ဆိုတာ ထင်ရှား နေပါတယ်။ ဒါဆိုရင်တော့ ကိုယ့်ဘာသာကို အပြစ်ပြောလာရင် ပြောလာသူကို ဘယ်သူမှ မကြိုက်ကြပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ စော်ကားမှု သက်သက်ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ပါစေ…
ကမ္ဘာမှာ ထင်ရှားတဲ့ ဘာသာကြီးလေးဘာသာရှိပါတယ်။ သူ့ယုံကြည်ချက်နဲ့သူချည်းပါပဲ။ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အပြစ်ပြော နေမယ်ဆိုရင် ‘ဂျာအေး သူ့အမေရိုက်’ ဆိုတဲ့သီချင်းလို ဘယ်တော့မှ မဆုံးနိုင်ပါဘူး။ ကိုယ့်ဘာသာမို့ အမှန်မပြောလိုပါဘူး။ ဘုရားရှင် ကလဲ သူ့ရဲ့တရားတော်များကို ဘယ်သူမဆို လွတ် လပ်စွာတွေးခေါ်ခွင့် ဝေဖန်ခွင့် ပေးထားတာကို ကာလာမသုတ်တော်မှာ အထင် အရှား တွေ့မြင်နိုင် ပါတယ်။
အချုပ်ပြောရရင် ဒီစော်ကားမှုအတွက် ဘယ်လိုတုံပြန်မလဲလို့ မေးလာရင်တော့ ခန္တီ ပရမံတပေါ တိတိက္ခာ သည်းခံခြင်းဟာ အမြတ်ဆုံးအကျင့်လို့ ဆိုတဲ့အတိုင်း သည်းခံရုံမှတစ်ပါး အခြားလမ်းမရှိတော့………..

အယူဝါဒများစွာတို့ရဲ့ ဘာသာဝင်တိုင်း ကျန်းမာပျော်ရွှင်ကြပါစေ


ဗုဒ္ဓဘာသာကိုမယုံကြည်ဘဲ သုဂတိဘုံရောက်နိုင်ပါသလား
အမေး။ ။ ခရစ်ယာန်မှာတော့ သခင်ယေရှုကို မယုံရင် ငရဲကို အားလုံး ဒိုးပဲ ဘုရား။ ဘယ်လောက်ပဲ လှူ လှူ။ ကျင့်ကျင့် ကောင်းကင်ဘုံကို မရောက်နိုင်ဘူး လို့ ကျမ်းစာက အတိအလင်း ဆိုထားပါတယ်ဘုရား။တပည့်တော်သိချင်တာက ဗုဒ္ဓဘာသာကို မကိုးကွယ်ဘဲ ရတနာသုံးပါးကို မယုံကြည်ဘဲ ကောင်းရာမွန်ရာ (သုဂတိဘုံတွေ) ကို ရောက်နိုင်သလား။
ဆလိုင်း ဟန်သာစန်း
နယူးဒေလီ

အဖြေ။ ။လူတစ်ယောက်ဟာ အကြောင်းအားလျော်စွာ ဗုဒ္ဓဘာသာမဖြစ်သေးပေမဲ့ သူ့အဖို့ကောင်းတာလေးတွေလုပ်နေမယ်၊ ကောင်းတာလေး တွေ ပြောနေမယ်၊ ကောင်းတာလေးတွေ တွေးနေမယ်ဆိုရင် စိတ်ထဲဖြူစင်နေပါတယ်။ စိတ်ထားဖြူစင်တဲ့ပုဂ္ဂိုလ်ဟာ သေတဲ့အခါ သုဂတိဘုံ ရောက်နိုင်ပါတယ်။
ဘုရားအလောင်းတော်ဟာ ပါရမီဖြည့်စဉ်ကာလက ဘ၀အမျိုးမျိုးကျင်လည်ခဲ့ရတယ်။ ဒီလိုဘ၀များစွာကျလည်ရတဲ့အခါမှာ ဗုဒ္ဓဘာသာ ၀င်ရယ်လို့ အတိအလင်းမပါရှိပါဘူး။ ဒါပေမဲ့ ကုသိုလ်ပါရမီတွေကို ဖြည့်ကျင့်ခဲ့အတွက် သုဂတိဘုံသို့ ရောက်တဲ့အခါလဲ ရှိခဲ့ပါတယ်။ ဆိုလိုတာက ဗုဒ္ဓဘာသာမဟုတ်သော်လဲ ကောင်းတာလုပ်ရင် သုဂတိဘုံရောက်တဲ့သဘောပါ။
ယနေ့ခေတ်မှာလဲ စူနာမီဘေးဒါဏ်ခံခဲ့ရတဲ့ ဒုက္ခသည်များကို စိတ်ရောကိုယ်ပါ အကူအညီပေးနေကြပါတယ်။ မကြာသေးခင်က ဟေတီနိုင်ငံမှာ လှုပ်သွားတဲ့ငလျင်ကြောင့် လူပေါင်းများစွာသေကြေပျက်စီးပြီး၊ အချို့မှာ အိုးမဲ့အိမ်မဲ့ တကောင်ကြွက်ဘ၀၊ အတိဒုက္ခရောက်ခဲ့ရတယ်။ ဒါကို အခြားဘာသာဝင်များက လူသားချင်းစာနာကာ ဒေါ်လာသန်းချီပြီး ချက်ခြင်းပေးလှူတဲ့အပြင် ကယ်ဆယ်ရေးတွေကိုလဲ ပြုလုပ်ခဲ့ကြတာဟာ ကောင်းတဲ့အလုပ်ပါ။ ရတနာသုံးပါယုံကြည်မှုမရှိသော်လဲ လူသားတွေကို ကရုဏာ သနား စာနာတဲ့ တရားတွေက သူတို့နှလုံးသားမှာ တည်နေကြပါတယ်။ ကောင်းတဲ့စိတ်ထားလေးတွေပါ။ ဓမ္မလမ်းကြောင်းက ပြောရင် တော့ ကုသိုလ်စိတ်ပေါ့။ ဒါဟာ သုဂတိကို ရောက်နိုင်တဲ့လမ်းစတွေပါပဲ။
ဒါကြောင့် ဗုဒ္ဓဘာသာမှမဟုတ်ပါဘူး၊ (၁)မကောင်းတာမလုပ်နဲ့။(၂)ကောင်းတာကိုပြည့်စုံအောင်လုပ်ကြ။(၃) စိတ်ကိုဖြူစင်အောင် ထား ကြ) ဒီအဆုံးအမအတိုင်း ဘာသာမရွေး လူမျိုးမရွေး ကျင့်သုံးရင် ကောင်းတဲ့(သုဂတိ)ဘုံကို ရောက်နိုင်တယ်ဆိုတာပါပဲ။


နာမ် နှစ်ခု ရဲ့အဓိပ္ပါယ်မရှင်းပါ
အမေး။ ။အရှင်ဘုရား…မြန်မာစာအသုံးအနှုန်းမှာ နာမ်ဆိုတာ သက်ရှိ၊ သက်မဲ့၊ ဒြပ်ရှိ၊ ဒြပ်မဲ့၊ အမည်ဟူသမျှကို ‘နာမ်’ လို့ခေါ်ပါတယ်လို့ သင်ရပါ တယ်ဘုရား။ ဒီဘက် ဘာသာရေးမှာကျတော့ နာမ်ဆိုတာ စိတ်+စေတသိက် လို့ ခေါ်တာလားဘုရား။ အဓိပ္ပါယ် နှစ်မျိုးကို ဝေါဟာရတစ်မျိုးတည်း သတ်မှတ်ထားတာဟာ မသိတဲ့သူတွေအတွက် နားမရှင်းစရာ ဖြစ်ရပါတယ်။ ဒီအတွက် အဖြေပေးတော်မူပါဘုရား။
အောင်မော်ဟိန်း
ရန်ကုန်

အဖြေ။ ။ ပါဠိတစ်ချက် အနက်ဆယ်ထွေ ဆိုတဲ့အတိုင်း အချို့ပါဠိဝေါဟာရတွေဟာ အဓိပ္ပါယ်ဆယ်ခုထွက်တယ်ဆိုတာရှိပါတယ်။ အဓိပ္ပါယ်များတဲ့ ပါဠိဝေါဟာရတစ်ခုကို သုံးတဲ့နေရာမှာ သူ့နေရာနဲ့သူ သုံးတတ်ဖို့၊ ဖတ်တဲ့သူကလဲ ဒီဝေါဟာရက ဘာကို ဆိုလို တာလဲဆိုတာ သူ့ရဲ့ စာကြောင်းကိုကြည့်ပြီးသိဖို့လိုပါတယ်။ တစ်ခါတစ်ရံ ဒဿနဆန်ဆန်တွေးတယ်ဆိုတဲ့နေရာမှာ လိုတာထက်ပို တွေးရင်လဲ အဖြေရှာမရဖြစ်တတ်ပါ တယ်။ ဆိုကြပါစို့…. ဘုရားရှင်သည် သစ္စတရားကို ဟောတော်မူသည် ။ မောင်သစ္စာသည် အိမ်စာလုပ်နေသည်။ ဒီဝါကျနှစ်ခုကို ကြည့်ပါ ပထမ၀ါကျမှ သစ္စာ က သစ္စာလေးပါးကို ပြောတာပါ။ ဒုတိယသစ္စက မောင်သစ္စာဆိုတဲ့ လူရဲ့နာမည်ကို ပြောတာပါ။
မေးခွန်းရှင်ပြောတဲ့အတိုင်းဆိုရင် မောင်သစ္စာ မှာပါတဲ့ သစ္စာဟာ သစ္စာတရားကိုပြောတာလားလို့ ဘယ်သူမှ တွေးမှာလဲမဟုတ်ပါဘူး။ ဒီလိုပါပဲ…သစ္စာလေးပါးမှာပါတဲ့ သစ္စာဟာ မောင်သစ္စာလားလို့ ဘယ်သူမှ မထင်ပါဘူး။ အခုလဲ စာပေနယ်က နာမ်ကိုဟောတာနဲ့ ဓမ္မ ဘက်က ဟောတဲ့ နာမ်တရားဟာ မတူပါဘူး။ စာပေက အမည်နာမကို နာမ် ။ ဓမ္မက အာရုံကိုသိတတ်တာကို နာမ် မတူပါဘူး။ သူ့နေရာနဲ့သူ အဓိပ္ပါယ်ယူ တတ်ဖို့ အရေးကြီးပါတယ်။ ရှင်းတာကို ရှုပ်အောင်မလုပ်မိဖို့ အရေးကြီးပါတယ်။


နောင်ပွင့်မဲ့ဘုရားကျမှ ကျွတ်တမ်းဝင်မယ်
အမေး။ ။အရှင်ဘုရား…..ယခုခေတ်လူငယ်နဲ့လူအတော်များများဟာ အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရအောင်လုပ်ပြီး၊ ကျွတ်တမ်းဝင်အောင်လုပ်မယ်ဆိုတဲ့ ရည်မှန်းချက်တွေထားကြပါတယ်။ အဲဒါ သင့်-မသင့်ဆိုတာသိချင်ပါတယ်ဘုရား။
ခင်ဖုန်းမြင့်
ကွန်ပျုတာတက္ကသိုလ်

အဖြေ။ ။နောင်ပွင့်မဲ့ဘုရားရှင်လက်ထက်မှာ လူဖြစ်ခွင့်ရဖို့ဆိုတာ ဘယ်သူမှ အာမမခံနိုင်ပါဘူး။ သေချာတဲ့အလုပ်မဟုတ်ဘူး။ ဘာ့ကြောင့်ဆိုရင် ဘုရားရှင်က “မနုဿတ္တဘာဝေါ ဒုလ္လဘော” လူ့အဖြစ်ရဖို့အတ်ာခဲယဉ်းတယ်။ ဘယ်လောက်ခဲယဉ်းလဲဆိုရင် ဗြဟ္မာ့ ပြည်က အပ်တစ်စင်းကျလာတဲ့အခါ လူ့ပြည်က အပ်တစ်စင်းက ထောင်ထားမယ်။ ဒီအခါမှာ အပ်သွားချင်းသာ ထိသွားနိုင်တယ်။ လူဘ၀ဖြစ်ဖို့ဆိုတာ မလွယ်လှပါဘူး။ ဒါကြောင့် အရိမေတ္တေယျဘုရားရှင်လက်ထက်မှာ လူဖြစ်ဖို့ထက် ယခုဘ၀မှာ သေချာပေါက် လူဖြစ်နေကြရတယ်ဆို တာကိုတော့ ကိုယ့်ကိုယ်ကို သတိထားစေချင်တယ်။ ဒီလိုလူ့ဘ၀ရနေတဲ့အပြင် ကြုံခဲလှတဲ့ ဘုရားရှင်သာသနာနဲ့လဲ ကြုံနေရပါပြီ။ နာရခဲတဲ့တရားတော်များ ကိုလဲ နာနေရပြီလေ။ ဒီလိုအဆင်ပြေနိုင်မဲ့ဘ၀ ဘယ်ဘ၀များရှိခဲ့လို့လဲ၊ ဘ၀ါဘ၀များစွာက ဘုရားအဆူဆူနဲ့လွဲခဲ့ပြီ။
ယခုလက်ရှိဘ၀မှာ ဘုရားရှင်သာသနာရှိနေတဲ့အတွက် အပျင်းမထူဘဲ တရားအားထုတ်ရင် မဂ်ဖိုလ်နိဗ္ဗာန် ရောက်နိုင်ပါတယ်။ ဒီလိုအခွင့်ကောင်းကို လက်လွတ်အဆုံးအရှုံးခံပြီး မသေချာမရေရာတဲ့ နောင်လာမဲ့အနာဂတ်ကို မမျှော်လင့်ပါနဲ့။ မေးပါအုံးမယ်။ စာရှုသူများ တကယ်လို့ ယခုအခါမှာ ငွေသိန်းပေါင်းများစွာ ရမယ်ဆိုပါစို့ ဒီအခွင့်အရေးကို အခုမယူဘဲ နောက်ဘ၀မှယူမယ်လို့ဆိုရင် လောကမှာ ဒီလူလောက်မိုက်တဲ့သူ ရှိပါအုံးမလား။ ဒါကြောင့် ရနိုင်တဲ့အခွင့်အရေးကို လက်လွတ်ဆုံးရှုံးမခံကြပါနဲ့ ၊စိတ်ကူးမလွဲကြပါနဲ့လို့ ပြောလိုက်ပါရစေ။ တုမှေဟိ ကိစ္စမာတပ္ပံ = ချစ်သားတို့ အားထုတ်မှုကိစ္စကို ပွားများအားထုတ်ပါလော့ ၊ အားထုတ်သင့် အားထုတ်ထိုက် နေပါပြီ။ လို့ ဘုရားရှင် တိုက်တွန်းမိန့်တော်မူခဲ့တဲ့စကားတော်အရ ယခုဘ၀မှာ တရားထူးရအောင် အားထုတ်ကြပါတော့။


အရိမေတ္တေယျဘုရား ဘယ်အချိန်ပွင့်သလဲ
အမေး။ ။အရိမေတ္တေယျဘုရားရှင်ဟာ ဘယ်အချိန်မှာ ပွင့်မှာလဲဘုရား။ အရိမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာက ပျက်မှာလား၊ မပွင့်သေးခင် ပျက်မှာလား ဆိုတာ သိချင်ပါတယ်ဘုရား။
မေသက်လှိုင်
လာရှိုး

အဖြေ။ ။ဒါမပြောမီ တစ်ကမ္ဘာရဲ့သက်တမ်းကို ပထမပြောပါ့မယ်။ ဒါပြောမယ်ဆိုရင် အသင်္ချေယျဆိုတဲ့စကားကို အရင်ပြောရမယ်။ အသင်္ချေယျ ဆိုတာ မရေမတွက်နိုင်တာကို ပြောတာပါ။ ဒါမှမဟုတ် တစ်အနောက်က သုညပေါင်း(၁၄၀) ရှိတဲ့ ကိန်းဂဏန်းကို ‘အသင်္ချေယျ’ လို့ခေါ်ပါတယ်။ လူတို့ရဲ့သက်တမ်းဟာ အသင်္ချေယျတမ်းကနေ တဖြေးဖြေးနဲ့ ဆယ်နှစ်သက်တမ်းအထိ ဆုတ်ယုတ်လာပါတယ်။ ဒါကိုပဲ ‘ဆုတ်ကပ်’ လို့ခေါ်ပါတယ်။ ထိုဆယ်နှစ်သက်တမ်းကိုရောက်တဲ့အခါ ကပ်ကြီးသုံးပါးအနက် တစ်ပါးပါးကြောင့် လူအများသေကြေပျက်စီးကြရပါတယ်။ ကြွင်းကျန်ရစ်တဲ့ အချို့လူများဟာ သံဝေဂရပြီး ကုသိုလ်တရားများ တိုးပွားအောင် အားထုတ်လာကြရာကနေ တဖြေးဖြေး အသက်တမ်း ပြန်ရှည်လာပါတယ်။ ဒီလိုတဖြေးဖြေးရှည်လာရာ အသင်္ချေယျတိုင်အထိပါပဲ။ ဒါကို ‘တက်ကပ်’ လို့ခေါ်ပါတယ်။ ဒီလိုအသင်္ချေယျတမ်းမှ ဆယ်နှစ်တမ်း၊ ဆယ်နှစ်တမ်းမှ အသင်္ချေယျတမ်းတိုင်အောင် တက်ကပ်+ဆုတ်ကဒ်တစ်စုံကို “အန္တရကပ်တစ်ကပ်” လို့ခေါ်ပါတယ်။
ဒီလို အန္တရကပ်ပေါင်း (၆၄)ကပ်ဟာ ဒီဘဒ္ဒကမ္ဘာရဲ့ သက်တမ်းပါပဲ။
ဒီဘဒ္ဒကမ္ဘာမှာ အန္တရာကပ်(၆၄)ကပ်အနက် အဋ္ဌမ(၈)ကပ်မြောက်မှစပြီး ကကုသန်မြတ်စွာဘုရား ပွင့်တော်မူပြီး၊ န၀မ(၉)ကပ်မြောက်မှာ ကောဏာဂုံဘုရားပွင့်တော်မူပါတယ်။ ဒသမ(၁၀)ကပ်မြောက်မှာတော့ ကဿပဘုရားရှင်ပွင့်တော်မူပြီး ဧကာဒသမ(၁၁)ကပ်မြောက်မှာ ဂေါတမဘုရားရှင်ပွင့်တော်မူတဲ့အတွက် အရိမေတ္တေယျဘုရားရှင်က ဒွါဒသမ(၁၂)ကပ်မြောက်မှာ ပွင့်တော်မူမယ်လို့ မှတ်ယူရပါမယ်။
(အာဒိကပ္ပကျမ်း/ ၁၄၇-၁၄၈)
မှန်နန်းရာဇ၀င်မှာတော့ အန္တရကပ် ပထမကပ်မှာ ကကုသန်ဘုရား၊ ဒုတိယကပ်မှ ကောဏာဂုံဘုရား၊ တတိယကပ်မှာ ကဿပဘုရား၊ စတုတ္ထကပ်မှာ ဂေါတမဘုရား ပွင့်တော်မူကြတဲ့အတွက် အရိမေတ္တေယျဘုရားက ပဉ္စမမြောက် အန္တရကပ်မှာ ပွင့်တော်မူပါမယ်လို့ မှတ်ယူရပါမယ်။
(မှန်နန်းရာဇ၀င်/ ပ-တွဲ ၅၄-၇)
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးနဲ့ အခြားဆရာတော်ကြီးများကလဲ ဂေါတမမြတ်စွာဘုရားဟာ စတုတ္ထအန္တရကပ်မှာ ပွင့်တော်မူ ကြောင်း မိန့်ဆိုထားတဲ့အတွက် အရိမေတ္တေယျဘုရားဟာ ပဉ္စမအန္တရကပ်မှာ ပွင့်တော်မူမှာပါ။ ကြွင်းတဲ့ ကမ္ဘာများမှာတော့ ဘုရားပွင့်တဲ့ အန္တရကပ် များကတော့ ဆိုခဲ့ပြီးတဲ့အတိုင်း တထစ်ချမှတ်ယူလို့ မရပါ။ သင့်လျော်တဲ့ အန္တရကပ်မှာ ပွင့်တော်မူကြမယ်လို့ မှတ်ယူရပါမယ်။
နောက်တစ်ခုက ဒီဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူမဲ့ဘုရားရှင်များက ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ဂေါတမ၊ အရိမေတ္တေယျ ဘုရားများဖြစ် ကြပါတယ်။ ဒီဘုရားငါးဆူပွင့်တော်မူပြီးမှ ကမ္ဘာပျက်မှာဖြစ်တဲ့အတွက် အရေမေတ္တေယျဘုရားရှင် ပွင့်တော်မူပြီးမှ ကမ္ဘာပျက်ပါမယ်။


ဘုရားအထက်ကနေရင် ငရဲကျနိုင်ပါသလား
အမေး။ ။အရှင်ဘုရားရဲ့ စာအုပ်ဖတ်ရတဲ့အတွက် တပည့်တော်တို့လူငယ်တွေမှာ ကိုယ့်ဘာသာရေးထဲေ၀၀ါးနေတဲ့အချက်တွေကို ရှင်းရှင်းလင်း လင်း သိမြင်ရပါတယ်။ တပည့်တော်တစ်ခုမေးလျှောက်ပါရစေဘုရား။ သက်တမ်းရှည်တဲ့ကကုသန်စတဲ့ဘုရားရှင်များဟာ ဓါတ်တော်သီးခြား မကျဘဲ ရုပ်ကလာပ်တော်ကျန်ရစ်ပြီး အဲဒီရုပ်ကလာပ်တော်များကို စေတီတည်ထားတယ်၊ ကမ္ဘမြေကြီးအတွင်းမှာ ယခုတိုင် တည်ရှိနေပါတယ်လို့ ဖတ်ရသိရပါတယ်ဘုရား။ ဒါနဲ့စပ်လို့ ဂေါတမဘုရားရှင် ဆန်တော်ပယ်စဉ်က ဆံတော်ကို သိကြားမင်းက ကလပ်နဲ့ခံပြီး နတ်ပြည်မှာ စေတီတည် သလို မြင့်မြတ်တဲ့ဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တော်များရှိရာ စေတီများကို ဘာ့ကြောင့်နတ်ပြည်မှာမတည်ဘဲ မြေကြီးထဲထားရတာလဲဘုရား။ ဘုရားရင်ပြင်တော်ပေါ်ကိုတောင် ဖိနပ်စီးပြီး တက်လို့မှမရတာ။ ဒီအတိုင်းဆို တပည့်တော်တို့ ငရဲမကျနိုင်ဘူးလားဘုရား။
မေသက်လှိုင်
လာရှိုး

အဖြေ။ ။ရှေးဘုရားရှင်တို့ရဲ့ ရုပ်ကလာပ်တည်ရှိရာ စေတီကို မေသက်လှိုင်ပြောသလို မြေကြီးထဲ ထားတာ မဟုတ်ပါဘူး။ စေတီတည်စဉ်အခါ တုန်းက မြေကြီးပေါ်မှာပါပဲ ။ ယနေ့ခေတ် စေတီတော်များ မြေကြီးပေါ်မှာ တည်ကြသလို တည်ခဲ့တာပါပဲ။ ဘုရားရှင်တစ်ဆူနဲ့တစ်ဆူကြားမှာ ကမ္ဘာမြေကြီး တစ်ယူဇနာ တစ်ယူဇနာတက်လာကြောင်းကို သံယုတ်ပါဠိတော် အနမတဂ္ဂသုတ်မှာ ဝေပုလ္လတောင်ရဲ့အနိမ့်အမြင့်ကို စံထိုးပြီး သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ကြာလာတာနဲ့အမျှ ကမ္ဘာမြေကြီးဟာ ပမာဏများစွာ ထူလာတာပါပဲ။ ကဿပဘုရားရှင်လက်ထက်က တည်ခဲ့တဲ့စေတီတော်ဟာ ယခုဂေါတမဘုရားရှင်လက်ထက်မှာ မြေကြီးအောက်ရောက်နေလောက်ပါပြီ။ ဘုရားတစ်ဆူနဲ့တစ်ဆူကြားကို ထားဦးတော့ နှစ်ပေါင်းသုံးလေးရာက အဆောက်အဦးများ ယခုအခါ မြေအောက်မှ တူးဖေါ်တွေ့ရှိနေပါတယ်။
ဒါဖြင့် ဘုရားရှင်စေတီက အောက်ကဖြစ်နေပြီး လူတွေက အပေါ်ကနေ ဖိနပ်စီးပြီး လုပ်ချင်ရာလုပ်နေကြတော့ ငရဲကြီး-မကြီးဆိုတာနဲ့ ပတ်သက်ပြီးပြောပါ့မယ်။
ယနေ့ခေတ် လူတွေနေကြတဲ့ကွန်ဒိုတိုက်တွေဟာ အထပ်ပေါင်းများစွာရှိပြီး အတော်မြင့်မားတဲ့ မိုးထိတိုက်တွေဖြစ်ပါတယ်။ဒီတိုက်တွေ ရဲ့အောက်ဆုံးမြေညီထပ်မှာနေထိုင်ကြတဲ့မိသားစုမှာ ဘုရားအဆောင်ရှိမှာပဲ။ အပေါ်ကအထပ်များမှာလဲ လူတွေနေတာပါပဲ၊ ဒါဖြင့်ရင် မြေညီထပ်မှာ ဘုရားအဆောင်ရှိတဲ့အတွက် အပေါ်ထပ်မှာနေတဲ့လူများ ဘယ်လိုနေမလဲ။ နောက်တစ်ခု ယနေ့ခေတ်မြေကြီးပေါ်မှာ တည်ထားတဲ့ စေတီတော်တွေ များစွာရှိပါတယ်။ လူတွေက ထိုစေတီထက်မြင့်တဲ့ နေရာတိုက်တွေမှာ နေကြပါတယ်။ ဘယ်လိုလုပ်ကြမလဲ…။
အမှန်က သူ့နေရာနဲ့သူပါ။ အပေါ်တိုက်ခန်းမှာနေတဲ့သူက သူ့အိမ်နဲ့သူ အောက်ကဘုရားအဆောင်ကို မရိုသေလို့ နေတာမဟုတ်ပါဘူး။ အဓိကကတော့စိတ်ပါပဲ “စိတ်သာရှင်စော ဘုရားဟော” ဆိုတဲ့အတိုင်း ဒီနေရာမှာ စိတ်နဲ့လဲသက်ဆိုင်နေပါတယ်။ ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ဆိုတာလို အစွဲကြောင့်လဲ ဖြစ်တတ်ပါတယ်။ သတိထားရပါမယ်။
ဆိုကြပါစို့..မြို့တစ်မြို့မှ တစ်မြို့သို့ လေယာဉ်ပျံနဲ့ကောင်းကင်ပေါ်က သွားတဲ့အခါ အောက်မှာ အချို့နေရာတွေမှ စေတီတော်တွေကို မလွဲသာလို့ ဖြတ်ကျော်ပျံသန်းရတာတွေရှိပါတယ်။ အဲဒီအခါ လေယာဉ်ပေါ် လိုက်ပါတဲ့သူများဟာ ဘုရားကို မရိုသေလို့မဟုတ်ပါဘူး။ ဒါဆိုရင်အပြစ်မရှိပါဘူး။ ဘုရားရှင်ကို မရိုမသေတဲ့အနေနဲ့ အပေါ်ကနေရင်တော့ အပြစ်ရှိတာပေါ့။ ‘အထက်ကနေလို့ ငရဲကြီးမယ်’ဆိုတဲ့ ပူပန်မှုဟာ နေရာတိုင်းမှာ မဖြစ်သင့်ပါဘူး။ တစ်ခါတစ်ရံ လွန်ကဲတဲ့ ပူပန်မှုတွေဖြစ်ရင် မကောင်းပါဘူး။ ဒါကို ပါဠိလို 'အတိကုက္ကုစ္စ' လို့ ခေါ်ပါတယ်။ အတိကုက္ကုစ္စဖြစ်ပုံ ပစ္စုပ္ပန်အကြောင်းတစ်ခု ပြောချင်ပါသေးတယ်။
တစ်ခါက မြို့တစ်မြို့မှာ ဇနီးမောင်နှံနှစ်ဦးရှိပါတယ်။ စီးပွားဥစ္စာများလဲ အသင့်အတင့်ရှိလို့ လူလတ်တန်းစားအထဲပါဝင် တယ်လို့ဆိုရမယ်။ သူတို့ဟာ ယခုအချိန်အထိ ရွှေတိဂုံဘုရားကို မရောက်ဖူးဘူးတဲ့။ သူတို့မှာ သွားနိုင်တဲ့ ငွေကြေးဥစ္စာအသင့်အတင့် ရှိနေပါရက်နဲ့ ဘာပြုလို့များ မသွားရတာလဲ ဆိုတာကို စုံစမ်းကြည့်ပါတယ်၊သူတို့ဟာ ရန်ကုန်ကို လေယာဉ်ပျံနဲ့ကောင်းကင်ကနေသွားရင် အောက်မှာရှိတဲ့စေတီ ပုထိုးတွေကို ဖြတ်သန်းသွားရမှာမို့ အပြစ်ကြီးမှာ ကြောက်လှတဲ့အတွက် ရန်ကုန်ကို သွားနိုင်ပါရက်နဲ့ မသွားခဲ့ပါဘူးတဲ့။ အသက်(၈၀)ကျော်နေပါပြီ၊ ယခုအချိန်ထိ မသွားဖြစ်သေးပါဘူး။ ဒါဟာ အတိကုက္ကုစ္စ -လွန်ကဲတဲ့ပူပန်မှုပါ။ ဒီလိုသာပူပန်နေမယ်ဆိုရင် ကမ္ဘာမြေကြီးအတွင်း နေရမဲ့နေရာ အလွန်ကျဉ်းမြောင်းသွားပါလိမ့်မယ်။ မဖြစ်သင့်ဘူးလို့ ယူဆမိပါတယ်။
လိုရင်းပြောရရင် စိတ်သာအဓိက လို့ ပြောချင်ပါတယ်။


ဟန်ဆောင်လင်မယား
အမေး။ ။ယနေ့ခေတ် အမျိုးသမီးတစ်ချို့ဟာ ဟန်ဆောင် လက်ထပ်ပြီး နိုင်ငံခြားတိုင်းပြည်မှာ နေထိုင်ခွင့်ရရှိအောင် ကြိုးပမ်းကြပါတယ်ဘုရား။ ဟန်ဆောင် လက်ထပ်တယ်ဆိုပေမဲ့ နှစ်နိုင်ငံစလုံးမှာ ဥပဒေအရတော့ လုပ်ရပါတယ်ဘုရား။ ပြည်ပရောက်တဲ့အခါ ဟန်ဆောင်လက်ထပ် ထားတဲ့သူနဲ့ အတူ နေထိုင်ခြင်း မရှိတော့ပဲ၊ ကိုယ်နှစ်သက်တဲ့သူနဲ့ မိန်းမကလည်း ယောင်္ကျားအသစ်ထပ်ယူသလို၊ ယောင်္ကျားကလည်း မိန်းမအသစ် ထပ်ယူပါတယ်ဘုရား။ သူတို့နှစ်ယောက်မှာ “ကာမေသု” ကံထိုက်/မထိုက် နှင့် ကာမေသုကိုလည် အကျယ်သိလိုပါတယ်ဘုရား။ ထိုအဖြေအတွက် အရှင်ဘုရားရဲ့ အမေးအဖြေကဏ္ဍမှာ စောင့်မျှော်နေပါမယ်ဘုရား။ ။
လှိုင်းအိမ်
ထိုင်ဝမ်

အဖြေ။ ။ ကာမေသုနဲ့ပတ်သက်ပြီး ဆရာတော်များလည်း ဖြေကြားတော်မူခဲ့ကြပြီးခဲ့ပြီ။ ဒါပေမဲ့ အမေးရှိက အဖြေရှိရမယ်ဆိုတာလိုပဲ။ ပထမ ကာမေသုအကြောင်းကို သဘောပေါက်ရုံ ပြောပေးပါ့မယ်။
ကာမေသု ဆိုတာ ယောင်္ကျားတွေအတွက် (အဂမနီယ၀တ္ထု)မသွားလာအပ်တဲ့ မိန်းမများအား ကျုးလွန်မိရင် ကာမေသုမိစ္ဆာစာရ ဖြစ်ကြပါတယ်။ မသွားလာထိုက်တဲ့ မိန်းမ (၂၀)ရှိတယ်။ မိန်းမ(၂၀)ကို ဒီနေရာမှာ မဖေါ်ပြရင်လည်း အဖြေက မပြည့်စုံပါဘူး၊ ဒါကြောင့် အကျဉ်းမျှ ဖေါ်ပြလိုက်ပါတယ်။ (၁)အမိစောင့်ရှောက်တဲ့မိန်းမ၊(၂)အဘစောင့်ရှောက်တဲ့မိန်းမ၊(၃)အမိအဘစောင့်ရှောက်တဲ့မိန်းမ၊ (၄)မောင်ကြီးမောင်ငယ် စောင့်ရှောက်တဲ့မိန်းမ၊ (၅)အစ်မ ညီမ စောင့်ရှောက်တဲ့မိန်းမ၊ (၆) ဆွေမျိုးစောင့်ရှောက်တဲ့ မိန်းမ၊ (၇) အနွယ်တူစောင့် ရှောက်တဲ့ မိန်းမ၊ (၈) တရားကျင့်သုံးဖက်စောင့်ရှောက်တဲ့မိန်းမ။ ထိုမိန်းမရှစ်မျိုးက ကာမပိုင်မရှိတဲ့ အပျိုစဉ်မိန်းမများဖြစ်တယ်။
(၉)စေ့စပ်ကြောင်းလမ်းပြီးမိန်းမ၊ (၁၀) လက်မထပ်ရန် မင်းအမိန့်အာဏာဖြင့် တားမြစ်ထားတဲ့မိန်းမ၊ (၁၁) ဥစ္စာဖြင့်ဝယ်ထားတဲ့ မိန်းမ၊ (၁၂) ယောင်္ကားတစ်ဦးဦးနဲ့ အလိုတူ၍ အတူနေတဲ့ မိန်းမ၊ (၁၃) စည်းစိမ်ပေးပြီး မယားပြုလုပ်ထားတဲ့ မိန်းမ၊ (၁၄) အ၀တ်ပုဆိုးပေးပြီး မယားပြု ထားတဲ့ မိန်းမ၊ (၁၅) ရွှေခွက်မှာ လက်စုံချပြီး ယောင်္ကျားနဲ့ ထိမ်းမြားလက်ထပ်ထားတဲ့ မိန်းမ၊ (၁၆) ခေါင်းရွက်လုပ်ကိုင်စားသောက်ရတဲ့ မိန်းမကို ခေါင်းမရွက်စေဘဲ သိမ်းယူထားတဲ့ မိန်းမ၊ (၁၇) ကျွန်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၈) အမှုလုပ်လည်းဖြစ် မယားလည်းဖြစ်တဲ့ မိန်းမ၊ (၁၉) စစ်မြေမှ ဆောင်ခဲ့တဲ့ သုံ့ပန်းမိန်းမ၊ (၂၀) တစ်ဦးဦးရဲ့ ခေတ္တမယားဖြစ်နေတဲ့ မိန်းမ ။ ထိုမိန်းမ(၁၂)ဦးကတော့ ကာမပိုင်ယောင်္ကျားရှိတဲ့ မိန်းမ များဖြစ်တယ်။
ကာမပိုင်မရှိတဲ့ ပထမ မိန်းမရှစ်ယောက်ကတော့ တစ်ခြားယောင်္ကျားနဲ့ ဆက်ဆံမှု ပြုသော်လည်း သူ့ကာမကို သူသာပိုင်တဲ့အတွက် ကာမေသုမိစ္ဆာ မထိုက်ပါဘူး။ ဒါပေမဲ့ ယောင်္ကျားမှာတော့ အဂမနီယဖြစ်တဲ့ မိန်းမကို ကျူးလွန်တဲ့အတွက် ကာမေသုမိစ္ဆာစာရ ထိုက်ပါတယ်။ ကာမပိုင်ရှိတဲ့ မိန်းမ(၁၂)ယောက်က ကာမပိုင်မှတစ်ပါး တစ်ခြားယောင်္ကျားနဲ့ ကျူးလွန်မိရင် ကာမေသု ထိုက်သလို ကျူးလွန်တဲ့ ယောင်္ကျားမှာလည်း ထိုက်ပါတယ်။
အခုဒီပြဿနာမှာ ပြည်ပသွားဖို့ရာ လွယ်ကူအောင် ဥပဒေလမ်းကြောင်းအရ ဟန်ဆောင် လင်မယားအဖြစ် လက်မှတ် ထိုးထားတာလောက်ပဲ ရှိတာပါ။ သူတို့နှစ်ဦးကလည်း အချင်းချင်း လင်မယားအဖြစ် မသတ်မှတ်ကြပါဘူး။ ပြည်ပသွားခွင့်ရအောင် လင်မယားအဖြစ် ဟန်ဆောင်ထားတာပဲ ရှိတဲ့အတွက် နှစ်ဦးစလုံးဟာ လွတ်လပ်တဲ့ သူများ ဖြစ်ကြတယ်။ ပြည်ပရောက်တဲ့အခါ ကိုယ်ချစ်ကြိုက်တဲ့သူနဲ့ တရားဝင် လက်ထပ်ကြပြီး သားမှတ်မှတ်၊ မယားမှတ်မှတ်ပေါင်းသင်းကြရင်တော့ ကာမေသုမိစ္ဆာစာရ မထိုက်ပါဘူး
နောက်ဆုံး ကာမေသုမိစ္ဆာစာရ ထိုက်တဲ့ အင်္ဂါများကို သိထားရင် ကိုယ်ပြုလုပ်လိုက်တဲ့ အခြေအနေအပေါ် ကာမေသု ထိုက်/မထိုက် ဆိုတာ ခွဲခြား တတ်လာမှာပါ။ အင်္ဂါများကတော့……….
(၁)မသွားလာထိုက်တဲ့ အဂမနီယမိန်းမဖြစ်ခြင်း။ (၂) မှီဝဲလိုတဲ့ စိတ် ရှိခြင်း။ (၃) လုံ့လ ပြုခြင်း။ (၄) မဂ်အချင်းချင်း ထည့်သွင်းးတာကို သာယာခြင်း လို့ အင်္ဂါလေးမျိုး ရှိပါတယ်။
ဒီအင်္ဂါလေးချက်နဲ့ ညီရင် ကာမေသုမိစ္ဆာစာရ ထိုက်ပြီး၊ လေးပါးအနက်က တစ်ပါးပါး ချွတ်ယွင်းနေတယ် ဆိုရင်တော့ မထိုက်ပါဘူး လို့ ပဲ ဖြေကြားပေးလိုက်ပါတယ်။


ဂရုကံကြောင့် သေရင် အပါယ်တန်းကျပါသလား
အမေး။ ။အကုသိုလ်ဂရုကံ ကျူးလွန်သူများဟာ ဒီဘ၀မှာ မဂ်ဖိုလ် မရနိုင်ဘူး လို့ သိထားပါတယ်ဘုရား၊ ကျူးလွန်သူဟာ လက်ရှိဘ၀မှ သေပြီး အခြားမဲ့မှာ အပါယ်ငရဲ တန်းကျတာလားဘုရား။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ကျူးလွန်ခဲ့မယ်ဆိုရင် ယခုလက်ရှိဘ၀ကနေ ကွယ်လွန်တဲ့အခါ အပါယ်တန်းကျနိုင်ပါသလားဘုရား။ ။
မရီမော်အိ
မဲဆောက်

အဖြေ။ ။ဂရုကံ ကျူးလွန်မိရင် ကျူးလွန်တဲ့သူဟာ သေပီးရင် အပါယ်ငရဲ မှာ တန်းဖြစ်ပါတယ်။ ဘုရားရှင်လက်ထက်တော်က အဇာတသတ်မင်း ကို ကြည့်ပါ။ သူဟာဖခင်ကို သတ်ခဲ့တဲ့ ဂရုကံ ကျူးလွန်ခဲ့ပါတယ်။
နောက်ပိုင်း ဘုရားရှင်အား ကြည်ညိုလွန်းလို့ သူမတူအောင် သာသနာပြုခဲ့တယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံတော်မူပြီးနောက်ပိုင်း ပဌမသင်္ဂါယနာတင်တဲ့နေရာမှာလည်း ပစ္စည်းလေးပါး အထောက်အပံ့ကို သူမတူအောင် စွမ်းစွမ်းတမံ ထောက်ပံ့ပြီး သာသနာ ပြုတော်မူခဲ့ပါတယ်။ ဒါပေမဲ့ အဖသတ်တဲ့ ဂရုကံ ကျူးလွန်ခဲ့တဲ့ အဇာတသတ်ဟာ သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲမှာ ကျခံခဲ့ရပါတယ်။
အရှင်ဒေ၀ဒတ်ဟာ ဘုရားရှင်အား ပြစ်မှားကျူးလွန်ခဲ့တဲ့ ဂရုကံကြောင့် သေခါနီး နောင်တရကာဘုရားရှင်အား သူ့ရဲ့ ခန္ဓာကိုယ်ဖြင့် ပူဇော်ကန်တော့ကာ ၀န်ချခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးတော့ သူကျူးလွန်ခဲ့တဲ့ ဂရုကံက သူ့ကို အ၀ီိစိငရဲကို ဆွဲခေါ်သွားခဲ့ပါတယ်။
စိဉ္စမာဏ၀ိကာ အမျိုးသမီးဟာလည်း ဘုရားရှင်အား မဟုတ်တရားစွတ်စွဲခဲ့တဲ့ ဂရုကံကြောင့် မြေမျိုခံရပြီး အ၀ီစိငရဲမှာ ကျခံခဲ့ရပါတယ်။ ဘုရားရှင်ရဲ့ ဘထွေးတော်တော်စပ်သူလဲဖြစ်တဲ့အပြင် ဘုရားလောင်းတော်ဘ၀ ယောက္ခမလည်း တော်စပ်ခဲ့ဖူးတဲ့ သုပ္ပဗုဒ္ဓမင်းကြီးဟာ “ ငါ့သမီးကို ယူပြီးတော့ ပစ်ထားခဲ့တယ်။ အခုတခါ ငါ့သား ရှင်ဒေ၀ဒတ်ကိုလည်း ရန်သူလိုသဘောထားတယ်” ဆိုပြီး ဘုရားရှင်အား ရန်ညိုးဖွဲ့ကာ ပြစ်မှားခဲ့တဲ့ အတွက်ကြောင့် မြေမျိုခံရပြီးနောက် အ၀ီစိငရဲသို့ ရောက်ခဲ့ရပါတယ်။
အထက်ပါ အဖြစ်အပျက်များကို ကြည့်ရင် ဂရုကံကျူးလွန်သူများဟာ ယခုလက်ရှိဘ၀ တရားအားထုတ်လို့ မဂ်ဖိုလ်မရနိုင်တဲ့အပြင် သေလွန်တဲ့အခါ အပါယ်ငရဲကို သေချာပေါက် သွားရပါတယ်။ လွန်ခဲ့တဲ့ အတိတ်ဘ၀က ဂရုကံကျူးလွန်ခဲ့တယ်ဆိုတာ သေချာမယ်ဆိုရင် မေးခွန်းရှင်ဟာ ဒီဘ၀ လူလာမဖြစ်နိုင်ပါဘူး။ အပါယ်ငရဲကိုပဲ တန်းကျမှာ ဖြစ်တယ်။


ငလျင်လုပ်တဲ့အကြောင်းဗုဒ္ဓဟောခဲ့ပါသလား
အမေး။ ။ ယခု၂၀၀၉ ခုနှစ်၊ ကမ္ဘာအ၀ှမ်း နိုင်ငံများမှာ မြေငလျင်ဒါဏ်နှင့် မုန်တိုင်းဒါဏ်ကို အလူးအလဲ ခံကြရပါတယ်။ အင်ဒိုနီးရှားမှာဆိုရင် ဒီနှစ်ထဲမှာ ငလျင် အကြိမ်ကြိမ် လှုပ်ခဲ့ပါတယ်။ အချို့နေရာများမှာ မုန်တိုင်းထန်ခဲ့ကြပါတယ်။ မုန်တိုင်းတောင်မှ သာမာန်မုန်တိုင်းမဟုတ်ဘူး၊ စူပါတိုင်ဖွန်မုန်းတိုင်း အဆင့်အထိတောင် တိုက်ခတ်ခဲ့ပါတယ်။
သပ္ပံပညာရှင်များက နျူကလီးယားကြောင့် သဘာဝပတ်ဝန်းကျင်များ ညစ်ညမ်းမှု များလာပါတယ်။ အဲဒီကနေ မုန်တိုင်းကျတာတို့ ငလျင်လှုပ်တာတို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။ တပည့်တော်သိချင်တာက ငလျင်လှုပ်တာနဲ့ ပတ်သက်ပြီး ဘုရားရှင် မိန့်တော်မူခဲ့တာတွေ ရှိပါသလား၊ တကယ်လို့ ရှိခဲ့တယ်ဆိုရင် မကြာသေးခင်ကမှ အင်ဒိုနီးရှားမှာ ဘာ့ကြောင့်ငလျင် လှုပ်ခဲ့တာလဲဆိုတာကို ဘုရားဟောနဲ့အညီ အဖြေပေးစေချင်ပါတယ်ဘုရား။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။ငလျင်နဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်များက ယခုခေတ်မှသာ ဖေါ်ထုတ်ကြတာပါ။ ဘုရားရှင်ကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ကျော်က တည်းက ဖေါ်ထုတ်ခဲ့ပါတယ်။ သိပ္ပံပညာရှင်များလို အချိန်အကြာကြီး သုတေသနပြုစရာမလိုပါဘူး။ ဘုရားရှင်ဟာ သိရန်မှန်က မကျန်ရအောင် လုံးဝစုံလင် အကုန်မြင်တဲ့ သဗ္ဗညုတဥာဏ်တော်နဲ့ ပြည့်စုံတော်မူတာကြောင့် တရားအလုံးစုံကို ကိုယ်တိုင်လည်းသိသလို ဝေနေယျများကိုလည်း ဟောတော်မူခဲ့ပါတယ်။ ဒါကြောင့်လည်း ဘုရားရှင်ဟာ ငလျင်လှုပ်ခြင်းရဲ့အကြောင်းကို ဟောတော်မူခဲ့ပါတယ်။
အခါတစ်ပါး ဘုရားရှင်က အရှင်အာနန္ဒာအား ငလျင်လှုပ်ခြင်းနဲ့ပတ်သက်ပြီး ရှစ်ပါးရှိကြောင်းကို မိန့်တော်မူခဲ့ပါတယ်။ ဒါတွေက…
(၁)။ ဓါတ်တွေချောက်ခြားဖေါက်ပြန်တဲ့အတွက် ငလျင်လှုပ်ပါတယ်။ ရှင်းပါအုံးမယ်၊ ဒီကမ္ဘာကြီးဟာ ယူဇနာ(၄၈၀၀၀၀)အထုရှိတဲ့ရေ မှာတည်ပါတယ်။ ထိုရေထုထည်ရဲ့အောက်မှာ ယူဇနာပေါင်း(၉၆၀၀၀၀)ရှိတဲ့ လေထုတည်နေပါတယ်။
ဒီလိုအခြေအနေမှာ တခါတရံ လေထုကြီးဟာ ပြင်းထန်စွာ တိုက်ခိုက်လာတဲ့အခါ လေထုအထက်မှာ တည်နေတဲ့ ရေထုကြီးဟာ လှုပ်ခတ်လာပါတော့တယ်။ (ဒါဟာ မုန်တိုင်းတိုက်ခတ် တာဖြစ်နိုင်ပါတယ်) အဲဒီလို ရေထုကြီးလုပ်ခေတ်လာတော့ ရေထုအထက်မှာ တည်နေတဲ့ မြေထုကြီးဟာ လှုပ်ခတ်လာပါတော့တယ်။ ဒါဟာ ငလျင်ပြင်းစွာလှုပ်ခြင်းရဲ့ ပထမအကြောင်းပဲဖြစ်ပါတယ်။ (စူနာမီဖြစ်တဲ့သဘောကို သတိပြုပါ)။
(၂)။ ဒုတိယအကြောင်းက အဘိညာဉ်ဈာန် အစွမ်းကြောင့်လည်း မြေငလျင်လှုပ်တတ်ပါတယ်။ ဣဒ္ဓိရှင် တန်ခိုးရှင်များက မြေကို လှုပ်စေလိုတဲ့အခါ အားနည်းတဲ့ မြေကသိုဏ်းဈာန်သညာနဲ့အတူ အားကြီးတဲ့ ရေကသိုဏ်းဈာန်သညာတို့ကို ပွားများပြီး မြေကြီးကို လှုပ်ခတ်စေပါတယ်။
(၃)။ တတိယအကြောင်းက ဘုရားအလောင်းတော် မယ်တော်ဝမ်းကြာတိုက်သို့ သက်ရောက်တဲ့အခါမှာ မြေကြီးဟာ သွက်သွက်ခါ တုန်လှုပ်ပါတယ်။
(၄)။ စတုတ္ထအကြောင်းက ဘုရားအလောင်းတော် အမိဝမ်းကြာတိုက်မှာ မွေးဖွားတော်မူတဲ့အခါမှာလည်း မြေငလျင်လှုပ်ပါတယ်။
(၅)။ ပဉ္စမအကြောင်းက ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့ခဏမှာလည်း မြေငလျင်လှုပ်ပါတယ်။
(၆)။ ဆဋ္ဌမအကြောင်းက မြတ်စွာဘုရား ဓမ္မစကြာတရားဦး ဟောတော်မူတဲ့အခါ မှာ မြေငလျင်လှုပ်ပါတယ်။
(၇)။ သတ္တမအကြောင်းက ဘုရားရှင်ဟာ သတိ သမ္ပဇဉ်ရှိလျက် အာယုသင်္ခါရကို စွန့်လွတ်တော်မူတဲ့အခါမှာလည်း မြေငလျင် ပြင်းစွာ တုန်လှုပ်ပါတယ်။
(၈)။ အဋ္ဌမအကြောင်းက ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူတဲ့အခါမှာလည်း မြေငလျင်ပြင်းစွာ တုန်လှုပ်ပါတယ်။
ထိုမြေငလျင်လုပ်ခြင်း ရှစ်မျိုးအနက် ပထမတစ်မျိုးသာလျှင် သက်ရှိသတ္တ၀ါတွေရဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။ ကျန်တဲ့ (၇)မျိုးကတော့ သက်ရှိတို့ကို အသက်အန္တရာယ် မဖြစ်စေနိုင်ပါဘူး။
ဒါကြောင့် မကြာသေးခင်က အင်ဒိုနီးရှားမှာ ပြင်းစွာ လှုပ်ခဲ့တဲ့ မြေငလျင်နဲ့ အချို့နေရာတွေမှာ တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း စူပါမုန်တိုင်း များဟာ ဓါတ်ချောက်ချားခြင်း( ဥက္ခေပက လေဓါတ်ချောက်ချားခြင်း) ကြောင့် လှုပ်တာ လို့ ယူဆရပါကြောင်း ဖြေကြားပေးလိုက်ပါတယ်။ (မဟာဗုဒ္ဓ၀င်၊ ပဉ္စမတွဲ၊ နှာ-၃၃၃)


မဟာယာနမှာလဲ ဓါတ်တော်တွေနဲ့
အမေး။ ။
အရှင်ဘုရား…..တပည့်တော်ဟာ ထေရ၀ါဗုဒ္ဓဘာသာကို အသက်နဲ့လဲပြီး ကြည်ညိုသူ တစ်ဦးဖြစ်ပါတယ်။ လျှောက်ထားချင်တာက….. မဟာယာန ဗုဒ္ဓဘာသာဝင် ရဟန်းတော်များမှာလည်း ရဟန္တာ ဆိုတာ ဖြစ်နိုင်ပါသလားဘုရား။ သူတို့ရဲ့ ဓါတ်တော်များ ချန်ထားနိုင်ပါသလား၊ မဟာယာန ဗုဒ္ဓဘာသာရဟန်းတော်/သီလရှင်ကြီးများရဲ့ ဓါတ်တော်များကို တင်ပေးထားတဲ့ (http://slz.goodweb.cn/monk_27.asp) website မှာ တွေ့မြင်ခဲ့ရပါတယ်ဘုရား။
ထိုwebsite မှာ ဆရာတော်ကြီးများကို ရဟန္တာ လို့ ပြောထားခြင်း မရှိပါ။ ထိုဆရာတော်ကြီးများဟာ ဘယ်လိုနည်းကို ကျင့်သုံးပြီး ဓါတ်တော်များ ချန်ထားခဲ့ပါသလဲဘုရား။ တရုတ်ပြည်မှာ ၀ိပဿနာအသံကို ကြားရဖို့ မလွယ်ပါ။ တကယ်လို့ ထိုဆရာတော်ကြီးများဟာ ရဟန္တာ ဖြစ်လျှင် ဘယ်လို ၀ိနည်းကို လိုက်နာပြီး အဘယ်ကျင့်စဉ်ကို ကျင့်သုံးသလဲ ဆိုတာ တပည့်တော် သိချင်ပါတယ်ဘုရား။
ဦးတင်လျှက်
ရဲလင်း

အဖြေ။ ။မေးသင့်တဲ့ မေးခွန်းပါပဲ။ မဟာယာန ဗုဒ္ဓဘာသာဝင်များမှာ ရဟန္တာဆိုတာ မရှိနိုင်ပါဘူး။ ဘာ့ကြောင့်ဆိုရင် သူတို့ကျင့်သုံးနေတဲ့ လမ်းစဉ်ဟာ သဗ္ဗညုတ ဘုရားရှင်ရဲ့ လမ်းစဉ်နဲ့ ကွဲလွဲနေလို့ဖြစ်ပါတယ်။ ဒါလောက်နဲ့တော့ ကျဉ်းလွန်းနေတဲ့အတွက် ပြည့်စုံမှုမရှိသေးဘူး။ အနည်းငယ် ချဲ့ပြီး ပြောပါအုံးမယ်။
အခါတစ်ပါး ဘုရားရှင် ပရိနိဗ္ဗာန် စံတော်မူခါနီးမှာ ဘုရားရှင်က သုဘဒ္ဒပရိဗိုဇ်အား မိန့်ကြားတော်မူခဲ့တာ ရှိပါတယ်။
“သုဘဒ္ဒ….. အကြင်တရားဝိနည်းဆိုတဲ့ သာသနာမှာ အရိယာမဂ်(မဂ္ဂင်ရှစ်ပါး)တရား မရှိ။ ထိုအရိယာမဂ် မရှိတဲ့ သာသနာမှာ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ ဆိုတာ မရှိနိုင်ပါ။
သုဘဒ္ဒ…..အကြင်တရားဝိနည်းဆိုတဲ့ သာသနာမှာ အရိယာမဂ်(မဂ္ဂင်ရှစ်ပါး)တရား ရှိတယ်။ ထိုအရိယာမဂ် ရှိတဲ့ သာသနာမှာသာ သောတာပန် ပုဂ္ဂိုလ်၊ သကဒါဂါမ်ပုဂ္ဂိုလ်၊ အနာဂါမ်ပုဂ္ဂိုလ်၊ ရဟန္တာပုဂ္ဂိုလ်များ ရှိပါတယ်။
ငါဘုရားရဲ့ သာသနာတော်မှ တစ်ပါးသော အယူဝါဒ သာသနာတွေမှာ တရားကိုသိမြင်တဲ့ ကိလေသာကင်းတဲ့ ရဟန်းမြတ်ဆိုတာ မရှိပါ။ သုဘဒ္ဒ…..ဆိုခဲ့ပြီးတဲ့ ရဟန်းမြတ်များဟာ (ကိုယ်တိုင်လည်းကျင့် သူတစ်ပါးအားလည်း အဆင့်ဆင့် ဟောကြားလျက်)ကောင်းမွန်စွာနေကြမယ်ဆို ပါရင် လောကကြီးမှာ ရဟန္တာတို့မှ မဆိတ်မသုဉ်း နိုင်ပါ” လို့ မိန့်ကြားတော်မူခဲ့ပါတယ်။ (သုတ်မဟာဝါ၊ မဟာပရိနိဗ္ဗာနသုတ်၊ သုဘဒ္ဒပရိဗိုဇ်ဝတ္ထု၊ နှာ၊၁၄၅)
ဘုရားရှင်ဟောတော်မူခဲ့တဲ့အတိုင်းဆိုရင် ဘုရားရှင်ရဲ့အဆုံးအမ သာသနာတော်ကြီးဟာ မဂ္ဂင်ရှစ်ပါး ရှိတဲ့ သာသနာတော်ကြီးပါ။ ဘုရားရှင် သာသနာမှ တစ်ပါးအခြားသော သာသနာတွေမှာ ရဟန္တာ ဆိုတာ မရှိနိုင်ပါဘူး။
ဒါဖြင့်ရင် အင်တာနက်စာမျက်နှာတစ်ခုမှာ တွေ့ရှိချက်အရ မဟာယာန ရဟန်းတော်များရဲ့ ပုံနဲ့ သူတို့ရဲ့ ဓါတ်တော်များကို ပူးတွဲ ဖေါ်ပြထားတာ အများကြီးပါ။ ဒါဘယ်လိုဖြေရှင်းမလဲ……
ပထမအချက်က ဓါတ်တော်ဟုတ်မဟုတ်စီစစ်ချက်။ ဒုတိယအချက်က မဟာယာနများ အရိယာ ဖြစ်နိုင်/မဖြစ်နိုင် ဆိုတဲ့ နှစ်ချက်ကို ဖြေရှင်းရပါ့မယ်။
ပထမအချက်။ အချို့က ရဟန္တာဓါတ်တော်ဆိုတာ အလုံးလေးတွေလို့ ပြောကြပါတယ်။ ဘုရားရှင်ရဲ့ ဓါတ်တော်များတောင်မှ အဓိဋ္ဌာန်တော်မူတဲ့အတွက် အလုံးလေးတွေ ဖြစ်ရတာပါ။ သာမာန်ရဟန္တာများမှာ ဓါတ်တော်ဟာ အလုံးလေးတွေ ဖြစ်သင့်/မဖြစ်သင့်ဆိုတာနဲ့ ပတ်သက်ပြီး …. မဟာစည်ဆရာတော်ဘုရားကြီး အိန္ဒိယနိုင်ငံရောက်စဉ်က ……
“ဘုန်းကြီးတို့…..ကလကတ္တားမြို့ကို သီးသန့်လေယဉ်နဲ့ သွားပြီး အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ရဲ့ ဓာတ်တော်များကို အထင်အရှားတွေ့ခဲ့ရပါတယ်။ ပကတိ အရိုးအတိုင်းပါပဲ၊ အရောင်အဆင်းက ဖြူဖွေးတယ်။ ပုံသဏ္ဍာန်ကတော့ လက်ဆစ်ရိုးလေးတွေဟာ လက်ဆစ်လေးများအတိုင်းပါပဲ ၊ အစွန်းနှစ်ဖက် အဆစ်နေရာများက ကြီးပြီး ခါးလယ်ကသေးနေတယ် ဆိုတော့ ဒီပြင် ရဟန္တာဓါတ်တော်များဟာလည်း ပကတိအရိုးအတိုင်းပဲ ရှိလိမ့်မယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိဘူး။ ယခုကာလ ဆရာတော်များ မီးသဂြိုလ်တဲ့အခါ ကျောက်ခဲလုံးလေးများလို ဓါတ်တော်များ ကျတယ်ဆိုတာ ချင့်ပြီး ယုံကြည်ကြဖို့ပါပဲ” လို့ သလ္လေခသုတ်တရားတော်မှာ မဟာစည်ဆရာတော် ဘုရားကြီး မိန့်တော်မူထားတာကို ကြည့်ခြင်းဖြင့်….
Website မှာတွေ့မြင်ရပါတယ် ဆိုတဲ့ မဟာယာနများရဲ့ ဓါတ်တော်များဟာလည်း ချင့်ပြီး ယုံကြည်ကျဖို့ လိုပါလိမ့်မယ်။
ဒုတိယအချက်က။ မဟာယာနများကော ရဟန္တာ ဖြစ်နိုင်သလား……..ကျင့်စဉ်အားဖြင့် လုံးဝမတူညီ သူတို့ကျင့်စဉ်က မဂ္ဂင်ရှစ်ပါး မပါတဲ့အတွက် ဘုရားရှင်မိန့်တော်မူချက်အရ သူတို့ဟာ ရဟန္တာများ မဟုတ်နိုင်ပါဘူး။
ဒါပေမဲ့ ဘုရားရှင်ရဲ့ဝါဒက ၀ိဘဇ္ဇ၀ါဒဆိုတော့ ယနေ့ခေတ် အချိန်အခါ ပြည်ပနိုင်များမှာ ထေရ၀ါဒတို့ရဲ့ meditation စင်တာတွေ အများကြီးပေါ်ပေါက်နေပါတယ်။ ထို ကမ္မဋ္ဌာန်းဌာနများမှာ မဟာယာန ဘုန်းကြီးများ၊ မယ်သီလများ လာရောက်ပြီး နည်းနာနိဿယ ခံကာ တရားကြိုးစားအားထုတ်တဲ့ သူများကို တွေ့မြင်မိကြမှာပါ။သတိထားမိကြမှာပါ။
ဒီလို ထေရ၀ါဒနည်းဖြင့် ကမ္မဋ္ဌာန်းနည်းလမ်းကျနစွာ သင်ယူပြီး ၀ိပဿနာတရားကို ကိုယ်တိုင် တသက်လုံး ကြိုးစားအားထုတ်သွားတဲ့ မဟာယာနဘုန်းကြီး များလည်း ရှိနေကြတဲ့အတွက် အရိယာမဂ်ကို မျက်မှောက်ပြုတယ်ဆိုတာ ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ် လို့ ယူဆရပါတယ်။
ဒါပေမဲ့ မဟာယာန အများစုကတော့ မဟုတ်နိုင်ပါဘူး။ အချူပ်ပြောရရင် မဟာယာနတို့ရဲ့ မဂ္ဂင်မပါတဲ့ ကျင့်စဉ်နဲ့ အရိယာ မဖြစ်နိုင်ပါဘူးဆိုတာပါပဲ။


လူတို့ရဲ့ အရိုးကို စေတီ တည်ကောင်းပါသလား
အမေး။ ။ အရှင်ဘုရား……… ရုပ်ရှင်မင်းသား တစ်ဦးရဲ့ အရိုးပြာနဲ့ စေတီတည်မယ်လို့ကြားမိပါတယ် အဲ့ဒါပုတုဇဉ်လူသားတစ်ဦးရဲ့ အရိုးပြာနဲ့စေတီတည်ကောင်းပါသလား ဘုရား။
ပိုင်မင်းဦး
USA

အဖြေ။ ။ လောကမှာ စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ ပုဂ္ဂိုလ် (၄)မျိုးရှိပါတယ်။ သမ္မာသမ္ဗုဒ္ဓဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ ၊ စကြာဝတေးမင်း တို့ ဖြစ်ပါတယ်။ ဘုရားရယ်၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာများက ကိုးကွယ်သင့်တဲ့အတွက် ထားပါတော့၊ လူပုဂ္ဂိုလ်တစ်ဦးသာဖြစ်တဲ့ စကြာဝတေးမင်းက ဘာပြုလို့ စေတီ တည်ပြီး ကိုးကွယ်သင့်သလဲဆိုရင် သူ့ခေတ်သူ့အခါက လူတို့ရဲ့ စီးပွားချမ်းသာမှုကို ဆောင်ရွက်ပေးနိုင်ပြီး တရားနဲ့အညီ အုပ်ချူပ်မင်းလုပ်နေသူလည်းဖြစ်ပါတယ်။ လောကမှာ စကြာဝတေးမင်းဟာ တစ်ဦးသာ ဖြစ်တဲ့အတွက် အံ့သြဖွယ်ရာလည်းဖြစ်၊ ထူးခြားတဲ့ အရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် စေတီ တည်ပြီး ကိုးကွယ်သင့်တဲ့ အထဲမှာ စကြာဝတေးမင်းတစ်ဦးလည်း အပါအ၀င်ဖြစ်ပါတယ်။
(ဒီ၊ ၂၊ ၁၁၇-၈။ အံ၊၁။ ၇၆၊၅၆၇။ အံ၊ဋ္ဌ၊ ၂၊ ၅၁)
ယခုအခါ ပုထုဇဉ်ရဟန်းတော်များ ဆရာတော်များအား “အရိုးအိုးစေတီ” တည်ထားကြတာကို တွေ့ရပါတယ်။ ဒါနဲ့ပတ်သက်ပြီး သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များရဲ့ အရိုးကို အရိုးအိုးစေတီအဖြင့် တည်ထားဖို့ဘုရားရှင်က ခွင့်ပြုခဲ့မယ်ဆိုရင် သီလရှိတဲ့ ပုထုဇဉ်ရဟန်းတော်များ မရေမတွက်နိုင် လောက်အောင် များပြားလှပါတယ်။
ပုထုဇဉ်အရှင်မြတ်များ ပျံတော်မူတဲ့အခါ အရိုးအိုးစေတီ တည်ကြမယ်ဆိုရင် နေရာအနှံ့ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှပါတယ်။ ဒိလိုသာဆိုရင် လူတွေ ကိုးကွယ်နိုင်တော့မှာ မဟုတ်တော့ဘူး။ ဒါကြောင့် ဘုရားရှင်က သီလရှိတဲ့ပုထုဇဉ်ရဟန်းတော်များ ပျံတော်မူရင် အရိုးအိုးစေတီ တည်ထားဖို့ အခွင့် မပေးခဲ့ပါဘူး။ (အံ၊ဋ္ဌ၊၂၊၅၁)
လူသာမာန်ဆိုရင်တော့ ဆိုဘွယ်ရာ မရှိတော့ပါ။


ဒီလိုအိမ်မျိုး နောက်သွားရအုံးမှာလား
အမေး။ ။အရှင်ဘုရား……ရဟန်းတော်များမှာ ဒါယကာ/မ တို့ရဲ့ ပစ္စည်းလေးပါး အထောက်အပံ့ရမှာသာ သာသနာပြုနိုင်ကြ ပါတယ်ဘုရား။ တခါတရံ တစ်ချို့ ရင်းနှီးတဲ့ အိမ်တွေကို မလွဲမရှောင်သာ သွားရပါတယ်။ အဲဒီအခါမျိုးမှာ ရဟန်းသံဃာတော်များ ကြွလာမှန်း သိပါလျက် အဖက်မလုပ်၊ ခရီးဦးလည်းမကြိုဆို တာတွေ့ရပါတယ်။ ရဟန်းတော်များအတွက် စိတ်မကောင်းရုံမှတစ်ပါး ဘာမှမတတ်နိုင်ပါ။ တပည့်တော် သိချင်တာက ဒီလို အိမ်မျိုးကို နောက်တစ်ခါ သွားသင့်/မသင့် ဆိုတာ သိချင်ပါတယ်ဘုရား။ ။
မနွယ်နွယ်အေး
ရန်ကုန်

အဖြေ။ ။လူတွေဟာ အလုပ်ကို အချိန်နဲ့ လုပ်နေကြရတဲ့အတွက် ရဟန်းတော်များကို မအားလပ်တဲ့ကြားက ဧည့်ခံဖို့ရာ လုံးဝမဖြစ်နိုင်ပါ။ သူတို့ကိုယ်၌က ရဟန်းတော်များအား ကြည်ညိုကြတာရှိပါတယ်။ အကြောင်းကြောင်းကြောင့် ဧည့်ဝတ်ချွတ်ယွင်းခဲ့ပေမဲ့ ကြည်ညိုတဲ့ဒါယကာများက ရှိပါတယ်။ ဒါပေမဲ့ တချို့ကျတော့ ရင်းနှီးကျွမ်းဝင်ပြီးသား ဒါယကာအိမ်ကို သွားတဲ့အခါ အဖက်မလုပ်၊ ခရီးဦးမကြိုဆို၊ လုံးဝကြည်ညိုမှုမရှိ ဘူးဆိုရင် နောက်တစ်ခါ မသွားမိအောင် သတိထားရပါ့မယ်။ဒါယကာများက ကိုယ့်ကို မကြည်ညိုဘူးဆိုရင်တော့ နောက်တစ်ခါ သွားဖို့ရာ စဉ်းစားရပါလိမ့်မယ်။ ဒါကိုတော့ ခွဲခြားသိဖို့လိုပါလိမ့်မယ်။
ဒါနဲ့ပတ်သက်ပြီး အဂ္ဂင်္ုတ္တရာနိကာယ်၊ ကုလသုတ်မှာ ဟောတော်မူထားပါတယ်။
ဒါတွေက-
(၁) မြတ်နိုးသဖြင့် ခရီးဦးမကြိုဆိုခြင်း။ (၂)မြတ်နိုးသဖြင့် ရှိမခိုးကြခြင်း။ (၃) မြတ်နိုးသဖြင့် နေရာထိုင်ခင်း မပေးကြခြင်း။ (၄) ထင်ရှားရှိတဲ့ လှူဖွယ်ဝတ္တုကို ရဟန်းတို့အား လျှို့ဝှက်ကြခြင်း။ (၅) လှူဖွယ်ဝတ္ထု များစွာရှိပါလျက် အနည်းငယ်ကိုသာပေးလှူခြင်း။ (၆) မွန်မြတ်သော လှူဖွယ်ဝတ္ထု ရှိပါလျက် ရုန့်ရင်းကြမ်းတမ်းသော လှူဖွယ်ဝတ္ထုကို ပေးလှူကြခြင်း။ (၇) ရိုသေစွာ မပေးလှူဘဲ မရိုမသေ ပေးလှူကြခြင်း။ (၈) တရားနာရန် ရဟန်းထံသို့ မချဉ်းကပ် မနေထိုင်ကြခြင်း။ (၉) ထိုရဟန်းဟောသော တရားများကို ရိုသေစွာ မနာယူကြခြင်း။
အထက်ပါဖေါ်ပြခဲ့တဲ့ အင်္ဂါ(၉)ချက်နဲ့ ပြည့်စုံတဲ့ ဒါယကာအိမ်သို့ ရဟန်းတော်များ မသွားရောက်သင့်ပါ။ တကယ်လို့ သွားခဲ့တောင်မှ ထိုင်နေဖို့ မသင့်ပါ။ (အင်္ဂ္ဂုတ္တရနိကာယ်၊ န၀ကနိပါတ်၊ ပဌမပဏ္ဏာသက၊သီဟနာဒ၀ဂ်၊ ကုလသုတ်)

ဗုဒ္ဓအမေးအဖြေ( နိုင်ငံခြားသား ဘုန်းတော်ကြီး တစ်ပါး၏ ဗုဒ္ဓဘာသာအမြင် အမေး အဖြေများ ).


ဖြေ - “ဗုဒ္ဓဘာသာ“ ဆိုတဲ့ စကားလုံးဟာ “ဗုဓိ“ ဆိုတဲ့ စကားလုံးမှ လာတာပါ။ “ဗုဒ္ဓ“ ဆိုတာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“ လို့ အဓိပ္ပါယ်ရပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဆိုတာ နိုးကြားရေး အတွေးအမြင် (ဒဿန) ပညာပါပဲ။ ဒီဒဿနပညာကို ဂေါတမနွယ်ဖွား သိဒ္ဓတသမင်းသားကနေ ဘုရား ဖြစ်လာတဲ့ ဗုဒ္ဓမြတ်စွာဘုရားက စတင်ဟောပြောခဲ့ပါတယ်။ ဗုဒ္ဓရှင်တော်မြတ်ဘုရားဟာ သက်တော် ၃၅နှစ်မှာ (ကိလေသာ တည်းဟူသော အိပ်ပျော်ခြင်းမှ) နိုးလာပြီးလျှင် ဘုရားအဖြစ်သို့ ရောက်တော်မူပါသည်။ ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်လို့ ဗုဒ္ဓဘာသာဝင်ပေါင်း သန်းသုံးရာကျော် ရှိနေပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက် အထိတော့ ဗုဒ္ဓဘာသာဟာ အရှေ့တိုင်း ဒဿနပညာရပ် တစ်ခုအဖြစ်သာ တည်ရှိခဲ့ပါတယ်။ သို့သော်လဲ ယခုအချိန်မှာ ဥရောပနှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း များစွာမှာလဲ ဗုဒ္ဓဘာသာဝင် ဦးရေ တဖြည်းဖြည်း တိုးပွါးနေပါတယ်။

မေး - ဒီလိုဆိုရင် ဗုဒ္ဓဘာသာဟာ ဒဿနပညာရပ် တစ်ခုဘဲပေါ့။

ဖြေ - ဒဿနပညာဆိုတာ အင်္ဂလိပ်စကား Philosopy ကို ဘာသာပြန်ထားတာပါ။ အဘိဓာန်များ ဖွင့်ပြချက်အရ ဆိုရင် "philo"ဆိုတာ “ချစ်ခင်ခြင်း မေတ္တာ“ လို့ ဆိုလိုပါတယ်။ "sophy" ဆိုတာ “ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီတော့ "Philosopy" ဆိုတာ “ပညာကို ချစ်ခင်ခြင်း“၊ သို့မဟုတ် “မေတ္တာနှင့် ပညာ“ လို့ အဓိပ္ပါယ် ရပါတယ်။ ဒီစကား နှစ်လုံးဟာ ဗုဒ္ဓဘာသာရဲ့ အဓိပ္ပါယ်ကို အပြည့်အ၀ ဖေါ်ပြနိုင်ပါတယ်။ ဗုဒ္ဓဘာသာ တရားက သဘာဝတရားကို ကြည်လင်ပြတ်သားစွာ ကျွန်ုပ်တို့ နားလည် နိုင်ရေးအတွက် အပြည့်စုံဆုံး ဥာဏ်ပညာအရည်အသွေး တိုးတက်အောင် ကြိုးစားကြဖို့ သင်ပေးပါတယ်။ ပြီးတော့ ကျွန်ုပ်တို့ဟာ သတ္တ၀ါအားလုံးရဲ့ မိတ်ဆွေသဖွယ် ဖြစ်နိုင်စေရန် မေတ္တာ ကရုဏာတရား တိုးပွါးအောင် ကြိုးစားဖို့ကိုလဲ သင်ပေးပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာကို အတွေးအမြင် ပညာတစ်ရပ်လို့ ဆိုနိုင်သော်လဲ သာမာန် အတွေးအမြင်ပညာ မဟုတ်ပါဘူး။ မြင့်မြတ်သော အတွေးအမြင်ပညာ (Supreme Philosopy) သာ ဖြစ်ပါတယ်။

မေး - ဗုဒ္ဓဆိုတာ ဘယ်သူပါလဲ။

ဖြေ - ခရစ်မပေါ်မီ ၅၆၃ ခုနှစ်မှာ အိန္ဒိယပြည် မြောက်ပိုင်း (ကပ္ပိလ၀တ်ပြည်) ဘုရင်သုဒ္ဓေါနနှင့် မိဖုရား မယ်တော်မာယာတို့မှ သားကလေးတစ်ယောက် ဖွားမြင်ပါတယ်။ ဒီမင်းသားကလေးဟာ စည်းစိမ်ဥစ္စာ ပြည့်ပြည့်စုံစုံနှင့် ကြီးပြင်းလာရသော်လဲ နောက်ဆုံးမှာ လောကီစည်းစိမ်ဥစ္စာတွေဟာ ချမ်းသာပျော်ရွှင်မှုကို မပေးနိုင်ဘူးဆိုတာ တွေ့လာရတယ်။ ဒီမင်းသားဟာ သူ့ပတ်ဝန်းကျင်မှာ သူတွေ့မြင်ရတဲ့ ဆင်းရဲဒုက္ခတွေကြောင့် အကြီးအကျယ် စိတ်မချမ်းမသာဖြစ်ပြီး လူသားတို့ ချမ်းသာရေးအတွက် သော့ချက်ကိုရှာဖို့ ဆုံးဖြတ်လိုက်တယ်။ အသက်၂၉နှစ် ရှိတဲ့အခါ ဒီမင်းသားဟာ သူ့ရဲ့ကြင်ယာတော်(ယသောဓရာ)နှင့် သားတော်(ရာဟုလာ)ကို ထားခဲ့ပြီးတော့ အဲဒီခေတ်က ဘာသာရေး ဆရာကြီးများရဲ့ အထံမှာ အသိပညာ ဆည်းပူးဖို့ ထွက်လာခဲ့တယ်။ သူတို့ဟာ ဒီမင်းသားကို မြောက်မြားစွာ သင်ကြား ပေးကြသော်လဲ သူတို့ကိုယ်တိုင် ဆင်းရဲဒုက္ခရဲ့ အကြောင်းရင်း ဇစ်မြစ်ကို မသိကြတဲ့အတွက် ဒီဆင်းရဲဒုက္ခကို ဘယ်လို ကျော်လွန်အောင် လုပ်နိုင်တယ်ဆိုတာကိုလဲ မသိကြဘူး။ သိဒ္ခတ္ထမင်းသားဟာ (ဥရုဝေလတော)မှာ ခြောက်နှစ်ကြာအောင် လေ့လာ ပွါးများ အားထုတ်ပြီးတဲ့ အခါမယ် အ၀ိဇ္ဇာကို ပယ်ခွါနိုင်တဲ့အတွက် (အမှန်တရားကို) ထိုးထွင်းသိမြင်သွားပါတယ်။ အဲဒီအချိန်ကစပြီး သူ့ကို “ဗုဒ္ဓ“ (ကိလေသာတည်းဟူသော အိပ်ပျော်ခြင်းမှ) “နိုးလာသူ“လို့ ခေါ်ဝေါ် သမုတ်ကြပါတယ်။ ဗုဒ္ဓရှင်တော် မြတ်ဘုရားဟာ အဲဒီအချိန်မှစပြီး ၄၅နှစ်ပတ်လုံး အိန္ဒိယပြည် မြောက်ပိုင်းမှာ သူတွေ့သိထားတဲ့ တရားတော်များကို လှည့်လည်ဟောပြော ခဲ့ပါတယ်။
(မှတ်ချက် ။ ။ ဥရုဝေလတော၌ ဒုက္ကရစရိယာ ခြောက်နှစ်ကြာ ကျင့်စဉ်က ဘုရား မဖြစ်သေးပါ။ ထိုအကျင့်မှားကို စွန့်၍ အာနာပါနဈာန် အခြေခံလျက် မဂ္ဂင်ရှစ်တန် ပွါးမှသာ ဘုရားအဖြစ်သို့ ရောက်ပါသည်။)
ရှင်တော်မြတ်ဘုရားရဲ့ ကြီးမားလှတဲ့ မဟာ ကရုဏာတော်နှင့် ခန္တီတရားကြောင့် များစွာသော လူတို့ဟာ တပည့်သာဝကအဖြစ် ခံယူကြပါတယ်။ သက်တော် ရှစ်ဆယ် ပြည့်တော်မူတဲ့အခါ သဘာဝအလျောက် အိုခြင်းတရား၊ နာခြင်းတရားများ ဖိစီးနှိပ်စက် ခံရသော်လဲ ချမ်းမြေ့အေးငြိမ်းလျက်ပင် နောက်ဆုံးမှာ ပရိနိဗ္ဗာန်ဝင်စံတော် မူပါတယ်။


မေး - ဗုဒ္ဓဟာ သူ့ရဲ့ကြင်ယာတော်နဲ့ သားတော်ကို ပစ်ထားခဲ့တဲ့အတွက် တာဝန်မဲ့ရာ မရောက်ဘူးလား။

ဖြေ - ဗုဒ္ဓမြတ်စွာဟာ သူ့ရဲ့ ကြင်ယာတော်နဲ့ သားတော်ကို လွယ်လွယ်နဲ့ ပစ်ထားနိုင်ခဲ့တာ မဟုတ်ပါဘူး။ သူအချိန် အကြာကြီး စဉ်းစားပြီး တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးကျမှ သူ့မိသားစုကို ကျွေးမွေးစောင့်ရှောက် တာထက် တလောကလုံးရဲ့ အကျိုးကို ဆောင်ရွက်တာက ပိုပြီး အကျိုး ကြီးမားတယ်လို့ ဆုံးဖြတ်ပြီး ဒီလမ်းကို ရွေးချယ်လိုက်တာပါပဲ။ ကြီးမားတဲ့ မဟာ ကရုဏာတော်က ဗုဒ္ဓမြတ်စွာကို တလောကလုံးရဲ့ အကျိုးကို ဆောင်စေတာပါပဲ။ဗုဒ္ဓမြတ်စွာရဲ့ ကိုယ်ကျိုးစွန့်ပြီး အဆင်းရဲအပင်ပန်း ခံမှုကြောင့် တလောကလုံး ကြီးမားတဲ့ အကျိုးကို အခုတိုင် ခံစားနေကြရတာ ဖြစ်ပါတယ်။ ဒါကိုကြည့်ရင် ဗုဒ္ဓမြတ်စွာဟာ တာဝန်မမဲ့ကြောင်း ထင်ရှားပါတယ်။ ဒါဟာ အကြီးမားဆုံးသော စွန့်လွှတ်မှု ကြီးပါပဲ။

မေး - ဗုဒ္ဓက ပရိနိဗ္ဗာန် စံသွားပြီဆိုတော့ သူက ကျွန်ုပ်တို့ကို ဘယ်လို ကူညီနိုင်ပါသလဲ။

ဖြေ - လျှပ်စစ်ဓါတ်ကိုတွေ့ရှိတဲ့ မိုက်ကယ် ဖာရာဒေး ဟာ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူ့ရဲ့ တွေ့ရှိချက်က ကျွန်ုပ်တို့ကို အခုတိုင် ကူညီနေပါတယ်။ ရောဂါပေါင်း များစွာကို ကုသတဲ့ ကုထုံးတွေကို တွေ့ရှိတဲ့ လူးဝစ်ပါးစ်ချား ဟာလဲ ကွယ်လွန်သွားပါပြီ။ သို့သော်လဲ သူတွေ့ရှိတဲ့ ကုထုံးတွေက အခုတိုင် အသက်ပေါင်းများစွာကို ကယ်နေဆဲပါပဲ။ ကျော်ကြားတဲ့ အနုပညာ များစွာကို တီထွင် ဖန်တီးခဲ့တဲ့ လီယိုနာဒိုဒါဗင်ချီ ဟာလဲ သေသွားပါပြီ။ သို့သော်လဲ သူဖန်တီးခဲ့တဲ့ အနုပညာတွေက လူတွေကို အခုတိုင် ပျော်ရွှင်မှု ပေးနေဆဲပါပဲ။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ကြီးများနဲ့ အာဇာနည် ပုဂ္ဂိုလ်ကြီးများ ကွယ်လွန်သွားကြတာ ရာစုနှစ်ပေါင်းများစွာ ကြာသော်လဲ သူတို့အကြောင်းကို ကျွန်ုပ်တို့ ဖတ်ရှုရတဲ့အခါမှာ သူတို့လို နေထိုင် ပြုမူလိုစိတ်များ ကျွန်ုပ်တို့ သန္တာန်မှာ တဖွားဖွား ပေါ်လာပါတယ်။ ဟုတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် စံတာဟာ နှစ်ပေါင်း ၂၅၀၀ ကျော် ကြာသွားပါပြီ။ သို့သော်လဲ ရှင်တော်မြတ်ဘုရားရဲ့ တရားတော်များဟာ အခုတိုင် ကူညီနေဆဲပါပဲ။ ဗုဒ္ဓမြတ်စွာရဲ့ နမူနာကောင်းတွေက လူတွေကို အခုတိုင် အားတက်စေတုန်းပါပဲ။ သူ့စကားတော်တွေက အခုတိုင် လူတွေရဲ့ ဘ၀တွေကို ပြောင်းလဲစေတုန်းပါပဲ။ ဗုဒ္ဓမြတ်စွာမှာသာလျှင် ပရိနိဗ္ဗာန်စံပြီးနောက် ရာစုနှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ဒီလိုစွမ်းအားများ ရှိနေနိုင်တာ ဖြစ်ပါတယ်။

မေး - ဗုဒ္ဓဟာ ထာဝရဘုရား God လား။

ဖြေ - ဗုဒ္ဓမြတ်စွာဟာ ထာဝရဘုရား မဟုတ်ပါဘူး။ ဗုဒ္ဓမြတ်စွာက သူဟာ ထာဝရဘုရား လို့ဖြစ်စေ၊ ထာဝရဘုရားရဲ့ သားတော်လို့ဖြစ်စေ၊ ထာဝရဘုရားက လွှတ်လိုက်တဲ့ တမန်တော်လို့ဖြစ်စေ မမိန့်ကြားပါဘူး။ဗုဒ္ဓမြတ်စွာဟာ အလုံးစုံ ပြည့်စုံတဲ့ လူသား တစ်ဦးပါပဲ။ ဒါကြောင့် သူ့လို ကျွန်ုပ်တို့ ကြိုးစားလျှင် ကျွန်ုပ်တို့လဲ သူ့လိုပဲ အလုံးစုံ ပြည့်စုံသူများ ဖြစ်နိုင်ကြောင်း မိန့်ကြားတော် မူပါတယ်။
မေး - ဗုဒ္ဓဟာ ထာဝရဘုရား မဟုတ်ရင် ဘာကြောင့် သူ့ကို လူတွေက ရှိခိုး ကိုးကွယ်နေကြသလဲ။

ဖြေ - ကိုးကွယ်နည်း အမျိုးမျိုး ရှိပါတယ်။ တချို့က တစ်စုံတစ်ခုသော တန်ခိုးရှင်ဘုရားကို (a God) ကိုးကွယ်တဲ့အခါ အဲဒီဘုရားကို ချီးကျူးထောပနာ ပြုကြတယ်။ ဂုဏ်ပြုကြတယ်။ တစ်စုံတစ်ရာ ပူဇော် ပသ ကြတယ်။ ကိုယ်လိုတာကို ဘုရားဆီမှာ တောင်းကြတယ်။ အဲဒီလို လုပ်ကြတာကတော့ မိမိတို့ရဲ့ ချီးကျူးထောပနာသံကို အဲဒီဘုရားက ကြားလိမ့်မယ်လို့ ယုံကြည်လို့၊ ပူဇော် ပသ တာကို လက်ခံလိမ့်မယ်လို့ ယုံကြည်လို့၊ ဆုတောင်းတာကို ဖြည့်ဆည်းပေးလိမ့်မယ်လို့ ယုံကြည်လို့ပါပဲ။ ဗုဒ္ဓဘာသာဝင်တွေ ကတော့ ဒီလို ကိုးကွယ် ဆည်းကပ်မှု မျိုးကို မလုပ်ကြပါဘူး။ တခြား ကိုးကွယ် ဆည်းကပ်မှုတစ်မျိုးကတော့ မိမိတို့ လေးမြတ်ကြည်ညိုတဲ့ ပုဂ္ဂိုလ် တစ်ဦးဦး သို့မဟုတ် တစ်စုံတစ်ရာကို ရိုသေသမှု ဂါရ၀ ပြုကြတယ်။ ဆရာအခန်းထဲ ၀င်လာရင် နေရာက ထ ပေးကြတယ်။ ဂုဏ်သရေရှိတဲ့ လူနဲ့တွေ့ရင်လက်ဆွဲနှုတ်ဆက်ကြတယ်။ အမျိုးသားသီချင်း တီးရင် မတ်တပ်ရပ် အလေးပြုကြတယ်။ ဒါတွေအားလုံးဟာ ရိုသေလေးစားမှုကို ပြတဲ့ အမူအရာတွေ ပါပဲ။ လေးမြတ်ကြည်ညိုမှုကို ဖေါ်ပြကြတာ ဖြစ်ပါတယ်။ ဒီလို အရိုအသေ ဂါရ၀ပြုပြီး ရှိခိုး ကိုးကွယ်မှုဟာ ဗုဒ္ဓဘာသာဝင်များ ပြုလုပ်ကြတဲ့ ရှိခိုး ကိုးကွယ်မှုမျိုးပါပဲ။တင်ပျည်ခွေ ထိုင်ပြီး ရင်ခွင်ထက်မှာ လက်နှစ်ဖက်ကို ရွရွကလေးချထားတဲ့ ဗုဒ္ဓရုပ်ပွါးတော်ရဲ့ မဟာကရုဏာတော်ဖြင့် ကြည်လင် လန်းဆန်းနေတဲ့ မျက်နှာတော်ဟာ ကျွန်ုပ်တို့ရဲ့ သန္တာန်မှာ ငြိမ်းအေးမှုနဲ့ မေတ္တာတရား တိုးပွါးအောင် ကြိုးစားကြဖို့ ကျွန်ုပ်တို့ကို သတိပေး နေပါတယ်။ အမွှေးတိုင်ရဲ့ အမွှေးနံ့က ကျွန်ုပ်တို့ သန္တာန်မှာ ကောင်းမှုကုသိုလ်တွေ ပျံ့နှံ့နေစေဖို့ သတိပေးနေပါတယ်။ ဆီမီးကတော့ ပညာဆီမီး တန်ဆောင် ထွန်းပြောင်စေဖို့ သတိပေးနေပါတယ်။ ကပ်လှူထားတဲ့ ပန်းများရဲ့ ညှိုးနွမ်းကြွေကျသွားတဲ့ သဘောက ကျွန်ုပ်တို့အား အနိစ္စတရားကို သတိရစေပါတယ်။ ဗုဒ္ဓရုပ်ပွါးတော်ရှေ့မှာ ဦးညွှတ်ရှိခိုးခြင်းက ကျွန်ုပ်တို့ကို တရားဓမ္မ ဟောပြောညွှန်ပြ ဆုံးမတော်မူတဲ့အတွက် ဗုဒ္ဓရှင်တော် မြတ်ဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို လေးမြတ်ကော်ရော် ပူဇော်ခြင်း ဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်များရဲ့ ရှိခိုးကိုးကွယ်မှုပါပဲ။

မေး - ဗုဒ္ဓဘာသာဝင်များဟာ ရုပ်တုကို ကိုးကွယ်ကြတယ်လို့ တချို့လူများက ပြောတာ ကြားဘူးပါတယ်။ ဟုတ်ပါသလား။

ဖြေ - ဒီလို အပြောမျိုးဟာ ဗုဒ္ဓဘာသာကို နားလည်မှားနေတဲ့ လူတွေ ပြောကြတဲ့ စကားတွေပါ။ အဘိဓာန်များကတော့ ရုပ်တုကို ထာဝရဘုရား(God) အဖြစ်နဲ့ ရှိခိုး ကိုးကွယ်ကြတာကို ရုပ်တု ကိုးကွယ်မှု လို့ ဖွင့်ပြကြပါတယ်။ သိကြတဲ့အတိုင်းပဲ ဗုဒ္ဓဘာသာဝင်များဟာ ဗုဒ္ဓမြတ်စွာကို ထာဝရဘုရားတစ်ပါး(God) အနေနဲ့ ယုံကြည် သိမှတ်ကြတာ မဟုတ်ပါဘူး။ ဒီတော့ ဗုဒ္ဓဘာသာဝင်များဟာ သစ်သားရုပ်တု၊ သံရုပ်တု၊ ကြေးရုပ်တု စသည်ကို ဘယ်မှာ ကိုးကွယ်ကြပါမလဲ။ သို့သော်လဲ တစ်ခုတော့ ရှိပါတယ်။ ဘာသာတရားတိုင်းမှာ ဘာသာဝင်တိုင်းဟာ အယူအဆ အမျိုးမျိုးကို ဖေါ်ပြဖို့ အမှတ်လက္ခဏာ(Symbol) အမျိုးမျိုးကို အသုံးပြုကြပါတယ်။ ဥပမာ - တာအိုဘာသာမှာဆိုရင် ဆန့်ကျင်ဘက် နှစ်ခုတို့ရဲ့ ညီညွှတ် ပေါင်းစည်းမှုကို ဖေါ်ပြဖို့ရာ ယင်နဲ့ယန်(Ying -Yang) ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဆစ်ဘာသာမှာ ဘာသာရေးဆိုင်ရာ ရုန်းကန်လှုပ်ရှားမှုကို ဖေါ်ပြဖို့ရာ ဓားကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ခရစ်ယာန်ဘာသာမှာ ခရစ်တော် တည်ရှိခြင်းကို ဖေါ်ပြဖို့ရာ ငါးကို အမှတ်လက္ခဏာအဖြစ် အသုံးပြုကြတယ်။ ခရစ်တော်ရဲ့ လူသားအတွက် အသက်စွန့်လွှတ်မှုကို ဖော်ပြဖို့ရာ လက်ဝါးကပ်တိုင်ကို အမှတ်လက္ခဏာအဖြစ် အသုံးပြုပါတယ်။ ဗုဒ္ဓဘာသာမှာ လူသားတစ်ဦးရဲ့ အလုံးစုံပြီးပြည့်စုံမှုကို ဖေါ်ပြဖို့ရာ ဘုရားရုပ်တုတော်ကို အမှတ်လက္ဓဏာအဖြစ် အသုံးပြုကြပါတယ်။ဗုဒ္ဓရုပ်တုတော်က ဗုဒ္ဓရဲ့ တရားတော်များမှာ ပါဝင်တဲ့ လူသားနဲ့ သက်ဆိုင်တဲ့ သဘာဝများကို ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဗုဒ္ဓဘာသာဟာ လူသားကို ဗဟိုပြုပတယ် ထာဝရဘုရာွးသိ ကို ဗဟိုမပြုဘူး ဆိုတဲ့ အချက်နဲ့ အလုံးစုံ ပြီးပြည့်စုံရေးနဲ့ အသိမှန် အမြင်မှန် ရရေးအတွက် ဗဟိဒ္ဓသန္တာန်ကို မကြည့်ရဘူး၊အဇ္ဈတ္တသန္တာန်ကိုသာ ကြည့်ရမယ်ဆိုတဲ့ အချက်ကိုလဲ ကျွန်ုပ်တို့အား သတိရစေပါတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တုကို ရှိခိုးကိုးကွယ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေဟာ မမှန်ပါဘူး။


မေး - တရုတ် ဗုဒ္ဓဘာသာ ဘုရားကျောင်းတွေ ထဲမှာ စက္ကူပိုက်ဆံတွေကို မီးရှို့တာတွေ၊ ပြီးတော့ တခြား ထူးထူးဆန်းဆန်း လုပ်ကြတာ တွေ့ကြရပါတယ်။ အဲဒါတွေကို ဘာကြောင့် လုပ်ကြပါသလဲ။

ဖြေ - ကျွန်ုပ်တို့ဟာ ကျွန်ုပ်တို့ နားမလည်တဲ့ အရာများကို တွေ့ရတဲ့အခါ အဲဒါတွေကို ကျွန်ုပ်တို့အတွက် ထူးဆန်းနေတတ်ပါတယ်။ အဲဒီလိုဟာတွေကို အထူးအဆန်း တွေပဲလို့ အမှတ်တမဲ့ ဘာသိဘာသာ မနေပဲ အဲဒါတွေရဲ့ အဓိပ္ပါယ်တွေကို ရှာဖွေဖို့ ကြိုးစားသင့်ကြပါတယ်။မှန်ပါတယ်၊ တစ်ခါတစ်ရံမှာ ဗုဒ္ဓဘာသာဝင်တွေ လိုက်နာ လုပ်ဆောင်နေကြတာတွေဟာ ဗုဒ္ဓတရားတော်မှာ အခြေမခံပဲ နားလည်မှားမှုနဲ့ အများယုံကြည် လက်ခံထားတဲ့ အစွဲအလမ်းပေါ်မှာ အခြေခံထားတာ တွေ့ရတတ်ပါတယ်။ ဒီလိုကိစ္စတွေဟာ ဗုဒ္ဓဘာသာ တစ်ခုတည်းမှာသာ မဟုတ်ပါဘူး။ ဘာသာတိုင်းမှာပဲ ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဗုဒ္ဓမြတ်စွာ တရားတော်များကို ရှင်းလင်းပြတ်သားစွာ အသေးစိတ် ဟောပြတော်မူပါတယ်။ အဲဒါကိုမှ ပြည့်ပြည့်စုံစုံ နားမလည်ရင်တော့ ဗုဒ္ဓမြတ်စွာကို အပြစ်ဆိုလို့ မဖြစ်နိုင်ပါဘူး။ ဒါနဲ့ပတ်သက်လို့ မှတ်သားဖွယ် အဆုံးအမ တစ်ခုကတော့ ရောဂါဝေဒနာ ခံစားနေရသော လူတစ်ယောက်သည် ဆေးဆရာအထံမှ ဆေးကုသမှု ခံယူဖို့ လွယ်ကူပါလျက်နဲ့ ကုသမှု မခံယူလျှင် ဆေးဆရာ၏ အပြစ်မဟုတ်ပေ။ ထို့အတူပင် ကိလေသာရောဂါ အဖိစီး အနှိပ်စက် ခံနေရသူသည် မြတ်စွာဘုရား၏ တရားတော်များ ရှိနေပါလျက်နဲ့ တရားဆေးဖြင့် မကုစားလျှင် မြတ်စွာဘုရား၏ အပြစ်မဟုတ်ပေ။} ဗုဒ္ဓဘာသာကိုပဲဖြစ်စေ၊ တခြား ဘာသာတရားကိုပဲဖြစ်စေ အဲဒီဘာသာတရားအကြောင်း ကောင်းကောင်း နားမလည်သူများက အမှား၊ အမှန်၊ အဆိုး၊ အကောင်း ကို မဆုံးဖြတ်သင့်ပါဘူး။

မေး - ဗုဒ္ဓဘာသာဝင်တွေ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြတာ သိပ်မကြားမိပါဘူး။ အဲဒါ ဘာကြောင့်လဲ။

ဖြေ - ဗုဒ္ဓဘာသာဝင်တွေလဲ ကုသိုလ်ဖြစ် လုပ်ငန်းတွေ လုပ်ကြပါတယ်။ သင်မကြားမိတာကတော့ ဗုဒ္ဓဘာသာဝင်များဟာ သူတို့လုပ်တဲ့ ကုသိုလ်ကောင်းမှုတွေ အကြောင်းကို ၀ါကြွားပြောဆိုဖို့ မလိုဘူးလို့ ယူဆထားကြလို့ ဖြစ်ပါလိမ့်မယ်။ နှစ်ပေါင်းတော်တော်ကြာဆီက ဂျပန် ဗုဒ္ဓဘာသာ ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ နစ်ခိုနိရ၀ါနို ဟာ ဘာသာတရားအားလုံး ပေါင်စည်းညီညွတ်မှု တိုးတက်ရေးကို လုပ်ဆောင်တဲ့အတွက် (Templeton Prize) တင်ပယ်လ်တန်ဆုကို ရရှိပါတယ်။ အလားတူပဲ ထိုင်းဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးဟာ မူးယစ်ဆေး စွဲသူများကို ကုသရာမှာ ထူးချွန်တဲ့အတွက် မက်ဆေးဆေး ဆုကို ရရှိခဲ့ပါတယ်။ ၁၉၈၇ ခုနှစ်တုန်းကလဲ အရှင် ကန္တယပိဝတ် ဆိုတဲ့ ထိုင်းဘုန်းကြီးတစ်ပါးဟာ ကျေးလက် တောရွာများမှာရှိတဲ့ အခြေအနေမဲ့ ကလေးများကို နှစ်ပေါင်းများစွာကြာအောင် ပြုစု စောင့်ရှောက်ခဲ့တဲ့အတွက် ]နော်ဝေ ကလေးများ၏ ငြိမ်းချမ်းရေးဆု} ကို ရရှိခဲ့ပါတယ်။ အနောက်တိုင်း ဗုဒ္ဓဘာသာအဖွဲ့(Western Buddhist Order) ဟာ အိန္ဒိယပြည်မှာ ဆင်းရဲသားများ အတွက် ကြီးမားကျယ်ပြန့်တဲ့ လူမှုရေး လုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။ စာသင်ကျောင်းတွေ၊ ကလေးပြုစု စောင့်ရှောက်ရေး ဌာနတွေ၊ ဆေးပေးခန်းတွေ၊ တနိုင် စက်မှုလုပ်ငန်း အသေးစားတွေ တည်ထောင်ပြီး ပြုစု ပျိုးထောင်ပေးနေပါတယ်။ ဗုဒ္ဓဘာသာဝင်များဟာ တခြား ဘာသာဝင်များလိုပဲ သူတစ်ပါးကို အကူအညီ ပေးရတာဟာ သူတို့ရဲ့ ဘာသာတရား လိုက်နာကျင့်ကြံမှုကို ဖေါ်ပြတာပဲလို့ သိမြင်မှတ်ယူကြပါတယ်။ သို့သော်လဲ ဒါတွေကို ကိုယ့်ကိုယ်ကို မထင်ပေါ်စေပဲ တိုးတိုးတိတ်တိတ်ပဲ လုပ်သင့်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် သူတို့ရဲ့ ကုသိုလ်ဖြစ်လုပ်ငန်းတွေ အကြောင်းကို သင် သိပ်မကြားရတာ ဖြစ်ပါလိမ့်မယ်။


မေး - ဘာကြောင့် ဗုဒ္ဓဘာသာတွေ အမျိုးမျိုး ကွဲပြားနေပါသလဲ။

ဖြေ - လူတွေ စားသုံးကြတဲ့ သကြားတွေလဲ အမျိုးမျိုး ရှိကြတာ မဟုတ်လား။ သကြားဖြူ၊ သကြားညို၊ ကျောက်သကြား၊ သကြားရည်၊ ရေခဲသကြား စသည် အမျိုးမျိုး ရှိကြတာပဲ။ သို့သော်လဲ အားလုံးဟာ သကြားချည်းပဲ ပြီးတော့ သကြားတိုင်းဟာ ချိုကြတာချည်းပဲ။ မချိုတဲ့ သကြားရယ်လို့ မရှိဘူး။ ဒီလို သကြားအမျိုးမျိုးအစားစား ထုတ်ကြတာက သူတို့ကို သုံးစွဲပုံ သုံးစွဲနည်း အမျိုးမျိုး ရှိကြလို့ပါပဲ။ ဗုဒ္ဓဘာသာလဲ ထို့အတူပါပဲ။ ထေရ၀ါဒ ဗုဒ္ဓဘာသာ၊ ဈင်း ဗုဒ္ဓဘာသာ၊ အမိတာဘာ ဗုဒ္ဓဘာသာ၊ ယောဂါစာရ ဗုဒ္ဓဘာသာ၊ ၀ဇီရယာန ဗုဒ္ဓဘာသာ စသည်ဖြင့် ကွဲပြားနေကြသော်လဲ အနှစ်သာရအားဖြင့် အတူတူပါပဲ။ အဲဒီ အနှစ်သာရက ဘာလဲဆိုတော့ ကိလေသာမှ လွတ်မြောက်ခြင်း၊ ဆင်းရဲမှ လွတ်မြောက်ခြင်းဆိုတဲ့ အနှစ်သာရပါပဲ။ ဗုဒ္ဓဘာသာဟာ သူဖြစ်ပေါ်ရာ ယဉ်ကျေးမှု အမျိုးမျိုးနဲ့ ဟပ်မိအောင် အသွင် အမျိုးမျိုးနဲ့ ဖွံ့ဖြိုး တိုးတက်လာခဲ့ပါတယ်။ အသစ်ဖြစ်တဲ့ မျိုးဆက် အသီးသီးနဲ့ ကိုက်ညီအောင် ရာစုနှစ်များ တလျောက်မှာ ဗုဒ္ဓဘာသာကို ပြန်ပြီး အဓိပ္ပါယ် ဖွင့်ဆိုကြပါတယ်။ ပြင်ပ ပုံပန်းသဏ္ဋာန် အနေနဲ့ အမျိုးမျိုး ကွဲပြားနေတယ်လို့ ထင်ရသော်လဲ အားလုံးရဲ့ ဗဟိုချက်မ အနှစ်သာရကတော့ သစ္စာလေးပါး မဂ္ဂင်ရှစ်ပါးပါပဲ။ ဗုဒ္ဓဘာသာ အပါအ၀င် ဘာသာကြီးများ အားလုံးဟာ ဂိုဏ်း အမျိုးမျိုး ကွဲခဲ့ကြပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာ ဂိုဏ်းအမျိုးမျိုးဟာ အချင်းချင်း ဘယ်တော့မှ စစ်ပွဲတွေ မဆင်နွှဲခဲ့ကြပါဘူး။ သူတို့ဟာ အချင်းချင်း ဘယ်တော့မှ ရန်မပွါး ခဲ့ကြပါဘူး။ ခုခေတ်မှာဆိုရင် ဂိုဏ်တစ်ဂိုဏ်းရဲ့ ကျောင်းကန်ဘုရားကို တစ်ခြား ဂိုဏ်းတစ်ခုက သွားရောက်ပြီး အတူတကွ ဘုရားဝတ်ပြုကြပါတယ်။ တခြားဘာသာရေး လောကမှာ တကယ်တော့ အလွန်ရှားပါတယ်။

မေး - သင်က ဗုဒ္ဓဘာသာကို အလွန် အထင်ကြီးတာပဲ။ သင်ဟာ သင့်ဘာသာတရားကို မှန်တယ်လို့ ယူဆပြီး တခြားဘာသာ အားလုံးကို မှားတယ်လို့ ယူဆပုံရတယ်။

ဖြေ - ဗုဒ္ဓမြတ်စွာရဲ့ တရားတော်များကို နားလည် သဘောပေါက်တဲ့ ဗုဒ္ဓဘာသာဝင် မည်သူမဆို တခြား ဘာသာတရား မှားတယ်လို့ မထင်ကြပါဘူး။ တခြားဘာသာတရားများကို ပွင့်ပွင့်လင်းလင်း ဝေဖန်စစ်ဆေးဖို့ရာ စစ်မှန်တဲ့ လုံ့လ၀ီရိယကို ပြုသူမှန်သမျှ ဘယ်သူမှ အဲဒီလို မထင်ကြပါဘူး။ ဘာသာတရား အမျိုးမျိုးကို လေ့လာတဲ့ အခါမှာ ပထမဆုံး သတိပြုမိတာကတော့ ဒီဘာသာတရား တွေဟာ အချင်းချင်း ဘယ်လောက်များများ တူညီကြတယ် ဆိုတဲ့ အချက်ပါပဲ။ အားလုံးသော ဘာသာတရားများက လူသားရဲ့ လက်ရှိ အခြေအနေဟာ ကျေနပ်ဖွယ် မရှိဘူးလို့ ၀န်ခံကြတာပါပဲ။ လူသားရဲ့ အခြေအနေ တိုးတက်လိုရင် စိတ်နေစိတ်ထား အပြုအမူ ပြောင်းလဲဖို့ လိုအပ်တယ်လို့ အားလုံးယုံကြည်ကြပါတယ်။ ဘာသာတရား အားလုံးဟာ မေတ္တာ၊ ကရုဏာ၊ ပေးကမ်းလှူဒါန်းခြင်း၊ လူမှုရေး၊ တာဝန်ဝတ်တရားများ ဆောင်ရွက်ခြင်း စတဲ့ ကျင့်ဝတ်များကို သင်ကြားပေးကြပါတယ်။ ဒီဘာသာတရား အားလုံးက အဆုံးစွန် ပြည့်စုံတဲ့ သဘောတစ်ခုဟာ ပုံသဏ္ဋာန် အမျိုးမျိုးနဲ့ ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ ဘာသာတရားများက ဒီ လုံးဝအုပ်စုံ ပြည့်စုံတဲ့ သဘာဝကို ဘာသာစကား အမျိုးမျိုး၊ နာမည်အမျိုးမျိုး၊ အမှတ်အသား အမျိုးမျိုးနဲ့ ရှင်းလင်း ဖေါ်ပြကြပါတယ်။ အရာရာကို တစ်ဘက်သက် ရှုမြင်သုံးသပ်တဲ့နည်းကို အမြင်ကျဉ်းစွာ တွယ်ကပ်ထားကြတဲ့ အခါမှာသာ သည်းမခံနိုင်မှု၊ မာနတရားနဲ့ ကိုယ်သာမှန် စိတ်ထားတွေ ဖြစ်ပွါးပေါ်ပေါက် လာတတ်ပါတယ်။ စဉ်းစားကြည့်ပါ။ အင်္ဂလိပ်၊ ပြင်သစ်၊ တရုတ်၊ အင်ဒိုနီးရှား၊ လူ ၄ ဦး ကော်ဖီပန်းကန် တစ်လုံးကို ကြည့်ကြတယ် ဆိုပါစို့။ အဲဒီပန်းကန်ကို အင်္ဂလိပ်က Cup လို့ခေါ်တယ်။ ပြင်သစ်က Tasse လို့ခေါ်တယ်။ တရုတ်က Pei ၊ အင်ဒိုနီးရှားက Cawan လို့ခေါ်တယ်။ အဲဒါ သူ့အခေါ်မှန်တယ်၊ တစ်ခြားလူ့အခေါ် မှားတယ်လို့ ကိုယ့်အဘိဓာန် ကိုယ်ကိုးကားပြီး အကြောက်အကန် ငြင်းခုံးနေကြပါရော။ အဲဒီအခိုက်မှာ ဗုဒ္ဓဘာသာဝင်တစ်ဦး ရောက်လာပြီး ဘာမှပြောမနေဘဲ ကော်ဖီပန်းကန်ကို ကောက်ယူပြီး မော့သောက်ပြစ်လိုက်ပါတယ်။ ပြီးတော့မှ သူက ဟိုလူလေးယောက်ကို ပြောလိုက်တယ်။ ဒီပန်းကန်ကို ဘယ်လိုပဲ မိတ်ဆွေတို့ခေါ်ခေါ် လိုရင်းက ဒါကို ကော်ဖီသောက်ဖို့ အသုံးပြုတာပါပဲ၊ ငြင်းခုံနေလို့ ဘာအကျိုးရှိမလဲ၊ သောက်ဖို့ပန်းကန်ကို သောက်လိုက်မှ အမောပြေပြီး လန်းဆန်းလာမှာပေါ့၊ အဲဒါ လိုရင်းပဲ။ ဒါဟာ ဘာသာတရားများအပါ် ဗုဒ္ဓဘာသာကမြင်တဲ့ အမြင်၊ ထားတဲ့ စိတ်ထားပါပဲ။

မေး - ဗုဒ္ဓဘာသာဟာ သိပ္ပံနည်း ကျပါသလား။

ဖြေ - ဒီအမေးကို မဖြေမီ သိပ္ပံ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို ရှာကြည့်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အဘိဓာန်များက ဒီလိုဖွင့်ပြကြပါတယ်။ သိပ္ပံ ဆိုတာ တကယ်ဖြစ်နေတဲ့ သဘာဝတစ်ခုကို လက်တွေ့မျက်မြင် ကြည့်ရှုခြင်းနှင့် စမ်းသပ်ခြင်းတို့အပေါ် အခြေခံပြီး စနစ်တစ်ခု ဖော်ထုတ်တဲ့ပညာ၊ တိတိကျကျ လေ့လာစမ်းသပ် သိရှိထားတဲ့ အရာတစ်ခုနဲ့ ပတ်သက်လို့ သဘာဝကျတဲ့ နည်းလမ်း ဥပဒေသများ သတ်မှတ်ဖေါ်ပြတဲ့ ပညာပါပဲ။ အဲဒီပညာရဲ့ အစိတ်အပိုင်း တစ်ခုခုလဲ သိပ္ပံပါပဲ။ ဗုဒ္ဓဘာသာမှာ ဒီဖွင့်ဆိုချက်နဲ့ မကိုက်ညီတဲ့ အချက်အလက်များ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လဲ ဗုဒ္ဓဘာသာရဲ့ လိုရင်း တရားဖြစ်တဲ့ သစ္စာလေးပါးကတော့ သေသေချာချာ ကိုက်ညီပါတယ်။

ပထမဆုံး အမှန်တရားက ဒုက္ခသစ္စာပါ။ ဒီမှာ ဆင်းရဲခြင်းဆိုတာ ကိုယ်တိုင်တွေ့သိ ခံစားရတဲ့ အရာပါ။ သူ့ကို အဓိပ္ပါယ် သတ်မှတ်လို့လဲ ရပါတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။

ဒုတိယ အမှန်တရားက သမုဒယသစ္စာပါ။ လိုချင်တပ်မက်မှု တဏှာကို ဆိုလိုပါတယ်။ ဆင်းရဲဒုက္ခကို ဖြစ်ပေါ်စေတဲ့ အကြောင်းဖြစ်တဲ့ ဒီတဏှာဟာလဲ ကိုယ်တိုင် တွေ့သိ ခံစားရတဲ့ အရာပါ။ အဓိပ္ပါယ် သတ်မှတ်လို့လဲ ရတယ်။ လက်တွေ့ ခံစား သိမြင်လို့လဲ ရပါတယ်။ ဒီဒုက္ခနဲ့ ဒုက္ခရဲ့ အကြောင်းတရား အမှန်ကို ဒဿနပညာဆိုင်ရာ စကားလုံးတွေနဲ့ ရှင်းပြဖို့ မလိုပါဘူး။ ကိုယ်တွေ့ ခံစားသိမြင်ရတဲ့ အရာတွေပါ။

တတိယ အမှန်တရားကတော့ နိရောဓသစ္စာပါ။ ဆင်းရဲကုန်ဆုံးတဲ့သဘော၊ ဆင်းရဲငြိမ်းတဲ့သဘောပါ။ ဒီသဘောကို အနန္တ တန်ခိုးရှင်ဆိုသူ တစ်ဦးဦးကို အားကိုးလို့ မရပါဘူး။ ယုံကြည်ရုံမျှ ဆုတောင်ရုံမျှနဲ့လဲ မရနိုင်ပါဘူး။ ဆင်းရဲဒုက္ခရဲ့ အကြောင်းတရားကို ပယ်သတ်နိုင်မှပဲ ရပါတယ်။

စတုတ္ထ အမှန်တရားကတော့ ဆင်းရဲငြိမ်းစေတဲ့ နည်းလမ်းဖြစ်တဲ့ မဂ္ဂသစ္စာပါ။ ဒီ ဆင်းရဲငြိမ်းရေး နည်းလမ်းကလဲ ဒဿနပညာ သဘောတရားတွေနဲ့ လုံးဝ မသက်ဆိုင် ပါဘူး။ သတ်မှတ်ပေးထားတဲ့ နည်းလမ်းအတိုင်း လက်တွေ့ ကျင့်မှပဲ ရပါတယ်။ ဒီနည်းလမ်းကလဲ အစမ်းသပ်ခံ နည်းလမ်းပါ။ သိပ္ပံပညာမှာလိုပဲ ဗုဒ္ဓဘာသာကို ရှင်းပြဖို့လဲ အနန္တ တန်ခိုးရှင် အယူအဆကို လက်ခံဖို့ မလိုပါဘူး။ ဗုဒ္ဓဘာသာ ကိုယ်တိုင်က စကြာဝဠာ ကမ္ဘာလောကြီးရဲ့ အလုပ်လုပ်ပုံကို သဘာဝ နိယာမတွေနဲ့ ရှင်းပြထားပါတယ်။ ဒီအချက် အားလုံးက ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျ အနှစ်သာရကို သေချာစွာ ဖေါ်ဆောင် နေပါတယ်။ ဒီမှာလဲ ကျွန်ုပ်တို့ ဗုဒ္ဓမြတ်စွာ အမြဲတစေ ဆုံးမခဲ့တဲ့ အဆုံးအမက ကျွန်ုပ်တို့ဟာ ဘယ်အရာကိုမဆို အကန်းယုံ အရမ်းယုံ မယုံမိကြဖို့၊ မေးမြန်း၊ စုံစမ်း၊ စစ်ဆေး၊ စမ်းသပ်ပြီးမှ ကိုယ်တိုင် တွေ့သိခံစားရတဲ့ အရာပေါ်မှာ အခြေခံပြီး ယုံသင့်မှ ယုံဖို့ပါပဲ။ ဒီအဆုံးအမမှာ တိကျတဲ့ သိပ္ပံနည်းကျ အမြင် ပါဝင်နေပါတယ်။

ရှင်တော်မြတ်ဘုရား ဆုံးမပုံက -
ဗျာဒိတ်စကား ဆိုရုံနဲ့ မယုံကြည်ပါနှင့်။
အစဉ်အဆက် ယုံကြည်လက်ခံလာတာ ဖြစ်ရုံနှင့် မယုံကြည်ပါနှင့်။
သတင်းကြားနဲ့လဲ မယုံကြည်ပါနှင့်။
မြင့်မြတ်တဲ့ ကျမ်းစာများမှာ ပါရုံနဲ့လဲ မယုံကြည်ပါနှင့်။
တဆင့် စကားမျှနှင့်လဲ မယုံကြည်ပါနှင့်။
စဉ်းစားတွေးခေါ်ရေး တက္ကဗေဒ၊ ဒဿနိကဗေဒတွေနဲ့ ကိုက်ညီရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။
ပြောတဲ့လူက ယုံကြည်ထိုက်တဲ့ ပုဂ္ဂိုလ် ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။
မိမိဆရာ ဖြစ်ရုံမျှနှင့်လဲ မယုံကြည်ပါနှင့်။

သင်ကိုယ်တိုင် ကောင်းတဲ့အရာပဲ၊ အပြစ်ကင်းတဲ့ အရာပဲ၊ ပညာရှိတို့ ချီးမွမ်းအပ်တဲ့ အရာပဲ၊ လက်တွေ့ ကျင့်ကြည့်တဲ့ အခါမှာလဲ မုချ ချမ်းသာစေနိုင်တဲ့ အရာပဲလို့ ကိုယ်တွေ့ သိမြင်ရတဲ့ အခါကျမှပဲ အဲဒါကို ယုံကြည် လက်ခံ လိုက်နာ ကျင့်ကြံပါ။ ဒါကြောင့် ဗုဒ္ဓဘာသာဟာ ပြည့်ပြည့်၀၀ သိပ္ပံ နည်းကျတယ်လို့ မဆိုနိုင်သော်လဲ အတော် ခိုင်မာတဲ့ သိပ္ပံနည်းကျ သဘောသဘာဝတွေတော့ ပါဝင်ပါတယ်။ ပြီးတော့ တခြား ဘာသာတရားတွေထက် ပိုပြီး သိပ္ပံ နည်းကျတယ်လို့တော့ ပြောနိုင်ပါတယ်။

နှစ်ဆယ်ရာစုနှစ်မှာ အကြီးမြတ်ဆုံး သိပ္ပံပညာရှင် ဖြစ်တဲ့ အဲလ်ဘတ်အိုင်းစတိုင်းက ဗုဒ္ဓဘာသာနဲ့ ပတ်သက်လို့ ဒီလိုပြောပါတယ်။ နောင်တစ်ချိန်မှာ စကြ၀ဠာ တစ်ခုလုံး ကိုးကွယ်ကြတဲ့ ဘာသာတရားတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်။ အဲဒီဘာသာတရားဟာ ထာဝရဘုရား အယူအဆကို လွှမ်းမိုးသွားလိမ့်မယ်။ တယ် တရားသေ ၀ါဒကိုလရှောင်လွှဲနိုင် လိမ့်မယ်။ သဘာဝတရားနှင့် ဘာသာတရား နှစ်ခုလုံးကို လွှမ်းခြုံမိတဲ့ ဒီဘာသာတရားဟာ ရုပ်နာမ်နှစ်ပါးလုံး ကိုယ်တွေ့ ခံစား သိမြင်မှုနဲ့ အဓိပ္ပါယ် ပြည့်ဝတဲ့ ပေါင်းစည်း ညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မယ်။ ဒီအချက်တွေကို ဗုဒ္ဓဘာသာက အဖြေပေးလိမ့်မယ်။ တကယ်လို့သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်တဲ့ ဘာသာတရားတစ်ခု ရှိတယ်ဆိုရင် အဲဒီ ဘာသာတရားဟာ ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မယ်။


မေး - တခြား ဘာသာတရားများမှာ အမှားအမှန် အယူအဆကို သူတို့ ထာဝရဘုရား၊ နတ်ဘုရားများရဲ့ပညတ်တော်တွေ ထဲမှ ရကြပါတယ်။ သင်တို့ ဗုဒ္ဓဘာသာတွေက ထာဝရဘုရားကို မယုံကြည်ကြတော့ ဘယ်လိုလုပ်ပြီး အမှားအမှန်ကို သိကြပါသလဲ။

ဖြေ - လောဘ၊ ဒေါသ၊ မောဟတရားများမှာ အခြေခံပြီး ကျွန်ုပ်တို့ကို နိဗ္ဗာန်မှ ဝေစေတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံများဟာ မကောင်းမှုတွေ ဖြစ်ပါတယ် (အမှားတွေပါ)။ ပေးကမ်း လှူဒါန်းခြင်း၊ မေတ္တာထားခြင်းနှင့် အသိပညာတို့ အပေါ်မှာ အခြေခံပြီး ကျွန်ုပ်တို့ရဲ့ နိဗ္ဗာန်သွားရာ လမ်းကြောင်းကို ရှင်းလင်းပေးတဲ့ ကာယကံ၊ ၀စီကံ၊ မနောကံများသာလျှင် ကောင်းမှုတွေ ဖြစ်ပါတယ်(အမှန်တွေပါ)။

ထာဝရဘုရားကို ဗဟိုထားတဲ့ ဘာသာတရားများမှာ အမှားအမှန်သိဖို့ လိုအပ်တာ အားလုံးကတော့ ထာဝရဘုရား ပြောတဲ့အတိုင်း လုပ်ဖို့ ကြိုးစားခြင်းပါပဲ။

လူသားကို ဗဟိုထားတဲ့ ဗုဒ္ဓဘာသာလို ဘာသာတရားများမှာ အမှားအမှန် သိဖို့ကတော့ မိမိကိုယ်ကို နက်နက်နဲနဲ သိရှိမှု၊ နားလည် သဘောပေါက်မှု တိုးတက်ဖြစ်ပေါ်အောင် လုပ်ရပါတယ်။ နားလည်မှုပေါ်မှာ အခြေခံတဲ့ လိုက်နာကျင့်ကြံမှုဟာ ပညတ်ချက် တစ်ခုပေါ်မှာ အခြေခံတဲ့ နာခံမှုထက် ပိုပြီး အင်အားကောင်းပါတယ်။

ဒါကြောင့် အမှားအမှန်ကို သိဖို့ရာ ဗုဒ္ဓဘာသာ တစ်ယောက်ဟာ အရာသုံးခုကို ကြည့်ပါတယ်။ အဲဒါတွေကတော့ (၁)ရည်ရွယ်ချက်၊
(၂)အလုပ်ကြောင့် မိမိအပေါ်မှာ အကျိုး သက်ရောက်မှုနှင့်
(၃)သူတပါးအပေါ်မှာ အကျိုး သက်ရောက်မှုများပါပဲ။

ဒါန၊ မေတ္တာ၊ ပညာတို့အပေါ်မှာ အခြေခံလို့ ရည်ရွယ်ချက်က ကောင်းရင်၊ ပြီးတော့ မိမိကိုယ်ကိုလဲ (ပိုပေးကမ်း လှူဒါန်းအောင်၊ ပိုမေတ္တာ ထားအောင်၊ ပိုအသိပညာပွါးအောင်) ကူညီရင်၊ ပြီးတော့ သူတစ်ပါးကိုလဲ (ပိုပေးကမ်း လှူဒါန်းအောင်၊ ပိုမေတ္တာ ထားအောင်၊ ပိုအသိပညာပွါးအောင်) ကူညီရင် အဲဒီ အလုပ်တွေဟာ ကောင်းမှုကုသိုလ်တွေ၊ ကောင်းတဲ့ ကိုယ်ကျင့် တရားတွေပါပဲ။ တကယ်တော့ ဒီအချက်ဟာ အမျိုးမျိုး အစားစား ထွေပြားလှပါတယ်။ တစ်ခါတရံမှာ ကိုယ်က အကောင်းဆုံး ရည်ရွယ်ချက်နဲ့ လုပ်လိုက်ပေးတဲ့လဲ ကိုယ့်အတွက်ဖြစ်စေ၊ သူတစ်ပါးအတွက် ဖြစ်စေ ကောင်းကျိုး ဖြစ်ချင်မှ ဖြစ်ပါတယ်။ တစ်ခါတရံမှာ ကိုယ့် ရည်ရွယ်ချက်က မကောင်းပေတဲ့လဲ ကိုယ့်အလုပ်က သူတစ်ပါးကို ကောင်းကျိုး ရစေတတ်ပါတယ်။ တစ်ခါတရံမှာ ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လုပ်တဲ့ အလုပ်က ကိုယ့်ကို အကျိုးရစေပေတဲ့ သူတစ်ပါးကို ထိခိုက်ကောင်း ထိခိုက်တတ်ပါတယ်။ ဒီလို ကိစ္စမျိုးတွေမှာ အကောင်းနှင့် အတော်အသင့်ကောင်းတာ ရောနေပါတယ်။ ရည်ရွယ်ချက်က မကောင်းတဲ့အတွက် အလုပ်ကလဲ ကိုယ့်ကိုရော သူတစ်ပါးကိုပါ အကျိုးမရစေဘူး ဆိုရင် ဒီလို အလုပ်မျိုးဟာ မကောင်းပါဘူး။ ရည်ရွယ်ချက် ကောင်းလို့ အလုပ်ကလဲ ကိုယ့်ကိုရော သူတစ်ပါးကိုပါ ကောင်းကျိုး ရစေတယ်ဆိုရင် ဒီလို အလုပ်မျိုးဟာ အပြည့်အ၀ ကောင်းတဲ့ အလုပ်ပါ။


မေး - ဒါဖြင့် ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရားနှင့် ပတ်သက်တဲ့ ကျင့်ဝတ်တွေ ရှိပါသလား။

ဖြေ - ရှိပါတယ်။ ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်ပါပဲ။ ပထမ သိက္ခာပုဒ်က သတ္တ၀ါကို ထိခိုက် နာကျင်စေခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဖြစ်ပါတယ်။ ဒုတိယက ခိုးမှုမှ ရှောင်ကြဉ်ခြင်း၊ တတိယက ကာမဂုဏ် ကိစ္စတွေမှာ ဖေါက်ပြန် မှားယွင်းစွာ ကျင့်ခြင်းမှ ရှောင်ကြဉ်ခြင်း၊ စတုတ္ထက လိမ်ညာပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း၊ ပဉ္စမက မူယစ်စေတတ်တဲ့ အရက်သေစာနှင့် မူးယစ်ဆေးဝါးမှန်သမျှ ရှောင်ကြဉ်ခြင်းများပါပဲ။

မေး - ဒါပေမယ့် တစ်ခါတရံမှာ သတ်ဖြတ်တာဟာ ကောင်းတာ သေချာပါတယ်။ ဥပမာ - ရောဂါ ပျံ့နှံ့စေတဲ့ ပိုးကိုသတ်တာ သင့်ကို သတ်မည့်လူကို သတ်တာမျိုးပေါ့။

ဖြေ - သင့်အတွက်တော့ ကောင်းမှာပေါ့။ အဲဟို အသတ်ခံရတဲ့ ပိုးမွှား၊ အသတ်ခံရတဲ့လူမှာ ဘယ်လိုနေမလဲ။ သင် အသက်ရှင်နေချင်သလို သူတို့လဲ အသက်ရှင် နေချင်တာပေါ့။ သင်ရောဂါဖြန့်ပိုးကို သတ်ဖို့ ဆုံးဖြတ်တဲ့ အခါမှာ ကိုယ့်ကို စိုးရိမ်ကြောင့်ကြမှု(ကောင်းတာ)နှင့် ပြောင်းပြန်သဘော(မကောင်းတာ) ရောနှောနေတယ်။ အဲဒီ သတ်ဖြတ်မှုက သင့်ကို ကောင်းကျိုး(ကောင်းမှု)ရစေပြီး၊ ဟိုပိုးမွှားကို ဆိုးကျိုး(မကောင်းမှု) ရစေတာ ထင်ရှားပါတယ်။ ဒီတော့ ရံဖန်ရံခါမှာ သတ်ဖြတ်ဖို့ လိုကောင်းလိုမှာ ဖြစ်ပေတဲ့ ဘယ်တော့မှ ကောင်းမှုတော့ မဖြစ်နိုင်ပါဘူး။

မေး - သင်တို့ ဗုဒ္ဓဘာသာတွေဟာ ပုရွက်ဆိတ်တွေ၊ ကြမ်းပိုးတွေနှင့် ပတ်သက်လို့ စိုးရိမ်ကြောင့်ကြ လွန်းပါတယ်။

ဖြေ - ဗုဒ္ဓဘာသာဝင်တွေဟာ ခွဲခြားမှု မရှိဘဲ အားလုံးကို လွှမ်းခြုံမိတဲ့ သနားကြင်နာ ကရုဏာတရား တိုးပွါးဖို့ ကြိုးစားနေကြပါတယ်။ သူတို့ဟာ ကမ္ဘာလောကကြီးကို သတ္တ၀ါတိုင်း သူ့နေရာနှင့်သူ၊ သူ့လုပ်ငန်းဆောင်တာနှင့်သူ အသီးသီး စုပေါင်း ဖွဲ့စည်းထားတဲ့ အပေါင်းအဖွဲ့ကြီး တစ်ခုအဖြစ် မြင်ကြပါတယ်။ ကျွန်ုပ်တို့ဟာ သဘာဝတရားရဲ့ သိမ်မွေ့တဲ့ ချိန်ညီမှုကို ဖျက်ဆီးမပစ်မီ ကျွန်ုပ်တို့ သတိထားသင့်တယ်လို့ ယုံကြည်ကြပါတယ်။ သဘာဝတရားကို အပြည့်အ၀ လက်ဝါးကြီးအုပ် သုံးစားခြင်း၊ လျော့သွားတာကို ပြန်ဖြည့်မပေးဘဲ သဘာဝတရားရဲ့ နောက်ဆုံး အစက် အပေါက်ကလေး တစ်ခုကိုတောင်မှ မရမက ဖြစ်ညှစ်ယူခြင်း၊ သဘာဝတရားကို အနိုင်ယူခြင်း၊ လွှမ်းမိုးခြင်းများ အပေါ်မှာ အလေးပေးထားတဲ့ အဲဒီ ယဉ်ကျေးမှုကိုပဲ ကြည့်ပါဦး။ အခု သဘာဝက တော်လှန် တိုက်ခိုက်နေပါပြီ။ လေဟာ အဆိပ် သင့်နေပါပြီ။ မြစ်ရေတွေ ညစ်ညမ်းပြီး ခန်းခြောက်ကုန်ကြပြီ။ လှပတဲ့ တိရစ္ဆာန် မျိုးစိတ်ပေါင်း မြောက်များစွာဟာ မျိုးသုဉ်းကုန်ကြပါပြီ။ တောင်တွေပေါ်မှာ သစ်ပင် ကင်းမဲ့ပြီး တောင်ကတုံးတွေ ဖြစ်ကုန်ကြပြီ။ ရေတိုက်စားကုန်ကြပြီ။ ရာသီဥတုတောင်မှ ပြောင်းလဲ နေပါပြီ။ လူတွေဟာ ကြိတ်ချေဖို့၊ ဖျက်ဆီးဖို့၊ သတ်ဖြတ်ဖို့၊ စိတ်စောနေမှုကလေး နည်းနည်း လျှော့ပေးလိုက်ရင်ပဲ အခုပြောခဲ့တဲ့ ကြောက်စရာကောင်းတဲ့ အခြေအနေတွေ ဖြစ်ပေါ်လာမှာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ အားလုံးဟာ သဘာဝရဲ့ အသက်ကို လေးစားမှု နည်းနည်းလေးပဲဖြစ်ဖြစ် ပိုတိုးလာအောင် ကြိုးစားသင့်ကြပါတယ်။ ဒါဟာ သတ္တ၀ါရဲ့ အသက်ကို သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ခြင်း ဆိုတဲ့ ပထမ သိက္ခာပုဒ်က ပြောပြနေတဲ့ အချက်ပါပဲ။


မေး - ဒါပေတဲ့ မုသာဝါဒနဲ့ ပတ်သက်တာ ကျတော့ ဘယ်လိုလဲ။ မုသား မပြောဘဲ နေလို့ ဖြစ်ပါ့မလား။

ဖြေ - လူ့အသိုင်းအ၀န်းထဲမှာ ဖြစ်စေ၊ စီးပွါးရေး လောကထဲမှာ ဖြစ်စေ မုသားမပါဘဲ နေထိုင်လုပ်ကိုင်ဖို့အမှန်တကယ် မဖြစ်ဘူးဆိုရင် ဒီလို ထိတ်လန့်စရာကောင်းတဲ့ အကျင့်ပျက်မှုမျိုးကို ပြောင်းလဲ ပစ်သင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်ဆိုတာ ပိုပြီး တော်တည့်မှန်ကန်ဖို့၊ ပိုပြီး ရိုးသားဖြောင်မတ်ဖို့ ကြိုးစားရင်း ပြဿနာနဲ့ ပတ်သက်လို့ လက်တွေ့ လုပ်ကိုင် ဆောင်ရွက်ဖို့ သန္နဋ္ဌာန်ချထားတဲ့ လူမျိုးပါ။

မေး - ကောင်းပြီ။ ဒါဖြင့် အရက်နှင့် ပတ်သက်လို့ ဘယ်လိုလဲ။ နည်းနည်းပါးပါးလေး သောက်တာကတော့ မထိခိုက်တာ သေချာပါတယ်။

ဖြေ - လူတွေဟာ အရက်ကို အရသာခံဖို့ မသောက်ကြပါဘူး။ သူတို့ တစ်ယောက်တည်း သောက်တဲ့အခါ စိတ်ပြေလက်ပျောက် သောက်ကြတာပါ။ လူမှုရေး အနေနဲ့ သောက်တဲ့အခါ အများနှင့် လိုက်လျောညီထွေ ဖြစ်စေဖို့ သောက်ကြတာပါ။ သို့သော်လဲ အရက်ကို နည်းနည်းလေးပင် သောက်ဦးတော့ စိတ်ဓါတ် ပျက်စီးပြီး သတိလက်လွက် ဖြစ်စေပါတယ်။ အများကြီး သောက်ရင်တော့ ပျက်စီးတော့တာပါပဲ။

မေး - ဒါပေတဲ့ နည်းနည်းပါးပါးသောက်တာဟာ သီလ မကျိုးဘူး မဟုတ်လား။ နည်းနည်းလေးပဲဟာ။

ဖြေ - ဟုတ်ပါတယ်။ နည်းနည်းလေးပါပဲ။ ဒါပေတဲ့ နည်းနည်းတောင်မှ မစောင့်ထိန်းနိုင်ရင် သင့် ဆုံးဖြတ်ချက်ဟာ မခိုင်မာဘူးပေါ့။ မဟုတ်ဘူးလား။

မေး - ငါးပါးသီလဟာ အပြုသဘော မဟုတ်ပါဘူး။ ငါးပါးသီလက သင့်ကို မလုပ်ဖို့ပဲ ပြောတယ်။ လုပ်ဖို့ကျတော့ မပြောဘူး။

ဖြေ - ငါးပါးသီလဟာ ဗုဒ္ဓဘာသာ ကိုယ်ကျင့်တရားရဲ့ အခြေခံ ကျင့်ဝတ်မျှပါပဲ။ ကျင့်ဝတ်အားလုံး မဟုတ်ပါဘူး။ ကျွန်ုပ်တို့ရဲ့ မကောင်းတဲ့ အပြုအမူတွေကို မှတ်သားထားပြီးတော့ အဲဒါတွေကို မလုပ်မိအောင် ကြိုးစားခြင်းအားဖြင့် ကိုယ်ကျင့်တရားကို စ ရပါတယ်။ ဥပမာ - စကားပြောတယ် ဆိုကြပါစို့။ မုသားပြောမှုကို ရှောင်ကြဉ်ခြင်းအားဖြင့် စ သင့်ကြောင်း မြတ်စွာဘုရား မိန့်တော်မူပါတယ်။ အဲဒီလို ရှောင်ကြဉ်ပြီးတော့ မှန်တဲ့စကား နူးညံ့သိမ်မွေ့တဲ့စကား၊ ယဉ်ကျေးဖွယ်ရာစကား၊ အချိန်ကာလနှင့် ကိုက်ညီတဲ့စကားကို ပြောရပါမယ်။ ဗုဒ္ဓမြတ်စွာက အောက်ပါအတိုင်း မိန့်တော်မူပါတယ်။ မမှန်သော စကားကို ရှောင်ကြဉ်သူသည် မှန်သောစကား၊ အားကိုးထိုက်သောစကား၊ ယုံကြည်ထိုက်သောစကား၊ မှီခိုအားထားထိုက်သော စကာိးကု ပြောသူဖြစ်သည်။ သူသည် လောကကို မလိမ်ညာ မလှည့်စားပေ။ ဂုံးချောစကား ရှောင်ကြဉ်သူသည် လူအများကြားတွင် စိတ်ဝမ်း ကွဲပြားစေဖို့ရာ ဤနေရာ၌ ကြားသောစကားကို ထိုနေရာ၌ မပြောကြားပေ။ ထိုနေရာ၌ ကြားသော စကားကို ဤနေရာ၌ မပြောကြားပေ။ သူသည် စိတ်ဝမ်းကွဲပြား နေသူများကို အစေ့အစပ်စကား ပြောကြား လေ့ရှိ၏။ ခင်မင်နေသူများကို ပိုမိုချစ်ခင်အောင် အားပေးစကား ပြောကြားတတ်၏။ ညီညွတ်မှုသည် သူ၏ ပျော်ရွှင်မှု၊ ညီညွတ်မှုသည် သူ၏ ၀မ်းမြောက်မှု၊ ညီညွတ်မှုသည် သူ၏ ချစ်ခင်မှုဖြစ်သည်။ ဤသည်မှာ သူစကားပြောရာတွင် ပါဝင်သော စိတ်ထား စေတနာဖြစ်သည်။ ကြမ်းတမ်း ရိုင်းစိုင်းသော စကားကို ရှောင်ကြဉ်သူသည် အပြစ်ကင်းသော စကား၊ နားဝင်သာသော စကား၊ နှစ်သက်ဖွယ်သော စကား၊ စိတ်နှလုံးသို့ သက်ဝင်သော စကား၊ ယဉ်ကျေးသော စကား၊ အများနှစ်သက် သဘောကျသော စကားကို ပြောဆိုတတ်၏။ အကျိုးမရ အနှစ်သာရ မရှိသော စကားကို ရှောင်ကြဉ်သူသည် အချိန်ကာလနှင့် ကိုက်ညီသော စကား၊ မှန်သောစကား၊ အကျိုးရှိသော စကား၊ တရားနှင့် စပ်သော စကား၊ ကျင့်ဝတ်နှင့် စပ်သော စကားကို ပြောဆိုတတ်၏။ သူသည် စိတ်နှလုံး၌ သိုမှီထားထိုက်သော စကား၊ အချိန်ကာလနှင့် လျော်သောစကား၊ သင့်လျော် လျောက်ပတ်သော စကား၊ အဓိပ္ပါယ် ပြည့်ဝသောစကား၊ အကျိုးစီးပွါးနှင့် စပ်သော စကားကို ပြောဆိုတတ်၏။

မေး - ထာဝရဘုရား သို့မဟုတ် တန်ခိုးရှင်ဘုရားများရဲ့ တန်ခိုးကို အားကိုးအားထားမှသာလျှင် လူကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့ တချို့ ပြောကြပါတယ်။ (အဲဒါ ဘယ်လို အဘောရပါသလဲ။)

ဖြေ - ဒါကတော့ လုံးဝ မှားပါတယ်။ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေ၊ ဘယ်ဘာသာမှ မကိုးကွယ်သူတွေ သန်းချီရှိကြပါတယ်။ သူတို့ဟာာ တစ်ခါတလေမှသာ မဟုတ်ဘဲ အမြဲတစေ မြင့်မြတ်တဲ့ အပြစ်ကင်းတဲ့ အပြုအမူတွေကို ပြုမူနေကြသူတွေ ဖြစ်ပါတယ်။ မြင့်မြတ်တဲ့ ပုဂ္ဂိုလ်ထူး တစ်ယောက်ကို ယုံကြည်နေကြတဲ့ လူများအကြားမှာ တွေ့ရတတ်တဲ့ ပုဂ္ဂိုလ်မျိုးလိုပါပဲ။ သင်ဟာ ရိုးသားစွာ ကြိုးစားရင် သင့်ရဲ့ အပြုအမူတွေကို စင်ကြယ်အောင် လုပ်နိုင်ပါတယ်။ လုံးဝ အပြည့်အစုံ မစင်ကြယ်နိုင်တောင်မှ ပိုပြီး စင်ကြယ်အောင် ကြိုးစား လုပ်ဆောင်နိုင်တာကတော့ သေချာပါတယ်။

မေး - ဗုဒ္ဓဘာသာဝင်တွေဟာ သက်သက်လွတ် သမားတွေ ဖြစ်သင့်တယ် မဟုတ်လား။

ဖြေ - အဲဒီလိုဖြစ်ဖို့ မလိုအပ်ပါဘူး။ ဗုဒ္ဓမြတ်စွာဟာ သက်သက်လွတ်သမားမဟုတ်ပါဘူး။ သူ့ရဲ့ တပည့်များကိုလဲ သက်သက်လွတ်စားဖို့ မမိန့်ကြားပါဘူး။ ဒီခေတ်မှာတောင်မှ သက်သက်လွတ်သမား မဟုတ်ဘဲ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေ အများကြီးပါပဲ။

မေး - ဒါပေတဲ့ သင် အသားစားရင် သတ္တ၀ါတစ်စုံတစ်ဦး သေတဲ့အတွက် သင့်မှာ သွယ်ဝိုက်သောအားဖြင့် တာဝန်ရှိပါတယ်။ အဲဒါဟာ ငါးပါးသီလထဲက ပထမ သိက္ခာပုဒ်ကို ချိုးတာ မဟုတ်ပါဘူးလား။

ဖြေ - မှန်ပါတယ်။ တစ်စိတ် တစ်ဒေသအားဖြင့် သွယ်ဝိုက်ပြီးတာဝန်ရှိပါတယ်။ သို့သော်လဲ သင် ဟင်းသီး ဟင်းရွက် စားတဲ့အခါလဲ အတူတူပါပဲ။ လယ်ယာဦးကြီးက ဟင်းသီးဟင်းရွက်တွေ ပိုးပေါက်မပါဘဲ သင့် ထမင်းစားပွဲပေါ် ရောက်အောင် အဆိပ်တွေ ဖျန်းပေးရပါတယ်။ ပြီးတော့ သင့် သားရေခါးပတ်အတွက်၊ လက်ဆွဲအိပ်အတွက်၊ သင်သုံးတဲ့ ဆပ်ပြာချက်ဖို့ အမဲဆီ၊ ပြီးတော့ တခြား တိရစ္ဆာန် သားရေနဲ့ လုပ်ထားတဲ့ ပစ္စည်းတွေ၊ ဒါတွေအတွက် တိရစ္ဆာန်တွေကို သတ်ရပါတယ်။ တခြား သတ္တ၀ါ သေတဲ့အတွက် တစ်နည်းနည်းနဲ့ သွယ်ဝိုက်ပြီး တာဝန် မရှိအောင် အသက်ရှင်နေဖို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ ဒုက္ခသစ္စာရဲ့ ပုံစံ တစ်ခုပါပဲ။ သူလို ကိုယ်လို သာမာန် အသက်ရှင်နေတာဟာ ဆင်းရဲပါတယ်။ ကျေနပ်ဖွယ် မရှိပါဘူး။ သင် ပါဏာတိပါတ သိက္ခာပုဒ် ဆောက်တည်တဲ့ အခါမှာ သတ္တ၀ါရဲ့ အသက်ကို သတ်ခြင်းအတွက် တိုက်ရိုက် တာဝန် မရှိအောင် ကြိုးစား ရှောင်ကြဉ်ရပါတယ်။




မေး - မဟာယာန ဗုဒ္ဓဘာသာဝင်တွေဟာ အသား မစားကြဘူး မဟုတ်လား။

ဖြေ - အဲဒါ မမှန်ပါဘူး။ တရုတ် မဟာယာန ဗုဒ္ဓဘာသာက သက်သက်လွတ်စားဖို့ အလွန် အလေးထားပေတဲ့ တိဘက်နှင့် ဂျပန်မှာရှိတဲ့ ဗုဒ္ဓဘာသာတွေ ကတော့ အမျိုးသား အမျိုးသမီးရော ဘုန်းကြီးတွေပါ အသားစားတဲ့ အလေ့ ရှိပါတယ်။


မေး - သို့သော်လဲ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဟာ သက်သက်လွတ်သမားပဲ ဖြစ်သင့်တယ်လို့ ကျွန်ုပ်ထင်နေတုန်းပဲ။

ဖြေ - လူတစ်ယောက်ဟာ သက်သက်လွတ် ၀ါဒကို တင်းတင်းကျပ်ကျပ် ကျင့်သုံးပြီး တကိုယ်ကောင်းဆန်မယ်၊ မရိုးဖြောင့်ဘူး၊ ယုတ်ညံ့ နိမ့်ကျမယ်ဆိုရင် နောက်တစ်ယောက်က သက်သက်လွတ်သမားတော့ မဟုတ်ဘူး၊ ကိုယ်ချင်စာတရားရှိတယ်၊ ရက်ရောတယ်၊ သနားကြင်နာတတ်တယ်ဆိုရင် ဒီလူ နှစ်ယောက်ထဲက ဘယ်သူဟာ ပိုတော်တဲ့ ဗုဒ္ဓဘာသာဝင် ဖြစ်မလဲ။ မေးသူ - ရိုးဖြောင့်ပြီး သနား ကြင်နာတတ်တဲ့လူက ပိုတော်ပါတယ်။ ဖြေသူ - ဘာကြောင့်ပါလဲ။ မေးသူ - ဒီလို ပုဂ္ဂိုလ်က စိတ်ကောင်း နှလုံးကောင်း ရှိကြောင်း ထင်ရှားလို့ပါ။ ဖြေသူ - အတိအကျ မှန်ပါတယ်။ အသား မစားတဲ့ လူက စိတ်ထား မဖြူစင်ဘဲ ရှိတတ်သလို အသားစားတဲ့လူက စိတ်နှလုံး ဖြူစင်နေတာလဲ ရှိနိုင်ပါတယ်။ ဗုဒ္ဓတရားတော်မှာ အရေးကြီးတာက စိတ်နှလုံးရဲ့ အရည်အချင်းပါ။ အစားအစာမှာပါတဲ့ အရာ မဟုတ်ပါဘူး။ များစွာသော ဗုဒ္ဓဘာသာဝင်တွေဟာ အသားမစားဖို့ကျတော့ သိပ်ဂရုစိုက်ကြတယ်။ တစ်ကိုယ်ကောင်း ဆန်တာ၊ မရိုးဖြောင့်တာ၊ ရက်စက်တာ၊ မနာလို ၀န်တိုတာတွေ ကိုတော့ ကြောင့်ကြခံပြီး မစဉ်းစားကြဘူး။ လုပ်ဖို့ လွယ်ကူတဲ့ အစားအစာ ပြောင်းလဲတာကိုတော့ လုပ်ကြတယ်။ လုပ်ဖို့ ခက်တဲ့ စိတ်ထား ပြောင်းဖို့ကျတော့ မလုပ်ကြဘူး။ ဒါကြောင့် သက်သက်လွတ်စားသူ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ဗုဒ္ဓဘာသာမှာ အရေး အကြီးဆုံးက စိတ်ထား ဖြူစင်ဖို့ပဲဆိုတာ မှတ်ထားပါ။