30 August 2010

မဟာချိုင် မှ မြန်မာအလုပ်သမား များ၏ ရင်ဖွင့်သံ

ယခုသြဂုတ်လ ဒုတိယ အပတ်အတွင်း ဘန်ကောက်မြို့  တော်အနီး စမွတ်ဆာခွန်ခရိုင် ရှိ မြန်မာ အလုပ်သမား အများစုနေထိုင်ရာ မဟာချိုင် တွင် ဓါးပြများ သောင်းကျန်းလျက် ရှိသဖြင့် နဂို ကထဲက ကျီးလန့်  စာစားနေရသူ မြန်မာများ အနေဖြင့် မြွေပူရာ ကင်းမှောက် ဆိုသလို ပင် ဖြစ်လျက်ရှိ ကြောင်း ကြားသိရပါသည်။ ဓါးပြများ ဆိုသည်မှာ ထိုင်းရဲများ နှင့် ထိုင်းရဲ အတုအယောင်များ ပင်ဖြစ်ပါသည်။ ယခင်ကထဲက ပင် မဟာချိုင် အရပ်တွင် ထိုင်းရဲများက မြန်မာဟု သံသယ ရှိပါက မထင်လျှင် မထင်သလို စစ်ဆေးတတ်ကြသည်။ ဘတ် (အလုပ်သမားကဒ်) ရှိသူများ ကိုရော မရှိသူများကိုပါ ဖမ်းဆီးခေါ်ဆောင် သွားခြင်း၊ အလုပ်သမားကဒ် ၌ လိုအပ်ချက် များ ရှိ သည်ဟု ဆိုကာ ငွေညစ် ခြင်းများ ပြုလုပ်လျက်ရှိ ကြသည်။

ယခုနောက်ပိုင်းတွင် ထိုင်း တချို့က အရပ်ဝတ်များ ဖြင့်ပင် လက်ထိပ်များ၊ သေနတ်များ ကိုင်ဆောင်လျက် ရဲ အယောင်ဆောင်ကာ မြန်မာများကို ခြိမ်းခြောက်ငွေညစ်ခြင်း များ ပြုလုပ်လျက်ရှိကြပါသည်။ ၎င်းတို့  သည် တစ်ဦးတစ်ယောက် ထဲ မဟုတ်ကြပဲ လူအများ ဖြင့်၊ ကားများ၊ ဆိုင်ကယ်များ ကိုပါအသုံး ပြု၍ ဓမြဂိုဏ်း အကြီးစားသဖွယ် လုပ်ကိုင်နေကြကြောင်း သိရှိရသည်။ ၎င်းတို့  အား ထိုင်းရဲ အတုဂိုဏ်း အဖြစ်ပင် ခေါ်ဝေါ် နေကြကြောင်း သိရပါသည်။

မြန်မာများအနေဖြင့် စက်ရုံပြင်ပသို့  သွားလာမည် ဆိုပါက အလုပ်မှ ကားများဖြင့် သွားလာခြင်း (အလုပ်ကြိုပို့  ကား) တက္ကစီမီတာ များစီးခြင်းဖြင့် ထိုင်းရဲ ဖမ်းမည့် အရေးမှ ရှောင်တိမ်းနိုင်ကြသော်လည်း ယခုအခါ တွင်မူ ထိုင်းရဲများမှ အလုပ်ရုံရှေ့တွင်ပင် အလုပ်ကြိုပို့  ကားများ ပေါ် တက်ရောက် စစ်ဆေးခြင်း၊ တက္ကစီမီတာများ ကိုပါ စစ်ဆေးခြင်းများ (ယခင် တက္ကစီမီတာ ကိုစစ်ဆေးခြင်း မရှိပါ) ပြုလုပ်ခြင်းကြောင့် မြန်မာများမှာ အလွန်အမင်းပင် စိုးရိမ်လျက်ရှိကြကြောင်း သိရှိရသည်။ အလုပ်သွား အလုပ်လာ ပြုလုပ်ရန်ပါ အခက်အခဲများ ရှိလာကြောင်းသိရှိရသည်။

မဟာချိုင် မှ မြန်မာအလုပ်သမားများ ပြောပြချက်အရ ယခုကဲ့သို့  အဖမ်းအဆီး ကြမ်းနေရခြင်းမှာ ယခုလအတွင်း အလုပ်သမား သုံးသောင်း ရအောင်ဖမ်းရမည် ဟု အထက်မှ ညွှန်ကြား ချက် ရှိ၍ ဖြစ်ကြောင်း သိရှိရ ပါသည်။ ထိုင်းရဲ ဖမ်းဆီးခံရပါက ငွေညစ်ခံရတတ်သလို ထောင်ဒဏ်ချမှတ်ခြင်း၊ နယ်စပ်သို့  ပြန်လည် ပို့  ဆောင်ခြင်းများ ပြုလုပ်ကြသဖြင့် မြန်မာပြည်တွင်းမှ စွန့်  စား ငွေရှာလာ ကြသူများမှာ ကျီးလန့်  စာစား သွားလာနေ ကြရကြောင်း၊ နယ်စပ်သို့  ပြန်ပို့  ခံရပါက နအဖ လက်ပါးစေ ဒီကေဘီအေ မှ ငွေညစ်ခြင်းပါ ခံစား ကြရ ကြောင်း သိရပါသည်။

အမိမြန်မာပြည်တွင်း ၌ အလုပ်အကိုင် ရှားပါးခြင်း စားဝတ်နေရေး မပြေလည်ခြင်း တို့ကြောင့် တိုင်းတပါးသို့  တရားဝင်ရော၊ တရားမ၀င်ပါ ထွက်ခွါ လာကြသူများမှာ ယခုကဲ့သို့  ခြိမ်းခြောက်မှုများကြောင့် ဘ၀ ရှေ့ရေးအတွက် အကြီးအကျယ် စိတ်ဓါတ်ကျဆင်းလျက် ရှိကြောင်းသိရပါသည်။

နအဖ အာဏာရှင်များ၏ လက်ထက်တွင် မြန်မာပြည်သူတွေရဲ့ ဘဝ ကထမင်းတလုပ် တုတ်တချက် ဆိုသလိုမျိုးပင် ဖြစ်နေပါသည်.။တရားဝင် အလုပ်သမား လက်မှတ်ကို ကိုင်ဆောင် ထားပါသည့်ဆိုသော မြန်မာလူမျိုး ၏ဘဝ ၊တရားမဝင် နေထိုင်နေရပါသော မြန်မာလူမျိုးများ၏ ဘဝ၊ ကိုယ့်ပြည်တွင်း မှာအလုပ်မကောင်းလို့ ပြည်ပ မှာ အလုပ်ထွက် လုပ်နေကြသော မြန်မာလူမျိုးများအားဂုတ်သွေးစုတ်ပြီး မြန်မာအချင်းချင်း ဖျံကြသူများရှိသလို နိုင်ငံခြားသားများ၏ဖျံကြမှု များကိုလည်းခံရသည်.။

ပွဲစားဆိုသော သူများ၏နှိပ်စက်မှုများ၊ အလုပ်ကောင်းကောင်းရမည့်ဟု ဆိုသော စကားလုံး အကြီးကြီးတွေကို အသုံးပြုကာ မြန်မာအမျိုးသမီး မိန်းမပျို လေးများ၏ဘဝ တွေလဲ ရေဆုံမျော ခဲ့ရသည့် မှာလည်းများသထက်
များပြားလာခဲ့ရပါသည်.၊စားဝတ်နေရေးအတွက် ဘဝ မှာဘာကိုမျှရွေးချယ်စရာ လမ်းမရှိတော့သဖြင့် ဖြစ်သမျှအကြောင်း အကောင်းကြီးဘဲ ဟု ဆိုကာ မလုပ်သင့် မလုပ်အပ် သော အလုပ် များကိုလုပ်ကိုင်ကြရကာ
အမှားကိုအမှားမှန်းမသိ ဖြစ်ခြင်းမလှဖြစ်နေကြရသောမြန်မာ ပြည်သူတွေ ရဲ့ ဘဝ တွေကို ဖျက်ဆီးရာလမ်းကြောင်းတွေကိုဖန်းတီးပေးခဲ့သော ဖန်ဆင်းရှင် နအဖ အာဏာပိုင် တွေကတော့ သူတို့၏ဘဝသာယာရေး၊သူတို့၏ဘဝတိုးတက်ရေး၊သူတို့၏ဘဝ အောင်မြင်ရေးသာ အရေးကြီးလျက်ရှိပါသည်။

တိုင်းသူပြည်သား တွေရဲ့ ဘဝ၊ဒုက္ခ၊ တွေဟာ သူတို့နဲ့ မည်သို့မျှ မသက်ဆိုင်ပါဟုထင်မြင်ယူဆလျက်ရှိပါသည်.၊
တိုင်းပြည် မှာလူငယ်များ ၏အနာဂတ်များကိုရိုက်ချိုး ထားပြီးလူငယ် များအားလမ်းမှားများသို့ တွန်းပို့နေခဲ့ခြင်း၊
မြန်မာအမျိုးကောင်း သမီးများ၏ဘဝများကို ပျက်ဆီးမှုများမဖြစ်မနေ ပြုလုပ်လျက်ရှိနေခြင်း၊ ကောင်းမွန်စွာ
အသက်မွေးဝမ်းကြောင်း ပြုလုပ်နေသောပြည်သူများအား လမ်းမှားပေါ်သို့ မဖြစ်မနေ ရောက်ရှိလာအောင် ဆွဲဆောင်ပေးနေခြင်း၊ တွေသာ တနေတခြား ပြုလုပ်ပေးလျက်သာ ရှိခဲ့ပါသည်။နအဖ အာဏာပိုင်များလက်ထက်တွင် တိုင်းသူပြည်သား များ၏ဘဝဆင်းရဲခြင်း ၊ဘဝသံသရာ၊ဝဲဂယက် ကြီးကတော့ လည်ပါတ်မြဲ လည်ပါတ်လျက်သာ ရှိနေပါတော့သည်။