04 February 2012

၈၈မျိုးဆက်ကျောင်းသားကိုအောင်သူ နှင့်တွေ့ဆုံခြင်း


"အခုချိန်မှာတော့ ဖန်ခွက်လှလှ အသစ်တစ်လုံးကတော့ လိုကိုလိုအပ်နေပါပြီ။
ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းတည်ဆောက်ကြရအောင်ပါ"

၈၈ မျိုးဆက်ကျောင်းသား ဦးအောင်သူနှင့် တွေ့ဆုံခြင်း

Voice : ၈၈ သတင်းစာရှင်းလင်းပွဲ မှာ သတင်းထောက်တစ်ယောက်က လက်ရှိအစိုးရအပေါ် ၈၈ က ဘယ်လို သဘောထားလဲမေးတော့ ကိုအောင်သူ က လက်ရှိအစိုးရအပေါ် ၈၈ က ဘယ်လို သဘောထားသလဲဆိုတာ ထက် လက်ရှိအစိုးရက ၈၈ အပေါ် ဘယ်လိုသဘောထားသလဲဆိုတာက ပိုအရေးကြီးပါတယ်လို့ ကိုအောင်သူ ဖြေခဲ့ပါတယ်။ အဲဒီအပေါ် ဒီထက် ပိုကျယ်ပြန့်တဲ့အမြင်သိချင်လို့ပါ။

UAT : ဟုတ်ကဲ့။ ဒီလိုပါ။ အရိုး သားဆုံးပြောရရင် ကျွန်တော်ထောင်က ထွက်လာတဲ့အချိန်မှာ ကျွန်တော့်ဆီမှာ စိတ်အခံတချို့ပါလာခဲ့တယ်။ နာကျင်မှု တွေ၊ အလိုမကျနိုင်ဖြစ်မှုတွေ။ ဝေေ၀ ၀ါးဝါးနိုင်မှုတွေနဲ့ ထွက်ခဲ့ရတာပါ။ တချို့ Policy ပိုင်းတွေမှာ အစာချေလို့ မရနိုင်ခဲ့သလို မျိုလို့မကျဖြစ်ခဲ့ရတာ။ အဲဒီ မျိုချလို့မရတဲ့အရာတွေကို ဘာနဲ့ မျှောချရမှန်းမသိဖြစ်ခဲ့ရတာ။ အဲလို ရှင်းရှင်းလင်းလင်းမရှိဖြစ်ခဲ့ရတဲ့အချိန် ဥပမာ-ဒေါ်စုနဲ့ သမ္မတကြီးဦးသိန်းစိန် မတွေ့ခင်အချိန်အထိ ကျွန်တော်တို့ရဲ့ တောင်းဆိုမှုက နံပါတ်တစ်-၁၉၉၀ ရလဒ်ကို တစ်နည်းနည်းနဲ့ သိက္ခာရှိရှိ အသိအမှတ်ပြုပေးရေး၊ နံပါတ်နှစ် - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင် ရေးဆိုတဲ့ အချက်မှာလည်း တစ်ဖက်က ပြင်မပေးနိုင်သေးတဲ့အချိန် ကျွန်တော်တို့ ကလည်း ဆန့်ကျင်ကန့်ကွက်ကြတဲ့ အချိန်ပေါ့။ အဲတော့ နံပါတ်သုံးက အဲဒီက Out Put အနေနဲ့ထွက်လာတဲ့ ၂၀၁၀ ကိုလည်း ကျွန်တော်တို့ သပိတ် မှောက်ခဲ့တယ်။ နံပါတ်လေးက ၂၀၁၀ က ထွက်လာတဲ့အစိုးရနဲ့ လွှတ်တော်ကို လည်း ကျွန်တော်တို့အသိအမှတ်ပြုဖို့ ခဲယဉ်းခဲ့ပါတယ်။
ခုချိန်မှာ အဲဒါတွေဟာ မျိုမကျ ဖြစ်ခဲ့တဲ့အရာတွေပေါ့ဗျာ။ တစ်နည်း ပြောရရင် အဲဒါ ... Political Main Stream ပါ။ နိုင်ငံရေးအကျဉ်းသားလွှတ် ရေးတို့၊ Sanction ကိစ္စတို့ဆိုတာ Main Stream (သို့) Main Box မှာ Attach လုပ်ထားတဲ့အရာတွေပါ။ ပြောရရင် ကျွန်တော်တို့တောင်းဆိုခဲ့တဲ့ တွေ့ဆုံ ဆွေးနွေးရေးဆိုတာ အဲဒီ Box ထဲကအချက်တွေကို ဘယ်လို ဖြေရှင်း ကြမလဲဆိုတာ အဓိကကျပါတယ်။ အဲဒီ Sanction ကို ဖွင့်နိုင်ပြီဆိုရင်တော့ နိုင်ငံရေး အကျဉ်းသားလွှတ်ရေးတို့။ှ Sanction တို့ဆိုတာတွေဟာ ကျွဲကူးရေပါ သဘော ပါပဲ။
အဲတော့ နံပါတ် (၁) အချက်ဖြစ် တဲ့ ၁၉၉၀ ရလဒ်ကို အတွင်းကျကျ တရားဝင်ပိုင်ဆိုင်တဲ့ NLD က လက်ရှိ အစိုးရနဲ့ ဖြေလျှော့နိုင်ခဲ့ကြတယ်။ တခြားကျန်တဲ့နံပါတ် ၂၊ ၃၊ ၄ အပါ အ၀င် တိုင်းရင်းသားအရေးကိစ္စတွေက နိုင်ငံရေးအရ ဖြေရှင်းဖို့ ကျန်နေသေး တယ်လို့ ကျွန်တော်မြင်ပါတယ်။ ထပ်ပြောပါ့မယ်။
အဲဒါ Political Main Stream ပါ။ အရှင်းဆုံးပြောရရင် ဒေါ်စုဆုံးဖြတ်ခဲ့တဲ့ Bi Election မှာ ၀င်အရွေးခံရေး ဆိုတဲ့ အချက်ဟာ သဘောပြောရရင် Main Stream ကခွဲထွက်ခဲ့တယ်လို့ ကျွန်တော် ယူဆခဲ့တယ်။ ဒါ့ကြောင့်လည်း ကျွန်တော် လွတ်လာခါစမှာ ဖြေခဲ့တဲ့ Interview တွေ မှာ Comments ပေးတဲ့သူတွေဟာ Comments Plus Process ဖြစ်စေချင် တယ် ဆိုတာကို ပြောတာပါ။
ဥပမာ-တချို့က အပြည့်အ၀ ထောက်ခံတယ်လို့ ပြောတယ်။ တချို့က လက်ခံတယ်လို့ ပြောတယ်။ တချို့က နားလည်ပေးနိုင်တယ်လို့ ပြောတယ်။
အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာကြည့် ရင် အပြည့်အ၀ထောက်ခံတယ်ဆိုတာ ၁၀၀ ရာခိုင်နှုန်းပေါ့ဗျာ။ လက်ခံတယ်^ လက်ခံနိုင်တယ်ဆိုတာ ၉၀ ရာခိုင်နှုန်း ကနေ ၇၀ ရာခိုင်နှုန်းပေါ့ဗျာ။ နားလည် တယ်၊ နားလည်ပေးနိုင်တယ်ဆိုတာ ၇၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းပေါ့ဗျာ။ ကျွန်တော့်အနေနဲ့က နားလည်ပေးနိုင် တယ်ဆိုတဲ့ Range ထဲမှာပဲ ရှိပါတယ်။ ဒါကလည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေတဲ့အတွက်ပါ။
သူ့ကို ကျွန်တော် အပြည့်အ၀ ယုံတယ်။ ဒီတွေ့ဆုံဆွေးနွေးရေး Process တစ်ခုလုံးကြီးမှာ သူ့ကိုယ်ကျိုး စီးပွားဘာတစ်ခုမှ မရှိခဲ့ဘူး။ အလွန် ကြီးမားတဲ့ အခက်အခဲ အကျပ်အတည်း ထဲက သူလည်း Range ယူပြီး ဆုံးဖြတ် ခဲ့တာပါ။ ဒါပေမဲ့ ယုံကြည်တယ်ဆိုတဲ့ ဒီဂရီကို အဲဒီယုံကြည်တယ်ဆိုတဲ့ ဒီဂရီပဲ ရပ်ထားသင့်တယ်။ အပြည့်အ၀ ယုံ တယ်။
သို့ပေမယ့်လည်း သွားနေတဲ့ တွေ့ဆုံဆွေးနွေးရေး Process ကိုတော့ ကျွန်တော်တို့ သီးခြားခွဲမြင်နိုင်မှ ရပါ့ မယ်။ အခု ခင်ဗျားကို ကျွန်တော်မေး မယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်တဲ့ လက်ရှိအစိုးရ တွေ့ဆုံဆွေးနွေးရေးက ပြီးသွားပြီလား။ ကျွန်တော်တို့ ဘာမှ ထင်သာမြင်သာမရှိခဲ့ဘူး။
အဲဒီဆွေးနွေးပွဲက ကျွန်တော်တို့ ဆီကို Clear Message မပေးနိုင်ခဲ့ဘူး။
NLD က ရွေးကောက်ပွဲမှာ ၀င်မယ်။ လက်ရှိတိုင်းပြည်ရဲ့ အခက်အခဲ အကျပ်အတည်းတွေကို လွှတ်တော် ထဲမှာပဲ ပြောကြတော့၊ လွှတ်တော်ထဲမှာ ပဲ ရှင်းကြတော့၊ အဲလိုဆိုလိုတဲ့သဘော လား။
အခု ကျွန်တော်တို့ကြားနေရတဲ့ ပင်လုံညီလာခံထက် ကျယ်ပြန့်တဲ့ အမျိုး သားညီလာခံတစ်ရပ်ဆိုတာကကော။
သူ့ရဲ့အနှစ်သာရနဲ့ Time Frame က ဘယ်လိုလဲ။ အဲတော့ ကျွန်တော် ပြောတဲ့ Comment + Process ဆိုတာ အဲဒါတွေပါ။
ကျွန်တော် ဒေါ်စုကို နားလည် ပေးနိုင်တယ်ဆိုတဲ့ Comment ပေးတဲ့ အတွက် ကျွန်တော့် Process ထဲက ရွေးကောက်ပွဲအောင်နိုင်ရေးတို့၊ ရွေး ကောက်ပွဲစည်းရုံးရေးတို့၊ ရွေးကောက်ပွဲ ဥပဒေကို ပြည်သူလူထုနားလည်အောင် ရှင်းပြရေးတို့ဆိုတာတွေ မပါပါဘူး။
ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည် ကို ၀န်းရံပေးတယ်။ အားပေးတယ်။ ထောက်ခံတယ်ဆိုတဲ့အပိုင်းမှာလည်း ဒီဂရီ Range မတူပါဘူး။ ကျွန်တော် တို့ရဲ့နိုင်ငံရေး ရေချိန်ကို ကျွန်တော်တို့ ကိုယ်တိုင်မြင်ရပါမယ်။ ဆိုလိုတာက အခုလာမယ့် bi election မှာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို အာရုံစိုက်ချင်သူလည်း စိုက်ကြပါ။
ဒါပေမဲ့ မြန်မာပြည် နိုင်ငံရေး အခင်းအကျင်းက Structure အလိုက်၊ package အလိုက် ရွေ့နေတာပါ။ အဲ လောက်နဲ့ မလုံလောက်ပါဘူး။ ဒီအချိန် မှာ ကျွန်တော်တို့ပေးတဲ့ in put က Smart ဖြစ်နေရပါမယ်။
ဥပမာ-
နံပါတ်တစ် - ဒေါ်အောင်ဆန်းစုကြည် နဲ့သမ္မတကြီး ဆက် လက်တွေ့ဆုံဆွေးနွေး ရေး၊
နံပါတ်နှစ် - တိုင်းရင်းသားပဋိပက္ခ တွေကိုဖြေရှင်းတဲ့နေရာ မှာ Capacity ရှိတဲ့သူ၊ Capacity ပေးနိုင်တဲ့သူ အားလုံးကို ၀င်ရောက် ဖြေရှင်းနိုင်ခွင့်ပေးရေး၊
နံပါတ်သုံး - ပင်လုံညီလာခံထက် ကျယ်ပြန့်တဲ့အမျိုးသား ညီလာခံတစ်ရပ်ဆိုတာ ကို တကယ့်အနှစ်သာရ အပြည့်ဝဆုံးဖြစ်အောင် Design ဆင်ရေး၊
အဲဒါတွေဟာ လွှတ်တော်ပြင်ပ နိုင်ငံရေးဥပဓိတွေပါ။ Political Personality တွေပါ။
ဒီ Political Personality တွေကို တည်ဆောက်ရာမှာ ကျွန်တော်တို့ရဲ့ ideology တွေကို ထည့်သွင်းစဉ်းစား သင့်ပါတယ်။ နောက်တစ်ခု ထပ်ပြော မယ်ဗျာ။
အခု နိုင်ငံရဲ့ပြင်ပမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေတဲ့ ကျွန် တော်တို့ရဲ့ညီအစ်ကို၊ ရဲဘော်ရဲဘက်တွေ ရဲ့အရေးကိစ္စတွေဟာ အခုအရွေ့တစ်ခု အနေနဲ့ လျင်လျင်မြန်မြန် စတင်ချင်ပြီ၊ ဘာတွေလိုအပ်နေလို့ ခုလိုနှောင့်နှေးနေ ခဲ့ရသလဲ စသဖြင့် အဲ့တော့ ဒီအစိုးရ အပေါ် ကျွန်တော်တို့ဘယ်လိုသဘော ထားသလဲဆိုတာထက် ကျွန်တော်တို့ အပေါ် ဒီအစိုးရကဘယ်လိုသဘောထား လဲဆိုတာက တိုင်းပြည်အတွက် ပိုအရေး ကြီးပါတယ်။
ဥပမာ-လှေတစ်စီးကို လှော်ခတ် ပြီး ဒါက ဘာဆိပ်ကမ်းလို့ အရောက် ပို့တာထက် ကျွန်တော်တို့အားလုံး ပါဝင်လှော်ခတ်နိုင်မယ်ဆိုရင် ဒီထက် ပိုကောင်းမွန်တဲ့ နိုင်ငံသစ်တစ်ခုကို အချိန်တိုအတွင်း ပြည်သူတွေလက်ထဲ ပေးအပ်နိုင်မယ်လို့ ထင်ပါတယ်။

Voice : ဖန်ခွက်ထဲမှာ ရေတစ်ဝက် အပြည့်ရှိ၊ မရှိဆိုတာထက် ဖန်ခွက် က ပိုအရေးကြီးတယ်ဆိုတာကကော ကိုအောင်သူ။

UAT : ဟုတ်တယ်ဗျာ။ အဲဒီ ideology ကို ကျွန်တော်စကြားတာ။ ထောင်ထဲမ၀င်ခင်လေးတင်လို့ထင်ပါ တယ်။ နောက် အဲဒီ ideology ကို distribute လုပ်တာလည်း ခင်ဗျားတို့ Voice လို့ထင်တယ်။ ကျွန်တော်အခုပြောနေတဲ့ အဓိကအချက်က ကျွန်တော်တို့အားလုံး အရမ်းနာကျင်ခံစားခဲ့ရတယ်။ အခုလို အခြေအနေအချိန်အခါတစ်ရပ်လုံးကြီး ကို မျိုကျနိုင်ဖို့ တော်တော်ခက်ခဲပင်ပန်း ခဲ့တယ်။ ဒါပေမဲ့ တကယ်လည်း တိုင်း ပြည်အကျိုး၊ လူထုအကျိုးအတွက် စစ် မှန်တဲ့ပြောင်းလဲမှုမျိုးဆိုရင်တော့ ကျွန် တော်တို့ကိုယ် ကျွန်တော်တို့ လောင် ကျွမ်းပစ်ခံနိုင်ပါတယ်။ ဒါက အမျိုးသား ပြန်လည်ရင်ကြားစေ့ကြတဲ့ တိုင်းပြည် တိုင်း ဒီလိုနာကျင်ခံစားရတာပါ။
ဒါတွေဟာ ဘက်တစ်ဖက်တည်း ခံစားကြရတာ မဟုတ်ပါဘူး။ ဒီရင်ကြား စေ့ရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက် ခဲ့ကြသူတွေရော သာမန်ပြည်သူတွေပါ ခံစားကြရမှာ မလွဲမသွေပါ။ အဲတော့ ဒီခံစားရမှုကို အချင်းချင်းချေဖျက်ပစ် နိုင်တဲ့ အဆင့်ကိုတော့ ကျွန်တော်တို့ ရောက်လုနီးနေပါပြီ။
ဒါပေမဲ့ ထူထူထောင်ထောင်နဲ့ နာလန်ပြန်ထဖို့ဆိုတာကတော့ ခုန ကျွန် တော်ပြောတဲ့ ဖန်ခွက်ထဲမှာ ရေတစ်ဝက် အပြည့်ရှိ မရှိဆိုတဲ့ View ထက် ပိုနက် ရှိုင်းတဲ့အမြင်နဲ့ ကြည့်ဖို့လိုလာပါပြီ။ ရေ တစ်ဝက်ရှိချင်ရှိမယ်။ တစ်ဝက်လည်းရှိ ချင်မှရှိမယ်။ အဲဒီ Idea ထက် ရေဘယ် လောက်ပဲရှိပါစေ အဲဒီရေထည့်ရမယ့် ဖန်ခွက်လှလှ အသစ်တစ်လုံးကိုတော့ ကျွန်တော်တို့လုပ်ဖို့လိုလာပြီ။ ကျွန်တော် တို့အားလုံးစုပေါင်းလုပ်မယ်။ ပြီးရင် ကျွန်တော်တို့အားလုံးစုပေါင်းရေဖြည့် မယ်။
ဥပမာ- အကြောင်းအမျိုးမျိုး ကြောင့် နိုင်ငံခြားရောက်နေသူတွေ အတွက် အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်း သာခွင့်တစ်ရပ်ရပ်ထုတ်ပြန်စေချင်တယ်။ သူတို့ရဲ့ Human Resource အရမ်း အရေးကြီးလိုအပ်ပါတယ်။ ကျွန်တော် တို့က တိုင်းပြည်အတွက် ထောင်ထဲဝင် လိုက်ထွက်လိုက် လုပ်နေချိန်မှာ သူတို့ ကလည်း အလားတူ တိုင်းပြည်အတွက် လိုအပ်တဲ့ Capacity တွေ တင်းပြည့်ကျပ် ပြည့်စုဆောင်းနိုင်ခဲ့သူတွေပါ။ အဲတော့ တိုင်းပြည် ပြုပြင်ပြောင်းလဲရေးမှာပဲဖြစ် ဖြစ်၊ တည်ဆောက်ရေးမှာပဲဖြစ်ဖြစ် ဒီ Capacity တွေကို အသုံးချသင့်တယ်။
အဲတော့ ရေတစ်ဝက်ပဲတို့၊ ရေ တစ်စက်ပဲတို့ ပြောနေမယ့်အစား နောက် ထပ်ဖန်ခွက်လှလှလေးအသစ်တစ်လုံးကို Design ဆင်သင့်ပါပြီ။ အားလုံးစုပေါင်း ပါဝင်ပြီး လုပ်ကြဖို့ပါ။ ဒဏ်ရာဒဏ် ချက်တွေနဲ့ ပဲ့ရွဲ့နေတဲ့ဖန်ခွက်ထဲက ရေ ကတော့ ပြည့်ပြီးလျှံကျနေလည်း သောက်ဖို့ရွံ့နေကြဦးမှာပါ။ ဒါပေမဲ့ ဒီအမျိုးသားပြန်လည်သင့်မြတ်ရေးစိတ် နဲ့ ကျွန်တော်တို့ သောက်ခဲ့ရတယ်။ မျိုမကျပေမယ့် မျိုချဖို့ကြိုးစားခဲ့ရတယ်။ သို့ပေမယ့် ခုချိန်မှာတော့ ဖန်ခွက်လှလှ အသစ်တစ်လုံးကတော့ လိုကိုလိုအပ်နေ ပါပြီ။ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်း တည်ဆောက်ကြရအောင်ပါ။ ပြီးရင် ကျွန်တော်တို့အားလုံး ၀ိုင်းပြီး ရေဖြည့် ကြပါမယ်။ အဲဒီအချိန်ကျ တစ်စက်ပဲ ရှိလည်း ချိုသွားမှာပါ။

သတင်း....The Voice Weekly

ပွင့်သစ်လွင်ပြင်ပန်းချီပြပွဲ ဖွင့်ပွဲအခမ်းအနား





သတင်း......Yangon Press International

ပြည်သူအတွက် အကျိုးမရှိသော ဥပဒေများပြင်ရန်ကြိုးပမ်းမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မိမိတို့အနေဖြင့် လွှတ်တော်တွင်းသို့ရောက်ပါက ပြည်သူအတွက် အကျိုးမရှိသောဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပုဒ်မများကို ပြင်ဆင်ရန်ကြိုးပမ်းမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က “ ပြည်သူတွေအတွက် အကျိုးမရှိတဲ့ အပိုင်းတွေကို ပြင်မယ်ဆိုတာ အန်တီတို့ယုံကြည်ချက်အရပြောတာပါ။

ဖွဲ့စည့်ပုံကို ရေးဆွဲခဲ့တဲ့သူတွေကတော့ ပြင်ချင်စိတ်နဲ့ရေးထားတာမဟုတ်ဘူးလို့ပြောရမှာပေါ့။ အစကတည်းက ပြင်ချင်ရင် ပြင်ထားမှာပေါ့ ” ဟု လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ မစ္စတာ ကွင်တားနားနှင့် တွေ့ဆုံအပြီး သတင်းထောက်တဦး၏ မေးခွန်းအားဖြေကြားရာတွင် ပြောဆိုလိုက်သည်။

ဥပဒေပညာရှင်တစ်ဦးဖြစ်သည့် ဦးအောင်သိန်းကလည်း လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရမည့် အချက်များစွာရှိကြောင်း ၊ ယင်းအချက်များသည် ပြည်သူကို အကျိုးမပြုသည့် ဥပဒေများဖြစ်ကြောင်း ပြောကြားသည်။

၎င်းက “ အမျိုးသားအကျိုးစီးပွားလို့ပြောနေပေမယ့် ဖွဲ့စည့်ပုံထဲမှာ ပြည်သူကို အကျိုးမပြုတာတွေ အများကြီးပဲ။ ဥပမာ တပ်ကအချိန်မရွေးအာဏာသိမ်းလို့ရအောင် လုပ်ထားတာမျိုး၊ နောက် တပ်ရဲ့အထူးရံပုံငွေကို လွှတ်တော်မှာ မေးမြန်းခွင့်မရှိဘူး ဆိုတာမျိုးပေါ့ ”ဟု ရှင်းလင်းပြောဆိုသည်။

ထိုသို့ဥပဒေပြင်ဆင်နိုင်ရန်အတွက် လွှတ်တော်ထဲရှိ ပြည်ခိုင်ဖြိုးမှ အမတ်များနှင့် တပ်မတော်သားကိုယ်စားလှယ်များ၏ သဘောတူညီချက်ကို ရအောင်လည်း ကြိုးပမ်းသွားမည်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ “ သူတို့သဘောတူအောင် လုပ်ရမှာပေါ့” ဟု ၎င်းကဆိုသည်။

ဦးအောင်သိန်းကမူ ထိုသို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရာတွင် ပြည်ခိုင်ဖြိုးပါတီနှင့် တပ်မတော်သားများ အားကောင်းနေသော လွှတ်တော်တွင်းတွင် ခက်ခဲမည်ဖြစ်ကြောင်း၊ အခြေခံဥပဒေကိုယ်၌ ပြင်ဆင်သင့်သည့် အချက်တွင် အခြေခံဥပဒေကို အလွယ်တကူ ပြင်ဆင်နိုင်ရန် ပြင်ဆင်သင့်ကြောင်း ပြောကြားသည်။

“ အခြေခံဥပဒေက ဘုရားဟောမှမဟုတ်တာဗျာ။ ဘာကြောင့် မတို့ရဲ မထိရဲဖြစ်နေရမှာလဲ။ ဒါပေမယ့် အခု အခြေအနေအရ ပြင်ဖို့ခက်ခဲနေတယ်။ အသေးအမွှားလေးတွေကို တော့ပေးပြင်နိုင်တယ်။ ဒါပေမယ့် တပ်နဲ့ဆိုင်တဲ့ကိစ္စမျိုးကတော့ ပြင်မရနိုင်ဘူး” ဟု ၎င်းကဆိုသည်။

မန္တလေး ခရီးစဉ်နှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် နှင့် သတင်းထောက်များ တွေ့ဆုံရာတွင်မေးမြန်းရာ ခရီးစဉ်ကိုသေသေချာချာ စီစဉ် လို့ရအောင် ရက်ရွှေ့လိုက်တာပါဟု ပြောဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မများကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်စုစုပေါင်း ၏ ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရမည်ဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအခန်း ၁၂ ပုဒ်မ ၄၃၅ တွင် “ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းက တင်ပြလာလျှင် အဆိုပါပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမည်” ဟုပါရှိသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ကိုယ်စားလှယ် ၅၈ ရာခိုင်နှုန်း၊ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်ပြီး အခြားပါတီများမှ ကိုယ်စားလှယ် ၁၇ ရာခိုင်နှုန်းသာပါဝင်သည်။

လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ကျင်းပမည့် မဲဆန္ဒနယ်စုစုပေါင်းမှာ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း၏ ၈ ရာခိုင်နှုန်းနီးပါးသာရှိသည်ကိုတွေ့ရသည်။

ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးဖြစ်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဌေးဦးကလည်း လက်ရှိဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြင်ဆင်ရန်အချက်သိပ်မရှိဟု အာရ်အက်ဖ်အေ သတင်းဋ္ဌာနနှင့် မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ။

သတင်း....Yangon Press International

ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောကြား

နိုင်ငံတော်အစိုးရထံမှ ကွင်းငှားရမ်းစဉ်က ညွှန်ကြားချက်စည်းကမ်းကြောင့် ဗထူးကွင်းအား ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် မငှားရမ်းနိုင်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဘောလုံးကွင်းက ဘောလုံးအဖွဲ့ချုပ်က ပိုင်တာမဟုတ်ပါဘူး။ ဘောလုံးအဖွဲ့ချုပ်အနေ နဲ့ နှစ်၃၀စာချုပ်နဲ့ နိုင်ငံတော်အစိုးရထံက ငှားရမ်းထားတာပါ။ ငှားစဉ်စာချုပ်ချုပ်ကတည်း က ဘောလုံးအားကစားအပါအ၀င် နိုင်ငံတော်က အထူးစီမံတဲ့အခမ်းအနားတွေရယ်၊ အားကစားနဲ့နွယ်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကလွဲရင် ကျန်တာတွေ ငှားခွင့်မရှိပါဘူးလို့ ညွန်ကြားချက်ရရှိထားတဲ့အတွက် မငှားတာပါ။ ဘောလုံးအဖွဲ့ချုပ်က မငှားတာမဟုတ်ပါဘူး။ ငှားခွင့်မရှိလို့ မငှားတာပါ။ အဲဒီအပေါ်မှာ NLD အနေနဲ့လည်း ဘောလုံးအဖွဲ့ချုပ်ကို နားလည်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ အစိုးရအထက်အဖွဲ့အစည်းတစ်ခုခုက အထူးကိစ္စတစ်ခုအနေနဲ့ ခွင့်ပြုလိုက်တယ်ဆို ရင်တော့ ဘောလုံးအဖွဲ့ချုပ်အနေနဲ့လည်း ခွင့်မပြုစရာ အကြောင်းမရှိပါဘူး”ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မီဒီယာဒါရိုက်တာ ဦးစိုးမိုးကျော်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်အတွက် ဗထူးကွင်းအား ဘောလုံးအဖွဲ့ချုပ်က မငှားဘူး။ ဦးဇော်ဇော်က မငှားဘူးဆိုသည့် သတင်းများထွက်ပေါ်နေသည့် အပေါ်၌လည်း ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက စိတ်မကောင်းဖြစ်နေကြောင်း ၄င်းက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် မန္တလေးသို့သွားရောက်မည့်ခရီးစဉ် ရွှေ့ဆိုင်းခဲ့ရသော်လည်း ယခုလ၇ရက်နေ့တွင် ပုသိမ်ခရီးနှင့် ၁၁ရက်နေ့တွင် ကော့မှူးခရီးစဉ်တို့ကို သွားရောက်မည်ဖြစ်ကြောင်း ယနေ့ညနေ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကာတားနားနှင့်တွေ့ဆုံဆွေးနွေးအပြီး သတင်းထောက်များနှင့် တွေ့ဆုံချိန်တွင် ပြောကြားခဲ့သည်။

သတင်း....7Day News Journal

ကင်တာနား နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များတွေ့



မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားနှင့် ၈၈ မျိုးဆက်ကျောင်းအဖွဲ့နှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်ပြောင်းလဲမှု့များကို လေ့လာပြီး ၄င်း တို့၏ သဘောထားအမြင်များအား သက်ဆိုင်ရာသို့ အစီရင်ခံရမည် ဖြစ်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ (၃)ရက်နေ့ ညနေ ၅း၃၀ နာရီတွင် မစ္စတာကင်တာနားနှင့် ၈၈မျိုးဆက်ကျောင်း သားခေါင်းဆောင်များနှင့် တို့သည် ကုလသမဂ္ဂ တိုးတက်ရေးဌာနရုံး(UNDP)တွင် ၂း၀၀နာရီကျော်ခန့် ကြာအောင်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

“နောက်ဆုံးကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့ရယ် ပြည်တွင်းငြိမ်းချမ်းရေး အာမခံချက်ရဖို့ ပြည်တွင်းမှာ ပြင်ဆင် ပြောင်းလဲရမယ့် ဥပဒေတွေရယ် သတင်း မီဒီယာ လွတ်လပ်ခွင့် ကျောင်းသားသမဂ္ဂ ကိစ္စတွေကို ပြောဖြစ်ခဲ့တယ်” ဟု ကိုမင်းကိုနိုင်မှ ပြောသည်။

အဆိုပါ တွေဆုံမှု့တွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် အာမခံချက်ရရေး၊ ပြည်တွင်း၌ ပြင်ဆင် ပြောင်းလဲရမည့် ဥပဒေရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် နှင့် ကျောင်းသားသမဂ္ဂကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသားများ ထံမှ သိရှိရသည်။

“မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း တွေရဲ့ စိုးရိမ်ချက်တွေ ကို လျှော့ပေါ့ပြီးတော့ အမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်ဖို့ လိုပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းရွက်မယ်ဆိုရင် မစ္စတာ ကင်တာနားရဲ့ထင်မြင်ချက် ယူဆချက်တွေ တင်ပြချက်တွေကအရေး ပါပါတယ်”ဟု မစ္စတာ ကင်တာနားနှင့် ပတ်သတ်၍ ကိုဋ္ဌေးကြွယ်မှ သူ၏အမြင်ကို ပြောခဲ့သည်။

မစ္စတာကင်တာနားသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက် ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး
မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက် ခရီးစဉ်ဖြစ်ကြောင်းသိရှိရသည်။ ယခင်က မြန်မာစစ်အစိုးရအား လူသားမျိုးနွယ်ပေါ် ကျူးလွန်သည့်ရာဇ၀တ်မှုများဆိုင်ရာ (Crime against humanity) တို့အတွက် စုံစမ်းစစ်ဆေးရေး ကော်မ ရှင် ဖွဲ့ရေး( CoI) ကိုတောင်းဆိုခဲ့သူလည်းဖြစ်သည်။

၈၈မျိုးဆက်ကျောင်သားများနှင့် မတွေ့ဆုံမှီ မစ္စတာ ကင်တာနားသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ညနေ ၄း၃၀ နာရီ အချိန်တွင်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။

သတင်း၊ ဓာတ်ပုံ (ရွှေမြစ်မခ)

03 February 2012

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပုသိမ်လာရောက်တဲ့နေ့တွေ ဖေဖေါ်ဝါရီ ၆ရက်နဲ့ ၇ ရက်တွေမှာ တက္ကသိုလ်တွေမှာ ရုတ်တရက်စာမေးပွဲပြုလုပ်မည်

ကျွန်တော်က ပုသိမ်တက္ကသိုလ်ကျောင်းလမ်းမကြီးမှာ မိတ္တူဆိုင်ဖွင့်ထားတဲ့သူတယောက်ပါ. .

ခုလတ်တလောကြားရတဲ့သတင်းက တော်တော်လေးကို မမျှတဘူးလို့ ကျနော်ထင်မိတယ်

ပြည်သူလူထုရဲ့ အချစ်တော် အန်တီစု (ဒေါ်အောင်ဆန်းစုကြည်) ပုသိမ်မြို့ကို ခုလာမယ့် ဖေဖေါ်ဝါရီ 7 ရက်နေ့ လာရောက်မယ်လို့ သတင်းကြားလို့ ကျနော်တော်တော်လေး ပျော်ရွှင်ရတယ်. . ကျနော့်လိုပဲ အန်တီစု၊ အမေစုကို ချစ်ကြတဲ့ပုသိမ်မြို့သူမြို့သားတွေလည်း ပျော်ရွှင်ကြမယ်လို့ ယုံကြည်တယ်. . . အမေစုရဲ့ မိန့်ခွန်းတွေလည်း နားထောင်ချင်တယ်. . လူကိုလည်း မျက်ဝါးထင်ထင် တွေ့ချင်မိကြတာပေါ့. . . အထူးသဖြင့် အမေစု ရဲ့ ရည်မှန်းချက်တခုဖြစ်တဲ့ လူငယ်တွေ လူငယ်တွေကို စိတ်ဓါတ်ရေးအရ ကြံ့ခိုင်အောင် ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ထားချက်တွေ မိန့်ခွန်းတွေကို နားထောင်ရတာ တအားအားရကျေနပ်ရပါတယ်. ..

ဒါပေမယ့် ကျနော့်သူငယ်ချင်း တက္ကသိုလ်ဆရာတယောက်စီက ကြားလိုက်ရတဲ့သတင်းကြောင့် ကျနော် တော်တော်လေး တင်းသွားပါတယ်. .ဒေါသထွက်သွားပါတယ်. .. ခုလို မြန်မာနိုင်ငံဟာ နိုင်ငံရေး စီးပွားရေး လူမှုရေး ပညာရေး အခြေအနေအရပ်ရပ်မှာ ကောင်းမွန်တဲ့ ပွင့်လင်းတဲ့ စည်းစနစ်ကျတဲ့ နိုင်ငံတကာနဲ့ ယှဉ်ပေါင်တန်းနိုင်တဲ့ အခြေအနေကို ဦးတည်သွားနေတဲ့ အခြေအနေမျိုးမှာ ကျနော်ကြားရတဲ့ ခုလိုသတင်းမျိုးက မဖြစ်သင့်ဘူးလို့ ထင်ပါတယ်. . ပြည်သူရဲ့ အပြည့်အ၀ထောက်ခံမှုကို ရနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ကို လာရောက်တဲ့နေ့တွေ ဖေဖေါ်ဝါရီ 6ရက်နဲ့ 7 ရက်တွေမှာ တက္ကသိုလ်တွေမှာ ရုတ်တရက်စာမေးပွဲ ကျောင်းသားကျောင်းသူတွေကို Pre exam အနေနဲ့ စစ်မယ်လို့ သတင်းကြားလိုက်ရပါတယ်. . . အန်တီစု ကို တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေနဲ့ ပေးမတွေ့ချင်တဲ့ သဘောပါပဲ. . အထက်က အမိန့်ပေးတယ်လို့ သတင်းကြားမိပါတယ်.. . . တကယ်တော့ နောင်တခေတ်ရဲ့ မဝေးတော့တဲ့ မြန်မာပြည်ရဲ့ အနာဂါတ်ကို ခေါင်းဆောင်ကြမယ့် ပညာတတ်လူငယ်လူရွယ်တွေဟာ နိုင်ငံရေးအသိစိတ်ဓါတ် အပြည့်ရှိနေရပါမယ် ကိုယ့်နိုင်ငံ နိုင်ငံတကာအဆင့်မှီ အရေးကိစ္စမှန်သမျှမှာ ပွင့်လင်းညင်သာ အဆင်ပြေစွာ စီးဆင်းရမယ့် အနေအထားမှာ ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေကို ပိတ်ပင်တားဆီးတဲ့ အနေအထားမျိုးဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်သင့်ပါဘူး လှူု့အခွင့်အရေးအရလည်း ငြိပါတယ်. .. . အထက်အာဏာပိုင်တွေဟာ ရည်ရွယ်ချက်မှားနေပါတယ်. ဆူညံအုန်းပွက် ဘာမှ အရေမရအဖတ်မရ စတိတ်ရှိုးပွဲတွေမှာတော့ လူငယ်လူရွယ်တွေဟာ ဖြစ်ချင်သလိုဖြစ်နေကြပြီး ခုလို့ ရင့်ကျက်တည်ငြိမ် လေးနက်တဲ့ လူငယ်တိုင်း နားထောင်ရမယ့် စကားမျိုးတွေ လူတွေကိုတော့ ပေးမတွေ့ပဲ ပေါ့ပျက်ပျက်အနေအထားမျိုးတွေမှာ လူငယ်တွေကို လွတ်ပေးထားတာဟာ. . . နိုင်ငံတနိုင်ငံကို ကောင်းမွန်စွာ Clean Government အနေအထားမျိုး လုပ်ဆောင်နေပါတယ်ကြွေးကြော်နေတာ လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတာလို့ ကျနော် မှတ်ချက်ချလိုက်ပါတယ်. .. တိုင်းပြည်တပြည်ရဲ့ အနာဂါတ်ကောင်းမွန်ရေးဟာ တက္ကသိုလ်ကျောင်းသားကျောင်းသူ လူငယ်လူရွယ်တွေလက်ထဲမှာ ရှိပါတယ်. . အသိစိတ်ဓါတ်တွေ ဖွံဖြိုးတိုးတက်ဖို့ တအားလိုအပ်တဲ့ အခြေအနေမျိုးကို ပိတ်ပင်တဲ့ အနေအထားဖြစ်တဲ့အတွက် အထက်အာဏာပိုင်ဆိုတဲ့ ပုဂိုလ်တွေကို ကျနော် လုံးဝကို ရှုတ်ချပါတယ်. . . ပုသိမ်မြို့ကို လုံးဝကို အားမရပါဘူး. . . နောင်တခုက သူတို့စိုး၇ိမ်တာက လူငယ်တွေ ဆူညံပြီး ထိန်းမရသိမ်းမရဖြစ်မှာလို့ အကြောင်းပြပါမယ်. . တကယ်တန်းက လူငယ်တွေချစ်တဲ့ ပြည်သူချစ်တဲ့သူတယောက် ဦးဆောင်တဲ့ ကိစ္စမှန်သမျှဟာ ဘယ်လိုနည်းနဲ့မှ ဆူညံပြီး ထိန်းမရသိမ်းမရဖြစ်မှာ မဟုတ်ပါဘူး. . တအားထိန်းသိမ်း ကြပ်မတ်လွန်းရင် ပေါက်ကွဲထွက်တတ်တယ်ဆိုတဲ့ စိတ်ပညာသဘောတရားကို သူတို့တွေ နားမလည်ပါဘူး. . ခုထိ Army Style ကို ကျင့်သုံးနေတဲ့ Government ကို ရှုတ်ချပါတယ်

ကျနော်ဟာ နိုင်ငံရေးသမားတယောက် လုံးဝမဟုတ်ပါ ပြည်သူထဲက ပြည်သူတယောက်ဖြစ်ပါတယ်

ခုလို လမ်းကြောင်းမှန်ပေါ်ရောက်နေတဲ့အခြေအနေမျိုးမှာ ခုလို fucking blocking, restricting, တွေ ရှိနေတာဟာ ကျနော်တို့ ပုသိမ်မြို့အတွက် နိုင်ငံတခုလုံးအတွက်ကို မကောင်းတဲ့အနေအထားပါပဲ. . .



ဖြိုးထက်အောင်မြင့်

ဖေဖေါ်ဝါရီ 2.2012

ကြာသပတေးနေ့၊ ညနေ 4း15

ပုသိမ်မြို့

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ် ရွှေ့ဆိုင်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လာမယ့် ဖေဖ၀ါရီလ ၄ရက်နဲ့ ၅ ရက်မှာ မန္တလေးကို သွားရောက်ပြီး၊ မန္တလေး ပြည်သူလူထုနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ တွေ့ဆုံဖို့နေရာတွေ ကြိုတင်စီစဉ်ရာမှာ အခက်အခဲမျိုးစုံတွေ ကြုံတွေ့ရပြီးတဲ့နောက်၊ လူထုစုဝေးပွဲလုပ်ဖို့နေရာ မရတာကြောင့် အခုလို ခရီးစဉ်ဖျက်သိမ်းလိုက်ရတာလို့ သိရပါတယ်။ ကိုသားညွန့်ဦးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးအုန်းကြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ။ ကျနော်တို့ အခု စီစဉ်ထားတဲ့ ခရီးစဉ်ကို ဖျက်လိုက်ပါတယ်။ ရက်ရွှေ့တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ၄ ရက်နေ့ သွားမယ်ဆိုတဲ့ ခရီးစဉ်ကတော့ မသွားဖြစ်တော့ဘူး။”

ဘာကြောင့် လဲခင်ဗျား အခြားအကြောင်းအရာတွေများ ရှိပါသလား အခက်အခဲ တစုံတရာ

“ကျနော်တို့က ကော်မရှင်ကို ၁၀ ရက်ကြိုပြီးတော့ စည်းမျဉ်းအတိုင်း တင်ပါတယ်။ ပြီးတော့ ကျနော်တို့ကလည်း လူထုပရိသတ်ကို လမ်းပိတ်ဆို့မှုတွေ ဘာတွေ မဖြစ်စေချင်တဲ့အတွက်ကြောင့်၊ မန္တလေး လူထုပရိသတ်အကြောင်းလည်း ကျနော်တို့သိတယ်လေ။ ဒေါ်စုကလည်း မရောက်တာကြာတော့ တခဲနက် ကြိုကြမှာ။ လမ်းတွေ ပိတ် ဘာပိတ်ဆိုတော့ သူတို့လည်းပဲ မကောင်းဘူး အခက်အခဲဖြစ်ကုန်မယ်ဆိုပြီးတော့၊ ကျနော်တို့ က ဗထူးကွင်းကို တောင်းပါတယ်။ ပထမ ရမလိုလို ဘာလိုလို ပြောတော့ ကျနော်တို့က ရန်ကုန်က Football အဖွဲ့ချုပ်ပေါ့ဗျာ၊ ကိုဇော်ဇော်တို့ကို ကျနော်ကိုယ်တိုင် လျှောက်လွှာတွေဘာတွေ တင်ထားပါတယ်။ ရက်နီးတော့မှ ကော်မရှင်က ကျနော်တို့ကို ခေါ်ပြီးတော့ ခင်ဗျားတို့ ကွင်းရရင် ပေးမယ်တဲ့ အဆင်သင့်ပဲတဲ့။ ကွင်းသွားပြောတဲ့အခါကျတော့လည်း ကော်မရှင်က ခွင့်ပြုချက်ယူသာလာခဲ့ ကျနော်တို့က အဆင်သင့်ပဲ ဆိုတဲ့အခါကျတော့ အဲလိုနဲ့ပဲ ရက်တွေက တနေ့ထက်တနေ့ သူ့လွှဲသလို ငါလွှဲသလိုလိုနဲ့ အဆင်မပြေဘူးဗျ အဲလိုဖြစ်တယ်။”

“မနေ့က ကျတော့ ကျနော်တို့ ရက်လည်း မရှိတော့ပါဘူး။ ပြင်ဆင်ချိန်နဲ့ဘာနဲ့ ကျနော်တို့လည်းပဲ စီစဉ်ပါရစေလို့ ပြောတဲ့အခါကျတော့ ဗထူးကွင်းက သူတို့လူကြီးတွေလာပြီး ကွင်းစစ်ဖို့ အစီအစဉ်ရှိလို့ ဆိုပြီး ကျနော်တို့ကို မပေးတော့ဘူး ပြောတယ်။ ပြောတဲ့အခါကျတော့ ကျနော်တို့က ဒါဖြစ်ရင် မန္တလေးတောင်ခြေက မန္တလေး အားကစားကွင်းပေါ့ဗျာ သွားရတာ လှမ်းပေမယ့်လို့ လုပ်ပါ့မယ် ကျနော်တို့ အဲဒီမှာပဲ မန္တလေးအားကစားကွင်းပေါ့။ အဲဒါ ချပေးပါပြောတော့ တိုင်းအားကာ လက်အောက်မှာရှိတယ်တဲ့။ အဲတော့ တိုင်းအားကာကို လျှောက်လွှာသွားတင်တယ်။ ၀န်ကြီးချုပ်ဆီ တင်မယ် ဘာမယ်ဆို ယူသွားပြီးတော့ တကယ့်တကယ်ကျတော့ မယ်မယ်ရရ အဖြေထွက်မလာဘူးဗျ။”

“ကော်မရှင်ကလည်း ခွင့်ပြုချက်က ၄၈နာရီ ကြိုပြီး ပေးရမှာဆိုတော့ အဆင်မပြေဘူးဖြစ်တော့ ကျနော်တို့က အခြား အဆင်ပြေတဲ့ ကွင်း တကွင်းကွင်း လုပ်ရမယ်ဖြစ်တော့ ရတနာပုံကွင်းကို ရဖို့ ကြိုးစားတော့လည်း၊ မန္တလေး FC က ကျနော်တို့ကို မပေးနိုင်ဘူးလို့ အကြောင်းပြန်တယ်ဗျ။ ကွင်းစီစဉ်ရတာ အခက်အခဲဖြစ်နေတယ် ကျနော်တို့မှာ။ ဒါဖြစ်ရင် ဖြစ်တဲ့ပုံစံပေါ့ ရှမ်းအသင်းကပိုင်တဲ့ကွင်းကတော့ ကျနော်တို့ကို ပိုက်ဆံနဲ့ ငှားတယ်ဗျ။ ကွင်းကဗျာ ဘောလုံးကွင်း တ၀က်စာလောက်ပဲ ရှိတော့ လူထုပရိသတ်လည်း အားနာရတယ်ဗျာ။ ဒါက သိပ်ပြီးတော့ အကျိတ်အနယ်တွေ ဖြစ်ကုန်ရင် မကောင်းဘူးပေါ့။ အဲဒါနဲ့ပဲ ဥက္ကဌက ကျနော်တို့ကို ရက်ရွှေ့မယ် နောက် ပြောင်းပြီး စီစဉ်မယ်ပေါ့ အဲလို ပြောင်းလိုက်တာပဲ။”

အဓိကကတော့ နေရာအခက်အခဲကြောင့် ရွှေ့ရတဲ့သဘောပေါ့။

“ဟုတ်ပါတယ်။ နေရာအခက်အခဲဖြစ်လို့ ရွှေ့ရတာပါ။”

သက်ဆိုင်ရာအာဏာပိုင်တွေဖက်က ဒီလိုနေရာအခက်အခဲဖြစ်အောင် ဖိအားတွေ ဘာတွေ ပေးတာမျိုးရော ကြားမိလား။

“ကျနော်ကိုယ်တိုင်တော့မဟုတ်ဘူးပေါ့။ မန္တလေးတိုင်းက တာဝန်ရှိသူတွေ ကိုယ်တိုင်သွားရတာပေါ့။ သူတို့ပြောတတွေ တယ်လီဖုန်းနဲပေါ့။ မနေ့ကဆိုရင် တနေကုန် စောင့်ပါဦးဆိုပြီး အစည်းအဝေးခန်းထဲမှာ ထိုင်စောင့်ခိုင်းတယ်ဗျာ။ လာမှာပါ ပေါ့လေ အထက်တင်ထားပါတယ်ဆိုပြီးတော့။ ညနေအထိ ဘာမှ အဖြေ မယ်မယ်ရရ မရတာမျိုးပေါ့။ ဒါကတော့ အဓိပ္ပါယ်က တမျိုးပေါ့၊ နဲနဲ အခက်အခဲတခုတော့ ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ထွက်တယ်ဗျ။”

ဘယ်တော့လောက် ပြန်သွားဖြစ်မလဲ၊ ပြန်သွားဖြစ်ဖို့ ကြိုးစားဖို့ ရှိပါလား။

“အဲဒါ ဥက္ကဌကတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အစည်းမှာ စဉ်းစား ဆုံးဖြတ်ပြီးတော့မှ စီစဉ်မယ်လို့ ပြောပါတယ်။ ရက်က အတိအကျ မပြောနိုင်သေးပါဘူး”

ဗထူးအားကစားကွင်း မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်ကို ဗွီအိုအေက ဆက်သွယ်ပေမယ့်၊ ဖုန်းဖြေကြားချက် မရခဲ့ပါဘူး။


သတင်း......VOA

02 February 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပြိုင် အရွေးခံမည့်ကိုယ်စားလှယ်လောင်း အမည်စာရင်းထွက်

ကြားဖြတ်ရွေးကောက်ပွဲတွင်ကော့မှူးမြို့နယ် မဲဆန္ဒနယ် အတွက်ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွတ်တော် ကိုယ်စားလှယ်လောင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ယှဉ်ပြိုင်မည့်သူမှာ ဒေါက်တာစိုးမင်းဖြစ်သည်။


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ အတည်ပြုချက်အရ လစ်လပ်လျက်ရှိသော ကိုယ်စားလှယ် (၄၈) နေရာအတွက်ကျင်းပပြုလုပ်ပေးမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ရွေးချယ်မှု ခံယူကြမည်။






မြန်မာလူငယ်တို့၏ အသံများကြားရပြီ

(31 January 2012 ရက်စွဲပါ AFP ၏ Myanmar Youth make their voice heard ကို YC မှဘာသာပြန်ဆိုသည်။)

မြန်မာနိုင်ငံမှ လူငယ်များသည် ဒီမိုကရေစီအတွက် ကာလကြာရှည်ရုန်းကန်ရမှုတွင် သူစိမ်းတစ်ရံစာများ မဟုတ်ပေ။ ယခုအခါ အစိုးရသည် တံခါးဖွင့်ပေးပြီးခောတ်သစ်တစ်ခုအတွက် ကတိပေးထားပြီးဖြစ်၍ ၎င်းတို့သည် နိုင်ငံရေးကို အရိပ်တစ်ခုအောက်တွင် လုပ်နေရာမှ ရဲရဲဝံ့ဝံ့ထွက်လာဝံ့ကြပြီ ဖြစ်သည်။ ၎င်းတို့၏ စိတ်ပါဝင်စားမှုသည် သွေးသစ်လောင်းရန်လိုအပ်နေသော ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက် များစွာ အကျိုးရှိမည် ဖြစ်သည်။ လက်ရှိ NLD တွင် ထိပ်ပိုင်းနေရာများအား အန်ကယ်ဟုခေါ်သော ၈ဝ ကျော် ၉ဝ အရွယ်များက နေရာယူထားသည်။

အတိုက်အခံပါတီသည် ဧပြီလ (၁)ရက် ကြားဖြတ်ရွေးကောက်ပွဲအတွက် အရှိန်မြင့်လျှက်ရှိပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားပါတီဝင် ဒါဇင်များစွာသည် လွှတ်တော်အတွင်းသို့ ပထမဆုံး ဝင်ရောက်ရန် ရှိရာ ငယ်ရွယ်သူ အများစုသည် တိုက်ပွဲဝင်ရန် အသင့်နားစွင့်နေကြသည်။ ‘‘ကျွန်မ အမှန်တရားအတွက် တိုက်ပွဲဝင်ချင်တယ်’’ ဟု NLD အဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ်ရှိ သူဇာလွင်က ပါတီ၏ ယိုင်နဲ့နေသော ရန်ကုန်ရုံးချုပ်တွင် ပြောခဲ့သည်။ ‘‘ကျွန်မတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယုံတယ်’’ ဟုလည်း သူမက ပြောသည်။

မြန်မာနိုင်ငံမှ လူငယ်များသည် စစ်တပ်အုပ်ချုပ်ရေးနှင့်ဖိနှိုပ်မှုများကို တော်လှန်ရာတွင် ဦးဆောင်သူများ ဖြစ်ခဲ့သော်လည်း ယခင်က လမ်းပေါ်တွင် ဆန္ဒပြခြင်း၊ အမှောင်ရိပ်ခိုရခြင်းများသာ လုပ်ခဲ့ရသည်။ ယခုအခါ ၎င်းတို့၏အသံများကြားအောင် လုပ်ခွင့်ရလာပြီဟု ခံစားလာကြရသည်။ ‘‘အစိုးရက ကျွန်တော်တို့ကို အမြဲတမ်းသံသယရှိနေတာ၊ အခုတော့ ကျွန်တော်တို့လွတ်လပ်သွားပါပြီ’’ ဟု ၂၁ နှစ်အရွယ်ရှိကျောင်းသား ဇေယျာဖြိုးက ပြောသည်။ ၁၉၈၈ ခုနှစ်အရေးအခင်းကြီးတွင် ကျောင်းသားများသည်ရှေ့တန်းမှ ပါဝင်ခဲ့ပြီး အစိုးရ၏နှိပ်ကွပ်မှုကြောင့် လူ (၃ဝဝဝ) ခန့်သေဆုံးပြီး ကျောင်းသားအများစုမှာ အစိုးရ၏ အနီးကပ်စောင့်ကြည်ခြင်းကို ခံခဲ့ရသည်။ ၂၀၀၇ ခုနှစ်တွင်လည်း ထိုကျောင်းသားများကပင် ဘုန်းတော်ကြီး ကျောင်းများနှင့် ရွှေဝါရောင် တော်လှန်ရေးကို ဖြစ်ပေါ်စေရာ အစိုးရက နှိမ်နှင်းခဲ့ပြန်သည်။ အများစုကို ထိုစဉ်က ဖမ်းဆီးခဲ့ပြီး နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ရာ အချို့မှာ နိုင်ငံတကာ၏ တောင်းဆိုမှုကြောင့် မကြာခင်က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာကြသည်။ ၎င်းတို့သည် အသက် လေးဆယ်တန်းသို့ ရောက်လာကြပြီဖြစ်ရာ ယခုအခါ မျိုးဆက်သစ်သို့ လမ်းကြောင်းဖော်ပေးလျှက်ရှိသည်။

‘‘ကျွန်တော်တို့မငယ်တော့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ဟာ ငယ်ရွယ်တဲ့မျိုးဆက်တွေနဲ့ အလုပ်လုပ်ဖို့ကြိုးစားနေပါတယ်။ နောက်တစ်လ၊ နှစ်လအတွင်း ပူးပေါင်းလုပ်ဆောင်နိုင်ဖို့မျှော်လင့်ပါတယ်’’ ဟု NLD လူငယ်ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်မျိုးညွန့်က ပြောသည်။ ‘‘ အခု လူငယ်အတော်များများ ကျွန်တော်တို့ NLD ပါတီဝင်ချင်နေပါတယ်’’ ဟု ၎င်းကပြောသည်။ သို့သော် အားလုံးက NLD သို့သာ ဝင်ရောက်ရန် ကြိုးပမ်းနေကြသည် မဟုတ်ပါ။ အသက် ၂၃ နှစ်ရှိ ဘိုဘိုသည် ၂၀၀၈ ခုနှစ်တွင် တက္ကသိုလ်မှ ထွက်ကာ Generation Wave မြေအောက်လှုပ်ရှားမှုသို့ ဝင်ရောက်ခဲ့သည်။ အဆိုပါ အဖွဲ့သည် ဂီတ၊ကဗျာနှင့် အခြားငြိမ်းချမ်းသော ဖော်ပြမှုများနှင့် နိုင်ငံရေးလှုပ်ရှားခဲ့ကြသည်။ ယခုအခါ အဆိုပါအုပ်စုသည် နိုင်ငံရေးနှင့် လူ့အခွင့်အရေး လှုပ်ရှားမှုများ ပိုမိုပွင့်ပွင့်လင်းလင်းလုပ်လာပြီး လူများစုဆောင်းလျှက်ရှိသည်။ ‘‘ကျွန်တော်တိုင်းပြည်အတွက် တစ်ခုခုလုပ်ပေးချင်တယ်’’ ဟု ဘိုဘိုက ပြောသည်။

‘‘၂၀၀၇ ခုနှစ်တုန်းက ရွှေဝါရောင်တော်လှန်ရေးမှာ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ဘုန်းတော်ကြီးတွေကို ရက်ရက်စက်စက်တိုက်ခိုက်တာတွေမြင်ရတော့ ကျွန်တော်အရမ်းစိတ်ဆိုးပြီး နိုင်ငံရေးလုပ်ချင်လာတယ်’’ တိုင်းပြည်အတွက် ပိုလုပ်ချင်လာတယ် ဟု ၎င်းက ပြောသည်။ ၎င်းတို့အထဲမှာ အဖွဲ့ဝင် (၃၀)ကျော် အဖမ်းခံရပြီး၊ ယခုအပြောင်းအလဲတွင် ပြန်လည် လွတ်မြောက်လာကြသည်။ ‘‘ကျွန်တော်တို့ နိုင်ငံရေးပါတီ မထောင်ပါဘူး။ကျွန်တော်တို့က လှုပ်ရှားနေတဲ့ အဖွဲ့ကြီးပဲဖြစ်ချင်တာ’’ ဟု ဘိုဘိုက ပြောသည်။

မဲပေးမည့်လူငယ်အတော်များများသည် ဧပြီလ (၁)ရက်နေ့ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်မဲပေးရန် အသင့်ဖြစ်နေပြီ ဖြစ်သည်။ အစိုးရသစ်က ယခုရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်ရန် ကတိပေးထားသည်။ အစိုးရသစ်သည် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ လုပ်ကိုင်ပြီး စောင့်ကြည့်နေသူများကို အံ့အားသင့်စေခဲ့ပြီး ဖြစ်သည်။

ယခုလအကုန်က ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးဆင်းရာတွင် ထောင်ပေါင်းများ စွာသော ပျော်ရွှင်စွာ ထောက်ခံသူများက နှုတ်ဆက်ကြရာ အကောင်းမြင်ရမည့် ရနံ့များလေထဲတွင် ပျံ့နေသည်။ ‘ဘယ်တုန်းအခါကနဲ့မှ မတူအောင်ပြောင်းလဲနေပြီလို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့ ဘာမဆိုဖြစ်နိုင်နေပါပြီ’’ ဟု ကျောင်းသားဇေယျာဖြိုးက ပြောသည်။

ကွယ်လွန်သည့် လွှတ်တော်ကိုယ်စားလှယ်နေရာတွင် အစားထိုးမည်မပာုတ်

၂၀၁၂ ဇန်နဝါရီ ၂၈ ရက်နေ့၌ ကွယ်လွန်သွားခဲ့သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဘိုကြီး (ခေါ်) ဦးအောင်ငွေ၏ နေရာတွင် လက်ရှိအနေအထားအရ ကြားဖြတ်ရွေးကောက်ပွဲကျင်းပ၍ အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦး အစားထိုးခန့်အပ်မည် မပာုတ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဘိုကြီး(ခေါ်) ဦးအောင်ငွေသည် ပထမအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန် အစည်းအဝေး တက်ရောက်နေစဉ်အတွင်း ကျန်းမာရေး အခြေအနေများကြောင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ၎င်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၂) မှ ရွေး ကောက် ခံရသော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကွယ်လွန်သွားသည့် လွှတ်တော်ကိုယ်စားလှယ်၏ နေရာတွင် အခြား လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အစားထိုးခန့်အပ်ခြင်းမပြုသည်မှာ ဧပြီလ ၁ ရက်နေ့၌ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲရက်မှာ နီးကပ်နေပြီဖြစ်ပြီး လစ်လပ်မဲဆန္ဒနယ် ထပ်တိုးကျင်းပလိုက်ပါက ပါတီများ အနေဖြင့်လည်း ယှဉ်ပြိုင်ရန် ပြင်ဆင်နိုင်ခြင်း မရှိတော့သည့် အတွက် ကြောင့်ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ယခု ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ် (၄၈) နေရာတွင် နှစ်နေရာမှာ ကွယ်လွန်ခဲ့သော လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အတွက် အစားထိုးကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

လစ်လပ်မဲဆန္ဒနယ် ထပ်တိုးကျင်းပရသည့် ကွယ်လွန်ခဲ့သော လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးမှာ ထန်းထပင်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းတင်နှင့် ရေကြည်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသောင်းပာန်တို့ဖြစ်ပြီး ၎င်းတို့သည် ၂၀၁၁ ခုနှစ်အတွင်း၌ ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သတင်း......yangonchronicle

30 January 2012

ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို လာမယ်။ မန္တလေးမြို့က ဘယ်လိုကြိုဆို ထောက်ခံမှာလဲ ?


(၂၉.၁.၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည်ကို ထားဝယ်မြို့က ဒီလို ကြိုဆိုထောက်ခံခဲ့တယ်။
(၄.၂.၂၀၁၂) (၅.၂.၂၀၁၂)
ဒေါ်အောင်ဆန်းစုကြည် မန္တလေးကို လာမယ်။
မန္တလေးမြို့က ဘယ်လိုကြိုဆို ထောက်ခံမှာလဲ ?


ကိုညိုကြီး အားကျေးဇူးတင်ရှိပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်မြို့ စည်းရုံးရေး ခရီးစဉ်


















ဓာတ်ပုံ....AP