03 July 2010

ကြိုးပျောက် တဲ့ ဆင် (စစ်အာဏာရှင်နအဖတို့ရဲ့ လုပ်ဇတ်လမ်းတွေကိုပြန်လည်ဖော်ပြခြင်း)

ခမောက်တံဆိပ် ဆင်တူယိုးမှား ပြုသည့်ကိစ္စ အဖွဲ့ချုပ်မှ လာမည့် တနင်္လာနေ့ နေပြည်တော်သို့ သွားရောက် ကန့်ကွက်မည်။

Kamauk
ဇွန်လ(၃၀)ရက်နေ့ သတင်းစာပါ .. ကန့်ကွက်နိုင်ကြောင်း ကြေငြာချက်

ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့ ခမောက်ပုံအား အဖွဲ့ချုပ်မှ ခွဲထွက်သွားတဲ့ ယခင် CEC အဖွဲ့ဝင်အချို့ ဖွဲ့စည်းထားတဲ့ (အမျိုးသားဒီမိုကရေစီအင်အားစု) NDF ပါတီမှ ၎င်းတို့ပါတီ၏ အမှတ်တံဆိပ် တစ်ခုအနေဖြင့် သုံးစွဲမည့် အပေါ်မှာ ကန့်ကွက်နိုင်ကြောင်း အစိုးရသတင်းစာများမှာ ပါရှိလာပါတယ်။ အဆိုပါအမှတ်တံဆိပ်နှင့် ပတ်သတ်ပြီး အဖွဲ့ချုပ်မှ တာဝန်ပေးထားသည့် အမျိုးသမီး(၂)ဦးမှ လာမည့် တနလာင်္နေ့မှာ နေပြည်တော်သို့ သွားရောက် ကန့်ကွက်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုပါတယ်။

အန်ကယ်တို့ အဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ အနိုင်ရ အမှတ်တံဆိပ်ဖြစ်တဲ့ ခမောက်တံဆိပ်ကို NDF ပါတီကသုံးစွဲမှု အပေါ် ကန့်ကွက်ဖို့ အတွက် အဖွဲ့ချုပ်က ECနဲ့CCတွေရော CC မဟုတ်တဲ့ သူတွေရော အားလုံး(၁၅)ဦးရဲ့ လက်မှတ်တွေကိုယူပြီး မနက်ဖြန် မှာနေပြည်တော်ကို အဖွဲ့ချုပ်က တာဝန်ပေးထားတဲ့ အမျိုးသမီး(၂)ဦး သွားရောက် ကန့်ကွက်ပါမယ်။ အန်ကယ်တို့ အဲ့ဒီနေ့က အစည်းအဝေးမှာ ရှိတဲ့ (၁၅)ဦးရဲ့ လက်မှတ်တွေပါ. ..။ မနေ့က ကြာသာပတေးနေ့ကပေါ့... လက်မှတ်တွေ ထိုးတာ။

ကြယ်နှစ်လုံး အပိုပါတဲ့ NDF အဖွဲ့ရဲ့ ခမောက်တံဆိပ်

ဒီခမောက်ကိစ္စနဲ့ ပတ်သက်ပြီး ပြောရရင် .. ဒါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ကသင်္ကေတ. ဒါကိုလည်း ဟိုတုန်းက ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ စာရွက်စာတမ်းတွေကို ပြန်ထုတ်ထားတယ်။ နောက်တစ်ခုက ဒါအတုလုပ်တာ... အတုလုပ်တယ်လို့ ပြောတာကလည်း ဒါဥပဒေအရပြောတာ ပြစ်မှုဆိုင်ရာ ဥပဒေဥပုဒ်မထဲမှာ အတုဆိုတာ ဘာလဲလို့ပါတယ်။ အဓိကကတော့ ထပ်တူဖို့ မလိုဘူး တုပါတယ်လို့ ထင်တာ မြင်သာရှိရင် ဒီဥစ္စာတုပတာပါပဲ... အဲ့ဒီအချက်(၂)ချက်ပေါ်မူတည်ပြီး ဒါကိုကန့်ကွက်မှာ..။ နောက်တစ်ခု အရေးကြီးတာက အခုလိုကန့်ကွက်တဲ့နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ ကန့်ကွက်မှာ မဟုတ်ဘူး ပုဂ္ဂိုလ်အနေနဲ့ ကန့်ကွက်မှာပါ။ မနက်ဖြန်နေပြည်တော် သွားပြီး တနလာင်္နေ့မှာ တင်မှာပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ရှေ့နေကြီးဦးဥာဏ်ဝင်းမှ ပြောဆိုသွားပါတယ်။

Ka Mauk
အဖွဲ့ချုပ်ရုံးရှေ့ အခမ်းအနားတစ်ခုမှာ တွေ့ရတဲ့ ခမောက်ဆောင်းထားတဲ့ အဖွဲ့ချုပ် အဖွဲ့ဝင်များ(AP)

ခမောက်ပုံ အမှတ်တံဆိပ်ဟာ ၁၉၈၈ခုနှစ် စက်တင်ဘာလ စစ်အာဏာသိမ်းပြီး နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုစဉ် ကာလက ယခင် မဆလ တစ်ဖြစ်လဲ တစညမှ စပါးနှံပုံ တံဆိပ်နဲ့ မြန်မာပြည်မှာ လူဦးရေအများဆုံးဖြစ်တဲ့ လယ်သမားထုကို ကိုယ်စားပြုသယောင် ပြုလုပ်ခဲ့စဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ လယ်သမားတွေ လယ်ထဲဆင်းချိန်မှာ နေပူဒဏ်၊ မိုးဒဏ် ကာကွယ်ပေးတဲ့ ခမောက်ပုံ တံဆိပ်ပြုလုပ်ခဲ့တဲ့ အတွက် ပြည်သူတွေ အထူးနှစ်ခြိုက်ပြီး ရေပန်းစားခဲ့ပါတယ်။ စပါးနှံ ကိုလက်ကကိုင်သွားလို့ မရပေမယ့် ခမောက်ကို ဆောင်းသွား ပြုသွားလို့ရခဲ့တယ့် အတွက် အထူးရေပန်းစားခဲ့ပြီး ခမောက်ဆိုလျှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ကိုယ်စားပြုတဲ့ အမှတ်အသား ဖြစ်ကြောင်း ပြည်သူလူထုက နားလည် သဘောပေါက်ခဲ့ပါတယ်..။ ယခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခွဲထွက် သွားတဲ့ NDF အဖွဲ့မှ ခမောက်ပုံ တံဆိပ်အား ကြယ်နှစ်လုံး တပ်ပြီး ယခင် NLD ပါတီအား ကိုယ်စားပြုသယောင် ပြုလုပ်ခြင်းဟာ မသိနားမလည်တဲ့ ပြည်သူတွေအား ထင်ယောင် ထင်မှားဖြစ်စေကြောင်း လေ့လာသူများမှ သုံးသပ် ပြောဆိုနေကြပါတယ်။

ဒီမိုဝေယံ

မြန်မာပြည်တွင်ဂျီတော့ခ်ကနေ ဈေးနှုန်း သက်သက်သာသာနဲ့ နိုင်ငံတကာကို ဖုန်းခေါ်နိုင်တဲ့ ဝန်ဆောင်မှု စတင်ပြုလုပ်

ဂျီတော့ခ်ကနေ ဈေးနှုန်း သက်သက်သာသာနဲ့ နိုင်ငံတကာကို ဖုန်းခေါ်နိုင်တဲ့ ဝန်ဆောင်မှု စတင်နေပြီလို့ သိရတယ်။ အခုဝန်ဆောင်မှုက ဂျီတော့ခ်အိုင်အမ် (G talk IM)နဲ့ ယာဟူးလ် အိုင်အမ် (Yahoo IM) ကနေ တစ်ဆင့် ဖုန်းခေါ်နိုင်တဲ့ အစီအစဉ်ပါ။ ဂျီတော့ခ်ကနေ နိုင်ငံတကာ ဖုန်းတွေကို အက်စ်အမ်အက်စ် (SMS) ပါပို့နိုင်ပြီး အွန်လိုင်း ရေဒီယိုတွေကိုပါ နားဆင်နိုင်မယ်လို့ သိရတယ်။

“ငွေသွင်းပြီးတာနဲ့ ကမ္ဘာတစ်ဝန်းက လက်ကိုင်ဖုန်းတွေကို ဂျီတော့ခ်ကနေ ခေါ်နိုင်တယ်၊ ခေါ်ဆိုခ နှုန်းထားတွေကတော့ ဖုန်းကုမ္ပဏီပေါ် မူတည်ပြီး ဈေးနှုန်း အပြောင်းအလဲရှိတယ် ” လို့ အဆိုပါ ဂျီတော့ခ် ဖုန်းခေါ်ဆိုတာကို ဝန်ဆောင်မှုပေးတဲ့ Skyper Business Group မှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ နိုင်ငံအလိုက် ခေါ်ချင်လို့ ငွေချေပြီးရင် ဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီကနေ ငွေသွင်းထားတဲ့ ကုတ် (deposite code) ကို တောင်းယူထားရမယ်။

အဲသည်ကုတ်ကို သိထားမှ ကိုယ်သွင်းထားတဲ့ ငွေဝင်မဝင်ကို စစ်ဆေးနိုင်မယ်လို့ ဆိုပါတယ်။ ဂျီတော့ခ်ကနေ ဖုန်းခေါ်မယ်ဆိုရင် service@gtalk2voip.com ကိုဝင်ပါ။ တစ်မိနစ်အတွင်း ဂျီတော့ခ်ဗီအိုအိုင်ပီ ဆာဗာက လက်ခံလိမ့်မယ်။ အဲသည်မှာ ကိုယ်ပိုင်စာမျက်နှာ (my page) ကို ရိုက်ထည့်လိုက်ရင် ကိုယ်သွင်းထားတဲ့ ငွေပမာဏ ပေါ်လိမ့်မယ်။ ဖုန်းကို စခေါ်ခေါ်ချင်း ကိုယ်ရဲ့ ဂျီတော့ခ်ကို ဖုန်းအရင် ဝင်လာမယ်။ ဆက်ပြီးဖုန်းကို ကိုင်ထားရင် ဂျီတော့ခ် ဗီအိုအိုင်ပီက တစ်ဖက်ဖုန်းကို ခေါ်ပြီး စကားပြောနိုင်ပြီလို့ သိရတယ်။ “ဖုန်းခေါ်တဲ့ အချိန်မှာ ပြောနေတယ် (now talking) ဆိုတာမျိုး ကြားရင် အကောင့်ထဲက ငွေမကုန်အောင် ဖုန်းကို ချက်ချင်း ချထားသင့်တယ် ” လို့ အဆိုပါ တာဝန်ရှိသူက ပြောပါတယ်။ ဂျီတော့ခ် ကနေ ဖုန်း ခေါ်ဆိုခ နှုန်းထားတွေက စင်ကာပူကို တစ်မိနစ်လျှင် ၀.၀၂ ဒေါ်လာ၊ ထိုင်း ၀.၀၆ ဒေါ်လာ၊ မလေးရှားကို ၀.၀၅ ဒေါ်လာ၊ ဂျပန်ကို ၀.၂၂ ဒေါ်လာ၊ ကိုရီးယားကို ၀.၀၉ ဒေါ်လာ၊ တရုတ်ကို ၀.၀၃ ဒေါ်လာ၊ အမေရိကားကို ၀.၀၅ ဒေါ်လာ ကျသင့်တယ်လို့ ဆိုပါတယ်။ အဆိုပါ ဂျီတော့ခ်ကနေ ဖုန်းခေါ်နိုင်မယ့် အကောင့်ကို ဝယ်ယူချင်တယ်ဆိုရင် Skyper Business Group ဖုန်း ၀၁-၆၉၀၀၃၁ ကို ဆက်သွယ် နိုင်တယ်လို့ သိရကြောင်း မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။

နအဖစစ်အစိုးရအရာရှိများခြစားမှုကြောင့်နမ့်ခမ်းတွင်မူးယစ်ဆေးဝါးပေါများ

သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့တွင် မူးယစ်ရဲအပါအ၀င် နအဖအရာရှိများလာဘ်စားမှုကြာင့် မူးယစ်ဆေးဝါးလက်လီ လက်ကားရောင်းဝယ်သူများအား အရေးယူခြင်းမရှိဘဲ မူးယစ်ဆေးဝါးများလှိုင်လှိုင်ဖြန့်ဖြူးလျက်ရှိကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။

“လာဘ်ထိုးနိုင်လို့ပေါ့။ မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲမှန်းသိပေမဲ့ မူးယစ်ရဲအပါအ၀င် ဆိုင်ရာနအဖအာဏာပိုင်တွေ ကိုယ်တိုင်ပါဝင်ပတ်သက်နေလို့ အရေးမယူနိုင်တာ” ဟု နမ့်ခမ်းမြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောပါသည်။

ဘိန်းဖြူ (ခေါ်) ဟီးရိုးအင်း (af11.files.wordpress.com)

နမ့်ခမ်းမြို့တွင် ဘိန်းဖြူပေါများပြီးအလွယ်တကူဝယ်ယူနိုင်သောကြောင့် ဆယ်ကျော်သက် ကျောင်းသူ/သားများပါမူးယစ် ဆေးဝါးသုံးစွဲလာကြောင်းကို ဤကဲ့သို့ဆက်လက်ပြောပြပါသည်။

“ကျောင်းနေအရွယ် အသက် ၁၄ နှစ်အထက် ကျောင်းသားတွေလဲ ပညာရေးဘက်စိတ်မ၀င်စားဘူး။ မူးယစ်ဆေးသုံးစွဲလာ တတ်ကြလို့ သူတို့ပညာရေးအရမ်းထိခိုက်တယ်။ တချို့မိန်းကလေးတွေရောဘဲ အဲဒီကိစ္စလုပ်လာတယ်”

နမ့်ခမ်းမြို့နယ် ဟိုနမ့်(ရေပေးဝေရေးအရပ်)ဘက်တွင် ဘိန်းဖြူကို အလွယ်တကူဝယ်ယူနိုင်ကြောင်း၊ သုံးစွဲသူများက ရာမထက်ဘိန်းဖြူကို ပိုမိုနှစ်သက်အသုံးများကြောင်း သိရှိရသည်။

ထို့နည်းတူ နမ့်ခမ်းမြို့ မိုခမ်းရပ်ကွက်သစ် ဇေယျသုခဘုန်းကြီးကျောင်းအနီး ဖွင့်လှစ်ထားသော နန်းသူဇာအနှိပ်ခန်း တွင်လည်း ရာမ၊ ဘိန်းဖြူ၊ ခါခူးစသည့် မူးယစ်ဆေးဝါးများလွယ်ကူစွာ ၀ယ်ယူနိုင်သည်ဟုဆို၏။

အနှိပ်ခန်းပိုင်ရှင် စိုင်းစံဖိုး အသက်(၅၅)နှစ်သည် နမ့်ခမ်း၊ မူစယ်မှလားရှိုးအထိ နအဖအငယ်တန်းအရာရှိအစအထက်တန်း အရာရှိအထိ သိကျွမ်းဝင်ဆန့်သူဖြစ်ကြောင်း၊ ဒေသခံအာဏာပိုင်များ မကြာခဏလာနှိပ်လေ့ရှိပြီး တချို့မူးယစ်ရဲများပင်လျှင် မူးယစ်ဆေးလာသုံးစွဲကြောင်း၊ ထို့ကြောင့် စိုင်းစံဖိုးပိုင်အနှိပ်ခန်းက တစ်ကြိမ်တစ်ခါမျှ အရေးယူခြင်းမခံရကြောင်းဒေသခံ များပြောကြားချက်အရ သိရှိရသည်။


သတင်းရင်းမြစ်...သျှမ်းသံတော်ဆင့်

02 July 2010

ဂျပန်နိုင်ငံ နာဂိုယာတက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ပန်းဘဲတန်းမြို့နယ် တရားသူကြီး ဗိုလ်ကြီးသန့်ဇော်သန်းအကြောင်း တစေ့တစောင်း...

ယခုရက်ပိုင်းများအတွင်း မီဒီယာများမှာ အများဆုံးဖော်ပြနေတဲ့ " သြစတြေးလျ နိုင်ငံ၌ စာရင်းကိုင် ပညာသင်ကြား နေသည့် ဗိုလ်မှူးချုပ် ဇင်ယော်၏ သမီးမဇင်မွန်အေး သည် စီးပွားရေးအရ အရေးယူ ဒဏ်ခတ် ထားသော စာရင်းဝင် တဦး ဖြစ်နေသည့် အတွက် မကြာမီ ရက်ပိုင်း အတွင်း မြန်မာနိုင်ငံသို့ ပြန်ရမည်ဖြစ်ကြောင်း သြစတြေးလျ ပြည်ထောင်စု တရားရုံးက အမိန့်ချမှတ်လိုက်သည်ဟု သိရှိရသည်။

မဇင်မွန်အေးသည် ဖခင် ၊ မိခင် ဒေါ်ခင်သီရိ၊ မောင်ဖြစ်သူ မောင်ထက်အောင် တို့နှင့်အတူ သြစတြေး လျအစိုးရမှ ထုတ်ပြန်ခဲ့သော စီးပွားရေး ပိတ်ဆို့အရေးယူခံရသူများ စာရင်းတွင် အမှတ် 2007BUR0310, 2007BUR0311, 2008BUR0434, 2008BUR0435 စသည့် အမှတ်စဉ်များနှင့် ၎င်းတို့၏ မိသားစုတစုလုံး ပါဝင်နေခဲ့သည်။ ဗိုလ်မှူးချုပ် ဇင်ယော်သည် ပုသိမ် လေတပ်စခန်းတွင်လည်းကောင်း မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၏ ဘုတ်အဖွဲ့ဝင် အဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း သြစတြေးလျနိုင်ငံမှ ထုတ်ပြန်သော စီးပွားရေး ပိတ်ဆို့ အရေးယူခံရသူများ စာရင်းတွင် ဖော်ပြထားသည်။

(သတင်း ဧရာဝတီ)



Capt Thant Zaw Thant

ပန်းဘဲတန်းမြို့နယ် တရားသူကြီးဥက္ကဋ္ဌ ဗိုလ်ကြီးသန့်ဇော်သန်း

အထက်ပါသတင်းနဲ့ အတူဂျပန်နိုင်ငံရဲ့ တက္ကသိုလ် အသီးသီးမှာ ရိုးရိုးအရပ်သားပုံစံဖြင့် တက်ရောက်ပညာသင်ကြားနေတဲ့ စစ်တပ်အရာရှိ တစ်ဦး ဖြစ်တဲ့ နာဂိုယာတက္ကသိုလ်မှ ဗိုလ်ကြီးသန့်ဇော်သန်း အကြောင်းကိုလည်း (Generals and their relatives watchers GRW စစ်အာဏာရှင်နှင့် အဆက်အနွယ်များအား စောင့်ကြည့်ဖော်ထုတ်ရေးအဖွဲ့မှ) ကိုမင်းဇိနမှ အချက်အလက်များနဲ့ ဖော်ထုတ်ပေးပို့လာပါတယ်။

ဗိုလ်ကြီးသန့်ဇော်သန်းဟာ ဥပဒေဘွဲ့ရရှိခဲ့ပြီး ယခင်စစ်ခုံရုံး တရားသူကြီးတစ်ဦး ဖြစ်ပါတယ်။ စစ်တပ် အသိုင်းအဝိုင်းထဲကပဲ ဖြစ်ပြီး ယခုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးနဲ့ ပတ်သတ်ဆက်နွယ်နေသူ တစ်ဦးဖြစ်ပါတယ်။ သူဟာစစ်တပ်ကနေ ပထမ အကောက်အခွန်ဦးစီးဋ္ဌာနသို့ ပြောင်းရွှေ့တာဝန် ပေးခြင်းခံရပြီးနောက် ပန်းဘဲတန်းမြို့နယ် လက်ထောက်တရားသူကြီးအဖြစ် ၂၀၀၅ခုနှစ်မှာ ပြန်လည် တာဝန်ပေးခြင်းး ခံရပါတယ်။ ပန်းဘဲတန်းမြို့နယ်ထဲက စီးပွားရေးလုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းထဲမှာလည်း နာမည်ကြီးသူ ဖြစ်ပါတယ်။ ၂၀၀၈ခုနှစ်မှာ ဂျပန်နိုင်ငံ Japanese Grant Aid for Human Resource Development Scholarship (JDS) program ရဲ့ စကောလားရှစ်နဲ့ ပညာတော်သင် အဖြစ် စေလွှတ်ချင်းခံရပြီး တစ်လလျှင် ယန်း(၁၅)သောင်း ဒေါ်လာ(၁၆၀၀)ခန့်ရရှိပါတယ်။ ယခုအခါ Nagoya University Department Of Law မှာ Master (LL.M) တက်ရောက်နေပြီး ၂၀၁၁ခုနှစ်မှာ ပညာသင်ကြားမှု ပြီးဆုံးမှာ ဖြစ်ပါတယ်။

Capt Thant Zaw Thant2

ပေးပို့လာတဲ့ ဓာတ်ပုံတွေထဲက တစ်ချို့ကို ဖော်ပြလိုက်ပါတယ်...

ဗိုလ်ကြီးသန့်ဇော်သန်းဟာ ပန်းပဲတန်းမြို့နယ်မှာ အာဏာအရှိဆုံး တရားသူကြီးတစ်ဦးဖြစ်ပါတယ်... လက်ရှိအိမ်ထောင်နဲ့ ကလေးနှစ်ဦးရှိပါတယ်။ ယခု၂၀၁၀ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနဲ့ နီးစပ်မှုရှိတဲ့ အတွက်ကြောင့် ရောက်ရှိလာတယ်လို့ဆိုပါတယ်။ နောက်ထပ်ဂျပန်နိုင်ငံမှာ ရောက်ရှိနေတဲ့ စစ်တပ်အရာရှိ အများအပြားရှိကြောင်း .. ဂျပန်အစိုးရမှ သိလျှက်နဲ့ခေါ်ယူတာလား.. စစ်အစိုးရမှ အရပ်သားပုံစံဖြင့် စေလွှတ်နေတာလား ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး..လို့ GRW မှ ကိုမင်းဇိနမှဆိုပါတယ်...။ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ တာဝန်ခံတစ်ဦးမှ ပြောဆိုရာမှာတော့ " ဒီလိုစစ်တပ်ဝန်ထမ်းတွေကို ခေါ်ယူနေတဲ့ ကိစ္စတွေကို သေသေချာချာ ဖော်ထုတ်ဖို့လိုအပ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ ဂျပန်အစိုးရကို သိအောင်လုပ်ဖို့ ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေမှာ တာဝန်ရှိကြောင်း အနောက်နိုင်ငံ အစိုးရတွေ ပုံစံမျိုးစစ်အာဏာရှင် အသိုင်းအဝိုင်းမိသားစုတွေကို ပိတ်ပင်ဖို့ ဂျပန်အစိုးရကို တိုက်တွန်းဖို့ လိုအပ်ကြောင်း ပြောဆိုသွားသလို... GRW မှ ကိုမင်းဇိနမှလည်း.. ဒီကိစ္စတွေကို စုံးစမ်းဖော်ထုတ်ဖို့ အတွက် အားလုံးပူပေါင်း ပါဝင်စေလိုကြောင်း ပြည်သူတွင်းမှာ ပြည်သူတွေ အဖိနှိပ်ခံနေရသလို တန်ပြန်လုပ်နိုင်တဲ့ ပြည်ပမှာရောက်ရှိနေတဲ့ စစ်အာဏာရှင်မိသားစုတွေ၊ အသိုင်းအဝိုင်းတွေကို စုံစမ်းဖော်ထုတ်သွားဖို့ ပြည်ပရောက်နေတဲ့ သူတွေက တတ်နိုင်သလောက် လုပ်ဆောင်ပေးစေလိုကြောင်း ပြောဆိုသွားပါတယ်။ GRW ကိုဆက်သွယ်လိုလျှင် grwwatchers@gmail.com ကိုဆက်သွယ် နိုင်ပါတယ်။

ဂျပန်နိုင်ငံမှာ စစ်အစိုးရနဲ့ ပတ်သတ်သူတွေနဲ့ စစ်တပ်အရာရှိတွေ မကြာခဏဆိုသလို ရောက်ရှိ ပညာသင်ကြားနေပါတယ်။ ဒါဟာ ဂျပန်အစိုးရက သိလျှက်နဲ့ခေါ်တာ ဟုတ်မဟုတ်ဆိုတာ မေးမြန်း ဖော်ထုတ်ဖို့လိုသလို.. စစ်အစိုးရမှလည်း အရပ်သားပုံစံနဲ့ ပို့ဆောင်နေတယ် ဆိုရင်လည်း တောင်းဆို ကန့်ကွက်ဖို့လိုပါတယ်။ နို့မဟုတ်ရင် ပြည်သူတွေ၊ သာမာန် အရပ်သား ဝန်ထမ်းတွေအတွက် အင်မတန်နစ်နာသလို.. စစ်အစိုးရနဲ့ ပတ်သက်ဆက်နွယ် နေသူတွေဟာ ပြည်တွင်းမှာ ဂုတ်သွေးစုတ်နေယုံမကပဲ ပြည်ပမှာ အခွင့်ထူးခံတွေအဖြစ် အခွင့်အရေးတွေ၊ ပညာတွေ လက်ဝါးကြီးအုပ် ရရှိနေမှာ ဖြစ်တဲ့အတွက် အားလုံး မိမိတို့ အသိစိတ်ဓာတ်နဲ့ ပူးပေါင်းပါဝင် စုံစမ်းဖော်ထုတ်ပေးကြဖို့နဲ့ GRWမှ ပေးပို့လာတာကို တင်ပြလိုက်ရပါတယ်။

ဒီမိုဝေယံ

မြန်မာအမျိုးသမီးလေးများမြန်မာဝတ်စုံလေးတွေကိုလည်း ချစ်တတ်ပါစေရှင်..

မြန်မာ့ယဉ်ကျေးမှုလို့ကြီးကြီးကျယ်ကျယ်မဆိုချင်ပေမယ့်အခုနောက်ပိုင်းအတွေ့ရကျဲလာတယ်လို့ အမှန်ဆိုရမယ့် မြန်မာ့ယဉ်ကျေးမှု လေး မတိမ် ကောသွားစေလိုတဲ့ဆန္ဒ မျိုးတော့ မြန်မာလူမျိုး တိုင်းရဲ့ရင်ထဲကိုယ်စီရှိနေ ကြမယ်လို့ယူဆမိပါတယ်။

မြန်မာ့ယဉ်ကျေးမှုလို့ ဆိုရာမှာမြန်မာလူမျိုးတွေရဲ့ ၀တ် စားဆင်ယင်မှုကလည်း ချန် ရစ်ထားလို့မရတဲ့ အဓိကနေရာက ပါဝင်ပါတယ်။ လူမျိုး တစ်မျိုး ရဲ့ ဓလေ့သဘာဝ တစ်ခုကို အကဲ ခတ်ဖို့ဆိုရင် သူတို့ရဲ့ဝတ်စားဆင် ယင်မှုကို အဓိက အကဲခတ် ရမှာပါပဲ။ တစ်ခေတ် တစ်ခေတ်ရဲ့ယဉ်ကျေး မှုပုံစံတွေ ပြောင်းလဲစီးဆင်းလာ တဲ့ နောက်မှာ ၀တ်စားဆင်ယင်မှု၊ တစ်နည်းပြောရရင် ဖက်ရှင်အသွင် အပြင် တွေရဲ့ ကွာဟမှုကလည်း သိသိသာသာနဲ့ကို ပြောင်းလဲလို့ လာနေတာ အင်မတန် သိသာပါ တယ်။ ကုန်းဘောင်ခေတ်၊ ပုဂံခေတ်၊ ပျူ ခေတ်၊ တကောင်းခေတ်..တွေကနေ ပြောင်း လဲလာလိုက်တာ အခုတော့ အင်တာ နက်ခေတ်...အိုင်တီခေတ်တဲ့။

ဒါပေမယ့် ကျွန်မက ခေတ်ပေါ် ဖက်ရှင်တွေ ဘက်ကိုတော့ မလှည့်လိုဘူးရှင်။

အခုအဓိကပြောပြချင်တာကတော့ မြန်မာ ဆန်ဆန်လေးလည်း လှပါတယ်။ခေတ်သမီးပျိုပီသချင်လို့ရပါတယ်ဆိုတာလေးပါပဲ။ကျွန်မ ကိုယ်တိုင်လည်းရင် စေ့အင်္ကျီနဲ့ ထဘီရိုးရိုး ၀တ် ဖြစ်တဲ့အကြိမ်ဆိုတာ လက် ချိုးရေလို့ရအောင်ရှားပါးပေမယ့် မြန်မာဝတ်စုံလေးတွေ နဲ့လှလှပပ ကြွကြွရွရွ ရှိနေတာလေး မြင်ရရင် သဘောတကျနဲ့ ငေးမိတာ အမှန်ပါ။



ကျွန်မလို လူတွေလည်း ပတ်ဝန်းကျင်မှာ အတော်များ များရှိနေတာ မြင်ရပေမယ့် အခုနောက်ပိုင်းမှာ လည်ပင်း ဟိုက်လွန်းတဲ့ အင်္ကျီ တွေ ... ပေါင်ပေါ်ထိ တက်နေတဲ့ ဘောင်း ဘီတိုတို တွေကြား က ကောင်မ လေးတွေကို မြင်ရတာကို အရင် လို မဟုတ်ဘဲ အားလုံး အသားကျ နေသလိုဖြစ်နေတာကို မြင်ရတဲ့အခါ မှာတော့ ထိတ်လန့်ခြင်းတစ်ခုကို ခံစားလာရသလိုပဲ။

အခုက အတိုခေတ်..အပြတ်ခေတ် ..အဟိုက်အ၀ိုက်ခေတ်..လို့ ခေါ်ရ မယ့်အချိန်။ ခေတ်ပေါ်ဖက်ရှင်ထည် တွေအားလုံးလိုလိုက တို တိုပြတ်ပြတ် တွေချည်းဖြစ်နေတာကလည်း မိန်းကလေးထုရဲ့ စီးမျောလိုက်ပါမှုကို အမြင့်ဆုံးထိ တွန်းပို့ပေးနေ ခြင်းတစ်ခုပါပဲ။

မင်းသမီးတွေ မော်ဒယ်တွေရဲ့ခေတ်ရှေ့ပြေးဖက်ရှင်တွေရဲ့ လွှမ်းမိုးမှုအောက်ကနေလည်း အားလုံး ရုန်းမထွက်နိုင်သလို...အတော် အားပြင်း လာတဲ့ ကိုရီးယားဂဲလ် တွေရဲ့ စကတ် တိုတိုကားကား ဖက်ရှင်ရဲ့လွှမ်းခြုံမှု အောက်မှာ လည်း လိုလိုချင်ချင်နဲ့ ကို နေသား ကျလာတဲ့ အခါမှာတော့ တွေးမိရင် ရင်လေးစရာကောင်း လောက်အောင်ကို ဖက်ရှင် အလှည့်အပြောင်းက ပြင်း ထန် သိသာလို့လာ နေပါပြီ။

အရင်လို ခြေသလုံး တစ် ၀က်လောက်၊ ဒူးအထိ လောက်တွေ မဟုတ် တော့ဘဲ တင်ဖုံးရုံလေး တွေ၊ နှစ်ထပ်သုံးထပ် တော့ဖြစ်ပါရဲ့။ ဇာပါး ပါးလေးတွေနဲ့ စကတ် ကားကားလေးတွေ၊ ပေါင်လယ်လောက်ထိတော့ အရှည်ရှိပါရဲ့။ ရင်ဘတ်နေရာကျအဟိုက်လွန်နေတဲ့ အင်္ကျီမက ဂါဝန်မကျတွေ.. အင်း..ဒါဟာ ဖက်ရှင် တော့ ဖက်ရှင်ပါပဲ။

ဒီလို ခေတ်ပေါ်ဖက်ရှင်တွေနောက်ကိုချည်း လိုက်မနေဘဲ အချိန်သင့် အခါသင့်တဲ့ အခါမှာ မြန်မာဝတ်စုံလေးတွေကို လိုက်လျောညီ ထွေဝတ်ဆင်ရင်းနဲ့ မြန်မာ့ဟန် မြန်မာ့သဏ္ဌာန်လေးတွေ မပျောက်ပျက်ရအောင် ကြိုးစားကြည့်ရင်းနဲ့ ကိုယ်ပိုင်ဖက်ရှင်စတိုင် တစ်ခု မှာ အသားကျဖို့ ကြိုးစားကြည့်ပါ။

ပြည်တွင်းဖြစ် ချည်သားလေးတွေ၊ ပိုးထည် လေးတွေ၊ ဇာထည်တွေရဲ့ လူကြိုက်များမှုထဲ လူငယ်တွေအများစု မပါဝင်နိုင်ဘူးဆိုပေ မယ့် တကယ့်တကယ် တော့ မြန်မာဝတ်စုံ စစ်စစ်တွေကိုဖြစ်ဖြစ် ...ကိုယ်နှစ်သက်ရာ ဒီဇိုင်းဆန်းဆန်းဝတ်စုံ တစ်စုံကို ဖြစ်ဖြစ် ပြည် တွင်းဖြစ်ပိတ်စတွေနဲ့ ဖန်တီးကြည့်ဖို့ အခု နေအခါမှာ သိပ်မကြိုးစားရတော့ပါဘူး။

ရှေ့တန်းရောက်လာတဲ့ဖက်ရှင်ဒီဇိုင်းနင်း ပညာရပ်ရဲ့ခေတ်စားမှုကြောင့် ဖက်ရှင်ဒီဇိုင်နာတွေရဲ့ ဆန်းသစ်တီထွင်မှုတွေနဲ့ပြည်တွင်း ဖြစ် လက်ရာစစ်စစ် လေးတွေကို ၀တ်စားဆင်ယင်ဖို့ အချိန်လည်း သိပ်မလို လောက်ပါဘူး။ ရယ်ဒီ မိတ် ၀တ်ရတာလို ဟိုလူ ဒီလူနဲ့ တူညီနေမယ့် ဒီဇိုင်းမျိုးမဟုတ်ဘဲ ကိုယ့်စတိုင်စစ်စစ်ကို မြန်မာဝတ်စုံလေးတွေ ပေါ်မှာ ပြလိုက်လို့ ရတဲ့နောက်တော့ ဘာဖြစ်လို့များ ကိုယ့် အိုင်ဒီယာ ကိုယ့်ဖက်ရှင်ကို နောက်တန်း အရောက်ခံတော့မလဲ။

မြန်မာဝတ်စုံလေးဝတ်ဆင်ထားတဲ့အခါမှာ သင်ကိုယ်တိုင် ခံစားလာရမှာက မိန်း ကလေးဆန်ဆန် ယဉ်ကျေးလှပခြင်း၊ ကျက်သရေ ရှိခြင်း၊ အေးချမ်းသိမ်မွေ့ခြင်း တွေအပြင် ဒီထက်ပိုတဲ့ ရင့်ကျက်တည်ငြိမ်ခြင်းခံစားမှုတွေကိုလည်း တကယ်ဝတ်ဆင်တဲ့အခါရရှိနိုင် သေး တာမို့ သာမန်ဖန်စီအဖြစ် ပဲဖြစ်ဖြစ် ၀တ်ဆင်ကြိုးစား ကြည့်ရင်းနဲ့ ကိုယ်ပိုင်မူဟန် ဖက်ရှင်ဒီဇိုင်းတစ်ခုကို ကိုယ် ပေါ်မှာ လှလှ ပပလေး ဆင် ကြည့်လိုက်ပါ။

အမျိုးသမီးဆန်ဆန် လှပ တဲ့ ကောက်ကြောင်းတွေ မပိုင်ဆိုင်ထားလို့ ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှု မရှိဘူး ဆိုရင်တောင်.. သာမန် နေရာမျိုးတွေမဟုတ်ဘဲ ပွဲ တွေ သွားရတဲ့အချိန်မျိုးမှာ ကိုယ့်ယုံကြည်မှုကို ဖက်ရှင်ဆန် တဲ့ မြန်မာဝတ်စုံလေးတွေ ၀တ် ဆင်ကြည့် ရင်းနဲ့ သွေးတိုးစမ်း စတင်တည်ဆောက်ကြည့်ကြ ရအောင်လား။

ခေတ်ရှေ့ပြေးဖက်ရှင်တွေနဲ့ ပရိသတ်ရဲ့အာရုံကို ဖမ်းစား ထားတဲ့ သရုပ်ဆောင် မယ်လိုဒီက မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက် ဖက်ကြည့် ကောင်းတယ်ဆိုတာ အားလုံးသဘောတူမှာ ပါ။ သူက မြန်မာဆန် ဆန်လေးဝတ်ဆင်ရတဲ့အချိန်မှာ သူရရှိပိုင်ဆိုင်တတ် တဲ့ခံစားမှုလေးကို ဒီလိုပြောပြပါတယ်။

"မြန်မာဝတ်စုံလေး .. ရင်ဖုံးနဲ့ချိတ်ထဘီ ၀တ်ရတဲ့အခါမှာ ကိုယ့်ဘာသာ ယုံကြည်မှုပိုလာတတ်တယ်။ ပရိသတ်ကလည်း' ဒီလိုဝတ် လည်းလှတာပဲ'လို့ ပြောတတ်ကြတယ်။ ကိုယ်ဝတ်တာမဟုတ်ဘဲ သူများဝတ်ထားတာကို မြင် ရတဲ့အခါမှာလည်း မျက်စိထဲအေးပြီး ပိုလှနေ သလိုပဲလို့ ခံစားရတယ်"တဲ့။

ဒီတော့ မင်းသမီးတွေ၊ မော်ဒယ်တွေရဲ့ ခေတ်ရှေ့ပြေးဖက်ရှင်တွေကို သဘောကျ နှစ်သက်မိနေတယ်ဆိုရင်တော့ သူတို့တစ်တွေရဲ့ မြန်မာဆန်ဆန်ကျက်သရေ ရှိရှိလှနေတဲ့ပုံရိပ်လေးတွေကိုလည်း နှစ်သက်တတ်ဖို့ခံစားတတ်ဖို့ သင့်စိတ်ကိုလှည့်ဖြားနေစရာလိုမယ် မထင်ပါဘူးနော်။

"မြန်မာလူမျိုးတွေကခေတ်ရှေ့ပြေးဖက်ရှင်တွေကို ဘယ်လောက်လက်ခံထားပါစေတကယ့်ပွဲကြီးလမ်းကြီး တွေဆိုရင်တော့ မြန်မာဝတ်စုံ တိုက်ပုံနဲ့ ပုဆိုး၊ မြန်မာအင်္ကျီနဲ့ ချိတ် ထဘီကိုပဲ ရွေးချယ်ကြတာ ပဲ" ဆိုတဲ့နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ တစ်ယောက်က ဆိုဖူး လေတော့ ကိုယ်တိုင် ခေတ်မီဖက်ရှင်တွေ နောက်ကို ဘယ်လောက်လိုက်မိ နေပါစေ..ကိုယ့်ယဉ်ကျေးမှု ဟန်ပန် အပြည့်ဖြစ်နေတဲ့ မြန်မာဝတ်စုံ လေးတွေကို ချစ်တတ်ပါစေ... ခံစားတတ်ပါစေ... ကိုယ်တိုင် လည်း ဆင်ယင်ဝတ်စားရင်း လှနိုင် ပါစေလို့...။

စောနန္ဒာစင်

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေသည့်တောင်အာဖရိကနိုင်ငံတွင်ဂျပန်လူမျိုးဓာတ်ပုံသမား တစ်ဦးထံမှ ပစ္စည်းလုယက်သည့်လူငယ် (၃)ဦးအားထောင်ဒဏ်(၂)နှစ်ချမှတ်


ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပနေသည့် တောင်အာဖရိကနိုင်ငံရှိ ဘလွန်းဖောင်တိန်မြို့တွင် ဂျပန်လူမျိုးဓာတ်ပုံသမားတစ်ဦးထံမှ ပစ္စည်းလုယက်ခဲ့သည့် လူငယ်(၃)ဦးအား ကမ္ဘာ့ဖလားအထူးတရားရုံးတစ်ခုက ထောင်ဒဏ်(၂)နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။ ၄င်းလူငယ်(၃)ဦးစလုံးမှာ အသက် (၁၇)နှစ်အရွယ်သာရှိသေးပြီး နောက်ထပ်(၂)ဦးမှာ ယင်းဖြစ်ရပ်တွင်ပါဝင်ဖမ်းဆီးခြင်းခံရသော်လည်း သက်သေမခိုင်လုံ၍ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။ ၄င်းတို့(၃)ဦးစလုံးမှာ ဘောလုံးပွဲကျင်းပသည့် Free State Stadium အနားရှိ ရပ်ကွက်တွင် နေထိုင်ကြသူများဖြစ်ပြီး တရားရုံးက ထောင်ဒဏ် (၇)နှစ်စီ ချမှတ်ခဲ့ခြင်းဖြစ်သည်။ သို့သော် (၅)နှစ်ကို ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ခဲ့သဖြင့် ၄င်းတို့မှာ ထောင်ဒဏ် (၂)နှစ်သာ ကျခံရမည်ဖြစ်ကြောင်း news-eleven.တွင်ဖော်ပြပါရှိပါသည်.။
........................................................................................................................................................................



ဂျာမန်ပရိသတ်တစ်ဦးထံမှ ခြုံထည်စောင်(၁)ထည်နှင့် ဘီယာ(၃)လုံး လုယူသူတစ်ဦးအား ကမ္ဘာ့ဖလားအထူးတရားရုံးတစ်ခုက ထောင်ဒဏ်(၂)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။ မက္ကဆီကိုနှင့် ဥရုဂွေးအသင်းတို့ ရူစတန်ဘတ်မြို့၌ကစားခဲ့သော ပွဲစဉ်အပြီးတွင် ယင်းဖြစ်ရပ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အသက်(၇၅)နှစ်အရွယ် ဂျာမန်ပရိသတ်သည် ပွဲပြီး၍ ကွင်းပြင်သို့ထွက်ခွာလာစဉ်၌ အသက် (၂၁)နှစ်အရွယ်ရှိ တောင်အာဖရိကလူငယ်တစ်ဦးက ယင်းကဲ့သို့လုယက်ခဲ့ခြင်း ဖြစ်သည်။ သူ့အား ရဲတပ်ဖွဲ့က ချက်ချင်းရှာဖွေဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၂)နှစ်ချမှတ်လိုက်ကြောင်း သိရသည်။

ကမ္ဘာ့ဖလားအထူးတရားရုံးက မူလတွင် ထောင်ဒဏ် (၃)နှစ်ချမှတ်ခြင်း ဖြစ်သော်လည်း (၂)နှစ်သို့ပြန်လည်လျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရူစတန်ဘတ်မြို့မှာ တောင်အာဖရိကနိုင်ငံမြောက်ပိုင်းတွင်ရှိပြီး ၄င်းလုယက်သူမှာလည်း ယင်းမြို့အနီးတွင်နေထိုင်ကြောင်း သိရသည်။ ၄င်းဖြစ်ရပ်ဖြစ်ပွားခဲ့သည့် Royal Bafokeng ဘောလုံးကွင်းမှာ မြို့နှင့် (၁၅)ကီလိုမီတာခန့်ကွာဝေးသောနေရာတွင် တည်ရှိသော်လည်း ဘောလုံးပွဲပြီးဆုံးသည့် ညပိုင်းအချိန်များ၌ (ဘောလုံးပွဲလာ ရောက်ကြည့်ရှုခြင်းမဟုတ်သည့်) လူမည်းအများစုမှာ ဘောလုံးကွင်းပြင်ပတွင် အုပ်စုလိုက်ရှိနေတတ်ပြီး ဘောလုံးပွဲလာရောက်ကြည့်ရှုသည့် နိုင်ငံတကာမှပရိသတ်များကို အကဲခတ်လျက်ရှိကြောင်းလည်း ကိုnews-eleven.တွင်ဖော်ပြပါရှိပါသည်.။

.......................................................................................................................................................................



ဂျာမနီအသင်း၏ အုပ်စုပွဲစဉ်တစ်လျှောက် အရှုံးအနိုင်ရလဒ်များကို မှန်ကန်အောင်ခန့်မှန်းပေးနိုင်သည့်အတွက် ပရိသတ်များ၏စိတ်ဝင်စားခြင်းကိုခံနေရသော ရေဘ၀ဲ၏ဟောကိန်းအတိုင်း ရှုံးထွက်အဆင့်တွင်လည်း အင်္ဂလန်ကို ဂျာမနီအနိုင်ရခဲ့သည်ဟု ဂျာမနီမှလာသော သတင်းစာများ၏ဖော်ပြချက်အရ သိရသည်။

အသက်(၂)နှစ်အရွယ်ရှိပြီး “ပေါလ်” ဟုအမည်ပေးထားသော ၄င်းရေဘ၀ဲမှာ ပိုင်ရှင်ဖြစ်သူအား ဂျာမနီအသင်း၏ပွဲစဉ်များကို သင်္ကေတဖြင့် ကြိုတင်ခန့်မှန်းပေးမှုများ ပြုလုပ်လေ့ရှိကြောင်းသိရသည်။ ယင်းရေဘ၀ဲမှာ ဂျာမနီအလံပါသော မှန်ကန်နှင့် ပြိုင်ဘက်အသင်းအလံပါသော မှန်ကန် (၂)ခုပေါ်တွင် ရွှေ့လျားသွားခြင်းဖြင့် အနိုင်ရမည့်အသင်းကို ခန့်မှန်းပေးခြင်းဖြစ်သည်။ သြစတြေးလျ၊ ဂါနာတို့ကိုအနိုင်ရသည့်ပွဲများတွင် ဂျာမနီအလံပါသော မှန်ကန်သို့ ရွေ့လျားသွားပြီး ဆားဘီးယားကို ဂျာမနီရှုံးသည့်ပွဲ၌ ဆားဘီးယားသို့ရွေ့ပြီးရပ်ခဲ့ကြောင်း သိရသည်။

အင်္ဂလန်အသင်းနှင့် ပွဲမတိုင်မီ၌မူ ၄င်းမှာ ဂျာမနီအလံပါသော ဖန်ကန်ပေါ်တက်ပြီး ဂျာမနီနိုင်မည်ဟု ကြိုတင်နမိတ်ဖတ်ပေးသည်ဟုnews-eleven.တွင်ဖော်ပြပါရှိပါသည်.။

01 July 2010

မြန်မာအနုပညာရှင်ရုပ်ရှင်သရုပ်ဆောင်အမျိုးသမီးများ၊မော်ဒယ်များလွန်ကဲစွာ ၀တ်စားဆင်ယင်မှုများကိုနအဖစစ်အစိုးရနှင့်ရုပ်ရှင်အစည်းအရုံးမှကြည့် ကောင်းနေကြပါသလား

အနုပညာရှင်နှင့် မော်ဒယ်များ အထူးသဖြင့် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ လွန်ကဲစွာ ၀တ်စားဆင်ယင်မှုများကို ထိန်းသိမ်းကြရန် လိုအပ်လာကြောင်း ပရိသတ်များနှင့် အနုပညာရှင်အချို့က ပြောဆိုကြပါသည်။ ပြည်တွင်းပြည်ပရှိ ဖျော်ဖြေပွဲများ၊ ကုန်ပစ္စည်း မိတ်ဆက်ပွဲများနှင့် အခြားသော ဂုဏ်ပြုဧည့်ခံပွဲများတွင် အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်၌ သင့်တော်မှုမရှိသည့်အပြင် မြန်မာ့ယဉ်ကျေးမှု ဓလေ့စရိုက်များ အပေါ်တွင်လည်း ရိုက်ခတ်မှုရှိလာခြင်းကြောင့် ထိန်းသိမ်းရန် လိုအပ်လာခြင်းဖြစ်ကြောင်း သိရှိရပါသည်။






''အင်တာနက်သုံးတဲ့သူတွေ များလာတဲ့အခါမှာ အမျိုးသမီးသရုပ်ဆောင် မော်ဒယ်အချို့ရဲ့ဝတ်စားဆင်ယင်မှု လွန်ကျူးရဲတင်းတာတွေကို အလွယ်တကူပဲ တွေ့လာရပါတယ်။ အရင်တုန်းကတော့ ဖြတ်ညှပ်ကပ်ပုံတွေနဲ့ ဟုတ်မှဟုတ်ပါ့မလားဆိုပြီး သံသယဖြစ်ခဲ့ရတယ်။ အခုတော့ တကယ်ဟုတ်နေတဲ့ ၀တ်စားဆင်ယင်မှုတွေ များလာတယ်။ တရားဝင်လုပ်တဲ့ ဖျော်ဖြေပွဲတွေမှာ အလွန်အကျူး ၀တ်ဆင်တာတချို့ရှိသလို ဧည့်ခံဖျော်ဖြေပွဲတွေ၊ ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေမှာ တွေ့ရတဲ့ ၀တ်စားဆင်ယင်မှုတွေက အရမ်းရဲတင်းပြီး အလွန်အကျူး ဖြစ်လာတာတွေ များလာတယ်''ဟု အနုပညာ လောကနှင့် နီးစပ်သူတစ်ဦးက ပြောပြ ပါသည်။


အမျိုးသမီး ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်အချို့၏ လွန်ကဲစွာဝတ်စား ဆင်ယင်မှုများသည် ယခင်နှစ်များက အနည်းငယ်သာရှိခဲ့သော်လည်း ယခုနှစ်များအတွင်း၌ ပို၍များပြားလာခဲ့ ကြောင်း သိရပါသည်။
''မြန်မာအနုပညာရှင်တွေရဲ့ ရုပ်ပျက်ဆင်းပျက် ၀တ်စားဆင်ယင်ပုံ တချို့ကိုမြင်တွေ့ရတာ စိတ်မချမ်းသာဘူး။ မြန်မာဆန်ဆန်ဝတ်စား ဆင်ယင်ရမယ်လို့ အမြင်တစ်ခုတည်း ဆွဲကိုင်ပြောတာ မဟုတ်ပါဘူး။ ခေတ်နဲ့ အလိုက်အထိုက်တော့ ၀တ်စားဆင်ယင်သင့်တာပေါ့။ နိုင်ငံခြားက အနုပညာရှင်တချို့ အဖော်အချွတ်တွေနဲ့ နေထိုင်နေကြတာကို သူ့လူမျိုး၊ သူ့စရိုက်မို့ စိတ်ထဲဘယ်လိုမှ မခံစားရပေမယ့် မြန်မာအနုပညာရှင်တွေ ကိုကျတော့ ကိုယ့်လူမျိုး၊ ကိုယ့်စရိုက်နဲ့ ယှဉ်တွဲတွေးမိပြီး ကြည့်ရတာ စိတ်မချမ်းသာမိပါဘူး''ဟု အမေရိကန်နိုင်ငံမှ မြန်မာပရိသတ်တစ်ဦးက ပြောပြခဲ့ပါသည်။



ကိုယ့်ဝတ်စားဆင်ယင်မှု က ကိုယ့်ရဲ့ကိုယ်ကျင့်တရား ဘယ်အဆင့်အတန်း ရောက်နေသလဲဆိုတာ ကို ထင်ဟပ်စေတာမို့ သတိထား စေချင်ပါတယ်...

''လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ မှာ ၀တ်စားဆင်ယင်မှုကလည်း အရေး ပါတယ်။ ခေတ်ဆန်အောင်ဝတ်လို့ ရပါ တယ်။ ဖော်မှချွတ်မှ ခေတ်ဆန်တာ မဟုတ်ပါဘူး။ ပြောရရင်ရိုင်းနေမလား မသိဘူးဗျာ။ ကိုယ့်ဝတ်စားဆင်ယင်မှု က ကိုယ့်ရဲ့ကိုယ်ကျင့်တရား ဘယ်အဆင့်အတန်း ရောက်နေသလဲဆိုတာ ကို ထင်ဟပ်စေတာမို့ သတိထားစေ ချင်ပါတယ်''ဟု ပြည်တွင်းမှ ပရိသတ် တစ်ဦးကလည်း ပြောဆိုခဲ့ပါသည်။ ပြည်တွင်းတွင် ရှိနေစဉ်ကာလ အတွင်း၌ပင် လွန်ကဲသောဝတ်စား ဆင်ယင်မှုရှိခဲ့သည့် အနုပညာရှင်အချို့ မှာ နိုင်ငံခြားမှ ဖိတ်ကြားသောပြည်ပ ဖျော်ဖြေပွဲများသို့ သွားရောက်ကြသည့် အချိန်တွင် ပိုမိုရဲတင်းစွာ ၀တ်ဆင်ဖျော်ဖြေမှုများ ရှိခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ လွန်ကဲသောဝတ်စား ဆင်ယင်မှုများအပေါ် ပရိသတ်များက ဝေဖန်ပြောဆိုခြင်းများအပြင် အနုပညာရပ်ဝန်းအတွင်းမှ အနုပညာရှင်များကလည်း လုပ်ဖော်ကိုင်ဘက် အနုပညာရှင်အချို့၏ ၀တ်စားဆင်ယင်မှု များအပေါ်တွင်လည်း သုံးသပ်ပြောဆိုခြင်းများလည်း ရှိနေခဲ့ပါသည်။ ''အခုခေတ်မှာဆိုရင် ချက်ချင်းကို ဗီဒီယိုဖိုင်က အင်တာနက်ဝက်ဘ် ဆိုက်တွေမှာတက်နေပြီ။ ဒါကြောင့် ကိုယ့်ဘာသာ ထိန်းထိန်းသိမ်းသိမ်းလေး ၀တ်စားဆင်ယင်နိုင်ရင်တော့ ပိုကောင်းမယ်လို့ ထင်ပါတယ်''ဟုလူငယ် အမျိုးသမီး သရုပ်ဆောင်တစ်ဦးကလည်း သူ၏အမြင်ကို ပြောဆိုခဲ့ပါသည်။



''အခုနောက်ပိုင်း ၀တ်စားဆင်ယင်မှုအပိုင်းတွေမှာ ခေတ်မီလာတာထက်ကို နည်းနည်းကျော်လာတာမျိုး တွေရှိလာတယ်။ မြန်မာတွေအမြင်နဲ့ မသင့်တော်တာမျိုးတွေ တွေ့နေရပါတယ်။ ဒီအတွက် ၀တ်စားဆင်ယင်မှု ကို နည်းနည်းသတိထားဖို့တော့ လိုလိမ့်မယ်''ဟု ၀ါရင့်အမျိုးသမီး သရုပ်ဆောင်တစ်ဦးက ပြောပြသည်။''၀တ်စားဆင်ယင်မှုဆိုတာ အနုပညာရှင်တွေအတွက် အရေးကြီးပါတယ်။ ခေတ်လည်း မီရမှာပေါ့လေ။ ဒါပေမယ့် မြန်မာမျက်စိနဲ့ မသင့်တော်တာမျိုး၊ မတင့်တယ်တာမျိုးတွေကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်''ဟု အမျိုးသမီး သရုပ်ဆောင်တစ်ဦးကလည်း သူမ၏အမြင်ကို ပြောပါသည်။


အနုပညာရှင်များ၏ ၀တ်စား ဆင်ယင်မှု၊ ကိုယ်ကျင့်တရား ထိန်းသိမ်းမှုတို့အတွက် သက်ဆိုင်ရာအစည်းအရုံးများ အနေဖြင့် ပညာပေးစည်းရုံး သတိပေးမှုများ လုပ်သင့်ပြီဖြစ်ကြောင်း ဂျာနယ်လစ်တစ်ဦးက ပြောကြားခဲ့သည်။
အနုပညာရှင်အချို့၏ လွန်ကဲစွာ ၀တ်စားဆင်ယင်သော အပြုအမူများသည် သာမန်ပရိသတ်များထံသို့လည်း ကူးစက်ရောက်ရှိလျက်ရှိနေပြီး အချိန်အခါ၊ နေရာဒေသနှင့် လျော်ညီမှုမရှိပဲ အရိုင်းဆန်သော ၀တ်စားဆင်ယူများ လည်း များပြားလာခဲ့ကြောင်း သိရသည်။


''အနုပညာရှင်တစ်ယောက်ရဲ့ နောက်မှာ သူ့ကို လေးစားအားကျတဲ့ စံနမူနာထားတဲ့ ပရိသတ်တွေအများ ကြီး ရှိနေပါတယ်။ သူ့ရဲ့ပြုမှုနေထိုင်မှု တွေက ပရိသတ်တွေအပေါ် အကျိုး သက်ရောက်မှု ရှိတယ်ဆိုတာကို သိထားသင့်ပါတယ်။ ခေတ်မီလို့၊ ခေတ်ဆန်လို့ ရပါတယ်။ ပြည်တွင်းမှာပဲ ဖျော်ဖြေသည်ဖြစ်စေ၊ ပြည်ပမှာပဲ ဖျော်ဖြေသည်ဖြစ်စေ ယဉ်ကျေးမှုမရှိတဲ့ အရိုင်းဆန်တဲ့၊ အမြင်ရိုင်းတဲ့ စရိုက် တွေ ဖြစ်မသွားအောင်တော့ ထိန်းသိမ်းကြဖို့ လိုအပ်ပါတယ်''ဟုလူငယ့်ရေးရာ စာပေများရေးသားနေသူ စာရေးဆရာ တစ်ဦးက ပြောကြားခဲ့ကြောင်းweeklyeleven ဂျာနယ်တွင်ဖော်ပြပါရှိပါသည်။

နအဖ စစ်အာဏာရှင်ဦးသန်းရွှေ ရဲ့ မြေး ဖိုးလပြည့် ၏“ဂွက်လတ်ကြီး” ဆိုတဲ့ဘီယာဆိုင်အကြောင်းသိကောင်းစရာ...


ရန်ကုန်တိုင်း တောင်ဒဂုံ မြို့နယ်တွင် ဖွင့်လှစ်ထားသည့် ဘီယာဆိုင် တခုမှ ညလုံးပေါက် ဆူညံနေမူကြောင့် အနီးအနားရှိ ပြည်သူများ အနေဖြင့် အနှောင့်အယှက် ဖြစ်နေရကြောင်း ရပ်ကွက်နေ ပြည်သူများ ပြောဆိုသည်။
အဆိုပါ ဆိုင်အမည်မှာ “ဂွက်လတ်ကြီး” ဟု အမည်ပေးထားသော ဆိုင်ဖြစ်ပြီး တောင်ဒဂုံမြို့နယ် တောင်ပိုင်း တံတားဖြူ မှတ်တိုင် ပင်လုံဆေးရုံအနီး ၂၈ ရပ်ကွက်မှာ တည်ရှိသည်ဟု သိရသည်။

ရပ်ကွက်နေပြည်သူ တဦးက “ ဒီဆိုင်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး ဖိုးလပြည့် ပိုင်တယ်လို့ သိရပါတယ်။ ည ၆ နာရီကနေ နံနက် ၄နာရီ အထိ တညလုံးလိုလို ဘီယာဆိုင်ကို ဖွင့်လှစ် ထားပြီး အဆို အကတွေနဲ့ တီးမူတ် သီဆို ဖျော်ဖြေ ပျော်ပါး နေကြတာကြောင့် အနီးနား တ၀ိုက်မှာ နေထိုင်နေကြတဲ့ ဒေသခံများ အတွက် အထူး အနှောင့်အယှက် ဖြစ်နေကြရပါတယ်” ဟု ပြောသည်။

အဆိုပါ ဘီယာဆိုင်ကို တချို့ပြည်သူများ က စင်တင် တေးဂီတ ညပွဲဟု ခေါ်နေကြပြီး ၄င်းဘီယာ ဆိုင်သို့ အဆို တော်များဖြစ်ကြသည့် ခင်မောင်တိုး၊ ဆောင်းဦးလှိုင်၊ အေးသင်ချို၊ ကော်နီနှင့် တခြား အဆို တော်များလည်း လာရောက် ဖြေဖျော်ကြသည်ဟု သူက ဆက်ပြောသည်။

“အဆိုတော်တွေကို ငှားရမ်းပြီး စီးပွားရေးအရ တွက်ခြေ ကိုက်အောင် လုပ်ကိုင် နေကြတာ ဖြစ်ပါတယ်။ သုံးညမှ တညစီ အဆိုတော်တွေက လာရောက် ဖြေဖျော်တဲ့ အတွက် အဲဒီ ဘီယာဆိုင်ကို လာရောက် ပျော်ပါးကြတဲ့ သူတွေက အထူးများပြားပါတယ်။ နောက်ကွယ်မှာတော့ ဆိုင်ပိုင်ရှင်တွေက မကောင်းမူ တွေကို လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။”

အဆိုတော်များ မရောက်သော တခြားညမျာတွင် ဘီယာ ဆိုင်၌ အလုပ်ခန့်ထားသူ အမျိုးသမီးများက စင်တင် ဖြေဖျော်ရေး အစီအစဉ်များကို တာဝန်ယူဆောင်ရွက်ကြပြီး အမျိုးသမီးများမှာ အသက် ၁၈ နှစ်မှ ၂၀ အရွယ်ထိ ဖြစ်ကြောင်းနှင့် အရေအတွက်အားဖြင့် ၃၀ ခန့်ရှိသည်ဟု သိရသည်။

၎င်း ဘီယာဆိုင် အနီးတွင်လည်း မြနန်းသစ် တည်းခိုခန်း တခု ရှိပြီး အဆိုပါ ဘီယာဆိုင်နှင့် အလုပ် ဆက်စပ်ထားကာ မကောင်းမူ လုပ်ငန်းများကို လုပ်ကိုင်ကြသည်ဟု သူက ပြောသည်။

“အဲဒီ တည်းခိုးခန်းက ၅မိနစ်လောက်ဘဲ ကားနဲ့သွားရပါတယ်။ ဖေါက်သည်တွေကို ကားတွေက အကြိုအပို့ လုပ်ပေးပါတယ်။ ခုလို မြန်မာ့ ယဉ်ကျေးမူနဲ့ မကိုက်ညီဘဲ ဖြစ်နေတဲ့ ဘီယာဆိုင် အပေါ် ဗိုလ်ချုပ်မှူးကြီးရဲ့ မြေးပိုင်တဲ့ ဆိုင်ဆိုပြီးတော့ ဘယ်သူ တယောက်မှလဲ မပြော ရဲကြဘူး။ ဒါကြောင့် သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတာ ဖြစ်ပါတယ်” သူကပြောသည်။

အဆိုပါဘီယာဆိုင်တွင် အစားအသောက်မပါပဲ ထိုင်ခ သီးသန့် တယောက်ကို ကျပ်ငါးထောင်စီ ပေးသွင်း ရသည်ဟုလည်း သိရသည်။

ရင်းမြစ်..နိရဉ္စရာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ကဌ ဦးတင်ဦး ညီမ ဒေါ်မြမြခိုင် ၏ ဈာပနအား နာရေးကူညီမှုအသင်း(ရန်ကုန်)လိုက်လံပို့ဆောင်..(ဓာတ်ပုံမှတ်တမ်း)




ဘဘ ဦးတင်ဦး၏ ညီမ ကွယ်လွန်

ဒေါ်မြမြခိုင် (ခ) Violet ဖေ (ဘဘ - ဦးတင်ဦး၏ ညီမ) အသက် (၇၀) နှစ်သည် ၂၈.၆.၂၀၁၀ (တနင်္လာ) နေ့တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့ရာ ကြွင်းကျန်ရစ်သော ရုပ်ကလပ်ကို ၃၀.၆.၂၀၁၀ (ဗုဒ္ဓဟူး)နေ့ နံနက် (၁၀း၀၀) နာရီတွင် ရေဝေးသုဿန်တွင် မီးသဂြိုင်္လ်ခြင်း အခမ်းအနားကို ပြုလုပ်ခဲ့ပါသည်။ ယင်း အခမ်းအနားတွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ အသင်းသားများက မိသားစုနှင့် အတူ လိုက်လံပို့ဆောင် မီးသဂြိုင်္လ် ပေးခဲ့ကြပါသည်။

ယင်း နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ရေအလှူကိစ္စ များဆောင်ရွက်ရန် ပြည်မြို့သို့ ရောက်ရှိနေ၍ ဈာပန အခမ်းအနားအတွက် နာရေးကူညီအမှုအသင်း (ရန်ကုန်)မှ အသင်းသူ/သားများအား ဈာပန အခမ်းအနားတွင် စည်းကမ်းရှိစွာ ဆောင်ရွက်ပေးရန် အတွက် တယ်လီဖုန်းဖြင့် ပြည်မြို့မှ စီစဉ် ဆောင်ရွက်ပေးခဲ့သည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ လုပ်ဆောင်ချက်များကို ကျေးဇူးတင်သည့် အနေဖြင့် အလှူငွေ လှူဒါန်းခဲ့ရာ ဂုဏ်ပြုကဒ်ပြားအား ရေဝေးသုဿန် ဈာပနအခမ်းအနားတွင် ဘဘ - ဦးတင်ဦး လက်ထဲသို့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ပြန်လည်ပေးအပ် ခဲ့ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

လူမှုရေး " ရဲဆေး "တင်ပေးခြင်း.....။



လူမှုရေး " ရဲဆေး " တင်ပေးခြင်း.....။

နာရေးကူညီမှုအသင်း(ရန်ကုန်)သည် နာရေးကိစ္စများကို ဆောင်ရွက်ရာတွင် ဘ၀တစ်ပါးသို့ နည်းအမျိုးမျိုးဖြင့် ပြောင်းလဲသွားကြသော ရုပ်ခန္ဓာများအား သယ်ဆောင်သင်္ဂြိုလ် ပေးရခြင်းများကို ဆောင်ရွက်ပေးရသည်။ ထိုသို့ ဆောင်ရွက်ရာတွင် ရေနစ်သေဆုံးသော ပုပ်ပွနေသော အလောင်းများ၊ သစ်တုံးပိခြင်း၊ ဓါတ်လှေကားညှပ်ခြင်း၊ ဆွဲကြိုးချ သေဆုံးခြင်း၊ ရထားကြိတ် သေဆုံးခြင်း စသည့် စသည့် ဦးနှောက်များ ထွက်နေခြင်း၊ ကိုယ်လက် ခန္ဓာ အပိုင်းပိုင်း ပြတ်တောက်နေသော ရုပ်အလောင်းပေါင်း များစွာကို အခမဲ့ ကုသိုလ်ဖြစ် ပို့ဆောင်ပေးလျှက်ရှိပါသည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူသည် ပြည်မြို့မှ ၁.၇.၂၀၁၀ (ကြာသပတေး) နေ့ နံနက် (၉း၀၀) နာရီတွင် ရန်ကုန်မြို့ မြောက်ဒဂုံရုံး နာရေးကူညီမှုအသင်း (ရန်ကုန်)သို့ ရောက်ရောက်ခြင်း ဈာပနသင်တန်းတွင် လုပ်အားပေး အသင်းသူ/သားများအား ရုပ်အလောင်းများကို သွားရောက် သယ်ဆောင်ရာတွင် ကြောက်ရွံ့ခြင်း၊ ရွံရှာခြင်းတို့ မဖြစ်ပေါ်စေရန် ဈာပန ပို့ဆောင်ရေး သင်တန်း ၃/၂၀၁၀ မှ စ၍ မိမိတို့ ကူညီဖေးမခဲ့မှုများ၊ အတွေ့အကြုံများ (ရဲမှုခင်း) လမ်းကြောင်းများကို ပရိုဂျက်တာဖြင့် ပြသ ပို့ချကာ လူမှုရေး ရဲဆေး တင်ပေးခဲ့ပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

သာသနာပြုမည့် ရေအလှူ



သာသနာပြုမည့် ရေအလှူ

၂၉.၆.၂၀၁၀ (အင်္ဂါ)နေ့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူ၊ ဦးသန်းစိန်နှင့် အဖွဲ့သည် ပြည်မြို့ (ကျူတောရွာ၊ မကျီးစုရွာ၊ ရွှေမုဋ္ဌောကျောင်း၊ ဇီးကုန်းလေးရွာ၊ သက်ကယ်ချင်း ကုန်းရွာ၊ သဲကုန်းမြို့နယ် ပုတီးကုန်းရွာ) တို့တွင် ရေတူးဖော်မှု၊ ရရှိမှုတို့ကို ပြည်မြို့သို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုရာတွင် နယ်ခံ ပြည်မြို့ရှိ ပရဟိတ လူငယ်အဖွဲ့ ခေါင်းဆောင် ကိုညီညီအောင်၊ ကိုမိုးကြီး စသည့် လူငယ်အဖွဲ့များက ကြိုဆို၍ ယင်းကျေးရွာများသို့ လိုက်လံ ပြသခဲ့ပါသည်။ အထူးအားဖြင့် မကျည်းစုရွာတွင် ရေလုံလောက်စွာ ရရှိသည့်အပြင် ယင်းရွာ၏ တောင်ကုန်းပေါ်တွင်ရှိသော ရွှေမုဋ္ဌောဘုရား ကျောင်းဝင်းသို့အထိ သုံးရေ သွယ်တန်းနိုင် ခဲ့ပါဖြင့် ရေလှူဒါန်းမှုသည် ပြည်သူလူထုအပေါ် ကူညီ ပံ့ပိုးပေးနိုင်ခဲ့သလို သာသနာပြုရာ လုပ်ငန်းတစ်ခုအဖြစ်လည်း သတ်မှတ်နိုင်သည်။ ရေရှားပါးသည့်အချိန်တွင် ထို ရွှေမုဋ္ဌောဘုရားဝင်းရှိ သံဃာတော်များ ဆရာတော်ကြီးများသည် ရေသုံးစွဲရန်အတွက် ဧရာဝတီတစ်ဖက်ကမ်းသို့ ကူးကာ ခက်ခဲစွာ ရေသုံးစွဲခဲ့ရသည်။ ယခုဆိုလျှင် ဘုရားကျောင်းဝင်းအတွင်း လွယ်ကူချောမွတ်စွာ ရေသုံးစွဲ နိုင်ပြီဖြစ်ပါသည်။ ဒေသခံ ပြည်သူလူထုများမှလည်း ကျေးဇူးတင် ၀မ်းသာအားရ သာဓု ခေါ်ဆိုကြ ပါသည်။

ထပ်မံ၍ ပြည်မြို့ ရွှေပေါက်ပင် ဆရာတော်ကြီး၏ ရွှေပေါက်ပင် ကျောင်းတိုက်အတွင်း တွင်လည်း သာသနာပြုသည့် ကုသိုလ်ရေး ကိစ္စရပ်များအတွက် လိုအပ်နေသော ရေတွင်းတူးဖော်ရန် အတွက် ဦးကျော်သူနှင့်အဖွဲ့သည် ပြည်မြို့ ပရဟိတလူငယ်အဖွဲ့နှင့် ပူးပေါင်း၍ စတင် တူးဖော်ရန် လုပ်ဆောင်လျှက် ရှိပါသည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

၂၀၁၀ ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်များမီဒီယာစင်တာတွင်မီဒီယာသမားများ အလွန်များပြားလာခြင်းကြောင့် ထိုင်ခုံများမလောက်တော့ဘဲ ကြမ်းပြင်တွင်ထိုင်၍ အလုပ်လုပ်နေရ


၂၀၁၀ ကမ္ဘာ့ဖလားအုပ်စုအဆင့်ပွဲစဉ်များပြီးဆုံးပြီးနောက်ပိုင်း ပွဲများနည်းလာသည်နှင့်အမျှ ပွဲကစားသည့်ကွင်းအတွင်း မီဒီယာသမားများရောက်ရှိမှုမှာလည်း အဆမတန်များပြားလာခဲ့သည်။ မီဒီယာသမားများအတွက် သတ်မှတ်ပေးထားသည့် ထိုင်ခုံများနှင့် စားသောက်ဆိုင်များရှိ ထိုင်ခုံများမှာ ပွဲမစတင်မီ (၃)နာရီခန့်ကပင် လူပြည့်နေပြီး မီဒီယာသမားအများစုမှာ ထိုင်ခုံမရရှိ၍ ကြမ်းပြင်ပေါ်တွင်ထိုင်ကာ မိမိတို့၏ အလုပ်များကို လုပ်နေရကြောင်း တွေ့ရှိရသည်။ မီဒီယာသမားများထိုင်ရန် စီစဉ်ပေးထားသည့် ထိုင်ခုံများတွင် လျှပ်စစ်မီး(Power)ခလုတ်များ၊ အင်တာနက် Acess များ စီစဉ်ပေးထားသဖြင့် ထိုင်ခုံရသူမီဒီယာသမားများမှာ အဆင်ပြေကြသော်လည်း ထိုင်ခုံမရရှိသည့် မီဒီယာသမားအများစုမှာ လျှပ်စစ်မီးမရ၍ မိမိတို့၏ Lap Top ကွန်ပျူတာများကို ချွေတာသုံးစွဲနေရခြင်းနှင့် အင်တာနက်အသုံးပြုရန် 3G Moderm လိုအပ်ခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်ရလျက်ရှိနေဟုnews-eleven တွင် ဖော်ပြပါရှိပါသည်.။
...............................................................................................................................................................

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိသတ်များ၏မျက်နှာ၌ အလံပုံ ဆေးရောင်ခြယ်သသူများ အလုပ်ဖြစ်နေ၊ ပွဲမစမီနာရီပိုင်းအတွင်း ၀င်ငွေရန်(၅၀၀)နှင့်အထက်ရရှိ



ကမ္ဘာ့ဖလားပြိုင်ပွဲလာပရိသတ်များ၏ မျက်နှာပေါ်တွင် အလံပုံစံဆေးရောင်ခြယ်သသူများမှာ နာရီပိုင်းအတွင်း ၀င်ငွေများစွာရရှိနေပြီး အလုပ်ဖြစ်လျက်ရှိနေကြောင်း သိရှိရသည်။ မျက်နှာ၏ ပါးနှစ်ဘက်တွင် မိမိနှစ်သက်ရာအသင်း၏ အလံပုံကို ရေးခြယ်နိုင်ပြီး (၁)ကြိမ်ရေးခြယ်ပါက ရန်(၂၀)ပေးရကြောင်း သိရသည်။ ဘောလုံးကွင်းများ၏ပြင်ပတွင် ဘောလုံးပွဲမစတင်မီ၌ ယင်းကဲ့သို့ ဆေးရောင်ခြယ်သသူများကို တွေ့ရပြီး ၄င်းတို့မှာ ဘောလုံးပွဲမစတင်မီ နာရီပိုင်းအတွင်း ၀င်ငွေ ရန်(၅၀၀)အထက်ကို ရရှိကြောင်း သိရသည်။ ဆေးရောင်ခြယ်သူ လူငယ်တစ်ဦးက ''တစ်ယောက်ကို ရန်(၂၀)ပါ။ ကြိုက်တဲ့အသင်းကို ရွေးလို့ရပါတယ်။ အလံနဲ့တူအောင် ရေးဆွဲပေးပါတယ်။ တစ်ရက်ကို အနည်းဆုံး (၂၅)ယောက်လောက် ဆွဲရပါတယ်။ တစ်ခါတစ်လေဆို (၄၀)ယောက်တောင်လောက် ဆွဲပေးရပါတယ်။ ဂျာမနီနဲ့ ဂါနာကစားတဲ့နေ့ကဆိုရင် ကျွန်တော်တစ်ယောက်တည်း အယောက်(၆၀)လောက် ဆွဲပေးရပါတယ်။ ဒီမှာမျက်နှာခြယ်ပေးတာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကျွန်တော့်သူငယ်ချင်းတွေလည်း ရှိပါတယ်။ ဟိုဘက်ဂိတ်တွေမှာလည်း အများကြီးရှိပါတယ်'' ဟုပြောကြားခဲ့ကြောင်းnews-eleven တွင် ဖော်ပြပါရှိပါသည်.။

..............................................................................................................................................................


ကွင်းပြင်ပတွင် လက်မှတ်မှောင်ခိုများရှိနေဆဲဖြစ်သလို၊ လက်မှတ်ဝယ်ယူလိုသူများကလည်း ပေါ်ပေါ်ထင်ထင်ပင် လက်မှတ်ဝယ်ယူနေ


ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လက်မှတ်မှောင်ခိုများ ပပျောက်စေရန် ဖီဖာကကြိုးပမ်းနေသော်လည်း ဘောလုံးကွင်းပြင်ပ၌ လက်မှတ်မှောင်ခိုများမှာ လုံးလုံးပျောက်ကွယ်မသွားသေးဘဲ ပရိသတ်များအကြားရောရောင်၍ လှုပ်ရှားနေသည်ကို တွေ့ရသည်။ လက်မှတ်မှောင်ခိုရောင်းချလိုသူများသည် ဈေးသည်များဟန်ဆောင်၍လည်းကောင်း၊ ပရိသတ်များဟန်ဆောင်၍လည်းကောင်း၊ ဘောလုံးပွဲလာပရိသတ်များထံ ချဉ်းကပ်၍ လက်မှတ်အလိုရှိမရှိမေးမြန်းနေကြပြီး အ ရောင်းအ၀ယ်ဖြစ်လျက်ရှိသည်ကို တွေ့ရသည်။ ဘောလုံးကွင်းပြင်ပတွင် လက်မှတ်မှောင်ခိုများရှိနေဆဲဖြစ်သလို၊ လက်မှတ်ဝယ်ယူလိုသူများကလည်း မိမိတို့အလိုရှိသော ဘောလုံးပွဲလက်မှတ်များကိုဝယ်ယူရန် ပေါ်ပေါ် ထင်ထင်ပင် ဆိုင်းဘုတ်များပြုလုပ်၍ ပရိသတ်များထံပြသကာ မေးမြန်းမှုများ ပြုလုပ်လျက် ရှိသည်ကိုတွေ့ရသည်။ ကျင်းပပြီးစီးခဲ့သည့် အချို့သောပွဲစဉ်များတွင် ထိုင်ခုံလွတ်များစွာဖြစ်ပေါ်ခဲ့ရာ ၄င်းမှာ လက်မှတ်မှောင်ခိုများ၏ စနက်ကြောင့်ဖြစ် ကြောင်း ဖီဖာတာဝန်ရှိသူများက စွပ်စွဲပြောကြားခဲ့သည်။ ဖီဖာသည် လက်မှတ်မှောင်ခိုများကို နှိမ်နင်းလျက်ရှိနေသော်လည်း အစုလိုက်အပြုံလိုက် စောင်ရေများစွာရောင်းချခြင်းကိုသာ အဓိကရှာဖွေဖမ်းဆီးနေပြီး တစ်စောင်စ နှစ်စောင်စ ရောင်းဝယ်မှုမျိုးကိုမူ မသိမသာမျက်ကွယ်ပြုထားကြောင်း ကိုnews-eleven တွင် ဖော်ပြပါရှိပါသည်.။

အသက်(၁၁)နှစ်အရွယ်မြန်မာမိန်းကလေးငယ်လေးအား သေနတ်ပြခြိမ်းခြောက်၍ မတရားပြုကျင့်ခဲ့သူကို ရုံးတင်တရားစွဲဆို

အသက် (၁၁) နှစ်သာရှိသေးသော မိန်းကလေးငယ်အား အကြိမ်ကြိမ်စော်ကား မတရားကျင့်မှုဖြင့် မြန်မာရွှေ့ပြောင်း အလုပ်သမားတဦးအား တရားရုံးတင်ရန် ယမန်နေ့က အမှုဖွင့် အရေးယူလိုက်ပြီဖြစ်သည်။

မိဘများမရှိခိုက် မိန်းကလေးငယ်လေးအား သေနတ်ပြခြိမ်းခြောက်၍ မတရားပြုကျင့်ခဲ့သူ ရာဘာခြံအလုပ်သမား စိုးမောင်မောင်အား Rask Thai ဖောင်ဒေးရှင်းနှင့် ကလေးသူငယ်ထိန်းသိမ်းကာကွယ်ရေးအဖွဲ့ (ဘန်ဖတ်ဒတ်) တို့မှ ပူးပေါင်း၍ ယမန်နေ့က ထိုင်းနိုင်ငံတောင်ပိုင်း၊ ဆူရပ်ဌာနီခရိုင်၊ ထချန်းမြို့နယ်၊ ဆပ်ဝီယ ရဲစခန်းတွင် အမှုဖွင့် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။

ထချန်းမြို့နယ်ရှိ နန်းတလေ ရော်ဘာခြံအတွင်းတွင် အလုပ်လုပ်ကိုင်နေထိုင်သော ကိုမိုးလှိုင်နှင့် မသိန်းကြည်တို့၏ အသက် (၁၁) နှစ်အရွယ် သမီးငယ် မမိုးဝါအား မိဘများ ရော်ဘာသွားခြစ်သော ညများတွင် အဆိုပါခြံမှ မန်နေဂျာအမျိုးသမီး၏ ယောက်ျားဖြစ်သူ စိုးမောင်မောင်က မကြာခဏလာရောက် ခြိမ်းခြောက် အနိုင်ကျင့်စော်ကားခဲ့ခြင်းဖြစ်သည်ဟု မိခင်ဖြစ်သူက ပြောကြားသည်။

မမိုးဝါ၏မိခင်ဖြစ်သူ မသိန်းကြည်က “ကျမတို့က ညဘက်ဆို (၁၁) နာရီလောက်စပြီး ရော်ဘာခြစ်ရတယ်လေ။ အဲဒါ သမီးနဲ့သားငယ် (၂) ယောက်ကို အိမ်မှာ သေသေချာချာမှာထားခဲ့တယ်။ ဘယ်သူလာလာ တံခါးမဖွင့်ပေးရဘူးလို့။ သူက မန်နေဂျာမရဲ့ ယောက်ျားဆိုတော့ သမီးကကြောက်တော့ ဖွင့်ပေးတာနေမယ်။ သမီးပြောတာက သူ (၄) ခါ၊ (၅) ခါ အဲဒီလို လာတယ်လို့ပြောတယ်။ လက်ထဲမှာ သေနတ်နဲ့ ဘယ်သူမှ မပြောရဘူး၊ ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြောက်ထားတော့ ကလေးက မပြောရဲဘူး။ အခုက စကားများရန်ဖြစ်မှ သမီးက ငိုပြီးပြောလို့ သိရတာ” ဟု ဝမ်းနည်းစွာ ပြောပြသည်။

စိုးမောင်မောင်သည် အသက် (၂၅) နှစ်ခန့်ရှိပြီး ၎င်း၏ဇနီးဖြစ်သူ ရာဘာခြံမန်နေဂျာမှာ အသက် (၄၅) နှစ်ခန့်ရှိကာ ထိုအမျိုးသမီးတွင် ယခင်အိမ်ထောင်နှင့် သားသမီး (၃) ဦးရှိသည်။မတရားပြုကျင့်မှု ပေါ်ပေါက်ရသည်မှာ အဆိုပါမန်နေဂျာ အမျိုးသမီး၏သားဖြစ်သူနှင့် ပတ်သက်၍ မမိုးဝါ၏ မိဘများနှင့် စကားများရန်ဖြစ်ကြရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ မန်နေဂျာအမျိုးသမီး၏ အသက် (၂၀) ခန့်ရှိသူ သားဖြစ်သူက မိဘတို့ထမင်းစားချိန် အချိန်မမီ၍ မစားရသော အခါများတွင် တခါတရံ၌ မမိုးဝါထံ လာရောက်၍ ထမင်းတောင်းစားလေ့ရှိပြီး ပြီးခဲ့သည့်လ မနက်လင်းပိုင်းတွင် မမိုးဝါ၏ မိဘများ ရော်ဘာခြစ်ရာမှပြန်အလာ အိမ်တွင် စားပြီးသား ထမင်းပန်းကန်တွေ့၍ သမီးဖြစ်သူအားမေးမြန်းကာ မန်နေဂျာမိသားစုထံ မိဘများမရှိခိုက် ယင်းသို့ အိမ်ကိုလာရောက် တောင်းစားသည်ကို မကြိုက်ကြောင်း သားဖြစ်သူကို ဆုံးမပေးရန်ပြောကြားရာမှ အခြေအတင် စကားများကြပြီး ယခုကဲ့သို့ စိုးမောင်မောင်က မမိုးဝါအား မတရားကျင့်သည့် ကိစ္စပေါ်ပေါက်လာခြင်းဖြစ်သည်။

ပထမပိုင်းတွင် နည်းလမ်းမျိုးစုံဖြင့် လမ်းလွှဲရန် စိုးမောင်မောင် မိသားစုက ကြိုးပမ်းသော်လည်း၊ အဖွဲ့အစည်းများမှ တရားဝင် ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များ ဆောင်ရွက်ပေးနိုင်မှုအရ အခိုင်အမာ သက်သေပြနိုင်ပြီဖြစ်သည့်အတွက် တရားစွဲဆိုခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ ထိုသို့သော ကလေးသူငယ်များကို စော်ကားမှုများအား မိဘများက တရားရင်မဆိုင်လျှင်ပင် အခြားသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များက တရားစွဲဆိုပိုင်ခွင့်ရှိသည်။

မမိုးဝါသည် မိဘများ ရော်ဘာသွားခြစ်ခိုက် မောင်ငယ် (၂) ဦးကို စောင့်ရှောက်ရင်း အိမ်တွင် ကျန်ရှိနေသည်ကို စိုးမောင်မောင်က လူသူကင်းရှင်းသော ည (၁၁) နာရီခွဲခန့်တွင် လာရောက်လေ့ရှိကာ မမိုးဝါအား စော်ကားနေခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖြစ်ပွားသည်မှာ တလခန့်ကြာမြင့်ခဲ့ပြီး လိုအပ်သော ဆေးရုံမှတ်တမ်း၊ ဆေးစစ်ချက်များလည်း ဝီဖဝတီဆူရပ်ဌာနီ ဆေးရုံကြီးမှ အခိုင်အမာရရှိထားပြီး ဖြစ်သည်ဟု Raks Thai ဖောင်ဒေးရှင်းမှ တရားစွဲဆိုနိုင်ရန် လိုက်ပါဆောင်ရွက်ပေးနေသူ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ရဲစခန်းကလည်း လိုအပ်တာအကုန်လုံး သေချာစစ်ဆေးပါတယ်။ ကျနော်တို့အတွက်လည်း ပညာရတယ်။ နောက်ဆို ဘယ်လို စနစ်တကျ လုပ်ရမယ်ဆိုတာပေါ့။ လာမယ့် (၆) ရက်နေ့မှာ ထချန်းတရားရုံးမှာ အမှုစတင်ရင်ဆိုင်ရမှာပါ” ဟု ပြောသည်။

ယခုအခါတွင် မသိန်းကြည်တို့ မိသားစုအား ထိုရော်ဘာခြံမှ ထွက်သွားခိုင်း၍ မောင်နှမဝမ်းကွဲတော်သူတဦး၏ခြံတွင် ဆက်လက်အလုပ်လုပ်ကိုင်နေကြကြောင်း သိရှိရသည်။

ထိုင်းနိုင်ငံတောင်ပိုင်းသည် ရော်ဘာခြံများ၊ သီးပင်၊ စားပင် စိုက်ပျိုးပင်များဖြင့် စီးပွားဖြစ်ထွန်းလျက်ရှိရာ မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ရော်ဘာခြစ်လုပ်ငန်းများတွင် ၀င်ရောက်လုပ်ကိုင်ကြသူများ ရှိသည်။ ညပိုင်း ပတ်ဝန်းကျင် အေးမြလာချိန်တွင် ရော်ဘာအစေးခြစ် ထွက်ကြရပြီး မနက်ခင်းပိုင်းတွင် အနားယူ အိပ်စက်ကြရသည်။

ပုံမှန်အားဖြင့် (၁၅) ရက်တခါခန့် ခြစ်ပြီးသား အခြောက်လှန်းထားသော ရော်ဘာချပ်များကို ရောင်းချလေ့ရှိကာ ထိုသို့ရောင်းချသော ရက်များကို စနည်းနာ၍ မသမာသူများ၏ ဓားပြတိုက်မှုများလည်း အမြဲလိုလို ဖြစ်ပေါ်နေတတ်၍ ရော်ဘာခြံပိုင်ရှင်များက မိမိတို့၏တပည့်တပန်းများကို သေနတ်များပေးကာ ကိုင်ဆောင်စေလေ့ရှိသည်။

သတင်းရင်းမြစ်..ခေတ်ပြိုင်

30 June 2010

နအဖစစ်တပ် ရဲ့ မလိမ္မာတစ်ခါမိုက်တဲ့ အရာရှိများ....


အခုကျနော်တင်ပြပေးမှာက တပ်မတော် (ရေ) မှာဖြစ်ပျက်ခဲ့တဲ့ မထူးခြား သော်လည်း ဆန်းပြားတဲ့ဖြစ်ရပ်ကလေး တစ်ခုအကြောင်းပါ။မထူးခြားဘူးဆို တာက ဒီလိုကိစ္စမျိုးတွေက တပ်မတော်ထဲမှာထူးခြားဖြစ်စဉ်မဟုတ်ဘဲ ဖြစ်ရိုးဖြစ် စဉ်ဓမ္မတာဖြစ်ရပ်မျိုးတွေဖြစ်နေလို့ပါ။သို့သော်လည်း ဆန်းပြား တယ်လို့ ဆိုလိုက် တာကတော့ ယခုဖြစ်စဉ်မှာ ပါဝင်ပတ်သတ် နေတဲ့ အရာရှိတွေ အပေါ်အရေးယူ ကိုင်တွယ် ဆုံးဖြတ်ချက်ချလိုက်ပုံက ကြားသိလိုက်ရသူ အပေါင်းကို မအံ့ဩဘဲ မနေနိုင် လောက်အောင် ဆန်းကြယ် နေတဲ့ အချက်ကြောင့်ပါ။


ဖြစ်ပျက်ပုံကဒီလိုပါ။ ၂၀၀၁ ခုနှစ်အတွင်းတစ်ခုသောနေ့လယ်ခင်းမှာ သတင်းအရ ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချ နေတဲ့ အုပ်စုတစ် ခုကိုဖမ်ဆီးဖို့ ရန်ကုန်တိုင်း ဒုစရိုက်နှိမ်နှင်းရေး ရဲတပ်ဖွဲ့ (ဒန) တပ်ဖွဲ့ဝင်တွေတပ် ဖြန့်လှုပ်ရှား နေပါတယ်။အဲဒီအချိန်မှာ စားသောက်ဆိုင်တစ်ခုရှေ့မှာ ဆိုင်ကယ် တစ်စီးထိုး ရပ်လာပြီး ကျောပိုးအိတ်နဲ့ လူရွယ်တစ်ဦး ဆိုင်ထဲကို ၀င်ရောက်လာကာ စားပွဲဝိုင်းလွတ် တစ်ခုမှာထိုင်ရင်း တစ်စုံတစ်ဦးကို စောင့်ဆိုင်း နေပါတယ်။


ဆိုင်ထဲ မှာအသင့် စောင်ကြည့်နေတဲ့ ရဲထောက်လှမ်းရေး တွေက သူကိုမသကာင်္လို့ ရှာဖွေ စစ်ဆေးကြည့်တဲ့ အခါ ကျောပိုးအိတ်အတွင်းမှာ ဘိန်းဖြူထုပ် အချို့လျှို့ဝှက်ယူ ဆောင်လာတာကို ဖမ်းဆီးရမိလိုက်ပါတယ် ဆက်လက်ရှာဖွေ ကြည့်တဲ့အခါ အဲဒီ လူရွယ် ကိုင်ဆောင်ထားတဲ့ Identity Card ဟာ တပ်မတော် အရာရှိ စီစစ်ရေး ကဒ်ပြားဖြစ်နေပြီး အရာရှိ အသုံးအဆောင် ပစ္စည်းအချို့ကိုလည်း ထပ်မံတွေ့ ရှိရတာကြောင့် ရဲထောက်လှမ်ရေးတွေ မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရ ပါတယ်။


ဒီလိုနဲ့ အမှုကိုရဲက ဆက်မကိုင်တော့ဘဲ နယ်မြေခံ စစ်ဘက်ထောက်လှမ်းရေး (ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်း အခြေပြု အမှတ် (၁၄) စစ်ထောက်လှမ်းရေး တပ်ဖွဲ့) ကိုလွှဲပြောင်း ပေးလိုက် ပါတယ်။ထောက်လှမ်းရေး (၁၄) တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးထားတဲ့ လူရွယ်ကို သူတို့ရဲ့စစ်ကြောရေး ဌာနသို့ခေါ်ဆောင်သွားပြီး ဆက်လက်စစ်ဆေး မေးမြန်းပါတယ် ဖမ်းဆီခံလိုက်ရသူ လူရွယ်က သံလျင်မြို့နယ် ဆိပ်ကြီးမှာ ရှိတဲ့ ရေတပ်လေ့ကျင့် ရေးဌာနချုပ် (ရလခ) ( ယခုအခေါ်အမှတ် (၁) ရေတပ် လေ့ကျင့်ရေးကျောင်း။ ရလရ - ၁) မှာဦးစီး အရာရှိ (တတိယတန်း) စစ်ရေး A3 တာဝန် ထမ်းဆောင်နေ တဲ့ ဗိုလ်ကြီး နေလင်းအောင်ဖြစ်ပါတယ်။


ထောက်လှမ်းရေး တပ်ဖွဲ့ဝင်တွေက ရလခ အရာရှိရပ်သာ လူပျိုဆောင်မှာရှိတဲ့ ဗိုလ်ကြီး နေလင်းအောင်ရဲ့ အခန်းကို သွားရောက် ရှာဖွေ စစ်ဆေးတော့ အသုံးပြုပြီးသား ဆေးထိုးအပ် အချို့နဲ့ မသကာင်္ ဖွယ်စီးကရက်တို အချို့ကို ထပ်မံ သိမ်းဆည်း ရမိတယ်လို့ ဆိုပါတယ်။



ဗိုလ်ကြီးနေလင်းအောင်ကို တစ်ရက်မျှစစ်ကြောပြီးတဲ့နောက်အမှု့နဲ့ ပတ် သတ်တဲ့ ကွင်းဆက်တွေ ထပ်မံ ပေါ်ထွက် လာပါတယ်။နောက်တစ်နေ့ ညနေနဲ့ ည ပိုင်းမှာရေတပ်က အရာရှိသုံးဦးကို ထပ်မံ ဖမ်းဆီး လိုက်ပါတယ်။သူတို့တတွေက တော့ သံလျင်မြို့သီလ၀ါအခြေစိုက် ဗျူဟာစစ်ဆေး ယာဉ်စုအုပ်ချုပ်မှု လက် အောက်ခံ စစ်ရေယာဉ်- ၅၅၁ ရဲ့စစ်ရေယာဉ်မှူးဖြစ်သူ ဗိုလ်မှူး ကံလှတင်ထွန်း ဗိုလ်တထောင်မြို့နယ် သံလျှက်စွန်းမှာရှိတဲ့ အမှတ်(၃၆) စစ်ရေယာဉ်စု- အကူ အုပ်မှူးဖြစ်သူ ဗိုလ်မှူး သိုက်စိုးအောင်နဲ့ သံလျှက်စွန်းမှာရှိတဲ့ ရေတပ်ပင်မပစ္စည်း ထိန်းတပ်၊ တပ်ခွဲ (၃) တပ်ခွဲမှူး ဗိုလ်ကြီးသက်လွင်တို့ဖြစ်ပါတယ်။


ဗိုလ်မှူး ကံလှတင်ထွန်း ဆိုသူက ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ထွန်းရဲ့သား ဖြစ်ပါတယ်။ဗိုလ်မှူးသိုက်စိုးအောင်က သစ်တော ရေးရာ ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီးသိုက်ထွန်းရဲ့သားလို့သိရပါတယ်။ဗိုလ်ကြီးသက်လွင်ကတော့ရဲချုပ်ဟောင်းသူရဖေအောင်ရဲ့သားဖြစ်ပါ
တယ်။ အမှု့ဖြစ် ပွားချိန်မှာ ရဲချုပ်သူရဖေအောင်ဆုံးပါးသွားတာ နှစ်ကာလအတန်ကြာပြီဖြစ်ပေမဲ့ အာဏာပိုင်အသိုင်းအ၀ိုင်းအတွင်းမှာ သူ့ ရဲ့အရှိန်ဇာလွှမ်းမိုးအမြစ်တွယ်ဆဲပါ။


ကျနော်စောစောကပြောခဲ့သလို စစ်ခေါင်းဆောင်ကြီးတွေရဲ့ သားသမီး တွေ မူးယစ်ဆေးဝါး သုံးစွဲတယ်ဆိုတဲ့ ဖြစ်ရပ်သတင်းတွေဟာ စစ်တပ်အသိုင်းအ ၀ိုင်းအတွင်းမှာ ထူးဆန်း ထွေတလာ ဋီကာချဲ့ပြီး ပြောစရာ မလိုတဲ့ ကြုံတွေ့နေကျ ကြားနေကျ သမရိုးကျ ကိစ္စရပ် တွေပါ။လူကြီးသားသမီးတွေ မူးယစ် ဆေးဝါးသုံစွဲ မှုကြောင့် အိပ်ယာထဲမှာ အိပ်ပျော်နေရင်း သေဆုံးသွာတာတွေ၊ မတော်တဆယာဉ် တိုက်မှုဖြစ်ပြီး သေဆုံးမှုတွေ၊AIDS ဖြစ်ပြီးတပ်က အနားယူသွားရတဲ့ အရာရှိတွေအ ကြောင်းမကြာခဏ ဆိုသလိုကြားကြား နေရပေမဲ့ မှုးယစ်ဆေးသုံးစွဲလို့ ဖမ်းဆီး အရေးယူခံရတာမျိုးတော့ မကြားဘူး သလောက်ပါပဲ။


စစ်တပ်မှာ အရာရှိအသိုင်းဝိုင်းကို “ကျီးမျိုး” တွေလို့ ခေါ်ဝေါ်ကြ ပါတယ်။ တဦးချင်း အကျိုးစီးပွားအရ သူတို့အချင်းချင်း မတည့်ပေမဲ့ အကြောင်းကိစ္စ ရှိလာတဲ့အခါအားလုံး အသံတူဝိုင်း အာကြပြီး အသွေး တူအရောင်တူချင်း ဖေးမကာကွယ် ပေးတာကို ဆိုလိုတာပါ။အထူးသဖြင့် လူကြီး တွေနဲ့ ပတ်သက်တဲ့ အသိုင်းအ၀ိုင်း ကြားမှာ ပိုပြီးဆိုးပါတယ်။ကျနော်တို့ ဟိုင်းကြီး ကျွန်းပမ္မ၀တီ ရေတပ်စခန်းဌာနချုပ် မှာရှိကတည်းက ဗိုလ်ကြီးသက်လွင် ဆေးစွဲနေ တာပါ။ အဲဒီတုံးကသူဟာအမှတ်(၂၂) ရေတပ်ပစ္စည်းထိန်း တပ်မှာ ဒုတပ်မှုးတာဝန် ယူထားပြီး တပ်ကိစ္စတွေမှာ စိတ်ဝင်စားမှု့ အားနည်းတာကြောင့် တပ်မှူးဖြစ်သူက အားကိုးအားထားပြုမရပဲ အလုပ်သမားခေါင်းသဖွယ် သဘောထားအကြောင်း ပြောဆိုတာ ကြားဖူးပါတယ်။


တခါမှာတော့ အထက်ဌာနကိုပေးပို့တဲ့ စာတွေကို အမှာအမှန် မစစ်ဆေးဘဲ လက်မှတ် ထိုပေး လိုက်တာကြောင့် ဌာနချုပ်မှူးက ခေါ် ယူပြီး ဆူပူကြိမ်းမောင်း ပါတယ်။ ၎င်းအရာရှိ ဆေးစွဲနေတာကို သိကြောင်း၊ ဖခင်ဖြစ်သူ၏မျက်နှာကို ထောက်ထား၍သာ အရေးမယူခြင်း ဖြစ်ကြောင်း၊ ဒီထက် ပိုပြီးဆိုးလာပါက မဖြစ်မနေ အရေးယူရ တော့မယ်ဖြစ်ကြောင်း ခြိမ်းခြောက်ပြောဆို ပါတယ်။ ဗိုလ်ကြီးသက်လွင် ကတော့ သတိအနေအထားကို အနိုင်နိုင်ထိန်းကာ မျက်လုံကလေး အစင်းသားနဲ့ ခပ်မဆိတ် နားထောင်နေ ပါတယ်။


သြ၀ါဒပြီးဆုံးလို့ ဌာနချုပ်မှူးကို အလေးပြုပြီး နောက်လှည့်ပြန် အထွက်မှာ ကိုယ်ဟန် အနေအထား ယိမ်းယိုင် ပျက်ယွင်း သွားပြီး ခါးကြားမှာ ထိုးထားတဲ့ ၀ီစကီပုလင်းပြား ပြုတ်ကျမလို ဖြစ်သွား ရကြောင်း ဌာနချုပ်မှူး ရုံးခန်း အပေါက်စောင့် တပ်ထိန်းစစ်သည်က ကျနော် တို့ကို ပြောပြဖူးပါတယ်။ဗိုလ်မှူး ကံလှတင်ထွန်းလည်း ဒီပုံစံပါပဲ။
အဲဒီတုန်းက သူဟာ ထောက်ပံ့ရေး ရေယာဉ် (၆၁၀) ရဲ့စစ်ရေယာဉ်မှူးပါ။ ရဲဘော်တွေလဲ ပျော်သလိုနေ ငါလည်း ငါ့စည်းစိမ်ကို လွတ်လွတ် လပ်လပ် ခံစားမယ် ဆိုတဲ့ သဘောကြောင့် သူ့ သဘောင်္မှာ တာဝန်ကျတဲ့ စစ်သည်တွေ ကတော့ ပျော်ရွှင်ပုံရ ပါတယ်။


“ဗိုလ်ကံနဲ့ ဆိုရင် ငါတို့ဘ၀ငြိမ်းချမ်းတယ်” ဆိုတဲ့ပြောစကားတွေလဲကြားရပါတယ်။ အဲဒီ အချိန်က ဗိုလ်ချုပ်ကြီး တင်ထွန်းဟာ လက်ရှိတာဝန်ထမ်းဆောင် နေဆဲမို့ သူ့ကို တော့ဌာနချုပ်မှူးက အထူးတလည် ခေါ်ယူဆုံးမတာ မတွေ့ရပါဘူး။ ရေတပ်ထဲ က ဆေးစွဲအရာရှိ အုပ်စုထဲမှာ ဗိုလ်မှူး ကံလှတင်ထွန်းက ခေါင်ချုပ်လို့ ဆိုပါတယ်။ယခုလို မူးယစ်ဆေးဝါးသုံးစွဲမှု၊ဖြန့်ဖြူးရောင်းချမှုနဲ့ပတ်သက်လို့ တရားဝင် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ရတာဟာ တပ်မတော်ကြီး ထောက်လှမ်းရေးရဲ့ အစီ ရင်ခံစာ အထက်ဌာနကို ရောက်ရှိသွားပြီးမဖုံးနိုင်မဖိနိုင် အခြေအနေ ဖြစ်သွားလို့ပါ။

နို့မဟုတ်ရင် ပိုနေမြဲကျားနေမြဲ အခြေအနေတိုင်း ဘယ်လောက်ကြာအောင် စခန်း သွားနေမလဲ မပြောနိုင်ပါ။
ခုတော့ အရာရှိလေးဦးကို သံလျှက်စွန်း ရေတပ်အရာရှိ ရိပ်သာမှာ အကျယ်ချုပ်နှင့်ထားပြီး အမှုစစ်ဆေးနေရပေပြီ။ အမှုကလည်း သက် သေထင်ရှားခိုင်လုံနေပြီမို့ တစ်ဦးလျင်ထောင်ဒဏ်ဘယ်နှစ်နှစ်ကျခံရနိုင်တယ်ဆိုတဲ့ ကောလဟာလ ခန့်မှန်းပြောဆိုသံတွေလည်း ပြန့်လွင့်နေပေပြီ။အားလုံးက စိတ် ၀င်တစားနဲ့ စောင့်ကြည့်အကဲခတ် လေ့လာနေပြီး ထင်မြင်ချက်၊ ဝေဖန်ချက်တွေ အမျိုးမျိုးပေးနေတဲ့ အမှုကိစ္စကြီးဟာ စုံစမ်းစစ်ဆေးမှုကာလ ပြီးဆုံးသွားတဲ့အခါမှာ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ရပ် ထွက်ပေါ်လာပါတယ်။


အဲဒါကတော့ ပထ မဆုံး ဖမ်းဆီးခံရသူ ဗိုလ်ကြီးနေလင်းအောင် တစ်ယောက်သာ ထောင်ဒဏ်ချမှတ် ခံရပြီး ကျန်အရာရှိသုံးဦးကိုတော့ တပ်မတော်တွင် ဆက်လက်စစ်မှုထမ်းဆောင်ရန် မသင့်လျော်သဖြင့် မိဘများထံပြန်လည်အပ်နှံလိုက်ကြောင်း စစ်တရားရုံးအဖွဲ့က ဆုံးဖြတ်လိုက်ခြင်းပါ။တပ်မတော်(ရေ)မှာ ကြုံတောင့်ကြုံခဲစစ်ဆေးစီရင်တဲ့ အမှုကနေ မလျော် ကန် ကျော်မကောင်းကြားမကောင်း ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်ကြောင့် ကြား ရသူအပေါင်း ပါးစပ်အဟောင်းသားနဲ့ တအံ့တသြဖြစ်ကုန်ကြရပါတယ်။


အမြင်မတော်တာ ကြုံတွေ့ရတိုင်း ဒိုးကနဲဒေါက်ကနဲ ဒဲ့တိုးပြောဆိုတတ်သူ ဧရာဝတီရေ တပ်စခန်းဌာနချုပ် ဒုဌာနချုပ်မှူး ဗိုလ်မှူးကြီး သာဆန်းကတော့ အောက်ပါအတိုင်း မှတ်ချက်ပြုပါတယ်-“ကောင်းရောကွာ…ရဲဘော်လေးတွေ ဆေးခြောက် ရှူတာမိရင် ထောင်ချပြီး ထုတ်ပစ်တယ်။ အခုအရာရှိတွေ ဘိန်းဖြူချတာမိတော့ မိဘရပ်ထံ ပြန်လည်အပ်နှံ တယ်တဲ့။ အဲဒိအရာရှိတွေဟာ အသက်(၁၈)နှစ်ပြည့်ပြီးလို့ တပ်ထဲဝင်လာပြီး အရာရှိလုပ်သက်တောင် ဘယ်နှစ်နှစ်ရှိနေပြီလဲ ဒီလိုမျိုးလုပ်လို့ ရစတမ်းဆိုရင် ငါလည်း ဘိန်းဖြူချမယ် ငါ့မိဘလက်ထဲ အရောက်ပြန်ပို့ပေးမလား” တဲ့..


ဒီလိုဒီလိုမကျေမနပ်ပေါက်ကွဲသံ၊ တိုးတိုးကြိတ်ကြိတ်ဝေဖန်သံတွေနဲ့တ ဖြည်းဖြည်း ဝေးကွာသွားတဲ့ အရာရှိသုံးဦးကတော့ မိဘရဲ့အေးမြတဲ့မေတ္တာရိပ် အောက်မှာ တည်တည်ငြိမ်ငြိမ်နဲ့ ဘ၀ရှေ့ရေးအတွက် အားမာန်တွေ မွေးမြူရင်း……………….။


တပ်ကြပ်ကြီး နေမင်းသူ..။


ရင်းမြစ်..ဟစ်တိုင်

အသက်(၁၅)နှစ်အရွယ် မိန်းကလေးပရိသတ်တစ်ဦး အရက်ဆိုင်တစ်ခုတွင် အနိုင်ကျင့်ခံရဟုတောင်အာဖရိကသတင်းဌာနများကြေညာ၊

တောင်အာဖရိကသတင်းဌာနများက အသက်(၁၅)နှစ်အရွယ် မိန်းကလေးပရိသတ်တစ်ဦးသည် ဂျိုဟန်နက်စ်ဘတ်မြို့ရှိ အရက်ဆိုင်တစ်ခုတွင် အနိုင်ကျင့်ခံခဲ့ရသည်ဟု ကြေညာခဲ့သည်။ ယင်းအရက်ဆိုင်မှာလည်း ရဲတပ်ဖွဲ့က လိုအပ်သည့် စစ်ဆေးမှုများပြုလုပ်ပြီးနောက် ယာယီပိတ်သိမ်းခဲ့ရသည်ဟု တောင်အာဖရိကနိုင်ငံ၊ Gautangပြည်နယ်အခြေစိုက် SEVEN O' TWO ရေဒီယိုက ကြေညာခဲ့သည်။ ယင်း(၁၅)နှစ်အရွယ်ပရိသတ်မှာ မည်သည့်နိုင်ငံမှ ပရိသတ်ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်လူမျိုးဖြစ်သည်ကိုလည်းကောင်း တောင်အာဖရိကသတင်းဌာနများက ကြေငြာခြင်းမရှိပေ။ ယင်းကဲ့သို့ကြေညာပါက ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပရိသတ်များအချင်းချင်း ပြဿနာများဖြစ်ပွားနိုင်သလို၊ ပြည်ပမှပရိသတ်မဟုတ်ဘဲ ပြည်တွင်းမှဖြစ်ပါက လူမျိုးရေးပြဿနာများ ဖြစ်ပွားနိုင်၍ ယင်းကဲ့သို့ဖုံးကွယ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ တောင်အာဖရိကသတင်းဌာနများသည် နိုင်ငံအတွင်း လူဖြူ၊ လူမည်းပြဿနာဖြစ်ပွားနိုင်သည့် ဖြစ်ရပ်များတွင် ယင်းကဲ့သို့သတင်းများကို အကြောင်းအရာအချို့ချန်လှပ်ဖုံးကွယ်လေ့ရှိကြောင်း news-eleven တွင်ဖော်ပြပါရှိပါသည်.။
...........................................................................................................................................................................

သြစတြေးလျပရိသတ် (၄)ဦး တည်းခိုရာဟိုတယ်တွင် အကြမ်းဖက်လုယက်ခံရ


သြစတြေးလျပရိသတ် (၄)ဦးသည် ၎င်းတို့အသင်း၏ အုပ်စုနောက်ဆုံးပွဲစဉ်ကိုကြည့်ရှုအပြီး တည်းခိုရာဟိုတယ်သို့ပြန်ခဲ့ရာတွင် အကြမ်းဖက်လုယက်ခံခဲ့ရကြောင်း သိရသည်။

လုံးချင်းဆောက်လုပ်ထားသော တည်းခိုရာနေအိမ်သို့အပြန် အခန်းထဲတွင် ပစ္စည်းများကို မွှေနှောက်ရှာဖွေထားကြောင်း တွေ့ရပြီး အခန်းပြင်ပမှ လက်နက်ကိုင်လူ (၄)ဦးထွက်ပေါ်လာကာ ၎င်းတို့ကို နေအိမ်အတွင်းဝင်စေ ခဲ့ကြောင်း သိရသည်။ ထို့နောက် ၎င်းတို့ (၄)ဦးကို ကြမ်းပြင်ပေါ်၌၀ပ်ခိုင်းခဲ့ပြီး ပါလာသောပစ္စည်းများကိုရှာဖွေယူဆောင် သွားကြောင်းသိရသည်။ ယင်းဖြစ်ရပ်မှာ တောင်အာဖရိကနိုင်ငံမြောက်ပိုင်းရှိ နဲလ်စပရစ်မြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယခုအခါ တောင်အာဖရိကရဲတပ်ဖွဲ့က ၎င်းအကြမ်းဖက်လုယက်သူများကို ရှာဖွေလျက်ရှိကြောင်း သိရသည်။ တောင်အာဖရိကနိုင်ငံတွင် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ပြည်ပမှလာရောက်သူများအနေဖြင့်ယခုကဲ့သို့အကြမ်းဖက်လုယက်ခံရခြင်းများ ယခင်ကလည်းရှိခဲ့ပြီး ဂျာနယ်လစ်များလုယက်ခံရသည့်သတင်းများမှာ နိုင်ငံတကာမီဒီယာများအထိ ပျံ့နှံ့ခဲ့သည်။ စပိန်နှင့်ပေါ်တူဂီဂျာနယ်လစ်များ ဦးစွာလုယက်ခံခဲ့ရခြင်းဖြစ်ပြီး တရုတ်ဂျာနယ်လစ် များမှာလည်း မြို့လယ်တွင်ပင်ကင်မရာနှင့်ငွေကြေးများလုယက်ခံခဲ့ရသည်။ တောင်အာဖရိကမှ အကြမ်းဖက်လုယက်သူများမှာလည်း ပြည်ပမှလာရောက် သည့် ဧည့်သည်များကိုအဓိကပစ်မှတ်ထားနေကြောင်းသိရသည်။

တောင်အာဖရိကနိုင်ငံတွင် နေအိမ်များ၌ ယင်းကဲ့သို့ကြိုတင်ဝင်ရောက်ကာ အကြမ်းဖက်လုယက်မှုများ မကြာခဏဖြစ်ပေါ်တတ်ခြင်းကြောင့် လုံးချင်းနေအိမ်အများစုမှာ မိမိတို့နေအိမ်များ၏ လုံခြုံရေးကို အထူးသတိထားရ လေ့ရှိကြောင်း သိရသည်။ လုံးချင်းအိမ် အတော်များများတွင် လုံခြုံရေးကုမ္ပဏီများနှင့် ဆက်သွယ်သည့်စနစ်များ၊ Electric Fence (ဓာတ်လိုက်သောခြံစည်းရိုးအကာများ)ကို ထားလေ့ရှိကြပြီး မိမိတို့နေအိမ်များ လုံခြုံရန် ကြိုး ပမ်းထားကြကြောင်း ကိုnews-eleven တွင်ဖော်ပြပါရှိပါသည်.။

.................................................................................................................................................................
ကမ္ဘာ့ဖလားလက်မှတ်များကိုခိုးယူပြီး မှောင်ခိုရောင်းချရန်ကြံစည်သူ နိုက်ဂျီးရီးယားသားအား ထောင်(၃)နှစ်ချ

၂၀၁၀ ကမ္ဘာ့ဖလားဘောလုံးပွဲ လက်မှတ်များကို မှောင်ခိုရောင်းချရန် ကြံစည်နေသည့် နိုက်ဂျီးရီးယားလူ မျိုးတစ်ဦးကို ပရီတိုးရီးယားမြို့ရှိ ကမ္ဘာ့ဖလားအထူးတရားရုံး (Special World Cup Court) မှ ထောင်ဒဏ်(၃)နှစ်ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။ ၎င်းနိုက်ဂျီးရီးယားသားသည် ကမ္ဘာ့ဖလားပွဲစဉ်အချို့ကစားသည့် ပရီတိုးရီးယားမြို့ရှိ Loftus ကွင်းအနီးတွင် လက်မှတ်(၃၀)နှင့်အတူဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ Loftus ကွင်းတည်ရှိရာ Sunnyside ရပ်ကွက်အတွင်း ညဘက်ကားမောင်းလာစဉ် ရဲတပ်ဖွဲ့က မသင်္ကာ၍စစ်ဆေးရာမှ လက်မှတ်အစောင်(၃၀)ကိုပါ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းလက်မှတ်များကို သူပိုင်ဆိုင်ကြောင်း မပြသနိုင်သည့်အပြင် စစ်ဆေးမှုများအရ ဖီဖာထံသို့ အခြားလူနှစ်ဦးက အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူထားသောလက်မှတ်များဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ သို့ဖြစ်၍ သူ့အား အထူးတရားရုံးတွင် တရားစွဲဆိုခဲ့ပြီး တရားရုံးမှ မြန်မြန်ဆန်ဆန်ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းကိုကိုnews-eleven တွင်ဖော်ပြပါရှိပါသည်.။

ဘုရားသုံးဆူမြို့တွင် တရားမ၀င် လောင်းကစားဝိုင်းမျိုးစုံ သောင်းကျန်းနေ

ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့၌ ယခုအချိန်တွင် တရားမ၀င် လောင်းကစားဝိုင်းများ အဆမတန် များပြားလာနေသည်ဟု မြို့ခံများက ပြောဆိုကြသည်။

မြို့ခံတစ်ဦးက “အခု ကျနော်တို့ ဘုရားသုံးဆူမြို့မှာ ပန်းသီးပုံး၊ ဖဲဝိုင်း၊ ကြက်ဝိုင်း၊ နီတောင် စတဲ့လောင်းကစား မျိုးစုံ သောင်းကျန်းနေပါတယ်။ အထူးသဖြင့် ထိုင်းကလာတဲ့ ပန်းသီးပုံး လောင်းကစားမျိုးဆိုရင် လူကြီးတွေမက ဆယ်နှစ်သား ကလေးလေးတောင် ကစားတတ်တယ်။ အဲဒီကစားမျိုးဟာ လူတွေကို တော်တော်ဆွဲဆောင်နိုင် တယ်။ ကစားစရာ ဂိမ်းလိုပဲ ပိုက်ဆံအကြွေစေ့လေးတွေ ထည့်ပြီး ကစားလို့ရတော့ ကျောင်းသားလေးတွေက မုန့်ဖိုးအစား လောင်းကစားပုံးထဲမှာ သွားထည့်ကြတာပေါ့” ဟု ပြောသည်။

ပန်းသီးပုံးလောင်းကစားမျိုးသည် ထိုင်းဘတ်ငွေ အကြွေစေ့များအပြင် ရာတန်အထိ ပုံးထဲသို့ ထည့်၍ ကစားကြ ပြီး ၎င်းကစားနည်းသည် ထိုင်းနိုင်ငံဘက်မှလာသည့် လောင်းကစားမျိုးဖြစ်သော်လည်း ထိုင်းနိုင်ငံ၌ တရားဝင် ပိတ်ပင်ထားသည်ဟု သိရသည်။

အဆိုပါ လောင်းကစားဝိုင်းများသည် ယခင်က ရှိခဲ့သော်လည်း ပြီးခဲ့သည့် လအနည်းငယ်မှစ၍ တနေ့ထက် တနေ့ များပြားလာသောကြောင့် ထိုလောင်းကစားဝိုင်းများကို ပိတ်ပစ်ရန် မြို့ခံများက သက်ဆိုင်ရာ လူကြီးများ ကို တောင်းဆိုကြသော်လည်း လျစ်လျူရှုခြင်းခံရသည်ဟု ဘုရားသုံးဆူမြို့ရှိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့မှ တပ်ဖွဲ့ ၀င်တစ်ဦးက ပြောသည်။

သူက“လောင်းကစားဒိုင်တွေက တပ်ရင်းမှူးနဲ့ မရကကို ဖားထားတော့ မြို့ခံတွေက ဘယ်လောက်ပဲ တင်ပြ တောင်းဆိုနေပါစေ။ လူကြီးတွေက ဂရုတောင်မစိုက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်လကို ဘတ်ငွေ ငါးသောင်း ကျော်လောက် ရတာကိုး။ ဒီမှာ တာဝန်လာကျတဲ့ လူကြီးတွေဆို ဒီလိုချည်းပဲ” ဟု ပြောသည်။

ဘုရားသုံးဆူမြို့အတွင်း ရေပန်းစားနေသည့် လောင်းကစားများမှာ ပန်းသီးပုံး၊ ဖဲဝိုင်း၊ ကြက်ဝိုင်းနှင့် နီတောင်က စားဝိုင်းများအပြင် တခြားလောင်းကစားများလည်း ပါဝင်သည်ဟု မြို့ခံများက ပြောသည်။

ယင်းလောင်းကစားဝိုင်းများကြောင့် ကျောင်းသူကျောင်းသားများ၏ ရှေ့ရေးနှင့် ပညာရေးအတွက် တိုက်ရိုက်ထိ ခိုက်နိုင်သောကြောင့် ချက်ချင်းပိတ်ပစ်စေချင်ကြောင်း ရပ်ကွက်(၁)မှာ နေထိုင်သည့် ကျောင်းသားမိဘတစ်ဦး က ပြောသည်။

၎င်းက “ကလေးတွေက ကျောင်းဆင်းပြီးဆိုရင် အိမ်ကို ပြန်မလာဘူး။ ဒီပန်းသီးပုံးရှိတဲ့ နေရာကို တန်းသွားတာ ပဲ။ ကလေးတွေလည်း ကျောင်းစာထက် ဒီကစားစရာကိုပဲ စွဲလမ်းနေတာ။ ကျောင်းသားမိဘတစ်ဦးအနေနဲ့ ဖြစ် ချင်တာက ချက်ချင်းပိတ်ပစ်လိုက်ရင် အကောင်းဆုံးပဲ”ဟု ပြောသည်။

ထို့အပြင် ဘုရားသုံးဆူမြို့ရှိ သံဃာတော်တစ်ပါးကလည်း “ဒီလောင်းကစားကို ဖွင့်လှစ်တာ ပြည်သူတွေက မလို လားပေမယ့် ရည်ရွယ်ချက်ရှိရှိနဲ့ လောင်းကစားဒိုင်တွေက ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး လုပ်တဲ့အခါကျ တော့ အလွန်စိုးရိမ်ရပါတယ်”ဟု ပြောသည်။

အလားတူ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မြ၀တီမြို့တွင်လည်း ချဲ၊ ထီနှင့် တခြား တရားမ၀င် လောင်းကစားမျိုး စုံ သောင်းကျန်းနေသည်ဟု မြို့ခံများ၏ ပြောပြချက်အရ သိရသည်။


သတင်းရင်းမြစ်..kicnews

မြန်မာနိုင်ငံစာပေစိစစ်ရေး စာစစ်အဖွဲ့ပြင်သည်ကို ဂျာနယ်လောက စိုးရိမ်

သတင်းများ စိစစ်တည်းဖြတ်ရန် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သူ၏ စာစစ်အဖွဲ့များကို ပြင်ဆင်ဖွဲ့စည်းလိုက်သဖြင့် အခက်အခဲများ ပိုရှိလာနိုင်သည်ဟုဆိုကာ ပြည်တွင်းဂျာနယ်လောကတွင် စိုးရိမ်နေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးဝန်ကြီးဌာနအောက် စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာနက သတင်းများကို ယခင်က ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် စိစစ်ခဲ့ရာမှ ယခင်သီတင်းပတ်မှစ၍ ၁၂ ဦးပါ အဖွဲ့တခုတည်းသာ ထားလိုက်သဖြင့် ဂျာနယ်များ အချိန်မီ မထုတ်နိုင်မည်ကို စိုးရိမ်နေကြခြင်း ဖြစ်သည်။

“ကျနော်တို့ စိုးရိမ်နေတာက ဂျာနယ်အစောင် ၂ဝ ကျော်လောက်ကို သူတို့ပဲ စစ်မယ်ဆိုတော့ အချိန်မီ စစ်နိုင်ပါ့မလား။ စိစစ်ပြီးတော့ ချပေးရမယ့် အချိန်မှာ ပြန်ချပေးနိုင်ပါ့မလား၊ ပိုနောက်ကျမလား၊ ပိုရှုပ်လာမလားဆိုပြီးတော့ စိုးရိမ်နေကြတယ်” ဟု ရန်ကုန်ရှိ အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာတဦးက မဇ္ဈိမကို ပြောသည်။

စာပေစိစစ်ရေးနှင့် မှတ်ပုံတင်ဌာန၏ လက်ရှိ ညွှန်ကြားရေးမှူးမှာ ဗိုလ်မှူးတင့်ဆွေဖြစ်ပြီး တွဲဘက်ဒုညွှန်မှူးအဖြစ် ပြီးခဲ့သည့် လကုန်ပိုင်းမှ စတင်၍ ရေတပ်မှ ပြောင်းရွှေ့လာသည့် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင် တာဝန်ယူနေသည်။

ဗိုလ်မှူးတင့်ဆွေသည် ဒုညွှန်ကြားရေးမှူးချုပ်အဖြစ် ရာထူးတိုးကာ ပြန်ကြားရေးဝန်ကြီးဌာနအောက်ရှိ အခြားသော ဌာနသို့ မကြာမီ ပြောင်းရွှေ့ရမည်ဖြစ်ပြီး သူ၏ နေရာသို့ ရေတပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်ကို ခန့်အပ်မည် ဖြစ်သည်။

လတ်တလောတွင် ဒုတိယဗိုလ်မှူးကြီး မျိုးမြင့်မောင်က သတင်းများကို ဦးစီးစိစစ်နေပြီး နိုင်ငံရေးသတင်းများ ဖော်ပြမှုကို ပိုမိုတင်းကျပ်လာသည့်အပြင် စာမူနောက်ဆက်တွဲ (သို့) အရေးကြီးသတင်းများကို တင်ပြရာတွင် ဗိုလ်မှူးတင့်ဆွေ ဦးစီးစဉ်က တညနောက်ကျတင်လျှင်ရသော်လည်း ယခုမူ သတ်မှတ်အချိန် ညနေ ၃ နာရီ အချိန်မီပို့ရကြောင်း အခြား ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။

သူက “ပြောင်းလိုက်တော့ မီဒီယာဘက်က အချိန်မီ စောပြီးတော့ လုပ်ပေးရတဲ့အတွက် အချိန်ယူနေရတယ်။ အရင်တုန်းက စာပေစိစစ်က သူတို့အလုပ်ရဲ့ ဘောင်ကနေ ကျော်ပြီးတော့ နားလည်မှုနဲ့ ပြလို့ရတယ်။ အခုလောလောဆယ် မရတော့ဘူး။ ညနေ ၃ နာရီမတိုင်မီ ပြရတော့မယ်။ သူတို့တဖွဲ့လုံး ရှိတဲ့အချိန်မှာ ပြရမယ်။ ၃ နာရီမှာ workshop (စိစစ်ရေးဆိုင်ရာ ဆွေးနွေးပွဲ) ရှိတဲ့အချိန် ပြရမယ်။ ညပိုင်းဖြစ်လာတဲ့ သတင်းတွေဆို ပြလို့မရတော့ဘူး။ အဲဒီလို အခက်အခဲတွေ ဖြစ်လာမယ်” ဟု မဇ္ဈိမကို ပြောသည်။

စာပေစိစစ်ရေးဌာနတွင် ဖွဲ့စည်းပုံအရ ညွှန်ကြားရေးမှူးတဦး၊ တွဲဘက် ညွှန်ကြားရေးမှူး ၂ ဦး၊ လက်ထောက်ညွှန်မှူး ၂ ဦး၊ ဦးစီးအရာရှိ ၄ ဦး ရှိကာ စာစစ်အဖွဲ့ကိုမူ ယခင်က ၃ ဦးပါ အဖွဲ့ ၅ ဖွဲ့ဖြင့် ဖွဲ့ခဲ့သည်။ ယခုမူ ၁၂ ဦးပါအဖွဲ့ တဖွဲ့ဖြင့် ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။

ဂျာနယ်များမှ တင်ပြလာသည့် စာမူကြမ်းများကို စာစစ်အဖွဲ့များက ဖတ်ရှုစိစစ်ပြီးနောက် ညွှန်ကြားရေးမှူးသို့ အဆင့်ဆင့် တင်ပြပြီး ခွင့်ပြုချက်ရမှာသာလျှင် ထုတ်ဝေခွင့်ချပေးသည်။

ထို့ပြင် သတင်းမူကြမ်းများကို ၃ ရက် ကြိုတင်ပြရပြီး စာပေစိစစ်ရေး၌ ၂ ရက်၊ ပုံနှိပ်စက်တွင် ၂ ရက်ကြာပြီး စုစုပေါင်း တပတ်အကြာတွင်မှ ဂျာနယ်ထုတ်ဝေ ဖြန့်ချိနိုင်သည်။

ဗိုလ်မှူးတင့်ဆွေ တာဝန်ယူနေစဉ်က သတင်းဂျာနယ်များ စိစစ်ရာတွင် ဂျာနယ် တစောင်နှင့် တစောင် စိစစ်သည့် စာစစ်မှူး ကွာခြားပြီး သတင်းဖော်ပြခွင့်များ ခြားနားသဖြင့် ယခင်လဆန်းပိုင်းမှ စတင်၍ တွဲဘက်ညွှန်ကြားရေးမှူး တာဝန်ယူနေသော ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်မောင်က သတင်းများအားလုံးကို စိစစ်နေပြီး နိုင်ငံရေးသတင်းများကို ပိုတင်းကျပ်လိုက်သည်ဟု သိရသည်။

“နိုင်ငံရေးဆိုင်ရာ သတင်းဆောင်းပါး၊ ပညာပေးမှုတွေ၊ သုံးသပ်ချက်တွေ တင်းကျပ်တယ်။ ပါတီလှုပ်ရှားမှုသတင်း၊ စပြီး စည်းရုံးရေးဆင်းတဲ့ သတင်းမျိုးတွေ မပေးဘူး။ နိုင်ငံရေးသတင်း တင်ပြချင်ရင် ပထမဆုံးတင်တဲ့ မူကြမ်းထဲမှာ ပါအောင်ထည့်၊ နောက်ဆက်တွဲမှာ ထပ်ကျတဲ့အထဲ မတင်ရတော့ဘူး” ဟု အခြား ဂျာနယ်အယ်ဒီတာ တဦးကလည်း ပြောသည်။

စာပေစိစစ်ရေးဌာနသို့ နှစ်ပိုင်းခွဲတင်ပြရပြီး ပထမဆုံး သတင်းဂျာနယ် မူကြမ်းပြီးနောက် ဒုတိယမူကြမ်းအဖြစ် A4 စာရွက် ၃ မျက်နှာ ထပ်မံတင်ပြခွင့် ရရှိခဲ့ရာမှ ယခု နောက်ပိုင်း A4 စာရွက် ၂ ရွက်ကိုသာ တင်ခွင့်ရှိသည်။

အဆိုပါ ၂ မျက်နှာတွင်လည်း နိုင်ငံရေးနှင့်ပတ်သက်သည့် သတင်းများကို ပါဝင်ခြင်း မရှိရကြောင်း ယမန်နေ့က ၎င်းကို ဒုတိယဗိုလ်မှူးကြီးမျိုးမြင့်မောင်က ပြောဆိုခဲ့သည်ဟု အယ်ဒီတာတဦးက ပြောဆိုလိုက်သည်။

သတင်းရင်းမြစ်..(မဇ္ဈိမ)


29 June 2010

ဗိုလ်ချုပ် ဘာသာပြန်ခဲ့သော ကဗျာတစ်ပုဒ် (English & Burmese version)


အနိုင်မခံ



ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်

ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော

ငါ၏စိတ်ဓာတ်ကို ဖန်ဆင်းပေးသည့် နတ်သိကြားတို့အား ငါကျေးဇူးတင်၏။



လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ဆုပ်တွင်းသို့

ကျရောက်နေရငြားသော်လည်း ငါကားမတုန်လှုပ် မငိုကြွေး



ကံတရား၏ ရိုက်ပုတ်ခြင်း ဒဏ်ချက်တို့ကြောင့်

ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်



ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား

သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။

သို့သော် ငါ့အား မတုန်လှုပ်သည်ကို တွေ့ရအံ့။

နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကိုသာ တွေ့ရအံ့။



သုဂတိသို့ သွားရာ တံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ

ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင်များစွာ

မှတ်သားထားသည်ဖြစ်စေ ငါကား ဂရုမပြု

ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍

ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း။



သခင် အောင်ဆန်း (၁၉၁၅-၁၉၄၇)



ဗိုလ်ချုပ်အောင်ဆန်း ၏ အိုးဝေမဂ္ဂဇင်း၊ အတွဲ ၆ အမှတ် ၁၊ ၁၉၃၆ ခု တွင် ဘာသာပြန်ရေးစပ်ခဲ့တဲ့ ကဗျာလေးပါ။







"Invictus"



Out of the night that covers me,

Black as the Pit from pole to pole,

I thank whatever gods may be

For my unconquerable soul.



In the fell clutch of circumstance

I have not winced nor cried aloud.

Under the bludgeoning s of chance

My head is bloody, but unbowed.



Beyond this place of wrath and tears

Lies but the horror of the shade,

And yet the menace of the years

Finds, and shall find me, unafraid.



It matters not how strait the gate,

How charged with punishments the scroll,

I am the master of my fate:

I am the captain of my soul.

Engrave this quote in Our Store! Rate this Quote! Tell a Friend.





William Ernest Henley (23 August 1849 – 11 July 1903)





“မိမိရေးလိုက်သည့် စာပေသည် အမြဲတမ်း ရှင်သန်နေရမည်၊ အဖျက်သဘော မပါဘဲ အဖြစ်သဘောနှင့် အပြုသဘော ပါစေရမည်၊ ခေတ်မီ၍ ပြုပြင် ဖန်တီးခြင်းသဘော ပါစေရမည်၊ ရှိရင်းစွဲ အရာ တစ်ခုကို ပျက်မသွားစေဘဲ ညံ့မသွားစေဘဲ ပို၍ ကောင်းမွန် လာစေရမည်၊ ခေတ်အလိုက် လူ့ လောက တိုးတက်ရေးကို အားပေးသည့် စာပေမျိုး ဖြစ်စေရမည်၊ စာဖတ်ပရိသတ်များကို တစ်နေ့ ထက်တစ်နေ့ တိုးတက်ကြီးပွား စေမေည့် စာပေမျိုး ဖြစ်ရမည် ”



သခင်အောင်ဆန်း


ဤကဗျာလေးကို ပြန်လည် ရှာဖွေပြီး ပေးပို့ ပေးသော မောင်လေး အလင်းဆက် အားကျေးဇူးတင်ရှိပါသည်.။
........................................................................................................................................................................

ဗိုလ်ချုပ်အောင်ဆန်း၏ ကျောင်းသားဘဝ နှင့် ပညာရေး အမြင်



ညာဆိုသည်မှာ စာအုပ်စာတန်းဘတ်၍ စာသိမှုကို ပညာဟု မဆိုပေ၊ ပညာသည် အတိုင်းအဆမထင် အလွန်ကျယ်ပြော နက်နဲလှပေသည်၊ ကမ္ဘာရှိ စာအုပ်အားလုံး ပင်လျှင် ပညာ အားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး ၌ ကျွနုပ်တို့သည် ပုခက်တွင်းမှသည် မြေကြီးထဲ ရောက်သည်အထိ ပညာ သင်သားများ ဖြစ်နေ ကြစေသည်။

ပညာ သင်ကြားမှုသည် အမှန်စင်စစ်အားဖြင့် သူ၏ တသက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ၊ ပညာတတ်သူသည် လောကရှိအရာရာကို အခွင့် အလမ်းလိုက် ဆင်ခြင် သုံးသပ်နိုင်စွမ်းသော ဥာဏ်အားကို၎င်း မိမိဥာဏ် အမြင်အရ စိတ်နေ စိတ်ထား စိတ်ဓါတ် တို့ကို၎င်း (Emotion of the Education) ပြုပြင် ပြုစု စီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။

ပညာသည် စာအုပ်များထဲတွင်သာ ရှိသည်မဟုတ် စာအုပ်များကို ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။ ပညာသည် လူ၏ ဥာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာမဟုတ် လူ၏ စိတ်နေ စိတ်ထား အယူ အဆများ ကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား လုပ်အားကို နူးညွတ် စေရမည်။

ရာဇဝင်သိရုံသာ မဟုတ် ရာဇဝင်ကို ဖန်တီး နိုင်စေရမည်။ လောကဓါတ် ပညာကို သိရုံသာ မဟုတ်၊ လောကဓါတ် ပညာကို တိုးချဲ့နိုင်စေရမည်။ ပဋ္ဌမ ပညာကို သိရုံမျှသာ မဟုတ်၊ မြေသစ် ရေသစ် တော တောင် တို့ကို ရှာဖွေ စုံစမ်းနိုင်စေရမည်။ ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။

ပညာသည် ကာလ ဒေသ ပရောဂ နှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်းကျရမည့် ပညာတွင် သညာ လည်း ပါသည်။ ဥာဏ်နှင့်လည်း ယှဉ်ရမည်၊ ဥာဏ်ချည်းသာ တိုးတက်၍ သညာ မရှိပါမူလည်း ဤမျှ ပိုမို ဆန်းကြယ် အပြောကျယ် လှသော ခေတ်သစ် အကြောင်းကို နားမလည်နိုင်ပေ၊ လောကဓါတ် ပညာကို မတတ် မသိဘဲ လောကဓါတ် ပညာဥာဏ် ကိုသာရလျှင် လောကဓါတ် ပညာ၏ တန်ဘိုးကို ဒင်ပြည့် မသုံးနိုင်ပေ။

တိုင်ပြည် အခြေအနေ ပြဿနာ၊ ခေတ်၏ အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည် ထောင်ခြင်း ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။

လူတယောက်၏ သက်တမ်းတွင် အစ ပဋ္ဌမက သိမြင်လာသော စိတ်နေ စိတ်ထား ဝါဒ တို့သည် အမှန်ချည်း မဟုတ် ပြုပြင် ပြောင်းလဲ ရမည်သာတည်း။

လူတဦး၏ တဘဝတွင် ကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သောအခါ ထိုလူသည် သမာဓိမတည်၊ ရှေ့နောက်မညီဟု ထင်မှတ်မှားလေသည်။ သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖေါက်လွဲ ဖေါက်ပြန် ဖြစ်ခြင်း ပေတည်း။ ဝါဒ ပြောင်းလဲ မှုမှာ ဥာဏ်အမြင်၏ ပြောင်းလဲမှုကြောင့် သမာဓိမတည်ခြင်း မဟုတ်ပေ။ တနည်း တိုးတက်ခြင်း ပေတည်း။

သမာဓိဆိုသည်မှာ လောက၏ အကောင်း အဆိုး အကျိုးအပြသ် သနစ်စုံကို ပိုင်းခြား ထင်ထင် သိမြင်၍ ဆင်းရဲလည်း ဝမ်းမနည်း ချမ်းသာလည်း ဝမ်းမသာ ပကတိ စိတ်ထား ဥာဏ် အမြင်အရ လူချီးမွမ်း လူကဲ့ရဲ့မှု ဘေးဒုက္ခ အန္တရာယ်ကို မထိတ် မလန့် တသမတ်တည်း တည်ညိမ်စွာ ရှိခြင်းကို ဆိုလေသည်။

လှေနံဓါးထစ်ဆိုသော အလုပ်။ အပြော၊ အတွေးတို့မှာ ပညာ၏အဓိပ္ပါယ် ဆန့်ကျင်ဘက်ပေတည်း


ဗိုလ်ချုပ်အောင်ဆန်း လူငယ်ကျောင်းသားဘဝက ကိုယ်တိုင်ရေးခဲ့သော အလွန်လေးနက်သော လောကအမြင်။ ပညာရေး အမြင် တစိတ်တဒေသ ဖြစ်သည်။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSGZTtsRSa5OmAYfITiarxKDKDdb3kbzekB2ypZa_vfebkmJc4noYz706039mlmd3noHXl3f4RzBYhpWsyNDAZ7eT0YLdsENE8OGXFQOk0UxjMTNYPM1Y-dicxkx-0q7z5QL67LEplieks/s1600/Aung+San+History.jpg




စုဆောင်းသူ ဘလော့ခ်ဂါ အလင်းဆက်

၂၈. ဇွန်လ. ၂၀၁၀

ပြန်လည်စုဆောင်းပြီးပေးပို့ ပေးသော မောင်လေး အလင်းဆက်အားကျေးဇူးတင်ရှိပါသည်.။


ကမ္ဘာ့ဖလားအထူးခုံရုံးတွင် အပြစ်ရှိသူ(၂၈)ဦးကို အပြစ်ပေးထောင်ချ


၂၀၁၀ကမ္ဘာ့ဖလားအတွက် ရည်ရွယ်ဖွင့်လှစ်ထားသည့် အထူးတရားရုံး(World Cup Special Court)တွင် အပြစ်ရှိသူ(၂၈)ဦးကိုရုံးတင် စစ်ဆေးခဲ့ပြီး အပြစ်ပေးထောင်ချခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။ ကမ္ဘာ့ဖလားကာလအတွင်း ပြစ်မှုကျူးလွန်သူများကိုမြန်မြန်ဆန်ဆန်အပြစ်ပေးနိုင်ရန် ယင်းကဲ့သို့အထူးတရားရုံးများကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ ယင်းပြစ်ဒဏ်ချခံရသူများထဲတွင် မူးယစ်ရမ်းကားသူများ၊ အလစ်သုတ်လုယက်သူများ၊ လက်မှတ်မှောင်ခိုရောင်းချသူများအစရှိသဖြင့် အမျိုးမျိုးပါဝင်ကြပြီး(၂)ဦးမှာမူ သက်သေမခိုင်လုံ၍ တရားရုံးမှကွင်းလုံးကျွတ်လွှတ်လိုက် ကြောင်းသိရသည်။ ယင်းတရားရုံးများကို မေလ(၂၈)ရက်နေ့မှ စတင်၍ဖွင့်လှစ်ပြီး အရေးယူဆောင်ရွက်နေခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိအချိန်တွင် တရားရုံးသို့တင်ထားသည့် အမှုပေါင်းမှာ(၇၆)ခုရှိပြီးအထူးတရားရုံးစုစုပေါင်းမှာ(၅၆)ရုံးရှိကြောင်းသိရသည်။ဤသတင်းကိုnewseleven.
တွင် ဖော်ပြထားပါသည်.။

ရန်ကုန်မြို့ တွင်းကမ္ဘာ့ဖလားဘောလုံးပွဲ လောင်းကြေး

ပြင်ပ(လမ်းဘေး) ဆီရောင်းဝယ်ရေး ဈေးကွက် အရောင်းမပျက် အဝယ်မပျက်


ဇွန်လ (၁ဝ)ရက်နေ့မှ စတင်ကာ MPPE မှလွှဲပြောင်း၍ ပုဂ္ဂလိက ကုမ္ပဏီများမှ စက်သုံးဆီ အရောင်းဆိုင်များ ပြောင်းလဲခဲ့သည်။ ဓါတ်ဆီ၊ ဒီဇယ်ဆီများကို လိုသလောက် လွတ်လပ်စွာ ဝယ်ယူ ရရှိနိုင်သည်ဟု ဆိုသော်လည်း ပြင်ပ (လမ်းဘေး)တွင် ရောင်းချလျက် ရှိသော ဆီဆိုင်များမှာ အရောင်းအဝယ် မပျက် ရှိနေသည်ကို တွေ့ရသည်။ တရားဝင် ပုဂ္ဂလိက စက်သုံးဆီ အရောင်းဆိုင်များတွင် ဓါတ်ဆီ တစ်ဂါလံလျှင် (၂၅ဝဝ)ကျပ်၊ ဒီဇယ် တစ်ဂါလံလျှင် (၂၉ဝဝ)ကျပ် ဈေးဖြင့် ရောင်းချနေသော်လည်း ပြင်ပ(လမ်းဘေး) ဆီဆိုင်တွင် ဓါတ်ဆီ တစ်ဂါလံလျှင်(၂၅ဝဝ)ကျပ်၊(၂၈ဝဝ)ကျပ်စသည်ဖြင့် ဈေးမျိုးစုံ ရောင်းချလျက် ရှိသည်။ ထို့အပြင် တစ်လီတာ ရေသန့်ဗူး တစ်ဗူးလျှင် ကျပ်(၆ဝဝ)၊(၇ဝဝ)၊(၈ဝဝ)ကျပ် စသည် ဖြင့်ဈေးမျိုးစုံလင်လှသည်။ ထိုသို့ စက်သုံးဆီရောင်း နည်းပညာစုံ ဖြစ်ပေါ်နေရခြင်းမှာ ရေသန့်ဗူး တစ်လီတာအား ပုံစံတူထုတ်လုပ်ထားသည့် တစ်လီတာမပြည့်သည့် ဗူးလျော့များဖြင့်လည်း ရောင်းချလျက်ရှိသည်။ ထိုဗူးလျော့အား ပြင်ပ(လမ်းဘေး) ဓါတ်ဆီဆိုင်များက တစ်ဗူးလျှင် (၁၅ဝ)ကျပ်ဖြင့် ဝယ်ယူရသည်ဟု သိရသည်။ ထို့အတူ ဂါလံခွက်များသည်လည်း ခြင်တွယ်နည်းပုံစံ စုံလင်လှသည်။

''အခုဆီဆိုင်တွေက လိုသလောက် ရောင်းပေးနိုင်တာ မဟုတ်ဘူး။ တစ်ချို့ဆိုင်တွေဆို ကားတစ်စီးကို ဆီတစ်ခါလာထည့်ရင် အများဆုံး (၆)ဂါလံ အထိပဲ ရောင်းပေးနိုင်တာပါ။ တန်းစီနေတဲ့ ကားတန်းက လမ်းပေါ်မှာ နှစ်ထပ်ဖြစ်နေပြီ။ နောက်ပြီး သူတို့က မနက်(၆)နာရီ ကနေ ညနေ(၆)နာရီအထိပဲ ဆိုင်ဖွင့်တာ။ ညရေးညတာ အတွက် ကျွန်တော်တို့ဈေးကွက်က ရှိနေဦးမှာပါ။ အခု ကျွန်တော်တို့ဆီဆိုင်က အရင်ကလောက် မရောင်းရပေမယ့် အရောင်းအဝယ်ကတော့ ဖြစ်နေဆဲပါ။ နောက်ပိုင်း သူတို့ ဆီနိုင်နိုင် ရောင်းပေးနိုင်ရင်တော့ မပြောတတ်ဘူး'' ဟု ပြင်ပ(လမ်းဘေး) ဓါတ်ဆီဆိုင် တစ်ဆိုင်က ပြောသည်။လျှပ်တပြက်ဂျာနယ်တွင် ထိုသတင်းအားဖော်ပြထားပါသည်.။

သြော်..ကြော်ငြာ..ကြော်ငြာ

နံနက်ခြောက်နာရီ ထိုးလို့ မျက်စိပွင့်ကာရှိသေးတယ်။ 'ဟောဒီက ပဲပြုတ်' ကြော်ငြာက ဝင်လာတော့တာပါပဲ။ 'ကောက်ညင်းပေါင်း ငချိပ်ပေါင်းပူပူလေးနော်' မလှမ်းမကမ်းမှလည်း ကြော်ငြာတစ်ခု။ မိမိတို့ရဲ့ပစ္စည်းကို အများသိအောင် ကြော်ငြာ ရတာဟာ ပစ္စည်း ရောင်းလိုအားကောင်းအောင် ဆွဲဆောင်တတ်သူတွေရဲ့ လုပ်ငန်း တစ်ခုပါပဲ။

ဒီနေ့ခေတ် ကြော်ငြာလုပ်ငန်းဟာစီးပွားရေးဈေးကွက်အတွက်အဓိကကျတဲ့လုပ်ငန်း တစ်ခုဖြစ်လာနေပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက 'မိမိ၏ပစ္စည်း ကျပ်တစ်သိန်း ဖိုးအရောင်းလိုက်အောင် ကျပ်ဆယ်သိန်းဖိုးလောက်ကြော်ငြာနိုင်ရမယ်'တဲ့။ 'ဟိုက် ရှာလပတ်ရည်' ဥရုဂွေးကြီး၊ အဲ ဟုတ်ပေါင် ဂုရုကွေးကြီးလို ရေရွတ်လိုက်မိပါရဲ့၊ ကျပ်တစ်သိန်း ဖိုးရောင်းလိုမှုအတွက် ကျပ်ဆယ်သိန်းဖိုးကြီးများတောင်ကြော်ငြာရမယ်ဆိုလို့။

နောက်မှ ကျွန်ုပ်စဉ်းစားမိတာက 'ဟုတ်တော့လည်း ဟုတ်သားပဲပေါ့၊ မိမိထုတ်လုပ်ထားတဲ့ပစ္စည်း ဘယ်နေရာမှာ အသုံးပြုရမယ်လို့ကြော်ငြာနဲ့ တင်ပြမထားလျှင် ပတ်တီးတခြား ဖြစ်ကုန်ကြမှာပေါ့' ဒါကြောင့် မိမိပစ္စည်းအများသုံးတတ်သွားအောင် ကျပ်တစ်သိန်းဖိုး ရင်းထားလျှင် ကျပ်ဆယ်သိန်းဖိုးခန့် ဦးစွာကြော်ငြာပေးရမယ်လို့ဆိုတာပေါ့။ မိမိကုန် ပစ္စည်းအဝယ်လိုက်မှ ထုတ်လုပ်မှုကိုမြှင့်တင်ကြရတယ်တဲ့။ ဒါလည်းမှတ်သားဖွယ်ရာ စီးပွားရေးဦးနှောက်ပါပဲ။

ဒါ့ကြောင့်လည်း ရေဒီယို၊ တီဗီမှစပြီး ကြော်ငြာဘုတ်များ၊ ပိုစတာများ၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း စာစောင်များတွင် အားမရသေးလို့ လက်ကမ်းစာရွက်များ၊ နံရံများ၊ သစ်ပင်များ၊ ဓာတ်တိုင်များထိကြော်ငြာရာဌာန များဖြစ်လာခဲ့ကြတယ်။ ရေဒီယိုတွေထဲမှာ အသံနဲ့တင်ဆက်ထားတော့ ကြော်ငြာတဲ့ ပစ္စည်းကို ကြားရုံနဲ့သိနိုင်ပေမယ့် တီဗီဖန်သားပြင်ပေါ်မှာက တင်လှုပ်ရင်လှုပ်ပြနေတော့ တစ်ခါတလေကြော်ငြာတဲ့ပစ္စည်းတောင်ပျောက်နေတော့ တစ်ခါတလေကြော်ငြာ တစ်ခုပြီးသွားတော့စွဲကျန်ရစ်ခဲ့တဲ့ပစ္စည်းက အဓိကကြော်ငြာတဲ့ပစ္စည်း မဟုတ်ဘူး ဖြစ်နေတယ်။ အဲ ပိုစတာတွေ၊ စားသောက်ဆိုင်တွေမှာ ကပ်ထားတဲ့ပိုစတာတွေ၊ နာမည်ကြီး ကင်မရာမင်းတွေနဲ့ခေါ်ရိုက်ထားတာထင်ရဲ့၊ ကွင်းကွင်းကွက်ကွက်ကို ရှင်းနေတာပဲ။ ခါး၊ ရင်၊ တင်၊ မိန်းကလေးတွေရဲ့ ပင်ကိုယ်အချိုးအစားအတိုင်း ပေါ်လွင်ထင်ဟပ်နေတာပါပဲ။

ခက်တာက အချို့ပိုစတာတွေမှာ ကုန်းကုန်းကွကွနဲ့ ဆိုတော့ ဘာအထာနဲ့ရိုက်ပြထားလဲကိုမသိနိုင်တာ။ ကြော်ငြာခံပစ္စည်းက အရက် ကြော်ငြာ၊ ကြော်ငြာကအမျိုးအသမီး၊ အရက်နဲ့ ဘယ်လိုပတ်သက်နေလေသလဲတော့ မသိဘူး။ အရက်သောက်ပြီး မူးရမ်းတတ်သူကိုတော့ မိန်းကလေးခပ်များများမကြိုက် တာတော့အမှန်ပါပဲ။ မဂ္ဂဇင်းတစ်ခုမှာလည်း For men တဲ့ ကြော်ငြာ၊ ကြော်ငြာ။ ပြူးကနဲပြဲကနဲကြည့်လိုက်တော့ ပျိုမျစ်နုနယ်ကျစ်လစ်သွယ်လျှ လှပဝင်းဘိ ရွှန်းအိအိနှင့်လို့ ဆိုရမလောက်ပါပဲ။ နုနယ်တဲ့အရွယ်၊ သွယ်လျကျစ်လျစ်တဲ့ကိုယ်ဟန်၊ လှပတဲ့မျက်နှာ ဝင်းအိနေတဲ့အသားရေ၊ ရွှန်းရွှန်းကြီးနုထွားလှပတဲ့ မိန်းကလေးရဲ့ အလှကို တစောင်းလေးရိုက်ပြထားတော့ 'အလားလား ကျွတ်ကျွတ် ယောက်ျားတွေ အတွက် ဆိုပါလား' ခြေဆုံးခေါင်းဆုံးစာမျက်နှာအဆုံးကြည့်လိုက်မိပါမှ အောက်နားက 'ယောက်ျားအားတိုးဆေး'တဲ့ တော်သေးတာပေါ့။

ဒီစာသားလေးကယ်လိုက်လို့၊ သို့မဟုတ်လျှင် ခုနစ်ပြည်ထောင်မင်းတွေလို ယောက်ျားအချင်းချင်း စစ်ခင်းရတဲ့ကိန်း ဆိုက်တော့မလို့။ ကြော်ငြာတော့ကြော်ငြာပါပဲ။ 'ဗျာ ဗျာ ဗျာ ကျွန်တော်ရေးတာရိုင်းသွားတယ်။ သြော် ဒါဆိုသူကြော်ငြာသွားတာ မရိုင်းဘူးပေါ့။ သြော် သူတို့က ကြော်ငြာကိုး၊ ကြော်ငြာဆိုတော့ မရိုင်းဘူးပေါ့နော်။ ဒါကြောင့်လည်း သူတို့ပုံတွေအွန်လိုင်းပေါ်ရောက်နေတာပေါ့နော်' သူတို့ တစ်တွေက တော့ မဆန်းတော့သလိုပါပဲ။ သူတို့မဆန်းတော့ပေမယ့် အွန်လိုင်းပေါ်မှာရောက်နေတဲ့ ဖော်ချွတ်ပုံတွေက အဖေတွေ၊ မောင်တွေအတွက်တော့ မျက်နှာထားစရာမရှိလောက် အောင်ကို ရှက်စရာကောင်းပါတယ်။

သြော် ကိုယ်မသိပေမယ့် ဒါတွေကလည်း ကြော်ငြာတွေ ပဲဖြစ်မှာပါ ...။ အင်း ...ဒီမိုကရေစီခေတ်ကြီးရောက်လာရင်တော့ သူတို့တစ်တွေကိုတောင် အွန်လိုင်းပေါ်မှာကြော်ငြာတင်ပြီး အနောက်နိုင်ငံများလို ပေါ်ပေါ်ထင်ထင်ကြီးရောင်းစား ကြတော့မယ်ထင်ပါရဲ့။ သြော် ....ကြော်ငြာ ...ကြော်ငြာ ... ညညတရုတ်ဇာတ်လမ်းတွဲများ၊ ကိုရီးယားဇာတ်လမ်းတွဲများ ကောင်းခန်း ရောက်လာ ပြီဆိုတာနဲ့ ကြော်ငြာကဝင်ဖျက်တော့တာပါပဲ။ ။

ဖေသက်ထွန်း

မြန်မာပြည်မှာ လူဖြစ်ရမှာ ကြောက်တဲ့ ရင်သွေးငယ်များ...။











မြန်မာပြည်မှာ လူဖြစ်ရမှာကြောက်တဲ့ ရင်သွေးငယ်များ

လူ့ဘ၀ရဲ့ ၀ဋ်ဒုက္ခများကို ကြောက်ရွံ့၍၄င်း၊ ၀ဋ်ကြွေးကံကြမ္မာ ပါလာ၍၄င်း၊ မိခင်၏ ၀မ်းတွင်းမှ လူ့လောကဆီသို့ ရောက်ရှိမလာမီ ဘ၀ပြောင်းသွားရှာသော ဘေဘီ မကြည်ကြည်စန်း (ကျား / ကိုယ်ဝန်ဆောင် ၆ လ) အရွယ်နှင့် ဘေဘီ မအိအိအောင် (ကျား / ကိုယ်ဝန်ဆောင် ၄ လ) အရွယ်ရှိ ရင်သွေးငယ် (၂) ဦး၏ ရုပ်အလောင်းများအား နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူမှ Baby Only ဟု ခေါ်ဆိုသော ကလေးနိဗ္ဗာန်ယာဉ်ဖြင့် ဂန္ဓီဆေးရုံမှ ယနေ့ ၂၈.၆.၂၀၁၀ (တနင်္လာ) နေ့တွင် အသင်းလုပ်အားပေးများနှင့် ရေဝေးသုဿန်သို့ ပို့ဆောင် မီးသင်္ဂြိုလ်ပေးခဲ့ပါသည်။

ဘေဘီ မကြည်ကြည်စန်း (ဒလမြို့နယ်) နှင့် ဘေဘီ မအိအိအောင် (သာကေတမြို့နယ်) တို့၏ ဆွေမျိုးသားချင်းတို့အား ကလေးနိဗ္ဗာန်ယာဉ်ဖြင့် မသယ်ဆောင်မီ အသင်းမှ လုပ်ဆောင်ပေးမှု၊ အခမဲ့ ၀န်ဆောင်ပေးမှုတို့ကို သိရှိအောင် နွေးထွေးစွာ ရှင်းလင်းပြောကြားပြီး ယင်း ကလေး နိဗ္ဗာန်ယာဉ်ဖြင့် ကလေး၏ ရုပ်အလောင်းနှင့်အတူ ရေဝေးသုဿန်သို့ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။

ယင်းကဲ့သို့ ကြေကွဲဖွယ်ရာ ဖြစ်ရပ်တို့သည် စီးပွားရေးချို့တဲ့၍ ဆင်းရဲဒုက္ခကြားမှာ ရုန်းကန်နေ ရသော လောကဓံ၏ ရိုက်ခတ်မှုကြောင့် မိခင်ဖြစ်သူမှာ အဟာရချို့တဲ့ခြင်း၊ အသွားအလာ အနေအထိုင် မဆင်ခြင်ခြင်းတို့ကြောင့် ရေတွင်းတွင် ရေခပ်စဉ် ချော်လဲ၍၄င်း၊ ပျက်စီး ယိုယွင်းနေသော လမ်းခရီးများကြောင့် ကိုယ်ဝန်ပျက်ကျရခြင်း စသည် စသည်တို့ကြောင့် ရင်သွေးငယ်များ ဆုံးပါးခဲ့ရခြင်းဖြစ်သည်။ ထိုကြောင့် မိခင်တို့အနေနှင့် ကိုယ်ဝန်ဆောင် အချိန်ကာလ အတွင်း အသွားအလာ၊ အနေအထိုင်၊ အစားအသောက်မှ အစ လူ့လောကထဲသို့ ၀င်ရောက်လာမည့် မိမိ၏ မျိုးဆက်သစ် ရင်သွေးငယ်များ၊ တိုင်းပြည်၏ မျိုးဆက်သစ် ကလေးငယ်များ အတွက် အထူးဂရုစိုက်ရန် အရေးကြီးပေသည်။

အချုပ်ဆိုရသော် . . . မြန်မာပြည်တွင် လူဖြစ်ရမှာကြောက်တဲ့ ရင်သွေးငယ်များပင် ဖြစ်တော့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။