24 May 2010

ယာယီ ခွင့်ပြုထားခဲ့သော ပုဂ္ဂလိကပညာသင် ကျောင်းများအား ယခုနှစ်အတွက် ဖွင့်ခွင့်မပြုတော့

၂၀၁၀-၂၀၁၁ ပညာသင်နှစ် အတွက် ယာယီခွင့်ပြုထားခဲ့သော ပုဂ္ဂလိက ပညာသင်ကျောင်းများ အား ရန်ကုန်တိုင်းအတွင်း အနည်း ဆုံး ၁၀ ကျောင်းအထိ တရားဝင်ဖွင့် ခွင့်ပြုမည်ဟု မတ်လက ထုတ်ပြန်ခဲ့ ခြင်းအား ယခုနှစ်အတွက် ဖွင့်ခွင့် မပြုသေးဘဲ ရပ်ဆိုင်းထားဦးမည် ဖြစ်ကြောင်း ပုဂ္ဂလိကပညာသင် ယာယီဖွင့်ခွင့် ရရှိထားခဲ့သည့် ကျောင်းများမှ စုံစမ်းသိရှိရပါသည်။

အဆိုပါ ကျောင်းများအား ဘော်ဒါဆောင်များဟူ၍သာ ဆက်လက် ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း၂၀၁၀ မေလလယ်ပိုင်းက ရန်ကုန်မြို့ရှိ အမှတ် (၃)အခြေခံပညာ ဦးစီးဌာနမှ ပုဂ္ဂလိကကျောင်းအဖြစ် ပြင်ဆင်လုပ်ကိုင် ခွင့်ပေးထားသူများအား ခေါ်ယူအသိပေးခဲ့သည်ဟု သိရသည်။

ထို့ပြင် ပုဂ္ဂလိက ပညာသင်ကျောင်းများဟူ၍ ခေါ်ဝေါ်သုံးစွဲခြင်းကိုလည်း ပြင်ဆင်သွားရမည့်အပြင် ဘော်ဒါဆောင်များအား ယခင်နှစ်များကကဲ့သို့ အစိုးရကျောင်းများနှင့် တွဲဖက်ကာ ကျောင်းတက်ရောက်ရမည် ဖြစ်ကြောင်း အသိပေးပြောကြားခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

''ကျောင်းတွေကတော့ အကုန်လုံး ကိုယ့်ဘက်က ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ထားပြီးပေမယ့် ဒီနှစ်ကို ခွင့်မပြုတော့ဘူးလို့ သိရတယ်။ ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့ ဘော်ဒါဆောင်အနေနဲ့သာ လုပ်သွားရတော့မယ့်အပြင် အခုကျောင်းဖွင့်ရာသီမှာ သုံးနှုန်းထားတဲ့ ပုဂ္ဂလိကပညာသင်ကျောင်းဆိုတဲ့ နာမည်အစား ဘော်ဒါ လို့သာ သုံးနှုန်းရတော့မယ်''ဟု N-3 ဘော်ဒါမှ တာဝန်ရှိသူကပြောကြားခဲ့ပါသည်။

Success ပညာသင်ကျောင်းမှ တာဝန်ရှိသူက''ပုဂ္ဂလိကပညာသင် ကျောင်းဆိုပြီး သုံးစွဲခွင့်မရတော့ဘူးလို့ ပြောတယ်။ ပြီးတော့ လက်ရှိ လက်ခံထားတဲ့ ကျွန်တော်တို့ကျောင်းတွေက လူဦးရေကိုလည်း အကြမ်းဖျင်း နှစ်ရာလောက်ကိုပဲ ခွင့်ပြုမှာဖြစ်တယ်''ဟု ပြောကြားခဲ့သည်။

ယခု ပညာသင်နှစ်ဖွင့်လှစ်ရမည့် ပုဂ္ဂလိကပညာသင်ကျောင်း အဖြစ် ယာယီခွင့်ပြုထားခဲ့ပြီးသော ကျောင်းများမှ ကျောင်းသားအပ်နှံခြင်းအား ရပ်ဆိုင်းကာ အပ်နှံထားပြီးခဲ့သည့် ကျောင်းလခများကိုလည်း ပြန်လည် ထုတ်အမ်းသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

ထို့ပြင် ပဉ္စမတန်းမှ တက္ကသိုလ် ၀င်တန်းအထိလည်း ဘော်ဒါများမှ ခွင့်ပြုလက်ခံခြင်း မပြုရတော့မည့် အပြင် ဘော်ဒါဆောင်များအနေဖြင့် အစိုးရကျောင်းများဖြင့်သာ ယခင်ကကဲ့သို့ တွဲဖက် တက်ရောက်သွားရမည် ဟု သိရှိရသည်။

ယခုအခါ ယာယီဖွင့်ခွင့်ပြုထား ပြီးသည့် ပုဂ္ဂလိက ပညာသင်ကျောင်းများသို့ အပ်နှံထားသည့် ကျောင်းသားဦးရေမှာ ကျောင်းအချို့၌ ထောင်ချီအထိပင် ရှိသည်ဟု news-eleven ဂျာနယ်တွင် ဖော်ပြထားပါသည်.။