28 May 2010

မလေးရှားတွင်ပြုလုပ်သည့် နှစ် (၂၀ ) မြောက် (၉၀) ရွေးကောက်ပွဲရလာဒ် အထိမ်းအမှတ်နှင့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့အခမ်းအနားကျင်းပခြင်း

နှစ် (၂၀ ) မြောက် (၉၀) ရွေးကောက်ပွဲရလာဒ် အထိမ်းအမှတ်နှင့် ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုနေ့အခမ်းအနားကျင်းပခြင်း

ယနေ့ (၂၇.၀၅.၂၀၁၀) နေ့တွင် NLD(LA)MALAYSIA, ALD(EXILE)MALAYSIA, ZNC(LA)(MALAYSIA) အဖွဲ့သုံးဖွဲ့ ပူးပေါင်း၍ မလေးရှားနိုင်ငံ ကွာလမ်လာပူမြို့တော် တရုတ်တန်းခမ်းမ၌ ၉၀ ရွေးကောက်ပွဲအထိမ်းအမှတ်နှင့်ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုနေ့ အခမ်းအနားကို ကျင်းပခဲ့ကြပါသည်။ အခမ်းအနားသို့ မြန်မာနိုင်ငံသားများ၊ မလေးရှားNGOများနှင့် မြန်မာအဖွဲ့အစည်းများမှ လူ(၁၀၀) ခန့် တက်ရောက်၍ နေ့လည်(၁)နာရီမှ ညနေ(၄) နာရီအထိ ကျင်းပပြီး AMNESTY INTERNATIONAL အဖွဲ့မှလည်း ဂုဏ်ပြုစကားများ တက်ရောက်ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် NLD(LA)MALAYSIA နှင့် ALD(EXILE) နိုင်ငံခြားရေးတာဝန်ခံတို့မှ အမှာစကားပြောကြားပြီး ZNC (MLAYSIA) မှလည်း ကျေးဇူးတင်စကားပြောကြားခဲ့ကြပါသည်။ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှု GLOBAL ACTION နှင့်ပတ်သတ်၍ ရှင်းလင်းတင်ပြခြင်း၊ စစ်အာဏာရှင်တို့၏ ရက်စက်မှု ပြယုဂ်ဖြစ်သော ၈၈ အရေးတော်ပုံကြီးနှင့် ဒီမိုကရေစီ အရေးအခင်း အဆက်ဆက် တို့၏ ဓါတ်ပုံများ ခင်းကျင်းပြသခြင်း၊ ၈၈ မှ ယနေ့အချိန်အထိ ပြည်သူများခံစားနေကြရသော နိုင်ငံရေးမှတ်တမ်း VCD အခွေများ အခမဲ့ဖြန့်ဝေခြင်း ၊စစ်အစိုးရ၏ အဓမ္မအတည်ပြုထားသော ၂၀၀၈ ဖွဲ့စည်းပုံအား မီးရှို့သင်္ဂြိုလ်ခြင်း စသည့် အစီအစဉ်များ ကျင်းပပြုလုပ်၍ မြန်မာနိုင်ငံသားများနှင့်အတူ မလေးရှားနိုင်ငံသားတချို့လည်း ဆန္ဒမဲများထည့်ဝေခဲ့ကြပါသည်။ ကမ္ဘာလုံးဆိုင်ရာလှုပ်ရှားမှုများကို (၁၉.၆.၁၀ ) ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲအထိ မလေးရှားနိုင်ငံ နယ်မြေအနှံ့ ကျင်းပ၍ ဆန္ဒမဲများကောက်ခံသွားမည်ဖြစ်ပါသည်။ ထို့နောက် အခမ်းအနားကို အရေးတော်ပုံအောင်ရမည်ကြွေးကြော် သုံးကြိမ်ကြွေးကြော်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်း ခဲ့ကြပါသည်။

ဤသတင်းအား ပေးပို့ ပေးသော မလေးရှားဌာနခွဲ အားကျေးဇူးတင်ရှိပါသည်.။