28 May 2010

စစ်တပ်မှ အာဏာမလွဲခြင်းကြောင့် တပ်မတော်သမိုင်း အကျည်းတန်

၉၀ ရွေးကောက်ပွဲရလဒ် သာမန် ရွေးကောက်ပွဲအဖြေမဟုတ်ပဲ၊ လူထုရဲ့ ဒီမိုကရေစီ လိုလားမှုကိုပြတဲ့ သင်္ကေတတရပ်အဖြစ် ဒီမိုလှုပ်ရှားသူတွေက မှတ်ယူကြပါတယ်။

၁၉၈၈ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို နှိမ်နင်းပြီး လက်ရှိ စစ်အစိုးရကိုယ်တိုင် ကျင်းပပေးခဲ့တဲ့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲဟာအခု ဒီနေ့ဆိုရင် နှစ် ၂၀ တင်းတင်းပြည့်ခဲ့ပါပြီ။ ၉၀ ခုနှစ်ရွေးကောက်ပွဲဟာ သမာသမတ်ကျခဲ့တယ်လို့ အဲဒီတုန်းက ရွေးခြယ်ခံ ကိုယ်စားလှယ်တွေက တညီတည်းပြောကြမယ့် ဒီနေ့ကာလမှာ အဲဒီရွေးကောက်ပွဲရလဒ် ရှိသင့်မသင့် ဆိုတာတော့ သဘောထားတွေ မညီကြပါဘူး။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကတော့ ၉၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည် မဖော်ပေးနိုင်ခဲ့တာဟာ သမိုင်းမှာ တပ်မတော်အတွက် အမဲစက်ပဲလို့ ရှုမြင်ပါတယ်။ ကိုသားညွန့်ဦးက ဒီအမြင်တွေကို စုစည်းတင်ပြပေးထားပါတယ်။ ၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ဆိုတာ မြန်မာသမိုင်းမှာတော့ ခုချိန်ထိ ဖြေရှင်းလို့မရသေးတဲ့ ပြဿနာတရပ်အဖြစ် ယူဆရမှာပါ။

၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွေပေါ်လာပြီး ဒီမိုကရေစီလှုပ်ရှားမှုတွေ အားကောင်းနေဆဲအချိန်မှာပဲ ၉၀ ရွေးကောက်ပွဲဖြစ်ခဲ့တာပါ။

ဒါကြောင့်လည်း ၉၀ ရွေးကောက်ပွဲရလဒ်ဟာ သာမန် ရွေးကောက်ပွဲအဖြေမဟုတ်ပဲ၊ လူထုရဲ့ ဒီမိုကရေစီ လိုလားမှုကိုပြတဲ့ သင်္ကေတ တရပ်အဖြစ် ဒီမိုလှုပ်ရှားသူတွေက မှတ်ယူကြပါတယ်။ ၉၀ ရွေးကောက်ပွဲမှာ မွန်ပြည်နယ် ပေါင်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ် ကိုယ်စားလှယ်အဖြစ် အရွေးခြယ်ခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကတော့ စစ်အုပ်ချုပ်ရေးကို မခံရပ်နိုင်တဲ့အတွက် လူထုဟာ အဖွဲ့ချုပ်ကို ပုံပြီး မဲပေးခဲ့ကြတယ်လို့ ပြောပါတယ်။

"သိပ်ပြီးတော့ အခရာကျပါတယ်။ ၁၉၆၂ ခုနှစ်က စစ်တပ်က အာဏာသိမ်းခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ပြည်သူလူထုက စစ်တပ်ကတိုင်းပြည်အုပ်ချုပ်ရေး ၀င်ရောက်ကိုင်တွယ်တာကို လူတိုင်း ခံစားရတယ်။ အဲဒီ ခံစားရတာကို တုန့်ပြန်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တခဲနက် မဲပေးခဲ့တာလို့ ကျနော် အဲဒီလို မြင်ပါတယ်။" "၁၉၉၀ ရွေးကောက်ပွဲအနေနဲ့ကတော့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုပြီးတော့ တကမ္ဘာလုံးကလည်း ပြောကြတာပဲလေ။ ကျနော်တို့ နိုင်ငံရေးပါတီတွေကလည်း တရားမျှတစွာ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြတာပါပဲ။ ပြီးတော့ ရွေးကောက်ပွဲ ရလဒ်ကလည်း ပြည်သူလူထု မှန်မှန်ကန်ကန် ထဲ့တယ်လို့ပဲ ယုံကြည်ပါတယ်။"

၉၀ ရွေးကောက်ပွဲကို မျှမျှတတဖြစ်အောင် စစ်တပ်က ဦးစီးကျင်းပပေးခဲ့တယ်ဆိုတာ သမိုင်းမှာ ကျန်ခဲ့သလိုပဲ ရွေးကောက်ပွဲ့ရလဒ်ကို စစ်တပ်က ပယ်ဖျက်ခဲ့တယ် ဆိုတာဟာလည်း သမိုင်းမှာ အမဲစက်တခုလို ရှိနေမယ်လို့ ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးက အပြစ်တင်ပါတယ်။

"ပါတီစုံ ဒီမိုကရေစီဆိုပြီးတော့ကာ လူထုတွေက အင်မတန် တောင်းတ၊ တမ်းတနေတာကို တပ်မတော်ကနေပြီးတော့ အကောင်အထည် ဖော်ပေးလိုက်တဲ့ အတွက်ကတော့ဖြင့် အင်မတန်ပဲ ကောင်းမြတ်တဲ့ သမိုင်းပေါ့ဗျာ။ ဒါပေမယ့် နောက်ပိုင်းကျတဲ့အခါကျတော့ ဒီ စစ်တပ်အဖွဲ့အုပ်ချုပ်ရေးဖြစ်သွားတော့ ဟို သမိုင်း အစဉ်အလာ မကောင်းဘူးပေါ့ဗျာ၊ ဒီလိုတော့ပဲ ပြောရမှာပေါ့။"

၉၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှုရှိတယ်ဆိုတာ ကိုယ်စားလှယ်အရွေးခံရသူတွေကြားထဲမှာ တစ်တဘောတည်းရှိခဲ့ပေမယ့်လို့ အခုအချိန်မှာ ၉၀ ရလဒ် အသက်ဝင် မသင်ဆိုတာမှာတော့ သဘောထားတွေ မတူကြပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ်ဖြစ်ခဲ့ပေမယ့်လို့ စစ်အစိုးရပြုလုပ်တဲ့ အမျိုးသားညီလာခံတတ်ရောက်ခဲ့ပြီး အခုလာမယ့် ၂၀၁၀ ရွေးကောက်ပွဲ ပြန်ဝင်ဖို့ ပြင်ဆင်နေတဲ့ ဦးကြည်ဝင်းကတော့ ၉၀ ရွေးကောက်ပွဲဟာ သက်တမ်းလွန်သွားပြီလို့ ခံယူပါတယ်။

"နှစ် ၂၀ လောက်ရှိပြီ။ လွှတ်တော်သက်တမ်း ၅ နှစ်နဲ့တွက်ရင် သက်တမ်း လေးခုလောက် ရှိသွားပြီ။ ဒီထဲမှာ ကြိုက်ပါတယ်ဆိုတဲ့လူက ဒီအချိန်မှာ ကြိုက်ချင်မှ ကြိုက်တော့မှာ။ မကြိုက်ပါဘူးဆိုတဲ့လူတွေက ဒီအချိန်မှာ ကြိုက်ချင်လည်း ကြိုက်လာမယ်။ သက်တမ်းတခု ကျော်သွားလို့ရှိရင် လူတွေရဲ့ ဆန္ဒတွေ၊ စိတ်ထားတွေပေါ့ သူတို့အယူအဆတွေ၊ လုပ်သွားတဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ မူတည်ပြီးတော့ ကြိုက်ခြင်း မကြိုက်ခြင်းတွေက ဖြစ်လာတတ်တယ်။ အဲဒါကြောင့် အဲဒါတွေက အရမ်း Date out သွားပြီးလို့ အန်ကယ်လ်ကတော့ ယူဆတာပဲ။"

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးကတော့ ၉၀ ခုနှစ်ရလဒ်ဟာ အသက်မ၀င်သေးသရွှေ့ သက်တမ်းသတ်မှတ်လို့မရဘူးလို့ ပြောပါတယ်။


ရင်းမြစ်..VOA