29 May 2010

ရေ ?????????????


၂၀၀၁ ခု စက်တင်ဘာ ၁၁ ရက်နေ့ကတော့ အမေရိ ကန်နိုင်ငံအတွက် သမိုင်းဝင် ဝမ်းနည်းကြေကွဲရတဲ့ နေ့ဖြစ်ပါတယ်။ နယူးယောက်မှာရှိတဲ့ World Trade Center ကို အကြမ်းဖက်သမားတွေက ဝင်ရောက် တိုက်ခိုက်ခဲ့ပါတယ်။

စလောင်းကလာတဲ့ သတင်းတွေကိုကြည့်တော့ စ စခြင်းမှာ WTC ကနေ မီးခိုးငွေ့တွေ ထွက်လာပါ တယ်။ မီးခိုးငွေ့တွေ ထွက်နေတုန်းမှာပဲ ဝုန်းကနဲ မီးတွေထတောက်ပါတယ်။ အဲဒီအချိန်မှာပဲ မီးသတ် သမားတွေ၊ ရဲတွေ၊ ကယ်ဆယ်ရေးတွေ ရောက်လာ ပါတယ်။ ကယ် ဆယ်ရေးတွေ အဆောက်အဦးပေါ် ရောက်လျှင်ရောက်ခြင်းမှာပဲ အဆောက်အဦး ပြိုကြ ပါတယ်။ မီးသတ်တွေ ရဲတွေ ကယ်ဆယ်ရေးတွေ သေဆုံးကြရပါတယ်။ ငိုသံတွေ၊ ဘုရားတသံတွေ ကျယ်ကျယ်လောင် ထွက်လာသံကို ကြားနေရပါတယ်။ အပြစ်မဲ့လူသား ၂၉၇၆ ယောက် သေဆုံးခဲ့ပါတယ်။ တကမ္ဘာလုံးလဲ ဝမ်းနည်း ကြပါတယ်။

WTC ရဲ့ အကြောင်းကို နီကိုလပ်ကေ့စ်နဲ့ ရိုက်ကူးထားတဲ့ ရုပ်ရှင်ကို ကြည့်မိတော့ အမေရိကန်နိုင်ငံရဲ့ မီးသတ်တွေ ရဲတွေ၊ ကယ် ဆယ်ရေးတွေကို ကျမ ရင်ထဲက လေးလေးနက်နက် ချီးကျူး မိပါတယ်။ သူတို့တွေက နိုင်ငံအတွက်အသက်ကို အပေါင်ပေးထား ကြ တာပါ။ ရဲ ၆၀ ယောက်၊ မီးသတ်သမား ၃၄၃ ယောက်တို့ဟာ တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြပါတယ်။

အမေရိကန်နိုင်ငံရဲ့ သမ္မတ ဖြစ်တဲ့ ဂျော့ဒဗလျူ ဘွတ်(ရှ်) ကလည်း တရားခံကို သူချေမှုန်းပါ့မယ်လို့ ပြည်သူကို ဂတိပေးခဲ့ပါတယ်။

ကျမတို့ မြန်မာပြည်မှာတော့ ၂၀၀၇ ခုနှစ်မှာ လောင်စာဆီတွေ အဆမတန် ဈေးမြင့်တက်သွားပါတယ်။ အဲဒါနဲ့ တချိန်ထဲမှာပဲ ဓါတ်ဆီ အရောင်းဆိုင်တွေကို ပုဂ္ဂလိကကိုလွဲပေးမယ်ဆိုတဲ့ ကောလာဟာလတွေလဲ ထွက်လာပါတယ်။ မြန်မာပြည်မှာ ပေါပေါများများ ထွက် တဲ့ gas တွေပါ ဈေးတက်သွားတော့ သယ်ယူပို့ဆောင်ရေးစားရိတ်တွေလဲ မြင့်တက်သွားပါတယ်။ ဒါကြောင့် အခြေခံစားသုံးကုန် တွေ ပါ ဈေးမြင့်တက်သွားပါတယ်။ အကျိုးဆက်ကတော့ အခြေခံလူတန်းစားတွေ ဘဝပိုလို့ ကျပ်တည်းသွားပါတယ်။

လောင်စာဆီဈေးနှုန်း မြင့်တက်မှုနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသားများ၊ မျိုးဆက်သစ် ကျောင်းသားများနှင့် သံဃာတော်များ က ဦးဆောင်ပြီး ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။ အာလုံးက စည်းကမ်းတကျ ဆန္ဒပြခဲ့ကြပေမယ့် အာဏာကိုအလွန်အကြူး မက်မောနေ တဲ့ စစ်အုပ်စုကတော့ ပစ်သတ်ခြင်း၊ ဖမ်းဆီး ထောင်ချခြင်းတို့ ပြုလုပ်ပြီး ပြည်သူတို့ရဲ့ ဆန္ဒတွေကို အဆုံးသတ်ပေးလိုက်ပါတယ်။

၂၀၀၇ အရေးတော်ပုံရဲ့ ယမ်းငွေ့တွေ၊ သွေးညှီနံ့တွေမှ မစင်သေးပါဘူး၊ ၂၀၀၈ မေ ၃ ရက်နေ့မှာပဲ နာဂစ်မုန်တိုင်းဟာ ပြည်သူတွေရဲ့ ဘဝကို ရက်ရက်စက်စက် ချိုးဖဲ့ချေမွ ခဲ့ပါတယ်။ အဲဒီ အချိန်တုန်းက ကြိုတင်ကြေညာတာတွေကိုလည်း မလုပ်ပါဘူး။ အပြင်းအထန် တိုက်ခတ် နေချိန်မှာလည်း ဘယ်သူကမှ မကယ်ဆယ်ခဲ့ ကြပါဘူး။ တကယ်လို့ ကြိုတင်ကြေညာခဲ့ရင်၊ အပြင်းအထန် တိုက်နေချိန်မှာ ကယ်ဆယ်ရေး လုပ်ခဲ့ရင် အသက်တွေ အဲလောက်များများ မပေးဆပ်ရပါဘူး။

မုန်တိုင်းပြီးနောက် ကျန်ရစ်သူတွေရဲ့ ဘဝတွေကို ပြန်လည် တည်ထောင်ပေးရမဲ့အစား ဆန္ဒခံယူပွဲကျင်းပဖို့ အပြင်းအထန်ကြိုးစားခဲ့ ကြပါတယ်။ ဆန္ဒခံယူပွဲကို နိုင်ငံခြားသားတွေ မြင်သွားမှာ စိုးရိမ်လို့ ကယ်ဆယ်မဲ့ လူတွေကိုတောင် ကန့်သတ်ချက်နဲ့ပဲ လက်ခံခဲ့ပါ တယ်။ ဒါကြောင့်လဲ မုန်တိုင်းသင့် ဒေသတွေမှာ အခုအချိန်အထိ နံလန်မထူတဲ့အပြင် ပိုလို့တောင် ဆိုးဝါးလာပါတယ်။

၁၉၈၈ ခုနှစ် နဝတ က အာဏာသိမ်းပြီးနောက် ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှု စတင်ခဲ့ ပြီး မကြာခင်မှာဘဲ ဥပဒေမျိုးစုံနဲ့ ကန့်သတ် လိုက်ပါတယ်။ အဲဒီနောက်ပိုင်း သာမာန် အရပ်သားတွေ Export-Import လုပ်ကိုင်ဘို့ ခက်ခဲသွားခဲ့ပါတယ်။ စစ်ဗိုလ်တွေ၊ သူတို့နဲ့ ပတ်သက်တဲ့ လူတွေပဲ လုပ်ငန်းကြီးကြီးမားမားတွေ လုပ်ခွင့်ရကြပါတယ်။ လုပ်ငန်းကြီးကြီးတွေမှာ သစ်လုပ်ငန်းလည်းပါပါတယ်။

မြန်မာနိုင်ငံကထွက်သော ကျွန်းသစ်၊ သစ်မာများမှာ နိုင်ငံတကာ ဈေးကွက်မှာတွင် ရောင်းပန်းလှ၏။ ဒါကြောင့် အတားအဆီးမဲ့ ခုတ် ကြ၏။ တားဆီးဝံ့သူ မရှိ။ ပညာရှင်တွေကတော့ ရိပ်ဖမ်းသံဖမ်း ပြောကြ၏။ သို့သော်လည်း ထူးခြားမှု အလျဉ်းမရှိ။

ချက်ချင်းတော့ ပညာရှင်များ စိုးရိမ်သလို မဖြစ်ခဲ့၊ နှစ်ပေါင်း ၂၀ ကျော်လာတော့ ဖြစ်ခဲ့ပါပြီး၊ သို့သော် ဘာမှမလုပ်ကြသေး။ ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဖဲတန်ရွာ အလွန်တွင် မေခနှင့် မေလိခပေါင်းဆုံသော မြန်မာ့အသက်သွေးဟုဆိုနိုင်သော ဧရာဝတီမြစ်အစ မြစ်ဆုံ ရှိပါတယ်။ အဲဒီမှာ ဧရိယာ ၃၀၀×၃၀ ရှိ သစ်တောတခု ရှိပါတယ် တဲ့၊ အဲဒီ နေရာဟာ ရေအရင်းအမြစ်တွေကို သိုလှောင်ထား လို့ အရမ်းအရေးကြီးပါတယ်။ အဓိက ရေသိုလှောင်တဲ့ ဇီဝ က သစ်ပင်တွေ ဖြစ်ပါတယ်။ အခုတော့ အဲဒီ နေရာမှာ သစ်တော မရှိ တော့ပါဘူး။

ပိုဆိုးတာက မြစ်ဆုံမှာ ဆည်တွေ ဆောက်နေပါတယ်။ ဒါဆိုရင် ဧရာဝတီမြစ်ကို သေဒဏ်ပေးလိုက် သလိုပါပဲ။ ရာဇဝင်များရဲ့ သတို့ သမီးသေမဲ့ရက်ကို ကျမတို့တွေ လက်ချိုးရေ နေရပါတယ်။ ဧရာဝတီရဲ့ မှီခိုသူ တောင်သူလည် သမားတွေအတွက်တော့ အငတ်ဘေး ကြရောက်မဲ့ စီမံကိန်းပါ။ အဲဒီ စီမံကိန်းအတွက် ပထမဆုံး အကျိုးအမြတ်ရတဲ့ သူက နအဖ ပါ။ သူတို့ဒေါ်လာတွေ ရကြပါတယ်။ ဒုတိ ယက တရုတ်လျှပ်စစ်ကုမ္ပဏီတွေနဲ့ တရုတ်နိုင်ငံသားတွေပါ။ မြန်မာပြည်သူတွေ အတွက်ကတော့ အရာရာ အရှုံးချည်းပါပဲ။

ဧရာဝတီက ဒီရေတောတွေလဲ လယ်မြေတွေ ချဲ့ထွင်ခြင်း၊ မီးသွေး ဖုတ်ခြင်းတို့ကြောင့် ပြုန်းတီးသွားကြပါတယ်။ အဲဒါ ရဲ့ အကျိုးဆက် က နာဂစ်မုန်တိုင်းဖြစ်တော့ ဒီရေတွေက ဧရာဝတီတိုင်းကို အင်နဲ့ အားနဲ့ အတားအဆီး မရှိဘဲ ဝင်ရောက်ခဲ့ပါတယ်။ လူပေါင်းများစွာ ရဲ့ အသက်တွေကို ယူငင်သွားပြီး လူ ၂ သန်းလောက် ဘဝပျက်သွားပါတယ်။

အခုလဲ ရေအရင်းအမြစ်တွေ ဆုံးရှုံးသွားလို့ မြန်မာပြည်သူတွေ ရေငတ်နေကြရပါတယ်။ ရာသီဥတုကလဲ ကြောက်စရာကောင်း လောက်အောင် ပူပြင်းပါတယ်။ နာဂစ်က ဆွတ်ယူလိုက်လို့ လဲလျောင်းသွားတဲ့ အပင်တွေ နေရာမှာ ဘယ်သူကမှ အစားထိုး စိုက်ပျိုး ခြင်း မရှိပါဘူး။ မြန်မာပြည်မှာ သုံးမရတဲ့ ကြက်ဆူပင်တွေချည်းပဲမို့ ရာသီဥတုဒဏ်ကို မခံနိုင်ပါဘူး။ ဥတုရာသီ တောကိုမှီဆိုတဲ့ စကား ဟာ အလကားထားခဲ့တာမှ မဟုတ်ဘဲ။ ကြက်ဆူပင် တွေရဲ့ ဆိုးကျိုးက မြေဆီနဲ့ရေကို တခြား အပင်တွေထက် ပိုစုတ်ယူပါတယ်။ ဒါ ကြောင့် ကြက်ဆူပင်နဲ့ ကပ်လျက်မှာစိုက်တဲ့ အပင်တွေဟာ မဖွံဖြိုးပါဘူး။

ရေကိစ္စမှာ တာဝန်အရှိဆုံးသူတွေဟာ စစ်အုပ်စုပါ။ ဒါပေမဲ့ တုတ်တုတ်တောင် မလှုပ်ပါဘူး။ နွေ နေပူပူမှာ ရေပုံးတွေ တန်းစီပြီး ရေလာလှူမယ့် လူတွေကို စောင့်မျော်နေရတဲ့ မြင်ကွင်းဟာ လှပတဲ့ ပန်းချီကား တခုမှ မဟုတ်ဘဲ။ ဒါကြောင့် ပြည်သူတွေ အချင်းချင်း ရိုင်းပင်းကူညီတော့လည်း နှောင့်ယှက် ပြန်ပါတယ်။ တာဝန် မယူတာတောင် အတော်အပြစ်ကြီးနေပါပြီ။ အခု နှောင့်ယှက်တာက တော့ အဆိုးရွားဆုံး လုပ်ရပ်ပါ။

ကြံ့ဖွံပါတီက ပြည်သူ့အပေါ် စေတနာထားရင် သူတို့လဲ ရေလှူတန်း နိုင်ပါတယ်။ အလှူငွေတွေလဲ ရှိတယ်၊ အာဏာလဲ ရှိနေတာပဲ ရိုးရိုးသားသား လှူသင့်ပါတယ်။ သူကြီးဘုရား ရွာသား ကောင်းမှုလုပ်နေတာတွေ ရပ်သင့်ပါပြီ။

ကမ္ဘောဒီးယားမှာ တန်လေဆက်ပ် (Tonle Sap) လို့ ခေါ်တဲ့ တောရေအိုင် တခုရှိခဲ့ဘူးပါတယ်။ မဲခေါင်မြစ်နဲ့ တန်လေဆက်ပ်မြစ် က ရေတွေစီးဝင်နေတဲ့ အိုင်ပါ။ ငါးတွေ ရေသတ္တဝါတွေ ပျော်မြူးခဲ့တဲ့ နေရာ တခုပေါ့။ အခုတော့ တန်လေဆက်ပ်မြစ်ကို နေရာတွေပိုင်း ပြီး ကုမ္ပဏီတွေကို ငှားပါတယ်။ မဲခေါင်မြစ်မှာလဲ တူးမြောင်းတွေ ဆောက်လိုက်လို့ ရေစီးဝင်မှု မရှိတော့ဘဲ တန်လေဆက်ပ် အိုင်ကြီး ကောလာပါတယ်။

ကျမတို့ မြန်မာပြည် က ညောင်ရွှေမြို့နယ်ထဲမှာလဲ အထင်ကရ အင်းလေးကန် ရှိပါတယ်။ အင်းလေးကန်ထဲကို ရွှေညောင် မြို့နယ် ထဲက ကုန်းလင်ကန်ကနေ စီးဝင်ပါတယ်။ ကုန်းလင်ထဲကိုတော့ ရှမ်းပြည်နယ်ထဲက ကျီးဖြူကန်ထဲက စီးဝင်ပါတယ်။ အင်လေးကန် ဟာ သာယာလှပလို့ မြန်မာနိုင်ငံကိုလာလည်တဲ့ ဧည့်သည်မှန်သမျှ သွားရောက်လည်ပတ်ကြပါတယ်။ အခုတော့ အင်းလေးကန် လည်း တိမ်ကောလာပါပြီ။ စစ်အုပ်စုဟာ နှစ်စဉ် ဝင်ငွေရှာပေးတဲ့ အင်းလေးကန်ကို ပြုပြင်မှုလုပ်ရကောင်းမှန်းမသိဘဲ လက်နက်ဝယ် ဖို့ ကိုယ်ကျိုးစီးပွားရှာဖို့အတွက်ပဲ ကြိုးစားနေတာပါ။

မြန်မာ့မြေကထွက်တဲ့ သယံဇာတတွေ၊ အရင်းအမြစ်တွေကို စစ်အုပ်စုက လက်ဝါးကြီး အုပ်ထားပါတယ်။ အဲဒီကရလာတဲ့ အကျိုး အ မြတ်ဆိုတာ ပြည်သူတွေခံစားခွင့် မရကြပါဘူး။ သယံဇာတ ပေါကြွယ်ဝတဲ့ မြန်မာနိုင်ငံက ပြည်သူတွေ ဆင်းရဲတွင်းနက်နေတယ်။ ကျမ ဖတ်ဘူးတဲ့ တရုတ်ပညာရှိ ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်က “တိုင်းပြည် ဆုတ်ယုတ်ခြင်းသည် ထိပ်ဆုံးကရှိသော အုပ်ချုပ်သူမှနေ၍ အောက်ဘက်ရှိ မှူးမတ် စသည်တို့ အဆင့်ဆင့် ပျက်ဆီးမှုကြောင့်ဖြစ်သည်” တဲ့။

ကဲ… ဒါဖြင့် ကျမတို့ တိုင်းပြည်ရဲ့ ဆုတ်ယုတ် ခြင်းကတော့ …

ခင်ငြိမ်းသစ်