26 May 2010

ဒလမြို့နယ်တွင်မိုးကြိုးပစ်ခံရ၍ သေဆုံးပြီဟုအထင်ခံရသူ အသက်ပြန်ရှင်လာ


ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်တွင် လူတစ်ဦး မိုးကြိုးပစ်ခံရသဖြင့် သေဆုံးခဲ့ကြောင်း သတင်းထွက် ပေါ်ခဲ့သူ ကိုသန်းစိုးဝင်းမှာ ယခုအခါ အသက်ရှင်လျက် ဒလဆေးရုံမှဆင်းသွားပြီဟုသိရသည်။

ကျန်စစ်သားရပ်ကွက် ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်ထားသော ကုန်ခြောက်ဆိုင်တစ်ဆိုင်ကို မေ ၁၇ ရက် နံနက် ၁၁နာရီ၄၅မိနစ်တွင် မိုးကြိုးထိမှန်ခဲ့ရာ ယင်း အချိန်၌ ဦးသန်းစိုးဝင်းမှာ ဈေးဝယ်ရန် ဆိုင်သို့ရောက် ရှိနေသဖြင့် မိုးကြိုးပစ်ခံရချိန်တွင် သတိမေ့ကာ ဆိုင် ပေါက်ဝ၌ လဲကျသွားသည်ဟုသိရသည်။

"ဘယ်အချိန်ကနေ သတိမေ့သွားတယ်ဆိုတာ ကိုတော့ ကျွန်တော်လဲမသိလိုက်ပါဘူး။ သတိပြန်ရတော့ ဒလဆေးရုံကြီးကိုရောက်နေတာပဲ သိလိုက်ရပါတယ်။ ခန္ဓာကိုယ်မှာတော့ ကြီးကြီးမားမားဒဏ်ရာရရှိခဲ့တာတော့ မရှိခဲ့ပါဘူး။ လဲကျသွားတဲ့အတွက် အနည်းငယ်ပွန်းပဲ့ရုံ လောက်တော့ ရှိခဲ့ပါတယ်။ ဆရာဝန်က အားနည်းလို့ ရုတ်တရက်လဲကျသွားတာလို့ပြောပါတယ်။ လဲမကျခင် မှာ နားတွေအူတာတော့သိလိုက်ရတယ်။ ဒီ့နောက်ပိုင်း ဘာတွေဖြစ်ခဲ့သလဲဆိုတာကို ပတ်ဝန်းကျင်ကပြောပြမှ ကျွန်တော့်ကို မိုးကြိုးပစ်သွားတယ်လို့သိရတာပါ။ အမှန် မှာက မိုးကြိုးပစ်တာက ဆိုင်ကိုထိမှန်ပြီး အဲဒီအထဲမှာ ကျွန်တော်ရှိနေတဲ့အတွက် အားနည်းပြီးလဲကျသွားတာ ဖြစ်ပါတယ်။ ဆေးရုံမှာတော့ တစ်ရက်ပဲနေခဲ့ရပါတယ်။ အခုတော့သက်သာနေပါပြီ"ဟု ကိုသန်းစိုးဝင်းကပြော သည်။

ကျန်စစ်သားရပ်ကွက် ယောမင်းကြီးလမ်းတွင် ဖွင့်လှစ်ရောင်းချနေသည့် ကုန်ခြောက်ဆိုင်ကို မိုးကြိုး ထိမှန်ခဲ့သော်လည်း လူအသေအပျောက်မရှိကြောင်း၊ မိုးကြိုးပစ်ခံရချိန်တွင် ဆိုင်အတွင်းပိတ်လျက်ရှိနေသော မီးချောင်းမှချုပ်မှာ လွင့်ကျခဲ့ရုံသာမက မီးလောင်ကျွမ်းခဲ့ ကြောင်း သိရသည်။

"ကျွန်မတို့အိမ်ထဲကို မိုးရွာနေတုန်း အလုံးကြီး တစ်လုံးကျသွားတယ်လို့ ပတ်ဝန်းကျင်ကပြောပါတယ်။ ဒါပေမဲ့ ခေါင်မိုးမှာ ဘာအပေါက်မှလဲမတွေ့ရပါဘူး။ ကျွန်မ ဆွမ်းချက်နေတုန်း မိုးရွာနေချိန်မှာ မီးချောင်းရဲ့ ချုပ်က လွင့်ထွက်လာတာကို တွေ့လိုက်ရတယ်။ အဲဒီ အချိန်မှာ မိုးခြိမ်းသံတွေတော့ကြားလိုက်ရတယ်။ အိမ်က ကလေးတွေကလဲ နားတွေအူပြီး ရင်တွေတုန်တယ်လို့ ပြောပြီး အိမ်ထဲဝင်ဖို့လုပ်နေတုန်း ဆိုင်ထဲမှာလဲ ဖန် ချောင်းအကွဲတွေရှိနေတဲ့အတွက် မလာကြဖို့တားလိုက် ရသေးတယ်။ အလုံးကြီးဝင်သွားပြီး သိပ်မကြာခင်မှာပဲ မီးခိုးတွေထွက်လာတာနဲ့အတူ လူတစ်ယောက်လဲကျ သွားတာကို လူတချို့မြင်လိုက်ရတယ်လို့ ဘေးပတ်ဝန်း ကျင်ကပြောမှ အဖြစ်အပျက်ကိုသိရတာပါ။ ဈေးဝယ်တဲ့ သူကို လာတုန်းကတော့သိလိုက်ရပေမယ့် ဘယ်အချိန် မှာ လဲကျသွားတာကိုတော့ ကျွန်မလဲ မသိလိုက်ပါဘူး။ နောက်မှ မိုးကြိုးပစ်တယ်ဆိုတာသိရပါတယ်။ အဲဒီလူ ကိုလဲ ချက်ချင်းဆေးရုံတင်လိုက်ကြပါတယ်။ မသေပါစေ နဲ့လို့ ကျွန်မ တစ်နေကုန်ဆုတောင်းနေခဲ့ပါတယ်။ တော် သေးတာပေါ့၊ ကံကောင်းချင်တော့ အဲဒီလူက မိုးကြိုး တိုက်ရိုက်ထိမှန်ခဲ့တာမျိုးမဟုတ်ဘဲ နားတွေအူ နှလုံးတုန် ပြီး လဲကျသွားတာကို မိုးကြိုးပစ်ခံရတယ်လို့ ပြောကြ တာဖြစ်ပါတယ်"ဟု ကုန်ခြောက်ဆိုင်မှဒေါ်အေးအေးခိုင် က ပြောသည်။


သတင်း(YGM)