27 May 2010

မြန်မာပိုက်ဆံ ငွေ အစစ် ကျပ်တစ်သိန်းနှင့် အတု ကျပ် ၁၀ သိန်း အလဲအလှယ် လုပ်လာသူများ အဖမ်းခံရ

ငွေတစ်ထောင်ကျပ်တန် အစစ် ကျပ်တစ်သိန်းနှင့် အတု ငွေကျပ် ၁၀ သိန်းကို အလဲအလှယ် လုပ်လာသူများ အဖမ်းခံရကြောင်း ဒေါပုံမြို့နယ်ရဲစခန်းမှ သိရသည်။ ယခုလ ၁၁ ရက်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်တွင် ငွေစက္ကူအတုဟု ယူဆရသည်များကို ကိုင်ဆောင် သုံးစွဲနေကြောင်း ကြားသိရသည့်အတွက် ယင်း၏ တာဝန်ရှိသူများက သွားရောက် စစ်ဆေးကြရာ ဖမ်းမိခဲ့ခြင်းဖြစ်သည်။


“ဗိုလ်ထွန်းစံရပ်ကွက် ဗိုလ်တေဇလမ်း၊ အိမ်နံပါတ် ၁၇ မှာနေတဲ့ မကြည်ကြည်မိုးနှင့် အဖဦးဘိုအောင်တို့က အဲဒီရပ်ကွက်က ဈေးဆိုင်တွေမှာ ငွေစက္ကူအတုနဲ့ ဈေးဝယ် ကြတာက စပြီး သဲလွန်စဖြစ်တာပါပဲ” ဟု ယင်း၏ တာဝန်ရှိသူက ရှင်းပြသည်။ ၄င်းတို့က ငွေစက္ကူအတုဖြင့် ငွေကျပ် ၂၀၀ ဖိုးစီ ၀ယ်ယူကာ ၈၀၀ကျပ်ကို ပြန်လည်သိမ်းကြောင်း ယင်းက စစ်ဆေးတွေ့ရှိမှုအပေါ် အခြေခံ၍ ပြောသည်။


“စုစုပေါင်း အဲဒီအနီး ပတ်ဝန်းကျင်မှာ အတု ငွေ ၁၀၀၀ ကျပ်တန်ငါးရွက် အသုံးပြုထားတာတွေ့ရတယ်”ဟု ယင်းကဆိုသည်။ အဆိုပါ နေအိမ်မှ ငွေစက္ကူအတုများကို ည ၇ နာရီ ၁၅ မိနစ်ခန့်က Kangaroo အဖြူနက် လက်ကိုင်အိတ်မှ အရွက် ၇၀ ထပ်မံတွေ့ရှိခဲ့ကြောင်း၊ ငွေစက္ကူအတုများကို ရွှေပေါက်ကံမြို့နယ်နေ ဒေါ်ယဉ်ယဉ်ရွှေ ဆိုသည့် အမျိုးသမီးကြီးက မြ၀တီဘက်သို့ ဘုရားဖူးသွားရင်း ဆိုင်ကယ်သမား တစ်ယောက်နှင့် ရင်းနှီးကာ ငွေကျပ်တစ်သိန်းနှင့် ကျပ် ၁၀ သိန်းကို အလဲအလှယ် ပြုလုပ်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



“ဒေါ်ယဉ်ယဉ်ရွှေနှင့် မကြည်ကြည်မိုး၊ မိခင် ဒေါ်စန်းမြင့်တို့ နှစ်ဦးက အဆက်အသွယ် ရှိပြီး ငွေစက္ကူ အတုတွေကို သုံးစွဲကြတာ၊ အခုဖြစ်စဉ်မှာ အတုမှန်းသိလျက် သုံးစွဲသူတွေအားလုံးကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၄၈၉(ခ)(ဂ)၊ (ပ) ၁၈၉/၂၀၁၀နှင့် အရေးယူထားပါတယ်” ဟု တာဝန်ရှိသူကပြောပြခဲ့ကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။