28 May 2010

မြန်မာပြည်၏ မီးပြသနာကြောင့်အင်တာနက်ဆိုင် လိုင်စင် ပြန်အပ်ခြင်းမှာ အရေအတွက် အနည်းငယ်သာ ဖြစ်ဟုဆို

ပြီးခဲ့တဲ့လ အနည်းငယ်အတွင် လိုင်စင်ရ အင်တာနက်ဆိုင်(Public Access Centre) အချို့က ၄င်းတို့၏ လုပ်ငန်းလိုင်စင် ပြန်လည် အပ်နှံမှုများ နှင့် ပိတ်သိမ်းမှုများ ရှိခဲ့သော်လည်း ထိုအရေအတွက်မှာ လိုင်စင်လျှောက်ထား ရယူထားသည့် အရေအတွက်နှင့် နှိုင်းယှဉ်ပါက ရာခိုင်နှုန်း အနည်းငယ်သာ ဖြစ်ကြောင်း အင်တာနက်ဆိုင်များကို လိုင်စင်ထုတ်ပေးသည့် မြန်မာအင်ဖိုတက် ဒုတိယအုပ်ချုပ်မှု ဒါရိုက်တာ ဦးစိန်ဝင်းက ပြောသည်။ “ ပီအေစီ လိုင်စင်ပြန်အပ်တဲ့ ဆိုင်က ၁၀ ဆိုင်လောက်တော့ ရှိပါတယ်။


အခုဆိုရင် လိုင်စင်ကြေးစပြီး လျှော့ချပေးခဲ့တဲ့ နောက်ပိုင်း ခြောက်လ အတွင်းမှာ ဆိုင်ပေါင်း ၇၂၀ အထိတိုးလာတယ်။ လိုင်စင်ပြန်အပ်တဲ့ အရေအတွက် ဒါနဲ့ နှိုင်းယှဉ်ကြည့်ရင် ရာခိုင်နှုန်း အနည်းငယ်လောက်ပဲ ရှိပါတယ် ” ဟု ၄င်းကပြောသည်။ ထိုကဲ့သို့ လိုင်စင်များ ပြန်လည်အပ်နှံခြင်းနှင့် ဆိုင်ပိတ်သိမ်းခြင်းများမှာ လျှပ်စစ်မီး ရရှိမှု နည်းပါးခြင်း၊ အင်တာနက်ဆိုင်များပိုမို များပြားလာခြင်းနှင့် နေ့စဉ်ကုန်ကျစရိတ်ကို ကာမိမှု နည်းပါးလာခြင်းတို့ကြောင့် ဖြစ်နိုင်ကြောင်း ၄င်းက သုံးသပ် ပြောကြားသည်။


တာမွေမြို့နယ်အတွင်းရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ တာဝန်ရှိသူတစ်ဦးကလည်း “ လျှပ်စစ်မီးက ခုရက်ပိုင်း လာလိုက် ပျက်လိုက်နဲ့ လာရင်လည်း ခဏလောက်ပဲလာတယ်။ တစ်ခါတစ်လေတစ်နေ့ကို သုံးနာရီလောက်ပဲ လာတယ်။ မီးစက်နဲ့ဆိုတော့ သိပ်မကိုက်ဘူး။ အင်တာနက်သုံးတဲ့သူ လေးယောက်လောက်ရှိမှ မီးစက်နှိုးမယ်ဆိုရင်လည်း မိတ်ပျက်နိုင်တယ်လေ။ အဲဒါကြောင့် တစ်ယောက်စ နှစ်ယောက်စလဲ နှိုးပေးရတယ်” ဟု ပြောသည်။ သို့ရာတွင် ယခုအခါ အင်တာနက်ဆိုင်များ အပြိုင်အဆိုင်ပေါ်လာခြင်းကြောင့် မိမိဆိုင် လူဝင်ရန် ဆွဲဆောင်သည့် အနေဖြင့် မီးစက်နှိုးသော်လည်း သုံးစွဲခကို ပိုမိုကောက်ခံလေ့မရှိကြောင်း ၊ ထို့ပြင် ဝန်ဆောင်မှုအပိုင်းကိုလည်း ပိုမိုလုပ်ဆောင်လာကြကြောင်း ၄င်း က ဆိုသည်။ “ ဒါပေမဲ့ တချို့ဆိုင်တွေကျတော့လဲ လုံးဝကိုဝန်ဆောင်မှုက မကောင်းတာ။


သုံးတတ်ပြီးသားသူတွေနဲ့ အခက်အခဲ မရှိပေမဲ့ စပြီး သုံးမယ့်သူတွေ အနေနဲ့ကြတော့ အဆင်သိပ် မပြေနိုင်ဘူး ” ဟု၎င်းကပြောသည်။ မြန်မာအင်ဖိုတက်က ထုတ်ပြန်သည့် တရားဝင်စာရင်းများအရ လိုင်စင်ရ အင်တာနက်ဆိုင်ပေါင်း ၇၂၀ ရှိပြီး ၊ ၄င်းတို့အနက် ရန်ကုန်မြို့တွင် ၅၁၈ ခု၊ ရန်ကုန်မြို့တော် စည်ပင်နယ်နမိတ် ပြင်ပရှိမြို့နယ်များတွင် ၁၉ ခု၊ မန္တလေးမြို့တွင် ၁၉ ခုနှင့် အခြားနယ်မြို့များတွင် ၁၆၂ ခု ရှိကြောင်း ၂၀၁၀ ခုနှစ် မေလ ၂၇ ရက်နေ့ထုတ် အင်တာနက် ဂျာနယ်တွင် ဖော်ပြထားပါသည်။